ဆန္ဒရာဂံ၊ ပယ်သတ်ရန်၊ တရားတော်
ဆောင်ပုဒ်
ဗုဒ္ဓဝါဒ၊ သိရန်က၊ ပဓာနရေးကြီးမှတ်။
ဆန္ဒရာဂံ၊ ပယ်ဖို့ရန်၊ ကျင့်ရန်ဟောမိန့်မှတ်။
ခန္ဓာပေါ်ဝယ်၊ ရာဂတွယ်၊ ဖြတ်ပယ်ကျင့်ဟောတတ်။
ဘုရားအယူ၊ သိပေမူ၊ လွယ်ကူလိုက်နာအပ်။
ဆန္ဒရာဂံ၊ မပယ်လှန်၊ သောကပူမီးထပ်။
သောကစစွာ၊ အဝိဇ္ဇာ၊ ပဋိစ္စာဗွေရဟတ်။
ဆန္ဒရာဂ၊ ရှိလေက၊ ပါယ်ဝဟင်းလင်းလပ်။
ရာဂပယ်နှုတ်၊ ဒုက္ခချုပ်၊ ဝိမုတ်နိဗ္ဗူကပ်။
သတိချပ်
ကာမရာဂါ၊ နုသယာ၊ ခန္ဓာခင်တွယ်မက်။
မပယ်သမျှ၊ ဘုံထိုမျှ၊ သူကစဉ်တွဲလျက်။
တဏှာရင်းခံ၊ ဥပါ,ကမ်၊ ဝိညာဏ်ဇာတိဆက်။
ဇရာ,မရဏ၊ ပူသောက၊ ဒုက္ခတခဲနက်။
ဒုက္ခလွတ်ချင်၊ ခန္ဓာခင်၊ လျှင်လျှင်တဏှာဖျက်။
လေးဆယ့်ငါးဝါ၊ ဟောမိန့်ရှာ၊ သည်ဟာလိုရင်းချက်။
ခန္ဓာငါးခွင်၊ သတိယှဉ်၊ ဉာဏ်မြင်ဝိပဿစွက်၊
ဖြစ်ပျက်မြင်ချေ၊ နှစ်ပါးသေ၊ ငါးထွေမဂ္ဂင်နဂ်။
ဖြစ်ပျက်ဆုံးမြင်၊ ရှစ်မဂ္ဂင်၊ ဉာဏ်လျှင်အာဒိမဂ်။
တရားသား
ဘုရားရှင်ရဲ့အယူဝါဒ
ဒကာ ဒကာမတွေ အားလုံးဟာ ဘုရားရှင်ရဲ့အယူဝါဒကို အမှန်အကန် သိထားကြဖို့ အရေးကြီးတယ်လို့ သတိပေးလိုက်တယ်၊ ဒကာ ဒကာမတွေဟာ၊ သိတတ်တဲ့အချိန်ကစပြီး၊ “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” ဘုရားရှင်ကို ကိုးကွယ်ပါ၏ လို့ ဆိုလာခဲ့ကြတယ်၊ ပါးစပ်က ဘုရားကို ကိုးကွယ်ပါ၏ဆိုပေမယ့် အရေးမပြီးသေးဘူး။ ဘုရားအယူဝါဒကိုလဲ ကိုယ်တိုင် က သိထားကြဖို့ အရေးကြီးတယ်ဆိုတဲ့အချက်ကို အလေးအနက် မှတ်ထားကြ။
အခု ဒကာ ဒကာမတွေကို အရှင်သာရိပုတ္တရာ မထေရ်ကြီး ဟောခဲ့တဲ့စကား အချက်အလက်တွေကို ပြောရမယ်၊ အရှင်သာရိပုတ္တရာဟောတဲ့ တရားအဓိပ္ပါယ်ကို နာကြရလိမ့်မယ်လို့ မှတ်ကြ။ တစ်နေ့သောအခါမှာ သီတင်းဝါလကျွတ်လို့ မြတ်စွာဘုရား ခြေတော်ရင်းမှာ ဝါကပ်ကြတဲ့ ရဟန်းတော်တွေက “တပည့်တော်များ ပစ္ဆာဘူမ၊ အရပ်ပြန်ပါစေ” ဆိုတဲ့အကြောင်းနဲ့ ဘုရားထံ လျှောက်ထားကြတယ်။
အဲဒီအခါမှာ ဘုရားရှင်ကလဲ ရှေ့ဖြစ်ပေါ်လာမယ့် အကြောင်းချင်းတတွေ မြင်တော်မူ၊ သိတော်မူတယ်၊ သိမြင်တော်မူတော့ အဲဒီ ပစ္ဆာဘူမကိုပြန်မယ့် ရဟန်းတော်များကို “အသင်တို့ နောင်တော်ကြီးဖြစ်တဲ့ ရှင်သာရိပုတ္တရာထံ ရောက်ခဲ့ကြပလား၊ ဝင်ပြီး ပန်ကြားခဲ့ကြပြီလား” ဆိုတဲ့အကြောင်း မေးမြန်းတော်မူတယ်၊ အဲဒီအခါမှာ “တပည့်တော်များ မရောက်ခဲ့ရသေးကြောင်း မပန်ကြားရသေးတဲ့အကြောင်းနဲ့” ပြန်လည်လျှောက်ထားကြတယ်လို့ မှတ်ကြ။
ပစ္ဆာဘူမ ပြန်ကြမယ့် ရဟန်းတော်များ
ဒါနဲ့ အဲဒီ ပစ္ဆာဘူမ ပြန်ကြမယ့် ရဟန်းတော်တွေက အရှင်သာရိပုတ္တရာထံ ဝင်ရောက်ပန်ကြားကြ၊ ဘုရားရှင် အမိန့်တော်ရှိတဲ့အကြောင်းကိုလဲ စုံလင်အောင် လျှောက်ထားကြတယ်၊ အဲဒီအခါမှာ အရှင်သာရိပုတ္တရာမထေရ်ကြီးကလဲ ဉာဏ်နဲ့စဉ်းစားကြည့်တော့ ရိပ်မိသိရှိတယ်။ “ပစ္ဆာဘူမအရပ်မှာ ရဟန်းပညာရှိ၊ ပုဏ္ဏားပညာရှိ စတဲ့ ပညာရှိအထွေထွေ ရှိနေကြတယ်၊ ဒီတော့ ဒီရဟန်းတွေဟာ၊ ဘုရားရှင်ရဲ့ အဆုံးအမ အယူဝါဒကို ပိုင်ပိုင်နိုင်နိုင် မသိကြရင် နေရာကျမှာ မဟုတ်ဘူး၊ ဟိုရောက်လို့ ဆီးပြီးမေးကြမြန်းကြလို့ ဖြေပုံနေရာမကျရင် ဘုရားကိုစွပ်စွဲရာ ရောက်နေကြလိမ့်မယ်” လို့ တွေးတောသိမြင်တော်မူတယ်။
”ဒီရဟန်းတွေ ဘုရားအဆုံးအမကို ကျကျနန မသိကြရင် စွပ်စွဲရာရောက်တော့မယ်” လို့ ကြံစည်တွေးတောပြီး အဲဒီရဟန်းတွေကို မိန့်ဆိုသင်ကြားပေးတော်မူလိုက်တယ်လို့ မှတ်ကြ၊ ရှင်းကြပလား။ ရှင်သာရိပုတ္တရာ မထေရ်ကြီးက အဲဒီရဟန်းတွေကို “အသင်တို့ပြန်တာတော့ ပြန်တာပေါ့၊ ဒါပေမယ့် ဟိုကျရင် မေးကြလိမ့်မယ်၊ အသင်တို့ဆရာက ဘာအယူယူပြီး ဘယ်လိုဟောလေ့ရှိတာကို အရှင်တို့ ကြားဖူး၊ နှလုံးသွင်းဖူးပါသတုန်း” ဆိုပြီး မေးကြလိမ့်မယ်၊ မေးရင် ဖြေတတ်ဖို့ရာ သင်ကြားပေးလိုက်မယ်” ဆိုပြီး မိန့်တော်မူတယ်လို့ မှတ်ကြ။
ဆန္ဒရာဂ ပယ်ဖို့ရာ ဟောနေ တယ်
”အသင်တို့ဆရာ ဘုရားက ဘာတရားဟောပါတုန်း” လို့ မေးခဲ့ရင် ဘုရားက “ဆန္ဒရာဂ ပယ်ဖို့ရာ ဟောနေ တယ်၊ ဆန္ဒရာဂပယ်ဖို့ရာအကျင့် ကျင့်ဖို့ကိုပဲ သွန်သင်ဆုံးမနေတယ်၊ ဟောပြောနေတယ်လို့ ပြန်ပြီးဖြေကြ” ဆိုတဲ့ အကြောင်း သင်ကြားပေးလိုက်တယ်၊ သဘောပါကြပလား။
ဒကာတို့တတွေ အခုသိဖို့က “ဘုရားက သမုဒယသစ္စာပယ်ဖို့ ဟောလေ့ရှိတယ်၊ သမုဒယသစ္စာပယ်ကြောင်း အကျင့်နည်းလမ်းကိုလဲ ပေးလေ့ရှိတယ်” လို့ မှတ်ထားကြ။ ဆန္ဒရာဂဆိုတော့ စာသံပါနေလို့ နားမလည်ဘဲ ရှိနေကြအုံး မယ်၊ နားလည်လွယ်အောင် သမုဒယလို့ပဲ မှတ်ကြ။ သမုဒယဆိုတာနဲ့ လောဘ၊ တဏှာ၊ ဆန္ဒရာဂဆိုတာတွေဟာ အတူတူပဲလို့သာ မှတ်ထားကြ၊ ရှင်းကြပလား။
အရှင်သာရိပုတ္တရာက ရဟန်းတော်တွေကို ဆက်ပြီးမိန့်တော်မူပြန်တယ်။ “ငါ့ရှင်တို့ ပညာရှိတွေက ဒါလောက်နဲ့ ကျေနပ်ကြအုံးမယ် မဟုတ်သေးဘူး၊ တဆင့်တက်ပြီး မေးကြလိမ့်အုံးမယ်” ကောသလမင်းတို့ စတဲ့သူတွေက “အရှင်ဘုရား တို့ ဘယ်ပေါ်မှာရှိတဲ့ ဆန္ဒရာဂကို ပယ်ရမှာလဲ၊ ဘယ်ပေါ်မှာရှိတဲ့ ဆန္ဒရာဂကို ပယ်ဖို့ဟောလေ့ရှိပါသလဲ” လို့ တဆင့် တက်ပြီး မေးကြလိမ့်မယ်။
ဘယ်ပေါ်မှာရှိတဲ့ ဆန္ဒရာဂကို ပယ်ဖို့ဟောလေ့ရှိပါသလဲ
”ဒီလိုမေးရင် ငါ့ရှင်တို့ ရူပက္ခန္ဓာ၊ ဝေဒနာက္ခန္ဓာ၊ သညာက္ခန္ဓာ၊ သင်္ခါရက္ခန္ဓာ၊ ဝိညာဏက္ခန္ဓာဆိုတဲ့၊ ခန္ဓာငါးပါးပေါ် မှာရှိတဲ့ ဆန္ဒရာဂကို ပယ်ဖို့ဟောလေ့ရှိတယ်၊ ဒီဆန္ဒရာဂကိုပယ်ဖို့ ကျင့်နည်းကိုလဲ ဟောလေ့၊ ညွှန်ကြား ဆုံးမလေ့ရှိတယ် လို့ ပြန်ဖြေကြ” ဆိုတဲ့အကြောင်းကို အရှင်သာရိပုတ္တရာက သင်ကြားပေးလိုက်တယ်လို့ မှတ်ကြ။ သဘောပါပလား။
ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဒီနေရာမှာ အထူးတလည် မှတ်ထားဖို့က “ဘုရားအယူဝါဒဟာ ဘယ်ဟာလဲ၊ ခန္ဓာငါးပါးပေါ်မှာရှိတဲ့ ခန္ဓာပေါ်မှာ တွယ်တာတဲ့ ဆန္ဒရာဂကို ပယ်ဖို့ဟောပြတဲ့အယူ၊ ကျင့်ကြံဖို့ ညွှန်ပြတဲ့အယူဟာ ဘုရားအယူဝါဒ” ပဲဆိုတာ ဆုံးဖြတ်ချက်ချကြ၊ ရှင်းပလား။ ခန္ဓာငါးပါးပေါ်မှာရှိတဲ့ ဆန္ဒရာဂကို ပယ်ဖို့ဟောတဲ့အယူနဲ့ ကျင့်တဲ့အယူဟာ ဘုရားအယူပဲလို့ မှတ်ကြ၊ ကျေနပ်ကြပလား။
ဆန္ဒရာဂမပယ်ရင်၊ ဘယ်လိုအပြစ်ရှိပါသလဲ
ဒါနဲ့ အရှင်သာရိပုတ္တရာက ထပ်ပြီးအမိန့်ရှိပြန်တယ်၊ “ငါ့ရှင်တို့ အဲဒီပညာရှိတွေက “ဆန္ဒရာဂမပယ်ရင်၊ ဘယ်လိုအပြစ်ရှိပါသလဲ” ဒီလိုတဆင့်တက်ပြီး မေးခဲ့ရင်၊ ခန္ဓာငါးပါးပေါ်မှာ ဆန္ဒရာဂမပယ်ရင်၊ ခန္ဓာငါးပါးထဲက တပါးပါးဖောက်ပြန်တဲ့အခါမှာ နောက်က သောက, ပရိဒေဝ, ဒုက္ခ, ဒေါမနဿ၊ ဥပါယာသဆိုတဲ့ ဒုက္ခအစုတွေ၊ အဝိဇ္ဇာ၊ သင်္ခါရစတဲ့ ဒုက္ခစက်တွေပါ ဆက်တိုက် လိုက်လာလိမ့်မယ်လို့ ဆိုတဲ့အကြောင်း၊ ပြန်ပြီးဖြေကြရမယ်” လို့ ညွှန်ကြားတော်မူတယ်။
နောက်ပြီး အဲဒီပညာရှင်တွေက “အကယ်၍ ခန္ဓာပေါ်မှာ ဆန္ဒရာဂကို ပယ်ခဲ့ရင်၊ ဘယ်လိုအကျိုးခံစားရမတုန်း” လို့ ထပ်ပြီး မေးကြလိမ့်မယ်၊ ဒီလိုမေးခဲ့ရင် “ခန္ဓာငါးပါးပေါ်မှာ ဆန္ဒရာဂပယ်လိုက်ရင် နောက်က သောက, ပရိဒေဝ, ဒုက္ခ, ဒေါမနဿ, ဥပါယာသဆိုတဲ့ ဒုက္ခအစုတွေ မလာတော့ဘူး၊ နောက်ထပ် အဝိဇ္ဇာ, သင်္ခါရစတဲ့ ဒုက္ခစက်ကြီးလဲ မလာဘူး၊ ပြတ်တော့တာပဲ၊ လို့ဖြေကြ” ဆိုပြီး သင်ကြားတော်မူတယ်။
ဆန္ဒရာဂဟာ၊ ကုသိုလ်လား၊ အကုသိုလ်လား
”ငါ့ရှင်တို့ နောက်ဆက်ပြီး အဲဒီဆန္ဒရာဂဟာ၊ ကုသိုလ်လား၊ အကုသိုလ်လား” လို့ မေးလိမ့်မယ်၊ မေးခဲ့ရင် ဆန္ဒရာဂဟာ အကုသိုလ်ဓမ္မပဲ၊ ဒါရှိနေရင် အပါယ်သွားလိမ့်မယ်။ ဒီဆန္ဒရာဂပယ်ရင်၊ သုဂတိဘဝနဲ့ နိဗ္ဗာန်ရလိမ့်မယ်” လို့ ဖြေကြဆိုပြီး သင်ကြားပေးတော်မူလိုက်တယ်လို့ မှတ်ကြ၊ သဘောပါကြပလား။
ဘုန်းကြီးက ဒကာ ဒကာမတွေကို အကွက်ကျအောင် ရှင်းလင်းပြောပြမယ်၊ ဆန္ဒရာဂဆိုတဲ့ သမုဒယသစ္စာ တစ်လုံးဟာ ခန္ဓာပေါ်မှာ အမြဲတမ်းငြိကပ်နေတယ်၊ မဂ်နဲ့ မပယ်သေးသရွေ့၊ သူက အမြဲကပ်နေမှာပဲ၊ ဆန္ဒရာဂ ပယ်ဖို့ဆိုတာဟာ၊ အနုသယကိလေသာကို ဆိုတာပဲလို့ မှတ်ကြ၊ ရှင်းကြရဲ့လား။ ဆန္ဒရာဂဆိုတာ ကိုယ့်ခန္ဓာခင်တဲ့ လောဘကိုပြောတာပဲ၊ သဘောပါကြပလား။
ဒီဆန္ဒရာဂဆိုတဲ့ ခန္ဓာခင်တဲ့ အနုသယလောဘကို မဂ်နဲ့ မပယ်သေးရင်၊ ဒီဘဝမှာလဲ တွဲရက်၊ ဟိုဘဝလဲ တွဲရက်၊ အမြဲ တွဲရက်ချည့်နေတာပဲ၊ မဂ်နဲ့မှ မပယ်ရသေးရင် တဏှာ၊ ဥပါဒါန်၊ ကံ၊ ဇာတိ၊ ဇရာ၊ မရဏစတဲ့ ဒုက္ခအစုတွေ လာတော့တာပဲ၊ ဒါတွေလာသမျှ ဒုက္ခလက်စ ဘယ်တော့မှ အဆုံးမသတ်ရတော့ဘူး၊ ရိပ်မိကြပလား။ ဒါကြောင့် ဘုရားအယူဟာ ဒီဆန္ဒရာဂကို ပယ်ဖို့ ဟောလေ့ရှိတယ်၊ ဒါကို ပယ်ဖို့ကျင့်နည်းကိုလဲ ဟောလေ့ရှိတယ်၊ ပေးလေ့ရှိတယ် ဆိုတာ မှတ်ကြ။
မဂ်နဲ့ပယ်မှသာ ရမယ်
ဒကာ ဒကာမတွေ သဘောပါကြပလား။ ဒကာတို့သန္တာန်မှာ ခန္ဓာခင်တွယ်တဲ့ လောဘကိန်းနေတယ်၊ ဒီလောဘ ကို ပယ်ရမှာပဲ၊ ဒါကို မဂ်နဲ့ပယ်မှသာ ရမယ်၊ ဒါကြောင့် မဂ်နဲ့ပယ်ကြ၊ ပယ်နိုင်အောင် မဂ်အလုပ်၊ မဂ္ဂင်အလုပ် လုပ်ရမယ်လို့ ဟောတော်မူတာပဲ၊ ရိပ်မိကြပလား။ ဘုရားရှင် ၄၅ လေးဆယ့်ငါးဝါလုံးလုံး ဟောတော်မူခဲ့တာမှာ ဒီအချက်ဟာ လိုရင်းပဲဆိုတာ မှတ်ကြတော့။
ဒကာတို့သန္တာန်မှာ တဏှာက အနုသယသဘောနဲ့ ကိန်းနေတာ၊ ဒီတော့ အလုပ်တရားဝင်ပြီးမှရှင်းမယ်၊ ကျေနပ်ပလား၊ ကိုင်း-ဂရုစိုက်နာယူကြ။
ဒါက ဒကာတို့ရဲ့ တရားနာနေဆဲ ခန္ဓာငါးပါး၊ ဒီခန္ဓာမှာ အဆင်းကလေးကိုကြည့်ကြစမ်း၊ ကြည့်တော့ အသား အရေ ပြည့်ဖြိုးပြီး အရောင်အဆင်းကလေးနဲ့ပါလားဆိုပြီး နှစ်သက်လုံး၊ သဘောကျလုံးလေး ပေါ်လာတယ်၊ ဟုတ်ကြရဲ့ လား၊ အဲဒါ ရူပက္ခန္ဓာပေါ်မှာ ဆန္ဒရာဂရှိနေတာပဲလို့ မှတ်ကြ၊ သဘောပါကြပလား။
ကိုယ့်ဟာကိုယ် ပြောကြတယ်၊ “အင်း နေလို့ထိုင်လို့ကောင်းတာ တော်သေးရဲ့” တဲ့၊ အဲဒါ ဝေဒနာက္ခန္ဓာ ခင်နေတာပဲ၊ နောက်ပြီး “ကျုပ်က မှတ်မိသားပဲ၊ ကျုပ်က မှတ်ဉာဏ်သိပ်ကောင်းတာ” နဲ့ ပြောကြတာဟာ သညာက္ခန္ဓာ ခင်တဲ့ တဏှာပဲ၊ “ကျုပ်က စေတနာကောင်းထားပါရဲ့၊ သူတို့က မကောင်းကြဘူး၊ ကျုပ်စေတနာ ဝေဒနာဖြစ်တာပဲ” နဲ့ ပြောကြတာဟာ သင်္ခါရက္ခန္ဓာခင်တာပဲ၊ နောက်ပြီး “ကျုပ်မကောင်းတာမလုပ်ဘူး၊ ကျုပ်စိတ်က တသမတ်ထဲ၊ ကျုပ် လောက်ကောင်းတာ ရှာကြအုန်း” နဲ့ ပြောတာဟာ ဝိညာဏက္ခန္ဓာမှာ ဆန္ဒရာဂ၊ ဝင်နေတာပဲ၊ ရှင်းကြပလား။
ကျင့်ဖို့ဆိုတာက ဒီခန္ဓာငါးပါး ဝိပဿနာရှုရမယ်
ဘုရားက ဒီဆန္ဒရာဂကို ပယ်ဖို့ဟောတယ်၊ ဒကာတို့တတွေကတော့ တွယ်နေကြတယ်ဆိုရင် ကောင်းပါ့မလား။ မကောင်းမှန်းသိပြီးပြင်ကြ၊ ဘုရားက ဆန္ဒရာဂပယ်ဖို့ အကျင့်ကိုလဲ ဟောတယ်၊ ဒါကို အကျင့်တရားနဲ့ ပယ်ရမယ်၊ သဘောပါပလား၊ ကျင့်ဖို့ဆိုတာက ဒီခန္ဓာငါးပါး ဝိပဿနာရှုရမယ်လို့ မှတ်ကြ၊ ရှင်းပလား။
ဝိပဿနာရှုတဲ့အခါ ခန္ဓာငါးပါးလုံးကို မရှုရဘူး၊ ငါးပါးထဲက ခန္ဓာတပါးပါးကို သတိပဋ္ဌာနလေးပါးထဲက တပါးပါးနဲ့ ရှုရမယ်၊ ရိပ်မိကြပလား။ အဲဒီလို ရှုကြည့်တော့ ခန္ဓာရဲ့ မမြဲတဲ့သဘော ဖြစ်ပျက်အနိစ္စကို မြင်ရမယ်၊ မြင်လာတော့မှ အရင် မသိတုန်းက မြဲတယ်ထင်လို့ ခင်နေမိတယ်၊ အခုဉာဏ်နဲ့ ရှုကြည့်တဲ့အခါမှာ၊ မမြဲတဲ့ အနိစ္စချည်း တွေ့နေရ၊ မြင်နေရလို့ မခင်မင်တော့ဘူး၊ ခင်ဇောကွာသွားတယ်၊ သဘောပါကြရဲ့လား။
အဲဒီလိုခန္ဓာမှာ ဝိပဿနာဉာဏ်နဲ့ကြည့်လို့ အနိစ္စတွေ့ရင် ပရိယုဋ္ဌာနနဲ့ ဝီတိက္ကမခေါ်တဲ့ ထကြွကိလေသာနဲ့ လွန်ကျူးကိလေသာတွေ မလာတော့ဘူး၊ အခိုက်အတန့် ချုပ်စဲသွားကြတော့တယ်။ ဒါကို အပြီးသတ်ချုပ်စဲသွားအောင် လုပ်ရမယ်၊ ဒါမှ နောက်ထပ်မပေါ်နိုင်မှာ၊ သူက ခန္ဓာမှာ အနုသယသဘောနဲ့ ကိန်းနေတာ၊ သူ့ကို အမြစ်ပြတ်အောင် လုပ်မှ ဒုက္ခအစုချုပ်မှာ၊ ရိပ်မိကြပလား။
အနုသယသဘောနဲ့ အောင်းနေတယ်
ခန္ဓာရှိတော့ သူကရှိနေတယ်၊ သူရှိနေပေမယ့် ခင်မခင်၊ မသိသာဘူး၊ မသိသာအောင်၊ အနုသယသဘောနဲ့ အောင်းနေတယ်လို့မှတ်ကြ။ ဥပမာ ကိုယ့်မျက်နှာရိပ်ကလေး မှန်ထဲကြည့်လိုက်တယ်ဆိုပါတော့၊ အဲဒီအခါမှာ မျက်နှာ ကလေးက ပြည့်ဖြိုးပြီးနေတာ၊ ချောမွတ်နေတာ တွေ့လိုက်ရတော့၊ တခါတည်း သဘောကျသွားတယ်၊ အဲဒါ ပရိယုဋ္ဌာန ကိလေသာတွေ ထကြွလာတာပဲ၊ ဒီအပေါ်မှာ ကိုယ်ကထပ်ပြီး ပေါင်ဒါတွေ အမွှေးနံ့သာတွေနဲ့ ထပ်ပြီး ခြယ်လှယ်လိုက် ပြန်တယ်၊ အဲဒါက ဝီတိက္ကမဆိုတဲ့ လွန်ကျူးကိလေသာတွေ ထ,ကြွလာတာပဲ၊ ရိပ်မိကြရဲ့လား။
ဒီခန္ဓာကို အနိစ္စမြင်အောင် ဝိပဿနာရှုတဲ့အခါကျတော့၊ ဖြစ်ပျက် အနိစ္စတွေ၊ ဉာဏ်ကမြင်ရရော၊ ဒီအနိစ္စအချက် ခန္ဓာ့ဖြစ်ပျက်မြင်တော့ “ပရိယုဋ္ဌာန၊ ဝီတိက္ကမ” ဆိုတဲ့ ထကြွကိလေသာနဲ့ လွန်ကျူးကိလေသာနှစ်ခုကို ဝိပဿနာဉာဏ်က ပယ်သတ်လိုက်တယ်၊ သဘောပါပလား။ ဒီလိုဝိပဿနာဉာဏ်နဲ့ ခန္ဓာမှာ ဖြစ်ပျက်ရှုနေတုန်းမှာတော့ ကိလေသာနှစ်ပါး သာသေတယ်၊ အနုသယဆိုတဲ့ မသိမသာကပ်နေတဲ့ ကိလေသာက မသေသေးဘူး၊ ကပ်မြဲကပ်နေသေးတယ်၊ ရှင်းကြ ပလား။
အနုသယအမြစ်ပြတ်မှ ဘုရား အယူ
ဘုရားက ဒီအနုသယသဘောနဲ့ ကပ်နေတဲ့ကိလေသာကိုပယ်ဖို့ အကျင့်မှ ဟောရိုးဖြစ်တယ်၊ ဘုရားကျင့်ရိုးဖြစ် တယ်လို့ ဟောတော်မူတာပဲလို့မှတ်ကြ၊ ဒီတော့ ဒကာ ဒကာမတွေ သိထားဖို့က ဝိပဿနာရှုရုံနဲ့လဲ ဘုရားအယူ အကုန် လိုက်တာ မဖြစ်သေးဘူး၊ ဘုရားအလိုတော် အကုန်မကျသေးဘူး၊ ကပ်နေတဲ့ အနုသယ(၇)ပါး အမြစ်ပြတ်မှ ဘုရား အယူ ဘုရားအလိုတော်အစစ်ကျတယ်ဆိုတာ မှတ်လိုက်ကြ။
အခု ဒကာ ဒကာမတွေသန္တာန်မှာ၊ ဒိဋ္ဌာနုသယ ရှိနေတယ်၊ ဒီ ဒိဋ္ဌာနုသယကလေး ကပ်နေတာပဲဆိုရင် မမှားဘူး၊ ဒီဟာလေးက ဝိပဿနာရှုတုန်းတော့ သိပ်လိုချင်တဲ့ လောဘလေးက ငြိမ်းနေတယ်၊ သူရှိမှန်းမသိသာဘူး၊ ဒါပေမယ့် အကြောင်းရှိရင်တော့ သူပေါ်လာမယ်၊ ဒါကြောင့် ဝိပဿနာဉာဏ်လောက်နဲ့ ကျေနပ်နေလို့ မဖြစ်သေးဘူး၊ မကျေနပ်နဲ့ အုံးလို့ ပြောလိုက်ပါတယ်။ သဘောပါကြရဲ့လား။
ဥပမာ-အနာတစ်ခုဟာ အပေါ်ယံကသာ ပျောက်နေပြီး အတွင်းမှာ ငုပ်နေတယ်ဆိုရင် မပျောက်သေးဘူး၊ အမြစ်ကျန်နေသေးတယ်၊ အဲဒါ ငန်း၊ မန်း ထလာနိုင်တယ်၊ အညှော်တို့ မသင့်မတင့် အစာတို့နဲ့တွေ့ရင် ငန်း၊ မန်းထလာ ပြီး သေနိုင်တယ်၊ ထလာရင် ဒုက္ခရောက်ရမယ်။ အဲဒီသဘောအတိုင်းဘဲ၊ အနုသယဆိုတဲ့ အမြစ်မပြတ်သေးရင် နေရာမကျသေးဘူး၊ နှစ်သက်လွန်းတဲ့အာရုံနဲ့တွေ့ရရင်, ထောင်းကနဲထလာမယ်၊ မျက်ရည်ကျစရာနဲ့ တွေ့ရင်လည်း ပြိုက်ကနဲ ကျမှာဘဲ၊ အကြောင်းရှိရင်, အနာကြွလာမယ်၊ သဘောပါကြရဲ့လား?
ဆန္ဒရာဂကို ပယ်ဖို့တရားကို ဟောလေ့ရှိတယ်
ငုပ်နေတာဆိုတော့ ရုတ်တရက် မသိနိုင်ဘူး၊ တော်လှပြီ, တန်လှပြီလို့ ထင်နေရတယ်၊ တော်တယ်၊ တန်တယ် အောင်းမေ့,ရတယ်၊ အဲ…အကြောင်းရှိလို့ ထကြွလာလိုက်တော့၊ ကိလေသာသုံးခုလုံး ပြန်ပြေးတော့ဒါပဲ၊ ဘာမှမထူးခြား တော့ဘူး၊ ရှင်းကြရဲ့လား? ဒါကြောင့် တစ်ခုကိုဖြုတ်မှဖြစ်မယ်၊ တစ်ကိုမဖြုတ်ရင် နှစ်-သုံး ပြန့်ပွားလာဦးမယ်၊ ရိပ်မိကြ ပလား။ ဒါကြောင့် ဘုရားက ဒီဆန္ဒရာဂကို ပယ်ဖို့တရားကို ဟောလေ့ရှိတယ်၊ ကျင့်လေ့ရှိတယ်ဆိုတဲ့ အဓိပ္ပါယ် ပေါ်ကြပလား။
ဒကာ ဒကာမတွေ သဘောပါကြပလား။ ဘုရားဝါဒက သမုဒယသစ္စာ၊ ဒိဋ္ဌာနုသယတို့ကို အမြစ်အရင်းနှင့်တကွ ကျွတ်ရေးရအောင် ဟောလေ့ကျင့်လေ့ရှိတယ်၊ ဒါကို မြဲမြဲစွဲစွဲ မှတ်ထားကြ။ ဝိပဿနာရှုလို့ ဖြစ်ပျက်မြင်ရင် အနုသယ တမျိုးကျန်တော့တယ်၊ ကိလေသာနှစ်မျိုးသာသေတယ်၊ အနုသယ ကျန်နေတော့၊ ရောဂါအငုပ်အရင်းသေတဲ့ ဝေဒနာ သည်မဟုတ်သေးဘူး၊ သွားလို့လာလို့ ဖြစ်ရုံလောက် ဆေးကုထားတာပဲ၊ ရိပ်မိကြရဲ့လား၊ ခန္ဓာနဲ့ကပ်ပြီး ကိန်းနေတဲ့ အနုသယက ကျန်နေတယ်၊ သူက ရှိမှန်းလဲမသိသာဘူး။
အနာကို ရှင်းရှင်းပျောက်မှ စိတ်ချရမယ်
ဒကာ ဒကာမတွေ ဒါလောက်နဲ့ စိတ်မချရသေးဘူး။ အနာကို ရှင်းရှင်းပျောက်မှ စိတ်ချရမယ်၊ ရှင်းပလား၊ ရှင်းရှင်းမပျောက်သေးရင်၊ အညှော်နံ့မခံနိုင်သေးဘူး၊ အစားမှားလဲ မခံသေးဘူး၊ အညှော်နံရင် အသားတွေကွဲအက်ပြီး သွေး၊ ပြည်၊ သနံရည်တွေ ယိုစီးထွက်ကျလာမယ်၊ အနာဝင်ပြီး ချက်ချင်းဒုက္ခရောက်နိုင်တယ်၊ ဒီတော့ ဒီအနာ ရှင်းရှင်း ပျောက်မှ အမြစ်ပါကျွတ်မှသာ စိတ်ချရမယ်၊ သဘောပါကြပလား။
ဒါကြောင့် အနုသယခေါ်တဲ့ တစ်၊ ကိလေသာကိုပယ်မှ ပယ်နိုင်မှသာ စိတ်ချရမယ်ဆိုတာ မှတ်လိုက်ကြ၊ ဒါမှ “ဆန္ဒရာဂ ဝိနယဂ္ဂါဟီဝါ” ဆိုတဲ့အတိုင်းဖြစ်မှာ ရိပ်မိပလား။ ဝိပဿနာရှုတာဟာ ပဋ္ဌမ၊ ဒိဋ္ဌာနုသယ ပယ်တာပဲလို့ မှတ်ကြ၊ ဒါပေမယ့် ဝိပဿနာဉာဏ်က အစွမ်းကုန်မပယ်နိုင်သေးဘူး၊ တစ်,ကိလေသာ ကျန်နေသေးတယ်၊ ဖြစ်ပျက်မြင်လို့ အားထုတ်တာတောင်၊ ဒါလေးက ကျန်နေသေးတယ်၊ ဖြစ်ပျက်မြင်တာတောင် အနုသယ မကွာနိုင်သေးဘူး။
ဖြစ်ပျက်မြင်တာနဲ့တောင် မရသေးဘူး
ဒကာ ဒကာမတွေ ရိပ်မိကြရဲ့လား၊ ဖြစ်ပျက်မြင်တာနဲ့တောင် မရသေးဘူးဆိုတော့ သိရုံနဲ့ပြီးတယ်ဆိုတဲ့စကားဟာ အမှန်ကျပါ့မလား၊ မကျပါဘူး၊ တချို့တွေက သိရင်ပြီးရောတဲ့၊ ကျင့်ဖို့မလိုဘူးနဲ့ ယောင်ယောင်မှားမှား ပြောတတ်ကြတယ်၊ ဒကာ ဒကာမတွေ သိရုံနဲ့ ရောက်တယ်ဆိုတာများ နားမယောင်လိုက်ကြပါနဲ့လို့ အထူးတလည် သတိပေးလိုက်ပါတယ်။
ဒီသာဓကကို ဆုံးဖြတ်ချက် ချနိုင်အောင် ဆန္ဒမထေရ်ဝတ္ထုသွားကို ကြည့်ကြ။ ဆန္ဒမထေရ်ဟာ ဖြစ်ပျက်တွေမြင် နေတာ အနှစ် ၄၀ နီးပါးကြာလိမ့်မယ်။ အဲဒီ ရုပ်၊ နာမ်ဖြစ်ပျက်တွေမြင်ပြီး ကိုယ့်ဟာကိုယ် အထင်ကြီးနေရှာတယ်၊ အထင်ကြီးနေပေမယ့် ဘာမှမဟုတ်ရှာဘူး၊ ဒါလေးက ကပ်နေတယ်၊ ဒီနုသယလေးကပ်နေတာ သူမသိရှာဘူး၊ ဒါကြောင့် သူ့ဟာသူ အခြောက်တိုက် အထင်ကြီးနေမိပေတာပေါ့။ သဘောပါပလား။
ဝိပဿနာရှုလို့ ဖြစ်ပျက်တွေမြင်၊ ဒီလိုဖြစ်ပျက်တွေ ရှုနေတာတောင် အနုသယကကျန်တယ်၊ ကိလေသာနှစ်မျိုး သေသွားပြီး တစ်မျိုးက မဖြုံသေးဘူး၊ သဘောပါကြပလား၊ ဒီဖြစ်ပျက်တွေမြင်လို့ ဖြစ်ပျက်တစ်ခါဆုံးပါမှ ဒိဋ္ဌာနုသယ ကိလေသာကို ပယ်နိုင်တယ်၊ ဒါတစ်ခုပယ်နိုင်ရင် အပါယ်မကျရတော့ဘူး၊ “စတူဟာပါယေဟိစ ဝိပ္ပမုတ္တော” ဆိုတာဖြစ်ပြီ၊ အပါယ်လေးပါးအတွက် စိတ်ချရပြီ၊ ဒါတစ်ခုမှ မပယ်ရသေးရင် အပါယ်စိတ်မချရသေးဘူး၊ ရိပ်မိကြပလား။
ဒကာ ဒကာမတွေ သဘောပါကြပလား၊ ကိုယ့်မှာ တိုက်တာ၊ အိုးအိမ်၊ စည်းစိမ်ချမ်းသာတွေ၊ ကားတွေတဝီဝီ စီးနေနိုင်ပေမယ့် ဒါကို မပယ်ရသေးရင် အလကားပဲလို့သာ မှတ်လိုက်ကြ။ ဒါမပယ်ရသေးသမျှ ငရဲမျိုးစေ့က ကျန်နေ သေးလို့ပဲ၊ ရိပ်မိကြရဲ့လား။ ငရဲ့မျိုးစေ့ရှိနေသေးရင် ဘယ်လိုနေနေ၊ အနေကောင်းမဟုတ်သေးဘူး၊ ဒိဋ္ဌာနုသယ မပယ်ရ သေးသူဟာ၊ အခုနေ မော်ကြွားနေပေမယ့် အချည်းနှီးပဲ၊ အခု မော်သလောက် နောက်အခါ မျက်ရည်ကျရမယ်ဆိုတာ မှတ်ကြတော့၊ ရှင်းပလား။
အခုလို အခွင့်အခါ ကောင်းတုန်းမှာမှ မေ့လျော့ပေါ့တန်နေကြရင်၊ အခု မော်သလောက်၊ နောက်အခါ ဒုက္ခ ရောက်ရမယ်ဆိုတာ မှတ်ကြ။
သောတာပန်ဖြစ်မှ စိတ်ချရမယ်
ဒကာ ဒကာမတို့ အချိန်မလွန်ခင်က ကြိုးစားယူကြ၊ သောတာပန်ဖြစ်မှ စိတ်ချရမယ်၊ သောတာပန်ဆို အပါယ် မကျတော့ဘူး၊ မလွှဲသာလို့ အကုသိုလ်ပြုလဲ မကျတော့ဘူး၊ ရှင်းကြပလား။ ဝိပဿနာရှုလို့ ဖြစ်ပျက်မြင်နေတာ၊ မဂ္ဂင် ငါးပါးနဲ့ မြင်နေတာပဲ၊ ဖြစ်ပျက်တွေမြင်နေရင် တခုကျန်တယ်၊ ကိလေသာနှစ်ခုကသေပြီ၊ တခုကျန်နေတော့ အကင်းမသေ သေးဘူး၊ ဒါလောက်နဲ့ စိတ်မချရသေးဘူး၊ ရိပ်မိပလား။
ဒကာတို့တတွေ ဝိပဿနာရှုတော့ ဖြစ်ပျက်တွေမြင်၊ တသံသရာလုံးက မမြင်ဘူးတဲ့ ရုပ်၊ နာမ်ဖြစ်ပျက်၊ အနိစ္စတွေမြင်ရတော့ ေဩာ်…တယ်ဟုတ်တဲ့ ငါပါလား၊ သေပျော်ပြီလို့ အောက်မေ့ပြီး ပြောတတ်ကြတယ်၊ အဲဒါ ဒီကျန်နေသေးတဲ့အဆင်းကို မသိလို့ ပြောကြတာပါ၊ မသေပျော်သေးဘူးလို့ ဘုန်းကြီးက သတိပေးလိုက်တယ်၊ ရှေ့ဆက်ပြီး မုန်းလာအောင် နောက်ဆုံးသွားအောင် လိုက်ရှုကြ၊ သဘောပါပလား။
ဖြစ်ပျက်တွေရှု၊ အများမြင်ပြီး နောက်မုန်းဉာဏ်လာ အလွန်ကိုပဲ မုန်းနေပြီပြောပေမယ့် အဲဒီအခါမှာ ကိလေသာ တစ်ခုကျန်ပဲ၊ မဂ်နားမှာကပ်နေတဲ့ အနုလုံ-ဂေါတြဘူတွေကကို ကိလေသာနှစ်ခုပဲ သတ်နိုင်တယ်၊ တစ်ကတော့ ကျန်တာပဲ၊ ရိပ်မိကြပလား၊ ဒါကြောင့် ဒကာ ဒကာမတွေ ကြိုးစားကြ၊ ပဋ္ဌမဖြစ်ပျက်မြင်အောင်ကြည့်၊ နောက် ဒီ-ဖြစ်ပျက်ကိုပဲ သစ္စာဆိုက်အောင် ကြိုးစားလိုက်ကြ၊ ရှင်းကြပလား။
ဖြစ်ပျက်မြင်တဲ့ ဉာဏ်နဲ့လဲ တစ်ခုကျန်တာပဲ
ဖြစ်ပျက်မြင်တဲ့ ဉာဏ်နဲ့လဲ တစ်ခုကျန်တာပဲ၊ မုန်းတဲ့ဉာဏ်လဲ တစ်ခုကျန်တာပဲ၊ ရိပ်မိပလား၊ ဒီဖြစ်ပျက်ဟာ အနိစ္စဆိုတဲဟုတ်တယ်၊ ဒုက္ခလဲဟုတ်တယ်၊ အနတ္တလဲဟုတ်တယ်၊ ဒီဖြစ်ပျက်ကြည့်ရင် ဒီဉာဏ်သုံးချက် တပါတည်း ကိစ္စပြီးတယ်။ ခန္ဓာမှာ မမြဲတာရယ်၊ ဆင်းရဲတာရယ်၊ အစိုးမရ၊ အလိုမကျတာရယ်၊ ဒါတွေအမှန်ရှိတယ်၊ ဒါတွေက တခုမှ ကောင်းတာ၊ အသုံးကျတာ မပါဘူး၊ ခန္ဓာဟာ စက်ဆုပ်စရာ၊ အသုံးမကျတာ အမှန်ချည်းပဲ၊ ဒီအမှန်ကိုသိအောင် ကြိုးစားကြ။
ဒကာ ဒကာမတို့ ဒိဋ္ဌိက မှီစရာမရှိမှပြုတ်မှာ၊ မှီစရာမရှိအောင်၊ မှီစရာပြုတ်အောင် လုပ်ရမယ်၊ ဒီခန္ဓာဟာ ဒုက္ခသစ္စာအစစ်ပဲလို့ အမှန်သိရင် မလိုချင်ဘူး၊ မလိုချင်တာကြာလာလို့ တကယ့်ကို မလိုချင်တော့ပါဘူး၊ ဒီခန္ဓာကလွတ်မှ ကောင်းမှာပဲဆိုပြီး ခန္ဓာပျောက်ထွက်သွားတာပဲ၊ အဲဒီအခါ ဒိဋ္ဌာနုသယဟာ မှီစရာမရှိတော့ဘူး၊ မဂ်ရှစ်ပါးကလဲ သူ့ကိုသတ်ချလိုက်တော့တယ်၊ သဘောပါကြရဲ့လား။
ဒိဋ္ဌိပြုတ်ဘို့ အရင်ပဋ္ဌမဆုံး အရေးကြီးတယ်
ဒိဋ္ဌိမရှိတော့ ဒိဋ္ဌုပါဒါန်လဲ မရှိတော့ဘူး၊ ဒိဋ္ဌုပါဒါန်မရှိတော့ ဒီဟာကိုအုပ်ချုပ်တဲ့ နောက်ကကံလဲမရှိဘူး၊ ကံမရှိတော့ အပါယ်ဇာတိမလာတော့ဘူး၊ အပြီးသတ် ချုပ်ငြိမ်းသွားတော့တယ်၊ ဒါဘာကြောင့်လဲ၊ “ဆန္ဒရာဂ ဝိနယဂ္ဂါဟီ” ဆိုတဲ့အတိုင်း၊ “ဒိဋ္ဌိလောဘ” ဆိုတဲ့ ဒိဋ္ဌုပါဒါန် သူ့ကိုအုပ်ချုပ်တဲ့ ကံ၊ အဲဒီ အပါယ်ဇာတိမျိုးစေ့ ကုန်လို့ပဲဆိုတာ မှတ် လိုက်ကြ။ ဒီက အပါယ်ဇာတိ မျိုးစေ့ကုန်တော့၊ ဟိုမှာလဲ ငရဲမျိုးစေ့ကုန်၊ ငရဲအိုးသိမ်း၊ ငရဲမီးလဲ ငြိမ်းတော့တာပဲ၊ ရှင်းပလား။
ဘုရားဟောတဲ့ ဆန္ဒရာဂဝိနယဂ္ဂါဟီဝါ၊ ဆိုတဲ့အတိုင်း၊ ဒိဋ္ဌိပြုတ်ဘို့ အရင်ပဋ္ဌမဆုံး အရေးကြီးတယ်၊ သဘောပါ ပလား။ ဒကာ ဒကာမတွေ ပဋ္ဌမ ဒီဒိဋ္ဌိပြုတ်ဖို့ အရေးကြီးတယ်ဆိုတာ မှတ်လိုက်ကြ။ သူက အပါယ်မျိုးစေ့ကျတဲ့ ဒိဋ္ဌာ နုသယ၊ ခန္ဓာကိုတွယ်တာ သူကတွယ်နေတာပဲ၊ ရိပ်မိကြပလား။ ဒိဋ္ဌာနုသယ ဒိဋ္ဌုပါဒါန်နဲ့ ခန္ဓာတွယ်နေသမျှ အပါယ် မျိုးစေ့ကျမှာချည်းပဲဆိုတာ မှတ်ကြ၊ ရှင်းပလား။
ခန္ဓာတွယ်တဲ့ ဒိဋ္ဌာနုသယပြုတ်ရင်၊ ဒိဋ္ဌိ၊ ဒိဋ္ဌုပါဒါန်၊ အုပ်ချုပ်တဲ့ကံ အပါယ်ဇာတိတွေပါ ချုပ်သွားတော့တာပဲ၊ ရှင်းပလား။ ဒီတရားကို ဘုရားက ရဟန္တာဖြစ်အောင်၊ ဟောတော်မူတာ၊ အခု ဘုန်းကြီးက သောတာပန်အတွက် ဟောရတာပဲ၊ ဒါကြောင့် ဒကာ ဒကာမတွေ ကြိုးစားကြ၊ ဖြစ်ပျက်မြင်ရုံမျှနဲ့၊ မုန်းရုံမျှနဲ့ မတင်းတိမ်ကြနဲ့၊ ဖြစ်ပျက်အဆုံးမြင် တဲ့ဉာဏ်ရမှ တင်းတိမ်ကြ၊ မဂ်ဉာဏ်ရမှ တင်းတိမ်ကြ၊ ကျေနပ်ကြလို့ဆိုတယ်၊ သဘောပါပလား။
ကိုင်း ယနေ့ ဒီတွင်ပဲ တော်ကြစို့။
