အို, သေ, လွတ်ကြောင်း၊ နည်းလမ်းကောင်း တရားတော်
ဆောင်ပုဒ်
မိမိခန္ဓာ၊ အဇ္ဈတ်မှာ၊ ဉာဏ်ဝါသုံးသပ်ပြု။
ဒွါရခြောက်နယ်၊ ရုပ်နာမ်လှယ်၊ သွယ်သွယ်ဖြစ်ပျက်မှု။
ဖြစ်ပျက်တိုင်းပင်၊ သတိယှဉ်၊ ဉာဏ်မြင်တပ်တပ်ရှု။
ရှုဉာဝင်ဖြတ်၊ တဏှာသတ်၊ ချုပ်ပြတ်ပဋိစ္စု။
ပဋိစ္စပြတ်ခါ၊ နောက်ခန္ခာ၊ မလာအိုသေမှု။
အိုသေလွန်မြောက်၊ နိဗ္ဗာန်ပေါက်၊ ကဲမောက်လုလ္လပြု။ ။
သတိချပ်
ခန္ဓာတွင်းမှာ၊ သုံးသပ်ပါ၊ မြတ်စွာဟောမိန့်ရှိ။
အိုတတ်သေတတ်၊ ခန္ဓာဓာတ်၊ မပြတ်တည်လေဘိ။
တချိန်မကျ၊ တချိန်ကျ၊ မုချသေမည်သိ။
အိုသေထိုဘေး၊ မလွတ်သေး၊ စိတ်အေးဘယ်မရှိ။
အိုသေလွတ်ရန်၊ လျှင်အမြန်၊ ပွားဉာဏ်ခန္ခာရှိ။
ခန္ဓာ့လက်သယ်၊ တဏှာချယ်၊ သွယ်သွယ်ဒုက္ခငြိ။
တဏှာသေတတ်၊ မဂ်နှင့်ဖြတ်၊ အမြတ်နိဗ္ဗူတိ။ ။
တရားသား
ခန္ဓာအတွင်းမှာ သုံးသပ်ဆင်ခြင်ကြရဲ့လား?
ဒကာ ဒကာမတွေ တနေ့သောအခါမှာ ဘုရားရှင် ကိုယ်တော်မြတ်ကြီးက ရဟန်းတွေကို မေးမြန်းတော်မူတယ်၊ “ရဟန်းတို့ အသင်တို့ဟာ မိမိခန္ဓာအတွင်းမှာ သုံးသပ်ဆင်ခြင် ကြရဲ့လား? ဒီလိုမေးတဲ့အခါမှာ၊” ရဟန်းတပါးက “တပည့်တော် ဆင်ခြင်ပါတယ်ဘုရား၊”လို့ လျှောက်ထားတော့၊ ဘုရားရှင်က “အသင်ဘာကို သုံးသပ်ဆင်ခြင်သလဲ? ပြန်ပီးမေးတော်မူ လိုက်တယ်၊” အဲဒီအခါမှာ ရဟန်းက “ကေသာ, လောမာ, နခါ, ဒန္ဓာ,စတဲ့ ၃၂, ကောဌာသကို သုံးသပ်ဆင်ခြင်ပါတယ်ဘုရား”လို့ ပြန်လည်လျှောက်ထားတယ်လို့ မှတ်ကြ။
ဒီတော့ ဘုရားရှင်က “ဒီလို ဆံ, အမွှေး စသည် ဆင်ခြင်တာက နိဗ္ဗာန်ရောက်ကြောင်းနဲ့ ဝေးတယ်။” လို့ အမိန့်တော်ရှိပြီး၊ ဆိတ်ဆိတ်နေတော်မူတဲ့အခါ၊ အရှင်အာနန္ဒာမထေရ်က “မိမိခန္ဓာအတွင်းမှာ ဘယ်ကဲ့သို့ သုံးသပ်ဆင်ခြင်ရပါ့မလဲ? ဆိုတဲ့အကြောင်းစုံကို ရှင်းလင်မိန့်ကြားတော်မူမှ သိနိုင်ကြရပါမည်ဘုရား”လို့ လျှောက်ထားတောင်းပန်တဲ့အခါ၊ “ဒါဖြင့် နားထောင်ကြ ဟောပြမယ်” လို့ အမိန့်ရှိပြီး၊ ခန္ဓာကိုယ်အတွင်းဆင်ခြင်ပုံကို ဟောပြတော်မူတယ်လို့ မှတ်ကြ။
သစ္စာဆိုက်တဲ့တရားကို ဆင်ခြင်စေချင်တယ်
ဘုရားဟောတဲ့ အဓိပ္ပါယ်ကို ဒကာ ဒကာမတွေအတွက် ရှင်းပီးပြောလိမ့်မယ်လို့ မှတ်ထားကြ။ ဘုရားက သစ္စာဆိုက်တဲ့တရားကို ဆင်ခြင်စေချင်တယ်။ သစ္စာမဆိုက်တဲ့ ၃၂, ကောဋ္ဌာသကို ဆင်ခြင်ဒါ သဘောကျတော်မမူ၊ အားရတော်မမူဘူးလို့မှတ်ကြ။ ဘုရားရှင်က သစ္စာဆိုက်တဲ့တရားကို သုံးသပ်ဆင်ခြင်ပါမှ အလိုတော်ကျမို့ အားရကျေနပ်တော်မူတယ်ဆိုတဲ့ အဓိပ္ပာယ်ကို ဒကာ ဒကာမတွေ အထူးသတိချပ်ကြလို့ ပြောလိုက်ပါတယ်။ ရိပ်မိကြပလား? ဘုရားက ဝမ်းထဲမှာ အိုတတ်, သေတတ်, တဲ့ တရားကို ဆင်ခြင်စေချင်တယ်လို့ မှတ်လိုက်ကြ။
ဘုရားရှင်က သုံးသပ်ဆင်ခြင်စေချင်တဲ့ အဓိပ္ပါယ်က “ငါ့မှာ အိုသေ, ရှိပါသေးကလား၊ အိုရမဲ့ဘေး, သေရမဲ့ဘေးက မလွတ်သေးပါလား၊ အိုတတ်, သေတတ်တဲ့ ဒုက္ခသစ္စာခန္ဓာကြီးနဲ့ နေရပါသေးကလား”လို့ ဆင်ခြင်သုံးသပ်စေချင်တယ်လို့ မှတ်ရမယ်၊ ရှင်းကြပလား? ဒကာ ဒကာမတွေ ဒီလို အိုတတ်တဲ့သဘော, သေတတ်တဲ့သဘော၊ မုချ အိုရ, သေရမဲ့ ခန္ဓာလက်ရှိ ရှိနေရင်၊ ကိုယ်၏ချမ်းသာခြင်း၊ စိတ်၏ချမ်းသာခြင်း, ရှိနိုင်ပါ့မလား? မရှိနိုင်ကြပါဘူး၊ ဒီလို အို,တတ် သေတတ်တဲ့ ခန္ဓာနဲ့ဖြင့်၊ ဘယ်နည်းနဲ့မှ စိတ်ချ, လက်ချ မနေနိုင်ကြဘူး။
ဒီခန္ဓာကြီးရှိနေသမျှ အို ဒုက္ခ, သေဒုက္ခက မလွတ်နိုင်ဘူး
ဒကာ ဒကာမတွေ သဘောပါကြရဲ့လား? ဒါကြောင့် “ဒီခန္ဓာအိုတတ်တဲ့ခန္ဓာကြီး၊ သေတတ်တဲ့ခန္ဓာကြီးဘဲ၊ ဒီခန္ဓာကြီးရှိနေသမျှ အို ဒုက္ခ, သေဒုက္ခက မလွတ်နိုင်ဘူး၊ မုချအိုရမယ်၊ မုချသေရမယ်”လို့ ဆင်ခြင်ကြ၊ သုံးသပ်ကြ၊ သုံးသပ်ကြရမယ်၊ နားလည်ပလား? ဒီလိုဆင်ခြင်တော့ မိမိ သေရမှာ, အိုရမှာ, သိမယ်၊ မဆင်ခြင်ဘဲနေတော့ သားရေး, သမီးရေး, စီးပွားရေးတွေနဲ့ အချိန်ကုန်၊ မောဟ, အဝိဇ္ဇာက ဖုံးဖိထားလေတော့ မသိကြဘူး၊ မသိတဲ့အဖြစ်နဲ့ အချိန်တွေကုန်ကြရတယ်၊ ရိပ်မိကြရဲ့လား? ဒါကြောင့် ဆင်ခြင်ကြရမယ်၊ ဆင်ခြင်တော့ ကိုယ်အိုရမှာ, သေရမှာကို သိမယ်၊ သိတော့ စိတ်ချလက်ချ မနေနိုင်တော့ဘူး။
မဆင်ခြင်ရင် မသိဘူး၊ အမှတ်တမဲ့နဲ့ မဆင်ခြင်မိရင်၊ မသိတော့ဘူး၊ မသိရင် လူမိုက်ဘဲလို့ မှတ်လိုက်ကြ။ မဆင်ခြင်မိတာ, မသိတာဟာ, လူမိုက်မို့ဘဲ၊ ကိုယ်တိုင်အိုရမှာ, ကိုယ်တိုင်သေရမှာမှ, မသိတဲ့သူဟာ၊ တွင်းတူးပီး မိုက်မဲ့သူဘဲလို့သာ ဆုံးဖြတ်ချက်ချ၊ ရိပ်မကြပလား? ဒကာ ဒကာမတို့တတွေ အခုလက်ရှိနေတာကု အိုရမဲ့ သေရမဲ့ခန္ဓာ၊ ဒုက္ခခန္ဓာကြီး ရ,ထားကြတ၊ ဒါကိုမှ မသိဘဲနေရတဲ့အပြင်၊ သားရေး, သမီးရေး စီးပွားရေးတွေနဲ့ နေပြန်တော့၊ အိုသေပဲ ထပ်ပြီးရှာနေတာပဲ ပြောဖို့မရှိတော့ဘူး။
ကြောက်တဲ့လက္ခဏာတခုမှ မပါကြဘူး
ဒကာ ဒကာမတွေ ဒီအို, သေ,ကို ထပ်ပီးရှာနေတာဟာ ဘာလို့လဲ? မိုက်လွန်းအားကြီးလို့၊ မသိလွန်းအားကြီးလို့၊ အို,သေ,ဒုက္ခများများဖြစ်ချင်လို့ပဲ၊ ရိပ်မိကြရဲ့လား? ဒီ သဘောပါပဲ၊ ဒကာ ဒကာမတွေ ပါးစပ်ကတော့ ပြောမှာပဲ “တပည့်တော်တို့ အိုရမှာကြောက်ပါတယ်၊ သေရမှာလဲကြောက်ပါတယ်နဲ့” ပြောမှာပဲ၊ ဒါပေမယ့် ဒကာ ဒကာမတွေ နေထိုင်ပုံ, လုပ်ပုံ, ကိုင်ပုံကကြောက်တဲ့လက္ခဏာတခုမှ မပါကြဘူး။ ကြောတာတကယ်ဟုတ်ရင်ဖြင့်၊ ဆရာသမားပြောတဲ့အတိုင်းလုပ်ကြရမယ်၊ ဒါကြောင့် ကိုယ့်မှာ အို,သေ,ရှိရက်နဲ့ မတွေးဘဲ မနေကြနဲ့၊ ကိုယ့် အိုသေ ကိုယ်တွေးကြပါလို့ သတိပေးလိုက်တယ်၊ သဘောပါကြပလား?
ခန္ဓာရှိသူမှန်သမျှ အိုနာ, သေနာ, ရှိကြတယ်၊ ဒကာ ဒကာမတို့တတွေလဲ ခန္ဓာလက်ရှိနဲ့ ဆိုတော့ အိုနာ, သေနာ ရှိတဲ့လူချည့်ပါဘဲ၊ ရိပ်မိရဲ့လား? ကိုယ့်ရှိတဲ့ အိုနာ, သေနာကို ရှိန်မှန်းသိဖို့လိုတယ်၊ ရှိမှန်းသိအောင်လဲ သုံးသပ်ပါမှ ဆင်ခြင်ပါမှ သိကြမယ်။ ဒီလို မသုံးသပ်မိ, မဆင်ခြင်မိလေတော့ ရှိမှန်းမသိကြဘူး။ မသိတော့ အိုနာရဖို့, သေနာရဖို့, ထပ်တလဲလဲ ရှာနေမိကြတယ်၊ ရှင်းကြပြီလား? ဒါ့ကြောင့် ဒကာ ဒကာမတွေ ကိုယ့်မှာ အနာရှိမှန်း သိမှသာဖြစ်တော့မယ်၊ မသိရင်မဖြစ်ဘူး၊ မသိတော့ လောဘ, တဏှာ, ဥပါဒါန်, ကံတွေ ထပ်ရှာနေကြတယ်။ ဒီလိုရှာတာ အိုသောကိုရှာတာပဲလို့ မှတ်ကြ၊ ရှင်းကြပြီလား?
အနာရှိမှန်းသိမှ ဆေးရှာချင်ကြမယ်
ဘုရားက အတွင်းသုံးသပ်ကြ၊ အနာရှိမှန်းသိမှ ဆေးရှာချင်ကြမယ်၊ ကိုယ့်အနာရှိတာ မသိရင်၊ ဆေးမရှာချင်ကြဘူး၊ ဒါကြောင့် အနာရှိတာ ရှိမှန်းသိအောင် အတွင်းသုံးကြလို့ ဟောတော်မူတာပဲ၊ ရိပ်မိပလား? ဒကာ ဒကာမတွေက ကိုယ့်အနာရှိတာလဲမသိ၊ နောက်ထပ်လဲ ရှာချင်ကြသေးတယ်၊ သဘောပါကြပလား? ကိုယ့်သန္တာမှာရှိတဲ့ ဇိရဏ,တေဇောက အိုအောင်လုပ်တယ်၊ ရုပ်ဇီဝိတ, နာမ်ဇီဝိတတွေက သေအောင်လုပ်နေကြတာဘဲ၊ ရိပ်မိကြရဲ့လား? သူတို့က အိုအောင်, သေအောင်, အမြဲလုပ်နေကြတာ၊ တချက်ချက်မှာ ဒုက္ခရောက်ကြမယ်။
ဒါကြောင့် မပေါ့ကြနဲ့၊ ကိုယ့်ခန္ခာ အိုသေရှိတာ သိကြရမယ်၊ အိုသေရှိမှန်းသိရင် ဇရာဒုက္ခသစ္စာ၊ မရဏဒုက္ခသစ္စာ သိတာပဲ၊ သဘောပါရဲ့လား? ဒီလိုသိလာရင် ဆက်ပြီးတွေးရမယ်၊ တွေးတော့ အိုသေဟာ ခန္ဓာငါးပါးကြောင့် လာတာပဲလို့ သိရမယ်၊ ခန္ခာငါးပါးရှိလို့သာ အိုသေရှိနေတာပဲ ဆိုတဲ့အချက်သိကြရမယ်၊ ရိပ်မိကြပြီလား? ခန္ဓာငါးပါးမရှိရင် အိုသေဆိုတာ မလာနိုင်ဘူး၊ ရုပ်, ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ်ဆိုတဲ့ ခန္ဓာငါးပါး၊ သူရှိလို့သာ အို,သေ,လာတာဘဲလို့ မှတ်လိုက်ကြ၊ သဘောပါပြီလား?
အို,သေ,ဟာ ဘာကြောင့် ရှိတာလဲ
အတွင်းမှာ ဆင်ခြင်သုံးသပ်တော့ အို,သေ,ရှိတာကို သိမယ်၊ ဒီ အို,သေ,ဟာ ဘာကြောင့် ရှိတာလဲလို့ ဆက်တွေးပြန်တော့ ခန္ဓာကြောင့်၊ ခန္ဓာရှိလို့သာ လာတာပဲဆိုတဲ့ အချက်ပေါ်ကြမယ်၊ သဘောပါရဲ့လား? မသုံးသပ်ရင်မပေါ်နိုင်ဘူး၊ ရိပ်မိရဲ့လား? ခန္ဓာငါးပါးဆိုတာ လူခန္ဓာ ငါးပါး, နတ်ခန္ဓာ ငါးပါး, ဗြဟ္မာခန္ဓာငါးပါး, အားလုံးခန္ဓာငါးပါး, အားလုံးခန္ဓာငါးပါးပဲ၊ ဒီခန္ဓာအမျိုးမျိုးရှိလို့ အို,သေ ရှိတာပဲဆိုတာ မှတ်ကြ၊ ခန္ဓာမရှိရင် အို, သေ, မလာဘူး။ ဘာခန္ဓာပဲဖြစ်ဖြစ်၊ ခန္ဓာရှိသမျှ အို,သေ,က မလွတ်ကြဘူးဆိုတာ မှတ်ကြ။
ဒကာ ဒကာမတွေ အခုရနေတဲ့ လက်ရှိခန္ဓာနဲ့ အားမရလို့ နတ်ခန္ဓာ, ဗြဟ္မာခန္ဓာ, ခန္ဓာအမျိုးမျိုး တောင့်တကြမယ်၊ လိုချင်ကြမယ်ဆိုရင်၊ အို,သေ,က မလွတ်ချင်လို့ပဲ၊ ခန္ဓာရချင် ဖြစ်ချင်ကြတဲ့သူဆိုရင် “တပည့်တော် အို,သေ,ကို ရ,ရပါလို၏”လို့ ဆိုတာလို့သာ မှတ်လိုက်ကြ၊ သဘောပေါက်ကြပြီလား? ဒကာ ဒကာမတွေ လက်ရှိခန္ဓာက သူ့သဘာဝအတိုင်းဖောက်ပြန်၊ ဖောက်ပြန်ပီးပြလိုက်တော့၊ ဆေးဝါးအမျိုးမျိုးနဲ့ ပြုပြင်ကြ၊ ကုသကြပေမဲ့ ရကြရဲ့လား? မရဘူး၊ ခန္ဓာမှာ နဂိုက ပါနေတာမို့ မရကြဘူး၊ အို,သေ,ပါပဲ၊ ရိပ်မကြပြီလား?
သံသရာကြော မျောဖို့ပဲ
ဒကာ ဒကာမတွေ ဘယ်လိုပဲ ကောင်းအောင်ပြုပြင်နေကြပေမယ့်၊ နဂိုက မကောင်းတဲ့ဟာမို့ ဘယ်တော့မှ မကောင်းနိုင်ဘူးလို့သာ ဆုံးဖြတ်ချက် ချလိုက်ကြ။ မကောင်းတာနဲ့ ပေါင်းမိနေကြရလို့ အခုကိုပဲ အို,သေနဲ့ခွဲလို့ခွဲလို့ မရကြပါဘူး၊ ဒီကြားထဲက နောက် အို,သေ,တောင်းချင်သေးတယ်၊ ရချင်သေးတယ်ဆိုရင် အမိုက်သန်လွန်းလို့ပဲ။ အခါအခွင့်ရတုန်းမှာမှ မလိုက်နာမိလို့ အမိုက်သန်နေကြအုန်းမယ်ဆိုရင်၊ ဒုက္ခဆုံးနိုင်ဖို့ မရှိတော့ဘူး၊ သံသရာကြော မျောဖို့ပဲ ရှိတော့တယ်လို့ ပြောလိုက်ပါတယ်၊ နားလည်ကြပီလား?
အခု ဒကာ ဒကာမတွေ အို,သေ ဘယ်ကလာသလဲ? အို,သေ ခန္ဓာကလာတယ်ဆိုတာ သိကြရပြီ။ ဒါသိရင် ရှေ့ဆက်ပြီး တွေးပါတဲ့။ နောက်ဆုတ်ပြီး သုံးသပ်ပါတဲ့၊ “ခန္ဓာ ဘယ်ကလာသလဲ? လို့ သုံးသပ်ကြည့်ပါ၊” သုံးသပ်တော့ ခန္ဓာနှစ်သက်တဲ့တဏှာကလာတယ်ဆိုတဲ့အချက် သိကြရမယ်၊ ရိပ်မိကြရဲ့လား? ဒီခန္ဓာဘာကြောင့် ရလာသလဲ? ဒီခန္ဓာကို တဏှာက နှစ်သက်မိလို့၊ ဥပါဒါန်က စွဲလမ်းထားလို့ ကံက ရချင်တာနဲ့ လုပ်ထားလို့သာ ရလာတာပဲ၊ ရှင်းကြပြီလား? ခန္ဓာကို နှစ်သက်တဲ့တဏှာ၊ ခန္ဓာကိုစွဲလမ်းတဲ့ ဥပါဒါန်၊ ခန္ဓာကို ရချင်, ယူချင်လို့လုပ်တဲ့ ကံ၊ ဒီဟာတွေက လာတယ်လို့ သိရမယ်၊ ပေါ်ပလား?
ခန္ဓာ, ဘယ်ကလာသလဲ?
ထပ်ပြီးရှင်းပါအုန်းမယ်၊ ဒကာ ဒကာမတွေ အို,သေ,ဘယ်က လာသလဲ? ခန္ဓာကလာတယ်။ ဒါဖြင့် ခန္ဓာ, ဘယ်ကလာသလဲ? နှစ်သက်တဲ့တဏှာ၊ စွဲလမ်းတဲ့ ဥပါဒါန်၊ ရချင်,လို့လုပ်တဲ့ ကံကလာတယ်၊ ကိုင်း, ရှင်းပြီနော်။ ဒကာ ဒကာမတွေ၊ အိုရမှာ, သေရမှာ, ကြောက်လိုက်တာ အလွန်ပဲ၊ ကြောက်ပေမယ့်လဲ ခွဲလို့မရ, ခွါလို့မရအောင် ဖြစ်နေကြပြီ၊ မသိတုန်းက တခါမှားမိလို့ ရနေကြတာ၊ တခါမှားမိတာဟာ သိပ်ကိုနာနေကြပြီ၊ ရိပ်မိကြပြီလား? ဒီလိုနာနေရတဲ့အထဲကမှ ထပ်ပြီးမှားကြအုန်းမယ်ကြံရင် “နာလံ” မထူနိုင်တော့ပါဘူး။
ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ အတိတ်က မသိလို့ မိုက်မဲလို့ ဗလာတွေမို့ အတိတ်တဏှာ, ဥပါဒါန်, ကံတွေကြောင့် အခုလက်ရှိခန္ဓာကြီး ရလာခဲ့ကြတယ်၊ ယခုခန္ဓာကလဲ အို,သေ,ဘက်ကို တားမရ, ဆီးမရနဲ့ ပြေးနေတယ်၊ အခုသေမလား? တော်တော်နေရင် သေမလား? မသိနိုင်အောင် ပြေးနေတာ၊ ဘယ်လိုနည်းနဲ့မှ တားလို့ဆီးလို့ မရကြဘူး၊ ဒီအခြေ, ဒီအနေက အခုလဲဘဲ တဏှာ, ဥပါဒါန်,ကံတွေ ထပ်လုပ်နေကြမယ်ဆိုတော့ ဘယ့်နှယ်ပြောရမတုန်း?။ ရူးလဲရူးသေး, ကန်းလဲကန်းသေးလို့ပဲဆိုတာ မှတ်လိုက်ကြ၊ ရှင်းပြီလား?
ဒီအဓိပ္ပါယ်ဟာ “သံယုတ်ပါဠိတော်”မှာ လာတယ်လို့ မှတ်ကြ၊ ဒကာ ဒကာမတွေအဖို့ အခုနေမှာ တော်,တော်သေးရဲ့လားလို့ အောင်းမေ့ကြ။ ဆရာကောင်း သမားကောင်းနဲ့ ပြုပြင်ပေးမဲ့သူရှိသေးလို့ တော်ကြသေးတယ်၊ ဒီလိုမှ မဟုတ်ရင် ပြင်သူဆင်သူဝေးလို့ ဘေးအမျိုးမျိုးနဲ့ အိုးစားမကွဲတော့ဘူး။ ပြင်သူဆင်သူ, သဘောပါကြရဲ့လား? ကိုယ့်အသေ, ကိုယ်မမြင်လို့ ကန်းတယ်။ ဝဋ်ဖြစ်တဲ့ကံတွေ လျှောက်ပြီးလုပ်နေပြန်တော့ ရူးလို့ပဲ ရှင်းပြီလား?
ပြင်ချိန်ရတုန်း ပြင်ကြ
ဒကာ ဒကာမတွေဖြစ်စဉ်က ဒီအတိုင်းပဲ မနာကြနဲ့တော့၊ ဘုရားက ရွှေဉာဏ်တော်နဲ့ကြည့်ပြီး, ဖြစ်စဉ်ကိုက်အတိုင်း ဟောတော်မူတာပဲလို့ မှတ်ကြ၊ တကယ်လို့ နာတတ်တာဖြင့် ပြင်ကြဆင်ကြဖို့ပဲ၊ ပြင်ချိန်ရတုန်း ပြင်ကြလို့ ပြောလိုက်ပါတယ်၊ ဒီတစ်ခါ ပြင်ရင် ပြင်ကြ၊ မပြင်ရင် ပြင်ချိန်ကို မရှိတော့ဘူး၊ ရိပ်မိကြရဲ့လား? ဒကာ ဒကာမတွေ ရှေးက မှာခဲ့တာတွေ အခုပြင်ကြ၊ ရှေးကလုပ်ခဲ့မိသမျှ အမှားချည်းကြုံကြရတယ်၊ ဒကာ ဒကာမတို့ လုပ်ခဲ့ကြတာ “မူးပါတယ်ဆို” ဩဇာရွတ်ရှု, တမာရွတ်ရှု, ရှုသလိုကျနေတော့တာပဲ၊ ရိပ်မိကြရဲ့လား?
ဒကာ ဒကာမတွေ ပြောတတ်ကြတယ်၊ “ပန်းလိုမွှေးလို့ ရေလိုအေးပါစေ” ဒကာ ဒကာမတို့က ပန်းလိုမွှေးချင်, ရေလိုအေးချင်ကြပေမယ့် မအေးရပါဘူး။ ခန္ဓာရှိနေရင် မအေးရဘူးဆိုတာ ဒါမှတ်လိုက်ကြ။ ဒကာ ဒကာမတွေ တဏှာ, ဥပါဒါန်, ကံကြောင့် ခန္ဓာဖြစ်တယ်၊ ခန္ဓာဖြစ်လို့ အိုသေရတယ်၊ ဒါကို ဉာဏ်နဲ့ သုံးသပ်မှ သိရတယ်။ သူ့လက်သယ်ကကော ဘယ်သူလဲ? ဆက်ပြီးတွေးတော့ ခင်စရာ, မင်စရာပဲ၊ ခင်စရာ, မင်စရာ တဏှာ လာတယ်၊ ဒီ အို,သေ,ရမှု အရင်းကျတဲ့ လက်သယ်ဟာ ခင်စရာ, မင်စရာပဲတွေ့ရမယ်၊ ရှင်းကြပြီလား? ကိုယ့်ခန္ဓာမှာရှိတဲ့ စက္ခု, သောတ, ဃာန, ဇိဝှာ, ကာယ, မနဆိုတဲ့ ကိုယ့်ဒွါရ ခြောက်ခုမှာ ဖြစ်တဲ့ တရားတွေကို ခင်မင်နေလို့ဘဲ၊ သဘောပါပလား?
ဒီတဏှာ ဘယ်ကလာတဲ့ တဏှာလဲ?
ဥပမာ ကိုယ့်အလုပ်အကိုင်, အရောင်းအဝယ်, တခုခုမှာ စိတ်ကူး, ဉာဏ်ကူး,နဲ့ လုပ်လိုက်တာ အဆင်ပြေတယ်ဆိုပါတော့၊ အဲဒီအခါမှာ ကိုယ့်စိတ်ကူးကလေးတည့်တယ်ဟေ့ဆိုပြီး ၊ ကိုယ့်စိတ်ကူးကလေးကို နှစ်သက် သဘောကျတယ် အဲဒီနှစ်သက်တဲ့ တဏှာကနေ၊ တဏှာပစ္စယာ ဥပါဒါနံ၊ ဥပါဒါနပစ္စယာ ကမ္မဘဝေါ၊ ကမ္မဘဝပစ္စယော ဇာတိလာဒါဘဲ။ ဇာတိရတော့ ဇရာ, မရဏဆိုတဲ့ အိုသေက ထက်ကြပ်ပါလာတာပေါ့၊ ရှင်းကြပလား? စိတ်ကူးကလေးကို နှစ်သက်တဲ့ တဏှာက လုပ်ပေးလိုက်တာ ရိပ်မိကြရဲ့လား? ဒီတဏှာ ဘယ်ကလာတဲ့ တဏှာလဲ?
ဒကာဒကာမတွေ ကိုယ်တိုင်လုပ်ယူခဲ့တဲ့ အတိတ်ကလာတဲ့ တဏှာဘဲလို့ မှတ်ကြ၊ အချုပ်တော့ အတိတ်ဘဝက စက္ခု, သောတ, ဃာန, ဇိဝှာ, ကာယ, မနကလာတဲ့ တဏှာဘဲ ပေါ်ကြပလား? မျက်လုံးရုပ်ကလေးကိုလဲ နှစ်သက်တယ်၊ တွယ်တာခင်မင်တယ်၊ သူ့အတွက်လဲ ချို့ယွင်းချက် ရှိလာရင် ကုရ, သရ, ကြောင့်ကြ စိုက်ရတယ်၊ နားအတွက်လဲ ဆေးကုရ၊ ရှိတဲ့ဟာလေး ချို့ယွင်းသွားမှာ ပျက်စီးသွားမှာကို စိုးရိမ်လွန်းလို့ ဘယ်လောက်ကုန်ကုန် ကုန်ပစေ ကုမယ်၊ မျက်စိအတွက် ဘယ်လောက်ကျကျတဲ့ အဲ့ဒါ နှစ်သက်လွန်းလို့ နှစ်မြောလို့ ပြောတာပဲ ပေါ်ကြပလား?
ဒကာဒကာမတွေ လုပ်နေကြတာ ဘုရားဖို့, တရားဖို့ ဆိုတဲ့ စကားမပါပါဘူး၊ ကိုယ့်ခန္ဓာအတွက်ချည်းဘဲ ရှင်းကြပလား? ကိုယ့်ခန္ဓာနှစ်သက်လို့ နှစ်သက်တာ, နှမြောတာ, တဏှာဘဲ၊ ဒကာတို့ ပြောတဲ့စကားကလဲ နားထောင် ကြည့်ပါ “လူမသေ, ငွေမရှား”တဲ့ အဲဒါ မိမိခန္ဓာ ခင်လွန်းလို့ ပေါ်တဲ့စကား။ တဏှာကလာတဲ့ အသံဘဲလို့ မှတ်လိုက်ကြ၊ ရိပ်မိကြရဲ့လား? မျက်စိခင်, နားခင်, လျှာခင်, ကိုယ်ခင်, မနောခင် ဒကာတို့ မခင်တာ မနှစ်သက်တာ တစ်ခုမှမပါဘူး ရှိသမျှအကုန် နှစ်သက်တာ စွဲလမ်းတာနဲ့ မလွှတ်ရက်နိုင်တာချည်းပဲ။
ကိုယ့်ကိုယ်ကို ခင်လွန်းလို့
တဏှာက နှစ်သက်လွန်းလို့ ကိုယ်ထဲမှာ အနာအမျိုးမျိုး ပေါက်လာရင် ငွေနဲ့လဲမယ်၊ ငွေကုန်ရင် ရှိတဲ့စည်းစိမ်ပဲ ပြုတ်ပြုတ်၊ ကိုယ့်ကိုယ်ကို ခင်လွန်းလို့ မမာရင် ပရိတ်ရွတ်ကြ တဏှာဘယ်လောက် အားကြီးတယ်ဆိုတာ စဉ်းစားကြ။ ကထိန်ခင်းတော့ တစ်နှစ်မှတစ်လ၊ တစ်လမှတစ်ကြိမ် ခင်းနိုင်ဖို့ အလွန်ခဲယှဉ်းတယ်၊ မိမိခန္ဓာ, တန်းဆာဆင်ရတာ ကတော့ အချိန်ရှိတိုင်း မအားရဘူး၊ ရိပ်မိပလား? အဝတ်အဆင်အမျိုးမျိုး ပေါ်တိုင်းဘုရား မျက်နှာကြက်အတွက် စိတ်မကူးမိကြဘူး၊ ခန္ဓာအတွက်သာ ကူးကြ, ဆင်ကြ, သကြတယ်၊ ရှင်းပလား?
ဒကာဒကာမတွေ ခန္ဓာခင်ကြတာ မလွန်လွန်းဘူးလား? ခင်ကျိုးကော နပ်ပါရဲ့လား?လို့မေးရင် ဘယ့်နှယ် ဖြေကြမတုန်း? မနပ်ပါဘူး ကိုယ့်ခန္ဓာခင်တာ အိုသေရဖို့ပဲ။ အိုသေ, ကြောက်ရင် မခင်ကြနဲ့တော့ ခင်သမျှ အိုသေ, ရမှာပဲ ခင်ဇောတွေလျှော့ကြ၊ အခင်ရော့သလောက် အိုသေ,ရော့မယ်၊ ရိပ်မိကြရဲ့လား? ခန္ဓာခင်ရင် အိုသေ, ပြန်ရလိမ့်မယ်၊ ရှင်းပလား? ဒီတော့ ဘယ်လိုနေရမလဲ? နည်းလမ်းကို ပြောရမယ်၊ ပြောပြလို့သိရရင် လိုက်နာကြဖို့ဘဲ။
ခန္ဓာခင်လွန်းလို့ ဒကာတို့တစ်တွေ ခန္ဓာကို မနက်တစ်ကြိမ်, ညတစ်ကြိမ်, အစာကလေးနဲ့ ပူဇော်ကြတယ်၊ ဒါဟာ နေ့စဉ်, လစဉ်, မသေခင်စပ်ကြား မအားမလပ်အောင် အမျိုးမျိုးဖန်ဆင်းပြီး ပူဇော်ရတာပါ၊ ခန္ဓာ ခဏခဏ, ရေသပ္ပါယ်ကြရ ဘုရားကြတော့ တစ်နှစ်တစ်ကြိမ်မှ မှန်ချင်မှမှန်ကြမယ်။ အဲဒါခန္ဓာခင်လွန်းလို့ လုပ်နေကြတာ၊ ဒီဒုက္ခ ခန္ဓာ, ခင်လို့ ဘာမှမရပါဘူး။ ရမှာက နောက်ဒုက္ခခန္ဓာ, အိုသေ,သာ ရကြမှာဘဲ၊ သဘောပါကြပလား? ဒကာတို့ ထင်သလို ဘာမှအပိုမပါဘူး၊ ရချင်းရရင် အိုသေပဲ ပြန်ရမယ်ဆိုတာ မှတ်လိုက်ကြ၊ ရှင်းပလား?
ဒီတဏှာက လွတ်မှ ဖြစ်တော့မှာ
ဒကာဒကာမတွေ ဒီအို, သေကိုဖြင့် ကြောက်ပါတယ်၊ ရပဲမရချင်တော့ပါဘူးဆိုရင် မခင်ကြနဲ့။ မရချင်ရင် မခင်မှ ဒီခန္ဓာ ခင်တဲ့တဏှာမရှိမှလို့ ဆိုလိုတယ်၊ ရှင်းကြပလား? ဒီအို,သေကို မရချင်တာ မှန်ရင် ဒီတဏှာက လွတ်မှ ဖြစ်တော့မှာဘဲလို့သာ ဆုံးဖြတ်ချက်ချ။ ဒကာဒကာမတွေ အခုဆရာက ပြောပြလို့ သိကြရပီ။ သိတော့ ခင်ဇောရော့သွားမယ် ဒီတော့ မတက်သာလို့ ပေါင်းသင်းနေရတယ်၊ ဒီတဏှာကလွတ်အောင် ဘယ်လိုလုပ်ရပါ့မလဲ? ဒီတဏှာ ဘယ်လိုခွဲရပါ့မလဲ? ဆိုတဲ့စိတ် ပေါ်မယ် သဘောပါပလား?။
ဒီတဏှာခွါချင်ရင် ဒီခန္ဓာရှိတဲ့ စက္ခု, သောတ, ဃာန, ဇိဝှာ, ကာယ, မနဆိုတဲ့ ဓမ္မတွေကို မခင်ပဲနေရမယ် ဒီလိုမခင်မှ စက္ခု ဝိညာဏ်စတဲ့ ဓမ္မနောက်က မဂ်ဝင်လာနိုင်မယ်၊ နောက်က မဂ်ဝင်လာရင် ခင်ဇောတဏှာ သေတာပဲ သူမလာနိုင်တော့ဘူး၊ ရှင်းပလား? ဒီတော့ မဂ်ဝင်လာအောင်, လုပ်ရမယ်၊ မဂ်ဝင်လာအောင် စိတ်ပေါ်တိုင်း ဖြစ်, ပျက် ရှုပေး။ ဖြစ်, ပျက် ရှုပေးတော့ ဖြစ်, ပျက်နောက်က မဂ်လာမယ်၊ မဂ်လာတာနဲ့ နောက်ကတဏှာ, ဥပါဒါန်, ကံတွေ မလာတော့ဘူး၊ သဘောပါသလား?
ပေါ်တိုင်း ဖြစ်, ပျက်ရှုပေး
ဘာစိတ်ပေါ်ပေါ် ပေါ်တိုင်း, ပေါ်တိုင်း ဖြစ်, ပျက်ရှုပေး။ ဒီလို ဖြစ်, ပျက်ရှုတော့ မဂ်လာ၊ နောက်က တဏှာ, ဥပါဒါန်, ကံတွေချုပ် ချုပ်တော့ နောက်ကံမလာလို့ အနာဂတ် နောက်ခန္ဓာ မရတော့ဘူး၊ နောက်ခန္ဓာမရတော့ အိုသေ, ဇာတ်သိမ်းတာပဲ ကျေနပ်ပလား? ဒီလိုသာရှုနိုင်ရင် ဒီအိုသေနဲ့ ကိုယ်နဲ့ အိုးစားကွဲမယ်၊ ရှုတက်ကြပလား? ရှုတက်အောင်ရှုကြ မရှုတက်ရင်၊ ရှုတက်အောင် ရှုကြ။ အိုသေ, ကြောက်ရင် လက်ရှိခန္ဓာကို ဖြစ်,ပျက်ရှုပေး။ ကိုယ့်စိတ်ကိုယ် ရှုကြပါလို့ ဒါကြောင့် ပြောတာပဲ၊ ရှင်းပြီနော်။
ခန္ဓာမှာပေါ်တဲ့ စိတ်တစ်ခုခု ဖြစ်,ပျက်ရှုတော့ အရှုခံစိတ် ချုပ်ပြီး မဂ်ပေါ်လာတယ်၊ အရှုခံစိတ်က ဖြစ်,ပျက် ရှုဉာဏ်က မဂ်ဘဲ သဘောပါပလား? ဒီလိုရှုတော့ နောက်လာမဲ့ တဏှာ, ဥပါဒါန်, ကံတွေ အကုန်ချုပ်တယ်။ ဒီတရားဟာ “သံယုတ်ပါဠိတော် သမ္မသသုတ်”မှာ ဟောတော်မူတဲ့ တရားဘဲလို့ မှတ်ကြ။
ခန္ဓာမှာ စိတ်ကလေးတစ်ခု ပေါ်လာတယ်၊ ဒီကြားထဲမှာ ဖြစ်, ပျက် မရှုမိရင် မဂ်မဖြစ်ဘူး၊ မဂ်မဖြစ်ရင် ကိုယ့်စိတ်ကလေးကို နှစ်သက်, နှစ်သက်တော့ တဏှာလာ၊ လာတော့ ဥပါဒါန်, ကံ, ဇာတိဆိုပြီး သံသရာဆက်လိုက်ရော၊ ဆက်တော့ နောက်ဆက် ခန္ဓာရ၊ ခန္ဓာရတော့ အို, သေက မလွတ်။ အို, သေပဲပြန်ပြီး စွပ်မိနေတော့တာပဲ ရှင်းပလား?
ဖြစ်, ပျက်မြင်ရင် မဂ်ဝင်လာမယ်
ဒါကြောင့် ခန္ဓာမှာပေါ်တဲ့စိတ် ဘာစိတ်ပေါ်ပေါ် ဖြစ်, ပျက်ရှု၊ ဖြစ်ပျက်ရှုရင် သာယာတဲ့တဏှာ မလာဘူး တဏှာချုပ်သွားတယ်၊ ချုပ်တော့ ဥပါဒါန်လဲချုပ်၊ ကမ်လဲချုပ်၊ ဇာတိစတဲ့ဟာတွေလဲ အကုန်ချုပ်၊ ပဋိစ္စသမုပ္ပါဒ် “စက်ရဟတ်ကြီး” ပြတ်သွားတော့တယ်၊ အနာဂတ်ဇာတိချုပ်တော့ နောက်ခန္ဓာလဲ မရဘူး၊ မရတော့ အို, သေက လွတ်သွားတာဘဲ၊ ရှင်းကြပလား? ဒါကြောင့် အို, သေက လွတ်သွားတာပဲ ရှင်းကြပလား? ဒါကြောင့် အို, သေက လွတ်ချင်ရင် ဖြစ်, ပျက်, ကြိုးစားရှုကြ မြင်အောင်ရှု၊ ဖြစ်, ပျက်မြင်ရင် မဂ်ဝင်လာမယ်၊ မဂ်ဝင်လာရင် ပဋိစ္စသမုပ္ပါဒ် တန်းကြီးပြတ်ပြီး၊ အို, သေက လွတ်ပြီလို့သာ မှတ်ကြ သဘောပါပလား?
မျက်လုံးက မြင်စိတ်ပေါ် ဖြစ်, ပျက်ရှု၊ ကြားစိတ်ပေါ် ဖြစ်, ပျက်ရှု၊ ဘယ်နေရာကပေါ်ပေါ် ပေါ်သမျှ ဖြစ်, ပျက်ရှု။ ဖြစ်, ပျက်နဲ့ မဂ်နဲ့ ကိုက်ပါစေ ဒီလို ဖြစ်, ပျက် မဂ်၊ ဖြစ်, ပျက်, မဂ်ဆိုပြီး၊ ဖြစ်, ပျက်နဲ့ မဂ်နဲ့သာ ကိုက်နေရင် တချက်ချက်မှာ မဂ္ဂင်ရှစ်ပါး ပြည့်သွားမယ် ရှင်းပလား? ဒကာဒကာမတွေ ကြိုးစားကြ။ ဖြစ်,ပျက်နောက်က မဂ်လာရင် တဏှာ, ဥပါဒါန်, ကံချုပ် ပဋိစ္စသမုပ္ပါဒ် “ဒုက္ခစက်ကြီး” ဆက်လာမယ်ဆိုတာ မှတ်ကြ၊ ရှင်းကြပလား?
ရှေ့ကဖြစ်,ပျက်၊ နောက်က မဂ်
ရှေ့ကဖြစ်,ပျက်၊ နောက်က မဂ်၊ ဒီလိုရှေ့သွား, နောက်လိုက် ညီစေရမယ်၊ ညီရင် တချက်ချက်မှာ မဂ္ဂင်ရှစ်ပါး ပြည့်ပြီး မဂ်စစ်လာတော့တာပဲ။
မိမိခန္ဓာပေါ်တဲ့စိတ် ဖြစ်, ပျက်က… ဒုက္ခသစ္စာ။
မိမိခန္ဓာပေါ်တဲ့ အရှုခံတရားက… ဒုက္ခသစ္စာ။
ဖြစ်,ပျက် ရှုတဲ့ဉာဏ်က… မဂ္ဂသစ္စာ။
ဖြစ်,ပျက်, အဆုံးမြင်တဲ့ဉာဏ်က… မဂ္ဂသစ္စာ။
နောက်က သေတဲ့တဏှာက… သမုဒယသစ္စာ။
ခန္ဓာဒုက္ခသစ္စာနှင့် တဏှာကိလေသာချုပ်တဲ့နေရာပေါ် ဒါက… နိရောဓသစ္စာ။
အဲဒီလိုသစ္စာလေးချက် တပြိုင်နက် ကိစ္စပြီးတယ်၊ ဒကာဒကာမတွေ သဘောပါကြပလား? ဒါဖြင့် အို, သေ, လွတ်ချင်ရင် ကြိုးစားကြ။
ကိုင်း, ယနေ့ ဒီတွင်ဘဲ တော်ကြအုံးစို့။
