10306

မာတိကာသို့

ကံအမျိုးမျိုးကို အဟောသိကံဖြစ်အောင်လုပ်နည်း

ကျေးဇူးတော်ရှင် အမရပူရမြို့ မင်္ဂလာတိုက်ဟောင်း

မိုးကုတ်ဆရာတော်ဘုရား မန္တလေးမြို့ – ဦးချစ်ဆွေ ဓမ္မာရုံ၌

ဟောကြားတော်မူသော

ကံအမျိုးမျိုးကို အဟောသိကံဖြစ်အောင်လုပ်နည်း

တရားတော်

(၄-၂-၆၁)

ပဋိစ္စသမုပ္ပါဒ်ဆိုတာ

ပဋိစ္စသမုပ္ပါဒ်လို့ ဆိုတာ ဒကာ ဒကာမတွေ မိမိခန္ဓာ နေ့တိုင်းဖြစ်နေတာလို့ မှတ်ကြစမ်းပါ။ ပဋိစ္စသမုပ္ပါဒ်ဆိုတာ မိမိခန္ဓာ နေ့တိုင်းဖြစ်နေတာလို့ မှတ်ထားကြပါ။ (မှန်ပါ့ဘုရား) ပဋိစ္စသမုပ္ပါဒ်ဆိုတာ ဘာပါလိမ့် (မိမိခန္ဓာ နေ့တိုင်း ဖြစ်နေတာပါဘုရား)။

မိမိခန္ဓာ အစဉ်အတိုင်း ပျက်ပြီး၊ နေ့တိုင်း အစဉ်အတိုင်း ဖြစ်နေတာ ပဋိစ္စသမုပ္ပါဒ်လို့ ခေါ်တယ် (မှန်ပါ့)။

အဲဒီတော့ ပဋိစ္စသမုပ္ပါဒ်တခြား ခန္ဓာတခြားလို့ အားလုံး ဒကာ ဒကာမတွေက မယူလိုက်ကြပါနဲ့နော် (မှန်ပါ့) ဒီအချိန် ပဋိစ္စသမုပ္ပါဒ်ဖြစ်တယ်ဆို။ ဒီအချိန် ဖြတ်ရလိမ့်မယ်လို့ မှတ်လိုက်စမ်းကြပါ (မှန်ပါ့) ဒီအချိန် ပဋိစ္စသမုပ္ပါဒ်ဖြစ် ရင် (ဒီအချိန်ဖြတ်ရလိမ့်မယ်) ဒီအချိန်ဖြတ်မှသာလျှင် ဒကာ ဒကာမတို့ ရှေ့မဆက်တော့မပေါ့ (မှန်ပါ့)။

ဒီအချိန် မဖြတ်ဘဲ နေခဲ့သည်ရှိသော် ဒကာ ဒကာမတို့သည် အကုသိုလ်ကံတွေ စုနေတဲ့ ဒကာ ဒကာမတွေလို့ မဆိုထိုက်ပေဘူးလား (ဆိုထိုက်ပါတယ်ဘုရား)။

သိကြားမင်းကြီး တရား နာရင်း သောတာပန်တည်ပြီး စုတေတယ်

အဲဒါ ကြပ်ကြပ်စဉ်းစားကြပါ။ ဒီနေ့ ပဋိစ္စသမုပ္ပါဒ် ရှင်းပြီးသကာလ ဒကာ ဒကာမတို့ သိကြားမင်းကြီး တရား နာရင်း သောတာပန်တည်ပြီး စုတေတယ်။ (မှန်ပါ့) စုတေပြီး ဘွားခနဲ ဒီနေရာမှာ သိကြားမင်းပဲ ပြန်ပြီးဖြစ်တယ်။ လူ့ ပြည်မှာ စုတေ၊ လူ့ပြည်မှာပဲ ပြန်ဖြစ်ပါတယ်။ ဥပပတ် ပဋိသန္ဓေ ဖြစ်ပါတယ် (မှန်ပါ့)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ပဋိစ္စသမုပ္ပါဒ်နဲ့ ခန္ဓာနဲ့ဟာ တခြားစီလား အတူတူလားလို့ မေးရင် ဘယ့်နှယ် ဖြေကြမယ် (အတူတူပါပဲဘုရား) အတူတူပဲဆိုတာ သေသေချာချာ မှတ်ကြပါ (မှန်ပါ့)။

အဲဒီတော့ ဒကာ ဒကာမတွေ စဉ်းစားကြည့်ပါလား။ ဥပမာမယ် ဒီက ချမ်းသာတဲ့ ဝေဒနာကလေး ပေါ် တယ်။ ကိုယ်ပေါ်မှာ ချမ်းသာတဲ့ သုခဝေဒနာကလေး ပေါ်တယ်ဆိုပါတော့ ခုလို လေကလေး ဘာကလေးတိုက်တော့ သုခဝေဒနာ မပေါ်ကြဘူးလား (ပေါ်ပါတယ်ဘုရား) အဲဒီ သုခဝေဒနာ ဒါပဋိစ္စသမုပ္ပါဒ် စလာတာပဲ မှတ်လိုက်စမ်းပါ (မှန်ပါ့)။

ဒါ ဘာ စ-တာပါလိမ့် (ပဋိစ္စသမုပ္ပါဒ် စ-တာပါ) ဝေဒနာကနေ စ-လိုက်တယ် ဦးခင်မောင်ရဲ့ (မှန်ပါ့ဘုရား) ဝေဒနာကနေ စ-သလဲ (ဝေဒနာကနေ စ-ပါတယ်ဘုရား) ဝေဒနာကနေ စ-တော့ ဪ ဒါ ဘာပါလိမ့်မတုံးဆိုတော့ ဝေဒနာက္ခန္ဓာပေါ်တာလို့ မှတ်လိုက်တာပေါ့ (မှန်ပါ့) ဘယ်လို မှတ်ကြမယ် (ဝေဒနာက္ခန္ဓာ ပေါ်တာပါဘုရား)။

ဝေဒနာက္ခန္ဓာပေါ်တာလို့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက မှတ်ထားတော့ ဪ ဒါ ပဋိစ္စသမုပ္ပါဒ်ဆိုတာ တခြားလားမှတ်တယ်။ ဒို့ခန္ဓာထဲ ဝေဒနာက္ခန္ဓာ ပေါ်လာတာဆိုတာကိုးလို့ဆိုတော့ မောင်ကိုတို့ မရှင်းသေးဘူးလား (ရှင်းပါပြီဘုရား)။

ဒါဖြင့် ဒီဝေဒနာက္ခန္ဓာသည် ဒကာ ဒကာမတွေက ဒီ-သုခဝေဒနာကလေးကို သာယာတယ်ဆိုတော့ ဒီဝေဒနာ ကလေးချုပ်ပြီးသကာလ သဘောကျတဲ့ တရားကလေးကော မလာဘူးလား (လာပါတယ်) ဒါလည်း ဘာခန္ဓာတုံးလို့ မေးလို့ရှိရင် ဒကာ ဒကာမတွေ၏ သန္တာန်မှာဖြစ်တဲ့ တဏှာခန္ဓာပေါ်တာပဲ (ဝါ) သင်္ခါရက္ခန္ဓာ ပေါ်တာပဲဆိုရင် လွဲသလား (မလွဲပါဘူးဘုရား)။

ဒါတွေ ရှုလိုက်တဲ့ အခါကျတော့မှ ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ ဪ ပဋိစ္စသမုပ္ပါဒ်ဆိုတာ တခြား လား-အောက်မေ့တယ် ဝေဒနာပေါ်ရင် ဝေဒနာက္ခန္ဓာပေါ်တာ ပဋိစ္စသမုပ္ပါဒ်ပဲ (မှန်ပါ့) တဏှာပေါ်ရင်လည်း ဘာဆိုကြ မယ် (သင်္ခါရက္ခန္ဓာပါဘုရား) သင်္ခါရက္ခန္ဓာ ပဋိစ္စသမုပ္ပါဒ်ပေါ်သည်လို့ဆိုရင် လွဲပါ့မလား (မလွဲပါဘူးဘုရား)။

ကောင်းပြီ ဒါဖြင့် တဏှာပေါ်တာလည်း ပဋိစ္စသမုပ္ပါဒ်ပဲ။ သဘောကျပလား (ကျပါပြီ) သို့သော် ဦးခင်မောင် အကြောင်းအကျိုးဆက်-မဆက်ကြည့်တော့ ဝေဒနာပစ္စယာ (တဏှာပါဘုရား) တဏှာဆိုတော့ ဝေဒနာမပေါ်ဘဲနဲ့ ဒီတဏှာပေါ်ပါ့မလား (မပေါ်ပါဘူးဘုရား)။

ဒါဖြင့် ဝေဒနာတုန်းကလည်း ဝေဒနာက္ခန္ဓာ တဏှာပေါ်တော့လည်း သင်္ခါရက္ခန္ဓာဆိုတော့ ခန္ဓာဆက်ပေါ်တယ် (ဆက်ပေါ်ပါတယ်ဘုရား) ဘာတွေ ဆက်ပေါ်သလဲ (ခန္ဓာတွေ ဆက်ပေါ်ပါတယ်ဘုရား) ဒါ-ကြပ်ကြပ်သတိထားကြ ဒကာ ဒကာမတို့ ဪ ဒီခန္ဓာ ဆက်ပေါ်လာတာပါကလားဆိုတာ ပဋိစ္စသမုပ္ပါဒ်လို့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ က သေသေချာချာ မှတ်ပါ (မှန်ပါ့)။

ခန္ဓာပေါ်တာပဲ

ကောင်းပြီ ဒီတဏှာချုပ်သွားတော့ ဥပါဒါန်ဆိုတာကလေးကလည်း ပေါ်လာတယ်။ စွဲလမ်းတဲ့ တဏှာ အကြီးစား ကလေးပေါ်လာတယ်။ ဒါလည်း ဘာပေါ်တာလဲဆိုလို့ရှိရင် သင်္ခါရက္ခန္ဓာ အကြီးစားပေါ်တာပဲလို့ ဆိုရင် လွဲပါ့မလား (မလွဲပါဘူးဘုရား) ဒါလည်း ခန္ဓာပေါ်တာပဲဆိုတာ သေချာကြပလား (သေချာပါတယ်ဘုရား)။

ကောင်းပြီ ဒါဖြင့် ဒီထိအောင် ပေါ်လာလို့ရှိရင်ဖြင့် ဓမ္မနိယာမအတိုင်း ဖြစ်တဲ့အတွက် ကာယကံ ဝစီကံနဲ့ ကံ တွေကော မပေါ်ဘူးလား (ပေါ်ပါတယ်ဘုရား) ဒီ ကံ သင်္ခါရက္ခန္ဓာလည်း ဒကာ ဒကာမတွေ စဉ်းစားကြည့်။ ဒီသုံးခု ချုပ်ပြီး ဒါ ပေါ်လာတာပဲ။ ခန္ဓာပေါ်တာပဲ မဟုတ်လား (မှန်ပါ့) ဒါဘာခန္ဓာပါလိမ့် (သင်္ခါရက္ခန္ဓာပါဘုရား) သင်္ခါရက္ခန္ဓာ ပေါ်တာပဲဆိုတာ သေချာကြပလား (သေချာပါပြီ)။

သင်္ခါရက္ခန္ဓာပေါ်တော့ ဪ ပထမ ဒီခန္ဓာချုပ်ပြီး ဒီခန္ဓာပေါ်တယ်။ ဒီခန္ဓာချုပ်ပြီး ဒီခန္ဓာပေါ်တယ် (မှန်ပါ့) ဒီခန္ဓာချုပ်ပြီး ဒီခန္ဓာပေါ်တယ်ဆိုတာ သေချာကြပလား (သေချာပါပြီဘုရား)။

ဒါဖြင့် ပဋိစ္စသမုပ္ပါဒ်လား – ခန္ဓာတစ်ခုချုပ်ပြီး ခန္ဓာတစ်ခုဆက်ပေါ်တာလား-မေးကြည့်စမ်း (တစ်ခုဆက်ပေါ် တာပါ) ခန္ဓာတစ်ခု ချုပ်ပြီး ခန္ဓာတစ်ခု ဆက်ပေါ်နေတာ (မှန်ပါ့) သဘောပါကြလား (ပါပါတယ်ဘုရား) ခန္ဓာတစ်ခု ချုပ်ပြီးသကာလ (တစ်ခုဆက်ပေါ်ပါတယ်) တစ်ခုဆက်ပေါ်တာပဲ ပဋိစ္စသမုပ္ပါဒ်လို့ ဆိုကြစမ်းပါဆိုတာတော့ ကျေနပ်ပ လား (ကျေနပ်ပါပြီဘုရား)။

ဒါဖြင့် ဒကာ ဒကာမတွေ (၁)ရယ် (၂)ရယ် (၃)ရယ် (၄)ရယ်၊ ဒါတွေက ယခုဘဝသို့ မှတ်ထားလိုက်စမ်းပါ (မှန်ပါ့) ဘာခေါ်ကြမတုံး (ယခုဘဝပါဘုရား) ယခုဘဝလို့ မှတ်ထားလိုက်တဲ့အခါကျလို့ရှိရင်ဖြင့် ဪ ယခုဘဝမယ် (၁) ခန္ဓာ၊ (၂) ခန္ဓာ၊ (၃) ခန္ဓာ၊ (၄) ခန္ဓာ ပေါ်သောကြောင့် ဒကာ ဒကာမတွေဘဲ စဉ်းစားပါတော့ ကမ္မဘဝ ပစ္စယာ ဘယ်လိုဆိုထားသတုံး (ဇာတိပါဘုရား)။

ဇာတိခန္ဓာဆိုတော့ ဒကာ ဒကာမတွေ အခုပဋိသန္ဓေ နေတာလား နောင်နေမှာကို ပြောတာလား (နောင်နေမှာ ကို ပြောတာပါဘုရား) နောင်နေမှာ ပြောတာသည် ဒကာ ဒကာမတို့ နောင်နေမှာလို့ ဇာတိခန္ဓာ ငါးပါးပေါ်မှာလို့ မောင်ကို သေသေချာချာ မှတ်စမ်းပါ (မှန်ပါ့ဘုရား) ဇာတိဆိုတာ ခန္ဓာဘယ်နှစ်ပါး ပေါ်မှာတုံး (ငါးပါးပါဘုရား) ခန္ဓာ ငါးပါးတစ်ပြိုင်နက် ပေါ်မှာကိုဆိုသည်။ ခန္ဓာငါးပါးတစ်ခုခုပေါ်တာကို ဘာဆိုကြမယ် (ဇာတိပါဘုရား) ဇာတိလို့ ခေါ်ကြ မယ်နော် (မှန်ပါ့)။

ခန္ဓာဆက်သွားတယ်

ဒါဖြင့် ဒကာ ဒကာမတို့ ခန္ဓာသည် ပစ္စုပ္ပန်တွင်ပဲ။ ဒီဘက်ကလည်း ခန္ဓာပဲမဟုတ်လား (မှန်ပါ့ဘုရား) ပြီးတော့ နောက်ပေါ်မှာကော (ခန္ဓာပါ) ခန္ဓာ ဆက်သွားတယ် (မှန်ပါ့) မောင်ကို ဘာတွေဆက်ပါလိမ့် (ခန္ဓာဆက်ပါတယ်ဘုရား) ခန္ဓာဆက်သွားတယ်ဆိုတာ သေချာကြပလား (သေချာပါပြီဘုရား)။

ဪ ဒါဖြင့် ဒီဇာတိ လာလို့ရှိရင်လည်း ဇရာမရဏဆိုတာ ဒကာ ဒကာမတို့ သူ့အစဉ်အတိုင်း မသွားရ ဘူးလား၊ သွားရသလား (သွားရပါတယ်) သွားရမှာ သေသေချာချာ သိပြီးနေတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ၌ ဒီအတိုင်း နေလိုက်လို့ရှိရင်ဖြင့် ဒီအကြောင်းလေးခု ပြည့်စုံတော့ ဒီအကျိုးသုံးခုကို ငါတို့ဖြင့် မရချင်ပါဘူးလို့ ညည်းညူ နေငြားသော်လည်း ဒကာ ဒကာမတွေ ရ-ရမှာပဲ (မှန်ပါ့) သဘောပါလား (မှန်ပါ့ဘုရား)။

ဒီအကြောင်းလေးခုသာ စုထားလို့ရှိရင် ဒီအကျိုးသုံးခု ဦးခင်မောင် ရ-ရမှာလား၊ မရဘူးလား (ရ-ရမှာပါဘုရား) သဘောပါကြလား (ပါ-ပါပြီ)။

ဒါဖြင့် ခင်ဗျားတို့သည် နေ့တိုင်း ဘာလုပ်နေကြသတုံး၊ ရောင်းဝယ်နေကြသလား နှစ်ဘဝဆက်မှုအလုပ်ကို လုပ်နေကြသလားလို့ မေးရင် ဘယ့်နှယ်ဖြေကြမလဲ (နှစ်ဘဝဆက်မှုအလုပ်ကို လုပ်နေကြပါတယ်)။

နှစ်ဘဝဆက်မှု အလုပ်ကို လုပ်နေတယ်ဆိုတော့ ဪ ဒါဖြင့် ဒကာ ဒကာမတွေ ဒီအတိုင်း ဆရာဘုန်းကြီး က အခုဖြစ်စဉ်နဲ့အကိုက် ရှင်းပြီး၊ ပြတဲ့အခါကျတော့ နှစ်ဘဝဆက်မိအောင်လို့ လုပ်နေရတယ်ဘုရား၊ အရမ်းလုပ်နေ သလား အလွယ်လုပ်နေသလား၊ နှစ်ဘဝ ဆက်မိအောင် လုပ်နေသလားမေးရင် ဘယ့်နှယ်ပြောကြမယ် (ဆက်မိ အောင် လုပ်နေပါတယ်ဘုရား)။

ဪ-နှစ်ဘဝဆက်မိအောင် လုပ်နေတယ်ဆိုတာ ကျေနပ်ပလား (ကျေနပ်ပါပြီဘုရား) အမြင်ပြောနေတာလား၊ ရမ်းပြီးပြောနေတာလား၊ အထင်နဲ့ ပြောနေတာလား ကြည့်ကြစမ်း (အမြင်နဲ့ ပြောနေတာပါဘုရား) မှန်ကော မှန်ပြီလား (မှန်ပါပြီ)။

အဲ ဒါကြောင့် ဒကာ ဒကာမတွေကို ဘုန်းကြီးတို့က ရောင်းနေတာ ဝယ်နေတာကို သဘောမတူလို့ မဟုတ် ပါဘူး (မှန်ပါ့) ခင်ဗျားတို့ လုပ်နေတဲ့အလုပ်က ကျုပ်တို့ ဘာအကုသိုလ်ရှိသတုံးဗျ။ မေးတော့-မေးလိမ့်မယ်နော် (မှန်ပါ့) ဟာ မင်းတို့ ဘာမှလဲ အကုသိုလ်မရှိဘူးကွ။ ဒုက္ခရှာနေသဟေ့လို့ ပြောရင်ကော ငြင်းနိုင်သေးရဲ့လား (မငြင်းနိုင်ပါ ဘူးဘုရား) ဘာလုပ်နေကြတုံး (ဒုက္ခရှာနေကြပါတယ်) ဒုက္ခရှာနေကြတယ်ဆိုရင် ဒကာ ဒကာမတွေ ငြင်းဖို့လိုသေးသလား (မလိုပါဘူး)။

ဒါဖြင့် ဒုက္ခသိမ်းတဲ့အလုပ်မှ မလုပ်ဖြစ်တော့ဘူးဆိုရင်ဖြင့် ဒကာ ဒကာမတို့ ယခုဘဝ ဒုက္ခရှာတာက ဒီလေးခု၊ သဘောကျပလား (မှန်ပါ့) နောင် ဒုက္ခရမှာက ဒီဘက်က သုံးခုဆိုရင် လွဲပါ့မလား (မလွဲပါဘူး)။

ဒီဘက်က ဒုက္ခဖြစ်ကြောင်းလေးခုက ဒုက္ခရှာတာ ဦးခင်မောင်ရေ (မှန်လှပါဘုရား) ဒီကရှာထားတဲ့ နောက်ပေါ် မည့် ဒုက္ခအကျိုးသုံးခုဆိုရင်လည်း လွဲပါ့မလား (မလွဲပါဘူး) ရှင်းကြပလား (မှန်ပါ့) ဒါ-ဘာခေါ်ကြမတုံးဆိုတော့ ပဋိစ္စ သမုပ္ပါဒ်လို့ ခေါ်ပါတယ် (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ) ဒါ ဘာခေါ်ကြမတုံး (ပဋိစ္စသမုပ္ပါဒ် ခေါ်ပါတယ်ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတွေ ဒီဘက်စဉ်းစားကြည့်တာပေါ့ ဝေဒနာ တဏှာ ဥပါဒါန် ကံ၊ ဒီဘက်လေးခုက ဘာတဲ့ ဒကာ ဒကာမတို့ (ဝေဒနာ တဏှာ ဥပါဒါန်ကံပါဘုရား)။

ဒါဖြင့် ဒီကံတွေ ဒီလိုတစ်နေ့မှာ ဝေဒနာ တဏှာ ဥပါဒါန်ကံ၊ ဝေဒနာ တဏှာ ဥပါဒါန်ကံ၊ ဘယ်နှစ်ကြိမ်ဖြစ် မလဲလို့ ဆရာဘုန်းကြီးက မေးတယ် ဒီ ဒကာ ဒကာမတွေကို (မရေမတွက်နိုင်ပါဘူးဘုရား) ဘယ်ရေတွက်နိုင်မတုံး (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ) ရေတွက်နိုင်ပါ့မလား (မရေတွက်နိုင်ပါဘူးဘုရား)။

ကံပေါင်းဘယ်လောက် စုမိမလဲ

မရေတွက်နိုင်တော့ ဒီနေရာမှာ ကံပေါင်းဘယ်လောက် စုမိမလဲလို့ မေးလို့ရှိရင် ဒကာ ဒကာမတွေ မရေတွက် နိုင်ဘူးဘုရားလို့ ပြောကြရမှာပဲ (မှန်ပါ့) သဘောကျရဲ့လား (ကျပါတယ်ဘုရား) ဒီကံကို ဒကာ ဒကာမတို့ ကံကအကျိုး မပေးသေးဘူး။ ဒါက အနာဂတ်ဘဝ ဇာတိ ဇရာမရဏဆိုတာ ဒကာ ဒကာမတွေ သိပြီးသားဖြစ်နေတော့ ဒီအကျိုးပေးပ လားတဲ့။ အခုဈေးထဲမှာ ထိုင်နေတုန်း (မပေးသေးပါဘူးဘုရား) မပေးသေးဘူး။ ဒကာ ဒကာမတွေ အရောင်းအဝယ် လုပ်နေတုန်း ဒီအကျိုးသုံးခု ရပါသလား (မရသေးပါဘူးဘုရား)။

ဒီအကျိုးသုံးခု မရသေးတော့ ဘယ်တော့မှ ရမှာတုံးဘုရားလို့ မေးဖို့မလိုဘူးလား (လိုပါတယ်ဘုရား) ဘယ်တော့ မှ ရမှာတုံးဘုရားလို့ မေးတော့ တိုတိုပြောတော့ သေရင်ရမှာပဲ (မှန်ပါ့) သဘောကျကြပလား (မှန်ပါ့) တိုတိုပြောတော့ (သေရင်ရမှာပဲ)။

ဒါဖြင့် ဒီကံတွေဟာ ဒကာ ဒကာမတို့ သူလည်း အနိစ္စတွေပဲ (မှန်ပါ့) ပျောက်ပျက်သွားပါတော့လားလို့ မေးဖို့ မကြုံဘူးလား (ကြုံပါတယ်ဘုရား) ဒီကံတွေဟာ ဒကာ ဒကာမတွေ သူလည်း အနိစ္စပဲ ဒကာသစ်ရေ (မှန်ပါ့ဘုရား) ပျောက်ပျက်သွားပါတော့လားလို့ မေးဖို့မလိုဘူးလား (လိုပါတယ်ဘုရား) ရှင်းကြပလား (ရှင်းပါပြီ) ပျောက်ပျက်သွားပါ တော့လားလို့ မေးဖို့လိုလာတယ်နော် (မှန်ပါ့ဘုရား) လိုတဲ့အခါကျတော့ ဘုန်းကြီးကရှင်းပေးမယ်။ ဒကာ ဒကာမတို့ ဒါဟာ အင်မတန် ကြားရခဲတယ်ဆိုတဲ့အဓိပ္ပာယ် မှတ်ပါ (မှန်ပါ့)။

ဟောဒီ တဏှာ ဥပါဒါန်က ဒကာ ဒကာမတွေ သန္တာန် တဏှာ ဥပါဒါန်က ခန္ဓာကိုယ်ထဲမှာ အနုသယသဘော နဲ့ မဂ်ဉာဏ်မပေါ်သေးတော့ အမြဲတမ်း ရှိမနေဘူးလား (ရှိနေပါတယ်ဘုရား)။

အဲဒီ တဏှာ ဥပါဒါန်က ဒီကံတွေကို လေလွင့်မသွားရအောင် အမြဲတမ်း သိမ်းထားတယ်။ မသေမချင်း သိမ်း ထားတယ် (မှန်ပါ့ဘုရား) တစ်ကံပေါ်လာလည်း သူတို့က သိမ်းထားတယ် (မှန်ပါ့) သူတို့က သိမ်းထားတယ်။ နောက်တစ် ကံပေါ်လာရင်ကော (သူတို့ကပဲ သိမ်းထားတယ်) နောက်တစ်ကံပေါ်လာရင်ကော (သူတို့ကပဲ သိမ်းထားတယ်)။

ကံပေါင်း ဘယ်လောက် သိမ်းဆည်းထားသတုံး

ဒါဖြင့် တစ်နေ့ကို သူတို့က ကံပေါင်း ဘယ်လောက် သိမ်းဆည်းထားသတုံးလို့ မေးရင် ဘယ့်နှယ်ပြောကြမလဲ (မရေမတွက်နိုင်ပါဘူး) မရေမတွက်နိုင်၊ ဒါကြောင့် တဏှာက ကံတွေ သိမ်းဆည်းပြီး သကာလထားတော့ ဟောဒီမှာ ပေါ်ပြီးတဲ့ ဇာတိပေါ်ပြီးတဲ့ ဇရာပေါ်ပြီးတဲ့ မရဏကုန်တဲ့အခါကျမှ ဒီတဏှာက တစ်ကံကို ပထမလွှတ်ပေးလိုက်တဲ့ ဇာတိ ဇရာ မရဏကို ကုန်တဲ့အခါကျတော့မှ ဒုတိယ တဏှာ ဥပါဒါန်က တစ်ကံ လွှတ်ပြန်တာကိုး (မှန်ပါ့) သဘောကျ ပလား (မှန်ပါ့)။

တဏှာ အရင်ကံတွေ ကုန်သွားတော့ အရင်တစ်ကံ အကျိုးပေးကုန်သွားတဲ့အခါကျလို့ ရှိရင်ဖြင့် တဏှာ ဥပါဒါန် က ဘာလုပ်ပြန်သတုံး (နောက်တစ်ကံ လွှတ်ပြန်တယ်) နောက်တစ်ကံ လွှတ်ပြန်တယ် (မှန်ပါ့ဘုရား) သဘောကျပလား (ကျပါပြီ)။

ဒါဖြင့် သူသိမ်းဆည်းထားလို့ လွှတ်တယ်ဆိုတာ သေချာကြပလား (သေချာပါတယ်ဘုရား) ဒါဖြင့် ဒကာ ဒကာမ တို့ တစ်နေ့ သိမ်းဆည်းထားတာက ဘယ်လောက်တုံး (မရေတွက်နိုင်ပါဘုရား) တစ်ဘဝ သိမ်းဆည်းထားတော့ (မရေ တွက်နိုင်ပါဘုရား) မရေတွက်နိုင်ဘူးဆိုတော့ ခင်ဗျားတို့ အပါယ်ရောက်သွားရင် ပြန်တက်ဖို့ရှိသေးရဲ့လား (မရှိပါဘူး ဘုရား)။

ဒီတော့ တစ်ကံကုန်ရင်း အပါယ်ကံကလည်း လုပ်လိုက်ရင်း နောက်တစ်ခါ ဒီက အပါယ်ကံ နှစ်စေ့သွားပြန်တော့ တစ်ကံအတွက် စေ့သွားပြန်တော့ ဒီကနေ လွှတ်ပေးပြန်တာပဲ မောင်ကိုရေ့ (မှန်ပါ့ဘုရား) လွှတ်ပေးတော့ ဒီအထဲပဲ မရောက်ဘူးလား (ရောက်ပါတယ်ဘုရား) အပါယ်ထဲက ထွက်ရတယ်ပဲ ရှိသေးရဲ့လား (မရှိနိုင်ပါဘူးဘုရား)။

ကံစီမံသလို ခံဖို့ပဲ

ဒါ့ကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေကို သေသေချာချာ ပြောနေတာပဲ။ (မှန်ပါ့) ဒကာ ဒကာမတို့ ခင်ဗျား တို့က ဪ ကျုပ်တို့သည်ကားလို့ဆိုရင် စားဖို့၊ သောက်ဖို့၊ ရောင်းဖို့၊ ဝယ်ဖို့၊ ပယ်လို့မဖြစ်တော့ လုပ်နေရတာပဲ။ မကင်းလည်း မတတ်နိုင်ဘူး။ ကမ္မဿကာပဲ ကံစီမံသလို ခံဖို့ပဲဆိုတော့ ကံက စီမံမည့်ကံက ဘယ်လောက်တုံးမေးရင် ဘယ့်နှယ်ပြောကြမယ် (မရေတွက်နိုင်ပါဘုရား) မရေတွက်နိုင်တော့ ထွက်ပေါက်မြင်နိုင်ကြသေးရဲ့လား (မမြင်ပါဘူးဘုရား) သဘောကျပလား (ကျပါပြီ)။

ဒါက ဒီဘဝတွင် စုတဲ့-ကံ၊ ရှေးဘဝက သူတို့စုထားတဲ့ တဏှာ ဥပါဒါန်တို့ စုထားတဲ့ ကံပေါင်းက ဘယ်လောက် တုံး (မရေတွက်နိုင်ပါဘူးဘုရား) ဦးခင်မောင် (မရေတွက်နိုင်ပါဘူးဘုရား) ဟိုဘက်ဘဝတွေက စုထားတဲ့ ကံတွေကော (မရေတွက်နိုင်ပါဘူးဘုရား)။

မရေတွက်နိုင်အောင် သူတို့က စုထားတယ်၊ (မှန်ပါ့) မရေတွက်နိုင်အောင် စုပြီးသကာလ အပါယ်လေးပါး အကျိုးပေးလိုက်တယ်။ တစ်ဘဝကျွတ်သွားပြန်၊ တစ်ခါ တစ်ကံကနေပြီး အကျိုးပေးပြန်တယ်။ သဘောကျပလား (ကျပါ တယ်ဘုရား)။

ဒါဖြင့် အကျိုးပေး ကုန်နိုင်စရာ ရှိသေးရဲ့လား (မရှိပါဘူးဘုရား) ဒါ့ကြောင့် ငရဲမှာ အသက်တမ်း မရှိဘူးဆိုတာ ယုံကြည်ကြရဲ့လား (ယုံကြည်ပါတယ်ဘုရား) ဒီကံတွေက အမြဲလွှတ်ပေးနေတာပဲ (မှန်ပါ့) တက်လမ်း မြင်ကြသေးရဲ့လား (မမြင်ပါဘူးဘုရား)။

အဲဒါ စိုးရိမ်လို့ ဒကာ ဒကာမတွေ ဒီအကြောင်းကို ပြောနေရပါတယ်။ ခင်ဗျားတို့ကတော့ ကံကလေးဟာ တစ်ခုတည်းလို့ အောက်မေ့နေမှာလည်း အလွန်စိုးရိမ်တယ် (မှန်လှပါဘုရား)။

ဒီဟာကို မစိုးရိမ်သင့်ဘူးလား (စိုးရိမ်သင့်ပါတယ်ဘုရား) နောက်က ဒကာ ဒကာမတွေ ယနေ့သဘောပါရဲ့လား (ပါပါတယ်ဘုရား) ကံတွေကို ဘယ်သူက စုထားသလဲ။ ခင်ဗျားတို့ ကံတွေကို (တဏှာ ဥပါဒါန်က စုထားပါတယ်ဘုရား)။

တဏှာ ဥပါဒါန်က စုထားတာ ဘယ်လောက်များများ စုထားသတုံး ခင်ဗျားတို့သိရဲ့လား (မရေတွက်နိုင်ပါဘုရား) မရေတွက်နိုင်အောင် စုထားတော့ နှစ်ကံပြောင်းပြီး အကျိုးပေးတာလား၊ တစ်ကံစီလွှတ်ပြီး အကျိုးပေးခိုင်းနေတာလား (တစ်ကံစီလွှတ်ပြီး အကျိုးပေးခိုင်းနေတာပါဘုရား)။

ထွက်ပေါက် မြင်သေးရဲ့လား

ဒါဖြင့် မောင်ကို ထွက်ပေါက်မြင်သေးရဲ့လား (မမြင်ပါဘူးဘုရား) နောက်က ဒကာ ဒကာမတွေ ထွက်ပေါက် မြင်သေးရဲ့လား (မမြင်ပါဘူး) အပါယ်ကကော ထွက်ပေါက် မြင်သေးရဲ့လား (မမြင်ပါဘူး) သဘောကျပလား (ကျပါပြီ)။

ဒါဖြင့် သူအကျိုးပေးတာကို ဒကာ ဒကာမတွေ အကဲခတ်စမ်း။ သူအကျိုးပေးတာ ဇာတိ ဇရာ မရဏပဲ အကျိုး ပေးတယ် (မှန်လှပါ) သူအကျိုးပေးတာ ဘာပါလိမ့် (ဇာတိ ဇရာ မရဏပါဘုရား) တစ်ခါ ဇာတိ ဇရာ မရဏပြီးပြန်တော့ နောက်တစ်ခါလုပ်မည့် ကံကကော ဘာတွေအကျိုးပေးမလဲ (ဇာတိ ဇရာ မရဏပါပဲဘုရား)။

ကဲ-ဒါဖြင့် ဒုတိယ ဇာတိ ဇရာ မရဏကုန်သွားပြီ ဒကာ ဒကာမတို့ နောက်တစ်ခါလုပ်မည့်ကံက ဘာလုပ်မှာတုံး (ဇာတိ ဇရာ မရဏပဲ အကျိုးပေးပါတယ်) ဇာတိ ဇရာ မရဏဆိုတော့ သစ္စာချည်း လွှတ်နေတယ်။ ဘာသစ္စာလဲ (ဒုက္ခ သစ္စာပါဘုရား) ဒုက္ခသစ္စာက လွတ်ရက် ကျွတ်ရက်ကော ပါသေးရဲ့လား (မပါပါဘူး)။

အဲဒါကြောင့် ဒကာ ဒကာမတို့ ဒီကံတွေကို ကျုပ်တို့မှာ ရှေးကလည်း စုထားတာမနည်းဘူး။ ဘဝများစွာက စုလာတာ ဒီဘဝကျမှလည်း ဒီကံတွေပဲ စုနေကြပြန်တယ်ဆိုတော့ တစ်ချက်တိမ်းသွားလို့ရှိရင်ဖြင့် ဒကာသစ်တို့ ပြန်တက် ဖို့ မြင်ကြသေးရဲ့လား (မမြင်ပါဘူးဘုရား)။

ဒါဖြင့် အားကိုးရာ ရှာကြတော့၊ (မှန်ပါ့ဘုရား) ဒကာ ဒကာမတွေ ဘာသတိပေးပါလိမ့် (အားကိုးရာရှာကြ) အားကိုးရာ ရှာကြတော့ ဝဋ္ဋတဲ့၊ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဒီကံတွေသည်ကားလို့ ဆိုလို့ရှိရင် မင်းတို့ကို အမျိုးမျိုး ဒုက္ခသစ္စာတွေလဲပြီး အကျိုးပေးတော့မှာပဲ။ လူဖြစ်လည်း ဇာတိ ဇရာ မရဏပဲ လာမှာပဲ (မှန်ပါ့)။

အပါယ်ထဲ ဖြစ်တော့ကော (ဇာတိ ဇရာ မရဏပဲလာမှာပဲ) တိရစ္ဆာန်ဖြစ်တော့ကော (ဇာတိ ဇရာ မရဏပဲ လာမှာပဲ) ဘာသစ္စာတွေချည်း သူအကျိုးပေးနေသလဲ (ဒုက္ခသစ္စာတွေချည်း အကျိုးပေးနေပါတယ်)။

ဒုက္ခသစ္စာတွေချည်း အကျိုးပေးနေတော့ ဘယ်သူ့ သတ္တိပါလိမ့်မတုံးမေးတော့ ဘယ့်နှယ်ပြောကြမလဲ ကံ၏သတ္တိ ဆိုကြပါစို့။ (မှန်ပါ့ကံ၏ သတ္တိပါဘုရား) သဘောကျပလား (မှန်ပါ့) ကံ၏သတ္တိဆိုရင် လွဲပါ့မလား (မလွဲပါဘူး) ကံကို ဘယ်သူစုထားသတုံးမေးတော့မှ (တဏှာ ဥပါဒါန်က စုထားပါတယ်)။

ကံတွေကို တစ်ခါ ဘယ်သူက ဖြစ်စေတာတုံး

ဒီကံတွေကို တစ်ခါ ဘယ်သူက ဖြစ်စေတာတုံးလို့ မေးတဲ့အခါကျတော့ ဒီတဏှာ ဥပါဒါန်တွေက စုလိုက်တဲ့ တရားတွေ ဘယ်သူက ဖြစ်စေသတုံးမေးတော့ ဘယ့်နှယ်ဖြေကြမယ် (ဝေဒနာပါဘုရား) ဝေဒနာက ဖြစ်စေတယ်။ သဘောပါကြလား (ပါ-ပါပြီ) ဘယ်သူက ဖြစ်စေတာတုံး (ဝေဒနာက ဖြစ်စေတာပါဘုရား)။

ဝေဒနာက ဖြစ်စေတယ်ဆိုတော့ ဝေဒနာဆိုတာ ခင်ဗျားတို့ သန္တာန်မှာ ဝေဒနာက္ခန္ဓာက ဖြစ်စေတယ်လို့ ပြော လိုက်ပါတော့ (မှန်ပါ့ဘုရား) သဘောကျပလား (ကျပါပြီ) ဘယ်သူက ဖြစ်စေတာပါလိမ့် (ဝေဒနာက္ခန္ဓာက ဖြစ်စေပါတယ်)။

ဝေဒနာက္ခန္ဓာက ဖြစ်စေတယ်ဆိုတာ အခုတရားနာနေတာတွေ ယောကျ်ားတွေလား၊ မိန်းမတွေလား၊ ဝေဒနာ က္ခန္ဓာတွေလား မေးကြည့်စမ်း (ဝေဒနာက္ခန္ဓာတွေပါဘုရား)။

ဒါဖြင့် ခန္ဓာက ပေါက်ပွားလာတယ်၊ (မှန်ပါ့) ရိပ်မိကြပလား (ရိပ်မိပါပြီ) ဘယ်သူက ပေါက်ပွားလာသတုံး (ခန္ဓာက ပေါက်ပွားလာပါတယ်ဘုရား) ဒါဖြင့် ဒီခန္ဓာရှိသ၍ ဒီတစှာဥပါဒါန်ရှိတယ်၊ (မှန်ပါ့) သူတို့ရှိသ၍ ဒီကံတွေပေါ် ပြီး စုထားမယ်၊ (မှန်ပါ့) သဘောကျပလား (ကျပါတယ်) စုထားသ၍ ကာလပတ်လုံး ဒီဒုက္ခ သစ္စာက ထွက်ရက် လွတ် ရက် ကျုပ်တို့မြင်ကြသေးရဲ့လား (မမြင်ပါဘုရား)။

အဲဒါကြောင့် အခု ဆရာသမားနဲ့ ကြုံတဲ့အချိန် သာသနာတွင်း ကြုံတဲ့အချိန် ဒကာ ဒကာမတို့ ဒီကံတွေကို ကျုပ်တို့သည် ဒါဟာ မင်းတို့ဘယ်လောက်ပဲ စုထားထား အဟောသိကံဖြစ်အောင် လုပ်မည့်တရားရှာဖို့ အရေးကြီးလာပြီ၊ (မှန်ပါ့ဘုရား) ဒကာ ဒကာမတို့ ဘာအရေးကြီးလာပြီလဲ (အဟောသိကံဖြစ်အောင် လုပ်မည့်တရား ရှာဖို့အရေးကြီးလာ ပါပြီ)။

ဪ ဒီကံတွေကတော့ဖြင့် မောင်ကို ရေတွက်နိုင်ရဲ့လားဟေ့ (မရေတွက်နိုင်ပါဘုရား) နောက်က ဒကာ ဒကာမတွေ ရေတွက်နိုင်ရဲ့လား (မရေတွက်နိုင်ပါဘုရား) မရေတွက်နိုင်ဘူး၊ သားချစ်လို့ ထွေးပိုက်ထားတဲ့ကံတွေကလည်း မနည်းပဲ (မနည်းပါဘုရား) သမီးချစ်လို့ ထွေးပိုက်ထားတဲ့ ကံတွေကကော (မနည်းပါဘုရား) သားဆုံးမနေတဲ့ ကာယကံ ဝစီကံတွေကကော (မနည်းပါဘုရား) ခင်လွန်းလို့ပြောတဲ့ ကာယကံ ဝစီကံတွေကကော နည်းကြရဲ့လား (မနည်းပါဘုရား)။

အဲဒီ မနည်းတဲ့ကံတွေဟာ ပါးစပ်က တစ်ခါပြောလိုက် တစ်ကံ၊ တစ်ခါတွေ့လိုက် တစ်ကံ၊ (မှန်ပါ့) ကာယကံက ပေါ်လိုက် ချစ်လို့ ခင်လို့ ပါးတွေ ဘာတွေ နမ်းလိုက် စုပ်လိုက်နဲ့ ဒီလိုနေတဲ့အခါကျတော့လည်း ကာယကံတွေကမလာ ဘူးလား (လာပါတယ်ဘုရား)။

ဒီကံတွေကလည်း တစ်နေ့ ဘယ်လောက်တုံးမေးရင် (မရေတွက်နိုင်ပါဘူး) နောက်ထပ် ပါလာတဲ့ကံတွေကရော (မရေတွက်နိုင်ပါဘုရား) ဝစီကံနဲ့ သူတို့ကိုပြောလိုက်ဆိုလိုက်တဲ့ ကံတွေကရော (မရေတွက်နိုင်ပါဘုရား)။

ဒါဖြင့် တစ်နေ့ ကံပေါင်းဘယ်လောက်ပါလိမ့် (မရေတွက်နိုင်ပါဘုရား) ဒါကို ဆရာဘုန်းကြီး အကူအညီပေးနေ တယ်ဆိုတာ သဘောကျရဲ့လား (ကျပါတယ်ဘုရား) အားလုံး ဒကာ ဒကာမတွေ ဘာပေးနေသတုံး (အကူအညီပေးနေပါ တယ်ဘုရား) ဒီလိုကူမည့်သူ မရှိရင် ခင်ဗျားတို့စီမံသလို ခံတော့မယ် (မှန်ပါ့) စီမံမည့် တရားပေါင်းကလည်း ရေတွက်နိုင် ရဲ့လား (မရေတွက်နိုင်ပါဘုရား)။

မရေတွက်နိုင်လို့ရှိရင်ဖြင့် ခါးစီးခံဖို့သာ စိတ်ကူးပေတော့ လွတ်ပေါက်မရှိဘူးဆိုတာ သေသေချာချာမှတ် မောင်ကို (မှန်ပါ့) လွတ်ပေါက်များ ရှိသေးသလား (မရှိပါဘုရား) တစ်ချက်တိမ်းသွားတာကော (မရှိပါဘုရား)။

အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဒီဟာ ဘယ်သူနိုင်ပါလိမ့်မလဲလို့ မေးတော့ ခင်ဗျားတို့မှာ အပါယ် သွားကြောင်းကံတွေကလည်း မနည်းလှဘူး (မှန်ပါ့) နည်းသလား (မနည်းပါဘူး) တိရစ္ဆာန်ဖြစ်ဖို့ ကံတွေကကော (မနည်း ပါဘူး) နတ်ရွာသုဂတိ သွားဖို့ကံတွေကကော (မနည်းပါဘူး) မနည်းပါဘူး၊ ဒါတွေကလည်း ဘာသစ္စာလို့ ပြောဦးမှာလဲ (ဒုက္ခသစ္စာပါဘုရား)။

ဘယ်သွားသွား ဒုက္ခသစ္စာမှတစ်ပါး ခင်ဗျားတို့ ဘာများအမွေရဦးမှာ မြင်ကြသေးသတုံး (မမြင်ပါဘူးဘုရား) ဒုက္ခသစ္စာဘဲ ရမယ်ဆိုတာ သေချာကြပလား (သေချာပါတယ်ဘုရား)။

ကံ အကျိုးပေးတာ ဒုက္ခသစ္စာ

အဲဒါတွေ သိပြီးသကာလနေတော့ ဪ ဒီကံ အကျိုးပေးတာ ဒုက္ခသစ္စာချည်းပါလား၊ ဒီကံအကျိုးပေးတာ ဒုက္ခသစ္စာချည်းပါလား၊ သူက အကျိုးပေးမည့် ကံတွေကလည်း မရေတွက်နိုင်ဘူး၊ မရေတွက်နိုင်လို့ရှိရင် အကျိုးပေး ဒုက္ခသစ္စာတွေကကော (မရေတွက်နိုင်ပါဘူး) မရေတွက်နိုင်ဘူးဆိုတာ သဘောကျပလား (ကျပါပြီ)။

ဒါဖြင့် ဒကာ ဒကာမတို့ ကျုပ်တို့ ဒီလိုလုပ်ကြစို့ရဲ့၊ အရင်တုန်းကတော့ ခင်ဗျားတို့က အင်း ဟင် ဒို့လဲ ကျောင်းကလေး ဆောက်ထားတာပဲ၊ ဘုရားလည်း တည်ထားတာပဲ၊ ရေကန်တူးထားတာပဲ၊ ဒို့မှာဖြင့် ဒါသေပျော် ပေါ့-နေပျော်ပေါ့လို့ဆိုတော့ ခင်ဗျားတို့ တစ်နေ့တစ်ခါ တွေ့တဲ့ကံက နည်းသလား (မနည်းပါဘူး) အကုသိုလ်ကံကလေ (မနည်းပါဘူး)။

ခလေးကလေး အော်ရ ငေါက်ရတဲ့ ကံတွေကကော (မနည်းပါဘူး) ခလေးကလေးကို ချစ်ရ-ခင်ရတဲ့ ကံတွေက ကော (မနည်းပါဘူး) ပေးရ ကမ်းရတဲ့ကံတွေ နည်းသလား (မနည်းပါဘူး) ဒီခလေးနဲ့ ပတ်သက်ပြီး ရောင်းဝယ်ပြီး သူစားဖို့ သောက်ဖို့ ရှာရတဲ့ကံတွေကကော (မနည်းပါဘူး)။

နို့ – ခင်ဗျားတို့ပြုတာနဲ့ စုထားတဲ့ အကုသိုလ်ကံတွေနဲ့ ဘယ်ဟာကများမလဲ (အကုသိုလ်ကံက များပါတယ်) အကုသိုလ်ကံက များနေတော့ ချိန်ဆလို့ ရပါ့မလား (မရပါဘူး) အကုသိုလ်ကံက များလွန်းတယ်လို့ ဦးခင်မောင် ဆိုထိုက်- မဆိုထိုက် (ဆိုထိုက်ပါတယ်ဘုရား) သဘောပါလား (ပါ-ပါတယ်)။

အဟောသိကံဖြစ်အောင် လုပ်ရလိမ့်မယ်

ဒါဖြင့် ဒီကံကို ကျုပ်တို့သည်ကားလို့ ဆိုလို့ရှိရင်ဖြင့် ဘယ်လိုလုပ်ရမတုံးလို့ဆိုရင် အဟောသိကံဖြစ်အောင် လုပ်ရလိမ့်မယ် (မှန်ပါ့) ဒကာ ဒကာမတွေ ဘာလုပ်ရမယ် (အဟောသိကံဖြစ်အောင် လုပ်ရပါမယ်) အဟောသိကံ ဖြစ်အောင် လုပ်ရလိမ့်မယ် (မှန်ပါ့) ဒကာ ဒကာမတို့ ဒီကံ ဘာလုပ်ရမယ် (အဟောသိကံဖြစ်အောင် လုပ်ရမယ်)။

အဟောသိကံ မဖြစ်လို့ရှိရင် သူဘာတွေ အကျိုးပေးမယ် ထင်ကြသလဲ (ဒုက္ခသစ္စာအကျိုးပေးပါမယ်) ဒုက္ခသစ္စာ တွေ အကျိုးပေးမယ်ဆိုတာ သေချာပလား (သေချာပါပြီ) အဟောသိကံ မဖြစ်လို့ရှိရင် ဘာတွေချည်း လာနေမယ် (ဒုက္ခသစ္စာတွေ လာနေပါမယ်)။

ဒုက္ခသစ္စာတွေ လာမယ်ဆိုသဖြင့် ဒကာ ဒကာမတို့ ဒီဥစ္စာအဟောသိကံ အကုသိုလ်ကံတွေလည်း အဟောသိကံ ဖြစ်အောင်ဆိုတော့ ကိုင်း ဒါဖြင့် စဉ်းစားကြတာပေါ့။

သောတာပတ္တိမဂ် ရသွားပြီ၊ ဒီပုဂ္ဂိုလ် ကလျာဏမိတ္တနဲ့ ပေါင်းလို့ သူတော်ကောင်းနဲ့ ပေါင်းလို့ သပ္ပုရိသူပသံသေဝ တရားဓမ္မနာ တရားတွေကျင့် ဒီလူတော့ သောတာပန် တည်သွားပြီဆိုတော့ အပါယ်လေးပါး မရောက်ဘူးလို့ ဆိုတာကော ယုံကြည်ရဲ့ မဟုတ်လား (ယုံကြည်ပါတယ်ဘုရား)။

ဒါဖြင့် အပါယ်ရောက်စေတတ်တဲ့ ကံတွေကို မဂ်ကဖြတ်မယ် (မှန်လှပါဘုရား) ဘယ်လောက်စုထားထား ဘယ့် နှယ်နေသတုံး (မဂ်ကဖြတ်ပါတယ်ဘုရား) မဂ်က ဖြတ်ပစ်တယ်ဆိုတာ သေချာပြီနော် (မှန်ပါ့) ဘယ်ကံတွေ အရင်ဖြတ် လိုက်ပါလိမ့် (အကုသိုလ်ကံတွေ ဖြတ်ပါတယ်ဘုရား) အပါယ်ရောက်စေတတ်တဲ့ အကုသိုလ်ကံတွေ (မှန်ပါ့)။

ဒါဖြင့် ဘဝများစွာက စုလာတာကို ဒကာ ဒကာမတို့ ဘဝများစွာက အကုသိုလ်ကံတွေ စုထားတယ်။ ဒီဘဝလည်း စုထားတယ်ဆိုတဲ့ အကုသိုလ်ကံတွေပဲ မနည်းလှပါဘူး (မနည်းလှပါဘူး)။

အဲဒါတွေ သောတာပတ္တိမဂ် တစ်ကြိမ်ပေါ်လိုက်လို့ရှိရင် အကုန်အဟောသိကံ ဖြစ်ပါတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ) သောတာပတ္တိမဂ် တစ်ကြိမ်ပေါ်ရင် (အကုန် အဟောသိကံဖြစ်ပါတယ်)။

ဒါဖြင့် သူအဟောသိကံ မဖြစ်သ၍ ကျုပ်တို့မှာ စိတ်ချလက်ချနေလို့ တော်ပါ့မလား (မတော်ပါဘူးဘုရား)။

သူအဟောသိကံ မဖြစ်သ၍ ဒကာ ဒကာမတွေက အိပ်နေလိုက် စားနေလိုက် သားတွေနဲ့ ပျော်နေလိုက် သမီးတွေ နဲ့ ပျော်နေလိုက် အင်း အဝတ်အစားကလေးနဲ့ ပျော်နေလိုက် ဆိုလို့ရှိရင် ပျော်သာပျော်တယ်။ ခင်ဗျားတို့ မချိသွား ဖြဲပါ ဟောဒါလာလိမ့်မယ် (မှန်ပါ့) ဇာတိ ဇရာ မရဏတွေက လာမလား မလာဘူးလား (လာပါမယ်ဘုရား) ဘယ်သူက အကျိုးပေးတာတုံး (ကံက အကျိုးပေးတာပါ) ကံကို ဘယ်သူ စုထားတာတုံး (တဏှာ ဥပါဒါန်က စုထားပါ တယ်) ဒီတဏှာဥပါဒါန်က ဘယ်သူ့ကြောင့် လာပါလိမ့် (ဝေဒနာကြောင့် လာပါတယ်)။

ဝိပဿနာမရှုလို့ရှိရင်

ဒါဖြင့် ဝေဒနာကို ခင်ဗျားတို့ ဝိပဿနာမရှုလို့ရှိရင်ဖြင့် ဒါဟာ ခင်ဗျားတို့ ကိုယ်ပိုင်ပစ္စည်း (မှန်ပါ့) ဒုက္ခသစ္စာ ဟာ (ကိုယ်ပိုင်ပစ္စည်းပါဘုရား) ဒုက္ခသစ္စာဟာ ဒုက္ခများရောက်ရမှာ ကျုပ် အကြောက်ဆုံးပဲလို့ ညည်းလို့ တော်ပါ့မလား (မတော်ပါဘူးဘုရား)။

ဝေဒနာရှုမှ တဏှာသေမယ်၊ တဏှာသေမှ စုတတ်တဲ့တရားသေမယ်၊ စုတတ်တဲ့တရားသေမှ ကံတွေ လွင့်သွား မယ် (မှန်ပါ့ဘုရား) ကံတွေ လွင့်သွားမှသာလျှင် ဒကာ ဒကာမတို့ ဇာတိ ဇရာ မရဏသည် ကျုပ်တို့နှင့် အိုးစားကွဲမယ် (မှန်ပါ့ဘုရား) သဘောပါလား (ပါ-ပါတယ်)။

ဒီလို အကြောင်းအကျိုးဆက်ပြီးသကာလ သိအောင် ဟောပြီးသကာလနေတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ အိပ်နေလို့ မတော်သေးတဲ့ အချိန်ပါကလား၊ ပျင်းနေလို့ မတော်သေးတဲ့အချိန်ပါကလား။

ဒို့သည်ကားလို့ဆိုရင် ဟောဒီ-ငရဲမျိုးစေ့တွေ ရှိနေပါသေးကလားဆိုတာ ဦးခင်မောင် – ရိပ်မိပလား (မှန်ပါ့) ဘာတွေရှိနေသလဲ (ငရဲမျိုးစေ့တွေရှိနေပါတယ်) ငရဲမျိုးစေ့ဟာ သေသည့်အခြားမဲ့၌ ငရဲကောင်တော့ ပေါက်တော့မှာပဲ (ပေါက်မှာပါပဲ) မပေါက်ပေဘူးလား ပေါက်မလား (ပေါက်မှာပါ)။

အဲဒါပေါက်မှ ဒီမျိုးစေ့မှ ခင်ဗျားတို့က တုံးအောင် မလုပ်နိုင်တော့ဘူးဆိုလို့ရှိရင် ခင်ဗျားတို့ လွတ်ရက်မရှိတဲ့ဆီ ရောက်သွားလိမ့်မယ် (မှန်လှပါဘုရား) မရောက်ရပေဘူးလား (ရောက်ရမှာပါ) လွတ်ရက် မရှိတဲ့ဆီကို (ရောက်ရမှာပါ) ရောက်ရလိမ့်မယ်ဆိုတာ သေချာပလား (သေချာပါတယ်)။

သောတာပတ္တိမဂ် ရတော့

ဒါဖြင့် ဒကာ ဒကာမတို့ သေသေချာချာ ဆရာဘုန်းကြီးက ရှင်းပြတဲ့အခါကျတော့ သောတာပတ္တိမဂ် ရတော့ ကို

“စတူဟာပါယေဟိစ ဝိပ္ပမုတ္တော”(ခုဒ္ဒကပါဌပါဠိ၊ ၆) လို့ မဆိုဘူးလား (ဆိုပါတယ်ဘုရား) “သဟာဝဿ ဒဿနသမ္ပဒါယ” ဒဿနသမ္ပ ဒါယ = သောတာပတ္တိမဂ်ဉာဏ်နှင့် နိဗ္ဗာန်ကို မြင်သည်နှင့်တကွ၊ “တယဿုဓမ္မာ ဇဟိတာ ဘဝန္တိ” ဆိုတော့ တစ်-နှစ်- သုံး၊ ဒါတွေ အကုန်စွန့်သွားတာပဲ၊ သဘောကျပလား (မှန်ပါ့) ဒီအပါယ်သွားစေတတ်တဲ့ တဏှာကော (စွန့်သွားပါပြီ) ဒိဋ္ဌိကော (စွန့်သွားပါပြီ) သဘောကျပလား (ကျပါပြီ)။

အင်း-ဟင် ဒီဥစ္စာကော အပါယ်သွားစေတတ်တဲ့ ဥပါဒါန်ကော (စွန့်သွားပါပြီ) အပါယ်သွားစေတတ်တဲ့ ကံတွေကော (စွန့်သွားပါပြီ) အကုန်စွန့်၊ အကုန်စွန့် (မှန်ပါ့)။

ဒါဖြင့် ဒကာ ဒကာမတို့ မဂ်ဉာဏ်အမြင်ကို ရအောင် မလုပ်လို့ရှိရင်ဖြင့် ခင်ဗျားတို့ ဒီထက် ကိုယ်ကျိုးနည်းဖို့ တော့ မရှိဘူး။ အခုအလည်လာတာသာ မှတ်ကြပေတော့နော် (မှန်ပါ့) လူ့ပြည် အလည်လာတာသာ မှတ်ကြပေတော့၊ ငါသေရင် အပါယ်သွားရလိမ့်မယ်ဆိုတာ မသေချာဘူးလား (သေချာပါတယ်ဘုရား)။

အဲဒါကြောင့် ဒီအလည်လာတုန်းမှာ ဒီဆရာသမားတွေနဲ့ ခုလို ဆုံတွေ့ရတဲ့အချိန် ခုအလုပ်ကို-လုပ်လိုက်မှသာ လျှင် ကိုယ့်ကြွေးကို ကျေတော့မယ် ဦးခင်မောင်ရေ (မှန်လှပါဘုရား) မောင်ကို ဘာတုံးဟေ့ (ကိုယ့်ကြွေး ကျေမှာ ပါဘုရား)။

အကုသိုလ်ကြွေးတွေက ဘဝများစွာက စုလာတာ၊ တဏှာက စုထားတာ နည်းသလားကွ (မနည်းပါဘူးဘုရား) ဒါဖြင့် ဒီကြွေးတွေကို ဘာနဲ့ ဆပ်ကြမယ် (မဂ်နဲ့ ဆပ်ရပါမယ်) နောက်က ဒကာ ဒကာမတွေ ဘာနဲ့ ဆပ်ဆပ်ကြမယ် (မဂ်နဲ့ ဆပ်ရပါမယ်) မဂ်နဲ့ ဆပ်ရမယ်ဆိုတော့ မဂ်ရအောင်လုပ်ကြ (မှန်ပါ့ဘုရား) မဂ်ရအောင်လုပ်တော့မှ ကြွေးကျေ တော့မယ် (မှန်ပါ့)။

မဂ်-မရအောင် လုပ်နေလို့ရှိရင် မဂ်မရသေးလို့ရှိရင် ဒီကြွေးဟာ ခင်ဗျားတို့ ကုသိုလ်ကံတွေကြောင့် နတ်ရွာသုဂတိ ရောက်ပေမယ့် နောက်ဆုံးပိတ်ပြန်ပြီး အပါယ်ကျဦးမှာပဲ (မှန်လှပါဘုရား) မကျပေဘူးလား (ကျပါမယ်ဘုရား)။

အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ ကြွေးရှိလျက်နဲ့ အေးအေးနေတာ မကောင်းဘူး (မှန်ပါ့) သဘော ပါကြလား (ပါ-ပါတယ်) ကြွေးရှိလျက်နဲ့ (အေးအေးနေတာ မကောင်းဘူး) အပါယ်သွားဖို့ ကြွေးတွေ ဘယ်လောက်များ သတုံး (မရေတွက်နိုင်ပါဘုရား)။

ကြွေးရှိတဲ့ ပုဂ္ဂိုလ်

ဒါကို ခင်ဗျားတို့က တရားလည်း အားမထုတ်ဘူး။ တရားလည်း မနာတော့ဘူး။ သိအောင်လည်း မလုပ်ဘူး။ ကျင့်လည်း မကျင့်ဘူးဆိုလို့ရှိရင် ကြွေးရှိလျက်နဲ့ အေးအေးနေတာဟာ ကြွေးရှိပြီး အေးအေးနေတတ်တဲ့ ပုဂ္ဂိုလ်ဟာ ကြွေးရှိတဲ့ ပုဂ္ဂိုလ်ဟာ ဘယ်တော့မှ အေးအေးနေလို့ မတော်ဘူး။ ပြန်ဆပ်ဖို့ ဂရုစိုက်ရမှာချည်းပဲ (မှန်ပါ့) ထုံးစံမဟုတ် ဘူးလား (မှန်ပါ့)။

အဲဒါ ကြွေးရှိလျက်နဲ့ အေးအေးနေတာ ဒီပုဂ္ဂိုလ်ဟာ ပုထုဇန်အရူးသော်လည်းကောင်း ဖြစ်ရမယ် (မှန်ပါ့) သားနဲ့ သမီးနဲ့ အေးအေးချမ်းချမ်းနေတာ ဘယ့်နှယ်ဆိုကြမလဲ (ပုထုဇန်အရူးသော်လည်းကောင်း ဖြစ်ရမယ်) အရူးသော် လည်းကောင်း ဖြစ်ရမယ်။ ကြွေးရှိ၊ မရှိ စဉ်းစားစမ်း (ကြွေးရှိပါတယ်ဘုရား) ကြွေးရှိတယ်၊ အပါယ်လေးပါးတံခါးပိတ်ပြီး ကြပလား (မပိတ်သေးပါဘူးဘုရား)။

မပိတ်သေးခင် ခင်ဗျားတို့ သားနဲ့ သမီးနဲ့ ဆွေနဲ့ မျိုးနဲ့ အပျော်ကြီးပျော်ပြီး သာမှုနာမှုတွေနဲ့ အလုံးစုံ အချိန်ကုန် ပြီးသကာလ ကိုယ်ရေး ဘာမှမလုပ်ရဘဲနဲ့ မဂ်ရကြောင်း ဖိုလ်ရကြောင်း မလုပ်တဲ့ပုဂ္ဂိုလ်ဟူသရွေ့ သည်ကြွေးရှိလျက်နဲ့ ကြွေးမဆပ်ဘဲနဲ့ ကြွေးမှန်းမသိဘဲနဲ့နေတဲ့ အရူးနဲ့ ဘာထူးသေးသတုံး (မထူးပါဘူးဘုရား) “ပုထုဇ္ဇနော ဥမ္မတ္တကော” ဆိုတာ ပေါ်ပလား (ပေါ်ပါပြီဘုရား)။

ဒါ-ခြောက်ဟောနေတာလား ဖြစ်စဉ်ကိုက်ပြောတာလား (ဖြစ်စဉ်ကိုက်ပြောတာပါဘုရား) ခြောက်ဟောတာ တစ်လုံးမှ မပါ-ပါဘူး ဒကာ ဒကာမတို့ (မှန်ပါ့ဘုရား) ခြောက်ဟောတာ မပါ-ပါဘူး။ ခင်ဗျားတို့ပဲ ဝေဒနာလာမယ်။ ကိုယ်ပေါ် ချမ်းသာလုံးကလေး လာတယ်ဆိုရင် တဏှာက နှစ်သက်တယ်။ ဥပါဒါန်က စွဲလမ်းတယ်။ ကာယကံ ဝစီကံက ဒီနေရာကလေးနေဖို့ အားထုတ်တယ်။ မထုတ်ဘူးလား (ထုတ်ပါတယ်ဘုရား)။

အားထုတ်လိုက်တော့ ဒီကံတွေက တစ်နေ့ ဒီကံပေါင်း ဘယ်လောက်တုံး (မရေတွက်နိုင်ပါဘူးဘုရား) မရေတွက် နိုင်တော့ ဒီကံတွေကို ဘယ်သူ စုထားသတုံး မေးပြန်တယ် (တဏှာ ဥပါဒါန်က စုထားပါတယ်ဘုရား) တဏှာဥပါဒါန် တွေက စုပြီးထားတော့ ကံတွေဟာ လွယ်လွတ်ရောက်သွားရဲ့လား (မရောက်ပါဘူး) မီးကလေးတွေလို လွင့်သွားရဲ့လား (မသွားပါဘူး)။

တစ်ကံမှာပဲ သူတို့က စုထားတာကိုး။ ဒါ့ကြောင့် ကမ္မသမင်္ဂီဆိုတာပါပဲ။ ကမ္မသမင်္ဂီဆိုတာ ကံကို အုပ်ချုပ်ပြီး သကာလထားတာ ကံကိုစောင့်ရှောက်ပြီး သကာလထားတာ၊ အဟောသိကံ မဖြစ်ရအောင်လို့ တဏှာ ဥပါဒါန်က စောင့် ရှောက်တယ် (မှန်ပါ့) သဘောပါကြလား (ပါပါတယ်)။

ဒါဖြင့် တဏှာ ဥပါဒါန်သည် ကံကိုထိန်းသိမ်းထားတဲ့ တရားဆိုရင်ကော ကျေနပ်ပလား (ကျေနပ်ပါပြီ) တဏှာ ဥပါဒါန်ဟာ ဘာတရားပါလိမ့် (ကံကို ထိန်းသိမ်းထားတဲ့ တရားပါဘုရား)။

အဲ ခင်ဗျားတို့ ရည်ရွယ်တုန်း တဏှာဥပါဒါန်ကရှိတော့ ပြုလိုက်တဲ့ ကံတွေကလည်း တဏှာဥပါဒါန်ကံ ကာယကံ ဝစီကံ မနောကံ ကံဘယ်နှစ်မျိုးလုပ်ကြသတုံး (သုံးမျိုးလုပ်ကြပါတယ်) ကာယကံနဲ့ပဲ သူများကို ပွေ့လိုက် ဆီးလိုက် လာပြန်တာပဲ။ ဝစီကံနဲ့လည်း ချစ်လိုက်တာ ခင်လိုက်တာဆိုတာ ပြောလျက် ဆိုလျက်ပဲ မနေဘူးလား (နေပါ တယ်ဘုရား) မနောကံနဲ့ကတော့ တွေးပြီးတော့များ ခင်နေလိုက်တာလည်း မရှိဘူးလား (ရှိပါတယ်)။

ဒါဖြင့် ဒါတွေက ရှိပြီးသကာလနေတော့ တစ်နေ့ကံပေါင်းဘယ်လောက် (မရေတွက်နိုင်ပါဘုရား) မပျောက်အောင် ဘယ်သူက စုထားသတုံး (တဏှာဥပါဒါန်ပါဘုရား) တဏှာဥပါဒါန်က စုထားတယ်၊ စုချင်လို့ တွေ့အောင်ရှာတာလား၊ ဝေဒနာ ကျုပ်တို့က ဝိပဿနာမရှုလို့လား (ဝေဒနာဝိပဿနာ မရှုလို့ပါဘုရား)။

ဝေဒနာ ဝိပဿနာမရှုလို့ ဒီတဏှာ ဥပါဒါန်က ကံတွေ စုထားတယ်၊ (မှန်ပါ့ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ) အဲဒီတော့ ဒီကံတွေက တပြုံကြီးအကျိုးပေးမှာလား၊ တစ်ခု တစ်ခုကုန်မှ တစ်ခုတစ်ခု အကျိုးပေးမှာလား (တစ်ခုတစ်ခု ကုန်မှ တစ်ခုတစ်ခု အကျိုးပေးမှာပါဘုရား)။

မဂ်ကို အားကိုးရမယ်

တစ်ခု တစ်ခုကုန်မှ တစ်ခုတစ်ခု အကျိုးပေးမှာဆိုတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ လွတ်လမ်း ကျွတ်လမ်း မြင်ကြသေးရဲ့လား (မမြင်ပါဘုရား) ကဲ-ဒါဖြင့် ဘာ-အားကိုးကြမယ် (မဂ်ကို အားကိုးရမယ်) မဂ်သည်ကားလို့ ဆိုလို့ရှိ ရင် ဒကာ ဒကာမတို့ “သဟာဝဿ ဒဿနသမ္ပဒါယ၊ တယဿု ဓမ္မာ ဇဟိတာဘဝန္တိ” ဆိုသလို သက္ကာယဒိဋ္ဌိ ဝိစိကိစ္ဆာ သီလဗ္ဗတပရာမာသတွေ စွန့်ပါတယ်ဆိုသဖြင့် စတူဟာ ပါယေဟိစ ဝိပ္ပမုတ္တော = အပါယ်လေးပါးမှ လွတ်ပါတယ်ကွာဆို တော့ ဒီအထဲ အပါယ်ကျတတ်တဲ့ ကံတွေ အများကြီးမပါဘူးလား (ပါ-ပါတယ်ဘုရား)။

အဲဒါတွေ မဂ်ရတော့ ဘယ့်နှယ်နေကြသတုံး (အဟောသိကံဖြစ်ပါတယ်ဘုရား) ဒါဖြင့် အပါယ်ကံတွေ မောင်ကို လွတ်သွားပြီ၊ (လွတ်ပါပြီ) ဒါ ဘယ်သူ့ကြောင့် လွတ်သွားပါလိမ့် (မဂ်ကြောင့်ပါဘုရား) ဒါဖြင့် ခင်ဗျားတို့ မဂ်ကို အား မကိုးလို့ရှိရင် ဒီဟာတွေ အဟောသိကံ ဖြစ်နိုင်ပါ့မလား (မဖြစ်နိုင်ပါဘူး) ကံကော အဟောသိကံ ဖြစ်ပါ့မလား (မဖြစ်ပါ ဘူးဘုရား) ကံမှ အဟောသိကံ မဖြစ်လို့ရှိရင် အကျိုးပေးဟာ အဟောသိကံဖြစ်နိုင်ပါ့မလား ဒကာ ဒကာမတို့ (မဖြစ်နိုင်ပါ ဘူးဘုရား) သဘောပါကြရဲ့လား (ပါ-ပါတယ်)။

အဲဒါကြောင့် ခင်ဗျားတို့မှာ ကံတည်းဟူသော ကြွေးတွေ ဘယ်လောက်ရှိသတုံး (မရေတွက်နိုင်ပါဘုရား) နောက် က ဒကာ ဒကာမတွေ ကြွေးဟောင်း ဘယ်လောက်ရှိသတုံး (မရေတွက်နိုင်ပါဘုရား) ဘယ့်နှယ်ကြောင့် ခင်ဗျားတို့သည် ပြုံးနေကြသတုံး၊ ဒီကြွေးတွေဟာ ခန္ဓာနဲ့ ဆပ်မှ ကျေမှာ (မှန်ပါ့) ဘာနဲ့ဆပ်ရမှာတုံး (ခန္ဓာနဲ့ ဆပ်ရမှာပါ)။

ခန္ဓာနဲ့ဆပ်မှ ကျေမှာဆိုတာ မထင်ရှားဘူးလား (ထင်ရှားပါတယ်ဘုရား) ဆပ်နိုင်ကြပါ့မလား စဉ်းစားကြည့်ပါ (မဆပ်နိုင်ပါဘုရား) ဒယ်အိုးပြောင်းဆပ်ရမှာ (မှန်ပါ့) တိရစ္ဆာန်အဖြစ် ပြောင်းပြီး ဆပ်ရမှာဆိုတော့ ဆပ်နိုင်ကြပါ့မလား (မဆပ်နိုင်ပါဘုရား) ဆပ်ချင်တဲ့စိတ်လည်း ပေါ်နိုင်ပါ့မလား (မပေါ်နိုင်ပါဘုရား) ဒီအဖြစ်မျိုး ကြောက်လှချည်ရဲ့လို့ မလာပေဘူးလား (လာပါတယ်ဘုရား)။

အကြောင်းသတ်ရမယ်

အဲဒီအကျိုး မကြောက်ပါနဲ့၊ ဟောဒီအကြောင်းတွေကို သတ်ဖို့ကို ကျုပ်တို့ ဂရုစိုက်ပါ (မှန်ပါ့ဘုရား) ရှင်းပြီနော် (ရှင်းပါပြီ) အကျိုးမကြောက်ပါနဲ့ ဘာ-သတ်ရမတုံး (အကြောင်း သတ်ရပါမယ်) အကြောင်းသတ်ရမယ်ဆိုလို့ရှိရင်ဖြင့် ဒါဖြင့် ဒကာ ဒကာမတို့ အကြောင်းသတ်ကြစို့၊ သတ်ပုံကလေး အခုရှင်းပြမယ်နော်၊ (မှန်ပါ့) သတ်ပုံရှင်းပြတော့ လွယ် ပါတယ် (မှန်ပါ့)။

သတ်ပုံရှင်းပြတော့ ဥပမာ သုခဝေဒနာပေါ်တယ် ဒကာ ဒကာမတွေ ခန္ဓာကိုယ်ထဲမှာ တဏှာမလာအောင်လို့ တော့ ကြည့်ရတယ်၊ တဏှာမလာအောင် ကျုပ်တို့ကြည့်လိုက်လို့ရှိရင် လာနိုင်သေးရဲ့လား (မလာနိုင်ပါဘုရား) လာသေး ရဲ့လား (မလာပါဘုရား) မလာတော့ သိမ်းဆည်းမည့်သူကော ရှိသေးရဲ့လား (မရှိပါဘုရား) တဏှာ ဥပါဒါန်လာသေးရဲ့ လား (မလာပါဘုရား)။

သိမ်းဆည်းမည့်သူ မရှိဘူးဆိုတော့ ကံကကော ဖြစ်သေးရဲ့လား (မဖြစ်ပါဘူး) သူမှ မဖြစ်ဘဲနဲ့ ဒီအကျိုးပေးကြီး ကို ကျုပ်တို့ကိုယ်တိုင် ခံစရာကော အကြောင်းမြင်သေးရဲ့လား (အမြင်ပါဘူး) ဒါဖြင့် ဪ ဒီအကြောင်းဟာ ဝိပဿနာမဂ်ကို သွင်းရမယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ) ဒီအကြောင်းဟာ ဘာလုပ်ရမယ် (ဝိပဿနာမဂ်ကို သွင်းရပါမယ်)။

ဒါမေ့နေလို့ရှိရင် ဒီအကြောင်းက ဒီကျွံသွားမယ်၊ (မှန်ပါ့) ဒီမဂ်ကို မေ့နေလို့ရှိရင်ဖြင့် ဝေဒနာ တဏှာ ဥပါဒါန် ကံ၊ ဝေဒနာ တဏှာ ဥပါဒါန် ကံ ဇတိ ဇရာမရဏ၊ ဒီမဂ်မေ့တဲ့ ပုဂ္ဂိုလ်၊ သဘောကျပလား (ကျပါပြီဘုရား) ဒီမဂ်ကို မမေ့တော့ပါဘူး။ ဒီမဂ်ကို ကြားသွင်းပါတော့မယ်။ ကြားသွင်းပါတော့မယ်လို့ စိတ်ထဲမှာ မွေးကြစမ်းပါ (မှန်ပါ့)။

မွေးလိုက်လို့ရှိရင်ဖြင့် သိမ်းဆည်းလိုက်တဲ့ တဏှာ ဥပါဒါန်ကော ဘာဖြစ်ရမလဲ (ချုပ်ရပါမယ်) ချုပ်ရမယ်ဆိုတာ မသေချာဘူးလား (သေချာပါတယ်) သူတို့ချုပ်သွားတော့ ဒီကံကော ဖြစ်သေးရဲ့လား (မဖြစ်ပါဘူး) မဖြစ်ဘူး၊ ကံမှမဖြစ် ဘဲနဲ့ ဒီအကျိုးပေး ကျုပ်တို့ ကိုယ်တိုင် ရစရာမြင်သေးရဲ့လား (မမြင်ပါဘူး)။

ဒါဖြင့် စိတ်ချရရဲ့လား၊ မချရဘူးလား (စိတ်ချရပါတယ်ဘုရား) ဒါဖြင့် စိတ်ချရတဲ့ အလုပ်ကို ခင်ဗျားတို့ကို ပေးပါပြီ၊ (မှန်လှပါဘုရား) ဒကာ ဒကာမတို့ ဘာအလုပ်ကိုပေးပါလိမ့် (စိတ်ချရတဲ့အလုပ် ပေးပါတယ်ဘုရား) စိတ်ချရတဲ့ အလုပ်က ဝေဒနာပေါ်တိုင်းပေါ်တိုင်း ဝိပဿနာရှုရင် ဖြစ်တာပဲ (မှန်ပါ့) ဦးခင်မောင်ဘာတဲ့တုံး (ဝေဒနာပေါ်တိုင်း ပေါ်တိုင်း ဝိပဿနာရှုပေးပါ)။

ဝေဒနာ ပေါ်တိုင်းပေါ်တိုင်း ဖြစ်ပျက်ရှု

ဝေဒနာ ပေါ်တိုင်းပေါ်တိုင်း ဖြစ်ပျက်ရှုလို့ရှိရင် မောင်ကို ဒီသုံးခု ဘယ့်နှယ်နေတုံးဟေ့ (မှန်ပါ့) ဒီဘက်သုံးခု ကော (ပြတ်သွားပါတယ်ဘုရား) ပြတ်ပါတယ်ဆိုတော့ ဪ ဒါဘုရားသာသနာနဲ့ ကြုံလို့၊ ဘုရားသာသနာနဲ့ ကြုံပြီး ဓမ္မက္ခန္ဓာတွေ ထားပစ်ခဲ့လို့ ဘုန်းကြီးများကလည်း ပြောတတ် ဆိုတတ်တာ (မှန်ပါ့)။

အဲဒီတော့ ဒကာ ဒကာမတွေ ဒီအခါကာလမျိုးကို ကံရှုတာတော့ ခင်ဗျားတို့က ရှုတတ်တယ်၊ ဖြတ်ပါဆိုတော့ ဖြတ်တတ်တဲ့ဉာဏ်က သာသနာတွင်းကြုံမှ (မှန်ပါ့) သဘောကျပလား (ကျပါပြီဘုရား) ဆရာကောင်း သမားကောင်းကော (ကြုံမှပါဘုရား) ခင်ဗျားတို့မှာကော ထောင်နိုင်တဲ့ နားကကော (ပြည့်စုံမှပါဘုရား)။

ခင်ဗျားတို့မှာလည်း ထောင်နိုင်တဲ့နားပါဦးမှ (မှန်ပါ့) သဘောပါပလား (ပါ-ပါပြီ) ဒါဖြင့် ဒီအလုပ်ဟာ မလုပ် မဖြစ်တဲ့အလုပ်ထဲ ခင်ဗျားတို့ သွင်းထိုက်-မသွင်းထိုက် (သွင်းထိုက်ပါတယ်ဘုရား) ရှင်းပြီနော် (ရှင်းပါပြီ) ဘယ်အထဲ ထားကြမယ် (မလုပ်မဖြစ်တဲ့အလုပ်ထဲ ထားပါမယ်) မလုပ်မဖြစ်တဲ့ အလုပ်ထဲ ဒကာ ဒကာမတွေ ဒီအလုပ်ဟာ သွင်းရ လိမ့်မယ် (မှန်ပါ့)။

မသွင်းလို့ရှိရင်ဖြင့် ခင်ဗျားတို့က အိပ်နေပေမယ့် ဝေဒနာ တဏှာ ဥပါဒါန်ကံက ဆက်နေမှာပဲ (မှန်ပါ့) ခင်ဗျား တို့က ရောင်းရင်း၊ ဝယ်ရင်းနေတော့ကော (ဆက်နေပါတယ်) ပြောရင်း၊ ဆိုရင်း နေပြန်တော့ကော (ဆက်နေပါတယ်) စားရင်း၊ သောက်ရင်း နေပြန်တော့ကော (ဆက်နေပါတယ်) အဲ သူတို့ကတော့ဖြင့် ခင်ဗျားတို့ ဓမ္မနိယာမလို့ မှတ် လိုက်စမ်းပါ (မှန်ပါ့)။

သံယုတ်ပါဠိတော်မှာ “ဓမ္မ နိယတတာ” လို့ သေသေချာချာ ပဋိစ္စသမုပ္ပါဒ် ဟောထားတဲ့အတွက် မောင်ကိုရေ မင်းတို့က နှလုံးမသွင်းဘဲနေပေမယ့် သူတို့ကတော့ ဆက်ရက်ပဲ (မှန်ပါ့ဘုရား) ရှင်းကြပလား ဒကာ ဒကာမတွေ (ရှင်းပါ ပြီဘုရား) သေသေချာချာမှတ်ထား ဒီဥစ္စာကောင်းအောင် ဟောတဲ့တရား မဟုတ်ဘူး၊ ခင်ဗျားတို့ အကျိုးကျေးဇူးကို ရှုပါလို့ ပြောတဲ့တရားလို့ မှတ်စမ်းပါနော် (မှန်ပါ့ဘုရား) ကဲ ဒါဖြင့် ဒကာသစ်တို့ ကျေနပ်ပလား (ကျေနပ်ပါပြီဘုရား)။

ဝေဒနာကမ္မဋ္ဌာန်းရှုဟေ့

ဒါဖြင့် ဝေဒနာသုံးမျိုးကို လှည့်ရှုလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ ဒီတဏှာ ဥပါဒါန် ကံတွေ ချုပ်-မချုပ် (ချုပ်ပါ တယ်ဘုရား) ဇာတိ ဇရာ မရဏတွေ (ချုပ်ပါတယ်ဘုရား) ချုပ်တယ်လို့ဆိုတာ မသေချာဘူးလား (သေချာပါတယ်ဘုရား) ကဲ ဒါဖြင့် သိကြားမင်းသောတာပန်တည်ပုံ ပြောကြပါစို့ သိကြားမင်းက အရှင်ဘုရား ပပဉ္စတရားချုပ်တဲ့ တရားမရှိဘူးလားလို့ တစ်နေ့ကမေးတယ်မဟုတ်လား (မှန်လှပါဘုရား)။

မေးတော့ ဝေဒနာကမ္မဋ္ဌာန်းရှုဟေ့ လို့ ဘုရားက ဖြေလိုက်တယ် (မှန်ပါ့) ဘာရှုရမလဲ (ဝေဒနာကမ္မဋ္ဌာန်း ရှုရပါမယ်) ဝေဒနာကမ္မဋ္ဌာန်း ရှုဟေ့လို့ ဘုရားက ဖြေလိုက်တော့ ဝေဒနာကမ္မဋ္ဌာန်းကို ဘုန်းကြီးသုံးရက်ရှိပြီ ဟောနေတာ၊ ဒကာ ဒကာမတို့ သုခဝေဒနာ ကိုယ်ပေါ်မှာပေါ်ရင်လည်း ဘာလုပ်ရမလဲ (ဖြစ်ပျက်ရှုရပါမယ်) သောမနဿဝေဒနာ ဝမ်းထဲ ပေါ်ရင်ကော (ဖြစ်ပျက်ရှုရပါမယ်)။

ဒုက္ခဝေဒနာတွေ ကိုယ်ပေါ်မှာ ပေါ်ရင်ကော (ဖြစ်ပျက်ရှုရပါမယ်) ဒါဖြင့် ဒေါမနဿဝေဒနာတွေ ဝမ်းထဲပေါ် ရင်ကော (ဖြစ်ပျက်ရှုရပါမယ်) မျက်စိ နား နှာခေါင်း လျှာမှာ ဥပေက္ခာဝေဒနာ ပေါ်ရင်ကော (ဖြစ်ပျက်ရှုရပါမယ်) ဝမ်းထဲ ဥပေက္ခာပေါ်ရင်ကော (ဖြစ်ပျက်ရှုရပါမယ်) အဲဒါ ဖြစ်ပျက်ရှုပါလို့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဟောကြား တော်မူလို့ ဘုန်းကြီးက ဟောရခြင်း ဖြစ်ပါတယ် (မှန်ပါ့)။

ဒါ့ကြောင့် ဒကာ ဒကာမတွေ ဝေဒနာပေါ်အောင် ဝေဒနာပေါ်တဲ့အခါမှာ ဘယ်အခါကာလမှာ ဖြစ်ပြီး ပျက်တဲ့ အနိစ္စတွေကို မမြင်ဘဲနဲ့ မမြင်မရှိကြပါစေနဲ့ ခင်ဗျားတို့ ရှုဖြစ်အောင်ရှုကြပါဆိုတဲ့ဥစ္စာ ဒီအကြောင်းသုံးခု ကြောက်စရာ ကောင်းလွန်းလို့ ဒီအကျိုးသုံးခုကိုလည်း ခင်ဗျားတို့ လက်ခံနိုင်မှာ မဟုတ်လို့ ဒီတရားဟောရတာပါ (မှန်ပါ့) ဒီအကြောင်း သုံးခုကလည်း အကြောင်းကောင်းလား၊ မကြောင်းဆိုးလား (အကြောင်းဆိုးပါဘုရား)။

ကယ်မည့် ယူမည့်သူဟာ ဝိပဿနာမဂ်

ဒီအကျိုးသုံးခုကော ခင်ဗျားတို့ ကိုယ်တိုင်ခံရမှာ သိပြီးသကာလနေတော့ ရချင်စရာ၊ ယူချင်စရာတရား တစ်ခု ပါ-ပါရဲ့လား (မပါပါဘူးဘုရား) အဲဒီကဲ့သို့ မပါတာ သိနေတော့ ကိုင်း ကယ်မည့် ယူမည့်သူဟာ ဝိပဿနာမဂ် (မှန်လှပါဘုရား) ရှင်းကြပလား (ရှင်းပါပြီ) ကယ်မည့်-ယူမည့်သူဟာ (ဝိပဿနာမဂ်ပါဘုရား) ဝိပဿနာမဂ် ရင့်သွားတော့ လာကုတ္တရာမဂ် ဖြစ်မယ် (မှန်ပါ့)။

ဒကာ ဒကာမတို့ ဝိပဿနာမဂ် ရင့်သွားတော့ (လောကုတ္တရာမဂ် ဖြစ်ပါမယ်) လောကုတ္တရာမဂ် ဖြစ်သွားတဲ့အခါ ကျတော့ ဟောဒီ့အပါယ်သွားမည့် တဏှာကော (ချုပ်သွားပါတယ်) အပါယ်သွားမည့် ဥပါဒါန်ကော (ချုပ်သွားပါတယ်) အပါယ်ရောက်စေတတ်တဲ့ ကံ (ချုပ်သွားပါတယ်) ချုပ်တော့ ဟောဒီအပါယ်ကောင်ကြီး ပေါ်စရာ သေသည်၏ အခြားမဲ့ ၌ ရှိသေးရဲ့လား (မရှိပါဘူးဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဘာကို အားကိုးရမတုံးဆိုတော့ ဟောဒီ (၁)ကို (၂)နဲ့ ရှုတာ အားကိုးရလိမ့်မယ် (မှန် ပါ့ဘုရား) ဦးခင်မောင်ရေ – ဘာအားကိုးမယ် (၁-ကို ၂-နှင့်ရှုတာ အားကိုးရပါမယ်) (၁)ကို (၂)နှင့်ရှုတာ အားကိုးရမယ် ဆိုတာ မောင်ကိုတို့ ကျေနပ်ပလား (ကျေနပ်ပါပြီ)။

ကောင်းပြီ ဒါဖြင့် လွတ်သည်နဲ့ တစ်ပြိုင်နက် ဆက်မနော် (မှန်ပါ့) လွတ်ရင် ဘယ့်နှယ်တုံး (ဆက်ပါမယ်) လွတ်ရင် ဒီက ဝေဒနာ တဏှာ ဥပါဒါန် (မှန်ပါ့)။

မလွတ်လို့ရှိရင် ဝေဒနာ ပညာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ) မလွတ်ရင် (ဝေဒနာ ပညာ) ဝေဒနာ ပညာ၊ ဝေဒနာနုပဿနာ၊ သဘောကျပလား (ကျပါပြီ) ဝေဒနာနောက်က ဝိပဿနာ လိုက်ရမယ်ဆိုတာ သဘောကျပလား (ကျပါပြီ) ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဪ လွတ်တယ်ဆိုတာ ဘာပါလိမ့်မတုံးမေးတဲ့အခါကျတော့မှ အဝိဇ္ဇာကိုး (မှန်ပါ့) လွတ်သွားတာဟာ ဘာပါလိမ့် (အဝိဇ္ဇာပါဘုရား)။

အဝိဇ္ဇာလွတ်သွားသည်နဲ့ တစ်ပြိုင်နက်တည်း ဝေဒနာပေါ်တာ လွတ်သွားသည်နဲ့ တစ်ပြိုက်နက်တည်း တဏှာ ဥပါဒါန် ကံ ဇာတိ ဇရာ မရဏတွေ မလာပါနဲ့ဆိုလို့ (မရပါဘူး) ကဲ- မလွတ်တော့ပါဘူးလို့ ဝေဒနာ လာတိုင်းလာတိုင်း ပဲ တပည့်တော်တို့သည်ကားလို့ ဆိုလို့ရှိရင် အနိစ္စမြင်အောင် ကြည့်ပါတော့မယ်။ ဖြစ်ပြီးပျက်တဲ့ အနိစ္စကလေး တပည့် တော်တို့ မြင်အောင် ကြည့်ပါတော့မယ်ဆိုတော့လည်း ဒကာ ဒကာမတို့ “ဝေဒနာပစ္စယာ ပညာ” မဖြစ်ဘူးလား (ဖြစ်ပါ တယ်) ဝေဒနာပစ္စယာ (ပညာ)။

”ဝေဒနာပစ္စယာ ပညာ” ဖြစ်သွားတော့ တဏှာ ဥပါဒါန်ကံ ဘာဖြစ်သတုံး (ချုပ်သွားပါတယ်ဘုရား) ဇာတိ ဇရာ မရဏတွေကော (ချုပ်သွားပါတယ်ဘုရား) ဪ ဒါဖြင့် ဒို့အားကိုးရာ အစစ်ရှိပါသေးကလား၊ (မှန်ပါ့) ဦးခင်မောင် ပေါ်ပြီ (မှန်ပါ့) ဒကာသစ်တို့ ပေါ်ကြပလား (ပေါ်ပါပြီဘုရား) ဒီဘက်က ဒကာတွေအားလုံး သဘောကျရဲ့ လား (ကျပါတယ်ဘုရား)။

ခင်ဗျားတို့ ဒါမလုပ်ဘဲနဲ့ အေးအေးချမ်းချမ်း သာနေမယ်ဆိုရင် ခင်ဗျားတို့က အေးချမ်းပါရဲ့၊ ဒီအစဉ်တန်းတာ ကတော့ တန်းမှာပဲ (မှန်ပါ့) သဘောပါပလား (ပါ-ပါပြီ)။

ခင်ဗျားတို့ အေးအေးချမ်းချမ်း လေညှင်းခံနေတာကို ခင်ဗျားတို့က အေးအေး ချမ်းချမ်း စိတ်ထဲမှာကွာ အားလပ် ခွင့်ကလေးယူပြီး ဒီလိုနေလိုက်ရတာပဲ။ ငြိမ်ငြိမ် ဆိမ်ဆိမ် လေညှင်းခံပြီးသကာလ ညိုညိုစိမ်းစိမ်းကလေးတွေ ကြည့်ပြီး သကာလ သာယာနေတယ်ဆိုရင် ခင်ဗျားတို့ အေးအေးနေလေ သူက ဆက်လေပဲ၊ (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။

အပြစ်က ကြီးလွန်းလို့

ခင်ဗျားတို့ အေးအေးနေတာသည် ပဋိစ္စသမုပ္ပါဒ် ဘာတုံး (ဆက်တာပဲ) ဆက်တာပဲဆိုတော့ ခင်ဗျားတို့ကို အေးအေးမနေစေချင်လို့ ဟောတဲ့တရား မဟုတ်ပါဘူး၊ အေးအေးနေတဲ့ အပြစ်က ကြီးလွန်းလို့ (မှန်ပါ့ဘုရား) ဘယ်လို ပါလိမ့် (အေးအေးနေတဲ့အပြစ်က ကြီးလွန်းလို့ပါဘုရား)။

အေးအေးနေတဲ့အပြစ်က ကြီးလွန်းလို့ ဟောရပါတယ်ဆိုတာ အေးအေးနေတယ်ဆိုတာ တဏှာစိတ်ကို ပြောနေ တာ (မှန်လှပါဘုရား) အေးအေးနေတယ်ဆိုတာ ဘာပါလိမ့် (တဏှာစိတ်ပါ) တဏှာနဲ့ ပြောတာ၊ တဏှာဆိုတော့ ဥပါဒါန်ကံက နေပါ့မလား (မနေပါဘူးဘုရား) မနေတော့ ဇာတိ ဇရာ မရဏဆိုတဲ့ အပါယ်ကောင်ကြီးတွေကကော ကျုပ်တို့ ဖြစ်ရမှာလား မဖြစ်ရဘူးလား (ဖြစ်ရမှာပါ)။

ဒါဖြင့် ဒကာ ဒကာမတို့ အေးအေးနေချိန်လား၊ အပူတပြင်းနေချိန်လား (အပူတပြင်း နေချိန်ပါဘုရား) အပူ တပြင်းနေချိန်ဆိုရင် ဒီမဂ်ကို သွင်းမိအောင် သွင်းပါ (မှန်ပါ့) ဝေဒနာပေါ်တိုင်း ပေါ်တိုင်း ဘာလုပ်ရမလဲ (ဖြစ်ပျက်ရှု ရမယ်) မဂ်သွင်းရမယ်၊ ဖြစ်ပျက်ရှုရမယ်ဆိုတာ သဘောပါပလား (ပါပါပြီ)။

အဲဒီတော့ စဉ်းစားကြည့်ပါတဲ့ ဒီဝေဒနာဟာ ဖြစ်ပြီး ပျက်တော့ ဝေဒနာ မချုပ်ဘူးလား (ချုပ်ပါတယ်) ဒါဖြင့် ဝေဒနာနိရောဓာ (တဏှာနိရောဓော) တဏှာနိရောဓောဆိုတော့ တဏှာချုပ်အောင် လုပ်နိုင်တဲ့ ဟောဒီမဂ်ပေါ်လာတာ ပဲ ရှင်းပလား (ရှင်းပါပြီ)။

ဝေဒနာနိရောဓာ တဏှာနိရောဓော

ကဲ ဒီက ဘာပါလိမ့် (ဝေဒနာနိရောဓာ) ဒီဘက်က (တဏှာနိရောဓော) ဟော- တဏှာနိရောဓော ဆို ကတည်းက ဒကာ ဒကာမတို့ တဏှာလာပြီး ချုပ်တာလား၊ လာကို-မလာရတာလား (လာကို-မလာရတာပါဘုရား) လာကို-မလာရတဲ့အလုပ်ကို ခင်ဗျားတို့ လုပ်ဖြစ်အောင်လုပ်ပါ၊ သဘောပါကြလား (ပါ-ပါပြီဘုရား) လာကို-မလာရတဲ့ အလုပ်ကို- (လုပ်ဖြစ်အောင် လုပ်ပါ) လုပ်ဖြစ်အောင် လုပ်ပါဆိုတာ မတိုက်တွန်းထိုက်ဘူးလား (တိုက်တွန်းထိုက်ပါတယ်)။

ဒါဖြင့် သုခဝေဒနာလာလည်း ဝေဒနာနိရောဓာ တဏှာနိရောဓော ဖြစ်အောင်လုပ် (မှန်ပါ့) ဝေဒနာနိရောဓာလို့ ဆရာဘုန်းကြီးက ဘယ့်နှယ်ကြောင့် ဟောရပါလိမ့်မလဲလို့ ဒကာ ဒကာမတွေက အမေးထုတ်တဲ့အခါကျတော့ ဒီဝေဒနာ က္ခန္ဓာ မချုပ်ဘဲနဲ့ ဒီမဂ်ခန္ဓာပေါ်နိုင်ပါ့မလား မောင်ကို (မခေါ်နိုင်ပါဘူး)။

ဒါ့ကြောင့် ဝေဒနာနိရောဓာ (တဏှာနိရောဓော) ရှင်းပလား (ရှင်းပါပြီ) ဒီဝေဒနာချုပ်တာ ပျက်တာကို ဒီက မမြင်ဘူးလား (မြင်ပါတယ်) မြင်တာက မဂ်-မနေဘူးလား (မှန်ပါ့ဘုရား) မြင်တာက ဝိပဿနာနဲ့ ဧကန်သိသွားတဲ့အတွက် ဝေဒနာနိရောဓာ (တဏှာနိရောဓော) တဏှာနိရောဓောဆိုတေတာ့ ဒီနေရာမှာ တဏှာတွေ့တာလား ဒကာ ဒကာမတို့ မဂ်ပေါ်တာလား (မဂ်ပေါ်တာပါဘုရား)။

ဪ ဒါဖြင့် ကျုပ်တို့သည်ကားလို့ဆိုရင် ဒီတဏှာချုပ်ပါတယ်ဆိုကတည်းက ဒီကံချုပ်တယ် (မှန်ပါ့) ဒီကံချုပ်ကတည်းက ဒီဇာတိ ဇရာမရဏတွေ ဒကာ ဒကာမတွေ ဘယ်လိုစဉ်းစားမလဲ (မဖြစ်တော့ပါဘူး) ဒီကံတွေ အမိသွင်းနိုင်သေးရဲ့လား (မသွင်းနိုင်ပါဘူး)။

ဒါဖြင့် ခင်ဗျားတို့က မအားမလပ်လို့ မရှုပါဘူးလို့ ဒကာသစ်တို့က ဆင်ခြေလဲချင်လဲမယ်။ မောင်ဘရွှေတို့က လဲချင် လဲမယ်၊ မလဲပေဘူးလား (လဲပါတယ်ဘုရား) မအားမလပ်တာ ဘာတုံးလို့ ဘုန်းကြီးက မေးချင်တော့ မအားမလပ် တာ ဟောဒီ ခန္ဓာကြီးအတွက် ရှာနေရတာ (မှန်ပါ့) မဆိုပေဘူးလား (ဆိုပါတယ်ဘုရား) စားဖို့ သောက်ဖို့ ဘာတုံး (ရှာနေရပါတယ်)။

ဒါဖြင့် ဘယ်သူ့အတွက်တုံးဆိုရင် ဒီခန္ဓာ့အတွက် (မှန်ပါ့) ဒါ ခင်ဗျားတို့ခန္ဓာ ဝေဒနာက္ခန္ဓာ မဟုတ်လား (မှန်ပါ့) မိမိတို့ ရှာနေရတယ်ဆိုတာ ဒီခန္ဓာအတွက် ရှာနေတယ်၊ ရှာတာ တဏှာ (မှန်ပါ့) မဟုတ်ဘူးလား (မှန်ပါ့) မရ-ရအောင် ရှာမယ်ဆိုတော့ ဥပါဒါန် (မှန်ပါ့) မရ-ရအောင် အားထုတ်မယ်ဆိုတော့ ခင်ဗျားတို့-ခင်ဗျားတို့ မအားတာ ပဋိစ္စသမုပ္ပါဒ် ဆက်တာ ပေါ်ကြပလား (ပေါ်ပါပြီ) ခင်ဗျားတို့ မအားတာ (ပဋိစ္စသမုပ္ပါဒ် ဆက်တာပါ)။

မအားတဲ့အပြစ် အတော်ကြီးပါကလား

ဒါဖြင့် ဒီအဆက်သည် ဦးခင်မောင်တို့-မောင်ကိုတို့ ဪ-မအားတဲ့အပြစ် အတော်ကြီးပါကလား (ကြီးပါတယ် ဘုရား) ဒကာ ဒကာမတို့ ဘယ့်နှယ်ဆိုကြမလဲ (မအားတဲ့အပြစ် အတော်ကြီးပါတယ်ဘုရား)။

ခင်ဗျားတို့ကတော့ လူတွေ့တိုင်းပြောတော့ ဪ ဟုတ်ပေလိမ့်မယ်၊ မအားရှာဘူး၊ အလုပ်က များတယ်ကိုး (မှန်ပါ့) ခင်ဗျားတို့ပြောမယ်၊ သဘောကျရဲ့လား (ကျပါတယ်) မောင်ကို-မင်းတို့ချင်းကျတော့ (မြှောက်ပါတယ်ဘုရား) မြှောက်တယ်။

ခင်ဗျားကိစ္စတွေက ဟိုမှာလည်းလုပ်ထား ဒီမှာလည်း လုပ်ထားဆိုတော့ မအားဘူးဆိုတာ ကျုပ်တို့ယုံကြည်ပါ တယ်၊ ဟုတ်တယ် ဟုတ်တယ်၊ မအားလပ်ဘူး အစရှိသည်ဖြင့် ခင်ဗျားတို့ချင်း အပါယ်သွားတာကို ချောက်တွန်းနေတာ ရိပ်မိပလား (ရိပ်မိပါပြီ) အပါယ်သွားတာကို ချောက်တွန်းနေတဲ့ ပုဂ္ဂိုလ်ဟာ ဒီထဲမှာ ဒီလိုနည်းမျိုးဆိုတာ သဘောပါကြ ပလား (ပါ-ပါပြီ)။

ဒါဖြင့် ဒကာ ဒကာမတို့ မအားတဲ့ပုဂ္ဂိုလ် ပြောသံ ကြားတိုင်းကြားတိုင်း ဘုန်းကြီးတို့ တရားပွဲလာတဲ့ အခု ဒကာ ဒကာမတွေကဖြင့် ဪ မအားတဲ့အပြစ်ဟာ အကြီးဆုံးပါကလား (မှန်ပါ့) ဘယ်လို ဆိုကြမယ် (မအားတဲ့ အပြစ်ဟာ အကြီးဆုံးပါဘုရား)။

မအားတဲ့အပြစ်ဟာ ကြည့်လေ၊ ဒါက ဘာတုံး ခင်ဗျားတို့ ခန္ဓာကြီး (မှန်ပါ့) ဝေဒနာက္ခန္ဓာ၊ ဝေဒနာက္ခန္ဓာ သူ ချည်းမဟုတ်ပါဘူး၊ ခန္ဓာငါးပါးနဲ့ တွဲလိုက်ကြပါစို့။ ဒီခန္ဓာကြီးကိုက မအားတာမဟုတ်လား (မှန်ပါ့ဘုရား)။

ဒီခန္ဓာကြီး စားဖို့ရာရှာတယ် (မှန်ပါ့) ရှာတာဟာ ဘာနဲ့ ရှာကြမလဲ (တဏှာနဲ့ ရှာပါတယ်ဘုရား) တဏှာနဲ့ ရှာ တော့ ရှာရုံ မြင်ရရုံနဲ့ ကျေနပ်ကြရဲ့လား (မကျေနပ်ပါဘုရား) မရ-ရအောင် ကြံမယ်ဆိုတော့ ဘာဖြစ်သွားသတုံး (ဥပါဒါန် ဖြစ်သွားပါတယ်) အို မရ-ရအောင်ဆိုတော့ ကိုယ်ရော၊ စိတ်ရော အားထုတ်မှ ရမယ်ဆိုတော့ (ကံဖြစ်သွားပါတယ်) ဟော ခင်ဗျားတို့ မှားတာဟာ ဒါပဲ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ)။

အဲဒီတော့ ဒကာ ဒကာမတို့ ငါဟာ အပါယ်သွားတယ် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ) ငါဟာ (အပါယ်သွားပါ တယ်) အပါယ်သွားတယ်။ ဒီ့ပြင် ဘာပြောစရာ ရှိသေးသလဲ (မရှိပါဘူး)။

အဲဒါ အိမ်ကျတော့ ခင်ဗျားတို့ သုံးချင်လည်း သုံးကြ၊ ငါဟာတော့ အပါယ်သွားလိမ့်ဦးမယ် (မသုံးချင်ပါဘူးဘုရား) သုံးချင်လည်း သုံးပါတဲ့။ အဓိပ္ပာယ်ကတော့ ကိုက်နေတာပဲ၊ အဓိပ္ပာယ်က မောင်ကို-မှားသလား-တန်းနေသလား (တန်း နေပါတယ်ဘုရား) အဓိပ္ပာယ်တော့ တန်းနေပြီနော် (မှန်ပါ့)။

အပါယ်သွားပါရစေဦး

အဲဒါကြောင့် တပည့်တော်တို့ ခုတော့ မလုပ်နိုင်သေးဘူးဘုရား၊ နောင်ဖြေးဖြေးတော့ လုပ်ရမှာပဲ၊ အခုတော့ အပါယ်သွားပါရစေဦး၊ ဒီအဓိပ္ပာယ်ကော မရောက်ဘူးလား (ရောက်ပါတယ်ဘုရား)။

အဲဒါကြောင့် ခင်ဗျားတို့ ဆင်ခြေလဲပြီးနေတာ ကိုယ့်ကိုယ်ကိုယ် မကောင်းသဖြင့် သေကြောင်းကြံတာနဲ့ အတူတူ ပဲ (မှန်ပါ့) သဘောကျပလား (ကျပါပြီ) ခင်ဗျားတို့လဲသည့် ဆင်ခြေသည် ဘယ်လိုဆုံးဖြတ်ချက်ချမလဲ (ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံတာနဲ့ အတူတူပါပဲ) ကိုယ့်ကိုယ်ကိုယ် မကောင်းသဖြင့် သေကြောင်းကြံတယ်ဆိုတာ အပါယ်သွားကြောင်း ကြံတာ (မှန်ပါ့ဘုရား) ရှင်းပလား (ရှင်းပါပြီ)။

ဒါ ရိုးရိုးဆရာဒကာတွေမို့ ဖြစ်စဉ်ကလည်း ကိုက်နေလို့ ရှောင်ဟောလို့လည်း ဒကာသစ် ရပါ့မလား (မရပါဘုရား) ဒါဖြင့် ဘယ်ပုဂ္ဂိုလ်လာဟောဟော ဒီအတိုင်းသွားရမှာပဲ မောင်ကို (မှန်ပါ့ဘုရား) ဒီ့ထက်ဟောစရာကော ရှိသေးရဲ့လား (မရှိပါဘူး)။

ဒီကံတွေ ဒီအကုသိုလ်ကံတွေထဲက ဒီမအားတာဟူသ၍ ဟာလည်း သေသေချာချာ စဉ်းစားတော့ တဏှာကြောင့် မအား၊ ဥပါဒါန်ကြောင့် (မအား) အားထုတ်နေရလို့ (မအား)။

ကိုင်း တဏှာဥပါဒါန်ကံကြောင့် မအားတာ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ) အဲဒီတော့ ဒကာ ဒကာမတွေ က တစ်လုပ်ကြောင့် မအားဘူးဆိုရင် တစ်လုပ်ခင်တဲ့ တဏှာ လာမယ်။ (မှန်ပါ့) တစ်လုပ်စွဲလမ်းတဲ့ ဥပါဒါန်ကော (လာပါမယ်) တစ်လုပ်ရှိသေးတယ်ပြောတဲ့ ကာယကံ ဝစီကံ (လာပါမယ်) ရှိသေးရုံက ကာယကံ၊ အသံထွက်ပြီး ချော့မော့ နေရတာက ဝစီကံ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ)။

ကောင်းပြီး ဒါတွေသည်ကားလို့ဆိုရင် ကာယကံ ဝစီကံတွေ သည်ကားလို့ဆိုရင် မောင်ကို အဟောသိကံ ဖြစ်ပါ့ မလား (မဖြစ်ပါဘူးဘုရား) ဘာဖြစ်လို့ မဖြစ်သတုံး ၊ ဒီနှစ်ခုက တင်းခံနေလို့ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။

ဒီနှစ်ခုက တင်းထားလို့ ခင်ဗျားတို့ အပါယ်တစ်ခါ သွားလိုက် တစ်ခုလွှတ်ပေးလိုက်၊ ကုန်အောင်လွှတ်ပေး ကုန်အောင်လွှတ်ပေးဆိုတော့ ဦးခင်မောင်ရေ လွှတ်လို့ဘဲ ကုန်နိုင်စရာရှိရဲ့လား (မရှိပါဘုရား)။

ဒါဖြင့် ငရဲက တက်စရာမြင်သေးရဲ့လား (မမြင်ပါဘူး) အဲဒါကြောင့် ဒကာ ဒကာမတို့ ဤခန္ဓာအတွက်ဟာ ခင်ဗျားတို့ အင်မတန်မှ တဏှာဥပါဒါန် ကံတွေ လာသောကြောင့် ဒီခန္ဓာဟာ ဒကာ ဒကာမတို့ ခန္ဓာထဲမှာ ဝေဒနာက္ခန္ဓာ ပေါ်တိုင်းပေါ်တိုင်း ဖြစ်ပျက်အလုပ်ကို မဂ်ကြားသွင်းပါဆိုတဲ့ ဥစ္စာ ခင်ဗျားတို့ အင်မတန်အရေးကြီးလို့ ပြောနေတဲ့ တရားထူး တရားမြတ်လို့ သေသေချာချာမှတ်ပါ (မှန်လှပါဘုရား) မှတ်မိကြပလား (မှတ်မိပါပြီ)။

ဒါဘာလဲကြည့်လေ ဝေဒနာပစ္စယာ တဏှာ၊ တဏှာပစ္စယာ (ဥပါဒါနံ) ဥပါဒါနပစ္စယာ (ကမ္မဘဝ) ကမ္မဘဝ ပစ္စယာ (ဇာတိပါ) ဇာတိ ဇရာ မရဏသွားကြရောပေါ့ (မှန်ပါ့)။

မရှိတာက အနိစ္စ၊ သိတာက မဂ္ဂ

ကောင်းပြီ အဲဒါသာသိတယ်၊ ခင်ဗျားတို့ မအားတဲ့အခါ ဖြစ်တာ (မှန်ပါ့) ကဲ ဆရာဘုန်းကြီးတရားကို နားထောင်၊ ဘုရား တရားကို နားထောင်ရမယ်ဆိုတော့ သုခံဝါဝေဒနံ ဝေဒယမာနော သုခံဝေဒနံ ဝေဒယာမီတိ ပဇာနာ တိ-သိအောင် လုပ်ရမယ်ဆိုတာ မဆိုဘူးလား (ဆိုပါတယ်ဘုရား) ဆိုတော့ ဒီ ဝေဒနာကလေးဟာ ခန္ဓာကိုယ်ထဲ ပေါ်တယ်၊ ရှိ-မရှိ ဒီကနေ နာက်ကမဂ်နဲ့ ရှုတယ်၊ မရှုနိုင်ဘူးလား (ရှုနိုင်ပါတယ်) ရှုလိုက်တဲ့အခါကျတော့ ရှိသေးသလား၊ မရှိတော့ ဘူးလား (မရှိတော့ပါဘူး) ဒါဟာ မရှိတာက အနိစ္စ၊ သိတာက မဂ္ဂ-သွားဖြစ်တယ် (မှန်လှပါ)။

မရှိတာက (အနိစ္စပါ)။

သိတာက (မဂ္ဂပါ)။

မဂ္ဂဖြစ်သွားတော့ကို မရှိတာက ဘယ်သူမရှိတာတုံးဆိုတော့ ဝေဒနာချုပ်တာ၊ ရှင်းပလား (ရှင်းပါပြီ)။

ဒါဖြင့် ဝေဒနာနိရောဓာ (တဏှာနိရောဓော) ဟော တဏှာနိရောဓောတိ မဂ္ဂေါ၊ တဏှာနိရောဓောတိ = တဏှာနိ ရောဓောဟူသည်ကား၊ မဂ္ဂေါ = မဂ်ပေါ်တာပဲကွ ရှင်းပလား (ရှင်းပါပြီ)။

ဒါဖြင့် ဝေဒနာနိရောဓောဆိုတာ ဝေဒနာချုပ်တာ (မှန်ပါ့) တဏှာနိရောဓောဆိုတာက (တဏှာချုပ်တာ) မဂ် ပေါ်တာဆိုတာ သေချာပလား (သေချာပါပြီ)။

စာထဲမှာသွားကြည့်ရင် ခင်ဗျားတို့ ဪ ဒီတဏှာချုပ်တာလို့ပဲ ခင်ဗျားတို့က အောက်မေ့မယ် (မှန်ပါ့) မဟုတ်ပါဘူး၊ ဒီတဏှာချုပ်တာ မဟုတ်ဘူး၊ ဒီတဏှာမလာဖို့၊ သူပေါ်မည့်နေရာ၌ မဂ်ပေါ်တာကို ဆိုပါတယ် (မှန်ပါ့) ရှင်းပနော် (ရှင်းပါပြီ)။

သူပေါ်မည့်နေရာ တဏှာပေါ်မည့်နေရာကို (မဂ်ပေါ်တာကို ဆိုပါတယ်) မဂ်ပေါ်တာ ဆိုတယ်ဆိုတာ မောင်ကို အကွက်ချပြမှ သိမယ် (မှန်ပါ့) နို့မို့ရင် သိပါ့မလား (မသိပါဘူး)။

စာသာလုပ်နေတဲ့ပုဂ္ဂိုလ် စာလို သိနေတဲ့ပုဂ္ဂိုလ်ဖြင့် ဝေဒနာချုပ်မှ တဏှာချုပ်မှာပါကွာဆိုတော့ ဒီတဏှာချုပ်မှာ ပါပဲ ပြောတယ် (မှန်ပါ့)။

စင်စစ်တဏှာကို လာကိုမလာဘူး (မှန်ပါ့) လာသေးရဲ့လား (မလာပါဘူး)။

ဒါဖြင့် မလာဘဲနဲ့ ပျောက်ပျက်တာကို ဆိုတာပါ (မှန်ပါ့) သဘောပါကြလား (ပါပါပြီ) ဘယ်လိုပါကြတာလဲ (မလာဘဲနဲ့ ပျောက်ပျက်တာကို ဆိုတာပါ) ရှင်းပြီနော် (ရှင်းပါပြီ)။

ရှင်းတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက သိကြားရေ-ဝေဒနာရှုမှ ပပဉ္စချုပ်မယ်ကွဆိုတော့ တဏှာ၊ တဏှာ ဆိုတာ ဒကာ ဒကာမတို့ ပပဉ္စပဲ၊ တဏှာ မာန ဒိဋ္ဌိကို ပပဉ္စလို့ မဆိုဘူးလား (ဆိုပါတယ်ဘုရား)။

ပပဉ္စတရားဟာ တဏှာမာနဒိဋ္ဌိဘဲ မဟုတ်ဘူးလား (မှန်ပါ့) ဟောဒီတဏှာ ချုပ်ကတည်းက တဏှာနဲ့ တွဲပြီး မာနကကော (ချုပ်ပါတယ်ဘုရား) ဒိဋ္ဌိကကော (ချုပ်ပါတယ်ဘုရား)။

အင်း-ပပဉ္စချုပ်ချင်ရင် မင်းဝေဒနာရှုကွ၊ မဟောဘူးလား (ဟောပါတယ်ဘုရား) ပပဉ္စချုပ်ချင်ရင် (ဝေဒနာရှုရ မယ်) ဝေဒနာရှုကွလို့ ဟောလိုက်တဲ့အတွက် ဟောဒီ တဏှာနဲ့ ဒိဋ္ဌိနဲ့ဆိုတာ ဒကာ ဒကာမတို့ ခွဲလို့မရဘူး (မှန်လှပါဘုရား) သဘောကျရဲ့လား (ကျပါတယ်) ဒိဋ္ဌိနဲ့ တဏှာဆိုတာ လောဘသဟဂတံ ဒိဋ္ဌိသမ္ပယုတ္တံလို့ ဆိုတ သင်္ဂြိုဟ်ရတဲ့ ပုဂ္ဂိုလ်များ လူတိုင်းသိတယ် မဟုတ်လား လောဘနဲ့ ဒိဋ္ဌိနဲ့ ဘယ့်နှယ်နေသတုံး (တွဲနေပါတယ်ဘုရား)။

ဒါဖြင့် တဏှာနဲ့ ဒိဋ္ဌိနဲ့ မတွဲဘူးလား (တွဲပါတယ်ဘုရား) တဏှာနဲ့ မာနနဲ့ကော (တွဲပါတယ်ဘုရား)။

ဒါဖြင့် ဒီအထဲမှာ တဏှာ မာန ဒိဋ္ဌိ သုံးခု စုံမနေပေဘူးလား (စုံနေပါတယ်ဘုရား)။ အဲ ဒိဋ္ဌိဖြစ်လို့ရှိရင် မာန-လာမှာပဲ (မှန်ပါ့)။

အဲဒီတော့ ဒါချုပ်ချင်လို့ရှိရင် ဒီဟာသွင်းမှရမယ်၊ ဒကာ ဒကာမတို့ (မှန်ပါ့) (တဏှာချုပ်ချင်ရင် မဂ်သွင်းဆိုလို ၏) ဝေဒနာရှုတဲ့ မဂ်ကို (သွင်းမှရပါမယ်) သွင်းမှရမယ်ဆိုတာ မသေချာဘူးလား (သေချာပါတယ်)။

ဒါဖြင့် သွင်းတတ်ကြပလား (သွင်းတတ်ပါပြီ) အဲဒီတော့ အိမ်ရောက်တဲ့အခါ လုပ်ဖို့ ဘုန်းကြီးက လုပ်နည်းကလေး နည်းနည်းပြောလိုက်ပါဦးမယ်။ အိမ်ကျတော့ ခင်ဗျားတို့ အလုပ်ကလေးကိုရှု၊ ဖြူတာကိုလည်းသိ၊ စိမ်းတာကိုလည်းသိ၊ သိရာကနေ ငါးမိနစ်၊ ဆယ်မိနစ်၊ ဆယ့်ငါးမိနစ်လောက် သိပြီးပြီဆိုလို့ ရှိရင် နောက်ကျတော့ ခန္ဓာကိုယ်ထဲက ယားတာ၊ နာတာ၊ ကောင်းတာတွေ ပေါ်လာလိမ့်မယ် ပေါ်လာရင် ရှုတာ ရှိုက်တာ အကုန်ချုပ်လိမ့်မယ်။ ချုပ်ပြီး ဒီဟာကလေးကို ဪ ဒါကလေးတွေက ဖြစ်ပျက်ကလေးတွေပါကလား၊ ဖြစ်ပျက်ကလေးတွေပါကလား၊ ဖြစ်ပြီး ပျက်နေတာပါ ကလား၊ ဖြစ်ပြီးပျက်နေတာပါကလားလို့ သိလာလိမ့်မယ် (မှန်ပါ့ဘုရား) သဘောကျပလား (ကျပါပြီ)။

သမထလုပ်ငန်းကစ၍ မူတည်လိုက်တာပေါ့

ပထမရှူရှိုက်ဘဲ၊ မှန်မှန်ရှူ၊ မှန်မှန်ရှိုက်ပြီး ဆယ့်ငါးမိနစ်ရအောင် စိတ်-ဘယ်မှ မပြေးရအောင် နေလိုက်တာပေါ့။ သမထလုပ်ငန်းကစ၍ မူတည်လိုက်တာပေါ့ (မှန်ပါ့) သဘောပါပလား (ပါ-ပါပြီ)။

မူတည်ပြီး ဘာလုပ်ရမလဲ (ဝေဒနာပေါ်ရာလိုက်) သဘောပါကြပလား (ပါ-ပါပြီ) ဘာလိုက်ရမလဲ (ဝေဒနာပေါ် ရာလိုက်ရပါ့မယ်) ဝေဒနာပေါ်ရာ ဟောဒီမဂ်နဲ့ လိုက်ပါ။

ဝေဒနာက ဒါဖြင့် သုခဝေဒနာဆိုလည်း တစ်ကိုယ်လုံးမှာ သူပေါ်ချင်ပေါ်မယ် (မှန်ပါ့) ဒုက္ခဝေဒနာကော (တစ်ကိုယ်လုံးမှာ ပေါ်မယ်) သောမနဿဝေဒနာ ဝမ်းထဲပေါ်မယ် (ပေါ်ပါတယ်) ဒေါမနဿဝေဒနာကော (ဝမ်းထဲပေါ် မယ်) ဝမ်းထဲပေါ်မယ်။

နောက်ပြီး ဒီမျက်လုံးက ဘာဝေဒနာပေါ်မယ် (ဥပေက္ခာ ဝေဒနာပေါ်မယ်)။

နားက (ဥပေက္ခာ ဝေဒနာ)။

နှာခေါင်းက (ဥပေက္ခာဝေဒနာ)။

လျှာက (ဥပေက္ခာဝေဒနာ)။

အဲ ဝမ်းထဲကျတော့ (သောမနဿ) အဲ သောမနဿ ဒေါမနဿ ဥပေက္ခာ သူပေါ်ချင်ရာ ပေါ်လိမ့် မယ်။ အာရုံနဲ့ တိုက်ဆိုင်တာပေါ်မှာပဲ (မှန်ပါ့ဘုရား) သဘောကျပလား (မှန်ပါ့) အဲဒီပေါ်ရာကို ဘာနဲ့ လိုက်ရမလဲ (မဂ်နဲ့ လိုက်ရမယ်) မဂ်နဲ့လိုက်ရမယ်၊ ဝိပဿနာမဂ်ငါးလုံးနဲ့ လိုက်ရမယ်။ သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပ၊ သမ္မာဝါယာမ၊ သမ္မာ သတိ၊ သမ္မာသမာဓိ ဆိုတဲ့ ဝိပဿနာမဂ်ငါးလုံး၊ သူတို့က ခွဲမရဘူး ဦးခင်မောင်ရဲ့ (မှန်လှပါ)။

ရှုတော့ ဒီငါးလုံးနဲ့ ရှုတာချည်းပေါ့ (မှန်လှပါ) သဘောကျပလား (မှန်ပါ့) ဒါဖြင့် မဂ် ရ-ရပါလို၏လို့ ဆုတောင်း ရမှာလား လိုက်ပြီးရှုလို့ မဂ်ဖြစ်တာလား (လိုက်ရှုလို့ မဂ်ဖြစ်တာပါဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ)။

မဂ် ရ-ရပါလို၏လို့ ဆုတောင်းရမှာလား လိုက်ပြီး ရှုတာနဲ့ မဂ်ဖြစ်လာတာလား (လိုက်ရှုလို့ မဂ်ဖြစ်တာပါဘုရား) လိုက်ရှုလို့ မဂ်ဖြစ်တာဆိုသဖြင့် ခင်ဗျားတို့က မဂ်ကိုတစ်ခါတည်း တောင်းယူလို့ရတဲ့ပုံမျိုး မှတ်ပြီးသကာလ နေတာက အတော်အရုပ်ဆိုးနေတယ် (မှန်ပါ့ဘုရား) ရှင်းပလား (ရှင်းပါပြီ)။

တောင်းယူလို့ရတဲ့ ပစ္စည်းတစ်မျိုးတဲ့၊ နတ်ရွာသုဂတိမျိုးကျတော့ လှူလည်းလှူ တောင်းလည်းတောင်း ဆိုလို့ရှိ ရင် ဒကာသစ်ရပါတယ်နော် (မှန်လှပါ)။

မဂ်ကတော့ တောင်းယူလို့တော့ မရဘူး တကာသစ်ရေ့၊ ရှုမှဖြစ်မယ် (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ) မဂ်က ဘာတုံး (ရှုမှဖြစ်ပါတယ်) ရှုမှပဲ ဖြစ်မယ်ဆိုတာ တရားတစ်ပွဲလုံး သဘောကျရဲ့လား (ကျပါတယ်ဘုရား)။

မရှုဘဲနဲ့ နေလို့ရှိရင် ခင်ဗျားတို့ စဉ်းစားကြည့် – မရှုတော့ ဝေဒနာ တဏှာ ဥပါဒါန် ကံလာမယ်။ ဒါပဲသွားမယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ) ကဲ ခင်ဗျားတို့ သူများပြောလား၊ လက်တွေ့လား စဉ်းစားစမ်း (လက်တွေ့ပါ ဘုရား) မောင်ကို ဝေဒနာ (တဏှာဥပါဒါန်ကံ) ဒါမရှုဘဲနေရင် ဒီအတိုင်းသွားမှာပဲ (မှန်ပါ့) ဒီ့ပြင် ဘာပါသေးသလဲ (မပါပါဘူး) ကဲ-ရှုတယ်ဆိုတော့ ရှုလိုက်ပါပြီတဲ့ ဒကာ ဒကာမတို့၊ ရှုလိုက်တဲ့အခါ ဝေဒနာပေါ်တာတွေက သူများမမေး နဲ့ လိုက်၊ လိုက်သာလိုက် ဦးခင်မောင်ရ (မှန်ပါ့)။

ဝေဒနာနိရောဓာ (တဏှာနိရောဓော)။

ဒါရှုလို့ ဖြစ်တာ (မှန်ပါ့)။

မရှုရင် (မဖြစ်ပါဘူး)။

ဒါဖြင့် လိုက်-လိုက်တဲ့အခါကျတော့ တဏှာ ဥပါဒါန် ကံတွေ ဘယ့်နှယ်နေသတုံး (ချုပ်သွားပါတယ်)။

ဒါဖြင့် မဂ်ဆိုတာမျိုးဟာ ဒကာ ဒကာမတို့ ပွားယူရမည့် အဓိပ္ပာယ်ဆိုတာ ပေါ်ပလား (မှန်ပါ့ဘုရား) ရှုရမည့် အဓိပ္ပာယ်ဆိုတာကော (ပေါ်ပါပြီ)။

အဲဒါကြောင့် ဝိပဿနာမဂ်မှာ ပွားရမယ်၊ (မှန်ပါ့) လောကုတ္တရာမဂ်ကျတော့ မပွားပါနဲ့၊ တစ်ကြိမ်တည်းနဲ့ ပြီးလိမ့်မယ်၊ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ) ဝိပဿနာမဂ်မှာ (ပွားရပါမယ်) လောကုတ္တရာမဂ်ကျတော့ (ပွားဖို့မလိုပါဘူး) ပွားဖို့မလိုဘူး၊ မဂ္ဂါဘိညာ သကိံမတာဆိုတဲ့အတိုင်း တစ်ကြိမ်တည်းနဲ့ ပြီးတယ်၊ (မှန်ပါ့) ဝိပဿနာမဂ်မှာ (ပွားရမယ်) လောကုတ္တရာမဂ်မှာ (တစ်ကြိမ်တည်းနဲ့ ပြီးတယ်) တစ်ကြိမ်တည်းနဲ့ ပြီးမယ်၊ ပွားဖို့မလိုဘူး။

သို့သော် ဒကာ ဒကာမတို့ ဝိပဿနာ မဂ်တည်းဟူသော ရှေ့သွားရှိမှ တစ်ကြိမ်တည်းဆိုတဲ့ လောကုတ္တရာမဂ်က ပေါ်တာ (မှန်ပါ့) သူရှေ့သွားမရှိရင် (မပေါ်ပါဘူး) ဝိပဿနာမဂ် ရှေ့သွားမရှိရင် နောက်ကမဂ် တစ်ကြိမ်လာနိုင်ပါ့မလား (မလာနိုင်ပါဘူး) ပေါ်ကြပလား (ပေါ်ပါပြီ)။

ဒါဖြင့် မဂ်ကိုပွားရမယ်၊ ပွားရမယ်ဆိုတာ လောကီမဂ်ကို ဆိုတာလား၊ လောကုတ္တရာမဂ်ကို ဆိုတာလား (လောကီ မဂ်ကို ဆိုပါတယ်ဘုရား) ဒါဖြင့် ခင်ဗျားတို့ ပွားပါလို့ဆိုတာ ဆရာဘုန်းကြီးက တစ်ပွဲလုံး တိုက်တွန်းတယ်။ (မှန်ပါ့ဘုရား)

အင်မတန်ခင်မင်တဲ့ ဆွေမျိုး ဉာတကာတွေလို အင်မတန် ရင်းနှီးနေလို့ မတော်ဘူးသောသူ မည်သည်မရှိလို့ ဒီဥစ္စာ သာသနာတွင်းကြုံလို့ တိုက်တွန်းနိုင်တဲ့ ပါးစပ်ပါတာနော် (မှန်ပါ့ဘုရား) သာသနာတွင်း မကြုံလို့ရှိရင် ဒီအသံ ထွက်လို့ကို မရဘူး (မှန်ပါ့) ရနိုင်ပါ့မလား (မရနိုင်ပါဘူး) အဲဒါကြောင့် ဒီအရေးထက် ကြီးတဲ့အရေး ခင်ဗျားတို့မှာ ရှိ သေးရဲ့လား (မရှိပါဘူးဘုရား)။

အကုသိုလ်တွေက ကိုယ့်မှာ အများကြီး မဟုတ်လားဗျာ (မှန်ပါ့ဘုရား) အဲဒါတွေကို ဒီမဂ်နဲ့မှ မဖြတ်လို့ရှိရင် ဦးခင်မောင် ဘာနဲ့ဖြတ်မလဲ (ဘာနဲ့မှ ဖြတ်လို့မရပါဘူး) သဘောကျကြပလား (ကျပါပြီ)။

ကြည့်ပါတဲ့၊ တစ်သက်လုံး မုဆိုးလုပ်နေတာ မဂ်နဲ့ဖြတ်လိုက်တဲ့အခါကျတော့ မုဆိုးကြီး လင်မယားတို့ နိဗ္ဗာန် မသွားဘူးလား၊ သွားသလား (သွားပါတယ်) သဘောကျပလား (ကျပါပြီ) ကဲ-ဒါဖြင့် ဒကာ ဒကာမတို့ မဂ်နဲ့ ဖြတ်လိုက် တော့လည်းတဲ့ အကုသိုလ်တွေဟာ မသေဘူးလား (သေပါတယ်)။

ပဉ္စာနန္တရိယကံ နိယတမိစ္ဆာဒိဋ္ဌိကံ မှတစ်ပါး ကျန်တဲ့ဥစ္စာတွေ အကုန်မဂ်နဲ့ ဖြတ်နိုင်တယ်၊ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ) အဲဒါ ဒီတရားတစ်ပွဲလုံးမှာ မိဘသတ်တဲ့ကံပါတဲ့လူ တစ်ယောက်မှမရှိဘူး၊ (မရှိပါဘူး) နိယတမိစ္ဆာဒိဋ္ဌိလည်း မရှိပါဘူး၊ (မရှိပါဘူး) ကံ-ကံ၏အကျိုးကို ယုံတဲ့ပုဂ္ဂိုလ်ချည်းပဲဆိုတာ သဘောကျပလား (ကျပါတယ်)။

အဲဒါကြောင့် ခင်ဗျားတို့ အဲဒီကမ္မဿကတဉာဏ်နဲ့ မနေဘဲနဲ့ ဟောဒီမဂ်ဉာဏ်ကလေး ပွားပေးပါဆိုတာ ယနေ့ လေးလေးနက်နက် တိုက်တွန်းတယ် (မှန်လှပါဘုရား) မတိုက်တွန်းသင့်ဘူးလား (တိုက်တွန်းသင့်ပါတယ်ဘုရား)။

ခင်ဗျားတို့ကြွေး ခင်ဗျားတို့ဆပ်ပါ

ဒကာ ဒကာမတို့ ဘုန်းကြီးက ကြွေးတင်နေလို့လား ခင်ဗျားတို့ ကြွေးတင်နေလို့ ခင်ဗျားတို့ကြွေး ခင်ဗျားတို့ဆပ်ပါ လို့ ခိုင်းတာလား (တပည့်တော်တို့ ကြွေးတင်နေလို့ ဆပ်ခိုင်းတာပါဘုရား) အဲ ခင်ဗျားတို့တင်နေတဲ့ကြွေး ခင်ဗျား တို့ ဆပ်မှရမယ်၊ ဘုန်းကြီးတင်နေတဲ့ကြွေးကို (ဘုန်းကြီးဆပ်မှရမယ်) ဘုန်းကြီးဆပ်မှရမယ်ဆိုတော့ မောင်ကိုရေ ရှင်းပ လား (ရှင်းပါပြီ)။

သားမယားက လိုက်ဆပ်လို့ကော (မရပါဘုရား) မရဘူး၊ ဆွေမျိုးဉာတိက လိုက်ဆပ်လို့ကော (မရပါဘူး) မရဘူး တဲ့ ကိုယ့်လောဘက ကိုယ့်ကံစုတာ၊ သူတို့လောဘကလည်း သူတို့ကံစုတာ (မှန်ပါ့) ကျုပ်တို့လောဘကလည်း (ကိုယ့်ကံ စုတာ) ကျုပ်တို့ ကံကိုစုထားတယ်ဆိုတာ သေချာပလား (သေချာပါပြီ)။

ဒါဖြင့် ဒကာ ဒကာမတို့ ဒီအတိုင်းပဲ မဂ်နဲ့ မဖြတ်သ၍ ကာလပတ်လုံး ဘယ်တော့ကျေတယ်လို့ ထုံးစရှိပါသလား (မရှိပါဘူး) ရှင်းပြီနော် (ရှင်းပါပြီ)။

ကောင်းပြီ ဒါဖြင့် မဂ်နဲ့ ဖြတ်နည်းကလေး ပြောကြပါစို့ဆိုတော့ သိကြားဖြတ်ပုံက ဒကာ ဒကာမတို့ သုခဝေဒနာ ပေါ်လည်း သူဖြစ်ပျက်ရှုတာပဲ (မှန်ပါ့) ဒုက္ခဝေဒနာ ပေါ်ကော (ဖြစ်ပျက်ရှုတာပဲ) ဥပေက္ခာဝေဒနာ ပေါ်ကော (ဖြစ်ပျက် ရှုတာပဲ)။

ကိုင်း ဒီနေ့ ဒီတွင် တော်ကြစို့။

သာဓု သာဓု သာဓု။