10109

မာတိကာသို့

သဗ္ဗေ သင်္ခါရာ အနိစ္စာ တရားတော်

အသံဖိုင်ခေါင်းစဉ်= ရန်ကုန်မှ ဧည့်သည်များအားအထူးဟောကြားဆုံးမတော်မူအပ်သော သဗ္ဗေ သင်္ခါရာ အနိစ္စာ နေ့အလုပ်ပေးတရားတော်

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

အမရပူရမြို့၊ မင်္ဂလာရိပ်သာဓမ္မာရုံကြီးပေါ်တွင်

ဟောကြားဆုံးမတော်မူသော

သဗ္ဗေ သင်္ခါရာ အနိစ္စာ တရားတော်

(၂၂-၁၁-၆၀)

လေဝင်အောင် လေထွက်အောင်အားထုတ်တဲ့ စိတ်

လေဝင်အောင်အားထုတ်တဲ့ စိတ်ဖြစ်ပျက်။ လေထွက်အောင်အားထုတ်တဲ့ စိတ်ဖြစ်ပျက်။ ဒါကလေးကို ဉာဏ်နဲ့ လိုက်ကြည့်ပေး၊ ဝန်လေးသလား (ဝန်မလေးပါ)၊ ဝန်မလေးလို့ရှိရင် ဒါလိုက်ဖြစ်အောင် လိုက်ပေး (မှန်ပါ)။

သူတို့နှစ်ခုက အမြဲတမ်းရှိလိမ့်မယ်။ တစ်နာရီ (၃၆၀)။ သူက (၃၆၀) နော် (မှန်ပါ)၊ သူက စိတ်ပေါင်း (၃၆၀) (၃၆၅) ဒီလိုရှိကြမှာပေါ့ဗျာ။ အရှူနှေးတဲ့ပုဂ္ဂိုလ်ကျတော့ (၃၆၀) လောက်ရှိတယ်၊ အရှူပြင်းပြီး မြန်တဲ့ပုဂ္ဂိုလ်ကျတော့ (၃၆၅) လောက် ရှိတယ်။ သူတို့ မကျဲဘူးလားဗျ (နည်းနည်း ကျဲပါတယ်ဘုရား)။

နည်းနည်းကျဲတော့ကို သူ့ကြားမှာ ဝင်လာတဲ့စိတ်ကို လိုက်ပေး။ ဖျတ်ဆို ဦးသံဒိုင် ဟိုက ဒေါင်းကနဲ ရိုက်လိုက် တော့ ကြားစိတ်ကလေး နားထဲမပေါ်ဘူးလား (ပေါ်ပါတယ်ဘုရား)၊ အဲဒီစိတ်ကိုပဲ ခုနကဉာဏ်နဲ့ လိုက်ရှု (မှန်ပါ)။

ကြားစိတ်ကလေး

ဟာ ကြားစိတ်ကလေးဟာ ခဏခဏ ကြားနေတယ်။ ခဏခဏ ကြားတဲ့စိတ်ကလေး ဖြစ်ပြီးပျက်တာပဲ၊ ဖြစ်ပြီးပျက်တာပဲ၊ ဖြစ်ပြီး ပျက်တာပဲ လိုက်ပေးနေ။ ကြားတဲ့စိတ်မရှိမှ ဝင်စိတ်ဖြစ်ပျက် သူ့ကို ပြန်ကောက်။ သူကတော့ သူများမရှိရင် ရှိတယ် (မှန်ပါ)၊ သူများ ရှိနေရင် သူ မရှိဘူး။ “ဧက စိတ္တသမာယုတ္တာ” တစ်စိတ်သာ ရှိရမှာကိုးဗျ။ ပျက်တဲ့စိတ်က တစ်စိတ်၊ ရှုတဲ့စိတ်က တစ်စိတ် ဒါပဲရှိရမယ် သတ္တဝါသန္တာန် တစ်ဦးတစ်ယောက်မှာ။ သဘောကျပလား (ကျပါပြီဘုရား)။

တစ်ပေါက်က ဖမ်းမယ်

ဒါက မနောဒွါရ၊ ကျန်တာက ပဉ္စဒွါရလိုက်။ ပဉ္စဒွါရမရှိရင် မနောဒွါရပြန်လိုက်။ မနောဒွါရက ချုပ်သွားလို့ ပဉ္စဒွါရပေါ်ရင် ပဉ္စဒွါရစိတ်ကိုရှု၊ ဒွါရခြောက်ပေါက် ဒါပဲရှိတာပဲ (မှန်ပါ)၊ အဲဒီတော့ကို ပေါဋ္ဌိလမထေရ်ကြီးကျ တော့ တစ်ပေါက်က ဖွတ်ဝင်သွားတယ်၊ ဒီဖွတ်မိအောင် ဘယ်လိုဖမ်းမလဲဆိုတော့ ပေါဋ္ဌိလကိုယ်တော်ကြီးက ငါးပေါက် ပိတ်ပြီး တစ်ပေါက်က ဖမ်းမယ်ဆိုတော့ ကိုက်နေတယ် (မှန်ပါ)။

ဒီမှာလည်း ဒီငါးပေါက်က ဝိပဿနာရှု၊ မနောပေါက် တစ်ပေါက်ထဲကနေပြီး မနော-မနောချင်းရှု။ ပဉ္စဒွါရ လိုက်ရှု။ ပဉ္စဒွါရစိတ်၊ မနောဒွါရစိတ်။ သဘောကျပလား (ကျပါပြီဘုရား)။

ဒါ သေသေချာချာလုပ်ပါ။ ခင်ဗျားတို့ ဒါမှမရလို့ရှိရင် ဘာမှမဖြစ်သေးဘူး အောက်မေ့ပါ။ ဒါက မျက်လုံး စိတ် မြင်တဲ့အခါမှာ မြင်သည်နက် တစ်ပြိုင်နက်တည်း မြင်ပြီး ပျက်တယ်ဆိုပြီး နောက်က မနောဒွါရက ရှုပေး။ မဂ္ဂင်ငါးပါးက ရှုပေး။ မနောဒွါရက မဂ္ဂင်ငါးပါး ယူတယ် (မှန်ပါ)။

ကြားတဲ့စိတ်ကလေးပေါ်ရင် ကြားတဲ့စိတ်ကလေး ဖြစ်ပျက်ရှု၊ မရှိပြန်ဘူး၊ ဝင်စိတ်ထွက်စိတ်ရှု။ နံတဲ့စိတ်ကလေး ပေါ်လာလည်း နံတဲ့စိတ်ရှု။ သူတို့ မရှိလို့ သူ့လိုက်ရတယ်။ ဒါမနောက လိုက်ပေးရမယ်။

ပြီးတော့ တစ်ခါ လျှာပေါ်မှာ တံတွေးကလေး မျိုတဲ့စိတ် ဆေးလိပ်ကလေးသောက်တဲ့စိတ်၊ လျှာပေါ်မှာ ဇိဝှါဝိဉာဏ်စိတ်ကလေး ပေါ်တယ်။ ပေါ်လို့ရှိရင် သူတို့မရှိဘူး။ သူလည်း မရှိဘူး၊ မနောပေါက်က ဒါလိုက်ပေး။ ဒါကလေးဟာ “ဟုတွာ အဘာဝဋ္ဌေန အနိစ္စံ” ဖြစ်ပြီး ပျက်တာပဲလို့ လိုက်ပေး။

ကိုယ်ပေါ်မှာ ယားတဲ့စိတ်၊ ကိုယ်ပေါ်မှာ ကောင်းတဲ့စိတ်ပေါ်လာပါလိမ့်မယ်တဲ့။ ယားတဲ့စိတ်ပေါ်ရင် ကောင်းတဲ့ စိတ် မပေါ်ဘူး (မှန်ပါ)၊ ကောင်းတဲ့စိတ်ပေါ်ရင် ယားတဲ့စိတ် မပေါ်ဘူး (မှန်ပါ)၊ သုခဒုက္ခကိုး (မှန်ပါ)၊ သုခ ဒုက္ခ မပြိုင်နိုင်ဘူးဆိုတာသိတော့ ကဲ ယားတဲ့စိတ်ပေါ်ရင် ယားတဲ့စိတ်ကိုလိုက်။ သူမရှိပြန်ဘူးဆိုရင် ဒီစိတ်နှစ်ခု ပြန်လိုက် (မှန်ပါ)။

ကောင်းတဲ့စိတ်ပေါ်ပြန်တယ် ကိုယ်ပေါ်မှာ၊ ကောင်းတဲ့စိတ်ကို ဖြစ်ပျက်ရှု။ သူမရှိပြန်ဘူး၊ သူတို့နှစ်ခုကို ပြန်လိုက် နေ (မှန်ပါဘုရား)။

ဒါဖြင့် နားတဲ့အချိန် ရှိသေးရဲ့လား (နားတဲ့အချိန်မရှိပါ)၊ နားချိန်မရှိအောင် လုပ်ရမယ်။ နားချိန်မရှိအောင် လုပ်လိုက်တော့ ၁၊ ၂၊ ၃၊ ၄၊ ၅၊ ၆၊ ပဉ္စဒွါရက ၆- မှတ်ထား၊ မနောဒွါရက ၂- မှတ်ထားနော် မနောဒွါရက (၂-ပါဘုရား)။

ပထမမနောကို နောက်မနောကနေရှု

ဒါက ရှူတာနဲ့ ရှိုက်တာနဲ့ ၂။ ဒီအထဲကမှ ခင်ဗျားက ထူးထူးဆန်းဆန်း ရှူတာနဲ့ ရှိုက်တာ အောင့်ပြီးသကာလ ကုန်တွေပေါ် ကြံစည်တဲ့စိတ်၊ သားသမီးတွေ တွေးတဲ့စိတ် လာချင်လာဦးမယ်။ လာရင်လည်း အဲဒီ ပထမမနောကို နောက်မနောကနေရှု၊ သူကတော့ ရှုတဲ့ဘက်ချည်းထား၊ မဂ္ဂင်ကတော့ ရှုတဲ့ဘက်ကချည်းထား။ ဒီမနောမှာတော့ အများကြီး ပေါ်လိမ့်မယ်။ ရှူတဲ့စိတ် ရှိုက်တဲ့စိတ်ကတော့ မြဲလို့သာ ဘုန်းကြီးက သူ့ကို ပြန်ပြန်ထိုင်ပြောတာ။ ကြံစည်တဲ့ စိတ်ကလည်း လာဦးမှာပဲ။ တွေးတောတဲ့စိတ်ရော (လာပါတယ်ဘုရား) စိုးရိမ်ကြောင့်ကြတဲ့စိတ်ရော (လာပါတယ် ဘုရား)။

အဲ လာတာတွေဟူသရွေ့ အကုန်ဖြစ်ပျက်ရှု။ နို့မဟုတ်ရင် “သောကပရိဒေဝါနံ သမတိက္ကမာယ”တို့ သူက မဖျက်နိုင်ဘူးတဲ့၊ “ဒုက္ခဒေါမနဿာနံ အတ္ထင်္ဂမာယ”တဲ့။ ဒီဒုက္ခနဲ့ ဒေါမနဿ ချုပ်အောင်လည်း သူမှ တတ်နိုင် တယ်၊ အဲ ဒုက္ခဒေါမနဿ ချုပ်အောင်လည်း သူနဲ့လုပ်။ သောကပရိဒေဝ ချုပ်အောင်လည်း သူနဲ့ရှု။ “ဉာယဿ အဓိဂမာယ” တဲ့ နိဗ္ဗာန်ရအောင်လည်း သူနဲ့ရှုပါ။ ဒါတွေ အကုန်ချုပ်သွားရင် နိဗ္ဗာန်တွေ့မှာပဲ (မှန်ပါ)၊ ရှင်းပြီ လား (ရှင်းပါပြီဘုရား)။

ဒါရှုနည်းကို ပြောတာပါ-တဲ့၊ ကဲ ရှုတတ်ပလား (တင်ပါဘုရား)၊ ပြန်ပြောစမ်းပါဦး ခင်ဗျားတို့ဟာ ဒါကလေးမှ ရန်ကုန်ပြန်မှာ ပါမသွားလို့ရှိရင် ဪ ဉာတပရိညာနဲ့ ပြန်သွားတယ်။ တီရဏပရိညာ ရမသွားရှာဘူး ဆိုတဲ့ ခင်ဗျားတို့ ကိုယ်ကျိုးနည်းတဲ့ ဇာတ်ထုပ်ခင်းသလို ဖြစ်သွားမယ်။

စိတ်မှာရှင်းအောင် ပြောစမ်းပါဆိုတော့ ခင်ဗျားတို့ ဒီနေ့ကောင်းကောင်း သင်ပေးလိုက်မယ်။ ကိုထွန်းရင် သေသေချာချာမှတ်နော် (တင်ပါဘုရား)။

စက္ခု သောတ ဃာန ဇိဝှာ ကာယ။ ကာယနှစ်ခုနော် (မှန်ပါ)၊ ဒုက္ခသဟဂုတ် ကာယဝိညာဏ်စိတ်၊ သုခသဟ ဂုတ် ကာယဝိညာဏ်စိတ်၊ ဒီ ၁၊၂၊၃၊၄ ဒါက ဥပေက္ခာစိတ်ချည်း မှတ်ရမယ်နော် (မှတ်ပါ)။

အပြင်ဧည့်သည်ခြောက်ယောက်

ဥပေက္ခာသဟဂတံ စက္ခုဝိညာဏံ၊ သောတဝိညာဏံ၊ ဃာန ဝိညာဏံ၊ ဇိဝှာဝိညာဏံ ဒါတွေက ဥပေက္ခာ။ ကာယဝိညာဏ်ကတော့ သုခ-ဒုက္ခ, သုခစိတ် ဒုက္ခစိတ်။ အဲဒီအခုရှေ့ပိုင်းက ပြထားတာကို အပြင်ဘက် အာဂန္တုခြောက် ယောက်လို့ မှတ်ထားလိုက်စမ်းပါနော် (တင်ပါဘုရား)၊ စက္ခု သောတ ဃာန ဇိဝှာ ကာယ ဒါကို ရှုပေးပါတဲ့၊ အပြင် စိတ်။

အတွင်းဧည့်သည်ငါးခု

တစ်ခါ ဒီဝမ်းထဲကျတော့ ကုသိုလ်စိတ်၊ အကုသိုလ်စိတ်၊ အဗျာကတစိတ်၊ ဒါ မနောထဲပေါ်တယ်။ ကုသိုလ် အကုသိုလ် အဗျာကတနော် (မှန်ပါ)။

ဒါက ဒီလိုဆိုကြပါစို့၊ လောဘ ဒေါသ မောဟ အကုသိုလ်စိတ် သုံးခုထား၊ ဒီက အလောဘ အဒေါသဆိုတော့ ငါးခု မရှိဘူးလား (မှန်လှပါဘုရား) ဒီဟာက အတွင်းဧည့်သည်ငါးခု။

အပြင်ဧည့်သည် ဘယ်နှစ်ယောက်တုံး (ခြောက်ယောက်ပါ)၊ အပြင်ဧည့်သည်က (ခြောက်ယောက်ပါဘုရား)။

အိမ်သည် နှစ်ပါး

အိမ်သည်နှစ်ခု။ လေထွက်အောင် အားထုတ်တဲ့စိတ်၊ လေဝင်အောင် အားထုတ်တဲ့စိတ် အိမ်သည်နှစ်ခုတဲ့။ သူက သူများထက် များတယ်။ အိပ်နေတောင် ရှိတဲ့စိတ်နှစ်ခု။

ဒါဖြင့် အပြင်ဧည့်သည် ဘယ်နှစ်ယောက်တုံး (ခြောက်ခုပါ)၊ အပြင်ဧည့်သည်က ဒါပဲ၊ စက္ခု သောတ ဃာန ဇိဝှာ သုခ ဒုက္ခ ဟုတ်လား။ ရှင်းပြီနော် (တင်ပါ)။

အပြင်က မြင်စိတ် ကြားစိတ် နံစိတ် စားစိတ် ယားစိတ် ယံစိတ် ကောင်းစိတ် သဘောကျပြီလား (ကျပါပြီဘုရား)။

စာလို အဇ္ဈတ္တိကာယတန သုံးတယ်။ ဝိပဿနာရှုတော့ အပြင်ဘက်မှာပေါ်လို့ အပြင်ဘက် ဧည့်သည်စိတ်လို့ မှတ်လိုက်တာပေါ့။

ဒါကတော့ ဟဒယဝတ္ထုပေါ်မှာ ပေါ်နိုင်တဲ့စိတ် ငါးမျိုးဖြစ်သောကြောင့် အတွင်းဧည့်သည် ငါးခု၊ လောဘ ဒေါသ မောဟ အလောဘ အဒေါသ ဘယ်နှစ်ခုရှိသတုံး (ငါးခုပါဘုရား)၊ အဲ ဆယ့်တစ်ပါးရှိတယ်။ ဆယ့်တစ်ပါး မှာ ဒီလို ခွဲမှတ်လိုက်ပါဦး။ အပြင်ဧည့်သည်ခြောက်ခု၊ အတွင်းဧည့်သည် ငါးခု၊ အိမ်သည် နှစ်ပါး။ ရှင်းပလား (တင်ပါဘုရား)။

ကောင်းပြီ ဒါကို သေသေချာချာ မှတ်ပါတဲ့။ အပြင်ဧည့်သည် ဘယ်နှစ်ပါးရှိသတုံး (ခြောက်ပါးပါဘုရား)၊ အတွင်းဧည့်သည် (ငါးပါးပါ ဘုရား)၊ အိမ်သည် (နှစ်ပါးပါဘုရား)။ အိမ်သည်နှစ်ခုဆိုတာက သက်စောင့်ကိုးဗျ၊ အသက် စောင့်နေတာ၊ ကျုပ်တို့ မသေအောင် စောင့်နေတာ၊ ဒီနှစ်ခုပဲရှိတယ် (တင်ပါ)။

ရှူစိတ် နောက်ထပ်မလာရင် ဒီဘဝသေမှာပဲ။ ရှိုက်စိတ် နောက်ထပ် မလာရင်ရော (ဒီဘဝသေမှာပါဘုရား)၊ ဒါကြောင့် သူတို့ကတော့ သက်စောင့် စိတ်ဖြစ်သောကြောင့် အိမ်သည် စိတ် (တင်ပါဘုရား)။

ဒါက စာမှာ သွားမကြည့်နဲ့၊ ကိုယ့်ဖြစ်စဉ်ကို ကြည့်ပါ။ ကိုယ့်ဖြစ်စဉ်တော့ ကိုက်တယ် မဟုတ်လား (ကိုက်ပါ တယ်)၊ စာကို သွားမကြည့်နဲ့တဲ့။ ဒါ ပုထုဇဉ်သန္တာန်မှာ ဒါပဲရှိတယ်၊ မြင်စိတ် ကြားစိတ် နံစိတ် စားစိတ် ယားစိတ် ယံစိတ် ကောင်းစိတ် အပြင်ဘက်မှာ ပေါ်သောကြောင့် အပြင်ဧည့်သည် ခြောက်ယောက် (တင်ပါဘုရား)၊

ဧည့်သည်ဆိုတာ အကြောင်းတိုက်ဆိုင်မှ တစ်ခါတလေမှ ပေါ်တာ (တင်ပါ)၊ အမြဲရှိပါ့မလား (မရှိပါဘုရား)၊ အတွင်းဧည့်သည်ကလည်း ငါးယောက်ပဲ။ လောဘ ဒေါသ မောဟ တစ်ခါတလေမှ ပေါ်တာ (တင်ပါဘုရား)။

အလောဘ အဒေါသရော (တစ်ခါတလေမှ ပေါ်ပါတယ်)၊ ဒါဖြင့် အတွင်းဧည့်သည် ဘယ်နှစ်ယောက်ရှိသတုံး (ငါးယောက်ပါဘုရား)၊ ဒါဖြင့် ဧည့်သည်ရှိလို့ရှိရင် အိမ်သည်ရှိရလိမ့်မယ်။ သက်စောင့်ရှိရလိမ့်မယ်။ သူက လေထွက် အောင် အားထုတ်တဲ့စိတ်၊ လေပြန်ရှိုက်တဲ့စိတ်။ ဒီနှစ်ခု၊ အိမ်သည်စိတ်နှစ်ခု (တင်ပါ)။

ဒါဟာ အရှုခံစိတ် ဘယ်လောက်တုံးလို့ မေးလို့ရှိရင် ခြောက်ခု၊ ဒီခြောက်ခုထဲမှ အမောဟနုတ်ထား၊ အမောဟ က ရှုရမည့်စိတ်မို့ နုတ်ထား။ သူက ရှုမည့်စိတ် (တင်ပါ)၊ သူ့နုတ်ထား၊ ကောင်းပြီ၊ သူက အမြဲတမ်း စောင့်ဖမ်းသမား။

အမောဟစိတ်က အမြဲစောင့်ဖမ်းသမား

အမောဟစိတ်က အမြဲစောင့်ဖမ်းသမားလို့ မှတ်ထားလိုက်စမ်းပါ (တင်ပါ)၊ အပြင်ဧည့်သည်လာလည်း အကုန်မိ အောင်ဖမ်း ဖြစ်ပျက်ကို (တင်ပါ)၊ အတွင်းဧည့်သည်ငါးယောက်လာရင်လည်း ဖြစ်ပျက်မိအောင်ဖမ်းနော် (တင်ပါ)၊ ဘာမှမရှိရင် အိမ်သည်နှစ်ခုကို လှမ်းဖမ်းနေ၊ ဒီအမောဟက အဖမ်းသမား သက်သက်ပဲ (တင်ပါ)၊ ဒါတွေ မသင်ရသေး တော့ ခင်ဗျားတို့ ဘယ်မှမသွားနဲ့ပြောတာ ဒါပဲ (တင်ပါ)၊ သဘောကျပလား (ကျပါပြီဘုရား)။

ကောင်းပြီ အပြင်ဧည့်သည်က ဘယ်နှစ်ယောက်တုံး (ခြောက်ယောက်ပါ)၊ အတွင်းဧည့်သည်က အရှုခံ ဘယ်နှစ်ယောက်တုံး (ငါးယောက်ပါ)၊ အိမ်သည်က (နှစ်ယောက်ပါ)၊ အဲဒါကို ခင်ဗျားတို့ ပေါ်ရာလိုက်ပါ။ အတွင်း ဧည့်သည် ခြောက်ယောက်ထဲမှာ ခြောက်နံပါတ်ဖြစ်တဲ့ အမောဟနဲ့လိုက်။ အမောဟနဲ့ ပေါ်ရာကိုလိုက်။

ပေါ်ရာလိုက် နေတော့ ဒါတွေက “သဗ္ဗေ သင်္ခါရာ အနိစ္စာ” မဖြစ်ဘူးလား (ဖြစ်ပါတယ်)၊ “ယဒါပညာယ ပဿတိ” ဆိုတာ သူနဲ့ရှု၊ ခင်ဗျားတို့ ရထားတဲ့ပါဠိ (တင်ပါ)၊ ဒါတွေ့ို ဘယ့်နှယ်ဆိုမလဲ (သဗ္ဗေ သင်္ခါရာ အနိစ္စာ) အဲ ယဒါ ပညာယ ပဿတိ။ ယဒါ-အကြင်သူတို့ ဖြစ်တဲ့ပျက်တဲ့အခါ၌။ ပညာယ-အမောဟပညာနဲ့၊ ပဿတိ-ရှုပေး။ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ဒီပါဠိတော်ကို ရတယ် ခင်ဗျားတို့ (ရပါတယ်)၊ အခုပြောတာတွေကို ဘာဆိုမယ် (သဗ္ဗေ သင်္ခါရာ အနိစ္စာပါ)၊ သူတို့ပေါ်လာရင် သင်္ခါရ အနိစ္စချည်းပဲ။ ဖြစ်လိုက် ပျက်လိုက်၊ ဖြစ်လိုက် ပျက်လိုက်တွေ ပေါ်မှာပဲ။ ရှင်းပလား မောင်ထွန်းရင် (တင်ပါဘုရား)။

အဲဒီတော့ သူတို့က သဗ္ဗေသင်္ခါရာ အနိစ္စာကို ကျုပ်တို့က ယဒါ- သူ အနိစ္စဖြစ်တဲ့အခါ၌။ ပညာယ-ပညာနဲ့။ ပဿတိ-ရူပါဆိုတော့ အမောဟနဲ့မရှု၊ ခင်ဗျားတို့ ဘာနဲ့ရှုမတုံး။ အမောဟနဲ့ မရှုရပေဘူးလား (ရှုရပါမယ်)၊ ဒါကြောင့် အလောဘ အဒေါသ အမောဟတို့တွင် သူ့ကို ရှုရမည့်တရားမို့ နုတ်ထား။ သဘောကျပြီလား (ကျပါပြီဘုရား)။

ဘင်္ဂဉာဏ်ကိုဟောတဲ့ ပါဠိတော်

သေသေချာချာ မှတ်ရမှာ ဒီပါဠိတော်ကိုလည်း၊ ဒီပါဠိတော်သည် ဘင်္ဂဉာဏ်ကိုဟောတဲ့ ပါဠိတော် (တင်ပါ)၊ အနိစ္စဆိုတာ ဘင်္ဂဉာဏ်ချည်းပဲဗျ၊ အပျက်တွေ မြင်ကြတာပဲ (တင်ပါ)၊ ကဲ ခင်ဗျားတို့ ပါဠိတော်နဲ့ ခင်ဗျားတို့ကို လိုက်ကြည့်။ ၁-ပေါ်ရင်လည်း သဗ္ဗေသင်္ခါရာ အနိစ္စာ၊ ယဒါ ပညာယ ပဿတိနဲ့လုပ်။ ရှင်းပလား (တင်ပါ)၊ ၂- ပေါ်ရင်ရော (သဗ္ဗေသင်္ခါရာ အနိစ္စာပါ)၊ သူက ဘယ့်နှယ်တုံး (ယဒါ ပညာ ပဿတိပါ)၊ ဒီအတိုင်းလုပ်ပါ။ ဒီထက် ပါဠိတော် သေချာတာ ရှိသေးရဲ့လား (မရှိပါဘုရား)၊ ၃-ပေါ်ပြန်ပြီ ဘယ့်နှယ်ဆိုမတုံး (သဗ္ဗေ သင်္ခါရာ အနိစ္စာ၊ ယဒါ ပညာယ ပဿတိပါ)၊ ဒါနဲ့ လုပ်ပေး၊ ဒါလုပ် လုပ်ပေးရမှာပဲ။ ၄-ပေါ်ရင်လည်း ဒီအတိုင်းပဲ (တင်ပါ)၊ ၅-ပေါ် ရော (ဒီအတိုင်းပါပဲ) ၆-ပေါ်ရော (ဒီအတိုင်းပါဘုရား)။

ကဲ ပျမ်းမျှကြေး ဒါ ပေါ်နေတယ်ဆိုတော့ တူတူပဲ၊ သူ့ကို “သဗ္ဗေ သင်္ခါရာ အနိစ္စာ”၊ သူက “ယဒါ ပညာယ ပဿတိ” နဲ့လုပ်။ ရှင်းပလား (ရှင်းပါပြီဘုရား)။

ကဲ ဦးသံဒိုင် သဘောကျပလား (ကျပါပြီဘုရား)၊ ဒါဖြင့် “သဗ္ဗေ သင်္ခါရာ အနိစ္စာ” ပေါင်း ဦးသံဒိုင်မှာ ဘယ်လောက်ရှိသတုံးဆိုတော့ ဒါတွေ ရေတွက်လိုက်။ အခု ရှေ့ပိုင်းကဟာ ရေတွက်လိုက်၊ ဒါ ကလေးချန်ထား၊ ဘယ် လောက်ရှိသတုံးဆိုတော့ အပြင်ခြောက်ခု၊ အတွင်းငါးခု၊ ဟုတ်လား- ဆယ့်တစ် (တင်ပါ)၊ အဲဒီဆယ့်တစ်ကို ဆယ့်သုံးဖြစ် တာနဲ့ လိုက်နေ။ မဟုတ်ဘူးလား (တင်ပါ)၊ ကဲ ပါဠိတော်နဲ့ ကိုက်ပလား (ကိုက်ပါပြီဘုရား)၊ သဗ္ဗေ သင်္ခါရာ အနိစ္စာပေါင်း ဘယ်လောက်ရှိသတုံးဆိုတော့ ဘယ့်နှယ်ဖြေမတုံး (ဆယ့်တစ်ပါး)၊ ယဒါ ပညာယ ပဿတိက တစ်ပဲ (တင်ပါ)၊ မောင်ထွန်းရင် နေရာကျပလားကွ (ကျပါပြီဘုရား)။

ကောင်းပြီ ဒါ ဘယ်သူဟောတဲ့ပါဠိတော်တုံးဆိုတော့ ဘုရား အဆူဆူ မစွန့်တဲ့ ပါဠိတော်။ ဒါ ဝိပဿနာ သမားမှာ ဒီအတိုင်းလုပ်ပါ။

သဗ္ဗေ သင်္ခါရာ အနိစ္စာ ဆိုတော့ အနိစ္စ ဘယ်နှစ်မျိုးရှိသတုံး ဘုရားလို့ ခင်ဗျားတို့က မေးလို့ရှိရင်ဖြင့် အနိစ္စ တွေက ဒါပဲ။ ဟောဒါတွေက အနိစ္စပဲ (တင်ပါ)၊ တစ်ပြိုင်နက်လား ဆိုတော့ တစ်ခုပဲ၊ တစ်ခုပဲ အနိစ္စတွေ့မယ်။ တစ်ပြိုင်နက် ဘယ်တော့မှ မဖြစ်နိုင်ဘူး (တင်ပါ)၊ “ယဒါ ပညာယ ပဿတိ” ဆိုတာ၊ ပညာယကတော့ တစ်လုံးတည်းဆို တော့ ပညာနဲ့ အချိန်မီဖြစ်ရမယ်။ မဖြစ်ရဘူးလား (ဖြစ်ရပါတယ်)၊ ဟိုက ချုပ်ရင် ဒီကသိ။ နောက် ဒီကလည်း ချုပ်သွား၊ ပညာလည်း ချုပ်သွားတာပဲ။ မချုပ်ဘူးလား (ချုပ်ပါတယ်)၊ သူကလည်း ချုပ်ပဲ။ နောက်တော့ သူပေါ်ပြန်တယ်၊ သူပေါ်ပြန်တော့ ဘုရားက ယဒါ ပညာယ ပဿတိနဲ့ လိုက်လို့ မဆိုဘူးလား (ဆိုပါတယ်ဘုရား) ဆိုတော့ သူလည်း ချုပ်တယ်။ သူက ချုပ်သွားတဲ့အခါ သူက မြင်လိုက်တယ်။ မြင်ပြီး သူလည်း ချုပ်တယ်။ မဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား)။

ကိလေသာ ကြားမထိုးလို့ရှိရင်

ကောင်းပြီ ဒီလိုချည်း လုပ်နေမယ်ဆိုတော့ ဦးသံဒိုင်တို့၊ မောင်ထွန်းရင်တို့ အားသေးရဲ့လား (အားကွက် မရှိပါဘုရား)၊ အားကွက် မရှိတော့ ကိလေသာ ဘယ်က ကြားထိုးမတုံးဗျ။ ကိလေသာ ကြားထိုးစရာပါသေးသလား (မပါတော့ပါဘုရား)၊ ကဲ သဘောကျပလား (တင်ပါဘုရား)။

ကိလေသာ ကြားမထိုးလို့ရှိရင် ခင်ဗျားတို့ကို ကျုပ်ပြောထားတယ်။ ဘုရားဟောထားတယ်။ ဆရာကောင်း၏ လမ်းညွှန်ချက်ကိုလည်း ရ၊ ပဓာနိယင်္ဂတရားငါးပါးနှင့်လည်း ပြည့်စုံ၍ အဆုံးအမအတိုင်း လိုက်နာအားထုတ်ရင် ညနေအားထုတ် မနက်ရမယ်လို့ ဟောထားတယ်။ ကြားမထိုးဖို့ဘဲ အရေးကြီးတယ်။ ခင်ဗျားတို့တာဝန်က ရှင်းပလား (တင်ပါဘုရား)။

ဘာတုံး အခုပြောလိုက်တာ (ကိလေသာကြားမထိုးဖို့ အရေးကြီးတယ်)၊ ၁-နဲ့ ၂- ကိုက်အောင်လုပ်ပါ။ ၂-နဲ့ ဒီနေရာနဲ့ ကြားထိုးနိုင်သေးရဲ့လား (မထိုးနိုင်ပါ)၊ မထိုးနိုင်လို့ရှိရင် ညနေအားထုတ် မနက်ရမယ်။

ဘာဖြစ်လို့ ကြာသတုံး၊ ပါရမီကြောင့် ကြာသလား ကြားထိုးလို့ ကြာသလားဆိုတာ ခင်ဗျားတို့စဉ်းစား၊ ကဲ ဦးသံဒိုင် စဉ်းစားစမ်းပါ၊ ပါရမီမရှိလို့ ကြာတာလား ကြားထိုးလို့ ကြာတာလား (ကြားထိုးလို့ ကြတာပါဘုရား)၊ ကြားထိုးတာ သိခဲတယ် (တင်ပါ)။

ကြားက တခြားက လာမှာလားလို့ မေးဖို့ မလိုဘူးလား (တင်ပါ)၊ ကြားက အခု ဆယ်နှစ်ရှိသွားပြီ။ ဒါက ဖြစ်ပျက်, ဒါက ယဒါ ပညာယပဿတိမဂ်ပေါ့ဗျာ (တင်ပါဘုရား)။

အဲဒီတော့ မြင်စိတ်ကလေး ပျက်သွားတော့ မျက်လုံးနဲ့ အဖုံဖုံ မြင်တဲ့စိတ်ကလေး ပျက်သွားတယ်၊ ကြားတဲ့ စိတ်ကလေး ပေါ်နေတယ်၊ ခင်ဗျားက မရှုမိဘူး (တင်ပါ)၊ မရှုမိလို့ရှိရင် ယဒါ ပညာယ ပဿတိ မဖြစ်ဘူး။

”ဖျတ်”ဆို ဒီအဝိဇ္ဇာ ဝင်ဖုံးတယ်၊ မောဟ ဝင်ဖုံးတယ်၊ မောဟ ဝင်ဖုံးတော့ ဒီအပျက်မိလိုက်သေးရဲ့လား (မမိပါ)၊ မမိလို့ရှိရင် ကြားထိုးတာ၊ ဒီအထဲက ကြားထိုးတာ ပေါ်ပြီလား။ ကြားထိုးဆိုတာက တခြားက လာတာ လား၊ ပျက်တာနဲ့ မဂ်နဲ့ မကိုက်အောင် ကြားထဲက မသိအောင် လာပြီးသကာလ ပျက်တာ မမြင်အောင် လာဖုံးလို့ရှိရင် ဒါ ကြားထိုးတာပဲ၊ လောဘက ကြားထိုး။ ဒေါသကရော (ကြားထိုးပါတယ်)၊ မောဟကရော (ကြားထိုးပါတယ် ဘုရား)။

အဲဒီတော့ကို ဘုန်းကြီးက ပြောထားတယ်၊ ခင်ဗျားတို့ သေသေချာချာ မှာလိုက်တယ်။ ကဲကွာ-မင်းတို့က အတော်ဖျင်းတယ်၊ ကြားထိုးပါ ရှုကွာ။ သူက ပျက်တယ်၊ မမိလိုက်ဘူး။ မမိလိုက်တော့ သူက ကြားထိုးတယ်၊ ကြားထိုး တာကို ဖြစ်ပျက်သိ။ ကြားထိုးတာက ဥပမာမယ် အတွင်းဧည့်သည်က ကြားထိုးတယ်၊ ကြားထိုးတာ ဖြစ်ပျက်နေတာ “ယဒါပညာယပဿတိ”နဲ့ မဂ်နဲ့ကြားထိုးဖို့ အကြောင်းမရှိဘူး။ ဒီလိုကျတော့ ကြားထိုးမခေါ်နဲ့ (တင်ပါ)၊ ကြားထိုးတာ ကို သူမိအောင် ရှု၊ ပေါ်ပြီလား (ပေါ်ပါပြီ)။

ဒါဖြင့် သူတော့ မမိလိုက်ဘူး၊ သူမိလိုက်တယ်ဆိုရင် ကြားထိုးတယ်လို့ ကျသေးရဲ့လား (မကျပါ)၊ မကျဘူး။ သူ အနိစ္စပဲသွားမယ်၊ ဟို အနိစ္စမမိလိုက်လို့ ဒီအနိစ္စ မိလိုက်တယ်။ ဒါ သဘောပါတယ်နော် (တင်ပါ)၊ ဒါ သဘောပါတယ်။ ကိုထွန်းရင် (တင်ပါ)၊ အေးစက်စက် လုပ်မနေနဲ့၊ ဒီ့ပြင်နေရာ အေးစက်စက်က ကိစ္စမရှိဘူး၊ သူက ရှုပ်လိမ့်မယ်၊ ဒါက အပါယ်လေးပါးကျအောင် ကျွမ်းထိုးမှောက်ခုံသွားမှာ (တင်ပါ)၊ ကဲ သဘောကျပြီလား (ကျပါပြီ)၊ ကြားထိုး ဆိုတာ တခြားမဟုတ်ပါဘူးတဲ့၊ အနိစ္စလက်လွတ်ရင် ကြား ဘာထိုးထိုး၊ ကြားထိုးတယ်မှတ်ပါ။ အနိစ္စနဲ့ ယဒါ ပညာယ ပဿတိနဲ့ သဗ္ဗေသင်္ခါရာ အနိစ္စာနဲ့ ယဒါ ပညာယပဿတိနဲ့ ကြားထဲမှာ ယဒါ ပညာယ ပဿတိ မလာနိုင်အောင် တစ်ခုခုဝင်လာလို့ အပျက်ကို မမြင်ဘူးဆိုရင် ကြားထိုးတယ်မှတ်ပါ (တင်ပါ)၊ သဘောကျပြီလား (တင်ပါ)။

ကြားထိုးတာ ဖြစ်ပျက်ရှု

ဒါဖြင့် ကြားထိုးလို့ရှိရင် တပည့်တော်တို့ဘုရား ကြားက အင်မတန်ထိုးတဲ့ပုဂ္ဂိုလ်တွေ ဖြစ်ပါတယ်၊ တပည့်တော် တို့က ယခုမှ လုပ်စ ပုဂ္ဂိုလ်တွေလည်းဖြစ်တော့ ကြားထိုးသိပ်များလိမ့်မယ်လို့ ခင်ဗျားတို့က လျှောက်ရမယ် ဘုန်းကြီးကို (တင်ပါ)၊ မလျှောက်ရဘူးလား (လျှောက်ရပါတယ်)၊ အဲဒီတော့ ဘုန်းကြီးက အဖြေပေးလိုက်ချင်တယ်။ ဟာ ကိုထွန်းရင်-ဦးသံဒိုင် မလျှောက်ရဘူးလား ကြားထိုးတာ ဖြစ်ပျက်ရှု၊ ပေါ်ပြီလား (တင်ပါ)၊ ဘယ့်နှယ်ပေါ်သလဲ (ကြားထိုးတာ ပေါ်ပါတယ်)၊ ကြားထိုးတာ ဖြစ်ပျက်ရှု။ ဒါ ကြားထိုးမပေါ်တော့ဘူး။ ပေါ်နိုင်သေးရဲ့လား (မပေါ် တော့ပါဘုရား)၊ မပေါ်တော့ဘူး။ ခုနကတော့ကို ဥပမာ-ဒါတွေကျတော့ “ဝီတရာဂံ ဝါ စိတ္တံ ဝီတရာဂံ စိတ္တန္တိ ပဇာ နာတိ” ထားပါတော့ ရာဂပါတဲ့စိတ်။ စက္ခု၊ သောတ၊ ဃာန၊ ဇိဝှာဟာ ရာဂစိတ်ဝင်ပြီး ဟောဒီလောဘစိတ်က လာပြီး ကြားထိုးတယ်။ သူက ဖြစ်ပျက်ကို ဒီက မမိလိုက်ဘူး၊ ဟော သူက လာပြီးကြားထိုးလိုက်တယ်။ ကြားထိုးဖြစ်ပျက် သိ။ ရှင်းပြီလား (ရှင်းပါတယ်ဘုရား)။

ကြားထိုး ဖြစ်ပျက်ရှုလိုက်တော့ ကျုပ်တို့မှာ အနိစ္စနဲ့ “ယဒါ ပညာယ ပဿတိ” နဲ့ သွားသွားနေတယ်။ မသွား ဘူးလား (သွားပါတယ်)၊ သွားရင် ခင်ဗျားတို့ သေသေချာချာရှုပေး၊ ဒါဖြင့် ပင်ရင်းကို မိရင်မိ၊ မမိလို့ရှိရင် ကြားထိုး မိမယ်၊ ဘာကျန်သေးသတုံး၊ ဆရာသင်လိုက်တာ ကျန်သေးသလား (မကျန်ပါ)၊ မကျန်ဘူး၊ ကုန်သွားပြီ စကား။ ဒါတွေ မသင်ရသေးတော့ ခင်ဗျားတို့ ဘယ်မှ မသွားနဲ့ဦး၊ ဒါ ကျုပ်တောင်းပန်တယ်၊ ရိပ်မိပြီလား။

အချို့က ဘယ်လိုဖြစ်တတ်သလဲဆိုတော့ ဪ ဒီနေ့ရှုလို့ မကောင်းဘူး၊ ကိလေသာတွေက တယ်ကြားထိုးတယ်။ ဟ ဪ မင်းတို့ သိပ်ဖျင်းတာပဲ၊ ဘုန်းကြီးက အပြစ်တင်တယ်။ တစ်နေ့က ဟောတုန်းက ခင်ဗျားတို့ ကြားလိုက်လိမ့်မယ်၊ ဧဟိပဿိကော လာပါ ရှုပါ၊ ကြားထိုးတာက ခေါ်တာ (တင်ပါဘုရား)။

ဧဟိ-လာခဲ့ပါ၊ ပဿ-ရှုပါ

ကြားထိုးက ခေါ်နေတာ မဟုတ်လား။ ဧဟိ-လာခဲ့ပါ၊ ပဿ-ရှုပါလို့ ကျုပ်ရှိတယ် မပြောဘူးလား။ (တင်ပါ)၊ နို့ ခင်ဗျားတို့ ဘာဖြစ်လို့ ဧဟိပဿိကော နောက်ကို မလိုက်တုံး၊ မလိုက်တတ်လို့၊ ဒါနှစ်ခု ရှင်းပြီလား။ စကားသိပ်မများသေးဘူး၊ မူလဖြစ်ပျက်ကို “ယဒါပညာယ ပဿတိ”နဲ့ရှု။ မူလဖြစ်ပျက်ကို မမိလိုက်ဘူးဘုရား၊ ကြားထိုး သွားပြီ။ ကြားထိုးကို ရှုပစ်လိုက် သေသေချာချာ မှတ်ပါ၊ ဒီလိုဆိုတော့ ခင်ဗျားတို့ ကိလေသာ ကြားထိုးမရှိဘူးလို့ ဘုန်းကြီးက ဆုံးဖြတ်ချက် ချပေးတယ်။ ဆုံးဖြတ်ချက် ချပေးတာကိုရော သဘောကျရဲ့လား (ကျပါတယ်)၊ သာမညပြလို့ မရဘူးနော် အခုပြောတဲ့စကားက တော်တော်ခက်တယ်၊ မခက်ဘူးလား (ခက်ပါတယ်ဘုရား)၊ သာမညနဲ့ပြလို့ ကိုထွန်းရင်က စိတ်ထဲမှာ ပေါ့ပေါ့ကလေးလို့ အောက်မေ့မနေနဲ့ လေးလေးစားစား သင်နေတယ်။

ဥပမာ ဒီစိတ်၊ ဒီစိတ်တစ်ခု မြင်စိတ်တစ်ခုကို ဥပမာပြမယ်၊ မြင်စိတ်ကို ဖြစ်ပျက်ရှု၊ “ယဒါ ပညာယ ပဿတိ” နဲ့လိုက်ရမယ်။ မလိုက်ရပေဘူးလား (လိုက်ရပါတယ်)၊ ဒါပါဠိတော်အတိုင်းပဲ၊ တပည့်တော် ဒါကို မမိလိုက် ဘူး (မမိလိုက်ဘူး)၊ မမိလိုက်တော့ တစ်ခုခုကြားထိုး မထိုးဘူးလား (ထိုးပါတယ်)၊ ဝင်လာတော့ မောဟဝင်လာတယ်၊ သမောဟစိတ် ဝင်လာတယ်။ မဝင်ဘူးလား (တင်ပါ)၊ ဝင်လာရင် သမောဟစိတ်ကို ဖြစ်ပျက်ရှု။ ယဒါ ပညာယ ပဿတိနဲ့ကိုက်အောင် သမောဟစိတ်က ဖြစ်ပျက်၊ ယဒါ ပညာယ ပဿတိက ရှုကွက်၊ သူနဲ့ လိုက်လိုက်တော့ကို ခင်ဗျားတို့မှာ အအားရှိသေးရဲ့လား (အအားမရှိပါဘုရား)၊ အအားမရှိရင် ဒါကိလေသာ ကြားထဲမှာ မဝင်ဘူး (တင်ပါ)၊ ခိုစရာမလိုဘူး။ ဒီဖြစ်ပျက် မိလိမ့်မယ်။ ဒီဖြစ်ပျက်ကို မိအောင်နမ်း။ ရှင်းပြီလား။ နို့မဟုတ်လို့ရှိရင် ကိလေသာ ကြားထိုးတယ်ဆိုတဲ့ဥစ္စာက မသိတဲ့ပုဂ္ဂိုလ်ကို ခေါ်တာ၊ နို့မဟုတ်လို့ရှိရင် မသိတဲ့ပုဂ္ဂိုလ်မှာ ကြားထိုးတယ်လို့ ခေါ်တယ်။ သိတဲ့ပုဂ္ဂိုလ်မှာ ရှုစရာ ပေါ်လာတယ်လို့ ခေါ်တယ် (အများကြီး တာသွားပါတယ်)။

အဲဒီတော့ ဒီက ပြန်သွားတော့ကို အိမ်မှာဖြစ်စေ၊ တိုက်မှာဖြစ်စေ၊ ရန်ကုန်မှာဖြစ်စေ၊ ဟာ တို့ဆရာဘုန်း ကြီးက သင်တယ်၊ ကြားထိုး ဆိုတဲ့ဥစ္စာက မသိတဲ့ပုဂ္ဂိုလ်ကို ဆိုတာကို သိတဲ့ပုဂ္ဂိုလ်မှာ ဧဟိ-လာခဲ့ပါ၊ ပဿ-ရှုပါ ဆိုတာကို ကြားထိုးက ခေါ်တာ။ ပေါ်ပြီလား (ပေါ်ပါတယ်)၊ ဘယ်သူက ခေါ်တာတုံး (ကြားထိုးက ခေါ်ပါတယ်)၊ ပထမကတော့ မူလက ခေါ်တယ်၊ မူလက ဧဟိပဿိကောလို့ ခေါ်လို့ ခင်ဗျားတို့ မရှုဘူးလား (ရှုပါတယ်)၊ မူလက ခေါ်တာ မကြားလိုက်ဘူး ဆိုတော့ ကြားထိုးက ခေါ်ပြန်တယ်။ ကြားထိုးက ခေါ်တာမှ မကြားရင်တော့ ခင်ဗျားတို့ အပါယ်ကျအောင် သွားမယ်။ သွားပြီ အဲဒီကျတော့၊ ရှင်းပြီလား။

နားကြီးမှ ရတယ်နော်

ဒါ တော်တော် နားကြီးမှ ရတယ်နော်။ နားမရှင်းရင် မရဘူး၊ ကိုထွန်းရင် ရန်ကုန်နားနဲ့ ထောင်မကြည့်နဲ့၊ တောင်မြို့ ဒီမင်္ဂလာတိုက် နားနဲ့ထောင်မှ ရမယ်။ ဒီ့ပြင် နားနဲ့တော့ ရကို မရဘူး။ ကဲ ဦးသံဒိုင်က ပြော စမ်း၊ ဒီနှစ်ခုရအောင် လုပ်ပေးပြီးပြီ- ကျုပ်၊ ခင်ဗျား ရှင်းတယ်၊ မရှင်းဘူး ကျုပ်သိချင်တယ် (ပထမ မြင်စိတ်ပေါ်လာ တယ်၊ မြင်စိတ်ပေါ်လာတဲ့အခါကျတော့ မြင်စိတ်ကို ယဒါ ပညာယပဿတိနဲ့ ရှုလိုက်၊ ရှုလိုက်တော့ ဒီမြင်စိတ်ကို တကယ်လို့ လွတ်သွားလို့ရှိရင် ကြားထိုးကနေပြီးတော့ ဧဟိပဿိကော ခေါ်ပါတယ်၊ ခေါ်တဲ့အခါကျတော့)၊ ကြားထိုး ခေါ်တာလိုက် (ခေါ်တဲ့အခါမှာ တစ်ခါ ယဒါ ပညာယပဿတိနဲ့ ကြားထိုးကို ဖြစ်ပျက်သာပြန်ရှု)၊ အေး ကြားထိုးကို ပြန်ရှု၊ ရှုစရာ ပေါ်လာလိမ့်မယ်။

ဒါဖြင့် ဒီတစ်ခုမမိရင် ကြားထိုးတစ်ခုကို မိအောင်ရှု၊ ဒါက မူလ၊ ဒါက မူလီပေါ့ဗျာ၊ ဗူလကို မမိလို့ရှိရင် မူလီကို ရှု (တင်ပါ)၊ ဆိုတော့ မရှင်းသေးဘူးလား။ ရှင်းသွားတော့ကို ဒီပုဂ္ဂိုလ်မှာ ကိလေသာ ကြားထိုးရှိသေးသလားလို့ မေးလို့ရှိရင် ဘယ့်နှယ်ဖြေမလဲ (မရှိပါ)၊ ဒီအတိုင်းပဲရှု။ ဒီလိုရှုလို့ရှိရင် ညနေက အားထုတ် မနက်မဂ်ရမယ်ဆိုတာ ကိုထွန်းရင် ရထိုက် မရထိုက် (ရထိုက်ပါတယ်)၊ ကြားထိုးမရှိရင်။ သဘောပါပြီလား (တင်ပါ)၊ ဘုန်းကြီးက ပညာရှိလို့ ပြောနေတာလား ဆိုတော့ ခင်ဗျားတို့ ရထားတဲ့ ပါဠိတော်နဲ့ တန်းနေတာပဲ၊ ဒါက “ဝီတရာဂံ ဝါ စိတ္တံ ဝီတရာဂံ စိတ္တန္တိ ပဇာနာတိ” လို့ လုပ်ရမှာ၊ ပဇာနာတိနဲ့ ယဒါ ပညာယ ပဿတိနဲ့ အတူတူပဲ (တင်ပါ)၊ မဟုတ်ဘူးလား၊ အဲဒီ တော့ တပည့်တော် ၁-ကို မမိလိုက်ဘူးဘုရား၊ မူလ မမိလိုက်ဘူး၊ ခွကျတယ်၊ တပည့်တော်က အတော်တွေဝေတဲ့သူဆို ရင် တွေဝေတာကို ရှုလိုက် (တင်ပါ)၊ တွေဝေတဲ့စိတ်ကလေး ရှုလိုက်တော့ သူက ဟဒယဝတ္ထုမှာပေါ်မယ် (တင်ပါ)။

ကိလေသာ မရှိလို့ရှိရင်

ဒါဖြင့် အပြင်ဧည့်သည်ကို မမိရင် အတွင်းဧည့်သည်ကို မိအောင် ရှု၊ ပေါ်ပြီလား (ပေါ်ပါပြီ)၊ အပြင်ဧည့်သည် မမိရင် အတွင်းဧည့်သည်ကို မိအောင်ရှုဆိုတော့ ဒီလိုသာ စိပ်သွားမယ်ဆိုတော့ ဒီကြားမှာ ဘဝင်သာရှိတယ်၊ ကိလေသာ ရှိရဲ့လား (ကိလေသာမရှိပါဘုရား)၊ ကိလေသာ မရှိလို့ရှိရင် မနက်အားထုတ် ညနေရမယ်ဆိုတာ ဘုရားဟောတော် မူတာ ကျုပ်တို့က ငြင်းနေဖို့ လိုသေးရဲ့လား (မလိုပါဘုရား)၊ ကိလေသာကြား ထိုးလို့ရှိရင်တော့ဖြင့် တစ်သက်လုံး အားထုတ်ရပါ့မလား (မရပါဘုရား)၊ ကိလေသာကြားထိုးရင် အဲဒီကိလေသာကို ကျုပ်တို့က ဖြစ်ပျက်ရှုလိုက်၊ မရဘူး လား (ရပါတယ်ဘုရား)၊ အဲဒီတော့ ပါဠိတော်နဲ့ရော ကိုက်ရဲ့လား (ကိုက်ပါတယ်ဘုရား)။

ပါဠိတော်နဲ့ကိုက်တော့ သရာဂစိတ်ကြားထိုးရင် သရာဂစိတ် ဖြစ်ပျက်ရှု မဟုတ်ဘူးလား (ဟုတ်ပါတယ်)၊ သဒေါသ စိတ် ကြားထိုးရင် သဒေါသစိတ်ကို (ဖြစ်ပျက်ရှု) ဖြစ်ပျက်ရှု။ ယဒါပညာယ ပဿတိနဲ့လုပ်ပေါ့။ မဟုတ်ဘူးလား (တင်ပါ)၊ သမောဟစိတ် ကြားထိုးနေမယ်ဆိုရင် (ယဒါပညာယ ပဿတိနဲ့ရှု)၊ ဒါ-ခင်ဗျားက ကုသိုလ်စိတ်ကလေးပဲ ဆိုပြီး၊ အလောဘ စိတ်ကလေးပဲ၊ ပေးကမ်းနေတာပဲ၊ ပေးကမ်းတဲ့စိတ်ကလေး လုပ်နေပြန်လို့ ရှိရင်လည်း မူလဖြစ်ပျက် ကို သူမမိပြန်ဘူး၊ မမိရင် သူ့ကိုလည်း ရှုရမှာပဲ မဟုတ်လား (တင်ပါ)၊ သူ့ကျတော့ ဘာဆိုမလဲဆိုတော့ ဝီတရာဂစိတ် ဆိုရမှာပေါ့ (တင်ပါ)၊ သူလည်း ဝီတဒေါသစိတ် (တင်ပါ)၊ ဒါဖြင့် ဝီတမောဟစိတ်လည်း ရှုရမှာပဲ၊ ပေါ်ပြီလား (ပေါ် ပါပြီ)၊ ဘာမှမရှိတော့ ဒီနှစ်ခုလာရတယ်၊ ဒီနှစ်ခုလိုက်နေတော့ ခင်ဗျားအားသေးရဲ့လား (မအားပါ)၊ သဘောပါပြီ လား၊ ရှုတတ်ပြီလား။

ဒါ ပုံကို အိမ်မှာ ချထား စက္ခု သောတ ဃာန ဇိဝှာ ကာယက နှစ်ခု ဟုတ်လား။ မနောဒွါရကျတော့ လောဘ ဒေါသ မောဟ အလောဘ အဒေါသ ဒါက ရှုတဲ့စိတ်မို့ အသာထား။ ဒါကတော့ဖြင့် ဘဝင်စိတ်ဆိုလည်း သူ တစ်ခါတလေ ဟုတ်တယ်၊ ဇောစိတ်ဆိုလည်း ဟုတ်တာပဲ (တင်ပါ)၊ အိပ်နေတော့ သူဘဝင်စိတ် ဖြစ်နေတယ် (တင်ပါ)၊ နိုးနေတော့ ဇောစိတ်နဲ့ရှုနေတယ် ဟုတ်ပြီလား (တင်ပါ)၊ အဲဒီတော့ လွတ်စရာ ရှိသေးရဲ့လား (မရှိပါ)၊ လွတ်စရာ မရှိလို့ရှိရင် ခင်ဗျား ညနေအားထုတ်တဲ့ မနက်ရမယ်၊ အလွန်ဖျင်းတဲ့လူ ခုနစ်ရက်နဲ့ ရမယ်ဆိုတာ ရထိုက် မရထိုက် အကဲခတ် (ရထိုက်ပါတယ်)၊ ရထိုက်တယ်။ နို့ ဘာကြောင့် မရကြသတုံးလို့ ကဲ ကျုပ်ကပဲ ခင်ဗျားတို့ကို မေးပြီး၊ ဘာကြောင့် မရကြသတုံးလို့ မေးပါတယ် (ဆရာကောင်းမတွေ့လို့ပါဘုရား)။

ကြားထိုးရှုရကောင်းမှန်း မသိဘူး

ဆရာကောင်း မတွေ့တာကြောင့်၊ ကြားထိုးကြောင့် စိတ်ပျက်ပြီး ထထပြေးတယ်။ ကြားထိုးရှုရကောင်းမှန်း မသိဘူး မောင်ထွန်းရင်ရေ၊ ခက်လိုက်တာ (တင်ပါ)၊ ဆရာကောင်းတွေ့ဖို့ မလိုဘူးလား လိုသလား (လိုပါတယ်)၊ ကြားထိုးကို သူတို့က မာရ်နတ်လို့ ထင်နေတယ် (ထင်ပါတယ်)၊ ခင်ဗျားတို့လည်း ထင်နေတယ်၊ အဲဒီတော့ သူက ပါဠိ တော်သွင်းလိုက်၊ ဧဟိပဿိကောကွ မဟုတ်ဘူးလား။ ဧဟိ- လာခဲ့ပါ၊ ပဿ-ရှုပါ၊ မခိုင်းဘူးလား (ခိုင်းပါတယ်)၊ ခင်ဗျားတို့က မျက်နှာလွှဲနေတယ်။ ဉာဏ်မျက်နှာလွှဲနေတယ်။ ယဒါပညာယ ပဿတိက မျက်နှာလွှဲနေတယ် (တင်ပါ)၊ ကိလေသာတွေ သွားခင်တယ်။

ဒီနေ့ မထိုင်သေးဘူး (ဝိတက် ဝိစာရတွေ သွားခင်လို့ ဒီနေ့ မထိုင်သေးဘူး)။ မထိုင် သေးဘူး၊ နို့ ဝိတက်နဲ့ ယှဉ်တာချည်းပဲ မဟုတ်လား။ ဝိတက်နဲ့ ယှဉ်တာချည်းပဲဆိုတော့ မင်းတို့ လောဘ ဝိတက် မရှိ ဘူးလား ၊ ဒေါသဝိတက် မရှိဘူးလား၊ မောဟဝိတက် မရှိဘူးလား (ရှိပါတယ်)၊ ကာမစိတ် ၄၄၊ အကုန်ယှဉ်နေတာ ကိုးဗျ ဝိတက်ကတော့ ပါတာချည်းပေါ့။ ကဲ ဒီဟာ တော်တော်သဘောမိပြီလား (မိပါတယ်)၊

အမောဟက ဝိပဿနာဉာဏ်

မိမှ ခင်ဗျားတို့ နေရာကျမှာနော် ၊ အတွင်းအပြင်ဧည့်သည်၊ အိမ်သည်ဘယ်နှစ်ယောက်လဲ (ဆယ့်နှစ်ယောက်ပါ)၊ အပြင်ဧည့်သည် က ၅-ပါးရတယ်၊ အတွင်းဧည့်သည်က ၅-ရယ်၊ အိမ်သည်က ၂- ရယ်၊ ၁၂-ခု။ ဟောဒါကတော့ ဧည့်သည်တော့ ဧည့်သည်ပဲ၊ ဧည့်သည်ပေမယ့် အသုံးချရမယ့် ဧည့်သည်ပဲ၊ ကိုယ်ခိုင်းရမယ့် ဧည့်သည်ပဲ။ အမောဟက ဝိပဿနာဉာဏ် ကိုးဗျ၊ သူကတော့ အမြဲတမ်းဇာတ်လိုက်၊ ဟိုဟာတွေ အကုန်လိုက်ရမယ်၊ သူနဲ့ချည်း ရှုပေးရမယ်။ ဒါဖြင့် ပါဠိတော် တစ်ဆင့်တက်တော့မယ်နော်၊ ပါဠိတော် တစ်ဆင့်တက်တော့မလို့ အခုရှေ့ပိုင်းနားလည်ပြီလား (တင်ပါ၊ နားလည်ပါ တယ်)၊ ဟုတ်ကဲ့လား ၊ ပေါ့တော့တော့ လုပ်လို့ မရဘူး၊ ပေါ့တော့တော့ လုပ်လို့မရဘူး။

ကျုပ် အခုဟောနေတယ်၊ ခင်ဗျားတို့က နားကြီးကြီးနဲ့ထောင်၊ အခု ဟောနေတဲ့ တရားက ဓမ္မပဒက အစိတ်အပိုင်းတွေ၊ သတိပဋ္ဌာန်ကတော့ဖြင့် အကုန်ညှိပြီးတော့ ဟောတယ်၊ သဘောကျပြီလား (တင်ပါဘုရား)၊ ညှိ ဟောတာ အကုန်တစ်ထပ်တည်း မသွားဘူးလား (တင်ပါဘုရား)၊ တစ်ထပ်တည်း သွားတယ်။ ဘုရားတစ်ဆူတည်းကိုး၊ ဘုရားတစ်ဆူတည်း ဆိုတော့ တစ်ထပ်တည်း သွားရမယ်။ ငါ ဘယ်နေရာ တစ်မျိုးဟောလိုက်တယ်လို့ မလာရဘူး။ ကိုယ်က မယူတတ်လို့။

ကဲ ဒါဖြင့် ဘုရားက ဟောဒီတစ်ခုလုံးကို “သဗ္ဗေသင်္ခါရာ အနိစ္စာ” လို့ ဟောလိုက်တယ်။ ဟောလိုက်တော့ ဟောဒီတစ်ခုကို “ယဒါ ပညာယ ပဿတိ”လို့ ဟောတယ်။ ဟောထိုက်ရဲ့လား (တင်ပါ)၊ ရှင်းပြီလား (တင်ပါ)၊ ဒီတစ်ခုလုံးကို ဘယ့်နှယ် ဟောသလဲ (သဗ္ဗေသင်္ခါရာ အနိစ္စာလို့ ဟောပါတယ်)၊ ဒါ အနိစ္စချည်းပဲ၊ မင်းတို့ ဘာမှတွေးမနေနဲ့၊ မင်းတို့ ဘာမှတွေးမနေနဲ့၊ အိမ်သည်ရော ဧည့်သည်ရော အကုန် အနိစ္စချည်းပဲ။

အဲဒါ ဘာလုပ်မတဲ့တုံး (အဲဒါကို ဖြစ်ပျက်ရှု၊ ယဒါပညာယ ပဿတိနဲ့ ဖြစ်ပျက်ရှု)၊ ယဒါ-အကြင် အခါ၌ဆိုတော့ သူတို့ပျက်တဲ့အခါ၌ဆိုတာ၊ ပညာယ-ပညာဖြင့်၊ ပဿတိ-ရှုပါဆိုတော့ အမောဟနှင့် ရှုပေး၊ ရှင်းပြီလား။ ကဲ ကိုထွန်းရင် ပါဠိတော်နဲ့ ကိုက်ရဲ့လား၊ ရတော့ ရနေတာပဲ၊ ဒီပါဠိတော် လူတိုင်းရနေတယ် (တပည့်တော်တို့ ရတော့ ရပါတယ်၊ ဘယ်လို သုံးရမယ်ဆိုတာ မသိဘူး)၊ ရတော့ရနေတာပဲ၊ ဒီပါဠိတော် မသုံးတတ်ဘူး။ အခုတော့ သိပြီလေ၊ ဒါတွေကိုယူ၊ ဒါကို ပါဠိတော်ထဲ ဘယ်လိုသွင်းကြမလဲ၊ သွင်းလိုက်တယ် “သဗ္ဗေသင်္ခါရာ အနိစ္စာ” ဒါကလေးတစ်လုံးကို ဘယ့်နှယ်လုပ် သုံးမှာလဲ၊ ဒီတစ်လုံးကို ဘယ်လိုသုံးမလဲ “ယဒါ ပညာယ ပဿတိ” သူရှုရမယ်၊ အကြင်အခါဆိုတာ သူတို့ ဖြစ်ပျက်တဲ့အခါ ပဿတိ ရှုပါဆိုတော့ ပါဠိတော်နဲ့ ကိုက်ရဲ့လား (ကိုက်ပါတယ်ဘုရား)။

အနိစ္စကို ပညာနဲ့ ရှု

ကောင်းပြီ ဒါဖြင့် ဘုရား အနိစ္စကို ပညာနဲ့ ရှုဆိုတာ ဘယ်နေရာမှာတွင် ကျန်ရစ်ခဲ့သလဲ အနိစ္စတွေ ပေါ်တိုင်းပေါ်တိုင်း ပညာနဲ့ရှုပါ၊ ဘုရားဟော သေချာပြီလား (သေချာပါပြီ)၊ အနိစ္စပေါ်တိုင်း ပေါ်တိုင်း ဘာနဲ့လုပ်ရ မလဲ (ပညာနဲ့ရှုပါ)၊ ဟော- အဲဒါမှ တစ်နံပါတ် အောင်ပြီကွ၊ တစ်နံပါတ်အောင်ပြီ။ မဂ်ရတော့မှာလားဆိုရင် မရသေး ဘူးကွ၊ ဒါ ဝိပဿနာ မဂ်ငါးပါးပဲ ရှိသေးတယ်၊ မရနိုင်သေးဘူး မရနိုင်သေးဘူး။ ဒါကလေးကို တော်တော် ကျေကျေ နပ်နပ် သဘောကျသွားပြီလား (တင်ပါ)၊ ပါဠိတော်နဲ့ရော ကိုက်ပလား၊ သတိပဋ္ဌာန်နဲ့ရော (ကိုက်ပါတယ်ဘုရား)၊ ကြားထိုးရော သဘောကျပလား (ကြားထိုးလည်း သဘောကျပါတယ် ဘုရား)၊ ကောင်းပြီ ဒါဖြင့် မိပြီ၊ ဘုန်းကြီး ဘာဟောနေတာတုံးလို့ ကိုထွန်းရင်က မမေးနဲ့၊ အလုပ်သင်နေတာကွ၊ ရှင်းပြီလား၊ ဘုန်းကြီး ဘာဟောနေသတုံး (အလုပ်သင်နေတာပါဘုရား)။

အေး အသေအချာ မှတ်ထား၊ တော်တော်ကြာ အလုပ်မပါသေးဘူးလို့ လုပ်နေမှာစိုးလို့၊ ဇီးကွက် ဇီးကွက် မြည်နေတာ ဘာငှက်တုံးလို့မေးရင် ကျုပ်ခက်တယ်၊ မခက်ဘူးလား။ သူ့ဟာသူ နာမည်ဖော် မြည်တွန်နေတဲ့ ဥစ္စာ ဘာငှက်ပါလိမ့်မတုံး-ဆိုရင် ကိုထွန်းရင် အတော် အတယ် မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ်)၊ ကဲ ဒါဖြင့် ရှေ့ တစ်ဆင့်တက်တော့မယ်၊ ဘာတက်မှာတုံးဆိုတော့ ဟောဒီဉာဏ်တက်မှာ၊ အထ- ထိုသို့ ရှုတဲ့အခါ၌၊ ဒုက္ခေ-ဒုက္ခသစ္စာ၌။ နိဗ္ဗိန္ဒတိ-ငြီးငွေ့အောင်ရှု။ ဒါတွေ ဒုက္ခသစ္စာ ထင်အောင်ရှုကွ။ “နိဗ္ဗိန္ဒတိဒုက္ခေ”၊ ဒီက နိဗ္ဗိန္ဒတိ-ဖြစ်ရမယ်၊ ဒီက ဒုက္ခေဖြစ်ရမယ် (တင်ပါ)၊ သဘောကျပြီလား (ကျပါပြီ) ရှုဖန်များလာလို့ရှိရင် ဒါတွေဟာ နိဗ္ဗိန္ဒတိ၊ ဒါတွေကို ငြီးငွေ့ တဲ့ဉာဏ် ပေါ်လာလိမ့်မယ်ကွ ၊ ဒါတွေဟာ ဘယ့်နှယ်ကြောင့် ငြီးငွေ့သလဲ၊ ဒီဖြစ်ပျက်ဟာ ဒုက္ခသစ္စာတွေပဲလို့ ဒါ ငြီးငွေ့လာမှာပေါ့၊ မငြီးငွေ့ဘူးလား (ငြီးငွေ့ပါတယ်ဘုရား)။

နိဗ္ဗိန္ဒဉာဏ်

ဒါဖြင့် ခုနကဉာဏ်နဲ့ တူသေးရဲ့လား (မတူတော့ပါ)၊ ခုနက ဉာဏ်က ဖြစ်ပျက်သာမြင်တဲ့ ယထာဘူတဉာဏ်၊ အခုမှ နိဗ္ဗိန္ဒဉာဏ် တက်ပြီလို့ သူက ပြောနေတာ။ ဘယ်သူက ပြောတာလဲ (ဘုရားကပြောတာ)၊ ဟုတ်ပြီလား။ ခင်ဗျားတို့ဟာ ခင်ဗျားတို့ကျတော့ ခင်ဗျားတို့ ဉာဏ်ရင့်လာတယ် (တင်ပါ)၊ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ်)၊ ဘုရား ကတော့ ပြောကို ပြောတယ်။ ခင်ဗျားတို့ဟာ ခင်ဗျားတို့ ဒါတွေဟာ ဒုက္ခသစ္စာတွေပဲလို့ ပြတယ်၊ ဖြစ်ပျက်ရှုတိုင်း ရှုတိုင်း ဪ ဖြစ်ပျက်ဆိုတာ ဒုက္ခသစ္စာချည်းပဲလို့ ဒီဉာဏ်က ငြီးငွေ့မလာပေဘူးလား (ငြီးငွေ့လာပါတယ်ဘုရား၊ အမောဟက)၊ အေး အမောဟက အမောဟ ဒီလို ငြီးငွေ့လာအောင် ဖြစ်လာတယ် (မဂ်ဉာဏ် ဖြစ်ပါတယ်ဘုရား)။

သူက ရင့်လာတယ် ရင့်လာတယ်၊ အရင်တုန်းကတော့ ဖြစ်ပျက်ရှု၊ လူသေတာ မြင်တယ်။ လူသေကို မမုန်းသေး ဘူး အခုတော့ လူသေတာ မြင်ပြီးတော့ လူသေကို မုန်းလာလိမ့်မယ်၊ မုန်းလာလိမ့်မယ်၊ သဘောပါကြပလား။ လူသေကို မြင်၍ လူသေကို မုန်းတဲ့ဉာဏ်ဆိုတော့ ဦးသံဒိုင် တက်လာသလား မတက်လာဘူး (မှန်ပါ တက်လာပါတယ် ဘုရား)၊ ရှေးတုန်းကတော့ ဟင်းမြင်တယ်၊ စားချင်တယ်။ အခုတော့ ဟင်းမြင်တယ်၊ မုန်းတယ်။ ဒီအဓိပ္ပာယ်ရောက် မရောက် (တင်ပါ၊ ရောက်ပါတယ်)၊ ရောက်တယ်။ ကဲ ဒါဖြင့် တစ်နံပါတ်က အနိစ္စနဲ့ ယဒါပညာယ ပဿတိနဲ့ ကိုက်အောင်လုပ်၊ သဘောကျပြီလား။ နောက်တစ်ခါက ဒုက္ခေနဲ့ နိဗ္ဗိန္ဒတိ ဖြစ်အောင်လုပ်။ သူက ဒုက္ခသစ္စာ။ သူက ဘာလဲ- (နိဗ္ဗိန္ဒဉာဏ်)၊ နိဗ္ဗိန္ဒဉာဏ် ရှင်းပြီနော်၊ ဒီပါဠိတော်လည်း ခင်ဗျားတို့ရနေတယ်၊ ဉာဏ်စဉ်လည်း သူက တက်ပြ တယ်။ ဒီပါဠိတော်က တက်ပြတာလား၊ ခင်ဗျားက တက်ပြတာလား (ပါဠိတော်ကပါ)၊ ပါဠိတော်လည်း တက်ပြတယ်။ ရှင်းပြီနော် (တင်ပါဘုရား)။

ဘယ့်နှစ်ဉာဏ်ရပြီလဲ (နှစ်ဉာဏ်ပါ)၊ နှစ်ဉာဏ်ရပြီ။ သုံးဉာဏ်ရရင် ဆုံးမယ်ဆိုတာ ခင်ဗျားတို့ ပါဠိတော်ထဲမှာ မရှိဘူးလား (ရှိပါတယ်)၊ “ဧသ မဂ္ဂေါ ဝိသုဒ္ဓိယာ” ဧသဧသော- ဤသို့ နိဗ္ဗိန္ဒဉာဏ် တက်ပြီးသည်ရှိသော် နော်- ခင်ဗျား တို့ နိဗ္ဗိန္ဒဉာဏ်တက်ပြီ၊ ဝိသုဒ္ဓိဟောတာတွေ အကုန်စင်သွားလိမ့်မယ်ကွ။ ချုပ်သွားလိမ့်မယ်။ ဘာမှ ရှာမတွေ့ အောင် ချုပ်လိမ့်မယ်။ ဝိသုဒ္ဓိယာ-ဉာဏ်အမြင်စင်ကြယ်ခြင်း၏ (ဝါ) ကိလေသာအားလုံး စင်ကြယ်ခြင်း၏ (ဝါ) ကိလေသာအားလုံးမှ စင်ကြယ်သော အရိယာမဂ်၏ (ဝါ) ဧကန်စင်စစ် စင်ကြယ်သော နိဗ္ဗာန်၏။ မဂ္ဂေါ-ဟောဒီက မဂ္ဂင်ရှစ်ပါး ပြည့်ပြီလို့မှတ်။ ဒါတွေ အကုန်ချုပ်လို့ရှိရင် မဂ္ဂင်ရှစ်ပါး ပြည့်ပြီလို့မှတ်လိုက်။ သဘောကျပြီလား။ ဒါတွေ အကုန်ချုပ်ပျောက်သွားလို့ရှိရင် (မဂ္ဂင်ရှစ်ပါး ဖြစ်တယ်)၊ မဂ္ဂင်ရှစ်ပါး ဖြစ်သွားတော့ ဒါတွေ အကုန်ချုပ်ပျောက် သွားတော့ နိရောဓသစ္စာ မဖြစ်သေးဘူးလား (ဖြစ်ပါတယ်)၊ ဒါက မဂ္ဂသစ္စာ၊ ဒီဟာပဲတဲ့ ဒီပါဠိတော်က ကောင်းကောင်း ကျေနပ်ရဲ့လား (တင်ပါဘုရား)၊ သူ့ပါဠိတော်နဲ့ သူနဲ့ကော ဆုံးသွားရဲ့လား (တင်ပါဘုရား)။

ဉာဏ်သုံးဉာဏ်ဟောတာ

ဒါဖြင့် ဉာဏ်သုံးဉာဏ်ဟောတာ၊ ဉာဏ်သုံးဉာဏ်ဟောတာ (အဲဒီ ဝိသုဒ္ဓိဆိုတဲ့ဉာဏ်ကရော) ဝိသုဒ္ဓိက ဒါတွေ စင်ကြယ်သွားတာ၊ ဖြစ်ပျက်စင်ကြယ်သွားတာ။ ဝိသုဒ္ဓိဆိုတာ ကိလေသာ၏ အာရုံမရှိတော့ဘူး။ ဒါ ကိလေသာ၏ အာရုံသာ မလာရင် ဒါတေဗွ မရှိတော့ဘူးကွတဲ့ ဝိသုဒ္ဓိပေးလိုက်တယ်။ ဝိသုဒ္ဓိယာ-ဧကန်စင်စစ် စင်ကြယ်သော နိဗ္ဗာန်၏၊ မဂ္ဂေါ-လမ်းကြောင်းတည်း၊ အာရုံပြုတယ်၊ မဂ်က အာရုံပြုတယ်။ ဒါ အကုန်စင်ကြယ်သွားရမယ်။ ဝိသုဒ္ဓိဆို တာ စင်ကြယ်တာ၊ သင်္ခါရဒုက္ခတွေ စင်ကြယ်တာ၊ သဘောပါပြီလား။ အဲဒီတော့မှ မဂ္ဂေါ- ဖြစ်ရမယ်။ ဒါနဲ့ ရဟန်းငါးရာ ကျွတ်တယ်လို့ ဓမ္မပဒမှာ မလာဘူးလား (တင်ပါဘုရား)၊ ဒီဂါထာနဲ့ ရဟန်းငါးရာ ကျွတ်တယ်၊ နောက် အဲဒီရဟန္တာငါးရာတို့ကို သဗ္ဗေ သင်္ခါရာ ဒုက္ခာ၊ သဗ္ဗေဓမ္မာ အနတ္တာနဲ့ ဆက်ဟောတယ်။ ဓမ္မပဒမှာ လာတယ်။

ကဲ ဉာဏ်သုံးဆင့်ရော ပေါ်ပြီလား။ သဘောရောကျပြီလား (တပည့်တော်တို့ ဝိသုဒ္ဓိဖြစ်သွားတဲ့ဥစ္စာ နည်းနည်းမရှင်းပါ)၊ အင်း ရှင်းအောင် ပြရမယ်လေ၊ ဝိသုဒ္ဓိဖြစ်တာ ရှင်းသားပဲ၊ ဝိသုဒ္ဓိဆိုတာ ဝိ-က ဝိဂတ၊ ကင်းသွားတယ်၊ ဒါတွေ အကုန်ကင်းသွားတယ်။ ကင်းသွားတယ်ဆိုတော့ ခင်ဗျားတို့ဉာဏ်ရှေ့မှာ ဟောဒီဖြစ်ပျက်တွေ တရစပ် ရှုပ်နေတာ ရှိသေးရဲ့လား ၊ ဒါတွေဟာ ခင်ဗျားက ဒုက္ခသစ္စာ မလိုချင်တော့ပါဘူးဆိုလိုက်သဖြင့် ဒါတွေ ဟာ ချုပ်ပျောက်သွားရမယ့် သဘောတွေပဲ မနေဘူးလား (နေပါတယ်)၊ ချုပ်ပျောက်သွားတဲ့အခါကျတော့ သူတို့သည် ဉာဏ်ရှေ့မှာ ဒါတွေ ရှိသေးရဲ့လား၊ သူတို့ ချုပ်ပျောက်သွားတဲ့အခါကျတော့ ရှုနေတဲ့ဉာဏ်ရှေ့မှာ ဒါတွေရှိသေးရဲ့ လား (မရှိပါဘုရား)။

ဉာဏ်ရှေ့မှာမရှိရင် ချုပ်ပျောက်သွားတာ သဘောပါပြီလား (မှန်ပါ)၊ ဉာဏ်ရှေ့မှာ အသေတွေ မရှိတော့ဘူး၊ မုန်းစရာလည်း မရှိတော့ဘူး၊ ဉာဏ်ရှေ့မှာ အသေဆိုတဲ့ အနိစ္စမရှိဘူး။ မုန်းစရာဆိုတာတွေ အဲဒါတွေ မရှိတော့၊ ဉာဏ်ရှေ့မှာ ဒါတွေဟာ အကုန်ချုပ်သွားတော့ ဒါတွေဟာ ခန္ဓာတွေပေါ့ဗျာ။ ဒီခန္ဓာတွေ အကုန်ပျောက်သွားတော့ ဝိသုဒ္ဓိယာ-စင်ကြယ်သောနိဗ္ဗာန်၏ ဘုရားက ပေးလိုက်တယ်၊ နိဗ္ဗာန်ဖြစ်သွားပြီ။ မဂ္ဂေါ- ဟောဒီမဂ်ကလည်း အာရုံ ပြုသောအားဖြင့် ရောက်သွားပြီ၊ ဒါတွေ အကုန်စင်တဲ့ ဆီအထိ ရောက်သွားတယ်။ ဒါတွေကို ရှာမတွေ့တော့ဘူး၊ တတိယဉာဏ် ရသွားတယ်။ သဘောပါပြီလား (တင်ပါဘုရား)၊ ဒါဖြင့် ဝိသုဒ္ဓိဆိုတာ ဒါမရှိတာကိုဆိုသည်၊ ရှင်းပြီလား၊ သင်္ခါရဒုက္ခ မရှိတာကို ဆိုသည်။ ပေါ်ပြီလား ဒါတွေ သင်္ခါရတွေ၊ ဒုက္ခသစ္စာရော ဟုတ်ကဲ့လား (ဒုက္ခသစ္စာပါပဲ)၊ အဲဒီ ဒုက္ခသစ္စာလည်း မရှိဘူး (မရှိပါဘုရား)။

ဒုက္ခနိရောဓော ဖြစ်သွားပြီ

ဒါဖြင့် ဒုက္ခနိရောဓော ဖြစ်သွားပြီ။ “ဒုက္ခနိရောဓော” ဒုက္ခက ဒုက္ခ၊ နိရောဓောက နိဗ္ဗာန်၊ ဒုက္ခနိရောဓော ဖြစ်သွားပြီ (မဂ်ရှေ့မှာ)၊ မဂ်ရှေ့မှာ ဆုံးသွားတာ ရှင်းသွားပြီ (မဂ်မရှိခင်က ဒီဟာတွေ အကုန်ဟာ ကိလေသာကို လုပ်ကျွေးတဲ့စက်ကြီး)၊ ဟုတ်ပြီ (ကိလေသာကို သူတို့မွေးထုတ်ပေးတဲ့ အကောင်တွေပဲ)၊ အေး အေး (အခုတော့ မရှိတော့ပါ)၊ မရှိတော့ဘူး။ ဒီဉာဏ်ပဲ ကျန်ရစ်ခဲ့တယ်။ ဒီဉာဏ်ပြန်ရောက်တာပဲ (ခုနငါးပါးက ဘဝပြောင်းထားတယ်)၊ ဒါဖြင့် ဒီဉာဏ်သာ ကျန်ရစ်ခဲ့တယ် ဆိုတော့ ဒီဉာဏ်သည် ဘယ်သူနဲ့ နေသတုံးလို့ မေးဖို့ မလိုဘူးလား (တင်ပါဘုရား)၊ ဒီဉာဏ်သည် ဘယ်သူနဲ့ နေရစ်သလဲ မေးတော့ စင်ကြယ်တာနဲ့ နေရစ်တယ်။ စင်ကြယ်တာ ဘယ်သူတုံးဆိုတော့ စင် ကြယ်တာက နိဗ္ဗာန်။

နိဗ္ဗာနံ မဂ္ဂဿ (ပဋ္ဌာန်းပါဠိ၊ ပထမအုပ်၊ ပဥှာဝါရ၊ နှာ-၁၃၅။)။

နိဗ္ဗာန်က မဂ္ဂနဲ့တွဲတဲ့သဘောဖြစ်တယ်။ ပဋ္ဌာန်းပါဠိတော်ထဲမှာ ပါတယ်။ ပေါပြီလား။

စင်ကြယ်တာ ဘာခေါ်ကြမလဲ (ဝိသုဒ္ဓိ)၊ ဝိသုဒ္ဓိ။ ဝိသုဒ္ဓိဆိုတာဟာ ဘာမှ ကိလေသာနဲ့ မရောတဲ့သဘောကို ဆိုသည်၊ ကိလေသာနဲ့ နည်းနည်းမှ မရောတဲ့သဘောကို ဆိုတော့ နိဗ္ဗာန်ကို ဆိုတာ၊ သဘောကျပြီလား။ ဒါဖြင့် စင်ကြယ်သော နိဗ္ဗာန်နဲ့ မဂ်နဲ့ သွားတွဲနေတယ်၊ ပေါ်ပြီလား တတိယဉာဏ်၊ တတိယဉာဏ် နေရာကျပြီ။ ဒါ-ဒီအတိုင်း လုပ်ကွ။ ဒီဉာဏ် သုံးဉာဏ်နဲ့ တက်။

သဗ္ဗေသင်္ခါရာ အနိစ္စာ

ကဲ ပါဠိတော် ပြန်ဟပ်၊ ဒီလောက်နဲ့ ခင်ဗျားတို့ဉာဏ်ထဲမှာ မရှင်းသေးဘူး နော် (တင်ပါ)၊ ဉာဏ်နဲ့ ဒီလိုရှင်းအောင် ပြချင်တော့ ဒါလည်း ရှင်းတော့ ရှင်းပါတယ် တဲ့၊ ဒါက မဂ္ဂင်ရှစ်ပါး ထားပါတော့၊ ကဲ ခင်ဗျားတို့ ပါဠိစရွတ်၊ ဦးသံဒိုင် ရွတ်စမ်း (သဗ္ဗေသင်္ခါရာ အနိစ္စာတိ၊ ယဒါပညာယ ပဿတိ)၊ နေဦး ဒါကိုဆိုတယ်၊ ဟောဒီ ဖြစ်ပျက်ကို လိုက်နေပါလို့ ဆိုတယ်နော် (တင်ပါ)၊ သဗ္ဗေ သင်္ခါရာ အနိစ္စာဆိုတာ ဒါတွေကို ဆိုတယ် (တင်ပါ)။

ယဒါ ပညာယ ပဿတိ ဆိုတာ ဒါတွေ ပျက်တိုင်း ပျက်တိုင်း ဒီပညာနဲ့ လိုက်ရမယ် (တင်ပါ)၊ ပြီးရော။ ရှင်း သွားပြီလား (ရှင်းပါတယ်)၊ ဒါ ဘာဉာဏ်ခေါ်မတုံး၊ အင်း ယထာဘူတဉာဏ်။ နိဗ္ဗိန္ဒဉာဏ်မှ မဟုတ်ဘဲ။ ယထာဘူတ ဉာဏ်၊ ပျက်တိုင်း ပျက်တိုင်း လိုက်နေလို့ရှိရင် မြင်ပါလိမ့်မယ်။ ဒါ ဘာဉာဏ်ခေါ်မလဲ (ယထာဘူတဉာဏ်) ယထာဘူတ ဉာဏ်။ အခုမှ ပုဂ္ဂိုလ်သတ္တဝါ ပျောက်ပြီး မြင်တဲ့ဉာဏ်၊ ပုဂ္ဂိုလ်သတ္တဝါ မပျောက်သေးဘူးလား (ပျောက်ပါပြီ)၊ ပျောက်ပြီ။ ပုဂ္ဂိုလ်သတ္တဝါ ပျောက်တာကို မြင်တဲ့ဉာဏ်သွားဖြစ်တဲ့အတွက် ယထာဘူတဉာဏ် ပေါ်ပြီနော် (ပေါ်ပါပြီဘုရား)။

အထနိဗ္ဗိန္ဒတိ ဒုက္ခေ

ကဲ ဒါဖြင့် တက်၊ အောင်ပြီဆိုကြစို့ စာမေးပွဲ။ ကဲ ရှေ့ပါဠိ ဆက်ရွတ်၊ အထနိဗ္ဗိန္ဒတိ ဒုက္ခေ (အထနိဗ္ဗိန္ဒတိ ဒုက္ခေ) အဲဒါကတော့ ပြောင်းပြန်လှည့်ရမယ်။ ဒုက္ခေ- ဒါတွေဟာ ဒုက္ခသစ္စာချည်းပဲ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ်)၊ နိဗ္ဗိန္ဒတိ (ငြီးငွေ့တယ်)၊ ငြီးငွေ့တယ်။ ဒါဖြင့် ဒုက္ခသစ္စာကို ငြီးငွေ့အောင်ရှု။ ဒုတိယဉာဏ် ဒီဉာဏ်ကို ဘာဉာဏ်ခေါ် မလဲ (နိဗ္ဗိန္ဒဉာဏ်)၊ နိဗ္ဗိန္ဒဉာဏ် တက်သွားပြီကွ၊ ပေါ်ပြီလား (ပေါ်ပါပြီ)။ ဒါ-ဘုန်းကြီးက ရမ်းဟောနေတာလား၊ ဘုရားဟောပါဠိတော်ကို ပြန်ကိုက်ပေးနေတာလားလို့ မေးရင် ဘယ့်နှယ်ဖြေမလဲ (ပြန်ကိုက်ပေးနေတာပါဘုရား)၊ တခြားဟာယူပြီး ကိုက်တဲ့ခေတ်ပေါ်ပါဠိနဲ့ လုပ်နေတာ မဟုတ်ဘူး။ မဟုတ်ဘူးလား ကိုထွန်းရင် ခေါ်ပါပါဠိလို့ ဆို မလား ဘုရားအဆူဆူ မစွန့်တဲ့ ပါဠိတော်လို့ ဆိုမလား (ခေတ်ပေါ်ပါဠိ မဟုတ်ပါဘုရား)။

ဒါဖြင့် သေချာပြီပေါ့၊ သဘောကျပြီလား၊ ကိုင်း ဘယ်နှစ်ဉာဏ်ရပြီလဲ (နှစ်ဉာဏ်ပါဘုရား)၊ ဒါဖြင့် ဒါတွေကို ဒုက္ခသစ္စာရှုပြီး ငြီးငွေ့အောင်ရှု နှစ်နံပါတ်က၊ ဟုတ်ပြီလား။ ဒါတွေဟာ ဖြစ်ပျက်ဟာ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါဘုရား)၊ ဒုက္ခသစ္စာလို့ ဒီဉာဏ်က တက်အောင်လုပ်၊ ဒုက္ခငြီးငွေ့လာလိမ့်မယ်။ ငြီးငွေ့တဲ့ ဒုတိယဉာဏ်တက်၊ မတက်သေးဘူး လား (တက်ပါတယ်ဘုရား)၊ တက်ပြီ။ တက်သွားပြီ၊ ငြီးငွေ့တာတွေ တက်သွားပြီ။ ဒါက အခုအသိတက်တာနော်။ နောက် ခင်ဗျားတို့ ရှုတော့ ဒီအတိုင်းတက်မယ်၊ တကယ်ရောက်ပါလိမ့်မယ်။

ဧသမဂ္ဂေါ ဝိသုဒ္ဓိယာ

ကဲ ရှေ့ပါဠိရွတ်ပါ (ဧသမဂ္ဂေါဝိသုဒ္ဓိယာ)၊ ဟောဒါ ဝိသုဒ္ဓိဖြစ်အောင် ခင်ဗျားတို့ရှုရင် ဒါ-မဂ်ဉာဏ်ပဲ။ ဒါ ဝိသုဒ္ဓိဖြစ်အောင် ရှုနိုင်ရင် ဒီဟာ ဘာဖြစ်မလဲ (မဂ်ဖြစ်ပါတယ်)၊ မဂ်ဖြစ်မယ်။ မဂ်ဟာ သာမညမဂ်လား၊ လောကုတ္တရာ မဂ်လား (လောကုတ္တရာမဂ်ပါ)၊ အဲဒါ ဒုက္ခတွေမို့ မလိုချင်ဘူးဆိုတော့ သူတို့ မချုပ်ပေဘူးလား ချုပ်သလား (ချုပ်သွား ပါတယ်)၊ ချုပ်သွားလို့ရှိရင် ဒီဉာဏ်ဟာ စင်စင်ကြယ်ကြယ် မရှိဘူးလား ရှိသလား (စင်ကြယ်ပါတယ်ဘုရား)၊ စင်ကြယ် တာ နိဗ္ဗာန်။ သူက မဂ်ဖြစ်မယ်။ ကဲ သူ့ပါဠိတော်နဲ့ ကိုက်ရဲ့လား (ကိုက်ပါတယ်ဘုရား)၊ ဒီဉာဏ် ၃-ချက်၊ ဒါဖြင့် ဉာဏ် ၃-ချက်ဟောတဲ့ ပါဠိတော်နဲ့ အလုပ်စဉ်ကိုပြတဲ့ ပါဠိတော်ဆိုရင်ရော ခင်ဗျားတို့က ငြင်းဖို့လိုသေးသလား (မလိုပါဘုရား)၊ ဉာဏ်က ၃-ချက်နဲ့ တက်ပြမယ်၊ ဘုရားက ယထာဘူတဉာဏ်၊ နိဗ္ဗိန္ဒဉာဏ်၊ မဂ်ဉာဏ်ဆိုပြီး တက်ပြ တယ်၊ ဟုတ်ပြီလား (ဟုတ်ပါတယ်)၊

ဒါဖြင့် “သဗ္ဗေ သင်္ခါရာ အနိစ္စာတိ၊ ယဒါ ပညာယ ပဿတိ” ယထာဘူတဉာဏ် နော် “နိဗ္ဗိန္ဒတိ ဒုက္ခေ, ဒုက္ခေ နိဗ္ဗိန္ဒတိ” ဒါ ဘာဉာဏ်တုံး (နိဗ္ဗိန္ဒဉာဏ်ပါ) “ဝိသုဒ္ဓိယာ မဂ္ဂေါ” ဒီက ဝိသုဒ္ဓိဆိုမှ ဒီက မဂ္ဂေါဖြစ်မယ်။

ကဲ ဒီပါဠိတော်နဲ့ ဒီဉာဏ်နဲ့ တို့အလုပ်လုပ်ရမှာ၊ ဒါ ဟောခဲ့သကိုး၊ ဆုံးဖြတ်ချက် ချပလား (ချပါပြီ)၊ ချပြီ နော်။ ကောင်းပြီ၊ ဒီလိုဆိုလို့ရှိရင် ဒါဟာ ကိုထွန်းရင် ဘာဟောနေတာတုံးဆိုတာကို ကျေနပ်ပြီလား၊ အလုပ်စဉ်ကို ဟောတဲ့ပါဠိ၊ ဉာဏ်စဉ်ကိုရော (ဉာဏ်စဉ်ကိုရော ဟောတဲ့ပါဠိတော်ပါ)၊ အမြင်ကိုရော ဟောတဲ့ပါဠိ၊ ဟုတ်ပြီလား (တင်ပါ)၊ အမြင်နဲ့ဉာဏ်ကိုလည်း ထူးခြားလာတာကို ပြောတဲ့ပါဠိ၊ ရှင်းပြီလား။ ဒါဖြင့် အလုပ်စဉ်ကိုဖြင့် ဒီပါဠိတော် ကို ကျော်ပြီး မသွားနဲ့တော့။ ဒီအတိုင်းသွား၊ မရောက်ဘူးလား ရောက်သလားလို့ မေးတော့ ဓမ္မပဒသွားကြည့် ၊ ဒါနဲ့သွားတာ၊ ဒီဉာဏ်သုံးဉာဏ်နဲ့ တက်သွားတယ်။ ကျေနပ်ပြီလား (တင်ပါ)၊ ဒီပါဠိတော်က ခင်ဗျားတို့ လူတိုင်းပါးစပ် ဖျားမှာ လိုလိုပဲ နည်းနည်းဝါသနာပါတဲ့ ပုဂ္ဂိုလ်များမှာ ရကြတာများတယ်။

ဪ ခွကျနေတာပဲ၊ လိမ်းဆေးလုပ်နေပြန်ပြီ၊ သောက်ဆေးကို လိမ်းဆေးလုပ်နေပြန်ပြီလို့ မဆိုထိုက်ဘူး လား။ သောက်ဆေးကို လိမ်းဆေးလုပ်နေမယ်ဆိုရင် ခင်ဗျားတို့ ဒီအနာတွေ ဘယ်တော့မှ ရှုံ့တွသွားမှာ မဟုတ်ပါ ဘူး၊ အမြစ်လည်း ပြတ်မှာ မဟုတ်ဘူးဆိုတာကို မှတ်ထားဖို့ပဲ (တင်ပါ)၊ ဒါ ရွတ်လိုက်ရင် ကိစ္စပြီးတယ်လို့ ထင်နေတယ်၊ သူ့ပါဠိတော်ကို ခင်ဗျားတို့က ကောင်းကောင်း အဓိပ္ပာယ်မပေါ်ဘူး။

ပါဠိတော်က ထုတ်ထားတဲ့ဉာဏ်စဉ်

”ယဒါ ပညာယ ပဿတိ” ယဒါ-အကြင်ဖြစ်ပျက်ကြတဲ့အခါ၌ ပညာယ-ပညာဖြင့်။ ပဿတိ-ရှုပေး၊ ကဲ ရှုပေးရမှာလား (ရှုပေးရမှာပါဘုရား)၊ ပဿတိ-ရှုပေးပါ။ ပါပြီ မဟုတ်လား၊ ခန္ဓာဖြစ်ရင် ဒါတွေ ရှိနေတာပဲ၊ ဒါ ခန္ဓာတွေပဲ မဟုတ်ဘူးလား၊ ဒါ ခန္ဓာဖွဲ့ပါဆိုရင် ဒါဘုန်းကြီး ဖွဲ့ပေးရင် အကုန်ရတာပဲ။ သို့သော် သိပြီးသား ထားပါ တော့ဗျာ၊ ကဲ ပါဠိတော်နဲ့ ဉာဏ်စဉ်နဲ့ ပါဠိတော်က ထုတ်ထားတဲ့ဉာဏ်စဉ်၊ ရှုပုံ ရှုနည်းကို ဘယ်ဉာဏ် ဘယ်ဉာဏ် တက်လိမ့်မယ်လို့ ပြောတဲ့ ပါဠိတော် (တင်ပါဘုရား)။

နောက်ဆုံးပိတ် ဒီပါဠိတော်ဟာ အဆုံးရောက်မယ့် ပါဠိတော်။ အစပြတယ်၊ အလယ်ပြတယ်၊ အဆုံးပြတယ် ဆိုတော့ ကျုပ်တို့က သံသယရှိဖို့ လိုသေးသလား (မလိုပါ)၊ မလိုရင် ဒီအတိုင်းလုပ်ပါ။ ဒါဖြင့် ခင်ဗျားတို့ကို ကျုပ်က တိုတိုပြောမယ်၊ ဖြစ်ပျက်မြင်အောင်ရှုရင် ယထာဘူတဉာဏ် ရတာပဲ ဖြစ်ပျက် မုန်းအောင်ရှုရင် နိဗ္ဗိန္ဒဉာဏ်။ ဖြစ်ပျက်ဆုံးအောင်ရှုဆိုပြီး ဒီအတိုင်းသွားရမှာပဲ။ ပေါ်ပြီလား (ပေါ်ပါတယ်)၊ ဒီအတိုင်းလုပ်ရမှာပဲ ဆိုတော့ သဘောကျ ပြီလား။ ဪ ကျေနပ်လောက်အောင် သဘောကျတယ် ဆိုတာကို ကိုထွန်းရင်၊ တာဝန်ခံလိမ့်မယ် (တင်ပါဘုရား)၊ ကျေနပ်လောက်အောင် သဘောကျရဲ့လား (ကျပါတယ်ဘုရား)။

ဖြစ်ပျက် မြင်၊ ဖြစ်ပျက် မုန်း၊ ဖြစ်ပျက် ဆုံး

ကဲ ပြန်ပြောစမ်း မြန်မာလိုကျတော့ (ဖြစ်ပျက်ကို မြင်အောင်ရှု၊ ဖြစ်ပျက်ကို မုန်းအောင်ရှု၊ ဖြစ်ပျက်ကို ဆုံးအောင်ရှု)၊ ဒါမှ စင်ကြယ်မယ်။ ဒါကို ဘုန်းကြီးတို့က အတိုလုပ်ထားတယ်။ ပါဠိတော်ကလည်း ဒါပဲ။ သို့သော် ဒီပါဠိတော်လေးခုကို ညှိပြီး ဟောနေမယ်ဆိုရင် ဘုန်းကြီးမောတယ်။ ကဲ မင်းတို့ နားလည်အောင်ဆိုတော့ ဖြစ်ပျက်ကို မြင်အောင်ရှု၊ ပြီးတော့ ဖြစ်ပျက်ကို မုန်းအောင်ရှုပေး။ နောက်ပြီးတော့ ဒီဖြစ်ပျက်ကို ဆုံးအောင်လိုက်ဟေ့၊ အဆုံးမြင်အောင် ရှုဟေ့ဆိုတော့ မပြီးသေးဘူးလား (ပြီးပါတယ်)၊ ဖြစ်ပျက် မြင်အောင်ရှုရင် ယထာဘူတဉာဏ်။ ဖြစ်ပျက်မုန်းအောင်ရှုရင် နိဗ္ဗိန္ဒဉာဏ်။ ဖြစ်ပျက်ဆုံးအောင်ရှုရင် မဂ်ဉာဏ်။ ဒါပဲရှိတယ်

(ဖြစ်ပျက်ကြား ဝင်လာတာရော)၊ ကြားဝင်တာကို ဖြစ်ပျက်ရှု။ ကြားဝင်တဲ့ဟာ လာလို့ရှိရင် ဆရာဘုန်းကြီး ပြောတာကို မှတ်ထား၊ ဧဟိပဿိကောကို မမေ့နဲ့ (တပည့်တော် လူဖြစ်တဲ့ဘဝမှာ ဒီကြားဝင်တာမျိုးတစ်ခါမှ မနာဖူးပါဘုရား)။

ကြားဖြစ်ပျက်ရှု

ဒီကြားက မနာဖူးသေးသရွေ့ကာလပတ်လုံး အသားယူပြီး ပြောတယ်လို့ ကိုထွန်းရင်က မအောက်မေ့နဲ့၊ ကြား ကြောင့် ကမ္မဋ္ဌာန်းလုပ်ငန်းက ထွက်ထွက်ပြေးတယ်။ ကမ္မဋ္ဌာန်းကို ထိုင်နေတယ်၊ ဒီနေ့-ရှုမဖြစ်ဘူးကွာ၊ တယ်ပြီး ဝိတက်ဝိစာရတွေက များနေတယ်၊ နက်ဖြန်မှ စိတ်အေး လက်အေး အစားလျှော့စားပြီးသကာလ ကြိုးစားတော့မယ်၊ ကြားက နှင်ထုတ်ချလိုက်တယ်။ ဟုတ်ပြီလား (ဟုတ်ပါတယ်၊ ကြားက တွန်းပေးလိုက်တယ်)၊ မိပါလိမ့်မယ် (မိပါပြီ)၊ အဲ မင်းကြားဝင်လာရင် ကြားဖြစ်ပျက်ရှု (တင်ပါဘုရား)၊ ကြားဖြစ်ပျက်ရှုတော့ ဘယ်ပါဠိတော်ကို မှတ်ထားရမလဲ (ဧဟိပဿိကော)၊ ဒါ မှတ်ထား၊

ဧဟိ-လာခဲ့ပါ။ ပဿ-ရှုပါ။ သူက ခုရှုပါလို့ ခေါ်လျက်သားနဲ့ ခင်ဗျား ထပြေးတော့ ကျုပ် မတတ်နိုင်ဘူး။ မဟုတ်ဘူးလား၊ သူက ရှုပါ လို့ မခေါ်ဘူးလား (ခေါ်ပါတယ်)၊ မင်းတို့က ဘာလုပ်သလဲ (ထပြေးပါတယ်)၊ မဟုတ်ဘူးလား (တင်ပါ-လုပ်သလို မဖြစ်တော့ ဖြစ်သလိုလုပ်ရပါတယ်၊ လုပ်တော့ ပြီးသွားမှာပဲ) ဒါ-တွေးစရာအလုပ်ကိုးဗျ၊ မဟုတ်ဘူးလား၊ ဒါကို သဘောကျပြီလား (ကျပါတယ်)၊ သဘောကျလို့ရှိရင် ခင်ဗျားတို့ ရှုတဲ့အခါ၊ ဝမ်းထဲမှာ ဘယ်လိုပေါ်တတ်တယ်၊ ဘယ်လိုပေါ်တတ်တယ် ဆိုတဲ့ဥစ္စာ ဝတ္ထုတစ်ခု ထုတ်ပြမယ်နော် (တင်ပါ ဘုရား)၊ ဥပရိပဏ္ဏာသ ပါဠိတော်မှာ ဒီအတိုင်းလာတယ်။

ကိုင်း ဒါဖြင့် ဒီဥစ္စာတွေ သိပါပြီ တဲ့၊ ပါဠိတော်နဲ့လည်း ကိုက်ပြီ၊ ဒီဉာဏ်စဉ်နဲ့လည်း ကိုက်ပြီ။ ဒီအလုပ် လုပ်လို့မှ တို့သည်ကားဆိုရင် ဒီဘဝ သာဝကပါရမီဉာဏ် မပြည့်ရင် ဘယ်တော့မှ ပြည့်မည်မဟုတ်ဘူးလို့ ဆုံးဖြတ်ချက် ချ။ နိဂုံးပြီးနေတာ အမှန်ဆုံးပဲ၊ သတိပဋ္ဌာန်နဲ့ ညှိပေး၊ သတိပဋ္ဌာန်ထဲလည်း အကုန်ဝင်တာပဲ၊ မဝင်ဘူးလား (ဝင်ပါတယ်)၊ ကြားဝင်တာ ရှုပါဆိုလို့ ခုနက “သရာဂစိတ္တံ, သဒေါသစိတ္တံ, ဝီတရာဂစိတ္တံ, ဝီတဒေါသစိတ္တံ, ဝီတမောဟစိတ္တံ” ဒါတွေ ရှုရုံပဲ ရှိတယ်။ ပေါ်ပြီလား။ ကြားဝင်တယ်ဆိုတာ ကြားက ဝင်တာ မဟုတ်ဘူး။ မူလဖြစ်ပျက်မှတစ်ပါး တစ်ပါးသောတရားက ကြားဝင်ပြီး ဖြစ်ပျက်မမြင်အောင် လာဖုံးတာကို ဖုံးတဲ့တရားကို ကျုပ်တို့က ဖြစ်ပျက်မြင်အောင် ပြန်လုပ်လိုက်ရင် ပြီးသွားတာပဲ။ မပြီးဘူးလား၊ အဖုံးကို ပြန်ဖွင့်လိုက်တာပဲ။ ရှင်းပြီလား။

ပါရာသိဝိယ တက္ကသိုလ်ဆရာကြီး

ဒါနဲ့ ဝတ္ထုကို ဆက်ကြစို့ နာရီလည်း နီးနေတယ်။ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီး တစ်ခုသော နေရာမှာ သီတင်းသုံးပြီးသကာလနေတော့ ပါရာသိဝိယ တက္ကသိုလ်ဆရာကြီးတစ်ယောက်က သူ့တပည့်ကို ဘုရားပွင့်လာ တယ်ဆိုတော့ ဂုဏ်ပြိုင်သင့်တယ်။ ဣန္ဒြိယသံဝရသီလဆိုတာ ဟေ့ နိဗ္ဗာန်ရောက်နိုင်တယ်၊ ဣန္ဒြေကို လုံခြုံအောင် လုပ်ကြဆိုပြီး တက္ကသိုလ်ဆရာကြီးက သူ့တပည့်တွေကို ဟောတယ်၊ ဘုရားပြိုင်ပေါ့ဗျာ၊ ဒါနဲ့ တပည့်တွေက ဒါဖြင့် ဘယ်လိုလုံခြုံအောင် လုပ်ရမတုံး လို့ မေးတော့၊ အို မြင်စရာရှိတာ မမြင်အောင်လို့ မျက်လုံးပိတ်ထားကွ၊ မျက်လုံးပိတ်ထားတော့ လောဘ ဒေါသ မောဟ လာသေးရဲ့လား (မလာပါဘုရား)။

သူက ဒီလောက်ပဲ နားလည်တာ။ နားပေါက်ရှိတယ်ကွာ၊ နားပေါက်က ဘယ်လိုအသံမျိုးပဲ ကြားကြား ပိတ်ထား ကွ၊ လောဘ ဒေါသ မောဟ မလာဘူး။ အဲဒါ ဣန္ဒြေလုံတာပဲ။ အကြမ်းတော့ ဟုတ်တယ်၊ အကြမ်းတော့ ဟုတ် တယ်။ မနောပေါက်ကျတော့ သူ ဘယ့်နှယ်လုပ် တတ်နိုင်မလဲ။ မနောပေါက်ကျတော့ ဟာလာဟင်းလင်း ဖြစ်နေ တယ်။ ဒီလို သူ့တပည့်တွေကို သူ သင်လွှတ်တယ်၊ သူ့ဟာသူ ဟုတ်လှပြီ ထင်တာပေါ့ (တင်ပါ)၊

စက္ခု သောတ ဃာန ဇိဝှာ ကာယကို သူပိတ်နိုင်တယ် ထားပါဦး။ မနောကျတော့ သူ ဘယ့်နှယ်လုပ် ပိတ်မလဲ။

ဥတ္တရလုလင်

ဒါနဲ့ ဘုရားသခင်ကိုယ်တော် မြတ်ကြီးကလည်း ဒီရွာ ရောက်သွားတယ်။ ဒီဆရာကြီး နေတဲ့ရွာကို ရောက်သွားတော့ ဥတ္တရလုလင်ဆိုတာ သူ့တပည့် ထဲက လူသွက်ကလေးတစ်ယောက်ပဲ ပါရာသိဝိယ ဆရာကြီးရဲ့တပည့် ကလေးတစ်ယောက် လူထက်ကလေး၊ သူကလည်း ဒီတရားပွဲထဲမှာ ပါလာတယ်။ တရားပွဲမှာ တက္ကသိုလ်ဆရာကြီးတပည့်ကလေးက ပါလာတယ်၊ ပါလာတော့ ဘုရားက ဆီးနှုတ်ဆက်လိုက်တယ်။ ဟေ့ ဥတ္တရလုလင် မင်းတို့ ပါရာသိဝိယဆရာကြီးက “ဣန္ဒြိယသံဝရ” ဣန္ဒြေကို လုံခြုံအောင် ဘယ်လိုလုပ်ရမယ်လို့ ဟောသလဲ ကွ မေးလိုက်တယ်။ မျက်လုံးရှိရင် ပိတ်ထားရမယ်လို့ ဟောပါတယ် ဘုရား။ နားရှိရင် ပိတ်ထားရမယ်။ နှာခေါင်းရှိရင် ပိတ်ထားရမယ်။ လျှာရှိရင် ပိတ်ထားရမယ်။ ကိုယ်ရှိရင် ပိတ်ထားရမယ်။

ဒါဖြင့် ဝမ်းထဲက ကန်း၊ ပင်းလာတဲ့ပုဂ္ဂိုလ် နိဗ္ဗာန်ရမှာပေါ့-ကွ၊ ဘုရားက ဝမ်းထဲက နားပင်းလာတဲ့ပုဂ္ဂိုလ် ဝမ်းထဲက ကန်းလာတဲ့ပုဂ္ဂိုလ် နိဗ္ဗာန်ရမှာပေါ့ကွ။ မဟုတ်နိုင်ဘူးလား ဟုတ်သလား (မဟုတ်ပါဘုရား)၊ နဂိုကန်းနေတဲ့ပုဂ္ဂိုလ် သူလုံနေလို့ နိဗ္ဗာန်ရမယ်လို့ ဆိုမလား။ သူဟာ ဇစ္စန္ဓပုဂ္ဂိုလ် နိဗ္ဗာန်မှ မရထိုက်တာ၊ ရထိုက်ရဲ့ လား (မရထိုက်ပါဘုရား)၊ အဟေတုက ပုဂ္ဂိုလ်။ ဘုရားသခင်ကိုယ်တော်မြတ်က ဒီလိုပြောလိုက်တော့ ခုနက ဥတ္တရ လုလင်က ဘာမှ မတတ်နိုင်တော့ဘူး၊ ငါ့ဆရာကြီး ဟောတဲ့ အတိုင်းဆိုရင် ဝမ်းထဲက ကန်းလာတဲ့၊ ဝမ်းထဲက ပင်းလာတဲ့ ပုဂ္ဂိုလ်၊ ဝမ်းထဲက အ-လာတဲ့ပုဂ္ဂိုလ်တွေဟာ အကုန်လုံး နိဗ္ဗာန်ရောက်ကုန်မှာပဲတဲ့။ မင်း- ဆရာကြီး ဟောတဲ့အတိုင်း ဆိုရင် မဟုတ်ဘူးလား ဆိုတော့ (သူ့စကားနဲ့သူ ပြန်မေးလိုက်တယ်)၊ အေး သူ့စကားနဲ့သူ ပြန်မေးလိုက်တယ်။

ဣန္ဒြေလုံခြုံမှု

သူ့စကားနဲ့သူ ပြန်မေးတာကို ကိုထွန်းရင် အသာထား။ အခု ကမ္မဋ္ဌာန်းဆရာတွေ လုပ်နေတယ်။ အချို့မျက်လုံး ပိတ်သင်နေတဲ့လူတွေ ရှိသေးတယ်။ မရှိဘူးလား။ ခေါင်းမြီးခြုံတာနဲ့လေ၊ မနောပေါက် ဟာလာဟင်းလင်းကြီးကို သူတို့မသိဘူး။ သို့သော် အမြင်မှာတော့ ဟုတ်သလိုလိုပဲ။ ခုန တက္ကသိုလ်ဆရာကြီးသင်သလို ဖြစ်မနေဘူးလား။ ကမ္မဋ္ဌာန်းဆရာတချို့ သင်နေကြတာလေ။ ဒါတွေကို အသာထားပါတော့တဲ့။ ဒါနဲ့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ညီတော်အာနန္ဒာကို လာဦးကွာ၊ သံဃာတွေ စုလိုက်။ တက္ကသိုလ်ဆရာကြီးက လူ့လောကမှာ ဂုဏ်ကြီးတယ်ကွ။ သူဟော တာ ဟုတ်သလိုလိုနဲ့ အင်မတန် မှားနေပြီ။ ငါဘုရားရဲ့ ဣန္ဒြေလုံခြုံမှုကို ငါဟောမယ်။ ဘုရားကိုယ်တိုင် ဟောခွင့်ကြုံ လာတယ် (မှန်ပါ)၊ မဟောလို့ ဖြစ်ပါ့မလား။ မဟောရင် သူ့ဟာက ဟုတ်သလိုလိုချည်းပဲ။ မျက်လုံးရှိရင် မျက်လုံးပိတ် ထား၊ မျက်လုံးပေါက်က လောဘ ဒေါသ မောဟ မလာဘူးကွ။ ဟုတ်သလိုလိုတော့ မထင်ရဘူးလား၊ လူပြိန်းကြိုက် တယ်။ ဘယ့်နှယ်ဆိုမလဲ (အထူးဟောဖို့ကို ဖြစ်လာပါတယ်ဘုရား)။

ဒါနဲ့ သံဃာတွေ စုလိုက်တယ်။ စုပြီးသကာလ သံဃာတွေ စုံပါပြီဘုရား။ ကဲ ငါတို့၏ အရိယာတို့၏ ဣန္ဒြေလုံခြုံပုံကို ဟောမယ်ကွ။ အရိယာသာဝကာတို့ အရိယာဖြစ်မယ့်ပုဂ္ဂိုလ်တွေ အရိယာသာဝကတို့ ဣန္ဒြေ လုံခြုံပုံကို ငါဟောမယ်ကွ။ ဟောမယ် ဟောဖို့ လမ်းရှိတယ်။

ဒါဥပရိပဏ္ဏာသပါဠိတော် နောက်ဆုံးပိတ်သုတ်မှာ။ (ဥပရိပဏ္ဏာသပါဠိ၊ ဣန္ဒြိယဘာဝနာသုတ်၊ နှာ-၃၄၇။)

ဒါက အဆင်းက ရူပါရုံနော်။ အသံက သဒ္ဒါရုံ။ အနံ့က ဂန္ဓာရုံ။ အရသာက ရသာရုံ။ ဒီဘက်က ဖောဋ္ဌဗ္ဗာရုံ။ ဒီက ဓမ္မာရုံ။ ဗာဟိရာယတန ခြောက်ပါး မှတ်လိုက်တော့နော်။ အဇ္ဈတ္တိကာယတန ခြောက်ပါးနဲ့တော့ သူ တိုက်ရမှာ ပေါ့နော်။ မတိုက်လို့ မဖြစ်ဘူး။ ကိုင်း ဒါဖြင့် ရူပါရုံနဲ့ စက္ခုပသာဒ ဟုတ်လား။ သွားကြည့်လိုက်၊ တိုက်ကြ ရမှာပဲ၊ တိုက်တာတော့ ဘယ်သူ တိုက်တိုက် ဘာမှမဖြစ်ပါဘူး။ “စက္ခုံ စ ပဋိစ္စ ရူပေ စ ဥပ္ပဇ္ဇတိ စက္ခု ဝိညာဏံ” ပေါ်ချင်ပေါ် (တင်ပါ)၊ ကျေနပ်ပြီလား။

စက္ခုဝိညာဏ်နောက်က ဖဿ၊ ဖဿနောက်က ဝေဒနာလာတော့ သောမနဿသော်လည်းကောင်း၊ ဟိုရူပါရုံ ကြောင့် ဒီက သောမနဿသော်လည်းကောင်း၊ ဒီက ဝမ်းသာတာ မလာပေဘူးလား (လာပါတယ်)၊ ဒေါမနဿရော လာချင် မလာပေဘူးလား (လာပါတယ်)၊ ဟုတ်လား၊ ဥပေက္ခာရော (လာပါတယ်)၊ လာမှာပဲ။ ဒီသုံးခု လှည့်မလာပေဘူး လား (တင်ပါ)၊ ရှင်းပြီနော်။ ဘယ်ဒွါရကမဆို ဒီဝေဒနာသုံးခု တစ်ခုခု မလာပေဘူးလား။ လာရလိမ့်မယ်။ မျက်လုံးပေါက်ကလည်း ဝမ်းသာ ဝမ်းနည်း အလတ်စား မလာပေဘူးလား (လာမှာပေါ့)၊ သူလာချင် လာမှာပဲ၊ အာရုံ အလိုက်၊ (တစ်နည်း) ပုထုဇဉ်မို့ ဝိပလ္လာသ မစင်သေးလို့ ဖြစ်ချင်တာဖြစ်မယ်၊ မဖြစ်နိုင်ဘူးလား (ဖြစ်နိုင်ပါတယ်)။

ပြုပြင်လို့ပေါ်လာတဲ့ သင်္ခတတရား

အဲဒီတော့ကို ဒီ သောမနဿ ဒေါမနဿ ဥပေက္ခာ ခင်ဗျားတို့က မှတ်ရမယ် တဲ့။ ဒါနဲ့ ဒါသည် ပြုပြင်လို့ပေါ်လာတဲ့ သင်္ခတတရားတွေဆိုရင် လွဲပါ့မလား။ ဒီတရားတွေက ပြုပြင်လိုက်လို့ ပေါ်လာတဲ့ တရားတွေ ဆိုရင် လွဲပါ့မလား (မလွဲပါဘုရား)၊ ဝမ်းထဲပေါ်တာ (ပေါ်ပါတယ်ဘုရား)။

”စက္ခုံစ ပဋိစ္စ ရူပေစ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏံ၊ တိဏ္ဏံ သင်္ဂတိ ဖဿော၊ ဖဿပစ္စယာ သောမနဿဝေဒနာ” ရော မလာဘူးလား (လာပါတယ်)၊ “ဖဿပစ္စယာ ဒေါမနဿဝေဒနာ” ရော မလာဘူးလား (လာပါတယ်ဘုရား)။ “ဖဿပစ္စယာ ဥပေက္ခာဝေဒနာ” ရော မလာဘူးလား (လာပါတယ်)၊ ဒါဖြင့် ဒီတရားတွေက သူ ပြုပြင်လို့ ဒါပေါ်လာတဲ့ သင်္ခတတရားဆိုရင်ရော လွဲပါ့မလား (မလွဲပါ)။ ဒါကို ခင်ဗျားတို့ ပေါ်တိုင်း ပေါ်တိုင်း သင်္ခတတရားတွေလို့ နှလုံး သွင်း။ သောမနဿလာလည်း သောမနဿကို နှလုံးသွင်းနော်၊ သင်္ခတတရားကလေး ပေါ်လာတယ်။ ဒေါမနဿ ပေါ်လာရင်ရော (သင်္ခတပဲ)၊ ဥပေက္ခာပေါ်လာတယ်၊ သူတို့လည်း (သင်္ခတပဲ)။

ပဋိစ္စသမုပ္ပန္နတရား

ဒါဖြင့် သင်္ခတတရားဖြင့် ကျုပ်တို့က ဒီကနေပြီး ကျုပ်တို့က နောက်ကနေပြီး ဉာဏ်နဲ့ နှလုံးသွင်းလိုက်၊ ပေါ်တိုင်းပေါ်တိုင်း ဒါတွေဟာ သင်္ခတတရားတွေ၊ ပဋိစ္စသမုပ္ပန္နတရားတွေ ဆိုရင်ရော (ဟုတ်တာပဲ)၊ ပဋိစ္စသမုပ္ပါဒ်တည်းဟူသော အကြောင်းကြောင့် ပဋိစ္စသမုပ္ပန္နတည်း ဟူသော အကျိုးတရားတွေ ပေါ်တာကိုး ဗျ။

ဒါဖြင့် ပဋိစ္စသမုပ္ပန္နတရားတွေဆိုရင်ဖြင့် အနိစ္စတရားတွေဆိုရင်ရော (ဖြစ်နိုင်ပါတယ်)၊ ဒါဖြင့် ဒီကနေ ရှုတယ်၊ ဪ ဒါဟာ ပဋိစ္စသမုပ္ပန္နတရား အနိစ္စချည်းပဲ။ ပဋိစ္စသမုပ္ပန္နတရားဟာ အနိစ္စတရားပဲ။ ပဋိစ္စသမုပ္ပန္နတရားဟာ အနိစ္စတရားဆိုတော့ ဒီသောမနဿဝေဒနာ ပစ္စယာ တဏှာ လာသေးသလား (တဏှာမရှိတော့ပါ)၊ တဏှာမကူးတော့ သူဟာလည်း အနိစ္စ၊ သင်္ခတအနိစ္စ ဆိုပြီး သူက သင်္ခတအနိစ္စပဲလို့ နောက်က သိပေးလိုက်တယ် (မှန်ပါ)၊ ဒါလည်း သင်္ခတ အနိစ္စလို့ နောက်က သိပေးလိုက်တော့ သင်္ခတ အနိစ္စတစ်တန်းတည်း မနေဘူးလား (နေပါတယ်)၊ သောမနဿ ဝမ်းမြောက်ဖွယ်အဖြစ်နဲ့ အမှုထမ်းသေးသလား (မထမ်းပါ)၊ ဒေါမနဿ နှလုံးမသာဖွယ်အဖြစ်နဲ့ရော အမှုထမ်းသေး သလား (မထမ်းပါ)၊ ဥပေက္ခာ လျစ်လျူရှုဖွယ် အဖြစ်နဲ့ရော (မထမ်းပါ)၊ အနိစ္စအဖြစ်နဲ့သာ အမှုထမ်းနေတယ်။

သင်္ခါရုပေက္ခာဉာဏ် သွားဖြစ် တယ်

အနိစ္စအဖြစ်နဲ့ အမှုထမ်းတော့ ကျုပ်တို့နောက်က ဉာဏ်က အနိစ္စလို့ သိပေးလိုက်တာပေါ့၊ သိမပေးနိုင်ဘူး လား (မှန်ပါ)၊ ဒီကဲ့သို့ သိပေးလိုက်တဲ့အခါကျလို့ရှိရင်ဖြင့် တဲ့၊ မင်းတို့ဉာဏ်စဉ်တွေကို တက်မနေနဲ့တော့ကွာ တဲ့။ ဒါတွေကို သင်္ခတ အနိစ္စလို့ ဟောဒီဉာဏ်နဲ့ တစ်တန်းတည်းနေအောင် မြင်သွားလို့ရှိရင် သင်္ခါရုပေက္ခာဉာဏ် သွားဖြစ် တယ်။ ဒါတွေကို တစ်တန်းတည်းထားနိုင်တဲ့ဉာဏ် ဒီဉာဏ်က။ ဒါကြောင့် ဒီဉာဏ်ကို သင်္ခါရုပေက္ခာဉာဏ်နဲ့ သိမ်းလိုက် ရင် ပြီးသွားတာပဲ။ ပေါ်ပြီလား (ပေါ်ပါတယ်)၊ သူလည်း သင်္ခတအနိစ္စပဲ၊ သောမနဿ ဟုတ်သေးရဲ့လား (မဟုတ်ပါ)၊ သူလည်း ဒေါမနဿ ဟုတ်သေးရဲ့လား (မဟုတ်ပါဘုရား)၊ သင်္ခတအနိစ္စပဲ၊ သူရော ဥပေက္ခာ ဟုတ်သေးရဲ့လား ဘာမဆို (သင်္ခတတရားပါ)၊ သင်္ခတတရား၊ အနိစ္စတရား၊ ပဋိစ္စသမုပ္ပန္နတရားလို့ ခင်ဗျားတို့ နှလုံးသွင်းလိုက်ပါလား (တင်ပါ)၊ နှလုံးသွင်းလိုက်တဲ့အခါကျတော့ ဒါတွေဟာ ထူးခြားတဲ့တရားလို့ ဆိုမလား တစ်တန်းတည်း ဖြစ်သွားတဲ့ တရားလို့ ဆိုမလား (တစ်တန်းတည်း ဖြစ်သွားပါတယ်ဘုရား)။

အဲ တစ်တန်းတည်း မြင်တဲ့ဉာဏ်ကို ဒီဉာဏ်ကို သင်္ခါရုပေက္ခာ ဉာဏ်လို့ ခေါ်တယ် (မှန်ပါ)၊ ဒီက တစ်တန်း တည်းဖြစ်လို့ တစ်တန်းတည်း မြင်တဲ့ဉာဏ်ကို ဘာဉာဏ်ခေါ်မတုံး (သင်္ခါရုပေက္ခာဉာဏ်)၊ ဒါဖြင့် ဝိပဿနုပေက္ခာ ဉာဏ်ဆို သင်္ခါရုပေက္ခာဉာဏ်ဆိုပါကွ။ ဒီသင်္ခါရုပေက္ခာဉာဏ်ကို ဒီအတိုင်း တစ်တန်းတည်း မြင်အောင်ရှုနိုင်ရင် သင်္ခါ ရုပေက္ခာဉာဏ်လို့ ဆိုလို့ရှိရင် ဒီဘက်ကနေပြီး ခင်ဗျား အင်း လောဘတွေ ဒေါသတွေ မောဟတွေ လာသေးရဲ့ လား (မလာပါ)၊ အကယ်၍ တစ်တန်းတည်း မထားနိုင်ရင် လာမယ်နော် (တင်ပါ)၊ တစ်တန်းတည်း မထားနိုင်ရင် ဒါဟာ သောမနဿပဲ၊ သောမနဿဝေဒနာ ပစ္စယာ တဏှာ ဥပါဒါန် ကံ မလာပေဘူးလား (လာပါတယ်)။

အကုန် အနိစ္စချည်းပဲ

ဒေါမနဿဝေဒနာလို့ ခင်ဗျားတို့ ရှုမယ်ဆိုရင် ဒေါသ သောက ပရိဒေဝ ဥပါယာသအဝိဇ္ဇာ မလာပေဘူးလား (လာပါတယ်ဘုရား)၊ ဒါကို ဥပေက္ခာဝေဒနာတွေ ရှုပြီးသကာလ ဒါဥပေက္ခာလို့ ရှုနေလို့ရှိရင် ဥပေက္ခာပျက်တာမှ သင်္ခတတရား အနိစ္စတရားလို့ မသိလိုက်လို့ရှိရင် မသိတဲ့အတွက် အဝိဇ္ဇာ သင်္ခါရ ဝိညာဏ် နာမ်ရုပ် မလာပေဘူးလား လာမလား (လာပါတယ်ဘုရား)၊ ဒါဖြင့် ပဋိစ္စသမုပ္ပါဒ် သုံးမျိုး ထွက်မလာဘူးလား ထွက်လာသလား (ထွက်လာပါတယ်)၊ အဲဒီတော့ ပဋိစ္စသမုပ္ပါဒ် သုံးမျိုးမထွက်ချင်ရင် ခင်ဗျားတို့ ဘာလုပ်ရမလဲ ဒါ- တစ်တန်းတည်းဖြစ်အောင်လုပ် (အနိစ္စ ချည်းပဲ)၊ အကုန် အနိစ္စချည်းပဲ၊ သင်္ခတအနိစ္စချည်းပဲ၊ တစ်တန်းတည်း လုပ်ပစ်လိုက်။ ပေါ်လာတာကို သင်္ခတ အနိစ္စချည်း ပဲလို့ ရှုပစ်လိုက်၊ သဘောကျပြီလား (ကျပါတယ်) ပေါ်လာတဲ့တရားတိုင်း ဘာလုပ်မယ် (သင်္ခတ အနိစ္စပါဘုရား)၊ သင်္ခတ အနိစ္စ ရှုလိုက်။ ဒါဖြင့် သင်္ခတအနိစ္စ ရှုလိုက်တော့ အနိစ္စတစ်တန်းတည်း ဖြစ်မသွားဘူးလား၊ ဒါဖြင့် ဒီနောက်က ရှုတဲ့ဉာဏ်ကလည်း တစ်တန်းတည်းပဲ မမြင်ဘူးလား (မြင်ပါတယ်ဘုရား)။

ဒါလည်း သင်္ခတအနိစ္စလို့ မြင်တယ်၊ ဒါရော (သင်္ခတအနိစ္စလို့ မြင်ပါတယ်)၊ သင်္ခတအနိစ္စလို့ သူမြင်တော့ ဒီဉာဏ်သည် တစ်တန်းတည်းကို မြင်တဲ့ဉာဏ်။ သောမနဿ ဒေါမနဿ ဥပေက္ခာ မြင်တဲ့ဉာဏ် မဟုတ်ဘူး တဲ့။ တစ်တန်းတည်းမြင်တဲ့ဉာဏ် ဖြစ်သောကြောင့် ဝိပဿနာနုပေက္ခာဉာဏ် (ဝိပဿနုပေက္ခာဉာဏ်)၊ ဝိပဿနုပေက္ခာဉာဏ် လို့ ဆိုချင်ဆို။ ဋီကာကျော်ကတော့ သင်္ခါရုပေက္ခာဉာဏ်ကို ဆိုချပါတယ်။ တည့်လာတာပဲ၊ သဘောကျပြီလား (ကျပါပြီ)၊ ဒါဖြင့် ခင်ဗျားတို့ ဟိုဟာကို လိုက်ချင်လိုက်၊ မလိုက်ချင်လို့ရှိရင်ဖြင့် ပေါ်ရာကို သင်္ခတအနိစ္စရှုလိုက်၊ ရှင်းပြီလား (တင်ပါ)၊ သင်္ခတအနိစ္စလို့ ရှုလိုက်တဲ့အခါကျတော့ ဘာဖြစ်မတုံးဆိုရင် သင်္ခါရုပေက္ခာဉာဏ် ထိုးတက်တယ်၊ ဒါ ဉာဏ်တက်တဲ့နည်းပဲ၊ အောက်ဉာဏ်မပါဘဲနဲ့ တက်တာ (ဖြတ်လမ်းက တက်တာပါ)၊ ဖြတ်လမ်းက တက်တာ။ ဟုတ်ရော မဟုတ်ဘူးလား (ဟုတ်ပါတယ်)၊ ဟုတ်လည်း ဟုတ်တယ်ဘုရား။ ဉာဏ် ဒီလိုဆိုရင်ကွာ တဲ့၊ ဝိပဿနုပေက္ခာ ဆိုတာကို တစ်တန်းတည်းထားနိုင်သောကြောင့် ဒါ-ဝိပဿနာရှုတဲ့ဉာဏ်မို့ ဝိပဿနုပေက္ခာလို့ ဖြစ်တယ်၊ သူရင့်သွားရင် သင်္ခါရုပေက္ခာ ဖြစ်တယ်၊ မဂ်ထိရောက်သည့်ပြင် ဘာမှဖြစ်စရာမလိုဘူး၊ သင်္ခါရုပေက္ခာပြီးရင် တစ်ခါတည်း မဂ်လာ ရုံပဲ ရှိတယ် (တင်ပါ)၊ သဘောကျပလား (ကျပါတယ်ဘုရား)။

ဒါဖြင့် ဒီအတိုင်း ရှုမယ်ဆိုလို့ရှိရင် ကျုပ်တို့ကိစ္စ မပြီးဘူးလား (ပြီးပါတယ်)၊ ဣန္ဒြေလည်း မလုံဘူးလား။ လောဘ ဒေါသ မောဟ။ သောမနဿ ဝေဒနာ ပစ္စယာ တဏှာ၊ ဒေါမနဿ ဝေဒနာ ပစ္စယာ ဒေါသ၊ ဥပေက္ခာ ဝေဒနာ ပစ္စယာ မောဟလာသေးရဲ့လား (မလာတော့ပါ) ဒါဖြင့် ပဋိစ္စသမုပ္ပါဒ် ဟောဒီမှာ အစကပြတ်တယ်။ ဟောဒီ မှာ အဆုံးက ဖြတ်တယ်။ ဟောဒီမှာ အလယ်က ပြတ်တယ်။ မပြတ်ဘူးလား (ပြတ်ပါတယ်)၊ ဒါဖြင့် ဝိပဿနုပေက္ခာနဲ့ ရှုလည်း ရတယ်။ ဒါ အတိုချုပ်ထွင်ပေးလိုက်တာ။ ဒါဖြင့် သင်္ခတအနိစ္စ၊ သင်္ခတ အနိစ္စ၊ သင်္ခတ အနိစ္စ၊ သင်္ခတ မနေ့ ကတောင် သင်လိုက်သေးတယ်။ အနိစ္စပဲ ရှုပါတော့လို့။ သဘောကျပလား (ကျပါပြီ)၊ ရှုလိုက်တော့ ဝေဒနာကြောင့် အထူးဖြစ်သေးသလား။ ဝေဒနာပျောက်သွားတယ် (ပျောက်သွားပါတယ် ဘုရား)။

ဝိပဿနုပေက္ခာဉာဏ်

ဝေဒနာလည်း ပျောက်တယ်၊ စိတ်ရော (စိတ်လည်းပျောက်ပါတယ်)၊ ဝေဒနာလည်းပျောက်၊ စိတ်လည်း ပျောက်။ ပေါ်တာတွေကို သင်္ခတအနိစ္စလို့ ရှုချ၊ ရှုချတော့ ဒီဟာ တစ်ပြေးတည်း၊ တစ်တန်းတည်း သင်္ခတအနိစ္စ ဖြစ်ရမယ်။ ဒါဖြင့် အနိစ္စချည်း မြင်တဲ့ဉာဏ်ဆိုတော့ အနိစ္စတစ်တန်းလုံး မြင်တဲ့ဉာဏ်ဆိုတော့ အသိတန်းတူထားပြီး မြင်သော ဉာဏ်ဖြစ်သောကြောင့် နောက်ကရှုတဲ့ဉာဏ်ရော ဝိပဿနုပေက္ခာဉာဏ် သင်္ခါရုပေက္ခာဉာဏ် (တင်ပါ)၊ ဒီကနေပြီး ရှုသာသွား၊ ထိုးတက်သွားလိမ့်မယ်၊ မဂ်ဉာဏ်ကို ကူးသွားလိမ့်မယ်။ သို့သော် ဒါက ဒီလိုလည်း ရှုဖြစ်သေးတယ်လို့ ဘုရားက ဟောလိုက်တယ်။ သဘောပါပလား (ပါပါတယ်)၊ ဟိုဉာဏ်သုံးဆင့်နဲ့ တက်ပြီးတော့ နောက်ရင့်လာလို့ရှိရင် ဒီဉာဏ်တစ်လုံးတည်းနဲ့ တက်ပေးရင် ရတယ်၊ ပေါ်ပြီနော်။

ကဲ ယနေ့ ဒီတွင် တော်ကြဦးစို့။

သာဓု သာဓု သာဓု။