20405

ခန္ဓာ့သဘော၊ ဉာဏ်စောကြော တရားတော်

ဆောင်ပုဒ်

ခန္ဓာမူလ၊ သဘာဝ၊ ဒုက္ခပီဠနဋ္ဌ်။

ဟုတ်မှန်မသိ၊ ခင်မင်မိ၊ မြဲဘိကြောင့်ကြကပ်။

မသေမချင်း၊ ဒုက္ခညှင်း၊ လွန်မင်းနှိပ်စက်တတ်။

ကိုယ့်လိုမလိုက်၊ သူ့စရိုက်၊ ပြလိုက်စဉ်တပ်တပ်။

သောကလောင်မီး၊ ပူဆာကြီး၊ ငိုညည်းရှိုက်ငင်ထပ်။

ခန္ဓာ့သဘော၊ ဉာဏ်စောကြော၊ သင့်သောနှလုံးကပ်။

ခန္ဓာဟုတ်မှန်၊ သဘာဝံ၊ မြင်ဉာဏ်ခင်ဇောပြတ်။

တဏှာသေက၊ နိဗ္ဗာန၊ ချမ်းမြလွန်ထူးမြတ်။

သတိချပ်

လမ်းတွေများရှိ၊ မှန်မသိ၊ လွဲဘိတက်တက်နာ။

အို၊ နာ၊ သေမွဲ၊ ရှင်သေကွဲ၊ ဆင်းရဲထပ်ချပ်ပါ။

အပါယ်လူနတ်၊ ဗြဟ္မာရပ်၊ ထပ်ထပ်ကြမ်းမည်သာ။

တခါလွဲဘိ၊ ဆုံးမရှိ၊ အတိဒုက္ခဖြာ။

နိဗ္ဗာန်လမ်းစဉ်၊ မသိလျှင်၊ ကွာစင်ဝေးတော့မှာ။

နိဗ္ဗာန်သွားလမ်း၊ လွန်ဖြောင့်တန်း၊ မဂ်လမ်းတစ်ခုသာ။

မဂ္ဂါနံ,ဘော၊ ဋ္ဌင်္ဂီကော၊ သေဋ္ဌော,မိန့်ခွန်းလာ။

အို, နာ, သေ, မွဲ၊ ရှင်သေကွဲ၊ လွတ်ရဲနိဗ္ဗာနာ။

အချိန်ဆွဲလျှင်၊ မှားဖို့မြင်၊ မှားချင်ထပ်ထပ်နာ။

တရားသား

အို, နာ, သေ, မွဲ၊ ကွဲဘေးတွေနဲ့ နေခဲ့ကြရတယ်

ဒကာ ဒကာမတွေ ရှေးက ဘာနဲ့ နေခဲ့ကြရသလဲ။ မသိရင်မှတ်ထား၊ အို, နာ, သေ, မွဲ၊ ကွဲဘေးတွေနဲ့ နေခဲ့ကြရတယ်၊ ဒိပြင် အပိုမပါဘူး၊ ဒီဘေးအမျိုးမျိုးတွေနဲ့ပဲ ချာချာလှည့်ပြီး လာခဲ့ကြရတာပဲ၊ ရိပ်မိကြရဲ့လား။ ဒီဘေးတွေ ကြောက်လွန်းလို့ ဒီဘေးတွေ လွတ်ကင်းချင်ကြတယ်၊ လွတ်နိုင်ပါ့မလား၊ သုံးဆယ့်တစ်ဘုံလုပ်ငန်းနဲ့ဖြင့် မလွတ်နိုင်ကြ ဘူးလို့သာမှတ်ကြ။

အို, နာ, သေ, မွဲ၊ ကွဲ မရှိတာက နိဗ္ဗာန်ပဲ၊ အဲဒီနိဗ္ဗာန်ရောက်မှ ဒီဘေးတွေက လွတ်မြောက်ကြမှာ၊ လွတ်မြောက်ချင် ရင်၊ နိဗ္ဗာန်ရအောင် လုပ်ကြရမယ်၊ ရှင်းပလား။ ဒီနိဗ္ဗာန်ကလဲ လမ်းမသိရင် မရောက်နိုင်ကြဘူး၊ လမ်းမှန်သိမှ လမ်းစဉ် မှန်မှသာ ရောက်နိုင်ကြမယ်၊ သဘောပါကြပြီ၊ အို, နာ, သေ, မွဲ, ကွဲ မရှိတာက နိဗ္ဗာန်၊ ဒီနိဗ္ဗာန်လဲ လမ်းမသိရင် မရောက်ဘူး၊ ရှင်းကြပလား။ ဒီလမ်းသိအောင် ဆရာသမားက ညွှန်ပြပေးမယ်၊ ဒကာ ဒကာမတို့က ကြိုးစားပြီးလိုက်ကြ။

အပါယ်လေးပါး လူနဲ့၊ နတ်ပြည်ခြောက်ထပ်၊ ဗြဟ္မာနှစ်ဆယ်ဆိုတဲ့ ဒီလမ်းတွေကသာ များနေတယ်၊ လမ်းတွေ များတော့ ဒကာ ဒကာမတွေ ဘယ်လမ်းလိုက်ရမှန်း မသိတော့ဘူး၊ သဘောပါကြရဲ့လား။ ဘယ်လမ်းလိုက်ရမှန်း၊ သွားရ မှန်း မသိတော့ ထင်မိထင်ရာ ရမ်းသွားတော့ လမ်းမှားနဲ့ချည်း တိုးနေကြရတယ်၊ သံသရာရှည်သမျှ ဘယ်အခါကမှ လမ်းမှန်မကျခဲ့ကြဘူးဆိုရင် မမှားပါဘူး၊ ရိပ်မိကြရဲ့လား။

နိဗ္ဗာန်လမ်းက တစ်လမ်းထဲပဲရှိတယ်

နိဗ္ဗာန်လမ်းက တစ်လမ်းထဲပဲရှိတယ်၊ တစ်လမ်းထဲဆိုတော့ ၃၁-ဘုံလမ်းတွေက လွှမ်းမိုးသွားတယ်။ လမ်းများ တော့ ရောက်မိရောက်ရာနဲ့ လျှောက်မိလျှောက်ရာ ကြုံရတော့တာပဲ၊ ရိပ်မိကြရဲ့လား၊ လမ်းမှန်မသိ၊ ရမ်းသွား၊ လျှောက်မိ လျှောက်ရာလျှောက်၊ ရောက်မိရောက်ရာရောက်တော့ အို, နာ, သေ, မွဲ, ကွဲနဲ့ပဲ အဆုံးမသတ်နိုင်ကြတော့ဘူး။ ဒကာ ဒကာ မတွေ ရှေးက ၃၁-ဘုံလမ်းလိုက်လို့ ခုအချိန်ထိအောင် အို, နာ, သေ, မွဲ, ကွဲနဲ့ပဲ မျက်ရည်နဲ့မျက်ခွက်နဲ့ နေကြရတာပဲ။

ဒါကြောင့် ၃၁-ဘုံလမ်း မလိုက်ကြနဲ့တော့၊ နိဗ္ဗာန်လမ်းတစ်လမ်းထဲပဲ လိုက်ကြ။ တစ်လမ်းထဲကိုမှ မလိုက်ရင် ကိုယ်ကျိုးနည်းမကုန်ကြတော့ဘူးလို့သာ မှတ်လိုက်ကြ၊ သဘောပါပလား။ တစ်လမ်းထဲမလိုက်ရင် လမ်းမှားကြုံချင်သေးလို့ပဲ၊ ရှင်းကြပလား။ လမ်းမှားနဲ့ ကြုံတွေ့ရတာဟာ ဒုက္ခတွေမျိုးစုံ အကုန်ကြုံတွေ့ကြဖို့ပဲဆိုတာ မှတ်လိုက်ကြ၊ ရိပ်မိကြပလား။ ဒီတော့ လမ်းမလွဲအောင် တစ်လမ်းထဲကို လိုက်ကြရမယ်။

ဒကာ ဒကာမတွေ ရှေးကမှားခဲ့တဲ့ အမှားမျိုးတွေ နောက်ထပ်မမှားရအောင် အခုနေ အခွင့်ကြုံတုန်းမှာ ပြင်ကြ၊ ဆင်ကြတော့လို့ ပြောလိုက်ပါတယ်။ ဘယ်လိုပြင်လို့ ဘယ်လိုဆင်ကြရမယ်ဆိုတာ “သံယုတ်ပါဠိတော်” မှာလာ တယ်။ အို, နာ, သေ, မွဲ, ကွဲဘေးက လွတ်ရအောင် အဲဒီလမ်း လိုက်ကြတဲ့။ သဘောပါပလား။ အဲဒီလမ်းက ဘယ်လမ်းလဲ ဆိုတော့ “ကတမောစ ဘိက္ခဝေ အသင်္ခတဂါမိမဂ္ဂေါ” ဘယ်လမ်းဟာ အို, နာ, သေ, မွဲ, ကွဲ လွတ်ရာလမ်းပါလဲ၊ “အယ မေဝ အရိယော အဋ္ဌင်္ဂီကော မဂ္ဂေါ” မဂ္ဂင်လမ်းပါပဲတဲ့။

အို, နာ, သေ, မွဲ, ကွဲ လွတ်တဲ့လမ်းဟာ၊ မဂ်လမ်း

ဘုရားရှင်က “အို, နာ, သေ, မွဲ, ကွဲ လွတ်တဲ့လမ်းဟာ၊ မဂ်လမ်းတစ်ခုထဲပဲရှိတယ်၊ မဂ်လမ်းလိုက်ကြ” လို့ ဟောတော်မူခဲ့တယ်၊ သဘောပါကြပလား။ ဒကာ ဒကာမတွေအတွက် အားကိုးအချက် ရကြပြီ၊ ဘာလိုသေးသလဲ၊ လမ်းညွှန်တဲ့သူက ညွှန်ရင်၊ တန်းတန်းမတ်မတ်လိုက်ဖို့ အရေးကြီးတယ်၊ တန်းလိုက်နိုင်အောင် မဂ္ဂင်ရှစ်ပါးအလုပ် လုပ်ကြရမယ်။ ကြိုးစားယူကြ၊ ကျေနပ်ပလား။

အမေးက “ကတမောစ ဘိက္ခဝေ အသင်္ခတဂါမိ မဂ္ဂေါ” တဲ့။ ဒကာ ဒကာမတွေ နဂိုက ဒါန၊ သီလ၊ သမထတွေ ဟာ လမ်းဖြောင့်လမ်းမှန်ပဲလို့ ထင်ထားကြတယ်။ ဒီလမ်းတွေက လမ်းတစ်လျှောက်လုံးမှာ ခလုတ်တွေ၊ ကန်သင်းတွေ၊ ငြှောင့်တွေ၊ ကျင်းတွေ၊ အများကြီး တွေ့ကြရမယ်၊ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာစတဲ့ ခလုတ်၊ ကန်သင်း၊ ငြောင့်တံသင်းတွေပဲလို့ မှတ်ကြ။ ဒါကြောင့် လမ်းမှန်လမ်းဖြောင့် လိုက်မိဖို့ အလွန်အရေးကြီးတယ်၊ သဘောပါကြပလား။

အဖြေက “အယမေဝ အရိယော အဋ္ဌင်္ဂီကော မဂ္ဂေါ” တဲ့။ အို, နာ, သေ, မွဲ, ကွဲ ဘေးအမျိုးမျိုးတို့လွတ်ရာ နိဗ္ဗာန်သွားလမ်းဟာ တဖြောင့်တည်း တတန်းတည်းဖြင့် ဒီမဂ္ဂင်ရှစ်ပါးအကျင့်တရားဆိုတဲ့ လမ်းတစ်ခုတည်းသာ ရှိတယ်လို့ ဆိုလိုတယ်။ ဓမ္မပဒမှာလဲ “မဂ္ဂါနံ အဋ္ဌင်္ဂီကော သေဋ္ဌော” လို့ပဲ ဟောတော်မူတယ်။ သတိပဋ္ဌာန်ပါဠိတော်မှာလဲ “ဧကာယနော အယံ ဘိက္ခဝေ မဂ္ဂေါ” လို့ ဟောတော်မူတယ်။ ဒီတော့ မဂ္ဂင်အလုပ်တစ်ခုသာ နိဗ္ဗာန်သွားရာ လမ်းကောင်း၊ အစစ်အမှန်ပဲလို့ မှတ်လိုက်ကြ။

လုပ်မှဖြစ်မယ်လို့သာ ဆုံးဖြတ်ချက်ချ

သဘောပါကြရဲ့လား။ လမ်းစစ်၊ လမ်းမှန် ဧကန်ရပြီမို့၊ ကြိုးစားပြီး လုပ်တော့မယ်၊ လုပ်မှဖြစ်မယ်လို့သာ ဆုံးဖြတ်ချက်ချကြ။ ဒီအခါမျိုးမှ လမ်းမှားကြအုံးမယ်ဆိုရင် အိုဘေး၊ နာဘေး၊ သေဘေးတွေနဲ့၊ မျက်ရည်ကျကြရ၊ မျက်ရည်ကျမယ့် လမ်းချည်းလိုက်နေကြ၊ မျက်ရည်ခမ်းတဲ့လမ်းကို မပါကြတော့ဘူး။ မျက်ရည်လမ်းစ ဘယ်တော့မှ မဆုံးတော့ဘူးဆိုတာ မှတ်ကြတော့။ ဒီလိုဆိုရင်ဖြင့် ဒကာ ဒကာမတွေဟာ “ကျောက်ခဲရေကျ” ပဲ၊ ပေါ်စရာလမ်းစမရှိ ကြတော့ဘူး၊ ရိပ်မိကြရဲ့လား။

ဒကာ ဒကာမတွေ အခုလို အခွင့်ကောင်း၊ အခါကောင်းရတုန်း၊ လမ်းမှန်တွေ့တုန်းမှာ ကြိုးကြိုးစားစား လိုက်နာ ကြ၊ အချိန်ဆွဲ၊ နာရီဆွဲ ဆွဲမနေကြနဲ့တော့၊ အချိန်ဆွဲ၊ အချိန်ဆိုင်းနေကြအုံးမယ်ဆိုရင် လွဲစရာ၊ ချော်စရာ လမ်းစတွေနဲ့ အများကြီးကြုံရမယ်။ အမေမှားတွေ၊ အဖေမှားတွေ၊ ဆရာမှားတွေ ဝါဒမှားတွေ အယူမှားတွေက မနည်းဘူး၊ အဲဒီ အမှားအမျိုးမျိုးတွေနဲ့ တွေ့ကြရမယ်ဆိုတာ မှတ်လိုက်ကြ၊ ရှင်းကြပလား။

တို့ ဒကာ ဒကာမတွေ ရှေးက လမ်းလွဲလမ်းမှားတွေ လိုက်နေကြလို့ ခုထိအောင်ပဲ ဒုက္ခဝန်ထမ်းသမား၊ ခန္ဓာ ဝန်ထမ်းသမားတွေ ဖြစ်နေကြရတာပဲ၊ ပေါ်ကြပလား။ ခန္ဓာဝန်ထမ်းသမားဆိုတဲ့အချက်ကို လေးလေးနက်နက် စဉ်းစား ဝေဖန်ကြည့်ကြ။ သူ့ကို နေ့စဉ်နေ့တိုင်း ကျကျနန ပြုစုကျွေးမွေးနေပေမယ့် ကိုယ့်အလိုကို တစ်ခုမှမလိုက်ဘူး။ ဖောက်ပြန် လိုက်သေးတာပဲ။ ကိုယ်ထင်သလို မဖြစ်လာဘူး။ သူ့သဘာဝ၊ သူ့သဘောအတိုင်း ဖောက်ပြန်လိုက်၊ ချို့ယွင်းလိုက် ဖြစ်နေတာပဲ၊ သဘောပါကြပလား။

ဒုက္ခခန္ဓာဝန်ထမ်းသမားအဖြစ်က ကျွတ်လွတ်မှသာ

ဒီတော့ ဒီဒုက္ခခန္ဓာဝန်ထမ်းသမားအဖြစ်က ကျွတ်လွတ်မှသာ နေရာကျမယ်၊ ဒီခန္ဓာနဲ့နေရသမျှ ဘယ်တော့မှ ဒုက္ခနဲ့ အိုးစားမကွဲဘူး၊ အိုးစားကွဲအောင်၊ မဂ္ဂင်အလုပ်၊ ဝိပဿနာလုပ်ကြရမယ်၊ သဘောပါပလား။ ဝိပဿနာလုပ်နေရင် မဂ္ဂင်လမ်းပဲ။ ဒီလမ်းမှ အားကိုးရာလမ်းမှန်ပဲ၊ မဂ္ဂင်ရှစ်ဖော်၊ လမ်းမတော်သည်သာလျှင် ဘေးရန်ကင်းတဲ့လမ်း။ ဒီလမ်းနဲ့မှ နိဗ္ဗာန်ရကြမယ်။ အို, နာ, သေ, မွဲ, ကွဲလွတ်ရာ ရောက်ဖို့လမ်းဟာ ဒီမဂ္ဂင်လမ်းပဲလို့ မှတ်လိုက်ကြ၊ ရှင်းကြပလား။

ခန္ဓာဝန်ထမ်းသမား ဘဝနဲ့တော့ ဘယ်အခါမှ အေးကွက်မရနိုင်ကြဘူး။ ခန္ဓာရှိသမျှ ဒုက္ခက အမြဲတမ်း တွဲလျက်၊ ကပ်လျက်၊ ချပ်လျက်၊ ဒုက္ခစက်ထဲက လွတ်ရက်မရှိတော့ဘူး။ ခန္ဓာက သူ့အလို၊ သူ့အကြိုက်လိုက်ပြီး ဘယ်လိုပဲ ဆောင်ရွက်ပေးပေမယ့် ကိုယ့်အကြိုက်ကို နည်းနည်းကလေးမှ မလိုက်ပါဘူး။ သူ့သဘောအတိုင်း သူ့ဖြစ်စဉ်အတိုင်း သူ့ဖြစ်ချင်သလိုသာ ဖြစ်နေမှာပါပဲ၊ ရိပ်မိကြရဲ့လား။

နွေအခါကျ အိုက်လို့၊ ပူလို့ ယပ်ခတ်ပြီးပေးရ၊ သောက်ရေအေးအေး ထားပေးရ၊ အေးပါစေလို့ ပြတင်းပေါက် ဖောက်ပေးရနဲ့၊ အားလပ်ခွင့်ကို မရကြဘူး၊ ဒီခန္ဓာအတွက်ပဲ၊ ကြောင့်ကြစိုက်၊ အလိုလိုက်နေကြရတယ်။ ဒီကြားထဲက လေမလာတော့အိုက်၊ လေလာများပြန်တော့ချမ်း၊ ဒီလိုနဲ့ပဲ တစ်နေ့မှ ကောင်းကောင်းနေရတဲ့အခါ မပါဘူး၊ တစ်နေ့မှ ကောင်းကောင်းနေမယ်လို့ သူကမပြောဘူး၊ ဖောက်ပြန်မယ်၊ နာလိုက်မယ်၊ သေလိုက်မယ်နဲ့ တကဲကဲပဲ၊ ရိပ်မိကြရဲ့လား။

ခန္ဓာက ကောင်းတဲ့အချက်ဆိုလို့ ဘာများပါသေးတုန်း

ဒကာ ဒကာမတွေ ခန္ဓာက ကောင်းတဲ့အချက်ဆိုလို့ ဘာများပါသေးတုန်း။ ဒကာတို့အလို အကြိုက်ကို ဘယ်အခါ များလိုက်ပါသတုန်း။ ဘယ်အခါမှ မလိုက်ပါဘူး၊ ကောင်းတာလဲ တစ်ခုမှမပါပါဘူး။ ရှင်းကြပလား။ သူ့ကိုမကျွေးပြန် တော့ တောင်းတယ်၊ ဝမ်းကဟာလို့ ဗိုက်ကဆာလို့တဲ့၊ တောင်းလို့ ကျွေးပြန်တော့လဲ မကောင်းပါဘူး။ ဗိုက်ကအောင့်သတဲ့၊ ရင်တောင့်ပန်ပြီတဲ့၊ အစာက မကြေလိုက်ပြန်ဘူးတဲ့၊ ဘယ်မှာ ကောင်းတာရှိသေးသတုန်း။ ကြပ်ကြပ်ဉာဏ်နဲ့ စဉ်းစားကြ။ ဒါမှ သူ့အကြောင်း အမှန်အကန် သိရမယ်။

ဉာဏ်နဲ့ကြည့်ရင် အမှန်သိလာကြမယ်၊ ဆင်းရဲတဲ့ခန္ဓာမှန်း၊ နှိပ်စက်တတ်တဲ့ခန္ဓာမှန်း သိလာမယ်။ သဘောပါပ လား။ ကိုယ့်ကို အမြဲမပြတ်၊ မသေမချင်း နှိပ်စက်မှာပဲ၊ နှိပ်စက်တတ်တဲ့ခန္ဓာမှန်း သိလာမှ၊ ဒီခန္ဓာမုန်းလာမှာ၊ မလိုချင် လာမှာ၊ ရိပ်မိကြရဲ့လား၊ ဒီလက်ရှိခန္ဓာဟာ လိုချင်လို့ရလာတာ၊ လိုချင်ရချင်တဲ့ တဏှာနဲ့ တောင်းယူလို့ ရလာခဲ့တာပဲ၊ သဘောပါကြပလား။ ဒကာ ဒကာမတွေ အရင်ကတဏှာနဲ့ အဖော်လုပ်မိလို့ ဒုက္ခနဲ့ ခွဲမရ၊ ခွါရမရ လက်ရှိဖြစ်နေကြရတာ။

တဏှာနဲ့မပေါင်းကြနဲ့

ဒါကြောင့် အခုကစပြီး တဏှာနဲ့မပေါင်းကြနဲ့၊ အဖော်ပြောင်းကြ၊ ဉာဏ်နဲ့ပေါင်းကြတော့လို့ ပြောလိုက်တယ်၊ ရှင်းကြပလား။ ဉာဏ်နဲ့အပေါင်းလုပ်လိုက်ရင်၊ အမှန်မြင်၊ အမှန်သိလာကြမယ်။ ခန္ဓာက အမြဲနှိပ်စက်နေမှန်းသိမယ်၊ ဘယ်လောက် အလိုလိုက်လိုက် ကိုယ့်အကြိုက် ဘာတစ်ခုမှ မဆောင်ရွက်ပါဘူး၊ ကျွေးလဲနှိပ်စက်တာပဲ၊ မကျွေးလဲ နှိပ်စက်မှာပဲဆိုတာ သိလာမယ်၊ ဒီလိုအမှန်အကန်သိလာတော့ “ယနေ့ကစပြီး တဏှာနဲ့မပေါင်းတော့ဘူး၊ ဉာဏ်နဲ့ပေါင်း တော့မယ်” လို့ ကိုယ်တိုင်က ဆုံးဖြတ်ချက် ချတော့တာပဲ။

ဒီလို ခန္ဓာရဲ့အပြစ်၊ အစစ်အမှန်သိတော့၊ ဉာဏ်နဲ့ပေါင်းမိမယ်၊ ဉာဏ်နဲ့ကျတော့ တဏှာဟာ သေသွားတော့တာပဲ၊ သဘောပါပလား။ ဒကာ ဒကာမတွေ အပေါင်းအဖော်ပြင်ကြတော့၊ ခန္ဓာနဲ့ပေါင်းရင် နှစ်မှုသင့်မယ်၊ ရိပ်မိကြရဲ့လား။ ကျွေးလဲကျွေးလို့ တစ်မှုသင့်မယ်၊ မကျွေးတော့လဲ မကျွေးလို့ သင့်တာပဲ၊ ဒီတော့ ခန္ဓာနဲ့သာပေါင်းရင် နှစ်မှုသင့်မယ်၊ နှစ်ပြစ်ရောက်မယ်ဆိုတာ မှတ်လိုက်ကြ။

ဒကာ ဒကာမတွေ ကျေနပ်ကြပလား။ ခန္ဓာက အေးတယ်ဆိုလို့ အဝတ်ထူထူဝတ်ပေးရ၊ ဝတ်ပေးတော့ မိတ်တွေ၊ ယားဖုတွေပေါက်လာ၊ ပါးပါးဝတ်ပေးပြန်တော့ အအေးပတ်မယ်တဲ့၊ ဘယ့်နှယ်များ ထင်ကြသတုန်း။ ခန္ဓာက ဒကာတို့ကို သက်သက်နှိပ်စက်မလို့ ဒုက္ခပေးမလို့ ပေါ်လာတာပဲ၊ ကိုယ့်အပေါ် နှမ်းတစ်လုံးစာမှ ကြည်ညိုစရာမရှိပါဘူး၊ ပေါ်ကြ ပလား။

ခင်တဲ့သူကို အမြဲနှိပ်စက်တတ်တယ်

”ဒုက္ခဿ ပီဠနဋ္ဌော” တဲ့၊ ခန္ဓာက “ခင်တဲ့သူကို အမြဲနှိပ်စက်တတ်တယ်” တဲ့၊ သဘောပါကြရဲ့လား။ မခင်မှန်း သိရင် မနှိပ်စက်နိုင်တော့ဘူး။ ခင်ရင် ခင်သူကို နှိပ်စက်မှာပဲ၊ ဒါကြောင့် မခင်ကြနဲ့တော့။ ခင်ရင် အနှိပ်စက်ခံချင်သေး လို့ပဲဆိုတာမှတ်ကြ။ ရှင်းပလား။ ကလေးကတောင် သူ့ကို ခင်မှန်းသိရင် ပိုပြီးဆိုးတတ်တဲ့သဘောရှိတယ်၊ ဒီသဘောပါပဲ။ ခန္ဓာက သူ့ခင်တဲ့သူကို မအားမလပ်အောင် နှိပ်စက်ရအောင် လာခဲ့တာပဲ၊ ရိပ်မိကြရဲ့လား။

ဒီတော့ ခန္ဓာသဘော အမှန်အကန်သိဖို့လိုတယ်၊ သူ့သဘောသိအောင် ဉာဏ်နဲ့ကြည့်ရမယ်၊ ခန္ဓာ့သဘော၊ ခန္ဓာ့အမူအရာ အမြဲစောင့်ကြည့်ရင် အမှန်သိကြရမယ်၊ ကျေနပ်ပလား။ ကြည့်ပေးကြ။ ခန္ဓာကို ဘယ်လိုပေါင်းပေါင်း သူကတော့ နှိပ်စက်မှာပဲ၊ မသေမချင်း နှိပ်စက်မှာ၊ သူလာကတည်းကိုက အသေသတ်မလို့လာတာ၊ သဘောပါပလား။ ကျားကလေလးကို မယဉ်ယဉ်အောင်မွေး၊ ပြုစုယုယပေး၊ ဘယ်လိုမွေးပေမယ့်လဲ၊ ကျားဟာ ယဉ်တယ်လို့ရှိပါ့မလား။ ကျားမွေးပေမယ့် ဘယ်တော့မှ မယဉ်သလိုပဲဆိုတာ မှတ်လိုက်ကြ။

ဒီခန္ဓာကလဲ ဘယ်တော့မှ ယဉ်တဲ့အမျိုးမဟုတ်ဘူး။ တစ်နေ့ထက်တစ်နေ့၊ နာရီပိုင်း, စက္ကန့်ပိုင်းနဲ့ ချို့ယွင်းဖောက် ပြန်နေတာ၊ မဖောက်ပြန်တဲ့အချိန် လုံးဝမပါဘူး၊ ခေါင်းကိုက်၊ လေနာထ၊ ရင်နာထ၊ ကိုက်ခဲညောင်းညာဆိုသလို တမျိုး တမျိုး အမျိုးမျိုး နှိပ်စက်နေတာပဲ၊ ရိပ်မိကြပလား။ ဒီလိုနှိပ်စက်တတ်တဲ့ သူ့သဘောအမှန်ကို ဉာဏ်နဲ့မြင်အောင် သိအောင် ကြည့်ပေးရမယ်၊ ဒကာ ဒကာမတွေ ကြည့်ရင်မြင်မယ်၊ မကြည့်ရင်ဖြင့် မမြင်ကြဘူး၊ ရှင်းပလား။

မဂ္ဂင်လမ်းလိုက်ရမယ်

ဒါမြင်တဲ့ဉာဏ်ရဖို့ မဂ္ဂင်လမ်းမှ မြင်ရမယ်၊ မြင်အောင် မဂ္ဂင်လမ်းလိုက်ရမယ်၊ မဂ္ဂင်ပွားရမယ်၊ သဘောပါပလား။ မဂ္ဂင်မပွားရင်၊ ဒီအမြင်ဉာဏ်မရနိုင်ဘူး၊ နှိပ်စက်တတ်တာ မမြင်ဘဲနဲ့လဲ၊ အနှိပ်စက်လွတ်လိုတဲ့ဉာဏ် မလာဘူး၊ ဒီတော့ ပဋ္ဌမခန္ဓာရဲ့ နှိပ်စက်တတ်တဲ့ သဘောအမှန် မြင်အောင်ကြည့်ကြ၊ ဒါမှ နောက်ဉာဏ်၊ ခန္ဓာ့နှိပ်စက်မှုက လွတ်ချင်တဲ့ဉာဏ် လာမယ်၊ ရှင်းကြပလား။

ဒီဉာဏ်ကို လမ်းမတော် မဂ္ဂင်နဲ့ရှာတော့ တွေ့တယ်။ ဒီဉာဏ်ရအောင် မဂ္ဂင်အလုပ်နဲ့ ရှာကြရင်၊ ခန္ဓာဒုက္ခသစ္စာ မြင်ရ၊ တွေ့ရပြီဆိုတာမှတ်တော့၊ ဒုက္ခသစ္စာမြင်တဲ့သူမှသာ တွေ့မယ်၊ ရှင်းပလား။ ဒုက္ခသစ္စာမမြင်ရင် ခင်ဇောမပြတ်ဘူး၊ ခင်ဇောမပြတ်ရင် ခန္ဓာရချင်တယ်၊ အဲ-ခန္ဓာရချင်တဲ့သူဆိုရင် အနှိပ်စက်ခံချင်သေးလို့ပဲဆိုတာ ဆုံးဖြတ်ချက်ချ၊ ကျေနပ် ပလား။ ခန္ဓာက ဒကာတို့ကို အကြီးအကျယ် ဒုက္ခဖြစ်အောင် နှိပ်စက်နေတာ၊ နှိပ်စက်တာမြင်အောင် ကြည့်ပေးကြ၊ ခန္ဓာနှိပ်စက်တာမြင်မှ မဂ္ဂင်လမ်းပေါ်တယ်၊ သဘောပါပလား။

ကိုယ့်အလို၊ ကိုယ့်အကြိုက် မလိုက်တာဟာ ဒုက္ခသစ္စာပဲ၊ နှိပ်စက်တာက နှိပ်စက်တဲ့ခန္ဓာက ဒုက္ခသစ္စာ၊ ဒီခန္ဓာကို ဒုက္ခမှန်းသိတာက မဂ္ဂသစ္စာပဲ၊ ရှင်းကြပလား။ နှိပ်စက်တတ်တာက ဒုက္ခ၊ ဒုက္ခမှန်းသိတာက မဂ္ဂ၊ ကျေနပ်ကြ ပလား။ ခန္ဓာက သူ့ကျွေးချင်လို့ သရက်သီးဝယ်ပေး၊ စားပြီးတော့ ဓာတ်လျှော၊ ဓာတ်လျှောတော့ မသေအောင်လို့ဆိုပြီး ဆေးနဲ့ဝါးနဲ့ မနည်းပိတ်ယူရတယ်၊ ကောင်းကြသေးရဲ့လား။ မကျွေးတော့ မကျွေးလို့တစ်မျိုး ဒုက္ခပေးပြန်တယ်၊ သဘောပါ ကြရဲ့လား။

ခန္ဓာ့ကျွန်အဖြစ် ခံယူနေချင်ကြလို့ပဲ

ဒကာ ဒကာမတို့ ခန္ဓာကို မရ,အရ ဆုတောင်းပြီးယူထားကြ၊ ယူထားလို့ ရလာပြန်တော့လဲ အပြစ်တင်ခံရ၊ အနှိပ်စက်ခံရတယ်၊ သဘောပါကြပလား။ ဒီကြားထဲ ဒကာတို့တတွေက “ကိုယ်တိုင်ပြုစုပါရစေ” တဲ့၊ “သူများကြောင့်ကြ မခံပါရစေနဲ့” တဲ့။ အဲဒီလိုဆိုတာ ကျွန် အမြဲခံရပါလို၏လို့ ဆိုလိုက်တာပဲ။ အဲဒါ ခန္ဓာ့ကျွန်အဖြစ် ခံယူနေချင်ကြလို့ပဲ ဆိုတာ မှတ်လိုက်ကြ။ အဲဒါဘာကြောင့်လဲ၊ ခန္ဓာ့အပြစ် မမြင်ကြလို့ မသိကြလို့သာပဲ။

ခန္ဓာ့အပြစ် မြင်ရင်သိရင်၊ ကျွန်ခံချင်စိတ် မလာနိုင်ပါဘူး။ ဒကာ ဒကာမတွေ ခန္ဓာ့အပြစ်မြင်အောင် ကြည့်ပေး ကြ။ ခန္ဓာ့အပြစ်မြင်မှ မဂ္ဂင်လမ်းပေါ်မယ်၊ ရိပ်မိကြရဲ့လား။ ခန္ဓာ့အပြစ်မမြင်ရင်၊ မသိရင် ဝိပဿနာလုပ်နေပေမယ့် ခရီးမရောက်နိုင်ဘူး၊ မမြန်နိုင်ဘူး၊ ရှင်းကြပလား။ ခန္ဓာက ဒုက္ခသစ္စာကြီးပဲ။ ဒုက္ခသစ္စာ ဘယ်မှာရှာရမလဲ။ ဘယ်မှရှာဖို့ မလိုဘူး။ အခု ဒကာတို့ ဆုတောင်းယူလို့ လက်ရှိရထားတဲ့ ခန္ဓာကြီးမှာ ရှာရမယ်လို့ မှတ်လိုက်ကြ။

ခန္ဓာက အမြဲတစေ နှိပ်စက်ပြီးနေတာ၊ ဒါကို ဉာဏ်ရောက်ဖို့ အရေးကြီးတယ်၊ သိအောင်, မြင်အောင် လုပ်ရမယ်၊ သဘောပါရဲ့လား၊ နှိပ်စက်တာက ဒုက္ခသစ္စာ၊ ဒုက္ခသစ္စာမှန်းသိတာက မဂ္ဂသစ္စာပဲ၊ ရှင်းကြပလား။ ကြိုးစားယူ ကြ၊ ဉာဏ်နဲ့ကြည့်ပေးကြ။ ဉာဏ်နဲ့ကြည့်မှ အမှန်သိကြမယ်။ ဉာဏ်နဲ့ကြည့်ရင် နှိပ်စက်တာ အမှန်မြင်ရမယ်၊ နှိပ်စက်တာ မြင်တိုင်း၊ မြင်တိုင်း ဒုက္ခသစ္စာ သိတယ်။ မြင်တာက မဂ္ဂ၊ သူ့မြင်မှ မဂ္ဂင်လမ်းပေါ်မှာပဲ။ သဘောပါပလား။

ဉာဏ်နဲ့ ခန္ဓာ့သဘော မြင်အောင်ကြည့်ဖို့

ဒကာ ဒကာမတွေ ဘာလိုသေးတုန်း။ ဘာမှမလိုတော့ဘူး။ ဉာဏ်နဲ့ ခန္ဓာ့သဘော မြင်အောင်ကြည့်ဖို့ပဲ၊ သူ့ကို ကြပ်ကြပ်ကြည့်၊ နှိပ်စက်တာတွေ မြင်အောင်ကြည့်။ နှိပ်စက်တာမမြင်ဘဲ အကောင်းထင်နေရင် ချောက်ကျဖို့သာပြင်ကြ။ လှတယ်၊ ပတယ်၊ ကြည့်မနေနဲ့၊ လှတယ်၊ ပတယ်မြင်ရင် မိစ္ဆာမြင်ပဲ၊ အမှားမြင်မိရင် သူ့ကြောင့် ဒုက္ခရောက်ရမယ်၊ သူ့အတွက်ကြောင့် အပါယ်ရောက်ကြရမယ်လို့သာ မှတ်ထားကြ။ ရိပ်မိကြပလား။

ခန္ဓာအတွက် လှချင်၊ ပချင်၊ ဆင်ချင်၊ ပြင်ချင်၊ ကျွေးချင်၊ မွေးချင်၊ အဲဒီလောဘ၊ ဒေါသ၊ မောဟတွေ ဖိစီးပြီး သေရင် အပါယ်သွားမှာ သေချာမယ်။ သေပြီးတဲ့နောက် သူက သုဿန်သွား၊ ကိုယ်က အပါယ်သွားပဲ၊ သဘောပါကြရဲ့ လား။ ခန္ဓာက ပြုတဲ့, စုတဲ့, ကျွေးတဲ့, မွေးတဲ့သူက အပါယ်သွား၊ ငါက ခေါင်းထဲသွားမယ်လို့ ဆိုသလိုပါပဲ၊ ရိပ်မိကြပလား။ ခန္ဓာ့သဘောက ဒကာတို့တတွေကို ဘယ်အခါမှ ကောင်းကျိုးမပေးပါဘူး။ ဒကာတို့က အမြင်မှား၊ အထင်မှားနေကြသေး လို့သာပဲ။

ခန္ဓာအတွက်နဲ့ မှားချက်တွေ အလွန်နာကြရ တယ်

အမြင်၊ အထင်တွေက တက်တက်စင်အောင် မှားနေကြလေတော့ ခန္ဓာအတွက်နဲ့ မှားချက်တွေ အလွန်နာကြရ တယ်၊ ခန္ဓာ့အတွက် အမေသတ်လိုသတ်ကြ၊ အဖေသတ်လိုသတ်ကြနဲ့ တစ်ခါထဲ မိစ္ဆာဂိုဏ်း ဒုန်းစိုင်းဝင်သွားတော့တာပဲ၊ ခန္ဓာအတွက် သံသရာအဆက်ဆက်မှာ မှားချက်တွေ အလွန်နာခဲ့ကြတယ်။ ကြောင်ဖြစ်တော့ ကြောင့်ခန္ဓာအတွက် ကြွက်ကိုသတ်ရတယ်။ ကျားခန္ဓာအတွက် သားကောင်အမျိုးမျိုး သတ်ရပြန်တယ်၊ ဒီခန္ဓာအတွက်နဲ့ အပါယ်သွားရတာချည်း ပဲ၊ သဘောပါကြရဲ့လား။

ဒကာ ဒကာမတွေ ဒီခန္ဓာက ကောင်းကျိုးပေးတာများ ရှိပါသေးရဲ့လား။ ကောင်းတဲ့အချက်များ ပါပါသေးရဲ့ လား။ လုံးဝမပါဘူးလို့သာ ဆုံးဖြတ်ချက် ချလိုက်ကြ၊ ရှင်းပလား။ ဒီတော့ ဒီခန္ဓာအပြစ်မြင်အောင် ကြည့်တတ်ဖို့ ကြည့်ကြဖို့လိုတယ်။ ကြည့်တတ်အောင် ဝိပဿနာပွားရမယ်၊ ဝိပဿနာပွားရင် ခန္ဓာ့အပြစ် မြင်မယ်၊ မြင်ရင်မလိုချင်၊ မုန်းဉာဏ်ဝင်၊ အမုန်းများတော့ ခန္ဓာဆုံး၊ နိဗ္ဗာန်ရတာပဲ၊ သဘောပါကြပလား။

ခန္ဓာ့အပြစ်မြင်မှ နိဗ္ဗာန်ရမယ်

ဒီခန္ဓာ့ဒုက္ခက နိဗ္ဗာန်ရမှသာ လွတ်နိုင်ကြမှာ၊ ဒီတော့ ဝိပဿနာပွား၊ ပွားပြီး မဂ္ဂင်နဲ့သွားရမယ်၊ ဒီလိုပွားပြီး သွားမှ ခန္ဓာရဲ့အပြစ်ကိုမြင်မယ်၊ ခန္ဓာ့အပြစ်မြင်မှ နိဗ္ဗာန်ရမယ်ဆိုတာ မှတ်လိုက်ကြ၊ ရှင်းပလား။ ခန္ဓာ့ဒုက္ခ လွတ်ဖို့ ကျွတ်ဖို့ တခြားလမ်းမရှိတော့ဘူး။ ဒီမဂ္ဂင်လမ်းတစ်ခုသာရှိတယ်၊ ခန္ဓာချမ်းသာချင်လို့ ကျန်းမာချင်လို့ဆိုပြီး မေတ္တာပို့ကြ။ မေတ္တာပို့ရင်းက အညောင်းနှိပ်စက်ခံရ၊ နောက် မကြာခင် အမောနှိပ်စက်ခံရ၊ မြင်ကြရဲ့လား။

သူ့အတွက် ကျန်းမာအောင်၊ ချမ်းသာအောင်လို့ မေတ္တာပို့ရင်းက နှိပ်စက်နေတာ၊ ဒါတွေမြင်အောင်ကြည့်ကြ၊ နှိပ်စက်တာမြင်အောင် ကြည့်ပေးကြ၊ သဘောပါကြပလား။ နှိပ်စက်တာမြင်ရင် နှိပ်စက်ပြီ၊ နှိပ်စက်ပြီ၊ နှိပ်စက်ပြန်ပြီလို့ ရှုပေး၊ နှိပ်စက်တိုင်း ရှု, ရှုပေး၊ လက်ရှိခန္ဓာမခင်အောင်၊ ခင်ဇောပြတ်အောင် ရှုပေးကြရမယ်၊ လက်ရှိခန္ဓာမခင်မှ၊ နောက်ခန္ဓာမလာမှာ၊ သဘောပါကြပလား။ နောက်ခန္ဓာမလာမှ ဒုက္ခချုပ်အောင်၊ ရှင်းကြပလား။

ဒီသဘောကို လေးလေးနက်နက် ပေါက်အောင်၊ ဉာဏ်ရောက်အောင်လုပ်ကြ။ ဒီအခုလက်ရှိခန္ဓာ မခင်ပါမှ၊ နောက်ခန္ဓာ မလာမှာ၊ ဒီခန္ဓာခင်နေရင်၊ နောက်ခန္ဓာလဲ အမြင်ဘယ်တော့မှ မပြတ်တော့ဘူးဆိုတာ မှတ်လိုက်ကြ၊ ပေါ်ကြပလား။

ဘယ်နည်းနဲ့သေတာ အကောင်းဆုံးပါလဲ

တစ်နေ့သောအခါမှာ ရှင်အာနန္ဒာမထေရ်က ဘုရားထံ လျှောက်ထားမေးမြန်းတယ်၊ “အရှင်ဘုရား၊ သေတဲ့အခါ ဘယ်နည်းနဲ့သေတာ အကောင်းဆုံးပါလဲ၊ သေနည်းအကောင်းဆုံးကို မိန့်ကြားတော်မူပါဘုရား”လို့ လျှောက် ထားတယ်။

ဒီအခါမှာ ဘုရားရှင်က “အာနန္ဒာ၊ အကောင်းဆုံးဖြစ်တဲ့ သေနည်းဟာ၊ လက်ရှိခန္ဓာ မခင်တွယ်ဘဲ၊ လက်မဲ့ခန္ဓာ မတောင့်တဘဲ သေရတာ အကောင်းဆုံးပဲ” လို့ ဖြေကြားတော်မူတယ်။ ဒီတော့ တို့ ဒကာ ဒကာမတွေက “လက်ရှိခန္ဓာ မခင်တွယ်ဘဲ၊ လက်မဲ့ (နောက်) ခန္ဓာ မခင်တွယ်၊ မတောင့်တဘဲ သေတာဟာ အကောင်းဆုံးသော သေနည်းပဲလို့ မှတ်လိုက်ကြ၊ ရှင်းပလား။

ကိုင်း-ယနေ့ ဒီတွင်ပဲ တော်ကြစို့ နာရီစေ့ပြီ။

**********