ဝိပဿနာကင်း ပါယ်ရွာချဉ်း တရားတော်
ဆောင်ပုဒ်
ဝိပဿနာ၊ လုပ်ငန်းသာ၊ ခေမာရောက်ကြောင်းမှတ်။
သက္ကာပြုတ်ချင်၊ သူ့ကိုပင်၊ မြန်လျှင်ကြိုးစားအပ်။
သက္ကာပြုတ်မှ၊ နိဗ္ဗာန၊ မုချရမည်မှတ်။
ခန္ဓာအရှိ၊ ဉာဏ်ဖြင့်ကြည့်၊ သတိမြဲစွာချပ်။
ပေါ်ခိုက်ရုပ်နာမ်၊ ပစ္စုပ္ပန်၊ ရှုဉာဏ်လုံ့လကပ်။
ဖြစ်ပျက်မြင်က၊ ဒိဋ္ဌိပ၊ ဉာဏ်က စင်ကြယ်မြတ်။
တိုးတက်ရှုသော်၊ မုန်းဉာဏ်ပေါ်၊ ဆုံးသော်နိဗ္ဗူဓာတ်။
သတိချပ်
သမ္မာလုပ်ငန်း၊ မကြိုးပမ်း၊ ဖြစ်ဆန်းလူမိုက်သာ။
ဝိပဿနာယွင်း၊ ပညာကင်း၊ ပါယ်တွင်းနစ်မြုပ်ခါ။
ဂင်္ဂါသဲတူ၊ ပွင့်ကုန်မူ၊ ဆူဆူရှောင်ခဲ့ရှာ။
သက္ကာမဖြု၊ ဤနည်းမြုပ်၊ ဇလုတ်ပါယ်လေးရွာ။
မကျင့်မိုက်မဲ၊ ထို့တူနဲ၊ အလွဲကြုံဦးမှာ။
သမ္မာအလုပ်၊ လွန်ကြိုးကုတ်၊ အဟုတ်လူလိမ္မာ။
ပဏ္ဍိတစစ်၊ အားကုန်လှစ်၊ စွဲနစ်ကြိုးဖို့ငှာ။
တရားသား
သမ္မာဒိဋ္ဌိအလုပ်ကို မလုပ်ရင် လူမိုက်ပဲ
ဒကာဒကာမတို့ လူမိုက်၊ လူလိမ္မာ အစစ်အမှန်ကို ခွဲခြားပြီး မှတ်ကြရမယ်၊ ဘယ်လိုလဲဆိုတော့ မြတ်သော သမ္မာဒိဋ္ဌိအလုပ်ကို မလုပ်ရင် လူမိုက်ပဲ၊ မြတ်သော သမ္မာဒိဋ္ဌိအလုပ်ကို လုပ်မှသာ လူလိမ္မာဖြစ်တယ်ဆိုတာ မှတ်ကြရမယ်၊ သမ္မာဒိဋ္ဌိအလုပ်ဆိုတာ “မဂ္ဂဗြဟ္မစရိယအကျင့်”ပဲလို့ မှတ်ကြ၊ ရှင်းကြပလား။ ဒီအလုပ်မလုပ်သမျှ လူမိုက်အဖြစ်က တက်ခွင့်မရှိတော့ဘူးလို့သာ မှတ်ကြတော့။
ဒီပြင်တရားတွေက သာသနာတွင်း သာသနာပမှာရှိနေကြတယ်၊ ကမ္မသကတာ သမ္မာဒိဋ္ဌိအလုပ်မျိုး၊ ဈာနသမ္မာ ဒိဋ္ဌိအလုပ်မျိုး၊ ဒါတွေက သာသနာတွင်းရောရှိ၊ သာသနာပမှာလဲရှိတယ်၊ ဈာန်လမ်းဆိုတာကလဲ ရူပ၊ အရူပဗြဟ္မာ လောက်နဲ့ လမ်းဆုံးနေတော့ ဒုက္ခသစ္စာ ပြန်ရောက်တာပဲရှိတယ်၊ ဘာမှ မထူးခြားဘူး၊ ထူးခြားတာက ဒုက္ခသစ္စာက ထွက်နိုင်တဲ့လမ်းမှသာ ထူးခြားတယ်ဆိုတာ မှတ်ရမယ်။
ထူးခြားမြင့်မြတ်တဲ့လမ်းက ဝိပဿနာနဲ့ မဂ္ဂ၊ ဖလသမ္မာဒိဋ္ဌိ ဒီသုံးမျိုးပဲ၊ ဒီနောက် သုံးမျိုးက သာသနာတွင်းမှသာ ပေါ်နိုင်တယ်၊ သာသနာပမှာ ပေါ်နိုင်ခွင့်မရှိဘူးလို့ ဆုံးဖြတ်ချက်ချကြ၊ ရိပ်မိကြပလား။ သမ္မာဒိဋ္ဌိငါးမျိုးထဲက သုံး၊ လေး၊ ငါးတို့က သာသနာတွင်းတရား၊ တစ်နဲ့နှစ်က အခါမရွေး ရနိုင်ခွင့်ရှိတယ်ဆိုတာ မှတ်ထားကြ။ ဒကာဒကာမတွေမှာ အခုသာသနာတွင်းတရားနဲ့ ကြုံနေရပြီ၊ အင်မတန် ကံကောင်းလို့ပဲဆိုတာ ရိပ်မိကြရဲ့လား။
ဝိပဿနာလုပ်မှသာ သက္ကာယပြုတ်မယ်
ဒီနောက် သုံးမျိုးထဲကလဲ သုံးနံပါတ် ဝိပဿနာ သမ္မာဒိဋ္ဌိကို ကြိုးစားရင် ကျန်တာတွေအတွက် ကိစ္စပြီးပါတယ်၊ ဒါကြောင့် ဝိပဿနာကို ကြိုးစားကြရမယ်၊ ဝိပဿနာလုပ်မှသာ သက္ကာယပြုတ်မယ်၊ ဝိပဿနာက သက္ကာယပြုတ်အောင် ပျက်အောင်လုပ်နိုင်တယ်ဆိုတာကို မှတ်ကြ၊ သက္ကာယပြုတ်မှ အပါယ်မကျမှာ၊ အပါယ်ပို့တဲ့ လက်သည်ဟာ သက္ကာယပဲ ဆိုတာ မှတ်ကြ၊ သဘောပါပလား။
ဒကာဒကာမတို့ သက္ကာယပြုတ်ရင် အပါယ်မကျဘို့ ဘုရားကလဲ တာဝန်ခံတယ်။ ဘုန်းကြီးကလဲ တာဝန်ယူတယ် ဆိုတာ ပြောလိုက်ပါတယ်၊ ဒါကြောင့် ဒီသုံးနံပါတ် ဝိပဿနာအားထုတ်ဖို့သာ တို့တာဝန်ပဲဆိုတာ ဆုံးဖြတ်လိုက်ကြ၊ အင်္ဂုတ္ထိုရ် အဋ္ဌကထာက တစ်နဲ့နှစ် ပြည့်စုံရုံနဲ့ဖြင့် သံသရာမပြတ်သေးဘူးတဲ့၊ သုံး၊ လေး၊ ငါးနဲ့ ပြည့်စုံမှသာ သံသရာ ပြတ်မယ်လို့ ဖွင့်ပြထားတယ်၊ သဘောပါကြပလား။
ဝိပဿနာသမ္မာဒိဋ္ဌိသည် ဒီဒိဋ္ဌိသုံးမျိုးကို စင်ကြယ်စေနိုင်တယ်
သံယုတ်အဋ္ဌကအထာဆရာက “ခန္ဓာဒီသု ဝိသောဓိတေသု” တဲ့၊ ပဋိစ္စသမုပ္ပါဒ်အစဉ်လေးတွေ ခန္ဓာမှာ ပေါ်လာတဲ့အခါမှာ၊ ဖြစ်ပျက် အနိစ္စမြင်ကြရင် ဝိပဿနာသမ္မာဒိဋ္ဌိဖြစ်လို့ သက္ကာယဒိဋ္ဌိ၊ သဿတဒိဋ္ဌိ၊ ဥစ္ဆေဒဒိဋ္ဌိတွေ ရှင်းလင်းတယ်လို့ ဟောခဲ့တယ်၊ ဝိပဿနာသမ္မာဒိဋ္ဌိသည် ဒီဒိဋ္ဌိသုံးမျိုးကို စင်ကြယ်စေနိုင်တယ်တဲ့၊ ဒါကြောင့် ဒီဝိပဿနာ သမ္မာဒိဋ္ဌိက အရေးကြီးဆုံး လိုရင်းအချက်ပဲဆိုတာ မှတ်ကြ။
မဂ္ဂသမ္မာဒိဋ္ဌိကလွယ်တယ်၊ မဂ်သမ္မာဒိဋ္ဌိက သူများရှင်းပြီးတဲ့နေရာမှာ ဝင်ထိုင်ရလို့ လွယ်တာပဲလို့ဆိုတာမှတ်ကြ၊ ဝိပဿနာက ဒိဋ္ဌိတောကို အရင်ရှင်းပြစ်ရတယ်၊ သူရှင်းပြီးမှ မဂ်သမ္မာဒိဋ္ဌိက လာရတာမို့ လွယ်တယ်ဆိုတာ ရှင်းကြရဲ့ လား။ အဲဒီတော့ အခု ဝိပဿနာ လုပ်ကြရမယ်၊ ဒီသုံးနံပါတ်လုပ်ရင် လေးနဲ့ငါးက သူ့အလိုလို လာရတာပဲ၊ ဒါ့ကြောင့် သုံး အရေးကြီးလို့ ဒါပဲလုပ်ကြရမယ်။
လုပ်ကြစို့ဆိုတော့ ဒကာဒကာမတို့ ခန္ဓာမှာ ဝေဒနာဖြစ်စေ၊ စိတ်ကလေးဖြစ်စေ ပေါ်လာမယ်၊ ဥပမာ-အခု တရားနာဆဲမှာ အိပ်ငိုက်ချင်တဲ့စိတ်ကလေး ပေါ်ချင်ပေါ်မယ်၊ ဘာပေါ်ပေါ်၊ ပေါ်ချင်တာ ပေါ်ပစေ၊ ဖြစ်ပြီးပျက်တာပဲ လမ်းဆုံးတယ်၊ အဲဒီလို ဖြစ်ပြီးပျက်တာကို ဉာဏ်ဦးနဲ့တည့်အောင် ရှုနိုင်ဖို့ အရေးကြီးတယ်၊ သဘောပါပလား။
အနိစ္စမြင်တာနဲ့ အပါယ်သွား ဒိဋ္ဌိသေတယ်
ပေါ်လာတာက ပဋိစ္စသမုပ္ပါဒ်ပဲ၊ ပဋိစ္စသမုပ္ပါဒ်ဆိုတာ ခန္ဓာပဲ၊ ဒီပဋိစ္စသမုပ္ပါဒ် ခန္ဓာလေးဟာ ဖြစ်ပြီးပျက်မလို့ ပေါ်လာတာပဲ၊ သူပေါ်လာတာကိုရှုရင် ရှုလိုက်တာနဲ့ တပြိုင်နက် အနိစ္စကိုမြင်တယ်၊ အဲဒီလိုပေါ်လာတဲ့ ဓမ္မလေးရဲ့ အနိစ္စကိုမြင်တာဟာ အပါယ်သွားမယ့်ဒိဋ္ဌိကို သတ်လိုက်တာပဲ၊ အနိစ္စမြင်တာနဲ့ အပါယ်သွား ဒိဋ္ဌိသေတယ်ဆိုတာ မှတ်လိုက်ကြ၊ ကျေနပ်ပလား။
ဖြစ်တာဟာ ပျက်သွားတယ်၊ ဖြစ်သမျှ ပျက်ကြတာချည်းပဲလို့ ဉာဏ်ကမြင်တော့ ငါမဟုတ်လို့ ငါ့ဥစ္စာမဟုတ်လို့ ပျက်သွားတာပဲလို့ မြင်လာတယ်၊ အဲဒီလို အမှန်မြင်လာတော့ ငါ၊ ငါ့ဥစ္စာစွဲတဲ့ ဒိဋ္ဌိမလာဘူး၊ ရှင်းကြရဲ့လား။ ဒါကြောင့် ဝိပဿနာဖြစ်ပျက်ရှုတာဟာ သက္ကာယဒိဋ္ဌိ ပယ်နှုတ်နေတာပဲလို့ မှတ်လိုက်ကြ၊ ဒါကြောင့် ဒကာဒကာမတွေကိုအ ဖြစ်ပျက်မြင်ပြီးမှသာ သေကြပါလို့ ပြောလိုက်ပါတယ်။
ဒကာဒကာမတို့ သဘောပါကြရဲ့လား။ ဖြစ်တာမြင်ရင် ဥစ္ဆေဒဒိဋ္ဌိစင်တယ်၊ ပျက်တာမြင်တော့ သဿတရော၊ သက္ကာယရောပြုတ်တယ်၊ ဒါကြောင့် အပါယ်လေးပါး တံခါးပိတ်တာဟာ ဖြစ်ပျက်မြင်တာက စတယ်ဆိုတာ မှတ်လိုက်ကြ၊ ဒကာဒကာမတို့ ဒီဖြစ်ပျက်မြင်မှု၊ သက္ကာယဖြုတ်မှု အလွန်ပဲ အရေးကြီးတယ်ဆိုတာ မှတ်ရမယ်၊ ဘုရားရှင်ကလဲ အလွန် အရေးကြီးတဲ့ကိစ္စမို့ “ရင်ဝလှံစူးသလို ဦးခေါင်းမှာမီးလောင်သလို ပမာထားပြီး” သက္ကာယဖြုတ်ဖို့ ခိုင်းတော်မူတာ ပဲလို့ မှတ်လိုက်ကြ။
မဂ်ဉာဏ်ရချင်ရင် ဝိပဿနာလုပ်ရမယ်
ဒကာဒကာမတို့ ဒါကြောင့် ဒီဝိပဿနာ သမ္မာဒိဋ္ဌိလုပ်ငန်းကို အဟုတ်တမ်း ကြိုးစားမှပဲဖြစ်တော့မယ်ဆိုတာ ဆုံးဖြတ်ချက်ချပြီး ကြိုးစားလိုက်ကြ၊ ပဌမ ဝိပဿနာအလုပ် ကြိုးစားရင် ဒုတိယမှာ မဂ်ဉာဏ်ရမယ်၊ မဂ်ရပြီးရင် ဖိုလ်ဉာဏ်အလိုလို လာတော့တာပဲ၊ မဂ်ဉာဏ်ရချင်ရင် ဝိပဿနာလုပ်ရမယ်၊ ဝိပဿနာကြိုးစားရင် မဂ်ဉာဏ်ရမယ်ဆိုတဲ့ အချက်ကို “အင်္ဂုတ္ထိုရ်ပါဠိတော်က” တာဝန်ခံထားတယ်ဆိုတာ မှတ်လိုက်ကြ။
ဒါကြောင့် အခုအချိန်မှာ ဝိပဿနာ သမ္မာဒိဋ္ဌိ မဖြစ်ဖြစ်အောင် ရှုကြရမယ်၊ အခုနှယ်က ဒီလုပ်ငန်းက လက်လွှတ်ခံရရင် ဒကာတို့အတွက် နောက်သံသရာ ဘယ်မှာနေပါလိမ့်မလဲလို့ မမေးကြနဲ့၊ အပါယ်လေးပါးနေမှာပဲလို့သာ မှတ်ကြ၊ ဒါဘာကြောင့်လဲဆိုတော့ သက္ကာယဒိဋ္ဌိကြောင့်ပဲဆိုတာ မှတ်ကြတော့၊ ရှေးကလဲ သက္ကာယမပြုတ်ခဲ့လို့ ဒီအခြေ ရောက်လာကြတယ်၊ ခုအချိန်မှ မပြင်ရင် အပါယ်လေးပါးဟာ အမြဲနေရာ အိမ်ဂေဟာပဲလို့သာမှတ်ကြ။
ဒကာဒကာမတို့ ရိပ်မိကြပလား။ “ပမတ္တဿနာမ စတ္တာရော အပါယာ သကဂေဟဒိသာ” တဲ့၊ ဓမ္မပဒမှာ ဖွင့်ဆိုထားတယ်၊ ဝိပဿနာမလုပ်သူမှန်သမျှ အပါယ်ကတက်ဖို့ခဲယဉ်းတယ်၊ အပါယ်ဟာ အမြဲနေရာပဲလို့သာ မှတ်ထားကြ၊ ရိပ်မိကြရဲ့လား၊ ဒါကြောင့် ဘုန်းကြီးတို့ ဒကာဒကာမတွေ ပေါ့ပေါ့ကလေးများလို့ မထင်လိုက်ကြပါနဲ့၊ အခုနေမှာ အခွင့်အခါရတုန်း သးသမီးခင်မှု၊ မယားခင်မှု၊ ဆွေမျိုးခင်မှုတွေကို ခဏလောက် ဖြုတ်ထားပြီး ဝိပဿနာအလုပ် လုပ်ကြရမယ်။
အပါယ်မကျဖို့ အရေးကြီးနေတယ်
သားသမီး သားမယား မခင်တဲ့အတွက် သူတို့ကမုန်းတာပဲရှိမယ်၊ မုန်းတာလောက်ဟာ ဘာမှအရေးမကြီးဘူး၊ “ယထာဟိ သက္ခရပမာနာ” တဲ့၊ အင်္ဂုတ္ထိုရ်အဋ္ဌကထာက ဒီအလုပ် မလုပ်မိရင် “ကျောက်ခဲရေကျပဲ” တဲ့၊ အပါယ်လေးပါး ကျဖို့သာ ပြင်ကြတော့လို့ ဖွင့်ဆိုထားတယ်၊ ဒကာဒကာမတို့က အခုမှတွေ့ရတဲ့ သားသမီး၊ ပစ္စည်းတွေ၊ သားမယားတွေ၊ ဆွေမျိုးဉာတကာတွေ ငဲ့နေကြတယ်၊ သူတို့က အရေးမကြီးဘူး၊ ကိုယ်က အရေးကြီးတယ်။
ကိုယ်က အပါယ်မကျဖို့ အရေးကြီးနေတယ်ဆိုတာမှတ်ကြ၊ အရေးကြီးဆို ကိုယ်က အပါယ်ကျဖို့ မျက်စောင်းထိုး နေရပြီ၊ ဒကာတို့တတွေ အပါယ်ကို တနေ့ ဘယ်နှစ်ခါလောက် မျက်စောင်းထိုးသလဲဆိုတာ သိကြရဲ့လား၊ အခါပေါင်း မရေနိုင်ဘူးတဲ့၊ အဲဒီတော့ ဒီအလုပ်မလုပ်မိရင်တော့ သွားပြီလို့သာ မှတ်လိုက်ကြ၊ အပါယ်မျက်စောင်းထိုးနေတဲ့ကြားကမှ မိုက်လုံးထွားချင်သေးရင် ချိုးကပ်ဖို့သာ ပြင်ထားကြ။
ဒကာဒကာမတို့ ဝိပဿနာ အရေးကြီးတယ်ဆိုတာ ပေါ်ကြပလား။ ရုပ်နဲ့နာမ် ခွဲရုံကလေးနဲ့လဲ မပြီးသေးဘူး။ သညာသိပဲရှိသေးတယ်၊ သညာနဲ့ပြုတ်တာက တကယ်ပြုတ်မဟုတ်သေးဘူး၊ ပညာနဲ့ပြုတ်မှ စိတ်ချရတယ်၊ ဒီအလုပ်ကမှ ပညာနဲ့ပြုတ်တာ၊ အဲဒီလို ထူးခြားတယ်ဆိုတာ မှတ်လိုက်ကြ၊ ရှင်းကြရဲ့လား။ ဒကာဒကာမတို့ တလောကလုံးဟာ ဘုရားအဆူဆူနဲ့ လွဲခဲ့ကြရတယ်ဆိုတာဟာ အပါယ်ငရဲမှာ နေခဲ့ရလို့ပဲ၊ အပါယ်မှာနေရတော့ ဘုရားတွေ ဘယ်လောက်ပဲ ပွင့်ပွင့် လွဲမှာချည်းပဲ။
ဘယ်လိုပဲတောင်းတောင်း သက္ကာယမပြုတ်ရင် လွဲမှာပဲ
ဒကာတို့တတွေက “အရိမေတ္တယျ ဘုရားရှင်ပွင့်တော်မူတဲ့အခါ ဆီမီးငါးတိုင်၊ ကြာငါးခိုင်နဲ့ ကိုယ်တိုင်ကိုယ်ကျ ဖူးတွေ့ရ၍” ဘာနဲ့ညာနဲ့ ဆုတောင်းနေတတ်ကြတယ်၊ ဘယ်လိုပဲတောင်းတောင်း သက္ကာယမပြုတ်ရင် လွဲမှာပဲ၊ နောက် ကိုယ်တော်တွေ ပွင့်လာလဲ လွဲအုံးမှာပဲဆိုတာ မှတ်လိုက်ကြ၊ ဘုရားတွေ့ဖို့တောင်းပေမယ့် မတွေ့ရဘူး၊ ဘာ့ကြောင့်လဲ ဆိုတော့ မတွေ့ရမယ့်တရားက ဒကာတို့ကို အပါယ်ပို့ထားလို့ပဲဆိုတာ မှတ်ကြတော့၊ ရိပ်မိကြပလား။
ဒကာဒကာမတွေ အခုပေါ့နေပြီး ဒီအလုပ် မလုပ်ကြသေးရင် လွဲမှာချည်းပဲ၊ နောက်ထပ် ဂင်္ဂါဝါဠု သဲစုမက ဘုရားတွေပွင့်လဲ သူပို့ထားရင် မတွေ့ရဘူးဆိုတာ မှတ်လိုက်ကြ၊ သဘောပါကြပလား။ ဒီအဓိပ္ပါယ်ကို ဘုရားရှင်က “ဣတိဝုတ်ပါဠိတော်” မှာ၊ ပညာယပရိဟာနေန၊ ပဿ လောကံ သဒေဝကံ” တဲ့၊ ဝိပဿနာ ပညာကင်းပြီး နေခဲ့ရတယ်လို့ ဟောတော်မူတယ်၊ ရိပ်မိကြပလား။
ဒကာဒကာမတို့ အခုနေမှာ ဝတ်ဖို့၊ စားဖို့၊ နေဖို့၊ ထိုင်ဖို့၊ မရှိတာ ဘာမှအရေးမကြီးဘူး၊ အပါယ်မျိုးစေ့ရှိတာက အလွန့်အလွန် အရေးကြီးတယ်ဆိုတာ မှတ်ကြရမယ်၊ သဘောပါကြရဲ့လား။ အပါယ်မျိုးစေ့ သက္ကာယဒိဋ္ဌိရှိနေရင် ဒိပြင် ဒွါဒသ ဒိဋ္ဌိဆိုတဲ့ ခြောက်ဆယ့်နှစ်ပါးသော ဒိဋ္ဌိတွေဝင်လာဖို့ မခဲယဉ်းတော့ဘူး၊ အလွယ်တကူနဲ့ ကျယ်ပွားသွားနိုင် တယ်၊ အဲဒီလို ကျယ်ပွားသွားမှတော့ ဆေးချက်မမြင်ဘူး၊ အပါယ်က တက်နိုင်ဖို့လဲ ဝေးသွားပြီဆိုတာ မှတ်ကြ။
ခန္ဓာ့ပဋိစ္စသမုပ္ပါဒ်ကို ဖြစ်ပျက်ရှုကြ
ဒါကြောင့် အခုအချိန်မှာ လျင်လျင်မြန်မြန် ဝိပဿနာအလုပ်ကို လုပ်ကြရမယ်၊ လုပ်မှ တော်တော့မယ်ဆိုတာ ဆုံးဖြတ်လိုက်ကြ၊ ဝိပဿနာလုပ်ဖို့ဆိုတော့ ခန္ဓာမှာ အခုပေါ်တာကို ရှုရမှာပဲ၊ အခုစပြီးပေါ်တဲ့ ခန္ဓာ့ပဋိစ္စသမုပ္ပါဒ်ကို ဖြစ်ပျက်ရှုကြ၊ ဥပမာ-ကြားစိတ်ကလေးပေါ်တယ်ဆိုရင် သူဟာအစပဲ၊ ဒီကြားစိတ်ဟာ ပဋိစ္စသမုပ္ပါဒ်အစပဲ၊ ဒီစိတ်ကလေး ကို ငါပဲလို့ သူပဲလို့ မထင်မိအောင် မထင်နိုင်အောင် ပဋိစ္စသမုပ္ပါဒ်ပဲလို့ သိရမယ်။
ဝိပဿနာရှုတဲ့အခါမှာ အရေးကြီးဆုံးအချက်က ဓမ္မလေးတွေ တခုတခု ပေါ်လာတဲ့အခါ ဓမ္မပေါ်ပြီး၊ ဓမ္မအနိစ္စ ရောက်လို့ ငါမပါဘူးလို့ သိရမယ်၊ ဖြစ်ပေါ်တာလဲဓမ္မ၊ ပျက်သွားတာလဲဓမ္မ၊ ဒီထဲမှာ ငါမပါဘူး၊ ပုဂ္ဂိုလ်လဲမပါ၊ သတ္တဝါ မပါဘူးလို့ သိရမယ့်အလုပ်ဟာ ဝိပဿနာရှုမှုမှာ အရေးတကြီး လုပ်ရမယ့် အလုပ်ပဲဆိုတာ မှတ်ကြ၊ ဒကာဒကာမတို့ ဝိပဿနာအလုပ်ဟာ မလုပ်ရင်မဖြစ်တဲ့အလုပ်ပဲ၊ ထမင်းတနပ်ထဲ စားရပေမယ့် အရေးမကြီးလှပါဘူးဆိုတာ ပြောလိုက် တယ်။
ဒကာဒကာမတို့ သက္ကာယမပြုတ်ရင် အပါယ်ရောက်မယ်၊ စိတ်သာချတော့လို့ သတိပေးလိုက်တယ်၊ ဘာ့ကြောင့် လဲ၊ “ဘာလုပ်ဖို့ရှာတာတုန်း” ဆိုတော့၊ ငါဖို့တဲ့၊ ငါ့သားစားဖို့ ငါ့သမီးစားဖို့တဲ့၊ ဘယ်နေရာဖြစ်ဖြစ် ဒိဋ္ဌိက မူတည်လာတာ ချည်းပဲ၊ ဒကာတို့တတွေ နေ့တိုင်း အမောဆိုက်နေရတာဟာ သူ့သတ္တိပဲဆိုတာမှတ်ကြ၊ အမောဆိုက်တဲ့ကြားထဲမှာ ဒူလာပါဒရက်လဲ စွက်လိုက်သေးတယ်၊ တနေ့လာလဲ ဆင်းရဲ၊ တနေ့လာလဲ ဆင်းရဲနဲ့ အဲဒါ ငါရှိနေလို့ပဲဆိုတာ မှတ်ကြတော့။
ဘယ်အချိန်များ ငါလွတ်တဲ့အချိန် ရှိကြသေးတုန်း
ဒကာဒကာမတွေ ဘယ်အချိန်များ ငါလွတ်တဲ့အချိန် ရှိကြသေးတုန်း။ ဈေးထဲမှာ ဝယ်တာ၊ ရောင်းတာကိုကြည့် ရင် မိုးမွှန်နေတာပဲ တွေ့ရမယ်၊ အဲဒီတော့ ပုတီးစိပ်နေလဲ အလကားနေမှာပါပဲ၊ ပစ္စည်းရှာတာ ရောင်းတာဝယ်တာ ဘာလုပ်လို့လဲ၊ ငါ့ဖို့ရှိအောင် လုပ်နေတာပဲ” တဲ့၊ ဂုဏ်တော်ပုတီးတွေစိတ်၊ ဘုရားကိုးကွယ်၊ တရားကိုးကွယ်နဲ့ “ငါဒါတွေ ကို ကိုးကွယ်မိလို့ အခုစီးပွားရေး ဖြောင့်နေတယ်” တဲ့၊ ဒီနေရာတောင် လိုက်လာသေးတယ်။
ဒကာဒကာမတို့ လုပ်ပုံကိုင်ပုံတွေ ဘယ်လောက်များ အရုပ်ဆိုး အကျည်းတန်မလဲဆိုတာ စဉ်းစားကြ၊ ဒါတွေက အဝိဇ္ဇာပစ္စယာ ပုညာဘိသင်္ခါရတွေပဲဆိုတာသာ မှတ်ကြ၊ သူမပြုတ်သမျှ အရုပ်ဆိုးတာချည်း လုပ်မိကြမယ်ဆိုတာ မှတ်ကြတော့၊ သဘောပါပလား။ ကျောင်းထဲမှာ ကုဋီဆောက်တာတောင် ဘုမ္မိအရပ်ကျနေတယ်၊ ဖြစ်သေးမယ်မထင်ပါ ဘူး၊ ငါအန္တရာယ်ဖြစ်မှာ စိုးရတယ်နဲ့ လုပ်နေကြသေးတယ်။ အဲဒါ အဖြူထဲမှာ အမဲကွက် ပါနေတာပဲဆိုတာ မှတ်လိုက်ကြ။
ဒကာဒကာမတွေ သဘောပါကြရဲ့လား။ အဖြူထဲအမဲရောတဲ့ ကံတွေ အလုပ်များကြတယ်ဆိုတာ ရိပ်မိကြ၊ တချို့က “ငါ့မှာ ကုသိုလ်အကျိုးပေးလေးကတော့ ဖြောင့်ချင်သားပဲ ဒါပေမယ့် အဖျက်အဆီး တို့မီး၊ ရှို့မီးတွေက များလှတယ်” နဲ့ ပြောတတ်ကြတယ်၊ သူလုပ်ခဲ့တာ သူမသိရှာလို့ ပြောနေတာပဲလို့ မှတ်ကြ၊ ရှင်းကြပလား။ ဒကာဒကာမ တွေက ဘာပဲလုပ်လုပ် အရောကလေးက ပါတတ်ကြတယ်။
နိဗ္ဗာန်ရောက်ကြောင်းဟာ ဝိပဿနာ
ဘုရားက ဒါနကုသိုလ်၊ သီလကုသိုလ်တွေ နိဗ္ဗာန်မရောက်ဘူးလို့ မဟောပါဘူး၊ သက္ကာယပါရင် မရောက်ဘူးလို့ သာ ဟောတာပါ၊ အခုတော့ ဒကာတို့က ဘာလုပ်လုပ် အရောလေးနဲ့၊ အရောမပါ မလုပ်တတ်သလိုပဲ ဖြစ်နေကြတယ်၊ ရိပ်မိကြပလား။ ဒါကြောင့် သက္ကာယကို အရင်ဖြုတ်ကြရမယ်၊ သူ့မဖြုတ်သမျှ လမ်းမှန်ကျဖို့ ခဲယဉ်းတယ်ဆိုတာ မှတ် ကြတော့။
ဘုရားရှင်ကိုယ်တော်မြတ်ကြီးက ကထေတုကမျတာ၊ ဒေသနာနည်းနဲ့ ဟောပြတော်မူခဲ့တယ်၊ “ကတမောစ ဘိက္ခဝေ အသင်္ခတ ဂါမိမဂ္ဂေါ” အဘယ်တရားသည် နိဗ္ဗာန်ရောက်ကြောင်း၊ တရားကောင်းအစစ် ဖြစ်ပါသနည်း။ “ဝိပဿနာ” တဲ့၊ နိဗ္ဗာန်ရောက်ကြောင်း၊ တရားကောင်း အစစ်အမှန်ဟာ ဝိပဿနာတရားပဲလို့ အဖြေထုတ်တော်မူတယ်၊ အဲဒါ သံယုတ်ပါဠိတော်မှာလာတဲ့ အဓိပ္ပါယ်ပဲလို့ မှတ်ကြ။
မဂ်ဖိုလ်နိဗ္ဗာန်ကို တားဆီးထားတာဟာ သက္ကာယဒိဋ္ဌိပဲ၊ သူ့ကိုဖြုတ်နိုင်မှ နိဗ္ဗာန်ရကြမယ်၊ သူ့ကို ဖြုတ်ဖို့ဆိုတော့ ဝိပဿနာအလုပ်ကို လုပ်ရမှာပဲဆိုတာ ပေါ်ကြပလား။ ဒကာဒကာမတွေ ဝိပဿနာရှုကြဆိုတော့ တခြားမှာရှာဖို့မလို ဘူး၊ မိမိခန္ဓာမှာ ရှာရမှာပဲ၊ ဒါကြောင့် ခန္ဓာထဲမှာတွေ့ဖို့ အရေးကြီးတယ်ဆိုတာ မှတ်ကြ၊ ခန္ဓာကလွဲပြီး ဘယ်မှမရှာကြနဲ့၊ ရှင်းပလား။
ဉာဏ်ဝမှာ ဖြစ်တာနဲ့ ပျက်တာပဲမြင်နေမယ်
ဥပမာ-မျက်လုံးကလေး ဖွင့်လိုက်တော့ မြင်စိတ်ပေါ်လာမယ်၊ မြင်စိတ်လာတော့ ဒီမြင်စိတ်ကို ဖြစ်ပျက်ရှု၊ နားပွင့်လိုက်လို့ ကြားစိတ်ပေါ် ဖြစ်ပျက်ရှု၊ နံစိတ်, စားစိတ်, ယားယံစိတ်, ကိုယ်ပေါ်လေတိုက်လို့ အေးရင်အေးရုပ်၊ ပူရင်ပူရုပ် ဖြစ်ပျက်သာရှုချ၊ ခန္ဓာပေါ်သမျှ ဖြစ်တာနဲ့ ပျက်တာချည်း မြင်နေရမယ်၊ ရုပ်ရယ်၊ နာမ်ရယ် ဉာဏ်မချဲ့နဲ့ ဖြစ်ပျက်ပဲကြည့်၊ ရှင်းပလား။
ဒီလိုကြည့်တော့ ဉာဏ်ဝမှာ ဖြစ်တာနဲ့ ပျက်တာပဲမြင်နေမယ်၊ ဖြစ်ပျက်အနိစ္စပဲ မြင်နေရမယ်ဆိုတာ မှတ်ကြ၊ ဒီလိုရုပ်နာမ် အနိစ္စချည်း မြင်ရတော့ ငါ၊ သူ၊ စွဲစရာမရှိလို့ သက္ကာယပြုတ်တယ်၊ သဘောပါကြပလား။ ဒါကြောင့် ခန္ဓာဘာလာလာ ဖြစ်ပျက်သာရှုချကြ၊ ပေါ်တာကိုမလွတ်စေနဲ့၊ လွတ်တာနဲ့ အဝိဇ္ဇာဝင်တာနဲ့ တချက်ထဲပဲ၊ အဝိဇ္ဇာဝင်ရင် ဝိဇ္ဇာမလာဘူး၊ ဝိဇ္ဇာမလာတော့ သမ္မာဒိဋ္ဌိအလုပ်၊ မဂ္ဂင်အလုပ် မဟုတ်တော့ဘူး၊ ဝိဇ္ဇာအလုပ်က နိဗ္ဗာန်သွား၊ အဝိဇ္ဇာ အလုပ်က အပါယ်သွားပဲ ရှင်းပလား။
ဒကာဒကာမတို့ ဘာကြောင့် ဝိပဿနာဟာ နိဗ္ဗာန်ရောက်သလဲ၊ သက္ကာယဒိဋ္ဌိပြုတ်လို့ပဲဆိုတာ မှတ်ကြ၊ ဝိပဿနာဆိုတာ သမ္မာဒိဋ္ဌိအလုပ်ပဲ၊ ဒါကိုမလုပ်ရင် သမ္မာဒိဋ္ဌိမဖြစ်ဘူး၊ သမ္မာဒိဋ္ဌိပျောက်ရင် မိစ္ဆာဒိဋ္ဌိရောက်တာပဲ၊ ဝိပဿနာမရှုရင် မိစ္ဆာဒိဋ္ဌိရောက်မယ်ဆိုတာ မှတ်လိုက်ကြ၊ သူရောက်လာရင် အပါယ်ရောက်ဖို့သာ ပြင်ကြတော့ပဲ၊ ဒကာဒကာမတွေ သဘောပါကြရဲ့လား။
ဘယ်လောက်ကြာကြာလုပ်ရမလဲ
ဒီ ဝိပဿနာ သုံးနံပါတ်အလုပ်ကို ဘယ်လောက်ကြာကြာလုပ်ရမလဲ၊ ဘယ်အခြေရောက်အောင် လုပ်ရမလဲလို့ မေးရင် ပဌမဖြစ်ပျက်မြင်ရာကနေပြီး ဖြစ်ပျက်တွေကို မုန်းလာအောင် လုပ်ရမယ်၊ နောက် မုန်းရာကနေပြီး ဖြစ်ပျက်တွေ ဆုံးသွားအောင် လုပ်ရမယ်၊ ဖြစ်ပျက် ဒုက္ခသစ္စာဆုံးတဲ့အချိန် သုခနိဗ္ဗာန် မဖြစ်မပျက်တာ တွေ့တာပဲလို့ မှတ်လိုက်ကြ၊ ရှင်းကြပလား။
လေးနံပါတ်၊ မဂ္ဂသမ္မာဒိဋ္ဌိဆိုတာက ဒီထဲက မဂ္ဂင်ရှစ်ပါးကို ဆိုတာပဲ၊ မဂ္ဂင်ရှစ်ပါး ပါပေမယ့် ခေါင်းဆောင်က သမ္မာဒိဋ္ဌိဖြစ်လို့ သမ္မာဒိဋ္ဌိလို့ ဆိုရတာပဲ၊ ဝိပဿနာ သမ္မာဒိဋ္ဌိလုပ်ငန်းနဲ့ မဂ္ဂင်ရှစ်ပါး ပြည့်သွားတဲ့အချိန်မှာ မဂ္ဂသမ္မာ ဒိဓဋ္ဌိဖြစ်တော့တာပဲဆိုတာ မှတ်ကြ၊ သူတို့နှစ်ခုရဲ့ ထူးပုံကိုမှတ်ရမယ်၊ ဝိပဿနာသမ္မာဒိဋ္ဌိက ဖြစ်ပျက်မြင်သောကြောင့် သက္ကာယဒိဋ္ဌိပြုတ်တယ်။
အဲဒီတော့ ဖြစ်ပျက်မြင်၍ သက္ကာယဒိဋ္ဌိပြုတ်တဲ့ အလုပ်ဟာ ဝိပဿနာ သမ္မာဒိဋ္ဌိအလုပ်ပဲ၊ ခန္ဓာဖြစ်ပျက်၊ မမြင်ဘဲ နိဗ္ဗာန်မြင်တဲ့အလုပ်ဟာ မဂ္ဂသမ္မာဒိဋ္ဌိအလုပ်ပဲလို့ မှတ်ကြ။
သံယုတ် အဋ္ဌကထာ စကားက
“ပစ္ဆာ ဘူမိလဒ္ဓံ ဝဋံ ပရိစဇိတွာ မဂ္ဂသမ္မာဒိဋ္ဌိ ဥပ္ပဇ္ဇတိ” တဲ့။ ပဋ္ဌာန်းပါဠိတော်က လဲ “နိဗ္ဗာနံ မဂဿ အာရမ္မဏ ပစ္စယော” တဲ့။
မဂ္ဂသမ္မာဒိဋ္ဌိက ခန္ဓာဖြစ်ပျက်ကို မမြင်ဘူး၊ ဖြစ်ပျက်အဆုံးကိုသာမြင်တယ်၊ ဒါကြောင့် ပဋ္ဌာန်းပါဠိတော်နဲ့လဲ ညီညွတ်တယ်ဆိုတာ မှတ်လိုက်ကြ၊ သဘောပါပလား။
မဂ်သမ္မာဒိဋ္ဌိ လာဖို့ရာ
ဒါကြောင့် ဒကာဒကာမတို့အတွက်က မဂ်သမ္မာဒိဋ္ဌိ လာဖို့ရာ ဝိပဿနာသမ္မာဒိဋ္ဌိအလုပ် လုပ်ဖို့ အရေးကြီးတယ် ဆိုတာမှတ်လိုက်ကြ၊ ဒါကို လုပ်နေဖို့ပဲလိုတယ်၊ ဒီအလုပ်ကို အဆက်မပြတ်၊ အားကောင်းသထက် ကောင်းလာအောင် ကြိုးစားကြဖို့ပဲ၊ ဒါကို ကြိုးစားရင် မဂ်သမ္မာဒိဋ္ဌိက အနှေးအမြန်ဆိုသလို ဖြစ်ပေါ်လာမယ်၊ သဘောပါကြပလား။
သူ့အလုပ်က ဓမ္မလေးတွေ ဖြစ်ပေါ်လာတိုင်း၊ ပေါ်လာတိုင်း၊ ရှုဉာဏ်က “ဟော-ဖြစ်လာပြီ၊ ဟော-ပျက်သွားပြီ” ဒါပဲမြင်အောင် ရှုနေရမှာပဲ၊ ရှုဖို့က မခဲယဉ်းဘူး၊ ရှုဖြစ်အောင် ရှုပေးဖို့သာ အရေးကြီးတယ်၊ ကြပ်ကြပ်ရှုတော့ ဒီလိုရှုရင်းက ဖြစ်ပျက်ဝိပါက ဝဋ်ကြီးဟာ ရှာမတွေ့တော့ဘူး၊ ပျောက်ထွက်သွားတယ်၊ အဲဒါ မဂ္ဂသမ္မာဒိဋ္ဌိပဲ၊ ဒကာဒကာမတို့ ဖြစ်ပျက် ဒုက္ခသစ္စာတွေ ပျောက်သွားပြီး ချုပ်ငြိမ်းတဲ့ သဘောလေးမြင်ရင် မဂ္ဂသမ္မာဒိဋ္ဌိပဲ ရှင်းပလား။
ဒကာဒကာမတွေ ဝိပဿနာရှုတဲ့သူမှာ နိဗ္ဗာန်ပေါ်ပုံ မိလိန္ဒပဥှာ ပါဠိတော်မှာလာတဲ့ အဓိပ္ပါယ်ကို မှတ်ကြရ မယ်။ ဒကာဒကာမတို့ သိတဲ့အတိုင်း မိလိန္ဒမင်းကြီးဆိုတာ အင်မတန် ပညာရှိတယ်၊ သူမေးတဲ့ပြဿနာတွေကို မဖြေနိုင် ကြလို့ ရဟန္တာတွေတောင် ပြေးကြရတယ်၊ နောက် အရှင်နာဂသိန်နဲ့တွေ့လို့ အဲဒီမင်းကြီးက နိဗ္ဗာန်မြင်ပုံကို မေးလျှောက် တော့ အရှင်နာဂသိန်မထေရ်က ဖြေပြတဲ့အဖြေကို မှတ်ကြရမယ်၊ သဘောပါရဲ့လား။
နိဗ္ဗာန်မြင်ပုံကို ပြောပြတော်မူပါ
ရှင်နာဂသိန်မထေရ်ကို မိလိန္ဒမင်းကြီးက “အလုပ်စဉ်နှင့်တကွ နိဗ္ဗာန်မြင်ပုံကို ပြောပြတော်မူပါ” လို့ လျှောက် ထားတော့ ရှင်နာဂသိန်မထေရ်ကလဲ အလုပ်စဉ်နှင့်တကွ ရှင်းလင်းဖြေဆိုပြလိုက်တယ်ဆိုတာ မှတ်ရမယ်၊ မင်းကြီးက “အရှင်ဘုရား-နိဗ္ဗာန်ဆိုတာ ရှိပါသလား” လို့မေးတော့ မထေရ်က “မင်းကြီး-နိဗ္ဗာန်ဆိုတာ ရှိတယ်” လို့ ဖြေတော်မူလိုက် တယ်၊ အဲဒါနဲ့ မင်းကြီးက ဆက်ပြီးမေးပြန်တယ်။
”အရှင်ဘုရား-ဒါဖြင့်၊ နိဗ္ဗာန်လား ပစ္စုပ္ပန်လား” အတိတ်လား၊ အနာဂတ်လား၊ ဘယ်ကာလမှာရှိပါသလဲလို့ မေးတော့ မထေရ်က “အားလုံးမဟုတ်ဘူး၊ နိဗ္ဗာန်ရှိတာမှန်တယ်၊ ဒါပေမယ့် ကာလသုံးပါးက အလွတ်ဖြစ်တယ်” လို့ ဖြေလိုက်တော့ မင်းကြီးက “ဒါဖြင့် နိဗ္ဗာန်ဟာ မရှိဘူးလို့ ဆိုရတော့မှာပေါ့ဘုရား” လို့ ပြန်ပြီးလျှောက်ထားတယ်၊ အဲဒီအခါမှာ အရှင်နာဂသိန်က ဥပမာနဲ့ပြပြီး ဖြေတော်မူလိုက်တယ်လို့ မှတ်ကြ။
အရှင်နာဂသိန် မထေရ်က “မင်းကြီး ဝါးစိမ်းနှစ်လုံးထဲမှာ နဂိုက မီးရှိနှင့်သလား” မေးတော့ “မရှိနှင့်ပါဘုရား” “ဒါဖြင့် ဝါးနှစ်လုံးကို အချင်းချင်းကြာကြာပွတ်တိုက်လိုက်တော့ မီးရှိမလာပေဘူးလား” လို့မေးတော့ “ရှိလာပါတယ် ဘုရား” လို့ ဖြေလိုက်တော့၊ အရှင်နာဂသိန်မထေရ်က မင်းကြီး ဒီဥပမာအတူတူပဲ၊ နိဗ္ဗာန်ဟာလဲ ကာလသုံးပါးက အလွတ်ဖြစ်ပေမယ့် အားထုတ်မှု လုံ့လဝီရိယအစွမ်းကြောင့် ပေါ်လာရတယ်၊ အားထုတ်သူအဖို့မှာ နိဗ္ဗာန်ဟာရှိတယ်လို့ မှတ်ရမယ်။
အဲဒီလို ဖြေဆိုတော်မူတော့မှ မိလိန္ဒမင်းကြီးကလဲ “မှန်လှပါ သဘောကျ ကျေနပ်ပါပြီဘုရား” လို့ ပြန်ပြီးလျှောက် ထားတယ်ဆိုတာမှတ်ကြ၊ ဒကာဒကာမတွေ သဘောပါကြရဲ့လား၊ အဲဒီတော့ နိဗ္ဗာန်ဆိုတာ ဆုတောင်းလို့မရဘူး၊ အားထုတ်မှပေါ်တယ်ဆိုတာ ရိပ်မိကြပလား။ ဆီမီးနဲ့ ပန်း၊ ရေချမ်းနဲ့ ဆုတောင်းလို့မရဘူး၊ ပေါ်အောင် အားထုတ်မှသာ ရမယ်ဆိုတာ မှတ်လိုက်ကြ။
ပါရမီစကားမပြောနဲ့
တချို့က ပါရမီစကား ပြောတတ်ကြတယ်။ ပါရမီစကားမပြောနဲ့၊ ပါရမီမလိုဘူး၊ ဒကာဒကာမတွေအကုန် ပါရီပြည့်တယ်လို့သာ မှတ်ထားကြ၊ ရှင်းပလား။ ဒကာဒကာမတို့ နိဗ္ဗာန်ရှိတဲ့အကြောင်း အရှင်နာဂသိန်မထေရ်က စကြဝတေးမင်းကြီး ဥပမာနဲ့ပြပြီး ဖြေတော်မူပြန်တယ်လို့ မှတ်ကြ၊ စကြဝတေးမင်းကြီးဟာ ဝတ်ဖြူစင်ကြယ်ဝတ်၊ ဥပုသ်သီလများ ဆောက်တည်၊ ဗြဟ္မစိုရ်တရားများ ပွားများတော့မှသာ စကြာရတနာကြီးဟာ ဖြစ်ပေါ်လာရတဲ့အကြောင်း ဥပမာထုတ်ပြီး ဖြေဆိုတော်မူလိုက်တယ်ဆိုတာ မှတ်ကြ။
အဲဒီတော့ ဘုန်းကြီးတို့ ဒကာဒကာမတွေ နိဗ္ဗာန်ရချင်ရင် ဘုရားရှေ့တော်မှာသွားပြီး အော်နေရုံနဲ့မရဘူး၊ အော်နေလို့အပိုပဲဆိုတာမှတ်လိုက်ကြ၊ အားထုတ်မှရမှာ၊ အားထုတ်ကြဖို့ပဲရှိတယ်ဆိုတာ မှတ်ကြ၊ ရှင်းကြရဲ့လား။ အရှင် နာဂသိန်က သဘောကျအောင် ဖြေပြတော့မှ မိလိန္ဒမင်းကြီးက “ဒါဖြင့် အရှင်ဘုရား-နိဗ္ဗာန်ရဖို့ရာ အလုပ်စဉ်ပြတော်မူ ပါ” လို့ တောင်းပန်တော့မှ အရှင်နာဂသိန်က “မင်းကြီး-အလုပ်စဉ်ပြောရရင် ရှေ့က ဝိပဿနာသမ္မာဒိဋ္ဌိနဲ့ ကြိုးစားပါ” လို့ ဖြေတော်မူလိုက်တယ်၊ ရှင်းပလား။
ဒကာဒကာမတွေ နိဗ္ဗာန်ရချင်ရင် ဘာလုပ်ရမလဲ။ ရှေ့က ဝိပဿနာသမ္မာဒိဋ္ဌိနဲ့ ကြိုးစားကြတဲ့။ သဘောပါကြ ပလား။ ဒါကြောင့် ခန္ဓာပေါ်လာသမျှ ဖြစ်ပျက်ရှုရမယ်၊ ရှုအားများလို့ ဉာဏ်ရင့်လာရင် ရှုရင်းရှုရင်းနဲ့ ဖြစ်ပျက်မရှိတဲ့ ဘက်ကို ဉာဏ်လှည့်သွားတယ်တဲ့၊ ဉာဏ်ရင့်လာတဲ့အတွက် ဖြစ်ပျက်မရှိတဲ့ဘက်ကို လှည့်သွားတယ်၊ အဲဒါ နိဗ္ဗာန်ပဲတဲ့ အဲဒါ အရှင်နာဂသိန် အမိန့်ရှိတဲ့စကားအဓိပ္ပါယ်လို့ မှတ်ကြ။
ဒုက္ခသစ္စာ ဖြစ်ပျက်တွေမရှိတာဟာ နိဗ္ဗာန်၊ ဒီဖြစ်ပျက်ဒုက္ခတွေ မရှိပါကလားလို့သိတာက မဂ်ဉာဏ်၊ ဝိပဿနာ ဉာဏ် ရင့်လာတာဟာ မဂ်ဉာဏ်ရဖို့ပဲ၊ ရိပ်မိကြပလား။ ဝိပဿနာဉာဏ် ကြိုးစားရင် မဂ်ဉာဏ်ရမှု အလိုလို ကိစ္စပြီးနိုင် တယ်၊ ဒါကြောင့် ကြိုးစားကြ။
ဝိပဿနာလုံလောက်ရင် မဂ်ရဖို့ လုံလောက်ပြီ
ဖြစ်ပျက်တွေက ဒုက္ခသစ္စာ။
ဖြစ်ပျက်တွေ ချုပ်ဆုံးသွားတာက နိရောဓသစ္စာ။
ဖြစ်ပျက်တွေ ချုပ်ဆုံးသွားတာကို သိတာက မဂ္ဂသစ္စာ။
ဒီနေရာမှာ သေတဲ့ကိလေသာတွေက သမုဒယသစ္စာ။
ဒကာဒကာမတွေ ကျေနပ်ကြပလား။ ဆရာဘုန်းကြီးပြတာ သေသေချာချာမှတ်ပြီး အားထုတ်ကြ၊ စာအုပ်တွေ ရမ်းဖတ်၊ ရမ်းဖတ်၊ ဉာဏ်စဉ်နဲ့တက်မှ ရမယ်ဆိုပြီး တချို့တွေ တက်နေကြတာ ရှိတတ်တယ်၊ ဉာဏ်စဉ်နဲ့ လှေခါးထစ်ပြီး တက်နေလို့မရဘူး၊ မဖြစ်ဘူးဆိုတာ မှတ်လိုက်ကြ။
ဉာဏ်စဉ် ၁၀-ပါးတို့၊ ၁၆-ပါးတို့ ဆိုတာတွေဟာ၊ အရှင်သာရိပုတ္တရာက ပဋိသမ္ဘိဒါမဂ်မှာ သူ့ဉာဏ်နဲ့သူကြည့်ပြီး ဟောထားခဲ့တာ၊ ဒကာဒကာမတို့နဲ့မဆိုင်ဘူးဆိုတာ မှတ်ရမယ်၊ အင်မတန်ကြီးတဲ့ အဂ္ဂသာဝက ဉာဏ်အရာနဲ့ဆိုင်တာပါ၊ ရိပ်မိကြရဲ့လား။
ဒါကြောင့် ဒကာဒကာမတွေအတွက် ဘုန်းကြီးက သတိပေးလိုက်ပါတယ်၊ “ဝိပဿနာလုံလောက်ရင် မဂ်ရဖို့ လုံလောက်ပြီ” ဆိုတာ မှတ်လိုက်ကြတော့လို့ သဘောပါကြပလား။
ကိုင်း-ယနေ့ ဒီတင်ပဲ တော်ကြအုံးစို့။
