20408

ပဋိစ္စဖြစ်ပျက် ဒုက္ခစက် တရားတော်

(မှတ်ချက်။ မိုးကုတ်ဆရာတော်ကြီးကိုယ်တိုင် ပဋိစ္စသမုပ္ပါဒ် (စက်ဝိုင်း)ကို ရှင်းပြသောတရားဖြစ်ပါသည်။)

ဆောင်ပုဒ်

အဝိဇ္ဇာနှင့်၊ တဏှာရင်းခံ၊ ဥပါဒါန်၊ ကံကြောင့် ရုပ်နာမ်ပေါ်။

အပင်မှမျိုး၊ မျိုးမှအပင်၊ အမျှင်မပြတ်၊ ဆက်စပ်သည့်ဟန်၊ ကံကြောင့်နာမ်ရုပ်၊ နာမ်ရုပ်ကြောင့်ကံ၊ အဖန်ဖန်၊ ဖြစ်ပြန်နည်းအလျှော်။

ဗြဟ္မာသိကြား၊ စသည်များက၊ ထင်ရှားပြုပြင်၊ စီရင်ဖန်ဆင်း၊ အကြောင်းရင်းကြောင့်၊ ခပင်းလောကဓာတ်၊ လူနတ်များစွာ၊ သတ္တဝါတို့၊ ဖြစ်လာရမှု၊ မဟုတ်ဟု၊ ဉာဏ်ဖြင့်ရှု၍မြှော်။

လင်္ကာ

မူလနှစ်ဖြာ၊ သစ္စာနှစ်ခု၊ လေးခုအလွှာ၊ အင်္ဂါဆယ့်နှစ်ပါး၊ တရားကိုယ်များနှင့်၊ သုံးပါးအစပ်၊ နှစ်ရပ်မူလ၊ ဝဋ်သုံးဝနှင့် ကာလသုံးဖြာ၊ ခြင်းရာနှစ်ဆယ်၊ ဤရှစ်သွယ်ကို၊ အလွယ်ကျက်မှတ်၊ သိစေအပ်သည်၊ သံသရာဝဋ်မှ လွတ်ကြောင်းတည်း။

အထူးမှတ်

အထက်စက်ဝိုင်းပါ၊ ဝေဒနာနိရောဓာ၊ တဏှာနိရောဓောဟူသော ဖြတ်လမ်း၏အလုပ် လုပ်စဉ်မှာ ဝေဒနာကို အနိစ္စမြင်လျှင်၊ ဝိပဿနာမဂ်၊ ဝင်လာသောကြောင့် ပဋိစ္စသမုပ္ပါဒ်စက် ပြတ်လေ၏။

ထို့အတူ ဝေဒနာနှင့် သဟဇာတ၊ တကွဖြစ်ဘက်ဖြစ်ကြသည့် သညာ၊ သင်္ခါရ၊ ဝိညာဏ်၊ ရုပ်၊ ဝိတက်၊ ဝိစာရ တို့ကိုသော်လည်း ရှုနိုင်ကြပါ၏။ ဤရှုမှတ်နည်းမှာ “နိဒါနဝဂ္ဂသံယုတ်ပါဠိတော်၊ သမ္မသနသုတ်” တွင်လာသော ရှုမှတ်နည်း ဖြစ်ပါ၏။

စက်ဝိုင်းဒေသနာအတွက်၊ ရှင်းလင်းသိမှတ်ရန်၊ အချက်အလက်များ

အင်္ဂါအစိတ်အပိုင်း ဆယ့်နှစ်ပါး …

အဝိဇ္ဇာ၊ သင်္ခါရ၊ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ တဏှာ၊ ဥပါဒါန်၊ ဘဝ၊ ဇာတိ၊ ဇရာမရဏ။

မူလအကြောင်းရင်းနှစ်ပါး …

၁။ အတိတ်အကြောင်း၏အစ၊ မသိမှု၊ အဝိဇ္ဇာသည် မူလတပါး။

၂။ ပစ္စုပ္ပန်အကြောင်း၏အစ၊ တပ်မက်မှု တဏှာသည် မူလတပါး။

ကြောင်းကျိုးနှစ်ဖြာ၊ ခြင်းရာနှစ်ဆယ်၊ အလွှာဝယ်လေးထပ်၊ အစပ်သုံးဖြာ၊ သစ္စာနှစ်ပါး၊ သိဖွယ်များ။

၁။ အဝိဇ္ဇာ၊ သင်္ခါရ၊ တဏှာ၊ ဥပါဒါန်၊ ဘဝ၊ အတိတ် အကြောင်းအခြင်းအရာ ငါးပါး။ အလွှာအားဖြင့် တခု၊ သမုဒယသစ္စာစု။

၂။ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ ပစ္စုပ္ပန်အကျိုး၊ အခြင်းအရာငါးပါး။ အလွှာအားဖြင့် တခု၊ ဒုက္ခသစ္စာစု။

၃။ တဏှာ၊ ဥပါဒါန်၊ ဘဝ၊ အဝိဇ္ဇာ၊ သင်္ခါရ၊ ပစ္စုပ္ပန်အကြောင်း၊ အခြင်းအရာငါးပါး။ အလွှာအားဖြင့် တခု၊ သမုဒယသစ္စာစု။

၄။ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ အနာဂတ်အကျိုး၊ အခြင်းအရာငါးပါး။ အလွှာအားဖြင့် တခု၊ ဒုက္ခသစ္စာစု။

အစပ်အားဖြင့်၊ လေးလွှာဖြစ်၍ သုံးစပ်ရသည်ဟူ၍မှတ်။ အစပ်သုံးပါး၊ တနည်းကား။

၁။ သင်္ခါရနှင့် ဝိညာဏ် နှစ်ရပ်က တစပ်,စပ်။

၂။ ဝေဒနာနှင့် တဏှာ၊ နှစ်ရပ်က တစပ်,စပ်။

၃။ ဘဝ (ကမ္မဘဝ)နှင့် ဇာတိ, နှစ်ရပ်က တစပ်,စပ်။

ကာလသုံးပါး –

၁။ အဝိဇ္ဇာ၊ သင်္ခါရက အတိတ်ကာလ။

၂။ ဝိညာဏ်အစ၊ ကမ္မဘဝအဆုံး၊ အလယ်ရှစ်ပါးက ပစ္စုပ္ပန်ကာလ။

၃။ ဇာတိ၊ ဇရာမရဏက အနာဂတ်ကာလ။

ဝဋ်သုံးပါး –

၁။ အဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်၊ သုံးခုက ကိလေသဝဋ်။

၂။ သင်္ခါရနှင့် ကမ္မဘဝနှစ်ခုက ကမ္မဝဋ်။

၃။ အကြွင်းတရား ရှစ်ခုက ဝိပါကဝဋ်။

အစပ်သုံးရပ် ဉာဏ်ဖြတ်ရန်

၁။ ဝေဒနာနှင့် တဏှာအစပ်ကို ဝိပဿနာဉာဏ်ဖြင့်ဖြတ်။

၂။ သင်္ခါရနှင့် ဝိညာဏ်အစပ်ကို ဂေါတြဘူဉာဏ်ဖြင့်ဖြတ်။

၃။ ကမ္မဘဝနှင့် ဇာတိအစပ်ကို မဂ်ဉာဏ်ဖြင့်ဖြတ်။

********

တရားသား

ပဋိစ္စသမုပ္ပါဒ်တရားကို ရှင်းပြမယ်

ဒကာ ဒကာမတွေ ဒီကနေ့ကစပြီး ပဋိစ္စသမုပ္ပါဒ်တရားကို ရှင်းလင်းပြောပြရမယ်၊ စူးစူးစိုက်စိုက် သတိထားပြီး ကြိုးစားနာယူကြလို့ သတိပေးလိုက်တယ်။

ဒကာ ဒကာမတွေ ဘုရားဖြစ်တော်မူတာ ဘာကြောင့်လဲ၊ သိကြရဲ့လား၊ ဘုရားဖြစ်တာ သူ့ပဋိစ္စသမုပ္ပါဒ်ပြတ် သွားလို့ ဖြစ်တာပဲ၊ ပဋိစသမုပ္ပါဒ်ပြတ်ပြီး အလုံးစုံသောဝဋ်က ကျွတ်လွတ်သွားလို့ ဘုရားဖြစ်တာပဲ၊ ရှင်းကြရဲ့လား။ ဘုရားဟာ ပဋိစ္စသမုပ္ပါဒ် ဝဋ်အဆင့်ဆင့်ဖြတ်ပြီး သောတာပန်ကစ,ဖြစ်တော်မူရတာပဲ၊ ဘုရားလဲ သောတာပန်ကစပြီး ဆိုင်ရာပဋိစ္စသမုပ္ပါဒ် ဖြတ်တော်မူရတယ်၊ သဘောပါကြရဲ့လား။

ဒကာ ဒကာမတွေလဲ သောတာပန်ဖြစ်ချင်ရင် ဆိုင်ရာပဋိစ္စသမုပ္ပါဒ် ဖြတ်ကြရမယ်၊ ရိပ်မိပလား။ ဖြတ်တော့ ဘယ် ပဋိစ္စသမုပ္ပါဒ် ဖြတ်ရမလဲ။ သိကြရဲ့လား။ ဒကာတို့ လက်ရှိခန္ဓာ ပဋိစ္စသမုပ္ပါဒ် ဖြတ်ရမှာပဲလို့ မှတ်ကြ။ ဒီခန္ဓာက ပဋိစ္စသမုပ္ပါဒ်ခန္ဓာကြီး ဘဝစက် အဆက်မပြတ် လယ်နေတဲ့ခန္ဓာကြီးပဲ၊ ယခုဘဝက ပြီးတဲ့နောက်၊ အနာဂတ်ဘဝ ခန္ဓာလှည့်သွားရမယ်၊ ရှင်းကြရဲ့လား။

ပဋိစ္စသမုပ္ပါဒ်ပြတ်ရင် နိဗ္ဗာန်ပဲ

ဒီဘဝက စုတိနဲ့ ဟိုဘက်ဘဝ ပဋိသန္ဓေ ဆက်နေတယ်၊ အဲဒါလဲ ပဋိစ္စသမုပ္ပါဒ်ပဲ၊ ကံနဲ့အကျိုးပေးဆက်တာလဲ ပဋိစ္စသမုပ္ပါဒ်ပဲ၊ သဘောပါကြပလား။ ဒါတွေပြတ်ရင် ပဋိစ္စသမုပ္ပါဒ်ပြတ်တာပဲ၊ ပဋိစ္စသမုပ္ပါဒ်ပြတ်ရင် နိဗ္ဗာန်ပဲဆိုတာ မှတ်ကြ၊ ကျေနပ်ပလား။ ဒကာ ဒကာမတွေ နိဗ္ဗာန်လိုချင်ရင် ခန္ဓာ့ပဋိစ္စသမုပ္ပါဒ် ပြတ်မှပဲ၊ ခန္ဓာ့ပဋိစ္စသမုပ္ပါဒ်ပြတ်မှပဲ၊ ခန္ဓာ့ပဋိစ္စသမုပ္ပါဒ်ပြတ်မှ အနုပါဒိသေသ နိဗ္ဗာန်ရကြမယ်၊ ရှင်းကြပလား။

ဒီတော့ ခန္ဓာ့ ပဋိစ္စသမုပ္ပါဒ်ပြတ်ဘို့ အရေးဟာ နိဗ္ဗာန်ရဘို့အရေးပဲဆိုတာ မှတ်လိုက်ကြ၊ သဘောပါပလား။

ဒကာ ဒကာမတွေ ခန္ဓာ့ပဋိစ္စသမုပ္ပါဒ် ပြတ်တဲ့နည်းကို သိကြရဲ့လား၊ မသိကြဘူး၊ အဲ ခန္ဓာ့ပဋိစ္စသမုပ္ပါဒ် ပြတ်နည်း မသိတာကဘာလဲ၊ အဝိဇ္ဇာပဲလို့ မှတ်လိုက်ကြ။ ဒီအဝိဇ္ဇာလက်ချက် ဆိုးရွားပုံ အဓိပ္ပါယ်ကို ဆက်ပြီးပြောရမယ်။ ဒကာ ဒကာမတွေကို ဘယ်သူက ဖြစ်စေသလဲ၊ ဒကာ ဒကာမတွေ ဘာ့ကြောင့် လူဖြစ်လာရတာလဲဆိုရင် တို့အဖေနဲ့ အမေကမွေးလို့၊ လူဖြစ်ရတယ်၊ အမေ၊ အဖေက သားသမီးမွေးလို့ ဖြစ်တာပဲလို့ ဆိုချင်ဆိုကြမယ်။

သားသမီးဖြစ်ကြောင်း

အဲဒီလိုမဆိုကြနဲ့၊ အဲဒီလိုမယူကြနဲ့၊ အဲဒီလိုယူရင် အားလုံးမမှန်နိုင်ဘူး၊ အမိ၊ အဖသည် သားသမီးဖြစ်ကြောင်း လို့ယူရင် အလုံးစုံမမှန်နိုင်ဘူး၊ တစ်စိတ်တစ်ဒေသသာ မှန်တယ်၊ အကုန်မမှန်ဘူးလို့မှတ်ကြ၊ လူတိုင်း အိမ်ရာထောင်ကြ ပေမယ့် တချို့တွေမှာ သားသမီးမထွန်းကားကြဘူးဆိုပြီး၊ စောဒကတချက် ဝင်ရင်လဲရတယ်၊ ဒါကြောင့် ဒီအယူမဟုတ်ဘူး လို့မှတ်ကြ၊ ဘာကြောင့်လဲ၊ စောဒကဝင်စရာရှိလို့ပဲ၊ သဘောပါပလား၊ ဒါဟာ ဝေးတဲ့အကြောင်းပဲလို့ မှတ်လိုက်ကြ၊ အဖေ၊ အမေက ဝေးတဲ့အကြောင်းတစ်ခုပဲ။

ဒကာ ဒကာမတွေ နောက်တစ်ခု စဉ်းစားပြန်တော့ ထာဝရက ဖန်ဆင်းတာတဲ့၊ ထာဝရက ဖန်ဆင်းလို့ ဖြစ်ရတာ လို့ဆိုကြတယ်၊ ခရစ်ယာန်တွေ မဟာမေဒင်တွေ ယူကြတယ်၊ ဒါလဲ အကြောင်းမကုန်ဘူး၊ ရှေ့တဆင့်တက်ပြီး ထာဝရကို ကော ဘယ်သူက ဖန်ဆင်းပေးတာလဲလို့ မေးစရာကျန်နေတယ်၊ ဒါကြောင့် ဒီအယူဟာလဲ အကြောင်းမကုန်လို့ မဟုတ် သေးဘူးလို့ဆိုတာမှတ်ကြ။

နောက်ပြီး ဟိန္ဒူဝါဒက ဗြဟ္မာကြီးရဲ့ ခေါင်း၊ ကိုယ်၊ လက်၊ ခြေဆိုတဲ့ လေးဌာနက အမျိုးလေးပါးကို မွေးဖွားယူ တယ်လို့ ဆိုကြပြန်တယ်၊ ရှေ့ဆက်ပြီး ဒီလိုဖြင့် ဒီဗြဟ္မာကြီးကို ဘယ်သူက တည်ထောင်ပေးသလဲဆိုတဲ့ မေးခွန်းထွက်နေ တယ်၊ ဒီအယူလဲ မေးစရာကျန်လို့ မဟုတ်ဘူးလို့မှတ်ကြ၊ ဒါကြောင့် မေးစရာကျန်လို့ မလုံလောက်ဘူးလို့ မှတ်ရမယ်၊ သဘောပါကြပလား။

သံသယရှိစရာတွေ့ရတယ်

အမေ၊ အဖေကြောင့်ယူတဲ့အယူက မနှံ့စပ်ဘူး၊ ဟိန္ဒီ၊ ဗြဟ္မဏ၊ မဟာမေဒင်၊ ခရစ်ယာန်အယူတွေက မလုံလောက်ဘူး၊ သံသယရှိစရာတွေ့ရတယ်၊ အားလုံး သံသယရှိစရာချည်းပဲ၊ ရှေးကဒီသံသယနဲ့ပဲ သေသွားကြရတယ်၊ ဒီသံသယနဲ့ပဲ သံသရာရှည်ခဲ့ကြရတယ်၊ ရိပ်မိကြရဲ့လား၊ ငါဟာ ဒီအဖြစ်ကို ဘာကြောင့်ရသလဲဆိုပြီး သံသယဖြစ်လာ တယ်၊ ရှေ့က ဒီသံသယရှိပြီး ဒါနဲ့ပဲ ဒုက္ခရောက်ခဲ့ကြရတယ်ဆိုရင် မလွဲဘူး။

ဘုရားကလဲမပွင့်၊ မပွင့်တော့ ဆရာကောင်းနဲ့လဲ မတွေ့ရ၊ မတွေ့ရတော့ ဒီသံသယ ဖျောက်ပေးနိုင်သူ မတွေ့ရတော့ဘူး၊ ရှင်းကြရဲ့လား၊ ငါသည် ဘယ်လိုဟာလဲ၊ ငါဟာ ဘယ်လိုငါပါလိမ့် စတဲ့ ဒိဋ္ဌိဝင်လာတယ်၊ ဒိဋ္ဌိဝင်တော့ ဝိစိကိစ္ဆာလဲ ဝင်လာတော့တာပဲ၊ သဘောပါကြပလား၊ ဘုရားမပွင့်တဲ့အခါ ဘယ်သူကမှ ဖျောက်မပေးနိုင်ကြဘူးဆိုတာ မှတ်လိုက်ကြ။

ဒီ နာမ်တွေ ရုပ်တွေဟာ ငါပဲလားဆိုပြီး ဒိဋ္ဌိ၊ ဝိစိကိစ္ဆာဝင်တာဟာ ပဋိစ္စသမုပ္ပါဒ်နားမလည်လို့ပဲ၊ နားမလည်ရင် ဒါတွေဝင်လာ အားလုံးအပါယ်သွားကြ။ ပဋိစ္စသမုပ္ပါဒ် နားမလည်ဘဲ ဒိဋ္ဌိ၊ ဝိစိကိစ္ဆာနဲ့သေ၊ ဒါနဲ့သေရင် အားလုံး အပါယ်သွားကြရမယ်ဆိုတာ မှတ်လိုက်ကြ၊ သတ္တဝါတွေ အပါယ်သွားများတာဟာ ဒီပဋိစ္စသမုပ္ပါဒ် နားမလည်လို့ပဲ၊ ဒါကြောင့် အပါယ်သွားမှုပိတ်မှု၊ အပါယ်လမ်းပိတ်မှုဟာ၊ ဒီပဋိစ္စသမုပ္ပါဒ် ဟောမှု၊ ပြောမှုပဲဆိုတာ ဆုံးဖြတ်ချက်ချကြ၊ ရှင်းလား။

ဒိဋ္ဌိ၊ ဝိစိကိစ္ဆာ မပယ်လို့ အပါယ်သွား

အပါယ်ပိတ်မှုဟာ ဒိဋ္ဌိဝိစိကိစ္ဆာ သတ်မှုဖြစ်တဲ့ ပဋိစ္စသမုပ္ပါဒ် နားလည်ရမယ်ဆိုတာ ရိပ်မိကြပြီ၊ အခု ဒကာ ဒကာမတွေဟာ ကံထူးတဲ့သူတွေပဲလို့သာ မှတ်ကြတော့။ ပဋိစ္စသမုပ္ပါဒ် နားမလည်လို့ သစ္စာလဲမသိ၊ မသိတော့ ဒိဋ္ဌိ၊ ဝိစိကိစ္ဆာလဲမပယ်နိုင်၊ သစ္စာမသိလို့ သံသရာရှည်။ ဒိဋ္ဌိ၊ ဝိစိကိစ္ဆာ မပယ်လို့ အပါယ်သွား၊ အပါယ်သွားနဲ့ သံသရာရှည် ဒါပဲ လွဲနေတယ်၊ တို့ဒကာ ဒကာမတွေ ဘယ်ဟာ ကြိုက်ကြတုန်း၊ ဘယ်ဟာမှမကြိုက်ရင် ကြိုးစားကြ၊ ဒါလေး နားလည်ကာ မတ္တနဲ့ အပါယ်တစ်ဘဝ ပိတ်တယ်၊ ရှင်းပလား။

ဒီ ပဋိစ္စသမုပ္ပါဒ်သိရင် သောတာပန်၊ အမြန်တည်မယ်၊ မတည်သေးလဲ အပါယ်ကလွတ်တယ်။ အခု ဒကာ ဒကာမတွေ ဒီ ပဋိစ္စသမုပ္ပါဒ်အဝိုင်းထဲ ရောက်နေကြတယ်၊ ဒါကို ဆရာသမားကပြလို့ ဟောလို့ ဒီအဝိုင်းက လွတ်ရတော့ မယ်၊ ကျေနပ်ကြပလား၊ ဒကာတို့ ရှေးက နေခဲ့ထိုင်ခဲ့သမျှဟာ သားရေး၊ သမီးရေး၊ စီးပွားရေး၊ ကြီးပွားရေးတွေနဲ့ သံသရာလမ်း၊ ပဋိစ္စသမုပ္ပါဒ်လမ်းချည်းပဲ၊ ပေါ်ကြပလား။

ဒီခန္ဓာ ဘယ်သူတည်ထောင်တာလဲ၊ ဟိန္ဒီ၊ မဟာမေဒင်၊ ခရစ်ယာန်၊ အမိ၊ အဘဆိုတဲ့ အထက်ကပြောခဲ့တဲ့ အယူတွေအားလုံး မမှန်ဘူး၊ လေးချက်လုံးလွဲတယ်၊ ဒကာ ဒကာမတွေက လွဲတာသိရရင် အမှန်အစစ်ကို ရှာကြရမယ်၊ ရိပ်မိပလား၊ ဒကာ ဒကာမတွေ အခုတရားနာနေတာ ခန္ဓာငါးပါးနဲ့ နာနေကြတာ၊ ဘယ်သူတည်ထောင်လို့ ရထားကြတာ လဲ၊ တို့ဒကာတွေ သိဖို့က ပုဂ္ဂိုလ်မရှိ၊ သတ္တဝါမရှိ၊ ဓမ္မသာရှိတယ်၊ ဒီဓမ္မက တည်ထောင်တယ်လို့မှတ်ကြ။

သတ္တဝါတွေရဲ့ အစ, ရှာမယ်

မြတ်စွာဘုရားသခင် ဘုရားဖြစ်တော်မူစမှာ၊ သတ္တဝါတွေရဲ့ အစ, ရှာမယ်ဆိုပြီး ရှာကြည့်တော်မူတယ်၊ ဟိုဘဝ၊ ဒီဘဝ၊ တိရစ္ဆာန်ဘဝ၊ လူဘဝ၊ နတ်ဘဝ စသည်အားဖြင့် သတ္တဝါတစ်ဦးတစ်ယောက်ရဲ့ အကြောင်းကို ရှာကြည့်တောမူရာ မှာ မဆုံးနိုင်ဘူး၊ အသေတွေ၊ အနေတွေ များခဲ့တာပဲ တွေ့မြင်တော်မူရတယ်၊ အသေ၊ အနေ မဆုံးနိုင်အောင် များတာ တွေ့ပေမယ့်၊ ပုဂ္ဂိုလ်အစ၊ သတ္တဝါအစ၊ မြင်တော်မမူဘူး၊ ပုဂ္ဂိုလ်အဖြစ်နဲ့ တွေးလို့တော့ မဆုံးနိုင်တော့ဘူး၊ သဘောပါ ပလား။

ဒီအဓိပ္ပါယ်ဟာ နိဒါနဝဂ္ဂ အနမတဂ္ဂ သံယုတ်မှာ လာတယ်လို့မှတ်ကြ။ ဒကာ ဒကာမတွေ အနေ၊ အသေ၊ ဘယ်လောက်များခဲ့သလဲဆိုတာ တွေးလို့မဆုံးနိုင်ဘူး၊ ပုဂ္ဂိုလ်အစကို မမြင်ရဘူး၊ ဘယ်ခန္ဓာကစပြီး ဖြစ်တာလဲလို့ တွေးတော့၊ အစကုန်အောင် မမြင်ရဘူး၊ ဘယ်လောက်ရှည်တယ်လို့ကို မပြောနိုင်အောင်ပဲ များပြားလှတယ်၊ အသေချင်း၊ အနေချင်းဟာ စပ်ပြီးနေတော့တာပဲ၊ ရိပ်မိကြပလား၊ အခုရှိတဲ့ မြေပြင်ကြီးဟာ ဒကာ ဒကာမတို့ရဲ့ အသားတွေ၊ အရိုးတွေပဲလို့သာ မှတ်ကြတော့။

ဒကာ ဒကာမတို့ အခုအောက်ကခံနေရတဲ့ ရေတွေ၊ မြေတွေဟာ ငါတို့ အသား၊ အသွေး၊ အရိုး၊ အရေတွေခံနေ တာပဲလို့သာ ဆုံးဖြတ်ချက်ချကြ၊ ရှင်းပလား၊ ဘုရားက အင်မတန်ကြီးကျယ်တဲ့ဉာဏ်နဲ့ တွေးတာ၊ ဒီဘဝကနေ၊ နောက် ဆုတ်, ဆုတ်ပြီး တွေးကြည့်တာ၊ အစကို မတွေ့ရဘူး။

မသိအပ်သော အစ, ရှိတယ်

”အနမတဂ္ဂေါယံ ဘိက္ခဝေ သံသာရော၊ ပုဗ္ဗာ ကောဋိန ပညာယတိ၊ အဝိဇ္ဇာနီဝရဏာနံ သတ္တာနံ တဏှာသံယော ဇနာနံ သန္ဓာငတံ သံသရတံ”။

ဘုရားရှင်က အင်မတန်လျင်မြန်တဲ့ ဉာဏ်တော်နဲ့တွေးတာ၊ သတ္တဝါအစကို ရှာမတွေ့ဘူး၊ ဆုံးကိုမဆုံးနိုင်တော့ ဘူး၊ ရှင်းကြရဲ့လား။

ဒါကြောင့် မသိအပ်သော အစ, ရှိတယ်လို့ ဟောတော်မူတယ်၊ ဒါတွေကိုကြည့်နေရင် လူတစ်ယောက်တည်းရဲ့ အကြောင်းကို ကြည့်ရတာနဲ့ပဲ မဆုံးနိုင်တော့၊ တရားဟောချိန်မရှိတော့ဘူး၊ ဘယ်လောက်ရှည်တယ်ဆိုတာ ပြောမဖြစ် တော့ဘူး၊ ဒီတော့ ဒကာ ဒကာမတွေ ရှေးက သေခဲ့တာတွေနေခဲ့တာတွေဟာ သံသရာရှည်လှပြီဆိုတဲ့ အဓိပ္ပါယ်ပေါ်ကြ ပလား၊ ဒါနဲ့မှ နောက်ထပ်ရှည်ချင်ဦးမယ်ဆိုရင် ဘယ့်နှယ်ဆိုရမတုန်း။

ကိုယ့်အသား၊ ကိုယ့်အရိုးတွေက ဖြစ်တဲ့မြေပေါ်မှာနေနေကြ၊ ကိုယ့်အသား၊ ကိုယ့်အရိုးပေါ်မှာပဲ အပင်တွေ ပေါက်လာ၊ ဒီအပင်က အသီးအပွင့်တွေပဲ ပြန်စားကြရ၊ ကိုယ့်မြေကိုယ် ပြန်စားနေကြရတာပဲ၊ အဲဒါမှ ကိုယ့်မြေပိုင်အစစ် လို့ မှတ်လိုက်ကြ၊ ရှင်းကြရဲ့လား၊ ဒါမှ မြေပိုင်ရှင်အစစ်တွေပဲ၊ ကိုယ့်အသား၊ အရိုးကို ဒီပေါ်မှာချ၊ မြေဩဇာဖြစ်ရ၊ ဒီပေါ်ပြန်စိုက် အပင်တွေ ပြန်ပေါက်လာ၊ ကိုယ်တိုင်ပြန်စား၊ ဒါမြေကောင်း ဟုတ်ပါအုံးမလား၊ မြေကောင်းမဟုတ်ဘူး။

မြေကြီးကြီးပွားရေး နောက်ထပ် မလုပ်ကြနဲ့တော့

ဒကာ ဒကာမတွေ ဒီမြေဟာ မြေကောင်းမဟုတ်တော့ဘူး၊ မင်္ဂလာမြေမဟုတ်တော့ဘူး၊ အိမ်ဆောက်တဲ့အခါ အန္တရာယ်ကင်းအောင်၊ မင်္ဂလာဖြစ်အောင်၊ ပရိတ်ရွတ်၊ ကမ္မဝါဖတ်၊ ဖတ်ကြပေမယ့် မကောင်းတော့ဘူး၊ ကောင်းနိုင်ပါအုံး မလား၊ စဉ်းစားကြည့်ကြ၊ အန္တရာယ်ကင်းအောင် လုပ်ကြပေမယ့် မကောင်းတော့ဘူး၊ ဒါကြောင့် ဒကာ ဒကာမတွေ မြေကြီး၊ ကြီးပွားရေး နောက်ထပ် မလုပ်ကြနဲ့တော့၊ လျှော့ကြတော့လို့ သတိပေးလိုက်တယ်။

ဤကုသိုလ်ကြောင့်၊ လူ့ပြည်၊ နတ်ပြည်၊ အကြိမ်ကြိမ် ခံစား၊ စံစားရပါလို၏လို့ ဆိုကြတယ်၊ ဒီလိုဆိုတာ သာမညမဟုတ်ဘူး၊ တပည့်တော်တို့ အဖန်ဖန် သေခြင်းဆိုးနဲ့ ဖြစ်ရပါလို၏လို့ ဆိုလိုက်တာပဲ၊ အဲဒါဟာ မြေကြီး ကြီးပွားရေး လုပ်တာပဲလို့မှတ်ကြ၊ သဘောပါပလား၊ ဗြဟ္မာဖြစ်ရပါလို၏ဆိုတော့၊ မသာကြီးချ၊ ချရပါလို၏ဆိုတာပဲ၊ ဗြဟ္မာက အထည်ကိုယ်ကြီးတော့ မသာကြီးချပဲ၊ နတ်ပြည်၊ ဗြဟ္မာပြည်တောင်းတာဟာ အကြိမ်ကြိမ် သေရပါလို၏ဆိုတာ ပဲ၊ ရှင်းကြရဲ့လား။

လူ့ပြည်ကတော့ မြေကြီး၊ ကြီးပွားရေး၊ မြေကြီး ကြီးပွားရေးရယ်၊ အဖန်ဖန်သေရယ်၊ မသာကြီးချရယ်၊ ဒကာ ဒကာ မတို့တတွေ ဘယ်ဟာကြိုက်ကြသတုန်း၊ အေး-ဘယ်ဟာမှ ကြိုက်စရာမပါဘူး၊ အားလုံးဟာ “မရဏံ ပိ ဒုက္ခသစ္စံ” ဒုက္ခသစ္စာပဲ၊ သဘောပါကြပလား၊ မကောင်းတာသိရင် နောက်ထပ်ဘဝ မလိုချင်ဘူး၊ မလိုချင်ရင်၊ မရချင်ရင်၊ ဒိဋ္ဌိနဲ့ ဝိစိကိစ္ဆာ သတ်ကြရမယ်၊ ဒိဋ္ဌိ၊ ဝိစိကိစ္ဆာသတ်ရင် ဒီဘဝပဲ နိဗ္ဗာန်ရနိုင်ကြမယ်။

စက်ဝိုင်းကိုကြည့်ကြ

ကိုင်း-ဒိဋ္ဌိ၊ ဝိစိကိစ္ဆာ သတ်ကြစို့၊ ဒီပုံစံစက်ဝိုင်းကိုကြည့်ကြ၊ ဒီစက်ဝိုင်းထဲမှာအ လက်ယာဘက်ထိပ် ၁-နံပါတ်အကွက်က “အတိတ်အကြောင်းအခြင်းအရာငါးပါး” တဲ့၊ ဒီအတိတ်အကြောင်းအခြင်းအရာ ငါးပါးဆိုတာက လွန်ခဲ့တဲ့ အတိတ်ဘဝက ဖြစ်ခဲ့တာပဲလို့မှတ်ကြ၊ ဒီငါးပါးဟာ အတိတ်ကဖြစ်ခဲ့တာပဲ၊ ဒီငါးပါးက ဘာတဲ့လဲ၊ အဝိဇ္ဇာ၊ သင်္ခါရ၊ တဏှာ၊ ဥပါဒါန်ဘဝ မြင်ကြရဲ့လား။

ဒကာတို့ အခုလက်ရှိ ခန္ဓာကို ဘယ်သူက တည်ထောင်တာတုန်း၊ ပုဂ္ဂိုလ်သတ္တဝါက တည်ထောင်တာမဟုတ်ဘူး၊ ဓမ္မက တည်ထောင်တာပဲ၊ ဘယ်တုန်းကလဲ၊ အတိတ်တုန်းကပဲ။ ဒကာ ဒကာမတို့ အခုလက်ရှိ ခန္ဓာငါးပါး ဘယ်တုန်းက တည်ထောင်တာလဲ၊ အတိတ်တုန်းက ဘယ်သူက တည်ထောင်တာလဲ၊ ဓမ္မက တည်ထောင်တာပဲ၊ ဘယ်ဓမ္မတွေကလဲ၊ အဝိဇ္ဇာ၊ သင်္ခါရ၊ တဏှာ၊ ဥပါဒါန်၊ ဘဝဆိုတဲ့ ဒီဓမ္မတွေကအ တည်ထောင်လိုက်တာ ရှင်းကြပလား။

ဒီအတိတ် အကြောင်းအခြင်းအရာ ငါးပါးက လူ့ခန္ဓာဖြစ်စေတဲ့ တရားငါးပါးပဲ၊ ပေါ်ကြပလား၊ ဒီငါးပါးက ဘယ်ဟာလဲ၊ အဝိဇ္ဇာ၊ သင်္ခါရ၊ တဏှာ၊ ဥပါဒါန်၊ ဘဝ၊ ဒီငါးပါးပဲ၊ ထပ်တလဲလဲ ပြောနေတယ်၊ ကျေအောင်၊ မှတ်မိအောင် မှတ်ကြ။ ဒကာတို့တတွေ ဘာတွေလုပ်ခဲ့သလဲ၊ အတိတ်က ဒါတွေကို လုပ်ခဲ့ကြတယ်၊ ဒီငါးမျိုး တည်ထောင်ခဲ့လို့ ဒီငါးမျိုးက တည်ထောင်လို့ ခန္ဓာရလာကြတယ်။ ဒီကနေ့အတွက် အဓိပ္ပါယ်ကို ဒီလိုပဲ ခပ်ကြမ်းကြမ်း မှတ်ထားကြအုန်း။ နောက်တော့ စိပ်လာမယ်။

အဝိဇ္ဇာဆိုတာ သင်္ခါရဆိုတာ

ဒကာ ဒကာမတွေ အဝိဇ္ဇာဆိုတာဘာလဲ၊ အဝိဇ္ဇာဆိုတာ မသိတာ၊ သစ္စာလေးပါး မသိတဲ့တရားဟာ အဝိဇ္ဇာပဲလို့ မှတ်ထားကြ၊ သူက ခေါင်းဆောင်နေတယ်၊ နောက်ဘဝက သစ္စာမသိတဲ့ အလွန်မိုက်မဲတဲ့ အဝိဇ္ဇာက ဝမ်းထဲမှာ ကိန်း နေတယ်၊ ရှိနေခဲ့တယ်၊ ဒီအလွန်ယုတ်မာတဲ့ ခေါင်းဆောင်ကြီးဟာ၊ ဒကာတို့သန္တာန်မှာ ကိန်းနေတယ်ဆိုတာ ရိပ်မိကြ ပလား။ သူက ရှိနေတာနဲ့ သင်္ခါရက ပြုပြင်တယ်၊ လူ့ပြည်ရချင်လို့ သင်္ခါရက ပြုပြင်တာ၊ မသိတဲ့သူက ပြုပြင်ခိုင်းလို့ပဲ ပေါ်ကြပလား။

ဒီသင်္ခါရဆိုတာ စေတနာပဲ၊ ဒကာတို့တတွေ သင်္ကန်း၊ ဆွမ်း၊ ကွမ်းစတဲ့ ဒါနဝတ္ထုတွေ လှူဒါန်းပေးကမ်းပြီး၊ နောက်ဘဝ လူချမ်းသာဖြစ်ရပါလို၏၊ ရရပါလို၏နဲ့ဆိုပြီး ဆုတောင်းယူခဲ့ကြတယ်၊ လှူဒါန်းတာက စေတနာ၊ ကုသိုလ် သင်္ခါရ၊ ဆုတောင်းယူတာက တဏှာ၊ ကုသိုလ်သင်္ခါရပြုပြီး တဏှာနဲ့ ဆုတောင်းယူခဲ့ကြတယ်၊ ရှင်းကြပလား။

အဝိဇ္ဇာက မသိတာ၊ သင်္ခါရက ကုသိုလ်ပြု၊ တဏှာနဲ့ဆုတောင်း၊ မရမနေနိုင်ဘူးဆိုတော့ ဥပါဒါန်ကလဲ တပါတည်း စွဲလမ်းလိုက်တော့တာပဲ၊ နောက်ပြီး ကာယကံနဲ့ရှိခိုး၊ ဝစီကံနဲ့ဆုတောင်းဆိုတောလည်း ကံနဲ့ ပြုပြင်လိုက်တာပဲ၊ အဲဒါ ဘဝဆိုတဲ့ ကမ္မဘဝပဲလို့ မှတ်ကြ၊ ရှင်းကြပလား၊ ကုသိုလ်တရားဟာ နိဗ္ဗာန်ကိုလည်း ပေးနိုင်တယ်၊ လူ, နတ်ချမ်းသာ ကိုလည်း ပေးနိုင်တယ်။ ဒကာတို့က နိဗ္ဗာန်တော့မတောင်းဘဲ၊ လူ၊ နတ်တောင်းကြလို့ အခု ဒုက္ခခန္ဓာကြီး ကိုယ်ပိုင်လက်ရှိ ရလာကြတော့တယ်။

သစ္စာမသိတဲ့တရားရဲ့ အုပ်ချုပ်ရေးခံရလို့

အဲဒါ ဘာကြောင့်လဲ၊ သစ္စာမသိတဲ့တရားရဲ့ အုပ်ချုပ်ရေးခံရလို့ပဲ၊ အဝိဇ္ဇာက လူ, နတ်ခန္ဓာဟာ ဒုက္ခသစ္စာပဲလို့ မသိဘူး၊ ဒီသစ္စာမသိတဲ့ အဝိဇ္ဇာရဲ့ အအုပ်အချုပ်ခံနေရလို့ပဲလို့ မှတ်လိုက်ကြ။ သဘောပါကြပလား။ ဒီတော့ “အဝိဇ္ဇာ ပစ္စယာသင်္ခါရ” ဖြစ်လာတော့တာပဲ။ အဝိဇ္ဇာက မသိတာ၊ သင်္ခါရက အုပ်ချုပ်ခံရတာ၊ တဏှာက မပြည့်ပြည့်အောင် တောင်းယူ၊ ဥပါဒါန်က စွဲလမ်း၊ ကာယကံ၊ ဝစီကံ၊ ပြုလုပ်ပြောဆိုပြီး ဆုတောင်း၊ အဲဒါ အတိတ်အကြောင်းအခြင်းအရာ ငါးပါးပဲ။

ဒကာ ဒကာမတွေ စက်ဝိုင်းပြန်ကြည့်၊ အဲဒီ ၁-နံပါတ်အကွက် အောက်ဆုံးမှာကြည့်ကြ၊ ဘာတဲ့လဲ သမုဒယသစ္စာ တဲ့၊ ဒီအကွက်ထဲက ဒီအတိတ်အကြောင်းအခြင်းအရာ ငါးခုက သမုဒယသစ္စာပဲလို့ မှတ်လိုက်ကြ၊ ပေါ်ကြပလား။ သမုဒယဆိုတာက အကြောင်း၊ သစ္စာကမှန်တာ၊ ပေါင်းလိုက်တော့ အကြောင်းမှန်ကို လုပ်ထားခဲ့လို့တဲ့၊ ဘယ်တုန်းကလဲဆို တော့ လွန်လေပြီးသော အတိတ်ကာလကပဲ၊ အတိတ်ကအကြောင်းမှန် လုပ်ထားခဲ့လို့ပဲတဲ့၊ ရိပ်မိကြပလား။

အတိတ်အကြောင်းတလွှာ

ဒါကြောင့် ဒီ ၁-နံပါတ် အကွက်ထဲက ဒီငါးခုကို အတိတ်အကြောင်းတလွှာလို့ မှတ်လိုက်ကြ။ ဒါက ပဋ္ဌမအလွှာ၊ အတိတ်အကြောင်းတလွှာ၊ သမုဒယသစ္စာပဲ၊ ရှင်းကြပလား။ နိဗ္ဗာန်ရောက်ဖို့ရဖို့ရာမသိလို့၊ မသိတာနဲ့ သမုဒယသစ္စာက သွားဖြစ်ရတာပဲ၊ ပေါ်ကြပလား၊ ဒကာ ဒကာမတွေ နောက်က သစ္စာလေးပါးမသိတဲ့ အဝိဇ္ဇာကြောင့် ကုသိုလ်သင်္ခါရ ပြုလုပ်ကြ၊ ပြုပြီးတဏှာနဲ့ဆုတောင်း၊ ဥပါဒါန်နဲ့စွဲလမ်း၊ ကာယကံ, ဝစီကံနဲ့ပြုလုပ်, ဆုတောင်းအားထုတ်၊ ဒီတော့ အခု ဒုက္ခသစ္စာ ရထားကြပြီ၊ ရိပ်မိကြပလား။

ဒကာတို့တတွေက ဒီဘဝနည်းနည်းချမ်းသာတယ်၊ နောက်ဘဝ ဒီထက်ချမ်းသာချင်တယ်နဲ့ မျှော်မှန်းကြတယ်၊ အဲဒါ ဒီဒုက္ခသစ္စာ မသိကြလို့ဘဲ၊ ဒါမသိလို့ နောက်ဘဝ ချမ်းသာချင်တယ်ဆိုတာပဲ၊ ရိပ်မိကြရဲ့လား၊ မသိတော့ အခု သမုဒယတွေ ပြန်ကြိုးစားနေကြတယ်။ အဲဒါမသိကြလို့၊ ရှင်းကြပလား၊ မသိတဲ့အဖြစ်တာ ဘယ်လောက်ဆိုးရွားသလဲ၊ သိကြတော့ မြင်ကြတော့လို့ ပြောလိုက်တယ်။ ဒီဘဝဒုက္ခသစ္စာရနေတာ၊ အတိတ်ကကြိုးစားခဲ့လို့၊ ဒါကြောင့် ဒီငါးပါးက အတိတ်အကြောင်းတလွှာ ဆိုတာပဲ။

မသိဘဲနဲ့ လှူတဲ့အလှူ

မသိဘဲနဲ့ လှူတဲ့အလှူ၊ မသိလို့လှူတဲ့အလှူမှာ၊ မသိတာက အဝိဇ္ဇာ၊ လှူတာက သင်္ခါရ၊ တောင့်တတာက တဏှာ၊ စွဲလန်းတာက ဥပါဒါန်၊ အားထုတ်တာက ဘဝဆိုတဲ့ ကမ္မဘဝ၊ ဒီလိုဆိုတော့ ဒီအလှူ့ဒကာမှာ ဘာတွေရသလဲ၊ သမုဒယတွေပဲ၊ နောက်ကရတယ်၊ ကောင်းတာပါသေးရဲ့လား၊ မပါတော့ဘူး၊ မသိလို့လုပ်သမျှ ဒုက္ခနဲ့ချည်း ကြုံရတော့မှာ ပဲ၊ ဆရာသမားက မပြောခဲ့ရင် ဒါတွေပဲ ထပ်လုပ်နေကြမှာပဲ၊ ကြောက်ဖို့ကောင်းလိုက်တာ အလွန်ပါပဲ။

ဒီအကြောင်းသမုဒယတွေလုပ်နေရင် နောက်တစ်ခါ အကျိုးဒုက္ခပဲရကြမယ်၊ သမုဒယသစ္စာကအကြောင်း၊ ဒုက္ခသစ္စာကအကျိုး၊ ဒီအကြောင်းက ဒီအကျိုးပဲပေးမယ်၊ ဒီအကြောင်းက ဒုက္ခသစ္စာပဲ အကျိုးပေးတတ်တယ်၊ ဒါကြောင့် သမုဒယသစ္စာလုပ်နေသမျှ ဒုက္ခရောက်မှာ သေချာတယ်လို့သာ ဆုံးဖြတ်ချက်ချကြ။ အတိတ်က သမုဒယတွေ ကြိုးစားခဲ့ တဲ့အတွက် ဒုက္ခသစ္စာမယူချင်လို့ မရတော့ဘူး၊ သဘောပါပလား။

အဝိဇ္ဇာအုပ်ချုပ်တဲ့ကံ

သင်္ခါရ၊ တဏှာ၊ ဥပါဒါန်၊ ကံ ဒီလေးခုကို အဝိဇ္ဇာက အုပ်ချုပ်ထားတာမို့ ဒါတွေဟာ ကံကောင်းမဟုတ်ဘူး၊ ကံဆိုးတွေပဲ၊ သူ့အဆက်အနွယ်က တခုမှမကောင်းဘူး၊ ဒီတော့ အဝိဇ္ဇာအုပ်ချုပ်တဲ့ကံဟာ ကံဆိုးပဲလို့သာ မှတ်လိုက်ကြ။

ဒါကြောင့် ကုသိုလ်လုပ်တဲ့အခါ လူ့ဘဝ၊ နတ်ဘဝဆိုတဲ့ ဒုက္ခသစ္စာတွေ မထည့်ကြနဲ့၊ ဒီဒုက္ခသစ္စာတွေ မထည့်ရင် အဝိဇ္ဇာချုပ်ပြီး ဝိဇ္ဇာဖြစ်မယ်၊ သဘောပါကြရဲ့လား၊ လူ့ဘဝ၊ နတ်ဘဝ၊ ဒုက္ခသစ္စာတွေ ဘာမှမထည့်နဲ့၊ နိဗ္ဗာန်ဆုတောင်းကြ၊ ဒီတော့ အဝိဇ္ဇာက ဝိဇ္ဇာဖြစ်လာတယ်။

ဒကာ ဒကာမတို့ ကုသိုလ်ဆိုပေမယ့် ဘုံဘဝကို တောင့်တပြီးလုပ်တဲ့ ကုသိုလ်ဟာ သမုဒယသစ္စာပဲ၊ မသိတော့ အရမ်းပြောတတ်ကြတယ်၊ “သူတို့တတွေ ကုသိုလ်တွေ သိပ်လုပ်ကြတာပဲ၊ နိဗ္ဗာန်နဲ့နီးပေါ့တဲ့” နဲ့ ပြောတတ်ကြတယ်၊ နောင်အကျိုးပေးက နိဗ္ဗာန်မလာဘူး၊ ဒုက္ခသစ္စာသာ လာမယ်၊ ရိပ်မိကြရဲ့လား။

ဒကာတို့တတွေက ဒီဘဝ အသင့်အတင့် နေနိုင်၊ ထိုင်နိုင်ရှိပြီ၊ နောက်ဘဝ ဒီထက်သင့်တင့်ပြီး နေနိုင်အောင် လုပ်မယ်ဟဆိုပြီး ကုသိုလ်တွေလုပ်လိုက်ကြ၊ ရတော့ ဒုက္ခသစ္စာပဲ ရလာတော့တယ်၊ သဘောပါကြရဲ့လား။

ဒုက္ခက လွတ်ချင်ကျွတ်ချင်လို့ လှူပါတယ်

ဒကာ ဒကာမတွေကို အထူးသတိပေးလိုက်တယ်၊ နောက်ကို လှူဒါန်းကြရင် ဒီဘဝ ဒုက္ခက လွတ်ချင်ကျွတ်ချင်လို့ လှူပါတယ်ဆိုတဲ့ စိတ်ထားနဲ့လှူဒါန်းကြ၊ ဒီလိုလှူရင် ခန္ဓာကိုယ်ကို ပေါင်ပြီးလှူအုံး လှူထိုက်တယ်၊ အဲဒါမှ အလှူအစစ် အလွန်မွန်မြတ်တဲ့ အလှူဒါန် ဖြစ်တယ်ဆိုတာ မှတ်လိုက်ကြ။ အခု ဒကာ ဒကာမတွေ ၂-နံပါတ်အကွက်ထဲက မထွက်ကြ ရသေးဘူး၊ မပြောင်းသေးဘူး၊ ဒီကြားထဲက အခု ဘာသစ္စာတွေ ထပ်ပြီးကြိုးစားနေကြသလဲ။

မသိပါဘူးတဲ့၊ အဲ မသိတာ အဝိဇ္ဇာပဲ၊ အဝိဇ္ဇာဆိုတော့ နောက်ဆက်ပြီး သင်္ခါရ၊ တဏှာ၊ ဥပါဒါန်၊ ဘဝဆိုတဲ့ ဒီငါးခု သမုဒယသစ္စာတွေပဲ ထပ်တလဲလဲ ကြိုးစားနေကြတယ်၊ မြင်ကြရဲ့လား၊ (၁) ငါးခုလုပ်ရင် (၂) ငါးခုကိုရမယ်၊ ၁, ငါးခုလုပ်ရင် ၂, ငါးခုနဲ့ သွားဆက်ရမယ် သဘောပါပလား? ၁, ငါးခုနဲ့ စပ်နေတာက ဘာတွေလဲ၊ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ ဆိုတဲ့ ဒုက္ခသစ္စာ ခန္ဓာငါးပါးပဲ။

ဒီ ငါးခုက ဘယ်ကလာတာလဲ၊ ဘာကြောင့်ရသလဲ၊ အတိတ်အကြောင်းငါးခု လုပ်မိတဲ့အတွက် ရတာပဲ၊ သဘောပါပလား၊ စက်ဝိုင်းကို ပြန်ကြည့်ကြ၊ အခု ဒကာ ဒကာမတွေ ဘယ်အကွက်ထဲ ရောက်နေကြသလဲ၊ ဒကာတို့တတွေ အခု ၂-နံပါတ်အကွက်ထဲမှာပဲ၊ ၂-အကွက်ထဲ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ အဲဒီထဲမှာ ရောက်နေကြ တယ်၊ သဘောပါပလား။

ဒုက္ခသစ္စာ ကိုယ်ပိုင်ရထားကြပြီ

၁-နံပါတ်ထဲက ငါးလုံးက သမုဒယသစ္စာ၊ အတိတ်ကဖြစ်ခဲ့တာ၊ အခု ဒကာတို့ ရနေတာက ရနေတဲ့ ငါးလုံးက ဒုက္ခသစ္စာ၊ အခု ပစ္စုပ္ပန်မှာ အဲဒါ အလွှာတစ်ခုပဲ၊ စက်ဝိုင်းအတွင်းဘက်မှာ ပြန်ကြည့်၊ ရှင်းကြရဲ့လား၊ အခု ဒကာ ဒကာမ တွေ ဒုက္ခသစ္စာ ကိုယ်ပိုင်ရထားကြပြီ၊ ဘာကြောင့်လဲ၊ အတွင်းက – မျှားကြိုးလေးပြတာလိုက်ကြည့်၊ အဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်ဆိုတဲ့ ကိလေသဝဋ်သုံးခုနဲ့၊ သင်္ခါရ၊ ကမ္မဘဝဆိုတဲ့ ကမ္မဝဋ်က နှစ်ခု၊ ဒီဝဋ်နှစ်ခု လုပ်ထားမိလို့ပဲ ရှင်းပလား။

ဒီလိုတရားမျိုး မသိရှာကြတော့ “ကျုပ်လုပ်တဲ့အလှူ သာဓုသာခေါ်ကြတော့တဲ့” ဒီက အလှူရှင်က သမုဒယ သစ္စာချည်း လုပ်ခဲ့တယ်၊ ကုသိုလ်လုပ်တာ ဘုံဘဝတောင့်တပြီးလုပ်ရင် သမုဒယသစ္စာပဲ၊ ဒါလုပ်မိရင် ဒုက္ခသစ္စာက ထွက်ခွင့်မရဘူး၊ ထွက်ချင်လို့လဲ မရတော့ဘူး၊ သဘောပါပလား၊ ဒကာ ဒကာမတွေ ဒီစက်ဝိုင်းကြည့်ကြ၊ နိဗ္ဗာန်နဲ့နီးပေါ့ လို့ ပြောနေပေမယ့် မနီးပါဘူး၊ သူလုပ်လို့ရမှာက ဒုက္ခသစ္စာ၊ သဘောပါကြပလား။

ဒကာတို့က ဒီဘဝ အသင့်အတင့်ရှိပြီ၊ ဟိုဘဝလဲ အသင့်အတင့်ရှိအောင် လုပ်မှပဲဆိုပြီး၊ ဒီဘဝဒုက္ခကသေးလို့၊ ဟိုဘဝဒုက္ခကြီးကြီးရအောင် လုပ်တာပဲ၊ သဘောပါပလား၊ ဒကာ ဒကာမတွေ ဒီ ၁-နံပါတ်က အတိတ်အကြောင်းငါးခု၊ သမုဒယကိုလုပ်ရင် ဒီ ၂-နံပါတ်က ပစ္စုပ္ပန်အကျိုးငါးခု၊ ဒုက္ခအစုရတော့မှာပဲ၊ ဘယ်လိုမှ လွှဲဖယ်လို့မဖြစ်နိုင်တော့ဘူး၊ ရိပ်မိကြရဲ့လား၊ ၁-ထဲက ငါးခုနဲ့၊ ၂-ထဲကငါးခု ဆက်နေတယ်၊ ဆက်လိမ့်မယ်ဆိုတာ မှတ်ကြ။

၂-နံပါတ်ထဲက ငါးခု

၂-နံပါတ်ထဲက ငါးခုကိုကြည်၊ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ အခု ဒကာတို့ ဝိညာဏ်၊ ပဋိသန္ဓေက လာခဲ့တယ်၊ အခုလဲ နာမ်ရုပ်၊ လက်ရှိ အာယတန ၆-ပါး၊ ဖဿဝေဒနာ ၆-ပါးစီ၊ အားလုံးလက်ရှိ ကိုယ်ပိုင်၊ ဒါတွေက ဘာသစ္စာလဲ၊ စက်ဝိုင်းထဲမှာကြည့်ကြ၊ ဒုက္ခသစ္စာတဲ့၊ မြင်ကြရဲ့လား၊ ဒီငါးခုတွေ စုပေါင်းလိုက်ရင် ခန္ဓာငါးပါးပဲ၊ ဒီခန္ဓာငါးပါးက ဘာသစ္စာလဲ၊ ဒုက္ခသစ္စာပဲ၊ ရှင်းပလား။

ဒကာ ဒကာမတွေ နောက်ဘဝရည်မှန်းပြီး ကုသိုလ်ပြုရင်၊ လှူဒါန်းကြရင် ဒုက္ခရမှာပဲဆိုတာ ပေါ်ကြပလား၊ ဝိညာဏ်ကလဲ ဒုက္ခသစ္စာ၊ နာမ်ရုပ်ကလဲ ဒုက္ခသစ္စာ၊ အာယတနကလဲ ဒုက္ခသစ္စာ၊ ဖဿ၊ ဝေဒနာတွေကလဲ ဒုက္ခသစ္စာပဲ၊ အတိတ်အကြောင်းငါးခု လုပ်မိတဲ့အတွက် အခုပစ္စုပ္ပန်မှာ ဒီငါးခု ရလာတာ၊ ဒီငါးခု ခန္ဓာဖွဲ့ရင် ငါးပါးပဲရတယ်။ သစ္စာဖွဲ့တော့ ဒုက္ခသစ္စာပဲ၊ ကျေနပ်ပလား။

ဘေးသင့်နေကြတယ်

အခု ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဘယ်လိုများ နေကြသလဲ၊ ဘေးသင့်နေကြတယ်၊ အိုဘေး၊ နာဘေး သင့် နေကြတယ်။ ရိပ်မိကြရဲ့လား၊ သားအတွက်၊ သမီးအတွက်၊ ပစ္စည်းအတွက်၊ အိုးအိမ်အတွက်၊ တွေးတောပြီး ပူပန်ကြရ၊ စိုးရိမ်ကြရ၊ အဲဒါစိတ်မချရတဲ့ ဒုက္ခသစ္စာရထားကြလို့ပဲ၊ ဟုတ်ကြရဲ့လား၊ ဒီသားကိစ္စ၊ သမီးကိစ္စ၊ ပစ္စည်းကိစ္စ၊ မင်းရေးစိုးရာ ကိစ္စတွေတွေးရင်းက ဘယ်သွားနေသလဲ၊ အိုဘက်သွား၊ နာဘက်သွား၊ နောက် သေဘက်ရောက်မယ်၊ အဲဒါတွေးရင်း ဘေးသင့်နေတာ မြင်ကြရဲ့လား။

ဒါ ဘာကြောင့်လဲ၊ အကြောင်းမှားခဲ့မှုကြောင့် အကျိုးမှားဖြစ်တဲ့ လူခန္ဓာ ဒုက္ခသစ္စာကြီးရခဲ့လို့ပဲ၊ ရှင်းကြပလား၊ အခု ရထားတဲ့ လူခန္ဓာကြီးဟာ အကြောင်းမှားမှုကြောင့် အကျိုးမှား ဒုက္ခသစ္စာရတာပဲလို့ မှတ်လိုက်ကြ၊ ဘယ်ဘဝမှာ ရတာလဲ၊ အခု ပစ္စုပ္ပန်မှာ ရထားကြတယ်၊ ခန္ဓာငါးပါးဟာ ဘာသစ္စာလဲ၊ ဒုက္ခသစ္စာ၊ ဘာကြောင့်ပေါ်လာရတာလဲ၊ ဒီဘက် အတိတ်ဘဝက သမုဒယသစ္စာ လုပ်ခဲ့မိလို့၊ ရိပ်မိကြရဲ့လား။

ဒကာ ဒကာမတွေ အခုဘဝ ဒုက္ခခန္ဓာရတာ၊ အတိတ်က သမုဒယအားထုတ်လို့ပဲဆိုတာ ပေါ်ကြပြီ၊ ဒီခန္ဓာဟာ လူ၊ နတ်၊ ဗြဟ္မာ၊ ထာဝရဖန်ဆင်းတာ ဟုတ်ကြသေးရဲ့လား၊ မဟုတ်ပါဘူး၊ အတိတ်က ဒီအကြောင်းငါးခုလုပ်လို့ ဒီဘဝ အကျိုးငါးခုပေါ်လာတာပါ၊ ရှင်းကြရဲ့လား၊ ဒကာ ဒကာမတွေဟာ အသက်ကြီးလေ ဒုက္ခများလေ၊ ပူစရာတွေ၊ ဆွေးစရာတွေ များလေလေပဲ၊ လူ့ဘဝ၊ လူ့ခန္ဓာ ဒုက္ခသစ္စာဆိုတာ သဘောပါကြပလား။

ဒီခန္ဓာ ဘယ်သူဖန်ဆင်းတာလဲ

ဒကာ ဒကာမတွေ ထပ်ပြောအုံးမယ်၊ အဝိဇ္ဇာ၊ သင်္ခါရ၊ တဏှာ၊ ဥပါဒါန်၊ ကံ၊ ဒီငါးခု အတိတ်ကလုပ်ခဲ့တယ်၊ အခုလက်ရှိ ဒီခန္ဓာ ဘယ်သူဖန်ဆင်းတာလဲ၊ ဘယ်သူမှ ဖန်ဆင်းတာမဟုတ်ဘူး၊ ဘယ်ဘုရား၊ ဘယ်သိကြား၊ ဘယ်ထာဝရနဲ့ ဘယ်မဟာမက်ကမှ ဖန်ဆင်းတာမဟုတ်ဘူး၊ အတိတ်ကအကြောင်းကြောင့် အခုပစ္စုပ္ပန်မှာ အကျိုးတရားပေါ်လာတာပဲ လို့ မှတ်ကြ၊ ရှင်းကြပလား။

ဒကာတို့တတွေ နောက်က သမုဒယသစ္စာ ကြိုးစားခဲ့လို့ အဝိဇ္ဇာ၊ သင်္ခါရ၊ တဏှာ၊ ဥပါဒါန်၊ ကံ၊ ငါးခုကြောင့် ဒုက္ခသစ္စာရလာကြတာ၊ သဘောပါပလား၊ ပြုပြင်တာက ငါးခု၊ ရတာကလဲ ငါးခု၊ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ ဒီငါးခုခန္ဓာဖွဲ့တော့ ခန္ဓာငါးပါး ဒုက္ခသစ္စာပဲ၊ အကြောင်းသမုဒယကြောင့် အကျိုးဒုက္ခပေါ်တာ၊ ဘာ့ ကြောင့် ဒါနဲ့နေနေရသလဲ၊ အတိတ်က ငါးပါးကို ကြိုးစားကြလို့ပဲ၊ အဲဒါနောက်တုန်းက ကုသိုလ်မလုပ်တတ်လို့ ဒုက္ခရောက် ရတာပဲ၊ ရိပ်မိကြပလား။

ဒကာ ဒကာမတွေ ဒီခန္ဓာကို အမေ၊ အဖေကမွေးလို့လား၊ မဟုတ်ပါ၊ ထာဝရက ဖန်းဆင်းတာလား၊ မဟုတ်ပါ၊ ဗြဟ္မာက ဖန်ဆင်းတာလား၊ မဟုတ်ပါဘုရား။ အဲဒီလိုသိရင် ဝိစိကိစ္ဆာပြုတ်ပြီ၊ ဘယ်သူမှ ဖန်ဆင်းထားတာ၊ ပြုလုပ်ထား တာမဟုတ်ဘူး။ အဝိဇ္ဇာ၊ တဏှာစတဲ့ အကြောင်းကြောင့်ဖြစ်တာပဲ၊ သူတို့က သမုဒယသစ္စာ၊ အတိတ်က သူတို့ကြောင့်၊ အခု ဒုက္ခသစ္စာ၊ အကျိုးခန္ဓာ ရထားတာပဲ၊ ဒီလိုအမှန်အကန်သိရင် ဝိစိကိစ္ဆာပြုတ်ပြီလို့ မှတ်ကြ။

ကိုင်း-ဒီနေ့ ဒီတွင် တော်ကြအုံး၊ နက်ဖြန်မှ ဆက်ကြစို့။

**********