မသေရာရှာနည်း တရားတော်
ကျေးဇူးတော်ရှင် အမရပူရမြို့၊ မင်္ဂလာတိုက်ဟောင်း
မိုးကုတ်ဆရာတော်ဘုရား
မန္တလေးမြို့ ဦးချစ်ဆွေ ဓမ္မာရုံ၌
ဟောကြားတော်မူသော
မသေရာရှာနည်း တရားတော်
စာအုပ်ထဲမှရက်စွဲ (၂၉-၁-၆၁)
အသံဖိုင်ရက်စွဲ (၃၁-၁-၆၁)
အားလုံး တရားနာကြတဲ့ ဒကာ ဒကာမတွေ ခန္ဓာကိုယ်ကြီးသည်ကားလို့ဆိုရင်ဖြင့် ဘယ်ကိုသွားလာပြီးသကာလ နေပါသလဲဆိုတာ အမေးထုတ်ရမယ်။
ခန္ဓာကိုယ်ကြီး ဘယ်သွားလာနေသလဲ
ခန္ဓာကိုယ်ကြီး ဘယ်သွားလာနေသလဲဆိုတာ အမေးထုတ်ပါ၊ ကိုယ့်ခန္ဓာကို ကိုယ်အမေးထုတ်ကြပါလို့ သတိ ပေးလိုက်တယ်နော် (မှန်ပါ့ဘုရား) ကိုယ့်ခန္ဓာ ကိုယ်အမေးထုတ်တဲ့အခါကျတော့ သူသည် ပဋိသန္ဓေနေတဲ့ နေ့အချိန် ကစပြီးသကာလ သေရာဌာနကို သွားနေတယ်ဆိုတာ ဆုံးဖြတ်ချက်ချကြပါ (မှန်ပါ့ဘုရား)။
ဒကာ ဒကာမတွေ ခန္ဓာကိုယ် ဘယ်သွားနေသလဲ (သေရာဌာန သွားနေပါတယ် ဘုရား) အချိန်များက ဆိုင်းသေးသလားလို့မေးရင် ဘယ့်နှယ်ဖြေကြပါ့မယ် (မဆိုင်းပါဘူး ဘုရား) အချိန်တွေက မဆိုင်းဘူးဆိုတာ သဘော ပါကြပလား (မှန်ပါ့ဘုရား) အဲဒါကြောင့် ဒီလမ်းမှတစ်ပါး လမ်းခွဲမရှိတော့ဘူးလားဆိုတဲ့ဥစ္စာ ဒကာ ဒကာမတွေ လမ်းခွဲရှာကြရလိမ့်မယ် (မှန်ပါ့)။
လမ်းခွဲရှာလို့ရှိရင်ဖြင့် မိစ္ဆာမဂ္ဂင်လမ်း လိုက်လို့ရှိရင်ဖြင့် သေရာဌာနဆီသွားလို့ မဆုံးပါဘူး၊ သမ္မာမဂ္ဂင်လမ်း ကို လိုက်ကြလို့ရှိရင်ဖြင့်တဲ့၊ အားလုံး ဒကာ ဒကာမတွေ မသေရာရောက်ပါလိမ့်မယ်ဆိုတာ သတိထားကြပါ။
ဒါကြောင့် ယခု တရားနာလာကြတဲ့ ဒကာ ဒကာမတွေ ဘယ်အကျိုးငှာလာကြသတုံးလို့ မေးလို့ရှိရင် တထစ် ချဘဲ ဆုံးဖြတ်ချက်ချပါလို့ သတိပေးလိုက်တယ်နော် (မှန်ပါ့)။
မသေရာသွားမလို့ တရားနာလာတာ
ဘယ်လို သတိပေးသတုံးဆိုလို့ရှိရင်ဖြင့် ဒို့သည် မသေရာသွားမလို့ တရားနာလာတာ၊ မသေရာသွားတဲ့နည်း ကို လိုချင်လို့ တရားနာလာတယ်ဆိုတဲ့ဥစ္စာ ဆုံးဖြတ်ချက်ချပါ (မှန်ပါ့)။
ဘယ်လိုဆုံးဖြတ်ချက်ချကြမယ် (မသေရာ သွားမလို့ပါ ဘုရား) မသေရာသွားမလို့ တရားနာလာတယ်လို့ ဆုံးဖြတ်ချက်ချပါ။
အဲဒီတော့ မသေရာဆိုတာသည် ဒကာ ဒကာမတို့ စဉ်းစားကြည့်ပါတဲ့၊ မသေရာဆိုတဲ့ဥစ္စာသည် လမ်းခွဲလိုက် မှ မသေရာရှိတယ်၊ ဒီအတိုင်းသာ သားရေး သမီးရေး စီးပွားရေးနဲ့ တောက်လျှောက်သွားနေကြမယ်ဆိုရင်ဖြင့် သေရာ ဌာနမှ ဘယ်တော့မှ မလွတ်ဘူးဆိုတာ မှတ်ထားလိုက်ကြပါ (မှန်ပါ့)။
ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေကို အထူးတလည်ပဲ သတိပေးပါတယ်၊ မသေရာဌာနသွားတဲ့နည်း ရှာကြပါ၊ နည်းယူကြပါ၊ ကြိုးစားကြပါဆိုတဲ့ဥစ္စာကို တိုက်တွန်းပါတယ်။
နို့မို့လို့ရှိရင်ဖြင့် ဝိပဿနာအလုပ်ကို ဒကာ ဒကာမတို့ မသေရာဌာန သွားတဲ့အလုပ်ဟာ ဝိပဿနာအလုပ်၊ မဂ်ဆိုက်အောင်လုပ်တဲ့အလုပ်၊ မသေရာဌာနသွားတဲ့အလုပ်၊ ဒီအခါ သေပြီးရင် နောက်ထပ် သေစရာမရှိပါဘူးဆိုတာ မှတ်ကြပါ (မှန်ပါ့)။
ဒီတစ်ခါသေပြီးရင် နောက်ထပ် သေစရာမရှိတဲ့ အလုပ်သည် ဝိပဿနာ မဂ္ဂင်အလုပ်လို့ဆိုတာ သေသေချာ ချာ မှတ်ကြပါ၊ (မှန်ပါ့)။
အဲဒီတော့ အထူးတလည်ကလေး ပြောချင်တာက ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဒကာ ဒကာမတွေ မှာတယ်၊ ဘယ်လိုမှာပါလိမ့်မတုံး ။
ဝိပဿနာအားထုတ်ကြပါ
ဈာယထ ဘိက္ခဝေ မာပမာဒတ္ထ၊ မာပစ္ဆာ ဝိပ္ပဋိသာရိနော အဟုဝတ္ထ၊
အယံ ဝေါ အမှာကံ အနုသာသနီ။ (မူလပဏ္ဏာသ၊ ၁၆၇) (သဠာယတနသံယုတ်၊ ၅၃၅)
ဘိက္ခဝေ=ငါ၏ချစ်သားတပည့်များတို့၊ ဈာယထ=ဝိပဿနာ အားထုတ်ကြ။ ။ ဝိပဿနာအားထုတ်ကြပါလို့ အထူးတလည် တိုက်တွန်းတယ်လို့ ဆုံးဖြတ်ချက်ချပါ၊ (မှန်ပါ့) ဘာတိုက်တွန်းပါလိမ့် (ဝိပဿနာအားထုတ်ဖို့ပါ ဘုရား) ဝိပဿနာအားထုတ်ဖို့ အထူးတလည် တိုက်တွန်းတယ်လို့ မှတ်ကြစမ်းပါ။
ခုနက ပြောခဲ့ပါတယ်၊ ဒီ ဒကာ ဒကာမတွေဟာ သေရာဌာနကိုပဲ သွားနေကြတယ်ဆိုတဲ့ဥစ္စာက ငြင်းဖို့မလို ပါဘူး၊ တစ်နေ့တခြား သုသာန်နှင့် နီးတယ်ဆိုတာကော ငြင်းဖို့ လိုသေးသလား (မလိုပါဘူး)။
မလိုတော့ ဒီ ဒကာ ဒကာမတွေ ခန္ဓာရလိုက် သေလိုက်၊ ခန္ဓာရလိုက် သေလိုက်ဆိုတဲ့ အလုပ်ဟာ လမ်းခွဲ မရှာတဲ့ ပုဂ္ဂိုလ်တို့၏အလုပ်လို့ မှတ်လိုက်စမ်းပါ၊ (မှန်လှပါ)။
ခန္ဓာရလိုက် သေရာဌာနရောက်လိုက်၊ ခန္ဓာရလိုက် သေရာဌာနရောက်လိုက်၊ ဤသို့ရောက်တဲ့ အလုပ်ဟူသ၍ သည် ဖြစ်စဉ်ဘဲဆိုတာ သဘောကျကြပလား (မှန်ပါ့)။
ဘယ်သူ၏ဖြစ်စဉ်လဲ (လမ်းခွဲမရှာတဲ့ပုဂ္ဂိုလ်၏ ဖြစ်စဉ်ပါ)၊ လမ်းခွဲမရှာတဲ့ပုဂ္ဂိုလ်၏ ဖြစ်စဉ်လို့ဆိုတာ သေသေ ချာချာ မှတ်ကြစမ်းပါ နော်၊ (မှန်ပါ့)။
ကိုင်း ဒါဖြင့် သေတော့ ဒကာ ဒကာမတွေ သေတယ်- သေတယ်ဆိုတာသည်ကားလို့ဆိုရင် အားလုံးတို့နဲ့ ဆိုင်တဲ့ အလုပ်ဆိုတာကော ရှင်းကြပလား (ရှင်းပါပြီ)။
သေတယ်ဆိုတာ
သေတယ်ဆိုတာ တစ်ယောက်တည်းအလုပ်လား၊ အားလုံးနဲ့ဆိုင်တဲ့အလုပ်လား (အားလုံးနဲ့ဆိုင်တဲ့အလုပ်ပါ ဘုရား) အားလုံးနဲ့ဆိုင်တဲ့အလုပ်ဆိုတာ ရှင်းထားပါတဲ့။
အဲဒီတော့ ဒီ ဒကာ ဒကာမတွေ မပေါ့မဆ ကြည့်ဖို့ရာ၊ မပေါ့မဆဘဲနဲ့ နေဖို့ရာ ဘုန်းကြီးက သတိပေးပါ တယ်၊ ဘယ်လိုသတိပေးသလဲဆိုလို့ရှိရင်ဖြင့် ဥပမာ- ဒီ ဒကာ ဒကာမတစ်ယောက်သည် ဝေဒနာ ပြင်းပြင်းထန်ထန် ဖြစ်တယ်၊ ဝေဒနာ ပြင်းပြင်းထန်ထန် ဖြစ်လာတဲ့အခါကျတော့ အင်း ဟင် ငါသည်ကား ဒီတောင်က မတက်ရတော့ဘူး၊ ဒီနေရာမှာ ဒီဝေဒနာနဲ့ပဲ သေလိမ့်မယ်ထင်တယ်လို့ ကိုယ့်ကိုယ်ကိုယ် ဝိစိကိစ္ဆာတွေ ဖြစ်လိမ့်မယ်။
အဲဒီသေလိမ့်မယ်ထင်တဲ့အခါကျတော့ မသေမီ ရှေ့အဖို့ကာလက ကိုယ်ပြုထားတဲ့ ကုသိုလ် အကုသိုလ်အလိုက် မသေခင်ဘဲ မြင်ရတာတွေ ရှိသေးတယ်ဆိုတာ မှတ်စမ်းပါ၊ (မှန်ပါ့)။
မသေခင် ဘာတုံး (မြင်ရပါတယ်)။
မသေခင်မြင်ရတဲ့ဥစ္စာ ရှိပါသေးတယ်၊ မသေခင်က သားရေး သမီးရေး စီးပွားရေးကို အလိုက်ကြီးလိုက်နေတဲ့ ပုဂ္ဂိုလ်များအတွက်ကတော့ သားတန်းလန်း သမီးတန်းလန်း ပစ္စည်းတန်းလန်းနဲ့ ဝိပဿနာအလုပ် မလုပ်ခဲ့ဘူး၊ ထိုကဲ့ သို့ ပုဂ္ဂိုလ်များကျလာတော့ ဘယ်လိုဖြစ်တတ်သတုံးဆိုတော့ ဒီဘဝဝိညာဏ် မချုပ်ခင် ဦးခင်မောင်တို့ ကိုထွန်းအောင် တို့ သွားရာလမ်းခရီးမြင်နေတယ် (မြင်ရပါတယ် ဘုရား)။
ဒကာ ဒကာမတွေ ဘာမြင်ရသလဲ (သွားရာလမ်းခရီး မြင်ရပါတယ်) သွားရာလမ်းခရီး မြင်နေရတယ်ဆိုတာ သေသေချာချာမှတ်ပါ (မှန်ပါ့) ဘာမြင်ကြရသလဲ (သွားရာလမ်းခရီး မြင်ရပါတယ်) သွားရာလမ်းခရီး မြင်နေရတယ် ဆိုတာ သေသေချာချာမှတ်ပါ၊ (မှန်ပါ့) သွားရာလမ်းခရီးဆိုတာက ဦးခင်မောင်ရေ ဝိညာဏ်ချုပ်မှ မြင်ရတာလား၊ မချုပ်ခင် မြင်ရတာလား (မချုပ်ခင် မြင်ရတာပါ)။
မချုပ်ခင် မြင်ရတယ်ဆိုတာ သေသေချာချာ မှတ်ကြပါ၊ (မှန်ပါ့)။
ဒကာ ဒကာမတွေ ဒီဥစ္စာ ကိုယ်သေဖူးငြားသော်လည်း မသိဘူးနော်၊ (မှန်ပါ့) ကိုယ်သေဖူးငြားသော်လည်း (မသိပါဘူး)၊ အဲဒါကြောင့် ဒီဒကာ ဒကာမတွေ ယနေ့ စောစောစီးစီး ဝိပဿနာမပြခင် ဒီအလုပ်ကို ရှင်းပေးနေပါ တယ်။
ကိုယ်က သားရေး သမီးရေး စီးပွားရေးနဲ့ အချိန်ကုန်ပြီးသကာလ ဝိပဿနာအလုပ်ကို မလုပ်ခဲ့တဲ့ ပုဂ္ဂိုလ် ကျတော့ ဘာဖြစ်သလဲ စာရင်းမချုပ် အင်းမချုပ်နဲ့ တန်းလန်းကြီးနေတဲ့ အချိန်မှာ ဖြတ်ဆို သေလောက်တဲ့ဝေဒနာက ဦးခင်မောင် ရောက်လာတယ်၊ ဦးထွန်းအောင် ရောက်လာတယ်ဆိုကြပါစို့ (မှန်လှပါ)။
ထိုကဲ့သို့ရောက်လာတဲ့အခါကျလို့ရှိရင်ဖြင့် ဒီဘဝမှာလည်း နောက်ဆုံးပိတ် သေရတော့မယ်ဆိုတဲ့ဥစ္စာ မသေ ခင် မရဏာ သန္နဇောဆိုတဲ့ စိတ်တွေပေါ်လာတယ်လို့ မှတ်ကြပါ၊ (မှန်ပါ့) ဘာပေါ်လာပါလိမ့် (မရဏသန္နဇော ပေါ်လာပါတယ်) မရဏာသန္နဇောစိတ်တွေ ပေါ်လာတယ်လို့ မှတ်လိုက်စမ်းပါ၊ အဲဒီဇောစိတ်တွေ ပေါ်လာတော့ ဒီဇောစိတ်ဆိုတာ ဒကာ ဒကာမတို့ အာရုံနဲ့ကင်း၍ မဖြစ်ဘူးဆိုတာ မှတ်ထားပါ၊ (မှန်ပါ့)။
ခွေးနက်ကြီးတွေလည်း မသေခင် မြင်ရတတ်တယ်
ကိုယ်က သားရေး သမီးရေး စီးပွားရေးနဲ့ လောကကြီးထဲ ရှုပ်ပွေပြီးသကာလ သူတော်ကောင်းအလုပ်က မပါတော့ ခွေးနက်ကြီးတွေလည်း မသေခင် မြင်ရတတ်တယ်၊ သဘောကျပလား (ကျပါပြီ) ဘာမြင်ရတတ်သတုံး (ခွေးနက်ကြီးတွေကိုလည်း မြင်ရတတ်ပါတယ်) ခွေးနက်ကြီးတွေလည်း မသေခင် မြင်ရတတ်တယ်၊ ငရဲမီးလျှံ ငရဲအိုး တွေကော (မြင်ရတတ်ပါတယ်) သေပလား (မသေသေးပါဘူး) မသေသေးခင်ကို မြင်ရတယ်ဆိုတာ သဘောပါကြ ပလား (ပါပါတယ် ဘုရား)။
အဲဒါ ဒကာ ဒကာမတွေက အဲဒီအချိန်ကျလာတဲ့အခါကျတော့ မသေခင် မြင်ရတဲ့အချိန်ကျလာတော့ ဒါ ကိုယ်သွားရမည့်လမ်းလို့ သေမည့်သူကသိတယ်၊ (မှန်ပါ့) သေမည့်လူက ဘာသိပါလိမ့် (ကိုယ်သွားရမည့်လမ်းလို့ သိပါတယ်) ကိုယ်သွားရမည့်လမ်းလို့ သေသေချာချာသိပါတယ်နော်၊ (မှန်ပါ့)။
အသေဆိုး တော့ဖြင့် သေရတော့မယ်
ကိုယ်သွားရမည့်လမ်းလို့ သေသေချာချာသိပြီးသကာလနေတော့ ငါဖြင့် အနေဆိုးနေခဲ့တဲ့အတွက် အသေဆိုး တော့ဖြင့် သေရတော့မယ်ဆိုတဲ့ဥစ္စာ မျက်ရည်ကလေးများ ကျလာတယ်၊ သေပလား ဒီအချိန်မှာ (မသေသေးပါဘူး ဘုရား)။
အားလုံး ဒကာ ဒကာမတွေ သေမှ မျက်ရည်ကြီးငယ် ကျတာလား ၊ မသေခင်က ကျတာလား (မသေခင် ကျတာပါဘုရား) မသေခင်က ကျလာတယ်ဆိုတော့ အဲဒီအချိန်မှာ ဦးခင်မောင်တို့အားလုံးပဲ နောင်တရတတ်ကြတယ် နော်၊ (မှန်လှပါ ဘုရား) နောင်တရတတ်ကြပါတယ်၊ ဪ ငါသည် သားရေး သမီးရေး စီးပွားရေးနဲ့ အချိန်ကုန် ခဲ့တယ်၊ အခုတော့ဖြင့် ဘယ်သူမှကယ်မည့် ယူမည့်သူ မရှိတော့ဘူး၊ ငါသွားရမည့်လမ်းကလည်း ငါကိုယ်တိုင်မြင်နေ ပြီ၊ သေချာနေပါပေါ့လားဆိုပြီး ဒကာ ဒကာမတို့ ကိုယ်အိပ်တဲ့ အိပ်ရာပေါ်မှာ မျက်ရည်တွေ စီးကျလာတယ်၊ (မှန် ပါ့)။
ဘာဖြစ်လို့ မျက်ရည်တွေ စီးကျပါလိမ့် ဒကာ ဒကာမတို့၊ (သွားရာလမ်းမြင်လို့ပါ ဘုရား) သွားရာလမ်းမြင် လို့ လို့ ဒီဘက်က ဒကာတွေ သေသေချာချာ မှတ်စမ်းပါ၊ (မှန်ပါ့ ဘုရား) သွားရာလမ်းမြင်တော့ ဒီအချိန်မှာ ကယ်မည့်လူ, ယူမည့်လူကော ဦးခင်မောင် လာချိန် ရှိသေးသလား (မရှိပါဘူး ဘုရား)၊ မရှိတော့ဘူးဆိုတာကို အားလုံး ဒကာ ဒကာမတွေ သဘောပါပလား (ပါပါပြီ)။
တဏှာခိုင်းတဲ့အလုပ်နဲ့ အချိန်ကုန်ခဲ့လို့
ဒါဘယ်လိုနေခဲ့တဲ့ အနေမျိုးနဲ့ နေခဲ့လို့ မကောင်းတဲ့ လမ်းခရီးကြီးတွေ မြင်ကြရပါလိမ့်မလဲလို့ အမေးထုတ် ကြလို့ရှိရင် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဘာမှအသုံးမကျတဲ့ တဏှာခိုင်းတဲ့အလုပ်နဲ့ အချိန်ကုန်ခဲ့လို့လို့ မှတ်လိုက် စမ်းပါ၊ (မှန်လှပါ) ဘာနဲ့ အချိန်ကုန်ခဲ့ရသလဲ (တဏှာခိုင်းတဲ့အလုပ်နဲ့ အချိန်ကုန်ခဲ့ရပါတယ်)။
တဏှာခိုင်းတဲ့အလုပ်နဲ့ အချိန်ကုန်ခဲ့ရတယ်ဆိုတာ ကြည့်စမ်း ဒကာ ဒကာမတို့၊ မသေခင်က ကိုယ်သွားရမည့် ငရဲအိုးကြီးတွေ ငရဲမီးကြီးတွေ တောင်ကြီးတွေ ချောက်ကြီးတွေ၊ ခွေးနက်ကြီးတွေ ထင်နေတာ၊ ဒကာ ဒကာမတို့ အဲဒီဆီကျမှ ကယ်စရာ ယူစရာ ရှာလို့ကော တွေ့ပါ့မလား (မတွေ့ပါဘုရား) ဒါပြီး သေရုံပဲရှိတော့တယ် နော်၊ (မှန်ပါ့) ဒါပြီးရင် သေရုံပဲရှိတော့တယ်တဲ့ အဲဒီတော့ ငါဖြင့် အမှားကြီး မှားခဲ့ပြီဆိုပြီး နောင်တရတတ်တယ်၊ (မှန်ပါ့)။
ဘာဖြစ်ပါလိမ့် (နောင်တရတတ်ပါတယ် ဘုရား)၊ နောင်တရတယ်နော်၊ ငါဖြင့် အမှားကြီး မှားခဲ့ပြီလို့ နောင်တရတယ်၊ နောင်တရငြားသော်လည်း ဦးခင်မောင် ဒီနောင်တဟာ ပြင်လို့ဖြစ်သေးရဲ့လား (မဖြစ်ပါဘူး) ပြင်လို့ မဖြစ်တော့ဘူးဆိုတာ သေချာကြပလား (သေချာပါတယ်)၊ ဪ ဒါဖြင့် ဒကာ ဒကာမတို့ လမ်းခွဲမရှာခဲ့တဲ့ သတ္တိဟာ ဦးခင်မောင်တို့ အားလုံး ဒကာ ဒကာမတို့ ကိုယ်ကျိုးမနည်းဘူးလား (ကိုယ်ကျိုးနည်းပါတယ် ဘုရား)။
ဒါကြောင့် ဘုန်းကြီးက ဒီကနေပြီးသကာလ ဒကာ ဒကာမတို့ လမ်းခွဲကလေး ပြပါရစေ၊ ခင်ဗျားတို့ တွေ့ရမည့် ကိစ္စ မသေးလှဘူးနော် ၊ သားရေး သမီးရေးနဲ့ အချိန်ကုန်ပြီးသကာလ ရောင်းရေး ဝယ်ရေးနဲ့ပဲ အနေဆိုးနေလို့ အသေဆိုး သေရတော့မယ်ဆိုတော့ ခင်ဗျားတို့ မျက်ရည်ကလေးများ ကျကြလိမ့်မယ်၊ ထိုကဲ့သို့ မျက်ရည်ကြီးငယ် ကျတော့မှ ပြင်ချိန်ဆင်ချိန်ကလည်း မရှိတော့ဘူးဆိုလို့ရှိရင် အင်မတန် မနစ်နာပေဘူးလား (နစ်နာပါတယ်)။
အခုအချိန်က ပြင်ကြပါ
အဲဒါကြောင့် ဒကာသစ်တို့ အခုအချိန်က ပြင်ကြပါဆိုတာ တရားမဟောမီ ရှေ့အဖို့ကာလ၌ သတိပေးလိုက် ပါတယ်၊ (မှန်လှပါဘုရား)၊ ဘယ်အချိန်က ပြင်ရမယ် (အခုအချိန်က ပြင်ရပါမယ်) အခုအချိန်က ပြင်ကြပါဆိုတာ ဦးခင်မောင်တို့၊ ကိုထွန်းအောင်တို့ သတိပေးရတယ်နော် (မှန်ပါ့) အဲဒီလိုနိမိတ်တွေ ထင်ပြီးလို့ရှိရင်လည်း ဒကာ ဒကာမတို့ ဘယ်သူမှ သွားရာလမ်းခရီး မမြင်ဘဲနဲ့ မသေဘူးတဲ့နော်၊ (မှန်ပါ့) သွားရာလမ်းခရီးကို (မမြင်ဘဲနဲ့ မသေ ပါဘူး)။
မမြင်ဘဲနဲ့ မသေဘူးဆိုတာ လူတိုင်းမှတ်ပါ၊ တိရစ္ဆာန်တိုင်း မှတ်ပါ၊ ဒီအတိုင်းပဲ သေကြရတာချည်းပဲဆိုတာ သဘောပါကြလား (ပါပါတယ်ဘုရား) ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတို့သည် အခု အဲဒီ့အခြေအနေ မရောက် သေးပါဘူး၊ အခု သေရမည့်နေရာဌာနနဲ့ နည်းနည်းဝေးပါသေးတယ်ဆိုရင် ဦးခင်မောင် လွဲပါ့မလား (မလွဲပါဘူး ဘုရား)။
မလွဲပါဘူး၊ အဲဒီတော့ အခု ပြင်ချိန် ဆင်ချိန် ရှိသေးတဲ့အချိန်မှာ ဆရာဘုန်းကြီးက လာပြီးသကာလ ပြင်ပေး ဆင်ပေးတာကို ခင်ဗျားတို့က အပြင်အဆင်ခံကြလို့ရှိရင်လည်း ခင်ဗျားတို့အရေးဟာ ကောင်းသွားမှာပဲ၊ (မှန်လှပါ ဘုရား)။
ပြင်ချိန် ဆင်ချိန် မခံတော့ပါဘူး၊ တပည့်တော်တို့ကိစ္စတွေက တပည့်တော်တို့ မွေးထားတဲ့ သားတွေ သမီး တွေနဲ့ တပည့်တော်တို့ အရောင်းအဝယ်တွေနဲ့ဆိုလို့ရှိရင်ဖြင့် ဟိုနေရာကျမှ အိပ်ရာပေါ် ခေါင်းအုံးပေါ် မျက်ရည်တွေ စီးကျပြီး ငါဖြင့် ကိုယ်ကျိုးကြီးနည်းခဲ့ပြီဆိုတော့ ကောင်းနိုင်စရာရှိသေးရဲ့လား (မရှိပါဘူး ဘုရား)။
အဲဒါကြောင့် တရားနာကြတယ်၊ တရားနာကြတယ်ဆိုတဲ့ သဘောသည်ကားလို့ ဆိုလို့ရှိရင်ဖြင့် အသေပြင်ဖို့ နာကြတာလို့ မှတ်လိုက်စမ်းပါ (မှန်လှပါဘုရား) ဘယ်အကျိုးငှာ နာကြတာပါလိမ့် (အသေပြင်ဖို့ပါ ဘုရား) အသေပြင်ဖို့ နာကြတာဆိုတာ ကျေကျေနပ်နပ် သဘောကျပလား (ကျပါတယ် ဘုရား) ဒါကြောင့် အသေပြင်နည်း နိသျည်းကိုပဲ ဘုန်းကြီး ရှင်းလင်းပြီးသကာလ ပြပါမယ်၊ ဒကာ ဒကာမတွေက ဂရုစိုက်ပြီးသကာလ ဪ တို့ အတွက် ဒီအတိုင်းသာနေလို့ရှိရင်ဖြင့် ဒီအသေဟာ ဆိုးလှချည့်ကလားဆိုတာ ပေါ်လိမ့်မယ် နော်၊ (မှန်ပါ့)။
တိဿရဟန်းကြီး
ရှေးက တိဿရဟန်းကြီးရဲ့ အဖေကြီးဟာ ငါ့သားတိဿ ခွေးနက်ကြီးတွေ လာဆွဲနေတယ်ကွ၊ ခြောက်ပေးပါ ဦး မောင်းပေးပါဦးဆိုတာ ဦးခင်မောင် ပါးစပ်ကိုက အော်လာတယ်၊ (မှန်ပါ့) အင်မတန် ကြောက်စရာမကောင်းဘူး လား (ကောင်းပါတယ်)၊ ဦးဇံရင်တို့ သဘောကျကြရဲ့လား (ကျပါတယ်ဘုရား)၊ နောက်မှပြင်မယ်ဆိုလို့ ရကြပါ့မလား (မရပါဘုရား)။
အဲဒီတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ အခုအချိန်မှာ ပြင်မှ အသင့်ပဲရှိမယ် နော် (မှန်ပါ့ဘုရား)၊ အခုအချိန်က ပြင်မှ (အသင့်ပဲ ရှိပါမယ်)၊ အသင့်ပဲရှိမယ်ဆိုတာ သဘောပါကြလား (ပါပါတယ်)၊ ဒါဖြင့် ဒီအချိန်က စပြီးသကာလ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဪ ပြင်ဖို့ ဆင်ဖို့ အရေးကလေးကလည်း ကျန်တဲ့အချိန်ကလေး မြန်မြန်ပြင်မှပဲဆိုတာကို ကြပ်ကြပ်သတိထားပါလို့ဆိုတာ သတိပေးရတယ် (မှန်ပါ့ဘုရား)။
နှေးနှေးပြင်မှ တော်မလား ၊ မြန်မြန်ပြင်မှ တော်မလား (မြန်မြန်ပြင်မှ တော်ပါမယ်)၊ မြန်မြန်ပြင်မှ တော်မယ်ဆိုတာကိုဖြင့် သတိထားကြပါ (မှန်ပါ့)၊ ဘာဖြစ်လို့တုံးလို့ မေးတဲ့အခါကျတော့ ခန္ဓာကိုယ်က ဒကာ ဒကာမ တွေ စဉ်းစားကြည့်စမ်း၊ အတိတ်ကံကြောင့်လည်း ဦးခင်မောင် အသက်ရှည်နေတယ်ဆိုရင်လည်း မလွဲဘူးပေါ့ ဗျာ (မှန်လှပါ)၊ ပစ္စုပ္ပန်ကံတွေက မဖြတ်လို့လည်း ဥပစ္ဆေဒက ဥပဃာတက ကံတွေက မဖြတ်လို့လည်း အသက်ကလေး ရှင်နေသေးတယ်ဆိုရင် လွဲပါမလား (မလွဲပါဘူး ဘုရား)။
အဲဒါတွေကြည့်တော့ အတိတ်ကံလည်း ခင်ဗျားတို့ ကုန်လှုပလား မကုန်လှုပလားဆိုတာကော ကိုယ်က အသိဉာဏ်မရတော့ သိပါရဲ့လား (မသိပါဘူး ဘုရား)၊ မသိတော့ ယနေ့လား နက်ဖြန်လား မသေနိုင်ဘူးလား (သေနိုင် ပါတယ်)၊ ယနေ့လား နက်ဖြန်လား သေနိုင်တယ်ဆိုတာ ဧကန်ပဲမဟုတ်လား (ဧကန်ပါ ဘုရား)။
ဥပစ္ဆေဒကကံ
အဲဒီအထဲကနေပြီး အတိတ်ကံက အသာထားပါဦး တဲ့၊ ဥပစ္ဆေဒကကံဆိုတဲ့ ကပ်ပြီးဖြတ်တဲ့ ကံတွေကလည်း ကိုယ့်မှာ ရှေးတုန်းက ပါလာတာတွေ မရှိပေဘူးလား (ရှိပါတယ် ဘုရား)၊ အဲဒီဥပစ္ဆေဒကကံတွေက ဖြတ်သွားပြန်လို့ ရှိရင်လည်း ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာတဲ့ အခုအကောင်းကြီး နက်ဖြန်သေပွဲကြီးဆိုတာ မဖြစ်နိုင်ဘူးလား (ဖြစ်နိုင်ပါတယ်)၊ အဲဒီတော့ကို ဒီတရားကို အချိန်ဆွဲပြီးသကာလ လုပ်နေကြမယ်ဆိုလို့ရှိရင် ခင်ဗျားတို့ လူမိုက်ထဲ ပါသွားလိမ့်မယ်၊ မပါပေဘူးလား (ပါပါတယ် ဘုရား)။
အဲဒါကြောင့် လူမိုက်ထဲလည်း မပါရအောင် အသေဆိုးလည်း မသေရအောင် ဒကာ ဒကာမတို့ လုပ်ဖြစ်အောင် လုပ်ပါဆိုတာကို သေသေချာချာ တိုက်တွန်းနေတယ်ဆိုတာဖြင့် သဘောကြီးကြီးထားပြီးသကာလ ဦးခင်မောင် သဘော မကျမရှိနဲ့၊ ဒီအလုပ်က လုပ်ရမည့် အလုပ်ဖြစ်သောကြောင့် မရအရ ပြင်ရလိမ့်မယ်ဆိုတာ ဆုံးဖြတ်ချက်ချပါ (မှန်လှ ပါ) ဘယ်လိုဆုံးဖြတ်ချက်ချရမယ် (မရအရ ပြင်ရလိမ့်မယ်) မရအရ ပြင်ရလိမ့်မယ်ဆိုတာ ဆုံးဖြတ်ချက်ချပါ၊ ပြင်နည်း ကိုတော့ဖြင့် ဆရာဘုန်းကြီးက ပေးပါမယ်၊ (မှန်ပါ့)။
ပြင်နည်းကိုတော့ဖြင့် ပေးပါလိမ့်မယ်၊ ဒကာ ဒကာမတွေက ပြင်ဖို့ရာကိုသာ အဆင်သင့် လုံ့လတို့ ဝီရိယတို့ သတိတို့ ပညာတို့နှင့် ဒါကြိုးစားရလိမ့်မယ်ဆိုတဲ့ဥစ္စာကို ကိုယ့်တာဝန်ရှိတယ်ဆိုတာကို တာဝန်သိပြီးသကာလ အလုပ် လုပ်ပါဆိုတာကို တရားမဟောမီ ရှေးအဖို့ကာလက တိုက်တွန်းပါတယ် (မှန်လှပါ ဘုရား)၊ သဘောပါကြလား (ပါပါ တယ်)။
သက္ကပဥှာသုတ်
ကောင်းပြီ ဒါဖြင့် ဒီနေ့ သက္ကပဥှာသုတ်မှာလာတာကို ပြောကြပါစို့ တဲ့၊ ဒကာ ဒကာမတွေနောက်မှ ဝိပဿနာ စပေးပါလိမ့်မယ်၊ သိကြားမင်းကြီး လမ်းခွဲကို လိုက်လိုက်တဲ့အတွက် ဦးခင်မောင် တရားနာရင်း စုတေ စိတ်ကျပြီး၊ တရားနာရင်း သောတာပန်တည်လို့ သောတာပန်တည်ပြီးသကာလ စုတေစိတ်ကျပြီး ဒီနေရာတွင် သိကြား ဟာ လူ့ပြည်မှာပဲ သိကြားပြန်ဖြစ်တယ် (မှန်ပါ့)။
ဘုရားက လူ့ပြည်နေတော့ လူ့ပြည်လာပြီး တရားနာတယ်၊ တရားနာရင်း ဥပစ္ဆေဒကကံက ဖြတ်သွားတဲ့အခါ ကျတော့ ဦးခင်မောင် သိကြားအဖြစ်မှ လျောကျသွားတယ် (မှန်ပါ့)၊ ပြီးတော့ ချက်ချင်း ဒီနေရာမှာပဲ သိကြားအဖြစ် ပြန်ဖြစ်တယ် (မှန်ပါ့)။
အဲဒီတော့ ဒကာ ဒကာမတို့ အဲဒီသိကြားက အင်မတန်ထူးခြားတဲ့ သိကြား၊ တရားနာရင်း သောတာပန် တည်တယ်၊ တရားနာရင်း သေသွားတယ်၊ သေပြီးတော့ကို ပြတ်ခနဲ ဘုရားနဲ့သိကြားသာ သိပြီး ဒီနေရာမှာ သိကြား မင်း ပြန်ဖြစ်တယ်လို့ ဦးခင်မောင်တို့ မှတ်ထားပါ (မှန်လှပါ)။
ဒါဖြင့် ဒကာ ဒကာမတို့ တရားကျေးဇူး သိပ်များပါကလား၊ ဒီနေရာမှာပဲ ဖြတ်ခနဲဆို မီးတိုင်သေသလို သေ သွားတာပဲ၊ ဒီနေရာမှာပဲ ဖြတ်ခနဲဆို မီးလင်းသလို လင်းလာတာပဲဆိုတာ တရားနာရင်းပဲ သောတာပန်တည်ပြီး တရားနာရင်း သောတာပန်အဖြစ်နဲ့ သေပြီးသကာလ ဘုရားနဲ့သိကြားပဲ သိတယ် တဲ့၊ သူ သိကြား ချက်ချင်း ပြန်ဖြစ်တယ် (မှန်ပါ့)။
အဲဒါ ဘယ်တရားပါလိမ့်မလဲဆိုတဲ့ဥစ္စာ အလုပ်တရားလို့ သေသေချာချာ မှတ်ကြပါ (မှန်လှပါ)၊ ဘာတရား ပါလိမ့် (အလုပ်တရားပါ ဘုရား)၊ ဒါဖြင့် ဒကာ ဒကာမတို့ ဘာဂရုစိုက်ရမယ် (အလုပ်တရားကို ဂရုစိုက်ရပါမယ်)၊ အလုပ်တရားကို ဂရုစိုက်ရလိမ့်မယ်ဆိုတာ သေသေချာချာ မှတ်ကြပါ (မှန်ပါ့)။
ကိုင်း အလုပ်တရားကို ဂရုမစိုက်ခင် သူ့အကြောင်းကလေးကို ဦးခင်မောင် ရှင်းပြပါဦးမယ် (မှန်လှပါ)၊ သူ သောတာပန်တည်တဲ့ အကြောင်းကလေး ရှေ့ပိုင်းမှာ သူ ဘယ်လိုမေးပြီးသကာလ ဘယ်လိုဖြေတယ်ဆိုတာ ကလေးဟာလည်း ဒကာ ဒကာမတို့ သတိထားပါနော် (မှန်ပါ့)၊ သိကြားက သောတာပန်မတည်ခင် လူ့ပြည်ဆင်းလာ တယ် ဆင်းပြီးလာတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးနဲ့တွေ့။ သူမေးပုံကလေး ဒကာ ဒကာမတွေ တယ်ကောင်း တယ်၊ ကိုယ်လည်း ရှောင်ကြဉ်စရာ၊ သူအမေးလည်း မေးလို့ ဘုရားကဖြေတာကို ဒီဒကာ ဒကာမတွေ မှတ်စရာသိပ် ကောင်းပါတယ်။
အဲဒါ ကြိုးစားပြီးသကာလ မှတ်လိုက်ကြစမ်းပါဆိုတာ သတိပေးရပါတယ်၊ အရှင်ဘုရားတဲ့ လောကကြီးထဲမှာ လူတွေသည် ကိုယ့်ကိုယ်ကိုယ် ကျန်းမာဖို့၊ ကိုယ့်ကိုယ်ကိုယ် ချမ်းသာဖို့ အစားရှောင် အငတ်ရှောင် မေတ္တာပို့ ဦးခင် မောင်တို့ ကိုယ့်ကိုယ်အတွက် မလုပ်ကြဘူးလား (လုပ်ကြပါတယ်)၊ အစားကလေး ရှောင်ကြပါဟယ် မတည့်တာ စားမိရင် သေမှာစိုးလို့၊ ရောဂါရမှာစိုးလို့၊ အဝတ်တွေတောင်မှ ကိုယ်နဲ့ သင့်မြတ်တဲ့ အဝတ်တွေကိုသာ ဝတ်ပြီးသ ကာလ သိပ်ပူမည့်အဝတ်ကို ပူတဲ့အချိန် မဝတ်ဘဲနဲ့ အေးတဲ့အချိန်မှ ဝတ်ကြတယ်ဆိုပြီးသကာလ ခန္ဓာကိုယ် ကျန်းမာ မှု ချမ်းသာမှုကို အထူးဂရုစိုက်ကြပါတယ်။
အန္တရာယ်မကင်းတာ ဘာကြောင့်ပါလိမ့်
အဲဒီကဲ့သို့ ခန္ဓာကိုယ် ကျန်းမာမှု ချမ်းသာမှုကို အထူး ဂရုစိုက်ပါလျက်သားနဲ့ လူတွေ နတ်တွေ ဗြဟ္မာတွေမှာ အန္တရာယ်မကင်း ဘေးမရှင်းဖြစ်တာ ဘာပါလိမ့်မလဲဘုရား ဘယ်အကြောင်းကြောင့်ပါလိမ့်မလဲ ဘုရားလို့ ဒကာ ဒကာမတို့ သိကြားက မေးတယ်၊ ဘယ်သူက မေးတာပါလိမ့် (သိကြားက မေးပါတယ်) သိကြားက မေးတယ်ဆိုတာ မှတ်ထားစမ်းပါနော် (မှန်ပါ့)။
လူတွေဟာတဲ့ ကိုယ့်ကိုယ် ကျန်းမာမှု ချမ်းသာမှုကို အလွန်အလိုရှိကြတယ်၊ မလိုကြဘူးလား (လိုပါတယ် ဘုရား)၊ ကိုယ့်ကိုယ်ကိုယ် ကျန်းမာမှု ချမ်းသာမှုကို အထူးတလည်ပဲ ခင်ဗျားတို့ ကြိုးစားကြတယ်ဆိုတာ ခင်ဗျားတို့ ကြိုးစားဖို့ လိုသေးသလား (မလိုပါဘူး ဘုရား)။
ဆေးအမျိုးမျိုးတိုက်တယ်၊ ဝါးအမျိုးမျိုးတိုက်တယ်၊ အင်း ကျန်းမာရေးလိုက်စားပြီး ပင်လယ်သွားတယ်၊ အမျိုးမျိုး အဖုံဖုံ ဧလကောင်း လေသန့်တွေ ရှိုက်ရှူပြီး ရေကောင်းတွေ သောက်ကြတယ်၊ ဒါတွေဟာ ဘာအလိုရှိတာတုံး ဦးခင်မောင်ရေ (ကျန်းမာရေးပါ ဘုရား)၊ ကျန်းမာချမ်းသာဖို့ အလိုရှိတယ်ဆိုတာ ဒကာ ဒကာမတွေ သဘောပါကြ ပလား (ပါပါတယ်)၊ သို့သော်လည်းတဲ့ ကျန်းမာချမ်းသာအောင်လို့ ကြိုးစားငြားသော်လည်း မကျန်းမာ မချမ်းသာဘဲ နဲ့ တော်တော်ကြာ ခါးကိုက် လည်နာ ရင်နာ စိတ်မချမ်းသာစရာတွေ ပေါ်ကြ၊ အမျိုးမျိုး အဖုံဖုံတွေဟာ ဘယ့်နှယ် ကြောင့်ပါလိမ့်မလဲလို့ မေးလိုက်ပါတယ် နော် (မှန်လှပါ ဘုရား)။
ဣဿာ မစ္ဆေရရှိလို့
မေးလိုက်တဲ့အခါကျတော့ ဒကာ ဒကာမတို့ မှတ်ထားလိုက်စမ်းပါ၊ အသင် သိကြား သတ္တဝါတွေဟာ ကျန်းမာချမ်းသာ လိုချင်ငြားသော်လည်း ကျန်းမာမှု ချမ်းသာမှုကို မလိုက်နာနိုင်တဲ့သဘောက ကျန်းမာမှု ချမ်းသာမှု မရတဲ့ သဘောကတော့ဖြင့် တဲ့ ဣဿာ မစ္ဆေရရှိလို့ သဘောပါကြလား (ပါပါတယ်)။
သတ္တဝါတွေဟာ ကျန်းမာချမ်းသာခြင်းတော့ အလိုမရှိကြဘူးလား (ရှိပါတယ် ဘုရား)၊ ဘာဖြစ်လို့ ခေါင်းကိုက် ရင်နာ လေနာတွေ များရသတုံး (ဣဿာ မစ္ဆေရကြောင့်ပါ ဘုရား)၊ ဣဿာ မစ္ဆေရရှိလို့လို့ သေသေချာချာမှတ်ပါ၊ ဒါဟာ သူ့အချက်ပဲ (မှန်ပါ့ဘုရား)၊ ဒကာ ဒကာမတို့ ကျန်းမာမှု ချမ်းသာမှုကို အများကြီး အလိုရှိပါလျက်သားနဲ့ တော်တော်ကြာကျတော့ ဝေဒနာအမျိုးမျိုးတွေနဲ့ ဒီ ဒကာ ဒကာမတွေ ကြုံဆုံပြီးသကာလနေတာဟာ ကိုယ့်ကိုယ်ကိုယ် ဟာ အဟံ အဝေရောဟောမိ၊ အဗျာပဇ္ဇောဟောမိ၊ အနီဃောဟောမိ၊ သုခီ အတ္ထာနံ ပရိဟရာမိ ဆိုပြီးသကာလ ကိုယ့်ကိုယ်ကိုယ် ကျန်းမာမှု ချမ်းသာမှုကို အလွန်အလိုရှိပါတယ်၊ အလိုရှိပါလျက်သားနဲ့ မကျန်းမာ မချမ်းသာတာ ဘယ်အကြောင်းပါလိမ့်မလဲလို့ ဘုရားကို မေးတဲ့အခါကျတော့ ဘုရားက ဘယ်လိုများ ဖြေလိုက်ပါလိမ့်မလဲ (ဣဿာ မစ္ဆေရကြောင့်ပါ ဘုရား)။
သတိထားပါ သတိထားပါ ဒကာ ဒကာမတွေ ဒီအရေးဟာ ကိုယ့်အရေးလို့မှတ်ပါ၊ ကျန်းမာချင် ချမ်းသာချင် လို့ရှိရင် ဣဿာ မစ္ဆရိယ ရှောင်ရလိမ့်မယ် (မှန်ပါ့)။
သဘောကျကြပလား (ကျပါတယ် ဘုရား)။
ကျန်းမာချင် ချမ်းသာချင်ကြလို့ရှိရင် (ဣဿာ မစ္ဆေရ ရှောင်ရပါမယ်) ဣဿာ မစ္ဆရိယ ရှောင်ရလိမ့်မယ်၊ ဣဿာဆိုတဲ့ဥစ္စာက သူတစ်ပါး ငြူစူတယ် နော်၊ မစ္ဆရိယဆိုတဲ့ဥစ္စာက ကိုယ့်ဟာကို ပေးရမှာ ကမ်းရမှာစိုးလို့ ဝန်တိုတယ်နော် (မှန်ပါ့)။
ဣဿာဆိုတာ
ဣဿာဆိုတာ သူတစ်ပါး ကျန်းမာမှု ချမ်းသာမှုကို အလိုမရှိတာ၊ ဆိုင်ထဲလူတွေ ကြည့်ပြီးသကာလနေတဲ့ အခါ ဟိုဆိုင်ရောင်းရတာကို ငြူစူတာတွေ ဘာခေါ်ကြမလဲ (ဣဿာခေါ်ပါတယ် ဘုရား)၊ ကိုယ့်ရှိတဲ့ ပစ္စည်းကလေး လျော့သွားမှာစိုးလို့ ဖုံးကာ ဖိကာ သိမ်းကာ ဆည်းကာတွေနေတာက ဘာခေါ်ကြမလဲ (မစ္ဆရိယ ခေါ်ပါတယ်)၊ အဲ ဒကာ ဒကာမတွေ သေသေချာချာမှတ်ပါ၊ ကျန်းမာမှု ချမ်းသာမှုကို အလိုရှိလို့ ကိုယ့်ကိုယ်ကိုယ် မေတ္တာတွေ ပို့ကြတယ်၊ အစားကောင်း အဝတ်ကောင်းတွေနဲ့ ကျန်းမာရေး လိုက်စားပြီးသကာလ နေငြားသော်လည်း ကျန်းမာမှု ချမ်းသာမှု မရဘဲနဲ့ ဖြစ်ပြီးသကာလ နေတယ်ဆိုတာ ဘယ်ဟာကြောင့်ပါလိမ့်မလဲလို့ အမေးထုတ်တော့ ဘုရားက ဘာဖြေလိုက် သလဲ (ဣဿာ မစ္ဆေရကြောင့်ပါ ဘုရား)။
ဣဿာ မစ္ဆရိယကြောင့်တဲ့၊ ဣဿာ မစ္ဆရိယရှိလို့ရှိရင် ဘယ်တော့မှ မချမ်းသာဆိုတာကို အသင်သိကြား သေသေချာချာ မှတ်ထား တဲ့၊ ရှင်းကြပလား (ရှင်းပါပြီ)၊ ဒါဖြင့် ဣဿာ မစ္ဆရိယဆိုတဲ့ တရားဟာ ဦးခင်မောင် တော်တော်အရေးကြီးပါတယ် (ကြီးပါတယ် ဘုရား)၊ သူများစားတာ မနာလို၊ သူများဝတ်တာ မနာလိုဆိုတာ ဘာပါ လိမ့် (ဣဿာပါ ဘုရား)။
မစ္ဆရိယ
ကိုယ့်ရှိတာကလေး လျှို့ဝှက်ကာ လျှို့ဝှက်ကာနဲ့ လူမြင်သူမြင်မှာ စိုးရိမ်၊ ဒါက ဘာပါလိမ့် (မစ္ဆရိယပါ ဘုရား)၊ အဲဒီ ဣဿာ မစ္ဆရိယရှိနေတော့ ဣဿာရှိနေပြန်လို့ရှိရင်လည်း ဒကာ ဒကာမတို့ ကိုယ့်မှာ ကိုယ့်စည်းစိမ် နဲ့ကိုယ်နေတာ ဘယ်သူက ဣဿာဖြစ်သော်လည်း ဘာဖြစ်မလဲဆိုကတည်းကိုက တစ်ဖက်က ဦးခင်မောင် ရန်တွေ မလာပေဘူးလား (လာပါတယ် ဘုရား)။
ဒါဖြင့် ဒီရန်တွေ မာန်တွေလာတာသည် ဘယ်သူ့ကြောင့်တုံးလို့ မေးကြရင် ဘယ့်နှယ်ဖြေကြမလဲ (ဣဿာ ကြောင့်ပါ ဘုရား)၊ ဣဿာကြောင့်ဖြစ်ရတော့မယ် (မှန်ပါ့)၊ မစ္ဆရိယက ကိုယ့်ရှိတဲ့ပစ္စည်းကလေး မပေးချင် မကမ်း ချင် ထိုက်တန်သလောက်ကလေးမှ မစွန့်ချင် မကြဲချင်တဲ့ ပုဂ္ဂိုလ်ကျတော့လည်း ဘေးကပုဂ္ဂိုလ်က ရန်တွေမူလာလိမ့် မယ်ဆိုတာ ဦးခင်မောင်တို့အားလုံး ဒကာ ဒကာမတို့ ငြင်းဖို့လိုသေးသလား (မလိုပါဘူး ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ သေသေချာချာ စဉ်းစားပါ၊ အန္တရာယ်မကင်း ဘေးမရှင်းဖြစ်ရတာ ဘယ်သူ့ကြောင့် ပါလိမ့် (ဣဿာ မစ္ဆရိယကြောင့်ပါ ဘုရား)၊ အဲဒါ သေသေချာချာ မှတ်ပေတော့၊ အဲဒီတော့ ဘုန်းကြီးများက ဒကာ ဒကာမတို့ ဒီဣဿာ မစ္ဆရိယဟာ ဒကာ ဒကာမတို့က ခန္ဓာကိုယ် ကျန်းမာမှု ချမ်းသာမှုကို လိုက်စားငြားသော်လည်း ကိုယ့်ခန္ဓာကိုယ် မေတ္တာပို့ငြားသော်လည်း ဘယ့်နှယ်ကြောင့် အန္တရာယ်မကင်း ဘေးမရှင်းဖြစ်ရတယ်ဆိုတာ ဣဿာ မစ္ဆရိယဟာက အန္တရာယ်တွေခေါ် ဘေးတွေခေါ်ပါတယ်၊ သဘောကျပလား (မှန်လှပါ ဘုရား)။
ဣဿာ မစ္ဆရိယက အန္တရာယ်တွေ ခေါ်တယ်
ဘယ်သူက ခေါ်တာပါလိမ့် (ဣဿာ မစ္ဆရိယက ခေါ်ပါတယ် ဘုရား)၊ ဣဿာ မစ္ဆရိယက အန္တရာယ်တွေ ခေါ်တယ်၊ ဘေးတွေခေါ်တယ်ဆိုတာကော ကျေနပ်ပလား (ကျေနပ်ပါတယ် ဘုရား)၊ ဒါဖြင့် အန္တရာယ်ကင်းနိုင်ပါ့ မလား (မကင်းနိုင်ပါဘူး)၊ ဒါဖြင့် အားလုံး ဒကာ ဒကာမတွေ ဣဿာ မစ္ဆရိယ လာလို့ရှိရင် ဣဿာဆိုတဲ့ သူတစ်ပါး ငြူစူတဲ့ စိတ်ကလေးလာလို့ရှိရင် အနိစ္စလို့ များများရှုပေးပါ (မှန်လှပါ)၊ မစ္ဆရိယဆိုတဲ့ ဝန်တိုတဲ့စိတ်ကလေး လာလို့ ရှိရင် (အနိစ္စလို့ ရှုရပါမယ်)၊ ဒီအနိစ္စကို မြန်မြန်ရှုပေးလိုက်၊ ဖြစ်ပျက်ကို မြန်မြန်ရှုပေးလိုက်ပါ (မှန်ပါ့)။
ဤကဲ့သို့ မြန်မြန်ရှုပေးလိုက်လို့ရှိရင်ဖြင့် ခုနကပြောခဲ့တဲ့ သူ့ကြောင့် လာမည့်အန္တရာယ်တွေဟာ ဦးခင်မောင် တို့ လာနိုင်သေးရဲ့လား (မလာပါဘူး ဘုရား)၊ ဒါဖြင့် ဒီအရေးဟာ ဘာနုပဿနာလဲလို့ မေးလို့ရှိရင် အားလုံး ဒကာ ဒကာမတွေ ဓမ္မာနုပဿနာလို့ မှတ်ပါ၊ ဓမ္မာနုပဿနာထဲမှာ သူဝင်တယ်၊ ခင်ဗျားတို့ မရှုနိုင်လို့ရှိရင် ရကို မရဘူး ဆိုတာကော ကျေနပ်ပလား (ကျေနပ်ပါတယ် ဘုရား)။
အေး ဒါကြောင့် ဣဿာ မစ္ဆရိယရှိတဲ့ ပုဂ္ဂိုလ်မှာ တရားတစ်ပွဲလုံး မှတ်စရာက အန္တရာယ်ကင်းလို့ ဘေးရှင်းနိုင်ပါ့မလား (မရှင်းနိုင်ပါဘူး ဘုရား)၊ ဒါဖြင့် အန္တရာယ်မကင်း ဘေးမရှင်းတဲ့ တရားဟာဖြင့် ဦးခင်မောင် ရေ လက်သည်တွေ့ကြပါပလား (မှန်လှပါ)၊ ဘာတွေ့ကြသလဲ (ဣဿာ မစ္ဆရိယပါ ဘုရား)၊ ဣဿာ မစ္ဆရိယပဲ တွေ့ တယ်ဆိုတာ ဒကာ ဒကာမတွေ ကျေနပ်ပလား (ကျေနပ်ပါတယ် ဘုရား)။
ဖြစ်ပျက် အနိစ္စ ကို ရှုဖြစ်အောင် ရှုပါ
ဒါဖြင့် ဣဿာ မစ္ဆရိယ လာတိုင်း လာတိုင်း ဘယ့်နှယ်လုပ်ကြရမယ် (ဖြစ်ပျက်ရှုရပါမယ်)၊ ဖြစ်ပျက် အနိစ္စ ကို ရှုဖြစ်အောင် ရှုပါလို့ သတိပေးလိုက်တယ်၊ (မှန်ပါ့) ဖြစ်ပျက် အနိစ္စကို ရှုဖြစ်အောင် ရှုနိုင်လို့ရှိရင်ဖြင့် ဣဿာ မစ္ဆရိယသည် ဣဿာ မစ္ဆရိယအဖြစ်နဲ့ အမှုမထမ်းနိုင်တော့ဘူး (မှန်ပါ့)၊ ဣဿာ မစ္ဆရိယသည် ဣဿာ မစ္ဆရိယ အဖြစ်နဲ့ အမှုထမ်းနိုင်သေးရဲ့လား (မထမ်းနိုင်ပါဘူး)။
ဘာ့ကြောင့်တုံးဆိုတော့ သူ့အနိစ္စအဖြစ်နဲ့ အမှုထမ်းသောကြောင့် ဒကာ ဒကာမတွေ မှတ်စရာက ဒါက ဣဿာ၊ ဒီဘက်က ဒကာ ဒကာမတွေက ဝိပဿနာရှုလိုက်တော့ ဣဿာက အနိစ္စဖြစ်သွားတော့ ဒီကနေပြီးသကာလ ရှုတာက မဂ္ဂသွားမဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား)၊ ဣဿာက အနိစ္စ၊ ရှုတာက (မဂ္ဂပါဘုရား)၊ ဣဿာက (အနိစ္စ ပါ ဘုရား)၊ ရှုတာက (မဂ္ဂပါ ဘုရား)၊ အဲဒီကဲ့သို့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ သူ့ကို ရှုပေးလိုက်တော့ကို သူက အနိစ္စဖြစ်သွားတယ်၊ ရှုတာက မဂ္ဂဖြစ်သွားတယ်။
ဣဿာ မစ္ဆရိယသည် နို့မို့ရင် သူ ဘာလုပ်မလို့ လာတာတုံးလို့ မေးလို့ရှိရင်ဖြင့် ဒကာ ဒကာမတွေ ရှင်းစရာ က ဣဿာ မစ္ဆရိယဆိုတာ ဒေါသက လာတာ (မှန်ပါ့)။
ဒေါသလာလို့ရှိရင် သူနောက်ဆုံးပိတ် သောကနောက်က မလိုက်ပေဘူးလား (လိုက်ပါတယ်)၊ ပရိဒေဝ နောက် ကမလိုက်ပေဘူးလား (လိုက်ပါတယ်)၊ ဥပါယာသကော (လိုက်ပါတယ်) ဒီဘက်က မသိတဲ့ အဝိဇ္ဇာကော (လိုက်ပါ တယ်)၊ ဒီဘက်က သင်္ခါရကော (လိုက်ပါတယ် ဘုရား)။
ဒါဖြင့် အားလုံး ဒကာ ဒကာမတို့ ဣဿာကို ဝိပဿနာမရှုနိုင်လို့ရှိရင် ပဋိစ္စသမုပ္ပါဒ်ဟာ နှစ်ဘဝ ဆက်သွား ဦးမယ် (မှန်ပါ့ဘုရား)၊ ဣဿာဝိပဿနာ မရှုနိုင်ရင် (နှစ်ဘဝဆက်သွားပါမယ်)၊ နှစ်ဘဝဆက်သွားတော့ ဒီဘဝမှာ ဘေးရန်များတယ်၊ ဟိုဘဝမှာ အပါယ်သွားတယ်၊ သဘောကျပလား (မှန်လှပါ)၊ ဒီဘဝမှာ (ဘေးရန်များပါတယ်)၊ ဟိုဘဝမှာတော့ (အပါယ်သွားပါတယ်)။
အပါယ်သွားရတယ်ဆိုတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဪ ဒီဘဝ ဘေးရန်များတာနဲ့ ဣဿာ မစ္ဆရိယက ပဋိစ္စသမုပ္ပါဒ်ကြီး ဆက်သွားလို့ အဝိဇ္ဇာ သင်္ခါရ ဝိညာဏ်ဆိုကတည်းကိုက ဒကာ ဒကာမတို့ ဟိုဘက် ပဋိ သန္ဓေ ဝိညာဏ်နေဖို့ဟာ အပါယ်ပဋိသန္ဓေ မလာပေဘူးလား (လာပါတယ် ဘုရား)၊ အဲဒါတွေ ထောက်ကြည့်တဲ့အခါ ကျတော့မှ ဪ ဒီဘဝ ဘေးရန်များတာလည်း ဘာပါလိမ့် (ဣဿာ မစ္ဆရိယကြောင့်ပါ ဘုရား)၊ ဣဿာ မစ္ဆရိယပဲနော် (မှန်ပါ့)။
ပယ်ကြဆိုရုံနဲ့ဆိုတော့ ဘာနဲ့ပယ်ရမှန်း မသိဘူးနော်
နောက်ဘဝ အပါယ်ရောက်ရတာကော (ဣဿာ မစ္ဆရိယကြောင့်ပါပဲ)၊ ကိုင်း ဒါဖြင့် ဒီဘဝ ဘေးရန်များတာ လည်း ဣဿာ မစ္ဆရိယ၊ နောက်ဘဝ အပါယ်သွားရတာလည်း ဣဿာ မစ္ဆရိယပဲဆိုတော့ သူက ဒကာသစ်တို့ ဦးဇံ ရင်တို့ သက်သာခွင့်ပေးသေးရဲ့လား (မပေးပါဘူး ဘုရား)၊ သက်သာခွင့် မပေးဘူးဆိုတာ ကိုထွန်းအောင်တို့ ကျေနပ် ပလား (ကျေနပ်ပါတယ် ဘုရား)၊ ဒါဖြင့် ဒကာ ဒကာမတို့ သူ့ကို ဝိပဿနာမရှုလိုက်ရင် ဣဿာ ပယ်ကြဆိုရုံနဲ့ မရ ဘူးလား (မရပါဘူး)၊ ပယ်ကြဆိုရုံနဲ့ဆိုတော့ ဘာနဲ့ပယ်ရမှန်း မသိဘူးနော် (မှန်ပါ့)။
အဲဒါကြောင့် မြတ်စွာဘုရားက ဈာယထ ဘိက္ခဝေ မာပနာ ဒတ္ထ။ ဘိက္ခဝေ=ငါ၏ချစ်သား တပည့်များတို့၊ ဈာယထ=လာတာကို ဝိပဿနာရှုကွ၊ ဘာရှုရမလဲ (လာတာကို ရှုရပါမယ်)၊ လာတာကို ရှုပါ၊ ဝိပဿနာအထူးရှာမနေ ပါနဲ့၊ ဣဿာလာရင် ဣဿာကို ရှုပါ၊ မစ္ဆရိယ လာရင်ကော (မစ္ဆရိယကို ရှုပါ)၊ မစ္ဆရိယကိုသာ ရှုပါ၊ ဒကာ ဒကာမ တို့ ဒီဥစ္စာ ရှာနေရဦးမှာလား၊ အာရုံနဲ့ တိုက်ဆိုင်လို့ ပေါ်လာတဲ့အခါ ရှုရမှာလား (အာရုံနဲ့ တိုက်ဆိုင်လို့ ပေါ်လာတာ ရှုရမှာပါ)။
အာရုံနဲ့ တိုက်ဆိုင်လို့ ပေါ်လာတဲ့အခါမှာ မရှုဖြစ်လို့ရှိရင် ဒကာသစ်တို့ ဦးခင်မောင်တို့ ပဋိစ္စသမုပ္ပါဒ် တန်း မတန်း စဉ်းစားစမ်းပါ (တန်းပါတယ် ဘုရား)၊ တန်းသွားလို့ ဒကာ ဒကာမတို့ ဖြတ်တတ်တဲ့ မဂ်ဉာဏ် ဝင်ခွင့်ရသေး သလား (မရပါဘူး)၊ မရတော့ဘူးတဲ့၊ ဒါဖြင့် ခုနကပြောခဲ့တဲ့ ဣဿာလာလို့ရှိရင်လည်း ဒီကနေပြီးသကာလ မဂ္ဂင် ဝိပဿနာနဲ့ ဒကာ ဒကာမတွေက ရှုပေးပါ၊ ဣဿာကလေး ဝမ်းထဲလာလို့ရှိရင် ဝမ်းထဲ ဉာဏ်လှည့်ပြီး ဣဿဖြစ်ပျက် ဟုတ်လား (မှန်ပါ့)၊ ဖြစ်ပျက်ကို သိတာကလေးက ဘာခေါ်ကြမယ် (မဂ်ပါဘုရား)။
ဣဿာချုပ်သွားတဲ့အတွက်
မဂ်လို့ ခေါ်လိုက်တာပေါ့နော် ၊ ဣဿာက ဘယ့်နှယ်ခေါ်မယ် ဖြစ်ပျက်အနိစ္စ (မှန်ပါ)၊ ရှုတာက (မဂ္ဂပါ ဘုရား)၊ အဲဒီကဲ့သို့ ဒကာ ဒကာမတွေက လိုက်ပြီးသကာလ နေမယ်ဆိုလို့ရှိရင် ဣဿာချုပ်သွားတဲ့အတွက် လည်း ပစ္စုပ္ပန်အန္တရာယ်မကင်းဘူးလား (ကင်းပါတယ် ဘုရား)၊ ဣဿာချုပ်သွားတဲ့အတွက်လည်း ပဋိစ္စသမုပ္ပါဒ် နောက်သံသရာအတွက်ကော တန်းသေးရဲ့လား (မတန်းပါဘူး)။
အဲ ထိုကဲ့သို့ မတန်းလို့ရှိရင်ဖြင့် ပစ္စုပ္ပန်မှာလည်း အန္တရာယ်ကင်းတယ်၊ သံသရာမှာလည်း အပါယ်လေးပါး နဲ့ ကျုပ်တို့နဲ့ ဝေးကွာရတယ်ဆိုလို့ရှိရင် လုပ်ထိုက် မလုပ်ထိုက် စဉ်းစားကြည့်ပါ (လုပ်ထိုက်ပါတယ် ဘုရား)၊ ဒါက ဝိပဿနာထိုင်တဲ့အချိန်မှာ မပေးသေးပါဘူးလို့ မှတ်ပါ နော် (မှန်ပါ့)။
ဘယ်အချိန်ပါလိမ့်မတုံးဆိုတော့ သူပေါ်တဲ့အချိန်မှာ ရောင်းရင်း ဝယ်ရင်းနဲ့ သားရေး သမီးရေး စီးပွားရေးနဲ့ သူပေါ်တဲ့အချိန်မှာ သူဟာ အများဆုံးပေါ်တတ်တဲ့ တရားဖြစ်နေသောကြောင့် ဒါရှုဖြစ်အောင်ရှုပါဆိုတာ သတိပေး လိုက်ပါတယ် (မှန်လှပါ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ)၊ ဣဿာ မစ္ဆရိယလာတိုင်း ရှုပါ (မှန်လှပါ)၊ ကဲ ဒါဖြင့် ဒကာ ဒကာမတို့ သိကြားက ဘုရားကိုမေးတာ သောတာပန်တည်အောင် သူမေးလိုက်တယ်နော် (မှန်ပါ့)၊ သောတာပန်တည် အောင် သူမေးလိမ့်မယ်ဆိုတာကော သဘောကျပလား (ကျပါပြီ)။
ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ဦးခင်မောင် မှတ်မိပလား (မှတ်မိပါပြီ)၊ လူတွေ ရောဂါဥပါဒ်အန္တရာယ်မကင်း တာ ဘယ်သူ့ကြောင့်ပါလိမ့် (ဣဿာ မစ္ဆရိယကြောင့်ပါ)။
ဣဿာ မစ္ဆရိယက ဘယ်ကလာတာတုံး
အဲဒီတော့ လက်သည်ရှာကြဦးစို့၊ ဒကာ ဒကာမတို့ လက်သည်ရှာကြဦးစို့နော် (မှန်ပါ့)၊ ဣဿာ မစ္ဆရိယက ဘယ်ကလာတာတုံးလို့ မေးဖို့ မလိုဘူးလား (လိုပါတယ် ဘုရား)၊ ဣဿာ မစ္ဆရိယက ဘယ်ကလာတာတုံးလို့ ဒကာ သစ်တို့ မေးဖို့ မလိုဘူးလား (လိုပါတယ် ဘုရား)၊ အဲဒီတော့ အရှင်ဘုရားတဲ့၊ ဣဿာ မစ္ဆရိယက ဘယ်ကလာတာတုံး ဘုရားတဲ့ သိကြားက မေးပြန်တယ်။
ဣဿာ မစ္ဆရိယ ဘယ်ကလာသတုံး (ချစ်ခြင်း မုန်းခြင်းက လာပါတယ် ဘုရား)၊ ချစ်ခြင်း မုန်းခြင်းက လာ တယ်ဆိုတာ သဘောပါကြပလား (ပါပါတယ် ဘုရား)၊ ချစ်ခြင်းဆိုတာ လောဘ၊ မုန်းခြင်းဆိုတာ ဒေါသ- ချစ်ခြင်းက ဘာပါလိမ့် (လောဘပါ ဘုရား)၊ မုန်းခြင်းက (ဒေါသပါ ဘုရား)။
ဪ ဒီလောဘ ဒေါသဆိုတာသည်ကားဆိုလို့ရှိရင်ဖြင့် ချစ်ခြင်း မုန်းခြင်းပဲ၊ ဒီချစ်ခြင်း မုန်းခြင်းသာ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ မစွန့်နိုင်ဘူးဆိုလို့ရှိရင်ဖြင့် သူက ဆက်ပြီးသကာလ ဘယ်ဘက်သွားလိမ့်မယ်ဆိုတာ ကော သဘောပါကြလား (ပါပါတယ် ဘုရား)၊ ဘယ်ဘက်သွားမယ် (ဣဿာ မစ္ဆရိယ သွားပါမယ်)၊ ဣဿာ မစ္ဆရိယ ဘက် သွားမယ်၊ သဘောပါပလား (မှန်ပါ့ ဘုရား)၊ ချစ်ခြင်း မုန်းခြင်းကို မစွန့်နိုင်တာ ဝိပဿနာမရှုမိလို့ရှိရင် ဘယ် သွားမယ်ထင်ကြသလဲ (ဣဿာ မစ္ဆရိယဘက် သွားပါမယ်)၊ ဣဿာ မစ္ဆရိယဘက် မသွားပေဘူးလား (သွားပါတယ် ဘုရား)။
ချစ်ခြင်း မုန်းခြင်းသည်ဝိပဿနာရှုထိုက်တဲ့ တရား
အဲဒါ သေသေချာချာ မှတ်ကြပါ၊ ချစ်ခြင်း မုန်းခြင်းသည်ကားလို့ ဆိုလို့ရှိရင်ဖြင့် ဝိပဿနာရှုထိုက်တဲ့ တရား ဆိုတာကော သဘောကျပလား (ကျပါတယ်)၊ ဒါဖြင့် ကိုယ့်ကို ချစ်ခြင်း ကိုယ့်သားသမီး ချစ်ခြင်းဆိုတဲ့ လောဘတွေ လာလို့ရှိရင်လည်း ဒကာ ဒကာမတို့ ဒီကနေပြီး မဂ္ဂင်နဲ့ ဖြစ်ပျက်ပဲ ရှုပေးရမယ် (မှန်ပါ့)၊ မရှုရင် တော်ပါ့မလား (မတော်ပါဘူး ဘုရား)။
ဘာဖြစ်လို့တုံးလို့ မေးတဲ့အခါကျလို့ရှိရင်ဖြင့် ဣဿာ မစ္ဆရိယဘက် သွားတော့မယ်ဆိုတာ မသေချာဘူးလား (သေချာပါတယ်)၊ ဒါဖြင့် ချစ်တဲ့ လောဘစိတ်လာလည်း ဘာလုပ်ရမလဲ (ဖြစ်ပျက်ရှုရပါမယ်)၊ မုန်းတဲ့ ဒေါသစိတ်လာ ရင်ကော (ဖြစ်ပျက်ရှုရပါမယ်)၊ အတိတ်ကဖြင့် မေ့နေလို့ ဦးခင်မောင်တို့အားလုံး ဒကာ ဒကာမတို့ တော်ကြပါ့မလား (မတော်ပါဘူး ဘုရား)။
ဒါဖြင့် ဒီ ဒကာ ဒကာမတွေမှာ အခုဒီဟာတွေပေါ်လာတဲ့အခါမှာ လိုလိုနေသေးတယ်ဆိုတာကို ဘုန်းကြီးများ က သိပြီးသကာလ ဖြည့်စွက်ပေးနေတယ်ဆိုတဲ့ အဓိပ္ပာယ်ကော ရှင်းကြပလား (ရှင်းပါတယ် ဘုရား)၊ လိုနေလို့ ဖြည့် စွက်ပြီး ပေးရပါတယ်ဆိုတာကော ကျေကျေနပ်နပ် သဘောကျရဲ့လား (ကျပါတယ်)၊ ဒါဖြင့် ဒကာ ဒကာမတို့ ဣဿာ မစ္ဆရိယ ဘယ်ကလာသလဲ (ချစ်ခြင်း မုန်းခြင်းက လာပါတယ်)။
ဒါဖြင့် ချစ်ခြင်း မုန်းခြင်းကို ဖျက်ဆီးရလို့ရှိရင် ဣဿာ မစ္ဆရိယ လာပါ့မလား (မလာပါဘူး ဘုရား)၊ ဣဿာ မစ္ဆရိယမှ မလာလို့ရှိရင်လည်း အပါယ်သံသရာကြီးကို ခုနက အဝိဇ္ဇာသင်္ခါရကြောင့် သွားနိုင်သေးရဲ့လား (မသွားနိုင် ပါဘူး ဘုရား)၊ မသွားနိုင်ပါဘူးဆိုလို့ရှိရင်ဖြင့် ဣဿာ မစ္ဆရိယ၏ ရေသောက်မြစ်ကိုဖြင့် ယနေ့တွေ့ပါပြီ၊ မတွေ့သေး ဘူးလား (တွေ့ပါပြီ ဘုရား)၊ ဣဿာ မစ္ဆရိယ၏ ရေသောက်မြစ်ဟာ ဘာပါလိမ့် (ချစ်ခြင်း မုန်းခြင်းပါ ဘုရား)၊ ချစ် ခြင်း မုန်းခြင်းဆိုတာ သေသေချာချာ မှတ်နော် (မှန်ပါ့)၊ ဣဿာ မစ္ဆရိယ၏ ရေသောက်မြစ်က (ချစ်ခြင်း မုန်းခြင်းပါ ဘုရား)။
အဲ ကိုယ့်ကိုယ်ကိုယ် ချစ်ခြင်း မုန်းခြင်းကြောင့်လည်း ဣဿာ မစ္ဆရိယ လာတတ်တယ်၊ ကိုယ့်သားမယား ကိုယ့်မိတ်ဆွေ ချစ်ခြင်း မုန်းခြင်းကြောင့်ကော (ဣဿာ မစ္ဆရိယ လာပါတယ်ဘုရား)၊ ဒါဖြင့် ဒီဥစ္စာကျတော့ ဒကာ ဒကာမတို့ ချစ်ခြင်းလာလည်း ဘာလုပ်ရမယ် (ဖြစ်ပျက်ရှုရပါမယ်)၊ ရှုရမှာပဲ၊ မုန်းခြင်းလာရင်ကော (ဖြစ်ပျက်ရှုရမှာ ပါပဲ)။
ဘာပဲလာလာ ဖြစ်ပျက်ကို ရှု
ချစ်ခြင်း မုန်းခြင်း ဘာပဲလာလာ ဒကာ ဒကာမတွေက အလကားမနေပါနဲ့၊ ဖြစ်ပျက်ကို ရှုဖြစ်အောင် ရှုပါ (မှန်ပါ့)။
ရှုလိုက်တဲ့အခါကျလို့ရှိရင်ဖြင့် ဘုန်းကြီး အကျိုးအကြောင်း ဆက်ပြပါမယ်တဲ့ ဒီဥစ္စာ အင်မတန် သဘောပါ လာပြီလို့ မှတ်ကြပါ၊ ချစ်ခြင်းဆိုတာက ဦးခင်မောင် လောဘ (မှန်ပါ လောဘပါ ဘုရား)၊ မုန်းခြင်းဆိုတာကော (ဒေါသပါ ဘုရား)၊ လောဘသာ မရှုမိလို့ရှိရင် လောဘဟာ တဏှာလို့ ဆိုပါတယ် (မှန်လှပါ)၊ တဏှာလာလို့ရှိရင် ပဋိစ္စသမုပ္ပါဒ်ဆိုတဲ့ ဥစ္စာက ဘုရားမရှိလည်း အမြဲတမ်းရှိတာဖြစ်သောကြောင့် တဏှာဥပါဒါန်ကံ ဟော အနာဂတ်ဘဝ ဇာတိ ဇရာ မရဏ မလာပေဘူးလား (လာပါတယ် ဘုရား)။
ဒါဟာ ဘာမရှုမိလို့ပါလိမ့်မတုံး (ချစ်ခြင်း မရှုမိလို့ပါ ဘုရား)၊ ချစ်ခြင်းမရှုမိလို့ (မှန်ပါ့)၊ သဘောပါကြလား (ပါပါတယ်)၊ ဘာမရှုမိလို့ပါလိမ့် (ချစ်ခြင်း မရှုမိလို့ပါ ဘုရား)၊ ချစ်ခြင်း မရှုမိလို့ ချစ်ခြင်းက တဏှာ၊ တဏှာက ကြီး လာတော့ ဥပါဒါန်၊ ဥပါဒါန်က ကြီးလာတော့ ကံ၊ ကံလာတဲ့အခါကျလို့ရှိရင် နောက်ဘဝ ဇာတိ ဇရာ မရဏဆိုတဲ့ သံသရာမဆက်ပေဘူးလား ဆက်မလား (ဆက်ပါတယ် ဘုရား)၊ ဘာဖြစ်လို့ ဆက်ရသတုံးလို့ မေးလို့ရှိရင်ဖြင့် ချစ်ခြင်း ကို ဝိပဿနာမရှုမိလို့ ကျေနပ်ကြပလား (ကျေနပ်ပါတယ်)၊ ချစ်ခြင်းကို (ဝိပဿနာမရှုမိလို့ပါ ဘုရား)။
ချစ်ခြင်းကို ဝိပဿနာမရှုမိတဲ့အတွက်
ချစ်ခြင်းကို ဝိပဿနာမရှုမိတဲ့အတွက် ဒကာ ဒကာမတို့ ဒီဘဝမှာလည်း ဣဿာ မစ္ဆရိယ လာသေးတယ်၊ ဣဿာ မစ္ဆရိယရှိလို့လည်း အန္တရာယ်မကင်းရဘူးဆိုတော့ ပစ္စုပ္ပန်အကျိုးကော ကောင်းသေးရဲ့လား (မကောင်းပါဘူး ဘုရား)၊ သဘောပါရဲ့လား (ပါပါတယ်)၊ သံသရာမှာလည်း ဇာတိ ဇရာ မရဏဆိုတဲ့ ဒုက္ခသစ္စာကြီး မလာဘူးလား လာမလား (လာပါတယ် ဘုရား)၊ အဲဒါဟာ ချစ်ခြင်းတစ်လုံးကို ဒကာ ဒကာမတွေက ဝိပဿနာမရှုမိတဲ့အတွက် ကိုယ်ကျိုးနည်းရတယ်၊ သဘောပါလား (မှန်လှပါ ဘုရား)။
ချစ်ခြင်းတစ်လုံးကို ဝိပဿနာ မရှုမိတဲ့အတွက် (ကိုယ်ကျိုးနည်းရပါတယ် ဘုရား)။
ကိုယ်ကျိုးနည်းရတယ်ဆိုတာ ကောင်းကောင်း ကျေနပ်ပလား (ကျေနပ်ပါတယ်)၊ ဒါဖြင့် ဒီချစ်ခြင်းဆိုတဲ့ လောဘလာရင်လည်း ဘာလုပ်ကြမလဲ (ဝိပဿနာ ရှုရပါမယ်)၊ ဝိပဿနာရှုလိုက်တော့ တဏှာက အနိစ္စဖြစ်သွား တော့ကို ဥပါဒါန်ပေါ်နိုင်သေးရဲ့လား (မပေါ်ပါဘူး)၊ ကံကော ပေါ်နိုင်သေးရဲ့လား (မပေါ်တော့ပါဘူး)၊ ဇာတိ ဇရာ မရဏကော (မပေါ်တော့ပါဘူး)၊ မပေါ်နိုင်ဘူးဆိုလို့ရှိရင်ဖြင့် ဦးခင်မောင် သံသရာပြတ် မပြတ် စဉ်းစားပါ (ပြတ်ပါ တယ် ဘုရား)။
ဒါဖြင့် အားလုံး ဒကာ ဒကာမတွေ ခင်ဗျားတို့ ပေါ်လာတဲ့တရား မသိမှုဟာ အဆိုးဆုံးပဲ၊ သဘောပါကြလား (ပါပါတယ်)၊ ပေါ်လာတဲ့တရား မသိမှုဟာ (အဆိုးဆုံးပါ ဘုရား)၊ ဒါဖြင့် ဒကာ ဒကာမတို့ ချစ်ခြင်းလာလည်း ဝိပဿနာရှု (မှန်ပါ့)၊ မုန်းခြင်းလာလည်း (ဝိပဿနာရှုရပါမယ်)၊ ရှုရမှာပဲ၊ ကိုင်း မုန်းခြင်းကို မရှုမိဘူးဆိုတော့ မုန်းခြင်းဆိုတော့ ဒေါသမနေဘူးလား (မှန်ပါ့ဘုရား)၊ ဒေါသလာတော့ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ဥပါယာသ အဝိဇ္ဇာ သင်္ခါရ ဟိုဘက်မသွားပေဘူးလား (သွားပါတယ် ဘုရား)။
မုန်းခြင်းမရှုမိလို့
ကဲ ဒါဖြင့် ဒကာ ဒကာမတို့ မုန်းခြင်းမရှုမိလို့ မုန်းတတ်တဲ့ ဒေါသစိတ်ကလေး ရှုမည်ကြံလို့ရှိရင်လည်း ဟဒယဝတ္ထုပေါ် ဉာဏ်လှည့်ပြီးသကာလ ဪ မုန်းတတ်တဲ့ တရားကလေးဟာ သူလည်း အနိစ္စပဲလို့ မြန်မြန် ရှုပေးပါ၊ ဒါ ဓမ္မာနုပဿနာ သတိပဋ္ဌာန်ချည်းပဲလို့ ယနေ့ ဟောနေတာ မှတ်စမ်းပါ (မှန်လှပါ)၊ ဘာနုပဿနာ သတိ ပဋ္ဌာန်ပါလိမ့် (ဓမ္မာနုပဿနာ သတိပဋ္ဌာန်ပါ ဘုရား)၊ ဓမ္မာနုပဿနာ သတိပဋ္ဌာန်လို့ ဒကာ ဒကာမတွေ မှတ်ပါ နော် ။
ကိုင်း ဒါဟာ ပထမတော့ဖြင့် ခက်ကြလိမ့်မယ်၊ ဣဿာ ရှုရတာလည်း ခက်မှာပဲ၊ မစ္ဆရိယ ရှုရတာလည်း ခက်မှာပဲ၊ နောက်ကျလို့ ကျင့်သားရသွားတဲ့အခါကျတော့ ပေါ်တာသိ ပေါ်တာသိပြီး ဦးခင်မောင် ရှုစရာချည်းပဲလို့ သေသေချာချာ မှတ်ပါ (မှန်လှပါ ဘုရား)၊ သဘောပါကြလား (ပါပါတယ်)၊ ကောင်းပြီ ဒါဖြင့် အကြောင်းအကျိုး ဆက်ကြပါဦးစို့။
ဒကာ ဒကာမတို့ လူတွေ အန္တရာယ်မကင်းတာ ဘာ့ကြောင့်တုံး (ဣဿာ မစ္ဆရိယကြောင့်ပါ) လူတွေ နတ်တွေ ဗြဟ္မာတွေမှာ အန္တရာယ်မကင်း ဘေးမရှင်းဖြစ်တာ ဘယ့်နှယ်ကြောင့်ပါလိမ့် (ဣဿာ မစ္ဆရိယကြောင့်ပါ ဘုရား)၊ ဪ ဣဿာ မစ္ဆရိယကြောင့်၊ ဒီနှစ်ခု မှတ်လိုက်စမ်းပါနော်၊ နောက်က ပြန်ဆက်ကြဦးစို့။
ဒီဣဿာ မစ္ဆရိယဟာ ဘယ်သူ့ကြောင့် လာတာပါလိမ့်မလဲ (ချစ်ခြင်း မုန်းခြင်းကြောင့်ပါ ဘုရား)၊ ချစ်ခြင်း မုန်းခြင်းကြောင့် လာတယ်၊ ဒါဖြင့် ဒကာ ဒကာမတို့ ဝိပဿနာရှုဖို့ရာ တွေ့ပြီနော် ဣဿာ မစ္ဆရိယလာလည်း ရှုရုံပဲ၊ ချစ်ခြင်း မုန်းခြင်း လာရင်ကော (ရှုဖို့ပါပဲ ဘုရား)။
ဒီလိုဆိုလို့ရှိရင်ဖြင့် ကျုပ်တို့ ပစ္စုပ္ပန်မှာ အန္တရာယ်ကင်းတယ်၊ သံသရာမှာ အပါယ်ဘေးကလည်း ကျုပ်တို့ဆီ ခင်ဗျားတို့ဆီကို လာနိုင်သေးရဲ့လား (မလာပါဘူး ဘုရား)၊ ရှုတဲ့မဂ်က မဖြတ်ပေဘူးလား (ဖြတ်ပါတယ် ဘုရား)၊ ရှုတဲ့မဂ်က သံသရာကို ဖြတ်ပါတယ်ဆိုတာ ကျေနပ်ပလား (ကျေနပ်ပါတယ် ဘုရား)၊ အဲဒါကြောင့် အလုပ်မလုပ်ဘဲနဲ့ ပြတ်တယ်ဆိုတာကတော့ မရနိုင်ဘူး၊ သဘောပါကြလား (ပါပါတယ်)။
ဖြစ်ပျက်မရှုဘဲနဲ့ ဦးခင်မောင်တို့အားလုံး တရားတစ်ပွဲလုံး ဒကာ ဒကာမတွေ ပြတ်လိမ့်မယ်ဆိုတာတော့ ဆိုစရာရှိနိုင်ပါ့မလား (မရှိနိုင်ပါဘူး)။
ပေါ်တာကို မြန်မြန်ဖြစ်ပျက်ရှုပါ
ဒါကြောင့် ခင်ဗျားတို့ လေရှည်မနေပါနဲ့၊ ပေါ်တာကို မြန်မြန်ဖြစ်ပျက်ရှုပါ၊ ရှင်းပလား (ရှင်းပါပြီ)၊ လေရှည် နေမှာကို သိပ်စိုးတယ် (မှန်ပါ့)၊ လေရှည်နေတော့ စကားပြောရှည်လေ ဣဿာကလေးက ပါသွား၊ မစ္ဆရိယကလေးက ပါသွားတယ်၊ ကျုပ်ကတော့ ခင်သကိုး ကျုပ်ကတော့ မုန်းသကိုး၊ ဒီလိုကော မလာတတ်ဘူးလား (လာပါတယ် ဘုရား)၊ အဲ လာတော့ ချစ်ခြင်း မုန်းခြင်းတွေ ထိအောင် ဆက်သွားမယ်ဆိုလို့ရှိရင် ဝိပဿနာဉာဏ် ဝင်ခွင့်ရသေးရဲ့လား (မရပါဘူး ဘုရား)။
အဲ ဝိပဿနာဉာဏ် ဝင်ခွင့်မရလေလေ ခင်ဗျားတို့ ကျုပ်တို့မှာ ပစ္စုပ္ပန်မှာ အန္တရာယ်မကင်းတာတွေက များလေလေပဲ၊ သံသရာအပါယ်တွင်းကို ဆင်းတာတွေကကော (များပါတယ် ဘုရား)၊ များလေလေဆိုရင်ဖြင့် အားလုံး ဒကာ ဒကာမတွေ လွဲပါ့မလား (မလွဲပါဘူး ဘုရား)၊ သဘောကျပလား (ကျပါတယ် ဘုရား)၊ ဒါဖြင့် ဒီ အခုရှုခိုင်းနေ တဲ့ လေးလုံး ဒီနေ့တွေ့ပါပြီ၊ ဣဿာရှု-မစ္ဆရိယရှု၊ ချစ်ခြင်း လောဘရှုပါ-မုန်းခြင်း ဒေါသရှုပါလို့ သေသေချာချာ ဆရာဘုန်းကြီးက ဟောပြီးသကာလနေတော့ ဒါ ဘာနုပဿနာ သတိပဋ္ဌာန်လဲ (ဓမ္မာနုပဿနာ သတိပဋ္ဌာန်ပါ ဘုရား)။
အဲ ဓမ္မာနုပဿနာ သတိပဋ္ဌာန်ဘက်ကို ချစ်ခြင်း မုန်းခြင်းပေါ်လာတာတွေ အကုန်သာ ရှုပါတဲ့၊ နို့မို့လို့ရှိရင် ဖြင့် ဦးခင်မောင်တို့လူစုက ဝိပဿနာရှုတဲ့ နေရာကျတော့သာ ဝိပဿနာရှုတာကိုးဗျ၊ ဝိပဿနာ မရှုတဲ့နေရာကျတော့ ခုနကဟာတွေက တောထမနေပေဘူးလား (တောထနေပါတယ် ဘုရား)။
ဣဿာ မစ္ဆရိယတွေကလည်း တောထ၊ ချစ်ခြင်း မုန်းခြင်းတွေကကော (ထပါတယ် ဘုရား)။
အဲဒီ တောထပြီးသကာလ နေမယ်ဆိုလို့ရှိရင်ဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ ဘယ်မှာ လွတ်ရေးကျွတ် ရေး ရှိနိုင်ပါ့မလဲ (မရှိနိုင်ပါဘူး ဘုရား)၊ ပစ္စုပ္ပန်မှာ အန္တရာယ်ကင်းဖို့အရေးကော ရှိသေးရဲ့လား (မရှိပါဘူး)၊ သံသရာ ဘေးကော မတွေ့ဖို့ရာကြီး ရှိသေးရဲ့လား (မရှိပါဘူး)။
အဲဒါကြောင့် အင်မတန် နစ်နာမှာစိုးတဲ့အတွက် ခုနက သေကာနီးကျတော့ နိမိတ်တွေ ထင်လာတော့မှ ကိုယ်ကျိုးနည်းပြီဆိုရင် ကောင်းပါဦးမလား (မကောင်းပါဘူး ဘုရား)။
သေကာနီးမှလည်း သောတာပန်တည်နိုင်တယ်
ဒီလိုဖြစ်ပျက်ရှုထားတဲ့ ပုဂ္ဂိုလ်မျိုးကျတော့ ဒကာ ဒကာမတွေ ဘာမှမပူပါနဲ့ တဲ့၊ သေကာနီးမှလည်း သောတာပန်တည်နိုင်တယ်၊ ရှုထားတဲ့ပုဂ္ဂိုလ်များမှာ (မှန်ပါ့) သေကာနီးမှလည်း ကိုယ့်ခန္ဓာ ကိုယ်ရှုပြီး တည်နိုင်တယ်၊ ဒီကအရှိန်ကလည်း ပါမသွားဘူးလား (ပါသွားပါတယ် ဘုရား)။
အေး ဒါကြောင့် ခင်ဗျားတို့ ကယ်မည့် ယူမည့်လူဟာဖြင့် ရှုတဲ့မဂ်ပဲလို့ သေသေချာချာမှတ်ပါ (မှန်လှ ပါ)၊ ခင်ဗျားတို့ကို သံသရာကြီးထဲမှာ နောက်ပဋိသန္ဓေ မနေရအောင် ကာကွယ်ပေးမှာလဲ ဘယ်သူတုံး (မဂ်ပါဘုရား)၊ မဂ်ပဲ၊ ရှုတဲ့မဂ်ပဲ အားကိုးစရာရှိတော့တယ် နော် (မှန်ပါ့)။
အဲဒီတော့ ဒကာ ဒကာမတွေ ပစ္စုပ္ပန်မှာလည်း အန္တရာယ်ကင်း ဘေးရှင်းပါတယ်ဆိုတာ ဘာအားကိုးရမလဲ (ရှုတဲ့မဂ်ပါ ဘုရား)၊ ရှုတဲ့မဂ်ပဲ အားကိုးရမယ် (မှန်လှပါ)၊ ဒါဖြင့် ရှုတဲ့မဂ်သည်ကားလို့ဆိုရင် ဒကာ ဒကာမတို့ သံသရာပြတ်အောင်လည်း သူပဲ၊ ပစ္စုပ္ပန်အန္တရာယ်ကင်း ဘေးရှင်းအောင်ကော (သူပါပဲ ဘုရား)၊ သူပဲဆိုသဖြင့် ဪ ဒီအလုပ်သည် အားလုံး တရားတစ်ပွဲလုံး ဆုံးဖြတ်ချက်ချပါ၊ လုပ်ထိုက် မလုပ်ထိုက် (လုပ်ထိုက်ပါတယ် ဘုရား)၊ လုပ်ထိုက်တယ်ဆိုတာ ကျေနပ်ပလား (ကျေနပ်ပါတယ်)။
ပစ္စုပ္ပန်မှာလည်း ကောင်းတယ်၊ သံသရာမှာလည်း ဒုက္ခလွတ်ကွင်းပါတယ်ဆိုလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ လိုက်ထိုက် မလိုက်ထိုက် (လိုက်ထိုက်ပါတယ် ဘုရား)၊ သဘောကျပလား (ကျပါပြီ)။
အဲဒီကဲ့သို့ ဆရာဘုန်းကြီးက ယနေ့စပြီးသကာလ ဒီဥစ္စာပြောနေတော့ ဒီ ဒကာ ဒကာမတွေက ဪ တို့သန္တာန်မှာ ဒီတရားတွေ ပေါ်လာတာကလည်း တောထနေတာပဲ၊ ဒါတွေကိုလည်း ဘယ်တော့မှ အနိစ္စလက္ခဏာ ဖြစ်ပျက်ရှုမိအောင် တို့ကလည်း မလုပ်တော့ဘူး၊ ဪ တို့အဖြစ်သည်ကားလို့ဆိုရင် ဘယ်လောက်လှူလှူတန်း တန်း နေငြားသော်လည်း ဒီဟာတွေ ဣဿာ မစ္ဆရိယများသလောက် ချစ်ခြင်း မုန်းခြင်း များသလောက် အလှူက များကြမယ် မဟုတ်ပါဘူး၊ များပါ့မလား (မများပါဘူး)၊ ဒီဟာကတော့ တောထနေအောင် များမယ်ဆိုတာ သေချာ ပလား (သေချာပါတယ် ဘုရား)။
အဲဒါကြောင့် ဒကာ ဒကာမတို့ ဒီအလုပ်ကိုဖြင့် လုပ်ဖြစ်အောင် လုပ်ပါဆိုတာ မတိုက်တွန်းထိုက်ဘူးလား (တိုက်ထွန်းထိုက်ပါတယ် ဘုရား)၊ အဲဒါကြောင့် လုပ်ဖြစ်အောင် လုပ်ကြစမ်းပါဆိုတာ တိုက်တွန်းရတယ်နော် (မှန်ပါ့)။
ကဲ အကြောင်းအကျိုး ဆက်လိုက်ပါဦးတဲ့၊ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဟောထားတာ ဒကာ ဒကာမ တွေ ရောဂါ ဥပါဒ် အန္တရာယ်မကင်းတာ ဘယ်သူ့ကြောင့်တုံး (ဣဿာ မစ္ဆရိယကြောင့်ပါ ဘုရား)၊ ရှင်းပြီနော် (ရှင်း ပါပြီ)၊ အဲ ဒီဣဿာ မစ္ဆရိယကြောင့် ရောဂါအန္တရာယ်မကင်းတာ၊ ရောဂါအန္တရာယ် မကင်းတာသည် ဣဿာ မစ္ဆရိယ၊ ဣဿာ မစ္ဆရိယ ဘယ်ကလာပါလိမ့် (ချစ်ခြင်း မုန်းခြင်းက လာပါတယ် ဘုရား)၊ ချစ်ခြင်း မုန်းခြင်းက လာ တယ်ဆိုတာကော ကျေနပ်ပလား (ကျေနပ်ပါပြီ)။
ချစ်ခြင်း မုန်းခြင်း ဘယ်ကလာပါသတုံး
ကောင်းပြီ ချစ်ခြင်း မုန်းခြင်းသည်ကားလို့ဆိုလို့ရှိရင်ဖြင့် ဘယ်ကလာပါသတုံး ဘုရားလို့ မေးပြန်တယ် တစ် ချက် (မှန်လှပါ)၊ ဒကာ ဒကာမတို့ သိကြားမင်းက ဘုရားကို မေးပါတယ်၊ ချစ်ခြင်း မုန်းခြင်းသည် ဘယ်ကလာပါ လိမ့်မလဲ ဘုရားလို့ ဆိုတဲ့အခါကျတော့ ဘုရားက ဆန္ဒက လာတယ်ကွတဲ့ (မှန်ပါ့)၊ ဘယ်ကလာကြပါလိမ့် (ဆန္ဒက လာပါတယ် ဘုရား)၊ သုံးချက်ရှိပြီနော်၊ ဒကာ ဒကာမတို့ ချစ်ခြင်း မုန်းခြင်းဟာ ဘယ်ကလာပါလိမ့် (ဆန္ဒက လာပါ တယ် ဘုရား)၊ ဪ ဒီဆန္ဒကလည်း ဘာဆန္ဒပါလိမ့်မတုံးလို့ မေးတဲ့အခါကျတော့ ပစ္စည်းရှာလိုတဲ့ဆန္ဒတစ်မျိုး၊ ပစ္စည်းရတဲ့ဆန္ဒတစ်မျိုး၊ ပစ္စည်းရှာလိုတဲ့ ဆန္ဒတစ်မျိုးနော် (မှန်ပါ့)၊ ပစ္စည်းရတဲ့ ဆန္ဒကကော (တစ်မျိုးပါ ဘုရား)၊ ဘယ်နှစ်မျိုးရှိသွားပြီလဲ (နှစ်မျိုးပါ ဘုရား)၊ ပစ္စည်းရလို့ သုံးဆောင်နေတဲ့ ဆန္ဒကကော (တစ်မျိုးပါ ဘုရား)၊ ပစ္စည်း ရလို့ သိမ်းဆည်းနေတဲ့ ဆန္ဒကကော (တစ်မျိုးပါ ဘုရား)၊ ပစ္စည်းရလို့ ဝေဖန်နေတဲ့ ဆန္ဒကကော (တစ်မျိုးပါ ဘုရား)။
အံမာလေး ဆန္ဒကို တစ်ခါမှ မပြောဖူးသေးဘူး၊ ဦးခင်မောင် ဆန္ဒငါးမျိုးတောင် ရှိတယ် (မှန်လှပါ ဘုရား)။
ဆန္ဒငါးမျိုးရှိတယ်
ဒကာ ဒကာမတွေ ဆန္ဒဘယ်နှစ်မျိုးရှိသလဲ (ငါးမျိုးပါ ဘုရား)၊ ဆန္ဒငါးမျိုးရှိတယ်တဲ့၊ ပစ္စည်းရှာလိုတဲ့ဆန္ဒ၊ ပစ္စည်းရတဲ့ဆန္ဒ၊ ပစ္စည်းသုံးဆောင်တဲ့ဆန္ဒ၊ ပစ္စည်းကို သိမ်းဆည်းတဲ့ဆန္ဒ၊ ပစ္စည်းကို ဝေဖန်တဲ့ဆန္ဒ (မှန်ပါ့)၊ ဆန္ဒ ဘယ်နှစ်မျိုးရှိပါလိမ့် (ငါးမျိုးပါ ဘုရား)။
အဲဒီဆန္ဒငါးမျိုးကြောင့် ဘာဖြစ်သတုံး (ချစ်ခြင်း မုန်းခြင်း ဖြစ်ပါတယ်)၊ ချစ်ခြင်း မုန်းခြင်းကြောင့် (ဣဿာ မစ္ဆရိယ ဖြစ်ပါတယ်)၊ ဣဿာ မစ္ဆရိယကြောင့် ဘာတွေများ များကုန်သလဲ (ဘေးအန္တရာယ်တွေ များကုန်ပါတယ်)၊ ဘေးအန္တရာယ်တွေ အကုန်များကုန်တယ်၊ သဘောပါကြလား (ပါပါတယ် ဘုရား)၊ ဪ သိကြားသည်ကားလို့ ဆိုလို့ရှိရင် ဒါသောတာပန်တည်မည့် တရားဆိုတာ ဒကာ ဒကာမတွေ မှတ်ပါ၊ ဒါတွေရှုတာနဲ့ ဒီဆန္ဒ ဘယ်နှစ်မျိုး ရှိပါလိမ့် (ငါးမျိုးပါ ဘုရား)။
ဪ ဒီဆန္ဒငါးမျိုးကြောင့် ချစ်ခြင်း မုန်းခြင်း ဖြစ်ရတယ်၊ ချစ်ခြင်း မုန်းခြင်းကြောင့် ဣဿာ မစ္ဆရိယ ဖြစ်ရတယ်၊ ဣဿာ မစ္ဆရိယ ဖြစ်ရသောကြောင့် သတ္တဝါတွေမှာ ရောဂါဥပါဒ် အန္တရာယ်မကင်းဘဲ ဖြစ်ရပါတယ် (မှန်ပါ့)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)၊ အားလုံး ဒကာ ဒကာမတွေ တရားကလည်း စတဲ့နေ့ဖြစ်နေလို့ သေသေ ချာချာလည်း မှတ်ကြပါ၊ ဒီဥစ္စာ ဝိပဿနာကင်းလို့ရှိရင်လည်း ဦးခင်မောင် မရပါဘူး (မရပါဘူး ဘုရား)၊ ဘေးက ပုဂ္ဂိုလ်တွေ ရပါ့မလား (မရပါဘူး ဘုရား)။
ကိုင်း ဒီဆန္ဒငါးမျိုးကို ဟောရတော့မယ်ဆိုတော့ ဒကာ ဒကာမတို့ ဒီဆန္ဒဟာ ပြောတော့ ဆန္ဒပဲ၊ တရားကိုယ် ကောက်လိုက်တော့ မောင်ကိုတို့ လောဘပဲ မှတ်ရလိမ့်မယ် (မှန်လှပါ)၊ တရားကိုယ် ကောက်တော့ (လောဘပဲ မှတ် ရပါမယ်)။
လောဘပဲ မှတ်ကြရလိမ့်မယ်၊ ရှာမှီးတဲ့ လောဘ၊ ရလို့သာယာတဲ့ လောဘ၊ သဘောကျပလား (ကျပါပြီ)၊ သိမ်းဆည်းတဲ့လောဘဆိုတာကော မရှိပေဘူးလား (ရှိပါတယ် ဘုရား)၊ အင်း ဟင် သုံးဆောင်တဲ့ လောဘ၊ သိမ်းဆည်းတဲ့ လောဘ၊ ဝေဖန်တဲ့ လောဘ၊ လောဘ ဘယ်နှစ်မျိုးရှိပါလိမ့် (ငါးမျိုးပါ ဘုရား)။
ဥပမာ- ဒီအထဲပြောလိုက်တဲ့အခါကျတော့ ဝေဖန်တဲ့လောဘဆိုတော့ ဒကာ ဒကာမတွေက ဖြုန်းခနဲ မရိပ်မိ ဘူး၊ သေသေချာချာ ရှင်းပြပါ့မယ်၊ ဒကာ ဒကာမတို့ ချစ်ခြင်း မုန်းခြင်းသည်ကားလို့ဆိုလို့ရှိရင်ဖြင့် ဘယ်ကလာတာ တုံးဆိုလို့ရှိရင် ပစ္စည်းရှာတဲ့အချိန်မှာ ချစ်တဲ့သူစားဖို့ဆိုပြီး သကာလ ရှာတယ်၊ မုန်းတဲ့လူအတွက်လည်း သူ ဘယ်လို နေနေကွာ ငါရ ပြီးရောဆိုတဲ့ အဓိပ္ပာယ်ကော မပါဘူးလား (ပါပါတယ် ဘုရား)။
ဒါဖြင့် ငါရပြီးရောဆိုတော့ ဒါလောဘဆန္ဒဖြင့် လောဘပဲ (မှန်လှပါ)၊ ဒါဖြင့် ဒကာ ဒကာမတို့ ချစ်ခြင်း မုန်းခြင်းသည် ဘယ်ကလာသတုံးလို့ မေးလို့ရှိရင် (ဆန္ဒက လာပါတယ် ဘုရား)၊ ဆန္ဒက လာတယ်၊ ဟောဒါက ပစ္စည်းရှာလိုတဲ့ ဆန္ဒကြောင့်လည်း လာပါတယ် (မှန်ပါ့)၊ သဘောပါကြလား (ပါပါတယ် ဘုရား)၊ ဘယ်သူ့ကြောင့် လာပါလိမ့် (ပစ္စည်းရှာလိုတဲ့ လောဘ)၊ ရှာတော့ ရှာလိုတဲ့လောဘကြောင့်လည်း ချစ်ခြင်း မုန်းခြင်း လာပါတယ်၊ ရှာ လိုတဲ့ဆန္ဒကြောင့်လည်း ချစ်ခြင်း မုန်းခြင်း လာပါတယ်ဆိုတာကော ကျေနပ်ပလား (ကျေနပ်ပါတယ်)။
ကောင်းပြီ တစ်ခါသွားပါဦးတဲ့၊ ဒကာ ဒကာမတို့ ရလာပြန်တော့လည်းတဲ့၊ ချစ်တဲ့လူတော့ ပေးမယ်၊ မုန်းတဲ့ လူတော့ကွာ ဒီတစ်ခါတော့ ဗြောင်တိုက်မယ်၊ မလာဘူးလား (လာပါတယ်)၊ ဒီဆန္ဒကော မရှိဘူးလား (ရှိပါတယ် ဘုရား)၊ ဒါဖြင့် ရတဲ့ဆန္ဒကြောင့်လည်း ချစ်ခြင်း မုန်းခြင်း လာပြန်တာပဲ (မှန်ပါ့ဘုရား)၊ ၁ နံပါတ်က ရှာတဲ့ဆန္ဒကြောင့် ကော (ချစ်ခြင်း မုန်းခြင်း လာပါတယ် ဘုရား)၊ ကောင်းပြီ ရတဲ့ဆန္ဒကြောင့်ကော (ချစ်ခြင်း မုန်းခြင်း လာပါတယ် ဘုရား)၊ ဒါဖြင့် နှစ်ခုရှိသွားပြီနော် (မှန်လှပါ)။
ဒီဆန္ဒငါးမျိုးကို ဒကာ ဒကာမတွေ မနာဘူးသေးပါဘူး၊ ဦးခင်မောင် မနာဘူးသေးဘူးနော် (မနာဖူးသေးပါ ဘူး ဘုရား)၊ သေသေချာချာ ဒကာ ဒကာမတွေ မှတ်ပါ၊ ဒီဥစ္စာပြောရတာလည်း မလွယ်ပါဘူး၊ ဘုရားသခင်ကိုယ် တော်မြတ်ကြီးက ဟောလို့ ဟုတ်တော့ အကြောင်းအကျိုးကတော့ အင်မတန် ဆက်ပါတယ်၊ မှန်လည်း မှန်ပါတယ်။
ကိုင်း ဒါဖြင့် ရတဲ့အခါကျတော့ အားလုံး ဒကာ ဒကာမတွေ သုံးဆောင် စားသောက်တဲ့အလုပ် မလုပ်ကြ ဘူးလား (လုပ်ကြပါတယ် ဘုရား)၊ သုံးဆောင် စားသောက်တဲ့ အလုပ်လုပ်တဲ့အခါကျတော့ ကောင်းကောင်းမွန်မွန် စားသောက်တဲ့အခါကျလို့ရှိရင်ဖြင့် ချစ်တဲ့ပုဂ္ဂိုလ်ကော သတိမရဘူးလား (ရပါတယ် ဘုရား)၊ မုန်းတဲ့ပုဂ္ဂိုလ်ကျတော့ ဗြောင်တိုက် မစားချင်ဘူးလား (စားချင်ပါတယ် ဘုရား)။
ဒါဖြင့် ဒီဆန္ဒသည်ကားဆိုလို့ရှိရင်လည်း သူရှိနေလို့ရှိရင်လည်း ချစ်ခြင်း မုန်းခြင်း လာပြန်တာပဲ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)၊ သုံးဆောင်တဲ့ ဆန္ဒကြောင့်လည်း ဘာလာပါလိမ့် (ချစ်ခြင်း မုန်းခြင်းလာပါတယ် ဘုရား)၊ ပြန်ပြောပါဦးမယ်၊ ရှာမှီးတဲ့ဆန္ဒကြောင့်လည်း ဘာလာသတုံး (ချစ်ခြင်း မုန်းခြင်း လာပါတယ်ဘုရား)၊ ရတဲ့ဆန္ဒကြောင့် ကော (ချစ်ခြင်း မုန်းခြင်း လာပါတယ်)၊ သုံးဆောင်တဲ့ ဆန္ဒကြောင့်ကော (ချစ်ခြင်း မုန်းခြင်း လာပါတယ် ဘုရား)။
တစ်ခါ ကိုယ်ရတဲ့ ပစ္စည်းကလေး သိမ်းဆည်းပြန်တယ်၊ သိမ်းဆည်းတဲ့အခါကျတော့ ချစ်တဲ့ပုဂ္ဂိုလ်ကျတော့ မင်းသိမ်းလိုက်ကွာ၊ မုန်းတဲ့ပုဂ္ဂိုလ် မမြင်စေနဲ့၊ မလာဘူးလား (လာပါတယ်)၊ ဒီကိုလာတာတွေ သေသေချာချာ ကြည့် ပြန်တော့ သိမ်းဆည်းတဲ့နေရာမှာလည်း တဲ့ ဒကာ ဒကာမတို့ သိမ်းဆည်းတဲ့လောဘကြောင့်လည်း ချစ်ခြင်း မုန်းခြင်း ဖြစ်သေးတာပဲ (မှန်ပါ့)၊ သိမ်းဆည်းတဲ့ လောဘကြောင့်ကော (ချစ်ခြင်း မုန်းခြင်း ဖြစ်သေးတာပဲ)၊ ချစ်ခြင်း မုန်းခြင်း ဖြစ်သေးတာပဲဆိုတာ သေချာကြပလား (သေချာပါတယ် ဘုရား)။
ဝိပဿနာမရှုလို့ရှိရင် ခက်တော့မယ်
ဪ ဒါဖြင့် ဒီဟာတွေ ပေါ်တိုင်းပေါ်တိုင်း ဦးခင်မောင်တို့ဖြစ်စေ ဒီဘက်က ဦးညွန့်ကြီးတို့ဖြစ်စေ ဒကာ သစ်တို့ဖြစ်စေ ဝိပဿနာမရှုလို့ရှိရင် ခက်တော့မယ်၊ ဒီဘက်ချည်း မသွားပေဘူးလား (သွားပါတယ် ဘုရား)၊ ချစ်ခြင်း မုန်းခြင်းဘက်ချည်း မသွားဘူးလား (သွားပါတယ်)၊ ချစ်ခြင်း မုန်းခြင်းလာရင်လည်း ဣဿာ မစ္ဆရိယက (လာပါတယ် ဘုရား)၊ လာလိုပရှိရင်လည်း ရောဂါဥပါဒ် အန္တရာယ်က မများပေဘူးလား (များပါတယ် ဘုရား)။
အဲဒါကြောင့်တဲ့ ဒကာ ဒကာမတို့ ဒီဆန္ဒသည်ကားလို့ဆိုရင် လောဘချည်းပဲလို့ မှတ်လိုက်စမ်းပါ (မှန်ပါ့)၊ ကိုင်း ဒီဥစ္စာက အခု ဒီရှာတဲ့ဆန္ဒ၊ ရတဲ့ဆန္ဒ၊ သုံးဆောင်တဲ့ဆန္ဒ၊ သိမ်းဆည်းတဲ့ဆန္ဒ၊ စွန့်ကြဲတဲ့ဆန္ဒ၊ စွန့်ကြဲတဲ့ ဆန္ဒဆိုတော့ ဦးခင်မောင်တို့ မောင်ကိုတို့ လူစုတွေက ဒီလိုအောက်မေ့လိမ့်မယ်၊ ဪ စွန့်ကြဲတာပဲ၊ စွန့်ကြဲတဲ့ ဆန္ဒကို ဒါနလို့ အောက်မေ့လိမ့်မယ်၊ ကိုထွန်းအောင် အောက်မေ့ချင်လည်း အောက်မေ့လိမ့်မယ်နော် (မှန်လှပါ)။
ဝါဒဖြန့်တဲ့ဆန္ဒ
စင်စစ် ဒါနအလုပ် မဟုတ်ဘူး၊ ကိုယ့်မှာ ပစ္စည်းကလေးက ရှိလာလို့ လုံခြုံရေးအဖြစ်နဲ့ ပေးတာ၊ သဘောကျ ပလား (မှန်ပါ့)၊ ပစ္စည်းကလေးရှိလာတော့ ကိုယ့်မှာ အကြောင်းရှိရင် အကာအကွယ်ပေးဖို့ စွန့်ကြဲတာ (မှန်ပါ့ဘုရား)၊ ဝါဒဖြန့်တာ ဆိုကြပါစို့ဗျာ၊ ကိုယ့်လုံခြုံရေးကို ဝါဒဖြန့်တယ်၊ သဘောပါကြလား (မှန်ပါ့)၊ ကိုယ့်လုံခြုံရေးကို (ဝါဒဖြန့်တဲ့ ဆန္ဒပါ) ဝါဒဖြန့်တဲ့ဆန္ဒဆိုတာ သဘောကျပလား (ကျပါပြီ)။
ကိုင်း ဒါဖြင့် ဒီဆန္ဒဟာ ဒီဆန္ဒသည်ကားလို့ ဆိုလို့ရှိရင်ဖြင့် ချစ်တဲ့ပုဂ္ဂိုလ်ကို ပေးမယ်၊ မုန်းတဲ့ပုဂ္ဂိုလ်ကို မဆက်ဆံဘူးလားဆိုတာ မပါဘူးလား (ပါပါတယ် ဘုရား)။
ဒါဖြင့် ဒီဆန္ဒငါးမျိုးကြောင့် ဒကာ ဒကာမတို့ ဘာဖြစ်သတုံး (ချစ်ခြင်း မုန်းခြင်း လာပါတယ် ဘုရား)၊ ချစ် ခြင်း မုန်းခြင်းကြောင့် (ဣဿာ မစ္ဆရိယ လာပါတယ်ဘုရား)၊ ဣဿာ မစ္ဆရိယကြောင့် (ဘေးအန္တရာယ် လာပါတယ် ဘုရား)၊ ဘေးအန္တရာယ်တွေ ကိုယ်ခေါ်ယူတဲ့ အဓိပ္ပာယ်မျိုး မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။
ဒါဖြင့် ဒီငါးခုကိုလည်း ရှာမှီးတဲ့လောဘ လာလို့ရှိရင်လည်း ဖြစ်ပျက်ရှုပါ (မှန်ပါ့)၊ ရှာမှီးတဲ့ လောဘလာလည်း (ဖြစ်ပျက်ရှုရပါမယ်)၊ ရလို့ သာယာတဲ့လောဘ လာရင်လည်း (ဖြစ်ပျက်ရှုရမှာပါပဲ)၊ သဘောကျပြီနော် (မှန်ပါ့)။
ကဲ ဒါဖြင့် သုံးဆောင်တဲ့ လောဘလာရင်ကော (ဖြစ်ပျက်ရှုရမှာပါပဲ)၊ သိမ်းဆည်းတဲ့ အချိန်ကလေးမှာကော (ဖြစ်ပျက်ရှုရမှာပါပဲ)၊ စွန့်ကြဲတဲ့အချိန်မှာကော (ဖြစ်ပျက်ရှုရမှာပါပဲ)။
အဲဒီ ဖြစ်ပျက်ရှုလိုက်လို့ရှိရင်ဖြင့် ဒီလောဘငါးခုဟာ ဖြစ်ပျက်ဖြစ်ပြီးသကာလ ခင်ဗျားတို့ ရှုတဲ့ဉာဏ်တွေက နောက်က မဂ်မဖြစ်ပေဘူးလား ဖြစ်မလား (ဖြစ်ပါတယ် ဘုရား)၊ ဒါဖြင့် ဒီမဂ်ဖြစ်သွားတယ်ဆိုတော့ ဒီလောဘ တဏှာ မသေဘူးလား သေမလား (သေပါတယ် ဘုရား)။
ဒါဖြင့် တဏှာသေတဲ့အခါကျတော့ ဒကာ ဒကာမတွေက စဉ်းစားတာပေါ့ “တဏှာ နိရောဓာ ဥပါဒါန နိရောဓော” မဖြစ်ဘူးလား ဖြစ်မလား (ဖြစ်ပါတယ် ဘုရား)၊ “ဥပါဒါန နိရောဓာ” (ဘဝနိရောဓောပါ ဘုရား)၊ “ဘဝ နိရောဓာ” (ဇာတိ နိရောဓောပါ ဘုရား)၊ “ဇာတိ နိရောဓာ” (ဇရာ မရဏ နိရောဓောပါ ဘုရား)။
”ဇရာ မရဏ နိရောဓော”ဆိုတော့ ဟိုဘက်မှာ ဒကာ ဒကာမတို့ သိတဲ့အတိုင်း “ဇရာ မရဏ နိရောဓော” ဆိုတာ နိဗ္ဗာန်ကို ဟောတာပဲ (မှန်ပါ့)၊ ကိုထွန်းအောင် ကျေနပ်ကဲ့လား (ကျေနပ်ပါတယ် ဘုရား)၊ ဒါဖြင့် ဆန္ဒ ဘယ် နှစ်မျိုးရှိတယ်ဆိုတာ ယနေ့သိကြပလား (သိပါပြီ)။
ပြန်ပြောပါဦးမယ် တစ်ခေါက်၊ နာရီကလည်း စေ့နေပြီ၊ ရှာမှီးတာလည်း ဆန္ဒလောဘ (မှန်ပါ့)၊ သဘောကျ ရဲ့လား (ကျပါတယ်)၊ ရှာမှီးတာကော (ဆန္ဒလောဘပါ ဘုရား)၊ ရပြန်တော့ကော (ဆန္ဒလောဘပါ ဘုရား)၊ ရလို့ သာယာတာလည်း လောဘပဲ မနေဘူးလား (မှန်လှပါ)၊ ရလို့ သုံးဆောင်ပြန်တော့ကော (ဆန္ဒလောဘပါ ဘုရား)၊ သိမ်းဆည်းပြန်တော့ကော (ဆန္ဒလောဘပါ ဘုရား)၊ တစ်ခါ ဝါဒဖြန့်ပြန်တော့ကော (ဆန္ဒလောဘပါ ဘုရား)။
ဒါဖြင့် ဒီလောဘသည် လောဘကိုက ငါးမျိုးပြားလာတယ်လို့ ဒကာ ဒကာမတွေ နက်နက်နဲနဲ မှတ်စမ်းပါ (မှန်ပါ့)၊ လောဘ ဘယ်နှစ်မျိုးပြားလာသလဲ (ငါးမျိုးပြားပါတယ် ဘုရား)။
အဲဒီငါးမျိုးကို တရားက နုလာတဲ့အတွက် နာပြီးသားတွေလည်း ဖြစ်တဲ့အတွက် ဒကာရင်း ဆရာရင်းတွေလည်း ဖြစ်တဲ့အတွက် ဒကာ ဒကာမတွေ ဒီဥစ္စာ နေရာတိုင်းမှာ အလုပ်လုပ်ပါ (မှန်ပါ့)၊ သဘောပါကြလား (ပါပါတယ် ဘုရား)။
နေရာတိုင်းမှာ အလုပ်လုပ်ရမယ်
ဘယ်အချိန် အလုပ်လုပ်ရမလဲ (နေရာတိုင်းမှာ အလုပ်လုပ်ရမယ်)၊ နေရာတိုင်းမှာ အလုပ်လုပ်လို့ရှိရင်ဖြင့် ဒီလောဘချုပ်သောကြောင့် ဒီဘက်က ချစ်ခြင်း မုန်းခြင်းကော (ချုပ်ပါတယ်)၊ ချစ်ခြင်း မုန်းခြင်း ချုပ်သောကြောင့် ဣဿာ မစ္ဆရိယကော (ချုပ်ပါတယ်)၊ ဣဿာ မစ္ဆရိယ ချုပ်သောကြောင့် ပစ္စုပ္ပန် အန္တရာယ်ကော (ကင်းပါတယ် ဘုရား)။
တစ်ခါ ဒီဘက်ကနေ လောဘချုပ်သောကြောင့်လည်း ဒီဘက်က ဥပါဒါန်ကော (ချုပ်ပါတယ်)၊ ဥပါဒါန်ချုပ် သောကြောင့် ကံကော (ချုပ်ပါတယ်)၊ ကံချုပ်သောကြောင့်လည်း ဇာတိ ဇရာ မရဏကော (ချုပ်ပါတယ် ဘုရား)။
ဇာတိ ဇရာ မရဏတွေ ချုပ်ရာသည် ဘာဆိုကြမယ် (နိဗ္ဗာန်ဆိုပါတယ် ဘုရား)၊ ရှင်းကြပလား (ရှင်းပါပြီ)။
ကိုင်း ယနေ့ ဒီတွင် တော်ပါဦး
သာဓု သာဓု သာဓု ။