မဂ္ဂင်ကျင့်မြတ် ကံကြွေးဆပ် ဆရားတော်
ကံလေးမျိုး
၁။ အမည်းကံ။
၂။ အဖြူကံ။
၃။ အမည်းအဖြူရောသောကံ။
၄။ အမည်းအဖြူမရောသောကံ။
ဆောင်ပုဒ်
ကံသာမိဘ၊ ကိုးစားကြ၊ ရှေးက စဉ်အလာ။
ကြိုးစားအားထုတ်၊ ကံအလုပ်၊ အဟုတ်ထင်မိရှာ။
ကံအကြောင်းရှိ၊ နောက်ဇာတိ၊ ဗျာဓိ, မရဏာ။
ကံအကြောင်းခံ၊ ဇာတိမှန်၊ ထပ်ပြန် အိုသေနာ။
ဤနည်းလှည့်ပတ်၊ ဒုက္ခထပ်၊ မပြတ်ဘယ်သံသာ။
အားကိုးမှန်ပြင်၊ ဉာဏ်လမ်းဝင်၊ မဂ္ဂင်အားထုတ်ရာ။
မဂ္ဂင်အားထုတ်၊ ကံမျိုးပြုတ်၊ ကင်းချုပ်ဇာတိပါ။
သတိချပ်
ဒုက္ကရစရိယာ၊ ခြောက်နှစ်ကြာ၊ မဂ္ဂါလမ်းမပွင့်။
ကိုယ့်ကိုညှဉ်းဆဲ၊ လွန်ဆင်းရဲ၊ လမ်းလွဲချိန်နှောင်းဖင့်။
ကာမသုခံ၊ နုယောဂံ၊ မြုပ်ရန်လမ်းမသင့်။
အလယ်လမ်းကျ၊ မဇ္ဈိမ၊ ကျင့်မှ ရလွယ်လင့်။
ရှင်တော်ဗုဒ္ဓံ၊ ဝန်တာခံ၊ မိန့်သံမြှော်ထောက်ချင့်။
အစွန်းနှစ်သွယ်၊ လမ်းမှားပယ်၊ အလွယ်အားထုတ်သင့်။
နာဘေးမလာ၊ ခုချိန်ခါ၊ လျှင်စွာ မဂ္ဂင်ကျင့်။
ခန္ဓာ့လမ်းစဉ်၊ မသိလျှင်၊ နောင်တွင် ပူဘေးဆင့်။
တရားသား
ကံလေးမျိုးကို ဟောလိမ့်မယ်
ဘုန်းကြီးတို့ ဒကာ,ဒကာမတွေ ဒီကနေ့ ကံလေးမျိုးကို ဟောလိမ့်မယ်လို့မှတ်ကြ။ ဒီကနေ့ဟောမယ့် တရား မှာ ကံလေးမျိုးကိုလည်း သိကြရမယ်၊ နောက်တစ်ချက်က ဝိပဿနာအလုပ်ကို အားထုတ်သူတွေအတွက် အထူးသိမှတ် ထားကြဖို့ အချက်ကိုလည်း သတိပြုဖို့လိုအပ်တဲ့အကြောင်း သိကြရမယ်။
ဝိပဿနာ အားထုတ်သူများဟာ အလွန်အပင်ပန်းခံပြီး ကြိုးစားအားထုတ်ပြန်လည်း မရနိုင်ဘူးဆိုတဲ့အကြောင်း ကို ဘုရားကိုယ်တော်မြတ်ကြီးက အတိအလင်း ဟောထားခဲ့တယ်ဆိုတာ သေသေချာချာ မှတ်ထားကြရမယ်။
ဘုရားရှင်က “ငါဟာကွာတဲ့ တောထွက်ပြီး ခြောက်နှစ်ပတ်လုံး ဒုက္ကရစရိယာအကျင့် အလွန်ခဲယဉ်းတဲ့အကျင့် ကို တပင်တပန်းခံပြီး ကျင့်ခဲ့တယ်၊ အဲဒီလို ခြောက်နှစ်လုံးလုံး အပင်ပန်းဆုံးကြိုးစားပြီး ကျင့်ခဲ့ပေမယ့် မဂ်ဖိုလ်ကို မရနိုင်ခဲ့ဘူး”တဲ့။
ဒီနောက် “အလယ်အလတ်အကျင့်ဖြစ်တဲ့ မဇ္ဈိမလမ်းကိုလိုက်မှ အဲဒီအကျင့်နဲ့မှ မဂ်ဖိုလ်ကိုရခဲ့တယ်”ဆိုတဲ့ အကြောင်း ဘုရားဖြစ်တော်မူမှ ပြန်ပြီးဟောလို့ သိကြရတယ်ဆိုတာ မှတ်လိုက်ကြ၊ သဘောပါကြပလား။
အဲဒီတော့ ဘုန်းကြီးတို့ ဒကာ,ဒကာမတွေ အရိုးစွဲမှတ်ထားဖို့က “မဇ္ဈိမပဋိပဒါ”ဆိုတဲ့ အလယ်အလတ်ဖြစ်တဲ့ မဂ္ဂင်အကျင့်နဲ့ အားထုတ်ကြရမယ်ဆိုတဲ့ အချက်ပဲဆိုတာ ဆုံးဖြတ်ချက်ချကြ။ တရားအားထုတ်တဲ့အခါမှာ အလွန်အမင်း ခန္ဓာကိုယ်ကို အပင်ပန်းအဆင်းရဲခံပြီး အားထုတ်နေဖို့ မလိုဘူးဆိုတဲ့အဓိပ္ပာယ်ကို သိကြရမယ်။
မဇ္ဈိမပဋိပဒါ အလယ်လမ်းကျဖို့ လိုတယ်
အခု ဒကာ,ဒကာမတွေ ဝိပဿနာအားထုတ်တဲ့အခါမှာ မဇ္ဈိမပဋိပဒါ အလယ်လမ်းကျဖို့ လိုတယ်ဆိုတဲ့ အဓိပ္ပာယ်ကို ရိပ်မိကြပြီ။ အဲဒီလိုရိပ်မိပြီးတော့ တရားကိုကော ဘယ်အချိန်မှာ အားထုတ်ရမှာလဲဆိုတာ သိဖို့လိုသေး တယ်၊ တရားအားထုတ်တာ ဘယ်အချိန်မှာ အားထုတ်ရမှာလဲတဲ့။
ဘုန်းကြီးတို့ ဒကာ,ဒကာမတွေမှာ ပဋိသန္ဓေအခါတုန်းက အားမထုတ်နိုင်ခဲ့ဘူးဆိုတာ အားလုံးပဲသိပြီးသား ဖြစ်ပါတယ်။ အဲဒီတော့ အဲဒီပဋိသန္ဓေအချိန်ကို လှပ်ထားလိုက်ပေါ့။ အခု ဒကာ,ဒကာမတွေမှာ အသက်ကြီးလို့ ၄၀ အရွယ် ၅၀ ရွယ်တွေ ရောက်နေကြပြီ။ ပဋိသန္ဓေက ဒီဘက်မှာ တစ်နေ့ထက်တစ်နေ့၊ တစ်လထက်တစ်လဆိုသလို အိုအိုပြီးလာခဲ့ကြရတယ်၊ ဒါကြောင့် ဒကာ,ဒကာမတွေအားလုံးဟာ အသက်ငယ်ငယ်, အသက်ကြီးကြီး လူအိုတွေချည်းပဲ ဆိုတာ ငြင်းဖို့မရှိကြဘူး။
ဒကာ,ဒကာမတွေ သဘောပါကြရဲ့လား၊ အဲဒီလိုလူအိုတွေချည့်ပဲလို့ ဆိုပြန်တော့ အိုရာကနေပြီး ဘယ်ဘက် ကိုများ သွားနေကြရတယ်ထင်သလဲ၊ အသေမကြုံသေးခင်မှာ ‘အိုရာကနေ နာရာကို သွားနေပါတယ်”လို့ဆိုရင် မမှား ဘူး၊ ရိပ်မိကြပြီလား။
ဘုန်းကြီးတို့ ဒကာ,ဒကာမတွေမှာ အခုဆိုရင် အိုဘေးလက်ရှိနဲ့ နာဘေးကို အရောက်သွားနေကြရတယ်ဆိုတာ မှတ်ကြတော့၊ ရှင်းကြရဲ့လား၊ ဘုရားရှင်ကိုယ်တော်မြတ်ကြီးက “ဗျာဓိဓမ္မောမှိ, ဗျာဓိ အနတီတောတိ အဘိဏှံ ပစ္စ ဝေက္ခိတဗ္ဗံ”တဲ့၊ ဒီဗျာဓိဆိုတဲ့ နာဘေးကြီးကို ငါဘုရားသော်မှ မလွန်ဆန်နိုင်ပါဘူးတဲ့။ အဲဒါကြောင့် မင်းတို့သာဝက တွေလည်း ဒီနာဘေးကို ဘယ်သူမှမလွန်ဆန်နိုင်ကြဘူးဆိုတာ ဟောထားတယ်။
အဲဒီတော့ အခု ဒကာ,ဒကာမတို့တတွေဟာလည်း နာဘေးကို မုချတွေ့ကြုံရမယ်၊ အခု မရောက်သေးလို့ မတွေ့ကြရသေးဘူးဆိုရင် တစ်ချိန်မှာတွေ့ရမယ်၊ “အိပ်ရာ ဖျာကပ်”ဆိုတဲ့အဖြစ်မျိုး မုချကြုံရမယ်၊ အခု ဒကာတို့ အားလုံးဟာ နာဘေးဆီ အရောက်ပြေးနေကြရတယ်ဆိုတာ မှတ်လိုက်ကြ၊ ကျေနပ်ပလား။
အိုမှုက နာမှုသို့မရောက်မီ စပ်ကြားမှာ တရားအားထုတ်ရမယ်
ဒါဖြင့် တရားကို ဘယ်အချိန်မှာ အားထုတ်ရမှာလဲလို့ဆိုတော့ အိုဘေးနဲ့နာဘေးတို့ ကြားကာလမှာ မရအရ အားထုတ်ကြရမယ်၊ “အိုမှုက နာမှုသို့မရောက်မီ စပ်ကြားမှာ တရားအားထုတ်ရမယ်”ဆိုတဲ့စကားကို လေးလေးစားစား မှတ်သားထားကြဖို့ပဲဆိုတာ အထူးသတိပေးလိုက်ပါတယ်၊ ရှင်းကြရဲ့လား။
အခုလို အိုမှုလက်ရှိနဲ့ နေနေရတုန်း, နာမှုမရောက်ခင်အတွင်းမှာ တရားအားထုတ်ကြရမယ်ဆိုတာ ရိပ်မိကြ ပလား၊ နာမှုရောက်မှ အားထုတ်မှုတရားစစ်ကို ရှာရနိုင်ဖို့ မလွယ်တော့ဘူး၊ အတော်ခဲယဉ်းသွားပြီဆိုတာ မှတ်လိုက် ကြတော့။ ဒါကြောင့် ဒီအချိန်ကလေး နာမှုမရောက်ခင်ကလေးမှာ အမြန်အားထုတ်ကြပါဆိုတာ အထူးပဲတိုက်တွန်း လိုက်တယ်။
ဒီလိုအိုမှုနဲ့ နေရတုန်း အားထုတ်မှ၊ ဒီအချိန်ကလေးမှာမိမှ နေရာကျမယ်၊ ဒီအချိန်ကလေးမှာ လက်လွတ် သွားလို့ မထုတ်လိုက်ရရင် ကိုယ်ကျိုးနည်းပေါ့လို့သာ ဆုံးဖြတ်ချက်ချကြတော့ ဒီအချိန်မှာမလုပ်မိလို့ အိပ်ရာဖျာကပ် ဖြစ်ခါမှ လုပ်ပါတော့မယ်ဆိုလို့ဖြင့် မရနိုင်တော့ဘူး။ ဉာဏ်လေး, ကံလေး, ခန္ဓာဝန်လေးနဲ့ ဘာအရေးမှ စွမ်းဆောင် နိုင်ဖို့ မလွယ်တော့ဘူးဆိုတာ သတိပေးလိုက်ပါတယ်၊ ဒကာ,ဒကာမတွေ သဘောပါကြရဲ့လား။
ဒီလိုဆိုရင် ဖြည်းဖြည်းတော့ လုပ်ရဦးမယ်နဲ့ ပြောတတ်ကြတယ်၊ “ဖြည်းဖြည်း”မှလို့ လုပ်မနေကြနဲ့ဆိုတာ သတိပေးလိုက်တယ်၊ ဖြည်းဖြည်းမှဆိုရင် သွားပြီလို့သာမှတ်ကြတော့၊ ဒကာ,ဒကာမတွေ ဖြည်းလာတာကြာလှပြီ၊ မြန်မြန် လုပ်မှ ဖြစ်တော့မယ်လို့သာ ဆုံးဖြတ်ချက်ချလိုက်ကြ၊ ရှင်းပလား။
ခန္ဓာက ဘယ်သွားနေသလဲ
ဒကာ,ဒကာမတို့ခန္ဓာက ဘယ်သွားနေသလဲဆိုတာ စဉ်းစားကြရမယ်၊ ခန္ဓာက သူ့လမ်းစဉ်အတိုင်း မှန်မှန်သွား နေတာပဲ ရှိတယ်၊ သူက မပြောင်းလွဲဘူး၊ သူက သေရာကို အရောက်သွားနေတယ်၊ အခု မရောက်သေးလို့သာပဲ၊ ဒီကြားထဲမှာ သူက အိုရာကနေပြီး နာရာကိုသွားနေရရှာတယ်၊ အခုနေမှာ နာရာမရောက်ခဲ့သေးလို့သာပဲ။ နာရာကို ရောက်ရင် ငါးပါးမှောက်မယ်၊ သေရာကိုရောက်ရရင် ချောက်ကျဖို့သာ ပြင်ကြပေတော့၊ ရှင်းပလား။
ခန္ဓာက အိုရာကနေ နာရာကိုသွားနေတယ်၊ ဒါဟာ သူ့လမ်းစဉ်ပါပဲ၊ သူ့လမ်းစဉ်ကို ဘယ်တော့မှပြင်လို့မရ ဘူး။ အဲဒါကြောင့် နာမှုမလာခင်အတွင်းမှာ အချိန်ရနိုင်သေးတယ်၊ ဒီအချိန်ကလေးမှာမှ မလုပ်မိရင်, အားမထုတ်မိရင် ကိုယ်ကျိုးနည်းပေါ့လို့သာ ဆုံးဖြတ်ချက်ချလိုက်ကြ၊ ကျေနပ်ပလား။
ဝိပဿနာဆိုတာက ကံပြတ်တရား၊ ဒီကံပြတ်တရား ဝိပဿနာဆိုတာမျိုးဟာ သာသနာတွင်းမှသာပေါ်တဲ့ တရားမျိုး၊ တခြားအချိန်မျိုးမှာ မပေါ်နိုင်ဘူး၊ ဒီ့ပြင်အချိန်မှာ ပေါ်နိုင်ခွင့်မရှိဘူး၊ ဘုန်းကြီးတို့ ဒကာ,ဒကာမတွေမှာမှ အင်မတန်ကံထိုက်လို့၊ ကံကြီးလို့ အခုသာသနာနဲ့လည်းကြုံ၊ ဝိပဿနာအားထုတ်ခွင့်ကိုလည်း ကြုံနေကြရပြီ။
အခုလို ကြုံတောင့်ကြုံခဲ, ရတောင့်ရခဲ ရလာတဲ့အခွင့်အရေးမျိုးကိုဖြင့် လက်လွတ်မခံကြရစေနဲ့။ နောက်ထပ် ဆိုတဲ့စကားဟာ မလွယ်တော့ဘူး၊ ဒီအနေအတိုင်း သားရေးသမီးရေး စီးပွားရေးတွေနဲ့ တော်လျော်နေသွားကြရင် မကြာခင် သေမှုရောက်ရမယ်၊ သေမှုရောက်ရမှုဖြင့် လုံးဝမတတ်နိုင်ကြတော့ဘူး၊ ချောက်ကျဖို့သာ ပြင်ထားကြ။
ဒကာ,ဒကာမတို့ရဲ့ အဖြစ်သနစ်တွေ ဒီအရေးတွေကို ဘုရားက သိတော်မူမြင်တော်မူလို့ အင်မတန် သနား ကြင်နာတော်မူလွန်းလို့ လေးဆယ့်ငါးဝါအတွင်း အကြိမ်များစွာ အထပ်ထပ် မှာတော်မူခဲ့ပါတယ်။
အခုနှယ်က ဝိပဿနာအားထုတ်ကြ
”အခုနှယ်က ဝိပဿနာအားထုတ်ကြ၊ မဂ္ဂင်အလုပ်လုပ်ကြ။ သားရေး သမီးရေး စီးပွားရေးတွေနဲ့ မေ့လျော့ ပေါ့တန်ပြီး အမှတ်မဲ့မနေလိုက်ကြပါနဲ့။ သေခါနီးမှ အကြီးအကျယ် နှလုံးမသာမယာနဲ့ နောင်တကြီးစွာ မဖြစ်ကြစေနဲ့။”
အဲဒီလို အကြိမ်များစွာ သတိပေးစကား မှာကြားထားတော်မူခဲ့တယ်၊ အဲဒါ အလွန်အရေးကြီးလွန်းလို့ မှာတော် မူတာပဲဆိုတာ ဆုံးဖြတ်ချက်ချကြ။ ဆုံးဖြတ်ပြီး, အမြန်ဆုံးအားထုတ်ကြပါလို့ တိုက်တွန်းလိုက်တယ်။
ဒကာ,ဒကာမတွေ ကြပ်ကြပ်ကြီး သတိပြုကြပါ၊ ကိုယ့်ဖြစ်စဉ်က လမ်းဆိုးလမ်းကြမ်းကြီး သွားနေရတာပါ၊ ကောင်းကွက်တစ်ချက်ကမှ မပါကြဘူး။ အခု ဒီအချိန်ကနေပြီး မရဏစခန်းကို အရောက်လှမ်းနေကြရတယ်၊ မရောက် သေးလို့သာ တရားနာခွင့်၊ အားထုတ်ခွင့်ရနေကြသေးတာ၊ အဲဒီစခန်းရောက်မှဖြင့် သားသမီးပစ္စည်း ဆွေမျိုးကို အားကိုး ဖို့ဝေးလို့ ဘုရားတောင်မကယ်နိုင်၊ မယုံနိုင်တော့ဘူး၊ အားကိုးစရာဝေးပြီဆိုတာ မှတ်ကြတော့။ အဲဒီအခါမျိုးကျကာမှ “ငါတော့ အနေမှားခဲ့လို့ အသေမှားနဲ့ ကြုံရချေပေါ့”လို့ဆိုပြီး အကြီးအကျယ် နှလုံးမသာမယာနဲ့ ဘေးသင့်ပြီးသေရ မယ်၊ ရိပ်မိကြရဲ့လား။
သေခါနီးလို့ နာရီပိုင်းလောက်ပဲလိုတော့တဲ့ အချိန်အခါကျတော့ ကိုယ်ကိုယ်တိုင်ကလည်း ဧကန်မုချ သေရ တော့မှာပဲ၊ ဒီဘေးကဖြင့် မလွတ်နိုင်တော့ဘူးဆိုတာ သိနေပြီ၊ အဲဒီအခါမှာ ခြေဖျားကစပြီး သွေးကလည်း တဖြည်းဖြည်း ဆုတ်လာပြီ၊ ဆွေမျိုးသားချင်းတွေကလည်း မထင်တော့ဘူး၊ ဆေးဆရာကလည်း လက်လွှတ်သွားပြီ။ သားသမီး သား မယားစတဲ့ ရင်းနှီးသူတွေကလည်း မျက်ရေကလေးစမ်းစမ်းနဲ့ မျှော်လင့်ချက်ကုန်လို့ နှာခေါင်းတရှုပ်ရှုပ် လုပ်ကုန်ကြပြီ။
ဒီလိုအခါကျပလားဆိုမှဖြင့် ကြောက်ချွေးတွေ, ဇောချွေးတွေကထွက်, မျက်စိမျက်နှာတွေလည်းပျက်လို့ အင် မတန် ကြီးကျယ်တဲ့ ကိုယ်ဆင်းရဲ စိတ်ဆင်းရဲခြင်းနဲ့ ကြုံနေပြီ။ စုတိက တော်တော်နဲ့လည်း မချုပ်သေးဘူးတဲ့၊ မချုပ် သေးတာက သွားရမယ့်လမ်းက မသေချာသေးလို့ဘဲတဲ့။ လုပ်ခဲ့တဲ့အကုသိုလ်တွေက စုံနေလေတော့ “သူက အရင်အကျိုး ပေးမယ်၊ ငါက အရင်အကျိုးပေးမယ်”နဲ့ အာရုံနိမိတ်အမျိုးမျိုးတွေက အလုအယက်ပေါ်နေလို့ပဲတဲ့၊ ရိပ်မိကြပလား။
အနေမှားခဲ့လို့ အသေမှားနဲ့ ကြုံရချေပေါ့ကလား
အဲဒီအခါမှာ ငရဲ, တိရစ္ဆာန်, ပြိတ္တာ, အသူရကာယ်ဆိုတဲ့ နိမိတ်ဆိုးတွေက အမျိုးမျိုးပေါ်နေတော့၊ နှလုံးသွေး က ပွက်ပွက်ဆူ, အပူကြီးပူပြီး ဂယောင်ချောက်ချားနဲ့ တောင်ဆွဲမြောက်ဆွဲ ဆွဲပြီး အားကိုးအားထား ရှာတော့တယ်၊ ရှာပေမယ့် အားကိုးစရာ, အားထားစရာ အဲဒီအချိန်မှာ မရနိုင်တော့ဘူး။ ဒီအခါမှာမှ “ငါတော့ အနေမှားခဲ့လို့ အသေမှားနဲ့ ကြုံရချေပေါ့ကလား”လို့ အကြီးအကျယ် နောင်တနဲ့ အပါယ်လေးပါးကျရရှာတယ်ဆိုတာ ယုံမှားမရှိကြနဲ့။
ဒါကြောင့် ဒီလိုအဖြစ်သနစ်တွေကို ကရုဏာရှင် ကိုယ်တော်မြတ်ကြီးက “ဒီကြားထဲမှာ မဂ္ဂင်လမ်းခွဲရှာကြ၊ မဂ္ဂင်လမ်းခွဲလိုက်ကြ၊ မေ့လျော့မနေကြနဲ့”လို့ အကြိမ်ကြိမ် ဟောတော်မူခဲ့တာပဲဆိုတာ ပေါ်ကြပလား၊ ဒါကြောင့် အခုအချိန်မှာ ပေါ့တန်နေလို့ မဖြစ်တော့ဘူး၊ အမြန်ဆုံး ဒီမဂ္ဂင်လုပ်ငန်း လမ်းခွဲအလုပ်ကိုဖြင့် လုပ်မှသာဖြစ်တော့မှာ ပဲဆိုတာ ဆုံးဖြတ်ချက်ချလိုက်ကြ၊ ကျေနပ်ပလား။
ဒကာ,ဒကာမတို့ သေခါနီးမှာ ဝိညာဏ်မချုပ်နိုင်တာ ဘာလို့လဲဆိုတော့ သွားရမယ့်လမ်းက မသေချာသေးလို့ ဘဲဆိုတာ မှတ်ရမယ်။ သေချာပြီဆိုတော့ အာရုံနိမိတ်တွေ ထင်လာတယ်။ ပြိတ္တာဖြစ်ရမယ်ဆိုရင် “တောင်ကြီးတွေ, ကမ်းပါးကြီးတွေ, ချောက်ကြီးတွေ, တောကြီးတွေ, စိမ့်ကြီးမြိုင်ကြီးတွေ မြင်လာတတ်တယ်။ ငရဲဆိုရင် ငရဲမီးတွေ, ငရဲအိုးတွေ, ငရဲထိန်းတွေ, မီးတောက်မီးလျှံတွေ, ခွေးနက်ကြီးတွေ စတဲ့အာရုံတွေ ထင်လာမြင်လာတတ်တယ်။ သတ် ဖြတ်, ခုတ်ထစ်နေတာတွေလည်း မြင်ရတယ်။
လူ့ပြည်ဆိုရင်လည်း အမိဝမ်းရေတွေ လူ့ဆိုင်ရာအာရုံတွေ မြင်လာတတ်တယ်၊ နတ်ဆိုပြန်တော့ နတ်သမီး, နတ်သား ပဒေသာပင် ဥယျာဉ်ဗိမာန်စတဲ့ အာရုံနိမိတ်တွေ ထင်လာမြင်လာတတ်တယ်။ မိမိပြုထားတဲ့ ကံရဲ့နိမိတ် တွေ ပေါ်ရတာပဲ၊ ဒီပြင်တခြားက အကြောင်းမဲ့ပေါ်တာမဟုတ်ဘူး၊ မိမိပြုလုပ်ခဲ့တဲ့ ကံတရားအတိုင်း အကျိုးပေးချိန် နီးလို့ပေါ်တဲ့ အာရုံနိမိတ်တွေပဲဆိုတာ မှတ်ကြ။
သေခါနီးကျတော့ မျက်နှာညှိုးပြီ
အဲဒီအချိန်မှာ စောစောက ဝိပဿနာအလုပ်, မဂ္ဂင်အလုပ်ကလည်း လုပ်မထားမိ၊ မလုပ်မိတော့ သားခင်, သမီးခင်, ဆွေခင်, မျိုးခင်, ပစ္စည်းခင်နဲ့ ဖြတ်ဆို ဝေဒနာလာလို့ သေခါနီးကျတော့ မျက်နှာညှိုးပြီ။ အဲဒီအချိန်မှာ ဘယ်သူမှမတတ်နိုင်တော့ဘူးတဲ့၊ အာရုံနိမိတ်တွေကလည်း မကောင်းဆိုးဝါးတွေဆိုတော့ အကြီးအကျယ်ကြောက်ပြီး နှလုံးမသာမယာနဲ့ အကြီးဆုံးဒုက္ခကို ခံရရှာတယ်။
ဣန္ဒြေတွေတချို့ကလည်း ချုပ်ကုန်ပြီ၊ ဝေဒနာတွေကလည်း ပြင်းပြင်းထန်ထန် အနှိပ်စက်ခံနေရနဲ့ဆိုတော့ ပြင်ချိန်လည်းမရ၊ ပြောချိန်လည်း မရတော့ဘူး၊ အဲဒီအခါမှ “ငါတော့ အမှားကြီး မှားပါပေါ့ကလား”ဆိုတာ သိပြီ။ ဪ…အရင်တုန်းက အနေဆိုးနေခဲ့လို့ အခုအသေဆိုးဖြင့် ကြုံရပေါ့ဆိုပြီး မျက်နှာအကြီးအကျယ်ပျက်တယ်၊ မျက်နှာညှိုးတယ်၊ မျက်ရည်ပူတွေ ပေါက်ပေါက်ပြီး စီးကျတယ်။ ဘေးကလူနာစောင့်တဲ့သူတွေက မျက်ရည်တွေသုတ် ပေးကြရတယ်၊ ဘာမှတော့ မသိရှာကြဘူး၊ ဟိုလူနာက သွားရမယ့်လမ်းဆိုးကြီးကို မြင်နေရလို့တဲ့။ သဘောပါကြပလား။
ဒါကြောင့် မဟာကရုဏာတော်ရှင် ကိုယ်တော်မြတ်ကြီးက ဒကာ,ဒကာမတွေရဲ့ အကြောင်းစုံတွေ အဖြစ် သနစ်တွေကို သိတော်မူ မြင်တော်မူလို့ အင်မတန် သနားကြင်နာတော်မူလွန်းလို့ “အကြိမ်ကြိမ် အထပ်ထပ် မှာတော် မူခဲ့တာပဲ”ဆိုတာ ရိပ်မိကြပလား၊ ဘုရားနေတော်မူရတာ ၄၅ နှစ်ထဲပဲ၊ ဒီအထဲက အကြိမ်ကြိမ် မှာတော်မူတယ်ဆိုတာ သာမညအရေး မဟုတ်ပါကလား၊ အလွန်ကြီးတဲ့အရေးမို့ပဲလို့သာ ဆုံးဖြတ်ချက်ချပြီး ဘုရားစကားကို နားထောင်ကြ ရမယ်။
”ဈာယထ ဘိက္ခဝေ မာ ပမာဒတ္ထ၊
မာ ပစ္ဆာ ဝိပ္ပဋိသာရိနော အဟုဝတ္ထ။”
ဘိက္ခဝေ၊ ငါ၏ချစ်သား တပည့်များတို့။ ဈာယတ၊ သမထ, ဝိပဿနာရှုကြကွ။ မာ ပမာဒတ္ထ၊ သားရေး သမီးရေး စီးပွားရေးတွေကြောင့် မေ့လျော့ပေါ့ဆပြီး မနေလိုက်ကြပါနဲ့။
ပစ္ဆာ၊ သေရာညောင်စောင်း လျောင်းစက်ရာ နောင်အခါကာလကျမှ။ ဝိပ္ပဋိသာရိနော၊ ဪ…ငါ အနေ မှားခဲ့မိလို့ အသေမှားနဲ့ ကြုံရပါပေါ့ကလား၊ ဒုက္ခကြီးလှလှ ရောက်ရပါပေါ့ကလားလို့ နှလုံးမသာမယာဖြင်း ရှိကြကုန် သည်။ မာ အဟုဝတ္ထ၊ မဖြစ်ကြပါစေလင့်။
(၁၇၉၂)ကြိမ်တိုင်တိုင်မှာတော်မူ
အဲဒီလို မှာတော်မူခဲ့ပါတယ်။ ဒါဟာ ဘုန်းကြီးကမှာတာ မဟုတ်ပါဘူး၊ ဘုရားက မှာတော်မူခဲ့တာ။ ဘုရား စကားတော်မို့ လေးလေးစားစားနဲ့ လိုက်နာသင့်တယ်ဆိုတာ ဆုံးဖြတ်ချက်ချကြ။ အင်မတန်ကြီးတဲ့အရေးမို့ အကြိမ်ကြိမ် မှာတော်မူခဲ့တာပဲ၊ ၄၅ ဝါအတွင်းမှာ ခုနစ်ရက်တစ်ကြိမ်ကျလောက် မှာတော်မူခဲ့ပါတယ်၊ မှာတော်မူခဲ့တဲ့ အကြိမ်ပေါင်း က ထောင့်ခုနစ်ရာ ကိုးဆယ့်နှစ်ကြိမ်တိုင်တိုင်ဆိုတော့ ဘယ်လောက်ကြီးတဲ့ အရေးလဲဆိုတာ စဉ်းစားကြည့်ရင် သိနိုင် လောက်ပါတယ်။
ဒါကြောင့် ဒီပြင်အရေးအရာတွေ ခေတ္တခဏလောက် ချထားပြီး ဒီဝိပဿနာ မဂ္ဂင်အလုပ်ကို ရှေ့ထားပြီး လေးလေးစားစားနဲ့ အမြန်ဆုံးလုပ်သင့်တယ်၊ လုပ်ကြပါဆိုတာ ထူးထူးခြားခြားပဲ တိုက်တွန်းလိုက်ပါတယ်။ အခုနှယ်မှ မလိုက်နာခဲ့ရင် အခုမေ့သလောက်, အခုပျော်နေသလောက်, နောက်အခါမှာ မဲ့ရမယ်ဆိုတာ ယုံမှားမရှိကြနဲ့၊ မုချ သေရတော့မယ်။
အခုအချိန်မှာ မဂ္ဂင်လမ်းခွဲအလုပ်ကိုမှ မလုပ်မိရင်, နောက်အခါ သေခါနီးမှ နောင်တကြီးစွာရကြမယ်။ အဲဒီအခါမှာ ငရဲမီးတွေ, မီးလျှံတွေ, ငရဲအိုး, ငရဲထိန်းတွေကိုမြင်, ခွေးနက်ကြီးတွေကဆွဲ, စွန်ရဲကြီးတွေ, လင်းတကြီး တွေကဝဲနဲ့ ထင်လာမြင်လာတတ်တယ်၊ အဲဒီလိုဟာတွေ မြင်ထင်လာလေတော့ အကြောအချဉ်တွေက ဆတ်ခနဲ ဆတ် ခနဲ ဆွဲလာကြတော့တယ်၊ အဲဒီလိုအခါကျမှဆိုရင် လမ်းခွဲမရှိတော့ဘူး၊ ဒီအဖြစ်မျိုးဟာ ကြုံရမြဲဓမ္မတာပဲ၊ ရိပ်မိကြ ပလား။
ဥပမာဆိုရင် တရားသူကြီးက ဒီဂရီချတော့မယ့် အချိန်ပိုင်းကလေးလောက်ပဲ ကျန်တော့တယ်၊ အင်မတန် နီးကပ်နေပြီမို့ မတတ်နိုင်တော့ဘူးဆိုတာ မှတ်လိုက်ကြ။ ဒါကြောင့် ကရုဏာရှင်ကိုယ်တော်ကြီးက “ဝိပ္ပဋိသာရိနော၊ အချိန်ရှိတုန်းက ငါအနေမှားခဲ့မိလို့ ယခုနေအခါ အသေမှားနဲ့ ကြုံရပါပေါ့ကလားလို့ နောင်တကြီးစွာ နှလုံးမသာ မယာခြင်းသည်။ မာ အဟုဝတ္ထ၊ မဖြစ်ကြပါစေလင့်”လို့ မှာတော်မူခဲ့တာပဲဆိုတာ ပေါ်ကြပလား။
အဲဒီလိုအခါမျိုးမှာ သားသမီး၊ သားမယား ခင်တာ, မင်တာတွေလည်း အကူအညီမရဘူး၊ ပစ္စည်းတွေလည်း အားကိုးလို့မရ၊ ဆွေမျိုးဉာတကာတွေလည်း မတတ်နိုင်။ ဘယ်သူဘယ်ဝါ ဘယ်ဟာမျိုးမှ အကူအညီမရ၊ အားကိုးဖို့လည်း မရတော့ဘူး။ အိပ်ယာပေါ်မှာ ပက်လက်ကလေးနေ, မျက်ရည်စက်လက်နဲ့ စိတ်စက်လည်း မသက်သာ၊ အကြီးအကျယ် နှလုံးမသာမယာ, သောကကြီးစွာရောက်ရမယ်ဆိုတာ မှတ်ကြတော့။
အခုနှယ်က ဝိပဿနာလုပ်ထားကြရင်
ဒကာ,ဒကာမတွေ အခုနှယ်က ဝိပဿနာလုပ်ထားကြရင်ဖြင့် ဒီလိုအဖြစ်ဆိုးမျိုးကို မကြုံရပါဘူးဆိုတာ အထူး သတိပေးလိုက်ပါတယ်။
ဘုရားကိုယ်တော်မြတ်ကြီးက ဒကာ,ဒကာမတို့ နှစ်ခွန်းမပြောပါဘူး။ တစ်ခွန်းတည်းနဲ့ အမှန်ပြောတဲ့ပုဂ္ဂိုလ် ကြီးပါ။ ဟိုကြွရ,ဒီကြွရ၊ ဟိုသူ့ချွတ်ရ, ဒီသူ့ကယ်ရနဲ့ ကိုယ်တော်ကြီးမှာ များများပြောချိန် မရဘူး။ ဒါကြောင့် အထူး တလည် မှာတော်မူခဲ့တာမို့ အထူးဂရုစိုက်ပြီး လိုက်နာသင့်တယ်ဆိုတာ ဆုံးဖြတ်ချက်ချကြ။
အချိန်ဆွဲပြီး လှည့်စားမနေကြနဲ့တော့၊ ကိုယ့်ကိုယ်ကိုယ်လည်း မလှည့်စားနဲ့၊ ဘုရားကိုလည်း မလှည့်စားကြနဲ့၊ လှည့်စားနေလို့ မဖြစ်တော့ဘူး၊ အချိန်က သိပ်မကျန်တော့ဘူး၊ လှည့်စားနေရင် ကိုယ်သာနစ်နာဖို့ရှိတယ်ဆိုတာ မှတ်လိုက်ကြ။
ဒါကြောင့် အခု အချိန်ကလေးရှိတုန်းမှာ ပြင်ကြ, ဆင်ကြတော့ အိုမှုက နာမှုကို မရောက်ခင်ကလေးအတွင်းမှာ ဝိပဿနာတရား လုပ်ဖြစ်အောင်လုပ်လိုက်ပါဆိုတာ တိုက်တွန်းလိုက်တယ်။
အခု ပေါ့တန်နေရင် သေခါနီးမှာ အကြီးအကျယ် ဒုက္ခကြုံရမယ်။ မျက်လုံးကတော့ မမြင်တော့ဘူး၊ ဒါပေမဲ့ ငရဲနိမိတ်တွေ, ပြိတ္တာနိမိတ်တွေကို ဝမ်းထဲကမြင်နေရတယ်။ ခွေးနက်ကြီးက ကိုက်ဆွဲလိုက်သလိုလို ငရဲထိန်းတွေက ဖမ်းကိုင်လိုက်သလိုလို ကိုယ့်မနောထဲမှာ မြင်နေရတယ်၊ အဲဒီအချိန်မျိုးရောက်မှ ငါတော့မှားပေါ့ဆိုလို့ မရဘူး။ ဒါကြောင့် ရမယ်မရှာနဲ့တော့။ အခု အမြန်ဆုံးလုပ်ကြပါဆိုတာ ပြောလိုက်ပါတယ်။ ကျေနပ်ကြပလား။
ဘုန်းကြီးတို့ ဒကာ,ဒကာမတွေ ဟိုအရေး ဒီအရေးတွေနဲ့ အချိန်မကုန်ကြစေနဲ့၊ မဟုတ်တာတွေနဲ့ အချိန်ဖြုန်း နေရင် ဒုက္ခလှလှကြီးကြုံရမယ်၊ သားရေး, သမီးရေး, စီးပွားရေးတွေဆိုတာ အရေးမကြီးပါဘူး၊ ဒီထက်ကြီးတဲ့အရေးက သေခါနီးမှာ ကြုံရမယ်၊ ရိပ်မိကြရဲ့လား၊ သေပြီးတဲ့နောက်, ရောက်ရာဘဝမှာ တစ်ခါတည်း တန်းဖြစ်ရတာပဲ၊ ကယ်ချိန် ယူချိန်မရဘူး၊ ရှင်းကြရဲ့လား။
ဝိညာဏ်ချုပ်တော့ မဲ့ပြီးချုပ်သွားရရှာတယ်
သားသမီး, သားမယားကလည်း မကယ်နိုင်၊ ပစ္စည်းတွေကလည်း မကယ်နိုင်။ အခု ဒကာ,ဒကာမတွေ လုပ် နေသမျှတွေဟာ ပင်ပန်းကျိုးမနပ်ပါဘူး၊ အဲဒီအချိန်မျိုးမှာ သူတို့က အကူအညီမပေးနိုင်ကြတော့ဘူး၊ ကယ်သူဆယ်သူ ဝေးပြီး ဝိညာဏ်ချုပ်တော့ မဲ့ပြီးချုပ်သွားရရှာတယ်၊ အဲဒီအခါမှာ အလောင်းကောင်က မသက်မသာချုပ်ရတဲ့အတွက် မဲ့ပြီးနေတယ်၊ မဲ့ရုပ်ကျန်နေခဲ့တယ်၊ ကျေနပ်ပလား။
”ကမ္မံ ဝိပါကဿ ကမ္မပစ္စယေန ပစ္စယော”လို့ ဆိုတဲ့အတိုင်း ခဲပစ်တဲ့ဥပမာအတိုင်းပဲ ကံကပစ်ချတဲ့အတိုင်း အကျိုးခန္ဓာ သွားပေါ်ရတယ်။ ခဲကိုကိုင်ပြီးပစ်လိုက်တဲ့ လက်မပါပေမယ့် ခဲအရှိန်၏က ပြေးသွားရသလို ကံအရှိန်အဟုန် ရှိသလောက် အကျိုးခန္ဓာ သွားပေါ်ရတယ်ဆိုတာ မှတ်ကြ။ ရှင်းကြရဲ့လား။
ဒကာ,ဒကာမတွေက အေးစက်စက်နဲ့ ပေါ့ပေါ့ကလေးများ အောက်မေ့နေကြတယ်၊ ဒကာတို့အေးသလောက် ဘေးကမြင်ရတဲ့သူကတော့ မအေးဘူး၊ အင်မတန် စိုးရိမ်နေမိတယ်၊ ဒါကြောင့် ဒီလောက်တောင် ထပ်မနားဘဲ လေး လေးစားစားနဲ့ အများကြီးတိုက်တွန်းနေတယ်, ပြောဆိုနေတယ်ဆိုတာ မှတ်လိုက်ကြပါ။
ဘုန်းကြီးတို့ ဒကာ,ဒကာမတွေအားလုံးဟာ အိုမှုလက်ရှိနဲ့ နာမှုဆီကို အရောက်သွားနေကြရတယ်၊ အိုမှုက နာမှုဆီကိုမသွားဖို့လည်း မတတ်နိုင်ကြဘူး၊ နောက်ပြီး နာမှုပြီးပြန်တော့ သေမှုလာမှာက မုချပဲ၊ ဘယ်သူမှ မတားနိုင်, မဆီးနိုင်ကြဘူး၊ ဒါက ခန္ဓာလမ်းစဉ်ပဲ၊ ဒီတော့ကာ အခုနေအခါမှာ သားသမီးလှည့်စားလို့လည်း အေးမနေလိုက်ပါနဲ့ ဆိုတာ ကြပ်ကြပ်သတိပေးလိုက်တယ်။
ဒကာတို့တတွေက သူများအတွက်ပဲ ခက်နေတတ်ကြတယ်၊ သူများအတွက်နဲ့ ခက်မနေကြစေနဲ့၊ ခက်နေတာက ကိုယ့်သမုဒယက ခက်နေတာ၊ ကိုယ့်တဏှာက ခက်နေတာပဲဆိုတာ ရိပ်မိကြ။ ဒကာ,ဒကာမတွေက လောကွတ်မကောင်း ရမှာကို လောကွတ်ကောင်းနေကြတယ်၊ ကောင်းရမှာကိုတော့ မကောင်းကြဘူး၊ သားသမီးတွေ စိတ်မချဘူးဆိုပြီး သူတို့အတွက်နဲ့ပူ၊ ပူနေပေသည့် သေသွားလည်း ဘာမှမတတ်နိုင်ပါဘူး။
သေခါနီးမှာ မကောင်းဆိုးဝါးနိမိတ် ထင်စရာကများတယ်
အဲဒီလို စိတ်မချလက်မချနဲ့သာ သေသွားရရင် သေခါနီးမှာ မကောင်းဆိုးဝါးနိမိတ် ထင်စရာကများတယ်၊ ပိုပြီးသေချာတယ်၊ သဘောပါကြပလား၊ သား, မယား, သားသမီး ပစ္စည်းတန်းလန်းမို့ ဝိပဿနာမလုပ်ဘဲ သေသွား ရရင် ချောက်ချဖို့က သေချာတယ်။ ဝိပဿနာလုပ်ပြီးသူလည်း မသေခင်မှာ သွားရာလမ်းကို မြင်ရသိရတာပဲ၊ သူကျ တော့ မမဲ့ဘူး၊ ပြုံးနေတယ်၊ သွားရာလမ်းက လမ်းကောင်းဆိုတော့ ပြုံးနေတာပေါ့၊ မလုပ်သူကတော့ မဲ့သေဘဲဆိုတာ ယုံမှားမရှိကြနဲ့။
ဝိပဿနာအားထုတ်ပြီးသူက သူ့စိတ်ထဲမှာ “ဪ…ဒုက္ခချုပ်တော့မှာပဲ၊ ဒုက္ခချုပ်ပြီး သုခရတော့မှာပဲ” လို့သိပြီး ပြုံးနေတယ်၊ အားမထုတ်သူကျတော့ ဒုက္ခချုပ်ပြီး ဒုက္ခဆက်ဖြစ်ရမှာကို ဧကန်မြင်ပြီး သိနေရတော့ ဆတ်ဆတ် တုန်ပြီး ဝိညာဏ်ချုပ်ရရှာတယ်။ အဲဒီတော့ သူကမဲ့ရွဲ့ပြီး ဝိညာဏ်ချုပ်တာမို့ မဲ့ရုပ်ကျန်နေခဲ့တယ်ဆိုတာသာ မှတ်ကြ တော့။ ဘုန်းကြီးတို့ ဒကာ,ဒကာမတွေ ပြုံးသေနဲ့ မဲ့သေ ဘယ်အသေကို ကြိုက်ကြတုန်းဆိုတာ မေးလိုက်တယ်။
ဒကာ,ဒကာမတို့တတွေ အခုနေခဲ့, ထိုင်ခဲ့သမျှတွေဟာ အရှော်ချည့်ပဲ၊ အချည်းအနှီးပဲလို့သာ မှတ်ကြပါ၊ မဂ္ဂင်လမ်းခွဲ မရသမျှ အရှော်ချည့်ပဲလို့သာ မှတ်လိုက်ကြ။ မဂ္ဂင်လမ်းခွဲရမှ အတော်ဆုံး အကောင်းဆုံးဖြစ်မယ်၊ မဂ္ဂင် လမ်းခွဲရရင် သံသရာစခန်းသတ်တဲ့အလုပ်မို့ အတော်စားဖြစ်နိုင်တယ်။ ဒါကြောင့် ကြိုးစားရမယ်။
မဂ္ဂင်လမ်းက တဖြောင့်တည်းနဲ့ ဒုက္ခချုပ်တဲ့လမ်း, ဒုက္ခချုပ်ဖို့ရာ မဂ္ဂင်လမ်းကလွဲရင် မရှိဘူးမှတ်ပါ။ ဒါကြောင့် ဒုက္ခချုပ်ဖို့ရာ မဂ္ဂင်လမ်းကလွဲရင် မရှိဘူးမှတ်ပါ။ ဒါကြောင့် ဒုက္ခကြောက်ရင် မဂ္ဂင်လမ်းခွဲကို အမြန်လိုက်ကြ။
ဒကာ,ဒကာမတွေ သဘောပါကြရဲ့လား၊ ကိုယ်တိုင်ကမှ နေရာမကျရင် ဘယ်သူ့မှ အားကိုးရာမရနိုင်ဘူး။ ကျန်တဲ့သူတွေက အလှူအတန်းပြုကြ၊ အမျှဝေကြနဲ့ လုပ်ပေမယ်လို့ မရနိုင်ဘူး၊ သူတို့က ပေးကမ်း,လှူဒါန်းကျွေးမွေး ပေမယ့် သေသူနဲ့မဆိုင်ဘူး၊ မဲ့သေမို့ မဆိုင်ဘူး၊ မဲ့သေဆိုရင် မရနိုင်ဘူးဆိုတာ မှတ်ကြတော့၊ သူက တောက်ရှောက် ပြိတ္တာဖြစ်၊ တောက်လျှောက် ငရဲကျဆိုတော့ မရဘူးလို့သာမှတ်ကြ။
ပြုံးသေဖြစ်ဖို့ ကြိုးစားကြပါ
အခုနေမှာ အချိန်ပိုင်းကလေး ကျန်သေးတယ်၊ အခု အချိန်ပိုင်းကလေး ကျန်နေသေးလို့ အချိန်မလွန်သေး ဘူး၊ ဒီအတွင်းမှာ မဂ္ဂင်လမ်းကိုဖြင့် လိုက်ဖြစ်အောင်လိုက်ကြ၊ မဂ္ဂင်လမ်းခွဲလိုက်ကြ၊ အခုအချိန်မှာ လမ်းခွဲကြ၊ ဒကာ, ဒကာမတို့အတွက် မဲ့သေမဖြစ်ဖို့၊ ပြုံးသေဖြစ်ဖို့ ကြိုးစားကြပါဆိုတာ လေးလေးစားစားပဲ တိုက်တွန်းလိုက်တယ်။
ဒကာ,ဒကာမတို့ တစ်ချိန်တစ်ခါမှာ ဝဿာကာရ ပုဏ္ဏားက ဘုရားရှင်ကိုမေးမြန်ပါတယ်၊ ပုဏ္ဏားက “အရှင် ဘုရား တပည့်တော်အထင်မှာ သေရမှာကြောက်တဲ့သူချည်းပဲလို့ ထင်ပါတယ် ဘုရား”
အဲဒီလို လျှောက်ထားမေးမြန်းတော့ ဘုရားရှင်က “အို…ပုဏ္ဏားကြီး၊ လောကမှာ သေရမှာကိုကြောက်တဲ့ သူက တစ်မျိုး၊ မကြောက်တဲ့သူက တစ်မျိုးလို့ နှစ်မျိုးရှိတယ်”လို့ ဖြေတော်မူလိုက်တယ်၊ အဲဒီစကားက “အင်္ဂုတ္တိုရ်ပါဠိ တော်”မှာ လာတဲ့စကားပဲဆိုတာ မှတ်ထားကြ။
အဓိပ္ပာယ်ကတော့ ပြုံးသေနဲ့ မဲ့သေလို့ နှစ်မျိုးရှိတယ်တဲ့၊ ပြုံးသေဆိုတာက အိုမှုက နာမှုကိုမရောက်ခင် မဂ္ဂင်လမ်းခွဲလိုက်တဲ့သူပဲတဲ့၊ မဲ့သေဆိုတာက သားရေး, သမီးရေး, စီးပွားရေး, ရပ်ရေးရွာရေးတွေနဲ့ အချိန်ကုန်ပြီး ဝိပဿနာမလုပ်မိလို့ မလုပ်ဘဲနဲ့ သေရသူပဲတဲ့။ နောက်တစ်မျိုးက ငါးပါးအာရုံကာမဂုဏ်ကို ဖြစ်ပျက်ရှုမထားလို့၊ ဒါကို ခင်မင်တွယ်တာပြီး သေရတဲ့သူပဲတဲ့။ မိမိခန္ဓာကို ခင်ပြီးသေတဲ့သူမို့ သူလည်း မဲ့သေပဲလို့ မှတ်ရမယ်။
နောက်တစ်ခုကတော့ မကောင်းတဲ့အကုသိုလ်မှုတွေကို လုပ်ထားမိလို့ အဲဒီစိုးရိမ်ကြောင့်ကြမှု, ပူပန်မှုတွေနဲ့ သေရတာမို့ သူလည်းမဲ့သေပဲလို့ ခွဲခြားပြီး ပုဏ္ဏားကို ဖြေတော်မူလိုက်တယ်။
ဒီသုံးချက်နဲ့ ညီညွတ်ရင် ပြုံးသေပဲ
အဲဒီတော့ ဘုန်းကြီးတို့ ဒကာ,ဒကာမတွေ သိထားကြဖို့က…
၁။ အကုသိုလ်လည်း မလုပ်ကြနဲ့။
၂။ မိမိခန္ဓာကိုလည်း ဖြစ်ပျက်ရှုထားကြ။
၃။ ငါ့ကိုယ်, ငါ့ဟာလို့လည်း မခင်မတွယ်နဲ့။
အဲဒီသုံးချက်နဲ့ ညီညွတ်ရင် ပြုံးသေပဲ၊ အရိယာတို့ သေမျိုးပဲဆိုတာ မှတ်ထားကြ။ ဒကာ,ဒကာမတို့ အချုပ် သဘောမှာတော့ တစ်လုံးတည်းမှတ်ပြီး “မိမိခန္ဓာမှာ ဖြစ်ပျက်ရှုထားကြ”လို့ပဲ မှာလိုက်ပါတယ်။
ဒကာ,ဒကာမတို့ မိမိခန္ဓာမှာ ဖြစ်ပျက်ရှုထားကြဖို့ရာ အလွန်ပဲ အရေးကြီးပါတယ်၊ ဖြစ်ပျက်မြင်အောင်ရှု၊ နောက် မုန်းအောင်ဆက်ရှု၊ မုန်းပြီးရင် ဆုံးအောင်ဆက်ရှု၊ ဖြစ်ပျက်ဆုံးထားရင် သေချာတယ်၊ တကယ်လို့ မဆုံးသေး တောင်မှ အာစိဏ္ဏကံနဲ့နေလည်း သေခါနီးမှာ ပြုံးပြီးသေနိုင်တယ်။
အခုနယ်က ကြိုးကြိုးစားစားနဲ့ ဖြစ်ပျက်ရှုထားရင် တကယ်လို့ မဆုံးသည့်တိုင်အောင် သေခါနီးမှာ ဆုံးသွား နိုင်တယ်။ အဲဒီလို ဝတ္ထုသာဓကတွေ ပါဠိတော်မှာလာတာ ရှိပါတယ်၊ တကယ်လို့ သေခါနီးနဲ့ ဒီဘဝမဆုံးနိုင်တောင်မှ ဒုတိယဘဝမှာ ဆုံးနိုင်တယ်ဆိုတာ လေးလေးစားစား မှတ်ယူကြပါ။
အခု ဒီဘဝဖြစ်ပျက် အရှိန်ကောင်းကောင်းနဲ့နေလို့ အရှိန်ကောင်းကောင်းနဲ့သာ သေရရင် သမဏနတ်သား ဝတ္ထုသွားလိုပဲ, ဒုတိယဘဝမှာ မဂ်ရဖို့ရာ သေချာပါတယ်။ အဲဒီတော့ ပေါ့တန်မနေဘဲနဲ့၊ အခုက သေချာအောင်လုပ်မှ ဖြစ်တော့မှာပဲလို့ ဆုံးဖြတ်ပြီး, အမြန်ဆုံးသာ လုပ်ကြပါတော့လို့ပဲ တိုက်တွန်းလိုက်တယ်။
ဒကာ,ဒကာမတို့ ဝိပဿနာအလုပ်၊ မဂ္ဂင်အလုပ်ဆိုတာ ကံဖြတ်အလုပ်ပဲ၊ ကံဖြတ်အလုပ်ဆိုတဲ့အကြောင်းကို ဝတ္ထုသွားနဲ့ထုတ်ပြီး ရှင်းလင်းပြောပါမယ်။ ဝဋ်ထဲမှာ အကျိုးပေးမယ့်ကံတွေ, အကုသိုလ်ကံတွေ, အပါယ်ကျရောက်မယ့် ကံတွေ အဲဒီကံမျိုးတွေကို သူက ဒီကံက အကုန်ဖြတ်တယ်၊ မကောင်းတာတွေကို အကုန်ဖြတ်နိုင်တယ်ဆိုတာ မှတ်ကြ ရမယ်၊ သဘောပါကြပလား။
ကံလေးမျိုး ရှင်းပြရမယ်
ဒီဝတ္ထုသွားက မဇ္ဈိမပဏ္ဏသပါဠိတော် ကုက္ကရဝတိကသုတ်မှာ လာပါတယ်၊ အဲဒီမှာ ပုဏ္ဏနဲ့ သေနိယတို့က မေးမြန်းကြလို့ ဘုရားရှင်က ကံလေးမျိုးကိုဝေဖန်ပြီး ဟောပြတဲ့အဓိပ္ပာယ်ကို ရှင်းပြရမယ်ဆိုတာ မှတ်ကြ။
အကုသိုလ်ကံတွေ, ကုသိုလ်ကံတွေအားလုံးကို ဝိပဿနာမဂ်ကံက ဖြတ်နိုင်ပါတယ်ဆိုတဲ့အကြောင်းကို သိကြ ရမယ်၊ ဒကာ,ဒကာမတို့ ဒီလိုကုသိုလ်ကံ၏, အကုသိုလ်ကံတွေကို ဝိပဿနာမဂ်ဉာဏ်က အကုန်ဖြတ်မယ်လို့ဆိုတော့ ဒကာ,ဒကာမတွေ မှားခဲ့တဲ့အပြစ်တွေ ဆေးလျှော်ပစ်မှာပဲ၊ ကိုယ့်အမှားတွေကို အကုန်ပြင်ပေးမယ်၊ အကုန်ပယ်ပေး တော့မှာပဲဆိုတာ မှတ်ကြရမယ်၊ ရိပ်မိကြရဲ့လား။
ရှေးတုန်းကတော့ ဒကာ,ဒကာမတွေက ကိုယ့်အားထားရာ အားထားရာပဲလို့ဆိုပြီး လူ့ဘဝကံတွေ ကြိုးစား အားထုတ်လို့ အခုလက်ရှိရနေကြပြီ၊ ဟုတ်ကြရဲ့မို့လား၊ အဲ အခု ကိုယ့်ကိုယ်ကိုယ် စဉ်းစားပြီး သတိထားကြည့်ကြစမ်း ပါ၊ “ငါဘယ်သွားနေရတာလဲလို့”၊ “ဪ…အိုရာကနေ နာရာကိုသွားနေတာပါလား၊ နာရာကနောက်မှာ သေရာ ရောက်ရတော့မှာပါကလား”ဆိုတာ ပေါ်ပါလိမ့်မယ်။
အဲဒီလို အိုတတ်တဲ့ခန္ဓာ, နာတတ်တဲ့ခန္ဓာ, သေတတ်တဲ့ခန္ဓာကြီးထမ်းပြီး သွားနေကြရတယ်၊ ဘယ်မှာများ ကောင်းတာပါကြသေးတုန်း၊ ကိုယ်ကတော့ မသိလို့သာ အကောင်းထင်မိနေတာပါ၊ ဒကာ,ဒကာမတို့ အိုတာကြိုက် သလား၊ နာတာကြိုက်သလား၊ နာတာကိုရော၊ သေတာကိုရော ကြိုက်သလားလို့မေးရင် ဘယ့်နှယ်ဖြေကြမလဲ၊ မကြိုက် ပါဘူး၊ ဘယ်လိုပဲ မကြိုက်ပေမယ့်လည်း အခုအချိန်မှာ ပြင်လို့မရတော့ဘူး။ မအိုချင်လည်းအိုရ၊ မနာချင်ပေမယ့် နာရ၊ မသေချင်ပေမယ့်လည်း သေရဦးမယ်။ ဒါကြောင့် ဒီကနေ့ ဒီမှားပြစ်တွေကို အကုန်ပယ်ရမယ်ဆိုတာ ဆုံးဖြတ် ချက်ချကြ။
“ပုဏ္ဏ”နဲ့“သေနိယ”
ဒကာ,ဒကာမတို့ အခုဝတ္ထုသွားကို ထုတ်ပြရမယ်၊ မြတ်စွာဘုရား ကိုယ်တော်မြတ်ကြီး ကောလိယပြည်မှာ သီတင်းသုံးနေတော်မူတဲ့အခါ ဖြစ်တယ်၊ အဲဒီအခါမှာ တစ်ယောက်က “ပုဏ္ဏ”တဲ့၊ သူက နွားလိုကျင့်တဲ့အလုပ်ကို လုပ်တယ်။ နောက်တစ်ယောက်က “သေနိယ”တဲ့၊ သူကတော့ ခွေးလိုကျင့်တဲ့အလုပ်ကို လုပ်တယ်။
သူတို့နှစ်ယောက် အယူက ဒီလို ခွေးလိုအကျင့်၊ နွားလိုအကျင့်ကျင့်ပြီး သေရရင် လူကောင်း,နတ်ကောင်း ဖြစ်မယ်ထင်လို့ ကျင့်ကြတာပဲဆိုတာ သိကြရမယ်၊ အဲဒီလိုအကျင့်မျိုးတွေက “သီလဗ္ဗတပရာမာသ”ဆိုတဲ့ မိစ္ဆာဒိဋ္ဌိ အကျင့်မျိုးတွေပဲဆိုတာ မှတ်ထားကြ။
ဒကာ,ဒကာမတွေ မှတ်မိကြပလား။ ပုဏ္ဏဆိုတဲ့သူက နွားလိုကျင့်တယ်၊ သူက သွားတဲ့အခါလည်း လေးဘက် ထောက်ပြီး နွားများလိုသွားတယ်၊ နွားများလိုတွန်တယ်၊ အစစ အမူအရာအားလုံးမှာ နွားလိုနေ, နွားလိုသွား, နွားလို အိပ်ပြီး နွားလိုပဲစားသောက်ပြီး ကျင့်ကြံနေထိုင်ပါတယ်၊ သူ့စိတ်ထဲမှာ အင်မတန်အောက်ကျ အနစ်နာခံ ခြိုးခြံပြီး ကျင့်တာမို့ အင်မတန်မွန်မြတ်တယ်လို့ ယူမှတ်ပြီး ကျင့်နေတာပဲဆိုတာ မှတ်ကြရမယ်။
ဒီနည်းအတိုင်းပဲ သေနိယဆိုတဲ့သူက ခွေးများလို ကျင့်ကြံနေထိုင်တယ်၊ သူကလည်း ခွေးများလို လေးဘက် ထောက်သွားပြီး လူနဲ့တွေ့ရင် အမြီးနှံ့သလိုလုပ်ပြ၊ လူကပစ်ကျွေးမှ လိုက်ကောက်စား၊ ခွေးတွေနဲ့တွေ့တော့ ဟောင်ပြ, အူပြနဲ့ အင်မတန်အနစ်နာခံပြီး ခွေးလိုအမူအရာ အနေအထိုင်မျိုးနဲ့ ကျင့်ကြံပြီး နေထိုင်ခဲ့တယ်တဲ့။
အဲဒီလိုကျင့်ကြံ နေထိုင်ကြတဲ့ ပုဏ္ဏနဲ့ သေနိယတို့နှစ်ယောက်ဟာ တစ်နေ့မှာတော့ ဘုရားရှင်ထံမှောက် လာရောက်မေးမြန်းကြတယ်။ အဲဒီမှာ ပုဏ္ဏကရှေ့ဆောင်ပြီး မေးလိုက်ပါတယ်။
သူသေရင် ဘယ်များရောက်ပါ့မတုန်း
”အရှင်ဘုရား ဒီသေနိယဆိုတဲ့ပုဂ္ဂိုလ်ဟာ ခွေးလိုပဲ အင်မတန် ကျင့်နိုင်ခဲ့တဲ့အကျင့်ကို သူကျင့်နေပါတယ်၊ သူသေရင် ဘယ်များရောက်ပါ့မတုန်း”
အဲဒီလို ပုဏ္ဏကမေးတော့ ဘုရားရှင်က “ဒီအကြောင်းကို မမေးပါနဲ့ကွာ”ဆိုပြီး ပယ်လိုက်တယ်၊ အဲဒီလိုနဲ့ ဆက်ပြီး သုံးကြိမ်တိုင်တိုင် မေးမြန်းတော့မှ အဖြေပေးလိုက်တယ်ဆိုတာ မှတ်ကြရမယ်။
ဒကာ,ဒကာမတွေ အံ့ဩမနေကြနဲ့၊ ဒီအဖြစ်မျိုးတွေဟာ ဘုရားမပွင့်တဲ့ အခါမျိုးမှာဆိုရင် ပြောမဖြစ်တော့ ဘူး၊ အမှန်အကန် မသိမမြင်နိုင်ကြတော့ ရမ်းပြီးနေကြ, ထိုင်ကြ, လုပ်ကြ, လုပ်ကြ, အားထုတ်ကြနဲ့ အမှားလမ်းဝ မဆုံးနိုင်ကြတော့ဘူးဆိုတာသာ မှတ်လိုက်ကြ။
သူတို့အထက် အထက်ကအယူမှား ဆရာမှားတွေနဲ့ဆိုတော့ မိရိုးဖလာဆိုပြီး မှားချင်တိုင်းမှားကြ၊ လွဲချင် သလောက် လွဲကြရတော့တာပဲဆိုတာ မဆန်းတော့ဘူး၊ အခုကိုပဲ ဘုန်းကြီးတို့ ဒကာ,ဒကာမတွေထဲမှာ တချို့တလေ ပါကြပါလိမ့်မယ်၊ မိဘရိုးရာဆိုပြီး လိုက်နေကြတယ်၊ အခု နတ်အုန်းတွေဆွဲသူက ဆွဲနေကြတုန်းပဲ ရှိသေးတာထောက် တော့ မလွယ်ဘူးဆိုတာ ရိပ်မိကြရမယ်။
ဒါကြောင့် ဘုရားရှင်ကိုယ်တော်မြတ်ကြီးက အင်မတန်ကြီးတဲ့ အရေးပဲဆိုပြီး အကြိမ်များစွာ ၅၂၈ ကြိမ် တောင် မှာထားတော်မူခဲ့တယ်ဆိုတာ သိကြရမယ်၊ နည်းမှန်လမ်းမှန်ရကြစေဖို့ နည်းမှန်လမ်းမှန်, တရားစစ် တရားမှန် ကို ပြသတတ်တဲ့ ဆရာမြတ်ဆရာကောင်းကို ရအောင်ရှာကြပါ၊ ဆည်းကပ်ကိုးကွယ်ကြပါဆိုတာ ဘယ်လောက်အရေး ကြီးတယ်ဆိုတာ ရိပ်မိကြပလား။
”ယထာဘူတံ ဉာဏာယ သတ္ထာ ပရိယေသိတဗ္ဗော။”
”တရားစစ် တရားမှန်ကို ဟုတ်တိုင်းမှန်စွာ ညွှန်ကြားပြသတတ်တဲ့ ဆရာကောင်းကို ရှာဖွေဆည်းကပ်ပါ” တဲ့။
အလွန်အရေးကြီးတဲ့ အချက်မို့ မှာသင့်လို့ မှာတော်မူခဲ့တာပဲ၊ ဒါကို ဒကာ,ဒကာမတွေက အရေးမကြီးသလို လုပ်နေကြရင် ကိုယ်သာဒုက္ခရောက်မယ်ဆိုတာ မှတ်လိုက်ကြ။
တရားစစ်စစ်ကို ပြသနိုင်သူ, ပြသပေးသူဟာ အင်မတန် ရှားပါးပါတယ်၊ အင်မတန်လည်း ရခဲကြုံခဲ့ပါတယ်၊ တရားစစ်စစ်ဆိုတာ သစ္စာလေးပါး, ပဋိစ္စသမုပ္ပါဒ်ပြတ်တဲ့ တရားမျိုးကိုဆိုတာပဲလို့ မှတ်ကြရမယ်၊ ရှင်းကြရဲ့လား။
သေနိယ သေရင် ခွေးပဲဖြစ်ရမယ်
ဒါနဲ့ ဝတ္ထုကြောင်းကို ဆက်ရဦးမယ်၊ ပုဏ္ဏကမေးတော့ ဘုရားရှင်က ဒီအကြောင်းကို ငါ့မမေးနဲ့လို့ ပယ်တယ်၊ ဒုတိယအကြိမ် မေးပြန်တော့လည်း ပယ်လိုက်တာပဲ၊ နောက် တတိယအကြိမ် ထပ်ပြီးမေးပြန်တော့မှ ဘုရားရှင်က အဖြေပေးတော်မူလိုက်တယ်။
”အို…ပုဏ္ဏ၊ မင်းကမေးလို့ ငါက ဖြေရတော့မှာပဲ၊ ဒီခွေးလိုကျင့်တဲ့ သေနိယ သေရင် ခွေးပဲဖြစ်ရမယ်၊ တကယ်လို့ သူ့စိတ်အယူမှာ ဒီအကျင့်ကို အကောင်းလို့ထင်မယ်၊ ဒီအကျင့်ကြောင့် လူကောင်းနတ်ကောင်း ဖြစ်ရမယ် လို့ယူရင် ငရဲလည်းသွားရဦးမယ်၊”
ဘုန်းကြီးတို့ ဒကာ,ဒကာမတွေ၊ သေနိယဟာ ဒီအယူကိုမစွန့်ဘဲသေရင် ခွေးပဲဖြစ်ရမယ်၊ ဒီအကျင့်ကြောင့် လူကောင်းနတ်ကောင်း ဖြစ်ရမယ်လို့ ယူခဲ့ပြန်ရင်လည်း ငရဲသွားရဦးမယ်လို့ ဟောလိုက်တော့ သေနိယဟာ ချုံးချပြီး ငိုတော့တာပဲတဲ့။ အဲဒီလိုငိုတော့ ဘုရားရှင်က “စောစောက ငါ့မမေးကြနဲ့လို့ တားပါရက်နဲ့ မင်းတို့က မေးကြတာကိုး” လို့ မိန့်တော်မူတော့ သူတို့က…
”ဒီကိစ္စအတွက် အရှင်ဘုရားမှာ အပြစ်မရှိပါဘူး ဘုရား၊ တပည့်တော်တို့မှာ ဒါလောက်အနစ်နာခံပြီး ကျင့်ပါ ရက်ကနဲ့ ကျင့်ကျိုးမနပ်ပါကလားဆိုပြီး ကိုယ့်အမှားကိုယ်သိရလို့ ဝမ်းနည်းလွန်းလို့ငိုတာပါ ဘုရား”ဆိုပြီး ပြန်လည် လျှောက်ထားတယ်၊ နောက်ဆက်ပြီး ပုဏ္ဏအတွက်ကိုမေးပြန်လို့လည်း ဘုရားရှင်က ဖြေကြားတော်မူလိုက်တယ်။
”ပုဏ္ဏဟာလည်း ထို့အတူပဲ၊ သေရင် နွားဖြစ်ရမယ်၊ နောက်ပြီး ဒီအကျင့်နဲ့ နတ်ရွာသုဂတိကို ရောက်ရမယ် လို့ယူရင် ငရဲကျဦးမယ်”
အဲဒီလိုဟောတော့ ပုဏ္ဏကလည်း ငိုပြန်တာပဲ၊ အဲဒီနောက်မှ သူတို့နှစ်ဦးစလုံးကပဲ ဘုရားထံမှာ တရားဟော ဖို့ရန် တောင်းပန်ကြတယ်။
”အရှင်ဘုရား၊ တပည့်တော်တို့အား သနားသဖြင့် တရားညွှန်ကြားတော်မူပါ ဘုရား”
အဲဒီလိုတောင်းပန်တော့မှ ဘုရားရှင်က သူတို့အတွက် ကံလေးမျိုး ခွဲခြမ်းဝေဖန်ပြီး ဟောတော်မူတယ်ဆိုတာ မှတ်ကြရမယ်၊ အခု ဒကာ,ဒကာမတွေလည်း သူတို့နှစ်ဦးကိုဟောပြတဲ့ ကံလေးမျိုးရဲ့သဘောသွားကို လေးလေးစားစားနဲ့ နာယူပြီး မှတ်သားကြရမယ်၊ ရှင်းကြရဲ့လား။
ကံလေးမျိုးဆိုတာ
ကံလေးမျိုးဆိုတာက…
၁။ မဲတဲ့ကံ, မဲတဲ့အကျိုးကိုပေးတယ်။
၂။ ဖြူတဲ့ကံ, ဖြူတဲ့အကျိုးကိုပေးတယ်။
၃။ အမဲအဖြူရောတဲ့ကံ, အမဲအဖြူအကျိုးကိုပေးတယ်။
၄။ အမဲအဖြူမရောတဲ့ကံ, အမဲအဖြူမရောတဲ့အကျိုးကိုပေးတယ်။
ဒုစရိုက်မှုဆယ်မျိုး(အမဲကံ)
ဒကာ,ဒကာမတို့ မဲတဲ့ကံဆိုတာက ဒုစရိုက်ဆယ်ပါးကို ဆိုပါတယ်၊ မကောင်းတဲ့ ဒုစရိုက်မှုဆယ်မျိုး၊ အဲဒီ ဆယ်မျိုးဆိုတာက
ပါဏာတိပါတ = သူ့အသက်သတ်မှု။
အဒိန္နာဒါန = သူတစ်ပါးဥစ္စာ ခိုးယူမှု။
ကာမေသုမိစ္ဆာစာရ = ကာမဂုဏ်၌ မှားသောကျင့်မှု။
မုသာဝါဒ = မဟုတ်မမှန် ပြောဆိုမှု။
ပိသုနဝါစာ = ချောပစ် ကုန်းတိုက်မှု။
ဖရုသဝါစာ = ရုန့်ရင်းကြမ်းတမ်းစွာ ပြောဆိုမှု။
သမ္ဖပ္ပလာပါ = ပြိန်ဖျင်းသောစကားကို ပြောဆိုမှု။
အဘိဇ္ဈာ = သူ့စည်းစိမ်ကို ကြံစည်မှု။
ဗျာပါဒ = အမျက်ဒေါသထွက်မှု။
မိစ္ဆာဒိဋ္ဌိ = မှားယွင်းစွာယူမှု။
ဒကာ,ဒကာမတို့ အဲဒီဆယ်မျိုးဟာ မဲတဲ့ကံတွေပဲ။ ဒီမဲတဲ့ကံတွေက မဲတဲ့အကျိုးကိုပေးလိမ့်မယ်၊ ဒီမဲတဲ့ကံတွေ ပြုလုပ်ရင် ဆည်းပူရင် မဲတဲ့အကျိုး၊ မကောင်းကျိုးကို မုချခံစားရမယ်၊ ရိပ်မိကြပလား၊ အဲဒါတွေက အကုသိုလ်ကံတွေ ကို မှတ်ရမယ်။
ဖြူတဲ့ကံဆိုတာက သုစရိုက်ဆယ်ပါး
ဒကာ,ဒကာမတို့ ဖြူတဲ့ကံဆိုတာက သုစရိုက်ဆယ်ပါးကို ဆိုပါတယ်၊ သုစရိုက်ဆယ်ပါးဆိုတာ ဒုစရိုက်ဆယ် မျိုးရဲ့ ဆန့်ကျင်ဘက်၊ ဒုစရိုက်ဆယ်ခုကို ကြဉ်ရှောင်ခြင်းဟာ သုစရိုက်ဆယ်ပါးပဲဆိုတာ အားလုံးသိကြပြီးဖြစ်ပါလိမ့် မယ်၊ ဖြူတဲ့ကံဆိုတာက အချုပ်ကတော့ ဝဋ်နွယ်တဲ့ လောကီကုသိုလ်ကံတွေကိုပဲ မှတ်ကြရမယ်။
ဘုန်းကြီးတို့ ဒကာ,ဒကာမတွေမှာ ကောင်းတာလုပ်ရင် ကောင်းကျိုးပေးမယ်၊ မကောင်းတာလုပ်ရင် မကောင်း ကျိုးပေးမယ်ဆိုတဲ့ ယုံကြည်မှုရှိကြတယ်၊ အဲဒီယုံကြည်မှု ကမ္မဿကတာ သမ္မာဒိဋ္ဌိဉာဏ်နဲ့ နောက်ဘဝက ကုသိုလ်သင်္ခါရ တွေ လုပ်ခဲ့တယ်၊ ဒီသမ္မာဒိဋ္ဌိက သစ္စာကိုတော့ မသိဘူး၊ မသိတော့ ဘာလုပ်သလဲ၊ ကုသိုလ်ဆိုတဲ့ အဖြူကံတွေလုပ်ပြီး တော့ လူ့ဘဝကိုဆုတောင်းယူတယ်၊ ဟော…အခု လူ့ဘဝ, လူ့ခန္ဓာငါးပါးကို လက်ရှိရနေကြပြီ၊ ရှင်းကြပလား။
ဒကာ,ဒကာမတို့ သစ္စာနဲ့ကြည့်တော့ အခုရထားတဲ့ ခန္ဓာငါးပါးက ဘာသစ္စာတုန်းဆိုတော့ ဒုက္ခသစ္စာဖြစ်နေ တယ်၊ ရိပ်မိကြရဲ့လား၊ ဒီဒုက္ခသစ္စာကြီး ဘာကြောင့်ရလာတုန်းလို့ မေးခဲ့ရင် ဘယ့်နှယ်ဖြေကြမလဲ၊ ဟိုဘက်ဘဝတုန်းက လူ့ဘဝရကြောင်းဖြစ်တဲ့ ကုသိုလ်အဖြူကံတွေလုပ်ပြီး ဆုတောင်းယူခဲ့လို့ပဲ၊ ဒါပဲဖြေရမှာပဲ၊ အဲဒီတော့ အဲဒီအဖြူကံရဲ့ ဆရာက ဘယ်သူလဲ၊ သူ့ကိုဘယ်သူ အုပ်ချုပ်နေသလဲဆိုတော့ မသိမှုအဝိဇ္ဇာ အုပ်ချုပ်နေတယ်ဆိုတာ ပေါ်ကြပလား။
အဝိဇ္ဇာက သစ္စာကိုမသိဘူး၊ မသိတော့ ဒီမသိတဲ့အဝိဇ္ဇာကို ဆရာတင်ပြီး ကုသိုလ်သင်္ခါရ အဖြူကံတွေကိုလုပ်၊ လုပ်ပြီးတော့ လူ့ဘဝကိုတောင်းယူ၊ တောင်းယူလိုက်တော့ လူ့ဘဝ လူ့ဇာတိကစပြီး ရလာခဲ့တယ်၊ ဒကာ,ဒကာမတို့ မြင်ကြပလား၊ လူ့ဇာတိက ဘာသစ္စာလဲ၊ ဒုက္ခသစ္စာကြီးပဲ၊ နောက်, လူ့ဇရာ, လူ့ဗျာဓိ, လူ့မရဏ, အားလုံး ဒုက္ခသစ္စာ ချည်းပဲ၊ ဒကာတို့ ခန္ဓာငါးပါးလုံးဟာ ဒုက္ခသစ္စာချည့်ပဲ မဟုတ်လား။
ဒီဒုက္ခသစ္စာကြီးကို ဘာကြောင့်ရလာတာတုန်းဆိုတော့ ဟိုဘက်ဘဝက အဝိဇ္ဇာနဲ့ သင်္ခါရဆိုတဲ့ သမုဒယသစ္စာ ကို အားထုတ်မိခဲ့လို့ပဲဆိုတာ မှတ်ကြတော့၊ ပေါ်ကြပလား၊ အဲဒီတော့ အဖြူကံဆိုပေမယ့်လည်း အဝိဇ္ဇာ၏အုပ်ချုပ်ထား တော့ မကောင်းဘူးဆိုတာ မှတ်ရမယ်၊ သစ္စာမသိမှု အဝိဇ္ဇာအုပ်ချုပ်ပြီး ပြုလုပ်ခဲ့တော့ ဒီဘဝမှာ ဒုက္ခသစ္စာပဲ အဖတ် တင်ခံရတယ်၊ ရိပ်မိကြပလား။
ဟိုဘက်ဘဝက သမုဒယသစ္စာကို ကြိုးစားခဲ့မိလို့ ဒီဘဝမှာ ဒုက္ခသစ္စာ ကိုယ်ပိုင်ရနေကြပြီ၊ ကောင်းပါဦး မလား၊ မကောင်းတော့ပါဘူး၊ ဒီတော့ ဒါကိုပြင်ပစ်ရမယ်၊ ပြင်ဖို့မသင့်သေးဘူးလား၊ အေး သိရင်ပြင်ကြတော့။ ဘုန်းကြီး တို့ ဒကာ,ဒကာမတွေက ကံသာအမိ, ကံသာအဖဆိုပြီးတော့ ကံကိုအားကိုးကြတယ်၊ အားကိုးတဲ့အတိုင်းလည်း ကံကို ကြိုးစားနေကြတယ်။ အခု ဒကာ,ဒကာမတို့မှာ ဒီကံကြောင့် ဒုက္ခသစ္စာကြီးကို ရထားကြပြီ၊ ဒါဟာ အားကိုးစရာလား၊ စဉ်းစားကြ။
ဒါကြောင့် ဒီကနေ့ ရှေးကအမှားလမ်းစဉ်တွေ ပြင်ကြဆင်ကြပါတော့ဆိုတာ သတိပေးလိုက်ပါတယ်။ သစ္စာ မသိဘဲ လုပ်မိတဲ့အဖြူကံလည်း အားကိုးရာမရဘူး၊ ဒုက္ခသစ္စာကြီးဖြစ်နေတယ်။ နောက်ပြီးတော့ မဲတဲ့ကံကျတော့ မဲတဲ့အကျိုး၊ ငရဲ, တိရစ္ဆာန်, ပြိတ္တာ, အသူရကာယ်ဆိုတဲ့ မဲတဲ့အကျိုး၊ မကောင်းကျိုးတွေရမှာမို့ ရှောင်ကြဉ်ကြရမယ်။ သစ္စာမသိဘဲ ပြုတဲ့အဖြူကံလည်း မလုပ်ကြနဲ့၊ အမဲကံလည်း ရှောင်ကြဉ်ကြရမယ်ဆိုတာ ပေါ်ပလား။
ဘယ်ကံကို အားကိုးရမလဲ
ဒီတော့ ဘယ်လိုလုပ်ရမလဲ၊ ဘယ်ကံကို အားကိုးရမလဲလို့ မေးစရာရှိတယ်၊ အဲဒါကြောင့် ဒီကနေ့ဖြင့် ဆရာ ဘုန်းကြီးက အစစ်အမှန် ပြင်ပေးလိမ့်မယ်ဆိုတာ မှတ်ထားကြရမယ်။ ဒကာ,ဒကာမတို့ အဖြူကံဆိုပေမယ့်လည်း လူ့ဘဝ, နတ်ဘဝတွေ, ဘုံဘဝတွေ တောင့်တပြီးပြုတာမို့ အဝိဇ္ဇာ, တဏှာဦးစီးနေတော့ မကောင်းဘူး၊ ဒုက္ခသစ္စာပဲ ပြန်ရပြန်တာပဲ။
အဲဒါကြောင့် ဒကာ,ဒကာမတွေကို ထူးထူးခြားခြား သတိပေးလိုက်ပါတယ်။ ဒါနအမျိုးမျိုးကိုလည်း လုပ်ကြ ပါ။ သီလတွေလည်း ကြိုးစားပြီးဆောက်တည်ကြပါ။ ဘာဝနာအလုပ်လည်း ကြိုးစားအားထုတ်ကြပါ။ ဒီလိုကြိုးစားအား ထုတ် ပြုလုပ်ပြီးတော့ လူ့ဘဝ, နတ်ဘဝစတဲ့ ဒုက္ခသစ္စာကို မတောင်းကြပါနဲ့။ ဒီဒုက္ခသစ္စာ ခန္ဓာအမျိုးမျိုးတွေက ကျွတ်လိုလွတ်လိုလို့ ဒီဒုက္ခခန္ဓာတွေကို မလိုချင်လို့။ ဒီဒုက္ခတွေက လွတ်မြောက်ရခြင်းအကျိုးငှာ ဤဒါနကိုပြုပါတယ်၊ ဤသီလကို ဆောက်တည်ပါတယ်၊ ဤဘာဝနာ ကမ္မဋ္ဌာန်းကို စီးဖြန်းအားထုတ်ပါတယ်ဆိုတဲ့ ဉာဏ်ဦးစီးပြီး ပြုလုပ်ကြ ပါလို့ သတိပေးလိုက်တယ်။ သဘောပါကြပလား။
ဒီလိုလုပ်တော့ ဒီကံက အဖြူအမဲမရောတဲ့ကံ ဖြစ်သွားတယ်ဆိုတာ မှတ်ကြရမယ်၊ ဒကာ,ဒကာမတို့ တကယ် အားကိုးစရာ အားထားစရာက ဒီကံပဲရှိတယ်ဆိုတာ ဆုံးဖြတ်ချက်ချကြ။ သူက မကောင်းတဲ့ အမံကဲ့ကိုလည်းဖြတ်၊ ဒုက္ခသစ္စာရမယ့် အဖြူကံကိုလည်းဖြတ်တယ်၊ ကောင်းမကောင်း အကျိုးရောတဲ့ အဖြူအမံရောတဲ့ ကံကိုလည်းဖြတ် တယ်။ အဖြူအမဲမရောတဲ့ကံက ကံသုံးမျိုးကိုဖြတ်တယ်၊ သူက ဝိပဿနာကံ, မဂ်ကံဆိုတဲ့ ဉာဏ်ပဲဆိုတာ မှတ်ကြ။
အဖြူအမဲရောတဲ့ ကံဆိုတာ
သုံးနံပါတ်ဖြစ်တဲ့ အဖြူအမဲရောတဲ့ ကံဆိုတာက မစင်မကြယ်ရှာလို့ဖွေလို့ ရထားတဲ့ပစ္စည်းနဲ့ လှူဒါန်းပေးကမ်း ပြီး ပြုလုပ်တဲ့ကံမျိုးဖြစ်တယ်၊ အကုသိုလ်အကြောင်းခံပြီး ပြုတဲ့ကုသိုလ်ကံဟူသမျှ အမဲအဖြူရောတဲ့ ကံချည့်ပဲဆိုတာ မှတ်ကြ။ ကုသိုလ်တွေလုပ်, သစ္စာမသိဘဲနဲ့လုပ်ပြီး, ဘုံဘဝလိုချင်တဲ့တဏှာနဲ့ ဆုတောင်းယူကြ၊ ယူတော့ ရွှေနဂါးကြီး တို့၊ ဆင်ဖြူတော်တို့ စတဲ့ အမဲအဖြူရောတဲ့အကျိုးတွေ ဒုက္ခသစ္စာ ခန္ဓာအမျိုးမျိုးတွေ ရလာကြတယ်၊ ရိပ်မိကြပလား။
၁။ ဒကာ,ဒကာမတို့ သေသေချာချာမှတ်ပါ၊ ပြန်ပြောပါဦးမယ်။ နံပါတ်တစ် အမဲကံဆိုတာ မကောင်းမှု အကုသိုလ်ဒုစရိုက်အမျိုးမျိုးတွေ, အဲဒါမျိုးတွေ အဝိဇ္ဇာနဲ့လုပ်တယ်၊ မသိတာက အဝိဇ္ဇာ၊ သားရေး, သမီးရေး, စီးပွားရေး စတဲ့ အကုသိုလ်အမှုတွေက သင်္ခါရ၊ အဲဒီအမဲကံ အကုသိုလ်သင်္ခါရတွေ လုပ်လိုက်တော့ ဒီဘက်ဘဝ အပါယ်ပဋိသန္ဓေ ဝိညာဏ် ပေါ်လာတယ်။
ဒီဘက်ဘဝမှာ ငရဲ, တိရစ္ဆာန်, ပြိတ္တာ, အသူရကာယ်ဆိုတဲ့ အပါယ်ခန္ဓာ ဒုက္ခသစ္စာကြီးကို ရလာပါတယ်။ အဲဒါဟာ အမဲကံကြောင့် အမဲအကျိုးပေးတာပဲဆိုတာ ပေါ်ပလား။ အဲဒီလိုဆိုတော့ အမဲကံက သမုဒယသစ္စာ၊ အမဲ အကျိုး ခန္ဓာတွေက ဒုက္ခသစ္စာဖြစ်သွားတယ်။ ဒီတော့ ဒီကံလည်းမကောင်းဘူး၊ သူ့ကိုရှောင်ကြဉ်ကြရမယ်။ ရှင်းပလား။
၂။ အဖြူကံဆိုတာက သုစရိုက်ကုသိုလ် အမျိုးမျိုးတွေပဲ၊ ဘုံဘဝအထွေထွေကို လိုချင်တောင့်တပြီး ကုသိုလ် တွေ, ဒါနကံတွေ, သီလကံတွေ, ဘာဝနာကံတွေကို ပြုလုပ်တယ်၊ ပြုလုပ်ပြီး လူကောင်းနတ်ကောင်းဖြစ်ချင်တဲ့ တဏှာနဲ့ တောင်းယူခဲ့တယ်၊ သူက လူ့ခန္ဓာ, နတ်ခန္ဓာ ဒုက္ခသစ္စာပဲဆိုတာ မသိဘူး၊ အဲဒီမသိတဲ့ အဝိဇ္ဇာဦးစီးပြီးပြုတဲ့ အဖြူကံ သင်္ခါရဆိုတော့ ဒီအခုဘဝမှာ ဒုက္ခသစ္စာ ခန္ဓာငါးပါးကြီး ရထားကြပြီ၊ ရိပ်မိကြပလား။
ဟိုဘက်ဘဝက မသိမှုအဝိဇ္ဇာ၊ တဏှာနဲ့ အဖြူကံ သင်္ခါရတွေက ဘာသစ္စာလဲဆိုတော့ သမုဒယသစ္စာပဲ၊ အဲဒီ သမုဒ္ဒယသစ္စာကြောင့် အခု လူ့ခန္ဓာငါးပါး ဒုက္ခသစ္စာကြီး ရထားကြပြီ၊ ရှင်းကြရဲ့လား၊ ဒီခန္ဓာက အိုတတ်, နာတတ်, သေတတ်တဲ့ခန္ဓာ၊ သူက အိုဘေးဆိုးထမ်းပြီး နာဘေးက ကပ်ရက်တွဲရက်နဲ့ သေဘေးဆီ အရောက်သွားနေ တာပဲ၊ သူက ဘယ်တော့မှ ကောင်းကျိုးမပေးပါဘူး၊ အမြဲတမ်းနှိပ်စက်နေတာပဲ ရှိတယ်။
ဠင်းဒများ ခွေးသေကောင်ပုပ်ကြိုက်သလို
အဖြူကံကို အားထုတ်ပြီး ရလာတဲ့ လူ့ခန္ဓာငါးပါးကို အဟုတ်ကြီးထင်, သဘောကျ နှစ်ခြိုက်နေကြမယ်ဆိုရင် ဥပမာအားဖြင့် ဠင်းဒများ ခွေးသေကောင်ပုပ်ကြိုက်သလို နေတော့တာပဲ၊ ဠင်းဒများဟာ ခွေးသေကောင်ပုပ်ကိုရတော့ သဘောကျနှစ်သက် ပျော်ရွှင်နေသလို ဒကာတို့မှာလည်း ဒုက္ခသစ္စာကို ဒုက္ခသစ္စာမှန်းမသိဘဲ သဘောကျ နှစ်ခြိုက်နေ ကြမယ်ဆိုရင် ဠင်းဒမျိုးတွေမို့လား?လို့ မေးသင့်တယ်၊ ကျေနပ်ကြပလား?။
ဒီအဖြူကံကိုလည်း သမုဒယနဲ့ ဒုက္ခရမှာမို့ အားကိုးဖို့မရနိုင်ဘူးဆိုတာ ထင်ရှားပလား။ အဲဒါကြောင့် အဖြူကံ အားထုတ်တဲ့အခါ ဉာဏ်နဲ့လုပ်ကြပါ၊ တဏှာမပါကြစေနဲ့။ အခုဒကာတို့ လက်ရှိရထားတဲ့ခန္ဓာမှာ ဉာဏ်နဲ့ကြည့်ပါ။ အမြဲတမ်း အိုနေတယ်၊ နာနေတယ်၊ သေဘက်သွားနေတယ်ဆိုတာ သိရမယ်။ ခန္ဓာထဲမှာ ဉာဏ်နဲ့စိုက်ကြည့်တော့ ပူမှု, အေးမှု, လှုပ်ရှားမှု, တောင့်တင်းမှု စတဲ့ရုပ်သဘောတွေ၊ နာကျင်မှု, ကိုက်ခဲမှု စတဲ့ ဝေဒနာသဘောတွေ၊ ဒါတွေ ကို တွေ့ရ မြင်ရမယ်။
ဒီသဘောတွေဟာလည်း အမြဲတစေ ပြောင်းလွှဲနေ, ဖြစ်ပျက်နေကြတာပဲ ရှိတယ်၊ သဘောတစ်ခုက သဘော တစ်ခုကို ဖောက်ပြန်ပြနေတာကို မြင်ကြရမယ်၊ အဲဒါတွေဟာ အနိစ္စအချက် ဖြစ်ပျက်ဒုက္ခသစ္စာတွေပဲ၊ ဒါတွေကို ဉာဏ်နဲ့မြင် မလိုချင်၊ ဒါတွေကလွတ်ချင်၊ ကျွတ်ချင်တဲ့ဉာဏ်နဲ့ အဖြူကံကို လုပ်ကြရမယ်။ ဒီဒုက္ခသစ္စာကြီးက လွတ်လို တဲ့ဉာဏ်နဲ့ ဒီခန္ဓာကြီးကို မလိုချင်တဲ့ အလောဘနဲ့ ဒါန, သီလ စတဲ့အဖြူကံတွေကို ကြိုးစားကြပါဆိုတာ သတိပေး လိုက်တယ်။
၃။ အဖြူအမဲရောတဲ့ကံကိုလည်း အားကိုးဖို့မရနိုင်ဘူး၊ သူကလည်း သမုဒယအကြောင်းခံနဲ့ ဒုက္ခခန္ဓာကို ရလာတာပဲ။ သူကအဖြူကံ ကုသိုလ်အမျိုးမျိုးတွေကို လုပ်တယ်၊ မသိမှုအဝိဇ္ဇာနဲ့ ဘုံဘဝတောင့်တမှု တဏှာဆိုတဲ့အမဲ တွေလည်း ရောနေတယ်။ အဖြူကံက သမုဒယသစ္စာ၊ အမဲကံကလည်း သမုဒယသစ္စာပဲ။ နောက်ဘဝအကျိုးရတော့ ခန္ဓာငါးပါး ဒုက္ခသစ္စာကိုရမှာပဲ။ ဆင်ဖြူတော်တို့, နဂါးမင်းကြီးတို့ စတဲ့ခန္ဓာတွေကို ရမယ်။ ရှင်းကြပလား?။ ဒါကြောင့် ဒီကံလည်း အားကိုးလို့မဖြစ်ဘူး။
အမဲအဖြူမရောတဲ့ကံဆိုတာက ဝိပဿနာကံ, မဂ်ကံ
၄။ ဒကာ,ဒကာမတို့ အခုလေးနံပါတ်ကို ပြောပါမယ်၊ သူက အရေးကြီးပါတယ်၊ ဒီကံက ကံဖြတ်၊ အထက်က ပြောခဲ့တဲ့ ကံသုံးကံကို သူကဖြတ်ချတယ်၊ ဒီကံက သမုဒယကိုလည်းဖြတ်တယ်၊ ဒုက္ခကိုလည်းဖြတ်တယ်၊ ဒါကြောင့် ဒီအမဲအဖြူမရောတဲ့ကံကမှသာ ဒကာ,ဒကာမတို့ရဲ့ အားကိုးရာအစစ် ဧကန်ဖြစ်တယ်ဆိုတာ မှတ်လိုက်ကြ။
အမဲအဖြူမရောတဲ့ကံဆိုတာက ဝိပဿနာကံ, မဂ်ကံပဲ။ အခု ဒကာ,ဒကာမတို့ ခန္ဓာထဲမှာ ဉာဏ်နဲ့ကြည့်ပေး ပါ၊ စိတ်ကလေးတွေ တစ်ခုပြီးတစ်ခု အမြဲတစေ ဖြစ်ပျက်ပြီးနေကြတယ်။ ဝေဒနာကလေးတွေကြည့်၊ ကြည့်တော့ ခဏခဏဖြစ်ပြီး, ခဏခဏပျက်နေတဲ့ ဝေဒနာတွေပါလားလို့ သိရမယ်၊ ရုပ်ကလေးတွေကြည့်လည်း ဖြစ်ပြီးပျက်နေတာ တွေပဲ မြင်ရသိရမယ်။
ဒကာ,ဒကာမတို့ အဲဒီလိုသိတော့ ဝိပဿနာဉာဏ် ဖြစ်ပါတယ်။ ဒီလိုကြည့်တော့ ဖြစ်ပျက်နေကြတဲ့ရုပ်တွေ, စိတ်တွေ, ဝေဒနာတွေက ဒုက္ခသစ္စာခန္ဓာတွေပဲ။ အဲဒီတော့ အသိခံခန္ဓာက ဒုက္ခသစ္စာ၊ သိတဲ့ဉာဏ်က မဂ္ဂသစ္စာဖြစ်သွား တယ်။ ရှင်းကြရဲ့လား?။ အဲဒီအဖြစ်အပျက်တွေက ဒုက္ခသစ္စာ၊ သိတဲ့ဉာဏ်က မဂ္ဂသစ္စာဆိုတော့ ဒီမဂ်က သမုဒယကို လည်း ဖြတ်တယ်၊ ဒုက္ခကိုလည်း ဖြတ်တယ်ဆိုတာ မှတ်ကြ။
ဒကာ,ဒကာမတို့ သေသေချာချာမှတ်ကြပါ။ ဒီမဂ်ကုသိုလ်ထဲမှာပါတဲ့ စေတနာကံက သမုဒယကိုလည်းဖြတ်၊ ဒုက္ခကိုလည်းဖြတ်ဆိုတော့ ဒီကံက ကံဖြတ်ပဲဆိုတာ ပေါ်ကြပလား?၊ ဒီအမဲအဖြူမရောတဲ့ကံဟာ ကံဖြတ်ရားပဲလို့ ဆုံးဖြတ်ချက်ချကြ။
ဒကာဒကာမတွေ ရှေးတုန်းက ကံအမိ, ကံအဖဆိုပြီးတော့ ဉာဏ်မပါဘဲ ရမ်းပြီးတော့ အားကိုးနေကြတယ်၊ အားကိုးရာ ရကြပါရဲ့လား?၊ ဒကာ,ဒကာမတွေက အားကိုးတဲ့ကံက ဒုက္ခနဲ့ သမုဒယပဲရှိတယ်၊ ဒီနှစ်ခုပဲ လှည့်နေရ တယ်၊ ကောင်းတာတစ်ခုမှ မပါဘူး၊ ရိပ်မိကြပလား?၊ အဲဒါကြောင့် အားကိုးမှားတွေ ပြင်ကြတော့။ ဘာအားကိုးရမလဲ? ဆိုတော့ ဒီလေးနံပါတ် ဝိပဿနာမဂ်ကံကို အားကိုးရမယ်။
နိဗ္ဗာန်ကို အကျိုးပေးတယ်
ဒီအဖြူအမဲမရောတဲ့ လေးနံပါတ်ကံက အကျိုးပေးမယ့်ကံတွေကို ဖြတ်ချလိုက်တယ်၊ ဖြတ်ချတော့ ဒီနေရာမှာ တဏှာ, မာန, ဒိဋ္ဌိဆိုတဲ့ သံသရာနယ်ချဲ့ ပပဉ္စတရားတွေ သေတယ်။ သေတော့ နောက် သံသရာချဲ့မယ့် ဒုက္ခသစ္စာ တွေလည်း မလာတော့ဘူး။ ရှင်းကြရဲ့လား?။ ဒီကံက ပပဉ္စကို ချုပ်စေတယ်၊ ဒုက္ခတွေကို ရုပ်သိမ်းတယ်၊ ဒါကြောင့် ဒီလေးနံပါတ်က အမဲအဖြူမရောတဲ့ ကံမှသာ အားကိုးရာရမယ်ဆိုတာ ပေါ်ကြပလား?။
ဒီကံက အထက်ကံသုံးကံကို ဖြတ်တယ်၊ နိဗ္ဗာန်ကို အကျိုးပေးတယ်။ ဒါကြောင့် ဒီကံမှသာ အားကိုးထိုက်တယ် ဆိုတာ ပေါ်ကြပလား?။ ဘဝအဆက်ဆက် သံသရာက အမှားကံတွေကိုလည်း သူကဖြတ်နိုင်တယ်။ ဘုရားရှင်အလို တော်ကျ အားကိုးရမယ့်ကံက ဒီကံပဲ။ ဒီဝိပဿနာကံ, မဂ်ကံမှသာ အလိုတော်ကျ အားကိုးရမယ့်ကံပဲဆိုတာ ဆုံးဖြတ် ချက်ချကြ။
ဒီကံက အထက်ကကံသုံးသံကို ဖြတ်ချတယ်၊ အပါယ်သံသရာ ဒုဂ္ဂတိကံတွေ၊ ဒုက္ခသစ္စာ, လူနတ်ဗြဟ္မာ ခန္ဓာ တွေ၊ ရွှေနဂါး, ဆင်ဖြူတော်, အဿတိုရ်မြင်းစတဲ့ ပေးမယ့်ကံတွေ၊ ဒါတွေအားလုံးကို ဒီလေးနံပါတ်က ဖြတ်တယ်။ ကံသုံးမျိုးလုံးကို ဖြတ်ပါတယ်၊ အမှားဟူသရွေ့ကို ဖြတ်ပေးတယ်ဆိုတာ မှတ်ကြတော့။
ဒကာ,ဒကာမတွေ ကျေနပ်ကြပလား၊ ဆရာသမားနဲ့တွေ့လို့ ဒကာတို့အမှားတွေကို ပြင်ပေးနိုင်တယ်။ လွယ်ကူ တဲ့ကိစ္စ မဟုတ်ပါဘူး၊ ကိုယ့်အမှား ကိုယ်ပြင်ပြီး အားကိုးအားထားရသေးရဲ့ဟဲ့လို့ အားတက်သရောနဲ့ ပြင်ကြဆင်ကြ ဖို့ပဲ၊ အားတက်စရာ ကြုံကြိုက်တုန်း အားတက်ပြီး ကြိုးစားလိုက်ကြပါလို့ သတိပေးလိုက်တယ်။
ဒီဝိပဿနာကံ, မဂ်ကံက အမဲကံလည်းဖြတ်၊ အဖြူကံလည်းဖြတ်၊ အမဲအဖြူရောတဲ့ကံလည်း ဖြတ်ပါတယ်။ ဒကာ,ဒကာမတို့ ရှေးရှေးတုန်းကလုပ်ခဲ့တဲ့ ကောင်းတဲ့ မကောင်းတဲ့ကံ၊ အမှားတွေဟူသမျှကို သူက အကုန်ဖြတ်ပေး ပါတယ်။
ဒါကြောင့် ဒီလေးနံပါတ် ကံကိုအားကိုး ပြောင်းလိုက်ကြပါ၊ သူကမှ အားကိုးရာအစစ်အမှန် ရကြမယ်ဆိုတဲ့ အချက်ကို လေးလေးနက်နက် တိုက်တွန်းလိုက်ပါတယ်။
ကိုင်း…နက်ဖြန်မှဆက်ကြစို့၊ နာရီစေ့ပြီ။
