10208

မာတိကာသို့

ပဋိစ္စသမုပ္ပါဒ် သစ္စာလေးပါးတရားတော်

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

ရန်ကုန်မြို့၊ ဦးသံဒိုင်တိုက်တွင်

ဟောကြားဆုံးမတော်မူသော

”ပဋိစ္စသမုပ္ပါဒ် သစ္စာလေးပါးတရားတော်”

(၁၀-၇-၆၂) နံနက်

ခန္ဓာအဝိုင်းပြေး ပြေးနေတယ်

အားလုံး ဒကာ ဒကာမတွေ ဒီ ကိုယ့်ခန္ဓာစက်ဝိုင်းကြီး ကိုယ်တိုင်ပင် မြင်ကြရဲ့ မဟုတ်လား (မှန်ပါဘုရား၊ မြင်ပါတယ်)။

ဒါ ပဋိစ္စသမုပ္ပါဒ် စက်ဝိုင်းလား၊ ခန္ဓာစက်ဝိုင်းလား ဆိုတာကို သေသေချာချာ ကြည့်ပါတဲ့၊ စာကို ဝိုင်းထားတယ် လို့ မယူဆကြပါနဲ့၊ ခန္ဓာအဝိုင်းပြေး ပြေးနေတယ်လို့ သိပါလို့ သတိပေးလိုက်တယ်နော် (မှန်ပါ)။

စာမှာ ဒီလိုရှိတာလား၊ ခန္ဓာမှာ ဒီလိုရှိတာလား (ခန္ဓာမှာ ဒီလိုရှိပါတယ် ဘုရား)၊ ဪ ခန္ဓာမှာ ဒီလိုရှိတာကို သိမှသာလျှင် ဪ သံသရာခရီးသည်ဟာ အဝိုင်းပြေး ပြေးနေပါကလားဆိုတာ ပေါ်လာတယ် (မှန်ပါ)။

နို့မို့လို့ရှိရင်ဖြင့် စာက အဝိုင်းရေးထားတယ်လို့ ဖြစ်နေလို့ရှိရင်ဖြင့် ခန္ဓာစက်လည်တာ မသိဘဲ ဖြစ်ပါလိမ့်မယ် (မှန်ပါ)။

ဒါကြောင့် ခန္ဓာစက်လည်မှုကို အဓိကထားပြီး သကာလ ခန္ဓာကို ဉာဏ်နဲ့မမြင်တော့ကို ခန္ဓာထဲမှာဖြစ်စဉ်ကို ဒီကနေ ရေးပြတော့ ဪ ခန္ဓာဖြစ်တဲ့အခါမှာ ဒီအတိုင်း သိမှသာလျှင် ကိုယ့်ပဋိစ္စသမုပ္ပါဒ် ကိုယ်သိလို့ ကိုယ့်ဒုက္ခ သစ္စာ ကိုယ်သိရာရောက်တယ်လို့ မှတ်ထားကြစမ်းပါနော် (မှန်ပါ)။

ဒါ တရားကို အဆန်းဟောနေတာလား၊ ခန္ဓာဖြစ်စဉ် မသိမှာစိုးလို့ ဒီအဝိုင်းကြီး ပြနေတာလားဆိုတာလဲ အကဲခတ်ကြစမ်းပါဦး၊ ဒကာ ဒကာမတွေ ခန္ဓာဖြစ်စဉ် မသိမှာစိုးလို့ ဒီအဝိုင်းကြီးနဲ့ ပြပြီးသကာလ ဟောနေရတယ် ဆိုတာသည် ဒကာ ဒကာမတို့ ခန္ဓာဖြစ်စဉ် မသိမှာစိုးလို့ဆိုတာ ပေါ်ကြပလား (ပေါ်ပါတယ် ဘုရား)။

အဝိဇ္ဇာဆိုတာ သစ္စာလေးပါး မသိတာ

ကောင်းပြီ ဒါဖြင့် မနေ့က ဒကာ ဒကာမတို့ အဝိဇ္ဇာဆိုတာ သစ္စာလေးပါး မသိတာလို့ ပြောခဲ့ပြီနော်။

အဝိဇ္ဇာဆိုတာ ဘာပါလိမ့် (သစ္စာလေးပါး မသိတာပါ)၊ သစ္စာလေးပါး မသိတာ။

သူ့ဟာသူ သမုဒယသစ္စာလို့ကော အဝိဇ္ဇာ သိရဲ့လား (မသိပါ ဘုရား)။

သူ့ဟာသူ သမုဒယသစ္စာလို့လည်း အဝိဇ္ဇာက မသိဘူး၊ သူရှိနေလို့ရှိရင်ဖြင့် သင်္ခါရတွေပြုလုပ်ပြီး ဒုက္ခသစ္စာ ရလိမ့်မယ်လို့ကော (မသိပါ ဘုရား) ဘယ်သူက မသိတာပါလိမ့် (အဝိဇ္ဇာက မသိတာပါ ဘုရား)။

အဝိဇ္ဇာက သူကိုယ်တိုင် သမုဒယသစ္စာလို့လည်း သူ့ဟာသူ မသိဘူး (မှန်ပါ)၊ ရှင်းကြပလား (ရှင်းပါပြီ)။

ခင်ဗျားတို့ သန္တာန် ဒီအဝိဇ္ဇာသာ ဝမ်းထဲမှာ ကိန်းအောင်နေလို့ရှိရင်ဖြင့် ငါဟာ သမုဒယသစ္စာလို့ အဝိဇ္ဇာက သိရဲ့လား (မသိပါ ဘုရား)။

ဪ အဝိဇ္ဇာဆိုတာ သမုဒယသစ္စာကို မသိတာကို ဆိုပါတယ်၊ ရှင်းကြပလား (ရှင်းပါပြီ)။

ငါသာ ကြီးစိုးနေလို့ရှိရင်ဖြင့် အဝိဇ္ဇာရှိတဲ့ပုဂ္ဂိုလ် သင်္ခါရကုသိုလ် အကုသိုလ်လုပ်မယ်။ လုပ်လို့ရှိရင် ဒီဘက် ဒုက္ခသစ္စရလိမ့်မယ်လို့ကော ဒီအဝိဇ္ဇာက သိရဲ့လား (မသိပါ ဘုရား)။

ဒါဖြင့် သူ ဘယ်နှစ်ချက်ရှိပြီလဲ မသိတာ (နှစ်ချက်ပါ) နှစ်ချက်ရှိတယ်။

သူကိုယ်တိုင် သမုဒယသစ္စာမသိတာက တစ်ချက် (မှန်ပါ)။

သူရှိနေလို့ရှိရင် ဒုက္ခဖြစ်မယ်၊ သူကျေးဇူးပြုတဲ့တရားတွေက ဒုက္ခဖြစ်လိမ့်မယ်ဆိုတာကော သိရဲ့လား (မသိပါ ဘုရား)။

မသိတော့ ဘယ်နှစ်ချက်ရှိသွားပြီတုံး (နှစ်ချက်ပါ ဘုရား)။

ဪ ဒီ ဒုက္ခငြိမ်းအောင်လုပ်မှပဲဆိုတာကိုကော အဝိဇ္ဇာက သိရဲ့လား (မသိပါ ဘုရား)။

ဒါဖြင့် မဂ္ဂသစ္စာလည်း မသိဘူး (မသိပါ ဘုရား)၊ ဒုက္ခငြိမ်းရာ ငြိမ်းကြောင်း အလုပ်လုပ်ချင်တဲ့စိတ် ပေါ်ပါ့ မလား (မပေါ်ပါ ဘုရား)။

ဒါဖြင့် ဘာသစ္စာ မသိပါလိမ့် (မဂ္ဂသစ္စာမသိပါ) မဂ္ဂသစ္စာလည်း မသိဘူး (မှန်ပါ)။

ဒါဖြင့် အဝိဇ္ဇာသည် မဂ္ဂသစ္စာမှ မသိတော့ မဂ္ဂသစ္စာရမှ သန္တိလက္ခဏာရှိတဲ့ နိရောဓသစ္စာကို ရောက်လိမ့် မယ်လို့ကော သူသိရဲ့လား (မသိပါ)၊ မသိတော့ သူမသိတာ ဘယ်နှစ်ချက်ပါလိမ့် (လေးချက်ပါ ဘုရား)။

လေးချက်လို့ မှတ်လိုက်တော့၊ စာကရေးတော့ သစ္စာလေးပါးမသိတာ အဝိဇ္ဇာလို့ ရေးကြပါတယ်။ ရေးပင် ရေးငြားသော်လည်း ဦးမာဒင်တို့ သူကိုယ်တိုင် သူ့ဟာသူ သမုဒယသစ္စာလို့ မသိတာကလည်း ထင်ရှားတယ် (ထင်ရှား ပါတယ် ဘုရား)။

သူသာရှိနေရင် သင်္ခါရတွေလုပ်ပြီး ဒုတိယဘဝ ဒုက္ခသစ္စာရလိမ့်မယ်လို့ကော သူသိရဲ့လား (မသိပါ ဘုရား)၊ ဘယ်နှစ်ပါးရှိသွားတုံး (လေးပါးပါ ဘုရား)၊ ဒုက္ခချုပ်ကြောင်း လုပ်မှပဲလို့ကော သူသိရဲ့လား (မသိပါ ဘုရား)။

ဒါဖြင့် မဂ္ဂသစ္စာကော သိရဲ့လား (မသိပါ ဘုရား)၊ ဒုက္ခချုပ်ကြောင်း ကျင့်ကြံမှသာလျှင် “ဒုက္ခနိရောဓော နိဗ္ဗာနံ”ဆိုတာ ရှိတယ်လို့ကော သူသိရဲ့လား (မသိပါ ဘုရား)။

ဒါဖြင့် ဒီအဝိဇ္ဇာသည် ဘယ်နှစ်ပါးမသိပါလိမ့် (လေးပါးမသိပါ ဘုရား) ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ အဝိဇ္ဇာ၏ မသိချက်က လေးပါးတောင်ဖြစ်နေတော့ အတော်ပြင်းထန်တယ်၊ မပြင်းထန်ဘူးလား (ပြင်းထန်ပါတယ် ဘုရား) ဘယ်နှစ်ချက် မသိပါလိမ့် (လေးချက်မသိပါ ဘုရား) လေးချက် မသိတာလဲ မှတ်ထားပါတဲ့။

မသိတဲ့ပုဂ္ဂိုလ်ဟာ ပြုချင်သလိုပြု

ကောင်းပြီ ဒါဖြင့် မသိတဲ့ပုဂ္ဂိုလ်ဟာ ပြုချင်သလိုပြု၊ လုပ်ချင်သလိုလုပ်လိမ့်မယ် ဆိုပြီးသကာလ လုပ်လိုက် တော့ ကုသိုလ်ပြုပြန်လဲ ဘုံဘဝဆုတောင်းပြန်တယ်၊ နှစ်ချက်မလာဘူးလား (လာပါတယ် ဘုရား)။

ကုသိုလ်လည်း မပြုဘူးလား (ပြုပါတယ် ဘုရား) ဘုံဘဝလည်း ဆုမတောင်းဘူးလား (ဆုတောင်းပါတယ် ဘုရား) ဒါဖြင့် ပုညာဘိသင်္ခါရတော့ သူလုပ်တယ် (မှန်ပါ)၊ အပုညာဘိသင်္ခါရလဲ ဒီအထဲ ရောစွက်လိုက်တယ်ဆိုရင် လွဲပါ့မလား (မလွဲပါ ဘုရား)။

မလွဲတော့ ဒကာ ဒကာမတွေ ဒီနေ့ အထူးပြရမှာက ဒကာ ဒကာမတွေ အဝိဇ္ဇာ ဒီမြားကလေးက ပြတော့ ဘာဝဋ်တဲ့တုံး (ကိလေသာဝဋ်ပါ ဘုရား)။

ဪ ခင်ဗျားတို့ အဝိဇ္ဇာဟာ ကိလေသဝဋ်ပဲဆိုတာတော့ ပေါ်-မပေါ် (ပေါ်ပါတယ်)၊ သူက ကိလေသာ မဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား)။

ဒါဖြင့် သစ္စာလေးပါးမသိလို့၊ သစ္စာမသိလို့ ကိလေသဝဋ်ကို ဖန်တီးတာလဲ အဝိဇ္ဇာပဲ (မှန်ပါ)၊ သဘောကျပလား (ကျပါတယ်)။ ကိလေသဝဋ်ဖြစ်နေတာလဲ ဘယ်သူပါလိမ့် (အဝိဇ္ဇာပါ ဘုရား)၊ အဝိဇ္ဇာပဲဆိုတာ ပေါ်ပလား (ပေါ်ပါပြီ)။

မသိတဲ့ပုဂ္ဂိုလ် အလှူအတန်း ပေးကမ်းပြီးသကာလ ဆုတောင်းနေလို့ရှိလဲတဲ့ သင်္ခါရဖြစ်တယ်ဆိုတာ အဝိဇ္ဇာ ပစ္စယာ သင်္ခါရာက လုံလောက်အောင် ပြနေတယ်၊ မပြဘူးလား (ပြပါတယ် ဘုရား)။

ထိုကဲ့သို့ ပြလာတော့ ဒီသင်္ခါရက ဘာဝဋ်တုံးလို့ မေးတော့ ကမ္မဝဋ်ကွ (မှန်ပါ)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)၊ သင်္ခါရက ဘာပါလိမ့် (ကမ္မဝဋ်ပါ ဘုရား)၊ ကမ္မဝဋ်၊ အဝိဇ္ဇာက ဘာတဲ့လဲ (ကိလေသဝဋ်ပါ ဘုရား) သင်္ခါရက (ကမ္မဝဋ်ပါ)။

ကိလေသဝဋ်နဲ့ ကမ္မဝဋ်

ဒါဖြင့် ခင်ဗျားတို့ မသိသောပုဂ္ဂိုလ် အလှူပေးပြီး ဆုတောင်းတာသည် ကိလေသဝဋ်နဲ့ ကမ္မဝဋ်ဖြစ်တယ် (မှန်ပါ) မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။

ဒကာ ဒကာမတွေ မသိသော ပုဂ္ဂိုလ် လှူဒါန်းပေးကမ်းပြီး ဘုံဘဝလိုချင်တဲ့ တဏှာလာလို့ရှိရင်ဖြင့် ဘာဝဋ် ဘာဝဋ်ဖြစ်ပါလိမ့် (ကိလေသဝဋ်နဲ့ ကမ္မဝဋ်ဖြစ်ပါတယ် ဘုရား)။

ဪ ဒါဖြင့် ဘုန်းကြီးက မသိသလို ဒီ ဒကာ ဒကာမတွေ ပစ်ထားခဲ့လို့ရှိရင်ဖြင့် ကိလေဝဋ်နဲ့ ကမ္မဝဋ်ပဲ လုပ်နေမှာပဲ (မှန်ပါ ဘုရား)။

ဒါက မနေ့က အဓိပ္ပာယ်မဟုတ်ပါဘူး၊ ဒါက ဒီနေ့ ဖြည့်ပေးတဲ့ အဓိပ္ပာယ်ဆိုတာကော ရှင်းကြပလား (ရှင်းပါပြီ) မသိတာ ဘာပါလိမ့် (အဝိဇ္ဇာပါ ဘုရား)၊ ဘာကိုမသိတာတုံး (သစ္စာလေးပါးကို မသိတာပါ ဘုရား)။

သစ္စာလေးပါး မသိသောကြောင့် သူ့ကို ဘာဝဋ်လို့ ခေါ်ကြမလဲ (ကိလေသဝဋ်ပါ ဘုရား)၊ ပေါ်နေပြီ (မှန်ပါ)၊ မပေါ်သေးဘူးလား (ပေါ်ပါတယ် ဘုရား)။

မသိတဲ့ပုဂ္ဂိုလ်ဟာ လှူမယ်ဒါန်းမယ် ဘုံဘဝတွေ ဆုတောင်းမယ်တဲ့၊ မတောင်းပေဘူးလား (တောင်းပါတယ် ဘုရား)။

တောင်းတော့ ကုသိုလ်နဲ့ ဆုတောင်းတော့ မပြည့်သေးဘူးလား ပြည့်မလား (ပြည့်ပါတယ်)၊ ပြည့်တာတော့ ဘုန်းကြီးက မပြည့်ဘူးလို့ မဟောဘူးတဲ့၊ သူ့ပင်ကို သဘောရင်းက ဘာဝဋ်ပါလိမ့် (ကမ္မဝဋ်ပါ ဘုရား)၊ ကဲ ကောင်း သေးရဲ့လား (မကောင်းပါ ဘုရား)။

နောက်က ဒကာ ဒကာမတွေ သေသေချာချာ မြင်ကြရဲ့မဟုတ်လား (မြင်ပါတယ် ဘုရား)။

ခင်ဗျားတို့ လှူဒါန်းပေးကမ်းပြီးသကာလ လိုချင်လို့ နတ်ဘဝ ဗြဟ္မာ့ဘဝလိုချင်လို့ လှူဒါန်းပေးကမ်းတဲ့ ပုဂ္ဂိုလ် များမှာဖြင့် ဝဋ်ကျွတ်ချင်လို့ လှူတာမဟုတ်ခဲ့သော် ကိလေသဝဋ်နဲ့ ကမ္မဝဋ်လုပ်တယ် (မှန်ပါ)၊ ပေါ်ပလား (ပေါ်ပါပြီ)၊ ဘာတဲ့တုံး (ကိလေသဝဋ်နဲ့ ကမ္မဝဋ်လုပ်ပါတယ် ဘုရား) တယ်လဲ ဆိုးရွားနေပါကလား (ဆိုးရွားပါတယ်)။

ဒကာ ဒကာမတွေ ဘယ့်နှယ်ဖြေမတုံး (ဆိုးရွားပါတယ် ဘုရား)၊ နောက်က ဒကာ ဒကာမတွေ ဘယ့်နှယ် ဖြေမတုံး (ဆိုးရွားပါတယ် ဘုရား)၊ ခင်ဗျားတို့ကတော့ အလှူပေးနေတယ်၊ နောက်ဘဝ ကောင်းစားအောင်၊ သဘော ပါကြပလား (မှန်ပါ ဘုရား)။

သာဓုများ ခေါ်လိုက်ရတော့မလားလို့ မေးတဲ့အခါကျတော့မှ ဒါကြည့်လိုက်၊ ဘာဝဋ်တဲ့တုံး (ကိလေသဝဋ်ပါ ဘုရား)။

ဒီဘက်ကြည့်လိုက်တော့ အလှူပေးတာက ဘာတဲ့ (ကမ္မဝဋ်ပါ ဘုရား) ဒါဖြင့် သင်္ခါရဆိုတာ ဘာဝဋ်ထဲကတုံး (ကမ္မဝဋ်ထဲကပါ)။

ကမ္မဝဋ်ထဲက ဖြစ်နေတော့ ခင်ဗျားတို့ကလည်း မသိတဲ့ ပုဂ္ဂိုလ် အလှူပေးတော့ကို အမျှ အမျှဆိုတော့ ကိလေသဝဋ်နဲ့ ကမ္မဝဋ်လုပ်တာကို သာဓုခေါ်တာ၊ ဘယ့်နှယ်မှတ်ကြမယ် (ကိလေဝဋ်နဲ့ ကမ္မဝဋ်လုပ်လိုက်တာကို သာဓုခေါ်တာပါ ဘုရား)။

ကိလေသာဆိုတာ ပင်ပန်းအောင်လုပ်တတ်တာ

ကိလေသဝဋ်ဆိုတာဲ၊ ကိလေသာဆိုတာ ပင်ပန်းအောင်လုပ်တတ်တာ ကိလေသာ၊ သဘောကျပလား (မှန်ပါ ကျပါပြီ)၊

ကမ္မဝဋ်ဆိုတာသည် ‘ကမ္မံ ဝိပါကဿံ’ (ပဋ္ဌာန်းပါဠိ၊ (ပ)၊ပဉာှဝါရ၊ နှာ-၁၅၀။ ) ဆိုတော့ ဒုက္ခသစ္စာကို ကျေးဇူးပြုတဲ့တရား (မှန်ပါ)၊ သဘောကျပလား (ကျပါပြီ)၊ ဒုက္ခသစ္စာကို (ကျေးဇူးပြုတဲ့တရား) အဲဒါ ကမ္မဝဋ် မဖြစ်နိုင်ဘူးလား (ဖြစ်နိုင်ပါတယ် ဘုရား)။

အဲဒီတော့ ကိလေသဝဋ် ကမ္မဝဋ်သမားကို ခင်ဗျားတို့က ဪ တော်လိုက်တာလို့ ဆိုမလားတဲ့ ဒကာ ဒကာမတို့၊ တော်တယ် တော်တယ် သူသည် မသိဘဲနဲ့ သစ္စာမသိဘဲနဲ့ အလှူပေးလိုက်တာ တော်သဟေ့ဆိုမလား၊ ဝဋ်နှစ်ပါးကို တည်ထောင်တာလားလို့မေးရင် ဘယ့်နှယ်ဖြေမလဲ (ဝဋ်နှစ်ပါးကို တည်ထောင်တာပါ ဘုရား)။

အဲ နောက်တော့ ရှင်းလာမယ်နော် (မှန်ပါ)၊ အခုတော့ မသိတာကို ဖော်ပြနေလို့ (မှန်ပါ)၊ သဘောပါကြ ပလား (ပါပါတယ် ဘုရား)၊ အလှူပေးတာလား ဝဋ်နှစ်ပါး တည်ထောင်တာလား (ဝဋ်နှစ်ပါး တည်ထောင်တာပါ ဘုရား) ငြင်းဖို့လိုသေးလား (မလိုပါ ဘုရား)၊ မလိုတော့ပါဘူး။

ဒါဖြင့် ဒကာ ဒကာမတွေက ဪ မသိတဲ့ပုဂ္ဂိုလ် အလှူပေးမိမှာ ဘုန်းကြီးက ကြောက်တယ်လို့ဆိုတော့ ဒီဘုန်းကြီး ဘယ်လိုဘုန်းကြီးပါလိမ့်မလဲလို့ ခင်ဗျားတို့ပြောချင်လဲ ပြောကြမယ် (မှန်ပါ)၊ မပြောပေဘူးလား (မပြောပါ ဘုရား)။

မသိတဲ့ပုဂ္ဂိုလ်အလှူပေးမှာကို ကြောက်တယ်

မသိတဲ့ပုဂ္ဂိုလ်အလှူပေးမှာကို ကြောက်တယ် (မှန်ပါ)၊ ဒကာ ဒကာမတွေ ဘာတဲ့တုံး၊ မသိတဲ့ပုဂ္ဂိုလ် အလှူပေး မှာကို (ကြောက်တယ်)၊ ဘုန်းကြီး ဘယ့်နှယ်ကြောင့် ကြောက်ပါလိမ့်မတုံး ဆိုတော့ ဒီနှစ်ခု ကြည့်လိုက်တော့ ပေါ်ရောပေါ့၊ မပေါ်သေးဘူးလား (ပေါ်ပါတယ် ဘုရား)။

ဒါက ဘာတဲ့တုံး (ကိလေသဝဋ်ပါ ဘုရား) ဒါက ဘာတုံး (ကမ္မဝဋ်ပါ ဘုရား)၊ ဝဋ်ဆိုပါလားဗျ (မှန်ပါ ဘုရား) ဒကာ ဒကာမတို့ ဘာဆိုသလဲ (ဝဋ်ပါ ဘုရား)၊ ကိလေသဝဋ်နဲ့ ကမ္မဝဋ်တည်ထောင်တော့ကို ဝိပါကဝဋ်ပြေးလို့ လွတ်ပါ့ မလား (မလွတ်ပါ ဘုရား)။

ဒါဖြင့် ကြောက်တယ်လို့ ပြောတဲ့စကား မှားတယ်လား၊ ကြောက်ရမှာပဲလား (ကြောက်ရမှာပါ ဘုရား)၊ ကြောက်ရမှာပဲဆိုတာ သေချာပလား (သေချာပါတယ်)။

ဒါဖြင့် ခင်ဗျားတို့ ဆရာသမားကမှ ပြင်မပေးလို့ရှိရင် ဒီကိစ္စဟာဖြင့် ဒီအတိုင်းသွားနေမှာပဲ (မှန်ပါ ဘုရား)။

ဒီအတိုင်း သွားမယ်၊ နို့သွားနေတဲ့ပုဂ္ဂိုလ်ပေါင်း ဘယ်လောက်ရှိသတုံးမေးလို့ ခင်ဗျားတို့ အဖြေထွက်ပါ့မလား၊ ဘယ့်နှယ်လဲ (မရေတွက်နိုင်ပါ ဘုရား)၊ မရေတွက်နိုင်ဘူး၊ လုပ်သရွေ့ ဒါချည်းပဲ၊ သဘောကျပလား (မှန်ပါ)။

ဘာဖြစ်လို့ ကိလေသဝဋ်နဲ့ ကမ္မဝဋ်လုပ်ဖြစ်ပါလိမ့်မတုံး မေးတဲ့အခါကျတော့ ဟောဒီ ဝိပါကဝဋ် ဒုက္ခသစ္စာ မသိလို့လုပ်တာ (မှန်ပါ)၊ ဝိပါကဝဋ်က ဘာပါလိမ့် (ဒုက္ခသစ္စာပါ ဘုရား)၊ ဒုက္ခရောက်မှာ သူသိသေးရဲ့လား (မသိပါ ဘုရား)။

မသိသောကြောင့် ကိလေသဝဋ်နဲ့ ကမ္မဝဋ်ကို ခင်ဗျားတို့ တည်ထောင်တယ်၊ သဘောကျပလား (ကျပါတယ်)၊ ကိလေသဝဋ်နဲ့ ကမ္မဝဋ်တည်ထောင်လို့ ဝိပါကဝဋ် ဒုက္ခသစ္စာဆိုတဲ့ အခု ခန္ဓာငါးပါးကြီး မရဘူးလား (ရပါတယ် ဘုရား) ဒါ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)။

ဟာ ဒီ ဒကာ ဒကာမတွေ ကံကောင်းလို့ လူဖြစ်လာတယ်လို့ သူများကတော့ ပြောကြတယ်၊ ကံကောင်းလို့ လူဖြစ်လာတယ်ဆိုတော့ ဒီသင်္ခါရဆိုတာ ဟောဒီမြားကလေးထောက်ကြည့် သူ့အတိုင်း ဆက်လာခဲ့တယ်၊ ဟော ကမ္မဘဝနဲ့ အတူတူပါပဲတဲ့၊ မတူဘူးလား (တူပါတယ် ဘုရား)၊ သင်္ခါရနဲ့ ကမ္မဘဝကို ကြိုးနဲ့တွဲမပြဘူးလား (ပြပါတယ် ဘုရား)။

သင်္ခါရပစ္စယာ ဝိညာဏံ

အတူတူပဲလို့ ပြောတာ၊ သဘောကျပလား (ကျပါပြီ) အဲဒီတော့ အတူတူဆိုလို့ရှိရင် “သင်္ခါရပစ္စယာ ဝိညာဏံ” နဲ့ “ကမ္မဘဝပစ္စယာ ဇာတိ”နဲ့ အတူတူပဲ (မှန်ပါ)၊ ပေါ်ကြပလား (ပေါ်ပါပြီ)။

သင်္ခါရပစ္စယာ ဝိညာဏံဆိုတာလဲ ဇာတိပဲ (မှန်ပါ)။

ကမ္မဘဝပစ္စယာ ဇာတိဆိုတာကော (ဇာတိပါပဲ ဘုရား)၊ ဒါဖြင့် ခင်ဗျားတို့ ဇာတိရောက်အောင် လုပ်နေတယ် (မှန်ပါ) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဇာတိ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)။

ဪ ဒါဖြင့် ကိုယ့်ဒုက္ခ ကိုယ်ရှာနေကြတယ် (မှန်ပါ) ဒကာ ဒကာမတွေ ဘာတဲ့တုံး (ကိုယ့်ဒုက္ခ ကိုယ်ရှာ နေတာပါ ဘုရား)။

အသာ အေးအေးနေတာက တော်သေးတယ်၊ ဒုက္ခရှာတာတော့ မတော်ပါဘူး (မှန်ပါ)၊ အေးအေးနေတာက ဘာတုံး (တော်ပါသေးတယ်) ဒုက္ခရှာတာကတော့ (မတော်ပါ ဘုရား)။

ဘယ့်နှယ်ကြောင့် ဒုက္ခရှာဖြစ်ပါလိမ့်မလဲ မေးတော့ သူက ဒုက္ခသစ္စာလို့လဲ မသိဘူး၊ သူ့ကိုလဲ ဒုက္ခသစ္စာလို့ သိရဲ့လား (မသိပါ ဘုရား)။

ဒါတွေလဲ ဒုက္ခသစ္စာလို့ကော (မသိပါ ဘုရား)၊ မသိတော့ သူသည် လှူဒါန်းပေးကမ်းပြီးသကာလ ဆုတောင်း လိုက်တယ်တဲ့။ လူ့ဘဝ နတ်ဘဝ ရရပါလို၏ တောင်းလိုက်တော့ ဒကာ ဒကာမတွေ ဒီဘက်ကို စုတိမနေ သေလွန်တော့ ဒီဘက်ကူးမလာဘူးလား (လာပါတယ် ဘုရား)၊ ကူးလာတော့ ဘာသစ္စာရတုံး (ဒုက္ခသစ္စာရပါတယ် ဘုရား)။

ဒုက္ခသစ္စာရတော့ ဒုက္ခသစ္စာဆိုတာ အကျိုးပေးပဲ (မှန်ပါ)၊ သူတို့နှစ်ခုက အကြောင်း၊ ဒီဟာက ဘာပါလိမ့် (အကျိုးပါ ဘုရား)။

အကျိုးကို မပြဘူးလား (ပြပါတယ် ဘုရား)၊ ဒါဖြင့် အကျိုး ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)၊ အဲဒါ သစ္စာ မသိဘဲနဲ့လုပ်ရင် ဒုက္ခသစ္စာရမယ် (မှန်ပါ)၊ သစ္စာသိပြီး လုပ်လို့ရှိရင် ဒီဒုက္ခလွတ်မယ် (မှန်ပါ)၊ လှူကြပါ (မှန်ပါ)၊ သဘောပါလား (ပါပါပြီ)၊

သစ္စာကို သိပြီးလုပ်ခဲ့လို့ရှိရင် ဒီဒုက္ခ ဘယ့်နှယ်နေမလဲ (လွတ်ပါ့မယ် ဘုရား)။

ဒီလိုကျတော့ ခင်ဗျားတို့ ခန္ဓာကိုယ်ပေါင် လှူ၊ လှူ ကောင်းတယ်၊ သဘောပါပလား (ပါပါပြီ ဘုရား)။

သစ္စာမသိဘဲနဲ့ လုပ်ခဲ့သော် ဒုက္ခရောက်မယ် (မှန်ပါ)၊ ရှင်းကြပလား (ရှင်းပါပြီ)၊ သစ္စာမသိဘဲနဲ့ လုပ်ခဲ့သော် (ဒုက္ခရောက်ပါမယ် ဘုရား)။

ဘုန်းကြီးက ပြောတာလား၊ သင်္ခါရ ပစ္စယာ ဝိညာဏံက ပြောတာလား (သင်္ခါရ ပစ္စယာ ဝိညာဏံက ပြောတာ ပါ ဘုရား)။

တစ်နည်း ကမ္မဘဝ ပစ္စယာ ဇာတိကော (ပြောပါတယ် ဘုရား)။

ဒါနပယ် တာလဲ မဟုတ်ဘူး

ကဲ ဘုန်းကြီးနဲ့ ဘာဆိုင်သေးသတုံး (မဆိုင်ပါ ဘုရား)၊ ဘုန်းကြီးနဲ့ ဘာမှမဆိုင်ဘူး၊ ဘုန်းကြီးက ဒါနပယ် တာလဲ မဟုတ်ဘူး၊ သီလပယ်တာလဲ မဟုတ်ဘူး၊ သူ့အကြောင်းနဲ့ သူ့အကျိုးဆက်ပုံပြတာ (မှန်ပါ)။

ဘုန်းကြီးနဲ့ ဘာမှမဆိုင်ဘူး၊ ဒီ ဘုန်းကြီးဆီသွား တရားနာရတာဟေ့၊ ကုသိုလ်ပေမယ့် သူက ပယ်နေတယ် ဆိုမလား၊ ကိုယ်ကပယ်နေတယ် ဆိုမလား (ကိုယ်က ပယ်နေတာပါ ဘုရား)၊ ကိုယ်က ပယ်နေတာ၊ ဘုန်းကြီးက ပြောပြ တာပဲရှိတယ်၊ ရိပ်မိပလား (ရိပ်မိပါပြီ)။

အဲဒီတော့ ဒကာ ဒကာမတို့ သင်္ခါရပစ္စယာ ဝိညာဏံ မလုပ်ကောင်းဘူး၊ ဟုတ်လား (မှန်ပါ)၊ သင်္ခါရနိရောဓာ ဝိညာဏနိရောဏော လုပ်ကောင်းတယ် (မှန်ပါဘုရား၊ လုပ်ကောင်းပါတယ် ဘုရား)။

သင်္ခါရနိရောဓာ (ဝိညာဏနိရောဓော) မလုပ်ကောင်းဘူးလား (လုပ်ကောင်းပါတယ် ဘုရား) သင်္ခါရ နရောဓာ ဆိုတော့ ကမ္မဝဋ်ကျွတ်ပါတယ် (မှန်ပါ)၊ မကျွတ်ဘူးလား (ကျွတ်ပါတယ် ဘုရား)။

ဝိညာဏနိရောဓောဆိုတော့ အကျိုးဝိပါကတွေကော မကျွတ်ဘူးလား (ကျွတ်ပါတယ် ဘုရား)၊ ဝဋ်ကျွတ်ချင်တော့ လုပ်ပါ၊ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

အေး မြန်အောင် ဦးတင် ပေါ်ပလား (ပေါ်ပါပြီ ဘုရား) အဲ ပေါ်ရင် သေသေချာချာမှတ်ပါ၊ ပေါ်ရင် သေသေချာချာ မှတ်ပါ။

သစ္စာမသိဘဲနဲ့လုပ်ရင်

ဪ ဒါဖြင့် လုပ်နည်းကွာခြားနေလို့ပါကလားဆိုတာ ပေါ်သွားတယ် (မှန်ပါ)၊ သစ္စာမသိဘဲနဲ့လုပ်ရင် သံသရာရှည်သကွ၊ ငြင်းဖို့လိုသေးသလား (မလိုပါ ဘုရား) သစ္စာသိပြီးလုပ်ရင် သံသရာပြတ်သကွ၊ ဒကာ ဒကာမတွေ ငြင်းဖို့ လိုသေးသလား (မလိုပါ ဘုရား)၊ သဘောပါကြပလား (ပါပါပြီ ဘုရား)။

အေး ဒကာ ဒကာမတွေ အိပ်နေလို့မရဘူး၊ သေသေချာချာမှတ်မှ (မှန်ပါ ဘုရား)၊ သေသေချာချာ မှတ်ပါ နော်၊ သင်္ခါရပစ္စယာ ဝိညာဏံဆိုတော့ သမုဒယသစ္စကြောင့် ဒုက္ခဖြစ်တယ်၊ သဘောကျပလား (မှန်ပါကျပါပြီ ဘုရား)။

သမုဒယသစ္စာကြောင့် (ဒုက္ခဖြစ်ပါတယ် ဘုရား)၊ ဒါကြောင့် “သင်္ခါရပစ္စယာ ဝိညာဏံ၊ သင်္ခါရနိရောဓာ ဝိညာဏ နိရောဓော”ဆိုတဲ့ ဒကာ ဒကာမတို့ သင်္ခါရချုပ်လို့ ဝိညာဏ်ချုပ်တယ်ဆိုရင်တော့ ဒီက မဂ္ဂသစ္စာ သွားဖြစ်တယ် (မှန်ပါ)၊ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ဒါက စာထဲမှာ မပါဘူး၊ ဘုန်းကြီးက ဖြည့်ရတာ (မှန်ပါ)၊ စာထဲ အကုန်ရေးမယ်ဆိုရင် တစ်ထပ်ကြီးဖြစ်နေ မှာပဲ၊ စာလုံးကို ပီတော့မှာမဟုတ်ဘူး (မှန်ပါ)၊ ဖြတ်လမ်းပါ ရေးမယ်ဆိုရင်နော် (မှန်ပါ)။

ကဲ သဘောပါကြပလား (ပါပါတယ် ဘုရား)၊ ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ မသိတဲ့ပုဂ္ဂိုလ် အလှူပေး ခြင်းကြောင့် ဒုက္ခရောက်တယ်၊ ပေါ်ပလား (ပေါ်ပါပြီ)၊ ဒါ ဘယ့်နှယ်ဆိုမယ် (မသိတဲ့ပုဂ္ဂိုလ်ပါ) အလှူပေးခြင်းကြောင့် (ဒုက္ခရောက်ပါတယ်)။

ဒုက္ခရောက်တယ်၊ ဒီ သစ္စာပြန်ရတာပဲ (မှန်ပါ)၊ ဘာတွေတုံး မေးတော့ မသိတာက အဝိဇ္ဇာ၊ ပြုလုပ်တာက (သင်္ခါရပါ)၊ ရတာက (ဒုက္ခသစ္စာပါ ဘုရား)။

ကိုင်း မသိတဲ့ပုဂ္ဂိုလ် အလှူပေးလိုက်တာက ဘာသစ္စာရသတုံး (ဒုက္ခသစ္စာ ရပါတယ်)၊ သိတဲ့ပုဂ္ဂိုလ် ဟောဒီ ဒုက္ခသစ္စာကို လှမ်းသိထားတယ် (မှန်ပါ)၊ သိတဲ့ ပုဂ္ဂိုလ်အလှူပေးလို့ရှိရင်ဖြင့် ဒုက္ခချုပ်တယ် (မှန်ပါ)၊ ပေါ်ပြီလား (ပေါ်ပါပြီ) သိတဲ့ပုဂ္ဂိုလ် အလှူပေးရင် ဒုက္ခဘယ့်နှယ်တုံး (ချုပ်ပါတယ် ဘုရား)။

သိပြီး အလှူပေးရင် ဒုက္ခချုပ်တယ်

ဒါဖြင့် ဘယ့်နှယ်လုပ်ကြမတုံး၊ ခင်ဗျားတို့ သိပြီး အလှူပေးရင် ဒုက္ခချုပ်တယ် (မှန်ပါ)၊ မသိဘဲ အလှူပေးရင် ဒုက္ခရမယ်ဆိုတော့ ဝဋ္ဋ၊ ဝိဝဋ္ဋ စာလို ခွဲထားတာပါပဲ။

သို့သော် ဒါက အမြင်ခွဲ၊ ပြောသံကြားခွဲတာလား အမြင်ခွဲတာလား (အမြင်နဲ့ခွဲတာပါ ဘုရား) ဒါဖြင့် ဘယ်ဟာကို အတည်ပြုကြမတုံး၊ ပြောသံကြားနဲ့ခွဲတာကို ခင်ဗျားတို့ မယုံနဲ့။

ကိုယ့်သန္တာန်မှာ လူ့စည်းစိမ်၊ နတ်စည်းစိမ်ကို ဒုက္ခသစ္စာလို့ မသိတာက အဝိဇ္ဇာ၊ မသိတော့ လှူမိ၊ တန်းမိ၊ ပေးမိ၊ ကမ်းမိပြီး ဆုမတောင်းဘူးလား (တောင်းပါတယ် ဘုရား)။

တောင်းလိုက်တဲ့အခါ စုတိမနေ သေလွန်တော့ မပြည့်ဘူးလား (ပြည့်ပါတယ် ဘုရား)။

ခန္ဓာငါးပါး မရဘူးလား (ရပါတယ် ဘုရား)။

ဘာသစ္စာရသတုံး (ဒုက္ခသစ္စာရပါတယ် ဘုရား)။

ဒါ မသိတဲ့ပုဂ္ဂိုလ် အလှူပေးလို့ ဒုက္ခရောက်တယ်။ ရှင်းပလား (ရှင်းပါပြီ)၊ ကဲ လက်ရှိခန္ဓာကြီးကို ဝိဇ္ဓာနဲ့ သိပေးစမ်းတဲ့၊ ဘာသစ္စာတုံး (မဂ္ဂသစ္စာပါ)။

ဟိုဘက်က ဒါ ဝိဇ္ဇာဖြစ်မသွားသေးဘူးလား (ဖြစ်ပါတယ်)၊ ဒီခန္ဓာကိုယ်ကြီးက ဒုက္ခသစ္စာလို့သိတော့ အဝိဇ္ဇာ လား ဝိဇ္ဇာလား (ဝိဇ္ဇာပါ ဘုရား)။

ဒါဖြင့် ဒုက္ခကျွတ်ရာ လုပ်ဦးမှပဲဆိုတာ သင်္ခါရ (မှန်ပါ)၊ သဘောကျပလား (မှန်ပါ) အဲဒီသင်္ခါရလုပ်လိုက်တော့ကို ဒကာ ဒကာမတို့ တဲ့၊ ဝိညာဏ်၊ နာရုပ်၊ သဠာယတန၊ ဖဿဒေဝနာဆိုတာ သိတဲ့ပုဂ္ဂိုလ်လုပ်သောကြောင့် ဒုက္ခသစ္စာ ပေါ်ဦးမလား (မပေါ်ပါ ဘုရား)

ဒါဖြင့် သိတဲ့ပုဂ္ဂိုလ် အလုပ်လုပ်ရင် ဒုက္ခလွတ်တယ် (မှန်ပါ) ပေါ်ပလား (ပေါ်ပါပြီ)၊ သိတဲ့ပုဂ္ဂိုလ် အလုပ်လုပ်ရင် (ဒုက္ခလွတ်ပါတယ်)၊ ရှင်းပြီနော် (ရှင်းပါပြီ)။

နောက် သမုဒယ လာသေးရဲ့လား (မလာပါ ဘုရား) နောက် ဒုက္ခ (မလာပါ ဘုရား)။

ဒါဖြင့် အဝိုင်းကြီးလည်နိုင်သေးရဲ့လား (မလည်နိုင်ပါ ဘုရား)၊ ရှင်းပလား (မှန်ပါ)၊ ဒါဖြင့် ဒကာ ဒကာမတို့ သေသေချာချာ ဆရာဘုန်းကြီးက ဆုံးမသွန်သင်ပြီးသကာလ ခန္ဓာထဲက ဖြစ်စဉ်ကို ပြနေတဲ့ စက်ဝိုင်းဆိုတာကော ယုံကြည်ကြပလား (ယုံကြည်ပါတယ် ဘုရား)။

အဲဒါ တရားမဆုံးဘဲနေမှာစိုးသောကြောင့် ဒကာ ဒကာမတို့ မသိတဲ့ပုဂ္ဂိုလ်အလှူပေးရင် ဘာရသလဲ (ဒုက္ခသစ္စာ ရပါတယ်)။

သိတဲ့ပုဂ္ဂိုလ် ကျင့်ကြံကြိုးကုတ် လှူဒါန်းခြင်းအလုပ် လုပ်ခဲ့သော် ဒုက္ခဘာတုံး (ဒုက္ခလွတ်ပါတယ် ဘုရား)။

ဒုက္ခလွတ်တယ်ဆိုတာ သိတဲ့ပုဂ္ဂိုလ်ဟာ ခန္ဓာလိုချင်လို့လုပ်သလား၊ ခန္ဓာကို မလိုချင်လို့ လုပ်သလား (မလိုချင်လို့ လုပ်တာပါ ဘုရား)။

ဒါဖြင့် သိတာက ဝိဇ္ဇာ၊ မလိုချင်တာက အလောဘ မဖြစ်သေးဘူးလား (ဖြစ်ပါတယ်)၊ ဖြစ်တော့ ဒါချည်း လှည့်လုပ်နေတာ ဒီဝင်ရိုးပဲ (မှန်ပါ)။

ဝင်ရိုးချိုးတဲ့တရား

အဝိဇ္ဇာနဲ့ ဘုံဘဝ တဏှာလှည့်နေတာ ဒီကြီးပဲ၊ အဝိုင်း လှည့်နေတာက ဒီမှာ မပေါ်သေးဘူးလား (ပေါ်ပါ တယ်)၊ အဝိဇ္ဇာနဲ့ ဘဝတဏှာဟာ ဒါမှာ ဘာထင်ကြသတုံး (ဝင်ရိုး)၊ သဘောကျပလား (ကျပါပြီ)။

အဲဒီတော့ သိတဲ့ပုဂ္ဂိုလ် အလုပ်လုပ်တဲ့အခါကျတော့ ဝင်ရိုးဖြစ်သေးရဲ့လား (မဖြစ်ပါ)၊ ဝင်ရိုးမဖြစ်လို့ရှိရင် လှည့်လို့ (မရပါ)

ဪ ဒါဖြင့် ဒီနေ့တရားသည် ဝင်ရိုးချိုးတဲ့တရားဆိုတာ ပေါ်ပလား (ပေါ်ပါပြီ)၊ ဘာတရားပါလိမ့် (ဝင်ရိုးချိုးတဲ့ တရားပါ ဘုရား)။

ခင်ဗျားတို့ သံသရာလည်နေမှာစိုးလို့ ဝင်ရိုးချိုးပစ်တာ၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)၊ ခင်ဗျားတို့ သံသရာ လည်မှာစိုးလို့၊ ဘာတဲ့ (ဝင်ရိုးချိုးပစ်တာပါ ဘုရား)။

ဝင်ရိုးချိုးတော့ သိတာက ဝိဇ္ဇာဆိုတော့ အဝိဇ္ဇာ ရှိသေးရဲ့လား (မရှိပါ ဘုရား)၊ သင်္ခါရက သူပြုလုပ်တတ်တဲ့ တရားတဲ့၊ လိုချင်လို့ ပြုလုပ်တာ၊ မလိုချင်တော့ကို အသင်္ခါရဆိုတဲ့ ပြောင်းပြန်ဖြစ်မသွားဘူးလား (ဖြစ်သွားပါတယ် ဘုရား) ခန္ဓာမလိုချင်တာပေါ့ဗျာ (မှန်ပါ)၊ မလိုချင်တာကတော့ အလောဘဆိုတော့ တဏှာက ဘာဖြစ်သွားသလဲ (အလောဘ ဖြစ်သွားပါတယ်)၊ အဝိဇ္ဇာက ဘာဖြစ်သွားသလဲ (ဝိဇ္ဇာဖြစ်သွားပါတယ် ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ တစ်သံသရာလုံး သံသရာလည်နေတဲ့ ဝင်ရိုးကြီး ယနေ့ကျိုးပြီ (မှန်ပါ)၊ မကျိုးဘူးလား (ကျိုးပါတယ်)၊ သဘောပါကြရဲ့လား (ပါပါတယ် ဘုရား)။

ဒါဖြင့် ခင်ဗျားတို့တစ်သံသရာလုံး သံသရာလည်နေတဲ့ ဝင်ရိုးကြီး ယနေ့ကျိုးပြီ (မှန်ပါ)၊ မကျိုးဘူးလား (ကျိုးပါတယ်)၊ သဘောပါကြရဲ့လား (ပါပါတယ် ဘုရား)။

ဝင်ရိုး ပုံတောင်း ဒေါက် သံပတ်ခွေ

ကောင်းပြီ ဒါဖြင့် ဝင်ရိုးတော့ ကျိုးပြီဘုရား၊ ဝင်ရိုးကျိုးလို့ရှိရင်ဖြင့် ဒီဘီးကြီးမှာ ဒကာ ဒကာမတို့ ဒေါက်တွေက ၁၊ ၂၊ ၃၊ ၄ ဆိုတော့ ဒေါက်တွေက မပါဘူးလား (ပါပါတယ် ဘုရား)။

ဝင်ရိုးပေါ်မှာ ဒေါက်စိုက်ရတယ်၊ လှည်းဘီးသွားကြည့်ပါ၊ ဝင်ရိုးပေါ်မှာ ဘာစိုက်ရသလဲ (ဒေါက်စိုက်ရပါတယ် ဘုရား)။

ဝင်ရိုးပေါ်မှာ ဒေါက်မစိုက်ခင် ဟောဒီအနီရစ်ကလေးက ပုံတောင်းလို့ မှတ်လိုက်စမ်းပါ၊ ဝင်ရိုးထည့်တဲ့ အပေါက်ရာကြီးပေါ့ဗျာ (မှန်ပါ)၊ သဘောကျပလား (ကျပါပြီ)။

ဒီအနီရစ်က ဘာပါလိမ့် (ပုံတောင်းပါ ဘုရား)၊ ပုံတောင်း, ပုံတောင်း မော်တော်ကားမှာလဲဗျာ ခင်ဗျားတို့ ဘေးကနေပြီးသကာလ ဘောလ်ဘယ်ယားရင်းဆိုပြီးသကာလ လှည့်တဲ့နေရာပေါ့ဗျာ (မှန်ပါ)၊ ရိပ်မိပလား (မှန်ပါ)။

ကောင်းပြီ၊ ဒါဖြင့် ဝင်ရိုးကြီး ဒီပုံတောင်း၊ ပုံတောင်းပေါ်မှာ ဒေါက်စိုက်ရတယ်၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဒေါက်ပေါ်မှ တစ်ခါ ဒီကနေပြီးသကာလ တာယာကွပ်တွေနဲ့ မကွပ်ရဘူးလား (ကွပ်ရပါတယ်)၊ ဒါမှ လှိမ့်လို့ ဖြစ်မှာကိုးဗျ၊ နို့မို့ရင် ဖြစ်နိုင်ပါ့မလား (မဖြစ်နိုင်ပါ)၊ ဒါကြီးက ဒါဖြင့် ဒါက ဘာခေါ်ကြမလဲ (ဝင်ရိုး)။

ဒီဘက်က ဘာပါလိမ့် (ပုံတောင်း)။

ဒီလေးခုက ဘာပါလိမ့် (ဒေါက်တွေပါ)၊ ဒီအပြာပတ်ကြီးက ဘာပါလိမ့် (သံပတ်ခွေ) သံပတ်ခွေကြီး။

တစ်နည်းမော်တော်ကား တာယာကြီးပေါ့ဗျာ (မှန်ပါ) ရိပ်မိပလား (ရိပ်မိပါပြီ)၊ ဒါဖြင့် ဘီးဖြစ်ပြီလား၊ မဖြစ် သေးဘူးလား (ဖြစ်ပါပြီ ဘုရား)။

အဲဒါ ခင်ဗျားတို့ နဂိုက ဒီဘီးကြီးဖြစ်နေတာ (မှန်ပါ) ပေါ်ကြပလား (ပေါ်ပါပြီ)၊ နဂိုက ဘာဖြစ်နေကြပါလိမ့် (ဒီဘီးကြီး ဖြစ်နေပါတယ်)၊ ဘီးကြီးဖြစ်နေတယ်ဆိုတာ ရှင်းကြပလား (ရှင်းပါပြီ)။

လှူပုံဒါန်းပုံ ပြင်ပေးတုန်း

ကိုင်း ဒါဖြင့် ဝင်ရိုးတော့ဖြင့် သိတဲ့ပုဂ္ဂိုလ် ပြုလုပ်သောကြောင့် သိတဲ့ပုဂ္ဂိုလ်ဟာ ဒုက္ခသစ္စာကို မလိုချင်လို့ ပြုလုပ်တာ (မှန်ပါ)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

သိတော့ ဒါက ဘာဖြစ်သွားသတုံး (ဝိဇ္ဇာဖြစ်ပါတယ်)၊ မလိုချင်တော့ ဒါက ဘာဖြစ်သွားသတုံး (အလောဘ ဖြစ်ပါတယ်)။

အလောဘ ဖြစ်သွားတော့ ဒကာ ဒကာမတို့ အဝိဇ္ဇာနဲ့ တဏှာ မချုပ်ဘူးလား (ချုပ်ပါတယ် ဘုရား)။

ဒါဖြင့် ဒါ အလုပ်လုပ်တဲ့ရော မဟောသေးပါဘူး၊ လှူပုံ ဒါန်းပုံ ဟောတုန်းရှိသေးတယ်၊ သဘောကျပလား (ကျပါပြီ)၊ အလုပ်လုပ်ပုံကို ဟောပလား၊ လှူပုံဒါန်းပုံကို ပြင်ပေးတုန်းပဲလား (လှူပုံဒါန်းပုံ ပြင်ပေးတုန်းပါ ဘုရား) ပြင်ပေးတုန်းပဲ ရှိသေးတယ်။

ဒါဖြင့် ဒကာ ဒကာမတို့ အဝိဇ္ဇာနဲ့တဏှာ မချုပ်သေးဘူးလား၊ ချုပ်သလား (ချုပ်ပါတယ်)၊ ချုပ်တော့ ဝန်ရိုး ကြီးဖြင့် ပျက်ပဟ ၊ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ်)။

အာသဝ ဝင်ရိုး

ဒါကို စာလိုသုံးတော့ အာသဝ ဝင်ရိုးလို့ခေါ်တယ် (မှန်ပါ)၊ စာလိုသုံးတော့ (အာသဝ ဝင်ရိုးပါ)။

အဝိဇ္ဇာပုံတောင်းဆိုတာ ရှိသေးတယ် (မှန်ပါ)၊ အဝိဇ္ဇာက ပုံတောင်းတံ့၊ အာသဝက ဘာတဲ့ (ဝင်ရိုးပါ ဘုရား) အဝိဇ္ဇာက (ပုံတောင်းပါ ဘုရား)။

ဒီပုံတောင်းကြီးက ဒကာ ဒကာမတို့ ဝင်ရိုးကျိုးသွားငြားသော်လည်း ပုံတောင်းပေါ်မှာ ဒေါက်စိုက်လို့ ရသေး တယ် (မှန်ပါ)၊ မရဘူးလား (ရပါတယ် ဘုရား)။

ပုံတောင်းပေါ်မှာ ဒေါက်စိုက်လို့ ရသေးတယ်ဆိုတော့ ပုံတောင်းမဖျက်လို့ရှိရင်လည်း တော်ပါ့မလား (မတော်ပါ)၊ မတော်တော့ ဒီလိုလုပ်လိုက်၊ ဒကာ ဒကာမတို့ ဒါတွေဟာ ဘာသစ္စာတွေပါလိမ့် (ဒုက္ခသစ္စာပါ ဘုရား)။

ဒုက္ခသစ္စာတွေဆိုတာ ဒီကနေပြီး ဉာဏ်နဲ့ဝေဒနာပေါ်လဲ ဒုက္ခသစ္စာပေါ်တယ်လို့ သိပေးပါ (မှန်ပါ)၊ ဖဿပေါ် ရင်ကော (ဒုက္ခသစ္စာလို့ သိပေးပါ)၊ ဒုက္ခသစ္စာပေါ်တယ်လို့ မသိရပေဘူးလား (သိရပါတယ်)၊ သဠာယတန ပေါ်ရင် ကော (ဒုက္ခသစ္စာလို့ သိရပါမယ်)။

ဒါဖြင့် ဒကာ ဒကာမတို့ မသိတာက သိတာ ဖြစ်မသွားဘူးလား (ဖြစ်သွားပါတယ်)။

ဒါဖြင့် အဝိဇ္ဇာတည်းဟူသော ပုံတောင်းကြီးက ဒကာ ဒကာမတို့ သိသွားကတည်းက ဒီပုံတောင်းရှိသေးရဲ့လား (မရှိပါ)၊ အာသဝ ဝင်ရိုးလဲကျိုးပြီ၊ သိခြင်းကြောင့် ပုံတောင်းကြီးကော ရှိသေးရဲ့လား (မရှိပါ)။

ဒါဖြင့် အဝိဇ္ဇာမရှိတဲ့ပုဂ္ဂိုလ်သည် သင်္ခါရဆိုတဲ့ ဒီဒေါက်တွေ လုပ်ပါဦးမလား (မလုပ်ပါ ဘုရား)။

သင်္ခါရဒေါက်တွေ

မလုပ်လို့ရှိရင် သင်္ခါရဒေါက်တွေဟာ ဘယ့်နှယ်နေသတုံး၊ မကျိုးဘူးလား၊ ကျိုးသလား (ကျိုးပါတယ်)၊ သင်္ခါရ ဒေါက်တွေ ကျိုးလို့ရှိရင် ဒီအကွပ်ကြီးဟာ ဘယ်သွားကွပ်မလဲ (မကွပ်နိုင်ပါ ဘုရား)၊ မကွပ်နိုင်လို့ရှိရင် ဇရာ မရဏ အကွပ်ကြီးဟာ အလိုလိုပြုတ်ကျတယ် (မှန်ပါ)၊ မကျဘူးလား (ကျပါတယ် ဘုရား)။

ဒါဖြင့် တရားကို သေသေချာချာ မှတ်ကြဦးစို့ (မှန်ပါ)၊ စောစောစီးစီး ပြောတာကိုလည်း မှတ်ပါ၊ အာသဝ ဝင်ရိုး မှတ်မိပြီနော် (မှတ်မိပါပြီ ဘုရား)

အာသဝ ဝင်ရိုး၊ အဝိဇ္ဇာ ပုံတောင်း (မှန်ပါ)၊ သင်္ခါရ ဒေါက်တွေ (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ) ဇရာ မရဏ အကွပ် (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)၊ ဘာတဲ့တုံး (ဇရာ မရဏ အကွပ်ပါ)။

ဒါဖြင့် ခင်ဗျားတို့ ကုသိုလ်လုပ်လဲ ဇရာ မရဏအကွပ်နဲ့ သွားတွေ့မှာပဲ (မှန်ပါ)၊ အကုသိုလ်လုပ်လဲ ဇရာ မရဏ အကွပ်နဲ့ သွားတွေ့မှာပဲ၊ ဘာကြောင့်တုံးဆိုလို့ရှိရင်ဖြင့်တဲ့ အဝိဇ္ဇာပုံတောင်းပေါ်မှာ စိုက်ထားတာကိုး (မှန်ပါ)။

အာသဝ ဝင်ရိုးက လှည့်လိုက်တော့ အောက်ရောက် အထက်ရောက် ရောက်မရောက် (ရောက်ပါတယ် ဘုရား)။ စဉ်းစားမိကြပလား (မှန်ပါ စဉ်းစားမိပါတယ် ဘုရား)။

ထိုကဲ့သို့ စဉ်းစားမိတဲ့အခါကျတော့ ဒကာ ဒကာမတွေသည် အရေးကြီးဆုံးဟာ ဒီဝင်ရိုးလဲ ကျိုးရမယ်၊ ဒီပုံတောင်းလဲ မရှိမှအလည်ရပ်မယ် (မှန်ပါ)၊ သံသရာအလည်ရပ်မယ် (မှန်ပါ)၊ သဘောပါကြပလား (ပါပါပြီ ဘုရား)။

ဝင်ရိုးလဲမရှိမှ ပုံတောင်းလဲမရှိမှ ဘာပါလိမ့် (သံသရာ အလည်ရပ်ပါမယ်)။

ဒေါက်တွေချည်း လည်နိုင်သေးရဲ့လား (မလည်နိုင်ပါ ဘုရား)။

အပတ်ကြီးကော သူ့ဟာသူ လည်နိုင်သေးရဲ့လား (မလည်နိုင်ပါဘုရား၊ မြေပေါ် ပုံကျသွားပြီ၊ သဘောပါကျ ပလား (ပါပါပြီ ဘုရား)။

ဒါဖြင့် ဒီအရေးဟာ ဒကာ ဒကာမတို့ သာမညကြီးတဲ့ အရေးလား တစ်သံသရာလုံးမှာ ဒီဝင်ရိုးမကျိုးခဲ့လို့ ပုံတောင်းကြီး မပြတ်ခဲ့လို့ ကျုပ်တို့မှာ လည်နေတာကို ယနေ့သည် ဒကာ ဒကာမတို့ ဝင်ရိုးချိုးပြီးသကာလ ပုံတောင်းဟာ ဖျက်ရတော့မယ် (မှန်ပါ)၊ သဘောပါကြပလား (ပါပါတယ် ဘုရား)၊ ဝင်ရိုးချိုးပြီး ဘာလုပ်ရမယ် (ပုံတောင်းဖျက်ရ ပါမယ် ဘုရား)။

ပုံတောင်းဖျက်ရမယ်ဆိုတော့ တရားကတော့ အင်မတန် နက်သပေါ့ဗျာ၊ နက်ပင်နက်ငြားသော်လည်း ပေနား ထောင်ပါ၊ တရားစစ်၊ ဒါမှ နိဗ္ဗာန်ရောက်မယ် (မှန်ပါ ဘုရား) သဘောပါပလာ (ပါပါပြီ)၊ နက်တော့ မနက်ဘူးလား (နက်ပါတယ်)။

သို့သော် ဒီတရားမှ မနာရလို့ရှိရင် သံသရာအလည် ရပ်ပါ့မလား (မရပ်ပါ ဘုရား)၊ ဒါဖြင့် ပုံတောင်းကျိုး အောင်လဲလုပ် ဝင်ရိုးကျိုးအောင်လဲလုပ်မှ ပုံတောင်းရင်လဲ ပြုတ်ကျအောင်လုပ်ပါမှ နေရာကျမယ်၊ သဘောပါကြပလား (ပါပါပြီ ဘုရား)။

အလုပ်ပြတော့မယ်

ကောင်းပြီ၊ ဒါဖြင့် ဒကာ ဒကာမတို့ အလုပ်ပြတော့မယ်နော်၊ အလုပ်ပြတော့မယ်ဆိုတော့ ဒကာ ဒကာမတို့ ကို တဲ့၊ ပဋိသန္ဓေဝိညာဏ်ဆိုတဲ့ဥစ္စာသည် လွန်ခဲ့ပြီးသောကာလ ဖြစ်သောကြောင့် ဝိပဿနာ မရှုပါနဲ့ (မှန်ပါ)၊ ပဋိသန္ဓေစိတ် (မှန်ပါ)၊ ပဋိသန္ဓေစိတ်ဟာ ပဋိသန္ဓေနေပြီး ချုပ်ခဲ့တာကိုး (မှန်ပါ ဘုရား) ဝိပဿနာရှုတော့ တွေ့သေး ရဲ့လား (မတွေ့ပါ ဘုရား)။

ဒါဖြင့် သူ့လဲ ဝိပဿနာမရှုနဲ့ (မှန်ပါ)၊ ပေါ်ပလား (ပေါ်ပါပြီ)၊ ဒီအခန်းက ဝိပဿနာရှုရမယ့်အခန်းကိုးဗျ (မှန်ပါ)၊ နာမ်ရုပ်လဲ ရှုနိုင်ပါတယ်၊ သဠာယတနကော (ရှုနိုင်ပါတယ်) ဖဿ (ရှုနိုင်ပါတယ်) ဝေဒနာ (ရှုနိုင်ပါတယ်)။

ရှုနိုင်ပါတယ်ဆိုတော့ နို့ ဒီဝိညာဏ် ဘယ့်နှယ်တုံး ဘုရား၊ ဒီဝိညာဏ်က သဠာယတနထဲ ပါသွားပြီ (မှန်ပါ) မပါဘူးလား (ပါပါတယ် ဘုရား)။

မနာယတနဆိုတာ ဒီထဲ မပါဘူးလား (ပါပါတယ် ဘုရား)၊ စက္ခာယတန, သောတာယတန, ဃာနာယတန, ဇိဝှာယတန, ကာယာယတန, မနာယတန ဆိုပြီး ခြောက်ခုကိုးဗျ။ ဒီအထဲ စိတ်ကပါပြီးသား ဖြစ်နေတယ် (မှန်ပါ)၊ သူက ပဋိသန္ဓေစိတ်မို့ ဘုန်းကြီးက ဖြုတ်ခဲ့တယ် (မှန်ပါ)။

အဲဒီတော့ ဒီလေးခုကို ပေါင်းလိုက်လို့ရှိရင် ခန္ဓာငါးပါး မစုံဘူးလား (စုံပါတယ် ဘုရား)၊ နာမ်က နာမက္ခခန္ဓာ၊ ရုပ်က ရူပက္ခန္ဓာ၊ သဘောကျပလား (မှန်ပါ)။

သဠာယတနမှာလဲ ငါးခုက ရူပက္ခန္ဓာ၊ တစ်ခုက ဝိညာဏက္ခန္ဓာ (မှန်ပါ)၊ သဘောကျပလား (ကျပါပြီ ဘုရား) ဖဿက သင်္ခါရက္ခန္ဓာ၊ ဝေဒနာက ဝေဒနာက္ခန္ဓာ၊ မရှင်းသေးဘူးလား (ရှင်းပါပြီ)၊ ပေါင်းလိုက်တော့ ဒီလေးခုပေါင်းရင် ခန္ဓာ ဘယ်နှစ်ပါးရသတုံး (ငါးပါးရပါတယ် ဘုရား) ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။

ခန္ဓာငါးပါးပဲရတယ်။ ခန္ဓာငါးပါးကို ဒကာ ဒကာမတို့ သတိပဋ္ဌာန်ထဲ သွင်းလိုက်တဲ့ အခါကျတော့ သတိပဋ္ဌာန် လေးပါး ဖြစ်သွားတယ်။

ခန္ဓာငါးပါး သတိပဋ္ဌာန်ထဲ သွင်းလိုက်တော့ ဘယ်နှစ်ပါး ဖြစ်သွားတုံး (လေးပါးဖြစ်သွားပါတယ်) ရှင်းသွားပြီ၊ သတိပဋ္ဌာန်လေးပါးကို ချုံးလိုက်ပြန်တော့ သတိပဋ္ဌာန်ကလဲ လေးပါးရှိငြားသော်လဲ နာမ်နဲ့ရုပ်ဖြစ်တယ်၊ လေးပါးချုံး လိုက်တော့ ဘာရသွားတုံး (နာမ်ရုပ်ဖြစ်သွားပါတယ်) ပေါ်ကြပလား (မှန်ပါ)၊ အဲဒီနာမ်ရုပ်ကလဲ တစ်ခါချုံးလိုက်ပါဦးတဲ့။

ဒကာ ဒကာမတို့ နာမ်ရုပ်ကို ချုံးလိုက်ပါဦး နာမ်မှာရှိတော့လဲ ဖြစ်ပျက်ပဲရှိတယ် (မှန်ပါ)။

ရုပ်မှာရှိတော့ကော (ဖြစ်ပျက်ပဲရှိပါတယ်)။

ဖြစ်ပျက်တစ်လုံးတည်းရှု

ဒါဖြင့် ဖြစ်ပျက်တစ်လုံးတည်းရှု (မှန်ပါ)၊ ပေါ်ပလား (ပေါ်ပါပြီ)၊ ချုံးလိုက်တော့ ဘာတစ်လုံးတည်းတုံး (ဖြစ်ပျက်တစ်လုံးတည်းရှိပါတယ်)၊ ဖြစ်ပျက်တစ်လုံးတည်း ရှုဆိုတော့ ခင်ဗျားတို့အမြင်မှာ ဒီဖြစ်ပျက်ပဲ မြင်တယ် (မှန်ပါ)။

နာမ်ရုပ်ကြည့်လဲ ဖြစ်ပျက်တွေ့မှာပဲ (မှန်ပါ)၊ ရုပ် ကြည့်ကော (ဖြစ်ပျက်ပဲမြင်ပါတယ်)၊ ဝေဒနာကြည့်ကော (ဖြစ်ပျက်ပဲမြင်ပါတယ်)၊ ဖဿကြည့်ကော (ဖြစ်ပျက်ပဲမြင်ပါတယ်)။

ဒါဖြင့် ဒကာ ဒကာမတို့ တပည့်တော်တို့ နိဗ္ဗာန်သွားမယ့်တရား ဘယ်တရားပါလိမ့်မတုံးဆိုတော့ ဖြစ်ပျက် မြင်အောင် ရှုတဲ့တရား (မှန်ပါ)။

ဟေ့ ဆရာထွန်းကြီးကို ခုမှမြင်တယ်။ ရိပ်မိပလား (တင်ပါ လာပါတယ် ဘုရား)၊ အေး (မနေ့ကလဲ လာပါ တယ် ဘုရား) မနေ့ကလဲ လာတယ်(မှန်ပါ)။

ကောင်းပြီ၊ ဒါဖြင့် ဒကာ ဒကာမတို့ ချုံးလိုက်တော့ ဖြစ်ပျက်ပဲ ကျန်တော့တယ်၊ သဘောကျပလား (ကျပါပြီ)၊ ကိုင်း ဒါဖြင့် ခင်ဗျားတို့ ဖြစ်ပျက်ကျန်တော့တယ်ဆိုတာ သိတော့ တို့ဟာဖြစ်ပျက်ရှုဖို့ပဲ (မှန်ပါ)၊ ပေါ်ကြပလား (ပေါ်ပါပြီ)၊ ဘာရှုကြမလဲ (ဖြစ်ပျက်ရှုရမှာပါ)၊ ရုပ်ရှုရမှာလား၊ ဖြစ်ပျက်ရှုရမှာလား (ဖြစ်ပျက်ရှုရမှာပါ ဘုရား)။

နာမ်ရှုရမှာလား၊ ဖြစ်ပျက်ရှုရမှာလား (ဖြစ်ပျက်ရှုရမှာပါ)၊ ဝေဒနာရှုရမှာလား၊ ဖြစ်ပျက် ရှုရမှာလား (ဖြစ်ပျက် ရှုရမှာပါ)။

ဒါက ဘယ်မှာဟောပါလိမ့်မတုံးမေးတော့ ခင်ဗျားတို့ သတိပဋ္ဌာန်သာ သွားကြည့်၊ သမုဒယဓမ္မာနုပဿီဝါ၊ ဖြစ်တာရှုကွ၊ ဝယဓမ္မနုပဿီဝါ၊ ပျက်တာရှုကွ၊ မလာဘူးလား (လာပါတယ် ဘုရား)။

ဘာအရှုခိုင်းသတုံး (ဖြစ်ပျက်အရှုခိုင်းပါတယ် ဘုရား) ဒါဖြင့် ဝေဒနာမရှုပါနဲ့၊ ဖြစ်ပျက်ရှု (မှန်ပါ) စိတ်မရှုနဲ့ (ဖြစ်ပျက်ရှု) ရုပ်မရှုနဲ့ (ဖြစ်ပျက်ရှုရပါမယ်) သဘောပါကြပလား (ပါပါပြီ)။

ဒါဖြင့် ရုပ်တွေ့နေသေးလို့ရှိရင်၊ ဝေဒနာတွေ့နေသေးလို့ရှိရင် နာမပရိစ္ဆေဒဉာဏ်, ရူပပရိစ္ဆေဒဉာဏ် ဖြစ်သွား တယ် (မှန်ပါ)။

ဖြစ်ပျက်တွေ့မှသာလျှင် သမ္မသန၊ ဥဒယဗ္ဗယ ဖြစ်ပါတယ် (မှန်ပါ)။ ပေါ်ကြပလား (ပေါ်ပါပြီ)။

ကြပ်ကြပ် နားကြီးကြီးနဲ့ထောင်ပါ။

ရုပ်တွေ့နေရင် ရူပပရိစ္ဆေဒဉာဏ် (မှန်ပါ)။

နာမ်တွေ့နေရင် (နာမပရိစ္ဆေဒဉာဏ်)။

ဖြစ်ပျက်တွေ့နေရင် သမ္မသန, ဥဒယဗ္ဗယ (မှန်ပါ)၊ မကွာဘူးလား (ကွာပါတယ် ဘုရား)။

သမ္မသနနဲ့ ဥဒယဗ္ဗယဉာဏ်

ဖြစ်ပျက်တွေ့ရင် (သမ္မသနနဲ့ ဥဒယဗ္ဗယပါ ဘုရား) သမ္မသနနဲ့ ဥဒယဗ္ဗယဉာဏ်ဆိုရင် လွဲပါ့မလား (မလွဲပါ ဘုရား)။

ဒါဖြင့် အဲဒီဉာဏ်ကမှ ဝိပဿနာဉာဏ်အစ မဟုတ်လား (မှန်ပါ ဘုရား)၊ ဒါဖြင့် ဝိပဿနာစကြစို့၊ ဝိပဿနာ စတော့မယ် ဒကာ ဒကာမတို့၊ ဝိပဿနာကို ဘယ်နေရာမှာ ဘုရားသခင်ကိုယ်တော်မြတ်ကြီး ဟောခဲ့ပါလိမ့်လဲလို့ မေးတော့ မနေ့က ရှင်းခဲ့ပြီနော် (မှန်ပါ)။

ဝိပဿနာဆိုတာ ဧဟိပဿိကော ခေါ်ရာကို သန္ဒိဋ္ဌိကောနဲ့လိုက်၊ မနေ့က မသင်ခဲ့ဘူးလား (သင်ခဲ့ပါတယ် ဘုရား)၊ ဘာတဲ့တုံး (ဧဟိပဿိကော ခေါ်ရာကို သန္ဒိဋ္ဌိကောနဲ့ လိုက်ရပါမယ် ဘုရား)။

ဆရာထွန်းကြီး ပေါ်ပလား (မှန်ပါ ဘုရား)၊ ဧဟိ ပဿိကောဆိုတာ ဖြစ်ပျက်တရားကို ခေါ်ပါတယ် (မှန်ပါ) သန္ဒိဋ္ဌိကောဆိုတာ သာမံ ပဿိတဗ္ဗောဆိုသောကြောင့် ဉာဏ်နဲ့လိုက်ပါ (မှန်ပါ) မလာဘူးလား (လာပါတယ် ဘုရား) ကောင်းပြီ။

ဒါဖြင့် ဒကာ ဒကာမတွေက သန္ဒိဋ္ဌိကောနဲ့လိုက် လိုက်၊ သာမံ ပဿိတဗ္ဗော၊ ကိုယ်တိုင်မြင်အောင် ကြည့် မဟေ့ (မှန်ပါ)၊ သဘောကျပလား (ကျပါပြီ)၊ သန္ဒိဋ္ဌိကောဆိုတာ ဘာလဲ (ကိုယ်တိုင်မြင်အောင် ကြည့်ရမှာပါ) ဘယ် နေရာမှာ ကြည့်ရမှာတုံးဆိုတော့ ခေါ်ရာကြည့် (မှန်ပါ)။

ဒကာ ဒကာမတို့ ဘာတဲ့တုံး (ခေါ်ရာကြည့်ရမှာပါ ဘုရား) ဘယ်သူက ခေါ်ပါလိမ့်ဗျာ (ဧဟိပဿိကောကပါ) ဧဟိ ပဿိကောဆိုတော့ ရုပ်မှာလဲ ဧဟိ ပဿိကော ရှိတာပဲ (မှန်ပါ)၊ နာမ်မှာကော (ရှိပါတယ် ဘုရား)။

ဒါဖြင့် ဧဟိ လာခဲ့ပါ၊ ပဿ ရှုပါလို့ဆိုတာ ရုပ်နာမ်က ခေါ်နေတာ (မှန်ပါ) သဘောကျပလား (ကျပါပြီ) ဧဟိ ပဿိကောဆိုတာ ဘယ်သူက ခေါ်တာပါလိမ့် (ရုပ်နာမ်က ခေါ်ပါတယ် ဘုရား)။

ရုပ်နာမ်က ခေါ်တော့ ခေါ်တာပဲတဲ့၊ သူခေါ်ပုံက ကျုပ် ဘယ်လိုဖြစ်နေတယ်၊ ကျုပ် ဘယ်လိုပျက်နေတယ် ဆိုတာ လာကြည့်ပါလို့ ခေါ်တာ၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ကျုပ် ဘယ်လိုဖြစ်နေတယ်၊ ကျုပ် ဘယ်လိုပျက်နေတယ်ဆိုတာ လာကြည့်ပါဆိုတော့ ခင်ဗျားတို့က ဘာနဲ့ သွားကြည့်ရမလဲ (သန္ဒိဋ္ဌိကောနဲ့ သွားကြည့်ရပါမယ် ဘုရား)။

နောက်က ဒကာ ဒကာမတွေ (သန္ဒိဋ္ဌိကောနဲ့ သွားကြည့်ရပါမယ်) ဒါဖြင့် သန္ဒိဋ္ဌိကောကို ဒကာ ဒကာမတွေက ဒီအကွက်ကြားမှာထားပါ၊ ဧဟိပဿိကောက ဒီအကွက်မှာထားပါ၊ ရှင်းပလား (ရှင်းပါပြီ)၊ သိန္ဒိဋ္ဌိကောက ဟောဒီမြား ကလေးအပေါ်မှာထားပါ။ ဧဟိပဿိကောက တစ်၊ နှစ်၊ သုံး၊ လေးမှာ ကြိုက်တဲ့နေရာမှာ ရှုပါ၊ ပေါ်ကြပလား (ပေါ်ပါပြီ) စိတ်ကြိုက် စိတ်ရှု (မှန်ပါ)၊ ဝေဒနာကြိုက်ရင် (ဝေဒနာရှုပါ)။

ကိုယ်တိုင်မြင်အောင်လိုက် လိုက်စမ်းပါ

ရှုရင် သူတို့က ဘယ်လိုခေါ်မယ်ထင်သတုံး (ဧဟိ ပဿိကောပါ ဘုရား) ဧဟိ လာခဲ့ပါ၊ ပဿ ရှုပါ။ မခေါ် ဘူးလား (ခေါ်ပါတယ် ဘုရား) ခေါ်တော့ ဒီအပေါ်ကနေပြီး သန္ဒိဋ္ဌိကော သာမံ ပဿိတဗ္ဗော၊ ကိုယ်တိုင်မြင်အောင်လိုက် လိုက်စမ်းပါ (မှန်ပါ)၊ ခေါ်ရာလိုက်၊ သဘောကျပလား (ကျပါပြီ) ခေါ်တာက ကျုပ်ဒုက္ခရောက်နေတယ်၊ လာကြည့် ပါဦးဆိုတော့ ခင်ဗျားတို့ ဉာဏ်နဲ့သွားကြည့် (မှန်ပါ) သဘောကျပလား (ကျပါပြီ)။

ဒုက္ခရောက်လို့ ခေါ်တာကို ဉာဏ်နဲ့သွားကြည့်စမ်းပါ (မှန်ပါ)၊ ကြည့်တော့ ဘာသစ္စာမြင်ရသတုံး (ဒုက္ခသစ္စာ မြင်ရလိမ့်မယ်) ကြည့်တတ်တဲ့ဉာဏ်က ဘာသစ္စာတုံး (မဂ္ဂသစ္စာပါ ဘုရား)။

ဪ ဒုက္ခ, မဂ္ဂနဲ့၊ ဒုက္ခက ခေါ်ရာကို မဂ္ဂကလိုက်ပါ ပြောတာ (မှန်ပါ) သဘောပါကြပလား (ပါပါပြီ) ဒုက္ခက ခေါ်တာကို (မဂ္ဂကလိုက်ပါ)။

ဒါဖြင့် ဒုက္ခသစ္စာက မဂ္ဂသစ္စာ ဖြစ်သွားတယ် (မှန်ပါ) မဖြစ်သေးဘူးလား (ဖြစ်ပါတယ်) ခေါ်တာက ဘာ သစ္စာတုံး (ဒုက္ခသစ္စာပါ) လိုက်တာက (မဂ္ဂသစ္စာပါ ဘုရား)။

ကဲ ဒါဖြင့် မဂ်ဟာ ဆုတောင်းအလုပ်လား၊ လိုက်ရမည့်အလုပ်လား (လိုက်ရမည့်အလုပ်ပါ ဘုရား) အဲဒါကို စာလိုသုံးတော့ ပွားများရမည့်အလုပ်ဆိုပြီး ခေါ်လိုက်ပါတယ် (မှန်ပါ)၊ ရှင်းကြပလား (ရှင်းပါပြီ)။

ဒါဖြင့် ဒကာ ဒကာမတို့ ဧဟိ ပဿိကော သဘောကျပလား (ကျပါပြီ) တစ်နေ့ ဘယ်နှစ်ကြိမ်ခေါ်ရမလဲ (အကြိမ်ပေါင်း မရေတွက်နိုင်ပါ ဘုရား) အကြိမ်များစွာ ခေါ်မယ်နော် (မှန်ပါ) လိုက်တော့ ဘာနဲ့လိုက်ရမယ် (မဂ်နဲ့ လိုက်ရပါမယ်) သန္ဒိဋ္ဌိကောဆိုတော့ မဂ်နဲ့လိုက်ပါ (မှန်ပါ ဘုရား)။

ဘယ်နှစ်ကြိမ် လိုက်ရမှာပါလိမ့် (မရေတွက်နိုင်အောင် လိုက်ရမှာပါ) ခေါ်တိုင်းလိုက်ပါ၊ ခေါ်တိုင်းလိုက်တာ ဝိပဿနာ (မှန်ပါ) ပေါ်ကြပလား (ပေါ်ပါပြီ)။

ခေါ်တိုင်း လိုက်တာ (ဝိပဿနာ) ရှင်းပလား (မှန်ပါ)။

ဧဟိ ပဿိကော ခေါ်ရာကို သန္ဒိဋ္ဌိကောနဲ့ လိုက်

ဝိပဿနာဆိုတာ ဘာပါလိမ့် (ခေါ်တိုင်း လိုက်တာပါ)၊ ဧဟိ ပဿိကော ခေါ်ရာကို သန္ဒိဋ္ဌိကောနဲ့ လိုက်နေရင် ဒါ ဝိပဿနာပဲ (မှန်ပါ)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဟ ဘုန်းကြီးက ဆန်းလှချည့်ကလားလို့ ဒကာ ဒကာမတွေက ဆိုချင်သလား ပါဠိတော်ပဲလား (ပါဠိတော် ပါ ဘုရား)၊ မဆန်းပါဘူး ဒကာ ဒကာမတို့၊ ဆန်းဟောရင်း ဘုန်းကြီး အပါယ်ရောက်မှာပေါ့ (မှန်ပါ) မသိတာ ဖော်ပြော နေတယ်လို့ မှတ်ပါ (မှန်ပါ ဘုရား) ဘယ်လို မှတ်ကြမလဲ (မသိတာ ဖော်ပြောနေပါတယ် ဘုရား)။

မသိတာ ဖော်ပြောနေတော့ ခင်ဗျားတို့က ဧဟိ ပဿိကောဆိုပြီးသကာလ ဘယ်နေရာမှာ သွားပြီးအသုံးချ ပါလိမ့်မလဲ မေးတယ်နော်၊ သန္ဒိဋ္ဌိကောလို့လဲ ခင်ဗျားတို့ ပါးစပ်က မရွတ်ဘူးလား (ရွတ်ပါတယ် ဘုရား)။

ဘယ်နေရာမှာ သွားရွတ်ပါလိမ့်မလဲလို့ မေးဖို့မလိုဘူးလား (လိုပါတယ် ဘုရား) ဘုရားရှေ့မှာသွားရွတ်တယ်၊ ခန္ဓာကိုယ် ခေါ်ရာကိုလိုကပါလို့ဆိုတဲ့ဥစ္စာ ဘုရားဆီသွားနေတယ် (မှန်ပါ) မလွဲဘူးလား လွဲသလား (လွဲပါတယ်) “ဧဟိ ပဿိကော” ဧဟိ လာခဲ့ပါ။ ပဿ ရှုပါဆိုတာ ခန္ဓာကခေါ်တာ မဟုတ်လား (မှန်ပါ)၊ ခန္ဓာခေါ်ရာကို ကိုယ့်ဉာဏ်က မလိုက်ရပေဘူးလား (လိုက်ရပါတယ် ဘုရား)။

ဒါဖြင့် ခန္ဓာခေါ်ရာကို ကိုယ့်ဉာဏ်နဲ့ လိုက်ရမှာ ဘုရားရှေ့သွားပြီး ခင်ဗျားတို့က ဘုရားရှိခိုးတယ်၊ ဘုရားရှိခိုး လုပ်နေတယ်၊ မလုပ်ကြဘူးလား (လုပ်ပါတယ် ဘုရား)။

ရှိခိုးမှာတဲ့လား သူ့အဓိပ္ပာယ်ကိုကြည့်ပါ၊ ဧဟိ လာခဲ့ပါ၊ ပဿ ရှုပါလို့ခေါ်သလား (လာပါ၊ ရှုပါလို့ ခေါ်ပါ တယ်)။

ငါ့ ရှိခိုးလို့ဆိုသလား မင်းတို့ခန္ဓာ မင်းတို့ရှုလို့ ပြောသလား (မင်းတို့ခန္ဓာ မင်းတို့ရှုလို့ ပြောတာပါ ဘုရား)။

နို့ ဘာဖြစ်လို့ ခင်ဗျားတို့က ဘုရားရှိခိုးနေတုံး၊ အို လူကြီးတွေက ဒီလိုပဲဘုရား၊ လူကြီးတွေကိုင်ပေါက် မှာပဲ၊ ခင်ဗျားတို့ မပေါက်ပေဘူးလား၊ ပေါက်မယ်လား (ပေါက်ပါမယ် ဘုရား)။

အဲဒီတော့ ဒကာ ဒကာမတွေ ဘုန်းကြီးက ဘုရားပယ်တယ်လို့ မယူလိုက်နဲ့နော်။ ဘုရားရှိခိုးရင် သမထ၊ ခေါ်ရာလိုက်ရင် ဝိပဿနာ (မှန်ပါ)၊ ကွဲကြပလား (ကွဲပါပြီ ဘုရား)။

ဘုရားရှိခိုးရင် (သမထပါ ဘုရား) ဒါတွေရွတ်ပြီး ရှိခိုးနေရင် (သမထပါ ဘုရား) သမထ ဘာတုံး၊ ဓမ္မာနုဿတိ၊ ဘာပါလိမ့် (ဓမ္မာနုဿတိပါ ဘုရား) ကဲ အနုဿတိဆိုကတည်းက သမထလား ဝိပဿနာလား (သမထပါ ဘုရား)။

ဟေ့ ဆရာထွန်းကြီး (သမထပါ ဘုရား) သမထဆိုတာ သေချာပလား (သေချာပါပြီ)။

ဒါဖြင့် ဘုရားရှေ့သွားပြီး ခင်ဗျားတို့က တောင်းတော့နိဗ္ဗာန်ဟုတ်လား၊ ရွတ်တော့ သမထဆိုတော့ ကိုက်ပါ ဦးမလား (မကိုက်ပါ ဘုရား) လိုချင်တာက ဘာတုံး (နိဗ္ဗာန်ပါ ဘုရား)။

အင်း အလုပ်နဲ့ ပြပြီးသကာလ အလုပ်လုပ်နေတာက ဘာပါလိမ့် (သမထပါ) အလုပ်က သမထ၊ ရချင် တာက ဝိပဿနာ၏ အကျိုးကျေးဇူး နိဗ္ဗာန် (နိဗ္ဗာန်ပါ) ကိုက်ပါ့မလား (မကိုက်ပါ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ ကန့်လန့်သွားလုပ်နေတာ၊ ကဲ ဒကာ ဒကာမတို့ ရိပ်မိကြပလား (မှန်ပါ)၊ ကန့်လန့် လုပ်တာလို့ဆိုတာ သဘောပါရဲ့လား (ပါပါတယ် ဘုရား)။

အခု ဘုရားရှိခိုးအဆုံး သွားကြည့်၊ နိဗ္ဗာန်ရရပါလို၏ မပါဘူးလား (ပါပါတယ် ဘုရား) သူတို့ လုပ်နေတာက နိဗ္ဗာန်ပဲလား၊ သမထပဲလား (သမထပါ) သမထက နိဗ္ဗာန်ရောက်ပါရဲ့လား (မရောက်ပါ ဘုရား)။

ဝေးသောအကြောင်းသာဖြစ်တယ် ဆရာထွန်း၊ နီးသောအကြောင်း ဖြစ်ပါ့မလား (မဖြစ်ပါ ဘုရား)၊ သေချာ ပလား (သေချာပါတယ် ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဘုရားရှိခိုးပြီးသကာလ အချိန်ကုန်ရတာနဲ့ ဧဟိ ပဿိကော ခေါ်ရာကို သန္ဒိဋ္ဌိကောနဲ့ လိုက်ရတာနဲ့ ဘယ်ဟာက မြတ်သတုံး (သန္ဒိဋ္ဌိကောနဲ့ လိုက်ရတာက မြတ်ပါတယ်) ခေါ်ရာလိုက်ရတာ မြတ်တယ်နော် (မှန်ပါ)။

ကိုင်း ဒါဖြင့် ခင်ဗျားတို့ ခန္ဓာကိုယ်ထဲမှာ ခေါ်ရာလိုက်နေ (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ) လောဘစိတ်က ခေါ်လို့ရှိရင်လဲ လောဘစိတ်နောက် သိန္ဒိဋ္ဌိကောနဲ့လိုက်၊ ဉာဏ်နဲ့လိုက်ပေး (မှန်ပါ)။

ခေါ်တာက အနိစ္စ, လိုက်တာက မဂ္ဂ

ဉာဏ်နဲ့လိုက်တော့ လောဘတွေ့သလား၊ အနိစ္စတွေ့သလား (အနိစ္စတွေ့ပါတယ် ဘုရား) ရှင်းပလား (ရှင်းပါပြီ)။ ဒါဖြင့် တွေ့တာက အနိစ္စဖြစ်လို့ရှိရင်ဖြင့် တွေ့တဲ့ဉာဏ်က မဂ္ဂဖြစ်သွားတယ် (မှန်ပါ)၊ မဖြစ်ဘူးလား (ဖြစ်ပါတယ်) လောကီမဂ္ဂင်ပေါ့ဗျာ (မှန်ပါ)၊ မဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား) ရိပ်မိကြပလား (ရိပ်မိပါပြီ) ခေါ်တာက အနိစ္စ, လိုက်တာက မဂ္ဂ (မဂ္ဂပါ ဘုရား)။

ခေါ်တာက (အနိစ္စပါ ဘုရား)။

လိုက်တာက (မဂ္ဂပါ ဘုရား)။

ဒါဖြင့် ဧဟိ ပဿိကော ခေါ်ရာကို သန္ဒိဋ္ဌိနဲ့လိုက်ပါ (မှန်ပါ ဘုရား)။

ရွတ်ပါ၊ ရှေ့ကို ခင်ဗျားတို့ ရထားတဲ့ပါဠိ ဘုရားရှေ့ ရွတ်တဲ့ပါဠိ ရွတ်ပါဦး (အကာလိကောပါ ဘုရား)

အကာလိကော၊ အခါမလင့် အကျိုးပေးပြီ၊ မပေးဘူးလား (ပေးပါတယ် ဘုရား)။

ကိုင်း ဒီက စိတ်ကလေးက ခေါ်ပြီ၊ ကျုပ်လာကြည့်ပါဦးလို့ခေါ်တော့ ဒီကဉာဏ်ကလေးနဲ့လိုက်လိုက်၊ လိုက်လိုက်တော့ ဝေဒနာပစ္စယာ တဏှာလာသေးရဲ့လား (မလာပါ ဘုရား)။

ဉာဏ်က ဒီကျတော့ ဖြတ်ပစ်လိုက်တယ်၊ ဉာဏ်က ဒီနေရာကနေ လိုက်တာကိုး၊ မဖြတ်ဘူးလား ဒီအဆက်ကို (ဖြတ်ပါတယ် ဘုရား) သဘောပါရဲ့လား (ပါပါတယ်)။

မလိုက်ရင် စပ်မယ်၊ ဧဟိ ပဿိကော ခေါ်ရာကို သန္ဒိဋ္ဌိကောနဲ့မလိုက်ရင် “ဝေဒနာ ပစ္စယာ တဏှာ”ပေါ်ကြ ပလား (ပေါ်ပါပြီ) ခေါ်ရာကို လိုက်မယ်ဆိုရင် ဝေဒနာ ပစ္စယာ ပညာဖြစ်သွားတယ် (ပေါ်ပါပြီ ဘုရား) ဝေဒနာပစ္စယာ (ပညာပါ) ခေါ်ရာလိုက်ရင် ဝေဒနာပစ္စယာ ပညာ၊ ဖဿပစ္စယာ ပညာ၊ ဝိညာဏပစ္စယာ (ပညာပါ) သဘောပါပလား (ပါပါပြီ ဘုရား)။

ဒါဖြင့် ခေါ်ရာလိုက်မှ အကာလိကော အခါမလင့် အကျိုးပေးမယ်ကွ ဆိုတော့ တဏှာ ဥပါဒါန်ကံ မချုပ်ဘူးလား (ချုပ်ပါတယ် ဘုရား)။

မဂ်က ဒီနေရာကနေ လိုက်တယ်ပေါ့ဗျာ၊ မဂ်က ဒီနေရာကနေလိုက်လိုက်တော့ တဏှာ ဥပါဒါန်ကံတွေဟာ ယခုမလာတာလားဆိုလို့ရှိရင် အခုရှု၊ အခုမလာတာ (မှန်ပါ) သဘောပါပလား (ပါပါပြီ) အခုရှုရင် (အခုမလာတာ)။

ဒါဖြင့် အခါမလင့် အကျိုးပေးတယ်ဆိုတာ မပေါ်သေးဘူးလား (ပေါ်ပါတယ် ဘုရား)။

ပေါင်းကြစို့၊ ဧဟိ ပဿိကော ခေါ်ရာကို သန္ဒိဋ္ဌိကောနဲ့လိုက်ရင် အကာလိကော ဖြစ်၏ (မှန်ပါ) ပေါ်ပလား (ပေါ်ပါပြီ)။

ဧဟိ ပဿိကော ခေါ်ရာကို (သန္ဒိဋ္ဌိကောနဲ့လိုက်ရင် အကာလိကော ဖြစ်တယ်) အကာလိကော ဖြစ်၏။ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် အကာလိကောတော့ ဖြစ်တာသေချာပြီဘုရား၊ အရှင်ဘုရား ဒါ သေသေချာချာ အကွက်ချပြောတာပဲ၊ သဘောပါပလား (မှန်ပါ) ဒီတရားတွေက ဘာလုပ်တတ်တဲ့ တရားတွေတုံးဆိုတော့ ဧဟိ ပဿိကောတရားတွေ သဘောပါပလား (မှန်ပါ)။

ခေါ်တတ်တဲ့တရားတွေ။

ဘာကြောင့်တုံး၊ သူတို့က အနိစ္စတရားတွေ (မှန်ပါ)၊ ဒုက္ခသစ္စာတရားတွေ၊ မခေါ်တတ်ဘူးလား၊ ခေါ်တတ် သလား (ခေါ်တတ်ပါတယ်) ဒါဖြင့် ဘာနဲ့လိုက်ရမတုံးတဲ့ (သန္ဒိဋ္ဌိကောနဲ့) သန္ဒိဋ္ဌိကော သာမံ ပဿိတဗ္ဗော၊ ကိုယ်တိုင် မြင်အောင်လိုက် (မှန်ပါ) ဘာတဲ့တုံး (ကိုယ်တိုင်မြင်အောင် လိုက်ရပါမယ်) ကိုယ်တိုင်မြင်အောင်လုပ်ဆိုတော့ တဏှာနဲ့ လိုက်လို့ရပါ့မလား၊ ဉာဏ်နဲ့ လိုက်ရမှာလား (ဉာဏ်နဲ့လိုက်မှ ရပါမယ် ဘုရား)။

ဒါဖြင့် သန္ဒိဋ္ဌိကောကို သာမံ ပဿိတဗ္ဗောလို့ ဆရာထွန်း မဖွင့်ဘူးလားဗျာ (မှန်ပါ ဖွင့်ပါတယ်) သာမံ၊ ကိုယ်တိုင်၊ ပဿိတဗ္ဗော ဉာဏ်နဲ့မြင်အောင်ရှုကွ လို့ မဆိုဘူးလား (ဆိုပါတယ် ဘုရား)။

ဒါဖြင့် ဧဟိ ပဿိကော ခေါ်ရာကို သန္ဒိဋ္ဌိကောနဲ့ လိုက်လို့ရှိရင် အကာလိကောဆိုတော့ တဏှာ ဥပါဒါန်တွေ ရန်သူတွေဟာ အကုန်ချုပ်ပါတယ်၊ မချုပ်ဘူးလား ချုပ်သလား (ချုပ်ပါတယ် ဘုရား) ရန်သူတွေတော့ ဒီဘက်က အနာဂတ် ဒုက္ခတွေ လာပါဦးမလား (မလာပါ ဘုရား)။

ဆရာထွန်း ကြည့်စိမ်း၊ ဒီအနာဂတ် ဒုက္ခတွေ ဘယ့်နှယ်တုံး၊ လာပါဦးမလား (မလာပါ ဘုရား) ဘာဖြစ်လို့ မလာတာ တုံးဆိုတော့ အကာလိကော အကျိုးပေးပြီးပြီဗျ၊ တဏှာ ဥပါဒါန် မချုပ်သေးဘူးလား (ချုပ်ပါတယ်) ချုပ်ကတည်းက ဇာတိ ဇရာ မရဏ ဘယ့်နှယ်နေသလဲ (မလာပါ ဘုရား) ဒါ အကာလိကော ဟုတ်မဟုတ် (ဟုတ်ပါ တယ် ဘုရား) ပေါ်ကြပလား (မှန်ပါ)၊ ဒါဖြင့် ဝိပဿနာတရားရှုနည်း နိဿရည်း ဘယ်လိုများ ဟောခဲ့ပါလိမ့်။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ဧဟိ ပဿိကော ဆိုတာက ၂-နံပါတ်အကွက်ထဲ ရှိတဲ့တရားဟာ ဧဟိ ပဿိကော ချည်းမှတ်ပါ (မှန်ပါ) ရှုရမယ့်တရားချည်းပဲ (မှန်ပါ) သဘောပါလား (ပါပါပြီ)။

အဲဒါ ခင်ဗျားတို့က ဝေဒနာပစ္စယာ တဏှာနဲ့ လိုက်နေလို့ ခက်နေတာ (မှန်ပါ) သဘောကျပလား (ကျပါပြီ) ပညာနဲ့ သန္ဒိဋ္ဌိကောနဲ့ လိုက်မယ်ဆိုရင်ဖြင့် ဖြစ်ပျက် မဂ်၊ မကိုက်ဘူးလား (ကိုက်ပါတယ်) ဖြစ်ပျက် (မဂ်)။

မဂ်က သန္ဒိဋ္ဌိက

မဂ်ဆိုတော့ မဂ်က သန္ဒိဋ္ဌိက သဘောကျပလား (မှန်ပါ) ခေါ်တာက ဧဟိပဿိက၊ မဂ်က ဘာပါလိမ့် (သန္ဒိဋ္ဌိကပါ) ခေါ်တာက (ဧဟိ ပဿကပါ ဘုရား) လိုက်တာက (သန္ဒိဋ္ဌိကပါ)။

သူလိုက် လိုက်တဲ့အတွက် တဏှာ ဥပါဒါန်ကံ ချုပ် မချုပ် (ချုပ်ပါတယ် ဘုရား) အဲဒါက ဘာဆိုကြမတုံး (အကာလိကပါ ဘုရား)။

ဪ နေရာကျလိုက်တာ၊ ဪ အလုပ်စဉ် ဘုရားက ဟောခဲ့သလား၊ တို့က အလုပ်စဉ်မလုပ်ဘဲနဲ့ ဘုရားရှိခိုးနေလို့ ခက်တာလား (မှန်ပါ) ဘုရားရှိခိုးနေလို့ (ခက်တာပါ) ဒကာ ဒကာမတွေ ဘယ့်နှယ်ဆိုကြမယ် (မှန်ပါ)၊ မမှန်နဲ့၊ ရမ်းမှန်လို့ မရဘူးခင်ဗျားတို့၊ ခင်ဗျားတို့ အမှားတော်ကြီးက အတော်ကြီးက (မှန်ပါ)၊ မကြီးဘူးလား၊ ကြီးသလား (ကြီးပါတယ် ဘုရား)။

သေသေချာချာစဉ်းစားပါ ဒကာ ဒကာမတို့၊ ဘုန်းကြီး ပြောနေကျအတိုင်း ပြောရလို့ရှိရင်ဖြင့် “ဧဟိ ပဿိကော, သန္ဒိဋ္ဌိကော, အကာလိကော”ဆိုတာ အလုပ်ကို ဟောခဲ့တယ် (မှန်ပါ ဘုရား)။

ခင်ဗျားတို့က ပူဇော်မှုနဲ့ လမ်းဆုံးနေတယ် (မှန်ပါ) ဘယ့်နှယ်ဘာနဲ့ လမ်းဆုံးနေကြသလဲ (ပူဇော်မှုနဲ့လမ်းဆုံး နေပါတယ် ဘုရား) အေး ဒကာ ဒကာမတို့ ဘာနဲ့ လမ်းဆုံးနေသလဲ (ပူဇော်မှုနဲ့ လမ်းဆုံးနေပါတယ်)။

ပူဇော်မှုနဲ့ လမ်းဆုံးနေတယ်ဆိုတော့ ဒကာ ဒကာမတို့ ဆေးအသုံးလွဲပေါ့ (မှန်ပါ) ဘယ့်နှယ်ဆိုကြမလဲ (ဆေး အသုံးလွဲနေပါတယ် ဘုရား) သောက်ဆေးကို လိမ်းဆေးလုပ်ပဟ (မှန်ပါ ဘုရား)။

ဒကာ ဒကာမတို့ ဘယ့်နှယ်ဆိုကြမလဲ (သောက်ဆေးကို လိမ်းဆေးလုပ်နေပါတယ်) ဘယ်တော့ ရောဂါ ပျောက်မလဲ (မပျောက်ပါ ဘုရား) ဒကာ ဒကာမတွေ (မပျောက်ပါ ဘုရား) ဘယ်နည်းနဲ့ ပျောက်မတုံး (မပျောက်နိုင်ပါ)။

သောက်ဆေးကို သောက်ဆေးလုပ်ရင် ပျောက်မယ်နော် (မှန်ပါ ဘုရား) သောက်ဆေးကို လိမ်းဆေးအဖြစ်နဲ့ သုံးရင်ကော (မပျောက်နိုင်ပါ ဘုရား) ပျောက်ပါ့မလား (မပျောက်ပါ ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် ဒီကရှေ့ ဘယ်လိုသုံးကြမလဲ (သောက်ဆေးကို သောက်ဆေးအဖြစ် သုံးရမယ်) သောက်ဆေး, သောက် ဆေးပဲလုပ်ပါ (မှန်ပါ) လိမ်းချင်လို့ရှိရင် ခဏပဲ ဘုရားရှေ့သွားပူဇော်လိုက်တာပေါ့ (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား) လိမ်းဆေးကို ပဓာနမထားပါနဲ့၊ ဘာပဓာနထားရမတုံး (သောက်ဆေးကို ပဓာန ထားရပါမယ်) သောက်ဆေး ပဓာန ထားရမယ်ဆိုတာ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

သခင်ဝတင်တို့ ဘယ်လိုအသုံးချကြမလဲ (သောက်ဆေး အသုံးချရပါမယ်) သောက်ဆေးပဲ လုပ်ပါဆိုတာဖြင့် ဒကာ ဒကာမတွေ သေသေချာချာ မှတ်ပါနော် (မှန်ပါ)။

သောက်ဆေး ဟုတ်တယ် မဟုတ်တယ်ဆိုတာကိုလဲ ဘုန်းကြီးက အထူးပြောစရာ မလိုပါဘူး၊ ခင်ဗျားတို့က ပါဠိ နားမလည်လို့ ဧဟိ လာခဲ့ပါ၊ ပဿ ရှုပါဆိုတော့ ရှိခိုးပါခိုင်းသလား (ရှုပါလို့ ခိုင်းတယ်) ကဲ သောက်ဆေး ဟုတ်မဟုတ်၊ မဟုတ်ပေဘူးလား (ဟုတ်ပါတယ် ဘုရား)။

ဖြစ်ပျက်တရားက ဒုက္ခသစ္စက ဧဟိ လာခဲ့ပါ။ ပဿ ကျုပ်ကို ရှုပါ၊ မပြောဘူးလား (ပြောပါတယ် ဘုရား) ဘာဆေးလို့ သူပြောသလဲ (သောက်ဆေးလို့ ပြောပါတယ် ဘုရား) ခင်ဗျားတို့က ဘာလုပ်သတုံး (လိမ်းဆေး လုပ်ပါ တယ် ဘုရား)။

ဟာ သွားပြီ၊ သွားပြီ သေသေချာချာ နာတာပဲ ဒီဥစ္စာ၊ သေသေချာချာ နာတယ်ဆိုတာ ဒကာ ဒကာမ တွေ ရှင်းပလား (ရှင်းပါပြီ)။

အဲဒီတော့ လိမ်းဆေးဟာ ကျေးဇူးမရှိဘူးလားလို့ မေးတော့ ဟေ့ အနာငြိမ်ရုံပဲရှိတယ်၊ အနာမပျောက်ဘူး၊ သမထကိုးဗျ (မှန်လှပါ)။

ဆရာထွန်း အနာငြိမ်ရုံပဲရတယ် (မှန်ပါ)၊ ပျောက်သွားရဲ့လား (မပျောက်ပါ ဘုရား) သောက်ဆေး လုပ်လိုက် ရင်တော့ (ပျောက်သွားပါတယ်)

ဒါဖြင့် ခင်ဗျားတို့က ငြိမ်ရုံကြိုက်တယ်။ ပျောက်တာ မကြိုက်ဘူး (ဟုတ်ပါတယ် ဘုရား) အဓိပ္ပာယ် ဒီမရောက် ဘူးလား (ရောက်ပါတယ် ဘုရား) အနာငြိမ်သွားတာတော့ (ကြိုက်ပါတယ် ဘုရား) ပျောက်သွားရင်တော့ (မကြိုက်ပါ ဘူး ဘုရား) တကယ်ရူးတဲ့လူတွေပါလား။

ပျောက်တာကို မကြိုက်ဘူးဆိုတော့ ဒီထက်ရူး ရှိသေးရဲ့လား (မရှိပါ ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ) အင်မတန်ဆိုးဝါးနေတာကို ဖော်ပြနေပါတယ် (မှန်ပါ) မပြောသင့်ဘူးလား (ပြောသင့်ပါတယ် ဘုရား)။

ပြောသင့်လို့ ပြောတယ်လို့ ဒီ ဒကာ ဒကာမတွေထဲမှာ မရင်းတာ မပါဘူး (မှန်ပါ) အကုန် ဆရာ ဒကာတွေ ဖြစ်နေကြတယ်ဆိုတာ သိပြီးသားတွေ အဲဒါ အမှန်ကိုပြောပေါ့ဆိုတာ ဆုံးဖြတ်ချက်ချပါ (မှန်ပါ) ဘယ်လို ဆုံးဖြတ်ချက် ချမလဲ (အမှန်ကို ပြောတယ်လို့ ဆုံးဖြတ်ချက် ချပါတယ် ဘုရား) လျှော့ဈေးလား၊ အမှန်အတိုင်းလား (အမှန်အတိုင်း ပါ ဘုရား)။

တင်းဈေးလား၊ အမှန်အတိုင်းလားဆိုတော့ (တင်း ဈေးပါ ဘုရား) တင်းဈေးဆိုတော့လဲ ဒိဋ္ဌိဘက် လွန်သွား တယ်။ လျှော့ဈေးဆိုတော့လဲ ခင်ဗျားတို့က အတ္တကိလေသာမထာနုယောဂ ဘက်သက်တယ်၊ ဒါကြောင့် သစ္စာကိုင် ဟောတဲ့ မဇ္ဈိမပဋိပဒါ လမ်းအမှန်ဆေးလို့ မှတ်ပါ (မှန်လှပါ ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဆရာထွန်း နားကြီးကြီးနဲ့ ထောင်တော့ ရှင်းမသွားသေးဘူးလား (မှန်ပါ၊ ရှင်းသွားပါတယ်) ရှင်းတယ်နော်၊ ဆရာထွန်းက ညံ့တာမဟုတ်ပါဘူး၊ ဒီစာတွေကို ဘုရားဟောထားတဲ့စာတွေကို မှားရင်ပြင်မယ်ဆိုတဲ့ ဗုဒ္ဓဝင် အယ်ဒီတာ တောင်လုပ်နေသေးတာ ညံ့တာမဟုတ်ဘူး၊ သူက။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ချွတ်ယွင်းချက်များ ရှိလို့ရှိရင် ကူညီမယ်ဆိုတဲ့ သဘောဟာ ဆရာထွန်းကြီး ပါပဲ (မှန်ပါ ဘုရား)။

အခါမလင့် အကျိုးပေးတယ်

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ဧဟိ ပဿိကော ခေါ်ရာကို (သန္ဒိဋ္ဌိကောနဲ့ လိုက်ရပါမယ်) ဘယ်လိုများ အကျိုးပေးမတုံး (အကာလိကော အကျိုးပေးပါမယ် ဘုရား) အကာလိကော၏ အဓိပ္ပာယ်က ဘာပါလိမ့် (အခါမလင့် အကျိုးပေးတယ်)။

ဒါဖြင့် မြန်မြန်အကျိုးပေးတာကြိုက်ရင် ဝိပဿနာလုပ် (မှန်ပါ) နှေးနှေးမှ အကျိုးပေးတာ လုပ်ချင်လို့ရှိရင်ဖြင့် တရားကို ပူဇော်ကြ (မှန်ပါ) သဘောပါပလား (ပါပါပြီ ဘုရား)။

ဘုရားရှေ့သွားပြီး ဧဟိ ပဿိကော ဩပနေယျိကော ပစ္စတ္တံ ဝေဒိတဗ္ဗောလို့ သွားရွတ်၊ နှေးနှေးတော့ ပျောက် ပါလိမ့်မယ် (မှန်ပါ)၊ သဘောကျပလား (ကျပါပြီ)။

ဟာ တပည့်တော်ဟာ ဝိပဿနာပဲ အသုံးချမယ်ဆိုရင် မြန်မြန်ပျောက်မယ် (မှန်ပါ) ဒကာ ဒကာမတွေ မြန်မြန်ပျောက်နဲ့ အနှေးပျောက် ဘယ်ဟာကြိုက်သတုံး (အမြန်ပျောက်တာ ကြိုက်ပါတယ် ဘုရား)။

ဒါတော့ ခင်ဗျားတို့က ကြိုက်တယ်သာ ပြောတာ၊ ကုတော့ နှေးနှေးမှ ပျောက်ချင်ကြတယ်။

ဒီအဓိပ္ပာယ် မရောက်ကြဘူးလား (ရောက်ပါတယ် ဘုရား) အဲဒါကြောင့် ပြင်ကြပါဦး၊ ဆင်ကြပါဦးဆိုပြီး ဆရာဘုန်းကြီးက လာပြီးတော့ ဦးသံဒိုင်တို့ ဦးထွန်းရင်တို့ ဦးသန်းမောင်တို့ ဦးမာဒင်တို့ ဦးအောင်ဇံဝေတို့ ဒီလူတွေ ကြောင့် ဘုန်းကြီးရောက်လာတယ်။ ရိပ်မိပလား (ရိပ်မိပါပြီ)။

ကောင်းပြီ၊ ဒကာ ဒကာမတို့ ဒါဖြင့် ဝိပဿနာ လုပ်တတ်ပလား (လုပ်တတ်ပါပြီ) ဝိပဿနာလုပ်စဉ် ဘယ်မှာ ဟောခဲ့သတုံး၊ တရားဂုဏ်တော်ခြောက်ပါးမှာ ဟောခဲ့တယ် (မှန်ပါ) ဝိပဿနာလုပ်စဉ် ဘယ်မှာဟောခဲ့ပါလိမ့် (တရား ဂုဏ်တော်ခြောက်ပါးမှာ ဟောပါတယ်)။

အလုပ်စဉ်များ ရကြရဲ့လားလို့ ဆိုလို့ရှိရင် ဒီအထဲမှာ “သွာက္ခာတော ဘဂဝတာဓမ္မော”ကစပြီး သကာလ “ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ” ကျအောင် မရတဲ့ပုဂ္ဂိုလ် ရှာမှရှား (မှန်လှပါ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား) ရတဲ့ ပုဂ္ဂိုလ်များကြရဲ့လား (များပါတယ် ဘုရား)။

လုပ်တဲ့ပုဂ္ဂိုလ်ပါရဲ့လားမေးရင် (မပါပါ ဘုရား) ဟာ ခွကျတာပေါ့ဗျ၊ ဒါဖြင့် သမထတော့ သူတို့သန်တယ် (မှန်ပါ ဘုရား)။

ဝိပဿနာ လုံးဝမလုပ်ဘူး (မှန်ပါ) ဟောတာက သမထကို ဟောသလား၊ ဝိပဿနာကို ဟောသလား (ဝိပဿ နာကို ဟောပါတယ် ဘုရား)။

ကိုင်း ဒကာ ဒကာမတို့ “သွာက္ခာတော ဘဂဝတာ ဓမ္မော” ဘဂဝတာ၊ မြတ်စွာဘုရားသည်။ သွာက္ခာတော၊ မင်းတို့ကောင်းအောင် ဟောထားတာ၊ နိဗ္ဗာန်ရောက်အောင် ဟောထားတာ (မှန်ပါ ဘုရား)။

နိဗ္ဗာန်ရောက်မည့်တရားကို ခင်ဗျားတို့က ဗြဟ္မာ့ပြည်ရောက်ကြောင်းလုပ်ပြီး သုံးတယ် (မှန်ပါ ဘုရား) သဘော ပါရဲ့လား (ပါပါတယ် ဘုရား) နိဗ္ဗာန်ရောက်ကြောင်းဟောထားတဲ့ “သွာက္ခာတော ဘဂဝတာ ဓမ္မော”လို့ သူဟာ အစမပါ ဘူးလား (ပါပါတယ် ဘုရား)။

အဲဒါ ခင်ဗျားတို့က ဘုရားရှေ့သွားပြီး ပူဇော်ကြတယ်၊ ပူဇော်ကြတဲ့အတွက် ဘုန်းကြီးများက ဒကာ ဒကာမတို့ ဆေးအသုံးမတတ်သေးဘူးဆိုပြီး လာပြင်တာပဲ (မှန်ပါ) ရိပ်မိပလား (ရိပ်မိပါပြီ) မောင်ဆွေတင် ဘာတဲ့ကွာ (လာပြင် တာပါ)။

ဆေးအသုံးမတတ်လို့ လာပြီးပြင်ပေးနေရတယ်၊ အနောက်နိုင်ငံဆေးတွေတော့ ဒါရိုကိရှင်းတွေ ဘာတွေနဲ့ အကုန်ပြပါတယ်၊ ခင်ဗျားတို့ ဆရာဝန်တွေက ကောင်းကောင်းနားမလည်တော့ ဟိုက ကွန်ပေါင်းလာလုပ်ပေးရတယ် (မှန်လှပါ ဘုရား)။

အတော်ကျပ်နေသားဗျ (မှန်ပါ) အင်မတန်မဆိုးဝါးဘူးလား (ဆိုးဝါးပါတယ်) အဲဒီလောက်တောင် ခင်ဗျားတို့ အရုပ်ဆိုးနေလို့ ဘုန်းကြီးများကလဲ ပါရမီနဲ့မို့၊ ကဲ သိပါစေတော့ ကျင့်ပါစေတော့ ကြံပါစေတော့ဆိုပြီး ဒါ အလုပ် တရားကွ၊ ရှိခိုးရမယ့်တရား မဟုတ်ဘူးလို့ လာပြောတာ၊ သဘောပါကြရဲ့လား (ပါပါတယ်)။

အလုပ်တရားလား ရှိခိုးရမယ့်တရားလား

အလုပ်တရားလား ရှိခိုးရမယ့်တရားလား (အလုပ်တရားပါ ဘုရား) သို့သော် ခင်ဗျားတို့က ဘယ်နေရာ အသုံးချသလဲ (ရှိခိုးနေပါတယ် ဘုရား)။

ဪ ခက်နေပြီ၊ အဲဒီတော့ ဘုရားက ဟောရှာတယ်၊ ငါဘုရားရှိခိုးရင် သုဂတိရောက်မယ်ကွ၊ သဘောကျ ပလား (ကျပါပြီ)။

ငါ ဘုရားဟောတဲ့အတိုင်း အလုပ်လုပ်ရင် နိဗ္ဗာန်ရောက်မယ်ကွ၊ ဘုရားက နှစ်ခွန်းသုံးတယ် (မှန်ပါ) မှတ်မိ ရဲ့လား (မှန်ပါ)။

ငါ ဘုရားကို ရိုသေကိုင်းညွတ်ရှိခိုးရင် ဘယ်ရောက်မတဲ့တုံး (သုဂတိရောက်ပါတယ်) ဆရာထွန်း တွေ့ဖူး တယ်နော် (မှန်ပါ) တွေ့ဖူးတယ်တဲ့ ခင်ဗျားတို့။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ငါဘုရားပြောတဲ့အတိုင်း ကျင့်ကြံရင် ဘယ်ရောက်မတဲ့တုံး (နိဗ္ဗာန်ရောက် ပါတယ်)။

ဒါဖြင့် ဘုရားသခင်ကိုယ်တော်မြတ်ကြီးကိုက နှစ်စားမဟောခဲ့ဘူးလား (ဟောခဲ့ပါတယ်)။

တရားဂုဏ်တော်ရှိခိုးရင် သုဂတိ (မှန်ပါ) ဘုရားဂုဏ်တော်ရှိခိုးရင် (သုဂတိ) သုဂတိ ကုသိုလ်ရမယ်၊ နိဗ္ဗာန် ရပါ့မလား (မရပါ ဘုရား)။

နိဗ္ဗာန်ရချင်ရင် သူဟောတဲ့အတိုင်း ကျင့်မှ ဧဟိ ပဿိကော ခေါ်ရာကို သန္ဒိဋ္ဌိကောနဲ့လိုက်မှ အကာလိကော ဖြစ်မယ် (မှန်လှပါ ဘုရား) မပေါ်ကြသေးဘူးလား (ပေါ်ပါပြီ) ရှင်းပလား (ရှင်းပါပြီ)။

ဒါဖြင့် ဒကာ ဒကာမတို့ အလုပ်တရားသည် ဘယ်နေရာမှာများ ဟောခဲ့ပါလိမ့်မတုံး၊ မြန်အောင်ဦးတင်ပြော စမ်း (တရားဂုဏ်တော်ခြောက်ပါးမှာပါ ဘုရား) တရားဂုဏ်တော်ခြောက်ပါးမှာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား) ဘယ် နေရာမှာ ဟောခဲ့သလဲ (တရားဂုဏ်တော် ခြောက်ပါးမှာပါ ဘုရား)။

တရားဂုဏ်တော်တရား၏ အလုပ်စဉ်ခြောက်ပါးသည် ဒကာ ဒကာမတို့ ရပြီးနေငြားသော်လည်း ကျုပ်တို့ ရသားပဲ ဒီဥစ္စာ၊ ရတဲ့အတိုင်း မလုပ်လို့ နိဗ္ဗာန်မရောက်တာလို့ မှတ်လိုက် (မှန်ပါ ဘုရား) ရတဲ့အတိုင်း (မလုပ်လို့ နိဗ္ဗာန်မရောက်တာပါ ဘုရား)။

မလုပ်လို့ နိဗ္ဗာန်မရောက်တာ ဆိုတာကော သေချာကြပလား (သေချာပါတယ်) ရတဲ့အတိုင်း ပူဇော်နေလို့ နိဗ္ဗာန်မရောက်တာ (မှန်ပါ) ရတဲ့အတိုင်းလုပ်ရင် (နိဗ္ဗာန်ရောက်ပါမယ်)။

ကြည့်လေ ဧဟိ ပဿိကော ခေါ်ရာကို သန္ဒိဋ္ဌိကောနဲ့လိုက်ရင် အကာလိကောဆိုတဲ့ တဏှာ၊ ဥပါဒါန်၊ ကံချုပ် မချုပ် (ချုပ်ပါတယ် ဘုရား)။

ဒါဖြင့် တဏှာငြိမ်း နိဗ္ဗာန်၊ ဥပါဒါန်ငြိမ်း နိဗ္ဗာန်၊ ကံပြတ်ရင်လည်း နိဗ္ဗာန်ပဲ (မှန်ပါ) မပေါ်သေးဘူးလား (ပေါ်ပါတယ်) ရှင်းကြပလား (ရှင်းပါတယ်)။

အင်မတန်မှ ဒကာ ဒကာမတွေ ရှင်းလင်းအောင် ပြောနေတယ်ဆိုတာ သဘောပါကြပလား (ပါပါပြီ)။

ကိုင်း ရှေ့ဆက်ရွတ်ပါဦး၊ အကာလိကော ပြီးတော့ ဘာလာသတုံး (ဩပနေယျကော လာပါတယ် ဘုရား)။

ဖြစ်ပျက်က ဆွဲဆောင်နေပါတယ်

ဟော ခင်ဗျားတို့ စိတ်ကို ဖြစ်ပျက်က ဆွဲဆောင်နေပါတယ်တဲ့ (မှန်ပါ) ဖြစ်ပြီးပျက်တဲ့တရားက ခင်ဗျားတို့ စိတ်ကို မလာလာအောင် ဆွဲဆောင်နေတယ် (မှန်ပါ) သူက ဆွဲဆောင်မှသာလျှင် နိဗ္ဗာန်ရောက်မှာကိုးဗျ (မှန်ပါ) ဆရာထွန်း ရှေးဦးစွာ သူက မဆွဲဆောင်ရပေဘူးလား (မှန်ပါ ဆွဲဆောင်ရပါတယ်) နောက်ဆုံးပိတ်ကျတော့ နိဗ္ဗာန်က ဆွဲဆောင်တာပေါ့ (မှန်ပါ)။

ကိုင်း ဒါဖြင့် ဒကာဒကာမတို့ ကျုပ်မှာ အနာပေါက် နေပါတယ်၊ ခင်ဗျားလာကြည့်စမ်းပါဦးဆိုတဲ့ဥစ္စာ “အတ္တနော စိတ္တံ ဥပနေတဗ္ဗော”တဲ့ ။

ခင်ဗျားတို့၏ ဉာဏ်စိတကို ဒီကနေ ဖြစ်ပျက်က ဆွဲဆွဲနေတယ်။ လာခဲ့စမ်းပါ၊ ကျုပ်ဆီ မရောက်ရောက်အောင် လာစမ်းပါ၊ ကျုပ်ဘာဖြစ်နေတယ်ဆိုတာ ခင်ဗျားသိအောင်ဆိုတော့ ဒုက္ခသစ္စာအဖြစ်ကို ပြောပြောနေတယ် (မှန်ပါ) ခင်ဗျားတို့က ဉာဏ်နဲ့မလိုက်တော့ ခက်နေတယ်၊ သဘောကျပလား (ကျပါတယ်)။

သူ့ဆီလိုက် လိုက်လို့ရှိရင် သူဆုံးရင် နိဗ္ဗာန်က မခေါ်ပေဘူးလား (ခေါ်ပါတယ်) နိဗ္ဗာန်က ရှေးဦးစွာ ခေါ်နိုင် သလား၊ သူဆုံးပြီးမှ ခေါ်နိုင်သလား (ဆုံးပြီးမှ ခေါ်နိုင်ပါတယ် ဘုရား)။

”ဒုက္ခဿ အန္တံ ကရိဿတိ”ကိုး၊ ဒုက္ခဆုံးမှ နိဗ္ဗာန်က ပေါ်မှာ (မှန်ပါ) ဒုက္ခမဆုံးရင် (မပေါ်နိုင်ပါ ဘုရား)။

ဒါဖြင့် ဒုက္ခခေါ်ရာကို ခင်ဗျားတို့က လိုက်ပါ၊ နောက်ကျတော့ လိုက်တဲ့အခါကျတော့ ဒုက္ခခေါ်ရာမလိုက်ချင် ဘူးဆိုတဲ့ ဉာဏ်တွေလာမလား၊ မလာဘူးလား (လာပါတယ်) အဲဒီလာတဲ့အခါကျတော့ ဒုက္ခတွေချုပ်ပြီးတော့ ဒုက္ခချုပ်တဲ့ နိဗ္ဗာန်က ခေါ်လိမ့်မယ် (မှန်ပါ)။

ပထမတော့ ဒုက္ခခေါ်ရာလိုက်နော် (မှန်ပါ) ကြာတော့ လိုက်ဖန်များတော့ ဒုက္ခကို မမုန်းပေဘူးလား (မုန်း ပါတယ်) ဒုက္ခလိုချင်သေးရဲ့လား (မလိုချင်ပါ) မလိုချင်တော့ ဒီဒုက္ခတွေ အကုန်ချုပ်မယ်၊ ချုပ်တဲ့အခါကျတော့ ဒီနေရာမှာ ဘယ်သူပေါ်မလဲ၊ မေးကြည့်ပါ၊ နိဗ္ဗာန်ပေါ်လာလိမ့်မယ် (မှန်ပါ) မပေါ်ပေဘူးလား (ပေါ်ပါတယ် ဘုရား)။

အဲဒီကျတော့ “အတ္တနော စိတ္တံ ဥပနေတဗ္ဗော” (ဒုကာဒိနိပါတအဋ္ဌကထာ၊၁၄၁)။

မိမိစိတ်ကို နိဗ္ဗာန်က ဆွဲဆောင်ပြီလို့ မှတ်ပါ၊ ပထမ ဒုက္ခ ခေါ်ရာသာလိုက်၊ တော်တော်ကြာ နိဗ္ဗာန်နဲ့ သွားတွေ့မယ်၊ မတွေ့ပေဘူးလား (တွေ့ပါတယ် ဘုရား)။

အဲဒီတော့ “ဩပနေယျိကော ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ” ဒကာ ဒကာမတွေ ရွတ်စမ်း၊ ဒါ ဘာလဲ (ပစ္စတ္တံဝေဒိ တဗ္ဗေဝိညူဟိ) ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ။

ဝိညူဟိ၊ ပညာရှိတို့သည် ပစ္စတ္တံ၊ အသီးသီး။ ဝေဒိတဗ္ဗော ရအပ်၏။

ပညာရှိမှ မဂ်ရမယ်ပြောတာ (မှန်ပါ) ဒကာ ဒကာမတို့ ဘာတဲ့တုံး ဆရာထွန်း (ပညာရှိမှ မဂ်ရမယ်) ပထမ ပညာရှိလို့ရှိရင် သောတာပတ္တိမဂ်ရမယ်။

ဒီထက် ထက်တဲ့ပညာရှိလို့ရှိရင် သကဒါဂါမ်မိမဂ် မရပေဘူးလား (မှန်ပါ ရပါတယ်)။

ဒီထက် ထက်တဲ့ ပညာရှိရင် (အနာဂါမိမဂ်ရမယ်)။

ဒီထက် ထက်တဲ့ပညာရှိရင် (အရဟတ္တမဂ် ရပါတယ် ဘုရား)။

ဒါဖြင့် အသီးသီးရ ရမယ်ကွတဲ့ ၊ ရိပ်မိပလား (မှန်ပါ) ဒါဖြင့် မဂ်ရချင်လို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ ခေါ်ရာ လိုက်မှရမယ် (မှန်ပါ) ခေါ်ရာမလိုက်ရင် (မရပါ) ရစရာ မြင်သေးရဲ့လား (မမြင်ပါ ဘုရား)။

ဒါဖြင့် ဆရာထွန်းက သောတာပတ္တိမဂ်ရပြီ၊ ဖြစ်ပျက်မြင်လို့ မဂ်ဝင်ပြီ၊ မဂ်ဝင်လို့ ဒိဋ္ဌိ ဒိဋ္ဌုပါဒါန် ဒိဋ္ဌိ အုပ်ချုပ်တဲ့ကံ သေပြီဆိုပါတော့ဗျာ (မှန်ပါ) မသေနိုင်ဘူးလား (သေနိုင်ပါတယ်) ပထမပဋိစ္စသမုပ္ပါယ် မပြတ်ဘူးလား (ပြတ်ပါတယ်) ပြတ်တော့ ဆရာထွန်းကို သောတာပန်ပုဂ္ဂိုလ်လို့ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ်) သောတာပတ္တိမဂ်၏ ပုဂ္ဂိုလ်လို့ကော (ဆိုနိုင်ပါတယ်) အဲဒီမဂ်တွေကို ခင်ဗျား သားသမီးတွေရှိတယ်၊ ရော့ဟေ့လို့ ပေးလို့ရရဲ့လား (မရပါ ဘုရား)။

အမျှပေးလို့မရတဲ့ ကုသိုလ်

ဒါကြောင့် ပစ္စတ္တံ၊ အသီးသီး၊ ဝေဒိတဗ္ဗော၊ ခံစားအပ်၏၊ သူရတာ သူသာပိုင်တယ်၊ အမျှပေးလို့မရဘူးကွ (မှန်ပါ) ရိပ်မိပလား (ရိပ်မိပါပြီ) အမျှပေးလို့ ရရဲ့လား (မရပါ)။

ဒါဖြင့် ခင်ဗျားတို့ အမျှပေးလို့မရတဲ့ ကုသိုလ်ဟာ မဂ်ကုသိုလ်၊ ပေါ်ပလား (ပေါ်ပါပြီ) အမျှပေးလို့မရတဲ့ ကုသိုလ်ဟာ (မဂ်ကုသိုလ်ပါ ဘုရား)။

အမျှပေးလို့ရတဲ့ကုသိုလ်က မခိုင်တဲ့ကုသိုလ်မို့ ခင်ဗျားတို့ အလှူပေးတဲ့ကုသိုလ်၊ သီလဆောက်တည်လို့ရတဲ့ ကုသိုလ် အမျှပေးလို့ရတယ် (ရပါတယ်) သဘောကျပလား (ကျပါပြီ ဘုရား) အလှူပေးတဲ့ကုသိုလ် အမျှပေးရင် ရပါတယ် (မှန်ပါ) သီလဆောက်တည်တဲ့ ကုသိုလ် (ရပါတယ်)။

မဂ်ကုသိုလ် ခန္ဓာထဲရောက်တယ်၊ အမျှပေးလို့ (မရပါ ဘုရား)။

ဒါဖြင့် မရတဲ့ကုသိုလ်နဲ့ ရတဲ့ကုသိုလ် ဘယ်သူက ခိုင်မြဲ၊ ဘယ်သူက မခိုင်မြဲဘူးဆိုတာ အကဲခတ်စမ်း (မဂ်ကုသိုလ် ဘက်က ခိုင်မြဲပါတယ် ဘုရား)။

ဒါကြောင့် မဂ်က ခိုင်မြဲလို့ “သမ္မတ္တနိယတာ ဓမ္မာ” (ဓမ္မသင်္ဂဏီပါဠိတော်) လို့ ဟောလိုက်တယ် (မှန်ပါ)

ဒကာ ဒကာမတွေ နားလည်သွားပလား (မှန်ပါ) မဖောက်ပြန်ဘဲနဲ့ မြဲတယ်လို့ မဆိုဘူးလား (ဆိုပါတယ် ဘုရား)။

အဲဒီ မြဲတဲ့ကုသိုလ်ရမှ ခင်ဗျားတို့ အပါယ်လေးပါး တံခါးပိတ်မယ်၊ မမြဲတဲ့ကုသိုလ်ဟာ

ဥက္ခိတ္တာ ပုညတေဇေန၊ ကာမရူပဂတိံ ဂတာ၊

ဘဝဂ္ဂတမ္ပိ သမ္ပတ္တာ၊ ပုနာဂစ္ဆန္တိ ဒုဂ္ဂတိံ။ (ဝိဘင်္ဂပါဠိ။၄၄၁)

ဆိုတဲ့အတိုင်း ပြန်ကျမယ် (မှန်ပါ) မကျပေဘူးလား (ကျပါတယ်)။

ဒါဖြင့် မြဲတဲ့ကုသိုလ်နဲ့ မမြဲတဲ့ကုသိုလ် ဘယ်ဟာကိုယ်ပိုင်လုပ်ဖို့ အရေးကြီးပါလိမ့် (မြဲတဲ့ကုသိုလ်ကို ကိုယ်ပိုင် လုပ်ဖို့ အရေးကြီးပါတယ်)။

ဒါဖြင့် ဝိပဿနာလုပ်၊ ဝိပဿနာမဂ်အဆုံးမှာ လောကုတ္တရာမဂ်လာမယ် (မှန်ပါ)၊ သဘောကျပလား (ကျပါပြီ)။

ကဲ ယနေ့ ဒီတွင် တော်ကြဦးစို့ .

သာဓု သာဓု သာဓု

ဤတွင် အမှတ်စဉ်(၂) နံနက်ဟောတရား ပြီးဆုံးပါပြီ။