ပဋိစ္စစက်ရဟတ်၊ လှည့်ကာပတ်၊ တရားတော်
ဆောင်ပုဒ်
သတ္တဝါအစ၊ အဝိဇ္ဇာက၊ ဖြစ်ထရုပ်နာမ်စက်။
ဘဝများစွာ၊ သံသရာ၊ ဒုက္ခာ ကြောင်းကျိုးဆက်။
ခွင့်ကောင်းကြုံရ၊ ခုခဏ၊ မုချလွတ်ဘို့တွက်။
ခန္ဓာအဇ္ဈာတ်၊ သတိချပ်၊ ရှုမှတ်ဉာဏ်စွက်ဖက်။
ဝေဒနာဓမ္မ၊ ဖြစ်ပျက်ကြ၊ မဂ္ဂဉာဏ်ကပ်လျက်။
ဝေဒနာလွန်၊ တဏှာကျွန်၊ ဆက်ပြန်ဒုက္ခစက်။
ဒုက္ခလွတ်မှု၊ မြန်ယခု၊ မြဲရှုလုံ့လထက်။
သတိချပ်
အတိတ်ကြောင်းရာ၊ နေခဲ့ရှာ၊ သစ္စာမသိရ။
မသိကြောင်းခံ၊ ဆိုး,ကောင်းကံ၊ တန်တန်ပြုမိကြ။
ပစ္စုပ္ပန်မှာ၊ ဒုက္ခသာ၊ ခြင်းရာကျိုးငါးဝ။
နောက်ကြောင်းသမု၊ ကြိုးစားမှု၊ ယခုကျိုးဒုက္ခ။
လက်ရှိဒုက္ခံ၊ မသိပြန်၊ ပွားရန်နောက်ကြောင်းစ။
အနာဂတ်မှာ၊ ကျိုးငါးဖြာ၊ ပွားလာဝဋ်ဒုက္ခ။
ပဋိစ္စရဟတ်၊ လှည့်ကာပတ်၊ မပြတ်ဘယ်ကာလ။
တရားသား
ကိုယ့်ခန္ဓာအရှိကို သိနိုင်ကြဖို့
ဒကာ ဒကာမတို့ ဒီပဋိစ္စသမုပ္ပါဒ်ကို အားကိုးဖို့ မမေ့ကြနဲ့၊ ကိုယ့်ခန္ဓာအရှိကို သိနိုင်ကြဖို့ပဲ၊ ဒီပဋိစ္စသမုပ္ပါဒ် ဖြစ်စဉ်ကို သဘောပေါက်မှ ကိုယ့်ခန္ဓာအရှိ သိနိုင်ကြမယ်၊ ရိပ်မိပလား၊ ဘုန်းကြီးတို့ ဒကာ ဒကာမတွေဟာ၊ သံသရာက ဒီအတိုင်းမသိမှုနဲ့ လယ်နေခဲ့ကြတာ၊ ဒုက္ခကြောင့် သမုဒယဖြစ်လိုက်၊ ဒီသမုဒယကြောင့် ဒုက္ခပြန်ဖြစ်လိုက်၊ ဒါ-နှစ်ခုပဲ လှည့်နေကြရတယ်၊ မဂ္ဂမပါနိုင်ခဲ့ဘူး။
ဒကာ ဒကာမတွေ အခု ဒုက္ခစက်ထဲ လည်နေကြရတယ်၊ ရိပ်မိပလား၊ အခု လည်နေကြရတာ ဘာကြောင့်လဲ၊ ဘယ်လိုဖြတ်မှ ပြတ်နိုင်မှာလဲဆိုတာ သိဖို့လိုတယ်၊ သိအောင် ဒီပဋိစ္စသမုပ္ပါဒ်စက်ဝိုင်း စာရွက်ဆောင်ထားကြရမယ်၊ နားလည်အောင် ကြိုးစားရမယ်၊ ကိုယ့်ခန္ဓာ ပဋိစ္စသမုပ္ပါဒ်ပြတ်အောင်၊ ဖြတ်တတ်အောင်လို့ပဲဆိုတာ မှတ်လိုက်ကြ၊ ရိပ်မိကြပလား။
ကိုယ့်အကြောင်းကိုယ်သိမှ ကိုယ့်ပဋိစ္စသမုပ္ပါဒ် ကိုယ်မသိတော့ သမုဒယသစ္စာတွေ ထပ်ပွား၊ ပွားမိတော့ စတုတ္ထ ၄-နံပါတ်ဒုက္ခသစ္စာ ထပ်ရအုံးမယ်၊ ရိပ်မိကြရဲ့လား၊ ကိုယ့်ခန္ဓာလက်ရှိ ဒုက္ခမသိမမြင်တော့၊ ဒီဒုက္ခက သမုဒယ အသီးအပွင့်ရကြမယ်၊ ဒီဒုက္ခက သမုဒယ၊ အသီးအပွင့် ပြန်ရရင်၊ အရုပ်အဆိုးဆုံးပဲလို့သာ မှတ်လိုက်ကြ၊ ရှင်းကြပလား၊ ဒါကြောင့် ဘယ်လိုကုသိုလ်ပဲပြုပြု၊ ဉာဏ်ကဒုက္ခဝဋ်က ကျွတ်ချင်၊ လွတ်ချင်လို့ဆိုပြီး အာရုံပြုကြ၊ ဒုက္ခဝဋ်က ကျွတ်တဲ့ အလုပ်လုပ်ချင်လို့ဆိုပြီး စိတ်ကိုထားကြ။
သတ္တဝါအစဟာ အဝိဇ္ဇာ၊ တဏှာ
ဒကာ ဒကာမတွေ “သတ္တဝါအစဟာ အဝိဇ္ဇာ၊ တဏှာက စ,တယ်” လို့ မှတ်ထားကြ၊ သဘောပါရဲ့လား၊ ငါတို့ကို ဘယ်သူက လုပ်ပေးသလဲ၊ ဘယ်သူလုပ်လို့ဖြစ်တာလဲဆိုရင် ဘယ်နတ်၊ ဘယ်ဗြဟ္မာ၊ ဘယ်ဘုရားကမှ ဖန်ဆင်းလို့ ဖြစ်လာတာမဟုတ်ဘူး၊ အတိတ်က သစ္စာမသိတဲ့အတွက်ကြောင့် ဖြစ်လာတာပဲဆိုတာ ဆုံးဖြတ်ချက်ချ၊ သဘောပါရဲ့လား၊ အခုလက်ရှိ ကိုယ့်ဘဝကို နှစ်သက်တဲ့တဏှာရှိရင် ဒီတဏှာကြောင့်ပဲ အနာဂတ်ခန္ဓာရရအုံးမယ်၊ လွှဲဖယ်လို့ မရနိုင်ကြဘူး။
အတိတ် အဝိဇ္ဇာကြောင့် အခုလက်ရှိ ပစ္စုပ္ပန်ခန္ဓာ ဖြစ်တယ်၊ အခုပစ္စုပ္ပန် တဏှာကြောင့်လဲ နောက်ဘဝ အနာဂတ်ခန္ဓာဖြစ်မယ်၊ သဘောပါပလား၊ အတိတ်အဝိဇ္ဇာကြောင့် ပစ္စုပ္ပန်ခန္ဓာဖြစ်၊ ပစ္စုပ္ပန်တဏှာကြောင့် အနာဂတ်ခန္ဓာ ဖြစ်၊ ဒီတော့ ပစ္စုပ္ပန်ခန္ဓာဖြစ်ခြင်းအကြောင်းမှာ တဏှာ ဦးစီးတယ်၊ ရှင်းကြရဲ့လား၊ ဒါကြောင့် ဒီနှစ်ခု အဝိဇ္ဇာနဲ့ တဏှာကို မူလနှစ်ခုလို့ ပြရတာပဲ၊ စက်ဝိုင်းအလယ်မှာကြည့်ကြ။
အခုခန္ဓာ ဘာ့ကြောင့် ရထားကြသလဲ
ဒကာ ဒကာမတွေ အခုခန္ဓာ ဘာ့ကြောင့် ရထားကြသလဲ၊ အတိတ်ဘဝက အိဝဇ္ဇာခေါင်းဆောင်လို့၊ အခု ပစ္စုပ္ပန်ခန္ဓာ ရထားကြတာပဲ၊ အဝိဇ္ဇာက သမုဒယသစ္စာ၊ အခုရထားတဲ့ခန္ဓာက ဒုက္ခသစ္စာ၊ ရှင်းကြရဲ့လား၊ ဒကာတို့ အခု ဒုက္ခသစ္စာကြီး ရထားကြတာဟာ အတိတ်က မသိမှုဆိုတဲ့ အဝိဇ္ဇာခေါင်းဆောင်လို့၊ အခု ဝိညာဏ်၊ နာမ်ရုပ်၊ စတဲ့ ငါးပါးရထားတာ၊ ဒုက္ခသစ္စာရတာ၊ အခုရထားတဲ့ ခန္ဓာငါးပါးပဲ၊ ရှင်းကြရဲ့လား။
ဒီခန္ဓာရတာ၊ ဘယ်သူခေါင်းဆောင်လဲ၊ အဝိဇ္ဇာပဲ၊ ဘယ်သူ့ကြောင့်ရတာလဲ၊ အဝိဇ္ဇာကြောင့်။ ဗြဟ္မာ၊ သိကြား၊ ဘယ်ဘုရားမှ ဖန်ဆင်းတာမဟုတ်ဘူး၊ အဝိဇ္ဇာကြောင့်ပဲ။ ကျေနပ်ကြပလား။ အဝိဇ္ဇာဟာ အခု ပစ္စုပ္ပန်ခန္ဓာရဲ့ ရေသောက် မြစ်ပဲလို့မှတ်ကြ။ ယခုလက်ရှိခန္ဓာ သူ့ကြောင့်ရခဲ့တာ၊ ရှင်းကြပလား။ ဒကာ ဒကာမတွေ စက်ဝိုင်းပြန်ကြည့်၊ (၃)နံပါတ် အကွက်ကြည့်၊ ကြည့်တော့ တဏှာကြောင့် (၄) နံပါတ် ဒုက္ခသစ္စာပေါ်တယ်၊ မြင်ကြရဲ့လား၊ ဒါကြောင့် အဝိဇ္ဇာ၊ တဏှာ၊ အလယ်မှာပြထားတယ်၊ သူတို့နှစ်ခုက ရေသောက်မြစ်ပဲလို့မှတ်ကြ။
ဒုက္ခချုပ်ချင်ရင် အကြောင်းကိုသတ်ရမယ်
ဒီတော့ အဝိဇ္ဇာ၊ တဏှာ၊ မချုပ်သရွေ့၊ ပစ္စုပ္ပန်ဒုက္ခခန္ဓာ၊ အနာဂတ် ဒုက္ခခန္ဓာ၊ ပေါ်အုံးမှာပဲဆိုတာ ဆုံးဖြတ်ချက် ချ။ ဒါ ငြိမ်းချင်ရင် ဒုက္ခချုပ်ချင်ရင် အကြောင်းကိုသတ်ရမယ်၊ အကျိုးကိုမသတ်ရဘူး၊ အကျိုးသတ်လို့မရဘူးဆိုတာ မှတ်ကြ။ အခုဘဝ ဒုက္ခခန္ဓာ လွတ်ချင်ရင် အတိတ်အဝိဇ္ဇာ သတ်ရမယ်။ အနာဂတ်ခန္ဓာ ဒုက္ခကလွတ်ချင်ရင် တဏှာ သတ်ရမယ်၊ ရှင်းကြပလား။ ဘုန်းကြီးက ဒကာ ဒကာမတွေကို ဝိပဿနာ လုပ်ခိုင်းတာဟာ အဝိဇ္ဇာတဏှာချုပ်အောင် လုပ်ခိုင်းတာ၊ ဒီနှစ်ခု ရေသောက်မြစ်ပြတ်အောင် ဝိပဿနာလုပ်မှသာ ရမယ်လို့ မှတ်လိုက်ကြ။
ခန္ဓာဟာ ဒုက္ခသစ္စာကြီးပါဆိုတဲ့အချက် ရိပ်မိကြရဲ့လား၊ သူပြောမဟုတ်ပါဘူး၊ ကိုယ့်အမြင်၊ ကိုယ့်အတွေ့မှာပဲ အခုခန္ဓာငါးပါးက ဟိုဘက်ပြောင်းရ၊ ဒီဘက်ပြောင်းရနဲ့ တပြောင်းတည်း ပြောင်းနေကြရတယ်၊ ဒီကြားထဲ လေနာတာ၊ ရင်နာတာ၊ ခေါင်းကိုက်တာ၊ ဗိုက်နာတာ၊ စတဲ့ဟာတွေက ညှပ်လိုက်ပြန်သေးတယ်၊ ကောင်းကောင်းမနေရဘဲနဲ့ သေဘေး ရှိရာ အရောက်သွားနေတာ၊ သဘောပါကြရဲ့လား၊ လက်ရှိဒုက္ခ မြင်အောင်ကြည့်ကြ၊ ဘာမှကောင်းတာမပါဘူး၊ ဒုက္ခ သစ္စာချည်းပဲ ဖြစ်စရာရှိတယ်၊ ရှင်းကြရဲ့လား။
ကိုယ့်ဒုက္ခ ကိုယ်ရှာတဲ့ လူတွေပဲ
ဒကာတို့တတွေ ဒုက္ခတခုခု တွေ့ရတော့ ကိုယ့်အကြောင်းက မကောင်းဘူးနဲ့ ပြောတတ်ကြတယ်၊ ဘယ်ကောင်း နိုင်ပါတော့မလဲ၊ အကြောင်းက အဝိဇ္ဇာပဲ၊ ဒကာ ဒကာမတွေ ကိုယ့်အကြောင်းကိုယ်ပြုပြီး ကိုယ့်ဒုက္ခ ကိုယ်ရကြတာပဲ၊ ဒကာတို့ဟာ ကိုယ့်ဒုက္ခ ကိုယ်ရှာတဲ့ လူတွေပဲဆိုရင် မှားပါ့မလား၊ မမှားတော့ဘူး၊ ကိုယ့်မိုက်ပြစ်နဲ့ကိုယ်ပဲ၊ ဒီအကြောင်းနဲ့ ဒီအကျိုးက ဆက်နေတာပဲ၊ သမုဒယသစ္စာနဲ့ ဒုက္ခသစ္စာ ဆက်နေတယ်။ အကြောင်းနဲ့အကျိုး ဆက်သွားပြီ၊ ရှင်းကြရဲ့လား။
ဘယ်သူမပြု မိမိမှားမှုကြောင့်ပဲ၊ အတိတ်က အဝိဇ္ဇာ၊ သင်္ခါရတွေ မှားလုပ်မိလို့ပဲ၊ မှားလုပ်မိတော့ အခုလက်ရှိ ဒုက္ခသစ္စာ ကိုယ်ပိုင်ရနေကြတာပဲ၊ “သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ” လို့ ဟောတော်မူတယ်၊ မသိတဲ့ အဝိဇ္ဇာကအုပ်ချုပ်၊ သင်္ခါရကပြုလလုပ်၊ တဏှာကတောင်းယူ၊ ဒုက္ခသစ္စာ ခန္ဓာငါးပါး ပေါ်လာတာပဲ၊ အကောင်းထင်မနေကြနဲ့၊ ဒကာတို့ လက်ရှိရထားတာမှန်သမျှ အားလုံးဒုက္ခသစ္စာချည်းပဲ၊ ပေါ်ကြပလား၊ အခု ဒကာ ဒကာမတွေ ဒီလက်သည်ကို မြင်ကြပြီ လား၊ ရိပ်မိကြပြီလား၊ ဆရာသမားနဲ့တွေ့လို့ ရိပ်မိကြပြီ။
အဝိဇ္ဇာ အတိတ်ခေါင်းဆောင်ကြီး မိပြီ
အဝိဇ္ဇာ အတိတ်ခေါင်းဆောင်ကြီး မိပြီ၊ မြင်ကြပြီ၊ ဒီအဝိဇ္ဇာ မချုပ်သမျှ ခန္ဓာမချုပ်ဘူး၊ ခန္ဓာမချုပ်သမျှ ဒုက္ခနဲ့တွဲရက်အမြဲပဲ၊ အဝိဇ္ဇာသမုဒယသစ္စာကြောင့် ဝိညာဏ်၊ စတဲ့ ငါးပါးဒုက္ခသစ္စာတွေ ပေါ်လာတယ်၊ မသိမှုအဝိဇ္ဇာ ဒဏ်ချက် ဘယ်လောက်ထိအောင် ဒုက္ခရောက်မယ်ဆိုတာ စဉ်းစားကြ။ ဒကာ ဒကာမတွေ မလှူတတ်၊ မဒါန်းတတ်နဲ့ ရမ်းပြီးလှူကြဒါန်းကြရင်ဖြင့် ကြောက်စရာကြီးပါလား၊ လူ့ဘဝ၊ လူခန္ဓာ အကောင်းထင်လို့ တောင်းယူကြ၊ အခုရလာကြပြီ၊ ဒီခန္ဓာရတော့ ဇာတိကစ,ရတာ၊ ဇရာစတဲ့ ဒုက္ခတွေက တစ်ဆက်ထဲပါလာပြီး၊ ဒုက္ခသစ္စာ ခန္ဓာငါးပါးရတာပဲ၊ သဘောပါ ပလား။
ဒကာတို့တတွေ အခု ဒုက္ခခန္ဓာ ရလာတာ၊ ရချင်လို့ရတာမဟုတ်ဘူး၊ ဘာ့ကြောင့်လဲ၊ နောက် အတိတ်ဘဝက မသိတဲ့ အဝိဇ္ဇာနဲ့လုပ်မိလို့ ရလာတာပဲ၊ သဘောပါရဲ့လား၊ မသိမှုအဝိဇ္ဇာနဲ့ ကုသိုလ်သင်္ခါရ လုပ်မိရင် လူ, နတ်, ခန္ဓာ ရမယ်၊ အကုသိုလ်သင်္ခါရလုပ်ရင် အပါယ်ခန္ဓာရမယ်၊ မသိလို့ ကုသိုလ်လုပ်လဲ ဝိညာဏ်၊ နာမ်ရုပ်စတဲ့ ဒုက္ခသစ္စာရမှာပဲ၊ မသိတဲ့လူ အကုသိုလ်လုပ်တော့လဲ ဒီငါးခုပဲ ဒုက္ခသစ္စာ ရတာပဲ၊ ရှင်းကြပလား။
ကုသိုလ်သင်္ခါရ၊ အကုသိုလ်သင်္ခါရ
”အဝိဇ္ဇာပစ္စယာ သင်္ခါရာ” ဆိုတဲ့နေရာမှာ၊ သင်္ခါရကနှစ်မျိုးရှိတယ်၊ ကုသိုလ်သင်္ခါရက တစ်မျိုး၊ အကုသိုလ်သင်္ခါရ က တစ်မျိုးလို့ နှစ်မျိုးပဲမှတ်ထား။ သင်္ခါရ သုံးမျိုးဆိုပေမယ့် နားလည်လွယ်အောင် ဒကာတို့အတွက် ၂-မျိုးလို့ပဲ မှတ် ထားကြအုံး။ ကုသိုလ် သင်္ခါရက လူ, နတ်, ဗြဟ္မာ ခန္ဓာရမယ်။ အကုသိုလ်သင်္ခါရက အပါယ်ခန္ဓာရမယ်၊ နှစ်ခုလုံးက ဒုက္ခသစ္စာချည်းပဲ၊ ဘုံဘဝလိုချင်လို့လုပ်တာ၊ အဝိဇ္ဇာပစ္စယာသင်္ခါရာပဲ၊ ဒါက နှစ်မျိုးရတယ်၊ အပါယ်သွားအောင် တစ်မျိုး၊ လူ, နတ်ရအောင် တစ်မျိုးလို့ နှစ်မျိုး။ ဘာရရ၊ ဒုက္ခသစ္စာပဲ။
ဒကာ ဒကာမတွေက အတိတ်အကြောင်းအခြင်းအရာက မကောင်းခဲ့လို့၊ အခု ပစ္စုပ္ပန်အကျိုးက မကောင်းကျိုး ဒုက္ခသစ္စာရကြတာပဲ၊ ရိပ်မိကြရဲ့လား၊ ဒါဖြင့် လှူတတ်ဖို့ အရေးကြီးတယ်။ လှူတတ်ဖို့လိုတယ်ဆိုတာ မှတ်လိုက်ကြ။ လှူတတ်အောင် ကြိုးစားကြ။ ဘုံဘဝ၊ တောင့်တပြီး ကုသိုလ်လုပ်ရင် နောက်ဒုက္ခ မသိကြလို့ပဲ။ ကုသိုလ်ပြုပြီး ကြိုက်ရာ ဘဝ တဏှာကတောင်းယူ၊ ဒါဟာ မသိတဲ့အဝိဇ္ဇာကြောင့် တောင်းတာ၊ နောက် – ကာယကံ၊ ဝစီကံနဲ့လုပ်၊ လုပ်တော့ ဇာတိဆိုပြီး နောက်ဒုက္ခသစ္စာ ရတော့တာပဲ။
သဘောပါကြရဲ့လား၊ သမုဒယသစ္စာကြောင့် ဒုက္ခသစ္စာရတာ၊ ရိပ်မိကြရဲ့လား၊ ကောင်းပြီ ဒါဖြင့် ဒီသမုဒယက ဘာတွေတုန်း၊ အဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်ဆိုတဲ့ နှစ်ပါးက ကမ္မဝဋ်။ သုံးပါးနှစ်ပါးပေါင်းလိုက်တော့ ငါးပါး၊ ဒီငါးပါးနှစ်ခု လုပ်ခဲ့ကြလို့၊ အခုဒုက္ခသစ္စာ ခန္ဓာရလာကြတာ၊ ရှင်းကြရဲ့လား၊ တစ်မျိုးထပ်ပြောအုံးမယ်။ ဒကာ ဒကာမတွေ စက်ဝိုင်း ပြန်ကြည့်၊ အတိတ်အကြောင်းအခြင်းအရာ ငါးပါးခွဲတဲ့အခါမှာ၊ ဝဋ်ငါးပါးပါတယ်၊ မြင်ကြရဲ့လား။
ဝဋ်သုံးပါးကို ကြိုးစားခဲ့မိလို့
အတိတ်အကြောင်းငါးပါးထဲမှာ အဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်သုံးပါက ကိလေသဝဋ်။ သင်္ခါရ၊ ကမ္မဘဝ၊ နှစ်ပါးက ကမ္မဝဋ်၊ နောက်ဘဝက ဒီဝဋ်နှစ်ပါးကို ကြိုးစားခဲ့လို့၊ ဝိညာဏ်၊ နာမ်ရုပ်စတဲ့ ခန္ဓာငါးပါး ရထားကြတာပဲ၊ ရှင်းကြပြီလား၊ (၂) နံပါတ်အကွက်က ဒုက္ခသစ္စာ ခန္ဓာငါးပါး ရထားတယ်လို့ မှတ်ကြ။ ဒကာ ဒကာမတွေ အတိတ်ဘဝက ကိလေသဝဋ် သုံးပါးနဲ့ ကမ္မဝဋ်နှစ်ပါးဆိုတဲ့ ဝဋ်သုံးပါးကို ကြိုးစားခဲ့မိလို့ ဝိပါကဝဋ်ခန္ဓာကြီး ရထားကြတယ်ဆိုတာ ပေါ်ကြပြီ။
ဒကာတို့တတွေ အခု ဒီဝဋ်က ကျွတ်ကြပလား။ မကျွတ်သေးဘူးလားလို့မေးရင် အကြောင်းမကုန်ရင် မကျွတ် သေးဘူး။ အကြောင်းကုန်မှသာ ကျွတ်ကြမှာ၊ ရိပ်မိပလား။ အကြောင်းမကုန်ရင် မသေရ၊ အကြောင်းကုန်မှသာ သေမှာလို့မှတ်လိုက်ကြ၊ ရှင်းပလား။ ဒီသမုဒယသစ္စာ ဝဋ်ငါးမျိုးကိုလုပ်ခဲ့လို့ ဒီအကြောင်း ငါးခုကြောင့်၊ ဝိညာဏ်စတဲ့ အကျိုးငါးပါး ဒုက္ခခန္ဓာရလာကြတာ၊ ဒီတော့ ဒီအကြောင်းမကုန်သမျှ ဒီဝိပါကဝဋ်ဒုက္ခက မလွတ်နိုင်ကြဘူးဆိုတာ မှတ်လိုက်ကြ၊ ရှင်းပလား။
ဒကာ ဒကာမတွေ ဒကာ ဒကာမတွေမှာ အခု ဒုက္ခသစ္စာရထားကြတာ သိကြရဲ့လား၊ ဒုက္ခသစ္စာ၊ ဒုက္ခသစ္စာမှန်း သိကြတော့။ သိအောင်လဲ ကြိုးစားကြတော့လို့ ပြောလိုက်တယ်။ အခုနေ ဒကာတို့မှာ ဇာတိဒုက္ခက ရခဲ့ပြီးပြီ။ ဇရာဒုက္ခက ရဆဲရတုန်း၊ နောက် မရဏဒုက္ခကျန်သေးတယ်၊ ဟုတ်ကြရဲ့လား။ ဒကာ ဒကာမတွေ လူ့ပြည်လာတာ ဘေးတွေသင့်ဖို့ အခု မသေကြနဲ့အုန်း၊ ဘာလို့လဲဆိုတော့ ဒုက္ခမစုံသေးလို့ နေကြအုန်းလို့ပဲ ပြောလိုက်တယ်။
ဒုက္ခတွေ အများကြီးကျန်နေသေးတယ်
ဒကာတို့မှာ လက်ရှိဒုက္ခအပြင်-နောက်လာမယ့် ဒုက္ခတွေ၊ ဗျာဓိဒုက္ခ၊ မရဏဒုက္ခ၊ သောက၊ ပရိဒေဝဒုက္ခ၊ ဒေါမနဿ၊ ဥပါယာသဆိုတဲ့ ဒုက္ခတွေ အများကြီးကျန်နေသေးတယ်၊ သဘောပါကြပလား။ ဒကာတို့ဟာ ဘာ့ကြောင့် ဒီဒုက္ခမျိုးစုံတွေ ကြုံရတာလဲ။ ကံမကောင်းကြလို့လား၊ မဟုတ်ပါဘူး၊ အဝိဇ္ဇာကြောင့်ပဲလို့ မှတ်ကြ၊ ရှင်းကြပလား။ ဒီအဝိဇ္ဇာမရှိရင် ကံတို့၊ သင်္ခါရတို့ဆိုတာတွေ မရှိတော့ဘူး၊ ရိပ်မိကြပလား။
အမှန်အကန်မသိတဲ့ အဝိဇ္ဇာကရှိတော့ လူ့ဘဝရောက်ကြောင်းဖြစ်တဲ့ ကံတွေ သင်္ခါရတွေပြု၊ ပြုပြီးတော့ တဏှာနဲ့တောင်းယူ၊ တောင်းယူတော့ ဟော-အခုလက်ရှိ လူ့ဘဝ ဒုက္ခသစ္စာကြီး၊ ဒကာတို့တတွေ ရထားကြပြီမဟုတ်လား၊ ရထားကြပြီ၊ ပဋိသန္ဓေဆိုတဲ့ ဇာတိဒုက္ခကပြီးခဲ့ပြီ၊ အခု ဇရာဒုက္ခနဲ့ အိုနေကြတယ်၊ ဗျာဓိဒုက္ခနဲ့ နာတဲ့အခါနာ၊ နာဘေးက အချိန်မရွေးဘူး၊ နောက် သေဘေး မရဏဒုက္ခလာတော့မယ်၊ မြင်ကြရဲ့လား။
ဒကာတို့တတွေ ဒုက္ခရောက်တဲ့အခါ ငြီးတတ်ကြတယ်၊ မငြီးကြနဲ့လေ “ဒါလောက်တောင် ဒုက္ခရောက်လှတာကို နေကိုမနေချင်တော့ပါဘူး” ဆိုပြီး မငြီးကြနဲ့၊ မသေသေးဘူး၊ ဒုက္ခမကုန်ရင် မသေသေးဘူးဆိုတာ မှတ်ကြ။ သေခါနီးမှာ သောက, ပရိဒေဝ, ဒုက္ခ, ဒေါမနဿ၊ ဥပါယာသဆိုတဲ့ ဒုက္ခတွေက နောက်ထပ်လာအုန်းမယ်၊ ကိုယ်ရှာတဲ့ဒုက္ခ မခံနိုင်၊ ခံနိုင် အောင့်ပြီးသာ ခံကြပေတော့လို့ ပြောလိုက်တယ်၊ ကျေနပ်ကြရဲ့လား။
အိုဇာတာ ကောင်းပါ့မလားဆိုပြီး ဗေဒင်မမေးကြနဲ့
ဒကာ ဒကာမတွေ အခု ဒုတိယစက် (၂)နံပါတ်အကွက်ထဲက မထွက်သေးဘူး။ အဲဒီ ဒုတိယအကွက်ထဲမှာ ရောက်နေကြတယ်၊ ကြည့်ကြ။ ဒကာတို့တတွေ အိုဇာတာ ကောင်းပါ့မလားဆိုပြီး ဗေဒင်မမေးကြနဲ့တော့၊ အိုဇာတာ၊ နာဇာတာ၊ ကောင်းတယ်ပြောရင်လဲ မယုံကြနဲ့တော့၊ ဘယ်နည်းနဲ့မှ မကောင်းပါဘူး၊ သာမန်လူမမာတော့ လူမမာ၊ သူဌေးမမာတော့ သူဌေးလူနာပဲ၊ အားမကျကြနဲ့၊ ဘာရရ ဒုက္ခသစ္စာပဲဆိုတာ မှတ်လိုက်ကြ၊ သဘောပါကြရဲ့လား။
ဒီဒုက္ခသစ္စာခန္ဓာကြီး၊ ဘာကြောင့်ရထားကြသလဲ၊ ဒီဒုက္ခသစ္စာရဖို့ အတိတ်အကြောင်းက ငါးပါးတဲ့၊ အဲဒီငါးပါး လုပ်ပြီးသေရင် ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ ဒီအကျိုးငါးခု၊ ယခုပစ္စုပ္ပန်မှာ ရမှာသေချာတယ်၊ ဒီဟာရပြီး နောက်ရမှာက ဇရာ၊ မရဏ၊ သောက၊ ပရိဒေဝ၊ ဒုက္ခ၊ ဒေါမနဿ၊ ဥပါယာသ၊ ဒါတွေပဲ ရကြမှာ၊ ဒကာတို့ တတွေ ဘယ်ဟာများ ကြိုက်ချင်ကြသေးသတုန်း၊ မကြိုက်ရင် ဒီဒုက္ခတွေက လွတ်အောင် အခုလုပ်လုပ်ကြရမယ်၊ ရှင်းကြပလား။
မှားတာက သမုဒယ၊ ကျွန်ခံတာ က ဒုက္ခ
အခု အလုပ်မလုပ်ရင် ကျွန်အဖြစ်က မလွတ်နိုင်ကြဘူး၊ ကျွန်က အမှားကျွန်ပဲ၊ မှားတာက သမုဒယ၊ ကျွန်ခံတာ က ဒုက္ခ၊ ရှင်းကြရဲ့လား၊ မှားခဲ့တာက သမုဒယသစ္စာ၊ ကျွန်ဆိုတာက ဒုက္ခသစ္စာ ကျေနပ်ပလား။ ဒကာတို့က နဂိုက မှားခဲ့တာဟာ ကိုယ့်တစ်ယောက်တည်း မှားချင်လို့မှားခဲ့တာ၊ ဒီအမှားထဲမှာ နောက်ထပ်ပြီး အိမ်ထောင်ပြုကြတယ်၊ အဲဒါ ဘာကြောင့်လဲ၊ မှားတာကို ငါ့တစ်ယောက်ထဲတွင် မမှားချင်ဘူး၊ အဖော်နဲ့အလှော်နဲ့ မှားချင်လို့ သားပူ၊ သမီးပူ၊ ဆွေပူ၊ မျိုးပူ ခံချင်လို့ပဲ ရိပ်မိကြရဲ့လား။
နဂိုလက်ရှိ ရထားတာက ဒုက္ခသစ္စာ၊ နောက်ရတာကလဲ ဒုက္ခသစ္စာ ဒီတော့ ဘာဖြစ်သလဲ၊ ဒီတော့ ဒကာတို့ဟာ ဒုက္ခ ဒုက္ခသစ္စာရောက်ဖို့ အကြောင်းပဲရှာနေကြတယ်။ အခုလက်ရှိက ဒုက္ခသစ္စာ၊ ကျွေးစရာ၊ မွေးစရာတွေကလဲ ဒုက္ခသစ္စာပဲ၊ ဟုတ်ကြရဲ့လား။ နဂိုက ကိုယ်တိုင်မိုက်ထားရတဲ့အထဲမှာ နောက်ထပ်မိုက်ပြစ်သင့်နေကြတယ်၊ သဘောပါကြ ရဲ့လား၊ ဒကာတို့ဟာ တစ်ခါမိုက်မကဘူး၊ နှစ်ခါမိုက်ဖြစ်နေကြပြီ၊ ဒါနဲ့မှ နောက်ထပ်ပြီး မိုက်အုံးမယ်ဆိုရင် ဘယ်လိုပြော ရမလဲ။
အမှန်အကန်သိရရင် နောက်ထပ်ပြီး မမိုက်ချင်ကြနဲ့တော့ အခုဒကာတို့တတွေ (၂)အကွက်ထဲမှာ ရှိနေကြတယ်၊ မသေကြသေးဘူး၊ သေတော့လဲ ဒုက္ခသစ္စာပဲ၊ ယခု ပစ္စုပ္ပန်မှာလဲ ဒုက္ခသစ္စာရနေတာပဲ၊ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ ဒုက္ခသစ္စာတွေ ရိပ်မိကြရဲ့လား။ ဒီအစမှာ ဝိညာဏ်ဆိုတော့ ပဋိသန္ဓေဝိညာဏ်၊ ဒီမှာ ဇာတိပါလာတယ်၊ ဇာတိပါတော့ ဇာတိနောက်က ဇရာ၊ ဗျာဓိ၊ မရဏဆိုတဲ့ ဒုက္ခတွေပါ ထပ်ချပ်မကွာ ပါလာကြတယ်၊ ရိပ်မိပြီလား။
အခု ဇာတိပြီးပြီ၊ ဇရာကရောက်ဆဲ၊ ဗျာဓိမရဏက မပြီးသေးဘူး၊ မခံနိုင်၊ ခံနိုင် ခံရအုံးမယ်၊ ဒီဒုက္ခတွေဟာ ဒီ (၁)နံပါတ်အကွက်၊ အတိတ်အကြောင်း ငါးပါးကြောင့် ပေါ်လာတာပဲ၊ ဒီအကြောင်းကြောင့် ဒီ ၂-နံပါတ်ထဲက အကျိုးတွေ ခံရတာပဲ၊ ဒကာ ဒကာမတွေ ကံမကောင်းလို့မဟုတ်ဘူး၊ ဒီဒုက္ခတွေရတာ ဘာကြောင့်လဲ၊ အတိတ် အဝိဇ္ဇာ ကြောင့်ပဲလို့ ဆုံးဖြတ်ချက်ချကြ၊ ရှင်းကြပလား။
အနာဂတ် အကျိုး ဒုက္ခသစ္စာပေါ်ဖို့ ရေသောက်မြစ်က ဘယ်သူလဲ
အနာဂတ် အကျိုး ဒုက္ခသစ္စာပေါ်ဖို့ ရေသောက်မြစ်က ဘယ်သူလဲ။ အခု ပစ္စုပ္ပန်က တဏှာပဲလို့ မှတ်လိုက်ကြ။ အခု ပစ္စုပ္ပန်မှာ တဏှာပေါ်ရင် လာမယ့်ဘဝ၊ အနာဂတ်ဒုက္ခသစ္စာ ခန္ဓာအကျိုးပေါ်လာမယ်၊ ရိပ်မိပလား။ အခု ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဒုက္ခသစ္စာထဲမှာပဲ ပစ္စုပ္ပန် ဒုက္ခသစ္စာထဲမှာပဲ အခုဒကာတို့ခန္ဓာ ဘာတွေရနေကြသလဲ၊ မသေခင်ကာလမှာ ငါးပါးတွေပဲ ရနေကြတယ်၊ ပဋိသန္ဓေဝိညာဏ်က ရခဲ့ပြီးပြီ၊ နာမ်ရုပ်တွေ မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ်ဆိုတဲ့ အာယတနတွေ ဖဿတွေ ဝေဒနာတွေ၊ ဒီငါးပါးတွေပဲ ရနေတယ်၊ ဒါဟာ အဝိဇ္ဇာကြောင့် ရတာပဲဆိုတာ ရိပ်မိကြပြီ။
ဒကာ ဒကာမတို့ အဝိဇ္ဇာကြောင့် ကံဖြစ်ပြီး ဒီအကျိုးဒုက္ခတရားတွေ ပေါ်လာကြတာပဲ။ ဒီတော့ ဒီအကျိုးတွေ ပြုတ်အောင် ကံကိုဖြုတ်ကြရမယ်။ အခုကံကို ဖြုတ်ကြစို့။ အဝိဇ္ဇာက စ,လိုက်တော့၊ ကံ၊ သင်္ခါရတွေ ပြုလုပ်မိကြ၊ လုပ်မိကြတော့ ဒီဘဝမှာ ဝိညာဏ်စတဲ့ ဒုက္ခတွေ ရကြတယ်၊ ဒီလိုဒုက္ခ ရကြတာ နောက်ဘဝက အဝိဇ္ဇာရှိလို့ပဲဆိုတာ မှတ်ကြ၊ သဘောပါပလား၊ အခု ဒကာ ဒကာမတွေ ဒုက္ခမျိုးစုံကြပလား၊ မစုံကြသေးပါဘူး၊ အများကြီးကျန်သေးတယ်။
ဒီဒုက္ခတွေလာရင် တရားနဲ့ဝေးကြမယ်
အခု ဒကာ ဒကာမတွေ တရားလာနာနိုင်ကြသေးတယ်၊ ဗျာဓိ၊ မရဏ၊ ဒုက္ခတွေ မလာသေးလို့သာ တရားနာ လာနိုင်ကြသေးတာပါ၊ ရိပ်မိကြပလား၊ ဒီဒုက္ခတွေလာရင် တရားနဲ့ဝေးကြမယ်၊ အိပ်ရာထဲလဲတဲ့ဗျာဓိ၊ ဒုက္ခသစ္စာ၊ ရွာပြင်ထုတ်တဲ့ မရဏဒုက္ခသစ္စာ၊ ဒါတွေ တွေ့ရအုန်းမယ်၊ ဒီနှစ်မျိုး ကျန်နေသေးတယ်၊ ရှင်းကြပလား။ ဇာတိဒုက္ခ တွေ့ပြီးပြီ၊ ဇရာဒုက္ခ တွေ့တုန်းတွေ့ဆဲ၊ ဗျာဓိဒုက္ခ တွေ့ဆဲ၊ တွေ့လတ္တံ့၊ မရဏဒုက္ခကလဲ လာတော့မယ်၊ နေ့လား၊ ညလား၊ အခုလား၊ တော်တော်ကြာမှပဲလားသာ မသိကြတာပါ။ ရိပ်မိကြရဲ့လား။
ဒကာ ဒကာမတို့အတွက် ရှေ့လျှောက်ပြီး ကောင်းစရာများ မြင်သေးသလား၊ ဘယ်တော့မှ ကောင်းစရာ မမြင်တော့ဘူး၊ မကောင်းပေမယ့် လာမှာကတော့ သေချာပြီးသားပဲ၊ ဘာကြောင့် သေချာသလဲ၊ ဒကာတို့တတွေ အတိတ်ဘဝက အဝိဇ္ဇာနဲ့ပြုခဲ့ကြလို့ပဲ၊ ရိပ်မိကြပြီလား၊ အတိတ်ဘဝက အဝိဇ္ဇာနဲ့ပြုခဲ့ကြလို့ပဲ၊ ရိပ်မိကြပြီလား၊ အတိတ် အဝိဇ္ဇာက သမုဒယသစ္စာ၊ အခုရတာက ဒုက္ခသစ္စာ။ ဒကာ ဒကာမတွေ ဒီအဝိဇ္ဇာလက်ချက်နဲ့ မချိမဆန့်ဖြစ်ပြီး သေရမှာ။ ဒုက္ခကြုံပြီး ဒီသမုဒယ စီမံသမျှခံပြီး သေကြရမှာ။ သဘောပါကြရဲ့လား။
ဒကာ ဒကာမတို့ အခု ပဋိစ္စသမုပ္ပါဒ် စက်ဝိုင်းထဲမှာ ဘယ်နှစ်ကွက် ကျန်နေသေးသလဲ။ နှစ်ကွက်ကျန်နေသေး တယ်။ အေး-ဟုတ်ပြီ။ တတိယ (၃)နံပါတ်အကွက်ကို အလုပ်နဲ့ပြရမယ်။ အဲဒီမှာ-ဘုရားပွင့်မယ်ဆိုတာမှတ်ကြ။ (၂)နဲ့ (၃) အကူးကြားထဲမှာ ဘုရားပွင့်မယ်။ ၂-နဲ့ ၃-အကူးမှာ သောတာပန်တည်ချင်ရင် အရေးတကြီး မှတ်ယူကြရမယ်။ ၂-ကနေပြီး ဒုက္ခချုပ်ရာ ကူးချင်ရင်ရတယ်။ ဒီအချက်အလွန်အရေးကြီးတယ်၊ ဒါကြောင့် လေးလေးစားစား မှတ်ရမယ်လို့ သတိပေးလိုက်တယ်၊ ရှင်းကြပလား။
ကိုင်း-နာရီစေ့သွားပြီ၊ နက်ဖြန်မှ ဆက်ကြစို့။
