အဝိဇ္ဇာသင်္ခါရ တရားတော်
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
အမရပူရမြို့၊ မင်္ဂလာရိပ်သာဓမ္မာရုံကြီးတွင်
ဟောကြားဆုံးမတော်မူသော
အဝိဇ္ဇာသင်္ခါရ တရားတော်
(၁၈-၁၁-၆၀)
အဝိဇ္ဇာမရှိဘဲနဲ့တော့ သင်္ခါရ ပေါ်မလာဘူး
လူဆိုတာ ဘုရားပဲဖြစ်ဖြစ် ၊ ခင်ဗျားတို့ ကျုပ်တို့ပဲ ဖြစ်ဖြစ် နောက်ဘဝက အဝိဇ္ဇာမရှိဘဲနဲ့တော့ သင်္ခါရ ပေါ်မလာဘူး။ အဝိဇ္ဇာသင်္ခါရကြောင့် ခန္ဓာငါးပါးဖြစ်တယ်ဆိုတာဟာ ပုဂ္ဂိုလ်သတ္တဝါတိုင်းလို့ မှတ်ရမယ်။ ပဉ္စဝေါကာရ ပုဂ္ဂိုလ်မှန်ခဲ့လို့ရှိရင် အဝိဇ္ဇာ သင်္ခါရကြောင့် ခန္ဓာငါးပါး “ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ”ဖြစ်တယ်။ (တင်ပါ)။
သာမန်ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာတို့ “သဏ္ဌာန”တို့ ဖြစ်တော့ ငါးပါး တစ်ပြိုင်နက် ဖြစ်တယ် (တင်ပါဘုရား)။ အဘိဓမ္မာနည်းနဲ့တော့ ငါးပါးတစ်ပြိုင်တည်းဖြစ်တယ် (မှန်ပါ)၊ ဟိုကတော့ သုတ္တန်မို့လို့ တန်းပြီးဟောရတယ်။ သုတ္တန်ဆိုတော့ တံမျဉ်းကြိုးပဲ။ တံမျဉ်းကြိုးနဲ့ ပန်းကုံးသလို ကုံးပြီးတော့ တန်းပြတယ် (တင်ပါ)။
ခန္ဓာငါးပါး တစ်ပြိုင်နက်တည်း ရောက်တယ်
စင်စစ် ဖြစ်စဉ်ကတော့ ဦးသံဒိုင် အမိဝမ်းထဲ ရောက်လာတာဟာ နာမ်က အလျင်ရောက်သလား၊ ရုပ်က အလျင်ရောက်သလား မေးဖို့မလိုဘူး။ ခန္ဓာငါးပါး တစ်ပြိုင်နက်တည်း ရောက်တယ်။ ကာယဘာဝ ဝတ္ထုကလာပ်နဲ့ ဝိညာဏ် နာမ်ရုပ်ပေါင်းပြီးတော့ ပဋိသန္ဓေစိတ်ရတယ်၊ သူနဲ့ယှဉ်ဖော်ယှဉ်ဖက် စေတသိက်ရယ်ဆိုတော့ နာမက္ခန္ဓာ လေးပါး မပြည့်ဘူးလား။ ကာယဘာဝ ဝတ္ထုကလာပ်သုံးစည်းနဲ့ ထည့်လိုက်တော့ ရုပ်ဖြစ်လာတယ်။ ဒါဟာ ခန္ဓာငါးပါး ပဋိသန္ဓေနေတယ်။
ကောင်းပြီ ဒါဖြင့် ဒီလိုသွားကြစို့။ နောက်ဘဝက သစ္စာလေးပါး မသိတဲ့အတွက် အဝိဇ္ဇာ၊ နောက်ဘဝက ခင်ဗျားတို့ သစ္စာလေးပါးကို မသိခဲ့ဘူး။ နောက်ဘဝတွေက သိခဲ့ရင် နောက်ဘဝတွေကပဲ ကိစ္စပြီးကြမှာပဲ။ နောက်ဘဝ တွေက သိခဲ့တယ်လို့ ဆိုမလား မသိခဲ့ဘူးဆိုမလား သစ္စာလေးပါးကို (မသိခဲ့လို့ပါ)။ မသိခဲ့တာက အဝိဇ္ဇာ၊ နောက်ဘဝက အဝိဇ္ဇာမသိတော့ မောင်ထွန်းရင်ရော၊ ဦးသံဒိုင်ရော ရမ်းလုပ်တယ်။ ဖြစ်ချင်တာ ဖြစ်ကွဆိုတော့ ကုသိုလ်လည်း အရမ်းကုသိုလ်ပဲ ခင်ဗျားတို့ လုပ်ခဲ့တယ်။ အကုသိုလ်ဆိုတဲ့ ဆုတောင်းပတ္ထနာတွေကိုလည်း တောင်းခဲ့ကြတယ်။ လူဖြစ်ရ ပါလို၏လို့ တောင်းခဲ့တယ်။
ဒါဖြင့် မသိမှု အဝိဇ္ဇာကြောင့် ပြုချင်သလို ပြုခဲ့တဲ့ ကုသိုလ်သင်္ခါရ၊ တောင်းချင်သလို တောင်းတဲ့ အကုသိုလ်သင်္ခါရ၊ ဒါကြောင့် ခင်ဗျားတို့ ဒီခန္ဓာငါးပါးရတယ်။ သဘောကျရဲ့လား (ကျပါတယ်ဘုရား)။
အဝိဇ္ဇာနဲ့ သင်္ခါရ ပေါင်းစုပြီးလုပ်ထားတာ
ဪ တို့ခန္ဓာငါးပါးဟာ ဘယ်သူတည်ထောင်လိုက်တာပါလိမ့်မတုံး လို့ ခင်ဗျားတို့က ဘာမှတွေးတော မနေနဲ့။ ဘယ်သိကြား၊ ဘယ်ဗြဟ္မာ ဘယ်သူမှဖန်ဆင်းတာ မဟုတ်ဘူး။ အဝိဇ္ဇာနဲ့ သင်္ခါရ ပေါင်းစုပြီးလုပ်ထားတာ။ မောင်ထွန်းရင် ကျေနပ်ပြီလား (တင်ပါ)။ အဝိဇ္ဇာ သင်္ခါရကြောင့် ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ ဖြစ်တယ်။ ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာဆိုတာ တစ်ပေါင်းတည်းဖြစ်တယ် (တင်ပါ့ဘုရား)။
ဒါကြောင့် ‘အဝိဇ္ဇာက အဖ၊ တဏှာက အမိ” လို့ ဓမ္မပဒမှာ သေသေချာချာပါတယ်။ အဝိဇ္ဇာက အဖေနဲ့ တူတယ်။ တဏှာက အချော့ကောင်းတော့ အမိနဲ့တူတယ်။ ရောက်ရာဘဝ အပျော်ခိုင်းတာပဲ။ အခု လူ့ဘဝတွင် ကိုယ့်သားနဲ့၊ ကိုယ့်မယားနဲ့၊ ကိုယ့်စည်းစိမ်နဲ့၊ ကိုယ့်တိုက်ကိုယ့်တာ၊ ကိုယ့်ကားကလေးနဲ့ မပျော်ဘူးလား။ တော်သေးရဲ့ ဆိုတာ လာမယ်။ တော်သေးရဲ့လို့ ပြောကြမယ်။ သူများနဲ့စာရင် တော်သေးရဲ့မသုံးကြဘူးလား၊ တော်သေးရဲ့ဆိုတာ ခင်ဗျားတို့က ဘာထင်သလဲ ၊ ရောက်ရာဘဝမှာ ပျော်တာပဲ။ ရိပ်မိပြီလား ရောက်ရာဘဝမှာ ပျော်တာပဲ။
တော်သေးရဲ့လို့ ထင်တာပဲ
ခင်ဗျားတို့ ကျုပ်တို့ ငယ်ငယ်က လန်ချားဆွဲနေတဲ့ ရန်ကုန်ပြေးနေတဲ့ ကုလားတွေကလည်း တော်သေးရဲ့လို့ ထင်တာပဲ။ အိန္ဒိယနဲ့စာရင် တော်သေးရဲ့၊ ဟိုမှာ တစ်နေ့မှ ခြောက်ပြား၊ ဒီမှာ တစ်ကျပ်လောက်ရတော့ တော်သေးရဲ့လို့ ထင်တာပဲ။ တော်သာတော်တယ် နေပူကျဲကျဲ ကတ္တရာစေးပူပေါ်မှာ ပြေးရတယ်။ သဘောကျပြီလား။
ဒါကြောင့် တဏှာဟာ အမိနဲ့တူတယ်၊ ရောက်ရာဘဝမှာ ခင်ဗျားတို့ ခန္ဓာငါးပါးချော့ထားတယ်။ ဒါဖြင့် ခင်ဗျားတို့သည် ဘယ်ကလာခဲ့သတုံး မေးခဲ့လို့ရှိရင် အဝိဇ္ဇာသင်္ခါရကြောင့် တပည့်တော်တို့ ခန္ဓာငါးပါး ရပါတယ်ဘုရားလို့ ဖြေရုံပဲရှိတယ် (တင်ပါ)။ သဘောကျပြီလား (သဘောကျပါပြီဘုရား)။
ဒါဖြင့် လူမိုက်လည်း အဝိဇ္ဇာသင်္ခါရကြောင့် ခန္ဓာငါးပါးရတယ်။ သွားလိုက်။ ဘုရားက သံယုတ်ပါဠိတော်မှာ လူလိမ္မာလည်းပဲကွာ တဲ့။ အဝိဇ္ဇာသင်္ခါရကြောင့် ခန္ဓာငါးပါးရတယ်။ ဒီဘက်တန်းနဲ့ ဒီဘက်တန်းမှာ ခန္ဓာငါးပါးရတာ ထူးကြရဲ့လား (မထူးပါဘုရား)။ မထူးဘူးဆိုတာ သေချာပြီနော်။ ကဲ ဒီဘက်က လူလိမ္မာ၊ လူလိမ္မာလည်း ခန္ဓာငါးပါး။ ဒီဘက်က လူမိုက်လည်း ခန္ဓာငါးပါး။ လာပုံမှာ အတူတူပါပဲ။ မောင်ထွန်းရင် လာပုံ (တင်ပါ)၊ လာကြတာ အတူတူ လာကြတယ်။
လူလိမ္မာ၊ လူလိမ္မာ
အဲဒီတော့ ရဟန်းတို့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက နိဒါနဝဂ္ဂသံယုတ်ပါဠိတော်မှာ လူမိုက်လည်း အဝိဇ္ဇာသင်္ခါရကြောင့် ခန္ဓာငါးပါး ဖြစ်လာတာပဲကွ။ လူလိမ္မာလည်း အဝိဇ္ဇာသင်္ခါရကြောင့် ခန္ဓာငါးပါး ဖြစ်တာပဲ။ ဘာများ ထူးသတုံးကွ။ မင်းတို့ပြောကြစမ်း။ ဘုရားက ရဟန်းတွေကို မေးတယ်။
တပည့်တော်များတော့ မဖြေနိုင်ပါဘူးဘုရား။ မဖြေနိုင်တာလည်း တခြားကြောင့် မဟုတ်ပါဘူး။ ကဿပ ဘုရားလက်ထက် ကဿပဘုရား ပရိနိဗ္ဗာန်စံသွားတော့ တရားစစ်စစ်ကို ရှာမတွေ့ပါဘူး။ ဘုရားလည်းပျောက်၊ တရားလည်းပျောက်သွားပါတယ်။ အဲဒီတော့ အခုမှ အရှင်ဘုရားက လူလိမ္မာလည်း အဝိဇ္ဇာသင်္ခါရကြောင့် ခန္ဓာငါးပါး ဖြစ်တယ်။ လူမိုက်လည်း အဝိဇ္ဇာသင်္ခါရကြောင့် ခန္ဓာငါးပါးဖြစ်တယ်ဆိုတော့ အတူတူဖြစ်နေတော့ ဒါဟာ ဘာထူးသတုံး မေးလို့ရှိရင် တပည့်တော်များ တရားပျောက်တာကို ရှာတာမှာ ဘယ်ကစလို့ ဘယ်မှာဆုံးရမှန်း မသိပါဘူးဘုရား။ အရှင်ဘုရားပဲ ဖြေတော်မူပါလို့ လျှောက်ထားကြတယ်။ သဘောကျသလား။
ယခု ခင်ဗျားတို့ မထူးပုံ သေချာပြီ မဟုတ်လား။ ဒီဘက်က လူလိမ္မာမှာလည်း အဝိဇ္ဇာသင်္ခါရကြောင့် ဘာဖြစ် သလဲ (ခန္ဓာနာမ်ရုပ်ပါဘုရား)၊ လူမိုက်မှာရော (ခန္ဓာနာမ်ရုပ်ပါ)၊ အဝိဇ္ဇာသင်္ခါရကြောင့် “အဝိဇ္ဇာ ပစ္စယာ သင်္ခါရာ၊ သင်္ခါရ ပစ္စယာ ဝိညာဏံ၊ ဝိညာဏ ပစ္စယာ ဝေဒနာ” ဝေဒနာကျတော့ ခန္ဓာက ဆုံးတယ်၊ ရှင်းပြီလား။ ထူးတယ်ကွ၊ ဘုရားက ထူးတယ် ကွတဲ့။
လူမိုက်က အဝိဇ္ဇာ ပစ္စယာ သင်္ခါရာ၊ သင်္ခါရ ပစ္စယာ ပဉ္စက္ခန္ဓာနော်၊ ပဉ္စက္ခန္ဓာပဲ လုပ်လိုက်တော့။ အဝိဇ္ဇာ ပစ္စယာ သင်္ခါရာ၊ သင်္ခါရ ပစ္စယာ ပဉ္စက္ခန္ဓာ။ လူမိုက်မှာလည်း ဒီလမ်း ဒီလမ်းနဲ့ ဒီစခန်းဆုံးတယ်။ ဒီမှာ သွားပေါ်ကြတယ်။ လူလိမ္မာမှာလည်း ထို့အတူ ပေါ်ကြတာပဲ တဲ့။ ဘာထူးသတုံး ကွ။ ရဟန်းတွေ အကုန်မှိုင်နေတယ်။ ဖြေကို မဖြေနိုင်ဘူး (ရဟန္တာတွေရောဘုရား)၊ ဘယ်ကလာ ဖြေနိုင်လိမ့်မလဲ တဲ့။
ရဟန္တာဆိုတာ ဘုရားဟောလို့ ရဟန္တာဖြစ်ရတာ အချို့ ပဋိသမ္ဘိဒါပတ္တ။ အချို့ ရိုးရိုးပဲကျင့်တယ်။ အချို့ စာမတတ်ဘူး။ မိလိန္ဒမင်းကြီးမေးတော့ ထွက်ပြေးကြရတာ ကြည့်ပါလား။ ရဟန္တာတွေ စာမတတ်လို့၊ သဘောကျ ပလား။ ခင်ဗျားက ရဟန္တာလို့လာတော့ ဥပဒေပုံစံ ထုတ်လိုက်ရတယ်။ ရဟန္တာတွေ ပြေးရတယ်၊ ရှုပ်မနေနဲ့၊ သဘောကျပလား (သဘောကျပါတယ်)။
သူများပါးစပ်နဲ့ လမ်းဆုံးနေလို့ရှိရင်
(ရန်ကုန်မှာ ခေတ်စားနေတာက သူများပါးစပ်နဲ့ လမ်းဆုံးနေတာ အဲဒါ ရန်ကုန်မှာ ခေတ်စားနေတယ်)၊ အဲဒါက တိတ်ရီကော်တာတွေက ထွက်တဲ့အသံ၊ ဒီတိတ်ရီကော်ဒါတွေ မင်းတို့ သူများပါးစပ်နဲ့ လမ်းဆုံးနေလို့ရှိရင် ဝါဂွမ်းဖြစ်လိမ့်မယ် (တပည့်တော်တို့ ပြောပြောပြီး ရယ်လိုက်ရတာ)၊ သန်းမောင်တို့၊ သိန်းမောင်တို့ အချို့တပည့်ကြီးတွေ ဟိုလာလုပ်တာပေါ့ (တင်ပါဘုရား)။
ကဲကွာ မင်းတို့ သေသေချာချာနာကြပါ။ ငါရှင်းပြပါ့မယ်၊ လူမိုက်လာပုံနဲ့ လူလိမ္မာလာပုံဟာ လာပုံသာ တူငြားသော်လည်း သွားပုံမှာ ထူးခြားတယ်၊ ဟောပုံက အလာတူကြပြီး အသွားထူးတယ်၊ ဟော အလာတူပြီး အသွားထူးတယ်၊ အလာတော့ တူတယ်နော်၊ ပုံစံတော့ မတူပါဘူး (တင်ပါဘုရား)။
”အဝိဇ္ဇာပစ္စယာ သင်္ခါရာ၊ သင်္ခါရ ပစ္စယာ ပဉ္စက္ခန္ဓာ ” ကောင်းပြီ အခု ဘုရားက တစ်လုံးတည်း အမိန့်ရှိလိုက်တယ်။ အလာတူငြားသော်လည်းအသွားမတူဘူး၊ လူလိမ္မာနဲ့လူမိုက်၊ အလာတူငြားသော်လည်းဘာတဲ့လဲ (အသွားမတူပါဘုရား)။ သဘောကျပြီလား (တင်ပါ)၊ လူမိုက်ကတော့ကို ဒီဇာတိခန္ဓာငါးပါးကလာပြီး ဇာတိခန္ဓာငါးပါး ဘက်ကိုပဲ သွားတယ်။ မသွားပေဘူးလား။ လူလိမ္မာကတော့ ဇာတိခန္ဓာငါးပါးတော့ ပေါ်လာပါတယ်တဲ့။ ပစ္စုပ္ပန် ဘဝမှာ ပဉ္စက္ခန္ဓာတော့ ပေါ်လာပါတယ်။ သို့သော်လည်း အဇာတိဘက် သူသွားတယ် လူလိမ္မာက။ အဇာတိဆိုတာ နိဗ္ဗာန်ပေါ့ဗျာ။ သဘောကျပြီလား (တင်ပါဘုရား)။
ဒါဖြင့် လူမိုက်နဲ့ လူလိမ္မာ ဘာထူးသတုံးဆိုတော့ ဇာတိသွားတဲ့ ပုဂ္ဂိုလ်နဲ့ ဇာတိမသွားတဲ့ပုဂ္ဂိုလ် ထူးတယ်။ ခင်ဗျားတို့ ကောက်နုတ်ချက်ချပြီး မှတ်လိုက်ပါ။ လူမိုက်က ဇာတိကလာပြီး အဝိဇ္ဇာ သင်္ခါရကလာပြီး အဝိဇ္ဇာ သင်္ခါရကို ပြန်လှည့်တယ်။ သဘောကျပြီလား။ လူလိမ္မာက အဝိဇ္ဇာသင်္ခါရက လာငြားသော်လည်း အဝိဇ္ဇာသင်္ခါရလည်း သိမ်းတယ်၊ ဇာတိလည်း သိမ်းတယ်၊ မထူးဘူးလား။
ဒုက္ခဇာတ် ချုပ်သွားတာက လူလိမ္မာ
ဒါဖြင့် လူမိုက်က တစ်နှစ်သုံးကလာပြီး တစ်နှစ်သုံးကိုပဲ ပြန်လှည့်တယ်။ လူလိမ္မာက တစ်နှစ်သုံးကလာပြီး တစ်နှစ်သုံး ဇာတ်သိမ်းတယ်။ ဂဏန်းလိုပြတော့ တစ်နှစ်သုံးက လာတယ်၊ တစ်နှစ်သုံးကို ပြန်သိမ်းလိုက်တယ်။ ရှင်းပြီနော် (တင်ပါဘုရား)၊ တိုတိုမှတ်စရာက ဒုက္ခထဲက လာပြီးသကာလ ဒုက္ခဇာတ် ချုပ်သွားတာက လူလိမ္မာ။ ဒုက္ခထဲကလာပြီး ဒုက္ခထဲကို ပြန်ရောက်တာက လူမိုက်။ ဆိုထိုက် မဆိုထိုက် (ဆိုထိုက်ပါတယ်)။
ဒါဖြင့်ရင် ခင်ဗျားတို့လောကမှာ လူမိုက်နဲ့ လူလိမ္မာ လူမိုက်ကများတယ်ဆိုတာတော့ ခင်ဗျားတို့ အဖြေထွက် မယ်ဆိုတာ သေချာတယ်။ ဤဆွမ်း၊ ဤကွမ်း၊ ဤကျောင်း လှူဒါန်းမှုကြောင့် လူ့ဘုံ နတ်ဘုံ အကြိမ်ကြိမ်ခံစားမယ် ဆိုလို့ လုပ်ကြတာက လူမိုက်။ ဇာတိကလာပြီး ဇာတိသွားတယ်။ ဇာတိကလာပြီး ဘယ်သွားသလဲ၊ ဇာတိပဲသွားတယ်။ ဘယ်ဇာတိကရော သုခသစ္စာ ပါသေးသလဲ (မပါပါ) မပါဘူး။ အဲဒီတော့ သူ့ကို လူမိုက်ဆိုမလား လူလိမ္မာဆိုမလား (လူမိုက်ပါ)။
သို့သော် ခင်ဗျားတို့က ဆရာဘုန်းကြီးနဲ့လည်း ရင်းနှီးတယ်။ နားကြီးလို့ ထောင်နိုင်တာ နားမကြီးတဲ့ ပုဂ္ဂိုလ်တွေဆိုရင် ဪ တို့မှာ လှူလည်းလှူရသေးရဲ့၊ ပေးလည်းပေး၊ ကမ်းလည်းကမ်းရသေးရဲ့၊ တို့ကိုလည်း လူမိုက်လည်း အဆိုခံရသေးတယ်ဆိုရင်ဖြင့် သူ တွေးရင် ရင်ကျိုးရမှာပဲ။ မကျိုးဘူးလား (ကျိုးပါတယ်)၊ ကျိုးပင်ကျိုး ငြားသော်လည်း လူမိုက်နဲ့ လူလိမ္မာ ဘာထူးသလဲဆိုတော့ ဗာလပဏ္ဍိတသုတ်၊ နိဒါနဝဂ္ဂ ပါဠိတော်မှာ လူမိုက်က နောက် ပဋိသန္ဓေ နေတယ်ကွ (နောက်ပဋိသန္ဓေနေရတယ်)၊ လူလိမ္မာက နောက်ပဋိသန္ဓေ ဖြစ်မနေဘူးကွဆိုတော့ ပြောရမှာပဲ ဘုန်းကြီးကမပြောရင် မဖြစ်ဘူးကွ။ ခုနက စကားကို ဖြစ်ပါ့မလား (မဖြစ်ပါဘုရား)၊ မဖြစ်တော့ဘူး။
အဲဒီတော့ ခင်ဗျားတို့က ဪ တရားစစ်က ဒီလိုပါလားဆိုတာ မှတ်ရမယ်။ တရားတုက ဇာတိကို အားပေးသလား၊ မပေးဘူးလား (ပေးပါတယ်)၊ နားလည်ရဲ့လား ယခုပြောတာ (နားလည်ပါတယ်)၊ အဲဒီတော့ ခင်ဗျားတို့ သူများပါးစပ်နဲ့ လမ်းဆုံးလို့ မတော်ဘူးဆိုတာ အချို့က ဇာတိကို အကောင်းထားလွန်းအားကြီးတယ်၊ မရှိပေဘူးလား (ရှိပါတယ်ဘုရား)။
ဒုက္ခရှိလျက်နဲ့ ဒုက္ခရှာတဲ့ပုဂ္ဂိုလ်
အဲဒီပါးစပ် လမ်းဆုံးတော့ ခင်ဗျားတို့သည် ဇာတိရှိလျက်နှင့် ဇာတိရှာတဲ့ ပုဂ္ဂိုလ်တွေလို့ မဆိုထိုက် ဘူးလား (ဆိုထိုက်ပါတယ်)၊ ဒုက္ခရှိလျက်သားနဲ့ တိုတိုပြောကြပါစို့၊ ဒုက္ခရှာတယ်။ ဒုက္ခရှာတဲ့ပုဂ္ဂိုလ်က ဒုက္ခထဲက လွတ်အောင်ရှောင်မှ လူပညာရှိ။ ဒုက္ခရှိလျက်နဲ့ ဒုက္ခရှာတဲ့ပုဂ္ဂိုလ်ဟာ လူမိုက်ထဲမှာမသွင်းရင် ဘယ်သွင်းမလဲ ကိုထွန်းရင် (လူမိုက်ထဲ သွင်းရမှာပါဘုရား)၊ သွင်းရမှာပဲ။
မိုက်တာ မိုက်မှန်းမသိတဲ့လူဟာ မိုက်သည်ထက် ပိုမိုက်တယ်၊ မိုက်တာကို မိုက်မှန်း သိတဲ့လူဟာ လူလိမ္မာ။ ဓမ္မပဒမှာ မိုက်တာကို မိုက်မှန်းသိရင် (လူလိမ္မာ)။ မိုက်တာမှ မိုက်မှန်းမသိသေးဘူး၊ သူကထင်တယ်၊ ပိုမိုက်တယ်၊ ရှင်းပြီလား၊ မိုက်တာ မိုက်မှန်းမသိရင် ဘာလဲ၊ ပိုမိုက်တဲ့လူ၊ လူမိုက်တောင် မထားနဲ့၊ မိုက်သည်ထက် ပိုမိုက်တယ်။ မိုက်တာကို မိုက်မှန်းမသိဘူး၊ အဲဒီတော့ သူ့ကို ဘယ့်နှယ်ဆိုမလဲ (လူမိုက်)၊ လူမိုက်ထက် ပိုမိုက်တဲ့လူ၊ ရှင်းပြီလား (တင်ပါ)၊ မိုက်တာ မိုက်မှန်းသိလို့ရှိရင် လူလိမ္မာ၊ မိုက်တာကို မိုက်မှန်းသိတဲ့လူက (လူလိမ္မာ)။
”ယော ဗာလော မညတိ ဗာလျံ” ဓမ္မပဒမှာနော် ၊
ယောဗာလော= အကြင်လူမိုက်သည်။ ဗာလျံ=မိမိမိုက် သည်၏အဖြစ်ကို။ မ ညတိ=သိ၏။ တေန=ထို့ကြောင့်ပင်လျှင်၊ သော=ထိုပုဂ္ဂိုလ်သည်၊ ပဏ္ဍိတောဝါပိ=ပညာရှိသည်လည်း။ ဟောတိ=ဖြစ်၏ဟု ဘုရားက ဟောတယ်။ ဗာလောစ=မိုက်သည်ဖြစ်ပါလျက်။ ပဏ္ဍိတမာနီ=ငါပညာရှိ၏ဟု ထင်နေ၏။ သော=ထိုပုဂ္ဂိုလ်သည်။ ဝေ=စင်စစ်၊ ဗာလောတိ=မိုက်သည်ထက် မိုက်သော ပုဂ္ဂိုလ်ဟူ၍။ ဝုစ္စတိ=ဆိုအပ်၏ဟု။ အဟံ=ငါဘုရားသည်။ ဝဒါမိ=ဟော၏။ ရှင်းပြီလား။
မိုက်သည်ထက် ပိုမိုက်တယ်
ခင်ဗျားတို့ ကုန်သည်ကြီး၊ မြို့ကြီးသားတွေဟာ မိုက်သည်ထက် ပိုမိုက်တယ်။ ကိုထွန်းရင်က မခံချင်နေ (ခံရမှာပါ)၊ မခံချင်နေ ကိစ္စမရှိဘူး။ ဘာဖြစ်လို့တုံးလို့ မေးတဲ့အခါကျတော့ ဟိုကတော့ ကုန်ကို ဒီဈေးနဲ့ရတယ်။ ဒီအဖိုးထက်ပဲ နည်းယူတယ်။ ဪ တောကလူတွေ သိတာမဟုတ်ပါဘူး။ မြို့သားပေမယ့်လည်း ပါးစပ်သာရှိတာပါ။
အကြောင်းခြင်းရာ ကျကျနနသိတာ မဟုတ်ပါဘူးဆိုတော့ သူ့အပေါ်လဲ (၁)ချက်၊ (၂)ချက် ဆောင်းယူလိုက် တာက ရှိသေးတာကိုးဗျ။ ဒီလိုမှ မယူလို့ရှိရင် ဘယ်ကျုပ်တို့စားရမလဲ၊ ခင်ဗျားတို့က သင်လိုက်တယ်။ ဟိုကလေးကို မင်းဒီလိုသာ ရောင်းဝယ်နေလို့ရှိရင် မင်းလူမဖြစ်ဘူး။ မိုက်သည်ထက် ပိုမမိုက်လို့ရှိရင် ဒါခင်ဗျားတို့က အမေမိဘက သင်လေ့ရှိပါတယ်။ သင်လေ့မရှိဘူးလား (ရှိပါတယ်ဘုရား)။ ဟိုကလေးကလည်း မိုက်သည်ထက် ပိုမိုက်တာကိုပဲ တတ်လိမ့်မယ်။ သို့သော်လည်း ပညာခံတယ်။ ဒါမိုက်သည်ထက် ပိုမိုက်တဲ့ပုဂ္ဂိုလ်ဆိုတာ သဘောကျပလား (အရောင်း ကောင်း အဝယ်ကောင်း အရောင်းတတ် အဝယ်တတ်)။ အို ချစ်စရာကောင်းလိုက်တာ သူများသားသမီးလေးတွေ မွေးလာတာများ အညွန့်ကလေးတွေနဲ့တောင် ပြောသေးတယ်။ ပြိတ္တာအညွန့်ကလေးတွေ။ သဘာကျရဲ့လား (မှန်ပါ ဘုရား)။ မိုက်သည်ထက် ပိုမိုက်နေတာကိုး ဗျ။ ရှင်းပြီလား။ ကောင်းပြီ၊ အဲဒါ ဘယ်က လာသတုံးလို့ မေးလို့ရှိရင် ဘုရားဆီမှာ တရားနာသွားကြတယ်။
ခါးပိုက်နှိုက် နှစ်ယောက်
ခါးပိုက်နှိုက် နှစ်ယောက်ဟာ သာဝတ္ထိပြည် ဇေတဝန်ကျောင်းမှာ ခါးပိုက်နှိုက်သွားကြတယ်။ တရားပွဲကြီးက စည်တယ်ကိုး ဗျ။ ခြိမ့်ခြိမ့်သဲနေတုန်း ခါးပိုက်နှိုက်ဖို့ နှစ်ယောက်တိုင်ပင်ပြီး သွားကြတယ်။ တစ်ယောက်က တရားနာရင်း ခန္ဓာဉာဏ်ရောက်ပြီး သောတာပန်တည်တယ်။ ခါးပိုက်နှိုက် တစ်ယောက်ကတော့ တစ်ပဲ နှိုက်လို့ ရတယ်။ သူကတော့ နှိုက်ဖို့ပဲ ချောင်းနေတာကိုး။
အိမ်နီးချင်းတွေဖြစ်တော့ အိမ်ကျတော့ တိုင်ပင်ကြတယ်။ အို မင်း ဘာရခဲ့သလဲဆိုတော့ သောတာပန် တည်တဲ့ပုဂ္ဂိုလ်က ငါတော့ စားဖို့တော့ မရခဲ့ဘူးကွာ။ အဖိုးတန်တာတော့ ရတယ်။ မင်းအဖိုးတန်ရတာ ကိစ္စ မရှိဘူး။ ညထမင်းငတ်နေလိမ့်မယ်။ ညကို ဝယ်စရာမရှိဘူး။ လူမိုက်က လူလိမ္မာကြီးလုပ်လို့၊ ငါ့မှာတော့ ရခဲ့တယ်ကွ။ တစ်ပဲရခဲ့တယ် ဆိုတော့မှ သောတာပန်ဖြစ်နေတဲ့ပုဂ္ဂိုလ်က သွားလျှောက်တယ် ဘုရား သွားလျှောက်တယ်။ ခုနဟာမျိုး ဟိုလူက မိုက်တာ မိုက်မှန်းမသိဘူးကွ။ မင်းက မိုက်တာကို မိုက်မှန်းသိလို့ သောတာပန်တည်တာ၊ ရိပ်မိ ပြီလား။
မိုက်တာမိုက်မှန်းသိရင်
အေး ခင်ဗျားတို့လည်း မိုက်တာမိုက်မှန်းသိရင် သောတာပန်တည်မှာ။ ဒါ-မိုက်တာ မိုက်မှန်းသိလို့ ဒီရောက် လာတာ၊ နို့မဟုတ်ရင် ရောက်ကိုမရောက်ဘူး။ ရောက်ပါ့မလား (သိတာတော့ ကြာပါပြီဘုရား)၊ ကိုထွန်းရင်ကြီးရော သိပြီလား။ သိပြီ၊ သိပေမယ့် အသိမဆုံးသေးဘူး။ အသိမဆုံးသေးဘူး။ သောတာပန်အသိမှ သီလမြဲမှာကိုးဗျ။ တစ်နေ့က ပြောတဲ့အတိုင်းနော်။
ကိုင်း အဲဒီဝတ္ထု အသာထားပြီးတော့ အဲဒီဝတ္ထုနဲ့ ဒီဝတ္ထုအတူတူပဲ။ ဒါက သံယုတ်၊ ဟိုက ဓမ္မပဒ ခါးပိုက်နှိုက် နှစ်ယောက်။ ဟောဒါက လူမိုက်ခန္ဓာငါးပါး၊ လူလိမ္မာခန္ဓာငါးပါး၊ သဘောကျပြီလား။ သူကတော့ကို ခန္ဓာကိုယ်ကို ဝိပဿနာရှုတယ်။ မသေခင် ပဝတ္တိကျတော့ သူရှုတော့မှာပေါ့ဗျာ။ ဝိပဿနာရှုမယ်။ သူကတော့ သူ့ခန္ဓာကိုယ် ကျွေးဖို့ မွေးဖို့ တဏှာ၊ သူ့ခန္ဓာခင်တဲ့တဏှာ၊ ဝိဘဝတဏှာ မဟုတ်ဘူးလား။ ကံ မလုပ်ပေဘူးလား။ ကာယကံ ဝစီကံ ရောင်းဝယ်ဖောက်ကား စုတေမနေ သေလွန်တဲ့အခြားမဲ့၌ သူ ဇာတိပဲ ပြန်ရတယ်။ မရဘူးလား (ရပါတယ် ဘုရား)။
ဒီလူလိမ္မာကတော့ သူ့ခန္ဓာကိုယ်ကြီး ပဝတ္တိအခါမှာ ဝိပဿနာဉာဏ်နဲ့ ရှုပြီးသကာလနေတော့ ဒီတဏှာ ဥပါဒါန် ကံ ဇာတိ မချုပ်ပေဘူးလား။ လူလိမ္မာကတော့ ချုပ်တယ်။ ဒီဘက်လာသေးရဲ့လား (မလာပါဘုရား)။ လူမိုက်ကျတော့ရော (လာပါတယ်)။ ဇာတိလာတယ် ဆိုကတည်းက ဒီအဝိဇ္ဇာနဲ့ သင်္ခါရက ဒီဝင်ရတော့မယ်။ မဝင်ရ ပေဘူးလား။ ဝင်ရမယ်။ ဇာတိ၏ အကျိုးအကြောင်းဆိုတာ သူတို့ပဲဆိုတာ မသေချာပေဘူးလား (သေချာပါတယ်)။
ဒါဖြင့် အမှောင်ထဲကလာပြီး အမှောင်ထဲ ပြန်သွားရမယ်။ ရှင်းပြီလား။ လူမိုက်က အမှောင်ထဲကလာပြီး အမှောင်ထဲပဲ ပြန်သွားမယ်။ ဟောဒီ လူလိမ္မာကတော့ အမှောင်ထဲက လာတာတော့ မှန်ပါတယ်တဲ့။ အဝိဇ္ဇာသင်္ခါရ တည်းဟူသော အမှောင်မိတာတော့ မှန်ပါတယ်။ အဝိဇ္ဇာ သင်္ခါရတည်းဟူသော အမှောင်မိတာတော့ မှန်ပါတယ်။ အမှောင်ထဲကလာပြီးသကာလ ဟောဒီမဂ်တည်းဟူသော အလင်းရတဲ့အတွက် ဒီဘက်မှာ အမှောင်လာသေးသလား (မလာပါဘုရား)။
ဗြဟ္မစရိယ အကျင့်ကျင့်တယ်
ဘာဖြစ်လို့တုံးလို့ ငါဘုရားက ဟောလို့ရှိရင် သူက ဗြဟ္မစရိယ အကျင့်ကျင့်တယ်။ မဂ္ဂင်အကျင့်ကျင့်တယ်။ သူက ဗြဟ္မစရိယ အကျင့်ပါသလား (မပါပါဘုရား)၊ တဏှာ ဥပါဒါန် ကံ ခြံရံနေတော့ ဇာတိ အဝိဇ္ဇာ သင်္ခါရ ဇာတိ မလာဘူးလား။ သူကတော့ အဝိဇ္ဇာ သင်္ခါရ ခန္ဓာငါးပါးကို ဝိပဿနာရှုတယ်၊ ဝိပဿနာရှုတယ်ဆိုရင် မဂ္ဂဗြဟ္မ စရိယအကျင့် မဖြစ်ဘူးလား (တင်ပါ)။
ဝိပဿနာဉာဏ်ဆိုတာ မဂ္ဂဗြဟ္မစရိယအကျင့်ပဲ။ သဘောကျပလား။ ဝိပဿနာဉာဏ်ဆိုတာ ဘာလဲ၊ မဂ္ဂဗြဟ္မ စရိယအကျင့် (တင်ပါ)၊ မဂ္ဂဗြဟ္မစရိယဆိုတာ ဘာတုံး၊ အို-ပုဗ္ဗဘာဂ မဂ္ဂဗြဟ္မစရိယ၊ ပုဗ္ဗဘာဂ ဆိုတာ ရှေးဦးစွာ ကျင့်ရမည့်အကျင့်ဖြစ်တယ်။ သဘောကျရဲ့လား။ ပုဗ္ဗက ရှေ့၊ ဘာဂက-အဖို့ ရှေ့အဖို့ ကျင့်ရမယ့်အကျင့်ဖြစ်တယ်။ ဘယ်သူမှ လောကုတ္တရာမဂ် အရင်မလာဘူး။
ဒီမဂ်ပြီးမှ ဒီမဂ်လာမယ်။ ငါးပါးပြီးမှ ရှစ်ပါးလာမှာပဲ သဘောကျပလား။ ဒါကြောင့် သူ့မဂ္ဂဗြဟ္မစရိယ အကျင့်လို့ ငါဘုရားဟောလိုက်တယ်။ ဒါဖြင့် လူလိမ္မာက ခန္ဓာငါးပါးရပြီးတဲ့နောက် မဂ္ဂဗြဟ္မစရိယအကျင့် ကျင့်ကြံ သောကြောင့် မှောင်ထဲက လာငြားသော်လည်း အလင်း ဒီဘက်ကို၊ ဇာတိ ဇရာ မရဏသည် ကျွတ်ရာဖြစ်ပြီးတော့ အလင်းနိဗ္ဗာန်ကို သူ ရတယ်။ မရဘူးလား (ရပါတယ်ဘုရား)။
လူလိမ္မာက (ရပါတယ်)၊ လူမိုက်ကတော့ (မရပါဘုရား)၊ အမှောင်ထဲက လာတယ်ဗျ၊ ဘယ်ရောက်သလဲ (အမှောင်ထဲကို ပြန်ရောက်တယ်)၊ ရှင်းပြီလား။
အမှောင်ထဲက လာပြီးတော့ (အမှောင်ထဲပဲသွားတယ်)၊ လူလိမ္မာက အမှောင်ထဲကလာပြီး အလင်းရောက်တယ်။ ဒါဖြင့် အလင်း ဘယ်သူပေးသတုံးလို့ မေးတဲ့အခါကျတော့ ပုဗ္ဗဘာဂမဂ်ကို ကျင့်ပါများရင် ပစ္ဆာဘာဂမဂ်ဆိုတဲ့ မဂ္ဂင် ရှစ်ပါးကို ရထိုက် မရထိုက် ခင်ဗျားတို့ စဉ်းစားကြ။
ပုဗ္ဗဘာဂမဂ်ဆိုတာ ငါးခု
ရမယ် မဟုတ်လား။ ဒီမဂ်ရှိရင် ဒီမဂ်ရမယ်။ ဒီမဂ်မှ မရှိခဲ့ရင် ဒီမဂ်က မရနိုင်ဘူး၊ သဘောကျရဲ့လား ၊ ပုဗ္ဗဘာဂမဂ်ဆိုတာ ငါးခု၊ ပစ္ဆာဘာဂမဂ်က ရှစ်ခု (တင်ပါဘုရား)။ ဝိပဿနာမဂ် မပါဘဲနဲ့ လောကုတ္တရာမဂ် ရပါ့ မလား (မရပါ)၊ ကိုထွန်းရင် သဘောပေါက်ပြီလား (တင်ပါဘုရား)။
ဒါဖြင့်ရင် သံယုတ်ပါဠိတော်က လာတဲ့အတိုင်း လူလိမ္မာနဲ့ လူမိုက်ဘာထူးသလဲဆိုတော့ အမိုက်ထဲကလာပြီး အမိုက်ထဲသွားလို့ရှိရင် လူမိုက်။ ရှင်းပြီလား။ လာတုန်းကလည်း အမိုက်ထဲကလာတာ၊ အဝိဇ္ဇာ၊ သင်္ခါရက သူမလာ ဘူးလား၊ လာသလား၊ အဝိဇ္ဇာ သင်္ခါရကြောင့် သူလည်း ခန္ဓာငါးပါး ဖြစ်လာတာပဲတဲ့။ အမိုက်ထဲကလာပြီးသကာလ သူ့မှာ ဘာလာပြန်သတုံးဆိုတော့ ဒီဟာတွေ ပြန်လာတယ်။ ပဝတ္တိအခါမှာ ဒါတွေ ပြန်မလာဘူးလား။ တဏှာ ဥပါဒါန် ကံ၊
ဒါ နောက်ဘဝ အဝိဇ္ဇာ သင်္ခါရ ဇာတိ မလာပေဘူးလား။ ဒီပဋိစ္စသမုပ္ပါဒ်ကလည်း ဒါဟာ ကျော်ဟော သွားလို့ ဘုရားက နှစ်ဘဝဆက်တဲ့ဟာနဲ့ ဟောရမယ်ဆိုရင် ဒီနေရာမှာ အဝိဇ္ဇ သင်္ခါရနဲ့ပြန်ဆက်။ ကံနဲ့ဇာတိကို ပဋိစ္စသမုပ္ပါဒ်က ဆက်ပြတယ်။ မဖြစ်နိုင်ဘူး တဲ့။ ဘုရားက ဟောစဉ်မို့သာ ဟောလိုက်တယ်။ ဖြစ်စဉ်က အဝိဇ္ဇာသင်္ခါရ ဆက်ပြီးမှ ဇာတိဆက်ရမယ်။ ဒီကလာတာ ဒီအတိုင်းပဲ။ ရှင်းပြီလား။
ဒါဖြင့် ခင်ဗျားတို့ရထားတဲ့ ပဋိစ္စသမုပ္ပါဒ်နဲ့ တူရဲ့လားလို့မေးရင် ဘယ့်နှယ်ဖြေမလဲ (မတူပါ)၊ ဟောစဉ်ဟော ထားတာတော့ တူတယ်။ ဖြစ်စဉ်ပြောတဲ့ ပဋိစ္စသမုပ္ပါဒ်နဲ့ မတူဘူး။ ဖြစ်စဉ်ကတော့ အဝိဇ္ဇာသင်္ခါရကြောင့် ခန္ဓာ ဖြစ်ရမယ်။ ရှင်းပြီနော်။ ကဲ ဒါဖြင့် အမိုက်ထဲကလာပြီး အလင်းရတဲ့ပုဂ္ဂိုလ်တွေ အမိုက်ထဲကလာပြီး အမိုက်ထဲပဲ ပြန်ရောက်တဲ့ ပုဂ္ဂိုလ်တွေဟာ ဘာထူးသတုံးဆိုတော့ ဟောဒီ မဂ္ဂဗြဟ္မစရိယ အကျင့်နှစ်ခု ကျင့်မှထူးမှာ။ နို့မဟုတ်ရင် ထူးကို မထူးဘူး။ ကိုထွန်းရင် နေရာကျပြီလား (တင်ပါ)။
ဒီနှစ်ကျင့်ကို မကျင့်လို့ရှိရင်
ဒီ ပုဗ္ဗဘာဂ မဂ္ဂဗြဟ္မစရိယအကျင့် ၊ ပစ္ဆာဘာဂနောက်အဖို့မှ ကျင့်ရမယ့် မဂ္ဂဗြဟ္မစရိယအကျင့် ၊ ဒီနှစ်ကျင့်ကို မကျင့်လို့ရှိရင် အမိုက်ထဲကလာပြီး အမိုက်ထဲသွားမှာပါပဲ၊ မဟုတ်ဘူးလား။ အမှောင်ထဲကလာရင် (အမှောင်ထဲ သွားမှာပါပဲ)၊ အမှောင်ထဲကလာပြီး သွားနေတဲ့ပုဂ္ဂိုလ်ဟာ အလင်းရချင်လို့ရှိရင် ဒီအလုပ် လုပ်ရင်လုပ်။ မလုပ်လို့ရှိရင် ကိုယ်ကျိုးနည်းမယ်။
(မဂ္ဂင်လမ်း ငါးပါးနဲ့ အရင်ပွားရမယ်)။ မဂ္ဂင်ငါးပါးက အရင်ပွားရမယ်၊ ဘယ်သူမှ ရှစ်ပါးပွားလို့မရဘူး။ ဝိရတီကိုးဗျ။ ခင်ဗျား သင်္ဂြိုဟ်လေး အနည်းအပါး လုပ်ဖူးတော့ကို ဝိရတီဆိုတာ နိယတလား အနိယတလား။ မြဲသလား မမြဲဘူးလား ဆိုတော့ (အနိယတပါ)၊ အနိယတဆိုတာ သူက သီလမဂ္ဂင်၊ မြဲရဲ့လား(မမြဲပါ)၊ မမြဲဘူး၊ အရိယာဖြစ်မှ မြဲတယ်။
ဒါကြောင့် အရိယာဖြစ်မှ သီလမဂ္ဂင်သုံးပါးက ပါလာတယ်။ ရှင်းပြီလား။ ဒီ့ပြင်ဆရာသမားတွေဖြင့် ခြောက်ပါးပါတယ်။ ငါးပါးပါတယ် ဖြစ်မယ်။ အဲဒီတော့ ဘုရားက ဒီလိုမဟောနဲ့ တဲ့။ ငါးပါးသာ ရှေ့ထား၊ မမြဲတာ ထည့်မနေနဲ့။ ပေါ်ပြီလား။ အဲဒါ သဘော သဘော။ ကဲ ဒါဖြင့် လူမိုက်နဲ့ လူလိမ္မာ ထူးကြပလား၊ ကဲ ဦးသံဒိုင် လူမိုက်နဲ့ လူလိမ္မာထူးသလား (ထူးပါတယ်)၊ လူမိုက်က မဂ္ဂဗြဟ္မစရိယအကျင့် မပါဘူး။ မဂ္ဂဗြဟ္မစရိယ အကျင့်ပါသလား (မပါပါဘုရား)။
ဒါကို ဖြစ်ပျက်ရှုတာ ပါရဲ့လား (မပါပါ)၊ ခန္ဓာငါးပါး ဖြစ်ပျက်ရှုတာ ပါရဲ့လား၊ ခန္ဓာငါးပါး ဖြစ်ပျက်မုန်းတာ ပါရဲ့လား (မပါပါဘုရား)။ ခန္ဓာငါးပါးတည်းဟူသော ဒုက္ခဆုံးတဲ့နိဗ္ဗာန်ကို မြင်တဲ့ဉာဏ်ပါရဲ့လား (မပါပါ)၊ လူမိုက်က (မပါပါ)၊ လူလိမ္မာက (ပါပါတယ်)ဆိုတော့ သူက ငါရှင်းပြမယ်။ အလင်းရတယ်။ မင်းတို့က မသိလို့ “ဝိဇ္ဇာ ဥဒပါဒိ၊ အာလောကော ဥဒပါဒိ”လို့ ငါ တိုက်ရိုက် ဟောထားတယ် (ပေါ်ပါပြီဘုရား)။
စက္ခုံ ဥဒပါဒိ၊ ဉာဏံဥဒပါဒိ
သူ အလင်းရသွားတယ်။ ဝိဇ္ဇာ အလင်းရသွားတယ် (မှန်ပါ)၊ ဉာဏံဥဒပါဒိ ရွတ်သာရွတ်နေတာ၊ ခင်ဗျားတို့က ဒါ လုပ်မှမလုပ်ဘဲ။ ရှင်းပြီလား။ “ဝိဇ္ဇာ ဥဒပါဒိ၊ အာလောကော ဥဒပါဒိ၊ ဉာဏံ ဥဒပါဒိ” မလာဘူးလား (လာပါတယ် ဘုရား)။
စက္ခုံ ဥဒပါဒိ၊ အဲဒါတွေက ဉာဏ်တစ်ခုတည်းကို ဟောတာ။ “စက္ခုံ ဥဒပါဒိ၊ ဉာဏံဥဒပါဒိ၊ ပညာ ဥဒပါဒိ၊ ဝိဇ္ဇာ ဥဒပါဒိ၊ အာလောကော ဥဒပါဒိ” ဉာဏ်တစ်လုံးတည်း ဉာဏ်အလင်းကို ဟောတာ။ ဟောဒီ ခန္ဓာကိုယ်မှာ အဝိဇ္ဇာဖုံးနေတာကြီး ခန္ဓာမရှိပါဘူး၊ ဖြစ်ပျက်သာ ရှိပါတယ်လို့ ဟောဒီ ဉာဏ်က အလင်းရလို့ မြင်ပြီကွ။
ဒါကြောင့် သူ “ဝိဇ္ဇာ ဥဒပါဒိ၊ အာလောကော ဥဒပါဒိ ပညာ ဥဒပါဒိ၊ ဉာဏံ ဥဒပါဒိ၊ စက္ခုံ ဥဒပါဒိ”ဆိုတာ ငါ ဒါကြောင့် ဓမ္မစကြာမှာ ဟောတာ၊ ဒါကြောင့် သူက အမိုက်ထဲကလာပြီး အလင်းရတယ် (တင်ပါ)၊ ဓမ္မစကြာပါ သဘောကျသွားပြီလား။
ဉာဏ်နားနဲ့ ထောင်ရမယ်
ဒီပုဂ္ဂိုလ်ကတော့ အဝိဇ္ဇာကလာပြီး အဝိဇ္ဇာဘက်သွားတယ်၊ အမှောင်ထဲကလာပြီး အမှောင်ထဲသွားတယ်ဆို တော့ တိရစ္ဆာန်ဘဝကလာပြီး တိရစ္ဆာန်ထဲသွားတယ်။ ဒီဘဝက သူဆင်းရဲက လာတော့ သူဌေးကြီးသွားဖြစ်တော့ ဒါ အမှောင်ထဲကလာပြီး အမှောင်ထဲသွားတာပဲ (အမှောင်ထဲသွားတာပဲ)၊ ထူးသေးသလား (မထူးပါဘုရား)၊ တဏှာ နားနဲ့တော့ မထောင်နဲ့ဦးထွန်းရင်၊ တဏှာနားနဲ့တော့ မထောင်နဲ့၊ ခု တရားဟောနေတာကို ဘာနားနဲ့ ထောင်ရမလဲဆိုရင် ဉာဏ်နားနဲ့ ထောင်ရမယ်။ ရှင်းပြီလား (တင်ပါဘုရား)။
တဏှာနားနဲ့ထောင်လို့ရှိရင် ဘယ့်နှယ်နေမလဲ၊ သူဆင်းရဲဘဝက နေပြီးတော့ လူချမ်းသာဖြစ်တာ မကောင်း ဘူးလား၊ တဏှာနားဘက်က ဒါကြိုက်တယ် (ကြိုက်ပါတယ်)၊ ဉာဏ်နားနဲ့ကတော့ လူဆင်းရဲလည်း ခန္ဓာငါးပါး ဒုက္ခ သစ္စာပဲ။ လူချမ်းသာရတော့ရော ခန္ဓာငါးပါး (ဒုက္ခသစ္စာပါ)၊ သူ့ကျတော့ရော ဇာတိဇရာမရဏ လွတ်ရဲ့လား။ လူချမ်းသာ ရော လွတ်ရဲ့လား (မလွတ်ပါဘုရား)။
မလွတ်တော့ ဉာဏ်နားမှာတော့ ဒုက္ခသစ္စာကို ဒုက္ခသစ္စာပဲလို့ မှတ်။ လူချမ်းသာလည်း ဒုက္ခသစ္စာပဲ မဟုတ် ဘူးလား။ လူဆင်းရဲရော (ဒုက္ခသစ္စာပါ)၊ ဒုက္ခသစ္စာပဲထား။ ဘယ်သူ့ခန္ဓာက ဘာထူးသလဲ (ဘာမှမထူးပါဘုရား)၊ ကောင်းပြီ ဒါဖြင့် ခင်ဗျားတို့ အခု ဒီလာတာဟာ ဒီဝိဇ္ဇာ ဥဒပါဒိမှ မဖြစ်တော့ဘူး။ အာလောကော ဥဒပါဒိလေးမှ ခင်ဗျားတို့ နာရုံလေးလောက် ဖြစ်ပြီးသကာလ ကိုယ့်ဉာဏ်ထဲမှာ အဝိဇ္ဇာကို ခင်ဗျားတို့ အဝိဇ္ဇာအမှောင်တွင်းကို ဉာဏ်အလင်းမှ မထိုးနိုင်ဘူးဆိုရင် ခင်ဗျားတို့ လူမိုက်က လူမိုက်ပဲ ပြန်ဖြစ်သွားမယ် (တင်ပါ)၊ မဖြစ်ပေဘူးလား (ဖြစ်မှာပါဘုရား)။
အဲဒီတော့ ဘုန်းကြီးက(နာရုံလောက်ပဲ)၊ နာရုံလောက်တော့ မရဘူး ၊ ဘယ်နည်းနဲ့မှ မရဘူး။ အာလောကော ဥဒပါဒိဆိုတာ ဟောဒါ ဒုက္ခသစ္စာ၊ တစ်ခုမှ သုခမပါဘူး၊ ခန္ဓာငါးပါးစလုံး။ သဘောကျသလား။ ဒီလိုမြင်မှ အာလောကော ဥဒပါဒိ ဖြစ်နိုင်တယ်။ အဝိဇ္ဇာရှိနေတဲ့ပုဂ္ဂိုလ်ဟာ ခန္ဓာငါးပါးမှာ ဟော ခေါင်းကတော့ သက်သာပါတယ်။ ဝမ်းကတော့ မသက်သာဘူး လုပ်ယူမှာ၊ ခင်ဗျားတို့ ဒုက္ခထဲက သုခရှာနေမှာ။ ခင်ဗျားတို့ မရှာပေဘူးလား (ရှာမှာပါ)၊ ရှာရင် မလွယ်ဘူးလား။ တစ်ကိုယ်လုံး ပဉ္စက္ခန္ဓာက ဒုက္ခသစ္စာပဲ။ ပဉ္စက္ခန္ဓာ ဒုက္ခသစ္စာလို့ ဓမ္မစကြာမှာလည်း ဟောတယ်။ သတိပဋ္ဌာန်မှာလည်း ဟောတယ်၊ မဟောဘူးလား၊ ဘယ်ခန္ဓာကိုယ် သုခသစ္စာလို့ ဟောသေးသလဲ (မပါပါဘုရား)။ မပါကို မပါပါဘူး။
အဲဒီတော့ကို အားလုံး ဒုက္ခသစ္စာလို့ မြင်လိုက်လို့ရှိရင် “အာလောကော ဥဒပါဒိ”ဖြစ်ပြီနော်။ ခင်ဗျားတို့ “အာလောကော ဥဒပါဒိ” ဖြစ်ပြီနော်။ ဒီခန္ဓာငါးပါးဟာ အကုန်လုံး ဖြစ်ပျက်ချည်းပဲ။ ဒုက္ခသစ္ဓာချည်းပဲလို့ ခင်ဗျားတို့ မြင်လို့ရှိရင် ဦးသံဒိုင် အာလောကောဥဒပါဒိဖြစ်ပြီ (တင်ပါ)၊ နို့မဟုတ်ရင် ဘယ်တော့မှ မဖြစ်ဘူး။ အညာသိ ကောဏ္ဍညော ဆိုတာကို ခင်ဗျားတို့သိတယ် (သိပါတယ်)။
အညာသိ ကောဏ္ဍညော
ကောဏ္ဍညော=ကောဏ္ဍညသည်၊ အညာသိ=ပညာနဲ့သစ္စာလေးပါး သိသွားတယ်ဆိုတာ ဒါပဲ။ ခန္ဓာငါးပါးကို ဒုက္ခသစ္စာလို့ ပညာနဲ့သိသွားပြီ။ ဒါကြောင့် သူ အညာသိ ကောဏ္ဍညောလို့ ခင်ဗျားတို့ စာထဲမှာ မပါဘူးလား (ပါပါတယ်)၊ ကောဏ္ဍညော=ကောဏ္ဍညသည်၊ အညာသိ=ပညာဖြင့် ဒုက္ခသစ္စာလို့ သူ့ခန္ဓာငါးပါးကို သူသိသွားပြီ။ ဗြဟ္မာ့ပြည်ရောက်အောင် ကျော်စောသွားတယ်။ မဟုတ်ဘူးလား။ ပေါ်ပြီလား (ပေါ်ပါပြီ)၊
ဒါဖြင့် နာရုံနဲ့ “အာလော ကော ဥဒပါဒိ” ဖြစ်မှာလား၊ ပွားယူမှ “အာလောကော ဥဒပါဒိ” ဖြစ်မှာလား ကိုထွန်းရင် (ပွားမှပါဘုရား)။
ဒါဖြင့် ဘုန်းကြီးက ဘာတတ်နိုင်သလဲလို့မေးတော့ အသိတတ်နိုင်တယ်။ အပွားတော့ ခင်ဗျားတို့ သန္တာန် မှာရှိတဲ့ ကိလေသာကို ကျုပ်က ဖြတ်မပေးနိုင်ဘူး။ ခင်ဗျားတို့ သန္တာန်မှာရှိတဲ့ အမှောင်ကို ကျုပ်က လင်းအောင်လုပ် မပေးနိုင်ဘူး။ လင်းနည်း ပေးနိုင်တယ်။ လင်းအောင် လုပ်မပေးနိုင်ဘူး။ သဘောပါရဲ့လား (ပါပါတယ်)၊ သူ ရာဟုလာ ထမ်းမခေါ်နိုင်ဘူး။ ခုနက ဒကာမတွေတောင် ဘုန်းကြီး ပြောလိုက်သေးတယ်။ ကဲ ဒါဖြင့် ရှင်းပြီလား။ ဒါဖြင့် ခန္ဓာငါးပါးကို ခင်ဗျားတို့ ဖြစ်ပျက်ရှုပါ။ တစ်ပါးပါး မရှုရဘူးလား (ရှုရပါမယ်ဘုရား)။ ရှုတော့ ဒီမဂ်နဲ့ အရင်ရှု၊ ဒီမဂ်ရှုဖန်များလို့ရှိရင် ဒီမဂ်ပေါ်ရမယ်၊ မပေါ်ဘူးလား (ပေါ်ပါမယ်)။
နိဗ္ဗာန်ရောက်ပုံ ပြောစမ်းပါဦး ဘုရား
ဘာနဲ့သူသတုံးဆိုတော့ မိလိန္ဒမင်းကြီးက အရှင်ဘုရားနိဗ္ဗာန်ရောက်ပုံ ပြောစမ်းပါဦး ဘုရား၊ အရှင်နာဂသိန် ရဟန္တာကို လျှောက်တယ်။ နိဗ္ဗာန်ရောက်ပုံ ပြောစမ်းပါဦး ဘုရား တပည့်တော် နိဗ္ဗာန်ရောက်နည်း လုပ်ချင်တယ် ဆိုတော့ ဒကာကြီးတဲ့ ဟောဒီ “ပုဗ္ဗဘာဂမဂ်”က ဝိပဿနာမဂ်ကို ၊ ခန္ဓာငါးပါးကိုရှု၊ ဦးသံဒိုင်တို့ ရှုပေးပါတဲ့။ ဖြစ်ပျက်ဖြစ်ပျက်၊ ဖြစ်ပျက် မြင်နေအောင်နော်။ ဖြစ်ပျက်ဆိုတာ ဒုက္ခသစ္စာနော်။ ဖြစ်ပြီး ပျက်တာ ဘာသစ္စာလဲ (ဒုက္ခသစ္စာ)၊ ဒုက္ခသစ္စာကို ဖြစ်ပျက် ဖြစ်ပျက်၊ ရှုရှု ရှုရှု ရှုရှုပေး။ ရှုရှုပေးတဲ့အခါကျလို့ရှိရင် ဒီမဂ်နဲ့ ရှုနေတုန်းတော့ ဖြစ်ပျက်မှတစ်ပါး ဘာမှမရှိဘူး။ အပျက်ချည်းပဲ မြင်ချင်မြင်မပေါ့ဗျာ။
ငြီးငွေ့ချင်လည်း ငြီးငွေ့မယ်။ ဥပေက္ခာ ထားချင်ထားမယ်။ ဘာထားထား အပျက်ချည်းပဲ၊ ဒီလိုချည်း မြင်မယ်။ နောက်တော့ကို တဲ့။ ဒီအပျက်တွေ မမြင်တဲ့ဉာဏ်ပေါ်လာလိမ့်မယ်။ ဒီအပျက်တွေ ချုပ်သွားလိမ့်မယ်ပြောတာ၊ ရှင်းပြီလား (ရှင်းပါပြီဘုရား)။
ပထမရှေးဦးစွာ ဖြစ်ပျက်ချည်း မြင်နေလိမ့်မယ်
ဒါ ကိုယ်တိုင်မြင်တဲ့ ပုဂ္ဂိုလ်က ပြောတယ်။ အရှင်နာဂသိန်က ဟောတယ်။ အရှင်ဘုရား နိဗ္ဗာန်မြင်ပုံ ပြောစမ်းပါဆိုတော့ ပထမရှေးဦးစွာ မဂ်မှာတဲ့ ဒကာကြီး ဖြစ်ပျက်ချည်း မြင်နေလိမ့်မယ်။ ရှင်းပြီလား၊ အလုပ်သင်ပေး ပြီနော် (မှန်ပါ)၊ ခန္ဓာငါးပါးစလုံး တစ်ပါးပါးရှု၊ ကြိုက်တာရှု၊ တစ်နေ့ကလိုပဲ တစ်ပင်ဆွဲရုံနဲ့ အကုန်လဲတယ်ဆိုတာ သိနေတော့ အဲဒီတော့ တစ်ပါးပါး ရှုနေတဲ့အခိုက် အပျက်တွေ မြင်မနေဘူးလား။ ဝိပဿနာမဂ်က ဘာသာမြင် သတုံးဆိုတော့ သင်္ခါရသာ မြင်တယ်လို့ ဟောရမှာပဲ။ သင်္ခါရဆိုတာ ဖြစ်ပျက်ဆိုတာ ရှင်းပြီလား။ ဖြစ်ပျက်တွေ ချည်း မြင်နေမယ်။
နောက်တော့ ဖြစ်ပျက်တွေမြင် ဖြစ်ပျက်တွေမုန်း။ နောက်တော့ ဖြစ်ပျက်တွေ ဆုံးသွားတယ်။ ဆုံးသွားတော့ ဒီမဂ်လည်း မရှိတော့ဘူး။ ဒီမဂ်နေရာမှာ ဒီမဂ်အစားထိုးတယ်။ လောကုတ္တရာမဂ်ပဲ အစားထိုးတယ်။ ဖြစ်ပျက်မဆုံးသေးရင် (လောကုတ္တရာမဂ် မလာနိုင်ပါဘုရား)၊ မလာနိုင်ဘူး။
လုပ်ရင်းပါသွားလိမ့်မယ်
အဲဒါ ဘယ်သူက ဟောတာတုံးဆိုတော့ ကိုယ်တိုင် ရဟန္တာဖြစ်လာတဲ့သူက ဟောတာ။ မသေချာဘူးလား (သေချာပါတယ်)၊ ဟို-ဉာဏ်တွေ လိုက်မနေနဲ့တော့တဲ့။ သူ့ဟာသူ ပါသွားလိမ့်မယ်။ ခင်ဗျားလုပ်ရင်း ပါသွားလိမ့်မယ်။ လုပ်ရင်းပါသွားလိမ့်မယ်။ ဒါ ကျုပ်ပြောနေဖို့ မလိုဘူး။ ကြာသလားဆိုတော့ မကြာပါဘူး။ လမ်းမှတ်တိုင်ကို မီးရထားတို့ လေယာဉ်များလည်း မြန်မြန်မောင်း၊ လမ်းမှတ်တိုင်သာ မှန်ပါစေ။ ရထားမြန်မြန်မောင်းကြည့်ပါလား၊ မိုင်တိုင်လမ်း မှတ်တိုင်တွေ အကုန်မှတ်မိပါ့မလား။ ရိပ်ခနဲဆိုပြီး နေပါတယ်။ ရိပ်ခနဲနေတယ်။
အဲ ဉာဏ်ထက် လို့ရှိရင် ရိပ်ခနဲဆိုတော့ လိုရင်း ရန်ကုန်ဘူတာ သွားဆိုက်မယ်။ နိဗ္ဗာန်နဲ့တူတဲ့ ရန်ကုန်ဘူတာ မဆိုက်ပေဘူးလား။ အဲဒီတော့ အဲဒါကို ကြပ်ကြပ်ရှု၊ ရှုရင်းမတ္တနဲ့ ဖြစ်ပျက်ဆုံးပြီးတော့ ဝိပဿနာမဂ်ချုပ်ပြီး လောကုတ္တရာမဂ်ဝင်လာမယ် (တင်ပါ)၊ ဘာမှ ခင်ဗျားတို့ သံသယမရှိနဲ့။ ဘယ်သူက ဘာပြောပြော မယုံနဲ့။ ကိုယ်က မိုင်တိုင်မှတ်တာကို ရှင်းမနေနဲ့။
အရှင်သာရိပုတ္တရာပင် ရေးရေးမြင်တယ်။ သူက မျက်လုံးကောင်းတဲ့လူဆိုတော့ မိုင်တိုင်မြင်တာပေါ့။ ကျုပ်တို့က မျက်လုံးကောင်းတဲ့လူလို့ ဆိုမလား သူနဲ့စာတော့ (မဆိုနိုင်ပါ)၊ ဉာဏ်သေးသိမ်တဲ့လူ။ ကျုပ်တို့သည် မိုင်တိုင်တွေ မမြင်နိုင်ဘူး၊ အစအလယ်အဆုံး မြင်နိုင်တာမှ မဟုတ်ဘဲ။ ရထားတွဲထွက်တော့ အစမြင်တယ်။ ရထားရပ်တော့ ဒီမိုင်တိုင် ရောက်လာပြီကိုး။ ရထားစီးချင်းက မတူဘူး။ မျက်လုံးကောင်းနဲ့ မျက်လုံးမွဲက ရှိသေးတယ်။ မရှိဘူးလား (ရှိပါတယ်)။
မိုင်တိုင်တိုင်း မှတ်မိလို့ ဉာဏ်(၁၆)ပါးကွ
အဲဒီအတိုင်း ရှင်သာရိပုတ္တရာက မျက်လုံးကောင်းနဲ့ ရထားစီးသွားနိုင်တဲ့ လူတစ်ယောက်က မိုင်တိုင်တိုင်း မှတ်မိလို့ ဉာဏ်(၁၆)ပါးကွ။ သူလုပ်တာ။ ဘုရားက ဟာကွာ ငါကတော့ အားလုံးနဲ့ဆိုင်တာကို ပြောရမယ်ဆိုရင် သုံးဉာဏ်ပဲရှိတယ်။ ဖြစ်ပျက်မြင်တဲ့ဉာဏ်ရယ်။ ဖြစ်ပျက်မုန်းတဲ့ဉာဏ်ရယ်၊ ဖြစ်ပျက်အဆုံးမြင်တဲ့ ဉာဏ်ရယ်။ တော်ပြီ။ အနတ္တလက္ခဏသုတ်မှာ ဒါဟောတယ်။ သံယုတ်တစ်ကျမ်းလုံးမှာလည်း ဒါပဲဟောတယ်။ ရှင်းပြီလား။
သုံးဉာဏ်
ဒါဖြင့် ခင်ဗျားတို့ကို ပေးလိုက်တာ ဉာဏ်ဘယ်နှဉာဏ်ပေးလိုက်သလဲ (သုံးဉာဏ်)။
ဖြစ်ပျက်မြင်တဲ့ဉာဏ်၊ အဲဒီဟာ ယထာဘူတဉာဏ်လို့ မှတ်လိုက်။
နောက် ဒီဖြစ်ပျက်တွေကို ရှုဖန် မြင်ဖန်များလို့ မုန်းတဲ့ဉာဏ်၊ နိဗ္ဗန္ဒဉာဏ် လို့မှတ်လိုက် (တင်ပါ)၊
ဟုတ်လား နောက်ဖြစ်ပျက်တွေကတော့ မုန်းရင်းမတ္တနဲ့ ဖြစ်ပျက်အဆုံးကို မြင်တဲ့အခါ ကျလို့ရှိရင် ဒီမဂ်ဉာဏ်ပေါ်လာတယ်။
ဒါဖြင့် ဖြစ်ပျက်အဆုံးကို မြင်တဲ့ဉာဏ်က ဘာဉာဏ်ခေါ်သလဲ (မဂ်ဉာဏ်ပါ)၊ ဒီခန္ဓာဆုံးသွားလို့ရှိရင် လိုချင်စရာ ရှိသေးလား (မရှိပါ)၊ မရှိတော့ ဘာခေါ်ကြသလဲ (မဂ်ဉာဏ်)၊ မဂ်ဉာဏ်။ ဒီသုံးဉာဏ်ပဲ ဘုရားက ဟောတယ်၊ သဘောပါသလား။
ဒါ အလုပ်စဉ် ဟောလိုက်တယ်နော်။ ဒါဖြင့် ဒီ့ပြင်ဟာတွေကတော့ ဉာတပရိညာတော့ ဟောလို့သိပြီး သားပဲ။ သိပြီးသားပဲ။ နာမ်ရုပ်ဆိုတာလည်း သိပြီးသားပဲ။ ပဋိစ္စသမုပ္ပါဒ်အကြောင်းအကျိုးဆိုတာလည်း သိပြီးသားပဲ။ ခင်ဗျားတို့ ကျုပ်တို့ဟာ ဖြစ်ပျက်ကစတွေ့ဖို့ အရေးကြီးတယ်။
ငြီးငွေ့ တာနဲ့ မရပ်နဲ့ဦး
ဖြစ်ပျက်က စတွေ့ပြီဘုရားဆိုရင် အို ဦးသံဒိုင် ကိုထွန်းရင် တွေ့ရုံနဲ့မပြီးဘူး။ ငြီးငွေ့လာအောင်ပဲရှု၊ ဆက်မရှုရဘူးလား (ရှုရပါတယ်)၊ ဟေ့ ငြီးငွေ့ပြီလား၊ ငြီးငွေ့ တာနဲ့ မရပ်နဲ့ဦး ကိုထွန်းရင်ရဲ့၊ ငြီးငွေ့တယ်ဆိုတာက ဒီသားမယားနဲ့ မပေါင်းချင်ဘူးသာ သူပြောနေတာ၊ အိမ်က ဆင်းတာမဟုတ်သေးဘူး (တင်ပါဘုရား)။
ဒီသားမယားနဲ့ မပေါင်းချင်ဘူး။ အိမ်က ဆင်းပြီလား (မဆင်းသေးပါ)၊ မဆင်းသေးရင် မပြတ်သေးဘူး။ ရှုပ်မနေနဲ့ ပြတ်ပြီလား (မပြတ်သေးပါ)၊ မပြတ်သေးဘူး (ပြတ်မှရှင်းမှာပါ)၊ ပြတ်မှ သမုဒယ ကုန်မှာပဲ။ အဲဒီတော့ကို တဲ့။ ကဲ အိမ်ပေါ်က ဆင်းတော့မယ်။ မင်းကို ငါမပေါင်းတော့ဘူး၊ ပစ္စည်းလည်း မင်းကြိုက်တာသုံးပြီး ယူရစ် တော့။ အိမ်ရော၊ တိုက်ရော၊ ကားရော ယူရစ်တော့ဆိုပြီး ဆင်းသွားမှသာ ဒီမိန်းမ၏ တာဝန်ခင်ဗျား ကုန်မယ်။ မကုန်ဘူးလား (မှန်ပါဘုရား)၊ နောက်တော့ ဒီဒကာမက ဘယ်သူနဲ့ပေါင်းသင်းလို့ ဘယ်သူနဲ့ ဆက်ဆံတယ်ဆိုရင် ခင်ဗျားက တုန်လှုပ်သေးရဲ့လား (မတုန်လှုပ်ပါဘုရား)၊ အဲဒီ မတုန်လှုပ်တဲ့ ဉာဏ်မှ မဂ်ဉာဏ်၊ ပေါ်ပြီလား။ ရှင်းပြီနော်။
ဒါဖြင့် ဖြစ်ပျက်မြင်တဲ့ဉာဏ်က ယထာဘူတဉာဏ်၊ ဖြစ်ပျက်မုန်းတဲ့ဉာဏ်က နိဗ္ဗန္ဒဉာဏ်။ ဖြစ်ပျက်အဆုံးကိုမြင်တဲ့ ဉာဏ် မဂ်ဉာဏ်လို့ မှတ်လိုက်။ ဒါပဲရှိတယ်။ ကဲ ကြိုးစားပါ။ သဘောကျပလား။
ဆုံးတဲ့အခါ ခန္ဓာကိုယ်နေပုံ-ထိုင်ပုံ
ဒီဉာဏ်သုံးဉာဏ်အဆုံးမှာ တပည့်တော် ဘယ်လိုဖြစ်မလဲလို့ မေးလို့မလိုဘူးလား။ ဖြစ်ပုံကို “ပဏ္ဏာသ” ကပြောတယ်။ ဥပရိပဏ္ဏာသက။ ဆုံးတဲ့အခါ ခန္ဓာကိုယ်နေပုံ-ထိုင်ပုံကို သူက ဥပမာပြတယ်နော် (မှန်ပါ)၊ အဆုံးမြင်တဲ့ ပုဂ္ဂိုလ် ဖြစ်ပျက်တွေ ဆုံးသွားတော့ မြင်တော့ မဂ်ဉာဏ်က ပေါ်မလာဘူးလား (ပေါ်လာပါတယ်)၊ မဂ်ဉာဏ်ပြီးတော့ ဦးသံဒိုင် ဖိုလ်ဉာဏ်ကော မလာပေဘူးလား (လာပါတယ်)၊ ဖိုလ်ဉာဏ် နှစ်ကြိမ်သုံးကြိမ်လာမယ်။ ပစ္စဝေက္ခဏာဉာဏ်က အကြိမ်များစွာ လာမယ်။ မလာပေဘူးလား (မှန်ပါဘုရား)၊ ဒီဉာဏ်တွေလာတော့ နေရထိုင်ရတာ ဘယ်လိုနေမတုံး ဆိုတော့ကွာ။ အရင်တော့ ကိလေသာရှိတော့ ကိလေသာပူတွေက လောင်နေတော့ ခန္ဓာကိုယ်ကြီးက အေးချမ်းတယ် လို့ ဘယ်တော့မှ မရှိဘူး။
ရေအေးအိုးတစ်ထောင်နဲ့ လောင်းသလို
ဒီဉာဏ်တွေ ပေါ်လာပြီဆိုမှဖြင့် ညဉ့်သိပ်ရေကို အင်မတန်ပူနေတဲ့ အချိန်မှာ လောင်းလိုက်ရသလိုပေါ့လေ။ အေးထွက်သွားတာတဲ့။ သဘောကျပလား။ အဲဒီထိအောင် ခင်ဗျားတို့ ရောက်ရမယ်။ အဆုံးမြင်ရင်- အဆုံး မြင်ရင် မြင်ပုံနဲ့တကွ ပြတာ မရှင်းသေးဘူးလား။ ဪ ငါ မဂ်ရတာ မဂ်ရတာလို့ ဘယ်လိုများ ပေါ်မှာပါလိမ့်မလဲ ဆိုရင် ရေအေးအိုးတစ်ထောင်နဲ့ လောင်းသလို ခန္ဓာကိုယ်ထဲမှာ အေးစိမ့်ပြီးသကာလ သွားဘိသကဲ့သို့။ တကယ်ရေအေး သလိုတော့ မဟုတ်ဘူးပေါ့လေ (မှန်ပါဘုရား)။ ပေါ့ပါးပြီး အေးနေတယ်။ ဒါ-မဂ်ဉာဏ်ပေါ်ပြီအောက်မေ့၊ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်၊ ပစ္စဝေက္ခဏာ ဉာဏ်ပေါ်ပြီ၊ တားထားလို့ ရသလား (မရပါဘုရား)၊ နောက်ပြီး မဂ်တစ်ကြိမ်လာတယ်။ ဖိုလ်ကလည်း တစ်ကြိမ်နှစ်ကြိမ်။ ကျင့်နိုင်တဲ့ပုဂ္ဂိုလ် သုံးကြိမ်။ ပစ္စဝေက္ခဏာဉာဏ်က အကြိမ်အရေအတွက်မရှိ၊ မဟုတ် ဘူးလား (ဟုတ်ပါတယ်)၊ အဲဒါတွေ လာနေလို့ရှိရင် ဒီကိလေသာတွေကြားမှာ ကိလေသာတွေ ပါသေးရဲ့လား (မပါပါ ဘုရား)။
လေးနေတာ ကိလေသာကြောင့်
ဒါဖြင့် ခန္ဓာနဲ့ဉာဏ်ချည်း မနေဘူးလား (ခန္ဓာနဲ့ဉာဏ်ချည်း နေပါတယ်)၊ ခန္ဓာနဲ့ ဉာဏ်ချည်းနေတော့ ခင်ဗျား တို့လေးနေတာ ကိလေသာကြောင့် လေးနေတာ။ ပူနေတာကတော့ (ကိလေသာကြောင့် ပူနေတာပါ)၊ လေးနေတာ ရော (ကိလေသာကြောင့်ပါ)၊ လေးနေတာ ကိလေသာကြောင့်ပါ၊ ဒါဖြင့် ပေါ့လည်းပေါ့ရမယ်၊ အေးလည်း အေးရမယ်။ အခုပေါ်လာပြီ။ ဖြစ်ပျက်အဆုံးမြင်လို့ရှိရင် ခန္ဓာကိုယ်လည်း ပေါ့ရမယ် (မှန်ပါ)၊ အားလုံး ရင်ထဲမှာလည်း အေးရမယ်။ သဘောကျပြီလား (တင်ပါ)၊ ဒါဖြင့် ခင်ဗျား ဝေဒနာနဲ့မကိုက်ဘူးလား (ကိုက်ပါတယ်)၊ လုပ်ရင်လည်း အသက်လည်း ရှည်ရမယ် (ရှည်ပါစေဘုရား)၊ ရှည်ပါစေဆိုတာ ခင်ဗျားမေတ္တာပို့လို့ မရဘူး။ သဘောကျပါလား။ ရှည်ပါစေဆိုတဲ့ မေတ္တာပို့လို့မရဘူး။ ကိုယ့်ဟာကိုယ် လုပ်ယူရမယ် (တင်ပါ)၊ လောကွတ် မလုပ်နဲ့၊ မရဘူး။ သူ-ဒီဟာ အမျှပေးလို့ရတဲ့ တရားမဟုတ်ဘူး။ ရပါ့မလား (မရပါဘုရား)။
ခုနကပြောတဲ့ ရာဟုလာထမ်းမခေါ်နိုင်ဘူး။ သူရတဲ့မဂ်ကို ပေးလို့မရဘူး။ ရိပ်မိပြီလား၊ အဲဒါ ကိုထွန်းရင်က ရှည်ပါစေဘုရားလို့ လုပ်မနေနဲ့။ သူ့ဟာသူ လုပ်ယူ။ ခင်ဗျားကတော့ (တပည့်တော်ဟာ တပည့်တော် လုပ်ယူပါမယ်)၊ ခင်ဗျားဟာ ခင်ဗျားလုပ်ယူ။ ဘယ်သူ့ ဘယ်သူမှ ကူလို့မရဘူး။
အမျှပေးလို့ မရဘူး
မဂ်ဉာဏ် ဖိုလ်ဉာဏ်ကို အမျှပေးလို့ မရဘူး။ ဒီ့ပြင် ဒါနကံ သီလကံကို အမျှပေးလို့ရတယ်။ ခင်ဗျားတို့ ဘာဖြစ်ဖြစ် အမျှယူချင်လို့ ဘယ်ဖြစ်မလဲ။ အမျှပေး လို့ရတဲ့ကုသိုလ်၊ အမျှပေးလို့ မရတဲ့ကုသိုလ်ရယ်လို့ ရှိသေးတယ်။ မဂ်ဉာဏ် ဖိုလ်ဉာဏ် ကုသိုလ်တွေကျတော့ ခင်ဗျားတို့ ဘယ်သူ့ကိုမှ အမျှပေးလို့မရဘူး။ အမျှပေးလို့ရရင် ဟိုပုဂ္ဂိုလ် သောတာပန်တည်ရမယ်၊ မတည်ပေဘူးလား။ ဒီ့ပြင် ကုသိုလ်က အမျှပေးလို့ရတယ်။ သူရောရရဲ့လား (မရပါဘုရား)၊ ဪ ဒီလို ခွဲပြုပေးမှ ဪ ဒါကြောင့် ဘုရားက “အတ္ထာ ဟိ အတ္တနော နာထော” သူ့ဟောတာပဲ။ ကိုယ့်မဂ်ဉာဏ်သာ ကိုယ်အားကိုးကြကွ။ ရှင်းပြီလား (သာဓု)၊ ဟေ့ သာဓု ခေါ်မနေနဲ့ဦး။ လုပ်ယူလို့ရမှ ကိုယ့်ကိုယ်ကိုယ် ဝမ်းသာလို့ သာဓုကို ခေါ်ပါနော် (နှုတ်ကျိုး နေလို့ပါဘုရား)၊ နှုတ်ကျိုးနေလို့။
ကဲ ဒါဖြင့် အကယ်၍ ဒါက ဝိဇ္ဇာ ဥဒပါဒိ၊ အာလောက ဥဒပါဒိ ပေါ်ပြီဆိုကြပါစို့၊ မပေါ်ဘူးလား။ အကျင့် ကျင့်တဲ့ပုဂ္ဂိုလ်က ဝိဇ္ဇာဖြစ်တာပေါ့ကွ။ အာလောကောရော (ပေါ်ပါတယ်)၊ ဉာဏံရော (ဉာဏံရော ပေါ်ပြီ)၊ ငါးချက် အကုန်ပေါ်ဆိုပြီတော့ ဒါကြောင့် ဘုရား ဟောတာ။ အဲဒါ သောတာပန်တည်တယ်လို့ ဟောတာ။
နောက် ငါးရက်မှာ အနတ္တလက္ခဏသုတ် ဟောမှ ပဉ္စဝဂ္ဂီဟာ အားလုံး ရဟန္တာဖြစ်ကုန်တယ်။ ဒါကြောင့် ဝိဇ္ဇာ ဥဒပါဒိ၊ အာလောကော ဥဒပါဒိ၊ ဉာဏံ ဥဒပါဒိ ဆိုတာက သောတာပန်အတွက် ဟောတာ။ ပေါ်ပြီလား ပေါ်ပြီနော်။
ဒါဖြင့် နေရာကျပါပြီတဲ့၊ ခင်ဗျားတို့အလုပ် လုပ်တတ်ပလားလို့ မေးလိုက်တယ်။ ဦးသံဒိုင်ရော လုပ်တတ် ရဲ့လား (တိတိကျကျ တစ်ခုခုတော့) လုပ်ရလိမ့်မယ်။ လုပ်ရလိမ့်မယ်ဆိုတော့ ကျုပ် ယခုရှင်းပြမယ်။ ခန္ဓာက ငါးပါးရှိ တယ်နော်။ ခင်ဗျားက တဏှာစရိုက်လား၊ ဒိဋ္ဌိ စရိုက်လား ဘုန်းကြီးက သိတယ်။ အကဲခတ်ကြည့်၊ သူ ယခုအခါမှာ တော့ဖြင့် ဘယ်မှ ငါ့ကိုယ် ငါ့ဟာ၊ ငါ့ဥစ္စာရယ်လို့ မထားတော့ဘူး။ မထားတော့ဘူး ဆိုတော့ ဒိဋ္ဌိက ပါးနေပါတယ်။ ယခုအချိန်မှာ ဒိဋ္ဌိဘယ်လိုပါးလာသလဲ ဆိုတာကို မေးဖို့မလိုဘူးလား။ (မှန်ပါ့ဘုရား)။
ဒိဋ္ဌိစရိုက်ရှိတဲ့လူ စိတ္တာနုပဿနာ ပေးရတယ်
နေ့လား၊ ညဉ့်လား သေမလား မသိဘူး (တင်ပါ)၊ ဒါကလေးက ဒိဋ္ဌိသတ်တယ်။ အကြမ်းသတ်တယ်။ အမြစ် ဘယ်သူ ဖြတ်သတုံး။ သို့သော် လူမှာ ဒိဋ္ဌိစရိုက်ရှိတဲ့လူ စိတ္တာနုပဿနာ ပေးရတယ်နော်။ တဏှာစရိုက် ရှိတဲ့လူ ဝေဒနာနုပဿနာပေးရတယ်။ သဘောကျပြီလား (ကျပါပြီ)၊ ဒါ မှတ်ထားဦးဗျ၊
နို့မဟုတ်ရင် ကမ္မဋ္ဌာန်းနဲ့ လူနဲ့ မတည့်ရင်လည်း ကြာနေဦးမယ် (တင်ပါ)၊ မကြာပေဘူးလား (ကြာပါတယ်)။ ဒိဋ္ဌိ စရိုက်ရှိတဲ့လူဖြင့် စိတ္တာနုပဿနာ ရှုရမယ်။ ဒိဋ္ဌိစရိုက်ရှိရင် ဘာရှုရမလဲ (စိတ္တာနုပဿနာ ရှုရမယ်)၊ တဏှာစရိုက်ရှိရင်ရော (ဝေဒနာနုပဿနာ ရှုရမယ်)၊ ဝေဒနာနုပဿနာရှုရမယ်နော်။ ပညာစရိုက်ရှိတဲ့ ပုဂ္ဂိုလ်ကျတော့ ဓမ္မာနုပဿနာ ရှုရမယ်။ ရာဂစရိုက်ရှိတဲ့ပုဂ္ဂိုလ်က ကာယာနုပဿနာ ရှုရမယ်။ ဒီအစဉ်ကလေး သိဦးမှ။ ရောက်လာလို့ ကမ္မဋ္ဌာန်းချည်း ပေးလို့ ချော်နေမယ်။ မချော် ဘူးလား (ချော်ပါတယ်ဘုရား)၊ ရှင်းပြီလား။
အဲဒီတော့ ကိုသံဒိုင် ပေးရမယ့်တရားနဲ့ ကိုထွန်းရင် ပေးရမယ့်တရားဟာ မတူဘူး။ သူက တဏှာစရိုက်ရှိတယ်။ ကဲ ဒါဖြင့် ဒိဋ္ဌိစရိုက်ရှိတဲ့ပုဂ္ဂိုလ်က စိတ္တာနုပဿနာရှုပါ တဏှာစရိုက်ရှိတဲ့ပုဂ္ဂိုလ်က ဝေဒနာနုပဿနာ ရှုပါ။ ဒီနှစ်ခုပေးထားတယ် (တင်ပါ)၊ ခင်ဗျားက ဘာယူမလဲ။ တဏှာ (ဝေဒနာရှုရပါမယ်)၊ ဝေဒနာရှုရမယ်။ ခင်ဗျားကတော့ကို စိတ္တာနုပဿသနာနဲ့ ကိုက်တယ်၊ စိတ္တာနုပဿနာနဲ့မှ။ သဘောကျပြီနော်။
ကမ္မဋ္ဌာန်းပေးတော့မယ်
ကောင်းပြီ ကမ္မဋ္ဌာန်းပေးတော့မယ်။ ခင်ဗျားတို့ကို (မှန်ပါဘုရား)။ ဪ မတူပါလားဆိုတာ သေချာ ပြီလား (သေချာပါပြီ) ရမ်းပြီး ဆရာကို မှီဝဲလို့ရမတော့ဘူး။ မချိန်တတ်တဲ့ ဆရာနဲ့ဆိုရင် ကိုယ်တစ်သက်လုံး လုပ်လို့ ရပါ့မလား (မရပါဘုရား)၊ စရိုက်နဲ့ ကမ္မဋ္ဌာန်းလွဲနေမယ် (တင်ပါဘုရား)၊ စရိုက်နဲ့ ကမ္မဋ္ဌာန်းလွဲနေရင် မရဘူး (ဆေး မှားထိုးသလို)၊ အဲဒီအတိုင်း ဖြစ်နေတာပဲ။ ဆေးမှားထိုးရင် အဖုအပိမ့်တွေ ထွက်လာရုံပဲ ရှိမယ်။ တစ်နည်းအားဖြင့် အကြောဆေး အသားထဲဝင်ရင်သေမယ်။ မသေပေဘူးလား (တင်ပါဘုရား)၊ ဒီလိုကွာတယ်။ ကျုပ်ဝတ္ထုတိုကလေးတစ်ခု ပြောပြမယ်။
အရှင်သာရိပုတ္တရာ ဆွမ်းခံတဲ့အိမ်၊ အရှင်သာရိပုတ္တရာ ဆွမ်းခံအိမ်မှာ သားကလေးတစ်ယောက်ရှိတယ်။ ပန်းထိမ်သည်အိမ်မှာ သားကလေး တစ်ယောက်ရှိတယ်။ အရှင်သာရိပုတ္တရာက ဆွမ်းခံလာရင်း တရားကလေးတစ်လုံး တို့ပေးလိုက် နှစ်လုံး တို့ပေးလိုက်နဲ့ တရားကလေး ထည့်ခဲ့တယ်။
ဒါနဲ့ တပည့်တော်ဘုရား အရှင်ဘုရားတို့ တရားနာရလို့ တပည့်တော် သာသနာ့ဘောင်ကို ဝင်ချင်တယ်။ လူ့အဖြစ် မနေချင်တော့ဘူး (သားကလေးက)၊ သားကလေးက စိတ်ပြောင်းသွားတယ်။ အေး ဝတ်ကွ၊ အရှင်သာရိ ပုတ္တရာက သင်္ကန်းဝတ်ပေးတယ်။ အရှင်သာရိပုတ္တရာ ကျောင်းမှာပဲ ဒီသားကလေးကနေတယ်။ လအမည်အားဖြင့် လေးလ၊ ရက်အရေအတွက်အားဖြင့် သုံးလ ကမ္မဋ္ဌာန်းပေးတယ်၊ အသုဘကမ္မဋ္ဌာန်းချည်းပဲပေးတယ်။
နောက်တစ်လလောက်ရှိတော့ အရှင်သာရိပုတ္တရာ ငါ့ရှင် ဘယ့်နှယ်လဲ၊ ဘယ်လိုများ ထင်သလဲပြောစမ်း။ ဘာမှ မထင်ပါဘူးဘုရား။ ကွာ ရှုဦးကွ။ အရှင်သာရိပုတ္တရာက ပြောတယ်။ နောက် ဝါခေါင်လကုန်သွားတယ်။ ဝါတွင်း နှစ်လကုန်သွားပြီ ဆိုကြစို့။ ဘယ့်နှယ့်နေသလဲကွ ငါ့ရှင်။ ဘယ့်နှယ်မှ မနေဘူး။ ငါ့ရှင် အသုဘကမ္မဋ္ဌာန်းပဲ အားထုတ်ဦးကွ။ သီတင်းသာ ကျွတ်တယ်၊ ဘာမှမထင်ဘူး။ ကာယာနုပဿနာ ပေးကြည့်တယ်။
ပန်းထိမ်သည်သား
ဒါနဲ့ အရှင်သာရိပုတ္တရာမှာ သူ့အတွက် ဆောင်ရွက်လိုစိတ် ပျက်ပြယ်သွားတယ်။ တစ်စုံတစ်ရာ အကျိုးမပြီး တော့လို့ လက်လျှော့လိုက်တယ်။ တစ်စုံတစ်ခု ထူးခြားမှုမရှိတာနဲ့ မင်းဟာ ငါချွတ်လို့ မရပါဘူး။ ပညာအရာမှာ ဧတဒဂ်ရတယ် (တင်ပါဘုရား)။ ချော်နေတာ၊ ချော်နေပုံကို ပြောပါတယ်။ ဒါနဲ့ မင်း ဘုရားချွတ်မှ ရမယ့်အကောင် ပါပဲ။ ဘုရားဝေနေယျဆိုပြီး ဘုရားဆီပို့တယ်။ ပန်းထိမ်သည်သားနဲ့ အရှင်သာရိပုတ္တရာနဲ့ ဘုရားဆီ သာဝတ္ထိပြည် ဇေတဝန်ကျောင်းကို သွားကြတယ်ပေါ့လေ (မှန်ပါဘုရား)။
ဘုရားက ပြုံးတယ်။ ပြုံးတာက တစ်ခြားကြောင့် ပြုံးတာမဟုတ်ဘူး။ အရှင်သာရိပုတ္တရာ ခြေချော်မိပြီဆိုတာ သိတယ်။ အရှင်သာရိပုတ္တရာ ချော်နေတယ်။ ရိပ်မိပလား။ ကမ္မဋ္ဌာန်းပေး လွဲနေတယ်။ ပေးရမှာက သူ့ကိုပေးရ မှာက သူက အလှကြိုက်ကလေး ၊ ပျက်စီးတာကို ပေးမှ သူကရမယ်။ သူက ပျက်စီးတာပေးတာမှ မဟုတ်ဘဲ။ အသုဘကမ္မဋ္ဌာန်းကိုပဲ ပေးထားတာကိုး။
အဲဒါကြောင့် ကမ္မဋ္ဌာန်းကို စရိုက်မရွေးဘဲ ပေးလို့ရှိရင် ဒီဆရာကို မမှီဝဲနဲ့ တဲ့။ မကိုက်ဘူး တဲ့။ ကိုက်ပါ့မလား (မကိုက်ပါဘုရား)၊ အဲဒါနဲ့ ဘုရားက ပြုံးတယ်။ သူတို့တပည့်ကလေး ခေါ်လာတယ်။ ဘုရားကသိပြီ။ အရှင်သာရိပုတ္တရာကြီး ခြေချော်နေပြီကွ။ ဟေ့ မင်း တပည့်အပ်လာသလားလို့ ဒီလိုမေးတာကိုး။ ဟုတ်ပါ တယ်ဘုရား။ တပည့်တော် လအမည်အားဖြင့် လေးလ၊ ရက်အရေအတွက်အားဖြင့် သုံးလပတ်လုံး ကမ္မဋ္ဌာန်းတွေ ပေးလာတာ ဘာမှအဖြေမပေါ်ဘူး ဘုရား။ ဝါတွင်းသုံးလဆိုရင် ရဟန္တာဖြစ်လောက်ပါပြီ။ တကယ့်သံဝေဂနဲ့ ဝင်လာ တယ်။ ဒီကမ္မဋ္ဌာန်းဆရာ ချော်နေလို့ဖြစ်ရမယ်။ မနာဘူးလားကွ (နာပါတယ်၊ သုံးလနာပါတယ်)၊ သုံးလတောင်ရှိပြီ။ ဒီကြားသေရင် မခက်ဘူးလားကွ။ အဲဒီတွင်မှ အရှင်သာရိပုတ္တရာကို ကဲ မင်းတပည့်ကလေး ထားခဲ့ကွာ မင်း ပြန်သွားတော့။ သိပြီပေါ့ ဘုရားက၊ ပြီးတော့ မင်း ညနေ တစ်ခေါက်လာခဲ့ဦး၊ ညနေ လွှဲလိုက်တယ်။ မနက်သွား ညနေ ကျွတ်မှာကို ၊ တည့်တည့်ကြီး ဘုရားက ပြောလိုက်တယ်။
အဲဒီကြာဖူးကြည့်နေ
ဒါနဲ့ သူ့ကို ဘုရားက သိတယ်။ စေတောပရိယဉာဏ်နဲ့ ဣန္ဒြေ ရင့်-မရင့်ကို သိတယ်။ ဒိဗ္ဗစက္ခုနဲ့ နောက်ကြောင်းကို ကြည့်တယ်။ ပုဗ္ဗေ နိဝါသာနုဿတိနဲ့ ရှေးကြောင်းကို သိလိုက်တယ်။ ပန်းထိမ်သည်ဘဝချည်း ငါးရာဖြစ်တယ် ၊ ပန်းထိမ်ချည်း လုပ်စားလာတာ ဘဝငါးရာ။ ပန်းထိမ်ဆိုတာ သူများကလှအောင် လုပ်ပေးပါ ဆိုတာကို လှသည်ထက် လှအောင်လုပ်ပေးတယ်ဆိုရင် ဒီပန်းတိမ်ဖိုဟာ နာမည်ကြီးတာပဲ။ မကြီးဘူးလား၊ သူက အလှကြိုက်။ ဒီအလှကြိုက်ကို မဖျက်လို့မရဘူး။ အလှကြိုက်က အသုဘကမ္မဋ္ဌာန်းနဲ့ တစ်ခြားစီဖြစ်နေတယ်။ ဒီတွင်မှ ဘုရားက တန်ခိုးနဲ့သဲပုံကြီးကို ဖန်ဆင်းလိုက်တယ်။ ဖန်ဆင်းပြီးတော့မှ ပဒုမ္မာကြာ၊ လှပေ့ဆိုတဲ့ ပဒုမ္မာကြာကြီးကို ဖန်ဆင်းလိုက်တယ်။ အဲဒီ ကြာဖူးကိုသာ သွားကြည့်နေ၊ သွား ရဟန်းလေး အဲဒီကြာဖူးကြည့်နေ။ ဪ ကြာဖူးက မနက်သိပ်လှနေတယ်။ သူ့အကြိုက်ချည်း ဖြစ်နေတယ်။ နောက်နေလည်း ရင့်လာရော ကြာဖူးကလေးက အချပ်ကလေးက လန်လန်လန်လန်လာပြီး ပျက်စီးသွားတယ်။ အလှပျက်တယ်။ နောက် အလှပျက်ရုံမကပါဘူး။ ခုနကလို အလှပျက်ရုံတင် မဟုတ်ဘူး။ နောက်ကျတော့ အနိစ္စပါပြတယ်။ ကြွေကြွေ ကြွေကြွေပြတယ်။ ဒီတွင်မှ ဘုရားက နင့်ခန္ဓာလည်း ဒီအတိုင်းပဲ ပြန်ကြည့်စမ်းဆိုပြီးတော့ ခန္ဓာပြန်ကြည့်ခိုင်းတယ်။ ညနေကျတော့ (၄)မဂ်ရပြီး ရဟန္တာဖြစ်သွားတယ်။
ကမ္မဋ္ဌာန်း အပေးလွဲသွားတယ်။ ဒီတွင်မှ အရှင်သာရိပုတ္တရာကို မင်း ညနေလာခဲ့ဆိုထားတော့ အရှင်သာရိ ပုတ္တရာက ညနေလာတယ်။ လာတော့ ရဟန္တာဖြစ်မှန်း သူသိတယ် (သိရပါတယ်ဘုရား)၊ သိပြိ၊ ကဲ ဆရာလွဲလို့ ရှိရင် ဘယ်လောက် နာသလဲ၊ ရှင်းပြီလား (ရှင်းပါပြီဘုရား)၊ ကောင်းပြီ-ဒါဖြင့် ခင်ဗျားက ဝေဒနာနုပဿနာအားထုတ် (တင်ပါ) ဦးသံဒိုင်က စိတ္တာနုပဿနာအားထုတ်၊ သဘောကျပြီလား။ ခင်ဗျားက ဘာအားထုတ်ရမလဲ (ဝေဒနာ နုပဿနာ)၊ ကဲ ခင်ဗျားကရော ဘာအားထုတ်ရမလဲ (စိတ္တာနုပဿနာ)၊ ကဲ ပေးမယ်ကျုပ်၊ သို့သော် ယခု မပေးသေးဘူး။ အခု မပေးသေးဘူး။ အခု ဒီဟာကို လုပ်နည်း ကိုင်နည်း၊ သစ္စာလေးပါး တရားတွေကို အကုန်မြင်နည်းကို ပြမယ်။ လုပ်တော့ကို ဆရာရှာနေဖို့ မလိုတော့ဘူး။ သူ့ဉာဏ်နဲ့သူ တက်မယ်။ ကိုင်း ဒါဖြင့် လူမိုက်နဲ့ လူလိမ္မာ ထူးပြီလား (ထူးပါပြီဘုရား)။
လူလိမ္မာက အမှောင်ထဲကလာပြီး အလင်းရတယ်
လူလိမ္မာက အမှောင်ထဲကလာပြီး အလင်းရတယ်ဗျ၊ သဘောကျပြီလား။ ဝိဇ္ဇာဥဒပါဒိ အာလောကော ဥဒပါဒိဖြစ်တယ်။ မဖြစ်ဘူးလား (ဖြစ်ပါတယ်)၊ လူမိုက်က အမှောင်ထဲက လာပြီးသကာလ တဏှာ ဥပါဒါန် ကံ အဝိဇ္ဇာ သင်္ခါရ အမှောင်တွေပြန်လာတယ်။ ဇာတိ ဇရာ မရဏ မလာဘူးလား။ လူမိုက်က (လာပါတယ်ဘုရား)၊ ဒါဖြင့် ဒီအမှောင်က လာပြီးတော့ ဒီအမှောင်ကို ပြန်မရောက်ဘူးလား (ရောက်ပါတယ်ဘုရား)၊ ဒီအမှောင်ထဲမှာရော မမွေးဖွားဘူးလား (မွေးပါတယ်)၊ ဒါဖြင့် ဒီအမှောင်ထဲပဲ သွားဦးမှာပဲ။ သူက အမှောင်ထဲကလာပြီး အမှောင်ထဲပဲ သွားဦးမှာပဲ။ လူလိမ္မာက အမှောင်ထဲကလာပြီး အလင်းရတယ်။ သူက “စက္ခုံ ဥဒပါဒိ၊ အာလောကော ဥဒပါဒိ၊ ဝိဇ္ဇာ ဥဒပါဒိ၊ ပညာ ဥဒပါဒိ” ဘာတုံးဆိုတော့ ဒီခန္ဓာငါးပါးကို ဝိပဿနာဉာဏ်တည်းဟူသော အလင်းရောင်နဲ့ စရှုလို့ မဂ်တည်းဟူသော အလင်းရောင်ကို ရသွားတယ်၊ သဘောကျပြီလား။
အဲဒီတော့ ဦးသံဒိုင်တို့ စာလေး ဘာလေးလည်း ကြည့်ထားတော့ ကျုပ်က ရှင်းအောင်ပြောလိုက်မယ်။ ဘာဝေတဗ္ဗကိစ္စဆိုတာက ဟောဒီသောတာပတ္တိမဂ်ကို ဆိုတာမဟုတ်ဘူး၊ ရှင်းပြီလား၊ ဟောဒီ ပုဗ္ဗဘာဂမဂ်ကို ဆိုတာပါ။ မဂ္ဂင်ငါးပါးကို ဆိုတာ၊ မှတ်မိပြီလား (မှတ်မိပါပြီ)၊ ပွားများရမှာက ဘာတုံး (မဂ္ဂင်ငါးပါး)၊ မဂ္ဂင်ငါးပါးကို ပွားများတဲ့ အခါကျတော့ “မဂ္ဂါဘိညာ သကမထာ”ဆိုတော့ မဂ်က တစ်ကြိမ်သာ ပေါ်ရမယ်။ နှစ်ကြိမ် ပေါ်နိုင်ရဲ့လား (မပေါ် နိုင်ပါ)၊ သောတာပတ္ထိမဂ်ဟာ ပွားများ ပွားများ ဆိုတာက အကြိမ်များစွာကို ဆိုတာ။ ဒါဖြင့် သောတာပတ္ထိမဂ်က အကြိမ်များစွာ ပွားများရမှာလား၊ သူ့ရှေ့ကမဂ်ကသာ အကြိမ်များစွာ ပွားများရမှာလား (ရှေ့ကမဂ်ကသာ ပွားများ ရမှာပါ)၊ ရှေ့ကမဂ်က ပွားများရမှာ။ ဒီလိုပွားများတယ်ဆိုရင် ဒီမဂ်ကလာမယ်။ ရှင်းပြီလား။
ဝိပဿနာမဂ်က အကြိမ် ဘယ်လောက် ပွားများရမှာလဲ
ဒါဖြင့် ဒါကို မယူတတ်လို့ရှိရင် ဒီပွားများနေတာကို သောတာပတ္တိမဂ် ရပြီထင်ပြီး ငါးပါးမှောက်မှာစိုးလို့ သတိပေးရတာပါ။ မပေးထိုက်ဘူးလား (ပေးထိုက်ပါတယ်)၊ ဒါဖြင့် ပုဗ္ဗဘာဂမဂ်ဆိုတာ သူ့ရှေ့နား ကျသောမဂ်၊ လောကုတ္တရာမဂ်၏ ရှေ့နားကျသော ဝိပဿနာမဂ်ကို ဆိုတယ်။ ရှင်းပြီလား။ ဝိပဿနာမဂ်ကတော့ အကြိမ် ဘယ်လောက် ပွားများရမှာလဲမေးရင် ဦးသံဒိုင် ဘယ်လောက်ဖြေမတုံး (အရေအတွက်မရှိပါ)၊ ဉာဏ်စဉ်ကို တက်အောင် ပွားရမယ်။ ယထာဘူတဉာဏ်လည်း သူနဲ့ပွားရမယ်။ နိဗ္ဗိန္ဒဉာဏ်ရော (သူနဲ့ပွားရမယ်)၊ အဲ သူသာ ခင်ဗျားတို့ တွင်တွင်ပွားလို့ရှိရင်ဖြင့် သူပေါ်လာလိမ့်မယ်။
လောကီမဂ်နဲ့ လောကုတ္တရာမဂ်နဲ့ ဘာထူးသတုံး
ကိုင်း ဒါဖြင့် မိလိန္ဒမင်းကြီးနဲ့ အရှင်နာဂသိန်က တစ်မျိုးတည်း၊ အရှင်ဘုရား ပုဗ္ဗဘာဂမဂ်နဲ့ ရှေ့မဂ်နဲ့၊ လောကီမဂ်နဲ့ လောကုတ္တရာမဂ်နဲ့ ဘာထူးသတုံး မေးတယ်။ လောကီ ဒါလည်း လောကီမဂ်မဟုတ်ဘူးလား။ ကဲ သူလည်း ကိလေသာဖြတ်တာပဲ။ သူက တဒင်္ဂဖြတ်တယ်။ သူက သမုစ္ဆေဒဖြတ်တယ်။ မထူးဘူးလား၊ နို့-ဖြတ်တာ ချင်းအတူတူမှာ (ရှေ့ မဂ်က ငါးပါးပါသလား)၊ အေး ရှေ့မဂ်က ငါးပါး၊ ခင်ဗျားတို့ ရှုချင်တိုင်းရှု၊ ရှေ့မဂ်က ငါးပါးပဲ (လောကုတ္တရာမှာရော ရှေ့မဂ်ငါးပါးပါသလား)၊ အင်း ရှေ့မဂ်ငါးပါးနဲ့ (သူ့မှာတော့ သုံးပါးပါတယ်)၊ သူ့မှာတော့ သီလမဂ္ဂင် သုံးပါးပါတယ်။
ဝါးစိမ်းနှစ်လုံး
အဲဒီတော့ ဒီလိုယူကွာ တဲ့၊ ဝါးစိမ်းနှစ်လုံးကို ကိုထွန်းရင်က ကိုင်ထား။ ဝါးစိမ်းနှစ်လုံး၊ ဝါးနှစ်လုံးကို တစ်တောင်ကျ ကိုင်ထားနော်။ ပွတ်ပါ။ ဒီအထဲမှာ တောက်တဲ့မီးတော့ မပါဘူး (မပါပါ)၊ ဒါဖြင့် ဒီဘက်တစ်လုံး ထဲမှာရော (မပါပါ)၊ ဝါးချင်းပွတ်ပွတ်ကြည့်၊ မီးလင်းလာလိမ့်မယ် (တင်ပါဘုရား)။
ဒီအပူ ဘယ်ကလာသတုံး လို့မေးတော့ ဘယ့်နှယ်ဖြေမလဲ၊ ပွတ်ပါများလို့။ သဘောကျပလား။ ပွတ်ပါ များတော့ ဒီဝါးက ခုနင်က အေးစက်ကြီးက အပူပဲဖြစ်ရမယ်။ မဖြစ်ဘူးလား (ဖြစ်ပါတယ်)၊ အဲဒီ ဝိပဿနာမဂ်နဲ့ တူတယ်။ နောက်ကျတော့ မီးထွက်လာလိမ့်မယ်။ မင်းတို့ အလိုရှိတဲ့မီး၊ ကိုယ်အလိုရှိတဲ့မီး၊ ကျုပ်တို့အလိုရှိတာ မီးအလိုရှိလို့ ပွတ်တာ။ အပူတောင် အလိုရှိလို့ မဟုတ်ဘူး။ မီးတောက်အလိုရှိလို့ နောက်ဆုံးပိတ် ပွတ်နိုင်သလောက် ပွတ်တဲ့အခါကျတော့ မီးထွက်တဲ့အချိန်ရောက်တော့ မထွက်ပေဘူးလား (ထွက်ပါတယ်ဘုရား)။
မီးထွက်တဲ့အချိန်ရောက်တာနဲ့ လောကုတ္တရာမဂ်ပေါ်တာနဲ့ တူတယ်။ ပူနေတာနဲ့ လောကီမဂ်ပေါ်နေတာ နဲ့တူတယ်။ လောကီမဂ် မပူဘဲနဲ့ မီးထွက်တဲ့ လောကုတ္တရာမဂ် ထွက်နိုင်ပါ့မလား (မထွက်နိုင်ပါဘုရား၊ ပူရပါဦးမယ်)၊ အများကြီး ပူရပါဦးမယ်။ ပူနိုင်သရွေ့ ပူလို့ မီးထွက်တဲ့ ဒီဂရီပြည့်မှ ဒီမီးထွက်မယ် (မှန်ပါ)၊ နို့မုတ်ရင် ထွက်ပါ့မလား (မထွက်ပါဘုရား)၊
အဲ ခင်ဗျားတို့လည်း ဒီမဂ်ကို မပျင်းရင် ဒီမဂ်ရမယ်။ ရှင်းပြီလား ဒီမဂ်ကို ပျင်းနေရင် ဒီမဂ်က အလိုလို ဘယ်တော့မှမပေါ်ဘူး။ သူပူမှပေါ်မယ် (တင်ပါဘုရား)၊ မှတ်မိပလား။ ဒါဖြင့် ဘယ်ဟာကို အရင် လုပ်ရမလဲ။ ပူနေအောင် ပွတ်တဲ့အလုပ် လုပ်ရမယ်။ ဒါဖြင့် ဖြစ်ပျက်ကိုရှုတာကို များများရှု၊ ဟုတ်လား (တင်ပါ)၊ အဲဒီတော့ ဖြစ်ပျက်ကို မုန်းလာအောင် ရှုပေးပါ(တင်ပါဘုရား)၊ နောက်ကျတော့ မီးထွက်လာတယ် ဆိုတဲ့အခါကျတော့ ဟောဒီဖြစ်ပျက်တာလည်း ခင်ဗျားတို့ရှေ့တွင် ချုပ်မယ်။ ချုပ်သွားလို့ရှိရင် ဒီမဂ်ပေါ်ပြီလို့ မှတ်ပေတော့၊ လောကုတ္တရာ မဂ် သဘောပါသလား (တင်ပါ)၊
ပွတ်မှုလုပ်တာ ခင်ဗျားတို့တာဝန်
ဒါဖြင့် ပွတ်မှုလုပ်တာ ခင်ဗျားတို့တာဝန် (တင်ပါ)၊ မီးထွက်ပါဆိုပြီး ပွတ်နေဖို့ တော့ မဟုတ်ဘူး။ ထွက်ချိန်ကျတော့ ထွက်မှာပါ။ ပွတ်တဲ့အလုပ်က ကျုပ်တု့ိအလုပ်။ မီးထွက်ဖို့က ဝါးအလုပ်။ သဘော ပါသလား။ ပွတ်ဖို့ အလုပ်က (တပည့်တော်တု့ိအလုပ်)၊ မီးထွက်ဖို့က (ဝါးအလုပ်ပါ)၊ ဒါဖြင့် ဝါးအလုပ်နဲ့ ကျုပ်တို့အလုပ် နှစ်ခုခွဲလိုက်။ ပွတ်ဖို့အလုပ်ကို ကျုပ်တို့က မနေမနားသာ ပွတ်နေလို့ရှိရင် မီးထွက်ဖို့အလုပ် ဝါးက သူ့ဟာသူလုပ်လိမ့်မယ်။ သဘောပါပြီလား (ပါပါပြီ)။ ဒါဖြင့် ဝိပဿနာ မြန်မြန်လုပ်။ မဂ်ပေါ်လိမ့်မယ်။ ဝိပဿနာ မလုပ်ရင် (မဂ်မပေါ်ပါ ဘုရား)၊ မဂ်မပေါ်ဘူးဆိုတော့ ဪ ဒါ ဘုရားက ဘာဝေတဗ္ဗကိစ္စလို့ ဟောထားတာပဲဗျ၊ ဆုတောင်းနဲ့ပေါ်လိမ့် မယ်လို့ ဘယ်တော့ ဟောဖူးသလဲ (မဟောပါဘုရား)၊ ရှင်းပြီနော်။
ဒီအလုပ်ကို လုပ်ကြတော့
ကဲ ဒါဖြင့် ဒီအလုပ်ကို လုပ်ကြတော့မယ်။ တစ်ယောက်က ဝေဒနာနုပဿနာ၊ တစ်ယောက်က စိတ္တာ နုပဿနာ မလုပ်ရင် ဘာဖြစ်မလဲ။ ပြန်ပြောမယ်နော်။ မလုပ်လို့ရှိရင် တဲ့။ အဝိဇ္ဇာသင်္ခါရကြောင့် လူမိုက် ခန္ဓာငါးပါးပေါ်ပြီ။ ခန္ဓာငါးပါးကို ကျွေးမှု၊ မွေးမှု၊ ဆင်ယင်မှုကြောင့် ခန္ဓာငါးပါး ခင်မင်မှုကြောင့် တဏှာမလာပေ ဘူးလား ၊ ဥပါဒါန်လာမယ်၊ ကံ တွေရော (တင်ပါဘုရား)၊ ကံတွေရော၊ ကံတွေလည်းလာမယ်။ ကံလာလို့ရှိရင် ဒီဇာတိ ဇရာ မရဏတွေ မလာပေဘူးလား (လာပါမယ်)၊ လာတော့ကို ခင်ဗျားတို့ မနေ့ကလည်း ပြောခဲ့ပါပြီ၊ ခန္ဓာကို ခင်တာက တဏှာ၊ ခန္ဓာကို စွဲလန်းတာက ဥပါဒါန်နေတာ် ၊ ဒါဟာ ကိလေသဝဋ်လို့ မနေ့က မပြောခဲ့ဘူးလား။ ဒါကလေးက ကမ္မဝဋ်၊ ဒါက ဘာလဲ (ဝိပါကဝဋ်ပါ)၊ ကိလေသဝဋ်၊ အဝိဇ္ဇာနဲ့တဏှာ ကိလေသဝဋ်နော်၊ ကိလေသဝဋ် သာ လုပ်နေရင် ကမ္မဝဋ်က လာရတော့မယ် (တင်ပ)၊ ကမ္မဝဋ်လာလို့ရှိရင် ဝိပါကဝဋ်လာမယ်။ ဝိပါကဝဋ်ဆိုတာ ခန္ဓာငါးပါး၊ ဝိပါကဝဋ်က ဘာပါလိမ့် (ခန္ဓာငါးပါးပါဘုရား)။
ဟိုပဋိစ္စသမုပ္ပါဒ်ကို နားလည်ပြီးသားမို့လို့ ဖြုတ်လိုက်တယ်။ ကိလေသဝဋ်ရှိရင် ဘာလုပ်နိုင်သလဲ၊ ကမ္မဝဋ် လာရမယ် (ကမ္မဝဋ်လာပါတယ်)၊ ကမ္မဝဋ်လာရင် (ဝိပါကဝဋ်လာပါတယ်)၊ အဲ ဒါဖြင့် တစ်၊ နှစ်၊ သုံး၊ သုံးရောက် တယ်။ ဝိပါကဝဋ်လာလို့ရှိရင် ဝိပါကပါရင် ကိလေသဝဋ် ပါရမယ်။ ကိလေသဝဋ် ဝင်လာတယ်။ ဘယ့်နှယ်ကြောင့် ကိလေသဝဋ် ဝင်လာသတုံး။ ဘဝနိကန္တိက လောဘဇောဆိုတာ ဘဝနှစ်သက်တယ်ဆိုတဲ့ လောဘဇောဟာ အရင် ရောက်လာတယ်။ မရောက်ဘူးလား (ရောက်ပါတယ်)၊ ပဋိသန္ဓေ နေတယ်ဆိုလို့ရှိရင် ပဋိသန္ဓေ, ဘဝင်(၁၅)ချက်၊ (၁၆)ချက်, ဘဝနိကန္တိက လောဘဇော(၇)ချက် မလာပေဘူးလား (လာပါတယ်)၊ အဲ-ဒီတော့ တဏှာ ဥပါဒါန်အရင် မရောက်ပေဘူးလား။ ရောက်တော့ကို အရင်တုန်းကဟာက ဒါက ကိလေသဝဋ်ကြောင့် ကမ္မဝဋ်ဖြစ်ရမယ်။ မဖြစ်ပေဘူးလား (ဖြစ်ပါတယ်ဘုရား)။
ဒါက ဘာဖြစ်လာ (ကိလေသဝဋ်ပါ)၊ ကိလေသလို့ ပေါက်ပွားလို့ရှိရင် ခုနင်က ဒီနံပါတ်က ကမ္မဝဋ်ဖြစ်သွား မယ် (တင်ပါ)၊ မဖြစ်ပေဘူးလား (ဖြစ်ပါတယ်)၊ ကမ္မဝဋ်ဖြစ်သွားရင် ဒီနံပါတ်က ဘာဖြစ်မလဲ ဝိပါကဝဋ် ဖြစ်ရ မယ်။ ဝိပါကဝဋ်ဖြစ်လို့ရှိရင် ဘာပေါက်ပွားမလဲ (ကိလေသဝဋ် ပြန်ပေါက်ပွားမယ်)၊ အင်း သူဟာ လိုရင်းပဲ။ လည်တတ်ပြီလား။ ဒါတော့ ကိုယ်တိုင်လည်ခဲ့ပါပြီ။ မင်းတို့ ရှုပ်မနေပါနဲ့။ ဟုတ်ပြီလား။ အခုဟာကတော့ ဉာဏ်နဲ့ လည်တာပါ။ ကိုယ့်ကိုယ်တိုင်ကတော့ လူလိုလို လည်ခဲ့တယ်။ လည်တတ်ပလား၊ ဝဋ်သုံးပါး (လည်တတ်ပါပြီဘုရား)။
ကြက်ဥ အစရှာတွေ့ရဲ့လား
ရှေးတုန်းက ဘယ်လိုနေခဲ့သလဲဆိုတော့ ကြက်ဥ အစရှာတွေ့ရဲ့လား (မတွေ့ပါဘုရား) ကြည့်လေ၊ အစ ရှာမတွေ့တာ ကျုပ်ရှင်းပြပြီကော ခင်ဗျားတို့၊ ဒါက အဝိဇ္ဇာတဏှာ ကိလေသဝဋ်၊ ဒါက ကမ္မဝဋ်၊ ဟုတ်ပြီလား။ ဒီခန္ဓာငါးပါးကို ဝိပါကဝဋ်လို့ မပြောဘူးလား။ ဒါဟာ ပဋိစ္စသမုပ္ပါဒ် အတိုင်းနော် (တင်ပါဘုရား)။
ဝိပါကဝဋ်ရောက်လာရင် မဂ္ဂဗြဟ္မစရိယအကျင့် မကျင့်တဲ့ပုဂ္ဂိုလ် ဘာဖြစ်မတုံး လို့ မေးဖို့မလိုဘူးလား (လိုပါတယ်)။ ကိလေသဝဋ်ပဲ ပေါက်ပွားမယ်။ ဒီ့ပြင် ဘာမှမပေါက်ပွားဘူး။
ဘာဝဋ်ပေါက်ပွားမလဲ (ကိလေသဝဋ်ပါဘုရား)၊ ဒါပဲရှိတယ်။ ကိလေသဝဋ်ပေါက်ပွားရင် ကိလေသဝဋ်သည် ဘာကိုလုပ်မလဲ ကံကိုလုပ်မယ်။ ကမ္မဝဋ် မလာပေဘူးလား (လာပါတယ်)၊ ကမ္မဝဋ်လာရင် ဝိပါကဝဋ် ငြင်းလို့ လွတ်ပါ့မလား (မလွတ်ပါဘုရား)၊ မလွတ်ဘူးဆိုရင် ဝိပါကဝဋ်ခန္ဓာငါးပါး ဒီမှာလာလိမ့်မယ်။ မလာပေဘူးလား (လာပါတယ်)၊ လာရင် အဲဒီကိလေသဝဋ် ဖြစ်ရမယ် (တင်ပါ)၊ ဒါဖြင့် ခင်ဗျားတို့ ဘယ်ကစသတုံးလို့ မေးလို့ရှိရင် ဖြေစရာရှိသေးလား (မရှိတော့ပါ)၊ မရှိတော့ဘူး။ သဘောပါပြီလား။ ဒါကြောင့် ဝဋ်ဆိုတာ အလုံး၊ ဝဋသဒ္ဒါ အလုံးဟောတယ်။ လုံးနေလိုက်တာဖြင့် အစရှာတွေ့သေးရဲ့လား (မတွေ့ပါဘုရား)၊ မတွေ့တော့ဘူး တဲ့။
နောက်တုန်းက ဘယ်လိုနေခဲ့သလဲ
နောက်တုန်းက တပည့်တော်တို့ ဘယ်လိုနေခဲ့သလဲဆိုရင် အလုံးထဲမှာ နေခဲ့ရပါတယ်။ ဘယ်လိုနေခဲ့ရသလဲ (အလုံးထဲမှာ နေခဲ့ရပါတယ်) ဘယ်တော့များ အပြင်ဘက်က အလင်းမြင်ဖူးသလဲ။ အလုံးထဲနေတဲ့ ပုဂ္ဂိုလ်မှာ အလင်းကို မြင်ရပါ့မလား။ အလင်း ဘယ်တော့မှ မရဘူး။ ဒီတစ်ခါရရင် ရပါတဲ့၊ ခင်ဗျားတို့ မရရင် ဒီဥထဲမှာပဲသေတဲ့ ကြက်ကလေးလိုပဲ ကလလရေကြည်အဖြစ်နဲ့ တည်လိုက်၊ ဥထဲမှာ ပုပ်တယ်။
အပြင်ဘက်ကို အတောင်ဖြန့်စရာ ပါပါ့မလား။ သဘောပါပြီလား။ ဒါဖြင့် နောက်တုန်းက ဝဋ်လည်တယ် ဆိုတာ ကျေနပ်ပြီလား(တင်ပါ)၊ ကိလေသဝဋ်ကြောင့် ဘာဝဋ်ဖြစ်ကြသလဲ(ကမ္မဝဋ်ပါ)၊ ကမ္မဝဋ်ကြောင့်(ဝိပါကဝဋ်)၊ ဝိပါကဝဋ်ဖြစ်ရင် ဟိုဘယ်သူ ရောက်လာသလဲ (ကိလေသဝဋ်)၊ ကိလေသဝဋ်ဖြစ်ရင် နောက်သူက ဘာတည်ထောင် ပြန်သလဲ (ကမ္မဝဋ်တည်ထောင်တယ်)၊ ကမ္မဝဋ်တည်ထောင်တော့ ဘာဝဋ်ဖြစ်သလဲ (ဝိပါကဝဋ်ဖြစ်တယ်)၊ ဝိပါကဝဋ်ထဲ ဘယ်သူပေါက်ပွားသလဲ (ကိလေသဝဋ် ပေါက်ပွားပါတယ်)၊
ပြီးစရာ မြင်သေးသလား မဂ္ဂဗြဟ္မစရိယအကျင့် ကျင့်ရင် ကျင့်မှ၊ မကျင့်ရင် (ဒီထဲမှာ လည်ဦးမှာပါ)၊ ဒီထဲမှာပဲ အလင်း ဘယ်တော့ရမလဲ မရနိုင်ဘူး။ အမှောင် ထဲကလာပြီး အမှောင်ထဲ သွားနေလို့ ဒီဝဋ်လည်တာ ရပ်မလား (မရပ်ပါဘုရား)၊ ရှင်းပလား (ရှင်းပါပြီဘုရား)။
ကဲ နာရီစေ့သွားပြီ၊ နားကြဦးစို့။
သာဓု သာဓု သာဓု။