ဝေဒနာကုန်ပျောက် နိဗ္ဗာန်ပေါက် တရားတော်
ဆောင်ပုဒ်
အကြောင်းညီလာ ဝေဒနာ၊ များစွာဖြစ်ပေါ်ထွက်။
ငါယား၊ ငါနာ၊ ငါချမ်းသာ၊ ဝေဒနာ ငါရောစွက်။
ဝေဒနာပေါ်တွင်၊ ငါထင်မြင်၊ မှားဝင်ဒိဋ္ဌိသက်။
ဝေဒနာပေါ်လျှင်၊ ရှုဉာဏ်ဝင်၊ မှန်မြင်သူ့ဖြစ်ပျက်။
ဖြစ်ပျက်မြင်က၊ ဒိဋ္ဌိပ၊ ငါးဝ မှန်မြင်မဂ်။
ထိုနည်းမချာ၊ ရှုပွားလာ၊ ဉာဏာ စင်,ထက်မြက်။
ဝေဒနာကုန်ပျောက်၊ မဂ်စစ်ရောက်၊ မျက်မှောက်နိဗ္ဗူနက်။
သတိချပ်
ခန္ဓာရလပ်၊ ချိန်မပြတ်၊ ထပ်ထပ်သေလမ်းသွား။
လျောင်းထိုင်ရပ်တွင်း၊ စားသောက်ရင်း၊ လျှင်လျှင်းသေရာလား။
ခန္ဓာခင်မင်၊ သေလမ်းပင်၊ မြဲဖြင်ထပ်မနား။
ရှေးကမှားပြစ်၊ ပြင်မဖြစ်၊ ဆိုးညစ်ဒုက္ခများ။
အမှားသိမြင်၊ အမှန်ပြင်၊ မြန်လျှင် ကြိုးသင့်သား။
အမှားလွန်မြောက်၊ အမှန်ရောက်၊ မျက်မှောက်နိဗ္ဗူသွား။
တရားသား
ခန္ဓာက သေရာအရောက်သွားနေတယ်
ဒကာဒကာမတို့၊ အခု ဒီခန္ဓာကြီးကို ရထားကြတယ်၊ အခု ဘယ်သူနဲ့ နေကြရသလဲဆိုတော့ သူနဲ့ပဲ နေကြရတယ်၊ ဒီခန္ဓာကြီးနဲ့ ခွဲမရ၊ ခွါမရ အမြဲတွဲနေကြရတယ်၊ ဒီခန္ဓာကြီးကကော အမှန် ဘယ်ကိုသွားနေသလဲ၊ သေရာကို သွားနေရတာပဲ၊ ရိပ်မိကြရဲ့လား။ ဒီခန္ဓာက အချိန်ရှိသရွေ့ နာရီ၊ မိနစ်မလပ် သေဘက်သွားနေတယ်ဆိုတာ သဘောပါကြရဲ့လား။
သူက ထိုင်နေရင်းကလဲ သေရာသွား၊ အိပ်ရင်းကလဲ သေရာသွား၊ စားနေသောက်နေရင်းကလဲ သေရာသွားနေ တာပဲ၊ အခု ဒကာတို့ ဆေးလိပ်ကလေး သောက်နေရင်းကလဲ တဖွာနဲ့တဖွာ တရှိုက်ပြီးတရှိုက်ဆိုသလို သေရာသွားနေ တယ်ဆိုတာ ရိပ်မိကြရဲ့လား။ ဘယ်အချိန်မှာမဆို ဒီခန္ဓာက သေရာအရောက်သွားနေတယ်ဆိုတာ မှတ်လိုက်ကြတော့။ ဒကာဒကာမတို့တတွေ လုပ်နေတဲ့ ရောင်းဝယ်ဖောက်ကားတဲ့အလုပ်တွေ ဒိပြင် ဒိပြင် အလုပ်တွေက ယာယီအလုပ်တွေပဲ။
ဒိပြင်အလုပ်မျိုးတွေက အမြဲမလုပ်နိုင်ဘူး၊ လုပ်တဲ့အခါလုပ်၊ မလုပ်တဲ့အခါလဲမလုပ်နဲ့၊ နေလို့ရတယ်၊ ဒီခန္ဓာရဲ့ သေရာသွားအလုပ်ကတော့ ရပ်နေလို့မရ၊ နားနေလို့လဲမရဘူး၊ သူက သေလမ်းသွားအလုပ်ပဲ အမြဲလုပ်တယ်၊ မလုပ်တဲ့ အချိန် လုံးဝမရှိဘူး၊ မြင်ကြရဲ့လား၊ ဒီတော့ ခန္ဓာရအောင် ကြိုးစားသူဟာ သေရာသွားဖို့ အလုပ်မပျင်းလို့ပဲဆိုတာ ထင်ရှားတယ်၊ ခန္ဓာလိုချင်သူဟာ သေရာသွားအလုပ် မပျင်းသူပဲလို့ အပြစ်တင်သင့်တယ်။
ခန္ဓာလိုချင်သူက သေရာကို ခဏခဏ သွားရတာမပျင်းလို့ပဲ
ခန္ဓာရချင်သူ၊ လိုချင်သူက သေရာကို ခဏခဏ သွားရတာမပျင်းလို့ပဲဆိုရင် မမှားတော့ဘူးလို့ မှတ်လိုက်ကြ၊ အမှန်အစစ်က သူ့အလုပ် လုပ်ချင်လို့တော့ မဟုတ်ဘူး၊ သူ့ကို ခင်မင်နေတဲ့အတွက် လုပ်နေရတာပဲ၊ အဲဒီတော့ ဒီခန္ဓာကို ခင်မင်တာ မပြုတ်သရွေ့ သေရာသွားအလုပ်က နောက်မဆုတ်လို့သာ မှတ်လိုက်ကြ၊ သဘောပါကြပလား။ ဒကာဒကာမတို့ ရှေ့ပိုင်းက သတိပေးနေတယ်၊ ရိပ်မိကြပလား။
ဒကာတို့တတွေ အရင်က လမ်းမှန်မရခဲ့ကြဘူး၊ လမ်းမှန်မရခဲ့တော့ ရိုးရာလမ်းပဲ လိုက်လာကြလို့ အလွဲနဲ့ ကြုံနေကြရပြီ၊ လမ်းမှန်ရှားလို့ လမ်းမှားနဲ့ ကြုံကြရတာပဲ၊ အခုနေမှာ နောက်ဆုတ်လို့မရနိုင်တော့ဘူး၊ ကိုယ်ကျိုးနည်းနေကြ ပြီ၊ ပြင်လို့မရတော့ဘူး၊ ရိပ်မိကြရဲ့လား။ အခုအခြေကနေပြီး ဇရာရောက်အောင်၊ ဗျာဓိရောက်အောင်၊ နောက်ဆုံးကျ မရဏရောက်အောင် ပို့ပေးနေတော့တာပဲဆိုတာ သိကြပလား။
ဒီလိုဖြစ်ရတာ ဘာကြောင့်လဲ။ ဒကာတို့ နဂိုအနေက လွဲခဲ့လို့ အခု အရလွဲနေတာပဲဆိုတာ မှတ်လိုက်ကြ၊ ရှင်းကြပလား။ အခုအချိန်မှတော့ ဘယ်သူမှ မတတ်နိုင်တော့ဘူး၊ တတ်နိုင်တာက နောက်ထပ် ဒီလမ်းမသွားဖို့ မလိုက်ဖို့ဘဲ တတ်နိုင်တော့တယ်၊ ဘာလို့ မတတ်နိုင်တော့တာလဲ၊ ဒကာတို့က အရယူထားလို့ မတတ်နိုင်တော့တာပဲ၊ ဒကာတို့က လက်မလွှတ်ချင်လို့ ဥပါဒါန်က စွဲထားလို့ ပြင်မရတော့ဘူးဆိုတာ မှတ်ကြ။
ဖဂ္ဂုဏခေါ်တဲ့ ရဟန်းတစ်ပါး ရှိတယ်
အခု ဒကာဒကာမတွေကို တတ်နိုင်တဲ့နည်းကို ပေးရမယ်၊ နည်းရရင် လိုက်နာကြဖို့အရေးဟာ တို့အရေးပဲလို့ မှတ်လိုက်ကြ၊ ဘုရားရှင် ရွှေလက်ထက်တော်အခါက ဖဂ္ဂုဏခေါ်တဲ့ ရဟန်းတစ်ပါး ရှိတယ်။ အဲဒီရဟန်းက မကျန်းမမာ ဖြစ်နေတာ အတော်အသည်းအသန် ဖြစ်နေရရှာတယ်၊ အဲဒီအခါမှာ အရှင်အာနန္ဒာက သွားရောက်ကြည့်ရှုပြီး “ရောဂါက အင်မတန်ကြီးလှပါကလား၊ သနားစရာပဲ” လို့ အောက်မေ့ပြီး ဘုရားရှင်ထံသွားပြီး လျှောက်ထားလိုက်တယ်လို့ မှတ်ကြ။
အရှင်အာနန္ဒာက “ဖဂ္ဂုဏရဟန်းဟာ ရောဂါဝေဒနာအကြီးအကျယ် ခံစားနေရတဲ့အကြောင်း၊ မသိမလိမ္မာသေး တဲ့သူဖြစ်လို့ ကြွရောက်ပြီး ကယ်မတော်မူဖို့အကြောင်းနဲ့ ဘုရားထံမှာ လျှောက်ထားလိုက်တယ်ဆိုရင်ပဲ၊ အဲဒီ ဖဂ္ဂုဏရဟန်း ရှိတဲ့ကျောင်းဆီကို ဘုရားရှင်ကိုယ်တော်တိုင် ကြွလိုက်လာတယ်၊ အဲဒီမှာ ဘုရားကြွလာတာမြင်တော့ ဖဂ္ဂုဏရဟန်းကလဲ နေရာတော်များပေးဖို့ ပြင်ဆင်တဲ့အခါမှာ ဘုရားနေမြဲတိုင်းသာ ချမ်းသာသလိုနေဖို့ ခွင့်ပေးတော်မူတယ်။
ဒီနောက် ဘုရားရှင်က ဝေဒနာအခြေအနေများ မေးမြန်းစီစစ်တော်မူတဲ့အခါ၊ ဖဂ္ဂုဏရဟန်းက “ရောဂါဝေဒနာ များဟာ အလွန်ပြင်းပြင်းထန်ထန် နှိပ်စက်နေပါတယ်” ဆိုတဲ့အကြောင်း လျှောက်ထားလိုက်တော့၊ ဘုရားရှင်က “ချစ်သား ဖဂ္ဂုဏ၊ အသင့်ခန္ဓာမှာ နာကျင်ကိုက်ခဲ ဆင်းရဲအမျိုးမျိုး ခံစားနေရတဲ့ သဘောက ဝေဒနာသက်သက်ပဲ၊ ဒီဝေဒနာဓမ္မ၊ ခံစားမှု သဘောတွေဟာ ဝေဒနာက္ခန္ဓာသာ အမှန်ဖြစ်တယ်။
ဝေဒနာနဲ့ငါကို မရောမိစေနဲ့
”ခန္ဓာရှိလို့သာ ဝေဒနာရှိတာ၊ ဒီထဲမှာ ငါဆိုတာမပါဘူး၊ ဒါကြောင့် ဝေဒနာနဲ့ငါကို မရောမိစေနဲ့၊ ဝေဒနာရဲ့ ဖြစ်ပျက်အနိစ္စသဘောကို ဉာဏ်နဲ့ကြည့်ပေး၊ ဝေဒနာဟာ ဓမ္မသဘောသက်သက်သာဖြစ်တယ်၊ ဝေဒနာထဲမှာ ငါမပါ သူမဟုတ် နာမ်ဓမ္မသာဟုတ်တယ်၊ သူရဲ့မမြဲတဲ့ အနိစ္စအချက်၊ ဆင်းရဲနှိပ်စက်တဲ့ ဒုက္ခအချက်၊ မိမိအလိုမပါ အနှစ်သာရ ရှာမရတဲ့ အနတ္တအချက်တွေသာ အမှန်ဖြစ်တယ်၊ ဒီအမှန်သဘောကို ဉာဏ်နဲ့မြင်အောင် ကြည့်ပေးလော့” လို့ ဟောပြ တော်မူတယ်။
ဒကာဒကာမတို့ ရှင်းကြရဲ့လား။ ဒီခန္ဓာက ဝေဒနာက္ခန္ဓာမို့ ဝေဒနာကတော့ရှိတယ်၊ ဒီထဲမှာ “ေဩာ်-ငါ့နှယ် ဖြစ်မှဖြစ်ရပလေတယ်” ဆိုတဲ့ ငါမရောစေနဲ့တဲ့၊ ဘုရားရှင်က ဒီလိုဟောတော့ ဖဂ္ဂုဏရဟန်းဟာ အနာဂါမ် တည်သွား တယ်လို့ မှတ်ကြရမယ်၊ အနာဂါမ်တည်ပြီး ချက်ချင်းဆိုသလိုပဲ စုတိကျသွားတော့တယ်၊ ဒကာဒကာမတွေကို ဒီအဓိပ္ပါယ် သဘောတွေ သိစေချင်၊ မှတ်စေချင်လို့ ရှေ့ပိုင်းက ပြောပြနေတယ်ဆိုတာ မှတ်လိုက်ကြ၊ ရှင်းကြပလား။
ဒကာဒကာမတို့ မိမိသန္တာန်မှာ ဟိုနေရာက ဝေဒနာပေါ်လိုက်၊ ဒီနေရာက ဝေဒနာပေါ်လိုက်နဲ့ ပေါ်လာတဲ့အခါ “ငါနာတယ်” ဆိုပြီး ငါနဲ့ဝေဒနာ မရောပါနဲ့လို့ ဘုရားကဟောတယ်၊ “ကျုပ်လက်မောင်း နာနေတယ်၊ ကျုပ်ရင်ခေါင်း အောင့်နေတယ်” လိုပ ဆိုလိုက်တော့၊ “ဝေဒနံ အတ္တတော သမနုပဿတိ” တဲ့၊ ဝေဒနာကို ငါပဲလို့ လုပ်လိုက်တယ်၊ အဲဒီတော့ ဝေဒနာထဲ ငါ၊ သွားရောလိုက်တာပဲ၊ ဒကာတို့တတွေ သတိထားကြ၊ မကျန်းမမာတဲ့သူများဟာ ပိုပြီးရောတတ် တယ်။
ဝေဒနာအနိစ္စပဲ၊ ခန္ဓာမှာ ဉာဏ်နဲ့ကြည့်
ဝေဒနာက တခြား၊ ငါကတခြား၊ ဘာမှမဆိုင်ဘူး၊ ဝေဒနာအနိစ္စပဲ၊ ခန္ဓာမှာ ဉာဏ်နဲ့ကြည့်၊ ဝေဒနာပေါ်လာပြီး ပျက်သွားတာပဲ၊ ဟိုနားကပေါ် ဟိုနားမှာပဲပျက်တယ်၊ ဒီနားမှာပေါ်တဲ့ ဝေဒနာလဲ ဒီနားမှာပျက်တာပဲ၊ အဲဒါကြောင့် ဝေဒနာပေါ်ရာမှာ ဖြစ်ပျက်လိုက်ပေးကြ၊ ဝေဒနာပေါ်ရာ ရှုဉာဏ်လိုက်တော့ ဝေဒနာကဖြစ်ပျက်၊ ရှုဉာဏ်က မဂ်ဖြစ်သွား တယ်၊ ဘုရားက ဖဂ္ဂုဏကို ဒီအတိုင်း ဟောတယ်ဆိုတာမှတ်ကြ၊ ရှင်းပလား။
ဒကာဒကာမတို့အထဲမှာ မသေမယ့်သူ တယောက်မှမပါဘူး၊ သေမယ့်သူချည်းပဲ၊ သေခါနီးရင် ဝေဒနာအမျိုးမျိုး လာမယ်၊ လာရင်မရောအောင် ရှုတတ်ဖို့အရေးကြီးတယ်၊ ဒါကြောင့် အခုနေမှာ ရအောင် ကြိုးစားနိုင်ရင်ကြိုးစား၊ မကြိုးစားနိုင်ရင် အဝါးဝအောင် ရှုတတ်ဖို့ အကျင့်လုပ်ထားရမယ်၊ ဒါလောက်ကလေးကိုမှ လုပ်မထားမိရင် ဒုက္ခကြီး လှလှရောက်တော့မယ်ဆိုတာ မှတ်ကြတော့၊ ရိပ်မိကြရဲ့လား။
ဝေဒနာက ဝေဒနာက္ခန္ဓာ၊ နာမ်ဓမ္မ၊ ငါဆိုတာက ဒိဋ္ဌိဓမ္မ၊ တခြားစီပဲ၊ ပရမတ္ထတရားက မရောဘူး၊ ဒကာတို့က ရောပစ်နေကြတာ၊ လောကွတ်ချော်လွန်းလှတယ်၊ လောကွတ်တွေ မချော်ကြနဲ့တော့၊ အချော်လွဲလို့ ငရဲက မတက်ရဘဲ နေလိမ့်မယ်၊ သဘောပါကြရဲ့လား။ ဝေဒနာလေးက ဝေဒနာက္ခန္ဓာ နာမ်တရား၊ ငါက ဒိဋ္ဌိ၊ သူတို့ချင်းက တခြားစီ၊ ဘာမှမဆိုင်ဘူးဆိုတာ မှတ်လိုက်ကြ။
ဝေဒနာကို ငါပဲလို့ ဒိဋ္ဌိစွဲတော့ ကိုယ်ကျိုးနည်းပြီ
ဝေဒနာလေးက ခြေဖမိုးပေါ်မှာ ပေါ်လာတယ်ဆိုတော့ “ငါမှာ ဖြစ်ရလေခြင်း” တဲ့၊ မနောထဲမှာ ဒိဋ္ဌိဝင်လာ လိုက်တယ်၊ ဒီတော့ ဝေဒနာထဲ ဒိဋ္ဌိရောသွားတော့တာပဲ၊ မြင်ကြရဲ့လား။ မြင်အောင်ကြည့်ကြ၊ သာမည အသေးအဖွဲကိစ္စ မျိုးမဟုတ်ပါဘူး၊ အပါယ်ရောက်ရမယ့် ဧရာမကိစ္စကြီးဖြစ်လို့ ထူးထူးခြားခြား အရေးထားပြီး ပြောနေရတာပါ၊ ရိပ်မိကြရဲ့ လား။ ကိုယ်ပေါ်မှာပေါ်တဲ့ ဝေဒနာကို ငါပဲလို့ ဒိဋ္ဌိစွဲတော့ ကိုယ်ကျိုးနည်းပြီလို့သာ မှတ်လိုက်ကြ။
ဝေဒနာက ခြေဖမိုးမှာ ဝမ်းထဲကမနောက ငါနာတယ်လို့ ဝေဒနာနဲ့ငါ ရောချလိုက်တယ်၊ ဘုရားကမရောစေနဲ့လို့ ဟောတော်မူတယ်၊ ဒိဋ္ဌိနဲ့မရောဘို့ အလွန်အရေးကြီးတယ်၊ မရောအောင် ဘယ်လိုလုပ်ရမလဲ၊ ဝေဒနာဟာ ဝေဒနာက္ခန္ဓာပဲ၊ သူလာရင် သမ္မာဒိဋ္ဌိနဲ့ ရောပေးကြ၊ “ဝေဒနံ အနိစ္စတော သမနုပဿတိ” ဝေဒနာကို ဖြစ်ပျက်ရှုပေးကြ၊ ဒီတော့ ဘာဝေဒနာလာလာ ဖြစ်ပျက်ရှုဖို့ မမေ့စေနဲ့။
ဒကာဒကာမတို့ ဝေဒနာလာရင် ဖြစ်ပျက်ရှုပေးကြ၊ မရှုမိရင် ဝေဒနာထဲမှာ ငါရောမယ်၊ ရောတော့ ဝေဒနာ နောက်က ဒိဋ္ဌိလိုက်လာတယ်၊ ဒိဋ္ဌိလိုက်တော့ သံသရာဆက်မယ်၊ ဒိဋ္ဌိ၊ ဒိဋ္ဌုပါဒါန်၊ ကံ၊ အပါယ်ဇာတိပဲ၊ ဝေဒနာထဲ ငါမရောတဲ့ ဝေဒနာနောက်က မဂ်ဖိုလ်လိုက်လာမယ်၊ ဝေဒနာလာ ဖြစ်ပျက်ရှုတော့ ဝေဒနာကဖြစ်ပျက်၊ ရှုဉာဏ်ကမဂ်၊ နောက်သံသရာပြတ်တယ်၊ “ဝေဒနာနိရောဓော နိဗ္ဗာနံ၊ ဒုက္ခနိရောဓော နိဗ္ဗာနံ” ပဲ။
ပေါ်လာတိုင်း ဖြစ် ပျက်ရှုပေးကြ
ဒါကြောင့် ဒကာဒကာမတွေကို ဖြစ်ပျက်ရှုရမယ်လို့ ပြောတာ၊ ရိပ်မိကြပလား။ ဝေဒနာပေါ်လို့ မရှုမိတော့ “ဝေဒနာနံ အတ္တတော သမနုပဿတိ” ဝေဒနာမှာ ငါရောလိုက်တယ်၊ ရှင်းကြပလား။ ဒါကြောင့် ပေါ်လာတိုင်း ဖြစ် ပျက်ရှုပေးကြ၊ ဖြစ်ပျက်ရှုတော့ ဝေဒနာပေါ်တိုင်း ပေါ်တိုင်း မဂ်ဉာဏ်ရတာပဲ၊ ရှုတော့ ဝေဒနာကဖြစ်ပျက်၊ ရှုတာကမဂ်၊ ဘယ်လောက် တန်ဖိုးရှိသွားသလဲ ကြိုးစားကြ။
ဘုရားက ဖဂ္ဂုဏကို ဒီလိုဟောတော့ ဖဂ္ဂုဏက ဖြစ်ပျက်ရှုတယ်၊ ဝေဒနာပေါ်တိုင်း ပေါ်တိုင်း လိုက်ပေးနေတယ်၊ သူက မသေမချင်း ဝေဒနာကို ရှုဉာဏ်နဲ့လိုက်သွားတယ်၊ အဲဒီလိုလိုက်နေတော့ တချိန်မှာ ဝေဒနာတွေ ပျောက်ထွက်သွား တယ်၊ အဲဒီကျတော့မှ ဖဂ္ဂုဏဟာ “ဝေဒနာနံ ခယော ဘိက္ခု” ဖြစ်သွားတယ်ဆိုတာ မှတ်ကြ၊ ဒကာဒကာမတို့လဲ ဒီအတိုင်း ဝေဒနာကုန်အောင် ရှုရမယ်၊ ရိပ်မိကြပလား။
အရင်တုန်းကတော့ ဝေဒနာငါလုပ်မိလို့ အတ္တဒိဋ္ဌိဖြစ်ရတယ်၊ နောက် ဝေဒနာဖြစ်ပျက်ရှုတော့ ဝေဒနာအနိစ္စကို သိရတယ်၊ နောက် ကုန်အောင်ရှုတော့ ဝေဒနာအနိစ္စတွေ ကုန်ထွက်သွားတယ်၊ ဝေဒနာက္ခန္ဓာကြီး ပျောက်သွားတယ်၊ ခန္ဓာဒုက္ခကြီး ချုပ်ဆုံးသွားတယ်၊ ဘာ့ကြောင့်လဲဆိုတော့ “သော ဝေဒနာယ အဘိညာယ ဒိဋ္ဌေဝဓမ္မေ အနာသဝါ” ဆိုတဲ့အတိုင်း ဝေဒနာကိုဖြစ်ပျက်သဘောသာ ပိုင်းခြားသိနေလို့ပဲဆိုတာ မှတ်လိုက်ကြ။
ဘာ့ကြောင့် အာသဝေါတရားတွေ ချုပ်ရတာလဲ
ဒကာဒကာမတို့၊ ဝေဒနာကို ဖြစ်ပျက်ရှုတော့ ဝေဒနာပစ္စယာတဏှာမလာဘူး၊ အဲဒီတော့ ဒိဋ္ဌေဝ ဓမ္မေ အနာသဝါ ဖြစ်တာပဲ၊ ရိပ်မိရဲ့လား။ ဝေဒနာအနိစ္စကိုသိတော့၊ သိတာက ဝိဇ္ဇာဖြစ်လို့ အဝိဇ္ဇာဆိုတဲ့ မသိတဲ့ဟာ မလာဘူး၊ ချုပ်သွားတော့တယ်၊ ဥပမာ-ဖျားတဲ့အခါမှာ ဝေဒနာလာတယ်၊ အဲဒီဖျားတဲ့ဝေဒနာကို ဖြစ်ပျက်ရှုနေတော့ အနိစ္စကို ပိုင်းခြားသိနေတာပဲ၊ ရှင်းပလား။
အဲဒီလို ဝေဒနာအနိစ္စကို ပိုင်းခြားပြီး သိနေတော့၊ ဝေဒနာနဲ့ငါနဲ့ မရောတော့ဘူး၊ မရောတော့ ဒိဋ္ဌိမလာဘူး၊ အဖြစ်အပျက်ကို သိနေလို့လဲ မသိတဲ့အဝိဇ္ဇာမလာဘူး၊ အဲဒီတော့ ကာမာသဝချုပ်, အဝိဇ္ဇာသဝချုပ်, ဒိဋ္ဌာသဝချုပ်, အာသဝတရားတွေ ချုပ်ကုန်တယ်၊ ဘာ့ကြောင့် အာသဝေါတရားတွေ ချုပ်ရတာလဲ၊ ဝေဒနာ၌ မဂ်ဝင်လို့ချုပ်တာပဲ၊ အာသဝတွေချုပ်ရတာ ဝေဒနာကို ပိုင်ပိုင်နိုင်နိုင်သိလို့ပဲဆိုတာ မှတ်လိုက်ကြ။
ဝေဒနာဖြစ်ပျက်သိတော့ ဝေဒနာပစ္စယာ တဏှာမလာဘူး၊ ငါမစွဲတော့ ဒိဋ္ဌာသဝလဲ မလာဘူး၊ အမှန်အကန် သူမြင်တဲ့ အဝိဇ္ဇာဖြစ်နေလို့လဲ အဝိဇ္ဇာသဝမလာဘူး၊ ဖဂ္ဂုဏရဟန်းဟာ အဲဒီလို ဝေဒနာပေါ်တိုင်း၊ ပေါ်တိုင်း ပိုင်ပိုင်နိုင်နိုင် သိလို့ နောက်က အာသဝတွေ မလာတော့ဘူး၊ ဘာ့ကြောင့် မလာတာလဲဆိုတော့ ဝေဒနာကို ပိုင်းခြားပြီးသိနေလို့ပဲ၊ ရှင်းကြရဲ့လား။ ဝေဒနာကို မဂ်နဲ့ပိုင်းခြားသိနေလို့ပဲ၊ မဂ်က ပိုင်ပိုင်နိုင်နိုင်သိနေလို့ မလာတာပဲဆိုတာ မှတ်ကြ၊ မဂ်ဆိုတာ ခန္ဓာထဲမှာ ဖြစ်ပျက်ကို ပိုင်ပိုင်နိုင်နိုင်သိတဲ့မဂ်ပဲ၊ ရှင်းပလား။
သေခါနီးမှာ နေရာကျအောင်
ဒါကြောင့်-သော၊ ထို ဖဂ္ဂဏသည်။ ဝေဒနာယ၊ ဝေဒနာ၌။ ပရိညာယ၊ ဖြစ်ပျက်ပဲလို့ ပိုင်ပိုင်နိုင်နိုင်သိ၍။ ဝါ၊ သိသောကြောင့်။ ဒိဋ္ဌေဝဓမ္မေ၊ မသေခင်ခဏ၌။ အနာသဝါ၊ အာသဝေါကင်းသွား၏။ အာသဝကင်းသွားသည်။ ဟောတိ၊ ဖြစ်၏။ “သော ဝေဒနာယ အဘိညာယ ဒိဋ္ဌေဝဓမ္မေ အနာသဝါ” ဆိုတာ ဖဂ္ဂုဏ ရဟန်းတော် သေခါနီးလေးမှာ ကပ်ပြီး အောက် သံယောဇဉ်ငါးပါးကို ပယ်သွားနိုင်တဲ့အကြောင်း ပြောတာ၊ နည်းယူဖို့ မကောင်းဘူးလား။
ဒကာဒကာမတို့ သေခါနီးမှာ ပိုပြီးအရေးကြီးတယ်၊ အခုနေရာ နေရာကျအောင် လုပ်နိုင်ရင်လုပ်၊ မလုပ်နိုင်ရင် သေခါနီးမှာ နေရာကျအောင် လုပ်နိုင်တတ်ရမယ်၊ အခုအချိန်က နည်းမရရင် သေခါနီးမှာ ကြောက်လန့်တဲ့စိတ်တွေ လာမယ်၊ ကြောက်တယ်၊ လန့်တယ်ဆိုရင် ဒိဋ္ဌာသဝ၊ အဝိဇ္ဇာသဝတွေ လာတော့တာပဲ၊ ဒါတွေလာရင် အပါယ်ဆိုတာ သေချာပြီလို့သာ မှတ်လိုက်ကြ။
ဒကာတို့ သေမှာကတော့ မုချပဲဆိုတာ သိကြတယ်၊ အခုကိုပဲ တချိန်ထက်တချိန်၊ တနာရီထက်တနာရီ၊ တမိနစ် ထက်တမိနစ်မှာ သေမယ့်ဘက် ပြေးနေကြတာပဲ၊ အချိန်ရွေ့လေ၊ နီးကပ်လာလေပဲ၊ အခု တရားနာနေရင်းကပဲ ဒကာတို့ သန္တာန်မှာ ဟိုစိတ်ရောက်သွား၊ ဟိုအာရုံရောက်သွားနဲ့ စိတ်အစဉ် ရုပ်နာမ်အစဉ်တွေဟာ သေနေကြတာပဲ၊ ဒီစိတ်အစဉ် တွေဟာ သေရာသွားနေတာပါ၊ ဒီထဲမှာ သေရာမသွားတဲ့ “ကြားပေါက်” မပါဘူး၊ သေရာသွားက ကြားဖောက်မပါဘူးဆို တာ မှတ်ကြ။
သေရာသွား အားမရကြသေးလို့ လား
ဒကာဒကာမတွေ သဘောပါကြရဲ့လား။ ဒီလိုအဖြစ်မှန်ကို မသိကြတော့ ဒကာတို့တတွေက “ဒီ သားသမီးနဲ့ ဘဝတိုင်း မခွဲရပါလို၏” လို့ တောင်းလိုက်ကြသေးတယ်။ အဲဒါ မိုက်လုံးကြီးလို့ပဲ၊ ဘဝအဆက်ဆက်တွေမှာ သားသမီးတွေ ဘယ်လောက်များခဲ့ကြသလဲဆိုတာ ပြောစရာမရှိပါဘူး။ ဒီလို သားသမီးအထွေထွေနဲ့ သေခဲ့ရပေါင်း များလှပါပြီ၊ ရေတွက်လို့တောင် မရတော့ဘူး၊ ဒီကြားထဲကမှ ထပ်ပြီးတောင်းချင်ရင် ဒကာတို့ဟာ “သေရာသွား အားမရကြသေးလို့ လား”။
ဒကာဒကာမတို့ အခုအချိန်မှာ ပြင်ကြဆင်ကြတော့၊ မပြင်မဆင်ရင် အမှားလက်စမတုံးတော့ဘူး၊ ရိပ်မိကြရဲ့ လား။ အခုသိပြီး အခုရအောင် ကြိုးစားကြ၊ ဖဂ္ဂုဏရဟန်းဟာ “ကာယဿ၊ ကိုယ်၏။ ဘေဒါ၊ ပျက်သည်မှ နောက်ကာလ ၌။ သော ဝေဒဂူ၊ ထိုအနာဂါမ်ပုဂ္ဂိုလ်သည်။ ဓမ္မဋ္ဌော၊ နိဗ္ဗာန်၌တည်သည်။ ဟောတိ၊ ဖြစ်၏။” တဲ့၊ ဖဂ္ဂုဏဟာ အနာဂါမ် ကျအောင်လုပ်နိုင်တယ်၊ ရှင်းကြရဲ့လား။
အဲဒီလိုနဲ့ ဘုရားရှင်က ကျောင်းတော်ပြန်ကြွသွားလို့ မကြာခင်မှာပဲ ဖဂ္ဂုဏမထေရ်ဟာ ရှင်အာနန္ဒာ့မျက်စိရှေ့ မှာပဲ စုတိကျသွားတယ်လို့ မှတ်ကြ၊ အဲဒီလို စုတိကျပြီးတဲ့အခါ ဖဂ္ဂုဏမထေရ်ရဲ့ ရုပ်အလောင်းဟာ ထူးခြားနေတယ်၊ မျက်စိတွေ၊ နားတွေ၊ နှာခေါင်းတွေ၊ ကိုယ်အင်္ဂါ လက္ခဏာတွေ အားလုံးဟာ ထူးခြားနေတယ်။
ဖဂ္ဂုဏဟာ စုတိကျပြီး အင်မတန်မှ ထူးခြားနေပါတယ်
အဲဒါနဲ့ ရှင်အာနန္ဒာက ဘုရားထံသွားပြီး လျှောက်ထားလိုက်တယ်လို့ မှတ်ကြ၊ “အရှင်ဘုရား၊ ဖဂ္ဂုဏဟာ စုတိကျပြီး အင်မတန်မှ ထူးခြားနေပါတယ်၊ ဣန္ဒြေခြောက်ပါး ချို့ယွင်းချက်မရှိဘဲ အင်မတန် ကြည်လင်နေပါတယ်။ ခေါင်းကလဲ တောင်စောင်းလို့၊ ပကတိ အသက်ရှိသူ အိပ်နေတဲ့အတိုင်းပါပဲ၊ စက္ခုစတဲ့ ဣန္ဒြေတွေလဲ မညှိုးမနွမ်းဘဲ လန်းဆန်းနေပါတယ်ဘုရား” လို့ လျှောက်ထားလိုက်တယ်။
အဲဒီတော့မှ ဘုရားက “အာနန္ဒာ မင်းကမသိဘဲကိုး၊ ဖဂ္ဂုဏဟာ သေခါနီးမှာ ဝေဒနာကို ပိုင်ပိုင်နိုင်နိုင်ရှုပြီး အနာဂါမ်တည်သွားတယ်၊ အဲဒီလို တည်ပြီးမှ အနာဂါမ်အဖြစ်နဲ့ စုတိကျရတာ၊ ဒါကြောင့် ဣန္ဒြေတွေ ချို့ယွင်းခြင်းမရှိဘဲ ကြည်ကြည်လင် ဖြစ်နေတာပဲ” လို့ ပြန်ပြီးမိန့်ကြားတော်မူလိုက်တယ်၊ ရိပ်မိကြပလား။
ဒကာဒကာမတို့ အနာဂါမ်သေရင် လူ့ပြည်၊ နတ်ပြည်ကို မလာတော့ဘူး၊ ဗြဟ္မာ့ပြည်ပဲသွားမယ်၊ အောက်သံသရာ လည်ရဖို့မရှိတော့ဘူး၊ အဲဒီကနေပြီး ပရိနိဗ္ဗာန်ပြုရုံပဲ၊ သဘောပါကြပလား။ ဒါကြောင့် ဘုန်းကြီးတို့ ဒကာဒကာမတွေ မပေါ့ကြနဲ့၊ အခုနှယ်က ကြိုးစားကြ၊ အခုအချိန်မှာ မရသေးရင်လဲ ဖဂ္ဂုဏမထေရ်လို ယူနိုင်အောင်၊ ယူတတ်အောင် ဝိပဿနာ အဝါးဝအောင် ကြိုးစားထားရမယ်၊ ကျေနပ်ပလား။
ဝေဒနာအနိစ္စကို ပိုင်ပိုင်နိုင်နိုင်သိမြင်သွားလို့ပဲ
ဖဂ္ဂုဏမထေရ် သေခါနီးမှာ ကပ်ပြီး အနာဂါမ်တည်သွားတာဟာ ဝေဒနာအနိစ္စကို ပိုင်ပိုင်နိုင်နိုင်သိမြင်သွားလို့ပဲ လို့ အင်္ဂုတ္ထိုရ်မှာလာတယ်ဆိုတာ မှတ်လိုက်ကြ၊ ရိပ်မိကြရဲ့လား။
ဒကာဒကာမတို့ ဖဂ္ဂုဏဟာ ဘုရားကြွမလာခင်က ဝေဒနာနဲ့ ငါနဲ့ရောနေတယ်၊ ဘုရားကြွလာတော့မှ သမ္မာဒိဋ္ဌိ နဲ့ရောဖို့ ဟောပြလိုက်လို့ အဲဒီအတိုင်း ကျင့်ကြံတော့မှ အနာဂါမ်တည်သွားတာပဲလို့ မှတ်လိုက်ကြ၊ ဒကာဒကာမတို့ သဘောပါကြပလား။ အဲဒီအချိန်အခါမှာ ဘုရားရှင်က အကြောင်းပေါ်ပြီမို့ ရှင်အာနန္ဒာကို အမိန့်တော်ရှိလိုက်တယ်၊ “ချစ်သား အာနန္ဒာ၊ သေနည်းကို သင်ပြမယ်၊ ရဟန်းပရိသတ်၊ လူပရိသတ်တွေ စုရုံးချေလော့” လို့ ခိုင်းတော်မူလိုက်တယ်။
ဒါနဲ့ ရှင်အာနန္ဒာက ပရိသတ်များကို စုရုံးပြီးတဲ့အခါမှာ ဘုရားရှင်မှာ သေနည်းတရားကို ရှင်းလင်းဟောပြတော် မူတယ်ဆိုတာ မှတ်ရမယ်၊ အခု ဒကာဒကာမတို့အတွက်မှာ ဘုန်းကြီးက အထူးတလည် ရှင်းလင်းပြောပေးလိမ့်မယ်လို့ မှတ်လိုက်ကြ၊ ပဋ္ဌမမှတ်ဖို့က သေနည်း ၆-မျိုးရှိတယ်၊ ခြောက်မျိုးဆိုတာက ပုထုဇဉ်တို့ သေနည်းက ၃မျိုး၊ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်တို့ သေနည်းက ၃-မျိုး၊ ပေါင်းတော့ ၆-မျိုးရှိတယ်ဆိုတာ မှတ်ရမယ်။
ပုထုဇဉ်တို့သေနည်းသုံးမျိုး
အခုပြောမှာက ပုထုဇဉ်တို့သေနည်းသုံးမျိုးကို ပြောပြမယ်။ အထက်သေနည်း သုံးမျိုးကို ချန်ထားမယ်၊ ဒကာ ဒကာမတို့အတွက် မှတ်ဖို့၊ နည်းယူဖို့ ကျေးဇူးများမယ့် သုံးမျိုးကိုသာ ပြောလိမ့်မယ်ဆိုတာ မှတ်ကြ၊ သဘောပါကြပလား။ ဒကာဒကာမတို့ဘုရားက ဖဂ္ဂုဏကို အတ္တဒိဋ္ဌိဖြုတ်ပေးလို့ အောက်သံယောဇဉ်ကို ပယ်နိုင်သွားတာ ဘုရားမကူရင် မတတ်နိုင်ဘူးဆိုတာ မှတ်ကြရမယ်။
အခုလဲ ဘုန်းကြီးက ဘုရားကိုယ်စားလှယ်လုပ်ပြီး ဒကာဒကာမတွေကို ကူညီပေးရမယ်၊ ပေးတဲ့သူကပေးရင် ယူထိုက်အောင်ယူကြ၊ မယူထိုက်ရင် မိုက်ရာ၊ အ,ရာကျကြမယ်၊ ရိပ်မိကြပလား။ ဒကာဒကာမတို့က ကုသိုလ်တွေပြုပြီး ဘာဖြစ်ရပါလို၏၊ ညာဖြစ်ရပါလို၏နဲ့ တောင်းတတ်ကြတယ်၊ ဘာဖြစ်ရပါလို၏ဆိုတာ အသေပါတယ်၊ မဖြစ်ရတာဆိုရင် အသေမပါဘူး၊ အဖြစ်ကြိုက်ရင် အပျက်တွေ့ရမယ်ဆိုတာ မှတ်လိုက်ကြ၊ ရိပ်မိကြရဲ့လား။
ဒကာဒကာမတို့ အဖြစ်ရှိရင် အပျက်ရှိတယ်၊ အဖြစ်မရှိမှသာ အပျက်ငြိမ်းမှာ အဖြစ်တောင့်တရင် အပျက်ပါ ရမယ်ဆိုတာ ရိပ်မိကြပလား။ ဒါကြောင့် ဒကာဒကာမတွေ ရှေးကဆုတောင်းတွေနဲ့ နေခဲ့ကြတာ အခုသိရင် ပြင်ကြတော့ မပြင်ရင် မဖြစ်တော့ဘူး၊ သဘောပါကြပလား။ အခု ပုထုဇဉ်တို့ သေဖို့နည်းသုံးနည်းကို ပြရမယ်၊ သေသေချာချာမှတ်ယူ လိုက်ကြ။
(၁) ငါဘုရားဟောတဲ့ သက္ကာယပြုတ်တရားကို ကြားနာပြီး ဝေဒနာနဲ့ငါနဲ့ မရောအောင် ရှုပွား၍သေခြင်း။
(၂) ငါဘုရား၏ တပည့်သားဟောတဲ့ သက္ကာယပြုတ်တရားကို ကြားနာပြီး ဝေဒနာနဲ့ငါနဲ့မရောက်အောင် ရှုပွား၍သေခြင်း။
(၃) ငါဘုရားနှင့် တပည့်သားတို့ထံမှ ကြားနာရသည့် တရားအတိုင်း ဝေဒနာနဲ့ငါနဲ့ မရောအောင် ကိုယ်တိုင် ရှုမှတ်ပွားများ၍ သေခြင်း။
ဒကာဒကာမတို့ ဒီသုံးနည်းကို သိကြရမယ်၊ တစ်-က၊ ငါဘုရားဟောပြလို့ သက္ကာယပြုတ်နိုင်တဲ့ ဝေဒနာနဲ့ ငါမရောတဲ့တရားကို ကြားနာရင်း ရှုမှတ်ပြီးသေရင် အနာဂါမ်အထိ တည်နိုင်တယ်၊ နှစ်-က ငါဘုရားရဲ့ တပည့်သား တဦးဦးကဟောပြလို့ ဝေဒနာနဲ့ငါမရောဘဲ သက္ကာယပြုတ်နိုင်တဲ့တရားကို ကြားနာရင်း ရှုမှတ်ပြီးသေရင်လဲ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်အထိ တည်သွားနိုင်တယ်၊ အထက်က တစ်-နဲ့ နှစ်-တို့ထံက ကြားနာဘူးတဲ့ တရားအတိုင်း သေခါနီးမှာ ကိုယ်တိုင်ရှုပွားပြီး သေရရင်လဲ အနာဂါမ်အထိ ပေါက်မြောက်နိုင်တယ်။
သုံးအချက်နဲ့သေဖို့ ကြိုးစားကြရမယ်
ဒကာဒကာမတို့ သဘောပါကြရဲ့လား။ ဘုရားက ဒီသေနည်းသုံးနည်း ဟောပြခဲ့တယ်၊ အဲဒီထဲက ဒကာတို့အဖို့ တစ်-အချက်က လွတ်သွားပြီ၊ နှစ်-အချက်က ဖျတ်ခနဲသေချင်ရင် သေသွားနိုင်တယ်၊ ကိုယ်သေမယ့်အချိန်ကို မသိနိုင်ဘူး၊ အချိန်မသေချာလို့ ဆရာမရှာနိုင်ဘူး၊ အဲဒီတော့ ဒကာတို့အတွက် သုံးအချက်နဲ့သေဖို့ ကြိုးစားကြရမယ်၊ ဒါကြောင့် ကိုယ့်ဉာဏ်နဲ့ကိုယ် ဖြစ်ပျက်ရှုပြီး သေဖို့သာ အကောင်းဆုံးသေနည်းပဲလို့ မှတ်လိုက်ကြ။
ဒကာဒကာမတွေ ရှင်းကြရဲ့လား။ ဒါကြောင့် အသေကို စောင့်မနေကြနဲ့တော့။ အဲဒီအချိန်မှာ အသားကျအောင် ခုကတည်းက ကြိုးစားထားကြရမယ်၊ ခုနေရာကျရင်လဲ၊ မကျရင်လဲ သေခါနီးမှာ သေချာမယ်၊ ရိပ်မိပလား။ ရှုတော့ ဝေဒနာလာရင် ဝေဒနာက္ခန္ဓာနဲ့ ဉာဏ်နဲ့တွဲလိုက်၊ ဝေဒနာက္ခန္ဓာနဲ့ ဉာဏ်နဲ့တွဲပြီး ဒီအတိုင်းရှု၊ ဝေဒနာလေး ပေါ်တိုင်း ပေါ်တိုင်း ဖြစ်ပြီးပျက်သွားတာကို မြင်အောင်ရှုပေး၊ ဒီလိုရှုနိုင်ရင် မသေခင်မှာ ဝေဒနာနိရောဓါ တဏှာနိရောဓေါပဲ၊ ရိပ်မိပလား။
ပေါ်လာတဲ့ ဝေဒနာကို ဖြစ်ပျက်ရှုလိုက်တော့ ဝေဒနာကဖြစ်ပျက်၊ ရှုဉာဏ်က မဂ်ဖြစ်သွားတယ်၊ ဒီတော့ ဝေဒနာချုပ်လို့ သူ့နောက်က တဏှာမပေါ်နိုင်ဘူး၊ ရှင်းကြပလား။ ဝေဒနာကို ဖြစ်ပျက်ရှုတော့ ဝေဒနာနိရောဓါ ဒိဋ္ဌိ နိရောဓေါလဲ ဖြစ်တယ်၊ ရှုမှတ်တဲ့အတွက် ဒီဝေဒနာရဲ့ ဖြစ်တာနဲ့ပျက်တာ သိနေတယ်၊ သိနေတော့ အဝိဇ္ဇာမလာဘူး၊ ဝိဇ္ဇာလာတယ်၊ အာသဝတွေ မလာတော့ဘူး၊ အဲဒီတော့ ဒီသူဟာ အနာဂါမ်အထိ ရောက်နိုင်တယ်လို့ ဟောတော်မူတယ်၊ သဘောပါကြရဲ့လား။
ဝေဒနာကို မိမိဉာဏ်နဲ့ ဖြစ်ပျက်ရှုပြီး သေကြ
ဒကာဒကာမတို့ ဒါကြောင့် တစ်၊ နှစ်ကို အားမကိုးနဲ့၊ သုံးကိုသာ အားကိုးရမယ်၊ ကိုယ့်ဟာကိုယ် ဘယ်နေ့ဘယ် ရက် ဘယ်အချိန်ဆိုတဲ့ သေချိန်လဲမသိဘူး၊ ဟုတ်ကြရဲ့လား။ သေချိန်သိရင်ရှိတဲ့ ရွှေ၊ ငွေ၊ လက်ဝတ်လက်စားတွေ အကုန် ဘုရားတည်ကြမယ်၊ အဲဒါကြောင့် သုံးအချက်ကို အားကိုးကြ၊ မိမိသန္တာန်ပေါ်တဲ့ ဝေဒနာကို မိမိဉာဏ်နဲ့ ဖြစ်ပျက်ရှုပြီး သေကြလို့ ပြောလိုက်တယ်၊ ဒီအတိုင်း အင်္ဂုတ္ထိုရ်မှာ ဟောတယ်ဆိုတာ မှတ်ကြ။
ဒီနည်းက မသေခင်က အာသဝ ကုန်ထားတဲ့နည်း၊ အောက်သံသရာမသွားတဲ့ သေနည်းပဲဆိုတာ မှတ်လိုက်ကြ၊ ရိပ်မိကြပလား။ ဒီလိုရှုတဲ့သူမှာ အနာဂတ်အကြောင်းတွေ ပြတ်နေတယ်၊ နောက်က ပဋိစ္စသမုပ္ပါဒ်တွေ ပြတ်နေတယ်၊ အောက်သံသရာပို့တဲ့အကြောင်း မလာဘူး၊ ဒါကြောင့် ရှုရင်း ရှုရင်း သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်အထိ ရောက်သွားနိုင်တယ်ဆိုတာ မှတ်ကြ၊ ရှင်းကြပလား။
ဒီအလုပ်ကို နေရာကျအောင် လုပ်ထားကြရမယ်၊ နေရာကျအောင်လုပ်နိုင်ရင် အောက်သံသရာဆို ဘာမှမလာ တော့ဘူး၊ ဒါမှမဟုတ်ရင် နန်းတော်၊ အိမ်တော်ထဲက ဆင်ဖြူတော်အကျိုးပေးမျိုး အသေမျိုးနဲ့ ကြုံနေရတတ်တယ်၊ မသာလှူစရိတ် အကျိုးပေးမျိုး၊ သားသမီးစရိတ် အကျိုးပေးမျိုး ဒါမျိုးတွေ ဖြစ်လာနိုင်တယ်၊ ဒီလို အမဲအဖြူရောတဲ့ အကျိုးပေးမျိုးက အစ, ဘာမှမလာနိုင်အောင် နေရာကျဖို့လိုတယ်၊ ဒကာဒကာမတွေ သဘောပါကြပလား။
ကောင်းကောင်းမှတ်မိကြရဲ့လား။ တစ်က ဘုရားတရားတော်ကို ကြားနာ၍ ကိုယ်တိုင်ပွားများပြီး သေနည်း၊ နှစ်-က ဘုရားရှင်၏ တပည့်သာဝကတပါးပါး ဟောတဲ့တရားကို ကြားနာ၍ ကိုယ်တိုင် ရှုပွားပြီးသေနည်း၊ သုံး-က သေခါနီးမှာ အရင်ကနာခဲ့ဘူးတဲ့ တရားအတိုင်း၊ ကိုယ့်ဉာဏ်နဲ့ ကိုယ်တိုင်ရှုပွားပြီး သေနည်းလို့ ပုထုဇဉ်တို့သေတတ်ဖို့ရာ သေဖို့နည်းသုံးမျိုးကို ဟောထားခဲ့တယ်၊ ဒီစကားဟာ “ဆက္ကနိပါတ် အင်္ဂုတ္ထိုရ်ပါဠိတော်” မှာ လာတယ်လို့ မှတ်ကြ။
အရေးမကြီးရင် ပြုံးတောင်ပြုံးတော်မမူဘူး
ဘုရားရှင်ကိုယ်တော်မြတ်ကြီးက အင်မတန် အရေးကြီးတဲ့ အချက်မို့ နှုတ်တော်နဲ့ဖွင့်ပြီး ဟောတော်မူခဲ့တာ၊ အရေးမကြီးရင် ပြုံးတောင်ပြုံးတော်မမူဘူးဆိုတာ မှတ်လိုက်ကြ၊ ရိပ်မိကြပလား။ ဘယ်လောက်အရေးကြီးလို့ နှုတ်ဖွင့် ဟောတော်မူတာဆိုတာ ပေါ်ကြပလား။
ဒကာဒကာမတို့ ကိုယ့်တောင်းပြည့်ထားကြတာ ဘာလဲဆိုတာ မြင်ကြရဲ့လား၊ အသေပဲရှိတယ်၊ ဒကာတို့ဆု တောင်း ပြည့်ပြီးသားဟာ မရဏဆိုတဲ့ သေရဖို့ပဲရှိတယ်ဆိုတာ ငြင်းဖို့မရှိတော့ဘူး၊ ဒီကြားထဲက မသိပြန်လို့ နောက်ထပ် တောင်းထားတာကလဲ အသေချည်းပဲ၊ “ဒီသား၊ ဒီသမီးနဲ့ နိဗ္ဗာန်မရမှီစပ်ကြား မကွဲမကွာ ဖြစ်ရပါလို၏” ဆိုတာ အသေတွေချည့်ပဲ မဟုတ်လား။
ဒကာတို့တတွေက တဏှာက ခိုင်းစေတဲ့အတိုင်း လုပ်ထားကြတာ၊ တဏှာခိုင်းသမျှ တသွေမတိမ်း နာခံဆောင် ရွက်နေကြရတယ်၊ တဏှာကဟောတဲ့စကားက “သားလေးတွေ၊ သမီးလေးတွေဆိုတာ မင်၊ ဆေးပေး၊ မီးယူလေးတွေပဲ၊ သားမယားဆိုတာလဲ မင့်ပါရမီ ဖြည့်ဘက်ပဲ” တဲ့၊ တဏှာက ဟောလိုက်တော့ ဒိဋ္ဌိက နောက်ကလိုက်လာတယ်၊ “ငါ့ရှိ တာမှ ဒီတစ်ယောက်ထဲရယ်၊ ချစ်မှ ခင်မှပဲ” တဲ့။
ဒိဋ္ဌိ၊ တဏှာက ဘုန်းကြီးတို့ထက် အဟောအပြော ကောင်းတယ်၊ ဒကာတို့မှာ ဒိဋ္ဌိ၊ တဏှာနဲ့က အမြဲနေနေကြရ တာ၊ သူတို့က ဒကာတို့ရဲ့ အတွင်းသူ၊ အတွင်းသား၊ ဘုန်းကြီးတို့က တစိမ်းပြင်ပလိုဖြစ်ပြီး ဝါးလုံးရှည်နဲ့ ရမ်းနေကြသလိုပဲ၊ ဒီတော့ ရင်းနှီးတဲ့ အတွင်းလူဆွဲရာ ပါရမှာက များနေတယ်၊ ရိပ်မိကြရဲ့လား။
သူသတ်ယောက်ျား၊ တဏှာလက်သမား
ဒကာဒကာမတို့ ကြပ်ကြပ်သတိပြုကြ၊ သူတို့ဆွဲရာပါသွားရင် ချောက်ကျဖို့ပဲရှိတယ်ဆိုတာ မှတ်ကြ၊ ဘုရားက “သူသတ်ယောက်ျား၊ တဏှာလက်သမား” လို့ ဟောတော်မူခဲ့တယ်၊ တဏှာရဲ့ဒဏ်ချက်ဟာ ဘယ်အထိ တာသွားသလဲဆို တာ စဉ်းစားကြည့်ကြ၊ “ယသော်ဓရာ မိဖုရားဟာ တသင်္ချေနဲ့ကမ္ဘာတသိန်းရှိတော့ သူ့ပါရမီပြည့်နေပြီ၊ ဒါပေမယ့် မောင်တော်နဲ့တွဲချင်တော့ လေးသင်္ချေနဲ့ ကမ္ဘာတသိန်းတောင် ကြာနေရတယ်” ရိပ်မိကြပလား။
ဒကာဒကာမတို့ ဘုရားစကားနဲ့ ဆရာသမားပြောတာကို အမှန်ထားပြီး လိုက်နာကြ၊ ကိုယ့်ဟာကိုယ်ကြည့်တော့ အမှန်အကန် မသိနိုင်ကြဘူး၊ ကိုယ့်သားသမီးလေးတွေကြည့်ပြီး ကိုယ့်ဟာနဲ့ကိုယ်တော့ လှလို့ချောလို့နေတာပဲ၊ အပြစ် အမြင်ကြဘူး၊ ဘေးကလူတွေအနေနဲ့ အပြင်ကနေကြည့်တော့ အမှန်ကျတယ်၊ ကိုယ့်အတွင်းက ပြောတာမမှန်ဘူး၊ အရပ်က ပေါင်းပြောတာမှ မှန်တယ်၊ သဘောပါကြပလား။
အခုလဲပဲ ဒကာတို့ ကိုယ့်မျက်လုံးက ဒိဋ္ဌိမျက်လုံး၊ တဏှာမျက်လုံးဖြစ်နေတော့ ဘယ်လိုကြည့်ကြည့် အမှန်မကျ ဘူး၊ အပြင်နဲ့တူတဲ့ ဉာဏ်မျက်လုံးနဲ့ ကြည့်မှ အမှန်ကျမယ်၊ ဒီကရှေ့ဉာဏ်မျက်လုံးနဲ့ ကြည့်ပေးကြ၊ တဏှာ၊ ဒိဋ္ဌိပြောစကား ယုံပြီးနေရင် အောက်သံသရာ သွားရမယ်၊ ဘေးက ဘုရားစကားနဲ့ ဘုန်းကြီးစကားကိုယုံရင် အထက်သံသရာနည်းနည်းပဲ ရှိတော့တယ်၊ ရှင်းပလား။
ဒါကြောင့် ကိုယ့်စိတ်အတွင်းလူ တဏှာ၊ ဒိဋ္ဌိပြောစကားမယုံကြနဲ့၊ ဘုရားပြောနဲ့ ဘုန်းကြီးပြောစကားကို ယုံပြီးလိုက်နာကြ၊ ဒါမှ အောက်သံသရာနဲ့ အဆက်ပြတ်မယ်၊ သဘောပါပလား။
ကိုင်း-အချိန်စေ့သွားပြီ၊ နက်ဖြန်မှ ဆက်ကြစို့။
