20707

ဒုက္ခပတ်ခွေ သံသာရှည် တရားတော်

ဆောင်ပုဒ်

ဒုက္ခဖြစ်ရန်၊ မသိမှန်၊ ခင်ပြန် ကံပြုရှာ။

ဝေဒနာ,ဖဿ၊ အာယတနနှင့်၊ နာမရူပံ၊ ဝိညာဏံ၊

ရပြန်၊ ငါးခန္ဓာ။

ဒုက္ခလွတ်ချင်၊ ခန္ဓာခွင်၊ ဉာဏ်ဝင်ရှုကြည့်ရာ။

ပစ္စုပ္ပန်လျှင်၊ ပေါ်ခိုက်တွင်၊ ဉာဏ်မြင် သိစေပါ။

အများမလို၊ တစ်ပါးကို၊ မြဲသို ဉာဏ်စိုက်ကာ။

ပေါ်လာပျောက်ပျက်၊ ခန္ဓာစက်၊ ဖြစ်ပျက်မြင်မှသာ။

ဖြစ်ပျက်မြင်မြောက်၊ မုန်းဉာဏ်ပေါက်၊ ဆုံးရောက်နိဗ္ဗာနာ။

ကိုယ့်ကိုယ်ကိုကား၊ ချစ်သနား၊ ကြိုးစားသင့်တော့သာ။

သတိချပ်

ဇာတိ,ဇရာ၊ မရဏာ၊ ပမာ ဆုံလှည့်နွား။

ဒုက္ခလေးချက်၊ တစ်ခဲနက်၊ ဆက်လျှက် ခံရငြား။

ပဋိသန္ဓေ၊ အို,နာ,သေ၊ ပတ်ခွေ ရဟတ်ချား။

လူနတ်ဗြဟ္မာ၊ ဆိုင်းဘုတ်သာ၊ လူ့ရွာပညတ်ထား။

စ,လယ်, အဆုံး၊ ဒုက္ခတုံး၊ လုံးဝမကောင်းစား။

ဒုက္ခဖြစ်ရန်၊ ကံစီမံ၊ စွဲသန် တဏှာပွား။

ဒုက္ခသွယ်သွယ်၊ မှန်လက်သယ်၊ တကယ်သိကြိုးစား။

ဘုရားဆုံးမ၊ ဆရာပြ၊ မုချ လိုက်သင့်သား။ ။

တရားသား

ဇာတိ, ဇရာ, ဗျာဓိ, မရဏ အားလုံး ဒုက္ခသစ္စာ

ဘုန်းကြီးတို့ ဒကာ,ဒကာမတွေ ဇာတိ, ဇရာ, ဗျာဓိ, မရဏဆိုတဲ့ တရားတွေဟာ အားလုံး ဒုက္ခသစ္စာချည့်ပဲ လို့သာ မှတ်ထားလိုက်ကြစမ်းပါ၊ ဇာတိရယ်, ဇရာရယ်, ဗျာဓိရယ်, မရဏရယ်တဲ့၊ အဲဒီတရားတွေအားလုံးဟာ ဒုက္ခ သစ္စာချည့်ပဲ၊ ဆင်းရဲအမှန်ချည့်ပဲဆိုတာ လေးလေးနက်နက် မှတ်ထားလိုက်ကြ။ ဗမာလိုပြောတော့ ပဋိသန္ဓေ, အို, နာ, သေတွေပဲ၊ ရှင်းကြပလား?။

ဒကာတို့တတွေ ဘယ်ကလာကြတာလဲလို့မေးရင် အမိဝမ်းက လာကြပါတယ်ဘုရားလို့ ပြောရမှာပဲ၊ အမိဝမ်း ကဆိုတော့ ဝမ်းထဲမှာ ဒုက္ခသစ္စာနဲ့ နေကြရတယ်၊ အဲဒီနေရာက ရှေ့ဆက်ပြီးလာပြန်တော့လည်း ဇရာပိ ဒုက္ခသစ္စာနဲ့ ပဲဆိုတာ ငြင်းဖို့မရှိဘူး၊ ဒကာ,ဒကာမတို့ ကိုယ်တိုင်တွေ့ကြုံ ခံစားပြီးသားတွေပဲ၊ သဘောပါပလား?။

ရှေ့ဆက်ပြီး ရင့်ရော်လာပြန်တော့ ဝေဒနာအမျိုးမျိုးတွေ ကပ်ရောက်လာပြန်တာပဲ၊ အဲဒါက ဗျာဓိဒုက္ခသစ္စာ ပါပဲ၊ နောက်, သေဘေးဆိုက်ရောက်လာမယ်၊ အခုသာ မရောက်သေးတာ မရောက်,ရောက်အောင် သွားနေတယ်ဆိုတာ ကတော့ မိနစ်, စက္ကန့်မျှ မရပ်မနားဘူး၊ အဲ, အဲဒီသေဘေးကျပြန်တော့လည်း မရဏမ္ပိ ဒုက္ခသစ္စာပဲဆိုတာ မှတ်လိုက် ကြ။

ဒကာ,ဒကာမတွေ ဒီလိုဆိုတော့ ဘယ်မှာကောင်းတာ ပါကြသေးတုံး? အစမှာလည်းမကောင်း, အလယ်မှာ လည်း မကောင်း, အဆုံးမှာလည်း မကောင်း၊ အစ, အလယ်, အဆုံး အားလုံးမကောင်းတာဟာ ဒီခန္ဓာပဲဆိုတာကို ဆုံးဖြတ်ချက်ချလိုက်ကြတော့၊ ကျေနပ်ရဲ့လား?။

ဒကာ,ဒကာမတို့တတွေ သေသေချာချာ စဉ်းစားကြည့်ပါ။ လွန်ခဲ့တဲ့ဘဝကလည်း ဒီဒုက္ခသစ္စာလေးချက်နဲ့ပဲ နေခဲ့ရတယ်၊ ကောင်းတာဆို လုံးဝမပါခဲ့ကြဘူး၊ ဟိုဘက်ဘဝကလည်း ပဋိသန္ဓေရယ်, အိုတာရယ်, နာတာရယ်, သေ တာရယ်၊ ဒီဒုက္ခသစ္စာလေးချက်ပဲ၊ သဘောပါကြရဲ့လား?။

တရားအားမထုတ်ကြဘူးဆိုရင်

အခုနေမှာ သတိရပြီး တရားအားမထုတ်ကြဘူးဆိုရင် နောက်ဘဝမှာကော ဘာတွေရဦးမှာလဲ? အားမထုတ် ကြရင် ဒီဒုက္ခသစ္စာလေးချက်ပဲ ပြန်ရလိမ့်ဦးမယ်ဆိုတာ ပြောဖို့မလိုတော့ဘူး၊ အားလုံးပဲ ရိပ်မိကြပါတယ်၊ ဒကာတို့ က ပြောချင်ရင်ပြောကြမယ်၊ အမှန်ကတော့ လူနတ်ဗြဟ္မာဆိုတာဟာ ဆိုင်းဘုတ်သက်သက်ပါ။

ဆိုင်းဘုတ်မှ ဘာမှအဓိပ္ပာယ်မရှိကြဘူးဆိုတာ မှတ်ကြပါ၊ အမှန်ရမှာက လူ့ဘဝတောင်းရငန် လူ့ခန္ဓာ ဇာတိ ဒုက္ခက စရမယ်၊ နောက်, လူ့ဇရာ, လူ့ဗျာဓိ, လူ့မရဏ ဒါတွေက အမှန်ရမှာတွေ၊ နတ်လည်း ထို့အတူ၊ ဗြဟ္မာဆိုတာ ကလည်း ထို့အတူပဲ၊ ဆိုင်းဘုတ်ပြောင်းတာလောက်ပဲ ကွာပါတယ်၊ ဘာရရ ပဋိသန္ဓေ, အို-နာ-သေ ဒုက္ခလေးချက်သာ အမှန်ရကြမှာပါ၊ ရိပ်မိကြရဲ့လား?။

ဒကာ,ဒကာမတို့ ကိုယ်ကအမြင်မကျယ်လို့ အမှန်အကန်မသိပေမယ့်လည်း အမြင်ကျယ်လို့ အမှန်အကန် သိတော်မူ မြင်တော်မူတဲ့ ဘုရားရှင်ကိုယ်တော်မြတ်ကြီး ကိုယ်တိုင်ကလည်း ဟောပြထားခဲ့တယ်၊ ဆရာဘုန်းကြီးများ ကလည်း ဘုရားရှင်ရဲ့ ကိုယ်စားလှယ်လုပ်ပြီး ညွှန်ပြပေးလို့ အခု အမှန်အကန်သိကြရပြီ။

ဒီလိုအမှန်သိရရင် ဒီဒုက္ခတွေကိုဖြင့် မလိုချင်တော့ပါဘူး၊ ကြောက်လှပါပေါ့၊ မုန်းလှပါပေါ့၊ အော်ဂလီဆန်ပြီး အံချင်ကြပါပေါ့လို့ဆိုတဲ့ ဆုံးဖြတ်ချက်ချပြီး လွတ်လမ်းကိုလိုက်ကြရမယ်၊ သဘောကျကြပလား?။

ဒကာ,ဒကာမတွေ အခုလက်ရှိ ခန္ဓာကြီးကိုပဲ ကြည့်လိုက်ကြပါ၊ ဒီခန္ဓာကြီးဟာ ဘယ်သူတည်ထောင်တာလဲ? ဘယ်ကလာတာလဲလို့ ကြည့်လိုက်တော့ ဪ…သူဟာ ဇာတိကတည်ထောင်လိုက်တာ၊ ဇာတိကလာတာပဲလို့ သိကြ ရတယ်။ ဒီဇာတိကကော ဘယ်ကလာတာလဲလို့ ဆိုပြန်တော့ ဇာတိဟာ နောက်ဘဝက ကံကလာတာပဲဆိုတာ ရိပ်မိ ကြပြီ၊ ဒါကြောင့် ကမ္မဘဝပစ္စယာဇာတိတဲ့၊ ရှင်းကြရဲ့လား?။

ကံက ဇာတိကိုလုပ်ပေးလိုက်တော့

အဲဒီတော့ ဒကာ,ဒကာမတို့တတွေမှာ အခုဘယ်လိုဖြစ်နေကြသလဲ? ကံက ဇာတိကိုလုပ်ပေးလိုက်တော့ ဇာတိနဲ့တွဲရက် ဇရာလည်းပါတယ်၊ ဗျာဓိလည်းပါတယ်၊ မရဏလည်းပါလာတယ်၊ ဒီလိုဆိုတော့ ဒီကံဟာ ဇာတိတွင်မက အခု ဒကာတို့ရနေကြတဲ့ ဒုက္ခလေးချက်လုံးကိုပဲ လုပ်ပေးမှာပဲဆိုတာ သဘောပါကြရဲ့လား?။

ဒကာတို့ဟာက ဘုံဘဝလည်းလိုချင်တယ်၊ ဒီသားကိုလည်း ခင်မင်တယ်၊ ဟိုသမီးနဲ့လည်း မခွဲချင်ဘူးဆိုပြီး ကံတွေကို ထပ်လုပ်ကြ၊ ထပ်လုပ်ကြရင် ဒီဒုက္ခလေးချက်ကိုပြန်ရပြီး ဒီလေးချက်နဲ့ အသက်ထွက်ရမှာချည့်ပဲဆိုတာသာ မှတ်လိုက်ကြ၊ ကျေနပ်ပလား?။

နောက်နောက်တုန်းကလည်း ဒီဒုက္ခလေးချက်နဲ့သာ အသက်ထွက်ခဲ့ရပေါင်း များလှပြီ၊ ရှေ့လည်း ဒီလေးချက်နဲ့ ပဲ အသက်ထွက်ချင်သေးတယ်ဆိုရင်ဖြင့် ကံဆိုးမိုးမှောင်တော့ ကမ်းကုန်ပြီလို့သာ မှတ်လိုက်ကြတော့၊ ဒါကြောင့် ဆရာဘုန်းကြီးက ဒါတွေကိုမြင်လို့ ကယ်တင်ပေးနေတာပဲဆိုတာ သိကြရမယ်၊ မကယ်ရင်ဖြင့် ဒီထက်ကိုယ်ကျိုးနည်း တာတော့ မရှိဘူးလို့သာ မှတ်လိုက်ကြ။

ဒါကြောင့် အခု ဒကာ,ဒကာမတွေကို ဆရာဘုန်းကြီးက အားထုတ်နည်းကို ပေးရပါလိမ့်မယ်၊ ဒီဒုက္ခတွေကို ကျွတ်ဖို့လွတ်ဖို့ နည်းလမ်းကိုပြပါတော့မယ်။ ဒီလိုဆိုတော့ ဒကာတို့က ကိုယ့်ကိုယ်ကိုယ်လည်း သနားသောအားဖြင့် ဘုရားနဲ့ ဆရာသမားများကိုလည်း ယုံကြည်လေးစားသောအားဖြင့် ကြိုးစားပါတော့မယ်၊ လိုက်နာပါတော့မယ်၊ အမြန် ဆုံး အားထုတ်ပါတော့မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို ချလိုက်ကြ။

ဒါနဲ့မှ မလိုက်နာသေးဘူး၊ အားမထုတ်သေးဘူးဆိုရင် ဒီလိုလူကို ဘယ်လိုများဆိုရမလဲ? ကိုယ့်ကိုယ်ကိုယ်မှ သနားရမှန်းမသိတဲ့သူ။ ဘုရားနဲ့ ဆရာသမားကို မယုံကြည်တဲ့သူ၊ မလေးစားတဲ့သူပဲဆိုတာ ငြင်းနေဖို့မရှိတော့ဘူး၊ ရိပ်မိကြပလား?။

ကိုယ့်ဒုက္ခကိုမှ ဒုက္ခမှန်းမသိတဲ့လူ

ဒကာ,ဒကာမတို့ ကိုယ့်ဒုက္ခကိုမှ ဒုက္ခမှန်းမသိတဲ့လူ၊ ကိုယ့်ကိုယ်ကိုယ်မှ မသနားတဲ့လူဆိုရင် ဒီလူဟာ လူစိတ် ရှိတဲ့လူမှ ဟုတ်ပါလေရဲ့လား? လူကောင်းမှ ဟုတ်ပါလေရဲ့လား?လို့ မေးထိုက်,မမေးထိုက်၊ အလေးအနက်စဉ်းစားကြ၊ ရှေ့ကို ဒီအတိုင်းသာသွားနေရရင် လုံးဝမကောင်းဘူး၊ အစလည်းမကောင်း, အလယ်လည်းမကောင်း, အဆုံးမှာလည်း မကောင်းဘူး၊ မကောင်းတဲ့ဒုက္ခချည့်ပဲ တွေ့ရမယ်။

အခုလက်ရှိရထားတဲ့ ဘဝရဲ့အစမှာ ဇာတိနဲ့ စခဲ့ကြရတယ်၊ ဇာတိဟာ ဘာသစ္စာလဲ?ဆိုတော့ ဒုက္ခသစ္စာပါတဲ့၊ ဗမာလို တည့်တည့်ပြောရင် စက်ဆုပ်စရာ အသုံးမကျတာ အမှန်ပဲလို့ပြောရမယ်၊ ဒီတော့ အစကစပြီး မကောင်းဘူး ဆိုတာ သေချာကြပလား?။

ဒီဇာတိကိုကော ဘာကြောင့်ရပါလိမ့်မလဲ? ဒီဇာတိဟာ ဘယ်ကလာတာလဲလို့ ဆန်းစစ်ကြည့်လိုက်တော့ ကမ္မဘဝပစ္စယာ ဇာတိတဲ့၊ ဒီဇာတိဒုက္ခသစ္စာကြီးဟာ ကမ္မဘဝက လာတယ်ဆိုတဲ့အဓိပ္ပာယ် ပေါ်ကြပလား?၊ ဒီဇာတိ ဟာ ကမ္မဘဝကလာတာပါ၊ ကျေနပ်ကြပလား?။

အဲဒီတော့ကို ဒကာ,ဒကာမတို့တတွေ ပြောဆိုနေကြတဲ့ စကားတစ်ခုရှိပါတယ်၊ ဒုက္ခသုခတွေ အမျိုးမျိုးရောက် ကြပလားဆိုရင် ပြောတတ်ဆိုတတ်ကြတယ်၊ “ဪ…ကိုယ့်အကြောင်းနဲ့ကိုယ်ပဲ၊ ကိုယ်ကမကောင်းလို့ အခုလိုဒုက္ခ ရောက်ရတာပဲ”နဲ့ ပြောတဲ့အပြောမျိုးတွေ ပယ်ပစ်ကြ၊ ဒုက္ခတွေကို မိမိလုပ်တာမဟုတ်ပါဘူး၊ ကံကလုပ်တာပါ၊ ရှင်းကြ ရဲ့လား?။

ဒကာ,ဒကာမတွေ ဒုက္ခကို မိမိလုပ်တာမဟုတ်၊ ကံကလုပ်တာပဲဆိုတာ အမှန်သိကြရမယ်၊ ဒါကိုသိရင် သိတာ နဲ့ သဿတဒိဋ္ဌိပြုတ်ပြီ။

ဒီကံကို ဘယ်သူလုပ်သလဲ

ဇာတိဟာ ကံကလာတယ်ဆိုတာသိရတော့ ဒီကံကော ဘယ်ကလာတာလဲ? ဒီကံကို ဘယ်သူလုပ်သလဲဆိုပြန် တော့ ဘုံဘဝကိုစွဲလမ်းတဲ့ ဥပါဒါန်ကလာတယ်၊ စွဲလမ်းတဲ့ဥပါဒါန်ဖြစ်တော့ ဥပါဒါနပစ္စယော ကမ္မဘဝေါပဲ၊ ရှင်းကြ ပလား?။ ဒီဥပါဒါန်ကော ဘာကြောင့်ဖြစ်သလဲဆိုတော့ တဏှာကြောင့်ပဲ၊ ခင်မင်နှစ်သက်တဲ့ တဏှာကြောင့် စွဲလမ်းမှု ဥပါဒါန်ဖြစ်ရတယ်၊ ဒါကြောင့် တဏှာပစ္စယာ ဥပါဒါနံတဲ့။

ဒီအဓိပ္ပာယ်ကိုသိရတော့ ဒကာ,ဒကာမတွေ မှတ်လိုက်ကြပါ။ တဏှာမပြတ်သမျှ ဥပါဒါန်ဘယ်တော့မှ မချုပ် တော့ဘူး၊ ဒါကြောင့် တဏှာပြတ်အောင်လုပ်ဖို့အရေးဟာ အလွန်ကြီးတယ်ဆိုတာ ရိပ်မိကြပလား?။

ဒီတဏှာကော ဘယ်ကလာတုန်း?ဆိုတော့ ဝေဒနာကလာတယ်၊ ကောင်းတယ်ဆိုပြီး ခံစားတာက ဝေဒနာ၊ ဒါကိုနှစ်သက်တာက တဏှာ၊ ကောင်းတာက ဝေဒနာ၊ ကြိုက်တာက တဏှာ၊ ဒကာ,ဒကာမတွေ ပေါ်ပလား?၊ အကောင်းမှကြိုက်တာဆိုတဲ့ အချိန်မှာပေါ်တယ်၊ ပေါ်တဲ့အချိန်မှာ သိလိုက်ဖို့အရေးကြီးတယ်။ ပေါ်တဲ့နေရာမှာ ဖြစ် ပျက်ရှုပစ်ကြရမယ်။

ဝေဒနာပေါ်ရင် ပေါ်တဲ့ဝေဒနာကို ဖြစ်ပျက်ရှုပစ်ရမယ်၊ ဒီလိုရှုနိုင်ရင် ဝေဒနာနောက်က တဏှာမဆက် တော့ဘူး၊ တဏှာချုပ်တယ်၊ တဏှာချုပ်တော့ “တဏှာနိရောဓော နိဗ္ဗာနံ” တဏှာချုပ်ရင် နိဗ္ဗာန်ရောက်တာပဲ၊ ကျေနပ် ကြပလား?။

ဘုရားရှင်ကိုယ်တော်မြတ်ကြီး ဒုက္ခတွေချုပ်သွားတာဟာ ဘာကြောင့်လဲ? ဘုရား ဒုက္ခချုပ်သွားတာဟာ ဝေဒနာကို ဖြစ်ပျက်ရှုလို့ပဲ၊ ဝေဒနာကို ဖြစ်ပျက်ရှုလို့ ဘုရားရှင်ကိုယ်တော်မြတ်ကြီး ဒုက္ခခပ်သိမ်း ချုပ်ငြိမ်းသွားတော် မူတယ်ဆိုတာ ဆုံးဖြတ်ချက်ချကြ။

ဝေဒနာနဲ့ တဏှာခြားမှာ ဘုရားဖြစ်တာပဲ

ဘုရားဖြစ်တာ ဘယ်နေရာမှာလဲ? ဘုရားဟာ ဘယ်နေရာမှာဖြစ်သလဲ?ဆိုတာ ဒကာ,ဒကာမတွေ သေသေ ချာချာ မှတ်လိုက်ကြပါ၊ “ဝေဒနာနဲ့ တဏှာခြားမှာ ဘုရားဖြစ်တာပဲ”လို့ မှတ်ထားလိုက်ကြ။ ဘုရား ကိလေသာတွေချုပ် တာဟာ ဝေဒနာနဲ့ တဏှာခြားမှာ ချုပ်တာပါ။

ဒကာတို့တတွေ သိကြတာက ဗောဓိပင်နဲ့ ရွှေပလ္လင်မှာဖြစ်တာပဲလို့ သိထားကြတယ်ဆိုတော့ ပြောင်းပြန်ကြီး ဖြစ်နေပြီ၊ သေသေချာချာ စဉ်းစားကြည့်တော့ ဝေဒနာက တဏှာမကူးခင် ဝေဒနာနဲ့ တဏှာခြားမှာ အရဟတ္တမဂ် ဉာဏ်, သဗ္ဗညုတဉာဏ်ကို ရတော်မူတာပါ၊ သဘောပါကြပလား?။

သောတာပန်, သကဒါဂါမ်, အနာဂါမ်, ရဟန္တာဖြစ်တာတွေလည်း ဒီဝေဒနာနဲ့ တဏှာနှစ်ခုကြားမှာ ဖြစ်ကြ တာချည့်ပဲဆိုတာ မှတ်လိုက်ကြပါ၊ ဒကာ,ဒကာမတို့ သိနေကြတဲ့ ဗောဓိပင်နဲ့ ရွှေပလ္လင်ဆိုတာက အမှန်တော့ ပန်းချီ ဆရာ ပုံဆွဲဖြစ်အောင် ပန်းချီကားချပ်ရေးဖြစ်အောင်လို့ ပြောရတာပါ၊ သဘောပါကြပလား?။

အမှန်ကတော့ ဝေဒနာနဲ့ တဏှာခြားမှာ ဉာဏ်နဲ့သိတော်မူလို့ မြင်တော်မူလို့ ဘုရားဖြစ်တော်မူတာပါ၊ ဒါ ကြောင့် ဘုန်းကြီးတို့ ဒကာ,ဒကာမတွေလည်း သောတာပန်ဖြစ်ချင်ရင် အခု ဝေဒနာကိုဖြစ်ပျက်ရှုရမယ်၊ ဝေဒနာကို ဖြစ်ပျက်ရှုမှသာ ဖြစ်တော့မယ်ဆိုတာ ဆုံးဖြတ်ချက်ချ။

အစောပိုင်းက ပြောခဲ့သလို ခန္ဓာမှာ ဝေဒနာသုံးပါးလှည့်ပေါ်မယ်၊ ပေါ်တဲ့အခါ ပေါ်တဲ့ဝေဒနာကို မလွတ် စေနဲ့၊ ပေါ်လာတာကို ပေါ်တိုင်းပေါ်တိုင်း ပေါ်ပြီးပျောက်,ပျောက်သွားတာကို ဉာဏ်နဲ့မြင်အောင် ကြည့်ပေးရမယ်၊ သုခဝေဒနာ, ဒုက္ခဝေဒနာ, ဥပေက္ခာဝေဒနာ, ဘာပေါ်ပေါ် ဖြစ်လာပြီးပျက်သွား၊ ဖြစ်လာပြီးပျက်သွားနဲ့ အဲဒီလိုဖြစ် ဖြစ်ပြီး ပျက်ပျက်သွားတာကလေးကို မြင်အောင်ကြည့်ပေးရမယ်။

ဒကာ,ဒကာမတွေ ကြည့်တတ်ကြပလား? ကြည့်တတ်အောင် ကြည့်ပေးကြ၊ အဲဒီလို ဝေဒနာကိုရှုနိုင်တော့ ဝေဒနာက ဖြစ်ပျက်၊ ရှုတဲ့ဉာဏ်က မဂ်ဖြစ်သွားတယ်၊ မဂ္ဂင်ငါးပါးရှိတဲ့ ဝိပဿနာမဂ်ဖြစ်သွားတယ်။ အဲဒီလိုဆိုတော့ ဝေဒနာနောက်က တဏှာမလာဘူး၊ တဏှာနေရာမှာ ဝိပဿနာမဂ်က အစားထိုးလိုက်တယ်။ ရှင်းပလား?။

ဖြစ်ပျက်ရှုလိုက်တော့ မဂ်ဉာဏ်ကလေး ပေါ်လာတယ်

ဘုန်းကြီးတို့ ဒကာ,ဒကာမတွေ ဘယ်လောက်နေရာကျသွားသလဲဆိုတာ ရိပ်မိကြရဲ့လား? မိမိတို့ ခန္ဓာထဲမှာ ပဋိစ္စသမုပ္ပါဒ်တွေက ရှိပြီးနေတယ်၊ အဲဒီလိုမရှုနိုင်သမျှ ပဋိစ္စသမုပ္ပါဒ်ဟာ ဘယ်တော့မှ ပြတ်လမ်းမမြင်တော့ဘူး၊ ဘုရားပေးတဲ့ဉာဏ်နဲ့ ဆရာဘုန်းကြီးက ညွှန်ကြားတဲ့အတိုင်း ဖြစ်ပျက်ရှုလိုက်တော့ မဂ်ဉာဏ်ကလေး ပေါ်လာတယ်။

သံသရာတစ်လျှောက်လုံးမှာ ပေါ်နိုင်ဖို့ အင်မတန်ခဲယဉ်းတဲ့ ဝိပဿနာမဂ်ဉာဏ်ကလေး ပေါ်လာတယ်ဆို တော့ ဘယ်လောက်များ အားရှိဖို့ကောင်းသလဲဆိုတာ ရိပ်မိကြရဲ့လား? ဒီမဂ်ကလေးပေါ်လာတာ တခြားနေရာမဟုတ် ဘူး၊ ဝေဒနာဖြစ်ပျက်နောက်က ပေါ်လာတာမို့ ဝေဒနာနဲ့ တဏှာခြားမှာ ပေါ်တာပဲဆိုတာ သဘောပါကြပလား?။

ဥပမာဆိုရင် အစာတစ်ခုခုကို စားတဲ့အခါ စားလို့ကောင်းတယ်ဆိုတော့ သုခဝေဒနာလာတယ်၊ အဲဒီအခါမှာ ဉာဏ်နဲ့ ဖြစ်ပျက်ကိုရှု၊ ရှုလိုက်တော့ နောက်က တဏှာမလာဘူး၊ ဒကာ,ဒကာမတွေ ဒီလိုရှုလိုက်နိုင်ရင် ဒီနေရာမှာ သောတာပန်တည်နိုင်တယ်ဆိုတာ ပြောလိုက်ပါတယ်၊ ကိုင်း, ကျေနပ်ကြပလား?၊ ဆရာဘုန်းကြီးက နည်းပေးထားပြီ၊ ဒါလည်းပဲ ဘုရားပွင့်မှ ရနိုင်တဲ့နည်းပါ၊ လွယ်လွယ်မအောက်မေ့ကြပါနဲ့။

အခု ဘုန်းကြီးတို့ ဒကာတွေရတဲ့အခွင့်အရေးဟာ နည်းတဲ့အခွင့်အရေး မဟုတ်ပါဘူး၊ အင်မတန် ထူးခြား မြင့်မြတ်တဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ အခွင့်အရေးပါဆိုတာ သိကြပြီး ကြိုးစားကြရမယ်၊ ရိပ်မိကြရဲ့လား? ဒါဖြင့် ကြိုးစား လိုက်ကြ။

အဲဒီတော့ ဒကာတို့ခန္ဓာမှာ ဝေဒနာသုံးမျိုး လှည့်ပြီးပေါ်မယ်၊ ဝေဒနာပေါ်တိုင်းပေါ်တိုင်း ဖြစ်ပျက်ရှုပေး ကြ။ ဒကာ,ဒကာမတို့ ဝေဒနာနောက်က ဘုရားဖြစ်တယ်ဆိုတာ သိရတော့ တဏှာထည့်မနေနဲ့၊ တဏှာမလာစေနဲ့၊ ဝေဒနာပေါ်တိုင်း မလွတ်အောင် ကြိုးစားရှုပေးကြ၊ အဲဒီလိုရှုနိုင်ရင် လေးမဂ် လေးဖိုလ်ပေါ်မယ်ုလိ့သာ မှတ်ကြတော့။

ထမင်းစားရင်လည်း သောတာပန်တည်နိုင်တယ်

ခန္ဓာမှာ ဝေဒနာပေါ်တိုင်း ကြည့်လိုက်နိုင်ရင် အလွန်မကြာပါဘူး၊ ဝေဒနာပေါ်တဲ့အခါမှာ ဪ…သူက ဖြစ်ပြီးပျက်တာပဲကိုး”လို့ သိလိုက်နိုင်ရင် ထမင်းစားရင်လည်း သောတာပန်တည်နိုင်တယ်ဆိုတာ ဆုံးဖြတ်ချက်ချပြီး ကြိုးစားကြပါ၊ ဘုရားဖြစ်တာ ဝေဒနာနောက်က ဖြစ်တာပါ။

ဒကာ,ဒကာမတွေ ပဋိစ္စသမုပ္ပါဒ်ကို ရှေ့ဆက်ပြီးကြည့်ကြဦးစို့၊ ဝေဒနာကလေးတွေ ပေါ်တယ်ဆိုတော့ ဒီ ဝေဒနာတွေကော ဘယ်ကလာတာလဲ?လို့ စစ်ကြည့်လိုက်ပါ၊ “ဖဿပစ္စယာဝေဒနာ”ဆိုတော့ ဝေဒနာဟာ ဖဿက လာတာပဲဆိုတာ သိကြရပြီ။ ဒီဖဿကောဆိုပြန်တော့ သဠာယတနက လာပါတယ်၊ ဒါကြောင့် သဠာယတနပစ္စယာ ဖဿောတဲ့၊ ရှင်းကြပလား?။

သဠာယတနရဲ့လက်သည်ကို ရှာပါဦးဆိုတော့ နာမရူပပစ္စယာ သဠာယတနံလို့ ဆိုထားတော့ သူဟာ နာမ် ရုပ်ကြောင့် ပေါ်လာတာပဲဆိုတာ ထင်ရှားပလား?၊ ကိုင်း ဒါဖြင့် ဒီနာမ်ရုပ်ကောဆိုပြန်တော့ ဝိညာဏ်ကြောင့်ဖြစ်တာ ဆိုတာ “ဝိညာဏပစ္စယော နာမရူပံ”လို့ လာတယ်မဟုတ်လား။ ဒကာ,ဒကာမတွေ ရှင်းလင်းသွားကြပြီ။

ဒီဝိညာဏ်ကကော အကြောင်းမရှိလား? ဆိုပြန်တော့ သင်္ခါရပစ္စယာ ဝိညာဏံတဲ့၊ ဝိညာဏ်ဟာ သင်္ခါရကြောင့် ဖြစ်တာပဲ။ ဒီသင်္ခါရကကော ဘာကြောင့်ဖြစ်ရတာလဲလို့ ဆန်းစစ်ပြန်တော့ သင်္ခါရဟာ အဝိဇ္ဇာကြောင့်ဖြစ်တာပဲ၊ ဒါကြောင့် “အဝိဇ္ဇာပစ္စယာ သင်္ခါရာ”လို့ ဟောတော်မူတယ်ဆိုတာ အားလုံးသိထားကြပါပြီ။

အဲဒီတော့ကို ဘုန်းကြီးတို့ ဒကာ,ဒကာမတွေဟာ ဒီခန္ဓာ့ပဋိစ္စသမုပ္ပါဒ် အကြောင်းအကျိုးတွေကို ဆရာသမား အကူအညီနဲ့ ရှင်းရှင်းလင်းလင်းကြီး သိကြရပြီ၊ ဒီအထဲမှာ ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာဆိုတဲ့ ငါးခု အခုပစ္စုပ္ပန်မှာ ပေါ်နိုင်တယ်ဆိုတာ မှတ်ကြရမယ်။

ဒါကြောင့် ရှုတဲ့အခါမှာ အဝိဇ္ဇာ, သင်္ခါရတို့ကို မရှုရဘူး၊ သူတို့ကိုမရှုကြနဲ့၊ ဘာကြောင့်တုံးဆိုတော့ အဝိဇ္ဇာ, သင်္ခါရတို့က အတိတ်ဘဝဖြစ်နေကြလို့ပဲ၊ လွန်ခဲ့ပြီးတဲ့တရားတွေဖြစ်နေလို့ ရှုဖို့မလိုတော့ဘူးဆိုတာ မှတ်ထားကြ။

ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာ, ဒီငါးခုပဲရှုကြ၊

ကျန်တဲ့ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာ, ဒီငါးခုပဲရှုကြ၊ ဒီငါးခုက အခုပစ္စုပ္ပန်မှာ ပေါ်နိုင် တာ၊ ရှင်းကြရဲ့လား?၊ ရှုတတ်ကြပလား? ဒီငါးခုနောက်က မဂ်ကလေးလိုက်ပေးရမယ်။ ဒီငါးခုကိုပေါင်းလိုက်တော့ ခန္ဓာငါးပါးပဲရတယ်။

ဒကာ,ဒကာမတွေ ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်အရသာ တန်းပြီးပြထားတာပါ၊ အမှန်စင်စစ်က ခန္ဓာငါးပါးပဲ ရှိပါတယ်၊ ဒီငါးခုထဲလည်း အများမလိုဘူး၊ တစ်ခုခုကိုရှုရင် ကိစ္စပြီးနိုင်တယ်ဆိုတာ သိထားကြရမယ်၊ သဘောပါကြ ပလား?။

ဝိပဿနာရှုတဲ့နေရာမှာ ခန္ဓာငါးပါးရှိတဲ့အနက်က ငါးပါးလုံးရှုနေဖို့ မလိုပါဘူး၊ တစ်ပါးပါးကိုရှုရင် ပြီးစီးနိုင် တယ်၊ ဥပမာဆိုရင် တုတ်(ဒုတ်)လေးချောင်းကို အဖျားချင်းတေ့ပြီးထောင်ထား၊ ဒီအဖျားထိပ်မှာ အရာဝတ္ထုတစ်ခုခု ကို တင်ပြီးထား၊ အဲဒီလိုထားပြီးမှ အောက်ကတုတ်တစ်ချောင်းကို ဖြုတ်ချလိုက်ရင် ကျန်တဲ့တုတ်သုံးချောင်းလည်း လဲကျမယ်၊ အပေါ်ကတင်ထားတဲ့ အရာဝတ္ထုလည်း ပြုတ်ကျမှာပဲ။

ဒီဥပမာအတိုင်းပါပဲ၊ ခန္ဓာငါးခုထဲက ရုပ်ကြိုက်ရင် ရုပ်ကိုရှု၊ ဝေဒနာကြိုက်ရင် ဝေဒနာကိုရှု၊ စိတ်ကိုကြိုက် လည်း စိတ်ကိုရှု၊ ကြိုက်တာတစ်ခုခုကို ရှုရမယ်၊ တစ်ခုကိုရှုရင် ကျန်တာတွေ အကုန်ပျက်ကျတာပဲ၊ ဒါကြောင့် တစ်ခုခု ရှုရင် ပြီးတယ်၊ ပဉ္စက္ခန္ဓာ အနိစ္စာပဲ၊ ရှင်းကြပလား?၊ ငါးပါးလုံးဆိုရင် ဉာဏ်မငုံနိုင်ဘူး၊ တစ်ပါးကို ရှုရင်ပြီးတယ်၊ တစ်ပါးကိုရှုရင် အကုန်ပါတယ်ဆိုတာ မှတ်လိုက်ကြ။

ပဋိစ္စသမုပ္ပါဒ်နဲ့ဆိုတော့ ငါးပါးရှိတယ်၊ ခန္ဓာနဲ့ ဝေဖန်တော့လည်း ငါးပါးပဲရတယ်၊ ဝိညာဏ်က ဝိညာဏက္ခန္ဓာ၊ နာမ်ရုပ်ထဲမှာ နာမ်ရုပ်ထဲမှာ နာမ်တွေက သညာက္ခန္ဓာ၊ သင်္ခါရက္ခန္ဓာနှစ်ပါး၊ ရုပ်တွေက ရူပက္ခန္ဓာ၊ သဠာယတနက လည်း ရူပက္ခန္ဓာ၊ ဖဿက သင်္ခါရက္ခန္ဓာ၊ ဝေဒနာက ဝေဒနာက္ခန္ဓာ၊ ရိပ်မိကြပလား?။

ဖြစ်ပျက်မြင်ဖို့ဟာ အရေးအကြီးဆုံးပဲ

ဒါတွေဟာ အာယတနဆိုလည်း ဟုတ်၊ ဓာတ်ဆိုလည်း ဟုတ်တာပဲ၊ ဒုက္ခသစ္စာဆိုလည်း ဟုတ်တာပဲ၊ ဒကာ ဒကာမတွေ သဘောပါကြပလား?၊ ရှုကော ရှုတတ်ကြပလား? ရှုတတ်အောင် ပြောပေးဖို့က ဆရာသမားအရေး၊ မပျက်မကွက် ရှုကြဖို့က ဒကာဒကာမတို့အရေး၊ ကိုယ့်အရေးကို ကိုယ်ရေးကြရမယ်၊ ကိလေသာကုန်ဖို့က ရှုရင်ကုန်တာပဲ။

ခန္ဓာငါးပါး ဘာဖြစ်ဖြစ် တစ်ပါးပါးကတော့ ပေါ်နေကျပဲ၊ ပေါ်နေမှာပဲ၊ ဝေဒနာသုံးပါး ပေါ်ရာလိုက်ရှုရင်ရှု၊ ကောင်းတဲ့ဝေဒနာ၊ ယားတယ်, နာတယ်ဆိုတဲ့ဝေဒနာ၊ အသင့်အတင့်ဆိုတာရယ် တစ်ခုမရှိ, တစ်ခုရှိ, တစ်ခုခုကတော့ ပေါ်မှာပဲ၊ ဘာဖြစ်ဖြစ် ရှုပစ်၊ ဖြစ်ပျက်မြင်ဖို့ဟာ အရေးအကြီးဆုံးပဲ၊ ကိုင်း ရှင်းကြပလား? ဒါဆို ရှုတတ်ရောပေါ့။

ဒကာ,ဒကာမတွေ ရှုတတ်အောင်ရှုကြ၊ ရှုရင် ဝေဒနာနောက်က တဏှာ, ဥပါဒါန်ကံတွေ အကုန်ပြတ်တယ်၊ ရှုရင် အကုန်ပြတ်ပါတယ်၊ စိတ်ရှုတော့လည်း ဝိညာဏ်နောက် အကုန်ပြတ်တယ်ဆိုလည်း ဟုတ်တာပဲ၊ ဘာကိုပဲရှုရှု တစ်ခုထဲကို မိမိရရ လမ်းဆုံးကျအောင် ရှုရမယ်ဆိုတာ မှတ်ထားကြ။

သံယုတ်ပါဠိတော်မှာ “နဠကလာပီ”သုတ်ဆိုတာ ရှိတယ်၊ အဲဒီသုတ်မှာလာတဲ့အတိုင်း တစ်ခုကိုရှုရင် အကုန် ပြီးတယ်ဆိုတဲ့အကြောင်း ဥပမာစကားကို အထက်ကပြောခဲ့ပြီးပြီ၊ ဒကာ,ဒကာမတွေ သဘောပါကြပလား? ကိုင်း ဒါဖြင့် မနေ့ကပြောခဲ့တဲ့ တရားကို အခုဆက်ပြီးပြောကြဦးစို့။

ဒကာ,ဒကာမတို့ မနေ့ကပြောခဲ့တဲ့တရားမှာ အစေလက ကဿပကမေးလို့ ဘုရားက အဖြေပေးတဲ့အကြောင်း ကို ပြောခဲ့ပြီးပြီ။ ဒီကနေ့ နည်းနည်းထပ်ရှင်းပြီး ပြောပါဦးမယ်၊ အစေလက,က “ဒုက္ခကို မိမိပြုတာလား”လို့မေးတော့ ဘုရားက “မဟုတ်ဘူး”လို့ အဖြေပေးလိုက်တယ်၊ မှတ်မိကြရဲ့လား?။

ဒုက္ခကို မိမိပြုတာမဟုတ်ဘူး

ဘုန်းကြီးတို့ ဒကာ,ဒကာမတွေ ဒုက္ခကို မိမိပြုတာမဟုတ်ဘူး ဆိုတဲ့အချက်ဟာ ဉာဏ်ထဲမှာ သေချာကြပြီ၊ ဒုက္ခဟာ အဝိဇ္ဇာ, တဏှာ, ကံဆိုတဲ့အကြောင်းတွေက ပြုတာပဲလို့ ဉာဏ်ထဲမှာရှင်းနေကြပြီး ပဋိစ္စသမုပ္ပါဒ်တန်းနေတာ သိခြင်းအားဖြင့်လည်း မိမိပြုတာ မဟုတ်ပါလားဆိုတာကို ဆုံးဖြတ်ချက်ချနိုင်ကြပြီ။

ဒါဖြင့် ဒုက္ခဟာ သူတပါးပြုတာလားလို့ မေးပြန်တော့ မဟုတ်ဘူးလို့ပဲ ဖြေလိုက်တယ်၊ ဒါဖြင့် ဒုက္ခကို မိမိ, သူတပါး နှစ်ဦးသားပြုတာလားလို့ မေးပြန်ပါတယ်၊ ဒကာ,ဒကာမတွေကတော့ ဒီဉာဏ်ကိုရနေကြပြီ၊ ဝိညာဏ်, နာမ် ရုပ်စတဲ့ အကြောင်းတရား, အကျိုးတရားဒုက္ခတွေ၊ ဇာတိစတဲ့ ဒုက္ခတွေ၊ ဒါတွေဟာ အကြောင်းကြောင့်ဖြစ်တဲ့တရား တွေပဲ၊ သူ့အကြောင်းကြောင့် သူ့အကျိုး၊ အကြောင်းအကျိုး အဆက်ဆက်ပဲရှိတယ်၊ ငါ, သူတပါးဆိုတာ မပါဘူး။ ရိပ် မိကြပလား? ဘယ်သူကမှ ပြုလုပ်တာမဟုတ်ဘူး။

နောက်တစ်ခါ ဒုက္ခဟာ အလိုလိုဖြစ်တာလားလို့ မေးပြန်တော့လည်း မဟုတ်ဘူးလို့ဖြေတာပဲ၊ ဒကာ,ဒကာမ တွေကို မေးရင်လည်း ဒီအတိုင်းဖြေကြမှာပဲမဟုတ်လား? ဟုတ်ပါတယ်ဆိုတော့ ဒကာ,ဒကာမတို့ ဝမ်းထဲမှာ ဘုရား ဉာဏ်, ဆရာသမားဉာဏ်ရောက်နေပြီ၊ ဒီဉာဏ်တွေ ဝမ်းထဲရောက်ရင် ဖြေနိုင်ပြီဆိုတာ မှတ်ကြတော့၊ ရိပ်မိကြရဲ့လား?။

ဘုန်းကြီးတို့ ဒကာ,ဒကာမတွေ ဒီဉာဏ်ကိုရတာဟာ သာမညလို့များ မအောက်မေ့လိုက်ကြပါနဲ့။ ဒီဉာဏ်ရလို့ ဒီအဖြေကို အမှန်အကန်သိတဲ့အတွက် အပါယ်လေးပါး တံခါးပိတ်ပါပြီဆိုတာ မှတ်ကြရမယ်။ မိမိပြုတာမဟုတ်မှန်း သိတော့ “မိမိပြုလို့ မိမိဒုက္ခရောက်ရတယ်”ဆိုတဲ့ အယူအစွဲပြုတ်တဲ့အတွက် သဿတဒိဋ္ဌိပြုတ်တာပဲ၊ ကျေနပ်ပလား?။

ဒုက္ခကို မိမိပြုတာလည်းမဟုတ်၊ သူတပါးပြုတာလည်းမဟုတ်ဘူး၊ အကြောင်းပြုတာပဲ၊ အကြောင်းကြောင့် ဖြစ်တဲ့ အကျိုးဒုက္ခတရားပဲလို့သိပြီး သဿတလည်းစင်, ဥစ္ဆေဒလည်းစင်၊ ငါ, သူတပါးမဟုတ်မှန်း သိတဲ့အတွက် သက္ကာယဒိဋ္ဌိလည်း စင်တယ်၊ အဲဒီလိုစင်တော့ အပါယ်တံခါး ပိတ်သွားတယ်ဆိုတာ သဘောကျကြပလား?။

ဉာဏ်က သဿတစတဲ့ ဒိဋ္ဌိတွေကို ပယ်နိုင်တယ်

ဒီဉာဏ်က သဿတစတဲ့ ဒိဋ္ဌိတွေကို ပယ်နိုင်တယ်ဆိုတာ မှတ်ကြရမယ်၊ ဒီအတိုင်းသာ ဉာဏ်ထဲမှာရှင်းနေရင် အပါယ်လေးပါးကို မကျရတော့ဘူးလို့ သေသေချာချာမှတ်လိုက်ကြ။ အဝိဇ္ဇာ, တဏှာ, ကံဆိုတဲ့ အကြောင်းကြောင့် ဖြစ်တာပဲလို့ ဉာဏ်ထဲမှာရှင်းနေရမယ်။

ဒကာ,ဒကာမတို့ သူတပါးပြုတာလား ဆိုပြန်တော့လည်း ဟုတ်ပါရဲ့လား? မဟုတ်ဘူးတဲ့၊ အဝိဇ္ဇာ, တဏှာ, ကံတွေက လုပ်တာမို့ သူတပါးပြုတာလည်းမဟုတ်ပါဘူး၊ မိမိ, သူတပါး, နှစ်ဦးသားပြုတာလားလို့ ဆိုပြန်တော့ကော ဝိညာဏ်စတဲ့အကြောင်းတွေ အဆက်ဆက်ကြောင့် ဖြစ်တာပါ၊ အဲဒီလိုသိရတော့ ဥစ္ဆေဒဒိဋ္ဌိလည်း စင်ပါတယ်၊ ဥစ္ဆေဒ မရှိနိုင်တော့ဘူး၊ သဘောပါပလား?။

ဒုက္ခဟာ အလိုလိုဖြစ်တာလား ဆိုပြန်တော့ မဟုတ်ဘူး၊ အဝိဇ္ဇာ, တဏှာ, ကံတို့ကြောင့်ဖြစ်တာပဲလို့ သိတဲ့အတွက် အဟေတုကလည်း စင်တယ်၊ ရှင်းကြပလား?၊ ဒုက္ခကို မိမိပြုတယ်ယူရင် သဿတဒိဋ္ဌိ၊ သူတပါးပြုတယ်ယူရင် ဥစ္ဆေဒ၊ အလိုလိုဖြစ်တယ်ယူရင် အဟေတုကဒိဋ္ဌိပဲ၊ အခု ဒါတွေအကုန်စင်သွားပြီ။

ဒကာ,ဒကာမတွေ ရှေ့ဆက်ပါဦး၊ ဒါဖြင့် ဒုက္ခမရှိဘူးလားလို့ မေးတယ်ဆိုတော့ ဘယ်လိုဖြေကြတုံး? ဒုက္ခဟာ ရှိပါတယ်၊ ဇာတိ, ဇရာ, ဗျာဓိ, မရဏစတဲ့ ဒုက္ခတွေကို ကိုယ်ပိုင်လက်ရှိနဲ့မို့ ရှိတယ်ဆိုတာ ဖြေရမှာပဲ၊ သေချာကြပလား?၊ အဲ သေချာပြီဆိုတော့ မဂ်ဉာဏ်ပါပဲ၊ ဒီဉာဏ်ကိုရတာ ဒုက္ခကိုသိတဲ့ဉာဏ်မို့ မဂ္ဂသစ္စာပဲဆိုတာ ဆုံးဖြတ်ချက်ချကြ။ ဒီဉာဏ်က ဒိဋ္ဌိတွေကို အကုန်ခွါပစ်ပြီး သိတဲ့ဉာဏ်ပဲ။

ရှိတာက ဒုက္ခသစ္စာ၊ သိတာက မဂ္ဂသစ္စာ

ဒကာ,ဒကာမတို့ ခန္ဓာမှာ အမှန်ရှိတာက ဒုက္ခသစ္စာ၊ ဒါကိုသိတဲ့ဉာဏ်က မဂ္ဂသစ္စာ ရှင်းကြပလား? ရှိတာက ဒုက္ခသစ္စာ၊ သိတာက မဂ္ဂသစ္စာပဲ။ ဒကာ,ဒကာမတွေ ဒီတရားဟာ သေပျော်တဲ့တရားပဲဆိုတာ ရိပ်မိကြရဲ့လား?၊ အသိနဲ့ပဲ အပါယ်လွတ်ပါပြီ၊ ဒီထဲမှာ ပုဂ္ဂိုလ်, သတ္တဝါမပါတာကို သိလို့လည်း သက္ကာယဒိဋ္ဌိပြုတ်နေပြီ၊ ဆရာဘုန်းကြီးက အင်မတန်မှပဲ ဝမ်းသာပါတယ်၊ ဘာ့ကြောင့်လဲဆိုတော့ အပါယ်လွတ်လို့ပဲ။

ကိုင်း ဒါနဲ့ ရှေ့ဆက်ပါဦးဆိုတော့ အစေလက ကဿပက မေးပါတယ်၊ အရှင်ဂေါတမ၊ ဒါဖြင့် အရှင်ဟာ ဒုက္ခကိုမသိဘူးလား?” ဒီတော့ ဘုရားရှင်က “ဒုက္ခသိပါတယ်ကွာ”ဆိုပြီး ဒုက္ခရှိတဲ့ခန္ဓာ ပဋိစ္စသမုပ္ပါဒ်ကို လက်ညှိုး ညွှန်ပြီး ဖြေလိုက်ပါတယ်၊ ဒီနေရာမှာ ဘုန်းကြီးတို့ ဒကာ,ဒကာမတွေအတွက်မှာဖြင့် အသိဉာဏ်ရှင်းနေကြပြီ၊ ပဋိစ္စ သမုပ္ပါဒ်နဲ့ ရှင်းပြထားလို့ မှားတာမှန်တာကို သိမြင်နေကြပြီ၊ သေချာကြပလား?။

မှားတာကို မှားမှန်းသိရင် မှန်တာကိုလည်း မှန်မှန်းသိရင် သမ္မာဒိဋ္ဌိပဲ၊ အခု ဒကာ,ဒကာမတွေမှာ မှားတာ ကို မှားမှန်းလည်းသိနေကြပြီ၊ မှန်တာကိုလည်း မှန်တာမှန်း သိနေကြပြီဖြစ်လို့ သမ္မာဒိဋ္ဌိဉာဏ် ရကြပြီဆိုတာ မှတ် လိုက်ကြ။ ဥပမာအားဖြင့်ဆိုရင် ထင်းခုတ်စဉ်အခါမှာ ဆူးစတဲ့ အခက်အတက်တွေကို ရှင်းလင်းသုတ်သင်ပြီး ခုတ်လို့ ဖြတ်တောက်လို့ သပ်သပ်ရပ်ရပ်နဲ့ ယူဆောင်သွားတတ်တာလို အမှားကိုပယ်ပြီး အမှန်ကိုသိမြင်သောကြောင့် သမ္မာ ဒိဋ္ဌိဖြစ်တယ်ဆိုတာ မှတ်ကြ၊ ရှင်းကြပလား?။

ဒကာ,ဒကာမတို့ အမှားပယ်ခြင်းကြောင့် အပါယ်တံခါးပိတ်တယ်၊ အမှန်သိမြင်ခြင်းကြောင့် နိဗ္ဗာန်တံခါး ပွင့်တယ်၊ နေရာမကျပါလား?၊ ထင်းခုတ်သမားဟာ ဆူးငြောင့်ခလုတ်တွေ ခုတ်ရှင်းပြီး တောထဲမှာပဲ ပစ်ထားခဲ့တယ်၊ ကောင်းတဲ့ထင်းသားကိုသာ ယူဆောင်လာခဲ့သလိုပဲဆိုတာ မှတ်ကြဖို့ပဲ။ ဒါက ဥပရိပဏ္ဏာသပါဠိတော်မှာလာတဲ့ စကားပဲ၊ ဥပမာကို ဘုန်းကြီးက ထည့်ပြောပေးတာပါ။

နိဗ္ဗာန်ကိုမြင်တာလည်း သမ္မာဒိဋ္ဌိပဲ

အသုံးချစရာလည်းသိ၊ အသုံးချလို့မဖြစ်တာလည်း သိ၊ အဲဒီလိုသိတာဟာ သမ္မာဒိဋ္ဌိအသိပဲဆိုတာ သဘောပါ ကြပလား? သမ္မာဒိဋ္ဌိဉာဏ်က မလိုတာကိုပယ်ပြီး လိုတာကိုယူတယ်၊ သူက ဆူးကိုလည်းပစ်တယ်၊ ထင်းလည်းပါတယ်၊ ကျေနပ်ကြပလား?။

ဒကာ,ဒကာမတွေ ဇာတိ, ဇရာ, ဗျာဓိ, မရဏတွေဟာ ဒုက္ခသစ္စာဆိုတာကို သိကြပြီ၊ ဒါတွေကို မိမိပြုတာလား? ဆိုတော့ မဟုတ်ဘူးတဲ့၊ ဒါကိုသိတဲ့ သမ္မာဒိဋ္ဌိ ဝိဇ္ဇာဉာဏ်က အဝိဇ္ဇာ, တဏှာ, ကံတို့ကပြုတာပဲလို့ သိမြင်တယ်၊ ဒီသမ္မာဒိဋ္ဌိက ဒီလိုသိမြင်ပြီး မိမိပြုတယ်လို့ထင်မြင်နေတဲ့ မိစ္ဆာဒိဋ္ဌိကိုလည်း ဖြုတ်ချလိုက်တယ်၊ ရှင်းပလား? ဒုက္ခကို အမှန်မြင်တာလည်း သမ္မာဒိဋ္ဌိပဲ၊ မိစ္ဆာဒိဋ္ဌိကိုပယ်တာလည်း သမ္မာဒိဋ္ဌိပဲ၊ နိဗ္ဗာန်ကိုမြင်တာလည်း သမ္မာဒိဋ္ဌိပဲ။

သူတပါးပြုတာလားဆိုတော့ သူတပါးပြုတာ မဟုတ်ဘူးလို့သိတဲ့အတွက် သမ္မာဒိဋ္ဌိဖြစ်တယ်။ သမ္မာဒိဋ္ဌိဖြစ် တော့ ဒီဉာဏ်က မလိုတာကိုပယ်ပြီး လိုတာကိုယူတယ်။ ဆူးလဲဖြင်တယ်, ထင်းလည်းပါအောင် ယူတယ်ဆိုတာ သဘော ကျပလား? ဒါဖြင့် နှစ်ဦးသားပြုတာလားဆိုပြန်တော့ မဟုတ်ဘူးဆိုတာသိတဲ့အတွက် သဿတလည်းပယ်, ဥစ္ဆေဒ လည်း ပယ်ပြီးသွားပြီ။ အဝိဇ္ဇာ စတဲ့အကြောင်းတွေကြောင့် ဖြစ်တာပဲဆိုတာ သမ္မာဒိဋ္ဌိဖြစ်နေပြီ၊ အဲဒီတော့ ဒိဋ္ဌိတွေကို ပယ်ပစ်လိုက်တယ်၊ ရှင်းပလား?။

နောက်တစ်ခါ ဒုက္ခဟာ အလိုလိုဖြစ်တာလားဆိုတော့ မဟုတ်ဘူးဆိုတာ သိတဲ့အတွက် သမ္မာဒိဋ္ဌိဖြစ်တယ်၊ သူက အဝိဇ္ဇာ, တဏှာ, ကံကြောင့်ဖြစ်တာပဲလို့ သိတယ်။ ဒီလိုသိတော့ သမ္မာဒိဋ္ဌိပဲ၊ သမ္မာဒိဋ္ဌိရဲ့သတ္တိက အဟေတုက ဒိဋ္ဌိကိုလည်းပယ်တယ်၊ သစ္စာကိုလည်းမြင်တယ်၊ ဒကာ,ဒကာမတွေ အလွန်အဖိုးတန်တဲ့ အသိပဲဆိုတာ ဆုံးဖြတ်ချက် ချကြ။

နောက်တစ်ချက်က “ဒါဖြင့် ရှင်ကြီးဂေါတမ၊ ဒုက္ခမရှိဘူးလား”လို့မေးတော့ “ဒုက္ခရှိတယ်”လို့ဖြေတယ်၊ ဒကာ, ဒကာမတွေက ဇာတိစတဲ့ ဒုက္ခတွေရှိတာကို သိနေကြပြီ၊ အဲဒီအသိဟာ သစ္စာသိတဲ့အသိပဲ၊ ဒီလိုသိတော့ အဝိဇ္ဇာချုပ် ပြီး ဝိဇ္ဇာပေါ်လာတယ်။ ကျေနပ်ပလား?။

ဒုက္ခကိုမသိဘူးလားလို့ဆိုတော့ သိပါတယ်တဲ့

ဒါဖြင့် ဒုက္ခကိုမသိဘူးလားလို့ဆိုတော့ သိပါတယ်တဲ့၊ ဘုန်းကြီးတို့ ဒကာ,ဒကာမတွေကော ဇာတိဒုက္ခ, ဇရာဒုက္ခ, ဗျာဓိဒုက္ခ, မရဏဒုက္ခဆိုတဲ့ ဒီဒုက္ခတွေကို မသိကြဘူးလား? သိကြပါတယ်၊ အဲဒီအသိက မိစ္ဆာဒိဋ္ဌိကိုပယ်ပြီး သမ္မာဒိဋ္ဌိ ဖြစ်တယ်၊ သစ္စာကိုသိတယ်ဆိုတာဟာ ဒီသမ္မာဒိဋ္ဌိပါပဲ၊ ရိပ်မိကြပလား?။

အဲဒီလို သမ္မာဒိဋ္ဌိဖြစ်တဲ့ ဝိဇ္ဇာဉာဏ်ကိုရမှတော့၊ မဂ်ကိုရမလား? မရဘူးလားဆိုတာ စဉ်းစားဖို့ကို မလိုတော့ ဘူး၊ ဒကာ,ဒကာမတွေ မဂ်ဉာဏ်ကိုဖြင့် မုချရတော့မှာ မလွဲဘူးလို့သာ ဆုံးဖြတ်ချက်ချလိုက်ကြ၊ ကျေနပ်ပလား?။

အစေလက ကဿပက ဘုရားရှင်ကိုယ်တော်မြတ်ကြီးထံမှာ ကပ်ပြီး ဒီအဓိပ္ပာယ်တွေကို ရှင်းလင်းပြောပြ ပါလို့ တောင်းပန်တဲ့အခါမှာ ဘုရားရှင်ကိုယ်တော်မြတ်ကြီးက ဒီ အခုရှင်းလင်းပြီး ပြောပြခဲ့တဲ့အဓိပ္ပာယ်အတိုင်း ရှင်းလင်းပြီး ဟောပြတော်မူလိုက်တယ်ဆိုတာ မှတ်ကြရမယ်၊ သဘောပါကြပလား?။

ဒကာတို့တတွေ ဒါကိုအခုသိကြပြီ၊ ဆရာသမားအကူအညီနဲ့ ဉာဏ်ထဲမှာ ရှင်းနေကြပြီ၊ ဒါက အသိနဲ့ဖြုတ် တာ၊ အသိနဲ့ ဒိဋ္ဌိပြုတ်တဲ့ ဉာတပရိညာပဲလို့ မှတ်ကြရမယ်။ အခုကစပြီး အပွားနဲ့ဖြုတ်ကြရတော့မယ်။ အခုဟာက အပါယ်မကျရုံပဲရှိတယ်၊ အပွားနဲ့ပြုတ်မှ သောတာပန်တည်မယ်။ အပွားက တိရဏပရိညာ၊ သောတာပန်တည်တော့ ပဟာနပရိညာ၊ အဲဒီကျမှ စိတ်ချရမယ်၊ ရှင်းပလား?။

အခုချိန်ကစပြီး အပွားနဲ့ဖြုတ်တဲ့နည်း ပြောရတော့မယ်၊ ဒကာ,ဒကာမတွေ သိကြပြီးတဲ့အတိုင်း ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာဆိုတဲ့ငါးခုကို ခန္ဓာဖွဲ့ရင် ငါးပါးပဲရတယ်၊ ခန္ဓာဖွဲ့ရင် ငါးပါးတဲ့၊ အဲဒီငါးပါးဟာ တစ်ပါးဖြစ်ရင် အကုန်ပါတယ်၊ တစ်ပါးပျက်ရင် အကုန်ပျက်တယ်ဆိုတာကိုလည်း မှတ်ထားကြရမယ်၊ ဒကာ,ဒကာမတို့ သန္တာန်မှာ ခန္ဓာငါးပါးပါတယ်၊ ခုနကပြောတဲ့ ဝိညာဏ်စတဲ့ ခန္ဓာငါးခုလုံး အပြည့်အစုံရှိနေတယ်ဆိုတာလည်း သိထား ကြရမယ်။

တစ်ပါးပဲ ရှုဖို့လိုတယ်

ဒကာ,ဒကာမတို့ ခန္ဓာငါးပါးဆိုတာလည်း ဒကာ,ဒကာမတို့ သန္တာန်မှာပဲ၊ ဝိညာဏ်, နာမ်ရုပ်စတဲ့ ငါးပါးကလည်း ဒကာ,ဒကာမတို့သန္တာန်မှာပဲ ရှိတယ်၊ အဲဒီလိုရှိတဲ့အထဲက ငါးပါးလုံးမလိုဘူး၊ အများမလိုဘူး၊ တစ်ပါးပဲ ရှုဖို့လိုတယ် ဆိုတာ ရှေးဦးစွာမှတ်ထားလိုက်ကြပါ။ စောစောပိုင်းကပြောခဲ့တဲ့ ဥပမာအတိုင်းပဲ၊ တစ်ချောင်းဆွဲရင် အကုန်လဲတယ် ဆိုတာလို တစ်ခုကိုရှုရင် အကုန်ပါတယ်ဆိုတာမှတ်ကြ။

စောစောကပြောခဲ့သလို ဝေဒနာသုံးပါးကို လှည့်ရှုတယ်ဆိုပါစို့၊ ဥပမာ ခန္ဓာမှာ ယားတဲ့သဘောကလေးပေါ် လာတယ်ဆိုတော့ ဒီယားယံတဲ့ဝေဒနာကလေးကို ဉာဏ်နဲ့စိုက်ကြည့်တော့ ယားပြီး မရှိတော့ဘူးဆိုတာ တွေ့ရမယ်။ အဲဒီမှာ ယားတဲ့ဝေဒနာက ဖြစ်ပျက်၊ ရှုတဲ့ဉာဏ်က မဂ်ဖြစ်သွားတယ်၊ ရှင်းကြပလား?။

ဒကာ,ဒကာမတို့ အဲဒီအချိန်မှာ ယားယံတဲ့ဒုက္ခဝေဒနာကလေးက ဝေဒနာက္ခန္ဓာ၊ ယားတာကိုသိတဲ့စိတ်က ဝိညာဏက္ခန္ဓာ၊ မှတ်သားတဲ့သဘောက သညာက္ခန္ဓာ၊ မှတ်မယ်ရှုမယ်လို့ အားထုတ်တဲ့သဘောက သင်္ခါရက္ခန္ဓာ၊ သဟ ဇာတရုပ်တွေက ရူပက္ခန္ဓာ၊ အဲဒီအချိန်မှာ ခန္ဓာငါးခု တစ်ပြိုင်တည်းပါတယ်၊ ဝေဒနာတစ်ခုကို ဖြစ်ပျက်ရှုတဲ့အချိန်မှာ အားလုံးပျက်ကြတာပဲဆိုတာ မှတ်ကြ။ သဘောပါကြပလား?။

ဒါကြောင့် အများမလိုဘူး၊ တစ်ပါးပဲလိုတယ်ဆိုတာ ရိပ်မိကြပလား?၊ ဥပမာ စိတ်ကိုရှုတယ်ဆိုတော့ အိမ်က အကြောင်း တစ်ခုခုကိုတွေးလိုက်တော့ တွေးကြံစိတ်ကလေးပေါ်လာတယ်၊ အဲဒီစိတ်ကလေးကို နောက်ကဉာဏ်နဲ့ ရှိ, မရှိ အကဲခတ်လိုက်၊ ခတ်လိုက်တော့ ဒီတွေးစိတ်ကို မရှိတော့တာကိုတွေ့ရမယ်၊ အဲဒီမှာ တွေးကြံစိတ်က ဖြစ်ပျက်၊ ရှုတဲ့ဉာဏ်က မဂ်ပဲ။

အဝိဇ္ဇာချုပ် ပြီး ဝိဇ္ဇာဝင်လာတယ်

အဲဒီလိုရှုလိုက်တော့ နောက်ကလာမယ့်တဏှာ, ဥပါဒါန်ကံတွေလည်း မလာနိုင်ဘူး၊ အကုန်ချုပ်သွားတယ်၊ တစ်နည်းအားဖြင့်လည်း ဝိဇ္ဇာဉာဏ်လေး ဝင်လာလိုက်တော့ အဲဒီနေရာမှာ အဝိဇ္ဇာချုပ်တယ်၊ အဝိဇ္ဇာချုပ်တော့ သင်္ခါရချုပ်ဆိုသလို အကုန်ချုပ်တော့တာပဲ၊ ကျေနပ်ကြပလား?။

အခု ဒီနေရာမှာပေါ်လာတဲ့ စိတ်လေးဖြစ်ပြီး ပျက်သွားပါကလားလို့ သိလိုက်တဲ့အတွက် မသိတဲ့အဝိဇ္ဇာချုပ် ပြီး ဝိဇ္ဇာဝင်လာတယ်။ အဲဒီတော့ကို ဒကာ,ဒကာမတွေ ဒီလိုရှုလိုက်တဲ့နေရာမှာ အဝိဇ္ဇာလည်းချုပ်, တဏှာလည်းချုပ်, ကံလည်းချုပ်၊ ဒုက္ခဖြစ်စေတတ်တဲ့ အကြောင်းတွေ အကုန်ချုပ်သွားတယ်၊ အဲဒါ အပွားနဲ့ချုပ်တာ၊ ရှုပွားပြီးချုပ်တဲ့ အချုပ်ပဲ၊ ရှင်းကြရဲ့လား?။

ဥပမာ အင်မတန်ပူအိုက်ပြီး ချွေးပြိုက်ပြိုက်ကျနေတဲ့အခါမျိုးမှာ လေညှင်းကလေးလာတော့ လေညှင်းခံလိုက် တယ်၊ အဲဒီအခါမှာ ကောင်းတဲ့စိတ်ကလေးပေါ်မယ်၊ ပေါ်လာတာကို ဉာဏ်နဲ့ကြည့်တော့ ဒီစိတ်ကလေးရဲ့ ဖြစ်ပျက်ကို သိလိုက်တယ်၊ ဒီလိုသိတော့ စိတ်ကလေးနဲ့အတူ ကျန်တဲ့ခန္ဓာလေးပါးလည်း ဖြစ်ပြီးပျက်သွားတာပဲ၊ ကောင်းတဲ့ဝေဒနာ ရှုတော့လည်း ဒီအတိုင်းပဲ၊ ကိုယ့်ဉာဏ်ထဲမှာ ရှုတဲ့တရားတစ်ပါးကိုသာ ပျက်တာကိုမြင်ရမှာပေါ့၊ ရှင်းကြပလား?။

ဒီလိုပေါ်လာတာကို ရှုကြရမယ်၊ ရှုတော့ ဝိဇ္ဇာလာတယ်၊ အဝိဇ္ဇာချုပ်တယ်၊ နောက်က လာလတ္တံ့ဖြစ်တဲံ တဏှာလည်းချုပ်, ကမ္မဘဝလည်း ချုပ်ကုန်တော့တာပဲ၊ ဒကာ,ဒကာမတို့ ဒါက အပွားနဲ့ချုပ်တဲ့ တိရဏပရိညာပဲလို့ မှတ်ကြ။ နေရာကျကြပလား?။

ဒါကြောင့် ဘာစိတ်ပေါ်ပေါ်, ဘယ်ဝေဒနာပေါ်ပေါ် ပေါ်လာတဲ့တစ်ခုခုကို မိအောင်ရှုကြဖို့သာ လေးလေး နက်နက် တိုက်တွန်းရတယ်။ ဒီအပွားနဲ့ချုပ်တဲ့ တိရဏပရိညာကမှ ပဟာနကိုတက်ရမှာ၊ သူက အားကောင်းပါမှလည်း ပဟာနပရိညာကို တက်နိုင်မယ်၊ ဒါကြောင့် မရှုရင် ဘယ်နည်းနဲ့မှမဖြစ်ဘူးလို့ ဆုံးဖြတ်ချက်ချပြီး ကြိုးစားရှုကြ။

-အရှုခံက ဖြစ်ပျက်၊ ရှုဉာဏ်က မဂ်

ခန္ဓာမှာ တရားကလေးတစ်ခု ပေါ်လာတိုင်း ရှုနိုင်တော့ ရှုတာက အနိစ္စ၊ ရှုတဲ့ဉာဏ်က မဂ္ဂ၊ အရှုခံက ဖြစ် ပျက်၊ ရှုဉာဏ်က မဂ်ဖြစ်သွားတယ်၊ ဖြစ်ပျက်နေရာမှာ မဂ်ဝင်လာတော့ နောက်က အဝိဇ္ဇာ, တဏှာ, ကံတွေချုပ်သွားရော၊ အဲဒီလိုချုပ်တော့ ပဋိစ္စသမုပ္ပါဒ် အစကလည်းချုပ်၊ အလယ်ကလည်းချုပ်၊ အဆုံးနားမှာလည်း ကပ်ပြီးချုပ်သွားတယ်၊ နောက်က အကျိုးတွေမလာတော့ဘူး၊ အကုန် အဟောသိကံဖြစ်ကုန်တယ်။

ဒါကြောင့် ဒကာ,ဒကာမတွေကို ရှုကြပါ ရှုကြပါဆိုတာ မတိုက်တွန်းသင့်ဘူးလား? ဒီအကျိုးတွေ ဒီလိုဒုက္ခ ချုပ်တာတွေ မြင်ချင်လို့ တိုက်တွန်းတာပဲဆိုတာ ရိပ်မိကြပလား? အဲဒါကြောင့် ကိုယ့်သန္တာန်မှာ ဘာပေါ်ပေါ်, ပေါ် တာကိုရှုကြ၊ စိတ်တွေပေါ်လည်းရှု၊ ဝေဒနာပေါ်လည်းရှု။ ရှုရင် ဒုက္ခဖြစ်စေတဲ့အကြောင်းတွေ ချုပ်တယ်။ အဝိဇ္ဇာ, တဏှာ, ကံတွေချုပ်တယ်၊ ဒါဟာ ပွားလို့ချုပ်တာ တိရဏပရိညာပဲ၊ ရှင်းပလား?။

ပဟာနပရိညာက မဂ်ဆိုက်တာကိုဆိုတာ၊ သောတာပန်တည်တာကို ဆိုတာပဲလို့မှတ်ကြ၊ တိရဏပရိညာ အားကောင်းမှလည်း ပဟာနစခန်းကိုဆိုက်မယ်၊ ပဟာနစခန်းဆိုက်တော့ စိတ်ချရပြီ၊ အဲဒါမှ အမြစ်ပြတ်တဲ့ ဒုက္ခသေနည်း, ဒုက္ခချုပ်နည်းပဲဆိုတာ မှတ်လိုက်ကြ။

အမြစ်ပြတ်တဲ့ သေနည်းဆိုတဲ့သဘောက စိတ်ကလေးပေါ်လာ ဖြစ်ပျက်ရှု၊ စိတ်ကဖြစ်ပျက်, ရှုတာက မဂ် ဆိုတော့ နောက်ဉာဏ်ကတက်ပေး၊ ဘယ်လိုတက်ပေးရမလဲဆိုတော့ “ဖြစ်တာလာလည်း သေပွဲဝင်မယ်လို့ပဲ၊ ပျက်သွား တာလည်း သေပွဲဝင်သွားတာပဲ” အဲဒီလို ဉာဏ်ကတက်ပေးရမယ်။ ဒါဖြင့် ဉာဏ်က “ဖြစ်ဆင်းရဲ, ပျက်ဆင်းရဲပဲ”ဆိုပြီး တက်လာတော့တာပဲ။ ရှင်းကြပလား?။

အဲဒီလို ဉာဏ်အဆင့်ဆင့်တက်လာပြီး ဉာဏ်ရင့်တာနဲ့ တစ်ပြိုင်နက် မဂ္ဂင်ငါးပါးက ရှစ်ပါးပြည့်သွားတော့တာ ပဲဆိုတာ မှတ်ကြပေတော့၊ ဖြစ်ပျက်ရှုတုန်းက မဂ္ဂင်ငါးပါး။ ဒါတွေဟာ ဖြစ်ဆင်းရဲ ပျက်ဆင်းရဲတွေပဲလို့ ပိုင်ပိုင်နိုင်နိုင် သိလာပါရော။ သိတာဟာ မလိုချင်အောင်သိလာတော့ ရှုရင်းမတတ်နဲ့ ခန္ဓာကြီးပျောက်ထွက်သွားတော့တယ်။ အဲဒီမှာ ရှစ်ပါးပြည့်ပြီဆိုတာ ဆုံးဖြတ်ချက်ချကြ။

အဲဒီအချိန်မှာ သောတာပန်တည်သွားပြီ

ဒကာ,ဒကာမတို့ အဲဒီအချိန်မှာ သောတာပန်တည်သွားပြီ၊ အပါယ်သံသရာ လုံးဝပိတ်ပြီဆိုပြီးတော့ လက် ခမောင်းခတ်ကြဖို့ပဲ ရှိတော့တယ်လို့မှတ်ကြ၊ နေရာကျကြပလား?၊ အဲဒီလိုဆိုတော့-

အဲဒီအချိန်မှာ ဖြစ်ဆင်းရဲ ပျက်ဆင်းရဲက ဒုက္ခသစ္စာ။

ဖြစ်ဆင်းရဲ ပျက်ဆင်းရဲတွေချုပ်သွားတာက နိရောဓသစ္စာ။

သိတဲ့ဉာဏ်က မဂ္ဂသစ္စာ။

အဝိဇ္ဇာစတဲ့ တရားတွေချုပ်သွားတာက သမုဒယသစ္စာ။

ဒကာ,ဒကာမတွေ ရှင်းကြရဲ့လား?၊ ခန္ဓာကြီး ပျောက်ထွက်သွားတော့ ခန္ဓာကြီးမရှိတော့ပဲကိုးလို့ ဉာဏ်က သိနေတယ်၊ အဲဒီမရှိတော့ဘူးလို့ သိတာက မဂ္ဂသစ္စာ၊ ဒါက ပဟာနပရိညာပဲဆိုတာ မှတ်လိုက်ကြတော့။ ကျေနပ်ကြ ပလား?

ခန္ဓာမှာပေါ်လာသမျှကို မပြတ်မလပ် ရှုမှတ်နေတဲ့အခါမှာ ဖြစ်ဆင်းရဲ ပျက်ဆင်းရဲတွေချည့် မြင်နေရတော့ ဒုက္ခကို ပိုင်းခြားနေတာပဲ၊ နောက်ဉာဏ်တက်လာလို့ ဒုက္ခကို ပိုင်ပိုင်နိုင်နိုင်သိလိုက်ရင် သိလိုက်တာနဲ့ တစ်ချက်ထဲ ဖြတ်ဆို ဒုက္ခတွေချုပ်သွားတော့တာပဲ၊ အဲဒီလို ဒုက္ခတွေချုပ်သွားတာက နိရောဓသစ္စာ, နိဗ္ဗာန်ဆိုတာပဲ။

ဒကာ,ဒကာမတွေ သဘောပါကြရဲ့လား? ကိုယ့်သန္တာန်မှာ တစ်ကိုယ်လုံးရှိသမျှ ကျောက်ပေါက်နေတာ။ အဲဒီကျောက်ပေါက်နေတာ ပျောက်သွားတာလိုပဲလို့ မှတ်ရမယ်၊ ဒုက္ခချုပ်သွားတာဟာ အဲဒီသဘောပဲ၊ သုခက အသေ အချာ ရှိပါတယ်။ ဒုက္ခချုပ်တဲ့နောက်မှာ သုခပေါ်လာတယ်။

ဘုန်းကြီးတို့ ဒကာ,ဒကာမတွေ ဒုက္ခချုပ်တာကိုမြင်ရင် ဒိဋ္ဌိ, ဝိစိကိစ္ဆာ အမြစ်ပြတ်တယ်၊ အဲဒါမှ စိတ်ချရမယ် ဆိုတာသာ မှတ်ကြ။ ဒကာ,ဒကာမတို့ အခု တရားနိဂုံးချုပ်တော့မယ်၊ သေသေချာချာ မှတ်ကြစမ်းပါ၊ ထူးထူူးခြားခြား မှတ်ထားဖို့ အချက်ပဲဆိုတာ ရိပ်မိကြ။

ဒုက္ခကြောက်ရင် ဒုက္ခချုပ်တဲ့လုပ်ငန်းကို ကြိုးစားရမယ်

ဒုက္ခကြောက်ရင် ဒုက္ခချုပ်တဲ့လုပ်ငန်းကို ကြိုးစားရမယ်၊ ဒုက္ခချုပ်တဲ့လုပ်ငန်းဆိုတာက မဂ္ဂင်လုပ်ငန်း, ဝိပဿ နာလုပ်ငန်းပဲ၊ ဒီလုပ်ငန်းကိုလုပ်တော့ ဒိဋ္ဌိ, ဝိစိကိစ္ဆာပြုတ်မယ်၊ သူတို့ပြုတ်မှ ပထမ စခန်းသိမ်းပါတယ်။

ဒီဒိဋ္ဌိ, ဝိစိကိစ္ဆာဖြုတ်တဲ့ မဂ္ဂင်လုပ်ငန်းကို ဘယ်လိုလုပ်ရမလဲလို့ ဆိုပြန်တော့ ဒကာ,ဒကာမတွေ ကျကျနန မှတ်ထားလိုက်ကြပါ။

ပထမ သိမှုနဲ့ဖြုတ်ရမယ် အဲဒါက ဉာတပရိညာ။

ဒုတိယ ပွားမှုနဲ့ဖြုတ်ရမယ် အဲဒါက တိရဏပရိညာ။

တတိယ ပယ်မှုနဲ့ဖြုတ်ရမယ် အဲဒါက ပဟာနပရိညာ။

ဘုန်းကြီးတို့ ဒကာ,ဒကာမတွေ ဆရာရင်း, ဒကာရင်းတွေမို့ ရင်းရင်းနှီးနှီးပဲပြောလိုက်ပါတယ်၊ သာမညကလေး ရယ်ဆိုပြီး ပေါ့ပေါ့ဆဆများ မအောက်မေ့လိုက်ကြပါနဲ့၊ အင်မတန် အရေးကြီးတဲ့အချက်မို့ ထူးထူးခြားခြားပဲ ပြောနေ ပါတယ်။

သိမှုရှိပြီးမှ ပွားမှုကိုလုပ်ပါ

ပထမ သိမှုမရှိသေးဘဲနဲ့ ပွားမှုမဖြစ်နိုင်ဘူး၊ ဒုတိယပွားမှုမပါဘဲနဲ့ ပယ်မှုမဖြစ်နိုင်ဘူး။ ပထမ သိမှုရှိပြီးမှ ပွားမှုကိုလုပ်ပါ၊ ဒုတိယပွားမှုလုပ်မှလည်း တတိယ ပယ်မှုဖြစ်ပါမယ်။

ဆရာလုပ်သူက ပွားဟဲ့ ပွားဟဲ့ဆိုတိုင်း သိမှုမပါဘဲ ရမ်းပွားနေကြရင် ပင်ပန်းသလောက် ခရီးမရောက်နိုင် ဘူးဆိုတဲ့အချက် အထူးတလည် သတိပေးလိုက်ပါတယ်။

ပထမ ဉာတပရိညာ၊ ဒုတိယ တိရဏပရိညာ၊ တတိယ ပဟာနပရိညာ၊ ဒါဟာ အလုပ်စဉ်ပဲ၊ တစ်ခုမရှိရင် တစ်ခုမဖြစ်နိုင်ဘူး။ ဉာတရှိမှ တိရဏဖြစ်မယ်၊ တိရဏဖြစ်မှလည်း ပဟာနဖြစ်မယ်၊ ဒကာ,ဒကာမတွေ ကောင်းကောင်း သဘောပေါက်ကြပလား။

နည်းမှန်လမ်းမှန်ကျဖို့၊ နည်းလမ်းမှန်အောင် ပြပေးဖို့က ဆရာသမားအရေး၊ ဆရာညွှန်ကြားတဲ့အတိုင်း တသဝေမတိမ်း လိုက်နာဖို့, အားထုတ်ဖို့က ဒကာ,ဒကာမတို့အရေး၊ ဒီအရေးနှစ်ရေးအနက်က ဆရာ့အရေးတော့ ကုန်ပြီ၊ ကိုယ့်အရေးပဲ ကျန်တော့တယ်၊ ကိုင်း, ကိုယ့်အရေးကို ကိုယ်တိုင်ရေးဖြစ်အောင် ရေးကြ။

ကိုင်း… အချိန်စေ့ပြီ၊ တော်ကြဦးစို့။

**********