ပဋိစ္စရဟတ်၊ အမြစ်ဖြတ် တရားတော်
သတိချပ်
ဝေဒနာပစ္စယာ တဏှာ-ဒုက္ခစက် လည်မည်။
ဝေဒနာနိရောဓာ တဏှာနိရောဓော-ဒုက္ခစက်ပြတ်မည်။
ဝေဒနာနောက်က တဏှာပင်ပေါက်လျှင်-ဒုက္ခရောက်မည်။
ဝေဒနာတွင်ဖြတ်၍ တဏှာမစပ်လျှင် ဒုက္ခဇာတ်သိမ်းမည်။
မှတ်ရန်
ဝေဒနမိဒံ သမ္မသထ၊ ပရိဇာနာထ ပုနပ္ပုနံ၊
ဝေဒနာ သဘာဝံ ဝိဒိတွာန၊ ဒုက္ခဿန္တံ ကရိဿထ။
ဤဂါထာကား ပါဠိတော်၌ တိုက်ရိုက်မလာသော်လည်း၊ ပေဋကောပဒေသ၊ ပိဋကတ်တော် စည်းမျဉ်းအရ၊ ရသင့်တိုင်း ထည့်လိုက်သော ဂါထာဖြစ်ပါသည်။ (ရေးသားတင်ဆက်သူ-ဦးမြင့်ဆွေ)
အနက်မြန်မာ
ဤဒံဝေနံ၊ ခန္ဓာကာယ၊ တလံမျှဝယ်၊ ဖြစ်ပေါ်ကာလာကြသည့်၊ သုခ, ဒုက္ခ၊ စရှိငါးဖြာ၊ ဤဝေဒနာကို။ သမ္မသထ၊ ထပ်ထပ်ကြိမ်ဖန်၊ ရှုမှတ်ဉာဏ်ဖြင့်၊ သုံးသပ်ဆင်ခြင်ကြကုန်လော့။ ဣဒံဝေဒနံ၊ သုခဒုက္ခ၊ စရှိဝေဒနာ၊ ဤ ငါးဖြာကို၊ ပုနပ္ပုနံ၊ တလုံလဲလဲ၊ အမြဲကြိမ်ဖန်၊ တရံမပြတ်၊ ဒရစပ်ဖြင့်။ ပရိဇာနထ၊ ဝေဘန်ပိုင်းဖြတ်၊ မဂ်ဉာဏ်မြတ် ဖြင့် တပ်အပ်ထင်ထင်၊ သိမြင်ကြပါကုန်လော၊ ဝေဒနာ-ဝေဒနာယ၊ သုခ-ဒုက္ခ၊ စရှိငါးဖြာ၊ ဝေဒနာ၌၊ သဘာဝံ၊ ဖြစ်ဟန် ပျက်ဟန်၊ သဘောမှန်ကို၊ ဝိဒိတွာန၊ ဧကန်ဒိဋ္ဌ၊ မဂ်ဉာဏ်ဖြင့် သိမြင်ရသည်ရှိသော်။ ဝါ သိမြင်ရသဖြင့်၊ ဒုက္ခဿန္တံ၊ ဒုက္ခအပေါင်းတို့၏ ချုပ်ဆုံးရာ နိဗ္ဗာန်ချမ်းသာမြတ်ကို၊ ဝါ၊ နိဗ္ဗာန်ချမ်းသာမြတ်သို့၊ ကရိဿထ၊ မုချပုံသေ၊ ရနိုင်ရောက်နိုင် ကြပေလိမ့်သတည်း။
ဆောင်ပုဒ်
ဝိပဿနာ၊ ဉာဏ်ဖြင့်ခွါ၊ အဝိဇ္ဇာချုပ်စဲဘိ။
ခန္ဓာငါးခွင်၊ ရှုဉာဏ်ငင်၊ အစဉ်ရှုမှတ်ကြည့်။
ဝေဒနာပေါ်၊ ရှုဉာဏ်မြော်၊ အလျော်ဖြစ်ပျက်သိ။
ဝေဒနာစဲ၊ တဏှာရဲ၊ ပေါ်မြဲ မဂ်ဉာဏ်သိ။
မဂ်ဉာဏ်သတ်က၊ ကြောင်းငါးဝ ချုပ်ပကွယ်ပျောက်၏။
ပစ္စုပ်ကြောင်းကင်း၊ နောက်ကျိုးခြင်း၊ အလျှင်းသိမ်းတော့၏။
လောင်စာလည်းသိမ်း မီးလည်းငြိမ်း၊ လွတ်ကိန်းနိဗ္ဗူတိ။
သတိချပ်
အဝိဇ္ဇာစ၊ သင်္ခါရ၊ ငါးဝခြယ်လှယ်တတ်၊
ကာမ၊ ရူပ၊ အရူပ၊ ဘဝထိုထိုရပ်၊
ဗြဟ္မာ၊ နတ်၊ လူ၊ အပါယ်ဟူ၊ ဘုံသူလောကဓာတ်။
ဒုက္ခသင်္ချေ၊ တပေပေ၊ ဝဋ်ဗွေဆင်းရဲထပ်။
အတိတ်ကြောင်းငါး၊ ကြိုးခဲ့သား၊ ထင်ရှားခန္ဓာထပ်။
ပစ္စုပ်ကျိုးပေါ်၊ နောက်ကြောင်းဖော်၊ ဘယ်သော် မလွတ်ကျွတ်။
အနာဂတ်ကျိုး၊ ဒုက္ခမျိုး၊ ပွားတိုးကြိမ်ထပ်ထပ်။
တရားသား
စက်ဝိုင်းထဲက (၁)နံပါတ်အကွက်
ဒကာ ဒကာမတို့ ဒီကနေ့လဲ မနေ့ကတရားအဆက်ကိုပဲ ပြောရလိမ့်မယ်။ ပဋိစ္စသမုပ္ပါဒ် စက်ဝိုင်းကို ကြည့်ထားကြ၊ အဲဒီ စက်ဝိုင်းထဲက (၁)နံပါတ်အကွက်မှာ လွန်ခဲ့တဲ့ဘဝဖြစ်စဉ် အတိတ်အကြောင်းအခြင်းအရာ ငါးပါးကို ရေးထားတယ်၊ မြင်ပြီလား၊ ဒကာ ဒကာမတွေဟာ အတိတ်ဘဝတုန်းက အဝိဇ္ဇာနဲ့ နေခဲ့ကြရတယ်၊ အဝိဇ္ဇာဆိုတာ သစ္စာလေးပါးကို မသိတာ အဝိဇ္ဇာပဲ၊ ဒကာတို့တတွေ နောက်နောက်က ဒါနဲ့ပဲ နေခဲ့ကြရတယ်၊ ပေါ်ပလား။
ဘယ်တုန်းကလဲဆိုတော့ (၁)အကွက်ကိုကြည့်၊ အတိတ်ဘဝကပဲ၊ ရှင်းပလား၊ အဲဒီ မသိမှု အဝိဇ္ဇာဟာ ဘယ်လောက်များဆိုးသလဲ၊ သိကြရဲ့လား၊ ဒီ-မသိမှုအဝိဇ္ဇာကြောင့် တံငါ၊ မုဆိုးလဲလုပ်တယ်၊ အဲဒါ-သစ္စာမသိလို့၊ ဒါလုပ်ရင် ဒုတိယဘဝမှာ (၂)နံပါတ် ဒုက္ခသစ္စာကိုရမှာ မသိဘူး၊ ဘာကြောင့် မသိသလဲ၊ အဝိဇ္ဇာကြောင့် မသိတာ၊ ရိပ်မိကြပလား၊ မသိတော့ အကုသိုလ်သင်္ခါရ လုပ်မိတယ်၊ လုပ်မိတော့ ဒီဘက်မှာအ ဒုက္ခသစ္စာ ခန္ဓာငါးပါး ရလာတယ်၊ ရှင်းပလား။
မသိလို့ လုပ်မိတဲ့အတွက်
ဒကာ ဒကာမတို့ ဒီဒုက္ခသစ္စာ ခန္ဓာကြီးရလာတာဟာ၊ နောက်ဘဝကမသိလို့ လုပ်မိတဲ့အတွက် ရလာတာပဲ၊ ဘာကိုမသိသလဲ၊ (၂)နံပါတ် ဒုက္ခသစ္စာမသိတာ၊ သဘောပါကြပလား၊ ဥပမာဆိုရင် ကလေးငယ်ကလေးဟာ ကျင်ကြီး၊ ကျင်ငယ်တွေကို နယ်ဖတ်ပြီး ကစားနေတယ်၊ အဲဒါ ဘာကြောင့်လဲ၊ သူ့ခမြာ မသိတတ်ရှာလို့ပဲ၊ ကလေးငယ်ဟာ အကောင်းအဆိုးခွဲခြားပြီး မသိတတ်ရှာဘူး၊ မသိတော့ အကောင်းမှတ်ပြီး ကျေကျေနပ်နပ် ပျော်ရွှင်စွာ ကျင်ကြီးတွေနဲ့ ကစားနေနိုင်တယ်၊ ရိပ်မိကြပလား။
အဝိဇ္ဇာကလဲ ဒီသဘောပဲ၊ အကောင်း၊ အဆိုး၊ အမှားအမှန်ကို ဝေဖန်ပြီး မသိတတ်ဘူး၊ အမှန်ကိုမသိတတ်တာ ဟာ အဝိဇ္ဇာပဲလို့မှတ်ကြ၊ ဒကာတို့တတွေလဲ ဒီအဝိဇ္ဇာကြောင့် သင်္ခါရဆိုတဲ့ မုဆိုး၊ တံငါစတဲ့အလုပ်တွေ၊ မုသားပြောခြင်း စတဲ့အလုပ်တွေ လုပ်မိကြတယ်၊ လုပ်ပြီးတော့ တဏှာ-ဥပါဒါန်နဲ့၊ သား၊ သမီး၊ ပစ္စည်းအပေါ် စွဲလမ်း၊ စွဲလမ်းဒါကြောင့်လဲ အော်၊ ငေါက်၊ ဆဲဆိုကြိမ်းမောင်းစတဲ့ ကမ္မဘဝတွေ လုပ်မိကြပါရော၊ အဲဒါ-မသိလို့လုပ်မိကြတာပဲ၊ သဘောပါရဲ့လား။
အဲဒီလို မသိမှုအဝိဇ္ဇာနဲ့ အရင်းခံပြီး ကမ္မဘဝထိအောင် လုပ်လိုက်တော့ ဒီဘက် ၂-နံပါတ်က ဝိညာဏ်စတဲ့ ငါးပါးနဲ့ ဆက်သွယ်မိတော့တာပဲ၊ ဝိညာဏ်စတဲ့ ငါးခုက ဘာသစ္စာတုန်း၊ ဒုက္ခသစ္စာ။ အဲမသိလို့လုပ်၊ လုပ်တော့ ဒုက္ခ ရတာပဲ၊ ရိပ်မိကြပလား၊ မသိတာက အဝိဇ္ဇာ၊ ပြုလုပ်တာက သင်္ခါရ၊ နှစ်သက်တာက တဏှာ၊ စွဲလမ်းတာက ဥပါဒါန်၊ ကာယကံ၊ ဝစီကံတွေက ကမ္မဘဝ၊ ဒီငါးခုက အကြောင်းရင်းပဲ၊ ခန္ဓာငါးပါး ဒုက္ခသစ္စာရထားတာ သူတို့ကြောင့်ပဲ၊ ရှင်းပလား။
မသိမှုဟာ ဘယ်လောက်များ ဆိုးသလဲ
ဒကာ ဒကာမတွေ မသိမှုဟာ ဘယ်လောက်များ ဆိုးသလဲ၊ စဉ်းစားကြ၊ အပါယ်လေးပါး ခန္ဓာရတာဟာလဲ မသိမှုအရင်းခံပဲ၊ မသိလို့ ပြုလုပ်မိတဲ့ အတွက်ကြောင့် ရရတာပဲ၊ သဘောပါကြပလား။ ကုသိုလ်လုပ်တော့လဲ မသိလို့၊ လူ၊ နတ်၊ ဗြဟ္မာရောက်ကြောင်းနဲ့ တောင့်တပြီးလုပ်မိကြ၊ အဲဒါ-ဒုက္ခသစ္စာမသိလို့ပဲ၊ ရတော့ ဘာတွေရသလဲ၊ ဇာတိဒုက္ခ၊ ဇရာဒုက္ခ၊ ဗျာဓိဒုက္ခ၊ မရဏဒုက္ခ၊ ဒီဒုက္ခတွေပဲ ပြန်ရလာတယ်၊ ရိပ်မိကြပလား။
ဒီမသိတဲ့အဝိဇ္ဇာနဲ့ မသိတာနဲ့ သမထတွေ၊ အားထုတ်၊ နောက်-ဗြဟ္မာခန္ဓာ၊ ဝိညာဏ်၊ နာမ်ရုပ်စတဲ့ ဒုက္ခသစ္စာပဲ ရလာတာပဲ၊ ဒကာ ဒကာမတွေ မြင်ကြပလား၊ ဘုံသုံးပါးမှာ အဝိဇ္ဇာသင်္ခါရတွေ ခြယ်လှယ်နေတယ်၊ ရူပ၊ အရူပ၊ ဗြဟ္မာ့ဘုံ တွေ လူ့ဘုံ၊ နတ်ဘုံတွေ၊ အပါယ်လေးဘုံဆိုတဲ့ ဘုံတွေမှာ၊ အဝိဇ္ဇာ၊ သင်္ခါရ ခြယ်လှယ်နေတာပဲလို့ မှတ်လိုက်ကြ၊ သဘောပါကြရဲ့လား။ ဒကာတို့တတွေ အမြဲအစွဲ မှတ်ထားဖို့က ၁-နံပါတ်လုပ်ရင်း ၂-နံပါတ်ရမယ်ဆိုတဲ့အချက်ပဲ ရှင်းပလား။
၁-လုပ်ခဲ့လို့ ၂-ကို ရထားကြတယ်
ဒကာ ဒကာမတွေ ၁-လုပ်ခဲ့လို့ ၂-ကို ရထားကြတယ်၊ ၁-ကို ဘယ်တုန်းက လုပ်ခဲ့သလဲ၊ လွန်လေပြီးသော အတိတ်ဘဝက ဒီအကြောင်းငါးခုပဲ မြင်ကြပလား၊ အတိတ်ဘဝက ဒီအကြောင်းငါးခု၊ သမုဒယသစ္စာငါးပါး ကြိုးစားလို့ အခုဘဝ ဒုက္ခသစ္စာငါးပါး၊ အကျိုးတရားငါးခု ရကြတာပဲ၊ ရှင်းကြပလား။ မရှင်းသေးရင် စက်ဝိုင်းကိုကြည့်ကြ။ အခု ဒကာတို့တတွေဟာ (၂)ထဲမှာ နေကြရတယ်။ ဟုတ်ရဲ့လား၊ ဒါ ဘာကြောင့်လဲ၊ နောက်က ဒီသမုဒယငါးပါး ကြိုးစားခဲ့လို့ပဲ၊ ကြိုးစားခဲ့လို့ ဒုက္ခငါးခု ရကြတာပဲ၊ ရှင်းကြပြီနော်။
ဒကာတို့တတွေ ဒီသဘောအမှန် သိရသဖြင့်လဲ၊ နောက်ကို မလုပ်တော့ဘူးဆိုတဲ့စိတ်ကို မွေးကြဖို့သင့်တယ်။ မသင့်ပေဘူးလား။ အေး-သင့်တာသိရင် ကြိုးစားကြ။ ဒကာတို့ဟာ အခုဇာတိကို လွန်ခဲ့ကြပြီ၊ ဇရာ၊ ဗျာဓိဒုက္ခတွေက ရောက်နေဆဲ၊ နောက် နာဘေးတွေ့မယ်၊ နောက် သေဘေးလဲ တွေ့ရအုံးမယ်၊ ရိပ်မိကြရဲ့လား။ ဒီလို ဘေးအမျိုးမျိုးတွေရ တာဟာ ကံမကောင်း အကြောင်းမသင့်လို့လား၊ မဟုတ်ပါဘူး။ မဟုတ်ပါဘူး၊ အဝိဇ္ဇာအုပ်ချုပ်လို့ အုပ်ချုပ်ခံရတော့ မသိလို့၊ မသိတော့ လူ့ဘဝရောက်လိုတဲ့ သင်္ခါရကိုပြုမိ၊ ဒီတော့ ဒီဘေးအမျိုးမျိုး သင့်ခံရတော့တာပဲ၊ ကျေနပ်ကြပလား။
အဝိဇ္ဇာ မချုပ်သမျှ
ဒကာ ဒကာမတို့ နက်နက်နဲနဲ တွေးကြ၊ ဒီအဝိဇ္ဇာ မချုပ်သမျှ ကာလမှာ ဒုက္ခသစ္စာချည်းပဲ ပြန်ပြန်ရကြမယ်၊ ရှင်းကြပလား၊ ဒီတော့ အခုလို အခွင့်အခါ သင့်တုန်းမှာ ဒီဒုက္ခက ကျွတ်ချင်စိတ်၊ လွတ်ချင်စိတ် မွေးမြူကြလို့ ပြောလိုက် တယ်။ နောက်ထပ် ဒီ ၂-ထဲ ပြန်မရောက်ဖို့ အလွန်ပဲ အရေးကြီးတယ်ဆိုတာ ဆုံးဖြတ်ချက်ချကြ။ ဒကာ ဒကာမတွေ ဒီ ၂-ထဲက လူချမ်းသာ၊ နတ်ချမ်းသာ၊ ဗြဟ္မာချမ်းသာဆိုတာ ဘာသစ္စာလဲ၊ ဒုက္ခသစ္စာပါ၊ ပေါ်ကြပလား။
ဒကာတို့နေရတာ ၂-ထဲကကို မထွက်နိုင်ဘူး၊ ဒီအနေမျိုးနဲ့သာ မပြင်ဘဲနေကြရင်၊ ဘယ်တော့မှ ထွက်ဖို့လမ်း မမြင်တော့ဘူး။ ရိပ်မိကြပလား။ ဒီထဲက မထွက်ရတာ ဘာလို့လဲ၊ နောက်ကမသိလို့။ မသိလို့ လုပ်မိလုပ်ရာလုပ်ခဲ့လို့ အခု ရလာကြတယ်၊ အခု ရထားကြတာ ပစ္စုပ္ပန်အကျိုးငါးပါး၊ ၂-နံပါတ်ထဲပြန်ကြည့်၊ မြင်ကြရဲ့လား၊ ဒီပစ္စုပ္ပန်အကျိုး ငါးပါးက ဘာတွေလဲ၊ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ ဒီငါးခုပဲ။
အခုအခါ ဒကာတို့တတွေ ၂-နံပါတ်ထဲမှာ ရောက်နေကြတယ်၊ သေချာပလား၊ ရောက်နေတော့ အခု ဒကာတို့ စားဖို့ အာဟာရ၊ ပရိယေသနဒုက္ခ၊ ဝတ်ဖို့ရှာရတဲ့ဒုက္ခ၊ အခွန်ဆောင်ဖို့ ရှာဖွေရတဲ့ဒုက္ခ၊ သား-သမီးတွေအတွက် ရှာရဖွေရ ပူရပင်ရ၊ ကြောင့်ကျရတဲ့ဒုက္ခ၊ ကိုယ်ခန္ဓာမမာချာလို့ ပြုရ၊ စုရ၊ ကြောင့်ကျရ၊ ပူပန်စိုးရိမ်ရတဲ့ ဒုက္ခ၊ ဒီလိုဒုက္ခတွေ အသင်္ချေ၊ အနန္တ၊ ဘယ်သူကပေးလို့ ရနေကြသလဲ၊ ဘာကြောင့်ရနေတာလဲ၊ မသိရင် မှတ်လိုက်ကြ၊ နောက်ဘဝ အဝိဇ္ဇာ စတဲ့ ငါးခုက ပေးလိုက်လို့ပဲ ရှင်းကြရဲ့လား။
နှစ်ခါမိုက်တွေ မဖြစ်ကြပါစေနဲ့
အခု ဒကာတို့တတွေမှာ ဒုက္ခတွေအနန္တ၊ အသင်္ချေ၊ ပင်လယ်ဝေနေကြတယ်၊ ဒီအထဲကမှ နောက်ထပ်ပြီး ဒုက္ခရောက်ကြောင်း အားထုတ်ကြအုံးမယ်ဆိုရင် တစ်ခါမိုက်မက၊ နှစ်ခါမိုက်ပဲလို့သာ မှတ်လိုက်ကြ။ ဒကာတို့ဟာ နှစ်ခါမိုက်တွေ မဖြစ်ကြပါစေနဲ့လို့ သတိပေးလိုက်တယ်၊ သဘောပါကြရဲ့လား။ အခုနှယ်က ဒုက္ခချုပ်ကြောင်း ကြိုးစားမှ ဖြစ်တော့မယ်ဆိုတာ ဆုံးဖြတ်ချက်ချ။ ဒီလိုကြိုးစားနိုင်မှသာ (၂) နံပါတ်ထဲမှာ အဝိဇ္ဇာ၊ သင်္ခါရ၊ တဏှာ၊ ဥပါဒါန်၊ ဘဝတွေ မပေါက်ပွားမှာ၊ ဒါတွေမပေါက်ပွားဖို့ အင်မတန် အရေးကြီးတယ်ဆိုတာ မှတ်လိုက်ကြ။
အခု ဒကာ ဒကာမတွေဟာ ၂-ထဲက ခန္ဓာငါးပါးနဲ့ နေကြရတယ်၊ ဒီခန္ဓာကို ဝိပဿနာရှုကြရမယ်၊ ဝိပဿနာ မရှုဘဲနေရင်၊ အဝိဇ္ဇာနဲ့နေတာပဲ၊ ရိပ်မိကြပလား၊ ဒီတော့ ဒီ ၂-ထဲမှာ အဝိဇ္ဇာနဲ့နေရင်၊ သင်္ခါရ၊ တဏှာ၊ ဥပါဒါန်၊ ဘဝတွေ သီးပွင့်လာကြတော့မယ်၊ ဒါတွေ သီးပွင့်လာရင် မနည်းဘူးဆိုတာ မှတ်တော့။ သား၊ သမီး၊ ခင်မင်ကြင်နာကြ၊ ပစ္စည်းပစ္စယ၊ ခင်မင်တွယ်တာကြ စတဲ့ ၂-ထဲက ခင်စိတ်တွေ၊ စွဲလမ်းစိတ်တွေ မနည်းဘဲ ပေါ်ပေါက်လာကြမယ်။
ဒုက္ခထဲက သမုဒယအသီးအပွင့်တွေ ထပ်ပြီး ပေါက်ပွား
ဒါတွေ ခင်မင်စွဲလမ်းတော့ ဒါတွေနဲ့မခွဲရအောင် ကုသိုလ်တွေလုပ်ကြ၊ လုပ်တော့-ကမ္မဘဝ ပေါ်လာပြန်တယ်၊ မြင်ကြရဲ့လား၊ ဒီတော့ကာ-အတိတ်အကြောင်းအခြင်းအရာ ငါးခုလိုပဲ၊ ယခု ပစ္စုပ္ပန်ထဲကလဲ အကြောင်းအခြင်းအရာ ငါးခုဟာ ပြန်ပြီးပေါ်လာတော့တာပဲ၊ ဒီအကြောင်းငါးခုဟာ ဒီအကျိုးငါးခု ၂-ခန္ဓာထဲက ပေါက်ဖွားလာတာ။ ဒါ ဘာ ကြောင့်လဲ။ မသိမှုအဝိဇ္ဇာနဲ့ နေမိလို့၊ ရှင်းကြပလား။ ဒကာတို့တတွေ စဉ်းစားကြ၊ လက်ရှိခန္ဓာက ဒုက္ခ၊ ဒီဒုက္ခထဲက သမုဒယအသီးအပွင့်တွေ ထပ်ပြီး ပေါက်ပွားလာပြန်တယ်ဆိုတော့ ကောင်းနိုင်ပါအုံးမလား။
ဒကာ ဒကာမတွေ စက်ဝိုင်းထဲမှာ ၃-နံပါတ်အကွက်ကိုကြည့်လိုက်ပါ၊ မြင်ကြပလား၊ အခု ဒကာတို့ ၂-ထဲက ပေါက်ပွားလာတာဟာ ဘာတွေလဲ၊ ၃-နံပါတ်တွေ ပေါက်ပွားလာတယ်၊ ဘယ်ထဲကလဲ၊ အခု ပစ္စုပ္ပန်ထဲက၊ ရိပ်မိပလား။ ၃-နံပါတ်တရားတွေဟာ ၂-နံပါတ်က ပေါက်ပွားလာတာပဲ၊ ရှင်းကြရဲ့နော်၊ ဒါကြောင့် ဒီပေါက်ပွားလာတဲ့ငါးပါးကို ပစ္စုပ္ပန်အကြောင်းအခြင်းအရာငါးပါးလို့ ခေါ်ရတယ်၊ သဘောပါကြပလား။ စက်ဝိုင်းပြန်ကြည့်ကြ။ အဝိဇ္ဇာ၊ သင်္ခါရ၊ တဏှာ၊ ဥပါဒါန်၊ ကံ၊ ဒါတွေဟာ ပစ္စုပ္ပန်ခန္ဓာထဲက ဒုက္ခသီး၊ ဒုက္ခပွင့်တွေ ပေါက်ပွားလာတာပဲ၊ ရှင်းကြပလား။
၂-ထဲက ဘာတွေ ပွားလာတာလဲ
ဒါတွေ ပေါ်လာတော့ ၃-နံပါတ်ပေါ်လာတာပဲ၊ ဒါဟာ ၂-ထဲက ပွားလာတာ၊ မြင်ကြပြီလား၊ ၂-ထဲက ဘာတွေ ပွားလာတာလဲ၊ သမုဒယတွေ ပွားလာတာပဲ၊ ဒီသမုဒယတွေ ဘာကြောင့် ပွားလာရတာလဲ၊ ရုပ်နာမ်ဖြစ်ပျက်မသိတဲ့ အဝိဇ္ဇာကြောင့် ပေါ်လာတာ၊ ပွားလာရတာပဲလို့ မှတ်လိုက်ကြ။ အဝိဇ္ဇာကြောင့် ပေါက်ပွားလာတာ၊ သင်္ခါရ၊ တဏှာ၊ ဥပါဒါန်၊ ကမ္မဘဝ၊ ဒါတွေ ယခုလက်ရှိ ခန္ဓာထဲက ပေါက်ပွားလာတာ။ ၂-ထဲက ၃-တွေ ပေါက်ပွားလာတာပဲလို့ မှတ် ကြ၊ ပေါ်ကြပလား။
ဒကာ ဒကာမတွေ ရိပ်မိကြပလား။ ယခုဖြစ်ဆဲပစ္စုပ္ပန်မှာ တဏှာဥပါဒါန်၊ ကံတွေပေါ်လာတာဟာ အခု ခန္ဓာ ရှိတုန်း ပစ္စုပ္ပန်မှာပေါ်တာမို့ အဝိဇ္ဇာစတဲ့ ဒီငါးပါးကို ပစ္စုပ္ပန်အကြောင်းအခြင်းအရာ ငါးပါးလို့ မှတ်ထားကြ၊ မရှင်းရင် စက်ဝိုင်းပြန်ကြည့်၊ ရှင်းပလား၊ ဒါတွေပွားရင် နောက်ဘဝဆက်မယ်၊ မြှားလေးပြထားတာကြည့်၊ ဒါတွေမပွားရင် မဆက်ဘူး၊ သဘောပါပလား။ ဒီပစ္စုပ္ပန်အကြောင်းအခြင်းအရာငါးပါးတွေ ပေါက်ပွားရင် သေသည်၏အခြားမဲ့မှာ အနာဂတ်ဒုက္ခခန္ဓာပြန်ဆက်မယ်၊ အနာဂတ်ပြန်ဆက်တော့ ဝိညာဏ်၊ နာမ်ရုပ်စတဲ့ ခန္ဓာဒုက္ခသစ္စာ ပေါ်လာမယ်၊ ရိပ်မိပလား။
အနာဂတ် ရလာမှာတွေလဲ ဒုက္ခသစ္စာတွေပဲ
ဒကာ ဒကာမတို့ ဉာဏ်ပါကြရဲ့လား။ ယခု ပစ္စုပ္ပန်ခန္ဓာကြီးက သမုဒယတွေ သီးပွင့်လာလို့ အနာဂတ်ဘဝနဲ့ ဆက်တော့တာပေါ့။ ဒီအနာဂတ် ရလာမှာတွေလဲ ဒုက္ခသစ္စာတွေပဲ၊ လေးလေးနက်နက်ကြီး စဉ်းစားကြ၊ အတိတ်အကြောင်း သမုဒယသစ္စာကြောင့် ယခုပစ္စုပ္ပန်မှာ အကျိုးဒုက္ခသစ္စာ တစ်ခါရကြ။ အခု ပစ္စုပ္ပန်အကြောင်းကြောင့်လဲ နောက်တစ်ခါ ထပ်ပြီး အကျိုးဒုက္ခသစ္စာကြီး ပြန်ရကြအုံးမယ်။ ဒီလိုပဲသာဆိုရင် ဒီအဝိုင်းကြီး လှည့်လို့ ပြီးပါအုံးမလား။ ဘယ်တော့မှ မပြီးပြတ်နိုင်တော့ဘူး။ ရိပ်မိကြရဲ့လား။
သမုဒယက လောင်မီး၊ ဒုက္ခသစ္စာ ခန္ဓာကလောင်စာ၊ ဒကာတို့တတွေဟာ တသံသရာလုံး ဒါနှစ်ခုနဲ့ပဲ လှည့်နေ ကြရတာပဲ။ ဒကာတို့အနေဟာ လောင်စာထဲက လောင်မီးပေါ်၊ ဒီထဲက တစ်ခါလောင်စာ၊ လောင်စာက လောင်မီး၊ ဒကာ ဒကာမတွေ နောက်နောက် ဘယ်လို နေခဲ့ကြရသလဲ၊ လောင်စာတစ်လှည့်၊ လောင်မီးတစ်လှည့် ဒီလိုပဲနေခဲ့ကြရ တယ်၊ သဘောပါကြပလား၊ ဒီသဘောအမှန် သိကြရတော့ နောက်ခန္ဓာလဲသိကြရပြီ၊ ခန္ဓာအကြောင်း ရိပ်စားမိကြပြီ။
သမုဒယနဲ့ ဒုက္ခနှစ်ခုပဲ လှည့်ခဲ့ရတယ်
ဒီအတိတ်အကြောင်းကြောင့် ပစ္စုပ္ပန်အကျိုးလာတယ်၊ ဒီပစ္စုပ္ပန်အကြောင်းကြောင့် အနာဂတ်အကျိုးလာ၊ ဒီလိုနဲ့ပဲ နောက်နောက်တုန်းက အကြောင်းအကျိုးပဲ ဖြစ်ခဲ့ကြရတယ်။ ဒီအထဲမှာ ယောက်ျားလဲမပါဘူး၊ မိန်းမလဲ မပါခဲ့ဘူး၊ အကြောင်းနဲ့အကျိုးပဲ ဖြစ်ခဲ့ရတယ်။ ရှင်းကြပလား။ ဒီသဘောအမှန်ကိုသိရရင်၊ ဒကာတို့ဟာ သံသရာတစ် လျှောက်လုံးမှာ ဒီနှစ်ခုနဲ့ သမုဒယနဲ့ ဒုက္ခနှစ်ခုပဲ လှည့်ခဲ့ရတယ်ဆိုတာ ရိပ်မိကြပလား။ မဂ္ဂနဲ့နိရောဓ လုံးဝမပါခဲ့ကြဘူး။ ဘဝများစွာ သံသရာမှာ ဒီအတိုင်းပဲ လှည့်ခဲ့ကြရတယ်။ သဘောပါပလား။
ဒါကြောင့် ဒကာ ဒကာမတွေကို ဒီနေ့တရားပွဲမှာ နိရောဓနဲ့မဂ္ဂပေါ်အောင် ပြောရမယ်။ ကြိုးစားနာယူကြ။ စက်ဝိုင်းထဲမှာ အောက်ဆုံးမြှားကလေးကိုကြည့်ရမှာ မြင်ပလား။ ဒကာ ဒကာမတို့ ခန္ဓာဖြစ်စဉ်၊ ပဋိစ္စသမုပ္ပါဒ်ဖြစ်စဉ် ထုံးစံက အဝိဇ္ဇာ၊ သင်္ခါရ၊ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ တဏှာ၊ ဥပါဒါန်၊ ဘဝ၊ ဇာတိ၊ ဇရာ၊ မရဏဆိုပြီး ထုံးစံအတိုင်း သွားနေတာပဲ၊ အဲဒါ အကျိုးအကြောင်းလှည့်သွားနေတာပဲ၊ ဟုတ်ကြရဲ့လား။
ဖြတ်တတ်တဲ့ ဉာဏ်ရဖို့ အရေးကြီးတယ်
အဲဒီလို အဆက်မပြတ် လှည့်ပတ်သွားနေရတာ ဘာကြောင့်လဲ၊ ဒီအခု မြှားပြထားတဲ့ အစပ်ကလေးတွေကို မဖြတ်လိုဘဲ ဒီအစပ်ကလေးတွေ ဖြတ်တတ်ရင် လှည့်ပတ်မသွားရတော့ဘူး၊ ဒီအစပ်လေးတွေ ဖြတ်တတ်တဲ့ ဉာဏ်ရဖို့ အရေးကြီးတယ်ဆိုတာ ရိပ်မိကြပလား။ ဒီအစပ် ၃-နံပါတ်မပေါ်မှ သေချာမယ်၊ ဒီ ၃-နံပါတ်မပေါ်အောင် ဒီအစပ် ကလေး ဖြတ်ရမယ်၊ သဘောပါပလား။ ဖြတ်တော့ ဝေဒနာပစ္စယာတဏှာဆိုရင် ခက်ကြမယ်၊ ဒီဝေဒနာကနေ ဒီတဏှာ မကူးအောင် လုပ်ရမယ်။ ဝေဒနာနိရောဓာ တဏှာနိရောဓောဆိုရင်ပြတ်ပြီ မဆက်ဘူး၊ ရှင်းပလား။
ဒါကြောင့် ဝေဒနာနိရောဓာ တဏှာနိရောဓောဖြစ်အောင် လုပ်ကြရမယ်ဆိုတာ သေသေချာချာမှတ်ကြ၊ ဒီလိုဖြစ်အောင် လုပ်ဖို့အရေးဟာ ဒို့အရေးပါလားလို့ ဆုံးဖြတ်ချက်ချလိုက်ကြ၊ သဘောပါကြပလား။ ဝေဒနာနိရောဓာ တဏှာနိရောဓောဖြစ်အောင် လုပ်ကြရမယ်၊ မလုပ်ရင်မဖြစ်တော့ဘူး၊ ဒကာ ဒကာမတွေ တသံသရာလုံးမှာ ဆရာမတွေ့ခဲ့ လို့ ဝေဒနာပစ္စယာတဏှာ၊ တဏှာပစ္စယာ ဥပါဒါနံ၊ ဥပါဒါနပစ္စယာဘဝေါ၊ ဘဝပစ္စယာ ဇာတိဆိုပြီး အနာဂတ်အကျိုး ဆက်ကြရတာချည်းပဲ၊ ဆက်တော့ ဒုက္ခသစ္စာချည်း ရကြတာပေါ့။ သဘောပါကြပလား။
ဒကာတို့တတွေ နောက်နောက်တုန်းက ဝေဒနာပစ္စယာတဏှာ လိုက်စားမိလို့ ငါးပါးချည်း မှောက်ခဲ့ကြရတယ်။ ဒါကြောင့် ငါးပါးမှောက်ပြီး ချောက်ကျရမယ့်အလုပ်ကို ဖြတ်မှတော်မယ်ဆိုတာ ဉာဏ်ရောက်ကြတော့ အချိန်က သိပ်မရတော့ဘူး။ အခုသိလို့ အခုသတိရရင် အခုဖြတ်ကြမှဖြစ်မယ်။ အချိန်ဆွဲမနေကြနဲ့၊ အချိန်ဆွဲရင် လွဲချင်သေးလို့ပဲ၊ ဒီတစ်ခါလွဲရင် ပြင်သူဆင်သူဖြင့် ဝေးပြီလို့သာ မှတ်လိုက်တော့ သဘောပါပလား။
ဝေဒနာနိရောဓာ တဏှာနိရောဓောဖြစ်ဖို့ အလွန်အရေးကြီးတယ်
ဒကာ ဒကာမတွေ ဒီအစပ်ကိုဖြတ်ချင်ရင် လွယ်ပါတယ်၊ အရေးကြီးတာက ဆရာခိုင်းတဲ့အတိုင်း လိုက်နာကြဖို့ပဲ၊ ဖြတ်ချင်ရင်ဖြင့် ဝေဒနာနိရောဓာ တဏှာနိရောဓောဖြစ်ဖို့ အလွန်အရေးကြီးတယ်ဆိုတာ ပြောလိုက်ပါတယ်။ ဒကာတို့ ဟာ ရှေးက ဝေဒနာပစ္စယာ တဏှာနဲ့ချည်း လှည့်ခဲ့ကြရတယ်၊ ထွက်လမ်းကိုမပါခဲ့ကြဘူး၊ မြင်ကြပလား၊ ဒါဆိုရင် အနာဂတ်ဘဝ ဇာတိတွေနဲ့ချည်း ဆက်သွားတာပဲ၊ ဒါဟာ သံသရာဆက်လမ်းပဲ၊ ရိပ်မိကြရဲ့လား။
ဝေဒနာပစ္စယာ တဏှာ နောက်အနာဂတ်ဇာတိ၊ ဒါကသံသရာဆက်လမ်း၊ နိရောဓာဆိုတာ သံသရာဖြတ်လမ်း၊ ဝေဒနာနိရောဓာ တဏှာနိရောဓောဆိုမှ ဖြတ်လမ်းပဲ။ ဒီဖြတ်လမ်း၊ ထွက်လမ်းရအောင် ဝေဒနာကို ဖြတ်ပျက်ရှုရမယ်၊ ဝေဒနာဖြစ်ပျက်မြင်ရင် တဏှာမလာဘူး၊ တဏှာချုပ်တယ်၊ ရှင်းကြပလား၊ ဝေဒနာကိုရှုတော့ ဝေဒနာဖြစ်ပျက်၊ နောက်က မဂ်ဝင်လာတယ်၊ တဏှာချုပ်ကရော-တဏှာချုပ်အောင်ရှုတော့ ဥပါဒါန်ချုပ်၊ ဘဝချုပ်၊ ဒါတွေချုပ်တော့ သမုဒယချုပ် သွားတော့တာပဲ၊ သဘောပါကြပလား။
ဝေဒနာကို ဝိပဿနာရှုကြရမယ်
ဒါကြောင့် ဒကာ ဒကာမတွေက အခု ပစ္စုပ္ပန်မှာ ဝေဒနာကို ဝိပဿနာရှုကြရမယ်၊ ရှုတော့-ခန္ဓာမှာ ဝေဒနာ ပေါ်တိုင်း၊ ပေါ်တိုင်း၊ ဖြစ်ပျက်ရှုပေးကြ၊ သုခဝေဒနာပေါ်လဲ ဖြစ်ပျက်ရှု၊ ဒုက္ခဝေဒနာပေါ်လာလဲရှုချ၊ ဥပေက္ခာဝေဒနာ လာလဲ ရှုပစ်၊ သောမနဿဝေဒနာ၊ ဒေါမနဿဝေဒနာ၊ ဘာပေါ်ပေါ်, ပေါ်တိုင်း, ပေါ်တိုင်း ဒကာတို့က ဖြစ်ပျက်ရှုပေး ကြ၊ ရှုတော့ ဝေဒနာဖြစ်ပျက်လို့ ဉာဏ်နဲ့မြင်အောင် ရှုပေး၊ ရှင်းပလား၊ ရှုတတ်ကြပလား။
ဒီလို ဝေဒနာပေါ်တိုင်း ဖြစ်ပျက်ရှုတော့ ဒီအဆက်ကလေး ပျက်သွားတယ်၊ ဒီအဆက်ကလေးရှိတဲ့ မြှားလေးပေါ် ကို မဂ်က သွားကျတယ်၊ မဂ်က ဒီအဆက်ကလေးပေါ် ကျလိုက်တော့ “ဝေဒနာနိရောဓောတိ မဂ္ဂေါ” ဆိုတာဖြစ်လို့ ဒီနေရာမှာ မဂ်ဝင်လာတယ်ဆိုတာ မှတ်လိုက်ကြ၊ သဘောပါပလား။ ဝေဒနာနောက်က မဂ်ဝင်လာတော့ တဏှာမဆက် နိုင်တော့ဘူး၊ မဂ်က ဖြတ်ချလိုက်တယ်၊ တဏှာမဆက်တော့ နဂိုအဆက်က အပြတ်ဖြစ်သွားတာပေါ့၊ အပြတ်ဖြစ်သွား တယ်ဆိုတာ အနာဂတ်သံသရာတွေ အကုန်ပြတ်သွားတာကိုဆိုတာ ရိပ်မိကြပလား။
ဝေဒနာပေါ်တိုင်း ဖြစ်ပျက်ရှုကြ
ဒကာ ဒကာမတွေ ဖြတ်တတ်ကြပလား၊ ဖြတ်တတ်အောင် ဖြတ်ကြ၊ ခန္ဓာမှာ ဝေဒနာပေါ်တိုင်းပေါ်တိုင်း ဖြစ်ပျက်ရှုပေးကြ၊ ဝေဒနာပေါ်တိုင်းရှုတာဟာ ပစ္စုပ္ပန်အကြောင်းတွေကို ဖြတ်တာပဲ၊ ဆုတွေချည်း တောင်းနေလို့မပြတ် ဘူး၊ ဒီလိုဖြတ်ယူမှ ပြတ်ကြမှာ၊ ဒါကြောင့် ဝေဒနာပေါ်တိုင်း ဖြစ်ပျက်ရှုကြ၊ ဝေဒနာကလဲ ခန္ဓာမှာပေါ်တာ မဂ်ကလဲ ခန္ဓာမှာပေါ်တာပဲ၊ ဒီဝေဒနာဖြစ်ပျက်နဲ့ ဒီနောက်ကမဂ်၊ ဒါနှစ်ခု ပေါ်နေစေရမယ်၊ ဒကာ ဒကာမတို့ခန္ဓာမှာ ဝေဒနာနဲ့ မဂ်၊ ဒီနှစ်ခုပဲ ပေါ်နေစေရမယ်၊ ဝေဒနာနောက်က တဏှာ အဝင်မခံစေရဘူး၊ ရှင်းပလား၊ ဒီလိုဝေဒနာ နောက်က မဂ်ချည်း တန်းနေမှ ဒီအစပ်ပြတ်မယ်၊ သဘောပါပလား။
ဒီအစပ်ပြတ်မှသာ နေရာကျကြမယ်၊ ဒီအစပ်မပြတ်သမျှ ဒုက္ခနဲ့ ဘယ်တော့မှ အိုးစားမကွဲတော့ဘူး၊ ဝိပဿနာ တရား အားထုတ်တာဟာ (၂)နံပါတ်အစပ်ကို ဖြတ်တာပဲလို့ မှတ်လိုက်ကြ။ (၁) နံပါတ်က လွန်ပြီးသားမို့ ဖြတ်လို့မရ တော့ဘူး၊ (၂)ကို အခုဖြတ်ရင် ရသေးတယ်၊ အခုဘဝ ရနိုင်ဖို့ရာ ဒီ ၂-အဆက်ကို ဖြတ်နိုင်ရင် ရသေးတယ်လို့မှတ်ကြ။ သဘောပါပလား။ နိဗ္ဗာန်ရချင်ရင် ဒီအဆက်ကလေး ဖြတ်ရမှာပဲ။ ဖြတ်တဲ့နည်း သိကြရဲ့လား။ သိကြရင် ကြိုးစားဖြတ်ကြ။
ဝိပဿနာမလုပ်ဘဲနေကြရင်
ဒကာတို့တတွေ သားရေး သမီးရေး စီးပွားရေးတွေနဲ့ အချိန်ကုန်ပြီး ဝိပဿနာမလုပ်ဘဲနေကြရင် “ဝေဒနာ ပစ္စယာတဏှာ” ဝေဒနာနောက်က တဏှာချည်း ဆက်နေကြမှာပဲ၊ ရိပ်မိကြရဲ့လား။ တဏှာချည်းဆက်ပြီး သေသည်၏ အခြားမဲ့မှာ ဇာတိ၊ ဇရာ၊ မရဏတွေပဲ ပြန်လာမယ်၊ ဒုက္ခပခုံးပြောင်းပြီး လှည့်ခံရတာပဲ ရှိတယ်၊ ဘာမှမထူးခြားဘူး၊ တဒုက္ခနဲ့တဒုက္ခ အဆက်မပြတ်နိုင်ကြတော့ဘူး။ ဒကာတို့ကို ဝိပဿနာရှုကြပါလို့ တိုက်တွန်းနေရတာ ဘာ့ကြောင့်လဲ၊ ဘာ့ကြောင့် ဝိပဿနာရှုရသလဲ၊ ဒီ ၂ နဲ့ ၃ မဆက်မိအောင်လို့ပဲ ပေါ်ကြပလား။
ဝိပဿနာရှုရတာဟာ ၂ နဲ့ ၃ မဆက်မိအောင်၊ ကိုယ်ဖြစ်မယ့်ဒုက္ခ မဖြစ်ရအောင်လို့ပဲဆိုတာ မှတ်လိုက်ကြ၊ ရှင်းပလား။
ဒကာ ဒကာမတွေ ဒုက္ခကြောက်တာ၊ ဆင်းရဲကြောက်တာမှန်ရင် ပေါ့တန်မနေကြနဲ့၊ အမြန်ဆုံးကြိုးစားကြ၊ ဒီအလုပ်က ကိုယ်တိုင်လုပ်မှ ကိုယ်ပိုင်ရကြမှာ၊ ကိုယ်ဖြတ်ရင် ကိုယ်သာပြတ်တယ်၊ သားသမီးကဖြတ်ရင် သားသမီးသာ ပြတ်တယ်၊ ဘယ်သူဘယ်သူမှ အားကိုးလို့ မရနိုင်ဘူး၊ ကိုယ်က ရစေချင်လို့ သားသမီးတွေကို အမျှဝေတယ်၊ သူတို့က အမျှဝေတော့ ကိုယ်က သာဓုခေါ်တယ်၊ ဒီလိုနဲ့ ဒီတရားက မရနိုင်ဘူးဆိုတာ မှတ်ကြ။
မဂ်စစ်က အမျှဝေလို့ မရဘူး
အမျှဝေလို့ရတယ်၊ ရနိုင်တယ်ဆိုတာ ဒါန၊ သီလ ကုသိုလ်တွေအတွက်သာ ရနိုင်တာပါ။ မဂ်စစ်က အမျှဝေလို့ မရဘူးဆိုတာ တစ်ထစ်ချသာမှတ်လိုက်ကြ။ မဂ်အလုပ်က ကိုယ်တိုင်လုပ်ယူမှ ရမယ်၊ ကိုယ်တိုင်က လုပ်မယူရင် ဘယ်တော့မှ မရနိုင်ကြဘူး။ ရှင်းပလား။ ဒါကြောင့် ကိုယ်တိုင်ကြိုးစားကြ၊ ကြိုးစားတော့မှ ဝမ်းထဲမှာ ဝေဒနာပေါ်လာ မယ်၊ ဝေဒနာလာရင် ဝေဒနာကိုဖြစ်ပျက်ရှု၊ ရှုတော့ဝေဒနာက ဖြစ်ပျက်၊ နောက်က မဂ်ဝင်လာမယ်၊ သဘောပါကြပလား။
”ဝေဒနာနိရောဓာ တဏှာနိရောဓော” ပဲ၊ ဝေဒနာချုပ်၊ တဏှာလဲချုပ်၊ ချုပ်တော့ မဂ်က ဒီအဆက်မှာပေါ်လာ တယ်၊ ရှင်းကြပလား။ ဒကာ ဒကာမတွေ ကျကျနနမှတ်လိုက်ကြ၊ “ဝေဒနာနဲ့တဏှာကြား-သံသရာအဆက်ဖြတ်တာ မဂ်ပဲ” လို့ မှတ်လိုက်ကြ။ ဒီမဂ်ကမှ သံသရာ့ဒုက္ခကို ဖြတ်နိုင်တယ်၊ ဒါကြောင့် ဒကာတို့တတွေကို နေ့တိုင်း၊ နေ့တိုင်း ဝိပဿနာလုပ်ကြ။ တရားအားထုတ်ကြလို့ တိုက်တွန်းနေရတာ၊ ရိပ်မိပလား။ ဝိပဿနာလုပ်ကြဆိုတာဟာ ကိုယ့်ဒုက္ခ ဖြစ်ကြောင်းကို ကိုယ်တိုင်ဖြတ်ကြလို့ဆိုတာပဲ။
ကိုယ့်ဒုက္ခမဖြတ်ချင်လို့ပဲ
ဒကာ ဒကာမတွေက တခါတလေကျတော့ ကိစ္စ၊ ဝိစ္စတွေကများလို့ မလုပ်ဖြစ်ပါဘူးလို့ ပြောတတ်ကြတယ်၊ အဲဒီလို ပြောတာဟာ ကိုယ့်ဒုက္ခမဖြတ်ချင်လို့ပဲဆိုတာ မှတ်ကြ။ မြို့သုံးစကားနဲ့ ယဉ်ယဉ်ကလေး ပြောမနေကြနဲ့၊ မြို့သုံးတွေပြင်ကြ၊ မလုပ်ရင် မဂ်မပေါ်ဘူး၊ မလုပ်ဖြစ်ရင် “ဝေဒနာပစ္စယာ တဏှာ၊ တဏှာပစ္စယာ ဥပါဒါနံ၊ ဥပါဒါန ပစ္စယာ ဘဝေါ၊ ကမ္မဘဝပစ္စယာ ဇာတိ၊ ဇာတိပစ္စယာ ဇရာ၊ မရဏ” တပည့်တော်တို့ ဒီဒုက္ခတွေ ဆက်ပါရစေအုံးဆိုတာပဲ၊ ရှင်းပလား။
ဒကာ ဒကာမတို့ဟာ ဒုက္ခနဲ့ ဆက်ပါရစေအုံးဆိုရင် ကောင်းပါ့မလား၊ ဒုက္ခဆက်လို့ဖြင့် မကောင်းနိုင်ကြတော့ဘူး၊ အလွန်ဆိုးဝါးတဲ့သူပဲလို့သာ မှတ်လိုက်ကြ။ ဒကာ ဒကာမတို့ ဒီဝိပဿနာလုပ်ဖို့ ကိစ္စဟာဖြင့် ဒိပြင်ကိစ္စတွေထက် အရေးကြီးတယ်ဆိုတာ မှတ်ကြ။ ဒိပြင်ကိစ္စတွေက ၃ နဲ့ ၄ သွားဆက်မယ်၊ ၃-က သမုဒယသစ္စာ၊ ၄-က ဒုက္ခသစ္စာ မြင်ကြပလား၊ စက်ဝိုင်းပြန်ကြည့်ကြ။ ဝိပဿနာမလုပ်ရင် ဒါနဲ့ပဲ ဆက်ရမှာပဲ။ ဒိပြင်ဘာမှဖြစ်စရာမရှိဘဘူး၊ သဘောပါ ပလား။
ဝိပဿနာမှမလုပ်ရင် မဖြစ်တော့ဘူး
လူဟာ ကိစ္စ၊ ဝိစ္စတွေ အလွန်ပဲများပါတယ်၊ ဒါပေမယ့် ဒီဝိပဿနာမှမလုပ်ရင် မဖြစ်တော့ဘူးဆိုတာ မှတ်ကြ၊ ကိစ္စတွေများသလောက် အပါယ်ရောက်ဖို့ရှိတယ်၊ ဒါကြောင့် ဝိပဿနာမလုပ်ရင် မဖြစ်ဘူးလို့ လုပ်ကြပါလို့ တိုက်တွန်းနေ ရတာပဲ၊ ပေါ်ကြပလား။ ဒီအလုပ်မလုပ်ရင် ဝေဒနာနဲ့တဏှာ၊ တဏှာနဲ့ ဥပါဒါန်၊ ဥပါဒါန်နဲ့ကံ၊ ကံနဲ့ဇာတိ။ ဇာတိဆိုတာ အနာဂတ်ဇာတိပဲ၊ အနာဂတ်ပဋိသန္ဓေ ဝိညာဏ်ပေါ်တာကိုပြောတာ ရှင်းပလား။ ဝိညာဏ်ဆိုတော့ နာမ်နဲ့ရုပ် ဆက်၊ နာမ်ရုပ်နဲ့တဏှာနဲ့ပြန်ဆက်၊ အကုန်ဆုံးဆက်နေကြတော့တယ်။
ဒကာတို့တတွေ ကိစ္စ၊ ဝိစ္စ များတယ်ဆိုတာ ဒါတွေပဲ၊ ပေါ်ကြပလား။ ဝေဒနာပစ္စယာ တဏှာ၊ တဏှာပစ္စယာ ဥပါဒါနံ၊ ဥပါဒါနပစ္စယာ ဘဝေါ၊ ကမ္မဘဝပစ္စယာ ဇာတိ၊ နောက် ပဋိသန္ဓေဇာတိက ဝိညာဏပစ္စယာ နာမရူပံ၊ နာမ ရူပပစ္စယာ သဠာယတနံ၊ သဠာယတနပစ္စယာ ဖဿော၊ ဖဿပစ္စယာ ဝေဒနာ၊ ဝေဒနာပစ္စယာ တဏှာ။ ဒကာ ဒကာမ တွေ ကိစ္စများတာ ဒါတွေချည်းပဲ။ ဒိပြင် ကောင်းတာ အပိုတစ်ခုမှ မပါကြဘူး၊ ရိပ်မိကြပလား။
အလုပ်တွေက ဒုက္ခချည်း ဆက်နေကြတယ်
ဒကာတို့ ကိစ္စများတာ ၂ နဲ့ ၃ ဆက်၊ ၃ နဲ့ ၄ ဆက်၊ ၂-၃၊ ၃-၄၊ ဘေးဆိုးချည်းပဲ ဆက်နေကြတယ်၊ ဒကာတို့ ဟာ အပြောချိုသလောက်၊ အလုပ်တွေက ဒုက္ခချည်း ဆက်နေကြတယ်၊ ဒုက္ခချည်း ဆက်နေတာကို ရိပ်မိကြပလား။ ဒကာတို့ဟာ အပြောကတော့ ယဉ်ကြပါရဲ့၊ “သားနဲ့သမီးနဲ့ ဆွေနဲ့မျိုးနဲ့ လူနဲ့သူနဲ့နေရတော့ မဖြစ်ဘူးတဲ့ မလုပ်ဖြစ်နိုင်ဘူး တဲ့” ဒါတွေက မကင်းတရားတွေပဲ၊ ဘယ်တော့ ဘယ်အခါ ဘယ်သံသရာဘဝမျိုးမှာမှ မကင်းနိုင်ကြဘူး၊ မကင်းတရားနဲ့ အကုန်ဒုက္ခရောက်ရမယ်၊ ဒီမကင်းတရားနဲ့ပဲ အချိန်ကုန်နေရင် အပါယ်သွားဖို့သာ ပြင်ကြတော့၊ ရိပ်မိကြရဲ့လား။
ဒကာတို့တတွေ မကင်းတရားဆိုတာ ရိပ်မိကြရဲ့လား။ ကိုယ်က မကင်းချင်သမျှ ဘယ်တော့မှ မကင်းကြတော့ဘူး မကင်းတရားဆိုတာကတော့ သံသရာမှာ ခန္ဓာရှိနေသမျှ မကင်းကြဘူး၊ လူကိုယ်တိုင်ထင်ရှားရှိနေတော့ မကင်းတရားရှိ နေကြတယ်၊ ဒါပေမယ့် ဉာဏ်က လွတ်ရာပြေးမှတော်မယ်လို့သိပြီး လွတ်အောင်လုပ်ကြရမယ်၊ သဘောပါကြပလား၊ တရားအားထုတ်ကြပါလို့ပြောတော့ “သူတို့က တပည့်တော်နဲ့ မကင်းတရားဖြစ်နေလို့ မထုတ်နိုင်သေးဘဲ ဖြစ်နေပါတယ်တဲ့”။
မကင်းတရားကို ဒီနေ့ရှင်းကြတော့
မကင်းတရားဖြစ်တော့ “ဝေဒနာပစ္စယာတဏှာ၊ တဏှာပစ္စယာ ဥပါဒါနံ၊ ဥပါဒါနပစ္စယာ ဘဝေါ” ပဲ၊ အဲဒါ ၂-မဖြတ်နိုင်လို့ ၃-ဆက်မိသွားလိုက်တာပဲလို့ မှတ်ကြ။ ဒကာတို့တတွေ အခု ၂-မဖြတ်မိတဲ့အတွက် ၃-ဒုက္ခသစ္စာ ကိုယ်ပိုင်ရထားကြပြီ၊ ပေါ်ကြပလား။ ဒီမကင်းတရားနဲ့ပဲ ၄-ဒုက္ခသစ္စာ ကိုယ်ပိုင်ရကြမယ်၊ ရိပ်မိကြပလား၊ ဒကာတို့ မြို့သုံးမကင်းတရားကို ဒီနေ့ရှင်းကြတော့လို့ ပြောလိုက်တယ်၊ မကင်းတရားက တဏှာ၊ တပည့်တော်က ခန္ဓာငါးပါး၊ ရှင်းကြရဲ့လား။
တပည့်တော်ဆိုတဲ့ ခန္ဓာငါးပါးနဲ့၊ မကင်းတရားဆိုတဲ့ တဏှာနဲ့ ဆက်လိုက်တာပဲ၊ ခန္ဓာနဲ့ မကင်းတရားဆိုတဲ့ တဏှာနဲ့ ဆက်လိုက်တာပဲ၊ ခန္ဓာနဲ့ တဏှာဆက်တာဟာ မကင်းတရားပဲလို့ မှတ်လိုက်ကြ၊ သဘောပါပလား။ ၂ နဲ့ ၃ ဆက်လိုက်တာဟာ မကင်းတရားပဲလို့ မှတ်လိုက်ကြ၊ အဲဒါဟာ ဒုက္ခနဲ့ သမုဒယဆက်လိုက်တာပဲ၊ ကျေနပ်ကြရဲ့လား။ ဒကာတို့ အသုံးအနှုန်းတွေက မကင်းတရားတွေချည်းပဲဆိုရင် မှားပါ့မလား။ မမှားတော့ဘူး၊ မြင်ကြရဲ့လား။
ကိုယ့်ခန္ဓာက တဏှာက သူများခန္ဓာသွားဆက်၊ အဲဒါမကင်းတရားပဲ၊ မကင်းတရားရှိနေတော့ ဆေးရုံသွားပြီး မေးရမြန်းရ လောကွတ်ချော်ရ၊ နောက် ဒီမကင်းတရားနဲ့ အသုဘလိုက်ပို့ရအုံးမယ်၊ တခါတလေ မကင်းတရားနဲ့ မင်္ဂလာကိစ္စလေးတွေ သွားရအုံးမယ်။ အဲဒီသဘောက ၂ နဲ့ ၃ ဆက်လိုက်အုံးမယ်လို့ ဆိုတာပါပဲ။ သဘောပါကြရဲ့လား။ ၂ နဲ့ ၃ ဆက်လိုက်တာဟာ သာမညမမှတ်နဲ့ အနာဂတ် ဒုက္ခခန္ဓာ သိမ်းပိုက်ချင်လို့ပဲ။ ကျေနပ်ကြပလား။
ဖြစ်စဉ်ကိုက် ပြောနေတာ
ဘုန်းကြီးက အပင်ပန်းခံ အချိန်ကုန်ခံပြီးပြောနေတာ၊ ပေါ့ပေါ့ကလေး မမှတ်ကြနဲ့။ ဒကာတို့ ဖြစ်စဉ်ကိုက် ပြောနေတာ၊ ဒကာ ဒကာမတွေကို အင်မတန်သနားလို့ ပြောနေတာပဲဆိုတာ မှတ်ကြ။ ရိပ်မိကြရဲ့လား။ ဒကာတို့အဖို့ရာမှာ အမှန်အကန်မသိကြတော့ ကောင်းကောင်းပဲ၊ ပဋိစ္စသမုပ္ပါဒ် နားမလည်တော့ ပြောကြတယ်၊ မကင်းနိုင်ဘူးတဲ့၊ မကင်းရာ မကင်းကြောင်းတွေပဲတဲ့ ပြောကြတယ်၊ အဲဒါ မကင်းတရားအလုပ်တွေ နေ့တိုင်းလုပ်၊ လုပ်တော့သမုဒယနဲ့ ဒုက္ခဆက်လိုက် တာပဲ။
ဒကာ ဒကာမတွေ သဘောပါကြရဲကလား။ အဲဒီလိုလုပ်တာဟာ ဒုက္ခရောက်နေသူက ဒုက္ခဖြစ်ကြောင်း ထပ်ပြီး အားထုတ်ပြန်တာပဲ၊ ဒကာတို့စဉ်းစားကြ၊ မသိတဲ့အဖြစ်ဟာ ဘယ်လောက်များ ဆိုးဝါးနေသလဲဆိုတာ ပေါ်ကြမယ်၊ လက်ရှိမှာ ဒုက္ခရောက်နေဆဲဖြစ်ရက်နဲ့ ဒီဒုက္ခထပ်ဖြစ်ဖို့ လုပ်နေတယ်ဆိုတော့ ကောင်းပါအုံးမလား။ ဒကာတို့အဖြစ်က “ကြွေးတွေတင်လွန်းလို့ လည်ပင်းခိုက်နေပြီ၊ မထူးတော့ဘူး၊ သေတာကပဲ ကောင်းပါသေးရဲ့” လို့ ဆိုတဲ့သူလို ဖြစ်နေကြ ပြီ။
ဒကာတို့ဟာ ကြွေးတင်လို့ သေချင်တဲ့သူ ဥပမာလိုဖြစ်နေကြပြီဆိုတာ ပေါ်ကြပလား။ အထူးသတိပေးလိုက်ပါ တယ်။ ဒုက္ခရောက်သူဟာ နောက်ထပ် ဒုက္ခမရှာကောင်းဘူး” လို့၊ ရှင်းကြပလား။ ဒုက္ခရောက်နေသူဟာ ဒုက္ခလွတ် ကြောင်း ဒုက္ခချုပ်ကြောင်းကိုသာ ရှာသင့်တယ်၊ ရှာရမယ်၊ သဘောပါကြရဲ့လား။ ဒကာ ဒကာမတို့ ကိုယ့်လက်ရှိဒုက္ခက လွတ်ကြောင်းကိုရှာကြ၊ နောက်ထပ်မမိုက်ချင်ကြနဲ့တော့၊ ဒုက္ခမရှာချင်ကြနဲ့တော့လို့ ပြောလိုက်တယ်။
ဒုက္ခချုပ်ကြောင်းရှာတဲ့နည်းလမ်း
အခု ဒကာတို့ကို ဒုက္ခချုပ်ဖို့ ဒုက္ခချုပ်ကြောင်းရှာတဲ့နည်းလမ်းကို ပြောရမယ်၊ ရှာချင်ရင်လွယ်ပါတယ်၊ ရှာတော့ ဘယ်လိုရှာရမလဲ။ ဝေဒနာကို ဖြစ်ပျက်ရှုပြီး ရှာရမယ်မှတ်လိုက်ကြ၊ ရှင်းပလား။ ဒွါရခြောက်ပေါက်က ဒါမှမဟုတ် မနောပေါက်က လာသမျှကို ဖြစ်ပျက်ရှုရမယ်။ ဝိညာဏ်ဆိုတဲ့ စိတ်တစ်ခုခု ဝင်လာလဲ ဖြစ်ပျက်ရှု။ ရုပ်လာရင်လဲ ဖြစ်ပျက်ရှု။ ဘာလာလာ ရှုချရမယ်၊ ဒါပေမယ့် ဝေဒနာကို မလွန်စေနဲ့ ဝေဒနာက တဏှာကို မကူးစေနဲ့။ ဝေဒနာကိုတော့ အမိအရ မလွတ်တမ်းရှုရမယ်၊ သဘောပါပလား။
ဒကာ ဒကာမတွေ ရှုတတ်ကြပလား။ ရှုတတ်ရင် ဒီနေရာကရှုတော့ ဒုက္ခနဲ့သမုဒယ ဖြတ်ချက်လိုက်တာပဲ၊ ရှုတော့ ရှုတဲ့နေရာက ဒုက္ခနဲ့ သမုဒယပြတ်တယ်၊ ရှင်းပလား။ ဉာဏ်နဲ့ ဒီလိုဖြတ်နိုင်တော့ ၂ နဲ့ ၃ မဆက်တော့ဘူး၊ မြင်ကြရဲ့လား၊ စက်ဝိုင်းပြန်ကြည့်ကြ။ အဲဒီမှာ ၂ နဲ့ ၃ မဆက်တော့ဘဲ ဒုက္ခချုပ်သွားတော့ “ဒုက္ခနိရောဓော နိဗ္ဗာနံ” ဆိုပြီး နိဗ္ဗာန်ပေါ်လာတယ်၊ နိဗ္ဗာန်ပေါ်လာတော့ ဒီ ၄-နံပါတ် အကျိုးပေးတွေလဲ မဆက်နိုင်တော့ဘူး၊ တခါထဲ ချုပ်သွား တော့တယ်၊ သဘောပါကြပလား။
ကိုင်း-ဒီတင်တော်ကြအုံး၊ နက်ဖြန်မှ ဆက်ကြစို့။
