ပဋိစ္စဖြတ်အား ဉာဏ်ရှေ့သွား တရားတော်
အလှူပြုရာ သစ္စာလေးပါး
၁။ အသိဉာဏ်မပါဘဲ လှူတာက – သမုဒယသစ္စာ။
၂။ အသိဉာဏ်မပါဘဲ လှူလို့ရတာက – ဒုက္ခသစ္စာ။
၃။ အသိဉာဏ်နဲ့ လှူတာက – မဂ္ဂသစ္စာ။
၄။ အသိဉာဏ်နဲ့ လှူလို့ရတာက – နိရောဓသစ္စာ။
ဆောင်ပုဒ်
အဝိဇ္ဇာညစ်၊ လှန်ခွါပစ်၊ ဉာဏ်စစ်ဝိဇ္ဇာရ။
ဝိဇ္ဇာဖြစ်လျှင်၊ သင်္ခါစင်၊ လွတ်ချင်ဘုံဘဝ။
ဝိဝဋ္ဋစစ်၊ ကုသိုလ်ဖြစ်၊ ဝဋ်မြစ်ဆုံးပြတ်ရ။
သစ္စာသိမြင်၊ လှူဒါန်းလျှင်၊ လွယ်ပင်နိဗ္ဗာန်ရ။
ဝိဇ္ဇာဖြစ်လို၊ ခန္ဓာကိုယ်၊ မြဲသိုဉာဏ်စိုက်ချ။
ဖြစ်စဉ်ခန္ဓာ၊ ကိုက်ခဲနာ၊ ဖန်ခါပြောင်းရွှေ့ရ။
ဒုက္ခခြင်းရာ၊ ဝေဒနာ၊ ဉာဏ်မှာလက်တွေ့ပြ။
ဒိဋ္ဌဉာဏ်မြင်၊ မလိုချင်၊ လွတ်ချင်ဤဒုက္ခ။
လွတ်မြောက်လိုရေး၊ ဉာဏ်စိစွေး၊ ပြုရေးဆယ်ပုည။
သတိချပ်
လူ, နတ်, ချမ်းသာ၊ ဒုက္ခသာ၊ သစ္စာမှန်ဆတ်ဆတ်။
လူ, နတ်, ခန္ဓာ၊ ရကြောင်းရှာ၊ အဝိဇ္ဇာမူတယ်မှတ်။
သစ္စာမသိ၊ ပုညာဘိ၊ ပြုမိဒုက္ခထပ်။
ထို့ကြောင့်သိဉာဏ်၊ ရဖို့ရန်၊ အမြန်လုံ့လကပ်။
ပညာရှေ့သွား၊ ကုသိုလ်များ၊ မမှားပြုလုပ်အပ်။
အသိမယှဉ်၊ သံသာခွင်၊ ဘယ်တွင်မမြင့်မြတ်။
ဆရာကောင်းသာ၊ ကြုံတုန်းခါ၊ မြန်စွာရိုဆည်းကပ်။
ဆရာညွှန်တိုင်း၊ မဆုတ်ဆိုင်း၊ ချိန်တိုင်းကျင့်ထုတ်အပ်။
တရားသား
ခန္ဓာ့လမ်းစဉ်
ဒီနေ့လဲ မနေ့က ပဋိစ္စသမုပ္ပါဒ် စက်ဝိုင်းတရားကိုပဲ ဆက်ပြီးဟောရမယ်၊ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ နားလည်အောင် စာလိုပြောတော့ ပဋိစ္စသမုပ္ပါဒ်လို့မှတ်ကြ၊ မြန်မာလိုပြောတော့ “ခန္ဓာ့လမ်းစဉ်” လို့ မှတ်ထားကြ၊ မှတ်တတ်ကြပလား။ ဒီနေ့-ခန္ဓာလမ်းစဉ်တရားကို ပြောမယ်၊ ခန္ဓာက-ဒီလမ်းစဉ်အတိုင်း၊ ဒီအတိုင်း သွားနေတယ်ဆိုတာ မှတ်လိုက်ကြ၊ စက်ဝိုင်းကိုကြည့်၊ မြင်ကြရဲ့လား။
စက်ဝိုင်းမှာ-အတိတ်အကြောင်းငါးပါးဆိုတဲ့ အကွက်ကိုကြည့်၊ အတိတ်အကြောင်းငါးပါးထဲမှာ အဝိဇ္ဇာပါတယ်၊ မြင်ကြပလား။ ဒီတော့ နဂိုက သင်ပြထားလို့ ဒကာ ဒကာမတွေ သိနှင့်ထားကြတာက “အဝိဇ္ဇာပစ္စယာသင်္ခါရာ” လို့ သိထားကြတယ်။ ဒီလိုဆိုတော့ အဝိဇ္ဇာပစ္စာ သင်္ခါရာ၊ သင်္ခါရပစ္စယာဝိညာဏံ၊ ဝိညာဏပစ္စယာ နာမရူပံ” လူ့ခန္ဓာ၊ နတ်ခန္ဓာ၊ ဖြစ်ကြောင်းမှာ အဝိဇ္ဇာမူတယ်ပဲ၊ အဝိဇ္ဇာအရင်းခံပဲဆိုတာ ရိပ်မိကြပြီလား။
သူက သစ္စာလေးပါး မသိတာ၊ မသိတဲ့အဝိဇ္ဇာ။ ဒီအဝိဇ္ဇာက ဒကာ ဒကာမတို့သန္တာန်မှာ အတိတ်ကရှိခဲ့တယ်၊ ဒကာ ဒကာမတို့ဟာ အတိတ်တုန်းက ဘာနဲ့နေခဲ့ရသလဲ၊ သစ္စာမသိတဲ့ ဒီအဝိဇ္ဇာနဲ့ နေခဲ့ကြရတယ်။ သစ္စာမသိတာနဲ့ နေခဲ့ကြရတာပဲ ပေါ်ကြပလား။ ဒီလို မသိတာနဲ့ နေခဲ့ရတော့ ကုသိုလ်တွေ ပြုကြပေမယ့်လဲ ဒီဘက်ဆက်ရတာပဲ၊ ဒီဘက်က ဘာတဲ့လဲ၊ ပစ္စုပ္ပန်အကျိုးတရား ငါးပါးတဲ့၊ အဲ-ဒကာတို့တတွေ အတိတ်တုန်းက သစ္စာမသိတဲ့ အဝိဇ္ဇာနဲ့ ကုသိုလ် (သင်္ခါရ) ပြုလုပ်မိတဲ့အတွက်၊ ခန္ဓာငါးပါး ဒုက္ခသစ္စာတရား ရလာကြတယ်။
ဒီဒုက္ခသစ္စာ ခန္ဓာကို ဘာကြောင့်ရတာလဲ
အခုလက်ရှိခန္ဓာ ဘာခန္ဓာလဲ၊ ဒီဒုက္ခသစ္စာ ခန္ဓာကို ဘာကြောင့်ရတာလဲ၊ အတိတ်က ကုသိုလ်ပြုခဲ့လို့ပဲ၊ ရှင်း ကြရဲ့လား၊ ကုသိုလ်ကိုပြုပါရက်နဲ့ ဘာကြောင့် ဒုက္ခသစ္စာ ရရတာလဲ၊ အဝိဇ္ဇာက သစ္စာမသိလို့၊ သစ္စာမသိတော့ သူခိုင်းတာလုပ်ကြ၊ ဒုက္ခသစ္စာ ရလာတာပဲ၊ ပေါ်ကြပလား။ ဒကာတို့ အခုဒုက္ခခန္ဓာနဲ့ ခွဲခွါလို့ ရကြပါရဲ့လား။ မရဘူး၊ ဒီလိုဒုက္ခခန္ဓာနဲ့ ခွဲခွါမရတာဟာ၊ အတိတ်က သစ္စာမသိတဲ့ အဝိဇ္ဇာနဲ့ ကုသိုလ်သင်္ခါရ လုပ်ခဲ့မိလို့ပဲ၊ သိပြီး မလုပ်ခဲ့ဘူး၊ မသိဘဲလုပ်ခဲ့မိတယ်၊ ရိပ်မိကြပလား။
ဒကာတို့တတွေ ဒုက္ခခန္ဓာရမှုအတွက် မသိဘဲလုပ်ခဲ့ကြတယ်၊ ဘယ်တုန်းက လုပ်ခဲ့ကြတာလဲ၊ အတိတ်တုန်းကပဲ၊ အတိတ်ဘဝတုန်းက မသိတဲ့အဝိဇ္ဇာနဲ့ ပြုတဲ့သင်္ခါရကြောင့်၊ အခု ပစ္စုပ္ပန်မှာ ဒုက္ခသစ္စာခန္ဓာကို ရလာကြတာပဲ၊ သဘောပါ ကြရဲ့လား။ ဒကာ ဒကာမတွေ၊ ဒကာ ဒကာမတို့တတွေဟာ အတိတ်က မသိတဲ့အဝိဇ္ဇာနဲ့ ကုသိုလ်သင်္ခါရဆိုတဲ့ သမုဒယ သစ္စာလုပ်ခဲ့လို့။ အခု အကျိုးဒုက္ခသစ္စာ ရလာတာပဲ၊ ရှင်းကြရဲ့လား။ မရှင်းသေးရင် စာရွက်ထဲက စက်ဝိုင်းပြန်ကြည့်ကြ။
မသိမှုအဝိဇ္ဇာကြောင့်
အဝိဇ္ဇာနဲ့ သင်္ခါရဆိုတာ မြင်ကြရဲ့လား၊ ဒီတော့-အဝိဇ္ဇာပစ္စယာ သင်္ခါရာ-တဲ့။ မသိမှုအဝိဇ္ဇာကြောင့် ကုသိုလ် သင်္ခါရတွေ ဖြစ်လာကြတယ်။ အဲဒီကုသိုလ်တွေဟာ အဝိဇ္ဇာကြောင့် ပေါ်လာကြတာ၊ ဒီတော့ ကုသိုလ်ပြုတယ်ဆိုပေမယ့် ဒီကုသိုလ်က သမုဒယသစ္စာပဲ၊ စက်ဝိုင်းအတွင်းပိုင်းမှာကြည့်၊ ရှင်းကြပလား၊ သမုဒယသစ္စာလုပ်မိရင်၊ ဒုက္ခသစ္စာ ကိုယ်ပိုင်ရမှာပဲ၊ ကျေနပ်ပလား။ အတိတ်အကြောင်းငါးခု သမုဒယသစ္စာကြောင့်၊ အခု ပစ္စုပ္ပန်အကျိုးငါးခု ဒုက္ခသစ္စာ ကိုယ်ပိုင်ရလာကြတာပဲ၊ ရိပ်မိကြပလား။
ဒကာ ဒကာမတွေ သမုဒယသစ္စာ လုပ်ရင်ဖြင့် ဒုက္ခသစ္စာ၊ ကိုယ်ပိုင်ရကြမှာပဲဆိုတာ တထစ်ချ မှတ်လိုက်ကြ။ ဒီ ၁-နံပါတ်အကွက် ကြိုးစားရင် ဒီ ၂-နံပါတ်အကွက်ကိုရမှာ သေချာတယ်၊ မြင်ကြရဲ့လား၊ ဒကာတို့ဟာ ကုသိုလ် သမုဒယသစ္စာ ပြုလုပ်မိတဲ့အတွက် ဒုက္ခသစ္စာ ရနေကြပြီ၊ ကုသိုလ်ပြုတဲ့အတွက် ဘာများ ပိုထူးသေးသလဲ၊ အမြတ်မပါခဲ့ ဘူး၊ ရှုံးနေကြပြီ၊ ရိပ်မိကြရဲ့လား။
အသိတရားကို ရှေ့ထားကြပါ
ဒါကြောင့် ရင်းနှီးသူ၊ အသိဉာဏ်ရှိသူ၊ ဒကာ ဒကာမတွေကို ပြောဆိုသွန်သင်ပေးရတယ်၊ “အလှူအတန်းပြုတော့ မယ်ကြံရင် အလှူကိုနောက်ထား၊ အသိတရားကို ရှေ့ထားကြပါ” လို့ ပြောရတယ်၊ အသိရှေ့ထားဖို့ ပြောရတာဟာ ဒကာတို့အတွက် ကျေးဇူးများဖို့ပဲ၊ အကျိုးရှိအောင်လို့ပဲဆိုတာ မှတ်လိုက်ကြ၊ သဘောပါကြပလား။ လှူကြ၊ ဒါန်းကြ၊ အလှူအဒါန်းအမျိုးမျိုးတွေ ကြိုးစားလုပ်ကြ၊ လှူတာကို မလှူနဲ့လို့ မဆိုလိုဘူး၊ ဒါပေမယ့် အသိကိုရှေ့ထားကြ၊ သိပြီးမှ လှူကြ၊ အသိတရားနဲ့လှူကြ၊ အဝိဇ္ဇာဦးစီးပြီး လှူကြလို့ ဆိုလိုတယ်၊ ရှင်းကြပလား။
အဝိဇ္ဇာဦးစီးပြီးလှူတော့ ဘာအပြစ်ရှိသလဲ၊ စက်ဝိုင်းပြန်ကြည့်၊ “အဝိဇ္ဇာပစ္စယာ သင်္ခါရာ” ကြည့်လိုက်တော့ သမုဒယသစ္စာ၊ ဒီသစ္စာလုပ်မိတော့ ဒုက္ခသစ္စာအပြင် ရစရာမရှိဘူး၊ ရိပ်မိကြပလား။ ဒါကြောင့် အသိကို ရှေ့ထားပြီး လှူကြလို့ ပြောရတာပဲ၊ ဘုန်းကြီးတို့တပည့်တွေ ဒကာ ဒကာမတွေ ကြည့်လိုက်တော့၊ သေခါနီးနေကြပြီ၊ နောက်ထားရင် ဖြစ်ပါတော့မလား။ မဖြစ်တော့ဘူး၊ နောက်ထားရင် နောက်တစ်ခါလဲ အသေရမှာပဲ၊ ဒီအသေခန္ဓာပဲ ထပ်ပြီးရဦးမှာမို့ပဲ ဆိုတာ မှတ်လိုက်ကြ၊ ရှင်းကြရဲ့လား။
ဝိဇ္ဇာဉာဏ်ဦးစီးပြီး လှူကြရမယ်
အသေခန္ဓာ၊ ဒုက္ခသစ္စာ၊ ကြောက်သူမှန်ရင်ဖြင့် အသိဉာဏ်ကို ရှေ့ထားရမယ်၊ ဝိဝဋ္ဋဖြစ်တဲ့ ဝိဇ္ဇာဉာဏ်ဦးစီးပြီး လှူကြရမယ်ဆိုတဲ့အချက်ကို မြဲမြဲစွဲစွဲ မှတ်လိုက်ကြ။
ဒကာတို့က လျှောက်ကြပေမယ့် တပည့်တော်တို့ တခါတလေမှဆိုသလို ထူးထူးခြားခြား လှူကြရတာပါ၊ အထူးလှူရတဲ့အလှူမို့ အရေးကြီးပါတယ်ဘုရား” လို့ လျှောက်ကြပေမယ့် ဒါပေမယ့် ဘုန်းကြီးက “ခေတ္တခဏလောက် ဆိုင်းကြပါအုန်း” လို့ ပြောရတယ်၊ ဘာကြောင့်တုန်းဆိုတော့ အသိလိုသေးလို့ပဲ၊ ဒါကြောင့် ကန့်ကွက်ရတယ်ဆိုတာ ရိပ်မိကြ၊ သဘောပါကြပလား၊ စက်ဝိုင်းထဲက ၄-နံပါတ်အကွက်ကို ကြည့်လိုက်ပါ၊ ဒကာတို့ သစ္စာမသိဘဲ လှူခဲ့သော် ၄-နံပါတ်က ဟောဒီဒုက္ခသစ္စာ ရကြမယ် ရိပ်မိကြပလား။
ဒီဒုက္ခသစ္စာ ဘာကြောင့်ရတာလဲ၊ အခု ပစ္စုပ္ပန်မှာ ပေါက်ပွားတဲ့ မသိဘဲလှူတဲ့ ၃-နံပါတ်က အဝိဇ္ဇာသင်္ခါရ ကြောင့်ပဲ၊ ဒီအဝိဇ္ဇာ၊ သင်္ခါရတွေ အရင်းခံနဲ့ အဝိဇ္ဇာပစ္စယာ သင်္ခါရာကြောင့် ၄-ထဲက ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ ဒါတွေပြန်ရမယ်၊ အဲဒါ မသိသူများရတဲ့ ဒုက္ခသစ္စာပဲ၊ ပေါ်ကြပလား။ ဒကာတို့ အခုအနေမှာလဲ အတိတ်က အဝိဇ္ဇာပစ္စယာ သင်္ခါရာလုပ်ခဲ့လို့၊ အခုပစ္စုပ္ပန်မှာ ဒုက္ခသစ္စာခန္ဓာကြီး ကိုယ်ပိုင်လက်ရှိ ရနေကြပြီ။ ဒီကြားထဲက နောက်အနာဂတ်ဒုက္ခသစ္စာရကြောင်း ရှာအုံးမယ်ဆိုရင် တော်ပါ့မလား၊ မတော်တော့ဘူး။
ဒကာတို့တတွေက မသိလို့ လုပ်နေကြပေမယ့် ကရုဏာရှိတဲ့ ဆရာသမားက ကြည့်မနေနိုင်ဘူး၊ ဒါကြောင့် ဆရာကောင်းမှန်က ကန့်ကွက်ရမယ်၊ တားမြစ်ရမယ်၊ သဘောပါပလား၊ မသိတာက အဝိဇ္ဇာ၊ ပြုလုပ်တာက သင်္ခါရ၊ ဒီအဝိဇ္ဇာအုပ်ချုပ်ပြီး ပြုလုပ်လိုက်တော့ အခုပစ္စုပ္ပန်မှာ ၂-နံပါတ် ဒုက္ခသစ္စာ ရလာကြတယ်၊ ဘယ်ဟာတွေလဲဆိုတော့ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ ဒီငါးခု ဒုက္ခသစ္စာ ရလာကြတယ်၊ မြင်ကြပလား။ စက်ဝိုင်းပြန်ပြန်ကြည့် ကြ။
မသိတာက အဝိဇ္ဇာ၊ လှူဒါန်းတာက သင်္ခါရ
မသိတာက အဝိဇ္ဇာ၊ လှူဒါန်းတာက သင်္ခါရ၊ ဒကာတို့လုပ်တာကိုက သမုဒယသစ္စာလုပ်ကြတာ၊ ဒီဟာလုပ်တော့ နောက်ဘဝ ဒုက္ခသစ္စာ ခန္ဓာငါးပါးရတယ်၊ ရှင်းကြပလား၊ ဒီလိုဆိုတော့ ဒကာတို့ဟာ ငွေကုန်ပြီး၊ လူပန်းရပြီ၊ ဘာလို့ ငွေကုန်လူပန်းဖြစ်ရတာလဲ၊ မသိလို့ လှူဒါန်းတာမို့ပဲ၊ သမုဒယသစ္စာ လုပ်ခဲ့မိလို့ပဲ၊ မသိလို့ သမုဒယသစ္စာ ကြိုးစားမိတော့ အခု ဒုက္ခသစ္စာရတာပဲ၊ ရိပ်မိကြပလား။ ဉာဏ်နဲ့မြင်အောင် ကြည့်ကြ၊ ဉာဏ်မြင်မရသမျှ အမှန်မကျနိုင်ဘူး၊ အမှန်မကျ ရင် ဒုက္ခလွတ်လမ်းမမြင်တော့ဘူး၊ ရှင်းပလား။
ဒကာ ဒကာမတွေ လိုချင်တာက ချမ်းသာသုခ၊ အခုရထားကြတာက ဆင်းရဲဒုက္ခ၊ ဒုက္ခသစ္စာကို ဒကာတို့ မလိုချင်ကြဘူး၊ သုခသစ္စာသာ ရချင်ကြ၊ လိုချင်ကြတာ၊ ဒီအတိုင်း ဟုတ်ကြရဲ့မဟုတ်လား၊ အခုတော့ – မသိလို့လှူဒါန်းမိ တဲ့အတွက်၊ ဒုက္ခသစ္စာ ရထားကြပြီ။ ခွဲလို့ခွါလို့ ရကြသေးရဲ့လား။ မရနိုင်တော့ဘူး။ ရှေးက မှားခဲ့တာဖြစ်လို့ မပြင်နိုင် တော့ဘူး။ ဒီတော့ ဒီသဘောအမှန်ကို သိရရင်၊ နောက်ထပ်မမှားအောင် ကြိုးစားကြဖို့ပဲ၊ အခုလို အခွင့်ရတုန်း အချိန်ရှိတုန်းမှာ မကြိုးစားရင် မဖြစ်တော့ဘူး၊ သဘောပါကြရဲ့လား။
ဘုရားကိုယ်တော်တိုင် ရွှေဉာဏ်တော်နဲ့ ကြည့်ပြီး တိတိကျကျ ဟောထားတာဖြစ်လို့ ဘာမှသံသယရှိဖို့မလိုဘူး၊ ဘုန်းကြီးက ပြောလို့မဟုတ်ဘူး၊ ဘုရားဟောတာမို့ လေးလေးနက်နက်မှတ်ပြီး လိုက်နာကြရမယ်၊ သဘာဝဓမ္မ ဖြစ်စဉ် အမှန်ကို ရွှေဉာဏ်တော်နဲ့ကြည့်ပြီး အမှန်သိတော်မူတာမို့၊ အင်မတန် ကရုဏာကြီးလွန်းလို့ သနားလို့ ဟောတော်မူခဲ့တာပဲ ဆိုတာ ဆုံးဖြတ်ချက်ချကြ၊ ကျေနပ်ကြပလား။ မသိတဲ့သူ လှူဒါန်းရင် ဒုက္ခသစ္စာသာရမှာတဲ့၊ ဒါကြောင့် သစ္စာသိအောင်၊ ဝိဇ္ဇာဉာဏ်ရအောင်၊ ပဋ္ဌမဆုံး ကြိုးစားကြရမယ်၊ ရှင်းကြရဲ့လား။
မသိတဲ့အဝိဇ္ဇာ အရင်းခံမှုဟာ ဒုက္ခကိုယ်ပိုင် ရတာပဲ
ကိုယ့်မှာ ပစ္စည်းကလေး ရှာဖွေလို့ အဆင်ပြေ၊ ဝင်ငွေကလေးကဖြောင့်၊ စား, ဝတ်, နေရေးက ပိုလာပြီ၊ လျှံလာပြီဆိုတော့ စိတ်ထဲက ဒီအထုပ်ကလေး နောက်ဘဝအတွက် ယူသွားအုံးမှပဲတဲ့၊ အဲဒီလို ပိုလျှံလာတဲ့ပစ္စည်းကလေး နဲ့ နောက်ဘဝ ဒုက္ခမျှော်မိတယ်၊ မျှော်မိတဲ့အတိုင်းလဲ ပုညာဘိသင်္ခါရ၊ ကုသိုလ်ဒါနတွေ အမျိုးမျိုးပြုလုပ်ကြ၊ တဏှာ၊ ဥပါဒါန်နဲ့ နောက်ဘဝ ဒုက္ခခန္ဓာ ဆုတောင်းယူကြ၊ ဟော-အခုလက်ရှိ ရထားကြပြီ၊ ရိပ်မိကြရဲ့လား၊ မသိတဲ့အဝိဇ္ဇာ၊ အရင်းခံမှုဟာ ဒုက္ခကိုယ်ပိုင် ရလာတာပဲ၊ ရှင်းကြရဲ့လား။
ဒကာ ဒကာမတို့ ဒီဒုက္ခလမ်းစဉ်ကိုဖြင့် ယနေ့-ပြင်ကြစို့၊ ပြင်ဖို့မတော်သေးဘူးလား၊ အင်း-တော်တာကိုသိရရင် အမြန်ဆုံးပြင်ကြရမယ်၊ ဒကာတို့ အခုရထားတဲ့ခန္ဓာက ဒုက္ခသစ္စာ၊ ဒုက္ခသစ္စာ ဘာတွေလဲဆိုတော့ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ မြင်ကြပလား။ ဒါကို သိကြရမယ်၊ ယခုလက်ရှိခန္ဓာဟာ ဘာသစ္စာလဲ၊ ဒုက္ခသစ္စာပဲ၊ ဒါကို သိရင်ဖြင့် အဝိဇ္ဇာကွာပြီ၊ ဝိဇ္ဇာဖြစ်ပြီ။ ဒါကိုသိတာဟာ ဝိဇ္ဇာဖြစ်လို့ သိတာပဲ၊ ဒီလိုသိတော့ အဝိဇ္ဇာက ဝိဇ္ဇာဖြစ်တာပဲ ဆိုတာမှတ်ကြ၊ ကျေနပ်ပလား။
ဝိဇ္ဇာဖြစ်ရင် နေရာကျပြီ
ဒကာ ဒကာမတွေ ဝိဇ္ဇာဖြစ်ရင် နေရာကျပြီ၊ ဘာကြောင့် ဝိဇ္ဇာဖြစ်တာလဲဆိုရင် လက်ရှိခန္ဓာ ဒုက္ခသစ္စာမှန်းသိ လို့ပဲ၊ ရိပ်မိကြပလား။ ဒီခန္ဓာ ဒုက္ခသစ္စာပဲလို့ သိတာဟာ ဝိဇ္ဇာနဲ့မှသိတာပဲ၊ ရှင်းကြပလား။ ဒီဘဝ အခုရထားတဲ့ခန္ဓာ ဒုက္ခသစ္စာမှန်းသိတော့ ယခုဘဝမှာ ဝိဇ္ဇာဉာဏ်ရတာပဲ၊ သဘောပါပလား။ ဝိဇ္ဇာဉာဏ်ရတော့ ဘုံဘဝလိုချင်တဲ့ တဏှာ ကွာတယ်၊ တဏှာမလာဘူး၊ ဒီတော့ ဘုံဘဝကို လိုချင်တောင့်တပြီး ပြုလုပ်တဲ့ သင်္ခါရဟာလဲ မလုပ်ဖြစ်တော့ဘူး၊ ရှင်းကြရဲ့လား။
ဒီတော့ကာ ဝိဇ္ဇာဉာဏ်လာလို့ အဝိဇ္ဇာချုပ်တယ်၊ အဝိဇ္ဇာချုပ်တော့ ဘုံဘဝလိုချင်တောင့်တတဲ့ သင်္ခါရလဲ မလုပ်ဖြစ်တော့ဘူး၊ ဒီသင်္ခါရမလုပ်တော့ ဝိဇ္ဇာဉာဏ်က ဒီဘုံဘဝ ဒုက္ခသစ္စာကြီးကို မလိုချင်ဘူး၊ ဒီဒုက္ခကြီးက ကျွတ်ချင်၊ လွတ်ချင်တယ်၊ သဘောပါကြရဲ့လား။ အဲဒီတော့ ဒုက္ခခန္ဓာကြီးကို မလိုချင်လို့ ဒီဒုက္ခခန္ဓာကြီးက ကျွတ်ချင်၊ လွတ်ချင်လို့ ဤဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေးစတဲ့ လှူဖွယ်ဝတ္ထုများကို သံဃာတော်အရှင်မြတ်တို့အား လှူဒါန်းပါ၏” လို့ စိတ်ထားကို ပြင်ကြ၊ စိတ်ကို ပြောင်းပြစ်ကြ၊ သဘောပါပလား။
လွတ်ချင်တဲ့ဉာဏ်နဲ့ စိတ်ထားကိုပြင်ပြီး လှူဒါန်းတော့
ဒီလို ဒုက္ခသစ္စာကိုသိပြီး ဒီကလွတ်ချင်တဲ့ဉာဏ်နဲ့ စိတ်ထားကိုပြင်ပြီး လှူဒါန်းတော့ ရတဲ့အကျိုးဟာ နိဗ္ဗာန်ပဲ ရမယ်၊ နောက် ဒုက္ခသစ္စာ မရတော့ဘူး၊ ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေကို သတိပေးရတယ်၊ ပြောဆိုရတယ်၊ “လှူတာတော့ လှူကြပါ၊ ဒါပေမယ့်-မလှူခင် သစ္စာသိအောင် ကြိုးစားပါအုံး၊ သစ္စာသိပြီးမှသာ လှူကြပါ” လို့ ပြောရတယ်၊ ဘာကြောင့်ပြောရသလဲ။ ဒကာ ဒကာမတွေ သနားလို့ နောက်ထပ် ဒုက္ခရောက်မှာ စိုးရိမ်လို့ပဲဆိုတာ မှတ်လိုက်ကြ။
ဒကာ ဒကာမတွေ အခု ဘယ်ထဲမှာလဲ။ စက်ဝိုင်းပြန်ကြည့်။ အခု ၂-နံပါတ် ဒုက္ခသစ္စာထဲမှာ၊ ၂-ထဲက ဒုက္ခနဲ့ ကြုံနေရတယ်၊ မြင်ကြပလား။ ဒီ ၂-ဒုက္ခနဲ့ ကြုံနေရတာ၊ နောက်ဘဝက သစ္စာမသိဘဲ လှူခဲ့မိလို့ပဲ၊ အခု ဒကာ ဒကာမတို့ ဒုက္ခသစ္စာ ကိုယ်ပိုင်ရတာဟာ၊ အတိတ်ဘဝက သစ္စာမသိဘဲနဲ့ လှူဒါန်းခဲ့သောကြောင့် ဒုက္ခသစ္စာကြီး ရလာကြတယ်ဆိုတာ ပေါ်ကြပလား။
လမ်းမှန်တည့်ပေးလိုက်ပြီ
ဒကာ ဒကာမတွေ တသံသရာလုံးက မှားလာတဲ့အမှားကြီးကို မြင်ကြပြီလား။ ညွှန်ပြတဲ့ဆရာသမားနဲ့လဲ ကြုံတွေ့ ရလို့ ဒကာ ဒကာမတွေကလဲ ကိုယ့်အမှားကိုယ် မြင်သိကြလို့ အခု ပြင်လိုက်ပြီး လမ်းမှန်တည့်ပေးလိုက်ပြီ၊ နောက်ထပ်ပြီး လူချမ်းသာ၊ နတ်ချမ်းသာဆိုတာတွေ မလိုချင်ကြနဲ့တော့၊ မယောင်မှားကြနဲ့တော့လို့ ပြောလိုက်တယ်၊ သဘောပါကြရဲ့လား၊ ဒါကြောင့် အခုလို ညွှန်ပြပေးတဲ့ဆရာက ညွှန်ပြလို့ သိမြင်ကြရတဲ့အခါမှာ ပြင်ကြ၊ ဆင်ကြတော့၊ “ဒီဒုက္ခက လွတ်ချင်လို့ မလိုချင်လို့၊ ဒီဒုက္ခက လွတ်ရာရောက်ချင်လို့ ဤဒါနဝတ္ထုအစုစုကို လှူဒါန်းပါတယ်” လို့ ပြင်လိုက်ကြ၊ သဘောပါပလား။
ဒကာ ဒကာမတွေ အခု ဒုက္ခသစ္စဆိုတာ စာသိပဲရှိသေးတယ်၊ ကိုယ်ပိုင်ဉာဏ်နဲ့ ကိုယ်တိုင်သိ မဟုတ်သေးဘူး၊ ကိုယ်တွေ့ဉာဏ်သိဖြစ်အောင် အလုပ်ကလေး ထိုင်ကြည့်ကြစို့၊ ကိုင်း-ငါးမိနစ်လောက် ငြိမ်ငြိမ်ထိုင်၊ ခန္ဓာကိုယ်ထဲမှာ စိတ်စိုက်ထား၊ တခြားမထွက်စေနဲ့၊ ခန္ဓာက သူ့သဘာဝအမှန်ကို ပြလိမ့်မယ်၊ ဒါကို ဉာဏ်နဲ့မြင်အောင် စိုက်ကြည့်ပေးကြ။ ကြည့်တတ်ကြပလား။ ဘေး အာရုံမထွက်စေနဲ့၊ ခန္ဓာကိုယ်ထဲမှာ အမှန်တကယ်ရှိနေတဲ့ သဘောလေးတွေ လိုက်ကြည့်ကြ။
ခန္ဓာက ဘာပြောသလဲ
ကိုင်း-ငါးမိနစ်စေ့ပြီ၊ ခန္ဓာက ဘာပြောသလဲ၊ ခန္ဓာကညောင်းလာတယ်၊ ကိုက်လာတယ်၊ အဲဒါ ဒုက္ခဝေဒနာပါလို့ ပြောတာပဲ၊ ညောင်းတော့ ပြောင်းချင်၊ ရွှေ့ချင်လာတယ်၊ အဲဒါ သင်္ခါရက္ခန္ဓာပဲ၊ တချို့တနေရာက ယားယံလာတယ်၊ ကိုက်ချင်၊ ခဲချင်လာတယ်၊ မြင်ကြရဲ့လား။ အဲ-အဲဒါ ဒုက္ခသစ္စာ ကိုယ်တွေ့မြင်ရတာပဲလို့ မှတ်ကြ၊ အခုမြင်တာ တဒင်္ဂ လောက်ပဲရှိသေးတယ်၊ ဒီတဒင်္ဂကိုပဲ ဆင်းရဲတဲ့ဒုက္ခသဘောကို သည်းမခံနိုင်ကြဘူး၊ မခံနိုင်၊ မခံလိုကြဘူးမဟုတ်လား။ အဲဒီတော့ အခုကိုယ်တွေ့မြင်ရတဲ့ ဒုက္ခဝဋ်မှ ကျွတ်လို၊ လွတ်လိုတဲ့စိတ်ထား ပေါ်နိုင်ကြမယ်၊ ရှင်းကြပလား။
အဲဒီအခါမှာမှ ယခုမြင်ရတဲ့ ဒုက္ခဝဋ်ဆင်းရဲမှ ကျွတ်ရ၊ လွတ်ရပါလို၏ဆိုပြီး သိန်းကုန်၊ သောင်းကုန်လှူကြ၊ သဘောပါကြပလား။ ဒီလိုမှမဟုတ်ရင် မလှူတတ်တာနဲ့ ဒုက္ခထပ်ချပ်ပါလိမ့်မယ်၊ ဒါကြောင့် လှူတတ်အောင် ဒုက္ခလွတ် တဲ့လှူဒါန်းနည်းရအောင် ကြိုးစားရမယ်၊ ရိပ်မိကြပလား။ ဒီအခု မြင်သိရတဲ့ဒုက္ခဟာ ခန္ဓာကပြလို့ သိရတာပဲ၊ သူများပြော လို့ ဘုန်းကြီးက ဟောလို့မဟုတ်ပါဘူး၊ ကျေနပ်ပလား။ ဒီတော့-ပဋ္ဌမခန္ဓာကပြတဲ့ ဒုက္ခသစ္စာကို မမြင်မြင်အောင် ကြည့်ပေးရမယ်၊ ဒီဒုက္ခမြင်ပြီးတော့မှ ဒီဒုက္ခက လွတ်ချင်ကျွတ်ချင်လို့ နောက်ထပ်မလိုချင်လို့ လှူဒါန်းပေးကမ်းပါ၏ဆိုတဲ့ စိတ်ထားကိုပြောင်းကြ။
ဝဋ်ကိုရွံ့မုန်းပြီး လှူတာ
ဒကာ ဒကာမတွေ ဒီလိုစိတ်ထားတဲ့ လှူတဲ့အလှူဟာ ဝဋ်တောင့်တပြီးလှူတာလား။ ဝဋ်ကိုရွံ့မုန်းပြီး လှူတာလား၊ ဝဋ်ကိုရွံ့မုန်းပြီး လှူတာပါ၊ ဒါကြောင့်-အခုလှူတဲ့အလှူကို ဝဋ်ကျွတ်တဲ့အလှူပဲဆိုတာ မှတ်ကြ၊ ရှင်းကြပလား။ ဒီလိုလှူ တော့ ဘယ်လောက်များ နေရာကျသွားသလဲ။ ဒါမှသာ သာသနာတွင်း အလှူအစစ်လို့ ဆိုရမယ်၊ သဘောပါရဲ့လား။ ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ အထူးသတိပေးလိုက်တယ်၊ “လှူကာနီးမှာ ဒီဒုက္ခဝဋ်က ကျွတ်လွတ်လိုတဲ့ စိတ်ကလေးကို မွေးဖြစ်အောင်မွေးကြပါလို့” သဘောပါပလား။
ဒါမှမဟုတ်လို့ သစ္စာမသိဘဲနဲ့ လှူဒါန်းမိရင် သမုဒယပဲလုပ်မိမယ်၊ သစ္စာမသိဘဲလုပ်တော့ လုပ်မိလုပ်ရာ ရမ်းပြီးလုပ်တော့ သမုဒယပဲလုပ်မိတော့တာပဲ၊ သမုဒယလုပ်မိတော့ ဒုက္ခသစ္စာပဲပြန်ရမယ်၊ သဘောပါကြပလား။ သမုဒယသစ္စာလုပ်ရင်၊ ဒုက္ခသစ္စာရမှာပဲဆိုတဲ့အချက် ရိပ်မိကြပလား။ ဒါကြောင့် လှူမယ့်ဒါန်းမယ့်ကြံရင် သစ္စာသိတဲ့ ဉာဏ် အရေးကြီးတယ်ဆိုတာ ဆုံးဖြတ်ချက်ချ။ အခု ဒကာ ဒကာမတွေမှာ အင်မတန်ကံကောင်းကြလို့ သစ္စာသိတဲ့ဉာဏ် ရကြပြီ၊ ဒီဉာဏ်နဲ့ အလှူအဒါန်းလုပ်ရတော့ သမုဒယမလုပ်မိဘူး၊ မဂ္ဂသစ္စာဖြစ်လာတယ်၊ ရှင်းပလား။
ဉာဏ်နဲ့လှူတော့ မဂ္ဂင်ငါးပါးရှိတဲ့ လောကီမဂ္ဂသစ္စာ
ဒီဉာဏ်နဲ့လှူတော့ မဂ္ဂင်ငါးပါးရှိတဲ့ လောကီမဂ္ဂသစ္စာ ဖြစ်လာတယ်၊ ဒီတော့ သမုဒယမလာဘဲချုပ်တယ်၊ ချုပ်တော့ နောက်ဒုက္ခလဲ မလာတော့ဘူး၊ ကျေနပ်ကြပလား။ ဒါကြောင့် အလှူ့ဒကာ ဒကာမတွေ နက်ဖြန်လှူမယ့် အလှူပွဲကြီးဟာ ဝဋ်ကျွတ်တဲ့ပွဲကြီးပဲ၊ ဒုက္ခဝဋ် ချွတ်တဲ့ပွဲကြီးပဲလို့ မှတ်လိုက်ကြ၊ ကျေနပ်ကြပလား။ စက်ဝိုင်းထဲပြန်ကြည့်၊ ဒကာတို့ဟာ (၁) အကွက်ကနေပြီး (၂) သွား၊ (၂) ကနေပြီး (၃) အလုပ်လုပ်၊ (၃) အလုပ်လုပ်တော့ (၄) ထဲသွား၊ အဲဒီလိုနည်းနဲ့ အဆက်မပြတ် ဝဋ်ထဲလှည့်နေရတာပဲ၊ ရှေးက ဒီဝဋ်ထဲပဲ ချာချာလှည့်ခဲ့ကြရတယ်၊ ထွက်လမ်းကို မရခဲ့ကြ ဘူး၊ ပေါ်ကြပလား။
အခုလို အခွင့်ကောင်း၊ အခါကောင်းမှာ ဆရာသမားနဲ့တွေ့လို့ ကိုယ့်အဖြစ်မှန်လဲ သိကြရပြီ၊ ဝဋ်က ကျွတ်လမ်း ထွက်လမ်းကိုလဲ ရိပ်မိကြပြီ၊ ဒီလိုသိရတော့၊ သစ္စာသိဖို့အရေးဟာ အလွန်ကြီးတဲ့ အရေးပါလားဆိုတာ ဆုံးဖြတ်ချက်ချကြ၊ သစ္စာမသိဘဲနဲ့ လုပ်သူမှာ ဝဋ်ထဲပဲ လည်နေမယ်၊ သစ္စာသိပြီးလုပ်သူကတော့ ဝဋ်ကျွတ်တယ်၊ သစ္စာမသိသူနဲ့ သိသူဟာ အလွန်ပဲ ကွာခြားပါတယ်၊ ရိပ်မိကြရဲ့လား။ လှူတာဒါန်းတာမှာ မသိသူကလှူတော့ သမုဒယသစ္စာ လုပ်တာပဲ၊ အဲဒီသူဟာ သေသည်၏အခြားမဲ့မှာ ဒုက္ခသစ္စာဖြစ်မှာပဲ၊ ရှင်းကြပလား။
လှူတာဒါန်းတာဟာ ကုသိုလ်ရတယ်
ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ရှေးကတော့ လှူတာဒါန်းတာဟာ ကုသိုလ်ရတယ်လို့ပဲ ပြောကြဆိုကြ ကြိုးစားကြ တယ်၊ မှန်ပါတယ်၊ ဒီကုသိုလ်ဟာ သမုဒယသစ္စာပဲ၊ ဒီသစ္စာမသိသောကြောင့် နောက်ရလာတာဟာ ဒုက္ခသစ္စာပဲ ရလာတော့တယ်၊ မသိလို့ သမုဒယကုသိုလ် လုပ်မိတော့ ဒုက္ခသစ္စာ အကျိုးခန္ဓာ ရတော့တာပဲပေါ့၊ ရိပ်မိကြပလား။
ဒကာ ဒကာမတွေ အခုလက်ရှိခန္ဓာက ဘယ်ထဲမှာလဲ၊ အခုလက်ရှိခန္ဓာက (၂)ထဲမှာ ရောက်နေကြတယ်။ ဇာတိက စပြီးရောက်လာကြတာ၊ ပဋိသန္ဓေက စတယ်လို့မှတ်ကြ။ ဝိညာဏ်ဆိုတာ ပဋိသန္ဓေကို ဆိုတာပဲ၊ ရှင်းကြရဲ့လား။ ဒီဝိညာဏ်က စခဲ့တယ်။ ဒါပြီးတော့ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ ဒါတွေ ဒကာတို့ အခုလက်ရှိ ရနေ၊ ရောက်နေကြတယ်၊ မြင်ကြရဲ့လား။ ဒီတော့ ဇာတိက ဘာသစ္စာလဲ။ “ဒုက္ခသစ္စာပဲ” ဇာတိပိ ဒုက္ခသစ္စာပဲ၊ ဝိညာဏ်ဟာ ဇာတိပိ ဒုက္ခသစ္စာ၊ သဘောပါကြရဲ့လား။
သိလို့လှူရင် မဂ္ဂသစ္စာပဲ
ဒကာ ဒကာမတို့ လှူတာကတော့ ကောင်းပါရဲ့၊ ဒါပေမယ့် မသိလို့လှူတာဟာ ဒုက္ခသစ္စာဖြစ်တယ်။ သိလို့လှူရင် မဂ္ဂသစ္စာပဲ၊ ဒီဘက်က နိရောဓသစ္စာရမယ်။ သဘောပါကြရဲ့လား။ ဘုန်းကြီးတို့ ဒကာ ဒကာမတွေကို ဒီကနေ့-ထူးထူးခြား ခြားပြရမယ်၊ (၃)အကွက်ကို ကြည့်လိုက်ကြ၊ မြင်ကြရဲ့လား။ မသိလို့လှူတာ ဒုက္ခသစ္စာ၊ သိပြီးမှလှူရင် သုခသစ္စာရကြ မယ်၊ ရှင်းကြရဲ့လား။ ဒီနှစ်ခုမှာ အဝိဇ္ဇာက သစ္စာမသိဘူး၊ သစ္စာမသိတော့ အမှန်မကျဘူး၊ လုပ်သမျှ အမှားချည့်လုပ်မိ တယ်။ ဒီတော့ သမုဒယလုပ်မိ၊ ဒုက္ခရတာပဲ၊ ရိပ်မိပလား။
သိပြီးလှူတော့ ဝိဇ္ဇာဖြစ်၊ ဝိဇ္ဇာဖြစ်တော့-မဂ္ဂသစ္စာဖြစ်တာပဲ။ မဂ္ဂသစ္စာဖြစ်တော့ ဒီဘက်က နိဗ္ဗာန်ဆိုတဲ့ နိရောဓသစ္စာ ပေါ်လာတယ်။ ဒီတော့မှ ခန္ဓာဇာတ်သိမ်း၊ ဒုက္ခဇာတ်သိမ်း၊ ငြိမ်းတော့တာပဲ။ သဘောပါကြပလား။ ဒကာ ဒကာမတွေ ဒီတလုံးပိုင်ရင် သေပျော်ပြီလို့ မှတ်ကြ၊ ဒီတလုံးဟာ ဘယ်လောက် အရေးကြီးသလဲဆိုတာ ရိပ်မိကြ ပလား။ ဒါကြောင့် သစ္စာသိဖို့အရေး၊ သစ္စာသိအောင် ကြိုးစားဖို့အရေးဟာ တို့အရေးပါလား၊ မလုပ်ရင်မဖြစ်တဲ့ အရေးပါလားဆိုတာ ဆုံးဖြတ်ချက်ချကြ။
မသိလို့လှူတာ-သမုဒယသစ္စာ၊ ရတာက ဒုက္ခသစ္စာ။ သိလို့လှူတာ-မဂ္ဂသစ္စာ၊ ရတာက-နိရောဓသစ္စာ။ ရှင်းကြ ပလား။
သိလို့လှူတော့ နိဗ္ဗာန်ရတယ်
ဒကာ ဒကာမတို့ မသိလို့လှူတော့ ဒုက္ခရတယ်၊ သိလို့လှူတော့ နိဗ္ဗာန်ရတယ်၊ လှူတာချင်းကတော့ အတူတူပဲ၊ ဘာကွာနေသလဲ။ အသိဉာဏ် ကွာနေတယ်၊ သစ္စာသိတဲ့ဉာဏ်ပါတာနဲ့ မပါတာ ကွာနေတယ်၊ ဒီတော့ အကျိုးရမှာလဲ ကွာခြားသွားတာပေါ့၊ သဘောပါပလား။ ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေအဖို့ရာ မသိတဲ့သူနဲ့စာရင် သေပျော်ပြီ လို့ ပြောလိုက်ပါတယ်၊ ရိပ်မိပလား။
မသိတာက အဝိဇ္ဇာ၊ လှူတာက သင်္ခါရ၊ ဒီလို အဝိဇ္ဇာအရင်းခံမှု မသိမှုနဲ့ လှူဒါန်းပြီးသူက လူချမ်းသာ၊ နတ် ချမ်းသာ၊ ဗြဟ္မာချမ်းသာတွေကို ရမယ်ထင်တယ်၊ ဒီအထင်နဲ့ ဒီဟာတွေလိုချင်တဲ့စိတ်နဲ့ လှူဒါန်းတာပဲ၊ ဟုတ်ကြရဲ့လား။ စက်ဝိုင်းမှာ သေသေချာချာကြည့်ကြ၊ သေသေချာချာကြည့်တော့ “လူ့ချမ်းသာ၊ ဘာသစ္စာ၊ ဒုက္ခသစ္စာ၊ နတ်ချမ်းသာ၊ ဘာသစ္စာ၊ ဒုက္ခသစ္စာ၊ ဗြဟ္မာ့ချမ်းသာ၊ ဘာသစ္စာ၊ ဒုက္ခသစ္စာ” ဒကာ ဒကာမတွေ မြင်ကြပလား။ ရတော့ ဒုက္ခသစ္စာပဲ ရလာတယ်၊ အကောင်းတခုမှ မပါလာဘူး၊ ရှင်းကြပလား။
ကိုယ်ပိုင်ဉာဏ်နဲ့ သိပြီးမှ ယုံကြပါ
ဘုန်းကြီးတို့ ဒကာ ဒကာမတွေကို အထူးသတိပေးလိုက်ပါတယ်၊ “သူပြော၊ လူပြောနဲ့ မယုံကြပါနဲ့၊ ကိုယ်ပိုင်ဉာဏ်နဲ့ သိပြီးမှ ယုံကြပါ” လို့၊ ရိပ်မိကြရဲ့လား။ ကိုယ်ပိုင်ဉာဏ်နဲ့ ကြည့်တော့၊ ခန္ဓာက ဒုက္ခပဲပြမယ်၊ ခန္ဓာမှန်သမျှ ဒုက္ခသစ္စာ ချည်းပဲ။ ဒီတော့ သူ့ကိုဉာဏ်နဲ့ကြည့်၊ ဒုက္ခအပြင် ပြစရာမရှိဘူး၊ ဒုက္ခမို့ ဒုက္ခပြတာပဲဆိုတာ မှတ်လိုက်ကြ။ ဒါကြောင့် သူပြော၊ လူပြော မယုံနဲ့ ကိုယ်ပိုင်ဉာဏ်နဲ့မှသာ ယုံကြဖို့ဆိုတာ မြဲမြဲမှတ်ထားကြ။
ဒီလို ကိုယ်တွေ့ဉာဏ်မြင်ဖြစ်အောင် “မလှူမီ ရှေ့အဖို့မှာ ခန္ဓာကိုစောင့်ကြည့်၊ ခန္ဓာမှာ ဉာဏ်နဲ့ကြည့်တော့ ယားယံမယ်၊ ကိုက်ခဲလာမယ်၊ နာကျင်လာမယ်၊ တောင့်တင်းလာမယ်၊ အောင့်ရင်လဲလာမယ်၊ ဆာလောင်မွတ်သိပ်လာ မယ်၊ တခုမဟုတ်၊ တခုဆိုသလို ဒုက္ခတွေလာမှာပဲ၊ ခန္ဓာက ဒုက္ခပြမယ်၊ အဲဒီအခါမှာမှ ဒကာ ဒကာမတွေက ဒီဒုက္ခဝဋ်က ကျွတ်ချင်၊ လွတ်ချင်လို့ လှူဒါန်းပါ၏ဆိုတဲ့ စိတ်ထားကိုပြောင်းကြ၊ စိတ်ထားပြောင်းပြီး လှူကြ။
ခန္ဓာဒုက္ခမြင်ပြီးမှ လှူကြ၊ ဒါန်းကြ
လှူမယ်ကြံရင် မလှူခင် လက်ငင်းရှုပြီး၊ ခန္ဓာဒုက္ခမြင်ပြီးမှ လှူကြ၊ ဒါန်းကြ၊ အဲဒီကျမှ “နိဗ္ဗာနဿ ပစ္စယော ဟောတု” လို့ ဆိုချင်ဆို၊ ရှင်းကြပလား။ လှူကာနီးမှာ ခန္ဓာဒုက္ခမြင်အောင်ကြည့်ပြီး၊ ရှုမှတ်ပြီးမှ လှူကြဖို့မမေ့ကြနဲ့၊ ဒါ အရေးအကြီးဆုံးအချက်ပဲဆိုတာ မှတ်လိုက်ကြ၊ ရိပ်မိကြပလား။ လှူကာနီးမှာ ဒါကိုမေ့ပြီး ဒိပြင်မဟုတ်တာတွေ လာနေတတ်တယ်၊ ထမင်းဟင်း လောက်မှလောက်ပါ့မလား။ ထမင်းနပ်မှ နပ်ပါ့မလား။ ဘုန်းကြီးတွေ ကြွမှလာပါ့မလားနဲ့ ထွေရာလေးပါးဖြစ်နေတတ်တယ်။
အဲဒီလိုမဖြစ်ကြစေနဲ့ ကိုယ်နဲ့မဆိုင်ဘူး၊ အခုပြောတဲ့ ခန္ဓာဒုက္ခကြည့်ဖို့ ရှုဖို့ဟာ အရေးအကြီးဆုံး အချက်ပဲဆိုတာ မှတ်လိုက်ကြ၊ ရှင်းကြပလား။ ဒကာ ဒကာမတွေအတွက် အလွန်အရေးကြီးတဲ့အချက်ပဲမို့ တခါ ပြန်ပြောပါအုံးမယ်၊ သေသေချာချာမှတ်ကြ။
မသိလှူတာ – ဘာသစ္စာ၊ သမုဒယသစ္စာ။
ရတာက – ဘာသစ္စာ၊ ဒုက္ခသစ္စာ။
သိလို့လှူတာ – ဘာသစ္စာ၊ မဂ္ဂသစ္စာ။
ရတာက – ဘာသစ္စာ၊ နိရောဓသစ္စာ။
မြဲမြဲမှတ်ထားကြ။
အလှူဒါနဟာ သံသရာမရှည်ပါဘူး
အလှူဒါနဟာ သံသရာမရှည်ပါဘူး၊ အချို့က ဒါန၊ သီလတွေဟာ သံသရာရှည်တယ်၊ သံသရာရှည်တဲ့ အလုပ် တွေလို့ ပြောတတ်ကြတယ်၊ အဲဒီလိုပြောတာဟာ မသိလို့ပြောကြတာ၊ မသိပြော-ပြောတာပဲလို့ မှတ်လိုက်ကြ၊ ရှင်းကြ ပလား။
ဒကာ ဒကာမတွေ မသိမှု၊ သိမှုဟာ တစ်တရားခံပဲဆိုတာ မှတ်ကြ။ မသိမှုက သမုဒယသစ္စာ၊ ရတာက ဒုက္ခသစ္စာ။ သိတာက မဂ္ဂသစ္စာ၊ ရတာက နိရောဓသစ္စာ။ သဘောပါကြရဲ့လား။ ဒါန၊ သီလက သံသရာရှည်တာ မဟုတ်ဘူး။ သိမှု၊ မသိမှုကြောင့် ကွာခြားတာ။ မသိမှုကြောင့်တာ သံသရာရှည်နေတာလို့ ဆုံးဖြတ်ချက် ချကြ။ ရိပ်မိကြ ပလား။ ဒါန၊ သီလက သံသရာမရှည်၊ မသိမှုကသာ သံသရာရှည်တယ်၊ ရှင်းကြပလား။
ဒကာ ဒကာမတွေ နောက်ကို သိတတ်ကြတော့ – သံသရာဖြတ်နည်း ရကြပြီ၊ ဖြတ်တတ်ကြတော့၊ ဆွမ်း တစ်ယောက်မ၊ တစ်ဇွန်းပဲလှူလှူ၊ ကွမ်းတစ်ရွက်ထဲပဲလှူလှူ၊ ခန္ဓာဉာဏ်ရောက်ဖို့ကို မမေ့ကြစေနဲ့။ ဒါမမေ့ဖို့ လုံ့လစိုက်ကြ။ခန္ဓာကိုအရင်ကြည့်၊ မလှူခင်အရင်ကြည့်ပြီး ဒီဒုက္ခက လွတ်လိုကျွတ်လိုလို့၊ ဒီဒုက္ခက လွတ်ရပါလို၏လို့ ညွတ်ပြီး၊ လှူကြဒါန်းကြ၊ သဘောပါကြပလား။
လှူကာနီးမှာ ခန္ဓာဒုက္ခသစ္စာကို ကြည့်မိအောင် ကြည့်ကြ
အလကား-မဏ္ဍပ်ပတ်ပြေးပြီး မဏ္ဍပ်တိုင်တက်ပြသလို လုပ်မနေမိကြစေနဲ့လို့ သတိပေးလိုက်ပါတယ်။ ကျေနပ် ကြပလား။ မလှူမီ ရှေးအဖို့ လှူကာနီးမှာ ခန္ဓာဒုက္ခသစ္စာကို ကြည့်မိအောင် ကြည့်ကြလို့ သတိပေးလိုက်တယ်၊ ရှင်းကြရဲ့ လား။
ခန္ဓာဒုက္ခသစ္စာကြည့်တော့ လောကီမဂ္ဂသစ္စာဖြစ်တယ်၊ ရိပ်မိပလား။ အဲဒီအခါကျမှ ကိုယ်တိုင်မြင်တဲ့ ဒုက္ခသစ္စာ မှကျွတ်လိုလွတ်လိုလို့ ဤဒါနဝတ္ထုအစုစုကို သံဃာတော်အရှင်မြတ်တို့အား လှူဒါန်းပါ၏လို့” ဆိုပြီးလှူကြ၊ လှူတတ်ကြ ပလား။ ဒီလို-စိတ်ထားမျိုးနဲ့ ဒီအသိနဲ့လှူရင် ပဋိစ္စသမုပ္ပါဒ် ဒုက္ခစက်ဝိုင်းရပ်သွားပြီ၊ ဒီဘက် အနာဂတ်ဘက် ဆက်သွား စရာမရှိတော့ဘူး၊ နောက်လာမယ့် ဒုက္ခစက် ပြတ်ပြီလို့မှတ်ကြ။
ဒကာ ဒကာမတွေ သဘောပါကြပလား။ ဒီထက် နက်နက်ပြောရရင် မသိမှုဆိုတဲ့ အဝိဇ္ဇာရှိသူဟာ သင်္ခါရဆိုတဲ့ ကုသိုလ်စေတနာ၊ အကုသိုလ်စေတနာတွေကို လုပ်တာပဲ၊ မသိသူဟာ လုပ်ချင်တာလုပ်တယ်၊ ကုသိုလ်လဲလုပ်တာပဲ၊ အကုသိုလ်လဲ လုပ်တာပဲ၊ ဒါဖြင့် အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်တာပဲပေါ့၊ သဘောပါကြပလား။ မသိမှု အဝိဇ္ဇာကြောင့် ကုသိုလ်၊ အကုသိုလ်ပြုမိပြုရာ သင်္ခါရအမျိုးမျိုးတွေ ဖြစ်ပေါ်လာရတယ်၊ ရှင်းကြပလား။
မသိတဲ့သူဟာ ဘာကိုဖြစ်ဖြစ်လုပ်တာပဲ
မသိတဲ့သူဟာ ဘာကိုဖြစ်ဖြစ်လုပ်တာပဲ၊ ဘုံဘဝရကြောင်းလဲ လုပ်တာပဲ၊ အပါယ်ကျကြောင်းလဲ လုပ်တာပဲ၊ ဘာပြုလို့ လုပ်တာလဲဆိုတော့ မသိလို့၊ သဘောပါကြပလား။ ဒကာ ဒကာမတွေ ဟောဒီ မြှားပြထားတာကလေးကို ကြည့်ကြ။ ၁ နဲ့ ၂ အကူးမှာ မြှားပြထားတယ်၊ ဒီမသိလို့ လှူတဲ့သူက ဒီဘက်မှာ ပဋိသန္ဓေနေရတယ်၊ ဝိညာဏ်ဆိုတာဟာ ပဋိသန္ဓေဝိညာဏ်ပဲ မြင်ကြပလား။ ဝိညာဏ်ရတော့ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ ဒီငါးခု ဒုက္ခသစ္စာရတာပဲ၊ ရှင်းပလား။
အခု ဒကာ ဒကာမတွေ သိလို့လှူပြီ၊ ဒီလိုအသိနဲ့လှူတော့ မဂ္ဂသစ္စာဖြစ်တယ်၊ သိလို့ ဖြစ်ပျက်အားထုတ်တာလဲ မဂ္ဂသစ္စာပဲ။ ဒီက မဂ္ဂသစ္စာဖြစ်တော့ ဒီဘက်က နိရောဓသစ္စာရတယ်၊ ရိပ်မိကြပလား။ သိလို့လှူတော့ မဂ္ဂသစ္စာ၊ ရတာက နိရောဓသစ္စာ၊ ဒီလိုလှူတတ်ရင် ဒီမြှားလေးဘက် မဆက်တော့ဘူး၊ ဒီအကူး၊ ဟိုဘက်က ဒုက္ခသစ္စာတွေချုပ် တယ်၊ သဘောပါပလား။
ဒကာ ဒကာမတွေ ရှင်းကြပလား။ ဒီဘက်က အဝိဇ္ဇာသင်္ခါရစတဲ့ အကြောင်းကြောင့် ဒီဘက်မှာ ဝိညာဏ်၊ နာမ်ရုပ်စတဲ့ အကျိုးခန္ဓာငါးပါး ရလာကြတယ်ဆိုတာ ရိပ်မိကြပြီ၊ ဒီအဓိပ္ပါယ်ကိုသိရရင် ဒီဘက်က ခန္ဓာငါးပါးကို သိကြား၊ ဗြဟ္မာစတဲ့သူတွေက ဖန်ဆင်းတာမဟုတ်ဘူးလို့ သိရတယ်၊ ဒီခန္ဓာသည် အကြောင်းကြောင့်ဖြစ်ပေါ်လာတဲ့ အကျိုးတရားပဲ၊ ဘယ်သူကမှ ဖန်ဆင်းလို့ဖြစ်တာ မဟုတ်ပါဘဲကလားလို့ အမှန်သိတာနဲ့ ဒိဋ္ဌိပြုတ်ပြီလို့ မှတ်ကြ။
ဒိဋ္ဌိပြုတ်တယ် ဝိစိကိစ္ဆာပြုတ်တယ်
အဝိဇ္ဇာ၊ သင်္ခါရစတဲ့ အကြောင်းတရားကြောင့် ပေါ်လာတဲ့ ခန္ဓာငါးပါးပဲ၊ ဘယ်သူမှ ဖန်ဆင်းလို့ ပေါ်တာမဟုတ် ဘူးလို့သိတဲ့အတွက် ဒိဋ္ဌိပြုတ်တယ်၊ တို့ဟာ အဝိဇ္ဇာသင်္ခါရက လာတာပဲလို့ သိရတော့ ဘယ်ကလာပါလိမ့်မတုန်းဆိုတဲ့ ဝိစိကိစ္ဆာပြုတ်တယ်။ အဝိဇ္ဇာ၊ သင်္ခါရပြုပြင်တော့ ပုဂ္ဂိုလ်၊ သတ္တဝါမပေါ်ဘူး၊ ဝိညာဏ်၊ နာမ်ရုပ်စသည် ပေါ်တာပဲ ပြုလုပ်တာလဲ ပုဂ္ဂိုလ်သတ္တဝါမဟုတ်၊ ပေါ်လာတာလဲ ပုဂ္ဂိုလ်၊ သတ္တဝါမဟုတ်၊ ဓမ္မတွေပဲလို့ သိရတယ်။ အကြောင်းအကျိုး ဆက်နေတဲ့ ဓမ္မတွေပဲလို့သိတော့ ဒိဋ္ဌိပြုတ်တယ်၊ ရှင်းကြပလား။
ဒီလိုအသိနဲ့ ဒိဋ္ဌိ၊ ဝိစိကိစ္ဆာ၊ တဒင်္ဂပြုတ်သွားတော့ စူဠသောတာပန်တည်ပြီ၊ ဒီလို စူဠသောတာပန်တည်ပြီးမှ လှူတော့ ဒီအလှူဟာ သောတာပန်အလှူပဲ၊ သဘောပါကြပလား။ သောတာပန်အလှူဖြစ်သွားတော့ ဘယ်လောက်များ အားတက်ဖို့ ကောင်းသွားသလဲ။ ဒကာ ဒကာမတွေ အားကျဖို့ မကောင်းပါလား။ သိရင်ကြိုးစားပြီး လိုက်နာကြ။ အကြောင်းတရားကလဲ အဝိဇ္ဇာ၊ သင်္ခါရ၊ အကျိုးတရားကလဲ ခန္ဓာငါးပါး၊ ဒီအထဲမှာ ပုဂ္ဂိုလ်မရှိ၊ သတ္တဝါမရှိ၊ ဓမ္မတွေပဲရှိ တယ်။ ဓမ္မအကြောင်းအကျိုးပဲရှိတယ်လို့ သိကြရမယ်။
စူဠသောတာပန်ဖြစ်သွားတာပါပဲ
ပြုလုပ်သူမရှိ၊ ပြုလို့ပေါ်သူမရှိ၊ အကြောင်းအကျိုးမျှသာ ရှိတယ်လို့ သိတဲ့အတွက် ဝိစိကိစ္ဆာသေတယ်၊ ပုဂ္ဂိုလ် သတ္တဝါမပါလို့လဲ ဒိဋ္ဌိသေတယ်၊ ပုဂ္ဂိုလ်၊ သတ္တဝါ ဆိတ်သုဉ်းသွားတဲ့အတွက် ဒိဋ္ဌိပြုတ်တာပဲ၊ ရှင်းကြပလား။ ဒိဋ္ဌိပြုတ်တော့ စူဠသောတာပန်ဖြစ်သွားတာပါပဲ၊ ဒကာ ဒကာမတွေ သဘောပါရဲ့လား။ စူဠသောတာပန်ဆိုတာ သစ္စာသိသူပဲ၊ သစ္စာသိ တဲ့သူကို စူဠသောတာပန်လို့မှတ်ကြ။ ဒီအသိက မဂ္ဂင်ငါးပါးပဲ ရှိသေးတယ်၊ ရှင်းပလား။
အဲဒီတော့ ခန္ဓာက ဒုက္ခသစ္စာ၊ သိတာက မဂ္ဂသစ္စာ၊ သိလုံးကလေးနဲ့ လှူတာပဲ၊ လှူတဲ့အခါ ဒီဒုက္ခက ကျွတ်ချင်၊ လွတ်ချင်လို့ လှူပါ၏လို့ဆိုပြီးလှူတယ်၊ ဒီလိုလှူတော့ သိလို့လှူတာ မဂ္ဂသစ္စာဖြစ်တယ်၊ ဒီတော့ သိလို့လှူတာက မဂ္ဂသစ္စာ၊ ရတာက နိရောဓသစ္စာ၊ ရှင်းကြပလား၊ ဒီလိုမဟုတ်ဘဲ နောက်ဘဝတောင့်တပြီး လှူဒါန်းတော့ ဘာရမလဲ၊ နောက်ဘဝဆို တော့ ခန္ဓာငါးပါး၊ ခန္ဓာငါးပါး သစ္စာဖွဲ့တော့ ဘာသစ္စာလဲ၊ ဒုက္ခသစ္စာပဲ၊ ဒီတော့ နောက်ဘဝတောင့်တရင် ခန္ဓာငါးပါး ဒုက္ခသစ္စာရမှာပဲ၊ ပေါ်ကြပလား။
ဒါကြောင့် ဒကာ ဒကာမတွေ ဘာပဲလှူလှူ လှူဒါန်းတဲ့အခါ ခန္ဓာဒုက္ခမြင်အောင်ကြည့်ပြီး ဒီဒုက္ခက လွတ်လို ောကာင်း ဒီဒုက္ခဝဋ်က ကျွတ်ရလိုကြောင်းနဲ့ စိတ်ထားပြောင်းပြီး လှူဒါန်းကြ၊ နောက်ဘဝဆိုတဲ့ ခန္ဓာဒုက္ခသစ္စာ မပါကြစေ နဲပလို့ သတိပေးလိုက်တယ်၊ ရိပ်မိပလား။
ကိုင်း-ဒီတင် တော်ကြအုံး၊ နက်ဖြန်မှ ဆက်ကြစို့။
