10113

မာတိကာသို့

ဆီ၊ မီးစာကုန်၍ မီးငြိမ်းပုံ

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

အမရပူရမြို့၊ မင်္ဂလာရိပ်သာဓမ္မာရုံကြီးပေါ်တွင်

ဟောကြားဆုံးမတော်မူသော

ဆီ၊ မီးစာကုန်၍ မီးငြိမ်းပုံ

သံယောဇနသုတ် တရားတော်

(နိဒါနဝဂ္ဂသံယုတ်ပါဠိ၊ သံယောဇနသုတ်၊ နှာ-၃၁၂။)(၂၉-၁၁-၆၀)

ခန္ဓာငါးပါးကို မူတည်ရတယ်

ခန္ဓာငါးပါးကို မူတည်ရတယ်။ မူတည်ပြီးသကာလ ဘုရားရှင်ကိုယ်တော်မြတ်ကြီး ဟောရတယ်၊ ဒါကြောင့် ခန္ဓာငါးပါးကို မူတည်ဟောရတယ်။ ခန္ဓာငါးပါးမှာ သာယာမှုများလွန်းလို့ မှတ်ရမယ်။ မိမိခန္ဓာငါးပါးမှာ သာယာမှု။ သူတစ်ပါး ခန္ဓာငါးပါးမှာ သာယာမှု ၊ အချို့များ သုံးနှစ်သုံးမိုး ငိုလို့ မပြီးဘူးဆိုတာ သာယာမှုပဲ။ ကျွေးလို့၊ မွေး လို့၊ ဆင်လို့၊ ပြင်လို့ မဆုံးနိုင်ဘူးဆိုတာလည်း ဒီသာယာမှုပဲ။ ဒါဖြင့် ဒီခန္ဓာငါးပါးစလုံးပျက်သွားရင် သာယာမှု မရှိ တော့ဘူး၊ နှစ်သက်စရာလည်း မရှိတော့ဘူးလို့ မှတ်ထားရမယ် (မှန်ပါ)၊

ဒါဖြင့် အဿာဒါနုပဿိနော ဝိဟရတော ခန္ဓာငါးပါးကို သာယာတယ်၊ နှစ်သက်တယ်၊ ချစ်ခင်တယ်၊ ကြင်နာတယ်လို့ ထင်နေတဲ့ပုဂ္ဂိုလ်များဟာ တဏှာ ပဝဎုတိ လို့ သံယုတ်ပါဠိတော်၊ သံယောဇနသုတ်မှာ ဟောတော်မူပါတယ်။ ခန္ဓာငါးပါးကို သာယာတဲ့ပုဂ္ဂိုလ် ခန္ဓာငါးပါးကို အင်မတန် သာယာတော့ တဏှာလာတယ်။ တဏှာလာလို့ရှိရင် ဥပါဒါန်တွေ၊ ကံတွေ၊ ဇာတိတွေ၊ ဇရာတွေ၊ မရဏ တွေ၊ ဒါတွေအကုန်လာမှာပဲ။ လာလို့ရှိရင် ဇာတိ၊ ဇရာ၊ မရဏဆိုတဲ့ တရားမျိုးတွေဟာ အဆိုးဆုံးတရားလို့ မှတ်ရ မယ်။ သာယာတယ်၊ နှစ်သက်တယ်၊ အားထုတ်တယ်ဆိုတဲ့ တဏှာ၊ ဥပါဒါန်၊ ကံ၊ ဇာတိ၊ ဇရာ၊ မရဏတွေ ဤကဲ့သို့ လာရတာဟာ ခန္ဓာငါးပါးကို သာယာလို့ လာတာ။

ခန္ဓာငါးပါးသည် သာယာအပ်တဲ့ ဝတ္ထုပစ္စည်း

ဒါဖြင့် ခန္ဓာငါးပါးသည် သာယာအပ်တဲ့ ဝတ္ထုပစ္စည်း၊ တဏှာသည် သာယာတတ်တဲ့ သဘောတရားလို့ဆိုလို့ ရှိရင် မှန်တယ်လို့ ဆုံးဖြတ်ချက်ချရမယ် ကိုထွန်းရင်။ အဲဒီတော့ကို သူ့သာယာတာနဲ့ ဒုတိယခန္ဓာ ရပြီး ဇာတိ၊ ဇရာ၊ မရဏဖြစ်ရတယ်။ ပထမခန္ဓာကို သာယာစွဲလမ်း အားထုတ်လို့ ဒုတိယခန္ဓာရပြီး ဇာတိ၊ ဇရာ၊ မရဏရတယ်။ တစ်ခါ ဒုတိယခန္ဓာကျတော့ သာယာတယ်၊ စွဲလမ်းတယ်၊ အားထုတ်မယ်ဆိုပြီး သကာလနေရင်း ဒီခန္ဓာပဲ ပြန်ရမယ်၊ ဒါဖြင့် ခန္ဓာရှိလျက်နှင့် ခန္ဓာရတဲ့ ပုဂ္ဂိုလ်များသည် ဒီခန္ဓာရှိလျက်နဲ့ ဇာတိ၊ ဇရာ၊ မရဏ ခန္ဓာကြီးကို ပြန်ရတာ ဒီသုံးခုလက် သည်ပဲဆိုရင် မလွဲဘူးလို့ မှတ်ထားနော် (မှန်ပါ)၊ ခန္ဓာငါးပါးကို သာယာစွဲလမ်း အားထုတ်ခြင်းကြောင့် ဒုတိယခန္ဓာ ရတယ်လို့ ဆိုရမှာပဲ။ ဒုတိယခန္ဓာရတာကို ဒီသုံးခုနဲ့ သာယာတယ်၊ စွဲလမ်းတယ်၊ အားထုတ်တယ်ဆိုရင် တတိယခန္ဓာ ကို ရမယ်။ ဒါဖြင့် ခန္ဓာတွေ ဆင့်ဆင့် ဆင့်ဆင့်ပြီး သွားတာကို လက်သည်ရှာလို့ရှိရင် သူတို့ ၃ ခုကိုပဲ တွေ့ရမယ်။

အသေပေါ် အသေဆင့်

ပထမခန္ဓာပေါ် ဒုတိယခန္ဓာဆင့်။ ဒုတိယခန္ဓာပေါ် တတိယခန္ဓာ ဆင့်၊ အသေပေါ် အသေဆင့်၊ အသေပေါ် အသေဆင့်၊ အသေပေါ် အသေဆင့်၊ ဆင့်လေသမျှ ဒီတရားတွေပဲ၊ သဘောပါပလား (ပါပါပြီ ဘုရား)၊ အသေပေါ် အသေဆင့်တာလည်း တဏှာ၊ ဥပါဒါန်၊ ကံပဲ၊ အသေပေါ် အသေဆင့်တာ ဘယ်သူတုံး (တဏှာ၊ ဥပါဒါန်၊ ကံတွေပဲ)၊ ဒါ ဘယ့်နှယ်ကြောင့် အသေပေါ် အသေဆင့်ပြီးသကာလ ကျုပ်တို့နေကြရပါလိမ့်မလဲလို့ မေးတဲ့အခါကျလို့ရှိရင် ဖြင့် အပြစ်ရှုမှုတွေ မလာလို့။ အဿာဒါနုပဿီ သာယာမှု၊ သာယာတာတွေကို ရှုလို့။ အပြစ်ရယ်လို့ မရှုခဲ့တော့ အသေပေါ် အသေဆင့်နေတယ်။ ပေါ်သွားပြီနော် (ပေါ်ပါပြီ ဘုရား)၊

အပြစ်ရှုလိုက်လို့ရှိရင် အသေပေါ် အသေမဆင့် ဘူး။ သာယာတယ်လို့ ရှုလိုက်ရင် (အသေပေါ် အသေဆင့်နေပါတယ်)၊ အသေပေါ် အသေဆင့်မယ်ဆိုလို့ ရှင်းရှင်း လင်းလင်း ပေါ်ပြီလား ၊ သံယောဇနအဿာဒါနုပဿီ ပေါ်ပြီ။

ကောင်းပြီ အသေပေါ် ဘယ့်နှယ်ကြောင့် အသေဆင့်ကြပါလိမ့်မတုံးလို့ ဆရာဘုန်းကြီးက မေးတယ် ဘုရားက မေးတယ်။ လက်ရှိ ခန္ဓာငါးပါးကို တဏှာ၊ ဥပါဒါန် ကံနဲ့ တဏှာနဲ့သာယာလို့ ဥပါဒါန်က ထုံးစံအတိုင်းလိုက်၊ ကံက ထုံးစံအတိုင်း အားထုတ်။ ဒါကြောင့် နောက် ကို ခန္ဓာပေါ်တယ်၊ အသေခန္ဓာပေါ်လို့ သေပြန်တာပဲ။

စုတိပဋိသန္ဓေသို့ရောက်ကြောင်း တရား

ဒါဖြင့် သူတို့ အာစယဂါမိနော-အသေပေါ် အသေဆင့်တတ်တဲ့ တရား (၃) ခုလို့ဆိုလို့ရှိရင် လွဲပါ့မလား (မလွဲပါ ဘုရား)၊ အသေကို လုပ်တတ်တဲ့ တရား (၃) ခု။

ပထမအသေခန္ဓာပေါ်မှာ ဒုတိယအသေခန္ဓာ ဆင့်အောင် လုပ်တာ သူတို့ပဲ။ ဒီခန္ဓာ မသာချပြီးရင် ဒီခန္ဓာမသာ ဒီအပေါ်ရောက်မှာပဲ၊ မရောက်ပေဘူးလား (ရောက်ပါတယ် ဘုရား)၊ ဒါဖြင့် သူတို့သည် အာစယဂါမိတရား၊ စုတိပဋိသန္ဓေသို့ ရောက်ကြောင်းတရား။ မပေါ်သေးဘူးလား (ပေါ်ပါ ပြီ ဘုရား)၊ စုတိပဋိသန္ဓေသို့ရောက်ကြောင်း တရားလို့ သူ့ကို ဆိုလိုက်လို့ရှိရင် တည့်ပြီ (တည့်ပါပြီ ဘုရား)၊ ဒါ ဘယ့် နှယ်ကြောင့် စုတိပဋိသန္ဓေသို့ ရောက်ကြောင်းကို ဘုန်းကြီးတို့ ဒကာ ဒကာမတွေ အားထုတ်နေကြပါလိမ့်မလဲလို့ မေးတဲ့အခါကျလို့ရှိရင် ဘုရားက ငါ လောကီ ဥပမာပြပါမယ် တဲ့၊ ဘုရားက လောကီ ဥပမာနဲ့ပြတယ်။

ဆီမီးကလေး ထွန်းထားမယ်

မီး တစ်ခု၊ မီးတိုင်တစ်ခုကို မီးခွက်ကလေးကို ဆီမီးကလေး ထွန်းထားမယ်ကွာ။ မီးစာကုန် မီးစာထည့်၊ ဆီကုန် ဆီထည့် မယ်ဆိုရင် ဒီမီး ဘယ်တော့မှ မငြိမ်းဘူး (မှန်ပါ)၊ မီးစာကုန်ခါနီးရင် မီးစာလည်း ထည့်မယ်ဗျ။ ဆီကုန်ခါနီးရင် ဆီထည့်ပေးမယ်ဆိုရင် ဒီမီးဟာ ဘယ်တော့ငြိမ်းမလဲ (မငြိမ်းပါ ဘုရား)၊ သဘောကျရဲ့လား ဒီမှာလည်းတဲ့၊ ခန္ဓာတည်းဟူသော မီးစာကို တဏှာတည်းဟူသော ဆီသာထည့်ပေးနေကြမယ်ဆိုလို့ရှိရင် ဘယ်တော့မှ ဇာတိ ဇရာ မရဏဆိုတဲ့ မီးတောက်တွေဟာ ရပ်ပါ့မလဲ (မရပ်ပါ ဘုရား)။

ခန္ဓာက မီးစာနဲ့တူတယ်။ တဏှာက ဆီနဲ့တူတယ်။ ဇာတိ၊ ဇရာ၊ မရဏက မီးနဲ့တူတယ်။ သဘောကျပြီလား။ တဏှာတည်းဟူသော ဆီသည် ခန္ဓာတည်းဟူသော မီးစာနဲ့တွဲထားပြီး ကုန်-ထည့်ပေး ကုန်-ထည့်ပေး၊ ကုန်-ထည့်ပေး သာ နေမယ်ဆိုရင် သံသရာသာ ဆုံးသွားရင် ဆုံးသွားမယ်။ ဒီမီးဟာ သေမယ်မဟုတ်ဘူး၊ ဘယ့်နှယ်လဲ သဘောကျ ပြီလား (မှန်ပါ)၊

သူပေးတဲ့ဥပမာ၊ သူပေးတဲ့ဥပမာက တဏှာက ဆီနဲ့တူတယ်။ ခန္ဓာက မီးစာနဲ့တူတယ်။ ဇာတိ၊ ဇရာ၊ မရဏက ဟုန်းဟုန်းတောက်နေတဲ့ မီးနဲ့တူတယ်။ အဲဒါကြောင့် သတ္တဝါတွေကလည်း ပထမခန္ဓာကိုပဲ ချစ်ခင်ပြန်တယ်၊ ချစ်ခင်လို့လည်း မီးစာကြီးဖြစ်လာတယ်။ မီးစာကြီး ထည့်လာပြန်တယ်၊ မီးစာကြီး ထည့်လာလို့ ဇာတိ၊ ဇရာ၊ မရဏ မီး တောက်လောင်တယ်။ အဲဒီခန္ဓာကြီးကို တစ်ခါ ခင်ပြန်တယ်ဆိုတော့ ဆီထည့်ပြန်တယ်၊ ဒါဖြင့် ဆီထည့်လို့ရှိရင် ဖြင့် တစ်ခါဆီထည့် ခန္ဓာကြီးက မီးစာ လဲပြန်တယ်၊ ဒုတိယခန္ဓာ မီးစာလဲပြန်တယ် (တင်ပါ)၊ မလဲပေဘူးလား (တင် ပါ)၊ ဒါဖြင့် ဆီနဲ့ မီးစာနဲ့လဲပြီး နေသရွေ့ ကာလပတ်လုံး ဒီမီးပုံကြီး ဟုန်းဟုန်းတောက်နေတဲ့အချိန် ဘယ်တော့မှ စိတ်အေးလက်အေးဆိုတာ မမြင်ဘူးလို့ ငါဘုရား ဟောတယ်၊ သဘောကျပြီလား (တင်ပါ ဘုရား)။

ဆီကုန် ဆီမထည့်နဲ့

ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဘာလုပ်ဖို့ သင့်သတုံးဆိုရင် ဆီကုန် ဆီမထည့်နဲ့။ မီးစာကုန် မီး စာမလဲနဲ့။ အလိုလိုငြိမ်းရမယ်။ ဆီကုန် ဆီမထည့်နဲ့၊ မီးစာကုန် (မီးစာမလဲနဲ့)၊ မီးစာကုန် မီးစာမလဲနဲ့၊ သူ့ဟာသူ ငြိမ်းမယ်။ ခင်ဗျားတို့ လက်ဆော့မှု၊ ဆီကုန် ဆီထည့်ချင်တဲ့ လက်ဆော့မှု၊ မီးစာကုန် မီးစာလဲချင်တဲ့ လက်ဆော့မှု။ အဲဒီ လက်ဆော့မှု ရှိနေလို့ရှိရင် ခင်ဗျားတို့ ခန္ဓာကိုယ်မီးပုံကြီးဟာ ဘယ်အခါကာလမှ တဟုန်းဟုန်းတောက်နေတဲ့ ဥစ္စာဟာ ငြိမ်းအေးလိမ့်မယ်လို့ ဆိုစရာမရှိဘူး။

သို့သော် ခင်ဗျားတို့အထင်က ဆီကုန်ရင် ဆီထည့်ရတယ်ဆိုတာ ဆန်းတာမဟုတ်ဘူး။ မီးစာကုန် မီးစာ လဲရတာ ကျုပ်တို့အလုပ်လို့ ထင်နေကြတယ်။ ဆီကုန်ရင် ဆီထည့်တဲ့အလုပ်ဟာ ဦးသံဒိုင်တို့က ကိုယ့်အလုပ်လို့ ထင် တယ်။ မီးစာကုန်၊ မီးစာလဲတဲ့ အလုပ်ဟာ ကိုယ့်အလုပ်လို့ ထင်နေတယ်။ ဤကဲ့သို့ ထင်နေမှုသည်ကား ဆိုလို့ရှိရင် ပုထုဇဉ် အရူးအမိုက်တို့၏ အကန်းတို့၏ အလုပ် ကွာ။ အလုပ်စဉ်၊ လမ်းစဉ် အခုခေတ်သုံး သုံးလိုက် ရင်နော် မဟုတ်ဘူးလား (မှန်ပါ)၊ အဲဒီတော့ ဒီလိုလုပ်ရမယ်၊ ဪ ပုထုဇဉ်အမိုက်များဟာ တယ်ခက်ပါ လား၊ ရောက်ရာခန္ဓာကို ခင်ပြန်တယ်ဆိုလို့ရှိရင် နောက်ခန္ဓာအတွက် ဆီထည့်ပြန်တယ်။ နောက်ခန္ဓာကြီးက တစ်ခါ တဏှာ၊ ဥပါဒါန်၊ ကံက ဒီခန္ဓာကြီးတစ်ခု လုပ်ပြန်တယ်။

တောက်ပြန်တာပဲ မီးက၊ ဇာတိ၊ ဇရာ၊ မရဏတွေက တဟုန်းဟုန်း တောက်နေတယ်။ တဟုန်းဟုန်း တောက်နေတဲ့ ခန္ဓာကြီးကို မမြင်ပြန်ဘူးဆိုလို့ရှိရင် ဒုတိယခန္ဓာ၊ တတိယခန္ဓာကြီးကို တောင့်တတယ်။ တောင့်တ လို့ ဒီခန္ဓာကြီး မပေါ်ဘူးလား (ပေါ်ပါတယ်)၊ ပေါ်လို့ရှိရင်ဖြင့် အရင်မီးစာကုန်လို့ နောက်မီးစာ လဲလိုက်တာပဲ။ မလဲလိုက်ဘူးလား (လဲလိုက်ပါတယ် ဘုရား)၊ ဒါဖြင့် ခင်ဗျားတို့က ဆီကုန် ဆီထည့်၊ မီးစာကုန် မီးစာထည့်၊ ဤအလုပ် ဟာ ခင်ဗျားတို့ ကိလေသဝဋ်သမားတွေ၏ အလုပ်။ သဘောကျပြီလား (ကျပါတယ် ဘုရား)၊ ဝဋ္ဋနိဿိတပုဂ္ဂိုလ်တို့၏ အလုပ်၊ ရှင်းပြီလား (တင်ပါ)။

ဝဋ္ဋနိဿိတပုဂ္ဂိုလ်တို့၏ အလုပ်

ဝဋ္ဋနိဿိတပုဂ္ဂိုလ်တို့၏ အလုပ်၊ ဒါကြောင့် ခင်ဗျားတို့ ခံစားရတယ်။ ဆီကုန်ရင် ရပ်လိုက်ပါလား ၊ မီး စာကုန်ရင် ရပ်လိုက်ပါလား ၊ ဘာဖြစ်လို့ လဲထည့်နေတာလဲ။ အို-တပည့်တော်တို့က ရိုးရာဖြစ်နေတယ်။ ခင်ဗျား တို့ကို မေးတော့ ရိုးရာအလုပ်လို့ ဖြေတယ်။ ဆီကုန်ရင် ဆီထည့်ရတဲ့အလုပ်က ရိုးရာအလုပ်၊ မီးစာကုန် မီးစာလဲရတဲ့ အလုပ်ဟာ ရိုးရာအလုပ် (ရိုးရာအလုပ်ပါ)၊ ရိုးရာအလုပ်ဆိုတော့ ဒီတော့ ဒီမီးပုံကြီး ဘယ်တော့ငြိမ်းမလဲ၊ ဒီမီးတောက် ကြီး ဘယ်တော့သေမလဲလို့ မေးရင် ဘယ့်နှယ်ဖြေကြမလဲ။ ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)၊ ဆီကုန်ခါနီး ဆီထည့်ပေး၊ မီးကုန်ခါနီး မီးစာလဲပေး၊ ဘယ်တော့ ခင်ဗျားတို့ ဟုန်းဟုန်းတောက်နေတဲ့ မီးပုံကြီးဟာ ဘယ်တော့ငြိမ်းစရာ၊ သေစရာ၊ သိမ်းစရာ ရှိနိုင်ပါ့မလား။ မရှိပေဘူးလား။

အဲဒီတော့ ခင်ဗျားတို့က ဘုံဘဝဆုတောင်းတာက ဆီထည့်တာ၊ ဘုံဘဝကို ပွားတာတွေက မီးစာပွားတာ၊ ဘုံဘဝဆုတောင်းတာက (ဆီထည့်တာပါ)၊ တောင်းတာက ဆီကွ (မှန်ပါဘုရား)၊ တဏှာနဲ့တောင်းတာ မဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား)၊ ခန္ဓာကိုယ်ကြီးပေါ်လာတာက မီးစာလဲတာ၊ ဒါဖြင့် ဆီထည့်လိုက်၊ ဒီမီးစာလဲလိုက်။ ဆီထည့် လိုက်၊ မီးစာလဲလိုက်။ တန်ခိုးကြီးဘုရားတွေ ရှေ့မှာဆိုရင် ဒါတွေချည်း ပုံနေတာပဲ။ ဘာတွေလုပ်နေကြသလဲလို့မေး ရင် ဆီကုန်ခါနီးလို့ ဆီထည့်နေတဲ့ပုဂ္ဂိုလ်နဲ့၊ မီးစာကုန်လို့ မီးစာလဲဖြစ်အောင် လဲနေတဲ့ပုဂ္ဂိုလ်နဲ့၊ အဲဒီဟာပဲ လုပ်နေတာ များတယ်။

အဲဒီတော့ ဇာတိ ဇရာ မရဏက အကြိုက်ဖြစ်နေတယ်။ တို့ တောက်စရာ ထင်းဟာ အလွယ်ကလေးပဲ၊ တို့ တောက်စရာဆီလည်း သူကထည့်ပေးတယ်၊ တို့ တောက်စရာ မီးစာလည်း သူလဲပေးနေတယ်ဆိုတော့ ဇာတိ ဇရာ မရဏက ပြုံးပြီး လောင်နေတယ် (တင်ပါ)၊ ရှင်းပြီလား။ ဖျင်းပုံများကတော့ မပြောပါနဲ့တော့၊ ဆရာကောင်း သမားကောင်းနဲ့ မကြုံတော့ဘူးဆိုလို့ရှိရင် ခင်ဗျားတို့ ဘာလုပ်နေသတုံးလို့မေးရင် ဒီလိုဖြေရမယ့်လူတွေချည်းပဲ (မှန် ပါ)၊ မီးစာကုန်ရင် (မီးစာလဲပါတယ်)၊ မီးစာလဲမယ့်လူတွေပဲဆိုလို့ ရှိရင် ကိုထွန်းရင် ငြင်းဖို့ လိုသေးသလား (မလိုတော့ ပါ ဘုရား)။

မလိုတော့ဘူး။ ကြည့်လေ ကိုထွန်းရင် ဒါတွေဟာ အခု ခန္ဓာငါးပါး၊ အခု ခန္ဓာငါးပါးကို ဦးသံဒိုင်တို့က ငါ.. နှလုံးရောဂါရှိတယ် ၊ ဖြုန်းခနဲ သေသွားရင် ခက်တယ်ဆိုပြီးသကာလ ဒီခန္ဓာကိုယ်ကြီးကို ယုယုယယ တစ်နေ့လုံး ပြုစုမနေရဘူးလား (နေရပါတယ် ဘုရား)၊ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)၊ သူ့အတွက် ဆေးဝါးတွေနဲ့ ကုသအားထုတ်နေရတယ် (အားထုတ်နေရတယ်)၊ အားထုတ်တဲ့အခါကျတော့ ကံကျအောင် မရောက်ဘူးလား (ရောက် ပါတယ်)၊ တဏှာ၊ ဥပါဒါန်၊ ကံ၊ စုတိ မနေ သေလွန်တဲ့အခါကျတော့ ခန္ဓာကြီးတစ်ခု ရပြန်တယ်။ ဘာလုပ်နေတာတုံး လို့ မေးလို့ရှိရင် ဆီထည့်နေတယ်။ ဒီခန္ဓာ ဆုံးသွားတဲ့အခါကျတော့ နောက်ခန္ဓာ မီးစာကြီး ပေါ်လာအောင် လုပ်နေ တယ်။ မီးစာပေါ်လာတော့ ဇာတိ၊ ဇရာ၊ မရဏမီးတွေ ညှပ်လောင်တာပဲ။ မလောင်ပေဘူးလား (လောင်ပါတယ် ဘုရား)၊ လောင်ပြန်တော့လည်း လောင်မှန်းမသိဘဲနဲ့ ဒီဘက်ကနေပြီးတော့ ဒီခန္ဓာကြီးခင်၊ ဆီထည့်ပြန်တယ်၊ နောက် ခန္ဓာအတွက် ဆီထည့်ပြန်တယ်၊ မဟုတ်ဘူးလား။ အရင်ခန္ဓာ ဆီနဲ့ အရင်ခန္ဓာ မီးစာနဲ့ တောက်တုန်းရှိသေး တယ်။ နောက်ဆီထည့်ဖို့ ဆီခွက်ကို ပြင်နေတယ်၊ တဏှာနဲ့ ခင်တယ်၊ ဥပါဒါန်ကံတွေနဲ့ ကြိုးစားပြန်တယ်။ ဒီတော့ တတိယခန္ဓာ မပေါ်ပေဘူးလား (ပေါ်ပါတယ်)၊ ပေါ်ရင် မီးစာလဲပြန်တာပဲ။

မီးအလိုရှိနေတဲ့ပုဂ္ဂိုလ်

ဒါဖြင့် မီးစာလဲလိုက်၊ ဆီကုန်ရင် ဆီထည့်လိုက်။ ဆီထည့်လိုက် မီးစာကုန် မီးစာလဲလိုက်။ ဒီလိုနေတဲ့ပုဂ္ဂိုလ် ဟာ အဂ္ဂိက၊ အဂ္ဂိကပုဂ္ဂိုလ်၊ မီးအလိုရှိနေတဲ့ပုဂ္ဂိုလ်ဟာ ခင်ဗျားတို့ပဲ၊ ဆီကုန် ဆီထည့်တာ၊ မီးစာကုန် မီးစာလဲတာ ဟာ ခင်ဗျားတို့အလုပ်ဟာ ဒါပဲ၊ မီးလုပ်ကျွေးတဲ့အလုပ်၊ သဘောကျပလား (ကျပါတယ် ဘုရား)၊ ဘာလုပ်နေကြသလဲ (မီးလုပ် ကျွေးနေကြပါတယ်)၊ မီးလုပ်ကျွေးတယ်ဆိုတော့ ကျေးဇူးရှိတဲ့သဘော ရှိသလား တဲ့၊ ထည့်သလောက် လောင်တတ်တဲ့ သဘောရှိသလားဆိုတာ ခင်ဗျားတို့ပဲ အကဲခတ်ဖို့ လိုပါတယ်။ မီးလုပ်ကျွေးလို့ ကျေးဇူးရှိတယ်လို့ ခင်ဗျားတို့ကို ဘယ်ဘုရားကများ ဟောတုံး၊ ဟောရဲ့လား (မဟောပါ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့က ဘာလုပ်နေတဲ့ ပုဂ္ဂိုလ်တွေလည်း ကိုသံဒိုင်တို့ လူစုတွေကဆိုရင် (မီးလုပ်ကျွေးနေကြပါ တယ်)၊ မီးလုပ်ကျွေးနေတာ ဘာဖြစ်လို့လဲ၊ သေမှာစိုးလို့။ ဆီကုန်တော့ ဆီထည့်၊ မီးစာကုန်ခါနီးတော့ (မီးစာထပ်လဲ ပါတယ်)၊ မီးစာ ထပ်ပြီး လဲလိုက်သေးတယ်။ အဲဒါ အတောက်ကြီးက ရပ်ပါဦးမလား (မရပ်ပါ)၊ အဲဒါ သုံးဆယ့်တစ်ဘုံ မှာ ခင်ဗျားတို့ အမောဆိုက်နေကြတယ်။ ဆီကုန် ဆီထည့်၊ မီးစာကုန် မီးစာထည့်တဲ့အလုပ်နဲ့ ခင်ဗျားတို့မှာ အမော ဆိုက်ပြီးနေသောကြောင့် ဇာတိ ဇရာ မရဏ မီးပုံကြီးဟာ တဟုန်းဟုန်းတောက်နေတယ် ခင်ဗျားတို့မှာ။

ဒါအပြစ်ပါလားလို့ သိကိုမသိဘူး

ခင်ဗျားတို့ကတော့ ဒါအပြစ်ပါလားလို့ သိကိုမသိဘူး (မသိပါ)၊ သိကိုမသိဘူး၊ မသိဘူး။ မသိတော့ ဆီကုန် ဆီထည့်ပြန်ပြီ၊ ပထမခန္ဓာလာရင် ပထမခန္ဓာထည့်၊ ဒုတိယခန္ဓာလာရင် (ဒုတိယခန္ဓာထည့်)၊ မထည့်ဘူးလား၊ ထည့်ရ တော့မယ်၊ တတိယခန္ဓာလာရင် (တတိယခန္ဓာကို ဆီထည့်ပေးပါတယ်)၊ နောက်ပြီး သေတဲ့အခါ တတိယခန္ဓာပေါ်တော့ တတိယခန္ဓာဆိုတဲ့ မီးစာကြီး။ ပထမခန္ဓာဆိုတဲ့ မီးစာကြီး ပြုတ်သွားတော့ ဒုတိယခန္ဓာဆိုတဲ့ မီးစာကြီးကို ခင်ဗျားတို့ ကပဲ လဲထည့်လိုက်တဲ့ အဓိပ္ပာယ်ရောက်တာပဲ။ ဒါဖြင့် အဂ္ဂိကပုဂ္ဂိုလ်လို့ ခင်ဗျားတို့ကို ဆိုပါတယ်။ ခင်ဗျားတို့ကို မီး လုပ်ကျွေးနေတဲ့ လူဆင်းရဲလူညံ့စား လူညွန့်တုံး ဘာမှန်းမှမသိတဲ့လူလို့ ဆိုသာဆိုကွာတဲ့ ဘုရားက၊ ဆိုထိုက်ရဲ့လား (ဆိုထိုက်ပါတယ် ဘုရား)၊ ဒါဟာ ဘာလုပ်ကျွေးနေတဲ့ ပုဂ္ဂိုလ်တုံး (မီးလုပ်ကျွေးနေတဲ့ ပုဂ္ဂိုလ်ပါ)၊ မီးလုပ်ကျွေးတော့ မီးဆိုတာက ခင်ဗျားတို့သိတဲ့အတိုင်း ဘယ်တော့မှ ကျေးဇူးမတင်တတ်ဘူး၊ ဇရာဘေး ဆီလာရင် ဆီလောင်၊ မီးစာလာ (မီးစာလောင်)၊ မီးစာလောင်မှာပဲ။ လောင်လို့ကုန်ခါနီးရင် ခင်ဗျားတို့က ဆီထည့်လိုက်၊ မီးစာလဲလိုက် (တင်ပါ)၊ မီးစာလဲလိုက် ဆီထည့်လိုက်၊ မီးစာလဲလိုက် ဆီထည့်လိုက်၊ ဟော တစ်သံသရာလုံး ခင်ဗျားတို့မှာဖြင့် ဆီထည့် မီးစာလဲသမားသက်သက်ပဲ (တင်ပါ)။

ဒီတော့ မင်းတို့ ငါတို့ ဓာတ်တိုင်တွေ မပေါ်ခင်တုန်းက မနက်တိုင်းကျတော့ မီးတိုင်တွေ ရေနံလဲတယ်၊ မီးစာပြင်တဲ့လူနဲ့၊ ရေနံလိုက်ထည့်တဲ့လူနဲ့၊ ကုလားဆယ့်ငါးယောက် အစိတ်သုံးဆယ်နဲ့တကွ အဲဒီလူတွေနဲ့ ခင်ဗျားတို့ ကျုပ်တို့ မထူးဘူး (တင်ပါ)၊ ထူးသေးသလား (မထူးပါ ဘုရား)။

ဒါ ဘယ့်နှယ်ကြောင့် ဒီလောက်တောင် စိုးရိမ်တကြီး ဘုရားက အနားကရောက်လာပြီး အမောင် ယောကျ်ား ဘာလုပ်နေသတုံး မေးရင် ခင်ဗျားတို့က ကျုပ်တို့က ဆီကုန် ဆီထည့်နေတယ်၊ မီးစာကုန်ရင် မီးစာ လဲတယ်၊ ဒါ ကျုပ်တို့အလုပ်။ ဟဲ့ ငမိုက်သား မင်းက ဘာဖြစ်လို့ ဒီဥစ္စာလုပ်ချင်တာတုံး ကျွန်တော်က မီး လင်းချင်လို့လို့ ပြောချင်ပြောမှာပဲ။ ချမ်းသာချင်လို့လည်း ပြောချင်ပြောမှာပဲ၊ ဟ ချမ်းသာချင်ရင် မင်း ဒီအတိုင်း နေရတယ်။ ဆီကုန် ဆီမထည့်ရဘူး၊ မီးစာကုန် မီးစာမလဲရဘူး။ ဆီကုန် ဆီမထည့်ရဘူး၊ မီးစာကုန် မီးစာမလဲရဘူး လို့ အနားက ဘုရားကပြောတယ်။ ခင်ဗျားတို့က ဆင်ခြေလဲလိမ့်မယ်၊ ကျုပ်တို့ မျိုးရိုးမယ် ဒီလိုပဲ၊ ကိုထွန်းရင်တို့ မျိုးရိုးက ဒီလိုပဲ (မှန်လှပါ)၊ ဆီကုန်ရင် (ဆီထည့်ပါတယ် ဘုရား)၊ မီးကုန်ရင် (မီးစာလဲပါတယ် ဘုရား)။

မီးကို လုပ်ကျွေးတဲ့ မျိုးရိုး

ဘာတုံး ခင်ဗျားတို့မျိုးရိုးက (မီးကို လုပ်ကျွေးတဲ့ မျိုးရိုး)၊ မီးကို လုပ်ကျွေးတဲ့မျိုးရိုးပဲ၊ အဲဒါ ဘယ်လောက် ကြာခဲ့ပြီတုံးလို့ မေးလို့ရှိရင် ဘယ်တော့မှ မောလက်စ မသတ်ခဲ့ဘူး။ ဆီကလည်း ခဏခဏကုန်လို့ ထည့်တယ်၊ မီးစာ လည်း ခဏခဏကုန်လို့ လဲရတယ် (မှန်ပါ)၊ ဘယ်တော့မှ ရပ်မလဲဆိုရင် အနားက ပြောမယ့်လူမရှိလို့ ဘုရားသာ မပွင့်လာဘူးဆိုရင် ဒီမျိုးရိုးကို ဘယ်တော့မှ မစွန့်ဘူး။ တိရစ္ဆာန်လည်း ဒါပဲ၊ လူလည်း ဒါပဲ၊ နတ်လည်း ဒါပဲ၊ ဗြဟ္မာ လည်း ဒါပဲ (မှန်ပါ)၊ ဆီကုန် ဆီထည့် အလေ့အထတွေ (မှန်ပါ)။

ဒါဖြင့် ဒီဘဝ စုတေမနေ သေခဲ့ရလို့ရှိရင်ဖြင့် နောက်ဘဝ လူကောင်း နတ်ကောင်း ဖြစ်ရပါလို၏ဆိုပြီး ဆီလဲလိုက်တယ် (တင်ပါ)၊ မလဲလိုက်ဘူးလား (လဲပါတယ် ဘုရား)၊ နောက်ဘဝ လူကောင်း နတ်ကောင်း ဖြစ်လာတော့ မီးစာလေး လဲထည့်လိုက်တယ်၊ ဇာတိ ဇရာ မရဏ မီးဝင်းတောက်လာတယ် (တင်ပါ)၊ မတောက်ဘူးလား (တောက်ပါ တယ် ဘုရား)၊ တောက်တော့ကာ အင်း တော်တော်ကလေး အသက်အရွယ်ကလေးကြီးလာလို့ လာပြန်တော့ အင်း သေခါနီးပြီ ထင်ပါရဲ့ဆိုပြီးသကာလ ဆီလဲဦးမှဆိုပြီးသကာလ လှူကြ၊ တန်းကြ၊ ပေးကြ၊ ကမ်းကြ ဝဋ္ဋနိဿိတ ကုသိုလ်ဖြစ်တဲ့ ဆီလဲပြန်တယ်။ ဆီလဲလို့ ပြီးပြန်တော့ ဒုတိယမီးစာကုန်ပြန်တော့ တတိယ မီးစာ ခန္ဓာကြီး မပေါ်လာ ဘူးလား (ပေါ်ပါတယ် ဘုရား)၊ ပေါ်လာလို့ရှိရင် ဇာတိ ဇရာ မရဏမီးက တောက်စရာ မီးစာကရှိလို့ တောက်ပြန်ရော (တောက်ပြန်တယ်)၊ ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် ကိုထွန်းရင် မျိုးရိုးကဖြင့် အင်္ဂလိပ်လက်ထက်က မီးစာထည့်တဲ့ ကုလားမျိုးနဲ့ တယ်ထူးမှာ မဟုတ် ပါဘူး ၊ ထူးသေးသလား (မခြားပါ ဘုရား)၊ အဲဒါ တစ်သံသရာလုံးမှာ ဟောဒီဘုရားသာ ရပ်ပြောတဲ့လူ မရှိလို့ ရှိရင်ဖြင့် ခင်ဗျားတို့ဟာ ဘယ်တော့မှ ဆီလဲသမား၊ မီးစာလဲသမားဘဝက ဆုံးမှာမဟုတ်ဘူး။ ဒါကို သဘောပါသဖြင့် သံယောဇနသုတ်၊ နိဒါနဝဂ္ဂသံယုတ်ပါဠိတော်မှာ။ အဲဒီတော့ ဒီလိုလုပ်ရမယ်ကွ၊ မင်းတို့ ဆီကုန်ရင်လည်း ဆီမလဲရ ဘူး။ မီးစာကုန်လည်း မီးစာမလဲရဘူး ဆိုလို့ရှိရင် ဆီကုန်လည်း သေရုံပဲရှိတယ်။ မီးစာကုန်လည်း အေးသွားမှာပဲ၊ မအေးပေဘူးလား (အေးပါတယ် ဘုရား)၊ အေးရမှာ။

ဒါဖြင့် ၊ သမုဒယသစ္စာလည်း မလုပ်နဲ့၊ ဒုက္ခသစ္စာလည်း မလုပ်နဲ့၊ သမုဒယသစ္စာက ဆီ၊ ဒုက္ခသစ္စာက မီးစာ၊ သူ့ဇာတိ ဇရာ မရဏက လောင်နေတာ အနှိပ်စက်ခံနေရတာကိုး ဗျ။ အနှိပ်စက်ခံနေရတာ မီးလောင်လို့ အနှိပ်စက်ခံရတာပေါ့၊ ရှင်းပြီလား။ ဒါဖြင့် သမုဒယသစ္စာကို မပယ်ရဘူးလား၊ ပယ်ရလိမ့်မယ် (ပယ်ရပါမယ် ဘုရား)၊ သမုဒယသစ္စာက ပဟာတဗ္ဗ၊ ဒုက္ခသစ္စာက ပရိညာတဗ္ဗ၊ မင်း မီးစာကုန် မီးစာ မလဲတော့ဘူးကွာ ဒီမီး စာကုန်တာ ကုန်ပါစေတော့ မီးစာမှန်းလည်း သိပြီ၊ ဒီမီးစာမျိုးကို နောက်ဆိုလည်း မဖြစ်စေချင်တော့ဘူး၊ ဒီလို ပိုင်း ခြားသိရမယ် ပေါ်ပလား (ပေါ်ပါပြီ)၊ ပေါ်တော့ကို ဒီအတိုင်းပေါ်တယ်ဆိုလို့ မရဘူးကွာ။

ဝိပဿနာကတော့ မလုပ်ရင် ဖြစ်ကိုမဖြစ်တဲ့အလုပ်

ဝိပဿနာနဲ့ လုပ်ရမယ် လာပြီ၊ ဝိပဿနာကတော့ မလုပ်ရင် ဖြစ်ကိုမဖြစ်တဲ့အလုပ်၊ အဲဒီတော့ ဥပါဒါန် သံယောဇဉ်၏ အာရုံဖြစ်သော တရားမှာ အပြစ်ကို သိမြင်ရင် “ဝေဒနာနိရောဓာ တဏှာနိရောဓော၊ တဏှာနိရောဓာ ဥပါဒါနနိရောဓော၊ ဥပါဒါနနိရောဓာ ကမ္မဘဝနိရောဓော၊ ကမ္မဘဝနိရောဓာ ဇာတိနိရောဓော” ဆိုသည့်အတိုင်း မီးစာချုပ်ရမယ်။ မီးစာချုပ်ရမယ်၊ မီးစာကုန်ရမယ်။ ဒီက ဆီကုန်ရင် ဒီကမီးစာရော (ကုန်ရမယ်)၊ ဒါဖြင့် ဆီနဲ့မီးစာ ကုန်လို့ရှိရင်ဖြင့် ဒီအားထုတ်တဲ့ယောဂီဟာ ဆီကိုလည်း သူ နောက်ထပ်မထည့်ဘူး၊ မီးစာကိုလည်း သူမလဲခြင်းကြောင့် အားထုတ်တဲ့ ယောဂီဟာ ဘာဖြစ်မှာတုံး၊ အို ရှည်လိုက်တဲ့အလုပ်ကို ဇာတ်သိမ်း ၊ မီးပြင်တဲ့အလုပ်၊ မီးစာလဲ တဲ့ အလုပ်ဇာတ်သိမ်းဆိုတော့ အလောင်ခံငြိမ်းသွားတာ နိဗ္ဗာန်ပေါ့ကွ၊ အလောင်ခံငြိမ်းသွားတာ ဘာခေါ်မတုံး (နိဗ္ဗာန်)၊ နိဗ္ဗာန်ပဲ။ ဒါဖြင့် နိဗ္ဗာန်ကို လိုချင်လို့ရှိရင် ဆီမလိုက်နဲ့ မီးစာမလိုက်နဲ့။ ပေါ်ပလား။ နိဗ္ဗာန် အလိုရှိလို့ရှိရင် (ဆီ မလိုက်နဲ့ မီးစာမလိုက်နဲ့)၊ ဆီမလိုက်နဲ့ မီးစာမလိုက်နဲ့၊ သဘောကျပြီလား။

အခုတော့ ဒကာ ဒကာမတွေဟာ ဒီဝတ္ထုမျိုးလည်း မကြားဘူး၊ ဒီအကြောင်းကိုလည်း ပိုင်ပိုင်နိုင်နိုင် မသိတော့ အင်း အသက်ကြီးလာပြီ၊ အသက်ဆက်ဦးမှပဲ၊ စာကလေး လွှတ်လိုလွှတ်၊ ရေထဲကငါး ရေထဲ ပြန်လွှတ် လိုလွှတ်၊ ဘာလုပ်တာတုံးကွလို့ မေးလို့ရှိရင် အို ဒါက ဆီလိုက်တာ၊ ဆီလိုက်တာ (ဆီလိုက်တာ)၊ ဆီကုန်သွား လို့ရှိရင် မီးငြိမ်းချေရဲ့၊ မီးစာကုန်ခါနီးရင် မီးစာမကုန်ပါနဲ့ဆိုလို့ မရဘူး ၊ သက်တမ်းစေ့ ကုန်ပြန်ရော ကုန် ပြန်တဲ့အခါကျတော့ အင်း ဆီလိုက်ထည့်တဲ့ပုဂ္ဂိုလ်က မီးစာပါ ပြင်ပြန်တာပဲ။ လူခန္ဓာကြီး ပြင်လိုက်၊ နတ်ခန္ဓာ ကြီး ပြင်လိုက်၊ ဗြဟ္မာခန္ဓာကြီး ပြင်လိုက်၊ အပြစ်မသိတဲ့ပုဂ္ဂိုလ်၏ လုပ်ရိုးလုပ်စဉ်နှစ်ခုလို့ မှတ်လိုက်စမ်းပါ။ မီး အပြစ်ကို မသိဘူး၊ မီးလောင်ခံ နေရတဲ့အပြစ်ကို မသိသောပုဂ္ဂိုလ်၏ လုပ်ရိုးလုပ်စဉ်အလုပ်လို့ မှတ်ပါ၊ ရှင်းပြီလား။

မီးလောင်ခံနေရသောပုဂ္ဂိုလ်

မီးလောင်ခံနေရသောပုဂ္ဂိုလ်၏ မီးလောင်ခံနေရတာ မသိသော ပုဂ္ဂိုလ်၏ လုပ်ရိုးလုပ်စဉ်အလုပ်က နှစ်လုပ် ရှိတယ်။ ဆီကုန် ဆီထည့်တဲ့ အလုပ်၊ မီးစာကုန် မီးစာထည့်တဲ့အလုပ်သည် ကိုယ့်ကိုယ်ကိုယ် လောင်နေတာ လောင် နေမှန်းမသိတဲ့ပုဂ္ဂိုလ်၏ အလုပ်။ ဒုက္ခသစ္စာမသိသော ပုဂ္ဂိုလ်၏အလုပ် (တင်ပါ)၊ မပေါ်သေးဘူးလား (ပေါ်ပါတယ် ဘုရား)၊ သစ္စာ ဝင်မသွားသေးဘူးလား (ဝင်သွားပါပြီ)၊ ဒုက္ခသစ္စာကို မသိတဲ့ပုဂ္ဂိုလ်၏ အလုပ်။ ကိုင်း ဒါဖြင့် ဘုရားရှင်ကိုယ်တော်မြတ်ကြီးက ဘုရားပွင့်တာနဲ့ ခင်ဗျားတို့အနား ရပ်တာပဲလို့ အောက်မေ့လိုက်-ဟေ့၊ အဂ္ဂိစရိတ ပုဂ္ဂိုလ်၊ အဂ္ဂိက-မီး၊ စရိတ က-လုပ်ကျွေးတာ။ ဟေ့ မီးလုပ်ကျွေးနေတဲ့ပုဂ္ဂိုလ် ဘာဖြစ်လို့ မီးကို ဒီလောက်လုပ် ကျွေးနေရသတုံး လို့ ဘုရားက မေးတာပဲ ၊ ဘုရားက ဘုရားပွင့်လာတာနဲ့ မေးတယ်၊ မေးတော့ ကိုထွန်းရင် တို့က အဖြေထွက်တယ်။ ကျုပ်တို့မျိုးရိုးက ဆီကုန်ရင် ဆီလဲရတဲ့အလုပ်၊ ဆီထည့် ဆီဖြည့်ပေးရတဲ့အလုပ်၊ မီးစာကုန်လို့ ရှိရင် မီးစာလဲပေးရတဲ့အလုပ်ဟာ ကျုပ်တို့မျိုးရိုးအလုပ်လို့ သူတို့ကပဲ ဖြေလိုက်သေးတယ်။

ဘာဖြစ်လို့ မင်းက ဒီဥစ္စာ ဆီကုန် ဆီလဲရတယ်၊ မီးစာကုန် မီးစာလဲရတာတုံး ဆိုလို့ရှိရင်ဖြင့် အင်း မီးသေသွားမှာစိုးလို့၊ ဒါမှ ကျုပ်တို့မှာ အေးအေးချမ်းချမ်းရှိမှာကိုး ၊ အေးချမ်းချင်တယ်လို့ ဖြေတယ်၊ မီးလောင်နေ တာကို သူတို့မသိဘူး၊ ဒုက္ခသစ္စာကို သူကမသိဘူး။ မသိလေ ခင်ဗျားတို့ ဆီကုန်ဆီလဲပေးတယ်၊ မီးစာကုန် (မီးစာလဲ ပေးမှာပါ)၊ ဒါ ဘာတုံး ဒုက္ခသစ္စာမသိလို့ အလောင်ခံနေရတဲ့ ခန္ဓာကြီးကို ဒုက္ခသစ္စာပါလားလို့ ဉာဏ်ထဲမှာ မရှင်းသရွေ့ကာလပတ်လုံးဖြင့် ဆီလဲ မီးစာလဲတဲ့အလုပ်ကို အေးချမ်းတယ်လို့ ထင်နေတယ် (မှန်ပါ)၊ ဆီလဲပြီးရင် မီး စာလဲတဲ့အလုပ်ကို ဘာအလုပ်လို့ ထင်နေကြသလဲ (အေးချမ်းတဲ့အလုပ်လို့ ထင်နေပါတယ်)၊ အေးချမ်းတဲ့အလုပ်လို့ ထင်တယ်။ လောင်တာမသိလို့ ဒီခန္ဓာကြီးကို ခဏခဏ လောင်နေတဲ့ ဇာတိ ဇရာ မရဏ လောင်နေတဲ့ခန္ဓာကြီး မသိ မှုရှိနေသောကြောင့် သူသည် မီးစာမီး မပြတ်လို့ရှိရင် ချမ်းသာတယ်လို့ ထင်နေတာကိုး (မှန်ပါ)။

ဒါကြောင့် အဲဒီ ဒကာ ဒကာမတွေကျတော့ ပစ္စည်းမရှိလို့ရှိရင်ဖြင့် ပစ္စည်းရှာမှပဲ၊ ဆီကုန်လို့ ဆီလဲတာ ပဲ။ ပစ္စည်းစုမိမှပဲဆိုတဲ့ဟာက မီးပုံကြီး ထင်းပြန်ထည့်တာ၊ သဘောပါပလား (မှန်ပါ)၊ ပစ္စည်းရှာချင်တဲ့စိတ်ကလေး ပေါ်လာတာ ဘာတုံး (ဆီထည့်တာပါ)၊ ဆီထည့်တာပါ။ မဟုတ်ဘူးလား၊ ရှာလို့ အိမ်ရောက်လာတဲ့အခါကျတော့ မီးပုံ ထဲ ထင်းပိုထည့်ပြန်တယ်။ တစ်သိန်း ပူရတာနဲ့ နှစ်သိန်း ပူရတာ ဦးသံဒိုင် ဘယ်ဟာက အပူကြီးတုံး (နှစ်သိန်းပူတာ က ကြီးပါတယ်)၊ သို့သော်လည်း ခင်ဗျားတို့က မီးပုံကြီးကြီးကို ကြိုက်လို့၊ မီးပုံကြီးကြီးကို ကြိုက်လို့။ မီးပုံများ နည်း သွားမယ်ဆိုရင် စီးပွားရေးချို့တဲ့တယ်၊ ကာလဒေသ မကောင်းဘူး၊ မင်းအစိုးရက အုပ်ချုပ်ရေးညံ့တယ်။ ကြိုးစားပြီး ဆီထည့်ဦးမှပဲ၊ ရှာဦးမှပဲ၊ ကြိုးစားပြီး ရှာတာဟာ ဆီထည့်တာပဲ၊ ကြိုးစားပြီး ရှာလိုက်တယ်၊ ရှာသလောက် ရတာဟာ မီးပုံကြီးတာပဲ။ မီးပုံကြီးတာကို ခင်ဗျားတို့က ပူပါတယ်လို့ ထင်လေ့မရှိဘူး ၊ မီးပုံကြီးတော့ အမြတ်တော်ကြေး ကြီးတယ်၊ အပုပ်နံ့လည်း ကြီးတယ် (ဟုတ်ပါတယ်)၊ တဏှာ ဥပါဒါန်ရော (ကြီးပါတယ်)။

မီးပုံကြီးကြီးကို ကြိုက်လို့ပေါ့

မီးအပူလောင်တာရော မများဘူးလား (များပါတယ်)၊ သို့သော်လည်း ဦးသံဒိုင်တို့က ရိပ်မိရဲ့လားလို့ဆိုတော့ ယခုမှ ရိပ်မိခါရှိသေးတယ် (မှန်ပါ)၊ ဘယ့်နှယ်လဲ ခင်ဗျားတို့က လူချမ်းသာနဲ့ လူဆင်းရဲလို့ ကွဲတဲ့လူတွေမှ မဟုတ် တော့ အတော်ခဲယဉ်းတယ်၊ မီးလောင်ခံနေရတာက ဦးသံဒိုင် လူဆင်းရဲပေါ့။ လောဘမီး၊ ဒေါသမီး၊ မောဟမီး၊ ဇာတိ မီး၊ ဇရာမီး အလောင်ခံနေရတဲ့လူ ဘာဆိုကြမလဲ (လူဆင်းရဲပါ)၊ သူ မီးပုံကြီးကြီးကို ကြိုက်နေတယ်၊ မီးပုံကြီးကြီးကို ကြိုက်လို့ပေါ့၊ ဆီများများ ထည့်တယ်။ တဏှာများများနဲ့ ရှာတယ်။ မဟုတ်ဘူးလား (တင်ပါ)။

အဲဒါကြောင့် ဘုန်းကြီးကတော့ ဥပမာတစ်ခု ပေးလိုက်တယ်။ ဦးသံဒိုင်တို့ အကြိုက်လွဲနေတယ်၊ ဆီလည်း များများထည့်ချင်တယ်။ မီးပုံကိုလည်း ကြီးချင်တယ်။ တယ်လည်း မျက်စိလည်ချက်က ကောင်းနေတယ်၊ မပြောထိုက် ဘူးလား (ပြောထိုက်ပါတယ်)၊ မျက်စိလည်ချက် သိပ်ကောင်းနေတယ်ဆိုတာ ကိုထွန်းရင် ပြောထိုက်၊ မပြောထိုက် (ပြောထိုက်ပါတယ် ဘုရား)။

ဒါနဲ့ ဘုန်းကြီးက လောကီ ဥပမာပြလိုက်တယ်။ လူတစ်ယောက်ကွာ တဲ့။ ရှေးက ငွေဒင်္ဂါးရှိတယ်၊ တစ်ဆယ်ထုပ်နဲ့ ဦးသံဒိုင် ပေါက်လိုက်တာနဲ့ တစ်ရာထုပ်နဲ့ ပေါက်လိုက်တာနဲ့ ဘယ်သူက နာပါ့မလဲ၊ ခန္ဓာကိုယ်သာ ပေါက်လိုက် (တစ်ရာထုပ်က နာပါတယ်)၊ သို့သော်လည်း ခင်ဗျားတို့က ဘယ်အထုပ်နဲ့ ပေါက်တာ ကြိုက်သတုံးလို့ မေးလို့ရှိရင် ဘယ့်နှယ်ဖြေမလဲ (တစ်ရာထုပ်နဲ့ပေါက်တာ ကြိုက်ပါတယ်လို့ ဖြေပါ့မယ်)၊ သေခြင်းဆိုး သေချင်လို့ပေါ့ လေ၊ ဟင် ဘာဖြစ်လို့လဲမေးရင် ဘယ့်နှယ်ဖြေမလဲ၊ အနာကြီးနဲ့ သေချင်လို့ (မှန်ပါ)၊ အနာကလေးနဲ့တော့ (အနာကလေးနဲ့ မသေချင်ပါ)၊ ဖြစ်မှဖြစ်ရလေ ကိုထွန်းရင်၊ ရိပ်မိရဲ့လား ၊ အခုပြောတာ၊ ဒါက လက်တွေ့ပြတာ၊ ဒီမှာလည်း ဆီများများထည့်ရင် မီးများများလောင်ပြီး မီးပုံကြီးနဲ့ သေချင်လို့၊ မီးများများလောင်ပြီး သေချင်လို့ ဒါလုပ် နေကြတယ် (လောဘမီးများများနဲ့ လောင်သေချင်လို့ပါ)၊ ဒါပေါ့။ လောဘမီးများများနဲ့ ရှာတော့ ပစ္စည်းများများရှိ၊ ပစ္စည်းများများရှိတော့ သံယောဇဉ်များများနဲ့ သေပေါ့၊ သေ အပါယ်သွား ဒုက္ခရောက်၊ မဟုတ်ဘူးလား၊ သဘောကျ ပလား။

ကဲ ဒါဖြင့် ခင်ဗျားတို့ ခုနက တစ်ရာထုပ်နဲ့ ပေါက်တာနဲ့ တစ်ထောင်ထုပ်နဲ့ ပေါက်တာနဲ့ ဘယ်သူက သေခြင်းဆိုးနဲ့ အသေမြန်ပါ့မတုံးလို့ ရင်ဘတ်ချည်း မှန်တယ်ထားဦး (တစ်ထောင်ထုပ်က သေမယ်)၊ သို့သော် ပုထုဇဉ် တွေကလေ ဒီတစ်ထောင်ထုပ်နဲ့ အပေါက် ဘယ်တော့ခံရပါမတုံး ၊ တစ်သိန်းထုပ်နဲ့ ဘယ်တော့ အပေါက်ခံရပါ့ မတုံး၊ သိန်းတစ်ရာနဲ့ ဘယ်တော့အပေါက်ခံရပါ့မတုံး ၊ ဘယ်အချိန်မှာ ငါ့ဝမ်းထဲ အေးပါ့မတုံးသာ ထင်နေတယ် ထိတာ ဒီချည်း ထိနေတယ် (ဒီဟာတွေချည်း ထိနေတယ် ဘုရား)၊ ခင်ဗျား ဘယ်အထုပ်နဲ့ ပေါက်တာ ကြိုက် သလဲ၊ အထုပ်ကြီး ကြိုက်သလား အထုပ်ကလေး ကြိုက်သလား၊ ကိုထွန်းရင်က အထုပ်ကလေး ကြိုက်သလား (တပည့် တော် ကြီးလေ ကြိုက်လေပါ ဘုရား)။

သေခြင်းဆိုး ကြိုက်တယ်ဗျ

သေခြင်းဆိုးကလည်း တကယ်ကြိုက်တယ်ဗျ၊ အထုပ်ကြီးကြီး ကြိုက်တယ်ဗျ၊ သေခြင်းဆိုး ကြိုက်တယ်ဗျ၊ အလောင်ကြီးကြီး ကြိုက်တယ်။ ဒါက ခင်ဗျားတို့ ရှာပါ တဲ့၊ အခု ရှာနေတဲ့ပုဂ္ဂိုလ် သိန်းပေါင်းများစွာ ချမ်းသာ ပြီး ရှာနေတဲ့ပုဂ္ဂိုလ် ထောင်ထုပ်နဲ့ပေါက်တာ မသေချင်လို့ သိန်းတွေ သောင်းတွေနဲ့ ပေါက်ပြီးသကာလ ရင်ဝထိပြီး သေချင်လို့ ရှာနေကြတာ၊ ဆိုထိုက်မဆိုထိုက် (ဆိုထိုက်ပါတယ် ဘုရား)။

မျက်စိကလည်နေတယ်၊ တစ်ရာထုပ်သမားက မကျေနပ်လို့ သောင်းထုပ်သမားကို မီအောင်ရှာတယ်၊ သောင်း ထုပ်သမားကလည်း သောင်းထုပ်ရှိပြန်ပြီးသကာလ သိန်းထုပ်သမား အထက်လှမ်းပြီးသကလာ သိန်းထုပ်ရအောင် ရှာတာပဲ။ မရှာဘူးလား (ရှာပါတယ်)၊ ဘာဖြစ်လို့လဲ၊ အထုပ်ကြီးကြိုက်သလား၊ အထုပ်ကလေး ကြိုက်သလား (အထုပ် ကြီး ကြိုက်ပါတယ် ဘုရား)။

ဒီအထုပ်ကြီးက ခန္ဓာကိုယ်ချည်း ထိတယ် ၊ ဘယ်သူ့ထိသလဲ (ခန္ဓာကိုယ် ထိပါတယ်)၊ ခန္ဓာကိုယ်ချည်း ထိတယ်။ ထိတာက မျက်လုံးမထိဘူး၊ နားမထိဘူး။ ဟောဒီ ဝမ်းထဲက နှလုံးသား သွားထိတယ်။ ဝမ်းသာချင်လည်း သူက၊ ဝမ်းနည်းချင်ရော (သူက)၊ အတွင်းမှာ သွားထိတယ်။ အဲဒီတော့ကို အခု ဟိုက မော်တော်ကားနဲ့ ပြေး၊ တယ် လီဖုန်းနဲ့ဆက်၊ ဝါယာလက်နဲ့ စကားပြောကြ၊ ကျုပ်ကုန် ဘယ်တော့ရမှာတုံး ၊ ဒီကုန်ရောက်လို့ရှိရင် ကျုပ်မှာ ကျေးဇူးများလိမ့်မယ်၊ ဒီမှာပေါက်ဈေးက ဘယ်လောက်ဖြစ်နေပြီ၊ မတော်အချိန်မမီလိုက်ရင် ခက်သွားလိမ့်မယ်၊ အမြတ် နည်းသွားလိမ့်မယ်ဆိုတော့ အထုပ်ငယ်ကလေးမှန်ရင် သူမကြိုက်ဘူး (တင်ပါ)၊ အထုပ်ကြီးမှန်ရင် (ဒါမှ ကြိုက်ပါတယ်)။

မိုက်လှချည်လား

မိုက်လှချည်လားဆိုလို့ရှိရင် ဘယ့်နှယ်ဖြေမလဲ ၊ မိုက်လှချည်လားလို့ ပြောလို့ရှိရင် ဟုတ်ပါတယ် တာဝန်ခံရ မယ်။ ဒီ့ပြင် ဘာများခံစရာရှိသေးသလဲ (မရှိပါ ဘုရား)၊ ဒါဖြင့် ဦးသံဒိုင်တို့ ရန်ကုန်မှာဖြစ်ဖြစ်၊ မန္တလေးမှာဖြစ်ဖြစ် ရှိနေကြတာက အခု မြို့တိုင်းရွာတိုင်းမှာ ပစ္စည်းရှာနေတဲ့ပုဂ္ဂိုလ်ဟာ ဆီကုန်ရင် ဆီများများလဲချင်တယ်။ မီးစာကုန် ရင် (မီးစာများများလဲချင်တယ်)၊ မီးစာများများ လဲချင်တယ်။ တောက်မှန်း သိသေးရဲ့လား (မသိပါ ဘုရား)၊ မသိဘူး။ မသိတော့ကို မျက်စိလည်နေသေးတော့ကို ဘုရားသခင် ကိုယ်တော်မြတ်ကြီး ပွင့်လာတော့ “တိဏ္ဏော တာရေယျံ၊ မုတ္တော မောစေယျံ” မကူးမြောက်သေးတဲ့ပုဂ္ဂိုလ်ကို ကူးမြောက်အောင် မလွတ်သေးတဲ့ပုဂ္ဂိုလ်ကို လွတ်အောင် အထုပ် ကြီး မှန်နေတဲ့ပုဂ္ဂိုလ်ကို အထုပ်ကြီးမှန်ပြီး မသေရတဲ့ နိဗ္ဗာန်ရောက်အောင် “ဗုဒ္ဓေါ ဗောဓေယျံ” သစ္စာလေးပါး မသိ သေးလို့ရှိရင် အထုပ်ကြီးမှန်ခံချင်တယ်။ သစ္စာလေးပါး သိလို့ရှိရင် အထုပ်ကြီး အမှန်ခံချင်မှာ မဟုတ်ဘူးဆိုပြီးသ ကာလ ဘုရားက ပွင့်လာတယ်။ ဘုရားပွင့်လာတော့ အနားနားက ရပ်ပြောသလို ခင်ဗျားတို့က ဆင်ခြေလဲတယ် ၊ ခင်ဗျားတို့ ဘုရားကို ဆင်ခြေလဲတယ်။

ဒီလိုမှ တဏှာနဲ့ မရှာလို့ရှိရင် တပည့်တော်တို့ ဘာစားမတုံး၊ နောက်ဘဝ တပည့်တော်တို့ ဒီလိုဆိုရင် ဘဝ ပြတ်မသွားဘူးလား ဆိုပြီးတော့ ဥစ္ဆေဒဒိဋ္ဌိနဲ့ သွားကိုင်တယ်၊ ဘာကြောင့်လဲဆိုတော့ သဿတဒိဋ္ဌိ ကြိုက်နေလို့၊ ဒိဋ္ဌိပဲကြိုက်တယ်။ ငတ်သွားလိမ့်မယ်၊ လှူစရာ တန်းစရာလည်း မရှိတော့ဘူး၊ လှူစရာ တန်းစရာမရှိတော့ နောက် ဘဝ ဘယ့်နှယ်သွားလုပ်မတုံးဆိုတော့ သဿတဒိဋ္ဌိကို ကြိုက်နေတယ်၊ သဘောကျပြီလား (ကျပါတယ်)၊ ဥစ္ဆေဒဒိဋ္ဌိကို သူကြောက်တယ်၊ သဿတဒိဋ္ဌိကျတော့ ကြိုက်ပါတယ်။ ဒိဋ္ဌိတွေ ဝင်ရှုပ်တယ်ဆိုတာ မပေါ်သေးဘူးလား (ပေါ်ပါတယ် ဘုရား)။

သဿတဒိဋ္ဌိက ဝင်ရှုပ်နေတာ

ဒါ လွယ်လွယ်အောက်မေ့မနေနဲ့။ တရားက လှည့်လိုက်လို့ရှိရင် အမျိုးမျိုးသွားဖြစ်တယ်။ ဒါဖြင့် အထုပ် ကြီး ကြိုက်သမားဟူသရွေ့ ဘာဒိဋ္ဌိတုံးလို့မေးရင် ဘယ့်နှယ်ပြောကြမလဲ (သဿတဒိဋ္ဌိပါ)၊ ကဲ ခင်ဗျားတို့ အလုပ် အကိုင်တွေကို ဘာဒိဋ္ဌိနဲ့ လုပ်နေသတုံးလို့ မေးရင် (သဿတဒိဋ္ဌိပါ)၊ အင်း သဿတဒိဋ္ဌိနဲ့ လုပ်နေတယ် (မှန် ပါ)၊ ဒီဘဝ ဒီလို နေရထိုင်ရ စားရသောက်ရလို့၊ ဒီလို တိုက်နဲ့တာနဲ့ ရွှေနဲ့ငွေနဲ့၊ သားနဲ့မယားနဲ့ နေရတာ ကျုပ်တို့ ဆီထည့်ပေးလို့ပေါ့။ အခု ခန္ဓာကြီး မီးတောက်နေတာကိုတော့ သူထည့်ကို မပြောဘူး၊ ပြောသေးလား (မှန်ပါ)၊ အဲဒီ တော့ကို နောက်မခက်ပေဘူးလားဆိုတော့ နောက်ဘဝကို ဖြစ်ချင်တဲ့သဘော ပါ-မပါ (ပါပါတယ်)၊ ပါနေရင် ဘာဒိဋ္ဌိ ပြောမလဲ (သဿတဒိဋ္ဌိပါ)၊ သဿတဒိဋ္ဌိက ဝင်ရှုပ်နေတာနဲ့ ဒီအထဲမှာ၊ ကိုထွန်းရင် ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။

ဘယ်သူက ဝင်ရှုပ်နေသလဲ (သဿတဒိဋ္ဌိက ဝင်ရှုပ်နေပါတယ်)၊ အဲ သဿတဒိဋ္ဌိသမားဟာ ကျုပ်ရှင်း မယ်တဲ့၊ မဇ္ဈိမပဏ္ဏာသပါဠိတော်မှာ လာတယ်။ သဿတဒိဋ္ဌိသမားဟာကွာ တဲ့၊ ကုသိုလ် အင်မတန်ပြုတယ်၊ အကုသိုလ်ကျတော့ သိပ်ကြောက်တယ် ၊ ဘုံဘဝကျတော့ သိပ်ခင်တယ်၊ ပြီးတော့ ဘုရားနဲ့ တွေ့ပြန်တော့လည်း မကျွတ်ချင်ဘူး။ သူ့ဟာ အဆိုးကြီး၊ ဘုရားနဲ့ တွေ့ပြန်တော့ရော (မကျွတ်ချင်ပါ)၊ ကျွတ်ချင်တဲ့စိတ် မလာဘူး၊ ဘဝ တဏှာကြီးတယ်၊ သဘောကျပြီလား၊ ဘဝ တဏှာကြီးသတဲ့ (ဘဝတဏှာ ကြီးပါတယ်)၊ ဘဝတဏှာ ကြီးထွားတာ ဟာ သဿတဒိဋ္ဌိ။ ဥစ္ဆေဒဒိဋ္ဌိသမားကတော့ကွာ အပြစ်တော့ ကြီးပါတယ်တဲ့၊ ဥစ္ဆေဒဒိဋ္ဌိက သဿတဒိဋ္ဌိထက် ကြီးတယ်၊ အပြစ်ကြီးပေမယ့် ဘုံဘဝသူ မခင်ဘူးကွ။

သဿတဒိဋ္ဌိသမားက သိပ် ခက်တယ်

ကိုထွန်းရင် ကြိုက်ရဲ့လား။ ဘုရားနဲ့ ဘာနဲ့တွေ့မယ်၊ သူတော်ကောင်းနဲ့ ဘာနဲ့တွေ့မယ်ဆိုရင် ချက်ချင်း အယူစွန့်တယ်၊ ဘုရားဆုပန်ချင်တဲ့စိတ်ပေါ်ရင် ဘုရားဆုတွေ ချက်ချင်းပန်တယ်၊ ဒီလို ပန်ချင်လို့ရှိရင် သာဝက ပါရမီဉာဏ်တွေ ချက်ချင်း ကူးသွားတယ်၊ ဥစ္ဆေဒဒိဋ္ဌိက တရားဟောလို့ လွယ်တယ်။ သဿတဒိဋ္ဌိသမားက သိပ် ခက်တယ်။ ဆီကုန်ဆီလဲတဲ့ပုဂ္ဂိုလ်၊ မီးစာကုန် မီးစာလဲတဲ့ပုဂ္ဂိုလ်ဟာ သာခက်တယ်။ သဿတဒိဋ္ဌိသမားက၊ ပေါ်ပြီလား၊ ဆီကုန် ဆီလဲတဲ့ပုဂ္ဂိုလ်၊ မီးစာကုန် မီးစာလဲတဲ့ပုဂ္ဂိုလ်က ဘာပုဂ္ဂိုလ်လဲ (သဿတဒိဋ္ဌိပါ)၊ သဿတဒိဋ္ဌိသမား ဒါကလေး ပြတ်သွားမှာကို သူစိုးရိမ်တယ်၊ ပြတ်သွားမှာကို သူကြောက်တယ်။ ဥစ္ဆေဒက မကြောက်ဘူး ၊ ပေါ်ပြီလား။

ခင်ဗျားတို့ ဘုရားရှိခိုးပြီးနေတော့ အချို့ဒကာက တော်လိုက်တာ သူတို့ဆီကုန်လို့ ဆီလဲနေတာကို ခင်ဗျားတို့ မသိဘူး။ မီးစာကုန်လို့ မီးစာလဲနေတာ ခင်ဗျားတို့က (မသိပါ ဘုရား)၊ မသိဘူး။ သတ္တိက ခင်ဗျားတို့သတ္တိက စော လွန်းတယ်၊ မစောလွန်းဘူးလား၊ ဟင် ဒါ အကျဉ်းကြည့်ရင် ဝဋ္ဋလုပ်နေတဲ့ပုဂ္ဂိုလ်၊ ဝဋ္ဋက သူ့ဟာသူ ဆီကုန်လို့ ဆီလဲနေတာ၊ မီးစာကုန်လို့ မီးစာလဲနေတာ၊ သူ့မီးသူတောက်တာ သူကြိုက်နေတဲ့ဥစ္စာ ခင်ဗျားတို့က အလုပ်ပေးနေ ပြန်တော့ သူ့မှာ ဘဝတဏှာရှိတယ် (တင်ပါ)၊ စွန့်နိုင်ရဲ့လား (မစွန့်နိုင်ပါ)၊ ဘာဒိဋ္ဌိလဲ (သဿတဒိဋ္ဌိပါ)၊ အင်း သဿတဒိဋ္ဌိ သူအားပေးလို့ ခုနက ပြောသလို ဘုရားနဲ့တွေ့တာတောင် သူ့အယူ သူမစွန့်နိုင်ဘူး၊ အတော်ခက်တယ်၊ ဘဝတဏှာငြိနေတယ်၊ ပေါ်ပြီလား။ အဲဒါက အပြစ်ပြတဲ့တရား မှတ်လိုက်ပါ၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ကျွတ်ခန်း ပြတော့မယ်

ကောင်းပြီ ကျွတ်ခန်းကျတော့ ဒီကရှေ့ ကျွတ်ခန်းကျတော့လည်း ဒီဝတ္ထုပဲ၊ ကျွတ်ခန်းကျတော့ ကျွတ်ခန်း ပြတော့မယ်လို့ဆိုတော့ ဒီခန္ဓာငါးပါး အပြစ်ရှုရမယ်ကွတဲ့၊ သဘောကျပြီလား (တင်ပါ)၊ ဒီခန္ဓာငါးပါး၊ ဘာလုပ်ရမလဲ (အပြစ်ရှုရမယ်)၊ အပြစ်ရှုရမယ်ဆိုတော့ မဂ်ဝင်ရမယ်ပြောတာ၊ အပြစ်ရှုရမယ်၊ ဒီခန္ဓာငါးပါးကို မင်းတို့ မဂ္ဂင်ငါးပါး နဲ့ အပြစ်ရှုစမ်းပါ။ အပြစ်ရှုပါဆိုတော့ သူဟာ အနိစ္စအပြစ်ရှိတော့ အနိစ္စ အပြစ်သိအောင် ခင်ဗျားတို့ လုပ်ရမယ် (တင်ပါ)၊ ဒုက္ခအပြစ်မရှိဘူးလား ဒီခန္ဓာငါးပါးမှာ၊ ရှိတယ်နော် (ရှိပါတယ်)၊ ဒုက္ခအပြစ် ဒုက္ခသစ္စာကိုးဗျ ဒုက္ခပြစ်ရှိရ မှာပေါ့၊ ဒုက္ခတွေရှုရမယ်။ အနတ္တတွေ ရှုရမယ်။ အသုဘတွေ ရှုရမယ်။ ဒုက္ခသစ္စာတွေ ရှုရမယ်။ ခင်ဗျားတို့ ကြိုက်ရာ ရှု ၊ ရှေးကလို သူ့လုပ်ကျွေးချင်တဲ့ စိတ်လာသေးရဲ့လား (မလာပါ)၊ မလာဘူး။

မလာတော့ သူက ဆီမခန်းပေဘူးလား (ခန်းပါတယ်)၊ ဆီခန်းတဲ့အခါကျတော့ ဒီမီးစာကုန်သွားလို့ရှိရင် ဒီ မီးစာလာဦးမှာလား (မလာပါ)၊ ခုနက ပုဂ္ဂိုလ်ကတော့ ဒီမီးစာကုန်ရင် ဒီမီးစာလာမှာပဲ။ အပြစ်မသိတဲ့ပုဂ္ဂိုလ် ဆီထပ် လောင်း။ မီးစာထပ်လဲ။ အပြစ်ကို ဝိပဿနာဉာဏ်နဲ့ အပြစ်သိပြီးသားပုဂ္ဂိုလ်ကျတော့ ဆီလည်းခန်းအောင်လုပ် တယ်၊ မီးစာလည်း မလဲတော့ဘူး (မလဲပါ ဘုရား)၊ လဲသေးရဲ့လား တဏှာချုပ်လို့ ဥပါဒါန်ချုပ်၊ ဥပါဒါန်ချုပ်လို့ ကံချုပ်၊ ကံချုပ်လို့ ဇာတိခန္ဓာ မီးစာကြီး ချုပ်သွားတာ၊ မီးစာချုပ်တော့ ဇရာ မရဏ ဘယ်ဟာ သွားလောင်မလဲ (လောင်စရာ မရှိပါဘုရား)၊ လောင်စာသိမ်း မီးငြိမ်းတယ်၊ မဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား)။

အပြစ်သိတဲ့ ပုဂ္ဂိုလ်

အဲဒီတော့ ဆီလည်းသိမ်း၊ မီးစာလည်း သိမ်းမှသာလျှင် ဒီယောဂီသည် အေးချမ်းတဲ့ ယောဂီဖြစ်မယ်၊ ဒါယောဂီ ပေါ့။ ယောဂီဆိုတာ တရားအားထုတ်တဲ့ပုဂ္ဂိုလ် ယောဂီဆိုတာပဲ။ ဒါဖြင့် ယောဂီဖြစ်ချင်လို့ရှိရင်ဖြင့် ဆီခန်းအောင် လုပ်ပြီး မီးစာမလဲမှ (တင်ပါ)၊ ပေါ်ပြီလား (ပေါ်ပါပြီ)၊ ဆီခန်းအောင် လုပ်ပြီး မီးစာမလဲပါမှ၊ ဆီခန်းရင်တော့ မီးစာ တော့မလဲတော့ပါဘူး။ တဏှာချုပ်တယ်ဆိုတာ ဆီခန်းနေတာ။ တဏှာ, ဥပါဒါန်၊ ကံချုပ်တယ်ဆိုတော့ ဆီမခန်း သေးဘူးလား (ခန်းပါတယ်)၊ ကဲ ဒီခန္ဓာကြီး လာဦးမလား၊ ဇာတိခန္ဓာကြီး (မလာနိုင်တော့ပါ)၊ မလာနိုင်လို့ရှိရင် ဇရာ မရဏ မီးက လောင်စရာ (မရှိပါ)၊ ဘယ့်နှယ်ကြောင့်တုံးလို့ မေးတဲ့အခါ အပြစ်သိတဲ့ ပုဂ္ဂိုလ်မို့တဲ့၊ ဆီလည်း မထည့်တော့ဘူး။ မီးစာလည်း မလဲတော့ဘူး၊ ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။

အပြစ်သိတဲ့ပုဂ္ဂိုလ်ကျတော့ ဆီလည်း မထည့်တော့ဘူး။ မီးစာလည်း မလဲတော့ဘူး၊ အဲဒီတော့ သမုဒယနဲ့ ဒုက္ခချုပ်တယ်လို့ မပြောနိုင်ဘူးလား (တင်ပါ)၊ မချုပ်ဘူးလား (ချုပ်ပါတယ်)၊ ဒါကြောင့် ဘယ်လိုပုဂ္ဂိုလ်မို့တုံး လို့ မေးတဲ့အခါကျတော့မှ ခန္ဓာငါးပါးကို ခုနက သာယာတဲ့ပုဂ္ဂိုလ်ကျတော့ ဆီလဲတယ်၊ မီးစာလဲတယ်၊ ဟုတ်လား။ အပြစ်သိတဲ့ပုဂ္ဂိုလ်ကျတော့ အပြစ်ရှိတာကို အပြစ်လို့သိတဲ့ပုဂ္ဂိုလ်ကျတော့ ဟောဒါက အပြစ်ရှိတဲ့တရား၊ အပြစ်ရှိတာ ပေါ့ဗျ၊ သူက နဂိုတည်းက ဇာတိ ဇရာ မရဏဆိုတဲ့ မီးစာကြီးပဲ၊ အပြစ်ရှိတာပေါ့ (မှန်ပါ)၊ အပြစ်ရှိတာပေါ့၊ ဒါ လောင်စာကြီးပါလား လောင်စာကြီးပါလား လောင်နေပါလား၊ လောင်လိုက် ပြောင်လိုက်၊ လောင်လိုက် ပြောင်လိုက်၊ ဖြစ်လိုက် လောင်လိုက်၊ ဖြစ်လိုက် လောင်လိုက်နေတာပါကလားဆိုတာ ဒါ ခင်ဗျားတို့ ဖြစ်ပျက်ကို မြင်အောင်ရှုရ မယ် (ရှုရမယ်)၊ မရှုရဘူးလား (ရှုရပါမယ် ဘုရား)။

ဖြစ်ပျက်က အပြစ်

ထိုကဲ့သို့ ရှုတဲ့ပုဂ္ဂိုလ်ဆိုရင် ဒီကဖြစ်ပျက်၊ ဒီကမဂ်ဖြစ်မှာပဲ (တင်ပါ)၊ အပြစ်သိရင် (တင်ပါ)၊ ဒီက ဖြစ်ပျက်က အပြစ်၊ အပြစ် အပြစ်မှန်းသိတဲ့အခါမဂ်၊ သဘောကျပြီလား (ကျပါတယ် ဘုရား)၊ ဒါဖြင့် ဒီအပြစ်နဲ့ မဂ်နဲ့ကိုက်အောင် ခင်ဗျားတို့ လုပ်ရလိမ့်မယ် (လုပ်ရပါမယ်)၊ မလုပ်လို့ရှိရင်ဖြင့် ဟောဒီဆီကလည်း မခန်းဘူး။ ဟောဒီမီးစာလည်း ပြန်ဖြစ်မှာပဲ (တင်ပါ)၊ ဒီမီးစာကို ကံလက်သမားက သေသေချာချာ ဆောက်နေတယ် (တင်ပါ)၊ မဆောက်ပေဘူးလား (ဆောက်ပါတယ် ဘုရား)။

အဲဒါကြောင့် ခင်ဗျားတို့ ခန္ဓာငါးပါးကို အပြစ်မသိတဲ့ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်သည် ဘယ်အခါကာလမှ ဆီကုန် ဆီလဲတဲ့ ဇာတ်ကိုလည်း သိမ်းမှာမဟုတ်ဘူး ၊ မီးစာကုန်လည်း မီးစာလဲတဲ့ဇာတ်ရော (မသိမ်းပါ ဘုရား)၊ မသိမ်းပါဘူးတဲ့၊ ခင်ဗျားတို့ မီးလုပ်ကျွေးတဲ့ လူတစ်မျိုးလို့ ခင်ဗျားတို့ကို ခေါ်ရမှာပဲ၊ ဒီ့ပြင် ဘာအမျိုးမှ မဟုတ်ဘူး ဟုတ်လား။ တိရစ္ဆာန်လို့လည်း မဆိုနဲ့၊ လူလို့လည်း မဆိုနဲ့၊ နတ်လို့လည်း မဆိုနဲ့၊ ခြုံပြောလိုက်လို့ရှိရင် မီးလုပ်ကျွေးတဲ့ အမျိုးတစ်မျိုး။ သဘောကျပြီလား။ ဆီကုန်ရင် (ဆီထည့်ပါတယ်)၊ မီးစာက အားနည်းသွားရင် (မီးစာထည့်ပါတယ်)၊ မီးစာထည့်ပေးတယ်ဆိုတော့ ဒါဘဝများစွာ ဒီအတိုင်းလာတာပါပဲ။ အဲဒါလူဖြစ်လိမ့်မလား၊ နတ်ဖြစ်လိမ့်မလား၊ ဗြဟ္မာ ဖြစ်လိမ့်မလား။ ခြုံပြောလို့ရှိရင် မင်းတို့က ဆီကုန် ဆီလဲတဲ့အမျိုး၊ မီးစာကုန် မီးစာလဲတဲ့အမျိုးပဲ ဖြစ်မှာပဲ (တင်ပါ ဘုရား)။

ဘာဖြစ်လို့တုံး မီးစာကုန်လို့ရှိရင် ကိုယ့်လောင်နေတဲ့ မီးတောက်ကို (မမြင်ပါ)၊ မမြင်တော့ မြင်အောင် ကြည့်ဆိုတဲ့ဥစ္စာ ဇာတိမီး ဇရာမီး မရဏမီးတို့၏ နှိပ်စက်ပုံ ကြည့်ခိုင်းတာပဲဗျ။ ဖြစ်ပျက် ကြည့်ခိုင်းတာပဲ၊ သဘောကျပြီလား (ကျပါပြီ)၊ အဲ ဖြစ်ပျက်ကြည့်လိုက်လို့ရှိရင်ဖြင့် ဇရာ၊ မရဏတည်းဟူသော အပြစ်တွေ ပေါ် လာတဲ့အခါကျတော့ ဪ ဒီမီးပုံကြီးနဲ့ဖြင့် ခွဲမှပဲ။

“တယော ဘဝေ အဒ္ဒုဃရံ ဝိယ”(ဓမ္မပဒအဋ္ဌကထာ၊ ဒုတိယအုပ်၊ ဗန္ဓနာဂါရဝတ္ထု၊ နှာ-၃၃၇။)

တယော ဘဝေ ဘဝသုံးပါး တို့ကို။ အဒ္ဒုဃရံဝိယ-နှောင်အိမ်ကြီးကဲ့သို့ကိုး။ နှောင်အိမ်ထဲမှာ ကျနေတဲ့ ပုထုဇဉ်မိုက်လို့ မဆိုထိုက်ဘူးလား (ဆိုထိုက် ပါတယ် ဘုရား)။

ခန္ဓာ၏အပြစ်ကို မသိသရွေ့ကာလပတ်လုံး

ကိုင်း ဒါဖြင့် ခင်ဗျားတို့သည် ခန္ဓာငါးပါး တစ်ပါးပါးကို အဖြစ် အပျက် မရှုသရွေ့ ကာလပတ်လုံး မီး လုပ်ကျွေးတဲ့အမျိုး မီးအလောင်ခံတဲ့ အမျိုး၊ ဘယ်တော့မှ ဒီမျိုးရိုးလွတ်တော့မှာ မဟုတ်ပါဘူး (တင်ပါ)၊ လွတ် စရာ မြင်သေးရဲ့လား (မမြင်ပါ)၊ အဲဒါ နားကြီးကြီးနဲ့ထောင်မှ၊ သဘောကျပြီလား ၊ နားကြီးကြီးနဲ့ မထောင်လို့ရှိရင် တို့အမျိုးက ဘာမျိုးပါလိမ့်မတုံး လို့ဆိုလို့ရှိရင် ခင်ဗျားတို့ သိကိုမသိဘူး။ နားကြီးကြီးနဲ့ ထောင်တော့ ဪ လူမိုက်မျိုးဆိုတာ ပေါ်လာတယ် (တင်ပါ)၊ ဆီကုန် ဆီလဲတဲ့ အမျိုး၊ ကိုယ့်လောင်နေတဲ့ မီးစာကြီး ကုန်သွားရင် (မီး စာလဲတဲ့အမျိုး)၊ မီးစာလဲတဲ့အမျိုးဆိုတာတော့ ဘုရားမပွင့်ရင် ဒီအမျိုးသည် အမြဲတမ်း ကြီးပွားနေတာပဲ၊ ဘယ်နည်း နဲ့မှ ဒီဆီသိမ်း၍ မီးစာကုန်တဲ့ အမျိုးမဖြစ်ဘူး၊ ဖြစ်နိုင်ပါ့မလား (တင်ပါ၊ မဖြစ်နိုင်ပါ ဘုရား)၊ ဒါဖြင့် ခင်ဗျားတို့သည် ခန္ဓာ၏အပြစ်ကို မသိသရွေ့ကာလပတ်လုံး ဘယ်သောအခါကာလမှ စိတ်အေးလက်အေးကို မျှော်မရဘူး၊ သဘောကျ ပြီလား (ကျပါပြီ ဘုရား)။

ခန္ဓာ၏အပြစ်ကို မသိသရွေ့ကာလပတ်လုံး သူ့ကို အာဒီနဝ ဒဿာဝိနောကိုး ၊ အာဒီနဝဆိုတာက အပြစ်၊ ဒဿာဝိနောက မြင်ရမှာကိုး (တင်ပါ)၊ အပြစ်ကို မြင်မှသာလျှင် မျိုးရိုးပျောက်မယ် (တင်ပါ)၊ ဆီလဲတဲ့အမျိုး မီးစာ ပြောင်းပေးတဲ့အမျိုးတွေ မပျောက်ပေဘူးလား (ပျောက်ပါတယ်)၊ အဲဒီတော့ ဆီကုန်လို့ မီးစာကုန်သွားတဲ့ဥစ္စာဟာ ဘာတုံးဆိုတော့ ဆီကုန်တာက တဏှာကုန်တာ။ မီးစာကုန်တာက ဒုက္ခမီးစာကုန်တာ။ သမုဒယနဲ့ ဒုက္ခကုန်တဲ့ အမျိုး ဖြစ်လာတယ်။ အပြစ်သိတဲ့ ပုဂ္ဂိုလ်မှ သမုဒယနဲ့ ဒုက္ခကုန်တာ (တင်ပါ)၊ ဒုက္ခကုန်တာက နိဗ္ဗာန် ဟုတ်လား ၊ ဒုက္ခကုန်မှန်းသိတာက မဂ်ဉာဏ်၊ ဒီဘက်က နှစ်ဉာဏ်၊ ဒီဘက်က ပယ်ရမယ့် သမုဒယသစ္စာနဲ့ ဒုက္ခသစ္စာ။ ဒီဘက်က နိရောဓသစ္စာနဲ့ မဂ္ဂသစ္စာဖြစ်ရမယ်၊ သဘောကျပြီလား။

ဒါဖြင့် ဒီဘက်က နိရောဓသစ္စာနဲ့ မဂ္ဂသစ္စာ ဖြစ်ရမယ် ၊ ဒီသစ္စာ နှစ်ခုဖြစ်ရင် ဒီသစ္စာနှစ်ခုဟာ အလိုလို ကွယ်ရမယ်၊ မကွယ်ဘူးလား (ကွယ်ပါတယ်)၊ အဲဒီတော့ကို ဘုန်းကြီးအလုပ်စခန်းပဲ ကျန်ပါတော့မယ်တဲ့။ ဒီဘက်က သစ္စာနှစ်ခု အမှန်ဖြစ်ရမယ်၊ ဒါက နိရောဓသစ္စာဖြစ်ရမယ်၊ ဒါက မဂ္ဂသစ္စာအစစ် ဖြစ်ရမယ်။ ဒီတော့ သမုဒယသစ္စာ အစစ်ချုပ်ရမယ်၊ ဒီက ဒုက္ခသစ္စာအစစ် ဇာတ်သိမ်းရမယ်ဆိုတော့ကို ဒီဘက်က သစ္စာနှစ်ပါး၊ ဒီဘက်က သစ္စာနှစ်ပါး။ ကောင်းပြီ ဒါဖြင့် သစ္စာနှစ်ပါးသည် အမိုက်သစ္စာနှစ်ပါး၊ အလိမ္မာသစ္စာနှစ်ပါးလို့ ခွဲလိုက်တော့ကို ဒါက ဒုက္ခ-သမု ဒယ၊ အမိုက်သစ္စာ မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ်)၊ ဒီဘက်ကတော့ နိရောဓ-မဂ္ဂဆိုတော့ အလိမ္မာ သစ္စာနှစ်ပါး လို့ မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘုရား)။

အလိမ္မာသစ္စာဉာဏ်

ကောင်းပြီ ဒါဖြင့် အလိမ္မာသစ္စာနှစ်ပါးကို ခင်ဗျားတို့ကိုယ်တိုင် အလိမ္မာသစ္စာဉာဏ်ကိုလည်း မရသေး အလိမ္မာသစ္စာလို့လည်း မမြင်ရသေးသရွေ့ကာလပတ်လုံး အမိုက်သစ္စာနှစ်ပါးကို ခင်ဗျားတို့ ကြိုးစားနေမယ့်လူတွေပဲ (တင်ပါ)၊ ဆိုထိုက် မဆိုထိုက် (ဆိုထိုက်ပါတယ်)၊ အလိမ္မာသစ္စာနှစ်ပါး ခင်ဗျားတို့ဉာဏ်ထဲမှာ မရောက်သေးသရွေ့ ကာလပတ်လုံး အမိုက်သစ္စာနှစ်ပါးနဲ့ပဲ သံသရာထဲမှာ ပြေးလား လွှားလား ခုန်လား ကျွမ်းထိုးမှောက်ခုံ ဟပ်ထိုးလဲ ဟပ်ထိုးချည်းသွားနေမယ်၊ ဒီ့ပြင် ဘာရှိသေးသလဲ (မရှိပါဘူး)။

အဲဒီတော့ကာ ဘုန်းကြီးတာဝန်က ဒီဘက်သစ္စာနှစ်ပါး ဟောပြီးပြီ။ ခင်ဗျားတို့ ဆီလဲတဲ့အမျိုး၊ မီးစာလဲတဲ့ အမျိုး သိပြီ။ အလိမ္မာသစ္စာနှစ်ခုကို ရှင်းပေးမယ်နော် (တင်ပါ)၊ အလိမ္မာသစ္စာနှစ်ခုက ဒီဘက်မှာ တခြား၊ ဒီဘက်က အလိမ္မာသစ္စာ။ ဒီဘက်က အမိုက်သစ္စာ (တင်ပါ)၊ သူက ပဟာတဗ္ဗပရိညေယျကိုး။ သူက ဘာဝေတဗ္ဗ။ သစ္ဆိကာ တဗ္ဗ။ ဒီလိုမနေဘူးလား။ ကဲ သစ္ဆိကာတဗ္ဗ ဖြစ်အောင်လုပ်မှ။ ဒါ ဘာဝေတဗ္ဗလုပ်မှ ဒီက သစ္ဆိကာတဗ္ဗ ဖြစ်မယ်။ ဒီက ဘာဝေတဗ္ဗ မလုပ်ရင် (သစ္ဆိကာတဗ္ဗ မဖြစ်ပါ)၊ ဒီဘက်က သစ္ဆိကာတဗ္ဗ ဖြစ်ပါ့မလား (မဖြစ်ပါ ဘုရား)၊ ကိုင်း ဒါဖြင့် သစ္ဆိကာတဗ္ဗမှာလည်း ရှေးဦးစွာလုပ်ရမယ် သစ္ဆိကာတဗ္ဗ။ နောက်မှပေါ်လာမယ့် သစ္ဆိကာတဗ္ဗလို့ နှစ်မျိုး မရှိဘူးလား (နှစ်မျိုးရှိပါတယ် ဘုရား)။

သင်္ခတအဆုံးမှာမှ အသင်္ခတရှိတယ်

ဒါဖြင့် နှစ်မျိုးရှိတော့ ရှေးဦးစွာပေါ်လာတဲ့ သစ္ဆိကာတဗ္ဗဟာဖြင့် ခင်ဗျားတို့ မဂ္ဂင်ငါးပါးနဲ့ သူ့ကို ဖြစ်ပျက် ရှုလို့ရှိရင် ရှေးဦးစွာ သစ္ဆိကာတဗ္ဗဖြစ်အောင် လုပ်ပါ။ သင်္ခတတွင် သစ္ဆိကာတဗ္ဗ ဖြစ်အောင်လုပ်ပါ။ သင်္ခတမျက် မှောက်ပြုပြီးမှ အသင်္ခတဖြစ်မှာ။ သင်္ခတ မတွေ့သေးရင် အသင်္ခတ တွေ့ပါ့မလား (မတွေ့ပါ)၊ သင်္ခတအဆုံးမှာမှ အသင်္ခတရှိတယ်။ သဘောကျပြီလား (ကျပါပြီ)၊ သင်္ခတအဆုံးမှာ ဘာရှိသတုံး (အသင်္ခတ ရှိပါတယ်)၊ ကဲ ဒါဖြင့် သင်္ခတတွေ့ဖို့ ခင်ဗျားတို့ ကြပ်ကြပ်ဖိရှု၊ ကိုထွန်းရင်တော့ ဝေဒနာသင်ထားတယ်။ ဦးသံဒိုင်တော့ ခင်ဗျားက စိတ္တာနုပဿနာ သင်ထားတယ်ဆိုတော့ ခင်ဗျားတို့ ကြိုက်ရာ ရှုပါဆိုတော့ စိတ်လည်း လိုက်တတ်ပြီ။ တစ်နေ့က လိုက်ပုံနဲ့တကွ ပြောထားတယ် (တင်ပါ)၊ ပုထုဇဉ်ပေါ်တဲ့စိတ် အကုန်လိုက်ဆိုတော့ ပုထုဇဉ်ပေါ်တဲ့စိတ်အကုန် လိုက် နေလို့ရှိရင် ကိစ္စပြီးနေတာပဲ။

နောက်တော့ ပုထုဇဉ်ပေါ်တဲ့စိတ်တွေ ဆုံးသွားရင် အရိယာဖြစ်သွားမယ်ဆိုတာကို မှတ်ရမယ်။ ကိုထွန်းရင် ခင်ဗျားလည်း ဖြစ်ပျက်မြင်အောင် ကြည့်ရုံပဲ၊ ဦးသံဒိုင် ခင်ဗျားလည်း ဖြစ်ပျက်မြင်အောင် ကြည့်ရုံပဲ၊ မကြည့်ရဘူးလား (ကြည့်ရပါမယ်)၊ ကြည့်ရင် အပြစ်ကိုသိတာပဲ (တင်ပါ)၊ ဪ ချက်ချင်းဖြစ် ချက် ချင်းပျက်၊ ချက်ချင်းဖြစ် ချက်ချင်းပျက်။ မွေးသေ ခန္ဓာပါလားလို့ ကိုယ့်ခန္ဓာကို မသိဘူးလား (သိပါတယ် ဘုရား)၊ မွေးလိုက် သေလိုက်, မွေးလိုက် သေလိုက်, မွေးလိုက် သေလိုက်ဆိုတဲ့ ခန္ဓာကိုယ်ကြီး ကိုယ့်ခန္ဓာကိုယ် သိလာတော့ သိလာလို့ရှိရင် အပြစ်သိပြီ။ မသိသေးဘူးလား (သိပါတယ်)။

သင်္ခတ၏အပြစ်ကို သိပြီ (သိပါတယ် ဘုရား)၊ အဲဒါ သင်္ခတ၊ ဒါက သိတာ၊ သင်္ခတ၏အပြစ်ကို သိလာတယ်။ ကြာတော့ သင်္ခတ မုန်းမလား၊ မမုန်းပေဘူးလား (မုန်းလာပါတယ်)၊ မုန်းလာတယ်၊ ဒါဖြင့် ခင်ဗျား ဉာဏ်တက်ပြီ။ သင်္ခတတရားတွေ ဖြစ်လိုက် မွေးလိုက်၊ မွေးလိုက် သေလိုက်နဲ့ ခင်ဗျားတို့ သင်္ခတအပြစ်တွေကို မှန်မှန်ကန်ကန် သိပါ ပြီ။ ဒါဖြင့် ဒီသင်္ခတကို ခင်ဗျားတို့ သင်္ခတနဲ့ ဒီဉာဏ်နဲ့ဟာ ခုတော့ဖြင့် သင်္ခတကို မုန်းနေပြီ (တင်ပါ)၊ ဪ သင်္ခတဆုံးမှ ကောင်းမှာပဲဆိုပြီး ဒီဉာဏ်က ရင့်မလား မရင့်ဘူးလား (ရင့်လာပါတယ်)၊ သင်္ခတဆုံးမှ ကောင်းမယ် ဆိုတော့ သင်္ခတဆုံးမှ ကောင်းမယ်ဆိုတဲ့ဉာဏ် ရင့်လာတယ်ဆိုလို့ရှိရင်ဖြင့် တဲ့၊ သင်္ခတဆိုတာ နဂိုကကိုက အသင်္ခတ ဆိုတာ အဆုံးအပိုင်း အခြားမရှိ။ သင်္ခတက အဆုံးအပိုင်းအခြားရှိတယ် (တင်ပါ)။

ဖြစ်ပျက်ပဲရှိတယ်

သင်္ခတ လက္ခဏာတို့ဟာ “ဥပ္ပါဒေါပိ ပညာယတိ၊ ဝယောပိ ပညာယတိ”ဆိုတဲ့အတိုင်းပဲ ဖြစ်ခြင်းဟာလည်း သင်္ခတ၊ ပျက်ခြင်းဟာလည်း သင်္ခတ။ ဒီဖြစ်ပျက် မရှိတာကျတော့ အသင်္ခတ။ ဖြစ်ပျက်ရှိတာက သင်္ခတ (သင်္ခတပါ)၊ “ဥပ္ပါဒေါပိ ပညာယတိ၊ ဝယောပိ ပညာယတိ” ဥပ္ပါဒေါပိ-ဖြစ်ခြင်းသည်လည်း။ ပညာယတိ-ထင်ရှား၏။ သင်္ခတဿ- သင်္ခတတရား၏။ ဥပ္ပါဒေါပိ-ဖြစ်ခြင်းသည်လည်း။ ပညာယတိ-ဟောဒီဉာဏ်နဲ့ ကြည့်ရင် ထင်ရှားတယ်။ ဝယောပိ- ပျက်ခြင်းသည်လည်း။ ပညာယတိ-ဟောဒီဉာဏ်နဲ့ ကြည့်ရင် ထင်ရှားတယ်။ သင်္ခတလက္ခဏာရော ဘာရှိသတုံးလို့ မေးလို့ရှိရင် ဖြစ်ပျက်ပဲရှိတယ်၊ အဲဒါသာ ကြည့်ပေးပါ၊ ဒါကြည့်ပေးပါ၊ သင်္ခတလက္ခဏာကို မြင်လာလိမ့်မယ်။ ဪ ဖြစ်ခြင်း ပျက်ခြင်းဟာ သင်္ခတကိုး။ ကဲ ဦးသံဒိုင် သိပြီလား (မှန်ပါ)။

ဒါက အခုတော့ အပြောသိပေါ့လေ ခင်ဗျားအိမ်ကျတဲ့အခါမှာ ထိုင်ကြည့်တဲ့အခါ သင်္ခတတွေက ပြော ပါလိမ့်မယ် ဥပ္ပါဒေါ ပညာယတိ (တင်ပါ)၊ ဥပ္ပါဒေါ-ဖြစ်ခြင်းသည်။ ပညာယတိ-ခင်ဗျား ဟောဒီဉာဏ်ထဲမှာ ထင်ရှား၏ (တင်ပါ)၊ ဝယော-ပျက်ခြင်းသည်။ ပညာယတိ-ခင်ဗျားတို့ဉာဏ်ထဲ၌ ထင်ရှား၏ (တင်ပါ)၊ ဒါ သင်္ခတ လက္ခဏာမို့ ထင်ရှားတာ (တင်ပါ)၊ ဒါဖြင့် သင်္ခတလက္ခဏာသည် ဖြစ်ပျက်၊ ဖြစ်ပျက် ကြည့်ပေး ကြည့်ပေး၊ ဒကာ ဒကာမတွေ စိုက်စိုက် စိုက်စိုက်ပြီးကြည့်ပေး။ နောက်ဆုံးတော့ ဖြစ်ပျက်ကြည့်ပေးဆိုတာပဲ၊ ခင်ဗျားတို့က စာလေး ပေလေးနဲ့မို့ “ဥပ္ပါဒေါ ပညာယတိ ဝယော ပညာယတိ” ပြောနေတာကိုး။

ဒီ့ပြင်လူကျတော့ မပြောတော့ဘူး ဟေ့ ဖြစ်တာနဲ့ ပျက်တာကြည့် ဖြစ်တာနဲ့ ပျက်တာ ကြည့်နေ။ ဖြစ် တာနဲ့ ပျက်တာကြည့်နေဆိုတော့ ပါဠိတော်နဲ့ ကိုက်နေပြီ (တင်ပါ)၊ ကောင်းပြီ ကြည့်ပါများလာလို့ရှိရင် သင်္ခတ တွေ ဦးသံဒိုင် ဘာဖြစ်လာမတုံး (မုန်းလာမယ်)၊ မုန်းလာမယ်ဆိုလို့ရှိရင်ဖြင့် ခင်ဗျားတို့ သင်္ခတနယ်ထဲမှာ နေချင်သေး သလား မနေချင်ဘူးလား (မနေချင်ပါ ဘုရား)၊ မနေချင်တော့ ဟောဒီသင်္ခတတွေ ဆုံးသွားတယ်။ သင်္ခတဆုံးသွား တော့ ဥပ္ပါဒလည်း မရှိဘူး၊ ဝယရော (ဝယလည်း မရှိတော့ပါ)၊ ဥပ္ပါဒဝယမရှိတာ ခင်ဗျားတို့ကလည်း မနေချင်လို့။ သူ့ကိုယ်တိုင်ကလည်း သင်္ခတကလည်း အဆုံးရှိလို့ဆုံးတာ (တင်ပါ)၊ ဆုံးသွားတော့ ဒီနေရာမာ အသင်္ခတက အစား မထိုးဘူးလား ထိုးသလား (ထိုးပါတယ် ဘုရား)။

နိဗ္ဗာန်မြင်ပုံ

ဒါဖြင့် အသင်္ခတဓာတ်၊ အသင်္ခတလက္ခဏာကို ငါဘုရား ဟောပြပါဦးမယ်ကွာ။ မင်းတို့ နိဗ္ဗာန်မြင်ပုံ မရှင်းဘဲနေမှာ ငါစိုးပါတယ် (တင်ပါ)၊ နိဗ္ဗာန်မမြင်မှာကို ငါစိုးရိမ်ပါတယ်တဲ့၊ အသင်္ခတဿ-အသင်္ခတဟူသော နိဗ္ဗာန် ၏ (ဝါ) အသင်္ခတလက္ခဏာ၏ (ဝါ) အသင်္ခတလက္ခဏာတို့မည်သည်ကား ဥပ္ပါဒေါ နပညာယတိ-ဖြစ်ခြင်းကိုလည်း မင်းမမြင်တော့ဘူး။ ဝယော န ပညာယတိ-အပျက်ကိုလည်း မင်းမမြင်တော့ဘူး။ ကဲ ဖြစ်ခြင်း ပျက်ခြင်းကို မင်းမမြင်တော့ဘူး တဲ့။ ဖြစ်ခြင်း ပျက်ခြင်းမရှိတာ ဘာခေါ်ကြမလဲ (အသင်္ခတ)၊ အသင်္ခတဓာတ် နိဗ္ဗာန်ပဲ။ တိုတိုပြော နိဗ္ဗာန်ပဲ၊ သင်္ခတနဲ့ ဆက်ပေးရင် အသင်္ခတ။

ဒါဖြင့် သင်္ခတနယ် ခင်ဗျားဆုံးအောင်လိုက် လိုက်လို့ရှိရင် အသင်္ခတ မတွေ့ရဘူးလား တွေ့ရမလား (တွေ့ရပါတယ်)၊ ဒါဖြင့် အသင်္ခတက နိဗ္ဗာန်၊ တွေ့တာက မဂ်ဉာဏ် ဖြစ်မယ်၊ မဂ်ဉာဏ်ဖြစ်သွားတဲ့အခါကျတော့ နိရောဓသစ္စာနဲ့ မဂ္ဂသစ္စာ ခင်ဗျားတို့ ကိုယ်ပိုင်ဖြစ်အောင် အလုပ်လုပ်ရုံ ပဲ မဟုတ်ဘူးလား (တင်ပါ)၊ အဲဒီတော့ ဒီဘက်က ဆီခန်းတဲ့အလုပ်၊ မီးစာကုန်တဲ့အလုပ်ဟာ သူ့အလိုလို ပြီးတယ် မဟုတ်ဘူးလား။ ဆီခန်းတာရော ကျုပ်တို့မှာ နောက်ထပ် မထည့်တော့ ခန်းရတော့မှာပဲ။ ကျုပ်တို့မှာ နောက်ထပ် မထည့်တော့ နောက်မီးပုံကြီးရော တောက်စရာ ရှိသေးသလား (မရှိပါ ဘုရား)။

မီးစာ ကျုပ်တို့က လဲပေးသေးသလား။ ဒါဖြင့် နောက်ထပ် ဆီလည်း မထည့် (မီးစာလည်း မလဲ)၊ နောက်ထပ် မီးစာလည်း မလဲတော့ကို သမုဒယနဲ့ဒုက္ခ ချုပ်တယ်။ မချုပ်ဘူးလား (ချုပ်ပါတယ် ဘုရား)။ ဒါဖြင့် ဘယ့်နှယ်ကြောင့် တုံးဆိုတော့ သူက အသင်္ခတအာရုံပြုတယ် (တင်ပါ)၊ ဟော အသွားအပြန် ဟောရမယ်။ အသင်္ခတလက္ခဏာကို ဒီက မဂ်နဲ့ မြင်နေလို့ ရှင်းပြီ။ အသင်္ခတလက္ခဏာကို ဒီကမဂ်နဲ့ မြင်နေတဲ့အတွက် ဆီခန်း၍ မီးစာကုန်တယ်။ သဘောကျ ပြီလား။ ဘယ်လိုသဘောကျတာလဲ (ဆီခန်းလို့ မီးစာကုန်တာ)၊ ဆီခန်းလို့ မီးစာကုန်တာ၊ ဆီခန်းလို့ မီးစာကုန် တာ ကုန်ချင်လို့ ကုန်ရတာလား ဒီက အသင်္ခတ မြင်လို့လား (မြင်လို့ပါ ဘုရား)။

ဖြစ်မှု ပျက်မှုမရှိတာက နိဗ္ဗာန်

ဒါဖြင့် “ဥပ္ပါဒေါ နပညာယတိ၊ ဝယော နပညာယတိ” ဥပ္ပါဒေါ-ဖြစ်ခြင်းသည်။ နပညာယတိ-ရှုရင်းမတ္တနဲ့ မထင်လာဘူး ကွ။ ရှုရင်းမတ္တနဲ့ ရှုနေရင်းနဲ့။ ဝယော-ပျက်မှုကလေးသည်၊ နပညာယတိ၊ မထင်လာဘူး ကွ။ အဲဒါ ဘာတုံး ကွဆိုတော့ အသင်္ခတဿ-အသင်္ခတဟူသော နိဗ္ဗာန်၏။ အသင်္ခတလက္ခဏာနိ-အသင်္ခတလက္ခဏာ တို့သည်။ ဟောန္တိ-ဖြစ်ကုန်၏ ဆိုတော့ ဪ အသင်္ခတလက္ခဏာဆိုတာဖြစ်ခြင်း၊ ပျက်ခြင်းမရှိတာဆိုတာ ကိုး။ ဒါဖြင့် နိဗ္ဗာန်အကြောင်းပေါ်ရောပေါ့ (ပေါ်ပါပြီ)၊ မပေါ်သေးဘူးလား (ပေါ်ပါတယ်)၊ နိဗ္ဗာန်ဆိုတာ ဖြစ်မှု၊ ပျက်မှုမရှိဘူး (တင်ပါ)၊ သဘောကျပြီလား (ကျပါပြီ)။

ဒါဖြင့် ဖြစ်မှု ပျက်မှုမရှိတာက နိဗ္ဗာန် ဖြစ်မှုပျက်မှု မရှိတာကို မြင်နေတာက မဂ်ဉာဏ်။ ဒါဖြင့် ဖြစ်မှု ပျက်မှု မရှိတာက ကိုထွန်းရင် ဘယ့်နှယ်ဆိုမလဲ (နိဗ္ဗာန်)၊ အဲဒါမြင်နေတာက (မဂ်ဉာဏ်)၊ သဘောကျပြီလား (ကျပါ ပြီ)၊ အဲဒီရှေ့ပိုင်းက သစ္စာနှစ်ခုဖြစ်သွားလို့ရှိရင် နောက်ပိုင်းသစ္စာနှစ်ခုကို မြင်သွားတယ်လို့ ဆိုရမယ်။ မဆိုရသေး ဘူးလား (ဆိုရပါတယ်)၊ ဒါဖြင့် ခင်ဗျားတို့မှာ အဿာဒဖြစ်လို့ရှိရင် သမုဒယနဲ့ ဒုက္ခဖြစ်မယ်။ အာဒီနဝဖြစ်ခဲ့ လို့ရှိရင် နိရောဓနဲ့မဂ္ဂ ဖြစ်မယ်။ ခန္ဓာငါးပါးကို သာယာမိလို့ရှိရင်ဖြင့် သမုဒယနဲ့ဒုက္ခ ဖြစ်မယ်၊ ဟုတ်လား။ ခန္ဓာ ငါးပါးကို အပြစ်စပြီး ရှုနိုင်လို့ရှိရင် နိရောဓနဲ့ မဂ္ဂဖြစ်မယ်။ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ပြန်ပြောပါဦး ဒီခန္ဓာငါးပါးကို သာယာခဲ့လို့ရှိရင် သမုဒယနဲ့ ဒုက္ခဖြစ်မယ် (သမုဒယလည်း ဖြစ်မယ်, ဒုက္ခလည်း ဖြစ်မယ်)၊ လက်ရှိ ခန္ဓာငါးပါးကို အပြစ်ရှုနိုင်လို့ရှိရင် နိရောဓနဲ့ မဂ္ဂဖြစ်မယ်။ သစ္စာလည်း လေးပါးမကိုက် ဘူးလား (ကိုက်ပါတယ်)၊ ပယ်သစ္စာလည်း ပယ်တာပဲ၊ ပိုင်သစ္စာလည်း ပိုင်တာပဲ၊ ဒီက ပယ်သစ္စာနှစ်ခု။ ဒီက ပိုင် သစ္စာနှစ်ခု။ ပိုင်ဆိုင်တာ မဂ္ဂ၊ ဟိုထဲရောက်လို့ နိရောဓဉာဏ်ထဲမှာ မြင်လာတယ်၊ ကိုယ်ပိုင်သစ္စာနှစ်ခု။ ဒါဖြင့် ခြေကန် တဲ့ သစ္စာနှစ်ခု။ ပွေ့ပိုက်ထားတဲ့ သစ္စာနှစ်ခု။ သဘောပါပလား။ ခြေကန်တဲ့သစ္စာက နှစ်ခု။ ခြေနဲ့ကန်တဲ့သစ္စာ ကန်ထုတ်၊ သမုဒယနဲ့ ဒုက္ခကန်ထုတ်။ သမုဒယသစ္စာကို ပယ်လိုက်ရင် အနာဂတ်ဘဝမှာ နောက်ထပ် ဒုက္ခသစ္စာ ခန္ဓာ ပြန်လာတော့မှာမဟုတ်လို့ ဒုက္ခသစ္စာကိုလည်း ပယ်တယ်လို့ ပြောနိုင်တယ်။ ဒါကြောင့် ဒုက္ခသစ္စာကိုလည်း ပယ်သစ္စာလို့ ပြောနိုင်တယ်။ ပွေ့ပိုက်တဲ့သစ္စာဆိုတော့ ဒီဟာကိုပဲ ခင်ဗျားတို့ အာရုံမပြုဘဲ မနေနိုင်ဘူး။ ဒါကို ဝမ်း ထဲမှာ မထားဘဲ မနေနိုင်ဘူး။ နေနိုင်သေးရဲ့လား (မနေနိုင်ပါ ဘုရား)။

အဲဒါကြောင့် သစ္စာလေးပါး “သစ္စဝိနိမုတ္တော ဓမ္မောနာမ နတ္ထိ”လို့ ဟောတော့သာ ပရိယာယ်အားဖြင့် အမျိုး မျိုး တန်ဆာဆင် ဟောတယ်။ အပြီးသတ်တော့ သစ္စာလေးပါးပိုင်အောင် ဟောနိုင်တဲ့ ဆရာမှ ခင်ဗျားတို့ မူမှန်ဆရာ လို့မှတ်။ နို့မဟုတ်ရင် မှန်ကို မမှန်သေးဘူး။ ဒီဝတ္ထုဆုံးသွားပြီ။ သစ္စာလေးပါးလည်း မပေါ်လာဘူးဆိုရင် မဟုတ်သေး ဘူး ရှင်းပြီလား (မှန်ပါ)၊ သူမပါရင် အလုပ်မပါဘူး၊ အလုပ်ပါရဲ့လား (မပါပါ)၊ မပါတော့ဘူး၊ ရှင်းကြရဲ့လား၊

သင်္ခတခန္ဓာကိုယ်

ဒါဖြင့် ဒီသင်္ခတ ပထမသင်္ခတကို အာရုံမပြုဘဲနဲ့ ဦးသံဒိုင် အသင်္ခတ တွေ့နိုင်ပါ့မလား မေးလိုက်တယ်၊ မတွေ့နိုင်ရင် ခင်ဗျားခန္ဓာကိုယ်က ဘာခန္ဓာကိုယ်တုံး တဲ့၊ အခုရှိနေတဲ့ ခန္ဓာကိုယ်က (သင်္ခတ) သင်္ခတခန္ဓာကိုယ်ပဲ တဲ့၊ ကျုပ် ရှင်းပြမယ်။ ခန္ဓာငါးပါးကို ကံ၊ စိတ်၊ ဥတု၊ အာဟာရက လုပ်ထားလို့ သင်္ခတခန္ဓာကိုယ်ပဲ။ သူတို့လေးခု မလုပ်ရင် ဒီငါးပါးပေါ်ပါ့မလား (မပေါ်ပါ)၊ သူတို့ကံ၊ စိတ်၊ ဥတု၊ အာဟာရလေးခုက မလုပ်လို့ရှိရင် ဒီခန္ဓာငါးပါး ပေါ်ပါ့မလား (မပေါ်ပါ ဘုရား)။

အာရုံဒွါရက မလုပ်ဘူးဆိုလို့ရှိရင် ဒီနာမက္ခန္ဓာလေးပါး ပေါ်ပါ့မလား (မပေါ်ပါ)၊ ဒါဖြင့် ဒီရုပ်ကြီးဟာ သင်္ခတ ဟုတ်-မဟုတ် (ဟုတ်ပါတယ်)၊ မဟုတ်ဘူးလား။ ရုပ်မှာတော့ ကံ၊ စိတ်၊ ဥတု၊ အာဟာရက လုပ်တယ်- ဟော ဒီ ရူပက္ခန္ဓာ။ ဟော နာမက္ခန္ဓာ လေးပါးကျတော့ အာရုံ ဒွါရက လုပ်တယ်ဆိုရင် လွဲပါ့မလား။ ဒါဖြင့် ရုပ် မှာတော့ ရူပက္ခန္ဓာမှာတော့ ကံ၊ စိတ်၊ ဥတု၊ အာဟာရဟုတ်လား။ နာမက္ခန္ဓာ လေးပါးကျတော့ အာရုံ၊ ဒွါရ၊ အာရုံ ဒွါရက လုပ်ခြင်းကြောင့် သူ သင်္ခတပဲ။ သူ ကံ၊ စိတ်၊ ဥတု၊ အာဟာရနဲ့ လုပ်ထားတဲ့ ရူပက္ခန္ဓာကရော (သင်္ခတပါ)၊ သင်္ခတလက္ခဏာ ခင်ဗျားတို့မှာ မရှိဘူး၊ သင်္ခတဆိုတာက အစက သိသိတာပဲ၊ သူ့လက္ခဏာကို သိဖို့ အရေးကြီးတယ်။ ပထမသင်္ခတကို သိပြီးတော့မှ သင်္ခတ၏လက္ခဏာကို သိရမယ်။

ခုနင်က ရုပ်မှာအကြောင်း ဘယ်နှစ်ပါးကြောင့် ဖြစ်သလဲ (အကြောင်းလေးပါးကြောင့် ဖြစ်ပါတယ်)၊ ဒီနာမ က္ခန္ဓာ လေးပါးမှာတော့ အကြောင်းနှစ်ပါးကြောင့်ဖြစ်တယ် အာရုံ၊ ဒွါရ။ ဒီတော့ ဪ ဒီတရားတွေဟာ သူများ ပြုပြင်ထားလို့ဖြစ်တဲ့ ရုပ်နာမ်တရားပဲလို့ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ်)၊ ဒါဖြင့် သူသင်္ခတလား၊ အသင်္ခတ တရား လား (သင်္ခတပါ)၊ အဲ သင်္ခတပဲ။ သင်္ခတတော့ သိပြီ၊

သင်္ခတ၏ လက္ခဏာ

သို့သော် သင်္ခတ၏ လက္ခဏာကို ခင်ဗျားတို့က မသိသေးဘူး။ သင်္ခတတော့ သိပြီ၊ ဪ ဆရာဘုန်းကြီး ပြောလိုက်တယ်၊ ကိုယ်လည်း နဂိုက ရိပ်မိတယ်။ ရုပ်တည်းဟူသော တရား သူများပြုပြင်ထားလို့ဖြစ်တာ (မှန်ပါ)၊ နာမ်တည်းဟူသော နာမက္ခန္ဓာလေးပါးတို့သည်လည်း သူများဆိုတဲ့ နှစ်ပါးပြုပြင်ထားလို့ ဖြစ်တော့ သင်္ခတတော့ မသိပေဘူးလား။ ဒါဖြင့် ဒီတရားသာ သင်္ခတတရား။ ရှင်းပြီလား (ရှင်း ပါပြီ)။ ဦးသံဒိုင်ကလည်း သိပြီ။ ကိုထွန်းရင် သင်္ခတလက္ခဏာ သိဖို့ လိုသေးတယ်ကွ၊ သင်္ခတ သိတာ တခြား၊ သင်္ခတ လက္ခဏာ သိတာက တခြား။ မဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား)။

ဒီလူသိတာက တခြား။ လူ၏လက္ခဏာသိတာက တခြား။ လူဆိုတာကတော့ ပခုံးနှစ်ဖက်ကြား ခေါင်းပေါက် တာက လူ။ လူ့လက္ခဏာကတော့ ဒီထဲမှာ တခြားရှိတယ်။ တစ်ယောက်နဲ့တစ်ယောက် မတူဘူး (တင်ပါ)၊ တူပါ့မလား (မတူပါ ဘုရား)၊ လူသိတာက တခြား၊ လူ့လက္ခဏာသိတာက တခြား (တခြားပါ)၊ ဒီမှာ သင်္ခတသိတာက တခြား၊ သင်္ခတလက္ခဏ သိတာက တခြား၊ ဒါဖြင့် အခု သင်္ခတ သိပြီ၊ မသိသေးဘူးလား (သိပါတယ်)၊ ပြန်တစ်ခေါက် ပြော လိုက်မယ် သုံးခေါက်ပြည့်အောင်။ ဒီတရားက သင်္ခတတရားလို့ဆိုရင် ဘယ်သူ ပြုပြင်ထားတာလဲလို့မေးရင် ရူပက္ခန္ဓာ ဟာ ကံ၊ စိတ်၊ ဥတု၊ အာဟာရ (မှန်ပါ)၊ ဟင်- ကံ၊ စိတ်၊ ဥတု၊ အာဟာရသည်ပင် ပြုပြင်ထားခြင်းကြောင့် ရုပ်လက္ခဏာ မပေါ်ဘူးလား (ပေါ်ပါတယ်)၊ ဒါဖြင့် သူဘာတရားခေါ်မလဲ (သင်္ခတပါ)၊ ဒီ နာမက္ခန္ဓာလေးပါးတော့ ဘယ်နာမက္ခန္ဓာ လေးပါးမဆို အာရုံဒွါရက မပြုပြင်ရင် ပေါ်ပါ့မလား (မပေါ်ပါ)၊ မပေါ်လို့ရှိရင် သူ့ ဘာတရားခေါ်မလဲ (သင်္ခတ ပါ)၊ အင်း သင်္ခတကို ခင်ဗျားတို့ သိပြီ။ ဘုန်းကြီး ကျေနပ်ပါပြီ။ သို့သော် နိဗ္ဗာန်ရောက်ဖို့က သင်္ခတသိရုံနဲ့ ရောက်မှာလား သင်္ခတလက္ခဏာသိမှ ရောက်မှာလား (သင်္ခတလက္ခဏာသိမှ ရောက်မှာပါ)၊ အဲ သင်္ခတလက္ခဏာ သိမှ ရောက်မှာဆိုတော့-

ဒါကြောင့် ဟိုဟာက သင်္ခတသိတာက ဉာတပရိညာ သင်္ခတလက္ခဏာသိတာက တီရဏပရိညာဆိုတော့ လုပ်ရဦးမယ်။ အဲဒီတော့ “သင်္ခတဿ သင်္ခတလက္ခဏာနိ”လို့ အဂိုတ္တိုရ် ပါဠိတော်မှာ ဘုရားကိုယ်တော်တိုင် ဟောထားတာက “ဥပ္ပါဒေါ ပညာယတိ၊ ဝယော ပညာယတိ” မင်းမြင်အောင်ကြည့်ဦး၊ ဥပ္ပါဒနဲ့ ဝယ မင်းမြင်အောင် ကြည့်ဦး (ဟုတ်ပါတယ်)၊ ဖြစ်ပျက်တွေ မြင်အောင်ကြည့်ဦး (မှန်ပါ)၊ ဒါမှ သင်္ခတလက္ခဏာက သွားမြင်တယ်။ ရှင်း ပြီလား (ရှင်းပါပြီ)၊ ဒါဖြင့် သင်္ခတလက္ခဏာက ဘယ်လက္ခဏာရှိသလဲ။ ဖြစ်တတ်ပျက်တတ်တဲ့ လက္ခဏာရှိတယ် (တင်ပါဘုရား)။

ဖြစ်တတ်ပျက်တတ်တဲ့ လက္ခဏာ

ဒါဖြင့် ခင်ဗျားတို့ကြိုက်တဲ့ ကမ္မဋ္ဌာန်းတစ်ခုခုကို ဖြစ်တယ်။ ပျက်တယ် မြင်အောင် ကြည့်ပါဦး။ မကြည့်ရ ဘူးလား (ကြည့်ရပါတယ်)၊ ကြည့်ရတော့ ဖြစ်တာနဲ့ပျက်တာ၊ ဖြစ်တာနဲ့ ပျက်တာပဲလို့ ဦးသံဒိုင်က မြင်မြင်။ ဦးထွန်း ရင်က မြင်မြင်။ ဒါ ဟန်ကျပြီ၊ ဒါပဲရှု။ ဝိပဿနာမဂ်က မြင်တာ၊ ဒီ့ပြင်မဂ်က မြင်တာမဟုတ်ဘူး (မှန်ပါ)၊ သင်္ခတ လက္ခဏာမြင်တာ ဘယ်သူက မြင်တာတုံး (ဝိပဿနာမဂ်က မြင်တာပါ)၊ ဝိပဿနာမဂ်က မြင်ပြီ၊ မြင်အောင် ကြိုးစား ရှု။ မြင်အောင် ကြိုးစားရှု။ ဆရာဘုန်းကြီးက မြင်အောင် ကြိုးစားရှုလို့ သင်္ခတလက္ခဏာတွေကို ကြပ်ကြပ်ကြည့်ပေး ပါ။ သင်္ခတလက္ခဏာတွေကို ကြပ်ကြပ်ကြည့်ပေးရင် သင်္ခတလက္ခဏာဟာ ရှုပေးရင် သင်္ဂြိုဟ်က သင်္ခတပြတာ၊ သင်္ခတ လက္ခဏာပြတာ မဟုတ်ဘူး (တင်ပါ)၊ ရုပ်က ကံ၊ စိတ်၊ ဥတု၊ အာဟာရကြောင့် ဖြစ်တယ်ဆိုတာ သင်္ခတသာ ပြတာ။ နာမ်က အာရုံဒွါရကြောင့် ဖြစ်တယ်ဆိုရင် သင်္ခတပြတာ။

သင်္ခတလက္ခဏာကျတော့ကို တဲ့၊ အချို့ကျမ်းတွေမှာ ပြတာက သင်္ခတလက္ခဏာက “ဥပ္ပါဒေါ ပညာယတိ၊ ဝယော ပညာယတိ”ကို မြင်အောင်ကြည့်ကွ။ ရှင်းပြီလား (ရှင်းပါပြီ)၊ ဒါဖြင့် ခင်ဗျားတို့ ခန္ဓာကိုယ်မှာ ဘာမြင်အောင် ကြည့်ရမလဲတဲ့ (သင်္ခတကို မြင်အောင် ကြည့်ရပါမယ်)၊ အင်း သင်္ခတလက္ခဏာ မြင်အောင်ကြည့်ရမယ်၊ လက္ခဏာ မြင်အောင် ကြည့်ရမယ် တဲ့။ လက္ခဏာမြင်အောင် ကြည့်တဲ့အခါကျတော့မှ လက္ခဏာမြင်အောင် ကြည့်တော့ ဘုန်းကြီးက အကျဉ်းချုံးဟောထားတာ၊ ဖြစ်ပျက်မြင်အောင်ကြည့် (မှန်ပါ)၊ မုန်းအောင်ကြည့် ၊ ဆုံးအောင်ကြည့်။ သင်္ခတလက္ခဏာ ကုန်သွားတာပေါ့။ ဆုံးတော့ သင်္ခတလက္ခဏာ မကုန်သေးဘူးလား (မှန်ပါ)၊ သင်္ခတလက္ခဏာ ကုန် လို့ရှိရင် ဘယ်သူ အစားထိုးမတုံး တဲ့၊ အသင်္ခတလက္ခဏာပေါ်ရမယ်။ ရှင်းရဲ့လား။ သင်္ခတလက္ခဏာ ကုန်သွားပြီ၊ ခင်ဗျားတို့က သင်္ခတဆိုလို့ရှိရင် မုန်းပြီ ၊ ဆုံးပြီ ဆိုတော့ ဒီမဂ္ဂင်ရှစ်ပါးဖြစ်ပြီး အသင်္ခတလက္ခဏာ မမြင်ဘူးလား (မြင်ပါတယ် ဘုရား)။

အသင်္ခတလက္ခဏာက ဘာတုံး

အသင်္ခတလက္ခဏာက ဘာတုံးလို့ မေးတော့ ဘုရားက မင်းနိဗ္ဗာန်မြင်တာ မမြင်တာ မင်းမရှင်းဘဲ နေမှာ စိုးတဲ့အတွက် “ဥပ္ပါဒေါ နပညာယတိ” ဥပ္ပါဒေါ-ဖြစ်ခြင်းသည်၊ နပညာယတိ-မင်းဉာဏ်ထဲ မထင်ဘူးကွ။ ဝယော- ပျက်ခြင်းသည်။ နပညာယတိ-မင်းဉာဏ်ထဲ မထင်ဘူးကွ။ ဖြစ်ခြင်းပျက်ခြင်း မထင်လို့ရှိရင် အဲဒါ နိဗ္ဗာန်မြင်တယ်လို့ မှတ်။ ပေါ်ပြီလား ၊ ဖြစ်ခြင်းပျက်ခြင်း မမြင်ရင် (နိဗ္ဗာန်)၊ ဖြစ်ခြင်း၊ ပျက်ခြင်း မြင်ရင် သင်္ခတ မြင်ရမယ်။ ဖြစ်ခြင်း ပျက်ခြင်း မမြင်တော့ပါဘူးဆိုရင် (နိဗ္ဗာန်ပဲ)၊ အသင်္ခတနယ်။ ခင်ဗျားတို့က သင်္ခတကနေပြီး ဆုံးအောင်လိုက် မှ အသင်္ခတ ရောက်မယ်။ သဘောကျပြီလား (ကျပါတယ်)၊ သင်္ခတဆုံးရင် (အသင်္ခတ)၊ သင်္ခတဆုံးအောင် ဟိုဉာဏ်နဲ့ ရှေ့နောက် လိုက်လိုက်လို့ရှိရင် သုံးချက်မြောက်ကျတော့ အသင်္ခတမြင်တဲ့ဉာဏ် လာမယ် မဂ်ဉာဏ်လာမယ်။

ဒါဖြင့် ယထာဘူတဉာဏ်နဲ့ နိဗ္ဗိန္ဒဉာဏ်ဟာ သင်္ခတနယ်ပဲ၊ မဆိုနိုင်ဘူးလား ဆိုနိုင်သလား (ဆိုနိုင်ပါတယ်)၊ မဂ်ဉာဏ်က အသင်္ခတနယ် (ဆိုနိုင်ပါတယ်)၊ အသင်္ခတနိဗ္ဗာန်ကို မြင်တယ်ဆိုတော့ ဪ ဒါဖြင့် သင်္ခတသိပြီး သင်္ခတလက္ခဏာ သိရင်တို့သည် သစ္စာနှစ်ပါး ကိုယ်တိုင်ရတယ်။ သစ္စာနှစ်ပါးတို့နဲ့ အိုးစားကွဲတယ် မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ်)၊ ဒီဘက်က သမုဒယသစ္စာနဲ့ ဒီဘက်က ဒုက္ခသစ္စာနဲ့ အိုးစားကွဲတယ်၊ ဒီဘက်က နိရောဓသစ္စာနဲ့ ဒီဘက်က မဂ္ဂသစ္စာနဲ့ ကိုယ်ပိုင်လာဖြစ်တယ်။ မဖြစ်လာဘူးလား (ဖြစ်လာပါတယ်)၊ ဒီလိုဆိုလို့ရှိရင် ခင်ဗျားတို့ မှာ ကမ္မဋ္ဌာန်းသာ လမ်းဆုံးအောင် သင်လွှတ်လိုက်သည်လို့ အောက်မေ့ပါ။ ရှင်းပြီလား (ရှင်းပါပြီ)၊ ကိုင်း နာရီ စေ့ပြီ၊ တော်ကြဦးစို့နော်။

သာဓု သာဓု သာဓု ။