10104

မာတိကာသို့

အဂ္ဂိဝစ္ဆသုတ် တရားတော်

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

အမရပူရမြို့၊ မင်္ဂလာရိပ်သာဓမ္မာရုံကြီးပေါ်တွင်

ဟောကြားဆုံးမတော်မူသော

အဂ္ဂိဝစ္ဆသုတ် တရားတော်

(၁၆-၁၁-၆၀)

ဒိဋ္ဌိပြုတ်သွားမှ နိဗ္ဗာန်မြင်နိုင်မယ်

နိဗ္ဗာန်မြင်ချင်ရင် ဒိဋ္ဌိပြုတ်သွားမှ နိဗ္ဗာန်မြင်နိုင်မယ်။ ဒိဋ္ဌိမပြုတ်ရင် နိဗ္ဗာန်မမြင်နိုင်ဘူး။ ဒိဋ္ဌိပြုတ်မှ နိဗ္ဗာန်မြင် နိုင်မည့်အကြောင်းကို ဘုရားက ဝစ္ဆဂေါတ္တကို ဟောတယ်၊ မဇ္ဈိမပဏ္ဏာသပါဠိတော် (မဇ္ဈိမပဏ္ဏာသပါဠိ၊ အဂ္ဂိဝစ္ဆသုတ်၊ နှာ-၁၅၀။) မှာ၊ အဋ္ဌကထာ မဟုတ်ဘူး၊ အဋ္ဌကထာဆိုရင် ပျော့တယ်။

ဝစ္ဆဂေါတ္တပရိဗိုဇ် ဆိုတဲ့ဥစ္စာ သူ့နာမည်ကို မှတ်ထားကြ (တင်ပါ)၊ ဝစ္ဆဂေါတ္တ မှတ်ထားကြ၊ ဝစ္ဆဂေါတ္တဟာဘုရား နဲ့ တွေ့တယ်၊ ဒါနဲ့ ဇေတဝန်ကျောင်းတော် သူလာတဲ့အခါ ဘုရားကို မေးတယ်၊

ဒိဋ္ဌိအယူဆယ်မျိုး

“ရုပ်နာမ်လောကကြီးဟာ မြဲသလား၊ ရှင်ကြီးဂေါတမ” တဲ့၊ (၁) နံပါတ် မေးတယ်။ ရုပ်နာမ် လောကကြီးဟာ မြဲသလားလို့မေးတယ်၊ ဒါ ဒိဋ္ဌိအယူ ကွ သူလိုငါလို မေးတာ (ရုပ်နမ်လောကလား ဘုရား)။

ရုပ်နာမ်လောက မေးတာ။ ရုပ်နာမ်လောကဟာ မြဲသလားလို့ မေးလိုက်တော့ “ဒီအယူဟာ ဒိဋ္ဌိအယူကွ” ဆိုတော့ ခင်ဗျားတို့ ရိပ်မိပြီလား၊ သဿတဒိဋ္ဌိပေါ့ (တင်ပါ)၊ သဿတဒိဋ္ဌိအယူ ဝစ္ဆဂေါတ္တက (တင်ပါ)။

အဲဒါ ဒိဋ္ဌိအယူကွ လို့ ဘုရားက ဖြေလိုက်တယ်။

ဒါဖြင့် ရှင်ကြီးဂေါတမ ရုပ်နာမ်လောကဟာ မမြဲဘူးလားလို့ မေးလိုက်ပြန်တယ်။

မမြဲဘူး ယူလိုက်လို့ရှိရင် သူက ဘာမှပါတဲ့သူ မဟုတ်တော့ ပဋိစ္စသမုပ္ပါဒ နားမလည်တဲ့ပုဂ္ဂိုလ် ဖြစ်နေတယ်။ မမြဲဘူးဆိုရင် သူ ဥစ္ဆေဒထဲ ပြေးတော့မယ်။ ဒါကြောင့် ဒါလည်း ဒိဋ္ဌိအယူပဲကွ၊ ရုပ်နာမ်လောက မမြဲဘူးလို့ ယူလို့ရှိရင် (တင်ပါ)၊ ဒါလည်း ဒိဋ္ဌိအယူပဲ။ ဒိဋ္ဌိစာရင်းထဲပဲ ရောက်သွားတယ်။

ဒါဖြင့် ရုပ်နာမ်လောကဟာ အဆုံးရှိသလား ရှင်ကြီးဂေါတမတဲ့။

ဒါလည်း ဒိဋ္ဌိအယူပွဲ။ ရုပ်နာမ်လောကဟာ အဆုံးရှိတယ်လို့ယူရင် သူဥစ္ဆေဒဘက်ကို ပြေးလိမ့်မယ်။ မပြေးပေ ဘူးလား (ပြေးပါတယ်)၊ ဒါဖြင့် ပြေးတယ်လို့ သေသေချာချာမှတ်။

ဒါဖြင့် ရုပ်နာမ်လောကဟာ အဆုံးမရှိဘူးလားလို့ မေးလိုက်ပြန်တယ်။ အဆုံးမရှိဘူးဆိုရင် သဿတဘက် သွား မှာပဲ၊ မသွားပေဘူးလား (သွားပါတယ်ဘုရား)။

ဒါလည်း ဒိဋ္ဌိအယူကွ ဆိုတော့ လေးချက်ရှိသွားပြီနော်။

အသက်နဲ့ကိုယ် တခြားစီလား တဲ့။

အသက်နဲ့ကိုယ် တခြားစီလား လို့ မေးတယ်။ အသက်နဲ့ကိုယ် တခြားစီလား ဆိုတော့ ခင်ဗျားတို့ လောကကြီးထဲမှာ ပြောနေကြတာ “အသက်နဲ့ ခန္ဓာ ကွဲသွားချင်သလား၊ ဒီလိုမေးလေ့ရှိတယ်၊ အဲဒါ ဒိဋ္ဌိအယူ။

အသက်နဲ့ ကိုယ် တခြားစီလား လို့ မေးလိုက်တဲ့အခါကျတော့ ဒါလည်း ဒိဋ္ဌိအယူကွ၊ အသက်လည်း မရှိ ဘူး။ ကိုယ်လည်းမရှိဘူး (နိဿတ္တနိဇ္ဇီဝပါဘုရား)။

အင်း နိဿတ္တနိဇ္ဇီဝ

အသက်နဲ့ကိုယ် အတူတူပဲလား လို့ မေးလိုက်ပြန်တယ်။

ဒါလည်း ဒိဋ္ဌိအယူပဲ ကွ။ အသက်ပျက်ရင် ခန္ဓာပျက်မယ်ဆိုတာ ဥစ္ဆေဒဘက် ယူသွားတယ်။ မသွားပေဘူး လား (သွားပါတယ်ဘုရား)။

ဒါဖြင့် သတ္တဝါ သေသည်၏အခြားမဲ့၌ ဖြစ်သေးသလား လို့ မေးပြန်တယ်။

ဖြစ်တယ်ဆိုရင် သူ သဿတထဲ သွားလိမ့်မယ် (တင်ပါ)။

ဒါဖြင့် သတ္တဝါ သေသည်၏အခြားမဲ့၌ မဖြစ်တော့ဘူးလား ရှင်ကြီးဂေါတမ တဲ့၊

မဖြစ်တော့ဘူးဆိုရင်လည်း သူ ဥစ္ဆေဒဘက် သွားတယ်။ ဒါနဲ့ သူ ဆက်မေးတယ်။

ဒါဖြင့် သတ္တဝါဟာ သေသည်၏အခြားမဲ့၌ ဖြစ်ချည်တစ်လှည့်၊ မဖြစ်ချည်တစ်လှည့်လားဆိုပြီး သူမေးပြန်တယ်၊ ဖြစ်ချည်တစ်လှည့် မဖြစ်ချည်တစ်လှည့်လားလို့ သူမေးလိုက်တယ်။

ဒါလည်း ဒိဋ္ဌိအယူပဲကွ။

ဒါဖြင့် သတ္တဝါသေသည့်၏ အခြားမဲ့၌ မဖြစ်သည်မဟုတ်၊ ဖြစ်သေးတယ်ဆိုတဲ့ အယူ ယူသလားလို့ မေးလိုက် တယ်။ သဘောကျရဲ့လား (တင်ပါဘုရား)။

ရှင်ကြီးဂေါတမ ဘာအပြစ်ကို မြင်လို့ ဒီဒိဋ္ဌိအားလုံးကို မယူခဲ့ပါသလဲတဲ့။

ဒီ အယူတွေကို ငါဘုရားသည် တစ်ခုမှ မယူဘူး။ ဒိဋ္ဌိခရီးခဲ ဒိဋ္ဌိကန္တာရ ဒိဋ္ဌုပါဒါန်လို့ ငါယူထားတယ်။ ရှင်းပြီလား (တင်ပါ)၊ ဒိဋ္ဌိ ဒိဋ္ဌုပါဒါန်လို့ ငါယူထားတယ်။ ဒိဋ္ဌိခရီးခဲ နိဗ္ဗာန်မရောက်နိုင်ဘူး (တင်ပါဘုရား)။

ဒါဖြင့် ရှင်ကြီးဂေါတမ ကျုပ်မေးစရာကုန်ပြီ။ ဆယ်မျိုးမေးလိုက်တယ်၊ အန္တဂ္ဂါဟိကဒိဋ္ဌိ၊ ဒီဆယ်မျိုး မေးလိုက် တယ်။ ဒီအယူထဲက ရှင်ကြီးဂေါတမ ဘယ်အယူကို ယူပါသလဲ တဲ့။

ငါသည် ဗောဓိပင်အောက် ရွှေပလ္လင်ထက်မှာ ပယ်ခဲ့ပြီကွ၊ ဒိဋ္ဌိ ပယ်လိုက်ပြီ၊ သောတာပတ္တိမဂ်ရကတည်းက ပယ်ခဲ့တယ်။

ဒါဖြင့် ရှင်ကြီးဂေါတမ အယူကို ပြောစမ်းပါလို့ မေးလိုက်တယ်၊ ရှင်ကြီးဂေါတမ အယူကိုပြောပါ။ ဒီအယူတွေကို တော့ မယူဘူးဆိုတာ သူသိပြီ။ ရှင်ကြီးဂေါတမ အယူကို ပြောစမ်းပါ၊ ဘယ်အယူကို ရှင်ကြီး ဂေါတမ ယူပါသလဲလို့ မေးလိုက်တယ်။ ဘုရားအယူကို သူမေးတယ် သဘောကျရဲ့လား။

ဘယ်သူ့အယူကို သူမေးသလဲ (ဘုရားအယူပါ)။

ဘုရားအယူကို မေးတယ်

ဘုရားအယူကို မေးတယ်။ ငါ့အယူကို ငါရှင်းပြမယ်၊ ငါ့အယူက ရုပ်တရားဟာ-

”ဣတိ ရူပံ, ဣတိ ရူပဿ သမုဒယော, ဣတိ ရူပဿ အတ္ထင်္ဂမော”။

ရုပ်တရားဟာ ရှိတယ်။ ဖြစ်လည်း ဖြစ်တယ်၊ ပျက်လည်း ပျက်တယ်။ ဝေဒနာတရားဟာ ရှိတယ်၊ ဖြစ်လည်း ဖြစ်တယ် ပျက်လည်း ပျက်တယ်။ သညာတရားဟာ ရှိတယ် (ပေါ်လာတာကိုး ရှိတာပေါ့)၊ ဖြစ်လည်း ဖြစ်တယ်၊ ပျက်လည်း ပျက်တယ်၊ သင်္ခါရ တရားဟာရှိတယ်၊ ဖြစ်လည်း ဖြစ်တယ် ပျက်လည်း ပျက်တယ်။ ဝိညာဏ်ဆိုတဲ့ စိတ်တရား ဟာလည်း ရှိတယ်၊ ဖြစ်လည်း ဖြစ်တယ်၊ ပျက်လည်း ပျက်တယ်။ အဲဒါ ငါ့အယူ။

ဘုရားအယူက ဖြစ်ပျက်အယူလို့ မှတ်ထားကြ။ ဖြစ်ပျက်အယူ၊ ဖြစ်ပြီးပျက်တဲ့ ဓမ္မသာလျှင် လောကကြီးထဲမှာ ရှိတယ်လို့ ယူတဲ့အယူဟာ ဘုရားအယူ၊ ပေါ်ပြီလား (မှန်ပါဘုရား)။

ဘုရားအယူစစ်စစ်တွေ့ပြီ။ ခန္ဓာငါးပါးဟာ ဖြစ်လည်း ဖြစ်တယ်။ ပျက်လည်း ပျက်တယ်။ ဒီအယူဟာ ဘုရား အယူ သဘောကျပြီနော်။ အခုန အယူတွေနဲ့ တစ်ဖက်စီ ဖြစ်သွားပြီ (တင်ပါဘုရား)။

ကောင်းပြီ၊ ရှင်ကြီးဂေါတမ ဒီအယူကိုယူတော့ ခန္ဓာငါးပါး ရုပ်နာမ်တရားဟာ ဖြစ်လည်း ဖြစ်တယ်-ပျက် လည်း ပျက်တယ် လို့ ရှင်ကြီးဂေါတမ ယူတယ်။ ဒီအယူ ယူတော့ ဘာကျေးဇူးရှိသတုံးလို့ မေးတယ်။

ဘာကျေးဇူးရှိသတုံး

ဒီအယူ ယူတဲ့အခါကျလို့ရှိရင် တဏှာ မာန ဒိဋ္ဌိ ချုပ်တယ်ကွ၊ သဘောကျရဲ့လား (မှန်ပါ)။

ဒီအယူ ယူတော့ ဘာလဲ၊ ဖြစ်လည်း ဖြစ်တယ် – ပျက်လည်း ပျက်တယ်လို့ ယူလိုက်တော့ (တဏှာ၊ မာန၊ ဒိဋ္ဌိ ချုပ်ပါတယ် ဘုရား)။

သဘောကျရဲ့လား၊ ချုပ်ပုံရော သဘောကျရဲ့လား (တင်ပါ)၊ ချုပ်ပုံ ဒီအယူတွေ သိမ်းလိုက်ပါမယ် (တင်ပါ)၊ ချုပ်ပုံနည်းနည်း ရှင်းပြမယ်နော် ချုပ်ပုံ ရှင်းပြတော့မယ်။

ပထမ ရှေးဦးစွာ ခင်ဗျားတို့ မေးလိမ့်မယ်၊ စိတ်ကို မစဘဲနဲ့ ဝေဒနာကလေး နည်းနည်းရှုတတ်အောင် စမယ်။ စိတ်ကို ကျုပ်ဟောတာ သုံးရက်ရှိနေပြီ။ ပုထုဇဉ်စိတ် မှန်သရွေ့ ရှုစရာ ကုန်နေပြီ (မှန်ပါဘုရား)။

ဝေဒနာကျတော့ မျက်လုံး၊ မျက်လုံးဟာ မြင်ကာမတ္တဖြစ်တာ ဥပေက္ခာဝေဒနာ၊ “ဥပေက္ခာသဟဂတံ စက္ခုဝိညာ ဏံ” မဟုတ်ဘူးလား (တင်ပါ)၊ နားဟာ ကြားကာမတ္တ ဥပေက္ခာနဲ့ မဖြစ်ဘူးလား (တင်ပါ)၊ နှာခေါင်း နံကာမတ္တ ဥပေက္ခာ နဲ့ မဖြစ်ဘူးလား။ လျှာအလယ်မှာ ပေါ်တဲ့ ဇိဝှာစိတ်ဟာ ဥပေက္ခာနဲ့ ဖြစ်တယ်။

ကိုယ်မှာကျတော့ သုခ ဒုက္ခ။ သုခဝေဒနာနဲ့လည်း ဖြစ်တယ်။ ဒုက္ခဝေဒနာနဲ့လည်း ဖြစ်တယ်။ မပေါ်ဘူး လား (တင်ပါ)၊ “သုခ သဟဂတံ ကာယဝိညာဏံ၊ ဒုက္ခသဟဂတံ ကာယဝိညာဏံ” မဟုတ်ဘူးလား (တင်ပါဘုရား)။

အဲဒီလိုကျတော့ ဒါတွေက ဥပေက္ခာလေးခု၊ မျက်စိ နား နှာ လျှာ ဥပေက္ခာလေးခု၊ ကိုယ်ပေါ်မှာ သုခ ဒုက္ခ။ ဒီအတိုင်း မဟုတ်ဘူးလား (တင်ပါဘုရား)။

ဝမ်းထဲကျလာတဲ့အခါကျတော့ တစ်ခါတလေ ခင်ဗျားတို့ ကုန်ရောင်းမြတ်တဲ့အခါ သောမနဿ ပေါ်တယ်။ ဒါတွေ ကုန်တွေက အိုင့်နေတဲ့အခါ ဒေါမနဿ (တင်ပါ)၊ တစ်ခါတလေကျတော့ ဒီကုန်တွေအတွက် မစဉ်းစားပါဘူးဆို ပြီး ကမ္မဿကာထားတဲ့အခါ သိပ်မမျှော်လင့်ပါဘူး ဆိုတဲ့အခါရော (ဥပေက္ခာ)၊ ဥပေက္ခာ ဖြစ်တယ်။

ဒါပဲ ခင်ဗျားတို့ ဝေဒနာ၊ ဒီ့ပြင်ရှိသေးသလား (မရှိပါဘုရား) ကိုယ်မှာ သုခဒုက္ခ ပေါ်တယ်၊ တစ်ကိုယ်လုံးပေါ် တာကိုး။

ဒါဖြင့် ဝေဒနာသည် ဒါ ပေါ်ကောင်းတာကို ပြတယ်။ ပေါ်ကောင်းတာကို ပြသဖြင့် ပေါ်ဆဲကို ကျုပ်တို့က လိုက်ရမယ်။ ပေါ်ဆဲမှ ပဋိစ္စသမုပ္ပါဒ် ပြတ်မှာကိုးဗျ၊ ရှင်းပြီလား။

ပေါ်ကောင်းတာ ပြတော့ကို ကိုးခုပြထားတယ်။ ပေါ်ဆဲကို ပြပါဆိုရင် ဝေဒနာတစ်ခုသာ ပေါ်ရမယ်။

ခန္ဓာကိုယ်ထဲမှာ ပေါ်ကောင်းတာက ဦးသံဒိုင် ဘယ်လောက်လဲ (ကိုးခု)၊ ကိုးခုနော်။ ဟုတ်လား (တင်ပါ)၊ ပေါ် ဆဲကရော (ပေါ်ဆဲက သုခ, ဒုက္ခပါဘုရား)။

ဟင့်အင်း တစ်ခုတည်းယူ။ သုခပေါ်ရင် ဒုက္ခမပေါ်ဘူး၊ ဒုက္ခပေါ်ရင် (သုခမပေါ်ပါ)၊ ဥပေက္ခာပေါ်ရှင် ကျန်တဲ့နှစ်ခု မပေါ်ဘူး (တင်ပါ)၊ ဒါဖြင့် ပေါ်ဆဲဟာ တစ်ခုပေါ့ (တစ်ခုပါဘုရား)။

ပေါ်ဆဲတစ်ခုမိမှ ပဋိစ္စသမုပ္ပါဒ် မိမှာ

ဒါဖြင့် ပေါ်ဆဲတစ်ခုမိမှ ပဋိစ္စသမုပ္ပါဒ် မိမှာနော်။ ကဲ ဒါက သောမနဿ ဒေါမနဿ ဥပေက္ခာထားပါတော့ နော်။ ဒါက ပဉ္စဒွါရ၊ ဒါက မနောဒွါရ သက်သက်နော်။

ကဲ မနောဒွါရကိုပဲ ဘုန်းကြီး ရှင်းပြမယ်နော်။ ပဉ္စဒွါရ ရှုကောင်းတယ်ဆိုတာလည်း သိပါပြီတဲ့။

ဒီ သုခဝေဒနာလေးက အကြောင်းတိုက်ဆိုင်လို့ ပေါ်လာရင် ကုန်ကလေးကြည့်ပြီးတော့ ဝမ်းမြောက်၊ ဒီ ကုန်ကလေးက တက်ရိပ်က များတယ်၊ သောမနဿ မပေါ်ဘူးလား (တင်ပါ)၊ အာရုံကြောင့် သောမနဿ ဖြစ်တယ်။

သောမနဿကို ဦးသံဒိုင်က မဂ္ဂင်ငါးပါးနဲ့ ပေါ်ပေါ်ချင်း ရှုရင်ရှုနော်၊ သူက ပေါ်ပြီးတော့ တဖြည်းဖြည်း ပျက်မယ် မဟုတ်လား (တင်ပါ)၊ ဒါက သူက ဖြစ်ပျက်ဆိုရင် သူက မဂ်ဖြစ်ရမယ်၊ ရှုနော် (တင်ပါဘုရား)။

သောမနဿပေါ်ရင် ဘာလုပ်ရမလဲ (ရှုရမယ်)၊ ရှုရမယ်။ ဖြစ်ပြီးပျက်တဲ့ ဓမ္မတွေ ရှုရမယ်၊ မရှုခဲ့လို့ရှိရင် ဒါ သောမနဿကလည်း ပဋိစ္စသမုပ္ပါဒ်၊ ပဋိစ္စသမုပ္ပန္န အစတရား (တင်ပါ)၊ ဒါမို့လို့ ဒီကုန်ငြိပြီးတော့မှ သူပေါ်လာတာ (တင်ပါ)၊ ကုန်နဲ့ စက္ခုနဲ့ “အာရုံနဲ့ ဒွါရနဲ့” တိုက်ဆိုင်လို့ ပေါ်လာတာပေါ့ဗျာ

“မနဉ္စ ပဋိစ္စ ဓမ္မေစ ဥပ္ပဇ္ဇတိ မနော ဝိညာဏံ” ကိုး (တင်ပါ)။(နိဒါနဝဂ္ဂသံယုတ်ပါဠိ၊ လောကသုတ်၊ နှာ-၃၀၂။)

ဒါဖြင့် သောမနဿတွေ မပေါ်ဘူးလား (ပေါ်ပါတယ်)၊ ပေါ်ပြီးတော့ သူဘာဖြစ်မလဲ၊ ပျက်မယ် (တင်ပါဘုရား)။

သူက “ဧကစိတ္တက္ခဏိက” တစ်ခုသော စိတ္တက္ခဏပဲ ရှိတယ်။ ဥပါဒ်နဲ့ ဘင်ပဲရှိတယ်။ မရှိဘူးလား (တင်ပါ)၊ ဌီ ဆိုတာက ပြောလို့တောင် မရဘူး။ ဒါဖြင့် ဥပါဒ်နဲ့ ဘင်ပဲရှိတယ်။ ဥပါဒ်က ဖြစ်တာ။ ဘင်ကပျက်တာ။ ဘင်က ပျက်တာ ဆိုတော့ သူ့ကိုယ်သူ ဖြစ်ပြီးပျက်လို့ ရှိရင် ခင်ဗျားတို့က ဉာဏ်မတ္တ မသိတစ်ချက် သိတစ်ချက် သိပေးရမယ် (တင်ပါဘုရား)။

ဒါကြောင့်မို့ ပေါ်ဆဲ ပဋိစ္စသမုပ္ပါဒ်သည် ဖြစ်လည်း ဖြစ်တယ်၊ ပျက်လည်း ပျက်တယ်ဆိုတာ ခင်ဗျားတို့ သိပေး ပါတဲ့။ ဒီလို နောက်က သိမပေးလို့ရှိရင် သုခဝေဒနာချည်း ဖြစ်တယ်၊ တဏှာ ဥပါဒါန် ကံ မလာပေဘူးလား၊ လာမလား (လာပါတယ် ဘုရား)။

လာတော့ ဥပမာ ဦးထွန်းရင် တဏှာ ပပဉ္စလာတယ်၊ မရှုရင် တဏှာ မာန ဒိဋ္ဌိလာမယ်လို့ ပြောတာ။ မလာဘူး လားလို့ (လာပါ့မယ်ဘုရား)။

တစ်ခါတလေကျတော့ ဒီကုန်ကလေးအကြောင်းရင်းခံပြီး ဒီကုန်ကလေးက တယ်ထိုင်းတယ်၊ သူ့ကြည့်ပြီး ဒေါမန ဿကလေး ပေါ်လာတယ်။ မရှိဘူးလား (ရှိပါတယ်)၊ ဒုက္ခဒေါမနဿ၊ ဒေါမနဿ ဝေဒနာပေါ်တယ် (တင်ပါဘုရား)။

မဂ္ဂင်ငါးပါးကို ရှုရင်ရှု

ဒါဖြင့် ခင်ဗျား မဂ္ဂင်ငါးပါးကို ရှုရင်ရှု၊ မရှုလို့ရှိရင် သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ မလာပေဘူးလား (လာ ပါတယ်)၊ အဝိဇ္ဇာ ကျအောင် မလာပေဘူးလား (တင်ပါဘုရား)။

ဒါဖြင့် ပဋိစ္စသမုပ္ပါဒ် အဝိဇ္ဇာ ပစ္စယာ သင်္ခါရာ ဒီဘက် လျှောက်မပတ်ပေဘူးလား (လျှောက်ပတ်ပါတယ်)၊ ဝိုင်းသွားတယ် (မှန်ပါဘုရား)။

ဒါဖြင့် ဒုက္ခဝေဒနာပေါ်လည်း ခင်ဗျား ရှုရမယ် (တင်ပါ)၊ မရှုလို့ရှိရင် ပဋိစ္စသမုပ္ပါဒ် အဆုံးကနေပြီး အစပြန် ပတ်မယ် (မှန်ပါ)၊ မပတ်ပေဘူးလား (မှန်ပါဘုရား)။

တစ်ခါ ဥပေက္ခာ ဝေဒနာကလေး ပေါ်ပြန်တယ်၊ ဝမ်းထဲမှာ ကမ္မဿကာလို့၊ ကမ္မဿကာပဲဆိုတော့ ခင်ဗျားတို့ က ရပ်တယ် (မှန်ပါ)၊ ဒီကုန်ကလေးက ရောင်းရလည်း အရေးမကြီးဘူး၊ မရောင်းရလည်း အရေးမကြီးဘူး၊ ကမ္မဿကာ ထားတဲ့ကုန်ပဲ။ မရှိပေဘူးလား (ရှိပါတယ်ဘုရား)။

အဲဒီ ကမ္မဿကာကို ခင်ဗျားတို့ ဖြစ်ပျက်ရှုရင်ရှု (မှန်ပါ)၊ မရှုလို့ရှိရင် ကမ္မဿကာဟာ ဥပေက္ခာဝေဒနာ။ ဥပေက္ခာ ဝေဒနာပေါ်တာ ပျက်တာ ခင်ဗျား မသိလိုက်တဲ့အတွက် အဝိဇ္ဇာလာတယ် (တင်ပါ)၊ အဝိဇ္ဇာလာတယ်။အဝိဇ္ဇာပစ္စယာ သင်္ခါရ မလာပေဘူးလား။ သင်္ခါရ ပစ္စယာ ပဋိသန္ဓိ ဝိညာဏံ ဒီက မလာပေဘူးလား (တင်ပါဘုရား)။

ဝေဒနာသုံးခု လှည့်မရှုလို့ရှိရင်

ဒါဖြင့် ဒီဝေဒနာသုံးခု လှည့်မရှုလို့ရှိရင် တဏှာ မာနဒိဋ္ဌိ လာမယ် (လာပါမယ်)၊ ဒါ သဘောကျပြီနော် (တင်ပါ)။ ကောင်းပြီ ဒါဖြင့် ဝေဒနာသုံးမျိုး လှည့်ရှုလို့ရှိရင် တဏှာ မာနဒိဋ္ဌိ ချုပ်တယ်ဆိုတော့ ဘယ့်နှယ် သူနောက်ပြန် လှည့်မလဲ။ တစ်ခါတည်း အလုပ်ပြတယ်။ ပရိဗိုဇ်ပြောတဲ့အထဲမှာ အလုပ်ပြနေတယ် ပရိဗိုဇ်ရ ဒီဖြစ်တာနဲ့ ပျက်တာကို ခန္ဓာငါးပါး ဖြစ်တာနဲ့ ပျက်တာကို ရှုလို့၊ ငါဘုရား၏ အယူကတော့ ခန္ဓာငါးပါး ဖြစ်တာနဲ့ ပျက်တာပဲ ရှုတယ်။ ဖြစ်ပျက်ပဲ ရှိတယ်လို့ ငါဘုရားက သိတယ်၊ ဒီအသိဟာ ငါ့အယူပဲ (တင်ပါ)၊ ဒါဘုရားအယူနော် (တင်ပါဘုရား)။

ဒါဖြင့် ဖြစ်တာပျက်တာကို ကိုထွန်းရင်က မသိဘူး။ ဦးသံဒိုင်က မသိဘူးဆိုရင် ခင်ဗျားတို့ ဘုရားအယူကို မယူဘူး။ ဘုရားအယူကို မယူဘူးဆိုရင် ဒိဋ္ဌိအယူကို ယူနေတယ် (တင်ပါဘုရား)။

ဖြစ်တာကိုလည်း ခိုင်မြဲတယ် ယူချင်ယူမယ်။ ဖြစ်ပြီးပျက်သွားတာကိုလည်း ပြတ်သွားတယ် ယူချင်ယူပစ်လိုက် မယ် (တင်ပါ)၊ မယူပေဘူးလား (ယူပါတယ်ဘုရား)။

ယူလို့ရှိရင် သဿတ ဥစ္ဆေဒဘက် ခင်ဗျားတို့ မသွားပေဘူးလား (သွားပါတယ်)၊ ဒိဋ္ဌိဖြစ်လည်း ဒိဋ္ဌိက (၆၂)ပါး တောင် ရှိတာကိုး။ သို့သော်လည်း အရေးကြီးတာက သဿတ ဥစ္ဆေဒပဲနော် (တင်ပါဘုရား)။

ဖြစ်တာပျက်တာ သိတဲ့ အယူ

ကဲ ဒါဖြင့် ဖြစ်တာပျက်တာ ရှုရတယ်ဆိုတာ ဖြစ်တာပျက်တာတွေ သိတဲ့အတွက် ဖြစ်တာပျက်တာ သိတဲ့ အယူဟာ ရှင်ကြီးဂေါတမ အယူလို့ဆိုတာ ရှင်ကြီးဂေါတမ ပြောလို့ ကျုပ်ကြားရပြီတဲ့၊ ဝစ္ဆဂေါတ္တ ပရိဗိုဇ်က၊ ဖြစ်တာပျက် တာရှုတဲ့ အယူဟာ ဘုရား၏အယူ (တင်ပါ)၊ သဘောကျပြီလား (တင်ပါဘုရားဝ။

ဒါဖြင့် ကျုပ်တို့ ဘုရား၏အယူကို ခင်ဗျားတို့ ယနေ့ သဘောကျပြီလား (တင်ပါ၊ ကျပါပြီဘုရား)။

ဘုရား၏အယူဟာ ဘယ်တရားမဆို ဖြစ်မှုနဲ့ ပျက်မှုရှိတယ်လို့ ယူတဲ့အယူဟာ ဘုရား၏အယူ။ နိဗ္ဗာန်မှတစ်ပါး သင်္ခါရလောကကြီးထဲမှာ ဖြစ်တာပျက်တာပဲ ရှိတယ်လို့ ဉာဏ်ထဲမှာ တည့်ယူတဲ့အယူဟာ ဘုရား၏အယူလို့ ဦးသံဒိုင်က မှတ်ယူတော့ (မှန်ပါ)၊ ကိုထွန်းရင်လည်း မှတ်လိုက်တော့ (တင်ပါဘုရား)။

ဆက်မေးနေပြီ ပရိဗိုဇ်၊ ပရိဗိုဇ်ဆက်မေးနေပြီ။ မေးပုံလည်း သတိထားပါ (တင်ပါဘုရား)။

နို့ ဖြစ်တာ ပျက်တာကိုဖြင့် မြင်အောင်ကြည့်တဲ့အယူဟာ ဖြစ်တာပျက်တာသာ လောကကြီးထဲမှာ ရှိတယ် လို့ ယူတဲ့အယူ အရှင်ဘုရား ရှုတဲ့အယူ တပည့်တော် သဘောကပါတယ် တဲ့။ ဒီအယူကို ယူတဲ့ လူဟာ ဘာကျေးဇူး ရှိသတုံး (မှန်ပါ)၊ ဘာကျေးဇူးရှိသတဲ့လို့ မေးပြန်တယ်။

မေးတော့ ခုနပြတဲ့အထဲ ပါသွားပြီ။ ဝေဒနာ အဖြစ်အပျက်တွေ၊ သုခဝေဒနာ အဖြစ်အပျက်တွေကို ခင်ဗျားတို့က ရှု၊ ဒုက္ခ ဝေဒနာ အဖြစ် အပျက်လည်းရှု၊ ဥပေက္ခာဝေဒနာ အဖြစ်အပျက်လည်းရှု၊ ရှုတော့ တဏှာ မာန ဒိဋ္ဌိ မပယ်ဘူး လား (ပယ်ပါတယ်ဘုရား)။

အဲ ဘုရားက ဒီဖြစ်တာ ပျက်တာတွေကို ရှုတဲ့အယူကို ငါယူတော့ တဏှာ မာန ဒိဋ္ဌိ ပယ်တယ်ကွ။ ဒိဋ္ဌုပါဒါန်ရယ်၊ ကာမုပါဒါန်ရယ် မချုပ်ဘူးလား (တင်ပါ)၊ တဏှာက ကာမုပါဒါန်၊ ဒါ ဥပါဒါန် ချုပ်တာကွ။ ကိုင်း ကျေနပ်ပြီလား (တင်ပါ)၊ ကျေနပ်ပြီနော်။ ဖြစ်တာပျက်တာ ရှုတော့ကို ဥပါဒါန်ချုပ်တယ် (တင်ပါ)၊ ဥပါဒါန် ချုပ် တယ်။

ဥပါဒါန် ချုပ်တဲ့ပုဂ္ဂိုလ်ဟာ ဘယ်သွားသလဲ

ဒါဖြင့် ဥပါဒါန်ချုပ်တဲ့ ပုဂ္ဂိုလ်ဟာ ရှင်ကြီးဂေါတမ ဘယ်သွား ဖြစ်သတုံး တဲ့၊ လာပြီ (တင်ပါ)၊ ဥပါဒါန် ချုပ်တဲ့ပုဂ္ဂိုလ်ဟာ ဘယ်သွားဖြစ်သလဲ တဲ့။ ဘယ်လောက် အမေးကောင်းသတုံး (သေသေချာချာ သိချင်လို့ပါဘုရား)။

အေး သေသေချာချာ သိချင်လို့။ တော်တော်ကို ညံ့တဲ့လူ မဟုတ်ဘူး။ ကျုပ်တို့ ခင်ဗျားတို့ မေးပါဆိုလို့ မေးတတ်မှာ မဟုတ်ဘူး (တင်ပါ)၊ မေးတတ်ပါ့မလား။ မလွယ်ဘူး ဒိဋ္ဌိဆယ်ပါးက ကိုင်မေးတာ (တင်ပါဘုရား)။

ဒါလည်း ကျုပ်တို့ နည်းယူဖို့။ သူနိဗ္ဗာန်ဝင်တာ ကျုပ်တို့နဲ့ မဆိုင်ဘူး (မဆိုင်ပါ)၊ သူနိဗ္ဗာန် ဝင်တဲ့နည်းကို ကျုပ် တို့က လိုက်မှ (မှန်ပါ)၊ ဒီတရားကို ဘုန်းကြီးတို့ စရမယ်နော် (မှန်ပါ)။

ကောင်းပြီ ဖြစ်တာ ပျက်တာကို သိတဲ့အယူဟာ ရှင်ကြီးဂေါတမ အယူဆိုတော့ ရှင်ကြီးဂေါတမအယူဟာ ဒိဋ္ဌိလွတ်မနေဘူးလား (တင်ပါ)။ ခိုင်တဲ့ဘက်လည်း သွားလို့ရတယ် (တင်ပါ)၊ ပျက်တဲ့ဘက်ကရော (သွားလို့ရတယ်)၊ တစ်ပိုင်းတစ်စဖြစ်တဲ့ ပျက်တဲ့ဘက်ကရော (မရှိပါ၊ လွတ်ပါတယ်)၊ တချို့ပျက် တချို့ဖြစ်ဆိုတဲ့ဘက်ရော (သူလည်း မရှိပါ) အကုန် ဒိဋ္ဌိအယူတွေ စင်တယ်ဆိုတာပေါ့။

ဒါကြောင့် ခင်ဗျားတို့ ဘုန်းကြီးဆီမှာ လာပြီးတော့ လုပ်တာ ဖြစ်တာပျက်တာ အလုပ်မှတစ်ပါး ဘာမှမလုပ်ပါနဲ့။ ဘုရား၏အလုပ်က ဒါပဲရှိတယ် (တင်ပါဘုရား)။

ဖြစ်တာပျက်တာမှတစ်ပါး ရှုစရာမရှိဘူးဆိုတာ သေသေချာချာ မှတ်ပါ (တင်ပါ) ခန္ဓာကိုယ်ကြီးဟာ အနိစ္စာဝတ သင်္ခါရာတွေချည်းပဲ။ ဒီ့ပြင် ဘာရှိသေးသလဲ (မရှိပါ) မရှိတော့ဘူး။

ဒီတော့ ဒီဂါထာကလေး ကျုပ်ရှင်းပြမယ်။ နောက်ကျမှ (တင်ပါ)၊ ရက်တိုနေလို့ အများကြီး မပေးနိုင်ဘူး (တင်ပါ)၊ တစ်ခု တစ်ခုပဲ ပေးနေရတယ်။ မမှတ်မိမှာစိုးလို့ (တင်ပါဘုရား)။

ဒါဖြင့် ဖြစ်တာ ပျက်တာ ယူတဲ့အယူဟာ ရှင်ကြီးဂေါတမအယူ၊ ဖြစ်တာပျက်တာယူတော့ ရှင်ကြီးဂေါတမ ဘာကျေးဇူးရှိသလဲ တဲ့။ တဏှာ မာနဒိဋ္ဌိ သေတယ်ကွ။ ဘုရားက ဖြေလိုက်တယ် (တင်ပါ)၊ မသေဘူးလား (တင်ပါ)၊ ခဏရှုလိုက်လေ ဖြစ်ပျက်ရယ်-မဂ်ရယ်။ ဒီဘက်က တဏှာ လာသေးသလား (မလာပါဘုရား)၊ မာနကော (မလာပါ)၊ ဒိဋ္ဌိကော (မလာပါဘုရား)၊ တဏှာ မာန ဒိဋ္ဌိ သေတယ် (တင်ပါ)၊ တဏှာ ဥပါဒါန် (ချုပ်တယ်)၊ ဒိဋ္ဌိဥပါဒါန် (ချုပ်တယ်)၊ ဒါဖြင့် ဥပါဒါန် ချုပ်တယ် (တင်ပါဘုရား)။

ဆက်မေးတယ် ကိုထွန်းရင် ၊ ဒါဖြင့် အရှင်ဘုရား ဥပါဒါန် ချုပ်တဲ့ပုဂ္ဂိုလ် ဘယ်သွားဖြစ်သလဲတဲ့ ဟုတ်လား၊ မမေးသင့်ဘူးလား (တင်ပါ)၊ ဥပါဒါန်ချုပ်တဲ့ပုဂ္ဂိုလ် ဘယ်သွားဖြစ်သတုံးဆိုပြီး မေးလိုက်တယ်။ နိဗ္ဗာန် သဘော ကျအောင် ဟောတော်မူတယ်။ ဒိဋ္ဌိပြုတ်ရင် နိဗ္ဗာန်ရောက်မယ် ဟောတာ၊ ဒိဋ္ဌိပြုတ်ရင် နိဗ္ဗာန်ရောက်တာပဲ။ ဒီဝတ္ထုကနော် (တင်ပါဘုရား)။

ကောင်းပြီး-ဒါဖြင့် ဝစ္ဆဂေါတ္တပရိဗိုဇ် ဥပါဒါန်ချုပ်တဲ့ပုဂ္ဂိုလ် ဘယ်သွားသတုံးလို့ ဒီလိုလည်း မမေးပါနဲ့။ ဒီလိုလည်း မမေးကောင်းဘူး၊ မမေးကောင်းဘူး (တင်ပါဘုရား)။

ဥပါဒါန်ချုပ်တဲ့ပုဂ္ဂိုလ် ဘယ်မှ မသွားတော့ဘူးလား

ဒါဖြင့် ရှင်ကြီးဂေါတမ ဥပါဒါန်ချုပ်တဲ့ပုဂ္ဂိုလ် ဘယ်မှ မသွားတော့ဘူးလား တဲ့။

ဟော မေးလာပြန်ပြီ။ ဒီလိုမမေးနဲ့တဲ့။ ဒီလိုလည်း မမေးနဲ့။ သဘောကျပြီလား (တင်ပါ)၊ ဒီလို ဘယ်မှ မသွားဘူးလို့ မင်းမေးနေတယ် (တင်ပါ)၊ နိဗ္ဗာန်ကို ဖြေရမယ်။ ဖြေလိုက်ရင် ဒိဋ္ဌိ မာန လာဖြစ်တယ်၊ ဖြေလိုက်ရင် ဒိဋ္ဌိ မာနလာဖြစ်တယ်။

ဒါဖြင့် ဥပါဒါန်ချုပ်တဲ့ပုဂ္ဂိုလ်ဟာ သွားချည်တစ်လှည့် မသွားချည် တစ်လှည့်လားလို့ မေးတယ်။ ဒီလိုလည်း မမေးပါနဲ့ကွာ၊ ဒီလိုလည်း မရဘူး၊ ဒီ အဓိပ္ပာယ်လည်း မရပါဘူး။

လေးချက် ပယ်ချလိုက်တယ်

ဒါဖြင့် မသွားသည်မဟုတ် သွားတဲ့သဘောမျိုးလား။ ဒီလိုလည်း မမေးနဲ့ကွ။ လေးချက်မေးတယ်၊ လေးချက် ပယ်ချလိုက်တယ်။

ရှင်ကြီးဂေါတမ ကျုပ် အခုမေးတာ လေးချက်ရှိသွားပြီတဲ့။ ဥပါဒါန် ချုပ်တဲ့ပုဂ္ဂိုလ် ဘယ်သွားသတုံးဆိုတော့ ဒီလိုလည်း မမေးနဲ့လို့ ဖြေထားတယ် တဲ့။ မသွားဘူးလားလို့ မေးတော့ ဒီလိုလည်း မမေးနဲ့လို့ ဖြေထားတယ်။ သွားချည်တစ်လှည့် မသွားချည်တစ်လှည့်လားဆိုတော့ ဒီလိုလည်း မမေးနဲ့လို့ ဖြေထားတယ်။ မသွားဘူးလည်း မဟုတ်၊ သွားသည်လည်း မဟုတ်ဆိုတဲ့ အမေးမျိုး မေးပြန်တော့လည်း ရှင်ကြီးဂေါတမ ဒီလိုလည်း မမေးကောင်းဘူး ပြောတယ်။

ကျုပ်တော့ ဉာဏ်တုံးပြီ ဒီပုဂ္ဂိုလ် ဘယ်သွားမှန်း မသိတော့ဘူး၊ ဉာဏ်တုံးပြီး သူလျှော့တယ် (တင်ပါ)၊ ဉာဏ်တုံးသွားပြီတဲ့၊ သူလျှော့တယ် (တင်ပါ)၊ ဉာဏ်တုံးသွားပြီတဲ့ ဝစ္ဆဂေါတ္တက (တင်ပါဘုရား)။

ပဋိစ္စသမုပ္ပါဒ် နားမလည်လို့

အေး မင်းဉာဏ်တုံးမှာပဲတဲ့။ တစ်ပါးသော တိတ္ထိဆရာကို ကိုးကွယ်ရင် ဒီဥစ္စာအဖြေ သိမှာမဟုတ်ဘူးကွ (တင်ပါ)၊ ပဋိစ္စသမုပ္ပါဒ် နားမလည်လို့ရှိရင် ဒီအဖြေ နားလည်မှာ မဟုတ်ဘူးကွ သဘောပါရဲ့လား (တင်ပါဘုရား)။

တစ်ပါးသော တိတ္ထိဆရာ ကိုးကွယ်လို့လည်း ဒီအဖြေကို ဘယ်သူမှ မဖြေနိုင်ဘူး ပဋိစ္စသမုပ္ပါဒ် နားမလည်တဲ့ဆရာ တွေကို မှီဝဲနေလို့ရှိရင် မင်းဒီအဖြေကို နားလည်မှာ မဟုတ်ဘူး (တင်ပါ)၊ ပဋိစ္စသမုပ္ပါဒ် ဘယ်လောက်အရေးကြီးသလဲ (တင်ပါ)၊ မကြီးပေဘူးလား (ကြီးပါတယ်ဘုရား)။

ဒါကြောင့် ခင်ဗျားတို့ ဒိဋ္ဌိပြုတ်ချင်လို့ရှိရင် ဒိဋ္ဌိဟာ ခန္ဓာငါးပါးက လာတယ်၊ ခန္ဓာငါးပါး ဘယ်ကလာသတုံး။ ပဋိစ္စသမုပ္ပါဒ်က လာတယ်လို့သိမှ ကိုက်မှာနော် (တင်ပါဘုရား)။

ဒါဖြင့် ရှင်ကြီးဂေါတမ ကျုပ်တော့ ဉာဏ်တုံးသွားပြီတဲ့။ အေး မင်းတုံးတာတော့ ငါကျေနပ်တယ်ကွာ၊ သာမညအခြေနဲ့ ဒါမရဘူးကွ သွားရင် နိဗ္ဗာန်သွားမှ နိဗ္ဗာန်ရောက်မှာ မဟုတ်ဘူးလား (တင်ပါဘုရား)။

ဥပါဒါန် ချုပ်တယ်ဆိုတော့ “ဥပါဒါန နိရောဓာ ဘဝနိရောဓော” မဖြစ်သေးဘူးလား (တင်ပါ)၊ ဘဝနိရောဓာဆို တော့ ဇာတိနိရောဓော၊ ဇာတိနိရောဓာ ဇရာမရဏ နိရောဓော သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ဥပါယာသ နိရောဓော ဆိုတော့ နိဗ္ဗာန် မရောက်သေးဘူးလား။ ရောက်နေပြီ မဟုတ်လား (တင်ပါဘုရား)။

အဲ နိဗ္ဗာန်အကြောင်း သူက သဘောမကျသေးလို့ ဒိဋ္ဌိ အမျိုးမျိုး လှည့်နေတယ် (တင်ပါ)၊ နိဗ္ဗာန်နဲ့ ဒိဋ္ဌိနဲ့ ကပ်နေတယ်။ ပေါ်ပြီလား (တင်ပါဘုရား)။

နိဗ္ဗာန် သဘောကျချင်ရင် ဒိဋ္ဌိပြုတ်မှရမယ်

နိဗ္ဗာန် သဘောကျချင်ရင် ဒိဋ္ဌိပြုတ်မှရမယ်။ ပထမ သောတာပတ္တိမဂ်က ဒိဋ္ဌိအရင်ဖြုတ်ရတယ်။ အကြမ်းဆုံးကို အရင်ဖြုတ်ရမယ်။ ပေါ်ပြီလား (တင်ပါဘုရား)။

ကဲ ကိုထွန်းရင် ဒါတွေကတော့ကို တကယ့်ဆရာကောင်း သမားကောင်း သိမှာ။ ဒီကနေပြီး ဝေဒနာ သုခဝေဒနာလေး၊ ခင်ဗျားတို့ နှစ်ယောက်က ခန္ဓာကိုယ်ထဲဝင် သောမနဿ ဝေဒနာကလေး ပေါ်လာတယ်။ ဒါကလေး ကို ခင်ဗျားတို့က မဂ္ဂင်ငါးပါးနဲ့ ကိုထွန်းရင်တို့ ဦးသံဒိုင်တို့ရှု။ ရှုလိုက်တော့ သူက အဖြစ်အပျက်တွေ ထွက်လာတယ်။ ဒီလမ်းပဲ မဟုတ်လား။ တဏှာက မခြားတော့ဘူး (တင်ပါ)၊ မခြားတော့ ဖြစ်ပျက် မဂ်ဖြစ်မသွားဘူးလား (တင်ပါ ဘုရား)။

သူမလာလို့ရှိရင် “သုခဝေဒနာ ပစ္စယာ တဏှာ” တဏှာလာရင် ဥပါဒါန်လာမယ်။ တဏှာနဲ့ ဥပါဒါန်ဆိုတာက အတူတူပဲတဲ့ (မှန်ပါ)၊ “ဥပါဒါန ပစ္စယာ ကမ္မဘဝေါ” လာမယ်။ မလာပေဘူးလား (လာပါတယ်ဘုရား)၊ ကမ္မဘဝပစ္စယာ ဇာတိ။ ဇာတိပစ္စယာ ဇရာမရဏံ မလာပေဘူးလား (မှန်ပါ)၊ သောကပရိဒေဝတွေကတော့ အကျိုးဆက်တွေပဲ (တင်ပါ)၊ ဘာမှမထူးပါဘုရား။

မရှုဘဲနေတဲ့ပုဂ္ဂိုလ်မှာ နိဗ္ဗာန်မရောက်တဲ့အပြင် ဇာတိဒုက္ခပြန်ရတယ် (တင်ပါ)၊ မရဘူးလား (ရပါတယ်ဘုရား)။

ရှုတဲ့ပုဂ္ဂိုလ်ကျတော့ ဥပါဒါန်က စချုပ်တယ် (တင်ပါ)၊ ဘယ် သွားတုံးမေးလို့ရှိရင် ဒါတွေ ချုပ်တဲ့ဆီ သွား တယ်လို့၊ ဒီလို ဖြေရလိမ့်မယ် (တင်ပါဘုရား)။

သမုဒယသစ္စာ၊ ဒါက သမုဒယသစ္စာ ချုပ်တဲ့ဆီ။ ငါ ကိလေသာ ဝဋ်ချုပ်တယ်ကွ ၊ တဏှာ ဥပါဒါန်က ကိလေသဝဋ်ကိုး (တင်ပါ)၊ ကမ္မဘဝက ကမ္မဝဋ် (တင်ပါ)၊ ဇာတိ ဇရာ မရဏက ဝိပါကဝဋ် (တင်ပါ)၊ ဝဋ်ကျွတ်တဲ့ဆီ သွားတယ်လို့ ဆိုရမှာပေါ့ (ဆိုရပါမယ်ဘုရား)၊ သဘောကျရဲ့လား (ကျပါတယ်ဘုရား)၊ အင်မတန် ရှင်းသွားပြီလား (အင်မတန် ရှင်းသွားပါပြီဘုရား)။

ဝဋ်ကျွတ်သွားပြီ

ဝဋ်ကျွတ်သွားတယ်လို့ ဖြေရမှာကို သူက သဘောမကျဘူး။ ဥပါဒါန်ချုပ်တဲ့ပုဂ္ဂိုလ် ဘယ်သွားတုံး လို့၊ ဖြေရမှာတော့ ဝဋ်ကျွတ်သွားပြီ။ သဘောပါလား (တင်ပါဘုရား)။

ကြည့်လေ ဝဋ်ကို ရှင်းပြနေတော့ ဒါနှစ်ခုတဏှာဥပါဒါန်က ကိလေသဝဋ် (တင်ပါ)၊ ဒီကံက ကမ္မဝဋ်၊ ဒီက ဇာတိ ဇရာ မရဏက ဝိပါကဝဋ် (တင်ပါ)၊ ဝဋ်ကျွတ်သွားပြီလို့ ဖြေရမှာ၊ ဖြေလိုက်ရင် ပရိဗိုဇ်က တစ်ခါတည်း ဥစ္ဆေဒဘက် သူသွားတော့မယ်။ ပြတ်သွားပြီ မလိုချင်တော့ဘူးဆိုတာ မလာပေဘူးလား (တင်ပါ)။

ဒါဖြင့် ပဋိစ္စသမုပ္ပါဒ် နားမလည်လို့ရှိရင် ဥစ္ဆေဒဘက် ပြေးလိမ့်မယ်ဆိုတာ သေချာပလား (တင်ပါ)၊ သေချာပြီ နော် (သေချာပါပြီဘုရား)။

ဘုရားက မင်းသဘောနဲ့မင်း ဥပါဒါန်ချုပ်တဲ့ ပုဂ္ဂိုလ်ဘယ်သွားတုံးလို့ဆိုတော့ ဘယ်သွားတုံးလို့ မင်းမမေးနဲ့။ ဒီလိုအဓိပ္ပာယ်မရဘူး၊ ဘုရားက ဒီလို အဓိပ္ပာယ် မင်းမရဘူး တဲ့။ ဥပါဒါန်ချုပ်တဲ့ ပုဂ္ဂိုလ် ဘယ်သွားတုံးဆိုတော့ ဒီလိုလည်း အဓိပ္ပာယ်မရောက်ပါဘူးကွ၊ စင်စစ်တော့ ဝဋ်ကျွတ်သွားတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ ရောက်တယ်။ မရောက်ဘူး လား (မှန်ပါဘုရား)။

ဝဋ်ကျွတ်သွားတယ်လို့ ဆိုတော့ ဘာမှမရှိဘူးဆိုတဲ့ ဥစ္ဆေဒဘက် သူပြေးလိမ့်မယ်၊ မပြေးဘူးလား (တင်ပါဘုရား)၊ အဲဒါကြောင့် သူ့ကို မဖြေဘူး မဖြေဘူး။

ဘယ်လိုဖြေလိုက်သလဲဆိုတော့ ပဋိစ္စသမုပ္ပါဒ်က ဘယ်လိုဆိုထားလဲ၊ တဏှာ ဥပါဒါန် ကံ ဇာတိ ဇရာ မရဏ တဏှာ ချုပ်ပြီးတော့ ဥပါဒါန်ရော ချုပ်တယ်။ ကံချုပ်တယ်၊ ဇာတိ ဇရာ မရဏ ချုပ်တယ်။ ဝဋ်နဲ့ ဝေဖန်လိုက်တော့ ကိလေသဝဋ် ကမ္မဝဋ် ဝိပါကဝဋ် ချုပ်တယ် (အဲဒီလိုဆိုတော့ သဘောကျပါတယ်ဘုရား)။

အင်း သဘောကျတယ်။ သေသေချာချာမှတ်၊ သေသေချာချာမှတ် (တဏှာနဲ့ ဥပါဒါန်က)၊ ကိလေသဝဋ် ပေါ့ (တင်ပါ၊ ကိလေသဝဋ်)၊ ကံက ကမ္မဝဋ်ခေါ်တယ် (ကမ္မဝဋ်) ဇာတိ ဇရာ မရဏက ဝိပါကဝဋ်။

ဝဋ်သုံးပါးထွက်သွားတယ် (ဝိပါကဝဋ်တော့ မပါဘူးလား)၊ ဇာတိ ဇရာ မရဏပေါ့ (ဪ ဟုတ်သားပဲ)။

ဟိုထဲလည်း ပါပါလိမ့်မယ်။ ဟိုထဲပါပေမယ့်လို့ မဖြစ်သေးဘူး၊ ဝမ်းထဲရောက်မှသာ ကောင်းတာ။

ကဲ ဒါဖြင့် ဝဋ်ကျွတ်သွားတယ်လို့ ဆိုဖို့ပဲ မဟုတ်လား၊ ဝဋ်တရားက (တင်ပါ)၊ ဝဋ်ကျွတ်သွားတယ်လို့ ဆို လိုက်လို့ရှိရင် ပဋိစ္စသမုပ္ပါဒ် နားမလည်တဲ့ ပရိဗိုဇ်ဖြစ်နေတော့ ဥစ္ဆေဒဘက်သွားမယ်။ ဘာမှ မဖြစ်တော့ဘူးဆိုပြီး မယူ ဘူးလား ယူမလား (ယူပါတယ်ဘုရား)။

ဒိဋ္ဌိဘက်ပြေးမယ်

ဒါဖြင့် ဘယ်ဘက်ပြေးမလဲ၊ သူ့ဉာဏ် ဘယ်ဘက်ပြေးမလဲ (ဒိဋ္ဌိဘက်)၊ ဒိဋ္ဌိဘက်ပြေးမယ်။ ဘယ်ဒိဋ္ဌိဘက် ပြေးမလဲ ဒါဖြင့် (ဥစ္ဆေဒ ဒိဋ္ဌိ)၊ ဥစ္ဆေဒ ဒိဋ္ဌိဘက် ပြေးမယ်။ ရှင်းပြီနော်။

ဒါဖြင့် ဥပါဒါန်ချုပ်တဲ့ပုဂ္ဂိုလ် ဘယ်မှမသွားတော့ဘူးလား လို့ သူမေးမြန်းတော့လဲ ဥပါဒါန်ချုပ်တဲ့ပုဂ္ဂိုလ် ဘယ်မှမသွားတော့ဘူးလား သွားသေးတယ်ဆိုရင် သူက သဿတဘက်သွားမယ်။ မသွားတော့ဘူးဆိုရင် သူ ဥစ္ဆေဒ ဘက် ပြေးတော့မယ်။ ပရိဗိုဇ်က (တင်ပါဘုရား)။

ဒါကြောင့် ခင်ဗျားတို့ ဒိဋ္ဌိမပြုတ်ဘဲနဲ့ နိဗ္ဗာန်လိုချင်ပါတယ်ဆို ရကိုမရဘူး။ ရနိုင်စရာ မြင်သေးရဲ့လား (မမြင် တော့ပါဘုရား)၊ မရဘူး၊ ဘယ်နည်းနဲ့မှ မရဘူး။ အဲဒီမှာ မဂ်ပယ်တယ်၊ နောက်ဥပမာလေးနဲ့ လာဦးမယ်။ အင်မတန် အဖိုးတန်တဲ့တရား။

ကဲ ဒါဖြင့် ဥပါဒါန် ချုပ်တဲ့ပုဂ္ဂိုလ် ဦးသံဒိုင်နဲ့တကွ ဦးထွန်းရင် မေးလိမ့်မယ် (တင်ပါ)၊ ခင်ဗျားတို့ကတော့ သဘောကျသွားပြီတဲ့ ဆရာဘုန်းကြီးနဲ့ တိုက်ရိုက်တွေ့တာနဲ့ (တင်ပါ)။

ဥပါဒါန်ချုပ်တဲ့ပုဂ္ဂိုလ် ဘယ်သွားတုံးလို့ မေးတယ်ဟုတ်လား။ ဒီက သုခဝေဒနာကို ဖြစ်ပျက်ရှုလိုက်တယ်၊ ဖြစ်ပျက် ရှုလိုက်တော့ မဂ်ပေါ့ဗျာ မဂ်ပေါ်လာတော့ ဒီဘက်က ဥပါဒါန်ချုပ်တယ် မချုပ်ဘူးလား (တင်ပါ)၊ ကိုင်း ချုပ်တယ်၊ ဇာတိ ဇရာ မရဏ ချုပ်တယ်။

ဒါဖြင့် ဒီမဂ်နဲ့ အလုပ်လုပ်တဲ့ ပုဂ္ဂိုလ် ဘယ်သွားတုံးလို့ မေးလိုက်ရင် ခင်ဗျားတို့ ဘယ့််နှယ်ပြောကြမယ်။ ဝဋ်ကျွတ်သွားတယ်နော် (တင်ပါ၊ ဝဋ်ကျွတ်သွားပါတယ်ဘုရား)။

ခင်ဗျားတို့ ဒီဟာတွေ တည့်နေတယ်။ သူ့ကို ဝဋ်ကျွတ်သွားတယ်ဆိုလို့ တော်ပါ့မလား သူလည်း နားလည် မယ်မဟုတ်လား။ ဒါကြောင့် မမေးနဲ့ကွ။ ဥပါဒါန်ချုပ်တဲ့ပုဂ္ဂိုလ် ဘယ်သွားတုံးလို့ မမေးနဲ့။ ဝဋ်ကျွတ်သွားတယ်ဆိုလို့ သူနားလည်မှာမှ မဟုတ်ဘဲကိုး။

ခင်ဗျားတို့သာ ဒီဆရာသမားနဲ့တွေ့လို့ ဟောဒါက ကိလေသဝဋ်၊ ဒါက ကမ္မဝဋ်၊ ဒီသုံးပါးက ဝိပါကဝဋ်ဆိုတော့ ခင်ဗျားတို့ ဘဝသံသရာက မကျွတ်ခဲ့တဲ့ ဝဋ်ကြီး ကျွတ်သွားပြီ။ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ်ဘုရား)။

ဒါဟာ ခင်ဗျားတို့က ထူးတဲ့ပုဂ္ဂိုလ်တွေမို့ ဒီတရားနဲ့လာတွေ့လို့ ကျွတ်သွားတာကိုးဗျ (မှန်ပါ)။

ပရိဗိုဇ်ကတော့ ဒီဥပါဒါန်ချုပ်တဲ့ပုဂ္ဂိုလ် ဘယ်သွားတုံးလို့ သူမေးနေမှာပဲ။ မမေးပေဘူးလား (တင်ပါ)၊ ကဲ အခုပြေပလား (ပြေပါပြီ) ပြေသွားပြီ။

အလုပ် လုပ်လို့ရှိရင် ဒီဝဋ်တွေ ကျွတ်မှာပဲ

ကောင်းပြီ ဒါ ခင်ဗျားတို့ နားလည်မှုပေါ့။ ဪ ငါ အလုပ် လုပ်လို့ရှိရင် ဒီဝဋ်တွေ ကျွတ်မှာပဲဆိုတာ ခင်ဗျားတို့ ဆုံးဖြတ်ချက်ကျပလား (ကျပါပြီ)၊ ကျပြီ။ အလုပ်လုပ်ရင်ဖြင့် ဝဋ်သုံးပါးကျွတ်မယ် (တင်ပါ)၊ ဆုတောင်းရုံနဲ့ မကျွတ်ဘူး၊ ဆုတောင်းရုံနဲ့ မကျွတ်ဘူး။ တောင်းရုံနဲ့ ကျွတ်တယ်လို့ ဆိုရမလား (မဆိုရပါဘုရား)။

ကောင်းပြီ ဒါဖြင့် ပရိဗိုဇ်က “အရှင်ဘုရား တပည့်တော် ဥပါဒါန်ချုပ်တဲ့ပုဂ္ဂိုလ် ဘယ်သွားတုံးလို့ မေးတော့ လဲ ဒီလိုလည်း အဓိပ္ပာယ်မရပါဘူးကွလို့ အရှင်ဘုရားက ဖြေတယ်။ မသွားဘူးလား မေးတော့လည်း ဒီလိုလည်း အဓိပ္ပာယ် မရဘူး၊ ဒီလိုလည်း မမေးနဲ့ကွ။ သွားချည်တစ်လှည့် မသွားချည်တစ်လှည့်လားလို့ မမေးနဲ့ကွ။ သွားချည်တစ်လှည့် မသွား ချည်တစ်လှည့်လားလို့ ဒီလိုမေးပြန်တော့လည်း ဒီအဓိပ္ပာယ်လည်း မရောက်ပါဘူးကွ လို့ အရှင်ဘုရားက ဖြေတယ်။ မသွားသည်မဟုတ် သွားတယ်ဆိုတဲ့ အဓိပ္ပာယ်မျိုးလား မေးပြန်တော့လည်း အရှင်ဘုရားက ဒီအဓိပ္ပာယ်လည်း မင်းမယူ နဲ့လို့ ပြောပြန်တော့တပည့်တော် ဉာဏ်တုံးနေပြီတဲ့”။ ပရိဗိုဇ်က မခေဘူး။ ဉာဏ်တုံးနေတယ်လို့ ဇာတ်သိမ်းလိုက်တယ်။

မင်း တုံးမှာပဲတဲ့ ဘုရားက၊ သဘောကျပြီလား။

(ဘုရားက နိဗ္ဗာန်ကို ပရိဗိုဇ်က အမည်မှည့်အောင် လုပ်နေတာ)၊ အင်း နိဗ္ဗာန်ကို အမည်မှည့်အောင် လုပ်နေတာ (ပရိဗိုဇ်ကိုက မှည့်မှ)၊ ပရိဗိုဇ်က မမှည့်ဘူး၊ ဘုရားက မှည့်ပေးမှ သူသဘောကျမှာ (ပရိဗိုဇ်က ဒီရောက်အောင် တွန်းပေးတာ)၊ ဒီရောက်အောင်တော့ တွန်းပေးနေတာ၊ သိတွန်းတော့ မဟုတ်ဘူး မသိတွန်း။ ရိပ်မိပလား (မှန်ပါ ဘုရား) သိတွန်းတော့ မဟုတ်ဘူး၊ မသိတွန်း သူ့ဟာက။

မင်း နိဗ္ဗာန်သဘောကျမှာ မဟုတ်ဘူး

ကောင်းပြီ ဒါဖြင့် ခင်ဗျားတို့ဘက်ကတော့ ဒီဟာကျေကျေနပ်နပ် သဘောကျပြီလားလို့ မေးလိမ့်မယ် (ကျပါပြီ)၊ မဂ်ကြောင့် ဥပါဒါန် ချုပ်သွားတယ်ဆိုတာ ဝဋ်ကျွတ်ပါပြီတဲ့။ ဒါဖြင့် ပရိဗိုဇ်ကို တစ်ပါးသောတိတ္ထိဆရာနဲ့တော့ မင်း နိဗ္ဗာန်သဘောကျမှာ မဟုတ်ဘူးဆိုပြီး နိဗ္ဗာန် ဟောချလိုက်တယ်။

ဒီသုံးခုချုပ်တာ နိဗ္ဗာန် မခေါ်နိုင်ဘူးလား (တင်ပါ)၊ ကိလေသ ဝဋ်ချုပ်ရင် သမုဒယသစ္စာချုပ်တယ်၊ ကမ္မဝဋ်ချုပ် ရင် သမုဒယသစ္စာ မချုပ်ဘူးလား (တင်ပါ)၊ ဝိပါကဝဋ်ချုပ်တော့ သမုဒယနဲ့ ဒုက္ခချုပ်တယ်၊ သစ္စာနဲ့ဖွဲ့လိုက်တော့ (တင်ပါ)၊ ဒီသုံးခု သမုဒယသစ္စာ (မှန်ပါတယ်ဘုရား၊ သေသေချာချာ မှတ်ပါတယ်)၊ ဒါက ဒုက္ခသစ္စာ ဒုက္ခနဲ့ သမုဒယချုပ်တော့ (ဝိပါကဝဋ်တော့ ဒုက္ခသစ္စာ)။

ဟင်း ဝိပါကဝဋ်မှလွဲရင် သမုဒယထဲ သွင်းလိုက်၊ ဒီတစ်ခုပဲ ဒုက္ခသစ္စာ၊ ဝိပါကက ဒုက္ခထဲသွင်း၊ တဏှာ ဥပါဒါန် ကံကို သမုဒယထဲသွင်း (တင်ပါ)၊ ဝဋ်လို့ ဟောတဲ့အခါမှာ သူက ခွဲထားတယ် (တင်ပါ)၊ သစ္စာလို့ ဟောတဲ့အခါ သူက ဒီအထဲ သွားပေါင်းတယ်။ ဒါကလည်း ရှင်းထားဦးဟုတ်လား (တင်ပါ၊ ရှင်းသွားပါပြီဘုရား)။

ရှင်းပြီလား၊ ကဲ ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ ဪ ပရိဗိုဇ်မေးတော့ ဆရာကနေ ကြားကကူလိုက်လို့ ခင်ဗျားတို့မှာ အဖြေမှန်ရသွားတယ်။ ပရိဗိုဇ်မှ မရှင်းသေးတော့ ကိုင်းကွာတဲ့။ ပရိဗိုဇ် မင်း ပဋိစ္စသမုပ္ပါဒ် နားလည်မှ နိဗ္ဗာန်ကို သဘောကျမယ်ဆိုတော့ ကိလေသဝဋ်ချုပ်တာ (နိဗ္ဗာန်ပါ)၊ ကမ္မဝဋ်ချုပ်တာ (နိဗ္ဗာန်ပါ)၊ ဝိပါကဝဋ်ချုပ်တာ (နိဗ္ဗာန်ပါ)၊ ဒါ ဝဋ်လို့ ပြတယ်။

သစ္စာလို ပြပြန်တော့ ဟောဒီ သမုဒယချုပ်တော့ နိဗ္ဗာန်။ ဟောဒီ ဒုက္ခသစ္စာချုပ်တော့ (နိဗ္ဗာန်ပါ)၊ သစ္စာကျတော့ နှစ်ပါတည်းနဲ့ ပြီးသွားတယ်။ ဝဋ်ကျတော့ သုံးပါး အတူတူပဲတဲ့ နားလည်တဲ့ဥစ္စာဖြစ်ရင်။ နားမလည်တဲ့ ဥစ္စာဖြစ်ရင် ရှုပ်နေမယ်။ ဝဋ်နဲ့ သစ္စာမကွဲတော့ဘူး။ ဝဋ်အတွက်သာ ဟောထားတာပါ ဘုရားက (တင်ပါဘုရား)။

ကဲ ဒါကို ကျေနပ်ပြီလား (တင်ပါ)၊ ကျေနပ်ပြီ (တင်ပါ)၊ ကျေနပ်တာနဲ့ ဘုရားက ပရိဗိုဇ်ကို ပရိဗိုဇ် မင်းဟာ ဉာဏ်တုံးပြီ၊ ဉာဏ်တုံးတာ ငါကျေနပ်ပါတယ်တဲ့။ မင်းတုံးပြီ မေးစရာ မရှိတော့ဘူးဆိုတာကို ငါကျေနပ် ပါတယ်တဲ့။ သို့သော် မင်း ဒါကို ကျကျနန နားလည်ချင်လို့ရှိရင် ကိုယ်ပိုင်ဉာဏ်နဲ့ မင်းအားထုတ်လို့တော့ မရဘူး၊ ဆရာနဲ့ဆိုရင် မင်းရှင်းသွားလိမ့်မယ် ပရိဗိုဇ်ကို ဘုရားက အဖြေပေးနေတယ်နော် (တင်ပါဘုရား)။

နိဗ္ဗာန် ဟောနေတယ်လို့ ယူထားပါ

ဒီမှာ ဆရာရှာပေါ့ သို့သော်လည်း ဘုရားချွတ်မှ ကျွတ်မယ့် ပုဂ္ဂိုလ်ဖြစ်နေတော့ ဘုရားက ကိုင်း မင်းကို ငါအခု ဥပမာနဲ့ ဟောမယ်၊ လာပြီ။ ဥပမာနဲ့ ဟောမယ်၊ နိဗ္ဗာန်ကို ဟောမှာနော် (တင်ပါ)၊ ခင်ဗျားတို့ အခု နိဗ္ဗာန် ဟောနေတယ်လို့ ယူထားပါ။ တစ်ကြောင်းက ဒိဋ္ဌိဖြုတ်နေတယ်လို့လည်း ယူလိုက်တဲ့ (တင်ပါ)၊ ဒိဋ္ဌိဖြုတ်မှ နိဗ္ဗာန် ဝင်မှာ၊ ဒိဋ္ဌိခံနေရင် နိဗ္ဗာန်မဝင်ကြဘူး ကြားလား၊ ခုနင်က ဒိဋ္ဌိလေးချက်နဲ့ မေးတာကိုးဗျ။

ဒါဖြင့် နိဗ္ဗာန်ကို နားလည်ချင်ရင် ဒိဋ္ဌိဖြုတ်တာကို နားလည်မှ နိဗ္ဗာန်ကို နားလည်မယ်။ သဘောကျပြီလား (တင်ပါ)။

နိဗ္ဗာန်ကို ကျကျနန သိဖို့ ဗုဒ္ဓဘာသာထုံးစံ၌ နိဗ္ဗာန်ဟာ အရေးကြီးတဲ့တရားပဲ။ အရေးကြီးတဲ့တရား နားလည် ချင်ရင် နိဗ္ဗာန် နားလည်ချင်ရင် ဒိဋ္ဌိဖြုတ်တဲ့နည်းကို နားလည်ဖို့ အရေးကြီးတယ်။ ပေါ်ပြီလား (တင်ပါဘုရား)။

ဒိဋ္ဌိမဖြုတ်တဲ့ ဆရာသမားကို ကိုးကွယ်လို့ ခင်ဗျားတို့ ပြောဆိုလို့ရှိရင် နိဗ္ဗာန် ဘယ်တော့မှ နားမလည်ဘူးလို့ ဆုံးဖြတ်ချက်ချ။

ဦးထွန်းရင် သဘောပါလား (ပါပါတယ်ဘုရား)၊ ထိုးထွင်းပြီးသိရမှာ၊ ထိုးထွင်းသိရမယ်။ နိဗ္ဗာန် နားလည်သလားလို့ ဆိုလို့ရှိရင် ဒိဋ္ဌိပြုတ်မှ နိဗ္ဗာန်နားလည်မှာ၊ ဒိဋ္ဌိမပြုတ်ရင် နိဗ္ဗာန် နားမလည်ဘူး။ ပေါ်ပြီလား (တင်ပါဘုရား)။

ကောင်းပြီ ငါ ဥပမာကလေးနှင့် ပြောမယ်၊ ပရိဗိုဇ် မင်း သတိထားနားထောင်စမ်း (တင်ပါ)၊ သေသေချာချာ နားထောင်။

ဟော အရှေ့ဘက်က မီးတောက်နေတယ်။ အရှေ့ဘက်က နေတယ်။ ပရိဗိုဇ် ကြည့်စမ်း မြင်လားကွ၊ ဥပမာပေါ့လေ။ မြင်ပါတယ် မီးတောက်နေတာ တပည့်တော် မြင်ပါတယ်။

ဘာမီးတုံးကွ မေးတယ်။ ဒါကတော့ ဘုရား တဲ့ မီးဆိုတော့ ဝါးမီးခေါ်ရမှာပေါ့။ သူက အတည့်ကိုး။ နောက်ချေးလောင်ရင် နောက်ထင်းလောင်ရင် (တင်ပါ၊ ထင်းမီးပါ)၊ ဝါးစို့လောင်ရင် (တင်ပါ) ခေါ်မှာပေါ့။

ကောင်းပြီတဲ့။ ဒါဖြင့် မင်း ဒါကို သဘောကျပြီတဲ့ နေတာ ဘာမီးတုံးမေးတော့ ထင်းလောင်ရင် ထင်းမီး။ နောက်ချေးမီးလောင်ရင် ဝါးခြမ်းလောင်ရင် ဝါးခြမ်းမီးတဲ့ မင်းသဘောကျပြီ။

လောင်စာသိမ်း၍ မီးငြိမ်းတာ

အဲဒီ မီးငြိမ်းသွားတဲ့အခါကျတော့ ဒီမီး ဘယ်များသွား တဲ့။ ဘယ်လောက်အကွက်ကျသလဲ၊ မီးလောင်ရင် မီးသတ်တောင် မင်းဖြေစမ်း။ သူပေါ်လာပြီပေါ့။ ဟင် ပေါ်လာပြီ။ မီးငြိမ်းသွားရင် မင်းဖြေစမ်းဆိုတော့ ပရိဗိုဇ် က ဘာမြင် ဘာဖြေထားသလဲ၊ မီးငြိမ်းတာဘုရား တဲ့။ ဒီမှာပေါ်တယ်။ ရိပ်မိပြီလား (တင်ပါ) သိမ်းလို့ မီးငြိမ်းတာ ပါဘုရား)၊ လောင်စာသိမ်း၍ မီးငြိမ်တာ။

အဲ နိဗ္ဗာန်ဆိုတာလည်း ဒါပဲကွ။ လောင်စာသိမ်း၍ မီးငြိမ်း လောင်စာသိမ်း၍ မီးငြိမ်းတာ။

ဒါ ခင်ဗျားတို့က နားလည်တာကိုး၊ အဖျားပဲ နားလည်တာ ကောင်းတဲ့စကားလို့ ဒီလောက်ပဲ နားလည်ပါ တယ်။

သို့သော် လောင်စာနဲ့မီးကို ကျုပ်ရှင်းပြပါမယ်။ ခုန တို့ကိုပြောခဲ့ပြီ (တင်ပါဘုရား)။

ဒါဟာ လောင်စာသက်သက်ပဲ။ တဏှာ ဥပါဒါန် ကံကို ဒါက ကံ။ ဒီမီးနဲ့ ဒီဟာနဲ့သာ တွဲရင် ဘယ်တော့မှ မီးမငြိမ်း ဒါက လောင်စာ (တင်ပါဘုရား)။

ဘဝများစွာ သူတို့နှစ်ခုက မီး။ သူတို့က လောင်စာလား ဘယ်သူသေသတဲ့ဆိုတာ ဒီမီးလောင်လို့ သေတာ (တင်ပါ)၊ ဘယ်သူ ဘာဖြစ်ပြန်သတဲ့။ ဒီ မီးကြောင့်ဖြစ်တာ။ သူတို့လုပ်လို့၊ ရှင်းပြီလား (တင်ပါဘုရား)။

ဘယ်တုန်းက ခင်ဗျားတို့ လောင်စာသိမ်း၍ မီးငြိမ်းခဲ့ရဲ့လား (မငြိမ်းပါဘုရား)၊ မငြိမ်းဘူး။ တဏှာ ဥပါဒါန်ကြောင့် ဇာတိ ဇရာ မရဏ။ နောက်တစ်ခါ လာပြန်တော့ တဏှာ ဥပါဒါန် ဇာတိ ဇရာ မရဏ လောင်စာနဲ့ မီးတွဲလျက်ချည်းဖြစ် နေတာ ဘဝများစွာက။ ရှင်းပြီလား (တင်ပါဘုရား)။

ဘဝများစွာက ဘာနဲ့ဘာ တွဲနေသလဲ (လောင်စာနဲ့ မီးပါဘုရား) လောင်စာနဲ့ မီးတွဲနေတယ်။

ဒါကြောင့် ခင်ဗျားတို့ကို ဘုန်းကြီးက ဟောလိုက်တယ်။ ဦးသံဒိုင်ကြီး ဘာလုပ်နေသတုံး ၊ ကုန်သည် လုပ်နေ တယ်။ ကုန်သည်ဆိုတာက ဘာတုံး၊ ဟောဒီမီးနဲ့ ဟောဒီခန္ဓာနဲ့ လောင်နေတဲ့အဖြစ်ကို ကုန်သည်ခေါ်တာ၊ ဒါပဲရှိတယ် (တင်ပါဘုရား)။

ကိုထွန်းရင်တို့ ဘလောက်လုပ်နေတာရော ဒါပဲမဟုတ်လား (မှန်ပါဘုရား)၊ ဒီငွေလိုချင်တဲ့ ကိလေသာ၊ ဒါပါပဲ။ ဟုတ်လား (တင်ပါဘုရား)။

ဒီခန္ဓာတွဲလျက်ချည်းနဲ့ သူလုပ်နေတယ်။ ဒါနဲ့သာ ခေါင်းရောက်လာပြီး မီးလောင်ပြီး ပြာကျတာပဲ။ ဘယ်ဘဝမှာ လောင်စာသိမ်း၍ မီးငြိမ်းခဲ့သလဲ (မသိမ်းခဲ့သေးပါ)၊ မသိမ်းသေးဘူး။ ဒီဘဝလာပြီး မသိမ်းသေးဘူးလား (တင်ပါ)၊ မသိမ်းသေးဘူး။

ဘာသိမ်းမလဲ၊ ဟောဒီ မီးငြိမ်းအောင်လုပ်တတ်တဲ့ တရားတွေကို ခင်ဗျားတို့က မလုပ်ရသေးဘူး။ ဖြစ်ပျက်ရှုတဲ့ မဂ်က မလာသေးဘူး (မလာသေးပါ)၊ မဂ်က ကိလေသာလည်းသိမ်း၊ ခန္ဓာလည်း ငြိမ်းတယ်၊ သိမ်းတယ်။ သဘောကျရဲ့ လား (တင်ပါဘုရား)။ မဂ်က ကိလေသဝဋ်နဲ့ ကမ္မဝဋ်ရော သူမသိမ်းဘူးလား (တင်ပါ၊ သိမ်းပါတယ်)၊ ဝိပါကဝဋ်ကို သူမသိမ်းဘူးလား (တင်ပါ)။

အဲဒါ ခင်ဗျားတို့က ဒါကလေးတွေ ဘယ်တော့မှ မလုပ်ဖူးဘူး။ ဒါကြောင့် ဒီမီးသုံးမီးလည်း ဘယ်တော့မှ မငြိမ်း ဘူး (မငြိမ်းပါဘုရား)၊ လောင်စာနဲ့လည်း ဘယ်တော့မှ မခွဲဘူး။ ခွဲသေးသလား (မခွဲပါဘုရား)။

မခွဲတော့ကို ခင်ဗျားတို့ဟာ လမ်းသွားတုန်းလေး ကြည့်လေသလား မကြည့်ဘူးလားဆိုတာ နောက်တုန်းက မသိဘူး။ အခုတော့ ဆရာဘုန်းကြီးက ကိုထွန်းရင် ဝေဒနာသုံးပါးကို သိပြီးတော့ ဖြစ်ပျက်ရှုပေးပါ။ ဘုရားအယူ ဒီလာ လိမ့်မယ် (တင်ပါ)၊ ဘုရားအယူလည်း ဖြစ်ပျက်ရှုတာပါပဲ (မှန်ပါ)၊ အစကတည်းက ရှင်းလာခဲ့ပြီ (တင်ပါဘုရား)။

ဖြစ်ပျက်ရှုလိုက်တော့ ဖြစ်ပျက်မဂ်၊ ဖြစ်ပျက်မဂ်၊ ဖြစ်ပျက်မဂ် လှည့်ရှုနတာ။ ဒါပဲမဟုတ်လား (တင်ပါ)၊ ဒီကတည်း က မီးငြိမ်းပြီ မဟုတ်လား၊ မီးငြိမ်းပြီ။ ဒီက လောင်စာသိမ်းပြီး (တင်ပါ)၊ မသိမ်းသေးဘူးလား (သိမ်းပါတယ်)၊ နောက် လောင်စာလာသေးရဲ့လား (မလာပါ)၊ ဒါ အနာဂတ်လောင်စာမဟုတ်ဘူးလား။ ဒါအနာဂတ်မီး၊ အနာဂတ်ကို တည်ထောင် တဲ့မီးဆိုရင်ရော (တင်ပါဘုရား)။ မဟုတ်ဘူးလား (တင်ပါဘုရား)။

ကိလေသဝဋ် မရှိဘဲနဲ့ ကမ္မဝဋ်ဖြစ်ပါ့မလား (မဖြစ်ပါ)၊ ကမ္မဝဋ် မဖြစ်ဘဲနဲ့ ဝိပါကဝဋ်ဖြစ်ပါ့မလား (မဖြစ်ပါဘုရား)။ ဒီဝိပါကဝဋ် ဖျက်လိုက်။ ကျုပ် လှည့်ပြရလို့ရှိရင်ဖြင့် ခင်ဗျားတို့ ကိလေသာဝဋ် ပြန်ပေါက်ပွားလာမယ်။ ဒါ နောက်မှ ကျုပ်ရှင်းပြမယ် (တင်ပါ) နော်။

အခု အဂ္ဂိဝစ္ဆကို ကျုပ်ရှင်းအောင် ပြောလိုက်မယ်။

အဂ္ဂဝစ္ဆ ရှေ့က လောင်တဲ့မီးက ဘာမီးတုံးကွ။ အို ဝါးလောင်ရင် ဝါးမီးပေါ့ဘုရား။ သူ့ဟာ ကိုက်နေ တယ် (တင်ပါ)၊ နတ်ခန္ဓာရှိလို့ ရှိရင် နတ်ခန္ဓာနဲ့ နတ်မီးပေါ့။ ဗြဟ္မာခန္ဓာရှိရင် (ဗြဟ္မာခန္ဓာနဲ့ ဗြဟ္မာမီး)၊ အဲ သဘာကျ ပြီလား (တင်ပါ)၊ ဘုရားခန္ဓာနဲ့ ရှိရင်ကော (ဘုရားမီး)၊ အင် ဘုရားမီးပဲ (တင်ပါဘုရား)။

ဒါကြောင့် ဘုရားလည်း ခန္ဓာမရ် မအောင်ဘူးလို့ သူပြောသားပဲ။ ပရိနိဗ္ဗာန်စံပြီးမှ ငါအောင်မှာ (မှန်ပါဘုရား)၊ ဒေဝပုတ္တမာရ် ကိလေသမာရ်သာ အောင်တယ်။ ခန္ဓမာရ်နဲ့ မစ္စုမာရ်မအောင်သေးဘူး (မအောင်သေးပါ)၊ အဘိသင်္ခါရမာရ် အောင်ပြီထားပါတော့၊ နောက်ထပ်တော့ မပြုပြင်တော့ဘူး။ မဟုတ်ဘူးလား (တင်ပါဘုရား)။

မာရ်ငါးပါးအောင်တယ်ဆိုတာ ကျုပ်က ဒီလိုဟောတော့ ကျုပ် ဒကာ ဒကာမတွေက “ဘုရားမာရ်ငါးပါးအောင် လို့ ဘုရားဖြစ်တာ” ဒီလို ယူထားလို့ ခက်နေပြီဟ နင်တို့ဟာ ဘာမှမသိဘူး။ မစ္စုမာရ်ဘုရာမှာ သေမင်းကို ခန္ဓာ ကြီးထိုးအပ်ရတာ မြင်သားနဲ့၊ မဟုတ်ဘူးလား (တင်ပါဘုရား)။

မစ္စုမာရ်လည်း သူမအောင်ဘူး။ ပြီးတော့ ခန္ဓမာရ်ကိုလည်း ဆွမ်းခံကျွေးနေရတယ် (တင်ပါ)၊ မကျွေးရဘူးလား (ကျွေးရပါတယ်)၊ ခန္ဓမာရ် မအောင်လို့ဘဲ ဒေဝဒတ် ကျောက်တုံးလှိမ့်ချတော့ ခန္ဓာမှာ အနာရနေတယ် (တင်ပါ)၊ မရဘူး လား (ရပါတယ်)။

ခန္ဓမာရ်နဲ့ မစ္စုမာရ်အောင်တာမှ မဟုတ်ဘဲ။ အနုပါဒိသေသ နိဗ္ဗာန်ကျမှ ခန္ဓမာရ်အောင်တယ်။ အနုပါဒိသေသ နိဗ္ဗာန်ကျမှ ခန္ဓာငါးပါးလုံးအောင်တာ (မှန်ပါ)၊ မဟုတ်ဘူးလား။

တရားအမွေ ခံကြစမ်းပါ

ကဲ ဒါရှင်းပြီလား (တင်ပါ)၊ ရှင်းတော့ကို ခင်ဗျားတို့ ကဲ မင်းတို့ ကိုးကွယ်ရာ ဒါပဲကွာ။

”ဓမ္မဒါယာဒါ မေ ဘိက္ခဝေ ဘဝထ မာ အာမိသဒါယာဒါ”။(မူလပဏ္ဏာသပါဠိ၊ ဓမ္မဒါယာဒသုတ်၊ နှာ-၁၅။)

ပစ္စည်းရှာမနေနဲ့၊ တရားအမွေ ခံကြစမ်းပါ၊ ဓမ္မဒါယာဒသုတ် ကျတော့ မဟောဘူးလား (တင်ပါ၊ ဟောပါတယ် ဘုရား)။

မဂ္ဂင်တရား အမွေခံကြစမ်းပါ။ မဂ္ဂင်မှတစ်ပါး မင်းတို့ ကျွန်းကြီးသဖွယ် သောင်ကြီးသဖွယ် ကိုးစားရန် မရှိပါဘူး (မှန်ပါ)၊ သူမှ မီးသိမ်းလို့ လောင်စာသေ ငြိမ်းစေပါတယ်ဆိုတော့ အခုပုံစံနဲ့တကွချပြတာ ကျေကျေနပ်နပ် သဘောကျရဲ့ လား။ (အင်မတန် ကျေနပ်ပီတိ ဖြစ်ပါတယ်။ အများကြီးပီတိ ဖြစ်ပါတယ်ဘုရား)။

အေး အဲဒီတော့ကို ဘုန်းကြီးတို့ ဒကာ ဒကာာမတွေက “ဪတို့မှာ ဒီမဂ်အလုပ်ကိုပဲ လုပ်ဖို့ အဓိကအချက် ပါလား” ဆိုတာ ဆုံးဖြတ်ချက်ချလိုက်။ သူ့ကို မလုပ်သရွေ့ ဟောဒီ ကိလေသာမီးဟာ ဘယ်တော့မှ မငြိမ်းဘူး။ ဒီလောင်စာ ဘယ်တော့မှ မသိမ်းဘူး။ သိမ်းပါ့မလား (မသိမ်းပါဘုရား)။

ဒီကံရှိနေတယ် (မှန်ပါ)၊ ကံရှိနေရင် “ကမ္မံဝိပါကဿ” အကျိုး လာဦးမယ် (မှန်ပါ)၊ မလာပေဘူးလား (လာပါ တယ်)၊ သဘောပါသလား (ပါပါတယ်ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ ဘုရားအယူဟာ ဘာအယူတုံးဆိုတော့ ဖြစ်ပျက်ကို ရှုတဲ့အယူ။ ဘုရားအယူ ဘာတုံး (ဖြစ်ပျက် ရှုတဲ့အယူ)၊ ဖြစ်ပျက်ရှုတဲ့အယူ။

”ဣတိ ရူပံ, ဣတိ ရူပဿ သမုဒယော, ဣတိ ရူပဿ အတ္ထင်္ဂမော” သတိပဋ္ဌာန် သွားကြည့်ရင် ဒါပဲတွေ့မှာပဲ (တင်ပါ)၊ အခု ဒီအဂ္ဂိဝစ္ဆသုတ် မဇ္ဈိမပဏ္ဏာသပါဠိတော်မှာလည်း ဒါပဲဟောတာပဲ။ ဘုရားအယူဟာ ဒါပဲ။ ရှင်းပြီလား (တင်ပါဘုရား)။

သူ့အယူက ဒိဋ္ဌိဘက်။ ဘယ်ဒိဋ္ဌိဘက်ကို ကူးသတုံး။ ခိုင်မြဲတဲ့ဘက်ကို ကူးသလား (တင်ပါဘုရား)။

ဖြစ်ပျက်ရှုတဲ့အခါ ခိုင်မြဲတဲ့ဘက် ကူးသေးသလား (မကူးပါဘုရား)။ သဿတလွတ်မနေဘူးလား (တင်ပါဘုရား)။

ပြတ်တဲ့ဘက်ရော ကူးသေးသလား (မကူးပါ)၊ မကူးခြင်းကြောင့် သူ့အယူဟာ ဒိဋ္ဌိလွတ်တဲ့အယူ (တင်ပါဘုရား)။

ဒါဖြင့် ခင်ဗျားတို့ကို ဘုန်းကြီးက ဖြစ်မှုပျက်မှု ဓမ္မမှတစ်ပါး ခန္ဓာကိုယ်ထဲမှာ ဘာမှမရှိဘူး။ အဲဒါပဲ ခင်ဗျားတို့ ကြိုးကြိုးစားစား လုပ်လိုက်လို့ရှိရင်ဖြင့် လောင်စာသိမ်း၍ မီးငြိမ်းမယ်လို့ ဟောတာ။

ခန္ဓာဟူသရွေ့ လောင်စာ

ကိုထွန်းရင် ဒါက လောင်စာ၊ ခန္ဓာဟူသရွေ့ လောင်စာ (တင်ပါ)၊ လောင်စာသိမ်းရင် မငြိမ်းပေဘူးလား (ငြိမ်းပါတယ်ဘုရား)၊ ငြိမ်းတယ်။

သူ့အယူ ယူတာက ဒီမဂ်နဲ့ ရှုတာကိုး။ ဒီမဂ်နဲ့ ဒီခန္ဓာရှုတယ် (တင်ပါ)၊ အဲဒါကို ဒီမီးမသိမ်းဘူးလား သိမ်းမလား (သိမ်းတယ်)၊ ဟင် ဒီမဂ်နဲ့လဲရှု၊ ဒီမီး မသိမ်းဘူးလား သိမ်းမလား (သိမ်းမှာပါပဲဘုရား)။

ဒီလောင်စာရော ပြောင်းရမှာလား မပြောင်းရဘူးလား (တင်ပါ)၊ ပေါ်ကို ပေါ်စရာရှိသေးသလား (မရှိပါ)၊ ဝိပါကဝဋ်ကို မပေါ်တော့ဘူး (တင်ပါ)၊ သဘာပါလား (တင်ပါဘုရား)။

အဲဒီတော့ ဘုရားက အဂ္ဂိဝစ္ဆကို မေးလိုက်တယ်။ ဟေ့ အရှေ့ဘက်က မီးတောက်နေတယ်။ အဂ္ဂိဝစ္ဆ ပြန် ပြောတယ်နော် (မှန်ပါ)၊ မြင်ရဲ့လားကွ။ မြင်တယ်။ ဘာမီးတုံးကွ ဘုရားက မေးလိုက်တယ်။

အို ဝါးစွဲရင် ဝါးမီး၊ သူကတည့်နေတာကိုး။ နတ်ခန္ဓာစွဲရင် နတ်မီး။ နတ်ခန္ဓာလည်း နတ်ခန္ဓာနဲ့ လောဘနဲ့ စွဲရင် နတ်မီးတောက်နေတာပဲ။ ခင်ဗျားတို့က နောက်မဆုတ်ချင်ပါနဲ့။ ခုလို မီးတောက်နေတာ နတ်ဖြစ်ချင်နေရင် လွဲလိမ့် မယ်။ ဗြဟ္မာစွဲတဲ့မီး ဗြဟ္မာမီး မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ်)။

ဟင် ဗြဟ္မာစွဲရင် ကိလေသာမီးဗျ။ ခန္ဓာက ထင်းဗျာ၊ ကိလေသာက မီး ခန္ဓာက ထင်းဆိုတော့ ဦးသံဒိုင် မကျေနပ်ဘူးလား (ကျေနပ်ပါတယ်)၊ ကျေနပ်ပါတယ်။

လောင်စာနဲ့ မီးနဲ့တွေ့ရင် မီးသူတော်ကောင်း မရှိဘူးလို့ ဘုန်းကြီးက ဖြည့်စွက်ပေးလိုက်တယ်။ မီးဟာ လောင်မှာ ပဲ လောင်စာရှိရင်။ သဘောကျရဲ့လား မီးသူတော်ကောင်းရယ်လို့ရှိရဲ့လား (မရှိပါ)၊ လောင်စာရှိသလောက် လောင် မယ်ဆိုတာ မကျေနပ်ဘူးလား (ကျေနပ်ပါတယ်ဘုရား)။

အဲဒီမှာ ခင်ဗျားတို့က ဟိုဘဝ၊ ဒီဘဝတွေ ဆုတောင်းတာ လောင်စာတောင်းတာ။ ဟိုဘဝ ဒီဘဝတွေ ်လျှာရှည် နေကြတာ ဘာတောင်းတာတုံး (လောင်စာတောင်းတာ)၊ လောင်းစာတောင်းတာ။ လောင်စာတောင်းတော့ လောင်စာ ရတယ်။ တောင်းတာက မီး၊ ရတာက ထင်း။ တောင်းတာက ကိလေသာမီး ထလို့တောင်းတာဗျ (တင်ပါ)၊ ရတာက ထင်းမဟုတ်ဘူးလား (တင်ပါ)၊ ကိလေသာမီးနဲ့ ထင်းနဲ့ တောင်းယူတာ တွဲပြီးတော့။ ကောင်းသေးရဲ့လား။

ဒီမီး ဘယ်လိုငြိမ်းမလဲ ခင်ဗျားတို့ (ဖြစ်ပျက်ရှုရမယ်)။ ဒါပဲ။ ဒါကို ဖြစ်ပျက်ရှုမှ သူတို့ မီးငြိမ်းမှာပဲ။ မီးငြိမ်းရင် ထင်းကုန်မှာပဲ။ ကိုထွန်းရင် ကျေနပ်ပြီလား။ သဘောရောကျရဲ့လား။ ဘုရားတစ်ဆူမှ တစ်ခါဟောတဲ့တရားတွေ နော်။ အကြောင်းတိုက်ဆိုင်ပြီး အင်မတန် မေးမြန်းတတ်တဲ့ ပုဂ္ဂိုလ်နဲ့တွေ့မှ ကျုပ်တို့ နိဗ္ဗာန်ပေါ်လာတာ။ နို့မဟုတ် ရင် နိဗ္ဗာန်ကို ဘုံကြီး နန်းကြီးပြကြီး ဖြစ်နေဦးမယ်။ ခင်ဗျားတို့ ဘုံနန်း ပြာသာဒ်တွေ့ရင် ခြစားဦးမယ်ဗျ။

(နိဗ္ဗာန်ဆိုတာ မြို့ကြီး ပြကြီးလို့ ယူထားတဲ့ပုဂ္ဂိုလ်တွေကလည်း ရှိမယ်)။

ရှိမယ်။ နိဗ္ဗာန်ရွှေပြည် မြို့ကြီးသို့ ခင်ဗျားတို့နားက မကြားဝံ့တာတွေ ကြားထားတာ ရှိသေးတယ် (တင်ပါဘုရား)။

ရွှေပြည်မြို့ကြီးဆိုရင် ရွှေလည်း ကမ္ဘာမီးလောင်ရင် ပျော်ကုန်မှာပဲ (တင်ပါ)၊ ဟင် ဒီဂရီ (၂၀၀) ကျော်ရင် ရွှေလည်း ပျော်တယ် မဟုတ်လား။ မပျော်ရင် မခံနိုင်ပါဘူး (တင်ပါ)၊ ဘယ်ဟာမှ မပျော်တာ မရှိဘူး။

သို့သော်လဲ တဲ့၊ ဘုရားသခင်ကိုယ်တော်မြတ် တချို့နေရာ၌ နိဗ္ဗာန်ရွှေပြည်မြို့ကြီးသို့ ဟောတာတွေဟာ ဥပစာ ဒါကို မှန်းရမ်းပြီး ကြိုက်ပစ်လိုက်ကြတယ်။ ရွှေထွက်တယ်လို့ ဟင်၊ ရွှေနဲ့ မြှောက်ပေးလိုက်တာပါ။ ရွှေကလေး နဲ့ မြှောက်ပေးလိုက်တာပါ (ရွှေပါမှ)၊ ရွှေပါမှ။

ဒီမီး ဘယ်သွားတုံး

ကဲ ဒါဖြင့် ပရိဗိုဇ်က ဒီမီး ဘယ်သွားတုံးကွ ၊ ငြိမ်းတော့ ဘယ်သွားတုံး။ ခင်ဗျားတို့ ဘယ့်နှယ်ဖြေမလဲ (ပျောက်သွားပါတယ်)၊ လောင်စာသိမ်းတော့ မီးငြိမ်းတယ်ပေါ့။ ဒါပဲ ဖြေရမယ် (တင်ပါ)၊ ဒီ့ပြင် ဘာဖြေစရာရှိသေးသလဲ (မရှိပါဘုရား)။

ကိုထွန်းရင်ရော ဘယ့်နှယ်ဖြေမလဲ၊ လောင်စာမရှိလို့ မီးငြိမ်းသွားတယ်။

ဟာ ဘာရမလဲဗျ၊ လေတိုက်လေ တောက်အားကောင်းလေ နေမှာပေါ့။ လေကိုက မီး (တင်ပါ)၊ လေကိုက မီး၊ လေက အဋ္ဌကလာပ် ရုပ်ရှစ်ခု (တင်ပါ)၊ အဋ္ဌကလာပ်ရုပ်တွေထဲမှာ မီးမပါဘူးလား (ပါပါတယ်ဘုရား)၊ ပြီးပြီပေါ့ကွယ်၊ ရှုပ်မနေနဲ့တော့။

ကဲ ကျေနပ်ပြီလားတဲ့။ နိဗ္ဗာန်ဆိုတာ ဘာတုံးလို့မေးရင် တိုတိုသာ ဖြေကြပါတော့။ လောင်စာသိမ်း၍ မီးငြိမ်းတာကို နိဗ္ဗာန်လို့ ခေါ်ပါတယ်။ သဘောပါလား ကိုထွန်းရင် (တင်ပါဘုရား)။

နိဗ္ဗာန်ဟာ ဘာတုံး

နိဗ္ဗာန်ဟာ ဘာတုံး (လောင်စာသိမ်း၍ မီးငြိမ်းတာပါဘုရား)။ အဲဒါ နိဗ္ဗာန် (တပည့်တော်တို့က လောင်စာချည်း ထပ်ပြီးပြန်ထည့်နေတာ)။

ဟာ အို အဲဒါကို ဝတ္ထုနဲ့တကွ ပြပါ့မယ်။ ဒီဥစ္စာ လိုရင်းကို ပြောနေသေးလို့ အဲဒါတွေ မထည့်သေးဘူး (တင်ပါဘုရား)၊ ခင်ဗျားတို့ ထည့်နေတဲ့ဥစ္စာကို အခု ထည့်နေတယ်လို့ ကျုပ် ပြောနိုင်တယ်။

ဒါဖြင့် လောင်စာသိမ်း၍ မီးငြိမ်းတယ်။ မီးငြိမ်းတယ်လို့သာ ဖြေရတာ၊ ဘယ်သွားတယ်လို့ ဖြေနိုင်သေးရဲ့လား (မဖြေနိုင်ပါဘုရား)။

မဖြေနိုင်ဘူး။ နိဗ္ဗာန်ဟာ ဘယ်အရပ် ဘယ်ဌာနရယ်လို့ မရှိပါဘူး။ ခင်ဗျားတို့ ခန္ဓာကိုယ် ဒုက္ခသစ္စာကြီး၊ သမုဒယ သစ္စာ မီးနဲ့ ခန္ဓာကိုယ် ဒုက္ခသစ္စာကြီး သိမ်းသွားရင် နိဗ္ဗာန်ပဲ။ ပေါ်ပြီလား (တင်ပါ၊ ကင်းရာ ကုန်ရာ ချုပ်ရာသိမ်းရာ ပြတ်ရာပါပဲ)။

အဲဒါ နိဗ္ဗာန်ပဲဆိုတော့ ဒီဝတ္ထုနဲ့ကိုက်ပလား (တင်ပါ)၊ ကိုက်ပြီတဲ့။ ဒါဖြင့် ကျုပ်တို့ ခင်ဗျားတို့ အတိုမှတ်ချင်လို့ ရှိရင် လောင်စာသိမ်း၍ မီးငြိမ်းတာ နိဗ္ဗာန်လို့ ခေါ်တယ်။ ရှင်းပြီလား (တင်ပါဘုရား)။

အဲဒီတွင်မှ ပရိဗိုဇ်က ရှင်ကြီးဂေါတမ ကျုပ်ကျေနပ်ပြီတဲ့။ သစ်ပင်တစ်ပင် လဲနေတယ်။ ရွာနားမှာ အင်ကြင်း ပင်တစ်ပင်လဲနေတာ ၄-၅ နှစ်ရှိသွားတဲ့အခါကျတော့ အခေါက်တွေလည်း မရှိဘူး။ အကိုင်း အခက်တွေလည်း မရှိဘူး။ အင်ကြင်းပင်လဲတော့ ကျောက်ဖြစ်တယ်။ အနှစ်ချည်း ကျန်နေပါတယ်တဲ့ (တင်ပါ) ရှင်ကြီးဂေါတမ ပြောလိုက်တော့မှ နိဗ္ဗာန်ဆိုတာ လောင်စာသိမ်းလို့ မီးငြိမ်းတာ၊ အနှစ်ချည်းပဲ (မှန်ပါ)၊ ကျုပ် ကျေနပ်ပါတယ်။

ဒိဋ္ဌိရှင်းမှ နိဗ္ဗာန်ရှင်းမယ်

ဒိဋ္ဌိရှင်းမှ နိဗ္ဗာန်ရှင်းမယ်ဆိုတာ မပေါ်ဘူးလား။ ပထမ သူမေးတာတွေဟာ ဒါတွေချည်းမေးတာ မဟုတ်ဘူး လား (ဒိဋ္ဌိချည်း မေးတာပါဘုရား)။

ဒိဋ္ဌိချည်းမေးတာတဲ့။ အဲဒီ ဒိဋ္ဌိမေးတော့ ဘုရားက အဖြေမပေးဘူးလား (ပေးပါတယ်) ဒိဋ္ဌိသတ်ချင်လို့ရှိရင် ပဋိစ္စသမုပ္ပါဒ် နားလည်ရတယ်၊ ရှင်းပြီလား (တင်ပါဘုရား)။

ကောင်းပြီ။ ဒါဖြင့် နိဗ္ဗာန်သည် ဒိဋ္ဌိနယ် ဒိဋ္ဌိဉာဏ်ထဲရှင်းရင် နိဗ္ဗာန်ရတာပဲ။ ရှင်းပလား (တင်ပါ)၊ ဒိဋ္ဌိဉာဏ်ထဲမှာ မရှိဘူးဆိုရင် နိဗ္ဗာန်ရတာပဲ။ ဒိဋ္ဌိဉာဏ်ထဲမှာများ ရှင်းသွားလို့ရှိရင် နိဗ္ဗာန်ရတာပဲ။

ကြည့်လေ၊ ဖြစ်ပြီးပျက်တယ်ဆိုတာ ကျုပ်မနေ့က တစ်လုံးတည်း ပြောခဲ့တာ၊ ခင်ဗျားတို့က တိတ်ရီကော်တာနဲ့ တောင် အိမ်ကျတော့ ဖွင့်ကြည့်ကြသေးတယ် (ဖွင့်ကြည့်ပါတယ်ဘုရား)။

ဖြစ်တာမြင်ရင် ဥစ္ဆေဒဒိဋ္ဌိ မရှိတော့ဘူး၊ ဖြစ်တာမြင်လို့ (မရှိတော့ပါဘုရား)၊ မရှိဘူး။

ပျက်တာ မြင်ရင်ကော (သဿတဒိဋ္ဌိ)၊ သဿတဒိဋ္ဌိမရှိဘူး။

မဂ်က သဿတ ဥစ္ဆေဒ နှစ်လုံးကြားက သွားတာ

သူတို့က မဂ်က သဿတ ဥစ္ဆေဒ နှစ်လုံးကြားက သွားတာ (တင်ပါ)၊ သဘောကျပြီလား (တင်ပါဘုရား)။

ဒါဖြင့် အဖြစ်အပျက်တွေမြင်သည့်မဂ်သည် သဿတဥစ္ဆေဒနှစ်ခုကြားမှာ သူသွားနေတဲ့ဉာဏ် မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ်)။

အဲဒါကြောင့် သဿတဥစ္ဆေဒ နှစ်ခုကြားက သွားတဲ့ဉာဏ်ဖြစ်သောကြောင့် သူက လောင်စာသိမ်း၍ မီးငြိမ်းတဲ့ ဆီ အရောက်ပို့တယ်။ ဒါဟာ အလယ်လမ်းမကျဘူးလား (တင်ပါဘုရား)။

လောင်စာသိမ်းတဲ့ မီးငြိမ်းတဲ့ဆီ သူ မပို့ဘူးလား (တင်ပါ)၊ ဘယ်သူက ပို့တာတုံး။ “နိဗ္ဗာနံ ဂစ္ဆတီတိ မဂ္ဂေါ” နိဗ္ဗာန် သူသွားတယ်။ သူသွားတာ ရှုတဲ့မဂ်ပေါ့။ ရှုတဲ့ မဂ်က သွားတယ်။

သွားတာလားဆိုတာ စဉ်းစားစမ်းပါ။ ပို့တာလား အာရုံပြုတာလား။ အာရုံပြုတာ၊ ဒါက ခန္ဓာရှိတုန်းပေါ့။

နိဗ္ဗာန်ရဲ့လက္ခဏာ

ခန္ဓာမရှိတဲ့အခါကျတော့ ဒီမဂ်ကလည်း သင်္ခါရတရားမို့ အနိစ္စအတွက် လမ်းဆုံးသွားတယ်။ မဟုတ်ဘူးလား၊ ကျုပ်တို့မှာ ငြိမ်းချမ်းတာတစ်ခုပဲ ကျန်ရစ်တော့တယ်။ ဒီ့ပြင် ဘာကျန်ရစ်သေးသလဲ (မကျန်ရစ်ပါ၊ ငြိမ်းချမ်းတာပါဘုရား)၊ ငြိမ်းချမ်းတာ တစ်ခုပဲ ကျန်တယ်။ အဲဒါ နိဗ္ဗာန်ရဲ့လက္ခဏာ၊ “သန္တိလက္ခဏံ နိရောသေစ္စံ”။

”နိရောဓသစ္စံ = နိဗ္ဗာန်ဆိုတဲ့ နိရောဓသစ္စာသည်၊ သန္တိလက္ခဏံ = ငြိမ်းအေးတာကလေး တစ်ခုပဲရှိတော့တယ်” တဲ့။

အစ္စုတိရသံ = စုတိပျက်ကြွေ မသေနိုင်ဘဲနဲ့ ခိုင်နေတာကလေးတစ်ခုပဲရှိတယ်” တဲ့၊ နိဗ္ဗာန်ဟာ (မှန်ပါ)။

”အနိမိတ္တ ပစ္စုပဋ္ဌာနံ = လုံးရပ်သဏ္ဌာန်ပုံဟန်နိမိတ်တော့ မရှိဘူးကွ”။

နိဗ္ဗာန်ကို လက္ခဏ ရသ ပစ္စုပဋ္ဌာန်နဲ့ ဝေဖန်လိုက်တဲ့အခါကျတော့။ သဘောပါလား (တင်ပါဘုရား)။

ဒါဖြင့် နိဗ္ဗာန်အကြောင်းကို ခင်ဗျားတို့သည် နိဗ္ဗာန်ကို မိဘရိုးရာ သဘောကျနဲ့တော့ မရောက်ဘူး။ ဒီအခန်းမှာ တင်းတင်းပြောလိုက်မယ်။ မိဘရိုးရာ သဘောကျရုံနဲ့ နိဗ္ဗာန်မရောက်နိုင်ဘူး။ ဉာဏ်ထဲမှာ သဿတ ဥစ္ဆေဒရှင်းနေမှ နိဗ္ဗာန်ရောက်မှာ (အမှန်တကယ်ပါဘုရား)။ ဟင် အမှန်တကယ် ဒီဥစ္စာ။

သဿတ ဥစ္ဆေဒ မရှင်းလို့ရှိရင် ဘယ်တော့မှ နိဗ္ဗာန်မရောက်ဘူး။ ရောက်ပါ့မလား (မရောက်ပါဘုရား)။

ဒါဖြင့် အခု ဆုတောင်းနေတဲ့ပုဂ္ဂိုလ်က သဿတ ဥစ္ဆေဒ သူရှင်းပြီးလို့ တောင်းတာလား ထုံးစံတောင်းတာ လားလို့ မေးကြည့်စမ်း (ထုံးစံတောင်းတာပါဘုရား)။

ထုံးစံဆိုတော့ သဿတ ဥစ္ဆေဒ ခံနေတယ်။ မခံပေဘူးလား (တင်ပါဘုရား)။

သစ္စာနုလောမိကဉာဏ်တောင် မရပါဘူး

သူခံနေလို့ရှိရင် သူရှိစဉ်ကာလ နိစ္စရော တစ်ခုသော သင်္ခါရတရားကို နိစ္စသာ ခံနေမယ်ဆိုရင်ကွာ။ သစ္စာနဲ့ လျော်တဲ့ဉာဏ်တောင် မရပါဘူး။ နိဗ္ဗာန် အသာထားစမ်းပါ။ သစ္စာနဲ့ လျော်တဲ့ဉာဏ်တောင် (၁)နံပါတ် ဉာဏ်တောင် မရဘူး။ သစ္စာနုလောမိကဉာဏ်တောင် မရပါဘူး။

ဒီဉာဏ်မှ မရလို့ရှိရင်လည်း သောတာပတ္တိမဂ်ဆိုတာ ပေါ်လိမ့်မယ်လို့ ဘယ်လိုမှ မအောက်မေ့ပါနဲ့။

သောတာပတ္ထိမဂ် မပေါ်ဘဲနဲ့ သောတာပန် သကဒါဂါမ် အနာဂါမ် ရဟန္တာဖြစ်လိမ့်မယ်ဆိုတာလည်းကွာ တစ်ခုမှ မယူပါနဲ့ဆိုပြီး ဘုရားက အကုန်ပယ်ချလိုက်တယ် (တင်ပါဘုရား)။

ဒါဖြင့် ဒိဋ္ဌိကွာမှ နိဗ္ဗာန်ရမှာ (တင်ပါ)၊ နိဗ္ဗာန်သဘောကျချင်ရင် ဒိဋ္ဌိကို သဘောကျအောင်လုပ်၊ ရှင်းပြီလား (တင်ပါ)။ သဘောကျရင် ပြုတ်တာပဲ။ သဘောမကျရင် (မပြုတ်ပါ)။

ကိုင်း ဒါဖြင့် ခင်ဗျားတို့ ကနေ့ရှင်းတာလည်း အခုဟာ သတိပြုတ်ကို ဘုန်းကြီးဟောနေတာ။ အပွားပြုတ် တစ်မျိုး၊ အပယ်ပြုတ်တစ်မျိုးဆိုတော့ အပြုတ်ဘယ်နှစ်မျိုးရှိသတုံး (သုံးမျိုးရှိပါတယ်)။

ပရိညာသုံးမျိုး

တဒင်္ဂပြုတ်ပေါ့၊ မဟုတ်ဘူးလား ဝိပဿနာဉာဏ်ဟာ တဒင်္ဂပြုတ်တယ်။ သဘောကျရဲ့လား (တင်ပါဘုရား)။

ကောင်းပြီ ဉာတပရိညာက တဒင်္ဂ။ တီရဏပရိညာကလည်း တဒင်္ဂပဲ ထားပါတော့။ ပဟာနပရိညာမှ သမုစ္ဆေဒဖြစ်မယ် (တင်ပါ)၊ မဟုတ်ဘူးလား (တင်ပါဘုရား)။

ဒါဖြင့် ဒီပရိညာသုံးမျိုးကို ဒီနေ့ သွင်းရတော့မယ် တဲ့။ နိဗ္ဗာန်ကို လိုချင်လို့ရှိရင် မသွင်းရင် မဖြစ်တော့ဘူး။

အဲဒီတော့ ဘုန်းကြီးက ရှင်းပေးပါ့မယ်။

သိမှုနဲ့ ပြုတ်တာတစ်မျိုး။ ပွားမှုနဲ့ ပြုတ်တာတစ်မျိုး။ ပယ်မှုနဲ့ ပြုတ်တာမှ အမြစ်ပြတ်တယ် (တင်ပါ)၊ ဒိဋ္ဌိက နည်းတဲ့အမြစ် မဟုတ်ဘူးနော်။

သိမှုနဲ့ ပြုတ်တာဟာ ဒိဋ္ဌိက သာမညပြုတ်တာ။ ပွားမှုနဲ့ ပြုတ်တာကလည်း သူ့ထက်တော့ သာရဲ့ပေါ့။ ပယ်မှုနဲ့ ပြုတ်မှသာ နောက်ထပ် အပင်မပေါက်မှာ (တင်ပါ)၊ နို့မဟုတ်ရင် ပေါက်ဦးမှာပဲ။ ရှင်းပြီလား (တင်ပါဘုရား)။

ကဲ ဒါဖြင့် ကျုပ်တို့ လုပ်ကြစို့ဆိုတော့ ခုနက ဝေဒနာသုံးမျိုး ပြန်ပြီးတော့ ဆက်လိုက်ကြဦး။

ဝေဒနာ ချုံးလိုက်တော့ သုံးခုပဲ

ဝေဒနာ ချုံးလိုက်တော့ သုံးခုပဲရှိတယ်။ စက္ခု သောတ ဃာန ဇိဝှာကတော့ ဥပေက္ခာထဲ သွင်းလိုက်။ ပြီးသွား တာပဲ။

ကဲ ဝေဒနာသုံးမျိုး။ ဒါက သောမနဿဝေဒနာ၊ သောမနဿက ဟဒယဝတ္ထုပေါ်မှ တစ်ပါး သူ ဘယ်မှ မပေါ်ဘူး။ သုခဝေဒနာတော့ ကိုယ်ပေါ်မှာ ပေါ်မယ်။ သောမနဿဝေဒနာက ဟဒယဝတ္ထုပေါ်မှာ ပေါ်မယ်။

ဒါဖြင့် သူက နှစ်နေရာပေါ့ဗျာ (တင်ပါ)၊ သုခ သောမနဿ။ သုခဝေဒနာက ကိုယ်ပေါ်မှာ ပေါ်မယ်။ “သုခသဟ ဂတံ ကာယဝိညာဏံ” ကိုး။

ဒုက္ခဝေဒနာ။ ဒေါမနဿဝေဒနာ။ ဒါက သုခ သောမနဿ။ ဒါက ဒုက္ခ ဒေါမနဿ၊ ဒုက္ခဝေဒနာ ကိုယ်ပေါ်မှာ ပေါ်မယ်။ ဒေါမနဿ ဝေဒနာ (ဟဒယဝတ္ထုမှာ)၊ ဟဒယဝတ္ထုမှာ ပေါ်မယ်။ မဟုတ်ဘူးလား (တင်ပါဘုရား)။

ဒီဥပေက္ခာကတော့ ရိုးရိုးထားလိုက်ပါလေ။ စက္ခု သောတ ဃာန ဇိဝှါ၊ ဟော-မနေနဲ့ ပေါင်းလိုက်တော့ ငါးခု။ ဥပေက္ခာ ငါးနေရာပေါ်တယ်။

ဒါကတော့ သူ့ချည်းပဲ ရှင်းထားမှ။ သုခ သောမနဿ။ ဒုက္ခ ဒေါမနဿ။ ဥပေက္ခာ။

ဥပေက္ခာက ခုနက စက္ခု သောတ ဃာန ဇိဝှါကိုး၊ ဟဒယဝတ္ထု (တင်ပါ)၊ သူက ငါးနေရာ မပေါ်ပေဘူးလား (ပေါ်ပါတယ်ဘုရား)။

ဒါက သင်္ချိုင်းမရှိတဲ့နေရာ အသုဘ သွားရှုနေလို့တော့ မဖြစ်ဘူး။ မဟုတ်ဘူးလား (တင်ပါ)၊ အသုဘရှုပါတယ်ဆို တော့ လူသေကောင် ရှိတဲ့နေရာ ရှုပေါ့ (တင်ပါ)၊ ဒါမှသာ အသုဘရှုလို့ ဖြစ်မှာကိုး (တင်ပါဘုရား)။

ဒါ မဂ်၊ ဝေဒနာဟာ ငါးမျိုးရှိတယ်။ ဖြန့်လိုက်တော့ သဘောကျရဲ့လား (တင်ပါ)၊ ဖြန့်လိုက်တော့ ဘယ်နှစ်မျိုး တုံး (ငါးမျိုးပါ)၊ ငါးမျိုး၊ ချုံးလိုက်တော့ သုံးမျိုး မဟုတ်ဘူးလား (တင်ပါ)၊ နောက်ပြီးတော့ ချုံးပေးမယ်။

ကဲ ဒါဖြင့် ဝေဒနာက ခင်ဗျားတို့ ရှုသာအောင် ပြောလိုက်တော့ ဖြန့်လိုက်တော့ ငါးမျိုး။ ချုံးလိုက်တော့ (သုံးမျိုး)၊ သုံးမျိုး။ သုခ ဒုက္ခ, ဥပေက္ခာကိုး (တင်ပါ)၊ ဟုတ်လား။

သို့သော်လည်း ပေါ်ရာကို ခင်ဗျားတို့က ရှုပါဆိုတော့ ကိုယ်ပေါ်မှာ သုခပေါ်လည်ဖိပြီး ရှုပေးပေါ့ ဒီက မဂ်နဲ့၊ မရှုနိုင်ဘူးလား (တင်ပါဘုရား)။

ရှုနိုင်တဲ့အခါကျလို့ရှိရင် ဖြစ်ပျက်မဂ် ဖြစ်သွားတဲ့အခါကျတော့ သုခဝေဒနာ ပစ္စယာတဏှာ ဥပါဒါန် ကံချုပ်မှာ ပဲ (တင်ပါ)၊ ဝဋ်သုံးပါး ဘယ့်နှယ်နေသလဲ (ချုပ်ပါတယ် ဘုရား) ဝဋ်သုံးပါးချုပ်တယ်။ ဪ သုခရှုတော့ ဝဋ်သုံးပါးချုပ် တယ်။

သောမနဿရှုလည်း ဒီအတိုင်းပဲ (တင်ပါ)၊ သောမနဿရှုလို့ရှိရင်လည်း ဝဋ်သုံးပါးချုပ်တယ် (တင်ပါ)၊ ချုပ်တယ် မဟုတ်ဘူးလား (ချုပ်ပါတယ်ဘုရား)။

လောင်စာနဲ့မီး ဘယ့်နှယ်နေသတုံး သိမ်းနိုင်ပြီ။ မသိမ်းပေဘူးလား (သိမ်းပါတယ်ဘုရား)။

သိမ်းပေမယ့်လည်း တဒင်္ဂသိမ်းတာ။ ခဏတာ ဖြစ်လိုက် ချုပ်လိုက်ဟုတ်လား အခုန နာတုန်း သိမ်းခဲ့သလိုပဲ သိမ်းတာ (တင်ပါ)။

ပုဗ္ဗဘာဂမဂ်တဲ့

ဒါဖြင့် ဦးသံဒိုင်ရော၊ ဦးထွန်းရင်ရော များများပွားပေးပါ။ ပေါ်တိုင်း ပေါ်တိုင်းနော် (တင်ပါ)၊ သုခပေါ်လည်း ဖြစ်ပျက်လိုက်လို့ရှု။ သောမနဿပေါ်ရော (ဖြစ်ပျက်လိုက်ရှု) လိုက်ပေးလို့ရှိရင် ပွားများတယ်လို့ အဓိပ္ပာယ် မရပေဘူး လား (တင်ပါ)၊ ပုဗ္ဗဘာဂမဂ်တဲ့ မဂ်ကြီးမဟုတ်ပါဘူး။ မဂ် (၅)နံပါတ်။ တစ် နှစ် သုံး လေး ငါးဆိုတော့ သမ္မာဒိဋ္ဌိ သမ္မာ သင်္က သမ္မာဝါယာမ သမ္မာသတိ သမ္မာသမာဓိ (တင်ပါ)၊ ဝိပဿနာမဂ် (၅)ခု ပေါ်တယ်။

ဝိပဿနာမဂ် (၅)ခု ပေါ်လာလို့ရှိရင် တီရဏပရိညာ တဲ့။ သဘောကျရဲ့လား (တင်ပါ)၊ ဒါဖြင့် ဖြစ်ပျက်၊ ရှုတာက မဂ်ဆိုရင် ဒါ တီရဏပရိညာပဲ (တင်ပါဘုရား)။

သူလည်း တဒင်္ဂပဲ ပယ်နိုင်တယ်နော်၊ ပွားလို့ ပယ်တာနော် (တင်ပါ) အခုဟာက နာလို့ ပယ်တာ (တင်ပါ)၊ အခုဟာက (ပွားလို့)၊ ပွားလို့။ ပွားတိုင်း ပွားတိုင်း အကုန်လျှောက်ပေါ်တယ်။ ပွားတိုင်း ပွားတိုင်း (တင်ပါဘုရား)။

ပွားလို့ပေါ်ပြီ။ ပွားလို့ပေါ်တာဆိုရင် တပည့်တော်တို့ တဒင်္ဂပဲ ပေါ်နိုင်သေးတယ်ဆို သကာလ ဒီအတိုင်းထားလိုက် ပြန်ရောတဲ့။ ပွားမှုကို မလျှော့ပါနဲ့ (တင်ပါဘုရား)။

ပွားမှုမလျှော့ပါနဲ့လို့ သတိပေးလိုက်တော့ ဦးသံဒိုင်တို့က ပွားကြရော၊ ပွားလေ ခင်ဗျားတို့ဉာဏ်က ဪ

”ယံကိဉ္စိ သမုဒယဓမ္မံ၊ သဗ္ဗံ တံ ဒုက္ခသမုဒယံ”

”ယံကိဉ္စိ ဝေဒယိတဓမ္မံ၊ သဗ္ဗံ တံ ဒုက္ခသမုဒယံ”

ဝေဒနာဆိုတာဘုရား ဘုန်းကြီးက အရှုခိုင်းတယ်။ တို့တွေ့ရတာကတော့ ဖြစ်ဒုက္ခ၊ ပျက်ဒုက္ခချည်း တွေ့နေတယ် (တင်ပါ)၊ မလာဘူးလား လာမလား (လာပါတယ်)၊ သေမလို့ ဖြစ်တာရယ်၊ သေတာရယ်နှစ်ခုတည်း တွေ့တယ် (တင်ပါ)၊ ဒီ့ပြင် ဘာတွေ့သေးသတုံး (မတွေ့ပါဘုရား)။

သေမလို့ ဖြစ်တာရယ်၊ သေတာရယ်

ဒါဖြင့် သေမလို့ဖြစ်တာက ဘာသစ္စာတုံး (ဒုက္ခသစ္စာ)၊ သေသွားတာကရော (ဒုက္ခသစ္စာ)၊ ဒါက ဒုက္ခသစ္စာကျ အောင် ပိုင်ပိုင်နိုင်နိုင် ခင်ဗျားတို့ဉာဏ်က တည့်လိုက်ရင် မဂ္ဂင်ရှစ်ပါးသွားတည့်၊ ရှစ်ပါးသွားတည့်တော့ ခုနက ဒိဋ္ဌိ ဒိဋ္ဌုပါဒါန် ဒိဋ္ဌိကြောင့်ဖြစ်တဲ့ အပါယ်လေးပါး ဝိပါကဝဋ် (တင်ပါ)၊ မလွတ်ပေဘူးလား (တင်ပါဘုရား)။

အဲဒါ ဘာလဲ၊ အဲဒါကျတော့ ပယ်သိ။ ပယ်တဲ့ ပရိညာဖြစ်သွားမယ်။ ဒီတော့ မဂ္ဂင်ရှစ်ပါးဖြစ်ရော။ ဒီမှာလည်း ဒုက္ခသစ္စာလို့ ထင်ရှားသွားမယ် (တင်ပါ)၊ သဘောကျရဲ့လား။

(နောက်ဆုံး မဂ္ဂင်သုံးပါးဟာ ဘယ်က မဂ္ဂင်တိုးလာသလဲဘုရား)။

မဂ္ဂင်သုံးပါးဟာ သမ္မာဝါစာ သမ္မာကမ္မန္တ သမ္မာအာဇီဝ သီလမဂ္ဂင် သုံးပါးတိုးလာတယ် (တင်ပါဘုရား)။

ယုဂနဒ္ဓနည်း

ဟိုဟာက သမထမဂ္ဂင်နဲ့ ပညာမဂ္ဂင် (တင်ပါ)၊ ပညာမဂ္ဂင်နဲ့ သမထမဂ္ဂင်ကတော့ ရှုတိုင်းပေါ်တယ်။ သမာဓိနဲ့ ပညာက တွဲလျက်ကိုး (တင်ပါ)၊ ဒါကို ယုဂနဒ္ဓနည်းဆိုတာပဲ (ယုဂနဒ္ဓနည်း)၊ သဘောကျရဲ့လား (တင်ပါဘုရား)။

ကြည့်လေဗျာ သမ္မာဒိဋ္ဌိက မြင်းကုန်း။ သမ္မာသင်္ကပ္ပက မြင်း။ သတိကခေါင်း၊ သတိကနေပြီးသကာလ လက်တို့ တို့ပေးနေရတယ်။ သမာဓိက ဒီတရားတွေခေါင်း။ ဝီရိယက နောက်ကနေ တွန်းတွန်းပေး နေရတယ် (တင်ပါ)၊ ငါးခုရှိသွားပြီ။ သူတို့ကဖြင့် ငါးခုတဲ့၊ သူတို့ကို ရှုနေရတဲ့အတွက် အရိယာမဖြစ်သေးလို့ သီလ မလုံလောက်သေးဘူး။ ဒီသုံးခုကုန်မှ အရိယာဖြစ်တယ် (တင်ပါဘုရား မူလက သီလယူထားရင်ကော)။

သီလက ယူထားပေမယ့် အဲဒါ တဒင်္ဂသီလပဲ ဖြစ်တယ် တဲ့။ မမြဲနိုင်သေးဘူး (တင်ပါ)၊ အနိယတသီလ ဖြစ်နေသေးတယ်။ သောတာပန်သီလ မဖြစ်ဘူး။ သမာဒါနသီလပဲ (တင်ပါ)၊ နောက်လာမှာက သမုစ္ဆေဒသီလ (တင်ပါ) သဘောကျရဲ့လား၊ သမာဒါနသီလ သမ္ပတ္တသီလ, သမုစ္ဆေဒသီလလို့ သီလက သုံးမျိုးရှိပါတယ် (တင်ပါဘုရား)။ အဲ သူတို့ သုံးခု ဒီအထဲမှာ ဒုက္ခသစ္စာကို ဖြစ်ဒုက္ခ၊ ပျက်ဒုက္ခ ပိုင်းပိုင်းခြားခြားသိပြီး ဖျတ်ခနဲဆို ဒီဒုက္ခတွေ အကုန်ချုပ်သွားတော့ မဂ္ဂင်သုံးပါးက ဝင်လာတယ် (တင်ပါ)၊ ဖျတ်ခနဲဆို ဝင်လာတယ်။ ဝင်လာတော့မှ သမုစ္ဆေဒသီလ ဖြစ်သွားတယ် (တင်ပါ ဘုရား)။

သမုစ္ဆေဒသီလ

ဒီကျတော့ ဦးသံဒိုင် ဓား ကုပ်ပေါ်မိုးပြီးတော့ ဟောဒီ ယင်ကောင်ကလေး သတ်စမ်းဆိုတောင် မသတ်တော့ ဘူး။ ရှင်းပြီလား (တင်ပါဘုရား)။

ဒါဖြင့် နဂိုက သမာဒါန သီလတဲ့ သူ့ဟာ။

ဒုက္ခသစ္စာ ပိုင်းခြားသိလို့ ဝင်လာတဲ့ သီလသုံးမျိုးကမှ (သမုစ္ဆေဒ)၊ သမုစ္ဆေဒသီလ၊ သဘောကျပြီလား (တင်ပါ)။

သမ္ပတ္တသီလဆိုတာ မဆောက်တည်ဘဲနဲ့ ရှောင်တာ၊ တွေ့မှ ရှောင်ကြဉ်တာ။

သမုစ္ဆေဒသီလက ပွားများပြီးတော့ ဒုက္ခသစ္စာ ပိုင်းခြားပြီးမှ ဖျတ်ခနဲဆို ကိုယ်ခန္ဓာထဲ ရောက်လာတဲ့သီလ။ သဘောပါလား (တင်ပါ)၊ ဒါကြောင့် သီလကို သုံးခုထားရတယ်။

(သီလက တပည့်တော်သိတဲ့သီလက)၊ ခင်ဗျားတို့က သမာဒါန သီလပဲ သိတယ်။

(ဒီဟာ ရတယ်ဆိုလို့ ကမန်းကတန်းစောင့်တဲ့သီလ)။

အဲ သမ္ပတ္တသီလပေါ့ (လိုက်ပြီးဆိုခိုင်းလို့ ကမန်းကတန်း စောင့်တဲ့သီလ)။

ဒါပဲ သာမညပဲ။ ကဲ ဒါဖြင့် ဒီသီလက ဆောက်တည်လို့ရတဲ့ သီလလား၊ ပွားများပြီးမှ ပေါ်လာတဲ့သီလလား၊ တစ်ခါ စဉ်းစားဦး (ပွားများမှ ပေါ်လာတဲ့ သီလပါဘုရား)။

ဒါဖြင့် တခြားစီပဲ၊ ခံယူတာမှ မဟုတ်ဘဲ၊ ခံယူတာ မဟုတ်ဘူး (တင်ပါဘုရား)။

သို့သော် ဒီသီလက ဘယ်လို ကျေးဇူးများသတုံးလို့ ခင်ဗျားတို့က မေးဖို့ရှိတယ်။

ထောက်တည်ရာ ရသွားပြီ

ဒီဘဝ သောတာပန်နဲ့ သေသွားတယ်နော် (တင်ပါ)၊ နောက်ဘဝ နတ်ပြည်သွားဖြစ်တယ်။ နတ်သောတာပန် (တင်ပါ)၊ မခံယူဘဲနဲ့ ဘယ်တော့မှ မပျက်ဘူး။ နတ်ပြည်ကျတော့လည်း သူမပျက်ဘူး၊ ဘယ်ရောက်ရောက် သူမပျက်ဘူး။

ခင်ဗျားတို့ ပြောတဲ့ ငါးပါးသီလက ဒီ အခု အမေမိဘဝမ်းထဲမှာ ငါးပါးသီလ ဆောက်တည်တဲ့ သီလ၊ ဟိုနွား သတ်တဲ့လူဝမ်းထဲ ဝင်သွားတော့ သူနွားသတ်တဲ့လူ ဖြစ်သွားရော။ မဖြစ်ဘူးလား (တင်ပါဘုရား)။

အဲ သမာဒါနဟာ အလကား၊ ဟိုဟာ ကျေးဇူးပြုအောင်လို့သာ လုပ်နေကြရတာ၊ စင်စစ်တော့ သမုစ္ဆေဒသီလ ရမှ သီလဟာ နိယတ သီလ ဖြစ်တယ်။

ဒါကြောင့် နိယတဂတိကော လို့ဆိုတာ၊ သူပါလာလို့ နိယတဂတိကောလို့ ဆိုတာ၊ ရှင်းပြီလား (ထောက်တည် ရာ ရသွားပြီပေါ့)၊ ထောက်တည်ရာ ရသွားပြီ။ သုဂတိဘဝ အလားမြဲပြီ။

ပြီးတော့ ပရမ်းပတာဆိုတဲ့ ဝိနိပါတဘေးမှ လွတ်သွားပြီ။ ဒီသီလကြောင့် (တင်ပါ) ရှင်းပြီနော် (တင်ပါဘုရား)။

ကိုင်း ခင်ဗျားတို့ နာရီလည်း စေ့သွားပြီ။

သာဓု သာဓု သာဓု။