20504

အပါယ်လေးရပ် အိမ်ပိုင်မှတ် တရားတော် အပိုင်း(၁)

ဆောင်ပုဒ်

အတိတ်ရုပ်နာမ်၊ လွန်ပြီးမှန်၊ ရှုရန်ဘယ်မသင့်။

အနာဂတ်ရေး၊ မရောက်သေး၊ ရှုရေးမမြှော်နှင့်။

ပေါ်ဆဲရုပ်နာမ်၊ ပစ္စုပ္ပန်၊ ရှုဉာဏ်တပ်တပ်ချင့်။

အရှိနောက်တွင်၊ အသိဝင်၊ မြဲဖြင်ရှုကြည့်လင့်။

အရှိအသိ၊ ကိုက်ညီဘိ၊ ရ၏မဂ်ဖိုလ်ဆင့်။

နံနက်အားထုတ်၊ ညဉ့်မိုးချုပ်၊ မြန်ဟုတ်နိဗ္ဗူခွင့်။

ခွင့်ကောင်းကြုံရ၊ မြန်ခဏ၊ မဂ်ရအားထုတ်သင့်။

သတိချပ်

ခန္ဓာငါးပါး၊ ငါ,ထင်မှား၊ စွဲငြားသက္ကာယတ်။

ရင်းခံသက္ကာ၊ သဿတာ၊ စွဲလာဥစ္ဆေဒတ်။

သဿတုစ္ဆေ၊ ရှိတုံချေ၊ မိစ္ဆေခြောက်နှစ်ကပ်။

ကမ္ဘာ့သစ်ငုတ်၊ စုံးစုံးမြုပ်၊ နစ်ငုပ်ပါယ်လေးရပ်။

ခွင့်သာခိုက်မှာ၊ ဒိဋ္ဌိခွါ၊ လျင်စွာအားထုတ်အပ်။

မေ့လျော့ပေါ့တန်၊ ပါယ်လေးတန်၊ အမှန်ကိုယ့်အိမ်မှတ်။

ချိန်လွန်ခါမှ၊ ကြီးနောင်တ၊ ဒုက္ခအောက်ချိုးကပ်။

တရားသား

အပါယ်လေးပါးဟာ ကိုယ့်အိုးပိုင်၊ အိမ်ပိုင်ပဲ

ဒကာ၊ ဒကာမတို့ ဝိပဿနာအလုပ်၊ မဂ္ဂင်အလုပ်မလုပ်ဘဲ မေ့မေ့လျော့လျော့ ပေါ့ပေါ့တန်တန်နဲ့ နေကြရင် အပါယ်လေးပါးဟာ ကိုယ့်အိုးပိုင်၊ အိမ်ပိုင်ပဲဆိုတာသာ မှတ်ကြတော့လို့ ပြောလိုက်ပါတယ်။

ဒီအကြောင်းကို ဓမ္မပဒပါဠိတော်မှာ “ပမတ္တဿ နာမ စတ္တာရော အပါယာ သကဂေဟသဒိသာ” တဲ့၊ မေ့လျော့ပေါ့တန်သူအဖို့ရာမှာ အပါယ်လေးဘုံဟာ မိမိအိမ်နဲ့ အတူတူပဲလို့ ဆိုလိုတယ်၊ ဒကာတို့တတွေ မဂ္ဂင်အလုပ်၊ မလုပ်ချင်သေးရင် ဒီစကားကို မြဲမြဲမှတ်ထားကြ၊ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်ဆိုတဲ့ လေးဘုံဟာ တို့အမြဲနေတဲ့ အိမ်ပဲလို့ မှတ်ထားလိုက်ကြ၊ ရိပ်မိပလား။

ဒကာဒကာမတို့ ဒီအပါယ်လေးဘုံကို ဘယ်သူပို့လို့ ရောက်တာလဲ။ အကုသိုလ်ကပို့လို့ ရောက်တာပဲ၊ ဒါက သာမန်ပြောတဲ့အဓိပ္ပါယ်၊ တိတိကျကျပြောရရင် ခန္ဓာငါးပါးကို ငါထင်လို့ရောက်တာ၊ ခန္ဓာငါးပါး ငါထင်တဲ့ သက္ကာယက ပို့လို့ ရောက်တာပဲဆိုတာ မှတ်ကြ၊ သဘောပါပလား။ ဒါကြောင့် သက္ကာယပြုတ်ဖို့ မဂ္ဂင်အလုပ်ကို လုပ်ကြပါလို့ တိုက်တွန်းနေတာပဲ ရှင်းပလား။

ဒီအရေးတွေမြင်လို့သိလို့ ဆရာဘုန်းကြီးက ကရုဏာရှေ့ထားပြီး နည်းလမ်းညွှန်ပြပေးနေပါတယ်၊ ညွှန်ပြပေးတဲ့ အတိုင်း အခုနေမှာ မလိုက်နာကြရင် ကိုယ့်အိမ်ကိုယ် ပြန်ချင်သေးလို့ပဲ၊ အပါယ်လေးဘုံမှာ အမြဲနေချင်လို့ပဲဆိုတာ မှတ်ကြတော့၊ ရိပ်မိကြပလား။ ဒါကြောင့် အခု ဒကာဒကာမတွေကို အပါယ်ပို့နေတဲ့ လက်သည်သက္ကာယဒိဋ္ဌိကို ခွါ ပေးရမယ်၊ ဖြုတ်ပေးရမယ်။

သက္ကာယဒိဋ္ဌိ မပြုတ်ဘဲနဲ့ ဝိပဿနာအားထုတ်ပေမယ့်

ဒီသက္ကာယဒိဋ္ဌိ မပြုတ်ဘဲနဲ့ ဝိပဿနာအားထုတ်ပေမယ့်လဲ အားနည်းတဲ့ ဝိပဿနာမို့ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်ကို အနန္တရသတ္တိနဲ့ ကျေးဇူးပြုမယ့် ဝိပဿနာမဖြစ်နိုင်ဘူး၊ အားနည်းတဲ့ ဝိပဿနာဖြစ်နေရင် မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်ကို မရနိုင်ဘူးဆိုတာ မှတ်ကြ၊ ရှင်းကြပလား။ ဒါကြောင့် ဝိပဿနာမရှုခင် ဒီသက္ကာယဒိဋ္ဌိကို အရင်ဖြုတ်ပစ်ရမယ်၊ ဒီ-ဒိဋ္ဌိဖြုတ်ပြီးမှသာ ဝိပဿနာရှုကြရမယ်ဆိုတာ မှတ်လိုက်ကြ။

ဝိပဿနာရှုမှုနဲ့ သက္ကာယဒိဋ္ဌိဖြုတ်မှု နှစ်ခုမှာ၊ သက္ကာယဖြုတ်မှုကို အရင်ထားရမယ်၊ ဝိပဿနာရှုမှုကို နောက် ထားရမယ်၊ သက္ကာယရှိနေရင် ဒိပြင်ဒိဋ္ဌိတွေ ဝင်လာမယ်၊ သဿတနဲ့ ဥစ္ဆေဒတို့ဟာ ဒီသက္ကာယကလာတာပဲဆိုတာ မှတ်လိုက်ကြ၊ ရိပ်မိကြပလား။ ဒီ-ဒိဋ္ဌိတွေဝင်လာရင် သံသရာ့သစ်ငုတ် ကမ္ဘာ့သစ်ငုတ်ပဲ၊ သံသရာ့သစ်ငုတ်ဖြစ်တော့မယ် ဆိုတာ ယုံမှားမရှိကြနဲ့။

သံသရာ့သစ်ငုတ်ဖြစ်သွားရင် ဘုရားတွေ ဘယ်လောက်ပဲပွင့်ပွင့်၊ ဘယ်လိုပဲပေါ်ပေါ်၊ သစ်ငုတ်သစ်ပင်ပဲ၊ ကျွတ်ခွင့်လွတ်ခွင့် မရနိုင်တော့ဘူးဆိုတာ မှတ်ကြတော့၊ ဒါကြောင့် သားရေး၊ သမီးရေး၊ စီးပွားရေးတွေနဲ့ အင်မတန် ရတောင့်ရခဲတဲ့အချိန်ကို မကုန်မိကြစေနဲ့၊ တသံသရာလုံးက မရိုးနိုင်တဲ့ ကာမဂုဏ်အလုပ်တွေ ရှာဖွေစားရတဲ့ အလုပ်တွေ ကို အရေးမလုပ်နဲ့တော့၊ ဒီအလုပ်မျိုးတွေက ဒီခန္ဓာရှိသမျှ မလွတ်ရတော့ဘူး၊ ရိပ်မိကြပလား။

ခန္ဓာ့ပဋိစ္စသမုပ္ပါဒ် မသိဘဲနဲ့ ဖြုတ်လို့မရဘူး

ဒါကြောင့် ရိုးရာအလုပ်၊ သံသရာ့အလုပ်တွေနဲ့ အချိန်မပြုန်းကြစေနဲ့၊ ဒီအလုပ်တွေကို အဟုတ်ကြီးထင်ပြီး မူမနေကြနဲ့တော့လို့ သတိပေးလိုက်တယ်၊ ရှင်းပလား။ သက္ကာယဖြုတ်မှုအလုပ်က အဟုတ်အရေးကြီးတယ်၊ ဒါကို အရင် အဓိကထားပြီး လုပ်ကြရမယ်၊ ဒီသက္ကာယဖြုတ်မယ်ကြံရင် ခန္ဓာ့ပဋိစ္စသမုပ္ပါဒ် မသိဘဲနဲ့ ဖြုတ်လို့မရဘူး၊ ဒီဟာဖြုတ် ချင်ရင် ခန္ဓာ့ပဋိစ္စသမုပ္ပါဒ်ကို အရင်ရှင်းရမယ်ဆိုတာ မှတ်ကြ။

ပဋိစ္စသမုပ္ပါဒ် ရှင်းဖို့ဆိုတော့လဲ ခန္ဓာမှာ အခုပေါ်ဆဲဖြစ်တဲ့ ပဋိစ္စသမုပ္ပါဒ်ကို ရှင်းရမယ်၊ ဒါကို သိဖို့လိုတယ်၊ ဒါကြောင့် သက္ကာယဖြုတ်မယ့်ကြံရင် ခန္ဓာ့ပဋိစ္စသမုပ္ပါဒ်ကို အရင်သိအောင် လုပ်ပါလို့ ပြောရတာပဲဆိုတာ ပေါ်ကြပလား။ ကိုင်း-အခုရှင်းပြကြစို့၊ ဥပမာ-ထမင်းစားချင်တယ်ဆိုတော့ ထမင်းဆာတဲ့စိတ်ကလေး ပေါ်လာတယ်။ ဒီ ထမင်းဆာတဲ့ စိတ်ဟာ အစ, ပဋိစ္စသမုပ္ပါဒ်ပဲလို့ မှတ်ထားကြ၊ ဒီ-ဆာတဲ့စိတ်ကလေးဟာ ဝမ်းထဲက စားချင်တဲ့စိတ် (တဏှာ) ပေါ်လို့ ပေါ်တာပဲ။

ဒကာဒကာမတွေ သဘောပါပလား။ ဒါကို ဒကာတို့တတွေက ငါ ထမင်းဆာလိုက်တာဆိုပြီး စိတ်ကို ငါလုပ်ပြီး သက္ကာယစွဲလိုက်တယ်၊ စိတ်ကို ငါလုပ်ပြီး သက္ကာယစွဲမိတော့ အနာကြီးနာကြရတယ်၊ “ဝိညာဏံ အတ္တတော သမနုပဿတိ” လုပ်လိုက်တာပဲ၊ ရိပ်မိကြရဲ့လား၊ စိတ်ဟာစိတ်ပဲ၊ ငါမဟုတ်ဘူးဆိုတာ မှတ်လိုက်ကြ၊ ဒကာတို့က ဒီတင်မရပ်သေးဘူး၊ စားချင်တယ်၊ မစားရမနေနိုင်ဘူးတဲ့၊ ထပ်ကဲလာပြန်တယ်၊ စားချင်တုန်းက တဏှာ၊ မစားရမနေနိုင်ဘူးဆိုတော့ ဥပါဒါန် လာတာပဲ၊ သဘောပါကြပလား။

ဓမ္မအစဉ် စိတ်အစဉ်တွေပဲ

စားချင်တာက တဏှာ၊ မနေနိုင်တာက ဥပါဒါန်၊ ထမင်းယူခဲ့ပါဟဆိုတော့ ကာယကံ၊ ဝစီကံ၊ မနောကံ၊ ဒီကမ္မဘဝ သုံးခုလာတာပဲ၊ လှမ်းယူလိုက်တော့ ကာယကံနဲ့ ငါစားဖို့ ငါယူတာဆိုပြီး ဒိဋ္ဌိဖြစ်သွားတော့တာပဲ၊ ဒီအထဲမှာ ဓမ္မအစဉ် စိတ်အစဉ်တွေပဲပါတယ်၊ ပုဂ္ဂိုလ်၊ သတ္တဝါ၊ သူ၊ ငါဆိုတာ ပါသလား။ မပါပါဘူး၊ ရှင်းကြရဲ့လား။ ဒါကို ငါလုပ်လိုက်တော့ ဒကာတို့ဟာက စားရင်က အပါယ်သွားနေတာပဲဆိုရင် မှားသလား။ မမှားပါဘူး၊ ဉာဏ်နဲ့ကြည့်ကြ။

ဒကာတို့ဟာက ကိုယ့်သန္တာန်မှာ ထမင်းဆာတာ အလွဲသုံးစားလုပ်နေကြလို့ ပြောရတာပဲ၊ ရိပ်မိကြရဲ့လား။ သေသေချာချာ ဉာဏ်နဲ့ကြည့်ကြ၊ ဉာဏ်နဲ့ကြည့်တော့ စားချင်စိတ်ဟာ စားချင်တာပဲရှိတယ်၊ စွဲလမ်းတာမပါဘူး၊ စားချင် တာဟာ စွဲလမ်းတာမဖြစ်နိုင်ဘူး၊ ဒီဓမ္မသဘာဝတွေဟာ သူ့အလုပ်နဲ့သူချည့်ပဲ၊ ဒီထဲမှာ ငါမပါ၊ သူမပါဆိုတာ မှတ်လိုက်ကြ၊ ရှင်းကြပလား။

စားချင်တာရယ်၊ စွဲလမ်းတာရယ်၊ ကာယကံ ဝစီကံ မနောကံတွေနဲ့ တောင်းတာရယ်၊ သူ့အလုပ်နဲ့သူ သက်သက် ချည့်ပဲ၊ တခုချုပ်ပြီးမှ တခုဖြစ်ရတာ၊ နှစ်ခုပြိုင်ပြီးလဲမဖြစ်ဘူး၊ ဒီအထဲမှာ ပုဂ္ဂိုလ်သတ္တဝါ၊ ငါ၊ သူတစ်ပါး၊ ယောက်ျား၊ မိန်းမဆိုစရာလဲ မပါဘူး၊ ရုပ်ဓမ္မ၊ နာမ်ဓမ္မတွေ အကြောင်းနဲ့အကျိုးဆက်ပြီး ဖြစ်ပျက်သွားတာပဲရှိတယ်၊ ရိပ်မိကြပလား။

လောဘဖြစ်တယ်လို့ သိတော့

ဆာတာက လောဘတဏှာ၊ ငါလဲမဟုတ်၊ သူလဲမဟုတ်ဘူး၊ ဆာတာဟာ လောဘတဏှာမှန်း သိရမယ်၊ ဒီတဏှာဖြစ်တာကိုလဲ သိရမယ်၊ ဒီလိုသိရင် သက္ကာယရော၊ ဥစ္ဆေဒပါ စင်သွားပြီ၊ ဒိဋ္ဌိနှစ်ခု ပြုတ်သွားပြီလို့ မှတ်ကြ၊ လောဘဖြစ်တယ်လို့ သိတော့ ပုဂ္ဂိုလ်သတ္တဝါ၊ သူ၊ ငါ၊ မဟုတ်မှန်းသိတဲ့အတွက် သက္ကာယပြုတ်တယ်၊ ဖြစ်တာသိလို့ ခုမှ ပေါ်တာပဲလို့ သိတဲ့အတွက် ဥစ္ဆေဒပြုတ်တယ်၊ ရှင်းပလား။

စားချင်စိတ်ကလေး ပေါ်လာပြီး ၁-ဆိုဖြစ်၊ ၂-ဆိုပျက်သွားတာပဲ၊ သူ့သက်တမ်းဟာ ၁-နဲ့ ၂-ပဲရှိတယ်၊ ဟဒယဝတ္ထုပေါ်မှာ ပေါ်လာပြီး နောက်စိတ်တစ်ခု အစားထိုးခဲ့တယ်၊ ၂-ဆိုပြီးချုပ်တော့ စွဲလမ်းတာ အစားထိုးခဲ့တယ်၊ စွဲလမ်းစိတ်ဟာ စားချင်စိတ်က အစားထိုးထားခဲ့တာပဲဆိုတာ ရှင်းကြပလား။ အဲဒီတော့ စွဲလမ်းစိတ်ဟာ စားချင်စိတ်က အကြောင်းပြုထားခဲ့တာပဲဆိုတာ မှတ်လိုက်ကြ၊ ရိပ်မိကြပလား။

စားချင်စိတ်ချုပ်တော့ သူက ချုပ်သာသွားပေမယ့် သူ့သတ္တိချန်ခဲ့တယ်၊ သူ့သတ္တိအကြောင်းကြောင့် အကျိုးလေး ဆက်ထားခဲ့တယ်ဆိုတာ မှတ်ကြ၊ သဘောပါပလား။ အဲဒီလို တခုနဲ့တခု အကြောင်းအကျိုးဆက်တာကို သိသဖြင့်လဲ ဥစ္ဆေဒစင်တယ်၊ ပဋ္ဌမအကြောင်းနဲ့ ဒုတိယအကျိုးဟာ ဆက်တယ်လို့ သိတဲ့အတွက် ဥစ္ဆေဒစင်တယ်၊ ဒကာဒကာမတွေ ရှင်းကြရဲ့လား။

ရှေ့စိတ်ချုပ်တော့ နောက်စိတ်ပေါ်တယ်

ရှေ့စိတ်ချုပ်တော့ နောက်စိတ်ပေါ်တယ်၊ တကယ်လို့ ခိုင်တာမြဲတာရှိရင် ရှေ့စိတ်မချုပ်ရဘူး၊ ဟုတ်ကြရဲ့လား၊ အခုတော့ ရှေ့စိတ်ချုပ်တာ မခိုင်မမြဲလို့ပဲလို့ သိရတဲ့အတွက်၊ သဿတလဲစင်တယ်၊ အရင်အကြောင်းကြောင့် အရင် အကြောင်းသတ္တိက ကျေးဇူးပြုတာ ထင်ရှားလို့လဲ ဥစ္ဆေဒက စင်သွားပြီ၊ ဒီတော့ ဒီနေရာမှာ သက္ကာယ၊ သဿတ၊ ဥစ္ဆေဒ၊ ဒိဋ္ဌိ သုံးမျိုးလုံး စင်သွားပြီ၊ ရှင်းကြရဲ့လား။

ဒကာဒကာမတို့ ဒိဋ္ဌိမစင်ဘဲနဲ့ “ဖြစ်ပြန်ပြီ၊ ပျက်ပြန်ပြီ” လို့ ရှုနေပေမယ့် မရပါဘူး၊ ဒီဒိဋ္ဌိတွေ ရှင်းလင်းပြီးမှ စင်ကြယ်ပြီးမှ ရှုလို့ရမယ်၊ မစင်ကြယ်သမျှ ဗလဝိပဿနာမဖြစ်လို့ မရနိုင်ဘူးဆိုတာ အသေအချာမှတ်လိုက်ကြ၊ ဒီဒိဋ္ဌိ တွေ စင်ဖို့ကလဲ ပဋိစ္စသမုပ္ပါဒ်နားလည်အုံးမှ၊ ဒါနားလည်ပြီးမှ ဒိဋ္ဌိရှင်းမယ်၊ ပဋိစ္စသမုပ္ပါဒ်ဆိုပေမယ့် စာပဋိစ္စသမုပ္ပါဒ် မလိုဘူး၊ ဒါနဲ့ မရသေးဘူး၊ ခန္ဓာ့ပဋိစ္စသမုပ္ပါဒ်ကိုဆိုတာ၊ ခန္ဓာမှာ အခုပေါ်တာ အခုနားလည်ရမယ်၊ ကျေနပ်ပလား။

ဒကာဒကာမတို့ အဝိဇ္ဇာ သင်္ခါရတို့ဟာ အတိတ်ဘဝက ဖြစ်ခဲ့တာ၊ ခုမရှိဘူး၊ ခုမပေါ်ဘူးလို့ မှတ်ထားကြ၊ ဒီ အဝိဇ္ဇာ၊ သင်္ခါရနဲ့ မဆိုင်ဘူး၊ ရှုရမှာက အခုပေါ်တာ၊ အခုရှုရမှာ၊ အခုပေါ်တာ အခုမိရမယ်၊ အခုခန္ဓာမှာ ပေါ်ဆဲ၊ ပေါ်ဆဲမှာ ဉာဏ်နဲ့မိအောင် ရှုပေးရမယ်၊ ရှင်းကြပလား။ ဉာဏ်နဲ့သာမလွတ်အောင် ကြားစိတ်မဝင်နိုင်အောင် လိုက်နိုင် ကြရင် ညက အားထုတ်ရင် မနက်မှာရမယ်ဆိုတာ သေသေချာချာ မှတ်ကြပေတော့။

ပစ္စုပ္ပန်တဲ့အောင် ရှုမှတ်ရမှာပဲ

ဝိပဿနာရှုတဲ့နေရာမှာ အတိတ်က ရုပ်နာမ်နဲ့လဲ မဆိုင်ဘူး၊ မနေ့ကဟာတွေနဲ့မဆိုင်ဘူး၊ အတိတ် ရုပ်, နာမ် တွေက ဖြစ်ပြီးပျောက်ကုန်ကြပြီမို့ ရှုစရာမလိုဘူး၊ အနာဂတ် ရုပ်၊ နာမ်တွေနဲ့လဲ မဆိုင်ဘူး၊ အနာဂတ် ရုပ်၊ နာမ်တွေက မဖြစ်ကြသေးဘူး၊ အနာဂတ် ရုပ်၊ နာမ်ကို မဖြစ်သေးတာမို့လဲ ရှုစရာမဟုတ်ဘူးလို့ မှတ်ကြ၊ ဝိပဿနာရှုရမှာက အခု ခန္ဓာမှာ ပေါ်ဆဲ၊ ပေါ်ဆဲဖြစ်တဲ့ ရုပ်နာမ်ပေါ်မှာ ပစ္စုပ္ပန်တဲ့အောင် ရှုမှတ်ရမှာပဲဆိုတာ မှတ်လိုက်ကြ။

အခု စားချင်စိတ်ပေါ်ရင် အခု ဉာဏ်နဲ့လိုက်ပေး၊ စွဲလမ်းစိတ်ပေါ်လဲ ဉာဏ်နဲ့လိုက်၊ ဘယ်စိတ်လာလာ ဉာဏ်နဲ့ သာလိုက်ရမယ်၊ အရှိနောက် အသိကိုက်ပစေ၊ ရှင်းကြပလား။ အရှိနောက်က အသိကိုက်ရမယ်ဆိုတာ သဘောပါပလား။ ဒါမှ အရှိနဲ့အသိ ပစ္စုပ္ပန်တိုက်ဆိုင်မယ်၊ ရှင်ဆန္နကို ရှင်အာနန္ဒာက ဒီနေရာမှာ သေသေချာချာဟောတယ်၊ “မင်း သေသေချာချာမှတ်၊ ယခုဖြစ်ဆဲ ပစ္စုပ္ပန်ဆတ်ဆတ်မှာ ခန္ဓာ့ပဋိစ္စသမုပ္ပါဒ် နားလည်ရမယ်၊ ဒါ နားမလည်ရင် ဒိဋ္ဌိမပြုတ်ဘဲ ဝိပဿနာရှုလို့ နိဗ္ဗာန်မရဘူး” တဲ့၊ ရိပ်မိကြပလား။

ဒီလိုရှုနေရင် ကုသိုလ်ပဲရတယ်၊ နိဗ္ဗာန်တော့မရဘူးဆိုတာ မှတ်လိုက်ကြ၊ ဒကာဒကာမတွေ သဘောပါရဲ့လား။ ထမင်းဆာတယ်၊ မစားရမနေနိုင်ဘူး၊ ယူခဲ့ပါဆိုတော့ တဏှာ၊ ဥပါဒါန်၊ ကမ္မဘဝဖြစ်တယ်။ ရိပ်မိကြရဲ့လား။ ထမင်းဆာ တာလာတော့ ဒယ်အိုးတန်းသွားရတယ်။ နောက်တခါ ထမင်းဆာရင် ဒယ်အိုးဆာတာလားလို့ မေးကြ။ ဒကာဒကာမတွေ ဒီစိတ်ကလေးလာတာကိုမှမသိရင် ဒီလိုပဲ မေးရမှာပဲဆိုတာ မှတ်ကြတော့ပဲ။

ထမင်းဆာတာ ဒယ်အိုးထဲဆင်းရမယ့်ကိစ္စ

ဒီစိတ်ကလေးလာတာ မသိလိုက်တော့ တဏှာ၊ ဥပါဒါန်၊ ကမ္မဘဝ၊ ကမ္မဘဝပစ္စယာ အပါယ်ဇာတိ (ဒယ်အိုး- ဇာတိ) ဆိုရင် မမှားနိုင်ဘူး၊ ရိပ်မိကြရဲ့လား။ ဒကာဒကာမတို့ ဒီအတိုင်းဆိုတော့ ဘယ့်နှယ်များကြံကြမှာတုန်း။ ကြပ်ကြပ် စဉ်းစားကြ၊ သာမညအရေးမဟုတ်ပါလားဆိုတာ ပေါ်ကြမယ်၊ ဒကာဒကာမတွေက ပြောတတ်ကြတယ်၊ ပြောတတ်ကြ တယ်၊ “ကိုယ့်ထမင်းကိုယ်စားတာ ဘာအပြစ်ရှိတုန်း၊ ခိုးစားတာလိုက်လို့ ကိစ္စမရှိပါဘူး” တဲ့၊ မသိပြောမို့ ရမ်းပြောကြတာပဲ၊ ထမင်းဆာတာ ဒယ်အိုးထဲဆင်းရမယ့်ကိစ္စပဲဆိုတာ မှတ်လိုက်ကြ၊ သဘောပါပလား။

ဘုန်းကြီးက ဒီလိုရှင်းလင်းပြောပြတော့ ဒကာဒကာမတွေက “တယ်လဲ ကျဉ်းကျပ်ပါလား” လို့ မပြောကြနဲ့၊ မအောက်မေ့ကြနဲ့၊ ဒကာတို့တတွေ နဂိုက တော်အောင်လျော်အောင် နေခဲ့ကြလို့ပဲဆိုတာ မှတ်လိုက်ကြ။ “ဒကာတို့ နေခဲ့ထိုင်ခဲ့ကြတာက ဘာမှမသိဘဲ ကလေးလို နေခဲ့တာမို့ ဉာဏ်မပါဘူး၊ အသိဉာဏ်မပါတာမို့ ကလေးလိုနေခဲ့တာပဲ ရှိတယ်ဆိုတာ ရိပ်မိကြတော့။

ဒါကြောင့် “ပါပသ္မိံ ရမတေ မနော” တဲ့၊ ကလေးများလို မကောင်းတာသာ ကြိုက်ကြတာပဲ၊ တော်အောင်၊ လျော်အောင်၊ အစုန်လမ်းကြိုက်တတ်ကြတယ်၊ အဆန်လမ်းကို မကြိုက်ဘူး၊ မကောင်းတာမှ ကြိုက်တတ်တာဟာ သတ္တဝါ စရိုက်၊ သတ္တဝါထုံးတမ်းပဲဆိုတာမှတ်ကြ၊ ညွှန်ပြပေးမယ့် ဆရာကောင်း၊ သမားကောင်း မကြုံရရင် အမှားလမ်းစ ဘယ်တော့မှ မတုံးနိုင်ကြဘူး၊ ဘုန်းကြီးက အင်မတန် ကရုဏာရှေ့ထားပြီး ပြောပြနေတာမို့ ကြိုးစားပြီး ယူကြရမယ်၊ ရိပ်မိကြရဲ့လား။

ဆန်လမ်းအတွက်က အကြီးအကျယ် ဆရာကောင်းလိုတယ်

ဒါကြောင့် မိမိသန္တာန်မှာ တဏှာပေါ်လာရင် တဏှာဖြုတ်ရမယ်၊ ဒီတဏှာ မဖြုတ်တတ်ရင် မဖြုတ်မိရင် အပါယ်လမ်းဆိုတဲ့ စုန်လမ်းသွားရဖို့ပဲရှိတယ်၊ စုန်လမ်းသွားဖို့က ဆရာမလိုဘူး၊ ဖာသာလဝါ တော်သလို လျော်သလိုနေရင်း နဲ့ အလိုလိုမျောသွားရဖို့ပဲရှိတယ်၊ ဆန်လမ်းအတွက်က အကြီးအကျယ် ဆရာကောင်းလိုတယ်ဆိုတာ မှတ်လိုက်ကြ၊ ရိပ်မိရဲ့လး။ ဒီတော့ ဆန်လမ်းရောက်ချင်ရင် တဏှာပေါ်တဲ့အခါ ရှုပေးရမယ်၊ မှတ်မိကြပလား။

ဆာတယ်ဆိုတော့ စားချင်စိတ်ပေါ် တဏှာလာတာပဲ၊ ဒီတဏှာကို ဖြစ်ပျက်ရှုပေး၊ ရှုပေးတော့ တဏှာချုပ်ပြီး မဂ်ပေါ်လာတာပဲ၊ တဏှာချုပ်တော့ တဏှာနိရောဓေါ နိဗ္ဗာနံ နိဗ္ဗာန်ပါ ပေါ်လာတယ်၊ သဘောပါကြရဲ့လား။ ဒါကြောင့် ပေါ်လာရင် ရှုဉာဏ်လိုက်ပေးရမယ်ဆိုတာ မှတ်လိုက်ကြ၊ ရှုဉာဏ်လိုက်တဲ့ မဂ္ဂင်အလုပ်က ဆန်လမ်း၊ ဆန်လမ်းလိုက်မှ ဒုက္ခကင်းမယ်၊ ဒုက္ခကင်းချင်ရင် ချမ်းသာကြိုက်တာမှန်ရင် ဒီဆန်လမ်းဖြစ်တဲ့ မဂ္ဂင်လမ်း ကြိုးစားရမယ်။

ဒကာဒကာမတွေ ရိပ်မိပလား။ ရိပ်မိလို့ သိတာဖြစ်ရင် အပြင်းအထန် ရှုကြဖို့ပဲရှိတယ်။ မရှုမိရင် စုန်လမ်း ရောက်မယ်၊ စိတ်တွေလာသမျှ အောက်ကိုသာ စုန်လေ့ရှိတယ်၊ မေ့လျော့ပေါ့တန်ပြီး အမှတ်တမဲ့နေမိရင် စုန်ရဖို့အပြင် မရှိဘူး၊ စုန်လမ်းအပါယ်လေးပါးပဲဆိုတာ ဆုံးဖြတ်ချက်ချကြ၊ သဘောပါပလား။

နိဗ္ဗာန်လမ်းဆိုတာ ဆန်လမ်း

ရေစုန်နဲ့ရေဆန် လှေလှော်ရာမှာ ကြည့်ပါ၊ ဘယ်ဟာက ပိုပြီးခက်သလဲ။ ရေစုန်က ထိုင်လိုက်ရုံနဲ့ရတယ်၊ ရေဆန်ကျတော့ အားအင်ကို အင်မတန်ထုတ်ပြီး လှော်ရတယ်၊ ဒီသဘောအတိုင်းပဲ၊ ဒကာတို့တတွေလဲ တရားနာသွားဖို့ ဆိုတော့ မရဘူး၊ ပွဲသွားကြစို့ဆိုတော့ ရတယ်၊ ကြပ်ကြပ်စဉ်းစားကြ၊ နိဗ္ဗာန်လမ်းဆိုတာ ဆန်လမ်း၊ အတော်ခဲခဲယဉ်းယဉ်း အစွမ်းကုန်ထုတ်ပြီး ကြိုးစားနိုင်မှ တော်ရုံကျမယ်၊ ဒါကြောင့် ကြိုးစားကြ။

ဒကာဒကာမတွေ ဒီနေ့ကစပြီး ဆန်လမ်းကို ဇွတ်ပြောင်းကြ၊ စုန်လမ်းက သွားရဖန်များလွန်းလို့ ဖုံတောင်ထနေပြီ၊ ရိပ်မိကြရဲ့လား၊ အခုအချိန်မျိုးမှာမှ ဆန်လမ်းကို မပြောင်းမိကြရင် “တပည့်တော်တို့ သွားနေကျ၊ သွားရာလမ်းကိုပဲ သွားပါရစေ၊ အမြဲနေရာ နေပါရစေ” လို့ ဆိုတာနဲ့ မခြားဘူး၊ အမြဲနေရာက အပါယ်လေးပါးပဲ၊ ဒကာဒကာမတွေ ကျေနပ်ကြပလား။

အပါယ်ဆိုပေမယ့်လဲ ငရဲမှာ အနေများရမယ်ဆိုတာ ယုံမှားမရှိကြနဲ့၊ ငရဲဆိုပြန်တော့လဲ အဲဒီမှာ ကြုံရ-ဆုံရ မယ့်ဒုက္ခက ပြောပြလို့ ကုန်နိုင်စရာမမြင်ဘူး၊ ဥပမာဆိုရင် လှည်းအစည်းပေါင်း တရာလောက်ရှိတဲ့ သစ်သားအစိုတွေကို ငရဲမီးခဲကလေး ပိုးစုန်းကြူးလောက် ထည့်လိုက်ရုံနဲ့ ရုတ်တရက်နဲ့ ပြာကျသွားနိုင်တယ်၊ ငရဲကျသူများဟာ အဲဒီလို အင်မတန်ပြင်းထန်တဲ့ မီးလောင်အမြဲခံနေရတာပဲ။

ငရဲတခါကျရင် လွတ်လမ်းကျွတ်လမ်း မမြင်

မီးလောင်ပြီး သေသွားတာလဲမဟုတ်၊ ငရဲကျတဲ့သူက သေလဲ မသေရဘူး၊ မသေရအောင် သူ့ကံက အမြဲဆက် ပေးနေတယ်တဲ့၊ မသေမရှင် အဆက်မပြတ်အောင် အကြီးအကျယ် ခံနေရတာပဲ၊ ငရဲသက်မဆုံးမချင်း ခန္ဓာအစားထိုးပြီး ခံနေရမယ်ဆိုတာ မှတ်ကြ၊ ဒီငရဲတခါကျရင် လွတ်လမ်းကျွတ်လမ်း မမြင်တော့ဘူး၊ ငရဲသက်ကို ရှည်လွန်လွန်းလို့ ဘုရားတောင် အတိအကျ မဟောခဲ့ဘူးဆိုတာ ပြောလိုက်ပါတယ်၊ ရိပ်မိပလား။

ဒါကြောင့် ဘုန်းကြီးတို့ ဒကာဒကာမတွေ စုန်လမ်းကိုဖြင့် ရှောင်ကြပါတော့၊ ဆန်လမ်းကိုသာ မရောက်ရောက် အောင်လိုက်ကြပါတော့လို့ အလေးအနက် သတိပေးလိုက်ပါတယ်၊ ဆန်လမ်းလိုက်ချင်တော့ ဘယ်လိုလုပ်ရမလဲ။ ဒီနေရာမှာ စကားဖြတ်ပြီး ရှင်ဆန္နအကြောင်း ဝတ္ထုကို ဆက်ပြောရမယ်၊ အရင်ရက်တွေကလဲ ပြောခဲ့ပြီးပြီ၊ မှတ်မိကြရဲ့လား။

ရှင်အာနန္ဒာက ရှင်ဆန္နပြောပြတဲ့ အချက်အလက်တွေကို ထောက်ထားပြီး စွဲချက်တင်လိုက်တယ်တဲ့၊ ဘယ်လိုလဲ ဆိုတော့ “ရှင်ဆန္နဟာ ဒိဋ္ဌိမကွာဘူး၊ ပဋိစ္စသမုပ္ပါဒ် နားမလည်ရှာလို့ မကွာတာပဲ၊ ဒါကြောင့် အနှစ် ၄၀ ကျော်ကြာ ဝိပဿနာရှုပေမယ့် မရနိုင်တာပဲ၊ ဒိဋ္ဌိမကွာဘဲ ဝိပဿနာဖြစ်ပျက် အရင်ရှုနေလို့ ကိုယ်ကျိုးနည်းရရှာတာပဲ” ဆိုပြီး စွဲချက်တင်လိုက်တယ်ဆိုတာ မှတ်ကြ။

ဒိဋ္ဌိခွါဖို့ အရင်အရေးကြီးတယ်

အဲဒီတော့ ဒကာဒကာမတွေ အဖို့ရာမှာ ဒိဋ္ဌိခွါဖို့ အရင်အရေးကြီးတယ်ဆိုတာ ပေါ်ပလား။ ဒိဋ္ဌိကွာဖို့ ပဋိစ္စ သမုပ္ပါဒ်နားလည်ဖို့ အရင်အရေးကြီးတယ်၊ နောက်ပြီး အတိတ်ကိုလဲမလိုက်နဲ့၊ အနာဂတ်ကိုလည်း မလိုက်နဲ့၊ ပစ္စုပ္ပန် တည့်ဖို့ အရေးကြီးတယ်ဆိုတာလဲ မှတ်ကြရမယ်၊ အရေးကြီးတာမို့ လေးလေးစားစား မှတ်ယူကြ။

ဒီအချက်အလက်တွေ မပိုင်တော့ ရှင်ဆန္နဟာ အနှစ် ၄၀ ကျော်ကျော် ကြာပေမယ့် အားနည်းတဲ့ ဝိပဿနာ ဖြစ်နေရရှာတယ်၊ ရိပ်မိရဲ့လား။ ဒါကြောင့် စာအုပ်ကြည့်ရုံနဲ့လဲ မဖြစ်သေးဘူး၊ မလွယ်ဘူးဆိုတာ ပေါ်ကြပလား၊ အဲဒါနဲ့ ရှင်အာနန္ဒာက ရှင်ဆန္နနဲ့တော်မယ့်တရားကို ပိဋကတ်မှာ ရှာကြည့်တော့ ကစ္စာနအနွယ် ရဟန်းတပါးကို ဟောခဲ့တဲ့တရား သွားတွေ့တာနဲ့ အဲဒီတရားကိုပဲ တဆင့်ပြန်ပြီး ဟောပြလိုက်တယ်လို့ မှတ်ကြ။

ဒီနေရာမှာ ဒကာဒကာမတွေအတွက် ရှင်းလင်းပြောမယ်၊ ဥပမာ-အိမ်မှာ စိတ်မချစရာ တွေးလုံအးလေးတခု ပေါ်တယ်ဆိုပါတော့၊ အိမ်မှာထားခဲ့တဲ့ ပစ္စည်းတခုအတွက် ရန်သူမျိုးငါးပါးကို စိတ်မချရတဲ့ တွေးလုံးကလေးပဲ ဆိုကြပါ စို့၊ စိတ်မချနိုင်တဲ့ ပစ္စည်းလေးဟာ အခု ကိုယ့်ရှေ့မှာ ရှိနေသလား။ မရှိဘူး၊ မြင်နေရတာလား။ မဟုတ်ပါဘူး၊ ဘာလို့ပေါ် လာတာလဲ၊ ကြံလိုက်လို့ တွေးလိုက်လို့သာ ပေါ်လာတာပဲ ရှင်းရဲ့လား။

မနောအသိစိတ်ကလေး ပေါ်လာတယ်

အဲဒီတော့ “မနဉ္စ ပဋိစ္စ ဓမ္မေစ ဥပ္ပဇ္ဇတိ မနောဝိညာဏံ” မနောအကြည်ကလေးက ကြံတွေးစရာ အာရုံကလေး ဘက်လှည့်လိုက်မိတော့ မနောအသိစိတ်ကလေး ပေါ်လာတယ်၊ ဒီနောက် ဆက်ပြီး “တိဏ္ဏံ သင်္ဂတိ ဖဿော၊ ဖဿပစ္စယာ ဒေါမနဿဝေဒနာ၊ ဒုက္ခဝေဒနာ” သုံးခုပေါင်းဆုံမှု ဖဿဖြစ်ပြီးနောက်က စိတ်မချနိုင်တဲ့ ဝေဒနာလာတာပဲ၊ ရိပ်မိကြ ပလား။

စိတ်မချတဲ့ ဝေဒနာနောက်က “အိမ်ပြန်ဦးမှထင်ပါရဲ့” ဆိုပြီး အိမ်ပြန်ချင်တဲ့စိတ်ကလေး ပေါ်လာတယ်၊ အဲဒီတော့ ဝေဒနာပစ္စယာ တဏှာပဲ၊ ပေါ်ကြပလား။ ဒီနေရာမှာ ဒကာဒကာမတွေက “နောက်ပိုင်း စိတ်မချတဲ့” သောကလေးတခုကို ကြည့်ကြ၊ သောကဆိုလဲဟုတ်၊ ဒေါသဆိုလဲဟုတ်၊ ဒေါမနဿဆိုလဲ အတူတူပဲ၊ ဒီသောကလေးဟာ ဘာကြောင့် ပေါ်လာသလဲ။

ဒီ စိတ်ကလေးဟာ စိတ်မချစရာပစ္စည်းနဲ့ ကြံတွေးစိတ် မနောအကြည် ဒီသုံးခု ပေါင်းဆုံပြီး ကျေးဇူးပြုလိုက်လို့ သာ ပေါ်လာရတာပဲ၊ ရှင်းကြရဲ့လား။ ဖဿက ပြုပြင်ပေးတယ်ဆိုလဲ အတူတူပဲ၊ နားမလည်မှာဆိုးလို့ အကျယ်ချဲ့ပြော တယ်ဆိုတာ မှတ်ကြ၊ လိုရင်းတော့ အနီးဆုံးအကြောင်းက ဖဿပါပဲ၊ ဖဿဆိုတာ ဘယ်ဟာလဲလို့ ဆိုပြန်တော့ မနောအကြည်၊ တွေးစရာအာရုံတခုခုနဲ့ ကြံတွေးစိတ်သံုံးခု ပေါင်းဆုံတဲ့ သဘောပဲဆိုတာ မှတ်ရမယ်။

ဒကာဒကာမတွေ သဘောပါကြရဲ့လား၊ အဲဒီတော့ အခုပေါ်လာတဲ့ သောကစိတ်ကလေးဟာ ဖဿကြောင့် ပေါ်လာတာ၊ ဖဿမရှိရင် မပေါ်နိုင်ဘူး၊ ဖဿကအကြောင်း၊ သူက အကျိုး၊ ရှင်းပြီနော်၊ နောက် စိတ်မချလို့ အိမ်ပြန်ချင် စိတ်ပေါ်လာတော့ သူမရှိဘူး၊ ချုပ်သွားပြီ၊ သူက ပြန်ချင်စိတ် တဏှာကို အစားထိုးလိုက်တယ်၊ သူက အကြောင်း၊ တဏှာကအကျိုးတရား၊ သူချုပ်သွားတော့ တဏှာပေါ်တယ်၊ သဘောပါပလား။

ဥစ္ဆေဒ သဿတ သက္ကာယ ဒိဋ္ဌိများစင်

အဲဒီတော့ ဒီသောကလေးဟာ ဖဿကြောင့် ဖြစ်ပေါ်လာရတာပဲလို့ သိမြင်ရင် ဥစ္ဆေဒစင်တယ်၊ အကြောင်း အကျိုးဆက်တာကိုမြင်လို့ ဥစ္ဆေဒစင်တာပဲ၊ နောက် သူချုပ်သွားပြီး တဏှာအစားထိုးတာ မြင်သိရတဲ့အတွက် သဿတ စင်တယ်၊ အပျက်မြင်လို့ စင်တာပဲလို့ သိရမယ်၊ ရှင်းပလား။ အခုပြောခဲ့တဲ့ မနောအကြည်၊ တွေးစရာအာရုံ၊ တွေးစိတ်၊ ဖဿ၊ ဝေဒနာတွေထဲမှာ သူလဲမပါ၊ ငါလဲမပါ၊ ပုဂ္ဂိုလ်၊ သတ္တဝါဆိုစရာမရှိ၊ ဓမ္မတွေချည်းပဲလို့ သိမြင်ရတဲ့အတွက် သက္ကာယဒိဋ္ဌိစင်တယ်ဆိုတာ မှတ်ကြ။

ဒီဓမ္မတွေဟာ ငါမဟုတ်လို့ ပျက်တာပဲလို့မြင်ရင် သက္ကာယစင်တယ်၊ မခိုင်မြဲလို့ ပျက်တာပဲလို့ သိပြန်တော့ သဿတစင်တယ်၊ ပဋ္ဌမဟာချုပ်တော့ နောက်တခုပေါ်၊ အရင်တရားက ကျေးဇူးပြုလို့ နောက်အကျိုးတရားပေါ်တာပဲလို့ သိမြင်ပြန်တော့ ဥစ္ဆေဒပါစင်သွားတယ်၊ ဒကာဒကာမတွေ ရှင်းရဲ့လား၊ ဒီလိုအဓိပ္ပါယ်သဘောကို ရှင်အာနန္ဒာက ရှင်းလင်းပြီး ဟောပြလိုက်တယ်လို့ မှတ်ကြရမယ်။

”အဝိဇ္ဇာပစ္စယာ သင်္ခါရာ၊ သင်္ခါရပစ္စယာ ဝိညာဏံ၊ လ၊ ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။ အဝိဇ္ဇာယတွေဝ အသေသ ဝိရာဂ နိရောဓာ သင်္ခါရနိရောဓော၊ လ၊ နိရောဓော ဟောတိ” ဆိုပြီး ပဋိစ္စသမုပ္ပါဒ် ကြောင်းကျိုးစဉ်ဆက် ဖြစ်ပုံ၊ ချုပ်ပုံကို ရှင်းလင်းပြောပြလိုက်တယ်၊ အဲဒီတော့မှ ရှင်ဆန္နဉာဏ် ရှင်းလင်းစင်ကြယ်သွား တယ်။

ဖြစ်တာမြင်လို့ ဥစ္ဆေဒစင်၊ ချုပ်တာမြင်လို့ သဿတနဲ့ သက္ကာယစင်

ဒကာဒကာမတို့ ဒီပဋိစ္စသမုပ္ပါဒ်ဖြစ်တာကို မြင်သဖြင့်လဲ ဥစ္ဆေဒစင်သွားတယ်၊ ပျက်တာမြင်လို့လဲ သဿတနဲ့ သက္ကာယပါ စင်သွားတယ်ဆိုတာ မှတ်ကြရမယ်၊ ရှင်းကြပြီလား။ ရှင်ဆန္နဟာ ဖြစ်တာမြင်လို့ ဥစ္ဆေဒစင်၊ ချုပ်တာမြင်လို့ သဿတနဲ့ သက္ကာယစင်တာပဲဆိုတာ ရှင်းကြပြီ၊ အဲဒါနဲ့ အရှင်အာနန္ဒာက ရှင်ဆန္နကို ဆက်လက်ပြီး မေးခွန်းထုတ်ပြန် တယ်-တဲ့။

”ငါ့ရှင်ဆန္န ဒီလိုကြည့်လို့ ဒီလိုမြင်ရတော့ ဘာကိုစွဲသေးတုန်း” အဲဒီတော့မှ ရှင်ဆန္နက “ဒီလိုမြင်ရတော့ ငါလေးပြုတ်သွားပါတယ်၊ စွဲစရာမရှိပါဘူး၊ ဒုက္ခက္ခန္ဓဿ သမုဒယောနဲ့ နိရောဓောပဲ ရှိပါတယ်၊ ငါ၊ သူတပါး၊ ပုဂ္ဂိုလ်၊ သတ္တဝါဆိုစရာမရှိပါဘူး၊ ဖြစ်ဒုက္ခနဲ့ ပျက်ဒုက္ခချည်းပဲ ရှိပါတယ်၊ ဒီခန္ဓာ့ပဋိစ္စသမုပ္ပါဒ် အစဉ်ဟာ ရှေ့ဒုက္ခပြီး နောက်ဒုက္ခ ပေါ်တာပဲ ရှိပါတယ်ဘုရား” လို့ ပြန်ပြီး လျှောက်ထားတယ်။

နောက် ဆက်လက်ပြီး လျှောက်ထားပြန်တယ်၊ “အရှင်ဘုရား-ခန္ဓာရုပ်နာမ်အစဉ်ဟာ ချုပ်ပြီးရင်း အစားထိုးလာ ရင်း၊ ချုပ်ပြီးရင်း၊ အစားထိုးလာရင်းနဲ့ ဒုက္ခချုပ်၍ ဒုက္ခဖြစ်တာပဲ ရှိပါတယ်၊ ဒီနှစ်ခု ဖြစ်ဒုက္ခနဲ့ ပျက်ဒုက္ခမှတပါး ဘာမှမရှိပါဘူး၊ ဒီလိုဉာဏ်မြင်တာဟာ သူများပြောမဟုတ်ပါဘူး၊ ဉာဏ်နဲ့ကိုယ်တိုင်မြင်လို့ ကိုယ်တိုင်သိရတာပါဘုရား၊ ဖြစ်ဒုက္ခလဲ ကိုယ့်ဉာဏ်အောက်တွင်ပါပဲ၊ ပျက်ဒုက္ခလဲ ကိုယ့်ဉာဏ်အောက်တွင်ပါပဲ ဘုရား” လို့ လျှောက်ထားတယ်။

ဒီမြင်စိတ်ကို အခု ရှိ,မရှိ အကဲခတ်လိုက်စမ်း

ဒကာဒကာမတွေ သဘောပါကြပလား။ ရှင်ဆန္နဟာ ရှင်အာနန္ဒာ ညွှန်ပြတဲ့အတိုင်းလုပ်တော့ ကိုယ်တိုင်သိရ တာပဲဆိုတာ ရိပ်မိကြပလား။ ဒါကို ဆရာပေးတဲ့ ဉာဏ်နဲ့ကြည့်တော့ ကိုယ်မွေးတာလဲသိရ၊ ကိုယ်သေတာလဲသိရတာပဲ၊ နာမ်, ရုပ်ဓမ္မလေးတွေ ဖြစ်ပြီးပျက်၊ ဖြစ်ပြီးပျက်နဲ့နေတာဟာ မွေးပြီးသေ၊ မွေးပြီးသေနေတာပဲလို့သာ မှတ်လိုက်ကြ၊ ရှင်းကြပလား။

ခန္ဓာမှာ ဓမ္မလေးတစ်ခု ဖြစ်လာတာဟာ ဖြစ်လာပြီးပျက်တဲ့ဘက် ဦးတည်လာတာပဲ၊ ခဏကလေးပေါ်လာ ပျက်တာဘက် လမ်းဆုံးသွား၊ ဒီသဘောအတိုင်း အစဉ်တွေ တန်းနေတာပဲရှိတယ်။ ရှင်အာနန္ဒာက ရှင်ဆန္နကို “ငါ့ရှင် ဆန္န ဒီကိုကြည့်စမ်း မြင်ရဲ့လား” “မြင်ပါပြီ” ဒါဖြင့် မြင်စိတ်ပေါ်တာပဲ “စက္ခုံစ ပဋိစ္စ ရူပေစ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏံ” ဒီမြင်စိတ်ကို အခု ရှိ,မရှိ အကဲခတ်လိုက်စမ်း” ဒီလိုပြောတဲ့ ရှင်ဆန္နက ကိုယ့်ခန္ဓာမှာပေါ်တဲ့ ပဋိစ္စသမုပ္ပါဒ်ကို နောက်ဉာဏ် နဲ့ ကြည့်လိုက်တော့ ဖြစ်ဒုက္ခနဲ့ ပျက်ဒုက္ခပဲ မြင်ရတယ်ဆိုတဲ့အကြောင်း လျှောက်ထားတယ်။

ရှင်အာနန္ဒာက “ဒီလိုဖြင့် နေရာကျပြီ” ဆိုပြီး ဆက်လက်ပြီး ရှင်းလင်းဟောပြပေးလိုက်တယ်လို့ မှတ်ကြ၊ ဒကာဒကာမတို့ ကိုယ့်ခန္ဓာမှာ ပေါ်လာတာ နောက်က ဉာဏ်နဲ့ကြည့်ရင် ဖြစ်ဒုက္ခနဲ့ ပျက်ဒုက္ခပဲ မြင်ရမယ်၊ ဒီလိုအကြည့် များလို့ အမြင်များလာရင် အချိန်က မကြာပါဘူး၊ ဒီလိုမြင်နေရတော့ “ေဩာ်-ကိုယ့်အသက်တမ်းဟာ ဒါပဲရှိသကိုးလို့ သိလာမယ်၊ ရိပ်မိကြပလား”။

လာသမျှဟာ အဆိုးချည်းပါပဲကလား

ဒီလိုသိလာတော့ ဝမ်းနည်းဝမ်းသာမရှိ၊ သူ့အတွက် တောင့်တမှု၊ ကြောင့်ကြမှုမရှိ၊ ဒီရုပ်နာမ်ဖြစ်ပျက် သင်္ခါရ အပေါ်မှာ လျစ်လျူသဘောထားနိုင်လာတော့တာပဲ၊ ဒီသင်္ခါရလေးတွေဟာ ဖျတ်ဆိုပေါ်လာပျက်သွား၊ ဖျတ်ဆိုပေါ် ဖျတ်ဆိုပျက်သွားနဲ့ မြင်နေရတော့ ကောင်းတာကို မမြင်မိတော့ဘူး၊ ကောင်းတယ်ဆိုတာ ဆိုစရာမရှိပါဘဲကလား၊ အားလုံးလာသမျှဟာ အဆိုးချည်းပါပဲကလားဆိုပြီး ဉာဏ်အမြင် တိုးတက်လာမယ်ဆိုတာ မှတ်ကြ။

ဝိသုဒ္ဓိမဂ် အဋ္ဌကထာကလဲ ဘုရားစကားတော်ကို ဒီအတိုင်း ထောက်ခံချက်ပေးထားတဲ့တယ်။

အဒဿနတော အာယန္တိ၊ ဘင်္ဂါ ဂစ္ဆန္တိ-ဒဿနံ။

ဝိဇ္ဇုပါဒေါဝ အာကာသေ၊ ဥပ္ပဇ္ဇန္တိ ဝယန္တိစ။ ။

အဓိပ္ပါယ်

ဒီ ရုပ်နာမ်သဘာဝ သင်္ခါရတရားတွေဟာ မမြင်ရတဲ့ဆီက ပေါ်လာကြပြီး မမြင်ရတဲ့ဆီကိုပဲ ပျောက် ပျက်ပြီးသွားကြတာပဲ၊ ဥပမာဆိုရင် မိုးအခါ ကောင်းကင်မှာ လျှပ်စီးပြက်သလို ဖြစ်လာ ပျက်သွား၊ ဖြစ်လာ ပျက်သွားနဲ့ အမြဲတစေ ဖြစ်ပြီး ပျက်နေကြတာပဲရှိတယ်” လို့ ဆိုလိုတဲ့အဓိပ္ပါယ်ပဲ ရှင်းရဲ့လား။

ဥပမာ ဒကာတစ်ယောက်က ထမင်းစားချင်တယ်လို့ဆိုတော့ စားချင်တဲ့စိတ်ကလေး ပေါ်လာတယ်၊ စားမလို့ ထမင်းခွက်လှမ်းပြီးယူလိုက်တော့ စားချင်စိတ်ကလေး ချုပ်သွားပြီ၊ လှမ်းစိတ်ကလေး ပေါ်လာတယ်။ အဲဒီတော့ စားချင် စိတ်က စားရပါရဲ့လား၊ မစားရဘူး၊ ဘာကြောင့်တုန်း။ ဒီစိတ်ကလေးက ဖြစ်ပြီးပျက်သွားလို့ပဲ၊ ရှင်းရဲ့လား။ အဲဒီတော့ စားချင်တဲ့ ဒကာတစ်ယောက်ဟာ ဒုက္ခနှစ်ခုနဲ့ ဆုံးရှုံးရတာပဲ၊ ဖြစ်ဒုက္ခ၊ ပျက်ဒုက္ခနှစ်ခုနဲ့ ဆုံးရှုံးရရှာတယ်ဆိုရင် မမှားဘူး။

စားချင်တာက တဏှာ၊ စွဲလမ်းတာက ဥပါဒါန်၊ စွဲလမ်းတဲ့ဒကာဟာလဲ ဒီဒုက္ခနှစ်ခုနဲ့ ဆုံးရှုံးရမှာပဲ၊ ရိပ်မိကြရဲ့ လား။ ကမ္မဘဝနဲ့ အားထုတ်သူဟာ ထို့အတူ ဆုံးရှုံးရမှာပဲ၊ ဒီတော့ လာသမျှဟာ အားလုံးဒုက္ခချည်းပဲဆိုတာ မဂ်က သိနေရမယ်၊ ဖြစ်တိုင်းပျက်တိုင်း နောက်က ရှုဉာဏ်လိုက်ရင် မဂ်ပေါ်တာပဲ၊ အဲဒီ ပဉ္စင်္ဂီက မဂ်က သိနေတော့တာပဲ၊ သဘောပါကြရဲ့လား။

ခန္ဓာတခုလုံး ပေါ်သမျှဟာ ဒုက္ခချည်းပဲ

အဲဒီမဂ်က အရှုအမြင် ရင့်သန်လာတော့ သုခမပါဘူးဆိုတာကို သိမြင်လာတယ်၊ အဲဒီလိုသိမြင်တာဟာ ဒုက္ခကို ပိုင်းခြားတဲ့ဉာဏ်ပဲဆိုတာ မှတ်ကြ၊ ရှေ့က ဖြစ်ဒုက္ခ၊ ပျက်ဒုက္ခ၊ နောက်ကဉာဏ်က ဒုက္ခချည်းပဲလို့ ပိုင်းခြားနေ တယ်၊ ဉာဏ်အမြင် ရင့်သထက် ရင့်သန်လာတော့ ခန္ဓာတခုလုံး ပေါ်သမျှဟာ ဒုက္ခချည်းပဲဆိုပြီး ပိုင်းခြားလိုက်တယ်၊ အဲဒီအခါမှာ ဒုက္ခတွေအားလုံး ဖျတ်ကနဲဆို ချုပ်ဆုံးသွားတော့တာပဲ၊ ဒကာဒကာမတွေ သဘောပါကြရဲ့လား၊ အဲဒီမှာ-

ချုပ်ဆုံးသွားတဲ့ ရုပ်နာမ်ဖြစ်ပျက်တွေက ဒုက္ခသစ္စာ။

ချုပ်ဆုံးသွားတာ သိတဲ့ဉာဏ်က မဂ္ဂသစ္စာ။

ချုပ်ဆုံးသွားတဲ့နေရာမှာ ပေါ်လာတာက နိရောဓသစ္စာ။

နောက်လာမယ့်အကြောင်းတရားတွေ သေတာက သမုဒယသစ္စာ။

ဒကာ ဒကာမတွေ ရှင်းကြရဲ့လား။ ဒုက္ခသစ္စာတခုထဲကို ပိုင်းခြားနေတာနဲ့ သစ္စာလေးချက် တပြိုင်နက် ကိစ္စပြီးစီးတယ်ဆိုတာ မှတ်ကြ၊ ဒီတော့ ဒုက္ခသစ္စာ ပိုင်းခြားမှု အလုပ်တခုထဲကိုဖြင့် ကြိုးစားလုပ်မှပဲလို့ ဆုံးဖြတ်ချက်ချကြ၊ တခုထဲကိုမှမလုပ်ချင်ရင် ဒကာတို့ဟာ သုညပဲကျန်တယ်၊ ဒီတော့ ဒီအလုပ်တခုထဲမှ မလုပ်သူဆိုရင် “ဖိုးသုည” ပဲဆိုသင့် မဆိုသင့် ဝေဖန်ကြ၊ ရိပ်မိပလား။

အဲဒါနဲ့ ရှင်ဆန္နအကြောင်း နည်းနည်းဆက်ပြောရအုံးမယ်၊ ရှင်ဆန္နကို အရှင်အာနန္ဒာက ပဋိစ္စသမုပ္ပါဒ် ခန္ဓာ ဖြစ်စဉ်တွေ ရှင်းလင်းဟောပြပေးပြီးတော့ ဆက်လက်မေးပြန်တယ်၊ ခန္ဓာ့ဖြစ်စဉ် အစ၊ အလယ်၊ အဆုံး လှည့်ပြီးမေးမြန်း စီစစ်တယ်ဆိုတာ မှတ်ရမယ်။

”ငါ့ရှင်ဆန္န ဒီခန္ဓာဖြစ်ပေါ်တဲ့ ရုပ်အစု၊ နာမ်အစု ဖြစ်မှုပျက်မှုထဲမှာ ငါဆိုတာ ငါ့ဥစ္စာဆိုစရာများ ရှိသေးသလား”၊ “မရှိပါဘုရား” ဒီလိုမရှိဘူးသိတော့ ဒိဋ္ဌိပြုတ်သွားပြီလို့မှတ်။ “ဒါဖြင့် ဒီ-ပဋိစ္စသမုပ္ပါဒ် ရုပ်နာမ်အစု ဖြစ်မှု၊ ပျက်မှုတွေ အပေါ်မှာ ယောက်ျားပဲ၊ မိန်းမပဲ၊ ပုဂ္ဂိုလ်သတ္တဝါပဲဆိုတဲ့ သံသယမျိုးကော ရှိသေးသလား” “မရှိတော့ပါဘုရား” “ဒီလို သိမြင်တော့ ဝိစိကိစ္ဆာ စင်သွားပြီလို့မှတ်”။

ဒုက္ခဖြစ်၍ ဒုက္ခချုပ်တာမှတပါး ဘာမှမရှိပါဘူး

ဒကာဒကာမတို့ သူ့ဉာဏ်ထဲမှာ ဒုက္ခဖြစ်၍ ဒုက္ခချုပ်တာမှတပါး ဘာမှမရှိပါဘူးလို့ ဖြေဆိုလိုက်တယ်၊ အဲဒီတော့ မှ တိဏ္ဏဝိစိကိစ္ဆော၊ ယုံမှားခြင်းကို လွန်မြောက်သည်။ ဝိဂတ ကထံကထော၊ သို့လော သို့လော တွေးတော ယုံမှားခြင်းမှ ကင်းသည်။ ဝေသာရဇ္ဇပ္ပတ္တော၊ ဘုရားသာသနာတော်၌ ရဲရင့်ခြင်းသို့ရောက်သည်။ အပရပစ္စယော၊ ဘုရားသာသနာတော် မှတပါး အားထားကိုးစားရာ မရှိသည် စတဲ့အင်္ဂါရပ်တွေနဲ့ ပြည့်စုံသွားတော့တယ်။

ဒကာဒကာမတွေ ရိပ်မိကြရဲ့လား။ ရှင်ဆန္နက ဒီလိုမြင်တဲ့ဉာဏ်အမြင်ဟာ သူများပြော မဟုတ်ဘူးတဲ့၊ သန္ဒိဋ္ဌိ ကောလို့ဆိုတဲ့အတိုင်း ကိုယ်တိုင်ကိုယ်ကျ မြင်တဲ့အမြင်ပါပဲလို့ ဖြေလိုက်တယ်ဆိုတာ ရှင်းကြပလား။ အဲဒါကြောင့် ဒကာဒကာမတွေကိုယ်တိုင် ဉာဏ်နဲ့မြင်အောင် ကြိုးစားလိုက်ကြ၊ ကိုယ်တိုင်မြင်ဖြစ်အောင် အားထုတ်ကြ၊ အားထုတ်လို့ ကိုယ်တိုင်မြင်ရင် သောတာပန်အမြင်ပဲဆိုတာ ဆုံးဖြတ်ချက် ချလိုက်တော့ သဘောပါပလား။

ကိုင်း-ယနေ့ ဒီတင်ပဲ တော်ကြအုံး၊ နာရီစေ့ပြီ။

**********