ပရမ်းပတာဘေး လွတ်မြောက်ရေး တရားတော်
ထူးခြားချက်
သေခါနီးတွင် ပျော်ရွှင်နိုင်သူမှာ အရိယာ။
သေခါနီးတွင် ကြောက်လန့်ရသူမှာ ပုထုဇဉ်။
ဆောင်ပုဒ်
ခြောက်ခွင်ဒွါရ၊ ပသာဒ၊ ခြောက်ဝ ဝိညာဏာ။
တဏှာဘီလူး၊ အစဉ်ပူး၊ အရူးအကန်းသာ။
ဝိညာဏ်ခြောက်ဝ၊ သာယာစွ၊ မှောက်ကြငါးပါးသာ။
တဏှာဆိပ်ခင်၊ မျိုမိလျှင်၊ ဆိပ်ပင် ရခန္ဓာ။
အို, နာ, သေဆိုး ဆိပ်သီးမျိုး၊ ပွားတိုးထပ်ထပ်သာ။
တဏှာမျိုကင်း၊ ခန္ဓာရှင်း၊ လွတ်ကင်း အို, သေ, နာ။
အို, နာ, သေက၊ လွတ်လိုကြ၊ ခြောက်ဝ ဝိညာဏာ။
ခန္ဓာပေါ်ခိုက်၊ တပါး၌၊ စူးစိုက်ဉာဏ်ရှုကာ။
ဖြစ်, ပျက်မြင်သိ၊ မုန်းဆုံးဘိ၊ သန္တိချမ်းငြိမ်းစွာ။
သတိချပ်
တနေ့ကုန်ထွေ၊ သေနီးလေ၊ ပူတွေကြောက်ဇောကြွ။
ပရမ်းပတာ၊ ဘေးကြီးမှာ၊ လွန်စွာနီးကပ်လှ။
ရော်ရွက်ကျကြွေ၊ ပမာနေ၊ ထွေထွေဖြန့်ကျဲကျ။
ဒုက္ခဆုံးဉာဏ်၊ မရပြန်၊ ဧကန်ဘေးသင့်ကြ။
ခွင့်ခါကြုံကြိုက်၊ ခန္ဓာစိုက်၊ ဉာဏ်လိုက်အားထုတ်မှ။
ဥပရိဒေဝီ၊ ချေးပိုးတီ၊ ပုံမှီဝတ္ထုပြ။
ဒုက္ခဆုံးမြင်၊ ဉာဏ်ရလျှင်၊ အေးခွင်နိဗ္ဗူတ။
တရားသား
အမှန်တကယ် ပျောက်ပျက်သွားတာက အသက်တမ်းပဲ
ဒကာ ဒကာမတွေ တစက္ကန့်ထက် တစက္ကန့်၊ တမိနစ်ထက် တမိနစ်၊ တနေ့ထက်တနေ့ဆိုသလို အချိန် တွေ၊ နေ့ရက်တွေ တရွေ့ရွေ့ကုန်ကုန်လာကြတယ်၊ ဒီလိုအချိန်တွေ ကုန်လာတာဟာ၊ နေ့ရက်က ကုန်တာမဟုတ်ပါဘူး။ အသက်တမ်း တစ်ရက်ထက်တစ်ရက် လျော့လျော့သွားတာမို့၊ အသက်တမ်းကသာ ကုန်၊ ကုန်သွားရတာပဲ၊ ရိပ်မိကြရဲ့ လား။ နေ့တွေ၊ ရက်တွေက ဘယ်တော့မှ မကုန်နိုင်ပါဘူး။ အမှန်ကုန်ဆုံးသွားခဲ့တာ၊ အမှန်တကယ် ပျောက်ပျက်သွားတာ ကတော့၊ ဒကာ ဒကာမတို့ အသက်တမ်းပဲ၊ ရှင်းကြရဲ့လား။
ဒါကြောင့် ဒကာတို့တတွေ အထူးသတိပေးချင်တာက၊ နေ့ကမကုန်၊ အသက်တမ်းကသာ ကုန်တာပါ၊ ဒီလိုဆို တော့ နေ့ရက်၊ အချိန်နာရီတွေ ကုန်တာဟာ ဝမ်းသာစရာလား၊ မဟုတ်ကြဘူး၊ အချိန်ကုန်တာဟာ ဝမ်းသာစရာမဟုတ်၊ ဝမ်းနည်းစရာ၊ စိတ်မချစရာပဲဆိုတဲ့အချက် လေးလေးနက်နက်ကြီး စဉ်းစားကြ၊ သဘောပါကြပလား။ နေ့ရက်အချိန်၊ နာရီတွေ ကုန်လေလေ၊ ဒကာ ဒကာမတွေ အသက်တမ်း လျော့လျော့သွားလေလေ၊ သေဖို့အချိန်နဲ့ နီးလေလေပဲ။ သေရဖို့အချိန် နီးလာလေ၊ နေဖို့အချိန်က နည်းသွားလေပဲ၊ ပေါ်ကြပလား။
နေရဖို့အချိန်က နည်းလာသလောက်၊ မေ့မေ့လျော့လျော့ ပေါ့ပေါ့တန်တန်နဲ့ အမှတ်တမဲ့ သေသွားရရင် လှလှကြီး ဒုက္ခရောက်ရမယ်၊ ဒါကြောင့် အချိန်ကုန်တာ၊ စိတ်မချစရာကြုံဖို့ပဲ၊ ဒီတော့ အချိန်တွေကုန်သလောက် အမှုမဲ့၊ အမှတ်မဲ့ စိတ်ချနေလို့ မဖြစ်သေးပါလားလို့ ရိပ်မိကြရမယ်။ တညအိပ်ပြီး မိုးလင်းသွား၊ အင်း – တညကုန်သွားပြီလို့ အောက်မေ့ကြတယ်၊ ဒကာ ဒကာမတွေ ညကုန်တာမဟုတ်ဘူး၊ ကိုယ့်အသက်တမ်း ကုန်သွားတာ၊ ရိပ်မိပလား။
ကိုယ့်အသက်တမ်း ဆုတ်ယုတ်မှုပဲ
အချိန်ကုန်သမျှ နေ့ရက်ကုန်သမျှ ကိုယ့်အသက်တမ်းကုန်တာ၊ ကိုယ့်အသက်တမ်း ဆုတ်ယုတ်မှုပဲဆိုတာ မှတ်ကြ၊ သဘောပါပလား။ ကုန်တာဟာ နေ့ကုန်တာမဟုတ်၊ ညကုန်တာလဲမဟုတ်ပါဘူး၊ ကိုယ့်အသက်တမ်းသာ ကုန်နေတာ၊ ဒီလိုကုန်တာဟာ သေဖို့နီးတာပဲ၊ သေဖို့အချိန် နီးလာလေ၊ စိုးရိမ်ရလေပဲ၊ ေဩာ်-သေရအုံးမယ်၊ သေရရင်ဖြင့် ဘယ်ဘုံ၊ ဘယ်ဘဝ ရောက်ရပါ့မလဲလို့ တွေးလုံးလာတယ်၊ အဲဒီတွေးလုံးလာတာဟာ ဘာကြောင့်လဲ၊ စိတ်မချလို့ ပေါ်တာပဲ၊ ရိပ်မိပလား။
ကိုယ့်ကိုယ်ကို စိတ်မချရလို့ တွေးလုံး၊ ဆွေးလုံး၊ ပူပန်လုံးတွေ ဝင်လာတယ်၊ အဲဒါ လက်ကိုင်မရှိလို့ အားကိုး အားထားမရှိလို့ပဲဆိုတာ ထင်ရှားတယ်၊ အားကိုးစရာ လက်ကိုင်မရှိတော့ စိတ်မချရဘူးပေါ့၊ ဒါကြောင့် ဒကာ ဒကာမတွေ ကို အားကိုးစရာ၊ အားထားစရာ လက်ကိုင်ကိုယ်ပိုင် ရှိကြပါစေဆိုတဲ့စေတနာနဲ့ ကရုဏာရှေ့ထားပြီး ဆရာဘုန်းကြီးက ပေးနေတာပဲ၊ ဒီတော့ ပေးထိုက်လို့ ပေးတာမို့။ ယူထိုက်အောင် ယူကြပါလို့ တိုက်တွန်းလိုက်တယ်။
ဒီဉာဏ်မရသေးသမျှ စိတ်ချနေလို့ မဖြစ်သေးဘူး
ဒကာတို့တတွေ ဖြစ်, ပျက်အဆုံး မမြင်ရသေးသမျှ၊ ဒီဉာဏ်မရသေးသမျှ စိတ်ချနေလို့ မဖြစ်သေးဘူး၊ ဒီဉာဏ်ရ မှသာ စိတ်ချရပြီ၊ ဒါကြောင့် ဒီဉာဏ်ရအောင် ကြိုးစားယူကြ။ အဲ ဖြစ်, ပျက်အဆုံး၊ ဒုက္ခအဆုံး မြင်တဲ့သူကတော့ နေ့ညကုန်လေလေ ဝမ်းသာလေလေပဲလို့ မှတ်ကြ၊ သူက နေ့ရက်အချိန်ကုန်လေလေ၊ ဒုက္ခလွတ်ရက် နီးလေလေဆိုတော့ ဝမ်းသာနေတာပေါ့၊ ဥပမာ ထောင်ကျတဲ့သူလို့ပဲ မှတ်လိုက်ကြ။ ထောင်ကျနေတဲ့သူဟာ အချိန်၊ နေ့ရက် ကုန်လေလေ လွတ်ရက်နီးလာလေလေဆိုတော့ ဝမ်းသာနေသလိုပဲတဲ့။
ဒီမှာလဲပဲ ဒုက္ခဝဋ်ကောင်၊ ခန္ဓာဝဋ်ကောင် ထမ်းရတာ၊ တာဝန်ကြီးလွန်းလို့ ဆင်းရဲလွန်းလို့ ဒီဝဋ်ဒုက္ခက လွတ်လုပြီ၊ ကျွတ်လုပြီဆိုပြီး ဝမ်းသာနေတော့တယ်။ ဒါကြောင့် ဒကာ ဒကာမတွေက အခုနှယ်က စိတ်ချရအောင် လုပ်ထားကြ။ ခန္ဓာဆုံးရာ နိဗ္ဗာန်မြင်ရအောင် နိဗ္ဗာန်ရအောင် ကြိုးစားကြ၊ အခုလို ကြိုးစားထားရင်၊ နေ့, ညတွေ ကုန်လေလေ ဝမ်းသာလေလေပဲလို့သာ မှတ်လိုက်ကြ၊ သဘောပါကြပလား။
မဂ်ဉာဏ်အစစ် မရသေးတဲ့သူ ကျိန်းသေပေါက်မရှိဘူး
နိဗ္ဗာန်မြင်တဲ့ဉာဏ်၊ မဂ်ဉာဏ်အစစ် မရသေးတဲ့သူကတော့ ကျိန်းသေပေါက်မရှိဘူး၊ ဘယ်သွားလို့ ဘယ်လာရမှန်း မသိလို့ သေခါနီးလေ စိတ်မချရလေပဲ၊ ကိုယ့်ဟာကိုယ် စိတ်မချရတော့ စိတ်မချရလေ၊ နှလုံးမသာယာလေပဲလို့ မှတ်လိုက် ကြ၊ သဘောပါကြပလား။ အဲဒီလို နှလုံးမသာမယာနဲ့သာ သေသွားရရင် အပါယ်လေးပါး ဒုဂ္ဂတိဘဝပဲဆိုတာ သေချာပြီ။ ဒကာတို့တတွေ ဘယ်လိုများ စဉ်းစားမိကြသတုန်း။ ဆရာသမားက ဒကာတို့ မုချကြုံတွေ့ရမယ့် ဒုက္ခတွေ သိလို့၊ မြင်လို့၊ ကရုဏာရှိလို့ ပြောနေတာပဲ၊ ဒကာတို့က ကိုယ့်အကြောင်း ကိုယ်သိပြီးလုပ်မှ ကောင်းမယ်၊ လုပ်မှသာဖြစ်တော့မယ် လို့ ဆုံးဖြတ်ချက်ချကြ။
သေခါနီးမှာ ပျော်တဲ့သူကတမျိုး၊ သေခါနီးမှာ ကြောက်တဲ့သူက တမျိုးလို့ ပုဂ္ဂိုလ်နှစ်မျိုးနှစ်စားရှိတယ်။ နိဗ္ဗာန်မြင် တဲ့သူက ပျော်တယ်၊ နိဗ္ဗာန်မမြင်သေးတဲ့သူက ကြောက်တယ်လို့ မှတ်ကြ။ ဒီစကားအဓိပ္ပါယ်ဟာ အင်္ဂုတ္ထိုရ်ပါဠိတော်မှာ လာတယ်၊ သဘောပါကြပလား။ နိဗ္ဗာန်မမြင်သေးတဲ့သူက ပုထုဇဉ်အဖြစ်နဲ့ဆိုတော့ ဘယ်စခန်းနဲ့ ဘယ်လမ်း သွားရမယ် ဆိုတာ မသိဘူး၊ မှန်းချေပေါက် မရှိဘူး၊ မသိတော့ ကြောက်တယ်၊ ရှင်းပလား? အနည်းဆုံး သောတာပန်ဆိုရင်တောင်, ဝဋ်ကောင်နဲ့ လွတ်ရတော့မယ်ဆိုပြီး, ခန္ဓာဝန်လေးလို့ သဘောကျနေတယ်၊ ငါသေရင် သုဂတိပဲဆိုတာ သိတော့ မြန်မြန်သေချင်တယ်၊ သေရမှာမကြောက်ဘူး ပျော်တယ်၊ သေခါးနီးလေ ပျော်လေဘဲ ဆိုတာမှတ်ကြ။
ဒကာ ဒကာမတွေ အလေးအနက် စဉ်းစားကြ၊ ပေါ့ပေါ့ကလေးများ မအောင်းမေ့ကြနဲ့၊ ဒုက္ခအဆုံး, ဖြစ်,ပျက် အဆုံး မဖြစ်သေးဘူး၊ ဒီဉာဏ်မရသေးရင် သေခါနီးမှာ, ဒုက္ခကြီးလှလှရောက်တော့မယ်၊ ရိပ်မိပလား? ဒုက္ခအဆုံး မြင်ထားတဲ့သူမှ သေခါနီးလေ ပျော်လေလေဘဲ၊ သဘောပါသလား? ဖြစ်, ပျက် အဆုံး, ဒုက္ခအဆုံး မမြင်သေးတဲ့သူ ဆိုရင် သေခါနီးမှ စိတ်သောက အကြီးအကျယ် ရောက်ပီး အရမ်းသေ, သေရမယ်၊ အရမ်းသေ, အကန်းသေ, ဆိုတော့ မှန်းချေမပေါက်နိုင်ဘူး၊ ကျချင်တဲ့ချောက်, ရောက်ချင်ရာ ရောက်ရတော့မယ်။
ယော်ရွက် ကြွေသလိုဘဲ
ဥပမာဆိုရင်, ယော်ရွက် ကြွေသလိုဘဲဆိုတာ မှတ်ကြ၊ ရင့်ယော်နေတဲ့ သစ်ရွက်ဟာ ကြွေချိန်တန်လို့ ကြွေတော့ ဘယ်မှာကျမယ်လို့ အတပ်မသိနိုင်ဘူး သူကျချင်တဲ့နေရာ, သူကျချင်သလိုသာ ကျသွားမှာဘဲ အကျမမှန်ဘူး ဆူးတောထဲ ကျချင်ကျမယ်၊ ရွံ့ဗွက်ထဲ ကျချင်လဲကျမယ်၊ ဘယ်နေရာကျမယ်လို့ မပြောနိုင်ဘူး။ ကျချင်သလိုကျရမယ်။ ဒီဥပမာ အတိုင်းဘဲ ဒုက္ခအဆုံး မမြင်ရသေးဘဲနဲ့ သေပွဲဝင်ရရင်၊ ကြောက်ဇောဝင်ပြီး ရောက်ချင်ရာရောက်၊ ကျချင်ရာကျတော့ မယ်။ ဗရမ်းဗတာဘေး၊ ဝိနိပါတဘေးကြီး သင့်တော့မယ်။
သောတာပန် မတည်သေးရင် ဒီဘေးဆိုးကြီးက မလွတ်နိုင်တော့ဘူး။ ဗရမ်းဗတာ ကျချင်ရာကျမယ့် ဘေးဆိုး ကြီးက မုချသင့်ရတော့မယ်ဆိုတာ စိတ်သာချကြတော့၊ ပေါ်ကြပလား။ ဒီဉာဏ်မရဘဲသာ သေသွားရင်၊ ဖြစ်ချင်သလိုဖြစ်၊ ရောက်ချင်တဲ့နေရာရောက်မယ်၊ ရှင်းပလား။ ဒကာ ဒကာမတွေ ဒီကနေ့ ဒုက္ခအဆုံးမြင်တဲ့ဉာဏ်ရ၊ ဒီနေ့ သူက ကယ်နိုင် တယ်၊ ဒကာတို့ကို ကယ်နိုင်၊ ယူနိုင်တာဟာ ဒီဉာဏ်ပဲရှိပါတယ်၊ ဘယ်သား၊ ဘယ်သမီး၊ ဘယ်ပစ္စည်းနဲ့ ဘယ်ညာတိ၊ ဘယ်ဆွေမျိုးကမှ မကယ်နိုင်ကြဘူး။
ဒါကြောင့် ကယ်မယ့် ယူမယ့် ဉာဏ်အလုပ်လုပ်ကြ၊ ဒုက္ခအဆုံးမြင်တဲ့ဉာဏ်၊ မဂ်ဉာဏ်ရအောင်၊ အခုထပြီး အမြန်ရအောင်လုပ်ကြ၊ သားရေး၊ သမီးရေးတွေက မကယ်နိုင်ဘူး။ ဒီအရေးတွေက ကိုယ့်ကို မကယ်နိုင်ကြဘူး၊ ဉာဏ်က မှ ကယ်မှာဆိုတဲ့အချက်ကို လေးလေးနက်နက်ကြီး သတိပေးလိုက်ပါတယ်။
ဥပရိဒေဝီမိဖုရား
ဥပရိဒေဝီမိဖုရားဟာ စုတိကျသွားတော့၊ နောက်ချေးပိုးထိုး (နွားချေးပိုးထိုး) ကောင် ဖြစ်သွားရရှာတယ်၊ အဲဒါ ဘာ့ကြောင့်လဲ။ ကယ်မယ့်ယူမယ့်ဉာဏ်၊ မဂ်ဉာဏ်မရလို့ဘဲ၊ သူ့ကြင်ယာတော် ဘုရင်ကြီးကလဲ မကယ်နိုင်၊ ရွှေနန်းစည်းစိမ် ကျက်သရေ၊ ဘယ်ဆွေ၊ ဘယ်မျိုးတွေမှလဲ မကယ်နိုင်ကြတော့ဘူး၊ ဝိနိပါတ ဘေးသင့်ပြီး ပရမ်းပတာ ဖြစ်သွားရရှာတယ်၊ ရိပ်မိကြပလား။ ဒီလိုအဖြစ်ဆိုး ပရမ်းပတာဘေး၊ ကယ်နိုင်တာဟာ ဖြစ်ပျက်အဆုံးမြင်တဲ့ဉာဏ်၊ မဂ်ဉာဏ်ကမှသာ ကယ်နိုင်တာဆိုတဲ့အချက် မြဲမြဲမှတ်ကြ။
ဒီတော့ ဒကာမတွေ ပေါ့ပေါ့တန်တန်နေကြရင်ဖြင့် သေခါကျ ဒီ ပရမ်းပတာဘေးဆိုးနဲ့ မုချကြုံရတော့မယ်၊ မှန်းခြေပေါက် လုံးဝမပါဘူး၊ ဒီဘေးကြောက်ရင်ဖြင့် အခုနေအခါက ပေါ့တန်နေလို့ မေ့လျော့နေလို့ မဖြစ်တော့ဘူးဆိုတာ ဆုံးဖြတ်ချက်ချပြီး အမြန်လုပ်ကြမှ ဖြစ်တော့မယ်၊ ဒါကြောင့် ဒီဘေးဆိုးကလွတ်အောင်၊ ကိုယ့်စိတ်ကလေး ဖြစ်ပျက်မြင် အောင်ကြည့်ဖို့အရေးဟာ အလွန်ကြီးတဲ့အရေးပဲလို့ ရိပ်မိပြီး မြင်အောင်ကြည့်ကြ၊ သဘောပါကြပလား။
သန်းဖြစ်သွားသော ဦးတိဿ
ဘုရားရှင်ရွှေလက်ထက်တော်အခါက သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်မှာ ဦးတိဿဆိုတဲ့ ရဟန်းတော် တစ်ပါးရှိတယ်၊ အဲဒီရဟန်းတော်ဟာ စုတိကျချိန်မှာ သူ့မှာရှိတဲ့ သင်္ကန်းလေးတစ်စုံကို ခုံမင်စွဲလမ်းမိတဲ့အတွက် သေတော့ အဲဒီသင်္ကန်းအပေါ်မှာ သွားပြီး “သန်း” ဖြစ်ရရှာတယ်။ ဒိပြင် သံဃာတော်တွေက ဒီသင်္ကန်းကို သံဃိကအဖြစ်နဲ့ ဝေခြမ်းမယ်လုပ်ကြတော့၊ ဘုရားရှင်က ဒီအကြောင်း မြင်တော်မူလို့ ခုနှစ်ရက် ဆိုင်းကြအုံးဆိုပြီး တားမြစ်တော်မူရတယ်။
အဲဒီအခါမှာ ရဟန်းတော်တွေလဲ၊ ဒီရဟန်းကြီး သင်္ကန်းစွဲလမ်းပြီး သန်း, ပြိတ္တာ ဖြစ်သွားရတဲ့အကြောင်း ရိပ်မိသိရှိကြတော့တယ်၊ အဲဒါဘာကြောင့်လဲ၊ ဒီဖြစ်ပျက်အဆုံးမြင်တဲ့ မဂ်ဉာဏ် မရရှာလို့ပဲ၊ ဒီဉာဏ်ရရင် ဒီလိုဘေးမျိုးက လွတ်ကင်းသွားပြီ၊ ဒီဉာဏ်မရသေးတော့ ရဟန်းတော်ဖြစ်ပေမယ့်လဲ သက်သာရာ မရနိုင်ဘူး၊ ပေါ်ကြပလား။
ဒါကြောင့် အခု ဒကာ ဒကာမတို့တတွေမှာ ပရမ်းပတာ ဘေးကလဲရှိပြန်၊ သေဖို့အချိန်၊ အသေနဲ့ကလဲ နီးနေပြန် ဆိုတော့ မြန်မြန်လုပ်မှ ဖြစ်တော့မယ်လို့သာ ဆံုံးဖြတ်ချက်ချလိုက်ကြ။ မဂ္ဂင်အလုပ်၊ ဒီအလုပ်တစ်ခုပဲ ကယ်တင်နိုင်တာ ရှိတယ်၊ ဒီမဂ္ဂင်အလုပ်မှပဲ အားကိုးလောက်တယ်။ ဒီမဂ္ဂင်အလုပ်ကလွဲရင်ဖြင့် ဒိပြင်ဘာမှ အားကိုးစရာ မရှိတော့ဘူးဆို တဲ့အချက် လေးလေးနက်နက်ကြီး မှတ်လိုက်ကြ၊ ရှင်းကြပလား။
အချိန်ဆိုင်းရင်ဖြင့် အမှားကြီးမှားပြီလို့သာ မှတ်
အခု ဒကာ ဒကာမတွေမှာ အချိန်ပိုင်းလိုက်ရင် ဘာမှမကျန်တော့ဘူး၊ အလွန်ပဲ နည်းနေကြပြီ၊ ဒီလို ကုပ်ကုပ် ကပ်ကပ်အချိန်ကလေးကျန်တာကိုမှ နောက်မှပဲ လုပ်မယ်ဆိုတဲ့ ဆင်ခြေမျိုးနဲ့ အချိန်ဆွဲအုံးမယ်၊ ဆိုင်းနေအုံးမယ်ဆိုရင်ဖြင့် အလွဲကြီးလွဲချင်လို့ပဲ၊ အချိန်ဆိုင်းရင်ဖြင့် အမှားကြီးမှားပြီလို့သာ မှတ်လိုက်ကြ။ ဒီတော့ ကိုယ့်ကိုယ်ကို ဆုံးမကြ၊ “မင်းကသာ အချိန်ဆိုင်းနေတာ၊ နေရဖို့အချိန်က နည်းသွားပြီ၊ ဘာမှမရှိတော့ဘူး၊ သေချိန်က အလွန်နီးကပ်နေပြီ” လို့ အောက်မေ့ဆင်ခြင်ပြီး ဆုံးမကြ။
ဒီလိုမှမဟုတ်ရင် ဒုက္ခကြီးလှလှ ရောက်ရတော့မှာပဲ၊ ဆင်ခြေတွေ ဆင်လက်တွေ လဲနေဖို့ အချိန်မရတော့ဘူး။ နောက်ဆင်ခြေလဲနေရင် ဆင်ခြေလဲတာ ကိုယ်ဒုက္ခရောက်ဖို့ လုပ်နေတာဆိုတာ မှတ်လိုက်ကြ၊ သဘေဘာပါကြရဲ့လား။ အခုလို အမှန်အကန်သိရလို့ သတိရတုန်း အခွင့်ကောင်းတုန်းမှာ အခုထပြီး လုပ်ကြမှဖြစ်မယ်ဆိုတာ ဆုံးဖြတ်ချက် ချလိုက်ကြ၊ ရှင်းပလား။
ပရမ်းပတာဘေးဆိုတာ ကုသိုလ်ကံ၊ အကုသိုလ်ကံ ရှိတဲ့သူတိုင်း သင့်မှာချည်းပဲ၊ ဒီကံတွေက လွတ်မှ ဒီဘေးက လွတ်ကြမှာ၊ ဒီကုသိုလ်ကံ၊ အကုသိုလ်ကံဆိုတဲ့ ပရမ်းပတာဘေးသင့်ရင် ဗြဟ္မာ့ပြည်ကလာပြီး ဝက်ဖြစ်ရ၊ ချီးတွင်း (မစင်တွင်း) ထဲ သွားပြီးလဲ လောက်ဖြစ်ချင်ဖြစ်ရနဲ့ ပရမ်းပတာ ဖြစ်ချင်ရာဖြစ်ရတယ်၊ သဘောပါကြပလား။ ဘယ်ဘုံ ဘယ်ဘဝ ဘယ်ဌာနရယ်လို့ အတိအကျမရှိဘူး၊ မှန်းချေပေါက်မပါဘူး။ ဒါကြောင့် ပရမ်းပတာဘေးဟာ၊ ဘေးတကာ့ ဘေးတွေထက် ကြောက်စရာအကောင်းဆုံးပဲဆိုတာ မှတ်ကြ။
ဒုက္ခအဆုံးမြင်တဲ့ဉာဏ် ရအောင်လုပ်ရမယ်
ဒီတော့ ဒီဘေးက လွတ်အောင်လုပ်မှဖြစ်မယ်၊ လွတ်အောင် ဒုက္ခအဆုံးမြင်တဲ့ဉာဏ် ရအောင်လုပ်ရမယ်၊ သဘောပါပလား။ ဒုက္ခအဆုံးမြင်ရင် ဒီဘေးက လွတ်ပြီလို့သာ မှတ်လိုက်ကြ။ ဒကာ ဒကာမတွေ ဒီအရေးက အလွန် အရေးကြီးတယ်။ ဒီအရေး အရင်ပြီးအောင်လုပ်ကြ။ နောက်မှ ဒိပြင်အရေးတွေလုပ်၊ ဒီအရေးကမှ ကိုယ့်အရေးပဲ၊ ကိုယ့်အရေး တစ်နံပါတ်ထား၊ ဒိပြင် သားရေး၊ သမီးရေး၊ စီးပွားရေးတွေကို နှစ်နံပါတ်ထား၊ ကိုယ့်အရေးမပြီးခင် သူများအရေး အသာထား၊ ရှင်းကြပလား။
ဒကာတို့တတွေမှာ ကိုယ့်အရေး မပါကြသေးဘူး၊ သူတို့အရေးတွေ ဆောင်ရွက်နေရတာနဲ့ ဘေးသင့်နေကြတယ်၊ ရိပ်မိကြရဲ့လား၊ ဒီဘေးလက်ရှိဖြစ်ရက်နဲ့ နောက်ထပ်ပြီး သင့်လိမ့်အုံးမယ်၊ အဲဒါ ဒီဉာဏ်မရသမျှ ကြုံရမှာက များပါတယ်။ နောက်ထပ်ဆိုတာက သားသမီး၊ ပစ္စည်း စွဲလမ်းပြီးသေ၊ သေတော့ အိမ်ကပ်ပြီး ပြိတ္တာဖြစ်ရ၊ အဲဒီအခါမှာ ကျန်တဲ့ သားသမီး၊ သားမယားတွေက ဘုန်းကြီးတွေပင့်ပြီး ကမ္မဝါနဲ့ နှင်ထုတ်ကြတော့မယ်၊ တစ်ခါနဲ့မရ၊ နှစ်ခါ၊ သုံးခါဆိုသလို မထွက်-ထွက်အောင် နှင်ထုတ်ကြတော့တာပဲ၊ အဲဒါ ဘေးနှစ်ခါသင့်တာပဲလို့ မှတ်ကြ၊ ပေါ်ကြရဲ့လား။
နောင်မှတ,တဲ့ နောင်တ, ဘာမှမတတ်နိုင်
အဲဒီလို အခါမျိုးကျမှ “ငါအရင်က အားကိုးမိတယ်၊ အခုတော့ အားကိုးမှားပါပေါ့ကလား၊ ဗုဒ္ဓံ သရဏံ၊ ဓမ္မံ သရဏံဆိုတာ မလုပ်ဘဲ၊ သား သရဏံ၊ မယား သရဏံ၊ ပစ္စည်းသရဏံတွေ လုပ်မိတဲ့အတွက် မှားခြင်းကြီးမှားပြီး ဒုက္ခအကြီးအကျယ်ရောက်ရပြီ” ဆိုပြီး နောင်တရကြမယ်၊ နောင်မှတ,တဲ့ နောင်တ, ဘာမှမတတ်နိုင်ကြတော့ဘူး၊ ဒါကြောင့် အခုနှယ်က သတိတရား၊ အသိတရားရတုန်း အခွင့်အခါသင့်နေတုန်းမှာ ဒီဉာဏ်ကို မရရအောင် အားထုတ် ယူကြပါလို့ လေးလေးနက်နက် တိုက်တွန်းလိုက်ပါတယ်။
ဒီလို သဘောတွေကြောင့် ဒကာတို့တတွေက ကိုယ့်အရေးမပြီးသေးဘဲ သားသမီးအပေါ်မှာ သိပ်ပြီးလဲ လောကွတ်မချော်ကြပါနဲ့အုံးလို့ အထူးပဲ တားမြစ်လိုက်ပါတယ်၊ ကျေနပ်ကြပလား။ ဒါကြောင့် ဖင့်နွှဲနေလို့ နှေးကွေးနေ လို့မဖြစ်ကြတော့ဘူး၊ နှေးမနေကြနဲ့တော့၊ နှေးနှေးကွေးကွေး လုပ်လေလေ၊ ကံမွဲဉာဏ်မွဲဖြစ်လေလေ နေမှာပဲ၊ အချိန် အရွယ်လွန်ခါမှ လုပ်မယ်ဆိုရင် ကံတွေကလဲမွဲ၊ ဉာဏ်တွေကလဲ မွဲကုန်တော့၊ ထက်ထက်မြက်မြက်မရှိတော့ဘူး၊ မထက် မြက်တော့ မရနိုင်ဘူး၊ ဒါကြောင့် ကံမွဲ၊ ဉာဏ်မွဲဖြစ်လေလေ မရလေလေပဲဆိုတာ မှတ်လိုက်ကြ၊ ရိပ်မိပလား။
အခုအချိန်ဟာ အကောင်းဆုံးအချိန်ပဲ
အခုလို အချိန်အခါကောင်းတုန်း၊ ကံကလဲ ကောင်းတုန်း၊ ဉာဏ်ကလည်း ထက်မြက်တုန်းမှာ ကြိုးစားလိုက်ကြ၊ မဖြစ်တဲ့အချိန်ရောက်ခါမှ အသုံးချရင် ဘာမှ အသုံးမကျနိုင်တော့ဘူး၊ မဖြစ်တဲ့အချိန်ကျမှ လုပ်နေတာမို့ အလကားပဲ၊ ရှင်းကြပလား။ ဒါကြောင့် အချိန်မဆွဲနဲ့၊ ဆင်ခြေမလဲနဲ့၊ အခုအချိန်ဟာ အကောင်းဆုံးအချိန်ပဲလို့သာ ဆုံးဖြတ်ချက် ချလိုက်ကြ၊ သဘောပါကြပလား။
ဒီတော့ ဒကာ ဒကာမတွေ အရင်က ပေါင်းခဲ့သင်းခဲ့တဲ့ အဖော်ဟောင်းကို ပြောင်းပစ်ကြ၊ ရှေးက တဏှာကို အဖော်လုပ်ခဲ့ကြတယ်၊ အဖော်မှားလို့ ဒုက္ခက မလွတ်နိုင်ခဲ့ကြဘူး၊ ဒါကြောင့် အခုလို အသိဉာဏ်ရတဲ့အခါမှာ အဖော် ပြောင်းကြ၊ တဏှာကို အဖော်မလုပ်ကြနဲ့တော့၊ ဒီအချိန်ကစပြီး ဉာဏ်ကို အဖော်လုပ်ကြ၊ ဖြစ်ပျက်အဆုံးမြင်တဲ့ဉာဏ်၊ ဒီဉာဏ်ကမှ ဘေးအမျိုးမျိုးကို ကယ်နိုင်မှာပဲဆိုတာ မှတ်ကြတော့ သဘောပါကြရဲ့လား။
တဏှာအဆိပ်သီး မျိုမိ
ဘုရားက ဟောတော်မူတယ် “ဒကာ ဒကာမတို့ဟာ ကိုယ့်မျက်လုံးကလေးကို ကိုယ်သာယာတယ်၊ ကိုယ့်နားလဲ ကိုယ်သာယာတယ်၊ ကိုယ့်နှာခေါင်းလဲ ကိုယ်သာယာတယ်၊ ကိုယ့်လျှာလဲ ကိုယ်သာယာတယ်၊ ကိုယ့်စိတ်ကလေးကိုလဲ ကိုယ်သာယာတာပဲ” လို့ ဟောတယ်၊ “ဒီလိုသာယာတာ တဏှာနဲ့ သာယာတာ၊ သာယာတော့ အဲဒီ တဏှာအဆိပ်ကို မျိုမိလိုက်တာပဲလို့မှတ်ကြ။ ဒီတဏှာအဆိပ်သီး မျိုမိလိုက်တာနဲ့၊ နောက်အဆိပ်ပင် ခန္ဓာ ရလာကြတော့တယ်၊ အဆိပ်ပင် ခန္ဓာရတော့ ဒီအပင်က အိုသီး၊ နာသီး၊ သေသီးတွေသီးပြီး သတ်ချလိုက်ပါရော။
ဒီလိုပဲ တဏှာအဆိပ်မျိုမိ၊ အဆိပ်ပင်ခန္ဓာရ၊ အို၊ နာ၊ သေ အသီးတွေသီး၊ ဒီ အို၊ နာ၊ သေသီးက သတ်ချလိုက်နဲ့ အသေလက်စ ဒုက္ခမဆုံးနိုင်တော့ဘူး၊ သဘောပါကြပလား၊ ဒီတဏှာမမျိုမိရင် ဒီခန္ဓာမရ၊ ဒီခန္ဓာမရတော့၊ ဒီအဆိပ်သီး တွေက မသတ်နိုင်ကြတော့ဘူး၊ အို၊ နာ၊ သေ ဒုက္ခတွေက လွတ်ကင်းသွားပြီ၊ ဒါကြောင့် ကိုယ့်ခန္ဓာ၊ ကိုယ့်မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ်ကလေးတွေကို မသာယာကြနဲ့၊ တဏှာနဲ့ မမျိုမိအောင် ကြိုးစားကြ၊ သဘောပါကြပလား။
မရှုမိတာနဲ့ တဏှာအဆိပ်မျိုမိတာ
မိမိခန္ဓာ၊ စက္ခု၊ သောတ၊ ဃာန၊ ဇိဝှါ၊ ကာယ၊ မနဆိုတဲ့ တရားတွေပေါ်မှာ တဏှာက သာယာနှစ်သက်တယ်၊ ဒီလိုသာယာမိ၊ နှစ်သက်မိရင်၊ တဏှာအဆိပ်မျိုမိတာပဲလို့သာ မှတ်ကြတော့၊ တဏှာအဆိပ်မျိုမိတာနဲ့ အသတ်ခံရဖို့သာ ပြင်ထားကြ၊ သဘောပါပလား။ အသတ်ခံဘဝ၊ အသေခံအဖြစ်က လွတ်ချင်ရင် မိမိခန္ဓာပေါ်လာတဲ့ အခိုက်မှာ ဖြစ်ပျက် ရှုပေးရမယ်၊ ပေါ်လာလို့မရှုမိရင် မရှုမိတာနဲ့ တဏှာအဆိပ်မျိုမိတာနဲ့ တစ်ချက်ထဲပဲဆိုတာ မှတ်လိုက်ကြ၊ ရှင်းပလား။
ရှုတဲ့အခါမှာတော့ စက္ခု၊ သောတ၊ ဃာန၊ ဇိဝှါ၊ ကာယ၊ မန ဒီခြောက်ခုထဲက တစ်ခုထဲသာရှုကြ၊ တစ်ခုထဲရှု တော့လဲ စိတ်တစ်ခုထဲပဲ ရှုကြ၊ အများရှုဖို့မလိုဘူး၊ သဘောပါပလား။ ဒီတော့ ဒကာ ဒကာမတွေ တစ်ခုထဲကိုဖြင့် ကြိုးစားဖို့များ မသင့်သေးဘူးလား၊ သင့်ရင်ကြိုးစားကြ၊ မကြိုးစားရင် ပရမ်းပတာဘေးသင့်ပြီး နေချင်သလိုနေ၊ သေချင် သလိုသေကြရမယ်၊ ဖြစ်ချင်ရာဖြစ်ကြရမယ်၊ ကျေနပ်ကြရဲ့လား။
ဒီတလုံးဆုံးအောင်လိုက်ကြ
ပေါ့တန်မနေကြနဲ့တော့၊ တလုံးထဲဆို မခဲယဉ်းပါဘူး၊ ဒီတလုံးဆုံးအောင်လိုက်ကြ၊ ပဋ္ဌမမြင်အောင်၊ နောက် မုန်းလာအောင်၊ နောက်ဆက်ပြီး ဆုံးအောင်လိုက်ရမယ်၊ ရှင်းပလား။ ဒကာတို့ရဲ့ သဒ္ဓါ၊ ပညာ၊ ဝီရိယအားကောင်းရင် အားကောင်းသလောက် အရမြန်မယ်။ ဒီ အားက သေးရင်လဲ သေးသလောက် အရနှေးမယ်ဆိုတာ မှတ်လိုက်ကြ။ သဘောပါပလား။ ရှုရမှာက စိတ်တခု၊ ပေါ်ရာဌာနက ခြောက်ဌာန၊ ခြောက်နေရာ၊ ပေါ်တော့တစ်ခုထဲ၊ တစ်နေရာမှာ သာပေါ်မှာ၊ အဲဒီပေါ်တဲ့နေရာ မိအောင်လိုက်ရှု၊ နားလည်ကြပလား။
ခြောက်ဌာန၊ ခြောက်နေရာ ပေါ်လာတဲ့စိတ်ကလေးကို မလွတ်အောင် ဖြစ်၊ ပျက် ရှုပေး၊ ပေါ်လာတဲ့ စိတ် ကလေးဟာ ပေါ်လာပြီး ပျက်သွားတာ တွေ့ရမယ်။ ဥပမာ-မျက်လုံးထဲမြင်၊ စိတ်ကလေးပေါ်လာ၊ ဉာဏ်နဲ့ကြည့်လိုက် တော့ ဖြစ်ပြီးပျက်သွားတာ တွေ့ရမယ်၊ ဒီလိုတွေ့တော့ မျက်လုံးထဲပေါ်တဲ့ စိတ်ကလေးက ဖြစ်ပျက်၊ ရှုတဲ့ဉာဏ်က မဂ် ဖြစ်သွားတယ်၊ သဘောပါပလား။ ဒီနည်းအတိုင်း မလွတ်တမ်း ဖြစ်ပျက်နဲ့မဂ် ကိုက်နေအောင် ရှုပေးကြ။
ဒီတော့ အရှုခံတရားက ဖြစ်ပျက်၊ ရှုဉာဏ်က မဂ်၊ သေတာက တဏှာ၊ ဥပါဒါန်၊ ကံတွေ၊ ဒါတွေသေတော့ အို၊ နာ၊ သေ ဒုက္ခခန္ဓာမလာတော့ဘူး။ ဒီတော့ ခန္ဓာနိရောဓော နိဗ္ဗာနံ၊ နောက်က နိဗ္ဗာန်ပေါ်လာတယ်၊ ကျေနပ်ပလား။ ဒါကြောင့် ဒကာ ဒကာမတွေ ဒီအလုပ်ကိုဖြင့် မရရအောင် ကြိုးစားတော့မယ်လို့ ဆုံးဖြတ်ပြီးလုပ်ကြတော့လို့ တိုက်တွန်း လိုက်တယ်။ ဒါမှ အားကိုးရာ၊ အားထားရာ၊ အစစ်အမှန် ဧကန်ရကြမယ်လို့ မှတ်ကြ။
ဖြစ်ပျက်ဟာ ဒုက္ခအစစ်ပဲ
ဒကာ ဒကာမတို့ ရုပ်၊ နာမ်၊ ခန္ဓာ၊ ဖြစ်ပျက်ဟာ ဒုက္ခသစ္စာ၊ စင်စစ်တော့ ဖြစ်ပျက်ဟာ ဒုက္ခအစစ်ပဲ၊ အဲဒီ ဖြစ်ပျက်ဒုက္ခ အဆုံးမြင်ရင် ပရမ်းပတာဘေးကြီးက လွတ်ကင်းပြီလို့သာ မှတ်ကြ။ ဒီလို ဒုက္ခအဆုံးမြင်တဲ့ဉာဏ် မဂ်ဉာဏ် ကမှ ကာကွယ်နိုင်မယ်။ ဒါမှသာ ဒီမဂ်မှသာ အားကိုးရာ၊ အားထားရာအစစ်ပဲဆိုတာ မြဲမြဲမှတ်ကြ၊ ရှင်းပလား။ ဒီမဂ်လဲ ရှုမှတ်ပွားများမှ လာနိုင်မှာ၊ မရှုရင် မလာဘူး၊ ဒါကြောင့် မိမိသန္တာန်ပေါ်လာသမျှ မပြတ်မလပ် အထပ်ထပ် ရှုမှတ်ပေးရမယ်၊ သဘောပါပလား။
ဖြစ်ပျက်မြင်ရင်၊ မုန်းရင် မဂ္ဂင်ငါးပါးရတယ်၊ ဖြစ်ပျက်ဆုံးမှ၊ အဆုံးမြင်တဲ့ဉာဏ်ရမှ မဂ္ဂင်ရှစ်ပါးပြည့်မယ်။ ငါးပါးဆို သိပ်ပြီးမသေချာသေးဘူး၊ ရှစ်ပါးပြည့်မှ သေချာမယ်၊ ရှစ်ပါးပြည့်မှ စိတ်ချရတယ်။
အဲဒီအခါကျမှ “နိယတဂတိကော သောတပန္နောနာမ” ဆိုတာ ဖြစ်ပြီးကတိမြဲပြီ၊ ပေါ်ကြပလား။ အဲဒါ ဒုက္ခ အဆုံးမြင်ရင် ရှစ်ပါးပြည့်လို့ အောက်ဖြစ်တဲ့ ဒုဂ္ဂတိက လွန်မြောက်သွားပြီ၊ သုဂတိဆိုတဲ့ လားရာဂတိမြဲတဲ့ သောတာပန် ဖြစ်ပြီလို့ဆိုတဲ့ အချက်ပဲ၊ သဘောပါကြရဲ့လား။
မိမိသန္တာန်မှာ စိတ်ခြောက်ပါးထဲက တစ်ပါးပါးဟာ ပေါ်နေမှာပဲ၊ တစ်ပါးမပေါ် တစ်ပါးအမြဲပေါ်နေမယ်၊ ဒီလိုပေါ်တဲ့အခါ ပေါ်တိုင်း၊ ပေါ်တိုင်း မလွတ်အောင် ဖြစ်ပျက်ဉာဏ် ဝင်ပေး၊ ရှုပေးရမယ်၊ မရှုမိရင် မရှုမိတာနဲ့ တပြိုင်နက်၊ ဖဿ၊ ဝေဒနာ၊ တဏှာဆိုပြီး တန်းလာတော့တာပဲ၊ အဲဒီစိတ်ခြောက်ပါး တဏှာနဲ့ သာယာလိုက်တာနဲ့ တဏှာအဆိပ်မျိုတာပဲဆိုတာ မှတ်ကြ၊ သဘောပါကြရဲ့လား၊ စိတ်ခြောက်ပါးကို သာယာကြရင် ငါးပါးမှောက်မယ်။ ငါးပါးမှောက်ရင် ချောက်ကျဖို့သာ ပြင်ကြပေတော့ပဲ၊ ရှင်းပလား။
သံသရာလမ်းကြမ်းထဲမှာ အလွန်ခရီးပမ်းပြီး လာခဲ့ကြရတာ
ဒကာ ဒကာမတို့က သံသရာခရီးသည်တွေပဲ၊ သံသရာလမ်းကြမ်းထဲမှာ အလွန်ခရီးပမ်းပြီး လာခဲ့ကြရတာ၊ သံသရာခရီးသည်တွေဆိုတော့ မောပန်းလာတာပဲ၊ ဒီတော့ ခရီးတထောက် တထောက်မှာ ငတ်ငတ်နဲ့ တွေ့တဲ့ရေ သောက်လိုက်ကြ၊ ရေဆိုးရေကောင်း မရွေးနိုင်တော့ဘူး၊ တွေ့တဲ့ရေပဲ သောက်မိကြတယ်၊ ရိပ်မိကြပလား။ တဏှာအငတ် မပြေတော့၊ တွေ့ရသမျှ ခင်ပွန်းသည် ခင်ကြ၊ မင်ကြ၊ တွယ်တာကြ၊ အဲဒါ သောက်မှားတာပဲလို့ မှတ်ကြ။
ဒကာ ဒကာမတွေ ဥပမာဆိုရင် အဆိပ်ရောထားတဲ့ အရက်သဘော၊ ဒီအရက်ကို သောက်မျိုမိသလိုပဲလို့ မှတ်ကြ။ ဒီဟာသောက်မိတာနဲ့ မူးမေ့ပြီး သေဘေးနဲ့တွေ့ အသေဆိုးကြုံရဖို့ပဲရှိတယ်။ မိမိသန္တာန်ပေါ်လာတဲ့ စိတ်ခြောက် ပါးတဏှာနဲ့သာယာတာဟာ အဆိပ်ရေသောက်တာပဲ၊ ဘာလို့ သောက်မိသလဲ။ မောလာလို့၊ ငတ်လာလို့၊ “မောလို့ ငတ်လို့” သောက်မိတာပဲဆိုတာ မှတ်ကြ။ သောက်တော့ အိုကြ၊ သေကြ၊ ဒီအဆိပ်မျိုရင် အိုကြ၊ သေကြမှာပဲ၊ သဘောပါ ကြပလား။
သိတဲ့ဉာဏ်က မဂ္ဂသစ္စာ
တဏှာနဲ့မျိုရင်၊ အို၊ သေလာမယ်။ နောက်ဆက်ပြီး ပဋိသန္ဓေလာမယ်၊ ဒါကို ဘေးတွေပဲလို့သိရင် မမျိုမိဘူး၊ မမျိုမိရင် အိုဘေး၊ နာဘေး၊ သေဘေး၊ ပဋိသန္ဓေဘေးတွေ မလာတော့ဘူး၊ ဒါကို အမှန်အကန်သိဖို့ သိအောင်ဟာ စိတ်ခြောက်ပါး ပေါ်သမျှ မဂ်ဝင်ရမယ်။ မဂ်နဲ့ ဖြစ်ပျက်ရှုပေးရမယ်၊ အဲဒီဉာဏ် ကိုယ်ပိုင်ရအောင် လုပ်ရမယ်၊ ရှင်းပလား။ အရှုအမှတ်များရင် များသလောက် ဉာဏ်တက်လာမယ်၊ နောက် အမှန်အကန် ကိုယ်တိုင်ဒိဋ္ဌ သိလာရမယ်၊ သဘောပါ ကြပလား။
အို၊ နာ၊ သေ ပဋိသန္ဓေတွေဟာ ဘေးတွေပဲလို့ အမှန်အကန်သိတဲ့အခါ သိတဲ့ဉာဏ်က မဂ္ဂသစ္စာ။
သိတော့ သိတဲ့နေရာမှာ ဘေးတွေချုပ်၊ ဘေးတွေသေသွားတယ်၊ အဲဒီနေရာမှ ပေါ်လာတာက နိရောဓသစ္စာ။
အဲဒီဘေးအမျိုးမျိုးတွေက ဒုက္ခသစ္စာ။
သိတဲ့ဉာဏ်ပေါ်တော့ နောက်ကချုပ်တဲ့အကြောင်းတွေက သမုဒယသစ္စာ။
ဒကာ ဒကာမတွေ သဘောပါကြရဲ့လား။ ဒါဖြင့် ကြိုးစားအားထုတ်ကြ။
ကိုင်း – ယနေ့ ဒီတင်ပဲ တော်ကြစို့ နာရီစေ့ပြီ။
