သင်္ခါရကုန်ပျောက် နိဗ္ဗာန်ပေါက် တရားတော်
ဆောင်ပုဒ်
ခန္ဓာ့ခြင်းရာ၊ စောင့်ကြည့်ပါ၊ ဝိပဿနာမှတ်။
လျောင်း-ထိုင်-ရပ်-သွား၊ သောက်စားပြောဆို။
ဤထိုထို၊ မြဲသိုစောင့်ကြည့်အပ်။
ဖြစ်လာပျက်ကြ၊ သင်္ခါရ၊ အနိစ္စချည့်မှတ်။
ရှေ့ရုပ်ပျက်သော်၊ နောက်ရုပ်ပေါ်၊ နှစ်ဖော်ကိစ္စရပ်။
ရှေ့နာမ်ဖျက်ခါ၊ နောက်နာမ်လာ၊ နှစ်ဖြာကိစ္စရပ်။
ရှေ့အနိစ္စ၊ သင်္ခါရ၊ နောက်ကစဉ်ဆက်စပ်။
ရှုမှတ်ဆင်ခြင်၊ အမုန်းဝင်၊ ဆုံးမြင်မဂ္ဂမြတ်။ ။
သတိချပ်
ရုပ်ဝေဒနာ၊ သညာ သင်္ခါရ၊ ဝိညာဏ၊ ငါးဝခန္ဓာသိ။
ရုပ်နာမ်ခန္ဓာ၊ ငါးပါးသာ၊ မူလာရင်းအရှိ။
ပညတ်နာမည်၊ အလီလီ၊ မတည်ဘိတ်မရှိ။
မူလသဘော၊ မရွေ့လျော၊ ဓမ္မောပကတိ။
ဒုက္ခပေးရှာ၊ ငါးခန္ဓာ၊ မပါပညတ္တိ။
အားလုံးသတ္တဝါ၊ မညှာတာ၊ သူသာနှိပ်စက်ဘိ။
ပင်ကိုယ်ဓမ္မ၊ သူ့ဘဝ၊ ခဏဖြစ်ပျက်လှည့်။
သူ့သဘောမှန်၊ စောင့်ကြည့်ပြန်၊ ဉာဏံဝိပသ်သိ။ ။
တရားသား
ပင်ကိုယ်အရှိက ခန္ဓာငါးပါးပဲ
ဒကာ,ဒကာမတွေမှာ အသီးအသီး မိဘကမှည့်ခေါ်ထားတဲ့ အမည်နာမတွေနဲ့ ရှိကြတယ်။ အဲဒီလိုမည်သူ မည်ဝါဆိုပြီး မိဘတွေက မှည့်ထားတာဟာ ချစ်ခင်လို့ခေါ်လွယ်အောင်လို့ မှည့်ထားကြတာပဲ။ မောင်ဖြူ၊ မောင်ညို၊ မောင်လှ၊ မယ်မြ စတဲ့အမည်အမျိုးမျိုးတွေ၊ သားတဲ့၊ သမီးတဲ့၊ မြေးတဲ့၊ မြစ်တဲ့နဲ့ ဘယ်လောက်ပဲဖြန့်ဖြန့် အဲဒါတွေက ပင်ကိုယ်အရှိ မဟုတ်ပါဘူး။
ဘယ်လောက်ပဲဖြန့်ဖြန့် ပင်ကိုယ်အရှိက ခန္ဓာငါးပါးပဲ။ ဒီခန္ဓာငါးပါးကို ထပ်ပြီးချည်းလိုက်ရင် ရုပ်နာမ်နှစ်ပါး ပဲရှိတယ်။ ဒကာ,ဒကာမတို့ အားလုံးဟာ စင်စစ်တော့ ရုပ်နာမ်နှစ်ပါးပဲရှိကြတဲ့ အစုအဝေးတွေပဲ။ ဒီပြင် ဘာမှအပို မပါပါဘူး၊ ရိပ်မိကြပလား။
ဘယ်သူ,ဘယ်ဝါဆိုပြီး လူကြီးမိဘတွေက မှည့်ထားတာကို အတည်မယူကြနဲ့။ အဲဒီလိုမှည့်ထားတဲ့ နာမည် ပညတ်တွေဆိုတာ တကယ်အမှန်ရှိတာ မဟုတ်ကြဘူး။ တကယ်အမှန်ရှိတာ ရုပ်နာမ်ခန္ဓာငါးပါး၊ ရှင်းကြရဲ့လား။ ဒါကြောင့် မှည့်ထားတာကို အတည်မပြုကြနဲ့။ အရှိကိုသာ အတည်ပြုကြ၊ သဘောပါကြပလား။
ဒကာ,ဒကာမတို့ အရှိသဘောက ဘယ်အခါမှမပြင်ဘူး။ သူများမှည့်တိုင်း မလိုက်ဘူး၊ လူ့သဘော၊ သူ့သဘာဝ အတိုင်း တည်ရှိနေတယ်ဆိုတာ မှတ်လိုက်ကြ။ အရှိသဘောဆိုတာက ဘာလဲ။ ရုပ်, ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ် ဆိုတဲ့ ခန္ဓာငါးပါး၊ အကျဉ်းချုံးရင် ရုပ်နဲ့နာမ်နှစ်ပါး၊ ရှင်းကြရဲ့လား။
ဒီခန္ဓာငါးပါးက ဘယ်လိုသဘောရှိသလဲ၊ နှိပ်စက်တတ်တဲ့ သဘောရှိတယ်။ သတ္တဝါမှန်သမျှကို နှိပ်စက်တတ် တယ်။ ဒုက္ခပေးတတ်တယ်။ သတ္တဝါတွေကို ဒုက္ခပေးလေသမျှ ခန္ဓာကဆိုတာ မှတ်လိုက်ကြ။ ရိပ်မိကြပလား။ နာမည် ပညတ်က ဒုက္ခမပေးဘူး။ ရုပ်, ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ်။ ဒီတရားတွေက သတ္တဝါကို ညှာတာမဖက် နှိပ်စက်နေတာ။ ပေါင်းတော့ ငါးပါးပဲ၊ သဘောပါပလား။
ဖောက်ပြန်ပျက်စီးတတ်တဲ့ သဘောဟာ ခန္ဓာသဘော
ဒီခန္ဓာငါးပါးရဲ့ သူ့ပင်ကိုယ်သဘောက ခဏခဏ ဖြတ်ခနဲဖြတ်ခနဲ ဖောက်ပြန်ပျက်စီးနေတာ၊ ခဏတိုင်း ဖောက်ပြန်ပျက်စီးတတ်တဲ့ သဘောဟာ ခန္ဓာသဘောပဲဆိုတာ မှတ်လိုက်ကြ၊ ရိပ်မိကြပလား။ ဒကာ,ဒကာမတွေ ခန္ဓာရဲ့ပင်ကိုသဘောအမှန်ကို သိကြပလား။ သူ့သဘောက ဖောက်ပြန်ပျက်စီးနေတဲ့သဘော၊ ရှင်းပလား။
ဒီတော့…ဘုန်းကြီးက ဒကာ,ဒကာမတွေကို လမ်းညွှန်ပြီးပေးလိုက်တယ်။ “သူ့သဘောအမှန်ကို သိရအောင် ခန္ဓာမှာ ဉာဏ်နဲ့စောင့်ကြည့်ပေးကြ”လို့ ပြောလိုက်တယ်။ ဉာဏ်နဲ့စောင့်ကြည့်ရင် အမှန်ကိုသိရမယ်၊ စောင့်ကြည့်ရင် ခန္ဓာက လူပင်ကိုယ်သဘောကို ပြောလိမ့်မယ် သဘောပါကြရဲ့လား။
ဒကာ,ဒကာမတို့ ဝိပဿနာရှုတယ်ဆိုတာ ခန္ဓာကပြောတာကို စောင့်ကြည့်ရတဲ့အလုပ်ပဲ။ ဒါကြောင့် “ဝိပဿနာ”ဆိုတာ ခန္ဓာပြောကို စောင့်ကြည့်ရတာဟာ “ဝိပဿနာ”လို့ မှတ်လိုက်ကြ။
ဉာဏ်နဲ့စောင့်ပြီး ကြည့်တဲ့အခါ ခန္ဓာက အမျိုးမျိုးပြမယ်။ အဲဒီလို ခန္ဓာပြတာကို ဉာဏ်နဲ့စောင့်ကြည့်ရတဲ့ အလုပ်ဟာ ဝိပဿနာပဲဆိုတာ မှတ်ထားကြ။ သဘောပါပလား။ ရှင်သာရိပုတ္တရာ ကိုယ်တော်ကြီးက ဟောထားခဲ့တယ်။ “အရှိခန္ဓာကြီးက ပြောတာကို စောင့်ကြည့်ရတာဟာ ဝိပဿနာပဲ”တဲ့၊ ကျေနပ်ကြပလား။
ဝိပဿနာဆိုတာ ရှုရတာမဟုတ်ဘူး။ စင်စစ်တော့ စောင့်ကြည့်ရတဲ့အလုပ်ပဲဆိုတာ ဆုံးဖြတ်ချက်ချကြ၊ သဘောပါပလား။ ဉာဏ်နဲ့စောင့်ကြည့်တော့ ခန္ဓာကပြောမယ်။ “ရူပ္ပတီတိ ရူပံ”တဲ့၊ “လုဗ္ဘတီတိ လောဘော”တဲ့၊ ရုပ် ကလည်း ပူလိုက်, အေးလိုက်, လှုပ်လိုက်, ငြိမ်လိုက်ဆိုသလို ဖောက်ပြန်ပြမယ်။ ဥပမာ-လောဘလေးလာလည်း လိုချင် ပြီး ပျက်စီးသွားတာပဲ။
အဲဒီလို အမျိုးမျိုး ရုပ်နာမ်ခန္ဓာတွေဟာ ပေါ်လာပြီး ပျောက်ပျက်သွားကြတာချည်းပဲ ဆိုတာကို ပြောလိမ့် မယ်။ အဲဒီလိုဖောက်ပြန်ပျက်စီးသွားတဲ့ သူ့သဘောကိုစောင့်ကြည်။ သူ့အပြောကိုစောင့်ကြည့်။ အဲဒီလိုကြည့်တဲ့အလုပ် ဟာ ဝိပဿနာပဲ၊ ဒကာ,ဒကာမတွေ သဘောပါကြပလား။
အမူအရာတိုင်းမှာ ဉာဏ်နဲ့စောင့်ကြည့်ပေး
”ဂစ္ဆန္တော ဝါ ဂစ္ဆာမီတိ ပဇာနာတိ။
ဌိတော ဝါ ဌိတောမှီတိ ပဇာနာတီ။
နိသိန္နော ဝါ နိသိန္နောမှိတိ ပဇာနာတိ။
သယာနော ဝါ သယာနောမှီတိ ပဇာနာတိ”။
သွားတဲ့အခါ, ရပ်တဲ့အခါ, ထိုင်နေတဲ့အခါ, အိပ်တဲ့အခါ ဘယ်အခါမျိုးမှာမဆို စောင့်ကြည့်ရမယ်။ ဒီလိုအမူ အရာ အမျိုးမျိုးမှာ ဒီအတိုင်းသိဖို့ စောင့်ကြည့်ရမယ်၊ အဲဒီလိုအမူအရာတိုင်းမှာ ဉာဏ်နဲ့စောင့်ကြည့်ပေးရင် သူ့သဘော အမှန်ကို သိရမယ်။ သူက ပြောလိမ့်မယ်။
ခန္ဓာက အမြဲပြောနေပါတယ်၊ သွားတဲ့အခါလည်း ပြောတာပဲ။ အိပ်တဲ့အခါလည်း ပြောတာပဲ။ ပြောတဲ့ဆိုတဲ့ အခါ စားတဲ့သောက်တဲ့အခါ အဘယ်အခါမဆို သူက အမြဲဖောက်ပြန်ပျက်စီးပြီး သူ့သဘောကို ပြောနေတယ်ဆိုတာ မှတ်လိုက်ကြ၊ ရိပ်မိကြရဲ့လား။ ဒါကို ဉာဏ်နဲ့စောင့်ကြည့်တာဟာ ဝိပဿနာပဲ၊ ရှင်းကြရဲ့လား။
ပထမအနေနဲ့ ဒီဝိပဿနာအလုပ်ကိုလုပ်ဖို့ အရေးကြီးတယ်။ ဒီအလုပ်ကိုလုပ်မှ နိဗ္ဗာန်ရကြမယ်။ နိဗ္ဗာန်ဆိုတာ ဝိပဿနာအဆုံးမှာ တွေ့နိုင်တယ်၊ ဝိပဿနာဆုံးရင် နိဗ္ဗာန်ရောက်နိုင်တယ်ဆိုတာ မှတ်ကြ၊ ရိပ်မိကြပလား။ ဒီဝိပဿနာ လုပ်ငန်းက မခဲယဉ်းဘူး။ လုပ်ချင်တဲ့ဆန္ဒနဲ့ ကြိုးကြိုးစားစားလုပ်ဖို့ပဲ အရေးကြီးတယ်၊ ရှင်းကြရဲ့လား။
ထမင်းချက်ရင်းလည်း လုပ်နိုင်တယ်၊ သွားရင်းလာရင်း, လုပ်ရင်းကိုင်ရင်း, စားရင်းသောက်ရင်းလည်း လုပ် နိုင်တယ်၊ အိပ်ရင်းလည်း လုပ်နိုင်တယ်၊ လည်ပင်းဓားတင်ခံရရင်းကတောင် ဝိပဿနာလုပ်ပြီး နိဗ္ဗာန်ရောက်နိုင်တယ်၊ ဘယ်အခါမဆို ဘယ်နေရာမဆို လုပ်ရင်ဖြစ်နိုင်တယ်။ ဒါကြောင့် နိဗ္ဗာန်ရောက်ချင်တယ်ဆိုရင် မလွတ်အောင် ကြိုး စားကြရမယ်။
အနိစ္စတစ်ချက်၊ သင်္ခါရတစ်ချက်
ခရီးသွားရင်းလည်းကြည့်ပေး၊ စားရင်းလည်းကြည့်ပေး၊ ဘယ်အခါမှ မလစ်စေနဲ့။ ဥပမာ မျောက်အငြိမ်မနေ သလိုပဲ။ မျောက်ဟာ ဆော့, ဂျွမ်းထိုး, သစ်ပင်တက်ဆိုသလို သူ့ကိုစောင့်ကြည့်ရင် အမျိုးမျိုးမြင်ရသလိုပဲ၊ ခန္ဓာကို စောင့်ကြည့်ရင် အမျိုးမျိုး,အထွေထွေ ဖောက်ပြန်နေတာတွေကို မြင်ရမယ်။ ခန္ဓာက အမြဲတမ်းဖောက်ပြန်နေတာ၊ စောင့်ကြည့်ရင် သူ့သဘောအမှန်ကို မြင်ရမယ်။
ခန္ဓာမှာက ရုပ်ပျက်ထင် ရုပ်အစားထိုး၊ ဝေဒနာပျက်ရင်လည်း ဝေဒနာအစားထိုး၊ သင်္ခါရပျက်ရင် သင်္ခါရ၊ စိတ်ပျက်ရင်လည်း စိတ်တစ်ခု အစားထိုးပြန်တာပဲ၊ ရှင်းကြရဲ့လား။ အဲဒီမှာ ပျက်သွားတာက အနိစ္စ၊ အစားထိုးတာ က သင်္ခါရ၊ ဒီသဘောဟာ ခန္ဓာကပြောတာ၊ သူပြော,လူပြော မဟုတ်ပါဘူး။ ခန္ဓာကိုစောင့်ကြည့်ရင် အနိစ္စတစ်ချက်၊ သင်္ခါရတစ်ချက်၊ ဒီနှစ်ချက်ကိုမြင်ရမယ်။
ခန္ဓာက အနိစ္စတစ်ချက်၊ သင်္ခါရတစ်ချက်၊ ဒီနှစ်ချက်ကို ပြောလိမ့်မယ်၊ သူ့ဖြစ်စဉ်ဟာ ဒီနှစ်ချက်ပဲလှည့်နေ ပါတယ်ဆိုတာ ပြောလိမ့်မယ်၊ ခန္ဓာက “အနိစ္စာ ဝတ သင်္ခါရာ”ပါတဲ့။ “ကျုပ်ဟာ အနိစ္စနဲ့ သင်္ခါရ ဒီနှစ်ခုပဲလှည့်နေ ပါတယ်”တဲ့။ ဒါကို ဉာဏ်နဲ့စောင့်ကြည့်၊ ကြည့်ရင် သူ့သဘောကိုမြင်ရမယ်၊ အဲဒီလိုကြည့်ပေးနေရင် သက္ကာယဒိဋ္ဌိကို အထူးဖြုတ်ဖို့ မလိုဘူးဆိုတာမှတ်ကြ။
ဒကာ,ဒကာမတွေ သဘာပါကြပလား။ ဒကာ,ဒကာမတို့တာဝန်က နည်းလမ်းရရင် ကြိုးစားလိုက်နာကြဖို့ပဲ။ ခန္ဓာငါးပါးကို မျောက်ဥပမာထား။ ခန္ဓာငါးပါးကို မျောက်ရှင်တစ်ကောင်လို ဥပမာထားပြီး စောင့်ကြည့်ကြရမယ်။ ဉာဏ်နဲ့စောင့်ကြည့်ရုံပဲ။ ထူးထူးထွေထွေ ကြောင့်ကြစိုက်စရာမလိုဘူး။ အဲဒီလိုစောင့်ကြည့်တာဟာ ဝိပဿနာပဲ၊ စောင့် ကြည့်နေရင် အနိစ္စနဲ့ သင်္ခါရပဲရှိတယ်ဆိုတာ သိရမယ်၊ ရှင်းကြပလား။
ကာယမိမံအလုပ်ပေး
ရှင်သာရိပုတ္တရာကိုယ်တော်ကြီးက နှစ်သင်္ချေနဲ့ ကမ္ဘာတစ်သိန်း ကျင့်လို့ရတဲ့ဉာဏ်နဲ့ ဟောထားခဲ့တယ်ဆိုတာ မှတ်လိုက်ကြ။
”ကာယမိမံ သမ္မထ၊
ပရိဇာနာထ ပုနပ္ပုနံ။
ကာယေ သဘာဝံ ဝိဒိတွာန၊
ဒုက္ခဿန္တံ ကရိဿထ။”တဲ့။
အဓိပ္ပာယ်ကတော့
”ဤခန္ဓာကိုယ် ရုပ်နာမ်တရားကို ဉာဏ်နဲ့စောင့်ကြည့်ကြ၊ အဖန်ဖန် စောင့်ကြည့်ပေးကြ၊ စောင့်ကြည့် ရင် ခန္ဓာငါးပါးရဲ့သဘောကို သိလာလိမ့်မယ်၊ ပျက်တာရယ်, အစားထိုးတာရယ် ဒါပဲရှိတာကို သိရမယ်။ ဒီလိုခန္ဓာ့သဘောအမှန်ကို သိရတဲ့အတွက် ဒုက္ခချုပ်ရ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ကြမယ်”တဲ့။
ဒကာ,ဒကာမတို့ ဉာဏ်နဲ့စောင့်ကြည့်ရင် ခန္ဓာကပြောမယ်၊ ရုပ်ပျက်တော့ ရုပ်အစားထိုး၊ အဲဒီလို အနိစ္စနဲ့ သင်္ခါရပဲရှိပါတယ် ဆိုတဲ့အကြောင်းကို ပြောလိမ့်မယ်။ အဲဒီလို ခန္ဓာပြောတာကို အမှန်သိရရင် နိဗ္ဗာန်ရမယ်တဲ့၊ ကျေ နပ်ပလား။
”ကာယေ-ခန္ဓာငါးပါး ကာယတရား၌၊ သဘာဝံ-သဘောမှန်ကို၊ ဝိဒိတွာန-အနိစ္စနဲ့ သင်္ခါရသာရှိတယ် လို့ သိရခြင်းကြောင့်၊ ဒုက္ခသန္တံ-ဒုက္ခဆုံးရာနိဗ္ဗာန်ကို။ ကရိဿထ သစ္ဆိကရိဿထ- မျက်မှောက်ပြုနိုင်ကြပေ လတ္တံ့။”
သဘောပါကြပလား။ ဘုန်းကြီးတို့ ဒကာ,ဒကာမတွေက ခန္ဓာ့သဘောကို အမှန်မသိကြဘူး၊ ခန္ဓာပေါ်မှာ ဒကာတို့သိနေတာက မိစ္ဆာဒိဋ္ဌိနဲ့သိနေကြတာ။ မရှိတာကို သိနေကြတယ်။ ရှိတာကိုတော့ မသိကြဘူး၊ သမ္မာဒိဋ္ဌိဆိုတဲ့ အမှန်မြင်တဲ့ဉာဏ်နဲ့ မသိကြဘူး၊ မသိတော့ ခန္ဓာ့ရဲ့ ဖောက်ပြန်နေတဲ့သဘောကိုလည်း မသိမမြင်ကြတော့ဘူးဆိုတာ ရိပ်မိကြပလား။
ခန္ဓာက အနိစ္စနဲ့ သင်္ခါရပဲရှိတယ်
ခန္ဓာက အနိစ္စနဲ့ သင်္ခါရပဲရှိတယ်။ ဒီသဘောအမှန်ကို ရုပ်ကလည်းပြောတယ်၊ ဝေဒနာကလည်းပြောတယ်၊ ရုပ်ပျက်ရုပ်အစားထိုး၊ ဝေဒနာပျက် ဝေဒနာအစားထိုး၊ စိတ်ကလည်း ထို့အတူပဲ။ ပျက်ပြီး အစားထိုးတာပဲ၊ ပျက်တာ က အနိစ္စ၊ အစားထိုးတာက သင်္ခါရ၊ ဒီနှစ်ခုပဲရှိတယ်ဆိုတာ ခန္ဓာကအမြဲပြောနေတယ်၊ ဒါကို ဉာဏ်နဲ့မြင်အောင် ကြည့်ပေးကြ။
အရှင်သာရိပုတ္တရာက သူ့ကို ဉာဏ်နဲ့ကြည့်ဖို့ဟောတယ်။ နိဗ္ဗာန်ရောက်ချင်ရင် ဒီသဘောကို မြင်အောင်ကြည့် ကြဆိုပြီး ကျဉ်းကျဉ်းနဲ့လိုရင်းကို ဟောထားခဲ့တာ။ ဘုရားရှင်ကလည်း ရှင်သာရိပုတ္တရာဟောတာကို ထောက်ခံတယ်။ ဒကာ,ဒကာမတို့တတွေ အများအားဖြင့်ရနေကြတဲ့အခု “အနိစ္စာဝတသင်္ခါရာ”ဆိုတဲ့ ဂါထာလေးဟာ ဘုရားက ထောက် ခံချက်ပေးတာပဲဆိုတာ မှတ်လိုက်ကြ၊ ရိပ်မိကြပလား။
ခန္ဓာမှာ ဉာဏ်နဲ့စောင့်ကြည့်တော့ ဓမ္မကလေးတစ်ခု ပေါ်လာတယ်။ ဥပမာ စိတ်ကူးကလေးတစ်ခု ဆိုပါတော့၊ သူက အခုကူးလိုက်လို့ အခုပေါ်လာတာ၊ အစောကရှိနေတာ မဟုတ်ဘူး။ မြင်ကြပလား။ ဒီစိတ်ကူးကလေးဟာ အခု ပေါ်လာပြီး အခုပဲပျောက်ပျက်သွားတယ်။ အဲဒီတော့ အခုပေါ်လာတာ သင်္ခါရ၊ ဟော… ပျောက်သွားပြီဆိုတော့ အနိစ္စ၊ ဒီနှစ်ခုပဲရှိတယ်၊ ကျေနပ်ပလား။
ဥပမာ ထိုင်ချင်စိတ်ပေါ်လာလို့ ထိုင်ချင်တဲ့နေရာမှာ ထိုင်လိုက်ပြီး ခန္ဓာ့သဘောမှာစောင့်ကြည့်၊ ကြည့်တော့ ထိုင်ချင်တဲ့စိတ်ကလေး မရှိတော့ဘူး။ ပျက်ပြီး နောက်စိတ်အစားထိုးပြီဆိုတာ ပြောလိမ့်မယ်၊ အဲဒီလိုပြောတာ သူများ ပြောမဟုတ်ဘူး။ ခန္ဓာကပြောတာပဲဆိုပြီး ဉာဏ်ထဲမှာ ယောက်ျား,မိန်းမဆိုတဲ့ သက္ကာယပြုတ်၊ ပြုတ်တော့ ဝိစိကိစ္ဆာ လည်း မလာတော့ဘူး၊ ရှင်းပလား။
အစားထိုးတာက သင်္ခါရ၊ ပျက်သွားတာက အနိစ္စ
ဒကာ,ဒကာမတို့ သဘောပါကြပလား။ အစားထိုးတာက သင်္ခါရ၊ ပျက်သွားတာက အနိစ္စ၊ ဒီနှစ်ခုပဲ လှည့်ပြ နေမယ်၊ ဘာပဲပေါ်ပေါ် ဒီနှစ်ခုပြမှာပဲ။ အဲဒီလိုပြတာကို ဉာဏ်နဲ့မပြတ်မလပ် အထပ်ထပ်ကြည့်ပေးရမယ်၊ ကြည့်ဖန် များလာတော့ ခန္ဓာ့သဘောအမှန်ကို ဧကန်သိပြီး ဉာဏ်က ဒီခန္ဓာကိုစွန့်လွတ်ချင်လာတယ်၊ မခင်မင် မနှစ်သက်တော့ ဘူး။
အဲဒီလိုမလိုချင်လို့ မုန်းအားကြီးလာတော့ ခုနတုန်းကလာနေတဲ့ အနိစ္စမလာတော့ဘူး၊ အစားထိုးလည်းမလာ တော့ဘူး၊ ဒီလိုသင်္ခါရနဲ့ အနိစ္စကုန်သွားတော့ “တေသံ စူပသမောသုခေါ”ပဲ။ တေသံ-ထိုပျက်သွားတာနဲ့ အစားထိုးတာ နှစ်ခုတို့၏၊ ပူပသမော-မရှိခြင်းသည်၊ သုခေါ-နိဗ္ဗာန်ပဲ…တဲ့၊ ကျေနပ်ကြပလား။
ဒကာ,ဒကာမတို့ ခန္ဓာမှာ သင်္ခါရနဲ့ အနိစ္စ ဒီနှစ်ခုသာရှိတယ်။ ဒီအရှိကိုသိမှ နိဗ္ဗာန်ရကြမယ်၊ နိဗ္ဗာန်ကိုတွေ့ မယ်၊ မသိရင် နိဗ္ဗာန်မတွေ့ကြဘူးဆိုတာ ဆုံးဖြတ်ချက်ချကြ။ ဒီသင်္ခါရနဲ့ အနိစ္စကိုတွေ့ရင် ဒီလမ်းအတိုင်းလိုက်သွား၊ လိုက်သွားလို့ဆုံးရင် ဆုံးတဲ့နေရာဟာ အသင်္ခတနိစ္စနိဗ္ဗာန်ကို တွေ့မယ်ဆိုတာမှတ်ကြတော့၊ သဘောပါပလား။ ပထမ ဒီအနိစ္စနဲ့ သင်္ခါရကိုတွေ့ဖို့ ဒီနှစ်ခုကို အစအဆုံးလိုက်သွား၊ လိုက်သွားလို့ဆုံးရင် နိဗ္ဗာန်ရောက်တာပဲ၊ ဒီအတိုင်းလိုက်သွားလို့ အနိစ္စနဲ့ သင်္ခါရကိုဖြင့် မလိုချင်တော့ပါဘူးဆိုတော့ သူတို့နှစ်ခုဆုံးသွားတယ်။ ဆုံးသွားတော့ နိဗ္ဗနဲ့အသင်္ခတကို တွေ့ရတော့တာပဲ။ အနိစ္စဆုံးတော့ နိစ္စကိုတွေ့တယ်၊ သင်္ခါရဆုံးတော့ အသင်္ခတကိုတွေ့တယ်၊ ရှင်းကြပလား။
အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးက သူကိုယ်တိုင်ကျင့်ပြီး သူကိုယ်တိုင်ရောက်ပြီးမှ ဟောတော်မူခဲ့တဲ့ တရားပဲဆိုတာ ဆုံးဖြတ်ချက်ချကြ။ ဒီတော့ ယုံမှားစရာမလိုတော့ဘူး၊ ကြိုးစားလိုက်နာဖို့ပဲ ရှိတော့တယ်ဆိုတာ သဘော ပါကြပလား။
ပျက်သွားလိုက် အစားထိုးလိုက်
ခန္ဓာသဘောအမှန်က အနိစ္စနဲ့ သင်္ခါရပဲရတယ်၊ ပျက်တာနဲ့ အစားထိုးတာပဲရှိတယ်။ ဝေဒနာပေါ်လာ ပျက် သွား ဝေဒနာအနိစ္စ၊ နောက် ဝေဒနာအစားထိုးတာပဲ၊ စိတ်ပျက်ရင်လည်း စိတ်အစားထိုးပြန်တာပဲ၊ ပျက်တာက အနိစ္စ၊ အစားထိုးတာက သင်္ခါရ၊ ခန္ဓာငါးပါး ရုပ်နာမ်တရားတွေဟာ ပျက်သွားလိုက် အစားထိုးလိုက်၊ ပျက်လိုက် အစားထိုးလိုက်နဲ့ “မီးခိုးမဆုံး မိုးမဆုံး”ပဲ၊ ရိပ်မိကြရဲ့လား။
ဒီလိုဖြစ်ရတာ ဘာ့ကြောင့်လဲ သိကြရဲ့လား။ ဘုန်းကြီးတို့ ဒကာ,ဒကာမတွေက “လူ့ဘဝ နတ်ဘဝတွေမှာ ကြိမ်ဖန်များစွာ ဖြစ်ရပါလို၏”တဲ့၊ အဲဒါဟာ အနိစ္စနဲ့ သင်္ခါရ ပျက်လိုက် အစားထိုးလိုက် အကြိမ်ကြိမ်အဖန်ဖန် ဖြစ်ရပါလို၏ဆိုတာနဲ့ အတူတူပဲ၊ ဒါကြောင့် ဒကာ,ဒကာမတွေမှာ မီးခိုးလည်းမဆုံး မိုးလည်းမဆုံးတော့ဘူးဆိုတာ မှတ်ကြတော့။
ဒကာတို့ဟာက နိဗ္ဗာန်ဘယ်တော့မှမရောက်အောင် တောင်းထားတဲ့ အရုပ်ဆိုးကြီးပဲ၊ ရိပ်မိကြရဲ့လား။ ဒကာ တို့တတွေ တောင်းတဲ့အတောင်းက “အနိစ္စလည်း ခဏခဏဖြစ်ရပါလို၏၊ သေစရာအထည်လည်း ခဏခဏဖြစ်ရပါ လို၏”လို့ ဆိုလိုက်တာပါပဲ။ ဒီလိုဆိုတော့ ဒကာတို့ဧာ ရူးချက်သန်တာပဲလို့ ဆိုထိုက်, မဆိုထိုက် စဉ်းစားကြ၊ သဘောပါ ပလား။
ဒကာ,ဒကာမတွေဟာ ရှေးက ဒီတရားမျိုးကို မနာရလို့ ဘုရားရှေ့တော်သွားပြီး လူ့ဘုံနတ်ဘုံ အကြိမ်ကြိမ် ဖြစ်ရပါလို၏လို့ ဆိုတာဟာ “အသေထည် ခဏခဏဖြစ်ပြီး သေပွဲခဏခဏ ကြုံရပါလို၏”လို့ ဆိုလိုက်တာပါပဲ၊ ရိပ်မိ ကြပလား။ ဒကာ,ဒကာမတွေ ကိုယ့်အဖြစ်ဆိုးတာ ကိုယ်တိုင်သိကြရဲ့လား။ သိကြတော့လို့ အထူးပဲ သတိပေးလိုက်ပါ တယ်။
ဒီအချက်ဟာ ဝိပ္ပလ္လာသဒဏ်ချက် ကိလေသာဒဏ်ချက်မိတာပဲ။ ဒီဒဏ်ချက်ဟာ ဘယ်လောက်ကြောက်စရာ ကောင်းတယ်ဆိုတာ ပေါ်ကြပလား။ ဒီသဘောကို အမှန်သိရအောင် ဘုရားက ခန္ဓာကိုယ်မှာသုံးသပ်ကြလို့ မှာတော် မူခဲ့တာ၊ ခန္ဓာကိုယ်ကို သုံးသပ်ကြည့်မှ သေပွဲနဲ့သေတာ ခဏခဏကြုံရတာကို တွေ့ရမယ်၊ ဒါကြောင့် ဘုရားက ခန္ဓာ ကိုယ်ကို သုံးသပ်စေချင်တယ်ဆိုတာ မှတ်ကြရမယ်၊ ရှင်းကြပလား။
နိဗ္ဗာန်ဆိုတာ
ဒကာ,ဒကာမတို့ နိဗ္ဗာန်ဆိုတာက အသေထည်လည်း ဇာတ်သိမ်း၊ သေပွဲလည်း ဇာတ်သိမ်းတာပဲ။ ဒီအသေ ဇာတ်သိမ်းရာကို ရောက်ချင်ရင် ခန္ဓာသုံးသပ်မှုကို အထူးဂရုစိုက်ကြရမယ်။ ဒါမှမဟုတ်ရင် အသေဇာတ်ထုပ် ဘယ် တော့မှ မရုပ်သိမ်းတော့ဘူးဆိုတာသာ မှတ်ထားကြတော့။
နိဗ္ဗာန်ဆိုတာ “တေသံ ဝူပသမော သုခေါ”တဲ့၊ ဒီအသေထည်နဲ့ အသေကိစ္စနှစ်ခုတို့၏ ရုပ်သိမ်းရာ ချုပ်ငြိမ်း ရာဟာ နိဗ္ဗာန်ပဲ။ ဒီနိဗ္ဗာန်ကိုရချင်, ရောက်ချင်ရင် ခန္ဓာမှာ အသေထည်နဲ့ အသေကိစ္စနှစ်ခုကို များများကြည့်ပေး၊ သုံးသပ်ပေးရမယ်၊ ဒီနှစ်ခုကို အကြည့်များရင် ကြားတော့မလိုချင် မသိမ်းပိုက်ချင် မုန်းဉာဏ်ဝင်လာတယ်။
မလိုချင်ရင် နိဗ္ဗိန္ဒဉာဏ်ရတာပဲ။ ဒီဉာဏ်ရင့်လာပြီးနောက် ဒီအသေထည်နဲ့ အသေကိစ္စနှစ်ခုက လွတ်သွား တော့တယ်။ လွတ်သွားပြီးနောက် ပစ္စဝေက္ခဏာဝီတိကျ, သိပ်သဘောကျပြီး ဝမ်းမြောက်သွားတော့တယ်၊ ဒကာ,ဒကာမ တွေ သဘောပါကြပလား။ အဲဒါ နိဗ္ဗာန်မျက်မှောက်ပြုသွားတာကို ဆိုတာလို့မှတ်ကြ။
နိဗ္ဗာန်ကို ဘယ်အချိန်ရောက်ပါ့မလဲဆိုတာ မတွေးကြနဲ့။ ဒီနှစ်ခု အသေထည်နဲ့ အသေကိစ္စကြည့်မှုအလုပ်, လုပ်ကြ။ အနိစ္စနဲ့ သင်္ခါရဆိုလည်း အတူတူပဲ။ ဒီနှစ်ခုကို မပြတ်မလပ် ကြပ်ကြပ်သာကြည့်ပေးကြ။ အကြည့်များရင် ဉာဏ်ထက်လာမယ်၊ ဉာဏ်ထက်ပြီး မုန်းဉာဏ်တွေလာမယ်၊ ရှင်းကြရဲ့လား။
ခန္ဓာနဲ့ သေခန်း,ရှင်ခန်းကို ပြတ်အောင်မုန်းမှ
ဒီနေရာမှာ မုန်းတယ်ဆိုပေမယ့် သားမုန်း, သမီးမုန်း အမုန်းမျိုးမဟုတ်ဘူး။ ဒီလိုအမုန်းမျိုးနဲ့ မရသေးဘူး။ ကျွတ်လွတ်တဲ့သဘောမပါလို့ မရသေးဘူးဆိုတာ မှတ်ကြ။ ဒီခန္ဓာကို မင်းနဲ့ဖြင့် သေခန်း, ရှင်ခန်းဖြတ်မှ ဖြစ်မယ်ဆို ပြီး ခန္ဓာနဲ့ သေခန်း,ရှင်ခန်းကို ပြတ်အောင်မုန်းမှ “တေသံ ဝူပသမော သုခေါ”ဖြစ်မယ်။
ဒကာ,ဒကာမတို့ နိဗ္ဗာန်ဟာ ဒီအသေထည်နဲ့ အသေကိစ္စမရှိဘူး၊ အဲဒီနိဗ္ဗာန်ဟာ ချမ်းသာမှုသက်သက်ပဲ။ ဒီအသေထည်နဲ့ အသေကိစ္စနှစ်ခု ချုပ်တာဟာ နိဗ္ဗာန်ပဲလို့မှတ်လိုက်ကြ။
ဒီနိဗ္ဗာန်ကိုရချင်ရင် ဘာလုပ်ရမလဲ။ ခန္ဓာမှာ ဉာဏ်နဲ့ကြည့်ပေးရမယ်။ ဉာဏ်နဲ့ကြည့်ရင် ခန္ဓာက ယောက်ျား လည်းမပြဘူး၊ မိန်းမလည်း မပြဘူး၊ ဘာကိုပြမလဲ။ အမှန်တရားကိုပြမယ်၊ မရှိတာကို မပြဘူး၊ အမှန်ရှိတဲ့ “ပျက်တာနဲ့ အစားထိုးတာ” နှစ်ခုကိုပဲပြမယ်။ အဲဒီတော့ ပျက်တာလည်းမိမိပဲ၊ အစားထိုးတာလည်း မိမိပဲဆိုပြီး ဉာဏ်ကဆုံးဖြတ် ချက်ချမယ်၊ ရှင်းပလား။
အဲဒီလို ဉာဏ်ကဆုံးဖြတ်ချက်ချနိုင်ရင် ခန္ဓာကိုမခင် မလိုချင်တဲ့ မုန်းဉာဏ်လာ၊ နောက်မကြာခင် ဆုံးသွား ပြီး နိဗ္ဗာန်ရတာပဲ၊ ကျေနပ်ပလား။ ဒါကြောင့် ခန္ဓာမှာပျက်တာနဲ့ အစားထိုးတာနှစ်ခုကို ဉာဏ်နဲ့မြင်အောင် ကြည့်ပေး ရမယ်ဆိုတာ သဘောပါကြပလား။
မိမိခန္ဓာမှာ ပျက်တာနဲ့ အစားထိုးတာနှစ်ခုကိုမှ မသိရင်, မမြင်ရင် “ခွေးဖြစ်၍, နွားဖြစ်၍, ဆိတ်ဖြစ်၍, ကြက်ဖြစ်၍, ငှက်ဖြစ်၍, ဝက်ဖြစ်၍, လူဖြစ်၍, နတ်ဖြစ်၍ အဖန်ဖန်သေရပါလို၏”ဆိုတဲ့ထဲကို သွားရမယ်လို့သာ မှတ်ကြတော့ပဲ၊ ရိပ်မိကြရဲ့လား။ ဒီလိုဘဝအမျိုးမျိုး, အဖြစ်အမျိုးမျိုးတွေ ရနေသမျှ ဒုက္ခလက်စ ဘယ်အခါမှမသတ် တော့ဘူးဆိုတာ ပြောလိုက်ပါတယ်။
အသေဆုကို တောင်းသည်မည်၏
ဘုရားက သံယုတ်ပါဠိတော်မှာ ဟောတော်မူခဲ့တယ်၊ “အကြင်သူသည် ဖြစ်မှုကိုတောင့်တ၏။ ထိုသူသည် ရောဂါအနာနှင့် အသေဆုကို တောင်းသည်မည်၏”တဲ့၊ ဒကာ, ဒကာမတို့အဖြစ်ကို ဆုတောင်းတာဟာ အနာရောဂါနဲ့ အသေဆုကို တောင်းတာပါပဲတဲ့၊ သဘောပါကြရဲ့လား။
ဒကာ,ဒကာမတွေ ဟိုဘဝ ဒီဘဝ ဖြစ်ချင်ကြသေးသလား။ ဖြစ်ချင်ရင် သေမယ်၊ ထပ်ပြန်တလဲလဲ သေရမယ် ဆိုတာ မှတ်ကြ၊ ဖြစ်ချင်တယ်ဆိုတာ တဏှာကလှည့်စားလိုက်ပြီးတော့ “ဆင်းရဲမှာ စိုးရိမ်တယ်”ဆိုပြီး အသေချည့် အတောင်းခိုင်းတော့တယ်၊ တဏှာဟာ အင်မတန်ကြောက်စရာကောင်းတဲ့ တဏှာပဲ။ ကောက်ကျစ်စဉ်းလဲတဲ့နေရာမှာ တဏှာကိုမှီတာ မရှိတော့ဘူး။
တဏှာက ကောက်ကျစ်တဲ့ စဉ်းလဲတဲ့နေရာမှာ ဗိုလ်ချုပ်ပဲ၊ သူ့ကိုတုနိုင်တာ မရှိဘူးလို့မှတ်လိုက်ကြ။ ဒီတဏှာ က သူဝင်လာစဉ်တုန်းကတော့ ခေါင်းရှိုးပြီးဝင်လာတယ်၊ အထဲထဲလည်းရောက်ရော သံသရာထဲမှ ဆင်းရဲဒုက္ခရောက် အောင် အမျိုးမျိုးလုပ်ပေးတတ်တယ်။ အဆိုးချည့် မကောင်းတာချည့် စီမံတတ်တယ်ဆိုတာ မှတ်ကြ၊ အဲဒါ သံယုတ် ပါဠိတော်မှာ ဟောတော်မူတဲ့အဓိပ္ပာယ်ပဲ။
ဒကာတို့ကို တဏှာက ဘယ်လိုဒုက္ခရောက်အောင် လုပ်တယ်ဆိုတာ ဉာဏ်နဲ့ဝေဖန်ကြည့်ရင် ရိပ်မိကြမယ်။ အစာအာဟာရအတွက် ဒုက္ခတစ်မျိုးထဲပဲ ကြည့်ပါဦး၊ စားမှုကိစ္စအတွက် အရှာအဖွေထွက်ရတယ်။ ဟိုးသွားရ ဒီသွားရ ဟိုဟာလုပ်ရ ဒီဟာလုပ်ရ ဒီအလုပ်မကောင်း ဟိုအလုပ်ပြောင်း၊ မရပြန်တော့ မရလို့ စိတ်ဒုက္ခတစ်မျိုးရောက်၊ ရပြန် တော့လည်း ရတဲ့ပစ္စည်းကို မရလို့ စိတ်ဒုက္ခတစ်မျိုး၊ ရပြန်တော့လည်း ရတဲ့ပစ္စည်းကို ကြောင့်ကြရ၊ ထိန်းသိမ်းစောင့် ရှောက်ရနဲ့ အေးကွက်တစ်ခုမှ မပါဘူး။
စားတဲ့ဒုက္ခ
ဝမ်းကဟာလို့ ဗိုက်ကဆာလို့ အစာကျွေးရ စားမကောင်းတော့ မကောင်းလို့၊ စိတ်မချမ်းမသာ, ကောင်းတော့ ကောင်းလို့ များများစားမိ၊ အစာမကြေချင်၊ ရင်ပြည့်ချင်၊ ဝမ်းရောင်ချင်၊ အောင့်ချင်၊ ကျွေးရပေမယ့် ကောင်းကျိုး မပေးဘူး။ ဒီကြားထဲက မသင့်မတင့်တာစားမိလို့ အဆိပ်အတောက်ဖြစ်ပြီး သေချင်သေနိုင်တယ်။ စားမိပြန်တော့လည်း ကျင်ကြီးစွန့်ရ ကျင်ငယ်စွန့်ရ၊ ဒီဒုက္ခတွေလည်း မသေးဘူး။
ဒကာ,ဒကာမတွေ ရိပ်မိကြပလား။ စားတဲ့ဒုက္ခတစ်ခုထဲမှာကို ပြောလို့ကုန်နိုင်စရာမရှိဘူး။ ဒါကို မသိမမြင် တော့ သာယာတဲ့တဏှာနဲ့ စားနိုင်သောက်နိုင်ကြတယ်။ ဒီလိုနဲ့ပဲ အိုခြင်းဆိုးကြုံရ၊ နာခြင်းဆိုးကြုံရ၊ သေခြင်းဆိုးကြုံရ၊ မသိသာဆိုးဝါးတဲ့အပြစ် ဘယ်လောက်ကြီးမယ်ဆိုတာ ပြောစရာကိုမရှိတော့ဘူး။ အိုခြင်းဆိုး သေခြင်းဆိုးကြုံရတာကို မသိအောင်တောင် ဖုံးထားလိုက်တယ်။
ဥပမာအားဖြင့်ဆိုရင် ပြောင်းရိုးစဉ်းတဲ့စက်ထဲမှာ ပြောင်းရိုးတွေကို မပြတ်မလပ်အောင် အမြဲတစေ ရှေ့ချည့် တိုးတိုးပေးနေရသလိုပါပဲ။ ပြောင်းရိုးစဉ်းစက်မှာ ပြောင်းရိုးကို ရှေ့တိုးပေးတာဟာ အစဉ်းခံချင်လို့ပဲ၊ သစ်စက်ထဲမှာ သစ်တုံးကို ရှေ့တိုးတိုးပေးတာဟာ လွှအဖြတ်ခံချင်လို့ပဲ၊ ရှင်းကြရဲ့လား။
ဒီဥပမာအတူပဲ၊ သုံးဆယ့်တစ်ဘုံဟာ လွှစက်ကြီးနဲ့တူတယ်။ ပြောင်းရိုးစဉ်းစက်ကြီးလိုပဲဆိုရင်လည်း ဆိုနိုင် တယ်။ အဲဒီအထဲမှာ အစားထိုးတာဟာ လူ့ခန္ဓာ, နတ်ခန္ဓာစတဲ့ ခန္ဓာအမျိုးမျိုးတွေကိုပဲဆိုတာ မှတ်ကြ။ တဏှာလည်း စားသမျှ ခန္ဓာအမျိုးမျိုးတောင်း၊ တောင်းလို့ရလာသမျှဟာ လွှအဖြတ် စက်အဖြတ်ခံရပြီး သေခြင်းဆိုးချည့် ကြုံရတာပဲ ရှိတယ်။ ကျေနပ်ပလား။
သံသရာ့လွှစက် သုံးဆယ့်တစ်ဘုံ ဓားစက်
ဥဒယက အစားထိုးတာ၊ ဝယက စက်အဖြတ်ခံရတာ၊ ဥဒယက အစားထိုးလို့ ဝယစက်က ဖြတ်လိုက်တာပဲ ရှိတယ်။ ဒီနှစ်ခုအပြင် ဘာမှအပိုမပါပါဘူး၊ သဘောပါကြရဲ့လား။ ဒကာ,ဒကာမတွေနောက်ကို စက်အဖြတ်ခံချင်ကြ သေးသလား။ တော်လောက်ကြပြီဆိုတာ သတိပေးလိုက်ပါတယ်။
ဒကာတို့တတွေဟာ အိုခြင်းဆိုး, နာခြင်းဆိုး, သေခြင်းဆိုးဆိုတဲ့ သံသရာ့လွှစက်၊ သုံးဆယ့်တစ်ဘုံ ဓားစက် ကြီးထဲမှာ အဖြတ်ချည့်ခံလာကြရတာ ဘယ်လောက်ကြာပြီလို့ကို မပြောနိုင်ဘူး၊ ဘုရားရွှေဉာဏ်နဲ့တောင် ကြည့်လို့ မဆုံးဘူး၊ ဒီနည်းအတိုင်း အပိုင်းပိုင်းပြတ်ခဲ့ကြရတာ အစ,မထင်တော့ဘူး၊ ဒကာတို့ အပိုင်းပိုင်းပြတ်ရတာကလည်း ခွေးစား,ခြေနင်း,လောက်ကိုက်နဲ့ပဲ အဆုံးသတ်ရတယ်။
ဘုရားကိုယ်တော်မြတ်ကတော့… ခန္ဓာတော် အပိုင်းပိုင်းပြတ်ပြီး ဓာတ်တော်, မွေတော်ဖြစ်ရ၊ ထိပ်ပေါ်တင် ပြီး အပူဇော်အကိုးအကွယ်ခံရတယ်၊ ဒကာတို့ဟာက ခွေးစားခံရဖို့ သူများခြေနင်းခံရဖို့၊ ပိုးလောက်တွေစားသောက် ဖို့ မကွာဘူးလား။
ဒကာ,ဒကာမတို့ လူဖြစ်ဖြစ်, နတ်ဖြစ်ဖြစ်, ဘာပဲဖြစ်ဖြစ် ဒီအဖြစ်ဟူသမျှဟာ သစ်တုံးပဲ၊ လွှစက်အောက် အသက်ပျောက်မှာချည့်ပဲဆိုတာ မှတ်လိုက်ကြ၊ သဘောပါကြပလား။ လွှစက်အောက်မှာ အသက်ပျောက်ချင်သေးရင် ဘာအဖြစ်,ညာအဖြစ်တွေ တောင်းကြဦးမှပေါ့။
သင်္ခါရခန္ဓာက သစ်တုံးနဲ့တူတယ်
သင်္ခါရတည်းဟူသော ခန္ဓာ၊ အနိစ္စတည်းဟူသော လွှစက်၊ သင်္ခါရခန္ဓာက သစ်တုံးနဲ့တူတယ်၊ အနိစ္စတရားက လွှစက်နဲ့တူတယ်၊ ရှင်းကြပလား။ သင်္ခါရနဲ့ အနိစ္စက တွဲရက်။ အသင်္ခတနဲ့ နိစ္စကတွဲရက်၊ သူတို့နှစ်စုံက တွဲရက်တွေပဲ၊ ကျေနပ်ပလား။
ဒကာ,ဒကာမတွေ ဘာကိုရအောင် ကြိုးစားခဲ့ကြသလဲ။ အသေထည် ခန္ဓာရအောင် ကြိုးစားခဲ့ကြတယ်။ အေး… အသေထည်ကိုကြိုးစားမိလို့ သေကြရတော့မယ်ဆိုတာ သံသယရှိဖို့မလိုတော့ဘူး၊ သေကြရမယ်ဆိုတာ လူတိုင်းသိကြတယ်၊ အဲဒါ အသေထည်ကြိုးစားထားလို့ပဲ။ တိရစ္ဆာန်မိုက်, မိုက်ထားလို့ပဲဆိုရင် လွဲပါ့မလား၊ မလွဲတော့ ဘူး။
ဒကာ,ဒကာမတို့ တိရစ္ဆာန်မိုက်, မိုက်တယ်ဆိုတဲ့ အဓိပ္ပာယ်ပေါ်ကြပလား။ “ဒီသား, ဒီသမီး, ဒီပစ္စည်း, ဒီဆွေမျိုးညာတကာတွေနဲ့ ဘယ်တော့မှ မခွဲရပါလို၏၊ အမြဲတမ်း မကွေမကွာဖြစ်ရပါလို၏”လို့ တောင်းတာဟာ တိရစ္ဆာန် မိုက်, မိုက်တာပဲ၊ ရိပ်မိကြရဲ့လား။
အဲဒီလိုဆိုတော့… ခွေးကခွေးပြန်ဖြစ်၊ နွားကလည်း နွား၊ ကျွဲကလည်း ကျွဲပဲပြန်ဖြစ်၊ လူကလည်း လူပဲ ပြန်ဖြစ်မယ်။ ဒီလိုဖြစ်တော့ ဘယ်တော့မှ ကျွတ်လွတ်ခွင့်မရဘူး။ ဒီအို,နာ,သေ သံသရာဆင်းရဲထဲမှာပဲ ထပ်တလဲလဲ ဝဲလှည့်နေရမယ်။ မီးခိုးမဆုံး၊ မိုးမဆုံးပဲ၊ အပြစ်အမျိုးမျိုးရသမျှ ဒုက္ခမဆုံးကြဘူး၊ ရှင်းကြရဲ့လား။
ဒါကြောင့် ဘုန်းကြီးတို့ ဒကာ,ဒကာမတွေကို ထူးထူးခြားခြား တိုက်တွန်းရတယ်။ “ဝိပဿနာရှုကြ၊ တရား အားထုတ်ကြ”လို့။ ဝိပဿနာအားထုတ်ပါမှ ဒီအဖြစ်ဆိုး, ဒုက္ခမျိုးတွေက ကျွတ်လွတ်နိုင်ကြမယ်၊ ဝိပဿနာအားမထုတ် သူဆိုရင် ကျွတ်ခွင့်လမ်းစ ဘယ်အခါမှ မမြင်နိုင်တော့ဘူးဆိုတာ မှတ်လိုက်ကြ။
တစ်ပါးထဲကိုသာ အားထုတ်ပါ
ဝိပဿနာအားထုတ်ဖို့ဆိုတာ အများမလိုဘူး။ ခန္ဓာငါးပါးထဲက တစ်ပါးထဲကိုသာ အားထုတ်ပါ။ တစ်ပါးပါးကို ထုတ်ရင် ပြီးပါတယ်။ တစ်ပါးထဲအားထုတ်လို့ မကန့်ကွက်ပါဘူး။ အရှင်သာရိပုတ္တရာ ကိုယ်တော်ကြီးက “ဝိပဿနာ အားထုတ်ဆိုတာ တစ်လုံးထဲလည်း အားထုတ်ရင်ရတယ်”လို့ ဟောထားခဲ့တယ်၊ ကျေနပ်ပလား။
ဝိပဿနာရှုတဲ့အခါ ဗျာများနေရင် ကြာမယ်ဆိုတာ မှတ်ထားလိုက်ကြ။ ဒကာတို့က မေးတယ်ဆိုပါတော့၊ “တပည့်တော်တို့မှာ ဘုရား၊ ဝိပဿနာရှုနေတာ ကြာပါပြီ၊ ဒါပေမဲ့ ဘာမှမဖြစ်သေးပါဘူး၊ အဲဒါ ဘာကြောင့်ပါလဲ” လို့ မေးခဲ့ရင် တစ်လုံးမဟုတ်လို့ တစ်ခုထဲကို မစူးစိုက်လို့ပဲဆိုတာ ပြောလိုက်ပါတယ်၊ မှတ်မိကြပလား။
အခု ဒကာ,ဒကာမတွေကို သံယုတ်ပါဠိတော် ကိံသုကောပမသုတ်မှာလာတဲ့ အဓိပ္ပာယ်ကိုပြောရမယ်၊ ဒီ အဓိပ္ပာယ်ကို အရင်ကလည်းပြောခဲ့ဖူးပြီ၊ နာဘူးထပ်မံဆိုတဲ့အတိုင်း အခုတစ်ခါ ထပ်ပြီးပြောရဦးမယ်ဆိုတာ မှတ်ကြ ရမယ်။
ဘုရားရှင်လက်ထက်တော်က ရဟန္တာကြီးလေးပါးရှိတယ်၊ ရဟန္တာလို့ဆိုသဖြင့် ဒကာ,ဒကာမတွေက ဒီရဟန္တာ လေးပါးလုံးဟာ နိဗ္ဗာန်ကိုမြင်ပြီးသား ပုဂ္ဂိုလ်ချည့်ပဲဆိုတဲ့အချက်ကို မှတ်ထားကြရမယ်၊ ရှင်းပလား။ ဒါပေမဲ့ ဒီရဟန္တာ လေးပါးတို့ဟာ ဝိပဿနာရှုစဉ်တုန်းက အမြင်ချင်းမတူကြဘူးတဲ့။
ဒါနဲ့ ပုထုဇဉ်ရဟန်းတစ်ပါးကလည်းရှိတော့ အဲဒီရဟန်းက ခုနပြောတဲ့ ရဟန်းကြီးလေးပါးထံ သွားရောက်ပြီး နိဗ္ဗာန်မြင်ပုံအစဉ်ကို မေးမြန်းတယ်။ “အရှင်ဘုရားတို့… နိဗ္ဗာန်မြင်တာဟာ ဘယ်တရားများကို ဘယ်နည်းဘယ်ပုံ ရှုပြီး နိဗ္ဗာန်ကိုမြင်တာလဲ”ဆိုတဲ့ အဓိပ္ပာယ်နဲ့ အသီးသီးမေးမြန်းတယ်လို့ မှတ်ကြရမယ်။
အဲဒီလိုမေးတော့…
အာယတနခြောက်ပါးတို့ရဲ့ အဖြစ်နဲ့အပျက်
ပထမ, ရဟန်းမထေရ်ကြီးက…
”ဆန္နံ ဖဿာယတနာနံ သမုဒယဉ္စ အတ္ထင်္ဂမဉ္စ ဥတ္တာဝတာ ခေါအာဝုသော ဘိက္ခုနော ဒဿနံ သုဝိသုဒ္ဓိံ ဟောတိ”တဲ့။
”မျက်စိ, နား, နှာ, လျှာ, ကိုယ်, စိတ်ဆိုတဲ့ အာယတနခြောက်ပါးတို့ရဲ့ အဖြစ်နဲ့အပျက်ကိုမြင်ပြီး နိဗ္ဗာန်မြင်တာပဲ”တဲ့။
အဓိပ္ပာယ်က
အာယတနခြောက်ပါး ဖြစ်ပျက်ရှုပြီး နိဗ္ဗာန်ရောက်တယ်လို့ ဖြေလိုက်တယ်ဆိုတာ မှတ်ကြ။ အဲဒီလိုဖြေတော့ ပုထုဇဉ်ရဟန်းက မကျေနပ်ဘူး။ သူက အာယတနဆယ့်နှစ်ပါးရှိတဲ့အနက်က ခြောက်ပါးထဲဆိုတော့ မစုံဘူးတဲ့။ အဲဒီလို ဆိုပြီး သူက မကျေနပ်နိုင်ဘူး။
ဘုန်းကြီးတို့ ဒကာ,ဒကာမတွေ သိထားဖို့ရာက အာယတနဆယ့်နှစ်ပါး စုံစုံ, မစုံစုံ ရောက်တယ်ဆိုတာ မှတ် ထားကြရမယ်။
ဒီလိုဖြေတော့ ပုထုဇဉ်ရဟန်းက မကျေနပ်ဘူး။ သူက “အာယတနဆယ့်နှစ်ပါးရှိတာကို ခြောက်ပါးပဲပြော တယ်။ တစ်မျိုးပဲဆိုပြီး မကျေနပ်ဘူးတဲ့။ သူက ငယ်မှတ်-စာမှတ်နဲ့ ကိုင်ပြောနေတော့တယ်ဆိုတာ မှတ်ကြ။ ဒါနဲ့ ဒီရဟန်းက “ဒိပြင် နိဗ္ဗာန်မြင်တဲ့ပုဂ္ဂိုလ် ရှိသေးသလား”လို့မေးတော့ ဒုတိယရဟန္တာကို ညွှန်ပြလိုက်တယ်။
ခန္ဓာငါးပါးရဲ့ အဖြစ်အပျက်
အဲဒီပုထုဇဉ်ရဟန်းက ညွှန်ပြတဲ့ ဒုတိယရဟန္တာထံကပ်ပြီး အထက်ကမေးသလို မေးပြန်တယ်၊ မေးတော့ ဒုတိယရဟန္တာက ဖြေလိုက်တယ်တဲ့။
”ငါ့ရှင်…ခန္ဓာငါးပါးရဲ့ အဖြစ်အပျက်ကိုမြင်တဲ့ အမြင်ဟာ နိဗ္ဗာန်မြင်တဲ့အမြင်မှန်ပဲ”တဲ့။
ဒကာ,ဒကာမတို့… ဒုတိယရဟန္တာက ခန္ဓာငါးပါးရဲ့ အဖြစ်အပျက်ကိုရှုပြီး နိဗ္ဗာန်ရောက်တယ်ဆိုတဲ့ အဓိပ္ပာယ်ကို ဖြေလိုက်တယ်ဆိုတာ မှတ်ကြ။ ဒီလိုဖြေတော့ ပုထုဇဉ်ရဟန်းက မကျေနပ်ပြန်ဘူးတဲ့။ တစ်ပါးဖြေတာက ခြောက်ပါး၊ နောက်တစ်ပါးကတော့… ငါးပါးတဲ့ဆိုပြီး သူကမကျေနပ်ဘူး၊ ရိပ်မိကြပလား။
ဒါနဲ့ ဒီရဟန်းက အဲဒီရဟန္တာမထေရ်ကို မေးပြန်တယ်။ “အရှင်ဘုရား, ဒိပြင်နိဗ္ဗာန်မြင်တဲ့ ပုဂ္ဂိုလ်များ ရှိပါ သေးသလား” အဲဒီလိုမေးပြန်တော့ တတိယရဟန္တာထေရ်ကို ညွှန်ပြလိုက်ပြန်တယ်။ ဒါနဲ့ အဲဒီပုထုဇဉ်ရဟန်းဟာ တတိယရဟန္တာမထေရ်ထံကပ်ပြီး မေးပြန်တယ်ဆိုတာ မှတ်ကြ။
ဓာတ်လေးပါးရဲ့ဖြစ်ပျက်
ဒီလိုမေးတော့ တတိယရဟန္တာထေရ်က “ပထဝီ-အာပေါ-တေဇော-ဝါယောဆိုတဲ့ ဓာတ်လေးပါးရဲ့ဖြစ်ပျက် ရှုပြီး နိဗ္ဗာန်မြင်တာပဲ။ ဓာတ်လေးပါး ဖြစ်ပျက်မြင်တဲ့အမြင်ဟာ နိဗ္ဗာန်မြင်တဲ့အမြင်ပဲဆိုပြီး ဖြေလိုက်တော့ ဒီရဟန်း က မကျေနပ်ပြန်ဘူးတဲ့။
သူက ဖြစ်ပျက်ကို နားမလည်ဘူး၊ နားမလည်တော့ ခြောက်၊ ငါး၊ လေးဆိုတဲ့ အရေအတွက်ကိုလိုက်နေတယ်၊ ဖြစ်ပျက်ကို ဂရုမစိုက်ဘူး၊ ဖြစ်ပျက်မှာ ဉာဏ်မရောက်ဘူး၊ ဉာဏ်မရောက်တော့ သူ့မှာ ခက်နေတော့တယ်။ သူ့ဉာဏ် မှာ မရှင်းမလင်း ဖြစ်နေရှာတယ်ဆိုတာ မှတ်ကြရမယ်၊ ရိပ်မိကြပလား။
ဒီပုထုဇဉ်ရဟန်းက မကျေနပ်ပြန်တော့ ထပ်မေးတယ်။ “အရှင်ဘုရား, ဒိပြင် နိဗ္ဗာန်မြင်တဲ့ပုဂ္ဂိုလ် ရှိပါသေး သလား” ဒီလိုမေးတော့ စတုတ္ထရဟန္တာကို ညွှန်ပြလိုက်တယ်။ ဒါနဲ့ အဲဒီရဟန်းက စတုတ္ထရဟန်းထံ ချဉ်းကပ်ပြီး “အရှင်ဘုရား, နိဗ္ဗာန်မြင်တဲ့ အမြင်မှန်ကို အမိန့်ရှိပါဦး”တဲ့။
ဒီတော့ ရဟန္တာထေရ်က…
”ယံကိဉ္စိ သမုဒယ ဓမ္မံ သဗ္ဗံ တံ နိရောဓ ဓမ္မန္တိ၊”
ဖြစ်သမျှတရားအားလုံးဟာ အပျက်
”ဖြစ်သမျှတရားအားလုံးဟာ အပျက်မှာပဲလမ်းဆုံးတယ်” တရားအလုံးစုံဟာ ဖြစ်ပျက်ပဲရှိတယ်၊ အဲဒီအဖြစ်နဲ့ အပျက်ကိုရှုပြီး နိဗ္ဗာန်ရောက်တယ်လို့ ဖြေလိုက်တယ်ဆိုတာ မှတ်ကြရမယ်၊ ဒီရဟန္တာကြီးက နှစ်ခုထဲပဲ ဟောပြလိုက်တယ်၊ အဖြစ်အပျက်ပဲတဲ့။ ဒီအဖြစ်အပျက်ကို ဝိပဿနာရှုပြီး နိဗ္ဗာန်ရောက်တယ်လို့ ဖြေလိုက်တာပဲ။ ဒီအဖြေဟာ သင်္ခါရနဲ့ အနိစ္စပဲဆိုတာမှတ်ကြ၊ ရှင်းကြရဲ့လား။
ဒါပေမဲ့ ဒီပုထုဇဉ်ရဟန်းက မကျေနပ်သေးဘူး၊ ဒါနဲ့ သူ့စိတ်ထဲက နိဗ္ဗာန်ရောက်တာ သဘောတူရမယ်ဆိုပြီး ချိန်ထားတယ်၊ ဖြစ်ပျက်ကိုတော့ သူက နားမလည်ဘူး။ ဒါကြောင့် သူ့စိတ်ထဲမှာ အူချာလည်နေတယ်ဆိုတာ မှတ်ကြ ရမယ်။ ရိပ်မိကြပလား။
ဘုန်းကြီးတို့ ဒကာ,ဒကာမတွေ သိထားကြဖို့က ရဟန္တာကြီးလေးပါး ဖြေဆိုသမျှ ပြောသမျှတွေဟာ “ဖြစ်ပျက်” မှာ လမ်းဆုံးတာချည်းပဲ ဆိုတဲ့အချက်ပဲ၊ သဘောပါကြပလား။ အဖြစ်နဲ့အပျက် “ဥဒယနဲ့ ဝယ”ဟာ လိုရင်းအချက်ပဲ၊ ဒီနှစ်ခုသာ အဓိကပဲဆိုတာ မှတ်လိုက်ကြ။
ခန္ဓာထဲက ဉာဏ်နဲ့ကြည့်ရင် “အစားထိုးတာရယ်၊ ပျက်သွားတာရယ်” ဒီနှစ်ခုပဲရှိတာကို သိရမြင်ရမယ်၊ ပါဠိလိုပြောရင် အနိစ္စနဲ့ သင်္ခါရပဲရှိတယ်လို့ မှတ်ကြရမယ်၊ ဒါကြောင့် ဘုရားရှင်က ဒီအဓိပ္ပာယ်ကိုသိစေလိုလို့…
”အနိစ္စာ ဝတ သင်္ခါရာ၊
ဥပ္ပါဒဝယ ဓမ္မိနော။
ဥပ္ပဇ္ဇိတွာ နိရုဇ္ဈန္တိ၊
တေသံ ဝူပသမော သုခေါ။”
လို့ သံယုတ်ပါဠိတော်မှာ အသေအချာ ဟောတော်မူခဲ့တာပဲလို့သာ မှတ်လိုက်ကြ၊ ရိပ်မိကြပလား။
အဓိပ္ပာယ်က
”ရုပ်နာမ် ခန္ဓာငါးပါးဆိုတဲ့ သင်္ခါရတရားတို့ဟာ အမှန်မုချ ခိုင်မြဲခြင်းမရှိကြကုန်၊ ထိုသင်္ခါရတရားတို့ ကား ဖြစ်ခြင်း၊ ပျက်ခြင်းသဘော သဘာဝမျှသာ ရှိကြပေကုန်၏။ ထိုသည့် သင်္ခါရရုပ်နာမ်တရားတို့သည် အကြောင်းတိုက်ကာ ဖြစ်ပေါ်လာပြီး ရုတ်တရက်သာ ချုပ်ပျက်ကြရရှာကုန်၏။ ထိုသည့် ရုပ်နာမ်ဖြစ်ပျက် ဒုက္ခစက်တို့၏ချုပ်ဆုံးရာ နိဗ္ဗာန်တရားသည်သာ ချမ်းသာခြင်းစင်စစ် မှန်လှပေ၏။”
လို့ ဆိုလိုတဲ့အဓိပ္ပာယ်ရှိတယ်၊ ဘုန်းကြီးတို့ ဒကာ,ဒကာမတွေ ဒီအဓိပ္ပာယ်ကို သဘောပါကြပလား။
အဲဒီဂါထာ ပါဠိတော်ထဲမှာ…
၁။ အနိစ္စနဲ့ သင်္ခါရဆိုတဲ့ ဖြစ်ပျက်သဘောက- ဒုက္ခသစ္စာ။
၂။ သူတို့ကို ဖြစ်ပေါ်စေတဲ့အကြောင်းက- သမုဒယသစ္စာ။
၃။ နိဗ္ဗာန်ချမ်းသာက- နိရောဓသစ္စာ။
၄။ သိမြင်တဲ့ဉာဏ်က- မဂ္ဂသစ္စာ။
ပဲဆိုတာ မှတ်လိုက်ကြ၊ ဒကာ,ဒကာမတွေ ကျေနပ်ကြရဲ့လား။
ကိုင်း… ယနေ့ ဒီတွင် တော်ကြဦးစို့။
