မရဏရေဘေး ကာကွယ်ရေး တရားတော်
အသံဖိုင်ခေါင်းစဉ်=မဂ္ဂင်ဖောင်ပြင်ရန်နှင့် မရဏရေဘေးကာကွယ်ရေး
စာအုပ်ထဲမှခေါင်းစဉ်=မရဏရေဘေး ကာကွယ်ရေး မဂ္ဂင်ဖောင်ပြင်တရားတော်
ကျေးဇူးတော်ရှင် အမရပူရမြို့မင်္ဂလာတိုက်ဟောင်း
မိုးကုတ်ဆရာတော်ဘုရား မန္တလေးမြို့-ဦးချစ်ဆွေဓမ္မာရုံ၌
ဟောကြားတော်မူသော
မရဏရေဘေး ကာကွယ်ရေး
မဂ္ဂင်ဖောင်ပြင်တရားတော်
(၂-၂-၆၁)
ဒကာ ဒကာမတို့ သတိပေးစရာကလေး ရှိပါတယ် တဲ့၊ သတိပေးစရာကလေးကို နားထောင်ကြပါနော်၊ ကိုယ့်ကိုယ်ကိုယ် သတိပေးရတယ်၊ သူများ သတိပေးတာထက် ကိုယ့်ကိုယ်ကိုယ် သတိပေးဖို့က ပိုမိုပြီးသကာလ အရေး ကြီးတယ်ဆိုတာ အောက်မေ့ရမယ် နော် (မှန်ပါ့)။
ယခု မန္တလေးမြို့ထဲမှာ နေကြထိုင်ကြတဲ့ ဒကာ ဒကာမတွေရော ဘုန်းကြီးတွေရော အားလုံးပေါ့လေ အိပ်ပျော် နေတုန်းကို ရေတွေလာမယ်ဆိုလို့ရှိရင်ပေါ့၊ ဒကာ ဒကာမတို့ အိပ်ပျော်နေတုန်း အရှေ့တောင်ကြီးက တောင်ကြီးပျော်ပြီး သကာလ ရေတွေလာပြီး သကာလ ဘုန်းကြီးတို့နှင့်တကွ ဒကာ ဒကာမတွေကို မျှောချသွားမယ်ဆိုရင် ဧရာဝတီမြစ်ထဲ မရောက်ကြပေဘူးလား (ရောက်ပါတယ် ဘုရား)၊ တောင်ပေါ်က မျောလာတဲ့ရေဆိုတော့ ဒီ မြို့လောက်တော့ လွှမ်းမိုး သွားမှာပေါ့ (မှန်ပါ့)။
မရဏဆိုတဲ့ရေဘေး
အဲဒီကဲ့သို့ လွှမ်းမိုးသွားတဲ့အခါကျတော့ ကိုယ့်မှာ ဖောင်တွေ လှေတွေ ရွက်တွေက မရှိတဲ့အခါကျတော့ ဘရမ်းဘတာ မမျောဘူးလား (မျောမှာပါ ဘုရား)၊ ဗရမ်းဗတာ မျောရလိမ့်မယ်ဆိုတာ သဘောကျကြပလား (ကျပါ တယ် ဘုရား) အဲဒီအတိုင်းပဲတဲ့ ဒကာ ဒကာမတို့ သေရမယ့် မရဏဆိုတဲ့ရေကြီးက လာနေပြီလို့ အောက်မေ့ကြပါနော် (မှန်ပါ့)၊ သေမည့် ရေကြီးက ဘာတုံး (လာနေပါပြီ)၊ လာနေကြပြီ ဒကာ ဒကာမတို့ ဘယ်သူမှမလွတ်ဘူးဆိုတာကော သဘောကျပလား (ကျပါပြီ)။
အေး အားလုံး တိုက်ချမည့်ရေကြီးက မလာသေးဘူးလား (လာနေပါပြီ ဘုရား) လာနေပြီဆိုတာကို ဦးခင်မောင်တို့ သဘောကျပလား (ကျပါပြီ ဘုရား) ကောင်းပြီ ဒီကဲ့သို့ သဘောကျတဲ့အခါ ရေလာတာသည်ကားလို့ ဆိုရင် ရေကတော့ လာမြဲတိုင်းလာမှာပဲ၊ ကိုယ်က အိပ်ပျော်မနေလို့ ဖောင်တွေ လှေတွေ သင်္ဘောတွေ လုပ်ကိုင်ထား ကြမယ်၊ အိပ်ရာမှလဲ နိုးနေကြမယ်ဆိုရင် ဒီရေဟာ ဘာအရေးစိုက်စရာရှိသလဲလို့ မဆိုထိုက်ဘူးလား (ဆိုထိုက်ပါ တယ် ဘုရား)။
ဟာ ကိုယ်ကလဲအိပ်ပျော်နေမယ်၊ ရေကလာလဲမယ်၊ ဖောင်တွေ လှေတွေ သင်္ဘောတွေကလဲ မတည်မိဘူး ဆိုလို့ရှိရင် ဘရမ်းဘတာ မျောရလိမ့်မယ်ဆိုတဲ့ ဥစ္စာ မသေချာဘူးလား (သေချာပါတယ် ဘုရား)၊ အဲဒါ စဉ်းစားပြီး သကာလ ငါတို့ ဘာဖြစ်နေသတုံး မေးတော့ မရဏဆိုတာကြီးက ဒကာ ဒကာမတို့ အသီးအသီး လာနေပြီလို့မှတ်ပါ (မှန်ပါ့ ဘုရား) သေရမည့်ကိစ္စကြီးက (လာနေပါပြီ ဘုရား) အသီးသီးလာနေပြီဆိုတာ သဘောကျပလား (ကျပါပြီ)။
အသက် ၅၀-ရှိတဲ့ ပုဂ္ဂိုလ်ကလဲ ၇၅ နှစ်တမ်းထားပါတော့ ရေတော်တော် နစ်နေပြီ ဆိုရင်လဲ လွဲပါ့မလား (မလွဲပါဘူး ဘုရား) အသက် ၃၀-ရှိတဲ့ပုဂ္ဂိုလ်လဲ ၃၀ လောက် နစ်နေပေါ့၊ ရင်လယ်လောက် ပေါင်လယ်လောက် ခါးလောက် ရောက်နေပဟလို့ ဆိုလို့ရှိရင်ကော လွဲပါ့မလား (မလွဲပါဘူး ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတွေ ဒီအထဲမှာ မရဏ-ရေလွတ်တဲ့ပုဂ္ဂိုလ် ပါပါရဲ့လားလို့မေးရင် ဘယ့်နှယ်ပြောကြမယ် (မပါပါဘူး ဘုရား)။
အိပ်ပျော်မနေကြပါနဲ့
အကုန် ဒီရေထဲမှာပဲ ဒကာ ဒကာမတို့ ရှေးက ဒကာ ဒကာမတို့ ဘိုးဘွားတို့မှာလဲ မရဏရေဘေးထဲမှာ မျောပြီးသကာလ သွားကုန်ကြပြီဆိုတာ ငြင်းဖို့လိုသေးသလား (မလိုပါဘူး ဘုရား) အခု ဒကာ ဒကာမတွေလဲ ဘာများ လုပ်နေကြသတုံးလို့ မေးလို့ရှိရင်ဖြင့် ရေတော့လာနေပြီဘုရား တပည့်တော်တို့မှာ ဖောင်တွေ တက်တွေ လှေတွေ မရှိသေးဘူး ဆိုလို့ရှိရင် ဆရာဘုန်းကြီးက တိုက်တွန်းလိုက်မယ်၊ ဒကာ ဒကာမတို့ လောဘ ဒေါသ မောဟတည်းဟူသော အိပ်ပျော်ခြင်းနဲ့ အိပ်ပျော်မနေကြပါနဲ့၊ မဂ္ဂင်ဖောင်တို့ ဝိပဿနာဖောင်တို့ လုပ်နှင့်ပါ၊ ငါးလုံးတွဲဖောင်တို့ ရှစ်လုံးတွဲ ဖောင်တို့ လုပ်နှင့်ပါ။
ငါးလုံးတွဲဖောင်လဲ ဒကာ ဒကာမတို့ ဆန်တဲ့ဖောင်ပဲလို့ မှတ်ရမယ်နော်၊ ရှစ်လုံးဆိုတဲ့ မဂ္ဂင်ရှစ်ပါးပြည့်တဲ့ မဂ္ဂင်ရှစ်ပါးဖောင်ကြီးဟာလဲ ထို့အတူပဲ ဒကာ ဒကာမတို့ ဆန်တဲ့ဖောင်ကြီးပဲ၊ နိဗ္ဗာန်ဘက်သွားတဲ့ ဖောင်ကြီးပဲဆိုရင် လွဲပါ့မလား (မလွဲပါဘူး) အဲဒါတွေ သိထားတော့မှ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက ဪ ငါးလုံးတွဲဖောင်ရှိရင်လဲ တော်သေးရဲ့ဟ၊ ရှစ်လုံးတွဲဖောင်ရှိလို့ရှိရင်လဲ ပိုကောင်းသဟဆိုပြီး သကာလ ယခုအချိန်မှာ ဖောင်တွဲဖို့ ဖောင်ဆင်ဖို့ အချိန်မရောက်ကြသေးဘူးလား (ရောက်ပါပြီ ဘုရား)။
ဘယ့်နှယ်ကြောင့် ရောက်ပါလိမ့်မတုံးဆိုတော့ ရေလာတာ သေချာနေလို့-လို့ ဆုံးဖြတ်ချက်ချစမ်းပါ (မှန်လှ ပါ ဘုရား)၊ ဘာသေချာနေပါလိမ့် (ရေလာတာ သေချာနေလို့ပါ ဘုရား)၊ ပဋိသန္ဓေနေတဲ့နေ့ကစပြီး တစ်နေ့တခြား မရဏရေထဲမှာ နစ်နစ် နစ်နစ်လာတာ အသက်အတိုင်း နစ်နေတယ်လို့ ဆုံးဖြတ်ချက် ချစမ်းပါ၊ သဘောပါလား (ပါပါတယ် ဘုရား)။
အဲဒီတော့ ဒီဥစ္စာ ဒကာ ဒကာမတွေက ဟာ ရေတော့လာနေပြီ၊ သေမှာတော့သိတယ်၊ အိပ်ပျော်နေတယ် ဆိုတော့ လောဘအလုပ်တွေ လုပ်နေတာ အိပ်ပျော်တာလို့ မှတ်လိုက်စမ်းပါ၊ ဒေါသအလုပ်တွေ လုပ်နေတာကော (အိပ်ပျော်နေတာပါ ဘုရား) မောဟအလုပ်တွေ လုပ်နေတာကော (အိပ်ပျော်နေတာပါ ဘုရား) အဲဒီအိပ်ပျော်ခြင်းတွေနဲ့ အိပ်ပျော်လို့ရှိရင် မဂ္ဂင်ဖောင် ကိုယ်ပိုင်ရှိရဲ့လား (မရှိပါဘူး ဘုရား) ငါးလုံးဖောင်ကော ကိုယ်ပိုင်ရှိရဲ့လား (မရှိပါဘူး ဘုရား)၊ ကိုယ်ပိုင်မရှိလို့ရှိရင် ရေကလဲလာ မီးကလဲလောင်ဆိုတော့ ဦးခင်မောင်တို့ မောင်ကိုတို့ ဘရမ်းဘတာမျောကြရ လိမ့်မယ်ဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား)။
မဂ္ဂင်ဖောင်ကြီး မရရအောင် လုပ်မယ်
ဘရမ်းဘတာ မျောလို့ရှိရင် ငါးလိပ်မကာရ်းတို့၏ အစာဖြစ်သလို အပါယ်လေးပါးတို့၏ အစာဖြစ်ရတော့မယ် ဆိုတာကော ကျုပ်တို့အတွက် မသေချာလား (သေချာပါတယ် ဘုရား) အဲဒါတွေ ကိုယ်ပိုင်ဉာဏ်နဲ့ ကိုယ်တိုင်စဉ်းစားပြီး သကာလ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက ဟာ ငါးလုံးဖောင်တော့ဖြင့် ဝိပဿနာမဂ်တည်းဟူသော ငါးလုံးဖောင် ကိုဖြင့် ဆင်မဟ ဟာ ဒီ့ ထက်အထက် တက်ပြီးသကာလ တစ်ခါတည်း မဂ်ဉာဏ်ဆိုက်အောင်ဆိုတော့ မဂ္ဂင်ရှစ်ပါးဆိုတဲ့ မဂ္ဂင်ဖောင်ကြီးကိုလဲ မရရအောင် လုပ်မယ်ဟ ဆိုလို့ရှိရင်ဖြင့် ဒီဖောင် ၂-ခုက မြုတ်တဲ့ဖောင် မျောတဲ့ဖောင်မဟုတ် ဘူး၊ ဆန်တဲ့ဖောင်လို့ သေသေချာချာ မှတ်ကြပါ (မှန်ပါ့)။
ဖောင်နှစ်မျိုး
ဒါဖြင့် ဒကာ ဒကာမတို့ အားကိုးရာအဖြစ် ဖောင်ဘယ်နှစ်ခုပြပါလိမ့် (နှစ်ခုပြပါတယ် ဘုရား) ဝိပဿနာမဂ် ဖေါင် တစ်မျိုး လောကုတ္တရာမဂ်ဖောင်တစ်မျိုးလို့ ဘယ်နှစ်မျိုးများ ပြသလဲ (နှစ်မျိုးပြပါတယ် ဘုရား)
မှတ်ချက်။ ငါးလုံးတွဲဖောင်= (၁) သမ္မာဒိဋ္ဌိ၊ (၂) သမ္မာသင်္ကပ္ပ၊ (၃) သမ္မာဝါယာမ၊ (၄) သမ္မာသတိ၊ (၅) သမ္မာသမာဓိ။
ရှစ်လုံးတွဲဖောင်= (၁) သမ္မာဒိဋ္ဌိ၊ (၂) သမ္မာသင်္ကပ္ပ၊ (၃) သမ္မာ ဝါစာ၊ (၄) သမ္မာကမ္မန္တ၊ (၅) သမ္မာအာဇီဝ၊ (၆) သမ္မာဝါယာမ၊ (၇) သမ္မာသတိ၊ (၈) သမ္မာသမာဓိ။
ကိုင်း ဒကာ ဒကာမတွေ ဒီဖောင်မရှိလို့ရှိရင်ဖြင့် ခင်ဗျားတို့ အင်မတန် ကိုယ်ကျိုးနည်းပြီး ဘရမ်းဘတာ မျောပြီး ငါးလိပ်မကားရ် တို့၏ အစာဖြစ်ရသလို အပါယ်လေးပါး၏အစာ ဖြစ်ရမယ်ဆိုတဲ့ဥစ္စာ ငြင်းဆန်နေဖို့ လိုကြသေးသလား (မလိုပါဘူး ဘုရား)။
အဲဒါကြောင့် ဆရာဘုန်းကြီးက အားလုံး ဒကာ ဒကာမတွေကို သနားသဖြင့် ကိုယ့်ဖောင်ကလေးနဲ့ ကိုယ်ပိုင် ရှိကြပြီလား လို့ မေးရတယ် (မှန်ပါ့) ကိုယ့်ဖောင်ကလေး ကိုယ်ပိုင်ရှိကြပြီလား လို့ မေးတယ်၊ ရေလာတာ ကတော့ သေချာနေပြီ (သေချာပါတယ် ဘုရား) မရဏရေတွေက ဘယ်သူ့ကို လွှတ်မယ်ထင်ကြသလဲ (ဘယ်သူ့မှ မလွှတ်ပါဘူး ဘုရား)။
အခုတရားတစ်ပွဲလုံး အကုန်တိုက်ချပြီး သေမည့်ပုဂ္ဂိုလ်တွေချည်းပဲဆိုရင်ကော လွဲပါ့မလား (မလွဲပါဘူး) ကောင်းပြီ ဒီဥစ္စာ ဖောင်မရှိတဲ့ပုဂ္ဂိုလ်အဖြစ်နဲ့ ဒကာ ဒကာမတို့ ကိုယ်ကျိုးနည်းရတော့မယ်၊ မနည်းရပေဘူးလား (နည်းပါတယ် ဘုရား) အဲဒါတွေ စိုးရိမ်တဲ့အတွက် ဒကာ ဒကာမတွေက အိပ်ပြီးသကာလနေငြားသော်လဲ ဦးခင်မောင်တို့ မောင်ကိုတို့ ဘုန်းကြီး မနှိုးထိုက်ဘူးလား (နှိုးထိုက်ပါတယ် ဘုရား)။
မနှိုးဘဲထားလို့ရှိရင်
နှိုးထိုက်တယ် ဆိုတဲ့ဥစ္စာ ဒကာ ဒကာမတွေ သေသေချာချာ မှတ်ကြပါ၊ မနှိုးဘဲထားလို့ရှိရင် ခင်ဗျားတို့ သားနဲ့ပျော်တာလဲ အိပ်ပျော်ခြင်း၊ သမီးနဲ့ပျော်တာလဲ အိပ်ပျော်ခြင်း၊ ပစ္စည်းအရောင်းအဝယ်နဲ့ ပျော်တာကော (အိပ် ပျော်ခြင်းပါ ဘုရား) ဒီအိပ်ပျော်ခြင်းတွေနဲ့ပဲ ဒကာ ဒကာမတွေ အချိန်ကုန်ပြီးသကာလ နေကြမယ်ဆိုလို့ရှိရင်ဖြင့် ခိုကိုးရာမဲ့ ဆွဲရာကိုင်ရာမဲ့အဖြစ်နဲ့ ဘရမ်းဘတာ မမျောကြပေဘူးလား (မျောပါတယ် ဘုရား)။
ဘယ့်နှယ်ကြောင့် မျောရပါလိမ့်မလဲလို့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေကို ဘုန်းကြီးများက မေးလိုက်တဲ့အခါ ကိုယ်တိုင်ဖောင်မရှိလို့၊ ရှင်းကြပလား (မှန်ပါ့ ဘုရား) ဘာမရှိလို့ပါလိမ့် (ကိုယ်ပိုင်ဖောင်မရှိလို့ပါ ဘုရား) ဒါဖြင့် ဒကာ ဒကာမတို့ ရေမလာလို့ရှိရင်လဲ ဘုန်းကြီးက၊ ဟ ငါးလုံးဖောင် တွဲကြပါဟ၊ ရှစ်ပါးပြည့်တဲ့ဖေါင် တွဲကြပါဟလို့ တိုက်တွန်းစရာ လိုသေးသလား (မလိုပါဘူး ဘုရား)။
အခုတော့ သေသေချာချာ ရေလာမှာလဲ ဧကန်သိ တကယ်သိ၊ ဒကာ ဒကာမတွေလဲ အခုပြောလိုက်တော့သိ၊ ဘုန်းကြီးများကလဲသိတော့ ဒကာ ဒကာမတို့ ကိုယ်ပိုင်ဖောင်လုပ်ကြစမ်းပါ (မှန်ပါ့) သဘောကျပလား (ကျပါပြီ) ဘာလုပ်ကြရမယ် (ကိုယ်ပိုင်ဖောင်လုပ်ကြရပါမယ်) ရောင်းဝယ်ခြင်းသည် ဘာနဲ့တူသတုံး အိပ်ပျော်ခြင်းနှင့်တူတယ်၊ သားရေး သမီးရေး လိုက်စားခြင်းသည် (အိပ်ပျော်ခြင်းနဲ့ တူပါတယ် ဘုရား)၊ အိပ်ပျော်ခြင်းနဲ့ တူတယ်လို့ဆိုလို့ရှိရင်ဖြင့် ဒါ-ဖောင်အလုပ်ကို လုပ်ဖြစ်သေးရဲ့လား (မလုပ်ဖြစ်ပါဘူး)။
ဖောင်အလုပ်-မလုပ်ဖြစ်တော့ဘူး ဆိုရင်
ဖောင်အလုပ်-မလုပ်ဖြစ်တော့ဘူးလို့ ဆိုလို့ရှိရင်ဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ ကိုယ်ကျိုးနည်းရ လိမ့်မယ် (မှန်ပါ့)။ လူ့ပြည်လာပြီးသကာလ အပါယ်လေးပါးက တက်လာတဲ့ ပုဂ္ဂိုလ်တွေ များပါတယ်။ ဒီကနေပြီး မပါယ်လေးပါးပဲ မရဏရေ မျှောလိုက်တာနဲ့ ပြန်ရောက်ရမယ်ဆိုတော့ ဒကာ ဒကာမတို့ အမြတ်များထွက်သေး သလားလို့ မေးလိုက်ပါတယ် (မထွက်ပါဘူး ဘုရား) အင်မတန် ကြောက်စရာ မကောင်းဘူးလား (ကောင်းပါတယ်)။
အဲဒါကြောင့် ယခုအချိန်ကလေးမှာ ဆရာဘုန်းကြီးက တိုက်တွန်းတယ်၊ သားရေး သမီးရေး စီးပွားရေးနဲ့ချည်း ပျော်မွေ့ပြီးသကာလ မနေလိုက်ပါနဲ့ ကိုယ်သေရမည့်ရေက ရင်ခေါင်းလောက် ရောက်နေတဲ့ပုဂ္ဂိုလ်လဲ မနည်းလှပါဘူး၊ မေးစေ့လောက်ရောက်နေတဲ့ ပုဂ္ဂိုလ်ကော ဒီထဲမှာ မပါနိုင်ဘူးလို့ ဆိုနိုင်ကြပါ့မလား (မဆိုနိုင်ပါဘူး ဘုရား)၊ အဲဒီရေ ဝင်လို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ သေပွဲဝင်ရမည်ဆိုတာကော ငြင်းဆန်နေဖို့ လိုသေးသလား (မလိုပါဘူး ဘုရား)။
အဲဒါတွေ ဧကန်သိ တကယ်သိဖြစ်ပြီး သကာလ နေသောကြောင့် ဘုရားက-
တံ ပုတ္တ ပသုသမ္မတ္တံ။
ဗျာသတ္တ မနသံ နရံ။
သုတ္တံ ဂါမံ မဟောဃောဝ။
မစ္စု အာဒါယ ဂစ္ဆတိ။ (ဓမ္မပဒပါဠိ။၅၄)
လို့ ဓမ္မပဒပါဠိတော်ကြီးများမှာ သေသေချာချာ ပြောဟောထားတယ် နော် (မှန်ပါ့) အဓိပ္ပာယ်ကတော့ အခု ဘုန်းကြီးရှင်းပြီးသားပါပဲ၊ ဒကာ ဒကာမတွေ သားရေး သမီးရေး၊ စီးပွားရေးနဲ့ အိပ်ပြီး မနေပါနဲ့၊ ငါးလုံးဖောင်ဖြစ်ဖြစ် အရတွဲပါ၊ ကိုယ်စီးဖို့ ကိုယ်ခိုဖို့ ကိုယ်သက်သာဖို့ ဆိုလို့ရှိရင် မလုပ်ထိုက်ကြဘူးလား (လုပ်ထိုက်ပါတယ် ဘုရား)။
မေ့လွန်းလှတယ် အိပ်လွန်းလှတယ်
ရှစ်လုံးဖောင် ပြည့်အောင်လုပ်မယ်ဆိုရင်လဲ ပိုမိုမကောင်းကြဘူးလား (ကောင်းပါတယ် ဘုရား) အဲဒါကြောင့် ဒကာ ဒကာမတို့ ရေမလာရင် ဘုန်းကြီးပြောဖို့လိုသေးသလား (မလိုပါဘူး ဘုရား) ရေတွေမလာဘူးလား၊ လာသလား (လာပါတယ် ဘုရား) အသီးသီးပဲ ဆိုင်ရာဆိုင်ရာ နှစ်တန်သလောက် နှစ်ကုန်ပြီဆိုရင်ကော လွဲပါ့မလား (မလွဲပါဘူး ဘုရား) ဒါတောင်မှ ဒကာ ဒကာမတို့ ခိုကိုးရာဖြစ်တဲ့ ငါးလုံးဖောင် ရှစ်လုံးဖောင်ကို မလုပ်ကြသေးဘူးဆိုလို့ရှိရင်ဖြင့် မေ့လွန်းလှတယ် အိပ်လွန်းလှတယ်လို့ ဆိုထိုက်-မဆိုထိုက် (ဆိုထိုက်ပါတယ် ဘုရား)။
အဲဒါကြောင့် မေ့လဲ မမေ့ကြပါနဲ့၊ အိပ်လဲမနေကြပါနဲ့၊ လောဘ ဒေါသ မောဟတည်းဟူသော အပ်ပျော်ခြင်းနဲ့လဲ အပ်ပျော်မနေကြပါနဲ့ ဒကာ ဒကာမတို့၊ အပါယ်လေးပါးတည်းဟူသော ငါး လိပ် မကားရ်းတို့၏ အစာတွေ ဧကန်တကယ် ဖြစ်ရမှာ ဖြစ်လေသောကြောင့် ဒီဖောင်နှစ်ခုကိုဖြင့် ဆင်မိအောင် ဆင်ပါဆိုတာ ရှေ့ပိုင်းက တိုက်တွန်းပါတယ် (မှန်လှပါ ဘုရား) ဒါဖြင့် ဒီနေ့ ဘာတရားဟောမယ်ဆိုတာကော ရိပ်မိကြပါပလား (ရိပ်မိပါပြီ ဘုရား)။
ငါးလုံးဖောင်ရအောင် ဆင်နိုင်တဲ့ပုဂ္ဂိုလ်လဲ ဆင်ကြနော် (မှန်ပါ့)၊ ရှစ်လုံးဖောင် ဆင်နိုင်တဲ့ပုဂ္ဂိုလ်လဲ ပိုမိုကောင်း တယ်လို့ ဆရာဘုန်းကြီးက မဟောဘူးလား (ဟောပါတယ် ဘုရား) အဲဒါကြောင့် ဒကာ ဒကာမတို့ ခင်ဗျားတို့၏ သားကလေးတွေကတော့ဖြင့် စီးလို့ မရတဲ့ပြင် သူတို့ကြောင့်ပဲ မြုပ်တဲ့အထဲ မသွားရသေးဘူးလား (သွားရပါတယ် ဘုရား) စိန်ကလေးတွေ၊ ရွှေကလေးတွေ၊ မြကလေးတွေ၊ ရှိတာကလဲ သူတို့ကြောင့်ပဲ မြုပ်ရဦးမယ်ဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား)။
တိုက်တွေ၊ တာတွေ၊ ကားတွေ စွဲလမ်း သေသွားမယ်ဆိုလို့ရှိရင်လဲ မရဏရေကလဲမျော သူတို့ကြောင့် သူတို့ အထုပ်လေးတာနဲ့ မြုပ်ရလိမ့်ဦးမယ်ဆိုတာကလဲ မသေချာလား (သေချာပါတယ် ဘုရား)၊ အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာတဲ့ သားရေး၊ သမီးရေး၊ စီးပွားရေး တည်းဟူသော အိပ်ပျော်ခြင်းနဲ့ မနေကြဘဲနဲ့ ဖောင်ဆင်တဲ့ အလုပ်ကို ငါးလုံးဖောင် လုပ်နိုင်လုပ်ကြပါ၊ ရှစ်လုံးဖောင် လုပ်နိုင်လုပ်ကြပါဆိုတဲ့ ဥစ္စာကို ကိုယ့်အသေဆိုးကို ကြောက် လို့ရှိရင်ဖြင့် အဆန်ဖောင်နှစ်မျိုးကိုဖြင့် ဦးခင်မောင်တို့ လုပ်ဖြစ်အောင်လုပ်ပါလို့ သတိပေးပါတယ် (မှန်လှပါ ဘုရား) သဘောပါကြလား (ပါ-ပါတယ် ဘုရား)။
ဝိပဿနာမဂ်က ငါလုံးဖောင်
ဝိပဿနာမဂ်က ဘာတဲ့ ၊ ငါလုံးဖောင် (မှန်ပါ့)၊ လောကုတ္တရာမဂ်က (ရှစ်လုံးဖောင်ပါ ဘုရား) ဝိပဿနာ မဂ်က (ငါးလုံးဖောင်ပါ ဘုရား) အေး လောကုတ
ရာမဂ်က (ရှစ်လုံးဖောင်ပါ ဘုရား) အဲဒါကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဟောတော်မူတယ်၊ ကွာ တဲ့ နိဗ္ဗာန်ဆိုတဲ့ဥစ္စာသည် ကားလို့ဆိုရင်ဖြင့် ပကတိသောလှေတွေ ယာဉ်တွေနဲ့ သွားလို့မရဘူး၊ မော်တော်ယာဉ်တွေနဲ့ သွားလို့မရဘူးကွ၊ လေယာဉ်တွေနဲ့ သွားလို့မရဘူးကွ။
မဂ္ဂင်ရှစ်ပါးတည်းဟူသော ဖောင်၊ မဂ္ဂင်ငါးပါးတည်းဟူသော ဖောင်နှစ်ခုတွင် မဂ္ဂင်ငါးပါးတည်းဟူသော ဖောင်နဲ့ ရှေးဦးစွာတင်ပြီး သကာလ မဂ္ဂင်ရှစ်ပါးပြည့်အောင် ဖောင်ကို ကြိုးစားလုပ်လိုက်ရလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ ကိုယ့်ဖောင်နဲ့ကိုယ် သွားရမယ် (မှန်လှပါ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)၊ သူများဖောင် ကိုယ်စီးလို့ရပါ့မလား (မရပါဘူး ဘုရား) ဒါဖြင့် ဘယ်လိုလုပ်ကြရမယ် (ကိုယ့်ဖောင်ကို ကိုယ်ဆင်ရမှာပါ ဘုရား)။
ကိုယ့်ဖောင်ကိုယ်ဆင်ရမယ် တွဲရမယ်ဆိုတာ ဒကာ ဒကာမတို့ ရှေ့ပိုင်းက သေသေချာချာ သတိပေးနေတယ်။ (မှန်ပါ)၊ သဘောပါကြလား (ပါ-ပါပြီ ဘုရား) အဲဒါ ဒီထဲမှာ အခုမှ တရားနာတဲ့ ပုဂ္ဂိုလ်တွေလဲ ရှိလိမ့်မယ်၊ နာပြီးသား ပုဂ္ဂိုလ်တွေလဲ ရှိလိမ့်မယ်၊ နာပြီးသား ပုဂ္ဂိုလ်တွေကတော့ များတယ်၊ ကိုယ်ပိုင်ဖောင် မရှိ-ရှိအောင် လုပ်ပါဆိုတာကိုဖြင့် လေးနက်စွာပဲ ဆရာဘုန်းကြီးက တိုက်တွန်းပါတယ်ဆိုတာ သဘောကျကြပလား (ကျပါတယ် ဘုရား)၊ ဒါဖြင့် ဒကာ ဒကာမတို့ ဆင်ပါ-ပြင်ပါဆိုပေမဲ့လဲ ကိုယ်ပိုင်ဉာဏ်နဲ့လဲ ဖောင်ကိုဆင်လို့မဖြစ်ဘူး (မှန်ပါ့) ဆရာဘုန်းကြီးက ဆင်နည်း ပြင်နည်းကို ပြောဦးမှသာလျှင်လဲ ဒကာသစ်တို့ ဦးခင်မောင်တို့ နားလည်မှာ (မှန်ပါ့ ဘုရား)။
ပပဉ္စတရား ချုပ်ရာချုပ်ကြောင်း အကျင့်
နို့မို့ရင် နားလည်ပါ့မလား (မလည်ပါဘူး ဘုရား) ကိုင်း ဒါဖြင့် မနေ့က သိကြားမင်းကြီးက မေးတော့ကို တဏှာ မာန ဒိဋ္ဌိဆိုတဲ့ ပပဉ္စတရား ချုပ်ရာချုပ်ကြောင်း အကျင့်ကောင်း မရှိဘူးလားဘုရားလို့ မမေးလား (မေးပါတယ် ဘုရား)၊ ရှိတယ်ကွ သိကြားရ-ဆိုပြီး ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ဝေဒနာနုပဿနာရှုလို့ မဟောဘူးလား (ဟောပါတယ် ဘုရား)။
ဘာရှုမရလဲ (ဝေဒနာနုပဿနာ ရှုရပါမယ်)၊ ဝေဒနာနုပဿနာ ရှုရမယ်ဆိုတာ ဒကာ ဒကာမတွေ သေသေ ချာချာမှတ်ပါနော် (မှန်ပါံ)၊ ဒါက သိကြားနဲ့ပတ်သက်လို့ ဟောတာ သိကြားနဲ့ပတ်သက်လို့ စိတ္တာနုပဿနာမဟော နိုင်ဘူး၊ ဝေဒနာနုပဿနာရှုပါလို့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက သိကြားအားဟောလို့ ဒီနေ့ ဝိပဿနာရှင်းအောင် ပြမယ်လို့ ဆိုခဲ့တဲ့ဥစ္စာ ဒကာ ဒကာမတွေ မှတ်ပါ။
ငါးလုံးဖောင်လဲ ဖြစ်ပါလိမ့်မယ်၊ ရှစ်လုံးဖောင်ကျအောင်လဲ ယနေ့ ခင်ဗျားတို့ ရှုနည်း ပွားနည်းနဲ့တကွ သေသေချာချာ သိရပါလိမ့်မယ်။ ခိုကိုးရာအစစ် အားထားရာအစစ်ကဖြင့် ဒကာသစ်တု့ိ ဦးခင်မောင်တို့ မောင်ကိုတို့ သေသေချာချာတွေ့တော့မယ်ဆိုတာ မှတ်ကြပါ နော် (မှန်လှပါ ဘုရား) တစ်သံသရာလုံး ဒကာ ဒကာမတို့ ဒီဖောင် တွေကို ကိုယ်ပိုင်မရခဲ့တဲ့အတွက် အမြုပ်သမားနဲ့ အမျောသမားချည်း ဖြစ်ခဲ့ရတယ်ဆိုတာ မောင်ကိုတို့ ငြင်းဖို့လိုသေး သလား (မလိုပါဘူး ဘုရား)။
ဘယ့်နှယ်ကြောင့် အမြုပ်သမား အမျောသမားချည်း အဖန်ဖန်ဖြစ်နေရပါလိမ့်မလဲလို့ အမေးထုတ်တော့မှ ဪ ကိုယ်ပိုင်ဖောင် တစ်ခါမှ မလုပ်ခဲ့တဲ့ အဓိပ္ပာယ်ပဲလို့ မဆိုနိုင်ကြဘူးလား (ဆိုနိုင်ပါတယ် ဘုရား)၊ အဲဒါကြောင့် ကိုယ်ပိုင်ဖောင် မလုပ်ခဲ့လို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ အမြုပ်သမား အမျောသမားပဲ ဖြစ်ရလိမ့်မယ်၊ မဖြစ်ရပေဘူးလား (ဖြစ်ရပါတယ်)၊ မျောပါများရင် ဘာဖြစ်နိုင်သလဲ (မြုပ်ပါတယ် ဘုရား)။
မြန်မြန်ဖောင်ဆင်ပါ
မျောပါများရင် မြုပ်မှာစိုးရိမ်တဲ့အတွက် ဒကာ ဒကာမတို့ အသက်ကြီးတဲ့ပုဂ္ဂိုလ် မြန်မြန်ဖောင်ဆင်ပါ၊ အသက် ငယ်တဲ့ပုဂ္ဂိုလ်လဲ အဇ္ဇေဝ သုဝေဝ=ယနေ့လား နက်ဖြန်လား သေရမှာ မသိတဲ့အတွက် ဖောင်မြန်မြန်ဆင်ပါ (မှန်လှပါ)၊ မတိုက်တွန်းထိုက်ဘူးလား (တိုက်တွန်းထိုက်ပါတယ် ဘုရား)၊ အသက်ကြီးတဲ့ပုဂ္ဂိုလ်လဲ သေခါနီးလို့ ဖောင်ဆင်ပါလို့ တိုက်တွန်းလိုက်ပါတယ် (မှန်ပါ့ ဘုရား)။
အသက်ငယ်တဲ့ပုဂ္ဂိုလ်လဲ ယနေ့လား နက်ဖြန်လားလို့ ခန္ဓာကိုယ်က မပိုင်တာကြီး ရထားတဲ့အတွက် ငယ်တဲ့ ပုဂ္ဂိုလ်လဲ မြန်မြန်ဆင်ရမှာပဲ (မှန်လှပါ ဘုရား)။ ရှင်းပလား (ရှင်းပါပြီ ဘုရား) ငယ်တဲ့ပုဂ္ဂိုလ်ကော (မြန်မြန်ဆင်ရပါ မယ်) ကြီးတဲ့ပုဂ္ဂိုလ်ကော (မြန်မြန်ဆင်ရမှာပါပဲ) မြန်မြန်ဆင်ရမှာပဲ။ ခင်ဗျားတို့ အိပ်ခြင်းကိုတော့ လျှော့လိုက်စမ်းပါ ဆိုတာကိုဖြင့် တိုက်တွန်းပါတယ် (မှန်ပါ့)၊ တိုက်တွန်းဆိုတာ ဘာပါလိမ့်မတုံးလို့ မေးတယ်၊ လောဘ ဒေါသ မောဟတွေ လိုက်စားနေတာ ဘာပါလိမ့် (အိပ်ပျော်ခြင်းနဲ့ အိပ်ပျော်နေတာပါ ဘုရား) အဲဒါတွေ မေ့လျော့တဲ့အလုပ်တွေ မဟုတ် လား (မှန်ပါ့ ဘုရား)။
အေး ဒါကြောင့် ဒကာ ဒကာမတို့ တရားပေးနေတာ မဟုတ်ပါဘူး၊ ခင်ဗျားတို့ကို သတိပေးနေတာလို့ မှတ်လိုက်ကြစမ်းပါ (မှန်လှပါ ဘုရား)၊ ဘာပြောနေတာပါလိမ့် (သတိပေးနေတာပါ ဘုရား) သတိပေးနေတာ၊ ခင်ဗျားတို့ ကတော့ဖြင့် လူဖြစ်ရင် လုပ်စားရချည်ရဲ့ သားသမီးတာဝန်ခံရချည်ရဲ့၊ ဟ-မဟုတ်ပါဘူး ဒီဥစ္စာက ကိုယ်တည်ထောင် ထားလို့ ကိုထမ်းချင်လို့ ထမ်းတဲ့ပစ္စည်းပါ၊ ကိုယ့်အရေး ကိုယ်သိပါဆိုတာ မတိုက်တွန်းဘူးလား (တိုက်တွန်းထိုက်ပါ တယ် ဘုရား)။
ဒါကြောင့် ကိုယ့်အရေးကတော့ဖြင့် မမြုပ်-မမျောတဲ့ အရေးကို ကိုယ်လိုက်နာရလိမ့်မယ်ဆိုတာကော သဘောပါ ကြလား (ပါပါတယ် ဘုရား)။ ကိုင်း ဒါဖြင့် ဆရာဘုန်းကြီးသည် ယနေ့ သိကြားမင်းကမေးလို့ ဘုရားသခင်ကိုယ်တော် မြတ်ကြီးက ပပဉ္စချုပ်ချင်ရင် ဝေဒနာရှုကွလို့ ဒီဃနိကာယ် ဟာဝဂ္ဂပါဠိတော် သက္ကပဥှာသုတ်မှာ သေသေချာချာ လာတဲ့အတွက် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ သေသေချာချာလုပ်မှ ရလိမ့်မယ် နော် (မှန်ပါ့)။
အဲဒီတော့ မလုပ်ခင်ကလေး ဘုရားက ဥပရိပဏ္ဏာသပါဠိတော် ဆဆက္ကသုတ်မှာ ဟောတာကလေး နည်းနည်း ကလေး နားထောင်ကြစမ်းပါနော် (မှန်ပါ့ ဘုရား)၊ ဒါက ဦးခင်မောင်ရေ သဘောကလေး နည်းနည်းပါတယ်နော် (မှန်ပါ့ ဘုရား)လ ငါလကွာ တဲ့၊ သဗ္ဗညုတ လဉာဏ်တော်ကြီးနဲ့ ကြည့်လိုက်တယ်၊ နိဗ္ဗာန်မရောက်တဲ့ ပုဂ္ဂိုလ်တွေလဲ ကြည့်လိုက်တယ်၊ အမြုပ်သမား အမျောသမားတွေလဲ ဘယ့်နှယ်ကြောင့် မြုပ်ပါ-မျောပါလိမ့်မတုံး၊ အဆန်သမားတွေ ချမ်းသာပြီးသွားတဲ့ ပုဂ္ဂိုလ်တွေလဲ ဘယ့်အတွက်ကြောင့် ချမ်းသာပါလိမ့်မလဲလို့ ငါကြည့်လိုက်တဲ့အခါကျလို့ရှိရင် ဒကာ ဒကာမတို့ ဒီဘက်က သုခဝေဒနာကို သုခဝေဒနာဆိုတာ ဒကာ ဒကာမတို့ ကိုယ်ပေါ်မှာလဲ သုခဝေဒနာပေါ်တယ်၊ ဝမ်းထဲမှာလဲ သောမနဿဆိုတဲ့ သုခဝေဒနာ မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)။
သုခဝေဒနာပစ္စယာ တဏှာ
အဲဒီ သုခဝေဒနာကိုတဲ့ ဒကာ ဒကာမတွေ သုခဝေဒနာနောက်က သုခဝေဒနာပစ္စယာ တဏှာလို့ မလာဘူး လား (လာပါတယ် ဘုရား)၊ ဪ-ဒါက ဒကာ ဒကာမတို့ အားလုံး သေသေချာချာ နားထောင်ပါ၊ သုခဝေဒနာပစ္စယာ (တဏှာပါ ဘုရား)၊ ဪ ဒီဥစ္စာ ဦးခင်မောင် မလာရင်မဖြစ်တဲ့ အလုပ်ပါကလား (မှန်ပါ့ ဘုရား) မောင်ကို ဘာတဲ့တုံး (မလာမဖြစ်တဲ့ အလုပ်ပါ ဘုရား)၊ ပဋိစ္စသမုပ္ပါဒ်ပေါ့ကွာ (မှန်ပါ့)၊ ဒကာ ဒကာမတို့ ဘာတဲ့ (ပဋိစ္စသမုပ္ပါဒ် ပါ ဘုရား)။
ပဋိစ္စသမုပ္ပါဒ်ဆိုတာက ဘုရားမပွင့်လဲ သူ ဒီလမ်းအတိုင်း သွားတာပဲ၊ ဘုရားပွင့်လို့ ဖြတ်ပေးပြန်ရင်လဲ ပြတ်တာပဲ (မှန်ပါ့)၊ သဘောကျပလား (ကျပါတယ်)။
ဘုရားမပွင့်လဲ ဒီလမ်းအတိုင်း မသွားဘူးလား (သွားပါတယ် ဘုရား)၊ သုခဝေဒနာပစ္စယာ (တဏှာပါ ဘုရား) တဏှာပစ္စယာ (ဥပါဒါနံပါ ဘုရား)၊ ဥပါဒါနပစ္စယာ (ကမ္မဘဝေါပါ ဘုရား) ကမ္မဘဝပစ္စယာ (ဇာတိပါ ဘုရား)၊ ဇာတိ ပစ္စယာ (ဇရာမရဏပါ)။
ကိုင်း ဒကာ ဒကာမတို့ သုခဝေဒနာ ခင်ဗျားတို့က တောင်းတလိုက်တာ၊ ကိုယ်ပေါ်မှာ သုခကလေး ချမ်းသာလို့ ဝမ်းထဲက သောမနဿ ဝမ်းသာလုံးကလေးနဲ့ ရွှေကလေး၊ ငွေကလေး၊ တိုက်ကလေး၊ ကားကလေးရလို့ ဝမ်းသာတဲ့ သုခဝေဒနာကို ခင်ဗျားတို့က ဘယ်လိုမှ မလုပ်တော့ပါဘူးဆိုလို့ရှိရင်ဖြင့် ငါ့လမ်းအတိုင်း ငါသွားမည်ဆိုပြီး သကာလ သုခဝေဒနာပစ္စယာ-ဘာတဲ့တုံး (တဏှာပါ ဘုရား)၊ တဏှာပစ္စယာ (ဥပါဒါနံပါ ဘုရား) ဥပါဒါနပစ္စယာ (ကမ္မဘဝေါပါ)၊ ကမ္မဘဝပစ္စယာ (ဇာတိပါ)၊ ဇာတိပစ္စယာ (ဇရာမရဏပါ)။
မြုပ်လမ်း မျောလမ်း
ဇရာမရဏတဲ့၊ ဒကာ ဒကာမတို့ မျောသွားပြီးသကာလ ဒီဘက်မှာ ဇာတိပစ္စယာ ဇရာမရဏဆိုတော့ ဦးခင်မောင်တို့ မောင်ကိုတို့ မြုပ်လမ်း မျောလမ်း မရောက်သေးဘူးလား (ရောက်ပါတယ် ဘုရား)။ ဘာကြောင့် မြုပ်လမ်း မျောလမ်းကို ဒကာ ဒကာမတို့ ရောက်ရပါလိမ့်မလဲလို့ မေးဖို့ မလိုဘူးလား (လိုပါတယ် ဘုရား)။
အဲ သုခဝေဒနာကို ခင်ဗျားတို့က ပယ်နိုင်တဲ့စွမ်းရည်သတ္တိ မရှိတာနဲ့-သုခဝေဒနာနောက်က တဏှာကို ပယ်နိုင်တဲ့စွမ်းရည်သတ္တိ မရှိတာနဲ့ ခင်ဗျားတို့က ခုနက မြုပ်လမ်း မျောလမ်းဘက်ကို ရောက်သွားရပါတယ်၊ သဘောကျ ပလား (ကျပါပြီ)၊ ဘယ်လမ်းဘက် ဆက်သွားသတုံး (မြုပ်လမ်းမျောလမ်းဘက် ဆက်သွားပါတယ်)။
မြုပ်လမ်း မျောလမ်းဘက်ကို ဆက်မသွားသေးဘူးလား (ဆက်သွားပါးတယ် ဘုရား)၊ ဘာကြောင့် ဆက်ရတာ လိမ့်မတုံးလို့ ဦးခင်မောင်တို့ မေးပြီ၊ ဦးဘအုန်းတို့ မေးပြီ၊ ဒကာသစ်တို့ မေးပြီ ၊ တဏှာမပယ်နိုင်လို့နော်၊ သဘော ကျပလား (ကျပ်ပါတယ် ဘုရား) ဘာမပယ်နိုင်လို့လဲ (တဏှာမပယ်နိုင်လို့ပါ ဘုရား)။
တဏှာမပယ်နိုင်တဲ့အတွက်တဲ့-သုခဝေဒနာ နောက်ကလာတဲ့ တဏှာကို မပယ်နိုင်တဲ့အတွက် တဏှာဥပါဒါန် ကံ ဇာတိ ဇရာမရဏ ဆိုတော့ ဒကာ ဒကာမတို့ စဉ်းစားကြည့်၊ တဏှာ ဥပါဒါန် ကံ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)၊ ဟောဒီသုံးခုက ယခုဘဝမှာ၊ ဇာတိ ဇရာမရဏတွေက ဒကာ ဒကာမတို့ အနာဂတ်ဘဝမှာ မဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား)၊ ဇာတိ ဇရာ မရဏက ဘာတဲ့ (အနာဂတ်ဘဝပါ ဘုရား)။
အနာဂတ်ဘဝတဲ့၊ ဒါကတော့ ဘာတဲ့ (ပစ္စုပ္ပန်ဘဝပါ ဘုရား)။ ရှင်းကြပလား (ရှင်းပါပြီ) တဏှာ ဥပါဒါန် ကံက (ပစ္စုပ္ပန်ဘဝပါ) ဇာတိ ဇရာမရဏက (အနာဂတ်ဘဝပါ) အနာဂတ်ဘဝ၊ ဒါဟာ ဘယ့်နှယ်ကြောင့် ပစ္စုပ္ပန်နဲ့ အနာဂတ် ဆက်သွားရပါလိမ့်မလဲလို့ မေးဖို့ မလိုဘူးလား (လိုပါတယ် ဘုရား)၊ ဒါကို ခင်ဗျားတို့အားလုံး စဉ်းစားပါ ဒီဥစ္စာကို အလွန်အရေးကြီးနေတယ်ဆိုတာလဲ မှတ်ပြီး စဉ်းစားပါ။
ဒီ ပဋိစ္စသမုပ္ပါဒ်က ဖြတ်ပေးမည့် မြတ်စွာဘုရားလဲမလာဘူး၊ ဖြတ်ပေးမည့် ဘုရား၏ တပည့်သားလည်း မလာတော့ဘူးဆိုလို့ရှိရင်ဖြင့် ဦးခင်မောင် ဒီ အတန်းကို ဖျက်လို့ရသေးရဲ့လား (မရပါဘူး)၊ အဲဒါကို မှတ်လိုက်စမ်းပါ ဒကာ ဒကာမတို့ ဓမ္မနိယာမလို့ (မှန်ပါံ)၊ ဘာနိယာမလဲ (ဓမ္မနိယာမပါ ဘုရား)၊ အဲဒီတော့ ခင်ဗျားတို့ ဒီမှာချမ်းသာ တာတွေ ကိုယ်ပေါ်ချမ်းသာတာတွေ ဝမ်းထဲဝမ်းသာတာတွေ လာတဲ့အခါ ခင်ဗျားတို့က ဒီအတိုင်း နေမယ်ဆိုလို့ရှိရင် ဝေဒနာပစ္စယာ (တဏှာပါ ဘုရား)၊ တဏှာပစ္စယာ (ဥပါဒါနံပါ ဘုရား)၊ ဥပါဒါနပစ္စယာ (ကမ္မဘဝေါပါ ဘုရား)။
အနာဂတ်အကျိုးသုံးခု
ဟော ဒီ လေးခုပေါ်လာတယ်၊ ဒီ လေးခုပေါ်လာလို့ရှိရင်ဖြင့် ဒီ တရားတွေက ဒကာ ဒကာမတို့ စဉ်းစား ပါတော့တဲ့ ဒီဘက်ကို ကျေးဇူးပြုမလား-မပြုဘူးလား (ကျေးဇူးပြုပါတယ် ဘုရား) ဘာဖြစ်လို့ ပြုပါလိမ့်မတုံးလို့ မေးတဲ့ အခါ ဒီဘက်အကြောင်းတွေကို ခင်ဗျားတို့က ကြိုးစားထားတဲ့အတွက် ပစ္စုပ္ပန်အကြောင်းတွေ ကြိုးစားထားတဲ့အတွက် အနာဂတ်အကျိုးသုံးခု မလာဘူးလား-လာမလား (လာပါတယ် ဘုရား) ဒါ ဖျက်လို့ရသလား (မရပါဘူး ဘုရား)။
ဓမ္မနိယာမတဲ့ ဒကာ ဒကာမတို့ ဖျက်လို့ရရဲ့လား (မရပါဘူး ဘုရား)၊ ဪ ဒါဖြင့် ဒို့က ကိုယ်ပေါ်ချမ်းသာ လုံးကလေးရှိတယ်၊ ဒါကလေးကို ဒို့က ကိုယ်ချမ်းသာတာကလေးကို ကျေနပ်နေမယ်ဆိုရင် ကိုယ်ချမ်းသာတယ်-ကျေနပ် တယ်စွဲလမ်းတယ်-အားထုတ်တယ်ဆိုတာ မလာပေဘူးလား (လာပါတယ် ဘုရား) လာခဲ့လို့ရှိရင်ဖြင့် ဟိုဘဝဆက်-မဆက် စဉ်းစားစမ်း (ဆက်ပါတယ် ဘုရား)။
ဒါဖြင့် ဒီပစ္စုပ္ပန်ဘဝက လေးခုကြောင့် အနာဂတ်ဘဝ သုံးခုမလာပေဘူးလား (လာပါတယ် ဘုရား)၊ ဤကဲ့သို့ လာတာ ထောက်ကြည့်တဲ့အခါကျတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက သုခဝေဒနာကိုဟောပြီး၊ ဟောဒီ သုခ ဝေဒနာနောက်က တဏှာလာတဲ့ပုဂ္ဂိုလ် ဟူသ၍ ဘယ်အခါကာလမှ ဒုက္ခသိမ်းလိမ့်မယ်လို့ ငါဘုရား မဟောဘူးပါဘူး ကွာလို့ ဆဆက္ကသုတ်မှာ ဟောတော်မူလိုက်တယ် (မှန်ပါ့)။
သုခဝေဒနာနောက်က တဏှာလာတဲ့ပုဂ္ဂိုလ်ကို ဘယ်တော့မှ နိဗ္ဗာန်ရလိမ့်မယ်လို့ ငါဘုရားမဟောဘူးတဲ့ (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ)။
သုခဝေဒနာနောက်က တဏှာလာတဲ့ပုဂ္ဂိုလ်ဟာ (ဘယ်တော့မှ နိဗ္ဗာန်မရပါဘူး ဘုရား)၊ ဘယ်တော့မှ နိဗ္ဗာန် ရလိမ့်မယ်လို့ ဒုက္ခဆုံးလိမ့်မယ်လို့ ငါဘုရား ဟောကို-မဟောဖူးဘူးတဲ့၊ ကိုင်း ဒကာ ဒကာမတို့ ဥပရိပဏ္ဏာသ ပါဠိတော် ဆဆက္ကသုတ်မှာ သေသေချာချာ မဟောသေးဘူးလား (ဟောပါတယ် ဘုရား) သဘောပါပလား (ပါပါတယ် ဘုရား)။
သုခဝေဒနာနောက်က တဏှာလာတယ်၊ တဏှာလာလို့ရှိရင် ဥပါဒါန်က လာတော့မယ်၊ ဥပါဒါန်လာရင် (ကမ္မဘဝ လာပါမယ်)၊ ကမ္မဘဝ လာရင် အနာဂတ်ဘဝမှာ ဘာတွေလာမယ်ထင်ကြသလဲ (ဇာတိ ဇရာ မရဏပါ ဘုရား) ဇာတိ ဇရာ မရဏတွေက မလာပါနဲ့ဆိုလို့ ရသေးရဲ့လား (မရပါဘူး) ဒါဖြင့် ဒကာ ဒကာမတို့ပဲ စဉ်းစားပါ တော့၊ ဘုရားက-ငါသည် သုခဝေဒနာနောက်က တဏှာလာတဲ့ ပုဂ္ဂိုလ်များကို ဘယ်အခါကာလမှ ဒုက္ခခပ်သိမ်း ကင်းငြိမ်းတဲ့နိဗ္ဗာန်ကြီးကို ရလိမ့်မယ်လို့ တစ်ခါမှ မဟောဖူးဘူးတဲ့ (မှန်ပါ့)။
ဘဝနှစ်ခု ဆက်သွားတယ်
ကဲ ဟောလို့ကော ဖြစ်ပါ့မလား (မဖြစ်ပါဘူး ဘုရား) ဘဝဘယ်နှစ်ခု ဆက်သွားပါလိမ့် (နှစ်ခုပါ ဘုရား) ဘဝနှစ်ခု ဆက်သွားတယ်၊ ရိပ်မိကြပလား (ရိပ်မိပါပြီ)၊ ဦးခင်မောင်လ ဘဝဘယ်နှစ်ခုလဲ (နှစ်ခုပါ ဘုရား) ပစ္စုပ္ပန် ဘဝနဲ့ အနာဂတ်ဘဝ ဆက်သွားတယ်ဆိုတာ ဒကာ ဒကာမတွေ ရိပ်မိကြပလား (ရိပ်မိပါပြီ)။
ဘယ့်နှယ်ကြောင့် ဆက်ပါလိမ့်မလဲလို့ သဘောကိုလဲ မေးကြည့်တဲ့အခါကျတော့ ဒီ ဝေဒနာနောက်က တဏှာ လိုက်လို့ (မှန်လှပါလ ဘုရား) ရှင်းပလား (ရှင်းပါပြီ)။ သုခဝေဒနာနောက်က (တဏှာလိုက်လာလို့ပါ ဘုရား)၊ တဏှာ လိုက်လာတော့ တဏှာပစ္စယာ (ဥပါဒါနံပါ)၊ ဥပါဒါနပစ္စယာ (ကမ္မဘဝပါ)၊ ကမ္မဘဝပစ္စယာ (ဇာတိပါ)၊ ဟော ဇာတိဆိုတော့ အနာဂတ်ဘဝ မရောက်သေးဘူးလား (ရောက်ပါတယ် ဘုရား)။
ဇာတိလာရင် ဇရာမရဏတွေက ရုန်းလို့ကန်လို့ လွတ်နိုင်သေးရဲ့လား (မလွတ်နိုင်ပါဘူး ဘုရား)၊ ဒါဖြင့် ဘုရား သခင်ကိုယ်တော်မြတ်ကြီးက သုခဝေဒနာနောက်က တဏှာမှ မချုပ်လို့ရှိရင်ဖြင့် တဏှာမပျောက်လို့ရှိရင်ဖြင့် ဘယ် တော့မှ ဒုက္ခဆုံးတဲ့နိဗ္ဗာန် ရောက်လိမ့်မယ်လို့ ငါဘုရား မဟောဘူးဆိုတဲ့ဥစ္စာ ဘုရား၏အမိန့်တော်ကို ဦးခင်မောင် ယုံပလား (ယုံပါတယ် ဘုရား) ဒကာ ဒကာမတွေကလဲ ဥပရိပဏ္ဏာသပါဠိတော် ဆဆက္ကသုတ်မှာ လာတယ်လို့ မှတ်လိုက် စမ်းပါ (မှန်ပါ့ ဘုရား)။
အဲ ဆဆက္ကသုတ်မှာ သေသေချာချာ လာသောကြောင့် ဒီဥစ္စာကို အတိအလင်းပဲ ဆုံးဖြတ်ချက်ချပေး ပါတယ် (မှန်ပါ့)၊ ဒကာ ဒကာမတို့ ပဋိစ္စသမုပ္ပါဒ် ဘယ်ဘဝနဲ့ ဘယ်ဘဝ ဆက်သွားပါလိမ့် (ပစ္စုပ္ပန်နဲ့ အနာဂတ်ဘဝ ဆက်သွားပါတယ်)လလ၊ သေသေချာချာ နာကြနော် နားထောင်ကောင်းအောင် ဟောတဲ့ တရားမဟုတ်ဘူးတဲ့၊ အလုပ် ပြမယ်လို့ ဟောမဲ့တရားလို့ ဆိုတာ မှတ်စမ်းပါနော် (မှန်ပါ့ ဘုရား)။
မောင်ကို နားထောင်ကောင်းအောင် ဟောတဲ့တရား မဟုတ်ဘူးနော် (မှန်ပါ့) အလုပ်ပြနေတယ်၊ အလုပ်ကို ဒီလိုလုပ်မှ ရမယ်ဆိုတာ ခုတော့ဖြင့် အလုပ်မပြခင် ဪ မလုပ်လို့ရှိရင်ဖြင့် ဒီအတိုင်းထွက်မှာပါကလားဆိုတာ မပေါ်ကြသေးဘူးလား (ပေါ်ပါတယ် ဘုရား)၊ ကိုင်း-ဒါဖြင့် ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ဟောတဲ့ဥစ္စာ သုံးခါ စေ့အောင်ပဲ ဦးခင်မောင် ပြောပါဦးမယ် နော် (မှန်ပါ့)၊ သုခဝေဒနာနောက်က တဏှာလာနေတဲ့ ပုဂ္ဂိုလ်များ ဘယ်အခါကာလမှ ငါသည် ဒုက္ခခပ်သိမ်း ကင်းငြိမ်းတဲ့ နိဗ္ဗာန်ရောက်လိမ့်မယ်လို့ မဟောပါဘူး၊ ဟောစရာအကြောင်းလဲ မရှိပါဘူး၊ ရိပ်မိကြပလား (ရိပ်မိပါပြီ)။
သုခဝေဒနာနောက်က တဏှာလာတဲ့ပုဂ္ဂိုလ်ဟာ နိဗ္ဗာန်ရောက်ပါ့မလား (မရောက်ပါဘူး ဘုရား)၊ သုခဝေဒနာ နောက်က (တဏှာလာတဲ့ပုဂ္ဂိုလ်ဟာ နိဗ္ဗာန်မရောက်ပါဘူး) သုခဝေဒနာနောက်က တဏှာလာတဲ့ပုဂ္ဂိုလ်ဟာ နိဗ္ဗာန် မရောက်နိုင်ဘူး၊ ဒီတစ်လုံး မှတ်စမ်းပါ၊ ဒီတစ်လုံး မှတ်စမ်းပါ၊ အင်မတန် အရေးကြီးနေတယ်၊ ခင်ဗျားတို့က သုခ ဝေဒနာကလေး ဖြစ်တယ်ဆိုလို့ရှိရင် ဥပမာမယ်- ဦးခင်မောင်ဖြစ်စေ၊ ဦးမောင်ကိုဖြစ်စေ၊ ဒကာသစ်ဖြစ်စေ၊ ဦးအောင်တို့ ဖြစ်စေ လေကလေးတိုက်လို့ ကိုယ်ပေါ်မှာ ချမ်းသာလုံးကလေး လာနေတဲ့အခါကျတော့ ဒီချမ်းသာကလေးကို ကာယိက သုခကလေးကို ခင်ဗျားတို့က ဪ ဒီလိုများ နေရတာ ကောင်းလိုက်တာဆိုတာ မလာဘူးလား (လာပါတယ် ဘုရား)။
ဒီလိုနေရတာဆိုတော့ သုခဝေဒနာပေါ်တာ ကောင်းလိုက်တာ ဆိုတာက တဏှာ၊ ကြာကြာနေဦးမှပဲ ဆိုတာက (ဥပါဒါန်ပါ ဘုရား)၊ ဥပါဒါန်ပဲ ဒီနေရာမယ် ဟိုပြင်-ဒီပြင် ရှေ့လှည့်ထိုင်လိုက် နောက်လှည့်ထိုင်လိုက်ဆိုတဲ့ဥစ္စာ ကာယကံ တွေ မပါသေးဘူးလား (ပါပါတယ် ဘုရား)။
ပဋိစ္စသမုပ္ပါဒ် ဘယ်နှစ်မျိုးပေါ်သတုံး
ဒါဖြင့် ဝေဒနာပစ္စယာ (တဏှာပါ ဘုရား)၊ တဏှာပစ္စယာ (ဥပါဒါနံပါ ဘုရား) ဥပါဒါနပစ္စယာ (ကမ္မဘဝေါ ပါ ဘုရား) ဟော ကာယကံ ဝစီကံနဲ့ ခင်ဗျားတို့က ဟိုလှည့်ထိုင် ဒီလှည့်ထိုင်နဲ့ ကာယကံအလုပ်တွေ မလုပ်ပေ ဘူးလား (လုပ်ပါတယ် ဘုရား) ဒါဖြင့် ခင်ဗျားတို့ဥစ္စာ ကုလားထိုင်ပေါ်မှာ လေပြေလေညှင်းခံနေတာဟာ ပဋိစ္စသမုပ္ပါဒ် ဘယ်နှစ်မျိုးပေါ်သတုံးဆိုတော့ ဝေဒနာပစ္စယာ တဏှာ၊ တဏှာပစ္စယာ ဥပါဒါနံ၊ ဥပါဒါနပစ္စယာ (ကမ္မဘဝေါပါ ဘုရား) ဒါတွေ ပေါ်မနေဘူးလား (ပေါ်ပါတယ် ဘုရား)။
ဒါတွေ ခင်ဗျားတို့က မဖြတ်တော့ဘူးဆိုတော့ ခင်ဗျားတို့သည် လေညှင်းခံရင်းမတ်တတ်နဲ့ အနာဂတ် ဇာတိ ဇရာမရဏ အလုပ်ကို လုပ်မနေဘူးလား (လုပ်နေပါတယ် ဘုရား) လုပ်နေတယ်လို့ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)၊ လေညှင်းခံရင်းမတ်တတ်နဲ့ ဘာဖြစ်နေကြသလဲ (အနာဂတ်ဘဝ လုပ်နေပါတယ် ဘုရား)၊ အနာဂတ်ဘဝ ဆင်းရဲတွေရအောင် ကြိုးစားနေတယ်ဆိုတာကို မယုံရင် ဆင်းရဲကြည့်လိုက်၊ ဇာတိက ဘာသစ္စာလဲ (ဒုက္ခသစ္စာပါ ဘုရား)၊ ဇရာက (ဒုက္ခသစ္စာပါ ဘုရား)၊ မရဏကကော (ဒုက္ခသစ္စာပါ ဘုရား)။
ကိုင်း-ခင်ဗျားတို့ လေညှင်းခံရင်း အနာဂတ်ဒုက္ခတွေရအောင် ကြိုးစားနေကြတယ် (မှန်လှပါ)၊ ဘယ်လိုဆို ကြမယ် (လေညှင်းခံရင်း အနာဂတ်ဆင်းရဲတွေရအောင် ကြိုးစားနေတယ် ဘုရား)၊ လေညှင်းခံရင်း အနာဂတ်ဒုက္ခတွေ ရအောင် ကြိုးစားနေတယ်လို့ ဘုန်းကြီးက စွဲချက်တင်လိုက်ပါတယ် (မှန်ပါ့)၊ ဦးခင်မောင်ကြီးတို့ ငြင်းချင်သေးသလား (မငြင်းပါဘူး ဘုရား)။
ဒါက ခင်ဗျားတို့က ဒီဘဝအတွက်တင် ကြိုးစားနေတာလား၊ နောက်ဘဝအတွက်ပါ ဆင်းရဲတွေရအောင် ကြိုးစားနေတာလား-မေးရင် ဘယ့်နှယ်ဖြေကြမယ် (နောက်ဘဝ ဆင်းရဲတွေပါရအောင် ကြိုးစားနေကြပါတယ် ဘုရား) ဒါက သတိပဋ္ဌာန်လွတ်သွားပြီ (မှန်ပါ)၊ ဒကာ ဒကာမတို့ ဘာလွတ်သွားပါလိမ့် (သတိပဋ္ဌာန်လွတ်သွားပါတယ် ဘုရား) သတိပဋ္ဌာန် လွတ်သွားပြီ။
မဂ္ဂင်ငါးပါးနဲ့ အလုပ်-လုပ်ကြစို့
ကိုင်း-ဒါဖြင့် ဒကာ ဒကာမတို့ မဂ္ဂင်ငါးပါးနဲ့ ကျုပ်တို့ အလုပ်-လုပ်ကြစို့၊ မဂ္ဂင်ငါးပါးနဲ့ အလုပ်-လုပ်ကြစို့ ဆိုတော့ လွယ်ပါတယ်၊ ကိုယ်ပေါ်မှာ သုခဝေဒနာပေါ်တယ် ဒကာ ဒကာမတို့၊ ကိုယ်ပေါ်မှာ ဘာဝေဒနာပေါ်ပါလိမ့် (သုခ ဝေဒနာပေါ်ပါတယ်)၊ အိုက်တဲ့အခါ လေကလေးတိုက်တော့ ကိုယ်ပေါ်မှာ ဘာဝေဒနာပေါ်ပါလိမ့် (သုခဝေဒနာ ပေါ်ပါတယ် ဘုရား)။
အဲဒီ သုခဝေဒနာ ပေါ်-ပေါ်ခြင်း ခင်ဗျားတို့က ဟောဒီ မဂ္ဂင်ငါးပါးနဲ့ ဪ သူကလေးဟာ ဖဿပစ္စယာ ဝေဒနာပဲ ဖဿချုပ်လို့ ချုပ်တာပဲဆိုပြီး ဖြစ်ချုပ်ကို မမြင်-မြင်အောင်ကြည့်ပါ၊ သဘောကျပလား (ကျပါပြီ) ဖြစ်ပျက် ကို (မြင်အောင်ကြည့်ရပါမယ် ဘုရား)၊ မမြင်-မြင်အောင် ကြည့်လိုက်တဲ့အခါကျတော့ ဒကာ ဒကာမတို့ပဲ စဉ်းစားကြည့် လိုက်တဲ့အခါကျတော့ ဒကာ ဒကာမတို့ပဲ စဉ်းစားတော့ ဝေဒနာက ဖြစ်ပျက်ဟုတ်လား၊ ရှုတာက မဂ်ဖြစ်တယ် (မှန်ပါ့)၊ ဝေဒနာက (ဖြစ်ပျက်ပါ ဘုရား)၊ ရှုတာက (မဂ်ပါ ဘုရား)။
မဂ်ဖြစ်လာတော့ ကိုင်း-ဒကာ ဒကာမတို့ ဒီကြားထဲ မဂ္ဂင်ငါးပါးဆိုတဲ့ ဖောင်တစ်ခု သွင်းလိုက်တယ်၊ ဖောင် တစ်ခုသွင်းလိုက်တဲ့ အခါကျတော့ ဒီဘက်က တဏှာလာသေးရဲ့လား (မလာပါဘူး ဘုရား) ဥပါဒါန်ရော (မလာတော့ ပါဘူး)၊ ကံရော (မလာတော့ပါဘူး)၊ ဒါဖြင့် ပစ္စုပ္ပန်အကြောင်းသုံးခုမှ မလာလို့ရှိရင်ဖြင့် အနာဂတ်အကျိုးသုံးခု လာနိုင် ပါ့မလား (မလာနိုင်ပါဘူး ဘုရား) ဒါဟာ ဘာလုပ်လိုက်လို့ပါလိမ့်ဆိုတော့ ကိုးစားရာ ဖောင်ကလေးတစ်ခု ကြိုးစား လိုက်လို့ (မှန်လှပါ ဘုရား)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ကိုးစားရာ ဖောင်ကလေးတစ်ခုကို (ကြိုးစားလိုက်လို့ပါ ဘုရား) ဒီဖောင်ကလေးကို ရထားတယ်ဆိုရင်ပဲ ဒကာ ဒကာမတို့ ဒါ မဂ္ဂင်ဖောင်ကလေးပဲ၊ လောကီ မဂ္ဂင်ဖောင်ကလေးပဲ (မှန်ပါ့)၊ သဘောပါကြလား (ပါပါပြီ)၊ ဘာဖောင် တဲ့တုံး (လောကီမဂ္ဂင်ဖောင်ပါ ဘုရား)၊ ဒါဖြင့် ဒီဖောင်ကလေး ဒီကြားထဲမှာ မခိုလိုက်လို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ ခုနကအတိုင်း တန်းမသွားပေဘူးလား (တန်းသွားပါတယ် ဘုရား)။
ဒါကြောင့် ယနေ့သည်ကားလို့ဆိုလို့ရှိရင် ဘုရားသခင်ကိုယ်တော်မြတ်ကြီးကလဲ ဟောလို့ ကွာ တဲ့၊ သုခ ဝေဒနာနောက်က တဏှာလာနေတဲ့ ပုဂ္ဂိုလ် ဒုက္ခသိမ်းလိမ့်မယ်လို့ ငါဘုရား မဟောပါဘူးဆိုတာကော သဘောကျပလား (ကျပါတယ်)၊ ဒါဖြင့် သုခဝေဒနာနောက် တဏှာမလာခဲ့လို့ရှိရင် ဒုက္ခသိမ်းလိမ့်မယ်လို့ ငါဘုရားဟောတယ် (မှန်ပါ့ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ)၊ သုခဝေဒနာနောက်က တဏှာမလာရင် (ဒုက္ခသိမ်းပါလိမ့်မယ် ဘုရား) သိမ်းတာပေါ့ ဒကာ ဒကာမတို့ ဒီဒုက္ခအကြောင်းသုံးခုတော့ မသိမ်းဘူးလား (သိမ်းပါတယ် ဘုရား)၊ ဒုက္ခအကျိုးသုံးခု လာနိုင်သေးရဲ့ လား (မလာနိုင်ပါဘူး ဘုရား)။
ဟော- အကြောင်းရော အကျိုးရော သိမ်းပစ်လိုက်တယ် (မှန်ပါ့ ဘုရား) ဒါဖြင့် ဒကာ ဒကာမတို့ ဒီဥစ္စာ တော်တော်ရှင်းပလား (ရှင်းပါပြီ)၊ ရှင်းသွားတဲ့အခါကျတော့ ဘယ်နှစ်လုံးတွဲဖောင် ကိုယ်ပိုင်ရသတုံး (ငါးလုံးတွဲဖောင် ကိုယ်ပိုင်ရပါတယ် ဘုရား)၊ ဒီ ငါးလုံးတွဲဖောင် ကိုယ်ပိုင်ရရင်ပဲ မပူပါနဲ့တော့လို့ သတိပေးလိုက်တယ်၊ (မှန်လှပါ ဘုရား)၊ တပည့်တော်တို့ ဒီဘဝရှစ်လုံးတော့ဖြင့်ဘုရား ပါရမီမရှိလို့မရ အားထုတ်မှု ညံ့ဖျင်းလို့မရဘူး၊ ငါးလုံးနဲ့တော့ဖြင့် ဖြစ်ပျက် တော့ မြင်နေတာပဲ၊ ဒီဘက်က ဖြစ်ပျက်ပေါ့ဗျာ၊ ဦးခင်မောင် ကျေနပ်ပလား (ကျေနပ်ပါတယ်)။
သုခဝေဒနာကလေး ဖြစ်ပျက်ကို မဂ္ဂင်ငါးပါးနဲ့ မြင်တယ်ဆိုကြပါစို့နော် (မှန်လှပါ)၊ ထိုကဲ့သို့ မြင်လို့ရှိရင်ဖြင့် စုတိမနေ သေလွန်တဲ့အခါကျလို့ရှိရင်ဖြင့် နတ်ရွာ သုဂတိရောက်ပါတယ်၊ သဘောပါလား (ပါပါတယ်)၊ ဘယ်ရောက် သလဲ (နတ်ရွာသုဂတိရောက်ပါတယ်)၊ ငါးလုံးတွဲဖောင်ရရင်ပဲ နတ်ရွာသုဂတိတော့ သေချာပြီတဲ့ ဒကာ ဒကာမတို့ (မှန်လှပါ)၊
သေချာတဲ့အပြင်ပဲ နတ်သမီးရင်ခွင်ထဲမှာ- ခင်ဗျားတို့ အခု အားထုတ်ထားတဲ့ ပုဂ္ဂိုလ်တစ်ယောက်က သွားပြီးသကာလ နတ်သမီးရင်ခွင်ထဲမှာ သွားပြီး ယောကျ်ားကလေးဖြစ်ဖြစ် မိန်းကလေးဖြစ်ဖြစ် ဖြစ်ချင်တာဖြစ် နတ်ပြည်ရောက်တာက နတ်ပြည်ရောက်မှန်း မသိသေးဘူး မောင်ကိုရေ သောတာပန်တည်တာက စောမယ် (မှန်လှပါ ဘုရား) မဂ္ဂင်ရှစ်ပါးပြည့်တာက စောနေသတဲ့ ဒကာ ဒကာမတို့၊ ဒါက အင်္ဂုတ္တိုရ်ပါဠိတော်လို့ မှတ်လိုက်စမ်းပါ (မှန်လှ ပါ ဘုရား)၊ အင်္ဂုတ္တိုရ်ပါဠိတော်မှာ လာပါတယ်။
ဝိပဿနာဉာဏ်နဲ့ သေတဲ့ပုဂ္ဂိုလ်
ဝိပဿနာဉာဏ်နဲ့ သေတဲ့ပုဂ္ဂိုလ်များဟာ ဒကာ ဒကာမတို့ အချည်းနှီးဖြစ်ပါသလား- ဒီလောက်တောင် ကျေးဇူးများသလားဆိုတာ ပေါ်လာကြပလား (ပေါ်လာပါပြီ ဘုရား)၊ ဒါဖြင့် ငါးလုံးနဲ့သေကော ကြောက်စရာရှိရဲ့လား (မရှိပါဘူး ဘုရား)၊ ရှစ်လုံးနဲ့ သေမယ်ဆိုရင် အတိုင်းထက်အလွန်ပေါ့ဗျာ (မှန်လှပါ ဘုရား)၊ ဒါဖြင့် ငါးလုံးနဲ့သေတာ တောင်မှ အကျိုးယုတ်ပါရဲ့လား (မယုတ်ပါဘူး)။
အထက်ဆန်သွားတယ်ဆိုတာ မောင်ကိုရေ နတ်ပြည်ဆန်သွားတယ်ဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား)၊ နတ်ကနေပြီး မဂ္ဂင်ရှစ်ပါးဖြစ်ပြီးသကာလ နိဗ္ဗာန်ကူးသွားတယ်ဆိုရင်ကော (မလွဲပါဘူး ဘုရား)၊ မလွဲဘူးဆိုတာ သေချာကြပလား (သေချာပါတယ်)၊ ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ၌ ဒီဖောင်ကလေးမှ မရှိတဲ့ပုဂ္ဂိုလ်များဟာ ဘယ့်နှယ်လုပ်ကြမတုံးလို့ မေးရင် မပြောတတ်ပါဘူး ဖြေရုံပဲရှိမယ် (မှန်လှပါ)၊ သဘောကျပလား (ကျပါပြီ)။
ဒီ ငါးလုံးဖောင်ကလေးမှ ခင်ဗျားတို့က ကိုယ်ပိုင်မရှိဘူး၊ ရှစ်ခုဆိုတာ ဝေးပါသေးရဲ့လို့ မောင်ကို ဒီလိုဆိုရင် ခိုကိုးရာမဲ့ မဖြစ်ဘူးလားဖြစ်မလား (ဖြစ်ပါတယ် ဘုရား) ဒါဖြင့် ဒကာ ဒကာမတို့ ဒီ တရားပွဲမှာအားလုံးဟာ အလုပ်ကို အလိုရှိတဲ့ပုဂ္ဂိုလ်များ လာ၍နာကြပါ၊ ကောင်းပါတယ်နော် (မှန်လှပါ ဘုရား)၊ လုပ်မှရမယ်ဆိုတဲ့ အဓိပ္ပာယ်ကော ရှင်းပလား (ရှင်းပါပြီ ဘုရား)။
သုခဝေဒနာကို ဖြစ်ပျက်ရှုနိုင်မှ၊ ဖြစ်ပြီးပျက်တဲ့တရား “ဟုတွာအဘာဝဋ္ဌေန အနိစ္စ”ဆိုတဲ့ အတိုင်း-ဖြစ်ပြီး ပျက်တာကို ရှုနိုင်တဲ့ မဂ္ဂင်ငါးပါးလာမှ ကျုပ်တို့မှာ ဆန်ဖောင်တစ်ခု ရပါလိမ့်မယ်၊ အထက်ဆန်တက်တဲ့ ဖောင်ရမယ် (မှန်ပါ့) သဘောပါကြလား (ပါပါပြီ)၊ ဒါဖြင့် ဒီ အလုပ်သည် မျောချင် မြုပ်ချင်တဲ့ပုဂ္ဂိုလ်ဖြင့် ခင်ဗျားတို့ကို တိုက်တွန်း စရာမလိုပါဘူး (မှန်ပါ့)။
တကယ်တမ်း ကိုယ့်ကိုယ်ကိုယ်သနားပြီး မျောခြင်း မြုပ်ခြင်းမှ လွတ်ချင်ပါတယ်ဆိုတဲ့ပုဂ္ဂိုလ်ဟာ ဒီဖောင် ရှိထိုက်-မရှိထိုက် (ရှိထိုက်ပါတယ် ဘုရား) အားလုံး တာဝန်ခံနိုင်ပါ့မလား (ခံနိုင်ပါတယ်) သူများအရေးလား-ကိုယ့် အရေးလား (ကိုယ့်အရေးပါ ဘုရား) အဲဒီတော့ ခင်ဗျားတို့ အခုဘယ်လောက်ပဲ ချမ်းသာ-ချမ်းသာ ရောင်းဝယ်ဖောက် ကားတာတွေကတော့ဖြင့် ဒီ ဖောင်လိုတော့ မကယ်ဘူးနော် (မှန်ပါ့ ဘုရား) မောင်ကို ကယ်ပါ့မလား (မကယ်ပါဘူး ဘုရား) ဦးခင်မောင် ကယ်ပါ့မလား (မကယ်ပါဘူး)။
ဘယ်သူက ကယ်မှာပါလိမ့်
ဒါဖြင့် သားမယားတွေကလဲ ချစ်ပါတယ်၊ ခင်ပါတယ်၊ ကြင်နာပါတယ်ဆို ကယ်နိုင်ပါ့မလား (မကယ်နိုင်ပါဘူး ဘုရား) ပစ္စည်းတွေကလဲ သိန်းပေါင်းများစွာ ချမ်းသာတဲ့ပစ္စည်းကကော (မကယ်နိုင်ပါဘူး) မကယ်နိုင်ပါဘူး၊ ကိုယ် လုပ်ထားတဲ့ အဆောက်အဦတွေ အိုစာ မင်းစာတွေကကော (မကယ်နိုင်ပါဘူး ဘုရား)၊ ဒါဖြင့် ဘယ်သူက ကယ်မှာပါလိမ့် (မဂ္ဂင်ငါးပါးကသာ ကယ်မှာပါ)၊ မဂ္ဂင်ဖောင်ကမှ ကယ်နိုင်တယ်ဆိုတာ သေချာပလား (သေချာပါတယ် ဘုရား) ကိုင်း ဒါဖြင့် ဖောင်အကြောင်းလဲ သိသွားပြီတဲ့၊ ဒီ ဒကာ ဒကာမတွေ။
ဘုရားသခင်ကိုယ်တော်မြတ်ကြီးကလဲ သုခဝေဒနာနောက်က တဏှာလာရင် ဘယ်တော့မှ နိဗ္ဗာန်မရဘူးလို့ မဟောဘူးလား (ဟောပါတယ် ဘုရား)၊ အခု လာသေးရဲ့လား (မလာပါဘူး) သုခဝေဒနာကလေး ဘာလုပ်ကြပါလိမ့် (ဖြစ်ပျက်ရှုရပါမယ်) ဒါဖြင့် သုခဝေဒနာက ဖြစ်ပျက်၊ ရှုတာက (မဂ္ဂပါ ဘုရား) သဘောကျပလား (ကျပါပြီ) သေတာက ဟောဒီမှာ သုံးခု၊ ဒကာ ဒကာမတို့ ဒီသုံးခုသေတော့ မလာဘူးလား (မလာပါဘူး ဘုရား)။
ဒီသုံးခု မလာတဲ့အခါကျလို့ရှိရင်ဖြင့်တဲ့ တဏှာ ဥပါဒါန် ကံတွေ မသေဘူးလား သေသလား (သေပါတယ် ဘုရား)၊ ဒါကို ကြပ်ကြပ်ကြည့်ပါ၊ ပုံထဲကြည့်ကြ ဒကာ ဒကာမတို့နော်၊ တရားလဲနာကြ (မှန်ပါ့)၊ (စက်ဝိုင်းကိုပြသည်)။
ဒီ သုခဝေဒနာကလေးပေါ်တာက အနိစ္စ ဖြစ်ပျက်လို့ ဒကာ ဒကာမတွေက မဂ္ဂင်ငါးပါးနဲ့ ရှုလိုက်ပါတယ်။ ရှုလိုက်တဲ့ အခါကျတော့ ဒီ တဏှာ ဥပါဒါန် ကံ လာသေးလား (မလာပါဘူး ဘုရား)။
ကိုယ်တိုင်မြင်အောင် လိုက်ပါ
ဪ ဒီဟာတွေဟာ ဒကာ ဒကာမတွေ မနေ့ကပြောခဲ့တဲ့ ဒီဟာကို သူက သခုဝေဒနာကလေးက ဧဟိပဿိကော၊ ဧဟိ=လာခဲ့ပါ၊ ပဿ=ကျုပ်ကိုရှုပါလို့ မနေ့က သင်ထားတယ် မဟုတ်လား (မှန်လှပါ ဘုရား) သုခ ဝေဒနာက ဘာတုံး (ဧဟိပဿိကော) မဂ်က ဘာလုပ်ရမတုံး (သန္ဒိဋ္ဌိကောပါ) သိန္ဒိဋ္ဌိကောနဲ့ လိုက်ရမယ် (မှန်ပါ့)၊ သုခဝေဒနာက ဘာတဲ့ (ဧဟိပဿိကောပါ)၊ မဂ်က (သန္ဒိဋ္ဌိကောပါ) သန္ဒိဋ္ဌိကောဆိုတော့ ကိုယ်တိုင်မြင်အောင် လိုက်ပါတဲ့ (မှန်ပါ့)။
သာမံပဿိတဗ္ဗောဆိုတဲ့အတိုင်း ဒကာ ဒကာမတို့ ဘယ်လိုမြင်အောင် လိုက်ရမလဲ (ကိုယ်တိုင်မြင်အောင် လိုက်ရပါမယ်) ကိုယ်တိုင်မြင်အောင် လိုက်လိုက်တဲ့အခါကျတော့ အနိစ္စ သွားမြင်တယ်၊ မမြင်ဘူးလား (မြင်ပါတယ် ဘုရား) ဒါဖြင့် သုခဝေဒနာက အနိစ္စ၊ မြင်တာက (မဂ္ဂပါ ဘုရား) မဂ္ဂရပြီးသကာလ သွားတော့ ဟောဒီ့သမုဒယသုံးခု မောင်ကို သေ-မသေ (သေပါတယ် ဘုရား)။
ဦးခင်မောင် သေ-မသေ (သေပါတယ် ဘုရား)၊ ဒါဖြငလ်လ့ ဒီသမုဒယသစ္စာ သေပေါ့၊ ဒီဘက်က ဒုက္ခတွေက ကျုပ်တို့ ရချင်လို့ ယူချင်လို့ကို ရသေးရဲ့လား (မရပါဘူး ဘုရား) သေသေချာချာ သေတယ်ဆိုတာလဲ ရှင်းကြပလား (ရှင်းပါပြီ) ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ခုနက ဘုရားက သခုဝေဒနာနောက်က တဏှာချုပ်မယ်ဆိုလို့ ရှိရင်လဲ ဒီဘဝ ဒုက္ခခပ်သိမ်း ငြိမ်းလိမ့်မယ်ဆိုတဲ့ဥစ္စာ ငါဟောတယ်ဆိုတာကော ကဲ-နောက်ထပ် ဟောပြန်တော့ကော ဒကာ ဒကာမတွေ ကျေနပ်ကဲ့လား (ကျေနပ်ပါတယ် ဘုရား)။
သုခဝေဒနာနောက်က တဏှာမလာလို့ရှိရင်လဲတဲ့ ဒုက္ခငြိမ်းလိမ့်မယ်၊ ဒုက္ခသိမ်းတဲ့နိဗ္ဗာန် ရောက်လိမ့်မယ်၊ ရလိမ့်မယ်လို့ ငါဘုရား သေသေချာချာ ဟောတယ်ဆိုတော့ တဏှာမလာတဲ့အတွက် ဟောဒီ သမုဒယ ချုပ်တယ်။ မချုပ်ဘူးလား (ချုပ်ပါတယ် ဘုရား)၊ ဟောဒီဒုက္ခတွေကော (ချုပ်ပါတယ် ဘုရား) ဒါတွေဟာ ဒကာ ဒကာမတွေ စဉ်းစား ကြည့်စမ်း၊ ခုနက ပဋိစ္စသမုပ္ပါဒ် တန်းပြတုန်းကလဲ ဒကာ ဒကာမတွေ ခန္ဓာကိုယ်ပဲ (မှန်ပါ့)။
အခု ဝိပဿနာမဂ် ဝင်ကြည့်လိုက်တော့လဲ ဪ ကိုယ့်သန္တာန်ရှိတဲ့ မဂ်ဝင်လိုက်ပြန်တော့ သန္ဒိဋ္ဌိကောနဲ့ ကိုယ်တိုင် လိုက်လိုက်ပြန်တော့လဲ အင်း နေရာကျနေတာပဲ ဒီအတိုင်း မှန်ပေတာပဲဆိုတာ အသွားအပြန်ဟောတဲ့ အတွက် ဒကာ ဒကာမတွေ ကောင်းကောင်းရှင်းရဲ့လား (ရှင်းပါတယ် ဘုရား) ကဲ-တရားပွဲထဲမှာ ဒကာ ဒကာမတွေ ဒါ သဘောမကျ ကျအောင်ပဲ ပြောနေတယ်ဆိုတာ မောင်ကို ကျေနပ်ပလား (ကျေနပ်ပါတယ် ဘုရား)၊ ဒကာ ဒကာမတွေ သဘောကျရဲ့လား (ကျပါတယ်)။
အရှုခံတာက ဖြစ်ပျက်၊
ဪ-ဒါဖြင့် အလုပ်လုပ်တဲ့ပုဂ္ဂိုလ်ကျတော့ ဒကာ ဒကာမတို့ ဒီဘက်က “ဟုတွာ အဘာဝဋ္ဌေန”ဆိုတဲ့ ဖြစ်ပျက်၊ ဒီဘက်က ဘာပါလိမ့် (မဂ္ဂပါ ဘုရား) ရှုတာက မဂ် (မှန်ပါ့)၊ အရှုခံတာက ဖြစ်ပျက်၊ ရှုတာက (မဂ်ပါ ဘုရား) အရှုခံတာက (ဖြစ်ပျက်ပါ ဘုရား) ရှုတဲ့ဉာဏ်က (မဂ်ပါ ဘုရား)၊ အဲ-သေတာက သမုဒယ သဘောကျပလား (ကျပါပြီ) နောင် မရ တာက ဒုက္ခ၊ (မှန်ပါ့) ဒုက္ခရသေးရဲ့လား (မရပါဘူး) ဒုက္ခမရလို့ရှိရင် ဒီဟာ နိရောဓသစ္စာ ဖြစ်ရမယ်၊ သဘောပါ ကြလား (ပါပါပြီ)။
ဪ ဒါဖြင့် နဂိုတုန်းကတော့ ဒုက္ခနဲ့ သမုဒယ တန်းနေတယ်လို့ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ်) မဂ် မဝင်တုန်းကတော့ ဒုက္ခနဲ့ သမုဒယ တန်းနေတယ်၊ ဒီ အခုပြောခဲ့တာတွေက သမုဒယတွေ ဖြစ်ပြီး ဒီဘက်က ဒုက္ခတွေ မနေဘူးလား (နေပါတယ် ဘုရား) ဒါ သုခဝေဒနာကို မရှုတဲ့ပုဂ္ဂိုလ်အတွက်မှာ ဒကာ ဒကာမတို့ သမုဒယနဲ့ ဒုက္ခ ဖြစ်ပါတယ် (မှန်ပါ့ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ)၊ ဒီသုခဝေဒနာကို အနိစ္စလို့ မရှုတဲ့ပုဂ္ဂိုလ်မှာ ဒီ သုံးခုက ဘာပါလိမ့် (သမုဒယပါ) ဒီသုံးခုက (ဒုက္ခပါ)၊ သေချာပလား (သေချာပါပြီ)။
ဪ ဒါဖြင့် ဒကာ ဒကာမတွေ မရှုမပွားတဲ့ ပုဂ္ဂိုလ်အတွက်မှာဖြင့် တစ်နေ့လုံး ဘာလုပ်နေကြပါလိမ့်မတုံး မေးလိုက်တယ်၊ သမုဒယနဲ့ ဒုက္ခနဲ့ပဲ တပည့်တော်တို့ အချိန်ကုန်နေကြတယ် ဘုရား (မှန်ပါ့)၊ ရှင်းကြပလား (ရှင်းပါပြီ)၊ တစ်နေ့လုံး ဘာလုပ်နေကြသလဲ (သမုဒယနဲ့ ဒုက္ခနဲ့ပဲ အချိန်ကုန်နေပါတယ်)၊ သမုဒယနဲ့ ဒုက္ခနဲ့ပဲ အချိန်ကုန်နေတယ်လို့ ဆိုလို့ရှိရင်ဖြင့် ငြင်းဖို့လိုသေးသလား (မလိုပါဘူး)၊
ကိုင်း ဒါဖြင့် ဒကာ ဒကာမတွေမှာ တစ်နေ့လုံးဟာ ရိုးရိုးပဲ ခုနက သီလလဲ ယူထားတော့ အရောင်းနဲ့ အဝယ်နဲ့ အပြောနဲ့ အဆိုနဲ့ သားနဲ့ သမီးနဲ့ နေကြတဲ့ပုဂ္ဂိုလ်များမှာ ဘယ်သစ္စာနှစ်ပါးနဲ့ နေကြပါလိမ့်မတုံး (သမုဒယနဲ့ ဒုက္ခနဲ့ နေကြပါတယ် ဘုရား)၊ သမုဒယနဲ့ ဒုက္ခနဲ့ပဲ နေတာပဲ (မှန်ပါ့)၊ ရှင်းကြပလား (ရှင်းပါပြီ)၊ နိရောဓ မဂ္ဂပါသေး ရဲ့လား (မပါပါဘူး)၊ ဪ တကယ်ကြောက်စရာ ကောင်းပါကလား ဒကာ ဒကာမတို့ (မှန်လှပါ)။
သမုဒယသစ္စာသည် ဒုက္ခဖြစ်ကြောင်း (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)၊ သမုဒယသုံးခုက (ဒုက္ခဖြစ် ကြောင်းပါ ဘုရား) သေသည်၏ အခြားမဲ့၌ ဒုက္ခဖြစ်ကျိုးသုံးခု မရဘူးလား (ရပါတယ် ဘုရား)၊ ဒါ-ဆုတောင်းလို့ ပြည့် တာလား ဓမ္မသဘောပဲ ဖြစ်တာလား (ဓမ္မသဘောပါ ဘုရား)၊ ဒီအထဲကနေပြီး ခင်ဗျားတို့က လုပ်တာကတော့ သမုဒယနဲ့ လုပ်တာ ဟုတ်လား ၊ ဒုက္ခငြိမ်းတဲ့ နိဗ္ဗာန် ရရပါလို၏လို့ ပါစပ်ကအော်နေလို့ ဒီအကြောင်းအကျိုးက ပြတ် သွားမှာလား (မပြတ်ပါဘူး ဘုရား)၊ ပြတ်နိုင်ပါ့မလား (မပြတ်နိုင်ပါဘူး)။
ဦးခင်မောင် အပြောကလေးနဲ့ ပြတ်ရင် အလွယ်သားပေါ့ (မှန်ပါ့)၊ အပြောနဲ့ပြတ်တဲ့ တစ်မျိုးလား (မဟုတ်ပါ ဘူး ဘုရား)၊ အလုပ်နဲ့ ပြတ်ရမည့် တရားမျိုး (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ)၊ အပြောနဲ့ ပြတ်မှာလား၊ အလုပ်နဲ့ ဖြတ်ရမှာလား (အလုပ်နဲ့ ဖြတ်ရမှာပါ ဘုရား)၊ ကိုင်း-ဒါဖြင့် ဒီကြားထဲ အလုပ်ဝင်လိုက်၊ အပြောနဲ့ဖြင့် မပြတ်တာ သေချာနေပြီ (မှန်ပါ့)၊ ဒါဖြင့် ဒီကြားထဲ အလုပ်ဝင်လိုက်။
ဒကာ ဒကာမတို့ သုခဝေဒနာကလေး ကိုယ်ပေါ်မှာပေါ်တယ်၊ ဒီကနေပြီးသကာလ သူက သုခဝေဒနာကလေး ကိုယ်ပေါ်-ပေါ်တယ်ဆိုတော့ ဒကာ ဒကာမတွေ ဧဟိပဿိကောလို့ မနေ့က ပြောခဲ့ပြီ (မှန်လှပါ ဘုရား) ဧဟိက ဘာတဲ့တုံး (လာပါ) ပဿက (ရှုပါ)၊ ဪ ဒါကလေးက ရှုပါ ရှုပါလို့ ခေါ်နေတယ်၊ လာ-ရှုပါ လာ-ရှုပါလို့ ခေါ်တယ်၊ သဘောကျပလား (ကျပါတယ်)။
လာရှုပါ လာရှုပါလို့ခေါ်တော့-သုခဝေဒနာကလေးက ခေါ်တော့ ခင်ဗျားတို့က လာတာက လွဲနေတယ်။ လာတော့လာတယ်၊ သူ့နောက်က တဏှာက လာပစ်လိုက်တယ်၊ နေရာကျလိုက်တာဟေ့ ချမ်းသာလိုက်တာ လို့ ဆိုပြီး တဏှာလာပစ်လိုက်တယ် (မှန်ပါ့)၊ မလာဘူးလား (လာပါတယ်)၊ ဦးခင်မောင် ဘာလာပစ်လိုက်သလဲ (တဏှာ လာပစ်လိုက်ပါတယ်) လာရမှာက ဘာလာရမှာတုံး (မဂ်ပါ ဘုရား)။
မဂ် လာရမှာတဲ့၊ သန္ဒိဋ္ဌိကောဆိုတဲ့ ကိုယ်တိုင်မြင်တဲ့ မဂ်-လာရမှာ၊ သဘောကျပလား (မှန်ပါ့)၊ ကိုယ်တိုင်မြင်တဲ့ မဂ်-လာရမှာ ဘာလာနေကြသလဲ (တဏှာ လာနေပါတယ် ဘုရား)၊ အဲဒီတွင် ကိုယ်ကျိုးနည်းပြီ၊ (မှန်ပါ့) အဲဒီတော့ တဏှာလာတော့ ပြန်ပြောလိုက်တယ်၊ သုခဝေဒနာပစ္စယာ (တဏှာပါ ဘုရား)၊ တဏှာပစ္စယာ (ဥပါဒါနံ) ဥပါဒါနပစ္စယာ (ကမ္မဘဝေါ) ကဲ ခင်ဗျားတို့ ပစ္စုပ္ပန် မကောင်းတဲ့ အကြောင်းသုံးခု ကိုယ့်ဝမ်းထဲ မရောက်သေးဘူးလား (ရောက် ပါတယ် ဘုရား)။
အလာ လွဲနေတယ်
အကျိုးသုံးခုကို ကျုပ်မရချင်ဘူးဆိုလို့ကော တားလို့ဆီးလို့ ရပါ့မလား (မရပါဘူး ဘုရား) ဒါဖြင့် သမုဒယနဲ့ ဒုက္ခပဲ ဖြစ်တယ် (မှန်ပါ့)၊ ဦးခင်မောင် အလာလွဲပြီ (မှန်ပါ့)၊ ခေါ်တဲ့နေရာမှာ (အလာလွဲနေပါတယ် ဘုရား)၊ အလာ လွဲနေတယ်ဆိုတာ သေချာပလား (သေချာပါတယ်) ခေါ်တဲ့နေရာမှာ (အလာလွဲနေပါတယ် ဘုရား)။
အလာလွဲနေတာ သေချာတဲ့အတွက် ခင်ဗျားတို့ဟာ ဘယ်သစ္စာနှစ်ခုကို ကိုယ်ပိုင်ရပါလိမ့်မလဲ (သမုဒယသစ္စာနဲ့ ဒုက္ခသစ္စာ ကိုယ်ပိုင်ရပါတယ် ဘုရား)၊ သမုဒယသစ္စာက အပူဓာတ်၊ သဘောကျပလား၊ သမုဒယသာ ဝမ်းထဲမှာရှိရင် ပူနေတာပဲ (မှန်ပါ့) သူက ဒုက္ခဿ-ဆိုသဖြင့် ဒကာ ဒကာမတွေ သိတဲ့အတိုင်း သူကလဲ ဆင်းရဲမျိုးတွေကို စုံနေအောင် အကျိုးပေးတာပဲ၊ မပေးဘူးလား (ပေးပါတယ် ဘုရား)။
ဒါဖြင့် အပူနဲ့ ဆင်းရဲပဲရတယ် (မှန်ပါ့)၊ သဘောပါကြလား (ပါပါပြီ)၊ ဘာရသလဲ (အပူနဲ့ဆင်းရဲပဲ ရပါတယ် ဘုရား)။ ဘယ့်နှယ်ကြောင့် ဒီ ဒကာ ဒကာမတွေ အပူနဲ့ဆင်းရဲချည်း ရနေပါလိမ့်မတုံးဆိုတော့ အလာလွဲတယ် (မှန်လှပါ)၊ ဧဟိ=လာခဲ့ပါ၊ ပဿ-ရှုပါလို့ဆိုတော့ အရှုကလွဲနေလို့ မဂ်နဲ့သွားရမှာ တဏှာနဲ့ သွားနေလို့ ရှင်းပလား (ရှင်းပါပြီ)။
ဒီကရှေ့ ဘာနဲ့သွားမလဲ (မဂ်နဲ့သွားပါမယ် ဘုရား) မဂ်နဲ့သွားလိုက်တော့ အပူသိမ်း၍ ဒုက္ခငြိမ်းတယ်၊ ဘယ့်နှယ် ဆိုကြမယ် (အပူသိမ်း၍ ဒုက္ခငြိမ်းပါတယ် ဘုရား) အပူသိမ်း၍ ဒုက္ခငြိမ်းတယ်ဆိုတာ ဒကာ ဒကာမတွေ မသေချာ ဘူးလား (သေချာပါတယ် ဘုရား) အဲဒါကြောင့် အလုပ်ဟာ လုပ်ပြီးတဲ့အခါကျတော့မှ မောင်ကိုတို့ ဦးခင်မောင်တု့ အပူသိမ်း၍ ဒုက္ခငြိမ်းတယ်ဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား)။
ဒါဖြင့် ဒီလာနည်း ဒီသွားနည်း ခေါ်တော့ခေါ်တာပဲ၊ ဧဟိ=လာခဲ့ပါ၊ ပဿ=ရှုပါလို့ဆိုတော့ တဏှာကချည်း ဦးအောင် သွားနေတယ် (မှန်လှပါ)၊ ဉာဏ်က သွားရဲ့လား (မသွားပါဘူး) အဲဒီတော့ ဉာဏ်က မသွားတော့ကို ဉာဏ် မဂ္ဂင်က မသွားဘဲဖြစ်နေတော့ ကျုပ်တို့မှာ-တဲ့ အပူရတယ် ဆင်းရဲရတယ် (မှန်ပါ့)၊ ဘာရကြသလဲ (အပူရ-ဆင်းရဲ ရပါတယ် ဘုရား)၊ အပူနဲ့ ဆင်းရဲပဲရတယ်၊ ရှင်းကြပလား (ရှင်းပါပြီ)။
မဂ္ဂင်နဲ့သိအောင်လုပ်ပါ
အပူနဲ့ (ဆင်းရဲပဲရပါတယ်)၊ အပူနဲ့ဆင်းရဲပဲ ရတယ်ဆိုတာ သေချာကြပလား (သေချာပါတယ် ဘုရား)၊ အဲဒါ ဘာလုပ်လို့ ဘယ့်နှယ်ကြောင်ပါ့လိမ်၊ ခေါ်တာကို အသွားမတတ်လို့ (မှန်လှပါ ဘုရား)၊ ဘယ်လို ဆုံးဖြတ်ချက်ချမလဲ (ခေါ်တာကို အသွားမတတ်လို့ပါ ဘုရား)၊ ကဲ-ဒီကရှေ့ဖြင့် ဘုရားသခင်ကိုယ်တော်မြတ်ကြီးကလဲ ပြင်ခဲ့သည့်အတိုင်း ဆရာဘုန်းကြီးကလဲ ပြင်တဲ့အတွက်-
”သုခံဝါ ဝေဒနံ ဝေဒယမာနော
သုခံဝေဒနံ ဝေဒယာမီတိ ပဇာနာတိ”
သိအောင် လုပ်လေကွာလို့ဆိုတော့ ပဇာနာတိ=ပညာနဲ့ သိအောင်လုပ်ပါဆိုတော့ မဂ္ဂင်နဲ့သိအောင်လုပ်ပါလို့ ဘုရားက မဟောဘူးလား (ဟောပါတယ် ဘုရား)။
အဲဒီဟောတဲ့အတိုင်း ဘုန်းကြီးတို့ ဒကာ ဒကာမတွေက ခေါ်ရာကို အသွားတတ်မယ်ဆိုလို့ရှိရင်ဖြင့် အပူသိမ်း၍ ဒုက္ခငြိမ်းပါတယ် (မှန်ပါ့)၊ သဘောပါကြလား (ပါပါတယ်)၊ အပူသိမ်း၍ (ဒုက္ခငြိမ်းပါတယ် ဘုရား)၊ အပူသိမ်းဆိုတာ သမုဒယသိမ်းတာ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)၊ အပူသိမ်း၍ (ဒုက္ခငြိမ်းပါတယ် ဘုရား) ခေါ်ရာကို သွားတတ်တဲ့ အတွက် ၊ ရှင်းကြပလား (ရှင်းပါပြီ)။
ဘယ့်နှယ်တဲ့ (ခေါ်ရာကို သွားတတ်တဲ့အတွက်) ခေါ်ရာကို သွားတတ်တဲ့အတွက် အပူသိမ်း၍ (ဒုက္ခငြိမ်းပါ တယ် ဘုရား)၊ ဒုက္ခငြိမ်းတာ ခင်ဗျားတို့ ရှေ့တွင်အပူသိမ်းတာပါ၊ ဒကာ ဒကာမတို့ သဘောကျပလား (ကျပါပြီ)၊ ခင်ဗျားတို့ရှေ့တွင် အပူသိမ်းတာပါ၊ မဂ္ဂင်နဲ့ ဒီလိုသွားလိုက်တာကို (မှန်ပါ့)၊ မဂ္ဂင်နဲ့ သွားလိုက်တဲ့အတွက် အပူသိမ်း၍ ဘာတုံး (ဒုက္ခငြိမ်းပါတယ် ဘုရား)။
ဒါဖြင့် အပူသိမ်း၍ ဒုက္ခငြိမ်းတယ်ဆိုသဖြင့် ဒကာ ဒကာမတို့ ရှုထားတဲ့ ဓမ္မဂုဏ်တော်ရွတ်ကြည့်၊ သေသေချာချာ ပေါ်ပါလိမ့်မယ် အကာလိကော၊ သန္နိဋ္ဌိကောပြီးတော့ ဦးခင်မောင် ဘာလာသတုံး (အကာလိကော) ကိုင်း အပူ သိမ်းတာလား ဒကာ ဒကာမတို့ အခါမလင့် အကျိုးပေးတာလား ၊ အပူ မသိမ်းသေးဘူးလား (သိမ်းပါတယ် ဘုရား)၊ အခါများ ခြားသေးလား (မခြားပါဘူး) ဒါဖြင့် အကာလိကော-ကောမကိုက်ဘူးလား (ကိုက်ပါတယ်)။
ဒုက္ခသိမ်းတာလဲ အကာလိကောပဲ မကျဘူးလား (ကျပါတယ်) ဒါဖြင့် ဒကာ ဒကာမတို့ ဧဟိပဿိကော ခေါ်ရာကို သန္နိဋ္ဌိကောနဲ့ လိုက်လို့ရှိရင် အကာလိကောဆိုတာ အပူသိမ်း၍ (ဒုက္ခငြိမ်းတာ)၊ အဲဒါ ဘာဆိုကြမလဲ (အကာလိကောပါ ဘုရား)၊ သေသေချာချာမှတ်ပါ ဒကာ ဒကာမတို့ ရထားတဲ့ဟာကို ရှင်းပေးတာပါ (မှန်ပါ့)။
ဦးခင်မောင် ဘာရှင်းပေးပါလိမ့် (ရထားတာ ရှင်းပေးတာပါ ဘုရား) နောက်က ဒကာ ဒကာမတွေ (ရထားတာ ရှင်းပေးတာပါ ဘုရား) ရှင်းလိုက်တော့ ခင်ဗျားတို့ ကွယ်ရာမှာ ရှင်းတာလား ၊ ရှေ့တွင် ရှင်းတာလား (ရှေ့တွင် ရှင်းတာပါ ဘုရား)၊ ဟုတ်ကော ဟုတ်ရဲ့လား။ (ဟုတ်ပါတယ် ဘုရား) ပဋိစ္စသမုပ္ပါဒ် ဆက်နိုင်သေးရဲ့လား (မဆက်နိုင် ပါဘူး)၊ မဆက်နိုင်တာကို သေသေချာချာ ခင်ဗျားတို့ သိရတဲ့အတွက်တဲ့ ဪ ဒီ တရားသည်ကားလို့ဆိုရင် တယ်-အဖိုးတန်ပါကလား (မှန်ပါ့)။
ခေါ်ရာကို လိုက်တတ်တာနဲ့ ကိစ္စပြီးသွားတာ
ဒါဖြင့် ဒီဘက်က ဧဟိပဿိကော ခေါ်ရာကို သန္နိဋ္ဌိကောနဲ့ လိုက်လို့ရှိရင်ဖြင့် အကာလိကောဆိုတဲ့ အခါမလင့် အကျိုးပေးတဲ့ အပူသိမ်း၍ ဒုက္ခငြိမ်းတာဟာ ဒို့-ဆုတောင်းနဲ့ရတာလား ၊ ခေါ်ရာကို လိုက်တတ်တာနဲ့ ကိစ္စပြီး သွားတာလား ခေါ်ရာကို လိုက်တတ်တာနဲ့ ကိစ္စပြီးသွားတာပါ ဘုရား)။
ခေါ်ရာကို လိုက်တတ်တာနဲ့ ကိစ္စပြီးသွားတာကို ဒကာ ဒကာမတို့ သူများပြောလား ၊ မျက်မြင်လား (မျက်မြင်ပါ ဘုရား)။
ဒါဖြင့် မျက်မြင်အလုပ်ဖြင့် လုပ်ထိုက် မလုပ်ထိုက် (လုပ်ထိုက်ပါတယ် ဘုရား)၊ ဖောင်ကော ဖြစ်ပလား (ဖြစ်ပါပြီ ဘုရား)၊ ငါးလုံးဖောင် သေချာပလား (သေချာပါပြီ ဘုရား)။
ငါးလုံးဖောင် ဆိုလို့ရှိရင်ပဲ လူတစ်ယောက်ကတော့ဖြင့် မြုပ်ခြင်း မျောခြင်းလမ်းကို လွတ်ပါတယ် (မှန်လှပါ)၊ ရှင်းကြပလား (ရှင်းပါပြီ)၊ ငါးလုံးဖောင်ကို ကိုယ်ပိုင်ရရင်ပဲ မြုပ်ခြင်း မျောခြင်း ဘယ့်နှယ်နေသတုံး (လွတ်ပါတယ် ဘုရား) မြုပ်ခြင်း မျောခြင်း လွတ်နိုင်ပါတယ်။ အထက်ဆန်သွားတယ်ဆိုတော့ သုဂတိ သေသေချာချာ မရောက် ဘူးလား (ရောက်ပါတယ် ဘုရား)။
အဲဒါတွေ ဒကာ ဒကာမတွေကို ယခု သုခဝေဒနာတစ်လုံးကို ဖြစ်ပျက်ရှုတာကို ဟောရသဖြင့် ဘုန်းကြီးက အများကြီး ကျေနပ်ပါတယ်၊ ဘာ့ကြောင့် ကျေနပ်ပါလိမ့်မတုံးဆိုတော့ ခင်ဗျားတို့ မျက်မြင်ပြပြီးသကာလ သူ့ပါဠိတော်နဲ့လဲ တစ်လုံးမှ မလွဲ-မောင်ကို လွဲသေးလား (မလွဲပါဘူး ဘုရား) အကျိုးပေးကလဲ ချက်ခြင်း အကျိုးပေးတယ်ဆိုတာလဲ ရှောင်ရှားနေလို့ ရသေးရဲ့လား (မရပါဘူး)။
ဒါဖြင့် ဒီအလုပ်သည်ကားလို့ဆိုရင် ဒကာ ဒကာမတို့ ခုနက ပဋ္ဌမက ရှင်းခဲ့တဲ့ ငါးလုံးဖောင်မှ မရှိရင်လဲ မြုပ်ရုံနဲ့ မျောရုံ(မှန်ပါ့) ရေတွေက တိုက်ချသွားမှာ မဟုတ်လား (မှန်ပါ့ ဘုရား) ငါးလုံးဖောင် မရှိရင်လဲ (မြုပ်ရုံနဲ့ မျောရုံပါပဲ) မြုပ်ရုံနဲ့ မျောရုံပဲဆိုတာ သေချာပလား (သေချာပါတယ်)။
ငါသေရင် ဘာဖြစ်မှာတုံး
ကိုင်း ဒကာ ဒကာမတို့ ဒါကလေးမှ မရှိရင် ခင်ဗျားတို့ ဪ ငါသေရင် ဘာဖြစ်မှာတုံးလို့ မတွေး ပါနဲ့ဦး၊ သဘောကျပလား (မှန်ပါ့ ဘုရား)၊ ငါသေရင် ဘာဖြစ်မှာတုံးလို့ မတွေးနဲ့ မြုပ်သမား မျောသမား သေချာပဟေ့၊ ရှင်းကြပလား (ရှင်းပါပြီ)၊ ဘာ-သေချာပါလိမ့် (အမြုပ်သမား အမျောသမား သေချာပါတယ် ဘုရား) သဘောပါကြ လား (ပါပါတယ်)။
ကဲ ဒါဖြင့် မှတ်မိအောင် ဒကာ ဒကာမတို့ နာရီကလဲ အင်မတန်စေ့လွယ်တယ်၊ ကဲ ဒါဖြင့် ခေါ်တဲ့ တရားက ဘာတဲ့ (ဧဟိပဿိကောပါ ဘုရား) သွားရမည့်တရားက (သန္ဒိဋ္ဌိကောပါ) ကိုယ့်သန္တာန်မှာ အပူသိမ်းတာ ဒုက္ခငြိမ်းတာက ဘာတဲ့ (အကာလိကောပါ ဘုရား)။
ကိုင်း ဒကာ ဒကာမတို့ ဒါ အလိုက်ကောင်းတော့ အမှားတွေ သေတယ်ဆိုတာကော သေချာကြပလား (သေချာပါတယ် ဘုရား)၊ ဘာသံသယရှိဖို့ လိုသေးလဲ (မလိုပါဘူး ဘုရား)။
အဲဒါ သေသေချာချာ မှတ်တော့မှ ဪ ဒို့သည်ကားလို့ ဆိုလို့ရှိရင်ဖြင့် တရားဂုဏ်တော်ခြောက်ပါးထဲမှာ ဒို့အလုပ်စဉ် ပါနေပါကလားဆိုတာလဲ ဦးခင်မောင်ရေ တခြားက ရှာရတာလား၊ တရားဂုဏ်တော်ထဲ ပါပြီးသားလား၊ (တရားဂုဏ်တော်ထဲ ပါပြီးသားပါ ဘုရား)။
တရားဂုဏ်တော်ထဲ ပါပြီးသားဖြစ်နေတဲ့အတွက် မောင်ကိုတို့ လူစု ဦးခင်မောင်တို့လူစု ဘာပူစရာရှိသေးသတုံး (မရှိပါဘူး ဘုရား) ကျုပ်ဖြင့်ဗျာ အပါယ်သွားရမှာ သိပ်ကြောက်တာပဲ၊ ဟ ဒါလုပ်လိုက်ဆိုတော့ အပါယ်သွားမည့် တရားသုံးခု မသေဘူးလား သေသလား (သေပါတယ် ဘုရား)၊ တဏှာ ဥပါဒါန် ကံ မသေဘူးလား (သေပါတယ် ဘုရား)။
ဒါဖြင့် အပါယ်သွားရမှာ ကြောက်တယ်ဆိုရင် ဒါလုပ်ရုံပဲ (မှန်လှပါ ဘုရား)၊ သဘောကျပလား (ကျပါပြီ)၊ ဒါဖြင့် ဒကာ ဒကာမတို့ ဘာဖောင်ယနေ့ ဆင်ဖြစ်ပါလိမ့် (ငါးလုံးဖောင်ပါ ဘုရား)။
အဲ ဖောင်ဆင်ဖြစ်တယ်ဆိုတာ ဒီနေ့ သုခဝေဒနာ တစ်လုံးတည်းပဲ အတော်ကြာသွားပြီ၊ ကြာချင်ကြာပေ့စေ ဒကာ ဒကာမတို့ နားလည်မှု ရှေးရှုဟောနေရတာနော် (မှန်ပါ့ ဘုရား)။
ကဲ-ဒါဖြင့် သုခဝေဒနာ ဒါက အပကိုယ်ပေါ်မှာ ပေါ်တယ်လို့ မှတ်လိုက်တာပေါ့နော်၊ သောမနဿဝေဒနာ ဝမ်းသာတယ်ဆိုတော့ ဝမ်းထဲက မသာဘူးလား (သာပါတယ် ဘုရား)။
အဲဒီဝမ်းထဲက သာပြန်လို့ရှိရင်လဲ သောမနဿဝေဒနာနောက် သူမရှုပဲထားလို့ရှိရင်လဲ ခုနက ပြောခဲ့တဲ့ တဏှာ ဥပါဒါန် ကံ လိုက်ဦးမှာပဲ (မှန်ပါ့) မလိုက်ပေဘူးလား (လိုက်ပါတယ် ဘုရား)။
ဒါဖြင့် ပစ္စုပ္ပန်အကြောင်း သုံးခုလာလို့ရှိရင် အနာဂတ် အကျိုးသုံးခုကတော့ မလာဘူးလား၊ လာမလား (လာပါမယ် ဘုရား)၊ ဇာတိ ဇရာ မရဏ မလာနိုင်ဘူးလား (လာပါတယ် ဘုရား)။
မရှုတဲ့ပုဂ္ဂိုလ်ဆိုတော့
သောမနဿဝေဒနာကို မရှုမိဘဲနဲ့ (ဝါ) သုခဝေဒနာမရှုမိဘဲနဲ့ သုခသောမနဿဟာ အတူတူပဲ၊ နိဗ္ဗာန်ရောက် လိမ့်မယ်လို့ ငါဘုရားသည် ဒုက္ခခပ်သိမ်း ငြိမ်းတဲ့နိဗ္ဗာန် ရောက်လိမ့်မယ်လို့ မဟောဘူးဆိုတာ မရှုရင် ဒကာ ဒကာမတို့ ဒါတွေပဲ လာမှာပဲ (မှန်လှပါ ဘုရား)၊ မလာဘူးလား (လာပါတယ် ဘုရား)။
မရှုရင် (တဏှာ ဥပါဒါန် ကံ)။
ဒီဘက်က (ဇာတိ ဇရာ မရဏ)။
ဘယ်ပုဂ္ဂိုလ် လာပါလိမ့်မလဲ ဒကာ ဒကာမတို့ (မရှုတဲ့ပုဂ္ဂိုလ် လာပါတယ်)။
အဲ-မရှုတဲ့ပုဂ္ဂိုလ်ဆိုတော့ ဒကာ ဒကာမတွေ သတိပေးလိုက်ပါတယ်၊ ဧဟိပဿိကော ခေါ်ရာကို သန္နိဋ္ဌိကောနဲ့ မှန်မှန်မလိုက်လို့ (မှန်လှပါ)၊ သဘောကျပလား (ကျပါပြီ)၊ အကာလိကောဆိုတဲ့ အကျိုးပေးခွင့် ခံစားရသေးရဲ့လား (မခံစားရပါဘူး) တယ်လဲ ဆုံးရှုံးသွားပါကလား (မှန်ပါ့)၊ အင်မတန် မနစ်နာဘူးလား (နစ်နာပါတယ် ဘုရား)။
အဲဒီတော့ ဒကာ ဒကာမတို့ ဝမ်းထဲ သောမနဿလာလဲ ဖြစ်ပျက် ရှုပါ (မှန်ပါ့)၊ သောမနဿလာလဲ (ဖြစ်ပျက် ရှုရပါမယ် ဘုရား)။
ဖြစ်ပျက်ရှုလိုက်တော့
ဒါဖြင့် ဖြစ်ပျက် ရှုလိုက်တဲ့အခါကျတော့ ဒကာ ဒကာမတို့ ဒီမဂ်ငါးခုဟာ အရင်အတိုင်း ပြန်ဝင်နိုင်တယ်၊ မဝင်ပေဘူးလား (ဝင်ပါတယ် ဘုရား)၊ ဖြစ်ပျက်ရှုလိုက်တော့ မဂ်ဝင်မလာဘူးလား (လာပါတယ် ဘုရား) “သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပ သမ္မာဝါယမ သမ္မသတိ သမ္မသမာဓိ”ဆိုတဲ့ မဂ္ဂင်ငါးပါး ဝင်မလာဘူးလား (ဝင်လာပါတယ် ဘုရား)။
မဂ္ဂင်ငါးခုသည်ကားလို့ ဆိုလို့ရှိရင်ဖြင့် ဧဟိပဿိကော ခေါ်ရာကို သန္ဒိဋ္ဌိကောနဲ့ လိုက်တဲ့အတွက် ဒကာ ဒကာမတို့ ဒီသမုဒယသုံးခု ချုပ်-မချုပ် (ချုပ်ပါတယ် ဘုရား) သူချုပ်တော့ ဒီဘက်က ဒုက္ခသုံးခုကော (ချုပ်သွားပါးတယ် ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ခင်ဗျားတို့ ဘုရားရှိခိုးပြီးသကာလ ဪ ဒီပါဠိတော်ဖြင့် ဘုရားရှိခိုးတဲ့ လူအပေါင်း ဟာဖြင့် မပါဘူးလို့ဆိုတဲ့ပုဂ္ဂိုလ် ရှားပါတယ်။ (မှန်ပါ ရှားပါတယ်)။
ဘုရားရှိခိုးတိုင်း သန္ဒိဋ္ဌိကော အကာလိကော ဧဟိပဿိကော ဆိုတာတော့ မပါတဲ့ပုဂ္ဂိုလ် အတော်ရှားမယ်၊ (ရှားပါတယ် ဘုရား)၊ မရှားပေဘူးလား (ရှားပါတယ် ဘုရား)။
အဲဒီတော့ ဪ ဒို ဆရာဘုန်းကြီးက ဒီဥစ္စာ အလုပ်ခွင်သွင်းပါဦးဆိုပြီး ဘုရားရှိခိုးပြီးရင် ကဲ ဧဟိ ပဿိကော ခေါ်ရာကို သန္ဒိဋ္ဌိကော လိုက်ဦးမယ်လို့ ခင်ဗျားတို့ ဘုရားရှိခိုးပြီးရင် အလုပ်နဲ့ လိုက်ဦးမယ် ဆိုပြီးသကာလ ဒီစိတ်ကလေး ပြောင်းကြပါ (မှန်ပါ့)၊ မောင်ကို ပြောင်းသင် မပြောင်းသင့် (ပြောင်းသင့်ပါတယ် ဘုရား)။
ဘုရားရှိခိုးတော့ ဒါတော့ ပါသွားပြီ (မှန်ပါ့)၊ ပါသွားပြီးသကာလ ဒီဥစ္စာကို အရွတ်အဘတ် ဓမ္မာနုဿတိသာ ပါသွားပြီး သကာလ သမထသာ ပါသွားပြီး ဒို့မှာ ဝိပဿနာ မပါသေးပါကလားလို့ ဆိုတာကော မသေချာဘူးလား (သေချာပါတယ် ဘုရား)။
ဧဟိပဿိကော ဩပနေယျိကော ပစ္စတ္တံ
ဝေဒိတဗ္ဗော ဝိညူဟီတိ။
တရားဂုဏ်တော်တွေ ရှိခိုးပါ၏ဆိုတော့ ဓမ္မာနုဿတိ မဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား)၊ သမထပါပဲ (မှန်လှပါ ဘုရား)။ အဲဒီ သမထနဲ့ပဲ ကိစ္စပြီးနိုင်ပါသလားလို့ မေးတော့ ဘယ့်နှယ်ဖြေကြမလဲ (မပြီးနိုင်ပါဘူး ဘုရား)။
ဒါဖြင့် ရွတ်တော့ ရွတ်ပြီးပြီဟေ့ ရှိတော့ ရှိခိုးပြီးပြီဟေ့၊ ရှိခိုးပြီးသည့်နောက် ငါသည်ကားလို့ဆိုရင်ဖြင့် ဝိပဿနာ အလုပ် လုပ်ဦးမှပဲ၊ ဒီ ပါဠိတော်အတိုင်း ဝိပဿနာလုပ်ဦးမှပဲ ဆိုပြီးသကာလ လုပ်ကြမယ်ဆိုရင်ဖြင့် ခန္ဓာကိုယ်ထဲ ပေါ်တဲ့အတိုင်း ဝေဒနာတွေက ဒကာ ဒကာမတွေ ဧဟိပဿိကော၊ သဘောကျပလား (ကျပါပြီ)။
ခန္ဓာထဲပေါ်တဲ့ ဝေဒနာတွေက (ဧဟိပဿိကောပါ ဘုရား)၊ မဂ္ဂင်က (သန္ဒိကောပါ ဘုရား)၊ အဲ – မဂ္ဂင်က သန္ဒိဋ္ဌိကောနဲ့လိုက်၊ သဘောကျပလား (ကျပါပြီ။
ဧဟိပဿိကောခေါ်ရာကို သန္ဒိဋ္ဌိကောနဲ့ လိုက်ပါ
ဒါဖြင့် ဧဟိပဿိကောခေါ်ရာကို (သန္ဒိဋ္ဌိကောနဲ့ လိုက်ပါ) သန္ဒိဋ္ဌိကောနဲ့ လိုက်လို့ရှိရင်ဖြင့် ဘာများကျေးဇူး ခံစားရသတုံးမေးရင် ဘယ့်နှယ်ပြောကြမလဲ (အကာလိကော ဖြစ်ပါတယ်) အကာလိကောဆိုတော့ ဟောဒီ့ သမုဒယနဲ့ ဒုက္ခချုပ်တယ်၊ မချုပ်ဘူးလား (ချုပ်ပါတယ် ဘုရား)၊ ဒီ သမုဒယနဲ့ ဒီ ဒုက္ခချုပ်တယ်ဆိုတာ သေချာကြပလား (သေချာ ပါတယ် ဘုရား)။
ဒါကြောင့် ကိုယ်ပေါ် သုခပေါ်လဲ ဖြစ်ပျက်ရှုပါ၊ ဝမ်းထဲ ဝမ်းသာတဲ့ သောမနဿပေါ်ရင်ကော (ဖြစ်ပျက်ရှု ရပါမယ် ဘုရား) ဖြစ်ပျက်ရှုလိုက်တဲ့ အခါကျလို့ရှိရင်ဖြင့်တဲ့ ဒကာ ဒကာမတို့ မဂ်ပေါ်လာတယ်ဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား)။
ဒါဖြင့် မဂ်ဆိုတာ ဖောင်ပဲ မောင်ကိုရေ (မှန်လှပါ)၊ မဂ်ဆိုတာ ဘာပါလိမ့် (ဖောင်ပါ ဘုရား)၊ ဘယ်နှစ်လုံး ဖွဲ့ထားတဲ့ဖောင်ပါလိမ့် (ငါးလုံးဖွဲ့ထားပါတယ်)၊ ငါးလုံးဖွဲ့ထားတဲ့ဖောင်ပဲ ရှိသေးတယ်ဆိုတာ သေချာပလား (သေချာ ပါပြီ)။
ရှစ်လုံးတွဲရမှ စိတ်ချရတယ်
ဒါဖြင့် ဒကာ ဒကာမတို့ ရှစ်လုံးတွဲရမှ သာပြီးစိတ်ချရတယ် (မှန်ပါ့)၊ သဘောပါကြလား (ပါပါတယ်)၊ ရှစ်လုံး မတွဲရသေးရင် (စိတ်မချရသေးပါဘူး)၊ အဲ ဝိပဿနာရှုပြီးသကာလ နေငြားသော်လဲ ငါးလုံးထက် မပိုနိုင်ဘူး၊ အမြဲတမ်းက ငါးလုံးပဲရှိမယ်နော် (မှန်ပါ့)။
ကဲ ဒါဖြင့် ဝိပဿနာနဲ့ သေပျော်ကြပလားလို့ မေးလို့ရှိရင်ဖြင့် ဒုတိယဘဝ ပဋိသန္ဓေရှိသေးတယ် ဟောရ လိမ့်မယ်နော် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ) နတ်ပဋိသန္ဓေ ကျန်မနေဘူးလား (ကျန်နေပါတယ် ဘုရား) သို့သော် ဒီဥစ္စာလဲ ပဋိသန္ဓေဟူသ၍ဟာ ဇာတိပဲ၊ ဇာတိသည် ဘာသစ္စာလဲ (ဒုက္ခသစ္စာပါ ဘုရား)။
ဒါဖြင့် ဒုက္ခသစ္စာ ကျန်သေးတယ်ဆိုတော့ ကောင်းသေးရဲ့လား (မကောင်းပါဘူး)၊ မကောင်းတဲ့အခါကျလို့ရှိ ရင်ဖြင့် ရှစ်ပါးပြည့်အောင်လုပ်ဖို့ အရေးဟာ ကျုပ်တို့ မကျန်လားဗျာ (ကျန်ပါတယ် ဘုရား)။
ကဲ ဒါဖြင့် ရှစ်ပါးဖြစ်အောင် ဘယ်လိုလုပ်ရမှာတုံးလို့ မေးတဲ့အခါကျတော့ ဘုရားသခင် ကိုယ်တော်မြတ် ကြီးက ဝေဒနာသံယုတ်မှာ ဘယ်လိုဟောလိုက်သတုံးလို့ဆိုတော့-
သော ဝေဒနာ ပရိညာယ၊
ဒိဋ္ဌေဓမ္မေ အနာသဝေါ။
ကာယဿ ဘေဒါ ဓမ္မဋ္ဌော၊
သင်္ချံနောပေတိ ဝေဒဂူ။(သဠာယတနဝဂ္ဂသံယုတ်ပါဠိ၊ ၄၀၈)
ဆိုပြီးသကာလ ပါဠိတော်ကို ဘုရားကဟောတယ်။
ဟောဒီဝေဒနာကို ခင်ဗျားတို-ဝေဒနာကလေးဟာ ဖြစ်တာလဲ ဒုက္ခပဲ၊ ပျက်တာလဲ ဒုက္ခပဲလို့ ပိုင်ပိုင်နိုင်နိုင် သိအောင် လုပ်စမ်းပါ (မှန်လှပါ)၊ ဖြစ်တာလဲ (ဒုက္ခပါပဲ)၊ ပျက်တာလဲ (ဒုက္ခပါပဲ)၊ ပိုင်ပိုင်နိုင်နိုင် သိအောင်လုပ်စမ်းပါ။
သော=ထိုဝေဒနာသည် ကမ္မဋ္ဌာန်းကို ရှုတဲ့ပုဂ္ဂိုလ်သည်၊ ဝေဒနာ ယ=ဝေဒနာကို၊ ပရိညာယ=ပိုင်ပိုင်နိုင်နိုင် သိခဲ့သည်ရှိသော် (ဝါ) ဖြစ်တာလဲ ဒုက္ခပဲ၊ ပျက်တာလဲ-ဒုက္ခပဲလို့ ပိုင်ပိုင်နိုင်နိုင် သိခဲ့သည်ရှိသော်။ ။
ဒုက္ခသစ္စာလို့ ပိုင်ပိုင်နိုင်နိုင်သိအောင် ရှုကြည့်စမ်းပါ
သူ့ကို ဒုက္ခသစ္စာလို့ ပိုင်ပိုင်နိုင်နိုင်သိအောင် ရှုကြည့်စမ်းပါတဲ့နော်၊ ဖြစ်ပျက်ကို ရှုတာကတော့ ဝိပဿနာနော် (မှန်ပါ့)။ ဟိုဟာဖြစ်တာလဲ ဒုက္ခပဲ၊ ပျက်တာလဲ ဒုက္ခပဲလို့မြင်တဲ့ ဒကာ ဒကာမတွေက စဉ်းစဉ်းစားစား ရှုစမ်း၊ စဉ်းစဉ်းစားစား ရှုလိုက်တော့ သစ္စာဖြစ်မသွားဘူးလား (ဖြစ်ပါတယ် ဘုရား)၊ ဖြစ်တာလဲ (ဒုက္ခပါပဲ)၊ ပျက်တာလဲ (ဒုက္ခပါပဲ)။
အဲဒီတော့-ဒိဋ္ဌေဓမ္မေ=ယခု ခင်ဗျားတို့ ရှုတဲ့ခဏ၌၊ အနာသဝေါ=အာသဝေါကင်းတယ်ဆိုတော့ ဟောဒီ ဒကာ ဒကာမတို့ တဏှာဆိုတဲ့ ကာမာသဝ လာသေးရဲ့လား (မလာပါဘူး ဘုရား) တဏှာနဲ့တွဲနေတဲ့ ဒိဋ္ဌာသဝကော (မလာပါ ဘူး)၊ တဏှာနဲ့ သဟဇာတဖြစ်နေတဲ့ အဝိဇ္ဇာသဝကော (မလာပါဘူး)။
ကဲ ဒါဖြင့် အာသဝ လာသေးရဲ့လား (မလာပါဘူး)၊ ဒါတွေ သမုဒယတွေက အာသဝတွေပဲ မောင်ကိုတို့ ဦးခင်မောင်တို့ ဒီအာသဝတွေ လာသေးရဲ့လား (မလာပါဘူး)။
ဒိဋ္ဌေဓမ္မေ အနာသဝေါ တဲ့၊ ဟောဒီက ဒုက္ခသစ္စာလဲ ပိုင်ပိုင်နိုင်နိုင် သိပါရော၊ မဂ္ဂင်က ရှစ်ပါးသွားဖြစ် တယ်။ ရှစ်ပါးသွားဖြစ်တော့ ဒီ အာသဝတွေ လာသေးရဲ့လား (မလာနိုင်ပါဘူး)၊ အာသဝရှိမှ ဒုက္ခတွေလာမှာကိုး (မှန်ပါ့)။
”ဒိဋ္ဌေဓမ္မေ အနာသဝေါ ကာယဿ ဘေဒါ ဓမ္မဋ္ဌော”-တဲ့၊
ခင်ဗျားတို့ သေပါတဲ့၊ မဂ္ဂင်ရှစ်ပါးပြည့်စုံပြီး သကာလ ခင်ဗျားတို့ ကာယဿ=ခန္ဓာကိုယ်၏၊ ဘေဒါ=ပျက်သော အခါ ကာလ၌၊ ဓမ္မဋ္ဌော=နိဗ္ဗာန်၌တည်သည်၊ ဟောတိ=ဖြစ်၏။
ဒါတွေ တစ်ခုမှ မလာတော့ဘူး၊ လာပါဦးမလား (မလာပါဘူး) ဒါဖြင့် ဒီဘက် သမုဒယတွေချုပ် ဒုက္ခတွေ ချုပ်တာ ဘာခေါ်ကြမလဲ (နိဗ္ဗာန်ခေါ်ပါတယ် ဘုရား)။
ဟော ကာယဿ=ခန္ဓာကိုယ်၏၊ ဘေဒါ=ပျက်သောအခါ၌၊ ဓမ္မဋ္ဌော=နိဗ္ဗာန်၌တည်သည်၊ ဟောတိ-ဖြစ်၏။
ဒီဘက် သမုဒယ ဒုက္ခချုပ်တာ နိဗ္ဗာန်ရောက်တော့တာပါပဲ၊ မရောက်မရှိပါဘူး၊ ဒါကို ပိုင်ပိုင်နိုင်နိုင်သိဖို့ အရေးကြီးပါတယ် (မှန်ပါ့)၊ ဖြစ်ဒုက္ခ ပျက်ဒုက္ခတွေ ပိုင်ပိုင်နိုင်နိုင်သိဖို့ အရေးကြီးပါတယ်၊ သဘောကျပလား (ကျပါပြီ)။
အာသဝေါတရား ကုန်ပါတယ်
ဒါဖြင့် ဒကာ ဒကာမတို့ ဒုက္ခသစ္စာ ပိုင်ပိုင်နိုင်နိုင် သိခဲ့သည်ရှိသော် အာသဝေါတရား ဘယ့်နှယ်နေသလဲ (ကုန်ပါတယ် ဘုရား) အာသဝေါတရား ကုန်တယ်ဆိုတာ သေချာကြပလား (သေချာပါတယ် ဘုရား)။
ကာယဿ=ယခုဘဝရှုပြီးသော ခန္ဓာကိုယ်၏၊ ဘေဒါ=သေသောကာလ၌၊ ဓမ္မဋ္ဌော=နိဗ္ဗာန်တည်သည်၊ ဟောတိ= ဖြစ်၏။
ဒီဘက်က သမုဒယနဲ့ ဒုက္ခတွေ မချုပ်သေးဘူးလား (ချုပ်ပါတယ် ဘုရား)။ အဲဒါ ဘာသစ္စာခေါ်ကြမလဲ (ဒုက္ခ သစ္စာခေါ်ပါတယ် ဘုရား) နိရောဓသစ္စာလို့ မခေါ်နိုင်ဘူးလား (ခေါ်နိုင်ပါတယ် ဘုရား)၊ ဒါ နိဗ္ဗာန်တည်တာ မဟုတ် သေးဘူးလား (ဟုတ်ပါတယ်)။
ဒါဖြင့် ဒကာ ဒကာမတို့ ဒီဥစ္စာ ဒုက္ခသစ္စာလို့ ပိုင်ပိုင်နိုင်နိုင်သိအောင် ခင်ဗျားတို့ ရှုပေးပါ (မှန်လှပါ)၊ သဘောပါပလား (ပါပါပြီ)။
နာရီလဲစေ့သွားပြီ၊ ယနေ့ ဒီတွင်ပဲ တော်ကြဦးစို့။
သာဓု သာဓု သာဓု