သုတဝါနှင့် အဿုတဝါ ကွာခြားပုံတရားတော်
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
အမရပူရမြို့၊ မင်္ဂလာရိပ်သာဓမ္မာရုံကြီးပေါ်တွင်
ဟောကြားဆုံးမတော်မူသော
သုတဝါနှင့် အဿုတဝါ ကွာခြားပုံတရားတော်
(၂၄-၁၁-၆၀)
ပဋိစ္စသမုပ္ပါဒ်ပြတ်ဖို့
တရားနာတယ် တရားအားထုတ်တယ်ဆိုတာ ဘာလုပ်ဖို့လဲ မေးလာလို့ရှိရင်ဖြင့် ပဋိစ္စသမုပ္ပါဒ်ပြတ်ဖို့ဆိုတာ အဓိကအချက်ပါ။ တရားနာတယ်။ နာပြီး အားထုတ်တယ်၊ အားထုတ်တာ ဒီဉာဏ်နဲ့အားထုတ်တယ်။ ဒီကဲ့သို့ အားထုတ်ခြင်းကြောင့် ဘာကျေးဇူးများသလဲဆိုတော့ ဒီဉာဏ်နဲ့အားထုတ်ရင် ပဋိစ္စသမုပ္ပါဒ်ပြတ်တာ ကျေးဇူးများတယ်လို့ အောက်မေ့လိုက်ပါ။
သာမညအနေနဲ့ ဖြေလို့ရှိရင် ကုသိုလ်ရတယ်။ ကိုထွန်းရင် မဟုတ်ဘူးလား (ဟုတ်ပါတယ်ဘုရား)၊ ကုသိုလ်ရရုံနဲ့ ဘာလုပ်ဖို့လဲ၊ ပဋိစ္စသမုပ္ပါဒ် သံသရာပြတ်တယ် ၊ ဒါ-လိုရင်းအချက်ပဲလို့ အောက်မေ့ပါ။ တရားနာတာ တရားအား ထုတ်တာက ဘယ်အကျိုးငှာလဲဆိုရင် ရှေးပြောရိုးထုံးစံရှိတယ်။ အို ကုသိုလ်ရဖို့ပေါ့ကွာ။ ကုသိုလ်လုပ်တာဟာ ဒီ့ပြင်ဟာလုပ်လည်း ကုသိုလ်ရတာပဲ။ ဘာထူးသလဲ ၊ ဒီ့ပြင် ကုသိုလ်နဲ့ မတူဘူး။ တရားအားထုတ်တာက ဒီ့ပြင် ကုသိုလ်က ပဋိစ္စသမုပ္ပါဒ် ဆက်တယ်။ ဒီတရားနာအားထုတ်တဲ့ ဉာဏ်ဦးစီးတဲ့ကုသိုလ်က ပဋိစ္စသမုပ္ပါဒ် ပြတ်တယ်။
ဒါကြောင့် တရားအားထုတ်မှုသည် ပဋိစ္စသမုပ္ပါဒ် ပြတ်တယ် ဆိုတာဘာလဲ။ အနာဂတ် အကြောင်းပြတ်၍ အနာဂတ်အကျိုးပြတ်တယ်။ သဘောပါကြရဲ့လား။ ကောင်းပြီ၊ တရားနာ တရားအားထုတ်တဲ့ပုဂ္ဂိုလ်များဟာ ဘာအကျိုးရှိသလဲ။ ပဋိစ္စသမုပ္ပါဒ် ပြတ်တယ်။ ပဋိစ္စသမုပ္ပါဒ် ဘယ်နှစ်ခုပြတ်သလဲ။ အနာဂတ် အကြောင်းပြတ်၍ အနာဂတ် အကျိုးပြတ်တယ်။ နှစ်ခုပြတ်တယ်။ အဲဒါ သူ့အရသာပဲ ဒါမှတ်ထားပါ။
ခန္ဓာကြည့်တာချင်း အတူတူ ဘာထူးသလဲ
ပဋိစ္စသမုပ္ပါဒ်အလုပ် အားထုတ်တဲ့ပုဂ္ဂိုလ်လည်း ခန္ဓာကြည့်ရတာပဲ။ ပဋိစ္စသမုပ္ပါဒ်အလုပ် အားမထုတ်တဲ့ပုဂ္ဂိုလ် လည်း ခန္ဓာကြည့်ရတာပဲ။ ခန္ဓာကြည့်တာချင်း အတူတူ ဘာထူးသလဲ။ တရားအလုပ် အားထုတ်တဲ့လူ ကြည့်တာက ခန္ဓာသဘော အဖြစ်အပျက်ကြည့်တာ။ တရားအားမထုတ်တဲ့လူ ကြည့်တာက မိမိခန္ဓာ၊ သားသမီးခန္ဓာ၊ ဆွေမျိုးခန္ဓာ သုတဝါ အရိယသာဝကောနဲ့ အဿုတဝါ ပုထုဇ္ဇနော ကွာတယ်။ ဒါ မှတ်ထားဦး။ သုတဝါ အရိယာသာဝကောတစ်မျိုး။ အဿုတဝါ ပုထုဇ္ဇနော တစ်မျိုး။ ကောင်းပြီ၊ ခန္ဓာကြည့်တာချင်း အတူတူပဲ။
တရားအားမထုတ်တဲ့လူကလည်း ခန္ဓာကြည့်ပြီး ကျွေးဖို့ မွေးဖို့ ဆင်ဖို့ ပြင်ဖို့ စိုးရိမ်ကြောင့်ကြကာ ခန္ဓာကိုယ် ချစ်ခင်နေတယ်။ တရားအားထုတ်တဲ့လူကလည်း ခန္ဓာကြည့်ပြီး ခန္ဓာအဖြစ်အပျက် မြင်နေတယ်။
တရားအားမထုတ်တဲ့ပုဂ္ဂိုလ်တို့က ခန္ဓာတော့ ကြည့်တာပဲ။ အဲဒါက အဿုတဝါ ပုထုဇ္ဇနော၊ တရားအားထုတ်တဲ့ ပုဂ္ဂိုလ်တို့ ခန္ဓာကြည့်တာက သူကတော့ ကြည့်တော့ ကြည့်တာပဲ။ သုတဝါ အရိယာသာဝကော ၊ အရိယာသာဝကော ဆိုတော့ အရိယသာဝက မျက်လုံးတပ်ကြည့်တယ်။ ဟိုက ပုထုဇဉ်မျက်လုံး တပ်ကြည့်တယ်။ မခြားနားဘူးလား (ခြားနားပါတယ်) ပုထုဇဉ်မျက်လုံး တပ်ကြည့်တော့ တစ်မျိုးမြင်ရတယ်။ အရိယာတို့၏ တပည့်သားဖြစ်တဲ့ မျက်လုံး တပ်ကြည့်တော့ တစ်မျိုးမြင်ရတယ်။ မြင်ပုံချင်း တစ်မျိုးစီ။ ခန္ဓာကြည့်တာကတော့ (အတူတူပါဘုရား)။ မြင်ပုံချင်း ခြားနားတယ် (မှန်ပါ)၊ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ်)။
အရိပ်သုံးခု ထွက်တယ်
အဲဒါကြောင့် အရှင်ပုဏ္ဏက ဟောလိုက်တယ်။ ဒါ-ခန္ဓာငါးပါးကွာ တဲ့။ ဟောဒီက ပုထုဇဉ်ကွာ တဲ့၊ ပုထုဇဉ်မျက်လုံးနဲ့ ကိုယ့်ခန္ဓာငါးပါးကို ကြည့်ကြည့်၊ သားသမီးခန္ဓာငါးပါးကိုကြည့်ကြည့်၊ ဒါ ပုထုဇဉ်မျက်လုံးနော်၊ ပုထုဇဉ်မျက်လုံးနဲ့ ခန္ဓာငါးပါးကို ကြည့်လိုက်တဲ့အခါကျလို့ရှိရင် တဏှာ, မာန, ဒိဋ္ဌိအရိပ် ထွက်လာတယ်ကွ။ သုံးခုထွက်တယ်။ တဏှာ, မာန, ဒိဋ္ဌိ အရိပ်သုံးခု ထွက်တယ်။ ဘာမျက်လုံးနဲ့ကြည့်လို့ပါလိမ့် (ပုထုဇဉ်မျက်လုံးနဲ့ ကြည့်လို့ပါ)။
ဟင်း ပုထုဇဉ်မျက်လုံးနဲ့ တပ်ကြည့်လို့ (ပုထုဇဉ်မျက်လုံးနဲ့ ကြည့်လို့ပါဘုရား)၊ ပုထုဇဉ်မျက်လုံးနဲ့ မိမိခန္ဓာ ကြည့်ကြည့်၊ သူတစ်ပါးခန္ဓာကြည့်ကြည့် ကြည့်လိုက်လို့ရှိရင် တဏှာ မာန ဒိဋ္ဌိတည်းဟူသော အရိပ်တွေ ထွက်လာတယ်။ သဘောပါရဲ့လား။ မိမိပုထုဇဉ်မျက်လုံးနဲ့ မိမိခန္ဓာ ကြည့်ခဲ့သော် ၊ သားသမီးခန္ဓာ ကြည့်ခဲ့သော် ၊ ခင်ပွန်းမ ခန္ဓာကြည့်ခဲ့သော် ဘာအရိပ်တွေ ထွက်လာသတုံးလို့ မေးလို့ရှိရင် တဏှာ, မာန, ဒိဋ္ဌိ အရိပ်သုံးခု ထွက်လာတယ်။ ဒါ-ပုထုဇဉ်၊ ဒါက မိမိခန္ဓာ၊ မိမိခန္ဓာ ကြည့်လိုက်တဲ့အခါကျတော့ ငါလုပ်နိုင်ပါသေးရဲ့။ ထွက်မလာဘူးလား (ထွက်လာပါ တယ်ဘုရား)။
ငါ ဘယ်သူ့ လူထင်စရာရှိသေးသတုံး ကွ။ ပခုံးနှစ်ဖက်ကြားက အင်း ခေါင်းပေါက်တာပဲဆိုတဲ့ မာနရိပ်တွေလည်း ထွက်လာတယ်။ ကိုယ့်ကိုယ်တော့ ကိုယ်ခင်ရလိမ့်မယ်ကွ။ တဏှာရိပ်ရော မထွက်ဘူးလား (တင်ပါ)၊ ဒါဖြင့် ပုထုဇဉ်မျက်လုံး တပ်ကြည့်လို့ရှိရင် ကိုယ့်ခန္ဓာကို ပုထုဇဉ်မျက်လုံးတပ်ကြည့်ရင် ဘာအရိပ်သုံးခု ထွက်သတုံး မေးလို့ရှိရင် ဘယ့်နှယ်ပြောကြမလဲ (တဏှာ၊ မာန၊ ဒိဋ္ဌိ)၊ တဏှာ, မာန, ဒိဋ္ဌိ အရိပ်သုံးခု ထွက်တယ်။
ဒါ အဿုတဝါ ပုထုဇ္ဇနောလို့ မှတ်ပါ။ အဿုတဝါ = အကြားအမြင် မရှိသော။ ပုထုဇ္ဇနော = ပုထုဇဉ်ပုဂ္ဂိုလ်။ ဒါဖြင့် အကြားအမြင် မရှိဘဲ ပုထုဇဉ်မျက်လုံးနဲ့ မိမိခန္ဓာကြည့်ကြည့်၊ သားသမီးခန္ဓာကြည့်ကြည့်၊ ခင်ပွန်းမခန္ဓာ ကြည့်ကြည့်၊ တဏှာ, မာန, ဒိဋ္ဌိထွက်မယ်ကွ။ ရှင်းပလား (တင်ပါ)၊ တဏှာ မာနဒိဋ္ဌိချည်းထွက်လာတော့ တဏှာ ဥပါဒါန် ကံ ဇာတိ ဇရာ မရဏဆိုတဲ့ သံသရာကြီးဟာ ရှည်မသွားပေဘူးလား၊ သွားမလား (ရှည်သွားပါတယ်ဘုရား)။
ပုထုဇဉ်မျက်လုံး တပ်ကြည့်လို့
ဘယ်မျက်လုံး တပ်ကြည့်လို့ ဒါလောက်ရှည်သွားပါလိမ့် (ပုထုဇဉ်မျက်လုံး တပ်ကြည့်လို့ပါဘုရား)၊ အဿုတဝါ ပုထုဇ္ဇနော (မှန်ပါ)၊ အကြားအမြင်မရှိတဲ့ ပုထုဇဉ်မျက်လုံး တပ်ကြည့်လိုက်တာ တစ်ခါတည်း တဏှာ ဥပါဒါန် ကံ ဇာတိ ဇရာ မရဏ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ အဝိဇ္ဇာ၊ အဝိဇ္ဇာပစ္စယာ သင်္ခါရာ၊ ဒီဘက်ဖောက်ပြီးသကာလ နေ့တိုင်း ပြသလိုပဲ ထွက်လာတယ်။ ဒါ ဘာမျက်လုံး တပ်ကြည့်တယ်ဆိုတာ သိကြပြီလား (အဿုတဝါ ပုထုဇ္ဇနော)။
အဿုတဝါ ပုထုဇ္ဇနော၊ အဿုတဝါ=အကြားအမြင် မရှိသော ပုထုဇ္ဇနော=ပုထုဇဉ်တို့၏ မျက်လုံး တပ်ကြည့်လိုက် လို့ရှိရင် ကိုယ့်ခန္ဓာကိုကြည့်ကြည့်၊ သူတစ်ပါးခန္ဓာကို ကြည့်ကြည့် ကြည့်ချင်တဲ့ခန္ဓာကို ကြည့်၊ တဏှာ မာန ဒိဋ္ဌိတည်း ဟူသော သံသရာချဲ့ထွင်တတ်တဲ့ ရေသောက်မြစ်အစ ပေါ်လာပြီး တဏှာ၊ တဏှာ ဥပါဒါန် မာနဥပါဒါန် ဒိဋ္ဌိဥပါဒါန် မလာပေဘူးလား (လာပါတယ်ဘုရား)။
လာလို့ရှိရင် သံသရာ ပြတ်သေးရဲ့လား (မပြတ်ပါ)၊ သံသရာ မပြတ်တော့ကို ဒါ ဘာမျက်လုံးတပ်ကြည့်လိုက်လို့ ဤကဲ့သို့ သံသရာကြီး လည်ရပါလိမ့်မတုံးလို့ ကိုထွန်းရင် မေးလို့ရှိရင် ဘယ့်နှယ်ဖြေပါ့မယ် (ပုထုဇဉ်မျက်လုံး တပ်ကြည့် လို့ပါ)၊ ကြည့်တော့ ခန္ဓာကြည့်တာပဲ၊ ကြည့်တော့ ခန္ဓာကြည့်တာပဲ၊ ဒါ ရှင်းသွားပြီလား။ ဦးသံဒိုင်ရော ရှင်းပြီလား (ရှင်းပါတယ်ဘုရား)။
ခင်ဗျားတို့ ဘုန်းကြီးပြောတဲ့ အရိယာတို့၏ “အရိယသာဝကော” အရိယာတပည့်သားများ၏သာဝက မျက်လုံးကို တပ်မကြည့်သရွေ့ ကာလပတ်လုံး ဒီသံသရာကြီးဟာ ဒီလိုပဲ ဝိုင်းနေမှာပဲ။ မဝိုင်းပေဘူးလား ဝိုင်းမလား (ဝိုင်း ပါတယ်)၊ ဝိုင်းရမယ်။
ဒါဖြင့် ခင်ဗျားတို့ ကြည့်နည်း မသင်လို့ရှိရင် တော်ပါ့မလား (မတော်ပါဘုရား)၊ မတော်ဘူး။ ခင်ဗျားတို့ ပါ လာတာ အဿုတဝါ ပုထုဇ္ဇနော မျက်လုံးသာ ပါလာတယ် (မှန်ပါ)၊ အဿုတဝါ ပုထုဇ္ဇနော မျက်လုံးက ပါလာပြီး သကာလ နေသောကြောင့် သံသရာကို ကျယ်စေ ပွားစေ နစ်စေ မြုပ်စေ လုံးစေ ဝိုင်းစေဆိုတဲ့မျက်လုံးသာပါတယ်။ ရှင်းပြီးလား (တင်ပါဘုရား)။
မှန်ထဲမှာ အရိပ်ပေါ်လာတယ်
ကောင်းပြီ ဒါဖြင့် ဒါကြောင့် အရှင်ပုဏ္ဏက ဟောတယ်၊ အဝတ် အဖြီး အလိမ်း၊ အဝတ်အဆင်ကို ဆင်ပြင် လိုသောပုဂ္ဂိုလ်သည် မှန်ကြည့်တယ်ကွာ တဲ့။ မှန်ကြည့်တတ်တယ်။ ဆင်ပြင်တဲ့အခါမှာ မှန်မကြည့်ကြဘူးလား (ကြည့်ကြပါတယ်ဘုရား)၊ မှန်ကြည့်လိုက်တော့ကို မှန်ထဲမှာ အရိပ်ပေါ်လာတယ်၊ ဟင်း ငါ အချိုးကျသားပဲ၊ ဒီလို ဖြီးလိမ်းထားတာ ပြေပြစ်သားပဲ ဆိုပြီး သကာလ၊ အင်း တဏှာ မာန ဒိဋ္ဌိတွေက ထွက်လာတယ်။ ငါ အချိုးကျသား၊ ငါ ပြုပြင်ထားတာ နေရာကျသားပဲ၊ ငါ-လူထဲဝင်နိုင်ပါသေးတယ်။ မလာဘူးလား (မှန်ပါ)။
မှန်ကြည့်လိုက်တဲ့အခါကျတော့ ပုထုဇဉ်မျက်လုံးတပ်ပြီး မှန်ကြည့်လိုက်တဲ့အခါကျတော့ တဏှာ မာန ဒိဋ္ဌိတွေ ထွက်လာတယ်။ ကိုင်း ဒါတွေဟာ သံသရာမှာ ဒီလိုချည်း မှန်ကြည့်လွဲခဲ့လို့ တဏှာ မာန ဒိဋ္ဌိတည်းဟူသော တရားတွေဟာ သံသရာ ချဲ့ထွင်ပွားများအောင် လုပ်ပြီးသကာလ လုံးအောင်၊ ဝဋ်လည်အောင်၊ ဘဝအမျိုးမျိုး ကျင်လည် ရအောင် ဒီလိုချည်းပဲ လုပ်ခဲ့တယ်။ အဲဓါ အကြည့်လွဲမှုချည်း လို့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက မှတ်ဖို့ (တင် ပါဘုရား)၊ အဿုတဝါ ပုထုဇ္ဇနော မျက်လုံးနဲ့ တပ်ကြည့်လို့ ဖြစ်ရတဲ့အဖြစ်လို့ မဆိုနိုင်ဘူးလား။ အဿုတဝါ ပုထုဇ္ဇနော လို့ (တင်ပါ)၊ ရှင်းပြီနော် (တင်ပါဘုရား)။
ခန္ဓာကိုယ်ကြီးက မှန်နဲ့တူတယ်
အဲဒီတော့ ဟောဒါကြီးက ခန္ဓာကိုယ်ကြီးက မှန်နဲ့တူတယ်၊ အကြားအမြင်မရှိတဲ့ပုဂ္ဂိုလ်က ပုထုဇဉ်နဲ့တူတယ်။ ပုထုဇဉ်သည် ခန္ဓာကိုယ်တည်းဟူသော မဟာဘုတ်တည်း ဟူသော အကြည်ဓာတ်မှန်ကို ပုထုဇဉ်မျက်လုံးသာ တပ်ကြည့် မယ်ဆိုရင် ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာ ထွက်ရမယ် (မှန်ပါ)၊ မထွက်ပါနဲ့ဆိုလို့ ရပါ့မလား (မရပါ)၊ မရဘူး။
ပုထုဇဉ်မျက်လုံးနဲ့ ခန္ဓာကိုယ် မှန်ကြီးကိုကြည့်။ ခန္ဓာကိုယ်ဟာ မှန်နဲ့တူတယ်။ ခန္ဓာကိုယ်မှန်ကြီးကို ပုထုဇဉ်မျက်လုံး တပ်ပြီးသကာလ ကြည့်လိုက်လို့ရှိရင်ဖြင့် ငါနေရာကျသားပဲ။ ငါချောသားပဲ။ ငါ ဘယ်သူ့မှ လူထင်စရာမလိုဘူး။ ငါ ဘယ်သူ့လက်အောက်မှ မကျသေးပါဘူး။ မလာဘူးလား လာ မလား (လာပါတယ်ဘုရား)၊ ဒါ- ဘာမျက်လုံးတပ်ကြည့် လို့လဲ (ပုထုဇဉ်မျက်လုံး)၊ ပုထုဇဉ်မျက်လုံး၊ အကြားအမြင်မရှိတဲ့ ပုထုဇဉ်မျက်လုံး။ ရှင်းပြီလား (တင်ပါဘုရား)။
အရိယာသာဝကတို့၏မျက်လုံး
ဒါဖြင့် ကျုပ်တို့ ပြန်ကြစို့ရဲ့။ သုတဝါ အရိယသာဝကောလို့ ထည့်လိုက်နော် (တင်ပါ)၊ သုတဝါ = အကြားအမြင် ရှိသော၊ အရိယ သာဝကော = အရိယာသာဝကတို့၏မျက်လုံး တပ်ကြည့်တယ် (တင်ပါ)၊ တပ်ကြည့်လိုက်တဲ့အခါကျ တော့ ဒါ – ဘုန်းကြီးက ကိုထွန်းရင်ရေ၊ ဦးသံဒိုင်ရေ ခန္ဓာကိုယ်ထဲမှာ ကြည့်စမ်းပါ။ ဝေဒနာကလေးတွေ ပေါ်တာ ကြည့်စမ်းပါ၊ စိတ်ကလေးတွေ ပေါ်တာလည်း ကြည့်စမ်းပါဆိုတော့ ခန္ဓာထဲ ကြည့်ခိုင်းတာပါပဲ။ ကျုပ်တို့က (တင်ပါ ဘုရား)၊ ခန္ဓာပဲကြည့်ခိုင်းတာပါပဲ၊ ခန္ဓာကိုယ်ကို ကြည့်ခိုင်းတဲ့အခါကျတော့ အနိစ္စ ဒုက္ခ အနတ္တ ဆိုတဲ့ အရိပ်ထွက်တယ် (တင်ပါဘုရား)၊ မထွက်ဘူးလား (ထွက်ပါတယ်)။
ခုနကလို ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာ ဆိုတဲ့ တဏှာ မာနဒိဋ္ဌိ အရိပ် ထွက်သေးရဲ့လား (မထွက်ပါ)၊ ဒါ သုတဝါ အရိယသာဝကော မျက်လုံးတပ်ကြည့်လို့၊ သုတဝါ – အကြားအမြင်ရှိသော၊ အရိယသာဝကော – အရိယသာဝကသည် (ဝါ) အရိယာသာဝက၏ မျက်လုံးတပ်ကြည့်ပြန်တော့လည်း အနိစ္စ၊ ဒုက္ခ၊ အနတ္တ အရိပ်ထွက်တယ်၊ ရှင်းပြီလား (တင်ပါဘုရား)။
ဒုက္ခသစ္စာအရိပ်တွေပဲ ထွက်တယ်
ဒါဖြင့် တဏှာ၊ မာန၊ ဒိဋ္ဌိ၊ ခုနတုန်းက အဿုတဝါ ပုထုဇ္ဇနော မျက်လုံးနဲ့ ခန္ဓာကြည့်လိုက်တဲ့အခါကျတော့ တဏှာ မာန ဒိဋ္ဌိ ဟူသော ပပဉ္စတွေ ထွက်လာတယ်၊ သုတဝါ အရိယသာဝကော ဆိုတော့ အခုလို တရားနာပြီးမှ ခန္ဓာကိုယ်ကို စိုက်ပြီးကြည့်လိုက်တဲ့အခါကျတော့ဖြင့် ကောင်းတဲ့နေရာကိုကြည့်၊ အလတ်စားနေရာကြည့်၊ ဘယ်နေရာ ကြည့်ကြည့် ဖြစ်ပျက်ကလေးတွေချည်းပဲ တွေ့တယ်။ အနိစ္စကလေးတွေချည်းပဲ တွေ့တယ်။ ဒီလို တွေ့လာလို့ရှိရင်ဖြင့် ဪ-သုတဝါ အရိယသာဝကော မျက်လုံးတပ်ကြည့်လိုက်တော့လည်း အနိစ္စအရိပ်တွေ၊ ဒုက္ခအရိပ်တွေ၊ အနတ္တအရိပ် တွေ၊ ဒုက္ခသစ္စာအရိပ်တွေပဲ ထွက်တယ်လို့ မှတ်လိုက်ပါ (တင်ပါဘုရား) ကြည့်ပုံချင်း မကွာဘူးလား (ကွာပါတယ်ဘုရား) ရှင်းကြပြီလား (ရှင်းပါပြီ)။
ကြည့်ပုံချင်း မကွာဘူးလား (ကွာပါတယ်) ခုနတုန်းကတော့ တဏှာ မာန ဒိဋ္ဌိ ထွက်တယ်။ အခုတော့ အနိစ္စ ဒုက္ခ အနတ္တ ထွက်တယ်၊ ဘာကွာသွားတာတုံးလို့ မေးလို့ရှိရင် အကြားအမြင်ရှိတဲ့ပုဂ္ဂိုလ်၏မျက်လုံးနဲ့ အကြားအမြင် မရှိတဲ့ပုဂ္ဂိုလ်၏မျက်လုံး ကွာတာ ခြားနားတာ၊ အကြားအမြင်ရှိတဲ့ပုဂ္ဂိုလ်၏မျက်လုံးနဲ့ ကြည့်လိုက်တဲ့အခါကျတော့ ဒီခန္ဓာပဲ ကြည့်လိုက်၊ ခန္ဓာတည်းဟူသော မှန်ပဲကြည့်လိုက်၊ အနိစ္စ ဒုက္ခ အနတ္တဆိုတဲ့ အရိပ်တွေ ပေါ်လာတယ် (မှန်ပါဘုရား) မထွက်ဘူးလား (ထွက်ပါတယ်)။
အကြားအမြင် မရှိတုန်းကတော့ ဒီခန္ဓာတည်းဟူသော မှန်ကြီး ကြည့်လိုက်တဲ့အခါကျတော့ ငါနေရာကျသားပဲ၊ ငါ ဘယ်သူ့မှ လူထင်စရာမလိုဘူး ၊ ငါ့ကိုယ်ငါ ခင်စရာ မင်စရာ ရှိပါသေးတယ်ဆိုတဲ့ တဏှာ မာန ဒိဋ္ဌိတွေ မလာပေဘူးလား (လာပါတယ်ဘုရား)။
ဒီခန္ဓာတွေဟာ နှစ်ဖက်သွားလို့ မှတ်ရလိမ့်မယ်
ကောင်းပြီ၊ ဒါဖြင့် ဒီတဏှာ မာန ဒိဋ္ဌိဟာဖြင့် ဒီခန္ဓာကြောင့်ဖြစ်တာ (တင်ပါဘုရား)၊ ဒီခန္ဓာကြောင့်ပဲ အနိစ္စ ဒုက္ခ အနတ္တဆိုတဲ့ လက္ခဏာတွေလည်း ပေါ်လာတယ်။ ဒါဖြင့် ဒီခန္ဓာတွေဟာ နှစ်ဖက်သွားလို့ မှတ်ရလိမ့်မယ် (မှန်ပါဘုရား)၊ နှစ်ဖက်သွားလို့ မှတ်ရလိမ့်မယ်။ အပါယ်သွားချင်လည်း ဒီခန္ဓာကြောင့်ပဲ။ နိဗ္ဗာန်သွားချင်ရင်လည်း ဒီခန္ဓာ ကျေးဇူးပြုချက်ကြောင့်ပဲ သွားရလိမ့်မယ် (တင်ပါဘုရား)။
ဒါ-မဆိုင်နိုင်ဘူးလား (ဆိုနိုင်ပါတယ်)၊ ဒါဖြင့် ကျုပ်တို့ ခင်ဗျားတို့ တရားနာတယ် ဆိုတာ အကြည့်မှန်ဖို့ သင်ကြတာပါပဲ။ သဘောပါပြီလား (ပါပါတယ်ဘုရား)၊ အကြည့်မှန်ဖို့ သင်ကြတာပါပဲ။ ဒီအကြည့်မှန်ဖို့ ဆိုတာကလည်း ဘုရားတစ်ဆူ တစ်ဆူပေါ်မှ, သစ္စာတရားဟောနိုင်တဲ့ ဆရာသမားနဲ့ တွေ့ကြုံဦးမှ (တင်ပါဘုရား)။
ထောင်နိုင်တဲ့နားကလေးကလည်း ရှိဦးမှ၊ ဒါ-ကြည့်မှသာလျှင် အနိစ္စရုပ် ဒုက္ခရုပ် အနတ္တရုပ်။ ခန္ဓာကြည့်မှသာ လျှင် ခန္ဓာထဲမှာ ဝေဒနာ ကြည့်လိုက်လည်း အနိစ္စပဲ တွေ့တယ်။ စိတ်ကြည့်လိုက်လည်း အနိစ္စပဲတွေ့တယ်။ ကျန်တဲ့ ဘယ်နေရာကို ကြည့်ကြည့် အနိစ္စ ဒုက္ခ အနတ္တတွေပဲ တွေ့တယ်ဆိုတော့ ဒီက ပုထုဇဉ်က ပကတိမျက်လုံးနဲ့ကြည့်ရင် တဏှာ မာန ဒိဋ္ဌိပဲ ထွက်ပါတယ်လို့ မှတ်ပါ။ ဉာဏ်မျက်လုံးနဲ့ ကြည့်လိုက်တဲ့အခါ အနိစ္စ ဒုက္ခ အနတ္တအရိပ်တွေ ထွက်လာတယ်လို့ မှတ်ပါ (တင်ပါဘုရား)။ ရှင်းပြီလား (ရှင်းပါပြီဘုရား)။
အနိစ္စ ဒုက္ခ အနတ္တ အရိပ်တွေ ထွက်လာတယ်
ပုထုဇဉ်မျက်လုံးနဲ့ တပ်ကြည့်လိုက်လို့ရှိရင် ပုထုဇဉ်မျက်လုံးနဲ့ ခန္ဓာကိုယ်မှန်ကြီး ကြည့်လိုက်လို့ရှိရင် တဏှာ မာန ဒိဋ္ဌိအရိပ်တွေ ထွက်တယ် (မှန်ပါဘုရား)၊ သုတဝါ အရိယ သာဝကောဆိုသဖြင့် အကြားအမြင်များသော ပုဂ္ဂိုလ်၏ထံမှာ နည်းယူပြီးသကာလ ဒီခန္ဓာ ကြည့်လိုက်လို့ရှိရင် ခန္ဓာမှန်ကြီး ကြည့်ပါ၊ ကိုထွန်း (မှန်ပါ)၊ အနိစ္စ ဒုက္ခ အနတ္တ အရိပ်တွေ ထွက်လာတယ်။ မထွက်ဘူးလား (တင်ပါဘုရား)၊ အဲဒီတော့ အနိစ္စ ဒုက္ခ အနတ္တ အရိပ်တွေ ထွက် လာတော့ ဒီအမြင်သည် အနိစ္စ ဒုက္ခ အနတ္တ အရိပ်တွေပါကလား ဒါ- အနိစ္စတွေပါလား ၊ ဒါ- ဒုက္ခတွေပါလား၊ ဒါ- အနတ္တတွေပါလား။ တစ်ခါလာ ဒီသုံးခုပဲ ရှိပါကလားဆိုပြီး ဉာဏ်နဲ့မြင်လာသောကြောင့် တဏှာ မာန ဒိဋ္ဌိနေရာမှာ အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာတွေ လာပေါ်တယ် (တင်ပါဘုရား)၊ မပေါ်ဘူးလား (ပေါ်ပါတယ်)။
ပေါ်လာတဲ့အခါကျတော့ ဒီဘက်မှာ တဏှာ မာန ဒိဋ္ဌိက နောက်က မချုပ်ရဘူးလား (ချုပ်ပါတယ်)၊ ချုပ်တယ်။ ဒါဖြင့် အရိယာ မျက်လုံးတပ်ကြည့်ရင် သံသရာပြတ်တယ်။ ပုထုဇဉ်မျက်လုံး တပ်ကြည့်လိုက်ရင်ဖြင့် တဏှာ ဥပါဒါန် ကံ ဇာတိ ဇရာ မရဏကို ဆက်သွားတယ်။ မဆက်ဘူးလား (ဆက်ပါတယ်)၊ ဒါ-ဘာကွာသွားသတုံးလို့ မေးတော့ ခန္ဓာကြည့်တာချင်းတော့ အတူတူပဲ၊ မျက်လုံးကွာသွားတာ (မျကလုံးကွာပါတယ်ဘုရား)။
မျက်လုံးကွာသွားတာ
ခန္ဓာကြည့်တာချင်းတော့ (အတူတူပါပဲ)၊ မျက်လုံးက (ကွာပါတယ်) အဿုတဝါပုထုဇ္ဇနော ဆိုတော့ အကြား အမြင်မရှိတဲ့ ပုထုဇဉ်မျက်လုံးနဲ့ ကြည့်ရင် တဏှာ မာန ဒိဋ္ဌိလာတယ် (လာပါတယ်ဘုရား)၊ သုတဝါ အရိယသာဝကော ဆိုလို့ရှိရင်ဖြင့် အားလုံးမှတ်ဖို့ရာက တဏှာ, မာန, ဒိဋ္ဌိ မလာဘဲနဲ့ အနိစ္စ ဒုက္ခ အနတ္တ အရိပ်တွေ ပေါ်လာတယ် (တင်ပါဘုရား)၊ မပေါ်ဘူးလား (ပေါ်ပါတယ်)၊ ရှင်းရဲ့လား။
မှန်တစ်ချပ်တည်း ကြည့်တဲ့လူလည်း တစ်ယောက် တည်းပဲ ၊ မှန်လည်း တစ်ချပ်တည်း၊ ဒီခန္ဓာငါးပါး ကြည့်တဲ့လူကတော့ ပုထုဇဉ်မျက်လုံး တပ်ကြည့်ရင်တစ်မျိုး။ အရိယာမျက်လုံး တပ်ကြည့်ရင် (တစ်မျိုးပါ)၊ တစ်မျိုး။ ပုထုဇဉ်မျက်လုံးတပ်ကြည့်လို့ရှိရင် ဒီခန္ဓာငါးပါးမှာ တဏှာ မာန ဒိဋ္ဌိလာတယ်။ မလာဘူးလား (လာပါတယ်)၊ အရိယာမျက်လုံး ဆရာသမားပေးတဲ့ အရိယာမျက်လုံးကို တပ်ကြည့် လိုက်တဲ့အခါမှာ အနိစ္စ ဒုက္ခ အနတ္တ အရိပ်တွေ ထွက်လာတယ်။ မထူးခြားဘူးလား (ထူးခြားပါတယ်)၊ အဲဒီတော့ကို အနိစ္စ ဒုက္ခ အနတ္တ ထွက်လာတဲ့အရိယာမျက်လုံးဆိုရင်ဖြင့် အရိယာမျက်လုံးဟာ အရိယာမဂ်ပဲ။ သမ္မာဒိဋ္ဌိမဂ္ဂင်ဖြစ်မယ် (တင်ပါဘုရား)၊ သမ္မာဒိဋ္ဌိမဂ္ဂင်ဖြစ်တော့ “ကိလေသာ မာရေန္တော” ဆိုတဲ့အတိုင်း ကိလေသာသတ်တယ် (တင်ပါဘုရား)။
နောက်ကလာမယ့် တဏှာ၊ ဥပါဒါန်၊ ကံတွေ ဘယ့်နှယ်နေသလဲ (မပေါ်တော့ပါဘုရား)၊ မပေါ်တော့ဘူးဆိုတော့ ဘာကွာသွားသတုံး လို့ မေးလိုက်တော့ ဪ သုတဝါအရိယသာဝကော ကွာသွားတယ်။ သုတဝါ = အကြား အမြင်များသော၊ အရိယသာဝကော = အရိယသာဝက၏ မျက်လုံး (တင်ပါဘုရား)။
ပေါ်ပြီလား၊ အဿုတဝါ ပုထုဇ္ဇနောနဲ့ သုတဝါ အရိယသာဝကော ထူးခြားတာ (တင်ပါဘုရား)၊ ထူးခြားတယ် နော် (ထူးခြားပါတယ်)၊ ကောင်းပြီ၊ ဘယ်လောက်ထိအောင် ထူးခြားသတုံးလို့ မေးလို့ရှိရင်ဖြင့် သံသရာပြတ်တာနဲ့ သံသရာဆက်တာ ကျအောင် ကွာခြားတယ်။ မကွာဘူးလား (ကွာပါတယ်)၊ ကောင်းပြီ သံသရာက အဿုတဝါ ပုထုဇ္ဇနော ဆိုတာက ဟိုဘက်က သံသရာဆက်တယ်။ သုတဝါ အရိယသာဝကောကတော့ သံသရာပြတ်တယ် (ပြတ် ပါတယ်)၊ ဒါဖြင့် အရိယာက အရိယာ မွေးလာတယ်လို့ မရှိဘူး။ သာဝကချင်းတော့ ထူးခြားပါတယ်။ အရိယာက မွေးလာတဲ့ အရိယာသားဟာ ရှားတယ်။ မရှားဘူးလား (ရှားပါတယ်ဘုရား)၊ ရှားတယ်တဲ့။
သာဝကမှာ ထူးခြားတယ်။ တပည့်မှာ ထူးနေတယ် (တင်ပါဘုရား)၊ အရိယာတို့၏ မျက်လုံးရထားတဲ့ပုဂ္ဂိုလ် တို့၏ တပည့်တွေကျတော့ အရိယာသာဝကတို့၏ တပည့်တွေကျတော့ မျက်လုံးတစ်မျိုး ဖြစ်နေတယ်။ မဖြစ်ဘူးလား (ဖြစ်ပါတယ်ဘုရား)၊ ပုထုဇဉ်အမေက မွေးလာပြီး၊ အဿုတဝါ = အကြားအမြင်မရှိတဲ့ ပုထုဇဉ်အမေက မွေးလာတဲ့ မျက်လုံးနဲ့ ကြည့်လိုက်လို့ရှိရင် တဏှာ မာန ဒိဋ္ဌိပဲ ပေါက်ပွားတယ် (တင်ပါဘုရား)၊ ရှင်းပြီလား (ရှင်းပါပြီဘုရား)။
သောတာပန်ဖြစ်ချင်လို့ရှိရင် ဒီအကြည့်က စခွဲပါ
ဒါကြောင့် အရှင်ပုဏ္ဏက ဒီခန္ဓာငါးပါးကို ပြောတယ်။ ဒီခန္ဓာငါးပါးကို စွဲ၍ ငါ့ကိုယ်, ငါ့ဟာ ငါ ဟူသော တဏှာ မာန ဒိဋ္ဌိဖြစ်တယ်။ ဒီခန္ဓာငါးပါးကို မစွဲလို့ရှိရင်ဖြင့် တဏှာ မာန ဒိဋ္ဌိ မဖြစ်ဘူး တဲ့။ အကြည့်ကောင်းလို့ရှိရင် တဏှာ မာန ဒိဋ္ဌိ မဖြစ်ပါဘူးကွာ။ အကြည့်မကောင်းရင်တော့ (တဏှာ မာန ဒိဋ္ဌိဖြစ်ပါတယ်)၊ တဏှာ မာန ဒိဋ္ဌိဖြစ်တယ်တဲ့။ အဲဒါ သောတာပန်ဖြစ်ချင်လို့ရှိရင် ဒီအကြည့်က စခွဲပါ၊ တရား စတယ်။ သောတာပန်ဖြစ်ချင်လို့ရှိ ရင် မျက်လုံးအကြည့်က စခွဲကြရမယ်၊ ခွဲခြားရမယ်။ ပေါ်ပြီလား (ပေါ်ပါပြီဘုရား)။
သောတာပန် ဖြစ်ချင်လို့ရှိရင် မျက်လုံးအကြည့်ကစပြီး ပုထုဇဉ်နဲ့ ခြားနားရမယ်။ ပုထုဇဉ်နဲ့ ခြားနားပြီး ကြည့်တတ်မှသာလျှင် တဏှာ ဥပါဒါန် ချုပ်မှာကိုး။ မကြည့်တတ်လို့ရှိရင် တဏှာ ဥပါဒါန် ချုပ်ပါ့မလား (မချုပ် ပါဘုရား)၊ မချုပ်တော့ဘူး။ အဲဒီတော့ကို ခင်ဗျားတို့ ဥပါဒါယ ဒီခန္ဓာငါးပါးတည်းဟူသောတရားကို အစွဲပြု၍၊ အသ္မိ၊ ငါ့ဟာ ငါဟူသော တဏှာ, မာန, ဒိဋ္ဌိသည်၊ ဟောတိ၊ ဖြစ်၏။ ဒီမျက်လုံးနဲ့ ကြည့်လိုက်တဲ့အခါကျလို့ရှိရင် သူ့ကို အစွဲပြုပြီး တဏှာ, မာန, ဒိဋ္ဌိ ပေါ်လာတယ်။ အရိယာသာဝက မျက်လုံးတပ်ကြည့်လိုက်လို့ရှိရင် “အနုပါဒါယ” ဖြစ် ပါတယ် တဲ့ (တင်ပါဘုရား)။
ဒီခန္ဓာကို မစွဲဘဲနဲ့ ကြည့်လိုက်တဲ့အတွက် ငါ့ကိုယ် ငါ့ဟာ ငါ့ဥစ္စာ မဟုတ်ဘူးလို့ မစွဲဘဲနဲ့ ကြည့်လိုက်တဲ့အခါကျ တော့ တဏှာ မာန ဒိဋ္ဌိချုပ်တယ်။ မချုပ်ဘူးလား (ချုပ်ပါတယ်)၊ အဲဒီတော့ကို ခင်ဗျားတို့ ရှေးဦးစွာ ဝိပဿနာ ဘာကစ လုပ်ရမှာတုံး လို့ မေးတော့ အင်း နာမ်ရုပ် ခွဲရလိမ့်မဟေ့။ အကြောင်းအကျိုး ဝေဖန်ရလိမ့်မဟေ့။ အို-အဲဒါကတော့ တစ်ခါပြောပြီးတာပဲ၊ တစ်ခါပြောရင် ပြီးတာပါပဲ (တင်ပါဘုရား)။
ဉာတပရိညာ ဆိုတာသိဖို့ပဲ
နောက်ထပ် လုပ်နေဖို့ လိုသေးသလား ဉာတပရိညာ ဆိုတာသိဖို့ပဲ။ ဒါ-မထူးပါဘူး၊ နာမ် ရုပ်ခွဲတာ၊ နာမ်ရုပ်ခွဲထားပြီးတာပါပဲ။ သွားချင်တာက နာမ်၊ သွားတာက ရုပ်၊ စားချင်တာက နာမ်၊ စားတာက ရုပ်ဆိုလို့ရှိရင် ခန္ဓာကိုယ်ထဲမှာ အခိုင်းသမားနဲ့ အလုပ်သမားပဲ ရှိတယ်။ ဒါ-မှတ်ထားလိုက်ရင် မပြီးသေးဘူးလား။ အခိုင်းသမားက နာမ်၊ အလုပ်သမားက ရုပ်။ ဒါ-မှတ်ထား ဒါ-မှတ်ထား။ မပြီးသေးဘူးလား။ ဒါဟာ မထူးလှပါဘူး။ မထူးခြင်းကြောင့် လည်း ဒါ မခွဲဘဲ မနေနဲ့၊ ခွဲရမယ် (တင်ပါ)၊ နို့-ဒါဖြင့် နာမ် ရုပ် ခွဲပြီးပြီ။ ဒါ-ဝိပဿနာ စလုပ်ချင်လို့ရှိရင်ဖြင့် ရှေးဦး စွာ နာမ် ရုပ်ကို စခွဲပါ။ ဒါ-မနေ့က အလုပ်စဉ်မှာ ပုဗ္ဗဘာဂ ဘာလုပ်ရမှာတုံး မေးလို့နော် (တင်ပါ)၊ အလုပ်စဉ်က ရှေးက ဘာလုပ်ရမှာတုံးဘုရား ဆိုတော့၊ အင်း သုတဝါ အရိယ သာဝကော မျက်လုံးတပ်ကြည့်။ ပေါ်ပြီလား (ပေါ်ပါပြီဘုရား)။
သုတဝါ အရိယသာဝကော မျက်လုံးတပ်ကြည့်တဲ့အခါကျတော့ကို ခန္ဓာကိုယ်ထဲမှာ ရှေးဦးစွာ ရုပ်နဲ့နာမ်ပဲ ရှိတယ်။ သဘောကျပြီလား (တင်ပါ)၊ အကြောင်းအကျိုးပဲ (တင်ပါဘုရား)၊ အကြောင်းအကျိုးပဲ ရှိတယ်။ သဘောကျ ပြီလား (ကျပါတယ်)၊ အကြောင်းအကျိုး ဆိုတာလည်း ခန္ဓာငါးပါးပဲ (ခန္ဓာငါးပါး)၊ ခန္ဓာငါးပါးဆိုတော့ ဒီကနေပြီးသကာလ ခင်ဗျားတို့ နေ့တိုင်း ပြောနေတာပဲ။ သင်္ခါရပစ္စယာ ခန္ဓာငါးပါးပဲ။ အဝိဇ္ဇာ ပစ္စယာ သင်္ခါရာပဲ။ သင်္ခါရပစ္စယာ ခန္ဓာငါးပါး ပဲ ရှိတာပဲ။ ဒီအကြောင်းကြောင့် ဒီအကျိုးဖြစ်မှာ။ ဒီအကြောင်းကြောင့် ဒီအကျိုးကော (ဖြစ်ပါတယ်)။
ကင်္ခါဝိတရဏဝိသုဒ္ဓိ ဖြစ်နေတယ်
ဒါ-သိလို့ရှိရင် ကင်္ခါဝိတရဏဝိသုဒ္ဓိ ဖြစ်နေတယ်။ ပဋိစ္စသမုပ္ပါဒ် သိနေတယ် (တင်ပါဘုရား)၊ မဖြစ်သေးဘူးလား (ဖြစ်ပါတယ်)၊ ပြီးတော့မှ ကင်္ခါဝိတရဏဝိသုဒ္ဓိ ဖြစ်နေတော့ ဒီခန္ဓာငါးပါးကိုတော့ ဒီခန္ဓာငါးပါးမှာ လေးပါးတစ်ပုံ၊ တစ်ပါးတစ်ပုံ၊ ပုံလိုက်ရင် ပြီးသွားတာပဲ။ မပြီးသေးဘူးလား။ လေးပါးတစ်ပုံ၊ တစ်ပါးတစ်ပုံ၊ ပုံလိုက်ရင် မပြီးဘူးလား (ပြီးပါတယ်ဘုရား)။
အေး-ဒါ နာမ်ရုပ်ပဲ၊ ဒါဖြင့် ဒီနာမ်ရုပ်အကြောင်း ကင်းသလားဆိုတော့ အို အဝိဇ္ဇာတည်းဟူသော အကြောင်း ကြောင့် သင်္ခါရ၊ သင်္ခါရက လုပ်လိုက်လို့ နာမ်ရုပ်ပေါ်တယ် (တင်ပါ)၊ ဒါဆိုတော့ ကင်္ခါဝိတရဏ ဝိသုဒ္ဓိ မပြီးသေးဘူးလား (ပြီးပါတယ်ဘုရား)၊ ပြီးတော့ ပေါ်လာတဲ့ခန္ဓာငါးပါးမှာ နှစ်ပုံပုံလိုက်တော့ နာမ်ရုပ် မကွဲသေးဘူးလား (တင်ပါဘုရား)။
တော်ပါပြီဗျ၊ ဒါလောက်ဆိုရင်နော် (တင်ပါ)၊ တော်ပြီ၊ ဒါဟာ ပုဗ္ဗဘာဂနှစ်ခု။ ရှေ့နှစ်ခု ပြီးမသွားသေးဘူးလား (ပြီးပါတယ်)၊ ရှေ့နှစ်ခု ပြီးသွားတော့ကို တတိယမြောက် လာတဲ့အခါကျတော့ အရိယာမျက်လုံးတပ်ကြည့်။ ဒီထဲမှာ သူ-သွင်းရမယ်။ သုတဝါ အရိယသာဝကော မျက်လုံးနဲ့ တပ်ကြည့်ပါ၊ ဒီခန္ဓာငါးပါးရှင်းပြီလား။
ပင်ကိုယ်သဘောက စွန့်တာတွေ
ဒီခန္ဓာငါးပါးကို သုတဝါ အရိယသာဝကောမျက်လုံးနဲ့ ဦးသံဒိုင်ကဖြစ်စေ၊ ဦးထွန်းရင်က ဖြစ်စေ၊ ခန္ဓာကိုယ်ကို မျက်လုံးမှိတ်ပြီး ကြည့်ပါ။ မျက်လုံးမှိတ်ပြီး ကြည့်ပါ။ မျက်လုံးမှိတ်ပြီး ကြည့်လိုက်တဲ့အခါကျလို့ရှိရင် ရေပွက်ပမာ ကိုယ်ခန္ဓာ ၊ ရေမြှုပ်ပမာ ကိုယ်ခန္ဓာ၊ ဒီခန္ဓာထဲမှာ ဟိုနေရာက လှုပ်သလိုလို၊ ဒီနေရာက ယားသလိုလို၊ ယံသလိုလို၊ ဒီနေရာက နာသလိုလို၊ ဒီနေရာက ကိုက်သလိုလို၊ ဒီနေရာက ရွှေ့ချင်သလိုလို။ ဒီလို ကြည့်တဲ့အခါကျတော့ ဪ ဒါတွေသည်ကားလို့ ဆိုရင် အနိစ္စ အချက် ပင်ကိုယ်သဘော စွန့်တာတွေပါကလား ၊ ပင်ကိုယ်သဘောက စွန့်တာတွေပါကလား ၊ ပင်ကိုယ်သဘော စွန့်တာတွေပါကလား ဆိုတာ တတိယဉာဏ်နဲ့ ကြည့်လိုက်နော်။
ဒီခန္ဓာငါးပါး တစ်ပါးပါးကိုပေါ့ဗျာ၊ ဝေဒနာကြိုက် ဝေဒနာကြည့်၊ စိတ်ကြိုက် စိတ်ကြည့်။ ဒါတော့ ခင်ဗျားတို့ကို သင်ပြီးသားဖြစ်နေလို့၊ အဲဒါ စိတ်ကြိုက်လို့ရှိရင် စိတ်ချည်းကြည့်နေ၊ ဖြစ်စိတ်ကြည့်လိုက်၊ ပျက်စိတ်ကြည့်လိုက်။ မြင်စိတ် ပေါ်လာ၊ မြင်စိတ်ဖြစ်ပျက် လိုက်လိုက်။ ခန္ဓာကြည့်လိုက်နေ၊ ခန္ဓာကြည့် လိုက်နေတဲ့အခါကျရင် ခန္ဓာက ဘာတွေကို ပြောမလဲလို့ မေးလို့ရှိရင် ခန္ဓာကတော့ ဘာမှမပြောဘူး (တင်ပါဘုရား)၊ ခန္ဓာက ကျုပ်-ခင်ဗျားတို့ဟာ မဟုတ်ဘူး ပြောမယ်။ ကျုပ်သဘောနဲ့ ကျုပ်ဖြစ်နေတယ်လို့ ပြောမှာပဲ (တင်ပါဘုရား)၊ မပြောဘူးလား (ပြောပါတယ်)။
သန္ဒိဋ္ဌိကောဖြစ်အောင် လုပ်ရမယ်
အဲဒီလို ပြောတဲ့နေရာမှာ ခင်ဗျားတို့က သန္ဒိဋ္ဌိကောဖြစ်အောင် လုပ်ရမယ် (တင်ပါဘုရား)၊ သန္ဒိဋ္ဌိကော ဖြစ်အောင် လုပ်ရမယ်။ သူကတော့ ပြောမှာပဲ။ ပြောပေမယ့် ခင်ဗျားတို့က ကိုယ်တိုင်မမြင်ရင် မဂ်ဉာဏ် မဖြစ်ဘူး။ ကိုယ်တိုင်မြင်ရင် မဂ်ဉာဏ်ဖြစ်တယ်။ ဒါကြောင့် သန္ဒိဋ္ဌိကော ဖြစ်အောင်လုပ်ပါ။ “သန္ဒိဋ္ဌိကော သာမံ ပဿိတဗ္ဂော”၊ သာမံ = ကိုယ်တိုင် (ဝါ) ဉာဏ်နဲ့ကို။ ပဿိတဗ္ဗော = မြင်အောင်ကြည့် (တင်ပါ)၊ ရှင်းပြီလား (ရှင်းပါပြီ)၊ သာမံ=ကိုယ် တိုင်။ ပဿိတဗ္ဗော = မြင်အောင်ကြည့်ပါ။ ကိုယ်တိုင်မြင်အောင်ကြည့်ပါ။ သူကတော့ဖြင့် သူ့သဘောတော့ သူပြော မှာပဲ (တင်ပါ)။ သူ့သဘော သူပြောနေပေမယ့် ခင်ဗျားတို့က ကိုယ်တိုင် မမြင်လို့ရှိရင် ဝိပဿနာ မဖြစ်ပါဘူး။ ရှင်း ပြီလား (ရှင်းပါပြီဘုရား)။
ခန္ဓာကတော့ဖြင့် ပြောလိမ့်မယ်နော် ၊ မပြောဘဲရှိပါ့မလား (မရှိပါ)၊ အဲဒီတော့ ကိုယ်က သန္ဒိဋ္ဌိကော ဖြစ် အောင်လုပ်ပါ။ သန္ဒိဋ္ဌိကောက သာမံ ပဿိတဗ္ဗော လို့ မှတ်လိုက်ပါ။ သာမံ = ဉာဏ်နဲ့ ကိုယ်တိုင်။ ပဿိတဗ္ဗော = မြင်အောင်ကြည့်ပါ။ ရှင်းပြီလား (ရှင်းပါပြီ) အဲဒီကဲ့သို့ မြင်အောင်ကြည့်လိုက်လို့ရှိရင်ဖြင့် အနိစ္စ, ဒုက္ခ, အနတ္တ ဒုက္ခသစ္စာ ဒါပဲရှိတယ်။ ဒီ့ပြင် ဘာတွေ့စရာရှိသေးသလဲ (ဒါပဲရှိပါတယ်)။
အဲဒီတော့ သန္ဒိဋ္ဌိကော ကိုယ်တိုင်မြင်အောင်ကြည့်ပါဆိုတဲ့ တရားတစ်လုံးဟာ ခင်ဗျားတို့ ရန်ကုန်မြို့မှာဖြစ်စေ၊ ဒီမှာဖြစ်စေ သူများကပြော၊ ဘုန်းကြီးက ဟောတာချည်း ပျက်နေတယ်ဆိုတာ မယုံနဲ့၊ ဟောတာချည်း ဖောက်ပြန်နေ တယ်ဆိုတာ မယုံနဲ့။ ခင်ဗျားတို့က သန္ဒိဋ္ဌိကော ဆိုတဲ့ မဂ်ဉာဏ်နဲ့ကြည့်ပေး။ ရှင်းပြီလား (တင်ပါဘုရား)၊ ခင်ဗျားတို့ သန္ဒိဋ္ဌိကော မေ့ကို မမေ့နဲ့။ မေ့စရာလည်း ခင်ဗျားတို့ မရှိဘူး၊ ဒါ- အလုပ်ထဲ မသွင်းတတ်လို့ အခု သွင်းတတ် ပြီလား (သွင်းတတ်ပါပြီဘုရား)။
ကိုယ်တိုင်မြင်အောင် ကြည့်
သန္ဒိဋ္ဌိကော ကိုယ်တိုင်မြင်အောင်ကြည့် (ကိုယ်တိုင်မြင်အောင် ကြည့်)၊ ကိုယ်တိုင်မြင်ရအောင် ကိုယ့်ခန္ဓာ ကိုယ်ကြည့်၊ ရှင်းပြီလား (တင်ပါဘုရား)၊ ကိုယ်တိုင်မြင်အောင် ဘယ်သူ့ကြည့်မလဲ (ကိုယ့်ခန္ဓာ ကိုယ်ကြည့်)၊ ကိုယ်တိုင် ဆိုတာ ဉာဏ်ကိုယ်တိုင်၊ ဉာဏ်ကိုယ်တိုင်နဲ့သိတဲ့ မိမိခန္ဓာကိုယ်ကြီးကို ကြည့်ပါ။ ရှင်းပြီလား။ ကြည့်လိုက်တော့ ခန္ဓာက ဘာပြောမတုံးလို့ မေးဖို့ မလိုဘူးလား (တင်ပါလိုပါတယ်)။
ကျုပ် ယောက်ျားလည်း မဟုတ်ဘူး၊ မိန်းမလည်း မဟုတ်ဘူး။ အနိစ္စပဲ၊ ဒုက္ခပဲ၊ အနတ္တပဲ၊ ဒုက္ခသစ္စာတွေပါပဲ လို့ သူကပြောတော့မှ ခင်ဗျားတို့ ကိုယ်တိုင်ကြည့်လို့ သူကလည်း ပြောမှ အကာလိကော ဖြစ်မယ်။ သန္ဒိဋ္ဌိကော ပြီးတော့ အကာလိကော (အကာလိကောပါ)၊ သဘောကျပြီလား။
အခါမလင့် အကျိုးပေးပစ်လိုက်တယ်
သူကလည်း ပြောရမယ်နော်၊ ခင်ဗျားတို့ကလည်း ကိုယ်တိုင်မြင်တယ်၊ အဲဒီတော့မှ ဘာဖြစ်မလဲ (အကာလိကော)၊ အကာလိကောဖြစ်မယ်။ သူလည်း မြင်ပါရော ဒီက တဏှာ မာန ဒိဋ္ဌိ ချုပ်တယ်၊ အကာလိကော အခါမလင့် အကျိုးပေးပစ်လိုက်တယ်။ လာခွင့်ကို ရသေးရဲ့လား (မရပါ)၊ ဒါ အကာလိကော မဟုတ်ဘူးလား။ အခါမလင့် အကျိုးပေးတာ (တင်ပါဘုရား)။
ဒါ- ဒီသုံးယောက် သေသွားပြီ၊ တဏှာ ဥပါဒါန် ကံ ဘယ့်နှယ်နေတုံး (သေသွားပါပြီ)၊ ဒါ- ဘာတွေတုံးလို့ မေးလို့ရှိရင် ဘယ့်နှယ်ပြောမတုံး၊ ဒီတော့ ဓမ္မဂုဏ်တော်တွေ ရွတ်လိုက်။ အကာလိကော၊ ဘာဖြစ်လို့ အကာလိကော ဖြစ်သွားသတုံးလို့ မေးတော့မှ သန္ဒိဋ္ဌိကောကို ဦးသံဒိုင်က ဟောဒါကြီး ကိုယ်တိုင်မြင်လိုက်လို့၊ အနိစ္စပဲ ဒုက္ခပဲ အနတ္တပဲ ဧကန်မြင်လိုက်လို့ ကိုယ်တိုင်မြင်လိုက်တဲ့အတွက် ဒီဘက်က အကာလိကော ဖြစ်သွားတယ် (မှန်ပါ)၊ ရှင်းပြီ လား။
ဒါ-ခင်ဗျားတို့ မမေ့ဖို့ သင်လိုက်တဲ့ပါဠိ၊ သန္ဒိဋ္ဌိကော မဖြစ်ဘဲနဲ့ အကာလိကော မဖြစ်ဘူး (တင်ပါ)၊ ကျေနပ် ပြီလား (မှန်ပါ)၊ သန္ဒိဋ္ဌိကော မဖြစ်ဘဲနဲ့ (အကာလိကော မဖြစ်ပါ)၊ အကာလိကော မဖြစ်ပါ၊ အကာလိကော မဖြစ်နိုင် ဘူး၊ ဒါဖြင့် ခင်ဗျားတို့ ဒကာကြွယ်ကိုထွန်းရင်ကြီးတို့သာ ရူးတာပေါ့ (တင်ပါဘုရား)၊ အကာလိကော ဧဟိပဿိကော ရွတ်နေတယ်၊ မရွတ်ဘူးလား (မှန်ပါဘုရား)၊ ခင်ဗျားတို့က ဟာ-ဘာဖြစ်လို့ ရွတ်တာတုံး၊ တပည့်တော်တို့ ကုသိုလ်ရချင် လို့ ရွတ်ပါတယ်၊ ဒါပဲ ခင်ဗျားတို့ အဖြေထွက်မယ် (တင်ပါ)၊ အလုပ်စဉ် ရယ်လို့ သိရဲ့လား (မသိပါ)၊ စင်စစ် အလုပ်စဉ်ကွ၊ ဟောဒီခန္ဓာကြီးကို ဟောဒီ ခင်ဗျားတို့ဉာဏ်နဲ့ ကိုယ်တိုင်မြင်အောင် ကြည့်လို့ရှိရင် သန္ဒိဋ္ဌိကော ဖြစ်ခဲ့လို့ရှိရင် အကာလိ ကော ဆိုတဲ့ တဏှာ, မာန, ဒိဋ္ဌိနောက်က မချုပ်ပါနဲ့ ဆိုလို့ မရပါဘူး။ သဘောကျပြီလား (တင်ပါဘုရား)။
သောက်ဆေး လုပ်လိုက်မယ် ဆိုရင် သာကောင်းတယ်
ကဲ ကိုထွန်းရင် ကျေနပ်ပြီလား (ကျေနပ်ပါပြီဘုရား)။ ဒါဖြင့် ခင်ဗျားတို့ ဘုရားရှိခိုးဖို့လား အလုပ်စဉ် ပြတာလားလို့မေးရင် ဘယ့်နှယ် ဖြေမလဲ (အလုပ်စဉ်ပြတာပါ)၊ ရှိမခိုးကောင်းဘူးလား ဆိုတော့ ခိုးကောင်းတယ်၊ ဓမ္မာနုဿတိ ဖြစ်တယ် (တင်ပါ)၊ ဓမ္မာနုဿတိဖြစ်တယ်။ သာမညကုသိုလ်ပဲနော် (တင်ပါ)၊ အလုပ်ထဲမှာ ထည့်အသုံး ပြုလို့ရှိရင် မဂ်ဖိုလ်ရမယ်။ ဒါ-ကွာသွားတယ်။ ရှင်းပြီလား။ ဒါ-တော်တော် အရေးကြီးတယ်။ ခုနဟာက လိမ်းဆေး လောက် သုံးလိုက်တာ၊ လိမ်းဆေးက ခုန ကိုက်တာ ခဲတာလေး ငြိမ်ရုံလောက်တော့ ရတာပေါ့ဗျာ (တင်ပါဘုရား)၊ အမြစ်တော့ မပြတ်ဘူး၊ အခုလို သောက်ဆေး လုပ်လိုက်မယ် ဆိုရင် သာကောင်းတယ်။
ဒါဖြင့် ဘုန်းကြီးက ဟိုကျလို့ရှိရင် ဦးသံဒိုင်တို့ ပြန်ခါလည်း နီးပြီ။ ဘာအလုပ်ခိုင်းသတုံး။ အို-နာမ်ရုပ်လည်း ခွဲပြီးပြီ။ နာမ် ရုပ်ခွဲပြီး ဘာလုပ်ရမှာတုံး အကြောင်းအကျိုး ခွဲရမယ်။ အကြောင်းအကျိုး ခွဲပြီးပြီဗျာ။ တစ်ခါ ခွဲပြီး ပြီးတာပဲ၊ အကြောင်းအကျိုးဆိုတာ ပဋိစ္စသမုပ္ပါဒ်၊ ရှေးဟာအကြောင်း၊ နောက်ဟာ အကျိုးပဲ မဟုတ်ဘူးလား။
ဒါ အလုပ်စဉ် ပေးနေပြီ
ဒီအကျိုးထဲကမှ ခန္ဓာငါးပါး၊ ခန္ဓာနာမ်ရုပ်ခွဲလိုက် ပြီးတာပဲ။ ဒါပြီး ဘာလုပ်ရမှာတုံး၊ ဒါပြီး သန္ဒိဋ္ဌိကောကစ (တင်ပါ)၊ ဘာ ပုဗ္ဗဘာဂမှ မလိုတော့ဘူး၊ ဘာကနေစရမလဲ (သန္ဒိဋ္ဌိကော)၊ သန္ဒိဋ္ဌိကောကစ ဟုတ်လား။ နာမရူပ ပရိစ္ဆေဒဉာဏ်၊ ပစ္စယပရိဂ္ဂဟဉာဏ်ပြီးလို့ရှိရင် သန္ဒိဋ္ဌိကောကသာ စပေတော့။ ပေါ်သွားပြီ (တင်ပါ)၊ ဒါ အလုပ်စဉ် ပေးနေပြီ (တင်ပါ)၊ ဟိုကျရင်ဖြင့် နာမရူပပရိစ္ဆေဒဉာဏ်, ပစ္စယပရိဂ္ဂဟဉာဏ် နားထောင်ပြီး ပြီးတာပဲ။ နားထောင်ပြီး ဉာဏ်ထဲမှာ မရှုပ်ရင် ပြီးနေတာပဲ၊ မပြီးသေးဘူးလား (ပြီးပါတယ်ဘုရား)။
ရှင်းအောင်ပဲလား ၊ သိဖို့ပဲလား (သိဖို့ပါ)၊ ဒါသိဖို့ဖြင့် ပြီးတာပဲဗျာ၊ ဒါ-တစ်ခါပြောထား သိတာပါပဲ။ ကျင့်ဖို့ကတော့ ဘာတုံးဆိုတော့ သန္ဒိဋ္ဌိကောကစ (ဒါ-ပုဗ္ဗဘာဂ)၊ အေး ပုဗ္ဗဘာဂက သန္ဒိဋ္ဌိကော ကစ ကိုယ်တိုင် မြင်အောင်သာ ကြည့်ပေတော့၊ ဘယ်သူ့ကို ကိုယ်တိုင်မြင်အောင် ကြည့်ရမတုံး၊ ကိုယ့်ခန္ဓာငါးပါးကို ကိုယ့်ဉာဏ်နဲ့ ကိုယ်တိုင်မြင်အောင်ကြည့်၊ ရှင်းပြီလား (ရှင်းပါပြီ)၊ ကိုယ့်ခန္ဓာငါးပါးကို (ကိုယ့်ဉာဏ်နဲ့ကြည့်)၊ ကိုယ်တိုင်မြင်ရမယ်။ ကိုယ့်ဉာဏ်ဟာ ကိုယ်ကိုယ်တိုင် မြင်တာပဲ။ ဟေ့ သူများပြောတာ ငါယုံတတ်တဲ့လူ မဟုတ်ဘူးကွ၊ ကိုထွန်းရင် တို့ ကြွားလုံးက (တင်ပါ)၊ ငါက ကိုယ်တိုင်မတွေ့ရင် ကျေနပ်တဲ့လူမျိုး မဟုတ်ဘူးကွ ၊ ဟိုမှာတော့ သုံးတယ်။ ဒီမှာတော့ မသုံးဘဲနေတယ်။ ပညတ်ဘက်တော့ သူသုံးတယ် (တင်ပါဘုရား)။
ထွက်ရပ်လမ်းပေါက် အသုံးချနည်းနဲ့ မချတတ်ဘူး
ပရမတ်ဘက်တော့ မသုံးတတ်ဘူး၊ မသုံးတတ်တော့ ပရမတ်ဘက်ကျတော့ သုံးရမယ့်အစား ဘုရားရှိခိုး သွားလုပ် နေတယ်၊ တရားရှိခိုးပေါ့ ဒါ တရားရှိခိုးတာ။ သုံးဖို့ရာ သုံးဖို့ရာက သိတန်သလောက်တော့ သိတယ်။ အကြီးဆုံး အသုံးချနည်းနဲ့ အသုံးချဖို့ကို မသိဘူး (အကျိုးအရှိဆုံးနည်းနဲ့ အသုံးချရမယ်)၊ အင်း ဒီနည်းနဲ့ အသုံးချမယ်။ သဘောကျပြီလား အကြီးဆုံးသော အသုံးချနည်း၊ ထွက်ရပ်လမ်းပေါက် အသုံးချနည်းနဲ့ မချတတ်ဘူး (ဘုရားတပည့် တော်တို့က ဣတိပိသော တစ်ပုဒ်လုံးမှာ ဘုရားဂုဏ်တော် တရားဂုဏ်တော် သံဃာ့ဂုဏ်တော်၊ ဒါ ဂုဏ်တော်သုံးခုကို ချီးကျူးပူဇော်တာပဲ၊ ဒါလောက်ပဲသာသိတယ်)။
အေး “ပူဇာစ ပူဇနေယျာနံ ဧတံမင်္ဂလ မုတ္တမံ” လောက်ပဲ အသုံးချတယ်နော် (တင်ပါ)၊ အလုပ်စဉ်နဲ့ အသုံးချပါလို့ ဒီက ထပ်မံပြီးတော့ ခင်ဗျားတို့ကို အကြီးဆုံးသော အသုံးချနည်းကို ပေးလိုက်တယ်။ ရှေးဦးစွာ စလုပ် ရမှာက တီရဏပရိညာမှာ သန္ဒိဋ္ဌိကောက စလုပ်ပါ။ သဘောကျပြီလား။ ဒါ-သေသေချာချာ မှတ်ပါ။ တီရဏပရိညာ မှာ သန္ဒိဋ္ဌိကောက စလုပ်ပါ။ တီရဏပရိညာမှာ သန္ဒိဋ္ဌိကောက စလုပ်ပါလို့ သတိပေးလိုက်ပါပြီ။ အလုပ်သုံးဆက် မြောက်သွားပြီဗျ။ အခု ဘုန်းကြီးပေးလိုက်တာ မမြောက်သေးဘူးလား (မြောက်ပါပြီဘုရား)၊ မြောက်သွားပြီ။ အလုပ်သုံးဆက် မြောက်သွားပြီ။ နာမရူပပရိစ္ဆေဒဉာဏ် ပြီးခဲ့ပြီ။ ပစ္စယပရိဂ္ဂဟဉာဏ် ပြီးခဲ့ပြီ။ သူက သမ္မသန, ဥဒယဗ္ဗယတွေ ပြတယ်။ သမ္မသနနဲ့ ဥဒယဗ္ဗယ ဆိုတာက ဉာဏ်စဉ်အတိုင်း ပြောနေတာ။ ဒီဉာဏ်စဉ် ဘယ်တော့ ဆုံးမှာတုံးလို့ မေးတဲ့အခါကျတော့ ဦးသံဒိုင် သန္ဒိဋ္ဌိကောဖြစ်ရင် အဆုံးပေါ့။
ကိုယ်တိုင်မြင်ရင် ဆုံးပြီ
ကိုယ်တိုင်မြင်ရင် ဆုံးပြီ။ ကိုယ်တိုင် အနိစ္စသာရှိတယ်။ ဒုက္ခသာ ရှိတယ်။ အနတ္တသာရှိတယ်။ ကိုယ်တိုင်မြင်လို့ ရှိရင်ဖြင့် ခင်ဗျား မဂ်ဉာဏ် မရသေးငြားသော်လည်း ဝိပဿနာဆုံးပြီလို့ မှတ်ပါ။ မဂ်ဉာဏ်သာ မရတာ။ ဝိပဿနာ ဉာဏ်တော့ ဆုံးသွားပြီ။ သန္ဒိဋ္ဌိကော တစ်လုံးတည်းနဲ့ ဆုံးသွားတယ်၊ ရှင်းပြီလား (ရှင်းပါပြီ)၊ သန္ဒိဋ္ဌိကောကို။ သာမံ= ကိုယ်တိုင်၊ ပဿိတဗ္ဗော မြင်ရမယ်လို့ဆိုတော့ ခန္ဓာကြီးထဲမှာ ကြည့်လိုက်တဲ့အခါကျတော့ သာမံ ပဿိတဗ္ဗော ဆိုတော့ ကိုယ်တိုင်ကြည့်နေလိုက်တဲ့အခါ ဖြစ်မှုနဲ့ ပျက်မှုမှတစ်ပါး ဦးသံဒိုင်၊ ကိုထွန်းရင်တို့ ဘာတွေ့သေးသတုံး (မရှိပါ၊ ဒါက လက်တွေ့ပါ)။
အရိယာမျက်လုံး တပ်ကြည့်ပါ။ ခုနက မျက်လုံးကလေးတွေ ဆိုလို့ရှိရင်လည်း ဘယ့်နှယ်နေသလဲ (ဖြစ်မှု ပျက်မှုပဲ တွေ့ပါတယ်)၊ ဒါပဲတွေ့တာပဲ။ ဖြစ်ပျက်မှုနဲ့ ဒုက္ခသစ္စာပဲ တွေ့တော့ ဒါကလေးတွေက ပြတော့ သန္ဒိဋ္ဌိကော၊ သာမံ ပဿိတဗ္ဗော = တပည့်တော် သူများအပြော မဟုတ်တော့ဘူးဘုရား၊ ကိုယ်တိုင်မြင်ပါပြီ၊ ကိုယ့်ခန္ဓာကိုယ်ကို ဖြစ်မှု ပျက်မှု ဒုက္ခသစ္စာ တွေ့ပါပြီ။ ဒီ့ပြင်ဖြင့် တပည့်တော် ဘာမှမတွေ့ပါဘူးဆိုတော့မှ ခင်ဗျားတို့သည် သန္ဒိဋ္ဌိကော သွားဖြစ်တယ်၊ သဘောပါပြီလား (တင်ပါဘုရား)။
သန္ဒိဋ္ဌိကော သာမံ ပဿိတဗ္ဗော၊ သာမံ = ကိုယ်တိုင်၊ ပဿိတဗ္ဗော မြင်ပါတယ်။ မြင်အပ်တဲ့တရား မြင်ပါတယ်၊ ရှင်းပြီလား (ရှင်းပါပြီ)၊ အဲဒါ မြင်လို့ရှိရင်ဖြင့် ခင်ဗျားတို့ ဘာမှမပူပါနဲ့ တဲ့။ ရွတ်ပါ သန္ဒိဋ္ဌိကော ပြီးတော့ မင်းတို့ ဘာရထားသလဲ (အကာလိကော)၊ ဟုတ်မဟုတ်၊ တရားဂုဏ်တော် ခရီးပေါက်မပေါက်၊ တရားလုပ်လို့ ခရီးပေါက် မပေါက် ကြည့်လိုက်တော့ ဒီခန္ဓာကြီးဟာ နဂိုတုန်းက တဏှာ မာန ဒိဋ္ဌိနဲ့ အမြဲတမ်း နိယာမအားဖြင့် ဆက်နေတယ်။ မဆက်ဘူးလား (ဆက်ပါတယ်)၊ လာသေးသလားလို့။ ကိုယ်တိုင်မြင်တဲ့ဉာဏ် ဟောဒီမဂ္ဂင်ငါးပါးနဲ့ ကိုယ်တိုင်မြင်လိုက်ပါပြီ (မလာတော့ပါဘုရား)။
မဂ္ဂင်ငါးပါးက ချက်ချင်း အကျိုးပေး တာပေါ့
ဒါဖြင့် မကောင်းသောတရား မလာတာဟာ ချက်ချင်းအကျိုးပေးတာပေါ့။ ဒီမဂ္ဂင်ငါးပါးက ချက်ချင်း အကျိုးပေး တာပေါ့၊ မကောင်းသောတရားသုံးခု မလာတာ (တင်ပါ)၊ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ်) ဒါဖြင့် သန္ဒိဋ္ဌိကောဖြစ်လို့ အကာလိကော ဖြစ်တာ။ ရှင်းပြီလား။ သန္ဒိဋ္ဌိကောဖြစ်လို့ (အကာလိကော ဖြစ်တာပါ)၊ ပေါ်ပြီလား (ပေါ်ပါပြီ)၊ သန္ဒိဋ္ဌိကောဖြစ်လို့ (အကာလိကော ဖြစ်တာပါ) ရှင်းတယ်နော် (တင်ပါ)၊ ဒါဖြင့် သန္ဒိဋ္ဌိကော လုပ်လို့ပေါ့၊ ကျုပ်တို့ ခင်ဗျားတို့ အလိုရှိတာက အကာလိကော အလိုရှိတာကိုး။ အခါမလင့် အကျိုးပေးတာကို အလိုရှိတာကိုး၊ ခင်ဗျားတို့ မဟုတ်ဘူးလား။
အဲဒီတော့ အကာလိကော အရင်လုပ်လို့၊ အကာလိကော ဖြစ်ထိုက်တဲ့တရားကို ရှေ့က လုပ်လို့ရှိရင် အကာလိ ကော ဖြစ်မှာပဲ (တင်ပါ)၊ အကာလိကော ဖြစ်အောင်လုပ်တဲ့တရား ဘယ်သူတုံးဆိုတော့ သန္ဒိဋ္ဌိကောရှေ့ ဖြစ်မှ အကာလိကောဖြစ်မှာ (တင်ပါ)၊ သန္ဒိဋ္ဌိကောသာ မဖြစ်လို့ရှိရင် အကာလိကောရှေ့က ဖြစ်မှ အကာလိကောဖြစ်မှာ (တင်ပါ)၊ သန္ဒိဋ္ဌိကောသာ မဖြစ်လို့ရှိရင် အကာလိကောက (မဖြစ်ပါ) ဒါ- အလုပ်စဉ်ပါပဲတဲ့။ ခင်ဗျားတို့က တပည့် တော်တို့ကို နက်ဖြန်ကျရင် အလုပ်စဉ်ကလေး ပေးပါဆိုလို့ ဒါ- အလုပ်စဉ် စလိုက်တာပဲ။ ပါဠိတော်နဲ့ စတယ်။ ပေါ်ပြီလား (ပေါ်ပါပြီ)၊ ကဲ ဒါဖြင့် သန္ဒိဋ္ဌိကော မဖြစ်ဘဲနဲ့ အကာလိကော ဖြစ်နိုင်ပါ့မလားလို့ ဦးသံဒိုင်က မေးပြီ။ သန္ဒိဋ္ဌိကော ရှေ့မထားဘဲနဲ့ အကာလိကောဖြစ်နိုင်၊ မဖြစ်နိုင် (မဖြစ်နိုင်ပါဘုရား)၊ ကျေနပ်ပြီလား (ကျေနပ်ပါပြီဘုရား)။
ဪ သာမံ ပဿိတဗ္ဗောဆိုတော့၊ သာမံ= ကိုယ်တိုင်၊ ပဿိတဗ္ဗော = ဒီ အနိစ္စ ဒုက္ခ အနတ္တ ဒုက္ခသစ္စာ တွေကို၊ သာမံ= ကိုယ်တိုင်မြင်မှသာလျှင်၊ ကိုယ်တိုင် ဝိပဿနာမဂ်နဲ့ မြင်မှသာလျှင်၊ ခန္ဓာနဲ့ ဓမ္မနိယတတာ ဆိုတဲ့ ဓမ္မအားဖြင့် ဆက်နေတဲ့ ပဋိစ္စသမုပ္ပါဒ်ကြီး တဏှာ၊ ဥပါဒါန်၊ ကံတွေ၊ ဇာတိ၊ ဇရာ၊ မရဏတွေ အကုန်ချုပ်သွားတယ်။ မချုပ်ဘူးလား၊ ချုပ်သလား (ချုပ်ပါတယ်)၊ ဘယ့်နှယ်ကြောင့် ချုပ်သွားသတုံး၊ အို-အကာလိကောဘုရား၊ အခါမလင့် အကျိုးပေးလိုက်တယ်၊ တပည့်တော်တို့ကို အခါမလင့် အကျိုးပေးလိုက်တယ်၊ ငံ့လင့်သေးရဲ့လား၊ (မငံ့လင့်ပါဘုရား)၊ ဟောဒီကသာ သန္ဒိဋ္ဌိကောဖြစ်၊ ဟောဒီက အကာလိကော ဖြစ်တယ်။ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ်)။
သန္ဒိဋ္ဌိကောက အကြောင်း
သန္ဒိဋ္ဌိကောနဲ့ အကာလိကောဟာ သန္ဒိဋ္ဌိကော မဖြစ်ရင်လည်း အကာလိကော မဖြစ်ဘူး။ ဒါဖြင့် သန္ဒိဋ္ဌိကော အကာလိကောကို ဦးသံဒိုင်တို့ ဦးထွန်းရင်တို့က မှတ်၊ ဘယ်သူကအကြောင်း၊ ဘယ်သူက အကျိုးတုံးလို့ မေးလို့ရှိရင် အို သန္ဒိဋ္ဌိကောက အကြောင်း၊ အကာလိကောက အကျိုး။ ရှင်းပြီလား (ရှင်းပါပြီ)၊ သန္ဒိဋ္ဌိကော မပါရင် အကာလိ ကော မဖြစ်ဘူး။ ဖြစ်နိုင်သလား (မဖြစ်နိုင်ပါဘုရား)။ မဖြစ်နိုင်ဘူးတဲ့။
ဒါဖြင့် တပည့်တော်တို့အလုပ် တတိယမြောက် ဘယ်ကစရမှာတုံး လို့ ဦးသံဒိုင်က ဘုန်းကြီးကို မေးလို့ရှိရင် ဦးသံဒိုင် မောင်ထွန်းရင် သန္ဒိဋ္ဌိကသာ လုပ်ကွာ။ ဒါပဲ ပြောလိုက်မယ်။ သဘောကျပြီလား (ကျပါတယ်ဘုရား)၊ သန္ဒိဋ္ဌိကော သာမံပဿိတဗ္ဗော ကိုယ်တိုင်မြင်အောင်သာ ကြည့်ပေတော့ ကိုယ့်ခန္ဓာကို (ကိုယ့်ခန္ဓာကိုပါ)၊ မြင်အောင် ကြည့်။ ဒါကြောင့် အစကချီခဲ့တယ်၊ သုတဝါ အရိယသာဝကော မျက်လုံးနဲ့ကြည့်ကွ၊ မပါဘူးလား (ပါပါတယ်)။ အစကတည်းက စခဲ့တယ်။ သုတဝါ = အကြားအမြင်ရှိသော၊ အရိယသာဝကော = အရိယာသာဝက မျက်လုံးနဲ့ကြည့်၊ အရိယာသာဝက မျက်လုံးနဲ့ သာမံပဿိတဗ္ဗော ဖြစ်အောင် ကြည့်လိုက်စမ်းပါ။ ကိုယ့်ခန္ဓာကို ကြည့်လိုက်တော့ ဘာတွေ တွေ့မယ်ထင်သလဲ။
တပ်ထားတာကလည်း အရိယာမျက်လုံးတပ်ထားပြီး အဲဒီ တပ်တဲ့မျက်လုံးနဲ့လည်း သူများပြောသံကြားလို့ မှန်း ကြည့်တာ မဟုတ်ဘူး (တင်ပါ)၊ ကိုယ်တိုင် ကိုယ့်ခန္ဓာတွေ့တာ (တင်ပါ)၊ ဘာတွေတွေ့မတုံး (ဖြစ်ပျက်နဲ့ ဒုက္ခသစ္စာပါပဲ ဘုရား)။
အသိက (၆) မျိုး ရှိတယ်
ဒါ- တွေ့မှာပဲဗျ မဟုတ်ဘူးလား။ ရှိတာတွေ့မှာပဲ။ မရှိတာ တွေ့ပါ့မလား (မတွေ့ပါ)၊ ဒါဖြင့် ဦးသံဒိုင်ရေ တွေ့ပြီဘုရား၊ တပည့်တော် အခုတော့ဖြင့် သဒ္ဓါယုံကြည်ပြီး သိတဲ့အသိမျိုးလည်း မဟုတ်တော့ပါဘူး။ နှစ်သက်ပြီး သိတဲ့အသိမျိုးလည်း မဟုတ်ပါဘူး။ အနုဿဝ = တစ်ဆင့်ကြားပြီးသိတဲ့ အသိလည်း မဟုတ်ပါဘူး။ အသိက (၆) မျိုး ရှိတယ်။ ပစ္စက္ခသိ၊ သဒ္ဓါသိ၊ အနုဿဝသိ၊ ရုစိသိ၊ အာကာရပရိဝိတက္ကသိ၊ ဒိဋ္ဌိနိဇ္ဈာနခန္တိသိ ခြောက်မျိုးတို့တွင် ပစ္စက္ခသိ၊ ဒီအသိရောက်မှပြီးမှာ (တင်ပါဘုရား)။
ကဲ သဒ္ဓါသိ ဆိုတာက အခုမှတ် အခုဟော အခုသိပယ်ပစ်။ အနုဿဝ ရှေးလူကြီးတွေက တစ်ဆင့်ကြားသိ ပယ်ပစ်၊ ရှေးလူကြီးတွေကတစ်ဆင့် စကားတစ်ဆင့်ကြားပြီး ကျုပ်သိတယ် ပယ်ပစ်။ အလကားသိ။ ရုစိသိ ကိုယ့်ဉာဏ် ကလေးနဲ့ ကိုယ်သိတယ် ပယ်ပစ်။ ဘယ်နှစ်ခုရှိပြီလဲ ပယ်တာ (သုံးခုရှိသွားပါပြီ)။ သုံးခုရှိသွားပြီ။ သဒ္ဓါယုံကြည်သိ လည်း ပယ်။ အနုဿဝ တစ်ဆင့်ကြားသိလည်း ပယ်ပစ်။ ရုစိ နှစ်သက်သိ ကိုယ့်ဟာကိုယ် နှစ်သက်ပြီး သိတာ ပယ်ပစ်။ ရုစိ ရုစိ ဆိုတာ ကိုယ့်ဟာ ကိုယ်နှစ်သက်နေတာ၊ ကိုယ့်အမြင်လေးနဲ့ ကိုယ်ကျေနပ်နေတာ။ ဥရောပတိုက်သား များလို (တင်ပါ)၊ မရှိဘူးလား။ ကိုယ့်အမြင်လေးနဲ့ကိုယ် ကျေနပ်နေတာ (ကြံတွေးပြီးတော့)၊ ကြံတွေး၊ အင်း ကြံတွေးတာလည်း မထည့်နဲ့၊ အာကာရပရိဝိတက္က (တင်ပါဘုရား)။
သာမံသိရောက်မှ အကာလိကောက လာမယ်
တစ်ခါတည်း မှားသွားမယ်။ ဒကာ ဒကာမတွေက ယုံကြည်သိလည်း ကြဉ်ရမယ်။ နှစ်သက်သိလည်း (ကြဉ်ရ ပါမယ်)၊ နှစ်သက်သိလည်း ကြဉ်ရမယ်။ တစ်ဆင့်ကြားသိ၊ တစ်ဆင့်ကြားသိလည်း (ကြဉ်ရပါမယ်)၊ ထွေထွေရာရာ တောင်နဲ့မြောက် စပ်ကြံပြီး သိတဲ့အသိရော (ကြဉ်ရပါမယ်ဘုရား)။ ဒိဋ္ဌိအမှားသိကြီးရော အမှားသိလည်း (ကြဉ် ရမယ်)။ ဒီငါးသိ ကြဉ်တော့မှ သာမံသိ ရောက်ရလိမ့်မယ် (တင်ပါဘုရား)၊ ဒီသာမံသိရောက်မှ အကာလိကောက လာမယ်။ ဒီငါးသိစလုံး ကြဉ်ရဦးမယ်။ ဝတ္ထုသာဓကနှင့်တကွ နောက် ခင်ဗျားတို့ တွေ့ရှိလာပါလိမ့်မယ်။
သို့သော် တစ်ခေါက် ပြန်ပြောဦးမယ်။ အခု ခင်ဗျားတို့ ကျေနပ်အောင်နော် (တင်ပါဘုရား)၊ ဆရာသမား ဟောတာကို ယုံကြည်သိတာကိုလည်း ကိုယ်တိုင်သိ မဟုတ်လို့ ပယ်ချ။ ခင်ဗျားကိုယ်တိုင် မြင်တာမှ မဟုတ်ဘဲ ဆရာသမားအပေါ်မှာ ယုံကြည်သိတာ၊ အဲဒီတော့ ကိုယ်တိုင်သိ ကျပြီလား (မကျပါ)၊ မကျပယ်ချပေါ့ နော် (တင်ပါ)၊ သဒ္ဓါရုစိ နှစ်သက်သိ၊ ကိုယ့်ဟာကိုယ် နှစ်သက်နေတာ ပယ်ပစ်။ တစ်ဆင့်ကြားသိ (တစ်ဆင့်ကြားသိလည်း ပယ်ပစ် ရမယ်)၊ ပယ်ပစ်ရမယ်။
ဟိုအကြောင်းနဲ့ ဒီအကျိုး ဆက်စပ်သိပြီး ကိုယ့်ဟာကိုယ် တွေးပြီး ဟိုအကြောင်းနဲ့ ဒီအကျိုး ဘုရားဟောနဲ့ လည်း နည်းနည်းမှ မညီဘဲနဲ့ အကြောင်းအကျိုး သူ့ဟာနဲ့သူ အပူရှိလို့ အအေးရှိတယ်၊ ဒီလိုအသွားမျိုး ရမ်းဆပြီးသကာလ အာကာရပရိဝိတက္ကအသိ ဆိုတော့ ထွေထွေရာရာ ကြံစည်ပြီး သိတာ ဘာလုပ်ရမလဲ (ကြဉ်ပစ်ရပါမယ်)၊ ကြဉ်ပစ်ရမယ်။ အမှားသိ ဒိဋ္ဌိအသိရော (ကြဉ်ပစ်ရပါမယ်)၊ ကြဉ်ပစ်ရပါမယ်။ ကြဉ်ပစ်ရမယ့်အသိ ဘယ်နှစ်သိပါလိမ့် (ငါးသိပါဘုရား)။
ဒါဖြင့် သာမံပဿိတဗ္ဗော အသိတစ်ခုသာလျှင် ခင်ဗျားတို့က လုပ်ပါ (ကိုယ်တိုင်မြင်တဲ့အသိပါ)၊ ကိုယ်တိုင်မြင်တဲ့ အသိသာလျှင် ခင်ဗျားတို့ အသုံးချရလိမ့်မယ်။ ဒီအသိငါးမျိုးကို အမြဲတမ်း ပယ်ပစ်ရမယ်။ ရှင်းပြီလား (ရှင်းပါပြီ)၊
ဒါလည်း နိဒါနဝဂ္ဂ သံယုတ်ပါဠိတော် (နိဒါနဝဂ္ဂသံယုတ်ပါဠိ၊ ကောသမ္ဗိသုတ်၊ နှာ-၃၃၆။) မှာ လာပါတယ်၊ မုသိလတို့ ဝတ္ထုတို့မှာ သေသေချာချာပါတယ်။ ကဲ ဒါဖြင့် သန္ဒိဋ္ဌိကော အသိမှ ခင်ဗျားတို့ အမှန်ယူရမယ် (တင်ပါဘုရား)၊ ပေါ်ပြီလား။
(၅) မျိုးပယ် (၁) မျိုးနဲ့ သိရမယ်
ဟိုအသိငါးမျိုးကို ခြေကန်ထုတ်လိုက်
(တပည့်တော်က ကောက်ပုံထူးခြားတာက အဲဒီနေရာမှာ သိနေတာက သံကို ကောင်းစွာ၊ ဒိဋ္ဌိမြင်ခြင်း၊ အဲဒီလောက်သာ သိတာ၊ ဘယ်လိုကောင်းစွာမှန်းလည်း မသိပါဘုရား)၊
သာမံပဿိတဗ္ဗော -မြင်တာ။ ဖြစ်ပျက်-ဖြစ်ပျက် ဒုက္ခသစ္စာကလေးကို သူများပြော မဟုတ်ပါဘူး၊ သာမံပဿိတဗ္ဗော- ကိုယ်တိုင်မြင်ပြီး ကိုယ်တိုင်သိမှသာလျှင် ကိုယ့်အထဲမှာရှိတဲ့ ကိလေသာတွေကို အခါမလင့် အကျိုးပေးနိုင်တယ် ပယ်နိုင်တယ်။ သူများ သိလို့ ကိုယ့်ကိလေသာကို ပယ်နိုင်ပါ့မလား (မပယ်နိုင်ပါဘုရား)။
သူများပြောသံကြားနဲ့ သိလို့လည်း ကိုယ့်အယုံအကြည်က ပြင်းထန်ပါ့မလား (မပြင်းထန်နိုင်ပါ)၊ သဒ္ဓါက သဒ္ဓိန္ဒြေ မဖြစ်နိုင်ဘူးနော် (မဖြစ်နိုင်ပါ)၊ အဲဒါကြောင့်တဲ့ ခင်ဗျားတို့အတွက်က ဘာလဲ ၊ အခု သေသေချာချာ အကျယ်တွေ ပြောလာတော့ ဪ အသိက (၆) မျိုးတောင် ရှိတယ်။ (၅) မျိုးပယ်ပြီး (၁) မျိုး သိရမှာပါကလား၊ မှတ်မိပြီလား၊ အသိက (၆) မျိုးရှိတယ်၊ (၅) မျိုးပယ်။ (၁) မျိုးနဲ့ သိရမယ် (တင်ပါ)။
ဒါကြောင့် ဘုန်းကြီးက သန္ဒိဋ္ဌိကော ဒီကနေ့ စတာပဲ၊ ကဲ ကိုထွန်းရင် ကျေနပ်ပြီလား (ကျေနပ်ပါတယ်)၊ အောင့်သက်သက် ကျေနပ်လို့ မဖြစ်ဘူး (မအောင့်သက်ပါ၊ ချောချောမောမောပါပဲ)၊ ချောချောမောမောဆိုရင်တော့ဖြင့် ပြီးတာပဲ။ အောင့်သက်သက် ဆိုရင်ဖြင့် ဒီပါဠိတော်တွေနဲ့ ဒါက ရဟန္တာချင်း မေးကြည့်တာ။ ဘယ်အသိရောက်မှ ရဟန္တာဖြစ်တယ်၊ အသိမှန်ရောက်တယ်ဆိုတာ သူတို့ချင်း အမေးအဖြေမှာ သိရတယ်။ သေးတဲ့စကား မဟုတ်ဘူး။ အသိ (၆) မျိုးရှိတယ်ဆိုတာ သန္ဒိဋ္ဌိကောသိမှ အမှန်သိရောက်တယ်။ ကျန်တဲ့အသိတွေက အမှန်သိကို မရောက်ဘူး။
ပစ္စက္ခသိမှ၊ သာမံပဿိတဗ္ဗော
အကုန်ကြဉ်ထုတ် တဲ့ ဘုရားက၊ ယုံကြည်သိ ကြဉ်ထုတ်နော် (တင်ပါ)၊ ရုစိသိ, နှစ်သက်သိကရော ကိုယ့်ဟာ ကိုယ် နှစ်သက်သိ (ကြဉ်ရပါမယ်)၊ တစ်ဆင့်ကြားရော (တစ်ဆင့်ကြားလည်း ကြဉ်ရမှာပါပဲ)၊ ဆင်ခြင်တွေးဆပြီး ကြံသိ တာရော (ကြဉ်ရမှာပါ)၊ ကြဉ်ရမယ်၊ ဒိဋ္ဌိနိဇ္ဈာနခန္တိသိရော (ကြဉ်ရမှာပါပဲ)၊ ပစ္စက္ခသိမှ၊ သာမံပဿိတဗ္ဗော ကဖြင့် ခင်ဗျားတို့ ဝိပဿနာမှာ အသုံးချတော့။ ပေါ်ပြီလား (ပေါ်ပါပြီ)၊ ဒါ- အင်မတန် လေးနက်တဲ့စကားတွေလို့ မှတ်ထားလိုက်စမ်းပါ။ ခင်ဗျားတို့ မယုံကြည်ရင် ခင်ဗျားတို့ တွေးတောကြည့်။ ကျုပ်တို့ဆရာ ဒီလို ဟောထားလို့ ကျုပ်တို့ ဒီလိုပဲ သိတာပဲဆိုရင် ဒီလိုဟောထားလို့။ သူကိုယ်တိုင် သိပြောတာ မဟုတ်ဘူး။ မဟုတ်ဘူးလား (တင်ပါ)။
ဆရာလမ်းဆုံးတယ်၊ ဆရာလမ်းဆုံးတော့ သူများပါးစပ်, ပါးစပ် လမ်းဆုံးတယ် (လမ်းဆုံးပါတယ်)၊ ဆုံးမှာပဲ။ ခင်ဗျားတို့ သူများပါးစပ် လမ်းဆုံးရင် ဟိုဟာ ဝါဂွမ်းဖြစ်တယ် သို့သော် တစ်ခုရှိပါတယ်၊ ဒါ ဘုရားဟော မင်းယုံဆိုရင် ဘုရားဟော ယုံဆိုတာ ဘုရားဟောလို့သာ ဆိုတာကိုး။ ဘုရားက ဟောတာလား၊ တရားက ဟောတာ လား၊ တစ်ခါ စဉ်းစားဦးပေါ့ (တင်ပါ)၊ ဘယ့်နှယ်ဆိုကြမလဲ (တရားက ဟောတာပါ)၊ တရားက ဟောတာပါ၊ တရားက ဖြစ်တယ်ပျက်တယ်ဆိုတာ ပြဖော်ရတယ်။ ဘုရားက ဟောဖော်ရတယ်။ သဘောကျပြီလား။
ဘုရားက (ဟောဖော်ရတယ်)၊ တရားက (ပြဖော်ရတယ်)၊ ပြတာနဲ့ ဟောတာနဲ့ ခင်ဗျား ဘယ်ဟာကို ယုံသလဲ (ပြတာကို ယုံပါတယ်)၊ ပြတာကို ယုံလို့ရှိရင် တရားယုံပေါ့ (ပြတာက ဒိဋ္ဌိကိုးဘုရား) ဒါကြောင့် သန္ဒိဋ္ဌိကောလို့ သူဖွင့်ထားတာကိုး၊ သူဟောထားတာကိုဆိုတာ သေချာနေတယ်။ “အေး ဒိဋ္ဌဓမ္မော, ပတ္တဓမ္မော, တိဏ္ဏဝိစိကိစ္ဆော” ဆိုတော့ ခင်ဗျားတို့ သူက ပြတာ၊ သူက မပြရင် ရကိုမရဘူး၊ ရှင်းပြီလား။
ဒါဖြင့် ခင်ဗျားတို့ အလုပ်ခွင် ဘယ်က စမတုံး၊ တပည့်တော်တို့ ဘုရား အလုပ်ခွင် ဘယ်အသိရောက်မှ ဆုံးမှာ တုံး ၊ ဖြစ်ပျက်သိ, ဖြစ်ပျက်ဘယ်လောက်ကြာကြာ ရှုရမှာတုံးဆိုရင် အို သန္ဒိဋ္ဌိကော ဖြစ်အောင်ရှု၊ ပေါ်ပြီ လား။ သန္ဒိဋ္ဌိကော ဖြစ်လို့ရှိရင်ဖြင့် ဘုန်းကြီးက ကူစရာ မလိုတော့ဘူး။ ကိုယ့်ဟာကိုယ် သန္ဒိဋ္ဌိကောပြီးလို့ရှိရင် ဘာလာမှာတုံး (အကာလိကော) မလာပေဘူးလား (လာပါတယ်)၊ အကာလိကောဆိုတာ တခြားလား အောက်မေ့နေ တယ် ခင်ဗျားတို့က၊ သူက သန္ဒိဋ္ဌိကောဖြစ်မှ တဏှာ မာန ဒိဋ္ဌိက ချုပ်တယ် (တင်ပါဘုရား) တဏှာ ဥပါဒါန် ကံလည်း ချုပ်တယ်။
တရားမှာ ဂုဏ်တော် (၆) ပါး ရှိတယ်
သူက သန္ဒိဋ္ဌိကော မဖြစ်သေးရင် (မဖြုတ်နိုင်ပါ)၊ မဖြုတ်နိုင်ဘူး။ မဖြတ်နိုင်ဘူး။ သဘောကျပြီလား။ ကောင်းပြီ။ ဒါဖြင့် တရားမှာ ဂုဏ်တော် (၆) ပါး ရှိတယ် (တင်ပါ)၊ ခင်ဗျားတို့ ဒီဟာကို သိနေကြတယ်။ ဘယ်လို ဂုဏ်တော်ရှိသတုံးဆိုတော့ မြတ်စွာဘုရားက “သွာက္ခာတော ဘဂဝတော ဓမ္မော”၊ ဘဂဝတာ-မြတ်စွာဘုရား သည်၊ ဓမ္မော-တရားကို၊ သွာက္ခာတော-ကောင်းအောင်ဟောအပ်၏၊ အကောင်းရှိလို့ သူကောင်းအောင် ဟောတာပဲ (တင်ပါ)၊ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ်)။
သူကောင်းအောင် ဟောထားပေမယ့် ကျုပ်တို့က သန္ဒိဋ္ဌိကော မဖြစ်သေးလို့ရှိရင် သူဟာ ကျုပ်တို့ကို အကျိုးမပေး သေးတဲ့အတွက် ကျုပ်တို့အပေါ်မှာ မကောင်းသေးဘူး (ကိုယ့်အနာကကို ကိုယ်မကောင်းပါဘုရား) ကိုယ်မကောင်းဘူး။ ကိုယ့်မှာ အနာရှိတယ်၊ ကိုယ့်အနာ မပျောက်လို့ရှိရင် ဒီဆေးမကောင်းဘူး၊ သဘောကျပြီလား။ ဆေးကတော့ ကောင်းရဲ့၊ ကိုယ်က ကုစားနည်းလိုနေတယ် (တင်ပါ)၊ ကုစားနည်း လိုနေတယ်။ ကိုယ်က သန္ဒိဋ္ဌိကောဖြစ်အောင်ကု။ အကာလိကောဆိုရင် ချက်ချင်းအနာပျောက်မယ်။ ကိလေသာအနာ မပျောက်ဘူးလား၊ ပျောက်မယ်။ ကိလေသာအနာ မပျောက်ဘူးလား ပျောက်သလား (ပျောက်ပါမယ်)၊ ရှင်းပြီလား (ရှင်းပါပြီ)။
အဲဒီတော့ကို ဘုရားကိုလည်း မစွပ်စွဲနဲ့၊ တရားကိုလည်း မစွပ်စွဲနဲ့။ ဘုရားကတော့ဖြင့် လေးသင်္ချေနဲ့ ကမ္ဘာ တစ်သိန်း ပါရမီဖြည့်ဆည်းလို့ရတဲ့ ကိုယ်တိုင်သိတဲ့ဉာဏ်နဲ့ ငါဟောတဲ့တရားဟာ ဘဂဝတာ-မြတ်စွာဘုရားသခင်သည်၊ ဓမ္မော သွာက္ခာတော-တရားကို ကောင်းအောင်တော့ ဟောနေတာပဲ၊ အကောင်းချည်း ဟောနေတာပဲ။ မင်းတို့က သန္ဒိဋ္ဌိကော မဖြစ်လို့ရှိရင် ငါ မတတ်နိုင်ဘူး။ သူကတော့ ဒီတရား ဒီလိုရှုရင် ဒီလို ကောင်းမယ်လို့တော့ ဟောတာ ပဲ။ ခင်ဗျားတို့ ကိုယ်တိုင်မြင်အောင် မရှုနိုင်လို့ရှိရင် အကာလိကောအကျိုး ခံစားရပါ့မလား (မခံစားရပါဘုရား)။
ကိုယ်တိုင် မသိတော့ မခံစားရတော့ဘူး တဲ့ ခင်ဗျားတို့။ တရား မကောင်းလို့လား၊ ခင်ဗျားတို့က သန္ဒိဋ္ဌိကော ဖြစ်အောင် မလုပ်လို့လား (တပည့်တော်တို့ သန္ဒိဋ္ဌိကောဖြစ်အောင် မလုပ်လို့ပါ)၊ အင်း ကိုယ့်တာဝန်က ဒီမှာ။ ဘုရားတာဝန်က ဟောဖို့ပဲ။ ကျုပ်တို့တာဝန်က ကျင့်ဖို့။ ပေါ်ပြီလား (ပေါ်ပါတယ်ဘုရား)၊ ဘုရားတာဝန်က (ဟောဖို့ပါ)၊ ဟောဖို့။ ကျုပ်တို့တာဝန်က (ကျင့်ဖို့)၊ ကျင့်ဖို့။ အဲဒီတော့ အကျင့်နဲ့ အဟောမှ အတိုင်အဖောက်မှ မညီ လို့ရှိရင် ဒါဟာ ခင်ဗျားတို့ ဘယ်သူ့မှ စွဲချက်မတင်နဲ့။ စွဲချက်မတင်နဲ့၊ ကိုယ်လိုရင်လည်း ကိုယ်လိုလို့မှတ်။ ဘုရားအလို တော့ မထည့်နဲ့ (တင်ပါ)၊ မထည့်နဲ့။ ကဲ ရှင်းပြီလား (တင်ပါ)။
ရှင်းပြီနော်။ ကဲ ဒါဖြင့် ခင်ဗျားတို့ ရန်ကုန်ပြန်တော့ ဘယ်က စကြမှာတုံး (သန္ဒိဋ္ဌိကော)၊ ဒါပဲ စရမယ်။ သန္ဒိဋ္ဌိကော မမြင်သရွေ့ ခင်ဗျားတို့ လုပ်ရမယ်။ ခန္ဓာကိုယ်ကြီးက ဖြစ်တယ် ပျက်တယ်၊ သူများပြောနဲ့ ဖြစ်တယ် ပျက်တယ် ဆိုကြပါစို့။ ကျုပ်တော့ မတွေ့သေးဘူး၊ မတွေ့သေးရင် သန္ဒိဋ္ဌိကော ပြန်လုပ်နေ။ ပြန်လုပ်နေပါ၊ လုပ်နေ ပါ တဲ့။ လုပ်နေတော့ ဘုန်းကြီးကလည်း ရက်ပေါင်းများစွာ ဟောခဲ့တော့ “သဗ္ဗေသင်္ခါရာ အနိစ္စာရှိတယ်၊ သဗ္ဗေ သင်္ခါရာ ဒုက္ခာရှိတယ်။ သဗ္ဗေဓမ္မာ အနတ္တာရှိတယ်” လို့ ဆိုတော့ ဖြစ်ပျက်ရှိတယ်လို့ ဘုရားအဆူဆူလည်း ဒါပဲ ဟောတယ်။
သန္ဒိဋ္ဌိကော မဖြစ်ဖြစ်အောင် လုပ်ရမယ်
ခင်ဗျားတို့က စုံလုံးကန်းဖြစ်နေလို့ သန္ဒိဋ္ဌိကော မဖြစ်လို့ရှိရင် သန္ဒိဋ္ဌိကော မဖြစ်ဖြစ်အောင် လုပ်ရမယ် (တင်ပါ)၊ ဒါ ခင်ဗျားတို့ တာဝန်လို့ မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ်)၊ သန္ဒိဋ္ဌိကော ဖြစ်ပြီ။ ဒါဖြင့် ဖြစ်လို့ရှိရင် တပည့်တော်တို့ ရှေ့ ဘယ်လိုတက်ရမှာတုံး မေးဖို့ မလိုဘူးလား (လိုပါတယ်)၊ သန္ဒိဋ္ဌိကော ဖြစ်လို့ရှိရင်ကွာ တဲ့။ လွယ်ပါတယ်တဲ့။ အကာလိကော ဆိုတဲ့ နောက်က တဏှာ ဥပါဒါန် ကံတွေ ပဋိစ္စသမုပ္ပါဒ် ပြတ်ပါပြီ။ ပြတ်ပြီကွ။ တဏှာ ဥပါဒါန် ကံ တွေကို ဒီသန္ဒိဋ္ဌိက ဝင်ဖြတ်လိုက်တာနော် ကိုထွန်းရင် (တင်ပါ)။
သန္ဒိဋ္ဌိက ငါးပါး၊ သန္ဒိဋ္ဌိက ငါးပါးကနေပြီး တဏှာ ဥပါဒါန် ကံတွေကို ဦးသံဒိုင် ဖြတ်လိုက်ပြီဆိုတော့။ ဒါ ခင်ဗျားတို့က ဖြတ်တာလား၊ တရား၏စွမ်းရည်သတ္တိက ဖြတ်တာလား (တရား၏စွမ်းရည်က ဖြတ်တာပါ)၊ အကာလိက ဆိုတဲ့ အခါမလင့်အကျိုးကို ကဲ မင်းတို့သွားကြတော့လို့ နှင်ထုတ်ပစ်လိုက်တယ်၊ မလာနဲ့တော့တဲ့ သန္ဒိဋ္ဌိကောက (တင်ပါ)၊ သဘောကျပြီလား။ တဏှာ ဥပါဒါန်ကံတွေ လာခွင့်ရသေးရဲ့လား (မရတော့ပါ)၊ ခင်ဗျားတို့ နှင်တာ လား၊ ဒီသန္ဒိဋ္ဌိကထဲက ကိုယ်တိုင်မြင်တဲ့ဉာဏ်က သတ်ပစ်တာလား (ကိုယ်တိုင်မြင်တဲ့ဉာဏ်က သတ်ပစ်တာပါ)၊ သေတယ် ဆိုကြပါစို့။ မသေသေးဘူးလား (ခဏသေပါတယ်)၊ ခဏ တဒင်္ဂသေတယ်။
ဒီအတိုင်းသာနေရင် တဒင်္ဂတောင် မသေဘူး။ ဒီအတိုင်းသာနေရင် တဒင်္ဂ သေနိုင်ပါ့မလား (မသေနိုင်ပါဘုရား)၊ မသေဘူး။ အမြဲတမ်း ပဋိစ္စသမုပ္ပါဒ်က ဆက်နေမှာ ပေါ့ဗျာ။ ဒါမှမပါဘဲ မဟုတ်ဘူးလား (တင်ပါ)၊ ကိုင်း ဒါဖြင့် သန္ဒိဋ္ဌိကောဖြစ်လို့ အကာလိကောကတော့ဖြင့် နှစ်ဖက်၊ တရားဂုဏ်တော်သည် ပထမ ဟောနေတာက ဘုန်းကြီးက ရှေ့ပိုင်းက ဟောနေတာက “သွာက္ခာတော ဘဂဝတာ ဓမ္မော”၊ အခု “သွာက္ခာတော ဘဂဝတာ ဓမ္မော” ထဲမှာ ခုနက နာမရူပပရိစ္ဆေဒဉာဏ် ပစ္စယပရိဂ္ဂဟဉာဏ် ပါသွားပြီနော် (တင်ပါဘုရား)။
တစ်ခုလုပ်တာနဲ့ နှစ်ခုပြီးတယ်
နောက် ခင်ဗျားတို့စပြီးတော့ ဟောရုံနဲ့ မပြီးဘူး၊ လုပ်ပါလို့ တိုက်တွန်းတာကတော့ သန္ဒိဋ္ဌိကောနဲ့ တိုက်တွန်းတယ်၊ ရှင်းပြီလား။ ဟောလို့ပြီးတာက နှစ်ခု၊ လုပ်ယူရမှာက တစ်ခု (တစ်ခု)၊ တစ်ခုလုပ်တာနဲ့ နှစ်ခုပြီးတယ် (တင်ပါ ဘုရား)၊ နှစ်ခုမပြီးဘူးလား၊ သန္ဒိဋ္ဌိကော လုပ်တာနဲ့ အကာလိကော ဘယ့်နှယ်နေသလဲ-မပြီးဘူးလား (ချက်ချင်း အကျိုးပေးပါတယ်)၊ အင်း-ချက်ချင်း အကျိုးပေးတယ်၊ တဒင်္ဂ တစ်ခါတည်း တဏှာ ဥပါဒါန် ကံတွေ မချုပ်ဘူးလား (ချုပ်ပါတယ်)၊ ချုပ်သွားလို့ဆိုတော့ ခင်ဗျားတို့ကို သူများအပြောမဟုတ်ဘူး (တင်ပါ)၊ သူများအပြော မဟုတ်ပါဘူး၊ တရားက ပေါ်လာတယ်၊ တရားကပဲ ချုပ်စေတာပါပဲဆိုရင် ကိုထွန်းရင် လွဲပါ့မလား (မလွဲပါဘူး)၊ မလွဲပါဘူး ဆိုတာ ကျေနပ်ပြီလား (ကျေနပ်ပါပြီဘုရား)။
အဲဒီတော့ကို သန္ဒိဋ္ဌိကောနဲ့ အကာလိကော ပြီးသွားတော့ ရွတ်ပါ ပါဠိတော်၊ ပါဠိတော်ရွတ် (အကာလိကော ဧဟိပဿိကော)၊ ဧဟိ ပဿိကော၊ ဧဟိ-လာလှည့်၊ ပဿ-ရှုလှည့်၊ ခေါ်ပြန်ပြီ (တင်ပါ)၊ ဧဟိ (လာခဲ့)၊ လာခဲ့။ ပဿ (ရှုပါ)၊ ရှုပါနော် ခင်ဗျားတို့မြင်နေတဲ့ ဖြစ်ပျက်တွေဟာ ဒုက္ခသစ္စာတွေပဲလို့ သူပြန်ခေါ်လိမ့်ဦးမယ်။ ခေါ်လိမ့်ဦး မယ် (တင်ပါ)၊ မခေါ်ပေဘူးလား။ ခုနက အနိစ္စ ဒုက္ခ အနတ္တက ခေါ်တာ။ အခုတော့ သစ္စာသဘောနဲ့ သူခေါ်နေတယ် (တင်ပါ)၊ မခေါ်ပေဘူးလား (ခေါ်ပါမယ်)။
ဧဟိ-လာလော့။ ပဿ-ရှုပါလော့
ဧဟိ-လာလော့။ ပဿ-ရှုပါလော့။ သူ သစ္စာသဘောနဲ့ ခေါ်ဦးမယ် (ခေါ်ပါမယ်)၊ မခေါ်ပေဘူးလား (ခေါ်ပါ တယ်)၊ ရှုဖန်များရင် ဒုက္ခသစ္စာလို့ မလာဘူးလား လာမလား (လာပါမယ်)၊ အဲဒီ သူလာသည့်တိုင်အောင် ဧဟိ- လာလှည့်။ ပဿ-ရူပါဆိုသည့်တိုင်အောင် ခင်ဗျားတို့ ဒုတိယ ပြန်ရှုရမယ်၊ ရှင်းပြီလား။ ဒုတိယတစ်ဆင့် တက်ရမယ်၊ ဒုက္ခသစ္စာက ခေါ်သည့်တိုင်အောင် ဘာလုပ်ရမလဲ (ရှုပေးရမယ်)။
ဪ ဒါဖြင့် နေရာကျပြီ၊ သန္ဒိဋ္ဌိကောနဲ့ အကာလိကောက တစ်ပြိုင်နက်ပြီးတယ်။ ဧဟိပဿိကော သူက ဒုက္ခသစ္စာသဘောနဲ့ ခေါ်ပြန်ပြီဆိုတော့ တပည့်တော်တို့ ရှုရုံပဲ ရှုရမှာပဲ၊ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ်)၊ ကောင်းပြီ၊ ဒါဖြင့် သူက ဖြစ်ဒုက္ခ ပျက်ဒုက္ခနဲ့၊ ဖြစ်တာလည်း ဒုက္ခပဲ၊ ပျက်တာလည်း ဒုက္ခပဲ၊
“ဒုက္ခမေဝ ဥပ္ပဇ္ဇမာနံ ဥပ္ပဇ္ဇတိ၊ ဒုက္ခံ နိရုဇ္ဈမာနံ နိရုဇ္ဈတိ”(ခန္ဓဝဂ္ဂသံယုတ်ပါဠိ၊ ဆန္နသုတ်၊ နှာ-၁၁၀။)
အစရှိသည်နဲ့ သူက ခေါ်တယ်လို့ ဆိုနိုင်တယ်။ ခေါ်တာကို ခင်ဗျားတို့သည်ကား လို့ ဆိုလို့ရှိရင်ဖြင့် အင်း ဧဟိပဿိကော အလုပ်ကို ထပ်လုပ်ပါ၊ ရှင်းပြီလား (တင်ပါဘုရား)၊ သန္ဒိဋ္ဌိကော အလုပ်ပြီးရင် ဧဟိပဿိကောအလုပ်ကို ထပ်လုပ်ရလိမ့်ဦးမယ်၊ မလုပ်ရဘူးလား (လုပ်ရပါမယ်ဘုရား)။
ကျုပ်ကို ပိုင်ပိုင်နိုင်နိုင် သိအောင်ရှု
သူခေါ်တာကတော့ ဒုက္ခသစ္စာကလည်း ကျုပ်ကို ပိုင်ပိုင်နိုင်နိုင် သိအောင်ရှု၊ ကျုပ်ကို ပိုင်ပိုင်နိုင်နိုင် သိအောင် ရှုပါလို့ ခေါ်တယ်လို့ ဆိုနိုင်တယ်။ ခေါ်လို့ရှိရင်ဖြင့် ချုပ်ပြသွားလို့ရှိရင် ဒီနေရာမှာ နိဗ္ဗာန်ပေါ်မလား မပေါ်ဘူးလား (ဒီပြန်ပေါ်မှာပဲ)၊ တွဲဘက် တွဲဘက် ဧဟိပဿိကော နိဗ္ဗာန်ကလည်း ခေါ်တော့ ဒုက္ခသစ္စာက စမခေါ်ဘဲနဲ့ နိဗ္ဗာန်က မခေါ်နိုင်ဘူး၊ သဘောကျပြီလား (တင်ပါဘုရား)၊ ဒုက္ခ မပိုင်းခြားဘဲနဲ့ နိရောဓ ခေါ်နိုင်ပါ့မလား (မခေါ်နိုင်ပါဘုရား)၊ နိရောဓဒုက္ခ ဖုံးနေတာကိုး။ အဲဒီတော့ကို ဒုက္ခချုပ်သွားမှ သုခပေါ်မှာ၊ ဒုက္ခမချုပ်ဘဲနဲ့တော့ (သုခ မပေါ်ပါဘုရား)။
ကောင်းပြီ၊ ဒါဖြင့် ခင်ဗျားတို့ ဧဟိပဿိကောကို ဘယ်လောက်တိုင်တိုင် လုပ်ရမှာပဲဆိုတော့ နှစ်ခုစလုံးက ခေါ်သည့်တိုင်အောင် လုပ်ပါ။ ဒုက္ခသစ္စာကလည်း ကျုပ်ကို ပိုင်ပိုင်နိုင်နိုင် သိအောင်ရှုပါ၊ ရှုပါလို့ ခေါ်တယ်လို့ ဆိုနိုင်တယ်။ ပြီးတော့ သူချုပ်ပြီဆိုတော့ နိရောဓသစ္စာက ပြန်ခေါ်မယ်လို့ ဆိုနိုင်တယ်။ မခေါ်ဘူးလား (ခေါ်ပါ တယ်)၊ ဒါကြောင့် ဒုက္ခချုပ်ရင် နိရောဓ မြင်ရလိမ့်မယ်လို့ ပြောတာ (တင်ပါဘုရား)၊ ရှင်းပြီလား။ ဒါဖြင့် ဒီအခု သူကလည်း ဒုက္ခသစ္စာကလည်း ပိုင်ပိုင်နိုင်နိုင် သိအောင်ခေါ်တယ်လို့ ဆိုနိုင်တာပဲ၊ ဧဟိ-လာလှည့်၊ ပဿ- ရှုလှည့်ပါဆို တော့ ခင်ဗျားတို့ ဉာဏ်ကို ခေါ်နေတာပဲ။ သူများခေါ်တာ ဟုတ်ရဲ့လား။ ခင်ဗျားတို့ဉာဏ်ကို ခေါ်နေတာ။ ဉာဏ်ကိုခေါ်နေတာ။ ခင်ဗျားတို့ဉာဏ်ကို ခေါ်နေတော့ကို ခင်ဗျားတို့က သွားဖြစ်အောင် သွားပါ (သွားပါမယ်ဘုရား)။
ဒုက္ခနိရောဓော နိဗ္ဗာနံ
ရန်ကုန်တိုက်ပေါ်တော့ ခင်ဗျားတို့ မနေနဲ့၊ မော်တော်ကားစီးပြီးတော့ အလကား လေညင်းမခံနဲ့၊ သူခေါ်ရာ သွားပါ၊ ဒုက္ခသစ္စာခေါ်ရာ သွားပါ (တင်ပါ)၊ သူက ကျုပ်ကို ပိုင်ပိုင်နိုင်နိုင် ကြည့်ပါ၊ ကျုပ်ကို ပိုင်ပိုင်နိုင်နိုင်ကြည့်ပါလို့ မခေါ်ဘူးလား (ခေါ်ပါတယ်ဘုရား)၊ ခေါ်တော့ ခင်ဗျားတို့က ပိုင်ပိုင်နိုင်နိုင် ကြည့်လိုက်တဲ့အခါကျတော့ ဪ သူ ခေါ်တဲ့ဆီ ကြည့်လိုက်တဲ့အခါ ဒုက္ခစစ်စစ် သုခ မဖက်ပါကလားဆိုတာ မမြင်ရပေဘူးလား မြင်ရမလား၊ မြင်ရ လိမ့်မယ်ဆိုတော့ ဒီခန္ဓာငါးပါးကြီးဟာ ကိုထွန်းရင် ချုပ်ပြီသာမှတ် (တင်ပါဘုရား)၊ ဒုက္ခမှန်းသိလို့ ချုပ်သွားတော့ ဒီနေရာမှာ ဒုက္ခနိရောဓော မလာပေဘူးလား (တင်ပါဘုရား) ဒုက္ခနိရောဓော- ဒုက္ခနိရောဓော နိဗ္ဗာနံ (မှန်ပါ)၊ ဒုက္ခနိရောဓော ဘာလဲ (နိဗ္ဗာနံ)၊ နိဗ္ဗာန်ပဲ။ အဲ ဒုက္ခနိရောဓောနိဗ္ဗာနံ ခေါ်သည့်တိုင်အောင် ခင်ဗျားတို့က ဧဟိ ပဿိကော လိုက်နေစမ်းပါ (တင်ပါဘုရား)။
အင်း နောက်တော့ ပထမဒုက္ခသစ္စာ ခေါ်။ တော်တော်ကြာ နိရောဓသစ္စာခေါ်လိမ့်မယ်။ နိရောဓသစ္စာကို ဒုက္ခသစ္စာက ဖုံးမြဲကိုးဗျ။ မဖုံးပေဘူးလား (တင်ပါ)၊ ဒါဖြင့် ဒုက္ခသစ္စာကို ပိုင်ပိုင်နိုင်နိုင် သိတဲ့အခါကျတော့ နိရောဓ သစ္စာက ဒုက္ခသစ္စာကို ဖျောက်တယ်။ နိရောဓသစ္စာ အစား မထိုးပေဘူးလား (ထိုးပါတယ်)။ အစားထိုးလို့ရှိရင်ဖြင့် အစားထိုးတာလည်း ခေါ်တာပဲ။ ရှေ့ကဖုံးတဲ့တရားကို ခေါ်တဲ့ဆီကို မြန်မြန် ခင်ဗျားတို့က ပိုင်ပိုင်နိုင်နိုင်သိအောင်လို့ သူက ခေါ်တာ။ သူက ဒုက္ခသစ္စာကို ပိုင်းခြားဖို့ ခေါ်တာ။ ဟိုက ကြည့်ရှုဖို့ ခေါ်တာ။ သဘောကျရဲ့လား။ ဒုက္ခ သစ္စာကတော့ သူ့ကို ပိုင်ပိုင်နိုင်နိုင် သိအောင်လို့ခေါ်တာ၊ ကျုပ်ကို ပိုင်ပိုင်နိုင်နိုင် ကြည့်စမ်းပါ၊ ကျုပ်ကို ပိုင်ပိုင်နိုင်နိုင် ကြည့်စမ်းပါလို့ ခေါ်တာပဲ၊ ခေါ်လို့ သူ့ကို ပိုင်ပိုင်နိုင်နိုင်နဲ့ ခင်ဗျားတို့က ကြည့်ရော ကြည့်လည်း ကြည့်ပါရော ခင်ဗျားဉာဏ်က ထက်လာပြီး မလိုချင်တော့ဘူး၊ လိုချင်သေးသလား ဒုက္ခသစ္စာ (မလိုချင်ပါဘုရား)။
မလိုချင်တဲ့ အခါကျတော့ ဒီအထဲမှာ မလိုချင်တဲ့ဉာဏ်က ကိလေသာကို သတ်လိုက်တော့ ဒုက္ခက ဖျတ်ဆို အကြောင်းကိလေသာ ဖြတ်လို့ အကျိုးကိလေသာ ပြန်ချုပ်တယ် (တင်ပါ)၊ အကြောင်းသမုဒယချုပ်လို့ အကျိုးဒုက္ခကြီး ကို ပြန်မချုပ်ဘူးလား (ချုပ်ပါတယ်)၊ ချုပ်တော့ အကာလိကော၊ ဧဟိ-လာခဲ့၊ ပဿ-ရှုပါလော့လို့ နိဗ္ဗာန်ကလည်း ခေါ်ပြန်တယ်၊ မခေါ်ဘူးလား (ခေါ်ပါတယ်ဘုရား)၊ ဒါဖြင့် ဧဟိ ပဿိကော ဧဟိ-လာခဲ့ပါ၊ ပဿ-ရူပါလို့ ခေါ်တာ။ ဒုက္ခသစ္စာကလည်း ခေါ်တယ်လို့ ဆိုနိုင်တယ်၊ နိရောဓသစ္စာကလည်း ခေါ်တယ်လို့ ဆိုနိုင်တယ်လို့ မှတ်၊ ရှင်းပြီလား (တင်ပါ)၊ အဲဒီတော့ ဒါ ရှင်းသွားပြီနော် (တင်ပါ)။
သန္ဒိဋ္ဌိကော ရှုပြီးရင် ဧဟိပဿိကော တက်ရမယ်
ဒါဖြင့် သန္ဒိဋ္ဌိကော ရှေ့ထားလို့ ၊ သန္ဒိဋ္ဌိကော ကိုယ်တိုင် ဖြစ်ပျက်တွေ မြင်လို့ရှိရင်ဖြင့် နောက်ကို ဧဟိ ပဿိကော တက်ပါ။ ဒုက္ခသစ္စာလို့ ရှုပြီးတက်ပါနော် (တင်ပါ)၊ ဒီလိုဆိုရင် နိဗ္ဗိန္ဒဉာဏ် ကြားဝင်သွားပြီ (တင်ပါ)၊ ဒါ-အထူးမဟောတော့ဘူး၊ ရှည်နေမှာစိုးလို့ (မှန်ပါ)၊ သန္ဒိဋ္ဌိကော ရင့်လာလို့ရှိရင် ဒီအထဲမှာ ဥဒယဗ္ဗယ ဘင်္ဂ ဘယ နိဗ္ဗိန္ဒတွေ အကုန်ပါသွားမှာပဲ (တင်ပါ)၊ တရားဂုဏ်တော်ထဲကျတော့ သန္ဒိဋ္ဌိကော တစ်လုံးပါနေရင် ဒီ့ပြင်ဟာတွေ အကုန်ပါသွားတယ်၊ ကျေနပ်ပြီလား။ ကျေနပ်ပြီ တဲ့။ ဒါဖြင့် သန္ဒိဋ္ဌိကော ရှုပြီးရင် ဘာတက်ရမလဲ၊ ဧဟိပဿိကော တက်ရမယ်၊ အကာလိကောက သန္ဒိဋ္ဌိကော လုပ်ရင်း ပါသွားတယ် (မှန်ပါဘုရား)။
သန္ဒိဋ္ဌိကောလုပ်ရင်း အကာလိကောက ပါသွားတယ် (အကလိကော အကုန်ပါသွားတယ်)၊ ဒါကတော့ အကြောင်း နဲ့အကျိုး ဘုန်းကြီးက ဉာဏ်စဉ်နဲ့တော့ မဆိုတော့ဘူး၊ ဟုတ်ဘူးလား၊ တစ်ခုလုပ်ရင်းက အကုန်ပြီးသွားတာပဲ၊ ရှင်းပြီ လား၊
ခုဟာက ဝိပဿနာပဲ
သန္ဒိဋ္ဌိကောလုပ်ပြီး အကာလိကော လုပ်ရဦးမှာလားလို့ မမေးနဲ့တော့၊ ဦးသံဒိုင်ကရော မေးဖို့လိုသေးသလား၊ ဘာဖြစ်လို့လဲဆိုတော့ သန္ဒိဋ္ဌိကောလုပ်ရင်း လိုရင်းဟာတွေ အကုန်ပါတယ်၊ နောက်က ချုပ်သွားတယ်။ ရှင်းပြီလား (မဂ်နဲ့ ဖိုလ်နဲ့တွဲနေတာပဲ)၊ အင်း မဂ်နဲ့ဖိုလ်နဲ့ တွဲနေသလိုပေါ့ဗျာ (တင်ပါ)၊ ခုဟာက ဝိပဿနာပဲ။ ဝိပဿနာသာ ဟောတာ၊ သဘောမှာတော့ တချို့နေရာ ခုနက ဦးထွန်းရင် ပြောတဲ့မဂ်နဲ့ ဖိုလ်နဲ့တွဲနေတာပဲ (တင်ပါ)။
တရားဂုဏ်တော် (၆)ပါးဟာ အလုပ်စဉ်တရား၊ အလုပ်လုပ်နည်းပေးတဲ့ တရားလို့ ဆိုနိုင်တယ် (သို့မဟုတ်) အလုပ်လုပ်နည်းပေးတဲ့တရားလို့ ဆိုရင်ဖြစ်နိုင်တယ်။ ကဲ ဒါဖြင့် သန္ဒိဋ္ဌိကောနဲ့ အကာလိကော တွဲလျက်ရှု။ ဧဟိပဿိကောကလည်း အာရုံဘက်က တွဲလျက်ရှိတယ်။ ဒုက္ခသစ္စာကလည်း ခေါ်တယ်လို့ ဆိုနိုင်တယ် (တင်ပါ)၊ နိရောဓသစ္စာက (သူကလည်း ခေါ်တယ်လို့ ဆိုနိုင်တယ်)၊ အဲ သူက အာရုံဘက်က နှစ်ခုပြီးသွားပြီ။ ဒုက္ခသစ္စာ ကလည်း ငါ့ ပိုင်ပိုင်နိုင်နိုင် ကြည့်၊ ငါ့ကို ပိုင်ပိုင်နိုင်နိုင်ကြည့်လို့ မခေါ်ဘူးလား (ခေါ်ပါတယ်ဘုရား)။
ခေါ်လို့ရှိရင် သူ့ပိုင်ပိုင်နိုင်နိုင် ကြည့်လို့ရှိရင် ဒီဉာဏ်က မထက်ဘူးလား ထက်မလား (ထက်ပါတယ်ဘုရား)၊ ထက်လို့ရှိရင် သမုဒယ ချုပ်သောကြောင့် ဒုက္ခသစ္စာ ဘယ့်နှယ်နေသလဲ (ဒုက္ခသစ္စာချုပ်တယ်)၊ ချုပ်လို့ရှိရင် ဒုက္ခသစ္စာ ချုပ်တဲ့နေရာ ဘယ်သူအစားထိုးမတုံး (နိရောဓ အစားထိုးပါမယ်ဘုရား)၊ ဒါဖြင့် နိရောဓ ထိုးရမယ်။ ဒုက္ခနိရောဓ ထိုးရမယ်၊ မဟုတ်ဘူးလား။ ဒုက္ခမရှိတာချည်း ပေါ်လာမှာပေါ့ (တင်ပါ)၊ လူလည်း အေးသွားတယ် (မှန်ပါ)၊ သဘော ကျပြီလား၊ ကောင်းပြီ၊ ဒါဖြင့် ပြီးတော့မှ ရှေ့ပါဠိကိုရွတ်ပါ တဲ့။ ဧဟိပဿိကောပြီး ဘာလဲ၊ ဩပနေယျိကော မကျန်ဘူးလား (ကျန်ပါတယ်ဘုရား)။
ဩပနေယျိကော
”ဩပနေယျိကော အတ္တနော စိတ္တံ ဥပနေတဗ္ဗော”၊ အတ္တနော- မိမိ၏၊ စိတ္တံ-စိတ်ကို၊ ဥပနေတဗ္ဗော-ဆောင်နိုင် သည်တဲ့၊ ဪ ဒီဥစ္စာ မိမိစိတ်ကို အတ္တနော စိတ္တံ ဥပနေတဗ္ဗော ဆိုတော့ ဪ ငါဖြင့် ဒီမဂ်တွေ ဒီနောက်ကလည်း ဖိုလ်တွေ ဘာတွေ လာတော့မှာပေါ့ဗျ၊ မဂ်ဆိုတစ်ကြိမ်ပြီး၊ ဖိုလ်နှစ်ကြိမ် သုံးကြိမ်ပြီးတော့ ပစ္စဝေက္ခဏာ ဉာဏ်တွေ လာမှာပေါ့ဗျာ။
ဒါကလည်း ဝီထိနိယာမကိုး၊ ဝီထိနိယာမဆိုတော့ မလာပါနဲ့ ဆိုတော့ ရပါ့မလား (မရပါ)၊ ဓမ္မနိယာမတို့၊ ဝီထိနိယာမတို့ဆိုတာ လာရမှာပဲ (တင်ပါ)၊ မဂ်ပြီးတော့ ဖိုလ်နှစ်ကြိမ် သုံးကြိမ်လာရမယ် ဆိုတာလည်း ဝီထိနိယာမ မဟုတ်ဘူးလား (မှန်ပါ)၊ ပစ္စဝေက္ခဏာတွေ လာရမယ်ဆိုတာလည်း အကုန်မလာရှိရမယ်။ လာတန်တဲ့ ပစ္စဝေက္ခဏာ လာရမှာပဲ၊ မလာရပေဘူးလား (လာပါတယ်)၊ ဘယ်နေရာမှာ တန်းစီလို့ ရရဲ့လား (မရပါ)၊ တန်းစီပြီး ထွက်လာတော့ကို ဝီထိနိယာမလို့ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ်)။
မဂ်ဝီထိပြီးတော့ ဖိုလ်ဝီထိ၊ ဖိုလ်ဝီထိပြီးတော့ ပစ္စဝေက္ခဏာ ဝီထိ မလာပေဘူးလား၊ လာရလိမ့်မယ် (မှန်ပါ)၊ အဲဒီတော့ လာတဲ့အခါကျတော့ ဖိုလ်ဝီထိကျတော့ ဘယ်နည်းနဲ့မှ ရပ်လို့မရပါဘူး၊ ပစ္စဝေက္ခဏာ ဝီထိကျတော့ ရပ်လို့ ရသေးရဲ့လား (မရပါ)၊ မရတော့ မိမိစိတ်ထဲမှာတဲ့ ဒီတရားသားဟာ အရိယာပုဂ္ဂိုလ်၏ စိတ်တွေလို့ဆိုရင် လွဲပါ့မလား (မလွဲပါ)။
အေး အတ္တနော စိတ္တံ ဥပနေတဗ္ဗောတဲ့။ ဪ ငါဖြင့် နိဗ္ဗာန် မြင်ရပေပြီ၊ ငါဖြင့် နိဗ္ဗာန် မြင်ရပေ ပြီ။ ငါဖြင့် နိဗ္ဗာန်မြင်ရပေပြီ။ သူ့ဟာသူ မဆင်ခြင်ပေဘူးလား (ဆင်ခြင်ပါတယ်)၊ အဲဒါ “အတ္တနော စိတ္တံ ဥပနေတဗ္ဗော” တဲ့။ မိမိစိတ်ကို ဆွဲဆောင်နေပြီတဲ့ ဒီနိဗ္ဗာန် (မှန်ပါဘုရား)၊ မဆွဲဆောင်ပေဘူးလား (ဆွဲဆောင်ပါတယ်ဘုရား)၊ ပစ္စဝေက္ခဏာစိတ်တွေကိုလေ။
ဒါဖြင့် အတ္တနော စိတ္တံ ဥပနေတဗ္ဗော၊ အတ္တနော-မိမိ၏၊ စိတ္တံ-စိတ်ကို၊ ဥပနေတဗ္ဗော-နိဗ္ဗာန်က ဆွဲဆောင်နေပြီ တဲ့။ ဪ ဒါဖြင့် ဧဟိပဿိကော လုပ်ပြီးလို့ရှိရင် အကာလိကောက အလိုလိုပါသွားတယ်လို့ မှတ်လိုက်၊ ဝီထိနိယာမ ထဲမှာ အလိုလိုပါသွားတယ်။ ကျေနပ်ပြီလား (မှန်ပါ)၊ ကျေနပ်ပြီလား။
ဒါဖြင့် ခင်ဗျားတို့ အလုပ်စဉ်က ဘာလုပ်ရမှာတုံး။ တို့ ဘယ်ဉာဏ် ဘယ်ဉာဏ်တက်ရမှာတုံး ဆိုတော့ ဘယ်ဉာဏ်မှာတော့ ခင်ဗျားတို့ ဉာဏ်စဉ်မှာတော့ ဒါလာပါလိမ့်မယ်။ လာပင် လာငြားသော်လည်း ခင်ဗျားတို့ ဉာဏ်စဉ် အသာထား၊ ဉာဏ်ကိုက စဉ်လို့မဖြစ်ဘူး၊ အလုပ်စဉ် ကျုပ်ပေးပါရစေ၊ ရှင်းပြီလား (မှန်ပါ)။
ဉာဏ်စဉ် သူ့ဟာသူ လာလိမ့်မယ်
အခု ပြောနေကြတာက ဉာဏ်စဉ်ပြောနေကြတာ။ ဘုန်းကြီးကတော့ ဉာဏ်စဉ် သူ့ဟာသူ လာလိမ့်မယ်၊ အလုပ်စဉ် ကျုပ်ပြောနေတာ၊ သဘောပါပလား။ အရင်းဘယ်သူက ကျသတုံး။ ဦးသံဒိုင် ဉာဏ်စဉ်နဲ့ အလုပ်စဉ် (အလုပ်စဉ်က ကျပါတယ်)၊ အလုပ်စဉ်အတိုင်း ဉာဏ်စဉ်က ပေါ်ရမယ်၊ ရှင်းပြီလား။ အလုပ်စဉ် မရှိရင် ဉာဏ်စဉ်ပေါ်ပါ့မလား (မပေါ်ပါဘုရား)။
အဲဒီတော့ အလုပ်စဉ်က သန္ဒိဋ္ဌိကော လုပ်ပြီးသကာလ ဘာလုပ်ရမလဲ၊
သန္ဒိဋ္ဌိကော (၁) နံပါတ်လုပ်ရမယ် (မှန်ပါ)။
ဧဟိပဿိကော လုပ်ပါ (မှန်ပါ)၊ ရှင်းပြီလား၊ သန္ဒိဋ္ဌိကော ပြီးရင် ဘာလုပ်မလဲ (ဧဟိ ပဿိကောပါဘုရား)၊
ဧဟိပဿိကောလုပ်ရင် ဩပနေယျိကော ပါမသွားဘူးလား (ပါသွားပါပြီဘုရား)၊ ပါသွားပြီတဲ့၊ ရှင်းပြီလား။
ဒါဖြင့် သန္ဒိဋ္ဌိကော ပြီးလို့ရှိရင်ဖြင့် ဩပနေယျိကော ဆက်လုပ်၊ ဒုက္ခသစ္စာကိုနော် ၊ အင်း နို့မဟုတ်ရင် သန္ဒိဋ္ဌိကောဖြစ်လို့ရှိရင် ဧဟိ ပဿိကောဆို၊ ဒါသာ လုပ်ပေတော့ တစ်ခုကျော်လုပ်ပေါ့ (ပထမတစ်ခု ကျော်သွားရ မလား)၊ တစ်ခုကျော် လုပ်လိုက်လို့ရှိရင်ဖြင့် ပထမတော့ ဝိပဿနာကျင့်၊ နောက်ဟာက သစ္စဉာဏ် လာဖြစ်တယ် (မှန်ပါ)၊ ဝိပဿနာဉာဏ်က သစ္စဉာဏ်ဆုံးမှ ကိစ္စပြီးမှာကိုးဗျ၊ ဝိပဿနာဉာဏ်စဉ် ကိစ္စပြီးတယ်လို့ ထုံးစံရှိရဲ့လား (မရှိပါ) သစ္စဉာဏ်ကျမှ ကိစ္စပြီးတယ်လို့ ဆိုတာ ခင်ဗျားတို့ သိပါလိမ့်မယ်။
ဧဟိပဿိကော လုပ်လိုက်ရင် နှစ်ချက်ပြီးပါတယ်
အဲ ဒါကြောင့် ကဲ ကိုထွန်းရင်မေးပြီ၊ အင်း နာမရူပပရိစ္ဆေဒဉာဏ်၊ ဒါ ဘုန်းကြီးတာဝန် ပြီးသွား ပြီတဲ့၊ ပစ္စယပရိဂ္ဂဟဉာဏ် ဒါ-ဘုန်းကြီးတာဝန် ပြီးသွားပြီ။ ခင်ဗျားတို့လည်း နားလည်ရင် ပြီးတာပဲ (မှန်ပါ)၊ လည်တာ တွေ ထားလိုက်တော့။ အလုပ်စဉ်ပြောစမ်းပါဆိုလို့ ဘယ်ကစလုပ်ရမလဲ သန္ဒိဋ္ဌိကောက စ, သဘောကျသလား၊ ဘယ်က စလုပ်ရမလဲ (သန္ဒိဋ္ဌိကောက စလုပ်ရမယ်)၊ သန္ဒိဋ္ဌိကောဖြင့် တပည့်တော်တို့ ပိုင်သွားပြီဘုရား၊ ဘယ်ဟာနဲ့ ပြန်လုပ် ရဦးမှာလဲ ဆက်ပြီးပေးပါဆိုရင် ကိုထွန်းရင် ဧဟိပဿိကော ပြန်လုပ်လိုက်ဦးဟေ့ သဘောကျပြီလား။ သန္ဒိဋ္ဌိကော လုပ်လိုက်ရင် နှစ်ချက်ပြီးတယ်၊ ဧဟိပဿိကော လုပ်လိုက်ရင်ရော (နှစ်ချက်ပြီးပါတယ်)၊ သဘောကျပြီလား ရှင်းသွားပြီလား။ ဒါဖြင့် သန္ဒိဋ္ဌိကောပြီးရင် ဧဟိပဿိကောကို ခင်ဗျားတို့ ရအောင်လုပ်ကြ၊ မပြီးသေးဘူးလား (ပြီးပါ တယ် ဘုရား)။
ဒီကရှေ့ဆက်ပြီး လုပ်ပေတော့။ ဩပနေယျကောလည်း ပါသွားပြီနော်၊ “ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟီတိ” ဆိုတော့ အဲဒါ ခင်ဗျားတို့ လုပ်ဖို့မလိုတော့ပါဘူး။ ဝိညူဟိ- ပညာရှိတို့သည်၊ ပစ္စတ္တံ-အသီးသီး၊ ဝေဒိတဗ္ဗော- သိစေအပ် ခံစားအပ်၏ ဆိုတော့ သူ မဂ်ရတာ သောတာပတ္တိမဂ်ရလို့ သူသိတာပဲ၊ သူ သကဒါဂါမိမဂ်ရလို့ သူခံစားရတဲ့ အကျိုး၊ သူ အနာဂါမိမဂ်ရလို့ သူခံစားရတဲ့အကျိုး၊ သူ အရဟတ္တမဂ်ရလို့ သူခံစားရတဲ့အကျိုး (မှန်ပါ)၊ သူရတာကို သူ သိတာရှိတာပဲ။ ဒါကတော့ကို ခင်ဗျားတို့ လုပ်တာ မဟုတ်ပါဘူးတဲ့။ သူ့ဟာသူ ဝမ်းမြောက်ပြီး သကာလ ငါတော့ မဂ်လေးတန် ရပေပြီ၊ ဖိုလ်လေးတန်ရပေပြီ၊ ကိလေသာမျိုးစေ့ကို ဘယ်တော့မှ အညွန့်အတက် မပေါက်နိုင်တော့ဘူး ဆိုတာ သူ့ဟာသူ သိတယ် (မှန်ပါ)။
အဲဒါမျိုးကျတော့ကို သောတာပတ္တိမဂ်ရတဲ့ပုဂ္ဂိုလ်ကလည်း ကဲ ကိုထွန်းရင်ရေ ကျုပ် သောတာပတ္တိမဂ် ရတယ်။ ခင်ဗျား မျှယူတော့ဆိုလို့ ရပါ့မလား- မရဘူး။ သကဒါဂါမိမဂ်ရတဲ့လူကလည်း ကိုထွန်းရင် သကဒါဂါမိမဂ် တစ်ဝက်ယူတော့ဆိုရင်ရော ရပါ့မလား (မရပါဘုရား)။
အမျှပေးဝေလို့မရတဲ့ ကုသိုလ်
ဒါ အမျှပေးဝေလို့မရတဲ့ ကုသိုလ်လို့ မှတ်လိုက် (တင်ပါဘုရား)၊ ရှင်းပြီလား၊ ဒါဖြင့် ဒီမှာဟောတာက ဆရာပေးတဲ့ဉာဏ်က ဘယ်နှစ်ဉာဏ်တုံး။ နာမရူပပရိစ္ဆေဒဉာဏ်၊ ပစ္စယပရိဂ္ဂဟဉာဏ်၊ ခင်ဗျားတို့ လုပ်ရမယ့်ဟာက သန္ဒိဋ္ဌိကောရယ်၊ ဧဟိပဿိကောရယ်။ ဒီနှစ်ခုရအောင် လုပ်လို့ရှိရင် ကိစ္စပြီးမှာက ကျုပ် ဘာမှပြောနေဖို့ မလိုဘူး (တင်ပါ)၊ သဘောကျပြီလား။
အဲဒါဖြင့် တော်ပြီ၊ နာရီစေ့ပြီ။
သာဓု သာဓု သာဓု။