10110

မာတိကာသို့

စေတနာ ကံ သင်္ခါရ တရားတော်

မိုးကုတ်ဆရာတော်ဘုရားကြီး

အမရပူရမြို့၊ မင်္ဂလာရိပ်သာဓမ္မာရုံကြီးပေါ်တွင်

ဟောကြားဆုံးမတော်မူသော

”စေတနာ ကံ သင်္ခါရ တရားတော်”

(၂၃-၁၁-၆၀)

သင်္ခါရရယ် ၊ ကံရယ် ၊ စေတနာရယ်။ မောင်ထွန်းရင် ပဋိစ္စသမုပ္ပါဒ်အတိုင်းပဲ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီးက သတ္တဝါ တစ်ယောက် တစ်ယောက်ရဲ့ အစကို ရှာခဲ့သည်ရှိသော် သတ္တဝါဟူသော အချက်နှင့် ဖြစ်တဲ့အစကို တွေ့မည်မဟုတ်ပါ။

သတ္တဝါ အဖြစ်နဲ့တော့ မတွေ့ဘူး

သတ္တဝါ တစ်ယောက် တစ်ယောက်ကို တစ်ယောက်၊ တစ်ယောက် တစ်ယောက် နောက်ဆုတ်တွေးသွားခဲ့သည်ရှိသော် ဘယ်နည်းနဲ့မှ သတ္တဝါအစကို မတွေ့သည် ဖြစ်လေသောကြောင့် သတ္တဝါ အစဟာ အဝိဇ္ဇာတဏှာကပဲ။ သတ္တဝါ အဖြစ်နဲ့တော့ မတွေ့ဘူး၊ ဓမ္မအဖြစ်နဲ့တော့ တွေ့တယ်။ သတ္တဝါအဖြစ်နဲ့ ဘယ်လောက်ပဲရှာရှာ ဘုရားပင်ရှာငြားသော်လည်း ပုဗ္ဗေနိဝါသာ နုဿတိဉာဏ်နဲ့ ရှာငြားသော်လည်း သတ္တဝါအစကို ရှာတွေ့မည်မဟုတ်ပါဘူး၊ ရှည်လွန်းလို့။

သို့သော် သတ္တဝါသာ ရှာမတွေ့တယ်၊ သတ္တဝါအစကို တွေ့တယ်။ အဝိဇ္ဇာနဲ့ သင်္ခါရတွေ့တယ်။ အဝိဇ္ဇာဆိုတာ ဘာတုံးလို့ မေးတဲ့အခါကျလို့ရှိရင်ဖြင့် (သစ္စာလေးပါးမသိတာ)၊ သစ္စာလေးပါး မသိတဲ့ပုဂ္ဂိုလ်ဟာ ပြုချင်သလို ပြုပြင်ပြီး ပြုလိမ့်မယ်ဆိုတာ သူ့ဝတ္တရားလို့ မှတ်ပါနော်။

ဒါဖြင့် ပုညာဘိသင်္ခါရလဲ သူပြုမှာပါနော် ၊ အပုညာဘိသင်္ခါရလည်း သူပြုမှာပေါ့နော် ၊ ဘာကြောင့် ပြုသလဲ၊ “ပုညာဘိသင်္ခါရ’ ပုညက ကုသိုလ်၊ အဘိသင်္ခါရက ပြုပြင်တတ်တဲ့တရား၊ ပြုပြင်တယ်ဆိုတာနဲ့ ခန္ဓာကြီးလာ လိမ့်မယ်။ “အပုညာဘိသင်္ခါရ”၊ အပုညက အကုသိုလ်တရား။ အဘိသင်္ခါရက ပြုပြင်တာ။ အကုသိုလ်စေတနာသည် မဟုတ်တဲ့ အပါယ်လေးပါး ခန္ဓာကြီးကို ပြုပြင်လိမ့်မယ် ဆိုတဲ့ဥစ္စာ မှတ်ထားဖို့ပါပဲ။ ပုညာဘိသင်္ခါရကလည်း ဝဋ် ခန္ဓာကြီးဖြစ်မှာပဲ (တင်ပါ)၊ ဝဋ်ခန္ဓာဆိုတာ လူခန္ဓာ၊ နတ်ခန္ဓာ၊ ဗြဟ္မာခန္ဓာတွေပေါ့ဗျာ၊ ဝိပါကဝဋ်ခန္ဓာတွေပေါ့ (တင်ပါ) ဒါဖြင့် သူခန္ဓာငါးပါး ပေါ်ရမယ်ဆိုတဲ့ ဥစ္စာက သူ့ထုံးစံ ဓမ္မတာလို့သာ မှတ်ထားလိုက်ပါ။ ခန္ဓာငါးပါး၏အစ အဝိဇ္ဇာ သင်္ခါရကဆိုတယ်။ မဟုတ်ဘူးလား (တင်ပါ)၊ ကောင်းပြီ၊ သစ္စာလေးပါးမသိတာ အဝိဇ္ဇာ၊ မသိလို့ပြုတာ ပြင်တာသင်္ခါရ (သင်္ခါရ) ပြုပြင်လို့ ပေါ်ချင်တာ ပေါ်လာတာ ခန္ဓာငါးပါး ဒုက္ခသစ္စာ ပေါ်လာတယ် (တင်ပါ)။

စေတနာ ကံ သင်္ခါရ ရှင်းပေးမယ်

ကောင်းပြီ ဒါဖြင့် ပြုပြင်တတ်တဲ့တရားကို သင်္ခါရလို့ မှတ်၊ အဝိဇ္ဇာအုပ်ချုပ်ပြီး မသိလို့ ပြုပြင်တာ။ မသိတာ အဝိဇ္ဇာ၊ ပြုပြင်တာက သင်္ခါရ၊ ပြုပြင်လို့ ပေါ်လာတာက ခန္ဓာငါးပါးဆိုတော့ စေတနာရယ် ကံရယ် သင်္ခါရရယ် ရှင်းပေးပါလို့ ဆိုထားတယ်။ ခင်ဗျားတို့ မနေ့က လျှောက်တယ် (မှန်ပါ)၊ စေတနာ ကံ သင်္ခါရ ရှင်းပေးမယ်။ သို့သော် သင်္ခါရရှင်းသွားပြီ။ သင်္ခါရဆိုတာ အဘိသင်္ခါရ၊ ခန္ဓာပြုပြင်တာာ အဘိသင်္ခါရလို့ မှတ်လိုက်တာပေါ့။ ဒါဖြင့် “အဝိဇ္ဇာ ပစ္စယာ သင်္ခါရာ၊ သင်္ခါရပစ္စယာ ဝိညာဏံ”ဆိုတဲ့ ဘုရားဟော ပါဠိနဲ့ ကိုက်သွားပြီ၊ မကိုက်သေးဘူးလား (ကိုက်ပါတယ်)၊ ဒါဖြင့် သင်္ခါရက ပြုပြင်သွားလို့ သင်္ခါရလို့ ကျုပ်တို့ မှတ်လိုက်ပေါ့ (တင်ပါ)၊ သူကတော့ဖြင့် မပြုပြင်ပါနဲ့ဆိုလို့ကို မရတော့ဘူး။ ဘာကြောင့်တုံးဆိုတော့ အဝိဇ္ဇာရှိတုန်းကို လုပ်တဲ့တရား ဖြစ်နေလို့၊ အဝိဇ္ဇာရှိတုန်းကို ပေါ်လာတဲ့ တရားဖြစ်နေတော့ ဒီခန္ဓာငါးပါး ဒုက္ခသစ္စာတရားကြီးဟာ ကိုထွန်းရင် မပေါ်ပါနဲ့ဆိုလို့ ရပါ့မလား (မရပါဘုရား)။

ဒါဖြင့် သူ့အဘိထည့်ပေးမှ ဖြစ်မယ်၊ အဘိသင်္ခါရ (တင်ပါ)၊ အဘိသင်္ခါရ ကုသိုလ်။ အဘိသင်္ခါရ အကုသိုလ်။ ဪ ပြုပြင်ထားတဲ့ သင်္ခါရလို့ မှတ်လိုက်ပါ (တင်ပါ) ကောင်းပြီ “သင်္ခါရ ပစ္စယာ ဝိညာဏံ”ဝိညာဏ် နာမ်ရုပ် စသည်ဖြင့် တစ်ပေါင်းတည်း ပေါ်တယ်လို့ တစ်နေ့က ဟောပြီးပြီနော်။

ဝေဒနာ ပစ္စယာ တဏှာလို့ချည်း မှတ်မနေနဲ့

အဲဒီတော့ ဒီအထဲမှာ ဘုရားသခင် ကိုယ်တော်မြတ်ကြီးကတော့ ဝေဒနာကို သူ အဓိကထား ဟောတယ်။ ဒီခန္ဓာငါးပါးထဲ ဝေဒနာ ပစ္စယာ တဏှာ သူ လာမှာပဲ၊ ခန္ဓာငါးပါးထဲမှာ ဝေဒနာက ပါမနေဘူးလား (ပါပါတယ်)၊ သို့သော် ဝေဒနာ ပစ္စယာ တဏှာလို့ချည်း မှတ်မနေနဲ့၊ ရူပပစ္စယာ တဏှာလည်း ဟုတ်တာပဲ၊ ရူပတဏှာလည်း ရှိတယ် (တင်ပါ)၊ မရှိဘူးလား (ရှိပါတယ်)။

အင်း ရူပတဏှာလည်း ရှိတယ်၊ ဝေဒနာ ပစ္စယာ တဏှာလည်း ရှိတယ်၊ သညာ ပစ္စယာ တဏှာရော မရှိဘူးလား (ရှိပါတယ်)၊ သင်္ခါရ ပစ္စယာ တဏှာရော (ရှိပါတယ်)၊ ဒါဖြင့် ဝိညာဏ ပစ္စယာတဏှာရော ရှိပါတယ် (ရှိပါတယ်ဘုရား)၊ “စက္ခုဝိညာဏံ လောကေ ပိယရူပံ သာတရူပံ”။ သတိပဋ္ဌာန်ပါဠိတော်က စက္ခုဝိညာဏ်ကြောင့် ပိယသာတဖြစ်၊ တဏှာဖြစ်တယ် (မှန်ပါ)၊ “ရူပသဉ္စေတနာ လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေ သာ တဏှာ” ရော မရှိဘူးလား (တင်ပါ)၊ ဒါဖြင့် ခန္ဓာငါးပါးကြောင့် ဘာဖြစ်သလဲ (တဏှာဖြစ်ပါတယ်)၊ တဏှာဖြစ်တယ်။ သို့သော် ဝေဒနာကတော့ နီးသောအကြောင်းလို့ သူ ဟောလိုက်သည်။ ရှင်းသွားပြီနော် (ရှင်းပါပြီဘုရား)။

တဏှာလာလို့ရှိရင် တဏှာသည် ဒီအတိုင်း နေမှာမဟုတ်ဘူး၊ ကြီးထွားလာလို့ရှိရင် ဥပါဒါန်ပေါ်ထွက်မှာပဲ၊ ဥပါဒါန ပစ္စယာ (ကမ္မဘဝေါ)၊ ကမ္မဘဝဆိုတာရှိတယ်၊ ဒါ စေတနာ၊ ဟော စေတနာပေါ်လာပြီ။

စေတနာဆိုတာ

“စေတနာဟံ ဘိက္ခဝေ ကမ္မံဝဒါမိ၊ စေတနာဟံ ဘိက္ခဝေ ကမ္မံ ဝဒါမိ”ဆိုတော့ ကမ္မဘဝဟောတာ (အဲဒါကလေး နည်းနည်းချဲ့ပြီးတော့ ဟောပါ)၊ ချဲ့မယ်၊ ချဲ့ပြီးဟောမယ် “စေတနာဟံ ဘိက္ခဝေ ကမ္မံ ဝဒါမိ” ဘိက္ခဝေ-အို ချစ်သားရဟန်းတို့။ စေတနံ- စေတနာကို။ ကမ္မံ-ကံဟူ၍။ အဟံ-ငါဘုရားသည်။ ဝဒါမိ-ဟောတော်မူ၏။ စေတနာကို ငါ ကံလို့ ဟောလိုက်တယ် (တင်ပါ)၊ စေတနာကို စေတနာဆိုတာ “စေတေတီတိ စေတနာ”၊ စေတေတိ-စေ့ဆော်တတ်၏။ ဣတိ-ထိုသို့ စေ့ဆော် တတ်သောကြောင့်။ စေတနာ-စေတနာမည်၏။ စေတနာလို့ဆိုတာ စေတနာတစ်မျိုး ရှိပါလျက်သားနဲ့ သူ့ကို ကံရယ်လို့ နာမည်ပေးတဲ့ဥစ္စာသည် ဝဋ္ဋပုဂ္ဂိုလ်အတွက်ကိုသာ ကံရယ်လို့ ဆိုလိုက်တယ်။ ဝိဝဋ္ဋပုဂ္ဂိုလ်တွေအတွက်တော့ ဒီနေရာမှာ စေတနာပဲရှိပါတယ်။ ကံမဖြစ်ပါဘူး (မှန်ပါ)။

အကျိုးပေးတဲ့စေတနာကို ကံလို့ခေါ်ရမယ်

ဒါ-ရှင်းသွားပြီလား (တင်ပါ၊ ရှင်းသွားပါပြီ)၊ ဝဋ္ဋပုဂ္ဂိုလ်ကတော့ ကိုထွန်းရင် ကမ္မံ ဝဒါမိ၊ ဝိဝဋ္ဋပုဂ္ဂိုလ် အတွက်မှာဆိုလို့ရှိရင်ဖြင့် ဒီဥစ္စာသည် အဟောသိကံ စေတနာပဲရှိသေးတယ် (တင်ပါ၊ အဟောသိ ကံပဲ) အဟောသိကံ စေတနာပဲရှိသေးတယ်၊ သဘောကျပြီလား၊ ဒါဖြင့် စေတနာကံဆိုတဲ့ဥစ္စာ နှစ်ချက်ဟောရလိမ့်မယ်။ တချို့စေတနာ သည် အကျိုးပေးလို့ အကျိုးပေးတဲ့စေတနာကို ကံလို့ခေါ်ရမယ်။ အကျိုးမပေးတဲ့ စေတနာကို စေတနာလို့ပဲ ထားလိုက် ပါတော့ (တင်ပါ)၊ သဘောကျပြီလား (တင်ပါဘုရား)။

ဒါဖြင့် မျိုးစေ့သာရှိ၍ မအောင်တာကို စေတနာပေါ့။ မျိုးစေ့ ဖြစ်ပြီးအောင်တာက ကံ။ လူပုဂ္ဂိုလ်လို့ ခွဲကြပါဆိုတော့ ဝဋ္ဋဝိဝဋ္ဋခွဲလိုက်တာပေါ့။ ကောင်းပြီ ဒါကိုထားပါဦး၊ ပြီးတော့မှ ဇောနဲ့ကြီးဝေဖန် ပြပါဦးမယ်၊ အခုတော့ ပဋိစ္စသမုပ္ပါဒ်ဆုံးအောင် နားထောင်လိုက်ပါဦးနော် (တင်ပါ)၊ ပဋိစ္စသမုပ္ပါဒ် ဆုံးအောင် နားထောင်လိုက် ပါဦး (တင်ပါ)၊ ကမ္မဘဝပစ္စယာ၊ ဟောဒါ ကမ္မဘဝပစ္စယာ ဘာဖြစ်မလဲ (ဇာတိပါ)၊ ဇာတိလာရတော့မယ်။ ဇာတိ ပဋိသန္ဓေ၊ ဇာတိပဋိသန္ဓေ ဧကန်အကျိုးပေးသောကြောင့် သူသည် ဝဋ္ဋပုဂ္ဂိုလ်လုပ်တဲ့ကံ ဖြစ်နေတာကြောင့် ဇာတိ လာရမယ် (တင်ပါ)၊ ဇာတိလာရမယ်။ မလာပါနဲ့ဆိုလို့ ရပါ့မလား (မရပါ)၊ မရဘူး တဲ့။

ဒါဖြင့် ကမ္မဘဝပစ္စယာ ဇာတိ။ ရှင်းသွားပြီနော် (တင်ပါ)၊ ဒါဖြင့် အခုရှင်းထားတာသည် ဒါ ဝဋ္ဋပုဂ္ဂိုလ် အတွက် ပဋိစ္စသမုပ္ပါဒ် ဟောတာ ဖြစ်လေသောကြောင့် သင်္ခါရနဲ့ ကမ္မဘဝဟာ အတိတ်နဲ့ ပစ္စုပ္ပန်ပဲကွာတယ်လို့ မှတ်လိုက်ပါနော် (တင်ပါ)၊ ဒါက အတိတ်ကံ။ ဒါက ပစ္စုပ္ပန်ကံ။ အင်း အတိတ်ကံကို သင်္ခါရလို့ ခေါ်တယ်။ ပစ္စုပ္ပန်ကံကို ကမ္မဘဝလို့ ခေါ်တယ်။ ဒါကလေးတစ်ခု မှတ်ထားလိုက်ဦး၊ အခု ဒါကလေးကို သီးသန့်မှတ်ထားလိုက်ပါ (တင်ပါ)၊ အတိတ်ကံကို ဘာလို့ခေါ်တယ် (အတိတ်ကံကို သင်္ခါရလို့ ခေါ်ပါတယ်)၊ သင်္ခါလို့ ခေါ်တယ်။ ပစ္စုပ္ပန်ကံကို ဘာလို့ခေါ်တယ် (ပစ္စုပ္ပန်ကံကို ကမ္မဘဝလို့ ခေါ်ပါတယ်)၊ ကမ္မဘဝလို့ ခေါ်တယ်။ ရှင်းပြီလား။

ဒါဖြင့် ကျုပ်တို့ ခင်ဗျားတို့သည် တစ်ချို့ အရိယာပုဂ္ဂိုလ်များရော ကံတွေ မလုပ်ဘူးလား။ ဘုရားကို အရှင်မဟာကဿပကြီးက သင်္ကန်းကြီးလှူတယ် (တင်ပါ)၊ အရှင်မဟာကဿပကို ဘုရားက မင်း သင်္ကန်းကြီးတယ် ကောင်းပါလားဆိုပြီး ဘုရားချီးမွမ်းတော့ ဘုရားအလိုရှိတယ်ထင်ပြီး သကာလ ဘုရားကို လှူလိုက်တယ်၊ အရှင်မဟာ ကဿပ ကံမမြောက်ဘူးလား (မြောက်ပါတယ်)၊ ကံပဲ ကံပဲ၊ ကံပေမယ့်လည်း ဒီကံက ဘာကံဖြစ်သလဲဆိုလို့ရှိရင် ကျောက်ပေါ်မှာ ချထားတဲ့မျိုးစေ့လို (တင်ပါ)၊ ရေမြေမရဘူး၊ ရေမြေမရတော့ ကံပြုကာမျှမတ္တနဲ့ ချုပ်သွားတယ်။ သူကျတော့ ကံသာဆိုရတယ် ကြိယာ။ ကံသာဆိုရတယ် ကြိယာလို့ မဆိုထိုက်ဘူးလား (တင်ပါဘုရား)။

ပြုကာမျှမတ္တဖြစ်တဲ့ကံ

ဒါမျိုးကျတော့ ပြုကာမျှမတ္တဖြစ်တဲ့ကံ ပြုကာမျှမတ္တဖြစ်တဲ့ကံ ဖြစ်တော့ ကြိယာထဲ သွင်းလိုက်ပါနော် (တင်ပါ ဘုရား)၊ စေတနာဟံ ဘိက္ခဝေ ကမ္မံ ဝဒါမိ၊ ကမ္မ သတ္တေ ဝိဘဇတိကျတော့ ဒါကိုဆိုတာပါ၊ ကမ္မံ-ကံသည်၊ သတ္တေ- သတ္တဝါတို့ကို။ ဝိဘဇတိ-အကျိုးပေး၏။ ဒါဖြင့် အကျိုးပေးတယ်ဆိုတော့ ကံပေါ့ဗျ။ အကျိုးမပေးတဲ့ စေတနာမျိုး ကျတော့ကို စေတနာယူထားလိုက်ပါတော့။ စေတနာမြောက်တာပဲရှိတယ်။ ကံမမြောက်ဘူး (တင်ပါ)၊ ရှင်းပြီလား (ရှင်းပါပြီ)၊ ဒါဖြင့် သူတို့ နှစ်ခုကလည်း ရှင်းပြီးသား။ ဟို စေတနာ မြောက်ရုံကလေးလည်း ရှင်းပြီးသားဆိုတော့ သုံးခုစလုံး ဘယ့်နှယ်နေသေးသလဲ၊ ယုံမှားသံသယ ရှိသေးသလား (သံသယမရှိပါ)၊ သုံးခုစလုံး သံသယမရှိတော့ဘူး နော်။

တစ်ခါ ကမ္မဘဝနဲ့ သင်္ခါရကော ထူးပါ့မလား (မထူးပါ)၊ သင်္ခါရ ဆိုတာကတော့ အမြဲပဋိသန္ဓေကို အကျိုးပေး တယ်နော် (တင်ပါ)၊ ကမ္မဘဝက ပေးသည်ရှိ မပေးသည်ရှိနော် (တင်ပါ)၊ ကမ္မဘဝက ကျုပ်တို့ ခင်ဗျားတို့က ဒီခန္ဓာ ကိုယ်ကိုသော်လည်းကောင်း၊ ဒီက မဂ္ဂင်ငါးပါးနဲ့ ဝိပဿနာရှုစမ်း၊ ဒီကံ လာနိုင်မလား။ ဟာ သူ့ကို မရှုဖြစ်ဘူး။ ဒီတဏှာရှုဖြစ်တယ်ဆိုလို့ရှိရင် ဒီကံ လာနိုင်မလား (ဒီကံ မလာနိုင်ပါ)၊ ဟာ ဥပါဒါန်ကို ရှုမိတယ်ဘုရား၊ တပည့် တော် ဝိပဿနာဉာဏ်နဲ့ ဥပါဒါန်ကို ရှုမိတယ်ဆိုလို့ရှိရင် ဒီကံမလာနိုင်ဘူး (မလာနိုင်ပါ)၊ ဒါဖြင့် သူကတော့ဖြင့် ဝိဝဋ္ဋပုဂ္ဂိုလ်မှာ အကျိုးမပေးဘူး (တင်ပါ)၊ ပစ္စုပ္ပန်ကံဝဋ္ဋပုဂ္ဂိုလ်ဖြစ်ခဲ့သော် အကျိုးပေးတယ်ဆိုတော့ ဪ သူက အကျိုးပေးတယ်။ ပေး-မပေး နှစ်ချက်ရတယ်။ သူက မပေးမရှိဘူး (မပေး မရှိပါ)၊ ထူးခြားတယ်၊ မထူးခြားဘူးလား (ထူးခြားပါတယ်ဘုရား)။

သင်္ခါရနဲ့ ကမ္မဘဝထူးပုံ

ထူးခြားသွားပြီ တဲ့။ သူက မပေးမရှိဘူး၊ ဘုရားလည်း သူက လာတာပဲ (တင်ပါ)၊ သဘောကျပြီလား (ကျပါပြီ)၊ ဘုရားက ဒါမဖြစ်ဘူး၊ ကျုပ်တို့ ခင်ဗျားတို့ကတော့ မပြောတတ်ဘူး (တင်ပါဘုရား) ဒါမလုပ်ရင် ဒီဝိပဿနာ အလုပ် မဂ်ဉာဏ်ဆိုက်အောင် မလုပ်ခဲ့သည်ရှိသော် (ကမ္မဘဝ အကျိုးပေးမယ်)၊ ကမ္မဘဝ အကျိုးပေးမယ်ဆိုတော့ သူက နှစ်ချက် မနေဘူးလား ၊ အကျိုးပေးတာရှိတယ်၊ မပေးတာရှိတယ်၊ သူက နှစ်ချက်။ သူကတော့ ဘယ့်နှယ်တုံး (သင်္ခါရကတော့ အမြဲအကျိုးပေးတယ်)၊ အမြဲအကျိုးပေးပါတယ်။ ဪ ဒါဖြင့် သင်္ခါရနဲ့ ကမ္မဘဝဟာ ဒီလိုထူးပါ ကလား ၊ မထူးဘူးလား (ထူးပါတယ်ဘုရား)။

သင်္ခါရက ခင်ဗျားပြောတဲ့အတိုင်း အမြဲအကျိုးပေးတယ်။ ကံက အမြဲအကျိုးမပေးဘူး၊ ကံက ဆရာကောင်း သမားကောင်းတွေ့ရင် ဒီကံက အဟောသိကံ ဖြစ်ရမယ်။ မဖြစ်ရဘူးလား (ဖြစ်ရပါတယ်)၊ ဆရာကောင်း သမားကောင်း တွေ့လို့ရှိရင် ကံက အဟောသိကံ ဖြစ်ရမယ်။ ဆရာကောင်း သမားကောင်း မတွေ့ခဲ့သည်ရှိသော် သူကမ္မဘဝအဖြစ်နဲ့ အမှုထမ်းပြန်တယ်။ မထမ်းပေဘူးလား (တင်ပါ)၊ ကောင်းပြီ။ ဒါဖြင့် သင်္ခါရနဲ့ ကမ္မဘဝနှစ်ခုကို အထူးတလည် မှတ်ပါ။

ကဲ ခင်ဗျားတို့ ကမ္မဘဝနဲ့ သင်္ခါရ ဘာထူးသလဲဆိုတဲ့အဖြေ ထွက်မလား မထွက်ဘူးလား (ထွက်ပါတယ်)၊ ထွက်လိုက်ပါဦး၊ သင်္ခါရက ဘယ်ကိုပို့သလဲ (သင်္ခါရက အမြဲအကျိုးပေးပါတယ်)၊ အမြဲခန္ဓာကို ဖြစ်စေတယ် (အမြဲခန္ဓာကို ဖြစ်စေပါတယ်)၊ ကမ္မဘဝက (ဖြစ်ချင်တဲ့အခါမှ ဖြစ်ပါတယ်)၊ အဲ ကလျာဏမိတ္တနဲ့ တွေ့ရင် မဖြစ်ဘူး၊ ကလျာဏ မိတ္တနဲ့တွေ့ရင် မဖြစ်ဘူး။ ကလျာဏမိတ္တနဲ့ မတွေ့ရင် (ဖြစ်ပါတယ်)၊ သူက နှစ်ချက်ပါတယ် (မှန်ပါ)၊ ရှင်းပြီလား။

သူက ဧကန်၊ သူက အနေကန် (တင်ပါ)၊ မထူးဘူးလား၊ ဒါ အဋ္ဌသာလိနီမှာလည်း ဒီအတိုင်းလာတယ်တဲ့၊ ကဲ ကိုထွန်းရင် ရှင်းပြီလား သင်္ခါရ၊ ခင်ဗျားပါးစပ်က ထွက်ပြီ၊ သင်္ခါရက ခန္ဓာကိုးဗျ (ခန္ဓာကို ဖြစ်စေတတ်တယ်)၊ အမြဲဖြစ်စေတတ်တယ်။ ကိုယ့်ကိုယ်ကိုယ် ခန္ဓာနဲ့ဖြစ်လာတဲ့ပုဂ္ဂိုလ် အပေါင်းဟာ သူနဲ့သူ ဘယ်တော့မှ မကင်းဘူး။ အဝိဇ္ဇာ သင်္ခါရကင်းရဲ့လား (မကင်းပါဘုရား)၊ မကင်းဘူး။

အဝိဇ္ဇာ အမိ၊ တဏှာအဖ

ဒါကြောင့် အဝိဇ္ဇာ အမိ၊ တဏှာအဖလို့ ဆိုသောကြောင့် ဪ သင်္ခါရဆိုတဲ့ တရားက အဝိဇ္ဇာ မချုပ် သရွေ့ကာလပတ်လုံး သင်္ခါရမချုပ်၊ သင်္ခါရ မချုပ်သရွေ့ကာလပတ်လုံး ခန္ဓာမချုပ် (တင်ပါ)၊ မဆိုနိုင်ဘူးလား (ဆိုနိုင် ပါတယ်ဘုရား)၊ ဆိုနိုင်လို့ရှိရင် သူက ဧကန်ထဲက ထားလိုက်ပါတော့ (တင်ပါ)၊ ဟော ကလျာဏမိတ္တတွေ့ပြီ။ ဟော ဦးသံဒိုင်ရေ၊ ကိုထွန်းရင်ရေ ခင်ဗျားတို့ ဝိပဿနာရှုပါနော်။ ခန္ဓာငါးပါး တစ်ပါးပါးရှုပါ (တင်ပါ)၊ သူ့မရှုမိရင် ဒီတဏှာရှုပါ၊ တဏှာ မရှုနိုင်လို့ရှိရင်လဲ ဥပါဒါန်ရှုပါ၊ ဟောဒီမဂ္ဂင် ခန္ဓာငါးပါးနဲ့ ကျုပ်ကပဲ တိုက်တွန်းလိုက်တယ် နော်။ တိုက်တွန်းလိုက်တော့ ခင်ဗျားတို့ ကလျာဏမိတ္တရသောကြောင့် ပေါက်ပေါက်ရောက်ရောက်ပဲ ရှုလိုက်တယ် ဆိုကြပါစို့ (တင်ပါဘုရား)။

ဒီကံက လာခွင့်ရသေးသလား (လာခွင့်မရတော့ပါ)၊ လာခွင့်မရလို့ရှိရင် ကမ္မဘဝအဖြစ်နဲ့ သူ အမှုထမ်းနိုင် သေးရဲ့လား (မထမ်းနိုင်ပါ)၊ မထမ်းနိုင်လို့ရှိရင်ဖြင့် ဪ သူက ကလျာဏမိတ္တပေါ်မှီတဲ့ကံ၊ အနေကန် (တင်ပါ)၊ ဧကန်ဟုတ်ရဲ့လား (ဧကန်မဟုတ်ပါ)၊ အနေကန်ပေါ့။ ကောင်းပြီ ကမ္မဘဝက အနေကန်၊ သင်္ခါရက (ဧကန်)၊ ထူးပြီလား ကိုထွန်းရင် (ထူးပါတယ်)၊ ကဲ ဒါဖြင့် သင်္ခါရနဲ့ ကမ္မဘဝ ဘာထူးသတုံးဆိုတဲ့ အဖြေဟာ ထွက်သွားပြီ၊ မထွက်သေးဘူးလား (ထွက်ပါတယ်)၊ ဧကန်နဲ့ အနေကန် ထူးတယ် (ထူးပါတယ်) သင်္ခါရက ဧကန်။ ကမ္မဘဝက အနေကန် (အနေကန်)၊ ကလျာဏမိတ္တပေါ်မှီတယ်ဗျာ ဆိုနိုင်ကြသလား (ဆိုနိုင်ပါတယ်ဘုရား)။

ဒီလာတာဟာ ဘယ်အကျိုးငှာတုံး

အဲဒီတော့ ခင်ဗျားတို့ ဒီလာတာဟာ ဘယ်အကျိုးငှာတုံးဆိုတာ အဓိပ္ပာယ်ထွက်ပြီလား။ ကလျာဏမိတ္တ အရှာလာတာ၊ ကလျာဏမိတ္တအရှာလာတော့ ခင်ဗျားက ဒါကြောက်တယ်၊ ဒီအကျင့်တရား သိပ်ကြောက်တယ်၊ ခင်ဗျား စိတ်ထဲမှာ (တင်ပါ)၊ ဒါကြောက်ရမယ်၊ ဒါကြောက်ရမယ်။ ကံမကောင်းချင်ဘူးလား။ ကံကောင်းချင်ရင် ဒါတွေကောင်း ရတယ်။ ဇရာကောင်းလိမ့်မယ်၊ မရဏကောင်းလိမ့်မယ်၊ သောကပရိဒေဝကောင်းလိမ့်မယ်ဆိုတာ ဆိုထိုက် မဆိုထိုက် (ဆိုထိုက်ပါတယ်ဘုရား)၊ ကိုထွန်းရင် ဒါကို နားကြီးကြီးနဲ့ ထောင်မှနော်၊ နားကြီးကြီးနဲ့ထောင်မှ ဦးသံဒိုင်ရဲ့၊ နားသေး သေးနဲ့ထောင်ရင်လည်း ဒိဋ္ဌိဘက်ပြေးတတ်တယ် (မှန်ပါ)၊ ဒိဋ္ဌိဘက် မပြေးဘူးလား (ပြေးပါတယ်)၊ ဒါ ကံဆိုတာ အလကားကွာ ဒီလို ယူပစ်လိုက်လိမ့်မယ်။

ကောင်းပြီ ဒါဖြင့် ဒီနှစ်ခုတော့ဖြင့် ခင်ဗျားတို့ ကျေကျေနပ်နပ် ရှင်းသွားပြီလို့ မဆိုနိုင်ဘူးလား (ဆိုနိုင် ပါတယ်)၊ ဧကန်၊ အနေကန်သူ ဒီနှစ်လုံးနဲ့ပဲ ပြီးသွားပြီ။ ဒီနှစ်လုံးနဲ့ ပြီးသွားတော့ ဧကန်နဲ့ အနေကန်နဲ့ ရှင်းလိုက်တာ ပြီးသွားပြီ (တင်ပါ)၊ အနေကန်က ဘာကြောင့် အနေကန်လဲ၊ ကလျာဏမိတ္တပေါ် မှီပါတယ်)၊ ကလျာဏမိတ္တပေါ် မှီတယ်၊ ကလျာဏမိတ္တ မရှိရင်ဖြင့် ဒါ နိယာမိကြီးသွားတော့မယ် (မှန်လှပါ)၊ မသွားဘူးလား (သွားပါမယ်)၊ တဏှာ ဥပါဒါန် ကံ ဇာတိ ဇရာ မရဏ အဝိဇ္ဇာ သင်္ခါရ ဒီပြန်လှည့်တယ် (ဒီပြန်လှည့်တယ်)၊ ကြက်ဥလိုလုံးသွား တယ်၊ မလုံးပေဘူးလား (လုံးပါတယ်ဘုရား)။

အဲဒီတော့ ကျုပ်တို့ လုံးတာဟာ ဘယ်လောက်ကြာပြီလဲ မေးလို့ရှိရင် (မဖြေနိုင်ပါ)၊ မရေတွက်နိုင်ပါဘူး၊ ဖြေရုံပဲရှိတော့တယ်။ ရှင်းသွားပြီလား။ ရှင်းတော့ကို ကံနဲ့ပတ်သက်ပြီး ကျုပ်ပုံဝတ္ထု ထုတ်ပြမယ်။ ဒါ သိမ်းတော့ မယ်နော်။ ဒါ သိမ်းတော့မယ် (တင်ပါ၊ လုံးလည်လိုက်နေတယ်)၊ အေးလေ လုံးလည်လိုက်တာပေါ့။ ဒီက အဝိဇ္ဇာ ပြန်လှည့်လိုက်တာကို ဒီသင်္ခါရ ပြန်ကောက်မယ်။

မဟာပုဏ္ဏမသုတ်ဆိုတာ ရှိတယ်၊ လပြည့်နေ့ ဟောတဲ့သုတ်၊ ဥပရိပဏ္ဏာသပါဠိတော် မှာ မဟာပုဏ္ဏမသုတ်ဆိုတာ ရှိတယ် (တင်ပါဘုရား)။ (ဥပရိပဏ္ဏာသပါဠိ ၊ မဟာပုဏ္ဏမသုတ် ၊ နှာ-၆၆။)

မဟာပုဏ္ဏမသုတ်

လပြည့်နေ့ ဟောတဲ့သုတ်ဖြစ်လို့ မဟာပုဏ္ဏမသုတ်။ လပြည့်တဲ့နေ့ ရဟန်းတွေ ရဟန္တာမဖြစ်သေးဘူး။ ရဟန်းန္တာခြောက်ဆယ်ဖြစ်အောင် ဟောမယ့်သုတ် (တင်ပါ)၊ တောထဲ ရဟန်းခြောက်ဆယ်အားထုတ်ကြတယ်။ အားထုတ်ကြတော့ ဝါကျွတ်သီတင်းကျွတ် လပြည့်နေ့ ဘုရားဆီ ကြွတယ်။ ကြွလာရင်း ရဟန်းတစ်ပါးက ဘုရားက ဒီနေရာမှာ ထိုင်နေတယ်။ ရဟန်းတစ်ပါးက တပည့်တော် မသိတာမေးပါရစေဆိုတော့ ရဟန်း-မင်းနေရာမင်း ထိုင်မေး။ သူက လက်အုပ်ကလေး ဘာကလေးချီပြီး မတ်တတ်ထလာတော့ မင်းနေရာမင်း ထိုင်မေးဆိုတော့ မေးတယ်။ ဥပါဒါနက္ခန္ဓာဆိုတာ ဘာခေါ်ပါသလဲဘုရား (တင်ပါဘုရား)။

အို ဥပါဒါနက္ခန္ဓာဆိုတာ ဥပါဒါန်တို့၏ အာရုံဖြစ်စေတဲ့ ခန္ဓာငါးပါးဆိုတယ်။ ဒါဟောတယ်၊ ဒါခန္ဓာငါးပါး ဥပါဒါန်တို့၏ အာရုံဖြစ်တဲ့ ခန္ဓာငါးပါးကို ဆိုတယ်၊ ဒါ တပည့်တော် သဘာကျပါပြီ။ ဥပါဒါန်နှင့် ဥပါဒါနက္ခန္ဓာဟာ တစ်ခြားစီပါလားလို့ မေးပြန်တယ် (တင်ပါ)၊ ဥပါဒါန်နဲ့ ဥပါဒါနက္ခန္ဓာဟာ တစ်ခြားစီလား။

ဥပါဒါန်နဲ့ ဥပါဒါနက္ခန္ဓာနဲ့ အတူတူလား

ဥပါဒါန်နဲ့ ဥပါဒါနက္ခန္ဓာနဲ့ အတူတူလားဆိုတော့ မဟုတ်၊ တခြားစီလားဆိုတော့ မဟုတ်ဘူးကွ တဲ့။ စင်စစ် တော့ ဥပါဒါနက္ခန္ဓာငါးမျိုး၌ လိုချင်တပ်မက်မှု ဆန္ဒရာဂဟာ ဥပါဒါန်ပဲ။

နို့ ခန္ဓာက ဘုရား ခန္ဓာဟာ ဘယ်လောက် များပြားသလဲ၊ အို ခန္ဓာကတော့ကွာ မပြောပါနဲ့၊ အတိတ်ခန္ဓာ၊ ပစ္စုပ္ပန်ခန္ဓာ၊ အနာဂတ်ခန္ဓာ၊ ဩဠာရိကခန္ဓာ၊ သုခုမခန္ဓာ၊ ခန္ဓာကတော့ အများကြီးပေါ့ကွ။

ဒါ ရှင်းပြီးသား ထားနော်။ ကြမ်းတမ်းတဲ့အခါကျတော့ ဩဠာရိကခန္ဓာဖြစ်မှာပဲ။ နူးညံ့တဲ့အခါကျတော့ သုခမခန္ဓာ ဖြစ်မှာပဲ၊ ဒါကတော့ မထူးပါဘူး။ ခန္ဓာ ဒီလောက်များပါတယ်။

သက္ကာယဒိဋ္ဌိ ဘယ်လိုဖြစ်ပါသလဲ

ကောင်းပြီ တစ်ခါရှေ့ဆက်မေးတယ်၊ သက္ကာယဒိဋ္ဌိ ဘယ်လိုဖြစ်ပါသလဲ ဘုရား ၊ ဆုံးအောင် နားထောင် လိုက်တာပေါ့၊ နောက်ကံပေါ်လာပါလိမ့်မယ် (တင်ပါ)၊ ကံပေါ်လာလိမ့်မယ်၊ သူ့ဒေသနာ အစဉ်က ရှိနေလို့။ ဘုရား ဟောတာကို ကျော်ဟောလို့ မကောင်းဘူး။ သက္ကာယဒိဋ္ဌိ ဆိုတာ အို သန္တော ကာယော သက္ကာယောပေါ့ကွ။ သူက သက္ကာယပေါ့ကွ၊ သူ့ကို ငါ့ကိုယ်ထင်နေရင် ဒိဋ္ဌိပေါ့ကွ၊ ဆိုလိုက်တယ်၊ ခန္ဓာငါးပါးက သက္ကာယ၊ ဒါကို ငါ့ကိုယ် ငါ့ဟာ ထင်နေရင် ဒိဋ္ဌိပဲ၊ သူက သက္ကာယ၊ သူက ဒိဋ္ဌိပေါ့ ကွ၊ သဘောကျပြီလား (တင်ပါ)၊ နို့ သက္ကာယဒိဋ္ဌိ မဖြစ်ပုံ ပြောစမ်းပါဦး ဘုရား။ သူမေးရမှာပဲ မေးရမှာပဲ၊ အို ဒီခန္ဓာတော့ ရှိတာပဲ၊ ရှိပင်ရှိငြားသော်လည်း ဒီဥစ္စာသည်ကားဆိုရင် “နရူပံ အတ္တတော သမနုပဿတိ” ဆိုတော့ ဒါ-ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာမဟုတ်ဘူးဆိုရင် သက္ကာယဒိဋ္ဌိ ပြုတ်သွားတာပဲ၊ ရှိတော့ ရှိတာပဲ။ ရှင်းပြီလား (တင်ပါ)။

ပြုတ်သွားပြန်တော့လည်း ခန္ဓာရှိတာပဲ။ မပြုတ်ဘဲနေလဲ (ခန္ဓာရှိတာပဲ)၊ ဒါဖြင့် သမ္မာဒိဋ္ဌိနဲ့ မိစ္ဆာဒိဋ္ဌိ ကွဲသွားတာပေါ့၊ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ်)၊ သမ္မာဒိဋ္ဌိဝင်လာတဲ့အခါကော မရှိဘူးလား (ရှိပါတယ်)။ မိစ္ဆာဒိဋ္ဌိ ဝင်လာတဲ့အခါကော (ရှိပါတယ်)၊ မိစ္ဆာဒိဋ္ဌိအမြစ်နှင့်တကွ မပြတ်သေးရင် အမြဲတမ်းရှိတယ် (ရှိပါတယ်)၊ အမြစ်နှင့် တကွ ပြတ်သွားရင် ခန္ဓာသာရှိတယ်၊ ဒိဋ္ဌိမရှိဘူး။ ဒါဖြင့် ဘုရား တဲ့ ဒါကိုလည်း သဘောကျပါပြီ။ နောက်က ရဟန်းတွေ သဘောကျအောင်လို့ သူက ရှေ့ကနေမေးနေတာကိုး၊ နောက်က ရဟန်းတွေ အကုန်ရဟန္တာဖြစ်အောင် သူက မေးနေတာ။ သူက သိပြီးသား။ ဒါနဲ့ ဒီဥစ္စာကို ဘယ်လိုရှုရမှာတုံး ဘုရား။ ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာမဟုတ် အောင် ရှုရမှာ၊ ပြောစမ်းပါဦးဆိုတော့ အိုကွာ ဖြစ်တယ်၊ ပျက်တယ်။ ဖြစ်တယ်-ပျက်တယ်ဆိုတာ အနိစ္စလည်း သူပဲကွ။ ဒုက္ခလည်း သူပဲကွ။ အနတ္တလည်း သူပဲကွ။ ဒုက္ခသစ္စာလည်း သူပဲကွ။ မဟုတ်ဘူးလား (တင်ပါ)။

အနိစ္စဆိုတာလည်း ဖြစ်တယ်-ပျက်တယ်ပဲ

ဖြစ်တယ်-ပျက်တယ်ပဲ ရှိတာပဲ မဟုတ်ဘူးလား။ အနိစ္စဆိုတာလည်း ဖြစ်တယ်-ပျက်တယ်ပဲ။ ဒုက္ခဆိုတာ ကရော (ဖြစ်တယ်-ပျက်တယ်ပဲ)၊ အနတ္တဆိုတာရော (ဖြစ်တယ် ပျက်တယ်)၊ ဖြစ်တယ်-ပျက်တယ်။ တားမရဘူး၊ ဘာထူးသေးတုံး။ ဒုက္ခသစ္စာဆိုတာရော (ဖြစ်တယ်-ပျက်တယ်)၊ ဖြစ်တာ-ပျက်တာ ဒုက္ခ ဖြစ် ဒုက္ခ ပျက် ဒုက္ခ ဟော တာပဲ၊ ဘာထူးသေးတုံး (တင်ပါ)၊ အဲဒီလို ရှုလိုက်လို့ရှိရင် ကွာ ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာပြုတ်တာပေါ့၊ တဏှာ၊ မာန၊ ဒိဋ္ဌိပြုတ်တယ်။ တဏှာ၊ မာန၊ ဒိဋ္ဌိပြုတ်တယ်လို့ ဟောလိုက်တော့ ရှင်းပြီလား။ ခုနက ပုထုဇဉ်ရဟန်းတစ်ပါး ပါလာတယ်။ ဪ-ခန္ဓာငါးပါးကို ငါ့ကိုယ်လည်း မဟုတ်၊ ငါ့ဥစ္စာလည်း မဟုတ်လို့ ရှုရလို့ရှိရင်ဖြင့် ဘာမှ အားကိုး စရာမရှိဘူး။ ဒီခန္ဓာငါးပါးမှာ ဘာမှ အားကိုးစရာမရှိဘူး။ သူက ဖောက်တာလား၊ ခန္ဓာငါးပါးကို ဘာမှအားကိုးစရာ မရှိတော့ဘူး။

ဒီပုထုဇဉ်ရဟန်းတစ်ပါးက ဖောက်လာတယ်။ ခြောက်ဆယ်ထဲက ခြောက်ဆယ်ထဲက ဖောက်လာတယ်။ အနတ္တ ဟောလိုက်တာကိုး၊ ခန္ဓာငါးပါးကို ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာရယ်လို့ မရှိတော့ဘူးဆိုလို့ရှိရင်ဖြင့် အားကိုးစသရာ မရှိတော့ဘူးလို့ သူက ဖောက်လာတယ်။ ဖောက်လာပုံရော သဘောကျပြီလား။ ငါ့ကိုယ်လည်း မဟုတ်ဘူး၊ ငါ့ဟာလည်း မဟုတ်ဘူး၊ ငါ့ဥစ္စာလည်း မဟုတ်ဘူးဆိုတော့ ဘာ-ငါ့ဟာစွဲတော့မတုံး။

တစ်ပါးဖောက်နေပြီဆိုတာ သူက သိတယ်

သူက စွဲချင်တဲ့ပုဂ္ဂိုလ်ဖြစ်တော့ အစွဲရှာတာ။ အဲဒီတွင် ဘုရားက ပုရစိတ္တဝိဇာနနဉာဏ်နဲ့ ကြည့်လိုက်တော့ ဪ ကြည့်စမ်း ဖောက်နေပါပေါ့လား။ ဒီအထဲက တစ်ပါးဖောက်နေပြီဆိုတာ သူက သိတယ်။

“အဝိဒွါ အဝိဇ္ဇာဂတော တဏှာဓိပတေယျေန စေတသာ သတ္ထု သာသနံ အတိဓာဝိတဗ္ဗံ မညေယျ”(မူလပဏ္ဏာသ၊ ၃၈၅)(ဥပရိပဏ္ဏာသပါဠိ ၊ ၆၉)။

အဝိဇ္ဇာ ဖုံးလွှမ်းကာ တဏှာစိုးမိုးသောစိတ်ဖြင့် ငါဘုရားသာသနာကို ကျော်လွန်ပြေးသွားပြီပေါ့။ မြင်ပြီဟေ့ ငါဘုရား သာသနာတွင်းမှာ ဉာဏ်လွန်ပြီး ပြေးနေတဲ့သူတစ်ယောက် ပါနေ တယ်ဟေ့။ သူက ဘယ့်နှယ်တုံးဆိုတော့ ကံသာလျှင် ငါ့ဥစ္စာရှိတော့တယ်လို့ အားကိုးဖို့ ဒါပဲ ရှိတော့တယ်၊ ကံကိုပဲ အားကိုးတော့မယ်။ ခန္ဓာငါးပါးဟာ အားကိုးစရာ မရှိတော့ဘူး။

ကံပဲ အားကိုးစရာ ရှိတော့တယ်

ပြုထားတဲ့ ကံပဲ အားကိုးစရာ ရှိတော့တယ်။

“အနတ္တကတာနိ ကမ္မာနိ ကမတ္တာနံ ဖုသိဿန္တိ”(ဥပရိပဏ္ဏာသပါဠိ ၊ ၆၉)ကိုး။

သူ့ အဓိပ္ပာယ်က (တင်ပါ)၊ အနတ္တကတာနိ၊ အနတ္တဖြစ်သော ခန္ဓာငါးပါးသည် ပြုအပ်ကုန်သော ကမ္မာနိ-ကံတို့သည်။ ကံ-အတ္တာနံ-အကယ်မည်သော အတ္တကို။ ဖုသိဿန္တိ-တွေ့ထိကုန်အံ့ နည်း။ ကံပဲ ငါ့ဥစ္စာလို့ ရယူဖို့ရှိတော့တယ်၊ ဒီ့ပြင်ဟာတော့ ခန္ဓာငါးပါး အားကိုးစရာ မရှိဘူးလို့ ဘုရားဟောလိုက်တာဆိုတော့ ကံကို သူက အတ္တစွဲတယ်။ ဒါ ခင်ဗျား နားကြီးကြီးနဲ့ ထောင်မှရမယ်။ ကံကို အတ္တစွဲတယ်။ (တပည့်တော် နားလည်တဲ့ အဘိဏှသုတ်နဲ့ ခွကျ နေတယ်)၊ ရှင်းပြမယ်။ သုတ္တန်နည်းနဲ့ အဘိဓမ္မာနည်း သွားမရောနဲ့။ မရောနဲ့၊ ရောလိုက်လို့ရှိရင် တစ်ခါတည်း မိုးကြိုးပစ်တာထက် နာသွားမယ် (တင်ပါဘုရား)။

ကံသာလျှင် ငါ့အားကိုးစရာရှိတော့တယ်။ ခန္ဓာငါးပါးဖြစ်လျှင် တစ်ခုမှ အားကိုးစရာမရှိတော့ဘူး။ အကုန် ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာ မဟုတ်ဘူး တဲ့။ ကံပဲ ငါလုပ်ထားတာရှိတော့ ငါအားကိုးရုံရှိတော့တယ်။ ကဲ-သူစွဲတာရော မှားသလားတဲ့။ မှန်သလားလို့ ခင်ဗျားတို့ ကျုပ်တို့က စဉ်းစားဖို့ အချိန်ရောက်လာပြီ၊ အခု ကိုထွန်းရင်ကပဲ ဗွေဖောက် လာတယ်။ အဘိဏှသုတ်နဲ့ ခွကျပြီဟုတ်လား။

”ကမ္မဿကောမှိ ကမ္မဒါယာဒေါ ကမ္မယောနိ ကမ္မဗန္ဓု ကမ္မပဋိသရဏော၊ ယံကမ္မံ ကရိဿန္တိ ကလျာဏံ ဝါ ပါပကံ ဝါ၊ တဿ ဒါယာဒေါ ဘဝိဿာမီတိ” (ပဉ္စကနိပါတပါဠိ၊ ၆၃)

– လို့ ဘုရားဟောထားတာကိုး၊ ကံပဲ မင်းတို့ဥစ္စာလို့ စဉ်းစားကြပေတော့ဟေ့၊ ဟောထားတာ မရှိဘူးလား (ရှိပါတယ်ဘုရား)။

ကံပေါ်မှာ အတ္တ ရှိ-မရှိ

ဒီကိုယ်တော်နဲ့ ခင်ဗျားနဲ့ အတူတူလာဖြစ်တယ် (ဖြစ်မှ ဖြစ်ရလေခြင်းဘုရား)၊ ဖြစ်မှဖြစ်ရလေခြင်း မလုပ်နဲ့။ ဒီသုတ်က လူတွေ့အင်မတန် နည်းတဲ့သုတ်။ လူတွေ့အင်မတန် နည်းတဲ့သုတ်၊ မဟာပုဏ္ဏမသုတ်၊ ကံသာလျှင် ငါ့ဥစ္စာ ရှိတော့တယ်ဆိုတော့ ကံပေါ်မှာ အတ္တ ရှိ-မရှိ (အတ္တစွဲနေပါတယ်)၊ အတ္တစွဲနေတယ် (ဒါသွားတွေ့လို့ ဒါသွား တွေ့လို့)၊ အေး ဒါသွားတွေ့တာ အဲဒီတော့ ဘုရားက-

“အဝိဒွါ အဝိဇ္ဇာဂတော” အဝိဒွါ-မသိသော။ အဝိဇ္ဇဂတော-အဝိဇ္ဇာ များသော ပုဂ္ဂိုလ်သည်၊ တဏှာဓိပတေယျေန စေတသာ-တဏှာ အကြီးအမှူးပြုတဲ့စိတ်ဖြင့်၊ သူ့မှာ ရှိနေသေးတယ် ကိုထွန်းရင် (တင်ပါ)၊ သတ္ထုသာသနံ အတိဓာဝိ တဗ္ဗန္တိ-ငါဘုရား၏ သာသနာကို လွန်သွားပြီ တဲ့၊ သူကြံတဲ့ဥစ္စာ ခင်ဗျားကို မိနေတာပဲ၊ ဘယ်လောက် ကြောက်စရာ ကောင်းသလဲ။

ကံကို အတ္တစွဲတယ်။ ကဲ အဘိဏှသုတ်က အဲဒါ အတ္တငြိ၊ မငြိ စဉ်းစားကြည့်။ ယူထားတယ်။ အဘိဏှ သုတ်က ဘုရားက သေသေချာချာ ဟောထားတယ်။ ဒါလည်း ဘုရားက ဟောတာပဲ။ သို့သော် ကျုပ်ရှင်းပေးရင် ခင်ဗျားတို့ ရှင်းသွားလိမ့်မယ် (ရှင်းပါမယ်ဘုရား)၊ ရှင်းမှာပဲ။ မရှင်းတော့ မရှိဘူး (ဟိုဘဝက လိုက်နေတယ်၊ ဒီဘဝက လျှောက်လိုက်နေမယ်)၊ လိုက်မယ်၊ အင်း လိုက်မယ်။ ကံသာလျှင် မိမိဥစ္စာရှိတော့မယ် လို့ ဒီလို ယူလိုက်တယ်။ ရန်ဟန်းတစ်ပါးက ဒီ့ပြင်ဟာတွေဖြင့် အားကိုးစရာ မရှိဘူး။ ခန္ဓာငါးပါး တစ်ပါးပါးမှ အကုန် အားကိုးစရာမရှိဘူး။ အကုန် အနတ္တချည်း ဖြစ်ကုန်ကြပြီ။ အနတ္တဆိုတာ စွဲရာ၊ ကိုင်ရာ၊ မှီရာ၊ တည်ရာဟုတ်သေးရဲ့လား (မဟုတ်ပါ ဘုရား)။

အနတ္တဆိုတာ ဘာမှစွဲကိုင်စရာ မရှိဘူး

အနတ္တဆိုတာ ဘာမှစွဲကိုင်စရာ မရှိဘူး။ အားကိုးစရာ မရှိတာကို ပြောတာ။ အားကိုးစရာ မရှိမှသာ တဏှာက ပြတ်မှာကိုးဗျ (တင်ပါ)၊ အားကိုးစရာရှိရင် စွဲမိစွဲရာ ဥပါဒါန် စွဲလိုက်မယ်။ မစွဲဘူးလား (စွဲပါတယ်ဘုရား)။ ရေနစ်တဲ့ဟာကို အခု ဒီရဟန်းက ကံကို သွားစွဲတယ်။ ကံကို သွားစွဲတော့ကို ဘုရားက “အဝိဒွါ အဝိဇ္ဇာဂတော့” အဝိဒွါ-မသိလို့ စွဲချတယ်။ အဝိဒွါ-ပညာမရှိဘူးပေါ့။ အဝိဇ္ဇဂတော-အဝိဇ္ဇာ ရောက်နေတယ်။ သူ့မှာ (တင်ပါ)၊ တဏှာ ဓိပတေယျေန-တဏှာကလည်း အဓိကပတိ အကြီးအမှူး ဖြစ်နေတယ်။ “တဏှာဓိပတေယျေန စေတသာ သတ္ထုသာသနံ အတိဓာဝိတဗ္ဗံ”ကိုး၊ အင်း မြင်ဟေ့၊ ဝတ္ထုသာသနံ-မြတ်စွာဘုရား၏အဆုံးအမကို။ အတိဓာဝိတဗ္ဗံ- ငါဘုရား ဉာဏ် တော်ကို လွန် ပြီးပြေးသွားတယ်။

ဟောတဲ့ဆီကို မရောက်ဘူး၊ လွန်ပြီးပြေးသွားတယ်။ ဘာကြောင့်တုံးလို့ ငါဘုရားက ဟောရသလဲဆိုရင်ဖြင့် ကံပေါ်မှာ အတ္တဒိဋ္ဌိရှိတယ်ဆိုတော့ “သင်္ခါရေ အတ္တတော သမနုပဿတိ” သွားဖြစ်တယ်။ (ကံနဲ့ အတ္တနဲ့ မိတ်ဆွေ ဖြစ်သွားပြီ)၊ အင်း-မိတ်ဆွေ ဖြစ်သွားပြီ။ သဘောကျပလား (ကျပါတယ်)၊ ကောင်းပြီ-ဒါဖြင့် ကံကို တစ်ခါတည်း အတ္တလုပ်ပစ်လိုက်တယ်။ အတ္တလုပ်ပစ်လိုက်တော့ ဒီပုဂ္ဂိုလ် နိဗ္ဗာန်ရောက်အောင် သွားနိုင်ပါဦးမလား (အရောက် နိုင်ပါ)၊ မရောက်တော့ဘူး။ သဘောကျပလား၊ သင်္ခါရက္ခန္ဓာကို အတ္တလုပ်ပစ်လိုက်တယ်။ ပေါ်ပြီလား (ပေါ်ပါပြီဘုရား)။

အဘိဓမ္မာနည်းနဲ့ သွားမရောနဲ့

ဒါကြောင့် ဟိုဟာက သုတ္တန်နည်း (တင်ပါ)၊ အဘိဓမ္မာနည်းနဲ့ သွားမရောနဲ့။ “အဘိဏှံ ပစ္စဝေက္ခိတဗ္ဗံ”ကို မပြတ် ဆင်ခြင်ကြကွာလို့ ဆိုတာက ဒါက အိုရလိမ့်မယ်ဆိုရင် တဏှာပါးအောင်လုပ်။ နာရလိမ့်မယ်ဆိုရင် တဏှာ ပါးအောင်လုပ်။ သေရလိမ့်မယ်ဆိုရင် (တဏှာပါးအောင်လုပ်)၊ ချစ်သောသူနဲ့ ကွေကွင်းရလိမ့်မယ်ဆိုရင် (တဏှာ ပါးအောင်လုပ်)၊ မဟုတ်ဘူးလား။ အဲဒီတော့ တဏှာပါးအောင်လုပ်ဆိုတာက တဏှာ ပြတ်အောင်လုပ်တာလို့ ဆိုလို့ ရရဲ့လား ဝိပဿနာမှ မပါသေးပဲ၊ ပါပြီလား (မပါပါဘုရား)၊ မပါသေးတော့ ဝိပဿနာဉာဏ်မှာလာပြီး ကန့်လန့် လုပ်လိမ့်မယ်။ ကံပေါ်မှာ အတ္တလာလုပ်တယ် (တင်ပါ)၊ ရှင်းပြီလား (ရှင်းပါပြီဘုရား)။

ကံပေါ်မှာ ကံသာလျှင် ငါ့ဥစ္စာပဲ၊ ဒီရဟန်းက မယူဘူးလား (တင်ပါ)၊ ဆိုတော့ ကံဟာ ငါ့ဥစ္စာလို့ သူယူလိုက် သဖြင့် ကံကို သူသိမ်းပိုက်ရာ မရောက်ဘူးလား ရောက်သလား (သူကံကို သိမ်းပိုက်ရာ ရောက်ပါတယ်)၊ ကံကို သိမ်းပိုက်တယ်။ ကံဟာ ငါ့ဥစ္စာလို့ယူတယ်။ အဲဒီတော့ (ကံကို ဖက်ထားတယ်)၊ ကံကို ဖက်ထားတယ်။ ကံကို ဖက်ထား တဲ့အခါကျတော့ကို တဲ့။ ဘာဖြစ်သွား သတုံးလို့မေးတဲ့အခါကျတော့ ကမ္မဝါဒီ ဒိဋ္ဌိသွားစွဲတယ်။ ရှင်းပြီလား (ရှင်းပါတယ်)။

ကံကို အတ္တလုပ်တဲ့အတါက် ကမ္မဝါဒီဖြစ်တယ်။ မဖြစ်သေးဘူးလား၊ ဖြစ်သလား (ဖြစ်ပါတယ်)၊ ဖြစ်နေတော့ နိဗ္ဗာန်ရောက်ပါ့မလား (မရောက်နိုင်ပါဘုရား)၊ တစ်ခုသော ဒိဋ္ဌိရှိရင် မရောက်ဘူးလို့ တစ်နေ့က ကျုပ်ပါဠိတွေ အမျိုးမျိုး၊ ပြသွားပြီ။ ဟိုစိတ်တွေက ချုပ်နေတယ်၊ ဒီစိတ်က မိနေတယ်၊ ဒီစိတ်က မိနေတော့ သူမယူတတ်လို့ ဖြစ်ရတာ ခုနင်က ရဟန်းလိုပေါ့၊ ဒီအထဲမှာ ရူပက္ခန္ဓာက ရုပ်တရား၊ ကိုထွန်းရင် သိပြီးသားပဲ (မှန်ပါဘုရား)။

ဝေဒနာက္ခန္ဓာက ဝေဒနာတရား။ သညာက္ခန္ဓာက သညာတရား။ သင်္ခါရက္ခန္ဓာမှာ စေတနာကံ ပါနေတာ သူမသိဘူး (တင်ပါ)၊ သင်္ခါရက္ခန္ဓာဆိုတာ စေတနာကံ ပါနေတယ်။ ကံကို သူက အတ္တသွားလုပ်နေတယ်။ ဒါကြောင့် ခန္ဓာငါးပါး တစ်ပါးပါးကို သူ အတ္တစွဲတယ်။ ကိုထွန်းရင် ရိပ်မိပြီလား (ရိပ်မိပါပြီ)၊ ဝိညာဏက္ခန္ဓာဆိုရင် သူ အတ္တ မစွဲဘူး။ သင်္ခါရက္ခန္ဓာက စေတနာလေးတစ်ခုကို အတ္တစွဲနေတယ် (တင်ပါ)။

အဲဒါကြောင့် ဘုရားသာသနာမှာ လွန်ကဲပြီးတော့ သူဟာ အတ္တပဲ သူ အနတ္တတစ်ခုကို အတ္တလုပ်နေတယ်။ ပေါ်ပြီလား (တင်ပါ)၊ ပေါ်သွားပြီလား။ ပေါ်သွားတော့ကို ဒီပုဂ္ဂိုလ် နိဗ္ဗာန် ရနိုင်-မရနိုင် ခင်ဗျားတို့က ကိုထွန်းရင် ချိန်ကြည့်၊ ဦးသံဒိုင်က ဘယ့်နှယ်ချိန်မလဲ (သူက ဒိဋ္ဌိ ခံနေတာကိုး၊ မရဘူး)၊ ဒိဋ္ဌိခံရင် မရဘူးပေါ့၊

သင်္ခါရကို နိစ္စလို့ ယူထားတယ်ဆိုရင်

“ကဉ္စိသင်္ခါရံ နိစ္စတော သမနုပဿန္တော အနုလောမိကာယ ခန္တိယာ သမန္နာဂတော ဘဝိဿတီတိ နေတံ ဌာနံ ဝိဇ္ဇတိ” (အင်္ဂုတ္တိုရ်ပါဠိ ၊ ဒုတိယအုပ်၊ အနိစ္စသုတ် ၊ နှာ-၃၈၄။)

တစ်ခုသော သင်္ခါရကို နိစ္စလို့ ယူထားတယ်ဆိုရင် နိစ္စနဲ့ အတ္တနဲ့ အတူတူပဲ (တင်ပါ)၊ နိစ္စနဲ့အတ္တ အတူတူပဲ ဟုတ်လား (ဟုတ်ပါတယ်)၊ နိဗ္ဗာန်ရနိုင်ပါ့မလား (မရနိုင်ပါဘုရား)၊ မရနိုင်ဘူးဆိုတာ သေချာပြီလား (သေချာပါပြီ)၊ ဒါကြောင့် နိဗ္ဗာန်ကို ခင်ဗျားတို့ တစ်နေ့က ပြောခဲ့တယ်။ ကံဖြတ်မှရမယ်။ သဘောပါပြီလား (တင်ပါ ပါပါပြီ)။ ကောင်းပြီ ဒါဖြင့် အဘိဏှသုတ်နဲ့ ညှိလိုက်မယ်၊ သူ ကံပြတ်ရှိတယ်တဲ့။ အဘိဏှသုတ်နဲ့ ညှိလိုက်မယ် (မှန်ပါ)၊ မညှိလိုက်ရင် မဖြစ်တော့ဘူး ၊ မညှိ လိုက်ရင် သူဗွေဖောက်ကုန်မယ်၊ ဗွေဖောက်ရင် ညှိမှပဲ၊ ညှိမှဖြစ်မယ် (တင်ပါ)။

ကောင်းပြီ တဲ့၊ “သဗ္ဗေဟိ မေ ပိယေဟိ မနာပေဟိ နာနာဘာဝေါ ဝိနာဘာဝေါတိ အဘိဏှံ ပစ္စဝေက္ခိတဗ္ဗံ၊ ယံကမ္မံ ကရိဿန္တိ ကလျာဏံဝါ ပါပကံဝါ၊ တဿဒါယာဒေါ ဘဝိဿာမီတိ အဘိဏှံ ပစ္စဝေက္ခိတဗ္ဗံ”

ကံသာလျှင် အမိ၊ ကံသာလျှင် အဖ၊ ကံသာလျှင် ကိုးကွယ်ရာ၊ ကံသာလျှင် မင်းတို့နောက်ကို လိုက်လိမ့်မယ်လို့ ဆိုထားတယ်။ သုတ္တန်နည်းနဲ့ ဟောထားတယ် (မှန်ပါ)၊ ကံဟာ ဒီနေရာဖြစ်၊ ဒီနေရာချုပ်တယ်။ ဝိပဿနာဉာဏ်နဲ့ မရှုနိုင်ဘူးလား ခင်ဗျားတို့ (အခုတော့ ရှုနိုင်ပါတယ်)၊ ရှုနိုင်ပြီ။ ဖြစ်တဲ့နေရာမှာ ရှု၊ ဖြစ်တဲ့နေရာမှာ ချုပ်၊ ဒါ ဘယ်ပါဠိတော်မှာ ပါသလဲလို့ ဦးသံဒိုင်က မေးဖို့မလိုဘူးလား၊ “ရူပသဉ္စေတနာလောကေ သဒ္ဒသဉ္စေတနာ လောကေ” မလာပေဘူးလား၊ သတိပဋ္ဌာန် ပါဠိတော်မှာ “ဧတ္ထေသာ တဏှာ ပဟီယမာနာ ပဟီယတိ”မဆိုဘူးလား (ဆိုပါတယ်)၊ သူ့ကို ပယ်ရမယ်။ ဒီကံကို ဖြစ်ပျက် ရှုရမယ်။ ရှင်းပြီလား (ရှင်းပါပြီ)။

သူ့ကို အားကိုးရမှာလား ဖြစ်ပျက်ရှုရမှာလား (ဖြစ်ပျက်ရှုရမှာပါ)၊ ဖြစ်ပျက်ရှုလိုက်တဲ့အခါကျလို့ရှိရင်ဖြင့် ဒီသမ္မာဒိဋ္ဌိ သူရလာမယ်။ ဒီရဟန်းမှာ သမ္မာဒိဋ္ဌိ ဖြစ်-မဖြစ်။ ခုနက အတ္တဒိဋ္ဌိ ယူထားတဲ့ ရဟန်းမှာ သမ္မာဒိဋ္ဌိဖြစ်မလား မဖြစ်ဘူးလား (သမ္မာဒိဋ္ဌိ ဖြစ်မှပဲ ရမယ်)၊ သမ္မာဒိဋ္ဌိ ဖြစ်သွားပြီ။ အဲ သမ္မာဒိဋ္ဌိဖြစ်သွားတော့ သူ့မှာ ကမ္မဝါဒီဒိဋ္ဌိ ရှိသေးရဲ့လား (မရှိပါ)၊ ဒီရဟန်းမှာ (မရှိပါ)၊ မရှိတော့၊ မရှိတဲ့အခါ၊ မရှိတဲ့အခါကျတော့မှ ဘုရားသခင်ကိုယ်တော် မြတ်ကြီးက ဟေ့ ”သဗ္ဗေ ဓမ္မာ အနတ္တာ”လို့ ဟောလိုက်တယ် (မှန်ပါ)၊ သဗ္ဗေ ဓမ္မာ အနတ္တာဆိုတော့ ကံကလေးရော ကျန်သေးရဲ့လား (မကျန်ပါဘုရား)။

ဗွေဖောက်နေတဲ့ ပုဂ္ဂိုလ်

အဲဒါကလေး ဟောလိုက်တော့မှ ခုနက ရဟန်းခြောက်ဆယ်ထဲက တစ်ပါးက သူလည်း ဗွေဖောက်နေတဲ့ ပုဂ္ဂိုလ်ပဲ၊ “သဗ္ဗေ ဓမ္မာ အနတ္တာ”လို့ ဟောလိုက်တော့မှ သူကျွတ်သွားတယ်။ ကံဟာ အနတ္တကွ ၊ ရှင်းပြီလား၊ ကံဟာ အတ္တလား, အနတ္တလား (အနတ္တပါဘုရား)၊ နို့ ကံကို အားကိုးလို့ ရပါ့မလားဆိုတော့ သုတ္တန်နည်းနဲ့တော့ အားကိုးလောက်တယ် (တင်ပါ)၊ သုတ္တန်နည်းနဲ့တော့ အားကိုးလောက်တယ် (တင်ပါ)၊ အဘိဓမ္မာနည်းနဲ့တော့ သွား အားမကိုးနဲ့။ အဘိဓမ္မာနည်းနဲ့ကတော့ “သဗ္ဗေ ဓမ္မာ အနတ္တာ” ဆိုတာ ခင်ဗျားတို့ သိပြီးသား ဖြစ်နေတယ်။ သဗ္ဗေ၊ အလုံးစုံသော တေဘုမ္မက တရားတို့သည်၊ အနတ္တာ၊ အနတ္တတို့သာတည်း ဆိုတော့ အကုန်အတ္တ ဖြစ်နေတယ်။ မဖြစ်ဘူးလား (ဖြစ်နေပါတယ်)၊ အဲဒီ ပါဠိတော်နဲ့ပဲ မရှင်းဘူးလား (ရှင်းပါတယ်ဘုရား)။

ဒါဖြင့် အဘိဏှသုတ်ဟောတာက ဘယ်အကျိုးငှာ ဟောသတုံး။ ဒီမှာ အနတ္တသုတ် ဟောတာက ဘယ်အကျိုး ငှာတုံ။ ဒီအနတ္တဟောတာက သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာဖြစ်ဖို့ ဟောတာ၊ အဘိဏှသုတ် ဟောရတာက တဏှာဒိဋ္ဌိပါးအောင်လုပ်တာ။ ပါးအောင်တော့ လုပ်တယ်။ ပြတ်အောင်လုပ်တာ မဟုတ်ဘူး။ ရှင်းပြီလား (မနေ့က ဆရာတော် ဟောတော်မူတဲ့ အနာထပိဏ်သူဌေးကြီး ဒီတရားတွေကို သူ နာနေခဲ့တယ်)။ ဟုတ်တယ်လေ (အဲဒီတရားတွေကို တပည့်တော် နားထဲမှာ ပြန်ကြားနေပါတယ်)။

အရိပ်ပါသလို လိုက်နေတယ်

ကံသာလျှင် မိမိဥစ္စာ သူ့အားကိုးဖို့ပဲလို့ အဲဒီလို ယူဆထားလို့ရှိရင် တဲ့ ခင်ဗျားတို့ ဘာဖြစ်မလဲလို့ မေးလိုလို့ ရှိရင် တစ်ချို့နေရာမှာ “ဆာယာဝ အနုပါယိနီ”လို့ မဟောဘူးလား (တင်ပါ)၊ လူသွားရာ အရိပ်ပါသလို ကံကလိုက် နေတယ် (တင်ပါ)၊ မလိုက်ဘူးလား (လိုက်ပါတယ်ဘုရား)၊ နွားသွားရာကို လှည်းဘီးလိုက်သလို လိုက်နေတယ်လို့ မဟောဘူးလား (ဟောပါတယ်)၊ ဒါဟာ သုတ္တန်နည်း ဟောတာပဲ၊ သုတ္တန်နည်း ဟောတာ၊ မလိုက်ဘူးလား (လိုက်ပါတယ်)၊ အထည်တော့ မလိုက်ဘူး။ သတ္တိလိုက်တယ်။ ရှင်းပြီလား။ အထည်တော့ (မလိုက်ပါ)၊ သတ္တိတော့ (လိုက်ပါတယ်)၊ သတ္တိ။

အဲဒီသတ္တိတွေ လိုက်လို့ရှိရင် ဘုရားဖြစ်ပါ့မလား လို့ တစ်နေ့က တစ်ခါမေးတယ်၊ ဟုတ်ပြီလား။ အကျိုးအကြောင်း လျှောက်သေးတယ်၊ သဗ္ဗညုတဉာဏ်ရပါ့မလား။ ဘုံဘဝတွေတွင် အကျိုးပေးနေမလား၊ ဘုံဘဝတွေ (ဘုံဘဝတွေပဲ အကျိုးပေးမယ်)၊ ဘုံဘဝတွေကိုပဲ အကျိုးပေးလိမ့်မယ် တဲ့။ အဲဒီတော့ ခင်ဗျားတို့ ဝိပဿနာရှု၊ ဝိပဿနာက ကံဖြတ် (တင်ပါ၊ ကံဖြတ်ပါတယ်ဘုရား)၊ ပေါ်ပြီလား (ပေါ်ပါပြီ)၊ ဝိပဿနာက ကံဖြတ်၊ အဲဒီတော့ ဟိုသုတ္တန်နည်းနဲ့ သံသရာကို တဏှာ၊ ဒိဋ္ဌိဖြည်းဖြည်းချင်း ပါးအောင်လို့ အဘိဏှသုတ်လုပ်ရလိမ့်မယ်။ မလုပ်ရဘူးလား (လုပ်ရပါတယ်)၊ လုပ်ရမယ်။ ဟာ ချက်ချင်းပဲ တပည့်တော့် နိဗ္ဗာန်သွားချင်တဲ့ပုဂ္ဂိုလ်။ သူ့လုပ်နေလို့ မပြီးသေးဘူး။ ကြိုးစားရမယ်။ တဏှာစားခွက် မှောက်ထား။ ရှင်းပြီလား တပည့်တော်တို့ ဖြည်းဖြည်းမှ ရောက်အောင်လုပ်ချင်တဲ့ ပုဂ္ဂိုလ်ဆိုရင်တော့ ကံသာအမိ၊ ကံသာအဖ မလာရပေဘူးလား (လာရပါတယ်ဘုရား)၊ လိုက်ရမယ်။

ကံကို ဖြတ်တယ်

ဟာ တပည့်တော်တို့ ကြုံရာ အခုရ အခုယူမယ့် ပုဂ္ဂိုလ်ဆိုလို့ရှိရင် ကံသာအမိ၊ ကံသာအဖ ကြောက်လို့ မရဘူး။ သူ့ဖြတ်တဲ့အလုပ်ကို ကျုပ်တို့ လုပ်ရလိမ့်မယ်။ မလုပ်ရပေဘူးလား (တင်ပါဘုရား)၊ သောတာပတ္တိမဂ် သည် အပါယ်လေးပါး သွားစေတဲ့ကံကို ဖြတ်တယ်။ မဖြတ်ဘူးလား၊ ဖြတ်သလား (ဖြတ်ပါတယ်)၊ သကဒါဂါမိမဂ်သည် ရုန့်ရင်းသော ကာမရာဂတွေ ဒေါသတွေကို မဖြတ်ဘူးလား-ဖြတ်မလား (ဖြတ်ပါတယ်)၊ အနာဂါမိမဂ်သည် သုဂတိဘုံသို့ သွားစေတတ်တဲ့ လောဘနဲ့ ဒေါသတွေ အကုန်မဖြတ်ဘူးလား-ဖြတ်သလား (ဖြတ်ပါတယ်ဘုရား)။

အရဟတ္တမဂ်သည် ရူပရာဂ၊ အရူပရာဂတွေ မဖြတ်ဘူးလား ဖြတ်သလား (ဖြတ်ပါတယ်)၊ မဂ်ဟူသရွေ့သည် ကံဖြတ်ပေါ့။ ရှင်းပြီလား (ရှင်းပါတယ်)၊ မဂ်ဟူသရွေ့သည် ဘာလဲ (ကံဖြတ်ပါ)၊

ဒါကြောင့် “ကုသလာကုသလံ ဇဟံ” “နမက္ကာရ”ကျတော့လာတယ်။ မလာပေဘူးလား (လာပါတယ်)၊ ကုသိုလ်၊ အကုသိုလ်စွန့်လိုက်တယ် ကွ။ သူ မစွန့် ဘူးလား (စွန့်ပါတယ်)၊ စွန့်လိုက်လို့လဲ သူ ဘုရားဖြစ်လာတာ (တင်ပါ)၊ မစွန့်ရင် (ဒီကြားထဲမှာပဲ ပြန်ဖြစ်မှာပါပဲ)၊ စွန့်တော့ သူစွန့်ချင်လို့ စွန့်တာလား, သူအားထုတ်တဲ့မဂ်က ဖြတ်ပေးတာလား (သူ အားထုတ်တဲ့မဂ်က ဖြတ်ပေးတာပါ)၊ မဂ်က ဖြတ်ပေးတာပဲ။ အဲဒါ မဂ်ဟူသရွေ့ကို ခင်ဗျားတို့က ကံဖြတ်လို့မှတ်နော် (တင်ပါ)၊ ဘုံဘဝဟူသရွေ့ကို ကံ၏ စွမ်းရည် သတ္တိမှတ် (တင်ပါ)၊ မကွဲသေးဘူးလား (ကွဲပါတယ်ဘုရား)။

နိဗ္ဗာန်အကျိုးပေးတာ မဂ်၏သတ္တိ

ဘုံဘဝ အကျိုးပေးတာဟူသရွေ့ ကံ၏စွမ်းရည်သတ္တိလို့မှတ်။ နိဗ္ဗာန်အကျိုးပေးတာဟူသရွေ့ မဂ်၏သတ္တိ လို့မှတ် (တင်ပါ)၊ ကွဲရဲ့လား (ကွဲပါတယ်)၊ ဘုံဘဝ အကျိုးပေးတာဟူသရွေ့တော့ (ကံ၏စွမ်းရည် သတ္တိပါ)၊ ကံ၏ စွမ်းရည်သတ္တိ၊ သဘောကျသလား (ကျပါတယ်)၊ ဘုံဘဝကျော်လွန်ပြီးသကာလ နိဗ္ဗာန်အကျိုးပေးတာ ဟူသရွေ့က (မဂ်၏စွမ်းရည်သတ္တိပါ)၊ သဘောကျပြီလား၊ ရှင်းပြီလား၊ မရှင်းသေးဘူးလား (ရှင်းပါပြီ)၊ ရှင်းသွားပြီတဲ့။ ဒါဖြင့် ကံသာလျှင် ငါ့ဥစ္စာရှိတော့တယ်ဆိုတဲ့ အစွဲမျိုးကို ခင်ဗျားတို့ ဝိပဿနာအားထုတ်နေတဲ့အခါမှာ ကံ မကောင်းလို့ အားမထုတ်ဖြစ်ဘူး၊ ကံက ဖျက်နေသလားဆိုတာကို သွားမလုပ်နဲ့ (တင်ပါဘုရား)၊ ဒီအလုပ်ကို လုပ်မြဲအတိုင်းလုပ်၊ ကံနဲ့ မဂ်နဲ့ တစ်ခြားစီထား။ ရှင်းပြီလား (ရှင်းပါပြီ)။

ဘုရားက ဟောတာက သတိပဋ္ဌာန်မှာ “ရူပသဉ္စေတနာ လောကေ၊ သဒ္ဒသဉ္စေတနာလောကေ”ဆိုပြီး ကံချည်း ဟောတာပဲ (တင်ပါ)၊ ဧတ္ထေ သာ တဏှာတဲ့၊ သူ့နောက်က တဏှာလိုက်တာကွ တဲ့။ မလိုက်ဘူးလား (လိုက်ပါတယ်)၊ သူ့စေတနာကို အားကိုးတယ်၊ အားကိုးတယ်ဆိုတော့ ဒိဋ္ဌုပါဒါန် မဖြစ်သေးဘူးလား၊ အင်း (ဖြစ်ပါတယ်)၊ ဒိဋ္ဌုပါဒါန် ဖြစ်နေပြိ။ ကျုပ်တော့ ကိုယ့်စေတနာကလေး တစ်ခုကို အားကိုးနေတာပဲဆိုတော့ ဘာဥပါဒါန် ဖြစ်မလဲ (ဒိဋ္ဌုပါဒါန်)၊ ဒိဋ္ဌုပါဒါန်ဆိုတော့ ကံကို ငါ့ဟာလုပ်ထားတယ်ဆိုလို့ရှိရင် ဒီဒိဋ္ဌိရှိနေပြီနော်။

ကံသတ္တိသည် (၃၁)ဘုံမှာ လည်တယ်

အဲဒီတော့ အယူတော့ မမှားစေနဲ့၊ ဆရာကတော့ ရှင်းအောင် ပြောတာပဲ။ ကံသတ္တိသည် (၃၁)ဘုံမှာ လည်တယ်။ ဉာဏ်သတ္တိသည် (၃၁)ဘုံ အပြင်ဘက် ရောက်တယ်ဆိုတာ ဒါကို မှတ်ထားပါ (တင်ပါ)၊ ဒါ မှတ်ထား လိုက်ရင် ရှင်းသွားမယ် (တပည့်တော် သိလာတာကလေး လျှောက်ပါရစေ၊ သီလဗ္ဗတုဒုပါဒါန်ကလေးကိုလည်း တပည့် တော် သွားသတိရတယ်)၊ အေးပါတာပေါ့၊ အတ္တဝါဒုပါဒါန်လည်း ပါတာပဲ၊ သီလဗ္ဗတုပါဒါန်ဆိုတာက နွားတို့၏အကျင့်၊ ခွေးတို့၏အကျင့်ကို စွဲလမ်းတာနော်။ အတ္တဝါဒုပါဒါန်ကတော့ ဒါကို ငါစွဲတာ (သီလဗ္ဗတုပါဒါန်နဲ့ မှားကုန်ပါပြီ) မှားနေတယ်။

ကံ၏နယ်က (၃၁) ဘုံအတွင်း၊ ဉာဏ်၏နယ်က (၃၁)ဘုံ အပြင်ဘက်။ ဒါကို မှတ်ထားလိုက်ရင် မရှင်းသေး ဘူးလား။ ကိုထွန်းရင် ရှင်းပြီလား (တင်ပါ)၊ ကံ၏နယ်က (၃၁)အတွင်းဖြစ်တယ်၊ (၃၁)ဘုံအတွင်း လှည့်တယ်။ ဉာဏ်၏နယ်က (၃၁)ဘုံ အပြင်ဘက် (၃၁)ဘုံ အပြင်ဘက်ဆိုတော့

“တယောဘဝေ အဒ္ဒုဃရံဝိယ ဒဋ္ဌဗ္ဗံ” (ဓမ္မပဒအဋ္ဌကထာ ၊ ဒုတိယအုပ်၊ ဗန္ဓနာဂါရဝတ္ထု ၊ နှာ-၃၃၇။)

တယောဘဝေ ကာမရူပ အရူပ ဘုံသုံးပါးတို့ကို။ ကံ၏ နယ်က (၃၁) ဘုံအတွင်းကိုဆိုတော့ ကာမရူပ အရူပဆိုတော့ (၃၁)ဘုံ မကျဘူးလား (တင်ပါ)၊ အဒ္ဒုဃရံဝိယဒဋ္ဌဗ္ဗံ- အချုပ်ထောင် နှောင်အိမ်ကြီးကဲ့သို့ ငါ ဘုရားဟောလိုက်တယ်။ နှောင်အိမ် ကျတဲ့ပုဂ္ဂိုလ် (တင်ပါ)၊ မဆိုထိုက်-ဆိုထိုက် (ဆိုထိုက် ပါတယ်ဘုရား)၊ သဘောကျပြီလား (တင်ပါ)၊ နှောင်အိမ်ကျတဲ့ ပုဂ္ဂိုလ်ဆိုတော့ ကံက ဒီအထဲပဲ အကျိုးပေးမယ် (တင်ပါ)၊ ဉာဏ်ကတော့ နှောင်အိမ်၏ အပြင်ဘက်ကို လွတ်ရာကျွတ်ရာ အကျိုးပေးမယ်။ မကွာပေဘူးလား ၊ ပေါ်ပြီလား (တင်ပါဘုရား)။

နို့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးသည် ဒါနပါရမီ၊ သီလပါရမီ၊ နိက္ခမပါရမီ၊ ပညာပါရမီစသော ပါရမီ ဆယ်ပါး အပြားသုံးဆယ် စွန့်ခြင်းကြီးငါးပါး၊ သူမလုပ်ရဘူးလား-လုပ်ရမလားလို့မေးတော့ လုပ်ရမယ်။ မလုပ်မဖြစ်ဘူး။ သဗ္ဗညုကို လိုချင်တယ် (တင်ပါ)၊ ခင်ဗျားတို့က သဗ္ဗုညုကို လိုချင်တာလားလို့ မေးတော့ (မလိုချင်ပါ)၊ မလိုချင်လို့ရှိရင် သဗ္ဗညုကို မလိုချင်လို့ရှိရင်ဖြင့် သူ့ကို အထောက်အပံ့ယူ။ လုပ်ပါ၊ လှူပါ၊ တန်းပါ၊ ပေးပါ၊ ကမ်းပါ၊ မင်းသည် ဟောဒီ မဂ်ဉာဏ်ရခြင်းကို အကူအညီပေးမယ်။ သဘောကျရဲ့လား။ မဂ်ဉာဏ်ရခြင်းကို ကျန်းမာမှု၊ ချမ်းသာမှု၊ ဆရာ ကောင်းတွေ့ဖို့ ဒါအကူအညီတောင်းပြီး လုပ်ပါ။ ဒီလိုဆိုတော့ ဝိဝဋ္ဋဖြစ်မယ်၊ လုပ်ကောင်းပါတယ်။

ကြွားချင်-ဝါချင်လို့ လုပ်တာ ကုန်ကူးတာ

ဟိုဘုံ-ဒီဘုံတွေ ရောက်ချင်လို့၊ ကြွားချင်-ဝါချင်လို့ လုပ်တာကျတော့ကို ကုန်ကူးတာ တစ်မျိုးလို့မှတ်ပါ (တင်ပါ ဘုရား)၊ ကုန်ကူးတာ တစ်မျိုးလို့ မမှတ်ထိုက်ဘူးလား (တင်ပါ)၊ မှတ်ရမယ် (မှတ်ရမယ်)၊ ငွေတစ်ဆယ်လှူတာ ငွေတစ် ထောင်လိုချင်လို့။ တစ်ဆယ်ပစ်လိုက်တာ တစ်ထောင်လိုချင်လို့ပါ။ တစ်သောင်းပစ်လိုက်တာ တစ်သိန်းလိုချင်လို့။ ခင်ဗျားတို့ အကောက်ဌာနရုံး ငွေထိုးသလိုပေါ့။ အင်း ဒီအတိုင်း ခင်ဗျားတို့ သွားနေတာပဲ။ လောကအတိုင်းပေါ့ဗျာ၊ ဘာထူးမှာလဲ လောကအတိုင်းပေါ့။ ကိုင်း ဒါဖြင့် ဝဋ္ဋနဲ့ ဝိဝဋ္ဋကွဲပြီလား (တင်ပါဘုရား)၊ ဒုက္ခသစ္စာ မြင်ပြီးတဲ့ ဒါန သီလဘယ်တော့မှ သံသရာမလည်ဘူး။ ဒုက္ခသစ္စာ မြင်ပြီးလုပ်တဲ့ ဒါန သီလ (သံသရာ မလည်ပါဘုရား)၊ သံသရာမလည်ဘူး။

ဒုက္ခရချင်လို့ လုပ်တဲ့ဒါန သီလ ဒုက္ခပဲ လှည့်ရမယ်။ ဒါကျတော့ ဝဋ္ဋဒါန၊ ဝဋ္ဋသီလ၊ ဝဋ္ဋသမထ ဝဋ္ဋ ဝိပဿနာ တောင်ရှိလိုက်သေးတယ်၊ သဘင်သည် ပုတီးစိပ်တာကျတော့ ဘယ့်နှယ်လုပ်မလဲ၊ သဘင်သည်တွေ ပုတီး ကြီးတွေနဲ့ မပါကြဘူးလား (ပါကြပါတယ်)၊ စုန်းကဝေ အစရှိသည်တို့ သူတို့မပူးအောင်၊ မကပ်အောင်၊ မပြုစားအောင် (တင်ပါ)၊ ဝဋ္ဋပုတီး (ပုတီးတော့ စိပ်ရှာကြပါတယ်)၊ အေး အေး-အဲဒါ ဝဋ္ဋပုတီးဖြစ်နေတယ်။ အန္တရာယ်ကင်းချင်လို့၊ ဘေးရှင်းချင်လို့ (တင်ပါ)၊ နိဗ္ဗာန်ရောက်ချင်လို့ မပါဘူး။ ပါရဲ့လား (မပါပါ)၊ အဲဒီလို လှူကြ၊ တန်းကြ၊ ပေးကြ၊ ကမ်းကြတာကျတော့ ဝဋ္ဋဒါနလို့ ဆိုရမယ်၊ ဝဋ္ဋသီလလို့ဆိုရမယ် သူတို့ကို (တင်ပါ)၊ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ကို ကျုပ်က သတိပေးလိုက်မယ်။ ဦးသံဒိုင် ခင်ဗျားက တတ်နိုင်တဲ့ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက် ဖြစ်တယ်။ ကိုထွန်းရင်လည်း တတ်နိုင်တယ်၊ ဘာပဲ လုပ်လုပ် ဟောဒီခန္ဓာဝန်ကြီး ဒုက္ခဝဋ်ကို ဖြစ်ပျက်မြင်အောင် ခင်ဗျားတို့ ရှုဦး။ သဘောကျပြီလား (ကျပါပြီ)၊ ဖြစ်ပျက်ရှုလိုက်တဲ့အခါ ဖြစ်ပျက်မြင်တဲ့ဉာဏ်ကလေး ပေါ်မလာပေဘူး လား (ပေါ်လာပါတယ်)၊ မြင်လာလိမ့်မယ် (တင်ပါ မြင်ပါလိမ့်မယ်)၊ မြင်လာတဲ့အခါမှာ ဟော ယခု မြင်သော ဒုက္ခဝဋ်မှ တပည့်တော် ကျွတ်ချင်လို့ ဟောဒီဘုရားကြီးတည်တယ်။ ဟောဒီဝတ္ထုတွေ လှူလိုက်၊ တန်းလိုက်၊ ပေးလိုက်၊ ကမ်းလိုက်လုပ် ဘုန်းကြီးပြောသလို (တင်ပါ)၊ တိုက်တွန်းပေးလိုက်မယ်။

ဒုက္ခဝဋ်ကို ကျွတ်ချင်လို့ လုပ်တာ

သူ ဒုက္ခဝဋ်ကို ကျွတ်ချင်လို့ လုပ်တာ အကျိုးအမြတ် ဘာမှမပါဘူး။ အဲဒီတော့ သစ္စဉာဏ်နဲ့ လုပ်တဲ့ဒါန၊ သီလလို့ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ်)၊ ဒါကျတော့ ဝဋ်လည်ဦးမလား (မလည်ပါဘုရား)၊ ဝဋ်ကျွတ်ချင်လို့ လုပ်တာ။ ဟုတ်ပြီလား (တင်ပါ)၊ ဒါကတော့ ထောင်ကလွတ်ချင်လို့ ငွေထိုးတာ (တင်ပါ)၊ သဘောကျပြီလား။ သံသရာ ထောင်ကြီးမှ ခန္ဓာ၊ အာယတန၊ ဓာတ်၊ ပဋိစ္စသမုပ္ပါဒ်လည်နေတဲ့ သံသရာထောင်ကြီးမှ (တင်ပါ) လွတ်ချင်လို့ ဘာလုပ် ရမလဲ (ငွေ ထိုးပါတယ်)၊ ခုနက ဟိုဘဝ ဒီဘဝ ရောက်ရပါလို၏ဆိုပြီး လှူကြ၊ တန်းကြတာတွေက ငွေထိုးပြီး ထောင်ချ ခိုင်းတယ်။ ဒီနှစ်ခုခွဲမှတ်ရမယ်။ မှတ်တတ်ပြီလား (မှတ်တတ်ပါပြီဘုရား)။

ထောင်ကထွက်ချင်လို့ ငွေထိုးတဲ့ဥစ္စာကတော့ ဝဋ်မြင်ပြီး ကျွတ်ချင်လို့ လှူတာ၊ တန်းတာ၊ ပေးတာ၊ ကမ်းတာ လုပ်ပါ၊ (တင်ပါ)၊ တရားလည်း လုပ်ပါ၊ သဘောကျပြီလား (ကျပါပြီ)၊ ဘီကလပ်ရချင်လို့၊ အေကလပ်ရချင်လို့၊ အထူးခန်း ရချင်လို့၊ ထောင်တော့ထောင်ပဲ။ ဘီကလပ်လဲ ထောင်ပဲ၊ အေကလပ်လဲ ထောင်ပဲ၊ ခင်ဗျားနာမည်ပျက်က ပျောက်ကဲ့ လားလို့ မေးရင် (လူ နတ် ဗြဟ္မာကိုးဘုရား)။

နာမည်ပျက်က ပျောက်ကဲ့လားလို့ မေးတော့ (ထောင်ကျ ထောင်ကျပါပဲဘုရား)။ ဒါပဲ မထူးပါဘူး၊ နာမည်ပျက် တာများ အေ ဘီ ခွဲမနေပါနဲ့တော့ မဟုတ်ဘူးလား (မှန်ပါ)။

နာမည်ကတော့ ထောင်ထွက်ကျမှာပဲ၊ ထောင်ထဲသေတယ်၊ ထောင်ထဲ သေသွားလေရဲ့၊ ထောင်ထဲက ထွက်ပြီးမှ သေလဲ ထောင်ထွက်ပြီး သေသွားလေရဲ့၊ ဒါပဲ ရှိမှာပဲ။

သူ အေ ဘီကလပ်က ပြင်ဘက်ကျတော့ ထူးသေးရဲ့လား (မထူးပါဘူး ထောင်သားပါပဲ)၊ ထောင်သားပါပဲ၊ အဲဒီတော့ ဒါတွေ ငွေထိုး မနေနဲ့တော့ ၊ ဗြဟ္မာ့ပြည် ရောက်ချင်လို့လည်း ငွေထိုးမနေပါနဲ့။ နတ်ပြည် ရောက်ချင် လို့ရော (တင်ပါ)၊ ငွေမထိုးနဲ့။ ဝဋ်မှ ကျွတ်ချင်ရင်တော့ ငွေထိုးရမယ်။

ဒီဖြစ်ပျက်ကို မလိုချင်လို့ လှူ

ဝိပဿနာလုပ်ရမယ်။ ဝိပဿနာလုပ်ပြီး ဖြစ်ပျက်ရှုပြီးတော့မှ ဒီဖြစ်ပျက်ကို မလိုချင်လို့ လှူမှု၊ တန်းမှု၊ ပေးမှု၊ ကမ်းမှု လုပ်ရမယ်၊ ရှင်းပြီလား (ရှင်းပါပြီ)၊ အဲဒီ ဘယ်ပါဠိတော်မှာ လာသလဲလို့ မေးဖို့မလိုဘူးလား။ လိုတော့ အင်္ဂုတ္တိုရ်အဋ္ဌကနိပါတ်မှာ ဒါနတကာ့ ဒါနထဲမှာ ဝိပဿနာ ခြံရံတဲ့ ဒါနမှ ငါမြတ်တယ်လို့ ဟောတယ် (တင်ပါ)၊ ကျန်တဲ့ဒါနကို ငါမြတ်တယ်လို့ မဟောဘူး။ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

အင်္ဂုတ္တိုရ်အဋ္ဌကနိပါတ်မှာ ရှစ်ခုမြောက် ဟောတဲ့ အင်္ဂုတ္တိုရ်မှာ သွားကြည့်တော့တွေ့လိမ့်မယ်နော် (တင်ပါ)၊ သမထဝိပဿနာ ခြံရံတဲ့ဒါနမှ အမြတ်ဆုံးဒါန၊ ဒါကို ဖြစ်ပျက်ရှုလို့ ဒါဒုက္ခသစ္စာလို့၊ ဖြစ်ပျက် ဒုက္ခသစ္စာကြီးလို့ ခင်ဗျားတို့က မမြင်ပေဘူးလား၊ မြင်သလား (မြင်ပါတယ်)၊ မြင်တဲ့အခါကျတော့ ဒါကြီးမှ ကျွတ်ချင်တဲ့ဏ် ဒီမလာပေ ဘူးလား (လာပါတယ်)၊ လာလို့ရှိရင် ခုနက ကိုယ့်ရှိတဲ့ တဏှာ၊ မာန၊ ဒိဋ္ဌိတွေ အစွဲကို မဖြုတ်ရဲဘူးလား-ဖြုတ်ရဲလား (ဖြုတ်ရဲပါတယ်)၊ ဖြုတ်ရဲပါတယ်။ ဝဋ်မြင်လို့ ဖြုတ်တာကျတော့ ဖြုတ်ဆိုတာ လှူတာ၊ တန်းတာပေးတာ၊ ကမ်းတာ (မှန်လှပါ)၊ သဘောကျပြီလား။ အဲဒီလိုဆိုလို့ရှိရင် ခင်ဗျားတို့ သံသရာပါအောင်လှူ။ ဘုန်းကြီးတို့က တိုက်တွန်း ပေးလိုက်တယ်နော်။ ထောင်ပြောင်းချင်လို့တော့ မလုပ်နဲ့ဆိုတော့ ဒါ-သဘောပါ ကြသလား (တင်ပါဘုရား)။

ကံကို အားမကိုးကောင်းဘူး

ကောင်းပြီ ဒါဖြင့် တတိယ စေတနာ သင်္ခါရလည်း ရှင်းသွားပြီ။ ကမ္မဘဝလည်း ရှင်းသွားပြီနော်။ ဒီကံ ကိုလည်း အားမကိုးကောင်းကြဘူး၊ စေတနာကံကိုလည်း အားမကိုးကောင်းကြဘူး၊ ရှင်းသွားပြီနော်။ ကမ္မဿ ကတဉာဏ်ဖြင့် သွားအားမကိုးနဲ့နော်။ သဘောကျပြီလား။ အားကိုးလိုက်ရင် ကမ္မဝါဒီ ဒိဋ္ဌိ သွားဖြစ်လို့ ဒီရဟန်း မနည်းချွတ်ယူရတယ်။ မချွတ်ရပေဘူးလား (ချွတ်ရပါတယ်)၊

ငါ့မှာ ဘာမှ အားကိုးစရာမရှိဘူး။ ကံပဲ အားကိုးသစရာ ရှိတယ်။ သူ ဒီလိုမယူဘူးလား။ ဒါဖြင့် ခင်ဗျားတို့ ကျုပ်တို့ မြန်မာပြည် တစ်ပြည်လုံးမှာ ဦသံဒိုင် ကမ္မဝါဒီဒိဋ္ဌိတွေ များမများ (အခုတော့ဖြင့် အဲဒီကမ္မဝါဒီ ဒိဋ္ဌိတွေ ရှောင်လို့ကို မလွတ်တော့ဘူး)၊ မလွတ်ဘူး၊ မလွတ်ပေမယ့်လဲ သူ- ကလျာဏမိတ္တ မရတော့ သူ ဒါပဲ အားကိုးနေရတယ်။

(တပည့်တော်တောင် ခုနကမှ ဒီအထဲက ထွက်သွားပါတယ်)၊ ရှိပါစေတော့လေ အားမကိုးရဘူးလို့ မဆိုပါဘူး တဲ့။ ဒီဥစ္စာကို ခင်ဗျားတို့သည် ဪ ဧကန်ဟောထားတာ ပဲလို့ ဒီလိုယူထားလို့ မရဘူး။ တဏှာပါး ဒိဋ္ဌိပါးအောင်လုပ်တဲ့တရားပါဆိုတာ သေရလိမ့်မယ်။ သေရလိမ့်မယ်ဆိုတော့ တဏှာက မပါးဘူးလား (ပါးပါတယ်)၊ အိုရလိမ့်မယ်။ ဪ အိုမှန်းသိလာတော့ရော (ပါးပါတယ်)၊ နာမှန်း သိလာတော့ရော (ပါးပါတယ်)။

စေတနာနှစ်မျိုး

ခွဲရလိမ့်မယ်၊ ခွဲရလိမ့်မယ် သိပြန်တော့ကော (ပါးပါတယ်ဘုရား)၊ တဏှာဒိဋ္ဌိပါးတယ်။ သူကပါးအောင် လုပ်တယ်။ ပြတ်အောင် လုပ်တာကတော့ ဝိပဿနာဉာဏ်၊ ရှင်းသွားပြီ၊ ကောင်းပြီ ဒါဖြင့် သင်္ခါရနဲ့ ကမ္မဘဝ ပြန်လှည့် မယ်၊ ထူးသလား၊ မထူးဘူးလား (ထူးပါတယ်ဘုရား)၊ စေတနာဆိုတဲ့ဥစ္စာက သင်္ခါရနဲ့လဲ စေတနာပဲ။ ကမ္မဘဝနဲ့လဲ စေတနာပဲ အစဉ်အတိုင်း ကောက်ရမယ်။ အဲဒီတော့ စေတနာဟာ ဒီအထဲ ဝင်သွားတဲ့အခါကျတော့ ဪ စေတနာနှစ်မျိုး ရှိတယ်လို့ မှတ်လိုက်ကြရမယ်၊

သင်္ခါရဖြစ်တဲ့ စေတနာတစ်မျိုး၊ ကံဖြစ်တဲ့ စေတနာတစ်မျိုး ကံဖြစ် တဲ့စေတနာကျတော့ မလျာဏမိတ္တနဲ့ တွေ့ပြန်တော့လည်း ကံဖြတ်တဲ့စေတနာ အကျိုးမပေးဘူး (အနေကန်)၊ အေး အနေကန်။ ကဲ သုံးခုစလုံး ပြေသွားပြီနော် မပြေသေးဘူးလား (ပြေသွားပါပြီ)၊ ဟိုစေတနာကတော့ နှစ်ခုစလုံး တူနေတယ်၊ ကောက်ရတာကတော့ အစဉ်အတိုင်းကောက်ရမယ်၊ ရှင်းပြီလား (တင်ပါ)၊

တရားသုံးမျိုးရှိတယ်

အဲဒီတော့ကို “အာစယဂါမိနော ဓမ္မာ၊ အပစယဂါမိနော ဓမ္မာ၊ နေဝါစယဂါမိနာပစ္စယဂါမိနော ဓမ္မာ”ဆိုပြီး သုံးခုခွဲလိုက်တယ် ဘုရားက။ ဒါက ဓမ္မသင်္ဂဏီ ပါဠိတော်နော် (တင်ပါ)။

အာစယဂါမိနော ဓမ္မာ- စုတိပဋိသန္ဓေသို့ ရောက်ကြောင်းဖြစ်ကုန်သော တရားတို့။ သူကတစ်မျိုးကွ။

အပစယဂါမိနော ဓမ္မာ- နိဗ္ဗာန်သို့ ရောက်ကြောင်း ဖြစ်ကုန်သော တရားတို့။ သူကတစ်မျိုး၊

နေဝါစယဂါမိနာပစယဂါမိနော ဓမ္မာ-စုတိပဋိသန္ဓေသို့ရောက်ကြောင်းလည်း မဟုတ်၊ နိဗ္ဗာန်သို့ ရောက်ကြောင်းလည်း မဟုတ်ကုန်သော တရားတို့၊ သူကတစ်မျိုး၊ မင်းတို့ဝမ်းထဲမှာ တရားသုံးမျိုးရှိတယ် (တင်ပါ)၊

ဟော အဘိဓမ္မာဒေသနာ ဟောတယ်။ ပုဂ္ဂိုလ် မငဲ့ဘူး၊ ငဲ့သေးရဲ့လား (မငဲ့ပါဘုရား)၊ ပြန်ပြောမယ်၊ အာစယဂါမိနောဓမ္မ- စုတိပဋိသန္ဓေသို့ ရောက်ကြောင်းဖြစ်ကုန် သော တရားတို့က တစ်မျိုးကွ၊ မင်းတို့သန္တာန်ထဲမှာ ရှိတယ်နော် (တင်ပါ)၊ အပစယဂါမိနော ဓမ္မ-နိဗ္ဗာန်ရောက်ကြောင်း ဖြစ်ကုန်သော တရားတို့က တစ်မျိုးကွ၊ မင်းတို့ ခန္ဓာထဲမှာ ရှိတယ်နော် (တင်ပါ)၊ နေဝါစယဂါမိနာပစယဂါမိနော ဓမ္မ- စုတိ ပဋိသန္ဓေသို့ ရောက်ကြောင်းလည်း မဟုတ်၊ နိဗ္ဗာန်သို့ ရောက်ကြောင်းလည်း မဟုတ်သော တရားတို့၊ အဲဒါက တရားတစ်မျိုးကွ။

ကဲ ခင်ဗျားတို့ ကျုပ်တို့ ခန္ဓာကိုယ်ထဲ တရား ဘယ်နှစ်မျိုးရှိသလဲ (သုံးမျိုးပါဘုရား)၊ ဒါသိမှ ပိုရှင်းမယ်။ ပေါ်ပြီလား (မှန်ပါ)၊ ဒါသိမှ ပိုရှင်းမယ်။ ဒါမသိ ရှုပ်နေမယ် (တင်ပါ)၊

စုတိပဋိသန္ဓေသို့ ရောက် ကြောင်း

အာစယဂါမိနော- စုတိပဋိသန္ဓေသို့ ရောက် ကြောင်းဖြစ်တဲ့ တရားတို့ဆိုတာ ဘာတုံးဆိုတော့ ခင်ဗျားတို့ အကုသိုလ်စိတ် တစ်ဆယ့်နှစ်၊ လောကီကုသိုလ်တွေ တစ်ဆယ့်ခုနစ်ဟာ အစယဂါမိချည်းပဲ (တင်ပါ)၊ စုတိပဋိသန္ဓေသို့ ရောက်ကြောင်း၊ စုတိပဋိသန္ဓေ ရောက်ကြောင်း၊ စုတိရောက်ရင်လည်း ပဋိသန္ဓေရောက်မှာပဲ၊ ပဋိသန္ဓေရရင်လည်း စုတိရမှာပဲ။ ရှင်းပြီလား (တင်ပါ)၊ ဒါဖြင့် ပုဂ္ဂိုလ် သတ္တဝါတွေ ပေါ်ကြောင်းဆိုရင်လည်း ပြီးတာပါပဲ ရှင်းပြီလား (ရှင်းပါပြီဘုရား)။

ဒါက ဘာတုံး၊ အကုသိုလ်စိတ်က တစ်ဆယ့်နှစ်ခု၊ ပြုချင်တာ ပြုပေါ့ဗျာ ခင်ဗျားတို့ သန္တာန်မှာ ပေါ်ချင်ရာ ပေါ်မှာပေါ့ (တင်ပါ)၊ လောကီကုသိုလ် ဘာဆိုကြမလဲ၊ စုတိပဋိသန္ဓေသို့ ရောက်ကြောင်း (ရောက်ကြောင်း)၊ ကံပဲ သူ၊ တရားကိုယ်ကို ကောက်လိုက်တော့ ကံပဲ မကျဘူးလား (ကံပဲ ကျပါတယ်)၊ အပစယဂါမိနော-နိဗ္ဗာန်သို့ ရောက်ကြောင်း ဖြစ်ကုန်သော တရားတို့တဲ့။ ဒါကတော့ ခင်ဗျားတို့ မဂ္ဂင်။ ရှင်းပြီလား နေဝါစယဂါမိနာပစယဂါမိနော-စုတိပဋိသန္ဓေ သို့ ရောက်ကြောင်းလည်းမဟုတ်၊ နိဗ္ဗာန်သို့ ရောက်ကြောင်းလည်း မဟုတ်တော့ ကြိယာ စိတ်တွေလို့ မဆိုနိုင်ဘူးလား။ ပြုကာမျှမတ္တ ဘုရား ရဟန္တာများ သန္တာန်ဖြစ်တဲ့ ကြိယာစိတ်တွေ၊ ကျုပ်တို့သန္တာန်မှာဖြစ်တဲ့ ဘဝင်စိတ်တွေ (တင်ပါ)၊ စုတိပဋိသန္ဓေသို့ ရောက်ကြောင်းရော ဟုတ်ရဲ့လား (မဟုတ်ပါ)၊ နိဗ္ဗာန်သို့ ရောက်ကြောင်းရော ဟုတ်ရဲ့လား (မဟုတ်ပါ ဘုရား)။

ကျုပ်တို့အသုံးချရမှာက ဒီနှစ်ခု မရှိဘူးလား (ရှိပါတယ်ဘုရား)၊ ဒါဖြင့် စုတိပဋိသန္ဓေသို့ ရောက်ကြောင်း တစ်မျိုးရှိသေးတယ် (တင်ပါ)၊ နိဗ္ဗာန်သို့ရောက်ကြောင်း ဖြစ်ကုန်သော တရားရော (ပါပါတယ်ဘုရား)၊ ဒါဖြင့် နိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်ကုန်သော တရားရော (ပါပါတယ်ဘုရား) ဒါဖြင့် နိဗ္ဗာန်သို့ ရောက်ကြောင်းတရားကို လိုက်နာရ မှာပဲ (လိုက်နာရမှာပဲ။ ဒီလိုက်ရမှာပဲ)။

ဒီလိုက်ရမှာလေ သူ့ဟာက သာသနာတွင်းဆိုပြီး လိုက်ရမယ်၊ သာသနာတွင်းဆို ဒီလိုက်ရမယ်၊ သဘောကျပြီလား (တင်ပါဘုရား)၊ သာသနာပဆိုရင် ကလျာဏ မိတ္တမရှိလို့ သူနဲ့ပဲ ပြီးရတယ်။ ပဋိသန္ဓေသို့ ရောက်ကြောင်း လူစုတိထက် နတ်စုတိကောင်းတယ် ဆိုရင် ဒါလိုက်၊ နတ်စုတိထက် ဗြဟ္မာစုတိ ကောင်းတယ်ဆိုပြီး ဒါလိုက်တယ်။ မလိုက်ရပေဘူးလား (လိုက်ရပါမယ်ဘုရား)။ သာသနာပကိုးဗျ၊ ကလျာဏ မိတ္တ မရှိဘူး။

နိဗ္ဗာန်သို့ ရောက်ကြောင်း

အခုတော့ သာသနာကလေးက ကျန်နေသေးတယ်ဆိုတာကို ကျေနပ်ပြီလား (ကျေနပ်ပါပြီဘုရား)၊ ကျေနပ်တော့ အပစယဂါမိနော ဓမ္မာ-နိဗ္ဗာန်သို့ ရောက်ကြောင်း ဖြစ်ကုန်သော တရားတို့သည် ခင်ဗျားတို့ နာနေတဲ့တရား၊ နိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်တဲ့ တရားချည်း နေ့တိုင်းဟောနေတယ် (တင်ပါဘုရား)၊ မဟောဘူးလား (ဟောပါတယ်)၊ ကဲ ရှင်းပြီလား။ ဟော အဋ္ဌကထာအာဘော်ကို ပြောစမ်းပါ၊ သူ့စိတ်ထား ပြောစမ်းပါဆိုတော့ ခန္ဓာတွေ ဆင့်ဆင့် ဆင့်ဆင့် သွားတတ်တာဟာ အာစယဂါမိတရားကွ။ ခန္ဓာတွေဆင့်တာက လူခန္ဓာပေါ် နတ်ခန္ဓာဆင့်၊ နတ်ခန္ဓာပေါ် ဗြဟ္မာခန္ဓာဆင့်၊ ခွေးခန္ဓာ၊ ဝက်ခန္ဓာ၊ ကြက်ခန္ဓာတွေဆင့်၊ ဆင့်ဆင့်သွားလိုက်တာဟု စုတိပဋိသန္ဓေ သူကလုပ်တာ၊ အာစယဂါမတရားက လုပ်တာ။ ရှင်းပြီလား (တင်ပါ)။

အပစယဂါမိတရားကတော့ ဒါတွေ ဖျက်ချ။ ၁-ဖျက်၊ ၂-ဖျက်၊ ၃-ဖျက် အကုန်ဖျက်ချတယ်။ ပန်းရန်သမားလို အကုန်ဖျက်ချတယ်။ စီတတ်တဲ့ ပန်းရံသမားက အာစယဂါမိနဲ့တူတယ်။ ဖျက်တတ်တဲ့ ပန်းရန်သမားက အပစယ ဂါမိနဲ့တူတယ်။ စီလည်းမစီတတ်ဘူး၊ ဖျက်လည်း မဖျက်တတ်တဲ့ ပန်းရန်သမားက နေဝါစယဂါမိနာပစယဂါမိနဲ့ တူတယ်။ ရှင်းသွားပြီလား၊ ပေါ်ပြီလား (ပေါ်ပါပြီ၊ နိဗ္ဗာန်သို့ ပို့တာ ဘယ်ဟာက ပို့သလဲ)၊ ဒါ-ဒီဟာက ပို့တာ (တင်ပါ)၊ အပစယဂါမိက ပို့တာ (တင်ပါ)၊ သူ-ခန္ဓာဖျက်ရမှာကိုး (တင်ပါ)၊ သူက နိဗ္ဗာန်ပို့တဲ့တရား၊ သူက ခန္ဓာဖျက်တဲ့ တရား (တင်ပါ) ပေါ်ပြီလာ (နေဝါစယဂါမိနာပစယဂါမိရော)၊ နေဝါစယဂါမိနာပစယဂါမိတော့ကို စုတိပဋိသန္ဓေသို့ ရောက်ကြောင်းလည်း မဟုတ်၊ နိဗ္ဗာန်ဘက်လဲ (ရောက်ကြောင်းလည်းမဟုတ်)၊ သဘောကျပြီလား (တင်ပါဘုရား)။

ကောင်းပြီ- ဒါဖြင့် စုတိပဋိသန္ဓေသို့ ရောက်ကြောင်းတရား။ နိဗ္ဗာန်သို့ ရောက်ကြောင်းတရား။ စုတိ ပဋိသန္ဓေသို့ရောက်ကြောင်းလည်း မဟုတ်၊ နိဗ္ဗာန်သို့ ရောက်ကြောင်းလည်း မဟုတ်တဲ့တရား။ လောက ခန္ဓာကိုယ် ထဲမှာ တရားသုံးမျိုးရှိတယ်၊ သဘောပါသွားပြီလား။ ဒီလို သွားပါတဲ့။ အဲဒီတော့ အလယ်တရားဟာ ကျုပ်တို့ ခန္ဓာ ဖျက်တဲ့တရား၊ ပထမတရားက (ခန္ဓာဆက်တဲ့တရား)၊ သူက ခန္ဓာဆက်တဲ့တရား။ သူက ခန္ဓာဖျက်တဲ့တရား။ သဘောကျ ပြီလား၊ သူကတော့ ဘာမှ စုတိပဋိသန္ဓေသို့ ရောက်ကြောင်းလဲမဟုတ်၊ နိဗ္ဗာန်သို့ ရောက်ကြောင်းလည်း မဟုတ်တဲ့ တရားမျိုးဆိုတော့ သူက အဗျာကတ တရားမျိုးကွ၊ ပြုကာမျှမတ္တ၊ ရှင်းသွားပြီလား (တင်ပါဘုရား)။

ပုထုဇဉ်နှစ်မျိုးရှိတယ်

ကောင်းပြီ- ဒါဖြင့် ဒီလိုလုပ်ကြစို့၊ သာသနာတွင်း သာသနာပ ခွဲလိုက်တဲ့အခါ ပဏ္ဏာသကို ပြန်ကောက်လိုက် ကြစို့။ ခင်ဗျားတို့ ရှင်းသွားအောင် ပုထုဇဉ်နှစ်မျိုးတည်း လာတယ်။ ပုထုဇဉ်နှစ်မျိုးရှိတယ်။ ခင်ဗျားတို့ ကြားဖူး တာကတော့ ပုထုဇဉ် တစ်မျိုးပဲ။ ပဏ္ဏာသမှာတော့ ပုထုဇဉ်နှစ်မျိုးရှိတယ်၊ သာသနာပ ပုထုဇဉ်၊ သာသနာတွင်း ပုထုဇဉ်။ ဘယ်နှစ်မျိုးရှိသွားပြီလဲ (နှစ်မျိုး)၊ နှစ်မျိုး။ သာသနာတွင်း ပုထုဇဉ်၊ သာသနာပ ပုထုဇဉ် (တင်ပါ)၊ ရှင်းပြီနော် (တင်ပါ)၊ ဒါ သေသေချာချာ မှတ်ပါတဲ့။ သမ္မဒိဋ္ဌိသုတ်မှာ ဟောတယ်။ သမ္မာဒိဋ္ဌိသုတ်မှာ ဟောတယ်၊ ဥပရိပဏ္ဏာသ အတူတူပဲ။ သမ္မာဒိဋ္ဌိသုတ်မှာ ဟောတယ်။ ကောင်းပြီ ပုထုဇဉ် ဘယ်နှစ်မျိုးရှိသလဲ (နှစ်မျိုးပါ ဘုရား)။

နှစ်မျိုးရှိတယ် မှတ်လိုက်ပါ (တင်ပါ)၊ သာသနာပ ပုထုဇဉ် တစ်မျိုး၊ သာသနာတွင်း ပုထုဇဉ် တစ်မျိုး၊ သာသနာတွင်းပုထုဇဉ်က ငါလုပ်ရင် ငါရတယ်ဆိုတဲ့ ကမ္မဿကတဉာဏ်သာ ရှိတယ်။ သာသနာပပုထုဇဉ်က ငါလုပ်ရင် ငါရတာပေါ့၊ ငါမလုပ်ရင် ငါမရတာပေါ့၊ ငါကုသိုလ်လုပ်ရင် ငါရတာပေါ့ကွ၊ မင်းဟာမင်း မလုပ်ချင်နေ၊ ကိုယ့်မိန်းမနဲ့ စကားပြောတဲ့အခါ (တင်ပါ)၊ ငါလုပ်င် ငါရတာပေါ့လို့ မသုံးဘူးလား (သုံးပါတယ်ဘုရား)၊ မင်းလုပ်ရင် (မင်းရမယ်)၊ မင်းလုပ်ရင် မင်းရမယ် (မင်းလုပ်ရင် မင်းရမယ်)၊ ဘာရတာတုံး၊ မင်းလုပ်ရင် မင်းပဲ ဒီအကျိုး မင်းခံစားရမယ် (အကျိုးခံစားရမယ်)၊ မဟုတ်ဘူးလား၊ ငါလုပ်ရင်လည်း (ငါ အကျိုးခံစားရမယ်)၊ ငါ အကျိုးခံစားရမယ်ဆိုတော့ အတ္တိဒိဋ္ဌိ မစွန့်ဘူးကွ၊ ပေါ်ပြီလား (ပေါ်ပါပြီဘုရား)။

သစ္စာသိတဲ့ဉာဏ် မရဘူး

အတ္တဒိဋ္ဌိ မစွန့်ဘူး တဲ့။ သာသနာပ ပုထုဇဉ်က ကံတော့ လုပ်ပါတယ်တဲ့၊ အတ္တဒိဋ္ဌိ မစွန့်ဘူး။ ဒါကြောင့် သူ သစ္စာနုလောမိကဉာဏ် မရဘူး၊ သစ္စာနဲ့ လျော်တဲ့ဉာဏ် မရဘူး၊ ရှင်းပြီလား (မှန်ပါ)၊ ဘာနဲ့လျော်တဲ့ဉာဏ်လဲ (သစ္စာနဲ့)၊ လျော်တဲ့ဉာဏ် မရှိဘူး။ တိုတိုပြောကြစို့ ဗျာ၊ သစ္စာသိတဲ့ဉာဏ် မရဘူး၊ ဘာကြောင့်လဲ ကံဟာ ငါ့ဥစ္စာလို့ ယူထားလို့၊ ပေါ်ပြီလား (တင်ပါ)၊ (သူ့အရင်ခွါရမယ်)၊ အဲ သူ့ကို အရင်ခွါရမယ်တဲ့။ ဟိုထဲ ကျုပ်အကုန်ရေးထားတယ် (တင်ပါ)၊ သူ့အရင် မခွါနိုင်လို့ရှိရင် ရကိုမရဘူး။ ဝိဇ္ဇာဥဒပါဒိ မဖြစ်ဘူး။

(မှန်ပါဘုရား၊ တပည့်တော် နည်းနည်းလျှောက် ပါရစေ)၊ ဘယ်လိုလျှောက်မလဲ (တပည့်တော်တို့က ဘာသာအမျိုးမျိုးတွေကြားထဲမှာ နေခဲ့ရပါတယ်)၊ အင်း နေခဲ့ ရတယ်ပေါ့။

ဘယ်သူ စီမံခန့်ခွဲနေသလဲတဲ့

(တတ်သမျှ မှတ်သမျှအားဖြင့် မိတ်ဆွေချင်းပေါ့လေ၊ ဘာသားခြားတွေနဲ့ ဆွေးနွေးတော့ ဒီဟာနဲ့ ဒီလို သူတို့ကို တတ်အားသမျှရှင်းတော့ သူတို့ နှစ်သက်ပုံရပါတယ်၊ နောက် တပည့်တော်တို့ မဖြေနိုင်တာ တစ်ခုရှိပါတယ်၊ အဲဒီဟာတွေကို ဘယ်သူ စီမံခန့်ခွဲနေသလဲတဲ့၊ ဥပမာအားဖြင့် ဒါကုသိုလ်ပဲ၊ ဒါ-အကုသိုလ်ပဲ စသည်ဖြင့် ဒါ-ဘုရားက ပြလို့ သိတယ်ဆိုတာ မှန်ပြီ၊ သို့သော် အဲဒီအပြစ်အလျောက် စီရင်နေတာက ဘယ်သူလဲ)၊ အပြစ်အလျောက် စီရင် နေတာဆိုရင် ခင်ဗျားတို့ အဘိဏှသုတ် ပြန်ရွတ်ပါလား (တင်ပါဘုရား)။

ကံက စီမံတယ်ဆိုတော့

ကံသာအမိ ၊ ကံသာအဖ ၊ ကံသာ အမွေခံရှိတယ်။ မဟုတ်ဘူးဘား (တင်ပါ)၊ ကံက စီမံတယ်ဆိုတော့ ကံဟာ သူက စီရင်ပေးနေတဲ့ လူပဲ။ ဘယ်သူကမှ မင်းကို စီမံလိုက်လို့ဆိုတာတော့ မဟုတ်ဘူး။ သူ့အကြောင်းနဲ့ သူ့အကျိုးနဲ့ ပေါ်တယ်ဆိုတာကတော့ ပဋိစ္စသမုပ္ပါဒ် အတိုင်းပေါ့။ မဟုတ်ဘူးလား (တင်ပါ)၊ ရှင်းပြီလား (တင်ပါ)၊ ကံက မင်းသုဂတိ သွားလိုက်။ မင်းဒုဂ္ဂတိ သွားလိုက်။ မင်း နတ်ပြည်သွားလိုက်။ ဒါ ကံက စီမံပေးနေတာ၊ ဘယ်သူမှ စီမံမယ့်လူလည်း မရှိဘူး (တင်ပါ)၊ စီမံမယ့်လူရှိရင် သူ-ထာဝရဘုရား သွားဖြစ်နေမယ် (တင်ပါ)၊ မဖြစ်ပေဘူးလား (တင်ပါ)၊ ရှင်းပြီလား (ရှင်းပါပြီ)။

ဒါဖြင့် အဲဒါ သာသနာပ ကမ္မဝါဒီ သမ္မာဒိဋ္ဌိက အတ္တဒိဋ္ဌိ မစွန့်ဘူး (တင်ပါ)၊ စွန့်ရဲလား (မစွန့်ပါ)၊ မစွန့်တော့ကို သူဟာ သာသနာပသမားလို့ မှတ်လိုက်ပါ။ သာသနာတွင်း နေငြားသော်လည်း ကံအမိ ကံအဖလို့ ယုံကြည်ပြီးသကာလနေတော့ ငါ့ဘာမှ ပူစရာမလိုဘူး၊ ငါ့ကံနဲ့ငါ ငါ့ကောင်းရာစီမံပြီးသကာလ ငါ့ကောင်းမှာ ပို့မှာပဲ ဆိုတော့ မယုံကြည်ရဘူးလို့တော့ မဟုတ်ဘူး၊ ယုံတော့ ယုံကြည်ရတယ်။ ယုံကြည်ရပေမယ့် ဒိဋ္ဌိမစွန့်ဘူး (တင်ပါ)၊ စွန့်ရဲလား (မစွန့်ပါ)၊ ဒိဋ္ဌိမစွန့်တဲ့အတွက် (၃၁)ဘုံမှာတော့ဖြင့် သူဟာ ထိုက်တန်တဲ့အကျိုးတွေ ပေးမှာပေါ့။ နိဗ္ဗာန်တော့ မရနိုင်ဘူး (တင်ပါ)၊ ပေါ်ပြီလား (ပေါ်ပါပြီ)၊ နိဗ္ဗာန်တော့ (မရပါ)၊ အတ္တဒိဋ္ဌိခံနေတယ်။ ရှင်းပြီလား (ရှင်းပါပြီဘုရား)။

ဒါ-သာသနာပ ပုထုဇဉ်က အတ္တဒိဋ္ဌိ မစွန့်ဘူး၊ ကမ္မဝါဒီ သမ္မာဒိဋ္ဌိ-အတ္တဒိဋ္ဌိမစွန့်ဘူး (တင်ပါ)၊ မရောက်နိုင်ပါ။ ကံပေါ်မှာ ခုနက ရဟန်းလို ဒိဋ္ဌိကပ်နေတယ်။ ရှင်းသွားပြီလား (တင်ပါ)၊ ကဲ သာသနာတွင်း ပုထုဇဉ်။ ပုထုဇဉ် နှစ်မျိုးလို့ ကျုပ်ပထမက ရှင်းခဲ့တယ်။ (ရှင်းပါတယ် ဘုရား)၊

ဒါ သာသနာပပုထုဇဉ် ကံပေါ်မှာသာလျှင် သူအားကိုး နေတယ်နော် (တင်ပါ)၊ သူကတော့ကို နှစ်ခုစလုံးမှာ ဆက်ဆံနေတယ်၊ ဪ ကံကလည်း သူ့နေရာနဲ့သူ။ သို့သော် အနတ္တပဲဆိုတော့ အနတ္တဆိုတော့ ဖြစ်ပျက်ကို သူမတွေ့ဘူးလား၊ တွေ့သလား (တွေ့ပါတယ်)။ ကံ-ဖြစ်ပျက်ကို (တွေ့ ပါတယ်)၊ တွေ့တော့ သစ္စာနဲ့ မလျော်ဘူးလား (လျော်ပါတယ်)၊ ဒုက္ခသစ္စာ သွားမြင်တယ် (မြင်ပါတယ်)၊ အဲ ဒုက္ခသစ္စာ သွားမြင်တော့ သူကကံလည်း လုပ်ပါတယ်တဲ့။

ဒုက္ခသစ္စာ သွားမြင်တဲ့အတွက်

ဒုက္ခသစ္စာ သွားမြင်တဲ့အတွက် သူက သာသနာတွင်း ပုထုဇဉ်ဖြစ်တဲ့အတွက် သူက နိဗ္ဗာန်ရောက်တယ် (တင်ပါ)၊ သူက မရနိုင်ဘူး (တင်ပါ)၊ ကွာခြားသွားပြီလား (ခြားသွား ပါပြီ)၊ ရှင်းပြီနော် (ရှင်းပါပြီ)၊ ဒါဖြင့် သူက “ဒွီဟိ ဓမ္မေဟိ”တဲ့၊ သူကတော့ နှစ်ခုစလုံးကို ယုံကြည်တယ်၊ ကမ္မဿကတ ဉာဏ်ကိုလည်း သူမပယ်ပါဘူး။ သစ္စာနဲ့လျော်တာကိုလည်း ပိုပြီးနှလုံးသွင်းလိုက်တယ်၊ ပိုပြီး နှလုံးသွင်းလိုက်တယ်။ ဖြစ်ပျက်တွေပေါ့လေ (တင်ပါ)၊ အဲဒါ နှလုံးသွင်းတဲ့အတွက် သူကတောဖြင့် သာသနာတွင်းသမားရယ်လို့ သူက မဂ်ဖိုလ် ရောက်အောင်သွားမယ်။ သူက ၃၁-ဘုံမှာ နေရစ်တယ် (တင်ပါ)၊ ရှင်းပြီလား၊ ကမ္မဝါဒီ သမ္မာဒိဋ္ဌိက သမ္မာဒိဋ္ဌိတော့ သမ္မာဒိဋ္ဌိပဲ၊ ကမ္မဿကတဉာဏ် သမ္မာဒိဋ္ဌိ ဖြစ်နေတယ် (တင်ပါ)၊ ကမ္မဿကတသမ္မာဒိဋ္ဌိ သဘောကျပြီလား (ကျပါပြိ)၊ ကမ္မဿကတဉာဏ် သမ္မဒိဋ္ဌိသည် နိဗ္ဗာန်တိုင်အောင် အကျိုးပေးနိုင်သလားမေးတော့ သစ္စာနဲ့လျော်အောင် နှလုံးသွင်း လိုက်ရင် ဖြစ်ပျက်နှလုံးသွင်းလိုက်ရင် နိဗ္ဗာန်တိုင်အောင် အကျိုးပေးနိုင်တယ်တဲ့။

သမ္မာဒိဋ္ဌိတော့၊ သမ္မာဒိဋ္ဌိပဲ တဲ့၊ သမ္မာဒိဋ္ဌိက နှစ်မျိုးဖြစ်နေတယ်။ ကံကိုယုံတဲ့ သမ္မာဒိဋ္ဌိ။ ကံကိုလည်း ယုံတယ်။ သစ္စာကိုလည်းသိတဲ့ သမ္မာဒိဋ္ဌိကတစ်မျိုး။ ဒါဖြင့် သာသနာတွင်းသမားက ကံလည်း သိတယ်။ သစ္စာလည်း သိတယ်။ သူနှစ်ချက်သိတယ် (တင်ပါ)၊ သာသနာပသမားက ကံ-ကံ၏အကျိုးကိုသာ သိတယ်။ ကံ-ကံအကျိုးကိုသာ သိတာ သမ္မာဒိဋ္ဌိပဲ။ သူက ကံ-ကံ၏အကျိုးကိုလည်း သိတယ်။ သာသနာတွင်း သမ္မာဒိဋ္ဌိက သစ္စာနဲ့လျော်အောင်လည်း ခန္ဓာကို သိတယ်။ အင်း သူမှ နိဗ္ဗာန်ကိုရမယ်။ ပေါ်ပြီလား (ပေါ်ပါပြီဘုရား)၊ ရှင်းပြီလား (ရှင်းပါပြီဘုရား)။

ကဲ နာရီ စေ့ပြီ ဒီတွင် တော်ကြဦးစို့။

သာဓု သာဓု သာဓု။