အနာထပိဏ္ဍိကောဝါဒသုတ် တရားတော်
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
အမရပူရမြို့၊ မင်္ဂလာရိပ်သာဓမ္မာရုံကြီးပေါ်တွင်
ဟောကြားဆုံးမတော်မူသော
အနာထပိဏ္ဍိကောဝါဒသုတ် တရားတော်
(ဥပရိပဏ္ဏာသပါဠိ၊ အနာထပိဏ္ဍိကောဝါဒသုတ်၊ နှာ-၃၀၁။)
အနာထပိဏ်သူဌေးကြီး
အနာထပိဏ်သူဌေးကြီးက တစ်နေ့ ကျောင်းသုံးခေါက် ရောက်တယ်။ သူ နှစ်ပေါင်းလေးဆယ်လောက် ဘုရား ကျောင်းတော်ကို တစ်နေ့လျှင် သုံးခေါက်၊ သုံးခေါက် ရောက်တယ်။ အလှူအတန်း သိပ်ရက်ရောပါတယ်။ သူ့ဝတ္ထု အတိုင်းသာ မှတ်လိုက်တော့၊ ရှင်းမနေတော့ဘူး။ တစ်နေ့သ၌ မမာဘူး။ မမာဘဲ ဖြစ်နေတယ်။ မမာပဲ ဖြစ်လာ တဲ့အခါမှာ ဒါလည်း ဥပရိပဏ္ဏာသပါဠိတော်လို့ မှတ်ပါနော်။ ပါဠိတော်ချည်း ဟောနေတယ်။ အဋ္ဌကထာဆိုလို့ရှိရင် ဘုန်းကြီးတို့က သာမည အင်မတန် အလိုရှိမှသာ ယူကြည့်တယ်။ ဘုရားဟောကိုသာ ကြိုက်တယ်။
အဲဒီ အနာထပိဏ်သူဌေးကြီးက တစ်နေ့ တစ်နေ့မှာ ကျောင်းနှစ်ခေါက်နဲ့ သုံးခေါက် နေ့တိုင်းသွားတဲ့အတွက် ကျောင်းဆောက်ပြီးကတည်းက သွားတဲ့ဥစ္စာ မနက်သွားလည်း ယာဂု။ နေ့လယ်သွားလည်း အထဲထဲ ရှုပ်ရှုပ်ပွပွ မြင် ရင်ရှင်း။ ညနေသွားလည်း ပန်း၊ ဖယောင်းတိုင်နဲ့။ ဘာမှ အိမ်မှာမရှိရင် သဲတွေ၊ ကျောက်ခဲတွေ ယူသွားပြီး ကျောင်းဝိုင်းထဲမှာ မြေညှိတယ်။
နောက် ဘုရားဆီလည်း ဝင်တာပဲ၊ အရှင်သာရိပုတ္တရာတို့ အရှင်မောဂ္ဂလာန်တို့ဆီလည်း ဝင်တာပဲ။ ဝင်ပေ မယ့် သူ့ဥစ္စာက သဒ္ဓါစရိုက် အားကြီးနေတဲ့ပုဂ္ဂိုလ်၊ သဒ္ဓါတရားကောင်းဖို့ချည်း ဟောနေတယ်။ သောတာပန်ကတော့ ဘုရားနဲ့ တွေ့ကတည်းက တည်နေပါတယ်ဆိုတော့ သဒ္ဓါနုသာရီ-သဒ္ဓါတရားသန်တဲ့ပုဂ္ဂိုလ်။ သဒ္ဓါပြီး လှူဒါန်းပေးကမ်း နေတဲ့အလုပ်ဟာ ဘုရားတို့၏ အလုပ်၊ ဘုရားအလောင်းတို့၏ အလုပ်လို့ ဘုရားက ချီးမြှောက်တယ်။ သူ့သဒ္ဓါတရား တိုးအောင်လို့သာ ဟောနေတာ။ ဒါတွေချည်း ဟောရမယ်။ နှစ်ပေါင်းလေးဆယ် ကျော်တယ်။ နှစ်ပေါင်းလေးဆယ် ကျော်အတွင်း ဒါတွေချည်း ဟောနေတယ်။
တစ်နေ့သ၌ကျတော့ အနာထပိဏ်သူဌေးကြီးက မမာဘူး။ မမာတော့ သူ့အနားက အစေခံတစ်ယောက်ကို လွှတ်လိုက်တယ်။ သွား ဘုရားဆီကို သွားပြီးလျှောက်ပါ။ အနာထပိဏ်သူဌေးကြီး ကျောင်းလည်း မလာနိုင်ဘူး ဝေဒနာရှိတဲ့အတွက်၊ အဲဒီလို ဘုရားကို ဒီအတိုင်း လျှောက်ခိုင်းတယ်။ အရှင်သာရိပုတ္တရာ အခန်းတော့ ဝင်ကွာ၊ ဝင် ပြီး အရှင်ဘုရား အိမ်ခဏကြွပေးပါဦးလျှောက်၊ သူ့လည်း ပင့်ခဲ့။ ဒီတော့ အရှင်သာရိပုတ္တရာထံက ဆင်းပြီး ပြန်လာပြီး အရှင်သာရိပုတ္တရာက သင်္ကန်းလေး ဘာလေးလဲ၊ ပြီးတော့ ညီတော်အာနန္ဒာ အနာထပိဏ်သူဌေးကြီး မမာဘူးလို့ ကြားတယ်ကွ။ လာ မင်းနဲ့ငါ အတူတူသွားကြဦးစို့ဆိုပြီး အနာထပိဏ်သူဌေးကြီးအိမ်ကို ရောက်ထိုင် ကြတယ်။ ထိုင်ကြတဲ့အခါကျတော့ အနာထပိဏ်သူဌေးကြီးကို မေးတယ်။ ပဋိသန္ဓာရ စကားများနှင့် မေးလိုက်တယ်။
ဝေဒနာ ဘယ့်နှယ်နေသတုံး
ဒကာကြီး ဝေဒနာ ဘယ့်နှယ်နေသတုံး။ ဟာ ဝေဒနာ ရှေ့တိုးတယ်။ နောက်မဆုတ်ဘူး။ သူ့ဝေဒနာ ဖြစ်ပျက်ပုံတွေကို အကုန်လျှောက်တယ်။ ဝေဒနာဖြစ်ပုံတွေကို အကုန်လျှောက်လိုက်တဲ့အခါကျတော့ အရှင်သာရိပုတ္တရာ က အကဲခတ်တယ်။ ဒီဝေဒနာဟာ စုတိစိတ်ကျမယ့် ဝေဒနာလား၊ ပျောက်ဦးမယ့် ဝေဒနာလားဆိုတာကို အကဲခတ် ကြည့်တယ်။ အကဲခတ်တော့ ပျောက်မယ့်ဝေဒနာ မဟုတ်တော့ဘူး။ ပျောက်မယ့် ဝေဒနာမဟုတ်တဲ့ အတူတူ ဒီ့ပြင် စကား အလကားပဲ။ တရားဆွေးနွေးမယ်၊ တရားသာ ဟောမှတော်မယ်။ သူ့စိတ်ထဲ ပေါ်လာတယ်။ ပေါ်လာပြီးသ ကာလ ဟောလိုက်တယ်။ ဟောဒါ။ စက္ခု၊ စက္ခုထားပါတော့လေ၊ ခန္ဓာငါးပါး အစုံတော့ ဟောတာပဲ။ သို့သော်လည်း ကျုပ်တို့ ဖြစ်ပျက်ရှုရအောင်ဆိုတော့ ခန္ဓာငါးပါး ဟောတာကို ရွေးနှုတ်ပြီး ပြောကြစို့။
ဒကာကြီး “န ရူပံ ဥပါဒိယိဿာမိ၊ န စ မေ ရူပနိဿိတံ ဝိညာဏံ ဘဝိဿတိ” ဒါကို ဟောလိုက်တယ်။ အဓိပ္ပာယ်ကတော့ ရုပ်တစ်ခုရှိတယ်။ ရုပ်ကို မစွဲလမ်းရင် ရုပ်ကိုမှီ၍ဖြစ်တဲ့ ဝိညာဏ် မဖြစ်ဘူး ဒကာကြီး၊ ဒီ ပထမ ရူပက္ခန္ဓာ မစွဲလမ်းရင် ဒီ ရူပက္ခန္ဓာကို မှီ၍ဖြစ်တဲ့ဝိညာဉ် မရဘူး၊ ရှင်းပလား (ရှင်းပါတယ် ဘုရား)၊ ပထမ ရူပက္ခန္ဓာ မစွဲလမ်းရင် ဒီရူပက္ခန္ဓာကို မှီ၍ဖြစ်တဲ့ဝိညာဉ် မရဘူး။ ပထမ ဝေဒနာက္ခန္ဓာကို ဒီက မစွဲလမ်းလို့ရှိရင် ဒီဝေဒနာက္ခန္ဓာ ကို မှီ၍ဖြစ်တဲ့ဝိညာဉ်ကို မရဘူး။ ရှေ့သင်္ခါရက္ခန္ဓာ မစွဲလမ်းလို့ရှိရင် ဒီသင်္ခါရက္ခန္ဓာကို မှီ၍ဖြစ်တဲ့ ဝိညာဉ်မရဘူး။ ဒီခန္ဓာငါးပါးကို မစွဲလမ်းရင် ဒီခန္ဓာငါးပါးကို မှီ၍ဖြစ်တဲ့ဝိညာဉ် မရဘူး။ သူ့ဟာက တော်တော်ပိုင်တယ်ဗျာ၊ မပိုင်ဘူးလား (ပိုင်ပါတယ်)၊ ရှေ့ခန္ဓာငါးပါးကို မစွဲလမ်းရင် ဘယ့်နှယ်ဆိုကြမလဲ (ရှေ့ခန္ဓာငါးပါးကို မှီ၍ဖြစ်တဲ့ဝိညာဉ် မရပါဘုရား)။
မစွဲလမ်းဆိုတဲ့ဟာက ဥပါဒါန်ချုပ်ရမယ်လို့ ပြောတာ
ဒါဖြင့် အရှင်သာရိပုတ္တရာက ဟောလိုက်တယ်၊ နောက်အာယတနတွေ ဟောတယ်။ ဒီအာယတန မစွဲ လမ်းရင် ဒီအာယတနကို မှီ၍ဖြစ်တဲ့ဝိညာဉ် မရဘူးပေါ့ဗျာ ဒီအတိုင်းသွားရုံပေါ့။ ဒီလိုချည်း ဟောလိုက်တယ်။ ဟောတော့ ဟောတာပဲ ကိုထွန်းရင်ရ၊ ဟောပေမယ့် ခင်ဗျားတို့ ကျုပ်တို့က နားလည်ဦးမှ ကောင်းတယ်။ နာနေ တော့ ကျုပ်တို့က ဒီလိုယူမယ်။ ဒါက မူလဘဝယူလိုက်၊ ဒါက အနာဂတ် ခန္ဓာငါးပါး၊ ဒါက ပစ္စုပ္ပန် ခန္ဓာငါးပါး။ ဒီဘက်က ဘာတုံး (အနာဂတ်ခန္ဓာငါးပါး)၊ သဘောကျရဲ့လား။ သူဟာ ဖြတ်တတ်တဲ့ တရား။ မစွဲလမ်းဆိုတဲ့ဥစ္စာ ပြောတော့သာ လွယ်ပါတယ်။ မစွဲလမ်းဆိုတဲ့ဟာက ဥပါဒါန်ချုပ်ရမယ်လို့ ပြောတာ၊ ဥပါဒါန်ချုပ်မှ နောက်အနာဂတ် ခန္ဓာငါးပါး မလာမှာပေါ့။ ဥပါဒါန်မချုပ်ရင် လာမှာပဲ။ ဟုတ်ပြီလား (ဟုတ်ပါတယ် ဘုရား)။
အလုပ်ခွင်သွင်းဖို့ လိုတယ်
အဲဒီတော့ စာတော့ အလွယ်ကလေးပေါ့ဗျာ။ ကျုပ်တို့က အလုပ်ခွင် ဘယ်လိုသွင်းရမလဲ၊ မေးဖို့မလိုဘူး လား။ ကျုပ်တို့က အလုပ်ခွင်သွင်းဖို့ လိုတယ်။ ကျုပ်တို့က အလုပ်ခွင် သွင်းဖို့လိုတဲ့အခါ ကျလို့ရှိရင် ဥပမာ ရူပက္ခန္ဓာရှိတယ်။ ရူပက္ခန္ဓာကို ကျုပ်တို့က အနိစ္စ လက္ခဏာ၊ ဒုက္ခ လက္ခဏာ၊ အနတ္တ လက္ခဏာ၊ ဒုက္ခသစ္စာဆိုတာ မြင်အောင်ရှုမှ ဒီကမဂ်နဲ့ မြင်အောင် ကြည့်ပါမှ ဒီကတဏှာ ဥပါဒါန် ချုပ်မယ်။ ဥပါဒါန်ဆိုတော့ တဏှာလည်း ဥပါဒါန်ပဲ။ ဥပါဒါန်လည်း ဥပါဒါန်ပဲ။ အရင့်အနုသာ ကွာတာကိုး။ အနုနဲ့ အရင့်သာ ကွာတာဆိုတော့ သူ့ကိုမရှုဘဲနဲ့ ဒီက ဥပါဒါန နှစ်ခုချုပ်ပါ့မလား (မချုပ်ပါ ဘုရား)၊ တဏှာ၊ ဥပါဒါန်၊ ကံတွေ ချုပ်နိုင်ပါ့မလား (မချုပ်နိုင်ပါ)၊ မချုပ် နိုင်ဘူး။ အဲဒီတော့ ဒကာကြီး ဝိပဿနာ ရှုခိုင်းတယ်။ အနာထပိဏ်သူဌေးကြီးကို ဒီဝေဒနာနဲ့ပင် သူသေလိမ့်မယ် ဆိုတာ သိတော့ ဒကာကြီး ဝိပဿနာရှုခိုင်းတယ်။
ဒါဖြင့် ခင်ဗျားတို့ကလည်း ရူပက္ခန္ဓာမှ ကြိုက်လို့ရှိရင် ရူပက္ခန္ဓာမှာ ပထဝီဓာတ်၊ အာပေါဓာတ်၊ တေဇော ဓာတ်၊ ဝါယောဓာတ် ရှိတယ်။ စက္ခု၊ သောတ၊ ဃာန၊ ဇိဝှာ၊ ကာယရှိတယ်။ ရှုကောင်းတဲ့ သ,လက္ခဏာရုပ်တွေ ရှိသား ပဲ။ အ,လက္ခဏာရုပ်တွေသာ မရှုကောင်းတာ။ ရှုကောင်းတဲ့ရုပ်ဆို ခင်ဗျားတို့က အနိစ္စမြင်အောင် ရှုလို့ရှိရင်ဖြင့် ဒီရူပက္ခန္ဓာက နိစ္စမှ မဟုတ်တော့ သူ့အနိစ္စလက္ခဏာကို ဝိပဿနာပဲ မြင်မြင်၊ မဂ်ကပဲ မြင်မြင်၊ လောကုတ္တရာမဂ်က၊ ဝိပဿနာမဂ်က မြင်တယ်ဆိုလို့ရှိရင် ဒီတဏှာ ဥပါဒါန် ကံမချုပ်ဘူးလား၊ ချုပ်မလား (ချုပ်ပါတယ်)၊ ချုပ်ရင် ဒီရူပက္ခန္ဓာ ရပါ့မလား (မရပါဘုရား)။
ဒါဖြင့် ပစ္စုပ္ပန်ခန္ဓာတွေကို ခင်ဗျားတို့ အနိစ္စ၊ ဒုက္ခ၊ အနတ္တ၊ ဒုက္ခသစ္စာတွေကို ခင်ဗျားတို့ ပိုင်ပိုင်ရှုဖို့အရေး ဟာ ခင်ဗျားတို့အရေးပဲ။ တဏှာ၊ ဥပါဒါန်၊ ကံ ချုပ်ဖို့အရေးဟာက သူ့ဟာသူ ချုပ်တာ။ ခင်ဗျားတို့က ရှုဖို့အရေး ၊ ချုပ်ဖို့အရေးက ချုပ်လောက်အောင် ဆေးသောက်လို့ရှိရင် ချုပ်မှာပဲ။ ချုပ်လောက်တဲ့ မဂ်ဆေးသာ ခင်ဗျားတို့ သောက် ပါ။ သူ ချုပ်မှာပဲ၊ တဏှာ၊ ဥပါဒါန်၊ ကံ မချုပ်ပေဘူးလား (ချုပ်ပါတယ် ဘုရား)။
ကောင်းပြီ ဒါဖြင့် ဒီဝေဒနာမစွဲလို့ရှိရင် ၊ ဒီဝေဒနာကို ဝိပဿနာရှုလို့ရှိရင် တဏှာ၊ ဥပါဒါန်၊ ကံ က လာဦးမလား (မလာပါ ဘုရား)၊ မလာရင် ဒီဝေဒနာက္ခန္ဓာ၊ နောက် အနာဂတ် ဝေဒနာက္ခန္ဓာ လာပါဦးမလား (မလာပါ ဘုရား)။
ပစ္စုပ္ပန်ခန္ဓာကို မစွဲလမ်းရင်
ဒါဖြင့် ကျုပ်တို့ ခင်ဗျားတို့ဟာ ပစ္စုပ္ပန်ခန္ဓာကို မစွဲလမ်းရင် ဒီပစ္စုပ္ပန်ခန္ဓာကို မှီ၍ဖြစ်တဲ့ ဝိညာဉ် နောက်အနာဂတ်ခန္ဓာကို မရဘူး ဆိုနိုင်မလား၊ ပစ္စုပ္ပန်ခန္ဓာကို မစွဲလမ်းရင် (နောက်ခန္ဓာမရပါ)၊ အနာဂတ်ခန္ဓာ (မရပါ)၊ အနာဂတ်ခန္ဓာ မရချင်လို့ မရတာလား၊ ဖြစ်ကြောင်း သတ်လို့ မရတာလား (ဖြစ်ကြောင်း သတ်လို့ပါ)၊ ဖြစ် ကြောင်း သတ်လို့မရတာဆိုရင် ဖြစ်ကြောင်းသတ်မှု အလုပ်ဟာ ခင်ဗျားတို့၏ ပစ္စုပ္ပန်ခန္ဓာပေါ်၌ ကျကျနန လက္ခဏာ မြင်ဖို့ပဲ ရှိတယ်။ ပစ္စုပ္ပန်ခန္ဓာပေါ်၌ ကျကျနန လက္ခဏာမြင်ဖို့ကိုပဲလို့ မဆိုနိုင်ဘူးလား၊ ပစ္စုပ္ပန်ခန္ဓာပေါ်၌ ကျကျနန လက္ခဏာမြင်ဖို့ပဲ ဆိုတဲ့ဥစ္စာကို မှတ်ထားလိုက်ပါတော့ဆိုတော့ သူဟောတဲ့တရား တည့်သွားပြီ တဲ့။
”နဝေဒနံ ဥပါဒိယိဿာမိ၊ နစ မေ ဝေဒနာနိဿိတံ ဝိညာဏံ ဘဝိဿတိ” ဒကာကြီး ဝေဒနာကို မစွဲရင် ဝေဒနာကို မှီ၍ဖြစ်တဲ့ ဝိညာဉ် မရဘူး။ ဝေဒနာ မစွဲရင်တော့ ဝေဒနာကို မှီ၍ဖြစ်တဲ့ဝိညာဉ် ခန္ဓာကိုယ်မဖြစ် ဘူး။ အခု ဝေဒနာကို ခင်ဗျားတို့ လက္ခဏာရေးသုံးပါးနဲ့ မြင်လို့ရှိရင် နောက်ဝေဒနာက္ခန္ဓာ မလာဘူး။ နောက် သညာက္ခန္ဓာရော (မလာပါ)၊ နောက် သင်္ခါရက္ခန္ဓာ၊ နောက်ဝိညာဏက္ခန္ဓာ (မလာပါ)၊ မလာတော့ကို ဒါဟာ ပါရမီ လား၊ အလုပ်လားလို့ ဦးသံဒိုင်ကို မေးဖို့ အရေးကြီးလာပြီ။ ဘယ့်နှယ်ဖြေကြမလဲ (အလုပ်ပါ)၊ အလုပ်လုပ်ပါ။ မစောင့် ပါနဲ့ ပါရမီကို။ ကိုထွန်းရင် (မှန်ပါ)၊ ဘယ်သူက ဘာပြောပြော မယုံနဲ့။ သာဝကမှာ ဒါပဲ။ ရှင်းပြီနော်။
ဒါဖြင့် ဦးသံဒိုင်တို့ ကိုထွန်းရင်တို့က စဉ်းစားဖို့ အချိန်ရောက်ပြီ (မှန်ပါဘုရား)၊ ဤဘဝ မစွဲနဲ့လို့ အရှင် သာရိပုတ္တရာက ဟောတယ်၊ “န ဣမံလောကံ ဥပါဒိယိဿာမိ” ဤလောကကြီးလည်း မစွဲနဲ့၊ “န ပရလောကံ ဥပါဒိယိ ဿာမိ” တမလွန်ဘဝလည်း မစွဲနဲ့ဆိုတော့ကာ နိဗ္ဗာန်လိုချင်တဲ့ပုဂ္ဂိုလ်ဟာ ဤဘဝလည်း မစွဲမှ၊ တမလွန်ဘဝလည်း မစွဲမှရမယ် (တင်ပါ)၊ ရှင်းပြီလား။
ဒါ ဘုန်းကြီးက ဟောတာမဟုတ်ဘူး။ အရှင်သာရိပုတ္တရာက ဟောနေတာ။ ဤဘဝစွဲလို့ရှိရင် ဤဘဝကို မှီ၍ ဖြစ်တဲ့ဝိညာဉ် နောက်ဘဝရမယ်။ နောက်ဘဝ ဤဘဝတော့ဖြင့် စွန့်ရမယ့်နေရာမှာ မစွန့်ရင် နောက်ဘဝ ကောင်းရာသုဂတိ လားရပါလို၏ ဆိုလည်း သွားရမှာပဲ။ နောက်ဘဝစွဲလို့ နောက်ဘဝ ဥပါဒါန်လာမှာပဲ။ မလာ ဘူးလား (လာပါတယ်)၊ ဒါဖြင့် ခင်ဗျားတို့ သေမယ့်ပုဂ္ဂိုလ်တွေချည်းပဲ။ ဤဘဝကို မစွဲလမ်းနဲ့၊ နောက်ဘဝလည်း မစွဲ လမ်းနဲ့၊ ကောင်းပြီ ဤဘဝ တမလွန်ဘဝ မစွဲနဲ့ဆိုတာကို ဘယ်သူက ဟောတုံး (အရှင်သာရိပုတ္တရာက ဟောတာပါ ဘုရား)။
ဒါတွင်မကသေးဘူး။ ဒကာကြီးတို့ စာအုပ်တွေဖတ်လို့ ကြားဖူးလိမ့်မယ် ၊ လူကောင်းတယ်၊ နတ်ကောင်း တယ်၊ ဗြဟ္မာကောင်းတယ်၊ စကြဝတေး ကောင်းတယ်။ ကြားဖူးတာတွေလည်း မစွဲနဲ့၊ ကုန်ရော။ ကြားဖူးရုံနဲ့ မစွဲနဲ့၊ ရှင်းပြီလား။ ကြားဖူးတာရော (မစွဲနဲ့)၊ စားဖူးတာရော မစွဲနဲ့၊ ဝတ်ဖူးတာရော မစွဲနဲ့၊ ဘာမှမစွဲမှ နောက်ခန္ဓာ ငါးပါး မရမှာ။ သဘောကျပလား (ကျပါတယ် ဘုရား)၊ ဒါ- ဘုန်းကြီးက ဟောတာလား အရှင်သာရိပုတ္တရာက ဟော တာလား (အရှင်သာရိပုတ္တရာက ဟောတာပါ)။
ဒိဋ္ဌ သုတ မုတကိုတောင် မစွဲရဘူးတဲ့
ဥပရိပဏ္ဏာသ ပါဠိတော်မှာ အနာထပိဏ္ဍိကောဝါဒကသုတ် ဆိုပြီး ပါလာတယ်၊ သူသေတဲ့သုတ် ပါလာ တယ်။ ဒိဋ္ဌ သုတ မုတကိုတောင် မစွဲရဘူးတဲ့၊ ကိုထွန်းရင် (မှန်ပါ)၊ ဒိဋ္ဌ သုတ မုတကိုတောင် မစွဲပါနဲ့ တဲ့။ သေ သေချာချာ ဟောထားတဲ့အတွက် ခင်ဗျားတို့ လွမ်းအောင်ရေးထားတဲ့ စာအုပ်တွေနောက်ကို မယောင်ပါနဲ့လို့ ကျုပ်က ပြောချင်တယ်။ သဘောပိုက်ပါ၊ လွမ်းအောင် ရေးထားတဲ့စာအုပ်တွေက ရှိသေးတယ်။ သူ ဉာဏ်မီသလောက် ရေးတယ်ဆိုတဲ့အကြောင်း၊ ဘုရားကတော့ သေသေချာချာ ဟောတယ်။ ဦးသံဒိုင် မှတ်ထား။
မာပိဋကသမ္ပဒါနေန-ငါတို့ ပိဋကကျမ်းစာနှင့် ညီညွတ်၏ဟု သဘောကျ၍ အတည်မယူလိုက်ကြနှင့် ကွ။ ပိဋကနှင့်ညီရုံမျှနဲ့ အတည်မယူနှင့်ကွ၊ ကုန်ရော၊ သဘောကျရဲ့လား ပိဋကနှင့်ညီရုံနဲ့ ဘာတုံး (အတည်မယူရသေး ပါ ဘုရား)၊ ဘယ်လိုမယူရသတုံး။ မာပိဋကသမ္ပဒါနေနာပိ-ပိဋကနဲ့ ညီရုံနဲ့ မယူရဘူးကွ။ အဲဒါကြောင့် ပိဋကနဲ့ ညီရုံ မျှနဲ့လည်း မင်းတို့ သဘောကျပြီး အတည်မယူကြနဲ့၊ သေသေချာချာ မှာရှာတယ်။ မမှာရဘူးလား (မှာပါတယ် ဘုရား)။
အေး ဒါကြောင့် ဘုန်းကြီးက ထွက်စေချင်တာက ခန္ဓာက ဘယ်လိုပြနေတယ်ဆိုတာကိုသာ ကြိုက်တယ်။ ခန္ဓာက ဘယ်လိုဆိုနေတယ် ဒါကိုကြိုက်တယ်၊ ခန္ဓာက ဘယ်လိုပြတယ်၊ ခန္ဓာက ဘယ်လိုဆိုနေတယ်ဆိုရင်ဖြင့် ဒါ ယထာဘူတကျပြီ။
အဲဒါကြောင့် ကဲ အရှင်သာရိပုတ္တရာ မစွဲနဲ့ဆိုတာက ခန္ဓာငါးပါးလည်း မစွဲနဲ့ ဟုတ်လား ၊ တမလွန်ဘဝ ဒီဘဝတွေ မစွဲနဲ့။ ကြားဖူး၊ မြင်ဖူး၊ တွေ့ဖူး၊ ကြုံဖူးတာလည်း မစွဲနဲ့။ အဲဒီလို မစွဲလို့ရှိရင် ဒကာကြီး ကိစ္စပြီးနိုင်တယ်၊ ဒီလိုဟောလိုက်တယ်။ ကုန်ရော ဟုတ်လား မကုန်ဘူးလား (ကုန်ပါတယ် ဘုရား)၊ ကုန်သွားပြီတဲ့ တရား၊ ကိုထွန်းရင် တရားကုန်သွားတာ သိလိုက်ရဲ့လား (သိလိုက်ပါတယ်)၊ အေး တရားကုန်သွားပြီတဲ့။ ဘယ်ဟာမှ မစွဲကောင်းဘူးဆိုတဲ့ အဓိပ္ပာယ်နော်။
အနာထပိဏ်သူဌေးကြီးက ငို ရော
အဲဒီလိုဟောလိုက်တော့ ညီတော်အာနန္ဒာလည်း ပါလာတယ်၊ လူမမာနားမှာ၊ အနာထပိဏ်သူဌေးကြီးက ငို ရော ၊ ဒီတရားဆုံးတော့ ငိုတော့တာပဲ။ ငိုတော့ အရှင်အာနန္ဒာက သောတာပန်ကိုး ၊ သောတာပန် ဆို တော့ သူက အကုန်သိတဲ့သူ မဟုတ်တော့ ဒီဒကာကြီးက သူ့ပစ္စည်းတွေ စွန့်ရမှာ၊ သူ့အိမ်သားတွေ စွန့်ရမှာမို့ ဒါကြောင့် ငိုတယ်ထင်ပါရဲ့။ ဒကာကြီး စိတ်တွန့်သလားလို့ သွားမေးတယ်။ မတွန့်ပါဘူးဘုရား တပည့်တော်။ ကိုင်း ဒါဖြင့် ဘာဖြစ်လို့ ငိုတာတုံး တဲ့။ ဒီဟာက ဘာမှ မစွဲလမ်းရဘူးဆိုတဲ့ တရားက တပည့်တော် ဘုရားနဲ့ နှစ်ပေါင်း (၄၀) ကျော် နေခဲ့တယ်။ ဒီ့အပြင် သာဝကတွေနဲ့လည်း တပည့်တော်လောက် ရင်းနှီးတဲ့သူ မရှိဘူး။ တပည့်တော်ကို ဟော ကြတဲ့အခါ ဒါနကထာ၊ သီလကထာတွေချည်းပဲ ဟောနေတယ်။ ဒီလို အရဟတ္တဖိုလ်ဆိုက်တဲ့ တရားကို ဘယ်သူမှ မဟောဘူး။ တစ်စက်မှ မစွဲလမ်းမှ အရဟတ္တဖိုလ် ဆိုက်တဲ့တရား (မှန်ပါ)၊ ဒါကြောင့် တပည့်တော် ငိုတာဆိုတော့ အရှင်သာရိပုတ္တရာက စကားပြောလိုက်တယ်။
ဒကာကြီး ဘယ်ဟာမှ မစွဲလမ်းနဲ့ဆိုတဲ့ တရားကတော့ အရဟတ္တဖိုလ် ဆိုက်တဲ့တရား၊ အင်မတန် မှန်တဲ့ တရား၊ တရားလမ်းဆုံးပဲ။ လူတွေဟောလို့ တော်ပါ့မလား။ လူတွေက သားနဲ့၊ မယားနဲ့၊ ဂုဏ်နဲ့ ပစ္စည်းနဲ့၊ ဒီတရား ဟောလို့ တော်ပါ့မလား၊ အရှင်သာရိပုတ္တရာက ကောက်မေးတယ်။ ကောက်မေးတော့ သူက လူမမာပဲ၊ သူက ပြောချ လိုက်တယ်။
အရှင်ဘုရားတို့ လူဟာ လူတစ်မျိုးတည်းလို့ အယူရှိနေရင် မဖြစ်ဘူး။ လူဟာ လူတစ်မျိုးတည်းလို့ အယူ ရှိနေလို့ မဖြစ်ဘူး၊ ဝတ်ဖြူစင်ကြယ်ဝတ်ပြီးသကာလ သားမယားနဲ့နေငြားသော်လည်း သူမပျော်မွေ့တော့ဘူး။ ကိလေ သာ ပါးရှားတဲ့ပုဂ္ဂိုလ် ဒီအထဲမှာ အများကြီးပါတယ်။ မပျော်မွေ့တော့ဘူး။ ကိလေသာထု ပါးတဲ့ပုဂ္ဂိုလ်။ နည်းနည်းကလေး အုပ်နေတဲ့ပုဂ္ဂိုလ်။ လူမှာလည်း ရှိသေးတယ်ဘုရား တဲ့။ ဒီအရဟတ္တဖိုလ်ဆိုက်တဲ့တရား၊ ဘယ်ဟာမှ မစွဲလမ်းရမယ့် အနိစ္စ၊ ဒုက္ခ၊ အနတ္တ၊ ဒုက္ခသစ္စာရှုရမယ့်တရားကို အရှင်ဘုရားတို့ မဟောလို့ရှိရင် ကျွတ် ထိုက်လျက်သားနဲ့ မကျွတ်ဘဲနဲ့နေရမယ့် ပုဂ္ဂိုလ်တွေကို တွေးပြီး တပည့်တော် အဲဒါ ငဲ့ပြီးငိုတာ။ သဘောပါသလား။ လူမှာလည်း လူတစ်မျိုးတည်း မှတ်မနေပါနဲ့ တဲ့။ သူက ပြန်လျှောက်တယ်။
အဲဒါ ခင်ဗျားတို့ လူဟာ လူတစ်မျိုးတည်း မှတ်မနေနဲ့ဆိုတော့ လူမှာလဲ တဲ့။ ဥပမာ ဦးသံဒိုင်က အရောင်းအဝယ်ရှိတယ်။ ခင်ဗျားကလည်း အလုပ်များနေတယ်။ များပေမယ့် ခင်ဗျားတို့နှစ်ယောက် ဒီရောက်လာကြ တယ်။ ငွေရတဲ့ဟာတွေ ခင်ဗျားတို့ ချုံ့ပြီးတော့ ဒီကိုရောက်လာကြတယ်မဟုတ်လား (ဟုတ်ပါတယ် ဘုရား)၊ ခင်ဗျား တို့ ချုံ့ပြီးတော့ ဒီရောက်လာတော့ အတော်ပါးတဲ့ပုဂ္ဂိုလ်တွေ။ ဘာပါးတုံးဆိုတော့ လူပါးတာမဟုတ်ဘူး၊ ကိလေသာထု ပါးလို့ ရောက်လာတာပေါ့။ ပေါ်ပြီလား။ ဘာပါးလို့ ရောက်လာသလဲဆိုရင် (ကိလေသာထုပါးလို့ ရောက်လာတာ)၊ ကိလေသာထု မပါးလို့ရှိရင် ဟိုတင် ခင်ဗျားတို့ အသေခံမိုက်မယ်။ မမိုက်ပေဘူးလား (မိုက်ပါတယ်)၊ အသေခံ မိုက်ရ မယ်။
ထုပါးလာတဲ့အချိန်ကျတော့ သူ့အချိန်ကလည်းကျ၊ နှိုးဆော်တဲ့ ပုဂ္ဂိုလ်ကလည်းရှိ၊ ခန္ဓာကိုယ်ကလည်း အနတ္တ ပြ၊ ခင်ဗျားတို့ ခန္ဓာကိုယ်ကလည်း အနတ္တပြတယ်။ ဟိုတုန်းကလည်း မပြဘူးလားဆိုရင် ပြတာပဲ။ ပြပေမယ့် သူ့သိပ် မကြည့်ဖြစ်ဘူး။ အကြည့်နည်းတယ်။ ဒီတော့ကို အကြည့်လုံးဝ ဟန်မကျတော့ဘူးဆိုတာ သူပေါ်တယ်။ အဲဒါ ခင်ဗျား တို့က ရောဂါကြောင့်လို့ မယူကြပါနဲ့လို့ ဒီနေ့ ဒီတရားဟောတာ၊ ဒါပြောချင်လို့ ထုပါးလို့ လမ်းဆုံးတရားကို နာရတယ်။ သဘောကျသလား (ကျပါတယ် ဘုရား)၊ ထုမပါးရင် (မနာရပါ)၊ ဘယ်နာရမလဲ ထုထဲမှာ နေမှာပေါ့ဗျ။ မဟုတ်ပေ ဘူးလား (ဟုတ်ပါတယ် ဘုရား)။
အဲဒီလိုနေမှာဖြစ်ပြီးသကာလနေတဲ့အတွက်တဲ့ ဪ တို့သည် ဘယ်လိုအချိုးအစား ပုဂ္ဂိုလ်တွေမို့ လမ်း ဆုံးဟောတဲ့ ဆရာကောင်း သမားကောင်းနဲ့ လာတွေ့ပါလိမ့်မလဲ၊ တို့လည်း ထောင်ချင်တဲ့ နားဘယ့်နှယ်ကြောင့် ပေါ်ပါလိမ့်မလဲဆိုပြီးတော့ ကိုယ့်ဟာကိုယ် တွေးကြည့် သိနိုင်ပါတယ်။ ပါရမီလို့ ဆိုမလား၊ ကိလေသာ နဂိုကိုက ပါး လာလို့ ဆိုမလား (နဂိုက ပါးလာလို့ပါ)၊ နဂိုကပါးလို့ ရောက်လာတာ သဘောကျရဲ့လား။ အဲဒီတော့ ပါးနေတဲ့ပုဂ္ဂိုလ် ဟာ ပြောင်အောင်လုပ်လိုက်ရင် ပြီးသွားမှာပဲ။ ဒါကြောင့် ခင်ဗျားတို့ မေမြို့မသွားနဲ့ဦး၊ ကျုပ် မနေ့က ကန့်ကွက်တယ် (မှန်ပါ)၊ ပါးနေပြီ ပါးနေတာကို ပြောင်အောင်လုပ်ပြီးတော့ နောက်သွားပါဆိုပေမယ့် ဪ-အပိုအလုပ်ပါကလား ဆိုပြီးတော့ လာချင်လာဦးမှာ ခင်ဗျားက၊ မဟုတ်ဘူးလား၊ အပိုတော့ အပိုအလုပ်တွေပဲ။
ကိုင်း ဒါဖြင့် အနာထပိဏ်သူဌေးကြီးကို ယခု ဒီဝတ္ထုထုတ်ပြလိုက်တော့ အရှင်ဘုရား လူတွေ ဒီတရားဟောလို့ မတော်ဘူးဆိုတာ အရှင်ဘုရား သိမ်းပါ။ တပည့်တော်တော့ သေရမယ့်အတူတူတော့ မထူးဘူး။ ဒီတရား ဟောလိုက်တယ်။ လူအမျိုးမျိုး ရှိတယ်။ ဒီလိုပုဂ္ဂိုလ်တွေ ကိလေသာထု ပါးတဲ့ပုဂ္ဂိုလ်၊ အပ္ပရဇက္ခ ပုဂ္ဂိုလ်တွေ ပေါ့ဗျာ၊ အပ္ပ-က နည်းတာ။ ရဇက္ခ-က မြူ။ ကိလေသာမြူနည်းတဲ့ ပုဂ္ဂိုလ်တွေဟာ လူထဲမှာလည်း အများကြီးရှိပါတယ်။ အဲဒီပုဂ္ဂိုလ်တွေဟာ ဒီတရား မနာရလို့ရှိရင် ဒီသာသနာမှာ ကျွတ်တမ်းဝင်ရမယ့်ဥစ္စာ ဘုရားတစ်ဆူ စောင့်ရဦး မလို ဖြစ်နေတယ်။ ဘုရားတစ်ဆူ စောင့်ရဦးမယ်။ အနာထပိဏ်သူဌေးကြီးက မှာပစ်ခဲ့တယ်။ သေတော့မယ်။ သေခါ နီး ပြောတဲ့စကားတွေလို့ မှတ်ပါ။ သဘောပါပလား။ သူတောင်းပန်ပစ်ခဲ့လို့ ဘုန်းကြီးများက ဟောရတာ။
ဘုရားဆီသွားတာတောင်မှ ဘုရားနဲ့တွေ့လည်း ဒါဟောတာပဲ၊ ဒကာကြီး အလှူအတန်းပေးကမ်းတာ ကျုပ် တို့ ဘုရားတို့၏ ထုံးတမ်းအလုပ်။ ဘုရားလောင်းတို့၏ အလှူမျိုး၊ ဘုရား၏ အယူဝါဒလိုက်တယ်၊ ဒါလောက်သာ ဟောတယ်။ ဒီ့အပြင် အသီးသီး ကျောင်းတွေ အကုန် လျှောက်ဝင်လည်း ဒါတွေချည်း ကြားနေရတာပဲ။ သူက လည်းပဲ ဒီအခါမှာ ကိလေသာထုက သောတာပန်ထု ရှိသေးတာကိုး။ သူကိုယ်တိုင်လည်း မွေ့လျော်နေတာပဲ။ အဲဒီ တရားနဲ့၊ သဘောပါပလား။ မွေ့လျော်နေတာပဲ သူ့အကြိုက် သွားတွေ့တော့။ ကိလေသာထုက ဖြည်းဖြည်း ဖြည်းဖြည်း မှ ပါးရတာ၊ ဒါလည်း လုပ်မှပါးတာနော်။ မလုပ်ရင် ပြန်ထုတက်တယ်၊ မလုပ်ရင် ပြန်ထုတက်တယ်။
ဈေးထဲက ကြေးခွက် ဝယ်ပြီး ထိုးထားသလို
ခင်ဗျားတို့ ဒီကပြန်သွားလို့ရှိရင် မောင်ထွန်းရင်ပဲဖြစ်ဖြစ်၊ ဦးသံဒိုင်ပဲဖြစ်ဖြစ် ပြန်ထုတက်တယ်။ ဒါ ပစ်ထား လိုက်လို့ရှိရင် မတက်ပေဘူးလား (တက်ပါတယ်)၊ အဲဒီတော့ကို တဲ့၊ ခင်ဗျားတို့ ဟိုကျလို့ရှိရင် ဈေးထဲက ကြေးခွက် ဝယ်ပြီး ထိုးထားသလိုတော့ သွားမလုပ်နဲ့။ ထိုးထားလို့ရှိရင်တော့ ကြေးခွက်တစ်နေရာ ထိုးထားလို့ရှိရင် ကြေးညှိတက် လာမှာပဲ။ ချေးတက်လာတယ်ဆိုရင် ဘယ်တော့ပြောင်စရာ ရှိသေးသလဲ (တိုက်မှပြောင်ပါမယ် ဘုရား)၊ တိုက်မှပြောင် မယ်။ တိုက်နေရာမှာ။ ဒီက ပြန်လာလို့ရှိရင် ကြေးခွက်ဝယ်ပြီး ထိုးထားသလိုတော့ မဖြစ်ဘူး။ ကိုထွန်းရင် ရိပ်မိ ပြီလား။ လုပ်ပါများရင်တော့ ပြောင်ရမှာပဲ။ ရှင်းပြီနော် ဒါက ဒီလိုဟောလိုက်တယ်။
ဒါနဲ့ ကဲ ဒကာကြီး နောက်ကို ကျုပ်တို့လည်း ဟောပါတော့မယ်ဗျာ အရဟတ္တဖိုလ်ဆိုက်တဲ့ တရား၊ ဒါ အရဟတ္တဖိုလ်ဆိုက်ဆိုတော့ ဥပါဒါန် အကုန်ချုပ်ဆိုကတည်းက အရဟတ္တဖိုလ် ကုန်ရောပေါ့ဗျာ (မှန်ပါ)၊ ဥပါဒါန် အကုန်ချုပ်တယ်ဆိုတော့ ကာမုပါဒါန် လည်း မရှိဘူး။ ဒိဋ္ဌုပါဒါန်လည်း မရှိဘူး။ သီလဗ္ဗတုပါဒါန်, အတ္တဝါဒုပါဒါန်လည်း မရှိဘူး။ ဒါဖြင့် အာသဝေါကင်းတာ ပေါ့။ မဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား)။ ဒါဖြင့် အာသဝေါကင်းတဲ့တရား။
တုသိတာဘုံ သွားပြီးတော့ ဖြစ်တယ်
ဒါဖြင့် ကျုပ်တို့ ဟောပါတော့မယ်ဆိုပြီး အရှင်သာရိပုတ္တရာနဲ့ အရှင်အာနန္ဒာက ဘုရားဆီ ပြန်သွားကြတယ် (တင်ပါ)၊ မင်းတို့ ဘယ်ကပြန်လာသလဲ။ အနာထပိဏ်သူဌေးကြီးအား တရားသွားဟောတယ် ဘုရား။ ဘာတရား များ ဟောခဲ့သတုံး မင်းတို့။ ဥပါဒါန်ချုပ်တဲ့တရား ဟောခဲ့ပါတယ်ဘုရား။ သာဓု။ ဒီတရားမှ တရားလမ်းအစစ်ကွ။ ဥပါဒါန်ချုပ်တဲ့တရားမှ တရားလမ်း အစစ်ဆိုပြီးသကာလ သူတို့လည်း ကိုယ့်ကျောင်း ကိုယ်နေတဲ့အခါကျတော့ အနာ ထပိဏ်သူဌေးကြီးလည်း စုတေစိတ် ကျပြီးတော့ တုသိတာဘုံ သွားပြီးတော့ ဖြစ်တယ်။ အနာထပိဏ်သူဌေးကြီး သုံး ဂါဝုတ်လောက်ရှိတဲ့ ရွှေတုံး ရွှေခဲကြီးနဲ့တူတဲ့ ခန္ဓာကိုယ်ကြီး သွားဖြစ်တယ် (တင်ပါဘုရား)။
တုသိတာဘုံ ကြည့်လိုက်တော့ ပျော်စရာ ပါးစရာတွေက သိပ်များတယ်။ ငါသည် ဒီရွှေတုံး ရွှေခဲကြီးနဲ့ တူတဲ့ ခန္ဓာကြီး။ ဒီဥယျာဉ် ဗိမာန် ပဒေသာပင်တွေ၊ ငါးပါးအာရုံ ကာမဂုဏ်တွေနဲ့ ပျော်စရာ ပါးစရာတွေ။ ဒါတွေဟာ မူးမေ့စေတယ်။ မူးမေ့စေတဲ့ အမိုက်မှောင်တရားတွေဆိုတာ သူရိပ်မိတယ်။ ရောက်တယ်ဆိုရင်ပဲ ပြန်မှပဲ ဘုရားဆီကို ဒီက ဥပါဒါန်ချုပ်တဲ့တရား သူက နာထားတာကိုး။ ရတာကို ပျော်မွေ့သေးရဲ့လား (မပျော်မွေ့ပါ)၊ ရတာကို အကုန် လုံး စက်ဆုပ်တယ်။ ပြန်ပြီးသွားတယ်။ ပြန်ပြီးသွားတော့ အရောင်အဆင်းနဲ့တကွ ဘုရားဆီကို ညတွင်းချင်း သွားတယ်။ ညတွင်းချင်း ပြန်လာပြီး ဇေတဝန်ကျောင်းကို သူရောက်တယ်။ တပည့်တော်ကျောင်းကို အရှင်ဘုရားများ သီတင်း သုံးတော်မူတာ တပည့်တော် အလွန်ဝမ်းသာပါတယ်။ ၁-နံပါတ် လျှောက်တယ်။
အရှင်သာရိပုတ္တရာကိုလည်း တပည့်တော် သိပ်ချီးကျူးတယ်။ လမ်းဆုံးတရားဟောတဲ့ ပုဂ္ဂိုလ်။ လမ်းဆုံးတရား ဟောလိုက်တာကိုး ဗျ။ နောက် ရဟန္တာဖြစ်သလားဆိုတော့ ရဟန္တာမဖြစ်ပါဘူး။ ကျင်လည်ချင်တဲ့ ပုဂ္ဂိုလ်။ တရား ကတော့ ရဟန္တာဖြစ်မယ့်တရားပဲ။ သဘောကျရဲ့လား။ ဆုတောင်းမှားထားတာက စုန် ဆန်ကလေး ပါနေတယ်။ စုန်ဆန်ဆိုတာက သိပ်ကြောက်စရာကောင်းတယ်။ စုန်ဆန်က ဥပါဒါန်ချုပ်တဲ့တရား ဟောတာတောင် စုန်ဆန်တည်း ဟူသော အဓိကက ကျန်နေတယ်၊ အမိုက်အမဲက ကျန်နေတယ်၊ စုန်ဆန် ပြန်လှည့်တယ်။ တရားကတော့ သူကိုယ်တိုင် နာကြည့်တာ ထွက်ရပ်လမ်း ပေါက်တဲ့တရား၊ အစစ်ပေါက်တဲ့ တရားဆိုတာ သူသိတယ်။ ဟို သူစုဆောင်းထားတဲ့ ပုထုဇဉ်တုန်းက မိုက်ထားတာတွေကြောင့် သောတာပန်ဖြစ်ရင် ခုနစ်ဘဝ၊ ဘယ်လောက်ပျော်စရာကောင်းမလဲဆိုတဲ့ အသွားမျိုး မိုက်တာလေ။ အဲဒါ ဘုရားဆီ ညတွင်းချင်း ပြန်လာတယ်။ ပြန်လာပြီး လျှောက်ပါရစေဘုရား၊ တုသိတာ နတ်ပြည်က ဆင်းလာပြီးတော့ လျှောက်တယ်။
”ကမ္မံ ဝိဇ္ဇာစ ဓမ္မောစ၊ သီလံ ဇီဝိတမုတ္တမံ၊
ဧတေန မစ္စာ သုဇ္ဈန္တိ၊ န ဂေါတ္တေန ဓနေနဝါ” သဂါထာဝဂ္ဂသံယုတ်ပါဠိ၊ ဇေတဝနသုတ်၊ နှာ-၃၁။
“ဝိဇ္ဇာ” ဆိုတာက
ဒီအတိုင်း ဘုရားကို လျှောက်တယ်။ လောကကြီးထဲမှာ လူချင်းမတူဘူး။ လူမျိုး မြတ်၊ လူ့စင်ကြယ်ဆိုတာဟာ အလကား ပြောတာတွေပါ။ ဘယ်သူက ချမ်းသာတယ်၊ ဘယ်သူက အမျိုးမြတ်တယ်။ ဘယ်သူက ဘာဖြစ်တယ်။ လောကကြီး ဂုဏ်ယူနေတယ်ဆိုတာ အလကားပြောတာ။ ဘာအကောင်းဆုံးလဲဆိုတော့ ကမ္မံဝိဇ္ဇာစ၊ “ဝိဇ္ဇာ” ဆိုတာက မှတ်ကြပေတော့။ သမ္မာဒိဋ္ဌိနဲ့ သမ္မာသင်္ကပ္ပကို ဝိဇ္ဇာခေါ်တယ်။ ရှင်းပြီလား။ သမ္မာဒိဋ္ဌိနဲ့ သမ္မာသင်္ကပ္ပကို ဝိဇ္ဇာခေါ်တယ်။ “ဓမ္မောစ”ဆိုတာက သီလ။ ဒီမှာတွင် သမ္မာဝါယာမ၊ သမ္မာသတိ၊ သမ္မာသမာဓိ-သမာဓိမဂ္ဂင်သုံးပါး ကို ဆိုတာ။ ဝိဇ္ဇာက ဒီနှစ်ပါးကို ဆိုတယ်၊ “သီလံ” ဆိုတာက ခုနင်က ပြောသလို ခင်ဗျားတို့ သိပြီးသား ထားပါတော့။ သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝ ဆိုတယ်။ မဂ်သီလလို့ ဆိုတယ်နော်၊ နောက်မှ ဝင်လာတယ်။ ကျုပ်တစ်နေ့က ပြောသလို နောက်မှဝင်လာတဲ့ သီလသုံးမျိုး။
အဲဒီတော့ မဂ္ဂင်ရှစ်ပါး မနေဘူးလား။ ဒါက ပညာမဂ္ဂင်နှစ်ပါး။ ဒါက သမာဓိမဂ္ဂင် သုံးပါး။ ဒါက သီလမဂ္ဂင် သုံးပါး (သီလမဂ္ဂင်)၊ ဒါက သီလမဂ္ဂင်သုံးပါး။ ဧတေန-ဒီတရားရှစ်ခုဖြင့်၊ မစ္စာ-သတ္တဝါတို့သည်၊ သုဇ္ဈန္တိ- ကိလေသာမှ စင်ကြယ်ကြကုန်၏။ နဂေါတ္တေန ဓနေနဝါ-အနွယ်ကောင်းသဖြင့်လည်း နိဗ္ဗာန်မရောက်နိုင်ဘူး၊ ပစ္စည်း ပေါသဖြင့်လည်း နိဗ္ဗာန်မရောက်နိုင်ဘူး (နိဗ္ဗာန်မရောက်နိုင်ပါ) နိဗ္ဗာန်မရောက်နိုင်ဘူး။ ပစ္စည်းပေါရင်ရော (နိဗ္ဗာန် မရောက်နိုင်ပါ)၊ အနွယ်ကောင်းရုံနဲ့ ပစ္စည်းပေါရုံနဲ့ နိဗ္ဗာန်ရောက်တယ်လို့ အောက်မေ့မနေနဲ့။ ဒီဟာကြောင့် ရောက် တယ်လို့ လူတိုင်းမှတ်ပါ။
အနာထပိဏ်သူဌေးကြီးက လာပြောတော့ ဘုရားက ဘာမှမလှုပ်ဘူး။ ဘုရားက ဘာမှမလှုပ် ဘူးဆိုလို့ရှိရင် ဝန်ခံတာ အောက်မေ့လိုက်။ ဘုရားက ဘာမှမလှုပ်ဘဲနေတော့ ဘုရားနှစ်သက်ပြီဆိုပြီး ပြန်သွား တယ်။
ကျုပ်တို့အလှည့် ရောက်လာပြီ
အဲဒီတော့ ခင်ဗျားတို့ ကျုပ်တို့မှာ ကျုပ်တို့အလှည့် ရောက်လာပြီ။ သူများရောက်သွားတာတော့ ဒါကြောင့်ကိုး ဆိုတာကို သိသွားပြီ။ မသိသေးဘူးလား (သိပါပြီ ဘုရား)၊ အဲဒီတော့ ကျုပ်တို့လည်း အိုဘေး၊ နာဘေး၊ သေဘေးကို ဇာတ်သိမ်းချင်ပါတယ်။ ကိုထွန်းရင် ဘာလုပ်ရမှာတုံး (ရှုရပါမယ်၊ ဒါပဲရှိတယ်)၊ ဒီအလုပ်မှတစ်ပါး ကျုပ်တို့ အိုဘေး၊ နာဘေး၊ သေဘေးမှ လွတ်ကြောင်းမရှိဘူး။ ဒါ ဘယ်တရားမဆို “သောက ပရိဒေဝါနံ သမတိက္ကမာယ” သောကပရိ ဒေဝ လွန်နိုင်တာလည်း သူပဲလို့ မဆိုနိုင်ဘူးလား။ “ဒုက္ခဒေါမနဿာနံ အတ္ထင်္ဂမာယ” ခန္ဓဒုက္ခ၊ ခန္ဓဒေါမနဿ ချုပ် နိုင်တာလည်း ဒါပဲကိုး။ ဒီရှစ်ပါးပဲ။ “ဉာယဿ အဓိဂမာယ” မဂ်ဉာဏ်ရောက်ဖို့ကရော (ဒီတရားပါပဲ ဘုရား)။
ဒီတရားပဲဆိုတဲ့ဥစ္စာ အနာထပိဏ်သူဌေးကြီးက လာလျှောက်တာနဲ့ ဘုရားတိုင်း မစွန့်တဲ့ သတိပဋ္ဌာန်မှာ ပါ တာနဲ့ ထပ်မနေဘူးလား (ထပ်ပါတယ် ဘုရား)၊ ထပ်နေတော့ ကျုပ်တို့သည် ဒါကို ဉာဏ်ရှေ့ထား လုပ်ရမယ်ဆိုတာ ဘုန်းကြီးပြောတာကို ခင်ဗျားတို့ နားထောင်ရမယ်။ မဟုတ်ဘူးလား။ နားထောင်တာ နားထဲတွင်မဆုံးနဲ့၊ ဉာဏ်ထဲကို ရောက်အောင်သွင်း။ ဉာဏ်ထဲ ရောက်ပြီးသကာလ ပွားများတဲ့အခြေအနေကို ရောက်အောင် လုပ်ရမယ်။ ဒီကတော့ ဆုတောင်းအလုပ်ကိုး။ သဘောကျပြီလား။ ဘာလုပ်ကြမတုံး (ပွားများရမှာပါ)၊ ပွားများတော့ကို မသေမချင်း ပွားများ ရမှာလားလို့ ခင်ဗျားတို့နှစ်ယောက်က မေးမယ်။ နောက်က ဒကာ ဒကာမတွေက မေးတယ်။ မဟုတ်ပါဘူး။ မသေ မချင်း ပွားများရမယ်လို့ ဘုရားက မဆိုပါဘူး။
ကိစ္စမပြီးခင် ပွားပေါ့
ဘာဝေတဗ္ဗကိစ္စသာ ဆိုတာပါ၊ ပွားများရမယ်ကွ။ မသေမချင်း ပွားများရမယ်လို့ မဆိုပါဘူး။ သူ့ဆိုင်ရာဆိုင်ရာ ကိလေသာပြီးသွားလို့ရှိရင်ဖြင့် သူ့မှာ ပထမမဂ်က ဒိဋ္ဌိဝိစိကိစ္ဆာ၊ သီလတဗ္ဗတပရာမာသ ပယ်ပြီးတယ်ဆိုရင် ပထမ မဂ်ပွားများမှုကို ဦးသံဒိုင်က ပထမမဂ်ကို နောက်ထပ်ပွားများဖို့ လိုသေးသလား (မလိုပါ)၊ မလိုတော့ဘူး။ မလိုတော့ ဒုတိယမဂ်အတွက်သာ ပွားများပေါ့ (တင်ပါဘုရား)၊ ဒုတိယမဂ်ပွားများနေရင်းနဲ့ ကာမရာဂ ဒေါသတွေ ပယ်လိုက် ပြီဆိုကြပါစို့။ အင်း ဒုတိယမဂ် ကိစ္စကလည်း ဒုတိယမဂ်လည်း ကျုပ်တို့သန္တာန် ပေါ်လာပြီဆိုရင် ဒုတိယ တတိယ မဂ်လို့ မဂ်ကိစ္စ မပြီးသေးဘူးလား။ မသေမချင်းလား (မသေမချင်း မဟုတ်ပါဘူး)၊ သဘောကျပြီလား။ စတုတ္ထမဂ် တက် အရဟတ္တဖိုလ် မရခင် သူ့ပွားများရမယ်။ ရူပရာဂ အရူပရာဂနှစ်ခုနဲ့ ဖြစ်တဲ့ လောဘ၊ ဒေါသတွေ၊ အဝိဇ္ဇာတွေ ရှိသေးတာကိုးဗျ။ အဲဒါတွေအပြင် ဦးသံဒိုင် နောက်ထပ်ပွားများဖို့ လိုသေးသလား (မလိုပါ)၊ ကိစ္စမပြီးခင် ပွားပေါ့ ကိုထွန်းရင် ဒါပဲ၊ သူ့အဆင့်အတန်းသူ အောင်ရုံပဲ (အောင်ပြီး ပြီးတာပါပဲ ဘုရား)။
နောက်ထပ် ပြန်ပြီးလုပ်စရာမလိုဘူးလား၊ ပြန်ပြီးစစ်ဆေးနေဖို့ မလိုပါဘူး။ နောက်လာမယ့်ပုစ္ဆာသာ စုံစမ်း စစ်ဆေးပြီးသကာလ အဖြေထုတ်ဖို့ဆိုတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ငါသည် မဂ်ဟာ တစ်ကြိမ်သာ ဟောလေ့ရှိတယ်။ ရှင်းပြီလား။ တစ်ကြိမ်ဟာ အသဝတိ အမည်ရှိသော မိုးကြိုးစက်နဲ့တူတယ်။ ဒီမိုးကြိုး တစ်ကြိမ် ပစ်လိုက်တယ်ဆိုရင် သစ်ပင်ဟာ အမြစ်ပါ ပစ်ချလိုက်တော့ ဘယ်တော့မှ အမြစ်ပေါက်ရိုး ထုံးစံမရှိဘူးလို့ ဟောထား တယ်။ အဲဒီတော့ (တင်ပါ)၊ ခင်ဗျားတို့ ပွားပြီးရင်ပြီးတာပဲ။ ကိုယ်လိုချင်တဲ့ အခြေရောက် မရောက်ကို ဘုန်းကြီးပြော တဲ့ ခြေလှမ်းနဲ့ ချိန်ပြီး ပွားပြီးလို့ရှိရင် နောက်ထပ် ပွားဖို့ မလိုတော့ပါဘူး။ နို့ ဘုရားသခင် ကိုယ်တော်မြတ်ကြီး များတော့ လူတွေက တရားနာနေတယ်။ ဘုရားက ဖလသမာပတ် ဝင်စားနေတယ်။ လူတွေ အသက်ရှူပြီးတဲ့နောက်မှ တရား ဆက်ဟောတယ်။ သူက ဒီလောက်ထိအောင် ရတယ်။
သူ့ချမ်းသာ သူခံစားတာ
နို့ ဘာဖြစ်လို့ ဘာလုပ်နေပြန်တုံး၊ အို ဒါကတော့ သူ့ချမ်းသာ၊ ရှင်ဘုရင် ရှင်ဘုရင့်ချမ်းသာကို ခံစားချင်တယ်။ ဘုရား ဘုရားချမ်းသာကို ခံစားတယ်။ ကိလေသာရှိလို့ ပွားတာမဟုတ်ဘူး။ ချမ်းသာခံစားတာ အဲဒါ၊ သဘောကျပြီလား (ကျပါပြီ)၊ ချမ်းသာခံစားတာကို ခင်ဗျားတို့က ပွားတယ်လို့ ထင်သလား (မဆိုနိုင်ပါ)၊ ချမ်း သာခံစားတာက ရှင်ဘုရင် ရှင်ဘုရင်ချမ်းသာ ခံစားတယ်။ ဘုရား ဘုရား ချမ်းသာ ခံစားတယ်။ ရဟန္တာ ရဟန္တာ ချမ်းသာခံစားတာကို ကျုပ်တို့ ဘာမျှတွေးတောနေစရာ မလိုဘူး။ ဒီခန္ဓာကြီးနဲ့ နေရတာ အရုပ်ဆိုးလွန်းလို့ နိဗ္ဗာန်အာရုံပြုနေတော့မယ်ဆိုတာမျိုးနေတာ။ မနေဘူးလား (နေပါတယ်)၊ အဲဒီအနေကတော့ ပွားများတာလို့ ဆိုမလား တဲ့၊ သူ့ချမ်းသာ သူခံစားတာလို့ ဆိုမလား (သူ့ချမ်းသာ သူခံစားတာပါ)၊ ဦးသံဒိုင်လည်း သဘောကျပြီလား။
လေးကိစ္စပဲ ရှိပါတယ်
ပွားများ ရမှာကလည်း ကျုပ်တို့ လေးကိစ္စထက် ပိုရှိသေးသလား (လေးကိစ္စပဲ ရှိပါတယ်)၊ လေးကိစ္စကလေးဟာ လေးကိစ္စ ကလည်း ကြာတဲ့ကိစ္စရယ်လို့ မယူပါနဲ့နော်။ ၁ ကြိမ်စီ ၁ ကြိမ်စီ အမှန်ဖြစ်သွားရမယ့် ကိစ္စတွေပါ၊ မဟုတ်ဘူး လား။ အရှင်သာရိပုတ္တရာဟာ
ယေ ဓမ္မာ ဟေတုပ္ပဘဝါ။
တေသံ ဟေတုံ တထာဂတော အာဟ။
တေသဉ္စ ယော နိရောဓော။
ဧဝံဝါဒီ မဟာသမဏော။ (ဝိနည်းမဟာဝါပါဠိ၊ နှာ-၅၁။)
ဆိုတော့ သူ့ဉာဏ်ထဲမှာ၊ ယေဓမ္မာ-အကြင် ခန္ဓာငါးပါး ရုပ်နာမ်တရားတို့သည်၊ ဟေတုပ္ပဘဝါ-အကြောင်း ကြောင့် ဖြစ်ကုန်၏။ ဒါဖြင့် အကြောင်းကြောင့်ဖြစ်ရင် အကြောင်းချုပ်ရင် ချုပ်မှာပဲလို့ ဉာဏ်နဲ့ဖြတ်တယ်။ အကြောင်း ဖြစ်ရင် အကျိုးဖြစ်မယ်၊ အရှင်အဿဇိက ဟောတယ်။ အရှင်အဿဇိက ယေဓမ္မာ ဟေတုပ္ပဘဝါ-အကြင်ခန္ဓာ ငါးပါး တရားတို့သည် ခန္ဓာငါးပါး ဖြစ်ကြောင်းကြောင့် ဖြစ်ကုန်၏။ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ်)။
ခန္ဓာငါးပါးဖြစ်ကြောင်း ချုပ်သွားတော့ ခန္ဓာငါးပါး ဖြစ်ကျိုး၊ ဖြစ်ကျိုး ချုပ်ရမယ် (ဖြစ်ကျိုး ချုပ်ရတယ်)၊ ဒါ ဟောလိုက်တာနဲ့ ဉာဏ်က ဒီလှည့်လိုက်တယ်၊ အရှင်ဘုရား တော်တော့ ဘုရား မဟောနဲ့တော့။ ဟောတဲ့လူ တောင် ရပ်နေတယ်၊ သူခိုင်းလို့ (အကြောင်းချုပ်ရင် အကျိုးချုပ်ပါတယ် ဘုရား)၊ အကြောင်းချုပ်ရင် အကျိုးချုပ်တယ်၊ တစ်ချက်မြင်လိုက်တာနဲ့ သောတာပန်ဖြစ်သွားတယ်။ မလွယ်ဘူးလား (မှန်ပါ)၊ မဟောပါနဲ့လို့တောင် ပြောယူရတယ်၊ တော်ပြီဘုရား အရှင်ဘုရား မောနေလိမ့်မယ်၊ သဘောကျပြီလား။ ဒါက အရှင်သာရိပုတ္တရာ သောတာပန်တည်တာကို ပြောတာ။
ဒီဃနခဆိုတဲ့ ပရိဗိုဇ်
နောက်ကျတော့ ဝက်တူးထားတဲ့ တောင်ကုန်းတစ်ခုရှိတယ်။ အဲဒီတောင်ကုန်းထဲမှာ မုဆိုးတစ်ယောက်က သူတော်ကောင်းများ နေရအောင်ဆိုပြီးတော့ ပုဆိုးတွေ ဘာတွေ ခင်းထားတယ်။ သူပြကတေ့ဂူ ဆိုတာရှိတယ်။ အဲဒီ မှာ ဒီဃနခဆိုတဲ့ ပရိဗိုဇ်က လာတယ်။ ဒီဃနခက အရှင်သာရိပုတ္တရာရဲ့တူ။
ဒီတော့ အရှင်သာရိပုတ္တရာနဲ့ ဘုရားနဲ့ က အဲဒီဝက်တူးထားတဲ့ ဂူကြီးထဲမှာ အရှင်သာရိပုတ္တရာကနောက်က ရပ်နေပြီးတော့ ယပ်ခတ်နေတယ်။ ဘုရားက ဒီမှာ ဒီဃနခကလည်း သူ့ဦးရီးတော်ဆီကို အလည်လာရင်း သူက ပရိဗိုဇ်၊ ဒိဋ္ဌိအကြောင်းတွေကို မေးပြီးသကာလ ဝေဒနာကောက်ဟောလိုက်တယ်။ ဘုရားက ဒီဃနခကို တဏှာကွာအောင်၊ ဖဿဖြစ်လို့ ဝေဒနာဖြစ်တယ်ကွ၊ ဖဿ ပျက်ရင် ဝေဒနာပျက်တယ်ကွ။ ဒါကိုဟောလိုက်တယ် (မှန်ပါ)၊ ဒါဟောလိုက်တော့ ဒီဃနခက ဪ အကြောင်း ဖြစ်ရင် အကျိုးဖြစ်တာပဲ။ အကြောင်းချုပ်ရင် အကျိုးချုပ်တာပဲဆိုပြီး ခန္ဓာဉာဏ်လှည့်ကြည့်လိုက်တယ်၊ ခန္ဓာဉာဏ် လှည့်ကြည့်လိုက်တော့ ဒီဃနခသောတာပန် တည်တာပဲ။(မဇ္ဈိမပဏ္ဏာသပါဠိ၊ ဒီဃနခသုတ်၊ နှာ-၁၆၅။)
ခန္ဓာကို ဉာဏ်လှည့်လို့ရတာ
ဟိုက အရှင်သာရိပုတ္တရာက နောက်က ယပ်ခတ်ရင်း သူများခူးထားတဲ့ သူများချက်ထားတဲ့ ထမင်း စားတာနဲ့ တူစွာ သူက သုံးမဂ်တန်းရတယ်။ သူက ကျန်တဲ့ သုံးမဂ်တန်းရတယ်။ ကြာသလားခင်ဗျား- ကြာသေးသလား။ ဟိုမှာ ယပ်ခတ်ရင်းရတယ်၊ ခန္ဓာဉာဏ် လှည့်ပစ်လိုက်တယ်။ သုံးမဂ်တစ်ခါတည်း တန်းရတယ်။ ကိလေသာမခြားဘူး၊ နာရင်းမတ္တနဲ့ ခန္ဓာကို ဉာဏ်လှည့်လို့ရတာ။ နာလို့ရတာလို့ ဒီလိုမယူနဲ့။ နာမှုက ၁၊ ခန္ဓာဉာဏ်လှည့်မှုက ၂၊ ရှင်းပြီ လား ၊ နာလို့ရတယ်လို့ ဒီလိုမယူနဲ့။ နာတာကင်းလို့ လဲရတယ်လို့ ဒီလိုမယူနဲ့။ နာလည်းနာရမယ်၊ ခန္ဓာကိုလည်း ဉာဏ်လှည့်ရမယ်။ သဘောကျပြီလား (တင်ပါ)၊
နာလည်းနာရမယ်၊ ခန္ဓာရော (ဉာဏ်လှည့်ရမယ်)၊ အဲ နာတာနဲ့ ခန္ဓာဉာဏ်လှည့်လိုက်တာနဲ့ ကိုက်ရမယ်။ ဘုန်းကြီးက အကြောင်းချုပ်လို့ အကျိုးချုပ်တယ်လို့ ဟောလိုက်တယ် ကိုထွန်း ရင်နော် (မှန်ပါ)၊ ခင်ဗျားက ဉာဏ်လှည့်လိုက်လို့ ခန္ဓာထဲမှာ ဪ အကြောင်းချုပ်ရင် အကျိုးချုပ်တာ ငါ အမြင်သားပဲဆိုရင် ပြီးသွားတာပဲ။ မပြီးဘူးလား။ ရှင်းပြီလား။ ဒါဖြင့် နာမှုကင်း၍လည်း သာဝကပါရမီဉာဏ်ကို မရနိုင်ဘူး။ ခန္ဓာဉာဏ် လှည့်မှု ကင်း၍ကော (မရနိုင်ပါ)၊ မရနိုင်ဘူး။ ဒီနှစ်ချက်ကို ခင်ဗျားတို့ အမြဲတမ်း သတိထား လုပ်ရမယ်။
သာဝကပါရမီဉာဏ်မှာ ဒီနှစ်ချက်ပဲ
ဘုရားဟောထားတဲ့ တရားကိုလည်း အကြောင်းချုပ်လို့ အကျိုးချုပ်တာ နာမှုကင်း၍လည်း သာဝကပါရမီ ဉာဏ် မဖြစ်နိုင်ဘူး၊ ကြားနာမှု ကင်း၍လည်း သာဝကပါရမီဉာဏ် မဖြစ်နိုင်ဘူး။ ခန္ဓာဉာဏ် မလှည့်ဘဲနဲ့လည်း (သာဝကပါရမီဉာဏ် မဖြစ်နိုင်ပါ)၊ ဒီနှစ်ချက်ပဲဆိုတော့ သာဝကပါရမီဉာဏ်မှာ ဒီနှစ်ချက်ပဲ ပြောလိုက်မယ်။ ကိုထွန်း ရင် ကျေနပ်ပလား (ကျေနပ်ပါတယ် ဘုရား)၊ တရားနာမှု ကင်း၍လည်း သာဝကပါရမီဉာဏ် ဘယ်တော့မှ မပြည့်ဘူး။ ရှင်းပြီလား။ ခန္ဓာကိုနာတဲ့တရားနဲ့ ခန္ဓာနဲ့ကိုက်အောင် နှလုံးမသွင်းနိုင်လို့ရှိရင်လည်း သာဝကပါရမီဉာဏ် မပြည့် နိုင်ဘူး။ ဒီနှစ်ချက်ပဲ။ ပေါ်ပြီလား၊ တစ်နံပါတ်က တရားနာမှုကင်း၍လည်း (မဂ်ဉာဏ်မရောက်နိုင်ပါ)၊ သာဝကပါရမီ ဉာဏ် မပြည့်နိုင်ဘူး။ နှစ်နံပါတ်က ခန္ဓာကို ဉာဏ်မလှည့်ဘဲနဲ့ပဲ (သာဝကပါရမီဉာဏ် မပြည့်နိုင်ပါ)၊ သာဝကပါရမီ ဉာဏ်ဆိုတာ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ကိလေသာငြိမ်းလို့ရှိရင် ရဟန္တာဖြစ်တာပေါ့ဗျာ။ ရှင်းပြီလား။ ဒီနှစ်ခုမှတစ်ပါး အခြားကို ရှာနေဖို့ မလိုတော့ဘူး။ လိုသေးသလား (မလိုပါ ဘုရား)။
(သာဝကဆိုတာ အရဟတ္တမဂ်ကို ရတာမဟုတ်လား)၊ သာဝကဆိုတာက သောတာပန်ကစပြီးတော့ အကုန် ပါသွားတာ။ ခင်ဗျားတို့ဟာ လက်ဝဲရံ၊ လက်ယာရံ ဆုတွေ မတောင်းဘူး။ ဒါသာဝကချည်းပဲ။ အသီတိ ရှစ်ကျိပ်ဆု လည်း မတောင်းဘူး၊ တန်ခိုးပြာဋိဟာတွေလည်း မလိုချင်ဘူး။ အာသဝေါ ကုန်ခမ်းပြီး ရဟန္တာဖြစ်ရင်ပြီးရော ၊ ဘာနဲ့ ပြီးရ ပြီးရဆိုတော့ သာဝက၊ ရှင်းပြီလား။ အဲဒါ တစ်နေ့ကလည်း တစ်ခါပြောခဲ့ပါပြီ။ ဒါဖြင့် တရားနာမှုကင်း ၍လည်း သာဝကပါရမီဉာဏ် မပြည့်နိုင်ဘူး။ ခန္ဓာဉာဏ်လှည့်မှု ကင်း၍လည်း (သာဝကပါရမီဉာဏ် မပြည့်ပါ ဘုရား)။
အဲဒီကျတော့ အရှင်မဟာကစ္စည်းက ချဲ့သွားပြီ။ နည်းနည်းချဲ့ နည်းနည်းချဲ့တာကို ခင်ဗျားတို့က ပိုသွား လိမ့်မယ်လို့ ဒီလိုထင်လိမ့်မယ်၊ မပိုဘူးကွ။ နက်နဲတဲ့ဥစ္စာပြတာ၊ နက်နဲတဲ့စကားတွေ ပြောနေတာ။ အခု ဒီတစ်နဲ့ နှစ်ကို ခင်ဗျားတို့ မှတ်မိပြီလား၊ တစ်နဲ့နှစ်ကို ယခု ကျုပ်ပြန်ပြောလိုက်ဦးမယ်။ တရားနာမှုကင်း၍လည်း သာဝက ပါရမီဉာဏ် မဖြစ်ဘူးနော်၊ ခန္ဓာဉာဏ်လှည့်မှုကင်း၍လည်း သာဝကပါရမီဉာဏ် (မဖြစ်နိုင်ပါ)ဆိုတော့ အရှင်မဟာ ကစ္စည်းက ချဲ့ဟောတယ်။ တရားနာမှု ကင်း၍လည်း မရနိုင်။ သစ္စာတရားနာမှု ကင်း၍လည်း မရနိုင်။ ဒါကလေးကို ချဲ့လိုက်တယ်။ ပိုနက်နဲတယ်။ မနက်နဲဘူးလား (တင်ပါ)၊ သစ္စာကို နှလုံးသွင်းမှု ကင်း၍လည်း (သာဝကပါရမီဉာဏ် မဖြစ်နိုင်ပါ)၊ ဒါကလေးကို ချဲ့တယ်။ ဒီသစ္စာကလေးကို ချဲ့လိုက်တယ်။ ရှင်းပြီလား။
သစ္စာဆိုက်တဲ့တရား နာမှသာလျှင်
ဒါဖြင့် တရားနာပြန်လို့ရှိရင်လည်း သစ္စာဆိုက်တဲ့တရား နာမှသာလျှင် သာဝကပါရမီဉာဏ်ပြည့်မယ်၊ ရှင်း ပြီလား။ ခန္ဓာကို နှလုံးသွင်းလို့ရှိရင်လည်း သစ္စာဆိုက်အောင် နှလုံးသွင်းမှ သာဝကပါရမီဉာဏ်ပြည့်မယ်။ ဒါ ခင်ဗျားတို့လိုချင်တဲ့ “ပွိုင့်”တွေပဲ။ သဘောကျပြီလား။ လိုချင်တဲ့အချက်တွေချည်းပဲ။ ကောင်းပြီ ဒီလိုသိပြီး သကာလထားတော့ ကျုပ်တို့ ခင်ဗျားတို့မှာ ဪ နိဗ္ဗာန်ဆိုတာ ဒုက္ခခပ်သိမ်း ကင်းငြိမ်းရာ နိဗ္ဗာန်၊ တဏှာ သိမ်း နိဗ္ဗာန်၊ ခန္ဓာသိမ်း နိဗ္ဗာန်ဆိုတဲ့ဟာ ဒီဟာပဲကိုး။ နှလုံးသွင်းဆိုရင် ဒီရှစ်ခုဟာ ပါပြီးသားပဲ ဦးသံဒိုင်ရဲ့။ ဒီရှစ်ခု နှလုံးသွင်းတယ်။ သို့မဟုတ် ဒီငါးခုနဲ့ နှလုံးသွင်းတယ်။ ပြည့်တော့ ရှစ်ခုနဲ့ပြည့်သွားမယ်။ မဟုတ်ဘူးလား။ အဲဒီ တော့ နှလုံးသွင်းရင် ဘယ့်နှယ်နှလုံးသွင်းမလဲ။ နာတဲ့အခါလည်း သူတို့အာရုံပြုနိုင်တဲ့ သစ္စာတရားနာ၊ သစ္စာတရား ဆိုတော့ ခင်ဗျားတို့က ခက်တယ်လို့ ထင်နေလိမ့်မယ်နော်။ “သစ္စာနုလောမိကဉာဏန္တိ ဝိပဿနာဉာဏံ” သစ္စာ နဲ့လျော်တဲ့ ဉာဏ်ဆိုတာ ပွားမှ ဝိပဿနာဉာဏ်ပေါ်တယ်။ ရှင်းပြီလား (မှန်ပါ)၊ သစ္စာနုလောမိကဉာဏ်ဆိုတာ ဘာ ဉာဏ်လဲ (ဝိပဿနာဉာဏ်ပါ)၊ ဝိပဿနာဉာဏ်ပါပဲတဲ့။
မူလဋီကာဆရာက သစ္စာနုလောမိကဉာဏ်နဲ့ သူက နိဗ္ဗာန်အနီး ရောက်တဲ့ဉာဏ် ကွ။ ဒါကြောင့် ဘုရားက ဘယ်နေရာမဆို “ရူပံ နိစ္စံဝါ အနိစ္စံဝါတိ”ဆိုပြီး ထည့်တယ်။ မထည့်ဘူးလား။ “ရူပံ နိစ္စံဝါ အနိစ္စံဝါ”ချည်း ထည့်တယ် ဆိုကတည်းကိုက ဖြစ်ပြီးပျက်တာတွေ သူထည့်တယ်။ ဒါဖြင့် ဖြစ်လည်း ဒုက္ခသစ္စာ။ ပျက်လည်း ဒုက္ခသစ္စာ။
အဲဒီတော့ ဒုက္ခဖြစ်တာနဲ့ ဒုက္ခချုပ်တာမှတစ်ပါး ခန္ဓာကိုယ်ထဲမှာ ရှိသေးရဲ့လား (မရှိပါ)၊ မရှိတော့ ဒါဟာ သစ္စာမဟုတ်ဘူးလား။ ဒုက္ခပါနေလို့၊ ရှင်းပြီလား။ အဲဒါကို ခင်ဗျားတို့ ပေးချင်လို့။ ဪ ခင်ဗျားတို့အဝေးက လည်း လာကြရတယ်။ ဒီနှစ်လုံးကို နှလုံးသွင်းရမယ် (မှန်ပါ)၊ ရှင်းရဲ့လား။
အဲဒါသာ အမိဖမ်းတော့
ဘာနှလုံးသွင်းရမလဲ။ ဒုက္ခသမုဒယနဲ့ ဒုက္ခနိရောဓ။ ရှင်းပြီလား။ ဘာနှလုံးသွင်းရမလဲ (ဒုက္ခသမုဒယနဲ့ ဒုက္ခနိရောဓ)၊ အဲ ဒုက္ခသမုဒယနဲ့ ဒုက္ခနိရောဓ ဒီနှစ်ခုသာ နှလုံးသွင်းတော့ ဦးသံဒိုင်၊ တရားရှည်မနေနဲ့။ နှလုံး သွင်းမှားမနေနဲ့။ ဒုက္ခသမုဒယနဲ့ ဒုက္ခနိရောဓ ဒီနှစ်ခုသာ ခင်ဗျားသန္တာန်မှာရှိတယ်။ အဲဒါသာ အမိဖမ်းတော့။ ကိုထွန်းရင် ပေါ်ပြီလား (ပေါ်ပါပြီ)၊ ဘယ့်နှယ်ပေါ်သလဲ (ဒုက္ခသမုဒယနဲ့ ဒုက္ခနိရောဓကိုသာ နှလုံးသွင်းရမယ်၊ အမိဖမ်းရမယ်)၊ ဒီ့ပြင်ဘာရှိသေးလို့လဲလို့ ဦးသံဒိုင်ကို ကျုပ်ကမေးမယ်၊ ခန္ဓာထဲမှာ (ဒါပဲရှိတော့တယ်)၊ ဒါပဲရှိတော့ တယ် (ခန္ဓာငါးပါးပါပဲ ဘုရား)။
ခန္ဓာငါးပါးတွင် တစ်ပါးမှာလည်း “ယံကိဉ္စိ သမုဒယဓမ္မံ၊ သဗ္ဗံ တံ နိရောဓဓမ္မန္တိ”ဆိုတော့ ဘယ်ပုဂ္ဂိုလ်တွေ ကြည့်ကြည့် ဒါပါတယ်။ မပါဘူးလား။
အခုပြောတဲ့ နှစ်ခုသိတာက ကိစ္စဉာဏ်
ယံကိဉ္စိ-အလုံးစုံသော တရားသည်ဆိုတော့ ခန္ဓာတွေ အကုန်ခြုံ၍။ သမုဒယ ဓမ္မံ-ဖြစ်ခြင်းသဘောရှိ၏။ တံ-ထိုဖြစ်ခြင်းသဘောရှိသော ခန္ဓာသည်၊ နိရောဓဓမ္မံ-ချုပ်ခြင်းသဘောရှိ၏ဆိုတော့ သဘောကျပလား။ ဖြစ်ခြင်း ချုပ်ခြင်းပဲရှိတယ်။ ဖြစ်ခြင်း ချုပ်ခြင်းကို ဘာသစ္စာလဲလို့ မေးတော့ ခင်ဗျားတို့ ဘယ့်နှယ်ဖြေမတုံး။ ဖြစ်တာလည်း ဒုက္ခသစ္စာ။ ပျက်တာရော (ဒုက္ခသစ္စာ)၊ အဲဒီနှစ်လုံးကို မိလို့ရှိရင် ခင်ဗျား တို့ သစ္စဉာဏ်ပြီးသွားပြီ။ အပေါင်းသိတာက သစ္စဉာဏ်။ အခုပြောတဲ့ နှစ်ခုသိတာက ကိစ္စဉာဏ်။ ရှင်းပြီလား။ အပေါင်း သိက ဒါတွေက ဒုက္ခသစ္စာတွေချည်းပဲလို့ သိတာက သစ္စဉာဏ်။ ဪ ခန္ဓာငါးပါး ဟူသရွေ့ ဒုက္ခသစ္စာချည်းပဲလို့ သိနေတာက သစ္စဉာဏ်၊ သဘောကျပြီလား။
ဖြစ်ပျက်နှစ်ခုကို မိလို့ရှိရင် ခင်ဗျားတို့ ကိစ္စဉာဏ် မိပြီ
အဲဒီတော့ သစ္စဉာဏ်ဆိုတာ ဘာတုံးဆိုတော့ ခင်ဗျားတို့သိတဲ့အတိုင်း ပီဠန၊ သင်္ခတ၊ သန္တာပ၊ ဝိပရိဏာမ ဆိုပြီး လေးချက်မလာဘူးလား။ လေးချက်လာပေမယ့် အတူတူပဲ။ တစ်သဘောတည်း။ ဖြစ်ပေါ်လာတာလည်း ဝိပရိဏာမ ဒုက္ခသစ္စာ၊ ချုပ်ပျောက်သွားတာရော (ဒုက္ခသစ္စာ) ဒါပဲရှိတာပဲ။ ဖြစ်ပေါ်လာတာက ဝိပရိဏာမဒုက္ခသစ္စာ (မှန်ပါ)၊ ပျက်စီးသွားတာရော (ဝိပရိဏာမ ဒုက္ခသစ္စာပဲ)၊ ဒီဖြစ်ပျက်နှစ်ခုကို မိလို့ရှိရင် ခင်ဗျားတို့ ကိစ္စဉာဏ် မိပြီ။ ကိစ္စဉာဏ်မိတဲ့အချိန်ကျလို့ရှိရင် ခင်ဗျားတို့ ဘာတွေမှ တွေးတောပြီးသကာလ မနေပါနဲ့တဲ့။ ကိစ္စဉာဏ် မိလာလို့ရှိရင် ကိစ္စဉာဏ်အပြီးမှာ ကတဉာဏ်ဆိုတာ ပေါ်လာလိမ့်မယ်။ ကိစ္စဉာဏ် ဘယ်တော့ပြီးမှာတုံးလို့ မေးဖို့မလိုဘူးလား (လိုပါ တယ်)၊ လိုတယ်။ ကိစ္စဉာဏ် ပြီးတယ်ဆိုတဲ့ဟာကို ကျုပ်ရှင်းပြမယ်။
ဥပမာ ဝေဒနာကလေး တစ်လုံးရှိတယ်။ ဝေဒနာလေးလာမယ်။ ဝေဒနာချည်း လာခဲ့တာလား ဇာတိ၊ ဇရာ၊ မရဏနဲ့ တွဲလာသလား အကဲခတ်လိုက်စမ်းပါ (ဇာတိ၊ ဇရာ၊ မရဏနဲ့ တွဲလာပါတယ်)၊ တွဲလာတယ်။
ဒါဖြင့် ဇာတိ၊ ဇရာ၊ မရဏက နှိပ်စက်တဲ့တရား။ ဝေဒနာက ခံရတဲ့တရား (တင်ပါ)၊ မဆိုနိုင်ဘူးလား။ နှိပ် စက်တတ်တဲ့တရားနဲ့ နှိပ်စက်ခံတဲ့တရား တွဲလာတယ် (မှန်ပါ)၊ သဘောပါပြီလား။ နှိပ်စက်တတ်တဲ့တရားနဲ့ အနှိပ် စက်ခံမယ့်တရား တွဲပြီးပေါ်လာတယ်။ ခင်ဗျားတို့ ကျုပ်တို့ မွေးလာကတည်းက သဘောကျပြီလား။ ဒါဖြင့် နှိပ် စက်တတ်တဲ့ တရားနဲ့ အနှိပ်စက်ခံတဲ့တရား တွဲလာတယ်ဆိုကတည်းကိုက ဝိပရိဏာမကိစ္စက ပါမနေဘူးလား။ အဖန် ဖန် နှိပ်စက်တဲ့ကိစ္စ ပါမနေဘူးလား (မှန်ပါ)၊ နှိပ်စက်တော့ကို ကျုပ်တို့ အရိုးတခြား အသားတခြားဖြစ်အောင် နှိပ် စက်သလား အခြေပျောက်နှိပ်စက်သလားလို့ ကိုထွန်းရင်က တွေးကြည့်။ ဘယ်လိုဆိုကြမလဲ၊ အခြေပျောက် နှိပ်စက် တယ်။ ဝေဒနာလေးက ပျောက်သွားတဲ့အခါ ခင်ဗျားတို့ ရှာတွေ့သေးရဲ့လား (ရှာမတွေ့ပါ)၊ အရိုးအသားရော (မတွေ့ ပါ ဘုရား)၊ မတွေ့ဘူး။ ပြာကလေးရော (မတွေ့ပါ)၊ မရှိပါဘူး။ ဒါဖြင့် နှိပ်စက်တဲ့တရား၊ နှိပ်စက်တဲ့ဥစ္စာသည် ရှာ မတွေ့အောင် နှိပ်စက်တတ်တဲ့တရားဆိုတော့ ဒီထက် ဒုက္ခရှိသေးရဲ့လား မေးလိုက်မယ်။ ခင်ဗျားတို့ ဒီထက်ကြီးတဲ့ ဒုက္ခ ရှိသေးရဲ့လား (မရှိပါ)။
ပီဠနဋ္ဌကိစ္စ
တခြားမလိုက်ပါနဲ့တဲ့၊ ကျုပ်ရှင်းပြမယ်။ အိမ်တစ်အိမ်ကို ဦးသံဒိုင်တို့ ရှေးက ဗုံးကျတယ်။ လူလည်း သေတယ်။ အိမ်လည်း ပျောက်တယ်။ အတိုအစတောင် ရှာမတွေ့ဘူး။ လူလည်း အသားအရိုး ရှာမတွေ့ဘူးဆိုတော့ ဒီဒုက္ခဟာ အိမ်ကျန်ရစ်ခဲ့တဲ့ ဒုက္ခနဲ့စာလို့ရှိရင် အကြီးဆုံးဒုက္ခလို့ ဆိုထိုက်-မဆိုထိုက် (တင်ပါ)၊ မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ်)၊ ဒီမှာလည်းတဲ့ ပီဠနဋ္ဌကိစ္စဆိုတာက ပြာမကျန်ရစ်တဲ့ကိစ္စမျိုးကို ဆိုတယ်။ သဘောကျပြီလား။ အဲဒီလို နှိပ်စက်ပြီးသကာလ ပျက်စီးသွားဖို့ နှိပ်စက်လို့ ပျက်စီးသွားတာပဲလို့ ခင်ဗျားတို့စိတ်ထဲမှာ ဉာဏ်နဲ့ရှင်းနိုင် သလောက် ရှင်းလို့ အနှိပ်စက်ခံရတာဖြင့် အကြီးဆုံးပဲလို့ဆိုပြီးတော့ ဒီဉာဏ်ထဲမှာပေါ့။
သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပထဲမှာ မြင်လာလို့ရှိရင် ကိစ္စဉာဏ် ပြီးတယ်လို့ ဆိုရမယ်။ ကိစ္စဉာဏ်ပြီးတယ်၊ မပြီးတယ်ကို ဒီကခွဲကြည့်ချင်တော့ ခုနင်က အနှိပ်စက်ခံရတဲ့တရားတွေဟာ လုံးဝမရှိဘူး။ သဘောကျပြီလား။ ကွယ်ပျောက်သွားတယ်။ ဉာဏ်ထဲမှာ ပျောက်သွားတယ်။ ဒီဉာဏ်က ရှုလို့ကို မရတော့ဘူး။ ရသေးရဲ့လား (မရပါ ဘုရား)။ မရတော့ တစ်နေ့က ပြောတယ်။
ကတဉာဏ်
သင်္ခတနယ်ကို လွန်မသွားဘူးလား (လွန်ပါတယ်)၊ သင်္ခတနယ်ကို လွန်သွားတော့ ဒီဉာဏ် ဘယ်ဘက်ကို ကူးသွားသလဲ (အသင်္ခတ နယ်ဘက်ကို ကူးသွားပါတယ်)၊ အသင်္ခတနယ်ဘက်ကို ကူးသွားရင် ဒါ ခင်ဗျားတို့ ဪ ပြီးပေပြီဆိုတဲ့ဉာဏ် မဆိုနိုင်ဘူးလား ဒီဉာဏ်ကို (ဆိုနိုင်ပါတယ်)၊ ပြီးပြီတဲ့၊ နောက်ဒုက္ခကို မြင်စရာမရှိတော့ဘူး။ ဒုက္ခမြင်စရာ မရှိဘူး ဆိုတဲ့ဉာဏ်က ကတဉာဏ်နော်။ ဒုက္ခနှိပ်စက်တာချည်းကို ကျကျနန မြင်နေတာက ကိစ္စဉာဏ်။ ဒုက္ခအစိုင်အခဲ ကြီး မြင်နေတာက သစ္စဉာဏ်နော်။ ဒါဖြင့် သစ္စဉာဏ်က ဘာဖြစ်ဖြစ် ဪ ဒါဟာ ဒုက္ခသစ္စာချည်းပဲလို့ သိတဲ့ဉာဏ်ဟာ သစ္စဉာဏ်နော် (မှန်ပါ)၊ ကိစ္စဉာဏ်က နှိပ်စက်သွားလိုက်တာ၊ ပျောက်ပျက်သွားလိုက်တာ ရှာမတွေ့ သည့်တိုင်အောင်ပဲ ပျောက်ပျက်သွားပါလားလို့ သိတဲ့ဉာဏ်ဟာ ကိစ္စဉာဏ်။ ပျောက်ပျက်သွားတဲ့အခါကျတော့ ဒီနေရာမှာ ဒုက္ခနိရောဓ မပေါ်ဘူးလား (ပေါ်ပါတယ်)၊ ပေါ်လာတော့ ဪ ဒုက္ခချုပ်ပေပေါ့လို့ သိတဲ့ဉာဏ်ဟာ ကတဉာဏ်။ ရှင်းပြီလား (တင်ပါ)၊ သစ္စဉာဏ်၊ ကိစ္စဉာဏ်၊ ကတဉာဏ်။ အဲဒီတော့ ဒုက္ခသစ္စာကို အဆုံးသိတဲ့ဉာဏ် မြင်တာနဲ့တစ်ပြိုင်နက် သမုဒယသစ္စာကလည်း သူ့ဟာသူဟာ သစ္စ၊ ကိစ္စ၊ ကတဉာဏ် သုံးချက် အလိုလို သွားတယ်။ နိရောဓသစ္စာမှာလည်း သစ္စ၊ ကိစ္စ၊ ကတ ဒီအတိုင်းပြီးသွားတာပဲ (တင်ပါ)၊ တစ်ချက်ခုတ် လေးချက်ပြတ်။ တစ်ချက် ခုတ်လိုက်တာနဲ့ လေးချက်ပြတ်သွားတယ်။ အထူးလုပ်မနေနဲ့နော်။ ဟုတ်လား (တင်ပါဘုရား)။
ဒါကြောင့် တစ်နေ့က ပြောလိုက်တယ်၊ ခင်ဗျားတို့ကို လှေတစ်ခုနဲ့ ဝန်တင်ပြီးသကာလ ဒီဘက်ကမ်းက ဟိုဘက်ကမ်း ကူးတဲ့အခါကျတော့ကို ဒီဘက်ကမ်းက ခွါတာလည်း လှေသတ္တိပဲလို့ဆိုရင် မလွဲဘူး။ ဒီဘက်ကမ်းက ခွါတာကို (မှန်ပါ)၊ ဟိုဘက်ကမ်းရောက်တာရော (လှေသတ္တိပါ ဘုရား)၊ မြစ်ဖြတ်တာရော (လှေသတ္တိပါ)၊ ဝန်တွေကို ဟိုဘက်ပို့တာရော (လှေပါပဲ ဘုရား)၊ လှေတစ်ခုတည်းက လေးခုအလုပ် မလုပ်ဘူးလား။
ထို့အတူပဲတဲ့ ဒုက္ခသစ္စာကို သစ္စ၊ ကိစ္စ၊ ကတနဲ့ ပြီးလို့ရှိရင် သမုဒယသစ္စာလည်း သစ္စ၊ ကိစ္စ၊ ကတနဲ့ ပြီးတာပဲ (တင်ပါ)၊ နိရောဓလည်း သစ္စ၊ ကိစ္စ၊ ကတနဲ့ ပြီးတာပဲ။ အဲဒီတော့ ဒုက္ခသစ္စာကိုသာ ခင်ဗျားတို့က လုပ်ရမယ်။ ဒီ့အပြင် ဘာမှမလုပ်ရဘူး။ ရှင်းပြီ လား (ရှင်းပါပြီ ဘုရား)။
သစ္စ၊ ကိစ္စ၊ ကတ နဲ့ ပြီးတာပဲ
ဝေဒနာကို ဝေဒနာမှန်းသိရင် သစ္စဉာဏ်ပဲ။ ဝေဒနာတို့၏ ခဏခဏ ပျောက်တာကို မြင်လို့ရှိရင် ကိစ္စ ဉာဏ်ပဲ။ ဝေဒနာ လုံးဝမလာတော့ဘူးလို့ သိရင် ကတဉာဏ် (ကတဉာဏ်ပါ)၊ နိရောဓလည်း သစ္စ၊ ကိစ္စ၊ ကတ နဲ့ ပြီးတာပဲ။ မဂ္ဂလည်း သစ္စ၊ ကိစ္စ၊ ကတ ပြီးတာပဲ။ တစ်ခုလိုနေတယ်။ အဲဒီတော့ ဒုက္ခသစ္စာဆိုတာ ခင်ဗျားတို့ လုပ် ရမယ့်အလုပ်ပဲ။ ဒီ့ပြင် ဘာမှမလုပ်ရဘူး။ ရှင်းပြီလား (တင်ပါ)၊ ဝေဒနာကို ဝေဒနာမှန်းသိရင် သစ္စဉာဏ်။ ဝေဒနာတို့၏ ခဏခဏ ပျောက်တာမြင်လို့ရှိရင်လည်း ကိစ္စဉာဏ်။ ဝေဒနာ လုံးဝမလာတော့ဘူးလို့ သိရင်လည်း ကတဉာဏ်၊ အဲဒါတစ်လုံးသာ မှတ်ထား။
ကဲ စိတ်တစ်လုံးတည်းမှာ ဦးသံဒိုင် ပြန်မှတ်ရမှာက ဘယ်စိတ်လာလာ၊ ဘယ်စိတ်ကလေးလာို့ ဘယ် စိတ်ကလေးလို့ သိနေလို့ရှိရင် (သစ္စဉာဏ်)၊ သစ္စဉာဏ်။ ရှင်းသွားပြီလား။ စိတ်ကလေးဟာ ပျောက်ပျောက်ပြီး သွားတာ မြင်လိုက်လို့ရှိရင် (ကိစ္စဉာဏ်)၊ ကိစ္စဉာဏ်။ စိတ်ကိုပဲ နောက်မလာတော့ဘူး။ စိတ်ဟာ ဒုက္ခသစ္စာပဲလို့ တပည့်တော် အကုန်သိလို့ ပိုင်းခြားချလိုက်တော့ စိတ်ကို မပေါ်တော့ဘူး ဘုရား ဆိုတော့ စေတသိက်ရော ပေါ် နိုင်သေးရဲ့လား (မပေါ်ပါ)၊ စိတ်ရော ပေါ်နိုင်သေးရဲ့လား (မပေါ်နိုင်တော့ပါ)၊ စုတိစိတ်ရော တစ်ခုချုပ်လို့ အကုန် ချုပ်သွားတယ်။ ရှင်းပြီလား (ရှင်းပါပြီ)၊ အဲဒါ မပေါ်လာတဲ့ဉာဏ်၊ မပေါ်ဘူးလို့ သိတဲ့ဉာဏ်ဟာ ဘာဉာဏ်တဲ့တုံး (ကတဉာဏ်ပါ) ကတဉာဏ်။
ဒါ ခင်ဗျားတို့ လုပ်တဲ့အထဲမှာပါသွားပြီလို့ အောက်မေ့ပါ။ ဆရာဘုန်းကြီး သင်လိုက်တဲ့အထဲမှာ အကုန် ပါသွားပြီ။ ဒါတွေ အထူးမဟုတ်ဘူး။ ဒါဖြင့် ဝိပဿနာလုပ်တဲ့အထဲမှာပဲ အကုန်ပါသွားတယ်လို့ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ်)၊ ဒါဖြင့် ဝိပဿနာအလုပ်လည်း လုပ်ဖြစ်အောင်လုပ်။ ခင်ဗျားတို့ ဒီ့ပြင်အလုပ် ဘာမှလုပ်စရာမရှိပါ် ဘူး။ ကဲ ဒါဖြင့် အလုပ်လည်းတွင်ပါပြီတဲ့။ ကိုထွန်းရင်ကရော ကျုပ်က ဘာပေးထားသတုံး။ ဘာဝိပဿနာရှုရ မှာလဲ (ဝေဒနာနုပဿနာ)၊ ဦးသံဒိုင်ကျတော့ ကျုပ်က ဘာပေးထားသလဲ (စိတ္တာနုပဿနာ ပေးပါတယ်)၊ စိတ္တာနုပဿ နာ ပေးထားတယ်။ ကမ္မဋ္ဌာန်းကလည်း သူနဲ့သူ စရိုက်မတူတာနဲ့ ဘုန်းကြီးပေးထားတာ တခြားစီကိုးလို့ ဆိုရဦးမှာ လား (ဆိုရမှာပါ)၊ ဆိုရမယ်။
ကမ္မဋ္ဌာန်းအပေးလွဲလို့ အရှင်သာရိပုတ္တရာ ခြေချော်တာလည်း ကျုပ်ပြောပြီးပြီ။ သို့သော်လည်း သစ္စ၊ ကိစ္စ၊ ကတ ပန်းဝင်ရာကျတော့ ထူးသေးရဲကလား (မထူးပါ)၊ မထူးဘူး။ ကိုထွန်းရင်က ဝေဒနာတွေ့နေတုန်း ဝေဒနာဒုက္ခ သစ္စာလို့ ဆိုတယ်။ ဝေဒနာကလေး ပျောက်ပျက်သွားတာကို ခဏခဏ ပျောက်ပျောက် ပျောက်ပျောက်သွားတယ်လို့ မြင်လို့ရှိရင် နိရောဓပုဂ္ဂိုလ်ဟာ နိရောဓအသိဉာဏ် ရတယ်ဆိုတဲ့အတိုင်း ချုပ်တာကလေးတွေမြင် ချုပ်တာကလေးတွေ သိနေလို့ရှိရင် ချုပ်တာလေးတွေကိုမြင် ချုပ်တာကလေးတွေကို သိနေလို့ရှိရင် ကိစ္စဉာဏ်ရတယ်။ ဒီဝေဒနာကို ဘယ်တော့မှ မလာတော့ဘူးလို့ဆိုရင် သူ ဘာဉာဏ်ရတယ်ဆိုကြမလဲ (ကတဉာဏ်)၊ ကတဉာဏ် ရတာပဲ။
ဦးသံဒိုင်ကျတော့ ဘယ်စိတ်လာလာ ပုထုဇဉ်စိတ်ပဲ ဦးသံဒိုင်ရ။ ခင်ဗျား ဘယ်စိတ်လာလာရှုလို့ ကျုပ်က ပြောတယ်။ စိတ်လာတိုင်းလာတိုင်း သိနေရင် သူသစ္စဉာဏ် ရတာပဲ။ ဒုက္ခသစ္စာ လာနေတယ်။ စိတ်ကလေး ပျောက် ပျောက် ပျောက်ပျောက်သွားတယ်ဆိုတာ အနှိပ်စက်ခံပြီး ပျောက်ပျောက်သွားတာတွေ မမြင်ရဘူးလား (မြင်ရပါ တယ်)၊ မြင်ရတော့ ကိစ္စဉာဏ် ရနေပြီ။ နောက် ဒီစိတ်ကလေးဟာ ဘယ်တော့မှ မလာတော့ပါဘူး။ တရားသာ သိမ်းသွားတယ်၊ မလာတော့ဘူးလို့ ဒီနေရာမှာ နိရောဓ အစားထိုးတာပဲလို့ထင်ရင် ဒါဟာ ဘာဉာဏ်ခေါ်မလဲ (ကတ ဉာဏ်)၊ ကတဉာဏ်ဆိုတော့ အတူတူပါပဲ။ တစ်နေ့က ဦးသံဒိုင်တောင် ပါးစပ်က ထွက်လိုက်သေးတယ်။ ပေါက်မြစ်ပါပဲ၊ မဟုတ်ဘူးလား။ အရွက်ပွင့်နေတဲ့အချိန် သွားတူးတော့ တစ်မျိုးလိုလို ထင်ရတယ်။ အရွက်ဖားတဲ့အချိန် သွား တူးတော့ တစ်မျိုးလိုလို ထင်ရတယ်။ မီးလောင်ထားတုန်း သွားတူးတော့ ပေါက်ပင်ဟာ တစ်မျိုးလိုလို ထင်ရတယ်။ အပြီးသတ်တော့ ဒီအမြစ်ပါပဲ။ သစ္စ၊ ကိစ္စ၊ ကတမှာ သွားဝင်တယ်။ သဘောကျပြီလား။
ဆင်ခြေရာ အကြီးဆုံးပါ
အဲဒါကြောင့် အရှင်သာရိပုတ္တရာက ဟောလိုက်တယ်၊ ကွာ တဲ့ လောကကြီးထဲမှာ ခြေထောက်နဲ့ သွားတဲ့ သတ္တဝါတွေ တယ်များပါကလား၊ မများဘူးလား (များပါတယ်)၊ နွားလည်း ခြေထောက်နဲ့သွားတာပဲ၊ ဘဲတွေလည်း ခြေထောက်နဲ့ သွားတာပဲ၊ ကြက်လည်း ခြေထောက်နဲ့ သွားတာပဲ၊ ခြေထောက်နဲ့ သွားတဲ့အထဲမှာ ဘယ်ခြေရာ အကြီး ဆုံးတုံးလို့ မေးလို့ရှိရင် ဦးသံဒိုင် ဘယ့်နှယ်ဖြေမလဲ (ဆင်ခြေရာ အကြီးဆုံးပါ)၊ မဆိုနိုင်ဘူးလား။ တချို့ဆင်ဆိုလို့ရှိရင် နှစ်တောင်ပတ်လည်တောင် ရှိချင်ရှိမယ်၊ တစ်ချက်ထောက်လိုက်လို့ရှိရင်လေ၊ ဒီ့ပြင်အကောင်တွေ သွားလို့ရှိရင် ဆင် ခြေရာဖိပြီး သွားနိုင်တဲ့ အကောင်တွေပါသလား၊ ဟိုထဲမှာ ခြေချပြီး သွားရမယ့်အကောင် ပါသလားလို့ မေးရင် ဘယ့်နှယ်ပြောမလဲ (ဒီထဲမှာပဲဝင် ဝင်သွားရမယ်)၊ ဒီအထဲချည်း ဝင်သွားရမှာပဲ၊ ဘာဖြစ်လို့လဲ (ငယ်လို့ပါ)၊ မကြီးဘူး လား။ အကြီးဆုံးက (ဆင်)၊ ဟုတ်ပြီလား။ ထို့အတူပဲ ဘယ်တရားတွေ ဘာပဲဟောလာလာ၊ ဆင်ခြေရာနဲ့တူတဲ့ သစ္စ၊ ကိစ္စ၊ ကတထဲ အကုန်ဝင်ရမယ် (အကုန်ဝင်ပါတယ်)၊ ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။
ဒါဖြင့် သစ္စ၊ ကိစ္စ၊ ကတက ဆင်ခြေရာပဲ (ဆင်ခြေရာပါပဲ)၊ ရှင်းပြီလား (ရှင်းပါပြီ)၊ ဒီနေရာ အားလုံးသွား လေ၊ သမထလေးဆယ်လည်း ဒီဝင်မှာပဲ။ ဒီမဝင်သေးရင် မရဘူးကွ။ ပေါ်ပြီလား (ပေါ်ပါပြီ)၊ ဒါဖြင့် ဘုရားရှင်ကိုယ် တော်မြတ်ကြီးက ဟောတယ်၊ သစ္စာမသိဘဲနဲ့ ငါဘုရားဖြစ်လာတယ်လို့ဆိုရင် မယုံနဲ့တဲ့၊ ပစ္စေကဗုဒ္ဓါ ဖြစ်လာတယ် ဆိုရင်လည်း မယုံနဲ့တဲ့ နော် (တင်ပါ)၊ သောတာပန် ဖြစ်လာတယ်ဆိုရင်လည်း (မယုံနဲ့)၊ ဆင်ခြေရာထဲ ဝင်ရမှာ ကို သူ့ထဲမှာ မဝင်လာဘဲနဲ့၊ သဘောပါသလား။ အဲဒီတော့ ခင်ဗျားတို့သည် ရှေးဦးစွာ ဝေဒနာကိုသာမြင်မြင်၊ စိတ်ကို သာမြင်မြင် ဘာဉာဏ်နဲ့ မြင်တာလဲတဲ့ (သစ္စဉာဏ်)၊ သစ္စဉာဏ်။ နောက် ပျက်ပျက်သွားတာ ကလေးတွေ မြင် ပြန်ပြီ ၊ တပည့်တော် ဉာဏ်က ထွက်လို့ ပျောက်ပျောက်သွားတာ ကလေးတွေ မြင်ပြန်ပြီဆိုရင် ဘာဉာဏ်တုံး (ကိစ္စဉာဏ်)။
ပျောက်သွားတာကလေးတွေလည်း တပည့်တော်က ပျောက်ဒုက္ခကလေးကို တပည့်တော် ကျကျနနကြည့်တော့ နောက်လည်း မပေါ်လာတော့ဘူး ဘုရား၊ ဒီဟာတွေကို ရှုလို့ကို မရတော့ဘူးလို့ ခန္ဓာနဲ့ပတ်သက်တာ မလာတော့ဘူး ဆိုရင် ဘာဉာဏ်ခေါ်မလဲ (ကတဉာဏ်ပါ ဘုရား)၊ ဒီမျှနဲ့ ပြတ်သွားတာ ဒွါဒသကာရံ (တင်ပါ)၊ ဒွါဒသာကာရံကို လွန်ပြီး သူသွားလို့ဖြစ်သေးသလား ၊ အဲဒါကြောင့် ငါဘုရား တရားဟောစဉ်ကို မင်းတို့ ငါရှင်းပြမယ် (တင်ပါ)၊
တရားစဉ် ရှင်းပြမယ်
တရားစဉ် ငါရှင်းပြမယ် ၊ ရှေးဦးစွာ ဒါနကထာကို ငါဟောလေ့ရှိတယ်ကွ၊ ကောင်းပြီ (ဟောပါ)။
ဒါနကထာ၊
သီလကထာ၊
သဂ္ဂကထာ၊
ကာမာနံ အာဒီနဝကထာ၊
နေက္ခမ္မ အာနိသံသကထာ၊
သစ္စကထာ။
ဒါနသာလျှင် သွားရာလာရာမှာ ထမင်းထုပ်ပမာ ဥစ္စာထုပ်ပမာ ငါ အင်မတန် ဟောလေ့ရှိတယ်။ နောက်ကျတော့ အို သူကလည်း စားစရာ သောက်စရာတွေ ရတယ်၊ စားမယ့်လူသာ မရှိရင်လည်း စားစရာ အလကားဖြစ်သွား မယ်၊ ဟုတ်ဘူးလား (တင်ပါ)၊ သီလမှတစ်ပါး အသက်ရှည်တဲ့တရား မရှိဘူး ကွ။ သူကမှသာ ရှည်တာဆိုပြီး သီလကိုပဲ တစ်ခါအကြီးအကျယ် မဟောဘူးလား (ဟောပါတယ်)၊ အဲ ဒါန၊ သီလနဲ့ ပြည့်စုံတဲ့ပုဂ္ဂိုလ်ဟာ နတ်ပြည် ရောက်တယ်ကွာ။ နတ်စည်းစိမ်ဟာ အင်မတန်ကောင်း၊ သိပ်ကောင်းတာပဲ မဟောပေဘူးလား။ ပြီးတော့ ကာမာနံ အာဒီနဝဆိုတာ နတ်စည်းစိမ်ကြီးဆိုတာကွာ “အဋ္ဌိကင်္ခလူပမာ ကာမာ” အမဲရိုးကိုက်သလိုပဲ၊ အလကားပဲ၊ မဟော ဘူးလား (ဟောပါတယ်)၊ မီးကိုင်သလိုပါပဲ၊ လွှတ်ရင်လွှတ်၊ မလွှတ်ရင် ပိုလောင်တာပဲ။ ဒါတွေ အကုန်ခြေကန်ချတယ် သစ္စာဟုတ်လား၊ သဘောကျပလား (ကျပါတယ် ဘုရား)။
ဒါဖြင့် ဘယ့်နှယ်ကြောင့် သူခြေကန်ပါလိမ့် (သစ္စဉာဏ်ကြောင့်ပါ) သစ္စာပေါ့။ ဒါတွေကို တဏှာငြိတယ်၊ မငြိဘူးလား၊ ငြိခြင်းကြောင့် ကာမာနံ အာဒီနဝကထာ ပြတယ်၊ ဖျက်မချဘူးလား။ ကာမဂုဏ်ဆိုတာ အပြစ်တွေကွ ၊ မဟောဘူးလား (ဟောပါတယ်)၊ မီးရှုးကိုင်သလိုပဲ၊ လေလာတဲ့ဘက်ကို မီးကလေးရှို့ပြီး ကိုင်သွား၊ လွှတ်ရင် လွှတ်, မလွှတ်ရင် ကိုယ့်လောင်တယ်။ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။
ကျီးတစ်ကောင် သားတစ်ရသလို
ကျီးတစ်ကောင် သားတစ်ရတယ်ကွ၊ ကျီးတွေဝိုင်းပြီး အထိုးခံရ အဆိတ်ခံရတယ်ကွ။ လွှတ်ပစ်လိုက်ရင် အဆိတ် မခံရပေဘူးကွ။ ကာမဂုဏ်ဆိုတာ ဒီလိုပဲဟေ့ အပြစ်တွေ မပြဘူးလား၊ အဲဒီအပြစ်တွေ ပြပြီးတဲ့နောက်မှ နာတဲ့ပုဂ္ဂိုလ် မှာ ဒီဟာတွေ ခင်တွယ်တဲ့ တဏှာရှိသေးရဲ့လား၊ သူတို့ အကျိုးပေးတွေ ခင်တွယ်တဲ့တဏှာ ရှိသေးရဲ့လား (မရှိပါ ဘုရား)၊ မရှိလို့ ဝမ်းထဲမှာ ကိလေသာဖြူစင်ပြီးနေတဲ့အချိန်ကျတော့မှ ဟောဒီဝေဒနာလေးက ဒုက္ခသစ္စာကွ ၊ ဒီထဲမှာ သစ္စာပါတယ်။ ဟောဒီစိတ်ကလေးက ဒုက္ခသစ္စာကွ၊ အဲဒီဥစ္စာကလေးတွေဟာ အနှိပ်စက်ခံပြီး ပျောက်သွား တယ်ကွဆိုပြီး ကိစ္စဉာဏ် ဟောချလိုက်တယ်။ သစ္စာဟောပြီး ကိစ္စဟောချလိုက်တယ်။ ဒါတွေမရှိမှ မင်းတို့ချမ်းသာမှာ ပဲဆိုပြီး ကတဟောချတယ် (မှန်ပါ)။
အဲဒီတော့မှလည်း သောတာပန်တည်တယ်။ ဒီတော့မှ တည်ခဲ့သလားလို့မေးရင် တစ်၊ နှစ်၊ သုံး၊ လေးမှာ မတည်ခဲ့ဘူး။ သဘောကျပြီလား (မှန်ပါ)၊ ဒီဘက်ကျတော့ တည်ရပြီ (တည်ပါတယ်)၊
ဒါဖြင့် ဒီဟာတွေဟာ အညစ် အကြေးနဲ့ ရောထွေးလို့ဆိုတဲ့ အဓိပ္ပာယ် မရှင်းသေးဘူးလား (ရှင်းသွားပါပြီ)၊ အညစ်အကြေးနဲ့ ရောထွေးနေတုန်းကို တဲ့၊ ငါဘုရားကိုယ်တော်မြတ်ကြီး ရှင်းပြမယ်တဲ့၊ အဝတ်အထည်ကွာတဲ့၊ ဆီစွန်းထားတယ်၊ ငံပြာရည် စွန်းထားတယ်၊ အိုးမည်း စွန်းထားတယ်။ ဖြူမနေလို့ရှိရင် ဘယ်ဆေးရည်ဆိုးဆိုး မစွဲပါဘူးကွာ တဲ့။ စွဲပါ့မလား (မစွဲပါ ဘုရား)၊ ချွတ်ပစ်ရမယ်၊ ဖြူနေအောင် ချွတ်ပစ်ရမယ် (မှန်ပါ)၊ ချွတ်ပြီးတဲ့အခါမှာ ဆိုးရည်ဆိုးလိုက်ရင် ဘယ့်နှယ်နေမလဲ (စွဲ ပါတယ် ဘုရား)။
ဖွပ်လျှော်ချလိုက်တယ်
ဒီမှာလည်း ကိလေသာတွေ ပါနေလို့ရှိရင် သစ္စာသွားမဟောနဲ့တဲ့၊ ရှင်းပြီလား (ရှင်းပါပြီ)၊ ကိလေသာနဲ့ နာ နေတဲ့တရားတွေကို ဟောနေတုန်းကို သစ္စာမဟောနဲ့ တဲ့။ ကိလေသာ ထူပြောနေတုန်းကို ဘုရားက ကာမာနံ အာဒီနဝကထာနဲ့ ဆေးချွတ်ပစ်ရတယ်၊ ဆေးကြောပစ်တယ်၊ မဆေးကြောဘူးလား (ဆေးပါတယ်)၊ ဆေးတဲ့အခါကျ တော့ ဒီပုဂ္ဂိုလ်သန္တာန်မှာ ဒါနကြောင့်ဖြစ်နိုင်တဲ့ ဘုံဘဝနှစ်သက်တဲ့ တဏှာ အညစ်အကြေးတွေပေါ့ဗျာ၊ သီလကြောင့် အသက်ရှည်မှု နှစ်သက်တဲ့ တဏှာ၊ သမထကြောင့် ဗြဟ္မာစည်းစိမ် နှစ်သက်နေတဲ့ တဏှာတည်းဟူသော အညစ် အကြေးတွေရှိနေလို့ ကာမာနံ အာဒီနဝကထာနဲ့ ဖွပ်လျှော်ချလိုက်တယ်။ မချဘူးလား (ချပါတယ် ဘုရား)။
ကာမဂုဏ်၏ ဒုစရိုက်ကို ပြလိုက်တယ်၊ တစ်ခါတည်း ဆေးကြောပစ်လိုက်တော့ သူ့ဝမ်းထဲမှာ တစ်ခါတည်း ဖြူနေတယ်။ ဖြူနေတဲ့အခါကျတော့မှ သစ္စာကောက်ဟောလိုက်တယ်။ ဒါ သစ္စဉာဏ်၊ ဒါကိစ္စဉာဏ်၊ ဒါ ကတဉာဏ် ဆိုပြီးတော့ ဟောလိုက်တဲ့အခါကျတော့မှ “ဝိရဇံ ဝီတမလံ ဓမ္မစက္ခုံ ဥဒပါဒိ” မလာဘူးလား (လာပါတယ်)၊ ဝိရဇံ- ရာဂကင်းတယ် ဟုတ်လား။ ဝီတမလံ-အညစ်အကြေးကင်းတယ်၊ ဓမ္မစက္ခုံ-သောတာပတ္တိမဂ်ဉာဏ် မျက်စိရတယ်၊ သဘောကျပြီလား (တင်ပါ)၊ ဒါဖြင့် သစ္စာ ဘယ်အချိန်ဟောရတုံးဆိုတော့ အညစ်အကြေးကင်းတဲ့အချိန် ဟောရတယ်၊ ပေါ်ပြီလား။ အဲဒီတော့ ခင်ဗျားတို့ အားထုတ်တဲ့အခါမှာ သစ္စာကို ဖြုန်းခနဲ ရောက်လိမ့်မယ်လို့ မအောက်မေ့နဲ့၊ ဖြစ် ပျက်ကိုရှုမှ၊ ခိုင်ခိုင်လုပ်မှ၊ ဖြူနေမှ။ ဪ ခန္ဓာကိုယ်ကြီးထဲ ဖြစ်လိုက် ပျက်လိုက်၊ ဖြစ်လိုက် ပျက်လိုက်နဲ့ အနိစ္စ ဆိုလည်း သူပဲ၊ ဒုက္ခဆိုတာလည်း သူပဲ၊ အနတ္တဆိုတာလည်း သူပဲ။ ဒုက္ခသစ္စာဆိုလည်း သူပဲ၊ ဒီလိုချည်း ခင်ဗျားတို့ ပုဗ္ဗဘာဂမဂ်နဲ့ ပွားများနေပါ၊ ခင်ဗျားဝေဒနာကိုလေ (တင်ပါ)။
ခင်ဗျားတို့စိတ်ကို ထိုကဲ့သို့ ပွားများနေပြီဆိုတော့ ကိလေသာ အညစ်အကြေး ရှိသေးရဲ့လား ၊ ပွားများ ဖန်များတော့ ကိုယ့်ခန္ဓာကိုယ် ခင်မင်တွယ်တာသေးရဲ့လား (မခင်ပါ)၊ ကိုယ့်အသေတွေချည်း ကိုယ်မြင်နေတယ် (တင်ပါ)၊ အဲဒီလို မခင်တဲ့အချိန်ကျတော့မှ သူ့ဟာသူ အခု ဆရာဘုန်းကြီး ဟောထားသလိုပဲ၊ ဪ သက်သက် ဒုက္ခသစ္စာတွေပဲဆိုတာ ခင်ဗျားတို့ဟာ ခင်ဗျားတို့ ထိုးထွင်းလာမှဖြစ်မှာ (တင်ပါ)၊
ဒုက္ခသစ္စာမှ အစစ်ပါပဲ
အခုဖြစ်ပျက်တွေဟာ တခြားလား အောက်မေ့တယ်၊ ဒုက္ခသစ္စာတွေပဲ လာတာ၊ မလာပေဘူးလား (တင်ပါ)၊ နောက် ဒုက္ခသစ္စာတွေ လာနေရာကနေ သူက ဒုက္ခသစ္စာမှ အစစ်ပါပဲလားလို့ ဓမ္မက ပြောမသွားဘူးလား (ပြောပါတယ် ဘုရား)၊ ဒါ ပျောက်ပျောက် ပျောက် ပျောက်၊ ပျောက်ပျောက်ပြီး ပြောသွားလိမ့်မယ်။ အဲဒီလိုပြောသွားတဲ့အချိန်ကျတော့မှ ဪ ဒါကြောင့် ဒီဒုက္ခ တွေ ကျုပ်တို့မလိုချင်ပါဘူး၊ မရချင်ပါဘူးဆိုတဲ့ ခုနင်က မဂ္ဂင်ရှစ်ပါးက ပြည့်မလာပေဘူးလား (လာပါတယ် ဘုရား)။
အဲ လာတဲ့အချိန်ကျလို့ရှိရင် ဒုက္ခနဲ့ပတ်သက်ပြီး မြူစမျှ ရှာမတွေ့တော့ဘူး (တင်ပါ)၊ ဖြစ်ပျက်လည်း မလာဘူး။ ဘာမှမလာတော့ဘူးဆိုတာ သဘောကျပြီလား (တင်ပါ)၊ ဒီလိုဆိုတော့ ကျုပ်တို့ ခင်ဗျားတို့လည်း ဒီအလုပ် မှတစ်ပါး ကျုပ်တို့မှာ အညစ်အကြေး ဆေးပေးတဲ့တရား ရှိသေးသလား မေးလို့ရှိရင် ဦးသံဒိုင် ဘယ့်နှယ်ဖြေမလဲ (မရှိပါ)၊ မရှိပါဘူး။ ဒါဖြင့် သစ္စာဆိုက်အောင် လုပ်ရမယ်၊ သစ္စာဆိုက်ချင်လို့ရှိရင် ဝိပဿနာသာ အရင်စ (တင်ပါ)၊ သစ္စာဆိုက်ချင်ပါတယ်ဆိုရင် ဝိပဿနာကစ၊ ဖြစ်ပျက်က စရတယ်၊ သဘောကျပြီလား။ ဖြစ်ပျက်က စတော့ကို ခင်ဗျား တို့ ကျုပ်နိဗ္ဗာန်ရောက်ပုံကလေးကို ယခု ငါးမိနစ် ရှင်းပြမယ်၊ ဦးသံဒိုင် ရဖူးလိမ့်မယ်။ ကိုထွန်းရင်လည်း ရဖူးလိမ့် မယ်။
အနိစ္စာ ဝတ သင်္ခါရာ၊ ဥပ္ပါဒဝယ ဓမ္မိနော၊
ဥပ္ပဇ္ဇိတွာ နိရုဇ္ဈန္တိ၊ တေသံ ဝူပသမော သုခေါ။
ဆိုတာ ရဖူးလိမ့်မယ် (ရပါတယ်)၊ ရသလား ရတော့ လွယ်လွယ်ကလေးပါပဲလား။
ဝိပဿနာဉာဏ်နဲ့ မဂ်ဉာဏ်ပြတာ
အဲဒါ ရှင်းပြောလိုက်ရင် ပြီးပါတယ်၊ အဲဒါ ဝိပဿနာဉာဏ်နဲ့ မဂ်ဉာဏ်ပြတာ ဒီပါဠိက။ ကိုထွန်းရင် ဒီပါဠိက ဘာပြသလဲ။ ဝိပဿနာဉာဏ်နဲ့ မဂ်ဉာဏ်ပြတာ။ ခင်ဗျားတို့ သန္တာန်မှာ သင်္ခါရတရားတွေရှိတယ် ဆိုတာ ကြည့် (တင်ပါ)၊ ကြည့်နေ။ အဝိဇ္ဇာ သင်္ခါရ-အဝိဇ္ဇာပစ္စယာ သင်္ခါရာ၊ သင်္ခါရက သုံးခုပေါ့ဗျာ။ သို့သော် အရူပပုဂ္ဂိုလ်မဟုတ်တဲ့အတွက် ဒီသင်္ခါရနှစ်ခုသာ ခင်ဗျားတို့မှာရှိတယ်။ အာနေဉ္ဇာဘိ သင်္ခါရက ခင်ဗျားတို့မှာ မရှိဘဲ၊ မရှိတော့ အဝိဇ္ဇာပစ္စယာ သင်္ခါရာ နှစ်ခုပဲရှိတယ် (တင်ပါ)၊ ဒီသင်္ခါရဆိုတာ ဘာလုပ်တာလဲ၊ ပြုပြင်တတ်တာ။ သဘော ကျပြီလား (တင်ပါ)၊ ပြုပြင်တတ်တာ။ ဘာများ သူပြုပြင်ပါလိမ့်မလဲလို့ ခင်ဗျားတို့ မေးလိုက်ရင် တစ်နေ့ကပြောတဲ့ ခန္ဓာငါးပါး ရောက်လာပြီ၊ ခန္ဓာငါးပါးသာ ပြုပြင်တတ်တယ်၊ သူက ပြုပြင်တဲ့တရား၊ သူက ပြုပြင်လို့ ပေါ်လာတဲ့တရား။ မဆိုနိုင်ဘူးလား (တင်ပါဘုရား)။
ဒါဖြင့် အနိစ္စာဝတ သင်္ခါရာ။ ကိုထွန်းရင် သူက အနိစ္စတရား။ သူဟာ သင်္ခါရတရား။ သူက ဘာတရား တုံး (သင်္ခါရ)၊ သူက အနိစ္စတရား။ ဒါဖြင့် ပါဠိမို့လို့ ဂါထာမို့ ပြောင်းပြန်လှည့်ဖြေထားတယ်၊ သင်္ခါရာ-သင်္ခါရတရား တို့သည်ဆိုတော့ ဒီသင်္ခါရတရားဆိုတဲ့ဥစ္စာ ဒါက သင်္ခါရတရား၊ သင်္ခါရတရားက ဘာလုပ်တတ်သတုံး။ ပြုပြင်တတ် တယ်။ ပြုပြင်တတ်တာ သူမပေါ်ပေဘူးလား (ပေါ်ပါတယ်)၊ ပေါ်ပြီမဟုတ်လား (ပေါ်ပါပြီဘုရား)၊ သူက အကျိုး တရား (တင်ပါ)၊ သူက အကျိုးတရား ပေါ်လာတယ်၊ တစ်ခါ သူကလည်း ဆိုင်ရာကို မပြုပြင်ဘူးလား ပြုပြင်သလား (သူကလည်း ဆက်ပြီးတော့ ပေးပါတယ် ဘုရား)။
သူက ဆက်သွယ်ပေးတော့ သူကလည်း ခန္ဓာငါးပါးဆိုတော့ ကျုပ်တို့က ဝေဒနာကို ဒီအထဲ ပါပြီးသား ထား လိုက်ပါတော့။ တဏှာကို ဘယ်သူက ပြုပြင်သလဲ မေးလိုက်တော့ သူက သင်္ခါရတရားဖြစ်တယ်။ သူက သင်္ခါရတရား။ တဏှာက သင်္ခါရတရား၏ အကျိုးတရား (အကျိုးတရား)၊ မဆိုနိုင်ဘူးလား။ အကြောင်းအကျိုး။ အကြောင်းအကျိုး။ အကြောင်းအကျိုး။ ဒါဖြင့် တစ်ခုတည်းမှာ အကြောင်းအကျိုး နှစ်ခုရတယ် (တင်ပါ)၊ မရဘူးလား (ရပါတယ် ဘုရား)၊ အကြောင်းအကျိုး နှစ်ခုရတယ်။
ဒါဖြင့် ဒီလိုလုပ်ကြပါစို့။ ဒီတရားကလေးဟာလည်း အကြောင်းအကျိုးနှစ်ခုရတော့ သူနဲ့ထောက်တော့ သူ အကျိုး။ ဥပါဒါန်နဲ့ထောက်တော့ သူက အကြောင်းဖြစ်တယ်။ ဒါဖြင့် သူ ဒီအကြောင်းအကျိုး နှစ်ချက် မဆိုနိုင်ဘူး လား (ဆိုနိုင်ပါတယ်)၊ ဒါဖြင့် သူ့သင်္ခါရတရားလို့ဆိုလည်း ဟုတ်တယ်။ မဆိုနိုင်ဘူးလား သူများ ပြုပြင်တော့ သူက သင်္ခါရလို့ မဆိုနိုင်ဘူးလား။ ရှင်းပြီလား (ရှင်းပါတယ် ဘုရား)၊ ကဲ ရှင်းသွားပြီ တဲ့။
တစ်လုံးတည်းမှတ်သွား
သင်္ခါရတရားဆိုတာဟာ ဝတ-ဧကန္တေန၊ စင်စစ်အားဖြင့်၊ သင်္ခါရာ ပြုပြင်တတ်တဲ့ တရားတို့သည်၊ အနိစ္စာ (မမြဲပါ)၊ မမြဲဘူးဆိုတာ သူကလည်း ပျက်မှာပဲ (တင်ပါ)၊ သူဟာ ပြုပြင်တတ်တဲ့တရားဆိုလည်း ဟုတ်တယ်၊ ဖြစ်တဲ့ တရားဆိုလည်း သူဟုတ်တာပါပဲ၊ ပျက်တဲ့တရားဆိုရင်လည်း (ဟုတ်ပါတယ်)၊ သဘောကျပြီလား (ကျပါပြီ)၊ ပြုပြင် တတ်တဲ့ တရားဆိုရင် (ဟုတ်ပါတယ်)၊ ပျက်မယ့်တရားဆိုရင် (မှန်ပါတယ်)၊ မှန်တာပဲဆိုတော့ ဒါဖြင့် ဒါတွေဟာ ပြုပြင်တတ်တဲ့တရား၊ ပျက်တဲ့တရား၊ ဒါ ပြုပြင်တတ်တဲ့တရား (ပျက်တဲ့တရား)၊ ဒါဖြင့် မပျက်တဲ့တရား ဒီအထဲမှာ ပါပါဦးမလား (မပါပါ)၊ မပါတော့ဘူးနော်။ မပါတော့ ခင်ဗျားတို့ တစ်လုံးတည်းမှတ်သွား၊ အနိစ္စဆိုလည်း သူပဲ။ သင်္ခါရဆိုလည်း (သူပဲ)၊ ဒါကြောင့် သူတစ်လုံးကို ဖိရှု။ ဝေဒနာဖြင့် ဝေဒနာတစ်လုံးတည်းကို ဖိရှု၊ ရှင်းသွားပြီလား (အင်မတန် ရှင်းသွားပါတယ်)၊ ဒီတစ်လုံးတည်း ဖိရှု၊ ဒီတစ်လုံးတည်း ဖိရှုလိုက်တော့။ ဒါက ကျုပ်သင်္ခါရပေါ်ပုံ ရှင်း ပြတာ။
ဒါဖြင့် အနိစ္စဆိုလည်း သူပဲနော်။ သင်္ခါရဆိုလည်း သူပဲနော်။ ဒါ “အနိစ္စာဝတ သင်္ခါရာ”ဆိုတာ ဘုရားက မရှင်းမှာစိုးလို့ ဥပ္ပါဒနဲ့ ဝယပါကွ (တင်ပါ)၊ ထပ်တောင် ပြောလိုက်သေးတယ် (တင်ပါ)၊ ဖြစ်တာနဲ့ ပျက်တာကွဆိုတော့ ခုနစကားနဲ့ ဟပ်မသွားဘူးလား (တင်ပါ)၊ “ဥပ္ပဇ္ဇိတွာ နိရုဇ္ဈန္တိ”ဆိုတော့ သူ့ပါ ထပ်ပြောလိုက်တယ်၊ ဖြစ်ပြီးရင် သူ ပျက်လိမ့်မယ်ကွလို့ မပြောဘူးလား။ တေသံ-ထိုဖြစ်ပျက်မှု နှစ်ပါးတို့၏။ ဝူပသမော-ရှုရင်း သူ ဒီက ချုပ်ဆုံး သွားလိမ့်မယ်။ ဖြစ်မှုပျက်မှု နှစ်ခုမရှိတာ နိဗ္ဗာန်ပဲကွ (တင်ပါ)၊ သုခေါ-ချမ်းသာအစစ်ပဲဆိုတော့ သူ့ဂါထာနဲ့သူကိုက် တယ် (တင်ပါ)၊ ဒါဖြင့် ဒီဖြစ်ပျက်မှုနှစ်ခုသာဆုံးအောင် ခင်ဗျား လိုက်လုပ်ရင် ဘာတွေ့မတုံး (နိဗ္ဗာန်တွေ့ပါမယ်)၊ ရှင်းပြီလား။
ငါ့အလုပ် ဘာပါလိမ့်မတုံး
ဒါဖြင့် ငါ့အလုပ် ဘာပါလိမ့်မတုံးဆိုတော့ ရှေးဦးစွာ ဖြစ်မှုပျက်မှု တွေ့အောင်ရှာ (မှန်ပါ)၊ နောက်ဖြစ်မှုပျက် မှု ဆုံးအောင်လိုက် (မှန်ပါ)၊ ပြီးရော မဟုတ်ဘူးလားကွ။ သဘောပါပြီလား။ ကိုင်း ခင်ဗျားက စိတ်ကို ရှုခိုင်းထားတယ်။ စိတ်ဖြစ်မှု ပျက်မှုသဘောကို တွေ့အောင်ရှာ။ ပထမတွေ့အောင်ရှာရသေးတယ်။ ရှာလို့တွေ့ပြီလား ဖျပ်ဖျပ် ဖျပ်ဖျပ်နဲ့ တွေ့နေပြီလား။ တွေ့လို့ရှိရင် ဒါဆုံးအောင်သာလိုက်၊ ဆုံးအောင်လိုက်တော့ ဘာတွေ့မယ်ထင်တုံး (နိဗ္ဗာန်တွေ့မယ်)၊ ဒါဖြင့် သင်္ခါရအဆုံးမှာ နိဗ္ဗာန်ရှိတယ်၊ ပေါ်ပြီလား (ပေါ်ပါပြီ)၊ သင်္ခါရအဆုံးမှာ အသင်္ခတရှိတယ် လို့ တစ်နေ့ကလည်း ဖြေခဲ့တယ်။ အခုဟာကတော့ သူ့ဂါထာနဲ့ လိုက်အောင်လို့ သင်္ခါရအဆုံးကို နိဗ္ဗာန်လို့ ဘုရားက ဟောတယ်။ တေသံ-ထိုဖြစ်ပျက်နှစ်ပါးတို့၏ ဝူပပသမော-ဆုံးသော နိဗ္ဗာန် လို့ ဘုရားက ဟောတယ်။ တေသံ- ထိုဖြစ်ပျက်နှစ်ပါးတို့၏ ဝူပသမော-ဆုံးသော နိဗ္ဗာန်သည်။ သုခေါ-ချမ်းသာတာပဲ၊ ဝူပသမောက နိဗ္ဗာန်၊ သုခေါက ချမ်းသာတာပဲဆိုတော့ ဒါဖြင့် ဒီတစ်လုံးတည်း ပေရှုပြောတာ။
ဖြစ်တဲ့စိတ်ကလေး ဒါပဲရှုရမယ်
ကိုင်း ဒါဖြင့် ၃၆၅ ဆိုပြီး ရှိကြမှာပေါ့ဗျာ။ မရှိရင် နှေးတဲ့လူကျတော့ ၃၆၀ လောက်ရှိတယ်။ အရှုပြင်း ရင် မြန်တဲ့ပုဂ္ဂိုလ်ကျတော့ ၃၆၅ လောက်ရှိတယ်ဆိုတော့ မကျဲဘူးလား (ကျဲပါတယ်)၊ နည်းနည်းကျဲတော့ကို သူ့ကြား မှာ ဝင်လာတဲ့စိတ်ကိုလိုက် ဖျတ်ဆို ဦးသံဒိုင် ဟိုက ဒေါင်ခနဲရိုက်လိုက်တော့ ဦးသံဒိုင် ကြားစိတ်ကလေး နားထဲ မပေါ်ဘူးလား (ပေါ်ပါတယ်)။
အဲဒီစိတ်ကိုပဲ ခုနက ဉာဏ်နဲ့လိုက်ကြည့်။ ခဏခဏကြားရင်လည်း ခဏခဏကြားတဲ့စိတ်ကိုပဲ သိပြီး ပျက်တာ ပဲ၊ သိပြီးပျက်တာပဲ သိပြီးပျက်တာပဲလို့ လိုက်ပြီးသိနေ။ ကြားစိတ်မရှိမှ ဝင်စိတ် ဖြစ်ပျက် (သူ့ပြန်ကောက်)၊ သူ့ကို ပြန်ကောက်။ သူ့တော့ သူများရှိရင် ရှိတယ်။ သူများမရှိရင် သူမရှိဘူး (တင်ပါ)၊ ဧကစိတ္တ သမာယုတ္တာ တစ်စိတ်သာ ရှိရမယ်။ ပျက်တဲ့စိတ်ကလေး၊ ဖြစ်တဲ့စိတ်ကလေး ဒါပဲရှုရမယ်။ သတ္တဝါသန္တာန် တစ်ဦးတစ်ယောက်၊ သဘောကျပြီ လား။ ဒါက မနောကံ၊ ကျန်တာက ပဉ္စဒွါရလာတယ်။ ပဉ္စဒွါရက မရှိရင် မနောဒွါရပြန်လိုက်၊ မနောဒွါရ ချုပ်သွား လို့ ပဉ္စဒွါရပေါ်ရင် ပဉ္စဒွါရပေါ်ရင် ပဉ္စဒွါရစိတ်ပဲရှု၊ ဒီ ဒွါရခြောက်ပေါက်ပဲ ရှိတယ်။
ဖွတ်မိအောင် ဘယ်လိုဖမ်းမလဲ
အဲဒီတော့ကို ပေါဋ္ဌိလမထေရ်ကြီးကျတော့ ဖွတ်တစ်ပေါက်က ဝင်သွားတယ်ဆိုတော့ ဒီဖွတ်မိအောင် ဘယ်လိုဖမ်းမလဲဆိုတော့ ငါးပေါက်ကိုပိတ်၊ တစ်ပေါက်က ဖမ်းရင်မိတယ်ဆိုတော့ သူက ကိုက်နေတယ်။ ဒီမှာလည်း ဒီငါးပေါက်က ဝိပဿနာ မနောပေါက်ထဲကနေပြီး မနော-မနောချင်းရှု။ ပဉ္စဒွါရက လိုက်ရှု၊ ပဉ္စဒွါရစိတ်၊ မနောဒွါရ စိတ် သဘောကျသလား ၊ အသေအချာလုပ်ပါ၊
ခင်ဗျားတို့ ဒါမှမရလို့ရှိရင် ဘာမှမဖြစ်ဘူးလို့ အောက်မေ့ပါ (မှန်ပါ)၊ ကဲ မျက်လုံး စိတ်မမြင်နဲ့၊ မြင်သည်နဲ့တစ်ပြိုင်နက် မြင်ပြီး ပျက်တယ်ဆိုပြီး နောက်တော့ မနောဒွါရက ဖြစ်ပျက် မဂ္ဂင် ငါးပါးဖြစ်တယ်၊ မနောဒွါရက မဂ္ဂင်ငါးပါးစိတ် ဖြစ်တယ်။
ကြားတဲ့စိတ်ကလေး ကြားတဲ့စိတ်ကလေး ကို ဖြစ်ပျက်ရှု။ မရှိပြန်ဘူး။ ဝင်စိတ်ထွက်စိတ် နံတဲ့စိတ်ကလေး ပေါ်ပြန်ရင် နံတဲ့စိတ်ရှု။ တစ်လုံးရှုလို့ သိလိုက်ရင် မနောကလိုက် ကြည့်တယ်၊ ပြီးတော့ တစ်ခါလျှာပေါ် တံတွေးကလေး မျိုတဲ့စိတ်၊ ဆေးလိပ်ကလေး သောက်တဲ့စိတ်၊ လျှာပေါ်မှာ ဝိညာဏ်စိတ်ကလေး ပေါ်တယ်။ ပေါ်လို့ရှိရင် သူတို့မရှိဘူး၊ သူလည်း မရှိဘူး။ မနောက ဒါလိုက်တယ်၊ ဒါကလေးဟာ မနောက ဒါလိုက်သိတယ်။ ဒါကလေးဟာ ဖြစ်ပြီး ပုဂ္ဂိုလ်အပေါ် တဏှာကနေပြီး ဖြစ်ပြီး ပျက်တာပဲ လို့ လိုက်ပိတ်တယ်။
ကိုယ်ပေါ်မှာ ယားတဲ့စိတ်၊ ကိုယ်ပေါ်မှာ ကောင်းတဲ့စိတ် ပေါ်ပါလိမ့်မယ် တဲ့၊ ယားတဲ့စိတ် ပေါ်ရင် ကောင်းတဲ့စိတ်မပေါ်ဘူးနော်။ ယားတဲ့စိတ်ပေါ်လာရင် ကောင်းတဲ့စိတ် မပေါ်ဘူး။ ကောင်းတဲ့စိတ်ပေါ်ရင် ယားတဲ့စိတ် မပေါ်ဘူး။ သုခ-ဒုက္ခ မပြိုင်နိုင်ဘူးဆိုတဲ့ဟာ သိတော့ ကဲ ယားတဲ့စိတ်ပေါ်ရင် ယားတဲ့စိတ် လိုက်။ သူ မရှိပြန်ဘူး။ ဒီအတိုင်းရှုပြန်တော့။ ကဲ နာတဲ့စိတ်ပေါ်ပြန်လည်း ကိုယ်ပေါ်မှာ ကောင်းတဲ့စိတ်ပေါ် လည်း ကောင်းတဲ့စိတ်ကို ဖြစ်ပျက်ရှု၊ သူမရှိပြန်ဘူး။ သူတို့နှစ်ခု ရှုပစ်လိုက်။ အဲ-နားချိန်ရှိသေးရဲ့လား (နားချိန်မရှိ ပါဘူး ဘုရား)။
နားချိန်မရှိအောင် လုပ်ရမယ်
နားချိန်မရှိအောင် လုပ်ရမယ်။ နားချိန်မရှိအောင် လုပ်လိုက်တော့ တစ်၊ နှစ်၊ သုံး၊ လေး၊ ငါး၊ ခြောက်၊ ပဉ္စဒွါရက ခြောက်မှတ်ရမယ်။ မနောဒွါရက နှစ်မှတ်ရမယ်နော် (မနောဒွါရက နှစ်မှတ်ရပါမယ်)နော် နှစ်မှတ်။ ဒါက ရှူတာနဲ့ ရှိုက်တာသိ။ ဒီကြားထဲမှာ ခင်ဗျားက ထူးထူးဆန်းဆန်း ရှုတာရှိုက်တာ အောင့်ပြီးသကာလ ကုန်တွေ ပေါ် ကြံစည်တဲ့စိတ်၊ သားသမီးတွေပေါ် တွေးတဲ့စိတ် လာများလာဦးမလား။
လာရင်လည်း မနောကို ပထမမနောကို နောက်မနောကသိ။ သူကတော့ ရှူဘက်ကချည်း။ မဂ္ဂင်ဘက်ကလည်း ရှုတဲ့ဘက်ကချည်း။ ဒီမနောမှာတော့ အများ ကြီးပေါ်တယ်။ ရှူတဲ့စိတ် ရှိုက်တဲ့စိတ်က နည်းလို့သာ ဘုန်းကြီးက သူ့အတွက်ထိုင် ပြောတာ။ ကြံစည်တဲ့စိတ်လည်း လာဦးမှာပဲ။ တွေးတောတဲ့စိတ်ရော (လာပါတယ်)၊ စိုးရိမ်ကြောင့်ကြတဲ့စိတ်ရော (လာမှာပဲ)၊ လာမှာပဲ၊ လာတာတွေ ဟူသရွေ့ အကုန်ဖြစ်ပျက်ရှု။
နို့မဟုတ်ရင် “သောကပရိဒေဝါနံ သမတိက္ကမာယ”လို့ဖြစ်ရော မဖြစ်နိုင်ဘူးလား။ “ဒုက္ခ ဒေါမနဿာနံ အတ္ထင်္ဂမာယ” ဒီဒုက္ခနဲ့ ဒေါမနဿချုပ်အောင်လည်း သူမှပဲ တတ်နိုင်တယ်။ ဒုက္ခဒေါမနဿ ချုပ်အောင် လည်း သူနဲ့ပဲ၊ သောကပရိဒေဝ ချုပ်အောင်ရော (သူနဲ့ပဲ ချုပ်ရပါမယ်)၊ ဉာယဿ အဓိဂမာယ-မဂ်ဉာဏ်ရောက်အောင် သူနဲ့ချည်းပဲ။ ဒါတွေ အကုန်ချုပ်သွားရင် နိဗ္ဗာန်တွေ့မှာပဲ။ ရှင်းပြီလား (ရှင်းပါပြီ)၊ ဒါရှုနည်းကို ပြောတာပါ တဲ့။ ကဲ-ရှုတတ်ပလား (တင်ပါ)၊ ပြန်ပြောစမ်းပါဦး၊
ခင်ဗျားက ဒါကလေးမှ ရန်ကုန်ပြန်လို့ ပါမသွားလို့ရှိရင် ဪ ဉာတပရိညာနဲ့ ပြန်သွားတယ်၊ တီရဏပရိညာ ရမသွားရှာဘူးဆိုရင် ခင်ဗျားတို့ ကိုယ်ကျိုးနည်းတဲ့ ဇာတ်ထုပ်ခင်းလိမ့် မယ်။ စိတ်မှာရှင်းအောင် ပြောစမ်းပါဆိုတော့ ခင်ဗျားတို့ ဒီနေ့ ကောင်းကောင်းသင်ပေးမယ်၊ ကိုထွန်းရင် သေသေ ချာချာမှတ်နော် (တင်ပါ)။
ကိုင်း နာရီစေ့သွားပြီ၊ တော်ကြဦးစို့။
သာဓု သာဓု သာဓု ။