10107

မာတိကာသို့

ဇရာမရဏ တရားတော်

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

အမရပူရမြို့၊ မင်္ဂလာရိပ်သာဓမ္မာရုံကြီးပေါ်တွင်

ဟောကြားဆုံးမတော်မူသော

သမ္မသသုတ်

(နိဒါနဝဂ္ဂသံယုတ်ပါဠိ၊ သမ္မသသုတ်၊ နှာ-၃၂၉။)ဇရာမရဏ တရားတော်

(၂၈-၁၁-၆၀)

ကိုယ့်ကိုယ်များ သုံးသပ်ကြရဲ့လား

မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီးသည် ကုရုတိုင်း ကမ္မာသဒမ္မနိဂုံးတွင် သီတင်းသုံးနေတော်မူတဲ့အခါ မှာ ရဟန်းတွေက အနားဝိုင်းထိုင်နေကြတယ်။ ရဟန်းတွေ အနားဝိုင်းထိုင်နေကြတော့ မြတ်စွာဘုရားက ရဟန်းတို့ မင်းတို့ ရဟန်းရဲ့အလုပ် ပြုလုပ်ပြီး သကာလ နေကြတယ်။ သူတစ်ပါး ဆွမ်းတို့၊ ကွမ်းတို့ ဘုဉ်းပေးသုံးဆောင် ပြီးသကာလနေကြတာ ကိုယ့်ကိုယ်များ သုံးသပ်ကြရဲ့လား လို့ မေးလိုက်တယ်။

ကိုယ့်ကိုယ်များ သုံးသပ်ကြရဲ့လားဆိုတော့ ရဟန်းတစ်ပါးက ထပြီး လက်ကတော့ထိုး ရှိခိုးပြီး လျှောက်တယ်။ အရှင်ဘုရား သုံးသပ်ပါတယ်။ မင်းသုံးသပ်တာ ပြောစမ်းပါဦး။ ဘယ်လိုများ သုံးသပ်သလဲ၊ တပည့်တော်က ခန္ဓာကိုယ် သုံးဆယ့်နှစ်ကောဋ္ဌာသရှိတာ သုံးဆယ့်နှစ်ကောဋ္ဌာသ ကို သုံးသပ်တယ်ဆိုတော့ ဘုရားစိတ်ကြိုက် မဖြစ်ဘူး။ သုံးဆယ့်နှစ်ကောဋ္ဌာသရှိတာ သုံးဆယ့်နှစ်ကောဋ္ဌာသ သုံးသပ်ပါတယ်ဆိုတာ ဘုရားစိတ်ကြိုက် မဖြစ် ဘူး။

အဲဒီအခါ အရှင်အာနန္ဒာက ဘုရားစိတ်ကြိုက်မဖြစ်မှန်းသိလို့ အရှင်ဘုရား ဟောရမယ့်ကာလပါ၊ အရှင်ဘုရား ပြောရမယ့်ကာလပါ၊ အရှင်ဘုရား ဆုံးမသွန်သင်မှ သိရမယ့်ပုဂ္ဂိုလ်တွေ ဖြစ်ပါတယ်။ အေး ဒါဖြင့် မင်းတို့ သေသေချာချာ မှတ်ကြ။ သေသေချာချာ နာကြ၊ သေသေချာချာ စဉ်းစားကြဆိုပြီး ဘုရားက ရဟန်းတွေ တရားနာ ကြကွာဆိုပြီး ဘုရားက သုံးသပ်ပုံ ငါ ပြမယ်။

သုံးသပ်ပုံ ငါ ပြမယ်

ဟောဒါက ဇရာနဲ့မရဏတွေ။ ခန္ဓာကိုယ်ကြီးထဲမှာရှိတဲ့ ဇရာ မရဏ။ ဇရာနဲ့ မရဏဆိုတော့ ဇရာ ဆိုတာက တခြား။ ဦးသံဒိုင်တို့က မယူတတ်ဘူး။ ဇရာဆိုတာ တေဇောပဲ။ ရင့်ကျက်အောင် လုပ်တဲ့ တေဇော၊ သူက ရင့်ကျက်အောင် လုပ်နေတော့ ခန္ဓာကိုယ်ကြီးက တစ်နေ့တခြား ပွေးညှင်း တင်းတိပ်တွေ တွန့်လိပ် သွားကျိုး ဆံဖြူသွားကျဲ ဇရာဆိုတဲ့ တေဇောက လောင်နေတာပဲ မှတ်ရမယ်။

အဲဒီတော့ ဒါဟာ ဇရာဆိုတော့ ခင်ဗျားတို့က တရားကိုယ် မရှိဘူး။ ရုပ်၏ဇရာ နာမ်၏ဇရာလို့ ဓာတုဝဝတ္တာန် က ဆိုသလို ဤဇရာသည်ကားဆိုလို့ရှိရင် တေဇောဟူ၍မှတ်။ မရဏဆိုတဲ့ဥစ္စာက ဘယ်လိုလဲ။ သတ္တဝါသေစေတတ် တာ၊ ခန္ဓာကိုယ် စမ်းကြည့်၊ အေးတယ်ဆိုရင် သေသွားတာပဲ။ ပူတဲ့တေဇော ချုပ်သွားတော့ အေးတဲ့တေဇောချည်း ကျန်နေရင် သေတယ်ခေါ်ကြတာပဲ။ ဇရာနဲ့မရဏဟာ ရင့်အောင်လုပ်တဲ့ ဇရာနဲ့ သေအောင်လုပ်တဲ့ ဇရာ တေဇော ချည်းပါလားလို့ ဆုံးဖြတ်ချက်ချပါ (တင်ပါဘုရား)

အဲဒါသုံးသပ်စေချင်လို့ ဘုရားက မင်းတို့ ခန္ဓာကိုယ်ထဲမှာ သုံးသပ်ကြစမ်းပါ။ ရဟန်းဖြစ်စေ၊ လူဖြစ်စေ၊ ရဟန်းဖြစ်စေ၊ လူဖြစ်စေ သုံးသပ်ကြစမ်းပါဆိုတော့ အဲဒီ ဇရာ မရဏကို ရှိ, မရှိ သုံးသပ်ပါ တဲ့။ ဇရာမရဏ သုံးသပ်လိုက်တော့ ဇရာမရဏက ဒုက္ခသစ္စာ။ ဇရာပိဒုက္ခာ၊ မရဏံပိဒုက္ခံလို့ ဦးသံဒိုင်တို့ သိပြီးသား၊ ကိုထွန်းရင်တို့ သိပြီးသား။ အဲဒီဒုက္ခသစ္စာဟာ ဪ ခန္ဓာကိုယ်မှာ ဒုက္ခသစ္စာရှိပါကလားလို့ မင်းတို့ သုံးသပ်ရမယ်။

သစ္စာနှစ်ပါး ပေါ်တယ်

ဒီလိုသုံးသပ်လိုက်တဲ့အခါမှာ “ဇရာမရဏဉ္စ ပဇာနာတိ၊ ဇရာမရဏ သမုဒယဉ္စ ပဇာနာတိ၊ ဇရာမရဏနိရော ဓဉ္စ ပဇာနာတိ” ဒုက္ခသစ္စာကိုလည်း ဒုက္ခသစ္စာလို့ သုံးသပ်ဖို့။ ဪ ရှိတယ်လို့ သိတာက မဂ္ဂသစ္စာသာ ဖြစ်ပါ တယ်တဲ့ သုံးသပ်တတ်တော့ (မှန်ပါဘုရား)၊ သဘောကျပြီနော် (မှန်ပါဘုရား)၊ ဇရာမရဏက ဘာသစ္စာ (ဒုက္ခ သစ္စာပါ)။ ဒုက္ခသစ္စာ။ ဇရာမရဏရှိတယ်ကိုး လို့ ခန္ဓာကိုယ်ထဲ ပြန်သုံးသပ်တဲ့ ဉာဏ်က မဂ္ဂသစ္စာ (မှန်ပါဘုရား)၊ သစ္စာနှစ်ပါး လာပေါ်တယ်ကွ သုံးသပ်လိုက်တော့၊ ရှင်းပြီ။

ဒါဖြင့် ခင်ဗျားတို့ ဘာမှလုပ်မနေနဲ့ ရောင်းရေး ဝယ်ရေးတွေ။ ခန္ဓာကိုယ်ကြီးထဲမှာ ဘာရှိတယ်ဆိုတာသာ သုံးသပ်နေကြ။ သုံးသပ်တဲ့အခါကျလို့ရှိရင် ဪ ဇရာနဲ့မရဏရှိတယ်။ ကိုယ့်ကိုယ်စမ်းကြည့်။ ပူသေးသလား နွေးသေးသလား စမ်းကြည့်၊ ဦးသံဒိုင် သိပါလိမ့်မယ်။ ဪ လောင်နေမှန်း မသိဘူးလား (သိပါတယ်ဘုရား)။ လောင်ရင် ပြောင်အောင် လောင်လိမ့်မယ်ဆိုတာရော မသေချာဘူးလား (သေချာပါတယ်ဘုရား)။ အဲဒီတော့ မပြောင် ဘဲနဲ့ လောင်နေတာ မပြောင်ဘဲနဲ့ ဆွေးအောင် လောင်နေတာလည်း ဇရာ။ ပြောင်အောင် လောင်နေတာ မရဏပဲ လို့ မှတ်ပါ။

သေအောင် ပျောက်အောင် လောင်ချလိုက်တာက မရဏ။ ရင့်အောင် ရော်အောင် လူချင်းမတူအောင် လုပ်နေတာတွေက ဇရာ။ တေဇောချည်းပဲ။ မီးဓာတ်ချည်းပဲလို့ မှတ်ပါ။ အဲဒီတော့ ခင်ဗျားတို့မှာ သေမင်းပါနေတယ် လို့ ဘုန်းကြီးက ဆုံးဖြတ်ချက်ချပေးလိုက်တယ် (မှန်ပါ)။

သေမင်းယူဆောင်လာခဲ့တယ်

ဦးသံဒိုင်ရေ ဒီလာပြီး ကားနဲ့ တရားနေတယ်။ ရန်ကုန်က လာတယ်။ ကိုထွန်းရင်ကလည်း လာတယ်။ မင်းတို့လာပေမယ့် မင်းတို့ဟာ အန္တရာယ်မကင်းပါဘူးကွ (တင်ပါ)၊ မင်းတို့ကတော့ အန္တရာယ်ကင်း ဘေးရှင်းလို့ ဘုန်းကြီးဆီ ရောက်လာလို့ မင်းတို့ ဝမ်းမြောက်ဝမ်းသာနဲ့ နှုတ်ဆက်မှာပါပဲ (တင်ပါ)၊ သို့သော် ခင်ဗျားတို့ သေမင်းယူဆောင်လာခဲ့တယ်ဆိုရင် လွဲပါ့မလား (မလွဲပါဘုရား)။

သေမင်း ယူဆောင်လာခဲ့တယ်ဆိုရင် မလွဲပါဘူး။ ဇရာနဲ့မရဏကို ခင်ဗျားတို့ခွဲမှ မထားနိုင်ခဲ့ဘဲကိုး ခွဲ ထားနိုင်ခဲ့ရင်လည်း ခင်ဗျားတို့ နိရောဓပုဂ္ဂိုလ်ဖြစ်နေမှာပေါ့ (တင်ပါ)၊ အခုတော့ ခင်ဗျားတို့လာတာက သေမင်းနဲ့ အတူတူ လာခဲ့တဲ့အခါ ဖြစ်ပြီးသကာလနေတော့ ရိုက်တတ်တဲ့ သေမင်း။ သတ်တတ်တဲ့ သေမင်း။

ရိုက်တတ်တဲ့သေမင်းကလည်း ရိုက်လျက်ပဲ။ ခင်ဗျားတို့ တရားနာနေရင်း ရိုက်နေတာပဲ။ သတ်တတ်တဲ့ သေမင်း ကလည်း အချိန်သာ စောင့်နေတာပဲ။ ဒီ အိုမင်း သေမင်း နှစ်ယောက်အတူတူနေရတာကို သုံးသပ်ပါလို့ ဘုရားက ဟောတယ်။ ဇရာ မရဏတည်းဟူသော အိုမင်း သေမင်း နှစ်ယောက်နဲ့အတူတူ နေရတာ မင်းတို့ သုံးသပ်ကြရဲ့လား လို့ မေးတော့ ရဟန်းတစ်ပါးက သုံးသပ်တာ သုံးဆယ့်နှစ်ကောဋ္ဌာသ သုံးသပ်တယ်။ သစ္စာနဲ့ မသုံးသပ်ဘူး (တင်ပါ ဘုရား)။

သစ္စာသုံးသပ်ခိုင်းတာ

ဒါက သစ္စာသုံးသပ်ခိုင်းတာ။ ရှင်းပြီနော် (တင်ပါ)၊ ကောင်းပြီ ဒါဖြင့် တပည့်တော် ဆရာသမားဆီ လာလို့ ဆရာသမားက နည်းပေးလို့ ဪ ခန္ဓာကိုယ်ထဲမှာ ဇရာမီးကလည်း လောင်လျက် မရဏမီးကလည်း စောင့်လျက် ပါလား တို့ခန္ဓာကိုယ်ကြီးဟာ ဘယ်အချိန်မှ သုခသစ္စာ မရှိပါလား၊ ဒုက္ခသစ္စာချည်းပါလားလို့ သိလုံးလေးပေါ်လာ တယ်။ သိလုံးလေးက မဂ္ဂသစ္စာ။ သူက ဘာသစ္စာလဲ (ဒုက္ခသစ္စာ)၊ သိလုံးလေးက (မဂ္ဂသစ္စာ)၊ အဲဒါတွေးချင်လို့ရှိရင် ခင်ဗျားတို့ ဒါတွေကို တွေးနေပါ အိမ်မှာ၊ တွေးနေရင် မဂ်ပေါ်ရမယ်။ တွေးဆဆင်ခြင်နေရင် ဘာပေါ်ရမလဲ (မဂ် ပေါ်ရမယ်)၊ မဂ်ပေါ်ရင် မဂ္ဂသစ္စာ ပေါ်မလာဘူးလား။

ကဲ ဒါဖြင့် ဒီလိုတွေးလိုက်တော့ သစ္စာနှစ်ပါး ရသွားပြီနော် (တင်ပါ)၊ ရှိတာက (ဒုက္ခသစ္စာ)၊ တွေးဆ ဆင်ခြင်တာက (မဂ္ဂသစ္စာ)၊ မင်းတို့ တွေးဆဆင်ခြင်နေစမ်းပါကွာ တဲ့၊ ဘုရားက မင်းတို့သည်ကားလို့ဆိုရင် အရှိ ကို အသိနဲ့ တွေးဆဆင်ခြင်နေစမ်းပါဆိုတာရော သဘောပါပြီလား (ပါပါပြီဘုရား)။ အရှိက ဇရာမရဏ။ အသိက ဆရာဘုန်းကြီး ပေးတဲ့အသိ။ ဘုရားပေးတဲ့အသိက မဂ္ဂ (မဂ္ဂပါဘုရား)။

အဲဒီတော့ အရှိကိုအသိနဲ့ တွေးဆ ဆင်ခြင်နေလိုက်စမ်းပါလို့ သေသေချာချာ ဟောတယ် (တင်ပါဘုရား)၊ ဒါ ဝိပဿနာဉာဏ်ထိုက်အောင် ဟောလိမ့်မယ်။ ဝိပဿနာဉာဏ်ဆိုက်အောင် ဟောလိမ့်မယ်။ သမ္မသသုတ်ဆိုပြီး ဘုရားက သုံးသပ်တဲ့သုတ် ဟောတယ်။ ကောင်းပြီ၊ အခု သစ္စာနှစ်ပါး ခင်ဗျားတို့ ရသွားပြီ။ သဘောကျရဲ့လား (မှန် ပါ)။

ဒါ ဘယ်အချိန်ရသလဲ (တွေးဆဆင်ခြင်တဲ့အချိန်ရတယ်)၊ တွေးဆဆင်ခြင်တဲ့ အချိန်မှရမယ်။ မတွေးဆ မဆင်ခြင်ဘဲနေရင် ခင်ဗျားတို့ ရမှာမဟုတ်ဘူး။ ရောင်းဝယ်ဖောက်ကားပြီး စက်တွေရောင်း ဘာတွေရောင်း။ ဘလောက် ဆရာကြီးကလည်း ဘလောက်တွေပဲ တွင်တွင်ကျယ်ကျယ် လုပ်ကိုင်ရောင်းစားနေတဲ့အချိန်မှာ အတွေးဆ အဆင်ခြင် မလာဘူး လာပါ့မလား (မလာပါဘုရား)။

မလာလို့ရှိရင်ဖြင့် သူသည် ဒုက္ခသစ္စာ။ ဒီက မသိတဲ့သစ္စာ၊ မသိတဲ့သစ္စာက အမဂ္ဂသစ္စာ၊ မိစ္ဆာမဂ္ဂသစ္စာ။ မိစ္ဆာမဂ္ဂသစ္စာနဲ့ ခင်ဗျားတို့ အချိန်ကုန်နေလို့ရှိရင် မိစ္ဆာလမ်းသွားနေတယ် ဆိုရုံပဲရှိမှာပဲ။ တခြား ဘာမှဆိုစရာမရှိ ဘူး။ ကောင်းပြီ၊ ဒါဖြင့် တွေးဆဆင်ခြင်တဲ့ပုဂ္ဂိုလ်ဟာ ဒုက္ခသစ္စာနဲ့ မဂ္ဂသစ္စာရတယ်။ တွေးဆဆင်ခြင်တဲ့ ပုဂ္ဂိုလ်မှာ (ဒုက္ခသစ္စာနဲ့ မဂ္ဂသစ္စာရပါတယ် ဘုရား)၊ ဒုက္ခသစ္စာနဲ့ မဂ္ဂသစ္စာ ရတယ်လို့ မှတ်လိုက်ပါ။

ဇရာမရဏဟာ ဘယ်ကလာပါလိမ့်မတုံး

ဆက်တွေးပါဦးကွ တဲ့၊ ဪ ဇရာမရဏဟာ ဘယ်ကများ လာပါလိမ့်မတုံး၊ ဇရာမရဏဟာ ဘယ်က များ လာပါလိမ့်မတုံးလို့ မင်းတို့ ဆက်လက်တွေးဆ ဆင်ခြင်လိုက်စမ်း (အဝိဇ္ဇာက လာပါတယ်)။ ဒီလိုမယူပါနဲ့ တဲ့။ ဒီလိုမယူပါနဲ့။ ဇရာ မရဏ ဘယ်ကလာပါလိမ့်မတုံး။ “ဥပဓိနိဒါနံ”လို့ ဘုရားက ဟောတယ်။ ခန္ဓာငါးပါး ရှိလို့ လာတာဟေ့။ ခန္ဓာငါးပါးရှိလို့ လာအောင်းတာကိုးဗျ။ သဘောပါပြီလား (ပါပါပြီဘုရား)။

ဒါ ဘုရားဟောစဉ်အတိုင်း အဲဒီတော့ ဒီလိုတွေးလိုက်ပြန်တော့ ဪ ဇရာ မရဏ ဘယ်ကလာပါလိမ့် မတုံး သူမေးလိုက်တယ်။ ဘယ်ကလာသလဲ၊ ခန္ဓာငါးပါးက လာတယ် (ခန္ဓာငါးပါးကပါ ဘုရား)၊ ခန္ဓာငါးပါးမရှိလို့ ရှိရင် ဇရာ မရဏ မရှိပါဘူးကွ။ ဒါဖြင့် ခန္ဓာငါးပါးက အကြောင်းသမုဒယ၊ ဇရာ မရဏက အကျိုးဒုက္ခ။ ဇရာ မရဏက အကျိုးဒုက္ခတွေ မရပေဘူးလား (တင်ပါ)၊ ကောင်းပြီ ဒါဖြင့် ဒီသမုဒယခန္ဓာ ချုပ်သွားမယ်ဆိုရင် ဇရာ မရဏ မချုပ်ပေဘူးလား (ချုပ်ပါတယ်ဘုရား)။ ဒီလိုဆိုတော့ကို ခုနက မဂ္ဂသစ္စာနဲ့ ဒုက္ခသစ္စာရှိတယ်။

သစ္စာလေးပါးကို သိသိသွားရမယ်

အခုသိတာကတော့ဖြင့် ဒီခန္ဓာချုပ်လို့ရှိရင် ဒီဇရာ မရဏချုပ်မယ်ဆိုရင် ဒီသမုဒယနဲ့ နိရောဓ သွားသိတယ် ကွ (မှန်ပါ)၊ ခုနကသိပုံက ဒုက္ခနဲ့မဂ္ဂ သိတယ်။ အခုသိတာက နိရောဓနဲ့ မဂ္ဂသိတယ် (နိရောဓနဲ့ မဂ္ဂသိပါတယ် ဘုရား)၊ ဒီလို သစ္စာလေးပါးကို သိသိသွားရမယ် မင်းတို့ (တင်ပါ)၊ ပေါ်သွားပြီလား (ပေါ်သွားပါပြီ)၊ ပေါ်သွားပြီ တဲ့။

ကောင်းပြီ တဲ့။ ဒါ ဆက်တွေးဆ ဆင်ခြင်ပါဦးကွတဲ့ မင်းတို့ တွေးဆဆင်ခြင်ပါဦး၊ ဒီလိုချည်းမနေ ပါနဲ့ တဲ့။ ဒါ သမ္မသသုတ်တဲ့၊ ကိုယ့်ကိုယ်သုံးသပ်တဲ့သုတ် ကိုယ့်ကိုယ်သုံးသပ်တဲ့သုတ်တဲ့။ ကောင်းပြီ၊ ဒီခန္ဓာငါးပါး ဥပဓိတရားက ဘယ်ကများ လာပါလိမ့်မတုံးလို့ မင်းတို့ ဆက်တွေးဆ ဆင်ခြင်ဦး၊ တွေးဆ ဆင်ခြင်ဦးကွ တဲ့။ အဲဒီတော့ ဘယ်ကလာတာတုံးလို့ ဆိုလို့ရှိရင်ဖြစ်တဲ့၊ တဏှာကလာတာပါ။

တဏှာရှိလို့ တဏှာဆုတောင်းရှိလို့ ခန္ဓာပေါ်တာ (မှန်ပါ)၊ တဏှာ ဆုတောင်းမရှိလို့ရှိရင် (ခန္ဓာကိုယ်မလာ ပါ)၊ ခန္ဓာကိုယ်မလာဘူး။ ကောင်းပြီ ဒါဖြင့် တဏှာက သမုဒယသစ္စာနော်။ တဏှာရှိလို့၊ သိတာက မဂ္ဂသစ္စာ။ ရှင်းပြီနော် ကောင်းပြီ၊ အင်း ဒါဖြင့် တဏှာကြောင့် ခန္ဓာငါးပါးဖြစ်ရတယ်ဆိုတော့ သမုဒယနဲ့မဂ္ဂသိတယ်၊ မသိဘူးလား (သိပါတယ်)၊ တဏှာချုပ်သွားလို့ရှိရင်ဖြင့် အင်း ဥပဓိခန္ဓာငါးပါးလည်း ချုပ်ရမယ် (မှန်ပါ)၊ သစ္စာ လေးပါးပဲ ပြန်သိ။ ဒီတုန်းကလည်း သစ္စာလေးပါး တစ်ခါသိခဲ့ပြီ၊ အခုတစ်ခါ နောက်တစ်ခါ ဆက်တွေးဆ ဆင်ခြင် ပြန်တော့လည်း သစ္စာလေးပါးပဲ သိတယ် (တင်ပါ)။

ပြန်ပြောမယ် ဇရာမရဏက ဘယ်ကလာသတုံး မေးလိုက်တော့ ခန္ဓာငါးပါးက (ခန္ဓာငါးပါးကပါ)၊ ရှင်း ပြီနော် (ရှင်းပါပြီဘုရား)၊ ကောင်းပြီ၊ ကဲ ရှေ့ဆက်ကြစို့၊ ခန္ဓာငါးပါးက ဘယ်ကများ ပေါ်ပေါက်လာသလဲ သိကြား ဗြဟ္မာ ထာဝရဘုရားက ဖန်ဆင်းလို့ ပေါ်လေရော့သလားလို့ မင်းတို့ ဆက်တွေးဆ ဆင်ခြင်ပါဦးကွ လို့ ဘုရားက ဟောတယ်။ တဏှာ နိဒါနံ=တဏှာအကြောင်းကြောင့်သာ၊ တဏှာမရှိရင် (မလာပါ)၊ မလာဆိုရင် တဏှာ မရှိရင် ခန္ဓာမရှိပါဘူး။ သဘောကျပြီလား (မှန်ပါဘုရား)။

ဒါဖြင့် တဏှာက သမုဒယသစ္စာ၊ ခန္ဓာက ဒုက္ခသစ္စာ (ဒုက္ခသစ္စာ)၊ ကောင်းပြီကွာ တဲ့။ ဒီတဏှာချုပ်သွား လို့ရှိရင် ဘာဖြစ်မလဲ၊ ဒီခန္ဓာချုပ်ရုံ ရှိတာပဲ။ မချုပ်ပေဘူးလား (ချုပ်ပါတယ်)၊ ဒါဖြင့် တဏှာချုပ်သွားအောင် သိတဲ့ ဉာဏ်က မဂ္ဂသစ္စာ၊ ခန္ဓာချုပ်သွားတာက နိရောဓသစ္စာ (နိရောဓပါဘုရား)၊ ဒီလိုပဲ သစ္စာလေးပါးကို သိပြီး တွေးဆ ဆင်ခြင်ရမယ်။ ရှင်းပြီနော် (တင်ပါ)။

တဏှာ ဘယ်ကလာသတုံး

ကောင်းပြီ ဒီတဏှာ ဘယ်ကလာသတုံးလို့ မင်းတို့ ဆက်တွေးဆ ဆင်ခြင်ဖို့ ကောင်းသေးတယ်ကွ တဲ့။ ဒီတဏှာ ဘယ်ကလာသတုံးလို့ မင်းတို့ ဆက်ပြီးတော့ သုံးသပ်ပါဦး တဲ့ ကိုယ့်ကိုယ်ကိုယ် (တင်ပါ)၊ ဒီတဏှာ ဘယ်ကလာသတုံးလို့ တွေးဆဆင်ခြင်ဖို့ အင်မတန်ကောင်းပါတယ်တဲ့၊ ဒါ ကိုယ့်ကိုယ်ကိုယ် သုံးသပ်ဖို့ ဟောတာ၊ ကိုယ့်ကိုယ်ကိုယ် သုံးသပ်ဖို့ ဟောတာ တဲ့။ ကဲ ဒီတဏှာ ဘယ်ကလာသတုံးလို့ဆိုတာ ကျုပ်တို့ ခင်ဗျားတို့ ပြောလို့ရှိရင် ဒါအကြောင်းရင်းသို့ကျမှာ မဟုတ်ဘူး၊ ကိုယ်မှတ်သရွေ့ တတ်သရွေ့ကလေးနဲ့ ပြောမှာပဲ မဟုတ်ဘူး လား။

ဘုရားသခင်ကိုယ်တော်မြတ်ကြီးက သေသေချာချာပြောတာကို ကျုပ်တို့ အတည်တကျ ယူကြစို့ဆိုတော့ တဏှာ ဆိုတာကွ ဝိပသာတရုပ်က လာတာကွ တဲ့။ စက္ခု သောတ ဃာန ဇိဝှာ ကာယ မန အဇ္ဈတ္တိကာယတန (၆) ပါး က လာတာ။

တဏှာ ဘယ်ကလာတာတုံးဆိုတော့ အာယတန (၆) ပါးက လာတယ်။ ရှင်းပြီလား (ရှင်းပါပြီ)၊ ပိယသာတ ဖြစ်တဲ့ အာယတန (၆) ပါးက လာတယ်။ ပိယဆိုတာ ချစ်တာ၊ သာတက သာယာတာ၊ ချစ်ခင်အပ် သာယာအပ်တဲ့ တရားက လာတာတဲ့။ ငါရှင်းပြမယ်လို့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ဒီတဏှာ ဘယ်ကလာသလဲဆိုတော့ သူ့ ခင်လို့ ဒီတဏှာလာတာ၊ “စက္ခုလောကေ ဝိယရူပံ သာတရူပံ၊ ဧတ္ထေ သာ တဏှာ ဥပ္ပဇ္ဇမာနာ ဥပ္ပဇ္ဇတိ” (မူလပဏ္ဏာသ ပါဠိတော်၊ မဟာသတိပဋ္ဌာနသုတ်၊ နှာ-၈၅) ကိုက်ပြီလား (ကိုက်ပါပြီ)။

လောကေ=လောက၌၊ စက္ခု=မျက်စိအကြည် စက္ခုပသာဒရုပ်သည်၊ ဝိယရူပံ=ချစ်ခင်နှစ်သက်အပ်သော သဘော ရှိ၏။ သာတရူပံ=သာယာအပ်သော သဘောရှိ၏၊ ဧတ္ထ=ဤချစ်ခင်သာယာအပ်သော စက္ခုပသာဒရုပ်၌၊ ဧသာတဏှာ =ထိုတဏှာသည်၊ ဥပ္ပဇ္ဇမာနာ=ဖြစ်သည်ဖြစ်၍၊ ဥပ္ပဇ္ဇတိ=ဖြစ်၏၊ ဆိုတော့ ဪ ဒီတဏှာ ဘယ်ကလာပါလိမ့် မတုံးလို့ မေးတဲ့အခါကျတော့ ပိယသာတက လာတာ။ ပိယသာတက အကြောင်း၊ တဏှာက အကျိုးပါပဲ၊ သဘောကျ ပြီလား (ကျပါပြီဘုရား)။

စက္ခုကြောင့် လာတာ၊ ကိုယ့်စက္ခုကလေး မျက်လုံးကလေး ကြည်လာတဲ့အခါကျတော့ ခင်ဗျားတို့စိတ်ထဲမှာ ဝမ်းသာပါတယ် (မှန်ပါ)၊ မျက်လုံးကလေး ကြည်လာရင် ဒါကလေးနဲ့ လုပ်ကိုင်စားရဦးမှာပဲဆိုတော့ တဏှာက မလာ ဘူးလား။ ကိုယ်နဲ့တည့်တဲ့ မျက်မှန်ကလေး ရလိုက်ရင်ပဲ ကိုထွန်းရင် ဝမ်းမသာဘူးလား။ ကိုယ်နဲ့တည့်တဲ့ မျက်မှန်ကလေးရတာတောင် ဝမ်းသာရင် တကယ့်မျက်လုံးကြည်လာရင် ဒီထက်ပို ဝမ်းသာလိမ့်ဦးမယ်ဆိုတာ ငြင်းဖို့ လိုသေးသလား (မလိုပါဘုရား)။

ဒါဖြင့် “စက္ခု လောကေ ပိယရူပံ သာတရူပံ” ပိယ သာတ သဘော ဒီကလာတယ်။ ဒီတဏှာ ဘယ်ကလာ သလဲ၊ ဒီ အာယတနက လာတယ် (တင်ပါ)၊ ရှင်းပြီလား (ရှင်းပါပြီ)၊ တဏှာဘယ်ကလာသတုံး (အာယတနက လာပါတယ်)၊ အာယတနက လာတယ်ဆိုတော့ သတိပဋ္ဌာန်ပါဠိတော်နဲ့ ကိုက်ပါရဲ့လား (ကိုက်ပါတယ်ဘုရား)။ ကိုက် တယ်။

ကောင်းပြီ ဘယ့်နှယ်ဟောသတုံး၊ “စက္ခုလောကေ ပိယရူပံ သာတရူပံ (ပ) မနော လောကေ ပိယရူပံ သာတ ရူပံ” ကျော်ဟောလိုက်လို့ရှိရင် ဒါပဲမနေဘူးလား (မှန်ပါ)၊ ကောင်းပြီ၊ ဒါဖြင့် ဪ ဒီတဏှာ ဘယ်ကလာပါလိမ့် မလဲဆိုရင် ပိယသာတရုပ်က လာတာ (တင်ပါ)၊ ပိယသာတ သဘောတွေက လာတာ။ ရှင်းပြီလား ကိုထွန်းရင် (တင် ပါ)။

တဏှာ ဘယ်ကလာတာလဲ (ပိယ သာတကပါဘုရား)၊ ပိယသာတဖြစ်တဲ့ ရုပ်သဘော၊ နာမ်သဘောက လာ တာ။ ဒါနာမ်ကိုးဗျ၊ ဒီဘက်က ရုပ်ကိုး ဗျနော် (တင်ပါဘုရား)၊ အဲ ပိယသာတဖြစ်တဲ့ ရုပ်သဘော၊ နာမ်သဘောက လာတယ်ဆိုတာ ရုပ်နာမ်ပေါ့ဗျ။ ဒါကြောင့် ဘုရားက “စက္ခု လောကေ ပိယ ရူပံ သာတရူပံ, သောတံ လောကေ ပိယ ရူပံ သာတရူပံ၊ ဃာနံ လောကေ ပိယရူပံ သာတရူပံ, ဇိဝှာ လောကေ ပိယရူပံ သာတရူပံ။ ကာယော လောကေ ပိယရူပံ သာတရူပံ” မလာဘူးလား (လာပါတယ်)၊ မနော လောကေ ပိယရူပံ သာတရူပံ ဒီကလာတာပဲ တဲ့။

တဏှာ၏ လက်သည်တွေ့ပြီ

ကဲ တဏှာ၏ လက်သည်တွေ့ပြီ။ မတွေ့သေးဘူးလား (တွေ့ပါပြီဘုရား)၊ တွေ့ပြီ၊ ဒီပြန်သာစလိုက်၊ ဇရာ မရဏ လက်သည်က ခန္ဓာငါးပါးပဲ (မှန်ပါ)။

ခန္ဓာငါးပါး၏လက်သည်က တဏှာ၊ တဏှာ၏လက်သည်က ပိယသာတဖြစ်တော့ အဇ္ဈတ္တိကာယတန (၆) ပါး၊ ပေါ်ပြီလား (ပေါ်ပါပြီဘုရား)၊ အဲဒါဟာ တဲ့။ ငါဘုရားသခင်ကိုယ်တော်မြတ်ကြီး သုံးသပ်ခိုင်းတဲ့ဥစ္စာ၊ မင်းတို့ ဒီလို အရင်းကျကျ သုံးသပ်ကြစမ်းပါ၊ သဘောကျပြီလား (ကျပါပြီဘုရား)။

အဲဒီတော့ ဒီဘက်က သမုဒယသစ္စာ၊ သူက ဒုက္ခသစ္စာကို သွားတယ်။ ဘာဖြစ်လို့လဲ၊ သူက အကြောင်းဆက် သွားပြီ။ သူကအကြောင်း သမုဒယ၊ သူက အကျိုးဒုက္ခ။ သဘောကျပြီလား (တင်ပါဘုရား)၊ ကောင်းပြီ သူသာ ချုပ် သွားမယ်ဆိုရင် သူရော မချုပ်ဘူးလား (ချုပ်ပါတယ်)၊ သူချုပ်လို့ရှိရင် ဒီဘက်က ချုပ်ဖို့လိုသေးသလား (မလိုပါဘုရား)၊ မလိုရင် အလိုလိုပြတ်ထွက်သွားမယ်၊ အလိုလို ပြတ်ထွက်သွားမယ်ဆိုတာ ရှင်းပြီလား။

ဒါက သမ္မသသုတ် ကိုထွန်းရင် သမ္မသသုတ်၊ ကိုယ့်ကိုယ်ကိုယ် သုံးသပ်ရင်းနဲ့ နိဗ္ဗာန်ရောက်သွားမယ် (တင် ပါ)၊ ကိုယ့်ကိုယ်ကိုယ် သုံးသပ်ရင်းနဲ့ သစ္စာဆိုက်တဲ့ မဂ်ဉာဏ်ဝင်လာမယ် (တင်ပါ)၊ မဝင်လာဘူးလား (ဝင်လာပါ တယ်)၊ ရှင်းပြီနော် (ရှင်းပါပြီဘုရား)။

ပြန်မေးမယ် ခင်ဗျားတို့ကို၊ ဇရာ မရဏ ဘယ်ကလာသလဲ (ခန္ဓာငါးပါးက လာပါတယ်)၊ ခန္ဓာငါးပါး ဘယ်က လာသလဲ (တဏှာကလာပါတယ်)၊ တဏှာ ဘယ်ကလာသလဲ (ပိယသာတက လာပါတယ်) အင်း ပိယသာတ ဖြစ်တဲ့ အာယတနက လာတယ် (တင်ပါဘုရား)၊ သဘောကျပြီလား (တင်ပါဘုရား)၊ အင်း ပိယသာတဖြစ်တဲ့ အာယတနက လာတယ်၊ ဒီလိုသုံးသပ်ပါ။ ဒီလိုသုံးသပ်ရင် မင်းတော်တော်ကြာကျတော့ နွယ်ကြီးအဖျားကနေလိုက် လိုက်ရင် ဒီအရင်းတွေ့သွားမှာပဲ၊ တွေ့ရင် အရင်းသတ်လိုက် ပြီးသွားမှာပဲ (တင်ပါ ပြီးပါတယ်ဘုရား)။

ပြီးသာ ပြီးတာ၊ ခင်ဗျားတို့က ကိုယ့်ကိုယ်မှ ကိုယ်မသုံးသပ်တဲ့ လူတွေဖြစ်နေတော့ အတော်ခဲယဉ်းတဲ့ လူတွေ လို့ ဘုန်းကြီးက အပြစ်တင်ရင် ခင်ဗျားတို့ ခံရမှာပဲ (တင်ပါ)၊ ငါ့ခန္ဓာထဲမှာ ဇရာမရဏဖြစ်နေတာ ဘယ်ကများလာ ပါလိမ့်မတုံးလို့ တွေးမှ မတွေးဘဲ။ ဟင် (မတွေးကြပါ)၊ ဘာဖြစ်လို့ မတွေးတာလဲ။ ကိုယ်စုံလုံးကန်းမို့ မတွေးတာ၊ အဓိပ္ပာယ်က ဒါပဲရတယ်။ မရှင်းသေးဘူးလား။ ဘာဖြစ်လို့ မတွေးတာလဲ (စုံလုံးကန်းမို့ မတွေးတာပါ)၊ စုံလုံးကန်းမို့ မတွေးတာပါ။

သစ္စာမသိရင် စုံလုံးကန်း

ရှင်းပြီလား။ စုံလုံးကန်းဆိုတဲ့စကားဟာ သစ္စာမသိရင် စုံလုံးကန်းပဲ။ သစ္စာမသိရင် (စုံလုံးကန်းပါ)၊ သစ္စာမသိရင် စုံလုံးကန်းပဲဆိုတော့ ဒုက္ခသစ္စာ၊ ဒီဇရာ မရဏဒုက္ခသစ္စာ ဘယ်ကလာသတုံးလို့ မတွေးဆ မဆင်ခြင် တတ်ဘူးဆိုလို့ရှိရင်ဖြင့် ဇရာ မရဏရှိကြောင်းလည်း မသိ၊ ဇရာ မရဏ၏အကြောင်းကိုလည်း မသိဘဲနေတဲ့ပုဂ္ဂိုလ်ဟာ ဇရာ မရဏ မသိတာက တစ်ဖက်ကန်း။ ဇရာ မရဏဖြစ်ကြောင်း မသိတာက တစ်ဖက်ကန်းဆိုတော့ စုံလုံကန်း ဖြစ်နေတယ် ပေါ်ပြီလား။

မောင်ထွန်းရင် မင်းဘလောက်သာ တစ်လက်မကို ရှစ်ဆယ် စိပ်နိုင်ရင် စိပ်နိုင်မယ်။ ဒါ မစိပ်နိုင်ဘူး။ တစ် လက်မ ရှစ်ဆယ်ဆိုရင် အတော်စိပ်ရတယ်၊ ခင်ဗျားတို့ဘလောက်မှာ (စိပ်ရပါတယ်ဘုရား)၊ ကဲ ပေါ်ပြီလား။ ဒါတွေကို မတွေးလို့ရှိရင် ကိုယ့်ခန္ဓာမှာ သမုဒယသစ္စာရှိမှန်းလည်း မသိဘူး။ ဒုက္ခသစ္စာရှိမှန်းလည်း မသိဘူး (မှန်ပါ)၊ ဒါမှမသိလို့ရှိရင် သမုဒယချုပ်တဲ့နည်းကိုလည်း ခင်ဗျားတို့ရမှာ မဟုတ်ဘူး။ ဒုက္ခသိမ်းတဲ့နည်းကိုလည်း (မရပါဘုရား)။

မရတော့ မှောင်ထဲမှာမွေးပြီး မှောင်ထဲ သူနေပြီး မှောင်ထဲ သေရဦးမယ့်လူတွေပါပဲလို့ စွဲချက်တင်လိုက်လို့ ရှိရင် ခင်ဗျားတို့ ငြင်းစရာမလိုပါဘူး (တင်ပါဘုရား)၊ လိုသေးသလား (မလိုပါ)၊ ဪ ဘုရားက ကိုယ့်ကိုယ် သုံးသပ်နည်း ဟောလိုက်တယ်။

ကိုယ့်ကိုယ်သုံးသပ်နည်း

”နိဒါနဝဂ္ဂသံယုတ်ပါဠိတော်” ကိုယ့်ကိုယ်သုံးသပ်နည်းကွနော်။ အကျယ်လာလိမ့်မယ်၊ ဒါ မပြီးသေးပါဘူး။ အခု အကြောင်းအကျိုးဆက်ပုံကို ကောင်းကောင်းကျေနပ်ပြီလား (ကျေနပ်ပါပြီဘုရား)၊ သစ္စာတစ်ခုခုမှာ ဒီနှစ်ခုတွဲရင် သစ္စာလေးပါး လေးပါးဖြစ်တယ် (တင်ပါဘုရား) ကောင်းပြီ ပြန်မေးမယ်။ ဇရာ မရဏ ဘယ်ကလာသလဲ (ခန္ဓာငါးပါး က လာပါတယ်ဘုရား)။

ခန္ဓာငါးပါးက လာတာဟုတ်ပြီ။ ခန္ဓာငါးပါးရှိလို့ ဇရာ မရဏ ရှိတယ်။ ခန္ဓာငါးပါး ဘယ်သူက တည်ထောင် ဆောက်လုပ်လိုက်ပါလိမ့်မတုံး (တဏှာကပါဘုရား)၊ တဏှာပဲ။ ဒီတဏှာကလည်း အလိုလိုလာသလားဆိုတော့ ပိယ သာတဖြစ်တဲ့ အာယတနက လာတယ်။ မိမိ ခန္ဓာကိုယ်ထဲမှာ စက္ခု သောတ ဃာန ဇိဝှာ ကာယ မန ၊ ဒါကို ချစ်ခင်နှစ်သက်နေလို့ရှိရင် ဒီတဏှာလာရမယ် ချစ်ခင်နှစ်သက်တာ တဏှာ။ ဒီတဏှာရှိရင် ဒီခန္ဓာလာရမယ်။ ဒီခန္ဓာရှိရင် ဒီဇရာ မရဏ လက်တွင်း ခေါင်းစင်းပြီး ထိုးအပ်လိုက်ရုံပဲ၊ ခင်ဗျားတို့ ခန္ဓာကိုယ်ကြီး (တင်ပါ)၊ သဘော ကျပြီလား (တင်ပါ)။

အဲဒီတော့ကွာ တဲ့၊ ဇရာ မရဏက ဥပဓိဆိုတဲ့ ခန္ဓာငါးပါးက လာတယ်။ ခန္ဓာငါးပါးက တဏှာက လာ တယ်။ တဏှာ ဘယ်ကလာသလဲ၊ ပိယ သာတ ဖြစ်တဲ့ အာယတနက လာတယ်ဆိုတာ မင်းတို့သိနေလို့ ရှိရင်ကွာ တဲ့။ ဒီဟာတွေ ငါဘုရားသခင် ကိုယ်တော်မြတ်ကြီး ပွင့်လာတော့ မင်းတို့ ဒီအကြောင်းတွေ ဆက်တတ်တယ် တဲ့။ ငါဘုရားသခင်ကိုယ်တော်မြတ်ကြီး ပွင့်ထွန်းပေါ်လာလို့သာ မင်းတို့ ဒီအကြောင်းတွေ ဆက်တတ်တာ။ ဒါ သစ္စာ မို့ပါကွာ၊ ပြောင်းပြန် ပြန်ပြတယ်။ ပဋိလောမ ပြတယ် (တင်ပါဘုရား)။

ရှင်းပြီလား ပဋိလောမပြတော့ သစ္စာပေါ်တယ်။ အနုလောမပြတော့ သမုဒယသစ္စာပေါ်တယ်။ ပဋိ လောမ ပြတော့ ဒုက္ခနဲ့ သမုဒယ၊ နိရောဓနဲ့ မဂ္ဂ အကုန်ပေါ်လိုက်လာတယ် (တင်ပါဘုရား)၊ အနုလောမ အစဉ်အတိုင်း ပြလိုက်လို့ရှိရင်တော့ သမုဒယနဲ့ ဒုက္ခချည်းပေါ်တယ်။ ဒီလိုသွားလိုက်တော့လည်း ဒုက္ခနဲ့ သမုဒယ၊ နိရောဓနဲ့ မဂ္ဂ လေးချက်ကို ဆက်သွားတယ်။ သဘောပါပြီလား။ ဒါကြောင့် နက်နဲတယ်ပြောတာ၊ မနက်နဲဘူးလား (တင်ပါ ဘုရား)။

ပိယသာတ ဘယ်ကလာသတုံး

အဲဒီတော့ ပိယသာတ ဘယ်ကလာသတုံး၊ မေးပါ၊ မမေးသင့်ဘူးလား (မေးသင့်ပါတယ်)၊ ပိယသာတဖြစ်တဲ့ စက္ခု သောတ ဃာန ဇိဝှာ ကာယ မနဟာ ပိယသာတချည်းပဲတဲ့။ သူတို့က ဘယ်ကလာသတုံး မေးလိုက်တဲ့အခါကျ တော့ ဒီလိုပါကွာ တဲ့။ ပိယသာတဟာ အမြင်မှားတဲ့ ပုဂ္ဂိုလ်ဆီက လာတယ်၊ အမြင်မှားတဲ့ဆီက လာတာပါ။ နှလုံးသွင်းမှားလို့ (တင်ပါဘုရား)၊ နှလုံးသွင်းမှားလို့။ ရှင်းပြီလား။ ဘယ်ကလာသလဲ (နှလုံးသွင်းမှားတဲ့ဆီက) နှလုံး သွင်းမှားတဲ့ဆီက လာတာ၊ ကိုထွန်းရင် ဘယ်ကလာသတုံး (နှလုံးသွင်းမှားတဲ့ဆီကပါ ဘုရား)။

ဒါဖြင့် နှလုံးသွင်းမှားတာက အကြောင်း၊ ပိယသာတက အကျိုး (အကျိုးပါဘုရား)၊ ဒါဖြင့် ခင်ဗျားတို့မှာ နှလုံးသွင်းမှားတယ်ဆိုတာက အယောနိသော မနသိကာရ။ နှလုံးသွင်းမှန်တယ်ဆိုတာက ယောနိသော မနသိကာရ။ ဪ နိဗ္ဗာန်မရောက်နိုင်တာလည်း သူပဲ။ ရောက်နိုင်တာလည်း သူပဲ။ ရောက်နိုင်တာက ယောနိသော မနသိ ကာရ။ မရောက်နိုင်တာက အယောနိသော မနသိကာရ။ သဘောပါပြီလား။ ဒါဖြင့် ပိယသာတ ဘယ်ကလာသလဲ (အယောနိသော မနသိကာရကပါ ဘုရား)။ အယောနိသော မနသိကာရက လာတယ်။ ရှင်းပြီနော်။

ပိယသာတ ဘယ်ကလာသလဲ (အယောနိသော မနသိကာရ)၊ အယောနိသော မနသိကာရက လာတယ်ဆို တော့ ခင်ဗျားတို့က ဒါဖြင့် အနိစ္စတော ဒုက္ခတော အနတ္တတော ရောဂတော ဘယတော၊ ဒါ အနိစ္စတွေ ဒါ ဒုက္ခတွေ ဒါ အနတ္တတရား၊ ဒါ ရောဂတရားဘယတွေ ဘေးသင့်နေတယ် ဒီလိုများ ခင်ဗျားတို့က မရှုမိဘူး (မရှုမိပါ)၊ ငါကား နိစ္စ=မြဲတယ်၊ သုခ=ချမ်းသာတယ်၊ အတ္တ=ငါပဲ၊ အာရောဂျ=အနာကင်းတယ်၊ ခေမ=ဘေးမရှိဘူးလို့ ခင်ဗျားတို့က ဒါကို ယူနေတဲ့အတွက် ဒီဟာတွေယူနေတဲ့အတွက် ဒီတဏှာလာတယ်၊ မလာပေဘူးလား (လာပါတယ်ဘုရား)။

ကိုယ့်ကိုယ်ကိုယ် ခင်တဲ့တဏှာ၊ ဒီလိုခင်လို့ရှိရင် ဒီတဏှာက လာရတော့မယ်။ မလာပေဘူးလား (လာပါတယ် ဘုရား)၊ တဏှာလာရင် အနာဂတ် ခန္ဓာမလာပေဘူးလား (လာပါတယ် ဘုရား)၊ ဒီခန္ဓာလာရင် ဒီဇရာ မရဏ ပြေး လို့လွတ်ပါ့မလား (မလွတ်ပါ)။ သဘောပါပြီလား (ပါပါပြီ) ဒါဖြင့် နှလုံးသွင်းမှားခြင်းကြောင့် နိစ္စ=မြဲတယ်။ သုခ= ချမ်းသာတယ်။ အတ္တ=ငါပဲ၊ အာရောဂျ=အနာကင်းတယ်။ ခေမ=ဘေးကင်းတယ်ဆိုပြီး သကာလ နှလုံးသွင်းမှားလို့ နှလုံးသွင်းမှားလို့ တဏှာလာတာ (လာပါတယ်)၊ တဏှာက နောက်မှ တဏှာလာလို့ ခန္ဓာလာတာ။ ခန္ဓာလာလို့ အို နာ သေ တွေ့ရတယ်။ မတွေ့ရဘူးလား (တွေ့ရပါတယ်)၊ ဒါဖြင့် ဒီ အို နာ သေ၏လက်သည် အရင်းကျကျ ရှာ ကြပါဆိုရင် နှလုံးသွင်းမှားတာ တွေ့ရမယ်။ နှလုံးသွင်းမှားမှာ သူသွားပြီး လမ်းဆုံးတယ် (တင်ပါဘုရား)၊ ပေါ်ပြီလား။

နှလုံးသွင်းမှန်သည် ဝိပဿနာရှုတဲ့ပုဂ္ဂိုလ်၏အလုပ်

ဒါဖြင့် နှလုံးသွင်းမှန်နဲ့ နှလုံးသွင်းမှားဟာ ဘာတုံးဆိုတော့ နှလုံးသွင်းမှားသည် ဝိပဿနာမရှုတဲ့ပုဂ္ဂိုလ်၏ အလုပ်၊ နှလုံးသွင်းမှန်သည် ဝိပဿနာရှုတဲ့ပုဂ္ဂိုလ်၏အလုပ်။ ဝိပဿနာမှာ သူသွား လမ်းဆုံးတယ် (တင်ပါဘုရား)၊ ပေါ်ပြီလား။ ဒါဖြင့် ဝိပဿနာမရှုတဲ့ပုဂ္ဂိုလ် ဘယ်တော့မှ နှလုံးသွင်းမမှန်ဘူး (တင်ပါဘုရား)။ ဝိပဿနာမရှုတဲ့ ပုဂ္ဂိုလ်က (ဘယ်တော့မှ နှလုံးသွင်း မမှန်ပါ) မှန်ချင်ရင် ကျင့်သွား။ အဲဒီတော့ကို ငါဘုရားက အခု ပွင့်လာလိုက် တာ ဟောဒီက သံသရာခရီးသည်၊ နှလုံးသွင်းမှားတဲ့ သံသရာခရီးသည်၊ နှလုံးသွင်းမှားနေတဲ့ ဦးသံဒိုင်၊ နှလုံးသွင်း မှားနေကြတဲ့ ဦးသံဒိုင်တို့၊ ကိုထွန်းရင် တို့ (မှန်ပါဘုရား)။

ငါဘုရားပွင့်လာတာ မင်းတို့ ဟောဒီဘေးက ပွင့်လာတာ၊ ဟောဒါတွေဟာ ကွာ အဆိပ်နဲ့ရောထားတဲ့ အရက်တွေပါတဲ့။ မသောက်ပါနဲ့လို့ဆိုတာ ငါ ဒီကနေဟောတယ်။ ငါဘုရားပွင့်လာတာက မင်းတို့ဟာ နှလုံးသွင်းမှား နေလို့ရှိရင် ဒါတွေဟာ ခင်ရမယ် မင်ရမယ် စိုးရိမ်ရမယ် ကြောင့်ကြရမယ် ငါ့ဥစ္စာဖြစ်ရမယ်လို့ မယူပေဘူးလား (ယူပါတယ်ဘုရား)။

အဲဒါယူမှာစိုးလို့ မင်းတို့ ဒါတွေ သောက်မိ မျိုမိနေလိမ့်မယ်။ ဒါတွေ သောက်မိ မျိုမိလို့ရှိရင် မင်းတို့သည်ကား ဆိုလို့ရှိရင်ဖြင့် တဲ့၊ သေလောက်အောင်လည်း ရောဂါဖြစ်မယ်၊ သေရင်လည်း သေရမယ်ဆိုတာ ဒီကိစ္စနှစ်ခု မင်း တို့မှာ ပေါ်ရလိမ့်မယ်။ ဒါကြောင့် ဒီဥစ္စာတွေကို ငါကတော့ အနားနားကနေ ဟောတယ် တဲ့၊ ဟောဒါ ပိယသာတ တွေပါကွာ၊ ဒီပိယသာတဖြစ်တဲ့ဥစ္စာ မင်းတို့ဟောတော့ ပိယသာတပဲ သို့သော် အဆိပ်နဲ့ ရောထားတယ် (တင်ပါ)၊ အဆိပ်နဲ့ရောထားလို့ မင်းတို့ သွားမသောက်လေနဲ့။ သောက်လို့ရှိရင် သေလောက်သော ရောဂါသော်လည်းကောင်း၊ အသေသော်လည်းကောင်း မင်းတို့နှစ်ခုတော့ ကြုံရတော့မှာပဲဆိုတာ ငါဘုရား သေသေချာချာ ဟောလိုက်တယ်။

ဘုရားပွင့်လာတာ သေရည်သောက်မှားမှာစိုးလို့ ပွင့်လာတာ။ သဘောပါပြီလား (ပါပါတယ်)၊ သံသရာခရီး သည်ကတော့ ဒီဘဝမှာ သားခင်လျက်တန်းလန်း၊ သမီးခင်လျက်တန်းလန်းနဲ့၊ ပစ္စည်းခင်လျက် တန်းလန်းနဲ့ ခေါင်းထဲ ဝင်မှာပဲ (မှန်ပါဘုရား)၊ သံသရာခရီးသည်က (မှန်ပါ)၊ ငတ်လျက်နဲ့ ဝင်သွားတယ်။ အငတ်ဖြစ်ပြီး ဝင်သွားတော့ သားတွေခင်တာ ဝလို့ သမီးတွေခင်တာ ဝလို့၊ ပစ္စည်းရှာရတာ ဝလို့ (မှန်ပါဘုရား)၊ ငတ်သွားတယ် (တင်ပါ)၊ မဆိုနိုင် ဘူးလား (ဆိုနိုင်ပါတယ်)။

ငတ်သေသွားတယ်

ဘယ်လိုသေသွားသလဲ (ငတ်သေပါတယ်)၊ ငတ်သေသွားတယ်။ ငတ်သေတယ်ဆိုတာက ဘာတုံးဆိုရင် သိန်း ပေါင်းတစ်ထောင် ချမ်းသာတဲ့လူကလည်း လိုနေသေးရင် ငတ်နေတာပဲ (မှန်လှပါ)၊ မဟုတ်ဘူးလား (ဟုတ်ပါတယ်)၊ လိုနေသေးရင် ငတ်သေနေတော့ တစ်သံသရာလုံးက ငတ်လာတော့ ဖျတ်ဆို ဒီဘဝ တစ်ဘဝ ရောက်လာတယ်ဆိုရင် ဒါတွေမြင်လိုက်ရင် ပြန်သောက်ချင်လာတယ် (တင်ပါ)၊ ဒါတွေ ခင်မှပဲ၊ ကြင်မှပဲဆိုတော့ မင်းတို့က ငတ်သေတွေနဲ့ လာခဲ့တော့ သံသရာ့ခရီးသည်ဆိုတာ အငတ်ကွ။ ဒီဟာတွေ မြင်လိုက်တဲ့အခါကျတော့ ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာ လုပ် ချင်လုပ်ဦးမှာ။ မလုပ်ချင်ဘူးလား (လုပ်ချင်ပါတယ်)။

အဲဒါ ငါဘုရားက ပွင့်လာတာက ဒီနားက မင်းတို့က သောက်ချင်တဲ့ ပုထုဇဉ်။ ဟောဒါက သောက်စရာ အရက်တွေ၊ အဆိပ်နဲ့ရောထားတဲ့ အရက်တွေ။ ငါက ဒီအနားကနေပြီး ကန့်ကွက်နေတယ် (မှန်ပါဘုရား)၊ ဟေ့ ပုထုဇဉ်မိုက် နှလုံးသွင်းမှားနေတယ်၊ သွား မသောက်နဲ့၊ သွားသောက်ရင် သေခြင်းဆိုး သေသွားလိမ့်မယ်လို့ ငါဟောလိုက်တယ်။ သဘောပါပြီလား၊ သွားမသောက်နဲ့၊ သွားသောက်ရင် ဘာတဲ့တုံး (သေခြင်းဆိုး သေလိမ့်မယ် ဘုရား)။

ကဲ သေခြင်းဆိုး သေလိမ့်မယ်ဆိုတာ ဒီဥစ္စာကို မင်းတို့ နိစ္စ=မြဲတယ်လို့ မထင်လိုက်ပါနဲ့ (တင်ပါဘုရား)၊ သုခ=ချမ်းသာတယ်လို့ မထင်လိုက်ပါနဲ့။ အတ္တ=ငါပဲလို့ မထင်လိုက်ပါနဲ့။ အာရောဂျ=အနာကင်းတယ်လို့ မထင်လိုက် ပါနဲ့။ ခေမ=ဘေးမရှိဘူးလို့ မထင်လိုက်ပါနဲ့ တဲ့။ ဒီဥစ္စာ မင်းတို့ နှလုံးသွင်းမှားပြီးသကာလ မင်းတို့ ဟောဒီတဏှာ နဲ့သာ ချစ်ခင်လိုက်လို့ရှိရင် ဟောဒီ ခန္ဓာရလို့ ဟောဟို သေခြင်းဆိုးသွားလိမ့်မယ်။ မသွားပေဘူးလား (သွားပါမယ် ဘုရား)၊ မသေချာဘူးလား (သေချာပါတယ်)။

အဲဒီတော့ ခင်ဗျားတို့ ဘုရားပွင့်လာတဲ့အကြောင်းကိုပဲ ဒီနေ့ ကောင်းကောင်းသိတယ်။ ခင်ဗျားတို့က တစ် သံသရာလုံး ငတ်သေခဲ့ပြီးပြီ။ ဒီဘဝလာပြီးတော့ ဒါတွေတွေ့တာပဲ။ တွေ့တော့ သောက်ချင်လာတယ် (တင်ပါဘုရား)။

သောက်ချင်လာရင် အူပြတ်ပြီး အသက်ထွက်မှာပဲ တဲ့၊ ဝိညာဏ်ချုပ်မှာပဲတဲ့ (တင်ပါ)၊ ရှင်းပြီလား။ အဲဒါ တစ်သံသရာလုံးက မသောက်ကောင်းဘူးလို့ ပြောတဲ့ဘုရားက မင်းတို့က မတွေ့ခဲ့တော့ အခု မင်းတို့ ငါနဲ့တွေ့တဲ့ အချိန်မှာ ဟောဒီမင်းတို့ခန္ဓာမှာရှိတဲ့ စက္ခု သောတ ဃာန ဇိဝှာ ကာယ မနဆိုတဲ့ဟာ မကုန်သေးဘူးလား။ အာယတန (၆) ပါးဆိုကတည်းက သူနဲ့ သဟဇာတ တကွဖြစ်ဘက်တွေကို ပြောလိုက်ရင် ကုန်တာပေါ့ဗျ..။ မကုန် ဘူးလား။ သူတို့က စက္ခာယတန သောတာယတန ဃာနာယတန ဇိဝှာယတနတို့ ဟုတ်လား။ ကာယာယတန ဆိုတော့ ရုပ်ဖက်က ဆိုင်ရာတွေ ကုန်မသွားဘူးလား မနာယတနဆိုတော့ စိတ်စေတသိက်တွေပါ ကုန်မသွား ဘူးလား (ကုန်ပါတယ်)၊ ခန္ဓာငါးပါးပြန်ကျတယ်။ မကျဘူးလား (တင်ပါဘုရား)။

အဲဒီတော့ကိုတဲ့ ကိုယ့်ခန္ဓာကိုယ် အနိစ္စ ဒုက္ခ အနတ္တ ဟုတ်လား။ ခေမ=ဒီလိုဘေးမရှိဘူးလို့ နှလုံးမသွင်း လိုက်ပါနဲ့၊ ဘေးတွေ တဲ့။ ခေမလို့ နှလုံးသွင်းခဲ့ရင် ဘေးနဲ့ ဘယ်တော့မှ မလွတ်နိုင်တာကိုး။ မင်းတို့ ဒီဥစ္စာ ဝိပဿနာရှု ယောနိသောမန သိကာရနဲ့ရှု၊ ရှုလိုက်လို့ရှိရင် ဒီဟာတွေ သောက်ဖြစ် မျိုဖြစ်သေးရဲ့လား။ မမျို ဖြစ်ရင် တဏှာချုပ်မယ်၊ တဏှာချုပ်တော့ ခန္ဓာချုပ်။ ခန္ဓာချုပ်တော့ ဇာတိ ဇရာ မရဏ (ချုပ်ရမယ်)၊ ချုပ်ရမယ် တဲ့။

အဆိပ်နဲ့ရောထားတဲ့ အရက်

ခင်ဗျားတို့ တစ်သံသရာလုံးက တွေ့ရာမှာ ကိုယ့်ခန္ဓာကြီးကို ကိုယ့်အရက်အိုးကြီး အဆိပ်နဲ့ရောထားတဲ့ အရက် ကို တစ်မျိုတည်းမျို၊ တစ်သောက်တည်း သောက်လာတာ ဟောဒီတဏှာနဲ့ ဒီလိုနှလုံးသွင်းမှားလို့။ ဒီတဏှာနဲ့ချည်း သောက်တာ (မှန်ပါဘုရား)၊ ဒီတဏှာနဲ့ သောက်တော့ ဒီခန္ဓာကြီးရရော (မှန်ပါဘုရား)။

ဒီခန္ဓာကြီးရတော့ ဒီအသေကြီးရရော။ ရှင်းပြီလား (တင်ပါ)၊ ဒါ အကြောင်းအကျိုး အင်မတန် ဆက်တဲ့တရား။ သမ္မသသုတ် ကိုယ့်ကိုယ်ကိုယ် သုံးသပ်တဲ့သုတ်၊ ကိုယ့်ကိုယ်ကိုယ် သုံးသပ်တဲ့သုတ်ပါ၊ ကောင်းပြီ ဒါဖြင့် နှလုံးသွင်းမှား တယ်ဆိုတဲ့ဥစ္စာက ဪ ဒီမျက်လုံးပဲ အားကိုးနေရတယ်။ ဒီနားပဲ အားကိုးနေရတယ်၊ သဘောကျပြီလား။ ဒီနှာခေါင်းပဲ အားကိုးနေရတယ်။ ဒီလျှာပဲ စားကောင်းလို့ သူ့ကို အားကိုးနေရတယ်၊ ဒီကိုယ်ကြီးပဲ ကျန်းမာလို့ အားကိုး နေရတယ် (တင်ပါဘုရား)။

ဒီစိတ်ကလေးပဲ အကြံအစည်ကောင်းလို့ အားကိုးနေရတယ်ဆိုပြီး ခင်ဗျားတို့က အရက်ချည်း သောက်နေတဲ့ လူတွေ (တင်ပါဘုရား)၊ အရက်ကလည်း သာမညအရက် မူးရုံအရက် မဟုတ်ဘူး။ အဆိပ်နဲ့ရောထားတဲ့ အရက် (တင်ပါဘုရား)၊ အဆိပ်နဲ့ရောထားတဲ့ အရက်ဖြစ်တော့ ခင်ဗျား တဏှာနဲ့ သောက်မိတယ်။ မသောက်မိဘူးလား (သောက်မိပါတယ်ဘုရား)၊ တဏှာနဲ့ သောက်မိလို့ရှိရင် တဏှာကြောင့် ခန္ဓာဖြစ်ရလိမ့်ဦးမယ်။ အနာဂတ်ခန္ဓာ မလာ ပေဘူးလား (လာပါတယ်)၊ အနာဂတ်ခန္ဓာလာတော့ အနာဂတ်သေပွဲကြီးက ခင်ဗျားတို့ ရုန်းကန်ထွက်လို့ ရပါ့မလား (မရပါဘုရား)။

ပုထုဇဉ်အငတ်က အတင်းသောက်တယ်

ဒါ ဘာကြောင့်တုံးဆိုလို့ရှိရင်ဖြင့်တဲ့ ဟောဒီနားက ရပ်ပြောနေတဲ့ ဘုရားစကားကို ခင်ဗျားတို့ မသောက်နဲ့ မသောက်နဲ့ဆိုတာ အတင်းပုထုဇဉ်အငတ်က အတင်းသောက်တယ်။ သူငတ်လာတဲ့အချိန်ကလည်း တစ်ဘဝမှ အငတ် ပြေပြီး လာခဲ့တဲ့အချိန်မရှိဘူး။ သားခင်လို့ ဝသေတဲ့ပုဂ္ဂိုလ်၊ သမီးခင်လို့ ဝသေတဲ့ပုဂ္ဂိုလ်၊ ပစ္စည်းရှာပြီး တော်လောက် ပြီဆိုပြီးသကာလ သေတဲ့ပုဂ္ဂိုလ်၊ မြေးတွေခင်လို့ တော်လောက်ပြီဆိုတဲ့ ဝပြီးသေးတဲ့ မသာများ ခင်ဗျားတို့ ပို့ဖူးရဲ့လား မေးလိုက်တယ်။ ဦးသံဒိုင် ပို့ဖူးရဲ့လား (မပို့ဖူးပါဘူး)၊ မပို့ဖူးဘူး။ အငတ်မသာချည်း ပို့နေရတယ်။ ဘယ်လောက်များ ဆိုးသွားသလဲဆိုတာ ရိပ်မိပြီလား။

ဒါဖြင့် ဒီအငတ်မသာ သေသွားရော၊ ဒီငတ်ရတဲ့အတွက် နောက်ဘဝတွေ့ကရာ ခင်လိမ့်မယ်ဆိုတာ ခင်ဗျား တို့ ဘာသံသယရှိဖို့ လိုသေးသလဲ (မရှိပါဘုရား)၊ မဟုတ်ဘူးလား။ အဲဒါက တစ်သံသရာလုံးက ငတ်လာတဲ့ဥစ္စာ ဟာ ဒီအသောက်မှားတွေချည်း သောက်ပြီး ဒီအသောက်မှားနဲ့ချည်း ဒီတဏှာနဲ့ချည်း သောက်လာတယ်။ ဒီနှလုံးသွင်း မှားနဲ့ ဒီဟာတွေကို ဒီတဏှာနဲ့ချည်း သောက်တယ်။ ဒီတဏှာနဲ့သောက်တော့ ဒီခန္ဓာတွေရ ဒီခန္ဓာရတော့ ဒီသေပွဲ ဝင်။

ဒါကြောင့် ဘုရားတစ်ဆူတစ်ဆူကြားမှာ (၁၃) မိုင် အရိုးမြင့်တယ်ကွ တဲ့။ ခင်ဗျား ဦးသံဒိုင် အရိုးကို ပုံပြီး စုထားလို့ရှိရင် မဆွေးမြည့်တဲ့အရိုးကို တစ်ခါတည်း ဓာတ်နဲ့စိမ်ပြီး ထားမယ်ဆိုရင် ငြမ်းနဲ့ဆင်ပြီး ထားမယ်ဆိုရင် (၁၃) မိုင်မြင့်မယ် (၁၃ မိုင် တစ်ယူဇနာလား ဘုရား)၊ အင်း (၁၃) မိုင် (၁၃) မိုင် တစ်ယူဇနာပဲ၊ အင်း.. တစ်ယူဇနာဟာ (၄) ရက်ဆင်း (၄) ရက်တက် ရှိတယ်၊ တောင်သာဆိုရင် (၄) ရက်ဆင်း (၄) ရက်တက် (တင်ပါ ဘုရား)၊ လူတစ်ယောက်ရဲ့အရိုး ဝေပုလ္လတောင်လောက်ရှိတယ်လို့ သံယုတ်ပါဠိတော် (၁) နှာ-၃၉။ ပုဂ္ဂလသုတ်က ဟောတယ်။ သဘောကျပြီလား။ အဲဒါ ဒီအရိုးတွေဟာ ဘယ်သူက လုပ်ထားတုံးလို့ မေးလို့ရှိရင် ဒီဆေးသောက်မှား တာကြီးက လုပ်တာ (တင်ပါဘုရား) မဟုတ်ဘူးလား။

ဒီပိယသာတဖြစ်တာတွေ ဒီတဏှာကသောက်၊ တဏှာက သောက်လို့ရှိရင် ဒီခန္ဓာကြီးရ၊ ဒီခန္ဓာကြီးရလို့ ဇရာ မရဏက သတ်လိုက်တော့ အရိုးတွေ ကျန်ရစ်၊ အဲဒါစုထားရင် (၁၃) မိုင် အမြင့်ရှိတဲ့တောင် ဖြစ်မယ်။ (၁၃) မိုင် အမြင့်ဆိုတာက ဝါးလုံးကလေးထောင်ထားသလို အောက်မေ့မနေနဲ့၊ ရှည်လျားကြီး တက်ရတယ် (တင်ပါ)၊ အဲဒီ တော့ လေးရက်တက်၊ လေးရက်ဆင်းလောက်ရှိတယ်။ အဲဒီတော့ ခင်ဗျားတို့ သောက်ချင်လည်း သောက်ကြ၊ မသောက် ချင်လည်း နေကြတော့။ အရိုးတောင်လိုပုံတယ်ဆိုတော့ ရိုးနေပြီ၊ ရိုးနေပြီ။ (၁၃) မိုင် အမြင့်ရှိတာကို တီ၊ ပက်ကျိ၊ မျှော့ဖြစ်တဲ့ဘဝကို ငါဘုရား ထည့်ဟောတာ မဟုတ်ဘူးကွ (တင်ပါ)၊ အရိုးရှိတဲ့ သတ္တဝါတွေကိုပင် ထည့်ဟောတာ။ သေပွဲ ဒီလောက်ကြီးချင်သေးသလား လို့ ကိုထွန်းရင်ကို မေးမယ်။ ကြီးချင်သေးသလား (မကြီးချင်ပါ)၊ ဟုတ်ရဲ့ လား (မကြီးချင်ပါဘုရား)။

မကြီးချင်ရင် ဒါတွေ မသောက်ရဘူး၊ ဒါတွေကို ဒီတဏှာနဲ့ မသောက်ရဘူး။ ဒီတဏှာနဲ့ မသောက်လို့ရှိရင် ဒီခန္ဓာကို ရလိမ့်မယ်မဟုတ်ဘူး။ ဒီခန္ဓာကို မရလို့ရှိရင် ဒီဇရာမရဏနဲ့ အရိုးပုံကြီးကို ဆင့်နေစရာလိုသေးသလား။ ဒါဖြင့် ဘယ့်နှယ်ကြောင့် ပုံသတုံး (ခန္ဓာရှိလို့ပါ)၊ ခန္ဓာ ဘာဖြစ်လို့ ဖြစ်လာသတုံးဆိုတော့ အသောက်မှားလို့ မဟုတ် ဘူးလား။ အသောက် ဘာဖြစ်လို့မှားသတုံး နှလုံးသွင်းမှားလို့။ ပေါ်ပြီလား (ပေါ်ပါပြီဘုရား)၊ အကြောင်းအကျိုး ဆက်ပြီလား (ဆက်ပါပြီ)၊ အကြောင်းအကျိုးဆက်ပြီ တဲ့။ ဒါဖြင့် ဘုရားပွင့်လာတာ ခင်ဗျားတို့ အရင်တုန်းက ဒီလောက်ကျေးဇူးတင်ရမှန်းမသိဘူး။ လူတွေ နတ်တွေ မျက်လုံးဖွင့်ပေးဖို့လောက်ပဲ သာမည သိတာပဲ (တင်ပါဘုရား)။

အသေခံ အားကိုးပစ်လိုက်တယ်

မဟုတ်ဘူးကွ တဲ့၊ ငါ ဟောဒီနားက ရပ်နေတယ်၊ မင်းတို့က ကိုယ့်ကိုယ်ဖြစ်တဲ့ စက္ခု သောတ ဃာန ဇိဝှာ ကာယ မနတွေကို တစ်ခါတည်း နိစ္စပဲ၊ သုခပဲ၊ အတ္တပဲ၊ အာရောဂျပဲ၊ ခေမပဲဆိုပြီးသကာလ တဲ့။ မင်းတို့ တစ်ခါတည်း အသေခံ အားကိုးပစ်လိုက်တယ်။ အားကိုးပြီး သိပ်ခင်ပစ်လိုက်တာပဲ၊ အားကိုးပြီး သိပ်ခင်ပစ်လိုက်တဲ့ အခါကျတော့ ကိုယ့်ကိုယ်ကိုယ် ခင်တာဟာ ဒီတဏှာနဲ့သောက်လို့ ခင်တာမဟုတ်ဘူးလား (တင်ပါဘုရား)။

ဘယ့်နှယ်ကြောင့် သူသည် သောက်ဖြစ်ပါလိမ့်မတုံးဆိုတော့ ဒါကို ဟောဒီနှလုံးသွင်းက နိစ္စလို့ ထင်လိုက်။ သုခလို့ (ထင်လိုက်)၊ အင်း အတ္တလို့ ထင်လိုက်။ မဟုတ်ဘူးလား။ အာရောဂျလို့ အနာမရှိဘူးလို့ ထင်လိုက် တယ်။ အင်း ခေမလို့ ဘေးမရှိဘူးလို့ ထင်လိုက်တယ်။ ဒါကြောင့် ခင်ဗျားတို့လူကြီးတွေကလည်း ဟောနေတယ်။ ပစ္စည်းရှာရင် သေမယ့်စိတ် ထည့်မရှာရဘူးကွလို့ ခင်ဗျားတို့လူကြီးတွေက ပြောတယ်၊ ဟောတယ်။ မဟောဘူးလား (ဟောပါတယ်)၊ အဲဒါတွေက တစ်ခါတည်း သာသနာပကျတော့ သိပ်ကြီးစိုးလာတယ်။ သိပ်ကြီးစိုးလာတယ်။ အဲဒါ ခင်ဗျားတို့ နှလုံးသွင်းမှားနဲ့ ဟောဒီတဏှာက သောက်လို့ ဟောဒီခန္ဓာရတယ်၊ ဟောဒီခန္ဓာ ဇရာ မရဏ လက်တွင်းမှာ ခင်ဗျားတို့ ဒီခန္ဓာကြီးကို ထိုးအပ်ရတယ်။ သဘောကျပြီလား။

အဲဒီတော့ ဘုရားက ဒီနား ဘုရားပွင့်လာတယ်ဆိုတဲ့ဥစ္စာက ဟောဒီနှလုံးသွင်းမှားခန္ဓာ၊ ဒါက ခင်ဗျားဝမ်း ထဲမှာ နှလုံးသွင်းမှားနေတာ။

ကိုယ့်ကိုယ်ကိုယ် နိစ္စလို့လည်း မထင်လိုက်ပါနဲ့

ဒါက ခင်ဗျားတို့ ခန္ဓာငါးပါးရှိတယ်။ ပေါင်းလိုက်ရင် ခန္ဓာငါးပါးရှိတယ်။ အဲဒီတော့ကို ကိုယ့်ကိုယ်ကိုယ် နိစ္စလို့လည်း မထင်လိုက်ပါနဲ့၊ သုခလို့လည်း မထင်လိုက်ပါနဲ့၊ အတ္တလို့လည်း မထင်လိုက်ပါနဲ့၊ အာရောဂျ အနာကင်းတယ်လည်း မထင်လိုက်ပါနဲ့ တဲ့။ ခေမဘေးမရှိဘူးလို့လည်း မထင်လိုက်ပါနဲ့တဲ့။ တစ်ခါတည်း ဒီဥစ္စာ ကို နှလုံးသွင်းပစ်ပါ။

ဒါ အနိစ္စတရား၊ ဒါ ဒုက္ခတရား၊ ဒါ အနတ္တတရား။ သဘောကျပလား (ကျပါတယ်ဘုရား)၊ ဒါ ရောဂတရား၊ ရောဂါရှိနေတာ၊ ဘယတရား ဘေးသင့်နေတာ၊ မဟုတ်ဘူးလား။ ဒီလိုနှလုံးသွင်းတော့ ဒီကနှလုံးသွင်းတာက မှန်မနေ ပေဘူးလား၊ မှန်တဲ့အခါကျတော့ ဒါကိုသောက်မိ မျိုမိတဲ့ တဏှာက လာသေးသလား (မလာပါဘုရား)။

အင်း တဏှာချုပ်တော့ ခန္ဓာ (ချုပ်ပါတယ်)၊ ခန္ဓာချုပ်တော့ ဇရာ မရဏ (ချုပ်ပါတယ်)၊ ဒါဖြင့် အရိုး ကြီးပွားရေး ရှိသေးရဲ့လား (မရှိပါဘုရား)၊ အရိုးကြီးပွားရေး ဇာတ်အကုန်သိမ်းတယ်။ (၁၃) မိုင် အရိုးကြီးပွားရေး ဇာတ် အကုန်သိမ်းတယ်။

အသောက်မမှားလို့ရှိရင် အကုန်သိမ်းတာပဲကွ တဲ့၊ အသောက်မှားလို့ရှိရင်ရော (မသိမ်းပါဘုရား)၊ ဒါဖြင့် ဘုရား တစ်ဆူတစ်ဆူ ပွင့်လာတာဟာ ဘယ်အကျိုးငှာလဲ။ ပုထုဇဉ်အငတ်တွေ အသောက်မှားမှာစိုးလို့ ပွင့်လာတာ။ ပေါ်ပလား (ပေါ်ပါပြီ)၊ ပုထုဇဉ်တိုင်း ဘဝများစွာက ငတ်လာတဲ့ အငတ်မပြေတဲ့ အငတ်ပြဿနာကြီးနဲ့ အငတ်ကြီး ပွားရေးချည်းနဲ့ လာခဲ့တဲ့ ပုထုဇဉ်တို့၏ အနားမှာ ရပ်ပြီးပြောပါတယ်။

ဒါက သံသရာခရီးသည်

ဟေ့ သံသရာခရီးသည် အငတ်သမား၊ ရပ်ပြီးဘုရားက သံသရာခရီးသည်၊ ဒါက သံသရာခရီးသည်၊ ဒါက သောက်စရာအရက်ကွ၊ အဆိပ်တွေနဲ့ ရောထားတာ ဟေ့။ သံသရာခရီးသည် အငတ်သမား မင်းငတ်လာ တာကြာပြီ။ မင်း ရမ်းသောက်တော့မယ် ဘုရားက ဒီအနားမှာ ရပ်ပြီးပြောတယ်။ မသောက်နဲ့ကွ၊ ဒီဟာ မင်းအဆိပ်နဲ့ ရောထားတာ။ သေသော်လည်းကောင်း၊ မသေသော်လည်း မလှမပသော်လည်းကောင်း၊ သေပွဲသော်လည်းကောင်း မလှမပ ခံရတဲ့ပွဲသော်လည်းကောင်း မင်းခံရလိမ့်မယ်။ ဒါတွေဟာ အဆိပ်နဲ့ရောထားတယ် (တင်ပါ)၊ ဆိုပြီးသကာလ ဒီဥစ္စာသည် မသောက်လေနဲ့ မခင်လေနဲ့၊ ဒါလာဟောတာ (တင်ပါ)၊ ရှင်းပြီလား (ရှင်းပါပြီဘုရား)။

သူသာ မဟောလို့ရှိရင် ပုထုဇဉ်က ဘယ်တော့မှ သားခင်မဝ၊ သမီးခင်မဝ၊ ပစ္စည်းရှာလို့ မဝဘဲ ကိုယ့်ကိုယ် ကိုယ် ခင်လို့မဝဘဲနဲ့ သေခဲ့တဲ့ ဘဝ။ သေခဲ့တဲ့ဘဝတိုင်း ဘဝတိုင်း ဘယ်ဘဝမှ ကိုယ့်ကိုယ်ကိုယ် ခင်လို့ဝပြီး သေတဲ့ ဘဝရယ်လို့ မရှိဘူး။ ဒီအငတ်ကြီးဟာ တစ်ခါတည်း စုတေမနေ သေလို့ ဟိုဘဝရောက်ပြန်တော့လည်း ဒီအငတ်ကြီး ဟာ တစ်ခါတည်း ဥပနိဿယပစ္စယော အားကြီးသောအကြောင်းနဲ့ ပါမသွားဘူးလား။ အင်း ရောက်ရာအရပ် ကျတော့ သူ ဘာလုပ်မလဲ၊ သူ့ခန္ဓာကိုယ်ကို ခင်ဦးမယ် (ခင်ဦးမှာပဲ)၊ သောက်ဦးမှာပဲ။ သောက်လို့ရှိရင် ခန္ဓာရမယ် (ရဦးမှာပါဘုရား)၊ ခန္ဓာရလျှင် သေပွဲရော (ဝင်ရမှာပါဘုရား)၊ သေပွဲဝင်ရဦးမယ်ဆိုတာရော သေချာပြီလား (သေချာ ပါပြီဘုရား)။ အဲဒီလိုချည်း လာခဲ့တာကွ။

ငါဘုရားက ဒီနားမှာ မင်းတို့ကို ကယ်တင်တယ်။ ကယ်တင်တယ်ဆိုငြားသော်လည်း မင်းတို့ ငတ်နေတာ၊ သွားမသောက်နဲ့။ သောက်လို့ရှိရင် အူပြတ်ပြီးသကာလ မင်းတို့သည် သေတဲ့အထိ ဇာတ်ခင်းလိမ့်မယ်ဆိုတာ ဟောဖို့ ငါပွင့်လာတာ။ ပုထုဇဉ် အငတ်တွေအတွက် ပွင့်လာတာ။ ပေါ်ပြီလား (ပေါ်ပါပြီ)၊ ဘယ်အကျိုးငှာ ဘုရားပွင့်လာတာ လဲ (ပုထုဇဉ်အငတ်တွေကြောင့်ပါ)။

အသောက်မှားမှာစိုးလို့

ပုထုဇဉ်အငတ်တွေ အသောက်မှားမှာစိုးလို့။ ပုထုဇဉ်အငတ် (အသောက်မှားမှာစိုးလို့)၊ သောက်တာက ခင်ဗျား တို့က ဘာနဲ့သောက်သလဲ၊ ဟောဒီတဏှာနဲ့ သောက်တယ်။ ပိယသာတဆိုတော့ အကြောင်းအကျိုး မဆက်မိဘူးလား (ဆက်မိပါတယ်ဘုရား)။

ဒီတဏှာနဲ့ သောက်တော့ တဏှာပစ္စယာ ဥပါဒါနံ၊ ဥပါဒါန ပစ္စယာ ကမ္မဘဝေါ၊ ကမ္မဘဝပစ္စယာ ဇာတိဆိုတဲ့ ခန္ဓာငါးပါးက လာမယ် မလာဘူးလား။

ဇာတိ ပစ္စယာ ဇရာ မရဏံဆိုတာက ပြေးလို့ လွတ်ပါ့မလား (မလွတ်ပါဘုရား)၊ အဲဒါကြောင့် ခင်ဗျားတို့ ဟောဒါ ဘုရားက ဘေးကနေ စောင့်နေတယ်နော်။ ဟေ့ ပုထုဇဉ်အငတ် ဟောဒါ အဆိပ်နဲ့ရောထားတဲ့ အရက် တွေကွ၊ သွားများ မသောက်လေနဲ့။ မင်းဆင်ခြင်လိုက်၊ မင်းငတ်တိုင်း သွားပြီးမသောက်နဲ့။ သောက်လိုက်လို့ရှိရင် မင်းသောက်တဲ့ တဏှာလာရင် ဒီတဏှာနဲ့ မင်းသောက်ရင် ဒီခန္ဓာရမယ်။ ဒီခန္ဓာရရင် ဒီသေပွဲဝင်ရလိမ့်မယ်။ သဘော ပါပလား (တင်ပါ)၊ ဒါဖြင့် ကျုပ်တို့ ဝိပဿနာ အရှုခိုင်းတာ ဒီဝတ္ထုနဲ့ အရှုခိုင်းတာ။

ဘယ်လိုကြောင့် သောက်ဖြစ်သတုံး ဆို၊ ဒါကို ကိုယ့်ခန္ဓာကိုယ်ကို နိစ္စထင်လို့ ခင်ဖြစ်တာကိုး။ သုခထင်လို့ (ခင်ဖြစ်တာပါ)၊ ခင်တယ်ဆိုတာ သောက်တာပဲ။ အတ္တထင်လို့ (ခင်တာပါ)၊ အာရောဂျထင်လို့ ခင်တယ်။ ခေမထင်လို့ ဘေးမရှိဘူးထင်လို့ ခင်တယ်။

စင်စစ်တော့ ဒီထဲမှာ ခင်ဗျားတို့သည် ဒီအရက်တွေဟာ အဆိပ်နဲ့ရောထားတဲ့ အရက်တွေဖြစ်သောကြောင့် ဘုရားက ဒါတွေကို အနိစ္စလို့ လုပ်ပါကွ။ ဒုက္ခလို့ လုပ်ပါကွ။ အနတ္တလို့ လုပ်ပါကွ။ ဟုတ်လား။ ရောဂါလို့ လုပ်ပါကွ၊ ဘယလို့ လုပ်ပါကွ နော်။ ကဲ ဒီလို မင်းတို့ ဝိပဿနာရှုဖို့ သေသေချာချာ ဟောထားတယ်။ ပေါ်ပြီလား (ပေါ်ပါပြီ)။ ဒါက သမ္မသသုတ်လို့ မှတ်ပါ။ ပြောင်းပြန် ပြန်သုံးသပ်တော့မှ ပဋိစ္စသမုပ္ပါဒ်ကလေးလည်း ပါသွားရော အလုပ်လုပ်ပုံကို ဒီကနေပြီး နှလုံးသွင်းမှန်နဲ့ လုပ်ပါကွ ဆိုတော့ ပေါ်မလာဘူးလား (ပေါ်လာပါတယ်)။

ဘုရားပွင့်ခြင်း၏အကြောင်း

သောက်ဖြစ်သေးရဲ့လား။ တဏှာနဲ့ သောက်ဖြစ်သေးရဲ့လား (မသောက်ဖြစ်ပါဘုရား)၊ မသောက်ဖြစ်လို့ ရှိရင် ဒီခန္ဓာလာဦးမလား (မလာပါဘုရား)၊ ခန္ဓာမလာလို့ရှိရင် အိုပွဲ သေပွဲ ရှိသေးရဲ့လား (မရှိပါဘုရား)၊ အိုပွဲ သေ ပွဲ ဇာတ်မသိမ်းသေးဘူးလား။ အဲဒီတော့ “ဘုရားပွင့်ခြင်း၏အကြောင်း” ဘုရားက ဝိပဿနာရှုပါဆိုတဲ့ဥစ္စာ ဘယ် နေရာများ ဟောခဲ့ပါသတုံး မေးလို့ရှိရင် သမ္မသသုတ်ကို ညွှန်ပြရမယ် (တင်ပါ)၊ ပေါ်ပြီလား။ ကောင်းပြီ ဒါဖြင့် ခင်ဗျားတို့ ကျုပ်တို့ရှုတဲ့ ဖြစ်ပျက်တွေကို ရှုကြစို့ရဲ့။

ဪ ဒါဖြင့် ကျေးဇူးတော်အစုံ ဂုဏ်တော်အနန္တဆိုတဲ့ဟာ ဟောဒါကို မသောက်နဲ့၊ တဏှာနဲ့ မသောက် နဲ့၊ ဟောဒီပိယသာတတွေကို တဏှာနဲ့ မသောက်နဲ့ကွလို့ သူက ပြောထားတယ် (တင်ပါ)၊ တဏှာနဲ့ မသောက်နဲ့။ မသောက်ရင် ဘယ့်နှယ်လုပ်ရမှာတုံး၊ ရှောင်ကြဉ်ရမယ်ဆိုတော့ ဒါကို အနိစ္စလို့ရှု၊ ဒုက္ခလို့ရှု၊ အနတ္တလို့ရှု။ သဘောကျ ပြီလား (ကျပါပြီ)၊ ရောဂလို့ရှု၊ ဘယလို့ ရှုလိုက်လို့ရှိရင်ဖြင့် ရှုတဲ့ဉာဏ်က ဒီရောက်လာမှာပဲ။ မရောက်ဘူးလား (တင် ပါဘုရား)။ ဉာဏ်က ဒီနေရာ ရောက်လာမယ်။

ရှေးဦးစွာ ဝိပဿနာမဂ်ကို ရှုပေး

ဉာဏ်က ဒီနေရာ ရောက်တဲ့အခါကျတော့ ဒီတဏှာက သောက်ဖြစ်သေးရဲ့လား (မသောက်ဖြစ်ပါ ဘုရား)၊ မသောက်ဖြစ်တော့ ဒီခန္ဓာ သူလုပ်နိုင်သေးရဲ့လား (မလုပ်နိုင်ပါဘုရား)၊ မလုပ်နိုင်တော့ ဒီဇရာ မရဏပွဲဟာ မငြိမ်း သေးဘူးလား (ငြိမ်းပါတယ်)၊ သဘောကျပြီလား။ ဒါဖြင့် ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ဒီကနေပြီး ကျုပ် တို့က မသောက်ဖြစ်တဲ့ မဂ္ဂင်ငါးပါးနဲ့ ကျုပ်တို့က ရှေးဦးစွာ ဝိပဿနာမဂ်ကို ရှုပေးပေါ့ဗျာ၊ ဒါလည်း ကျုပ်တို့ဟာ ကျုပ်တို့ ယောနိသောမနသိကာရ ဖြစ်တာလား၊ ဘုရားက ကန့်ကွက်လို့လား။ ကျုပ်တို့အလိုတော့ ရမ်းသောက် မယ်။ တစ်သံသရာလုံး ငတ်လာတာ (မှန်ပါ)၊ တွေ့ရင် တွေ့တဲ့ခန္ဓာ ခင်တာပဲ။ ဘဝတဏှာက (တင်ပါ)၊ ဘဝတဏှာ ဆိုတာ ပဋိသန္ဓေဘဝင် (၁၅) ချက်၊ (၁၆) ချက်နဲ့ဆက်တော့ မနောဒွါရာဝဇ္ဇန်း။ ဘဝနိကန္တိက လောဘဇောဆိုတာ တစ်ခါတည်းလာတယ် (တင်ပါ)၊ ငယ်ပေါင်းက တစ်ခါတည်း ရောက်လာတယ်။

ပဋိသန္ဓေနေခြင်းကြောင့် ပဋိသန္ဓေစိတ်လည်း ပြီးရော ဘဝင် (၁၅) ချက်၊ (၁၆) ချက် ဆက်ပြီးလာတယ်။ ပြီးတော့ မနောဒွါရာဝဇ္ဇန်းလေး တစ်ချက်လာပြီးတော့ ဘဝနိကန္တိက လောဘဇော (၇) ကြိမ်လာတော့ ကဲ ခင်ဗျား ယောနိသော မနသိကာရက အရင်လာတာမှ မဟုတ်ဘဲ။ အယောနိသော မနသိကာရက အရင်လာတာ (တင်ပါ)။

မလာဘူးလား။ အဲဒါတွေ ထောက်ကြည့်လိုက်တဲ့အခါကျတော့ ဪ တစ်သံသရာလုံး ငတ်လာ တာ။ ဒီဘဝ အတင်း ကန့်ကွက်တာတောင်မှ ခင်ဗျားတို့က အခု သောက်တုန်းရှိသေးတယ် (တင်ပါဘုရား)၊ ဘုရားက အတင်းကန့်ကွက်တော့ မင်းတို့သေလိမ့်မယ်။ သေချင်းဆိုး သေလိမ့်မယ်။ မကန့်ကွက်ဘူးလား (ကန့်ကွက်ပါတယ်)၊ ကန့်ကွက်ပေမယ့် ခင်ဗျားတို့က ကိုယ့်ခန္ဓာလေး ခင်တယ်။ သားမယား ခန္ဓာကလေး ခင်လိုက်၊ မိမိခန္ဓာကလေး (ခင် လိုက်)၊ တစ်ခွက်တည်း သောက်နေတယ်။

အဲဒီပုထုဇဉ်မိုက်တော့ သောက်ပြီး အူပြတ်သေပြီးသကာလ သွားပါလိမ့်မယ်။ တဏှာနဲ့ချည်း သောက် တယ်။ တဏှာနဲ့ချည်း သောက်လို့ရှိရင် တဏှာပစ္စယာ ဥပဓိခန္ဓာရမယ်၊ ဥပဓိခန္ဓာရရင် ဇရာ မရဏ ပါသွားလိမ့်မယ် ဆိုတော့ သောက်လို့ သေတာချည်းပဲ (မှန်ပါ)၊ မသောက်ရင် မသေပါဘူး။ ခင်ဗျားတို့ မသောက်တဲ့နည်းက ဝိပဿနာ ရှုတာ၊ သောက်တဲ့နည်းက တဏှာနဲ့ မျိုသိပ်တာ၊ ရှင်းပြီလား။ ဒီဟာတွေကို တဏှာနဲ့ မျိုသိပ်လို့ရှိရင် ခင်ဗျားတို့ နှလုံးသွင်းမှားပြီး တဏှာနဲ့ မျိုသိပ်လို့ရှိရင် သောက်တာပဲ။ သောက်ရင် ဒီခန္ဓာငါးပါးရမယ်။ ရရင် ဒီအိုကွဲ သေကွဲက ခင်ဗျားတို့ ကွဲရမယ်။ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ်ဘုရား)။

အဲ ဘုရားပွင့်လာတာ ခင်ဗျားတို့ ဒီနားက ပုထုဇဉ်မိုက် အငတ်ကြီးကို အသောက်မှားမှာစိုးလို့။ ဟေ့ ဒါမသောက်နဲ့။ ဒါ အနိစ္စ အဆိပ်မှန်းသိတော့ သောက်သေးရဲ့လား (မသောက်ပါဘုရား)၊ ဒုက္ခအဆိပ်မှန်း သိတော့ ရော (မသောက်ပါဘုရား)၊ အနတ္တအဆိပ်မှန်းသိတော့ရော (မသောက်ပါဘုရား)၊ မသောက်တော့ဘူး တဲ့။ တစ်ခါ ရောဂ အနာမှန်းသိတော့ရော (အနာမှန်းသိတော့လည်း မခင်တော့ပါဘုရား)၊ ခင်သေးရဲ့လား၊ မခင်လို့ရှိရင် ဒီအတိုင်း ရှုပါတဲ့။ ဒီအတိုင်း အနိစ္စ ဒုက္ခ အနတ္တ ရောဂ ဘယတို့နဲ့ ရှုပေးစမ်းပါတဲ့။ ရှင်းပြီလား (ရှင်းပါပြီဘုရား)။

ဒီငါးချက်နဲ့ သူဟောတယ်

ရှုပေးလိုက်တဲ့အခါကျလို့ရှိရင် ရှုတာဟာ မျိုသိပ်တာလား သူ့အကြောင်း ကောင်းကောင်းသိနေတာလား။ (သူ့အကြောင်း ကောင်းကောင်းသိနေတာပါ)၊ သူ့အကြောင်း ကောင်းကောင်းသိနေတာ ဝိပဿနာခေါ်တယ်။ သူဟာ အနိစ္စတရားလို့ ကောင်းကောင်းသိနေရင် (ဝိပဿနာဖြစ်မှာပါ)၊ သူဟာ ဒုက္ခတရားလို့ ကောင်းကောင်းသိနေရင် (ဝိပဿနာဖြစ်မှာပါ)၊ အနတ္တတရားလို့ ကောင်းကောင်းသိရင် (ဝိပဿနာပါဘုရား)၊ ရောဂတရားလို့ ကောင်းကောင်း သိရင်ရော (ဝိပဿနာပါဘုရား)၊ ဝိပဿနာဖြစ်မယ်။

အဲဒီတော့ ခင်ဗျားတို့ ဒီငါးချက်နဲ့ ဘုရားက ဒီသမ္မသသုတ်မှာ ဒီငါးချက်နဲ့ သူဟောတယ်။ အဲဒီကဲ့သို့ ခင်ဗျား တို့ ရှုရှု ရှုရှုပေးလို့ရှိရင်ဖြင်တဲ့ ဟောဒီတဏှာ သေပါလိမ့်မယ်။ ဒီအတိုင်းရှုပေါ့။ အသောက်မှားသေးသလား မသောက် တော့ဘူးလား မသောက်တော့လို့ရှိရင်ဖြင့် သံသရာခရီးသည် မသောက်တဲ့ပုဂ္ဂိုလ်ကျတော့ကို ဟောဒီမှာ သေ အောင်လုပ်တဲ့ လက်သည်တဏှာလည်း မလာဘူး (မလာပါဘုရား)၊ သေရမယ့် ခန္ဓာကြီးရော (မလာပါဘုရား)၊ မလာ ဘူး။ ဒီခန္ဓာငါးပါးမလာလို့ရှိရင် သူ့အထဲပါလာမယ့် အိုသေအောင် လုပ်တတ်တဲ့ဇရာ မရဏရော လာသေးရဲ့လား (မလာပါဘုရား)၊ ဦးသံဒိုင် လာသေးရဲကလား (မလာပါ ဘုရား)၊ မလာတော့ဘူးဆိုတော့။

ဒါဖြင့် ခင်ဗျားတို့ တဏှာ၊ သေချင်ရင် ဒါကိုမသောက်နဲ့ (တင်ပါ)၊ မဟုတ်ဘူးလား (တင်ပါ)၊ ခန္ဓာမဖြစ်ချင် လည်း ဒါမသောက်ရဘူး။ အို နာ သေ လွတ်ချင်လည်း (ဒါမသောက်ရပါ)၊ ဒါ မသောက်မှပဲဖြစ်မယ်။ ဪ ဝိပဿနာမရှုလို့ရှိရင် မရဘူးဆိုတဲ့ဥစ္စာက ဒီလိုကိုး (တင်ပါ)၊ ပေါ်လာတယ်။ ဝိပဿနာမရှုလို့ရှိရင် မရပါဘူးဆိုတာ ဒါဘာသုတ်လို့ ခေါ်ကြမလဲ (သမ္မသသုတ်ပါဘုရား)၊ သမ္မသသုတ်။ ပြောင်းပြန်သုံးသပ်ရမယ်၊ ရှင်းပြီလား။ ဘယ်လို သုံးသပ်ရမယ် (ပြောင်းပြန်ပါ ဘုရား)။

ပဋိလောမနဲ့ သုံးသပ်ရမယ်

ပဋိလောမနဲ့ သုံးသပ်ရမယ်။ ပေါ်ပြီနော်။ ပဋိလောမ သုံးသပ်လိုက်တဲ့အခါကျလို့ ရှိရင်ဖြင့် တဲ့။ လက် သည်အရင်းကျကျ သူ့အသောက်မှားလို့ ဖြစ်ကြတာချည်းပဲ။ ပေါ်ပြီလား (ပေါ်ပါပြီ)၊ စက္ခု သောတ ဃာန ဇိဝှာ ကာယ မနဆိုတဲ့ စုလိုက်တော့ သမ္ပယုတ္တဓမ္မတွေနဲ့ ပေါင်းလိုက်လို့ရှိရင် ခန္ဓာငါးပါး ရုပ်နာမ်တရားပဲ ရတယ်။ သာမည စာဆိုအတိုင်း မပေါင်းပါဘူးဆိုလို့ရှိရင် အဇ္ဈတ္တိကာယတန ခြောက်ပါးလို့ ဆိုရမယ်နော်။

ကောင်းပြီ ဒါဖြင့် ဒါတွေကို ဝိပဿနာရှုလို့ရှိရင်ဖြင့် သောက်တာလား မသောက်ဘူးလား (မသောက် ပါဘုရား)၊ မသောက်ဘူးဆိုတာ လူတိုင်းသိ။ မသောက်ဘူးဆိုတော့ ဒါဖြင့် သူတို့က အနိစ္စ။ သူက မဂ္ဂသစ္စာ။ သူက သေတာ မဟုတ်ဘူးလား။ သူက ခန္ဓာဇာတ်သိမ်း ငြိမ်းတာ မဆိုနိုင်ဘူးလား။ ဒါဖြင့် သူက ဒုက္ခသစ္စာ။ သူက မဂ္ဂသစ္စာ။ သူက သမုဒယသစ္စာ။ သူက သမုဒယချုပ်တာ၊ သူက နိရောဓဖြစ်တာ၊ သဘောပါပြီလား (ပါပါပြီ)၊ သူက ဘာတုံး (ဒုက္ခသစ္စာ)၊ သိတာက (မဂ္ဂသစ္စာပါဘုရား)၊ သေတာက (သမုဒယသစ္စာ)၊ သမုဒယသစ္စာ။ ဒီခန္ဓာနဲ့တကွ ဇရာ မရဏ ချုပ်ငြိမ်းသွားတာက (နိရောဓသစ္စာပါ ဘုရား)၊ သစ္စာတွေကိုချည်း သူဟောထားတယ်၊ မသောက်တဲ့ ပုဂ္ဂိုလ်။ သောက်တဲ့ပုဂ္ဂိုလ်ကျတော့ကို တဲ့ ဒီက အယောနိသော မနသိကာရသမားက ဒါတွေခင်မှ ဒါတွေသောက် မှပဲဆိုပြီး သူသောက်တယ်။ ငါ့ကိုယ် ငါ့ဟာ ငါ့ဥစ္စာနဲ့ သူသိမ်းပိုက်တယ်၊ သဘောကျပြီနော် (တင်ပါဘုရား)။

ငါ့ကိုယ် ငါ့ဟာ ငါ့ဥစ္စာနဲ့ သိမ်းပိုက်လိုက်တဲ့အခါကျလို့ရှိရင် ငါ့ကိုယ် ငါ့ဟာ ငါ့ဥစ္စာကို သိမ်းပိုက်လိုက်လို့ ရှိရင် ဟောဒီတဏှာနဲ့ သောက်ပါတယ်၊ တဏှာဒိဋ္ဌိနဲ့ မသောက်ဘူးလား (သောက်ပါတယ်)၊ တဏှာဒိဋ္ဌိနဲ့ သောက်တဲ့ အခါကျတော့ တဏှာသည် ဘာလုပ်သလဲဆိုတော့ တဏှာကြောင့် ဥပဓိခန္ဓာဖြစ်တယ်လို့ ခုနက ပြောခဲ့ပြီ၊ ခန္ဓာငါးပါး မလာပေဘူးလား (လာပါတယ်)၊ ခန္ဓာငါးပါးလာရင် အိုပွဲ သေပွဲက (တွေ့ရမှာပဲ)၊ ဒါဖြင့် သောက်တဲ့လူမှာ တဏှာနဲ့ သောက်တဲ့ပုဂ္ဂိုလ်မှာ ခန္ဓာရရင် အိုပွဲ သေပွဲ ဝင်ရမယ်။ မသောက်တဲ့ပုဂ္ဂိုလ်မှာ တဏှာသေလို့ အိုပွဲ သေပွဲလွတ်တယ်။ ခန္ဓာရမယ့် အိုပွဲ သေပွဲ ဘယ့်နှယ်လဲ မလွတ်ဘူးလား (လွတ်ပါတယ်ဘုရား)။ ဒါဖြင့် ခင်ဗျားတို့မှာ အဝေးကြီးကလည်း ဘုန်းကြီးဆီကို လာကြရတယ်။ ဝိပဿနာ အလုပ်မှတစ်ပါး ကယ်မယ့်ယူမယ့်သူ ရှိကိုမရှိဘူး (တင်ပါဘုရား)၊ ဆုံးဖြတ် ချက်ကျပြီ။

အိုပွဲ၊ သေပွဲချည်းပဲ နွှဲခဲ့ရတယ်

ဒါဖြင့် တစ်သံသရာလုံးမှာ ကျုပ်တို့ သေပွဲနွှဲခဲ့ရတယ်။ အိုပွဲ၊ သေပွဲချည်းပဲ နွှဲခဲ့ရတယ်။ ဒီဇာတ်ချည်း ဆက်ခင်းတယ်။ ကိုထွန်းရင် ဘယ်ဇာတ်ခင်းသလဲ (အိုပွဲ၊ သေပွဲချည်း ဇာတ်ခင်းနေပါတယ်)၊ အိုပွဲ သေပွဲချည်း ဆက် ခင်းတယ်။ ဘယ့်နှယ်ကြောင့် ဆက်ခင်းနေသလဲ၊ ဟောဒီ အသောက်မှားလို့ချည်း ခင်းတယ်။ ကိုထွန်းရင် ရှင်းပြီလား (ရှင်းပါပြီ)၊ အဆိပ်နဲ့ရောထားတဲ့ သေရည်သေရက်ကို အသောက်မှားလို့ သို့မဟုတ် အဇ္ဈတ္တိကာယတနကို ငါ့ကိုယ် ငါ့ဟာ သိမ်းပိုက်လို့။ ရှင်းပြီလား (တင်ပါ)၊ အဇ္ဈတ္တိကာယတနကို (ငါ့ကိုယ် ငါ့ဟာ သိမ်းပိုက်လို့ပါဘုရား)၊ ငါ့ကိုယ် ငါ့ဟာ သိမ်းပိုက်လို့။ သောက်တာက ဟောဒီတဏှာနဲ့ သောက်တာနဲ့ ဒီခန္ဓာရတယ်။ ဒီခန္ဓာရသည်နှင့်တစ်ပြိုင်နက် အိုပွဲ သေပွဲဟာ ကိုယ့်ပွဲချည်းမှတ်။ မဟုတ်ဘူးလား။ ကိုင်း ဒါဘုရားပွင့်တဲ့အခါ ဘုရားက ဟောဒါမသောက်နဲ့ ဟေ့၊ ဘုရားက ပြောတယ်။ ဒီနားကရပ်ပြီး ဟောဒါက ပုထုဇဉ်အမိုက်။ ဟောဒါ မင်းအနိစ္စလို့ ရှုပါကွ၊ ဒုက္ခလို့ ရှုပါ ကွ၊ အနတ္တလို့ ရှုပါကွ၊ ရောဂလို့ ရှုပါကွ၊ ဘယရှုပါကွ၊ တစ်ခုခုရှုပေါ့ဗျာ။ ဒါ အကုန်ရှုနေဖို့ မလိုပါဘူး။ ရှုလိုက်တဲ့ အခါကျတော့ ဒါဟာ ဘယပဲလို့ဆိုတော့ ခင်သေးရဲ့လား (မခင်ပါ)၊ မခင်တာက မဂ္ဂသစ္စာ။ ဟုတ်လား။

ဒါဖြင့် ဘယတွေက ဒုက္ခသစ္စာ။ ဟုတ်လား (တင်ပါ)၊ ဘယမှန်းသိတာက (မဂ္ဂသစ္စာပါဘုရား)၊ သေတာက သမုဒယသစ္စာ (သမုဒယသစ္စာပါ)၊ ခန္ဓာနဲ့ ဇရာ မရဏ ချုပ်တာက နိရောဓ (တင်ပါဘုရား)၊ ဒီနေ့ ဒါက ဘုရားက ဒီနားက စောင့်ပြောနေလို့နော်။ မသောက်နဲ့၊ မသောက်နဲ့၊ မသောက်နဲ့ စောင့်ပြောနေလို့။ ခင်ဗျားတို့ အငတ်ပြဿနာ ကြီးနဲ့ သေလာတဲ့ ဘဝပေါင်းများစွာကတော့ တွေ့ရာကို စားလိုက်မယ်ကွ၊ နွားငတ်ရေကျချည်းပါဘဲ (တင်ပါဘုရား)၊ သဘောကျရဲ့လား နွားငတ်ရေကျဆိုတော့ တောတွင်းက အစာတွေ စားလာတယ်။ မြစ်နားကျတော့ ဆွဲမရ၊ သိမ်းမရ အတင်းဆင်းပြေးပြီး သောက်မိ သောက်ရာ သောက်တာပဲ၊ ရေနောက်ရော၊ ရေကြည်ရော ဒီအတိုင်းမနေဘူးလား။ ခင်ဗျားတို့လည်း ရောက်ရာမှာ ခွေးတိရစ္ဆာန်တွေလည်းဖြစ်ခဲ့ပြီး ခွေးမတွေနဲ့လည်း ခင်နေတာပဲ၊ ကြက်ကလေးဖြစ်ရင် လည်း ကြက်မကလေးနဲ့ သူကမွေးထားတဲ့ ကြက်ဥကလေးတွေနဲ့။ အငတ်ကိုးဗျ အငတ်သေလာတဲ့အခါကျ တော့ ဒီအငတ်ကြီးက ဆက်ပါလာတယ်။

ဥပနိဿယပစ္စယောဗျ၊ အားကြီးသော အကြောင်းဖြစ်ရမယ် မဖြစ်ဘူးလား (ဖြစ်ပါတယ်ဘုရား)။

ကဲ ဒါဖြင့် ခင်ဗျားတို့သည် ဒီအငတ်ပြဿနာကို အဆိပ်နဲ့ရောထားတယ်လို့ ပြောပေးမယ့်သူမှ မရှိလို့ ရှိရင်ဖြင့် ခင်ဗျားတို့ဟိုဘက်က ငတ်ပြီးသေလာတာ။ ဒီဘဝမှာ ငတ်သေဇာတ်ပဲ ပြန်ခင်းမယ်လို့ဆိုတဲ့ ဥစ္စာ ခင်ဗျား တို့ အလုပ်ပဲ (တင်ပါ)၊ မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ်)၊ ဒါဖြင့် အင်မတန် အရုပ်ဆိုးနေပါပေါ့လားဆိုတာ ပေါ် ကြပြီလား (တင်ပါဘုရား)၊ ဒါဖြင့် ခင်ဗျားတို့သည် ဝိပဿနာရှုပါလို့ ဘုရား ဘယ်နေရာမှာ ဟောခဲ့သတုံးလို့ မေးလို့ရှိရင်ဖြင့် သတိပဋ္ဌာန်မှာ တိုက်ထွန်းထားတာ ရှိပါတယ်။

အဲဒီမှာ တိုက်တွန်းခဲ့ပါတယ် (မှန်ပါဘုရား)၊ အခုဟာကတော့ တိုက်တွန်းတာကို ယုတ္တိယုတ္တာနဲ့တကွ မင်းတို့ ဟောတာတွေကို မင်းတို့ အမှားနဲ့ အငတ်ပြဿနာနဲ့ သေခဲ့တဲ့ ပုဂ္ဂိုလ်တွေက အန္တရာယ်ကင်းတယ်လို့ ထင်ကြ မြင်ကြ လို့ရှိရင် ဟောဒီခန္ဓာကြီး ဒီတဏှာနဲ့ သောက်တာပါပဲ (တင်ပါ)၊ ဒီတဏှာနဲ့သောက်ရင် ဒီတဏှာက ဒီခန္ဓာကို လုပ် ပါလိမ့်မယ် (တင်ပါဘုရား)၊ ဒီခန္ဓာရရင် ဒီသေပွဲ ဝင်ရပါလိမ့်မယ်။ ကဲ မသောက်တော့ပါဘူး။ ငါဘုရားက ဒီအနားရပ်ပြောနေတာ၊ မင်းတို့ အငတ်သမားက အဲ အငတ်ခံတော့မယ်၊ မသောက်ဘူး၊ မသောက်ဘူးဆိုတော့ အနိစ္စလို့ ရှုပေါ့ဗျာ၊ နှလုံးသွင်းလိုက် (တင်ပါ)၊ ခင်လုံးဖြုတ်လိုက် စွဲလိုက်ဖြုတ်လိုက် (တင်ပါဘုရား)။

အဲဒီကဲ့သို့ ခင်လုံး၊ စွဲလုံးတွေ ဖြုတ်ကြမယ်ဆိုလို့ရှိရင်တော့ မသောက်မိတော့ဘူး၊ မသောက်တော့ မသောက် တာသည်ကားဆိုလို့ရှိရင် ဉာဏ်ပါတဲ့ပုဂ္ဂိုလ်မှ မသောက်တာ၊ ငါသောက်လို့ရှိရင်၊ အင်း သေသော်လည်းသေမယ်၊ မသေသော် မလှမပဖြစ်မယ်ဆိုတော့ သိတဲ့ပုဂ္ဂိုလ်ဆိုတော့ မဂ္ဂသစ္စာရတဲ့ပုဂ္ဂိုလ် (တင်ပါ)၊ မဂ္ဂသစ္စာရတော့ ဒီတဏှာ ချုပ်တယ်၊ ဒီတဏှာချုပ်တော့ ဒီခန္ဓာနဲ့ ဇရာ မရဏ သိမ်းတယ် (တင်ပါ)၊ မသိမ်းနိုင်ဘူးလား၊ ဒါဖြင့် ဒီဟာတွေကို သိမ်းပါစေလို့ ခင်ဗျားတို့ ဆုမတောင်းနဲ့၊ ဒါမသောက်ဖို့ပဲ အရေးကြီးတယ် (တင်ပါ)၊ မဟုတ်ဘူးလား။

အခုလုပ်နေ ကြတာက ဒကာ ဒကာမတွေ လုပ်နေကြတာက ဒါတော့ သောက်လျက်ဟုတ်လား (တင်ပါ)၊ ဒါတော့ သည်းညည်းခံ၊ မဖြစ်ဘူး ထုံးစံမရှိဘူး၊ သားခင် သမီးခင် ပစ္စည်းခင် ခန္ဓာခင်ဆိုတာတော့ တပည့်တော်တို့ ဒါတော့မလျှော့နိုင် ဘူးဘုရား၊ ဒါ ကိုယ်က မွေးလာတာကိုး၊ ကိုယ့်သားသမီး တည်ထောင်မိပေါ့ကိုး။

တော်တော်အရွဲ့တိုက်တဲ့လူတွေ

ဪ ဒါတော့ တပည့်တော်တို့ သောက်ရမှာပဲ၊ သို့သော် ဒါတော့လွတ်ချင်တယ် (တင်ပါဘုရား)၊ ခန္ဓာ ပွဲ၊ ခန္ဓာရတဲ့ပွဲ၊ ဟုတ်လား၊ အိုပွဲ သေပွဲတော့ လွတ်ချင်တယ်ဆိုရင် အို မရဘူး၊ စိတ်ချ (တင်ပါဘုရား)၊ မရဘူး။ ရနိုင် ပါ့မလား (မရနိုင်ပါ)၊ မရနိုင်တာကို အခုဟာက ခင်ဗျားတို့က တော်တော်အရွဲ့တိုက်တဲ့လူတွေ (တင်ပါဘုရား)၊ ဘယ်သူ့ အရွဲ့တိုက်တာတုံးဆိုတော့ ဟောဒီကိုယ်တော်ကြီး အရွဲ့တိုက်တာ (တင်ပါဘုရား)၊ ဘေးက ဒီကိုယ်တော်ကြီး အရွဲ့တိုက် တာ၊ ကိုယ်တော်ကြီးက ဟောဒါတွေကို တဏှာဒိဋ္ဌိနဲ့ မသောက်လို့ရှိရင်ကွာ ဒီတဏှာမလာဘူး မလာလို့ရှိရင် အိုပွဲ သေပွဲ လွတ်ပါတယ်ဆိုတော့ ဆုတောင်းနေရဦးမှာလား (မလိုပါဘုရား)၊ မသောက်ဘဲနေရင် ပြီးနေတာပဲ။

ဒါတွေကို ခင်လိုက်လို့ရှိရင် တဏှာ ဥပါဒါန် ကံတွေကနေပြီး “တဏှာတွေက”လုပ်တော့မှာပဲ (တင်ပါဘုရား)၊ ဒီနေရာ မှာ ကံတွေ ဖြုတ်ထားခဲ့ကြ။ ဥပါဒါန်လည်းဖြုတ်၊ ကံလည်းဖြုတ်၊ သူ (၁) ခုရှိလို့ရှိရင် ကျန် (၂) ခုက လာတော့မှာပဲ။ မလာပေဘူးလား (လာမှာပါဘုရား) မလာပါနဲ့ဆိုလို့ (မနေပါဘုရား)၊ ခင်ဗျားတို့ ဓမ္မနိယာမက လာတော့မှာပဲ။ မလာပေဘူးလား (လာမှာပါဘုရား)၊ အဲဒါကြောင့် ခင်ဗျားတို့ ဒီဟာလွတ်ချင်တယ်၊ တပည့်တော်ဘုရား ခန္ဓာဝန်လည်း မထမ်းချင်ပါဘူး။ အိုပွဲ သေပွဲကြီးလည်း မနွှဲချင်တော့ပါဘူး၊ ဒါကြောင့် တပည့်တော် ဘုရားတွေ့တိုင်း ဆုတောင်းတယ်၊ ဟေ့ မောင်ထွန်းရင် မင်းဆိုးလှချည်လားလို့ ဘုန်းကြီးက အပြစ်တင်တယ်။

ဒါမသောက် ရင် ဒါမတွေ့ဘူး

မင်းက ဘုရားတွေ့တိုင်း ဆုတောင်းတယ်ဆိုတော့ ဘုရားပေးနိုင်တဲ့ဆုလားကွ (တင်ပါဘုရား)၊ ဘုရားက တားမြစ်ဖို့ပဲ။ ဟော ဒါမသောက်ရင် ဒါမဖြစ်ဘူး ပြောတယ်။ ဒါကို တဏှာ မာန ဒိဋ္ဌိနဲ့ မသောက်ရင် ဒါမဖြစ်ဘူးလို့ ပြောတယ်။ ဒါသောက်လို့ရှိရင် ဖြစ်လိမ့်မယ်လို့ပဲ ပြောတယ်။ မင်းက ဆုတောင်းနေတာဟာ ဘုရားသွားပြီး အရွဲ့တိုက် နေတာ၊ ပေါ်ပြီလား (ပေါ်ပါပြီ)၊ မင်းတို့ရော ပေါ်ပြီလား (ပေါ်ပါပြီ)၊ မင်းတို့က ဆုတောင်းပြည့်ဘုရား သွားသွား ပြီးသကာလ တော်တော်ကြာ မပြည့်ဘူးဆိုပြီး ဘုရားပဲ တရားစွဲဦးတော့မလိုလို။ စင်စစ်ကတော့ ဘုရားက ဒါမသောက် ရင် ဒါမတွေ့ဘူး။ ဟုတ်ဘူးလား၊ ဒါသောက်လို့ရှိရင် ဒါတွေ့မယ်။

အဲဒီတော့ ငါက မသောက်နဲ့လို့ ပြောတဲ့ဥစ္စာ အဆိပ်နဲ့ရောထားတဲ့ အရက်တွေ မင်းတို့သောက်လို့ရှိရင် မသေသော် မလှမပ၊ သေသော်လည်း သေရမယ်။ ငါဟောထားလျက်သားနဲ့ မင်းတို့က ဒါတော့သောက်တယ်။ ဒါတော့ မတွေ့ချင်ဘူးဆိုရင် ငါမတတ်နိုင်ဘူးကွ (တင်ပါဘုရား)၊ ရှင်းပြီလား (ရှင်းပါပြီ)၊ ဘုရားက ပြောင်ဟောတာပဲကွ၊ မင်းတို့ ဘာမှငဲ့နေတာ မဟုတ်တော့ဘူး။ မှန်ရာပြောမှာပဲ။ ရှင်းပြီလား (တင်ပါ)၊ ဒါဖြင့် ဓာတ်လောကီဆရာတွေက ဘယ့်နှယ်စိတ်ကူးနေသလဲ၊ အင်း ဒီဟာကိုမသောက်ရင် ဒါမရဘူး (တင်ပါဘုရား)၊ သဘောကျပြီလား။

ဒီဟာကိုသာ သောက်နေလို့ရှိရင်ဖြင့် (ဘယ်နည်းနဲ့မှ မရပါ)၊ ဒါ ဘယ်နည်းနဲ့မှ မရဘူး။ အဲဒီတော့ ခင်ဗျား တို့က ရှုပ်လိုက်တဲ့လူတွေက အင်မတန် ရှုပ်တဲ့လူတွေ။ တဏှာကလေး မပါလို့ရှိရင် ဘယ်နေရာမှ သွားမဖြစ်ဘူး။ တဏှာမပါရင် ဘယ်လမ်းမှ သွားမဖြစ်ဘူး။ ဦးသံဒိုင်တို့ လူစုက တဏှာမပါရင်၊ ဘယ်လမ်းမှ သွားမဖြစ်ဘူးဆိုတာက တဏှာ လက်ညှိုးညွှန်ရာမှ ခင်ဗျားတို့က ဒိုင်းဒိုင်းပြေးသွားတဲ့လူတွေ။ အင်း ဒီကနေ အိမ်ပေါ်က ဆင်းဦးမယ် ဆိုကတည်းက ဆွေမျိုးရှိတဲ့လမ်းနဲ့ ဆွေမျိုးမရှိတဲ့လမ်းနဲ့ ဘယ်လမ်းက သွားမလဲဆိုရင် အိုကွာ သွားရင်းနဲ့ မေး မြန်းသွားရအောင်၊ ဆွေမျိုးရှိတဲ့ လမ်းက သွားမယ် (မှန်ပါဘုရား)၊ တောလမ်းနဲ့ မြို့လမ်း၊ ကြည့်စရာရှိတဲ့လမ်းနဲ့ ကြည့်စရာမရှိတဲ့လမ်း ဘယ်လမ်းက သွားမယ် စိတ်ကူးကြသလဲ (ကြည့်စရာရှိတဲ့လမ်း)။

အင်း တဏှာက အဲဒီလို။ ခင်ဗျားတို့က ကျွန်ပီပီ ဒါ မသောက်ရရင်ကို သွားလို့မဖြစ်ဘူး။ အင်း ဒီအာရုံတွေကို မသောက်မနေရလို့ရှိရင်ပဲ ဒီခန္ဓာ ဒီကသွားလို့မဖြစ်ဘူး။ သွားရင်လည်း သေမှာပဲ။ သဘော ကျပြီလား။ ဒါကြောင့် တဏှာ တဏှာကို ပေါ်တိုင်းပေါ်တိုင်း သိလို့ရှိရင် ကြောင့်ကြမှုမရှိတဲ့ နိဗ္ဗာန်သို့ ရောက်နိုင်တယ်။ တဏှာပေါ်လာတိုင်း ပေါ်လာတိုင်း မင်းခိုင်းတာမလုပ်ဘူး မင်းခိုင်းတာမလုပ်ဘူး မင်းခိုင်းတာ မလုပ်ဘူးလို့ အမြဲကန့်ကွက်နေရင် နိဗ္ဗာန်ကိုရမယ် (တင်ပါဘုရား)။

သူလာတိုင်းလာတိုင်းသာ သိနေရင် နိဗ္ဗာန်ရောက်မှာပဲ

ဒီ့ပြင် ဝိပဿနာအလုပ်နဲ့ သူလာတိုင်းလာတိုင်းသာ သိနေရင် နိဗ္ဗာန်ရောက်မှာပဲ။ သဘောကျပြီလား (မှန် ပါ)၊ သူလာတိုင်း လာတိုင်းသာသိ။ အခုတော့ ခင်ဗျားတို့ကလည်း ခေါင်းမွေးရမ်းဆွဲ လှည့်ပြီး ထောင်းထုပစ်လိုက် လို့ ကြေကုန်မှ ဪ မှားကုန်ပြီကွာ။ ဪ ဒီကျတော့မှ ခင်ဗျားတို့က ရိပ်မိတယ်။ သေခါနီးမှ အကြောင်းမဆိုးဘူးလား။

ကဲ ဒါဖြင့် ဘုရားက နိဗ္ဗာန်ရောက်ဖို့ မရောက်ဖို့ကို ဒုက္ခခပ်သိမ်းငြိမ်းဖို့ မငြိမ်းဖို့ကို ပေးနိုင်သလား။ ယူနိုင်သလား၊ ကိုယ့်သောက်မှု မသောက်မှုပေါ်မှာ မှီနေသလား ဒါကို ဆုံးဖြတ်ချက်ချ ဒီနေ့ တရားမှာ (သောက် မှု မသောက်မှုမှာ မှီနေပါတယ်)၊ သဘောကျပြီလား၊ သောက်မှု မသောက်မှုပေါ်မှာ မှီနေပါတယ်ဆိုတော့ ဒီခန္ဓာပေါ် မှာ ဝိပဿနာရှုမှု မရှုမှုပေါ်မှာ မှီတယ်။ မရှုမိရင် သောက်မယ်၊ ရှုမိရင် မသောက်ဘူး (မသောက်ပါဘုရား)၊ မပေါ် ဘူးလား။ ဝိပဿနာ မရှုမိရင် (သောက်ပါတယ်)၊ တဏှာနဲ့ သောက်တာပဲ။

မရှုမိလို့ရှိရင်ဖြင့် အယောနိသောမနသိကာရ ဒီပိယသာတကြောင့် တဏှာလာမှာပဲ။ တဏှာလာရင် ခန္ဓာ လာမှာပဲ။ ခန္ဓာလာရင် ဇာတိ ဇရာ မရဏ လာမှာပဲ။ ကဲ မသောက်မိဘူးဆိုတော့ ဒီပိယသာတဟာ ပိယသာတ မဟုတ်တော့ဘူး။ “ဧတ္ထေသာ တဏှာ ပဟီယမာနာ ပဟီယတိ”ဆိုတဲ့ဥစ္စာ သူ့ဖြစ်ပျက်ရှုပေး။ သဘောကျပြီလား။ ဪ ဒါဖြင့် သတိပဋ္ဌာန်နဲ့ ကျုပ် ဟပ်ပြလိုက်မယ်တဲ့။ “စက္ခု လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာတဏှာ ဥပ္ပဇ္ဇမာနာ ဥပ္ပဇ္ဇတိ၊ ဧတ္ထ နိဝိသမာနာ နိဝိသတိ”၊ ဒါ သောက်တာကို ဟောရမယ် (တင်ပါဘုရား)။

ဒါဖြင့် ဒီတဏှာလာရင် ဒီခန္ဓာ (လာမှာပါ)၊ ဒါသောက်မလို့ရှိရင် ဒီခန္ဓာလာမယ်။ ဒီခန္ဓာလာရင် ဒီသေပွဲ အိုပွဲ ကိုထွန်းရင် လွတ်ပါ့မလား (မလွတ်ပါဘုရား)၊ မလွတ်ဘူးဆိုတော့၊ ကဲ ဒါဖြင့် ပါဠိပြန် ရွတ်လိုက်မယ် ၊ နိရောဓပါဠိ ရွတ်လိုက်မယ် နားထောင်၊

“စက္ခုလောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ပဟီယမာနာ ပဟီယတိ၊ ဧတ္ထ နိရုဇ္ဈမာနာ နိရုဇ္ဈတိ” (ပဋိသမ္ဘိဒါမဂ် ပါဠိ။ ၃၉)

ဆိုတော့ သောက်မိသေးရဲ့လား (မသောက်မိပါ ဘုရား)၊ မသောက်မိတော့ ပယ် ဆိုတဲ့ဥစ္စာဟာ မသောက်နဲ့ဆိုတဲ့ဥစ္စာဟာ ရှုပြောတာ။ မသောက်နဲ့ဆိုတာ သဘောကျပြီလား (တင်ပါဘုရား)၊ ပါဠိတော်က ရှုပါ တဲ့။ ဒါ အနိစ္စတောလို့ ရှုလိုက်ပါကွာ။ ဒုက္ခတောလို့ ရှုလိုက်ပါ။ အနတ္တတောလို့ ရှု လိုက်ပါ။ ရောဂတောလို့ ရှုလိုက်ပါ။ ဘယတောလို့ ရှုလိုက်စမ်းပါဆိုတော့ သောက်ခိုင်းတာလား မသောက်နဲ့ ခိုင်းတာ လား (မသောက်နဲ့ ခိုင်းပါတယ်)၊ အင်း မသောက်နဲ့ခိုင်းတော့ ဒီလိုရှုလိုက်တော့ သူက အနိစ္စ၊ သူက မဂ္ဂမဖြစ်ဘူး လား (ဖြစ်ပါတယ်ဘုရား)။

မသောက်တဲ့ပုဂ္ဂိုလ်၏ အကျိုး

အဲဒီတော့ သောက်လိုတဲ့တဏှာ သေတယ် (သမုဒယသေ)၊ သမုဒယသေတော့ သေစေတတ်တဲ့ ခန္ဓာကြီး ပေါ်သေးရဲ့လား (မပေါ်ပါဘုရား)၊ မပေါ်တော့ ဒါ ဘယ်သူ့အကျိုးပေးပါလိမ့်မလဲဆိုတော့ မသောက်တဲ့ပုဂ္ဂိုလ်၏ အကျိုး။ သောက်တဲ့ပုဂ္ဂိုလ်ကတော့ ဒီအပြစ်တွေ လာတာပဲ။ ဒါကို တဏှာနဲ့ မျိုမိတယ်။ သောက်မိတယ်။ မျိုမိသောက်မိ လို့ ဒီခန္ဓာလာတယ်။ ခန္ဓာလာလို့ အိုပွဲ သေပွဲ တွေ့ရတယ် (မှန်ပါဘုရား)၊ ရှင်းပြီလား။ ဒါဖြင့် ဘုရားက ငါပွင့် လာတာ မင်းတို့ သောက်မှု မသောက်မှုကို ကန့်ကွက်ဖို့လာတာ။ ပေါ်ပြီလား (ပေါ်ပါပြီ)၊ မင်းတို့ အာယတနတွေ ခန္ဓာတွေကို မင်းတို့ ခင်မှု ကြင်မှု တဏှာမှုတွေကို ငါကန့်ကွက်မလို့ ပွင့်လာတာ။ မင်းတို့ကတော့ သံသရာခရီး သည် အငတ်သမားတွေ တွေ့ရသောက်မယ့်လူတွေ (တင်ပါဘုရား)၊ ရှင်းပြီလား။

ဒါဖြင့် တွေ့ရာမသောက်မိအောင်လို့ ဘုရားပွင့်လာတာ။ ဒါဖြင့် ဘုရားပွင့်တာသည် သေသေချာချာ စဉ်းစား “တိဏ္ဏော တာရေယျံ၊ မုတ္တော မောစေယျံ” မဟုတ်ဘူးလား။ သူလုပ်သလို၊ သူမသောက်မိသလို မသောက်မိ ကြပါစေနဲ့။ သူအသေလွတ်သလို လွတ်ကာ မသေကြပါစေနဲ့ (တင်ပါဘုရား)၊ မဟုတ်ဘူးလား (တင်ပါဘုရား)။

ကူးမြောက်ကြပါစေ

သူ နိဗ္ဗာန်ဘက် ကူးမြောက်သလို ကူးမြောက်ကြပါစေဆိုတဲ့ ရည်ရွယ်ချက်အကြီးစားနဲ့လာတာ မဟုတ် ဘူးလား။ ဒီရည်ရွယ်ချက် အကြီးစားနဲ့လာတော့ကို ဒီကပုထုဇဉ်တွေက တွေ့ကရာကို ခင်ယမ်။ တွေ့ကရာကို မင်မယ်ဆိုတဲ့ စိတ်ကလည်း ခင်ဗျားတို့က ကရိကထက သိပ်များတယ် (များပါတယ်ဘုရား)။

ဒီလိုများတော့ ဒါတွေသာ သောက်မိတာက သိပ်များတယ်။ ရှင်းပြီလား (ရှင်းပါပြီ)။ အဲဒီတော့ ဘုရားက မသောက်ပါနဲ့ကွာ မင်းတို့က အငတ်မို့ မသိဘူး၊ ဆာတာတစ်ခုပဲ သိတယ်။ ရောထားတာက နည်းတာမဟုတ်ဘူး၊ အဆိပ်နဲ့ရောထားတာက (တင်ပါ)၊ အနံ့တော့ ကောင်းပါရဲ့ အမြင်တော့ ကောင်းပါရဲ့ကွ (တင်ပါဘုရား)။

အဆိပ်က ပါနေတယ်။ မပါဘူးလား (ပါပါတယ်ဘုရား)၊ နိစ္စစိတ်က ပါနေတော့၊ နိစ္စစိတ်ပါလာလို့ရှိရင် အတ္တစိတ်ကလည်း ဒိဋ္ဌိစိတ်ပါနေတယ် (တင်ပါဘုရား)၊ ဒိဋ္ဌိကို ဒီတဏှာက မျိုမှာပဲ။ ငါ့ဟာမို့ ငါမျိုတယ်၊ မလာပေ ဘူးလား (လာပါတယ်ဘုရား)၊ အဲဒီတော့ ဒီဒိဋ္ဌိတည်းဟူသော ချိတ်က ဒီအထဲမှာ လာချိတ်မနေဘူးလား (ချိတ် ပါတယ်ဘုရား)၊ လာချိတ်လို့ရှိရင်ဖြင့် ခင်ဗျားတို့ ဇရာ မရဏ လက်တွင်းမှာ ငါထိုးအပ်လိုက်တယ် (တင်ပါဘုရား) ငါကောင် ထိုးအပ်ရသလို မအပ်ရပေဘူးလား (တင်ပါဘုရား)၊ သဘောပါပြီလား။

အဲဒီတော့ ခင်ဗျားတို့အိမ်မှာ ဘာလုပ်နေကြသတုံး ၊ ဦးသံဒိုင် ဘာလုပ်နေသတုံး၊ တပည့်တော် မခွါနိုင် တာကတော့ အရှင်ဘုရား သိတဲ့အတိုင်းပဲ ၊ ဒီအဆိပ်တွေကို မျိုနေတာ (တင်ပါဘုရား)၊ တဏှာနဲ့ မျိုနေတာ။ ငါ မရှိလို့ရှိရင် ကစဉ့်ကရဲ ဖြစ်ကုန်မယ် (တင်ပါဘုရား)၊ မဟုတ်ဘူးလား (တင်ပါဘုရား)။

ဒါဖြင့် သူအိမ်မှာ မျိုနေတယ် အဆိပ်တွေကို (တဏှာကို မျိုနေတယ်)၊ တဏှာနဲ့မျိုနေရင် တဏှာကြောင့် ဘာဖြစ်ရမလဲ (ခန္ဓာဖြစ်ရပါမယ်)၊ ခန္ဓာဖြစ်ရင် ဘာလုပ်ရမလဲ (အိုပွဲ သေပွဲ ဝင်ရပါမယ်)၊ အင်း အိုပွဲ သေပွဲ ဝင်ရမယ်ဆိုတော့ ခင်ဗျားတို့ အိမ်နေတာ ကျုပ်တို့က မကြည်ညိုဘူး။ အဆိပ်နဲ့ရောတဲ့အရက်တွေ မျိုနေလို့၊ ဪ သူ့သေပွဲကို သူနွှဲနေတာပါကလားလို့ ဆိုထိုက် မဆိုထိုက် (တင်ပါ ဆိုထိုက်ပါတယ်ဘုရား)။

သူ့သေပွဲ သူနွှဲနေတယ်

သူ့သေပွဲ သူနွှဲနေတယ်။ သဘောကျပြီလား။ ဒါဖြင့် ဒီဥစ္စာကို ကိုယ့်ခန္ဓာကိုလည်း အဆိပ်တွေလို့ ခင်ဗျား တို့က အနိစ္စ ဒုက္ခ အနတ္တ ရှုပေး။ ရှုပေးတော့ သောက်ဖြစ်သေးရဲ့လား။ မသောက်ဖြစ်တော့ တဏှာချုပ်တယ်၊ တဏှာချုပ်တော့ ခန္ဓာချုပ်တယ်၊ ခန္ဓာချုပ်တော့ အိုပွဲ သေပွဲ ဘယ့်နှယ်လဲ (မဝင်ပါဘုရား)၊ ဒါဖြင့် အိုပွဲ သေပွဲ လွတ် ဖို့ အလုပ်ဟာ သောက်မှု မသောက်မှုအပေါ်မှာ မှီတယ် (တင်ပါဘုရား)။

ကိုထွန်းရင် ဘယ့်နှယ်ထင်သလဲ (မှန်ပါတယ်ဘုရား)၊ ဘယ်လိုမှန်သလဲ (သောက်မှု မသောက်မှုပေါ်မှာ မှီပါ တယ်)၊ အဲဒီတော့ ခင်ဗျားတို့ကို ဆုတောင်းမှု မတောင်းမှုပေါ်မှာ မှီသလားမေးရင် ဘယ့်နှယ်လဲ (မမှီပါဘုရား)၊ မဟုတ်ဘူးလား။

ကိုယ့်စိတ် ကိုယ်ရှု

အဲဒီတော့ ဒီဒကာ ဒကာမတွေမှာ ကျုပ်ဟောပြတဲ့ ကိုယ့်စိတ် ကိုယ်ရှုဆိုတော့ ဒီမှာ စိတ်ပါလာတယ်။ မနာယတန ပါလာတယ်။ မနာယတန ပါလာတော့ မနာယတနဆိုတာကတော့ စိတ်တစ်ခု ယုတ်ကိုးဆယ်၊ စေတသိက် ဒွေးပညာသ (၅၂) ဆိုတော့ သူ့ဆိုင်ရာတွေ အကုန်ပါမသွားပေဘူးလား (ပါပါတယ်ဘုရား)၊ ပါသွားပေမယ့် အရိယာ စိတ်တွေ ပါတယ်။ အရိယာစိတ်ကြဉ်ပြီး ပုထုဇဉ်သန္တာန် ပေါ်တာတွေ အကုန်ရှုချ၊ သဘောကျပြီလား ၊ ရှုချလိုက် တဲ့အခါကျတော့ စိတ်နဲ့ ဆက်သွယ်တာတွေဟာ အကုန် ရုပ်တွေကလည်း စိတ်လဲရင် ရုပ်လဲမှာပေါ့၊ ရုပ်လဲရင် စိတ် လဲမှာပဲ (တင်ပါဘုရား)။

ဝိပဿနာရှုမှု မရှုမှုအပေါ်မှာ မှီတယ်

အဲဒီမှာ ရှုလိုက်လို့ရှိရင် ခင်ဗျားတို့ ဒီ အနိစ္စတော၊ ဒုက္ခတော၊ အနတ္တတော၊ ရောဂတော၊ ဘယတောနဲ့သာ ခင်ဗျားတို့ကြိုက်ရာ တစ်ခုခုနဲ့သာရှု။ ရှုလိုက်လို့ရှိရင် မသောက်တဲ့မဂ္ဂင် ပေါ်လာမယ်။ မဂ္ဂင်ပေါ်လာရင် ဒီတဏှာ သေတယ်။ ဒီတဏှာသေရင် ခန္ဓာဆုံးတယ်။ ဒါဖြင့် သူ့ ဘာသစ္စာခေါ်မလဲ၊ ဒုက္ခသစ္စာ (ဒုက္ခသစ္စာပါ)၊ သူမသောက်တာ က (မဂ္ဂသစ္စာ)၊ သေတာက (သမုဒယသစ္စာ)၊ ဒီကမလာတာက (နိရောဓသစ္စာပါ)။ ဒါ သစ္စာတရားလေးပါး ဟောလိုက် တာပဲတဲ့ ဘုရားက။ ရှင်းပြီလား။ ဒါဖြင့် နိဗ္ဗာန်ရောက်မှု မရောက်မှုသည် ဝိပဿနာရှုမှု မရှုမှုအပေါ်မှာ မှီတယ် (မှီတယ်)၊ ပေါ်ပြီလား (ပေါ်ပါပြီ)၊

ကိုင်း တော်ပြီ။

သာဓု သာဓု သာဓု။