ကာလစားဖတ် သေဘေးထပ် တရားတော်
ဆောင်ပုဒ်
သုခဝေဒနာ၊ ကိုယ်တွင်းလာ၊ တဏှာ ဥပါကံ။
ဇာတိ, ဇရာ၊ ဗျာဓိလာ၊ မရဏာ စားဖို့ဖန်။
ဝေဒနာပေါ်ဆဲ၊ ရှုဉာဏ်ထဲ၊ ချုပ်စဲ တဏှာကံ။
ဝေဒနာဖြစ်ပျက်၊ ရှုဉာဏ်မဂ်၊ ပေါ်ထွက် နိရောဓံ။
ဇာတိချုပ်ငြိမ်း၊ ဇရာသိမ်း၊ အေးငြိမ်းမြတ်သုခံ။
ဤနည်းဆက်တိုက်၊ ရှုဉာဏ်လိုက်၊ စူးစိုက်တာဝန်ခံ။
ဖြစ်ပျက်မြင်များ၊ မုန်းဉာဏ်ပွား၊ မုန်းများ ချုပ်ဆုံးမှန်။
ခန္ဓာချုပ်ငြိမ်း၊ သေပွဲသိမ်း၊ အေးကိန်း နိဗ္ဗူတံ။ ။
သတိချပ်
နံနက်နှင့်ည၊ ကာလက၊ စားထ ကိုယ်ခန္ဓာ။
ပျိုရုပ်ကုန်ပျောက်၊ အိုရုပ်ရောက်၊ မျက်မှောက်ရှေ့တွင်သာ။
အသေခံမျိုး၊ အသေဆိုး၊ သေဆိုး ထုံးတံထွာ။
ကာလစားဖတ်၊ ဗြဟ္မာရပ်၊ လူနတ်သတ္တဝါ။
ဤနည်းတာရှေ၊ သံသာဗွေ၊ သေလေ ထပ်ထပ်သာ။
ကာလကင်းလွတ်၊ နိဗ္ဗာန်ရပ်၊ ဆိုက်ကပ်နိုင်ဖို့ငှာ။
ကာလကိုပြန်၊ စားနိုင်ရန်၊ ကျင့်ကြံအားထုတ်ရာ။
အန္တရာယ်ကင်း၊ ဘေးရန်ရှင်း၊ မြိုက်ခင်း ဝိမုတ္တာ။
တရားသား
ခန္ဓာကိုယ်ကြီးဟာ ဘာဖြစ်နေသလဲ
အားလုံး တရားနာလာကြတဲ့ ဒကာ,ဒကာမတွေ မိမိတို့ခန္ဓာကိုယ်ကြီးဟာ ဘာဖြစ်နေသလဲဆိုတာ သိဖို့ အလွန် အရေးကြီးပါတယ်၊ မိမိတို့ခန္ဓာကိုယ်ကြီးကို နံနက်ကာလ, ညကာလတွေက စားဝါးပြီးနေကြတယ်၊ မျိုနေကြတယ်ဆိုတာ မှတ်လိုက်ကြပါ။
မိမိတို့ ခန္ဓာကိုယ်ကြီးကို နံနက်ကာလ, ညကာလတွေက စားဝါးပြီးနေတဲ့အတွက် ပျိုတဲ့ရုပ်တွေ အကုန်ပျောက် ပြီး အိုတဲ့ရုပ်တွေ ပေါ်ပေါက်လာတာဟာ ကာလက စားသောက်ပစ်လို့ပဲဆိုတာ မှတ်ကြရမယ်၊ ကာလက စားမှုကြောင့် ဒကာတို့မှာ ပျိုရုပ်တွေပျောက်ပြီး အိုရုပ်တွေရောက်လာရတယ်ဆိုတာ ရိပ်မိကြပလား?။
ဒကာ,ဒကာမတို့ ဒီလူ့ဘဝမှာလည်း ကာလကစားနေလို့ အိုနေတာပဲ၊ နတ်ဘဝ, ဗြဟ္မာဘဝတွေမှာလည်း ကာလတွေကရှိနေတော့ အစားခံရဦးမှာပဲ၊ ဒီဘဝမကျေနပ်လို့ လူ့ဘဝ, နတ်ဘဝ, ဗြဟ္မာဘဝတွေ သွားမယ်ဆိုလည်း ကာလရဲ့စားဖတ်, ဝါးဖတ်အဖြစ်နဲ့ သေရဦးမှာပဲဆိုတာ မှတ်လိုက်ကြ။
ကာလရှိတဲ့နေရာ လူနတ်ဗြဟ္မာ ဆုတောင်းကြဦးမယ်ဆိုရင် ကာလ၏စားဖတ်, ဝါးဖတ်အဖြစ်နဲ့ သေရပါလို ၏ဆိုတာပဲလို့ မှတ်လိုက်ကြ။ ဒီတော့ ဘယ်ဘုံ ဘယ်ဘဝမှ ကာလကမလွတ်ဘူး၊ မလွတ်တော့ ဘယ်ဘုံဘဝမှ အစားခံ၊ အသေခံဘဝက မလွတ်ဘူးဆိုတာ ဆုံးဖြတ်ချက်ချကြပါ။
နံနက်ကာလ, ညကာလတွေက သတ္တဝါတွေကို စားနေကြတယ်၊ ဉာဏ်နဲ့စဉ်းစားကြပါ၊ နံနက်ကာလက အိုအေ ာင်လည်း လုပ်တယ်၊ သေကာနီးဖြစ်အောင်လည်း လုပ်တယ်၊ နောက်ဆုံး သေအောင်လည်းလုပ်တာပဲ၊ ညကာလကလည်း ဒီနည်းအတိုင်း အိုအောင်, သေခါနီးအောင်, သေအောင် အမြဲလုပ်နေတာပါပဲ၊ ရိပ်မိကြရဲ့လား။
ဒီနံနက်ကာလ, ညကာလတွေကို ရက်,ဖွဲ့၊ လ,ဖွဲ့၊ နှစ်,ဖွဲ့ ဖွဲ့ပြီးတော့ ဪ ဘယ်သူဘယ်ဝါဖြင့် အသက်ဘယ် လောက်ရှိပေါ့၊ သေခါနီးရှာပေါ့ဆိုတဲ့ စကားတွေဟာ ကာလရဲ့အစွမ်းသတ္တိပဲ၊ သူစားလို့ ကုန်သွားတာပဲ။ ဒါကြောင့် ဘာဆုပဲတောင်းတောင်း, ကာလ၏စားဖတ်ဝါးဖတ်အဖြစ်က မလွတ်ဘူး၊ ကာလခြေရင်းး ခေါင်းစင်းအပ်ရမှာချည့်ပဲ လို့သာ မှတ်ကြ။
ကာလက အမြဲစားနေတာ
ဒကာ,ဒကာမတွေ သေသေချာချာ မှတ်လိုက်စမ်းပါ၊ သုံးဆယ့်တစ်ဘုံအတွင်းမှာဖြင့် ဘယ်မှာနေနေ, စားဖတ် ဝါးဖတ်ဖြစ်ဖို့ချည့်ပဲ၊ သုံးဆယ့်တစ်ဘုံ အပြင်ထွက်နိုင်မှ ကာလစားဖတ်ကလွတ်မယ်၊ သုံးဆယ့်တစ်ဘုံအပြင်ဘက်မှာ ကာလစားဖတ် ဝါးဖတ်အဖြစ်က လွတ်နိုင်မယ်လို့ မှတ်လိုက်ကြပါ။ သုံးဆယ့်တစ်ဘုံအတွင်းမှာတော့ နက်ဖြန်မနက် မိုးလင်းလို့ရှိရင် အသားတွေ, အရိုးတွေ ကာလစားလို့လျှော့ပါးကုန်ပြီ၊ ညအိပ်ရာဝင်တော့လည်း လျှော့ပါးအောင် ကာလက အမြဲစားနေတာပဲဆိုတာ မှတ်ကြ။
ပဋိသန္ဓေအချိန်ကစပြီး ကာလ၏စားဖတ် ဝါးဖတ်အဖြစ်နဲ့ နေလာခဲ့ရတယ်၊ ခန္ဓာနဲ့ အမှုထမ်းခဲ့ရတယ်ဆိုရင် မမှားဘူး၊ ရိပ်မိကြရဲ့လား? ဒီတော့ အခုကာလ၏စားဖတ် ဝါးဖတ်အဖြစ်က လွတ်အောင်ကြိုးစားကြရလိမ့်မယ်၊ လွတ်အောင်ဆိုတော့ နေ,မရှိ၊ လ,မရှိ၊ နေ-လနှစ်ပါးမရှိတဲ့ နိဗ္ဗာန်ရမှလွတ်မှာမို့၊ နိဗ္ဗာန်ရအောင် ကြိုးစားကြဖို့ပဲ။
နိဗ္ဗာန်မှာ နေ,တို့ လ,တို့မရှိလို့ အချိန်ကာလဆိုတာ မရှိဘူး၊ နေ့ကာလ, ညကာလမရှိဘူး၊ နေ့ည အချိန်ကာလ တွေမရှိလို့ အိုမှု, နာမှု, သေမှုဆိုတဲ့ ဘေးအမျိုးမျိုးနှိပ်စက်မှု, ဖိစီးမှုတွေလည်း မရှိဘူး၊ ဒကာ,ဒကာမတို့ ဉာဏ်နဲ့နား ထောင်ကြည့်ကြပါ၊ ဟုတ်တယ်, မှန်တယ်ဆိုတာ သိရလိမ့်မယ်။
ဘုန်းကြီးတို့ ဒကာ,ဒကာမတွေ ဉာဏ်နဲ့စဉ်းစားပါ၊ ကာလဆိုတာ နေတို့ လတို့ကြောင့်ဖြစ်တာ၊ နေကြောင့် နံနက်ကာလဖြစ်တယ်၊ လကြောင့် ညကာလဖြစ်တယ်၊ နေလမရှိရင် ဒီကာလမရှိဘူး၊ ကာလမှမရှိရင် ကာလရဲ့စားဖတ် ဝါးဖတ်ဆိုတာလည်း မရှိတော့ဘူး၊ ရှင်းကြရဲ့လား?။
အခုကာလရှိနေတော့ ကာလက ဒကာတို့တတွေကို အမြဲတမ်း ဖြုန်းတီးပစ်နေတယ်၊ စားသောက်ပစ်နေတယ်၊ ဒကာတို့ရဲ့အမိတွေ, အဘတွေ, ဘိုးဘွားတွေဆိုတာလည်း ကာလကစားသောက်ပစ်လို့ အိုမင်းရင့်ရော်ပြီး သေကုန်ပြီ၊ အခု ကျန်ရစ်နေခဲ့တဲ့ သားသမီးတွေကိုလည်း ကာလက အမြဲတစေ စားဝါးပြီးနေတယ်ဆိုတာ သိကြရမယ်။
ဘုန်းကြီးတို့ ဒကာ,ဒကာမတွေဟာ ရှေးရှေးဘဝ အသင်္ချေအနန္တတွေတုန်းကလည်း ကာလရဲ့ခြေရင်းမှာ ခေါင်းစင်းပြီး ခန္ဓာကိုအပ်ခဲ့ကြရပြီ၊ အခု အစားခံနေဆဲမှာရှိတယ်၊ ဒီတော့ ကာလရဲ့အပြင်ဘက်ကိုထွက်ကြဖို့ အချိန် တော်ပြီဆိုတာ သတိပေးရတယ်။
ကာလရဲ့ပြင်ဘက်ထွက်ကြရမယ်
ဒါပေမဲ့ ဒကာတို့တတွေက ကာလပြင်ဘက်ရှိတာကိုလည်း မသိကြဘူး၊ ရှိတာကိုမသိလို့ ထွက်ဖို့ဆိုတာလည်း မစဉ်းစားမိကြဘူး။ အဲဒီလိုမသိတာ၊ သိတတ်တဲ့ ဉာဏ်မရှိတာကို အလွန်ဆိုးဝါးနေပြီဆိုတာ ဆုံးဖြတ်ချက်ချကြပါ၊ ဆုံးဖြတ်ပြီး ကာလရဲ့ပြင်ဘက်ထွက်ကြရမယ်၊ ထွက်လမ်းကို ကြိုးစားမှဖြစ်မယ်ဆိုတာ သဘောပါကြရဲ့လား?။
ဒကာ,ဒကာမတွေ နံနက်, ညဆိုတဲ့ ကာလမရှိတဲ့ဆီကို သွားဖို့စိတ်ကူးရမယ်၊ ထွက်နိုင်အောင် ကြိုးစားရမယ်၊ မကြိုးစားရင် ကာလပြင်ဘက် မထွက်နိုင်ရင် ကြီးရင့်လာပြီး အိုကြ, နာကြ, သေကြ၊ နောက်တစ်ခါ အိုကြ, နာကြ, သေကြ၊ ဘယ်တော့မှ လက်စမဆုံးတော့ဘူးလို့သာ မှတ်လိုက်ကြ၊ ရှင်းကြပလား?။
ကာလကချည့်စားနေတာ ဘယ်လောက်များပြီလဲ?၊ ဘိုးတွေဘွားတွေလည်း ကာလအစားခံခဲ့ရပြီ၊ ကျုပ်တို့လည်း အစားခံရဆဲ၊ မွေးထားတဲ့သားတွေ သမီးတွေ မြေးတွေ မြစ်တွေလည်း ကာလစားတာ ခံရဦးမှာပဲဆိုတော့ ဒကာ,ဒကာမ တို့ အမျိုးတွေဟာ အသေခံမျိုးတွေပဲလို့သာ မှတ်လိုက်ကြ။
ဒကာ,ဒကာမတွေ ငါတို့အမျိုးတွေဟာ အသေခံမျိုးတွေပါလားဆိုပြီး ကြပ်ကြပ်စဉ်းစားကြ။ အဲဒီလိုအသေခံ မျိုးတွေ ဖြစ်နေတော့ ဘယ်တော့များ အန္တရာယ်ကင်း, ဘေးရှင်းတယ်လို့ ဆိုနိုင်ကြပါမလဲ? ဘယ်တော့မှ အန္တရာယ် ကင်း, ဘေးရှင်းတယ်လို့ မဆိုနိုင်ကြပါဘူး၊ အဲဒါကြောင့် ကာလပြင်ဘက်ကို အမြန်ဆုံးထွက်ကြမှ ဖြစ်တော့မှာပဲလို့ သာ အောက်မေ့ကြ၊ သဘောကျပလား?။
ကာလအပြင်ဘက် ထွက်နိုင်မှ အဖိုးတန်တော့မယ်၊ အဲဒါမှ အိုမှု, နာမှု, သေမှုကြီးတွေလည်း ဇာတ်သိမ်းမယ်၊ အားလုံး ဇာတ်သိမ်းတဲ့ဌာနဟာ ကာလပြင်ဘက်မှာ ရှိတယ်ဆိုတာ မှတ်ကြရမယ်။
ကာလက ဒကာတို့ကို နေ့တိုင်းကြီးရင့်လာအောင်, အိုလာအောင် လုပ်တယ်၊ နေကလည်း ပူပြီး အိုအောင် လုပ်၊ လ,ကလည်း အေးပြီး ရင့်ရော်အောင်, အိုမင်းအောင်လုပ်တာပဲ၊ အိုမင်းရင့်ရော်ပြီး အသက်တမ်းကုန်အောင် လုပ်နေကြတာပဲဆိုရင် မမှားဘူး၊ ရိပ်မိကြရဲ့လား?။
ကာလကို ပြန်ပြီးစားနိုင်အောင် လုပ်ကြရလိမ့်မယ်
ဒါကြောင့် ဘုရားအလောင်းတော် နုစဉ်ကာလတုန်းက ဟောပြခဲ့တဲ့ ဂါထာစကားကို သိကြရမယ်၊ ဂါထာက “ဒုက နိပါတ်မူလပရိယာယဇာတ်”မှာ လာတယ်။
”ကာလော ဃသတိ ဘူတာနိ၊
သဗ္ဗာနေဝ သဟတ္တနာ။
ယောစ ကာလဃသော ဘူတော၊
သဘူတပစနိံ ပစိ”တဲ့။
ကာလော၊ နံနက်ကာလ ညကာလသည်။ ကာလော၊ နံနက်နှင့်ည အချိန်ကာလကြီးသည်။ ဘူတာနိ၊ လူ,နတ်, ဗြဟ္မာများစွာခပင်း သတွာတသင်းတို့ကို။ ဃာသတိ၊ ပါဒ်,ဗီဇနာ ပြန်ရောမလပ်အောင် မပြတ်တစေ မျိုဝါးစားသောက် ပစ်လေ၏တဲ့။ ကိုင်း, ရိပ်မိကြပလား?။
အခု ဒကာ,ဒကာမတွေက ကာလကို ပြန်ပြီးစားနိုင်အောင် လုပ်ကြရလိမ့်မယ်၊ မလုပ်ရင် ဖြစ်ပါမလား? မဖြစ်တော့ဘူး၊ အခု တရားနာနေဆဲမှာကိုပဲ ကာလရဲ့မျိုဝါး စားသောက်ခြင်းကို ခံနေကြရရှာတယ်၊ ဒါကြောင့်မို့ ကာလကိုပြန်စားနိုင်အောင် အမြန်ဆုံး လုပ်ကြရမယ်ဆိုတာ သဘောပါကြပလား?။
ကာလကို ပြန်စားနိုင်ဖို့ဆိုတော့ ရဟန္တာဖြစ်အောင် လုပ်ကြရပါလိမ့်မယ်၊ ရဟန္တာဖြစ်ပြီး ပရိနိဗ္ဗာန်စံတော့ ကာလရဲ့စားဖတ်အဖြစ်က လွတ်မြောက်သွားပြီ။ ရဟန္တာဖြစ်တော့ ကာလတွေကို ပြန်ပြီးစားလိုက်တာပဲလို့သာ မှတ် ကြ။ ကာလတွေကို ပြန်ပြီးစားလိုက်တာပဲလို့သာ မှတ်ကြ။ ရဟန္တာက လာလတ္တံ့ဖြစ်တဲ့ သူ့ကိုစားလတ္တံ့ဖြစ်တဲ့ အနာဂတ် ကာလတွေကို စားပစ်လိုက်တာပဲဆိုရင် မမှားပါဘူး။
ဒါမှမဟုတ်ရင် ဒကာ,ဒကာမတို့ လေးလေးနက်နက် စဉ်းစားပါ၊ ကိုယ်တိုင်ကလည်း ကာလရဲ့အစားခံရတာ ထောင်းထောင်းကျေနေပြီ၊ ကိုယ့်မိဘတွေ, ဘိုးဘွားတွေဆိုတာလည်း အားလုံး ကာလလက်တွင်းမှာ ခေါင်းစင်းပြီး သေပွဲဝင်ခဲ့ကြရပြီ၊ နောက်လာမယ့် ကိုယ့်သား, သမီး, မြေး, မြစ်တွေဆိုတာလည်း အကုန်အစားခံရမယ်၊ သူ့လက်ထဲ မှာ သေပွဲဝင်ကြရမယ်။
ကာလရဲ့ စားဖတ်ဝါးဖတ် ဖြစ်ရပါလို၏
ဒကာ,ဒကာမတွေက ဒါနတွေပြု၊ သီလတွေဆောက်တည် ကုသိုလ်အမျိုးမျိုးတွေ လုပ်ကြပြီး လူဖြစ်ရပါလို၏။ နတ်ဖြစ်ရပါလို၏ စသည်အားဖြင့် ဆုတောင်းယူနေကြတယ်၊ အဲဒါအမှန်ကတော့ ဒီဒါန, သီလ, ကုသိုလ်ကြောင့် ကာလရဲ့ စားဖတ်ဝါးဖတ် ဖြစ်ရပါလို၏၊ ကာလရဲ့အစားခံပြီး သေပွဲချည့်ဝင်ရပါလို၏လို့ ဆိုတာနဲ့ အတူတူပဲ။
ဆုတောင်းပြီးယူတာဟာ ကာလစားဖို့ အထည်လုပ်ပေးနေတာပဲဆိုရင် မမှားဘူး၊ လုပ်ထိုက်, မလုပ်ထိုက် စဉ်းစားကြပါ၊ မလုပ်ကောင်းတာ အတင့်ရဲရင့် သေပွဲချည့်ဝင်ရမှာပဲ၊ ဒီ့ပြင်မရှိပါဘူး၊ အတင့်ရဲပြီး တောင်းသမျှ သူများစားဖို့ဝါးဖို့ လုပ်နေတာပဲ၊ မသိတတ်လွန်းလို့ ဒီအဖြစ်ဆိုးကိုပဲ ဇွတ်တိုးပြီး တောင်းယူနေကြတော့တာပဲ၊ လာ လိုက်သေးတယ် “အကြိမ်ကြိမ်”တဲ့၊ ဒကာတို့တတွေ အများကြီးခက်နေကြပြီ၊ ကာလရဲ့စားဖတ်ဝါးဖတ် အကြိမ်ကြိမ် ဖြစ်ရပါလို၏ဆိုတော့ ကောင်းကြသေးရဲ့လား?။
ဒကာ,ဒကာမတို့ တရားထူး တရားမြတ်ကို မနာရ မသိရပြီလားဆိုတော့ သူများစားဖို့ စားဖတ်ဝါးဖတ်ဖြစ်ဖို့ ခန္ဓာပဲ ဆုတောင်းယူနေကြတော့တာပဲ၊ လူကောင်း, နတ်ကောင်း, ဗြဟ္မာကောင်းဆိုပြီး အထင်နဲ့ တောင်းယူနေကြတယ်၊ ဘယ်ဘုံဘဝပဲရရ၊ ကာလ၏စားဖတ် ဝါးဖတ်ဖြစ်ဖို့ချည့်ပဲလို့သာ မှတ်ထားကြ။ လူ, နတ်, ဗြဟ္မာ ခန္ဓာ ဘာပဲဖြစ်ဖြစ် အစားခံရမှာချည့်ပဲ၊ ရှင်းကြပလား?။
ဒကာတို့ ဆုတောင်းအတော်လွဲနေကြပြီ၊ ဉာဏ်ကို မပါကြဘူး၊ ဉာဏ်နဲ့ယူကြပါ၊ ဉာဏ်နားနဲ့ထောင်ကြည့်ရင် ဪ ဟုတ်ပါလားဆိုပြီး ဆုံးဖြတ်ချက်ချကြရမယ်၊ ဒါကြောင့် ပြင်ကြတော့။ အခု ဘယ်ဘုံဘယ်ဘဝများ လိုချင်ရချင် ကြသေးတုန်း၊ မရချင်, မလိုချင်ကြပါနှင့်တော့၊ တော်လောက်ကြပြီ။
အခုလို သိတဲ့အချိန်ကစပြီး ကာလကိုစားနိုင် ဝါးနိုင်တဲ့အခြေရောက်အောင် လုပ်ကြရမယ်၊ ဘာကြောင့်လဲ? ဆိုတော့ ကာလကိုပြန်စားနိုင်တဲ့ ဉာဏ်စွမ်းမရတော့ ကာလအောက်က လည်ပင်းစင်းပြီး အသေခံ, အစားခံ, အဝါးမျို ခံနေရတာချည့် ဖြစ်နေကြလို့ မလုပ်ရင်မဖြစ်ဘူး၊ သဘောပါကြပလား?။
ဒီအတိုင်းနေ၊ ဒီအတိုင်းပဲ သေနေကြရတာပဲ
ဘယ်သူ့အိမ်က အသုဘဖိတ်စာလာလို့ သွားရပြန်ပြီ၊ သုသာန်လိုက်ပို့ရပြန်ပြီနဲ့ အဲဒါ ကာလစားသွားလို့ပဲ၊ လိုက်ပို့တဲ့လူလည်း နောက်မကြာခင် အစားခံပြီး သုသာန်ရောက်ရမယ်ဆိုတာ သေချာတယ်၊ ဒီတော့ ဒကာတို့တတွေရဲ့ အခြေအနေဟာ ဒီအတိုင်းနေ၊ ဒီအတိုင်းပဲ သေနေကြရတာပဲရှိတယ်၊ ဘာမှထူးခြားတာ ကောင်းတာမပါကြဘူး။
ဒီလိုနဲ့ပဲ အဝတ်တွေ ဆင်ဝတ်ပေးကြ၊ အစားအသောက်တွေ ကျွေးကြမွေးကြ၊ ဖီးကြလိမ်းကြ၊ ပြင်ကြဆင်ကြနဲ့ လုပ်နေတာဟာ ဘာလုပ်ဖို့လဲ? စင်စစ်တော့ ကာလစားဖို့ သူများအတွက် စားဖတ်ဝါးဖတ်ဖြစ်ဖို့ လုပ်နေတာပဲဆိုရင် မလွဲဘူး၊ ရိပ်မိကြရဲ့လား?
နံနက်ကာလ, ညကာလတွေက တေဇောအားပေးနေတယ်၊ ဒီတေဇောက စားဝါးပြီး တဖြည်းဖြည်းသတ်၊ နောက်တော်တော်ကြာတော့ ဟော သွေးတွေဆုတ်ကုန်ပြီဟေ့လို့ဆိုတော့ တေဇောက အသေသတ်လိုက်တော့ပဲ၊ တေဇော က လူသတ်သမား၊ ဒီတေဇောကို ကာလက လုပ်ပေးတယ်ဆိုတာ သိကြရမယ်၊ ရိပ်မိပလား?။
ဒီအခု ဘုန်းကြီးတို့ ဒကာ,ဒကာမတွေက ကာလကို ပြန်စားနိုင်အောင် လုပ်ကြရလိမ့်မယ်၊ မလုပ်ရင် မဖြစ် တော့ဘူး၊ မလုပ်ဘဲနေရင် ဒကာတို့ သေခါနီးမှာ မျက်ရည်စက်လက်နဲ့ ဝိညာဉ်ချုပ်ရမယ်ဆိုတာ သံသယမရှိကြနဲ့တော့။
အဲဒီလိုအချိန်မှာ ဘယ်သူတားလို့မှ မရတော့ဘူး၊ ဇနီး, သား, သမီးနဲ့ ပစ္စည်းမကလို့ ဘာနဲ့တားလို့ဆီးလို့မှ မရတော့ဘူး၊ ကာလလက်တွင်း ခေါင်းစင်းပြီး အပ်ရတော့တာပဲ၊ ဒကာ,ဒကာမတို့ဟာ တစ်သံသရာလုံး ဒီနည်းချည့်ပဲ ခေါင်းစင်းအသေခံရတယ်ဆိုတာ မှတ်ကြပါတော့။
ကာလကိုပြန်စားနိုင်တဲ့ဉာဏ် မရလို့ဘဲ
အဲဒီလို တစ်သံသရာလုံး ကာလအစားချည့် ခံခဲ့ရတာဟာ ကာလကိုပြန်စားနိုင်တဲ့ဉာဏ် မရလို့ဘဲဆိုတာ ဆုံးဖြတ်ချက်ချလိုက်ကြ၊ ကျေနပ်ကြပလား?၊ ဒီဉာဏ်ကိုရရင် ဇာတိဆိုတဲ့အဖြစ်တွေလည်း လွတ်ပြီ၊ ဇရာ, ဗျာဓိ, မရဏဆိုတဲ့ အအိုတွေ, အနာတွေ, အသေတွေကလည်းလွတ်ပြီ၊ နေရာကျပလား?။
ဒီဉာဏ်ရလို့ ကာလလက်အောက်က လွတ်မြောက်ရင် ပဋိသန္ဓေပွဲ, အိုပွဲ, နာပွဲ, သေပွဲတွေ သိမ်းပြီ၊ သေပွဲ ဝင်အောင် မလုပ်နိုင်တော့ဘူး၊ ရှေးတုန်းက ဒီဉာဏ်မရလို့ မသိလို့ ပေတေပြီးခံခဲ့ကြရတယ်၊ အခုသိရရင် ဒီပွဲတွေက လွတ်တော့မယ်၊ နေရာကျရဲ့လား?။
အခု ဆရာဘုန်းကြီး အကူအညီနဲ့ နိဗ္ဗာန်ဝင်အောင် လုပ်လိုက်ရင်, ပြီးသွားတာပါပဲ၊ ယခုအချိန်ကစပြီး ဘုရားပေးတဲ့နည်းအတိုင်း ဆရာသမားအကူနဲ့ ကာလကိုပြန်စားနိုင်အောင် လုပ်ပါတော့မယ်လို့ ဆုံးဖြတ်ချက်ချလိုက် ကြ။ အသင်္ချေနဲ့ အနန္တဆိုသလို အရှုံးပေးခဲ့ရတဲ့ဘဝတွေက များလှနေပြီ၊ အခု အနိုင်ရဖို့ လုပ်ရတော့မယ်။
ဒကာ,ဒကာမတို့ ယနေ့ဖြင့် ကာလကိုပြန်စားရမယ်၊ နိဗ္ဗာန်ဆိုတာ နံနက်ကာလ, ညကာလတွေလည်း မရှိ၊ နေတို့ လတို့လည်းမရှိ၊ ဥတုလည်းမရှိဘူး၊ လတွေ, နှစ်တွေလည်းမရှိ၊ မရှိတော့ အိုစရာ, နာစရာ, သေစရာဆိုတာလည်း မရှိတော့ဘူး။ ဒါကြောင့် နိဗ္ဗာန်ဝင်အောင် လုပ်ရလိမ့်မယ်ဆိုတာ ရိပ်မိကြပလား?။
ဒါကြောင့် ယနေ့တရားမှာ ကာလကို မိမိကပြန်စားနိုင်အောင် လုပ်ရမယ်၊ ပြန်စားရမယ်ဆိုတော့ နိဗ္ဗာန် ဝင်အောင်လုပ်မှာ၊ နိဗ္ဗာန်ဝင်ပါမှ ကာလတွေချုံးရုံးပြီး စားသွားနိုင်မယ်၊ အဲဒီတော့ ရဟန္တာဖြစ်ဖို့ရာ ကိုယ်တိုင်ကြိုးစား ရမယ်၊ သူများတွေ ငဲ့နေလို့တော့မရဘူး။
ဒကာတို့က သားငဲ့ သမီးငဲ့ ပစ္စည်းငဲ့နဲ့ ငဲ့နေကြရင် ကာလရဲ့စားဖတ် ဝါးဖတ်ဖြစ်ဖို့ပဲရှိတယ်လို့ မှတ်ကြပေ တော့၊ ရှင်းကြရဲ့လား?၊ အခု ကာလကို ပြန်စားနိုင်အောင်ဆိုတော့ ကာလရဲ့ပြင်ဘက်ရောက်ဖို့ လိုတယ်၊ ပြင်ဘက် ရောက်မှ ပြန်စားနိုင်မယ်။ ကိုင်း ဒါဖြင့် အလုပ်တရားကိုပြကြပါစို့၊ မနေ့ကတရားကို ပြန်ဆက်ပြီး ဟောရလိမ့်မယ်။
သုခဝေဒနာနောက်က တဏှာလာလို့ရှိရင်
ဘုရားသခင် ကိုယ်တော်မြတ်ကြီးက “သုခဝေဒနာနောက်က တဏှာ, ဥပါဒါန်, ကံလာခဲ့သော် ကာလ၏ စားဖတ်ဝါးဖတ်အဖြစ်က လွတ်လိမ့်မယ်လို့ ဘယ်တော့မှမဟောဘူးတဲ့”။
ဒကာ,ဒကာမတွေ မှတ်မိကြပလား? သုခဝေဒနာနောက်က တဏှာလာလို့ရှိရင် ကာလ၏ စားဖတ်ဝါးဖတ် အဖြစ်က ဘယ်တော့မှ လွတ်ပါလိမ့်မယ်လို့ ငါဘုရားမဟောဘူးတဲ့၊ သုခဝေဒနာနောက်က တဏှာလာရင် ကာလရဲ့ စားဖတ်အဖြစ်က ဘယ်တော့မှမလွတ်ဘူးဆိုတဲ့ အဓိပ္ပာယ်ကို လေးလေးနက်နက် မှတ်ယူလိုက်ကြ၊ ရှင်းကြရဲ့လား?။
အချုပ်မှတ်ထားဖို့က ကိုယ်ပေါ်မှာပေါ်တဲ့ သုခဝေဒနာရယ်၊ ဝမ်းထဲမှာပေါ်တဲ့ သောမနဿဝေဒနာရယ်လို့ မှတ်ကြရမယ်၊ ဥပမာ ခန္ဓာထဲမှာ ချမ်းသာလုံးကလေးပေါ်လာတယ်ဆိုတော့ သူ့နောက်က သာယာတဲ့တဏှာလာမယ်၊ တဏှာလာရင် နောက်ကစွဲလမ်းတဲ့ဥပါဒါန်၊ ပြုလုပ်တဲ့ကံတွေပါလာမယ်၊ သူတို့လာရင် ဇာတိ, ဇရာ, မရဏတွေပါ ပေါ်လာတော့တာပဲ။ အဲဒါတွေဟာ ကာလရဲ့စားဖတ်ဝါးဖတ် ဖြစ်ဖို့ပဲလိုတာ မှတ်ကြ။
သုခဝေဒနာ နောက်က တဏှာလာလိုက်တဲ့အတွက် နောက်ဘဝ ဇာတိဆိုတဲ့ခန္ဓာ၊ စားဖတ်ဝါးဖတ်ကြီး ပေါ် လာရတယ်ဆိုတာ ရှင်းကြရဲ့လား?၊ တဏှာလာတော့ တဏှာ, ဥပါဒါန်, ကံဆိုပြီး တဏှာက ခန္ဓာလုပ်လိုက်တယ်၊ လုပ်လိုက်တော့ တစ်ခါထဲ စားဖတ်ဝါးဖတ်ဖြစ်ရတော့တာပဲ၊ ကျေနပ်ပလား?၊ ခုနတုန်းကပြောခဲ့သလို “ကာလော ဃသတိ ဘူတာနိ”ဆိုတဲ့ ဘုရားလောင်းဟောတဲ့ ဂါထာနဲ့မညီဘူးလား?။
သုခဝေဒနာနောက်က တဏှာလာရင် ကာလစားဖတ်အဖြစ်က လွတ်လိမ့်မယ်လို့ ဘယ်တော့မှမဟောဘူး ဆိုတဲ့ ဘုရားစကားတော်နဲ့ကော မညီညွတ်ဘူးလား? ညီညွတ်နေပါပြီဆိုတာ အထင်အရှားပဲ။ ဒါဖြင့် အခု သုခဝေဒနာ နောက်က တဏှာမလာအောင် လုပ်ကြစို့။
သုခဝေဒနာ ပေါ်ရင် ဖြစ်ပျက်ရှုဖို့ပဲ
ဒကာ,ဒကာမတို့ တဏှာမလာအောင် လုပ်ဖို့ဆိုတာ ဘုန်းကြီးဟောနေကျအတိုင်း ကိုယ်ပေါ်မှာ သုခဝေဒနာ ပေါ်ရင် ဖြစ်ပျက်ရှုဖို့ပဲဆိုတာ မှတ်ကြရမယ်။ သုခဝေဒနာပေါ်လာရင် ဖြစ်ပြီးပျက်တဲ့တရားပဲလို့ ဉာဏ်နဲ့မြင်အောင် ရှုပေးရမယ်၊ ဉာဏ်နဲ့မြင်တော့ စားဖတ်ဝါးဖတ်ဖြစ်ကြောင်း တရားတွေမလာတော့ဘူး၊ သူတို့မလာတော့ စားဖတ်ဝါးဖတ် ခန္ဓာလည်း မပေါ်နိုင်တော့ဘူး၊ မလာတော့ ကာလစားဖတ်အဖြစ်မှ လွတ်ကင်းသွားတော့တယ်။
ဒါကြောင့် သုခဝေဒနာပေါ်တိုင်း ဖြစ်ပျက်ရှုကြ၊ ချမ်းသာလုံးကလေး ဘယ်နေရာပေါ်ပေါ် ဝမ်းထဲမှာပေါ် လည်းရှု၊ အဲဒီလိုရှုလိုက်တော့ ဝေဒနာကဖြစ်ပျက်၊ ရှုဉာဏ်က မဂ်ဖြစ်သွားတယ်။ ဝေဒနာနောက်က မဂ်ဝင်လိုက်တော့ ကာလစားဖတ်ဝါးဖတ် ဖြစ်ကြောင်းတွေ မပေါ်နိုင်တော့ဘူး၊ ဖြစ်ကြောင်းမပေါ်တော့ ဖြစ်ကျိုးခန္ဓာတွေလည်း မလာ တော့ဘူး၊ ရှင်းကြရဲ့လား?။
ဒကာ,ဒကာမတို့ အဲဒီလို ဉာဏ်နဲ့ရှုနိုင်ရင် ကာလကိုပြန်စားနိုင်ပြီဆိုတာ မှတ်ကြတော့၊ မဂ်စစ်ရလို့ သောတာ ပန် တည်ရင်ပဲ အလွန်ဆုံး ခုနစ်ဘဝသာ ကာလစားဖတ်ဝါးဖတ်အဖြစ် ခံရတော့မယ်၊ ရဟန္တာဖြစ်ရင် လုံးဝလွတ်ပြီ၊ သဘောပေါက်ကြပလား?။
ကာလစားဖတ်ဝါးဖတ်အဖြစ်က လွတ်ချင်ကြရင် ရှုကြရမယ်၊ သုခဝေဒနာလာလည်းရှု၊ သောမနဿလာလည်း ရှုပစ်၊ ခန္ဓာပေါ်ကြောင်တွေ မလာရအောင် ဖြစ်ပျက်သာရှုပေးကြ၊ မရှုမိရင် တဏှာ, ဥပါဒါန်, ကံဆိုတဲ့ခန္ဓာပေါ်ကြောင်း တွေ လိုက်လာမယ်၊ သူတို့လိုက်လာရင် ခန္ဓာပေါ်ကျိုး ဇာတိ, ဇရာ, မရဏတွေလည်း တားမရတော့ဘူး၊ တားမရတော့ ကာလစားဖတ်ဝါးဖတ်အဖြစ် ခံရဦးတော့မှာပဲ။
မဂ်အလုပ်လုပ်မှ အန္တရာယ်ကင်း, ဘေးရှင်းမယ်
ဒကာ,ဒကာမတို့ အန္တရာယ်ကင်း, ဘေးရှင်းချင်တာမှန်ရင်ဖြင့် ဖြစ်ပျက်ရှုမှု မဂ်အလုပ်ကို လုပ်ရလိမ့်မယ်၊ မလုပ်ရင် မကင်းဘူး၊ မဂ်အလုပ်လုပ်မှ အန္တရာယ်ကင်း, ဘေးရှင်းမယ်၊ အအို, အနာ, အသေဘေးတွေက ကင်းလွတ် မယ်ဆိုတာ မှတ်လိုက်ကြ။
မဂ်အလုပ်မလုပ်ဘဲ “အဟံ အဝေရာ ဟောမိ”ဆိုပြီး အန္တရာယ်ကင်းရပါလို၏။ အိုဘေး, နာဘေး, သေဘေး ကင်းရပါလို၏နဲ့ ဆိုနေလို့မလွတ်ဘူး၊ ဒါကြောင့် ဝေဒနာလာရင် ဖြစ်ပျက်ရှုပါလို့သာ မရှုဘဲနေရင် ဝေဒနာနောက်က တဏှာ, ဥပါဒါန်, ကံဆိုတဲ့ခန္ဓာဖြစ်ကြောင်းတွေလာ၊ သူတို့က ခန္ဓာလုပ်လိုက်တော့ ခန္ဓာရပြီး ကာလခြေရင်း ခေါင်းစင်း အသတ်ခံရတော့မှာ သေချာလို့ပဲ။
ဒါကြောင့် မပျက်မကွက် ကြိုးစားရှုကြပါဆိုတာ တိုက်တွန်းလိုက်တယ်၊ သဘောပါကြပလား?၊ သုခဝေဒနာ ပေါ်တဲ့အခါ ပေါ်တိုင်းပေါ်တိုင်း ဖြစ်ပျက်မြင်အောင်ရှုကြပါ၊ နောက် ဒီနည်းအတိုင်းပဲ သုခဝေဒနာဖြစ်ပျက်ကို မုန်း လာအောင် ရှုကြပါ၊ နောက် မုန်းရာကနေပြီး သုခဝေဒနာဖြစ်ပျက် ဒုက္ခသစ္စာတွေ ဆုံးသွားအောင် ရှုကြပါ၊ ဒါဟာ ထူးထူးခြားခြား မှတ်ဖို့အလုပ်စဉ်ပဲ၊ ရှင်းကြရဲ့လား?။
ဒီလို သုခဝေဒနာဖြစ်ပျက်တွေ ဆုံးသွားအောင် ရှုနိုင်ရင် သောတာပန်တည်တာပဲ၊ ဖြစ်ပျက်တွေ ဆုံးသွား တော့ မဂ္ဂင်ရှစ်ပါးပြည့်ပြီး သောတာပန်တည်သွားတယ်ဆိုတာ မှတ်လိုက်ကြ၊ အဲဒီလို မဂ္ဂင်ရှစ်ပါးပြည့်တော့ နောက် က တဏှာ, ဥပါဒါန်, ကံတွေချုပ်သွားတော့တာပါပဲ။ အဲဒီလိုချုပ်သွားကုန်တော့ ကာလရဲ့စားဖတ်ဝါးဖတ် ခန္ဓာတွေ ရုပ်သိမ်းကုန်ပြီ၊ အများဆုံးကျန်မှ ခုနစ်ဘဝပဲ၊ နောက်အနာဂတ် ခန္ဓာတွေ မလာတော့ဘူး၊ သေပွဲဟူသမျှ လွတ်ငြိမ်း ပြီ၊ ကျေနပ်ပလား?။
ကိုယ့်ကိုယ်ကို သနားတာမှန်ရင် ရှုဖြစ်အောင်ရှုပါ
အဲဒီအချိန်မှာ ကာလကိုပြန်စားနိုင်တဲ့အတွက် အန္တရာယ်ကင်းလို့ ဘေးရှင်းပြီ၊ အိုပွဲ, နာပွဲ, သေပွဲဟူသမျှ အကုန်ငြိမ်းပြီဆိုတော့ အားထားဖို့မကောင်းဘူးလား? ဒါဖြင့် ရှုဖြစ်အောင်ရှုကြပါ၊ ကိုယ့်ကိုယ်ကို သနားတာမှန်ရင် ရှုဖြစ်အောင်ရှုပါဆိုတာ ထူးထူးခြားခြား မှာလိုက်ပါတယ်၊ ရိပ်မိကြရဲ့လား?။
ဒကာတို့ ကိုယ့်အိမ်ကိုယ် ပြန်ရောက်တဲ့အခါကျ ဆင်ခြေတွေ၊ ဆင်လက်တွေ လဲချင်လဲနေကြမယ်၊ ညောင်း တယ်, ညာတယ်, အိပ်ချင်တယ်နဲ့ နက်ဖြန်ကျတော့လည်း ကိစ္စလေးကရှိသေးလို့နဲ့ဆိုရင် သွားပြီ၊ ဒကာတို့ ဆင်ခြေလဲ သမျှဟာ သေပွဲဝင်ဖို့၊ နောက်ခန္ဓာပေါ်ပြီး ကာလစားဖတ်ဝါးဖတ်ဖြစ်ဖို့ပဲလို့သာ မှတ်လိုက်ကြ။
ဒကာ,ဒကာမတို့ ဆင်ခြေလာရင် ကိုယ့်ကိုယ်ကိုယ် ဆုံးမကြ၊ မင်းပျင်းတာ သေပွဲဝင်ချင်လို့လား? မင်းအိပ် ချင်တာ၊ မလုပ်ချင်တာ ကာလစားဖတ်အဖြစ်ခံပြီး သေပွဲဝင်ချင်လို့လား? ဆိုပြီး ဆုံးမကြပါ။ မဂ်မှတပါး ကယ်မယ့် ယူမယ့်သူဆိုတာ မရှိပါဘူး၊ ဒါကြောင့် အားကိုးရာအလုပ်ကိုဖြင့် လုပ်ဖြစ်အောင်လုပ်ရမယ်၊ သဘောပါပလား?။
”မဂ်မှတပါး အားကိုးရာ အားထားရာမရှိ၊ ကိုယ့်အားကိုးရာ အစစ်ဟာ မဂ်ပဲ၊ ကယ်မယ့်သူအစစ်ဟာ မဂ်ပဲ” လို့ ဆုံးဖြတ်ချက်ချ။
ဒါဖြင့် သုခဝေဒနာပေါ်တဲ့အခါ ရှုကြပါ၊ အတွင်းမှာပေါ်လည်းရှု၊ ပြင်ဘက်မှာပေါ်လည်းရှု၊ အဲဒီလိုရှုတော့ တဏှာ, ဥပါဒါန်, ကံတွေမလာဘူး၊ မလာတော့ ပဋိစ္စသမုပ္ပါဒ် အလယ်ကပြတ်သွားတယ်၊ သုခဝေဒနာ, သောမနဿ ဝေဒနာ ဖြစ်ပျက်ရှုတဲ့အတွက် ပဋိစ္စသမုပ္ပါဒ်အလယ်က ပြတ်တယ်၊ အဲဒါ တဏှာ, ဥပါဒါန်, ကံတွေပြတ်သွားတာပဲ၊ ရိပ်မိကြပလား?။
ကိုင်း, အခု သိကြားမင်းက ပပဉ္စချုပ်အောင် ဘယ်လိုကျင့်ရပါ့မလဲ?လို့မေးလို့ ဘုရားက ဝေဒနာနုပဿနာ ရှုရမယ်လို့ ဟောကြားတဲ့အတိုင်း ဒုက္ခဝေဒနာကို ပြောရလိမ့်မယ်၊ ဒုက္ခရှုနည်းကို ပြောလိမ့်မယ်ဆိုတာ မှတ်ကြရမယ်။
ဒုက္ခဝေဒနာနောက်က ဒေါသလာတယ်
ဒကာ,ဒကာမတို့ ကိုယ်ပေါ်မှာ ဟိုကယား, ဒီကနာဆိုတဲ့ ဒုက္ခဝေဒနာတွေ ပေါ်တဲ့အခါရှိတယ်၊ အဲဒီလိုပေါ် တဲ့အခါ မရှုရင် ဒုက္ခဝေဒနာနောက်က ဒေါသလာတယ်၊ ဒေါသနောက်က သောက, ပရိဒေဝ, ဥပါယာသဆိုတာတွေ လည်း လိုက်လာတော့တာပဲ။ ဒီအထဲမှာ ဖြစ်ပျက်ကိုမသိတဲ့ အဝိဇ္ဇာလည်း ရောပါလာတယ်ဆိုတာ သိကြရမယ်။
အဲဒီတော့ကို ပဋိစ္စသမုပ္ပါဒ်အဆုံးက ပြန်လှည့်ပြီး “အဝိဇ္ဇာပစ္စယာ သင်္ခါရာ၊ သင်္ခါရပစ္စယာ ဝိညာဏံ”ဆိုတဲ့ စားဖတ်ဝါးဖတ်ဖြစ်ဖို့ ခန္ဓာတစ်ခုပေါ်လာရတယ်၊ ဝိညာဏံဆိုတာ ခန္ဓာငါးပါးကိုဆိုတာ၊ ရိပ်မိကြရဲ့လား?။
အဲဒီလိုဖြစ်ရတာ ဘာကြောင့်လဲ?ဆိုတော့ ဒုက္ခဝေဒနာကို ဖြစ်ပျက်မရှုမိလို့ပဲဆိုတာ မှတ်ကြ၊ ဒုက္ခဝေဒနာကို မရှုမိတော့ နောက်က ဒေါသ, သောက, ပရိဒေဝ, ဥပါယာသ, အဝိဇ္ဇာတွေ လိုက်လာတယ်၊ သူတို့လိုက်တော့ အဝိဇ္ဇာ ပစ္စယာ သင်္ခါရာ၊ သင်္ခါရပစ္စယာ ဝိညာဏံ”ဆိုပြီး ခန္ဓာသစ်ပေါ်တဲ့အတွက်ကြောင့်ပဲ၊ ရှင်းကြရဲ့လား?။
ဖြစ်ပျက်ကိုမရှုမိတော့ ဖြစ်ပျက်ကိုမသိတဲ့ အဝိဇ္ဇာဝင်လာတယ်၊ သူဝင်လာတော့ ပဋိစ္စသမုပ္ပါဒ်အစကစပြီး တန်းလာလို့ ကာလစားဖတ်ဝါးဖတ် ခန္ဓာသစ်ပေါ်ရတာပဲဆိုတာ ထင်ရှားပလား?၊ ဒါကြောင့် ဒုက္ခဝေဒနာပေါ်ရင် ပေါ်တဲ့အခါ ဖြစ်ပျက်ရှုကြရမယ်ဆိုတာ သဘောပါကြပလား?။
အဲဒါကြောင့်မို့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက “ဆဆက္ကသုတ်”မှာ ဟောပါတယ်၊ “ဒုက္ခဝေဒနာနောက်က ဒေါသကိုမထားနိုင်ရင် ကာလ၏စားဖတ်ဝါးဖတ်အဖြစ်က လွတ်လိမ့်မယ်လို့ ငါဘုရားမဟောဘူး”တဲ့။ နိဗ္ဗာန်ရောက်လိမ့် မယ်လို့ မဟောဘူးဆိုတဲ့ အဓိပ္ပာယ်ပဲ။
ဒကာ,ဒကာမတို့ ဒုက္ခဝေဒနာနောက်က ဒေါသကိုမတားနိုင်ရင် ဒုက္ခ, ဒေါသ, သောက, ပရိဒေဝ, ဒုက္ခ, ဒေါမနဿ, ဥပါယာသ, အဝိဇ္ဇာဆိုတဲ့တရားတွေ တန်းလိုက်လာတယ်။ ဒီအထဲမှာ အဝိဇ္ဇာပါတော့ ပဋိစ္စသမုပ္ပါဒ်အဆုံးက နေပြီး အစကပြန်ပတ်လှည့်တယ်၊ အဲဒီမှာ “အဝိဇ္ဇာပစ္စယာ သင်္ခါရာ၊ သင်္ခါရပစ္စယာ ဝိညာဏ”ဆိုပြီး ကာလစားဖတ် ဝါးဖတ်ဖြစ်ဖို့ ခန္ဓာတစ်ခုပေါ်လာတယ်ဆိုတာ ရှင်းကြပလား?။
ဘုန်းကြီးတို့ ဒကာ,ဒကာမတွေ ကြပ်ကြပ်စဉ်းစားပါ၊ ကိုယ့်အသေကို သူများစားဖို့ဝါးဖို့ သေပေးနေရတယ် ဆိုတော့ ကောင်းနိုင်ပါဦးမလား?၊ မကောင်းတော့ဘူး၊ အကြီးအကျယ် ကိုယ်ကျိုးနည်းတဲ့အဖြစ်ဆိုးပဲ။ ဒါကြောင့် ဒီ အဖြစ်ဆိုး ကိုယ်ကျိုးနည်းတဲ့ဘဝက ရှောင်ကြရှားကြမှသာ ဖြစ်တော့မှာပဲဆိုတာ စွဲစွဲမြဲမြဲမှတ်ကြပါ။
ဒုက္ခဝေဒနာနောက်က မဂ်သွင်းပေးရမယ်
အခု ဆရာဘုန်းကြီးက နည်းပေးပါမယ်၊ ဒုက္ခဝေဒနာနောက်က ဒေါသမလာအောင် တားဆီးရမယ်ဆိုတော့၊ ဒုက္ခဝေဒနာနောက်က မဂ်သွင်းပေးရမယ်၊ ဥပမာ ကိုယ်ပေါ်မှာ ဟိုကယားတယ်, ဒီကနာတယ်ဆိုတဲ့ ဝေဒနာပေါ်တဲ့ အခါ ဖြစ်ပျက်ရှုပျက်ကြဖို့ပဲ၊ ဖြစ်ပျက်ရှုရမယ်ဆိုတာ အသေအချာ မှတ်ထားလိုက်ကြ၊ ရှင်းကြပလား?။
အဲဒီလိုပေါ်တဲ့ ဒုက္ခဝေဒနာကို ဖြစ်ပျက်ရှုလိုက်တော့ မဂ်ဝင်လာတယ်၊ မဂ်ဝင်လာတော့ နောက်က ဒေါသ, သောက, ပရိဒေဝ စတဲ့ဟာတွေ မလာနိုင်တော့ဘူး၊ မလာတော့ အဝိဇ္ဇာ, သင်္ခါရတွေလည်း မလာတော့ဘူး၊ မလာတော့ သင်္ခါရပစ္စယာ ဝိညာဏံဆိုတဲ့ စားဖတ်ခန္ဓာတွေလည်း မပေါ်လာတော့ဘူး၊ အဲဒါ ကာလကို ကိုယ်ကပြန်စားလိုက်တာ ပဲလို့ မှတ်လိုက်ကြ၊ သဘောပါပလား?။
ဒုက္ခဝေဒနာနောက်က မဂ်လာလို့ အဝိဇ္ဇာမလာနိုင်ဘူး၊ မလာနိုင်တော့ သင်္ခါရ, ဝိညာဏ်တို့လည်း မလာတော့ ဘူး၊ အဲဒီတော့ ခန္ဓာမပေါ်၊ မပေါ်လို့ ကာလရဲ့စားဖတ်ဝါးဖတ်အဖြစ်က လွတ်တာပဲ၊ ကျေနပ်ပလား?။
ဒကာ,ဒကာမတွေ လေးလေးစားစား မှတ်ယူကြပါ၊ တစ်ခါထပ်ပြီး ပြောပါဦးမယ်၊ ကိုယ်ထဲမှာ ယားတဲ့နာတဲ့ ဝေဒနာတစ်ခုခု ပေါ်တဲ့အခါမှာ ဉာဏ်က ဒုက္ခဝေဒနာဖြစ်ပျက်ဆိုပြီး ရှုလိုက်တော့ ဖြစ်ပျက်, မဂ်ဆိုတဲ့ အစဉ်ဖြစ် သွားတယ်၊ ဝေဒနာနောက်မှာ မဂ်က ခြားဝင်လိုက်တော့ နောက်ကဒေါသ, သောက စတဲ့တရားတွေ ချုပ်သွားတယ်၊ သူတို့ချုပ်တော့ အဝိဇ္ဇာလည်းမပါနိုင်ဘူး၊ အဝိဇ္ဇာမလာတော့ သင်္ခါရလည်းချုပ်ကရော၊ ချုပ်တော့ ဝိညာဏ်ဆိုတဲ့ခန္ဓာ လည်း ဖြစ်စရာမရှိတော့ဘူး၊ ကျေနပ်ပလား?။
အဲဒီလို ဝိညာဏဆိုတဲ့ ခန္ဓာမပေါ်တော့ စားဖတ်ဝါးဖတ်ဖြစ်ဖို့ မရှိတော့ဘူး၊ အဲဒါ ကာလကို ကိုယ်ကပြန်စား နိုင်တာပဲလို့ဆိုတာ မှတ်ကြတော့၊ ရှင်းကြရဲ့လား?။
ရှုတဲ့ဉာဏ်က မဂ္ဂ ဖြစ်သွား တယ်
ဒါကြောင့် ဒုက္ခဝေဒနာပေါ်လာလည်း ဖြစ်ပျက်ရှု။ အခဲမကျေဘူးလို့ဆိုတဲ့ ဒေါမနဿဝေဒနာ ဝမ်းထဲမှာ ပေါ်လာရင်လည်း ဖြစ်ပျက်ရှုပစ်။ ကိုယ်ပေါ်မှာတော့ ဒုက္ခဝေဒနာ၊ ဝမ်းထဲကျတော့ ဒေါမနဿဝေဒနာပဲ၊ အခဲမကျေ တာ, မကျေနပ်တာ, စိုးရိမ်တာ, ကြောင့်ကျတာ, နှလုံးမသာယာတာဆိုတဲ့ဟာတွေကို ဒေါမနဿခေါ်တာပဲ၊ သူတို့လာ လည်း အနိစ္စချည့်ပဲဆိုပြီး ဖြစ်ပျက်ရှုပစ်ကြ၊ ရှုတတ်ကြပလား?။
အဲဒီလို ဒေါမနဿဝေဒနာကို ရှုပစ်လိုက်တော့၊ ဒေါမနဿဝေဒနာက အနိစ္စ၊ ရှုတဲ့ဉာဏ်က မဂ္ဂ ဖြစ်သွား တယ်၊ အဲဒီလိုရှုတော့ ကာလစားဖတ်ဝါးဖတ်ဖြစ်ကြောင်း တရားတွေသေသွားတယ်၊ ဖြစ်ကြောင်းတရားတွေ သေတဲ့ နောက်တော့ ဖြစ်ကျိုးတရားတွေလည်း မပေါ်နိုင်တော့ဘူး၊ သဘောပါပလား?။
ဒကာ,ဒကာမတို့ ဒီလိုဆိုတော့ ခန္ဓာဖြစ်စဉ် ပဋိစ္စသမုပ္ပါဒ်ပြတ်တဲ့တရား၊ ကာလစားဖတ်ဝါးဖတ်အဖြစ်က လွတ်စေနိုင်တဲ့ တရားပဲဆိုတာ ဆုံးဖြတ်ချက်ချ။ ဒါကြောင့် ဒုက္ခလာလည်း ဖြစ်ပျက်ရှု၊ ဒေါမနဿလာလည်း ဖြစ်ပျက် ရှုရမယ်ဆိုတာ သဘောပါပလား?။
အခု ဆက်လက်ပြီး ဥပေက္ခာဝေဒနာကို ပြောပြရမယ်၊ ဒကာ,ဒကာမတို့ မျက်လုံးကလေးကို ဖွင့်လိုက်တဲ့အခါ မှာ ရှေ့ကမြင်စရာတစ်ခုခုနဲ့တွေ့တော့ မြင်စိတ်ကလေး ပေါ်လာတယ်၊ အဲဒီမြင်စိတ်ကလေးဟာ သူချည့်သက်သက် မဟုတ်ဘူး၊ ဥပေက္ခာဝေဒနာနဲ့တွဲပြီး ပေါ်ရတယ်လို့ မှတ်လိုက်ကြပါ။
သူက မြင်ရုံမျှမြင်ကာမတ္တသာ စွမ်းနိုင်တဲ့အတွက် မြင်စိတ်မှာ ဥပေက္ခာဝေဒနာတစ်မျိုးပဲ ဖြစ်နိုင်တယ်ဆိုတာ မှတ်ထားကြရမယ်။ အဲဒီတော့ မြင်ကာမတ္တအခိုက်အတန့်မှာ ဥပေက္ခာဝေဒနာပါတယ်ဆိုတော့ မျက်လုံးပေါက်မှာ ဥပေက္ခာဝေဒနာဖြစ်တယ်လို့ပဲ လွယ်လွယ်မှတ်ထားလိုက်ကြပါ၊ ရှင်းပလား?။
သူ့သဘောက မြင်ရုံပဲမြင်တယ်၊ လိုချင်ပြစ်မှား စတဲ့သဘောတွေ ဘာမှမပါဘူး၊ မြင်ရုံမျှသဘောကို ဥပေက္ခာ ဝေဒနာဆိုတာပဲလို့ မှတ်လိုက်ကြ၊ ကျေနပ်ပလား?။
ဥပေက္ခာဝေဒနာပေါ်တာကို မသိတာဟာ အဝိဇ္ဇာပဲ
ဒကာ,ဒကာမတို့က မျက်လုံးဖွင့်လိုက်တဲ့အခါ မြင်စိတ်နှင့်အတူ ဥပေက္ခာဝေဒနာကလေး ပေါ်လာတယ်။ အဲဒါကို သိရမယ်၊ အခုတော့ မသိကြဘူး၊ မသိလိုက်တဲ့အတွက် ဘာဖြစ်သလဲ၊ ဥပေက္ခာဝေဒနာပေါ်တာကို မသိတဲ့ အတွက် မသိတာဟာ အဝိဇ္ဇာပဲ၊ ရိပ်မိကြရဲ့လား? မသိမှုအတွက် ပဋိစ္စသမုပ္ပါဒ် အစကစပြီး “အဝိဇ္ဇာပစ္စယာ သင်္ခါရာ၊ သင်္ခါရပစ္စယာ ဝိညာဏံ”ဆိုပြီး အနာဂတ်ခန္ဓာအတွက် ပဋိသန္ဓေ ဝိညာဏံပေါ်လာတယ်၊ မြင်ကြပလား?။
အဲဒါ ဥပေက္ခာဝေဒနာကို မသိတဲ့အတွက် သူ့ကို ဖြစ်ပျက်မရှုမိတဲ့အတွက် စားဖတ်ဝါးဖတ် အနာဂတ်ခန္ဓာ တစ်ခု ပေါ်လာရတယ်။ အဲဒါကြောင့် မျက်လုံးဖွင့်လို့ ဥပေက္ခာဝေဒနာပေါ်လာလည်း ဖြစ်ပျက်ရှုရမယ်၊ သဘောကျ ပလား?၊ အဲဒီလိုရှုတော့ ဥပေက္ခာဝေဒနာနောက်က မဂ်ဝင်လာတယ်၊ မဂ်ဝင်လာတော့ အဲဒီမဂ်က ကိလေသာတွေ ကို သတ်လိုက်တဲ့အတွက် အဝိဇ္ဇာမလာနိုင်တော့ဘူး။
ဖြစ်ပျက်ရှုတဲ့မဂ်က အဝိဇ္ဇာကိုသတ်လိုက်တော့ အဝိဇ္ဇာမလာဘူး၊ အဝိဇ္ဇာချုပ်သွားတယ်၊ အဝိဇ္ဇာချုပ်တော့ သင်္ခါရလည်းချုပ်၊ ဝိညာဏ်လည်းချုပ်၊ ဝိညာဏ်ဆိုတဲ့ ခန္ဓာငါးပါးချုပ်တယ်ဆိုတော့ ကာလ၏စားဖတ်ဝါးဖတ် ဖြစ်ဖို့ ရာ အထည်ကိုယ်မကျန်တော့ဘူး၊ လွတ်သွားပြီ။ ဒါကြောင့် မျက်လုံးပေါက်က ဥပေက္ခာဝေဒနာပေါ်တိုင်း ဖြစ်ပျက် ရှုရမယ်၊ ရှင်းပလား?။
ဒကာ,ဒကာမတို့ ကိုယ့်ကို သူများသတ်ဖြတ်စားခြင်းမှ ကာကွယ်နိုင်ဖို့ရာ ကိုယ့်ကိုသနားသောအားဖြင့် မလွတ် တမ်း ရှုရမယ်။ ပျင်းနေရင် စားဖတ်ဝါးဖတ်ပဲလိုသာ မှတ်ကြ။
ဘုရားသခင် ကိုယ်တော်မြတ်ကြီးက “ဆဆက္ကသုတ်”မှာ အကူအညီပေးထားခဲ့ပါတယ်။ ဒကာ,ဒကာမတို့ “ဥပေက္ခာဝေဒနာပေါ်တာကို မသိရင် အဝိဇ္ဇာဝင်မယ်၊ အဲဒီအဝိဇ္ဇာဝင်လာလို့ရှိရင်ဖြင့် ဘယ်တော့မှ ကာလ၏စား ဖတ် ဝါးဖတ်အဖြစ်က လွတ်လိမ့်မယ်လို့ ‘ငါ မဟောဘူး’တဲ့၊ သဘောပါကြရဲ့လား။
ဥပေက္ခာဝေဒနာပေါ်တာကို ဖြစ်ပျက်မရှုမိတော့ အဝိဇ္ဇာလာမယ်၊ အဝိဇ္ဇာလာရင် သင်္ခါရ-ဝိညာဏ်ဆိုပြီး နောက်အနာဂတ် ခန္ဓာပေါ်လာလို့ ကာလစားဖတ်ဝါးဖတ်အဖြစ်က မလွတ်တော့ဘူး၊ ရှင်းကြပလား?။
ပေါ်တိုင်းပေါ်တိုင်း မလွတ်အောင် ဖြစ်ပျက်ရှုရမယ်
ဒါကြောင့် ဥပေက္ခာဝေဒနာပေါ်တဲ့အခါ ပေါ်တိုင်းပေါ်တိုင်း မလွတ်အောင် ဖြစ်ပျက်ရှုရမယ်၊ ဥပေက္ခာ ဝေဒနာရဲ့ အနိစ္စကို မြင်အောင်ရှုရမယ်၊ ဖြစ်ပျက်ဆိုတာသာ အနိစ္စပဲ၊ အနိစ္စကို၊ ဗမာစကားနဲ့ချုံးတော့ ဖြစ်ပျက်ပဲ။ ဒကာ,ဒကာမတွေ ကျကျနန မှတ်ထားလိုက်ကြ။
ဒါဖြင့် ရှေ့ဆက်ပါဦးဆိုတော့ ကြားစိတ်ဖြစ်တဲ့အခါ နားက ကြားကာမျှမတ္တပဲဖြစ်လို့ သူ့မှာလည်း လိုချင်တာ, ပြစ်မှားတာတွေ မပါဘူး၊ ဒါကြောင့် နားက ကြားတဲ့အခါ၊ ကြားစိတ်နဲ့ တွဲလာတာကို ဥပေက္ခာဝေဒနာပဲ မှတ်ထား လိုက်ကြပါ၊ အဲဒီတော့ကို အဲဒီကြားတဲ့ ဥပေက္ခာဝေဒနာပေါ်လာရင်လည်း ဖြစ်ပျက်ရှုကြရမယ်။
ဒါကိုမသိလို့ မရှုမိရင် နောက်က အဝိဇ္ဇာလာမယ်၊ လာတော့ အဝိဇ္ဇာ, သင်္ခါရ, ဝိညာဏ်ဆိုပြီး ခန္ဓာသစ်ပေါ်ဦး မှာပဲ၊ ပေါ်ရင် ကာလရဲ့စားဖတ်ဝါးဖတ်ပဲလို့သာ မှတ်ကြတော့၊ ကျေနပ်ပလား?၊ ဖြစ်ပျက်ရှုလိုက်တော့ အဝိဇ္ဇာမလာ ဘူး၊ မလာတော့၊ သင်္ခါရ-ဝိညာဏ်တို့လည်း မလာလို့ ခန္ဓာသစ်လည်း မပေါ်နိုင်တော့ဘူး၊ မပေါ်တော့ ကာလစားဖတ် က လွတ်တာပဲ။
ဒါကြောင့် ကိုယ့်ကို သူများစားမှာ ကြောက်လို့ရှိရင် ကြောက်တာမှန်ရင်ဖြင့် ဝေဒနာပေါ်တိုင်း ဖြစ်ပျက်ရှုကြ ရမယ်၊ ဖြစ်ပျက်ရှုနိုင်ဖို့ အလွန်အရေးကြီးတယ်ဆိုတာ ဆုံးဖြတ်ချက်ချကြ။
ဒကာ,ဒကာမတို့ ထူးထူးခြားခြား မှတ်လိုက်ကြစမ်းပါ၊ ပိဋကတ်တွေ, စာတွေ, ပေတွေ အမျိုးမျိုးသင်ကြ ကြားကြရတယ်၊ ဒါဘာကြောင့်လဲ? ဘယ်အကျိုးငှာလဲ?လို့ဆိုတော့ ဒီတရားကို အားထုတ်တတ်စေချင်လို့ အားထုတ် အောင်လို့ပဲဆိုတာ မှတ်ကြရမယ်။
ပိဋကတ်သုံးပုံကို ချုံ့လိုက်တော့ အနိစ္စ, ဒုက္ခ, အနတ္တပဲရှိတယ်၊ ဒါဟာ လိုရင်းပြောရင် ဖြစ်ပျက်အနိစ္စပဲ၊ အဲဒီတော့ ပိဋကတ်ကိုချုပ်ရင် ဖြစ်ပျက်တရားကို အားထုတ်တတ်စေချင်လို့ အားတက်စေချင်လို့ပဲဆိုတာ အသေအချာ မှတ်လိုက်ကြ။
ပိဋကတ်သုံးပုံကို ချုပ်လိုက်ရင် အနိစ္စ, ဒုက္ခ, အနတ္တသုံးခုပဲ
အဲဒီလိုအားထုတ်တတ်မှု၊ ရှုတတ်မှတ်တတ်မှ သံသရာစခန်းသတ်မယ်၊ သံသရာစခန်း သတ်တယ်ဆိုတာ အဝိဇ္ဇာချုပ်၊ သင်္ခါရလည်းချုပ်၊ ဝိညာဏ်လည်းချုပ်၊ ချုပ်ပြီး ခန္ဓာဇာတ်သိမ်းတာကို ခေါ်တာပဲ၊ ရိပ်မိကြပလား?၊ ပိဋကတ်သုံးပုံကို ချုပ်လိုက်ရင် အနိစ္စ, ဒုက္ခ, အနတ္တသုံးခုပဲ၊ ဒီသုံးခုဆိုတဲ့ ဖြစ်ပျက်ကိုရှုမှ သံသရာစခန်းသတ်မယ်ဆိုတာ မှတ်ကြ။
ဒကာ,ဒကာမတို့ နားက အသံကြားတဲ့အခါလည်း ဥပေက္ခာဝေဒနာလို့ မှတ်ရမယ်။ နှာခေါင်းနဲ့မွှေးတာ နံတာ၊ ကောင်းမကောင်း အနံ့တွေကိုရှူတဲ့အခါမှာ နှာခေါင်းမှာလည်း ဥပေက္ခာဝေဒနာ ပေါ်ပါတယ်။ အဲဒါလို နားက ပေါ်လာလည်း ဖြစ်ပျက်ရှု၊ နှာခေါင်းကပေါ်တဲ့ ဥပေက္ခာဝေဒနာလည်းရှု၊ ပေါ်တိုင်းပေါ်တိုင်း ရှုပေးကြရမယ်။ စားတဲ့ အခါ လျှာပေါ်မှာပေါ်တာလည်း ဥပေက္ခာဝေဒနာပဲ၊ အဲဒါကိုလည်း ရှုကြရမှာပဲ၊ မှတ်မိကြပလား?။
ဒကာ,ဒကာမတို့ ဝမ်းထဲမှာပေါ်တာလည်း ရှိသေးတယ်၊ ဝမ်းထဲမှာက ကမ္မဿကာ ထားတဲ့သဘောကို ဆိုပါ တယ်၊ ဒီအတွက် “ကိစ္စမရှိပါဘူး”လို့ သုံးတဲ့စကားဟာ ဥပေက္ခာဝေဒနာပဲ၊ အဲဒီလိုဝမ်းထဲမှာ ဥပေက္ခာဝေဒနာပေါ်တဲ့ အခါ ပေါ်တိုင်းပေါ်တိုင်း ဖြစ်ပျက်သာရှုပစ်ကြ။ ဥပေက္ခာဝေဒနာပေါ်နိုင်တာက ငါးနေရာ၊ မျက်လုံး, နား, နှာခေါင်း, လျှာ, မနောလို့ ငါးဌာနမှတ်ပါ။
အဲဒီလိုပေါ်တိုင်း ရှုပေးတော့ ဥပေက္ခာဝေဒနာက အနိစ္စ၊ ရှုတဲ့ဉာဏ်က မဂ္ဂဖြစ်သွားတယ်၊ အဲဒီမှာ နောက်က အဝိဇ္ဇာ, သင်္ခါရ, ဝိညာဏ်တွေ အကုန်ချုပ်သွားပါတယ်။ အဲဒီလိုရှုလိုက်တာ ကာလကို မိမိပြန်စားနိုင်တာပဲလို့သာ မှတ်ကြတော့၊ ကိုင်း ဒါဖြင့် မရှုရင်မဖြစ်ဘူးဆိုတာ ဆုံးဖြတ်ချက်ချကြ၊ သေချာကြပလား?။
ဒါကြောင့်မို့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက “ဥပေက္ခာဝေဒနာကို ဖြစ်ပျက်မရှုဘဲ ကာလ၏စားဖတ် ဝါးဖတ်အဖြစ်က လွတ်လိမ့်မယ်လို့ ငါဘုရားမဟောဘူး”လို့ ဆဆက္ကသုတ်မှာ အသေအချာလာပါတယ်။ အဲဒါကြောင့် ဝေဒနာသုံးမျိုးကို ပေါ်ရာလိုက်ပြီး ရှုမှတ်ကြရမယ်ဆိုတာ အလုပ်စဉ်အလုပ်သင်အနေနဲ့ ပြောလိုက်ပါတယ်။
ဝေဒနာက ပေါင်းလိုက်တော့ သုံးမျိုးပဲရှိတယ်
ဝေဒနာက ပေါင်းလိုက်တော့ သုခဝေဒနာ, ဒုက္ခဝေဒနာ, ဥပေက္ခာဝေဒနာလို့ သုံးမျိုးပဲရှိတယ်၊ ဥပေက္ခာကို ဥပေက္ခာချင်းပေါင်း။ သောမနဿကို သုခနဲ့ပေါင်း၊ ဒေါမနဿကို ဒုက္ခနဲ့ပေါင်း၊ အဲဒီလိုပေါင်းပြီး ရေတွက်ရင် သုံးမျိုးပဲ ရှိတယ်၊ အဲဒီသုံးမျိုးထဲက ပေါ်ရာကိုလှည့်ပြီး ဖြစ်ပျက်ရှုကြရမယ်ဆိုတာ အချုပ်သဘော မှတ်ထားလိုက်ကြပါ၊ ရှင်းကြ ပြီလား?။
ကောင်းပြီ ဒါဖြင့် ဒီလိုရှုမှတ်ရမယ့် ဝိပဿနာလုပ်ငန်းစဉ် ဘယ်လောက်ကြာကြာလုပ်ရမှာလဲ? မသေမချင်းဘဲ လုပ်ရမှာလား၊ ဘယ်အခြေရောက်မှ စခန်းသတ်ရမှာလဲ?ဆိုတာကို ဒကာ,ဒကာမတွေ သိချင်ကြမယ်၊ အဲဒါကြောင့် အခု ဆရာဘုန်းကြီးက ဝိပဿနာစခန်းသတ်ပုံကို “မိလိန္ဒပဥှာပါဠိတော်”မှာလာတဲ့ အဓိပ္ပာယ်နဲ့ရှင်းလင်းပြီး ပြောလိမ့် မယ်ဆိုတာ မှတ်ကြရမယ်၊ သဘောကျပလား?။
ဒကာ,ဒကာမတို့ မိလိန္ဒမင်းကြီးက အသျှင်နာဂသိန်မထေရ်ကို မေးမြန်းလျှောက်ထားလိုက်ပါတယ် “အရှင် ဘုရား၊ ဝိပဿနာရှုတဲ့အခါ ဝိပဿနာရှုနေရင်းက နိဗ္ဗာန်ရောက်တယ်လို့ ပြောပါတယ်၊ အဲဒီလို ဝိပဿနာရှုရင်းမတ္တက နိဗ္ဗာန်ရောက်ပုံကို အမိန့်ရှိပါဘုရား”လို့ လျှောက်ထားမေးမြန်းပါတယ်။
အခု အသျှင်နာဂသိန်မထေရ်က ဖြေကြားပုံကို ပြောပြရမယ်၊ ဒကာ,ဒကာမတို့ နိဗ္ဗာန်ရောက်ပြီးသားဖြစ်တဲ့ အသျှင်နာဂသိန်က ဖြေတဲ့အဖြေမို့ ယုံမှားစရာမလိုတော့ဘူး၊ မသိတဲ့သူက မှန်းပြီးပြောတဲ့စကားမျိုး မဟုတ်ဘူး၊ ကိုယ်တိုင်သိမြင်ပြီး ရောက်ရှိပြီးဖြစ်တဲ့ ပုဂ္ဂိုလ်ကပြောတာမို့ လေးလေးစားစားမှတ်ယူပြီး တိတိကျကျ အားထားလိုက်နာ ကြဖို့ပဲ။
ဘုန်းကြီးတို့ ဒကာ,ဒကာမတွေ ဝိပဿနာကိုရှုရမယ်၊ ဝိပဿနာရှုမှလည်း နိဗ္ဗာန်ရောက်မယ်၊ ဝိပဿနာ မရှုဘဲနဲ့လည်း နိဗ္ဗာန်ဘယ်တော့မှ မရောက်ဘူး၊ နိဗ္ဗာန်ရောက်မှလည်း ကာလစားဖတ်ဝါးဖတ်အဖြစ်က လွတ်မယ်၊ ဒါဖြင့် အခု ဝိပဿနာရှုရလိမ့်မယ်၊ ရှုရမယ်ဆိုတော့ ဝေဒနာနုပဿနာပဲ ရှုကြပါ၊ ဝေဒနာစခန်းနဲ့ တိုက်ဆိုင်နေလို့ ဝေဒနာပဲရှုကြ။
အခုရှင်းပြမှာကလည်း ဝေဒနာနုပဿနာနည်းနဲ့ပဲ ရှင်းပြပါလိမ့်မယ်ဆိုတော့ အဲဒါမှ သဘာဝချင်း, စခန်းချင်း က ထပ်မိဟပ်မိမယ်၊ သဘောပါကြပလား?၊ အသျှင်နာဂသိန်မထေရ်က ဖြေကြားပုံကို အခုပြောပြမယ်ဆိုတာ မှတ် ကြ။
ပထမဖြစ်ပျက်ကို သိနေ, ရှုနေပါ
အသျှင်နာဂသိန်မထေရ်က မိလိန္ဒမင်းကြီးကို ပြောလိုက်ပါတယ်။ “ဒကာကြီး ပထမဖြစ်ပျက်ကို သိနေ, ရှုနေပါ၊ သုခဝေဒနာ, ဒုက္ခဝေဒနာ, ဥပေက္ခာဝေဒနာဆိုတဲ့ ဝေဒနာသုံးမျိုး တစ်မျိုးမျိုးပေါ်ရာကို ရှုနေပါတဲ့၊ ဒီအတိုင်း ရှုနေလို့ ရှုဖန်များလာတော့ ကိုယ်အသေ ကိုယ်မြင်လာလိမ့်မယ်တဲ့”။
ဒကာ,ဒကာမတွေ ဝိပဿနာရှုတဲ့အခါ ရှုဖန်များလာလို့ရှိရင် ဝေဒနာကလေးတွေ အစုလိုက်, အစုလိုက်ဖြစ် တာ ပျက်တာကို မြင်လာရတယ်၊ အဲဒါ ဝေဒနာအစု ဝေဒနာက္ခန္ဓာပဲ၊ အဲဒီဝေဒနာက္ခန္ဓာဟာ ဘယ်သူ့ခန္ဓာလဲဆိုတော့ မိမိခန္ဓာမှာ ရှုနေတဲ့အတွက် မိမိခန္ဓာပဲဆိုတာ ထင်ရှားတယ်၊ ရှင်းကြရဲ့လား?။
အဲဒီဝေဒနာအစု ဝေဒနာက္ခန္ဓာတွေ ဖြစ်ပြီးပျက်တယ်ဆိုတော့ မိမိမွေးပြီး, မိမိသေနေတာပဲဆိုရင် မမှားဘူး၊ အဲဒီတော့ မိမိသေတာကို မိမိကရှုနေတာပဲလို့ မှတ်ကြရမယ်၊ လိုရင်းတော့ “ဝိပဿနာရှုတယ်ဆိုတာ မိမိသေတာကို မိမိရှုတဲ့လုပ်ငန်းပဲ”လို့သာ ဆုံးဖြတ်ချက်ချကြ၊ ရိပ်မိပလား?၊ ဒကာ,ဒကာမတို့ ကိုယ့်အသေကို ကိုယ်မြင်တာဟာ ဝိပဿနာပဲတဲ့ ကျေနပ်ပလား?။
အဲဒီလို ဝေဒနာက္ခန္ဓာကလေးတွေ သေတော့ ဒကာတို့ ခန္ဓာငါးပါးလုံး ရှိနေတာဖြစ်လေတော့ ကျန်တဲ့ခန္ဓာ လေးပါးလည်း မကျန်ရစ်တော့ဘူး၊ လေးပါးစလုံး ရောပြီးသေတော့တာပဲ၊ တစ်ပါးသေရင် ကျန်လေးပါးလည်း သေတယ် ဆိုတာ မှတ်ကြရမယ် ရှင်းကြပြီလား?” အဲဒါကြောင့် ခန္ဓာငါးပါးလုံး သေတယ်ဆိုတော့ ကိုယ့်အသေကို ကိုယ်မြင်တာ ပဲဆိုတဲ့အချက် ထင်ရှားပြီ။
အဲဒါကြောင့် အသျှင်နာဂသိန်က မိလိန္ဒမင်းကို “ဒကာကြီး ရှေးဦးစွာ ဝိပဿနာရှုပါ၊ ရှုတဲ့အခါ အရှုများရင် ကိုယ့်အသေကို ကိုယ်မြင်ပါလိမ့်မယ်လို့ ဟောခဲ့တာပဲဆိုတာ ရိပ်မိကြပလား?။
နောက်ဆက်ပြီး “ဒကာကြီး၊ ရှေးဦးတော့ ကိုယ့်အသေကိုယ်မြင်မယ်၊ နောက် ရှုဖန်များလာတော့ အသေမှ တပါး ဘာမှမရှိပါကလား၊ အမှန်တော့ ဘာမှမဟုတ်ပါကလားလို့ဆိုပြီး ဖြစ်ပျက်ခန္ဓာပေါ်မှာ ရွံလာမယ်, မုန်းလာမယ်, ငြီးငွေ့လာမယ်”တဲ့။
အသေခန္ဓာကြီး ပျောက်ထွက်သွားတာကို မြင်ရမယ်
ဒကာတို့တတွေ ကိုယ့်အသေတွေ အမြင်ရများလာရင် ဘယ့်နှယ်နေကြမလဲ? စဉ်းစားကြ၊ မုန်းလာမယ်, ရွံလာမယ်, ငြီးငွေ့လာမယ်ဆိုတာ သေချာတယ်။ အဲဒါကြောင့် အသျှင်နာဂသိန်က ပထမကိုယ့်အသေကို မြင်ရမယ်၊ ဒုတိယ ကိုယ့်အသေကိုမုန်းလာမယ်လို့ ဟောခဲ့တာပဲဆိုတာ သဘောပါကြပလား?၊ ဒါနဲ့ ဆက်လက်ပြီး အမိန့်ရှိပြန် ပါတယ်။
”ဒကာကြီး ဒီနည်းအတိုင်း ဆက်လက်ရှုသွားပြန်တော့ ဉာဏ်တက်လာတယ်၊ အမုန်းများတော့ နောက် တက် လာမယ်၊ အဲဒီလိုဉာဏ်တက်လာတော့ ကိုယ့်အသေကိုယ်မလိုချင်တော့ဘူး၊ လွတ်ချင်လာတယ်၊ အဲဒီအခါမှာ ရှုနေတဲ့ တရားက အသေခန္ဓာကြီး ပျောက်ထွက်သွားတာကို မြင်ရမယ်”တဲ့။
ဘုန်းကြီးတို့ ဒကာ,ဒကာမတွေ အသေခန္ဓာကိုရှုပြီး ပထမ မြင်နေရမယ်၊ နောက် မုန်းလာမယ်၊ မုန်းဖန်များ လို့ ဉာဏ်ကတက်လာတော့ အသေခန္ဓာကြီး ပျောက်ထွက်သွားတာကို မြင်ရမယ်တဲ့။ အရှုခံဖြစ်ပျက်အသေခန္ဓာကြီး ပျောက်သွားတာကို မြင်ရတယ်ဆိုသဖြင့် ဖြစ်ပျက်မရှိတဲ့ မသေရာကိုမြင်ရတယ်ဆိုတာ မှတ်ကြရမယ်။ အသေတွေ မြင်ရလို့ မုန်းအားကြီးတော့ မလိုချင်၊ မလိုချင်တော့ ဉာဏ်ကတစ်ဆင့်တက်ပြီး မသေတာကိုမြင်ရတယ်၊ ဒကာ,ဒကာမ တွေ သဘောကျကြပလား?။
အဲဒီအခါမှာ
မသေတာက နိဗ္ဗာန်၊
မသေရာမြင်တာက မဂ်ဉာဏ်၊
မသေရာက နိဗ္ဗာန်၊
မသေရာကို မြင်တာက မဂ်ဉာဏ်
ဒကာ,ဒကာမတို့ ဒီရှုနေတဲ့ဉာဏ်က အသေတွေကိုမြင်၊ အသေတွေကိုမုန်း၊ မုန်းပြီး အသေတွေဆုံးတဲ့ဘက် ကူးသွားတယ်ဆိုတာ မှတ်ကြ၊ ဒီဉာဏ်ဟာ ရှုနေရင်းက အသေမြင်၊ အသေမုန်း မုန်းရာကဆုံးတဲ့ဘက် ကူးသွားတယ် ဆိုတာ ကျေနပ်ပလား?။
ဘုန်းကြီးတို့ ဒကာ,ဒကာမတွေ ဒီလိုလမ်းဆုံးတိုင် သိကြရပြီဆိုတော့ ဘာလိုသေးသတုံး? ဘာမှမလိုတော့ဘူး၊ ပေါ်လာတဲ့ဝေဒနာကို စွဲစွဲမြဲမြဲ ရှုမှတ်ဖို့ပဲလိုတော့တယ်ဆိုတာ ရိပ်မိကြပလား?။
ခန္ဓာထဲမှာ ဝေဒနာပေါ်တဲ့အခါ ပေါ်တိုင်းပေါ်တိုင်း ဉာဏ်နဲ့မြင်အောင် ပထမကြိုးစားရမယ်၊ ဒုတိယ ဝေဒနာ ဖြစ်ပျက်တွေ အမြင်များပြီး မုန်းလာအောင်ကြည့်ရမယ်။ တတိယ မုန်းရာကနေပြီး ဖြစ်ပျက်တွေဆုံးသွားတာကို ရောက်အောင် မြင်အောင် ကြည့်ရမယ်ဆိုတာ ဒကာ,ဒကာမတို့တာဝန်ပဲ။
ရှုတဲ့အခါမှာ ကိုယ်ကတက်ချင်လို့မရဘူး၊ ဉာဏ်ကတက်မှ တက်တာ၊ ကြိုးစားရှုဖို့ရာ ကိုယ့်တာဝန်၊ ဉာဏ်တက် ဖို့ရာ ဉာဏ်အလုပ်၊ ဒကာတို့ အရှုအပွားများရင် များသလောက်ကိုလေ့လာ မခြားရင်မခြားသလောက် ဉာဏ်တက်မှာ ပဲဆိုတာ အထူးသတိပေးလိုက်တယ်။ ကျေနပ်ကြပလား?။
မသေရာဘက်ကို ဉာဏ်ကကူးသွားတယ်
မဂ်ဉာဏ်ဆိုတဲ့သဘောဟာ ပထမ အသေကိုမြင်ရမယ်၊ နောက် အသေတွေကိုမုန်းပြီး အသေတွေဆုံးသွားပြီး မသေရာကို မြင်တော့တယ်ဆိုတာကို မှတ်ထားကြပါ။
ရှုစမှာတော့ အသေကိုမြင်တယ်၊ ရှုဖန်များလာတော့ အသေကိုမုန်းပြီး မလိုချင်တော့ဘူး၊ မလိုချင်တော့ဘူး ဆိုတာနဲ့ တစ်ပြိုင်နက် အသေတွေပျောက်ထွက်သွားပြီး မသေရာဘက်ကို ဉာဏ်ကကူးသွားတယ်၊ ဒကာ,ဒကာမတွေ ကျေနပ်ကြပလား?။
အဲဒီအခါမှာ
အသေတွေက ဒုက္ခသစ္စာ၊
မသေရာက နိရောဓသစ္စာ၊
မသေရာမြင်တာက မဂ္ဂသစ္စာ၊
ချုပ်တဲ့ကိလေသာက သမုဒယသစ္စာ၊
ကိုင်း ဒကာ,ဒကာမတွေ နေရာကျကြပလား?၊ အဲဒီလိုမသေတဲ့ဘက်ကို ဉာဏ်ကကူးသွားနိုင်ခဲ့ရင် ပထမ သေတာပန်တည်တာပဲလို့သာ မှတ်လိုက်ကြတော့၊ သဘောကျပလား?။ ကိုင်း, ဒါဖြင့် မသေရာဘက်ကို ဉာဏ်ကူးသွား နိုင်သည့်တိုင်အောင် မပျက်မကွက် ကြိုးစားကြဖို့ လေးလေးစားစား တိုက်တွန်းလိုက်တယ်။
ဂါထာအနက်
ကာလော၊ နံနက်-နေ့-ည ချိန်ကာလသည်။ သဟတ္တနာ၊ ကာလဟူဘိ မိမိနှင့်အတူတကွ။ သဗ္ဗာနေဝ၊ ကြီး ငယ်မယွင်း ခပင်းဥဿုံ အလုံးစုံလည်းဖြစ်ကုန်သော။ ဘူတာနိ၊ ငြိတတ်ကပ်တတ် လူနတ်ဗြဟ္မာ များစွာခပင်း သတ္တဝါ တစ်သင်းတို့သည်။ ဃသတိ၊ ပါဒ်ဗီဇနာပြန်ခရာမလပ်အောင် မပြတ်တစေ မျိုဝါးစားသောက်ပစ်လေ၏။ ဃသတိ၊ ဇီဝိန်ရုပ်ဆင်း အားအန်ယွင်းလျှက် ပျိုခြင်းကုန်ပျောက် ရောဂါရောက်အောင် တောက်တောက်ကိုက်ဝါး စားသောက် ပစ်လေ၏။ ယောစ၊ အကြင်သူသည်ကား။ ကာလဃသော၊ အရိယာမဂ် ဉာဏ်သန်လျက်ဖြင့် နောက်ဆက်သန္ဓေ ကုန်ပျက်လေအောင် ထွေထွေကာလ ဟူသမျှကို မုချပုံသေ မျိုဝါးစားသောက်နိုင်ပေ၏။ ဘူတပစနိံ၊ အပါယ်လေးရွာ သတ္တဝါထွေထွေ လောင်စေရှို့မြိုက် အပူမီးတိုက်တတ်သည့် တဏှာမိုက်ကို။ ပစိ၊ ဉာဏ်မီးမြိုက်လျက် ပညာစက်ဖြင့် ကျက်စေပူစေ ပြာဖြစ်စေ၏။ သ,သော၊ ထိုသသူကား။ ကော၊ အဘယ်မည်သောသူ ဖြစ်ပါလေသနည်း။ ။
ကိုင်း…နာရီစေ့ပြီ၊ ဒီတွင် တော်ကြဦးစို့။
