ဝိပဿနာရှေ့ထွက် ဒိဋ္ဌိဖျက် တရားတော်
ဆောင်ပုဒ်
ဘဝသံသရာ၊ ဓွန့်ရှည်ကြာ၊ အဝိဇ္ဇာမှောင်ကြီးမိ။
အဝိဇ္ဇာရင်းခံ၊ တဏှာကျွန်၊ မှားမှန်ဘိတ်မသိ။
မသိမှားမှန်၊ အစွဲသန်၊ ဖန်ဖန်မျိုးဒိဋ္ဌိ။
ဒိဋ္ဌိစွဲနာ၊ ထပ်ကြပ်ပါ၊ လွဲရှာရှင်တော်ဇိ။
ဒိဋ္ဌိရှိလျှင်၊ မဂ်ဖိုလ်ခွင်၊ ကွာစင်ဝေးလေဘိ။
ထို့ကြောင့်ဦးစွာ၊ ဒိဋ္ဌိခွါ၊ ဆရာချဉ်းပါဘိ။
ပဋိစ္စစဉ်ဆက်၊ ဉာဏ်ဖောက်ဖျက်၊ ကွာပျက်မျိုးဒိဋ္ဌိ။
ဒိဋ္ဌိလွတ်ကွာ၊ ဘာဝနာ၊ လျင်စွာပြီးမြောက်၏။
သတိချပ်
သာဝကမှာ၊ သူ့ဆရာ၊ ကောင်းစွာသတ်မှတ်ထား။
ဆရာတပည့်၊ ခြင်းရာရှိ၊ ညီဘိအလျော်သား။
ရှင်ဆန္နမှန်၊ ဟောချွတ်ရန်၊ ဇိနံ မဟုတ်ငြား။
ဗြဟ္မဒဏ္ဍ၊ ထားရစ်ကြ၊ ဗုဒ္ဓမိန့်မှတ်သား။
မာန်ကျလေလျှင်၊ ဆရာရှင်၊ မြန်လျင်ဆည်းကပ်တွား။
သူ့ဆရာာကျ၊ သူ့သိဿ၊ ချွတ်မှရမည့်အား။
ထို့ကြောင့်ခုခါ၊ ဝေနေယျာ၊ ဆရာမှတ်မထား။
တနည်းမသင့်၊ တနည်းဖြင့်၊ ထုတ်သင့်ဉာဏ်စေစား။
အခွင့်ကောင်းစွာ၊ ကြုံကြိုက်လာ၊ ရရာလွန်ကြိုးစား။
ပုံကိုထောက်၍ ဆက်လက်ဖတ်ရှုပါ။
ပုံအောက်မှာ စာပါပါသည်။
ဝိပဿနာရှေ့ထွက် ဒိဋ္ဌိဖျက် တရားတော် အပိုင်း(၁)
တရားသား
မဂ္ဂင်လမ်း လိုက်ခဲ့လို့
ဒကာ ဒကာမတို့ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီးဟာ ဘယ်ကနေပြီး ဇာတိ၊ ဇရာ၊ ဗျာဓိ၊ မရဏစတဲ့ ဒုက္ခခပ်သိမ်း ကင်းငြိမ်းအေးမြရာဖြစ်တဲ့ အသင်္ခတဓာတ် နိဗ္ဗာန် ရွှေပြည်မြတ်ကြီးကို စံဝင်မြန်းကြွတော် မူသွားတယ်ဆိုတာ သိကြရဲ့လား။ ဘုရားရှင်ကိုယ်တော်မြတ်ကြီးဟာ လမ်းသုံးလမ်းထဲက သဿတလမ်းလဲရှောင်၊ ဥစ္ဆေဒလမ်းလဲရှောင်၊ ဒီနှစ်လမ်းရှောင်ပြီး အလယ်လမ်းဖြစ်တဲ့ မဂ္ဂင်လမ်း လိုက်ခဲ့လို့ အခု နိဗ္ဗာန်နန်းမှာ စံမြန်းတော်မူနေ တာပဲဆိုတာ မှတ်လိုက်ကြ၊ သဘောပါပလား။
ဘုရားရှင်ကိုယ်တော်မြတ်ဟာ တဏှာချုပ်သိမ်း၊ ခန္ဓာဇာတ်သိမ်းပြီး ဒုက္ခတွေ အကုန်ငြိမ်းတဲ့ နိဗ္ဗာန်ကို ရတော်မူ တာဟာ “ဧကာယနော အယံ ဘိက္ခဝေ မဂ္ဂေါ” ဆိုတဲ့ မဂ္ဂင်လမ်း၊ အလယ်လမ်းကနေပြီး သွားလို့ရတော်မူတာပဲ၊ ဘုရားရှင်သာမဟုတ်ပါဘူး၊ တပည့်သာဝကတွေ လေးသင်္ချေနဲ့ ကုဋေရှစ်ဆယ်၊ ဗိုလ်ခြေတသိန်းဆိုတာလဲ ဒီမဂ္ဂင်လမ်းဖြစ် တဲ့ အလယ်လမ်းကသွားလို့ နိဗ္ဗာန်ရောက်ကြတာပဲ၊ နိဗ္ဗာန်ရောက်တဲ့ ပုဂ္ဂိုလ်အားလုံးဟာ ဒီလမ်းက လိုက်သွားကြတာချည်း ပဲ။
ဘဝခင်တွယ်တဲ့ သဿတနဲ့ နေရစ်ကြတာမို့
ဘုန်းကြီးတို့ ဒကာ ဒကာမတွေတော့ ကျန်နေရစ်ခဲ့ကြတယ်၊ ဂင်္ဂါသဲမျှ ကျွတ်လွတ်တော်မူသွားကြတဲ့ ဘုရားရှင် တွေနောက်က မလိုက်မပါခဲ့ကြဘူး၊ ဘာ့ကြောင့်မပါတာလဲ၊ သိကြရဲ့လား။ အဲဒါဟာ ဘုံဘဝခင်တွယ်တဲ့ သဿတနဲ့ နေရစ်ခဲ့ကြလို့ မပါတာဘဲဆိုတာ မှတ်လိုက်ကြ။ ရိပ်မိကြပလား။ ဘဝခင်တွယ်တဲ့ သဿတနဲ့ နေရစ်ကြတာမို့ ဘုရားရှင် တွေ လက်လျှော့ခဲ့ရတယ်၊ တခါတလေတော့လဲ ဥစ္ဆေဒနဲ့ ကျန်ခဲ့ရတယ်၊ ဒါပေမယ့် များတာက သဿတနဲ့ပဲဆိုတာ မှတ်ကြ။
ဗုဒ္ဓဘာသာဝင်တွေမှာ ဒီအယူမှား သဿတဒိဋ္ဌိတွေက များပြားတယ်၊ အမည်သာခံယူပြီး အမှန်က ဗုဒ္ဓဘာသာ တွေဆိုရင် မလွဲဘူး၊ ဒီအယူက ကုသိုလ်တွေပြုပြီး ဒီကုသိုလ်အကျိုးတွေ ငါပဲ ခံစားစံစားရမယ်ဆိုတဲ့ ကံကိုလဲယုံတယ်၊ ကံကိုယုံပြီး ဘုံဘဝအကိုလဲ ခင်တွယ်တယ်၊ ဘုံဘဝခင်တာဟာ သဿတနဲ့ ခင်တာပဲဆိုတာ မှတ်ကြရမယ်၊ ဘုရားအဆူတူ ချွတ်ပေမယ့် ကိုယ့်ဒုက္ခနဲ့ကိုယ် ခိုင်တယ်၊ မြဲတယ်ထင်ပြီး နေရစ်ကြတာပဲ၊ ရိပ်မိကြပလား။
ဒိဋ္ဌိရှိနေရင် ဘယ်ဒိဋ္ဌိမှ မကောင်းဘူး
ဒကာ ဒကာမတွေဟာ ဘုရားအဆူဆူပွင့်ပေမယ့် နေရစ်ကြရတာ ဘာလို့လဲ၊ ဒီသဿတကြီး ခံနေလို့ပဲ၊ ပေါ်ကြ ပလား။ “မဇ္ဈိမပဏ္ဏာသပါဠိတော်” မှာ အသေအချာဟောထားတယ်၊ ဘဝတဏှာရှိသူဟာ ဘုံဘဝခင်တွယ်တဲ့အတွက် နိဗ္ဗာန်ကျတော့ အရောက်နှေးတယ်တဲ့။ ဘုရားနဲ့ တွေ့ပေမယ့်လဲ ဘုံဘဝထဲမှာ ပုန်းအောင်းပြီး နေရစ်ခဲ့တာပဲတဲ့၊ သဿတက အပြစ်သေးပေမယ့် ကျွတ်ခဲလွတ်ခဲတယ်တဲ့၊ ဥစ္ဆေဒက အပြစ်ကြီးပေမယ့် ဘုရားနဲ့တွေ့ရင် ကျွတ်လွယ်တယ် တဲ့။
ဥစ္ဆေဒအယူက ကုသိုလ်တော့ မပြုဘူး၊ အကုသိုလ်ကို ရဲရဲကြီးပြုလုပ်တတ်တယ်၊ သူက သေသွားပြီးတာပဲ၊ ဘာမှမဖြစ်ဘူး၊ ပြတ်တယ်လို့ အယူရှိတယ်၊ ဒီအယူက အပြစ်ကြီးတယ်၊ အပြစ်ကြီးပေမယ့် ကျွတ်လွတ်တယ်တဲ့။ ဒကာ ဒကာမတွေ မှတ်မိကြပလား။ သဿတက အပြစ်သေးပေမယ့် ကျွတ်ခဲတယ်၊ ဥစ္ဆေဒက အပြစ်ကြီးပေမယ့် ကျွတ်လွယ် တယ်၊ ရှင်းကြပလား။ ဒီနှစ်ခုထဲက ဘယ်ဒိဋ္ဌိရှိနေရှိနေ ရှိနေရင် မဂ်တား၊ ဖိုလ်တား၊ နိဗ္ဗာန်တားထားတော့တာပဲ။
ဒါကြောင့် ဒိဋ္ဌိရှိနေရင် ဘယ်ဒိဋ္ဌိမှ မကောင်းဘူး၊ ရှင်းပစ်၊ လင်းပစ်ရမှာပဲ၊ ဒိဋ္ဌိတွေ ရှင်းလင်းမှသာ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်၊ နိဗ္ဗာန်ရနိုင်ကြမှာ၊ ဒါကြောင့် အခု ဒကာ၊ ဒကာမတွေအတွက် ရှင်ဆန္နဝတ္ထုမဆက်ခင် အရင်ပြောရမယ်၊ အရင်ရှင်းပေးလိမ့်မယ်ဆိုတာ မှတ်ကြ၊ ဒကာ ဒကာမတို့ ကိုယ့်အိမ်တံခါးဝကနေပြီး လမ်းဘက်လှည့်ရပ်လိုက်တယ်ဆိုပါစို့။ လမ်းဘက်ရပ်ပြီး ကြည့်လိုက်တာနဲ့ မိတ်ဆွေတစ်ယောက်လာတာ မြင်လိုက်တယ်။
မြင်စိတ်ကလေးပေါ်လာတယ်
အဲဒီအခါမှာ “စက္ခုံစ ပဋိစ္စ ရူပေစ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏံ” ဆိုတဲ့အတိုင်း မျက်စိအကြည်နဲ့ မိတ်ဆွေရဲ့အလင်းနဲ့ တည့်လိုက်တော့ မြင်စိတ်ကလေးပေါ်လာတယ်၊ အဲဒီလိုပေါ်လာတော့ ဪ-မိတ်ဆွေပဲ တွေ့ရတာ ဝမ်းသာလိုက်တာနဲ့ မလာဘူးလား၊ လာတယ်။ အဲဒီတော့ “တိဏ္ဏံ သင်္ဂတိ ဖဿော၊ ဖဿပစ္စယာဝေဒနာ” လာတာပဲ၊ ပေါ်ကြပလား။ မိတ်ဆွေက ကိုင်း-သွားလိုက်ပါအုန်းမယ်လို့ဆိုတော့ အို-အရေးကြီးလှချည်လား၊ အထဲဝင်ထိုင်ပါအုန်း-တဲ့။ အဲဒါ “ဝေဒနာ ပစ္စယာ တဏှာ” ပဲ၊ ခင်လို့မင်လို့ တားတာပဲ။
ဒီနေရာမှာ မျက်လုံးအကြည်ရုပ်နဲ့ အဆင်းရုပ်ကြောင့် မြင်စိတ်ကလေးပေါ်လာတယ်၊ ဒီမြင်စိတ်ကလေးဟာ သူတို့နှစ်ခု ကျေးဇူးပြုလို့သာ ပေါ်လာတာ၊ ရှင်းကြပလား။ သူတို့သုံးခု ပေါင်းဆုံမိတဲ့အချိန်မှာ ဖဿပေါ်လာတယ်၊ နောက် ဝေဒနာလာတယ်၊ ဖဿဖြစ်လို့သာ ဝေဒနာဖြစ်တာ၊ ဖဿမဖြစ်ရင် ဝေဒနာမဖြစ်ဘူး၊ ဖဿက ကျေးဇူးပြုလိုက်လို့ ဝေဒနာပေါ်လာရတာပဲ၊ သဘောပါကြပလား။
ဝေဒနာဖြစ်တော့ ဒီနောက်က တဏှာဖြစ်လာတယ်၊ ဒီတဏှာဟာ ဝေဒနာကြောင့် ပေါ်လာရတာ၊ ဝေဒနာမဖြစ် ရင် တဏှာဖြစ်နိုင်ပါ့မလား။ မဖြစ်နိုင်ဘူး။ ဒီတော့ ဒီတဏှာကို ဝေဒနာက ကျေးဇူးပြုတယ်၊ ရှင်းကြပလား။ ပြန်ပြီးရှင်းပြ ရအုန်းမယ်၊ ခုနတုန်းကပေါ်တဲ့ မြင်စိတ်ကလေးဟာ ထိုင်တဲ့အချိန်မှာ ရှိသေးသလား။ မရှိတော့ဘူး၊ မြင်ပြီး ချုပ်သွားတာ ပဲ၊ ဝေဒနာလဲ ထို့အတူ၊ တဏှာလဲ ထို့အတူပါပဲ၊ ဖြစ်ပြီးချုပ်သွားတာချည်းပဲ။
မြင်စိတ်ကလေးက ဖဿကို ကျေးဇူးပြုတယ်
မြင်စိတ်ကလေးက ဖဿကို ကျေးဇူးပြုတယ်။ မြင်စိတ်ချုပ်တော့ ဖဿလဲ ချုပ်တယ်၊ ဖဿက ဝေဒနာကို ကျေးဇူးပြုလိုက်တယ်၊ ဒီမှာလဲ ဖဿချုပ်တော့ ဝေဒနာလဲ ချုပ်တာပဲ၊ ဝေဒနာက တခါ တဏှာကို ကျေးဇူးပြုပြန်တယ်။ ဝေဒနာချုပ်ပြန်တော့လဲ တဏှာလဲချုပ်ပြန်တာပဲ၊ ဒကာ ဒကာမတွေ သဘောပါကြရဲ့လား။
ဒကာ ဒကာမတို့ ဒီအဓိပ္ပါယ်က အလွန်အရေးကြီးတာမို့ ထပ်ပြီးရှင်းပြောပါအုန်းမယ်၊ ဥပမာဆိုပါတော့ ကိုယ့် အိမ်ရှေ့တည့်တည့်မှာ ကားကလေးတစ်စင်း ရပ်ထားတယ်၊ ဆလွန်းကား လှလှကလေးပဲ ထားကြပါစို့။ ကိုယ်က အိမ်ထဲမှာ ရှိနေတုန်းကတော့ ဒီကားရှိတာမသိဘူးပေါ့။ အဲဒီအချိန်မှာ ကိုယ်က အိမ်ရှေ့ထွက်ပြီး အမှတ်မထင်ရပ်လိုက် တယ်၊ အဲဒီအခါ ကိုယ့်မျက်နှာနဲ့ ကားကလေးတည့်သွားတော့ ဘွားကလေး “မြင်စိတ်” ကလေးပေါ်လာတယ်။
ကားမြင်တဲ့ စိတ်ကလေး
ဒီ ကားမြင်တဲ့ စိတ်ကလေးဟာ နဂိုက ရှိနေတာလား။ မဟုတ်ဘူး၊ မျက်လုံးအကြည်နဲ့ ကားနဲ့ တည့်သွားလို့သာ ပေါ်လာရတာ၊ ရှင်းကြပလား။ အဲဒါကြောင့် “စက္ခုဉ္စ ပဋိစ္စ ရူပေစ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏံ” စက္ခုံစ၊ မျက်လုံးအကြည်ကို လည်းကောင်း။ ရူပေစ၊ ကားကလေးဆိုတဲ့ ရူပါရုံအဆင်းတို့ကိုလည်းကောင်း။ ပဋိစ္စ၊ အစွဲပြု၍။ စက္ခုဝိညာဏံ၊ ကား မြင်သိစိတ်ကလေးသည်။ ဥပ္ပဇ္ဇတိ၊ ဖြစ်ပေါ်၍လာရချေ၏။ ဘုရားရွှေဉာဏ်တော်နဲ့ အသေအချာဟောခဲ့တာ၊ ရှင်းကြ ပလား။
ဒကာ ဒကာမတွေ အဲဒီကားကလေး ကြည့်ဆဲမှာပဲ ကားက ရုတ်တရက် မောင်းထွက်သွားလို့ မမြင်ရတော့ဘူး။ အဲဒီအချိန်မှာ ကားမြင်စိတ်ကလေး ရှိပါအုန်းမလား။ မရှိတော့ဘူး။ ပျက်သွားပြီ၊ ချုပ်ပျောက်သွားပြီ၊ ကိုင်း-ဒီနေရာမှာ ရှင်းပြီးပြမယ်၊ ဒကာ ဒကာမတို့ ဒီကားမြင်စိတ်ကလေးဟာ ပင်ကိုယ်က ဖြစ်နှင့်တာလား။ မဟုတ်ဘူး။ မျက်လုံးအကြည့်နဲ့ ကားနဲ့တည့်လိုက်လို့ ပေါ်လာတာ၊ သူတို့နှစ်ခုမရှိရင် ပေါ်နိုင်ပါ့မလား။ မပေါ်နိုင်ဘူး။ ဒီတော့ ဒီမြင်စိတ်ဟာ သူတို့နှစ်ခု အကြောင်းက ကျေးဇူးပြုပေးလို့ ပေါ်လာရတာပဲ။
အဲဒီမှာ မျက်လုံးအကြည်နဲ့ ကားကလေးက အကြောင်းတရား၊ မြင်စိတ်ကလေးက အကျိုးတရား၊ ရှင်းပြီနော်။ အခုနင်ကပြောသလို ကားကလေးထွက်သွားတော့ ကားမြင်စိတ်ကလေးဟာလဲ ချုပ်သွားတော့တာပဲ၊ အဲဒါ ကားတည်းဟူ သော “အဆင်း” ချုပ်လို့၊ အကြောင်းမရှိတော့လို့ အကျိုးမြင်စိတ်ကလေးလဲ ချုပ်ရတာပဲ၊ ပေါ်ကြပလား။ အဲဒီတော့ အကြောင်းတရားနှစ်ခုက ပြုပြင်ပေးလို့ အကျိုးမြင်စိတ်ပေါ်တယ်၊ အကြောင်းတစ်ခုခုချုပ်တော့လဲ အကျိုးစိတ်ကလေးပါ ချုပ်ရတာပဲဆိုတာ ရှင်းကြပြီ။
အကြောင်းဖြစ်လို့ အကျိုးဖြစ်တယ်
ဒီနေရာမှာ အကြောင်းဖြစ်လို့ အကျိုးဖြစ်တယ်၊ အကြောင်းချုပ်တော့ အကျိုးလဲချုပ်တာပဲ၊ အကြောင်းမရှိရင် အကျိုးမဖြစ်ဘူး၊ အကြောင်းရှိလို့သာ အကျိုးဖြစ်ရတာ၊ ဒီအကြောင်းတရား၊ အကျိုးတရားတွေဟာလဲ ညီညွတ်တိုက်ဆိုင် ခိုက်မှာ ပေါ်လာပြီး မညီညွတ်တာနဲ့ တပြိုင်နက် ချုပ်ပျက်ကြရတာပဲဆိုတဲ့ အဓိပ္ပါယ်ဟာ ရှင်းလင်းသွားပြီ၊ သဘောပါကြ ရဲ့လား။
ဒီအဓိပ္ပါယ်မှာ အသိဉာဏ်ရှင်းရင် ဒိဋ္ဌိနှစ်ခု သုံးခု ကွာနိုင်ပြီ၊ အကြောင်းဖြစ်လို့ အကျိုးဖြစ်တာပဲ၊ အကြောင်း မဖြစ်ရင် အကျိုးလဲမဖြစ်နိုင်ဘူးလို့သိရင် ဥစ္ဆေဒကွာတယ်၊ အကြောင်းချုပ်တော့ အကျိုးလဲချုပ်တယ်၊ ကြောင်းကျိုးအဆက် ဆက် ဖြစ်ပြီးပျက်နေတာပဲလို့သိရင် သဿတကွာတယ်၊ ဒီအထဲမှာ ပုဂ္ဂိုလ်၊ သတ္တဝါ၊ ငါ၊ သူတပါး၊ ယောက်ျား၊ မိန်းမ မပါ၊ ဓမ္မသဘာဝ အစဉ်တန်းတွေပဲလို့သိရင် အတ္တဒိဋ္ဌိ၊ သက္ကာယဒိဋ္ဌိပါ ကွာတယ်၊ ဒီအသိလေးရလိုက်တာ ဘယ်လောက် များ နေရာကျသွားသလဲ၊ တန်ဖိုးမပြတ်နိုင်ဘူး။
ဖဿ အတွေ့ကြောင့် ဝေဒနာပေါ် လာတယ်
ရှေ့တဆင့်တက်လိုက်ပါအုန်း၊ အခုနပြောသလို ကားဘက်လှည့်လိုက်တော့ ကားမြင်စိတ်ပေါ်တယ်၊ အဲဒီအချိန် မှာ ဖဿပါတပြိုင်နက်ပါတယ်၊ အဲဒီ ဖဿ အတွေ့ကြောင့် “ဟာ-ကားလေးက တယ်လဲလှပါကလား” ဆိုပြီး ဝေဒနာပေါ် လာတယ်၊ ဒီနောက် “ဒီကားမျိုးလိုချင်တယ်၊ ဝယ်အုန်းမှပဲ” ဆိုတော့ တဏှာဖြစ်၊ နောက် “မရလို့တော့မဖြစ်ဘူး၊ ရတဲ့ နည်းနဲ့ဝယ်ရမှာပဲ” ဆိုပြီး ဥပါဒါန်ဖြစ်လာတယ်၊ ရိပ်မိကြရဲ့လား။ ဒါကြောင့် ဘုရားရှင်က-
”စက္ခုံစ ပဋိစ္စ ရူပေစ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏံ၊
တိဏ္ဏံ သင်္ဂတိ ဖဿော၊ ဖဿပစ္စယာ ဝေဒနာ။
ဝေဒနာပစ္စယာ တဏှာ၊ တဏှာပစ္စယာ ဥပါဒါနံ”
လို့ ဟောတော်မူခဲ့တာပဲဆိုတာ ပေါ်ကြပလား။ ဒီဓမ္မသဘာဝဖြစ်စဉ်တွေဟာ ဒကာ ဒကာမတို့ သန္တာန်မှာပဲ နေ့စသ်ဖြစ်နေတာပါ၊ ဒါကိုပဲ အတော်ဖော်ပြောနေရတယ်၊ ဒကာ ဒကာမတွေ ထူချက်၊ အ,ချက်က လွန်လွန်းတယ်ဆိုတာ ရိပ်မိကြရဲ့လား။
အကြောင်းမရှိရင် အကျိုးမပေါ်နိုင်ဘူး
ကိုယ်ဖျင်းတာ၊ ကိုယ်အ,တာ၊ ကိုယ်တိုင် ရိပ်မိကြ၊ မရိပ်မိရင် ငါ့ဟာငါ လူလယ်ထင်ပြီး မစင်နင်းမိတတ်တယ်၊ မစင်ဆိုတာ အပါယ်လေးဘုံကိုပြောတာ၊ ကျေနပ်ပလား။ ကိုင်း-ဝေဒနာတလုံး ရှင်းပြပါအုံးမယ်၊ “ကားကလေး တယ် ကောင်းပါလား၊ တယ်,လှပါလား” ဆိုတဲ့ဟာ ဝေဒနာလုံးကလေးပဲ၊ ဒီဝေဒနာလေးဟာ ဖဿကြောင့် ပေါ်တာဆိုတာလဲ သိကြပြီ၊ ဖဿက အကြောင်း၊ ဝေဒနာက အကျိုး၊ ဖဿက အကြောင်းကြောင့် ဝေဒနာအကျိုးပေါ်တာ၊ အကြောင်းမရှိရင် အကျိုးမပေါ်နိုင်ဘူး၊ ရှင်းသွားပြီနော်။
ဖဿက ဝေဒနာကို ကျေးဇူးပြုပြီးချုပ်တယ်၊ ဖဿဖြစ်တော့ ဝေဒနာလဲဖြစ်၊ ဖဿချုပ်တော့ ဝေဒနာလဲချုပ်တာ ပဲ၊ ဒီဝေဒနာဟာ နဂိုကရှိတာလား၊ မဟုတ်ဘူး။ ဖဿကြောင့် ပေါ်လာတာ၊ ဖဿချုပ်တော့ ဝေဒနာလဲချုပ်တာပဲ၊ ဖဿက အကြောင်း၊ ဝေဒနာက အကျိုး၊ ဖဿပစ္စယာ ဝေဒနာပဲ၊ ဒီတော့ အကြောင်းဖြစ်ရင် အကျိုးဖြစ်တယ်၊ အကြောင်းချုပ်ရင် အကျိုးလဲချုပ်တာပဲ၊ ဒကာ ဒကာမတို့ ဒါကို သိရရင် သဿတနဲ့ ဥစ္ဆေဒ ဒိဋ္ဌိနှစ်ခုစင်သွားပြီ၊ ကျေနပ်ကြပလား။
ပဋိစ္စသမုပ္ပါဒ်မှာ အသိဉာဏ်ရှင်းလင်းသွားရင်
ဒီ ဖဿကလေးဟာ ငါလား၊ မဟုတ်ဘူး၊ ပုဂ္ဂိုလ်လား၊ သတ္တဝါလား၊ ယောက်ျားလား၊ မိန်းမလား၊ မဟုတ်ပါဘူး၊ နာမ်ဓမ္မလေးတစ်ခုပဲ၊ ရှင်းကြပြီနော်၊ ဝေဒနာကော မေးပါအုံး၊ ဝေဒနာလေးဟာ ငါလား၊ သူတပါးလား၊ ယောက်ျား၊ မိန်းမလား၊ ပုဂ္ဂိုလ်သတ္တဝါလား၊ မဟုတ်ပါဘူး၊ ခံစားမှု သဘောသက်သက် နာမ်ဓမ္မလေးတစ်ခုပဲ၊ ကိုင်း-ဒကာ ဒကာမတွေ ဒီအတိုင်း ပဋိစ္စသမုပ္ပါဒ်မှာ အသိဉာဏ်ရှင်းလင်းသွားရင် သက္ကာယဒိဋ္ဌိ၊ အတ္တဒိဋ္ဌိစင်ပြီ။
ဒီဒိဋ္ဌိတွေ ရှင်းပြီးလင်းပြီးမှ ဝိပဿနာအားထုတ်ရင် လျင်လျင်မြန်မြန်နဲ့ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်ကို ရနိုင်တယ်၊ သူတို့တတွေ ခုခံနေရင် အာပေါက်အောင် အားထုတ်ပေမယ့် လမ်းစမမြင်ဘူးဆိုတာ မှတ်လိုက်ကြ၊ သဘောပါကြပလား။ ဒီဟာ လုံလောက်အောင် ရှင်ဆန္နဝတ္ထုသက်သေ သာဓကထုတ်ပြီး ရှင်းပြရမယ်၊ ဒီအဓိပ္ပါယ်ဟာ “ခန္ဓဝဂ္ဂသံယုတ်ပါဠိ တော်” မှာလာတယ်လို့ မှတ်ကြ။
မြင်းမြီးဆွဲမောင်ဆန်ဆိုတာ သူပဲ
ရှင်ဆန္နဆိုတာ ဘုရားဖွားဖက်တော်ပဲ၊ ဒကာ ဒကာမတွေအားလုံး သိပြီးသားဖြစ်တဲ့ မြင်းမြီးဆွဲမောင်ဆန်ဆိုတာ သူပဲ၊ သူက ဖွားဖက်တော်ဆိုတော့ စိတ်ကြီးဝင်နေတယ်၊ ဘုရားရှင်ကလဲ သူ့အဇ္ဈာသယကြည့်ပြီး၊ ဆန္နဟာ ငါရှိနေတုန်း တော့ ကျွတ်မှာမဟုတ်သေးဘူး၊ ငါမရှိတဲ့နောက်မှ စိတ်ဓာတ်ကျပြီး ကျွတ်တမ်းဝင်လိမ့်မယ်လို့ မြင်တော်မူတယ်၊ အဲဒါနဲ့ ဘုရားကလဲ သူချွတ်လဲ ရမှာမဟုတ်သေးဘူး၊ ဆန္နဟာ သူ့သာဝကမဟုတ်ဘူးလို့ သိတော်မူတာနဲ့ မချေချွတ်ခဲ့ဘူးလို့ မှတ်ရမယ်။
ဒါနဲ့ ဘုရားပရိနိဗ္ဗာန် စံတော်မူခါနီးမှာမှ “ရဟန်းတို့ ဆန္နကို ဗြဟ္မဒဏ် ထားရစ်ကြ” ဆိုပြီး မှာတော်မူခဲ့တယ်။ ဗြဟ္မဒဏ် ထားတယ်ဆိုတာ သူ့မာနကျအောင်လို့ အဖက်မလုပ်ဘဲ ကြဉ်ထားရမယ်လို့ ဆိုလိုတာပဲလို့ မှတ်ကြ။ ဆန္နက အခြောက်တိုက် စိတ်ကြီးဝင်နေတာလား။ သူက ပုထုဇဉ်မပျောက်သေးတော့ သာရိပုတ္တရာ၊ မောဂ္ဂလာန်တို့ကို မျက်မုန်း ကျိုးတယ်တဲ့၊ ဒီကိုယ်တော်တွေ အသံ၊ မကြားချင်ဘူးတဲ့။
ဗြဟ္မဒဏ် ထားရစ်ကြလို့ မှာတော်မူခဲ့တာ
ဘုရားက အနုအရင့်ကြည့်ပြီး ငါရှိတုန်းမှာ မကျွတ်ဘူး၊ ဒါကြောင့် ငါ ပရိနိဗ္ဗာန်စံပြီးတဲ့နောက်မှာ ဗြဟ္မဒဏ် ထားရစ်ကြလို့ မှာတော်မူခဲ့တာ၊ အဲဒီကျမှ စိတ်ဓာတ်ကျပြီး ကျွတ်မယ်ဆိုတာ မြင်တော်မူလို့ ဗျာဒိတ်ထားခဲ့တယ်ဆိုတာ မှတ်ကြ၊ ဒီလိုနဲ့ ဘုရားမရှိတဲ့နောက် ရဟန်းတွေက ဗြဟ္မဒဏ်ထားပြီး သူ့ကို အဖက်မလုပ်ကြတော့မှ စိတ်ဓာတ်ကျဆင်းပြီး အားငယ်နေရှာတယ်။
အဲဒီအခါကျတော့မှ ဆန္နက စဉ်းစားတယ်၊ ဘုရားလဲအားကိုးအားထားမရှိတော့ဘူး၊ ငါ့မှာ တရားထူးလဲ မရသေးဘူး၊ ဒီတခါမှ ခက်တော့မှာပဲလို့ စဉ်းစားပြီး တရားဟောမယ့် တရားပြမယ့်ပုဂ္ဂိုလ် ရှာအုန်းမှပဲလို့ အကြံဖြစ်လာ တာနဲ့ ရှင်ဆန္နဟာ ရဟန်းများစွာ သီတင်းသုံးနေကြတဲ့ ဗာရာဏသီပြည် မိဂဒါဝုန်တောကို ရောက်သွားတယ်။
အဲဒီရောက်တော့ ဟိုကျောင်း၊ ဒီကျောင်းဆိုသလို လှည့်လည်ပြီး ရဟန်းတော်တွေဆီမှာ တရားတောင်းပန်တယ် တဲ့၊ “အရှင်ဘုရားတို့ တပည့်တော်ကို ဆုံးမကြပါအုန်း၊ ကံမြစ်ကြပါအုန်း၊ တရားချီးမြှင့်တော်မူကြပါအုံး” ဆိုပြီး တောင်းပန် တော့၊ ရဟန်းတော်တွေက “ရုပ်ဟာ အနိစ္စ,ကွ၊ ဝေဒနာဟာ အနိစ္စ,ကွ စသည်အားဖြင့် အလုံးစုံသော သင်္ခါရတရား မှန်သမျှဟာ အနိစ္စ,တွေကွ၊ အလုံးစုံသော ဓမ္မတွေဟာ အနတ္တ,ကွ” ဆိုပြီး ဆုံးမကြ၊ ဟောပြကြတယ်လို့ မှတ်လိုက်ကြ။
သူက “ဖျတ်ခနဲ” ဆို လန့်သွားတယ်
”ရူပံ ခေါ အာဝုသော ဆန္န အနိစ္စံ၊ ဝေဒနာ အနိစ္စာ၊ သညာ အနိစ္စာ၊ သင်္ခါရာ အနိစ္စာ၊ ဝိညာဏံ အနိစ္စံ၊ ရူပံ အနတ္တာ၊ ဝေဒနာ၊ သညာ၊ သင်္ခါရာ၊ ဝိညာဏံ အနတ္တာ၊ သဗ္ဗေ သင်္ခါရာ အနိစ္စာ၊ သဗ္ဗေ ဓမ္မာ အနတ္တာ” ဘုရား ဒီလို ဟောတယ်ကွဆိုပြီး ဟောကြ၊ ပြောကြ၊ ဆုံးမကြတယ်။
ဒီလို ဟောကြ ပြောကြတော့ ရှင်ဆန္နက “တပည့်တော် ဒီလိုရှုတာပါပဲ၊ ရှုပင်ရှုပေမယ့်လဲ သင်္ခါရတွေ ချုပ်သွား ခန္ဓာချုပ်သွားတဲ့အခါမှာ နိဗ္ဗာန်မပေါ်လာဘူး” တဲ့၊ သူက ခန္ဓာချုပ်သွားရင် နိဗ္ဗာန်ပေါ်ရမှာ မပေါ်လာဘူးတဲ့၊ ရှုတဲ့အခါ တော့ အနိစ္စတွေလဲ မြင်တာပဲ။ ဖြစ်ပျက်အနိစ္စတွေ သူရှုနေပေမယ့် နိဗ္ဗာန်မပေါ်လာဘူးတဲ့၊ ဖြစ်ပျက်အနိစ္စတွေ ချုပ်ဆုံး သွားတော့ သူက “ဖျတ်ခနဲ” ဆို လန့်သွားတယ်-တဲ့။
ဒကာ ဒကာမတွေ ဒီအချက်မှာ အလွန် အရေးကြီးပါတယ်၊ ဒီအလုပ် လုပ်နေတဲ့သူတွေမို့ အထူးသတိထားပြီး နာကြဖို့ မှတ်ယူကြဖို့လိုပါတယ်၊ ကိုယ့်အလုပ်စဉ်မှာ ချို့ယွင်းချက် မရှိစေရအောင် လေးလေးစားစားနဲ့ နာယူကြပါလို့ တိုက်တွန်းလိုက်တယ်၊ ဒကာ ဒကာမတို့ ဆန္နဟာ ဒကာတို့တတွေလို ဖြစ်ပျက်အနိစ္စတွေမြင်ပြီး ဝိပဿနာရှုနေတာပဲ မှန်တယ်၊ ရှုနေတဲ့နှစ်ပေါင်းက ၄၀, ၄၅ နှစ်လောက်တောင် ကြာနေပြီ၊ ရိပ်မိပလား။
ဘာအားကိုးရပါ့မတုန်း ဆိုတဲ့ စိုးရိမ်မှုဝင်လာတယ်
သူက ဝိပဿနာရှုပြီး၊ ဖြစ်ပျက်တွေဟာ ချုပ်ဆုံးသွားတဲ့အခါ ရှိတယ်၊ အဲဒီလို ဖြစ်ပျက်တွေ ဆုံးသွားတဲ့နေရာ နိဗ္ဗာန်မပေါ်လာဘူး၊ ဘာလာတုန်းဆိုတော့ သူ့စိတ်ထဲမှာ “ထိတ်ကနဲ” ဖြစ်ပြီး လန့်လန့်သွားတယ်၊ နောက်ဆက်ပြီး စိုးရိမ်တယ်၊ ငါဘယ်မတုန်း၊ ဘာအားကိုးရပါ့မတုန်း ဆိုတဲ့ စိုးရိမ်မှုဝင်လာတယ်၊ သူက ဘယ်မတုန်း၊ ဘာအားကိုးရ မတုန်း-တဲ့၊ ရှင်းကြပလား။
ဒကာ ဒကာမတို့ သူ့မှာ နှစ်မျိုးလာတယ်၊ “ဖျတ်ကနဲ လန့်လန့်သွားတယ်” အဲဒါကတမျိုး၊ “ဘာ အားကိုးရမလဲ” တဲ့၊ အားကိုးရှာတဲ့ အတ္တဒိဋ္ဌိကတမျိုးနဲ့ ဒီနှစ်မျိုးလာတယ်ဆိုတာ မှတ်ကြ၊ ဒကာ ဒကာမတွေ ရှင်းရဲ့လား။ ဝိပဿနာရှုရင်း က လန့်လာတယ်၊ နောက် ဘာ အားကိုးရမတုန်းဆိုတာ တမျိုး၊ ဝိပဿနာရှုတိုင်း ဒီနှစ်မျိုးလာတယ်ဆိုတာ မှတ်မိကြ ပလား။
ဆန္နက “ဒီကိုယ်တော်တွေ ဟောတဲ့အတိုင်း၊ အရင်ကလဲ အားထုတ်တာပဲ၊ အခုလဲ ဒီအတိုင်း ကြိုးစားကြည့်ပေ မယ့် နိဗ္ဗာန်မမြင်ရဘူး” ဒီတော့ ဒီကိုယ်တော်တွေနဲ့တော့ ဟန်မကျသေးပါဘူးတဲ့၊ ငါ့ကို တကယ်ကူညီနိုင်တဲ့ တကယ် အားကိုးရမယ့်ပုဂ္ဂိုလ် ရှာအုန်းမှဖြစ်တော့မယ်” ဆိုပြီး စဉ်းစားခန်း ထုတ်တော့တာပေါ့၊ ဒကာ ဒကာမတွေ သဘောပါကြရဲ့ လား။
ဝိပဿနာအခြေမပါတော့ ရှုနည်းမမှန်လို့ပဲ
ဒကာ ဒကာမတွေ ဒီလိုဖြစ်ရတာ ဘာကြောင့်လဲ။ ရိပ်မိကြရဲ့လား၊ ဝိပဿနာ အခြေမပါလို့ပဲဆိုတာ မှတ်ကြ၊ ဝိပဿနာအခြေမပါတော့ ရှုနည်းမမှန်လို့ပဲဆိုတာမှတ်ကြ။ ဝိပဿနာအခြေမပါတော့ ရှုနည်းမမှန်လို့ပဲဆိုတာ သိကြရ မယ်၊ ဆန္နဟာ အနိစ္စ ဒုက္ခ, အနတ္တတွေတော့ မြင်ပါရဲ့၊ ဒါပေမယ့် ရှုနည်းကမမှန်ဘူး၊ ရှုနည်းမမှန်လို့ လန့်တာရယ်၊ အားကိုးရှာတာရယ်၊ ပေါ်လာရတယ်ဆိုတာ မှတ်လိုက်ကြ၊ ရှင်းကြပလား။
ရှင်ဆန္နက ဒီကိုယ်တော်တွေဟောတာ နေရာမကျဘူးတဲ့၊ သူက စွဲချက်တင်လိုက်သေးတယ်၊ ဘာကြောင့်လဲဆို တော့ နိဗ္ဗာန်မပေါ်လာလို့ပဲတဲ့၊ စဉ်းစားကြ၊ ကျွတ်တမ်းဝင်မယ့်သူ ဖြစ်ပေမယ့် ဒိဋ္ဌိမပြုတ်ဘူး၊ ဒိဋ္ဌိက သူ့မှာရှိနေတယ်၊ ဒိဋ္ဌိအယူရှိနေတာ ပဋိစ္စသမုပ္ပါဒ် နားမလည်လို့၊ ပဋိစ္စသမုပ္ပါဒ် နားမရှင်းလို့ပဲဆိုတာ မှတ်ကြ၊ ရိပ်မိကြပလား။ ပဋိစ္စ သမုပ္ပါဒ် နားမလည်ရင် ဒိဋ္ဌိဘယ်တော့မှ မကွာဘူးဆိုတဲ့အချက် မြဲမြဲမှတ်ထားကြ။
ဆရာထူးနဲ့ ကြုံကြရတာပါ
ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ ဘုန်းထူး၊ ကံထူးရှိကြလို့၊ ဘုန်းရှိ၊ ကံရှိသူတွေမို့ နည်းလမ်းညွှန်ပြပေးမယ့် ဆရာထူးနဲ့ ကြုံကြရတာပါ၊ ကြုံကြိုက်တဲ့အခိုက်ကလေးမှာာ ယူထိုက်အောင် ယူလိုက်ကြ၊ နောက်ဆိုတဲ့စကား မသုံးကြနဲ့၊ မလွယ်ကြတော့ဘူး၊ ပေးထိုက်လို့ပေးရင် ယူထိုက်အောင် ယူကြရမယ်၊ ရိပ်မိကြရဲ့လား။ ရှင်ဆန္နဟာ သူ့ခန္ဓာ့ပဋိစ္စသမုပ္ပါဒ် သူနားမလည်လို့ ချာချာလည်နေတာပဲ။
ဒီတော့ ဆရာကောင်း၊ သမားကောင်းရဖို့ ကြုံတွေ့ဖို့ အခွင့်အရေးဟာ လွယ်ကူတဲ့အခွင့်အရေး မဟုတ်ပါဘူး။ ဒါကြောင့် ဘုရားရှင်ကလဲ “ယထာဘူတံ ဉာဏယ သတ္ထာ ပရိယေသိတဗ္ဗော” ဟုတ်တိုင်းမှန်စွာ သိတတ်တဲ့ဉာဏ်ရဖို့ ဟောပြောပြသတတ်တဲ့ ဆရာကောင်းကို ရှာကြရမယ်ဆိုတဲ့စကားတော်ကို အကြိမ်ပေါင်းများစွာ အထပ်ထပ်မှာတော်မူခဲ့ တာပဲဆိုတာမှတ်ကြ၊ ဒကာ ဒကာမတွေ သဘောပါရဲ့လား၊ အခုအခါမှာ အင်မတန် ကြုံကြိုက်ခဲတဲ့ အခွင့်အရေးမျိုး ရနေကြတဲ့အချိန်မို့ ပြင်သင့်တာပြင်၊ ဆင်သင့်တာဆင်ကြရမယ်၊ ခုနှယ်မှမပြင်ရင် သွားပြီလို့သာ မှတ်လိုက်ကြတော့။
ပါရမီဖြည့်ဘက်ဖြစ်ပေမယ့်
ရှင်ဆန္နဟာ ပါရမီဖြည့်ဘက်ဖြစ်ပေမယ့် သူ့အတွက် အဲဒီအချိန်မှာ လျှော်နေတာဘာလို့လဲ။ ရိပ်မိကြရဲ့လား။ ပြင်ပေးဆင်ပေးမယ့် ဆရာကောင်း မရရှာသေးလို့ပဲဆိုတာ မှတ်ကြ၊ ရှင်ဆန္နဟာ ရဟန္တာတွေဟောတဲ့အတိုင်း ဖြစ်ပျက် လဲအားထုတ်တယ်၊ အားထုတ်တုန်းမှာ ဖြစ်ပျက်တွေ “ဖျတ်ကနဲ” ဆို ပြတ်သွားတော့၊ ချောက်ထဲကျသလို ဖြစ်လိုက်တာနဲ့ ဘာအားကိုးရမတုန်းနဲ့ ဖြစ်ဖြစ်နေတယ်၊ နိဗ္ဗာန်မပေါ်လာဘူး၊ ဝိပဿနာအားထုတ်ရက်နဲ့ နိဗ္ဗာန်မရတာဟာ ချို့ယွင်းချက် ရှိလို့ပဲ။
အဲဒီလိုဖြစ်ရတာဟာ ခန္ဓာ့ပဋိစ္စသမုပ္ပါဒ် မလေ့လာမှု၊ အတ္တဒိဋ္ဌိမဖြုတ်မှုကြောင့်ပဲဆိုတာ မှတ်လိုက်ကြ၊ ခန္ဓာ့ ပဋိစ္စသမုပ္ပါဒ် မရှင်းလင်းဘဲ၊ အတ္တဒိဋ္ဌိဖြုတ်မှုကို အရင်မလုပ်ဘဲ ဝိပဿနာအလုပ် သေအောင်အားထုတ်ပေမယ့် မဂ်, ဖိုလ်မရနိုင်ဘူးလို့သာ မှတ်ကြတော့၊ ဘာကြောင့် မရတာလဲဆိုတော့ အစဉ်ပျက်နေလို့ပဲ၊ အစဉ်ပျက်နေလို့မရတာ။ မနေ့ကပြောခဲ့တဲ့အတိုင်း သိမှုကပထမ၊ ပွားမှုကဒုတိယ၊ ပယ်မှုက တတိယဆိုတဲ့အစဉ် ပျက်နေလို့ပဲ၊ ပေါ်ကြပလား။
ဆရာရှာထွက်ရတယ်
ရှင်ဆန္နဟာ အားထုတ်လို့ မရနိုင်တော့ စိတ်ပျက်ပြီး ဒီကိုယ်တော်တွေနဲ့တော့ ခဲယဉ်းသေးတယ်၊ သူတို့ထက် သာတဲ့ဆရာ ရှာအုံးမှပဲ၊ ဒီတိုင်းနေလို့တော့ ဟန်မကျသေးဘူးဆိုပြီး ဆရာရှာထွက်ရတယ်၊ ဒကာ ဒကာမတွေ စဉ်းစား ကြည့်ကြ၊ ဆန္နဟာ ကျွတ်တမ်းဝင်မယ့်ဘဝပါလား၊ ဒီကျွတ်တမ်းဝင်မယ့် ဘဝမှာတောင် ဆရာကောင်း ရှာရသေးတယ်၊ ခုအခါမျိုးမှာဆိုရင် ပြောစရာတောင်မရှိတော့ဘူး၊ ဒကာ ဒကာမတွေ ရိပ်မိကြပလား။
ဒါနဲ့ အဲဒီရှင်ဆန္နဟာ ဆရာရှာဖို့ စဉ်းစားခန်းဝင်လိုက်တယ် ဆိုပါတော့၊ အဲဒီမှာ သူ့စိတ်ထဲ အရှင်အာနန္ဒာ သွားတွေ့တယ်၊ “ရှင်အာနန္ဒာဟာ ငါနဲ့ဖွားဖက်လဲဖြစ်တယ်၊ ဘုရားက ချီးမွမ်းခံရတဲ့ ပုဂ္ဂိုလ်လဲဖြစ်တယ်၊ ငါနဲ့ ချစ်ခင်ရင်းနှီး သူလဲမှန်တယ်၊ သနားကြင်နာတတ်တဲ့ စိတ်သဘောလဲရှိတယ်၊ ရှင်အာနန္ဒာဆီသွားမှ တော်တော့မယ်” လို့ စိတ်ကူးပြီး ရှင်အာနန္ဒာနေတဲ့ ကောသမ္ဘီပြည်၊ ဃောသိတာရုံကျောင်းကို လိုက်သွားတယ်။
ကောသမ္ဘီပြည်ရောက်လို့ ရှင်အာနန္ဒာနဲ့ တွေ့တယ်ဆိုရင်ပဲ အကြောင်းစုံ ပြန်ပြောင်းလျှောက်ထားတယ်တဲ့၊ “တပည့်တော် ဟိုမှာနေစဉ်တုန်းက ရဟန်းတော်တွေကို တရားဟောဖို့ တရားပြဖို့ တောင်းပန်တဲ့အခါ ဟောပြောပြသကြ လို့ အဲဒီအတိုင်း ကြိုးစားအားထုတ်ပါတယ်၊ အားထုတ်ပေမယ့် နိဗ္ဗာန်မရဘူး” ဆိုပြီး ဖြစ်တဲ့ပျက်တဲ့ အကျိုးအကြောင်းတွေ ကို စုံလင်အောင် လျှောက်ထားတယ်၊ ဒီလိုလျှောက်ထားပြီးမှ “အရှင်ဘုရားဟာ တပည့်တော်ရဲ့ ကယ်တင်ရှင်ဖြစ်တော်မူ ပါ၊ အရှင့်ထံ အားကိုးကြီးတစ်ခုနဲ့ လာခဲ့ရခြင်းဖြစ်ပါတယ်” ဆိုတဲ့အကြောင်းနဲ့ လျှောက်ထားတောင်းပန်လိုက်တယ်။
ပဋိစ္စသမုပ္ပါဒ် နားမလည်ရှာလို့ ဒိဋ္ဌိမကွာလို့ဘဲ
ဒီကျတော့မှ ရှင်အာနန္ဒာက အားပေးစကားကို ပြောကြားလိုက်တယ်၊ “ဘာမှမပူပန်နဲ့၊ မစိုးရိမ်နဲ့၊ နိဗ္ဗာန်မြင် အောင် ကူညီပေးမယ်၊ စိတ်သာချနေပါ” စသည်ဖြင့် အားပေးလိုက်တော့ ရှင်ဆန္နလဲ အင်မတန် ဝမ်းမြောက်ဝမ်းသာဖြစ် ပြီး အားတက်သွားတယ်တဲ့၊ ဒါနဲ့ ရှင်အာနန္ဒာက ရှင်ဆန္နပြောပြတဲ့ အချက်အလက်တွေကို ချိန်ထိုးပြီး စဉ်းစားကြည့်လိုက် တယ်၊ ဒီလိုကြည့်လိုက်တော့ “ဪ-ပဋိစ္စသမုပ္ပါဒ် နားမလည်ရှာလို့ ဒိဋ္ဌိမကွာလို့ဘဲ” ဆိုတာ ပေါ်လာတယ်။
”ရှင်ဆန္နဟာ ပဋိစ္စသမုပ္ပါဒ် နားမလည်ဘဲ အားနည်းတဲ့ ဝိပဿနာနဲ့ အားထုတ်နေလို့ မရတာဘဲ၊ သူ့ခမြာ ဒိဋ္ဌိမပြုတ်လို့ အားနည်းတဲ့ ဝိပဿနာဖြစ်နေတယ်၊ သူ့ခန္ဓာ့ပဋိစ္စသမုပ္ပါဒ် နားမလည်လို့ ဒိဋ္ဌိမပြုတ်ရှာဘူး၊ ဒိဋ္ဌိမပြုတ်ဘဲ ရှုနေလို့ အားနည်းတဲ့ ဝိပဿနာ ဒုဗ္ဗလ ဝိပဿနာဖြစ်လိုသာ ဒီလိုဖြစ်နေရတာပဲ” ဆိုတဲ့အကြောင်း ရှင်အာနန္ဒာက သိတော်မူတယ်လို့ မှတ်ကြ။
ဖိုကနဲဖြစ်တာဟာ ဒီဒိဋ္ဌိပဲ
”ရှင်ဆန္နဟာ ဥစ္ဆေဒဒိဋ္ဌိဖြစ်,ဖြစ်သွားတာပဲ၊ ဥစ္ဆေဒဒိဋ္ဌိဖြစ်လို့ “ဘာအားကိုးရမလဲ” ဆိုတဲ့ အလုံးလာတာပဲ၊ အားကိုးရာသစ်ကိုင်းကျိုးသွားသလို ဖိုကနဲဖြစ်တာဟာ ဒီဒိဋ္ဌိပဲ၊ ဒီဒိဋ္ဌိကရှိနေတော့ အတ္တဒိဋ္ဌိကလဲ မကွာဘူး၊ ဒါကြောင့် လန့်မှုနဲ့ အားကိုးရှာမှု နှစ်ခုလာတာပဲ” လို့ ရှင်အာနန္ဒာက တွေးချပြီး ဆုံးဖြတ်လိုက်တယ်၊ ဒကာ ဒကာမတွေ သဘောပါကြ ရဲ့လား။
ဒီအကြောင်းတွေ သိရတော့ ဖြစ်ပျက်မြင်တိုင်းလဲ နိဗ္ဗာန်မရဘူးဆိုတဲ့အချက် ပေါ်ကြပလား။ ဖြစ်ပျက်တွေ ဖြိုင်ဖြိုင်ကြီး ပေါ်နေပေမယ့် ပဋိစ္စသမုပ္ပါဒ် နားမလည်လို့ ဒိဋ္ဌိမကွာရင် အားထုတ်ပေမယ့် နိဗ္ဗာန်မရဘူး၊ ပဋိစ္စသမုပ္ပါဒ် နားလည်ပြီး ဒိဋ္ဌိခွါပြီး အားထုတ်မှသာ နိဗ္ဗာန်ရမယ်ဆိုတာ မြဲမြဲစွဲစွဲမှတ်ကြ။ ရှင်ဆန္ဒဟာ ဘုရားဖြစ်ပြီး မကြာခင်မှာပဲ ရဟန်းဖြစ်တယ်၊ ရဟန်းဖြစ်တဲ့ အချိန်ကစပြီး ဝိပဿနာ ဖြစ်ပျက်ရှုနေတာပဲ၊ နောက် ဘုရားပရိနိဗ္ဗာန်ပြုသွားပေမယ့်လဲ နိဗ္ဗာန်မရသေးဘူး။
ဒကာ ဒကာမတွေ စဉ်းစားကြည့်ကြ၊ အချိန်ဘယ်လောက်ကြာသလဲ၊ ၄၀ကျော် ၄၅လောက်ထိ တရားအားထုတ် နေတာ နိဗ္ဗာန်မရဘူး၊ နိဗ္ဗာန်မရတာ ဘာကြောင့်လဲ၊ ချို့ယွင်းချက် ရှိနေလို့ပဲဆိုတာ ဆုံးဖြတ်ချက်ချကြ၊ ဒီ-ချို့ယွင်းချက်ကို ဘုန်းကြီးက ရှင်းပြထားလို့ ဒကာ ဒကာမတွေ ရိပ်မိကြပြီ၊ သဘောပေါက်ကြပြီ၊ ရိပ်မိကြပလား။
အားနည်းတဲ့ ဝိပဿနာနဲ့ရှုနေရင်
အားနည်းတဲ့ ဝိပဿနာနဲ့ ရှုနေလို့ပဲဆိုတာ သိကြရပြီ၊ အားနည်းတဲ့ ဝိပဿနာနဲ့ရှုနေရင် အပျက်မြင်တာနဲ့ ချောက်ထဲကျသလိုဖြစ်သွားတတ်တယ်၊ နောက် ဘာအားကိုးရမလဲဆိုတာ လာတယ်။ ရှင်းကြရဲ့လား။ ဒါကြောင့် ဝိပဿနာ နောက်ထား ပဋိစ္စသမုပ္ပါဒ်ရှင်းမှု၊ ဒိဋ္ဌိခွါမှုရှေ့ထား၊ ပဋိစ္စသမုပ္ပါဒ်ရှင်းမှုနဲ့ အတ္တဒိဋ္ဌိခွါမှု အရင်လုပ်ပြီးမှ ဝိပဿနာရှုရမယ်၊ ဒိဋ္ဌိခွါမှုက အရင်၊ ဝိပဿနာရှုမှုက နောက်၊ ရှေ့အလုပ် နောက်အလုပ် အစဉ်မလွဲဖို့ အရေးကြီးပါတယ်။
ဒါနဲ့ ရှင်ဆန္နအကြောင်း ဆက်ပြောရမယ်။ နောက် အရှင်အာနန္ဒာက ပိဋကတ်သုံးပုံထဲမှာ ရှင်ဆန္နနဲ့တော်မယ့် တရားကို ရွေးရှာကြည့်လိုက်တယ်၊ ရှင်ဆန္နဟာ သဿတဥစ္ဆေဒဖြုတ်တဲ့တရားနဲ့မှ တော်မယ်၊ သဿတဥစ္ဆေဒပြုတ် အောင် ဘုရားဟောခဲ့တဲ့ တရားဟာ ဘယ်တရားလဲဆိုပြီး ရှာဖွေကြည့်လိုက်တော့ ကစ္စာနအနွယ်ဖြစ်တဲ့ ရဟန်းတစ်ပါးကို ဟောခဲ့တဲ့တရားကို သွားတွေ့တယ်တဲ့။
အဲဒီတရားတွေ့တော့မှ “အင်း-ရှင်ဆန္နကို ဒီတရားဟောပြမှပဲ၊ ဒီတရားနဲ့ပဲတော်တယ်” လို့ ဆုံးဖြတ်ပြီး အဲဒီတရားကိုပဲ ဟောပြလိုက်တယ်လို့ မှတ်ကြ၊ ဒကာ ဒကာမတို့ အခု အရှင်အာနန္ဒာက ရှင်ဆန္နကို ဟောတာ ဝိပဿနာ မဟုတ်သေးဘူးဆိုတာ မှတ်ရမယ်၊ သက္ကာယပြုတ်ဖို့ သဿတ၊ ဥစ္ဆေဒ၊ အတ္တဒိဋ္ဌိပြုတ်ဖို့ ဒိဋ္ဌိဖြုတ်တရားကိုဟောတာ၊ ဝိပဿနာမဟောသေးဘူး၊ သဘောပါကြရဲ့လား။
ဒိဋ္ဌိဖြုတ်တဲ့နည်းက ပဋိစ္စသမုပ္ပါဒ်
ဒီနေရာမှာ ဒကာ၊ ဒကာမတွေအတွက် ပိုပြီးရှင်းလင်းအောင် ဘုန်းကြီးက ချဲ့ထွင်ပြီး ပြောလိမ့်မယ်ဆိုတာ မှတ်ကြ။ ဒကာ ဒကာမတွေ နားလည်တဲ့နည်းနဲ့ အရေလည်အောင် ရှင်းပြမယ်၊ ဒိဋ္ဌိဖြုတ်တဲ့နည်းက ပဋိစ္စသမုပ္ပါဒ်ရှင်းပြော ရမယ်၊ များများမလိုပါဘူး၊ “ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ တဏှာ၊ ဥပါဒါန်၊ ကံ” ဒီရှစ်မျိုးကိုပဲ သိရမယ်။
ဒီရှစ်မျိုးက ဒီဘဝ လက်ရှိဖြစ်စဉ်ပဲဆိုတာ မှတ်ကြ။ ဝိညာဏ်ကို ပဝတ္တိဝိညာဏ်က စရမယ်၊ ပဋိသန္ဓေဝိညာဏ် ကို မယူရဘူး၊ ပဝတ္တိ ဝိညာဏ်ကစပြီး ကမ္မဘဝအထိ ရှစ်မျိုးကိုယူ၊ ဒကာ ဒကာမတွေ ယူတတ်ကြပလား၊ ဒီရှစ်မျိုးက အခုပစ္စုပ္ပန်ဘဝမှာ ဖြစ်ပေါ်နေတဲ့ ရှစ်မျိုးပဲဆိုတာ မှတ်ကြ၊ ရှင်းကြရဲ့လား။
ဝိညာဏ်ကစ,ပြီး၊ ဝိညာဏ်ကြောင့် နာမ်ရုပ်ဖြစ်တယ်၊ နာမ်ရုပ်ကြောင့် သဠာယတနဖြစ်တယ်၊ သဠာယတန ကြောင့် ဖဿဖြစ်တယ်၊ ဖဿကြောင့် ဝေဒနာဖြစ်တယ်၊ ဝေဒနာကြောင့် တဏှာဖြစ်တယ်၊ တဏှာကြောင့် ဥပါဒါန်ဖြစ် တယ်၊ ဥပါဒါန်ကြောင့် ကမ္မဘဝဆိုတဲ့ ကံဖြစ်တယ်၊ ဒီဖြစ်စဉ်ကိုလဲ အကြမ်းဖျဉ်းမှတ်မိအောင် မှတ်ထားကြ၊ ရိပ်မိကြ ပလား။
ဒီတရားတွေဟာ အဖြစ်ရှိရင် အချုပ်ရှိတယ်ဆိုတာကိုလဲ သိရမယ်၊ ဝိညာဏ်ချုပ်ရင် နာမ်ရုပ်ချုပ်တယ်၊ ဒီနည်းအတိုင်း ရှေ့ကတရားတခုခုချုပ်ရင် နောက်က တရားတွေလဲ ချုပ်တယ်ဆိုတာ မှတ်ကြရမယ်၊ ဓမ္မတခုချုပ်ရင် နောက်ဓမ္မလဲချုပ်တယ်၊ ဓမ္မတခုဖြစ်ရင် နောက်ဓမ္မတခုလဲဖြစ်တယ်၊ ရှေ့ဓမ္မမဖြစ်ခင် နောက်ဓမ္မလဲ မဖြစ်ပေါ်ဘူးဆိုတဲ့ အချက်ကို မှတ်ထားလိုက်ကြ။
ဝေဒနာနဲ့ တဏှာ နှစ်ခုထဲကို ပြောမယ်
အခု ဒီနေ့တရားမှာ ဒကာ ဒကာမတို့အတွက် ဝေဒနာနဲ့ တဏှာ နှစ်ခုထဲကို ပြောမယ်၊ ရိပ်မိကြပလား။ အခု ဘုန်းကြီးကမေးမယ်၊ ဒကာ ဒကာမတို့ သန္တာန်မှာ ခန္ဓာဘယ်နှစ်ခုရှိသလဲ။ ရုပ်ခန္ဓာ၊ ဝေဒနာခန္ဓာ၊ သညာခန္ဓာ၊ သင်္ခါရ ခန္ဓာ၊ ဝိညာဏ်ခန္ဓာလို့ ငါးခုရှိတယ်ဆိုတာ သိပြီးသားပဲ၊ ဒီထဲက ကျန်လေးပါးကို ချန်ပြီးဝေဒနာခန္ဓာ တခုထဲကြည့်ပါ၊ ဝေဒနာခန္ဓာဆိုတာ ဝေဒနာအစုပဲ သဘောပါကြပလား။
ဝေဒနာကလဲ ဘယ်နှစ်မျိုးစုနေသလဲ။ ဒီနေရာမှာ အမှတ်ရလွယ်အောင် ဝေဒနာသုံးမျိုးပဲ မှတ်ထား၊ သုံးမျိုးက ကောင်းတာခံစားတဲ့ သုခဝေဒနာတစ်မျိုး၊ မကောင်းတာခံစားတဲ့ ဒုက္ခဝေဒနာတမျိုး၊ အသင့်အတင့် အမှတ်မထင်ခံစားတဲ့ ဥပေက္ခာဝေဒနာတမျိုးလို့ သုံးမျိုးပဲမှတ်ကြ၊ ဒီဝေဒနာသုံးပါးဟာ ဒကာ ဒကာမတို့သန္တာန်မှာ လှည့်ပြီးဖြစ်ပျက်နေကြတယ်၊ တခုမရှိ တခုရှိ၊ တခုခုကတော့ ရှိနေမှာပဲ သဘောပါကြပလား။
“ကောင်းတယ်” ဆိုတဲ့ ဝေဒနာကလေး
ဥပမာ အစားကလေးတခု စားလိုက်တယ်၊ စားလိုက်တော့ ဖဿဖြစ်တယ်၊ ဖဿဖြစ်တော့ ဖဿပစ္စယာ “ကောင်းတယ်” ဆိုတဲ့ ဝေဒနာကလေး ပေါ်လာတယ်၊ စားလိုက်တဲ့ အခိုက်ကလေးမှာ ဖဿဖြစ်တယ်၊ စားလို့ကောင်း တယ်ဆိုတော့ ဖဿချုပ်ပြီး ဝေဒနာပေါ်တာပဲ၊ စားခိုက်မှာ ဖဿနဲ့ အသက်ရှင်ရတယ်၊ ဖဿချုပ်သွားတော့ ဝေဒနာ ကလေးနဲ့ အသက်ရှင်ရတယ်၊ ရှင်းကြပလား။
ဒကာ ဒကာမတို့ သဘောပါရဲ့လား၊ စာလို့ကောင်းတယ်ဆိုတဲ့အခိုက်မှာ ဘာနဲ့ အသက်ရှင်နေသလဲ၊ သုခဝေဒနာ နဲ့ ရှင်နေတယ်၊ နောက်ဆက်ပြီး ဒီဟာမျိုး ဝယ်အုံးမှပဲ ဝယ်ချင်တယ်ဆိုတော့ သုခဝေဒနာလေးချုပ်သွားပြီး တဏှာပေါ် လာတယ်၊ အဲဒါ သုခဝေဒနာပစ္စယာ တဏှာပဲ ရိပ်မိကြရဲ့လား။ ဝေဒနာချုပ်တော့ တဏှာပေါ်တယ်၊ အရင်က ဝေဒနာနဲ့ အသက်ရှင်တယ်၊ အခု တဏှာနဲ့ အသက်ရှင်နေရတယ်၊ ရှင်းကြရဲ့မို့လား။
ဒကာ ဒကာမတွေ ရှင်းလွယ်အောင်ဟာ ဒီနှစ်ခုပဲ ကြည့်ထားပါ၊ ဒကာ ဒကာမတို့သန္တာန်မှာ ဝေဒနာအမြဲရှိနေ တယ်၊ ဘယ်အချိန်မှာမဆို ဝေဒနာက္ခန္ဓာနဲ့ အသက်ရှင်နေတယ်ဆိုတာ မှတ်ကြ၊ နေလို့ကောင်းတယ်ဆိုတော့ သုခဝေဒနာနဲ့ အသက်ရှင်နေရတယ်၊ နေလို့မကောင်းဘူးဆိုတော့ ဒုက္ခဝေဒနာနဲ့ အသက်ရှင်နေရတယ်၊ နေလို့ အသင့်အတင့်ရှိပါရဲ့ဆို တော့ ဥပေက္ခာဝေဒနာနဲ့ ရှင်ရတာပဲ သဘောပါကြရဲ့လား။
ဝေဒနာကင်းတဲ့အချိန် ဘယ်အချိန်ရှိသလဲ
အဲဒီတော့ ဒကာတို့မှာ ဝေဒနာကင်းတဲ့အချိန် ဘယ်အချိန်ရှိသလဲ၊ မရှိပါဘူး၊ ဝေဒနာသုံးမျိုးဟာ တခုမရှိ တခုခုတော့ ရှိနေတာပဲ၊ ဉာဏ်နားနဲ့ စဉ်းစဉ်းစားစား ထောင်ကြပါ၊ အမှန်အကန် သိစေချင်၊ မြင်စေချင်လို့ ရှင်းပြီး အသေအချာပြောပြနေတယ်၊ သာမညကလေးလို့များ မမှတ်လိုက်ကြပါနဲ့၊ ဒီတရားမျိုး ဒီနားမျိုး အလွန်ကြုံကြိုက်ခဲပါ တယ်၊ လေးလေးစားစားနာယူဖို့ အထူးပဲ တိုက်တွန်းလိုက်ပါတယ်။
ဒကာတို့ကို မေးတယ်ဆိုပါတော့ “ဘယ့်နှယ်တုန်း၊ နေလို့ထိုင်လို့ ကောင်းပါရဲ့လား” လို့ မေးလိုက်တဲ့အခါ “အင်း-နေကောင်းပါတယ်” တဲ့၊ တခါတလေတော့လဲ “အသင့်အတင့်ရှိပါရဲ့ဗျာ” တဲ့၊ တခါတလေကျပြန်တော့ “နေလို့ မကောင်းဘူး၊ ခုတမျိုး၊ ခုတမျိုးဖြစ်နေတယ်” နဲ့ အသံကြားရတယ်၊ အဲဒါ ဝေဒနာကထွက်တဲ့ အသံချည်းပဲဆိုတာ မှတ်ကြ၊ မေးလိုက်တိုင်းဟာ ဒီအသံသုံးမျိုး တမျိုးမျိုးတော့ လာမှာဧကန်ပဲ၊ ရိပ်မိကြပလား။
ဒါကြောင့် ဝေဒနာကင်းတဲ့အချိန်မရှိ၊ အချိန်ရှိသမျှ ဝေဒနာက္ခန္ဓာနဲ့ အသက်ရှင်နေရတယ်ဆိုတာ ပေါ်ကြပလား။ ဒကာ ဒကာမတို့တတွေဟာ ဝေဒနာက္ခန္ဓာနဲ့ လူလုပ်နေရတာပဲလို့ဆိုရင် မမှားပါဘူး၊ ဒကာတို့မှာ တခါတရံ ပြုံးနေတဲ့အခါ ရှိတယ်၊ အဲဒါ သုခဝေဒနာနဲ့ အသက်ရှင်နေတာ၊ တခါတလေတော့မဲ့ပြီး၊ ဒုက္ခဝေဒနာနဲ့ အသက်ရှင်နေရတယ်၊ ပြုံးတာ မဲ့တာ မလာတော့ တွေဝေပြီး ဥပေက္ခာဝေဒနာနဲ့ ရှင်နေရတာပဲရှိတယ်။
ဝေဒနာသုံးပါးနဲ့လှည့်ပြီး အသက်ရှင်နေကြရတယ်
ဒီဝေဒနာသုံးပါးနဲ့လှည့်ပြီး အသက်ရှင်နေကြရတယ်၊ တချို့တွေများ ကိုယ့်စိတ်ကူးကလေးနဲ့ ဝမ်းသာပြီးပြုံးလို့၊ အဲဒီလိုပြုံးနေဆဲမှာပဲ ဆွေမျိုးရင်းချာထဲက “ဘယ်မြို့က ဘယ်သူမမာလို့တဲ့၊ အသည်းအသန်ဖြစ်နေသတဲ့” ဆိုပြီး ကြေးနန်းစာ လာလိုက်တယ်ဆိုရင်ပဲ ပြုံးရင်းကနေပြီး ဖျတ်ဆိုမဲ့သွားတယ်၊ အဲဒါ ပြုံးနေဆဲမှာ ဝေဒနာတခုနဲ့ အသက်ရှင် ရပြီး အပြုံးဝေဒနာချုပ်တော့ အမဲ့ဝေဒနာနဲ့ အသက်ရှင်ရတာပဲ။
ဒကာတို့ဟာ ဝေဒနာတခုခုစီရဲ့ အသက်ပဲရှိပါတယ်၊ ဒကာတို့က အသက်ရှည်ချင်သတဲ့၊ ဒကာတို့အသက်ဟာ ရှည်သလား၊ တိုသလားမေးရင် ဘယ့်နှယ်ဖြေကြမတုန်း၊ ဒီမှာကြည့်ပါလား။ ဖျတ်ဆိုဖြစ်ပြီး ဖျတ်ဆိုပျက်သွားတဲ့ ဝေဒနာ တခုရဲ့အသက်ပဲရှိပါတယ်၊ ဘယ့်နှယ်များ ကြံကြမတုန်း။ ဒကာတို့က အသက်ရှည်ရှည် နေချင်ကြတာနဲ့ဆိုတော့ ခက်ကုန် ကြပြီကောလို့ ရိပ်မိကြပြီလား။
ဒကာ ဒကာမတို့ “စားလို့ကောင်းတယ်” ဆိုတဲ့စကားကို သေသေချာချာစဉ်းစားပါ။ အဲဒီအထဲမှာ စကားနှစ်လုံး ပါနေတယ်၊ စားလို့ဆိုတာ စကားတလုံး၊ ကောင်းတယ်ဆိုတာ စကားတလုံး၊ အဓိပ္ပါယ်ကို ကျကျနန စဉ်းစားရင် စားလို့ကောင်းတယ်ဆိုတာဟာ စားလို့ကောင်းတာပဲ၊ မစားရင်မကောင်းဘူးဆိုတာ ထင်ရှားတယ်၊ စားကြည့်လို့သာ ကောင်းတာသိတာ၊ စားမကြည့်ရင် ကောင်းတယ်ဆိုတာ မလာနိုင်ဘူး၊ ရှင်းပလား။
“ကောင်းတယ်” ဆိုတာက ဝေဒနာ
အဲဒီတော့ “စားလို့” ဆိုတာ “ဖဿ” သဘော၊ “ကောင်းတယ်” ဆိုတာက “ဝေဒနာသဘော” ထင်ရှားပလား၊ စားလို့သာကောင်းတယ်ဆိုတဲ့ အလုံးလာတာ၊ မစားရင်ကောင်းတယ် ဆိုတဲ့သဘော မလာနိုင်ဘူး၊ ဒါကြောင့် “စားလို့” ခေါ်တဲ့ ဖဿကြောင့် “ကောင်းတယ်” ဆိုတဲ့ ဝေဒနာဖြစ်ရတာပဲဆိုတာ ရိပ်မိပလား။ ကောင်းတယ်ဆိုပြီး နောက်က “ဒီဟာမျိုး ကြိုက်တယ်” ဆိုတဲ့ သဘောလာတယ်၊ အဲဒါလေးက တဏှာပဲ၊ ရှင်းပလား။
”ကောင်းတယ်” ဆိုတဲ့ ဝေဒနာလေးချုပ်ပြီး “ဒါမျိုး ကြိုက်တယ်” ဆိုတဲ့ “တဏှာ” အစားထိုးလိုက်တယ်၊ ကောင်းတယ်ဆိုတုန်းက ဝေဒနာနဲ့ အသက်ရှင်နေတယ်၊ ဝေဒနာချုပ်တော့ ဝေဒနာပစ္စယာ တဏှာဆိုပြီး ကြိုက်တယ်ဆိုတဲ့ တဏှာနဲ့ အသက်ရှင်နေရပြန်တယ်၊ သဘောပါကြရဲ့လား၊ ဝေဒနာကချုပ်ပြီး တဏှာဖြစ်ခွင့်ပေးလိုက်တယ်၊ ဒကာ ဒကာမ တွေ ဒါလောက်ဆိုရင် အတော်အတန် ရှင်းလင်းသွားကြပြီ။
ဒကာ ဒကာမတွေ ဖဿချုပ်တော့ ဝေဒနာနဲ့ အသက်ရှင်နေရတယ်ဆိုတာ ဉာဏ်နဲ့သိရင် သဿတနဲ့ ဥစ္ဆေဒ စင်တယ်၊ ဝေဒနာနဲ့ ရှင်တာသိတော့ ဥစ္ဆေဒစင်တယ်၊ ဖဿချုပ်တာ သိသဖြင့်လဲ သဿတစင်တယ်၊ သဘောပါပလား။ အချုပ်သဘော မှတ်ထားဖို့က အဖြစ်မြင်ရင် ဥစ္ဆေဒစင်တယ်၊ အချုပ်မြင်ရင် သဿတစင်တယ်၊ ရှင်းကြပလား။ ဒီဖြစ်တာနဲ့ချုပ်တာ မြင်သဖြင့်လဲ ငါစွဲစရာမရှိလို့ သက္ကာယစင်သွားတယ်ဆိုတာ မှတ်ကြ။
သက္ကာယဒိဋ္ဌိ၊ အတ္တဒိဋ္ဌိ စင်သွားပြီ
နောက်ထပ်ပြီး ရှင်းပါအုံးမယ်၊ ဝေဒနာချုပ်သွားတော့ တဏှာနဲ့အသက်ရှင်ရတယ်၊ ဒီတဏှာနဲ့ အသက်ရှင်ရတာ သိရင် ဥစ္ဆေဒစင်ပြီ၊ ဝေဒနာချုပ်သွားတာ သိရလို့လဲ သဿတစင်ပြီ၊ ဖဿ၊ ဝေဒနာ၊ တဏှာဆိုတဲ့ ဓမ္မသဘောလေးတွေ ဖြစ်ပြီးချုပ်၊ ဖြစ်ပြီးချုပ်နဲ့ နေကြတာပဲ၊ ဓမ္မသဘောအပြင် ငါ၊ သူတပါး၊ ယောက်ျား၊ မိန်းမ၊ ပုဂ္ဂိုလ်၊ သတ္တဝါဆိုစရာ မပါပါကလားလို့ သိရတဲ့အတွက် သက္ကာယဒိဋ္ဌိ၊ အတ္တဒိဋ္ဌိ စင်သွားပြီဆိုတာ မှတ်လိုက်ကြ။
ဒကာ ဒကာမတို့ ပြုံးတယ်ဆိုတော့ သုခဝေဒနာ၊ သူ၊ ငါမဟုတ်၊ ယောက်ျား၊ မိန်းမ မဟုတ်၊ ပြုံးတာချုပ် မဲ့လာ၊ အဲဒါဒုက္ခဝေဒနာ၊ ဒီထဲလဲ ငါ၊ သူတပါး၊ ယောက်ျား၊ မိန်းမ မပါဘူး၊ ပြုံးနေတုန်းက သုခဝေဒနာပဲလို့သိရင် သက္ကာယစင်တယ်၊ မဲ့တော့လဲ ဒုက္ခဝေဒနာပဲလို့သိရင်လဲ သက္ကာယစင်တယ်၊ ဒီပြုံးတဲ့၊ မဲ့တဲ့သဘော ဝေဒနာလေးတွေဟာ ဖြစ်ပြီး၊ ပျက်သွားတာပဲလို့သိရင် မြင်ရင် သဿတစင်တယ်၊ ဖဿချုပ်တော့ ဝေဒနာလာ၊ ဝေဒနာချုပ်တော့ တဏှာလာ၊ အဲဒီလို အကြောင်းအကျိုး ဆက်သွားတာသိရင် ဥစ္ဆေဒစင်တယ်၊ ရှင်းပလား။
ဒကာ ဒကာမတို့ ပြုံးတာသိတုန်းက ဥစ္ဆေဒစင်တယ်၊ ပြုံးတာလေး ချုပ်သွားတာသိလိုက်ပြန်တော့ သဿတစင် တယ်၊ ပြုံးတဲ့သဘောဟာ ဝေဒနာလေးပဲလို့သိတော့ သက္ကာယစင်တယ်၊ သဘောပါကြရဲ့လား။
ကိုင်း-တရားကမဆုံးသေးဘူး၊ နာရီစေ့ပြီ၊ နက်ဖြန်မှ ဆက်ကြစို့။
