တေဝိဇ္ဇဝစ္ဆသုတ် တရားတော်
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
အမရပူရမြို့၊ မင်္ဂလာရိပ်သာဓမ္မာရုံကြီးပေါ်တွင်
ဟောကြားဆုံးမတော်မူသော
တေဝိဇ္ဇဝစ္ဆသုတ် တရားတော်
(၁၉-၁၁-၆၀)
ဝစ္ဆပရဗိုဇ်
တေဝိဇ္ဇ ဝစ္ဆသုတ်။ (မဇ္ဈိမပဏ္ဏာသပါဠိ၊ တေဝိဇ္ဇဝစ္ဆသုတ်၊ နှာ-၁၄၈။)
တေဝိဇ္ဇာဆိုတာက ဘုရား ၊ ဝစ္ဆဆိုတာက ပရိဗိုဇ်။ ဘုရားသခင်ကိုယ်တော်မြတ်ကြီး ဝေသာလီပြည်မှာ သီတင်းသုံးနေတဲ့အချိန် နံနက်စောစော ဆွမ်းခံဝင်တော့ စောသေးတာနဲ့ ဝစ္ဆပရိဗိုဇ်၏ ဧကပုဏ္ဍရိက ဆိုတဲ့ကျောင်းကို ဝင်လိုက်တယ်။ ဝစ္ဆပရဗိုဇ်က ခရီးဦးကြိုဆိုပြီး ဘုရားသခင် ကိုယ်တော်မြတ်ကြီးကို သူက မေးလိုက် တယ်။
အကုန် သိတယ်
အရှင်ဘုရား အရှင်ဘုရားနှင့် စပ်၍ ဒီလိုကြားရပါတယ်။ ရဟန်းဂေါတမဟာ အလုံးစုံတရားတွေ အကုန် သိတယ်။ သိပုံကလည်း ထူးဆန်းပါတယ်။ အိပ်နေလည်း သိတာပဲ၊ နိုးနေလည်း သိတာပဲ၊ ရပ်နေလည်း သိတာပဲ၊ သွားနေလည်း သိတာပဲ။ အလုံးစုံသော သတ္တဝါတို့၏ဖြစ်စဉ်တွေကို အိပ်နေလည်း သိတာပဲ၊ နိုးနေလည်း သိတာပဲ၊ သွားနေလည်း သိတာပဲ၊ ရပ်နေလည်း သိတာပဲ၊ အဲဒီသတင်း ကြားရပါတယ်။ အဲဒီလို သူတို့ကြားတဲ့အတိုင်း အရှင် ဘုရား ဟုတ်ပါသလား တဲ့။
အမြဲ သိနေတာ မဟုတ်
မဟုတ်ဘူးကွာ တဲ့။ ဘုရားက မဟုတ်ဘူးလို့ ဖြေလိုက်တယ်။ မဟုတ်ဘူးလို့ ဖြေလိုက်တာက ဘုရားသခင် က အမှန်ပြောတဲ့စကားလို့ ဒီဒကာတွေက မှတ်ရမယ်နော်။ အကုန်တော့ သိတော့သိတာပဲ၊ သို့ပေမဲ့ အမြဲ သိနေတာ မဟုတ်၊ ဆင်ခြင်မှ သိတယ်။ မဆင်ခြင်ရင် မသိဘူး။ ဂုဏ်သတင်းက ပျံ့သင်းနေတာ အိပ်နေလည်း သိတာပဲ။ အိပ်တယ်ဆိုတာ ဘဝင်စိတ်။ ဝီထိနာမ်စိတ် တစ်ခုမှမပါဘူး။ ဘယ်သိနိုင်မတုံး။
အဲဒါကြောင့် အရှင်ဘုရား ဂုဏ်သတင်းက အိပ်နေလည်း သိတာပဲ၊ ရပ်နေလည်း သိတာပဲ၊ သွားနေလည်း သိတာပဲ။ သဗ္ဗညူ-သဗ္ဗဒဿာဝီ-အခါခပ်သိမ်း အလုံးစုံလည်း သိတယ်။ အခါခပ်သိမ်း အလုံးစုံလည်း မြင်တယ်လို့ ဂုဏ်သတင်းက ပျံ့သင်းနေတယ်။ အဲဒါ အရှင်ဘုရား ဟုတ်ပါသလားလို့ ဝစ္ဆပရိဗိုဇ်က မေးတယ်။ အဲဒီတော့ မြတ်စွာ ဘုရားက မဟုတ်ဘူးကွ တဲ့။
တေဝိဇ္ဇပုဂ္ဂိုလ်
မဟုတ်ဘူးဆိုလို့ရှိရင် ဘုရား ဒါဖြင့် ဘယ်လိုမှ ဟုတ်သလဲ၊ ဘယ်လိုမှ ဟုတ်သတုံးလို့ မေးတဲ့အခါကျတော့ ငါ-တေဝိဇ္ဇပုဂ္ဂိုလ်ဆိုလို့ရှိရင် ဟုတ်တယ်။ တေဝိဇ္ဇပုဂ္ဂိုလ်ဆိုတာက ပုဗ္ဗေနိဝါသဉာဏ်ကို ငါရတယ်။ သူတစ်ပါး ခန္ဓာစဉ် ကို ငါတွေးဆဆင်ခြင်လိုက်မယ်ဆိုလို့ရှိရင် ရှေးက ဘာဖြစ်ခဲ့တယ်၊ ဘယ်လိုချုပ်ခဲ့တယ်၊ ဘယ်လိုသေခဲ့တယ်၊ ဘယ်လို နေခဲ့တယ်၊ ဘယ်လိုအကျိုးမျိုးပေးခဲ့တယ်၊ ဘယ်လိုအကျိုးတွေ ယုတ်ခဲ့တယ်၊ ဘယ်လိုပြစ်မှားခဲ့တယ်ဆိုတာ ဒါတွေတော့ ငါပုဗ္ဗေနိဝါသ နုဿတိဉာဏ်နဲ့ ပုဗ္ဗေက ရှေး၊ နိဝါသကနေတာ၊ အနုဿတိက အောက်မေ့တာ။ ရှေး၌နေဖူးတာကို လူတစ်ယောက်ဖြစ်စဉ် အောက်မေ့မယ်ဆိုလို့ရှိရင် ငါ အားလုံးသိတယ်။ တွေးဆ ဆင်ခြင်တဲ့အခါ ပစ္စုပ္ပန်မှာ သူ ဘယ်နေ့သေလိမ့်မယ်၊ ဘယ်နေ့ ဘာဖြစ်လိမ့်မယ်၊ ဘယ်နေ့ တရားထူးရလိမ့်မယ်၊ ဘယ်နေ့ သူဉာဏ်ရလိမ့်မယ် ဆိုတာ ငါ ဒိဗ္ဗစက္ခုနဲ့ သိပါတယ်။
ပြီးတော့ အာသဝေါတရား ကုန်ရာကုန်ကြောင်း အကျင့်ဟောရမယ်ဆိုရင်လည်း ငါဟောနိုင်ပါတယ်။ ငါလည်း သိတယ်၊ သူတစ်ပါးအားလည်း သိအောင် ဟောနိုင်တယ်။ ဒါ တွေးဆဆင်ခြင်တဲ့အခါမှာ။ အဲဒါကြောင့် ငါ့ကို တေဝိဇ္ဇပုဂ္ဂိုလ်လို့ ဆိုလို့ရှိရင် ငါ့ဂုဏ်နဲ့ သူတို့ပြောတာနဲ့ ကိုက်တယ်။
မင်းပြောသလိုတော့ အလုံးစုံ မြင်တယ်၊ အလုံးစုံ သိတယ်၊
“အခါခပ်သိမ်း မြင်တယ်၊ အခါခပ်သိမ်း သိတယ်”၊ အိပ်နေလည်း သိတယ်၊ နိုးနေလည်း သိတယ်ဆိုတာတော့ မဟုတ်ဘူးကွ။ ငါ့မှာ ဒီဂုဏ်မရှိဘူးကွလို့ ဘုရားက ဖြေ လိုက်တယ်။ ဒါဖြင့် ဘုရား ဒီလိုဆိုရင် တပည့်တော် ကျေနပ်ပါပြီတဲ့။ သို့သော် ဒီအဖြေကို တပည့်တော် မသိလို့ မေးပါရစေ။ ဒါက ကျုပ်တို့အပေါ် ရောက်လာပြီ။
လူ့သံယောဇဉ် မစွန့်ဘဲနဲ့ ဒုက္ခအဆုံးဖြစ်တဲ့ နိဗ္ဗာန်ကို ရောက်နိုင်ပါ့မလား
လူဟာ လူ့သံယောဇဉ် မစွန့်ဘဲနဲ့ ဒုက္ခအဆုံးဖြစ်တဲ့ နိဗ္ဗာန်ကို ရောက်နိုင်ပါ့မလား ဆိုတဲ့ “ပွိုင့်”ကို မေး တယ်။ လူဟာ လူ့သံယောဇဉ် မစွန့်ဘဲနဲ့ ဒုက္ခအဆုံးဖြစ်တဲ့ နိဗ္ဗာန်ကို “ဒုက္ခအဆုံးကို” ရောက်နိုင်ပါ့မလား။ နိဗ္ဗာန်ဆိုတာက ဒုက္ခအဆုံး၊ သူမေးတာက လူဟာ လူ့သံယောဇဉ် မစွန့်ဘဲနဲ့ ဒုက္ခအဆုံး ရောက်နိုင်ပါ့မလား။ ကဲ ဦးသံဒိုင် သေသေချာချာမှတ်၊ အမေး ဘယ်လောက်ကောင်းသလဲ။ လူဟာ မောင်ထွန်းရင် လူ့သံယောဇဉ်မစွန့်ဘဲနဲ့ သားသမီးသံယောဇဉ် ပစ္စည်းသံယောဇဉ် မစွန့်ဘဲနဲ့တော့ ဒုက္ခအဆုံးဖြစ်တဲ့ နိဗ္ဗာန်ကို ရောက်နိုင်ပါ့မလား။ မရောက်ဘူးကွလို့ ဘုရားက ဖြေတယ်။ မရောက်ဘူး။
ကိုင်း ဒါဖြင့် မရောက်ရင် ရှိပါစေတော့။ ခင်ဗျားတို့ဝမ်းထဲ မှတ်သွား။ လူဟာ လူ့သံယောဇဉ် မစွန့်ဘဲနဲ့ ဒုက္ခအဆုံးဖြစ်တဲ့နိဗ္ဗာန်ကို ရောက်နိုင်ပါ့မလား ကိုထွန်းရင် (မရောက်နိုင်ပါ ဘုရား)၊ မှတ်ထား မှတ်ထားပါ၊ ပြီးတော့ ဘုန်းကြီးက ဖြေပေးမယ်နော်။
နတ်ပြည်၊ ဗြဟ္မာပြည်သို့ ရောက်နိုင်ပါ့မလား
ပရိဗိုဇ်က ဆက်ပြီးမေးတယ်။ ဝစ္ဆပရိဗိုဇ်က လူဟာ လူ့သံယောဇဉ် မစွန့်ဘဲနဲ့ နတ်ပြည်၊ ဗြဟ္မာပြည်သို့ ရောက်နိုင်ပါ့မလား။ ဘုရားက ရောက်နိုင်တယ်ကွ တဲ့၊ ဒီကတည်းက လမ်းက တခြားစီကွ၊ တခြားစီ တခြား စီ။ သဘောရပြီလား။ ဒါတော့ ရောက်နိုင်တယ်။ လူဟာ လူ့သံယောဇဉ် မစွန့်ဘဲနဲ့ သုဂတိ လူ့ပြည် နတ်ပြည် ဗြဟ္မာ ပြည်သို့ ရောက်နိုင်ပါ့မလား။ ဒါကတော့ ရောက်နိုင်တယ်ကွဆိုတော့ ခင်ဗျားတို့က အခုကတည်းက ဉာဏ်နဲ့ စဉ်းစား ဖို့ အချိန်ရောက်ပြီ။ ဘယ်အချိန်ရောက်သတုံးလို့ မေးတဲ့အခါကျတော့ ဪ လူဟာ လူ့သံယောဇဉ်ကို မစွန့်ဘဲ နဲ့တော့ ဒုက္ခအဆုံးဖြစ်တဲ့ နိဗ္ဗာန်ကိုတော့ မရောက်နိုင်ဘူး၊ (၁) နံပါတ်။ လူဟာ လူ့သံယောဇဉ် မစွန့်ဘဲနဲ့ သုဂတိ နတ်ပြည်တော့ ရောက်နိုင်တယ်။ (၂) ချက်နော်။ ကောင်းပြီ။
ဒါဖြင့် ဦးသံဒိုင်တို့ ကိုထွန်းရင်တို့က ဘုန်းကြီးကို ပုစ္ဆာမေးဖို့ အချိန်ရောက်လာပြီ။ လူဟာ လူ့သံယောဇဉ် မစွန့်ဘဲနဲ့ ဒုက္ခအဆုံးဖြစ်တဲ့ နိဗ္ဗာန်ကို ရောက်နိုင်ပါ့မလားလို့ ဝစ္ဆပရိဗိုဇ်က မေးလိုက်တဲ့အခါမှာ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက မရောက်နိုင်ဘူးတဲ့ ဖြေလိုက်တယ်။ ဖြေလိုက်တော့ ခင်ဗျားတို့ ကြားဖူးနားဝရှိတယ်။ သန္တတိ အမတ်ကြီးတို့ လူ့သံယောဇဉ်တွေကြားထဲကနေပြီး ရဟန္တာဖြစ်သွားတယ်။ သုဒ္ဓေါဓနမင်းကြီးတို့ နန်းတော်ထဲက နေပြီးတော့ ရဟန္တာဖြစ်သွားတယ်။ သံယောဇဉ်ကြားထဲကလို့ မဆိုနိုင်ဘူးလား။
ကိုယ့်ခန္ဓာပေါ်မှာရှိတဲ့ သံယောဇဉ်က သံယောဇဉ်အကြီးစား
ခင်ဗျားတို့ ကြားဖူးထားတာက အဲဒါ ဘုန်းကြီးက ရှင်းပြမယ်၊ ခင်ဗျားတို့ ခန္ဓာငါးပါးရှိတယ်။ သံယောဇဉ် ဆိုတာက ဒီအပြင်ဘက် သံယောဇဉ်ဆိုတာ အလကား ကိုယ့်ခန္ဓာပေါ်မှာရှိတဲ့ သံယောဇဉ်က သံယောဇဉ်အကြီး စား။ သားမယား ခင်တယ်ဆိုတဲ့ဟာက အလကားပြောတာ။ ပစ္စည်းခင်တယ်ဆိုတာ အလကားပြောတာ။ အကြီးဆုံး သံယောဇဉ်က ကိုယ့်ခန္ဓာကိုယ်။ သဘောကျပြီလား (ကျပါတယ်ဘုရား)။
မီးလောင်တယ်၊ ခင်ဗျားတို့အိမ်တွေ မီးလောင်တယ်ဆိုတော့ ကိုယ့်ကိုယ်ကိုယ် အရင်သယ်ပြေးတယ်။ ပစ္စည်းမပါပါဘူး။ သားမယားတွေ ထမ်းပြီးပြေးတဲ့လူ မပါပါဘူး။ နောက်သတိရမှ ခေါ်တန်ခေါ်မယ် ယူတန်ယူမယ် သူတို့ကို။ ဘယ်သူ့အခင်ဆုံးတုံး ဆိုတော့ မီးရှို့ကြည့်မှ သိတယ်။ အိမ်မီးရှို့ကြည့်မှ သိတယ်။ ဘယ်သူ့ကို အရင် သယ်မလဲ (ကိုယ့်ကိုပါ ဘုရား)၊ ကိုယ့်ကိုယ်ကိုယ် အခင်ဆုံးပေါ့ဗျ (ကျောကော့ဆင်းတယ်)၊ အေး ကျော ကော့ဆင်းတယ်။ ကိုယ့်ကိုယ်ကိုယ် အရင်သယ်ပြေးတယ်ဆိုတာ မသေချာဘူးလား။
ဒါဖြင့် ကိုယ့်ကိုယ်သံယောဇဉ်က အကြီးဆုံးပဲ။ ဒါဖြင့် ဒီသံယောဇဉ်။ ဒီအပေါ်မှာ သံယောဇဉ်ဆိုတာက ဒိဋ္ဌိ သံယောဇဉ် ကာမရာဂသံယောဇဉ်ဆိုတာ ရှိတာပေါ့။ သံယောဇဉ် (၁၀) ပါး ဒီအပေါ်မှာရှိတယ်။ ရှိပြီးနေတော့ ဘုန်းကြီးက ဦးသံဒိုင်တို့ ကိုထွန်းရင်တို့ မဂ္ဂင်ရှစ်ပါးနဲ့ ဒီသံယောဇဉ်ကို ဖြစ်ပျက်ရှုစမ်းပါဗျ။ အနိစ္စရှုစမ်းပါဗျာ။ ဝေဒနာရှုတဲ့ ပုဂ္ဂိုလ်က ဝေဒနာရှုတာပေါ့။ စိတ်ရှုတဲ့ပုဂ္ဂိုလ်က စိတ်ရှုတာပေါ့။ ကိုယ်ကြိုက်ရာ အင်း ကိုယ်နဲ့လျော် ရာ ကမ္မဋ္ဌာန်းကို ဘုန်းကြီးက ပေးလိုက်တယ်နော်။
ရှုဆဲအခိုက်အတန့်မှာ ပြတ်နေတော့
အဲဒီအခါကျတော့ ခင်ဗျားတို့ ဒါတွေ အနိစ္စရှုတယ်။ ဒါတွေ အနိစ္စရှုတယ်။ နှစ်ယောက်စလုံး ရှုတယ်။ ရှုနေ တဲ့အချိန်မှာ သံယောဇဉ်ဆိုတာ တဏှာနော်။ တဏှာဒိဋ္ဌိ ဒိဋ္ဌိတဏှာ။ ဒိဋ္ဌိ ဥပါဒါန် ကံ၊ တဏှာ ဥပါဒါန် ကံလာသေး တယ်။ အတူတူပဲ လာသေးတယ်။ ရှုနေတဲ့အချိန်မှာ (ရှုဆဲအခိုက်အတန့်မှာ ပြတ်တယ်)၊ သဘောကျပြီလား ၊ ရှုဆဲအခိုက်အတန့်မှာ ပြတ်နေတော့ကို တစ်နေ့ကပြောသလို ကိလေသဝဋ်က ကျွတ်မယ်။ (ဝါ) သံယောဇဉ်က ကျွတ် မယ်။ မဆိုနိုင်ဘူးလား။
အဲဒီတော့ လူဟာ လူ့သံယောဇဉ် မစွန့်ဘဲနဲ့ ဒီအလုပ်ကို မလုပ်ဘဲနဲ့ မေးတယ်။ ဒီအလုပ် မလုပ်ဘဲနဲ့ နိဗ္ဗာန် ကို ရပါ့မလား မေးတယ်။ သဘောပါသလား။ ဒီအလုပ်လုပ်တဲ့ ပုဂ္ဂိုလ်ကျတော့ သံယောဇဉ်ဟာ အထူးစွန့်ရသေး သလား တဲ့။ လာနိုင်တဲ့စွမ်းရည်သတ္တိမရှိလို့ မလာတော့ဘူး။ လာသေးရဲ့လား။ ဒီမဂ်က မတားဘူးလား (တားပါတယ်)၊ ဒီကံ လာခွင့်ပေးသေးသလား (အခွင့်မရှိပါ)၊ အခွင့်မရှိဘူး။ ဥပါဒါန်ကံ ဘယ်လာခွင့်ရမလဲ။ သူ့ပဋိစ္စ သမုပ္ပါဒ်ကြားထဲမှာ ကျုပ်တို့က မဂ်သွင်းထားတာကိုး၊ ကိုထွန်းရင် ကျေနပ်ပြီလား (ကျေနပ်ပါတယ်)၊ ဒါကြောင့် သံယောဇဉ်စွန့်တဲ့ အချိန်ရရမယ်။
သုဒ္ဓေါဒနမင်းကြီးတို့ ကချေသည်ယောကျ်ားတို့ ဟင် ရသွားတာ၊ လူ့သံယောဇဉ်ထဲကပဲ ရသွားတာ။ မရပေဘူးလား။ အဲဒီတော့ ပဋိစ္စသမုပ္ပါဒ် မရပ်ဘဲနဲ့ မပြတ်ဘဲနဲ့ မရဘူးပြောတာ။ ပြတ်လို့ရှိရင် ဘယ်အချိန်မဆို ရတယ်။ ပြတ်နေတယ်ဆိုတော့ သံယောဇဉ်ပြတ်တာကို ပြောတာ။
ပဋိစ္စသမုပ္ပါဒ် ပြတ်နေတဲ့အချိန်
အဲဒီတော့ ပဋိစ္စသမုပ္ပါဒ် မပြတ်ဘဲနဲ့ ဘုန်းကြီးတို့က မေးခွန်းမေးလို့ရှိရင် ပဋိစ္စသမုပ္ပါဒ် မပြတ်ဘဲနဲ့ နိဗ္ဗာန် ရပါ့မလား၊ မရဘူး-ဒါပဲ ဖြေမှာ။ ခင်ဗျားတို့က ဒါကို အမြဲနားလည်ထားရမယ်။ ပဋိစ္စသမုပ္ပါဒ် ပြတ်နေတဲ့အချိန်မှာ လူ့သံယောဇဉ်က ရှိမှမရှိဘဲ။ ခန္ဓာ့သံယောဇဉ် ရှိသေးသလား (မရှိပါ)၊ ခန္ဓာအခင်ဆုံး၊ အခင်ဆုံးသံယောဇဉ်မှ မရှိလို့ ရှိရင် မရပါနဲ့ဆိုရင် ရပါ့မလား (ရမှာပဲ)၊ သေသေချာချာမှတ်ထား။
ဪ တို့ဆရာဘုန်းကြီးက ဘုရားဟောတာနဲ့ ဝစ္ဆပရိဗိုဇ် မေးတာနဲ့ လူဟာ သံယောဇဉ်မဖြတ်ဘဲနဲ့ နိဗ္ဗာန်ရပါ့မလား ၊ မရဘူး ဖြေတယ်။ နောက်ကျတော့ ဋီကာဆရာက ထုတ်တယ်။ လူဟာ လူ့သံယောဇဉ်မစွန့်ဘဲ နဲ့ မရတာအမှန်၊ သို့သော် သံယောဇဉ်ဖြတ်တတ်တဲ့ ဆရာကောင်း သမားကောင်းဆီကနည်းနဲ့ ပဋိစ္စသမုပ္ပါဒ် ဖြတ်တဲ့ ဉာဏ်ကို ဒီကြားသွားနိုင်လို့ရှိရင် ဒီသံယောဇဉ်ဟာ မလာဘဲနဲ့ ပြတ်တယ်။ လာခွင့်ကို မရပါဘူး။ ရှင်းပြီလား။ ဒါဖြင့် ခင်ဗျားတို့နှစ်ယောက်နဲ့ အခု တရားနာနေတဲ့ ပုဂ္ဂိုလ်တွေက ဆုံးဖြတ်ချက်ချ၊ အလုပ်လုပ်လို့ရှိရင် ရရမယ်။ အလုပ်မလုပ်တဲ့ပုဂ္ဂိုလ် (မရနိုင်ပါ)၊ မရနိုင်ဘူးဆိုရင် ဒါဆက်။
ခန္ဓာထဲမှာ ဝေဒနာက္ခန္ဓာ ပါသလား မပါဘူးလား။ ခန္ဓာဆိုတာ ဝေဒနာက္ခန္ဓာလည်း ပါတယ်မဟုတ်လား။ ဝေဒနာက္ခန္ဓာပါရင် ခန္ဓာငါးပါး အကုန်ပါရမယ်။ ပါနေတာ ဝေဒနာပစ္စယာ တဏှာ ဥပါဒါန် ဒီလိုဆက်နေတယ်။ ဒါဖြင့် ခင်ဗျားတို့ ဈေးရောင်းနေရင် တပည့်တော်တို့ဘုရား နိုင်ငံခြားကုန်တွေကို ရောင်းနေတယ်။ ဦးသံဒိုင် ဘာလုပ် နေသလဲ။ အို သံယောဇဉ်ဆက်နေတယ်။ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ်)၊ သံယောဇဉ် ဆက်နေတယ်လို့ ဆိုလိုက် (ဆက်နေတယ်)၊ ဆိုနိုင်တယ်။
တစ်ခါ အခု ဆရာကောင်း သမားကောင်းဆီက နည်းရပြီး တပည့်တော်ဘုရား ကိုယ့်တိုက်ကိုယ့်တာမှာ အေးအေးချမ်းချမ်းနဲ့ပဲ တပည့်တော်ခန္ဓာကိုယ် ကြည့်နေပါတော့မယ်ဆိုပြီး ကြည့်နေရင် မဂ်ဝင်တာပဲ။ ဒီတိုက်ပေါ် တွင် ပြတ်တယ်။ ဒီတိုက်ပေါ်တွင်ပဲ နိဗ္ဗာန်ရတယ် သဘောပါပြီလား။
ကာဠီတို့ ဘုံခနစ်ဆင့်ပေါ်က နိဗ္ဗာန်ရတာပဲ။ မရဘူးလား (ရပါတယ်)၊ လူ့သံယောဇဉ်နဲ့ပဲ လုပ်နေတဲ့အချိန် ရပ်တာပဲ။ သဘောပါပြီလား။ လုပ်နေတဲ့အချိန်ကျရင် ပြီးတာပဲ။ လုပ်နေတဲ့အချိန် မဟုတ်တဲ့အချိန်ကျတော့ လူဟာ လူ့သံယောဇဉ်ရှိကြတာပဲ၊ မရှိဘူးလား။ ခန္ဓာခင်တယ် စွဲလမ်းတယ် အားထုတ်တယ် မရှိဘူးလား။ ဒါ အလုပ်မလုပ်တဲ့အချိန်ဟာ အခု ဆရာသမားက နည်းပေးလိုက်တယ်။
ပဋိစ္စ သမုပ္ပါဒ်ကြားထဲမှာ မဂ်မသွင်းတတ်လို့
ခင်ဗျားတို့ ခန္ဓာတွေထဲမှာ ဝေဒနာကိုပဲ ရှုချင်ရှု၊ စိတ်ကိုပဲ ရှုချင်ရှု၊ ကြိုက်တာရှုစမ်းဗျ။ သတိပေးလိုက်ပါ တယ်။ သတိပေးလိုက်တော့ ခင်ဗျားတို့ကလည်း ဆရာသမားစကား နားထောင်တယ်။ ဒါပဲရှုနေတယ်။ ရှုနေတဲ့ အခါကျလို့ရှိရင်ဖြင့် ဒိဋ္ဌိ၏တည်ရာ၊ တဏှာ၏တည်ရာဟာ ဒီစိတ်တို့ ဝေဒနာတို့ပဲ။ ဒါတွေ ကျုပ်တို့က အနိစ္စ အချက်၊ ဒုက္ခအချက်၊ အနတ္တအချက်၊ ဒုက္ခသစ္စာအချက်တွေကို ဒါဖြစ်ပျက်တွေပဲ၊ ဒါ ဒုက္ခသစ္စာတွေပဲလို့ ကျုပ်တို့က ရှုနေတဲ့အချိန်ကျတော့ သူတို့က လာခွင့်မရလို့ မလာပါဘူးတဲ့။ လူ့သံယောဇဉ်တွေ အကုန်ပြတ်တယ်။ မပြတ်ဘူးလား (လာအားမရှိပါ)၊ မဟုတ်ဘူး၊ လုပ်ခွင်မသွင်းတတ်လို့ လုပ်ခွင်မှာ လုပ်ဉာဏ်မသွင်းတတ်လို့၊ ရှင်းပြီလား။ ပဋိစ္စ သမုပ္ပါဒ်ကြားထဲမှာ မဂ်မသွင်းတတ်လို့ ဆိုထိုက်ပြီလား။ ပဋိစ္စသမုပ္ပါဒ်ကြားထဲမှာ (မဂ်မသွင်းတတ်လို့ပါ)၊ မဂ် မသွင်းတတ်လို့ ဖြစ်ရတာ။ မဂ်သွင်းတတ်လို့ရှိရင် ပြီးသွားတာပဲ။ ရှင်းပြီလား (ရှင်းပါတယ်ဘုရား)။
ကောင်းပြီ ဒါဖြင့် လူဟာ လူ့သံယောဇဉ် မစွန့်ဘဲနဲ့ နိဗ္ဗာန်ရပါ့မလား ဆိုတော့ ဟောဒီလိုဆက်နေလို့ ရှိရင် မရဘူး။ ရှင်းသွားပြီနော်။ ဟောဒီလို မဆက်ပါဘူး၊ ကိုယ်ဟာ ဆရာကောင်း သမားကောင်းဆီက နည်းရ ပြီး ကိုယ်လည်း သတိ ဝီရိယပညာနဲ့ ကြိုးစားမယ်ဆိုရင် ရတယ်။ ပေါ်ပြီလား။ ဒါဖြင့် ဘယ်အချိန် ရရမှာတုံး၊ ဘယ် ကာလ ရရမှာတုံး၊ ကိုထွန်းရင်က မေးမေး ဦးသံဒိုင်က မေးမေး။ အို ဘယ်အချိန် ဘယ်ကာလမှ မဆိုပါဘူး ကွာ။ ဘယ်အချိန် ဘယ်ကာလလို့ ဆရာဘုန်းကြီးကလည်း မဆိုပါဘူး။ ဘုရားကလည်း မဆိုပါဘူး။
မနက်အားထုတ် ညနေရတယ်
ဟောဒီလို အားထုတ်နေတော့ ဟောဒီကိလေသာ တစ်နာရီအတွင်း ကြားမညှပ်ဘူး။ တစ်ရက်အတွင်း ကြား မညှပ်ဘူး။ ဆရာကောင်း၏ လမ်းညွှန်ချက်ကိုလည်းရ၊ ပဓာနိယင်္ဂတရားငါးပါးနှင့်လည်း ပြည့်စုံ၍ အဆုံးအမအတိုင်း လိုက်နာအားထုတ်ရင် မနက်အားထုတ် ညနေရတယ်။ သူတို့သာ ကြားမညှပ်စေနဲ့။ ဒီကို မလာစေနဲ့။ ရှင်းပြီလား (ရှင်းပါပြီ)၊ သူနဲ့ သူနဲ့ချည်း သွားနေလို့ရှိရင် ဆရာကောင်း သမားကောင်းဆီက နည်းရလို့ရှိရင် မနက်အားထုတ်၊ ဒီဖြစ်ပျက်ကို ဒီမဂ်နဲ့ မနက် အားထုတ်၊ မနက် အားထုတ်ရင် ညနေ ရရမယ်။ သဘောပါပြီလား (တင်ပါ)၊ ဘယ့်နှယ် ကြောင့် ရသတုံး။ ဟောဒီ ပဋိစ္စသမုပ္ပါဒ် ဘယ်တော့မှ ဆက်ခွင့်မရလို့ ရတယ်။ ဒီပဋိစ္စသမုပ္ပါဒ်က အားသေးမသွး ဘူးလား။ အားသေးသွားရင် ကိလေသာပါးတယ်လို့ မဆိုနိုင်ဘူးလား။ ကိလေသာပါးတယ်။ သူနဲ့ပတ်သက်တဲ့ ကိလေသာ ကုန်တယ်လို့ရော မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ်)။
ဒါဖြင့် ကိလေသာ ကြားမညှပ်လို့ရှိရင် ဒီကြားထဲမှာ ရရမယ်။ ဆရာကောင်း၏ လမ်းညွှန်ချက်ကိုလည်းရ၊ ပဓာနိယင်္ဂတရားငါးပါးနှင့်လည်း ပြည့်စုံ၍ အဆုံးအမအတိုင်း လိုက်နာအားထုတ်ရင် မနက်အားထုတ်ရင် ညနေ ရရမယ်။ ဒါက ဗောဓိရာဇကုမာရမင်းသားကို ဘုရားက ဟောလိုက်တယ် (မဇ္ဈိမပဏ္ဏာသပါဠိ)။ အဲဒီတော့ လုပ်ဖို့သာ ပဓာန။ ခင်ဗျားတို့ သဘောကျပြီလား။ ဘာကို ခင်ဗျားတို့ ပဓာန ထားချင်သလဲ။ အလုပ်လုပ်ဖို့ ပဓာန။ အလုပ် မလုပ်ရင်တော့ ကိလေသာက ယူပစ်တယ်။ ဆက်နေတာပဲ။ အလုပ်လုပ်လို့ရှိရင် ကိလေသာက ပြတ်ထွက်တယ်။ ပြတ်ထွက်တဲ့အခါမှာ သူက သတိလစ်သွားတဲ့အခါမှာ ခင်ဗျားတို့ အားမထုတ်ရင် သူနဲ့ ပြန်ဆက် ဆက်ပေးတယ်နော်။
ခန္ဓာ ဝေဒနာ တဏှာ ဥပါဒါန်ကံဆိုတော့ ဆက်မသွားဘူးလား (ဆက်သွားပါတယ်)၊ ဒီလိုမဆက်ဘဲနဲ့ ခင်ဗျား တို့ မနက်အားထုတ်ပါ၊ ဟောဒီမဂ်နဲ့ ဝေဒနာအနိစ္စဉာဏ်၊ စိတ်အနိစ္စဉာဏ်၊ ဒီလို ခင်ဗျားတို့ ဒီကြားထဲမှာ ဟောဒီသုံးခု အဝင်မခံလို့ရှိရင် ဆရာကောင်း၏ လမ်းညွှန်ချက်ကိုလည်းရ၊ ပဓာနိယင်္ဂတရားငါးပါးနှင့်လည်း ပြည့်စုံ၍ အဆုံးအမ အတိုင်း လိုက်နာအားထုတ်ရင် မနက်အားထုတ် ညနေရမယ်။ မမြန်ဘူးလား-မြန်ပါတယ် (တဏှာကို မကူးနိုင်ခဲ့ပါ)၊ မကူးနိုင်ခဲ့ပါဘူး။ ကိလေသာကြား မညှပ်ဘဲနဲ့ဆိုရင် ဒါက ဗောဓိရာဇကုမာရမင်းသားမှာလည်း ဟောတယ်။ အင်္ဂုတ္တိုရ် ပါဠိတော်မှာလည်း ကိုယ်တော်တိုင် ဟောတယ်။ ဒါ ဘုရားတစ်ဆူတည်းဟောတာ။ ရှင်းပြီလား။
ဘုရားဟောတာက သာဝကဟာ ကိလေသာ ကြားမညှပ်ဖို့ပဲ အရေးကြီးတယ် တဲ့၊ မနက်အားထုတ် ညနေ ရတယ် ၊ ကြားညှပ်နေလို့ မရတာ။ အဲဒီတော့ တပည့်တော် အားထုတ်တာ အတော်ကြာပြီ။ ခင်ဗျားတို့ ရန်ကုန် ရောက်တဲ့အခါမှာ အားထုတ်ကြမှာပေါ့ဗျာ၊ ဘုန်းကြီးတွေထံလည်း ထိုက်တန်တဲ့စာကို ခင်ဗျားတို့ ရေးကြမှာ (ဟုတ်ပါ တယ် ဘုရား)။
မင်းတို့ ကြားညှပ်နေလို့
တပည့်တော်တို့ အားထုတ်နေတယ်၊ ဒုက္ခချုပ်တဲ့ နိဗ္ဗာန်မပေါ်လာသေးဘူး လို့ ခင်ဗျားတို့ ရေးချင်ရေး မယ်၊ ရေးလို့ရှိရင် ဘုန်းကြီးက အဖြေထုတ်စရာ ဘာရှိသလဲ မင်းတို့ ကြားညှပ်နေလို့ပေါ့၊ ဒါပဲ အဖြေထွက်မယ်။ ကိလေသာကြားထိုးနေလို့၊ ကိုထွန်းရင် သဘောပါရဲ့လား အခုပြောတာ (ပါပါတယ်)၊ မဂ်က (၁) ချက်၊ ကိလေသာ က (၁၀) ချက် ကြားထိုးနေရင်တော့ မရနိုင်ဘူး၊ ရနိုင်ပါ့မလား (မရနိုင်ပါ)၊ မရနိုင်ဘူးတဲ့။ ဒီဟာကလည်း ကမ္ဘာ့ နိယာမဗျ။ ကမ္ဘာ့နိယာမ၊ ဘုရား မရှိလည်း ရှိတာပဲ (တင်ပါ)၊ ဘုရားရှိလည်း ရှိတာပဲ။ ဘယ့်နှယ်လဲ နိယာမတရား၊ ပဋိစ္စသမုပ္ပါဒ်ဆိုတာ။
ဓမ္မနိယာမ
ဓမ္မနိယာမ၊ ဓမ္မနိယာမလို့ သံယုတ်ပါဠိတော်မှာ သေသေချာချာ ဟောတယ်။ မင်းတို့ကသာ ရပ်လိုက်စမ်းပါ။ သူက ဆက်ပြီးသား မင်းတို့ကသာ မဂ်ကိုရပ်လိုက်၊ သူက ဆက်ပြီးတော့ သွားမယ်။ ရှင်းပြီလား ကိုထွန်းရင် ငြင်းမနေ နဲ့၊ သဘောပါရဲ့လား၊ ဘယ်လိုပါသတုံး (ကြားညှပ်မနေနဲ့၊ ညှပ်နေရင် သူက ဆက်ပြီးသားပါ)၊ သူကတော့ ဆက်ပြီး လာမယ်။ ခင်ဗျားတို့က ဆရာပေးတဲ့နည်းအတိုင်း ဒီအထဲမှာ မဂ်သာပါအောင်လုပ် အလုပ်ကို ရပ်မနေနဲ့၊ ရပ် မနေနဲ့၊ ရပ်နေရင်တော့ ဆက်ပြီးသား သူက၊ နိယာမကိုး။
ဒါက ဘုရားပွင့်မှ ပေါ်တာ။ ဟိုဟာက ဘုရားမပွင့်မီကတည်းက နိယာမ။ ဟုတ်တယ်မဟုတ်လား။ ဘုရားပွင့်ခြင်းဟာ ဘယ်အကျိုးငှာ ပွင့်လာတာတုံးဆိုတော့ ကိလေသာစက်ရဟတ်ကို ဖြတ်ဖို့ဖျက်ဖို့ရန် ပွင့်လာတယ် လို့ သူကိုယ်တိုင် ပြောတယ်။ ကိလေသာတည်းဟူသော အကန့်အကွက်တို့ကို ချိုးဖို့ရာ ငါလည်း ဒါကိုချိုးခဲ့တယ် မပြောဘူးလား (ပြောပါတယ်)၊ ခင်ဗျားတို့လည်း ဒါချိုးမှရမယ်။ ဒီနိယာမကြီးကို ပြတ်မှရမယ်။ နို့မဟုတ်ရင် ရပါ့မလား၊ သဘောပါရဲ့လား။
အဲဒီတော့ တချို့ ဒကာ ဒကာမတွေက တပည့်တော်တို့ နိဗ္ဗာန်မမြင်သေးပါဘူးလို့ ပြောချင်ပြောနေမယ်။ အဖြေက အထူးပေးစရာ လိုသေးသလား (မလိုပါ ဘုရား)၊ မလိုဘူး။ ကိလေသာ ကြားညှပ်နေလို့ပဲ။ ဒါပဲ အဖြေပေး စရာရှိတယ်။ ပါရမီလား ကိလေသာ ကြားညှပ်လို့လား (ကိလေသာကြားညှပ်လို့ပါ ဘုရား)။ တပည့်တော်တို့ ဘာမှ မမြင်သေးဘူး (ပိုနှောင့်နှေးလို့၊ ပါရမီစောင့်နေလို့ ပိုပြီးနှောင့်နှေးလို့ပါ ဘုရား)။
ပိုနှောင့်နှေးတာက ကိစ္စမရှိဘူး။ သူ့အမြင်ကို မကျယ်ဘူး (အမြင်ကလည်း မမှန်ဘူး၊ ဆရာကောင်းနဲ့ မတွေ့ ဘူး)၊ မတွေ့ကို မတွေ့ဘူး။ မတွေ့တဲ့အခါကျတော့ ကိုယ့်ကိလေသာကြားထိုးတာတော့ သူမသိဘူး။ ပါရမီလို့ သူက ယူဆနေတယ်။ သဘောကျပြီလား (ဆရာကောင်းနဲ့ တွေ့ပြန်တော့ ကျွဲပါးစောင်းတီးဆိုသလို ဖြစ်နေတယ်)၊ ဖြစ်နေ တယ်။
သူ ဘာသံမှ မကြားဘူး။ ကဲ ခင်ဗျားတို့ကတော့ အခုရိပ်မိပြီလား။ ဖြစ်ပျက်တောင် မမြင်တဲ့အခါ မမြင်ဘူးလို့ ခင်ဗျားတို့ လာချင်လာမယ် စာနဲ့၊ တစ်ခါတလေ ကိုယ့်ဟာကိုယ် အားထုတ်လို့ မမြင်ဘူးဆိုတာလည်း ညည်းချင်ညည်းမယ်၊ မညည်းပေဘူးလား။ ဘာမှမညည်းနဲ့တဲ့။ ဒီက မှာလိုက်တယ်။ ကိလေသာကြားထိုးလို့ မမြင် တာ။
ရှင်းပြီလား (ကြားထိုးမခံနဲ့)၊ ကြားထိုးမခံနဲ့၊ မြင်ရမယ်။ မမြင်တာ အဝိဇ္ဇာကိုးဗျ၊ မမြင်တာ တဏှာတည်း ဟူသော အမှောင်ဖုံးနေလို့၊ မမြင်တာ ဒိဋ္ဌိဖုံးနေလို့၊ ကိလေသာ (၁၀) ပါးဟာ အမှောင်ချည်းပဲ မဟုတ်ဘူးလား။ အဲဒီအမှောင်ထု လာဖုံးတယ်၊ ရှင်းပြီလား။
ဒါဖြင့် အခုရရင် အခု နိဗ္ဗာန်ယူမယ့်ပုဂ္ဂိုလ်မှာ ကိလေသာရဲ့ ကြားထိုးမှုကိုသာ ခင်ဗျားတို့ ရှောင်ကြရှားကြ (သာဝကဆိုတာ သင်္ကန်းဝတ်မှ သာဝက ခေါ်သလား)၊ မဟုတ်ဘူး (လူဝတ်ကြောင်နဲ့ရော ရသလား)၊ လူဝတ် ကြောင်လည်း သာဝကပဲ။ တပည့်တော် ချက်ချင်းရရင် ချက်ချင်းနိဗ္ဗာန် ယူပါ့မယ်ဘုရားဆိုတဲ့ လူဟာ သာဝကဉာဏ် ချည်းပဲမှတ်ပါ။
အခု နိဗ္ဗာန်ရောက် ရင် အခုယူပါ့မယ်
ချက်ချင်းရရင် ချက်ချင်း နိဗ္ဗာန်ယူပါ့မယ်ဆိုတဲ့ပုဂ္ဂိုလ်ဟာ သာဝကဉာဏ်ချည်းလို့ တစ်နေ့တခြား ရှင်းပြီလား (ပကတိသာဝက ဆုတောင်းနေဖို့ မလိုတော့ဘူး)၊ လုပ်ယူ၊ ဆုတောင်းနေလို့ ဘယ့်နှယ်ရမှာလဲ ၊ အခု နိဗ္ဗာန်ရောက် ရင် အခုယူပါ့မယ်ဆိုတဲ့ ဒကာ ဒကာမတွေမှာ အခု လာလုပ်ယူရုံပဲ။ သဘောကျပြီလား။ ကျန်တာတွေက ဆရာ ကောင်း သမားကောင်းနဲ့တွေ့လို့ ကိလေသာကြားမညှပ်ဘဲနဲ့လုပ်ရင် ညနေလုပ် မနက်ရတာပဲ။ ခွဲခြားပြီလား (တင်ပါ)၊ ဉာဏ်ထဲမှာ ကွဲသွားပြီလား (မှောက်ထားတဲ့အိုးကို လှန်တဲ့အတိုင်းပါ ဘုရား)။
အေး မှောက်ထားတဲ့အိုးကို လှန်တဲ့အတိုင်း ရှင်းသွားပြီလား။ အဲဒါ ဘုန်းကြီးအကိုးအကား ထုတ်ပြမယ် နော် အဲဒါ အကိုးအကား ထုတ်ပြမယ်။ ခင်ဗျားတို့ ခိုင်လုံသည်ထက် ခိုင်လုံအောင်နော်။ ပေဋကောပဒေသ ပါဠိတော်ဆိုတာ ခင်ဗျားတို့ နည်းနည်းကြားဖူးကြပါလိမ့်မယ် (တင်ပါ)၊ အဲဒီ ပေဋကောပဒေသ ပါဠိတော်မှာ ဘယ်လို ဆိုသလဲဆိုတော့ သာဝကဟာကွာ နှစ်ကိစ္စ ပြည့်စုံရင်ရမယ်လို့ သေသေချာချာမှတ်ပါ။ သာဝကမှာ ဘယ်နှစ်ကိစ္စလဲ (နှစ်ကိစ္စ)၊ နှစ်ကိစ္စ ပြည့်စုံရင်ရတယ်။ ဘာတုံးမေးကြည့်စမ်း။
နှစ်ကိစ္စ ပြည့်စုံရင်ရတယ်
သစ္စာနဲ့စပ်တဲ့စကားကို ဟောတဲ့ပုဂ္ဂိုလ်က ဟောရမယ်။ သဘောကျရဲ့လား။ ပြီးတော့ သစ္စာဆိုတဲ့ တရားကို နာ၊ သစ္စာနဲ့စပ်တာကို နှလုံးသွင်းကြည့်၊ ဒါ သာဝကဖြစ်တယ်၊ ဒီနှလုံးသွင်းမရှိဘဲနဲ့တော့ ဒီ့ပြင် ပါရမီအသင်္ချေကို ငါ ဘုရား မဟောဘူး။ ရိပ်မိပြီလား။ သစ္စာနဲ့ စပ်တဲ့တရားကို နာရမယ်။ နှလုံးသွင်းတဲ့အခါမှာ ဒါ သစ္စာပါရယ်လို့ နှလုံးသွင်းပြီးတာပဲ။ လုံလောက်ပြီလား။
သစ္စာနဲ့ ပတ်သက်တဲ့ တရားနာမှု။ နှလုံးသွင်းနေတဲ့အခါ သစ္စာနဲ့ဆိုက်အောင် နှလုံးသွင်းရမယ်။ ပြီးသွားတာ ပဲ။ ဒါ ယနေ့ အပါယ်လေးပါး တံခါးပိတ်ပြီး ယနေ့ အထက်မဂ်ကို တက်သွားမယ့်တရား။ ဒီလိုဆိုတော့ ဪ ဆရာကောင်း သမားကောင်း သိပ်လိုပါလားဆိုတာ ပေါ်လာတယ်။ မပေါ်ဘူးလား (ပေါ်ပါတယ်)၊ အဲဒါ ဘယ်သူပြောတာမှ မယုံနဲ့၊ ဒါ ပေဋကောပဒေသ ပါဠိတော်မှာ ဒီအတိုင်း ဟောတယ်။ သင်္ဂါယနာတင်ကျမ်း အရှင် မဟာကစ္စည်းက ဟောတယ်။ ရှင်းပြီနော် (တင်ပါ အဟုတ်ကို ရှင်းတာ)၊ ဒါဖြင့် သဘောကျပြီနော် (မှန်ပါဘုရား)။
ဒါဖြင့် သာဝကဟာ ကျုပ် ခင်ဗျားတို့ ရောက်စနေ့က မေးတယ်။ ခင်ဗျားတို့ ဆုကြီးပန်တွေလား (မေးပါတယ်)၊ ကျုပ်မေးသားပဲ၊ ဟာ တပည့်တော်တို့ အခုရ အခုယူမယ်၊ ရတဲ့အချိန်ယူဖို့ပါပဲဆိုတော့ သာဝကဆိုတာ သိနေပြီ၊ သာဝကကို ဘုန်းကြီးက ဘုရားဖြစ်ဖို့ တရားဟောဖို့ မလိုဘူး။ လိုသေးသလား..။ အရှင်သာရိပုတ္တရာ အရှင်မောဂ္ဂလာန် တို့ လက်ယာရံ လက်ဝဲရံတို့ တစ်သင်္ချေနဲ့ ကမ္ဘာတစ်သိန်း ပါရမီဖြည့်ရမယ့် ပုဂ္ဂိုလ်တွေကို အဲဒီတရားမျိုး ဟောဖို့ မလိုဘူး (တင်ပါဘုရား)၊ အသီတိ ရှစ်ကျိပ်တို့ကို ကမ္ဘာတစ်သိန်းနဲ့ ကမ္ဘာငါးရာ ဟောဖို့လို့ ကျုပ်မလိုဘူး။
အခု နိဗ္ဗာန်ရောက်ကြောင်းတရားကို ကျုပ်ဟောဖို့လိုတယ် ကိုထွန်းရင် (တင်ပါ ဘုရား)၊ သဘောပါပြီလား (ပါပါတယ် ဘုရား)။
အခု နိဗ္ဗာန်ရောက်တဲ့တရား ဟောဖို့လိုလို့ အခု နိဗ္ဗာန်ရောက်တဲ့ တရားကို ဟောတာ။ ကိုထွန်းရင် ဝေဒနာ ရှု၊ ဦးသံဒိုင်က စိတ်ရှု၊ ဟော မဂ္ဂင်ငါးပါးနဲ့ ဖြစ်ပျက်ရှု၊ ဟော ကိလေသာ ဒီမလာဘူး။ တဏှာ ဥပါဒါန် ကံ လာသေးသလား။ ဒီမဂ်သာဝင်နေ ဒီငါးခုမှာ မဂ်ချည်း မှတ်လိုက်။ သူဝင်နေရင် ဒီဘက်က လာနိုင်သေးသလား မလာနိုင်တော့ ဒီဉာဏ်က ယထာဘူတဉာဏ် ဖြစ်ရမယ်။ တော်တော်ကြာ သူ နိဗ္ဗိန္ဒဉာဏ် ဖြစ်ရမယ်။ တော်တော် ကြာ သူမဂ္ဂင်ရှစ်ပါး ပြည့်ပြီး မဂ်ဉာဏ်ဖြစ်ရမယ်။ သူလာရင်ဖြင့် သူတို့က ဒီကြားထဲ ဝင်နိုင်သေးရဲ့လား (မဝင် နိုင်ပါ ဘုရား)၊ မဝင်နိုင်လို့ရှိရင် ဆရာကောင်း၏ လမ်းညွှန်ချက်ကိုလည်း ရ,ပဓာနိယင်္ဂတရား ငါးပါးနှင့်လည်း ပြည့် စုံ၍ အဆုံးအမအတိုင်း လိုက်နာအားထုတ်ရင် မနက်အားထုတ် ညနေရရမယ်။ ဟုတ်ပြီလား ညနေအားထုတ် မနက်ရရမယ်လို့ သေသေချာချာ ဟောပါတယ်။ ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။
ဒါဖြင့် ခင်ဗျားတို့က အရေးရှိလာရင် ခင်ဗျားတို့က တော်တော်ဖျင်းတဲ့လူတွေ။ ဪ ရှုလည်း ရှုသား မြင်လည်း မမြင်ဘူး။ ပါရမီက ရှိရဲ့လား။ ဒီဘက် လှည့်တည်။ သူများပါးစပ် လမ်းဆုံးနေပြီ။ သူများပါရမီ ဆိုတယ်။ အဲဒီ ပါရမီဆိုတဲ့လူက ဘယ်သူဟာ ပါရမီလိုတယ်၊ ဘယ်သူဟာ ပါရမီမလိုဘူးဆိုရင် သူ့ကို မဝေဖန် နိုင်တော့ ပါရမီတစ်ခုတည်း ကိုင်ထားတယ်။
ရထိုက်လျက်သားနဲ့ လက်လွတ်ကုန်ကြတယ်
အဲဒါကို ခင်ဗျားတို့က သက်ကြီးစကား သက်ငယ်ကြားလုပ်ပြီး သကာလ ခင်ဗျားတို့က ဒီမှာ လမ်းဆုံးနေတော့ ခင်ဗျားတို့ဟာ ရထိုက်လျက်သားနဲ့ လက်လွတ်ကုန်ကြတယ်။ သဘောကျရဲ့လား ရိပ်မိပြီ။ ဒါကြောင့် သူများ ပါးစပ် လမ်းဆုံးနေတာဟာ ကြောက်စရာအကောင်းဆုံးပဲ (ကဲ ဒါဖြင့် ဒါတော့ထားပါ၊ ဆရာတော်ဘုရား ဟော တော်မူတာကို မှတ်မိတန်သလောက်တော့ မှတ်မိပါပြီ၊ ဟို အလုပ်ကို မြန်မြန်ပဲ စသင့်တယ်ထင်ပါတယ်၊ ဒါကြောင့်မို့ စိတ်ကို ရှုရမယ်ဆိုတာ (ဘုရားတပည့်တော်များ သိမှတ်ရအောင်)၊ ပြောမယ်လေ ပြောမယ်၊ ဒီအထဲမှာ ပါသွား မယ် (တင်ပါဘုရား)၊ ဇီးကွက်မြင်နေတာ ဘာငှက်တုံးလို့ မမေးနဲ့။ ကိုထွန်းရင်က ဇီးကွက်မြင်နေတာကို ဘာငှက်တုံးလို့ မေးတာနဲ့ သိပ်တူနေတယ်။ ဒါ ဇီးကွက်ပါလို့ဆိုတာ၊ ရှုပုံဟောနေပါတယ်ဆိုတာ ဘာငှက်တုံး မေးတယ် ခက်နေဦး မှာစိုးလို့။
မရှုမှတ်တဲ့ပုဂ္ဂိုလ်မှာ သံယောဇဉ် အမြဲရှိတယ်
ကဲ ဒါဖြင့် ခုနစကားကို ပြန်ကောက်ပါ။ ဒီအထဲမှာ မှတ်စရာစကားတွေ သိပ်ပါသွားတယ်။ နည်းတာ မဟုတ်ဘူးနော် (တင်ပါ)၊ လူဟာ လူ့သံယောဇဉ်မစွန့်ဘဲနဲ့ နိဗ္ဗာန်ရနိုင်ပါ့မလားလို့ ဝစ္ဆက မေးတယ် (တင်ပါ)၊ ဘုရား က ဘယ့်နှယ်ဖြေမတုံး (မရနိုင်ပါ)၊ မရနိုင်ဘူး။ ဒီတော့ ဘုန်းကြီးက ဘုရားက သံယောဇဉ်ဆိုတာဟာ မရှုမှတ်တဲ့ ပုဂ္ဂိုလ်မှာ “ခင်ဗျားတို့ ဖြစ်ပျက်မရှုမှတ်တဲ့ပုဂ္ဂိုလ်မှာ သံယောဇဉ် အမြဲရှိတယ် ရှုမှတ်တဲ့ပုဂ္ဂိုလ်မှာ သံယောဇဉ် အမြဲချုပ်တယ်”၊ ဒါကို ခင်ဗျားတို့က မှတ်ထားရမယ်။ ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။
မရှုမှတ်တဲ့ပုဂ္ဂိုလ်မှာ (အမြဲရှိပါတယ် ဘုရား)၊ ရှုမှတ်တဲ့ပုဂ္ဂိုလ်မှာ သံယောဇဉ်ပြတ်တယ်။ အဲဒီလိုပြတ်တဲ့အချိန် ကျတော့ (ရှုမှတ်တာတွေ လမ်းမှန်ဖို့ အရေးကြီးတယ်)၊ လမ်းမှန်တာက ဒီလိုလေ၊ လမ်းက သူ့မှာ ဝေဒနာရှုခိုင်းလို့ ဝေဒနာတွေ့တယ်ဆိုရင် အောက်တန်းဉာဏ်။ စိတ်ကိုရှုလို့ စိတ်တွေ့တဲ့အချိန်မှာ အောက်တန်းဉာဏ်။
ဒါဖြင့် အထက်ဉာဏ်ရှိသေးတယ်လို့ ကိုထွန်းရင်က တက်ယူ။ ဝေဒနာရှုတဲ့ပုဂ္ဂိုလ်ဟာ ဝေဒနာကို တွေ့ပါပြီ ဆိုရင် အောက်တန်းဉာဏ်လို့ ဘုန်းကြီးက ဆုံးဖြတ်ချက်ချပေးတယ်။ စိတ်ရှုတဲ့ပုဂ္ဂိုလ်ဟာ စိတ်တွေ့နေပါတယ် ဆိုရင် အောက်တန်းဉာဏ်လို့ ဘုန်းကြီးက ခင်ဗျားတို့ကို သင်ပေးလိုက်တယ်။
အနိစ္စ တွေ့မှ အထက်ဉာဏ်
ဟာ ဒါဖြင့် အထက်ဉာဏ်နဲ့ အဝေးကြီးဘုရား အောက်ဉာဏ်ပဲ ရှိသေးတယ်လို့ ဆိုနိုင်ပလား (ဆို နိုင်ပါတယ်)၊ ဝေဒနာရှုတဲ့ပုဂ္ဂိုလ်ဟာ ဝေဒနာနဲ့ မတွေ့ဘဲနဲ့ အနိစ္စတွေ့မှ၊ စိတ်ရှုတဲ့ပုဂ္ဂိုလ်က စိတ်မတွေ့ဘဲနဲ့ အနိစ္စ တွေ့မှ အထက်ဉာဏ်ကို ရောက်မယ်။ ရှင်းပြီလား။
ဒါဖြင့် အောက်ဉာဏ်နဲ့ အထက်ဉာဏ် ကွာပလား။ ဝေဒနာရှုတဲ့ပုဂ္ဂိုလ် “ဦးထွန်းရင်” ဝေဒနာတွေ့နေလို့ရှိရင် အောက်ဉာဏ်။ ဝေဒနာတွေ့နေလို့ရှိရင် ဝေဒနာဟာ နာမ်လား ရုပ်လား မေးရင် နာမ်လို့ ဖြေရမှာပဲ ခင်ဗျား။ နာမ ရူပပရိစ္ဆေဒဉာဏ် ဖြစ်နေတယ်။ ပစ္စဝေက္ခဏာဉာဏ် မဖြစ်ဘူး။ ဝိပဿနာဉာဏ် မဖြစ်ဘူး။ ကွဲပြီလား။
ဥပမာ ဦးသံဒိုင်ကျတော့ စိတ်ရှုပါလို့ ကျုပ်ကပြောတယ်။ စိတ်တွေ့နေရင် ဦးသံဒိုင် တရားတော့ မလွဲ ဘူး။ အထက်ဉာဏ် မရောက်သေးဘူး၊ နာမ်တွေ့နေရင် အနိစ္စမတွေ့ဘူး (မတွေ့သေးပါ ဘုရား)၊ ကဲ အောက် ဉာဏ် မဆိုထိုက်ဘူးလား၊ နာမရူပပရိစ္ဆေဒဉာဏ်ချည်း ခင်ဗျားတို့ တွေ့တယ်။ လက္ခဏဉာဏ် တွေ့ပြီလား လက္ခဏာ သိတဲ့ဉာဏ် တွေ့ပြီလား (မတွေ့သေးပါ)၊ မတွေ့သေးရင် အောက်ဉာဏ်ပေါ့။
ဒါကြောင့် ဝေဒနာရှုခိုင်းတော့ ဝေဒနာတွေ့ရင် ကိုထွန်းရင် ဘာဉာဏ်ဆိုမလဲ။ အောက်ဉာဏ်ပေါ့ (အောက် ဉာဏ်ပါ ဘုရား)၊ ဦးသံဒိုင်ရော၊ ဦးသံဒိုင်ကို ကျုပ်က စိတ်ရှုခိုင်းတယ်၊ စိတ်တွေ့တယ်ဘုရားလို့ဆိုရင် ဘာဉာဏ်လဲ (အောက်ဉာဏ်ပါ ဘုရား)၊ အောက်ဉာဏ်ပဲ၊ မရသေးဘူး ဒီမဂ်ကို၊ မဂ်မရနိုင်သေးဘူး။ ဒါဟာ စူဠသောတာပန် အသွားကလေး ခင်ဗျားတို့ လုပ်နေတယ်။ စပြီးလုပ်နေတာ။ ကိုထွန်းရင် သေသေချာချာ နားထောင်။
ဒါဖြင့် တပည့်တော်တို့အတွေ့ဟာ ဘယ်အချိန်ကျမှ အကျိုးစီးပွားများမှာလည်း အထက်ဉာဏ်ရောက်မှာလဲ (မှန်ပါ)၊ မေးဖို့ မလိုဘူးလား။ ဟေ့ ဝေဒနာရှုတဲ့လူက ဝေဒနာမတွေ့စေနဲ့၊ ဖြစ်မှုနဲ့ ပျက်မှုသာ တွေ့ပါစေ။ အဲဒါ အထက်ဉာဏ်ရောက်မယ်။ စိတ်ရှုတဲ့ပုဂ္ဂိုလ်က စိတ်ကို မတွေ့စေနဲ့၊ ဖြစ်မှုနဲ့ ပျက်မှုကို တွေ့ပါစေ။ ဒီကျတော့ အထက်ဉာဏ် ရောက်လာပြီ။ ရှင်းပြီလား။ အထက်ဉာဏ်နဲ့ အောက်ဉာဏ် ရှင်းပြီလား ဦးသံဒိုင် (တင်ပါ)၊ အရင်က နာမရူပ ပရိစ္ဆေဒဉာဏ်၊ အခုမှ လက္ခဏဉာဏ် လက္ခဏာသိတဲ့ဉာဏ်။ အရင်က သဘာဝကို မတွေ့ဘူး တဲ့။ ယခုဟာ သဘာဝကို တွေ့တယ်။ ရှင်းပြီလား။ သေသေချာချာမှတ်ပါ။ ဒီဥစ္စာ လွယ်တာမဟုတ်ဘူး။
အောက်ဉာဏ်လား အထက်ဉာဏ်လား
ကိုထွန်းရင် ဖြေစမ်း။ ခင်ဗျားကို ကျုပ်က ဝေဒနာသုံးပါး ရှုခိုင်းထားတယ်နော် (တင်ပါ)၊ ဝေဒနာတွေ့ ပြီဘုရားလို့ ခင်ဗျားက ကျုပ်ဆီကို ပေးလိုက်တယ်။ စာပေးလိုက်တယ်။ ဝေဒနာကို ခင်ဗျားဉာဏ်ထဲမှာပဲ ခင်ဗျား တစ်ယောက်တည်း တွေ့သည်ဖြစ်၍ အောက်ဉာဏ်လား အထက်ဉာဏ်လား (အောက်ဉာဏ်ပါ ဘုရား)၊ မှတ်ထား။
ကဲ ဦးသံဒိုင်ကရော၊ ဦးသံဒိုင်က စိတ္တာနုပဿနာ ရှုတယ်၊ လောဘ ဒေါသ မောဟ ကုသိုလ် အကုသိုလ် အဗျာကတ စိတ်တွေ တွေ့တယ် (တင်ပါ)။ စိတ်တွေ တွေ့ပြီဘုရား အောက်ဉာဏ်လား အထက်ဉာဏ်လား (အောက် ဉာဏ်ပါ ဘုရား)။
အောက်ဉာဏ်ပဲ ရှိသေးတယ်။ အောက်ဉာဏ်ပဲဆိုရင် စူဠသောတာပန်ပဲ၊ မဟာသောတာပန် ခင်ဗျားတို့ မရ သေးဘူး (မှန်ပါ)၊ ရပါ့မလား၊ မရနိုင်သေးဘူး။ မရနိုင်သေးတော့ ခင်ဗျားတို့ ပြင်လိုက်ပါ၊ ရှေ့တစ်ဆင့်။ ခင်ဗျားတို့ ယခု တွေ့နေတဲ့ဥစ္စာကို ခင်ဗျားတို့အတွေ့ လွဲနေသေးတယ်၊ ဒါတွေ ဟုတ်တန်သလောက်တော့ ဟုတ်ပါရဲ့။
သို့ပေမယ့် ခင်ဗျားတို့ သဘာဝ မဆိုက်သေးဘူး (မှန်ပါ)၊ ခင်ဗျားတို့ သဘာဝမဆိုက်သေးဘူးဆိုတာ ပြော လိုက်တယ်။ ဘာဖြစ်လို့ သဘာဝမဆိုက်သေးဘူး လို့ ပြောလိုက်သတုံး ဆိုတော့ ခင်ဗျားတို့ ကိုယ်ခန္ဓာကြီးမှာ ဝေဒနာက္ခန္ဓာလည်း ရှိပါတယ်။ ဝိညာဏက္ခန္ဓာလည်း ရှိပါတယ်။
ဘုရားက ခန္ဓာလို့သာဆိုတာကိုး ဗျ။ “ပဉ္စက္ခန္ဓာ အနိစ္စာ”လို့ ဟောတယ်။ ခင်ဗျားတို့ ပဉ္စက္ခန္ဓာကိုသာ တွေ့တာ၊ အနိစ္စကို မတွေ့သေးဘူး။ ခန္ဓာသာ တွေ့တယ်၊ ခင်ဗျားတို့ အနိစ္စမတွေ့သေးဘူး။ အဲဒီတော့ အောက် ဉာဏ်လို့ မဆိုထိုက်ဘူးလား။ ဒါဖြင့် ဖြစ်ပျက်တွေ့အောင်လုပ်။ ဝေဒနာသမားကလည်း ဝေဒနာမတွေ့စေနဲ့။ ဖြစ်ပျက် တွေ့ပါစေနော်။
ဖြစ်ပျက် တွေ့ပါစေ
စိတ်သမားကရော စိတ်ကိုကျော်လွန်ပြီးတော့ ဖြစ်ပျက်တွေ့ပါစေ။ ဒါ အထက်ဉာဏ်ရောက်လာတယ်။ ဒါ အလုပ်စဉ်ပေးပါပြီ။ သဘောပါပလား။ ဒါဖြင့် ဖြစ်ပျက်တွေ့မှ အမှန်နော်။ ဝေဒနာသမား ဝေဒနာတွေ့ရင် တရားက လျော့နေတယ်။ စိတ်သမား စိတ်တွေ့ရင် အောက်ဉာဏ်ဖြစ်မယ်။ ဟာ ဘုန်းကြီးကလည်း ဘုန်းကြီးသဘော နဲ့ ဘုန်းကြီးခွဲနေတာလားလို့ ခင်ဗျားတို့အမေး မေးချင်တဲ့အကွက် ပေါ်လာလိမ့်မယ်။ မပေါ်ဘူးလား ပေါ်တော့ ဘုန်းကြီးက အကိုးအကား ထုတ်ပြမယ်။ ဘုရားဟောထားတာ ရှိတယ်။
ကဲ ဝေဒနာသမားကစပြီး ရှင်းပေးလိမ့်မယ်နော်။
“သုခံဝါ ဝေဒနံ ဝေဒယမာနော သုခံဝေဒနံ ဝေဒယာမီတိ ပဇာနာတိ”။(မူလပဏ္ဏာသပါဠိ၊ မဟာသတိပဋ္ဌာနသုတ်၊ နှာ-၇၅။)
ဘုရားဟော။ ဝေဒနာကို ဝေဒနာပေါ်တယ်လို့သိ၊ မဟုတ်ဘူးလား။ ဒီလိုအစက သူ ဟောတယ်။ အဲဒီပါဠိတော်အဆုံးနားမှာ ဝေဒနာအဆုံးနား သွားတွေ့တယ်။ ပါဠိတော်အဆုံး ဝေဒနာနုပဿနာ၏ အဆုံးနား သွားယူလိုက်။ သွားယူတော့ “သမုဒယဓမ္မာနုပဿီဝါ ဝေဒနာသု ဝိဟရတိ ဝယဓမ္မာ နုပဿီဝါ ဝေဒနာသု ဝိဟရတိ” ဝေဒနာကို သိတယ်။ မလာဘူးလား။ ဒါဖြင့် ဖြစ်ပျက်ရှုလို့ ပြောတာ။ ရှင်းပြီလား။
တွေ့စေချင်တာက ဖြစ်ပျက်ပဲ
ဒါဖြင့် ဟိုဟာက ရှုစရာမရှိမှာစိုးလို့ ဒါကို ရှုခိုင်းတယ်။ တွေ့စေချင်တာက ဒါမဟုတ်ဘူး၊ ဖြစ်ပျက်ပဲ။ သဘော ပါသလား။ ဒါဖြင့် ဝေဒနာရှု၊ ဝေဒနာရှုလို့ ဘာဖြစ်လို့ ပြောနေကြသလဲ။ ရှုစရာမရှိမှာစိုးလို့။ တွေ့စေချင်တာက ဒါလားလို့ မေးတော့ (မဟုတ်ပါ ဘုရား)။
တွေ့စေချင်တာက ဝေဒနာ တွေ့စေချင်တာလား အနိစ္စ တွေ့စေချင်တာလား၊ အနိစ္စ တွေ့စေချင်တယ် (အနိစ္စတွေ့စေချင်လို့ပါ ဘုရား)၊ အနိစ္စတွေ့စေချင်ရင် အနိစ္စဆိုတာ “ဟုတွာအဘာဝဋ္ဌေန အနိစ္စံ”ဖြစ်ပြီး မရှိတာကို တွေ့အောင်လုပ်ပါ။ သဘောပါသလား။
ကဲ ဒါဖြင့် ဖြစ်ပျက်တွေ့ရင် ခင်ဗျားတို့ အထက်ဉာဏ်ရောက်တယ်။ ဒါကြောင့် ဖြစ်ပျက်တွေ့မှ ယထာ ဘူတဉာဏ်ကွလို့ ဘုရားက ဟောတယ်။ ဟိုဟာ ယထာဘူတလို့ မဟောသေးဘူး၊ သဘော သေသေချာချာပါတယ်၊ ယထာဘူတဉာဏ်နဲ့ ဟိုဟာက သုတမယ ရှိသေးတယ်။ ယထာဘူတဉာဏ်က ဖြစ်ပျက်တွေ့မှ သူက ယထာဘူတဉာဏ် ရတယ်။
ယထာဘူတဉာဏ်ကို ဖြစ်ပျက်တွေ့မှ စရတယ်။ ဒီကျမှ ယထာဘူတတဲ့။ ဘူတက ရှိတယ်။ ယထာက ဟုတ် တိုင်းမှန်စွာ၊ ဟုတ်တိုင်းမှန်စွာရှိတာကို အခုမှ တွေ့တယ်။ ဖြစ်ပျက်တွေ့မှ စတွေ့ကာ ရှိသေးတယ်။ သာဓုမလုပ်နဲ့ဦး။ သေသေချာချာ မှတ်ထားဦး။ ဒီသာဓုက ခင်ဗျားတို့က သူတောင်းစားပေးတာလည်း သာဓုခေါ်ချင် ခေါ်နေတာ၊ ဒါ မလိုချင်ဘူး၊ ကျုပ်က ရှင်းပြီလား။
ဒါဖြင့် အထက်ဉာဏ်နဲ့ အောက်ဉာဏ်ကွဲပြီလား ဒါဖြင့် သတိပဋ္ဌာန်ပါဠိတော်ကို ဘုန်းကြီးက နှစ်ခုစလုံး အမှန်လို့ ပြောလိုက်တယ်။
ဝေဒနာသိအောင် လုပ်
“သုခံ ဝါ ဝေဒနံ ဝေဒယမာနော သုခံ ဝေဒနံ ဝေဒယာမီတိ ပဇာနာတိ” ဝေဒနာသိအောင် လုပ်၊ ဝေဒနာသိအောင်လုပ်၊ ဘုရားက မဟောဘူးလား၊ ဟောပေမယ့် အထက်ဉာဏ် ဟောသလား အောက်ဉာဏ် ဟောသလား။ အထက်ဉာဏ် ဟောတယ်ဆိုရင် ဘယ်လိုဟောတာတုံး။
ဖြစ်တာနဲ့ ပျက်တာကို တွေ့အောင်ရှာ
“သမုဒယဓမ္မာနုပဿီ ဝါ ဝေဒနာသု ဝိဟရတိ၊ ဝယဓမ္မာနုပဿီ ဝါ ဝေဒနာသု ဝိဟရတိ” ဖြစ်တာနဲ့ ပျက်တာကို တွေ့အောင်ရှာကွ၊ သဘောပါသလား။ အောက် ဉာဏ်နဲ့ အထက်ဉာဏ်ကွဲပြီ။
ဒါဖြင့် ခင်ဗျားတို့ အောက်ဉာဏ်ဟောခြင်းအကြောင်း အထက်ဉာဏ်ဟောခြင်းအကြောင်းကို ဘုန်းကြီးက ရှင်းရုံပဲရှိတယ်။ အောက်ဉာဏ် ဟောခြင်း၏အကြောင်းက ဘယ်တရားရှုရမယ်လို့ မသိလို့ ရှုစရာ အထည်ကလေး ပြတယ်။ သဘောကျပြီလား။ ဘယ်တရား ရှုရမှန်းမသိလို့ ကိုထွန်းရင်တို့လို လူအတွေကို ရှုစရာတရား ဒါပဲကွ လို့ ပြတယ်။
တွေ့တော့ ဒါကို တွေ့ရမှာလား ၊ သူတို့၏ ဖြစ်ပျက်မှုကို တွေ့ရမှာလား (ဖြစ်ပျက်မှုကို တွေ့ရမယ်)၊ ဖြစ်ပျက်တွေ့မှ ဘာဉာဏ်ခေါ်ကြမတုံး (ယထာဘူတဉာဏ်)၊ ယထာဘူတဉာဏ်က အခုမှစတယ်။ အခုမှ မင်းတို့မျက်လုံး ကလေး ပွင့်လာတယ်။ အရှိကို အခုမှ အသိနဲ့ကိုက်တယ်။ အရှိနဲ့အသိနဲ့ ကိုက်တယ်။ သဘောပါပြီလား (ပါပါပြီ ဘုရား)။
အရှိကို ဖြစ်ပျက်၊ အသိက မဂ်။ သဘောကျပြီလား၊ ဒီလို လုပ်ပါ၊ ဒီလို လုပ်ပါ၊ ဒါ အလုပ်စဉ်ပဲ။ ဒါ အလုပ် စဉ်နော် ဦးသံဒိုင်။ ရှေးဦးစွာ အလုပ်စဉ်က စိတ်ရှုတဲ့ပုဂ္ဂိုလ်က စိတ်ကို တွေ့သလို နေမှာပဲ။ နောက်ကျတော့ ရှုဖန် ကလေး များလာတော့ ဆရာဘုန်းကြီးပေးတဲ့ ယထာဘူတဉာဏ်ကို မရောက်ပါနဲ့ဆိုလို့ ရပါ့မလား၊ ရောက်ရမှာပဲ။
နောက်ပြီး စိတ်ကိုရှုခိုင်းလို့ စိတ်ရှုတော့ စိတ်တော့ မတွေ့ဘူးဘုရား တပည့်တော် ဉာဏ်ထဲမှာ ဖြစ်ပေါ် လာတဲ့ တရားကလေးရယ်၊ ပျောက်ပျက်သွားတဲ့ တရားကလေးရယ် ဒါပဲတွေ့တယ်ဆိုရင် ဒါ ဦးသံဒိုင် လက်ခမောင်း ခတ်တော့။ ခင်ဗျား ယထာဘူတဉာဏ်ရပြီ။ ဒီရောက်မှ ပန်းတိုင်။ အဲဒီလိုတွေ့လို့ရှိရင် ခင်ဗျားမနက်အားထုတ်၊ ခင်ဗျား ညနေ မဂ်ကို ဆိုက်တော့မယ်ဆိုတာ ဘုန်းကြီးတို့က ဒီလူတွေ ဒီသားသမီးတွေအပေါ်မှာ ခင်ဗျား ရဲရဲဝံ့ဝံ့သာ ဆုံးဖြတ်ချက်ချလိုက်။ နို့မဟုတ် မချရဲဘူး။ ကိုင်း ရှင်းကြရအောင်။
ယထာဘူတဉာဏ်ရတော့မှ
ကောင်းပြီ ဒါဖြင့် ယထာဘူတဉာဏ်ရတော့မှ ပုထုဇဉ်အရူးနဲ့ အကန်းပျောက်တယ်ကွတဲ့ ဘုရားက၊ အရူးနဲ့အကန်းဟာ ယထာဘူတဉာဏ်ရမှ ပျောက်တယ်။ နို့မဟုတ်ရင် ပျောက်ကိုမပျောက်ဘူး။ ဒါဟာ ယောကျ်ားတွေ့ နေရင်လည်း အရူးပဲ။ သဘောကျပြီလား။ မိန်းမတွေ့နေရင်ကော (အရူးပဲ)။
ယောကျ်ား မိန်းမမရှိဘဲနဲ့ ယောကျ်ား မိန်းမကို သူများပြောသံကြားတာနဲ့ တွေ့နေလို့ရှိရင် စုံလုံးကန်းမို့ တွေ့တာ မဆိုနိုင်ဘူးလား။ စုံလုံးကန်းမို့ တွေ့တာ။ ရှိတာက ဘာရှိသလဲ ဝေဒနာရှိတယ် ဝေဒနာတွေ့တယ်။ စိတ်ရှိတယ် စိတ်တွေ့တယ်။ တိမ်သလ္လာလေး နည်းနည်းလွင့်သွားပြီး လုံးလုံးပျောက်သလားဆိုတော့ (မပျောက်သေးပါ ဘုရား)။
ဒါကြောင့် ဝေဒနာတွေ့ရုံနဲ့ မကျေနပ်ကြနဲ့။ စိတ်တွေ့ရုံနဲ့ကော မကျေနပ်ကြနဲ့။ ဖြစ်ပျက်တွေ့မှ ကျေနပ်ကြ။ ဘုရားဟောတဲ့ သုံးဉာဏ်ထဲ သွင်းလိုက်တော့ ဘယ်ဉာဏ်ရောက်ပြီလဲ။ ယထာဘူတဉာဏ် ယထာဘူတယထာသဘာဝ ဇာနနဉာဏံကိုး။ အခုမှ သဘောသိတဲ့ဉာဏ်ကို သူရောက်တယ်။ ပေါ်ပြီလား။
ဖြစ်ပျက် မြင်မှ မျက်လုံးပွင့်လာတာ
အခုမှ ခင်ဗျားတို့မျက်လုံးကလေး ပွင့်လာတယ်။ ဖြစ်ပျက် မြင်မှ မျက်လုံးပွင့်လာတာ အလင်းရလာတာ။ နေရာကျပြီ။ ဖြစ်ပျက် မမြင်သေးသရွေ့ ကာလပတ်လုံး ဝေဒနာတွေ့နေ အောက်တန်းဉာဏ်ပဲ၊ နာမရူပပရိစ္ဆေဒ ဉာဏ်။ ဘာမှမဟုတ်သေးဘူး။ ရှင်းပြီနော်၊ ဒီလိုရှုနေတဲ့အချိန်မှာ အခုနတရားကို ပြန်ဆက်လိုက်၊ တဏှာ ဥပါဒါန် ကံလာသေးရဲ့လား၊ ဦးသံဒိုင် (မလာပါ ဘုရား)၊ ဒါဖြင့် လူဟာ လူ့သံယောဇဉ် ဘာဖြစ်နေလဲ (ပြတ်နေပါတယ်)၊ လူ ဟာ လူ့သံယောဇဉ်ပြတ်ရင် ဒုက္ခအဆုံး နိဗ္ဗာန်ကို ရရမယ်ကွ။ ဘုရားက ပုစ္ဆဟောပြီ။
ကဲ ဒါဖြင့် ခင်ဗျားတို့ လုပ်ဖို့သာပြင်၊ လုပ်ရင် သံယောဇဉ်ပြတ်တယ်။ လူ့သံယောဇဉ်ဖြတ်ဆိုတာက လျှော့စားတာ သက်သတ်လွတ်စားတာကိုဆိုတာ မဟုတ်ပါဘူး။ သားနဲ့ မယားနဲ့ စွဲနေတာကိုဆိုတာ မဟုတ်ဘူး။ ဒါ ဝိဝဋ္ဋကို ပြောနေတာ။ သံယောဇဉ်ဖြတ်ဆိုတာ အလုပ်လုပ်နေတာကိုဆိုတာ၊ ရှင်းပြီလား။ သံယောဇဉ်ဖြတ်ဆိုတာ ဘာတုံး။ သက်သတ်လွတ်စားတာကို ဆိုတာမဟုတ်ဘူး။ ဟင်းနှစ်ခွက်က တစ်ခွက်တည်းစားတာကို ဆိုတာမဟုတ် ဘူး။
အဲဒါ သီလတွေ၊ ဒါတွေ လိုရင်းမဟုတ်သေးဘူး။ ရှင်းရဲ့လား။ သီလလောက်များတော့ ဖြုံကို မဖြုံဘူး သံယောဇဉ်က၊ နှစ်ခွက်မစားဘူး၊ တစ်ခွက်တည်းစားတယ်ဆိုရင် တစ်ခွက် သံယောဇဉ် ပါတယ်နော်။ မပါဘူး လား။ အိမ်မှာမနေပါဘူး၊ ငါ ကမ္မဋ္ဌာန်းကျောင်းသွားနေပါမယ်ဆိုငြားသော်လည်း အလုပ်မလုပ်ဘဲ နေလို့ရှိရင် ဖြင့် အိမ်နဲ့ကမ္မဋ္ဌာန်းကျောင်းနဲ့ ဆက်လျက်ပဲ၊ မဆက်ဘူးလား။ ရှင်းပြီလား။ ဆက်လျက်ဗျ ဆက်တာ မဆက်တာ ကို ကျုပ်ရှင်းပြလိုက်ရင် ခင်ဗျားတို့ ချက်ခနဲ သိတယ်။
ဆက်နေလို့ လှုပ်တာ
ကဲ ဝိပဿနာအလုပ် မလုပ်ဘူး။ ခင်ဗျားတို့က မလုပ်ဘဲနေတယ်။ ဟိုက ဦးသံဒိုင်ကို သမီးနေမကောင်း လို့ အမြန်လာပါ၊ ကြေးနန်းရိုက်လိုက်တယ်။ မလှုပ်ဘူးလား လှုပ်မလား (လှုပ်ပါတယ်)၊ ဆက်နေလို့ လှုပ်တာ၊ တုံးကို မှီနေတဲ့လူဟာ တုံးလှုပ်ရင် လူလှုပ်ရသလား မလှုပ်ရဘူးလား (လှုပ်ရပါတယ် ဘုရား)၊ ဆက်နေတယ်သဘောက။
ဒါကြောင့် “နိဿိတဿ စလိတံ။ကွ၊” (ဥဒါနပါဠိ၊ စတုတ္ထနိဗ္ဗာန ပဋိသံယုတ္တသုတ်၊ နှာ-၁၇၉။)
ဘုရားက မင်းတို့မလုပ်ဘဲနေရင် ပြီးနေတာပဲ ပေါ်ပလား၊ ရှင်းနေပြီ။ မလုပ်ဘဲ နေ မှီနေတယ်၊ ဆက်စပ်နေတယ်။
အဲဒါနဲ့ကိုးလိုက်တော့မှ လူဟာ လူ့သံယောဇဉ် မစွန့်ဘဲနဲ့ နိဗ္ဗာန်မရဘူးဆိုတာ အမြဲမှီနေလို့ကိုးဆိုတာ ပေါ်လာ တယ် ၊ အမြဲမှီနေလို့။ ဒါက သမီး ဒါက ဦးသံဒိုင်က မန္တလေးတော့ နေတယ်။ နေပေမယ့် ဒီလိုနေတယ်တဲ့ အလုပ်မလုပ်ဘူး တဲ့။ သမီး နေမကောင်းဘူးဆိုရင် ငါသွားမှပဲဆိုပြီးတော့ လှုပ်တယ်။ မလာဘူးလား လာ မလား။ ဘာဖြစ်လို့တုံး၊ နဂိုက ဆက်စပ်နေတယ်။ မဆက်စပ်အောင် သူဝင်မှရမယ်။
သူဝင်တော့ ဒီက သံယောဇဉ်က လာခွင့်ရသေးသလား (လာခွင့်မရပါ)။ ဒါ သမီးတော့ရှိရဲ့။ သံယောဇဉ်က လာခွင့်ရသေးသလား (မရပါ ဘုရား)၊ အဲဒီတော့ကို (၂) ဦးမှ မှီနေတာမဟုတ်တော့ သူဟာ ဖြစ်ပျက်နေတာပဲ။ ဝေဒနာရုပ်ပဲဆိုပေမယ့် ဖောက်ပြန်ပျက်စီးနေတာပဲ။ သူဟာ ဒုက္ခပြနေတာပဲဆိုပြီး ဒီကနေ ဉာဏ်နဲ့ရှုလိုက်တော့ ဒီက ပြေးချင်လွှားချင်တဲ့စိတ် လာသေးရဲ့လား (မလာပါ ဘုရား)၊ နဂိုက မှီမနေရင် မလာပါဘူးဗျ။ သံယောဇဉ်ပြတ် နေတယ်။
ဒါဖြင့် ရှင်းရဲ့လား ကိုထွန်းရင်၊ ဒါဖြင့် အလုပ်လုပ်နေရင် ဘယ်လိုဆိုကြမလဲ၊ ပြတ်နေတယ် (ပြတ်နေတယ်)၊ အလုပ်မလုပ်လို့ရှိရင် ဒီကနေ မြောက်ကျွန်းသွားနေမှီနေတယ်။ “နိဿိတဿ စလိတံ” သဘောပါပြီလား (ပါပါပြီ)။
နိဿိတဿ=တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုပင် ဝေးငြားသော်လည်း မှီနေသည့်အတွက် အလုပ်မလုပ်ဘဲ နေလို့ရှိရင် စလိတံ=အကြောင်းရှိရင် တရကြမ်း လှုပ်ပစ်လိုက်မယ်။ လှုပ်တယ်ဆိုတာ သဘောကျပြီလား။ တုံးမှီ နေတဲ့သူဟာ တုံးက လှုပ်လို့ရှိရင် ငါမလှုပ်ချင်ဘူးဆိုလို့ ရပါ့မလား (မရပါ ဘုရား)။
ဒီမှာလည်း ခင်ဗျားတို့ ဒီမှာသာနေတယ်တဲ့။ ဝိပဿနာအလုပ် မလုပ်လို့ရှိရင် ဟိုက ဆိုင်မီးလောင်နေတယ် ဆိုရင် ခင်ဗျားတို့ ဒီကလှုပ်တယ်။ ကိုထွန်းရင် လှုပ်ရဲ့လား၊ မလှုပ်ပေဘူးလား (လှုပ်ပါတယ်) ဘာလို့လဲဆိုတော့ မှီနေ လို့ (မှီနေလို့ပါ)၊
ဒါဖြင့် ဒါလုပ်ရင် အမှီနဲ့ မှီရာနဲ့ ကွဲမနေဘူးလား (ကြားခြားနေပါတယ်)၊ ကြားခြားနေတဲ့အခါကျတော့ သူကလည်း နဂိုကကိုက ပေါ်ခွင့်ရသေးရဲ့လား မှီတဲ့တရားက (ပေါ်ခွင့်မရပါ)၊ မရလို့ရှိရင် လှုပ်စရာရှိသေးရဲ့ လား (မရှိပါ ဘုရား)၊ မရှိဘူးဆိုတာ သေချာပြီလား။
ကောင်းပြီ ဒါဖြင့် ဒါက “ဥဒါန်းပါဠိတော်” ဒါ ဒီလိုဟာတွေကို ကြားထိုးစကား ပြောနေရတာက ခင်ဗျားတို့က ဘာမှမသိလို့ ပြောနေရတာ (မှန်ပါ ဘုရား)၊ ဘာမှမသိတော့ တပည့်တော် သူတော်ကောင်း အလုပ် လုပ်နေတာပဲ ဘုရား။ အို မင်းတို့ သူတော်ကောင်းအလုပ်က ဟန်သူတော်ကောင်းကွ (ဟုတ်လိုက်တာ)။
ဟန်သူတော်ကောင်း
ဟန်သူတော်ကောင်းကွလို့ ပြောရမှာ ဟုတ်တယ်မဟုတ်လား။ လုံးဝမလုပ်ဘဲနဲ့ သူ့ဟာက နည်းနည်း ကလေး ခွဲနေတာလောက် ရှိတာကိုး။ အဲဒီတော့ ဒီဖြစ်ပျက်အလုပ်ကို လုပ်နေမှ ဘုန်းကြီးက အလုပ်လုပ်တတ်လို့ အလုပ်လုပ်တယ်မည်တယ်။ အလုပ်လုပ်တယ်လို့ အမည်နာမလည်းရတယ်။ သဘောပါပြီလား။
နေ့တိုင်း စားလိုက် ပြန်လိုက်၊ အလုပ်မလုပ်သေးဘူးဆိုလို့ရှိရင် အကြောင်းပေါ်လာရင် ခင်ဗျားတို့ ပြေးမယ်။ မပြေးပေဘူးလား (ပြေးပါတယ်)၊ မှီနေတယ်၊ ရှင်းပြီလား။ အလုပ်လုပ်နေပြီဆိုတော့ ကိုယ်က ငါပြုတ်နေပြီ။ ငါနဲ့မဆိုင်ဘူး။ ကိုယ်က ငါပြုတ်နေတာ။ ငါနဲ့ဆိုင်သေးရဲ့လား (မဆိုင်တော့ပါ ဘုရား)။
ဟိုက ဥစ္စာလည်း ဖြစ်ပျက်ပဲ။ ဖြစ်ပျက်မို့ ဖြစ်ပျက်ကြတာပဲဆိုတော့ ငါနဲ့ဆိုင်သေးရဲ့လား။ အဲဒီလို ငါ နဲ့မဆိုင်မှ ဒိဋ္ဌိက ပြုတ်မှာကိုးဗျ။ ငါနဲ့ဆိုင်ရင် လုပ်နေမှာပဲ။ ရှင်းပြီလား။ အဲဒီတော့ ယူဇနာတစ်ထောင် ခြား နေပေမယ့် အလုပ်မလုပ်လို့ရှိရင် မှီနေမှာပဲ။ အလုပ်လုပ်လို့ရှိရင်တော့ ပြတ်နေတယ်။ ရှင်းပြီလား (ရှင်းပါပြီ)၊ ကောင်း ပြီ ဒါ သေသေချာချာမှတ်ပေါ့။
ဒါဖြင့် ခုနက တရားနှစ်လုံးကို ပြန်ကောက်ပါ၊ ဝေဒနာရှုတဲ့ ပုဂ္ဂိုလ်ဟာ ဝေဒနာတွေ့ရင် အောက်ဉာဏ်လား အထက်ဉာဏ်လား (အောက်ဉာဏ်ပါ ဘုရား)၊ စိတ်ရှုတဲ့ပုဂ္ဂိုလ်ဟာ စိတ်တွေတွေ့ရင် (အောက်ဉာဏ်ပါ ဘုရား)၊ အောက်ဉာဏ်။ သဘောကျပြီလား။
ဟာ တပည့်တော်တို့ ရှုတော့ရှုတယ် ဘုရား။ အရှင်ဘုရား ပေးတဲ့နည်းအတိုင်း “ဘုရားပေးတဲ့ နည်းအတိုင်း”။ ဝေဒနာရှုတဲ့ပုဂ္ဂိုလ်က ဝေဒနာလို့ မတွေ့ပါဘုရား တပည့်တော်တို့ အဖြစ်နဲ့အပျက်ပဲ တွေ့တယ်။ တစ်နည်းအားဖြင့် အပျက်ချည်းပဲ တွေ့တယ်။ ဟာ မင်းအထက်ဉာဏ်ရောက်ပြီ။ သဘောကျပြီလား။
စိတ်ရှုတဲ့ပုဂ္ဂိုလ်ကလည်း စိတ်မတွေ့ပါဘုရား။ တပည့်တော် အဖြစ်နဲ့အပျက်ချည်း သို့မဟုတ် အပျက် ချည်းပဲ တွေ့နေပြီ။ ဒါ အထက်ဉာဏ်ရောက်ပြီ။ ဦးသံဒိုင် ကြိုးစားပါ။ ကျုပ် မဟောရပေဘူးလား ဟောရမလား (တင်ပါ)၊ ဘာကြောင့်တုံးဆိုတော့ အရင်က နာမပရိစ္ဆေဒဉာဏ်ကိုးဗျ။ အောက်ဉာဏ်။ ဒီဟာက လက္ခဏာရေး သုံးပါး ရင့်တဲ့ဉာဏ်ဆိုတော့ သူက ဥဒယဗ္ဗယဉာဏ်ဆိုတာ စာလိုသုံးနိုင်တယ်။ ဒီထက်ကြီးကြီးသုံးရင် ယထာဘူတဉာဏ် မဟုတ်ဘူးလား။ အဲဒီတော့ အထက်ဉာဏ်နဲ့ အောက်ဉာဏ်ကော ကွဲပြီလား (ကွဲပါပြီ ဘုရား)၊ ပါဠိတော်နဲ့ရော ကိုက်ပြီလား (ကိုက်ပါတယ် ဘုရား)။
”သုခံဝါ ဝေဒနံ ဝေဒယမာနော သုခံ ဝေဒနံ ဝေဒယာမီတိ ပဇာနာတိ”ဆိုတာ (အောက်ဉာဏ်)၊ “သမုဒယ ဓမ္မာနုပဿီ ဝါ ဝေဒနာသု ဝိဟရတိ၊ ဝယဓမ္မာနုပဿီ ဝါ ဝေဒနာသု ဝိဟရတိ”ဆိုတာ (အထက်ဉာဏ်)၊ ပါဠိတော် မှာကိုက အထက်အောက် ခွဲရေးထားတယ်။
ဒီမှာ ပါဠိတော်ကို နှစ်ကွဲ ခွဲမယူလို့ရှိရင် ခင်ဗျားတို့ ငါးပါးမှောက်မယ်၊ မမှောက်ပေဘူးလား (မှောက်ပါ တယ်)၊ ဝေဒနာနုပဿနာက ပါဠိပဲ၊ ပါဠိကတော့ အောက်ဉာဏ်နဲ့ အထက်ဉာဏ်ခွဲတယ်၊ ရှင်းပြီလား။ ပါဠိတော်ဆိုတာ ကို အောက်အထက် မခွဲတတ်လို့ရှိရင်လည်း ဒီဆရာ လိုသေးတယ်လို့ ခင်ဗျားတို့ မပြောထိုက်ဘူးလား (ပြောထိုက်ပါ တယ် ဘုရား)။
အခုကွဲပြီလား (ကွဲပါပြီ)၊ နို့ အထက်ဉာဏ်ရောက်တော့ ဘာဖြစ်သတုံးလို့ မေးတဲ့အခါကျတော့ အထက်ဉာဏ် ရောက်တဲ့အခါကျတော့ ဒိဋ္ဌိပြုတ်တယ်ကွလို့ ပါဠိတော် သွားကြည့်တွေ့တာပဲ။ ဒိဋ္ဌိပြုတ်သွားတယ်၊ သမုဒယနဲ့ ဝယ မြင်လို့ရှိရင် ဒိဋ္ဌိပြုတ်သွားတယ်လို့ တွေ့ထားတယ်။ ကဲ ရှင်းပြီနော် (ရှင်းသွားပြီ)။
ကောင်းပြီ၊ ကဲ ဒါဖြင့် အထက်ဉာဏ်လည်း ရောက်ပြီ။
နိဗ္ဗိန္ဒဉာဏ်
သူ့အထက် တက်စရာ ဘယ်နှစ်ဉာဏ် ရှိသေးသတုံး မေးဖို့ရှိတယ်။ အခုမှ ယထာဘူတဉာဏ် ရသေးတယ်။ မဆိုထိုက်ဘူးလား။ နိဗ္ဗိန္ဒဉာဏ် မရောက်သေးဘူး (တင်ပါဘုရား)၊ ရောက်ပြီလား (မရောက်သေးပါ)၊ မရောက်သေး တော့ ဦးသံဒိုင် ကိုထွန်းရင် ဒီတိုင်းမနေနဲ့ ဆက်ရှုပါ၊ ဆက်ရှုပါ။ နောက်ပြန်မလှည့်ပါနဲ့ ဆက်ရှုပါ။ ဖြစ်ပျက်ချည်း ရှု။
ဦးသံဒိုင်ရော ဖြစ်ပျက်တွေ့ရင် ဖြစ်ပျက်ချည်းရှု။ အပျက်တွေ့ အပျက်ချည်းရှု။ ရှုသာရှုနေလို့ဆိုတော့ “ဧဝ မေတံ ယထာဘူတံ သမ္မပ္ပညာယ ဒဋ္ဌဗ္ဗံ၊ ဧဝံ ပဿံ ဘိက္ခဝေ သုတဝါ”၊ ဘိက္ခဝေ=ရဟန်းတို့၊ ဧဝံ=ဤသို့၊ ပဿံ=ဖြစ် ပျက်ကို မြင်သည်ရှိသော်၊ နိဗ္ဗိန္ဒတိ=ငြီးငွေ့လာလိမ့်မယ်ကွ ဘုရားစကားပဲ၊ ငြီးငွေ့လာလိမ့်မယ်၊ မငြီးငွေ့ဘူးလား (ငြီးငွေ့ပါတယ် ဘုရား)။
ဒါ ငြီးငွေ့တဲ့ဉာဏ် မဖြစ်ပေဘူးလား (ဖြစ်ပါတယ်ဘုရား)၊ ဖြစ်ပေမယ့် ငါးပါးရှိသေးတယ်၊ ရှေ့လည်း ငါးပါး ပဲ သဘောကျပြီလား၊ ငါးပါးချင်း တူသေးရဲ့လား၊ ခုနက ငါးပါးနဲ့ (မတူတော့ပါ)၊ တူရဲ့လား၊ ခုနက ငါးပါးက ဖြစ် ပျက်သာ မြင်တယ်၊ အခုငါးပါးက ဖြစ်ပျက်ကို ရွံမုန်းလာတယ်။ ဒီဉာဏ်ချင်းတူရဲ့လား (မတူပါ)၊ ဒီထဲမှာပါတဲ့ သမ္မာ ဒိဋ္ဌိချင်း တူသေးရဲ့လား (မတူပါ)၊ မူလသမ္မာဒိဋ္ဌိက ယထာဘူတဉာဏ်၊ ဒုတိယသမ္မာဒိဋ္ဌိက နိဗ္ဗိန္ဒဉာဏ်။ အင်မတန် ခြားနားသွားတယ်။ မခြားနားဘူးလား (ခြားနားပါတယ် ဘုရား)၊ ခြားနားသွားပါပြီတဲ့။
ကိလေသာပါးလို့ ခြားနားတာ
ကဲ ဒါဖြင့် ဒီလိုခြားနားတာ ဒါ ဘာဖြစ်လို့ ဒီဉာဏ်ပြောင်းသွားပါလိမ့်မတုံးလို့ ကိုထွန်းရင် မေးလိမ့် မယ်။ ဘယ့်နှယ်ကြောင့် ခြားနားသွားပါလိမ့် ကိုထွန်းရင်ရေ ဦးသံဒိုင်ရေ ကိလေသာပါးလို့ ခြားနားတာ၊ ကိလေသာ ပါးလို့ ခြားနားသွားတာ၊ အဖြေမမှန်သေးဘူးလား၊ ကိလေသာပါးလို့ ဘာဖြစ်သွားသလဲ (ခြားနားတယ်)၊ ဉာဏ် ခြားနားတယ်၊ အရင်တုန်းကတော့ မုန်းတာမှ မပါသေးဘဲ၊ ရွံတာမှ မပါသေးဘဲ။ ဖြစ်ပျက်ကိုလေ (တင်ပါ)၊ အခုတော့ ဘာပါလာသလဲ၊ မုန်းတာ ရွံတာ ပါလာတယ်ဆိုတော့ သူပြေးဖို့နီးပြီ (နီးပါပြီ)။ ငြီးငွေ့ပြီ။
ဒီနေရာမှာ မလျှော့လိုက်နဲ့
အဲဒီတော့ ပြေးချင်တဲ့စိတ်ကပေါ်ဖို့ အတော်နီးသွားပြီ။ မနီးဘူးလား (နီးပါတယ်)၊ ဒါဖြင့် လွတ်ချင်တဲ့စိတ် ကျွတ်ချင်တဲ့စိတ် မနီးသေးဘူးလား (နီးပါပြီ)၊ နီးတော့ ခင်ဗျားတို့ အထက်ဉာဏ်တော့ ဒုတိယအဆင့်ဉာဏ်တော့ ရပြီ။ ဒုတိယအထက်ဉာဏ်တော့ ရပြီ။ ခင်ဗျားတို့ မလျှော့ကြနဲ့။ မလျှော့ကြနဲ့။ ဒီနေရာမှာ မူးလဲချင် လဲသွားပါစေ။ ဒီနေရာ အသက်ရှူမှားပြီးတော့ ချောက်ကျရင် ကျပါစေ။ မလျှော့လိုက်နဲ့။ ဒါ မလျှော့ရမယ့်နေရာ ဇွဲကောင်းကောင်း နဲ့ ရှုလိုက်။
ဇွဲကောင်းကောင်းနဲ့ ရှုလိုက်တဲ့အခါကျတော့ ငြီးငွေ့လျက်နဲ့ပဲ ဪ မုန်းစရာကြီး ရွံစရာကြီး မုန်းစရာ ကြီး ရွံစရာကြီး၊ မုန်းစရာကြီး ရွံစရာကြီးချည်း ရှုနေရင်း မတ္တနဲ့ မုန်းစရာ ရွံစရာဆိုတာ တခြားလား အောက်မေ့ တယ်။ ဒုက္ခသစ္စာ။ မလိုချင်စရာပါလားလို့ ဟောဒီဉာဏ်က တက်လာလိမ့်မယ်။ မတက်ပေဘူးလား (တက်ပါတယ်)။
ကိစ္စဉာဏ်နဲ့ ပိုင်းခြားပါပြီ
အဲ သစ္စာကို ပရိညေယျနဲ့ ကိစ္စဉာဏ်နဲ့ ပိုင်းခြားပါပြီတဲ့။ ကိစ္စဉာဏ်နဲ့ ပိုင်းခြားပါပြီ။ သစ္စဉာဏ်နဲ့ ပိုင်း ခြားပါပြီ၊ ပိုင်းခြားလို့ သစ္စဉာဏ်လည်း တက်လာပါရော၊ မဂ္ဂင် (၈) ပါးပြည့်ပြီး ဒီက ခင်ဗျားတို့ ဝေဒနာက္ခန္ဓာ ဝိညာ ဏက္ခန္ဓာတွေ အကုန်ပျောက်ပါလိမ့်မယ် ထိုအခါ သစ္စာလို့ ခင်ဗျားတို့ဉာဏ်ထဲမှာလည်း ဒီဉာဏ်က အမှန်ထုတ် လိမ့်မယ်၊ ဒီကခန္ဓာ ပျောက်ရမယ်။ သဘောကျပြီလား၊ ရှုနေရင်းနဲ့ ခန္ဓာ ဘာဖြစ်သွားသလဲ (ပျောက်သွားပါတယ်)၊ ဘာဖြစ်လို့ ပျောက်သွားသလဲ ခင်ဗျားတို့ ပျက်နေတာက ဒီနေရာမှာ ဒိဋ္ဌိနဲ့ဝိစိကိစ္ဆာ သီလဗ္ဗတပရာမာသ မနေ့ ညနေက ဟောတဲ့တရားမှာ ပါသားပဲ။ သူတို့သုံးခု ချုပ်သွားတော့ သူတို့နောက်က လိုက်တဲ့ခန္ဓာ ပျောက်သွားတယ်။
ခန္ဓာပျောက်သွားတော့ “ခန္ဓနိရောဓော နိဗ္ဗာနံ” ဖြစ်တယ်။ ခန္ဓ နိရောဓော=ခန္ဓာ၏ ချုပ်ငြိမ်းမှုကို၊ နိဗ္ဗာနံ = နိဗ္ဗာန်တည်းဆို တဲ့၊ တဏှာ နိရောဓော=တဏှာ၏ ချုပ်ငြိမ်းမှုသည်၊ နိဗ္ဗာနံ=နိဗ္ဗာန်တည်းဆို တဲ့၊ ဒိဋ္ဌိ ဝိစိကိစ္ဆာ သီလဗ္ဗတပရာမာသက မလာဘဲနဲ့ ချုပ်တယ်။ မချုပ်ဘူးလား။ လာပြီး ချုပ်တာလား၊ မလာဘဲနဲ့ ချုပ်တာလား (မလာဘဲနဲ့ ချုပ်ပါတယ် ဘုရား)။
သူကတော့ ရှိရာက ပျောက်တယ်။ သူက မရှိရာက ပျောက်တယ်။ ဒီဘက်က ခန္ဓာကတော့ ဘာတုံး (ရှိရာက ပျောက်ပါတယ်)၊ ဒီဘက်ကတော့ရော (မရှိရာက ပျောက်ပါတယ်)၊ အေး ရှိရာပျောက်နဲ့ မရှိရာပျောက် တစ်ချက် တည်းပဲ။ ဒီဘက်က ရှိပြီးပျောက်တယ်။
ဒီဘက်က မလာဘဲနဲ့ ပျောက်တယ်။ ကဲ ဒါဖြင့် သူက နိရောဓသစ္စာ။ ဒီပျောက်သွားတာက ခန္ဓနိရောဓသစ္စာ။ သူက မဂ္ဂသစ္စာ၊ သူက သမုဒယ ချုပ်တယ်။ မချုပ်ပေဘူးလား (ချုပ်ပါတယ် ဘုရား)။
တဏှာ ဥပါဒါန်နဲ့ ဒိဋ္ဌိ ဝိစိကိစ္ဆာ သီလဗ္ဗတပရာမာသ ဒီဘက်က မချုပ်ပေဘူးလား ချုပ်တော့ ဒီဘက် မှာ အပါယ်လေးပါးတည်းဟူသော ကျုပ်တို့ သွားရာနယ်ကြီး ပျောက်သွားတာက နိရောဓသစ္စာ၊ သေမှရောက်မယ်။
နိရောဓက ဘယ်နှစ်ချက်ပါသလဲ
ဒါဖြင့် နိရောဓက ဘယ်နှစ်ချက်ပါသလဲ။ ခန္ဓနိရောဓ အပါယ်လေးပါး နိရောဓ သူက တစ်ပြိုင်နက် ချုပ်တာ ကိုး။ ခန္ဓနိရောဓ ချုပ်ရင် အပါယ်လေးပါး နိရောဓလည်း တစ်ပြိုင်တည်း ချုပ်တယ်။ တဏှာနိရောဓလည်း တစ်ပြိုင် နက် ချုပ်တယ်။ သဘောကျပြီလား။ ဒါဖြင့် မဂ်သတ္တိ ဘယ်လောက်ဖြတ်သတုံး လို့ မေးဖို့မလိုတော့ဘူး။
လိုသေးသလား (မလိုပါ)၊ ဒီဒုက္ခ ချုပ်အောင် ကျင့်နိုင်တဲ့ဉာဏ်လည်း သူပဲ သမ္မာဒိဋ္ဌိပဲ။ ဒီကိလေသာတွေ မလာဘဲနဲ့ နောက်မလာအောင် တန်းနေတာလည်း သူပဲ။ အပါယ်လေးပါးမှာ ငရဲအိုး ငရဲမီး သိမ်းတာလည်းသူပဲ။ မဆိုနိုင်ဘူးလား။ အဲဒါကြောင့် ဉာဏ်သုံးဉာဏ်နဲ့ ခင်ဗျားတို့ တက်ကြပါ။ တက်သွားပါ။ ဖြစ်ပျက်မြင်ရင် ဘာဉာဏ် ခေါ်မယ် (ယထာဘူတဉာဏ်)၊ ဖြစ်ပျက်မုန်းရင် (နိဗ္ဗိန္ဒဉာဏ်ပါ)၊ ဖြစ်ပျက်တွေ ဆုံးသွားရင် (မဂ်ဉာဏ်ပါ)၊ မဂ်ဉာဏ် ဉာဏ်ချည်းပဲ။
ဒီဉာဏ်သုံးဉာဏ်
ပြန်ပြောလိုက်မယ်။ ဖြစ်ပျက်မြင်ရင် ဒီဉာဏ် ဘာဉာဏ်ခေါ်မယ် (ယထာဘူတဉာဏ်)၊ ဒီဖြစ်ပျက်တွေကို သူ မုန်းလာလို့ရှိရင် ဒီဉာဏ် ဘာဉာဏ်ခေါ်မယ် (နိဗ္ဗိန္ဒဉာဏ်ပါ)၊ ဒီဖြစ်ပျက်တွေဆုံးသွားတော့ ဒီမဂ္ဂင်ရှစ်ပါးပြည့်သွား တော့ ဒီအထဲမှာ သမ္မာဒိဋ္ဌိမဂ္ဂင် ခေါင်းဆောင်နေတဲ့ ဒီဉာဏ် ဘာဉာဏ်ခေါ်မတုံး၊ ပြန်ပြော တစ်ခေါက်ဖွင့်ကြည့်ရ မှာ။ ခင်ဗျားတို့နောက်ကဟာကို (တင်ပါ)။
ဖြစ်ပျက်မြင်ရင် ဘာဉာဏ်တုံး (ယထာဘူတဉာဏ်ပါ)၊ ယထာဘူတဉာဏ်။ ဒီဖြစ်ပျက်တွေ မုန်းသွားပြီ ခင်ဗျား တို့ ရှုရင်းမတ္တနဲ့ (နိဗ္ဗိန္ဒဉာဏ်ပါ)၊ ဖြစ်ပျက်တွေ ဆုံးသွားလို့ မြင်တဲ့ဉာဏ်ရော (မဂ်ဉာဏ်ပါ)၊ ဒီဉာဏ်သုံးဉာဏ်သာလျှင် ဘုရားအဆူဆူ မစွန့်တဲ့ ဉာဏ်သုံးခု။ ပေါ်ပြီလား၊ ရှင်းပြီလား။
ကဲ ဒါဖြင့် ဒါက ဘာပြတာတုံးဆိုတော့ အလုပ်ခွင်ကို ပြတာ၊ ခုနက ဝတ္ထုကို အဆုံးသတ်လိုက်မယ်။ လူဟာ လူ့သံယောဇဉ် မစွန့်ဘဲနဲ့ ဒုက္ခအဆုံး ရောက်ပါ့မလားလို့ ဝစ္ဆပရိဗိုဇ်က ဘုရားကို မေးပါတယ်။ ဘုရားက ဘယ့်နှယ်ဖြေသလဲ။ ကျုပ်တို့ရော ရောက်တဲ့နည်း ဘုရားဟောအတိုင်း ပြောတယ်။ ရောက်ပြီလား (ရောက်ပါတယ် ဘုရား)၊ အလုပ်သာ လုပ်နေ။ လူ့သံယောဇဉ်က မလာဘူး။ မလာရင် ရမှာပဲ။ မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ်)။
ကောင်းပြီ ဒါခွဲပြီး မှတ်တတ်ပြီလား။ လူဟာ လူ့သံယောဇဉ် မစွန့်ဘူးဆိုတာဟာ အလုပ်မလုပ်တဲ့ ပုဂ္ဂိုလ်ကို ဆိုပါတယ်။ ဟုတ်ပြီလား။ လူ့သံယောဇဉ် စွန့်တဲ့ပုဂ္ဂိုလ်ဟာ အလုပ်လုပ်တဲ့ပုဂ္ဂိုလ်ကို ဆိုပါတယ်။ အလုပ် လုပ်နေရင် ဒါဟာ သံယောဇဉ်စွန့်နေတာပဲ။ ရှင်းပြီလား။ အလုပ်လုပ်နေရင် ဖြစ်ပျက်ရှုနေရင် (စွန့်နေတာပါပဲ ဘုရား)။ တောထွက်မှ မဟုတ်ပါဘူး။
ဘုံခုနစ်ဆင့်ပေါ်ကလည်း နိဗ္ဗာန်ရောက်နိုင်ပါတယ်။ ကိုယ့်စိတ်ကို ကိုယ်မနိုင်ရင်တော့ ဒီဘုံထဲမှာ နေလို့ရှိရင် ဒီအရှုပ်လွတ်မှာ မဟုတ်ဘူးဆိုတော့ ပြေးသွားလေ၊ ဝေးလေကောင်းလေ အဲဒီကျတော့ ရှင်းပြီနော်။
သုဂတိရောက်နိုင်ပါ့မလား
ဒါဖြင့် လူဟာ လူ့သံယောဇဉ် မစွန့်ဘဲနဲ့ သုဂတိရောက်နိုင်ပါ့မလား။ ဒုတိယမေးခွန်းကလေး မေးဦး မယ်။ လူဟာ လူ့သံယောဇဉ် မစွန့်ဘဲနှင့် သုဂတိ ရောက်နိုင်ပါ့မလား လို့ ဂေါတမဘုရားကို ဝစ္ဆပရိဗိုဇ်က မေး တယ်။ ဘုရားက ရောက်နိုင်တယ်ကွ တစ်ရာတစ်ထောင် တစ်သိန်းမကဘူး။ ဒါန သီလတွေကျတော့ သံယောဇဉ် မစွန့်ပေမယ့်လည်း ရတာပဲ။ ဒုက္ခချုပ်ငြိမ်းတဲ့ နိဗ္ဗာန်ကိုတော့ သံယောဇဉ်စွန့်မှပဲ ရမယ် တဲ့။ ရှင်းပြီလား။
လူဟာ လူ့သံယောဇဉ် မစွန့်ဘဲနဲ့ သုဂတိနတ်ပြည်ကို ရနိုင်ပါ့မလားဆိုတော့ ရနိုင်တယ်။ ဒီသားနဲ့ ဒီသမီးနဲ့ ဒီမြေးနဲ့ ဒီနိဗ္ဗာန် ရောက်ရပါလို၏လို့ ဆုတောင်းတယ်။ ခင်ဗျားတို့ တောင်းသာတောင်းနေကြတယ်။ သံယော ဇဉ်နဲ့ တောင်းလို့တော့ ရမှာမဟုတ်ဘူး။ ရနိုင်ပါ့မလား (မရနိုင်ပါ ဘုရား)။
မရနိုင်ဘူး။ သံယောဇဉ် ပါနေလို့ဆိုတာ ရှင်းပြီမဟုတ်ဘူးလား (ရှင်းပါပြီ)၊ သုဂတိတော့ ဒီသား ဒီသမီးနဲ့ အတူတူ ရောက်ရပါလို၏။ ဟောဒီဆွမ်းတော်ပွဲ ဟောဒီကွမ်းတော်ပွဲနဲ့ဆို ရောက်တယ်၊ သံယောဇဉ်နဲ့ကို ရောက်တယ်၊ မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။
ဒါဖြင့် အဖြေနှစ်ခု ရှင်းပြီလား လူဟာ လူသံယောဇဉ် မစွန့်ဘဲနဲ့ နိဗ္ဗာန်ရောက်ရဲ့လား (မရောက်ပါ ဘုရား)၊ လူဟာ လူသံယောဇဉ် မစွန့်ဘဲနဲ့ သုဂတိဘက်ကို ရပါ့မလား (ရပါတယ်)၊ ရှင်းပြီနော် ၊ လူဟာ လူ့သံယော ဇဉ် မစွန့်ဘဲနဲ့ နိဗ္ဗာန်တော့ မရနိုင်ဘူး တိုတိုဖြေလိုက်။ လူဟာ လူ့သံယောဇဉ် မစွန့်ဘဲနဲ့ သုဂတိတော့ ရောက် နိုင်တယ် (ရောက်နိုင်ပါတယ်)၊ နှစ်ချက်ပြေသွားပြီ မဟုတ်လား (ပြေသွားပါပြီ)၊ အလုပ်စခန်းနဲ့ရော ကိုက်ရဲ့လား (ကိုက်ပါတယ် ဘုရား)။
မိစ္ဆာဒိဋ္ဌိရှိတဲ့ ပုဂ္ဂိုလ်များ နိဗ္ဗာန်ရောက်နိုင်ပါ့မလား
တစ်ခါ နှစ်ချက် ထပ်မေးတယ် ပရိဗိုဇ်က။ မိစ္ဆာဒိဋ္ဌိရှိတဲ့ ပုဂ္ဂိုလ်များ နိဗ္ဗာန်ရောက်နိုင်ပါ့မလား မေးပြန်တယ်။ (အာဇီဝကလို့ တစ်ခုက မေးတယ်)၊ အာဇီဝကပုဂ္ဂိုလ်များဟာ နိဗ္ဗာန်ရောက်နိုင်ပါ့မလား ၊ ငါဟာ တဲ့ ကမ္ဘာ တစ်သိန်းတိုင်တိုင် ငါ ခုနက မင်းပြောခဲ့တဲ့ ပုဗ္ဗေနိဝါသာနုဿတိဉာဏ်နဲ့ ကြည့်လိုက်တယ်။ အာဇီဝကတွေ ဒိဋ္ဌိတွေ နဲ့ ပုဂ္ဂိုလ်တွေ နိဗ္ဗာန်ရောက်သလား၊ မရောက်ဘူးလားလို့ ငါကြည့်လိုက်တာ တစ်ယောက်မှ မရောက်ဘူးကွ။ ဒိဋ္ဌိရှိရင် တော့ ရကိုမရဘူး။ ပေါ်ပြီလား (ပေါ်ပါပြီ)။
ဒိဋ္ဌိရှိလျက်နဲ့ နိဗ္ဗာန်ရောက်ပါ့မလား (မရောက်ပါ ဘုရား)။ ကမ္ဘာတစ်သိန်း ငါလှမ်းကြည့်တယ်တဲ့။ မမြင်ဘူး ကွ တဲ့။ တစ်ယောက်မှ မရောက်ဘူး တဲ့။ ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။
သုဂတိရောက်ပါ့မလား
အဲဒီတိတ္ထိ၊ အာဇီဝကတိတ္ထိတွေဟာ တဲ့၊ ဒါဖြင့် ဘုရား တဲ့၊ သူတို့သံယောဇဉ်မဖြတ်ဘဲနဲ့ အဲဒီအာဇီဝက ဒိဋ္ဌိရှိတဲ့ ပုဂ္ဂိုလ်များရော သုဂတိရောက်ပါ့မလားလို့ မေးပြန်တယ် (တင်ပါ)၊ သုဂတိမေးပြန်တယ် ဝစ္ဆပရိဗိုဇ်က။ တစ်ယောက်တည်း ရောက်တာ ငါမြင်တယ် တဲ့။ ကျန်တဲ့ပုဂ္ဂိုလ်တွေ ဘယ်သူ့မှ ငါမမြင်ဘူး။ တစ်ယောက်တည်း သာ ရောက်ဖူးတယ်။ တစ်ယောက်က ငါဟာ အာဇီဝက ဖြစ်တယ်။ ဘုရားကိုယ်တိုင် အရင်က အာဇီဝက အယူ ယူခဲ့တယ်။ သို့သော်လည်း ကောင်းတာလုပ်လို့ ကောင်းကျိုးပေးတယ်။ ငါသိတယ်။
အဲဒါ ကမ္မဝါဒီ ကိရိယဝါဒီအဖြစ်နဲ့ ငါ အဲဒီအချိန်တုန်းက တိတ္ထိဖြစ်ခဲ့တယ်။ ကံယုံနေတဲ့ပုဂ္ဂိုလ်ပေါ့ဗျာ။ ကိရိယာပြုပြင်ရတယ်ဆိုပြီးသကာလ ကိရိယဝါဒီလုပ်တော့ အဲဒီငါတစ်ယောက်ပဲ ဖြစ်တယ်။ အဲဒီအယူကို မစွန့်ဘဲနဲ့ ကံတွေ သိပ်လုပ်၊ ပြုကောင်းတာတွေ ငါလျှောက်ပြီး ပြုခဲ့တယ်။ အဲဒါ ငါ သုဂတိ ရောက်ခဲ့တယ်။ ဒီတစ်ယောက်ပဲ တွေ့ဖူးတယ်။
ဒါ သူ့ကိုယ်သူ ပြောသွားတာ။ ဘုရားကိုယ်တိုင် အာဇီဝကဒိဋ္ဌိ ဖြစ်ခဲ့တယ်။ ကမ္မဝါဒီတိတ္ထိ ဖြစ်ခဲ့တယ်။ ကိရိယဝါဒီတိတ္ထိ ဖြစ်ခဲ့တယ် (ကံပဲ)၊ ကံပဲ မှတ်ထား။ ဘာလုပ်တဲ့ကံလဲ။
ကမ္မဝါဒီ ကိရိယဝါဒီပုဂ္ဂိုလ် ငါဖြစ်ခဲ့တယ်၊ အဲဒီတစ်ယောက်သာ သုဂတိရောက်ဖူးတယ်။ ကျန်တဲ့ အာဇီဝက ပုဂ္ဂိုလ်တစ်ယောက်မှ မရောက်ဘူးကွ တဲ့။ ဒီတစ်ယောက်ပဲ ရောက်ဖူးတယ်။ ကမ္ဘာတစ်သိန်း လှမ်းကြည့်တာတဲ့။ ဒါကြောင့် တိတ္ထိတွေဟာ နိဗ္ဗာန်ရောက်ဖို့ အသာထား၊ သုဂတိတောင် မရောက်နိုင်ဘူးတဲ့၊ ရှင်းပြီလား သဘော ပါပြီလား။
ကဲ နာရီစေ့ပြီ။ ယနေ့ ဒီတွင်ပဲ ရပ်လိုက်ကြစို့။
သာဓု သာဓု သာဓု ။