20501

ဝိပဿနာခွင် အလုပ်စဉ်တရားတော်

လုပ်ငန်းစဉ်

ရှေးဦးစွာ ခန္ဓာ့ ပဋိစ္စသမုပ္ပါဒ် နားလည်ရမည်။

ခန္ဓာ့ ပဋိစ္စသမုပ္ပါဒ် နားလည်မှ ဒိဋ္ဌိကွာစင်မည်။

ဒိဋ္ဌိကွာစင်မှ ဝိပဿနာရှုလျှင် နိဗ္ဗာန်မြင်နိုင်မည်။

ဒိဋ္ဌိကွာပုံ

ပဋိစ္စသမုပ္ပါဒ် ကြောင်းကျိုးစဉ်ဆက် အဖြစ်ကို သိမြင်လျှင် ဥစ္ဆေဒဒိဋ္ဌိစင်သည်။

ရုပ်နာမ်စဉ်ဆက် အပျက်သိမြင်လျှင် သဿတဒိဋ္ဌိစင်သည်။

ရုပ်နာမ်ဖြစ်ပျက် သိမြင်၍ ငါမစွဲလျှင် သက္ကာယ အတ္တဒိဋ္ဌိစင်သည်။

ဆောင်ပုဒ်

ဝိပဿနာခွင်၊ လုပ်ငန်းဝင်၊ အလျှင် ဒိဋ္ဌိသတ်။

ဒိဋ္ဌိပြုတ်ရန်၊ ငါးခန္ဓံ၊ မြင်ဉာဏ် ပဋိစ္စတ်။

ပဋိစ္စကြောင်းကျိုး၊ ဖြစ်ချုပ်မျိုး၊ လက်ရိုးခန္ဓာဓါတ်။

ကြောင်းကျိုးစဉ်ဆက်၊ ဉာဏ်မြင်နက်၊ ကွာပျက်ဥစ္ဆေဒတ်။

ဖြစ်ပေါ်ပျောက်စဲ၊ ဉာဏ်မြင်ကဲ၊ ကွာရှဲ သဿတတ်။

ဒိဋ္ဌိ အတ္တာ၊ ရှင်းပြီးကာ၊ ဘာဝနာ လုပ်ငန်းရပ်။

ဝိပဿနာခွင်၊ လုပ်ငန်းဝင်၊ မြန်လျင်နိဗ္ဗူရပ်။

သတိချပ်

ဝိပဿနာ၊ လုပ်ငန်းရာ၊ ပရိညာစဉ်တိုင်းသွား။

ပရိညာလမ်းစဉ်၊ မသိမြင်၊ ကွာစင်မဂ်ဖိုလ်နား။

မဂ်ဖိုလ်မရ၊ ကုသိုလ်ရ၊ ကျိုးရ လွန်နည်းပါး။

မဂ်ဖိုလ်လိုလျှင်း၊ လူခပင်း၊ မယွင်းလမ်းမှန်သွား။

လမ်းမှန်လွဲသူ၊ ချိန်ကြာမူ၊ နိဗ္ဗူဝေးကွာခြား။

ဆန္ဒမထေရ်၊ ပုံသက်သေ၊ သေခွေစွဲမှတ်သား။

ခန္ဓဝဂ္ဂ၊ သံယုတ္တ၊ မိန့်ဟ ဟောညွှန်ကြား။

(ပုံကိုထောက်ပြီး ဆက်လက်ဖတ်ရှုပါရန်)

ဝိပဿနာခွင် အလုပ်စဉ်တရားတော် (အပိုင်း-၁)

တရားသား

ခန္ဓာ့ ပဋိစ္စသမုပ္ပါဒ်နားမလည်ရင်

ဒကာ ဒကာမတွေ ဒီကနေ့ အထူးတလည် သိမှတ်ထားကြဖို့ အချက်အလက်ကို ပြောပြရမယ်။ ဒကာ ဒကာမတို့ မှတ်စရာက ခန္ဓာငါးပါး ရုပ်တရား၊ နာမ်တရားတွေ သိပြီးတော့ အနိစ္စ၊ ဒုက္ခ၊ အနတ္တ ရှုနေပေမယ့် ခန္ဓာ့ ပဋိစ္စသမုပ္ပါဒ်နားမလည်ရင် မဂ်ဖိုလ်မရနိုင်ဘူး၊ ခန္ဓာငါးပါး ရုပ်တရား၊ နာမ်တရား သိနေပေမယ့် ပဋိစ္စသမုပ္ပါဒ် နားမလည်ရင် သဿတဒိဋ္ဌိ၊ ဥစ္ဆေဒဒိဋ္ဌိ၊ တခုခုရှိနေလို့ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ် အားထုတ်ပေမယ့် ဒုဗ္ဗလအားနည်းတဲ့ ဝိပဿနာဖြစ်နေလို့ မရနိုင်ဘူးလို့ မှတ်ကြရမယ်။

ဒကာ ဒကာမတို့ သေသေချာချာ မှတ်ထားကြ၊ ပဋိစ္စသမုပ္ပါဒ် နားမလည်ရင် သဿတနဲ့ ဥစ္ဆေဒဆိုတဲ့ ဒိဋ္ဌိနှစ်ခု တခုခုရှိနေတယ်၊ သူတို့နှစ်ခုရှိနေရင် ဝိပဿနာရှုပေမယ့် အားနည်းတဲ့ ဝိပဿနာပဲ ဖြစ်နိုင်တယ်၊ ဗလဝ အားကြီးတဲ့ ဝိပဿနာမဖြစ်နိုင်ဘူး၊ ဘာကြောင့်လဲဆိုတော့ ဒီဒိဋ္ဌိနှစ်ခုက ခံနေ၊ တားဆီးနေလို့ပဲ၊ ဗလဝဝိပဿနာအားကြီးတာ မဖြစ်ရင် မဂ်ဉာဏ် ဖိုလ်ဉာဏ် မရနိုင်ဘူးဆိုတာ မှတ်ကြ၊ ရှင်းကြပလား။

ဒကာ ဒကာမတွေ ဒီအချက်ဟာ အလွန်အရေးကြီးတဲ့အချက်မို့ ပြန်ပြောပါအုံးမယ်၊ ခန္ဓာငါးပါး ဖြစ်ပျက်တွေ ကြည့်ပြီး ဝိပဿနာရှုနေပေမယ့် ပဋိစ္စသမုပ္ပါဒ် အကြောင်းအကျိုး နားမလည်ဘဲရှုနေရင် အားနည်းတဲ့ ဝိပဿနာပဲဖြစ် မယ်၊ အားနည်းတဲ့ ဝိပဿနာဖြစ်နေရင် အားကြီးတဲ့ ဝိပဿနာမဖြစ်လို့ မဂ်ဉာဏ်ကို မရနိုင်ဘူးဆိုတာ မြဲမြဲကြီး မှတ်လိုက်ကြ၊ ရှင်းကြရဲ့လား။

အားနည်းတဲ့ ဝိပဿနာနဲ့ အားထုတ်နေတာ

ဒီအချက်ကို ဝတ္ထုသက်သေ သာဓကနဲ့ ရှင်းပြပါအုံးမယ်၊ အခုတော့ ဒကာ ဒကာမတွေအတွက် အရေးကြီးတာမို့ ဘုန်းကြီးက အရင် ရှင်းလင်းပြောလိမ့်မယ်လို့ မှတ်ကြ၊ ဒါကြောင့် ကိုယ့်သန္တာန်ထဲမှာ ပဋိစ္စသမုပ္ပါဒ်စက်ကြီး မသိဘဲ အားထုတ်နေရင် အားနည်းတဲ့ ဝိပဿနာနဲ့ အားထုတ်နေတာပဲလို့ သိကြရမယ်၊ ဒီလိုအားထုတ်တာဟာ ကုသိုလ်တော့ ရပါရဲ့၊ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ် နိဗ္ဗာန်ကိုတော့ မရနိုင်ဘူးဆိုတာ သိထားကြရမယ်၊ သဘောပါပလား။

ဘာကြောင့် မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်၊ နိဗ္ဗာန်မရနိုင်သလဲဆိုတော့ သဿတဒိဋ္ဌိနဲ့ ဥစ္ဆေဒဒိဋ္ဌိ နှစ်ခုက ခံနေလို့ပဲ၊ ဒိဋ္ဌိမရှိမှ သောတာပတ္တိ မဂ်ဖိုလ်ဆိုတဲ့ ပဌမနိဗ္ဗာန်ရမှာ၊ သူတို့နှစ်ခုက ခုခံကာကွယ်ထားတော့ မရနိုင်ဘူးဆိုတဲ့ အဓိပ္ပါယ် ပေါ်ကြပလား။ ခန္ဓာထဲ ဖြစ်မှုပျက်မှုတွေမြင်ပြီး အားထုတ်ပေမယ့် သူတို့နှစ်ခုက ခံနေတော့ အားနည်းတဲ့ ဝိပဿနာဖြစ် နေတယ်၊ အားကြီးတဲ့ဝိပဿနာမဖြစ်ဘူး၊ ဒီလိုအားကြီးတဲ့ ဗလဝဝိပဿနာမှမဖြစ်ရင် မဂ်ဖိုလ်နိဗ္ဗာန် မရဘူးလို့သာ ဆုံးဖြတ်ချက်ချ။

ဖွားဖက်တော်ဖြစ်တဲ့ ဆန္နအမတ်

ဒကာ ဒကာမတွေ အားလုံး သိကြပြီးသား ဖြစ်ပါလိမ့်မယ်၊ ဘုရားနဲ့ ဖွားဖက်တော်ဖြစ်တဲ့ ဆန္နအမတ်ဟာ နန်းတော်ထဲမှာ ဖွားတော့လဲ သိဒ္ဓတ္ထမင်းသားနဲ့ တနေ့ထဲတနာရီထဲမှာ ဖွားလာတာပဲ၊ သိဒ္ဓတ္ထမင်းသား တောထွက်သွား တော့ မြင်းပြီးဆွဲပြီး လိုက်ပို့ရတဲ့သူပဲ၊ နောက် သူဟာ ဘုရားသွားပင့်ရင်းနဲ့ ရဟန်းဝတ်သွားတယ်၊ အဲဒီ ဆန္နအမတ်က ရဟန်းဝတ်လို့ ဆန္နမထေရ်ရယ်လို့ ဖြစ်လာရတဲ့ ရဟန်းဝတ္ထုက သက်သေခံ လုံလောက်အောင် ပြထားလို့ ဘာမှသံသယ ဖြစ်ဖို့ မလိုဘူးဆိုတာ မှတ်ကြ။

အဲဒီ ဆန္နမထေရ်ဟာ အနိစ္စတွေ၊ ဒုက္ခတွေ၊ အနတ္တတွေ ရှုပြီးနေပေမယ့် မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်၊ နိဗ္ဗာန်ကို မရရှာဘူး၊ ဒီလိုရှုပြီး မရတဲ့အကြောင်းကိုလဲ သူကိုယ်တိုင်က ထုတ်ဖော်ပြောခဲ့တာပဲ၊ ဒကာ ဒကာမတွေ ကျေနပ်ပလား။ ဒါ ဘာကြောင့် မရတာလဲ၊ သိကြရဲ့လား။ မသိရင် မှတ်ထားကြ၊ အလုပ်စဉ်လွဲလို့ပဲလို့၊ ဒါကြောင့် ဒကာ ဒကာမတွေ အလုပ်စဉ်လွဲမှာစိုးရိမ်လို့ အခုတည့်ပေးနေတာပဲလို့ မှတ်ကြရမယ်၊ ရိပ်မိကြပလား။

ဒါကြောင့် ဝိပဿနာရှုမယ့်ကြံရင် သဿတ၊ ဥစ္ဆေဒစတဲ့ ဒိဋ္ဌိတွေခွါပြီး ရှင်းပြီးမှ ရှုရမယ်၊ ဒီလို ဒိဋ္ဌိတွေကွာပြီး ဝိပဿနာရှုမှသာ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ် နိဗ္ဗာန်ကို ရနိုင်မယ်ဆိုတာ မှတ်လိုက်ကြ၊ ဒိဋ္ဌိမကွာရင် ဝိပဿနာရှုနေပေမယ့် အားနည်းတဲ့ဝိပဿနာဖြစ်နေလို့ မဂ်ဖိုလ်ကို မရနိုင်ဘူးတဲ့၊ အဲဒါ “ခန္ဓဝဂ္ဂ သံယုတ်ပါဠိတော် ဆန္နသုတ်” မှာ ကိုယ်တော် တိုင် ဟောထားခဲ့တယ်၊ ရှင်းကြပလား။

အလုပ်စဉ်တည့်အောင်လို့ ပေးနေရတာပဲ

အဲဒီ ဆန္နမထေရ်ဟာ နောက်ကျတော့ ရှင်အာနန္ဒာမထေရ်ထံကို သွားရသေးတယ်၊ မိတ်ကောင်းဆွေကောင်း အဖြစ်နဲ့ သူ တရားရချင်လို့ သွားပြီး အကူအညီတောင်းရတာပဲ၊ ရိပ်မိကြပလား။ ဒကာ ဒကာမတွေ အခုပြောနေတာဟာ ဘုန်းကြီးတို့ ဒကာ ဒကာမတွေအတွက်မှာ အလုပ်စဉ်မလွဲဖို့ အလုပ်စဉ်တည့်အောင်လို့ ပေးနေရတာပဲလို့ မှတ်ကြ၊ သဘောပါကြပလား။ ဒါကြောင့် ကလျာဏမိတ္တဆွေကောင်းရဖို့ အလွန်အရေးကြီးတယ်ဆိုတာ ပေါ်ပလား။

သောတာပန်ဖြစ်ဖို့ အင်္ဂါလေးချက်ထဲမှာ “သူတော်ကောင်း မိတ်ဆွေစစ်” ကို ပေါင်းသင်းရမယ်ဆိုတဲ့ တချက် ဟာ ပဌမဆုံးလိုအပ်တဲ့ အင်္ဂါရပ်တစ်ခုအနေနဲ့ “စတုက နိပါတ် အင်္ဂုတ္ထိုရ်” ဟောတော်မူထားတယ်ဆိုတာ မှတ်လိုက်ကြ။

သပ္ပုရိသသံသေဝေါ သောတာပတ္တိ အင်္ဂံ။

သဒ္ဓမ္မသဝနံ သောတာပတ္တိ အင်္ဂံ။

ယောနိသော မနသိကာရော သောတာပတ္တိ အင်္ဂံ။

ဓမ္မာနု ဓမ္မပ္ပဋိပတ္တိ သောတာပတ္တိ အင်္ဂံ။ တဲ့။

ဒကာ ဒကာမတွေ ရိပ်မိကြပလား။ ဒါကြောင့် မိတ်ဆွေစစ် သူတော်ကောင်းရဖို့ရာ အလွန်ပဲ အရေးကြီးပါတယ်။ မိတ်ကောင်း၊ ဆရာသမားကောင်း၊ လမ်းပြကောင်းကို ရမှသာ နိဗ္ဗာန်ရနိုင်မယ်ဆိုတာ ဆုံးဖြတ်ချက်ချကြ။

ဒါကြောင့် အနိစ္စ၊ ဒုက္ခ၊ အနတ္တ ရှုနေ၊ မြင်နေပေမယ့် ရှင်ဆန္နဟာ မဂ်ဖိုလ်မရဘူး။ သူ့မှာ သဿတဒိဋ္ဌိရှိနေ တယ်။ ဘုရားဖြစ်စ အချိန်လောက်ကတည်းက အားထုတ်လာတာ ဘုရားပရိနိဗ္ဗာန်စံဝင်တဲ့အထိ မရသေးဘူး၊ တိုတိုပြော ရရင် နှစ်ပေါင်း ၄၀-၄၅ ခန့်လောက် ကြာလိမ့်မယ်၊ အဲဒီလိုကြရတာ ဒိဋ္ဌိရှိလျက်နဲ့ ဝိပဿနာရှုနေလို့ပဲ၊ ရှင်ဆန္နဟာ ရုပ်နာမ်ဖြစ်ပျက်တွေတော့ မြင်နေတာပဲ၊ ဒိဋ္ဌိက ခံနေလေတော့ လိုချင်တဲ့ခရီး အပြီးတိုင် မရောက်ရှာပါဘူး။

မိတ်ကောင်းမရတဲ့ အဖြစ်

ဒကာ၊ ဒကာမတို့ မိတ်ကောင်းမရတဲ့ အဖြစ်မျိုးဟာ ဘယ်လောက်နစ်နာတယ် နစ်နာလိမ့်မယ်ဆိုတာ စဉ်းစားကြ၊ ရှင်ဆန္နက ဘုရားဆိုတော့ ဖွားဖက်ချင်းမို့ လေးလေးနက်နက်မရှိဘူး၊ ဒီပြင်ပုဂ္ဂိုလ်တွေနဲ့ဆိုတော့ သူ့အတွက် ပြောဖို့မရှိ တော့ဘူးပေါ့၊ အဲဒီတော့ အဲဒီအချိန်မှာ သူ့ဒိဋ္ဌိခွါပေး၊ ရှင်းပေမယ့်သူ မိတ်ကောင်းနဲ့ အလှမ်းဝေးနေတော့တယ်လို့ ဆိုရမယ်၊ သဘောပါကြရဲ့လား။

ဒါကြောင့် ဝိပဿနာရှုရင် ဒိဋ္ဌိကို အရင်ခွါပြီးမှသာ ဝိပဿနာရှုကြပါလို့ မေတ္တာရှေ့ထားပြီး တိုက်တွန်းရင်း ပြောပြနေတာပဲလို့ ထူးထူးလယ်လယ် မှတ်လိုက်ကြ။

ဒိဋ္ဌိခွါဖို့ ပထမအရေးကြီးတယ်

အဲဒီတော့ ဒိဋ္ဌိခွါဖို့ ပထမအရေးကြီးတယ်၊ ဒိဋ္ဌိခွါချင်ရင် ဘာလုပ်ရမလဲ၊ ခန္ဓာ့ပဋိစ္စသမုပ္ပါဒ် နားလည်ရမယ်လို့ မှတ်ကြ၊ ရှင်းကြပလား။ ခန္ဓာဆိုတော့ သူတပါးမလိုဘူး၊ မိမိခန္ဓာပဲလိုတယ်၊ မိမိ ခန္ဓာ့ပဋိစ္စသမုပ္ပါဒ်နားလည်အောင် လုပ်ရမယ်၊ ဒီနေရာမှာ ဒကာ ဒကာမတွေအတွက် အရင်ရှင်းပြရမယ်၊ ကြိုးကြိုးစားစားနာယူကြ။

ဒီအချက်ဟာ အလွန်ပဲ အရေးကြီးပါတယ်၊ အရေးကြီးတာမို့လဲ “သံဂါယနာတင်” ကျမ်းမှာ ပါတာပဲဆိုတာ မှတ်ရမယ်၊ ဘုန်းကြီးက နေ့တိုင်း အရေးကြီးတာချည်းပဲ၊ ဒကာတို့တတွေက ပြောချင်ပြောကြမယ်၊ ဒကာ ဒကာမတွေက နေ့တိုင်း အချိန်ရှိသမျှ ကာမဂုဏ်ကိစ္စတွေနဲ့ချည်း အချိန်ဖြုန်းနေလေတော့ အသိအမြင်က နည်းပါးကြတယ်၊ အဲဒီတော့ ဒကာ ဒကာမတို့အတွက်မှာ အရေးကြီးတာချည်းပဲဆိုတာ မှတ်လိုက်ကြ၊ ကျေနပ်ပလား။

ပဌမသိမှုက ဉာတပရိညာ

ဘုရားက သေသေချာချာ ဟောတော်မူခဲ့တာ၊ ဒကာ ဒကာမတွေ လမ်းလွဲမှာ လမ်းမှားမှာ စိုးရိမ်တော်မူရှာလွန်း လို့ပဲ၊ ပဌမသိမှုက ဉာတပရိညာ၊ ဒုတိယပွားမှုက တိရဏပရိညာ၊ တတိယပယ်မှုက ပဟာနပရိညာပဲ၊ သိမှုဆိုတဲ့ ဉာတပရိညာရှိမှ ပွားမှုဆိုတဲ့ တိရဏပရိညာကိုလုပ်ရမယ်၊ ပွားမှု တိရဏပရိညာရှိမှလဲ ပယ်မှု ပဟာနပရိညာဖြစ်နိုင် တယ်၊ ဒါကြောင့် အလုပ်စဉ်မှာ “ဉာတ၊ တိရဏ၊ ပဟာန၊ သုံးဝပရိညာ” ဆိုပြီး ဟောထားခဲ့တယ်ဆိုတာ မှတ်ကြ။

ဒကာ, ဒကာမတွေ အခုပြောနေတာ တရားချီးနေတာမဟုတ်ပါဘူး၊ လွဲမှာစိုးလို့ အစဉ်တည့်ပေးနေရတာပဲ၊ ပေါ့ပေါ့ကလေးများ မမှတ်လိုက်ပါနဲ့၊ အလွန်ကြီးတဲ့ အရေးမို့ လေးလေးစားစား မှတ်ရမယ်၊ မှတ်မိကြပြီလား။ ပဌမ သိမှု၊ ဒုတိယ ပွားမှု၊ တတိယ ပယ်မှု၊ ဒါ ဘုရားဟောတော်မူတဲ့ အစဉ်ပဲ၊ နိဗ္ဗာန်ရောက်ချင်ရင် ဒီအစဉ်ကို ကျော်လို့မဖြစ် ဘူး၊ ဒီအဓိပ္ပါယ်ကိုသိရတော့ ကိုယ့်ဟာကိုယ် အိမ်မှာတင် ဘုရားရှိခိုးပြီး ကျပန်းလုပ်လို့ မဖြစ်ဘူးဆိုတာ မှတ်ကြရမယ်။

ဒါကြောင့် ပဌမသိမှုရအောင် ဆရာကောင်း၊ သမားကောင်းကို ချဉ်းကပ်မှီဝဲဖို့ လိုလိမ့်မယ်ဆိုတာ ရိပ်မိကြ ပလား။ ပဌမသိမှုမရှိရင် ကျင့်မှုလွဲမယ်၊ ကျင့်မှုလွဲရင် ပယ်မှုဆိုတာ မဖြစ်နိုင်တော့ဘူး၊ ဒိဋ္ဌိဝိစိကိစ္ဆာ မပယ်နိုင်ရင် ဘယ်သူမှ သောတာပန် မတည်နိုင်တော့ဘူး၊ ကျေနပ်ပလား။ ဒါကြောင့် ဒကာ၊ ဒကာမတွေအတွက် ပဌမ ဉာတပရိညာ ဆိုတဲ့ သိမှုရအောင် ရှင်းပေးမယ်။ သိမှုပြီးမှ ပွားမှုကို ခိုင်းမယ်၊ ဒီနောက်မှ ပယ်မှုဖြစ်လာမယ်၊ သဘောပါပလား။

သဿတ, ဥစ္ဆေဒခွါရမယ်၊

ကိုင်း-သိမှု ဉာတပရိညာ ပြောကြစို့၊ ဒိဋ္ဌိခွါချကြစို့၊ ခွါတော့ သဿတ, ဥစ္ဆေဒခွါရမယ်၊ ဘာကြောင့် ဒီဒိဋ္ဌိနှစ်ခု ခွါရမှာလဲလို့ မေးခဲ့ရင် ဒကာတို့တတွေမှာ ဒီနှစ်ခု တခုခုရှိနေလို့ပဲလို့သာ မှတ်ကြတော့၊ ဒီအဓိပ္ပါယ်ကို စ,ရတာဟာ ဒကာတို့မှာ ဒါတွေရှိပြီးနေလို့ပဲ၊ ကျေနပ်ပလား။ ဒကာ ဒကာမတို့ “သဿတဒိဋ္ဌိရှိတဲ့သူဟာ ကံကံ၏အကျိုးကိုလဲ ယုံကြည်တယ်၊ ကုသိုလ်ကိုလဲ ယုံကြည်ပြီးပြုလုပ်တယ်၊ အကုသိုလ်ကိုလဲ ယုံကြည်ပြီး ရှောင်ကြဉ်တယ်၊ ဒီလိုယုံပေမယ့်လဲ အခု နိဗ္ဗာန်ရောက်ရမယ်ဆိုရင် သူက မကြိုက်နိုင်ဘူး” တဲ့။

ဒီအဓိပ္ပါယ်ကို “မဇ္ဈိမပဏ္ဏာသ ပဋ္ဌကထာ” က ဖွင့်ဆိုထားတယ်၊ တို့ ဒကာ ဒကာမတွေကော ဘယ့်နှယ့်တုန်း၊ အခုချက်ချင်း နိဗ္ဗာန်အရောက် ပို့မယ်ဆိုရင် ကြိုက်နိုင်ပါ့မလား။ မှန်မှန်ပြောကြပါ။ မကြိုက်နိုင်တာက များပါလိမ့်မယ်၊ ဟုတ်ကြရဲ့လား၊ အဲဒါဟာ “အခုချက်ချင်း နိဗ္ဗာန်ရောက်သွားခဲ့ရင် ငါလုပ်ထားတဲ့ ကုသိုလ်အကျိုးတွေ အလကားဖြစ်တော့ မှာပဲ၊ နတ်ပြည်၊ ဗြဟ္မာ့ပြည် မသွားရသေးဘူး၊ ဒီအကျိုးတွေ ခံစား, စံစားပြီးမှ သွားချင်တယ်” ဆိုတဲ့စိတ်ထားပဲ။

သဿတဒိဋ္ဌိရှိတဲ့သူက အကုသိုလ်လဲ ကြောက်လို့မလုပ်ဘူး၊ ကုသိုလ်လဲပြုတယ်။ သူက အခု နိဗ္ဗာန်ပို့သူတွေ့ရင် မကြိုက်နိုင်သေးဘူး၊ ဘုံစဉ်စံလေး ဘာလေးဖြစ်ချင်သေးတယ်၊ သူက ဘုံထဲ ပုန်းအောင်းနေတယ်တဲ့၊ သဘောပါကြပလား။ ဘုံဘဝထဲ ပုန်းအောင်းချင်သေးတဲ့ သဘောရှိတယ်၊ နိဗ္ဗာန်ကို ရုတ်တရက်မသွားချင်သေးဘူး၊ အဲဒါ သဿတဒိဋ္ဌိရှိနေသေး လို့ပဲဆိုတာ မှတ်လိုက်ကြ။

ခုနှစ်ရက်နဲ့ နိဗ္ဗာန်ယူမလား

အခု ဒကာ ဒကာမတွေကို ခုနှစ်ရက် တရားအားထုတ်ပြီး ခုနှစ်ရက်နဲ့ နိဗ္ဗာန်ယူမလားလို့မေးရင် ဘယ့်နှယ့်ဖြေ ကြမလဲ၊ မယူချင်ဘူးဖြေမှာပဲ၊ ဒီသား၊ ဒီသမီး၊ ဒီမြေး၊ ဒီမြစ်တွေနဲ့ မသေခင်ကလေးမှာ သိုက်သိုက်ဝန်းဝန်း နေချင်သေး တယ်၊ ဒါလောက် မြန်မြန်ကြီး မလိုချင်သေးဘူး ပြောမှာပဲ၊ ဘယ့်နှယ့်တုန်း၊ အဲဒါ သဿတဒိဋ္ဌိပဲ၊ သဿတဒိဋ္ဌိဆိုတာက တဏှာပဲလို့မှတ်ကြ၊ ဒီတော့ ဒကာတို့တတွေမှာ ဘာဒိဋ္ဌိရှိနေတယ်ဆိုတာ ရိပ်မိကြပလား။

သဿတဘုံဘဝထဲ ခိုအောင်းချင်တယ်၊ ရှင်းကြပလား။ တခါတလေကျတော့ “မွေးတနေ့-သေတနေ့ပဲတဲ့၊ ဒါလောက်တောင် ဒုက္ခရောက်လှတာ သေတာက ကောင်းမယ်၊ သေရင် အေးတာပဲတဲ့” အဲဒီအသံဟာ ဥစ္ဆေဒဒိဋ္ဌိက ထွက်လာတဲ့ အသံပဲလို့မှတ်ကြ၊ ရိပ်မိကြရဲ့လား။ ဒီအယူရှိသူကတော့ ကုသိုလ်မပြုလိုဘူး၊ အကုသိုလ်ကျတော့ ရဲရဲကြီး ပြုလုပ်တတ်တယ်၊ ရှင်းကြပလား။

ဒီ ဒိဋ္ဌိကလဲ ဘုံဘဝယုံ ကံယုံမဟုတ်ပေမယ့် အခြေအမြစ်မရှိလို့ ဘုရားနဲ့တွေ့ရင် မြန်မြန် ကျွတ်လွတ်တတ် တယ်တဲ့။ ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ ဒီဒိဋ္ဌိနှစ်ခု ရှိနေမယ်ဆိုရင် ကိုယ်ကျိုးနည်းတော့မယ်၊ ဒါကြောင့် ဘုန်းကြီးက ရှင်းပေးမယ်၊ လင်းပေးမယ်၊ ရှင်းလင်းမပေးခဲ့ရင်လဲ နိဗ္ဗာန်သူတို့က ခံနေမယ်၊ ဒါကြောင့် အရင်ရှင်းရမယ်ဆိုတာ ပေါ်ကြပလား။

ဒိဋ္ဌိဆိုတာ မဂ်တား၊ ဖိုလ်တားပဲ

ဒီဒိဋ္ဌိအယူနှစ်ခု တခုခုရှိနေရင် ဘယ်တော့မှ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်၊ နိဗ္ဗာန်မရနိုင်ဘူး၊ ဒိဋ္ဌိဆိုတာ မဂ်တား၊ ဖိုလ်တားပဲဆိုတာ မှတ်ထားကြ၊ သူတို့ကို ရှင်းချင်တော့ ဒီနှစ်ခုက ဘယ်မှာကပ်နေတာလဲ။ မသိရင် မရှင်းတတ်ဘူး၊ ရှိတဲ့နေရာမှမသိရင် မခွါတတ်ပါဘူး၊ ရှိတဲ့နေရာသိပြီးမှ မခွါတတ်ပြန်ရင်လဲ ကိုယ်ကျိုးနည်းပေါ့လို့သာ မှတ်ကြပေတော့။

ဘုရားက “အနမတဂ္ဂေါယံ ဘိက္ခဝေ သံသာရော၊

ပုဗ္ဗါ ကောဋိ န ပညာယတိ အဝိဇ္ဇာနီဝရဏာနံ သတ္တာနံ၊

တဏှာသံယောဇနာနံ သန္ဓာဝတံ သံသရတံ။

လို့ သံယုတ်ပါဠိတော်မှာ ဟောထားတယ်၊ ဒကာ, ဒကာမတို့ဟာ ဘယ်ဘဝက စခဲ့တယ်၊ ဘယ်နှစ်ခါသေခဲ့ပြီ၊ ဘယ်နှစ်ခါ သူများပါးစပ်ထဲ သေခဲ့ရတယ် စတဲ့ အဖြစ်သနစ်တွေကို မဟောနိုင်ဘူးတဲ့။ ဘုရားရှင်က နှုတ်သွက်သွက်နဲ့ ဟောပေမယ့်လဲ တစ်ဦးတစ်ယောက်ထဲရဲ့ အကြောင်းဟာ ဟောလို့မကုန်နိုင်ဘူး၊ မဆုံးနိုင်ဘူးတဲ့၊ သဘောပါပလား။ အဲဒီတော့ ဒီဘဝ မဂ်ဉာဏ်မှမရရင် အသေပေါင်း နောက် ဘယ်လောက် ကြုံရအုံးမယ်ဆိုတာ မတွေးဝံ့ဘူး။

အရိုးတွေ တောင်လိုပုံချင်သေးသလား

ဒကာ ဒကာမတွေ ဘယ်လောက်များ ကြောက်စရာကောင်းသလဲ။ စဉ်းစားသာ ကြည့်ကြတော့။ ဘုရားတဆူနဲ့ တဆူကြားမှာကိုပဲ သေရတဲ့အဖြစ်ဟာ အရိုး ၁၃မိုင်လောက်မြင့်တယ်၊ အဲဒီအထဲမှာ တီကောင်၊ မျှော့ကောင်၊ ပက်ကျိ ကောင်၊ စတဲ့ အရိုးမရှိတဲ့အဖြစ်မျိုးကို ထည့်မတွက်နဲ့အုန်း၊ အရိုးရှိတဲ့သတ္တဝါအဖြစ်နဲ့ကိုပဲ ဒီအရိုးတွေ စုပုံထားမယ်ဆိုရင် ၁၃မိုင်လောက်မြင့်တယ်ဆိုတော့ မန္တလေးတောင်လောက် မကအောင်ပဲ ကြီးတယ်၊ များတယ်။

အခု တရားနာလာတဲ့ ဒကာ ဒကာမတွေကော အရိုးတွေ တောင်လိုပုံချင်သေးသလား။ မေးလိုက်ပါတယ်။ မပုံချင်တော့ရင် ရှေးကဆုတောင်းတွေ ပြင်ကြ၊ ဟိုဘဝ၊ ဒီဘဝ၊ ဘယ်ဘုံ ဘယ်ဘဝ ဖြစ်ရပါလို၏နဲ့ ဘဝဆုတောင်းသူဟာ မြေကြီး ကြီးပွားရေးတောင်းတာပဲ၊ အရိုးကြီးပွားရေး၊ မြေကြီး ကြီးပွားရေး တောင်းတာပဲလို့သာ မှတ်လိုက်ကြ၊ ရိပ်မိကြ ပလား။ ဒါကြောင့် ရှေးကအလွဲတွေ ပြင်ကြတော့လို့ သတိပေးလိုက်တယ်။

ကိုယ့်အဖြစ်မှန်ကို ကိုယ်က မမြင်မသိပေမယ့် ဘုရားလဲမြင်၊ ဆရာသမားကလဲမြင်တာမို့ ပြင်ပေးတဲ့အတိုင်း လိုက်ကြရမယ်၊ လိုက်နာသင့်တယ်လို့သာ ဆုံးဖြတ်ချက်ချ၊ ကျီးစား၊ ခွေးစား၊ လင်းတစားလို့ အရိုးကျန်တဲ့ဘဝတင်ပဲ ၁၃မိုင်၊ အရိုးမပါတဲ့ ဘဝတွေကလဲ ဘုရားတဆူကြားမှာ အသင်္ချေအနန္တ ရေတွက်လို့ကို မပြနိုင်ဘူး၊ အသေချင်းကို ထပ်ထပ်ကြမ်း နေတော့တယ်၊ ရိပ်မိကြပလား။

အရိုးကြီးပွားရေး လုပ်ချင်ကြသေးသလား

ဒကာ ဒကာမတွေ ဒီလိုသိရတော့ နောက်ထပ်ဘုံဘဝတွေ ဆုတောင်းယူချင်သေးသလား။ အရိုးကြီးပွားရေး လုပ်ချင်ကြသေးသလား။ အေး-အရိုးကြီးပွားရေး ကြိုက်သူဟာ သဿတဒိဋ္ဌိပဲဆိုတာ မှတ်လိုက်ကြ၊ ဒကာ ဒကာမတွေက လုပ်တတ်ကြတယ်၊ ဘုရားရှေ့သွားပြီး လုပ်ကြ၊ ဘုန်းကြီးတွေရှေ့မှာ လုပ်လိုက်ကြ၊ “ဒီကုသိုလ်၊ ဒီအလှူဒါနကြောင့် တပည့်တော်သည် ဒီသား၊ ဒီသမီး၊ ဒီဆွေ၊ ဒီမျိုးတွေနဲ့ မကွေမကွာ သံသရာတလျှောက်မှာ အတူတကွ နေထိုင်ရပါလို၏” တဲ့။

အဲဒီလိုလုပ်တာ မရှက်တဲ့ပါးစပ်မို့ ထွက်ရက်တာ၊ အရှက်မရှိသူမို့သာ တောင်းရက်တာပဲ၊ အရှက်ရှိတဲ့ပါးစပ်ဆို ရင် ဘုရားရှေ့တော်သွားပြီး ဒီအသံမျိုး ထွက်ရက်မှာမဟုတ်ကြဘူး၊ ရိပ်မိပလား။ ဒကာတို့ဟာ အရှက်မရှိတဲ့လူတွေလား၊ မေးထိုက်၊ မမေးထိုက် စဉ်းစားကြ၊ ဒါကြောင့်အရှက်ရှိရင် ဒီအချိန်ကစပြီး အရိုးကြီးပွားရေးဇာတ်ကို သိမ်းကြစို့။

ဒီဇာတ်သိမ်းချင်ရင် သဿတ, ဥစ္ဆေဒဖြုတ်ရမယ်၊ ဒါဖြုတ်ချင်တော့ ကိုယ့်ခန္ဓာ့ပဋိစ္စသမုပ္ပါဒ်နားလည်ရမယ်၊ ကိုယ့်ခန္ဓာအကြောင်း ကိုယ်နားမလည်ရင် သဿတ, ဥစ္ဆေဒဒိဋ္ဌိတွေ ရှိနေမှာပဲ၊ ဒါကြောင့် ကိုယ့်ခန္ဓာအကြောင်း နားလည်အောင် ရှင်းပြရလိမ့်မယ်၊ ဘုရားက “သဿတလဲမလိုက်နဲ့၊ ဥစ္ဆေဒလဲ မလိုက်နဲ့၊ အလယ်လမ်းလိုက်ကြ” လို့ ဟောတော်မူတယ်၊ ရှင်းပလား။

အလယ်လမ်းက နိဗ္ဗာန်လမ်း

သဿတလမ်းက အရိုးကြီးပွားရေးလမ်း၊ ဥစ္ဆေဒလမ်းက အပါယ်ကြီးပွားရေးလမ်း၊ အလယ်လမ်းက နိဗ္ဗာန်လမ်း၊ ဘုရားဖြစ်တာ မဇ္ဈိမဆိုတဲ့ ဒီအလယ်လမ်းက ဘုရားဖြစ်တာ၊ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာတွေဖြစ်တာ လဲ ဒီအလယ်လမ်းကပဲ၊ အလယ်လမ်းပဲ အားကိုးရတယ်၊ ရှင်းကြပလား။ သဿတနဲ့ ဥစ္ဆေဒစင်ရင် အလယ်လမ်း အလိုလိုပေါ်လာတယ်ဆိုတာ မှတ်ကြ။

ပဋိစ္စသမုပ္ပါဒ်အဖြစ်ကိုလဲ သိ၊ အပျက်ကိုလဲ သိတဲ့ဉာဏ်ရရင် အလယ်လမ်းလေးပေါ်လာတယ်၊ ဒီပဋိစ္စသမုပ္ပါဒ် အဖြစ်နဲ့အပျက်ကိုမှ မသိသေးရင် အလယ်လမ်းပေါ်နိုင်ဖို့ အခွင့်မရှိဘူး၊ ရိပ်မိကြပလား။ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ က ခလုတ်ကလေးများ မတော်တဆ တိုက်မိလိုက်ပလားဆိုရင် “အနိစ္စ, အနိစ္စ” လုပ်တတ်ကြတယ်၊ ဒီလို တော်စွာလျော်စွာ နည်းမျိုးနဲ့ မရနိုင်ဘူး၊ ဗလဝ,အားကြီးတဲ့ ဝိပဿနာမဖြစ်သမျှ မရနိုင်ဘူးလို့သာ မှတ်ကြ။

အလယ်လမ်းပေါ်ရောက်ရင် သိမှုကိစ္စကုန်ပြီ၊ ပွားမှုကိစ္စနဲ့ ပယ်မှုကိစ္စပဲ ဆက်လုပ်ရမယ်၊ ဒီတော့ အခု ဒကာ, ဒကာမတို့တတွေကို သိမှုက စပြောရမယ်၊

သတ္တဝါဖြစ်ကြောင်းနဲ့ဟောမှ ရမယ်

သတ္တဝါအစရှာလို့မတွေ့ဘူးတဲ့၊ ဘုရားဖြစ်တော်မူစက စပြီး ပရိနိဗ္ဗာန်စံသည် အထိ၊ သတ္တဝါအဖြစ်နဲ့ဟောရင် တစ်ဦးတစ်ယောက်ထဲ အတွက်တောင် ဟောလို့မကုန်နိုင်ဘူးတဲ့၊ ဒါကြောင့် ဘုရားက သတ္တဝါအဖြစ်နဲ့မဟောဘဲ၊ သတ္တဝါဖြစ်ကြောင်းနဲ့ဟောမှ ရမယ်ဆိုပြီး ဟောတော်မူခဲ့တယ်။

ဘယ်လိုဟောခဲ့သလဲဆိုတော့ “အဝိဇ္ဇာပစ္စယာ သင်္ခါရာ” တဲ့၊ အဝိဇ္ဇာရှိသူမှာ သင်္ခါရလာမှာပဲ၊ ဒုက္ခသစ္စာမသိသူ ဟာ ကုသိုလ်လဲလုပ်တယ်၊ လုပ်ပြီးတော့ ဘုံဘဝတွေ ဆုတောင်းယူတယ်၊ တောင်းတာက တဏှာကတောင်းတာပဲ၊ အဲဒီတော့ တဏှာက ကုသိုလ်လဲလုပ်၊ ဘုံဘဝလဲတောင်း၊ ဘာကြောင့် ဒီတဏှာကတောင်းသလဲ၊ မသိလို့တောင်းတာ၊ မသိတာက အဝိဇ္ဇာ၊ ကုသိုလ်ပြုတာ သင်္ခါရ။

ဒီသား၊ ဒီသမီးတွေစွဲပြီး ရောက်ရာဘဝမှာ မခွဲချင် ဘုံဘဝတွေလိုချင်၊ ဒီတော့ ကုသိုလ်အမျိုးမျိုးတွေပြု၊ ပြုပြီးဆုတောင်းယူကြ၊ အဲဒီတော့ “အဝိဇ္ဇာပစ္စယာ သင်္ခါရာ” ပြုမိတာပဲ၊ အဝိဇ္ဇာက မသိတာ၊ သင်္ခါရက ပြုလုပ်တာ၊ ပေါ်ကြပလား။ အဝိဇ္ဇာက ဘာမသိတာလဲ။ အဝိဇ္ဇာက “ဒုက္ခေ အညာဏံ၊ ဒုက္ခသမုဒယေ အညာဏံ” ဒုက္ခသစ္စာလဲမသိ၊ ဒုက္ခဖြစ်ကြောင်း သမုဒယသစ္စာလဲမသိ၊ သစ္စာလေးပါးလုံးမသိဘူး။

မသိမှုအဝိဇ္ဇာရှိလို့ပဲ

သစ္စာမသိတော့ ဒီသား၊ ဒီသမီး၊ ဒီပစ္စည်းတွေနဲ့ မခွဲချင်မခွါချင်၊ ဥပမာအားဖြင့်ဆိုရင် နောက်က ရန်သူက သေနတ်နဲ့လိုက်ပစ်၊ သားနှစ်ယောက်ကို တဖက်တချက်က ဆွဲခေါ်ပြီး ပြေးရရင် ရန်သူလက်က မလွတ်နိုင်ဘဲ အပစ်ခံရရှာ တယ်၊ အပစ်ခံရတော့ ဟပ်ထိုးလဲပြီး သေပွဲဝင်ရတော့တာပဲ၊ ဒီမှာလဲ ဒီဥပမာအတူတူပဲ၊ “သင်္ခါရပစ္စယာ ဝိညာဏံ” လူခန္ဓာ၊ နတ်ခန္ဓာတွေ ရလာတော့တာပေါ့၊ နိဗ္ဗာန်တော့မပါဘူး၊ ဒါဟာ ဒီဒုက္ခသစ္စာ လူ, နတ်ခန္ဓာရတာဟာ သင်္ခါရကြောင့် ရတာပဲ၊ ဒီသင်္ခါရကလဲ မသိမှုအဝိဇ္ဇာရှိလို့ပဲ၊ ရှင်းပလား။

ဒီ ကုသိုလ်တွေက နိဗ္ဗာန်သွားနိုင်တယ်၊ သွားနိုင်ပေမယ့် သစ္စာမသိတဲ့ အဝိဇ္ဇာကြောင့် ကုသိုလ်သင်္ခါရပြု၊ တဏှာနဲ့ ဘုံဘဝဒုက္ခသစ္စာတောင်းယူ၊ တောင်းယူတော့ ဒီဘဝ ပဋိသန္ဓေဝိညာဏ် ပေါ်လာရတယ်၊ အဲဒါ “သင်္ခါရပစ္စယာ ဝိညာဏံ” ဒီတော့ ဒီခန္ဓာ ပစ္စုပ္ပန်ဝိညာဏ်ပေါ်လာတယ်၊ ဒီကဆက်ပြီး ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ ထုံးစံအတိုင်း ပေါ်လာကြရပြန်တယ်၊ နောက် ဒီဘက်ဆက်ပြီး တဏှာ၊ ဥပါဒါန်၊ ကံတွေလဲ လာတာပဲ။

ဒကာ ဒကာမတွေအတွက်က နားလည်ပြီးသားမို့ အကျယ်မချဲ့တော့ဘူး၊ သဿတခွါချင်ရင် ဒီဝိညာဏ်ကိုကြည့် ကြ၊ ဒီဝိညာဏ်ဟာ ပုဂ္ဂိုလ်လား၊ သတ္တဝါလား၊ ပုဂ္ဂိုလ်မဟုတ်၊ သတ္တဝါမဟုတ်၊ ဝိညာဏ်ဟာ ဝိညာဏ်ပဲ၊ ပုဂ္ဂိုလ်သတ္တဝါ မပါဘူး၊ ဒီဝိညာဏ်ဟာ သင်္ခါရကလုပ်လို့ဖြစ်တာ၊ ဘယ်သူမှ ဖန်ဆင်းတာလဲမဟုတ်ဘူး၊ ရှင်းကြရဲ့လား။ သင်္ခါရပစ္စယာ ကြောင့် ဒီဝိညာဏ်ပေါ်လာတာပဲ၊ ဒကာ ဒကာမတွေ ဒီဝိညာဏ်ဟာ သင်္ခါရကြောင့် ပေါ်တာပဲဆိုတာ ရှင်းကြပြီနော်။

အဖြစ်ကိုမြင်ရင် ဥစ္ဆေဒစင်တယ်၊ အပျက်မြင်ရင် သဿတ စင်တယ်

ဒီ ဝိညာဏ်ကလဲ ပေါ်လာပြီး ချုပ်ပျက်သွားတယ်၊ ဝိညာဏ်ပျက်သွားတော့ “နာမ်ရုပ်” ပေါ်လာတယ်၊ နာမ်ရုပ် ပေါ်ဖို့ ကျေးဇူးပြုဖို့ ချုပ်ရတာပဲ၊ ရှင်းကြပလား။ ဒီတော့ ဒီဝိညာဏ်ဟာ ဖြစ်တဲ့တရားလဲ ဟုတ်တယ်၊ ချုပ်ပျက်တဲ့တရားလဲ ဟုတ်တယ်၊ ဒါကို သိကြရမယ်၊ အဖြစ်ကိုသိရင် ဥစ္ဆေဒစင်တယ်၊ ဖြစ်ပြီးပျက်သွားတာသိရင် သဿတဒိဋ္ဌိစင်တယ်၊ သဘောပါကြပလား။ ဒကာ ဒကာမတွေ မြဲမြဲမှတ်ထားကြ။ “အဖြစ်ကိုမြင်ရင် ဥစ္ဆေဒစင်တယ်၊ အပျက်မြင်ရင် သဿတ စင်တယ်” ရှင်းကြရဲ့လား။

ဒီနည်းအတိုင်းပဲ ဝိညာဏ်လေး ပျက်သွားပြီး နာမ်ရုပ်ပေါ်လာတယ်၊ ဒီ နာမ်ရုပ်ဖြစ်မှုမြင်ရင် ဥစ္ဆေဒစင်တယ်၊ ပျက်မှုကလေးမြင်ရင် သဿတစင်တယ်၊ ဝိညာဏ် ကျေးဇူးပြုမှုကြောင့် နာမ်ရုပ်ပေါ်ရတာ သူ့အလိုလိုပေါ်တာမဟုတ်ဘူး၊ ဒါကိုလဲ သိရမယ်၊ ဝိညာဏ်ကျေးဇူးပြုမှုမရှိရင် နာမ်ရုပ်မပေါ်နိုင်ဘူး၊ သဘောပါကြပလား။ ဒီဓမ္မလမ်းစဉ်အတိုင်းပဲ၊ နာမ်ရုပ်ကြောင့် သဠာယတန၊ သဠာယတနကြောင့် ဖဿ၊ ဖဿကြောင့် ဝေဒနာ၊ ဖဿပစ္စယာ ဝေဒနာ ပေါ်လာရတယ်၊ ရှင်းကြရဲ့လား။

အကြောင်းအကျိုးဆက်ပြီး ဖြစ်ပျက်နေတဲ့ သဘာဝ

ဒီဝေဒနာကို ကျေးဇူးပြုတဲ့ ဖဿချုပ်တော့၊ ကျေးဇူးပြုခံရတဲ့ ဝေဒနာလဲချုပ်တယ်၊ ဖဿနိရောဓါ ဝေဒနာနိရော ဓါပဲ၊ သဘောပါရဲ့လား။ ဖဿဖြစ်လို့ ဝေဒနာဖြစ်တယ်၊ ဖဿချုပ်တော့ ဝေဒနာလဲချုပ်တာပဲ၊ ဒကာ ဒကာမတို့ ဖဿဖြစ် လို့ ဝေဒနာဖြစ်တာသိရင် ဥစ္ဆေဒဒိဋ္ဌိစင်ပြီ၊ ဖဿချုပ်လို့ ဝေဒနာချုပ်တာသိရင် သဿတဒိဋ္ဌိစင်ပြီဆိုတာ မှတ်ကြ၊ ဒီလို ခန္ဓာမှာ အကြောင်းအကျိုးဆက်ပြီး ဖြစ်ပျက်နေတဲ့ သဘာဝတွေကို သိဖို့အရေးကြီးတယ်၊ ဒါတွေမသိရင် ဝိပဿနာ ရှုနေပေမယ့် အလကားပဲဆိုတာ မှတ်ကြ။

ဒုဗ္ဗလအားနည်းတဲ့ ဝိပဿနာဖြစ်လို့ ဗလဝဆိုတဲ့ အားကြီးတဲ့ဝိပဿနာမဖြစ်လို့ မဂ်, ဖိုလ်နိဗ္ဗာန်မရနိုင်ဘူးလို့ အဋ္ဌကထာဆရာက ဖွင့်ပြထားတယ်၊ ကုသိုလ်သာမညတော့ ရပါရဲ့တဲ့၊ မဂ်ဖိုလ်တော့ မရနိုင်ဘူးတဲ့၊ ရိပ်မိကြပလား။ ဖဿ၊ ဝေဒနာသဘောပြောရမယ်၊ ဥပမာ လက်ကလေးကို မီးနားမှာ သွားကပ်လိုက်၊ မီးနားကပ်တာနဲ့ ပူသဘော ဖဿဖြစ် ဝေဒနာဖြစ်လာတယ်၊ လက်ကလေးကို နောက်ပြန်ဆုတ်လိုက်တော့ မပူတော့ဘူး၊ အပူသဘောချုပ်သွားတယ်၊ အဲဒါ ဖဿချုပ်လို့ ဝေဒနာချုပ်တာပဲ၊ ပေါ်ကြပလား။

ဖဿအကြောင်းဖြစ်လို့ ဝေဒနာအကျိုးဖြစ် တာပဲ

ဒီလို ဖဿချုပ်လို့ ဝေဒနာချုပ်သွားတာသိရင် သဿတစင်တယ်၊ ဖဿအကြောင်းဖြစ်လို့ ဝေဒနာအကျိုးဖြစ် တာပဲလို့သိရင် ဥစ္ဆေဒစင်တယ်၊ ရှင်းကြရဲ့လား။ ရှေ့ဆက်ကြည့်ကြအုံး၊ ဝေဒနာပစ္စယာ တဏှာ၊ ဝေဒနာဖြစ်လို့ တဏှာ ဖြစ်လာတယ်၊ ဥပမာ အစာလေးတစ်ခု စားကြည့်တော့ ကောင်းတယ်၊ ဝယ်အုံးမှပဲ၊ စားလို့ကောင်းလို့ ဝယ်ချင်တယ်၊ “စားလို့ကောင်းတာက ဝေဒနာ၊ ဝယ်ချင်တာက တဏှာ” သဘောပါပလား။ စားလို့ကောင်းလို့ ဝယ်ချင်တယ်ဆိုတော့ ဝေဒနာပစ္စယာ တဏှာလာတာပဲ၊ ရှင်းပလား။

စားကြည့်မကောင်းဘူး၊ အဲဒီတော့ စားမကောင်းလို့ မဝယ်နဲ့တော့ကွာတဲ့၊ စားကြည့်တော့ ဖဿဖြစ်၊ ဖဿဖြစ် တော့ မကောင်းဘူးဆိုတဲ့ ဒုက္ခဝေဒနာလာ၊ မကောင်းလို့ မဝယ်နဲ့တော့ကွာဆိုတော့ ဒေါမနဿဝေဒနာ လာပြန်တယ်၊ အဲဒီနောာက်က ကောင်းတာတောင့်တတဲ့ တဏှာကလဲ ကပ်ပြီး ပေါ်လာတာပဲ၊ ဒါကြောင့် ဖဿပစ္စယာ ဝေဒနာ၊ ဝေဒနာက ဒုက္ခဝေဒနာ၊ ဒေါမနဿဝေဒနာ၊ အဲဒီ ဝေဒနာပစ္စယာ တဏှာ၊ ဒကာ ဒကာမတို့ သဘောပါကြရဲ့လား။

ဒါတွေရှင်းလင်းပြီးမှ ဝိပဿနာအားထုတ်ရင်

အလွန်အရေးကြီးတဲ့အချက်မို့ ထပ်ပြန်တလဲလဲ ရှင်းလင်းပေးနေတယ်မှတ်ပါ၊ သာမညအရေး မမှတ်ပါနဲ့၊ ဒါတွေရှင်းလင်းပြီးမှ ဝိပဿနာအားထုတ်ရင် မဂ်ဖိုလ်ကို မြန်မြန်ရနိုင်တယ်၊ ဒါကြောင့် တို့အတွက် အရေးကြီးပါလားလို့ ဆုံးဖြတ်ချက်ချ။ ဥပမာ အိမ်က ဒကာကြီးဝတ်ဖို့ဆိုပြီး ဒကာမကြီးက အကြမ်းထည်ကလေးတစ်ထည် ဝယ်လာတယ်ဆိုပါ တော့၊ အိမ်ကျတော့ ဒကာကြီးက စမ်းကြည့်ပြီး ခပ်ကြမ်းကြမ်းတွေ့ရတော့ မလိုချင်ဘူး ကြမ်းတယ်ဆိုပြီး အလိုမကျဘူး တဲ့။

စမ်းကြည့်တော့ ဖဿဖြစ်၊ ခပ်ကြမ်းကြမ်းပဲဆိုတော့ ဒုက္ခဝေဒနာ၊ ဒေါမနဿဝေဒနာတွေ ဖြစ်လာတယ်၊ မနှစ်သက်မကိုင်ပြန်တော့ ဖဿချုပ်၊ ဝေဒနာချုပ်၊ နောက် ဒီလို မမှားစေနဲ့၊ ချောတာလေးကြည့်ပြီး ဝယ်မှပေါ့နဲ့ လေချိုသွေးလိုက်ပြန်တယ်၊ အဲဒါ ချောတာ လိုချင်တောင့်တတဲ့ တဏှာလာတာ၊ ရိပ်မိကြပလား။

ဒီတော့ ဖဿဖြစ်လို့၊ ဝေဒနာဖြစ်လို့ ဝေဒနာဖြစ်တယ်၊ ဝေဒနာဖြစ်လို့ တဏှာဖြစ်တယ်၊ ဖဿချုပ်ရင် ဝေဒနာချုပ်တယ်၊ ဝေဒနာချုပ်ရင် တဏှာချုပ်တယ်ဆိုတာ ရှင်းပလား။

ဒီလိုအသိရှင်းရမယ်၊ ဖဿပစ္စယာဝေဒနာ၊ အကြောင်းဖြစ်လို့ အကျိုးဖြစ်တာပဲလို့သိရင် ဥစ္ဆေဒစင်တယ်၊ ဖဿနိရောဓာ ဝေဒနာနိရောဓေါ၊ ဖဿချုပ်ရင် ဝေဒနာချုပ်တာပဲလို့သိရင် သဿတစင်တယ်၊ ကျေနပ်ပလား။ ဒကာ ဒကာမတွေကို “ဝိပဿနာရှုကြ၊ ဖြစ်ပျက်မြင်အောင်ရှုကြ” ဆိုပြီး ရှုခိုင်းတာဟာ ဒိဋ္ဌိတွေ အခွါခိုင်းတာပဲ၊ အဖြစ်နဲ့အပျက် ဟာ သဿတနဲ့ ဥစ္ဆေဒခွါနိုင်တယ်၊ ဒီဖြစ်ပျက်မှတပါး ဒိဋ္ဌိခွါနည်း ကွာနိုင်တဲ့နည်း မရှိဘူးဆိုတာ မှတ်လိုက်ကြ။

အဖြစ်နဲ့အပျက်ဟာရှိတယ်

ဒကာ ဒကာမတို့ ခန္ဓာထဲမှာကြည့်ရင် အဖြစ်နဲ့အပျက်ဟာရှိတယ်၊ ဒီဖြစ်ပျက် ဓမ္မတွေပဲရှိတယ်၊ ဖြစ်ပျက်ဓမ္မက လွဲရင် ဒိပြင်ဘာမှ အပိုမစွက်ဘူးလို့သာ မှတ်ထားကြ၊ ခန္ဓာထဲ အမှန်တကယ်ရှိတဲ့ ဒီဓမ္မတွေရဲ့ အဖြစ်မြင်ရင် ဥစ္ဆေဒ စင်ပြီ၊ အပျက်ကိုမြင်ရင် သဿတစင်ပြီ၊ ဖြစ်ပျက်တွေချည်းပဲလို့မြင်တော့ ဒိဋ္ဌိနှစ်ခုလုံးစင်တာပဲ၊ ဒီလိုစင်ပြီးမှရှုတော့ ဗလဝအားကြီးတဲ့ ဝိပဿနာဖြစ်တယ်၊ မစင်ဘဲရှုနေရင် အားနည်းတဲ့ ဝိပဿနာပဲ။

ခန္ဓာထဲမှာ ဘယ်တရားပေါ်လာလာ အကြောင်းဖြစ်လို့ အကျိုးဖြစ်တာပဲလို့ သိရမယ်၊ ဒီလိုသိရင် ဥစ္ဆေဒစင်ပြီ၊ အကြောင်းချုပ်လို့ အကျိုးချုပ်တာပဲလို့လဲ သိရမယ်၊ ဒီလိုသိရင် သဿတစင်ပြီ၊ ရှင်းကြပလား။ အဖြစ်အပျက်မြင်လာရင် ရဲရဲတင်းတင်းရှုပါ၊ ဒီလိုရှုလို့ အသိစင်ကြယ်တာနဲ့ ဒိဋ္ဌိနှစ်ခုပြုတ်တာပဲ၊ အဲဒီကျမှ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်ကျေးဇူးပြုမယ့် ဗလဝဝိပဿနာပဲ၊ ဒါကြောင့် ဒကာ ဒကာမတို့ကို ပဋိစ္စသမုပ္ပါဒ် ကြောင်းကျိုးဖြစ်ပုံ ချုပ်ပုံ ရှင်းပြရတာ၊ ဒါကိုသိမှ အသိရှင်းမှ အသိမရှင်းရင် ဒိဋ္ဌိနှစ်ခု မစင်ဘူး၊ သဘောပါကြရဲ့လား။

ဝေဒနာဖြစ်လို့ တဏှာဖြစ်တယ်၊ ဝေဒနာချုပ်လို့ တဏှာချုပ်တယ်၊ အဲဒါ အသိရှင်း၊ ဒိဋ္ဌိစင်ပြီးမှ အားထုတ်မရ မရှိဘူး၊ မုချရမယ်ဆိုတာ ဆုံးဖြတ်ချက်ချကြ။

အခု ရှင်ဆန္နဝတ္ထုကို ဆက်ပြောရမယ်၊ ဘုရား ပရိနိဗ္ဗာန်စံတော့ သူက သာဝတ္ထိပြည် ဇေတဝန်ကျောင်းမှာ ကျန်နေခဲ့တယ်၊ ဘုရားရှင်ရဲ့ အမိန့်အရ ဒိပြင်ရဟန်းတွေကလဲ ရှင်ဆန္နကို ကြဉ်ထားကြတယ်၊ ဗြဟ္မဒဏ်ထားတယ်လို့ ခေါ်ရတယ်၊ အဲဒီအခါမှာ ရှင်ဆန္နဟာ ဗာရာဏသီပြည် မိဂဒါဝုန်တောမှာ သီတင်းသုံးနေကြတဲ့ ရဟန်းတော်တွေဆီ သွားပြီး တောင်းပန်တယ်-တဲ့။

တပည့်တော်ကို ဆုံးမကြပါအုံး

”အရှင်ဘုရားများ တပည့်တော်ကို ဆုံးမကြပါအုံး၊ ကံမြစ်ကြပါအုံး၊ တရားချီးမြှင့်ကြပါအုံး၊ တရားပေးကြပါအုံး” နဲ့ ကျောင်းတွေလျှောက်သွား၊ ဟိုကျောင်း၊ ဒီကျောင်း လှည့်ပြီး တောင်းပန်တယ်၊ ဒီလိုတောင်းပန်တော့ ရဟန်းတွေက “ရုပ်ဟာ အနိစ္စ၊ ဝေဒနာဟာ အနိစ္စ၊ သညာဟာ အနိစ္စ၊ သင်္ခါရတွေဟာ အနိစ္စ၊ ဝိညာဏ်ဟာလဲ အနိစ္စပဲ။ သဗ္ဗေသင်္ခါရာ အနိစ္စာ၊ သဗ္ဗေ ဓမ္မာ အနတ္တာ” လို့ ဟောပြောကြ၊ ဆုံးမကြတယ်။

ရှင်ဆန္နက ဘဝင်မြင့်မြင့်နဲ့ “ဒီတရားမျိုးတွေ ငါလဲ အသိသားပဲ၊ ဒီအတိုင်း ငါအားထုတ်နေတာ ကြာလှပြီ၊ ကြာပေမယ့် သင်္ခါရတွေချုပ်တဲ့ ဥပဓိခန္ဓာငါးပါး စွန့်လွှတ်တဲ့ နိဗ္ဗာန်ကို တခါမှမမြင်ဘူးဘူး” တဲ့၊ ဒီတရားမျိုးနဲ့ သူ အားထုတ်ခဲ့တာ ကြာပေမယ့်လို့ သင်္ခါရတွေ လုံးဝချုပ်တဲ့ ခန္ဓာချုပ်၊ တဏှာချုပ်တဲ့ နိဗ္ဗာန်ကို လုံးဝမရသေးဘူးတဲ့၊ သူက တရားတောင်းပြီးတော့ တရားပေးတဲ့ပုဂ္ဂိုလ်နဲ့ ရန်ဖြစ်တယ်။

ဒါတွေ မကွာဘဲနဲ့ ဝိပဿနာရှုနေလို့

ဘာလို့လဲဆိုတော့ နိဗ္ဗာန်မမြင်ရလို့တဲ့၊ ဒီတရားမျိုးနဲ့တော့ နိဗ္ဗာန်မရသေးဘူးဆိုပြီး သူက မကျေနပ်နိုင်ဘူးတဲ့၊ တရားက မလွဲဘူး၊ သူကလွဲနေတာ၊ သူက နေရာမကျတာ၊ သူက သဿတနဲ့ ဥစ္ဆေဒရှိနေတယ်၊ ဒါတွေ မကွာဘဲနဲ့ ဝိပဿနာရှုနေလို့ပဲ၊ ရိပ်မိကြပလား။ သူက ပဋိစ္စသမုပ္ပါဒ်အကြောင်းဖြစ်၊ အကျိုးဖြစ်လဲမသိ၊ အကြောင်းချုပ်၊ အကျိုးချုပ် လဲမသိ၊ မသိတော့ ခန္ဓာထဲဖြစ်ပျက်တွေ ရှုနေ၊ မြင်နေတာပဲ၊ ရှုနေပေမယ့် နိဗ္ဗာန်မပေါ်လာဘူး။

အလုပ်လွဲနေတော့ မရဘူးပေါ့၊ ရှင်ဆန္န ဝိပဿနာရှုနေတာ ဘုရားဖြစ်စလောက် အချိန်ကစပြီး ရှုနေတာ၊ ဘုရားလဲ ပရိနိဗ္ဗာန်စံဝင်သွားပြီ၊ ခုထိအောင် ရှုနေတာဟာ ၄၅-နှစ်လောက် ကြာနေပြီ၊ ဒါပေမယ့် နိဗ္ဗာန်မရသေးဘူး။ ဘာမှ မထူးခြားသေးဘူး၊ အဲဒါ ဘာလို့လဲ၊ ဟောတဲ့ပုဂ္ဂိုလ်တွေကတော့ မညံ့ပါဘူး၊ သူ အလုပ်စဉ်လွဲနေလို့ပဲဆိုတာ မှတ်ကြ၊ ဒါကြောင့် ဒိဋ္ဌိမကွာဘဲ ဝိပဿနာရှုနေရင် နိဗ္ဗာန်ဘယ်တော့မှ မရဘူးလို့သာ ဆုံးဖြတ်ချက်ချကြ။

ကိုယ်တိုင်က အလုပ်စဉ်လွဲနေတာ ကိုယ်မသိဘူး၊ ဆရာတွေကို သူက အပြစ်တင်လိုက်သေးတယ်၊ ဒကာ ဒကာမ တို့လဲ ဒီအပြောမျိုး တချို့ပြောတတ်ကြတယ်၊ ကမ္မဋ္ဌာန်းပေးတဲ့ဆရာက ဘယ်သို့ဘယ်ညာနဲ့ နေရာမကျရင် အလုပ်စဉ် လွဲနေလို့ဆိုတာ မှတ်လိုက်ကြ။ ရိပ်မိကြပလား။ အလုပ်စဉ်လွဲနေရင် ပဋိစ္စသမုပ္ပါဒ်အကြောင်းဖြစ်ရင် အကျိုးဖြစ်တယ်၊ အကြောင်းချုပ်တယ်ဆိုတာ သိအောင်လုပ်ရမယ်၊ မသိရင် မရဘူး၊ မရတော့ ဆရာနဲ့ ရန်ဖြစ်တတ်တယ်။ ကမ္မဋ္ဌာန်းပေးတဲ့ ဆရာတွေနဲ့ ရန်မဖြစ်ကြနဲ့လို့ သတိပေးလိုက်တယ်။

အလုပ်စဉ်လွဲနေရင်လဲ မရနိုင်ဘူး

ဆရာက အညံ့ပေးရင်လဲ မရဘူး။ အလုပ်စဉ်လွဲနေရင်လဲ မရနိုင်ဘူး၊ ကိုယ်ကလွဲလဲ မရဘူးဆိုတာ မှတ်ကြ၊ ဒါကြောင့် အစကနေပြီး အဆုံးတိုင်ရောက်အောင် ကျကျနန ကူညီပေးမယ့် ညွှန်ပြပေးမယ့် ဆရာကောင်းသမားကောင်း လဲ အလွန်လိုတယ်ဆိုတာ ပေါ်ကြပလား၊ ရိပ်မိရင် အခွင့်အခါရတုန်းမှာ ကြိုးစားယူကြ။

ဒါကြောင့် ဒကာ ဒကာမတွေ စွဲစွဲမြဲမြဲ မှတ်ထားဖို့က ဝိပဿနာမလုပ်ခင် အရင်ဒိဋ္ဌိခွါရမယ်၊ ဒိဋ္ဌိကွာဖို့အတွက် လဲ ခန္ဓာ့ပဋိစ္စသမုပ္ပါဒ် ရှင်းလင်းရမယ်၊ ခန္ဓာ့ပဋိစ္စသမုပ္ပါဒ်ရှင်းလင်းရင် ဒိဋ္ဌိကွာပြီ၊ ဒိဋ္ဌိကွာပြီးမှ ဝိပဿနာလုပ်ရင် မဂ်ဉာဏ်၊ ဖိုလ်ဉာဏ် အမြန်ရမယ်၊ ရှင်းကြပလား။

ပဋိစ္စသမုပ္ပါဒ်မရှင်းဘဲ ဒိဋ္ဌိမခွါဘဲရှုရင် အားနည်းတဲ့ ဝိပဿနာဖြစ်လို့ မရဘူး၊ ဒိဋ္ဌိခွါပြီးမှရှုရင် အားကြီးတဲ့ ဝိပဿနာဖြစ်လို့ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ် အမြန်ရမယ်ဆိုတာ မှတ်ထားကြ။

ကိုင်း-နက်ဖြန်မှ ဆက်ကြစို့၊ နာရီစေ့သွားပြီ။

**********