20703

ကြွေးမျိုးကုန်ပျောက် နိဗ္ဗာန်ပေါက်တရားတော်

ဆောင်ပုဒ်

မသိမှုအုပ်၊ မတော်လုပ်၊ မဟုတ်ပြောဆိုကာ။

ဒုက္ခအစု၊ နေ့တိုင်းပြု၊ မေ့မှုငရဲသာ။

အိုနာသေက၊ မလွတ်ရ၊ ဒုက္ခဝဲလှည့်ရှာ။

ရေခန်းလုငြား၊ ရေပိုးမွှား၊ ငါးများအတူသာ။

မိုက်ပျော်မသိ၊ သေနီးဘိ၊ အတိ ဒုက္ခဖြာ။

ကံဖြတ်အလုပ်၊ ချက်တဖြုတ်၊ အားထုတ်ပေမှသာ။

ခန္ဓာဉာဏ်ချပ်၊ သတိကပ်၊ မပြတ် ရှုကြည့်ရာ။

ဖြစ်ပျက်ရုပ်နာမ်၊ အမြင်သန်၊ မုန်းပြန် ဆုံးမည်သာ။

သတိချပ်

အားလုံးသတ္တဝါ၊ ကြွေးများစွာ၊ ကမ္ဘာသင်္ချေငုပ်။

ဝိပဿနာ၊ မဂ်လမ်းသာ၊ မှန်စွာ ကံဖြတ်လုပ်။

လုပ်ငန်းမဝင်၊ မဲ့သေပင်၊ သေလျှင် စုံးစုံးမြုပ်။

လုပ်ငန်းပြီးသူ၊ သေခါမူ၊ အေးလူ ပြုံးပြုံးချပ်။

ဆိုးကောင်းကြွေးတွေ၊ အသင်္ချေ၊ ကျေလေ ဉာဏ်ဝိမုတိ။

ကိုယ့်ကိုယ်ကိုယ်သာ၊ ကိုးစားရာ၊ မြန်စွာကျင့်အားထုတ်။

တရားသား

ဝိပဿနာအလုပ်, မဂ္ဂင်အလုပ်ကို လုပ်ကြပါ

ဒကာ,ဒကာမတွေ ဝိပဿနာအလုပ်, မဂ္ဂင်အလုပ်ကို လုပ်ကြပါလို့ ဦးဦးဖျားဖျား၊ ထူးထူးခြားခြားပဲ တိုက် တွန်း နှိုးဆော်လိုက်ပါတယ်။ ဆရာဘုန်းကြီးက ဘာကြောင့် တိုက်တွန်းနေရသလဲ?လို့မေးရင် ဒကာ,ဒကာမတို့ တတွေက မေ့လျော့မှုရှိကြလို့ပဲဆိုတာ မှတ်ကြရမယ်။

ဘုန်းကြီးတို့ ဒကာ,ဒကာမတွေက အမြဲတစေ မေ့လျော့လို့ပဲ နေတတ်ကြတယ်၊ ဘယ်အခါမှ သတိ, ပညာ ကပ်တဲ့အခါ မရှိကြဘူးဆိုရင် မလွဲဘူး၊ ဒကာ,ဒကာမတွေ မေ့တယ်ဆိုတာ လုပ်သမျှ လောကီအလုပ်တွေဟာ လုပ်လေ သရွေ့မှာ မေ့လို့သာလုပ်နေကြတယ်လို့သာ ဆုံးဖြတ်ချက်ချကြ၊ ရိပ်မိကြရဲ့လား?။

အဲဒီတော့ ဆရာဘုန်းကြီးက တိုက်တွန်းနေတာဟာ ဪ တို့အလုပ်တွေက မေ့တဲ့အလုပ်တွေမို့ တိုက်တွန်း နေတာပဲလို့ မှတ်ကြရမယ်၊ ကျေနပ်ပလား၊ ဒကာတို့ဟာက မေ့တာတွင် မဟုတ်ကြဘူး၊ ကိုယ့်အသက်တမ်းကိုတောင် မေ့ခြင်းနဲ့ ဖြုန်းတီးပြီး အလွဲသုံးစားနဲ့ ကုန်စေကြတယ်ဆိုတာ သတိပြုကြရမယ်။

”ပမတ္တဿ နာမ စတ္တာရော အပါယာ သကဂေဟသဒိသာ”။

”မေ့မေ့လျော့လျော့ နေသူများအတွက်မှာ အပါယ်လေးဘုံဟာ မိမိတို့အမြဲနေရာ အိမ်ဂေဟာကြီးနဲ့ တူပေ၏” လို့ ဆိုတဲ့အတိုင်း မေ့မေ့လျော့လျော့နေကြသမျှ လူတွေအမြဲနေရတာ ငရဲပဲဆိုတာ မှတ်လိုက်ကြ၊ ရိပ်မိကြရဲ့လား?။ ဒကာတို့တတွေဟာလည်း ငရဲမှာပဲ အများဆုံးနေခဲ့ကြရတယ်ဆိုတာကို ယုံမှားမရှိကြနဲ့တော့။ ရှင်းကြပလား?။ အဲဒီလို ငရဲကျနေတုန်းကဆိုရင် ဒုက္ခတွေကလည်း အလွန်ကြမ်းတမ်းပြီး ကြီးကျယ်များပြားလွန်းလို့ မသက်မသာနဲ့ ရက်ရက်စက် စက်ကြီး ခံကြရရှာတယ်။

အဲဒီလိုစိတ်မျိုး လူတိုင်းမှာဖြစ်

အဲဒီလိုအခါမျိုးမှာ လူတိုင်းလူတိုင်းပဲ သတိသံဝေဂစိတ် ဖြစ်ပေါ်ကြပါတယ်၊ “ငါ ယနေ့ နက်ဖြန်ဆိုသလို ဒီဒုက္ခတွေက ကျွတ်လွတ်ပြီး လူဖြစ်ရပါစေ၊ အဲဒီလို ကျွတ်လွတ်ခွင့်ရပါလျှင် အကုသိုလ်မှု မကောင်းတာဟူသမျှ တစ်ခုကမျှ မလုပ်တော့ပါဘူး။ ကုသိုလ်ကောင်းမှု ဒါန, သီလ, ဘာဝနာမှုတွေကိုပဲ အဟုတ်တကယ် ကြိုးစားအားထုတ် ပေတော့မယ်၊ ဒီဝဋ်ဒုက္ခဆိုးမျိုးကို နောက်ထပ်တစ်ဖန် မတွေ့ရ, မကြုံရအောင် အားထုတ်တော့မယ်” အဲဒီလိုစိတ်မျိုး လူတိုင်းမှာဖြစ်ပေါ်ပြီး ဆုံးဖြတ်ချက်ချတဲ့ လူချည့်ပဲဆိုတာ မှတ်ကြရမယ်။

ဒကာ,ဒကာမတို့ အထဲမှာ ငရဲမကျဘူး, မရောက်ဖူးတဲ့သူဆိုလို့ တစ်ယောက်မှမပါကြပါဘူး၊ ငရဲကျဖူးတဲ့သူတွေ ချည်းပဲ၊ အဲဒီအခါတုန်းက ကြိမ်းဝါးတဲ့လူချည့်ပဲ၊ အဲဒါ ဘာကြောင့်လဲဆိုတော့ ငရဲဒုက္ခက အင်မတန်ဆိုးရွားလွန်းလို့၊ အင်မတန် ခံပြင်းလွန်းလို့ပဲဆိုတာ မေးဖို့မလိုတော့ဘူး၊ သဘောပါကြပလား?။

ဒါပေမဲ့ အခု လူ့ဘဝရောက်လာတဲ့ အခါကျတော့ မေ့ကုန်ပြီ, ဟိုမှာတုန်းက ကြိမ်းခဲ့လေသမျှ အခုသတိမရ ကြတော့ဘူး။ ဒါကြောင့်လည်း ဒီကျတော့ သူများနည်းတူ နေနိုင်ထိုင်နိုင်ကြတော့တာပေါ့။ ဒကာ,ဒကာမတို့ အခုရှိတဲ့ လူအားလုံးဟာ အားလုံး ငရဲကျဖူးကြတာချည့်ပဲ။ ဒါပေမဲ့ အခု အမှတ်မရလို့ မကြောက်ကြတော့ဘူး၊ ကြောက်ရမှန်း, လန့်ရမှန်း မသိနိုင်ကြတော့ဘူး၊ ဒါဘာကြောင့်လဲဆိုတော့ အဝိဇ္ဇာဖုံးလွှမ်းထားလို့ပဲ ဆိုတာသာ မှတ်လိုက်ကြ၊ ရှင်း ပလား?။

တကယ်လို့သာ အမှတ်ရကြမယ်ဆိုရင် ထမင်းတစ်လုတ်ကိုတောင် မိန်အောင်စားနိုင်ကြမှာ မဟုတ်ပါဘူး၊ အခုတော့ မေ့လျော့ပြီး ပတ်ဝန်းကျင်တွေကလည်း လှည့်စားထားလိုက်တော့ နေလို့ထိုင်လို့ ဖြစ်နေကြတာပဲ၊ ကိုယ့် အဝိဇ္ဇာမောဟကလည်း ဖုံးထား၊ ပတ်ဝန်းကျင်ကလည်း လှည့်စား၊ အဲဒါနဲ့ အိမ်ထောင်ပြုကြ၊ သားမွေးကြ၊ စီးပွားရေး တွေလုပ်ကြနဲ့ ဘာမှမသိနိုင်တော့တဲ့အဖြစ် ရောက်နေပြီ။ သိကြတော့ မြင်ကြတော့ဆိုတာ ပြောလိုက်ပါတယ်။

အသက်သာကြီး ပြီး အချိန်မစီးကြဘူး

အမျိုးမျိုး အထွေထွေ အပိုကိစ္စတွေနဲ့ မေ့နေကြတယ်၊ မေ့ပစ်သင့်ကြတော့မယ်၊ ဒီနည်းနဲ့ပဲ အသက်သာကြီး ပြီး အချိန်မစီးကြဘူး။ တစ်နေ့ထက်တစ်နေ့ ကြီး,ကြီးလာတာက သာမညလို့မမှတ်ပါနဲ့၊ သေခါနီး, နီးလာတာပဲဆိုတာ ရိပ်မိကြရဲ့လား၊ ဒီလိုနဲ့ အလဟဿ အချည်းအနှီးနဲ့ သေလိုက်ကြရ၊ သေတော့လည်း သေခါနီးမှာ နဂိုကလည်း ဘာမှသိထားတာ မရှိတော့ ဟိုသားစိတ်မချ၊ ဒီသမီးစိတ်မချ၊ ဘယ်သားက ဘယ်လိုပဲဆိုပြီး သေသွားကြရ၊ နောက် အပါယ်ကျကြ။ အဲဒီလိုနဲ့ တစ်ဘဝ ဇာတ်သိမ်းရပြန်တာပဲ၊ ဘာမှကောင်းတာ မပါကြဘူး။

ဒကာ,ဒကာမတို့ မေ့မှုအဝိဇ္ဇာ ဘယ်လောက်အပြစ်ကြီးတယ်၊ ကြီးလိမ့်မယ်ဆိုတာကို ဉာဏ်နဲ့ကြည့်မှ သိနိုင် ကြမယ်။ ပေါ့ပေါ့ကလေးလို့များ မအောက်မေ့လိုက်ကြပါနဲ့၊ အင်မတန်ကြီးတဲ့ အရေးပါဆိုတဲ့အကြောင်းကို သတိပေး လိုက်ပါတယ်။

မေ့မှုအဝိဇ္ဇာရှိတော့ အဝိဇ္ဇာ ပစ္စယာ သင်္ခါရာလမ်းပဲ လျှောက်မိတယ်၊ မသိမှုကြောင့် မတော်တာပဲလုပ်မိကြ ပြန်တယ်၊ မသိမှုက အဝိဇ္ဇာ၊ မတော်တာလုပ်တာက သင်္ခါရ၊ ဒကာ,ဒကာမတွေ ကိုယ့်အကြောင်းမှန်ကို ရိပ်မိကြပလား?။ မသိတာက ဘာကိုမသိတာလဲဆိုတော့ အခုလက်ရှိ ဒကာ,ဒကာမတို့ ခန္ဓာထဲမှာ အိုတတ်, နာတတ်, သေတတ်တဲ့ သဘာဝတွေရှိနေတယ်၊ ဒီခန္ဓာကြီးက ဒုက္ခသစ္စာခန္ဓာကြီးပဲ။ ဒါကို မသိကြဘူး။

အိုမှာတွေ, နာမှာတွေ, သေမှာတွေ ဒကာ,ဒကာမတို့ ခန္ဓာထဲမှာ အမြဲတမ်း အပြည့်ရှိပြီးနေတယ်၊ ဒီခန္ဓာထဲ မှာ ဒုက္ခသစ္စာကြီးရှိနေတယ်၊ ဒါကို အမှန်အကန်မသိကြ, မမြင်ကြဘူး၊ အဲဒါဟာ အဝိဇ္ဇာပဲလို့ မှတ်လိုက်ကြ၊ ရိပ်မိကြ ပလား?၊ ဒီအဝိဇ္ဇာရှိနေတော့ ဒကာတို့ဟာ နေ့တိုင်းနေ့တိုင်းပဲ မတော်တာချည့်ပဲ လုပ်နေကြတယ်ဆိုတာ သိကြရမယ်။

မတော်တာလုပ်နေတော့ ဘာအပြစ်ရှိသလဲ?

ဒကာ,ဒကာမတို့က မတော်တာလုပ်နေတော့ ဘာအပြစ်ရှိသလဲ?လို့ မေးစရာရှိတယ်၊ အဲ မတော်တာလုပ်နေ တော့ အဆုံးမှာ ဘာနဲ့တွေ့ကြုံရမလဲဆိုတော့ ဒုက္ခက္ခန္ဓဿတဲ့၊ ဒုက္ခက္ခန္ဓဿ၊ ဒုက္ခအစုအပုံကြီး၏ သမုဒယော၊ ဖြစ်ခြင်း သည်။ ဟောတိ၊ ဖြစ်၏တဲ့။ ဒကာ,ဒကာမတို့ မတော်တာလုပ်တဲ့အပြစ် ဘာလဲဆိုတာ ရိပ်မိကြပလား?။

ဒုက္ခက သေးသေးငယ်ငယ် မဟုတ်ပါဘူး၊ ဒုက္ခအစုကြီး ဒုက္ခအပုံကြီးရမယ်တဲ့၊ ဒါကြောင့် အရေးတကြီး ဝိပဿနာလုပ်ကြပါ၊ မဂ္ဂင်အလုပ်,လုပ်ကြပါလို့ တိုက်တွန်းနေတာဟာ တိုက်တွန်းသင့်လို့သာ တိုက်တွန်းနေတာပဲဆိုတဲ့ အဓိပ္ပာယ်ပေါ်ကြပလား?။

ဘုန်းကြီးတို့ ဒကာ,ဒကာမတွေ ရှေးကနေခဲ့ထိုင်ခဲ့တဲ့ ကိုယ့်ဖြစ်စဉ်ကို ကိုယ်သိကြပလား?၊ မသိကြသေးရင် သိအောင် မှတ်ထားကြပါ။ ဒကာ,ဒကာမတို့ ရှေးတုန်းက “မသိမှုကြောင့် ထင်ရာလုပ်၊ ထင်ရာလုပ်လို့ ဒုက္ခအစုရ၊ အဲဒါ ဒကာ,ဒကာမတို့လမ်းစဉ်ပဲ” သေချာပလား?၊ မသိမှုကြောင့် ထင်ရာလုပ်ကြတယ်၊ ထင်ရာလုပ်တော့ ဒုက္ခအစုကြီး ကိုယ်ပိုင်ရကြတယ်။ အဲဒါ လူများထုံးစံသွားရာလမ်း၊ ဒကာ,ဒကာမတို့ လမ်းစဉ်ပဲဆိုတာ မှတ်ကြတော့၊ ရှင်းကြရဲ့လား?။

ဒါကြောင့် ဒီအမှားလမ်းစဉ် ဒုက္ခလမ်းစဉ်ကိုဖြင့် ပြင်ကြမှဖြစ်တော့မှာပဲဆိုတာ ဆုံးဖြတ်ချက်ချကြ။ မပြင် မဆင်ဘဲ ရှေးရိုးရာအစဉ်အလိုက် ဒီလိုပဲ နေနေကြမယ်ဆိုရင် ကိုယ်ကျိုးအကြီးအကျယ် နည်းပြီလို့သာ ဆုံးဖြတ်ချက် ချကြတော့။ ပြင်ဖို့ဆိုတော့ ရိုးရာအလုပ်တွေပြင်ပြီး ဝိပဿနာလုပ်ငန်းစဉ် ပြောင်းရမယ်၊ အခုနေမှ မပြောင်းရင် မဖြစ်တော့ဘူး၊ ရိပ်မိပလား?။

ဝိပဿနာကိုမလုပ်ရင် မသိမှု အဝိဇ္ဇာအုပ်ချုပ်မယ်၊ အဝိဇ္ဇာအုပ်ချုပ်သမျှ ဒုက္ခအစုကိုရမယ်။ ဝိပဿနာကို လုပ်ရင် ဝိဇ္ဇာဉာဏ်အုပ်ချုပ်မယ်၊ ဝိဇ္ဇာဉာဏ်အုပ်ချုပ်မှ ဒုက္ခအစုကြီးချုပ်မယ်ဆိုတာ မှတ်လိုက်ကြ၊ သဘောပါကြရဲ့ လား?၊ ဒကာ,ဒကာမတွေက ဆင်ခြေဆင်လက် အလွန်များတတ်ကြတယ်၊ အားလုံး ဒီလိုနေကြတာပဲ၊ ဘာဖြစ်သလဲလို့ ပြောချင် ပြောကြဦးမယ်။ ဒကာ,ဒကာမတို့ ဆင်ခြေလဲရင် အခက်ကြုံမယ်လို့သာ မှတ်ထားလိုက်ကြ။

ဝိဇ္ဇာဉာဏ်ဖြစ်မှ တော်တာလုပ်မိမယ်

ကိုယ်တိုင်က ဘာမှသိတာမဟုတ်လို့ ဆင်ခြေလဲမနေကြနဲ့တော့၊ ဘုရားဟောနဲ့ ဆရာပြောကိုအတည်ပြုကြ၊ ဝိပဿနာအလုပ်, အားထုတ်ကြ၊ ဒါမှ ဝိဇ္ဇာဉာဏ်ဖြစ်မယ်၊ ဝိဇ္ဇာဉာဏ်ဖြစ်မှ တော်တာလုပ်မိမယ်၊ တော်တာလုပ်မှ နောက်က ဒုက္ခအစုကြီးလွတ်မယ်၊ ကျေနပ်ပလား?။

ဒကာ,ဒကာမတို့ ကိုယ့်အမှားတွေ ကိုယ်ပြင်ကြတော့၊ အခုနေကမှ မပြင်နိုင်ရင် ပြင်ချိန်မရှိတော့ဘူး၊ မနက် မိုးလင်းတော့ ဘယ်သွားကြမလဲလို့မေးရင် “မသိတာအုပ်ချုပ်ပြီး မတော်တာတွေလုပ်ဖို့၊ မဟုတ်တာတွေ ပြောဖို့သွားမှ ပဲ”လို့သာ အဖြေပေးကြဖို့ပဲရှိတယ်၊ ဒီလိုအနေမျိုးနေကြသမျှ ဒုက္ခအစုကြီး ရကြမယ်ဆိုတာ မှတ်ကြတော့။ အခု ဒုက္ခအစုကို ကိုယ်ပိုင်ရနေကြတယ်၊ ဘာကြောင့်လဲ?ဆိုတော့ ရှေးတုန်းက ဒကာ,ဒကာမတွေ မတော်တာကို ကိုယ်တိုင် လုပ်ထားကြလို့ ရနေကြတာပဲဆိုတာ သိကြရမယ်။

အိုမှု, နာမှု, သေမှုတွေ ကိုယ်ပိုင်ရနေကြတယ်၊ ဘာကြောင့်လဲဆိုတော့ အစနှစ်ခုကိုကြည့်ရင် သိပါတယ်၊ အစနှစ်ခုက အဝိဇ္ဇာနဲ့ သင်္ခါရဆိုတော့ မသိမှုနဲ့ မတော်တာကြောင့်ပဲ ဒကာ,ဒကာမတွေ ကိုယ့်အကြောင်းကိုယ် ရိပ်မိ ကြပလား?၊ ကိုင်း, ဒါကြောင့် ပြင်ပါတော့လို့ တိုက်တွန်းတာပဲဆိုတာ သဘောပါကြပလား?၊ ပြင်ဖို့ဆိုတော့ ဝိပဿနာ အလုပ်၊ မဂ္ဂင်အလုပ်ကို လုပ်ကြရမယ်။

ဒကာ,ဒကာမတို့ ဝိပဿနာလုပ်တယ်ဆိုတာ တိုတိုနဲ့မှတ်ထားဖို့က “အနိစ္စာ ဝတ သင်္ခါရာ၊ ဥပ္ပါဒဝယ ဓမ္မိနော’ လို့ ဆိုတဲ့အတိုင်း ရုပ်နာမ်သင်္ခါရတို့ရဲ့ ဖြစ်မှုနဲ့ပျက်မှုကို ကြည့်ကြဖို့ပါပဲ၊ ဖြစ်မှုပျက်မှုကို ဉာဏ်နဲ့မြင်အောင် ကြည့်ခိုင်း တာပဲဆိုတာ မှတ်ကြရမယ်။ မှတ်မိကြပလား?။

သိမှု ရှိတော့ တော်တာကိုလုပ်မိတယ်

ဝိပဿနာလုပ်တော့ တော်တာလုပ်မိတာပဲ၊ တော်တာလုပ်မိတော့ တော်တာကိုသိတယ်၊ သိမှုရှိတယ်၊ သိမှု ရှိတော့ တော်တာကိုလုပ်မိတယ်။ တော်တာလုပ်တော့ ဒုက္ခအစုချုပ်တယ်၊ ဒုက္ခဇာတ်သိမ်းတယ်ဆိုတာ မှတ်လိုက်ကြ။ ဒီခန္ဓာဟာ အဝိဇ္ဇာခန္ဓာ, သင်္ခါရခန္ဓာပဲလို့ မှတ်ကြ၊ ဒီအဝိဇ္ဇာခန္ဓာ, သင်္ခါရခန္ဓာဟာ ဒုက္ခအစုကိုရလာတော့ ဒုက္ခခန္ဓာပဲ ဆိုတာ မှတ်လိုက်ကြ။

ဒီသဘောကို အမှန်အကန်သိဖို့ရာ ဒီခန္ဓာကိုပဲကြည့်ရမယ်၊ ဒီခန္ဓာကို ဉာဏ်နဲ့ကြည့်ရင် အမှန်အကန်အတိုင်း သိရမယ်၊ အမှန်တကယ်ရှိတာက ရုပ်နာမ်အဖြစ်နဲ့ အပျက်ပဲရှိတယ်။ ဒီလိုအမှန်ရှိတဲ့ ဖြစ်ပျက်ကို နှလုံးသွင်းဖို့ပဲ၊ နှလုံးသွင်းတော့ ယောနိသော မနသိကာရရှိလာတယ်၊ ယောနိသောရှိရင် ဒုက္ခချုပ်တော့တာပဲ၊ ရှင်းကြရဲ့လား?။

ဘုန်းကြီးတို့ ဒကာ,ဒကာမတွေကို အခုပြောတဲ့သဘောကို မမေ့ကြစေနဲ့၊ ဝိပဿနာကို မမေ့ကြပါနဲ့၊ ဒါကို မေ့ရင် ဒုက္ခရောက်ဖို့ အလွန်နီးကပ်နေကြပြီဆိုတာ သတိပေးလိုက်ပါတယ်။ ဒကာတို့တတွေက ပြောကြတယ်၊ “အခု နွေပေါက်လာပြီ၊ ကန်ရေတွေ ခမ်းတော့မှာပဲ၊ ကန်ရေခမ်းရင် ငါးတွေတော့ ဒုက္ခရောက်ရဦးတော့မှာပဲ”နဲ့ ပြောတတ် ကြတယ်။ ဒကာတို့တတွေရဲ့ အဖြစ်ဟာလည်း ဒီနည်းနဲ့မခြားဘူးဆိုတာ မှတ်ကြရမယ်။ ဒီဥပမာကို သဘောပေါက်ကြ ရဲ့လား?။

အခု ဒကာ,ဒကာမတွေလည်း အခုနွေပေါက်နေပြီ၊ အတော်အတန် ခမ်းနေပြီ။ မကြာခင်မှာပဲ ကုန်တော့မယ်။ သိကြရဲ့လား?၊ ကိုယ့်”ကံ”ရေခမ်းတာ ကိုယ်မသိကြဘူးဆိုရင် အတော်ဆိုးရွားသွားမယ်။ “နွေကလည်းပေါက်နေပြီ၊ ကန်ရေတွေက အတော်အတန် ခမ်းခြောက်ကုန်ပြီ၊ မကြာခင်မှာ ရေတွေကုန်ပြီး ငါတို့ဒုက္ခရောက်ရတော့မယ်”ဆိုတဲ့ အဖြစ်ကို ကန်ထဲမှာရှိတဲ့ငါးတွေက သိကြသလား?၊ မသိကြဘူး။ တိရစ္ဆာန်လည်း မသိမှုအုပ်ချုပ်ခံနေရတယ်။

“ကံ”ရေတွေ အတော်အတန်ခမ်းကုန်ကြပြီ

ဒီတော့ ဒကာ,တို့တတွေမှာလည်း “ကံ”ရေတွေ အတော်အတန်ခမ်းကုန်ကြပြီ၊ မကြာမတင်ဆိုသလို “ကံ” ရေတွေကုန်ပြီး ဒုက္ခရောက်ရတော့မယ်ဆိုတာ သိကြပါတော့။ မသိဘူးဆိုရင် ဘယ်လိုပြောရမလဲ?၊ တိရစ္ဆာန်တွေမို့ လား? ပြောသင့်မပြောသင့်၊ ချင့်ချိန်ပြီးကြည့်ကြ၊ သဘောပါကြပလား?။

တိရစ္ဆာန်ငါးတွေမှာ မသိမှုအဝိဇ္ဇာ အုပ်ချုပ်ခံနေရတော့ သူတို့ဘာသာဘာဝနဲ့ ပျော်မြူးနေကြတယ် ဟုတ်ရဲ့ လား?၊ အဲဒီတော့ မသိတာက အဝိဇ္ဇာ၊ ပျော်မှုက သင်္ခါရ၊ နောက် ကျီးတို့, ငှက်တို့, သိန်းစွန်တို့ရဲ့ အစားခံရတာက ဒုက္ခက္ခန္ဓဿရတာပဲ၊ ဒုက္ခအစုရကြတာပဲဆိုတာ ထင်ရှားပါတယ်။ ပေါ်ကြပလား?။

ဒကာတို့တတွေက အတိတ်ကံကလေးနဲ့နေပြီး ပျော်နိုင်ကြ၊ ရွှင်နိုင်ကြ၊ တစ်ယောက်နဲ့တစ်ယောက် စိတ်ကောက် လိုက်ကြ၊ သားရေးသမီးရေး စီးပွားရေးလောက်နဲ့ ကျေနပ်နေကြ၊ အဲဒီလိုနေနိုင်ကြတာဟာ သာမညများ မမှတ်လိုက် ပါနဲ့၊ ရှင်းရှင်းပြောရရင် တိရစ္ဆာန်နေနဲ့ တိရစ္ဆာန်ပျော်ပဲရှိတယ်ဆိုတာသာ မှတ်ကြတော့။ ဒီလိုနေနိုင်တာဟာ “ကံ” ရေခမ်းတာ မသိကြလို့ဘဲ။ လူ့ဘဝနေရဖို့ ကံကနည်း,နည်းသွားပြီ၊ ဒီထဲကပြုံးတာဟာ သေခါနီးပြုံးပဲ။ ရှင်းပလား?။

ဒကာတို့အကျင့်က သူတပါးစာဖတ်, ဝါးဖတ်ဖြစ်ဖို့နီးလေ ပြုံးလေဆိုတဲ့ ငါးတွေလိုပဲ မရဏသေမင်းစားဖတ်, ဝါးဖတ်ဖြစ်ဖို့ နီးလာလေ ပြုံးလေဖြစ်နေကြရင် အဲဒါ သေခါနီးပြုံးပဲ၊ ရိပ်မိကြပလား?၊ ဒါကယဉ်အောင်သုံးတာပါ၊ ယဉ်အောင်ပြောတာ သဘောမပေါက်သေးရင် အမှန်ပြောက တိရစ္ဆာန်ပြုံးပဲ၊ ရိပ်မိကြပလား?။

ထုံးအိုင်ထဲက ငါးတွေဟာ ရေကလည်း အတော်နည်းနေပြီ နွေရာသီကလည်း မကြာခင်ရောက်တော့မယ်၊ ရောက်ရင် ရေတွေလုံးဝခမ်းပြီး ဒုက္ခရောက်ကြရတော့မယ်၊ ပတ်ဝန်းကျင်က ဗျိုင်းတို့, ကျီးတို့, သိန်းတို့, စွန်တို့ကလည်း မပြတ်စောင့်ကြည့်နေကြတယ်၊ ဒါပေမဲ့ ငါးတွေက ဒီအကြောင်းတွေ နည်းနည်းမှမရိပ်မိကြဘူး။ သူတို့မှာတော့ ဘာသာ ဘာဝ မြူးတူးပျော်ရွှင်နေကြတယ်၊ အဲဒါတွေဟာ သေခါနီးပျော်, တိရစ္ဆာန်မိုက်, မိုက်တာပဲ၊ သဘောပါပလား?။

သေခါနီးပျော်ပဲ

အဲဒီလို ငါးတွေပျော်နေကြတာဟာ မသိလို့ပျော်တာပဲ၊ သေခါနီးပျော်ပဲဆိုတာ ငြင်းဖို့မရှိတော့ဘူး၊ အဲဒီတော့ ဒကာ,ဒကာမတွေလည်း ကိုယ့်အကြောင်းမှ ကိုယ်မရိပ်မိကြဘူးဆိုရင် တိရစ္ဆာန်ငါးတွေနဲ့ ဘာများထူးခြားသေးသလဲ? လို့ မေးလိုက်ပါတယ်။ ဒကာ,ဒကာမတွေ ကိုယ့်အခြေကိုယ့်အနေနဲ့ မပျော်နိုင်, မပြုံးနိုင်ကြသေးပါဘူး။ အိမ်ကျလို့ ပြုံးမိရင် ကိုယ့်ဟာကိုယ်ဆုံးမကြ။ “မင်း ခြေနှစ်ချောင်းပေါက်နေပေမယ့် တိရစ္ဆာန်လား”လို့ ဆုံးမကြ။

ကံရေခမ်းနေတဲ့အထဲမှာ ပျော်နေကြလို့ မတော်တော့ဘူး။ ပျော်နေရင် ငါးပျော်ပဲ၊ ကိုယ့်ကိုယ်ကိုယ်မှန်ထောင် ပြီးကြည့်ကြ၊ ဉာဏ်မှန်နဲ့ကြည့်ရင် တိရစ္ဆာန်ပြုံးပဲဆိုတာ ပေါ်ကြမယ်၊ သဘောပါကြရဲ့လား?၊ ဒကာ,ဒကာမတို့အဖို့ ရာမှာ တရားကို ရှည်ရှည်ဟောနိုင်ဖို့တောင် အချိန်မရဘူး၊ ကံရေက ခမ်းနေတာမို့ သေခါနီးနေကြလို့ပဲဆိုတာ မှတ် ကြ။ တရားရှည်ရှည်ဟောရင် အသေကစောနေရင် ခက်ချည့်ရဲ့ဆိုပြီး ပြောနေရတာ၊ ရိပ်မိကြပလား?။

ဒကာ,ဒကာမတွေ သဘောပါကြရဲ့လား?။ ဘုရားရှင်ပွင့်တော်မူလာတော့ အာဠာရ,ရသေ့တိုပ ဥဒကတို့ကို ကြည့်တော်မူတယ်၊ ဒီရသေ့တွေက လောကီဈာန်မှာ ဘုရားလောင်းရဲ့ဆရာ ဖြစ်ခဲ့ဖူးသူတွေပဲ။ ဗောဓိပင်နှင့် ရွှေပလ္လင် မှာ ဘုရားဖြစ်ပြီးစညမှာ သတိရလို့ တရားဟောချင်လို့ ကြည့်လိုက်တော့ မရှိရှာတော့ဘူး။ နတ်တွေကလည်း လာပြီး ပြောကြတယ်၊ မနေ့ညက သေရှာပြီတဲ့။

ဒကာ,ဒကာမတို့ အသေမစောဘူးလား?၊ အသေစောသွားရှာတယ်၊ အသေကသာ မစောရင် ပဉ္စဝဂ္ဂီတွေထက် တရားစောစောရမယ်ဆိုတာ မှတ်ကြ။ နောက်, အဘိဉာဏ်နဲ့ကြည့်လိုက်တော့ တရားဟောမဖြစ်တော့တဲ့ အရူပဘုံ ရောက်သွားရှာကြတယ်ဆိုတာ သိရတော့ ဘုရားရှင် ညည်းတွားတော်မူူတယ်၊ ရင်မတော်မူရှာတယ်၊ “ဪ…အာဠာရ တို့ ဥဒကတို့အဖြစ်ဟာ အရှုံးကြီးရှုံးရလေခြင်း”ဆိုပြီး ညည်းတွားတော်မူတယ်။ ပေါ်ကြပလား?။

တရားမရခင် အသေစောမှာ စိုးရိမ်ရတယ်

ဒါကြောင့် ဘုန်းကြီးတို့ ဒကာ,ဒကာမတွေအတွက် တရားမရခင် အသေစောမှာ စိုးရိမ်ရတယ်ဆိုတာ သတိ ပေးလိုက်ပါတယ်၊ ဒကာ,ဒကာမတို့ဟာ ကိုယ့်အကြောင်းကို မသိကြဘူး၊ ဆရာသမားက ကရုဏာရှေ့ထားပြီး ကိုယ့် အကြောင်းကို ကိုယ်သိအောင် ဖော်ပြောနေတယ်လို့သာ မှတ်ယူကြပါ။ အဲဒီတော့ အမှန်သိရရင် မဂ္ဂင်အလုပ်ကို မြန်မြန်လုပ်ကြဖို့ပဲ လိုတော့တယ်၊ နက်ဖြန်သဘက်, ရက်ရွှေ့မနေကြနဲ့တော့၊ အခုကိုပဲ နှလုံးသွင်းကြ၊ အချိန်မရတော့ ဘူး။

”ဒီဝိပဿနာ မဂ္ဂင်အလုပ်ကမှ ဘုရားအလိုတော်ကျ အလုပ်ပါပဲ၊ ဘုရားကြိုက် မဇ္ဈိမ ပဋိပဒါလမ်းပဲ၊” ဒုက္ခ ချုပ်ရာရောက်ဖို့ လမ်းမှန်လမ်းဖြောင့်ဟာ ဒီလမ်းပဲ၊ ဒါကြောင့် ဒီလမ်းကို အမြန်ဆုံးလိုက်ကြပါဆိုတာ အလေးအနက် တိုက်တွန်းလိုက်တယ်၊ ကျေနပ်ပလား?။

ကိုင်း…မနေ့ကပြောတဲ့ဝတ္ထုကို ဆက်ပြောမယ်။ ပုဏ္ဏနဲ့ သေနိယတို့ နှစ်ယောက်အကြောင်း ဒီကနေ့ ကံ လေးမျိုးနဲ့ ဆက်ပြီးပြောပါမယ်။ ပုဏ္ဏက နွားလိုကျင့်တယ်၊ သူက ခေါင်းမှာဦးချိုတပ်တယ်၊ မြက်တွေကိုစားတယ်၊ ဖင်မှာလည်း အမြီးလိုတပ်ထားပြီး နွားလိုသွား, နွားလိုစားတယ်ဆိုတာ မှတ်ရမယ်။

မနေ့ကလည်း ဒီအကြောင်းကို ပြောခဲ့ပြီးပါပြီ၊ သူတို့နှစ်ယောက်ဟာ ဘုရားရှင်ထံတော်မှာ ရောက်လာကြပြီး တစ်ပြန်တစ်လှည့်ဆိုသလို တစ်ယောက်အကြောင်းကို တစ်ယောက်ကမေးမြန်း လျှောက်ထားကြတယ်။ ဘုရားက မဖြေဖို့ရာ တားနေပေမယ့် သုံးကြိမ်တိုင်အောင် မေးနေကြပြန်လို့ ဘုရားက နှစ်ချက်ဟောလိုက်တယ်။

”နွားလိုကျင့်တဲ့ ပုဏ္ဏကသေရင် နွားဖြစ်ရမယ်၊ ဒီအကျင့်သီလကြောင့် သုဂတိနတ်ရွာ နိဗ္ဗာန်ရောက်မယ်လို့ ယူခဲ့ရင်လည်း ငရဲကျရဦးမယ်။”

အဲဒီနှစ်ချက် ဟောလိုက်ပါတယ်၊ နောက် သေနိယဟာလည်း ခွေးလိုနေ, ခွေးလိုစား, ခွေးလိုသွားပြီး, ခွေးလို ကျင့်တဲ့အတွက် သူသေရင် ခွေးပဲဖြစ်ရမယ်၊ တကယ်လို့ ဒီအကျင့်ကြောင့် သုဂတိနိဗ္ဗာန်ကို ရောက်မယ်လို့ အယူရှိ ခဲ့ရင်လည်း ငရဲကျရဦးမယ်ဆိုပြီး ဟောလိုက်တော့ နှစ်ယောက်သား ငိုချင်းချကြတော့တာပဲ။

ကံလေးမျိုးကို ဝေဖန်ခွဲခြမ်းပြီး ဟောပြလိုက်တယ်

အဲဒီအခါကျမှ သူတို့နှစ်ယောက်က တောင်းပန်ကြတယ်။ “အရှင်ဘုရား အရှင့်ကိုယုံကြည်ပါတယ်၊ အားထား ပါတယ်၊ ဒီဝဋ်ဒုက္ခက လွတ်ရာထွက်ရာလမ်းကို ပြတော်မူပါ ဟောတော်မူပါ”လို့ တောင်းပန်ကြတော့မှ ဒကာ,ဒကာမ တွေကို ပြောခဲ့တဲ့ ကံလေးမျိုးကို ဝေဖန်ခွဲခြမ်းပြီး ဟောပြတော်မူလိုက်ပါတယ်။

ဘုရားရှင်ကိုယ်တော်မြတ်ကြီးက ဒုက္ခဝဋ်က ကျွတ်လွတ်နိုင်ဖို့ ကံလေးမျိုးကိုဝေဖန်ပြီး ဟောတဲ့အချက်ဟာ ဒကာ,ဒကာမတွေကို အတော်အတန်ရှင်းပြပြီးလို့ အတော်အတန် နားလည်ကုန်ကြပြီ၊ ဒီကနေ့လည်း နည်းနည်းလောက် ထပ်ရှင်းပြီး ပြောပါဦးမယ်၊ ပုဏ္ဏတို့ သေနိယတို့ဟောတဲ့ တရားဆိုပေမယ့် ဒကာ,ဒကာမတို့အတွက်က ပိုပြီးအရေး ကြီးတယ်၊ ဒါကြောင့်မို့ ကြိုးကြိုးစားစား မှတ်သားထားကြဖို့ဆိုတာ တိုက်တွန်းလိုက်တယ်။

ဒကာ,ဒကာမတို့ ဒီကံဖြတ်ဆိုတဲ့ ဝိပဿနာမဂ္ဂင်လုပ်ငန်းကမှ ကမ္မဝဋ်, ကိလေသဝဋ်, ဝိပါကဝဋ်တွေက ထွက်မြောက်ရာလမ်းပဲ၊ ဝိပဿနာ ကံဖြတ်အလုပ်ကိုလုပ်တော့ ကမ္မဝဋ်ကလည်းထွက်တာပဲ၊ ကိလေသဝဋ်ကလည်း ထွက်တာပဲ၊ ဝိပါကဝဋ်ကလည်း ထွက်တာပဲဆိုတဲ့ အဓိပ္ပာယ်ကို ကြိုကြိုတင်တင် မှတ်ထားကြ၊ နောက်တော့ ရှင်းပြမယ်။

ဘုရားရှင် ကိုယ်တော်မြတ်ကြီးက “မင်းတို့ ဒီဝဋ်ဒုက္ခကြီးက ထွက်ရာလမ်း ထွက်မြောက်ဖို့ရာ ငါဟောပြမယ်” လို့ မိန့်တော်မူပြီး မနေ့ကပြောတဲ့ ကံလေးမျိုးကို ဟောပြတော်မူပါတယ်။

ကံလေးမျိုး

လေးမျိုးဆိုတာက…

မဲတဲ့ကံသည် မဲတဲ့အကျိုးပေးတာ တစ်မျိုး။

ဖြူတဲ့ကံသည် ဖြူတဲ့အကျိုးပေးတာ တစ်မျိုး။

အမဲအဖြူရောတဲ့ကံသည် အမဲအဖြူရောတဲ့ အကျိုးပေးတာတစ်မျိုး။

အမဲအဖြူမရောတဲ့ကံသည် အမဲအဖြူမရောတဲ့ အကျိုးကိုပေးတာတစ်မျိုး။

အဲဒီလို လေးမျိုးရှိပါတယ်လို့ ရှင်းလင်းဟောပြလိုက်တော့ တစ်ယောက်က သရဏဂုံတည်တယ်၊ တစ်ယောက် က ရဟန္တာဖြစ်သွားတယ်၊ သူတို့နှစ်ဦးဟာ မိစ္ဆာဒိဋ္ဌိအစစ်ကြီးတွေပါ၊ ဒါနဲ့တောင်မှ အကျွတ်တရား ရနိုင်ကြသေးတယ် ဆိုတာ ရိပ်မိပြီး ကိုယ့်အတွက်မှာ အားတက်ကြဖို့ပဲဆိုတာ ဆုံးဖြတ်လိုက်ကြ။

ဒကာ,ဒကာမတို့အတွက် ထပ်ပြီး ရှင်းပြောမယ်ဆိုတာ မှတ်ကြ။ မဲတဲ့ကံဆိုတာ ဒုစရိုက်မှု အကုသိုလ်တရား တွေကို ဆိုပါတယ်။ ဒုစရိုက်ဆယ်ပါးဆိုတာ မနေ့ကရှင်းခဲ့လို့ သိကြပြီ၊ အဲဒီကံတွေက မဲတဲ့အကျိုးပေးတယ်ဆိုတော့ မဲတဲ့အကျိုးက ငရဲစတဲ့ အပါယ်လေးဘုံကို အကျိုးပေးမယ်။

ဖြူတဲ့ကံဆိုတာက သုစရိုက်မှု ကုသိုလ်တရားတွေကို ဆိုပါတယ်၊ ပါဏာတိပါတာ ဝေရမဏိစတဲ့ ဒုစရိုက်ကို ရှောင်ကြဉ်မှုဆယ်မျိုးဟာ သုစရိုက်တွေပဲ၊ အဲဒီကံက ဖြူတဲ့အကျိုး သုဂတိနတ်ရွာတွေကို အကျိုးပေးမယ်။ အမဲအဖြူ ရောတဲ့ ကံဆိုတာက မတရားသဖြင့် ရထားတဲ့ပစ္စည်းနဲ့ လှူဒါန်းတဲ့ကံတွေရယ်၊ လောဘ, ဒေါသ စသည် ခြံရံတဲ့ကုသိုလ် ကံတွေရယ်၊ အဲဒါကိုဆိုပါတယ်၊ အဲဒီကံက တချို့လူအကျိုးပေးနဲ့ ဝိနိပါတိကအသုရာတို့၊ တချို့ ပြိတ္တာ၊ တချို့ တိရစ္ဆာန် ဆိုသလို အကျိုးပေးမယ်ဆိုတာ မှတ်ကြရမယ်။

အမဲအဖြူမရောတဲ့ ကံဆိုတာက ဝိပဿနာဉာဏ်, မဂ်ဉာဏ်

ဒီကံတွေက ကမ္မဿကတာ သမ္မာဒိဋ္ဌိပဲဖြစ်တယ်၊ သစ္စာနုလောမိက သမ္မာဒိဋ္ဌိမဖြစ်ဘူးဆိုတာ သိကြရမယ်။ လေးနံပါတ်ဖြစ်တဲ့ အမဲအဖြူမရောတဲ့ ကံဆိုတာက ဝိပဿနာဉာဏ်, မဂ်ဉာဏ်ကို ဆိုတာပါပဲ၊ သူ့ထဲမှာ စေတနာပါတာ မို့ ကံလို့ပဲခေါ်နိုင်တယ်။ ရှင်းပလား? သူက သစ္စာနုလောမိက သမ္မာဒိဋ္ဌိဖြစ်တယ်။ တော်တော်ကြာလို့ မဂ်ကိုရရင် မဂ္ဂသမ္မာဒိဋ္ဌိဖြစ်တာပဲ၊ ရိပ်မိကြပလား?။

ဒီကံက အမဲလည်းမဟုတ်, အဖြူလည်းမဟုတ်လို့ သုံးဆယ့်တစ်ဘုံကို အကျိုးမပေးပါဘူး၊ သူက သုံးဆယ့် တစ်ဘုံ ကံတွေကိုဖြတ်တယ်၊ အမဲကံကိုလည်း ဖြတ်၊ အဖြူကံကိုလည်းဖြတ်၊ အမဲအဖြူရောတဲ့ကံကိုလည်း ဖြတ်တယ် ဆိုတာ မှတ်ကြတော့၊ သဘောပါကြပလား?။

ဒကာ,ဒကာမတို့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက နောက်ဆုံးမှာ ပုဏ္ဏတို့ သေနိယတို့ကို ခန္ဓာကိုယ်မှာ ဥဒယဝ,ယ ဖြစ်ပျက်ကို အရှုခိုင်းလိုက်ပါတယ်၊ အရှုခိုင်းလို့ ရှုတော့ ရုပ်နာမ်ကဖြစ်ပျက်၊ ရှုတဲ့ဉာဏ်က မဂ်ဖြစ်သွား တယ်။ ဒီလိုဆိုတော့ သမ္မာဒိဋ္ဌိ, သမ္မာသင်္ကပ္ပ ပြဋ္ဌာန်းတယ်၊ သူတို့နောက်က သတိ, ဝီရိယ, သမာဓိတွေက ထပ်ပြီး လိုက်နေတယ်။

ဒကာ,ဒကာမတို့ ဒီလိုဆိုတော့ အဲဒီအချိန်မှာ သမ္မာဒိဋ္ဌိ, သမ္မာသင်္ကပ္ပ, သမ္မာဝါယာမ, သမ္မာသတ, သမ္မာ သမာဓိဆိုတဲ့ မဂ္ဂင်ငါးပါးနှင့် ရုပ်နာမ်ဖြစ်ပျက်ကို မြင်နေတာပဲဆိုတာ မှတ်ရမယ်၊ အဲဒီလိုမြင်တဲ့ အမြင်ဉာဏ်ဟာ အမြင်မှန်ရတဲ့ဉာဏ်ပဲ၊ အဲဒီဟာ ယထာဘူတဉာဏ်ကို ရနေပြီဆိုတာ မှတ်ကြဖို့ပဲ။ သဘောပါပလား?။

အဲဒီဉာဏ်အမြင်အတိုင်း ဆက်ပြီးရှုနေရမယ်၊ ဒီလိုရှုနေလို့ နောက်,ရှုပါများတော့ ရုပ်နာမ်ဖြစ်ပျက် သင်္ခါရ မှာ ငြီးငွေ့ပျင်းမုန်းတဲ့ နိဗ္ဗိန္ဒဉာဏ်လာမယ်၊ အဲဒီနိဗ္ဗန္ဒဉာဏ်ရဲ့နောက်မှာ ပရိညာကနေပြီး ဒုက္ခသစ္စာကြီးကို ပိုင်းခြား လိုက်တယ်၊ ပိုင်းခြားလိုက်တော့ နောက်က နိရောဓသစ္စာ နိဗ္ဗာန်ပေါ်လာတယ်ဆိုတာ မှတ်လိုက်ကြ။ ရှင်းကြပလား?၊ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက “ဒီကံဟာ ကံလေးမျိုးထဲမှာ အကောင်းဆုံးပဲ၊ သူက ကျန်တဲ့ကံသုံးမျိုးကို ဖြတ် တယ်၊ ဒီတရားက ကံဖြတ်တရားပဲ”လို့ ဟောတော်မူလိုက်ပါတယ်။

မဂ်ဉာဏ်ကိုရတဲ့သူဟာ အပါယ် မကျတော့ဘူး

ဒကာ,ဒကာမတွေ သိထားဖို့က ဒုဂ္ဂတိအပါယ်တွေကို အကျိုးပေးမယ့် အမဲကံကိုလည်းဖြတ်တယ်၊ သုဂတိ နတ်ရွာအကျိုးပေးမယ့် အဖြူကံကိုလည်းဖြတ်တယ်၊ အဆိုးအကောင်း ရောပြွမ်းတဲ့အကျိုးကိုပေးမယ့် အမဲအဖြူရောတဲ့ ကံကိုလည်း ဖြတ်တယ်၊ ဒီကံတွေကိုဖြတ်တော့ “စတူဟာပါယေဟိ စ ဝိပ္ပမုတ္တော”ပဲ၊ ဒီမဂ်ဉာဏ်ကိုရတဲ့သူဟာ အပါယ် မကျတော့ဘူး။ ဘာ့ကြောင့်တုန်းဆိုတော့ ပထမဆုံးအနေနဲ့ အမဲကံကိုဖြတ်လို့ပဲ၊ ရှင်းပလား?။

အခုပြောခဲ့တဲ့ ဝိပဿနာကံကို အမဲအဖြူမရောတဲ့ကံလို့ ဆိုပါတယ်၊ သူက ကံသုံးမျိုးလုံးကို ဖြတ်တဲ့အတွက် “ကမ္မက္ခယာယ”လို့ ဟောတော်မူထားတယ်။ ဒီကံကို အဆုံးတိုင် အားထုတ်ပြီးခဲ့ရင် ကျန်တဲ့ကံဟူသမျှ ကုန်တော့တာပဲ။ သူက အမဲကံကိုလည်း ကုန်စေတယ်၊ အဖြူကံကိုလည်းဖြတ်လို့ သုဂတိနတ်ရွာကိုလည်း မရောက်စေတော့ဘူး။ ဒကာ, ဒကာမတွေ သဘောပါကြပလား?။

ဒကာ,ဒကာမတွေ ပဋိစ္စသမုပ္ပါဒ်ကို ပြန်ကြည့်ပါ။ ကံအားလုံးဟာ ဘာသစ္စာတဲ့လဲ?၊ “ကမ္မဘဝပစ္စယာ ဇာတိ” လို့ဆိုတော့ ဇာတိက ဒုက္ခသစ္စာ၊ ကမ္မဘဝက သမုဒယသစ္စာဖြစ်နေတယ်၊ ရိပ်မိကြပလား?၊ အဲဒီတော့ ဒကာတို့တတွေ ရှေးက ကံအမိ, ကံအဘဆိုပြီးတော့ ကံကိုအားကိုးလာကြတယ်၊ အခု ပဋိစ္စသမုပ္ပါဒ်နဲ့ကြည့်တော့ အားကိုးစရာရသေး ရဲ့လား?၊ မရတော့ပါဘူး၊ အားကိုးရင် ဒုက္ခရောက်တော့မယ်။

ကံကိုအားကိုးရင် သူ့ကြောင့်ပဲ ဒုက္ခသစ္စာ ကိုယ်ပိုင်ရကြမယ်၊ “ကမ္မဘဝပစ္စယာ ဇာတိ”ဆိုတော့ ဇာတိပိ ဒုက္ခသစ္စာ၊ ကမ္မဘဝက သမုဒယသစ္စာ ဖြစ်သွားတယ်။ ဇာတိကိုရလာမှတော့ ဇရာဒုက္ခသစ္စာ, ဗျာဓိဒုက္ခသစ္စာ, မရဏ ဒုက္ခသစ္စာတွေလည်း ပြေးလို့မလွတ်နိုင်တော့ဘူး၊ ရှင်းကြရဲ့လား?၊ အခုကိုပဲ ဒကာ,ဒကာမတွေမှာ အိုဘေးထမ်းရက်, နာဘေးကလည်း ကပ်ရက်, သေဘေးဘက်ကို အရောက်ပြေးနေကြရတယ်၊ တားလို့ဆီးလို့ မရတော့ဘူး၊ အဲဒါ ကမ္မဘဝ ဆိုတဲ့ကံကို အားကိုးမိလို့ပဲဆိုတာ မြင်ကြပလား?။

သမုဒယသစ္စာ အားကိုးမှားမိတော့ ဒုက္ခသစ္စာပဲ ရကြတယ်ဆိုတာ ပေါ်ကြပလား?၊ ဒါဖြင့် နောက်ကို ဘာ အားကိုးကြမလဲ?၊ ကံဖြတ်ကို အားကိုးရမယ်၊ ဝိပဿနာကံ မဂ်ကံကိုအားကိုး ပြောင်းကြရမယ်၊ ဒီကံက သမုဒယသစ္စာ ကိုလည်း ဖြတ်တယ်၊ ဒုက္ခအစုကိုလည်း ချုပ်စေတယ်၊ ဒါ့ကြောင့် ဒီကံမှသာ အားကိုးရာရကြမယ်ဆိုတာ ဆုံးဖြတ်ချက် ချကြပါ၊ အားလုံး ကျေနပ်ကြပလား?။

ခန္ဓာမှာ ဉာဏ်နဲ့ကြည့်ကြပါ

အခု ဒကာ,ဒကာမတို့ ခန္ဓာမှာ ဉာဏ်နဲ့ကြည့်ကြပါ။ ခန္ဓာအတွင်းမှာ ဉာဏ်နဲ့ကြည့်တော့ ဘာတွေတွေ့ရမလဲ?၊ ပူမှု, အေးမှုစတဲ့ ရူပက္ခန္ဓာတွေ ဖောက်ပြန်ပျက်စီးနေတာရင်လည်း တွေ့မယ်၊ စိတ်ကလေးတွေ တစ်ခုပေါ်လာပြီး ချုပ်ပျက်သွား၊ နောက်တစ်ခုလာလည်း ပျက်သွားနဲ့၊ ဝိညာဏက္ခန္ဓာတွေ ဖြစ်ပျက်နေတာလည်းတွေ့မယ်။ ဝေဒနာ ကလေးတွေကို ကြည့်ရင်လည်း ထို့အတူပဲ၊ ယားတာလေးတွေ, ကိုက်တာ, ခဲတာ, နာတာကျင်တာကလေးတွေ ဉာဏ်နဲ့ ကြည့်ရင် တစ်ခုပျက်တစ်ခုပေါ် တစ်ခုပေါ်လာ တစ်ခုပျက်သွားနဲ့ အမြဲတမ်းဖြစ်ပျက်နေတာကိုသာ တွေ့ရမြင်ရမယ်။

မိမိတို့ ဉာဏ်သက်ရာတစ်မျိုးမျိုးကို ကြည့်ကြရမယ်၊ ဒါပေမယ့် အခုနေမှာ ဝေဒနာတစ်လုံးထဲကို ဉာဏ်စိုက် ထားလိုက်ပါ။ ကျောထဲမှာ ယားယံတာကလေးကို တွေ့မယ်၊ ဉာဏ်နဲ့စိုက်ကြည့်တော့ မကြာခင်မှာပဲ ယားယံတာကလေး ပျောက်သွားတယ်၊ အဲဒါဖြစ်ပြီးမရှိတော့တဲ့ အနိစ္စကိုပြတာပဲ။ ဒီနည်းအတိုင်း ကိုက်တာ, ခဲတာ, နာကျင်တာ စတဲ့ဝေဒနာ ကလေးတွေ ပေါ်တိုင်းပေါ်တိုင်း ဉာဏ်နဲ့ကြည့်ပေးပါ။ ကြည့်ပေးတော့ ဖြစ်ဖြစ်ပြီး ပျက်ပျက်သွားတာတွေချည့် တွေ့ရ မြင်ရမယ်၊ အဲဒီလိုကြည့်လို့ ဉာဏ်နဲ့မြင်တော့ ဝေဒနာနောက်က မဂ်ကလေးပါနေတယ်၊ တဏှာမလာတော့ဘူး၊ ရှင်း ကြရဲ့လား?။

အဲဒီတော့ ဝေဒနာဖြစ်ပျက်, နောက်က မဂ်ဖြစ်သွားတယ်၊ အဲဒီမှာ ဝေဒနာဖြစ်ပျက်က ဒုက္ခသစ္စာ၊ သိတဲ့ ဉာဏ်က မဂ္ဂသစ္စာဖြစ်နေတယ်၊ အဲဒီမဂ်က နောက်ထပ်ပေါ်မယ့် သမုဒယသစ္စာကို ဖြတ်ချတယ်၊ အဲဒီလိုသမုဒယကို ဖြတ်လိုက်တော့ သူ့ကြောင့် ရလာမယ့် ဒုက္ခသစ္စာခန္ဓာကြီးကို မရတော့ဘူး၊ နောက်ပေါ်မယ့် ဒုက္ခအစုတွေချုပ်ကုန် တယ်။ ဘုန်းကြီးတို့ ဒကာ,ဒကာမတွေ ဒီလိုဆိုတော့ ဒီလေးနံပါတ် ကံဖြတ်မှသာ အားကိုးထိုက်တယ် ဆိုတဲ့အချက် ပေါ်ကြပလား?။

ကံပြတ် အလုပ်၊ မဂ္ဂင်အလုပ် ဝိပဿနာအလုပ်

ကိုင်း ဒကာ,ဒကာမတွေ ကိုယ့်ခန္ဓာဖြစ်စဉ် ပဋိစ္စသမုပ္ပါဒ်နဲ့ ဝေဖန်ကြည့်လိုက်တော့ အမှန်အကန်သိသွားကြ ပြီ၊ ဒီလို အမှန်ကိုသိရတော့ ရှေးတုန်းကအမှားတွေ ပြင်ကြတော့ အမြန်ဆုံးပြင်ပြီး ဒုက္ခချုပ်တဲ့ လေးနံပါတ် ကံပြတ် အလုပ်၊ မဂ္ဂင်အလုပ် ဝိပဿနာအလုပ်ကို လုပ်ကြတော့ဆိုတာ အထူးတလည် တိုက်တွန်းလိုက်တယ်။

ဒကာ,ဒကာမတို့တတွေ ရှေးက အားကိုးမှားခဲ့ကြတယ်၊ ကံအမိ အဘဆိုပြီးတော့ အားကိုးရမလားလို့ အဖြူ ကံတွေ ကြိုးစားလာခဲ့ကြတယ်၊ လူကောင်း, နတ်ကောင်း, ဗြဟ္မာကောင်းဖြစ်ချင်တဲ့ တဏှာနဲ့အရင်းခံပြီးတော့ လုပ်လာ ခဲ့ကြတယ်၊ ရမယ်ရတော့ အကောင်းတစ်ခုမှ မပါကြဘူး၊ အလောင်းကောင် ဒုက္ခခန္ဓာပဲ အဖတ်တင်ခံရတယ်၊ လူ့ခန္ဓာ လည်း ဒုက္ခသစ္စာ၊ နတ်ခန္ဓာလည်း ဒုက္ခသစ္စာ၊ ဗြဟ္မာခန္ဓာလည်း ဒုက္ခသစ္စာပဲဆိုတော့ ကောင်းတာတစ်ခုမှ မပါကြဘူး၊ ရိပ်မိကြပလား?။

သစ္စာမသိတဲ့ အဝိဇ္ဇာက အုပ်ချုပ်ထားတော့ ဘာလုပ်လုပ် အမှန်မကျတော့ဘူး။ မသိမှု အဝိဇ္ဇာကရှိနေတော့ သင်္ခါရတွေပြုလေသမျှ အမှန်မကျလို့ ဒုက္ခအစုနဲ့ မကင်းကြဘူးဆိုတာသာ မှတ်ကြ။ အဝိဇ္ဇာ, တဏှာ, သင်္ခါရစတဲ့ သမုဒယသစ္စာနဲ့ အရင်းတည်လိုက်တော့ ဒုက္ခသစ္စာအမြတ်ပဲ ရလာကြတော့တာပဲ။ ရှင်းကြရဲ့လား?။ ဒါကြောင့် ဒီကနေ့ အမှန်သိရရင် အမြန်ပြင်ရမယ်ဆိုတဲ့ အဓိပ္ပာယ်ပေါ်ကြပလား?။

ဒါကြောင့် ဒါနပဲပြုပြု၊ သီလပဲဆောက်တည် ဆောက်တည် သိမှုဝိဇ္ဇာဉာဏ် ဦးစီးပြီးလုပ်ကြပါ။ သိမှုဝိဇ္ဇာဉာဏ် ဆိုတာက ဒုက္ခသစ္စာကို သိမှုသာလိုပါတယ်၊ ဒီခန္ဓာကြီးဟာ ဒုက္ခသစ္စာပဲဆိုတာ သိကြရမယ်။ သူက အမြဲတမ်း အိုရက်, နာရက်နဲ့ သေမယ့်ဘက်ကို ဒိုင်းဒိုင်းပြေးနေတယ်၊ အိုဘေးနဲ့လည်းနှိပ်စက်၊ နာဘေးနဲ့လည်း နှိပ်စက်၊ သေဘေးနဲ့လည်း နှိပ်စက်ဦးမယ်၊ ကောင်းတာ, နှစ်သက်စရာ အသုံးကျတာဆိုလို့ တစ်ခုမှမပါပါဘူး။

ဒီဒုက္ခသစ္စာ ခန္ဓာကြီးကို ရွံ့လို့၊ မုန်းလို့၊ မလိုချင်လို့၊

အဲဒီလို ဉာဏ်နဲ့ကြည့်ပြီး ဒီဒုက္ခသစ္စာ ခန္ဓာကြီးကို ရွံ့လို့၊ မုန်းလို့၊ မလိုချင်လို့၊ ကြောက်လွန်းလို့ ဒီဒုက္ခကြီးမှ လွတ်လိုကျွတ်လိုလို့ ဤဒါနကိုပြုပါတယ်၊ ဤသီလကိုကျင့်သုံးပါတယ်၊ ဤဘာဝနာအလုပ်ကို အားထုတ်ပါတယ်ဆိုတဲ့ စိတ်နဲ့ဉာဏ်နဲ့ လုပ်ကြရမယ်။ အဲဒါမှ ဝိဝဋ္ဋဆိုတဲ့ ကံဖြတ်လေးနံပါတ် ဝိပဿနာကံဖြစ်လာတယ်။ သူကမှ ဒုက္ခအစုကို ချုပ်စေနိုင်တယ်။ ဘုံဘဝတောင့်တတဲ့ သမုဒယကိုလည်း ဖြတ်တယ်၊ ကျေနပ်ပလား?။

ဘုန်းကြီးတို့ ဒကာ,ဒကာမတွေ လုပ်တတ်ကြပလား?၊ သူက ကံသုံးကံကိုဖြတ်ပြီး နိဗ္ဗာန်ကို အာရုံပြုတဲ့ကံပဲ၊ နှလုံးသွင်းတဲ့အခါတော့ ဝိပဿနာမဂ်က စပေးရတယ်။ အလုပ်ဝါရင့်လာတော့ ဝိပဿနာမဂ်က လောကုတ္တရာမဂ်ကို အနန္တရပစ္စည်းနဲ့ ကျေးဇူးပြုမယ်၊ အဲဒါ သံယုတ်အဋ္ဌကထာမှာ လာတဲ့စကား အဓိပ္ပာယ်ပဲဆိုတာ မှတ်ကြ။ သဘော ပါပလား?၊ ဒကာ,ဒကာမတို့ အလုပ်မလုပ်ဘဲတော့ မပြီးနိုင်ဘူး၊ ဘာဝေတဗ္ဗကိစ္စတဲ့၊ မိမိခန္ဓာမှာ ပွားများမှုအလုပ်ကို လုပ်ကြရမယ်ဆိုတာ ဆုံးဖြတ်ချက်ချ။

ဒကာ,ဒကာမတို့ တစ်နေ့က ပြောခဲ့တဲ့စကားမှာ သံယုတ်ပါဠိတော် ဝါသိဇဋသုတ်လာ အဓိပ္ပာယ်ကို ထည့် ပြောခဲ့ပြီးပြီ၊ ကြက်မ,ဥပမာကဲ့သို့ သဘောထားပြီး အလုပ်သုံးလုပ်, လုပ်ရသလို ခန္ဓာထဲမှာ သတိကပ်ထားရမယ်၊ မပျံ့မလွင့်အောင် ဝီရိယစိုက်ရမယ်၊ ရုပ်နာမ်အဖြစ်အပျက်ကို အမှန်အကန်မြင်အောင် ပညာနဲ့ကြည့်ပေးရမယ်၊ အဲဒီ သုံးလုပ်နဲ့ အလုပ်လုပ်ကြရမယ်၊ သဘောပါကြရဲ့လား?။

ကိုင်း ဒကာ,ဒကာမတွေ ဒီအလုပ်ကို တစ်နံပါတ်ထားပြီး အရေးတကြီးလုပ်ကြပါ၊ ဖြည်းဖြည်းမှ လုပ်မယ် ဆိုပြီး နှစ်ထဲမှာသွားထားမိရင် ကိုယ်ကျိုးနည်းကြပေါ့လို့သာ ဆုံးဖြတ်လိုက်ကြ၊ ရိပ်မိကြပလား?၊ ဖြစ်ပျက်ကိုမြင်ဖို့ အလွန်အရေးကြီးပါတယ်၊ ဖြစ်ပျက်မြင်တဲ့ ဉာဏ်ကိုရမှသာ အားကိုးရာအစစ်ကို ရကြမယ်။ ဘုရားနဲ့တွေ့ရလည်းပဲ ဖြစ်ပျက်မှ မမြင်ဖူးတဲ့သူအတွက် မတတ်နိုင်ပါဘူး။ ကျေနပ်ပလား?။

အဲဒါကြောင့် ဖြစ်ပျက်မြင်တဲ့ဉာဏ်, ဝိပဿနာကံကို အားကိုးပါ၊ ဒီကံက “အကဏှအသုက္က”တဲ့၊ အမဲအဖြူ မရောတဲ့ စင်ကြယ်မြင့်မြတ်တဲ့ကံပဲ။ ဒကာ,ဒကာမတို့မှာ သံသရာကျင်လည်ခဲ့ရတဲ့ ဘဝအသင်္ချေက အမဲကံပေါင်းက လည်း အသင်္ချေနဲ့ အနန္တ၊ အဖြူကံပေါင်းကလည်း အသင်္ချေနဲ့ အနန္တ၊ အမဲအဖြူရောတဲ့ ကံပေါင်းကလည်း အသင်္ချေနဲ့ အနန္တ ပါလာကြတယ်။ ဒီကြွေးတွေကို ဘယ်လိုဆပ်ကြမလဲ?၊ ဒီအလုပ်ကိုလုပ်မှ ဒီကြွေးတွေက ကျေနိုင်ကြမယ်ဆိုတာ သိကြရမယ်။

ဒီအလုပ်ကိုမှ မလုပ်မိရင်

ဒီအလုပ်ကိုမှ မလုပ်မိရင် ခန္ဓာနဲ့ ကုန်းရုန်းပြီးသာ မကျေကျေအောင် ဆပ်ကြရမယ်၊ ကျေကုန်အောင် ဆပ် နိုင်ကြပါမလား?၊ အမဲကံက ငရဲ, တိရစ္ဆာန်, ပြိတ္တာ, အသူရကာယ်ဆိုတဲ့ အပါယ်ခန္ဓာ အမျိုးမျိုးနဲ့လှည့်ပြီး ဆပ်ကြ ရမယ်၊ အဖြူကံက ပဋိသန္ဓေ အို, နာ, သေဆိုတဲ့ လူ, နတ်, ဗြဟ္မာ ဒုက္ခခန္ဓာတွေနဲ့ လှည့်ပြီးဆပ်ရမယ်၊ အမဲအဖြူ ရောတဲ့ ကံအတွက်က ဝိနီပါတိက အသူရာတို့ ရွှေနဂါးတို့ ဆင်ဖြူတော်တို့ စတဲ့ခန္ဓာတွေနဲ့ လှည့်ပြီးဆပ်ကြရမယ်၊ ကျေနပ်နိုင်ပါဦးမလား?။ အဲဒီတော့…

အဖြူကံကလည်း ဒုက္ခသစ္စာမို့ အားကိုးမရဘူး။

အမဲကံကလည်း ဒုက္ခသစ္စာမို့ အားကိုးမရဘူး။

အမဲအဖြူရောတဲ့ကံကလည်း ဒုက္ခသစ္စာမို့ အားကိုးမရဘူး။

အမဲအဖြူမရောတဲ့ ကံကတော့ သမုဒယသစ္စာလည်းချုပ်၊ ဒုက္ခသစ္စာလည်းချုပ်လို့ သူ့ကိုပဲ အားကိုးရမယ် ဆိုတာ ပေါ်ကြပလား?။

အခုလိုအချိန်မှာ ဒီလေးနံပါတ် ကံဖြတ်အလုပ်ကို မကြိုးစားမိရင် နောက်ဆိုတာ မလွယ်ဘူး၊ သွားပြီလို့သာ မှတ်ကြပေတော့၊ ကြွေးတွေကဝိုင်းအုံပြီး အကျိုးပေးကြတော့မယ်၊ နောက်ဆက်ပြီး အမဲကံတွေက အကျိုးပေးလိုက်၊ အဖြူကံတွေက အကျိုးပေးလိုက်၊ အမဲအဖြူရောတဲ့ကံတွေက အကျိုးပေးလိုက်နဲ့ဆိုတော့ ဘယ့်နှယ်နေကြမလဲ?၊ နောက် ဆက် မြို့စုံ, နယ်စုံ, အရပ်စုံလှည့်ပြီး ရုပ်စုံကကြဖို့ပဲ ရှိတယ်လို့သာ ဆုံးဖြတ်ချက်ချကြ၊ ကျေနပ်ပလား?။

ဒီကံတွေက မကုန်နိုင်ကြဘူး၊ သံသရာရှည်သလောက် အလွန်တရာ များပြားပါတယ်၊ ဒီကြားထဲမှာ ဒကာ, ဒကာမတွေက ထပ်ပြီး ဆည်းပူးလိုက်ကြ၊ ကုန်ခါနီးပြန်တော့လည်း အစားထိုးလိုက်ကြနဲ့မို့ ကုန်နိုင်ဖို့ လမ်းမမြင်တော့ဘူး၊ ရှေ့ကံက ကုန်မယ့်ကြံရင် နောက်ကံကထပ်ဖြည့်ပေး၊ အဲဒီလိုနဲ့ သာသနာတွင်း မကြုံသမျှ မပြတ်တော့ဘူးဆိုတာ မှတ်လိုက်ကြ၊ ဒကာ,ဒကာမတို့ သုံးဆယ့်တစ်ဘုံမှာ အရှက်တကွဲအကျိုးနည်းတွေလည်း စုံခဲ့ကြပြီ၊ ဆင်, မြင်း, ကျွဲ, နွား, ခွေး, ဝက်, ကြက်, ငှက်စတဲ့ အဖြစ်မျိုးတွေ စုံရာက ထပ်နေကြပြီ။

ခြေရာချင်းထပ်နေကြပါပြီ

လူအရပ်ရပ်, နတ်အထွေထွေ, ဗြဟ္မာတွေမှာလည်း ခြေရာချင်းထပ်နေကြပါပြီ။ တော်လောက်တန်လောက် ရောပေါ့၊ ရိပ်မိကြရဲ့လား?၊ ဒကာ,ဒကာမတို့တတွေက အမဲကံလည်း တယ်မကြောက်ကြဘူး၊ အဖြူကံလည်း ကြိုးစား ကြတုန်း၊ အမဲအဖြူရောတဲ့ကံလည်း အလွန်ဝါသနာထုံကြတယ်၊ ဟုတ်ကြရဲ့လား?။

ဒါနထဲလည်း ရောလိုက်၊ သီလထဲလည်း ရောလိုက်၊ သမထ, ဝိပဿနာလုပ်ရာမှာတောင် အရောကလေးပါမှ ကျေနပ်ကြတယ်၊ သံဃာ့ဒါနဆွမ်းတို့ ဘာတို့ လောင်းလှူတဲ့အခါ “ငါက ဆွမ်းဘက်လောင်းမယ်၊ မင်းက ဟင်းဘက် ကလောင်းပေါ့၊ သားသမီးတွေက ဘောဇဉ်ဘက်ကလောင်းကြဟေ့၊ ဘဝရေစက် ဆုပန်ဘက်တွေမို့ အတူတူ ရေစက်ပါ အောင်လို့”ဆိုပြီး တဏှာနဲ့ ရောချလိုက်တတ်တယ်။

ဘုရားသွားတာတောင် ပန်းနှစ်စည်းပါရင် “ရော့ မင်းဖို့တစ်စည်း၊ ငါ့အတွက်တစ်စည်း”ဆိုပြီး အဖြူကံထဲ အမဲရောလိုက်ချင်တယ်၊ ကထိန်ခင်းတာကအစ “တို့ကိုယ်တော်တော့ ပါမှဖြစ်မှာ၊ တို့ကိုယ်တော်က လိုရင်း၊ ဒီပြင့် ကိုယ်တော်လည်း ပင့်တာပေါ့”ဆိုပြီး တဏှာအမဲကံကို ရောချလိုက်တယ်၊ သီလဆောက်တည်တော့လည်း ထို့အတူပဲ၊ သမထဝိပဿနာ လုပ်ရာလည်း ထိုနည်းလည်းကောင်းပဲ။ ရိပ်မိကြပလား?။

ဒကာ,ဒကာမတွေက အရောအလွန်ကြိုက်ကြတယ်၊ မရောရရင် ကျေကို မကျေနပ်နိုင်ကြဘူး၊ ဒကာ,ဒကာမ တို့အဖြစ်သနစ်တွေ, အမှားပြစ်တွေ ထုတ်ပြောရရင် ကုန်နိုင်စရာ မမြင်ပါဘူး၊ ခုနေအခါမျိုးမှာ ကိုယ့်အကြောင်း ကိုယ်သိပြီး ပြင်ကြဆင်ကြဖို့ အချိန်တော်ပြီဆိုတာ သတိပေးလိုက်တယ်။ ဒကာ,ဒကာမတို့ ဘယ်လိုပြင်ရမှာလဲ?။

အမဲကံကလည်း ဒုက္ခသစ္စာမို့ ရှောင်ကြဉ်ရမယ်။

အဖြူကံဆိုတာလည်း ဒုက္ခသစ္စာပဲမို့ ပြင်လုပ်ရမယ်။

အမဲအဖြူကံကလည်း ဒုက္ခသစ္စာပဲမို့ ပြင်ရဆင်ရမယ်။

အမဲအဖြူမရောတဲ့ ကံကတော့ သမုဒယသစ္စာကိုလည်း ဖြတ်တယ်၊ ဒုက္ခသစ္စာကိုလည်း ချုပ်စေတယ်၊ ဒါကြောင့် သူ့ကို အားကိုးအားထားလုပ်ပြီး ကြိုးစားအားထုတ်ရမယ်ဆိုတာ ဆုံးဖြတ်ချက်ချကြ၊ သဘောပါကြရဲ့လား?။

ဘုန်းကြီးတို့ ဒကာ,ဒကာမတွေ ဒီကံလေးမျိုးရဲ့ သဘောသွားအဓိပ္ပာယ်ကို ဘုရားရှင်ကိုယ်တော်မြတ်ကြီးက ပုဏ္ဏနဲ့ သေနိယတို့ကို ဟောပြတော်မူလိုက်ပါတယ်ဆိုတာ ရိပ်မိကြပလား?၊ ဒီလိုအယူမျိုးတွေက ခုထိအောင် တချို့ အရပ်တွေမှာ ရှိနေကြသေးတယ်၊ သူတို့စိတ်ထဲမှာ “လူဖြစ်ရတာ အကုသိုလ်များတယ်၊ ခွေးလို နွားလိုကျင့်နေရင် အကုသိုလ်မှုနည်းလေရဲ့၊ ဒီလိုကျင့်ရင် သုဂတိ, နိဗ္ဗာန်ကိုရောက်ကောင်းရဲ့”ဆိုပြီး ကျင့်မှားနေကြတာတွေပဲ။

ဆရာကောင်းသမားကောင်း ကြုံရဖို့ဆိုတာ မလွယ်ပါလား

သူတို့ရဲ့ ဆရာသမားတွေက ဒီလိုဟောပြလို့ ဒီအတိုင်း အမှားကျင့်ကိုကျင့်နေကြတာတွေလည်း ဒုနဲ့ဒေးပဲ ရှိနေကြသေးတယ်၊ ဒီလိုဆိုတော့ ဒကာ,ဒကာမတို့ သံသရာ့ခရီးသွားတွေအဖို့ရာ လမ်းမှန်ရဖို့ ဆရာကောင်းသမား ကောင်း ကြုံရဖို့ဆိုတာ မလွယ်ပါလား?ဆိုတဲ့ အဓိပ္ပာယ်ပေါ်ကြပါပြီ။

အဲဒီလို ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ပုဏ္ဏနဲ့ သေနိယတို့ကို ကံလေးမျိုးနဲ့ဝေဖန်ပြီး ဟောပြလိုက်တော့ ပုဏ္ဏက သရဏဂုံတည်သွားတယ်၊ သေနိယကတော့ “တပည့်တော် ဒီလိုဆိုရင် ကံပြတ်ချင်ပါပြီ ဘုရား၊ သာသနာ့ဝန်ထမ်း အဖြစ် ခွင့်ပေးတော်မူပါ၊” အဲဒီလိုလျှောက်တောင်းပန်တော့ ဘုရားရှင်က “မင်းတို့က တိတ္ထိဂိုဏ်းသားတစ်ဦး ဖြစ်နေ တယ်၊ ရုတ်တရက် ခွင့်မပြုနိုင်သေးဘူး၊ ဝတ်စောင့်ရဦးမယ်”လို့ အမိန့်ရှိပြန်တော့ သူကတိရတဲ့အတိုင်း နောက်မကြာခင် မှာ သင်္ကန်းဝတ်ပေးလိုက်ပါတယ်။

အဲဒီလိုနဲ့ သေနိယကို သင်္ကန်းဝတ်ပေးပြီး ကံဖြတ်အလုပ်လည်း သင်ပြပေးလိုက်ပါတယ်ဆိုတာ မှတ်ကြရမယ်။ ဘုရားရှင်က “မင်းရဲ့ခန္ဓာထဲမှာ ဉာဏ်နဲ့ကြည့်၊ ခန္ဓာထဲမှာ ဝေဒနာသုံးမျိုး, တစ်မျိုးမဟုတ် တစ်မျိုးဆိုသလို လှည့်ပြီး ပေါ်နေတာကို တွေ့လိမ့်မယ်၊ သုခဝေဒနာ, ဒုက္ခဝေဒနာ, ဥပေက္ခာဝေဒနာလို့ သုံးမျိုးပဲ။ အဲဒီသုံးမျိုးထဲက ပေါ်ရာ တစ်ခုကို ဖြစ်ပျက်ရှုပေး၊ ပေါ်လာပြီး ပျက်ပျက်သွားတာကို ဉာဏ်နဲ့မြင်အောင်ကြည့်ပေးရမယ်”လို့ အဲဒီလို အလုပ် သင်ပေးလိုက်တော့ သေနိယဟာ ဒီအတိုင်းရှုလို့ မကြာခင်မှာပဲ ရဟန္တာဖြစ်သွားတယ်ဆိုတာ မှတ်ကြရမယ်၊ ရှင်းပလား?။

ဘုန်းကြီးတို့ ဒကာ,ဒကာမတွေ သက်သေခံ လုံလောက်ကြပြီလား?၊ ငါတို့က သူတို့လောက် မဆိုးသေးဘူး ဆိုပြီး အားတက်သရောနဲ့ ကြိုးစားကြဖို့ကောင်းပါတယ်။ ခန္ဓာထဲမှာ ဉာဏ်နဲ့ကြည့်ပေးကြ။ ရုပ်ကိုကြည့်ကြည့်၊ စိတ် ကြည့်ချင်ကြည့်၊ ဝေဒနာပဲကြည့်ကြည့်၊ တစ်ခုကို ဖြစ်ပျက်မြင်အောင်ကြည့်ပေးကြ၊ ပေါ်လာလိုက် ပျောက်သွားလိုက်၊ ဖြစ်လာလိုက်, ပျက်သွားလိုက်နဲ့နေတာကို တွေ့ရမယ်။ ရှင်းကြရဲ့လား?။

ဖြစ်ပျက်မြင်ရင် တိဟိတ်ပဲ

ဒကာ,ဒကာမတို့ ကြိုးစားပြီးကြည့်ပေးကြ၊ ဖြစ်ပျက်ကိုမြင်ရင် မညံ့တော့ပါဘူး၊ ဖြစ်ပျက်မြင်ရင် တိဟိတ်ပဲ၊ ဒီဘဝမှာ အနှေးအမြန်ဆိုသလို မဂ်ကိုရတော့မှာပဲဆိုတာ မှတ်ကြ။ ကိလေသာထုက ထူလှလို့ တကယ်လို့ ဒီဘဝမှာ မဂ်ကိုမရနိုင်ခဲ့သေးရင် ဒုတိယဘဝမှာ သေချာပါတယ်။ ဒကာ,ဒကာမတို့ အင်္ဂုတ္ထိုရ်ပါဠိတော်မှာ-

”ဒီဘဝမှာ ရုပ်နာမ်ဖြစ်ပျက်တာကို ကောင်းကောင်းမြင်ပြီး သေသွားခဲ့ရရင် ဒုတိယဘဝမှာ မဂ်ကို ဧကန် ရနိုင်တယ်”လို့ ဟောတော်မူထားတာ ရှိပါတယ်။ ဒါကြောင့် အားတက်ပြီး ကြိုးစားရှုကြ။ ဝေဒနာကိုပဲဖြစ်ဖြစ်၊ စိတ် ကိုပဲဖြစ်ဖြစ်၊ ရုပ်ပဲဖြစ်ဖြစ်၊ ကိုယ့်ဉာဏ်အားသန်ရာ တစ်ခုခုကို စွဲမြဲပြီး ဒုက္ခသစ္စာအချက်၊ ဖြစ်ပျက်မြင်အောင်ရှုပေး ကြ၊ ရှုတတ်ကြပလား?။

ဖြစ်ပျက်တွေ ပထမတော့ ကျဲချင်ကျဲနေမယ်၊ မြင်ရင်မညံ့တော့ဘူး၊ ကြိုးစားပြီး ဆက်သာရှု၊ နည်းချင်နည်း ကျဲချင်ကျဲ ဆက်ရှုရင် အများမြင်လာမယ်၊ ကျဲရာကနေ စိပ်လာမယ်၊ ဒီနည်းအတိုင်း အမြင်များပြီး နောက်မုန်းလာမယ်၊ မုန်းလာတာကို ဆက်ရှု၊ ဒီအတိုင်းသာ ဆက်ရှုသွားရင် တစ်ချက်ချက်မှာ ဖြစ်ပျက်တွေ ဆုံးသွားတော့တာပဲ။ ဖြစ်ပျက် ဆုံးရင် ရုပ်စုံကတဲ့ဇာတ်လည်း သိမ်းပြီလို့သာမှတ်ကြ။

ဒကာ,ဒကာမတို့ သေနိယတို့ကို ဒီလိုဟောလိုက်တော့ ရဟန္တာဖြစ်သွားတယ်၊ ဒီအလုပ်လုပ်, ဖြစ်ပျက်တွေ မြင်, ဖြစ်ပျက်တွေမုန်းပြီး, ဖြစ်ပျက်တွေ ဆုံးသွားလို့ ရဟန္တာဖြစ်သွားတယ်ဆိုတာ မှတ်ကြ။ ဒကာ,ဒကာမတွေ ကျေနပ် ကြပလား?၊ ကိုင်း, အဲဒီတော့ ဒီနေရာမှာ-

၁။ ရုပ်နာမ်ဖြစ်ပျက်တွေက… ဒုက္ခသစ္စာ။

၂။ အထက်က ကံသုံးကံဖြတ်တာက… သမုဒယသေတာ။

၃။ နောက်ဒုက္ခတွေရုပ်သိမ်းတာက… နိရောဓပေါ်လာတာ။

၄။ ကံသုံးကံဖြတ်တဲ့ ဉာဏက… မဂ္ဂသစ္စာ။

ကိုင်း… ယနေ့ ဒီတွင်ပဲ တော်ကြဦးစို့။

**********