10103

မာတိကာသို့

ပဋိစ္စသမုပ္ပါဒ်ဆက်ပုံ တရားတော်

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

အမရပူရမြို့၊ မင်္ဂလာရိပ်သာဓမ္မာရုံကြီးပေါ်တွင်

ဟောကြားဆုံးမတော်မူသော

ပဋိစ္စသမုပ္ပါဒ်ဆက်ပုံ တရားတော်

(၁၅-၁၁-၆၀)

ပဋိစ္စသမုပ္ပါဒ် ဆက်စပ်နေတယ်၊ ဆက်စပ်နေတယ်၊ ဒါပဲ ပဋိစ္စသမုပ္ပါဒ် ဆက်စပ်နေတဲ့ ခန္ဓာကိုယ်ကြီးဆိုတော့ ဟုတ်ပါတယ်။

ပဋိစ္စသမုပ္ပါဒ်ဆက်နေတော့ တော်တော်ကြာ စက္ခုဒွါရက ခန္ဓာငါးပါးဖြစ်ပြန်ပြီ တော်တော်ကြာ သောတဒွါရက ခန္ဓာငါးပါး ဖြစ်ပြန်၊ တော်တော်ကြာ ဃာနဒွါရက ခန္ဓာငါးပါး ဖြစ်ပြန်ပြီ။ တော်တော်ကြာ ဇိဝှါဒွါရက ခန္ဓာငါးပါး ဖြစ်ပြန်ပြီ။ တော်တော်ကြာ ကာယဒွါရက ခန္ဓာငါးပါး ဖြစ်ပြန်ပြီ။ တော်တော်ကြာ မနောဒွါရက ခန္ဓာငါးပါး ဖြစ်ပြန်ပြီ။ ဒွါရခြောက်ပါး လှည့်ပြီး ခန္ဓာငါးပါး ဆက်ပေါ်တယ်။ မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)၊ သူ့ဒွါရနဲ့သူပေါ် တဲ့ ခန္ဓာငါးပါးကို တစ်နေ့က ပြပြီးပြီ (တင်ပါ ဘုရား)။

အကြောင်းအကျိုးမျှ ခန္ဓာကြီး

ကောင်းပြီ ဒါဖြင့် အကြောင်းအကျိုးမျှ ခန္ဓာကြီးလို့ ဆိုတာရော ရှင်းပြီလား (တင်ပါ)၊ ကိုထွန်းရင် ရှင်းပြီလား (တင်ပါ)၊ အကြောင်းအကျိုးမျှ ခန္ဓာကြီးလို့ ဆိုရင်ဖြင့် အကြောင်းကြောင့်ဖြစ်တဲ့ အကျိုး။ အကြောင်းချုပ်ရင် အကျိုးချုပ်ရမှာပဲဆိုတော့ ယနေ့ အထူးပြောချင်တာက ပဋိစ္စသမုပ္ပါဒ်ကြောင့် အဖြစ်သိလို့ရှိရင် ဥစ္ဆေဒဒိဋ္ဌိ သေပါတယ်။ ဒီဘက်က နာမက္ခန္ဓာလေးပါး အာရုံဒွါရကြောင့် ဖြစ်တယ်လို့ ထားကြပါနော်၊ ဒီနာမက္ခနွာလေးပါး ဖြစ်နေတယ်။ သူလည်း ဖြစ်တာပဲ။ သူလည်း ဖြစ်တာပဲ။ ဒါတွေဟာ အကြောင်းကင်းလို့ ဖြစ်တာပဲလား မေးရင် ဘယ့်နှယ် ဖြေကြမလဲ (အကြောင်းမကင်းပါ ဘုရား)။

အဖြစ်သိရင် ဥစ္ဆေဒဒိဋ္ဌိကွာတယ်

အကြောင်းမကင်းလို့ ဖြစ်တာသိလို့ရှိရင် ဪ ဖြစ်တတ်တဲ့ တရားဟာ အကြောင်းကြောင့် ဖြစ်နေတာပဲ လို့ ကိုထွန်းရင်က သိသိ၊ ဦးသံဒိုင်က သိသိ၊ အဖြစ်သိလို့ရှိရင် ဥစ္ဆေဒဒိဋ္ဌိကွာတယ် (တင်ပါ)၊ အဖြစ်သိရင် (ဥစ္ဆေဒဒိဋ္ဌိ ကွာပါတယ်)၊ ဒါပဲ။ ပြီးတော့ ဒီတရားထဲ အာရုံပြောင်းလာတာဟာ ဥတုအကြောင်းသာ ချုပ်မယ်ဆိုရင် ဒီအထည်တွေ အကုန်ချုပ်ရမယ်၊ ကံအကြောင်းသာ ချုပ်မယ်ဆိုရင် ဒီပသာဒတွေ အကုန်ချုပ်ရမှာပဲ။ သူတို့နှစ်ခုသာ ဆက်လက်ပြီး ကျေးဇူးမပြုလို့ရှိရင်လည်း ဒါတွေဟာ ချုပ်ရမှာပဲ (ချုပ်ရမှာပါ ဘုရား)၊ ဒါဖြင့် သူလည်း အကြောင်း ချုပ်ရင်ချုပ်၊ သူလည်း အကြောင်းချုပ်ရင်ချုပ်၊ ချုပ်ပျောက်မယ့် တရားချည်းပဲလို့, ချုပ်ပျောက်နိုင်တဲ့ တရားချည်းပဲလို့ မဆိုနိုင်ဘူးလား။

အပျက်သိရင်သဿတဒိဋ္ဌိစင်ပြီ

ကောင်းပြီ ၊ ဒါ ချုပ်ပျောက်တာချည်းပဲဆိုတော့ မြဲတယ်ဆိုတဲ့ သဿတဒိဋ္ဌိ ရှိသေးရဲ့လား (မရှိပါ ဘုရား)၊ မရှိဘူး။ အကြောင်းကြောင့်ဖြစ်တဲ့ အကျိုးတရားတွေလို့ သိရင် ဥစ္ဆေဒဒိဋ္ဌိတွေကော ရှိသေးရဲ့လား။ ဒါဖြင့် အပျက် သိရင် မှတ်ပေတော့ သဿတဒိဋ္ဌိစင်ပြီ။ အဖြစ်သိရင် ဥစ္ဆေဒဒိဋ္ဌိစင်ပြီ။ ပြောင်းပြန်မှတ်ရမယ်။ သဿတ ဥစ္ဆေဒက ဒါ မနေ့က စင်ပုံကတစ်မျိုး။ ဒီနေ့ စင်ပုံကတစ်မျိုး။ ကဲ ဒီတရားတွေ အကြောင်းကြောင့် အကျိုးဖြစ်တယ်၊ အဖြစ်သိသဖြင့် ပြတ်သွားတယ်ဆိုတဲ့ ဥစ္ဆေဒဒိဋ္ဌိအယူဝါဒရှိသေးရဲ့လား (မရှိပါ ဘုရား)၊ ဥစ္ဆေဒဒိဋ္ဌိ ခင်ဗျားတို့စင်ပြီ၊ ဒါတွေ အကြောင်းသာ ချုပ်လို့ရှိရင် သူတို့ ကျန်ရစ်ဦးမှာလား၊ သူတို့ကို ဖြစ်စေတဲ့အကြောင်းတွေ ချုပ်သွားလို့ရှိရင် သူတို့ ကျန်ရစ်ဦးမှာလား(မကျန် ရစ်တော့ပါ ဘုရား)၊ မကျန်ရစ်တော့ဘူးဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား)။

ဒီလို သိတဲ့အခါကျလို့ရှိရင်ဖြင့် သဿတဒိဋ္ဌိ ရှိသေးရဲ့လား (မရှိပါ ဘုရား)၊ ခိုင်မြဲတယ်ဆိုတဲ့ သဿတဒိဋ္ဌိ ရှိသေးရဲ့လား (မရှိပါ ဘုရား)၊ ဒါ သေသေချာချာမှတ်ပါ တဲ့၊ ဒီအထဲမှာ သဿတ ဥစ္ဆေဒ အောင်းနေလို့ (တင်ပါ)၊ ကဲ ပြန်ပြောဦးမယ်၊ သုံးခေါက်စေ့အောင် ဂရုစိုက်မှတ်ကြနော် ၊ ဒါလည်း ဥတုကြောင့်ဖြစ်တဲ့ အထည်အလိပ် တွေ။ ဒါကံကြောင့်ဖြစ်တဲ့ ကမ္မဇတွေ။ ဒါကတော့ အာရုံဒွါရက ဖြစ်တဲ့ နာမက္ခန္ဓာ။ အကြောင်းကြောင့် ဖြစ်တာချည်းပဲလို့ ဆိုနိုင်မလား (ဆိုနိုင်ပါတယ်)၊ ခန္ဓာငါးပါးစလုံး ဒါနဲ့ ဒါဟာ ရူပက္ခန္ဓာဆိုတာကို တစ်နေ့က သိပြီးပြီ။ အကြောင်းကြောင့် ဖြစ်တဲ့ ခန္ဓာငါးပါးလို့ ခင်ဗျားတို့ မသိဘူးလား (သိပါတယ် ဘုရား)။

ဒါ သိသဖြင့် ခင်ဗျားတို့ ဖြစ်နေတာ မြင်သဖြင့် အင်း ဥစ္ဆေဒဒိဋ္ဌိရှိသေးရဲ့လား (မရှိပါ ဘုရား)၊ အဖြစ်မြင် ရင် ဥစ္ဆေဒစင်ပြီ မှတ်ပါ ၊ အဖြစ်မြင်ရင် (ဥစ္ဆေဒဒိဋ္ဌိ စင်ပါပြီ) ဒါဖြင့် ဒီဥစ္စာ အကြောင်းချုပ်တော့ ဘယ်သူတွေ ကျန်ရစ်ဦးမှာလဲ မေးလိုက်၊ သူတို့အကြောင်းတွေ ချုပ်တော့ ဒီငါးပါး ကျန်ရစ်ဦးမှာလား (မကျန်ပါ ဘုရား)၊ မကျန်ရစ် တော့ကို ဒါသေသေချာချာ မှတ်ပါတဲ့၊ အကြောင်းချုပ်လို့ အကျိုးချုပ်တာ။ ချုပ်သွားတော့ကို သဿတ ဆိုတဲ့ ခိုင်မြဲတာ ရှိသေးရဲ့လား (မရှိပါ ဘုရား)။

ဒါဖြင့် အဖြစ်မြင်ရင် ဘာစင်တယ်၊ အချုပ်မြင်ရင် ဘာစင်တယ်ဆိုတာ ခင်ဗျားတို့ ဉာဏ်ထဲမှာ ရှင်းလိုက်စမ်းပါ၊ အဖြစ်မြင်ရင် (ဥစ္ဆေဒ) အပျက်မြင်လိုက်ရင်ဖြင့် (သဿတ)၊ ဒါအစင်ဖြစ်နေတယ်၊ ဒါက သဿတ ဥစ္ဆေဒကွာ တယ်။

ဘာဖြစ်လို့ ကွာသွားပါလိမ့်မတုံး

ဒါ ဘာဖြစ်လို့ ကွာသွားပါလိမ့်မတုံး ၊ သဿတ ဥစ္ဆေဒ ဒီနှစ်ခု ဘယ့်နှယ်ကြောင့် ကွာသွားပါလိမ့်မတုံးလို့၊ ပဋိစ္စသမုပ္ပါဒ် နားလည်ကြလို့။ ပဋိစ္စသမုပ္ပါဒ် ဖြစ်ကြောင်း နားလည်လို့ ကွာတယ်။ ချုပ်ကြောင်း နားလည်လို့ ကွာတယ် ကွ။ ပဋိစ္စသမုပ္ပါဒ်ဖြစ်ကြောင်း နားလည်လို့ရှိရင် ခင်ဗျားတို့ နှစ်ယောက် ဖြေစမ်းပါ၊ ဘယ်ဒိဋ္ဌိ ကွာသလဲ (ဥစ္ဆေဒဒိဋ္ဌိ ကွာပါတယ်)၊ အကြောင်းဖြစ်ရင် အကျိုးဖြစ်မှာပဲလို့ ခင်ဗျားတို့ သိနေတယ်။ တစ်ခါ အကြောင်းချုပ်သွားတော့ ဒီအကျိုး ငါးပါးဟာ၊ ဒီခန္ဓာငါးပါးဟာ မချုပ်ပါနဲ့ဆိုလို့ ရသေးရဲ့လား (မရပါ ဘုရား)။

ဒီကျတော့ သဿတက ဘယ့်နှယ်နေသလဲ (သဿတလည်း ကွာပါတယ်)၊ ကွာတယ်၊ ပေါ်ပြီလား။

သဿတ ဥစ္ဆေဒ ကွာတာ တခြားမဟုတ်ဘူး ၊ ဖြစ်ပျက်မြင်မှ ကွာတာ။ ပဋိစ္စသမုပ္ပါဒ်တည်းဟူသော အကြောင်းတရားကြောင့် ဖြစ်တာကို မြင်မှ ပဋိစ္စသမုပ္ပါဒ်တည်းဟူသော အကျိုးတရား ဖြစ်တာကို သိမှ၊ ပဋိစ္စသမုပ္ပါဒ် တည်းဟူသော အကျိုးတရား (ပျက်တာကို သိမှ)။

ဖြစ်တာ ပျက်တာကို သိပါမှ ကွာတယ်။ ရှင်းကြရဲ့လား။ ဒါဖြင့် ခင်ဗျားတို့ ကွာပြီးမှ အားထုတ်ပါ၊ ကွာတဲ့ အခါကျတော့ ဪ ဖြစ်တာလည်း ဖြစ်ထိုက်လို့ ဖြစ်တယ်၊ ဒါ ခင်ဗျားတို့ သိမယ်။ ပျက်တာရော (ပျက်ထိုက် လို့ ပျက်ပါတယ်) ပျက်ထိုက်လို့ ပျက်တယ်သိတော့ ဝမ်းထဲက သဿတ ဥစ္ဆေဒ ရှိသေးရဲ့လား (မရှိပါ ဘုရား)၊ ရှုတဲ့အခါ (မရှိပါ ဘုရား)၊ မရှိလို့ရှိရင် သဿတ ဥစ္ဆေဒ ကွာပြီးမှ အားထုတ်လို့ရှိရင် ဖြစ်ပျက်ကို ကျေကျေနပ်နပ် သဘောကျတယ် (တင်ပါ ဘုရား)။

ဒိဋ္ဌိကွာပြီးမှ အားထုတ်တဲ့ ဉာဏ်သည်

ကျေကျေနပ်နပ် သဘောကျလို့ရှိရင်ဖြင့် ဒိဋ္ဌိကွာပြီးမှ အားထုတ်တဲ့ ဉာဏ်သည် အလယ်လမ်းရောက်တာပဲ၊ အလယ်လမ်းရောက်တယ်။ အလယ်လမ်းဆိုတာ မဂ္ဂင်လမ်း၊ မဂ္ဂင်ပဲရှုပါ၊ ရှင်းပြီလား ၊ ဒါဖြင့် အလယ်လမ်းသည် ဘယ်က သွားရသတုံးလို့ မေးဖို့အကြောင်း ကြုံမလာဘူးလား (ကြုံလာပါတယ်)။

အို သဿတလည်း ဉာဏ်ထဲမှာ ရှင်းနေရမယ်ကွ ၊ ဥစ္ဆေဒလည်း ဉာဏ်ထဲမှာ ရှင်းနေရမယ်ကွ (တင်ပါ)၊ သဿတ ဥစ္ဆေဒ ကြားကနေပြီး ရှုပြီးသကာလ အဖြစ်ကိုလည်း ယုံမှားခြင်း သံသယမရှိဘဲနဲ့ ဖြစ်သင့်လို့ ဖြစ် တယ်။ အပျက်ကိုလည်း ယုံမှားခြင်း သံသယမရှိဘဲနဲ့ ပျက်သင့်လို့ ပျက်တယ်။ ဒီလိုယူပြီး ရှုမှသာလျှင် သဿတ ဥစ္ဆေဒ အလယ်လမ်းကနေပြီး မဂ္ဂင်နဲ့ ရှုရာရောက်တယ် (တင်ပါ)၊ ဒါ အလယ်လမ်း မဟုတ်လား၊ ရှင်းပြီလား (တင်ပါ ဘုရား)။

တချို့က အနတ္တသာ ထင်တယ်၊ အကြောင်းမပါဘူး

သေသေချာချာမှတ် ကိုထွန်းရင်ရဲ့၊ ပေါ့ပေါ့တန်တန် မှတ်လို့မရဘူး။ ဒီတစ်လုံးရှင်းပါမှ သဿတ ဥစ္ဆေဒ လွတ်သွားမယ်။ အဲဒါ သဿတ ဥစ္ဆေဒ လွတ်ပြီးသကာလ ခင်ဗျားတို့ အဖြစ်ပေါ်မှာလည်း ဒိဋ္ဌိ မပါဘဲနဲ့ ရှုမယ်၊ အပျက် ပေါ်မှာလည်း ဒိဋ္ဌိမပါဘဲနဲ့ ရှုမယ်ဆိုလို့ရှိရင် ခင်ဗျားတို့ ဒီဘဝ ခုနစ်ရက် ခုနစ်လအတွင်းမှာ မဂ်ဉာဏ် ဖိုလ်ဉာဏ် ရရမယ်။ ဒါ မခွါဘဲနဲ့ ရှုလို့ရှိရင် မနေ့က ဦးသံဒိုင် မေးသလိုပဲ အဖြစ်ပေါ်မှာလည်း သူဖြစ်ချင်လို့ ဖြစ်တာ၊ အပျက်ပေါ် မှာလည်း သူပျက်ချင်လို့ ပျက်တာပဲဆိုတဲ့ အရှုမျိုးနဲ့ တချို့က အနတ္တသာ ထင်တယ်၊ အကြောင်းမပါဘူး (တင်ပါ)။

ပါသေးရဲ့လား ၊ အသံကတော့ အနတ္တသံ။ သူဖြစ်ချင်လို့ ဖြစ်တာပဲ၊ သူပျက်ချင်လို့ ပျက်တာပဲ၊ အရပ်သုံးလို့ မှတ်ပါ (အရပ် သုံးလို့မှတ်ပါမယ်)၊ ဒိဋ္ဌိ မကွာဘဲနဲ့ သုံးတာ၊ ဒိဋ္ဌိကွာတဲ့ အသုံးက ဒီလိုမဟုတ်ဘူး။ အကြောင်းဖြစ်လို့အကျိုး ဖြစ်တယ်၊ အကြောင်းချုပ်လို့ အကျိုးချုပ်တယ်။ ဒီလိုသိတော့ အကြောင်းကြောင့် အကျိုးဖြစ်တယ်လို့ သိသဖြင့် ဥစ္ဆေဒ စင်နေတယ်။ မစင်ဘူးလား (စင်ပါတယ် ဘုရား)။ အကြောင်းချုပ်လို့ အကျိုးချုပ်တယ်လို့ သိလို့ရှိရင် သဿတ စင်နေတယ်။ မစင်ဘူးလား (စင်ပါတယ် ဘုရား)၊ သဿတစင်ပြီးမှ ဪ ဖြစ်ထိုက်လို့ ဖြစ်တယ်၊ ပျက်ထိုက်လို့ ပျက်တဲ့တရားပဲ။ ခန္ဓာကိုယ်ထဲမှာ အဖြစ်နဲ့ အပျက်ပဲရှိတယ်လို့ ဒီလိုရှုတဲ့ဉာဏ်သည် အလယ်လမ်း မဂ္ဂင်လမ်း ရောက်ပါလိမ့်မယ်၊ ရှင်းပြီ လား (တင်ပါ ဘုရား)။

မဂ္ဂင်လမ်းနဲ့ ခင်ဗျားတို့ အလုပ်လုပ်

ဒါဖြင့် အဲဒီမဂ္ဂင်လမ်းနဲ့ ခင်ဗျားတို့ အလုပ်လုပ်ရလိမ့်မယ်။ သဿတ ဥစ္ဆေဒကွာပြီးမှ ရှုရမယ်။ တရားမနာဘဲ နဲ့ ကျင့်နေရင် ဘယ်တော့မှ မရဘူးလို့ ဆုံးဖြတ်ချက်ချပါ။ သဿတဒိဋ္ဌိလည်း ခွါပေးမယ့်လူ မရှိဘူး၊ ဥစ္ဆေဒဒိဋ္ဌိလည်း ခွါပေမယ့်လူ မရှိဘူး၊ ရှိပါ့မလား (မရှိပါ)၊ မရှိဘဲနဲ့ ရှုနေလို့ရှိရင် ဘယ့်နှယ်နည်းနဲ့ ခင်ဗျားတို့ ဒိဋ္ဌိတန်းလန်းနဲ့ ရှုရာ မရောက်ပေဘူးလား (ရောက်ပါတယ်)၊ မင်းဉာဏ်ထဲ ဖြစ်ပျက် မြင်လာလိမ့်မယ်ကွ စိုက်ကြည့်နေ၊ ဒီလိုဟောတဲ့ ဆရာနဲ့ တွေ့ချင်လည်း တွေ့လိမ့်မယ်။ တွေ့လို့ရှိရင် ခင်ဗျားတို့က သဿတကို ဉာဏ်နဲ့ မရှင်းဘူး၊ ဥစ္ဆေဒလည်း ဉာဏ်နဲ့ မရှင်းဘူးဆိုရင် သူက အတွင်းမှာ အနုသယသဘောနဲ့ ကိန်းမနေဘူးလား ၊ ကိန်းနေလို့ရှိရင် ကြိုးစားရှုရလို့ ဖြစ်ပျက် မြင်ငြားသော်လည်း မရဘူးဆိုတာ မနေ့က မေးတဲ့မေးခွန်း ပြေသွားပြီလား (တင်ပါ ဘုရား)၊ မပြေသေးဘူးလား (ပြေပါပြီ)၊ ဉာဏ်ထဲမှာ ရှင်းရဲ့လား။

ဒါဖြင့် ရောက်လာလာချင်း ဖြစ်ပျက်ရှုကွ၊ ရောက်လာတာနဲ့ ဖြစ်တာ ပျက်တာ ကြည့်ပြီး ဖြစ်ပျက်ရှုကွ။ ကျွန်တော် ရှုပါတယ်၊ ဒုက္ခ ခပ်သိမ်းငြိမ်းတဲ့ နိဗ္ဗာန် မမြင်ဘူး။ ဘာဖြစ်လို့ မမြင်သတုံးလို့ ဦးသံဒိုင်က မေးရင် ဘယ့်နှယ်ပြောမလဲ (ဒိဋ္ဌိမကွာလို့)၊ ဒိဋ္ဌိမကွာဘူး။ ဘယ်ဒိဋ္ဌိလဲ မေးတော့ သဿတလည်း မကွာဘူး။ ဥစ္ဆေဒရော (ဥစ္ဆေဒလည်း မကွာပါ ဘုရား)၊ ဘာဖြစ်လို့ မကွာသတုံးဆိုတော့ ပဋိစ္စသမုပ္ပါဒ် နားမလည်လို့၊ ရှင်းပြီလား (ရှင်းပါပြီ)၊ ဘာဖြစ်လို့ မကွာ သလဲဆိုတော့ ပဋိစ္စသမုပ္ပါဒ် နားမလည်ရင် ဘယ်တော့မှ မကွာဘူး၊ ကွာပါ့မလား (မကွာပါ ဘုရား)၊ မကွာဘူး တဲ့၊ ထုံးစံမရှိဘူးတဲ့၊ ပဋိစ္စသမုပ္ပါဒ် နားမလည်ဘဲနဲ့ သဿတ ဥစ္ဆေဒ ကွာတယ်ဆိုတာ ထုံးစံမရှိဘူး။

သာမညဆရာနဲ့ဆိုရင် မင်းဟာ နိဗ္ဗာန်လည်း သိမှာမဟုတ်ဘူး (တင်ပါ)၊ ဒိဋ္ဌိလဲ ပြုတ်မှာ မဟုတ်ဘူး၊ ဒိဋ္ဌိမပြုတ် ရင် နိဗ္ဗာန်လည်း ဘယ်တော့မှ မရဘူး၊ ရှင်းပြီလား။

ပဋိစ္စသမုပ္ပါဒ် နားလည်မှ ဒိဋ္ဌိပြုတ်တယ်

ဒါကြောင့် ဘုရားကိုက မှာခဲ့တယ်။ ပဋိစ္စသမုပ္ပါဒ် နားလည်မှ ဒိဋ္ဌိပြုတ်တယ်။ ပဋိစ္စသမုပ္ပါဒ် နားမလည်ရင် ဒိဋ္ဌိ မပြုတ်ပါဘူး၊ အခု ပြုတ်ပြီလား တဲ့၊ ခင်ဗျားတို့ နှစ်ယောက် မေးပြီ။ မပြုတ်သေးရင် ကျုပ် ထပ်ဖြုတ်ရမယ် ခင်ဗျားတို့ကို။ ရှေ့အလုပ်မပေးနိုင်သေးဘူး (တင်ပါ ဘုရား)၊ ခင်ဗျား ပင်ပန်းရုံရှိမယ်။ ရှင်ဆန္န ရှုသလို ဖြစ်နေလိမ့်မယ် (တင်ပါ)၊ အခု ပြုတ်ပြီလားတဲ့၊ ခန္ဓာငါးပါးပေါ်မှာ (နားလည်ပါပြီ ဘုရား)၊ နားတော့လည်ပြီ၊ နားလည်လာတော့ ရှုတဲ့အခါမှာ ဒီကံကလေးက ရှိဦးမှာလား ၊ ခင်ဗျား ရှုလေ။ ဒါကလေးတွေက ခန္ဓာငါးပါး၌ တစ်ပါးပါးကို ရှုခိုင်းတယ် ဘုန်းကြီးက (တင်ပါ)၊ ဖျတ်ခနဲ ပေါ်လိုက် ဖျတ်ခနဲ ပျက်လိုက်။ ဖျတ်ခနဲ ပေါ်လိုက် ဖျတ်ခနဲ ပျက်လိုက် တွေ့ရတယ်နော် (တင်ပါ)၊တွေ့ တဲ့ အခါမှာ ဪ ဖြစ်သင့်လို့ ဖြစ်တယ်ဆိုတာ ခင်ဗျား ဆုံးဖြတ်ချက် မချနိုင်ဘူးလား(ချနိုင်ပါတယ်)။

ပျက်သင့်လို့ ပျက်တယ်

ဒါဖြင့် ပျက်သင့်လို့ ပျက်တယ်လို့ရော (ချနိုင်ပါတယ်)၊ ချနိုင်ရင် သဿတ ဥစ္ဆေဒ ပြုတ်သွားပြီ။ ဘယ့်နှယ်ကြောင့် ဖြစ်လာပါလိမ့်မလဲဆိုရင် မပြုတ်သေးဘူး၊ ဘယ့်နှယ်ကြောင့် ပျက်သွားပါလိမ့်မလဲ ဆိုရင်ကော (မပြုတ်သေးပါ)၊ မပြုတ် သေးဘူး။

ကဲ အခုတော့ ခင်ဗျား အခု အသိဉာဏ်နဲ့ ဖြုတ်ထားပြီတဲ့၊ ဒီအသိဉာဏ် ဝမ်းထဲမှာ စွဲပြီလား၊ နောက်စွဲသွား ပါလိမ့်မယ်၊ ပြုတ်ပြီလို့၊ အင်း အသိဉာဏ်ထဲမှာတော့ ပြုတ်ပြီ။ အပွားနဲ့တော့ မပြုတ်သေးဘူး။ အပယ်နဲ့တော့ မပြုတ်သေးဘူး။ အသိနဲ့တော့ ပြုတ်ပြီ။ ကိုထွန်းရင် ကျေနပ်ပြီလား (တင်ပါ ဘုရား) ခင်ဗျားတို့ ယီးတီးယားတားတော့ မလုပ်နဲ့။ ဒီဥစ္စာ တော်တော် အရေးကြီးတယ် (တပည့်တော်တို့ ဟိုတုန်းကတော့ကို အကြောင်းအားလျော်စွာ ဖြစ်တယ် ပျက်တယ်။ ဒါလောက်တော့ ရိပ်မိကြပါတယ် ဘုရား)။

အင်း မရဘူး၊ ဒါနဲ့ မရဘူး။ ပဋိစ္စသမုပ္ပါဒ်ကို လာရမယ်။ ဘုရားက အဲဒီဥစ္စာမှာလည်း ငါပြောတဲ့ အဓိပ္ပာယ် သဿတ ဥစ္ဆေဒကွာပြီးမှ နိဗ္ဗာန် ရောက်တယ်ဆိုတာကို မင်းနားလည်မှာ မဟုတ်ဘူး တဲ့၊ အဂ္ဂိဝစ္ဆကို ဟောနေတာ။ အဂ္ဂိဝစ္ဆက နိဗ္ဗာန်မေးလို့ ဟောနေတာ။ ရှင်းပြီလား

(ဥဒယဗ္ဗယ အရင်းခံဉာဏ် ၁၀-ပါးကလည်း ပဋိစ္စသမုပ္ပါဒ်ပဲ လား)၊

ပဋိစ္စသမုပ္ပါဒ်ကပဲ စရမယ်၊ စရမယ် (တင်ပါ)၊ ဥဒယဗ္ဗယဆိုတာက အသာထားလိုက်စမ်းပါ တဲ့။ ခန္ဓာရှိနေရင်တော့ ဖြစ်ပျက်လာမှာပဲ။ ခန္ဓာဘယ်က ဖြစ်လာတယ်မှ မသိရင် အလကားပဲ။

နှစ်ဉာဏ်ပြီးမှ

ကိုထွန်းရင် ဥဒယဗ္ဗယဆိုတာ ခန္ဓာပေါ်မှာ ဖြစ်ပျက်တာကို ရှုတာ။ ခန္ဓာ ဘယ်ကဖြစ်လာလဲမှ မသိရင် ဘယ့်နှယ်လုပ်မလဲ။ မသိရင် ခင်ဗျား ပဋိစ္စသမုပ္ပါဒ် လိုမနေဘူးလား (လိုနေပါတယ် ဘုရား)၊ သူက အရင်းမကျဘူးလား (ကျပါတယ်)၊ ရှင်းပြီလား (တင်ပါ)၊ ဒါဖြင့် ဥဒယဗ္ဗယက နောက်မှ လုပ်ရမှာ။ ဥဒယဗ္ဗယဆိုတာ နာမရူပ ပရိစ္ဆေဒဉာဏ် ပစ္စယပရိဂ္ဂဟဉာဏ်၊ နှစ်ဉာဏ်ပြီးမှ သမ္မသန ဥဒယဗ္ဗယဆိုတာ ၊ ဒိဋ္ဌိခွါတဲ့ဥစ္စာ နှစ်ဉာဏ်တောင် ကျော်လာခဲ့ပြီ(တင်ပါ ဘုရား)၊ မဟုတ်ဘူးလား (တင်ပါ ဘုရား)။

ဒါဖြင့် ဒိဋ္ဌိမကွာဘဲ အားထုတ်နေတဲ့ အဓိပ္ပာယ် မရဘူးလား၊ ဥဒယဗ္ဗယကိုသာ တွင်တွင် အားထုတ်နေမယ်ဆို ရင် (တင်ပါ ဘုရား)၊ ရှင်းပြီလား (တင်ပါ ဘုရား)၊ ကျေနပ်ပြီလား။ သေသေချာချာမှတ်။

ကိုထွန်းရင် ကျုပ်ဆီမှာ အေးစက် စက်နဲ့တော့ မရဘူး၊ အရေးတကြီး ပေးနေတဲ့တရား၊ သေခါနီး အသက်ငင်နေတုန်း ပေးနေတဲ့တရား။ တကယ့် သက်စောင့် ဆေးပေးနေတာ။ ဒါ ယီးတီးယားတား လုပ်လို့ မရဘူး။ သာမညဆရာနဲ့လည်း ဒီဥစ္စာကို မရှင်းနိုင်ဘူး (မရှင်းနိုင်ပါ)၊ ကဲ အခု ရှင်းပြီလား၊ အသိနဲ့ ရှင်းပြီလားလို့ မေးလိုက်တယ် (ရှင်းပါပြီ)၊ တစ်ခေါက်ပြောဦးမယ်။ ခင်ဗျားတို့ ရှင်းသွား အောင်။ ကိုထွန်းရင် ဒီနားတိုး၊ ခင်ဗျား ယီးတီးယားတား လုပ်မနေနဲ့။ ယီးတီးယားတားလုပ်နေလို့ ခင်ဗျားလုံးဝမရဘူး။ ရှူးရှဲချည်း လုပ်နေလို့တော့ လုံးဝ မရဘူး။ ပစ္စုပ္ပန် ခန္ဓာငါးပါးကို ပြတယ်။

ပစ္စုပ္ပန် ခန္ဓာငါးပါးကို ပြတယ်ဆိုတော့ ဒါက ဥတုကြောင့် ဖြစ်တဲ့ အာရုံဗျ။ ဥတုရုပ်တွေ။ ခင်ဗျား အထည် ထုပ်တွေလို့ ပြောထားတယ် (တင်ပါ ဘုရား)၊ ဒါက ကံကြောင့်ဖြစ်တဲ့ ပသာဒ။ အကြည် ပသာဒ (တင်ပါ)၊ ဒီအကြည် ပသာဒ၊ အကြည်ပသာဒက ကံကြောင့် ဖြစ်တယ်။

သူက (ဥတုကြောင့် ဖြစ်တယ်)၊ ဥတုကြောင့် ဖြစ်တယ်။ သူတို့ နှစ်ခုသာ တည့်ပေးခင်ဗျား (တင်ပါ)၊ မြင်စိတ် ပေါ်မလား မပေါ်ဘူးလား (ပေါ်ပါတယ်)၊ ပေါ်ရင် နာမက္ခန္ဓာလေးပါး ပေါ်မယ်။ သဟဇာတ ဖြစ်နေတယ်၊ ခွဲလို့မရဘူး (တင်ပါ ဘုရား)။

ပေါင်းလိုက်၊ ဪ အခုဖြစ်နေတာ ဘယ်သူပါလိမ့်မတုံးဆိုတော့ အကြောင်းကလည်း ရူပက္ခန္ဓာနှစ်ခုမဟုတ် ဘူးလား (တင်ပါ)၊ မဟုတ်ဘူးလား (တင်ပါ)၊ အကျိုးကလည်း နာမက္ခန္ဓာလေးပါးဆိုတော့ နာမက္ခန္ဓာ လေးပါးနဲ့ ရူပက္ခန္ဓာ နှစ်ပါးနဲ့ ပေါင်းလိုက်တော့ ငါးပါးပြန်ကျတယ်၊ မကျဘူးလား (ကျပါတယ်)၊ ကောင်းပြီ ဒါ အခု ခင်ဗျားတို့ တရားနာနေ တဲ့ ခန္ဓာက အတိတ်က ခန္ဓာငါးပါးလည်း မဟုတ်ဘူး (တင်ပါ)။

အနာဂတ် ခန္ဓာငါးပါးလည်း မရောက်သေးပါဘူး (တင်ပါ)၊ ပစ္စုပ္ပန် ခန္ဓာငါးပါး။ အခု ခဏပေါ်နေတဲ့ ခန္ဓာငါးပါး ဆိုတာ မနေ့ကလည်း ရှင်းပေး၊ တစ်နေ့ကလည်း ရှင်းပေးထားပြီ။ ဒီခန္ဓာငါးပါးဟာ ဦးသံဒိုင်ကို မေးမယ်။ မောင်ထွန်းရင်ကို မေးမယ် (တင်ပါ)၊ ဒါ အလိုလိုဖြစ်တဲ့ ခန္ဓာငါးပါးလား (မဟုတ်ပါ၊ အကြောင်းကြောင့်ပါ)၊ အကြောင်းကြောင့် ဖြစ် တယ်။ သူလည်း အကြောင်းမကင်းဘူး။ သူက ကံအကြောင်းမကင်းဘူး၊ သူက အာရုံဒွါရ အကြောင်းမကင်းဘူး၊ ဒါ အကြောင်းကြောင့် ဖြစ်တဲ့ ခန္ဓာငါးပါးလို့ မဆိုနိုင်ဘူးလား။

အကြောင်းကြောင့် ဖြစ်နေတဲ့ ခန္ဓာငါးပါး

ကောင်းပြီ။ ဒါဖြင့် အဖြစ်မြင်ပြီ။ ခင်ဗျားတို့ အဖြစ်မမြင်သေးဘူးလား (မြင်ပါပြီ)၊ အကြောင်းကြောင့် ဖြစ်နေတဲ့ ခန္ဓာငါးပါး ဆိုကတည်းက အဖြစ်မြင်ပါပြီ (တင်ပါ)၊ အဖြစ်မြင်ရင် ဘယ်ဒိဋ္ဌိ စင်မလဲ။ အခုမှ ပေါ်လာတဲ့ငါးပါး၊ အသစ်ခန္ဓာငါးပါး။ ရှင်းပြီနော်။ အဖြစ်မြင်ရင် ဘယ်ဒိဋ္ဌိစင်မလဲ (ဥစ္ဆေဒ)၊ အဖြစ်မြင်လို့ရှိရင်ဖြင့် ဥစ္ဆေဒဒိဋ္ဌိ ဆိုတာက ဘာမှ မရှိတာကို ပြောနေတာ။ အဖြစ်မြင်ရင် ဪ ဒီခန္ဓာငါးပါးဟာ အကြောင်းကြောင့် ဖြစ်တယ်လို့ သိသဖြင့် ခင်ဗျားတို့ ဥစ္ဆေဒဒိဋ္ဌိ ခင်ဗျားတို့ နာရင်း စင်မယ်။ နာရင်း မစင်ဘူးလား (စင်ပါတယ်)၊ စင်သွားပြီ။ ကဲ ဒီအကြောင်းချုပ်ရင်လည်း ဒါသွားမှာပဲ။ မသွားပေဘူးလား။ ဒီကံအကြောင်း ချုပ်ရင်လည်း သွားမှာပဲ။ ဒီနှစ်ခုက ကျေးဇူး မပြုရင်လည်း သူ သွားရမှာပဲ။ ဒါဖြင့် သွားတာ ငါးပါးစလုံး မသွားနိုင်ဘူးလား (သွားနိုင်ပါတယ် ဘုရား)။

ဒါဖြင့် ဘာဖြစ်လို့ သွားသတုံး၊ ဘာဖြစ်လို့ ချုပ်ပျောက်သွားသတုံး (အကြောင်းချုပ်လို့ပါ)၊ အကြောင်းချုပ်လို့ သွားတယ်ဆိုတော့ သူ ရှိသေးရဲ့လား၊ ခန္ဓာငါးပါး ရှိနိုင်သေးရဲ့လား။ ဒီခန္ဓာငါးပါး မရှိတာ ဘယ့်နှယ်ကြောင့် မရှိသတုံး မေးပြီ (အကြောင်းချုပ်လို့ အကျိုးခန္ဓာလည်း ချုပ်တယ်။ ဒါဖြင့် ဒီချုပ်တာကို သဘောက သွားလို့ရှိရင် ဘယ်ဒိဋ္ဌိစင်သတုံး (သဿတဒိဋ္ဌိ)၊ အဲဒီလိုစင်မှ (မနေ့က ဆရာတော်ပြောသလို)၊ အင်း အင်း အဲဒါ ခန္ဓာငါးပါး ပြန်ဖြစ်ပုံကိုပြတာ။ အခုဟာက အကြောင်းအကျိုး ဆက်ပြတာ။ ကဲ ကျေနပ်သဘောကျရဲ့လား (တင်ပါ ဘုရား)။

ဒိဋ္ဌိကို အရင်ကွာချင်ရင် စိတ္တာနုပဿနာရှု

ကျေကျေနပ်နပ် သဘောကျလို့ရှိရင်ဖြင့် ခင်ဗျားတို့ ဪ ခန္ဓာငါးပါးဟာ ဖြစ်သင့်လို့ ဖြစ်တာ၊ ပျက်သင့်လို့ ပျက်တာပဲ၊ ဒါ ခင်ဗျားတို့ ရှုတိုင်း ရှုတိုင်း၊ ဝိပဿနာ မဂ်ဉာဏ်ငါးပါးနဲ့ ရှုတိုင်း ရှုတိုင်း ခန္ဓာငါးပါးမှာ တစ်ပါးပါးပဲ ရှုရမှာကိုး၊ တစ်ပါးရှုတော့ မနေ့က ဥပမာ ပြခဲ့တယ်။ တစ်ပါးရှုရင် ကျန်တာ အကုန်လဲကုန်တယ်လို့ ပြောထားတယ်။ ရှုချင်တာရှု၊ တစ်ပါးရှုရင် အကုန်လဲတာပဲ။ ဒိဋ္ဌိကို အရင်ကွာချင်ရင် စိတ္တာနုပဿနာရှု ရှင်းပြီလား၊ တဏှာကွာချင်ရင် ဝေဒနာနုပဿနာရှု။ ရှင်းပြီလား၊ ဝေဒနာ ပစ္စယာ တဏှာ။

အဲဒီတော့ သောတာပန် တည်ချင်လို့ရှိရင် သောတာပန်က မစလည်း မဖြစ်တော့ စိတ္တာနုပဿနာ အနီးဆုံးလို့ “သမ္မောဟဝိနောဒနီ အဋ္ဌကထာ” က ဆိုထားတယ်။ စိတ္တာနုပဿနာ ရှုခိုင်းကွ မင်း ဒကာ၊ ဒကာမတွေကို။ ဒိဋ္ဌိက စိတ်ပေါ်မှာ အစွဲဆုံး ဝိညာဏက္ခန္ဓာ (တင်ပါ)၊ ကဲ ဒါ သဘောကျပြီလား။ ဒိဋ္ဌိကွာချင်ရင် ဘယ်ဥစ္စာရှုရမလဲ သတိပဋ္ဌာန် လေးပါးထဲမှာ (စိတ္တာနုပဿနာရှုပါ)၊ စိတ္တာနုပဿနာနဲ့ ရှုရမယ်။ သဘောကျပလား (ကျပါတယ်)၊

ဪ ဒိဋ္ဌိကွာချင်ရင် ခန္ဓာငါးပါးစလုံး ရှုမနေနဲ့၊ ဟောဒီအထဲက စက္ခုဝိညာဏ်ရှု တဲ့၊ မဆိုထိုက်ဘူး လား။ သောတဝိညာဏ်ရှု၊ ဃာနဝိညာဏ်ရှု၊ ဇိဝှာဝိညာဏ်ရှု၊ ကာယဝိညာဏ်ရှု၊ မနောဝိညာဏ်ရှုဆိုရင် မကုန်သေးဘူးလား။ စက္ခုဝိညာဏ်ရှုတယ် ဆိုကတည်းက သဗ္ဗစိတ္တသာဓရဏစေတသိက် ခုနစ်ခု အကုန်လုံးပါတယ်၊ သောတဝိညာဏ် ဃာနဝိညာဏ် ဇိဝှာဝိညာဏ် ကာယဝိညာဏ်ရှုဆိုရင် သဗ္ဗစိတ္တ သာဓာရဏ စေတသိက် ခုနစ်ခု အကုန်လုံးပါတယ် (မှန်ပါ ဘုရား)၊ မနောဝိညာဏ်ရှု ဆိုရင် စေတသိက်ဒွေပညာသပါပြီ။ မပါသေးဘူးလား (ပါပါတယ် ဘုရား)၊ ဒွေပညာသ ပါတယ်ဆိုရင် သူနဲ့ သဟဇာတ ဖြစ်တဲ့ ရုပ်တွေကရော (ပါပါတယ် အကုန်ပါပါတယ်)၊ အကုန်ပါသွားပြီ။ တစ်ခုလဲရင် အကုန်လဲတယ်ဆိုတာ မနေ့က ပြောပြီးပြီ။ ရှင်းပြီနော်။

ဒိဋ္ဌိက စိတ်ပေါ်မှာ အများဆုံး

ကောင်းပြီ ဒါဖြင့် တပည့်တော်တို့ စိတ္တာနုပဿနာပဲ စရှုမယ်၊ ခင်ဗျားတို့ စိတ်ထဲမှာထားပါ၊ စိတ္တာနုပဿနာ ပဲ စရှုမယ်လို့ ထားလိုက်ပါ။ ဆုံးဖြတ်ချက် ကျပလား။ ဘာဖြစ်လို့တုံးလို့ စိတ္တာနုပဿနာကို ဘုန်းကြီးက အရေးတကြီး ဒကာ ဒကာမတွေကို ဒါလုပ်ကွ လို့၊ ဦးထွန်းရင် ဦးသံဒိုင်တို့က မေးလို့ရှိရင် ဒိဋ္ဌိက စိတ်ပေါ်မှာ အများဆုံးတည် တယ်။ ငါဖြင့် စားချင်တယ်၊ စားချင်စိတ်က ဒိဋ္ဌိ၊ သူပဲ လာမယ်။ ငါ ရိုက်လိုက်ရမလားကွ ၊ ငါတော့ အင်မတန် ဒေါသဖြစ်တယ်၊ ငါ့ဒေါသဟာ ငါမနိုင်ဘူး၊ ဒေါသစိတ်ကို ငါကစွဲနေတယ်။ မစွဲဘူးလား (မှန်ပါ ဘုရား) ဒါဖြင့် ဒိဋ္ဌိက ဘယ်အပေါ်မှာ အများဆုံးတည်သလဲ (စိတ်ပေါ်မှာ အများဆုံးတည်ပါတယ် ဘုရား)။

ဒါဖြင့် သောတာပန်တည်ချင်ရင် ဒိဋ္ဌိခွါရမယ်။ ဒိဋ္ဌိခွါရင် ဝိစိကိစ္ဆာ အလိုလိုလဲတယ်။ ဒါကလေးလည်း မှတ်လိုက် ပါ (တင်ပါ)၊ ဒိဋ္ဌိပြုတ်ရင် ဝိစိကိစ္ဆာ အလိုလိုလဲတယ်။ ရှင်းပြီနော် (ရှင်းပါပြီ)၊ ကောင်းပြီ ဒါဖြင့် စိတ္တာနုပဿနာ ရှုလိုက်၊ စိတ္တာနုပဿနာ ရှုတော့မယ်ဆိုတော့ ခင်ဗျားတို့က မဂ္ဂင်ငါးပါးနဲ့ တပည့်တော်တို့ စိတ္တာနုပဿနာ ရှုပါတော့မယ် ဘုရားဆိုတော့ ရှင်သာရိပုတ္တရာကို ဘုရားက ကွာ စိတ္တာနုပဿနာရှုတာ ငါ သိပ်ကျေနပ်တယ် (တင်ပါ ဘုရား)၊ဥပမာ ကိုထွန်းရင်က ဒီလိုသာ တရားနာနေတယ်၊ ကိုယ့်စိတ်က တရားထဲ ရှိသလား၊ မန္တလေးရောက်နေသလား၊ ရန်ကုန်ရောက် နေသလား ဒီနားတွင် ဘယ်အာရုံထဲ သူ ရောက်နေသလဲဆိုတာ ခင်ဗျားကို အကဲခတ်ရင် သိပါဦးမလား (မသိပါ ဘုရား)၊ မသိဘူး ကိုထွန်းရင် စိတ်ကို။ ကဲ ခင်ဗျားစိတ်ကို ခင်ဗျား အကဲခတ်မယ်ဆိုရင် သိမလား မသိဘူးလား(သိပါ တယ်)၊ အဲဒါကြောင့် ကိုယ့်စိတ်ကိုကိုယ် အကဲခတ်တာ စိတ္တာနုပဿနာ ရှင်းရဲ့လား၊ ကိုယ့်စိတ်ကို ကိုယ်အကဲခတ်တာ ဆိုတာ ဘာခေါ်မလဲ (စိတ္တာနုပဿနာပါ ဘုရား)။

ကမ္မဋ္ဌာန်းကျောင်း ရှာစရာ လိုသေးသလား

ဒါဖြင့် ခင်ဗျား ကမ္မဋ္ဌာန်းကျောင်း ရှာစရာ လိုသေးသလား (မလိုပါ ဘုရား)၊ ကျုပ်မေးလိုက်မယ်၊ လိုသေးသလား။ ကိုယ့်စိတ်ကို ကိုယ်အကဲခတ်ရမှာကိုးဗျ၊ ကိုယ့်စိတ်ကို ကိုယ်အကဲခတ်ရမယ်ဆိုတော့ ကမ္မဋ္ဌာန်းကျောင်း ရှာစရာလိုသေး သလားလို့ မေးတာ (မလိုပါ ဘုရား) မလိုတော့ဘူး၊ မလိုတော့ စိတ်ဟာ ကမ္မဋ္ဌာန်းပဲ။ အဲဒီတော့ ဘုန်းကြီး ဖြည့်စွက်ပေး မယ်။ အဲဒီတော့ ဘုရားက ကိုယ့်စိတ်ကို ကိုယ်ရှုတာ အသိလွယ်ဆုံးကွ၊ ရှင်သာရိပုတ္တရာကို ကိုယ့်စိတ်ကို ကိုယ်ရှုတာအသိ လွယ်ဆုံးကွ။ ဟောထိုက် မဟောထိုက် (ဟောထိုက်ပါတယ် ဘုရား)၊

သူများစိတ် အကဲခတ်ရတာ မှားတယ်ကွ၊ ကိုယ့်စိတ်ကို အကဲခတ်ရတာ မှန်တယ်ကွ၊ ရှင်းပြီလား (ရှင်းပါတယ် သူ့ဟာသူ ရှာစရာလည်း မလိုဘူး) မလိုတော့ဘူးလေ၊ ကိုယ်မိုက် ထားတာ ကိုယ့်အပြစ် ကိုယ်သိတာပဲ (မိတာပဲ၊ မိတာက ချက်ချင်း မိ၊ မရှာလို့သာ မမိတာ၊ ရှာရင် ချက်ချင်းမိတာပဲ)၊ မရှာတတ်လို့သာ ရှာနည်းမရလို့ ဒါ သစိတ္တသုတ် (အင်္ဂုတ္တိုရ်ပါဠိ၊ တတိယအုပ်၊ သစိတ္တသုတ်၊ နှာ-၃၂၉။) ဆိုပြီး အင်္ဂုတ္တိုရ်မှာ အသေအချာ ဟောထားတယ် (တင်ပါ ဘုရား)၊

ကိုယ့်စိတ်ကို ကိုယ်အကဲခတ်ရတာ ဝိပဿနာပဲကွ တဲ့၊ ရှင်းပြီလား။

ပေါ်တဲ့စိတ်(ပုထုဇဉ်စိတ်)ဟာ ဝိပဿနာ အာရုံချည်းမှတ်

ကောင်းပြီ ဒါဖြင့် ဦးသံဒိုင်က ပုထုဇဉ်လား အရိယာလားလို့ ကျုပ်က မေးတော့ တပည့်တော် ပုထုဇဉ်ပါ ဘုရား၊ ဒါပဲ ဖြေတယ် (တင်ပါ ဘုရား)၊ ကိုထွန်းရင် ပုထုဇဉ်လား အရိယာလားလို့ မေးလို့ရှိရင် ဘာမှ မလုပ်ရသေးတဲ့လူ ပုထုဇဉ်လို့ပဲ ဖြေဖို့ရှိတယ် (မှန်ပါ)၊ ဒီ့အပြင် ဖြေလည်း လွဲမှာပဲ။ ပုထုဇဉ်လား၊ အရိယာလား ဖြေစမ်း (ပုထုဇဉ်ပါ ဘုရား)၊ ပုထုဇဉ်။ ရိပ်မိပြီလား။ ဘာမှ အလုပ် မလုပ်ရသေးတဲ့လူကိုး။ ဦးသံဒိုင်ကရော ပုထုဇဉ်လား၊ အရိ ယာလားလို့ မေးလို့ရှိရင် ဘယ့်နှဖြေမလဲ (ပုထုဇဉ်ပါ ဘုရား)၊ ပုထုဇဉ်သန္တာန်မှာ ပုထုဇဉ်စိတ်ပဲ ပေါ်မယ်။ ဒီ့ပြင် စိတ် (မပေါ်ပါ ဘုရား)၊ ဒါဖြင့်အဲဒီ စိတ်တွေ အကဲခတ်၊ ပုထုဇဉ်သန္တာန်မှာ ပေါ်ချင်တဲ့စိတ်ပေါ်၊ ပေါ်တဲ့စိတ်ဟာ ဝိပဿနာ အာရုံချည်းမှတ်။ သဘောပါ ပလား (ပါပါတယ်)။

ဒါတွေဟာ မဂ္ဂင်၏ အာရုံချည်းမှတ်။ ခင်ဗျား မပြတ်အောင်သာလိုက်နေ၊ သည်မှာ စားချင်တဲ့စိတ် ပေါ်လာ လည်း စာချင်တဲ့စိတ် ရှိသေးလားလို့ နောက်က အကဲခတ်။ ရှိသေးရဲ့လား (မရှိပါ ဘုရား)၊ မရှိရင် အနိစ္စပဲ။ သိတာကမဂ္ဂ ဖြစ်သွားမယ် မဟုတ်ဘူးလား (တင်ပါ ဘုရား) ကိုယ့်စိတ်ကို ကိုယ့်နောက်က အကဲခတ်။ (၁) နံပါတ်ကို (၂) နံပါတ်နဲ့ အကဲခတ်၊ သဘောကျပလား။ (၁)ကို (၂) နဲ့ အကဲခတ်၊ ကဲ (၁)ကို (၂)နဲ့သာ အကဲခတ်လို့ရှိရင် ဝိပဿနာ ကုန်တာပဲ။ ဒီထက် ကျဉ်းစရာ မရှိတော့ဘူး။ (၁) ကို (၂)နဲ့ အကဲခတ်၊ (၁)ကို (၂)နဲ့ရှု၊ သဘောကျသလား၊ (၁) ပေါ်တိုင်း (၂) လိုက်နေမယ်ဆိုရင် ဘယ်ကလာပြီး ဒီတဏှာ ဥပါဒါန်ကံ လာဦးမှာလဲ။ လာစရာ ရှိသေးရဲ့လား (မရှိပါ ဘုရား)။

ပုထုဇဉ်စိတ်တွေကို ဖမ်းရမယ်

(၁)ကိုသာ (၂)နဲ့ ရှုပါ။ (၁)က အနိစ္စ (၂)က ဝိပဿနာမဂ် (တင်ပါ)၊ (၁)က (အနိစ္စ)၊ (၂)က (ဝိပဿနာ မဂ်ပါ)၊ ဝိပဿနာမဂ်ဖြင့် (၁)ကို (၂)နဲ့ အကဲခတ် ပြီးတယ်၊ သဘောပါကြပလား (ပါပါတယ်) ဘယ်လိုပါသတုံး၊ ပါးစပ်က ပြန်ပြောစမ်း။ (၁)ကို (၂)နဲ့ ဖမ်းရင် မရပေဘူးလား။ သို့သော် ဘယ်စိတ်ကို ဖမ်းရမတုံးလို့ ခင်ဗျားတို့ မေးလို့ရှိရင် လွဲလိမ့်မယ်တဲ့။ တပည့်တော်တို့ ဘယ်စိတ်ကို ဖမ်းရမတုံးလို့ ဘုရားလို့၊ (၁)ကို (၂)နဲ့ ဖမ်းဆိုတော့ (၂)က ဘယ်သူ့ကိုမှ ဖမ်းရမှာတုံးလို့မေးရင် ခင်ဗျားတို့ နှစ်ယောက်စလုံး အင်မတန်ထူတဲ့ လူတွေဆိုပါတော့။ ပုထုဇဉ်စိတ်တွေကို ဖမ်းရမယ်။ဝိပဿနာ မရှုကောင်းတာ တစ်ခုမှမပါဘူးမဟုတ်လား (ဘဝင်စိတ်ကော)၊ ဘဝင်စိတ် ကိုယ်မှမသိဘဲ၊ ဇောစိတ်တွေ ဟူသရွေ့ အကုန်လုံး ရှုချ။ သဘောပါသလား (ပါပါတယ်)၊ ရှင်းပြီလား။ ဘဝင်စိတ်တော့ ကိုယ့်ဖြစ်တာ ကိုယ်မသိဘဲ ကိုး။ ဘဝင် ဖြုတ်ပစ်ရမယ်၊ မသိနိုင်ဘူးကွ (တင်ပါ ဘုရား)၊ ရှင်းပြီနော်။

ကိုယ့်စိတ်က တစ်မျိုး၊ အကဲခတ်တာက တစ်မျိုး

ဒါဖြင့် သူများစိတ် အကဲခတ်ရမလား ၊ ကိုယ့်စိတ်ကို အကဲခတ်ရမလား (ကိုယ့်စိတ်ကိုပါ ဘုရား)၊ ဒါဖြင့် ကိုယ့်စိတ်ကို ကိုယ်အကဲခတ်တယ်ဆိုတော့ ကိုယ့်စိတ်က တစ်မျိုး၊ အကဲခတ်တာက တစ်မျိုး၊ နှစ်မျိုး ဖြစ်သွားပြီ။ မဖြစ်သေး ဘူးလား (ဖြစ်ပါတယ်)၊ ကိုယ့်စိတ်က ရှေ့ပိုင်း၊ အကဲခတ်တာက နောက်ပိုင်း (မှန်ပါ)၊ မဆိုနိုင်ဘူးလား။ ဒါဖြင့် (၁)ကို (၂)နဲ့ရှု၊ သဘောပါသလား။ (၁)ကို (၂)နဲ့ရှု၊ (၁)ကို (၂)နဲ့ရှုဆိုတော့ (၁)က ကိုယ့်စိတ်၊ (၂)က အကဲခတ်တဲ့ စိတ်(တင်ပါ)၊ သဘောကျရဲ့လား။

ဒါဖြင့် ဝိပဿနာအလုပ်ဟာ ခက်သလား၊ မခက်ဘူးလား မေးတော့ ဒီပါဠိတော်တွေ ထောက်ကြည့်တော့ ဘယ်ခက်မလဲ၊

“သရာဂံ ဝါ စိတ္တံ သရာဂံ စိတ္တန္တိ ပဇာနာတိ” ဆိုမှ ခက်နေတယ်၊ ‘သဒေါသံ ဝါ စိတ္တံ သဒေါသံ စိတ္တန္တိ ပဇာနာတိ”၊ “သမောဟံ ဝါ စိတ္တံ သမောဟံ စိတ္တန္တိ ပဇာနာတိ” (မူလပဏ္ဏာသပါဠိ၊ မဟာသတိပဋ္ဌာနသုတ်၊ နှာ-၇၆။)

အို လောဘလာမှ ရှုရမှာ၊ ဒေါသလာမှ ရှုရမှာ၊ မောဟလာမှရှုရမှာဆိုတော့ ဆိုင်းရဦးတော့မလိုလို၊ ငံ့ရဦးတော့မလိုလို ဖြစ်မနေဘူးလား (တင်ပါ) မဟုတ်ဘူး။ ခင်ဗျားတို့က စိတ်ကို မဖြစ်တဲ့လူတွေ၊ လာတာကို ရှုချ။ လာတာ (၁)၊ ရှုတာ (၂)။ သဘောပါသလား (ပါပါတယ် ဘုရား)၊ အေး ခုနအတိုင်း ထပ်ပြောတာက လေးနက်အောင် ပြောနေတာ၊ အေး ကျေနပ်ပလား (ကျေနပ်ပါတယ်၊ ဒါပေမဲ့ တပည့် တော်တို့ ဆိတ်ငြိမ်တဲ့အရပ်တွေ ဘာတွေ ရှာစရာမလိုတော့ဘူးလား)၊ ရှာစရာမလိုတော့ဘူး။ ရှာစရာနေရာ ခင်ဗျားစိတ်က ဒီနေရာမှာ (၁) ကို (၂) နဲ့ မဖမ်းနိုင်ရင် ရွှေ့။ ဒါ ခင်ဗျားသဘောပဲ မဟုတ်လား (တင်ပါ ဘုရား)။

နို့မဟုတ်ရင် ထမင်းအိုးချက်ရင်လည်း မဂ်ဖိုလ်ရနိုင်တာကိုး (တင်ပါ ဘုရား)၊ မဟုတ်ဘူးလား၊ သုပါထေယျဆိုရင် ဟင်းရွက်ကျိုရင်း ရနေတာပဲ။ ဘယ် စိတ်ငြိမ်လိမ့်မတုံး။ သို့ပေမယ့် ခင်ဗျားစိတ်ကို ခင်ဗျား ဆုံးဖြတ်ချက်ချ၊ ဒီအိမ်မှာ နေလို့ရှိရင် ငါ ဝိတက်များလို့ရှိရင် ကမ္မဋ္ဌာန်းကျောင်း ရွှေ့နေပေါ့။ ဒီအိမ်မှာ နေငြားသော်လည်း ဟိုအာရုံက ငါ့ (၁)ကို (၂)နဲ့ အကဲခတ်လို့ ဆရာဘုန်းကြီးက ခိုင်းထားတယ်။ ကိုယ့်ကာယဝိဝေက ဆိုတာက အိမ်တံခါးခုံ အပြင်ဘက်နား ရှု လည်း ရတယ်လို့ ဘုရားက ဟောထားတယ်။ တံခါးခုံ ဟိုဘက်ရောက်သွားရင်လည်း တောကွ အဘိဓမ္မာနည်းက။ သုတ္တန်နည်းကသာ ကုလားလေးတာ အပြန်ငါးရာကိုး (တင်ပါ)၊ အဘိဓမ္မာနည်းကတော့ တံခါးခုံသည် ဘယ်နားရွှေ့မျှ လည်း ရတာပါပဲဆိုတာ ရှိသေးတာကိုးဗျ။ ရှင်းပြီလား (တင်ပါ)။

ခင်ဗျားတို့ဟာ ခင်ဗျားတို့ ဆုံးဖြတ်ချက်ချပါ၊ ဒါကျတော့ တပည့်တော်က ဘုရား အိမ်ပေါ်မှာ နေရလို့ရှိရင် ဘယ်နည်းနဲ့မှ တပည့်တော်စိတ်ကို မနိုင်ဘူး။ (၁)ကို (၂)နဲ့ မိအောင် မဖမ်းနိုင်ဘူး။ သဘောကျပလား (တင်ပါ)၊ မဖမ်း နိုင်လို့ရှိရင်တော့ ကိုသံဒိုင်တို့ ကိုထွန်းရင်တို့ နေရာရွှေ့ကြစို့။ ဒါ ပဋိရူပ မဖြစ်ဘူး။ ဒါ ပဋိရူပဒေသဝါသောစ မဖြစ်ဘူး၊ မပြောရပေဘူးလား (တင်ပါ)၊ ဖမ်းနိုင်တယ်ဆိုတော့ ဘုံခုနစ်ဆင့်ကနေပြီး ဘုရားဖြစ်သွားတယ်လို့၊ နန်းတော် ထဲက ဘုရားဖြစ်သွားတာရယ်လို့ ၊ ရှိသေးသလား မရှိဘူးလား (ရှိပါတယ်)၊ ကဲ ရှိရင် သူ့သပ္ပါယဖြစ်ရင် ရောက် တာပဲ။ သဘောကျပြီလား ကိုယ့်စိတ်ကို မနိုင်ရင်ရွှေ့ပါ။

အသေစောရင် ကြောက်စရာ

ကာယဝိဝေက စိတ္တဝိဝေကလို့ ဘုရားဟောထားတာကိုး (တင်ပါ)၊ သို့သော် ခင်ဗျားတို့ကို ဘုန်းကြီးတိုက် တွန်းချင်တာက ဒီစကားကို ကြားညှပ်ပြီး မှတ်ထားလိုက်ပါ။ ခင်ဗျားတို့ ရွှေ့မှ အားထုတ်ဖြစ်မယ့် လူတွေဆိုရင် စာရင်းအင်း တော်တော်ပိတ်ရမယ်။ ဟို ရပ်ထားပါဦး၊ ဒီဆိုင်းထားပါဦး၊ ဒီကုန်ကို မပို့ပါနဲ့ဦးဆိုပြီး ဒါနဲ့ပဲ အသေစောသွား လိမ့်မယ်။ ကိုယ့်ဟာကိုယ် ဒီမှာလုပ်၊ ရွှေ့ချင်တဲ့အခါ မြန်မြန်ရွှေ့လိုက်။ အခုလည်း မလျှော့နဲ့၊ ရွှေ့ချင်တဲ့အခါ ရွှေ့လိုက်။ ဒီနှစ်ချက်ပဲ ဟောတာကို သဘောပါသလား။ နို့မဟုတ်လို့ ရွှေ့မှ လုပ်မယ်ဆိုရင် အသေက စောသွားမှာလည်း စိုးရသေး တယ် (တင်ပါ)၊ အသေစောရင် ကြောက်စရာကောင်းတယ် (ဟိုနေ့က ဟောပြီးပြီ)၊ ဟောပြီးပြီ။ အာဠာရ ဥဒကတို့ တစ်ညအိပ်ကလေး အသေစောသွားတာနဲ့ တစ်ခါတည်း ကမ္ဘာပေါင်းများစွာ ဒုက္ခသစ္စာကြီးနဲ့ နေရတာ၊ သဘောပါပြီ လား။

ဒါဖြင့် ဒီအလုပ်ဟာ ဘယ့်နှယ်ကြောင့် ခရီးပေါက်ပါလိမ့်မလဲလို့ ရှေ့ကို တစ်ဆင့်တက်လိုက်။ ဝိပဿနာ အလုပ် ဟာ ရှေ့ကို ဘယ့်နှယ်ကြောင့် သံသရာ မဆက်ပါလိမ့်မလဲဆိုတာကို ကျုပ် ရှင်းပြရဦးမယ်။

ပုထုဇဉ်စိတ်

မနေ့က ကံ ဟောမယ်လို့ ခင်ဗျားတို့ကို ကတိပေးထားတာ ရှိတယ်နော်။ ကဲ ဒါဖြင့် ဒီခန္ဓာငါးပါးကို မနေ့က ကျူစည်းဥပမာနဲ့ ပြလိုက်တာ၊ တစ်ပါးရှုလိုက်ရင် အကုန်ပါတယ်ဆိုသဖြင့် စိတ် ရှုလိုက်တာပေါ့ဗျာ။ ဒီနေ့ စိတ်ကိုစဟောမယ်။ ဘယ်စိတ်တုံးလို့ မေးဖို့ လိုသေးသလား (မလိုပါ ပုထုဇဉ်စိတ်ပါ)၊ အေး ပုထုဇဉ်စိတ်ပဲ။ ပုထုဇဉ်စိတ်ဆိုရင် သူလာချင်လာမယ်၊ လာချင်ရာ လာ တာကိုး။ လာတာက (၁)၊ ရှုတာက (၂)၊ လာတာက (၁-ပါ ဘုရား) ရှုတာက (၂-ပါ ဘုရား)၊ အေး (၁)ကို (၂)နဲ့ ဖမ်း (တင်ပါ ဘုရား)၊ သဘောကျပလား။ ဒါ ပုထုဇဉ်စိတ်ပဲ လာမယ်။ ခင်ဗျားတို့ သန္တာန် အရိယာစိတ် လာ ပါဆိုရင် အုန်းသီးဆီဆွတ် မျိုလို့ရရင်သာ ရမယ်။ ခင်ဗျားတို့ သန္တာန်မလာဘူး။ သဘောပါပလား (ပါပါတယ်)၊ ရှင်းပြီ နော် (ရှင်းပါပြီ ဘုရား)။

ဒီဥစ္စာ ကံဖြတ်တဲ့အလုပ်။ ဒါက (၁)။ ဒါက (၂)။ (၂)ဆိုတဲ့အတိုင်း မဂ္ဂင်ငါးပါးနဲ့ရှု၊ (၁)တွေကတော့ အရေအတွက် မရှိ လာလိမ့်မယ်နော် (တင်ပါ)၊ မလာပေဘူးလား။ ဘဝင်မှ တစ်ပါးကျန်တာတွေ သိ သိမှတ်။ ဣဿာလာလာ မစ္ဆရိယ လာလာ မာနလာလာ ဒေါသလာလာ ကုသိုလ်စိတ်လာလာ ခင်ဗျားတို့က ကုသိုလ်စိတ်ရယ်လို့ မရှုဘဲမနေလိုက်ပါနဲ့ (ကုသိုလ်စိတ်လည်း ရှုရမလား)၊ ရှုရမယ်၊ မရှုရင် တော်ပါ့မလား (မတော်ပါ ဘုရား)။ မရှုလို့ရှိရင် ဒီကုသိုလ်လေးကို ခင်ဗျားတို့ ငါ့ဟာကလေးလို့ ဒိဋ္ဌိလာဦးမယ် အားကိုးလို့။ ငါပြုထားတဲ့ ကုသိုလ်ဆိုလို့ရှိရင် ဒိဋ္ဌိမလာပေဘူးလား (လာပါတယ် ဘုရား)၊ လာလိမ့်မယ်။ သို့သော်လည်း ခင်ဗျားတို့ကို ရင့်လို့ ကျုပ် ဟောရဲတယ်။ နုတဲ့ပုဂ္ဂိုလ်လည်း ဒီငါကလေးပြုတ်ဖို့ အတော်ခဲယဉ်းတယ် (ဒါကို အသိဉာဏ်နဲ့ ဖြတ်ရမယ်)၊ အင်း အင်း လာဦးမှာလား။ ဒါ မဂ်ဉာဏ်ဖြစ်ပြီဆို ရင်ဖြင့် ဟိုဘက်ကို သွားရုံရှိတော့တယ်။

မရှိမှတွေ့တယ်

ကဲ ဒါဖြင့် ဒါက (၁)။ ဒါက (၂) နဲ့ ဒါက မဂ်လိုက်ဖြစ်အောင်လိုက်ပါနော် (တင်ပါ)၊ လိုက်ဖြစ်အောင် လိုက်တော့ကို၊ အေး ရှေ့ပိုင်းမှာ ကံဖြတ်တာကလေး အသာချိတ်ထားပြီး ခင်ဗျားတို့ သံသယရှင်းအောင် ပြောရမှာ နည်းတာမဟုတ်ဘူး။ ဒါကလေးကို ရှိတုန်းတွေ့သလား၊ မရှိတဲ့အခါ တွေ့သလား ဆိုတာကို အကဲခတ်ဖို့ လိုလာတယ်။ (၁) ကလေး၊ ဒီ (၁) ကလေးဟာ ရှိတုန်းမို့ ဒီဉာဏ်ထဲမှာ တွေ့သလား-မရှိမှ တွေ့သလားဆိုတဲ့ မေးခွန်းဟာ ထွက်မလာ ဘူးလား။ ခင်ဗျားတို့ အကဲခတ်ကြည့်ပါ။ မရှိမှတွေ့တယ် (မရှိမှတွေ့တယ်)၊ ဒါ သေသေ ချာချာမှတ်ပါ (မရှိ မှ)၊ မရှိမှတွေ့မယ်၊ မရှိတာကို တွေ့မယ်။ နောက်က အကဲခတ်လိုက်ရုံပဲ။ (၁) မရှိတာကို တွေ့လိမ့်မယ် (တင်ပါ ဘုရား)။ (၁) မရှိတာကို (၂)က တွေ့လိမ့်မယ် (မှန်ပါ ဘုရား)။ သဘောပါသလား (ပါပါတယ် ဘုရား)။

ဟင် မရှိတာ တွေ့လို့ရှိရင် အဘာဝပညတ်ကြီး ကြည့်နေတာလို့ ခင်ဗျားတို့ စောဒကတက်ရမယ်။ ခင်ဗျား တို့ လမ်းပေးနေတာ၊ သဘောကျပြီလား (တင်ပါ)။ ဒါပညတ်ရှုကြ၊ သွားလိမ့်မယ်ဆိုတော့ ဒါက (၁)က ဦးသံဒိုင် ဒီစိတ် နဲ့ အသက်ရှင်နေတယ်။ ကိုထွန်းရင် (၂)နဲ့ အသက်ရှင်နေတယ်။ “ဧကစိတ္တ သမာယုတ္တာ” ကို မလွှတ်နဲ့။ ပထမစားချင် တဲ့စိတ်နဲ့ အသက်ရှင်နေတယ်။ ရှင်ဘူးလား (ရှင်ပါတယ်)၊ နောက်ကျတော့ ရှုတဲ့စိတ်နဲ့။ သူချုပ်သွားတော့ ဘယ်သူနဲ့ အသက်ရှင်နေသလဲ (ရှုတဲ့စိတ်နဲ့)။ ရှုတဲ့စိတ်နဲ့ အသက်ရှင်နေတယ်လို့ မဆိုထိုက်ဘူးလား။ ဒါဖြင့် ဒီဥစ္စာရှိသေးသလား မရှိဘူးလား (မရှိပါ)၊ ဒါဖြင့် မရှိတာရှုတာ ဝိပဿနာပေါ့၊ သဘောကျပြီလား။ မရှိတာရှုတာ (ဝိပဿနာပါ ဘုရား)၊ ရှင်း ပြီလား ဒါကို (ကောင်းကောင်း မရှင်းသေးပါ ဘုရား)၊ ကောင်းကောင်းမရှင်းသေးရင် ခင်ဗျားတို့ အသေနားမလည်သေးလို့ မှတ်။ မဆိုထိုက်ဘူးလား (တင်ပါ ဘုရား)။

ပထစားချင်တဲ့စိတ်က ဒါက (၁)ကလေး ပေါ်လာတယ်။ သူ မချုပ်ပဲနဲ့ (၂)နံပါတ်က အကဲခတ်တဲ့စိတ်က ပေါ် နိုင်ပါ့မလား (မပေါ်နိုင်ပါ ဘုရား)။

တစ် သန္တာန်ထဲမှာ ပေါ်နိုင်ပါ့မလား-စဉ်းစား စဉ်းစား၊ ဒီအချက်ဟာ အင်မတန် အရေးကြီးနေတာ။ ဒါ ရှင်းအောင် ပြောရဦးမယ်။ ကျုပ်မှာ အခု ကံမသွားနိုင်သေးဘူး။ ခင်ဗျားတို့ သာမညဝိပဿနာဆရာနဲ့ဆိုရင် ဒီဥစ္စာ ရှင်းကို ရှင်းမှာ မဟုတ်ဘူး။ ကဲ ကိုထွန်းရင် ဒါ စားချင်စိတ် ခင်ဗျားသန္တာန်မှာ ပေါ်ပြီနော် (မှန်ပါ)။

(၁)- ဒီက စလာတဲ့ (၁)။ ကဲ (၂)နဲ့ အကဲခတ်ဆိုတော့ သူရှိသေးရဲ့လား။ အကဲခတ်တဲ့စိတ်နဲ့ ခင်ဗျား အသက်ရှင်နေတာကိုး။ သဘောပါသလား (တင်ပါ ဘုရား)။

ဒါဖြင့် (၁) ရှိသေးရဲ့လား။ (၁)တော့ မရှိဘူး။ (၁)တော့ မရှိဘူး။ မရှိတော့ကို ခင်ဗျားကြည့်တဲ့အချိန်မှာ (၁)ကို အတိုအစ အပိုင်းအတစ် ကလေးတောင် တွေ့သေးရဲ့လား (မတွေ့တော့ပါ)၊ (၁)တော့ မတွေ့တော့ဘူး (တင်ပါ ဘုရား)၊ ဒါဖြင့် (၁) မတွေ့တော့ မရှိတာတွေ့နေရတယ်။ မရှိတာ ကြည့်နေရတယ်လို့ ခင်ဗျား အဓိပ္ပာယ် မရဘူးလား၊ ရသလား (ရပါတယ်)၊ ရတယ်နော်။ ဒါဖြင့် ဝိပဿနာဆိုတာ မရှိတာကြည့်နေရတာပါကလား၊ အဓိပ္ပာယ်က ဒီရောက် မသွားသေးဘူးလား (တင်ပါ)၊ အဓိပ္ပာယ်က ရောက်သွားပြီ၊ ကျုပ်ရှင်းပြမယ်၊ ခင်ဗျားတို့ ဒီဟာကို မကြားဖူးဘူး၊ ကြားဖူး မှာလည်း မဟုတ်ဘူး၊ ရှင်းပြမယ်။

သူတို့ ဖြစ်ပျက်မြင်တယ်လို့ ပြောနေကြတာကိုး ဗျ၊ ပြောနေကြတယ်။ အခုတော့ နှစ်စိတ်နဲ့ အသက်မရှင် ကောင်းဘူးဆိုတာလည်း ခင်ဗျားတို့ ရှင်းနေပြီ။ မရှင်းသေးဘူးလား ၊ (၁) ချုပ်သွားတာကို (၂)နဲ့ အကဲခတ်လိုက်တော့ (၁)ကို သေသေချာချာကြည့် အဝါကလေး၊ (၁)၏ အဝါကလေး ပျောက်သွားတာ တွေ့သေးသလားလို့ ခင်ဗျားတို့ကို မေးလို့ရှိရင် ဘယ့်နှယ်ဖြေမလဲ။ ဦးသံဒိုင် တွေ့သေးသလား (မတွေ့ပါ ဘုရား)၊ မတွေ့လို့ရှိရင် မတွေ့တာ ရှုနေရတာပေါ့၊ မရှိဘူးလို့ သိရတယ်။

အရင်စိတ်မရှိတာ သိနေတာ ဝိပဿနာပဲ

ဒါ ဝိပဿနာရှုတာက အရင်စိတ်မရှိတာ သိနေတာ ဝိပဿနာပဲ၊ ဝိပဿနာဉာဏ်ပဲ (အဲဒါကလေးဟာ အင်မတန် လျင်မြန်တာပဲ)၊ မြန်တာပေါ့ မြန်တာပေါ့၊ စိတ်က အမြန်ချည်းပဲ။ စိတ် စိတ်ချင်းရှုတာ (လှမ်းချင်တဲ့စိတ် ဖြစ်ပေါ်လာ တဲ့အခါကျတော့ လက်က လှမ်းယူချင်တယ်၊ လက်ကမ်းတဲ့စိတ် ဖြစ်ပေါ်လာတယ်)။

အင်း (ဒါဖြင့် လက်လှမ်းချင်တဲ့စိတ်ကလေးကို တစ်ခါထပ်ရှုရမှာပေါ့)၊ လက်လှမ်းချင်တဲ့စိတ် ခင်ဗျားရှုရမှာ၊ ဒါမှ စိတ် စိတ်ချင်းရမယ် (တင်ပါ)။

ဒါမှ စိတ္တာနုပဿနာ ဖြစ်မှာကိုး။ လက်လှမ်းချင်တဲ့စိတ်ကလည်း ချုပ်ပြီ၊ ရှုတဲ့စိတ်နဲ့ ခင်ဗျားက အသက်ရှင် နေတာ။ လက်လှမ်းချင်တဲ့စိတ်က ဦးသံဒိုင်သေပြီ။ မသေသေးဘူးလား။ အဲဒီတော့ မရှိတာရှုရာ မရောက်ဘူးလားလို့။ သဘောပါပလား၊ ပြီးတော့မှ တစ်ဆင့် ရှင်းပေးရမယ် (တင်ပါ)၊ မရှိတာ ရှုတာကို ကျေနပ်ပြီလား (အဲဒါ တပည့်တော် မရှင်းမလင်း ဖြစ်နေပါတယ်)။

မရှင်းလင်းဘူးဆိုလို့ရှိရင် ဟိုဟာကို ပြန်ရှင်းပြမယ်၊ လူတစ်ယောက်မှာ စိတ်ဘယ်နှစ်ခုနဲ့ အသက်ရှင်နေသတုံး၊ ဒါကို အရင်ရှင်းလိုက်မယ်၊ ကဲ ဘယ့်နှယ်ပြောကြမလဲ (စိတ်ပေါင်း ၈၉-ခုနဲ့ အသက်ရှင်ပါတယ်)၊ စိတ် ၈၉-ခု တစ်ခုခုနဲ့ အသက်ရှင်ရတယ်၊ မဟုတ်ဘူးလား (တင်ပါ ဘုရား)။

ဒါကို ဒီလိုထားပါ၊ အခုဖြစ်ဆဲစိတ်နဲ့ပဲ အသက်ရှင်နေတယ်လို့ ယူလိုက်ပါ ချုံးပြီးတော့။ သဘောကျပလား (တင်ပါ ဘုရား)။

ယခုဖြစ်ဆဲစိတ်နဲ့ပဲ အသက်ရှင်နေတယ် မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ်)၊ ဟိုဟာက ကျဲတောက်ကြီး (တင်ပါ)။

ခင်ဗျားဟာက ကျဲတောက်ကြီး၊ အခု ဖြစ်ဆဲစိတ်နဲ့ အသက်ရှင်နေတယ်။ ဒါဖြင့် စားချင်တဲ့စိတ်နဲ့ အသက်ရှင် နေတယ် (တင်ပါ)။

ဘုရားက ကိုယ့်စိတ်ကို အကဲခတ်ရမတဲ့။ ဒီစိတ်ပေါ်ရမယ် မဟုတ်လား။ မပေါ်ရဘူးလား (ပေါ်ရမယ်)၊ ပေါ်ရင် ဒီစိတ် ရှိ-မရှိ၊ ရှိသေးသလား (မရှိပါ)၊ ဘာဖြစ်လို့တုံး ၊ ဒီစိတ်နဲ့ အသက်ရှင်နေလို့ ဒီစိတ်နဲ့ အကဲခတ်နိုင်တာ (တင်ပါ)၊ ကျေနပ်ပြီလား (ကျေနပ်ပါတယ် ဘုရား)။

မရှိတာကို အကဲခတ်ခိုင်းတော့

ဒါဖြင့် ဝိပဿနာဆိုတာ မရှိတာကို အရှုခိုင်းတာကိုး။ မူလစိတ်မရှိတာ (၁)မရှိတာကို (၂)နဲ့ အရှုခိုင်းတာ ကိုး ၊ ဒီအဓိပ္ပာယ်ရပလား (ရပါပြီ ဘုရား)၊ သို့သော် ဒါပညတ်လို့ ခင်ဗျားတို့က မယူလိုက်နဲ့နော်။ အခု ဒီအတိုင်း ပြတော့ ပညတ်ဖြစ်နေတယ်။ မရှိတာကို ရှုခိုင်းတာ မကျဘူးလား (မှန်ပါ)၊ သဘောပါပြီလား။ ရှိမှမရှိဘဲ၊ မရှိတာကို ခင်ဗျားတို့ကို အကဲခတ်ခိုင်းတယ်၊ ဟုတ်ပြီလား။ မရှိတာကို အကဲခတ်ခိုင်းတော့ မရှိတာက အဘာဝပညတ် (မှန်ပါ)၊ သဘောကျပြီလား။ အဲ မရှိတာ အရှုခိုင်းတာတော့ မှန်ပါတယ်၊ ဘုန်းကြီးကပဲ တာဝန်ယူလိုက်တယ်။ ရှိတာရှုရင် နိစ္စဖြစ်နေမယ် (တင်ပါ)၊ ရှိတာရှုရင်လည်း နိစ္စဖြစ်တော့မယ်။ ပေါ်ပြီလား ဉာဏ်ထဲ (တင်ပါ)၊ ရှိတာရှုလို့ရှိရင်လည်း နိစ္စဖြစ်ဦးတော့မှာပဲ။ မဟုတ်လား (မှန်ပါ)။

အင်း နေဦးဗျ။ ခင်ဗျားက အသာနေဦး။ မသဲမကွဲဖြစ်နေတာ တော်တော်ခက်နေတာ။ တော်တော် ခက်နေတာ ကိုထွန်းရင်ရဲ့ (တပည့်တော် ခေါင်းထဲဝင်လာတာ နတ္ထိပစ္စယောဆိုတာ ခေါင်းထဲမှာ ဝင်လာပါတယ် ဘုရား)၊ ခင်ဗျား နတ္ထိပစ္စယော ဝင်လာတာက ရှေ့ဖြစ်ပစ္စည်း။ နောက်ဖြစ် ပစ္စယုပ္ပန်ဆိုတာက သူ့ဟာသူ ဓမ္မနိယာမပြောတာ။ ဝိပဿနာရှုတာပြောတာ မဟုတ်ဘူး၊ သွားမရှုပ်နဲ့ဦး။ နတ္ထိပစ္စယောဆိုတာ ရှေ့ဖြစ်ပစ္စည်း။ နောက်ဖြစ် ပစ္စယုပ္ပန်ဆို တာ အဲဒါက ပဋိသမ္ဘိဒါပတ္တ ဟောနေတာ။ ခင်ဗျားတို့လို လူပြိန်းကို ဟောတာမဟုတ်ဘူး။ အဲဒါကြီးလည်း သွားရှုမနေနဲ့ ဦး။ ပဋိသမ္ဘိဒါပတ္တ ဟောနေတာ။ ဘုရားဖြစ်ပြီးမှ ဟောနေတာလို့မှတ်၊ ဘုရားဖြစ်ပြီးမှ ပဋ္ဌာန်းက ဟောတာကိုး ဗျ။ နတ္ထိပစ္စယောက မဖြစ်မီက နတ္ထိပစ္စယော နားလည်ရဲ့လားလို့ မေးရင် ဘယ့်နှယ်ပြောမလဲ (မလည်ပါ ဘုရား)၊ နား မလည်ဘူး။ အဲဒါတွေ ရှင်းအောင်မေးလို့ ရှင်းထားရတယ် (တင်ပါ ဘုရား)၊ မရဘူးဗျ။ ကျုပ်ဆီကတော့ တကယ့်ကို အရင်းကျကျမှ ရတယ်။ အရင်းကျကျမှ ရတယ်။ ကဲ ဒါဖြင့် မရှိတာ သိတာသေချာပြီလား (သေချာပါပြီ ဘုရား)။

ဖြစ်ဆဲစိတ်နဲ့ သာ အသက်ရှင်ရတယ်

သေချာပြီဆိုရင် ဒါကို လုံလောက်အောင် အကိုးအကားပြမယ်။ လူတစ်ယောက်မှာ ဖြစ်ဆဲစိတ်၊ ဖြစ်ဆဲစိတ်နဲ့ သာ အသက်ရှင်ရတယ်။ ချုပ်ဆဲစိတ် ချုပ်ဆဲစိတ်နဲ့ အသက်ရှင်ရတယ်လို့ ထုံးစံမရှိဘူး။ ရှိရဲ့လား။

ဒါဖြင့် ဒီဝိပဿနာ ရှုဆဲစိတ်နဲ့သာ ခင်ဗျား အသက်ရှင်နေရတာ (တင်ပါ ဘုရား)၊ ဘယ့်နှယ်စားချင်ရင်လည်း ချုပ်ဆဲစိတ် ရှိသေးရဲ့လား။ မရှိတာကို အကြည့်ခိုင်းတာ (တင်ပါ ဘုရား)။ သဘောပါသလား (ပါပါတယ်)။ ဝိပဿနာဆိုတာ (မရှိတာကို အကြည့်ခိုင်းတာပါ)၊ ရှိတာကို ကြည့်ရင် နိစ္စဖြစ်လိမ့်မယ်။ အနိစ္စက နိစ္စဖြစ်လာမယ်။ နိစ္စဒိဋ္ဌိဖြစ်နေလို့ နိစ္စကို မြင်တဲ့အဓိပ္ပာယ်ရောက်နေတယ်။ မရောက်ဘူးလား (ရောက်ပါတယ်)၊ အဲဒီလို ဟောလိုက်လို့ရှိရင် ဝိပဿနာမဟုတ် ဘူး။

ဝိပဿနာဆိုတာ အနိစ္စ၏လက္ခဏာကို မြင်ရမယ် (အင်မတန် သိမ်မွေ့ပါတယ်ဘုရား၊ အင်မတန် သိမ်မွေ့ပါ တယ်)၊ အင်း အင်မတန် သိမ်မွေ့တယ်။ သိမ်မွေ့ပေမယ့် နားလည်ရမယ်။ ရှင်းအောင် ပြောရမယ်။ ဒီသိမ်မွေ့လို့ နိဗ္ဗာန်မရောက်တော့ဘူးလားဆိုတော့ ပိုသိမ်မွေ့လို့ ရောက်လိမ့်မယ်၊ ဒီလို ဟောထားတယ်၊ သိမ်မွေ့တာနဲ့ ရောက်ပါလိမ့် မယ်။ မသိမ်မွေ့ဘူး၊ ကြမ်းခံနေရင် မရောက်ဘူး။ ရောက်ပါ့မလား (မရောက်ပါ ဘုရား)၊ ကြမ်းခံနရင် နိစ္စခံရင် အနိစ္စရပါ့ မလား။ နိစ္စခံရင် အနိစ္စဉာဏ်လို့ သူ့ဆိုလို့ရပါ့မလား (မရပါ ဘုရား)။ မရရင် မရောက်ဘူး။ နိစ္စဉာဏ်လာလို့ရှိရင် ခင်ဗျား ဝိပဿနာဉာဏ်မဟုတ်ဘူး၊ ဝိပဿနာမဂ်ဉာဏ် မဟုတ်ရင် ဒီဘက်က တဏှာ ဥပါဒါန် ကံရော မဖြတ်နိုင်ဘူး။ ဖြတ်နိုင်ပါ့ မလား။ အဲဒါကြောင့် ဟောနေရတာဗျ၊ အခု ဟောရတာ လွယ်သလား၊ ကဲ (မလွယ်ပါ ဘုရား)။

ခင်ဗျားတို့ ရန်ကုန်က မန္တလေး ပြေးလာကြတော့ မီးရထားခ ငွေ (၃၀ိ-၄၀ိ) ပေးရင် ရောက်လာတာပဲ၊ ဒါဟာ လွယ်တာ၊ ဒါက လွယ်တာမဟုတ်ဘူး။

ရှိရာက မရှိတာကို ရှုတာ

ကိုင်း ဒါဖြင့် မရှိတာ ရှုတာကို ခင်ဗျားတို့နှစ်ယောက် ကျေနပ်ပြီလားလို့ မေးလိုက်တယ် (ကျေနပ်ပါတယ် ဘုရား)။

တစ်စိတ်နဲ့သာ အသက်ရှင်ရမယ်ဆိုလို့ကို ကိုက်တယ်။ လုံးဝမရှိတာကို ရှုတာလား၊ ရှိရာက မရှိတာကို ရှုတာ လား။ ဒါကို ပြင်လိုက်၊ ဒါပြင်လိုက်၊ ရှိရာက မရှိတာကို ခင်ဗျားတို့က သိတာ၊ မရှိရာက မရှိတာကို သိတာမဟုတ် ဘူး။ သဘောပါသလား (တင်ပါ)၊ ရှိရာက မရှိတာကို ခင်ဗျားတို့က သိတာ။ အခုမှ ရှင်းသွားတယ်၊ ပေါ်ပြီလား (တင်ပါ ဘုရား)၊ မရှိတာကို လုံးဝအရှုခိုင်းလို့ရှိရင် ဒါဟာ ပညတ်ကို အရှုခိုင်းတာ (တင်ပါ)၊ ရှိရာက မရှိတာကို အရှုခိုင်းတဲ့အတွက် တဲ့ ပညတ်တစ်ဝက်ပါတယ်။ တဇ္ဇာရီပညတ်ခေါ်တယ်။ တဇ္ဇာရီပညတ်ဆိုတော့ ရှိရာက မရှိတာကိုဆိုတာ။ သဘောကျပြီလား။ မသိတဲ့ ဆရာက ပြောလို့ရှိရင် ပရမတ်မိအောင်ရှု၊ ပရမတ်မိအောင်ရှုလို့ ပြောမယ်။ ဒီပရမတ်ရှိနေ လို့ရှိရင် ဒီပရမတ် ပေါ်ပါ့မလား။ ခင်ဗျားပဲ စဉ်းစားကြည့်ပါဦး၊ ပေါ်နိုင်ပါ့မလား (တင်ပါ ဘုရား)။

တဇ္ဇာရီပညတ်

ဒီက လောဘပရမတ်ပေါ်ရင် ဒီက ဉာဏ်ပရမတ်က ပေါ်နိုင်ပါ့မလား (နှစ်ခုစလုံး တစ်ပြိုင်နက် မပေါ်နိုင်ပါ)၊ ဘယ်နည်းနဲ့မှ မပေါ်နိုင်ဘူး။ အဲဒီတော့ ပရမတ်ပြုတ်အောင် ရှုဆိုတော့ ကိုက်ပါ့မလား၊ တဇ္ဇာရီပညတ်ကို ရှုခိုင်းတာ။ ဒါ အသေအချာ သဘောပါပလား (တင်ပါ)၊ ရှင်းပြီလား (ရှင်းပါပြီ)။

ရှိရာက မရှိတာကို အရှုခိုင်းတယ်။ ပေါ်ပြီလား။ ဘယ်ဟာ ရှုခိုင်းတာလဲ (ရှိရာက မရှိတာကိုပါ)၊ အဲ လုံးဝမရှိတာကို အရှုခိုင်းတာလဲ မဟုတ်ဘူး။ ရှိရာက ပျောက်ပျက်သွားတဲ့သဘော (ဟာ မိပြီ၊ အခုမှ ရှိရာက ပျောက်ပျက် သွားတဲ့အချိန်မှာ ရှိသေးသလား)၊ အေး အဲဒီပျောက်ပျက်သွားတာတွေကို မြင်ရမယ်။ အေး မရှိတော့ဘူးဆိုတော့ ပုဂ္ဂိုလ်ရော၊ သတ္တဝါရော၊ ပရမတ်ရော ပျောက်ပျက်သွားတယ် (အပျက်ကို ပြန်လှန်)၊ အပျက်လှန် နာမ်နာမ်ချင်း ရှုတာ ကိုး။ နှစ်ခုမှ မပြိုင်နိုင်ဘဲ။ သေချာသွားပြီလား ကိုထွန်းရင်။ ဒါဖြင့် ရှိရာက မရှိတာကို ရှုမှ ဝိပဿနာ။ ရိပ်မိပြီလား၊ ရှိရာက မရှိတာကို မြင်မှ ဘာခေါ်ကြမတုံး (ဝိပဿနာပါ ဘုရား)။

ဟုတွာ အဘာဝဋ္ဌေန အနိစ္စံ

ဒါကြောင့် ခင်ဗျားတို့ အဋ္ဌကထာတွေက ဖွင့်လိုက်တာ “ဟုတွာ အဘာဝဋ္ဌေန အနိစ္စံ” ဟုတွာ = ဖြစ်ပြီး၍ အဘာဝဋ္ဌေန = ဤနေရာမှာ မရှိခြင်းကြောင့် အနိစ္စံ = အနိစ္စလို့ မဖွင့်ဘူးလား (ဖွင့်ပါတယ်)၊ အဲဒီ အဖွင့်နဲ့ကောမကိုက် ဘူးလားဗျ (ကိုက်ပါတယ်)၊ မပေါ်သေးဘူးလား (ပေါ်ပါတယ်)၊ သို့သော်လည်း ခင်ဗျားတို့က ဒီစိတ်တစ်ခုနဲ့ အသက်ရှင် နေတာ၊ တစ်ခုကလေးနဲ့ အသက်ရှင်တာ သဘောမကျလို့ ကျုပ်ပေပြီးပြောနေရတာ။ စိတ် တစ်ခုတည်းနဲ့ အသက်ရှင်တာ သိထားမှ ဒါက ရှင်းမှာကိုးဗျ။ ပေါ်ပြီလား ဒါဖြင့် ရှိရာက မရှိတာကို ရှုတာက ဝိပဿနာ (ရိပ်မိပါပြီ)၊ အခုမှ ရိပ် မိသွားပြီ။ ပါဠိတော်နဲ့ရော အဋ္ဌကထာနဲ့ရော ကိုက်ပြီလား။ ဟုတွာ = ဖြစ်ပြီး၍ “ဟောဒီနေရာမှာ လောဘကလေး ဖြစ် ပြီး၍” အဘာဝဋ္ဌေန = မရှိခြင်းသဘောကြောင့်၊ အနိစ္စံ = အနိစ္စပဲ ဆိုတော့ ရှိသေးရဲ့လား (မရှိပါ ဘုရား)။

အဲဒီတော့ ရှိရာက မရှိတာကလေးကို ခင်ဗျားတို့က မြင်အောင်ကြည့်။ ဘယ်သူ မရှိတာတုံးဆိုတော့ ကိုယ်သေ တာ ကိုယ်မရှိတာ။ မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား) မိမိသေတာကို မိမိအကြည့်ခိုင်းတာ၊ မိမိ အစပျောက်သေတာ အစပျောက်ဆိုတာ အထည်ရှာ မတွေ့တာ။ သဘောကျပြီလား (တင်ပါ၊ ဒါ အရိုးစွဲအောင် တပည့်တော်တို့ သန္တာန်ထဲမှာ မှတ်ရမယ်)၊ မှတ်ရမယ်။ အရိုးစွဲအောင်ပဲ မှတ်ရမှာပဲ။ ဒါ တွေ့ခဲလို့ ပြောနေတာ (တပည့်တော်တို့ အပေါ်ယံပဲ ဖြစ်ပျက် မှန်း သိတာပဲ ဘုရား)၊ ဒါနဲ့ မရဘူး။ သဘောနဲ့လာမှ (ဒီလိုလည်း တိတိကျကျ နားမလည်ပါ ဘုရား)၊ အခုတော့ ရှင်းပါပြီ (ဖြစ်ပျက်ကလေးတွေ့တာနဲ့ ငါပြုတ်တာပဲ)၊ အဲဒီဟာ အသာထားဦး။ မင်း အဲဒီငါက အပြင်ဘက်က ရှုပ်တာ။ အခုဒီနား တင် အတွင်းရှုပ်နေတာ။ ကဲ ဒါလေးတစ်ခု ကျေနပ်ပြီလား၊ ကျေနပ်သွားတော့။

ဒါက ဦးထွန်းရင် ဦးသံဒိုင်ခန္ဓာ ဝိညာဏက္ခန္ဓာကိုးဗျ။ လောဘဆိုတော့ ဝိညာဏက္ခန္ဓာ။ ဒေါသကလေး ဖြစ်တော့လည်း ဝိညာဏက္ခန္ဓာ မဟုတ်ဘူးလား။ ဒါ (၁) မဖြစ်သေးဘူးလား၊ (၁)ဖြစ်ရင် (၂)လိုက်ဟေ့လို့ ဆရာဘုန်းကြီး က မှာမထားဘူးလား (မှာထားပါတယ် ဘုရား)၊ မှာထားတော့ကို (၁)ကို (၂)နဲ့ ဖမ်းကွ (တင်ပါ)၊ ဒါ ဝိပဿနာမှာ တန်း ကုန်ရင် ပြီးသွားပြီ။ (၁)ကို (၂)နဲ့ ဖမ်းတာချည်းပဲ၊ အထက်ဉာဏ်တွေလည်း (၁)ကို (၂)နဲ့ ဖမ်းတာပဲ။ အကုန် ဒီအတိုင်း ပဲ။ ဒါ ဝိပဿနာဉာဏ် (၁၀)ပါး (၁၆)ပါး အကုန် ဘာလုပ်တာလဲ။ (၁)ကို (၂)နဲ့ ဖမ်းနေတာ။ သင်္ချာနည်းနဲ့ တွက်တာ၊ အခုခေတ်က ရှည်ရှည်တွေးလို့ ရတာမှ မဟုတ်ဘဲ။ တိုတိုနဲ့ မိအောင်ပြော။ (၁)ကို (၂)နဲ့ ဖမ်းတာမှတစ်ပါး ဘာရှိသေး သလဲ (မရှိပါ)၊ မရှိဘူး။ ရှေ့က (၁)၊ နောက်က (၂)၊ (၁)ကို (၂)နဲ့ ဖမ်းတာပဲ။ ကိုထွန်းရင် (တင်ပါ)၊ ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)၊ သူ့ချုံးထားတာကိုလည်း ကြည့်ဦး။

သူ ပုထုဇဉ်စိတ် ခင်ဗျားတို့ သတိပဋ္ဌာန်ပါဠိတော်ကို မရရင် နေပါစေ။ ခင်ဗျားတို့ သန္တာန်ပေါ်တဲ့ စိတ်ကလေး ကိုလုပ် ၊ ပေါ်တဲ့စိတ်က (၁)။ ရှုတဲ့စိတ်က (၂)။ ဒါကိုသာ လိုက်နေဆိုတော့ ရှင်စူဠပန် ပေးတဲ့နည်းမျိုး။ မင်း ဒါ ပွတ်သာ ပွတ်ကွလို့ ခိုင်းတာလိုပဲ (တင်ပါ)။

မင်းဟာ ပွတ်သာပွတ်ကွလို့ ခိုင်းတယ် (တင်ပါ)၊ မည်းလိမ့်မယ်လို့တော့ ပြောမထားဘူး။ ဖောက်ပြန်လိမ့်မယ်လို့ ရော ပြောထားရဲ့လား (မပြောပါ ဘုရား)၊ မင်းဟာ ပွတ်သာပွတ်နေကွ။ “ရဇောဟရဏံ” ဆိုပြီးတော့ ဒီလိုဟောတာ။ အခုဟာ ခင်ဗျားတို့ ဒီအတိုင်းဟောနေတာ ရိပ်မိပြီလား (တပည့်တော်တို့က ရှင်စူဠပန်အောက်ပါ)၊ ကိုင်း ရိပ်မိပြီ လား။

ထိုတရား၏မရှိမှုကို ရှုတာ

ကိုင်း ဒါဖြင့် နာရီစေ့သွားလိမ့်မယ်။ ခင်ဗျားတို့ နာရီက တစ်မတ်ကျန်တော့တယ်။ သို့သော် သဘောက ပါသွားပြီ။ ကဲ ဒါဖြင့် တဇ္ဇာရီပညတ်ကို ရှုရမယ်။ တဇ္ဇာရီပညတ်ဆိုတာ အခြားမဟုတ်ဘူး၊ ထိုတရား၏မရှိမှုကို ရှုတာ၊ သဘောကျပြီလား။

ထိုဖြစ်ပေါ်လာသောတရား၏ မရှိမှုကိုရှုတာ (တဇ္ဇာရီဆိုတာ မြန်မာလို ဘယ်လိုပါလဲ ဘုရား)၊ တဇ္ဇာရီဆိုတာ ထိုသဘောတရား မူလပေါ်သွားတဲ့ သဘောတရားလေး အဲဒါလေးတွေ မရှိမှု၊ ပညတ်က မရှိမှု။ ထိုဖြစ်ပေါ်လာသော တရားတို့၏ မရှိမှုကို အကြည့်ခိုင်းတာ ဒါ ဝိပဿနာပဲ၊ သဘောပါပြီလား။

ဒါဖြင့် ဘယ်သူကဖြစ်ပျက် မြင်တယ်လို့ ပြောပေမယ့် ခင်ဗျားတို့က ဪ သူဟာ သဘောအားဖြင့် မြင် တယ်လို့သာမှတ်။ တကယ်ဖြစ်တာနဲ့ တကယ်ပျက်တာ မြင်လို့ရှိရင် နှစ်စိတ်ပြိုင်သွားမယ် (တင်ပါ)၊ မပြိုင်ပေဘူးလား ပြိုင်ကောင်းရဲ့လား (မပြိုင်ကောင်းပါ ဘုရား)။

အဲဒါ ဒီနေ့ အရိုးစွဲအောင် မှတ်ရမယ်။ ဪ ဖြစ်လို့သာ ပျက်သွားတယ်လို့ ဟောဒီကနေ သိလိုက်။ ဖြစ် လို့သာ ပျက်သွားတာ။ ဒီလိုသိတာမှ အမှန်ကိုးဗျ။ ဒါကို ဥဒယဗ္ဗယဉာဏ်လို့ ခေါ်နေတာ။ အဖြစ်မရှိဘဲနဲ့တော့ အပျက်မရှိပါဘူးကွာ၊ နေရာကျပြီလား (ကျပါပြီ)။

ကဲ ဒါက လွယ်လွယ်နဲ့ ဆရာပြောလို့ မရဘူး။ သေသေချာချာ ခရေစေ့တွင်းကျ စပြီးပြောတာ ခင်ဗျားတို့ စဉ်းစားကြည့်။ နှစ်စိတ်နဲ့ အသက်မရှင်ကောင်းဘူးလို့ ချီကတည်းက ဪ ဒါ ပြောတော့မယ်ကိုးလို့ မပေါ်သေး ဘူးလား။ နှစ်စိတ်နဲ့ အသက်ရှင်ကောင်းရဲ့လား (မရှင်ကောင်းပါ ဘုရား)၊ အဲဒီကတည်းက တစ်စိတ်ချုပ်ပြီးမှ တစ်စိတ် ဖြစ်ရတော့မယ်ဆိုတာ မသေချာဘူးလား (သေချာပါတယ်)၊ ဒီကတည်းက မရှိတာ မြင်ရတော့မယ်ဆိုတာ မပါသေးဘူး လား အဓိပ္ပာယ်က (ပါပါတယ်)၊ သဘောပါပြီလား (ပါပါပြီ ဘုရား)။

အေး တော်တော် စောစောတုန်းကဟာက ဒီတစ်လုံးတည်းနဲ့ နာရီမနည်းသွားတယ်။ နာရီကမြန်လို့လား၊ ခင်ဗျားတို့က ဉာဏ်နှေးလို့လားဆိုတာ အကဲခတ်လိုက်။ နာရီက ထုံးစံအတိုင်း သွားတာပဲ။ ခင်ဗျားတို့က နားလည်မှုနှေး နေတယ်။ သဘောပါပြီနော် (ပါပါပြီ)။

(၁) မရှိ တာကို (၂)နဲ့ ရှုပါ

နားလည်မှုနှေးနေတယ်။ ဒါဖြင့် (၁)ကို (၂)နဲ့ ရှုပါဆိုတဲ့စကားကို မိပြီလား အဓိပ္ပာယ် (မိပါပြီ ဘုရား)၊ (၁) မရှိ တာကို (၂)နဲ့ ရှုပါ ဖြည့်စွက်တယ်။ အရင်တုန်းက (၁)ကို (၂)နဲ့ရှုလို့ ဆရာဘုန်းကြီးက သင်လိုက်တယ်။ အခု ခင်ဗျားတို့ နားလည်မှ သင်တာ ဒီလိုမသင်ဘူး။ (၁) မရှိတာကို (၂) နဲ့ မိအောင်ရှု။ ဒါ သဘောပါပြီလား (တင်ပါ)။ ပါပြီလား။ (၁) မရှိတာကို (၂)နဲ့ မိအောင်ရှု။ (၂)နဲ့ မိအောင်ရှု၊ သဘောပါပြီလား။

(၁) မရှိတာကို (၂)နဲ့ မိအောင်ရှု။ သူမိချင်မှမိတာ၊ ဒါကြောင့် မိအောင်ရှုလို့ ပြောနေတာ (မှန်ပါဘုရား၊ ရှုတော့ ရှုတာပဲ၊ မမိတာက ရှိတယ်)၊ ရှိသေးတာပေါ့ဗျ။

ကိုင်း ဒါဖြင့် ဝိပဿနာမှာဖြင့် ခြုံမိတဲ့စကားပါပဲလို့ ဦးသံဒိုင်က ဆုံးဖြတ်ချက်ချ (မှန်ပါ ဘုရား)၊ မချနိုင်ဘူး လား (ချနိုင်ပါတယ်)၊ ဝိပဿနာတစ်ခုလုံးကို ခြုံမိပြီ။ ဝိပဿနာဉာဏ်ဟူသရွေ့ ဒါချည်းပဲမှတ်။ ဒီဉာဏ်ကသာ သူပြောင်း သွားတာ ဖြစ်ပျက်မိတယ်။ အပျက်မိတယ်။ သူ့ဟာသူ မိနေတာ၊ မိနေတော့ (၁)ကို (၁)မရှိတာကို (၂)နဲ့ သိတာမှ တစ်ပါး ဘာမှမရှိဘူး။ မဟုတ်ဘူးလား (တင်ပါ ဘုရား)၊ အဲဒီတော့ ဝိပဿနာဉာဏ် (၉) ခေါ်ခေါ်၊ (၁၆)ပါး ခေါ်ခေါ် ဟောခဲ့သော်လည်း ကျုပ်တို့က ဒါပဲမှတ် (တင်ပါ)၊ ကျဉ်းအောင် ဟောနေတာ (တင်ပါ)၊ ရိပ်မိပြီလား။ ကျဉ်းအောင်ဟော နေတာ (တင်ပါ)၊ ကျဉ်းသာ ကျဉ်းတာ အကုန်မိ၊ ပုထုဇဉ်စိတ် ရှုဆိုတော့ မမိသေးဘူးလား သဘောပါပြီနော်။

ကံဖြတ်ကို စတော့မယ်

ကိုင်း ဒါဖြင့် ကံဖြတ်ကို စတော့မယ်၊ (၁၅) မိနစ်ကျန်သေးတယ်။ ဒါကလေးရှုလိုက်၊ ဒါကလေး ရှုလိုက်တော့ ဒါကလေးကတော့ လောဘစိတ်ကလေး။ မရှုဘဲထားတော့ လောဘစိတ် နောက်ကနေတယ်။ လောဘက တဏှာပေါ့ ဗျာ (တင်ပါ)၊ ဥပါဒါန် မလိုက်ပေဘူးလား (တင်ပါလိုက်ပါတယ်)၊ ကံကော (ကမ္မဘဝလိုက်ပါတယ်)၊ ကမ္မဘဝလိုက်တယ်။ ကောင်းပြီ၊ ကံလိုက်လို့ရှိရင် “ကမ္မံ ဝိပါကဿ” ဆိုတော့ ကံက ဝိပါကအကျိုးပေးရလိမ့်မယ်။ အကျိုးမပေးပေဘူးလား။ “ကမ္မံ ဝိပါကဿ” လို့ ဘုရားက ကမ္မပစ္စည်းမလာပေဘူးလား (လာပါတယ်)၊ ဝိပါကဿဆိုတာ ပဋိသန္ဓေဇာတိကိုဆိုတာ။ ဇာတိလာလို့ရှိရင် ဇရာ မရဏ မလာရပေဘူးလား (လာရပါတယ်)၊ ဘယ်ပုဂ္ဂိုလ်၏ ဖြစ်စဉ်လဲ၊ မေးဖို့မလိုဘူးလား (လို ပါတယ် ဘုရား)။

ဝိပဿနာဉာဏ် မသွင်းနိုင်တဲ့ ပုဂ္ဂိုလ်၏ ပဋိစ္စသမုပ္ပါဒ်။ ဝိပဿနာ ဉာဏ်မသွင်းနိုင်တဲ့ ပုဂ္ဂိုလ်၏ ပဋိစ္စသမုပ္ပါဒ်၊ ရှင်းပြီလား။ ဘယ်သူ့ ပဋိစ္စသမုပ္ပါဒ်လဲ (ဝိပဿနာဉာဏ် မသွင်းနိုင်တဲ့ ပုဂ္ဂိုလ်၏ ပဋိစ္စသမုပ္ပါဒ်ပါ ဘုရား)။

အဲ တဏှာ ဥပါဒါန် ကံ ဇာတိ ဇရာ မရဏ ဪ အနာဂတ်ဘဝ။ ဟော ပစ္စုပ္ပန်အကြောင်း၊ အနာဂတ်အကျိုး၊ ပစ္စုပ္ပန်အကြောင်းသုံးခု, အနာဂတ်အကျိုးသုံးခု မပေါ်ပေဘူးလား (ပေါ်ပါတယ်)။

ဪ ဒါက ဆောင်းပြီး နွေ။ နွေပြီး မိုး၊ လှည့်နေတယ်၊ ကြားထဲမှာ ဥတုကို ပြင်ပေးမယ့်လူ မပါဘူး မပါဘူး။ နိယာမ ဖြစ်နေတယ်။ ဘုရားပွင့်လာလည်း ဒီလိုပွင့်လာတာပဲ။ ဘုရားပွင့်လာတော့ရော၊ ဒီကြားထဲ ဘုရားပွင့် လာတယ်၊ ဒါ ဘုရားပွင့်လာတာ။ ဘုရားမပွင့်ခင်က နိယာမ။ ဘုရားပွင့်လာတယ်ဆိုတော့ ကိုထွန်းရင်က ခေါင်းစိုက်နေ လိမ့်မယ်။ ဘုရားပွင့်မှ ဝိပဿနာဉာဏ်ပေါ်တာ၊ မဂ္ဂင်ငါးပါးက ဘုရားပွင့်မှပေါ်တာ။ ရှုကောင်းတယ်၊ မှတ်ကောင်းတယ် ဆိုတဲ့တရား (တင်ပါ ဘုရား)၊ ဘုရားမပွင့်ခင်က ရှိရဲ့လား (မရှိပါ ဘုရား)၊ မရှိဘူး၊ သာသနာတွင်းတရား။

ဒါဖြင့် သူကလေးကရော ဖြစ်ပြီးတော့ ပျက်မသွားပေဘူးလား (တင်ပါ ဘုရား)၊ ပျက်သွားတော့ (၂)က မမိဘူး လား (တင်ပါ)၊ ကျုပ်သင်ထားသလို ဦးသံဒိုင် ရှုလေ။ ကိုထွန်းရင်က ရှုလေ။ မမိသေးဘူးလား (မိပါတယ်)၊ မိတော့ ဖြစ် ပျက်မဂ်၊ မမိသေးဘူးလား။ မိသွားတော့ ဒါ လာဦးမလား။ ဥပါဒါန် ကံ ဇာတိ ဇရာ မရဏ လာဦးမလား၊ လာနိုင် သေးရဲ့လား (မလာနိုင်ပါဘုရား၊ အကျိုးလည်း မပေးတော့ပါ ဘုရား)။

အကျိုးမပေးတော့ဘူးနော်။ ဒီ ပဋိစ္စသမုပ္ပါဒ်ကို မလာနိုင်ဘူးနော်၊ မလာရင် ဒါ ဘုရားပွင့်လို့ ကွ။ ဒါ ခင်ဗျားတို့ဉာဏ်မှာ ဘုရားပွင့်တာ။ ဒါ သွင်းရမယ် (တင်ပါ)။

မဂ်နဲ့ ပဋိစ္စသမုပ္ပါဒ်ကို ဖြတ်လို့

ဘုရား ဘာကြောင့် ဘုရားဖြစ်တာတုံး။ ဆုတောင်းကြောင့် ဘုရားဖြစ်တာလား ၊ မဂ်နဲ့ ပဋိစ္စသမုပ္ပါဒ်ကို ဖြတ်လို့ ဘုရားဖြစ်သလား ဒါမေးလိုရင် ဘယ့်နှယ်ဖြေကြမလဲ (ဒီမဂ်နဲ့ ပဋိစ္စသမုပ္ပါဒ် ဖြတ်လို့ပါ ဘုရား)။

ယဒါ ဟဝေ ပါတုဘဝန္တိ ဓမ္မာ၊

အာတာပိနော ဈာယတော ဗြာဟ္မဏဿ။

အထဿ ကင်္ခါ ဝပယန္တိ သဗ္ဗာ၊

ယတော ပဇာနာတိ သဟေတုဓမ္မံ။ (ဝိနည်းမဟာဝါပါဠိ၊ နှာ-၃။)

ငါ အကြောင်းသိတာနဲ့ ဘုရားဖြစ်တယ်ကွ။ ငါချုပ်တာ သိတာ ချုပ်အောင် လုပ်နိုင်တာနဲ့ ဘုရားဖြစ် တယ်ကွ ဆိုတော့ (စက်ဝိုင်းထောက်ပြသည်)၊ ဒီဘက်က မချုပ်ဘူးလား (ချုပ်ပါတယ်)၊ အင်း သူချုပ်လို့ ဒါ ဘုရားဖြစ်တာ။ ခင်ဗျားတို့က ဗောဓိပင်နဲ့ ရွှေပလ္လင်မှာ ပွင့်တယ် အောက်မေ့နေတယ်။ ဟုတ်ကို မဟုတ်ဘူး (တင်ပါ)။

ဝမ်းထဲမှာ မဂ်ဉာဏ်ရောက်နေလို့။ ဗောဓိပင်နဲ့ ရွှေပလ္လင်က ကိုယ်တော်ကြီး တက်ထိုင်နေတာပဲရှိတယ်။ ရိပ်မိ ပြီလား။ သူ့ ပဋိစ္စ သမုပ္ပါဒ်ကို သူ့ဉာဏ်နဲ့ ဖြတ်တယ်၊ သဘောကျပြီလား ခင်ဗျားတို့က၊ အိန္ဒိယသွား ဘယ်သွား ဗောဓိပင်နဲ့ ရွှေပလ္လင်ကို အဲဒီမှာ ဘုရားဖြစ်တယ်ဆိုပြီး ဘုရားဖြစ်တဲ့နေရာကို ခင်ဗျားတို့က မသိဘူး။ အင်း သမုတိ တော့ သိတယ်။ ပရမတ်ကို မသိဘူး (တင်ပါ)။

ဘုရားဖြစ်တဲ့နေရာက သူ့ဝမ်းထဲမှာ။ ဝေဒနာနောက်က ဒါ တဏှာထားပါနော် (တင်ပါ)။

ကဲ ခင်ဗျားက ဥပမာ ဝေဒနာကလေး တစ်ခုပေါ်တယ်။ ဝေဒနာရှုလိုက်တော့ ဝေဒနာက ဖြစ်ပျက်နော်၊ ရှုတာက ဘာဖြစ်သလဲ မဂ်ဖြစ်တယ်။ တဏှာ ဥပါဒါန်ကံ ဇာတိ ဇရာ မရဏ လာသေးရဲ့လား (မလာပါ ဘုရား)။

မလာပါဘူး တဲ့။ ဘယ်နေရာ ဘုရားဖြစ်သလဲ မေးတော့ ဝေဒနာ နောက်မှာ ဘုရားဖြစ်တယ် (မှန်ပါ)၊ ဝေဒနာက္ခန္ဓာနောက်မှာ ဘုရားပွင့်တယ်။ ရူပက္ခန္ဓာနောက်မှာ (တဏှာကို မကူးပါ ဘုရား)၊ အကူးမခံတော့ဘူး အကူး မခံဘူး။ ကျုပ်တို့ စိတ္တာနုပဿနာက ကျုပ်တို့က အရမ်းသမားတွေမို့ ကူးရတာကိုးဗျ (တင်ပါ ဘုရား)။

ကျုပ်တို့က မိအောင်ဖမ်းရမယ် (တင်ပါ)၊ သူ့မိအောင် ဖမ်းရမယ်။ ဒီကဖမ်းယူ ဒီလိုသာလိုက်ဖမ်း တွေ့ရမယ်။ ဒီလိုသွား လက်သည်ကို တွေ့ရမယ်။ ဒါ သူက သဗ္ဗညုကိုးဗျ။

ကျုပ်တို့က ရင့်တာမှ မဟုတ်သေးဘဲ။ ဗြုတ်စဗျင်းတောင်းကိုးဗျ။ ဗြုတ်စဗျင်းတောင်း ဆိုတော့ တဏှာသာရှုကွ.. လို့ ကျုပ်တို့ကျတော့ ခိုင်းရတယ် (တင်ပါ)။

သူ့ကျတော့ အကူးကို မခံဘူး။ ခံသေးရဲ့လား (မခံပါ ဘုရား)၊ မခံဘူး တဲ့။ ကွာသွားတယ်။ သဘောပါပြီလား (သာဓုပါ ဘုရား)။ သာဓုက ခင်ဗျား သာဓု အရမ်းခေါ်လို့ မရဘူး။ သာဓုခေါ်မှားသွားတာတွေလည်း ရှိသေးတယ်။ နွား သတ်တာ သာဓုခေါ်နေလို့ရှိရင်လည်း မကောင်းဘူး (မှန်ပါ ဘုရား)။

ရိပ်မိပြီလား၊ ကဲ ဒါဖြင့် ဘုရားဖြစ်တဲ့နေရာရော သိပြီလား (သိပါပြီ)၊ ဝေဒနာနောက်က မဂ်လာတယ်။ တဏှာအလာမခံဘူး။ ဒါကြောင့် တဏှာဟူသော လက်သမားကို ငါနိုင်ပြီကွ လို့ ဒီနေရာကနေ ဟောတာ (တင်ပါ)၊ “အနေကဇာတိ သံသာရံ” လို့ မအော်ဘူးလား။

သူ့ကို နိုင်လို့အော်တာ။ ကျုပ်တို့ ခင်ဗျားတို့ကတော့ မနိုင်ဘူး။ မနိုင်တော့ ဝေဒနာပြီး ကျုပ်တို့က စားလို့ကောင်း လိုက်တာပဲ။ ကောင်းလို့ သဘောကျတယ်က လာသေးတယ်။ ကျုပ်တို့က မလာပေဘူးလား (လာပါတယ်)၊ လာတော့ သဘောကျတဲ့တဏှာ ဖြစ်ပျက်ရှုကွ..။

ဦးသံဒိုင် ဒါ ရှုစရာ ရိုးရိုး။ ခင်ဗျား မနိုင်ဘူး (တင်ပါ)၊ ဒါဖြင့် တပည့်တော် ဖြစ်ပျက်မြင်ပါပြီဘုရား။ ရှိရာက မရှိတာလေး ချုပ်သွားတာ တပည့်တော် မြင်ပါပြီဘုရား။

ဪ မင်းက ဘုရားထက်တော့ ဖျင်းတယ်ကိုးကွဆိုပြီး ဥပါဒါန်က စဖြတ်။ ဥပါဒါန် ကံ ဇာတိ ဇရာ မရဏ (တင်ပါ ဘုရား)၊ ဖြတ်ပုံချင်းတော့ မတူဘူးပေါ့လေဗျာ။ တူသေးရဲ့လား (တင်ပါ ဘုရား) ဟိုက ရပ်ဆိုတဲ့နေရာ ရပ်လို့ရတယ်။ ဟိုက မနိန္ဒြိယကိုးဗျ၊ စိတ်ကို အစိုးရတယ်၊ ခင်ဗျားတို့က အစိုးမရဘူး (တင်ပါ ဘုရား)၊ ရသလား (မရပါ ဘုရား)။ ဒါ ကွာသွားတယ်။ ကောင်းကောင်း သဘောပါပြီလား။

ဒါဖြင့် ဒီမဂ်ဟာ ဟောဒီကံ မဖြတ်ဘူးလား-ဖြတ်သလားလို့ မေးကြစို့။ တဏှာတောင် ဖြတ်ပြီးပေါ့။ သူ့ အရှင် သခင်တွေတောင် ဖြတ်ပြီးသွားပြီ။ တဏှာ ဥပါဒါန်တောင် ဖြတ်ပြီးသွားပြီ။ ဒီကံ မပြတ်ချင်လို့ ရမလား (မရပါ ဘုရား)။

မဂ်ဆိုတာ ဘာတုံး

ဒါဖြင့် မဂ်ဆိုတာ ဘာတုံးလို့ မေးလိုက်တယ်၊ ကိုထွန်းရင် (တင်ပါ ဘုရား)၊ ကံဖြတ်တာ (တင်ပါ)၊ ပေါ်ပြီလား (ပေါ်ပါပြီ)၊ မဂ်ဆိုတာ (ကံဖြတ်တာ)၊ ကံဖြတ်တာ၊ သောတာပတ္တိမဂ်က အပါယ်လေးပါးသွားတဲ့ ကံတွေကို ဖြတ်ချတယ်။ မဟုတ်ဘူးလား။

သကဒါဂါမိမဂ်သည် တနုကရအားဖြင့် ကာမရာဂ = ကာမဘုံ လည်စေတတ်တဲ့ ကံတွေကို ဖြတ်ချလိုက်တယ် မဟုတ်ဘူးလား။

အနာဂါမိမဂ်သည် ကာမရာဂ ဒိဋ္ဌိဂတဝိပ္ပယုတ်လေးပါး၊ ဒေါသမူ ဒွေးကို ဖြတ်ချလိုက်တယ် မဟုတ်ဘူးလား (တင်ပါ ဘုရား)၊ အင်း ဘဝရာဂတွေကို ဖြတ်ချတယ်။ အရဟတ္တမဂ်ကျတော့ ရူပရာဂ၊ အရူပရာဂ မာန၊ အဝိဇ္ဇာတွေ ကိုပါ ဖြတ်ချလိုက်တယ်။ မဆိုနိုင်ဘူးလား။ ဒါ အနုသယ ယမိုက်အတိုင်းပေါ့ဗျာ။ ဒါတွေကတော့ အထူးပြောဖို့ မလိုပါဘူး။

ဒါဖြင့် ကံဖြတ်ဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)၊ ရှင်းပြီလား ဒါဖြင့် ဝိပဿနာရှုတာ ဘယ်အကျိုး ငှာ ရှုသလဲ မေးဦးမယ်၊ ဦးသံဒိုင် (အပါယ်လေးပါး သွားစေတတ်တဲ့ကံကို ဖြတ်ချလိုက်ပါတယ်)၊ ဒါ- ရှေးဦးစွာ ဖြတ် တယ်။ ဒါ ရှေးဦးစွာ ဖြတ်တယ်၊ ဒီ့ပြင် ကံတွေကိုတော့ သူဖြတ်ကို မဖြတ်နိုင်ဘူး။ ကာမ သုဂတိ သွားမယ့်ကံကို ဒီမဂ် က မနိုင်ဘူး (တင်ပါ)၊ ရူပ-အရူပ။ သုဂတိသွားမယ့်ကံကို မနိုင်ဘူး။ ရှင်းပြီလား။

ပထမမဂ်သည် အပါယ်လေးပါး သွားမယ့်ကံသာ သူဖြတ်နိုင်တယ်

ပထမမဂ်သည် အပါယ်လေးပါး သွားမယ့်ကံသာ သူဖြတ်နိုင်တယ်။ သို့သော်လည်း ဘယ်မဂ်မဆို ကံတော့ ဖြတ်တာချည်းပဲ။ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ်)၊ မဂ်လေးပါးစလုံး ဘာဆိုကြမလဲ။ ကံဖြတ်ချည်းပဲ။

ဒါဖြင့် ဝိပဿနာလုပ်တာသည် ခင်ဗျားတို့ ဘယ်အတွက်ကြောင့် မန္တလေးဘုန်းကြီးဆီကို ရန်ကုန်က လာကြတာ တုံးလို့ အမေးခံရရင် နည်းကောင်းလိုချင်လို့ ဘုရား (အရင်းကျကျ သိချင်လို့ ဘုရား)၊ ဒါပဲ ခင်ဗျားတို့ ရည်ရွယ်ချက် နဲ့ လာတာပဲ (ဒါပဲရှိပါတယ်)။

သို့သော် ခင်ဗျားတို့ကို ဘုန်းကြီးက သင်ပေးလိုက်တယ်။ ဪ ခင်ဗျားတို့ ကံဖြတ်လာတာကိုး။ ဘယ်သူက မှန်သလဲ၊ မှန်တာပဲ မဟုတ်လား (တင်ပါ)၊ ကံဖြတ်လာတာ၊ ရှင်းပြီလား (ရှင်းပါပြီ)၊ ကောင်းပြီ၊ ကံဖြတ်တဲ့ဝတ္ထုကို ခင်ဗျားတို့ သင်ပေးလိုက်မယ် ငါးမိနစ် ကျန်သေးတယ်။

ဘုရားသည် ဟလိဒ္ဒ (မဇ္ဈိမပဏ္ဏာသပါဠိ၊ ကုက္ကုရဝတိကသုတ်၊ နှာ-၅၀။) ၊ ဟလိဒ္ဒဆိုတာဟာ နနွင်းပေါတဲ့ ရွာပါပဲဗျာ ၊ အဲဒီ နနွင်းပေါတဲ့ရွာကို ဘုရားက သွားလိုက်တယ်၊ သွားလိုက်တဲ့ အခါကျတော့ ခင်ဗျားတို့က အိန္ဒိယ ရောက်ဖူးတဲ့လူလည်း ရောက်ဖူးကြမှာပါပဲ။ တချို့ နွားလို ကျင့်နေတာရှိတယ်။ ချိုကြီးတပ်ပြီးတော့ လေးချောင်း ထောက်ပြီးတော့သွားတယ်၊ နွားလိုပဲ တွန်တယ်။ နွားလိုပဲ မြက်စားနေတယ်။ ဒီအကျင့်ဟာ ကောင်းတယ်ဆိုပြီး (တင်ပါ)။

သီလဗ္ဗတပရာမာသ တချို့က ခွေးလိုကျင့်တယ်။ ခွေးလိုပဲ ခွေးချင်းတွေ့ရင် သွားကြီးဖြီးပြ၊ မြေပေါ်ချကျွေးမှ စား၊ အဲဒီလို ခွေးလိုကျင့်နေတဲ့ အကောင်။ နွားလို ကျင့်နေတဲ့အကောင်၊ နွားလိုကျင့်နေတဲ့အကောင်က ပုဏ္ဏ။ ခွေးလိုကျင့် နေတဲ့အကောင်က သေနိယ နှစ်ယောက်ရှိတယ်။

ဘုရားကလည်း အဲဒီနနွင်းပေါတဲ့ ရွာမှာသွားပြီး ဆွမ်းခံမလို့ လုပ်တော့ နွားလိုကျင့်တဲ့ အကောင်ကလည်း နွားလိုလာပြီး ဘုရားဆီလာပြီး ဘုရားကို ကျောနဲ့ပွတ် ဘာနဲ့ပွတ်။ ခွေးလိုကျင့်တဲ့ အကောင်ကလည်း ခွေးလိုလာပြီး ဘုရားကို ခြေထောက်ပွတ်တယ်။ ပွတ်ပြီးတော့မှ စကားပြောတယ်။

ဘုရားကို စကားပြောတယ်။ အရှင်ဘုရား တပည့်တော်တို့ ကျင့်နိုင်ခဲ့တဲ့ နွားလိုအကျင့် ကျင့်နေပါတယ်။ ကျင့်နိုင်ခဲတဲ့ ခွေးလိုအကျင့် ကျင့်နေပါတယ်။ ဒီအကျင့်တွေဟာ တပည့်တော်တို့ အထင်အတိုင်းဆိုရင် နတ်ရွာသုဂတိ ဗြဟ္မာပြည်လားလိမ့်မယ်လို့ ထင်နေတယ်။ ဒါ ဆရာသမားတွေက ဒီအတိုင်းဟောလို့ ဒီအတိုင်း ကျင့်နေတယ်လို့ ပြောတယ် (မှန်ပါ ဘုရား)။ နှစ်ပေါင်းများစွာ ခွေးအကျင့်၊ နွားအကျင့် ကျင့်ခဲ့တဲ့ တပည့်တော်တို့ သေသော် ဘယ်ဘုံရောက် ပါမလဲတဲ့၊ မေးကြတယ်။

ဘုရားက ဟာ ငါ့မမေးနဲ့ကွာ၊ သေနိယတို့ ပုဏ္ဏတို့ ငါ့မမေးနဲ့၊ ငါ့ကို မမေးကြနဲ့။ အို တပည့်တော်တို့ မေးပါရစေ၊ အရှင်ဘုရား အကုန်သိတာပဲ။ သုံးခါမေးတော့မှ ဖြေတယ်၊ ခွေးလိုကျင့်တဲ့ အကောင်က ခွေးအကျင့်၊ ခွေး စိတ်၊ ခွေးအသွင်အပြင်ကို ပွားများရင်၊ နှစ်သက်နေလို့ရှိရင် သေရင် ခွေးဖြစ်မယ်ကွ၊ ဘုရားက တစ်ချက်ဟောလိုက်တယ်။ ခွေးအကျင့်နဲ့ နတ်ရွာ သုဂတိ နိဗ္ဗာန်ရောက်လိမ့်မယ်လို့ အယူရှိရင် အဲဒီ မိစ္ဆာဒိဋ္ဌိကြောင့် သေသော် ငရဲနဲ့ တိရစ္ဆာန် တစ်ခုခုသွားရမယ် (တင်ပါ ဘုရား)၊ ခွေးအကျင့်ကို ပြည့်ပြည့်စုံစုံကျင့်ရင် ခွေးဖြစ်မယ်၊ မပြည့်မစုံကျင့်ရင် ငရဲကျမယ် (မှန်ပါ့)၊ ပေါ်ပြီလား (တင်ပါ ဘုရား)။

နောက် ဒီကောင်က မေးပြန်လည်း ဒီအတိုင်းပဲ။ သေနိယက မေးပြန်လည်း ဒီအတိုင်းပဲ ဖြေတယ်။ ငိုကြတယ်.. ငိုကြတယ်။ ငါ့မမေးနဲ့ ပြောသားပဲ၊ မင်းတို့တစ်တွေ ငိုမှာစိုးလို့။

မဟုတ်ဘူးဘုရား၊ တပည့်တော်တို့မှာ ဆရာသမား လွဲလာတယ်။ ကိုယ့်အထင်တွေ လွဲကုန်ပြီ။ တပည့်တော်တို့ ခွေးအကျင့်၊ နွားအကျင့် စွန့်လွှတ်အောင် မြတ်စွာဘုရား တရားဟောစွမ်းနိုင်တယ်လို့ ယုံကြည်ပါတယ်။ ဒါဖြင့်ဘုရား ဘယ်လိုကျင့်မှ ကိုယ်အလိုရှိတဲ့ဆီကို ရမလဲ၊ မဂ်ဖိုလ်နိဗ္ဗာန် ရောက်မလဲလို့ မေးရတာပေါ့။ မေးတဲ့အခါကျတော့။

ကံလေးမျိုး

ကွာ ၊ ငါ ကံလေးမျိုး ခွဲပြပါရစေဦး တဲ့။ မဟောသင့်ဘူးလား၊ ရှင်းပြီလား၊ ဘာခွဲပြသလဲ (ကံလေးမျိုး ပါ)၊ မည်းတဲ့ကံ မည်းတဲ့အကျိုးပေးတဲ့ ကံတစ်မျိုးကွ။ သေနိယတို့ ပုဏ္ဏတို့ သေသေချာချာမှတ်။ ဖြူတဲ့ကံ ဖြူတဲ့အကျိုး ပေးတယ် ဖြူတဲ့ကံ ဖြူတာကို အကျိုးပေးမှာပေါ့ဗျ။ ဒါကျတော့ အမည်းအဖြူရောတဲ့ကံ၊ အမည်းအဖြူရောတဲ့ကံ ဟာ အမည်းအဖြူ နှစ်ခုအကျိုးပေးမယ်တဲ့၊ သဘောကျရဲ့လား (တင်ပါ)၊ အမည်းအဖြူမရောတဲ့ကံက အမည်းအဖြူ မရောတာ အကျိုးပေးမယ်။ (၁၊ ၂၊ ၃၊ ၄) ကံလေးမျိုး မရှိဘူးလား (တင်ပါ ဘုရား) ပေါ်ပြီလား (တင်ပါ ဘုရား)။

ဒါက အင်္ဂုတ္တိရ်ပါဠိတော် (အင်္ဂုတ္တိုရ်ပါဠိ၊ ပထမအုပ်၊ ဝိတ္ထာရသုတ်၊ နှာ-၅၅၃။) မှာ လာတယ်။ ဒါက ဘာလဲ အမည်းကံ အမည်းအကျိုးပေးမယ်။ ဒါက အဖြူကံ အဖြူပဲ အကျိုးပေးမယ်။ အမည်းနဲ့အဖြူ ရောတဲ့ကံက အမည်းနဲ့ အဖြူရောတဲ့ အကျိုးပေးမယ်။ အမည်းအဖြူ မရောတဲ့ ကံက မရောတဲ့အကျိုးပေးမယ်၊ သဘောကျပြီလား။ ခင်ဗျားတို့ ကျုပ်တို့မှာ ဒီကံလေးမျိုးပဲ ရှိတယ်။

ကံလေးမျိုး ရှိတယ်။

အမည်းကံက အမည်းအကျိုးပေးတယ်ဆိုတော့၊ ဒါ အကုသိုလ်လုပ်လို့ အကုသိုလ်အကျိုးပေးတာ။ အမည်း အမည်းချင်းပေါ့ဗျာ။ ဒါကတော့ ရှင်းပြီထားလိုက်ပါတော့နော်၊ အဖြူကံက အဖြူအကျိုးပေးတယ်ဆိုလို့ ခင်ဗျားတို့ လှူဒါန်း ပေးကမ်းပြီးတော့ နေတာပဲ၊ နတ်ရွာ သုဂတိတွေ ဘာတွေကို ရောက်ရာရောက်ကြောင်း လုပ်တယ်။ မရောက်ပေဘူးလား (တင်ပါ)၊ ဒါ အဖြူကံ အဖြူပဲ အကျိုးပေးမယ် (တင်ပါ)၊ သဘောကျပြီလား (တင်ပါ ဘုရား)။

နိဗ္ဗာန်ပါသလား၊ မပါသေးဘူးနော် (တင်ပါ)၊ တစ်ခါ သွားဦး။ အမည်းအဖြူရောတဲ့ကံဆိုတော့ ဝက်သားရောင်း ပြီး လှူတာ (တင်ပါ)၊ ဆိတ်ကုန်သည်ကြီးတွေက အလှူပေးတာ (မှန်ပါ ဘုရား)၊ အမည်း အဖြူ မရောဘူးလား။ အလှူ ပေးတာက အဖြူ၊ ရတဲ့ ပစ္စည်းက အမည်း။ သူ့ကျတော့ ဘယ့်နှယ်ဆိုမလဲ (မိဿကပါ)၊ မိဿက ဖြစ်နေတော့ အမည်း အဖြူရောတဲ့ကံကြောင့် သူ ရွှေနဂါးကြီး သွားဖြစ်မယ်။ ရွှေနဂါးကြီး သွားဖြစ်မယ် ဆင်ဖြူတော်ကြီး သွားဖြစ်မယ်။ တိရစ္ဆာန်တွေထဲမှာတော့ သူများထက်တော့ သာတယ်။

ဒါ ဘယ်ကံလဲဆိုတာ ရိပ်မိပြီလား၊ သူ ဘယ်လို လုပ်တာတုံး အမည်းအဖြူရောတဲ့ကံပဲ။ ဘာဖြစ်သလဲ ဘယ်လိုအကျိုးပေးသလဲ အမည်းအဖြူရောပြီး အကျိုးပေးတယ်။ သဘောပါပြီလား၊ အမည်းကံက ဘာလဲ (အမည်းအကျိုးပေးတယ်)၊ အဖြူကံက (အဖြူအကျိုးပေးတယ်)၊ အမည်းအဖြူရောတဲ့ကံက (အမည်အဖြူရောတဲ့ အကျိုးပေးပါတယ် ဘုရား)။

ဟော မင်းတို့ မဂ္ဂင်ရှစ်ပါးကတေ့ အမည်းအဖြူ မရောတဲ့ကံ။ သဘောကျပြီလား (တင်ပါ)၊ ခင်ဗျားတို့ ဝိပဿနာရှုတဲ့ကံက ဘာကံတုံး (အမည်းအဖြူ မရောတဲ့ကံပါ) အမည်းအဖြူမရောတဲ့ကံ။ အကယ်၍ သူဟာ အမည်း အဖြူရောတယ်လို့ မင်းတို့ယူလို့ရှိရင် အပါယ်လည်း အကျိုးပေးမှာပဲ။ နတ်ရွာသုဂတိရော (အကျိုးပေးမှာပါ)။

ဆင်တော် မင်္ဂလာတို့ရော။ ဒီအထဲက အမည်းအဖြူ အကျိုးမပေးတာ ထုတ်ပါလား။ အမည်းအဖြူ မရောတာ မသေချာဘူးလား တဲ့၊ သဘောပါပြီလား။ ဒါဖြင့် ဝိပဿနာအလုပ်ကတော့ ဘာတုံး (အမည်းအဖြူ အကျိုး မပေးတဲ့ကံ)၊ ကံပဲရှိတယ်။ ရှင်းပြီလား (ဝိပဿနာက အမည်းအဖြူမှ မဟုတ်တာ ဘုရား)။ အေးလေ အမည်းအဖြူ မဟုတ်တဲ့အပြင် ငါဘုရား ရှင်းပြဦးမယ် တဲ့။

ဟောဒီ (၁၊ ၂၊ ၃) တွေကို ဖြတ်လိုက်တော့၊ ဒီကံတွေ အကုန်ဖြတ်ပေးလိုက်တယ်။ ကံလဲ ဖြတ်ပေးသေး တယ်၊ အမည်းလည်း ဖြတ်သေးတယ်။ ဒါကြောင့် အပါယ်လွတ်သွားတာ (တင်ပါ)၊ ဟိံသက တို့ကြည့် အပါယ်သွားဖို့ ကံတွေ အများကြီး၊ မဖြတ်ဘူးလား (တင်ပါ)။

အဖြူတွေ ရောထားတာ ဝေဿန္တရာကြီးကရော၊ ဝေဿန္တရာ အကျိုးပေးဖို့ ကုန်နိုင်ပါ့မလား။ အဲဒီ အဖြူကံတွေ ကော မဖြတ်ဘူးလား (ဖြတ်ပါတယ်)၊ အမည်းအဖြူရောတဲ့ ကံတွေကော ဘုရားအလောင်းမှာ မရှိဘူးလား (ရှိပါတယ် ဘုရား)။

အဲဒါ ဘယ်သူနဲ့ ဖြတ်သတုံး၊ မဂ်ကံနဲ့ ဖြတ်တယ်။ သဘောကျ ပြီလား။ ဒါဖြင့် မဂ်ကံသည် ဘာကံတုံးလို့ မေး လို့ရှိရင် ခင်ဗျားတို့ ဘယ့်နှယ်ဖြေမလဲ၊ အမည်းအဖြူ မရောတဲ့ကံ။ ဆုံးဖြတ်ချက် ကျပြီလား (ကျပါပြီ ဘုရား)။

ကြည့်လေ အကုသိုလ်ကံကတော့ အမည်းကံမို့ အမည်းအကျိုး ပေးတယ် (တင်ပါ)၊ အဖြူကံက အဖြူအကျိုး ပေးတယ်။ အမည်းအဖြူ ရောတဲ့ကံက (အမည်းအဖြူအကျိုးပေးတယ်)၊ အခုဟာက အမည်း အဖြူမရောတဲ့ကံကွ ရှင်းပြီလား။ သေနိယတို့ ပုဏ္ဏတို့ကို ဟောတယ်၁။ ကျုပ်က ဟောတာမဟုတ်ပါဘူး (တင်ပါ ဘုရား)၊ သဘောပါပြီလား (ပါပါတယ်)။

ဒါဖြင့် ခင်ဗျားတို့ အခု လာတောင်းတဲ့ ကံဟာ ဘယ်ကံလိုချင်လို့ ဒီကိုလာကြတာတုံးမေးတော့ ရိပ်မိပြီလား (တင်ပါ ဘုရား)။ ဘယ်ကံပါလိမ့် (အမည်းအဖြူ မရောတဲ့ကံပါ)။

အေး ကြည့် အမည်းအဖြူမရောတဲ့ အလုပ်ကို ခင်ဗျားတို့ လုပ်ချင်လို့။ အမည်းလိုချင်ရင် အပါယ်လေး ပါး သွားမယ်။ အဖြူလိုချင်ရင် သုဂတိသွားမယ်။ အမည်းအဖြူရောရင် ရောရာကြီး အကျိုးပေးမယ် (တင်ပါ)။

ကံဖြတ်တရား

ဒါဖြင့် အမည်းအဖြူ မရောတဲ့ကံသည် တဲ့။ သေနိယ ပုဏ္ဏ သေသေချာချာမှတ် ဘုရားက၊ ဟောဒီကံတွေ အကုန်ဖြတ်တယ်ကွ၊ (သုံးပါးကိုဖြတ်)၊ သုံးပါးဖြတ် ကံဖြတ်တရား။ ဘယ့်နှယ်ဆိုကြမလဲ (ကံဖြတ်တရားပါ)၊ ပေါ်ပြီလား။

ဒါဖြင့် အမည်းအဖြူ မရောတဲ့ကံဟာ ကျုပ်တို့ ဝိပဿနာဉာဏ်က စပြီးသကာလ မဂ်ဉာဏ်ဆုံးတယ်။ ပေါ်ပြီလား (ပေါ်ပါတယ်)။

အဲဒီတော့ သေနိယတို့ ပုဏ္ဏတို့ နွားလိုကျင့်တဲ့အကောင်၊ ခွေးလို ကျင့်တဲ့အကောင်ထဲက သေနိယက တပည့် တော် ရဟန်းပြုပါရစေ။ အေး ပြုကွ၊ တိတ္ထိထဲကလာသူ ဒီသာသနာမှာ ရဟန်းပြုချင်ရင် လေးလလောက်တော့ ဆိုင်းလိုက်ဦးကွ။

ကဲ မဆိုင်းပါနဲ့ကွာ၊ သူ ကျွတ်တမ်းဝင်မှာ သိတယ်။ သူရဟန်းပြုပြီး မကြာမီမှာပဲ တစ်ခါတည်း ဒီကျုပ်တို့ ဝိပဿနာဉာဏ် မဂ်ဉာဏ်ရှုချလိုက်တာ ရဟန္တာဖြစ်သွားတယ်ဆိုတော့ တစ်ဖက်က မိစ္ဆာဒိဋ္ဌိကံတွေ အကျိုးပေးနိုင်သေး ရဲ့လား (မပေးနိုင်ပါ ဘုရား)။

ဒါဖြင့် ကံမဖြတ်ဘူးလား – ဖြတ်သလား (ဖြတ်ပါတယ် ပြတ်ပါတယ်)၊ သူ့မှာ အဖြူကံတွေရော မရှိဘူးလား (ရှိပါတယ်)၊ ဘဝများစွာက (ရှိပါတယ်)၊ အဲဒါရော (ဖြတ်ပါတယ်)၊ အမည်းအဖြူ ရောတဲ့ကံတွေရော (ပြတ်ပါတယ် ဘုရား)။

ဒါဖြင့် ရိပ်မိပလား (ရိပ်မိပါပြီ)၊ ဒီကံကို ကျုပ်တို့ အဓိကထားပြီး ကျေးဇူးများအောင် လုပ်ရမယ်ဆိုတာ ပေါ်ပြီ လား (ပေါ်ပါပြီ)၊ ဒီကံ မလာသေးသရွေ့ ကျုပ်တို့မှာ လိုသေးတယ်သာ ဆုံးဖြတ်ချက်ချပါ (တင်ပါ ဘုရား)၊ ဆုံးဖြတ်ချက် ချနိုင်ပြီလား (ချနိုင်ပါတယ် ဘုရား) ပေါ်ပြီလား (ပေါ်ပါပြီ)။

ဒါဖြင့် သေနိယမှာ ဒီကံတွေ ဖြတ်လိုက်တဲ့အတွက် သူ့မိစ္ဆာဒိဋ္ဌိက သာမညအကုသိုလ် မဟုတ်သေးဘူး၊နိယတမိစ္ဆာ ဒိဋ္ဌိ၊ သို့သော် သူ့မှာ ဒီကံကို ဆရာကောင်း သမားကောင်းနဲ့ တွေ့တာနဲ့၊ နည်းပေးလိုက်တာနဲ့ ဒီကံကို ဝိပဿနာဉာဏ်နဲ့ ဖြတ်ချလိုက်တယ် (တင်ပါ ဘုရား)။

ဒါထောက်ကြည့်တော့ ပဉ္စနန္တရိယကံထက် မိစ္ဆာဒိဋ္ဌိက သက်သာတယ်။ ပဉ္စနန္တရိယ ကံကို ကျူးလွန်ပြီးရင် မဂ်ဖိုလ် မရနိုင်ဘူး။ မိစ္ဆာဒိဋ္ဌိကို အခုစွန့်လိုက်ရင် အခု မဂ်ဖိုလ် ရတယ်။ ဒါ ကွာသေးတယ်၊ အပြစ်တော့ ကြီးတာအမှန်ပဲ (ဒါဖြင့် ပဉ္စာနန္တရိယကံ ကျူးလွန်ပြီးတဲ့သူဟာ ဒီအလုပ် လုပ်လို့မရတော့ဘူးလား မဂ်ဖိုလ် တားသွားသလား ဘုရား)။

မဂ်ဖိုလ်တားသွားပြီ။ ဒီအလုပ်လုပ်လို့ မရတော့ဘူး၊ ဘယ်လိုပဲကြိုးစားလုပ်လုပ်၊ မရတော့ဘူး၊ အဇာတသတ် ကြည့်ပါလား၊ သာမညဖလသုတ်ဟောတော့ သူရဖို့ပဲ။ ဒါပေမဲ့ ရမှာမရဘဲ။ ရှင်းပြီလား (တင်ပါ ဘုရား)။

အဲဒီတော့ ဒီနေ့ “ပွိုင့်” ဘယ်နှစ်ချက် ပြောသတုံးဆိုတော့ စကား နှစ်လုံးတည်းပါတယ်။ တဇ္ဇာရီပညတ်ရှုရတာ တစ်မျိုး၊ ကံဖြတ်တဲ့ အလုပ်ဆိုတာ တို့အလုပ်ပဲလို့ သိဖို့ ဆုံးဖြတ်ချက်ချတာက တစ်မျိုး (တင်ပါ)၊ ဒီနှစ်မျိုးနဲ့ပဲ ခင်ဗျားတို့ ဒီနေ့ရပ်ပါဦး နာရီစေ့သွားပြီ။

သာဓု သာဓု သာဓု။