20708

မဂ္ဂင်ဖောင်ပျံ အားကိုးမှန် တရားတော်

ဆောင်ပုဒ်

ဧဟိပဿိ၊ ခေါ်ရာသိ၊ သန္ဒီဋ္ဌိကလိုက်။

သုံးပါးဝေဒနာ၊ ပေါ်ဆဲခါ၊ ဉာဏ်ရှာ ဖြစ်ပျက်၌။

ဖြစ်ပေါ်ပျောက်ပျက်၊ ဒုက္ခစက်၊ နဲနက်ဉာဏ်စူးစိုက်။

ဝေဒနာနောက်၊ ရှုဉာဏ်ရောက်၊ ချုပ်ပျောက်သမုမိုက်။

တဏှုပါဒါန်၊ ဘဝကံ၊ သုံးတန်ချုပ်စဲကြိုက်။

ရှုမှတ်မြဲတုံ၊ အကြောင်းကုန်၊ အေးဘုံ နိဗ္ဗာန်ဆိုက်။

မရှုနေက၊ သမုဒယ၊ ဒုက္ခရင်ဝယ်ပိုက်။ ။

သတိချပ်

မရဏဒီရေ၊ နီးလှချေ၊ အိပ်နေမသင့်ပြီ။

ယခုနှယ်ခါ၊ လှေဖောင်ရှာ၊ တက်ကာ စီးသင့်သည်။

အိပ်မောထူလှ၊ မေ့လျော့ကြ၊ မျောကြ မြုပ်ကြမည်။

သေမင်းရင်ခွင်၊ မရောက်ခင်၊ မဂ္ဂင်လုပ်သင့်သည်။

မလုပ်ပေါ့ငြား၊ ငါးလိပ်များ၊ အစားခံရမည်။

လောဘ, ဒေါသ၊ မိုက်မောဟ၊ မေ့ကြမသင့်ပြီ။

မေ့လျော့ပေါ့ချေ၊ သေပြီးသေ၊ လေးထွေပါယ်နစ်မည်။

ငါးလုံး,ရှစ်လုံး၊ ဖောင်ကိုသုံး၊ အေးဆုံး နိဗ္ဗူပြည်။

တရားသား

မရဏရေတွေ ဒရဟော လာနေကြပြီ

ဘုန်းကြီးတို့ ဒကာ,ဒကာမတွေ ကြပ်ကြပ်သတိပြုလိုက်ကြပါ၊ ဒကာ,ဒကာမတို့ဆီကို မရဏရေတွေ ဒရဟော လာနေကြပြီ၊ အိပ်ပျော်နေလို့ဖြင့် မဖြစ်ကြတော့ဘူးလို့ဆိုတာကို ကြပ်ကြပ်သတိပြုလိုက်ကြပါ၊ အိပ်ပျော်နေရင် မဖြစ် တော့ဘူးတဲ့၊ ဘာကြောင့်တုံးဆိုတော့ ဒကာတို့ဆီကို မရဏရေတွေ လာနေကြလို့ပဲဆိုတာ မှတ်လိုက်ကြပါ။

အမှတ်တမဲ့နဲ့ အိပ်ပျော်နေမိရင် မရဏရေတွေက တိုက်ချသွားလိမ့်မယ်၊ မရဏရေ၏က တိုက်ချလိုက်ရင် လှလှကြီး ဒုက္ခရောက်ရတော့မယ်၊ ကိုယ်ကျိုး အကြီးအကျယ် နည်းရတော့မယ်၊ ဒါဖြင့် အိပ်ပျော်နေကြလို့ သင့်ပါဦး မလား? မသင့်တော့ဘူး၊ နိုးနိုးကြားကြားနဲ့ မရဏရေတွေ ရောက်မလာခင်မှာ အားကိုးရာအားထားရာကို ရှာကြရတော့ မယ်။

အားကိုးရာ အားထားရာက ဘာလဲဆိုတော့ ဒီရေဘေးကလွတ်နိုင်တဲ့လှေတို့, ဖောင်တို့ပဲဆိုတာ ရိပ်မိကြရဲ့ လား?၊ ဒကာ,ဒကာမတို့ မရဏရေတွေကဖြင့် လာနေတာ ဧကန်ဖြစ်လေတော့ လှေတွေ, ဖောင်တွေကို မလုပ်ရင် မဖြစ်တော့ဘူးဆိုတာ ဆုံးဖြတ်ချက်ချကြ။

ခန္ဓာရှိသူမှန်သမျှ အနှေးနဲ့အမြန်ဆိုသလို မရဏရေဘေးက မလွတ်နိုင်ကြဘူး၊ ဒကာတို့အတွက် မရဏရေတွေ က အသီးသီးလာနေကြပြီ၊ အိပ်ပျော်နေကြမယ်ဆိုရင် သင့်ပါ့မလား? မသင့်တော့ဘူး၊ အိပ်ပျော်နေကြရင် မျောရုံပဲ ရှိတယ်၊ မရဏကလွတ်တဲ့သူ မပါကြဘူး၊ ဒီတရားတစ်ပွဲလုံးမှာ မရဏလွတ်သူ တစ်ဦးမှမပါကြဘူး။ အားလုံး မရဏ ဘေးသင့်မယ့်သူချည့်ပါပဲ။

ဒီလိုဆိုတော့ ပေါ့တန်နေလို့မတော်ဘူး၊ အိပ်ပျော်နေလို့လည်း မဖြစ်တော့ဘူး၊ အမြန်ဆုံး အားကိုးရာ အား ထားရာ ဖောင်တို့, လှေတို့ ရှာဖွေရမယ်။ အခု မရဏရေက ဒရဟောလာနေပြီ၊ ဒကာတို့က ဘာမှလုပ်ထားတာ မရှိ သေးဘူး၊ အားကိုးစရာ ဘာမှမရှိကြသေးဘူး၊ ဒီကြားထဲက လောဘ, ဒေါသ, မောဟတွေနဲ့ မေ့လျှော့ပြီး အိပ်ပျော်နေ လိုက်ကြသေးတယ်။

ဒီလိုဆိုတော့ ဒကာတို့တတွေ ဘယ်အခြေဆိုက်ရမယ်ဆိုတာ မစဉ်းစားဝံ့တော့ဘူး၊ အကြီးအကျယ် ဒုက္ခရောက် ရတော့မှာရယ်၊ အကြီးအကျယ် အပါယ်လေးပါးမှာ မြုပ်မျောရတော့မှာရယ်ဆိုတာ သေချာနေပြီ၊ ကောင်းနိုင်ပါဦး မလား? ဒါကြောင့် မမေ့ကြနဲ့၊ မပေါ့ကြနဲ့တော့ဆိုတာ သတိပေးလိုက်ပါတယ်။

အားထားစရာ ဖောင်ကြီးတွေ လုပ်ထားကြရမယ်

ဒကာ,ဒကာမတို့ အခုလို အချိန်မလွန်ခင်က အားကိုးစရာ အားထားစရာ ဖောင်ကြီးတွေ လုပ်ထားကြရမယ်။ ဘယ်လိုဖောင်မျိုးလဲ?ဆိုတော့ ငါးပါးဖောင်, ရှစ်ပါးဖောင်ကို ဆိုပါတယ်၊ ငါးလုံးတွဲမဂ္ဂဖောင်၊ ရှစ်လုံးတွဲမဂ္ဂင်ဖောင်၊ အဲဒီဖောင်ကြီးတွေကို အခုနှယ်က လုပ်ထားကြရမယ်၊ ဒီဖောင်ကြီးတွေလုပ်ထားပြီး ရှိပါမှ အားကိုးစရာ, အားထားစရာ ရှိကြမယ်ဆိုတာ မှတ်လိုက်ကြ။

အခု မရောက်သေးလို့သာပါ၊ ရေတွေလာနေတာကတော့ သေချာနေပြီ၊ မရဏရေတွေလာနေတာက သေချာ ကြပြီးသားပဲ၊ တစ်နေ့မှာ ဒကာတို့ဆီကို မုချရောက်လာတော့မယ်၊ အဲဒီလို မိမိတို့ဆီကို တန်းတန်းမတ်မတ်လာနေတဲ့ မရဏဘေးကိုဖြင့် မုချခံရတော့မယ်၊ ရှောင်လို့ မလွတ်တော့ဘူး’၊ ဒါကြောင့် အခုအချိန်မလွန်ခင်က အားကိုးရာဖောင် ကို လုပ်ထားကြရမယ်၊ အိပ်ပျော်နေလို့ မဖြစ်တော့ဘူးဆိုတာ ရိပ်မိကြရဲ့လား?။

လောဘအလုပ်တွေ, ဒေါသအလုပ်တွေ, မောဟအလုပ်တွေနဲ့ပဲ အချိန်ကုန်နေကြတော့တယ်၊ အဲဒီလောဘ အလုပ်, ဒေါသအလုပ်, မောဟအလုပ်တွေကို လုပ်နေတာဟာ အိပ်ပျော်နေတာပဲလို့သာ မှတ်လိုက်ကြ၊ သဘောပါကြ ပလား?။

ဒီအတိုင်းသာ မေ့လျော့ပေါ့တန်နေမယ်၊ အိပ်ပျော်နေကြဦးမယ်ဆိုရင် မရဏရေလာတဲ့အခါ ဒုက္ခရောက်ရ မယ်၊ ငါးပါးဖောင်, ရှစ်ပါးဖောင်ကို မလုပ်ရသေးဘူးဆိုရင် မရဏရေလာတဲ့အခါ မုချမျောပါရတော့မယ်၊ နောက် မြုပ်ရဦးတော့မယ်၊ ငါး, လိပ်, မကန်း အစာ, စားဖတ် ဝါးဖတ်ဖြစ်ရဦးတော့မယ်ဆိုတာ သေချာပြီ၊ ရိပ်မိကြရဲ့လား?။

ဒကာ,ဒကာမတို့ အခုလိုအချိန်ကမှ ငါးပါး, ရှစ်ပါးမဂ္ဂင်ဖောင်ကို မလုပ်ရသေးရင်, မလုပ်သေးဘူးဆိုရင် ဆုံးဖြတ်ချက်ချလိုက်ပါ၊ မရဏရေထဲ မျောပါဖို့၊ နောက် မြုပ်ဖို့၊ နောက် ငါး, လိပ်, မကန်းတို့ အစာဖြစ်ဖို့ပဲရှိတော့ တယ်။ ကိုင်း, ဒါဖြင့် အိပ်ပျော်နေဖို့ အချိန်မဟုတ်တော့ဘူး၊ အမြန်ဆုံးလုပ်မှ ဖြစ်တော့မယ်လို့သာ မှတ်လိုက်ကြ။

မဂ်ဉာဏ်ဆိုတဲ့ ရှစ်လုံးတွဲဖောင်က တစ်မျိုး

အခုလုပ်ရမယ့်ဖောင်က မြုပ်တဲ့မျောတဲ့ဟာမျိုး မဟုတ်ဘူး၊ ဝိပဿနာဆိုတဲ့ ငါးလုံးတွဲဖောင်က တစ်မျိုး၊ မဂ်ဉာဏ်ဆိုတဲ့ ရှစ်လုံးတွဲဖောင်က တစ်မျိုး၊ အဲဒီနှစ်မျိုးထဲက တစ်မျိုးမျိုးကိုဖြင့် ကိုယ်ပိုင်ရအောင် လုပ်ထားရမယ်၊ အမြဲတစေ ကိုယ်ပိုင်လက်ရှိ ဖြစ်နေစေရမယ်ဆိုတာ အထူးသတိပေးလိုက်ပါတယ်။

တရားတစ်ပွဲလုံး ကိုယ်စီကိုယ်င သတိချပ်လိုက်ကြပါ၊ ကိုယ်ရေးကြုံရင် အားကိုးကြဖို့ရာ “ကိုယ့်ဖောင်လေးနဲ့ ကိုယ်ရှိကြပလား”လို့ မေးရလိမ့်မယ်၊ ဘာကြောင့်တုန်း?လို့မေးရင် “အလွန်တရာသနားလို့” မေးရတာပဲဆိုတာ မှတ် ကြတော့။ ကိုယ့်ဖောင်နဲ့ကိုယ် မရှိကြသေးရင်ဖြင့် မကြာမတင်ဆိုသလို ကိုယ်ကျိုးနည်းရတော့မှာပဲလို့သာ မှတ်ကြ။

ဘုန်းကြီးတို့ ဒကာ,ဒကာမတွေ မေ့မေ့လျော့လျော့၊ ပေါ့ပေါ့တန်တန်နဲ့ အိပ်ပျော်ပြီးနေနိုင်ကြတယ်၊ ဘာမှ မသိတတ်သေးတဲ့ ကလေးနဲ့ပဲ တူတော့တယ်၊ ဒါကြောင့် အသိအမြင်ရှိတဲ့ ဆရာသမားလုပ်သူက လျစ်လျူရှုပြီးမထား နိုင်ဘူး၊ မနှိုးဘဲထားလို့ မဖြစ်ဘူး၊ သားရေး, သမီးရေး, စီးပွားရေးတွေနဲ့ အိပ်ပျော်ပြီးနေလေကြတော့ မကြာခင် မရဏရေကတိုက်ချပြီး ပရမ်းပတာ မျောရတော့မယ်ဆိုတာ သေချာကြလို့ပဲ၊ ရိပ်မိကြရဲ့လား?။

ဒကာ,ဒကာမတွေ ပရမ်းပတာမျောရမှာက သေချာတယ်ဆိုတာ ရိပ်မိကြရဲ့လား?၊ ဘာကြောင့် သေချာတာ လဲ?ဆိုတော့ ဒကာ,ဒကာမတွေမှာ ကိုယ်ပိုင်ဖောင် မရှိကြသေးလို့ပဲဆိုတာ မှတ်ကြတော့၊ သဘောပါကြရဲ့လား?၊ မရဏရေက လာနေပြီ၊ ရောက်တော့မှာကတော့ သေချာနေပြီ၊ အချိန်ပိုင်းပဲလိုတော့တယ်၊ ဒါကြောင့် အမြန်ဆုံးနဲ့ ကိုယ်ပိုင်ဖောင်ကို ပြီးစီးအောင်လုပ်ထားကြ။

သားရေး, သမီးရေး, စီးပွားရေးတွေနဲ့ အချိန်ကုန်နေတာဟာ အိပ်ပျော်နေခြင်းပဲ၊ ရောင်းရေးဝယ်ရေး, သား ရေး သမီးရေး, ရပ်ရေးရွာရေးတွေ လုပ်နေသမျှ အိပ်ပျော်နေကြတာပဲဆိုတာ ရိပ်မိကြ။ ဒကာ,ဒကာမတို့တတွေ အခု လူ့ပြည်လူ့ရွာကို ရောက်လာကြတာ ဘယ်ဘုံဘယ်ဘဝကများ လာကြတယ်ထင်ကြသလဲ၊ ဒကာ,ဒကာမတို့ “လူ့ပြည် လာသမျှ အပါယ်ကများတယ်”ဆိုတာ မှတ်လိုက်ကြ။

နောက်ထပ် မေ့လျော့နေမယ်၊ အိပ်ပျော်နေကြမယ်ဆိုရင် ခုတစ်ခါ မရဏရေ တိုက်ချခံရဦးမယ်၊ ဒီတစ်ခါ တိုက်ချခံရပြန်ရင် သွားလေဦးတော့ အပါယ်လေးပါးပဲ၊ ဒီ့ပြင်လမ်းမရှိဘူး၊ ဒကာ,ဒကာမတို့ သွားရာလမ်း, သွားနေကျ လမ်းဟာ အပါယ်လမ်းပဲ၊ ဒါက သေချာတယ်၊ ဒါကြောင့် ဘုရားရှင်ကိုယ်တော်မြတ်ကြီးက “ဓမ္မပဒပါဠိတော်”မှာ ဟောထားခဲ့တာ အထင်အရှားရှိပါတယ်။

”ကိသာဂေါတမီ ဝတ္ထု”

တံ ပုတ္တပသုသမ္မတ္တံ၊

ဗျာသတ္တမနသံ နရံ။

သုတ္တံ ဂါမံ မဟောဃောဝ၊

မစ္စု အာဒါယ ဂစ္ဆတိ။ ။

ပုတ္တပသုသမ္မတ္တံ၊ သားသမီး သားမယား ကျွဲနွားဖြာဖြာ တိုက်တာအိမ်ခြေ အထွေထွေဂုဏ်သိရ် စည်းစိမ် အထူးထူးတို့ဖြင့် ယစ်မူးမေ့လျော့၍နေသော။ ဗျာသတ္တမနသံ၊ တရစ်ဝဲဝဲ တတွဲတွဲသာ ကပ်ငြိတွယ်တာသည့်စိတ်ရှိသော။ တံ နရံ၊ ကျိုးကြောင်းစိုးစိ ဘိတ်မသိသည့် အတိမိုက်ထွား ထိုလူသားကို။ မဟောဃော၊ အဟုန်ပြင်းစွာ စီးဆင်းလာ သည့် ဩဃာထန်သည်း ရေအယဉ်ကြီးသည်။ သုတ္တံ ဂါမံ၊ မနိုးမကြား ယစ်မာန်အားဖြင့် ရှေ့လားမမြော် အိပ်ပျော်နေ ကြသည့် ရွာအလုံးကို။ အာဒါယ၊ စီးဟုန်ထန်ပြင်း တိုက်ချကာ ယူဆောင်ကြဉ်းလျက်။ ဂစ္ဆတိဣဝ၊ တသွင်သွင်ဟီး တဒီးဒီးမြည်ကာ သွားရှာလေသကဲ့သို့။ မစ္စု၊ မရဏစစ်ခင်း ရှင်သေမင်းသည်။ အာဒါယ၊ လက်ငင်းမကြာ တားပါသော် လည်းမရ အဓမ္မဇွတ်အတင်း ခေါ်ဆောင်ကြဉ်းလျက်။ ဂစ္ဆတိ၊ သမီးသားနှင့် ဇနီးမယားတို့ မကယ်ပိုင်ပစ္စည်း အများ ကိုလည်း မတွယ်နိုင်၊ လက်မှိုင်ချကာ မျက်ရည်ကလေး တစမ်းစမ်းနှင့် ပရမ်းပတာ သွားရောက်ရရှာလေသတည်း။

(ဤကား စာရေးသူ၏အနက်)

ကိုင်း, ဘုန်းကြီးတို့ ဒကာ,ဒကာမတွေ သဘောပါကြပလား၊ ကိုယ့်အလားဟာ ဘယ်လိုရှိတယ်ဆိုတာ ရိပ်မိ ကြရမယ်၊ ကိုယ့်အကြောင်း ကိုယ်ရိပ်မိပြီးတော့ အားကိုးရာအားထားရာဖြစ်တဲ့ ငါးလုံးတွဲဖောင်ကို ပထမဆုံး လုပ်ကြ ရမယ်၊ အဲဒါနဲ့ တကယ်တမ်း စိတ်မချရသေးဘူး၊ ရှစ်လုံးဖောင်ဖြစ်ပါမှ ရှစ်လုံးပြည့်မှ စိတ်ချရမယ်။ ရှင်းကြပလား?။

ဒါကြောင့် ကိုယ့်အားကိုးရာဖြစ်တဲ့ဖောင်ကို အခုကလုပ်ကြ။ မလုပ်မိရ မရဏရေ အတိုက်အချခံရမယ်၊ နောက် အပါယ်လေးပါးတည်းဟူသော ငါး, လိပ်, မကန်းတို့ရဲ့ အစာစားဖတ် ဝါးဖတ်ဖြစ်ရမယ်၊ အဲဒါကြောင့် ရှစ်လုံး တွဲဖောင်ကို အရေးတကြီးမှတ်ရမယ်။ ဖြစ်အောင်လုပ်ရမယ်။

ဘုန်းကြီးတို့ ဒကာ,ဒကာမတွေက သားနဲ့ပျော်, သမီးနဲ့ပျော်, ပစ္စည်းနဲ့ပျော်ပြီးနေကြ၊ စိန်တွေ, ရွှေတွေ, ငွေ တွေ, တိုက်တာတွေ, မော်တော်ကားကလေးတွေနဲ့ ပျော်ပိုက်နေကြ။ အဲ, တစ်နေ့ကျရင် သူတို့ကပဲ ဆွဲချလိမ့်မယ်ဆိုတာ မှတ်ထားလိုက်ကြ။ ဒီသားသမီး ပစ္စည်းစတဲ့ဟာတွေဟာ တကယ်အရေးကြုံတဲ့အခါ အားကိုးရတဲ့အပြင် သူတို့ကပင် ဆွဲချလိမ့်ဦးမယ်၊ ဒါကြောင့် ဒီအခြေအနေနဲ့ ကျေနပ်ပြီး မေ့မနေလိုက်ကြနဲ့။

ဝိပဿနာမဂ်က ငါးလုံးဖောင် လောကုတ္တရာမဂ်က ရှစ်လုံးဖောင်

ဝိပဿနာဖောင်နဲ့ မဂ်ဉာဏ်၏ဖောင်နှစ်မျိုးကို အချိန်ရှိတုန်းမှာ မပျက်မကွက် လုပ်ထားကြရမယ်၊ ဒီဖောင် နှစ်မျိုးကမှ အားကိုးရာအစစ်ကို ရနိုင်ကြတယ်၊ ဒီနှစ်မျိုးဖြင့် လုပ်ဖြစ်အောင် လုပ်ထားကြပါဆိုတာ အထူးတလည် သတိပေးလိုက်တယ်။ ဝိပဿနာမဂ်က ငါးလုံးဖောင် လောကုတ္တရာမဂ်က ရှစ်လုံးဖောင်၊ ဒကာ,ဒကာမတွေ ရိပ်မိကြ ပလား?။

ဒကာ,ဒကာမတွေ ဒုက္ခချုပ်ရာနိဗ္ဗာန်ကို ဘာနဲ့သွားမလဲ၊ နိဗ္ဗာန်ကို ခြေလျင်နဲ့သွားသွား, လေယာဉ်နဲ့သွားသွား, ကားနဲ့သွားသွား, သွားလို့မရဘူးတဲ့၊ မဂ္ဂင်နဲ့သွားမှသာ ရမယ်၊ မဂ္ဂင်နဲ့သွားမှသာ နိဗ္ဗာန်ကိုရောက်နိုင်မယ်ဆိုတာ ဘုရား သခင် ကိုယ်တော်မြတ်ကြီးက အသေအချာဟောထားခဲ့ပါတယ်၊ အဲဒီတော့ ဒကာ,ဒကာမတွေ မဂ္ဂင်အလုပ်မလုပ်ရင် မဖြစ်တော့ဘူးလို့သာ ဆုံးဖြတ်ချက်ချကြ။

ဓမ္မပဒပါဠိတော်မှာ ဘုရားရှင်က “ဧသေဝ မဂ္ဂေါနတ္ထညော ဒဿနဿ ဝိသုဒ္ဓိယာ”စသည်ဖြင့် ဟောထားခဲ့ ပါတယ်၊ အယူအမြင် မှန်ကန်စင်ကြယ်ဖို့၊ မာရ်မင်းအနှောင်အဖွဲ့မှ လွတ်ဖို့၊ ဒုက္ခချုပ်ရာ နိဗ္ဗာန်ရောက်ဖို့ရာ ဒီမဂ္ဂင် အကျင့်ပဲရှိတယ်၊ ဒီ့ပြင် မဂ္ဂင်ရှစ်ပါးအကျင့် ခရီးလမ်းကလွဲရင် ဘာမှမရှိဘူးလို့ ဆိုလိုတဲ့အဓိပ္ပာယ်ပဲ၏၊ ရှင်းကြပလား?။

အဲဒီတော့ကို မဂ္ဂင်အလုပ်ကို မလုပ်မဖြစ်တော့ဘူး၊ မုချ လုပ်ရတော့မယ်၊ လုပ်ရမယ်ဆိုတော့ လုပ်ရမယ့်နည်း ကို အခု ဆရာဘုန်းကြီးက ညွှန်ကြားပေးပါမယ်၊ နည်းရရင် တိတိကျကျလိုက်နာပြီး လုပ်ကြဖို့က ဒကာ,ဒကာမတို့ တာဝန်၊ နည်းမှန်ရအောင်ပေးဖို့က ဆရာ့တာဝန်၊ ကိုယ့်တာဝန်ကို ကိုယ်ကျေပွန်ကြရမယ်။

ဒကာ,ဒကာမတို့ တစ်ချိန်တစ်ခါမှာ သိကြားမင်းက ဘုရားရှင်ထံမှာ လာရောက်ပြီး လျှောက်ထားမေးမြန်း ပါတယ်။

သိကြား။ ။ ”အရှင်ဘုရား တဏှာ, မာန, ဒိဋ္ဌိချုပ်ကြောင်းဖြစ်တဲ့ အကျင့်ကောင်းရှိပါသလား?”

ဘုရားရှင်။ ။ ”ဒါယကာ သိကြားမင်း၊ ရှိပါတယ်”လို့ဖြေတော့

သိကြား။ ။ ”ဒါဖြင့် ဘယ်လိုလဲဆိုတာ အမိန့်ရှိတော်မူပါ ဘုရား”

ဘုရားရှင်။ ။ ”တဏှာ, မာန, ဒိဋ္ဌိချုပ်ကြောင်းအကျင့်ဟာ ဝေဒနာကို ဖြစ်ပျက်ရှုတဲ့အကျင့်ပဲ” လို့ ဖြေတော်မူလိုက်ပါတယ်။

ပပဉ္စတရားချုပ်ကြောင်း အကျင့်ကောင်း

ဘုန်းကြီးတို့ ဒကာ,ဒကာမတွေ နားလည်မှုရှိအောင် သက္ကပဉှာသုတ်မှာ လာတဲ့ သဘောအဓိပ္ပာယ်ကို တိုတို ကျဉ်းကျဉ်းနဲ့ ပြောလိုက်တာပဲဆိုတာ မှတ်ကြရမယ်။ တဏှာ, မာန, ဒိဋ္ဌိဆိုတဲ့ ပပဉ္စတရားချုပ်ကြောင်း အကျင့်ကောင်း ရှိပါသလား”လို့ သိကြားကမေးလျှောက်တော့ ဘုရားရှင်ကရှိတယ်လို့ ဖြေတဲ့အခါမှာ သိကြားက ဒါဖြင့်ဘယ်လိုလဲ? ဆိုတာ အမိန့်ရှိတော်မူပါလို့ လျှောက်ထားတော့၊ ဘုရားရှင်က “ဝေဒနာကိုရှုပါ”လို့ ဟောတော်မူလိုက်တယ်၊ ရှင်းကြ ပလား?။

အခု ဒကာ,ဒကာမတွေအတွက် လုံလောက်အောင်လို့ သက်သေသာဓက ထုတ်ပြလိုက်ပါတယ်၊ အဲဒီအဓိပ္ပာယ် ဟာ သုတ်မဟာဝါ ပါဠိတော် သက္ကပဉှသုတ်ကလာတာပဲလို့ မှတ်ကြရမယ်၊ လုံလောက်ကြပလား?၊ အခု အဲဒီနည်းနိသျှ ကို ပြောပြရလိမ့်မယ်၊ သံသယရှိဖို့ မလိုတော့ဘူး၊ ကြိုးစားပြီး လိုက်နာကြဖို့ပဲဆိုတာ ဆုံးဖြတ်ချက်ချ။

ဒကာ,ဒကာမတွေဟာ ဒီမဂ္ဂင်ဖောင်ကို မရတဲ့အတွက် တစ်သံသရာလုံးမှာ မြုပ်သမား, မျောသမားချည့် ဖြစ်ခဲ့ကြရတယ်၊ အဲဒီလိုမြုပ်မျောနဲ့ချည့် ကြုံခဲ့ကြရတာဟာ မဂ္ဂင်ဖောင်ကိုယ်ပိုင်မလုပ်ခဲ့ရလို့ပဲဆိုတာ အသေအချာ မှတ်လိုက်ကြ။ အခုနေမှာမှ ဒီဖောင်ကိုမလုပ်မိသေးရင် မျောရမယ်၊ မျောပါလို့ရှိရင် နောက်တော့ မြုပ်မယ်ဆိုတာ စိတ်သာချကြ။

ဒကာ,ဒကာမတို့ အချိန်ဆွဲမနေနဲ့တော့၊ အခုအမြန်လုပ်ကြ၊ အသက်ကြီးတော့ အသက်ကြီးလို့ သေခါနီးလို့ မလုပ်ဖြစ်ဘူး၊ အသေမဦးခင် အမြန်လုပ်ရမယ်၊ အသက်ငယ်တဲ့သူကျတော့လည်း “အဇ္ဇေဝါသုဝေ ဝါ ပရသုဝေဝါ” ဆိုတော့ နက်ဖြန်သဘက် သေရမယ့်ရက်ကို မသိနိုင်ဘူး၊ ဒါကြောင့် ငယ်သူလည်းငယ်သူမို့၊ ဖောင်ကိုအမြန်လုပ်ရမှာ ပဲ။

သားသမီးအရေးထက်, ကိုယ့်အရေးက အရင်ဆုံး အရေးကြီးပါတယ်၊ အိပ်ပျော်ခြင်းမှ နိုးကြတော့၊ ထကြ တော့ဆိုတာ သတိပေးရတယ်၊ လောဘ, ဒေါသ, မောဟအလုပ်တွေက ထကြပါတော့၊ ထဖို့ အချိန်အတော်ကြာပြီ၊ သဘောပါကြရဲ့လား?။

ကိုယ်က သေခါနီး၊ သားသမီးဆိုတာက သေခါဝေးသေးတယ်။ ကိုယ့်မှာ မရဏရေတွေ တိုက်ချလာတာ အခုဆိုရင် လည်ပင်းဆိုက်နေပြီ၊ ယနေ့လား? နက်ဖြန်လား? မသေချာဘူး၊ သားသမီးကု ကုန်းပေါ်ကနေတာ အရွယ် နဲ့စာရင် ကိုယ်ကအရင်သေရမှာပါ၊ ရိပ်မိကြရဲ့လား?။

ပပဉ္စချုပ်စေချင် ရင် ဝေဒနာကိုရှုရမယ်

ဒါကြောင့် သားသမီးအရေးထက် ကိုယ့်အရေးကို အရင်ပြီးစီးအောင်လုပ်ရမယ်၊ လုပ်သင့်တယ်ဆိုတာ ပေါ် ကြပလား?၊ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက “ဒုက္ခချုပ်စေချင်ရင် ပပဉ္စချုပ်အောင်လုပ်ရမယ်၊ ပပဉ္စချုပ်စေချင် ရင် ဝေဒနာကိုရှုရမယ်” မှာတော်မူခဲ့တယ်၊ ဒါကြောင့် အခုဝေဒနာကို ရှုကြရမယ်၊ ရှင်းပလား?။

အခု ရှုမှတ်ဖို့နည်းလမ်းကို ပြပေးမယ်၊ ဒကာ,ဒကာမတို့ မိမိတို့ခန္ဓာမှာ ဝေဒနာသုံးပါး လှည့်ပြီးပေါ်မယ်၊ သုခဝေဒနာ၊ ဒုက္ခဝေဒနာ၊ ဥပေက္ခာဝေဒနာ၊ ဒီသုံးပါးထဲက တစ်ပါးပါးကတော့ ပေါ်နေမှာပဲဆိုတာ မှတ်ကြရမယ်။ ဥပမာ ခန္ဓာမှာ သုခဝေဒနာပေါ်လာတယ်ဆိုတော့ ဒကာတို့က သုခဝေဒနာရယ်လို့ မသိဘူး၊ မသိတော့ ကောင်းတယ်၊ နှစ်သက်တယ်ဆိုပြီး သုခဝေဒနာရဲ့နောက်က တဏှာလိုက်လာတယ်။

”သုခဝေဒနာပစ္စယာ တဏှာ”ဆိုပြီး ပဋိစ္စသမုပ္ပါဒ် တန်းသွားတော့တယ်ဆိုတာ ရိပ်မိကြပလား?၊ ဝိပဿနာ မရှုတဲ့ ပုဂ္ဂိုလ်အဖို့ရာမှာ ဒီလမ်းစဉ်အတိုင်းသွားတာချည့်ပဲ၊ ဘုရားပွင့်တဲ့အခါလည်း မရှုရင် ဒီလမ်းစဉ်ပဲ၊ မပွင့်တဲ့ အခါမှာတော့ အထူးပြောစရာမလိုတော့ဘူး၊ သဘောပါကြရဲ့လား?။

ဒကာ,ဒကာမတို့ “ဝေဒနာပစ္စယာ တဏှာ၊ တဏှာပစ္စယာ ဥပါဒါနံ၊ ဥပါဒါနပစ္စယာ ကမ္မဘဝေါ၊ ကမ္မဘဝ ပစ္စယာ ဇာတိ”ဆိုပြီး နောက်က ဇရာ မရဏ စတဲ့ဟာတွေ အကုန်တန်းလာတော့တာပဲ၊ ဘာမှမလုပ်ရင် ဒီလမ်းစဉ် အတိုင်း ဒါတွေပဲလာမယ်ဆိုတာ မှတ်လိုက်ကြ၊ ဒါတွေက မြုပ်လမ်း, မျောလမ်း၊ မြုပ်မယ် မျောမယ်ဆိုတာ သေချာ တယ်။

တဏှာမပယ်နိုင်တဲ့အတွက် မြုပ်,မျော ဆက်ရတယ်

ဒီလိုဖြစ်ရတာ ဘာကြောင့်လဲ?ဆိုတော့ သုခဝေဒနာကို ပယ်နိုင်တဲ့သတ္တိ မရှိလို့ဘဲ၊ သုခဝေဒနာကို မပယ် နိုင်ရင် မြုပ်လမ်း မျောလမ်းပဲဆက်မယ်၊ ဘာကြောင့် မြုပ်လမ်း, မျောလမ်း ဆက်ရပြန်တာလဲလို့ ဆိုပြန်တော့ တဏှာ ကို မပယ်နိုင်လို့ပဲ၊ သုခဝေဒနာနောက်က တဏှာမပယ်နိုင်တဲ့အတွက် မြုပ်,မျော ဆက်ရတယ်၊ ရှင်းကြပလား?။

ဒကာ,ဒကာမတို့ ခန္ဓာမှာ သုခဝေဒနာကလေး ပေါ်လာတာနဲ့ မပယ်လိုက်နိုင်တော့ နောက်က တဏှာ, ဥပါဒါန်, ကံ, ဇာတိဆိုပြီးနောက် ဇာတိဘက် ဆက်သွားတယ်၊ ဇာတိရတာနဲ့ နောက်က ဇရာ မရဏစတဲ့ ဒုက္ခအစု ကြီးဟာ မရချင်လို့မနေရဘူး၊ မုချရတော့တာပဲဆိုတာ မြင်ကြပလား?၊ ပဋိစ္စသမုပ္ပါဒ်နဲ့ ဝေဖန်လိုက်တော့ သေချာသွား ပြီ။

တဏှာ, ဥပါဒါန်, ကံဆိုတာတွေက ယခုပစ္စုပ္ပန်ဘဝ၊ ဇာတိ, ဇရာ, မရဏဆိုတာတွေက နောက်အနာဂတ် ဘဝ၊ ဒီဝေဒနာကို မပယ်နိုင်တဲ့အတွက် နောက်ဘဝဆက်ပြီး အနာဂတ်, ခန္ဓာ, ဒုက္ခသစ္စာပဲ ပြန်ပြီးရတော့တာပဲ၊ ဒီလမ်းစဉ်အတိုင်းသာ သွားနေရင် မြုပ်မျောဖို့အပြင် ဘာမှမရှိတော့ဘူး။

ဒကာ,ဒကာမတွေမှာ ပြင်ပေးမယ့်ဆရာ၊ ဖြတ်တောက်ပေးမယ့် ဆရာသမားမရှိတော့ဘူးဆိုရင် ဒီစခန်းနဲ့ ဒီလမ်းစဉ်အတိုင်း သွားရမှာချည့်ပဲ၊ မြုပ်လမ်းနဲ့ မျောလမ်းပဲဆိုတာ မှတ်ကြ။ သံသရာတစ်လျှောက်လုံးမှာ ဒီအတိုင်း နဲ့ပဲ ဒုက္ခရောက်ခဲ့ကြရတယ်၊ ဘယ်လောက်ကြာပြီဆိုတာ ဘုရားမဟောနိုင်ဘူး၊ ရိပ်မိကြရဲ့လား?။

အခု ရှေးက မှားပြစ်နဲ့ ဒုက္ခရောက်နေရတယ်၊ ပစ္စုပ္ပန်ခန္ဓာ အကျိုးတရားထဲမှာ နေနေရတယ်၊ ဒီပစ္စုပ္ပန် အကျိုးဒုက္ခတရားထဲမှာ တစ်ခါထပ်ပြီး ပစ္စုပ္ပန်အကြောင်းကို ကြိုးစားတဲ့အတွက် နောက်က အနာဂတ်အကျိုးသုံးခု လိုက်လာတာပဲ၊ ရိပ်မိကြရဲ့လား?၊ သုခဝေဒနာပေါ်တော့ ချမ်းသာတယ်၊ သူ့နောက်က ကျေနပ်တယ်, စွဲလမ်းတယ် ဆိုပြီး တဏှာ, ဥပါဒါန်၊ အားထုတ်ရဦးမယ်ဆိုတော့ ကံ၊ အဲဒီပစ္စုပ္ပန်အကြောင်းသုံးခုကို လုပ်မိတဲ့အတွက် ဇာတိစတဲ့ အနာဂတ် အကျိုးသုံးခုလိုက်လာတယ်၊ ရှင်းကြပလား?။

တစ်ခါထပ်ပြီး ပြောပါဦးမယ်၊ အခု ဒကာ,ဒကာမတို့မှာ ပစ္စုပ္ပန်အကျိုးတရား ခန္ဓာငါးပါး ဒုက္ခသစ္စာတရား ကြီးကို ကိုယ်ပိုင်လက်ရှိ ရနေကြတယ်ဆိုတာ အားလုံးသိကြပြီ၊ ဒီအကျိုး ပစ္စုပ္ပန်ခန္ဓာထဲမှာ ဝေဒနာနောက်က တဏှာ, ဥပါဒါန်, ကံဆိုတဲ့အကြောင်းတွေ ပေါ်ဦးမယ်ဆိုရင် ဇာတိ, ဇရာ, မရဏဆိုတဲ့ အနာဂတ်အကျိုးတွေဟာ မုချပေါ်လာ တော့မှာပဲ၊ ရှင်းကြပလား?။

သုခဝေဒနာ နောက်က တဏှာလာတဲ့သူ

ဒါကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက “ဒီသုခဝေဒနာ နောက်က တဏှာလာတဲ့သူဆိုရင် ဘယ်တော့ မှ နိဗ္ဗာန်ရမယ်လို့ မဟောဘူး”တဲ့၊ ဥပရိပဏ္ဏာသ ပါဠိတော်မှာ ဟောထားတာ ရှိပါတယ်၊ သဘောပါကြပလား?၊ အခု နေမှာ ဝေဒနာပေါ်တိုင်း တဏှာ, ဥပါဒါန်, ကံတွေ နောက်ကပေါ်လာရင် အနာဂတ်အကျိုးဖြစ်တဲ့ ဇာတိ, ဇရာ, မရဏတွေ မုချလိုက်လာတော့မှာပဲ၊ ဒီလိုလိုက်လာတော့ ပစ္စုပ္ပန်နဲ့ အနာဂတ်ဘဝနှစ်ခု ဆက်သွားပြီဆိုတာ ရှင်းကြ ပလား?။

ပစ္စုပ္ပန်ဘဝနဲ့ အနာဂတ်ဘဝ ဘဝနှစ်ခု ဆက်သွားတာ ဘာကြောင့်လဲ? ဝေဒနာနောက်က တဏှာလိုက်လာ လို့ပဲဆိုတာ ကျေနပ်ပလား? ဝေဒနာပစ္စယာ တဏှာ၊ တဏှာပစ္စယာ ဥပါဒါနံ၊ ဥပါဒါနပစ္စယာ ကမ္မဘဝေါ၊ ကမ္မဘဝ ပစ္စယာ ဇာတိပဲ။ ဒကာ,ဒကာမတို့ ဝိပဿနာမလုပ်ရင် ဒီအတိုင်းဆက်မှာချည့်ပဲဆိုတာ မှတ်ကြတော့။ ရှင်းကြပလား?။

ဒါကြောင့် ဘုရားက “သုခဝေဒနာ နောက်က တဏှာလာတဲ့ပုဂ္ဂိုလ်ဟာ ဘယ်တော့မှ နိဗ္ဗာန်ရတယ်လို့ မဟောဘူး”လို့ မှာတော်မူခဲ့တာပဲဆိုတာ ကျေနပ်ကြပလား?။

ဒကာ,ဒကာမတို့ အိုက်တဲ့ပူတဲ့အခါများမှာ လေညှင်းခံကြတယ်၊ အဲဒီလိုလေညှင်းခံတော့ ခန္ဓာမှာပူလောင် အိုက်စပ်နေတဲ့ ဒုက္ခဝေဒနာကလေးပျောက်ပြီး ခံသာတဲ့ နေလို့ကောင်းတဲ့ သုခဝေဒနာကလေး ပေါ်လာတယ်၊ အဲဒီ အခါမှာ ဝေဒနာကစပြီး တဏှာ, ဥပါဒါန်စတဲ့ ပဋိစ္စသမုပ္ပါဒ်တွေ ပေါ်လာပြီး အနာဂတ်ဆင်းရဲတွေ ရအောင်ကြိုးစား တာပဲဆိုတာ မှတ်ကြ။

လေညှင်းခံတာဟာ ပေါ့ပေါ့မထင်လိုက်နဲ့၊ အနာဂတ်ဘဝအတွက် ဇာတိ, ဇရာ, မရဏဆိုတဲ့ ဒုက္ခသစ္စာတွေ ရမှုအတွက် ကြိုးစားနေတာပဲလို့ မှတ်ကြ။ ဒကာ,ဒကာမတွေ သဘောပါပလား?၊ ဒီဘဝအတွက်တင် မဟုတ်ဘူး၊ နောက်ဘဝအတွက်ပါ ကြိုးစားနေတာလို့ ဆုံးဖြတ်ချက်ချ။ ဒါကြောင့် မဂ္ဂင်ငါးပါးနဲ့ အလုပ်လုပ်ကြမှ ဖြစ်တော့မယ်၊ လုပ်ကြပါစို့။

ဝေဒနာ က ဖြစ်ပျက်၊ ရှုတဲ့ဉာဏ်က မဂ်

ဒကာ,ဒကာမတို့ မိမိတို့ခန္ဓာမှာ ဝေဒနာသုံးပါး တစ်ပါးပါးကတော့ ပေါ်မှာပဲ၊ ပေါ်တဲ့အခါ ဉာဏ်နဲ့ကြည့်ပေး ရမယ်၊ ဥပမာ သုခဝေဒနာကလေး ကိုယ်ပေါ်မှာပေါ်တယ်ဆိုတော့၊ ပေါ်ပေါ်ခြင်း မဂ္ဂင်ငါးပါးနဲ့ မြင်အောင်ကြည့်ပေး ကြ၊ ကြည့်တဲ့အခါတော့ ပေါ်တယ်, ချုပ်တယ်ဆိုတဲ့အချက်ကို မြင်အောင်ကြည့်ရမယ်၊ အဲဒီလိုကြည့်လိုက်တော့ ဝေဒနာ က ဖြစ်ပျက်၊ ရှုတဲ့ဉာဏ်က မဂ်ဖြစ်သွားတယ်။

ဝေဒနာက ဖြစ်ပျက်၊ ရှုတဲ့ဉာဏ်က မဂ်ဖြစ်သွားတော့ နောက်က တဏှာ, ဥပါဒါန်, ကံတွေမလာတော့ဘူး၊ မလာတော့ အနာဂတ်အကျိုးတွေလည်း အကုန်ရုပ်သိမ်းတော့တာပဲ၊ သဘောပါကြပလား?၊ ဒါဟာ ကိုးစားရာ အား ထားရာဖောင် လုပ်လိုက်တာပဲဆိုတာ မှတ်ကြဖို့ပဲ။ ဒါကြောင့် ဘုရားက သုခဝေဒနာနောက်က တဏှာမလာရင် ဒုက္ခခပ်သိမ်း ငြိမ်းလိမ့်မယ်၊ ဒုက္ခသိမ်းလိမ့်မယ်လို့ ဟောတာပဲဆိုတာ ကျေနပ်ပလား?။

ဒကာ,ဒကာမတို့ ဒီနည်းအတိုင်းသာ ရှုသွားကြဖို့ပဲ လိုတော့တယ်၊ ဒီလိုရှုသွားနိုင်ရင် ငါးလုံးတွဲဖောင်ကို ကိုယ်ပိုင်ရကြပြီ၊ ဖြစ်ပျက်မြင်ရပြီ၊ ဒီလိုဖြစ်ပျက်တွေမြင်ပြီး ဒီအမြင်နဲ့သာ စုတိရင် နတ်ရွာသုဂတိပဲဆိုတာ သံသယ မရှိကြနဲ့တော့၊ သေချာပြီလို့သာ မှတ်လိုက်ကြ။

ဒီနည်းအတိုင်းသာ ဖြစ်ပျက်အမြင်တွေ များများမြင်ပြီးသေရရင် ဒုတိယဘဝမှာ နတ်သမီးရင်ခွင်ထဲမှာ သွားပြီးဖြစ်ရမယ်၊ နတ်ပြည်ရောက်သွားပေမယ့် ရောက်တာကို မသိလိုက်သေးဘူး၊ နတ်ပြည်ကိုရောက်တာ မသိခင်မှာ သောတာပန်တည်နိုင်တယ်။ ဒီအဓိပ္ပာယ်ဟာ ဝတ္ထုသက်သေနဲ့ အထင်အရှားရှိပါတယ်။ “သမဏနတ်သားဝတ္ထု”တဲ့၊ အဂုၤတ္တိုရ်ပါဠိတော်မှာ လာတဲ့စကားပဲ။

ဒကာ,ဒကာမတွေ ဒီလိုဆိုတော့ အားကိုးဖို့ရာများ မကောင်းကြသေးဘူးလား? အမြန်ဆုံး အားကိုးရအောင် လုပ်သင့်တယ်ဆိုတာ ဆုံးဖြတ်ချက်ချကြ။ ရှစ်လုံးတွဲဖောင်နဲ့သာ သေရင်တော့ ပြောဖွယ်မရှိတော့ဘူး၊ အတိုင်းထက် အလွန်ပါပဲ၊ ဒါကြောင့် ငါးလုံးဖြစ်ဖြစ်၊ ရှစ်လုံးဆိုတော့ အထူးပြောဖို့ မလိုတော့ဘူး၊ တစ်ခုခုကိုတော့ ကိုယ်ပိုင်ရထား အောင် အမြန်ဆုံး လုပ်ထားကြရမယ်၊ သဘောပါကြပလား?။

ငါးလုံးဖောင်ရဖို့က ခန္ဓာမှာ ဖြစ်ပျက်ကိုမြင်ရမယ်

ဒကာ,ဒကာမတွေ ဒီဖောင်ကလေး ငါးလုံးတွဲလောက်မှ မရှိကြရင် ခက်တော့မယ်၊ မကြာခင် အခက်ကြီးကြုံ ရတော့မယ်၊ အခုနှယ်က ဒါကိုဖြင့် ရအောင်လုပ်ထားကြ၊ လုပ်မှရမယ်၊ မလုပ်ရင် မရဘူး။ မြုပ်ချင်သူ, မျောချင်သူဆိုရင် ဖြင့် မလုပ်နဲ့ပေါ့။ မြုပ်ချင်မျောချင်သူဆိုရင် လူစိတ်ကင်းနေလို့လား?လို့ မေးသင့် မမေးသင့် ကြပ်ကြပ်စဉ်းစားကြ။

ငါးလုံးဖောင်ရဖို့က ခန္ဓာမှာ ဖြစ်ပျက်ကိုမြင်ရမယ်၊ ဖြစ်ပြီးပျက်တာကိုမြင်မှသာ ရမယ်ဆိုတာ သေသေချာချာ မှတ်ထားကြ။ ဖြစ်တာပျက်တာကိုမှ မမြင်သေးရင် မရဘူးလို့သာမှတ်ကြ။ ဒကာ,ဒကာမတို့ ဒီအရေးက သူများအရေး မဟုတ်ဘူး၊ ကိုယ့်အရေးပဲ၊ ဒါမှ ကိုယ့်အရေးအစစ်၊ ကိုယ်ပိုင်ပစ္စည်းအစစ် အားကိုးရာ အားထားရာအစစ်မို့ မလုပ်ရင် မဖြစ်ဘူးဆိုတာ သတိပေးလိုက်တယ်။

သိန်းပေါင်းများစွာရှိတဲ့ ပစ္စည်းတွေ, တိုက်တာအိုးအိမ်တွေဆိုတာလည်း တကယ်အရေးကြုံလာရင် အားကိုး မရဘူး၊ တကယ်အရေးကျလာပြီ ဆိုတဲ့အချိန်မှာ ဘယ်သား ဘယ်သမီးကမှလည်း မကယ်နိုင်တော့ဘူး၊ မျက်နှာငယ် ငယ်, မျက်ရည်စက်လက်နဲ့ ဒုက္ခရောက်ရမယ်၊ အဲဒီကမှတစ်ဆင့် မြုပ်လမ်းသွားရရင် ခံရမယ့်ဒုက္ခတွေဟာ ပြောလို့ ကုန်နိုင်စရာ မရှိတော့ဘူး၊ ရိပ်မိကြရဲ့လား?။

ဒါကြောင့် ဒီအလုပ်လုပ်ကြရမယ်၊ ဒီအလုပ်လုပ်မှ ပထမအနေနဲ့ ငါးလုံးဖောင်ကို ကိုယ်ပိုင်ရမယ်၊ နောက် ရှစ်လုံးဖောင် ဒီဖောင်ကမှ ကယ်နိုင်ယူနိုင်မယ်၊ အားကိုးရာ အားထားရာ ရကြမယ်ဆိုတာ အလေးအနက်မှတ်ပြီး ကြိုးစားယူလိုက်ကြ၊ ရှင်းကြပလား?။

အခု ဒကာ,ဒကာမတို့ ခန္ဓာမှာ သုခဝေဒနာကလေးတစ်ခု ပေါ်လာတယ်ဆိုတော့ ဉာဏ်နဲ့ အကဲခတ်လိုက်ပါ။ ခတ်လိုက်တော့ အဲဒီအချိန်မှာ ဝေဒနာကလေးမရှိတော့ဘူးဆိုတာ သိရမယ်၊ ဒီလိုရှုလိုက်တော့ သုခဝေဒနာရဲ့နောက် က တဏှာ, ဥပါဒါန်, ကံတွေမလာဘူး၊ ချုပ်သွားကုန်တယ်၊ ရှင်းပလား?။

အကြောင်းသမုဒယ သုံးခုချုပ်သွားတယ်

အဲဒီအခါမှာ သုခဝေဒနာက ဖြစ်ပျက်၊

ရှုဉာဏ်က မဂ်၊

သေတာက တဏှာ, ဥပါဒါန်, ကံ။

သုခဝေဒနာကို ဖြစ်ပျက်လို့ ရှုလိုက်တဲ့အတွက် နောက်ကအကြောင်းသုံးခု မလာဘူး၊ အကြောင်းသမုဒယ သုံးခုချုပ်သွားတယ်၊ ကိုင်း ဘယ်လောက်နေရာကျသွားသလဲ? မရှုဘဲနေရင် လက်ရှိဒုက္ခသစ္စာထဲမှာ နောက်ထပ်ဒုက္ခ ရောက်ဖို့ သမုဒယသစ္စာပေါ်မယ်၊ အခုလို ရှုလိုက်တဲ့အခါကျတော့ နောက် သမုဒယသစ္စာတွေ ချုပ်သွားတဲ့အတွက် နောက် ဒုက္ခပေါ်ဖို့မရှိဘူး၊ ကျေနပ်ပလား?

ဒကာ,ဒကာမတို့ သုခဝေဒနာက ‘ဧဟိ ပဿီကော’တဲ့၊

သန္ဒိဋ္ဌိကောဖြစ်အောင် ကိုယ်တိုင်ဉာဏ်နဲ့ လိုက်ကြရမယ်၊

သုခဝေဒနာက “ကျုပ်ရှုပါ…ကျုပ်ရှုပါ”ဆိုပြီး ခန္ဓာမှာပေါ်လာတယ်၊ အဲဒီလိုပေါ်တဲ့အခါ ဒကာ,ဒကာမ တွေက ကျောပေးမနေကြပါနဲ့၊ ဉာဏ်နဲ့မြင်အောင် လိုက်ကြည့်၊ ကြည့်လိုက်တော့၊ ကိုယ်တိုင်ဖြစ်ပြီး ပျက်သွားတာကို မြင်ရမယ်၊ အဲဒီလိုဉာဏ်နဲ့ ကိုယ်တိုင်မြင်လိုက်တာဟာ သန္ဒိဋ္ဌိကောပဲ၊ သူများပြောမဟုတ်ဘူး၊ သာမံပဿိ တဗ္ဗော ဆိုတာ ကိုယ်တိုင်မြင်ရမယ်လို့ ပြောတာ ရှင်းကြပလား?။

အဲဒီလိုရှုနိုင်တော့ နောက်က သမုဒယသေတယ်၊ သေတော့ နောက် ဒုက္ခသစ္စာ မလာနိုင်တော့ဘူး၊ ဒါကြောင့် ဘုရားဟောတော်မူတဲ့ စကားနဲ့ညီတယ်၊ ဘုရားက “သုခဝေဒနာနောက်က တဏှာမလာရင် ဒုက္ခငြိမ်းမယ်”လို့ ဟော ပါတယ်၊ ဒါကြောင့် ညီညွတ်တယ်ဆိုတာ ရိပ်မိပလား?။

ဓမ္မတွေက ဧဟိပဿိကောတဲ့

ကိုယ့်သန္တာန်မှာ ဓမ္မကလေးတွေက အမြဲပေါ်နေပါတယ်၊ သူတို့က “ကျုပ်ကိုရှုပါ ကျုပ်ကိုရှုပါ”ဆိုပြီး ပေါ်, ပေါ်လာတယ်၊ ဓမ္မတွေက ဧဟိပဿိကောတဲ့၊ ဧဟိ-လာပါ၊ ပဿိကော-ရှုလှည့်ပါဆိုတာပဲ။ အဲဒီအခါမှာ ဒကာ,ဒကာမ တို့က သန္ဒိဋ္ဌိကောနဲ့လိုက်ကြရမယ်။ ကိုယ့်သန္တာန်မှာ မဂ်ဝင်ပြီး သန္ဒိဋ္ဌိကောနဲ့ကြည့်တော့ ကိုယ်တိုင်သိရတယ်၊ နေရာ ကျကြပလား?။

ဝေဒနာက ဖြစ်ပျက်၊ ရှုတဲ့ဉာဏ်က မဂ်၊ သေတာက သမုဒယ၊ နောင်မရတာက ဒုက္ခတွေပဲ၊ ဒုက္ခတွေချုပ်တဲ့ နေရာမှာ “ဒုက္ခနိရောဓော နိဗ္ဗာနံ”ပဲ။ ဒကာ,ဒကာမတွေ နဂိုတုန်းက မရှုဘဲနေတော့ ဒုက္ခတွေချည့် တန်းနေတာပဲဆို တာသာ မှတ်ကြ၊ ရိပ်မိကြပလား?၊ အခုရှုလိုက်တော့ ဒုက္ခတွေပြတ်သွားတာပဲ၊ သဘောပါကြပလား?။

ဒကာ,ဒကာမတို့ ကျကျနန မှတ်လိုက်ကြပါ၊ မရှုမပွားတဲ့သူဆိုရင် တစ်နေ့လုံး သမုဒယနဲ့ ဒုက္ခနဲ့ချည့်ပဲ၊ ဒီနှစ်ခုနဲ့ပဲ အချိန်ကုန်တယ်၊ ဘာမှအပိုမညှပ်ဘူး၊ သမုဒယပြီး ဒုက္ခ၊ ဒုက္ခပြီး သမုဒယ၊ မရှုမပွားရင် ဒီနှစ်ခုပဲ ချာချာ လယ်နေရတယ်ဆိုတာသာ မှတ်လိုက်ကြ။

ဘုန်းကြီးတို့ ဒကာ,ဒကာမတွေ ရှေးတုန်းကဆိုရင် အရောင်းနဲ့အဝယ်နဲ့၊ သားနဲ့ သမီးနဲ့၊ ပစ္စည်းနဲ့ဆိုသလို နေလာကြတယ်၊ အရောင်းအဝယ်နဲ့နေ၊ သမီးနဲ့နေ၊ သားနဲ့နေ၊ နေလာခဲ့သမျှတွေဟာ နိရောဓနဲ့ မဂ္ဂမပါကြဘူး၊ သမု ဒယနဲ့ ဒုက္ခနဲ့သာ နေလာကြတာပဲဆိုတာ ရိပ်မိကြရဲ့လား?။

သံသရာတစ်လျှောက်လုံး၊ ဘဝတစ်လျှောက်လုံးမှာ ဒီနှစ်ခုနဲ့ပဲ ကျင်လည်ခဲ့ကြရ၊ နေလာခဲ့ကြရတယ်။ ကောင်း တဲ့သစ္စာ နှစ်ခုမပါဘူး၊ မကောင်းတဲ့သစ္စာ နှစ်ခုပဲဆိုတာ မှတ်လိုက်ကြ။ သမုဒယဖြစ်လိုက်, ဒုက္ခရောက်လိုက်နဲ့ ဒီတစ် ဘဝ လက်စသတ်လို့ သေသည်၏အခြားမဲ့မှာ ဒုက္ခထဲပဲ ပြန်ရောက်ရမယ်။

အဲဒီတော့ ဒီအဖြစ်ဆိုးက ထွက်မှဖြစ်တော့မှာပဲဆိုတာ သဘောပါကြရဲ့လား? ဒီအဖြစ်ဆိုးက လွတ်ချင်ရင် အခုလက်ငင်း ရှုကြရမယ်၊ မရှုရင် မရဘူး၊ ဒီဒုက္ခနဲ့ သမုဒယက အပြောနဲ့မပြတ်ဘူး၊ အလုပ်နဲ့ ဖြတ်မှရမယ်။

ကိုယ်ပေါ်မှာ သုခဝေဒနာကလေး ပေါ်တယ်ဆိုတော့ ဧဟိ-လာပါ၊ ပဿ-ရှုပါ ရှုပါနဲ့ ခေါ်လိုက်တာပဲ၊ အဲဒီ လို တရားကခေါ်တာကို မရှုမိရင် နောက် တဏှာလာမယ်၊ တဏှာလာရင် ဒုက္ခရှည်ဦးတော့မှာပဲဆိုတာ သံသယမရှိ နဲ့တော့။ ဝေဒနာပေါ်လာတဲ့အခါ ရှုလိုက်မိရင် တဏှာမဆက်ဘူး၊ ဒုက္ခစက်ပြတ်တော့တာပဲ၊ အဲဒီလို သန္ဒိဋ္ဌိကောနဲ့ ကိုယ်တိုင်မြင်တဲ့မဂ်က ရမှာပဲ၊ သေချာကြပလား?။

ဝေဒနာကို သန္ဒိဋ္ဌိကောနဲ့ မလိုက်မိတော့

ဝေဒနာပေါ်လို့ မရှုမိတော့ ဝေဒနာပစ္စယာ တဏှာ၊ တဏှာပစ္စယာ ဥပါဒါနံ၊ ဥပါဒါနပစ္စယာ ကမ္မဘဝေါ၊ ကမ္မဘဝ ပစ္စယာ ဇာတိပဲဆိုတာ မြင်ကြရဲ့လား? ဝေဒနာကို သန္ဒိဋ္ဌိကောနဲ့ မလိုက်မိတော့ နောက်က အလာလွဲနေ တာ သေချာပြီ။ အလာလွဲတာ သေချာတဲ့အတွက် ဒကာ,ဒကာမတို့တတွေ သမုဒယနဲ့ ဒုက္ခကို ကိုယ်ပိုင်ရကြတာပဲ ဆိုတာ ရိပ်မိကြပလား?။

သမုဒယက အပူ၊ ဒုက္ခက ဆင်းရဲ၊ အပူနဲ့ ဆင်းရဲပဲ ကိုယ်ပိုင်ရကြတယ်၊ ဒါဘာကြောင့်လဲ?၊ မမေးနဲ့တော့ မဂ်နဲ့သွားရမှာကို တဏှာနဲ့သွားမိလို့ပဲဆိုတာ မှတ်လိုက်ကြ၊ မဂ်နဲ့သွားရင် အပူသိမ်း၍ ဆင်းရဲဒုက္ခတွေငြိမ်းမယ်၊ အခုတော့ ဒကာ,ဒကာမတွေမှာ တဏှာနဲ့ချည့်သွားနေကြလို့ အပူသည်တွေ, ဒုက္ခသည်တွေ ဖြစ်နေကြရတယ်၊ ဒီဇာတ် ကိုဖြင့် အမြန်သိမ်းမှပဲလို့သာ ဆုံးဖြတ်ချက်ချ။

ဒကာ,ဒကာမတို့ ဝေဒနာကလေးက ဧဟိ ပဿိကောနဲ့ ခေါ်တဲ့အခါ ဉာဏ်ကသွားပါ၊ တဏှာက မသွားစေ ပါနဲ့၊ ဉာဏ်ကမသွားရင် အပူရမယ်၊ ဆင်းရဲရမယ်၊ အပူနဲ့ ဆင်းရဲတာပဲ ရမယ်ဆိုတာမှတ်ကြ။ ခေါ်တော့ခေါ်တာပဲ ခေါ်တာကို အသွားမတတ်လို့ အပူသည်အဖြစ်နဲ့ ဒုက္ခရောက်ရတယ်၊ ဒါကြောင့် ဒီက ရှေ့အသွားတတ်ကြပါစေဆိုတာ သတိပေးလိုက်တယ်၊ အသွားတတ်အောင် ဉာဏ်နဲ့သွားကြ၊ ရှင်းကြပလား?။

ဘုရားရှင်ကိုယ်တော်မြတ်ကြီးက

”သုခံ ဝါဝေဒနံ ဝေဒယမာနော

သုခံ ဝေဒနံ ဝေဒယာမီတိ ပဇာနာတိ”

”ခန္ဓာမှာ သုခဝေဒနာပေါ်တဲ့အခါ ဉာဏ်နဲ့သိအောင်လုပ်ပါ”တဲ့။

ဘုန်းကြီးတို့ ဒကာ,ဒကာမတွေ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက မဟာကရုဏာတော် ကြီးရှာလွန်းလို့ ဟောပြတော်မူခဲ့တယ်၊ ဆရာဘုန်းကြီးကလည်း ဘုရားကိုယ်စားလှယ်လုပ်ပြီး အင်မတန်ငဲ့ညာပြီး ပြောပြနေတယ်၊ ဒါကြောင့်မို့ လေးလေးစားစားနဲ့ ကိုယ့်ကိုယ်ကိုယ်သနားပြီး ကြိုးစားလုပ်ကြရမယ်၊ သဘောကျပလား?။

ဉာဏ်နဲ့သွားရမှာ

ဒါကြောင့် ဧဟိ ပဿိကော ခေါ်ရာကို၊ သန္ဒိဋ္ဌိကောနဲ့ သွားကြရမယ်။ ဘုရားက “ပဇာနာတိ ဉာဏ်နဲ့သိအောင် လုပ်ပါ”တဲ့၊ ဉာဏ်နဲ့သွားရမှာ၊ တဏှာနဲ့ မသွားမိအောင် ကြိုးစားကြ၊ ခေါ်ရာကိုသွားတတ်ရင် အပူသိမ်း၍ ဒုက္ခငြိမ်း မယ်၊ ရှင်းကြပလား?။

ဒကာ,ဒကာမတို့ ဓမ္မဂုဏ်တော်ကို သေသေချာချာ ရွတ်ကြည့်လိုက်ပါ၊ အကာလိကော-တဲ့၊ အခါမလင့် အကျိုး ပေးမယ်တဲ့၊ ဧဟိ ပဿီကော ခေါ်ရာကို၊ သန္ဒိဋ္ဌိကောနဲ့လိုက်ရင် အကာလိကောဖြစ်မယ်တဲ့၊ ကျေနပ်ကြပလား?။

သန္ဒိဋ္ဌိကောနဲ့ လိုက်ဖြစ်အောင် လိုက်ကြပါ။ လိုက်နိုင်ရင် ပဋိစ္စသမုပ္ပါဒါမဆက်နိုင်တာ ကောင်းကောင်းသိရ မယ်၊ အပူသိမ်း၍ ဒုက္ခငြိမ်းတာကိုတွေ့ရမယ်။ ဉာဏ်နဲ့သာလိုက်, လိုက်ရင် ဒီအကျိုးတွေဟာ ကိုယ်တွေ့မျက်မြင်ပဲ၊ သူများပြောတာမဟုတ်ဘူး၊ ဒကာ,ဒကာမတွေ သဘောပါကြပလား?။

ဒီလိုရှုလို့ ဒီလိုအကျိုးတွေရတာဟာ ဝါလုံးတွဲဖောင်ကို ကိုယ်ပိုင်ရလိုက်တာပဲ၊ မြုပ်ခြင်း,မျောခြင်းတို့မှ အထိုက် အလျောက် လွတ်နိုင်ပြီ၊ ဒါဟာ ပါဠိတော်နဲ့ ကိုက်ညီပါတယ်၊ သူ့အကျိုးပေးက အချိန်မဆိုင်းဘူး၊ အကောလိကောတဲ့၊ အခု ဒကာ,ဒကာမတွေ မျက်မြင်ပါပဲ၊ အချိန်မဆိုင်းဘဲ ချက်ချင်းအကျိုးပေးပါတယ်။

ဆရာဘုန်းကြီးက ဒကာ,ဒကာမတွေကို အသေအချာ ပြောလိုက်ပါတယ်၊ ဒီငါးလုံးတွဲဖောင်လောက်မှ မရှိ သေးရင်ဖြင့် “ငါသေရင် ဘာဖြစ်မလဲ”ဆိုတာ မမေးကြနဲ့တော့၊ မြုပ်မျောပဲလို့သာ မှတ်ထားလိုက်ကြ၊ ရိပ်မိကြပလား?။

ဒကာ,ဒကာမတွေ အလိုက်ကောင်းမှ အမှန်အကန်ရနိုင်ပါတယ်၊ အလိုက်မကောင်းရင် မရပါဘူး။ ဒီအဓိပ္ပာယ် ဟာ တရားဂုဏ်တော်ထဲမှာ ပါပြီးသားဖြစ်နေတာပဲ၊ ဒါကို မရိပ်မိကြလို့ ဆရာသမားက အခုဖော်ပြပေးလိုက်ပြီ၊ အပါယ်သွားရမှာ ကြောက်တယ်ဆိုရင် ဒီအလုပ်ကို မုချလုပ်ကြရမယ်။

ဉာဏ်နဲ့ကြည့်လိုက်တော့ ဖြစ်ပျက်ပဲတွေ့ရမယ်

ဒါကိုလုပ်ရင် ဒကာ,ဒကာမတွေ သုခဝေဒနာပေါ်တဲ့အခါ ဉာဏ်နဲ့ကြည့်လိုက်တော့ ဖြစ်ပျက်ပဲတွေ့ရမယ်။ အဲဒီမှာ သုခဝေဒနာက ဖြစ်ပျက်၊ ရှုတဲ့ဉာဏ်က ငါးလုံးတွဲမဂ်ဖြစ်သွားတယ်၊ ခြားမှာ မဂ်ဝင်လိုက်တော့ သုခဝေဒနာ နောက်က တဏှာ, ဥပါဒါန်, ကံတွေမလာတော့ဘူး၊ သူတို့မလာတော့ နောက်ဒုက္ခတွေ အကုန်ချုပ်တယ်၊ ရှင်းကြပလား?။

ဝေဒနာသုံးပါးဖြစ်စေ, ငါးပါးဖြစ်စေ ရှုနိုင်တယ်၊ သောမနဿဝေဒနာလာရင်လည်း ရှုပေး၊ ရှုလိုက်တော့ သောမနဿဝေဒနာက ဖြစ်ပျက်၊ ရှုဉာဏ်က မဂ်ဖြစ်သွားတယ်၊ အဲဒီမှာ ဝေဒနာနောက်က မဂ်ဝင်လာလိုက်တော့ သူ့နောက်က တဏှာ, ဥပါဒါန်, ကံတွေ ရုပ်သိမ်းသွားတော့တယ်၊ သူတို့သိမ်းတော့ ဇာတိစတဲ့ နောက်ဒုက္ခတွေလည်း ငြိမ်းတော့တာပဲ။

ဝေဒနာကလေးက ဧဟိ ပဿိကောလို့ ခေါ်လိုက်တော့ ဉာဏ်နဲ့ သန္ဒိဋ္ဌိကောဖြစ်အောင် လိုက်နိုင်တဲ့အတွက် တဏှာစတဲ့ ပစ္စုပ္ပန်အကြောင်းတွေ သိမ်းသွားတယ်၊ ပစ္စုပ္ပန်အကြောင်းတွေ သိမ်းတော့၊ အနာဂတ်အကျိုး ဇာတိစတဲ့ ဒုက္ခတွေ ငြိမ်းသွားပါတယ်ဆိုတာ ရှင်းကြပလား?။ အဲဒီတော့-

ဝေဒနာဖြစ်ပျက်က ဒုက္ခသစ္စာ

ရှုလိုက်တဲ့ဉာဏ်က မဂ္ဂသစ္စာ

တဏှာစတဲ့ အကြောင်းတွေသိမ်းတာက သမုဒယသစ္စာ

ဇာတိစတဲ့အကျိုးတွေ ငြိမ်းတာက နိရောဓသစ္စာ။

ကိုင်း ဒကာ,ဒကာမတွေ ကျေနပ်ကြပလား?၊ ဧဟိ ပဿိကောခေါ်ရာကို သန္ဒိဋ္ဌိကောနဲ့ လိုက်နိုင်တဲ့အတွက် အကာလိကောတဲ့၊ အခါမလင့် အကျိုးပေးတယ်ဆိုတာ ပေါ်ကြပလား? မရှုတဲ့သူတွေအတွက် တဏှာ, ဥပါဒါန်, ကံ ဆိုတဲ့ သမုဒယသစ္စာ သုံးခုလာတယ်။ အပူသုံးခုပဲ၊ ဒီအပူသုံးခုလာရင် နောက်က ဆင်းရဲအစု လိုက်တော့မှာပဲလို့သာ မှတ်လိုက်ကြ။

ဖြစ်ပျက်ရှုလိုက်တဲ့သူအတွက် မဂ္ဂင်ငါးခုဝင်လာတယ်၊ အားကိုးစရာ ငါးလုံးတွဲဖောင်ပဲတဲ့။ သမ္မာဒိဋ္ဌိ, သမ္မာ သင်္ကပ္ပ, သမ္မာဝါယာမ, သမ္မာသတိ, သမ္မာသမာဓိ, ဒီမဂ္ဂင်ငါးပါး ဝင်လာတယ်။

ဧဟိ ပဿိကောခေါ်ရာကို သန္ဒိဋ္ဌိကောနဲ့လိုက်

အဲဒါဟာ ဧဟိ ပဿိကောခေါ်ရာကို သန္ဒိဋ္ဌိကောနဲ့လိုက်တဲ့အတွက် တဏှာနဲ့ သမုဒယသုံး ချုပ်သွားတယ်၊ ချုပ်သွားတော့ နောက်ဒုက္ခတွေလည်း မလာတော့ဘူး၊ အဲဒါ အကာလိကောဆိုတဲ့ အခါမလင့် အကျိုးပေးတာပဲဆိုတာ မှတ်လိုက်ကြတော့၊ ကျေနပ်ပလား?။

ဒကာ,ဒကာမတို့ အားလုံးဟာ ဘုရားရှိခိုးကြတဲ့လူချည့်ပဲ၊ ရှိမခိုးတဲ့သူ မပါပါဘူး၊ ဘုရားရှိခိုးတိုင်းလည်း သန္ဒိဋ္ဌိကော, အကာလိကော, ဧဟိ ပဿိကောဆိုပြီး ရွတ်နေကြတာပဲ၊ ဆိုနေကြပေမယ့် အလုပ်မပါကြဘူး၊ အခု ဆရာဘုန်းကြီးက အလုပ်ဖြစ်အောင် ထည့်ပေးနေပါတယ်။ အလုပ်နဲ့လိုက်ဦးမှပဲဆိုတာ ဆုံးဖြတ်ချက်ချကြ။ ဘုရားရှိခိုး တို့ ရွတ်တော့ ဓမ္မဂုဏ်တော်မို့ ဓမ္မာနုဿတိဖြစ်တယ်၊ အဲဒါ သမထပဲ၊ သမထနဲ့ ကိစ္စမပြီးသေးဘူး၊ ဝိပဿနာက ကိစ္စပြီးမယ်။

ဒါကြောင့် ပါဠိတော်အတိုင်း ဝိပဿနာဖြစ်အောင်လုပ်မှပဲဆိုပြီး လုပ်ကြရမယ်၊ လုပ်ရမယ်ဆိုတော့ ခန္ဓာမှာ ဝေဒနာကလေးတွေက ဧဟိ ပဿိကောတဲ့၊ လာပါ-ရှုပါလို့ခေါ်တော့ မဂ္ဂင်ငါးပါးက သန္ဒိဋ္ဌိကောနဲ့လိုက်ပေးရမယ်၊ လိုက်ရင် အကာလိကောဆိုတဲ့အတိုင်း ဒုက္ခနဲ့ သမုဒယတွေ ချုပ်သွားတော့တယ်၊ ရှင်းကြရဲ့လား?။

အဲဒီလိုရှုလိုက်တော့ မဂ်ပေါ်လာတယ်၊ အဲဒီမဂ်က ငါးလုံးတွဲဖောင်ပဲ၊ ဒီငါးလုံးတွဲဖောင်လောက်နဲ့က တကယ် စိတ်မချရသေးဘူး၊ ဒီတော့ ရှစ်လုံးတွဲဖောင်ဖြစ်အောင် လုပ်ကြရမယ်၊ ရှစ်လုံးပြည့်အောင်လုပ်ဖို့က ငါတို့အရေးပဲဆိုတာ ဆုံးဖြတ်ချက်ချကြ။

ဝိပဿနာရှုနေတာဟာ ငါးလုံးထက်မပိုနိုင်ဘူး၊ ဒါလောက်နဲ့ပဲ စိတ်ချနေလို့ မတော်သေးဘူး၊ နောက်က ဇာတိစတဲ့ ဒုက္ခတွေကျန်နေသေးတယ်၊ ဇာတိပိ ဒုက္ခသစ္စာပဲဆိုတော့ ကောင်းတာမပါဘူး၊ ဒါကြောင့် ရှစ်လုံးဖြစ်အောင် ကြိုးစားရမယ်။ ဒကာ,ဒကာမတို့ ရှစ်လုံးဖြစ်အောင် ဘယ်လိုလုပ်ရမလဲ?ဆိုတော့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက သဠာယတန, ဝေဒနာ-သံယုတ်မှာ အသေအချာဟောတော်မူခဲ့ပါတယ်ဆိုတာ မှတ်ကြရမယ်။

သော ဝေဒနာ ပရိညာယ၊

ဒိဋ္ဌေ ဓမ္မေ အနာသဝေါ။

ကာယဿ ဘေဒါ ဓမ္မဋ္ဌော၊

သင်္ချံ နောပေတိ ဝေဒဂူ။ ။

ဒုက္ခပဲလို့ ပိုင်ပိုင်နိုင်နိုင်သိအောင် လုပ်စမ်းပါ

ဒကာ,ဒကာမတို့ ဒီခန္ဓာမှာ ပေါ်လာတဲ့ ဝေဒနာကလေးကို ဖြစ်လာလည်းဒုက္ခပဲ၊ ပျက်တာလည်း ဒုက္ခပဲလို့ ပိုင်ပိုင်နိုင်နိုင်သိအောင် လုပ်စမ်းပါတဲ့။ သော၊ ထိုဝေဒနာကမ္မဋ္ဌာန်းကို ရှုမှတ်ပွားများသောပုဂ္ဂိုလ်သည်။ ဝေဒနာယ၊ ဝေဒနာကို။ ပရိညာယ၊ ဖြစ်တာလည်း ဒုက္ခပဲ၊ ပျက်တာလည်း ဒုက္ခပဲဟု ပိုင်ပိုင်နိုင်နိုင်သိခဲ့သည်ရှိသော်၊ ဒိဋ္ဌေဓမ္မေ၊ ရှုမှတ်ဆဲခဏ၌။ အနာသဝေါ၊ အာသဝေါကင်းလေ၏တဲ့။

ဝေဒနာကလေးကို ဒုက္ခသစ္စာပဲလို့ ပိုင်ပိုင်နိုင်နိုင်သိအောင် ကြည့်ကြစမ်းပါတဲ့။ သူ့ကိုဖြစ်ပျက်, ဖြစ်ပျက်လို့ ရှုနေတော့ ဝိပဿနာပဲ၊ အဲဒီဝိပဿနာကို စူးစူးစိုက်စိုက် ဪ ဖြစ်တာလည်းဒုက္ခပဲ၊ ပျက်တာလည်း ဒုက္ခပဲလို့ ပိုင် ပိုင်နိုင်နိုင်သိပြီး ဆုံးဖြတ်ချက်ကျအောင် ရှုကြရမယ်၊ အဲဒီလိုရှုရင် ဒိဋ္ဌေဓမ္မေ အနာသဝေါဆိုတာ ဖြစ်မယ်။

ရှုဆဲခဏမှာ အာသဝေါကင်းတယ်ဆိုတော့ ဒကာ,ဒကာမတို့ အဲဒီအခါ တဏှာဆိုတဲ့ ကာမာသဝလည်း မလာဘူး၊ တဏှာနဲ့တွဲနေတဲ့ ဒိဋ္ဌာဝသလည်း မလာဘူး၊ အတူတကွဖြစ်ဖော်ဖြစ်ဖက် အဝိဇ္ဇာသဝလည်း ကင်းနေတယ်၊ မလာတော့ဘူးဆိုတာ သိကြရမယ်။

ဒုက္ခသစ္စာပဲလို့ ပိုင်ပိုင်နိုင်နိုင် ဆုံးဖြတ်ချက်လည်းကျရော မဂ္ဂင်ရှစ်ပါး ပြည့်သွားတော့တာပဲ၊ မဂ္ဂင်ငါးပါးက ရှစ်ပါးဖြစ်တဲ့အချိန်မှာ နောက်အာသဝဆိုတဲ့ သမုဒယတွေလည်း သိမ်းပါရော၊ နောက်လာမယ့် ဒုက္ခတွေလည်း ငြိမ်း တော့တာပဲ၊ ကျေနပ်ကြပလား။

ကာယဿ ဘေဒါ ဓမ္မပဋ္ဌောတဲ့၊ မဂ္ဂင်ရှစ်ပါးပြည့်ပြီး သေလို့ရှိရင် နိဗ္ဗာန်၌တည်ပါတယ်တဲ့။ ကာယဿ၊ ခန္ဓာကိုယ်၏။ ဘေဒါ၊ ပျက်စီးခြင်းကြောင့်။ ဘေဒါ၊ ပျက်စီးသည်မှ နောက်ကာလ၌။ ဓမ္မဋ္ဌော၊ ဒုက္ခငြိမ်းရာ နိဗ္ဗာန်၌ တည်သည်။ ဟောတိ၊ ဖြစ်၏။ သမုဒယတွေလည်းချုပ်, နောက်က ဒုက္ခတွေလည်းချုပ်၊ ဒုက္ခချုပ်ရာဟာ နိဗ္ဗာန်ပဲ၊ ရှင်းကြရဲ့လား?”

ဒုက္ခကို ပိုင်ပိုင်နိုင်နိုင်သိရင် အာသဝေါကုန်ပါတယ်

ဒကာ,ဒကာမတွေ ဒါကြောင့် ဖြစ်ဒုက္ခ, ပျက်ဒုက္ခကို ပိုင်ပိုင်နိုင်နိုင်သိဖို့ အရေးကြီးတယ်ဆိုတာ ဆုံးဖြတ်ချက် ချကြ။ ဒုက္ခကို ပိုင်ပိုင်နိုင်နိုင်သိရင် အာသဝေါကုန်ပါတယ်၊ အာသဝေါကုန်ရာဟာ နိဗ္ဗာန်ပဲ၊ သဘောပါကြရဲ့လား?။

အာသဝတွေဆိုတာဟာ လိုရင်းတော့ သမုဒယတွေပဲ၊ ဒီသမုဒယတွေ ကုန်တယ်ဆိုတော့ နောက် ဒုက္ခတွေလည်း မလာနိုင်တော့ဘူး၊ အဲဒီတော့ သမုဒယလည်းချုပ်, ဒုက္ခလည်းချုပ်, ချုပ်တော့ “တဏှာနိရောဓော နိဗ္ဗာနံ, ဒုက္ခနိရောဓော နိဗ္ဗာနံ”ဆိုတဲ့အတိုင်း နိရောဓသစ္စာ ပေါ်လာတယ်။ ကိုင်း နေရာကျကြပလား?။

ဒါဖြင့် ဘုန်းကြီးတို့ ဒကာ,ဒကာမတွေ ဒီလိုပေါ်လာတဲ့ဝေဒနာကို ဒုက္ခသစ္စာပဲလို့ ပိုင်ပိုင်နိုင်နိုင်သိအောင် သိပြီး ဆုံးဖြတ်ချက်ချသည့်တိုင်အောင် ရှုကြပါလို့ လေးလေးနက်နက် တိုက်တွန်းလိုက်ပါတယ်၊ သဘောပါကြပလား?။

ဂါထာအနက်

ယော၊ ဝေဒနာကမ္မဋ္ဌာန်းကို စီးဖြန်းကြိုးကုတ် အားထုတ်သော အကြင်ယောဂီပုဂ္ဂိုလ်သည်။ ဝေဒနာယ၊ သုခ ဒုက္ခ စရှိငါးဖြာ ဝေဒနာကို။ ပရိညာယ၊ ပရိညာသုံးတန်ဖြင့် ဧကန်ပိုင်ပိုင် သိစွမ်းနိုင်သည်ရှိသော်။ ဝါ၊ ဖြစ်ပျက်ဒုက္ခသဘာဝ၌ မုချပိုင်ပိုင် သိစွမ်းနိုင်ခဲ့သည်ရှိသော်။ ဒိဋ္ဌေဓမ္မေ၊ မျက်မှောက်ယခု ရှုမှတ်နေဆဲခဏအတွင်း ၌။ အနာသဝေါ၊ အာသဝမရှိသည်။ အနာသဝေါ၊ အာသဝေါကင်းကွာ ရဟန္တာဖြစ်ရလေ၏။ သော ဝေဒဂူ၊ သိပိုင် ဆုံးဖြတ် ထိုရဟန္တာပုဂ္ဂိုလ်မြတ်သည်၊ ကာယဿ၊ ဥပါဒိန္နက ဤခန္ဓာကာယ၏။ ဘေဒါ၊ ပျက်စီးခြင်းကြောင့်၊ ဘေဒါ၊ ပျက်စီးရာမှ နောက်ကာလ၌။ ဓမ္မဋ္ဌော၊ ဒုက္ခတစ်ရံ မဆက်ဆံသည့် နိဗ္ဗာန်၌တည်သည်ရှိသော်။ သင်္ချံ၊ လူနတ်ဗြဟ္မ သတ္တဝါဟူသော ရေတွက်ခြင်းသို့၊ နောပေတိ၊ မရောက်တော့ပေပြီ။ ။

ကိုင်း… နာရီစေ့ပြီ၊ ဒီတွင်ပဲ တော်ကြဦးစို့။

**********