20317

ပညာလိုရင်း သာသနာတွင်း တရားတော်

အထူးမှတ်ရန်-

(၁) ရှေ့က, ဓမ္မဋ္ဌိတိဉာဏ်၊ ဝိပဿနာဉာဏ်၊ လောကီမဂ်ဉာဏ်။(၂) နောက်က, နိဗ္ဗာနဉာဏ်၊ မဂ်ဉာဏ်၊ လောကုတ္တရာဉာဏ်။

ဆောင်ပုဒ်။

ဖြစ်ပျက်ဒုက္ခ၊ သိမှုက၊ ပထမလိုရင်းသာ။

ဒုက္ခကုန်ချင်၊ နောက်ဉာဏ်ပင်၊ အစဉ်သိမှတ်ရာ။

ရှေ့ဉာဏ်ဖြစ်ပျက်၊ နောက်ဉာဏ်မဂ်၊ သက်သက်ဝိပဿနာ။

နိဗ္ဗာန်လျှင်စွ၊ ရလိုက၊ သုဒ္ဓ-ရှုမှတ်ရာ။

သမာဓိဝင်၊ ကြာမည်ပင်၊ မြန်လျှင်မရောက်ပါ။

ဝိပဿနာဉာဏ်၊ ရှေ့ဦးခံ၊ နောက်ဉာဏ်နိဗ္ဗာနာ။

သာသနာပ၊ သမထ၊ ရကြလွယ်သည်သာ။

ပညာမှန်လျှင်း၊ သာသနာတွင်း၊ လိုရင်းရတနာ။

သတိချပ်။

ဖြစ်ပျက်မြင်ရေး၊ ကြာမနှေး၊ အလေးအနက်ကိုင်။

ဖြစ်ပျက်မြင်လျှင်၊ စကြာရှင်၊ ကယ်ပင်မလဲနိုင်။

ဖြစ်ပျက်ဉာဏ်ကြီး၊ ငရဲမီး၊ အပြီးပျောက်စေနိုင်။

ကိလေသာတောထ၊ စကြာက၊ ဒုက္ခမဆုံးပိုင်။

ကိလေသာပင်၊ ထကြွလျှင်၊ မဂ္ဂင်ဆေးကုနိုင်။

ထကြွတိုင်းခု၊ ဖြစ်ပျက်ရှု၊ အေးမှုရတတ်နိုင်။

တရားသား။ ။

ဗုဒ္ဓကောလာဟလ ဆိုတာ

ဒကာ-ဒကာမတို့ ကောလာဟလကြီး ငါးပါး လောကမှာ ရှိတဲ့အနက်က ဗုဒ္ဓကောလာဟလ ဆိုတာပါတယ်၊ အဲဒီ ဗုဒ္ဓ ကောလာဟလ ဆိုတာဟာ ဘုရားရှင် ပွင့်တော်မူတော့မယ် ဆိုရင် မပွင့်ခင် နှစ်ပေါင်း – (၁၀၀၀) တစ်ထောင်က ကြိုတင်ပြီး လောကပါလနတ်တွေက ကြွေးကြော်ရတယ်လို့ မှတ်ကြ၊ အခု ဘုန်း ကြီးတို့ ဒကာ, ဒကာမတို့ရဲ့ ကိုးကွယ်ရာဖြစ်တဲ့ ဂေါတမဘုရားရှင် ပွင့်တဲ့အခါမှာလည်း အနှစ်တစ်ထောင် ကြိုတင်ပြီး ဒီလိုပဲ ကြွေးကြော်ထားတော့ အားလုံးသိပြီး ဘုရားမျှော်တဲ့အချိန် ရောက်လာခဲ့တယ်။

တိတ္ထိဂိုဏ်း အမျိုးမျိုးတွေဟာ အဲဒီအချိန်နဲ့ ကိုက်အောင် ကြိုတင်ပြီး ဘုရားအမည်ခံ တိတ္ထိဆရာ ၆-မျိုး၊ ၆-ဦး ပေါ်နှင့်နေတယ်လို့ မှတ်ကြ၊ အဲဒီလိုအခါမှာ လူတွေကလည်း ဘုရားတမ်းတနေတဲ့အခါ ဖြစ်လေတော့ ကောင်း မကောင်း, စစ်မစစ်, မှန်မမှန် မရွေးချယ်နိုင်ကြဘဲ၊ သူ့ထက်ငါဆိုသလို အသီးအသီး ဆိုင်ရာဆိုင်ရာ ဆည်းကပ်ကိုးကွယ် ကြတယ်၊ ဒီတော့-ဘုရားတုဂိုဏ်းတွေဟာ လာဘ်သပ္ပကာ ပေါများပြီး တန်ခိုးထွားနေကြတာပေါ့၊ ရှင်းကြပလား?။

နောက်, အချိန်တန်လို့ တကယ်ဘုရားအစစ် ပွင့်တော်မူလာတဲ့အခါကျတော့ အတုအယောင်တွေဟာ “နေထွက် တဲ့အခါ ပိုးစုန်းကြူး”လိုဖြစ်ကုန်တော့တယ်၊ အရောင် အဝါ ဘုန်းတေဇာ ပျောက်ကွယ်ပြီး ကိုးကွယ်သူ-ဆည်းကပ်သူ နည်းပါးသွားတော့ လာဘ်လာဘတွေလည်း အလွန်ရှားပါးသွားတော့တာပေါ့၊ ဒါနဲ့ တစ်နေ့ကျတော့ တိတ္ထိဂိုဏ်းဝင်တွေ ဟာ စည်းဝေးတိုင်ပင်ကြတယ်။

သုသိမပရဗိုဇ်

”တို့အထဲက ဉာဏ်ထက်မြက်တဲ့ သုသိမပရဗိုဇ်ကို အကျိုးအကြောင်းပြောပြပြီး ဂေါတမဘုရားထံ ပညာသင် လွှတ်၊ အဲဒီက ပြောပုံ-ဆိုပုံ သွန်သင်နည်းပေးပုံကအစ၊ ဝါဒဖြန့်နည်း အမျိုးမျိုးကိုသင်၊ နောက်, တတ်တော့ ပြန်လာပြီး တစ်ဆင့်ဒီမှာ ပြန်သင်ပြ၊ တို့တရားနဲ့ ရောပြွမ်းပြီး အကြောင်းစုံအောင်- အကောင်းဆုံးဖြစ်အောင် ဟောပြကြစို့၊ ဒါမှ တို့လည်း ဘုန်းကံကြီးမား လူကြည်ညိုများလာပြီး လာဘ်ပေါများကြမယ်၊ ဒီအကြံနေရာကျတယ်” ဆိုပြီး တိုင်ပင် ကြတယ်တဲ့၊ နားလည်ကြပလား?။

ဒါဟာ-ဘုန်းကံကြီးချင်လို့ အကြံဆိုးကြံကြတာပဲလို့ မှတ်ကြ၊ ဒါနဲ့ ဒီအကြံအစည်အတိုင်း သုသိမကို ဘုရားထံ လွှတ်လိုက်တယ်၊ သုသိမကလည်း ဘုရားထံ ရောက်သွား၊ တောက်လျှောက်မဝင်သေးဘဲ အရှင်အာနန္ဒာထံဝင်သွားပြီး “တပည့်တော် ရတနာသုံးပါး ကြည်ညိုတဲ့အတွက် ရဟန်း ဝတ်ပါရစေ”လို့ ခွင့်တောင်းတော့ အရှင်အာနန္ဒာက ဒီ သုသိမဟာ တိတ္ထိဆရာ အတိုက်အခံတစ်ယောက်ပဲလို့ စဉ်းစားပြီး ဘုရားထံ ခေါ်သွားတယ်-တဲ့။

ဒါနဲ့ ဘုရားထံရောက်လို့ လျှောက်ထားတော့ ဘုရားရှင်ကလည်း အကြောင်းစုံကို ဉာဏ်နဲ့ စဉ်းစားပြီး သိတော် မူတယ်၊ ရှေ့ဆက်ပြီး စဉ်းစားတော့ သုသိမ တရားခိုးမှာကိုလည်း သိတယ်၊ နောက်ဆက်တွေးတော့ တရားခိုးရင်းနဲ့ မဂ်ဖိုလ်ရမှာကိုလည်း သိတော်မူတယ်၊ ဒီသုသိမပရဗိုဇ်ဟာ ခန္ဓာမှာ ဉာဏ်ရောက်ပြီး သုဒ္ဓဝိပဿနာနဲ့ မဂ်ဖိုလ်ရမှာပဲ လို့ သိတော်မူတယ်လို့ မှတ်လိုက်ကြ။

ဖြစ်ပျက်မြင်တာက ငရဲမီးတွေ ကုန်အောင် တတ်နိုင်တယ်

ဒီနေရာမှာ ဒကာ-ဒကာမတွေကို စကားဖြတ်ပြီး ပြောရဦးမယ်၊ ဒီလိုပြောပြနေတဲ့ ဝတ္ထုသက်သေ သာဓက တွေက အင်မတန် လုံလောက်ပြီး ထောက်ခံချက် ပေးနေလေတော့ ဒကာတို့တစ်တွေကလည်း ခန္ဓာဉာဏ်ရောက်အောင် လုံ့လပြုကြ၊ ခန္ဓာဉာဏ် စိုက်ပြီး နာယူကြလို့ သတိပေးလိုက်တယ်၊ စိတ်ကိုဟောရင် စိတ်ကိုစိုက်၊ ဝေဒနာဟောရင် ဝေဒနာစိုက်၊ စိုက်ရင်-အနိစ္စဉာဏ် ရမယ်၊ နာရင်း စိုက်နေတော့ ဝေဒနာဖြစ်ပျက် အနိစ္စသိရမယ်၊ အနိစ္စသိတော့ နောက်က မဂ်လာတာပဲ၊ သဘောပါပလား?။

ရုပ်နာမ်အနိစ္စ၊ ရုပ်နာမ်ဖြစ်ပျက်ဟာ သာမညလို့များမမှတ်လိုက်ကြပါနဲ့၊ ဖြစ်ပျက် တစ်ချက်မိရင် စကြာဝတေး မင်း စည်းစိမ်နဲ့ မလဲနိုင်ဘူးလို့ မှတ်လိုက်ကြ၊ ဖြစ်ပျက်တစ်ချက်က စကြာဝတေး စည်းစိမ်ထက် အများကြီးသာပါတယ်၊ စကြာဝတေးက ကိလေသာတောထနေတာပါ၊ တောထနေတော့ ဒယ်အိုးနဲ့ နီးနီးကလေးရယ်၊ အခုနေ, တော်တော်နေ ကျသွားနိုင်တယ်၊ ရိပ်မိရဲ့လား?၊ ဖြစ်ပျက်မြင်တာက ငရဲမီးတွေ-ငရဲအိုးတွေ ငြိမ်းအောင်, ကုန်အောင် တတ်နိုင်တယ်၊ ငြိမ်းကုန်အောင်လုပ်တဲ့ အလုပ်ပဲလို့ မှတ်ကြ၊ သဘောပါပလား?၊ မကွာပါလား?။

ဒါနဲ့-ဝတ္ထုဆက်ရမယ်… ဘုရားရှင်က အလုံးစုံ သိတော်မူတော့ ရှင်အာနန္ဒာကို သုသိမအား ရဟန်းပြုပေး လိုက်ပါလို့ ခိုင်းတော်မူတယ်၊ ဒီလိုနဲ့ သုသိမဟာ ရဟန်းဝတ်ပြီး အဲဒီမှာနေတော့ တစ်နေ့မှာ တောထဲသွားပြီး ရဟန်း တရား အားထုတ်လို့ ရဟန္တာဖြစ်ပြီး ပြန်လာကြတဲ့ ကိုယ်တော်တွေ ဘုရားရှင်ထံသွားပြီး ဖူးမြော်ကန်တော့ကြတဲ့အခါနဲ့ ကြုံကြိုက်တယ်၊ အဲဒီအခါမှာ ရဟန်းတော်တွေကို ဘုရားရှင်က အကျိုးအကြောင်း မေးမြန်းလို့ အသီးအသီး ဖြေဆို ကြတယ်လို့ မှတ်ကြ။

အဖြေလေးချက်ကို ဖြေဆိုကြတယ်

ဒီလို ဖြေဆိုတဲ့အရာမှာ “ခီဏာ ဇာတိ၊ ဝုသိတံ ဗြဟ္မစရိယံ၊ ကတံ ကရဏီယံ၊ နာပရံ ဣတ္ထတ္ထာယာတိ ပဇာ နာတိ” တပည့်တော်မှာ ဇာတိကုန်ပါပြီဘုရား၊ ဝိပဿနာကိစ္စ၊ မဂ်ကိစ္စအားလုံး ကျင့်ပြီးပါပြီဘုရား၊ ပြုစရာကိစ္စဟူသမျှ ပြုပြီးပါပြီဘုရား၊ နောက်ထပ် ပြုဖွယ်ကိစ္စ လုံးဝမရှိတော့ပါပြီ၊ အဲဒီလို သိပါတယ်ဘုရား” ဆိုတဲ့ ဒီအဖြေလေးချက်ကို ဖြေဆိုကြတယ်၊ အဲဒီအခါမှာ သုသိမက ဒီစကားတွေဟာ လိုရင်းအချက်တွေပဲ၊ ဒါကိုမှတ်မှ ဖြစ်မှာဆိုပြီး မှတ်ထားလိုက် တယ်။

ဒကာ, ဒကာမတွေ ကြားဖြတ်ပြောရဦးမယ်၊ ဒကာ, ဒကာမတွေကို အခု တရားအားထုတ်ကြလို့ ပြောနေတာ သဘောပါကြရဲ့လား?၊ အခု တရားအားထုတ်ကြပါလို့ ပြောတာဟာ အခုဒုက္ခက လွတ်စေချင်လို့ပဲဆိုတာ မှတ်ကြ၊ ခု, အားထုတ်လို့ ခု, မဂ်လေးကြိမ်ရရင် ဇာတိဒုက္ခကုန်မယ်၊ ဇာတိကုန်ရင် ဇရာ, မရဏ, သောက, ပရိဒေဝ, စတဲ့ ဒုက္ခတွေ အကုန်,ကုန်ကြမယ်၊ ဒီဟာစင်စစ်တော့ ဒုက္ခတွေ အကုန်, ကုန်သွားတာပဲ၊ သဘောပါရဲ့လား?၊ ဒီတော့- ဒုက္ခသိမှ ဒုက္ခကုန်မယ်၊ ဒုက္ခသိမှုရှိမှ ဒုက္ခကုန်ချင်ကြမယ်၊ ဒုက္ခမှမသိရင် ဒုက္ခကုန်ချင်တယ်ဆိုတာ မလာနိုင်ဘူး၊ ရိပ်မိပလား?၊ ဒါမှ သဘာဝပဲလို့ မှတ်ကြ။

ဒုက္ခအစစ်ပဲလို့ ပိုင်းခြားနိုင်တဲ့ဉာဏ်

ဒါ-ဒုက္ခအစစ်ပဲလို့ ပိုင်းခြားနိုင်တဲ့ဉာဏ်ရမှ ဒုက္ခကုန်ချင်ကြမယ်၊ ဒုက္ခအစစ်ပဲလို့ ပိုင်းခြားနိုင်တဲ့ဉာဏ် မရသေး သမျှ ဒုက္ခကုန်ချင်တယ်ဆိုတာ အမှန်မကျသေးဘူး၊ ရိပ်မိပလား?၊ ဒကာ, ဒကာမတို့ ဖြစ်ပျက်ရုပ်နာမ်ကို ဒုက္ခအစစ် ပဲလို့ ပိုင်းခြားနိုင်တဲ့ဉာဏ်ရမှ ဒုက္ခကုန်ချင်တဲ့စိတ် ပေါ်မှာပဲဆိုတာ မှတ်လိုက်ကြ၊ ရှင်းပလား?၊ ဒါကြောင့် ဒုက္ခသိမှုက ပထမ၊ ဒုက္ခကုန်ချင်မှုက ဒုတိယပဲဆိုတာ ထင်ရှားပြီ၊ ဒါကြောင့် တို့ဒကာ, ဒကာမတွေ ပထမ ဒုက္ခသိတဲ့ဉာဏ်ရဖို့၊ ဒုတိယ ဒုက္ခကုန်ချင်တဲ့ဉာဏ်ရဖို့ အရေးကြီးတယ်၊ ပေါ်ကြပလား?။

ဒကာ, ဒကာမတွေ မိမိမှာ အနာရောဂါရှိတာသိရင် ပျောက်ချင်စိတ် ပေါ်မယ်၊ အနာရောဂါရှိတာ မသိရင် ပျောက်ချင်စိတ် မလာနိုင်ဘူး၊ ဒီဥပမာလိုပါပဲ ဒုက္ခကို ဒုက္ခမှန်းသိမှသာ ဒုက္ခကုန်လိုတဲ့စိတ် လာနိုင်မှာပဲ၊ ရှင်းပလား?၊ မိမိခန္ဓာမှာ ဖြစ်ပြီးပျက်နေတဲ့ ရုပ်တရား, နာမ်တရားသာ အမှန်ရှိတယ်၊ ဒီ-အမှန်အရှိကို ဉာဏ်နဲ့ကြည့်တဲ့အခါ မိမိ ခန္ဓာမှာ ဖြစ်ပြီးပျက်နေတဲ့တရားကို တွေ့ရင် ဒုက္ခပဲလို့ ဆုံးဖြတ်နိုင်မယ်၊ ဒီလိုဒုက္ခပဲလို့ ဆုံးဖြတ်နိုင်ရင် ကုန်ချင်တဲ့ ဉာဏ်လာတော့မှာပဲ၊ ထင်ရှားပလား?။

ဒါနဲ့-သုသိမကို ဆက်ရမယ်၊ ရဟန်းတော်တွေက ဘုရားရှင်ထံမှ “ဗြဟ္မစရိယံ၊ ဝိပဿနာကိစ္စ မဂ်ကိစ္စကို။ ဝုသိတံ၊ အလုံးစုံ ကျင့်ပြီးပြီ။ ကရဏီယံ၊ ပြုစရာကိစ္စဟူသမျှကို။ ကတံ၊ ပြုပြီးပြီ” ရဟန်းတွေက လုပ်စရာရှိသမျှ အကုန်လုပ်ပြီးပြီတဲ့၊ ဒီဥစ္စာက တသံသရာလုံးအတွက် ဘာမှလုပ်ဖွယ်မရှိတော့ဘူးလို့ ဆိုတဲ့ အဓိပ္ပာယ်ပဲ၊ “နာပရံ ဣတ္ထတ္ထာယာတိ ပဇာနာတိ၊ နောက်ထပ်ပြုဖွယ်ကိစ္စ လုံးဝ မရှိတော့ဘူးလို့ သိပါတယ်” ဒီလို ဖြေဆိုကြတယ်။

ကိလေသာ တောထရေး အလုပ်တွေနဲ့သာ အချိန်ကုန်ခဲ့ကြတယ်

ဒီအခါမှာ သုသိမက ဒါဟာ, အချက်ပဲဆိုပြီး မှတ်ထားလိုက်တယ်၊ နောက်, ဘုရားရှင်က သာဓုခေါ်ပြီး ရဟန္တာများကို ပြန်လွှတ်လိုက်တယ်၊ ဒကာ-ဒကာမတွေ ဒကာတို့ဟာ တသံသရာလုံး ဘာတွေ လုပ်ခဲ့ကြသလဲ?၊ သားရေး, သမီးရေး, စီးပွားရေး, ကြီးပွားရေးဆိုတဲ့ ကိလေသာရေး ကာမဂုဏ်ရေးတွေချည့်ပါပဲ၊ ဒီပြင် ကောင်းတာ ကြားမညှပ်ပါဘူး၊ ဒကာတို့ဟာ တသံသရာလုံးမှာ ကိလေသာ တောထရေး အလုပ်တွေနဲ့သာ အချိန်ကုန်ခဲ့ကြတယ်ဆို မှားမလား?၊ မမှားပါဘူး၊ ဒါအမှန်အကန်သိရင် ပြင်မှပဲလို့ ဆုံးဖြတ်ချက်ချ။

ကိုယ်ကျိုး၊ ကိုယ်စီးပွား, ကိုယ့်အရေးတစ်ခုမှ မပါကြဘူး၊ ရိပ်မိကြရဲ့လား?၊ အခုနေမှာ ပြင်ချိန်ဆင်ချိန်ရှိတုန်း မပြင်ကြရင် မပြင်ချင်ရင် ကိလေသာ တောထပြီး ဒုက္ခရောက်ချင်လို့ပဲ၊ ဒီသံသရာအလုပ် ပုထုဇဉ်ရိုးရာအလုပ်တွေက ဘယ်တော့မှ လမ်းစမဆုံးနိုင်ဘူး၊ လမ်းစမဆုံးတော့ အကောင်းများပါလေဦးမယ် ထင်သလား?၊ မကောင်းဆိုးဝါး ဒုက္ခမှန်သမျှမှာ မြှုပ်ဖို့နဲ့ မျောဖို့ပဲရှိတယ်၊ ဒုက္ခအကြီးအသေးသာကွာမယ်၊ အားလုံး ဒုက္ခချည့်သာ ရဖို့ရှိတယ်ဆိုတာ မှတ်ကြ၊ အကျိုးလည်း မပြီး အချည်းအနှီး မပြီးပြတ်နိုင်တဲ့ သံသရာအလုပ်တွေ ခေတ္တ ဖြုတ်ထားပြီး မလုပ် မဖြစ်တဲ့ ကိုယ်ကျိုးစီးပွားအတွက် အခွင့်ကြုံတုံး အားထုတ်ကြရမယ်။

ဒကာတို့ဟာက အရေးရှိရင် ကိလေသာထကြွချင်တယ်၊ ကိုယ့်သား, ကိုယ့်မယားလေးတွေကို ကြည့်ပြီး သာယာ နေချင်တယ်၊ ဒီနားက မခွါချင်ကြဘူး၊ လက်ရှိအိုးအိမ် စည်းစိမ်တွေက မခွါချင်၊ ဒီဟာတွေပဲ ဖက်နေချင်တယ်၊ ခုနစ်ရက်, ဆယ်ရက်ဆိုသလို ကိုယ်ကျိုး, ကိုယ်စီးပွား လုပ်ကြပါဆိုတော့ မဖြစ်သေးဘူးတဲ့၊ ကျုပ်မရှိရင် ခက်မယ်တဲ့၊ လုပ်စရာတွေက တန်းလန်းနဲ့မို့တဲ့၊ အဲဒါ-ကိလေသာ ထကြွနေတာပဲ၊ တောထချင်လို့ပဲ ဆိုတာ ထင်ရှားတယ်၊ ငြင်းချက် များ ထုတ်ချင်သေးသလား?၊ မထုတ်နဲ့တော့ ကိုယ်မဟုတ်တာ ကိုယ်ပြင်ကြ။

သေမင်းက ခေါ်သွားရင် ဘယ့်နှယ်လုပ်ကြမတုံး?

ဒကာ, ဒကာမတွေ အခု သေမင်းက ခေါ်သွားရင် ဘယ့်နှယ်လုပ်ကြမတုံး? ကျုပ်အိမ်ကျုပ် စိတ်ချရအောင် မှာခဲ့ပါရစေဦး လုပ်ပါရစေဦး၊ ဆယ်ရက်လောက် ဆိုင်းပါဦးဆိုလို့ ဖြစ်ပါမလား?၊ ကြပ်ကြပ်စဉ်းစားကြ၊ အခုနေအခွင့် သင့်တုံး သူက မဦးခင်မှာ အားကိုးအားထား ကိုယ်ကျိုး ကိုယ်စီးပွား ရှာထားကြ၊ ရအောင်လုပ်ထားကြ၊ ဒကာတို့မှာ တကယ် လုပ်သင့်လုပ်ထိုက်တဲ့ ကိုယ်ပိုင်အလုပ် မလုပ်ကြရသေးဘူး၊ တသံသရာလုံး ဘုံဆိုင်အလုပ်နဲ့ချည့် အချိန်ကုန်ခဲ့ ကြရတာပါ၊ ရိပ်မိကြပလား?။

ဒါကြောင့်-ကိလေသာ ထကြွတိုင်း, ထကြွတိုင်း လုပ်စရာ ကိုယ့်ကိစ္စရှိသေးတယ်လို့ ဆုံးဖြတ်ပြီး လုပ်ကြ၊ ကြိုးစားကြ၊ ကိလေသာထကြွတိုင်း ဖြစ်ပျက်ရှုပြီး ဆေးကုပစ်လိုက်ကြ၊ သဘောပါကြပလား?၊ ဒီဆေးနဲ့မှ နိုင်မယ်၊ ကုတတ်အောင် ကုပေးကြ၊ မကုတတ်ကြဘူးဆိုရင် မျောက်, အနာရသလို နေမှာပဲလို့ မှတ်ကြ မျောက်များအနာရတော့ မနေတတ်, မထိုင်တတ်, မလုပ်တတ်, မကိုင်တတ်ဖြစ်ပြီး ကုတ်ချင် ဖဲ့ချင် ဆိတ်ချင် ဆွချင်နဲ့ ထင်သလိုလုပ်ပစ်တော့ အနာကြီးသထက်ကြီး ကျယ်သထက် ကျယ်လာတာပေါ့၊ သဘောပါပလား?။

အဲဒါ-သူဒုက္ခရောက်ဖို့၊ သူ့ဒုက္ခ-သူရှာတာပဲ၊ ဒကာတို့တစ်တွေလည်း ကိလေသာ ထကြွနေကြရင် ကိုယ့်ဒုက္ခ ကိုယ်ရှာတဲ့ မျောက်မျိုးတွေလား?၊ မေးသင့် မမေးသင့်၊ ချိန်ထိုးကြည့်ကြ၊ ပေါ်ကြပလား?၊ ဒီတော့-ကိုယ့်ကိစ္စ လုပ်မဲ့ ကြံလို့ ကိလေသာ ထကြွသောင်းကျန်းလာရင် ဝိပဿနာဆေး မြန်မြန်ကိုင်ကြရမယ်၊ ရိပ်မိကြပလား?၊ ဒါမှမဟုတ်ရင် ကိလေသာ အနှိပ်အစက်ကို ခေါင်းငုံ့ခံနေကြရမှာပဲ၊ မရှုချင်ရင် ခံချင်တဲ့သူမို့ပဲလို့သာ မှတ်လိုက်ကြ၊ ရှင်းပလား?။

ပညာနဲ့ ကိလေသာက လွတ်လာကြတာပဲ

ဒါနဲ့ သုသိမဆက်ရဦးမယ်၊ သုသိမ ရဟန္တာများထံသွားပြီး လျှောက်မေးတယ်၊ “ဝုသိတံ ဗြဟ္မစရိယံ၊ ကတံ ကရဏီယံ၊ နာပရံ ဣတ္ထတ္ထာယာတိ ပဇာနာတိ၊ ဆိုတာ ဘယ်လိုအဓိပ္ပာယ်ပါလဲ?” ဒီတော့ ရဟန္တာများက “ကိလေသာ ကုန်ပြီး ရဟန္တာဖြစ်ပြီလို့ ပြောတာပဲ”လို့ ဖြေလိုက်တယ်၊ ဒီတော့ သုသိမက ထပ်မေးပြန်တယ် “ရဟန္တာဖြစ်တယ်ဆိုရင် မြေလျှိုး မိုးပျံနိုင်သလား, သူ့စိတ်အကြံသိရဲ့လား” စသည်အားဖြင့်… မေးပြန်တော့ ရဟန္တာများက “ပညာ ဝိမုတ္တာ ခေါ မယံ အာဝုသော၊ သုသိမ တို့ဟာ… ပညာနဲ့ ကိလေသာက လွတ်လာကြတာပဲ”လို့ ကျဉ်းကျဉ်းပဲ ဖြေလိုက်ကြ တယ်။

တို့ဒကာ, ဒကာမတွေ မှတ်ထားဖို့က “သမထမပါဘဲ ပညာနဲ့ ရဟန္တာဖြစ်လာကြတာပဲ”လို့ မှတ်ကြ၊ သမထ, သမာဓိ သီးသန့် လုပ်မနေဘဲနဲ့ ဝိပဿနာ သမာဓိနဲ့ မဂ်ရခဲ့တာပဲ၊ ရှင်းပလား?၊ ရှေ့က ဖြစ်ပျက်ဆိုရင် နောက်က ဝိပဿနာမဂ် လိုက်ပေးရတယ်၊ ခန္ဓာမှာ ထင်ရှားတာတစ်ခုကို ရှုရမယ်၊ ကြိုက်ရာတစ်ခုကိုသာရှု၊ ကြိုက်ရာရှုဆိုတော့ ဝေဒနာပေါ်ရင် ဝေဒနာရှု ဖြစ်ပျက်ကိုမြင်အောင်ရှုရမယ်၊ ဒီနေရာမှာဖြစ်ပြီး, ဒီနေရာမှာ ပျက်သွားတာ မြင်အောင် ကြည့်ပေးကြ၊ ကြည့်တော့ ပျက်သွားတာမြင်ရင် နောက်က မဂ်လာတာပဲ၊ နောက်က မဂ်လာတော့ နောက် တဏှာမလာ ဘူး၊ ရှင်းပလား?။

ဝေဒနာက ဖြစ်ပျက်၊ ရှုတာက မဂ်

ဝေဒနာက ဖြစ်ပျက်၊ ရှုတာက မဂ်၊ မဂ်က ဝင်ဖြတ်ပြီးသတ်နိုင်တော့ တဏှာသေတယ်၊ တဏှာနောက်က မလာတော့ဘူး၊ ရိပ်မိပလား?၊ ဒါ, ဒကာတို့အတွက် သင်ပေးနေတာ၊ ရှုတဲ့အခါ ရှုတတ်အောင်လို့ ရှင်းပလား?၊ ဒီ- ထောက်ခံချက် ဝတ္ထုသက်သေအရ လေးလေးစားစားနဲ့ မှတ်ယူကြ၊ အချိန်သိပ်မရတော့ဘူး၊ အရှည်မလိုက်ကြနဲ့၊ အတိုနဲ့ပဲ မရ အရ လုပ်ကြရမယ်၊ သဘောပါပလား?၊ ဒကာ, ဒကာမတွေ သံသရာတစ်လျှောက်လုံးမှာ မြေလျှိုးခဲ့ရ၊ မိုးပျံခဲ့ရ တာ ကြာပြီ၊ ဒါ-မလုံလောက်လို့ ငရဲသွား၊ ကောင်းကင်ပျံ ဒါ မဆန်းတော့ဘူး၊ ငှက်ဖြစ်တုံးကတောင် ပျံခဲ့ကြရတာပဲ။

ဒကာ, ဒကာမတွေ ဒီလိုနည်းရတဲ့အတိုင်း ဝေဒနာဖြစ်ပျက် ဝေဒနာနိရောဓော နိဗ္ဗာနံပဲ၊ နောက်က တဏှာ မလာလို့ တဏှာနိရောဓောနိဗ္ဗာနံပဲ၊ ကျေနပ်ပလား?၊ အဲဒါဖြစ်ပျက်ရှုလို့ ပညာနဲ့ ကိလေသာ လွတ်ငြိမ်းသွားတာပဲလို့ မှတ်ကြ၊ ကိလေသာ ဘာ့ကြောင့် လွတ်သလဲ? ကိလေသာကို ရှုတဲ့ဉာဏ်-မဂ်ဉာဏ်က ဖြတ်ချလိုက်လို့ပဲ၊ ဒီလို မဂ်ဉာဏ်က အဆင့်ဆင့်ဖြတ်ချလိုက်တာ ဒီလို အဆင့်ဆင့်ဖြတ်ပြီးတော့ လေးမဂ်စလုံးကို ရတဲ့အခါ “ခီဏာဇာတိ၊ ဇာတိပဋိသန္ဓေကုန် ပြီ”လို့ မှတ်ကြ။

သုဒ္ဓဝိပဿနာနဲ့ နိဗ္ဗာန်ရတဲ့နည်း

ဒကာ, ဒကာမတွေ နားလည်ကြပလား?၊ ဒါ-သမထ မပါဘဲနဲ့ ရဟန္တာဖြစ်နိုင်တာလို့ မှတ်ကြ၊ သမထမပါဘဲ သုဒ္ဓဝိပဿနာနဲ့ နိဗ္ဗာန်ရတဲ့နည်းပဲ၊ ဒါ့ကြောင့်- ဒကာတို့တစ်တွေ သမထကို ဘာမှ အရေးစိုက်စရာ မလိုဘူးဆိုတာ ဆုံးဖြတ်ချက်ချကြ၊ ရိပ်မိရဲ့လား?၊ အဲဒီရဟန္တာတွေက “တို့ဟာ ပညာနဲ့ ကိလေသာက လွတ်လာကြတာ”တဲ့၊ ဒီစကား ကို မြဲမြဲစွဲစွဲမှတ်ထားကြ၊ ဒါဟာ ဒကာတို့အတွက် အားကိုးစရာအချက်ပဲ၊ ကျေနပ်ပလား?၊ ကိုယ့်အခြေကိုယ့်အနေနဲ့ လမ်းရှည်လိုက်နေရင် ချောက်ကျသွားနိုင်တယ်။

ဒါနဲ့ သုသိမက အကျယ်ဖြေဆိုဖို့အကြောင်းနဲ့ တောင်းပန်ပြန်တယ်၊ ရဟန္တာတွေက “မဖြေတတ်ဘူးတဲ့၊ တို့က- ပညာနဲ့ ကိလေသာက လွတ်လာတာပဲရှိတယ်”လို့ ထပ်ဖြေလိုက်တယ်၊ နောက် သုသိမဟာ မကျေနပ်တာနဲ့ ဘုရားထံ သွားပြီး အကြောင်းစုံအောင် လျှောက်ထားပြန်တယ်၊ “ရဟန်းတော်တွေပြောတာ ကျဉ်းလွန်းတယ်၊ တပည့်တော် နားမလည်ဘူး” တဲ့၊ ဒီတော့-ဘုရားရှင်က “ပုဗ္ဗေခေါ သုသိမ ဓမ္မဒိဋ္ဌိဉာဏံ၊ ပစ္ဆာ နိဗ္ဗာနေ ဉာဏံ” သုသိမ၊ သုသိမ။ ခေါ၊ စင်စစ်။ ပုဗ္ဗေ၊ ရှေး၌။ ဓမ္မဋ္ဌိတိ ဉာဏံ၊ ဝိပဿနာ ဉာဏ်သည်။ ဟောတိ၊ ဖြစ်၏။ ပစ္ဆာ၊ နောက်ကာလ၌။ နိဗ္ဗာနေဉာဏံ၊ နိဗ္ဗာန်မြင်သည့် မဂ်ဉာဏ်သည် ဟောတိဖြစ်၏။”

ဘုရားရှင်က “ရှေးဦးစွာ ဖြစ်ပျက် မြင်တဲ့ဉာဏ်၊ နောက်က နိဗ္ဗာန်မြင်တဲ့မဂ်ဉာဏ်ပဲ”လို့ ဖြေတော်မူလိုက်တယ်၊ ဒီတော့- သုသိမက “နားမလည်ပါဘုရား၊ အကျယ်ဖြေတော်မူပါ” လို့ လျှောက်ပြန်တော့ ဘုရားက- “မင်း, သဘောကျ လည်း ဒါပဲ၊ မကျလည်း ဒါပဲ” လို့ အမိန့်ရှိပြီး တရားဆက်လက် ဟောတော်မူတယ်လို့ မှတ်ကြ။ နောက်- ဘုရားရှင်က “ငါ… ဘုရားသာသနာတော်မှာ သမထကြောင့် မဂ်ဖိုလ်ရတယ်လို့ မရှိဘူး၊ သမထကြောင့် မဂ်ဖိုလ်အကျိုးရတယ်လို့ မဟောဘူး”လို့ ဆိုတဲ့အဓိပ္ပာယ်စကားကို ထပ်ပြီး မိန့်ကြားတော်မူလိုက်တယ်လို့ မှတ်ကြ။

ကိုင်း, နက်ဖြန်မှပဲ ဆက်ကြစို့၊ ယနေ့, နာရီစေ့သွားပြီ။

**********