ခန္ဓာဖြစ်ပျက် ဒုက္ခစက်၊ တရားတော်
ဆောင်ပုဒ်
ဝိညာဏ်စမှု၊ ကမ်တိုင်ပြု၊ ရှစ်ခုစဉ်တိုက်လာ။
ပဝတ္တိတွင်၊ မပြတ်ပင်၊ အစဉ်လှည့်လည်ကာ။
ပဋိစ္စကြီး၊ ဒုက္ခမီး၊ ငြီးငြီးလောင်မြိုက်ရှာ။
တစ်ခုချုပ်သော်၊ တစ်ခုပေါ်၊ ဘယ်သော်မပြတ်ပါ။
ကြောင်းကျိုးစဉ်ဆက်၊ ဖြစ်ပြီးပျက်၊ သက်သက်ဒုက္ခသာ။
ဖြစ်ပျက်နောင်တွင်၊ ရှုဉာဏ်ဝင်၊ အစဉ်ရှုမှတ်ရာ။
ရှုမှတ်များမြောက်၊ မုန်းဉာဏ်ပေါက်၊ ချုပ်ပျောက်ပဋိစ္စာ။
အစဉ်ချုပ်သော်၊ သုခပေါ်၊ အဟောနိဗ္ဗုတာ။
သတိချပ်
ဒုက္ခရဟတ်၊ လှည့်ကာပတ်၊ မပြတ်ခန္ဓာခွင်။
ဖြစ်၊ ပျက်၊ ဆင်းရဲ၊ ကိုယ့်ကြိုက်လွဲ၊ အမြဲကန့်လန့်ပင်။
ယခုဖြစ်,ပျက်၊ နောက်ဖြစ်,ပျက်၊ သက်သက်ဒုက္ခစဉ်။
ဖြစ်,ပျက်ဒုက္ခ၊ ဆင်းရဲစွ၊ ဉာဏ်ကအဟုတ်မြင်။
ဉာဏ်မြင်ထွင်းဖောက်၊ ဒုက္ခပျောက်၊ မျက်မှောက်နိဗ္ဗူဝင်။
ယုံမှားကင်းလတ်၊ ဒိဋ္ဌိပြတ်၊ ပါယ်ရပ်လွတ်ငြိမ်းစင်။
ဤနည်းသုံးသပ်၊ လေးကြိမ်ဖြတ်၊ လွတ်လပ်ဘုံသုံးခွင်။
တရားသား
ဘယ်ဉာဏ်ရမှ ကိစ္စပြီးနိုင်ပါ့မလဲ
ဒကာ ဒကာမတွေက မေးတယ်ဆိုပါတော့ “တပည့်တော်တို့ တရားအားထုတ်တာ ဘယ်အခြေရောက် မှ ကိစ္စပြီးပါမလဲ၊ ဘယ်ဉာဏ်ရမှ ကိစ္စပြီးနိုင်ပါ့မလဲ၊ ဒီလိုမေးခဲ့ရင်၊ သေသေချာချာ မှတ်လိုက်ကြ၊ ဘုန်းကြီးက အဖြေ ပေးလိုက်မယ်၊ ဒကာတို့တတွေ …
”တရားအားထုတ်တဲ့အခါ ဒုက္ခသစ္စာကို ကိုယ်ကိုယ်တိုင် ဆုံးဖြတ်ချက် ချနိုင်အောင်၊ ကိုယ်တိုင်သိမြင်တဲ့ဉာဏ်ကို ရရင် ကိစ္စပြီးပါတယ်” လို့ တိတိကျကျ၊ အဖြေပေးလိုက်တယ်၊ ဒကာ ဒကာမတွေ ကျေနပ်ကြပလား။
ဒီလိုဆိုတော့ ခဲယဉ်းစရာ ရှိသေးသလား၊ မခဲယဉ်းရင် ဒီဉာဏ်တစ်ခုထဲကိုဖြင့် မရ,ရအောင်၊ ကြိုးစားတော့မယ် လို့ ဆုံးဖြတ်ချက်ချ၊ သဘောပါပလား။ ဒုက္ခသစ္စာပဲလို့ ပိုင်ပိုင်နိုင်နိုင် ဉာဏ်နဲ့ပိုင်းခြားနိုင်ရင်ဖြင့် နေရာကျပြီလို့သာ မှတ်ကြတော့၊ ဒီဉာဏ်ရအောင် အားထုတ်ယူဖို့ မသင့်သေးဘူးလား။ သင့်တာသိရင် အမြန်လုပ်ကြ။ ဆရာသမား ဟောပြောပြတဲ့အတိုင်း ထင်မြင်ရင် အမှန်ကျပြီ။ အမှန်ကျတဲ့အမြင်ဟာ ဒုက္ခသစ္စာပဲ၊ ဒုက္ခသစ္စာမြင်မှ အမြင်မှန်ပဲ၊ ရှင်းပလား။
ခန္ဓာဒုက္ခသစ္စာ မမြင်မထင်သေးသမျှ
ခန္ဓာဒုက္ခသစ္စာ မမြင်မထင်သေးသမျှ အမြင်မှန် မကျသေးဘူး၊ သဘောပါကြရဲ့လား။ ဒီသဘောအဓိပ္ပါယ် သိရတော့ မြင်ပြီးသားဖြစ်တဲ့သူက ဝမ်းသာဖို့၊ မမြင်ရသေးတဲ့သူအတွက်က အားတက်ဖို့၊ အားတက်ပြီး ကြိုးစားဖို့ပဲလို့ မှတ်ကြ၊ ကျေနပ်ပလား။ ခန္ဓာဟာ ဒုက္ခသစ္စာ အစစ်အမှန်၊ ဒုက္ခမီးက ခန္ဓာကို အမြဲတောက်လောင်ပြီး နေတာပါ။ ဒါကို ဉာဏ်နဲ့ကြည့်မှ မြင်ရမယ်၊ အမှန်အကန်မြင်အောင် ဉာဏ်နဲ့ကြည့်ရမယ်၊ ကြည့်ဆိုတာ ဝိပဿနာအားထုတ်ကြလို့ ပြောတာပဲ၊ သဘောပါရဲ့လား။
ခန္ဓာမှာ ဒုက္ခမီးလောင်နေတာ ဘယ်အချိန်မှာ လွတ်တယ်လို့ မရှိဘူး၊ အမြဲမပြတ်၊ ဒလစပ် လောင်မြိုက်နေတာ ပဲ၊ ဒါကို ဝိပဿနာရှုမှ ဒီဉာဏ်နဲ့ကြည့်မှမြင်မယ်၊ ဝိပဿနာရှုကြည့်ရင်၊ အမှန်ကို သိမြင်ကြရမယ်။ ပဝတ္တိအခါ၊ အခု ဖြစ်ဆဲ၊ ပစ္စုပ္ပန်ခန္ဓာမှာကြည့်ရင်၊ ရုပ်နာမ်အစဉ်တွေ ဖြစ်ပြီး ပျက်နေတဲ့ ဒုက္ခစက်ကြီး လည်နေတာကို မြင်မှ သိရမယ်၊ သဘောပါပလား။ ဉာဏ်နဲ့ကြည့်တော့ “အော်-စက်လိုပါပဲကလား၊ တစ်ခုချုပ်၊ တစ်ခုပေါ်၊ တစ်ခုချုပ်သွား၊ တစ်ခုပေါ်လာ နဲ့ စက်ကြီးလည်နေသလိုပါပဲလား” လို့ ဉာဏ်ထဲမှာမြင်ရမယ်။
ဒုက္ခတွေ လည်နေ တာပါလား
ဉာဏ်ထဲမှာမြင်လို့ အမြင်ရှင်းသလောက် ဉာဏ်တက်သလောက် လက်စသတ်တော့၊ ဪ-ဒုက္ခတွေ လည်နေ တာပါလားလို့ ထင်လာ, မြင်လာမယ်၊ ရှင်းကြပလား။ ပဋ္ဌမ ဖြစ်, ပျက်ချုပ်၊ ဒုတိယ ဖြစ်,ပျက်ပေါ်၊ ဒုတိယဖြစ်, ပျက် ချုပ်ပြန်တော့ တတိယဖြစ်, ပျက်ပေါ်၊ ဒီလိုအဆက်မပြတ် ဖြစ်, ပျက် ဒုက္ခစက်ကြီး လှည့်ပတ်နေတာပဲ၊ ဒါကို ဉာဏ်က ခန္ဓာထဲမှာကြည့်တော့ မြင်ရမယ်၊ ရိပ်မိကြပလား။ ရှုမှတ်နေရင်းက ဉာဏ်ဝမှာ “ဪ-ဒုက္ခစက်ကြီး လည်နေပါလား” လို့ ထင်လာ, မြင်လာရမယ်၊ သဘောပါကြပလား။
ဒကာ ဒကာမတွေ သဘောပါကြပလား။ ခန္ဓာမှာဉာဏ်နဲ့ကြည့်တော့ အမှန်သိ၊ အမှန်မြင်၊ အဲဒီအခါမှာ ဪ- ဒီသဘောတရားတွေ ရုပ်-နာမ်တွေဟာ စင်စစ်တော့ ဘာမှမဟုတ်ပါပဲသလား၊ ဒုက္ခကြီး လည်နေတာပါလား၊ “ဒုက္ခ သက်သက်အပြင် ဘာမှ အပိုမစွက်ပါပဲကလား” လို့ မြင်လာတော့တယ်၊ ဒီလိုမြင်ရင် ဒုက္ခမြင်တာပဲ၊ ဒုက္ခမြင်တဲ့ဉာဏ်ရပြီ လို့ မှတ်လိုက်ကြ၊ ရှင်းကြရဲ့လား။ ဒုက္ခမြင်တော့ ဒုက္ခကလွတ်ချင်၊ ဒီဒုက္ခနဲ့မနေချင်၊ ဒုက္ခမလိုချင်၊ မုန်းဉာဏ်ဝင်လာမယ်။
သောတာပန် စခန်းဆိုက်ပြီ
ဉာဏ်ရှေ့မှာ ဒုက္ခတွေချည်း အဆက်မပြတ် မြင်ရဖန်များလေ မုန်းဉာဏ်ရင့်လာလေ၊ ဒီအတိုင်းဆက်ပြီးရှုတော့ ဒုက္ခကြီးက လွတ်ချင်လှပြီ၊ ဒီဒုက္ခကြီး လုံးဝမလိုချင်တော့ပါဘူးဆိုပြီး၊ စွန့်ချင်တဲ့သဘော လာမယ်၊ ဒီလိုလာပြီးတဲ့နောက်၊ ဒုက္ခစက် ရပ်စေချင်တယ်ဆိုတော့ ရပ်သွားတာ ဉာဏ်နဲ့မြင်ရမယ်၊ ရှင်းကြရဲ့လား။ ဒုက္ခစက်ရပ်စေချင်လို့ ရပ်သွားတာ မြင်တာက သုခ, ရောက်တာပဲလို့ မှတ်ကြ။ သုခရောက်တာ နိဗ္ဗာန်ပေါ်တာပဲ၊ အဲဒီတော့မှ အပါယ်လေးပါးတံခါးပိတ်တဲ့ “သောတာပန်” စခန်းဆိုက်ပြီလို့ မှတ်ကြ။
ဒကာ ဒကာမတွေ သဘောပါကြပလား။ ခန္ဓာဉာဏ်နဲ့ စိုက်ကြည့်တော့၊ ရုပ်နာမ်တွေ အစဉ်မပြတ် ဖြစ်ပျက်နေ တာ မြင်ရမယ်။ နောက် ဉာဏ်တက်လာတော့ ရုပ်, နာမ်မမြင်၊ ဖြစ်ပျက်လွန်ပြီး၊ ဒုက္ခဆက်နေတာပဲလို့ မြင်လာမယ်။ ပဋ္ဌမ ဖြစ်,ပျက်လဲ ဒုက္ခ၊ ဒုတိယ ဖြစ်,ပျက်လဲ ဒုက္ခ၊ ပေါ်သမျှအကုန် ဒုက္ခချည်းပဲလို့ မြင်မယ်၊ ဒီလိုမြင်တုန်း ရုတ်တရက်ကြီး ဒုက္ခစက်ဟာ ဖြတ်ကနဲဆို ရပ်သွားတော့တယ်။ အဲဒါ နိရောဓသစ္စာပဲ၊ နိဗ္ဗာန်ကို မဂ်ဉာဏ်နဲ့မြင်တာပဲလို့ မှတ်ကြ။ ကျေနပ်ကြပလား။
ဒီလိုမြင်ရင် သံသယဟူသမျှ အကုန်ပျောက်ပြီ၊ ရတနာသုံးပါးနဲ့ ခန္ဓာရုပ်နာမ် သံသရာစတဲ့ အရာတွေမှာ ယုံမှားခြင်းမရှိတော့ဘူး။ အမိုက်တိုက်ထဲ အလင်းရောင်ကြီး ဝင်လာလိုက်သလို အသိအမြင် စင်ကြယ်သွားပြီ၊ ဉာဏ် အမြင်ရှင်းသွားပြီ။ အဲဒီအခါမှာ၊ ငရဲ, တိရစ္ဆာန်, ပြိတ္တာ စတဲ့ မကောင်းဆိုးဝါး ဒုဂ္ဂတိဘဝ ဋ္ဌာနတွေဟာ တို့နဲ့မဆိုင်တော့ ဘူး။ လွတ်ပြီ၊ ကျွတ်ပြီလို့သာ ဆုံးဖြတ်ချက် ချကြတော့၊ သဘောပါကြပလား။
ရုပ်, နာမ် ဖြစ်,ပျက်က … ဒုက္ခသစ္စာ။
ရုပ်, နာမ် ဖြစ်,ပျက်အဆုံးမြင်တဲ့ဉာဏ်က … မဂ္ဂသစ္စာ။
ရုပ်, နာမ် ဖြစ်,ပျက်အဆုံးမှာပေါ်လာတာက … နိရောဓသစ္စာ။
ရုပ်, နာမ် ဖြစ်,ပျက်အဆုံးချုပ်တဲ့ ဒိဋ္ဌိ, ဝိစိကိစ္ဆာက … သမုဒယသစ္စာ။
ဒုက္ခသစ္စာတချက် မြင်အောင်ကြည့်ဖို့ပဲလိုတယ်
ဒကာ ဒကာမတို့ ဘာများလိုနေသလဲ၊ ဘာမှမလိုတော့ဘူး။ ဒုက္ခသစ္စာတချက် မြင်အောင်ကြည့်ဖို့ပဲလိုတယ်၊ အများကြီးမလိုဘူး။ ဒီတချက်ဖြင့် မခက်တော့ဘူး။ လွယ်တာမို့ အမြန်ဆုံးလုပ်မှပဲဆိုတာ ဆုံးဖြတ်ချက် ချကြ၊ သဘောပါ ရဲ့လား။ သဘောပါရင် ကြိုးစားယူကြ။ ဒုက္ခသစ္စာတစ်ချက်ပိုင်ရင် အားလုံးကိစ္စပြီးနိုင်တယ်။ ဒုက္ခမြင်ဖို့သာ အရေးအကြီး ဆုံးအချက်ပဲဆိုတာ မှတ်လိုက်ကြ၊ ရှင်းကြပလား။
ဒုက္ခအဆုံး၊ ဖြစ်,ပျက်အဆုံး တစ်ခါမြင်ရင် သောတာပန်အစစ်၊ မဟာသောတာပန်ကြီး ဖြစ်သွားပြီ၊ ဒုဂ္ဂတိ အပါယ်သံသရာစခန်း ရုပ်သိမ်းပြီ၊ ကျေနပ်ကြပလား၊ အကြာဆုံး သံသရာပျော်နိုင်လှရင် သုဂတိ ခုနှစ်ဘဝပဲ ကျန်တော့ တယ်။ နောက်ဒုက္ခ ဘဝမလိုချင်၊ မကူးချင်ရင်၊ ဖြစ်,ပျက်ဒုက္ခသစ္စာပဲပြန်ကြည့်၊ ဒီလိုကြည့်လို့ ဒုက္ခတွေ တစ်ခါချုပ်သွား ပြန်ပြီဆိုရင် တဆင့်တက်တာပဲ၊ သဘောပါပလား။ ဒီနည်းအတိုင်းပြန်ရှု၊ ဖြစ်, ပျက်ဒုက္ခတွေ လေးကြိမ်ဆုံးရင် ကိစ္စပြီးပြီ။ လုပ်စရာကိစ္စအားလုံး ပြီးသွားပြီလို့ မှတ်တော့၊ ရှင်းကြပလား။
ဒီလိုလုပ်လို့ မြင်သိတော့၊ ကိုယ်ပိုင်ဉာဏ်နဲ့ ဆုံးဖြတ်ချက်ချနိုင်ပြီ၊ လုပ်မှ မြင်ကြ,သိကြရမှာ၊ မြင်သိမှလဲ ကိုယ်တိုင် ဆုံးဖြတ်နိုင်မှာ၊ သူပြော, လူပြော, ဆရာပြော မလိုတော့ဘူး၊ ရှင်းပလား။ ဒါကြောင့် ဒကာတို့တတွေက ဆရာ ညွှန်ပြတဲ့အတိုင်း ကြိုးစားလုပ်ကြဖို့ပဲ။ ဖြစ်, ပျက်ဆိုတဲ့ ဒုက္ခအစစ်မြင်တာက ဒုက္ခသစ္စာ ပိုင်းခြားတာ၊ ဒုက္ခစက် ပြတ်သွားတာ မြင်တာက နိရောဓ မျက်မှောက်ပြုတာပဲ၊ ရှင်းကြရဲ့လား။ ဒီလိုမြင်ရင် ဆရာရှာစရာ မလိုဘူး၊ ကိုယ်ပိုင် သိပြီး၊ ကိုယ်တိုင်ဆုံးဖြတ်ချက် ချနိုင်တယ်၊ ဒါက ပဝတ္တိပစ္စုပ္ပန်မှာ ဉာဏ်ထဲထင်မြင်ပုံပြောတာလို့ မှတ်ကြ။
ခန္ဓာက ပဋိစ္စသမုပ္ပါဒ်ခန္ဓာကြီး
ဒကာ ဒကာမတွေ သဘောပါကြပလား။ သဘောပါရင် ကြိုးစားယူကြ။ ခန္ဓာက ပဋိစ္စသမုပ္ပါဒ်ခန္ဓာကြီးပါ၊ ဒါကို အမှန်မသိတာ၊ အတိတ်က မသိတဲ့အဝိဇ္ဇာပဲ။ ဒီမသိတဲ့ အဝိဇ္ဇာကြောင့် ကုသိုလ်ကံ၊ အကုသိုလ်ကံတွေ ပြုလုပ်ကြ။ အဲဒီတော့ “အဝိဇ္ဇာပစ္စယာ သင်္ခါရာ” ဖြစ်တော့တာပါပဲ။ မိမိသန္တာန်မှာ ဖြစ်ပေါ်ခဲ့တဲ့ ပဋိသန္ဓေဝိညာဏ်၊ အခုထိ ဖြစ်ပေါ်နေကြတဲ့ ပဝတ္တိဝိညာဏ်တွေဟာ နောက်အတိတ်ဘဝက အဝိဇ္ဇာ၊ သင်္ခါရတို့ကြောင့် ဖြစ်ပေါ်လာရတာ၊ ဒါ ကြောင့် “သင်္ခါရပစ္စယာ ဝိညာဏံ” လို့ ဟောတောမူတာပဲ၊ ရှင်းပလား။
ဒီဝိညာဏ်ကြောင့်လဲ စိတ်တွေ, စေတသိက်တွေ, ရုပ်တွေ ဖြစ်ပေါ်လာရတယ်။ ဒီလက်ရှိခန္ဓာမှာ အစဉ်မပြတ် ဖြစ်ပေါ်နေတဲ့ စိတ်, စေတသိက်ဆိုတဲ့ နာမ်တရားတွေ၊ ပြီးတော့ ရုပ်တရားတွေဟာ ဝိညာဏ်ကြောင့် ဖြစ်ပေါ်လာရတာလို့ မှတ်ကြ။ ဒါကြောင့် “ဝိညာဏပစ္စယာ နာမရူပံ” လို့ ဟောတော်မူတာပဲ၊ သဘောပါပလား။ နောက်ပြီး နာမ်ရုပ်ဖြစ်တော့ သဠာယတန ၆-မျိုးလာတယ်။ ၆-မျိုးက မျက်စိ, နား, နှာခေါင်း, လျှာ, ကိုယ်, စိတ်ဆိုတဲ့ ၆-မျိုး။ ဒီ ၆-မျိုးဟာ နာမ်, ရုပ်ကြောင့် ပေါ်လာတာပဲ၊ ဒါကို “နာမရူပ၊ ပစ္စယာ သဠာယတနံ” ဆိုတာပဲ။
ဒကာ ဒကာမတွေ သဘောပါပလား။ အခုပြောတဲ့ အာယတန ၆-ခုဖြစ်တော့၊ ဖဿဆိုတဲ့ အတွေ့ ၆-မျိုး လာတယ်။ အဲဒါက “သဠာယတနပစ္စယာ ဖဿော” ပဲ၊ ဒီ ၆-မျိုးလာတော့ ဒီအတွေ့အပေါ်မှာ အကောင်းအဆိုးရွေး ချယ်တဲ့ ဝေဒနာခံစားမှုလာတယ်။ ဒီတော့ “ဖဿပစ္စယာ ဝေဒနာ” ပဲ၊ ဒီဝေဒနာက ခံစားမိရင် ကြိုက်တယ်၊ ကြိုက်တော့ တဏှာရတာပဲ၊ ဒါက “ဝေဒနာပစ္စယာ တဏှာ” ပဲ။ ဒီတဏှာနှစ်သက်မှုဖြစ်တာနဲ့ မရရင်, မဖြစ်ဘူးဆိုတဲ့ ဥပါဒါန်လာ တယ်၊ သဘောပါကြပလား။
ဒီဥပါဒါန် စွဲလမ်းမှုလာတော့ ကံလာတာပဲ။ ဥပဒါန်လာရင် ပြုလုပ်မှုဆိုတဲ့ ကံလာတယ်။ ဒီတော့ “ဥပါဒါနပစ္စယာ ကမ္မဘဝေါ” ပဲ။ ဒီကမ္မဘဝ ပြုလုပ်မိတော့ ကမ္မဘဝကြောင့်ပဲ၊ နောက် ဘဝပဋိသန္ဓေ၊ ဇာတိလာတာပဲ။ ဇာတိရတော့ ဇရာ၊ မရဏ၊ သောက၊ ပရိဒေဝ၊ ဒုက္ခ၊ ဒေါမနဿ၊ ဥပါယာသ ဆိုတဲ့ ဒုက္ခအစု၊ ဆင်းရဲထုကြီး ထပ်ချပ်လိုက်ပါလာတော့ တာပဲ၊ ရိပ်မိပလား၊ ဒကာ ဒကာမတွေ၊ ရှင်းကြပလား။
ဒီရှစ်ခုဟာ အခုပစ္စုပ္ပန်ဘဝ
ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ တဏှာ၊ ဥပါဒါန်၊ ကံဆိုတဲ့ ဒီရှစ်ခုဟာ အခုပစ္စုပ္ပန်ဘဝ၊ ပစ္စုပ္ပန်ခန္ဓာမှာ အဆက်မပြတ်၊ လှည့်ပတ်ပြီး ဖြစ်ပေါ်နေကြတာပဲ၊ ပစ္စုပ္ပန်မှာ ဒီရှစ်ခုပဲ လှည့်ပတ်ဖြစ်နေတာပဲရှိတယ်၊ ရှင်းကြပလား။ ဒီရှစ်ခုထဲကလဲ ဝိညာဏ်ကိုကြည့်၊ ဉာဏ်နဲ့ကြည့်တော့ ဖြစ်လာ, ပျက်သွား၊ ဖြစ်ပေါ်လာပြီး၊ ပျက်စီးသွားနဲ့၊ ဖြစ်,ပျက်ပဲရှိတယ်။ နာမ်, ရုပ်တွေလဲကြည့်၊ ဖြစ်, ပျက်ပဲ၊ သဠာယတန ဖြစ်, ပျက်၊ ဖဿဖြစ်ပျက်၊ ဝေဒနာဖြစ်ပျက်၊ တဏှာဖြစ်ပျက်၊ ဥပါဒါန်ဖြစ်ပျက်၊ ကံ, ဖြစ်ပျက်၊ လာသမျှ ဖြစ်ပျက်ချည်းပဲ။
ခန္ဓာမှာ ဒီရှစ်ခုလှည့်ပတ်ပြီး ဖြစ်ပျက်နေတာပဲ၊ ဒါတွေဟာ ဖြစ်ပျက်ဒုက္ခသစ္စာချည်းပဲလို့မှတ်ကြ၊ သဘောပါပ လား။ ဒီအစဉ်အဆက်ဖြစ်ပျက်နေတဲ့ ဓမ္မတွေဟာ ဒုက္ခသစ္စာတွေပါလားလို့ ဉာဏ်နဲ့မြင်ရမယ်။ ဒါက ရှုတဲ့သူမှမြင်ရမယ်၊ မရှုရင် မမြင်ဘူး၊ ရှင်းရဲ့လား။ ခန္ဓာမှာ သုခပေါ်ပေါ်၊ ဒုက္ခပေါ်ပေါ် ဥပေက္ခာပဲပေါ်ပေါ် ပေါ်ချင်တာပေါ် ရှုလိုက်ရင် ဝေဒနာမတွေ့ရဘဘူး၊ ဖြစ်, ပျက်သာ တွေ့ရမယ်။ တဏှာ လာပြန်တော့လဲ ဖြစ်, ပျက်ပဲ၊ ဒါတွေရှုတော့ ဉာဏ်က ဒုက္ခပဲတွေ့ရမယ်၊ ရှင်းကြရဲ့လား။
”ဝိပရိဏာမလက္ခဏံ ဒုက္ခသစ္စံ” ဆိုတဲ့အတိုင်း ဘာလာလာရှုတော့၊ ဖြစ်ပြီးပျက်၊ ဖြစ်ပြီးပျက်နဲ့ ဖြစ်,ပျက်ဒုက္ခ စက်ကြီး လည်နေတာသာ ဉာဏ်ထဲတွေ့ရမယ်၊ ကျေနပ်ပလား။ ရုပ်ပဲလာလာ၊ နာမ်ပဲလာလာ၊ လာချင်တာလာ၊ ရှုတော့ ဒုက္ခသာမြင်ရမယ်၊ တစ်ခုဖြစ်၊ တစ်ခုပျက်၊ တစ်ခုဖြစ်၊ တစ်ခုပျက်နဲ့ မနားမရပ် ဖြစ်, ပျက်စက်ကြီး လည်နေတာကို မြင်ရမယ်။ ဒုက္ခကြီး လည်နေတာကိုးလို့ ဉာဏ်ထဲမှာ ထင်ရ, မြင်ရမယ်၊ သဘောပါကြပြီလား။
ဒီနောက် တဖြည်းဖြည်း ဉာဏ်တက်လာမယ်။ ဉာဏ်တက်လာတော့ ဒုက္ခစက်ကြီးလည်နေတာ အမြင်တွေများ လာမယ်။ အမြင်များလာတော့ ဒုက္ခစက်လည်နေတာ၊ မကြည့်ချင်တော့ဘူး၊ ဒီစက်ကြီး ရပ်သွားစေချင်တယ်၊ ရပ်စေချင် တော့ ရပ်သွားတာပဲ၊ ရှုဉာဏ်က ဒုက္ခစက်ကြီး ရပ်သွားတာ မြင်ရတော့တယ်၊ ရှင်းကြပလား။ ဒကာ ဒကာမတို့ ဒီဟာ ဘယ်သူ့ပဋိစ္စသမုပ္ပါဒ်လဲ၊ ဒကာတို့ရဲ့ ပဋိစ္စသမုပ္ပါဒ်ပဲ၊ ဘယ်သူ့ပဋိစ္စသမုပ္ပါဒ်မှ မဟုတ်ဘူး။ ဒါကြောင့် ကိုယ့်ခန္ဓာ့ထဲမှာ ကြည့်ကြ၊ ကြည့်ကြလို့ ပြောနေရတာ၊ သဘောပါပလား။
စက်ဘီး ထုံးတို့ ဥပမာ
ဥပမာအားဖြင့်ဆိုရင် စက်ဘီးတစ်ခု တစ်နေရာမှာ ထုံးကလေးနဲ့မှတ်ပြီး လှည့်လိုက်တဲ့အခါ မျက်စိရှေ့ရောက် လာတဲ့ထုံးမှတ်ကို ကြည့်ရမြင်ရသလို ဉာဏ်ရှေ့ရောက်လာတဲ့ တရားကို ဖြစ်ပျက်ရှုကြ၊ သဘောပါကြပလား။ ရှုတဲ့အခါ မိအောင်ရှုဖို့ အရေးကြီးတယ်။ စက်ဘီးလည်တဲ့အခါ၊ ထုံးမှတ်ရှေ့တည့်တည့် ရောက်တိုင်း၊ ရောက်တိုင်း၊ မျက်စိနဲ့တည့် တည့်မြင်ရသလို၊ ဉာဏ်ရှေ့ရောက်လာတဲ့ ဖြစ်ပျက်ကို မလွတ်အောင် ရှုကြရမယ်၊ ဒီလိုရှုရင် ခန္ဓာမှာ ဒုက္ခစက်အသစ်၊ အသစ် ဖြစ်ပျက်နေတာကို တွေ့ကြရမယ်။
ရှုတဲ့ဉာဏ်မှာ ဒီလိုဒုက္ခ အသစ်, အသစ်, ဖြစ်ပျက်နေဒါပါလားလို့ မြင်တော့၊ အော်…ဒီဟာ ဖောက်ပြန် ပြောင်းလဲနေတဲ့ သဘောပါလားလို့ သိလာမယ်၊ ပိုင်ပိုင်နိုင်နိုင် သဘောပေါက်လာမယ်၊ ရှင်းပလား? ဒီလို ဉာဏ်နဲ့သိတာ ကိုယ့်ဒုက္ခသစ္စာကို ကိုယ်သိတာဘဲလို့ မှတ်ကြ။ ကိုယ့်ဒုက္ခသစ္စာ ကိုယ်သိတော့၊ ကိုယ်အရုပ်ဆိုးတာ ကိုယ်မြင်ကြမယ်။ သဘောပါကြရဲ့လား? ကိုယ်အရုပ်ဆိုးတာ ကိုယ့်ဒုက္ခသစ္စာ ကိုယ်တိုင်မြင်ရတော့၊ စွန့်ချင်တဲ့စိတ် ပေါ်မယ်၊ ပြုပြင်ချင်တဲ့ စိတ် မရှိတော့ဘူး ရှင်းပလား?
ခန္ဓာအကြောင်း ကိုယ့်အကြောင်းကို ကောင်းကောင်းသိသွားပြီ။ ဒုက္ခစက် မပြတ်အောင် တရစပ် ဖြစ်, ပျက်နေတယ်၊ ဖောက်ပြန်ပျက်စီးနေတယ်ဆိုတာ ဉာဏ်နဲ့ဆုံးဖြတ်နိုင်ပြီ။ ဒီအခါမှာ ဒီခန္ဓာအပေါ်မှာ ပြုပြင်ချင်တဲ့ စိတ်မလာဘူး၊ စွန့်ချင်တဲ့စိတ်ပဲ ပေါ်တော့တယ်။ အဲ့စွန့်ချင်တဲ့ စိတ်ပေါ်တော့ နောက်, တယ်မကြာလိုက်ဘူး။ ဒုက္ခ စက်ကြီးဟာ ဖြတ်ကနဲဆို, ပြတ်သွားတော့တယ် ရှင်းကြပလား? ဒီလိုပြတ်သွားတာဟာ “စက္ခုံဥဒပါဒိ” ဖြစ်တာပဲ။ အဓိပ္ပါယ်က ကိုယ့်ဒုက္ခသစ္စာကို မြင်တဲ့ဉာဏ် ရပြီတဲ့၊ ကျေနပ်ပလား?
အပြစ်မြင်တော့ မဂ်လာတာပဲ
အမှန်သဘာဝက ကိုယ့်အဖြစ်ဟာ အခုဖြစ်, အခုပျက်၊ အခုမွေး, အခုသေ၊ ဒီလိုပဲ မပြတ်မလပ်, တသေထဲ သေနေတာဘဲရှိတယ်။ ဒါကို ဉာဏ်နဲ့ကြည့်တော့ ကိုယ့်အရုပ်ဆိုးတာ ကိုယ်တိုင်သိရတယ်၊ ရိပ်မိကြပလား? ကိုယ်အရုပ်ဆိုးတာ ဉာဏ်နဲ့ကိုယ်တိုင်ကိုယ်ကျ ဧကန်သိရတော့ အဝိဇ္ဇာ, တဏှာ, အပေါ်အပြစ်မြင်လာမယ်၊ သူ့လက်ချက် ကြောင့် ဒီဒုက္ခကြီး ရခဲ့တာ၊ သူ့ဒါဏ်ချက်တယ်ဆိုးပါသလားလို့ အပြစ်မြင်တယ်။ အပြစ်မြင်တော့ မဂ်လာတာပဲ မဂ်လာတော့ အဝိဇ္ဇာ, တဏှာ, မလာဘူး ချုပ်တော့ ဒါပဲ ဒါဟာ ဒုက္ခမြင်တဲ့ ပုဂ္ဂိုလ်ရဲ့ ဖြစ်စဉ်ပဲလို့ မှတ်ကြ သဘော ပါသလား?
ဒီလိုမြင်တဲ့ ပုဂ္ဂိုလ်ကတော့ ဘာစိတ်ပေါ်ပေါ်, ငါမထင်ဘူး၊ ရုပ်နာမ်, ဖြစ်ပျက်အစဉ်, ဒုက္ခအစဉ်တွေပဲ မြင်နေတော့တယ်၊ ငါလို့မထင် ငါလို့မမြင်တော့ဘူး၊ ရှင်းရဲ့လား? ငါလို့မထင် မမြင်တော့ ဒီရုပ်နာမ် ဖြစ်ပျက်တွေဘဲ ထင်နေ, မြင်နေတယ်၊ ဒီလိုမြင်တဲ့သူမှာက ဒုက္ခစက်ကြီးလည်နေတာပဲလို့ ဉာဏ်နဲ့မြင်ရတယ်၊ သဘောပါကြပလား? ဒီလိုမြင်တာလဲ အလုပ်လုပ်နေတဲ့အခါ ရှုမှတ်နေတဲ့အခါကိုသာ ပြောတာ ရှင်းပလား?
ခန္ဓာ ရုပ်နာမ်ကလွဲလို့ ဘာမှမရှိပါသလား? ငါဆိုဒါလဲမရှိ ပုဂ္ဂိုလ်သတ္တဝါဆိုတာလဲမရှိ, ယောက်ျားမိန်းမ ဆိုတာလဲမရှိ၊ အမှန်က ဘာမျှမရှိပါကလား၊ စင်စစ်, ဒုက္ခစက်ကြီး လည်နေတာပဲ ရှိတာပါကလား ခန္ဓာမှာ, ဒုက္ခအပြင် ဘာမျှမရှိဘူးလို့ မြင်ရမယ်၊ ဒီလိုမြင်မှ အမြင်မှန်ဘဲလို့ မှတ်ကြ၊ သဘောပါကြသလား? ခန္ဓာမှာ ဉာဏ်နဲ့ကြည့်ရင် ဒီအတိုင်းပဲ မြင်ရမယ်၊ ဒီလိုမြင်ရင်, အမြင်ကြာလာတော့ ဒုက္ခစက်, ရပ်သွားတော့တာပဲ၊ ဒုက္ခစက်ရပ်တော့ နိရောဓ ပေါ်လာတယ်၊ “ဒုက္ခနိရောဓော နိဗ္ဗာနံ”ဘဲ ရှင်းကြပလား?
ဘာကြည့်ကြည့် ဖြစ်,ဒုက္ခနဲ့ ပျက်,ဒုက္ခပဲ ရှိတာတွေ့ရမယ်
ဉာဏ်ဝမှာ ပေါ်လာတာ တစ်ခုကို ကြည့်ရမယ်၊ ဘာကြည့်ကြည့် ဖြစ်,ဒုက္ခနဲ့ ပျက်,ဒုက္ခပဲ ရှိတာတွေ့ရမယ်၊ ဝိညာဏ်ကလေးကြည့် ဖြစ်,ပျက်၊ နာမ်ရုပ်ကြည့်လဲ ဖြစ်,ပျက်၊ သဠာယတနကြည့်လဲ ဖြစ်,ပျက်ပဲ၊ ဖဿကြည့်၊ ဝေဒနာကြည့်၊ တဏှာကြည့်၊ ဥပါဒါန်ကြည့်၊ ကံကြည့်၊ အားလုံးဖြစ်,ပျက်ပဲ၊ ကြည့်ချင်တာကြည့်၊ ဖြစ်ပျက်ဒုက္ခသစ္စာပဲတွေ့ရမယ်၊ သဘောပါကြပလား၊ အစားအစာ၊ စားသောက်နေ၊ တောင်တောင်ဤဤတွေးကြံနေ၊ ရောင်းဝယ်နေ၊ ဘာလုပ်နေနေ၊ မိမိစိတ်နဲ့ရုပ်ကတော့၊ တခုပျက်သွား၊ တခုအစားထိုးနဲ့ ဒုက္ခစက် လည်နေတာပဲရှိတယ်။ ဒါကိုမြင်မှ ဒုက္ခသစ္စာမြင်၊ အမှန်မြင်ပဲလို့ မှတ်ကြ။
ဒီလိုခန္ဓာမှာ ဒုက္ခစက်ကြီး အဆက်မပြတ်အောင် လှည့်ပတ်နေတာချည်း မမြင်များတော့ ကိုယ့်ဒုက္ခကိုယ့်အသေ တွေ ကိုယ်မြင်လို့ “ဒီဒုက္ခက ဘယ်တော့များ လွတ်ပါ့မလဲဆိုပြီး ငြီးငွေ့လာတယ်၊ ရွံ့မုန်းလာတယ်၊ ဒီအခါမှာ ရွံ့မုန်းအား ကြီးတော့ ဒုက္ခစက် ဆုံးသွားတော့တာပဲ၊ ပေါ်ကြပလား။ ဒုက္ခဆုံးသွားတော့ သုခနိဗ္ဗာန်တွေ့တာပဲ” ဒီတော့ တဏှာ၊ ဥပါဒါန်၊ ကံစတဲ့ တရားတွေအကုန်ချုပ်တယ်။ ဒါဘာကြောင့်လဲ၊ အကြောင်းချုပ်အောင်လုပ်တဲ့ ဉာဏ်ကြောင့်ပဲ၊ ရိပ်မိကြ ရဲ့လား။
ခန္ဓာလက်ရှိဒုက္ခ၊ နောက်လာမယ့် ဒုက္ခတွေချုပ်ရတာဟာ ဒုက္ခသစ္စာကို ပရိညာကိစ္စ လုပ်လိုက်လို့ပဲ၊ သဘောပါရဲ့ လား။ ဒုက္ခသစ္စာ မဂ်နဲ့ ပရိညာကိစ္စ လုပ်လိုက်တဲ့အတွက် ဒုက္ခတွေချုပ်၊ နောက်က သမုဒယမလာဘူး၊ သေသွားတယ်၊ မဂ္ဂင်ရှစ်ပါးပေါ်လာ၊ ပေါ်လာတော့ နိရောဓဆိုက်တာပဲ၊ ရှင်းကြရဲ့လား၊ ဒီတော့မှ သစ္စာလေးချက် တပြိုင်နက် ကိစ္စပြီး သွားတယ်ဆိုတာမှတ်ကြ။ သဘောပါကြပလား။
ရုပ်, နာမ်ဖြစ်ပျက်ကို တွေ့မှသာ ဝိပဿနာဖြစ်တယ်
ဝိပဿနာရှုတယ်ဆိုတာ ရုပ်, နာမ်ဖြစ်ပျက်ကို တွေ့မှသာ ဝိပဿနာဖြစ်တယ်၊ ရုပ်နာမ်ဖြစ်ပျက်မမြင်ဘဲ ဝိပဿနာရှုတယ်ဆိုတာ အဓိပ္ပါယ်မရှိဘူးလို့ မှတ်ကြ၊ ဒါကြောင့် ပဋ္ဌမ ဖြစ်ပျက်မြင်အောင် ရှုကြဖို့ အရေးကြီးတယ်ဆိုတာ မှတ်ကြ၊ ရှင်းပလား။ ဖြစ်ပျက်ကိုတွေ့မှ ဩဘာသ၊ ပီတိ၊ ပဿဒ္ဓိ စတဲ့ အခြင်းအရာတွေ တွေ့မယ်၊ ဖြစ်ပျက်မှ မတွေ့သေးရင် ဒါတွေမလာနိုင်ဘူး၊ ဖြစ်၊ ပျက်မမြင်တဲ့သူဟာ ဒီဘဝ မဂ်၊ ဖိုလ်မရနိုင်ဘူးဆိုတာ မှတ်တော့။ နောက်နောက် ဘဝအတွက် အဆက်ဖြစ်မယ်၊ ပါရမီဖြစ်မယ်။
ဒကာ ဒကာမတွေ သဘောပါပလား၊ ဝိပဿနာ ကြိုးစားရှုကြ၊ ဖြစ်ပျက်မြင်ရင် မညံ့တော့ဘူး၊ မမြင်သေးတဲ့သူလဲ မြင်အောင်၊ နောက်အခါ ပါရမီအဆက်ရအောင် ကြိုးစားရမှာပဲ၊ ရှင်းကြပလား၊ ရှုမှတ်ဖို့က မိမိတာဝန်၊ အကျိုးရဖို့က ဓမ္မတာဝန်ပဲ၊ ဓမ္မက လုပ်သလောက် အကျိုးပေးမှာ သေချာတယ်။ ကျေနပ်ပလား။ အခုမျက်မြင်မှာ ဉာဏ်ကောင်းတာ၊ ဉာဏ်ထိုင်းတာဟာ လိုရင်းမဟုတ်ဘူးလို့ မှတ်ကြ၊ ဉာဏ်ထိုင်းတာနဲ့ တိဟိတ်မဟုတ်ဘူးထင်ပြီး အားမလျှော့လိုက်ပါနဲ့လို့ သတိပေးပါတယ်။
ဘုရားလက်ထက်တော်က စူဠပန္ထကမထေရ်၊ တိဟိတ်မှအရင့်အမာကြီးပဲ၊ ဒါပေမယ့် ဉာဏ်က ထိုင်းလိုက်တာ ပြောစရာမရှိဘူး။ တိဟိတ်က တိဟိတ်ဉာဏ်ထိုင်း၊ ဉာဏ်ထိုင်းပေမယ့် ဒွိဟိတ်မဟုတ်ဘူး၊ လေးလလုံးလုံး က,ကြီး၊ ခ, ကွေးတောင်မရနိုင်ဘူး၊ ဒါပေမယ့် အလုပ်လုပ်ကြည့်တော့ ရဟန္တာဖြစ်သွားတယ်၊ ပေါ်ကြပလား၊ ဒါကြောင့် လုပ်ကြည့်ကြ၊ လုပ်ကြည့်မှ သိရမယ်လို့ ပြောလိုက်ပါတယ်။
ဘာကိုပဲကြည့်ကြည့် ဒုက္ခစက်လည်တာပဲ မြင်ရမယ်
ဝိပဿနာလုပ်ကြည့်မှ ကိုယ့်အကြောင်း အမှန်အကန်သိရမယ်၊ မိမိအကြောင်း အမှန်အကန် သိနိုင်တာ ဒီအလုပ်ပဲရှိတယ်။ လုပ်ကြည့်တော့ မိမိခန္ဓာ သဘောအမှန်ကို ဧကန်သိရမယ်၊ ဖြစ်ပျက်ဒုက္ခစက်ကြီး လည်နေတာကို သိရမယ်၊ ရှင်းပလား။ ဒီနည်းအတိုင်း လောကကြီးထဲမှာ ဘာကိုပဲကြည့်ကြည့် ဒုက္ခစက်လည်တာပဲ မြင်ရမယ်။ ဒုက္ခစက် က ပင်ကိုယ်အရှိ၊ အမှန်ရှိ၊ အဟုတ်ရှိ၊ အမြဲရှိနေတဲ့တရားပဲဆိုတာ မှတ်ကြ၊ ရှင်းပလား။
ဘုန်းကြီးတို့ ဒကာ ဒကာမတွေက ဒါကိုမသိကြဘူး၊ အမှန်တကယ်ရှိနေတာကို မသိကြဘူး၊ တကယ်မရှိ၊ အမှန် မရှိတာကို သိနေကြတယ်၊ ဟုတ်ကြရဲ့လား၊ ဒီလိုဆိုရင် ရှိတာတခြား၊ သိတာတခြား ဖြစ်မနေကြဘူးလား။ ရှိတာကတခြား၊ သိတာကတခြားဆိုရင် အရူးသိပဲ ဆိုထိုက်၊ မဆိုထိုက် စဉ်းစားကြ။ အရှိနဲ့အသိကိုက်ညီမှ အကောင်းသိဖြစ်မယ်၊ အရှိနဲ့အသိကိုက်မှ ဒုက္ခပိုင်းခြားသိတာပဲ၊ ရှင်းပလား။ ဒါကြောင့် ဒကာ ဒကာမတွေ အရှိနဲ့အသိကိုက်အောင် ကြိုးစားကြ၊ ရိပ်မိကြပြီနော်။
အရှိနဲ့အသိ မကိုက်တော့၊ မရှိတာအရှိထင်ပြီး ဒုက္ခမမြင်တော့ဘူး၊ ဒုက္ခမမြင်တော့ ဒုက္ခခန္ဓာပဲ ခင်မင်နေကြတာ ပဲပေါ့။ ခန္ဓာခင်ရင် ဒီဒုက္ခစက် လည်ရမှာပဲလို့သာ မှတ်ကြတော့၊ သဘောပါကြရဲ့လား၊ ခန္ဓာရမှတော့ ဒီဒုက္ခစက်က ရွှေ့ပြောင်းလို့လွှဲဖယ်လို့ မရနိုင်တော့ဘူး၊ မြင်ကြရဲ့လား၊ ဒုက္ခစက်ထဲမှာပဲ တဝဲလည်လည် နေရမှာပဲ။ ဒါကြောင့် ဒီဒုက္ခစက်က လွတ်ချင်ရင် အမှန်အရှိကို ဉာဏ်နဲ့သိအောင်လုပ်ကြ။
ဒီဒုက္ခစက်က ဘယ်လိုလွတ်ရမလဲ၊
ဒီဒုက္ခစက်က ဘယ်လိုလွတ်ရမလဲ၊ လွတ်အောင် ဘယ်လိုလုပ်ရမလဲ။ “နိဗ္ဗိန္ဒံ ဝိရဇ္ဇတိ၊ ဝိရာဂါ ဝိမုစ္စတိ” တဲ့။ ငြီးငွေ့ရွံ့မုန်းပြီး မလိုချင်၊ မလိုချင်တော့ မရဘူး၊ တွယ်တာမှုမရှိတော့ လွတ်တာပဲ။ လွတ်တယ်ဆိုတာ မင်္ဂလာတာပဲလို့ မှတ်ကြ၊ သဘောပါပလား။ ဒီလိုလွတ်ချင်ရင်၊ ပဋ္ဌမဒုက္ခစက် မြင်အောင်ကြည့်ပေး၊ နောက် မုန်းအောင်ဆက်ကြည့်၊ အမုန်းများတော့ မလိုချင်၊ လွတ်တော့တာပဲ၊ ရှင်းကြရဲ့လား။
အဲဒီအခါမှာမှ ဒီပုဂ္ဂိုလ်ရဲ့ ဉာဏ်အမြင်မှာ စင်ကြယ်သွားပြီ၊ ပုဂ္ဂိုလ်၊ သတ္တဝါ အမှန်မရှိတာ သိသွားပြီ၊ ငါမရှိ၊ သူမရှိ၊ ယောက်ျားမရှိ၊ မိန်းမမရှိ၊ အမှန်ရှိတာက နာမ်နဲ့ရုပ်၊ ဖြစ်ပျက်ဒုက္ခစက်ပဲလို့ ပိုင်ပိုင်နိုင်နိုင် ဆုံးဖြတ်ချက် ချနိုင်ပြီ၊ ရှင်းကြပလား။ ဒကာ ဒကာမတွေ အထူးမှတ်ဖို့က “အားထုတ်တဲ့အခါမှာ ဘာမျှမရှိ၊ နာမ်ရုပ် ဖြစ်ပျက်ပဲရှိတယ် လို့ သိနေတယ်၊ မထုတ်တဲ့အခါတော့ သမုတိနယ်၊ ငါ၊ သူ၊ ကျား၊ မ ဆိုတာတွေ သညာအနေမှာ ရှိနေတာပဲလို့” မှတ်ကြ။
အားထုတ်တဲ့အခါမှာ ဘယ်သူ့ကြည့်ကြည့် ဒုက္ခစက်ကြီး လည်နေတာပဲမြင်ရမယ်၊ သဘောပါပလား၊ ဒုက္ခစက် လည်တာ တစ်နေ့မှာ ဘယ်နှစ်ပတ်ရယ်လို့ မပြောနိုင်ဘူး၊ ဘာကစပြီးလှည့်လှည့် ဘယ်မှာပဲဆုံးဆုံး ဒုက္ခစပြီး ဒုက္ခဆုံးတာ ပဲရှိတယ်၊ တခြား ဘာမှ အပိုမပါဘူး၊ ရိပ်မိကြရဲ့လား။ ခန္ဓာအားလုံးဟာ ဒုက္ခစက်လည်တာသာရှိတယ်၊ ခန္ဓာပေါ်သမျှဟာ ဒုက္ခစက်လည်တာပဲလို့ မှတ်ကြ၊ စပေါ်တာလဲ ဒုက္ခ၊ ဆုံးသွားတာလဲဒုက္ခ၊ ဒုက္ခစပြီး ဒုက္ခအဆုံး ဒါပဲရှိတယ်၊ ဒိပြင်ဘာမျှ မရှိ၊ ဒုက္ခစက်ခန္ဓာပဲလို့ သိကြရမယ်။ သဘောပါပလား။
ရှေးက ဒီအဖြစ်မှန်ကို မသိခဲ့ကြရဘူး
ဒီမဂ္ဂင်အလုပ် မလုပ်ရင်၊ နောက်လဲ ဒီဒုက္ခစက်ပဲ လည်နေမယ်၊ တသံသရာလုံး ဒုက္ခလည်တာကလွဲရင် တခြားဘာမျှမရှိဘူးလို့သာ မှတ်လိုက်ကြ။ ရိပ်မိကြပလား။ ဒကာ ဒကာမတွေ ကံကောင်းအကြောင်းသင့်လို့ အခုမှ ကိုယ့်အဖြစ်မှ သဘောမှန်ကို သိကြရတာ၊ ဒီလိုအခွင့်မျိုးကြုံရဖို့ မလွယ်ဘူး၊ ရှေးက ဒီအဖြစ်မှန်ကို မသိခဲ့ကြရဘူး၊ အလင်းမရတော့ အမှောင်ထဲမှာမွေး၊ အမှောင်ထဲမှာနေ၊ အမှောင်ထဲမှာပဲ သေကြရတယ်၊ ဒီတော့ အလင်းရောင်မရကြလို့ အမှန်အကန် မမြင်ကြရ၊ မသိကြရဘူးပေါ့၊ သဘောပါကြရဲ့လား၊
ဒါကြောင့် ဘုရားက “အန္ဓိဘူတော အယံလောကော” အယံလောကော၊ ဤလောကသားအပေါင်းသည်၊ ဝါ၊ လူများအပေါင်းသည်၊ အန္ဓိဘူတော၊ အမိုက်အတိ၊ အကန်းအတိ ဖြစ်ချေ၏” လို့ ဟောတော်မူတာပဲ။
အဝိဇ္ဇာက ဖုံးလွှမ်းထားတော့ အမှန်မသိ၊ မကောင်းတာအကောင်းထင်ပြီး တဏှာကစွဲလမ်း၊ ကံကအားထုတ်၊ အဲဒီလိုနဲ့ ရှစ်ပါးသော ဒုက္ခစက်ကြီး ယခု ပစ္စုပ္ပန်မှာ ပေါ်လာရောပေါ့၊ သဘောပါကြရဲ့လား၊ ကံကအားထုတ်တော့ ဒီဘဝမှာ ဇာတိကစပြီး ပဋိသန္ဓေ ဝိညာဏ်ရလာတယ်၊ ဝိညာဏ်ရတော့ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ တဏှာ၊ ဥပါဒါန်၊ ကမ္မဘဝဆိုတဲ့ ရှစ်ခုဒုက္ခစက်ကြီး တဝဲလည်လည် လှည့်ပတ်နေတော့တာပဲ၊ ရှင်းကြရဲ့လား။
ဒုက္ခအစုခန္ဓာကြီး ကိုယ်ပိုင်ရကြတယ်
ဒကာ ဒကာမတွေ အားထုတ်တော့ ဘာရကြတုန်း။ ဒုက္ခအစုပဲရတယ်၊ ဒုက္ခအစုခန္ဓာကြီး ကိုယ်ပိုင်ရကြတယ်၊ ဒီဟာကိုလဲ မသိလေတော့၊ တဏှာက ဆက်လက်ပြီး လိုချင်ပြန်တယ်၊ လိုချင်တော့ ကာယကံ၊ ဝစီကံ၊ မနောကံတွေ ထပ်လုပ်တော့တာပေါ့၊ ဒီကံတွေစုမိတော့ လူဒုက္ခစက်ကြီး၊ နတ်ဒုက္ခစက်ကြီး၊ ဗြဟ္မာဒုက္ခစက်ကြီး၊ ဒီဒုက္ခစက်ကြီးတွေ လာတာပဲ၊ အဲဒါမသိတဲ့အဖြစ်ဟာ ဘယ်လောက်များ ဆိုးဝါးတယ်ဆိုတာ ပေါ်ကြပလား။
ဒကာ ဒကာမတို့ သာမညအရေးလို့များ မမှတ်လိုက်ကြပါနဲ့၊ အလွန်ကြီးတဲ့အရေးမို့ လေးလေးစားစားနဲ့မှတ်သား ပြီး လိုက်နာကြ။ သာမညအရေးဖြစ်ရင်၊ ဘုန်းကြီးတို့က ဒါလောက် အပင်တပန်းခံပြီး ပြောဟောနေလိမ့်မယ် မဟုတ်ပါ ဘူးဆိုတာ ယုံကြတော့၊ သဘောပါကြရဲ့လား၊ လောကမှာ ချမ်းသာတယ်၊ ရာထူးကြီးတယ်၊ ဂုဏ်ကြီးတယ်ဆိုပေမယ့် အချည်းနှီးပဲလို့သာ မှတ်ကြ၊ ဘာမင်းကြီး၊ ဘာဘုရင်ကြီးဖြစ်ဖြစ်၊ ဒုက္ခစက်ကြီး လည်နေတာပဲရှိတယ်။ ကျေနပ်ကြပလား။
ဖြစ်ပျက်နေတဲ့ ဒုက္ခ စက်ပဲရှိတာပါ
အပြောကဖြင့် ဘာကြီး၊ ညာကြီး ပြောကြပေမယ့် စင်စစ်တော့ ဒုက္ခစက်ကြီး လည်နေတာပဲရှိတယ်၊ တခုပေါ် တခုချုပ်၊ တခုချုပ် တစ်ခုဖြစ်၊ မိနစ်, စက္ကန့်မလပ်၊ တရစပ်၊ မရပ်မနား ဖြစ်ပြီးပျက်စီးနေတဲ့ ရုပ်နာမ်အစဉ်တွေပဲရှိတယ်၊ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ တဏှာ၊ ဥပါဒါန်၊ ကံ၊ ဒီရုပ်နာမ် အစဉ်တွေ ဖြစ်ပျက်နေတဲ့ ဒုက္ခ စက်ပဲရှိတာပါ။ ကိုယ့်ခန္ဓာမှာလဲ ဒီရှစ်ပါး၊ သူတို့မလဲ ဒီရှစ်ပါးပဲ၊ ပေါ်ကြပလား။
ခြားနားတာက အရင်တရားနဲ့ နောက်တရားသာ ခြားနားတာပါ၊ တရားကတော့ ဒီရှစ်ပါးပဲ၊ ဒီရှစ်ပါးတရားဆို တာလဲ ဖြစ်ဒုက္ခနဲ့ ပျက်ဒုက္ခပါပဲ၊ ဖြစ်ဒုက္ခ, ပျက်ဒုက္ခအပြင် ဘာမှအပိုမစွက်ဘူး။ ဖြစ်ပြီးပျက်သွား၊ ဖြစ်ပြီးပျက်သွားနဲ့ တရစပ် မနားမရပ် ဒုက္ခစက်ရဟတ် လှည့်ပတ်နေတာပဲ ရှိပါတယ်။ သဘောပါကြရဲ့လား။ ဒီသဘောအမှန်ဟာ ရှုတဲ့သူ မှာ တွေ့ရမယ်။ မရှုတဲ့သူမှာ မတွေ့နိုင်ဘူး၊ ရိပ်မိပလား။ ဒါကြောင့် ဒကာတို့တတွေ ဒီအမှန်သဘာဝကို စာပြောမဟုတ်၊ ဆရာပြောမဟုတ်၊ ကိုယ်ပိုင်ဉာဏ်နဲ့ ကိုယ်တိုင် တွေ့ရ၊ သိရအောင် ကြိုးစားကြ။
ဆရာသမားထံက နာတရားလောက်နဲ့တင် တင်းတိမ်မနေကြပါနဲ့လို့ ပြောလိုက်ပါတယ်၊ ကိုယ်တိုင်ရှုကြည့်တော့ ကိုယ်တွေ့သိရမယ်၊ ရှင်းကြပလား။ ဒီလိုရှုလို့၊ ဒုက္ခစက်ကြီးတွေ့ရရင်၊ ဆက်သာရှု၊ အရှုအပွားများလာရင် မုန်းလာမယ်၊ မုန်းလဲဆက်သာရှု၊ တချက်ချက်မှာ ဆုံးသွားမယ်၊ ရှင်းပလား။ ဆုံးအောင်သာရှုကြ၊ ဆုံးရင် နိရောဓ ပေါ်တာပဲ။
ဒီတော့ …
ဒုက္ခစက်ကြီးက …ဒုက္ခသစ္စာ။
ရှုဉာဏ်က …မဂ္ဂသစ္စာ။
ဒီနေရာသေတာက …သမုဒယသစ္စာ။
ပေါ်လာတာက …နိရောဓသစ္စာ။
ကိုင်း-ယနေ့ ဒီတွင်ပဲ တော်ကြစို့။
