အလှူမတတ်၊ ဒုက္ခထပ်၊ တရားတော် (အပိုင်း-၁)
ဆောင်ပုဒ်
အလှူဒါန်၊ ပြုကုန်ကြ၊ ဉာဏစဉ်ကွပ်ကဲ။
ဉာဏ်မကွပ်လျှင်၊ တဏှာဝင်၊ ရလျှင်ဒုက္ခပဲ။
ပဋိသန္ဓေ၊ အို၊ နာ၊ သေ၊ ထွေထွေလွန်ဆင်းရဲ။
အလှူမတတ်၊ မမြင့်မြတ် ရှုံးဖတ်တင်မည့်ပွဲ။
လှူဆဲချိန်ခါ ကိုယ့်ခန္ဓာ၊ ဉာဏ်ဝါစူးစိုက်စွဲ။
ကိုက်ခဲယားယံ၊ ကျင်နာပြန် ဒုက္ခပြစမြဲ။
ခန္ဓာပြကွက်၊ ဒုက္ခစက်၊ ဖြစ်ပျက်ရှုဉာဏ်တွဲ။
ဒုက္ခဉာဏ်မြင်၊ လွတ်ကင်းချင်၊ စိတ်စဉ်ပြောင်းကာလွဲ။
ဒုက္ခလွတ်ကြောင်း၊ ဉာဏ်ချင့်လောင်း၊ လွန်ကောင်းမြတ်လှူပွဲ။
သတိချပ်
အင်္ဂုတ္တရ၊ အဋ္ဌက၊ မိန့်ဟရှင်တော်မြတ်။
ရှစ်ခုမြောက်လာ၊ ဒါနသာ၊ ကောင်းစွာပြုလုပ်အပ်။
မုဉ္စစေတနံ၊ ချိန်ကောင်းမွန်၊ ရုပ်နာမ်ရှုကြည့်လတ်။
ဒုက္ခဉာဏ်မြင်၊ လွတ်မြောက်ချင်၊ မဂ္ဂင်ငါးဝချပ်။
မဂ္ဂဉာဏ်မြော်၊ အလှူတော်၊ ပေးသော်လွန်မြင့်မြတ်။
သမထဝိပဿနာ၊ ခြံရံကာ၊ လှူတာမြတ်ဆုံးမှတ်။
အလှူတတ်မှ၊ သံသာရ၊ ဒုက္ခတိုမည်မှတ်။
တရားသား
မုဉ္စစေတနာ အချိန်ပဲ
အလှူ့ဒကာ၊ အလှူ့အမတွေ ဒီကနေ့ ဒီအချိန်၊ ဒီအခါမှာ အလှူမင်္ဂလာပွဲကြီး ဆင်နွှဲပြုလုပ်ကြတယ်၊ ဒီအလှူပွဲကြီးဖြစ်မြောက်ဖို့ အရင့်အရင် ရက်တွေကတည်းက ကြိုးစားခဲ့ကြရတယ်။ ဒီတော့ အခုအလှူပွဲကြီး ကျင်းပဆဲ အချိန်ဟာ အလှူပွဲရဲ့ အလယ်ပိုင်းအချိန်ပဲလို့ မှတ်ရမယ်၊ ဒါကြောင့် အခုပွဲပြုလုပ်ဆဲဖြစ်တဲ့ ဒီအချိန်ဟာ၊ မုဉ္စစေတနာ အချိန်ပဲလို့ မှတ်ကြရမယ်၊ သဘောပါကြပလား။
ဒီတော့ ဒီလိုလှူဆဲဖြစ်တဲ့ မုဉ္စစေတနာ အချိန်ဟာ အရေးကြီးတဲ့အချိန်ပဲလို့ မှတ်ကြရမယ်။ ဘာကြောင့်လဲဆို တော့၊ ဥပမာ-လှေနှစ်စင်းပြိုင်တဲ့အခါမှာ ပန်းဆွတ်တာလိုရင်းအချက်ပဲ၊ ပန်းဆွတ်နိုင်မှသာ အနိုင်ရသလို အောင်ပွဲရ သလို၊ ဒီအလှူပွဲမှာလဲပဲ၊ မုဉ္စစေတနာအချိန်မှာ ပန်းဆွတ်နိုင်မှသာ အောင်ပွဲရမယ်ဆိုတာ မှတ်လိုက်ကြ၊ ရိပ်မိကြပလား။
မလှူခင် စောစောပိုင်းက ပြုလုပ်ဆောင်ရွက်ခဲ့တဲ့ “ပုဗ္ဗစေတနာက” က ဘယ်လိုပင် ကောင်းနေပေမယ့် “ဒီ မုဉ္စစေတနာ” ပျက်သွားရင်မကောင်းဘူး၊ ဒါကြောင့် ဒီအချိန်ဟာ ပိုပြီး အရေးကြီးတယ်ဆိုတာ မှတ်လိုက်ကြ။ အခု ဒီအလှူပွဲကြီး ရောက်လာကြတဲ့ ဒကာ ဒကာမတွေ အားလုံးဟာလဲ အလှူရှင်တွေပဲ မိမိတို့စွမ်းအားအလျောက် ထည့်ဝင် လှူဒါန်းကြ၊ သီလလဲ ဆောက်တည်၊ တချို့တွေက ဝေယျာဝစ္စ၊ ကုသိုလ်ဆောင်ရွက်ကြနဲ့ အားလုံးအလှူရှင်တွေပဲလို့ မှတ်ရမယ်။
ခံစားချင်လို့လှူရင်၊ ပုညာဘိသင်္ခါရ
အဲဒီတော့ အားလုံးသော ဒကာ ဒကာမတွေ အထူးသတိချပ်ကြရမယ်၊ ဒကာ ဒကာမတွေဟာ ဒါနအမျိုးမျိုး လှူကြဒါန်းကြ၊ ပုညကြိယာ ဝတ္ထုတွေပြုလုပ်ကြ ဒီလိုပြုလုပ်လှူဒါန်းတဲ့ စေတနာနဲ့ လှူတဲ့အခါမှာ၊ လူ့ဘုံ၊ နတ်ဘုံ၊ အစုန်အဆန် ခံစားချင်လို့လှူရင်၊ ပုညာဘိသင်္ခါရပဲ။ ဒီသင်္ခါရက လိမ်လည်ကောက်ကျစ်တဲ့ သင်္ခါရပဲဆိုတာ မှတ်လိုက်ကြ။ ဒီလို လူ၊ နတ်၊ ဘုံဘဝတောင့်တပြီး ပြုလုပ်တဲ့ သင်္ခါရက အဝိဇ္ဇာအုပ်ချုပ်နေတယ်၊ “အဝိဇ္ဇာပစ္စယာ ပုညာဘိသင်္ခါရာ” ဖြစ်တာပဲ။
ဘာကြောင့်လဲဆိုတော့ ဒီစေတနာက အသိဉာဏ်မပါဘူး။ သူက လူချမ်းသာ၊ နတ်ချမ်းသာ၊ လိုချင်လို့ လှူတဲ့ အလှူပွဲ။ လူချမ်းသာလိုချင်လို့လှူတော့ လူ့ဘဝရတယ်၊ လူဘဝ လူ့ဇာတိက စ,ရတယ်။ ဇာတိဟာ-ဘာသစ္စာလဲ။ ဇာတိပိဒုက္ခသစ္စာပဲ။ ဇာတိပြီးတော့ ဇရာလာ၊ ဘာသစ္စာလဲ။ ဇရာပိ ဒုက္ခသစ္စာပဲ။ နောက် ဗျာဓိလာ၊ ဘာသစ္စာလဲ၊ ဗျာဓိပိဒုက္ခသစ္စာပဲ၊ နောက် မရဏလာမယ်၊ မရဏ ဘာသစ္စာလဲ၊ မရဏမ္ပိ ဒုက္ခသစ္စာပဲ၊ ဒုက္ခသစ္စာချည်းရမှာ၊ ကောင်း တာများ ပါသေးသလား။
အဲဒီအတိုင်းပါပဲ၊ နတ်ချမ်းသာ၊ တောင့်တလှူတော့၊ နတ်ဘဝရမယ်၊ နတ်ဘဝ၊ နတ်ဇာတိက စ,ရမယ်၊ နောက် နတ်ဇရာ၊ နတ်ဗျာဓိ၊ နတ်မရဏ၊ အားလုံးဒုက္ခသစ္စာချည့်ရမှာပဲ၊ ရှင်းကြရဲ့လား။ လူနတ်ဘုံဘဝ တောင့်တပြီးလှူတာဟာ ဒုက္ခသစ္စာမှန်းမသိရှာလို့ပဲ။ ဒီတော့ ဒီလိုလှူတဲ့အလှူဟာ သစ္စာမသိဘဲလှူတဲ့ အလှူပဲပေါ့၊ သစ္စာမသိဘဲလှူရင် ဒီသင်္ခါရ ဖြစ်မယ်။ ဒကာ ဒကာမတွေ သဘောပါကြပလား။
လူနတ်ဘုံဘဝ တောင့်တပြီးလှူတော့
လူနတ်ဘုံဘဝ တောင့်တပြီးလှူတော့ သမုဒယသစ္စာဖြစ်တယ်၊ သမုဒယသစ္စာဖြစ်ရင် အကြောင်းသမုဒယ ကြောင့် စုတိမနေ သေလွန်တဲ့အခါကျတော့ ဒုတိယဘဝမှာ လူ့ခန္ဓာ၊ နတ်ခန္ဓာ၊ ဗြဟ္မာခန္ဓာရကြမယ်၊ ဒီလိုခန္ဓာအမျိုးမျိုး ရတဲ့အတွက် ဒုက္ခသစ္စာ ပြန်ရတာပဲ၊ ရိပ်မိကြပလား။ ဒကာ ဒကာမတွေ လူ့ခန္ဓာအစက ဇာတိ၊ ဒုက္ခသစ္စာ၊ လူ့ခန္ဓာ အလယ်မှာ ဇရာဒုက္ခသစ္စာ၊ ဆုံးခါနီးတော့ ဗျာဓိဒုက္ခသစ္စာ၊ လူ့ဘဝ၊ လူ့ခန္ဓာအဆုံးမှာ မရဏဒုက္ခသစ္စာ၊ သဘောပါကြ ပလား။
ဒကာ ဒကာမတွေ ဘာများအမြတ်ထွက်ကြသေးတုန်း၊ လှူလဲလှူရသေးရဲ့၊ ဒုက္ခသစ္စာလဲရလို့ ဒုက္ခရောက်ရသေး တယ်၊ ဒါဖြင့် ဒီအလှူဟာ ဘယ့်နှယ်ဆိုကြမတုန်း။ အမြတ်မထွက်တဲ့အပြင် ရှုံးဖတ်တင်တဲ့အလှူပဲ၊ ငွေကုန်လူပန်းတဲ့ ရှုံးဖတ်တင်တာပေါ့၊ ရှင်းကြပလား။ ဒါကြောင့် ဒကာ ဒကာမတို့ အခုလှူမယ့် အလှူပွဲမှာ အရှုံးမခံရအောင် လုပ်ရမယ်။ အမြတ်ထုတ်တတ်ကြရမယ်လို့ သတိပေးလိုက်တယ်။
သမထ ဝိပဿနာခြံရံပြီး လှူတဲ့အလှူ
ဒါကြောင့် အခုလှူတဲ့အလှူမှာ “အဝိဇ္ဇာပစ္စယာ ပုညာဘိသင်္ခါရ” မဖြစ်စေဘဲ၊ “အဝိဇ္ဇာနိရောဓာ သင်္ခါရနိရော ဓော” ဖြစ်စေဖို့ အရေးကြီးတယ်ဆိုတာ မှတ်လိုက်ကြ။ အခု လှူဆဲအချိန်မှာ တဒင်္ဂဖြစ်စေဖို့ ကြိုးစားကြရမယ်၊ ဘာ့ ကြောင့်လဲဆိုတော့ “သမထ၊ ဝိပဿနာခြံရံပြီး လှူတဲ့အလှူဟာ အမြတ်ဆုံးအလှူဖြစ်တယ်၊ အမြတ်ဆုံးအလှူဖြစ်အောင် အခုလှူဆဲမှာ၊ သမထ, ဝိပဿနာခြံရံရမယ်၊ အဲဒီလို ခြံရံပြီးလှူတဲ့ အလှူမျိုးမှ အမြတ်ဆုံးပဲ” လို့ ဟောတော်မူထားလို့ပဲ ဆိုတာ မှတ်ကြ။
ဒကာ ဒကာမတွေ အဲဒီတော့ အခု လှူဆဲအချိန်ကလေးမှာ သမထ, ဝိပဿနာ ခြံရံကြရမယ်၊ သမထ, ဝိပဿနာ ခြံရံဆိုတာ ခန္ဓာဉာဏ်ရောက်ဖို့ပါပဲ၊ အခု ဒကာ ဒကာမတို့ တရားနာနေဆဲဖြစ်တဲ့ ခန္ဓာကို ဉာဏ်နဲ့ကြည့်ရမယ်၊ အခုထိုင် နေတဲ့ခန္ဓာမှာ ဉာဏ်နဲ့ ကြည့်ပေးကြ၊ ကြည့်တော့ ညောင်းလာလို့ ပြောင်းချင်တယ်၊ ရွှေ့ချင်တယ်၊ ကိုက်ခဲနာကျင်လာတယ်၊ ယားယံလာတယ်၊ ထွက်လေ၊ ဝင်လေလေး ရှူလိုက်၊ ရှိုက်လိုက်နဲ့ ခန္ဓာက “ကျုပ်ဟာ ဒုက္ခသစ္စာပါ ဒုက္ခသစ္စာပါလို့” ဟောလေ့ပြောလေ့ရှိတယ်၊ မြင်ကြရဲ့လား။
ဒီလို ခန္ဓာက ဒုက္ခပြတဲ့အခါ ဉာဏ်ကမြင်အောင်ကြည့်ပေး၊ ရှုပေးရမယ်၊ ရှုတော့ ဝေဒနာကြိုက်၊ ဝေဒနာရှု၊ စိတ်ကြိုက်ရင် စိတ်ရှု၊ ရုပ်ကြိုက်လဲ ရုပ်ရှုကြ၊ ဘာကိုပဲရှုရှု စိတ်ကလေးတွေ၊ ဝေဒနာလေးတွေ၊ ရုပ်သဘောလေးတွေ၊ အမူအရာ၊ ပြောင်းလွဲ၊ ပြောင်းလွဲသွားကြတာ တွေ့ရမယ်၊ အဲဒီလို တသဘောနဲ့တသဘော အမူအရာ တခုနဲ့တခုမတူဘဲ ပြောင်းလဲပြောင်းလဲ သွားတာဟာ၊ ဖြစ်ပြီးပျက်စီးသွားကြတာပဲ၊ ဒီတော့ ခန္ဓာမှာ တရားကလေးတခုပေါ်တိုင်း ဉာဏ်နဲ့ ကြည့်ရင် ဖြစ်ပြီးပျက်သွားတဲ့သဘောကလေးကို မြင်အောင်ကြည့်ပေးကြ။
ဒုက္ခသစ္စာက ကျွတ်လိုလွတ်လိုလို့
ဒကာ ဒကာမတွေ ကြည့်တတ်ပလား။ ဒီလို ခန္ဓာ ရုပ်နာမ် အဖြစ်အပျက်ကလေးတွေမြင်တော့ ဉာဏ်က “ဪ-မမြဲပါလား၊ ဒုက္ခသစ္စာပါလားလို့ သိလိုက်ရမယ်၊ ဉာဏ်နဲ့မြင်ရမယ်၊ ရှင်းကြပလား။ ဒီလိုဒုက္ခသစ္စာမြင်ပြီး ဒီသင်္ကန်းကို မကပ်မှီ ဒီဒုက္ခသစ္စာက ကျွတ်လိုလွတ်လိုလို့ ဒီသင်္ကန်းစတဲ့ လှူဖွယ်ဝတ္ထုအစုစုကို သံဃာတော်အရှင်မြတ်တို့ အား လှူဒါန်းဆက်ကပ်ပါတယ်ဆိုတဲ့ စိတ်ထားစေတနာဖြစ်စေရမယ်၊ ရိပ်မိပလား။
ဒီသံဃိကဒါန၊ အလှူတော်ကြီးပြုရတာက အကြောင်းရှိလို့၊ အကြောင်းက အခုမြင်ရတဲ့ ဒုက္ခသစ္စာကြီးမှ ကျွတ်လိုလွတ်လိုလို့ အကူအညီ အထောက်အပံ့ဖြစ်စေဖို့ဆိုတဲ့ စိတ်ထားကို ဖြစ်စေကြရမယ်၊ မျက်မြင်အားဖြင့်လဲ ဒီဒုက္ခဝဋ်မှ ကျွတ်လိုပါတယ်၊ ဉာဏ်မြင်အားဖြင့်လဲ ဒီဒုက္ခဝဋ်ကြီးမှ လွတ်လိုပါတယ်ဆိုတဲ့စိတ် ပြင်းပြင်းထန်ထန်ထားရ မယ်၊ ဒါမှသာ သမထ, ဝိပဿနာခြံရံတဲ့ ဒါနဖြစ်မယ်၊ ဒီဒါနမှ အမြတ်ဆုံးဒါနပဲ၊ ရှင်းပလား။
ရှစ်ခုမြောက် ဒါနသာ အမြတ်ဆုံး
အဋ္ဌကနိပါတ် အင်္ဂတ္ထိုရ်ပါဠိတော်မှာ “စိတ္တာလင်္ကာရ စိတ္တပရိက္ခာရဒါနမေဝ သေဋ္ဌံ” လို့ဆိုတာ၊ သမထ, ဝိပဿနာခြံရံပြီး လှူတဲ့ဒါနဟာ အမြတ်ဆုံးပဲလို့ ဟောတော်မူတဲ့စကားတော်ဖြစ်တယ်လို့ မှတ်ကြ၊ ဘုရားက ဒါနရှစ်မျိုး ရှိတယ်၊ အဲဒီ ရှစ်မျိုးထဲမှာမှ နောက်ဆုံး ရှစ်ခုမြောက် ဒါနသာ အမြတ်ဆုံးဖြစ်တယ်လို့ ဟောတော်မူတယ်၊ ရှစ်ခုမြောက် ဒါနဆိုတာ အခုပြောခဲ့တဲ့ “သမထ၊ ဝိပဿနာခြံရံတဲ့ဒါန” ကို ဆိုတာပဲလို့ မှတ်လိုက်ကြ၊ သဘောပါကြပလား။
ဒီတော့ ဒကာ ဒကာမတွေ၊ အခုလှူဒါန်းမယ့် ကထိန်အလှူကြီးမှာ အမြတ်ဆုံးဖြစ်စေဖို့ သမထ, ဝိပဿနာခြံရံပြီး လှူကြရမယ်ဆိုတာ ပေါ်ပလား။ သမထ, ဝိပဿနာ ဘယ်လိုခြံရံရမှာလဲဆိုတော့ ဒီအဓိပ္ပါယ်ကို ဆရာဘုန်းကြီးက ရှင်းပြမယ်၊ အလှူဒါနပြုတဲ့အခါ “ဝိသေသန ပဿတီတိ ဝိပဿနာ” ဆိုတဲ့အတိုင်း၊ ခန္ဓာမှာ ဉာဏ်နဲ့ အထူးရှုပြီး လှူဒါန်းကြရမယ်၊ အထူးရှုရမှာက ဘယ်အချိန်လဲလို့မေးရင်၊ မုဉ္စစေတနာအချိန်၊ လှူဆဲအချိန်ပဲလို့ မှတ်လိုက်ကြ။
ဒီမုဉ္စစေတနာအချိန်မှာ ခန္ဓာဉာဏ်စိုက်ပြီး ဝေဒနာရှုသူက ဝေဒနာရှု၊ စိတ်ရှုတဲ့သူကလဲ စိတ်ကိုရှု၊ ရုပ်ရှုတဲ့သူက လဲ ရုပ်ကို ဖြစ်ပျက်ရှုပြီး လှူကြရမယ်၊ ရှင်းပလား။ ခန္ဓာဉာဏ်နဲ့ကြည့်လိုက်တဲ့ အချိန်အခိုက်အတန့်မှာ၊ ထင်ရှားတဲ့ ပေါ်လွင်တဲ့တရားတခုခုကို ရှုရမယ်၊ ဒီလို ရှုလိုက်တော့၊ ဖြစ်ပျက် ဒုက္ခသစ္စာတွေ ခန္ဓာကပြလို့ ဉာဏ်နဲ့မြင်ရသိရမယ်၊ အဲဒီအခါမှာမှ ဉာဏ်က ဪ-ဒုက္ခသစ္စာ ခန္ဓာကြီးပါလားလို့ ဆုံးဖြတ်ချက်ချနိုင်တယ်။
ခန္ဓာဒုက္ခသစ္စာ ကိုယ်တိုင်မြင်သိပြီးမှလှူ
ဒီလို ဒီခန္ဓာဒုက္ခသစ္စာ ကိုယ်တိုင်မြင်သိပြီးမှ အခုလှူဒါန်းမယ့် သံဃိက ကထိန်အလှူတော်ကြီးကို မျက်မြင် ဒုက္ခကြီးမှ ကျွတ်လိုလို့၊ ဒီဒုက္ခကြီးကို မလိုချင်လို့၊ ကြောက်လွန်းလို့ ဒီဒုက္ခမှ လွတ်လိုလို့ လှူဒါန်းပေးကမ်းပါတယ်ဆိုတဲ့ စိတ်ထားကို ပြင်ကြရမယ်၊ အဲဒီလို လှူနိုင်မှ သမထ၊ ဝိပဿနာခြံရံတဲ့ ဒါနဖြစ်မယ်၊ ဒီဒါနမှ အမြတ်ဆုံးဖြစ်တဲ့ ရှစ်ခု မြောက် ဒါနပဲဆိုတာ မှတ်ကြ။ ဒီလိုမဟုတ်လို့ ရှစ်ခုမြောက် မရောက်ရင် အရင်းများပေမယ့် အမြတ်သေးလိမ့်မယ်ဆိုတာ မှတ်လိုက်ကြ၊ ရိပ်မိရဲ့လား။
ဒကာ ဒကာမတွေမှာ သီလက ဆောက်တည်ကြပြီးသား၊ ဒါကြောင့် သီလက ပြည့်စုံကြပြီးသား၊ ဒီတော့ သီလနဲ့လဲပြည့်စုံ၊ ဒါနကိုလဲ အခုပြုလုပ်ဆဲ ဒီထဲမှာ ဘာဝနာလိုနေတယ်၊ ဒါကြောင့် သမထ, ဝိပဿနာခြံရံကြရမယ်၊ ဒီလိုခြံရံလိုက်တော့ အမြတ်ဆုံးဖြစ်လာတယ်၊ ဘာကြောင့် ဒီဒါနဟာ အမြတ်ဆုံးဖြစ်သလဲ၊ သမထ, ဝိပဿနာခြံရံလို့ပဲ ဆိုတာ မှတ်လိုက်ကြ၊ သဘောပါကြပလား။
အရင်းကနည်းပြီး အမြတ်များတဲ့ ကုန်ဆိုရင်
ဒကာ ဒကာမတွေ ကုန်ကူးတဲ့ ဥပမာလိုပဲ မှတ်ကြရမယ်၊ ကုန်ကူးတဲ့အခါမှာ အရင်းကနည်းပြီး အမြတ်များတဲ့ ကုန်ဆိုရင်လဲ ကူးထိုက်တယ်၊ ဒီသဘောအတိုင်းပဲ၊ အလှူဒါနပြုတဲ့အရာမှာလဲ အမြတ်များများရအောင် လှူတတ်ရမယ်၊ ဒီလို လှူတတ်မှသာ အမြတ်ဆုံး အလှူဖြစ်တော့မပေါ့၊ သဘောပါကြပလား။
ကိုင်း-ဒါကြောင့် အမြတ်ဆုံးဒါနဖြစ်အောင် သမထ, ဝိပဿနာခြံရံကြစို့၊ အိမ်ပြန်ရောက်ခါမှ ခြံရံနေရင် ပရစေတနာအချိန်မှာ ခြံရံတာဖြစ်နေမယ်၊ အခုလှူဆဲအချိန်မှာ ခြံရံမှ မုဉ္စစေတနာမှာ ခြံရံတာဖြစ်နိုင်မယ်၊ ရှင်းကြပလား။ ဘုရားက “စိတ္တာလင်္ကာရ စိတ္တပရိက္ခာရ” လို့ ဟောတဲ့နေရာမှာ၊ အဋ္ဌကထာက မဂ်ဉာဏ်ခြံရံတာကို ဆိုတာပဲလို့ ဖွင့်ပြထားမယ်။ ဒါကြောင့် ခန္ဓာဒုက္ခသစ္စာမြင်တဲ့ မဂ်အမြင်ဉာဏ် ဖြစ်လာအောင် လုပ်ကြရမယ်၊ ရှင်းကြပလား။
ကိုင်း-ဒါဖင့် အခုတရားနာဆဲ ခန္ဓာပေါ်မှာ ဉာဏ်စိုက်ပြီး ငါးမိနစ်ခန့် နှလုံးသွင်းကြ၊ ဘုန်းကြီး နည်းပေးညွှန်ပြ ထားတဲ့အတိုင်း ခန္ဓာမှာပေါ်လာတဲ့ ဝေဒနာကလေးတွေ၊ စိတ်ကလေးတွေ၊ ရုပ်ကလေးတွေ ထင်ရှားရာတစ်ခုခုပေါ်မှာ ဉာဏ်နဲ့ဖြစ်ပျက်မြင်အောင် ကြည့်ပေးကြ၊ ဉာဏ်နဲ့ကြည့်တော့ ခန္ဓာက ဒုက္ခအခြင်းအရာတွေ ပြလိမ့်မယ်၊ ပြရာကို ကိုယ်တွေ့ဉာဏ်မြင် ဖြစ်အောင် လိုက်ပေးကြ၊ ဖြစ်ပျက် ဒုက္ခသစ္စာ မြင်ကြပလား။ မြင်အောင် လိုက်ပေးကြ။
သမထ, ဝိပဿနာခြံရံသွားပြီ
အခုမြင်ကြပြီမို့လား၊ အဲဒီမြင်တဲ့ ဖြစ်ပျက်က ဒုက္ခသစ္စာ၊ မြင်တဲ့ဉာဏ်က လောကီမဂ္ဂသစ္စာ၊ ဒီမြင်မှု မဂ္ဂသစ္စာထဲ မှာ သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ၊ သမ္မာဝါယာမ၊ သမ္မာသတိ၊ သမ္မာသမာဓိဆိုတဲ့ မဂ္ဂင်ငါးပါး ပါဝင်တယ်၊ ဒီမဂ္ဂင်မပါရင် မမြင်ဘူး၊ ဖြစ်ပျက်မြင်တော့ သတိ၊ သမာဓိနှစ်ပါးပါတယ်၊ ဒီနှစ်ပါးမပါရင် မမြင်ဘူး၊ ဒီတော့ သမာဓိ ပြည့်စုံသွားပြီ၊ ဉာဏ်နဲ့မြင်တာမို့ ဝိပဿနာလဲဖြစ်ပြီးသား၊ ဒါကြောင့် ဒီအလှူပွဲမှာ သမထ, ဝိပဿနာခြံရံသွားပြီ၊ ရိပ်မိကြပလား။
ဒကာ ဒကာမတွေ ရှင်းကြရဲ့လား၊ ဒါဖြင့် ဒီကထိန်အလှူပွဲမှာ ကိုယ်တိုင်မြင်တဲ့ ဒုက္ခကြီးကို ကိုယ်ပိုင်ဉာဏ်နဲ့ ပြင်ပြီးတော့ ဒီခန္ဓာဒုက္ခဝဋ်မှ ကျွတ်လိုလွတ်လိုလို့၊ ဤကထိန်လျာသင်္ကန်ကို သံဃာတော်အရှင်မြတ်တို့အား လှူဒါန်းပါ၏ ဆိုတဲ့ဉာဏ်နဲ့ကပ်ကြ။ ဒီလို-ဒုက္ခဝဋ်က လွတ်လိုတဲ့ဉာဏ်နဲ့ သင်္ကန်းကို ကပ်ကြရမယ်၊ သင်္ကန်းကိုလဲ ပုဂ္ဂိုလ်ကို မရည်ညွှန်းနဲ့၊ သံဃာကို စိတ်က ရည်ညွှန်းရမယ်၊ ဒါမှ သံဃိကမြောက်မယ်၊ ရှင်းကြရဲ့လား။
ကိုင်း-သင်္ကန်းကပ်ရအောင် လိုက်ဆိုကြ။ သုံးခေါက်ဆိုရမယ်။
အလှူကို တိုင်ပေခြင်း (နောက်က လိုက်ဆိုကြသည်။)
”မယံ ဘန္တေ သံသာရဝဋ္ဋဒုက္ခတော မောစနတ္ထာယ၊ သပရိဝါရံ ဣမံ ကထိနစီဝရံ သံဃဿ ဒေမ”။
ဘန္တေ၊ အရှင်ဘုရားတို့။ မယံ၊ တပည့်တော်တို့သည်။ သံသာဝဋ္ဋဒုက္ခတော၊ ဖြစ်ပျက်အစဉ် ခန္ဓာသံသရာ ဝဋ်ဒုက္ခကြီးမှ။ မောစနတ္ထာယ၊ လျှင်လျှင်မြန်မြန်။ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ် အမြင်ဖြင့်၊ နိဗ္ဗာန်ကို အာရုံပြု၍ လွတ်မြောက်ခြင်း အကျိုးငှာ။ သပရိဝါရံ၊ လှူဖွယ်ဒါန်းရာ စုံလင်စွာ၊ အခြံအရံ ပဒေသာနှင့်တကွသော။ ဣမံ ကထိန စီဝရံ၊ ကထိန်လျာ၊ ဖလ်ဝါရောင်လျှမ်း၊ ဤသင်္ကန်းကို။ သံဃဿ၊ မင်္ဂလာတိုက်၌၊ ပုရိမဝါမှ၊ ကောင်းစွာထမြောက်တော်မူကြကုန်သော သံဃာတော်အရှင်မြတ်တို့အား။ ဒေမ၊ မအိုမသေ အမြဲနေသော နိဗ္ဗာန်ကိုရည်မှန်း၍ လှူဒါန်းဆက်ကပ်ပါကုန်၏ အရှင်ဘုရား။
သံဃိကမြောက်မှ ကထိန်အထမြောက်မယ်
ဒကာ ဒကာမတွေ “အခြံအရံ ပဒေသာပင်နှင့်တကွဖြစ်တဲ့ ဒီကထိန်လျာသင်္ကန်းကို၊ မင်္ဂလာတိုက်၌၊ ပုရိမဝါမှ ကောင်းစွာကျွတ်လွတ်တော်မူကြသော သံဃာအား၊ မအို, မသေ၊ အမြဲနေသော နိဗ္ဗာန်ကိုရည်မှန်း၍ လှူဒါန်းပါ၏” ဆိုတဲ့စိတ်ထားကိုညွတ်ပါ။ ပုဂ္ဂိုလ်ကိုမရည်မှန်းနဲ့၊ သံဃာကို ရည်မှန်းရမယ်။ အရင်ကတော့ ဘယ်ကျောင်းတိုက်က ဘယ်ဘုန်းကြီးကို လှူဒါန်းမယ်ဆိုတဲ့စိတ်မျိုးနဲ့ လာခဲ့ကြတယ်၊ အဲဒီလိုဆိုရင် ပုဂ္ဂလိကဖြစ်နေမယ်၊ သံဃိကမြောက်မှ ကထိန်အထမြောက်မယ်ဆိုတာ မှတ်ကြ။
ဒကာ ဒကာမတို့ ဝိပဿနာခြံရံတဲ့ ဒါနရဲ့ အကျိုးကျေးဇူးတွေ ပြောခဲ့ပြီးပြီ၊ ရှစ်ခုမြောက်ဖြစ်တဲ့ ဒီ သမထ, ဝိပဿနာခြံရံတဲ့ ဒါမမှသာ အမြတ်ဆုံးဖြစ်တယ်ဆိုတာ သိကြရပြီ။ အခု အလှူပွဲကြီး ရေစက်သွန်းချ အမျှပေးဝေကြရ တော့မယ်၊ ရေစက်မချခင် တခါထပ်ပြီး ပြောရအုံးမယ်၊ လေးလေးစားစား၊ စူးစူးစိုက်စိုက် နာယူကြဖို့ သတိပေးလိုက်တယ်။
အခု ဒကာ ဒကာမတို့ တရားနာဆဲခန္ဓာမှာ ဉာဏ်နဲ့ကြည့်ပေးကြ၊ ခန္ဓာက ညောင်းလာမယ်၊ ညောင်းလာရင် အဲဒီဝေဒနာ ဖြစ်ပျက်ကိုရှုပစ်၊ ကိုက်ခဲလာလဲဖြစ်ပျက်ရှု၊ ပျင်းလာလဲ ပျင်းလာတဲ့ ဒေါသစိတ်ဖြစ်ပျက်ရှု။ မခံသာတဲ့ စိတ်လာလဲ ဖြစ်ပျက်ရှုပစ်၊ ဘာလာလာ၊ လာသမျှအကုန် ဖြစ်ပျက်ရှုပစ်ကြ၊ စိတ်လာလာ ဝေဒနာပေါ်ပေါ် ဖြစ်ပျက်မိ အောင် ရှုကြရမယ်၊ ရှင်းပလား။
နားကတရားကို အာရုံပြု၊ ဉာဏ်က ခန္ဓာဘက်လှည့်ထား
ဆရာဘုန်းကြီးက တရားဟောနေတဲ့အခိုက်အခါမှာ နားကတရားကို အာရုံပြု၊ ဉာဏ်က ခန္ဓာဘက်လှည့်ထား၊ ဒါမှ ဟောတဲ့တရားနဲ့ ဉာဏ်နဲ့ ထပ်မိမယ်၊ ဒီလို ဝိပဿနာဉာဏ်က ခန္ဓာဘက်လှည့်ပြီး နားက တရားနာယူကြမှသာ အင်္ဂါညီညွတ်မယ်၊ ဒီနှစ်ချက်ညီရင် တရားနာဆဲ၊ တထိုင်တည်းနဲ့ သောတာပန်၊ သကဒါဂါမ် တည်နိုင်တယ်ဆိုတာ မှတ်ကြ။ ဉာဏ်နဲ့ခန္ဓာလှည့်ပြီး ဖြစ်ပျက်ရှုတော့ အနိစ္စလို့မြင်မယ်၊ ဒုက္ခလို့မြင်မယ်၊ အနတ္တလို့လဲမြင်မယ်၊ ဒါကြောင့် နားက ဟောတဲ့ပြောတဲ့တရားကိုထောင်၊ ဉာဏ်က ခန္ဓာလှည့်နာကြ၊ သဘောပါပလား။
ဒကာ ဒကာမတွေ ဒီဘဝမှာ ဒီခန္ဓာနဲ့ ဒီမှာရောက်လာကြတယ်၊ ဒီတော့ ဒီခန္ဓာဟာ အစရှိရအုန်းမယ်ဆိုတာ တွေးကြ၊ တွေးမိကြပလား။ ဒီဘဝ၊ ဒီခန္ဓာ စခဲ့တာဟာ၊ ဘယ်ကလဲ။ အစက အခုဘဝ အမိဝမ်းတွင်းမှာ ကလလရေကြည် က စခဲ့ရတယ်၊ အင်မတန် သေးငယ်လှတဲ့ ကလလရေကြည်ကလေးကစပြီး ဒီဘဝ လူ့အဖြစ်ကို ရလာကြတယ်၊ ဒီတော့ အဲဒီ ကလလရေကြည်ကလေးဟာ ရုပ်၏ဇာတိပဲလို့ မှတ်လိုက်ကြ၊ ရိပ်မိပလား။
နောက်ဇာတိ လိုချင်လို့ လှူဒါန်းရင်၊ လူမိုက်ပဲ
ဒီကလလရေကြည် ရုပ်၏ဇာတိကလေးနဲ့ တွဲတာက ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏ်၊ စတဲ့တရားတွေ၊ အဲဒါတွေက နာမ်၏ ဇာတိပဲဆိုတာ မှတ်ကြ၊ ပေါ်ကြပလား။ ဒီတော့ ဒကာ ဒကာမတို့ရဲ့ ဒီဘဝအစဟာ ဘာလဲ၊ ဇာတိပဲ၊ ဘယ်က စခဲ့သလဲ၊ ဇာတိက စခဲ့တယ်၊ သဘောပါကြပလား။ ဘုရားရှင်က ဘယ်လိုဟောထားသလဲ “ဇာတိပိ ဒုက္ခာ” တဲ့၊ အဲဒီတော့ ဒကာ ဒကာမတွေ အခုစခဲ့ရတဲ့ အစဟာလဲ “ဇာတိပိ ဒုက္ခသစ္စာ” ပဲ၊ ရိပ်မိကြပလား။ ဒါကြောင့် ဒကာတို့ဟာ အစကတည်းကိုက ဒုက္ခနဲ့ပဲ၊ ရှင်းကြရဲ့လား။
အဲဒီတော့ ဒကာ ဒကာမတွေ စပြီးရခဲ့တာ ဘာသစ္စာတုန်း။ ဒုက္ခသစ္စာ၊ ဒုက္ခသစ္စာက စခဲ့ရတယ်ဆိုတာ သိကြရပြီ၊ ဒါသိရရင် နောက်ထပ် ဒီဒုက္ခမျိုး ရချင်ကြသေးသလား၊ ရချင်သေးသူဆိုရင် ဒုက္ခမကြောက်တဲ့သူမို့ပဲ၊ ဒုက္ခကိုမှ မကြောက်တဲ့သူဆိုရင် ဘယ်လိုလူစားလဲ။ အရူးအမိုက်မို့ပဲဆိုတာ မှတ်လိုက်ကြ၊ ရိပ်မိကြပလား။ ဒီတော့ ဒကာ ဒကာမတွေ ဇာတိဟာ ဒုက္ခသစ္စာမှန်း သိကြရပြီ။ ဒီလိုသိရရက်နဲ့ နောက်ဇာတိ လိုချင်လို့ လှူဒါန်းရင်၊ လူမိုက်ပဲဆို တာ ဆုံးဖြတ်ချက်ချ။
ဒကာ ဒကာမတွေ ဒီဇာတိဒုက္ခ သိရရင်၊ စိတ်ကိုပြောင်းပြီး လှူဒါန်းကြရမယ်၊ ရိပ်မိကြပလား၊ အခုလှူတာဟာ ဒီဇာတိဒုက္ခသစ္စာကြီးကို ရွံ့ခြင်းမုန်းခြင်းဖြစ်လို့၊ အကြိမ်ကြိမ် မတွေ့ချင်ခြင်းဖြစ်လို့၊ ဒီဇာတိဒုက္ခကြီးက လွတ်ချင်လို့ ဤသံဃိကဒါန ကထိန်အလှူကြီးကို လှူဒါန်းပါတယ်ဆိုတဲ့ စိတ်ထားကိုပြောင်းကြ။ အခု လှူတာဟာ အဇာတိဆိုတဲ့ ဇာတိချုပ်ရာ နိဗ္ဗာန်ကြီးကို ရောက်စေဖို့၊ ဇာတိကိုကြောက်လို့ လှူတယ်ဆိုတဲ့ စိတ်ကို ပြင်းပြင်းထန်ထန်ထားကြ။
အလှူကို တိုင်ပေခြင်း (နောက်က လိုက်ဆိုကြသည်။)
ကိုင်း-လိုက်ဆိုကြ “တပည့်တော်တို့သည်၊ ဘဝသစ်ဖြစ်ရခြင်း၊ ဘဝဒုက္ခကို သိသည်ဖြစ်ပါ၍၊ ထိုဘဝသစ်၊ ဖြစ်ရခြင်း၊ ဇာတိဒုက္ခကြီးကို ကြောက်သည်ဖြစ်၍၊ ထိုဇာတိဒုက္ခကြီးကို ရွံ့ခြင်း၊ မုန်းခြင်း၊ ငြီးငွေ့ခြင်း၊ ပျင်းရိခြင်း၊ မလိုချင်ခြင်း၊ ပြင်းပြသည်ဖြစ်ပါ၍ ထိုဇာတိဒုက္ခကြီးမှ လွတ်မြောက်ရာ အဇာတိမည်သော နိဗ္ဗာန်ကို ရလို၊ ရောက်လိုသည် ဖြစ်ပါ၍ လှူဖွယ်ဒါန်းရာ၊ ပဒေသာနှင့်တကွဖြစ်သော၊ ဤကထိန်လျာသင်္ကန်းကို သံဃာတော်မြတ်အား လှူဒါန်းပါ၏ အရှင်ဘုရား။
ဒကာ ဒကာမတွေ အခုလှူတာ ဘာကြောင့်လဲ။ ဇာတိဒုက္ခကိုကြောက်လို့၊ အဇာတိဆိုတဲ့ နိဗ္ဗာန်ကို ရောက်လိုလို့ လှူတယ်လို့ စိတ်ကိုထားကြ။ ဒကာ ဒကာမတွေ ရှေးကမသိခဲ့ကြဘူး။ ရှေးက သစ္စာမသိတော့ “အဝိဇ္ဇာပစ္စယာ ပုညာဘိ သင်္ခါရ” အလုပ်မှားခဲ့မိကြတယ်၊ အလုပ်မှားမိတော့ ဒီဘဝ ဇာတိဒုက္ခသစ္စာ ကိုယ်ပိုင်ရလာကြတော့တာပေါ့၊ ရှင်းကြ ပလား၊ ဒကာ ဒကာမတို့ အလုပ်မှားပြစ်ဟာ၊ ဘယ်လောက်ဆိုးဝါးသလဲ၊ စဉ်းစားကြ၊ ပေါ်ကြပလား။
ဒကာ ဒကာမတွေ အခု စုဝေးရောက်လာကြတဲ့ ပရိသတ်အားလုံးဟာ အလှူဒါယကာချည်းပဲ၊ ကိုယ့်ဟာကိုယ် များ အမှတ်တမဲ့ မအောက်မေ့လိုက်ပါနဲ့၊ ငါးမူး၊ တမတ် လှူပေမယ့်လဲ မြင့်မြတ်တဲ့စိတ်ထားရှိရင် မြင့်မြတ်ပါတယ်။ စိတ်ထားမြင့်မြတ်ဖို့သာ အရေးကြီးတယ်လို့ မှတ်ကြ။ ဒီတော့ ငါတို့အားလုံးဟာ အလှူရှင်တွေပဲဆိုပြီး လေးလေးစားစားနဲ့ မှတ်သားနာယူကြ၊ သဘောပါကြပလား။
တရွေ့ရွေ့ အိုဘေးသင့်နေရ တယ်
အခု တရားနာနေကြတဲ့ ဒကာ ဒကာမတွေ ကိုယ့်ဟာကိုယ် ပြန်တွေးကြ၊ ကိုယ် ဘယ်အခြေ ရောက်နေပြီလဲဆို တာ ပေါ်ကြမယ်၊ ကိုယ် ဘယ်အခြေရောက်နေပြီလဲဆိုတော့ “အိုပါပြီ” တဲ့။ အခု ဒကာ ဒကာမတွေ ဇရာဒုက္ခနဲ့ နေ ကြရတယ်။ ဟုတ်ကြရဲ့လား။ ခန္ဓာက တစ်နေ့နဲ့တစ်နေ့ တစ်နာရီနဲ့တစ်နာရီ မတူတော့ဘူး၊ တရွေ့ရွေ့ အိုဘေးသင့်နေရ တယ်၊ နားထိုင်းလာပြီ၊ ခါးကိုင်းလာပြီ၊ မျက်စိတွေ မှုန်လာပြီ၊ စတဲ့အသံတွေဟာ ဇရာနှိပ်စက်ခံရလို့ ထွက်လာတဲ့ အသံတွေပဲမဟုတ်လား။
ဒီ-ဇရာဒုက္ခ ဘာ့ကြောင့် ရလာကြသလဲ။ ဒီအိုဒုက္ခနဲ့ ဘာလို့ လက်ရှိရနေကြသလဲ။ ဒီဒုက္ခဟာ နောက်ဘဝက သမထ၊ ဝိပဿနာ မခြံရံတဲ့ဒါနနဲ့ အကျိုးရလာတဲ့ဒုက္ခပဲ၊ နောက်နောက်တုန်းက ဒကာ ဒကာမတွေ ဒါနပြုတဲ့အခါမှာ၊ သမထ, ဝိပဿနာမခြံရံခဲ့လို့ အခုလက်ရှိ ဇရာဒုက္ခ ကိုယ်ပိုင်ရထားကြတာပဲဆိုတာ မှတ်ကြ။ ရိပ်မိကြပလား။ အဲဒီတော့ ဒကာ ဒကာမတွေ အခုအိုတဲ့ဒုက္ခနဲ့ နေနေကြရတယ်၊ မှားချက်ထိ၊ မှားချက်နာ၊ မှားချက်သင့်နေကြရတယ်၊ ဒီလို-မှား ချက်နာတာ ဘယ်သူ့လက်ချက် ထင်သလဲ။
ဒကာ ဒကာမတွေ နောက်တုန်းက “အဝိဇ္ဇာပစ္စယာ ပုညာဘိသင်္ခါရာ” လုပ်ခဲ့မိလို့ မှားပြစ်သင့်တာ မိုက်ပြစ်သင့် နေတာပဲဆိုတာ မှတ်ကြ။
အခုတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ ဆရာသမား အကူအညီနဲ့ ကိုယ်တိုင် ဘေးသင့်နေတာ သိကြရပြီ၊ အိုဘေးဟာ ဘာသစ္စာလဲ၊ ဒုက္ခသစ္စာပဲ၊ ဇရာပိ ဒုက္ခသစ္စာပဲ၊ ဒုက္ခသစ္စာမှန်း သိရရင်၊ ဒီအိုခြင်းဆိုးကို နောက်ထပ်ရချင်၊ လိုချင်ကြသေးသလား။ အေး-မရချင်၊ မယူချင်တာဖြင့်၊ အခုပြင်ကြရမယ်၊ အခုနှယ်မှာ-မပြင်နိုင်ရင်၊ နောက်ဆိုတာ မလွယ်လှတော့ဘူး၊ ရိပ်မိကြရဲ့လား။
ဇရာချုပ်ရာ နိဗ္ဗာန်ကို ရလို၊ ရောက်လိုလို့ လှူတယ်
ဒကာ ဒကာမတို့ ဒီအိုခြင်းဆိုး ဇရာဒုက္ခကြီး မရချင်ရင်၊ အခုအလှူပွဲမှာ စိတ်ကို ပြောင်းကြရမယ်၊ အခု သံဃိကဒါနကြီး လှူဒါန်းတာဟာ ဇရာဒုက္ခကြီးကို ရွံ့မုန်းလို့ မလိုချင်လို့ ဒီဒုက္ခမှ လွတ်လို၊ ကျွတ်လိုလို့ သံဃိကဒါန အလှူကြီးကို လှူဒါန်းပါတယ်၊ စိတ်ကိုပြင်းပြင်းထန်ထန်ထားကြ။ အခုလှူဒါန်းတာဟာ ဇရာကြောက်လို့ အဇရံ-ဆိုတဲ့ ဇရာချုပ်ရာ နိဗ္ဗာန်ကို ရလို၊ ရောက်လိုလို့ လှူတယ်ဆိုတဲ့စိတ်ထားကို ပြောင်းပစ်ကြ၊ သဘောပါကြပလား။ ကိုင်း-လိုက်ဆိုကြ။
အလှူကို တိုင်ပေခြင်း (နောက်က လိုက်ဆိုကြသည်။)
”တပည့်တော်တို့သည် ကုန်းကွရွတ်ယိုအိုရခြင်း၊ ဇရာဒုက္ခကြီးကို သိသည်ဖြစ်ပါ၍ ထိုဒုက္ခကြီးမှ အလွန်တရာ ကြောက်လန့်ခြင်း၊ ရွံ့ခြင်း၊ မုန်းခြင်း၊ ငြီးငွေ့ခြင်း၊ ပျင်းရိခြင်း၊ မလိုချင်ခြင်း၊ ပြင်းပြသည်ဖြစ်ပါ၍ ထိုဇရာဒုက္ခမှ လွတ်မြောက်ရာ၊ အဇရာမည်သော နိဗ္ဗာန်ကို လျင်မြန်စွာ ရလို၊ ရောက်လိုခြင်းကြောင့် အခြံအရံ ပဒေသာနှင့်တကွသော ဤကထိန်လျာသင်္ကန်းကို သံဃာတော်အား ရည်မှန်း၍ လှူဒါန်းပါ၏ အရှင်ဘုရား။
ဒကာ ဒကာမတွေ အခု တရားနာနေဆဲမှာ ပူလိုက်၊ အိုက်လိုက်၊ ညောင်းလာလိုက်၊ ကိုက်လာလိုက်၊ ဟိုနားဆီက တောင့်သလိုလို၊ အောင့်သလိုလို၊ ယားယံသလိုလိုနဲ့ တစ်မျိုးပြီးတစ်မျိုး၊ ဗျာဓိဆိုတဲ့ နာဒုက္ခနဲ့ နေနေကြရတယ်။ တားမရ၊ ဆီးမရ၊ ရပ်မရ၊ ပြုပြင်လို့မရနဲ့ အနာဒုက္ခလက်ရှိ ခွဲခွါလို့ မရကြဘူး။ မြင်ကြရဲ့လား၊ ဒကာ ဒကာမတွေမှာ အိုခြင်းဆိုးကလဲ လက်ရှိတိုးရက်နဲ့၊ အခု အနာဒုက္ခနဲ့လဲ နေကြရတယ်၊ ဉာဏ်နဲ့တွေးကြည့်ကြ၊ ခန္ဓာ့လမ်းစဉ်ဟာ ဒီလမ်းအပြင် မရှိတော့ဘူး၊ ရိပ်မိကြရဲ့လား။
သစ္စာမြင်ပြီးလှူတာဟာ တသက်မှတခါ
ဒကာ ဒကာမတွေ သစ္စာမြင်ပြီးလှူတာဟာ တသက်မှတခါသာလှူတဲ့ အသဒိသဒါနနဲ့ အတူတူပဲလို့ မှတ်လိုက်ကြ၊ ဆရာသမားကောင်း လမ်းပြကောင်းလဲရပါမှ၊ ဆရာသမား ညွှန်ပြတဲ့အတိုင်း နောက်ကလဲ ဖြောင့်ဖြောင့်လိုက်ပါမှ ဒီအခွင့်အရေးမျိုး ရနိုင်ကြမယ်။ လွယ်ကူတဲ့ အခွင့်အရေးမျိုး မဟုတ်ဘူးဆိုတာ ဆုံးဖြတ်ချက်ချ။ ဒါကြောင့် ကြိုးစားပြီး လိုက်နာကြဖို့ သတိပေးလိုက်တယ်။ အခု လှူဒါန်းတဲ့အလှူဟာ သမထ, ဝိပဿနာခြံရံလို့ ဝိဝဋ္ဋဖြစ်တယ်၊ ဘယ်လောက်များ နေရာကျသွားသလဲ၊ ရိပ်မိကြရဲ့လား။ အင်္ဂုတ္ထိုရ်ပါဠိတော်မှာ ဒီအတိုင်း ဟောတော်မူထားတယ်လို့ မှတ်ကြ။
ဒကာ ဒကာမတို့ အခုလက်ရှိခန္ဓာက ဘယ်လမ်းသွားနေသလဲ။ နာလမ်းသွားနေကြတယ်၊ ဒီခန္ဓာ နာလမ်းသွား နေတာ တားလို့ရပါ့မလား။ တားလို့-ဆီးလို့ မရပါဘူး။ ဘယ်ရပါတော့မလဲ။ “အဝိဇ္ဇာပစ္စယာ ပုညာဘိသင်္ခါရ” လုပ်ခဲ့မိလို့၊ သူက မသိတဲ့အဝိဇ္ဇာ အုပ်ချုပ်နေတာ၊ ဒါကြောင့်-အိုဒုက္ခထဲကနေပြီး နာလမ်းကို ပြေးနေရပြီ၊ ဒကာ ဒကာမတွေ ကိုယ်ကျိုးနည်းနေကြရပြီ။ ကံမကောင်း အကြောင်းမသင့်လို့မဟုတ်ဘူး၊ ဘာကြောင့်လဲ။ “အဝိဇ္ဇာပစ္စယာ ပုညာဘိသင်္ခါရ” ဒဏ်ချက်ကြောင့်ပဲ သဘောပါကြပလား။
နာဘေးဘက်ကို ပြေးရတော့မှာပဲ
အခုမှဖြင့် ဒကာ ဒကာမတွေမှာ အိုဘေးထမ်းပြီး နာဘေးဘက်ကို ပြေးရတော့မှာပဲ၊ ဉာဏ်နဲ့တွေးကြ၊ ခန္ဓာ့ လမ်းစဉ်ဟာ ဒီလမ်းအပြင် မရှိတော့ပါဘူး၊ ရောက်စရာက နာဘေးရှိတာပဲ၊ ရိပ်မိကြရဲ့လား၊ ဒီလိုသွားရတာ “အဝိဇ္ဇာ ပစ္စယာ ပုညာဘိသင်္ခါရ” ကြောင့်ပဲ၊ အိုဘေးထမ်းပြီး နာဘေးသွားဆိုတော့ ဒဏ်ချက် အခုမှ ဆိုးမှန်းသိကြရတယ်၊ အိုဘေးကနေ နာဘေးပြေးရဆိုတော့ ဘာမှမကောင်းပါလား၊ နောက်တော့-ဒကာ ဒကာမတွေ လိမ္မာကြတော့လို့ သတိပေး လိုက်တယ်။ အိုဘေးထမ်းပြီး၊ နာဘေးပြေးတာဟာ ဒဏ်ရာအကြီးအကျယ်ရပြီး၊ ဒီမီးပုံကနေ ဟိုမီးပုံပြေးသလိုပါပဲ၊ သဘောပါကြရဲ့လား။
သေသေချာချာ ဉာဏ်နဲ့တွေးကြည့်ကြ။ ခန္ဓာ့လမ်းစဉ်ဖြင့် ဒီလမ်းအပြင် မရှိတော့ပါဘူး၊ ဘာတခုမှ ကောင်းတာ မပါကြဘူး။ ဒါကြောင့် ပုညာဘိသင်္ခါရမှာ သမထ, ဝိပဿနာ ခြံရံကြပါ၊ ခြံရံပြီးမှ လုပ်ကြပါလို့ ဟောရတယ်၊ ရှင်းကြ ပလား။ ဒကာ ဒကာမတွေ နောက်တုန်းက သစ္စာမသိတော့-အဝိဇ္ဇာအုပ်ချုပ်တဲ့ ကုသိုလ်တွေ ပြုံးပြုံးနဲ့ လုပ်ခဲ့ကြပေမယ့် အခုတော့ မဲ့နေကြရပြီ၊ အိုဘေးထမ်းပြီး နာဘေးသွားရဆိုတော့ ဒဏ်ချက်ခုမှဆိုးမှန်း သိကြတယ်။ ဒကာတို့တတွေ အရုပ်ဆိုးထမ်းပြီး အကျည်းတန်တဲ့နေရာ သွားနေရတယ်၊ သဘောပါကြရဲ့လား။
ဒကာ ဒကာမတွေ အိုဘေးထမ်းပြီး၊ နာဘေးရှိရာ ပြေးနေရ၊ ထော့နင်း၊ ထော့နင်းနဲ့ ပြေးရင်းက ခလုတ်တိုက်ပြီး လဲလိုက်ရင် ဒီထက်ဆိုးအုံးမယ်၊ ဟိုနားကျတော့-သွားကျိုးမယ်၊ ဘယ်ဟာကြိုက်သတုန်း။ ထော့နင်းကနာဘေး၊ ဟိုနားကျ အလဲအကွဲကြုံ သွားကျိုးပါရော၊ ဒကာ ဒကာမတွေ ရိပ်မိကြရဲ့လား။ အခု ဇရာ ဒုက္ခလက်ရှိနဲ့ ဗျာဓိဒုက္ခကြီးလဲ ကြုံရမယ်၊ အိုဘေးလဲ-ထော့နင်းကြီးနဲ့ ထမ်းပြေးနေရသေး၊ အလဲအကွဲ နာဘေးကြီးလဲကြုံရအုံးမယ်၊ ကောင်းကွက်မပါတော့ဘူး။
အဝိဇ္ဇာလက်ချက်ကြောင့်
ဒါဟာ ဘယ်သူ့လက်ချက်လဲ၊ “အဝိဇ္ဇာပစ္စယာ ပုညာဘိသင်္ခါရ” လက်ချက်ကြောင့်ပဲဆိုတာ မှတ်လိုက်ကြ။ ဒီသစ္စာမသိမှု အဝိဇ္ဇာလက်ချက်ကြောင့် အိုခြင်းဆိုးထမ်းပြီး၊ နာခြင်းဆိုးပြေးသွားနေရတာပဲ၊ ပေါ်ကြပလား။ ဒကာ ဒကာမတွေ မသိတတ်တဲ့ကလေးများလိုပဲဆိုရင် မမှားဘူး။ ဘာကြောင့်လဲဆိုတော့ ဒကာတို့မှာ အိုဘေးကလဲလက်ရှိ၊ နာဘေးကလဲ လက်ရှိ၊ ဒီကြားထဲက နောက်ထပ် လိုချင်ကြသေးတယ်ဆိုတော့ ကလေးထက်တောင် ဆိုးလိမ့်အုံးမယ်ပဲ။
အိုခြင်းရှိလျက်နဲ့ အိုခြင်းရှာ၊ နာခြင်းရှိလျက်နဲ့ နာခြင်းရှာတာဟာ မိုက်ချက်သန်တာပဲ၊ မိုက်ချက်သန်တာ အဝိဇ္ဇာသတ္တိ၊ အဝိဇ္ဇာက မိုက်ချက်သန်တော့ “လူချမ်းသာ၊ နတ်ချမ်းသာ၊ အကြိမ်ကြိမ် စံစားခံစားရပါလို၏”တဲ့၊ လူ၊ နတ်၊ ချမ်းသာ တောင့်တတာဟာ မိုက်ချက်သန်တာပဲ၊ ရိပ်မိကြရဲ့လား၊ လူ၊ နတ်ခန္ဓာရတော့လဲ၊ လူအို၊ နတ်အို၊ လူနာ၊ နတ်နာက ထပ်ချပ်ပါမှာပဲ၊ ဘာထူးသေးလို့လဲ မိုက်ချက်သန်တယ်ဆိုတာ မနာကြနဲ့၊ ဒကာတို့တတွေက နာနာပြောမှ သိကြမှာ၊ သာသာပြောလို့တော့ မရနိုင်ကြဘူး၊ ကျေနပ်ပလား။
ဒီလိုမှမပြောရင် ဒကာ ဒကာမတွေက မသိမှုဘဲ ပွားစီးနေကြတော့တာပဲ၊ ဝိဇ္ဇာဉာဏ်ဘယ်တော့မှ အတက်ပေါက် နိုင်ဖို့ မမြင်ဘူး၊ ရိပ်မိကြရဲ့လား။ ဒါကြောင့် ညွှန်ပြတဲ့ ဆရာသမားနဲ့ ကြုံကြိုက်တုန်းမှာ အသိဉာဏ်လဲ ရလာကြလို့ အိုပွဲကို မနွှဲချင်၊ နာပွဲကိုလဲ မနွှဲချင်တော့ပါဘူးဆိုတဲ့ စိတ်ထားကို ပြင်းပြင်းထန်ထန် မွေးကြပါလို့ တိုက်တွန်းလိုက်တယ်။
မသိပြုံးပြုံးတာ
ဒကာတို့တတွေဟာ ကိုယ့်အိုး ကိုယ့်အိမ်ကလေး၊ တိုက်တာအဆောက်အဦကလေးတွေနဲ့၊ ရွှေနဲ့ငွေနဲ့ဆို ပြုံးပြီးနေ ကြတယ်၊ အဲဒါ အိုခြင်းဆိုးကနေ နာခြင်းဆိုးသွားရင်းက ပြုံးတာ၊ သာမညမမှတ်နဲ့ ရူးလို့ပြုံးတာပဲ၊ ရှင်းကြပလား။
ဒကာ ဒကာမတွေ ကြပ်ကြပ်စဉ်းစားပါ၊ အကောင်းဆိုရင် ပြုံးနိုင်ပါ့မလား။ အိုဘေးက နာဘေးသွားရင်းက ပြုံးတာ၊ မသိပြုံးပြုံးတာ၊ ဒီနေ့ နက်ဖြန်ဆိုသလို ချောက်ကျသွားနိုင်တယ်။ အမှန်အကန်မသိမြင်တော့ အရူးပြုံးပဲ၊ သဘောပါကြရဲ့လား။ ဒါကြောင့် အခုနှယ် အခွင့်အခါရတုန်းမှာ ပြင်ကြ၊ ဆင်ကြရမယ်။ ပြင်ချိန်ဆင်ချိန် ရသေးတယ်။ ဒါကြောင့် အခုပြင်ပြစ်ကြ၊ “တပည့်တော်တို့သည် အဝိဇ္ဇာပစ္စယာသင်္ခါရာ” အလုပ်မှားသည့်အတွက်ကြောင့် ဝိပါကဝဋ် ဒုက္ခကြီးကို ကိုယ်တိုင်တွေ့၊ လှလှကြီးခံစားရသည်ဖြစ်၍ ထိုဒုက္ခကြီးမှ ကျွတ်လွတ်လိုခြင်းဆန္ဒ ပြင်းပြသည်ဖြစ်ပါ၍ ထိုဒုက္ခတို့၏လွတ်ရာ အဗျဓိဋ္ဌာနကို ရောက်လိုရလိုသောကြောင့် ဤကထိနဒါန သံဃိက အလှူတော်ကြီးကို ပေးလှူပါ တယ်” လို့ စိတ်ထားကို ပြောင်းပြီးလှူကြ။
အလှူကို တိုင်ပေခြင်း (နောက်က လိုက်ဆိုကြသည်။)
ကိုင်း-အားလုံးလိုက်ဆိုကြ။ ဘုရားတပည့်တော်တို့သည် အိုခြင်းဆိုးဒုက္ခကြီးကို ထမ်း၍၊ နာခြင်းဆိုးဒုက္ခရှိရာသို့ မရပ်မနား တသွားထဲသွားနေကြရသည်ဖြစ်ပါ၍ ဤဒုက္ခမျိုးတို့ကို နောင်တဖန် မနွှဲလိုသောကြောင့်၊ ဤအိုပွဲ၊ နာပွဲ၊ ဆင်းရဲဒုက္ခမျိုးတို့မှ ကျွတ်လွတ်လိုသောကြောင့် ထိုအိုပွဲ၊ နာပွဲဒုက္ခတို့၏သိမ်းရာ၊ မရှိရာ၊ ငြိမ်းရာဖြစ်သော၊ မအိုရာ၊ မနာရာဖြစ်သော ငြိမ်းအေးခြင်းလက္ခဏာရှိသော နိဗ္ဗာန်ကိုသာ ရည်မှန်း၍ ဤကထိနဒါန သံဃိက-အလှူတော်ကြီးကို သံဃာတော်အရှင်မြတ်တို့အား လှူဒါန်းဆက်ကပ်ပါ၏ အရှင်ဘုရား။
ဒကာ ဒကာမတို့ ဘာကိုပဲလှူလှူ၊ ဆွမ်းတစ်ဇွန်း၊ တစ်ယောက်မပဲလှူလှူ၊ နိဗ္ဗာန်ကိုသာ ရည်မှန်းပြီး လှူဒါန်းကြ၊ တခြားဘာတွေညာတွေ မတောင့်တကြနဲ့၊ နိဗ္ဗာန်ကလွဲရင်၊ ဘာလိုချင်၊ လိုချင်၊ ဒုက္ခအပြင် မရှိဘူးဆိုတာ တထစ်ချ မှတ်လိုက်ကြ၊ ရှင်းကြပလား။ ဒါကြောင့် အမှန်အကန်သိရရင် ပြင်ကြ၊ ဆင်ကြတော့လို့ ပြောလိုက်တယ်။ အခုနှယ်မှ မပြင်နိုင်ရင်၊ ပြင်ချိန်၊ ဆင်ချိန် မရှိတော့ဘူး၊ လက်မတင်လေးပဲ ကျန်တော့တယ်။
ဒကာ ဒကာမတွေ နာဘေးနွှဲရတဲ့ကိစ္စကလဲ အတော်ဆိုးဝါးတယ်။ နာဘေးသင့်ပလားဆိုရင် အဝတ်ကောင်းနဲ့ မတော်ဘူးတဲ့၊ သွေးတွေ၊ ပြည်တွေ၊ ကျင်ကြီး၊ ကျင်ငယ်တွေနဲ့ မတင့်တယ်ပါဘူးဆိုပြီး အဝတ်ကောင်းချွတ်တဲ့ပွဲ၊ အဝတ် ကောင်းအချွတ်ခံရတဲ့ပွဲ၊ ဆေးဝါး၊ ဓာတ်စာ၊ ကောင်းကောင်းမွန်မွန် ကြံဖန်ကျွေးပေမယ့်လဲ လူနာမို့ မစားနိုင်ရှာဘူး။ ဘယ်လိုပဲ အပြုအစုက ကောင်းပေမယ့်လဲ မတတ်နိုင်တော့ဘူး၊ နှုတ်လျှာက မကောင်း၊ ခံတွင်းကပျက်၊ အခက်ကြီးကြုံပြီး၊ အငတ်ခံရတဲ့ပွဲ၊ အငတ်ပွဲပဲ။
နာပွဲဆိုတာ တံတွေးထွေးတဲ့ပွဲ
ရပ်ထဲရွာထဲက မတော်မေး မေးလာကြ၊ လူနာနား ထိုင်ကြပြန်တော့လဲ၊ နှာခေါင်းရှုံ့ကြ၊ မေးပြီးပြန်သွားကြတော့၊ အပြင်ဘက်ရောက်ရင်ပဲ အတင်းပြောခံရတယ်၊ “ဒီလူနာက နံလိုက်စော်လိုက်တာကလဲ အလွန်ပဲ၊ မလွှဲသာလို့ လူရင်းမို့သာ လာခဲ့ရ၊ မမေးရင်လဲ မတော်တာမို့ မေးရတယ်၊ အားနာလို့ သူ့ရှေ့မှာ တံတွေးမထွေးခဲ့ဘူး” ဆိုပြီး အပြင်ကျတော့ ပျစ်ကနဲ တံတွေးထွေးကြတော့တယ်၊ ဒါကြောင့် နာပွဲဆိုတာ တံတွေးထွေးတဲ့ပွဲလို့လဲ ဆိုရတယ်။
ဒကာ ဒကာမတွေ နာပွဲဆိုတာ အဝတ်ကောင်းချွတ်ပြီး အငတ်ပွဲနဲ့ တံတွေးထွေး ခံရတဲ့ပွဲပဲ၊ ရိပ်မိကြရဲ့လား။
ဒကာ ဒကာမတွေ အခုဒီပွဲခံချင်ကြသေးသလား။ နောက်ထပ်ကော ဒီပွဲနွှဲချင်ကြသေးသလား။ နောက်ထပ် ဆုတောင်းပြီးတော့ကော ယူချင်ကြသေးသလား။ အေး-မရချင်၊ မယူချင်တာဖြင့် အခုလုပ်ရင် ရသေးတယ်။ အခု စိတ်ထားကိုပြောင်းပြစ်ကြ၊ သဘောပါကြပလား။ အခုနေ ဒကာ ဒကာမတို့မှာ၊ နာပွဲလက်ရှိ အခုဒီပွဲ မနွှဲချင်လို့ မဖြစ်ကြ ဘူး။ မနွှဲချင်ဘဲနဲ့လဲ နွှဲကြရအုံးမှာပဲ၊ ဒါ-သူများပေးမဟုတ်ဘူး၊ ကိုယ်တိုင် မရ,အရတောင်းယူထားလို့ ရလာကြတာ၊ ရိပ်မိကြရဲ့လား။
အလုပ်မှားခဲ့မိလို့ပဲဆိုတာ မှတ်လိုက်ကြ
ဒကာ ဒကာမတွေ နောက်ဘဝတုန်းက ဒီအနာခန္ဓာ ဒုက္ခသစ္စာပဲလို့ မသိတဲ့အဝိဇ္ဇာနဲ့ ကုသိုလ်အမျိုးမျိုးတွေ လုပ်ပြီး လူ့ဘဝရရပါလို၏ဆိုပြီး ဆုတောင်းယူခဲ့ကြလို့ အခုရလာကြတာပဲဆိုတာ ပေါ်ကြပလား။ အဲဒါ “အဝိဇ္ဇာပစ္စယာ ပုညာဘိသင်္ခါရ” အလုပ်မှားခဲ့မိလို့ပဲဆိုတာ မှတ်လိုက်ကြ။ ရှင်းကြရဲ့လား။ ဒကာတို့တတွေက “အဝိဇ္ဇာနိရောဓာ သင်္ခါရနိရောဓော” ရှိလျက်နဲ့ မလုပ်မိခဲ့ကြဘူး။ ဒါကြောင့် အခု အနာခန္ဓာ ဒုက္ခသစ္စာကြီးနဲ့ ခွဲမရ၊ ခွါမရ အတူနေနေကြ ရတာပဲ၊ ကျေနပ်ပလား။
လူမမာမေး ရောက်လာတဲ့ ဧည့်သည်တွေက ဒီနာတဲ့လူနားမှာပဲ လူနာမကြားအောင် အချင်းချင်းလက်တို့ပြီး တိုးတိုး တိုးတိုးနဲ့ ပြောတတ်ကြတယ်၊ လူမမာနား တိုးတိုးပြောတာဟာ ကျက်သရေမရှိတဲ့အသံပဲ၊ အများပဲပြောကြပါတယ် “ကျုပ်ဖြင့် မထင်တော့ဘူး” တဲ့။ “နာရီပိုင်းလောက်ပဲ ကျန်တော့တယ်” တဲ့။ ဒီလိုအသံနဲ့ အများကပြော၊ အများတွေ သိကြဆိုတော့၊ နာပွဲဟာ အရှက်တကွဲ အကျိုးနည်းပွဲပဲ၊ ဒကာ ဒကာမတွေ ဒီပွဲများ နောက်ထပ် ခံချင်ကြသေးသလား။
နာပွဲထက် သေပွဲဆိုးတယ်
ဒါ-သူများပေး မဟုတ်ပါဘူး၊ ကိုယ်တိုင်လုပ်ယူခဲ့လို့ပဲ၊ ဒီပွဲကို အခု လှလှကြီး နွှဲနေရပြီ၊ နွှဲရအုံးမယ်၊ တချို့လဲ နွှဲရဆဲ၊ ဒီနားပွဲကနေပြီး သေပွဲကို အိပ်ရင်းနွှဲရမယ်၊ အိပ်ရင်းသွားတယ်၊ ဗျာဓိခန္ဓာက-မရဏဘက် ပက်လက်မျောသွားရ တယ်လို့ မှတ်ကြ၊ ဒကာ ဒကာမတွေ မရဏက ဗျာဓိထက် ကြောက်စရာကောင်းတယ်၊ နာပွဲထက်၊ သေပွဲဆိုးတယ်၊ ရိပ်မိကြရဲ့လား။
သားတွေ၊ သမီးတွေ၊ ဆွေမျိုး၊ မိတ်သင်္ဂဟတွေ တိုက်တာ၊ အိမ်ရာ၊ ရွှေငွေစတဲ့ ပစ္စည်းတွေ၊ ဒါတွေအားလုံးနဲ့ ကွဲရတဲ့ပွဲပဲ၊ သေပွဲက ချစ်မှု၊ ကြင်နာမှုတွေ အားလုံးကွဲတဲ့ပွဲ၊ ရိပ်မိကြပလား။ အချိန်ရှိတုန်းက မကောင်းတာတွေ လုပ် ခဲ့မိလို့၊ အခုတော့-မှားပေါ့ဆိုပြီး မျက်ရည်ဆက်လက်နဲ့ ငိုပွဲကြီးလဲ ကြုံရမယ်။ နဂိုက-နေခြင်းဆိုး နေခဲ့မိတော့၊ သေခါနီးမှာ ကမ္မနိမိတ်တွေထင်၊ ဂတိနိမိတ်၊ မကောင်းဆိုးဝါးတွေ ထင်လာတော့၊ ငါတော့-သေချင်းဆိုး သေရတော့မယ်ဟဲ့ဆိုပြီး မျက်ရည်အကြီးအကျယ် ကျရရှာတယ်၊ သဘောပါကြပလား။
အပါယ်နိမိတ်တွေ၊ ခွေးနက်ကြီးတွေ၊ မီးတောက်မီးလျှံတွေ၊ ငရဲအိုးတွေ၊ ငရဲထိန်းတွေနဲ့ တောင်ကြီးတွေ၊ ချောက် ကမ္ဘားပြတ်ကြီးတွေ မြင်လာရတော့မှ ဪ-ငါဖြင့် ကိုယ်ကျိုးကြီးနည်းပါပေါ့ကလားဆိုပြီး အကြီးအကျယ် နှလုံးမသာ မယာနဲ့ အပူကြီးပူ၊ အလောင်ကြီးလောင်ပြီး သေပွဲဝင်ရရှာတော့တယ်၊ ဒကာ ဒကာမတွေ မြင်ကြပလား။ မြင်ရင် ပြင်ကြတော့၊ ဒီလို မရဏဒုက္ခကြီးက လွတ်လိုလို့၊ ဒီသေပွဲကြီး မနွှဲချင်လို့ ဒီသေပွဲလွတ်ရာ နိဗ္ဗာန်ကိုသာ ရလို၊ ရောက်လိုလို့ လှူဒါန်းပါတယ်ဆိုတဲ့ စိတ်ထားကို ပြောင်းကြ။
အလှူကို တိုင်ပေခြင်း (နောက်က လိုက်ဆိုကြသည်။)
ကိုင်း-လိုက်ဆိုကြ “ဘုရားတပည့်တော်တို့သည်၊ သေပွဲကြီးနွှဲရမည်ကို၊ မရဏ၊ ဒုက္ခသစ္စာကြီးကို အမှန်တကယ် သိသည်ဖြစ်ပါ၍ ထိုသေပွဲဝင်ရခြင်း မရဏဒုက္ခ ဆင်းရဲကြီးကို အလွန်အမင်း ကြောက်လန့်ခြင်း၊ ရွံ့ခြင်း၊ မုန်းခြင်း၊ ငြီးငွေ့ခြင်း၊ ပျင်းရိခြင်း၊ မလိုချင်ခြင်း၊ ပြင်းပြသည်ဖြစ်ပါ၍ ထိုသေဘေးဆိုး မရဏဒုက္ခကြီးမှ လွတ်မြောက်ရာ အမတ ဆိုသော မသေရာနိဗ္ဗာန်မြတ်ကိုသာ လျှင်မြန်စွာ ရောက်လိုရလိုခြင်းအကျိုးငှာ အခြံအရံ ပဒေသာနှင့်တကွသော၊ ဤကထိန်လျာသင်္ကန်းကို သံဃာတော်မြတ်အား ရည်မှန်း၍ လှူဒါန်းဆက်ကပ်ပါ၏ အရှင်ဘုရား။
ဒကာ ဒကာမတွေ အခုလှူတဲ့ အလှူဟာ သေပွဲကြောက်လို့ လှူတဲ့အလှူလို့ မှတ်ရမယ်၊ သေပွဲက ဒုက္ခသစ္စာ၊ ကြောက်တာက မဂ္ဂသစ္စာ၊ “မရဏံပိ ဒုက္ခသစ္စာ” ဆိုတဲ့ အသေဒုက္ခသစ္စာကို ကြောက်ပြီးလှူတာမို့၊ ဝိပဿနာ မဂ်ဉာဏ်နဲ့ လှူတာပဲလို့မှတ်ကြ၊ ဒါကြောင့် ဒကာ ဒကာမတွေကို အထပ်ထပ်မှာရတယ်၊ အလှူဒါနပြုတဲ့အခါ သမထ, ဝိပဿနာခြံရံ ကြ၊ ဝိပဿနာခြံရံတဲ့ ဒါနပြုကြလို့မှာရတယ်၊ ကျေနပ်ကြပလား။ ဘယ်အခါမှ မမေ့ကြစေနဲ့လို့ သတိပေးလိုက်တယ်။
ရေစက်ချရအုန်းမယ်
အလှူပွဲတော့ ရေစက်မချပေမယ့် အထမြောက်သွားပြီ၊ လူ၊ နတ်၊ ဗြဟ္မာ၊ သတ္တဝါများ သာဓုခေါ်နိုင်ဖို့ အမျှ ပေးဖို့ ရေစက်ချရအုန်းမယ်။ ဒကာ ဒကာမတွေ ငါတို့ ဘယ်လိုနေရတယ်ဆိုတာ သိကြရဲ့လား၊ ဒီဘဝ ပဋိသန္ဓေကနေ အိုဘက်ပြေးလာရတယ်။ အိုရက်က နာဘက်ပြေးလာရတယ်၊ ဒီလို အိုလျက်၊ နာလျက်နဲ့ပဲ သေဘက်ကို ဒိုင်းဒိုင်းပြေးနေရ ရှာတာပဲ၊ ဒီအသေပြီးပြန်တော့ နောက် ပဋိသန္ဓေလာမယ်၊ အဲဒါနဲ့ တဆက်တည်း အို၊ နာ၊ သေလာပြီး နောက်ပဋိသန္ဓေ လာပြန်တာပဲ၊ ဟုတ်ကြရဲ့လား။
ဒီလိုနဲ့ ပဋိသန္ဓေ အို၊ နာ၊ သေ ပဋိသန္ဓေ၊ အို၊ နာ၊ သေ ဒီစက်ကြီးထဲမှာ အထပ်ထပ် ပတ်ပြေးနေရတာပဲရှိတယ်။ ဒိပြင် ဘာများ အပိုပါသေးတုန်း။ ဒုက္ခပတ်ချာ ခန္ဓာသံသရာဝဲမှာပဲ ခေါက်တုန့်ခေါက်ပြန် လှည့်ပတ်နေကြရရှာတယ်။ မြင်ကြရဲ့လား။ ဉာဏ်နဲ့မြင်အောင် ကြည့်ပေးကြ။ မြင်ရင်ကြောက်မယ်၊ မမြင်ရင် မကြောက်ဘူး၊ ကြောက်ရင် ဒီခန္ဓာ သံသရာ ဒုက္ခစက်ကြီးကို ကြောက်ခြင်း၊ မုန်းခြင်း၊ ရွံ့ခြင်း ရှိပါတယ်။ ဒီလိုကြောက်လို့ ဒီဒုက္ခသံသရာပျောက်လိုသော ကြောင့်၊ ဤသံသရာဒုက္ခကြီးက အမှန်တကယ် ကျွတ်လို လွတ်လိုသောကြောင့် ဤသံဃာတော်များအား ကထိန်သင်္ကန်း ကို လှူဒါန်းပါ၏ဆိုတဲ့စိတ်ကို ပြင်းပြင်းထားကြ။
သံဃာကို ရည်ညွှန်းပြီး လှူကြ
ဒကာ ဒကာမတို့ လှူဒါန်းတဲ့အခါ၊ ပုဂ္ဂိုလ်ကို မရည်ညွှန်းကြနဲ့၊ သံဃာကို ရည်ညွှန်းပြီး လှူကြရမယ်၊ ဘာ့ကြောင့်လဲ ဆိုတော့ အကျိုးနည်းရမှာစိုးလို့ပဲ၊ သံဃာကို ရည်မှန်းပြီးလှူတဲ့ ဒါနမှသာ အကျိုးရကြီးမယ်ဆိုတာ မှတ်လိုက်ကြ။ ဘုရားက “ဥပရိပဏ္ဏာသ ပါဠိတော် ဒက္ခိဏဝိဘင်္ဂ” သုတ်မှာ ဟောတော်မူထားတယ်။
”သံဃာတော်အား ပေးလှူရမယ်၊ သံဃာတော်ကို လှူဒါန်းတဲ့ ဒါနဟာ၊ အလွန်အကျိုးကြီးတယ်၊ သံဃာကို လှူဒါန်းခဲ့ရင်၊ ငါဘုရားကိုလဲ ပူဇော်ခြင်းကိစ္စ ပြီးစီးတယ်၊ သံဃာတော်ကို ပူဇော်ခြင်းကိစ္စလဲပြီးစီးတယ်” လို့ ဟောတော်မူ တယ်၊ ဒကာ ဒကာမတွေ သဘောပါကြပလား။
ဒါကြောင့် ဒီကနေ့မှ သင်္ကန်းဝတ်လာတဲ့ ကိုရင်ငယ်ကလေး ဖြစ်ပေမယ့်လဲ ခွဲခြားခြင်းမပြုရဘူး၊ ဘာကြောင့်လဲ ဆိုတော့ ဒီကိုရင်ကလေးဟာလဲ အရိယာမျိုးစေ့ကလေးတွေပဲ အရိယာလားဆိုတော့ မဟုတ်ပါဘူး။ အရိယာလောင်း မျိုးစေ့ကလေးတွေမို့ပဲဆိုတာ မှတ်ကြ။ ရည်ရွယ်တာက “သံသာရဝဋ္ဋ ဒုက္ခတော မောစနတ္ထာယ ပဗ္ဗဇ္ဇံ ယာစာမိ” တဲ့။ သံသရာဝဋ်ဆင်းရဲက ထွက်မြောက်ဖု့ိ ကျွတ်ဖို့လွတ်ဖို့ဆိုပြီး သင်္ကန်းဝတ်လာတာ။ သံသရာဝဋ်ကျွတ်ဖို့ လာတာမို့ အရိယာ မျိုးစေ့ကလေးတွေပဲဆိုတာ မှတ်ကြရမယ်။
အရိယာမျိုးစေ့တွေကို ရေလောင်းပါ၏
ဒါကြောင့် သံဃာကိုရည်မှန်းပြီး လှူဒါန်းတဲ့အခါမှာ ဒီနေ့ဝတ်တဲ့ ကိုရင်လေးကို လှူလဲအတူတူပဲဆိုတာ မှတ်ကြ ရမယ်၊ ရိပ်မိကြရဲ့လား။ ဒီတော့-သံသာရဝဋ္ဋဒုက္ခတောဆိုပြီး ရည်ရွယ်တာဟာ သောတာပန်ပဲ၊ ဒါကြောင့် မျိုးစေ့လို့ဆိုရ တယ်။ ဒကာ ဒကာမတွေက လှူဒါန်းတဲ့အခါ၊ ဒီ အလှူဝတ္ထုတွေကို အရိယာပင်ပေါက်အောင် သန်သန်ထွားထွား ပေါက်ပါစေခြင်းငှာ၊ အရိယာမျိုးစေ့တွေကို ရေလောင်းပါ၏။ တပည့်တော်များလဲ ဒီလိုမျိုးစေ့ကို ရရပါလို၏ဆိုတဲ့စိတ် ကို ရည်ညွှန်းပါ၊ ရှင်းကြပလား။
ဒကာ ဒကာမတို့ ဝတ္တရားက မြေတောင်မြှောက်ပေးဖို့၊ သံဃာတော်များဘက်က အရိယာမျိုးစေ့ကနေပြီး အရိယာပင် သန်သန်ထွားထွား ပေါက်လာအောင် လုပ်ကြဖို့ သံဃာ့ဝတ္တရား၊ ရိပ်မိကြပလား။ မြေတောင်မြှောက်ဖို့ ဒကာတို့ဝတ္တရားဆိုတာ ရိပ်မိကြပြီ။ အဲဒီတော့ အခု လှူဒါန်းပေးကမ်းတဲ့ အလှူပွဲဟာ “မြေတောင်မြှောက်ပွဲ” ဆိုရင် မမှားပါဘူး၊ မြေတောင်မြှောက်ဖို့ ဒကာတို့တာဝန်၊ အရိယာပင်ပေါက်အောင် လုပ်ဖို့က သံဃာများတာဝန်၊ တာဝန်နှစ်ခုရှိ တဲ့အနက်က ကိုယ့်တာဝန်ကိုယ် ကျေပွန်စေရမယ်၊ သဘောပါပလား။
အရိယာမျိုးစေ့ မြေတောင်မြှောက်တဲ့ပွဲ
ဒကာ ဒကာမတွေ “သံဃေ ဒိန္နံ မဟပ္ဖလံ” ဆိုတဲ့အတိုင်း အရိယာလောင်း အရိယာမျိုးစေ့တွေဖြစ်တဲ့ သံဃာ တော်အား ရည်မှန်းပြီး လှူဒါန်းကြတဲ့အတွက် အတိုင်းမသိ ကျေးဇူးများသွားပြီ၊ အလွန်ကျေးဇူးများတဲ့အတွက် အကျိုးရမှာ လဲ အတိုင်းအဆမရှိတော့ဘူးဆိုတာ မှတ်ကြတော့၊ ရှင်းပလား။ ဒါကြောင့် ဒီနေ့လှူတဲ့ အလှူပွဲဟာ အရိယာမျိုးစေ့ မြေတောင်မြှောက်တဲ့ပွဲပဲဆိုတာ ဆုံးဖြတ်ကြ၊ ဒကာ ဒကာမတို့ ကောင်းလိုက်တဲ့ဖြစ်ခြင်း၊ ပြောမကုန်ဘူး။ ဒီအကျိုးတွေဟာ ဥယျာဉ်မှူး ခံစားရမယ်ဆိုတာ မှတ်ကြတော့။
ဒါကြောင့် ဒီအကျိုးတရားတွေ ဖွံ့ဖြိုးစေချင်လို့ ဘုရားရှင်က “မင်းတို့လှူဒါန်းတဲ့အခါမှာ၊ ဆဋ္ဌင်္ဂသမန္နာဂတံ- ဖြစ်အောင်လှူကြ၊ ဖြစ်အောင်လုပ်ကြ” လို့၊ ဆက္ကနိပါတ် အင်္ဂုတ္ထိုလ်ပါဠိတော်မှာ ကျကျနန ဟောတော်မူခဲ့တယ်ဆိုတာ မှတ်လိုက်ကြ၊ ရိပ်မိကြပလား။ အဲဒီ “ဆက္ကနိပါတ် အင်္ဂုတ္ထိုရ်ပါဠိတော်မှာ” ဒကာ ဒကာမတွေဘက်က အင်္ဂါသုံးပါး၊ သံဃာတော်များဘက်က သုံးပါး၊ အဲဒီ အင်္ဂါအချက်အလက် ခြောက်ပါး ညီညွတ်အောင် လုပ်ကြရမယ်လို့ ဟောထားတယ်၊
မလှူမီ ဝမ်းမြောက်၊ လှူဆဲ ကြည်စေ လှူပြီးခါမှာလဲ ကြည်နူးနေ
အဲဒီ “ဆက္ကနိပါတ် အင်္ဂုတ္ထိုရ်ပါဠိတော်-ပုညခေတ္တသုတ်” မှာ –
ပုဗ္ဗေဝ သုမနော ဒါနာ၊ ဒဒံ စိတ္တံ ပသာဒယေ။
ဒတွာ အတ္တမနော ဟောတိ၊ ဧသာ ပုညဿ သမ္ပဒါ-တဲ့။ အဓိပ္ပါယ်က – “မလှူမီ ရှေးအဖို့ကလဲ ကောင်းသော စိတ်ထားနဲ့ ဝမ်းမြောက်ဝမ်းသာ ရှိရမယ်၊ လှူဒါန်းနေဆဲအခါမှာလဲ စိတ်ထားကို ကြည်လင်နေစေရမယ်၊ ရေစက်ချဆဲ ဒါမှမဟုတ် လှူဒါန်းပြီးတဲ့နောက်အဖို့မှာလဲ ဝမ်းမြောက်ရွှင်လန်းနေရမယ်လို့ ဆိုလိုရင်းဖြစ်တယ်။
ဒကာ ဒကာမတွေ သဘောပါကြပလား။ ဒကာတို့ဘက်က ဒီအချက် သုံးချက်ညီအောင် ကြိုးစားကြရမယ်၊ ရှင်းကြပလား။ သံဃာတော်များဘက်ကလဲ အင်္ဂါသုံးချက်ညီစေဖို့ ဝီတရာဂါ ဝီတဒေါသာ၊ ဝီတမောဟာ အနာသဝါ။
ရာဂ၊ ဒေါသ၊ မောဟကင်းအောင် ကျင့်မယ်
ခေတ္တံယညဿ သမ္ပန္နံ၊ သညတာ ဗြဟ္မစာရယော-တဲ့။ အဓိပ္ပါယ် –
”ရာဂကင်းအောင်၊ ဒေါသကင်းအောင်၊ မောဟကင်းအောင် ငါကျင့်မယ်ဆိုတဲ့ စိတ်ထားနဲ့၊ အလှူခံရမယ်လို့ ဆိုလိုရင်းဖြစ်တယ်”။
ဒကာ ဒကာမတွေ ရိပ်မိကြပလား။ ဒကာတို့ဘက်ကသုံးချက် “မလှူမီကလဲ ဝမ်းမြောက်ဝမ်းသာ၊ လှူဆဲမှာလဲ ကြည်စေပါ၊ လှူပြီးခါမှာလဲ ကြည်နူးနေရမယ်” အလှူခံဘက်ကလဲ သုံးချက် “ရာဂ၊ ဒေါသ၊ မောဟ” ကင်းတယ်၊ ဒါမှ မဟုတ်-ရာဂ၊ ဒေါသ၊ မောဟကင်းအောင် ကျင့်မယ်ဆိုတဲ့ စိတ်ထားပြီး အလှူခံယူရမယ်” ဒီသုံးချက်ပဲ။ ဒကာနဲ့-သံဃာ သုံးချက်စီ၊ ဒီအင်္ဂါခြောက်ချက် ညီညွတ်ရင်၊ အကျိုးပေးတာ မဟောနိုင်ဘူး။ အကျိုးတရား မရေတွက်နိုင်အောင် ရမယ်-တဲ့။
ဧဝံ ဆဋ္ဌင်္ဂသမန္နာဂတာယ ဘိက္ခဝေ ဒက္ခိဏာယ န သု ကရံ ပုညဿ ပမာဏံ ဂဟေတုံ (လ) အထခေါ အသင်္ချေယော အပ္ပမေယျော မဟာ ပုညက္ခန္ဓောတွေဝ သင်္ခဂစ္ဆတိ-တဲ့။
ဒကာ ဒကာမတို့ ဒီလိုညီညွတ်ရင်၊ အင်မတန် ကြီးကျယ်များမြတ်တဲ့ အကျိုးတရားတွေ သုံးစားမကုန်နိုင်အောင် ရကြမယ်ဆိုတာ မှတ်ကြ၊ ကျေနပ်ကြပလား။ အကျိုးပေးကို ကုန်အောင်မဟောနိုင်၊ မရေတွက်နိုင်တဲ့ “ဆဋ္ဌင်္ဂသမန္နာဂတ” ဆိုတာပဲ၊ ရှင်းကြပလား၊ ဒီလိုညီညွတ်အောင် လှူတတ်ဖို့ ကြိုးစားကြရမယ်။
သစ္စာသိပြီးလှူလို့လဲ ဝိဝဋ္ဋဖြစ်သွားတယ်
ဒကာ ဒကာမတွေ ကထိန်ခင်းတော့မယ်ဆိုတာနဲ့ ဘုန်းကြီးကို ဝိုင်းကြည်ညိုပြီးတော့ မင်္ဂလာတိုက်က ဘုန်းကြီး လှူမယ်ဆိုတဲ့စိတ်နဲ့ ညွတ်လာခဲ့ကြတယ်၊ အဲဒီလို ညွတ်လာတာဟာ၊ တို့ဘုန်းကြီးဆိုတဲ့ဒိဋ္ဌိနဲ့ ညွတ်လာတာပဲ၊ ရိပ်မိကြရဲ့လား၊ ဒီကျတော့ တိုက်သံဃာအားလုံးကို လှူဒါန်းရတော့ သံဃာတွေဘက် စိတ်ညွတ်သွားရတယ်၊ သံဃာကိုညွတ်တာနဲ့ တို့ ဘုန်းကြီးဆိုတဲ့ ဒိဋ္ဌိပြုတ်သွားတယ်။ နောက်ပြီးတော့ ကြည်ညိုသူကို လှူဒါန်းချင်တဲ့ လောဘကိုလဲ သတ်လိုက်တယ်။ သဘောပါကြပလား။
အဲဒီတော့ ဒီကထိန်သင်္ကန်းနဲ့ တဏှာ၊ ဒိဋ္ဌိသတ်ဖို့ ညွတ်လာတဲ့စိတ်ကို ပယ်ဖျက်ချလိုက်တယ်။ ဒါကြောင့် “သံဃေ ဒိန္နံမဟပ္နလံ” သံဃာအား လှူတဲ့အလှူဟာ အလွန်အကျိုးကြီးတယ်လို့ ဆိုရတာပဲ၊ သံဃာလှူတော့ တဏှာနဲ့ မညီညွတ်၊ ဒိဋ္ဌိနဲ့မညွတ်၊ မညွတ်တော့ အခုအလှူပွဲဟာ တဏှာသတ်တဲ့ အလှူပွဲ၊ ဒိဋ္ဌိသတ်တဲ့ အလှူပွဲပဲ၊ တဏှာ၊ ဒိဋ္ဌိ သတ်ဖို့ လှူတဲ့အလှူပွဲမို့ အလွန်ကျေးဇူးများသွားတယ်။ သစ္စာသိပြီးလှူလို့လဲ ဝိဝဋ္ဋဖြစ်သွားတယ်။ ၁၀သိန်းမက အဖိုးတန် တယ်ဆိုတာ မှတ်လိုက်ကြ၊ ကျေနပ်ကြရဲ့လား။
ကိုင်း-အလှူဒကာ ဒကာမတွေ ရေစက်ချရအောင် ရေစက်ခွက်ကိုင် –
