ဒုက္ခများမြင် နိဗ္ဗာန်ဝင် တရားတော်
ဆောင်ပုဒ်
နားနှင့်အသံ၊ နှစ်ကြောင်းခံ၊ ကျိုးမှန်ကြားစိတ်လာ။
အကြောင်းနှစ်ဝ၊ ပဋိစ္စ၊ ကျိုးရငါးခန္ဓာ။
ဝိညာဏ်ပေါ်က၊ နာမ်လေးဝ၊ တကွဖြစ်ပေါ်လာ။
အကြောင်းသိမြင်၊ ကျိုးသိစင်၊ ဉာဏ်လျှင်ပစ္စက္ခာ။
အကြောင်းမြင်မှု၊ အဟေတု၊ မှောင်ထုဒိဋ္ဌိကွာ။
ငါသူမထင်၊ ခန္ဓာမမြင်၊ ကွာစင်ဝိဒိဌ်ပါ။
ဤသို့မြင်ရ၊ မြတ်စူဠ၊ သောဘာပတ္တိသာ။
တိုးတက်ရှုသော်၊ မဂ်စစ်ပေါ်၊ လွတ်ကျော်ပါယ်ဒုက္ခာ။
သတိချပ်
သာရိပုတ္တရာ၊ ဉာဏ်လကျ်ာ၊ ကောင်းစွာဟောညွှန်ပြ။
တဆင့်ကြားသိ၊ ကြံတွေးသိ၊ စားသိလိုမရ။
ပစ္စက္ခတွင်၊ ဉာဏ်သိမြင်၊ ရှင်ပင်ကောင်းချီးဟ။
အကြောင်းသိလျှင်၊ ခန္ဓာမြင်၊ ဉာဏ်လျှင်ပစ္စက္ခ။
ပဋိစ္စမြင်ဘိ၊ ခန္ဓာသိ၊ ယင်းသိ, အပြန်ရ။
ခန္ဓာဖြစ်စဉ်၊ ရှုဉာဏ်ဝင်၊ ဉာဏ်မြင်ကြီးဒုက္ခ။
ဒုက္ခမြင်ဉာဏ်၊ အမြင်သန်၊ ဖန်ဖန်ရှုကြည့်က။
ပစ္စက္ခမြင်၊ အသိစင်၊ မြန်လျှင်နိဗ္ဗာန။
တရားသား
အကြောင်းသိရင် အကျိုးကိုသိရမယ်
ဒကာ,ဒကာမတို့ ဒီကနေ့တရားမှာ မနေ့ကအဓိပ္ပာယ်ကိုပဲ ပြန်ဆက်ပြောရမယ်။ ဒီကနေ့တော့ အဓိပ္ပာယ် တစ်မျိုးနဲ့ ဝေဖန်ပြီး ရှင်းအောင်ပြောလိမ့်မယ်ဆိုတာ မှတ်ကြဖို့ပဲ။ ဒကာ,ဒကာမတို့ အကြောင်းသိရင် အကျိုးကိုသိရ မယ်၊ အကြောင်းကိုမှမသိရင် အကျိုးကိုမသိနိုင်ဘူး။ အဓိပ္ပာယ်က အကြောင်းပဋိစ္စသမုပ္ပါဒ်ကိုသိရင် အကျိုးခန္ဓာကို သိကြရမယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ၊ သဘောပါကြရဲ့လား။
အကြောင်းကိုသိမှ အကျိုးကိုသိမယ်၊ အကျိုးခန္ဓာကိုသိမယ်၊ အကျိုးခန္ဓာသိရင်လည်း အကြောင်းပဋိစ္စသမုပ္ပါဒ် ကို သိပြီဆိုတာ မှတ်လိုက်ကြ။
ဒါကြောင့်…
”မူလပဏ္ဏာသ ပါဠိတော်”မှာ
ယော ပဋိစ္စသမုပ္ပါဒံ ပဿတိ၊
သော ဓမ္မံ ပဿတိ၊
ယော ဓမ္မံ ပဿတိ၊
သော ပဋိစ္စသမုပ္ပါဒံ ပဿတိ။
လို့ ဟောတော်မူခဲ့တာပဲဆိုတာ မှတ်ကြ၊ ရှင်းကြရဲ့လား။ ဒကာ,ဒကာမတို့ ဒီအသိဆိုတာကလည်း စာသိ ပဋိကတ်သိ တဆင့်ကြားသိ ကြံတွေးသိမျိုး မဆိုလိုဘူး၊ ဒီလိုအသိမျိုးနဲ့ နိဗ္ဗာန်မရဘူးလို့ မှတ်လိုက်ကြ၊ ရိပ်မိကြရဲ့လား။
အမှန်လိုအပ်တဲ့အသိက ပဋိစ္စသမုပ္ပါဒ်ကပြလို့ ပြောလို့ အခုပေါ်လို့သိတဲ့ အသိမျိုးကိုဆိုလိုတယ်၊ ဒီအသိမျိုးနဲ့ မှ နိဗ္ဗာန်ရနိုင်မယ်။ ဘုရားရှင်က စာအသိမျိုး တဆင့်ကြားသိမျိုး ကြံတွေးသိမျိုး မလိုဘူးတဲ့။ ဒီအသိမျိုး မလိုချင်ဘူး တဲ့။ ကိုယ်ခန္ဓာမှာ လက်ငင်းဖြစ်ပေါ်နေတာကို ကိုယ်တိုင်သိရတဲ့ “ပစ္စက္ခသိ”မျိုးလိုတယ်။ ဒီပစ္စက္ခသိမှ နိဗ္ဗာန်ရမယ် လို့ ဟောတော်မူတယ်လို့ မှတ်လိုက်ကြ၊ သဘောပါကြရဲ့လား။
ပစ္စက္ခသိမရောက်ရင် လိုရင်းမကျသေးဘူး
လိုရင်းမှတ်ဖို့ကတော့ “ကိုယ့်ဉာဏ်နဲ့ အကြောင်းကဖြစ်စေလို့ အကျိုးဖြစ်တာကို သိစေလိုတယ်”၊ အဲဒီလိုသိတာ ဟာ ဒုက္ခသစ္စာကိုသိတာပဲ၊ သဘောပါကြပလား။ ဒကာ,ဒကာမတွေ နဂိုသိနေကြတာကတော့ အခုရှိနေတာက ခန္ဓာ ငါးပါးပဲလို့သာ သိနေတာ။ ဒီအကြောင်းကြောင့် ဒီအကျိုးပေါ်တာပဲလို့ မသိကြဘူး။ အဲဒီလိုမသိရင် ပစ္စက္ခသိမရောက် သေးဘူး၊ ပစ္စက္ခသိမရောက်ရင် လိုရင်းမကျသေးဘူးလို့ မှတ်ကြ။
မူလပဏ္ဏာသပါဠိတော် “ဟတ္တိပဒေါပမသုတ်”မှာ အရှင်သာရိပုတ္တရာ ကိုယ်တော်ကြီးဟောတော်မူခဲ့တဲ့စကား ကို ဘုရားရှင်က ထောက်ခံချက်ပေးတယ်။ အဲဒီထောက်ခံချက်ပေးတဲ့ စကားတော်က…
”အကြင်သူသည် ပဋိစ္စသမုပ္ပါဒ်ကို သိမြင်၏။ ထိုသူသည် ခန္ဓာကိုလည်း သိမြင်လေ၏။ အကြင်သူသည် ခန္ဓာကိုသိမြင်၏။ ထိုသူသည် ပဋိစ္စသမုပ္ပါဒ်ကိုလည်း သိမြင်လေ၏”တဲ့။
ဒီစကားကို ဘုရားကလည်းထောက်ခံထားတယ်၊ လက်ျာတော်ရံ ပညာဧတဒဂ်ရ အရှင်သာရိပုတ္တရာကလည်း ဟောပြခဲ့တယ်၊ သဘောကျကြပလား။ အဲဒီတော့ လေးလေးစားစားနဲ့သာ မှတ်ယူကြဖို့ပဲ။
အခု ပစ္စက္ခသိအောင် ရှင်းပြရမယ်။ ဥပမာ အသံကလေးတစ်ခု ပေါ်လာတယ်၊ ပေါ်လာတဲ့အသံကို နားက ကြားရတယ်၊ အဲဒီမှာ အသံကိုနားနဲ့ကြားတော့ ကြားသိစိတ် နားသိစိတ်ကလေး ပေါ်လာတယ်၊ ဒီနားသိစိတ်ဟာ အခုပေါ်တာ၊ အရင်ကပေါ်တာမဟုတ်ဘူး။ အခုမှ အကြောင်းညီညွတ်လို့ ပေါ်လာတာပဲ၊ ရှင်းကြရဲ့လား။ နားအကြည် နဲ့ အသံနဲ့တိုက်ဆိုင်လို့သာ ပေါ်လာတာ၊ နဂိုကပါလာတာ မဟုတ်ဘူး၊ သဘောပါကြရဲ့လား။
အခုမှပေါ်တဲ့တရားပဲဆိုတာ သူများပြောမဟုတ်ဘူး
ဒီကြားသိစိတ်ဆိုတဲ့ ဝိညာဏက္ခန္ဓာကလေးဟာ အခုမှပေါ်တဲ့တရားပဲဆိုတာ သူများပြောမဟုတ်ဘူး၊ ကိုယ့် သန္တာန်မှာ အခုပေါ်လာတာမို့ အခုသိရတာပဲ။ ဒကာ,ဒကာမတွေ ကျေနပ်ပလား။ ဥပမာ “ဗုဒ္ဓေါ”ဆိုတဲ့အသံကလေး ကြားလိုက်တဲ့အခါ ကြားသိစိတ်ကလေး ပေါ်လာတယ်၊ ဒီကြားစိတ်ကလေးပေါ်တာဟာ ဝိညာဏက္ခန္ဓာပေါ်တာပဲ၊ အသံသိလုံး အသံကြားလုံးကလေးပဲလို့ မှတ်ကြ။
ဒီသိလုံးကလေးဟာ အရင်ကသိနေတဲ့ သိလုံးမဟုတ်ဘူး။ အရင်သိမဟုတ်ဘူး။ အခုတင်မှပေါ်တဲ့ သိလုံးကလေး ပဲ၊ အသံ, ရုပ်နဲ့ နားအကြည်နဲ့တိုက်လို့ ပေါ်လာတဲ့ အခုမှပေါ်တဲ့သိလုံး၊ ရှင်းကြရဲ့လား။ အခုပြောတဲ့အဓိပ္ပာယ်ကို ဉာဏ်ရှင်းဖို့လိုတယ်။ ဒါသိရင် နောက်ပြောမယ့်အဓိပ္ပာယ်ပါ အကုန်ရှင်းမယ်၊ သို့မဟုတ်ရင် မရှင်းဘူး။
ဒီလိုသိတော့ အကြောင်းပဋိစ္စသမုပ္ပါဒ်ကိုသိလို့ အကျိုးခန္ဓာကို သိရတာပဲလို့မှတ်ကြ။ အကြောင်းနှစ်ခုက ပဋိစ္စသမုပ္ပါဒ် အကျိုးတစ်ခုကခန္ဓာ၊ ရှင်းကြပလား။ နားအကြည်နဲ့ အသံနှစ်ခုက ပဋိစ္စသမုပ္ပါဒ်၊ ကြားသိစိတ်အကျိုး တစ်ခုက ခန္ဓာပဲ၊ ကျေနပ်ရဲ့လား။ “အကြင်ပုဂ္ဂိုလ်သည် ပဋိစ္စသမုပ္ပါဒ်ကိုသိ၏။ ထိုသူသည် ခန္ဓာကိုသိ၏”လို့ ဆိုတဲ့ အတိုင်း ပဋိစ္စသမုပ္ပါဒ်သိလို့ ခန္ဓာကိုသိရတာပဲ၊ ခန္ဓာကိုသိရင်လည်း ပဋိစ္စသမုပ္ပါဒ်ကိုလည်း သိပါတယ်ဆိုတာ မှတ်ကြ။
အခု ခန္ဓာတွေ့က ကိုယ်တိုင်သိ,သိရတာပဲ
ဒီကြားစိတ် ဝိညာဏက္ခန္ဓာနဲ့ တွဲနေတဲ့ခံစားမှုဝေဒနာ၊ မှတ်တဲ့သညာ၊ ကြားဖို့စေ့ဆော်တဲ့ သင်္ခါရက္ခန္ဓာ၊ ဒီ နာမ်သုံးပါးကလည်း တွဲပေါ်တာမို့ ဒါတွေကိုလည်းသိရတယ်။ ဒကာတို့တတွေ ရှေးတုန်းက ပြောသံကြားနဲ့သိရတာ၊ အခု ကိုယ်တွေ့ ပစ္စက္ခသိရပြီ။ ရှေးက ပြောသံကြားသံ စာသံပဲရှိပါတယ်။ အခု ခန္ဓာတွေ့က ကိုယ်တိုင်သိ,သိရတာပဲ၊ သဘောကျရဲ့လား။
စာသိမျိုး, တစ်ဆင့်ကြားသိမျိုး, တွေးသိမျိုးကို ဘုရားမကြိုက်ဘူး၊ ကိုယ့်ဉာဏ်အောက်မှာ ခန္ဓာတွေပေါ်တာ ကို သိရတာဟာ ပစ္စက္ခအသိ၊ ပစ္စက္ခခန္ဓာကို သိရတာပဲ။ ဘုရားက ဒီလို အခုခန္ဓာတွေကသိတဲ့ ကိုယ်တိုင်သိမျိုးမှ ချီး မွမ်းတော်မူတယ်၊ ရိပ်မိကြပလား။ သိ,ဆိုပေမယ့် အသိကများတယ်၊ အတုံးအခဲမြင်တဲ့ အသိမျိုးဆိုရင် ပညတ်ပဲလို့ မှတ်ကြ၊ ရိပ်မိကြပလား။
ပဋိစ္စသမုပ္ပါဒ်အကြောင်းကြောင့် ပေါ်တဲ့ခန္ဓာကိုသိမှသာ ဒုက္ခသိ, ခန္ဓာသိ, ပစ္စက္ခသိ၊ ဘုရားရှင်အလိုတော် ကျတဲ့ အသိပဲလို့ ဆုံးဖြတ်ချက်ချ၊ ရှင်းကြပလား။ ဒကာ,ဒကာမတို့ ဒီအသိစိတ် ဝိညာဏက္ခန္ဓာဟာ အကြောင်းကြောင့် ပေါ်တာပဲလို့ သိတဲ့အတွက် အဟေတုကဒိဋ္ဌိ,စင်တယ်။ ဒီထဲမှာ ပဋိစ္စသမုပ္ပါဒ် ခန္ဓာဓမ္မတွေပဲရှိတယ်၊ ငါမဟုတ်, သူ လည်းမဟုတ်ဘူးလို့ သိတဲ့အတွက်လည်း သက္ကာယဒိဋ္ဌိစင်တယ်၊ ဝိစိကိစ္ဆာလည်းစင်တယ်။
ဒိဋ္ဌိ,ဝိစိကိစ္ဆာခွါပြီး သိတဲ့အသိ
ဒကာ,ဒကာမတွေ ဒီလိုသိရတာဟာ ဒိဋ္ဌိ,ဝိစိကိစ္ဆာခွါပြီး သိတဲ့အသိ၊ ဒီအသိဟာ ဘယ်လောက်တန်ဖိုးများတယ် ဆိုတဲ့အချက်ကို ရိပ်မိကြပလား။ အကြောင်းမပါဘဲ သိတာက အဟေတုကဒိဋ္ဌိ,ဘက်ကိုသွားတယ်၊ အကြောင်းအကျိုး ဆက်ပြီး သိတဲ့အသိက ဒိဋ္ဌိတွေခွါပြီးသိရတာ၊ ရိပ်မိကြပလား၊ ဒီအသိဟာ မိစ္ဆာဒိဋ္ဌိလည်းမရောဘူး၊ အဝိဇ္ဇာလည်း မရောဘူး၊ ဒါကြောင့် အဖိုးတန်တဲ့အသိပဲဆိုတာ ဆုံးဖြတ်ချက်ချကြ။
ဒီလိုခန္ဓာသိမျိုးက သောတာပန်အစစ်နဲ့ မခြားဘူးလို့ မှတ်ကြရမယ်၊ ဒီအသိမျိုးရရင် အန္ဓပုထုဇဉ်အဖြစ်က လွတ်ပြီး စာတွေပေတွေနဲ့ သူများပါးစပ်တင် လမ်းဆုံးတဲ့အသိမျိုးနဲ့ကွာတယ်၊ သဘောပါကြရဲ့လား။ အသံတစ်ခုကို ကြားတဲ့အခါ အခုကြားတာဟာ ခန္ဓာတွေကကြားတာပဲ၊ ပုဂ္ဂိုလ်,သတ္တဝါက ကြားတာမဟုတ်ဘူး။ အဲဒီလိုသိရင် ဒိဋ္ဌိလွတ် ပြီ။ ဒီလိုကြားတာဟာ ကြားချင်လို့ကြားတာမဟုတ်ဘူး၊ အကြောင်း ပဋိစ္စသမုပ္ပါဒ်ကြောင့် ကြားစိတ်ခန္ဓာပေါ်ရတာပဲ လို့ သိရင် ဝိစိကိစ္ဆာလွတ်တယ်။
ဒကာ,ဒကာမတွေ ဒီလိုသိရင် သေပျော်ပြီလို့သာမှတ်ကြ။ ခန္ဓာထဲမှာ နက်နက်နဲနဲသိတဲ့အသိမို့ အဖိုးတန် တာပဲ၊ ရိပ်မိပလား။ တရားအားမထုတ်ခင် ဒီလိုသိစရာတွေသိပြီးမှ အားထုတ်ရမယ်၊ သိပြီးမှအားထုတ်လို့ လွယ်ကူ တယ်ဆိုတာ မှတ်ထားကြ။ ခန္ဓာဒုက္ခသစ္စာကိုသိရင် ပဋိစ္စသမုပ္ပါဒ်ကို သိတယ်။ ပဋိစ္စသမုပ္ပါဒ်ကိုသိရင် ခန္ဓာဒုက္ခသစ္စာ ကိုသိမယ်လို့ ဟတ္ထိပဒေါပမသုတ်မှာ ဟောထားတဲ့အတိုင်း တစ်ခုကို ပိုင်ပိုင်နိုင်နိုင်သိဖို့ ကြိုးစားရမယ်။
ဒိဋ္ဌိဝိစိကိစ္ဆာရှိနေသမျှ အပါယ်မျိုးစေ့ရှိတယ်
ဒကာ,ဒကာမတို့ ဒိဋ္ဌိဝိစိကိစ္ဆာရှိနေသမျှ အပါယ်မျိုးစေ့ရှိတယ်ဆိုတာ မှတ်ရမယ်။ ဥပမာဆိုရင် ငုပ်သွားတဲ့ အနာမြုံနေတဲ့ အနာမျိုးလိုပဲလို့မှတ်ရမယ်၊ ဒီအနာမျိုးက အညှော်အသင်းတို့ မသင့်တဲ့အစား, အစာတို့နဲ့ မတွ့သေးခင် မှာ ပျောက်သလိုလိုရှိပေမယ့် မသင့်တာနဲ့တွေ့တဲ့အချိန်မှာ အကြီးအကျယ် ဒုက္ခပေးနိုင်တယ်၊ ရိပ်မိပလား။
ဒီဥပမာအတိုင်းပဲ၊ ဒိဋ္ဌိဝိစိကိစ္ဆာကို မပယ်ရသေးသမျှ စိတ်မချရဘူး၊ မဂ်နဲ့မပယ်ရသေးရင် တစ်ချိန်ချိန်မှာ ထောင်ထပြီး ဒုက္ခအကြီးအကျယ်ပေးနိုင်တယ်၊ ဒါနတွေ အမျိုးမျိုးပေးကမ်းလှူဒါန်း၊ သီလတွေဆောက်တည်၊ သမထ, ဘာဝနာတွေကို ပွားများနဲ့ ဒီကုသိုလ်တွေက မြှောက်တင်လိုက်တာနဲ့ နတ်ပြည်ဗြဟ္မာပြည်ရောက်ကြရ၊ နောက်အချိန် တန်လို့ သက်တမ်းကုန်တာနဲ့ ဒီဒိဋ္ဌိဝိစိကိစ္ဆာအနာက ထောင်ထပြီး အပါယ်ကျသွားနိုင်တယ်။
ဒကာ,ဒကာမတွေ သဘောပါကြရဲ့လား။ ဒါကြောင့် သက္ကာယဒိဋ္ဌိနဲ့ ဝိစိကိစ္ဆာကိုပယ်သတ်ဖို့အရေးဟာ ဘယ် လောက်ကြီးတဲ့ အရေးလဲဆိုတာ ပေါ်ကြပလား။ ဒါကိုသိရရင် အချိန်မဆိုင်းဘဲ အခုချက်ချင်း အားထုတ်ကြရမယ်၊ ပုထုဇဉ်အဖြစ်နဲ့ ကိုယ့်သန္တာန်မှာ ဒိဋ္ဌိအပြည့်၊ ဝိစိကိစ္ဆာကလည်း အပြည့်ပဲရှိနေတယ်၊ ဘယ်ဘုံရောက်ပြီး ဘာကြီးဖြစ် နေနေ စိတ်မချရသေးဘူး၊ အပါယ်နဲ့ အိုးစားမကွဲသေးဘူး၊ ဒီတော့ အေးနေလို့ဖြစ်ပါ့မလား။
ဒါကြောင့်…
ဥက္ခိတ္တာ ပုညတေဇေန၊
ကာမ ရူပဂတိံ ဂတာ။
ဘဝဂ္ဂန္တမ္ပိ သမ္ပတ္တာ၊
ပုန အာယန္တိ ဒုဂ္ဂတိံ။ ။
အဓိပ္ပာယ်
ပုထုဇဉ်ပုဂ္ဂိုလ်များကား ကောင်းမှုရှိန်စော် အာနုဘော်က ပင့်ကော်မြှောက်တင်လိုက်သည့်အတွက် လူရပ် နတ်ရွာ ဗြဟ္မာအထိ ဘဝဂ်ဘုံတိုင်အောင် ရောက်ရှိနေကြပေမယ့်လည်း “သက္ကာယဒိဋ္ဌိ ဝိစိကိစ္ဆာ မပယ်သတ်ရသေး သဖြင့်” အချိန်စေ့ပြန်၊ ကံစီမံသော်၊ တစ်ဖန်ထပ်ခါ၊ ပါယ်လေးရွာသို့ လားရောက်ကြရလေသတည်း။
ပဋိစ္စသမုပ္ပါဒ်ကြောင့် ဖြစ်ပေါ်လာတဲ့မြင်စိတ်
ဒကာ,ဒကာမတို့ အသံ ပဋိစ္စသမုပ္ပါဒ်၊ နား ပဋိစ္စသမုပ္ပါဒ်ဆိုတဲ့ အကြောင်းနှစ်ကြောင်းကြောင့် ကြားစိတ်, ဝိညာဏက္ခန္ဓာ ပေါ်လာရတာ၊ ဒါ အရှင်သာရိပုတ္တရာ ဟောတဲ့စကား၊ ရိပ်မိကြပလား။ မျက်လုံးထဲမှာ မြင်စိတ်ပေါ် ပြီး မြင်တာဟာ ခန္ဓာကမြင်တာ၊ အလိုလိုမြင်တာ မဟုတ်ဘူး၊ ပဋိစ္စသမုပ္ပါဒ်ကြောင့် ဖြစ်ပေါ်လာတဲ့မြင်စိတ်ပဲ၊ ဒီလို အမှန်မြင်ရမယ်၊ ဒီလိုမြင်တာဟာ ဒိဋ္ဌိဝိစိကိစ္ဆာပြုတ်တဲ့ အမြင်ပဲလို့မှတ်ကြ၊ ရှင်းကြရဲ့လား။ အကြောင်းကြောင့် ဖြစ် လာရတာပဲလို့ သိတဲ့အတွက် ဝိစိကိစ္ဆာပြုတ်တယ်။
ဒကာ,ဒကာမတို့ ဒီဉာဏ်ရဖို့အရေးဟာ သာမညအရေး မဟုတ်ပါလား၊ ဒကာတို့ရဲ့ ငရဲမျိုးစေ့ ကော်ထုတ်ပေး နေတာပဲဆိုတာ မှတ်ကြတော့။ ခြေထောက်ဆူးစူးလို့ နှုတ်ပေးရတဲ့ဥပမာလိုပဲ၊ ခြေထောက်မှာ ဆူးစူးလို့ အဆင်မသင့် ရင် နာရီဝက်လောက်ကြာအောင် နှုတ်ယူရတယ်၊ အခု ဒကာ,ဒကာမတို့ရဲ့ ငရဲမျိုးစေ့ကိုနှုတ်ပေးတာ နာရီဝက်တောင် မကြာသေးပါဘူး။ သဘောပါကြရဲ့လား။
ဘုရားက သံယုတ်ပါဠိတော်မှာ အထင်အရှားဟောတော်မူခဲ့တယ်။ “ကြားတဲ့အခါ ငါကြားတာ၊ သူကြားတာ မဟုတ်ဘူး၊ ခန္ဓာက ကြားပြီးသိတာ။ အဲဒီလိုသိရင် ဒိဋ္ဌိစင်ပြီ၊ ကြားစိတ်ဖြစ်စေတဲ့ အကြောင်းတရားကိုသိရင် ဝိစိကိစ္ဆာ စင်ပြီ၊ ဒီလိုအသိဉာဏ်ရရင် သောတာပန်နဲ့တူပြီလို့ မှတ်ရမယ်”ဆိုပြီး ဟောတော်မူခဲ့တယ်၊ ဘုန်းကြီးတို့ ဒကာ,ဒကာမ တွေက ဘယ်နေရာဖြစ်ဖြစ်၊ ဘယ်တရားမှာပဲဖြစ်ဖြစ်၊ ဒီအတိုင်းပဲလို့သာ မှတ်ထားကြ။
သူတို့နှစ်ခုကြောင့် ယားစိတ်ပေါ် ရတာ
ဒကာ,ဒကာမတွေ သဘောပါကြရဲ့လား။ ဥပမာ ကိုယ်ထဲမှာ ယားတာကလေးပေါ်လာတယ်၊ ဒီလိုပေါ်လာတော့ သိလိုက်တယ်။ အဲဒါမှာ ကိုယ်အကြည့်နဲ့ ဖောဋ္ဌဗ္ဗအတွေ့ ရုပ်နှစ်ခုက ကျေးဇူးပြုလို့ သူတို့နှစ်ခုကြောင့် ယားစိတ်ပေါ် ရတာ၊ ရှင်းရဲ့လား။ ဥပမာ-အိုက်တဲ့အခါမှာ လေညှင်းကလေးနဲ့ တွေ့လိုက်ရတော့ ခံသာတယ်၊ ကောင်းတယ်ဆိုတဲ့ စိတ်ကလေး ပေါ်လိုက်လာတယ်၊ ဒီမှာလည်း ကိုယ်အကြည်နဲ့ လေအတွေ့ကြောင့် စိတ်ကလေးပေါ်လာတာပဲ။
ဒီနောက်က ဆက်လက်ပြီးတော့ ကိုယ်အကြည်နဲ့ အတွေ့ကြောင့် ကိုယ်အသိစိတ်ဆိုပြီး ဖဿ, ဝေဒနာ, တဏှာ စတဲ့ဟာတွေ လိုက်လာမယ်၊ မြင်ကြရဲ့လား။ ဒါတွေဟာ အားလုံး ဓမ္မတွေချည်းပဲ။ ငါ သူမပါဘူး။ ရုပ်နဲ့နာမ် နှစ်ခုပဲ ပါကြတယ်၊ သိလုံးကလေးဟာ ရှေ့က ပဋိစ္စသမုပ္ပါဒ်အကြောင်း နှစ်ခုကြောင့်ပေါ်တာ။ “သုခသဟဂတံ ကာယ ဝိညာဏံ”ဆိုတဲ့ သိလုံးကလေးပဲ၊ အဲဒီလိုသိရင် အမှန်သိတာပဲလို့မှတ်ကြ။
ဒီလိုသိရတာ သူများပြောလား မဟုတ်ဘူး၊ တစ်ဆင့်ကြားလားဆိုတော့လည်း မဟုတ်ပါဘူး။ မိမိသန္တာန်မှာ ပေါ်တာကို အကြောင်းအကျိုးဆက်ပြီး ပစ္စက္ခသိရတာ့ဲ၊ သဘောကျပလား။ ဒကာ,ဒကာမတို့ ကြားသိစိတ်ရဲ့နောက်က ကြားလို့ ကောင်းတယ်ဆိုရင် တဏှာလာမယ်၊ ဒီနောက် ဥပါဒါန်, ကမ်ဆိုတဲ့ခန္ဓာတွေပါ လိုက်လာကြမယ်၊ ရိပ်မိကြ ပလား။
ခန္ဓာတွေ တန်းလိုက်လာတာ ဒုက္ခသစ္စာတွေ
ခန္ဓာတွေ တန်းလိုက်လာတာ ဒုက္ခသစ္စာတွေပဲ။ ဒီတော့ ဒကာတို့ဟာ တစ်နေကုန် ဒုက္ခသစ္စာတွေပဲ သိနေ ကြတယ်၊ တစ်နေ့လုံး ဒုက္ခသစ္စာချည်း သိနေရတာပဲဆိုတာ မှတ်ကြတော့၊ သဘောပါကြရဲ့လား။ “ဓမ္မစကြာ ပါဠိတော်” မှာ “ဒကာ,ဒကာမတွေ ရထားသမျှဟာ ဒုက္ခခန္ဓာကြီးပဲ”လို့ ဟောတော်မူတဲ့စကားနဲ့ အညီပါပဲ၊ သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာပိ ဒုက္ခာ”တဲ့။ အဲဒါဟာ ဒီခန္ဓာတွေဖြစ်နေတာကို ဆိုတာလို့ မှတ်လိုက်ကြ၊ ရိပ်မိပလား။
ကြားတယ်, ကြားလို့ကောင်းတယ်၊ လိုချင်နှစ်သက်တယ်၊ စွဲလမ်းတယ်၊ အားထုတ်တယ်၊ တွေ့ထိတယ်၊ တွေ့ထိလို့ ကောင်းတယ်၊ နှစ်သက်တယ်၊ စွဲလမ်းတယ်၊ အားထုတ်တယ်၊ ဝိညာဏ်နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာ, တဏှာ, ဥပါဒါန်, ကမ္မဘဝ အကုန်လုံး ဒုက္ခသစ္စာချည်းပဲ၊ ရှင်းကြရဲ့လား။ ဒကာ,ဒကာမတို့ ဒီဒုက္ခသစ္စာကိုသိရင် ပဋိစ္စသမုပ္ပါဒ် ကိုလည်း သိတယ်၊ ဒုက္ခသစ္စာသိတဲ့အသိဟာ နိဗ္ဗာန်ရောက်မယ့်အသိပဲ၊ နိဗ္ဗာန်ရောက် ကျေးဇူးပြုမယ့်အသိပဲလို့ မှတ် လိုက်ကြ။
ခန္ဓာအရှိက ဒုက္ခသစ္စာ၊ အသိက မဂ္ဂသစ္စာ၊ ခန္ဓာရှိတဲ့ဒုက္ခတွေကို သိတာဟာ မဂ္ဂသစ္စာပဲ၊ ဒီလိုသိတော့ ပဋိစ္စသမုပ္ပါဒ်ကြောင့် ပေါ်တဲ့တရားတွေက ဒုက္ခသစ္စာ၊ သူတို့ကို ခင်မင်နှစ်သက်တဲ့တဏှာက သမုဒယသစ္စာ၊ ခင်တွယ် တဲ့တဏှာကို သတ်တာက မဂ္ဂသစ္စာ၊ အဲဒီလိုဖြစ်သွားတယ်၊ သဘောပါကြရဲ့လား။ ဒါကြောင့် ဒုက္ခသစ္စာကို သိတဲ့အလုပ် ကို အများကြီးလုပ်ရမယ်လို့ “ဟတ္ထိပဒေါပမသုတ်”မှာ ဟောတော်မူခဲ့တာပဲ။
ဒုက္ခကို ပိုင်ပိုင်နိုင်နိုင် သိအောင်လုပ်တဲ့အလုပ်ဟာ နိဗ္ဗာန်ရောက်ကြောင်း အကျင့်
အဲဒီလို ဒုက္ခသစ္စာတွေချည်း လာသမျှဆက်ရှုရမယ်၊ အဲဒီလိုဒုက္ခသစ္စာတွေ အများကြီးရှုသွားရင် ဒီဒုက္ခသစ္စာ ကို ရှုရင်းက နိရောဓသစ္စာ နိဗ္ဗာန်ပေါ်လာမယ်၊ ပထမဒုက္ခကို အရှုအပွားများများလုပ်ဖို့ လိုတယ်။ များများလုပ်မှ ဒုက္ခကို ပိုင်ပိုင်နိုင်နိုင်သိမယ်၊ ဒုက္ခကို ပိုင်ပိုင်နိုင်နိုင်သိတဲ့အလုပ်၊ သိအောင်လုပ်တဲ့အလုပ်ဟာ နိဗ္ဗာန်ရောက်ကြောင်း အကျင့်ပဲလို့ ဆုံးဖြတ်ချက်ချကြ။
ဒီဒုက္ခတွေချည်း လှည့်နေမှာပဲ၊ နိဗ္ဗာန်မရသေးခင်တော့ လှည့်နေမှာပဲဆိုတာ မှတ်ကြ၊ ဒီလိုလှည့်နေတာကို မပြတ်အောင်ကြည့်ပေး၊ အကြည့်များရင် ဒီဒုက္ခတွေမုန်းလာမယ်၊ အမြင်များလို့ အမုန်းများလာရင် မလိုချင်တော့ဘူး။ ဒီဟာတွေက လွတ်ချင်လှပြီ၊ ကျွတ်ချင်လှပြီဆိုတဲ့ ဉာဏ်ရောက်ပြီး မကြာတော့ဘူး။ တစ်ချက်ချက်မှာ ဒီဒုက္ခတွေမြင် နေရင်းက ဖြတ်ခနဲပျောက်ထွက်သွားပြီး အဲဒီနေရာမှာ နိဗ္ဗာန်ပေါ်လာတာပဲ၊ ကျေနပ်ပလား။
ဒါဖြင့် ဒီဒုက္ခသစ္စာတစ်လုံးတည်းကို ကြိုးစားပြီးကြည့်ပေးကြ၊ သဘောပါကြပလား။
ကိုင်း…အခု ဒီနေရာက ဖြတ်ပြီး ရှင်အနုရာဓဝတ္ထုအကြောင်းကို ဆက်ပြီးပြောရမယ်၊ ဒီဝတ္ထုသွားနဲ့ ဒကာ,ဒကာမတွေကို ရှင်းလင်းပေးလိမ့် မယ်ဆိုတာ မှတ်ကြ၊ ရှင်အနုရာဓက တိတ္ထိတွေကို ဖြေလိုက်တဲ့အဖြေဟာ အဖြေမှန်ပဲ၊ သူ့အဖြေကမှန်ပေမယ့် ကိုယ်တိုင်သိ မဟုတ်ဘူးဆိုတာ မှတ်ကြ။ သူ့မှာ ဝိစိကိစ္ဆာရှိနေတယ်၊ ဝိစိကိစ္ဆာရှိနေတော့ ဒိဋ္ဌိရောရှိနေတယ်၊ ရိပ်မိကြပလား။
ရှင်အနုရာဓက သတ္တဝါတွေလို့ ယူထားတယ်
ရှင်အနုရာဓက သတ္တဝါတွေလို့ ယူထားတယ်၊ သူက ပဋိစ္စသမုပ္ပါဒ် အကြောင်းအကျိုးဆက်တာကိုလည်း မသိဘူး၊ ဒုက္ခသစ္စာကိုလည်း မသိဘူး၊ မသိတော့ သူ့စိတ်ထဲက ပုဂ္ဂိုလ်ရှိ, သတ္တဝါရှိ ငါ,သူရှိတယ်လို့ ယူထားတာကိုး၊ သူက ပဋိစ္စသမုပ္ပါဒ်ကို ရှင်းမထားဘူး၊ ရှင်းမထားလို့ မသိတော့ ဘုရားထံသွားမေးမြန်း လျှောက်ထားရတယ်၊ သူက နောက်တစ်ခါလာမေးရင် ခက်မယ်ဆိုပြီး နောက်အတွက် စိုးရိမ်နေတယ်ဆိုတာ မှတ်ကြရမယ်၊ ရိပ်မိကြပလား။
ဒါကြောင့် ဘုန်းကြီးတို့ ဒကာ,ဒကာမတွေဟာ ကိုယ့်ခန္ဓာဖြစ်တာ မရှင်းသမျှ မသိမမြင်သမျှ နိဗ္ဗာန်မရဘူး ဆိုတာ မှတ်လိုက်ကြ၊ ရှင်းကြပလား။ ရှင်အနုရာဓက ဘုရားထံလျှောက်ထားတော့ ဘုရားက “သူဖြေတဲ့ဟာ တွေးသိ နဲ့ဖြေတဲ့ အဖြေပဲ၊ သူ့မှာ ဒိဋ္ဌိဝိစိကိစ္ဆာ မပြုတ်သေးဘူး၊ သူ့ကို သောတာပန်တည်အောင် ဟောပြမှပဲ”လို့ တွေးတော ပြီး ရှင်အနုရာဓကို တရားဟောတော်မူတယ်ဆိုတာ မှတ်ကြ။
ဘုရားရှင်က ရှင်အနုရာဓကို ခန္ဓာငါးပါးကို ပဋိစ္စသမုပ္ပါဒ်တည်းဟူသော အကြောင်းကြောင့်ဖြစ်တယ်ဆိုတဲ့ အဓိပ္ပါယ်ကိုရှင်းပြီး ဟောပြလိုက်တယ်။ ဒကာ,ဒကာမတို့ အနုရာဓကို ဘုရားက ခန္ဓာငါးပါးကိုဟောပြပေမယ့် အခု ဒကာတို့ကို တစ်ခုတည်းပဲရှင်းပြမယ်။ တစ်ခုရှင်းရင် ငါးပါးလုံးရှင်းပါတယ်၊ သဘောပါကြပလား။
ဒကာ,ဒကာမတို့ အခုဘုန်းကြီးပြောတဲ့အသံကို မှတ်ပါ။ “ဗုဒ္ဓံ” ကြားကြရဲ့လား၊ ကြားကြပြီ။ ကိုင်း…အခု တစ်ခါ “ဓမ္မံ”ဆိုတော့လည်း ကြားကြပြီ။ ဗုဒ္ဓံဆိုလိုက်တော့ ဒကာတို့နားထဲမှာ ကြားစိတ်ပေါ်လာတယ်၊ နောက်ထပ် ဓမ္မံလို့ဆိုလိုက်တော့ ပထမကြားစိတ် ရှိသေးရဲ့လား။ မရှိတော့ဘူး၊ ချုပ်သွားပြီ။ ဒုတိယ ဓမ္မံကြားစိတ်လည်း ထို့အတူ ကြားပြီး မရှိဘူး။ ချုပ်သွားပြန်တာပဲ၊ ရှင်းကြရဲ့လား။
“ကြားစိတ်”ဟာ အနိစ္စလား၊ နိစ္စလား။
အဲဒီတော့… အခု ဒကာ,ဒကာမတွေကို မေးမယ်။ “ကြားစိတ်”ဟာ အနိစ္စလား၊ နိစ္စလား။
”အနိစ္စပါ ဘုရား”
ဒါဖြင့် “ဒီအနိစ္စဖြစ်တဲ့ ကြားစိတ်”ကို သုခဆိုမလား၊ ဒုက္ခဆိုမလား။
”ဒုက္ခပါ ဘုရား”
ဒါဖြင့် ဒီအနိစ္စ ဒုက္ခဖြစ်တဲ့ကြားစိတ်ကို ငါ့ကိုယ်,ငါ့ဟာ,ငါ့ဥစ္စာလို့ကော ဆိုနိုင်ပါမလား။
”မဆိုနိုင်ပါ ဘုရား”
ဒီလိုဆိုတော့ ဘုန်းကြီးတို့ ဒကာ,ဒကာမတွေအတွက် ရှင်းလင်းသွားပြီ၊ ဘုရားက အနုရာဓကို ဒီအဓိပ္ပာယ် သုံးချက်ကို မေးလိုက်တော့ အခု ဒကာ,ဒကာမတွေဖြေတဲ့အတိုင်းပဲ ဖြေဆိုလိုက်တယ်ဆိုတာ မှတ်ကြ၊ ဒကာ,ဒကာမ တို့ ကြားစိတ်ဟာ ကြားတိုင်းကြားတိုင်း ပေါ်တယ်၊ ပထမစိတ်ပေါ်လာ အခုမရှိ၊ အနိစ္စဖြစ်သွားတာပဲ။ ဒုတိယကြား တာလည်း ပေါ်လာပြီး ပျက်စီးသွားတာပဲ၊ အနိစ္စဖြစ်တယ်ဆိုတာ သူ ဒုက္ခရောက်သွားရှာတာပဲ၊ အဲဒီလို ဒုက္ခရောက် သွားတဲ့ ကြားစိတ်ကို ဒါဟာ ငါပဲ ငါ့ကိုယ်ပဲ ငါ့ဟာပဲ ငါ့ဥစ္စာပဲလို့ ဆိုနိုင်ပါ့မလား။ မဆိုနိုင်ပါဘူး။
ဘုရားက အနုရာဓကိုမေးတာ ခန္ဓာငါးပါးလုံးကိုမေးတာ၊ အနုရာဓက ဒီအဖြေအတိုင်းထွက်တယ်၊ ဒီလိုမေး ရင်းက အနုရာဓက သူ့ခန္ဓာသူကြည့်ပြီးဖြေတော့ သူ့ဉာဏ်မှာ ဖြစ်ပျက်တွေကိုမြင်တယ်။ ဖြစ်ပျက်မြင်ရင်းက ဖြေတာ လို့မှတ်ကြ။ ဒီလိုဖြေရင်း ခန္ဓာကြည့်နေတော့ ဖြစ်ပျက်တွေမြင်၊ နောက် ဖြစ်ပျက်တွေမုန်းပြီး ဖြစ်ပျက်တွေဆုံးလို့ သောတာပန်တည်သွားတယ်လို့ မှတ်ကြ။
အဲဒါနဲ့ ဘုရားက နေရာကျပြီဆိုပြီး ဆက်လက်မေးမြန်းတော်မူပြန်တယ်။
”ငါ့ရှင်…အနုရာဓ၊ ရုပ်ကို ပုဂ္ဂိုလ်သတ္တဝါလို့ ဆိုမလား။ ဆိုနိုင်သလား”
”မဆိုနိုင်ပါ ဘုရား”
”ဝေဒနာကို သညာကို သင်္ခါရတွေကို ဝိညာဏ်ကိုကော ပုဂ္ဂိုလ်သတ္တဝါလို့ ဆိုနိုင်သလား”
”မဆိုနိုင်ပါ ဘုရား”
”ကောင်းပြီ၊ ဒါဖြင့် ရုပ်မှာ ပုဂ္ဂိုလ်သတ္တဝါရှိတယ်လို့ ဆိုနိုင်မလား”
”မဆိုနိုင်ပါ ဘုရား”
”ဝေဒနာမှာ သညာမှ သင်္ခါရတွေမှာ ဝိညာဏ်မှာကော ပုဂ္ဂိုလ်သတ္တဝါရှိတယ်လို့ ဆိုနိုင်မလား”
”မဆိုနိုင်ပါ ဘုရား”
”ဒါဖြင့်… ရုပ်မှတပါး ပုဂ္ဂိုလ်သတ္တဝါရှိတယ်လို့ ဆိုနိုင်မလား”
”မဆိုနိုင်ပါ ဘုရား”
”ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်မှတပါး ပုဂ္ဂိုလ်သတ္တဝါ ရှိတယ်လို့ ဆိုနိုင်မလား”
”မဆိုနိုင်ပါ ဘုရား”
”အနုရာဓ၊ ဒီလိုဖြစ်ရင် ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်ဆိုတဲ့ခန္ဓာငါးခု အပေါင်းကိုကော ပုဂ္ဂိုလ်သတ္တဝါ ဆိုမလား”
”မဆိုရပါ ဘုရား”
ဒါဖြင့် ဒီရုပ် ဝေဒနာ သင်္ခါရ ဝိညာဏ်ဆိုတဲ့ ခန္ဓာငါးခုရဲ့ ဒီပြင်တခြားမှာကော ပုဂ္ဂိုလ်သတ္တဝါရှိတယ်လို့ ဆိုနိုင်မလား။
”ဒီလိုလည်း မဆိုနိုင်ပါဘုရား”
”ချစ်သား…အနုရာဓ၊ ဒီလိုဖြစ်ပါရက်နဲ့ ဘုရား,ရဟန္တာ ပုဂ္ဂိုလ်သတ္တဝါသေရင် နောက်ထပ်ဖြစ်သေးသလား၊ မဖြစ်တော့ဘူးလား စတဲ့ပြဿနာလေးချက် လာနေစရာရှိသေးသလား။ မေးစရာလိုသေးသလား”
”မှန်လှပါ၊ မလိုတော့ပါဘုရား”
”အနုရာဓ၊ ကောင်းစွ…ကောင်းစွ၊ သာဓု သာဓု…၊ ငါဘုရားက ခန္ဓာတစ်ခုလုံးမှာ ဒုက္ခဖြစ်ပြီး ဒုက္ခ ချုပ်တာပဲရှိတယ်လို့ ဟောကြားပညတ်တော်မူတယ်”လို့ မိန့်တော်မူလိုက်တယ်။
အသိဉာဏ်စင်ကြယ်သွားတယ်
အဲဒါနဲ့ ဒကာ,ဒကာမတွေအတွက် ဘုန်းကြီးက ထပ်ပြီးရှင်းပြောမယ်၊ အနုရာဓစိတ်ထဲမှာ ဘုရားကရှင်းပေး လိုက်တော့ အသိဉာဏ်စင်ကြယ်သွားတယ်။ နဂိုက ပုဂ္ဂိုလ်သတ္တဝါ မပါတာမို့ ရှင်းသွားတယ်ဆိုတာ မှတ်ကြ၊ ရိပ်မိကြ ရဲ့လား။ ဘုရားက ငါသေသေချာချာ ဟောမယ်ဆိုပြီး ရှင်းလင်းပြလိုက်တယ်။ ဒီနောက် တိတ္ထိတွေက သူ့ကိုမေးတဲ့ ပြဿနာလေးချက်ကို သူ့ပဲပြန်မေးလိုက်တော့ သူ့ဉာဏ်အကုန်လုံး ရှင်းလင်းသွားတော့တယ်လို့ မှတ်ကြ။
ဘုရားက အနုရာဓကို မင်းတစ်သက်လုံး မှတ်ထားကွ၊ ခန္ဓာတစ်ခုလုံးမှာ ဒုက္ခဖြစ်၍ ဒုက္ခချုပ်တာပဲရှိတယ်၊ ဒီပြင် ဘာမှအပိုမစွက်ဘူး၊ နိဗ္ဗာန်မရသေးသရွေ့ ဒီနှစ်ခုပဲရှိတယ်”လို့ နောက်ဆုံးဟောပြလိုက်တယ်။ ဒကာ,ဒကာမ တွေ သဘောပါကြပလား။ လိုရင်းအချက်ကတော့ ခန္ဓာတစ်ခုလုံးမှာ အမြဲတမ်း “ဖြစ်ဒုက္ခနဲ့ ပျက်ဒုက္ခ နှစ်ခုပဲရှိတယ်” လို့သာ မှတ်လိုက်ကြ။
ဒကာ,ဒကာမတွေ ရှေးရှေးက ဘယ်လိုများနေခဲ့ထိုင်ခဲ့ကြရသလဲလို့ သိကြရဲ့လား။ တစ်သံသရာလုံး ဒုက္ခ ဖြစ်၍ ဒုက္ခချုပ်တာနဲ့ပဲ နေခဲ့ထိုင်ခဲ့ကြရတယ်လို့ မှတ်လိုက်ကြ။ ဒုက္ခလုံးဝချုပ်တာ မပါဘူး။ ဒကာ,ဒကာမတွေဟာ သံသရာမှာ ဖြစ်ဒုက္ခနဲ့ ပျက်ဒုက္ခထဲမှာပဲ လည်နေခဲ့ရတယ်။ ဒီနှစ်ခုပဲ လှည့်ပတ်ခဲ့ရတယ်ဆိုတာ သံသယမရှိကြနဲ့၊ သဘောပါကြပလား။ ဒုက္ခစက်မပြတ်လည်တာပဲ ရှိတယ်။ ဒီပြင် ဘာမှကြားမညှပ်ဘူး။
ဒုက္ခလွတ်ချင်ရင် ဝိပဿနာရှုရမယ်
အဲဒါကြောင့် အခုနေ ဒီဒုက္ခစက်က လွတ်လမ်းကျွတ်လမ်း ရှာကြရမယ်။ ဒကာတို့အထဲမှာ ဆင်းရဲမကြောက်သူ ဒုက္ခကြိုက်သူများ ပါကြသေးသလား၊ မပါကြတာ ဧကန်မှန်ရင်ဖြင့် လွတ်လမ်းရှာရမယ်ဆိုတာ သဘောပါကြပလား။ လွတ်လမ်းက ဝိပဿနာလုပ်ငန်း မဂ္ဂင်လမ်းတစ်ခုသာရှိတယ်။ ဒါကြောင့် ဒုက္ခလွတ်ချင်ရင် ဝိပဿနာရှုရမယ်။ မရှု ရင် မဖြစ်ဘူးလို့ ဆုံးဖြတ်ချက်ချကြ။
အခုအချိန်ကစပြီး ဝိပဿနာရှုကြရမယ်၊ ဝိပဿနာရှုရင် ဖြစ်တာလည်းမြင်မယ်၊ ပျက်တာလည်းမြင်မယ်၊ ဖြစ်တာက ဒုက္ခသစ္စာ၊ ပျက်တာလည်း ဒုက္ခသစ္စာပဲ။ ဝိပဿနာမဂ္ဂင်အလုပ်နဲ့ ဒီဖြစ်ပျက်ဒုက္ခသစ္စာကို ဇာတ်သိမ်း အောင် လုပ်ကြရမယ်။ ဒါကို အခုကမှ ဇာတ်မသိမ်းနိုင်ရင် နောက်လည်းဒါပဲလာမှာပဲ၊ ဒကာတို့တတွေ ဒါနှစ်ခုနဲ့ပဲ အဖော်လုပ်နေရမှာပဲ၊ ကောင်းကွက်မပါကြဘူး၊ ရိပ်မိကြရဲ့လား၊ ချမ်းသာသုခ လုံးဝမရှိဘူးဆိုတာ မှတ်ကြ။
ဒကာ,ဒကာမတို့ ဒီဝိပဿနာအလုပ်က ဒုက္ခစခန်းသတ်တဲ့အလုပ်၊ ဒီစခန်းသတ်ကိုမှမလုပ်ရင် ဒီဒုက္ခနဲ့ပဲ နေကြရမယ်လို့ မှတ်ထားကြ၊ ရှင်းကြပလား။ ဝိပဿနာရှုကြလို့ဆိုတော့ မိမိခန္ဓာမှာ ကြည့်ကြရမယ်။ ကြည့်တော့ -ဝိညာဏ်ပဲကြည့်ကြည့်၊ ဝေဒနာပဲကြည့်ကြည့် တစ်လုံးထဲကိုကြည့်ရမယ်၊ အများမလိုဘူး။ ကြိုက်တာတစ်လုံးထဲကို ဖြစ်တာနဲ့ ပျက်တာကိုမြင်အောင် ကြည့်ပေးကြ။
ဖြစ်တာနဲ့ပျက်တာကို ဒုက္ခသစ္စာပဲ၊ ဒီဒုက္ခကိုမြင်အောင်ကြည့်၊ ဒုက္ခမြင်ရင် ယထာဘူတဉာဏ်ရတာပဲ၊ သဘော ပါရဲ့လား။ ဒီဖြစ်ပျက်အမြင်ရရင် ဆက်သာရှု၊ ဖြစ်ဒုက္ခ ပျက်ဒုက္ခ အမြင်များရင် ဉာဏ်ထက်လာတာပဲ။ အရှုများရင် ဉာဏ်တက်လာရင် မုန်းဉာဏ်လာတော့တာပဲ။ မုန်းလာတော့လည်း ဆက်သာရှု၊ အဲဒီလိုမုန်းရက်က ဆက်ရှု၊ ကိလေသာ ကုန်အောင်မုန်းမှ လိုရင်းရောက်မယ်၊ ဒီလိုဆက်ရှုလို့ ဒုက္ခတွေချည့် မြင်နေမယ်။ သုခလုံးဝမရှိဘူးလို့ သိနေမယ်။
ဒုက္ခပိုင်းခြားတာနဲ့ မဂ်ဉာဏ်ပေါ်လာ
အဲဒီလိုနဲ့ ဒုက္ခချည့်သာရှိတယ်၊ ဒုက္ခမှတပါး တခြားဘာမှမရှိပါကလားဆိုပြီး ဒုက္ခပိုင်းခြားလိုက်တယ်။ ဒုက္ခ ပိုင်းခြားတာနဲ့ မဂ်ဉာဏ်ပေါ်လာပြီး မဂ္ဂင်ရှစ်ပါးဝင်လာလို့ ဖြတ်ခနဲဆို ဒုက္ခဇာတ်သိမ်းတော့တာပဲ။ အဲဒီမှာ မဂ္ဂင်က ဒုက္ခဇာတ်သိမ်းတာကို မြင်နေတယ်။ သူက ဒုက္ခမရှိသေးဘူးလို့သိတယ်၊ ဒုက္ခမရှိကြောင်းကို သိတာဟာ မဂ္ဂသစ္စာပဲ၊ သဘောပါကြရဲ့လား။
အဲဒီမှာ “ဒုက္ခနိရောဓော နိဗ္ဗာနံ၊ ဒိဋ္ဌိဝိစိကိစ္ဆာနိရောဓော နိဗ္ဗာနံ” နှစ်ချက်ရတယ်၊ သောတာပတ္တိမဂ်မှာ ခန္ဓာလည်းချုပ်၊ ကိလေသာလည်းချုပ်၊ ချုပ်တဲ့နိဗ္ဗာန် နှစ်ချက်ရတယ်။ အဲဒီပထမမဂ်ကိုရရင် အပါယ်ကျစေတဲ့တရား အဝိဇ္ဇာ လောဘဒေါသဆိုတာတွေ မရှိတော့ဘူး။ “စတူဟာ ပါယေဟိစ ဝိပ္ပမုတ္တော” အပါယ်လေးပါးနဲ့ အိုးစားကွဲပြီ၊ အပါယ်လေးပါးက လွတ်မြောက်သွားပြီဆိုတာ မှတ်လိုက်ကြ၊ သဘောပါကြရဲ့လား။
အဲဒီနေရာမှာ ဖြစ်ဒုက္ခ ပျက်ဒုက္ခတွေက…ဒုက္ခသစ္စာ။
အပါယ်ကျစေတဲ့ ဒိဋ္ဌိဝိစိကိစ္ဆာ
စတဲ့တရားတွေက… သမုဒယသစ္စာ။
ဖြစ်ပျက်ဒုက္ခ ဇာတ်သိမ်းသွားတာက… နိရောဓသစ္စာ။
ဒုက္ခဇာတ်သိမ်းတာကို သိတာက… မဂ္ဂသစ္စာ။
ဒကာ, ဒကာမတွေ ကျေနပ်ကြပလား။ ဒါဖြင့် ဒုက္ခဖြစ်တာနဲ့ ဒုက္ခပျက်တာကို မြင်အောင်ကြည့်ဖို့အရေးဟာ ဒကာ,ဒကာမတို့ အရေးပဲဆိုတာ မှတ်လိုက်ကြ။ ဆရာဘုန်းကြီးက ညွှန်ပြရေး၊ ဟောရေး၊ ပြောရေး၊ ဒကာတို့တတွေ က လိုက်နာကျင့်ကြံရေး အရေးနှစ်ခုမှာ ကိုယ့်အရေးကိုယ် ကျေပြွန်ကြရမယ်ဆိုတာ ရိပ်မိကြပလား။
အဲဒါနဲ့ ဘုရားရှင်က အနုရာဓကို ဒီလိုဟောပြပြီး ပြဿနာလေးချက်စုံအောင် မေးတော်မူပြန်တယ်ဆိုတာ အထက်ကပြောခဲ့ပြီ၊ မင်းဒီလိုသိရင် ရင်လေးဖို့မရှိပါဘူးကွာလို့ ရှင်အနုရာဓကို မိန့်တော်မူလိုက်တယ်၊ ရှင်းကြပလား။
ကိုင်း… ယနေ့ ဒီတွင်ပဲတော်ကြဦး၊ နက်ဖြန်မှဆက်ကြစို့။
