ဗာလ, ပဏ္ဍိတ၊ ခွဲခြမ်းပြ တရားတော်
ထူးခြားချက်
(၁) လူမိုက်က …လက်ရှိ ဇာတိဒုက္ခခန္ဓာလဲ ရခဲ့ပြီ၊ နောက်လာမည့် ဇာတိဒုက္ခခန္ဓာလဲ ရဦးမည်။
ဆောင်ပုဒ်
ဒုက္ခခန္ဓာ၊ ရကြောင်းရှာ၊ ဗလာလူမိုက်က။
ဒုက္ခခန္ဓာ၊ ပြတ်ကြောင်းရှာ၊ လိမ္မာပဏ္ဍိတ။
ဗြဟ္မစရိယံ၊ ကျင့်သူမှန်၊ ဒုက္ခံလွတ်ကင်းပ။
မကျင့်နေသူ၊ ဒုက္ခသူ၊ ပါယ်မူကိုယ့်အိမ်ကျ။
ဒွါရခြောက်ခွင်၊ ရုပ်နာမ်ယှဉ်၊ အစဉ်ဖြတ်ပျက်ကြ။
သတိစောင့်ကြပ်၊ ဉာဏ်နှင့်ဖြတ်၊ မပြတ်ရှုကြည့်မှ။
ဖြစ်ပျက်ဉာဏ်မြင်၊ မဂ္ဂဝင်၊ ပြတ်စဉ်ပဋိစ္စ။
ပဋိစ္စပြတ်ဘိ၊ နောက်ဇာတိ၊ ကင်း၏မျိုးဒုက္ခ။
သတိချပ်
ဗာလပဏ္ဍိတ၊ ခွဲခြမ်းပြ၊ နှစ်ဝထူးခြားလတ်။
သံယုတ်ပါဠိ၊ ရှင်တော်ဇိ၊ မိန့်ရှိဓိပ္ပါယ်ရပ်။
လက်ရှိခန္ဓာ၊ နောက်ခန္ဓာ၊ ရရှာဗာလမှတ်။
ခန္ဓာလက်ငင်း၊ နောက်လွတ်ကင်း၊ မြတ်ခြင်းပဏ္ဍိတတ်။
လက်ငင်းဒုက္ခ၊ နောက်ဒုက္ခ၊ ဗာလကိုယ်ပိုင်မှတ်။
ဒုက္ခမျက်မှောက်၊ ဉာဏ်ထိုးဖောက်၊ ကူးမြောက်ပဏ္ဍိမြတ်။
အကြောင်းတူငြား၊ ကျိုးကွဲပြား၊ ခြားနားသူယုတ်မြတ်။
လူမိုက်နဲ့ လူလိမ္မာ ခြားနားပုံ
ဒကာ, ဒကာမတွေ ဒီကနေ့ညမှာ ဘုရားရှင်ကိုယ်တော်မြတ်ကြီးက “သံယုတ်ပါဠိတော်၊ ဗာလပဏ္ဍိတ သုတ်”မှာ ဟောတော်မူထားတဲ့အဓိပ္ပါယ်ကို မှတ်ရမယ်။ ဗာလနဲ့ ပဏ္ဍိတ, တဲ့။ လူမိုက်နဲ့ လူလိမ္မာ ခြားနားပုံကို ပြော လိမ့်မယ်လို့မှတ်ကြ။ ဒကာဒကာမတို့ ဗာလဆိုတဲ့ လူမိုက်ဟာ, အတိတ်က အဝိဇ္ဇာ, တဏှာကြောင့် ခန္ဓာရခဲ့တယ်။ ပဏ္ဍိတဆိုတဲ့ လူလိမ္မာကလဲ ထို့အတူပါဘဲ၊ ဒီဘဝမှာ ခန္ဓာရဒါဟာ၊ နောက်ဘဝက အဝိဇ္ဇာ, တဏှာကြောင့် ရလာဒါဘဲ လို့ ဟောတော်မူတယ်။
ဒကာ ဒကာမတို့ ဘုရားရှင်က ရဟန်းတွေကို မေးမြန်းတော်မူတယ်။
”ချစ်သားတို့ လူမိုက်လဲ အတိတ်က အဝိဇ္ဇာ, တဏှာကြောင့်လက်ရှိ ဒုက္ခခန္ဓာရခဲ့တယ်။ လူလိမ္မာဟာလဲ ဒီ, အဝိဇ္ဇာ တဏှာကြောင့်ပဲ အခုလက်ရှိ ဒုက္ခခန္ဓာရခဲ့ဒါပဲ။ ဒီတော့ရခဲ့ဒါချင်းအတူတူ သူတို့နှစ်ဦး ဘာထူးသလဲ?” လို့ မေးတော်မူတယ်။ အဲဒီအခါ ရဟန်းတွေက “တပည့်တော်များ အရှင်ဘုရား ဟောတော်မူမှသာ သိရမှာပါဘုရား” လို့ ပြန်လျှောက်ထားကြတယ်။
အဲဒီတော့မှ ဘုရားရှင်က ရှင်းလင်းပြီး ဟောပြတော်မူတယ်လို့မှတ်ကြ။ ဒီအဓိပ္ပါယ်ကို ဒကာဒကာမတွေ အကျဉ်းချုပ်မှတ်ထားဖို့က၊ လူမိုက်က ဒီဘဝ ဒုက္ခခန္ဓာရပြီး၊ နောက်ဘဝမှာလဲ ဒီဒုက္ခခန္ဓာပဲ ထပ်ရမှာပဲ။ လူလိမ္မာက တော့ ဒီဘဝမှာ ဒုက္ခခန္ဓာရခဲ့ပြီး၊ နောက်လာမယ့် ခန္ဓာမရတော့ဘူး၊ သဘောပါကြပလား? လူမိုက်က ဒီဘဝမှာလဲ ရခဲ့တယ်၊ နောက်ဘဝမှာလဲ ရအုန်းမယ်။ လူလိမ္မာကတော့ ဒီဘဝမှာသာရပြီး၊ နောက်ဘဝမှာ မရတော့ဘူး။ ရှင်းကြ ပလား? ဘုရားက ဒီလိုထူးခြားတယ်လို့ ဟောတော်မူတယ်။
လူမိုက်က ဒုက္ခဆက်တယ်
ဒကာဒကာမတွေ ဒီအဓိပ္ပါယ်ဟာ သေချာပြီလို့ မှတ်လိုက်ကြ၊ ရှင်းပြီနော်။ ဒီတော့ ဒကာဒကာမ တို့ နောက်ခန္ဓာ, အနာဂတ်ခန္ဓာ, ဘယ်ကစ,သလဲ? နောက်ခန္ဓာ ဘယ်က စ,ရမလဲ?ဆိုရင်၊ ဇာတိက စ,ရမယ်။ လူမိုက်က ဒီဇာတိက စ,ပြီးရမယ်၊ လူလိမ္မာက နောက်အနာဂတ် ဇာတိ, ဇရာ, မရဏတွေ လွတ်သွားပြီလို့မှတ်ကြ၊ ရှင်းပလား? လူမိုက်ကတော့ နောက်ဒုက္ခသစ္စာတွေ တပုံကြီးရမယ်၊ သဘောပါရဲ့လား? လူမိုက်က ဒုက္ခဆက်တယ်၊ လူလိမ္မာက ဒုက္ခဖြတ်တယ်။ ဒုက္ခဆတ်တဲ့သူနဲ့ ဒုက္ခကကျွတ်လွတ်သွားပြီးဆိုတဲ့သူပဲ၊ ဒီလိုခြားနားတယ်လို့ မှတ်ကြ။
ဒီတော့ ဒကာ ဒကာမတို့တတွေ သိထားဖို့က၊ ခန္ဓာရချင်တဲ့သူ’ာ လူမိုက်တွေပဲ၊ မရချင်တဲ့သူမှ လူလိမ္မာ၊ ရိပ်မိကြပလား? ဒါယာသံယုတ်ပါဠိတော် ဗာပဏ္ဍိတသုတ်မှာ ဘုရားကိုယ်တော်တိုင် ဟောတော်မူတဲ့ အဓိပ္ပါယ်မို့၊ သံသယမလိုတော့ဘူး။ သူတို့ချင်းက အကြောင်းတူကြသော်လဲ၊ လာလတ္တံ့ဖြစ်တဲ့ အကျိုးခြင်းကမတူကြဘူး၊ ကွဲပြား ခြားနားကြတယ်ဆိုဒါမှတ်ရမယ်၊ သဘောပါကြပလား? လူမိုက်ကဒုက္ခသစ္စာခန္ဓာတွေ ဆက်နေရမယ်၊ အဆက်မပြတ် တော့ဘူး၊ တဒုက္ခပြီးတဒုက္ခ၊ ဒုက္ခချင်းဆက်နေမှာပဲ။
လူမိုက်က ဒီခန္ဓာမကောင်းလို့ ဟိုခန္ဓာပြောင်းချင်ဒါ မိုက်အားကြီးလို့ပဲ၊ ဒီလက်ရှိခန္ဓာက ဒုက္ခသစ္စာ၊ နောက်ရမဲ့ ဟိုခန္ဓာကလဲ ဒုက္ခသစ္စာပဲ၊ ဘာမှ ခြားနားချက်မပါဘူး။ ဒါမသိတော့ ကောင်းနိုးနိုး ထင်လို့ပဲဆိုဒါ မှတ်ကြ။ ဒကာ ဒကာမတွေ ရိပ်မိပလား? ဒါနဲ့မှ နောက်ခန္ဓာ ရချင်တယ်ဆိုရင်၊ လူမိုက်ပဲလို့သာ ဆုံးဖြတ်ချက်ချ။ ဒကာ ဒကာမတွေ ယခုကိုယ်ပိုင်လက်ရှိရ,ထားတဲ့ခန္ဓာက စားမဝင်, အိမ်မပျော်, လေးထိုး, ရင်နာ, ဖျားနာ, ခေါင်းကိုက်နဲ့ သေခါနီးဒါနဲ့ သေခါနီးခန္ဓာ လက်ရှိ ရ,နေကြဒါပါ၊ သူက အချိန်ရသရွေ့ မသေ,သေအောင် အမြဲနှိပ်စက်နေတဲ့ ခန္ဓာပဲ၊ ရိပ်မိကြရဲ့လား?
အမြဲနှိပ်စက်နေတဲ့ ဒုက္ခခန္ဓာကြီး
ဒကာ ဒကာမတွေ ဒီလိုအမြဲနှိပ်စက်နေတဲ့ ဒုက္ခခန္ဓာကြီးကို၊ အမြဲလက်ရှိ ဘာ့ကြောင့် ရနေကြသလဲ? ဘယ်သူ့ကြောင့် ဒီကမထွက်နိုင်ကြသလဲ? မေးဖို့မလိုဘူးလား? အဲ…ဒီဒုက္ခခန္ဓာလက်ရှိရထားဒါဟာ၊ အဝိဇ္ဇာဆိုတဲ့ မသိမှုကြောင့်ပဲ၊ မသိဒါကြောင့်ရနေတဲ့ ဒုက္ခခန္ဓာကြီးပဲလို့ မှတ်လိုက်ကြ။ ဒီထဲက မထွက်နိုင်အောင် တဏှာက ချုပ်နှောင် ထားလိုက်ပြန်တယ်။ ဒုက္ခထဲက မထွက်အောင် ဆွဲထားဒါ၊ တဏှာ, လက်ချက်ပဲ။ အဝိဇ္ဇာက အမှန်အကန် မသိအောင် ဖုံးထားတယ်၊ တဏှာက ဘဝအသစ်ကို ဆက်ပေးနေဒါပဲ၊ ရှင်းပလား?
ဒါယကာတို့ ဒုက္ခခန္ဓာ လက်ရှိရထားဒါ ဒီနှစ်ခု-လက်ချက်ပဲလို့ မှတ်လိုက်ကြ၊ ရိပ်မိပလား? အဝိဇ္ဇာနဲ့ တဏှာ လက်ချက်ပဲ၊ သူတို့နှစ်ခုဟာပထမဆုံး လက်သယ်ပဲ၊ “ဒါကြောင့် အဝိဇ္ဇာတဏှာဝသေန ဒွေ မူလာနိ”တဲ့၊ သူတို့နှစ်ခု လက်ချက်နဲပ အခု ဒါယကာတို့တတွေဒဏ်ရာ, ဒဏ်ချက်တွေ မပြေကြသေးဘူး။ ဒီကြားထဲက နောက်ခန္ဓာရချင်ရင်၊ လက်ရှိ ဒုက္ခကိုတောင် မမြင်တဲ့သူပဲ။ လက်ရှိ ဒုက္ခကိုမှ မမြင်နိုင်, မသိနိုင်အောင် ဖြစ်ရတဲ့ အဖြစ်ဟာ တန်ရုံမိုက်တဲ့ အမိုက်မဟုတ်ဘူး၊ အလွန်မိုက်တဲ့ အဖြစ်ပဲလို့မှတ်ကြ။
စုံလုံးကန်းမို့ပဲ
လက်ရှိဒုက္ခလဲမမြင်၊ နောက်ဒုက္ခလဲမမြင်တဲ့ သူဆိုရင် စုံလုံးကန်းမို့ပဲ၊ ပေါ်ကြပလား? ဒါယကာတို့ အခုရထား ဒါက သေခါနီး၊ နောက်ခန္ဓာက အသေတွေရမှာပဲ၊ ကျေနပ်ကဲ့လား? ဒကာ ဒကာမတွေ ဒီအဓိပ္ပါယ်တွေ သိရရင်, ပြင်ကြဆင်ကြဖို့ပဲ၊ နောက်ကို … ရေလှူ, ပန်းလှူ, ဆီမီးလှူ, ကျောင်းဆောက်, ဘုရားတယ်ကြနဲ့ ကုသိုလ်အမျိုးမျိုး တွေလုပ်ရင် စဉ်းစားကြအုံး။ “ဒီကုသိုလ်တွေလုပ်ပီး ဘာဆုတောင်းမလဲ? ဘုရားက နောက်ဘုံဘဝလိုချင်ရင် လူမိုက် ပဲလို့၊ ဟောတော်မူတယ်” ဆိုပီး အရင်စဉ်းစားကြ။ ဒီလိုစဉ်းစားပီး ဘုရားအလိုတော်နဲပ ညီအောင်လုပ်ကြ။
ဟိုဘဝ, ဒီဘဝ, ဟိုခန္ဓာ, ရချင်ရင်, လိုချင်ရင်, ပြောင်းချင်သေးတယ်ဆိုရင်၊ အဝိဇ္ဇာနဲ့ တဏှာ ဦးဆောင် ပြောင်းရမှာပဲ၊ နက်နက်နဲနဲစဉ်းစားပါ၊ အခု ဒါယကာတို့ လက်ရှိရထားဒါဒုက္ခသစ္စာ၊ နောက်,ရမှာကလဲ ဒုက္ခသစ္စာကြီးပဲ၊ ရိပ်မိကြရဲ့လား? ဒကာ ဒကာမတို့ ဒီအဓိပ္ပါယ်စကားကို ပြောတော့၊ ရဟန်းတွေက “အကျဉ်းချုပ်တော့ သိရ ပါပြီ၊ အကျယ် အဓိပ္ပါယ်ကို၊ အကြောင်းနှင့်တကွ ရှင်းလင်းပြီး ဟောပြတော်မူပါဘုရား” လို့ လျှောက်ထားကြတော့ ဘုရားက “အကြောင်းနှင့်တကွ၊ ကျင့်ကြံရမယ့်တရားကို ဟောပြတော်မူတယ်” လို့ မှတ်ကြ။
ပဋိစ္စသမုပ္ပါဒ် ပြတ်အောင်လုပ်နိုင်သူ
ဒီအဓိပ္ပါယ်ကို ဒကာ ဒကာမတွေ နားလည်အောင်, ဘုန်းကြီးက အကျယ်ရှင်းလင်းပြီး ပြောပြရမယ်၊ ပထမဆုံး သိထားဖို့က၊ ပဋိစ္စသမုပ္ပါဒ် ပြတ်အောင်လုပ်နိုင်သူ နောက်ခန္ဓာမရဘူး။ ပဋိစ္စသမုပ္ပါဒ်ပြတ်အောင် မလုပ် နိုင်တဲ့သူ, ပဋိစ္စသမုပ္ပါဒ် ဆက်အောင်လုပ်တဲ့သူ, နောက် ခန္ဓာရမယ်လို့ မှတ်လိုက်ကြ။ သဘောပါပလား? ဒီတော့ တရားဆိုရင် ပဋိစ္စသမုပ္ပဒါ ပြတ်တဲ့တရားမှသာ တရားမှန်၊ မှန်တဲ့တရားပဲလို့ ဆုံးဖြတ်ချက်ချ။ ဆုံးဖြတ်ချက်ချပြီး, ပဋိစ္စသမုပ္ပါဒ်ပြတ်အောင် ဟောတဲ့တရား ကိုယ်တိုင်နာရလို့ မှန်ဒါသိရင်, မှန်လို့ရှိရင်, ကြိုးစားကြ၊ ကျေနပ်ပလား?
ဒကာ ဒကာမတွေ တရားပေမဲ့လဲ ရွေးကြရမယ်၊ တရားလို့ဆိုတိုင်း ရမ်း မယူလိုက်ကြနဲ့အုံးလို့ သတိ ပေးလိုက်ပါတယ်၊ တရားဆိုရင် ပဋိစ္စသမုပ္ပဒါပြတ်တဲ့တရားမှ တရားမှန်၊ ပဋိစ္စသမုပ္ပါဒ်ဆက်တဲ့တရား, မပြတ်တဲ့တရား, ဆိုရင် တရားမှန် မဟုတ်သေးဘူးလို့ မှတ်လိုက်ကြ၊ ရှင်းပလား? တရားမှန်မရရင် ပဋိစ္စသမုပ္ပါဒ်ဆက်နေမယ်၊ ဆက်ရင် လူမိုက်ဖြစ်မယ်၊ ဒါကြောင့်…ဒကာဒကာမတွေ လူမိုက် မဖြစ်ကြစေနဲ့လို့ ပြောလိုက်ပါတယ်၊ ရိပ်မိပလား? လူမိုက်က ပဋိစ္စသမုပ္ပါဒ် မပြတ်အောင် အားထုတ်တယ်၊ လူလိမ္မာက ပဋိစ္စသမုပ္ပဒါပြတ်အောင်, အားထုတ်တယ်၊ ရှင်းပြီနော်။
နောက်ဘဝ ဆက်ချင်တဲ့သူဟာ လူမိုက်ပဲ
ဒါနဝတ္ထု အမျိုးမျိုးတွေ အများအပြား အကုန်အကျခံပြီး လှူဒါန်းကြ၊ ပေးကမ်းကြ၊ သီလတွေ ဆောက်တည် ကြ၊ အဲဒီလိုအမျိုးမျိုးတွေလုပ်ပြီး နောက်ဘဝ လိုချင်, ရချင်သေးတဲ့သူ၊ နောက်ဘဝ ဆက်ချင်သေးတဲ့သူဟာဖြင့် လူမိုက်ပဲလို့ ဘုရားကဟောတယ်လို့မှတ်ကြ။ ဒကာဒကာမတွေ သဘောပါပလား? ဒီတော့ ကိုယ့်ကိုယ်ကိုယ်ပဲ ခွဲကြည့်ကြ။ ဘာ့ကြောင့် လူမိုက်ဖြစ်တယ်ဆိုဒါ ပေါ်ကြမယ်၊ ရှင်းပလား?
ဒကာဒကာမတွေ ကြည့်ကြပါ၊ ဘယ်လိုလဲဆိုတော့ “စက္ခုံစပဋိစ္စ ရူပေစ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏံ” ဒကာဒကာမတို့ မျက်လုံးအကြည်ရုပ်နဲ့ အဆင်းရုပ် တိုက်ဆိုင်တဲ့အခါမှာ “မြင်စိတ်, စက္ခုဝိညာဏ်” ပေါ်လာ တယ်။ ဒီစက္ခုဝိညာဏ်လေးဟာ လူမိုက်လဲဖြစ်တာပဲ၊ လူလိမ္မာလဲ စက္ခုဝိညာဏ်စိတ် ဖြစ်တာပဲ၊ ရှင်းပြီနော်။ နောက် “တိဏ္ဏံ သင်္ဂတိ ဖဿော၊” ဆိုတဲ့အတိုင်း ဖဿဖြစ်တယ်၊ ဒီဖဿဟာ လူမိုက်လဲဖြစ်တာပဲ၊ လူလိမ္မာလဲဖြစ်တာပဲ။ နောက် “ဖဿပစ္စယာ ဝေဒနာ၊” ဒီဝေဒနာဟာလဲ လူမိုက်မှာလဲဖြစ်၊ လူလိမ္မာလဲ ဖြစ်တာပဲ။
ဒီလိုဖြစ်တာ တားလို့မရ, ဆီးလို့မရ, တဲ့ ဓမ္မသဘာဝ၊ ဓမ္မနိယာမ, သဘောပဲ၊ ရိပ်မိကြပလား? မျက်လုံးကလေး ဖွင့်လိုက်လို့ အဆင်းနဲ့တဲ့ မြင်စိတ်ပေါ် ဖဿ,ဖြစ်၊ ဝေဒနာလာ၊ ဒီလိုဖြစ်တဲ့အခါမှာ၊ လူမိုက်က “ဝေဒနာပစ္စယာ တဏှာ” လာတယ်။ လူလိမ္မာက တဏှာမလာဘူး။ လူမိုက်က “တဏှာပစ္စယာဥပါဒါနံ, ဥပါဒါနပစ္စယာ ကမ္မဘဝေါ” လူမိုက်က ကောင်း မကောင်း ဝေဒနာ လာပြီးတော့ နှစ်သက်တဲ့တဏှာ၊ စွဲလမ်းတဲ့ ဥပါဒါန်၊ နောက်ကမ်, ဆက်တိုက် လိုက်လာတယ်၊ နားလည်ကြပလား? လူမိုက်က မျက်လုံးဖွင့်တော့ ပဋိစ္စသမုပ္ပဒါ အတန်းကြီးလာတယ်၊ လူမိုက်ဖွင့် တော့ ပဋိစ္စသမုပ္ပါဒ် မပြတ်ဘူး၊ ရိပ်မိကြပလား?
လူမိုက်မျက်လုံးဖွင့်တော့
လူမိုက်မျက်လုံးဖွင့်တော့ ဝေဒနာနောက်က တဏှာလာတယ်၊ တဏှာနောက်က တဏှာအကြီးစား ဥပါဒါန် လာတယ်၊ အဲဒီလာတဲ့တဏှာက “ယာယံတဏှာပေါနောဗ္ဘဝိကာ” တဏှာက ဘဝသစ်ကို ဖြစ်စေတယ်တဲ့။ မဖြစ်ဘဲ မနေတော့ဘူး၊ ဘဝသစ်က ဧကန်လမယ်၊ ဘဝသစ်လာတော့ ဇရာ, မရဏ, သောက, ပရိဒေဝ, ဒုက္ခ, ဒေါမနဿ, ဥပါယာသ, ဆိုတဲ့ ဒုက္ခအစုကြီး လိုက်လာတော့ဒါပဲ၊ သဘောပါကြပလား? ဒကာ ဒကာမတွေလဲ ဒီတရားမနာ ရခင်က ဒီအတိုင်းပဲဖွင့်နေကြဒါပဲ၊ ဒါယကာတို့တတွေ အရင်က လူမိုက်လမ်းစဉ်ပဲ လိုက်နေကြဒါပဲလို့ဆိုရင် မမှားဘူး၊ ရိပ်မိကြရဲ့လား?
လူမိုက်က ဒုက္ခလမ်းသွားတယ်၊ လူလိမ္မာက သုခလမ်းသွားတယ်၊ လူမိုက်နဲ့ လူလိမ္မာ ဒီလိုခြားနားတယ်၊ ရှင်း ကြပလား? ဒကာ ဒကာမတွေ ဘုရားက လူမိုက်နဲပ လူလိမ္မာ ခွဲခြားတဲ့အခါ၊ လူမိုက်နဲ့ လူလိမ္မာ ရွေးတဲ့အခါ၊ ငါတို့တတွေ ဘယ်ထဲပါကြသတုန်း? မေးကြည့်, ဆန်းစစ်ကြည့်ရင်၊ ဒို့တတွေကို လူမိုက်ဆိုဒါဟာ ထင်ရှားတယ်လို့ သဘောပေါက်ကြမယ်၊ ကျေနပ်ပလား? ဒါယကာတို့တတွေ ရှေးက နေခဲ့ထိုင်ခဲ့သမျှ လူမိုက်လမ်းစဉ်နဲ့ နေထိုင်ခဲ့ကြ ဒါပါ၊ လူလိမ္မာ လမ်းစဉ်တစ်ချက်မှ မပါခဲ့ကြဘူး။
လမ်းစဉ်ကိုပြင်ရမယ်
ဒီတော့ ဒီဆရာသမားနဲ့တွေ့လို့ ဒီတရားနာရလို့ အမှန်အကန်သိရရင် လမ်းစဉ်ကိုပြင်ရမယ်၊ မပြင်ရင် မဖြစ် တော့ဘူး၊ မပြင်ရင် ဒုက္ခအကြီးအကျယ် ရောက်ရဖို့ပဲရှိတယ်၊ နားလည်ကြပလား? ဒါကြောင့် တိုတိုတောင်းတောင်းနဲ့ ကောင်းတဲ့အချိန်ကလေး ကျန်တုန်း၊ တအားကျုံ့ပြီး, မရအရ ယူလိုက်ကြရမယ်၊ သဘောပါပလား? ဒကာ ဒကာမ တို့၊ လူမိုက်က မျက်လုံးကလေးဖွင့်လိုက်တော့ ဒုက္ခခန္ဓာ အနာဂတ်ဘဝ အတန်းကြီးပေါ်လာတယ်၊ လူလိမ္မာက ဒီအနာ ဂတ် ဘဝတန်းကြီး မလာဘူး၊ ဒုက္ခခန္ဓာမဆက်တော့ဘူး၊ သဘောပါပလား?
ဒါကြောင့် ဒကာ ဒကာမတွေ လူလိမ္မာဖွင့်နည်း ဖွင့်တတ်အောင် လုပ်ကြရမယ်၊ အဲဒီဖွင့်နည်းရမှ နောက် ဒုက္ခတန်းကြီးပြတ်မှာ၊ ဒါမှမဟုတ်ရင် ဒုက္ခပြီးဒုက္ခ၊ ဒုက္ခနဲ့အိုးစား, ဘယ်တော့မှ မကွဲတော့ဘူး၊ ရိပ်မိကြပလား? လူလိမ္မာဖွင့်ပုံကို ပြောရမယ်။ ဖွင့်ပုံက မျက်လုံးဖွင့်လိုက်တော့ မြင်စိတ်ပေါ်တယ်၊ မြင်သိစိတ်ကလေးပဲ၊ အဲဒီ သိစိတ်ကလေးကို ဖြစ်, ပျက်, ရှုတယ်၊ နောက်က ဖဿလာလဲဖြစ်, ပျက်, ပဲ၊ ဝေဒနာလာလဲဝေဒနာရှု၊ ဝေဒနာ ဖြစ်, ပျက်, ပဲလို့ ရှုတယ်၊ ဒီလို ဖြစ်, ပျက်, ရှုတော့ ရှုတဲ့နေရာမှာ မဂ်လာတယ်၊ ရှင်းပလား?
မဂ်ဉာဏ်လေးကြားထိုးလိုက်လို့ပဲ
ဖြစ်, ပျက်, ရှုလိုက်လို့ မဂ်ဝင်လာတော့ နောက်ကလာမဲ့အနာဂတ်ခန္ဓာတွေ မလာတော့ဘူး၊ ဒါဘာကြောင့်လဲ? မဂ်ဉာဏ်လေးကြားထိုးလိုက်လို့ပဲ၊ သဘောပါပလား? ဝေဒနာ နောက်ကမဂ်ဉာဏ်လေး ကြားထိုးလိုက်လို့ အနာဂတ် ဒုက္ခခန္ဓာကြီး မလာနိုင်တော့ဘူး၊ ကျေနပ်ပလား? အနာဂတ် မလာဒါ လူလိမ္မာမို့ပဲ၊ လူလိမ္မာဖွင့်တော့ အနာဂတ်ခန္ဓာ မလာဘူး၊ မျက်လုံးဖွင့်လို့ အနာဂတ် ခန္ဓာလာရင် လူမိုက်ပဲလို့၊ ဘုရားက ဟောတော်မူတယ်။ ဒကာ ဒကာမ တွေ ကျေနပ်ပလား?
လူမိုက်နဲ့ လူလိမ္မာ မျက်လုံးဖွင့်လိုက်ရင် ပဋိစ္စသမုပ္ပါဒ်တွေ လာဒါပဲ၊ ဒါပေမယ့် မတူကြဘူး၊ လူမိုက်က “ဗြ ဟ္မစရိယအကျင့်” မပါဘူး၊ လူလိမ္မာက “ဗြဟ္မစရိယ အကျင့်” ပါတယ်လို့ဟောတော်မူတယ်၊ နားလည်ကြပါလား? ဘုရားက ဗြဟ္မစရိယ, ဆိုဒါမဂ် အကျင့်ပဲတဲ့။ အဲဒီ မဂ်အကျင့်ပါရင် လူလိမ္မာပဲလို့ မှတ်ကြ။ ဘုရားက စိတ်ရှုရှု၊ ဝေဒနာရှုရှု၊ ရှုချင်ဒါရှု၊ ဗြဟ္မစရိယအကျင့်ပဲလို့ ဟောတယ်၊ ရှင်းပလား? လူမိုက်နဲ့ လူလိမ္မာ, ပဋိစ္စသမုပ္ပဒါ ဆက်တာနဲ့ ပြတ်တာပဲ ထူးတယ်။
မြတ်သော အကျင့်ဆိုဒါ ဖြစ်, ပျက်, ရှုတဲ့အကျင့်
ဒကာ ဒကာမတွေ မျက်စိနဲ့ပဲ ကြည့်ကြည့်၊ နားကပဲထောင်ထောင်၊ ပဋိစ္စသမုပ္ပါဒ်ကတော့ တန်းလာဒါပဲ၊ အဲဒီလိုလာတဲ့အတန်းကို ဗြဟ္မစရိယနဲ့ ဖြတ်ရမယ်၊ ဗြဟ္မစရိယ, ဆိုဒါ မြတ်သောအကျင့်ကို ဆိုလိုတယ်၊ မြတ်သော အကျင့်ဆိုဒါ ဖြစ်, ပျက်, ရှုတဲ့အကျင့်၊ မဂ်အကျင့်ပဲလို့ မှတ်လိုက်ကြ။ ဒီတော့ ဒါယကာတို့တတွေ မျက်လုံး ဖွင့်တိုင်း, နားဖွင့်တိုင်း, ဒွါရခြောက်ပေါက် ဖွင့်တိုင်း, ဖွင့်တိုင်း ဒီဗြဟ္မစရိယ, ဆိုတဲ့ မဂ်အကျင့်နဲ့ ဖွင့်ရမယ်၊ မဂ်အကျင့်နဲ့ဖွင့်ရင် အနာဂတ်ဒုက္ခခန္ဓာ ပဋိစ္စသမုပ္ပါဒ်တန်းကြီး ပြတ်မယ်၊ သို့မဟုတ် ဆက်မယ်ဆိုဒါ မှတ်ကြ။
ဒါကြောင့် ဒါယကာတို့တတွေ လူလိမ္မာဖြစ်အောင်, ပဋိစ္စသမုပ္ပါဒ်ပြတ်အောင်, ဖြတ်ပေတော့လို့ ပြောလိုက် ပါတယ်၊ သဘောပါကြပလား? ဒီကနေ့ ဟောတဲ့တရားကို သဘောပါပါ နားထောင်နိုင်ရင်, နားထောင်နိုင်တဲ့သူဆိုရင် ယနေ့ နိဗ္ဗာန်ရနိုင်တဲ့သူပဲတဲ့၊ ဘုရားကဟောတယ်၊ ဒါကြောင့် ကြိုးစား နာယူကြ။ ဥပမာ မျက်လုံးဖွင့်လို့ မြင်သိ စိတ်ကလေး ပေါ်လာတယ်၊ ပေါ်တော့ မြင်ရတဲ့ အဆင်းသဘော “ဝတ္ထုပစ္စည်း” ကလေးက ကောင်းတယ်၊ အဲဒီ ဝေဒနာလေး လာတယ်၊ လာတော့ ဒီလာတဲ့ဝေဒနာလေး ဖြစ်, ပျက်, ဆိုပြီး ရှုချလိုက်တော့ နောက်က တဏှာ မလာ၊ ဥပါဒါန်ချုပ်၊ ကမ်ချုပ်၊ နောက်က အကုန်ချုပ်သွားတယ်။
ဗြဟ္မစရိယအကျင့်နဲ့ ဖြစ်, ပျက်, ရှု
မရှုမိတော့ ကောင်းတယ်၊ လိုချင်တယ်၊ စွဲလမ်းတယ်, ဆိုပြီး၊ တဏှာ, ဥပါဒါန်, ကံ, ဇာတိ, ဆိုပြီး လိုက်လာတယ်၊ လိုက်လာတော့ ဇာတိနောက်က တဆက်ထဲ ဇရာ, မရဏ, သောက, ပရိဒေဝ, ဒုက္ခ, ဒေါမနဿ, ဥပါယာသ, ဆိုတဲ့ ဒုက္ခ အစဉ်တန်းကြီး ပါရတော့ဒါပေါ့၊ သဘောပါပလား? ဒကာ ဒကာမတို့ ဗြဟ္မစရိယအကျင့်နဲ့ ဖြစ်, ပျက်, ရှုဒါ၊ ဇာတိ, ဇရာ, မရဏ, စတဲ့ ဒုက္ခတွေ ဖြတ်နေဒါပဲ၊ နောက် ဒုက္ခတွေ မလာအောင်လို့ ဖြတ်နေတဲ့ အကျင့်ပဲလို့ မှတ်လိုက် ကြ၊ ရိပ်မိကြပလား?
ဒါကြောင့် ဒကာဒကာမတွေကို ထူးထူးခြားခြား တိုက်တွန်းလိုက်တယ်၊ ကိုယ့်ကိုယ်ကိုယ် ဆုံးဖြတ်နိုင် အောင် လုပ်ကြပါလို့ ကိုယ့်ဟာကိုယ် ဆုံးဖြတ်နိုင်အောင်, ကိုယ့်ခန္ဓာဖြစ်စဉ် ကိုယ်ကြည့်ကြ။ သူတပါး မကြည့်ကြနဲ့။ သူများကြည့်ဒါက မှားသည်ရှိမယ်၊ မှန်သည်ရှိမယ်၊ ဒါကြောင့် သူများမကြည့်နဲ့လို့ ပြောလိုက်ပါမယ်။ မိမိခန္ဓာဖြစ်စဉ် ကိုယ့်ဖြစ်စဉ်ကိုယ် အကဲခတ်ကြ။ ပဋိစ္စသမုပ္ပါဒ်တွေ ဆက်သလား? ပြတ်သွားရဲ့လား? ဘယ်နားရောက်သွားသလဲ? ဉာဏ်နဲ့မြင်အောင်, သိအောင်, အကဲခတ်ကြ၊ ရှင်းကြပလား?
ကိုယ် မိုက်မှန်း, လိမ္မာမှန်း သိအောင် လုပ်
ဒါယကာတို့တတွေ နေ့တိုင်းမျက်လုံးဖွင့်ရင်၊ ဖွင့်တိုင်း, ဖွင့်တိုင်းငါဖွင့်ဒါ လူမိုက်ဖွင့်လား? လူလိမ္မာဖွင့်လား? သိဖို့ အလွန်အရေးကြီးတယ်၊ ဒါသိအောင် ကြိုးစားရမယ်၊ သိအောင် ဗြဟ္မစရိယအကျင့်, မဂ်အကျင့်လိုက်ပေးကြ၊ ဒီအကျင့်လိုက်ပေးမှ သိနိုင်ကြမယ်။ ဒီလိုလုပ်မှ ကိုယ်တိုင်အသိ, ကိုယ်တွေ့အသိ ရကြမယ်။ ဒီတရားက ကိုယ်တိုင် သိတရား၊ သူများပြောလို့ သိရဒါမဟုတ်ဘူးလို့ မှတ်လိုက်ကြ၊ သဘောပါပလား? ဒကာ ဒကာမတွေ ကိုယ့်ကိုယ် ကိုယ် မိုက်မှန်း, လိမ္မာမှန်း သိအောင် လုပ်ကြရမယ်၊ မသိရင် ဘယ့်နှယ်ဆိုကြမလဲ?
ကိုယ်မိုက်တာ, ကိုယ်လိမ္မာဒါကိုမှ မသိဘူးဆိုရင်, မသိတဲ့သူဆိုရင် အရူးပဲ၊ အရူးမှ, အရူးကြီးပဲလို့ ဆိုထိုက်, မဆိုထိုက်, ကိုယ်တိုင်ဆုံးဖြတ်ကြ၊ ကျေနပ်ကြပလား? ဒီတော့ ကိုယ့်အဖြစ်မှန်, ကိုယ်သိရအောင်, ကိုယ့်ခန္ဓာကိုယ် အကဲခတ်ရမယ်၊ အကဲခတ်ဆိုတော့ မျက်စိ, နား, နှာ, လျှာ, ကိုယ်, စိတ်, ဆိုတဲ့ ဒွါရခြောက်ခုမှာ ပေါ်သမျှ အကဲခတ် ကြရမယ်။ ဖြစ်, ပျက်, ရှုကြ၊ ရှုဉာဏ်နဲ့ အကဲခတ်ကြရမယ်လို့ ဆိုလိုတယ်၊ သဘောပါကြရဲ့လား? ခတ်တော့ ဒွါရခြောက် ခုက တခုပြီးတခု ဆိုသလို လှဲ့ပေါ်နေမှာပဲ၊ ဘယ်နေရာက ဘာစိတ်ပေါ်ပေါ် ဖြစ်, ပျက်, ရှုပေးကြ၊ ရှင်းပလား?
ဒကာဒကာမတွေ လောကမှာ ပြောရိုးထုံးစံ ရှိကြတယ်၊ “သူ့အသက်သတ်, သူ့ဥစ္စာခိုးဝှက်, လိမ်ကောက်, တိုက်ခိုက်နေတဲ့သူကိုလူမိုက်လို့” ပြောကြတယ်၊ ဒီလိုလူ လူမိုက်လို့ ပြောနေကြပေမယ့် အစစ်အမှန် မကျသေးဘူးလို့ မှတ်ရမယ်။ လူမိုက်လို့ ဆိုဒါအစစ်အမှန်က “နောက်ခန္ဓာရတဲ့သူ” မှ လူမိုက်အစစ်လို့ မှတ်ကြ။ ဘုရားရှင်ကလူမိုက်, လူလိမ္မာ, ခွဲတဲ့နေရာမှာ၊ နောက်ခန္ဓာရ, မရ, ဆိုတဲ့အချက်သာလိုရင်းပဲလို့ ဟောတော်မူတယ်၊ သဘောပါကြပလား?
လူလိမ္မာက ပစ္စုပ္ပန်မှာ ထူးရမယ်
လူမိုက်နဲ့ လူလိမ္မာဟာ အတိတ်ကတူပေမယ့် လူလိမ္မာက ပစ္စုပ္ပန်မှာ ထူးရမယ်။ ပစ္စုပ္ပန်မှာ တိဟိတ်ဖြစ်မှ မဂ်ကိုရမယ်၊ မဂ်ကိုရမှလဲ ထူးခြားတဲ့ လူလိမ္မာအဖြစ် ရောက်မယ်။ ဒါကြောင့် ဒကာဒကာမတွေ ထူးအောင် လုပ်ကြ၊ မဂ်ကိုရအောင် အားထုတ်ကြ။ ရှင်းကြပလား? မဂ်ကိုရမှ နောက်ခန္ဓာ ပဋိစ္စသမုပ္ပါဒ် ဒုက္ခစက်ကြီးပြတ်မယ်၊ ခန္ဓာပဋိစ္စသမုပ္ပါဒ်ပြတ်အောင်၊ ဗြဟ္မစရိယ, အကျင့် ကျင့်ရမယ်၊ ဒီအကျင့် ကျင့်ပြီး၊ ကိုယ့်ပဋိစ္စသမုပ္ပါဒ် ဖြတ်ရမယ်၊ ဖြတ်ကြ၊ ကျေနပ်ပလား?
ဒကာဒကာမတွေက ပြောကြသေးတယ်၊ “ဆရာဘုန်းကြီးပြောလို့ သတိလေးတော့ ထားပါရဲ့၊ ဒါပေမယ့် လွန်လွန်သွားတယ်၊ မမိလိုက်ဘူး”တဲ့၊ အဲဒါ မိုက်လို့ပဲဆိုဒါ မှတ်တော့၊ ပဋိစ္စသမုပ္ပါဒ် ဆက်တော့ ဆက်တတ်တယ်၊ ဖြတ်တော့ မဖြတ်တတ်ဘူးဆိုရင်, လူမိုက်မို့ပဲ၊ လူလိမ္မာဆိုရင်, ဆက်တတ်တဲ့နောက်, ဖြတ်တတ်ရမယ်၊ ရိပ်မိပလား? ဒီအသက်ဒီအရွယ်တွေရှိလာကြပြီ၊ ခေါင်းဖြူ, စွယ်ကျိုးနဲ့ အဘိုးမထိုက်တဲ့ လူမိုက်ကြီးတွေပဲလို့ ဆိုလိုက်ရင် ရှက်ပြီး သေကြဖို့သာကောင်းတော့တယ်၊ ဒါကြောင့် ဒီအဖြစ်ဆိုးက လွတ်အောင်ကြိုးစားကြ။
ခန္ဓပဋိစ္စသမုပ္ပါဒ် ရှေ့ပိုင်းက ကြိုက်တာရှု
အားထုတ်တော့ မျက်လုံးကလေးဖွင့်တယ်၊ အဆင်းနဲ့ တွေ့တော့မြင်စိတ်ပေါ်မယ်။ ပေါ်ရင် အဲဒီမြင်စိတ်လေး ကို ဖြစ်, ပျက်, ရှု။ ဒီနည်းအတိုင်း ပေါ်လာဒါ မလွတ်အောင်ရှုှုပေး။ ဒါယကာတို့ သန္တာန်မှာပေါ်သမျှ မလွတ်ဖို့ ကြိုးစားရမယ်၊ ရှင်းပလား? ရှုတဲ့အခါ ခန္ဓပဋိစ္စသမုပ္ပါဒ် ရှေ့ပိုင်းက ကြိုက်တာရှု။ ဖဿရှုချင်ရှု၊ ဝေဒနာ, စိတ်, ရုပ်, ရှုချင်ဒါကိုရှု။ သတိပဋ္ဌာန်လေးပါးထဲက ကြိုက်တာ တခုခုရှု။ ဒီလို ရှုတဲ့အကျင့်ဟာ “ဗြဟ္မစရိယအကျင့်” မဂ်အကျင့်ဘဲလို့မှတ်ကြ။ ဒီအကျင့် ကျင့်ရင်၊ နောက်ခန္ဓာမရဘူး၊ နောက်ဒုက္ခမလာဘူး၊ ရှင်းပလား?
ဒါယိကာ၊ ဒါယိကာမတွေ ရှုတတ်ကြပလား? ရှုတတ်အောင်ရှု၊ ရှုတတ်မှ နောက်ခန္ဓာမရမှာ၊ နောက်ခန္ဓာရရင်, လူမိုက်ဘဲလို့ ဆုံးဖြတ်ချက်ချကြ၊ ရှင်းပလား? လူမိုက်အဖြစ်က ကျွတ်ချင်, လွတ်ချင်ရင်, အားထုတ်မှဖြစ်မယ်၊ အားမထုတ်ချင်ရင်, တူးအောင်မိုက်ချင်လို့ဘဲ၊ ကျေနပ်ပလား? ဒီတော့ ဒါယကာ၊ ဒါယကာမတို့တတွေ ကိုယ့်ကိုယ် ကိုယ် အကဲခတ်ကြည့်ကြ၊ ကြည့်တော့ စိတ်ပေါ်လဲရှု၊ ဝေဒနာပေါ်လဲရှု၊ တဏှာ, ဥပါဒါနန်, ကံတွေမလာအောင် ရှုပစ်၊ နောက်က တဏှာ, ဥပါဒါန်, ကံတွေမလာရင်မဂ်လာဒါဘဲ၊ မဂ်လာတော့ နောက်ခန္ဓာပြတ်ကရော။
မဂ်က သိမ်းလိုက်တာဘဲ
ဒါယကာ၊ ဒါယကာမတွေ ကျေနပ်ပလား? ပဋိစ္စသမုပ္ပါဒ်က သံသရာချဲ့ထွင်ဘို့ တန်းလာဒါ “ဗြဟ္မစရိယအကျင့်” မဂ်နဲ့ကြားကဝင်ဖြတ်လိုက်တော့၊ နောက်လာမဲ့ ဒုက္ခတန်းကြီး မဆက်တော့ဘူး။ ဒုက္ခဇာတ်, အကုန်သိမ်းလိုက်တယ်၊ မဂ်က သိမ်းလိုက်တာဘဲ၊ ရှင်းပလား? ဒါကြောင့် ဒကာ ဒကာမတွေ ဒီလိုအခွင့်အခါမျိုး ဒီတရားမျိုး, ဒီနားမျိုးနဲ့ ကြုံကြိုက်ဖို့ရာ တသက်မှာမှ တစ်ခါဆိုရင် မမှားဘူး၊ ဒီလိုအခွင့်ကောင်းကြုံကြိုက်တုန်းမှာ သာမညလူသာမနအဖြစ်နဲ့ အနိစ္စရောက်သွားရင် မှောက်လိုက်မဲ့မှားလိုက်မဲဖြစ်ခြင်း စဉ်းစားဝံ့ဖို့ မရှိတော့ပါဘူး။ ဒါကြောင့် ဒီအချိန်မှာ ထူးရမယ်၊ ထူးခြားတဲ့ လူလိမ္မာအဖြစ်ရောက်အောင်လုပ်ကြရမယ်။ မထူးရင် ဒကာ ဒကာမ တွေမြုပ်ေလေတော့ မျောလေတော့လို့ ပြောလိုက်ပါတယ်၊ သဘောပါကြရဲ့လား?
ကိုင်း, နာရီစေ့သွားပြီ၊ ဒီတွင်ပဲ တော်ကြအုန်း။
