20512

တဏှာမူလ ကြီးဒုက္ခ တရားတော်

ဆောင်ပုဒ်

အို၊ နာ၊ သေကြ ခန္ဓာက၊ လာရအကြောင်းရင်း။

တဏှာကြောင့်သာ၊ ခန္ဓာလာ၊ မြင်ပါသူမြစ်ရင်း။

ခင်မင်စရာ၊ အကြောင်းဖြာ၊ တဏှာဖြစ်ရလျှင်း။

အာယတံ၊ ဆယ့်နှစ်တန်၊ မူလံခင်ကြောင်းရင်း။

ခင်မှုပယ်ဖြတ်၊ ခန္ဓာဇာတ်၊ ရှုမှတ်ဉာဏ်ဖြစ်ထွင်း။

ဝေဒနာစက်၊ ဖြစ်တုံပျက်၊ နှိပ်စက်ဉာဏ်တွေ့ရှင်း။

ဉာဏ်သိရှင်းလာ၊ ဆက်လက်ကာ၊ ရှုရာချိန်မယွင်း။

ဖြစ်ပျက်ဆုံးပျောက်၊ မဂ်ဉာဏ်ရောက်၊ မျက်မှောက်နိဗ္ဗူချည်း။

သတိချပ်

ထင်ပုံခေါင်းချ၊ ရိုးမြေကျ၊ ပေါင်းရဆုပန္နက်။

အိုမင်းသက်ရှည်၊ ပေါင်းရစေ၊ ပြည့်စေဆုနှုတ်ထွက်။

ပေးသူယူသူ၊ မောဟထူ၊ ဗိုလ်လူမိုက်တွင်းနက်။

ဒုက္ခရှည်ကြာ၊ ရလိုပါ၊ မင်္ဂလာထင်သည့်တွက်။

မင်္ဂလာကိစ္စ၊ သုံးနှုန်းကြ၊ သစ္စာ့မှန်ကွယ်ပျက်။

မကောင်းအစဉ်၊ မှားလမ်းမြင်၊ ပြင်လျှင်ခဏပျက်။

အို၊ နာ၊ သေကြ၊ ကြီးဒုက္ခ၊ မုချလွတ်အောင်ထွက်။

လွတ်ရေးလိုလျှင်း၊ ခန္ဓာတွင်း၊ လက်ငင်းရှုဉာဏ်စွက်။

တရားသား

အကြောင်းတရားတွေကို သုံးသပ်ကြရဲ့လား

ဒကာ ဒကာမတို့ တနေ့သ၌ မြတ်စွာဘုရားသခင်ဟာ၊ ကုရုတိုင်း၊ ကမ္မာသဒမ္မဆိုတဲ့နိဂုံးမှာ သီတင်းသုံး နေတော်မူတယ်၊ အဲဒီအခါမှာ ရဟန်းတွေကလဲ တရားနာဖို့ စုဝေးရောက်နေကြလို့၊ တရားမဟောခင်မှာ ဘုရားရှင်က ရဟန်းတွေကို စတင်ပြီး မေးမြန်းတော်မူလိုက်တယ်ဆိုတာ မှတ်ကြ။ အဲဒီလို မေးမြန်းတော်မူတာဟာ ဘုရားရှင်ကိုယ်တိုင် အဖြေပေးချင်လို့ မေးတော်မူတယ်ဆိုတာ မှတ်ရမယ်။

ဘုရားရှင်က ရဟန်းတွေကို “အသင်တို့ ခန္ဓာတွင်းမှာ အကြောင်းတရားတွေကို သုံးသပ်ကြရဲ့လား” “သုံးသပ်ကြ စမ်းပါ” လို့ပြောတော့ ရဟန်းတပါးက “တပည့်တော် သုံးသပ်ပါတယ်ဘုရား” လို့ လျှောက်ထားလိုက်တယ်၊ အဲဒီရဟန်းက ၃၂-ပါးသော ကောဋ္ဌာသကို သုံးသပ်ကြောင်း လျှောက်ထားတော့ ဘုရားရှင်က သဘောကျတော်မမူဘူး၊ မကျေနပ်ဘူး ဆိုတာ မှတ်ရမယ်။ ဘုရားကအကြောင်းကို သုံးသပ်ခိုင်းတာ၊ အပုံအစုကို သုံးသပ်တော့ သဘောမကျဘူး၊ ရိပ်မိပလား။

အသုဘခွဲနေတာမို့ မကျေနပ်ဘူး၊ အဲဒါနဲ့ ရှင်အာနန္ဒာက “အရှင်ဘုရား ဟောပြတော်မူမှ သိရမှာဖြစ်ပါတယ်၊ အကြောင်းကို သုံးသပ်နည်း ဟောပြတော်မူပါဘုရား” လို့ လျှောက်ထားလိုက်တယ်ဆိုတာ မှတ်ကြ။ အဲဒါ “နိဒါနဝဂ္ဂ သံယုတ် ပါဠိတော်” မှာလာတဲ့ အဓိပ္ပါယ်ပဲလို့ မှတ်လိုက်ကြ။ အခု ဒကာ ဒကာမတွေအတွက် ဘုန်းကြီးက ရှင်းလင်းပြီး ပြောပြရမယ်၊ ရိပ်မိပလား။

အိုတာဟာ သေခါနီးတာပဲ

ဒကာ ဒကာမတို့ ကိုယ့်ခန္ဓာ ကိုယ်ပြန်ကြည့်ကြ၊ ကြည့်တော့ “ဪ-ငါ၏ခန္ဓာဟာ တနေ့တခြား အို, အိုလာပြီ အိုတာဟာ သေခါနီးတာပဲ” လို့ သိကြရမယ်၊ မသေချာရင် မှန်ရှေ့မှာရပ်ပြီးကြည့်ကြ၊ ကြည့်ပြီး ဒကာတို့က တလွဲမှာ သုံးသပ်နေရင်လဲ နိဗ္ဗာန်နဲ့ ဝေးပြီလို့သာမှတ်ကြ။ ဒကာတို့က လုပ်တတ်ကြတယ်၊ “မင်းထက် ငါကကြီးတယ်၊ ငါ့ဘာမှတ် လို့လဲ၊ ငါက မင်းအဘလောက်ရှိပြီ” နဲ့ မာနထောင်တတ်ကြတယ်၊ အဲဒီလိုအဆိုရင် သွားပြီလို့သာမှတ်တော့။

ဘုန်းကြီးတို့ ဒကာ ဒကာမတွေက နိဗ္ဗာန်ရမှာကိုတော့ မတတ်ဘဲ အပါယ်သွားမှာကိုတော့ တတ်ကြတယ်ဆိုရင် မမှားဘူး၊ ရိပ်မိကြရဲ့လား။ “ငါ့ကို ဘာအောက်မေ့လို့တုန်း၊ ငါက အကြီးဆုံး” တဲ့၊ ဒကာ ဒကာမတို့ နောက်ကို ပြင်ကြတော့၊ ဒကာ ဒကာမတို့ ခန္ဓာထဲမှာ အို၊ နာ၊ သေ ရှိနေတယ်၊ ဒါကို အကြောင်းရှာရမယ်၊ အို၊ နာ၊ သေရဲ့ အကြောင်းကိုရှာရမယ်လို့ ဟောတော်မူတယ် ရှင်းကြပလား။

ဒကာ ဒကာမတို့ အကြောင်းရှာကြ “ငါ့ကိုယ်ဟာ အိုပြီ၊ အိုပြီးတဲ့နောက် နာရမယ်၊ တော်တော်နေရင် သေရတော့ မယ်၊ ဒီအို၊ နာ၊ သေဟာ ဘယ်ကလာတာလဲ” လို့ သုံးသပ်ရမယ်၊ တွေးတောရမယ်၊ တွေးတတ်ကြပါ့မလား” ဆရာ့ဆီက ဉာဏ်မရရင်၊ မတွေးတတ်ကြဘူး၊ ဒါကြောင့် အခုနည်းပေးရမယ်၊ ခန္ဓာထဲ အို၊ နာ၊ သေ၊ ဘယ်က လာသလဲလို့ တွေးရ မယ်၊ အကြောင်းရှာရမယ်၊ အကြောင်းရှာလို့ မတွေ့ရင် အကြောင်းသတ် တရားလဲ မသိနိုင်ဘူး၊ မသိမတတ်နိုင်ဘူးဆိုတာ မှတ်လိုက်ကြ။

အို၊ နာ၊ သေဘေး လွတ်အောင် သူ့အကြောင်းကိုရှာပြီး သတ်ရမယ်

အခု ဒကာ ဒကာမတို့ တရားနာ ရောက်လာကြတယ်၊ ဒီလိုလာတဲ့အခါ အိမ်က လာကတည်းက အို၊ နာ၊ သေ ဘက် သွားရတာပဲ၊ အိမ်မှာတုန်းကထက် အခုအချိန်ဟာ သေဖို့ ပိုပြီးနီးလာတယ်ဆိုတာ ရိပ်မိကြရဲ့လား။ အဲဒီတော့ ဒီ အို၊ နာ၊ သေဘေး လွတ်အောင် သူ့အကြောင်းကိုရှာပြီး သတ်ရမယ်ဆိုတာ ပေါ်ကြပလား။ ဒီအကြောင်း တွေးဖို့ဆို တော့ ဘုရားရှင်မှသာ အမှန်တွေးနိုင်မယ်၊ ဘုရားရှင်တို့ အရာသာဖြစ်တယ်လို့ မှတ်လိုက်ကြ။

ဘုရားရွှေဉာဏ်တော်နဲ့ တွေးလိုက်တော့ “အို၊ နာ၊ သေဟာ ဘယ်ကလာသလဲ” “ခန္ဓာငါးပါးကလာတယ်”လို့ မြင်တော်မူတယ်၊ အဲဒါ “သမ္မသနသုတ်” မှာ ဟောခဲ့တဲ့အဓိပ္ပါယ်ပဲ၊ ရှင်းပလား။ ဒကာ ဒကာမတို့ ခန္ဓာငါးပါးရှိလို့ အို၊ နာ၊ သေပေါ်ပေါက်လာရတယ်ဆိုတာ ဆုံးဖြတ်ချက်ချကြ၊ သဘောပါကြပလား။ ဒီခန္ဓာမရှိရင် အို၊ နာ၊ သေဇာတ်သိမ်း တာပဲ၊ ဘယ်သူမှ တားလို့ဆီးလို့ မရပါဘူး၊ ခန္ဓာငါးပါးဟူသော မူလအကြောင်းကြောင့် အို၊ နာ၊ သေဟူသော အကျိုးတရား ပြေးမလွတ်တော့ဘူး၊ ရှင်းကြပလား။

ဒကာ ဒကာမတို့ ဥပမာအားဖြင့် သရက်သီးဟာ ရင့်ပြီးမှည့်မှည့်ပြီး ပုပ်ရသလို ခန္ဓာကလဲ အို၊ နာပြီး သေရတာပဲ၊ ခန္ဓာထဲက အို၊ နာ၊ သေ ပေါက်ပွားလာတာပဲ၊ အခု အိုတာနဲ့ နေကြရတယ်၊ သွားကျိုးတယ်၊ ဆံဖြူတယ်၊ မျက်စိမှုန်လာ တယ်၊ ခါးကိုင်းလာတယ်၊ နားထိုင်းလာတယ်၊ ဒီလို အိုရက်နေပြီး နာနေရတယ်၊ အခု တရားနာနေရင်းမှပဲ နာလာကျင်လာ လို့ ဟိုဘက်ပြောင်းလိုက်ရ၊ ဒီဘက်ပြန်ပြီး ပြောင်းလိုက်ရနဲ့ နာနေတာပဲ၊ ဒီနာနေရင်းကနေ သေဘက်သွားနေရတာပဲ၊ ရိပ်မိကြရဲ့လား။

အို၊ နာ၊ သေနဲ့ပဲ အဖော်လုပ်နေရတယ်

ဒကာတို့တတွေ အခု ဘာနဲ့ အဖော်လုပ်နေရသလဲ၊ အို၊ နာ၊ သေနဲ့ပဲ အဖော်လုပ်နေရတယ်ဆိုရင် မမှားဘူး၊ ထမင်းဆာတာလဲ အနာပဲ၊ ရေဆာတာလဲ အနာပဲ၊ ထမင်းဆာလို့ ထစားလိုက်ရတာ အနာပေါက်လို့ ဆေးကုပေးရတာပဲ၊ ဒီလို အနာပေါက်လို့ ဆေးကုပေးရရင်းကလဲ သေဘက်သွားနေတာပဲ၊ သဘောပါကြရဲ့လား။ ဒကာ ဒကာမတို့ အဖို့ရာ မြဲတဲ့အဖော်ဟာ ဒါပဲရှိတယ်၊ မြဲမြဲစွဲစွဲနေရတဲ့ အဖော်ဟာ ဒီ အို၊ နာ၊ သေပဲရှိတယ်ဆိုတာ မှတ်ကြ။

ဒီပြင် အဖော်မျိုးက ကွဲရသေးတယ်၊ အမြဲနေရတဲ့ ဒိပြင်အဖော် ဘာမှမရှိဘူး၊ ဒီ အို၊ နာ၊ သေဖော်ပဲ မြဲတယ် ဆိုတာ ရှင်းကြရဲ့လား။ အေးလို့ချမ်းလို့ အဝတ်ဝတ်ပေးရ ခြုံပေးရ၊ ဖီးလိမ်းပေးရ၊ စားရင်းသောက်ရင်းကလဲ အသေဘက် သွားနေရတာပဲ၊ အသေသွား၊ ရပ်နားတဲ့ အချိန်ရယ်လို့ ဘယ်တော့မှမရှိဘူး၊ ဒီအသေသွားလမ်းစဉ်ဟာ ခန္ဓာ့လမ်းစဉ်ပဲ၊ ခန္ဓာရှိနေသမျှ အသေလမ်းစဉ်က လွှဲဖယ်လို့ မရနိုင်ဘူးဆိုတာ မှတ်ကြတော့။

ဒကာတို့က ဒီသဘောကို မသိတော့ လူ့ခန္ဓာ၊ နတ်ခန္ဓာ၊ ဗြဟ္မာခန္ဓာ ခန္ဓာအမျိုးမျိုး လိုချင်ကြတယ်၊ လိုချင်တော့ မရအရ တောင်းယူ၊ အဲဒီတော့ အို၊ နာ၊ သေနဲ့ အဖော်ဖြစ်ရပါလို၏ ဆိုတာနဲ့ အတူတူပဲဆိုတာ မှတ်လိုက်ကြ၊ ဒကာ ဒကာမတို့ နောက်ကို တောင်းချင်ရင် “လူလဲ ဖြစ်ရပါလို၏၊ အိုနာသေနဲ့လဲ မခွဲရပါလို၏” လို့သာ တောင်းကြ၊ တောင်းကြမလား၊ မတောင်းချင်ဘူးတဲ့၊ ဘယ့်နှယ်ဒကာတို့ ရူးချက်သန်တာ သေးသေးသိမ်သိမ်မဟုတ်ဘူး၊ သန်သန် ထွားထွား ရူးတာပဲလို့ ဆိုသင့်-မဆိုသင့် စဉ်းစားကြ။

ဖျင်းတာ ဘယ်လောက်ဖျင်းသလဲ

ဒကာတို့တတွေ ဖျင်းတာ ဘယ်လောက်ဖျင်းသလဲဆိုတာ မပြောနဲ့တော့ ကမ်းကုန်တယ်၊ အခုလက်ရှိ အို၊ နာ၊ သေနဲ့လဲ မခွဲချင်၊ နောက်ဟာနဲ့လဲ ဆက်ထားချင်သေးတယ်ဆိုတော့ ကမ်းကုန်တာပဲ၊ ရိပ်မိကြရဲ့လား၊ နောက်လာမယ့် အို၊ နာ၊ သေနဲ့ဆက်ချင်လို့ ပန်း၊ ဆီမီး၊ ဖယောင်းတိုင်၊ ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေးစတဲ့ ပစ္စည်းအမျိုးမျိုးတွေ အကုန်ခံပြီး ကြိုးစားနေကြတယ်၊ မရအရ တောင်းယူနေကြတယ်ဆိုတာ မိုက်လွန်းလို့ အရူးသန်လွန်းလို့ပဲ၊ ရှင်းကြရဲ့လား။

ဒကာ ဒကာမတို့ ဒါလောက်ဆိုရင် မကောင်းတော့ဘူး၊ အခုနေ အို၊ နာ၊ သေနဲ့ မလွတ်ခင်က တောင်းနေတာ၊ လက်ရှိကို လက်မလွှတ်ရခင်က တောင်းတာဟာ နှစ်ခါမိုက်မို့ပဲ၊ အခုဟာလဲ ဒုက္ခသစ္စာမှန်းမသိ၊ နောက်ဟာလဲ ဒုက္ခသစ္စာ မှန်းမသိ၊ အဝိဇ္ဇာနဲ့ နှစ်ခါမိုက်တာပဲ၊ ပေါ်ကြပလား။ အခုပြင်ပစ်ကြ၊ ဒီဆရာနဲ့ တွေ့တုန်းမှာမှ မပြင်မိရင် ရန်သူရှိရာ ဦးတည့်ခေါင်းလျှိုပြီး သေသွားရတယ်ဆိုရင် မမှားတော့ဘူး၊ သဘောပါကြရဲ့လား။

ဒီခန္ဓာက အို၊ နာ၊ သေခန္ဓာ၊ ဒုက္ခအစုခန္ဓာ၊ ကောင်းတာဆို တခုမှမပါဘူး၊ မကောင်းတာတွေ စုနေတဲ့ခန္ဓာ၊ စက်ဆုပ်စရာ အသုံးမကျတဲ့ခန္ဓာ၊ ဒကာတို့က ဒီလိုခန္ဓာကို နောက်ထပ်လိုချင်ရင် လိုချင်သေးရင်ဖြင့် စုံလုံးကန်းမိုက်၊ မိုက်လုံးကြီးလို့ပဲသာ မှတ်လိုက်ကြ၊ ဘုန်းကြီးပြောတာ နည်းသေးတယ်၊ ဒကာတို့ မိုက်ချက်က ဒီထက် အဆရာထောင်မက တိုးလိမ့်ဦးမယ်ဆိုတာ မှတ်လိုက်ကြ၊ ရိပ်မိကြရဲ့လား။

မျက်စိလည်လွန်းအား ကြီးလှတယ်

ဒကာ ဒကာမတို့ ဒီလိုဆိုတော့ ခန္ဓာတောင်းရင် အို၊ နာ၊ သေတွေ ပြတ်မှာကြောက်လို့၊ ဒုက္ခပြတ်မှာ စိုးရိမ်လို့သာ ပဲဆိုရင် မမှားဘူး၊ အခုဟာလဲကြိုက်၊ နောက်လာမယ့်ဟာလဲ ရချင်တယ်ဆိုတော့ ဒကာတို့ဟာ မျက်စိလည်လွန်းအား ကြီးလှတယ်၊ မျက်စိအလည်လွန်ရင် ချောက်ကျဖို့အပြင် မရှိတော့ဘူးဆိုတာ မှတ်ကြတော့။ ဘုရားဖူးသွားကြတော့ ဘေးကပညာရှိတဲ့လူက မေးတယ်၊ “အိမ်က ဘုရားဖူးပါတော့လား၊ ဘာလို့များ အဝေးတလံ သွားဖူးနေရသလဲ” လို့မေး တော့၊ ဘယ်လိုပြောသလဲ။

”အဲဒီ ဘုရားက ဆုတောင်းပြည့်တယ်၊ စီးပွားရေးဟန်ကျတယ်၊ လာဘ်လာဘတိုးတက်တယ်” နဲ့ ဖြေတတ်ကြ တယ်၊ ဒကာတို့ မျက်စိအလည်လွန်တာ စဉ်းစားကြ၊ နေရာတကာမှာ မျက်စိလည်လွန်းတယ်၊ စီးပွားရေးတိုးတက်အောင်၊ ဘုရားလည်ဖူးနေတယ်ဆိုတာ တော်ပါ့မလား၊ အိမ်ကဘုရားကော ဘယ်နှစ်ခါများ ဖူးဘူးကြသလဲ။ အိမ်ကဘုရား အားနာပါအုံးလို့ သတိပေးလိုက်ပါတယ်၊ စီးပွားရေး ဟန်ကျအောင် ဘုရားလည်ဖူးတာဆိုတော့ ဒကာတို့က စီးပွားများပြီး အပူကြီးပူအောင်လို့လား၊ အပူကြီးပူပြီးမှ သေပွဲဝင်ချင်ကြလို့လားလို့ မေးလိုက်ပါတယ်။

ဒကာ ဒကာမတို့ ဒီခန္ဓာက ဟိုနတ်ခန္ဓာသွား၊ ဒီက မသာလောင်းက လေးတောင် ဟိုက နတ်မသာလောင်းက သုံးဂါဝုတ်လောက်ရှိတဲ့ မသာလောင်း၊ ဟိုမှာကျတော့ ဒီထက်ကြီးမားတဲ့ မသာလောင်းကြီး ထမ်းရဖို့ပဲရှိတယ်၊ ဒီထဲမှာ အကြိမ်ကြိမ်အဖန်ဖန်လို့ဆိုတော့ ဘယ့်နှယ်များနေကြမလဲ ပြောတာနဲ့ပဲ ကြက်သီးထလောက်ပါတယ်၊ ဒကာ ဒကာမတွေ သဘောပါကြရဲ့လား။

ဉာဏ်နားနဲ့ထောင်ကြ၊ ရိုးရာနားနဲ့ မထောင်ကြနဲ့

ဉာဏ်နားနဲ့ထောင်ကြ၊ ရိုးရာနားနဲ့ မထောင်ကြနဲ့၊ နားကြီးကြီးထားမှ တော်ရုံကျမယ်၊ ရှင်းကြရဲ့လား။ ဒီဒုက္ခတွေ ဉာဏ်နဲ့ဖြတ်ရမယ်၊ ဉာဏ်မပါရင် မရဘူး၊ ဉာဏ်မှသာကယ်မယ့်ယူမယ့်သူ ရှိတယ်ဆိုတာ မှတ်လိုက်ကြ၊ ဒကာ ဒကာမတွေ အခုလောက်ဆိုရင် အတော်အတန် ရိပ်မိကြပြီ၊ ဒီတော့ စုတေပြီးရင် ဘယ်ခန္ဓာ ရချင်သေးသလဲ၊ မရချင်တော့ဘူး၊ အေး-ဒီလိုဖြေတာဟာ သစ္စာဉာဏ်နဲ့ ဖြေလိုက်တာပဲ၊ ရိပ်မိပလား။

ဒကာ ဒကာမတို့ ဒီသစ္စာဉာဏ် အလွန်အရေးကြီးပါတယ်၊ ဒီဉာဏ်မရရင် အို၊ နာ၊ သေနဲ့ခွဲရမှာ သေအောင် လွန်မင်းအောင် ကြောက်ကြမယ်ဆိုတာ မှတ်လိုက်ကြ၊ အမှန်အကန်မသိရှာတော့ မကောင်းတာကို အကောင်းကြီးထင်ပြီး ခွဲရခွါရမှာ ကြောက်ရှာလွန်းလို့ ဖက်ထားကြမယ်၊ ဒကာတို့ ထူလွန်းတယ်ဆိုရင် မလွဲဘူး၊ ဒီသားသမီး၊ ဒီဇနီးနဲ့ အိုအောင် မင်းအောင် ပေါင်းရပါလို၏လို့ တောင်းတာဟာ ဒုက္ခသစ္စာ ရှည်ရပါလို၏ဆိုတာနဲ့ အတူတူပါပဲ၊ ရိပ်မိကြရဲ့လား။

ဒကာ ဒကာမတွေ မင်္ဂလာအခမ်းအနားဆိုပြီး လုပ်ကြတဲ့အခါမှာ လူငယ်များက ဦးချကန်တော့ပြီး ဒီလင်၊ ဒီသား၊ ဒီမယားနဲ့ အိုအောင်၊ မင်းအောင် ပေါင်းရပါစေဆိုတဲ့အကြောင်းနဲ့ ပေးကြ၊ တောင်းကြတဲ့အခါ လူကြီး၊ သူကြီးတွေက တောင်းတဲ့ဆုအတိုင်း ပြည့်စေလို့ ပေးလိုက်တယ်၊ ဒီတော့ ဆုခံတဲ့သူတွေက ပေးတဲ့ဆုအတိုင်း ပြည့်ရပါ လို၏တဲ့၊ အဲဒါဟာ ဒုက္ခရှည်ရပါလို၏ဆိုတော့ ပြည့်စေတဲ့၊ ဒုက္ခရှည်စေလို့ဆိုတော့ ပေးတဲ့ဆုအတိုင်းပဲတဲ့၊ ရိပ်မိကြရဲ့လား။

ပေးတဲ့သူက မသိပေး၊ ယူတဲ့သူကလဲ မသိယူ

မင်္ဂလာအခမ်းအနားနဲ့ ဒကာ ဒကာမတို့ လူကြီးတွေလုပ်ပုံ ကိုင်ပုံနဲ့တော့ သွားကြပြီလို့သာ မှတ်ကြ၊ ပေးတဲ့သူက မသိပေး၊ ယူတဲ့သူကလဲ မသိယူ၊ မသိတဲ့သူကပေးတော့ မလိမ္မာသူတွေက ကြိုက်ကြ၊ သစ္စာမသိဘဲနဲ့ပေး မသိဘဲနဲ့ယူ၊ အဲဒီတော့ “ဒုက္ခေ အညာဏံ” ပဲ၊ ဒါနဲ့ပေးတော့ ဒါနဲ့ ယူလိုက်တာပဲ၊ ဒီတော့ နှစ်ဘက်စလုံး စုံလုံးကန်းချည်းပဲ၊ စုံလုံး ကန်းချည်းဆိုတော့ လမ်းသွားလို့ ဖြစ်ပါအုံးမလား။ စုံလုံးကန်းတွေ ရမ်းသွားကြ၊ ချောက်ကျဖို့ပဲ ရှိတယ်ဆိုတာ မှတ်ကြ။

ဒကာတို့ဟာက “ထင်းပုံခေါင်းကျ” ဆိုပြီး အသေပါထည့်ထားကြ၊ ယူတဲ့သူကလဲ ရမ်းပြီး ယူလိုက်တာပဲ၊ ဒကာ ဒကာမတို့ မကောင်းအစဉ်၊ ပြင်ခဏတဲ့၊ ပြင်ပြီးလုပ်ကြအုံးမှဖြစ်မယ်၊ မပြင်ရင်ဖြင့် အရူးလေးမွေး၊ အရူးနေ နေ၊ အရူးသေ သေ၊ ကြက်သရေကို မရှိဘူး၊ မောဟုမ္မတ္တက၊ မောဟရူးချည့်ပဲဆိုတာ မှတ်လိုက်ကြ၊ ဒကာ ဒကာမတို့တွေက တို့ဖြစ်စဉ်ပြောပြလိုက်တော့ ဒို့မိုက်မှန်း သိကြပလား။ သိရင်ပြင်ကြဖို့ပဲ။

ဒကာ ဒကာမတို့ ကိုယ်မိုက်ပုံ ကိုယ်ပြန်ကြည့်ကြ၊ “ထင်းပုံခေါင်းကျ၊ ရိုးမြေကျ” တဲ့၊ အင်မတန် ကြက်သရေမဲ့တာ လုပ်နေကြတယ်၊ ဒါဟာ မင်္ဂလာမဟုတ်ပါဘူး၊ ဒါဟာ မျက်စိလည်နေတာပဲ၊ မျက်စိလည်ပြီး ချောက်ကျခဲ့ရတာ ခုတောင် ဒဏ်ရာမပျောက်ကြသေးဘူး၊ မြင်ကြရဲ့လား။ မြင်အောင် ဉာဏ်မျက်စိနဲ့ကြည့်ကြ။ ခန္ဓာရနေသမျှ အို၊ နာ၊ သေက မလွတ်ကြရဘူး၊ သဘောပါကြရဲ့လား။

ဒကာ ဒကာမတို့ ခန္ဓာငါးပါးမရရင် အိုနာသေမပါဘူး၊ ရိပ်မိကြပလား။ ကုန်းကုန်းကွကွနဲ့ အိုမင်းရွတ်တွ ကတုန်ကရီဖြစ်လာတော့ ဒီလိုဖြစ်လိမ့်မယ်မထင်ဘူးတဲ့၊ နောက် လာစရာတွေ အများကြီးကျန်သေးတယ်၊ ဟိုကမောင်း ထုတ်၊ ဒီကမောင်းထုတ်နဲ့ ဒီအဘိုးကြီးက နေရာတကာ ရှုတယ်တဲ့၊ လူထဲ၊ ရှင်ထဲ အသုံးမကျတော့ ဖိတ်စာတောင်မလာ တော့ဘူး၊ နောက် အရပ်ကကို နှင်ထုတ်ကြအုံးမယ်၊ ရိပ်မိကြပလား။

အရှင်သာရိပုတ္တရာမထေရ်ရဲ့ ညီအငယ်ဆုံး “ရေဝတ”

ဒီစကားနဲ့စပ်တဲ့ ဝတ္ထုတစ်ခုကို ထုတ်ပြမယ်၊ အရှင်သာရိပုတ္တရာမထေရ်ရဲ့ ညီအငယ်ဆုံးဟာ “ရေဝတ” တဲ့၊ အဲဒီရေဝတကို သူ့အမေက ငါ့သားတော့ ငယ်ငယ်က အိမ်ထောင်ချပေးမှပဲလို့ စိတ်ကူးပြီး သူတို့သဘောတူတဲ့ ဒိဋ္ဌိအမျိုး အနွယ်ချင်း လက်ထပ်ပေးကြတယ်၊ သဘာဝချင်းတူတဲ့ ရွှေသူဌေးချင်း လက်ဆက်ပေးတယ်လို့ မှတ်ကြ။

အဲဒီ မင်္ဂလာအခမ်းအနားမှာ နှစ်ဘက် ဆွေမျိုးမိဘ လူကြီးစုံရာနဲ့ မင်္ဂလာပွဲကျင်းပတဲ့အခါမှာ သတို့သမီး၊ သတို့သားနှစ်ဦးလုံး ရွှေခွက်မှာ လက်ဆုံချပြီး လက်ထပ်ပေးကြတယ်၊ အဲဒီအခါမှာ လူကြီးတွေက “အိုအောင်၊ မင်းအောင်၊ ပေါင်းကြစေသား” လို့ဆိုပြီး ဆုပေးကြတယ်၊ အဲဒီတော့ သတို့သားရေဝတက “ခင်ဗျားတို့စကားအဓိပ္ပါယ်ကို ရှင်းပြပါအုံး” တဲ့၊ အဲဒါနဲ့ လူကြီးတွေက “ဟောဒီအဖိုးကြီး၊ အမယ်ကြီးတွေလို အိုအောင်၊ မင်းအောင်၊ ပေါင်းကြစေလို့ ပြောတာပဲ” ဆိုပြီး ရှင်းပြလိုက်တယ်။

ဒီလိုရှင်းပြလိုက်တော့ ရေဝတက “ဒီလိုဖြင့် ကျုပ်မနှစ်သက်ဘူး၊ ကျုပ် ဒီလမ်းမလိုက်နိုင်ဘူး” တဲ့၊ ဒကာ ဒကာမ တို့ သဘောပါကြရဲ့လား။ ဒကာတို့ကတော့ အိုအောင် မင်းအောင် ပေါင်းကြစေလို့ပေးရင် ပြုံးကြတယ်၊ ဟုတ်ကြရဲ့လား။ ရေဝတက မပြုံးနိုင်ဘူး၊ မနှစ်သက်နိုင်ဘူးတဲ့၊ တာရှည်နေတာအသာထား၊ အို၊ နာ၊ သေလမ်းသွားရမှာ၊ ဒီလမ်းဟာ အမင်္ဂလာလမ်းပဲတဲ့၊ အဲဒီအခါမှာ ရေဝတက ခုနှစ်နှစ်သားပဲ ရှိသေးတယ်၊ ကလေးလေးရှိသေးတယ်၊ လိမ္မာလှချည်လား၊ ဒကာတို့ကတော့ မိုက်လှချည့်၊ ဘယ်အရွယ်ရှိကြပတုန်း။

ဒါတွေဟာ အမင်္ဂလာပဲဆိုပြီး မကြိုက်နိုင်ဘူး

မျက်လုံးမွဲရမယ်၊ တစ်ယောက်ရေအိုး၊ တစ်ယောက်မသယ်နိုင်၊ ဒီနောက် တစ်ယောက်ကျင်ကြီး၊ တစ်ယောက်ကျုံး ရမယ်တဲ့၊ အရွယ်မရောက်ခင်ကပေးတာ၊ ရေဝတက ပေးတာမကြိုက်နိုင်ဘူး၊ အသက်ငယ်ပေမယ့် ပါရမီရင့်သန်တော့ ဒါတွေဟာ အမင်္ဂလာပဲဆိုပြီး မကြိုက်နိုင်ဘူး။ အလွန်ပညာရှိတဲ့ သူငယ်လေးပဲ၊ ရိပ်မိပလား။ သူ့ကို ချီးမွမ်းတော့ ဒကာတို့ ကိုယ်ကျိုးနည်းပေါ့လို့သာ မှတ်လိုက်ကြ။

အဲဒီရေဝတလေးဟာ လူကြီးတွေ စီမံလို့သာ ငြိမ်ခံနေရတယ်၊ သူ့စိတ်ထဲမှာ နည်းနည်းမှ မနှစ်သက်နိုင်ဘူး၊ အဲဒါနဲ့ မင်္ဂလာဆောင်ပြီးလို့ အိမ်ပြန်သွားကြတဲ့အခါမှာ သူ့စိတ်ထဲမှာ အင်မတန် ကြောက်လန့်နေတယ်၊ ဘယ်မှာခွဲရပါ့ မတုန်းလို့လဲ လမ်းသွားရင်းက အမြဲစဉ်းစားကြံစည်နေတယ်၊ ပြန်ကြတဲ့အခါမှာ ကလေးမလေးနဲ့အတူတူ ထမ်းစင်နဲ့ သွားကြရတာဖြစ်လေတော့ ခဏခဏပဲ အခင်းကြီးအခင်းငယ်သွားဖိုပလို့ အကြောင်းပြပြပြီး ထမ်းစင်ပေါ်က ဆင်းဆင်း သွားတယ်-တဲ့။

အဲဒီလို အခင်းကြီး အခင်းငယ်ကိစ္စနဲ့ အကြောင်းပြပြီး ဆင်းဆင်းသွားတာဟာ သုံးခါကျတော့ ပြန်မလာတော့ဘဲ ထွက်ပြေးသွားတော့တယ်ဆိုတာ မှတ်လိုက်ကြ။ အဲဒီအရင်က ရှင်သာရိပုတ္တရာကလဲ မှာထားတယ်တဲ့။ “ဒီရေဝတက ဆိုတဲ့သူငယ်လေး ပြေးလာလိမ့်မယ်၊ ဒီကောင်ကလေးပြေးလာတာ မြင်ကြတွေ့ကြရင် နီးရာကျောင်းကဆီးပြီး သင်္ကန်း ဝတ်ပေးလိုက်ကြ” လို့ ဆိုပြီး၊ မှာထားတော်မူတယ်။

ရေဝတကလေးဟာ ငယ်ငယ်က ပါးလို့နပ်လို့

အဲဒါနဲ့ မကြာခင်မှာပဲ ကျောင်းတကျောင်းကို ဆိုက်ရောက်လာတာနဲ့ ရဟန်းတွေကအ “အရှင်သာရိပုတ္တရာက တို့ကိုမှာထားတာရှိတယ်” လို့ဆိုပြီး ရေဝတသတို့သားကို သင်္ကန်းဝတ်ပေးလိုက်ကြတယ်ဆိုတာ မှတ်ကြ။ ဒကာ ဒကာမတို့ ရေဝတကလေးဟာ ငယ်ငယ်က ပါးလို့နပ်လို့၊ ငယ်ငယ်က ဒုက္ခလွတ်သွားတယ်ဆိုတာ မှတ်လိုက်ကြ၊ ဒကာတို့ကတော့ ဒီလိုမဟုတ်ကြဘူး၊ ငါ့သူစောင့်၊ သူ့ငါစောင့်နဲ့စောင့်ပြီး ဒုက္ခနဲ့ပဲ နေကြရတယ်၊ ရိပ်မိပလား။

ဒကာ ဒကာမတို့ အို၊ နာ၊ သေဟာ ဘယ်ကလာတာလဲ၊ ခန္ဓာကလာတာပဲဆိုတာ သိကြရပြီ၊ ရှေ့ဆက်တွေးကြအုံး၊ ဒီခန္ဓာကော ဘယ်ကလာသတုန်းလို့ ဆက်တွေးတော့ ခန္ဓာငါးပါးဟာ တဏှာကလာတာပဲလို့ ဟောတော်မူတယ်။ သဘောပါကြပလား။ ဒါဟာ သစ္စာတွေ ပဋိစ္စသမုပ္ပါဒ်တွေပါ ပါတယ်ဆိုတာ မှတ်ကြ။ ဘုရားရှင်ကိုယ်တော်မြတ်ကြီး လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ပါရမီဖြည့်မှ ဒီလက်သည်တွေကို ဖော်နိုင်တာ်၊ တွေ့လို့ပြောနိုင်တာ၊ ရိပ်မိပလား။

သာမည အဓိပ္ပါယ်ကလေးလို့များ မအောက်မေ့လိုက်ပါနဲ့၊ လွယ်လွယ်ကူကူနဲ့ရနိုင်တဲ့ အသိမျိုးမဟုတ်ပါဘူး၊ ဒါကြောင့် လေးလေးစားစားသဘောထားပြီး မှတ်ယူကြလို့ သတိပေးလိုက်တယ်။ ဒကာ ဒကာမတို့ အို-နာ-သေပူ ဘယ်ကလာသလဲ။ ခန္ဓာကလာတယ်၊ ဒီခန္ဓာကော ဘယ်ကလာသလဲ၊ ခန္ဓာဟာ တဏှာကလာတာပဲ၊ တဏှာနဲ့ဆုတောင်း လို့ ခန္ဓာရလာတာပဲဆိုတာ မှတ်ကြ၊ ရှင်းကြရဲ့လား။

ရမ်းတွေးရင် အလွဲချည်းနေမှာ

ဥပမာအားဖြင့် နွယ်ပင်တပင်ကို အဖျားကနေပြီး ကိုင်ဆွဲလိုက်သလိုပါပဲ၊ အဖျားကနေဆွဲတော့ အရင်းကျအောင် ပါလာတယ်၊ အဖျားက အကျိုးတရားကို အဆင့်ဆင့်အကြောင်းလိုက်ရှာတော့ နောက်ဆုံးက လိုရင်းကျတဲ့ အကြောင်း တရားကို မြင်ရသိရမယ်၊ ဒါကြောင့် ဒီကနေပြီး ရှေ့ဆက်တွေးရမယ်၊ တွေးတော့ သစ္စာထိုက်အောင် တွေးတတ်ဖို့လိုတယ်၊ ဒကာတို့က ဉာဏ်မပါဘဲ ရမ်းတွေးရင် အလွဲချည်းနေမှာဆိုတာ မှတ်ကြ။

ဒကာတို့တွေးတာက အိုတာဘာလို့တုန်း။ အိုတာဟာ အသက်ကြီးလို့အိုတာတဲ့၊ နာတာကောဆိုတော့ နာတာ ကံမကောင်းလို့ပဲတဲ့၊ သေတာကကောဆိုတော့ သေတာက ကံကုန်လို့သေတာပဲတဲ့၊ ဒကာတို့တွေးတာဟာ တခုမှ သစ္စာ မထိုက်ဘူး၊ တခုမှ အမှန်မဟုတ်ကြဘူး၊ အလွဲချည်းပဲ၊ အဲဒါ ဉာဏ်မပါလို့ပဲဆိုတာ မှတ်လိုက်ကြ၊ သဘောပါရဲ့လား။

ဒကာ ဒကာမတို့ ဆက်ပြီး သုံးသပ်အုံးတဲ့၊ ဒီတဏှာကော ဘယ်ကလာသတုန်း၊ ဒီတဏှာဟာ ချစ်စရာ၊ ခင်စရာက လာတယ်၊ ဒီချစ်စရာ၊ ခင်စရာကြောင့် တဏှာဖြစ်လာရတာပဲတဲ့၊ ရိပ်မိကြပလား။ ဒီတဏှာက လက်သည်အရင်းကျတယ်၊ သူက တရားခံပဲ၊ တရားလိုက စက္ခု၊ သောတ၊ ဃာနစတဲ့ အာယတန ဆယ့်နှစ်ပါး၊ ဒီတဏှာဟာ အာယတန ဆယ့်နှစ်ပါး ကလာတာ၊ အာယတန ဆယ့်နှစ်ပါးကို ခင်မိလို့ ဒီတဏှာဖြစ်တာ၊ တဏှာဖြစ်လို့ ခန္ဓာရတာ။

တဏှာဟာ ဘယ်ကလာသလဲ

ဒီတော့ တဏှာဟာ ဘယ်ကလာသလဲ။ အာယတန ဆယ့်နှစ်ပါးကလာတာ၊ ဒကာ ဒကာမတွေ သဘောပါကြရဲ့ လား။ ဒကာတို့တတွေက လောကွတ်အလွန်ကောင်းကြတယ်၊ “မျက်စိမျက်နှာမှတ်ထားပါ၊ ကျုပ်က ခင်တတ်၊ မင်တတ် ပါတယ်” တဲ့၊ အဲဒါ အာယတနနဲ့ တဏှာနဲ့ ဆက်ပေးလိုက်တာပဲဆိုတာမှတ်ကြ၊ အခု လက်သည်တွေ့ကြပလား၊ ဒါဖြင့် ရေသောက်မြစ်ကို တွေ့ကြရပြီ၊ ရှင်းကြပလား။

ဒါရှိနေရင် အို၊ နာ၊ သေ အသီးအပွင့်တွေ ရကြမှာပဲ၊ ဒီ-အာယတနတွေ ခင်တာကြောင့် တဏှာဖြစ်တယ်၊ တဏှာကြောင့် ခန္ဓာရတယ်၊ ခန္ဓာကြောင့်လဲ အို၊ နာ၊ သေတွေနဲ့ချည်း တသံသရာလုံး နေခဲ့ကြရတယ်၊ ဒီ အို၊ နာ၊ သေ ပဋိစ္စသမုပ္ပါဒ်ပဲ ဒကာတို့မှာ လှည့်နေခဲ့ရတယ်ဆိုတာ ပေါ်ကြပလား။ အခု အမြစ်အရင်းကို တွေ့ကြရပြီ၊ အရင်းခံက အာယတနပဲ၊ ဒကာ ဒကာမတို့ အာယတနဆိုတာ တခြားမဟုတ်ဘူး၊ ခန္ဓာကို အာယတနဖွဲ့ထားတာပဲဆိုတာ မှတ်လိုက် ကြ။

ခင်စရာ၊ မင်စရာကြောင့် ခင်တာမင်တာ လာတယ်၊ ခင်တာမင်တာကြောင့် ခန္ဓာရတယ်၊ ခန္ဓာကြောင့် အို၊ နာ၊ သေလာတယ်၊ ရှင်းကြရဲ့လား။ ဒီတော့ အို၊ နာ၊ သေလဲ မကြောက်နဲ့၊ ခန္ဓာလဲမကြောက်နဲ့၊ ဒီတဏှာကကြောက်ကြ၊ ခင်တာ၊ မင်တာက တဏှာပဲ၊ သူအရင်းခံလက်သည်ပဲ၊ ဒကာ ဒကာမတွေ ဒီအို၊ နာ၊ သေနဲ့ပဲ အဖော်လုပ်ခဲ့ရတယ်၊ အိုလိုက်၊ နာလိုက်၊ သေလိုက်၊ အိုလိုက်၊ နာလိုက်၊ သေလိုက် နောက်နောက်က ဘယ်လောက်ကြုံခဲ့ရပတုန်း။ မရေနိုင်ဘူး၊ အဲဒါတွေဟာ တဏှာ့လက်ချက်ချည်းပဲ။

အသေများလို့ အရိုးတောင်ပုံရာပုံ

ဒကာ ဒကာမတို့ အရင်အင်္ဂလိပ်လက်ထက်က နွားရိုးတွေ၊ ဆိတ်ရိုးတွေ ရန်ကုန်ကို တင်သွားကြတာ မြင်ဘူးရဲ့ လား၊ အသေများလို့ တောင်ပုံရာပုံ မီးရထားနဲ့ တွဲသုံးဆယ် လောက်မကဘူး၊ အဲဒါ တဏှာလက်ချက်ပဲ၊ ဘုရားတဆူနဲ့ တဆူကြားမှာ လူတဦးတယောက်ထဲရဲ့ သေရတဲ့အရိုးတွေဟာ မဆွေးမမြေ့ဘဲနေလို့ ပုံပြီးထားရရင် လေးရက်တက် လေးရက်ဆင်းလောက် မြင့်လိမ့်မယ်တဲ့၊ လေးရက်တက် လေးရက်ဆင်းမြင့်တဲ့ “ဝေပုလ္လတောင်” လောက် မြင့်တယ်လို့ သံယုတ်ပါဠိတော်မှာ ဟောတော်မူထားတယ်။

သံယုတ်ပါဠိတော်မှာ ဘုရားက ဝေပုလ္လတောင် ပမာဏလောက် မြင့်လိမ့်မယ်၊ ဟောဒါက အခြားသတ္တဝါ အဖြစ်မျိုးမပါဘူး၊ လူတစ်ယောက်ထဲရဲ့ အဖြစ်မှာတင် အရိုးဒါလောက် မြင့်တယ်ပြောတာ ရိပ်မိကြပလား။ အဲဒီလို အရိုးတွေ တောင်လိုပုံရတာ တဏှာလက်ချက်ပဲဆိုတာ မှတ်လိုက်ကြ၊ တဏှာက ဟိုအသေခိုင်း၊ ဒီအသေခိုင်းနဲ့ အသေ ချည့်ခိုင်းနေတာ၊ ဝေပုလ္လတောင်လောက်ဆိုတာဟာ အရိုးရှိတဲ့ သတ္တဝါအဖြစ်ပဲ ထည့်ပြီးပြောရတာ၊ ဒီအထဲမှာ အရိုးမရှိ ဘဲ ဖြစ်ရတဲ့ဟာတွေကလဲ အသင်္ချေအနန္တပါတယ်ဆိုတာ မှတ်လိုက်ကြ။

ဒကာ ဒကာမတို့ လေးလေးနက်နက် စဉ်းစားကြည့်ကြ၊ မန္တလေးတောင်လောက် မကဘူး၊ မန္တလေးတောင်က တနာရီခရီးလောက်နဲ့ တက်လို့ဆင်းလို့ ရနိုင်တယ်၊ ဒါဟာ ဘုရားရွှေဉာဏ်တော်ကြည့်ပြီး ဟောထားတာမို့ ဘာမှသံသယ မရှိကြနဲ့၊ သစ္စာမသိသမျှ အသေခံရဖို့ချည်းပဲဆိုတာ မှတ်ကြတော့၊ သစ္စာမသိတဲ့ ဒဏ်ချက်က အလွန်ပြင်းတယ်ဆိုတာ ရိပ်မိကြပလား။ ဒကာ ဒကာမတို့ သစ္စာသိဖို့အရေးဟာ ဘယ်လောက်ကြီးတယ်ဆိုတာ စဉ်းစားကြတော့။

သစ္စာမသိတော့ အသေချည့်ဆုတောင်း

သစ္စာမသိတော့ ဒကာတို့တတွေက အသေချည့်ဆုတောင်းယူနေကြတယ်၊ ဟိုဘဝဖြစ်ရပါလို၏၊ ဒီဘဝဖြစ်ရပါ လို၏ဆိုတာ အသေဆုတောင်းတာပဲ၊ အဲဒီလိုတောင်းတာဟာ အရိုးတောင်လိုပုံရပါလို၏လို့ တောင်းတာပဲလို့ မှတ်ကြ။ နောက် တောင်းကြအုံးမလား။ တောင်းချင်ရင် သူများလက်ချက်နဲ့ချည်း အသက်ထွက်ရပါလို၏လို့ တောင်းကြ၊ အသေဆု တောင်းတာဟာ ဒီသဘောပဲဆိုတာ မှတ်လိုက်ကြ၊ ရိပ်မိရဲ့လား။

ဒကာ ဒကာမတို့ အသေကို ဆုတောင်းပြီး ယူချင်ကြသေးသလား။ တော်လောက်၊ တန်လောက်ကြရောပေါ့။ အို၊ နာ၊ သေဟာ ဒုက္ခသစ္စာပဲ၊ ဒါကို အမှန်အကန်မသိလို့ တောင်းယူနေကြတာ၊ ဒါကို သိရရင် အတောင်းရပ်မယ်၊ ရိပ်မိကြပလား၊ ဒါကြောင့် ဒကာ ဒကာမတွေ ဒီဒုက္ခကို ဒုက္ခပဲလို့ အမှန်သိအောင် ကြိုးစားရမယ်၊ ဒုက္ခသိမှ ဒီကလွတ်ရာ လွတ်ကြောင်းရှာမယ်၊ ဒုက္ခသိရင် နိရောဓလာမယ်ဆိုတာ မှတ်လိုက်ကြ။

ဒကာ ဒကာမတို့ကို ပြန်ပြီးမေးရအုံးမယ်၊ အို၊ နာ၊ သေဟာ ဘယ်ကလာတယ်၊ ခန္ဓာလာတယ်၊ ခန္ဓာဟာ ဘယ်က လာတယ်၊ တဏှာကလာတယ်၊ တဏှာဟာ ဘယ်ကလာတယ်၊ အာယတနက လာတယ်၊ မှတ်မိကြပြီ၊ အဲဒီတော့ ယောက်ျားရယ်၊ မိန်းမရယ်ဆိုပြီး အာယတန ဆယ့်နှစ်ပါးကို ခင်မိရင် အို၊ နာ၊ သေတွေ ရတော့မှာပဲဆိုတာ ဆုံးဖြတ်ချက် ချကြ၊ သဘောပါကြပလား။

အသုဘရှုကြွပါ

ဒကာ ဒကာမတို့အိမ်မှာ ဖိတ်စာရောက်တယ်၊ “အသုဘရှုကြွပါ”တဲ့၊ “မသာကြွပါ”တဲ့၊ ဖိတ်စာရကြတယ်၊ ဖိတ်စာ ရတာဟာ လက်ခံသူရှိလို့သာရတာ၊ လက်ခံသူမရှိရင် ရပါ့မလား။ မရနိုင်ဘူး၊ အိမ်မှာလဲ အို၊ နာ၊ သေရှိလို့ ဖိတ်စာရ တာပဲ၊ ရိပ်မိကြရဲ့လား။ ကိုယ့်မသာက ရှိနေတော့ သူ့မသာက လာဖိတ်၊ လိုက်ပို့ပေးကြရ၊ မသာဖိတ်စာပေးတာ သာမညများ မမှတ်လိုက်နဲ့၊ “ကျုပ်တော့ ဒုက္ခရောက်ရပြီ၊ ခင်ဗျားလဲ ဒီလို ဒုက္ခရောက်ရအုံးမှာပဲ”လို့ ဆိုသလိုပါပဲ။

အဲဒါဟာ “ကျုပ် ဒုက္ခသစ္စာပဲ၊ ခင်ဗျားလဲ ဒုက္ခသစ္စာပါပဲ” လို့ ပြောတာပဲဆိုတာ မှတ်ကြ၊ သဘောပါကြပလား။ ဒကာတို့မှာ အို၊ နာ၊ သေ လက်ခံရှိလို့ ကြော်ငြာပေးတာပဲလို့သာ မှတ်ကြ၊ သဘောပါကြပလား။ ဒကာတို့ဟာက နှုတ်ခမ်းပဲ့ချင်း မီးမှုတ်တဲ့လမ်းပဲ၊ ဒီလမ်းကိုဖြင့် သိမ်းကြဖို့ ကောင်းပြီဆိုတာ ရိပ်မိကြတော့၊ ကျက်သရေမဲ့တဲ့လမ်းမို့ သိမ်းကြပါတော့လို့ ပြောလိုက်ပါတယ်၊ ကျေနပ်ကြပလား။

ဒီအသုဘ ဇာတ်သိမ်းရင် နိဗ္ဗာန်ပဲ

ဒကာ ဒကာမတို့ ကိုယ့်အိမ်ကို ကျက်သရေမရှိတဲ့စာ ရောက်တာဟာ ကိုယ်က ကျက်သရေမရှိလို့ ရောက်တာပဲ ဆိုတာ ငြင်းဖို့မလိုဘူး၊ ကျက်သရေမရှိတဲ့ဇာတ်ကို နောက်ထပ် မခင်းချင်ကြနဲ့တော့၊ ဖိတ်စာလဲမရောက်၊ လိုက်ပို့ရတဲ့ ဇာတ်လဲသိမ်းအောင် တဏှာသေမှ ဖြစ်တော့မှာပဲဆိုတာ မှတ်လိုက်ကြ၊ အသုဘဆိုတာ မတင့်တယ်တာကို ဆိုတာ၊ အသုဘလိုက်ပို့တယ်ဆိုတော့ မတင့်တယ်တာကို မတင့်တယ်တာက လိုက်ပို့ရတာပဲရှိတယ်၊ ဘာမှမထူးခြားဘူး၊ ဒီအသုဘ ဇာတ်သိမ်းရင် နိဗ္ဗာန်ပဲ။

ဒီ အသုဘဇာတ်သိမ်းအောင် တဏှာသိမ်းရမယ်၊ တဏှာသိမ်းရင် ခန္ဓာပါငြိမ်းတယ်၊ ခန္ဓာငြိမ်းတော့ နိဗ္ဗာန်ပဲ၊ ဒကာ ဒကာမတွေ သဘောပါကြပလား။ ခင်စရာကြောင့် ခင်တာလာတယ်၊ ခင်တာကြောင့် ခန္ဓာလာတယ်၊ ခန္ဓာကြောင့် အို၊ နာ၊ သေ ကိုယ်ပိုင် ရထားတာပဲ၊ မြင်ကြပလား၊ မြင်အောင် ကြည့်ပေးကြ။

ဒကာ ဒကာမတို့ အခု အို၊ နာ၊ သေ လာတဲ့နည်းလမ်းကိုပြပြီးပြီ၊ အို၊ နာ၊ သေ မလာတဲ့လမ်း၊ မလာတဲ့နည်းကိုလဲ ပြပေးရမယ်၊ အို၊ နာ၊ သေ လာတဲ့လမ်းက ဒုက္ခသစ္စာလမ်း၊ အဲဒီ အို၊ နာ၊ သေ မလာတဲ့လမ်းကို နက်ဖြန်မှဟောရမယ်။

ကိုင်း-ယနေ့ ဒီတင်ပဲ တော်ကြအုံးစို့။

**********