ဉာဏ်မွဲခါလင့် အားထုတ်ကျင့် တရားတော်
ဆောင်ပုဒ်။
ရှေ့ဝိပဿနာ၊ နောက်မဂ္ဂါ၊ ကျင့်ငှာလုပ်ငန်းရပ်။
သမာဓိဘက်၊ ကြာမည်တွက်၊ နှစ်ချက်ကောင်းစွာမှတ်။
ဝိပဿနာ၊ မှန်လှစွာ၊ သာသနာတရားမြတ်။
သာသနာပ၊ သမထ၊ ကျင့်က, ရနိုင်တယ်။
မသေမီတွင်း၊ မြန်ဖြုတ်ခြဉ်း၊ နည်းကျဉ်းတိုလမ်းဖြတ်။
အသေစောက၊ မြုပ်မျောကြ၊ ဒုက္ခလွန်နီးကပ်။
ဒွါရခြောက်ဖြာ၊ သိလုံးလာ၊ ဖြစ်ကာပျက်စီးတတ်။
ဖြစ်ပျက်နောက်တွင်၊ မဂ်ဉာဏ်ဝင်၊ မြဲစဉ်ရှုကြည့်မှတ်။
မရှုမိကာ၊ ကိလေသာ၊ ခြားကာတောထပ်ထပ်။
ကိလိသ်ဝင်က၊ ဒီဘဝ၊ မဂ္ဂဝေးပြီမှတ်။
သတိချပ်။
အခါကောင်းတုံ၊ ကာမဂုဏ်၊ ချိန်ကုန်မေ့မောကြ။
မျက်စိမွဲတေ၊ နားထိုင်းချေ၊ ဉာဏ်ပေထုံထိုင်းအ။
ဇရာသူခိုး၊ ချိန်တိုင်းခိုး၊ ကောင်းမျိုးကုန်ပျောက်ရှ။
ကံမွဲ, ဉာဏ်မွဲ၊ ကောင်းကျိုးနည်း၊ အားခဲကြိုးစားမှ။
နဲနက်သစ္စာ၊ ထွင်းနိုင်ရာ၊ မချာကျင့်ထုတ်ကြ။
မကျင့်နေထုံ၊ ပါယ်လေးဘုံ၊ မှောက်ခုံကျွမ်းထိုးကျ။
တရားသား။ ။
လာရာလည်း မသိကြ၊ သွားရာလည်း မသိကြ
ဒကာ, ဒကာမတွေ ရှေးကလာခဲ့ကြတာ လာရာလည်း မသိကြ၊ သွားရာလည်း မသိကြဘူး၊ အခုတော့ နောက်နားက ပြောခဲ့လို့ သိကြရပြီ၊ ဉာဏ်နဲ့သိရရင် လာလမ်းကို နောက်ထပ် မပြန်ချင်တော့ဘူး၊ သွားလမ်းကို အရောက်သွားတော့မယ်၊ ရှင်းပလား?၊ ဒီလိုဆိုရင် ဒကာတို့တစ်တွေ ဒီဘဝမှာ ဉာဏ်မျက်စိနှစ်ကွင်း အလင်းရတာပဲလို့ မှတ်ကြ၊ ကိုယ်လာရာ ဇာတိဒုက္ခကို ပြန်ကြည့်၊ နေချင်စရာမရှိဘူး၊ နိဗ္ဗာန်ကို ကိုယ်တိုင်မြင်အောင် ဆက်ပြီး မဂ်ဉာဏ်ရအောင် ကြိုးစားလို့လည်း သွားရာကိုသိ၊ သိတော့ အမြန်ရောက်ချင်တော့တာပဲ ရှင်းပလား? ဒါကြောင့်… ဘုရားရဟန္တာများ ပြုံးပြီး ပရိနိဗ္ဗာန်ပြုကြတယ်၊ သဘောပါကြပလား။
ဒကာ-ဒကာမတို့ ဒီကနေ့လည်း ဒီတရားပဲ ဆက်ဟောရမယ်၊ အထူးတလည် သတိတစ်ချက်ပြုကြဖို့ ပေးလိုက် မယ်၊ ဘာလဲလို့ဆိုတော့ သူခိုးကို သတိပြုကြဖို့ပဲ၊ သူခိုးကိုဖြင့် သတိကြပ်ကြပ်ပြုရမယ်လို့ သတိပေးလိုက်တယ်၊ သူခိုးက ခန္ဓာထဲမှာ ခိုးတဲ့ ဇရာသူခိုးပဲလို့ မှတ်ကြ၊ ဒကာတို့တစ်တွေ မျက်လုံးကောင်းတွေကို မွဲအောင် ခိုးယူတယ်၊ နားတွေ ထိုင်းအောင် သွားကောင်တွေ သွားကျိုးဖြစ်အောင် ခိုးတယ်၊ ဉာဏ်ကောင်းကို ဉာဏ်မွဲဖြစ်အောင်၊ ဆံတွေဖြူအောင်၊ ပါးရေ, နားရေတွေ တွန့်အောင် ခိုးယူနေတာ ဇရာသူခိုးပဲလို့ မှတ်ကြ၊ ရိပ်မိကြပလား?။
ကံမွဲ, ဉာဏ်မွဲကလေးနဲ့ မရအရ ယူနေကြရတာပဲ
ဒကာတို့တစ်တွေ ခန္ဓာမှာ သူခိုးဝင်တာ မသိကြဘူး၊ ဇိရဏတေဇောဆိုတာ ဇရာသူခိုးပဲ၊ ခန္ဓာမှာ ဒီဇရာသူခိုးက အချိန်တိုင်း နာရီ မိနစ် စက္ကန့်မလပ်အောင် ခိုးနေတာပဲ၊ ဒကာတို့က ဒါကို မသိတော့ ဘာလုပ်မယ် ညာလုပ်မယ်နဲ့ ကြံလုံးစည်လုံးတွေ ထုတ်လိုက်ကြတာ၊ ကိုယ့်ခန္ဓာမှာ သူခိုးဝင်ခိုးလို့ အရင်းရှုံးနေတာတော့ မသိကြဘူး၊ လုံးဝမရိပ်မိ ကြဘူး၊ ပင်ကိုယ်ဉာဏ် တုံးသွားအောင်လည်း ခိုးတာပဲ၊ သဘောပါကြပလား?၊ ဒီတော့, တို့ဒကာ-ဒကာမတွေ အခုနေ အခါမှာ ကျန်တဲ့ ကံမွဲ, ဉာဏ်မွဲကလေးနဲ့ မရအရ ယူနေကြရတာပဲလို့ ဆိုရင် မမှားဘူး၊ ရိပ်မိကြရဲ့လား?၊ ဒကာတို့မှာ အရင်ကရှိတဲ့ ကံကောင်း-ဉာဏ်ကောင်းတွေ ဇရာက ခိုးသွားပြီ၊ သိကြရဲ့လား?။
အခု, ဒကာတို့တစ်တွေမှာ ကံကောင်း-ဉာဏ်ကောင်းရှိသမျှ ဇရာသူခိုး ခိုးသွားလို့၊ ကံ, ဉာဏ်, အမွဲပဲ ကျန်တော့ တယ်၊ ဒီလိုအခါနဲ့ နက်နက်နဲနဲ ထိုးထွင်းရမဲ့တရားနဲ့ တွေ့နေရတယ်၊ ရိပ်မိကြရဲ့လား?၊ ပေးထားတဲ့တရားက မြင့်မိုရ် တောင်အောက်က ကျောက်ထုကြီးလိုပဲ သိပ်ပြီး နက်နဲနေတယ်၊ နက်နက်နဲနဲ ခက်ခဲမြင့်မားနေတဲ့ တရားပဲလို့ မှတ်ကြ၊ ဒကာ-ဒကာမတွေ ဉာဏ်မြင်နဲ့ နှိုင်းစာရင် မြင့်မိုရ်တောင်ကြီးလိုပဲလို့သာ မှတ်ကြတော့၊ ရိပ်မိပလား?၊ ဒီအချိန်မှာ ကံမွဲ-ဉာဏ်မွဲပဲ ကျန်တော့တယ်၊ ကံကောင်း-ဉာဏ်ကောင်းတွေရှိတုန်းက ကာမဂုဏ် အာရုံတွေနဲ့ ဖြုန်းခဲ့ကြရတယ်၊ ငါတို့မှာ အကောင်းကုန်ပြီလို့ မှတ်ကြ၊ ရိပ်မိရဲ့လား?။
ကံကောင်းဉာဏ်ကောင်းရှိကြတုန်းက
ဒကာ-ဒကာမတွေ အချိန်အရွယ်ကောင်းတုန်း ကံကောင်းဉာဏ်ကောင်းရှိကြတုန်းက ငါးပါးအာရုံ ကာမဂုဏ် အချိန်တွေနဲ့ပဲ၊ ပြုန်းတီးခဲ့ကြပြီ၊ ဒကာတို့ အခု လက်ရှိအနေမှာ ကြည့်ရင် ကုန်တာက လက်တွေ့၊ ခိုးတာကိုတော့ မသိလိုက်ကြဘူး၊ မျက်စိတွေမွဲ, ခါးတွေကိုင်း, နားတွေထိုင်း ဖြစ်လာရတယ်၊ ဘယ်အစာလေးဖြင့်လည်း လျှာက စား မကောင်းတော့ဘူး၊ သတိတွေကလည်း မေ့လျှော့ပြီး မကောင်းတာချည့် ဖြစ်လာတော့တယ်၊ ကံမွဲသလို-ဉာဏ်လည်း မွဲပြီး ထက်ထက်မြက်မြက် မရှိကြတော့ဘူး၊ ရိပ်မိကြရဲ့လား?၊ အခုနေ ဒကာတို့တစ်တွေက ကံမွဲ,ဉာဏ်မွဲဆိုတော့ အတော်ခဲယဉ်းသွားပြီ၊ တရားက သစ္စာတရားမို့ နက်နက်နဲနဲတော့ တော်တော်နဲ့ မရနိုင်ကြတော့ဘူး၊ ချို့ယွင်းကုန်ကြပြီ၊ ဒီတော့- ရက်ရှည်မှတ်ပြီး ယူမှသာ ရကြမယ်လို့ မှတ်ကြ၊ သဘောပါပလား?။
ဒကာ, ဒကာမတွေ ကံမွဲ, ဉာဏ်မွဲနဲ့ဆိုတော့ တစ်ရက်နှစ်ရက်နဲ့ ယူလို့ နာလို့ရှိရင် မရဘူးတဲ့၊ ရှင်းပလား?၊ ဒါကြောင့်, ဖြည်းဖြည်းဆေးဆေးနဲ့ ရက်ရှည်ဆွဲပြီး လေးလေးစားစား နာယူကြဖို့ တိုက်တွန်းလိုက်တယ်၊ နက်နဲ-ခက်ခဲတဲ့ သစ္စာတရားဆိုတော့ ခဲယဉ်းတာပေါ့၊ ဒကာတို့တစ်တွေ နားမလည်နိုင်ရင် ကိုယ်က ကံမွဲ ဉာဏ်မွဲနဲ့ လာယူနေလို့၊ ဒါမှမဟုတ်လည်း တရားက နက်နဲလို့ပဲလို့ အောင်းမေ့ကြ၊ ရိပ်မိပလား?၊ ဒါကြောင့်မို့ တရားနာတဲ့အခါ ပေါ့ပေါ့တန်တန် မနာကြနဲ့၊ လေးလေးစားစား နာယူကြလို့ ပြောလိုက်တယ်။
ဒကာ, ဒကာမတွေကို သနားငဲ့ညှာလို့ ခန္ဓာအရှိကို ကြည့်ပြီး ကျကျနန မြင်အောင်, သိအောင် ဟောပြနေ တာပါ၊ နားလည်ကြရဲ့လား?၊ ဒီတော့ တစ်ရက်ထဲ နှစ်ရက်ထဲနဲ့ မနာကြနဲ့၊ ရက်ဆက် ကြိုးစားလာပြီး နာယူကြဖို့လို တယ်၊ ဘာ့ကြောင့်လဲ… ဆိုတော့ နက်နဲတဲ့ သစ္စာတရားမို့ပဲလို့ မှတ်လိုက်ကြ၊ ရှင်းပလား?၊ ဒကာတို့တစ်တွေ ကံကောင်း, ဉာဏ်ကောင်းရှိတဲ့ အစိတ်ရွယ်, နှစ်ဆယ်ရွယ်တွေတုန်းက ငါးပါးအာရုံ ကာမဂုဏ်ကိစ္စတွေမှာ သုံးထားခဲ့ ကြပြီကိုး၊ ဒါကြောင့်, ကံမွဲ, ဉာဏ်မွဲကလေးနဲ့ နည်းနည်းနဲ့ရအောင် ကြိုးစားယူကြရမယ်။
ကလေးပါးစပ် နဲ့ ထမင်းလုတ်ကြီးကြီး
တစ်ခါတည်းနဲ့ များများပေးချင်ပေမဲ့ ဒကာတို့ ကံတုံး, ဉာဏ်တုံးနဲ့ ပေးလို့ မဖြစ်ဘူး၊ ဥပမာဆိုရင် ကလေးပါးစပ် နဲ့ ထမင်းလုတ်ကြီးကြီး ခွံ့သလို ဖြစ်နေမှာစိုးလို့ပဲလို့ မှတ်ကြ၊ သဘောပါပလား?၊ ကလေးပါးစပ်က ငယ်ငယ် ထမင်း လုတ်က ကြီးကြီးဆိုရင် အဆင်မပြေနိုင်ဘူး၊ ဒုက္ခရောက်ဖို့ပဲရှိတယ်၊ ဒီသဘောအတိုင်း ဒကာတို့ဉာဏ်က မွဲနေတော့ နည်းနည်းနဲ့ပဲ အဆင်ပြေမှာမို့ နည်းနည်းနဲ့ရှင်းအောင်, နားလည်အောင် ပြနေတာပဲ၊ ဒါတောင် အိမ်ကျရင် ဟိုလူ့ လက်တို့- ဒီလူ့လက်တို့နဲ့ မေးမြန်းနေရဦးမလား မပြောတတ်ဘူး။
ဒကာတို့တစ်တွေအရင်က ကံကောင်း, ဉာဏ်ကောင်းတွေ အလွဲသုံးစားလုပ်ခဲ့ကြပြီ၊ အခုနေမှာ နက်နဲတဲ့ တရားနဲ့ ကံမွဲ, ဉာဏ်မွဲနဲ့မှပဲ တွေ့ကြုံနေရတယ်၊ ရှေးက ငါးပါးအာရုံ ကာမဂုဏ်တွေမှာ သုံးပစ်ခဲ့ကြလို့ ကုန်ခဲ့ပြီ၊ အဲဒါ ကောင်းတာဟူသရွေ့ ကုန်ခဲ့တာပဲ၊ ရိပ်မိရဲ့လား?၊ အခုလို အခါကောင်းမှာ ကံမွဲ, ဉာဏ်မွဲနဲ့မှ ရောက်လာကြရတာ၊ ဒါကြောင့်, နည်းနည်းကလေးပဲ ပေးရတာလို့ မှတ်ကြ၊ ဒါတောင် ပျောက်ပျောက် သွားသေးတယ် ဆိုတော့ မခက်ပါလား?၊ မပျောက်အောင် ဂရုစိုက်ကြ။
ဒကာ-ဒကာမတွေ ဒါဟာ ဘယ်သူ့အပြစ်လဲ?၊ ရိပ်မိကြရဲ့လား?၊ ဇရာသူခိုးက ခိုးနေရတဲ့အထဲမှာ ဒကာတို့က အလွဲသုံးစား လုပ်တဲ့အချိန်က လုပ်ပစ်နဲ့ဆိုတော့ ကျန်ပါဦးမလား၊ ဘယ်ကျန်တော့မလဲ၊ ဒီကြားထဲက အချိန်ရွှေ့ချင်သေး တယ်၊ အချိန်ရွှေ့တော့ အချိန်က လွန်ရော၊ ဒကာတို့ ကိုယ့်ဟာကိုယ် ရွှေ့နေကြတာ၊ လာသေးတယ် ပထမအရွယ်မှာ- ပညာ၊ ဒုတိယအရွယ်မှာ ဥစ္စာ၊ တတိယအရွယ်မှာ-ဘာဝနာတဲ့၊ ဘယ်သူက ထွင်လိုက်တဲ့ အမှားလည်းမသိပါဘူး၊ အချိန်ရွှေ့ပစ်နေတာ၊ တတိယအရွယ်မှာမှ ဘာဝနာတဲ့၊ ကံမွဲ, ဉာဏ်မွဲကျမှ ဘာဝနာဆိုရင်သွားပြီ၊ ရာဘာတုံး လက်သီးနဲ့ ထိုးသလို နေမှာပဲလို့သာ မှတ်လိုက်ကြ။
တိုတိုပဲလိုက်ကြ
ဒကာ, ဒကာမတို့ အရှည်မလိုက်နဲ့၊ တိုတိုပဲလိုက်ကြလို့ ပြောလိုက်ပါတယ် အချိန်က မရတော့ဘူး၊ ရိပ်မိကြရဲ့ လား?၊ ပါးစပ်နဲ့ ထမင်းလုတ်နဲ့ တန်ရုံ မြန်မြန်ဖြစ်ဖို့ နည်းနည်းလုပ်ပေးရမယ်၊ ဒကာတို့ခန္ဓာမှာ ဇရာသူခိုးက အချိန် တိုင်းခိုးနေတာ၊ အိပ်နေတော့လည်း ဇရာကခိုး၊ မနက်လင်းလာတော့ သားရေး, သမီးရေး, စီးပွားရေးတွေနဲ့ အလွဲသုံးစား လုပ်ပစ်ကြ၊ ဒါလောက်အခိုးခံရရင် မွဲမှမွဲပါ့မလား?၊ ဒကာတို့မှာ မွဲမမွဲ စဉ်းစားကြ၊ အကောင်း ဟူသမျှ အားလုံးနဲ့ နေပြီး ရိပ်မိကြရဲ့လား?၊ အဲ… မွဲနေတဲ့အချိန်ကျမှ ရောက်လာတော့ သုံးလို့ကို မရတော့ဘူး၊ သဘောပါပလား?။
ဒီတော့ ဒကာတို့အတွက် အချိန်က အလွန်နည်းနေတော့ တိုတိုနဲ့ရဖို့ ပြောရမယ်၊ ရှည်နေရင် မဖြစ်ဘူး၊ အမွဲနဲ့လာရတာ အသေက စောသွားရင်ခက်မယ်၊ အသေက မဦးခင် အရင်ဦးအောင်လုပ်နိုင်မှ ဖြစ်တော့မယ်၊ ဒါကြောင့် နိဗ္ဗာန်ရောက်ချင်ရင် ကြိုးစားပြီး မှတ်သားနာယူကြ၊ ဒကာ-ဒကာမတွေ ဒုက္ခခပ်သိမ်း ငြိမ်းတဲ့ နိဗ္ဗာန်ရချင်ရင် “ရှေ့ပိုင်းက ဝိပဿနာမဂ်၊ နောက်ပိုင်းက လောကုတ္တရာမဂ်၊ ဒါကိုလုပ်ရမယ်လို့ မှတ်ကြ၊ ရှင်းပလား?၊ သမထမလုပ်နဲ့တော့၊ သမထလုပ်ရင် အချိန်ကြာနေမယ်၊ ဒီလိုမှ မလုပ်ရင် ဇရာခိုးတာနဲ့ အသေစောတာနဲ့ပဲ ကိစ္စတုံးရတော့မယ်၊ ရိပ်မိကြ ပလား?။
ရှေ့က ဝိပဿနာမဂ်၊ နောက်က လောကုတ္တရာမဂ်
ဒီအတိုင်းသွားရရင် သာသနာပနဲ့ပဲ သေသွားရမယ် သာသနာကြုံတယ်ဆိုပေမဲ့ သာသနာတွင်း တရားမရတော့ သာသနာပလို့ပဲ ဆိုရတယ်၊ သဘောပါကြပလား?၊ သမထသမာဓိဆိုရင် ကြာမယ်၊ ဒါက သာသနာပတရား၊ သာသနာ တွင်းတရား မဟုတ်ဘူး၊ ဒါကြောင့် ဒီသမထသမာဓိမလုပ်နဲ့တော့၊ အသေစောရင် အမျောကြီးမျောရလိမ့်မယ်၊ နားလည် ကြပလား?၊ ဒီအလုပ်မှာ သမာဓိက ဝိပဿနာသမာဓိနဲ့ သွားရမယ်၊ ရှင်းပလား?၊ ကိုင်း, ဒကာ-ဒကာမတွေကို အလုပ်ပြမယ်၊ အလုပ်က ရှေ့က ဝိပဿနာမဂ်၊ နောက်က လောကုတ္တရာမဂ်လို့ မှတ်ကြ။
တိုတိုနဲ့ အမိဖမ်းဖို့လုပ်ကြ၊ မှတ်မိကြပလား?၊ ရှေ့ပိုင်းက လောကီဝိပဿနာမဂ်၊ နောက်ပိုင်းက လောကုတ္တရာ မဂ်၊ ဒါကို မိအောင် လုပ်ရမယ်၊ ကံမွဲ, ဉာဏ်မွဲသမားတွေ ကောင်းကောင်းမှတ်သွားကြ၊ ဒီနှစ်ခုထဲနဲ့ သွားကြရမယ်၊ များနေရင် ဆေးချက်မီမှာ မဟုတ်ဘူး၊ ဆေးချက်မီအောင် မနည်းလုပ်နေရတာ၊ ဒါမှမလုပ်ချင်ရင် ကျွမ်းထိုးမှောက်ခုံ သွားရမယ်ဆိုတာ မှတ်ထားကြ၊ အပါယ်လေးပါးကို ကျွမ်းထိုးမှောက်ခုံသွားဖို့သာ ပြင်ထားတော့လို့ မလုပ်ချင်တဲ့သူ အတွက် ပြောလိုက်ပါတယ်၊ ဒကာ-ဒကာမတွေ ကျေနပ်ပလား?။
ဒကာ, ဒကာမတွေ မိမိခန္ဓာဆိုတဲ့ မိမိသန္တာန်မှာ ခန္ဓာငါးပါးရှိတယ်လို့ မှတ်ကြ၊ ခန္ဓာက ငါးပါးရှိပေမဲ့ ခန္ဓာ ငါးပါးနဲ့ ဟောလို့ မဖြစ်သေးဘူး၊ အခုပေါ်တဲ့ဖြစ်စဉ်ကို ကြည့်ရမယ်၊ အခုမှပေါ်လာတဲ့ဖြစ်စဉ် အခုပေါ်တဲ့ ခန္ဓာတစ်ခု ထဲကို ကြည့်ရမယ်လို့မှတ်ကြ၊ ဒီခန္ဓာငါးပါးလုံး အကုန်ကြည့်ဖို့ မလိုဘူး၊ အခုမှ ဖြစ်ပေါ်လာတဲ့ အခုဖြစ်စဉ်ကိုသာ မြင်အောင်ကြည့်ကြ၊ ရိပ်မိပလား?၊ ဥပမာ ဒီက အစိမ်းရောင်ရူပါရုံမြင်ပြီ၊ အဲဒါ လှည့်လို့ မြင်တာပဲ၊ မြင်တာနဲ့ မြင် ပြီးသိတယ်၊ ဒီသိလုံးကလေးဟာ ဒီနေရာမှာ ပေါ်တဲ့စိတ်၊ သဘောပါပလား?၊ ဒီ, သိစိတ်ကလေးဟာ ဒီမှာပေါ်တဲ့ မျက်လုံးစိတ် မနောစိတ်ကလေးပဲ။
သိတာကို မိအောင်ဖမ်းရမယ်
ဒီတော့ မိမိသန္တာန်မှာ မြင်တယ်, သိတယ်, နှစ်ချက်ဖြစ်တယ်၊ ဒီနှစ်ခုဟာ ခုမှပေါ်လာတာပဲ၊ ဒါကိုရှုရမှာပဲ၊ ဒကာ, ဒကာမတွေ နားလည်ကြပလား? အခု မိမိသန္တာန်မှာ ပေါ်ဆဲကိုသာရှုရမယ် အိမ်ကယူလာတာ မရှုရဘူးလို့ မှတ်ကြ၊ ရှင်းပလား?၊ အဲ, ရှုတဲ့အခါ မြင်တာမိရင်မိ၊ မမိရင် သိတာကို မိအောင်ဖမ်းရမယ်၊ ဒုတိယစိတ်နဲ့ အကဲခတ် ရမယ်၊ မြင်တာက, မျက်လုံးက၊ သိတာက, ဟဒယဝတ္ထုက၊ သဘောပါပလား?၊ မြင်တယ်, အစိမ်းကလေးလို့သိတယ်၊ သိပြီးပျောက်တာပဲ၊ ဒီတော့ ဉာဏ်က သိလုံးပျက်သွားတာကို သိရမယ်လို့ မှတ်ကြ၊ ရှင်းပြီနော်။
သိလုံးကလေး ပျက်သွားတာကို နောက်ဉာဏ်က ပြောတယ်၊ သိလုံးက ဖြစ်ပျက်၊ ဒုတိယပျက်တာ သိတာက မဂ်၊ ရှင်းပလား?၊ ဒီနည်းအတိုင်း အပျက်နဲ့ မဂ်ကြားမှာ ကိလေသာမခြားအောင် ကြည့်ရမယ်၊ အပျက်နောက်က မဂ်မလာရင် ကိလေသာလာမှာပဲ၊ အပျက်မတွေ့ရင် ကိလေသာခြားပြီလို့သာမှတ်၊ သဘောပါပလား?၊ ဒကာ, ဒကာမ တွေ ရှုတတ်ကြပလား?၊ ရှုတတ်အောင် ရှုကြ၊ ရှုတဲ့အခါ အပျက်နဲ့ မဂ်ကြားမှာ ကိလေသာမခြားစေနဲ့လို့ အထူးသတိပေး လိုက်တယ်။
အပျက်နဲ့မဂ် ကိုက်ပေစေ၊ ကိလေသာကြားမခိုစေနဲ့
မရှုဖြစ်ရင်လည်း ကိလေသာ ကြားခိုမှာပဲ၊ မမြင်ဘူးဆိုရင်လည်း ခိုတာပဲ၊ ဒါကြောင့် ရှုဖြစ်အောင် ရှုကြရမယ်၊ မရှုလို့ မဖြစ်တော့ဘူး၊ ရိပ်မိပလား?၊ ရှုတော့ ခန္ဓာက ပြမှာပဲ၊ သူများပြောလား ကိုယ်တိုင်တွေ့လား? မေးစရာ မလို ဘူး၊ ဒကာတို့ဉာဏ်နဲ့ ကိုယ်တိုင်တွေ့ရမှာ အပျက်ကတော့ ရှိနေတာပဲ၊ သတိမထားမိလို့သာ မသိတာ၊ သတိထားရင် တွေ့ရမယ် မတွေ့ဘူးဆိုရင် မတွေ့တာ အဝိဇ္ဇာပဲ၊ မတွေ့ရင် အဝိဇ္ဇာ ကိလေသာကြားခိုလို့ မတွေ့တာပဲလို့ မှတ်လိုက်ကြ၊ မတွေ့ရင် အဝိဇ္ဇာဇော စောပီလို့သာ မှတ်လိုက်ကြ၊ နားလည်ကြပလား?။
မတွေ့ရင် မတွေ့တာဟာ ဒွိဟိတ်များဖြစ်နေလို့လား? ဆိုပြီး မတွေးနဲ့၊ သံသယဖြစ်မနေနဲ့၊ ကိလေသာကြားခို လို့ပဲလို့သာ မှတ်တော့၊ ရှင်းကြပလား?၊ ကိလေသာက နယ်အလွန်ကျယ်တယ်၊ သာမညများ မအောင်းမေ့နဲ့၊ ကိလေသာ ဂရုစိုက်ရမယ်၊ ဘုရားက ကိလေသာကြားခိုရင် ဒီဘဝမှာ ဘယ်တော့မှ မဂ်မရနိုင်ဘူးလို့ ဟောတော်မူတယ်၊ ကျေနပ် ပလား?၊ ဒကာတို့တစ်တွေ နဂိုကမှ ကံမွဲ, ဉာဏ်မွဲ ကိလေသာကြားခိုရင် သေမှသာ ကိုက်တယ် ဆိုရမှာပဲ၊ မဂ်တော့ မရပါဘူး၊ သဘောပါရဲ့လား?၊ အပျက်နဲ့ မဂ် မကိုက်ဘူးဆိုရင် ကြားထဲ ကိလေသာခိုလို့ပဲ ဆိုတာမှတ်ကြ၊ ကိလေသာ ကြားခိုရင် ဒီဘဝ ကုသိုလ်ရရုံပဲရှိတယ် မဂ်တော့ မရနိုင်တော့ဘူး၊ ရှင်းပလား?။
ဒါကြောင့်-အပျက်နဲ့မဂ် ကိုက်ပေစေ၊ ကိလေသာကြားမခိုစေနဲ့၊ ကြားမခိုရင် တစ်ဆင့်ထက် တစ်ဆင့် ဝိပဿနာ ဉာဏ် ရင့်လာမယ်၊ ရင့်လာပြီးရင် ကြားမခိုရင် မဂ္ဂင်ရှစ်ပါး ပြည့်သွားမယ်လို့ မှတ်ကြ၊ မဂ္ဂင်ရှစ်ပါး ပြည့်သွားတာ ကိလေသာ ကြားမခိုလို့ဘဲဆိုတာ မှတ်ကြ၊ သဘောပါပလား?၊ ဒီအဓိပ္ပာယ်ဟာ နိဒါနဝဂ္ဂသံယုတ်ပါဠိတော်မှာ လာတဲ့ အဓိပ္ပာယ်လို့ မှတ်ကြ၊ အဲဒီမှာလာတဲ့ အဓိပ္ပာယ်ကို ဝတ္ထု, သက်သေ သာဓကနဲ့ ထုတ်ပြောရမယ်၊ ကျေနပ်ပလား?။
သုသိမ-ပရဗိုဇ်ဝတ္ထု။ ။
”မြတ်စွာဘုရားသခင် ရာဇဂြိုဟ်ပြည်မှာ သီတင်းသုံးနေတော်မူဆဲအခါမှာ ဖြစ်တယ်၊ အဲဒီ အခါမှာ မြတ်စွာဘုရားရှင်ရဲ့ ဘုန်းတော် တန်ခိုးတော်ကလည်း… အလွန်တက်ကြွပြီး၊ သာသနာတော်ဟာ ကြီးပွားထွန်းကားပြီး တန်ခိုးထနေတဲ့ အခါဖြစ်တယ်၊ ဘုရားသာသနာတော်မှာ ကြည်ညိုသူတွေ, သက်ဝင်သူတွေကလည်း အလွန်များ၊ လာဘ်သပ္ပကာတွေကလည်း အလွန်များပြားလေတော့ အရင်က ဘုရားလုပ်နေတဲ့ တိတ္ထိတွေမှာ အလွန်ပဲ ခေါင်းပါးသွားတော့တယ်၊ အဲဒီအချိန်မှာ တိတ္ထိဂိုဏ်းတွေဟာ အားလုံး အနေကြပ်-အထိုင်ကြပ် ဖြစ်ကုန်တော့တယ်။
ဒါနဲ့ ငါတို့ အနေအထိုင် ချောင်အောင် ကြံကြဦးမှာပဲလို့ အချင်းချင်း စည်းဝေးတိုင်ပင်ကြတယ်-တဲ့၊ ဒီအခါ မှာ ဂေါတမဘုရားရဲ့ ဟောနည်း ပြောနည်း ကျင့်ကြံနည်းကအစ သူတို့ရဲ့ နည်းပရိယာယ်တွေကို ရအောင်ယူပြီး နေ ထိုင်မှဖြစ်မယ်လို့ အကြံရပြီးတဲ့နောက်၊ သူတို့ထဲက ဉာဏ်ထက်တဲ့ သုသိမပရဗိုဇ်ကို လွှတ်မယ်ဆိုပြီး ဆုံးဖြတ်လိုက်ကြတယ် တဲ့၊ သုသိမကို လွှတ်မှာက ဂေါတမ ဘုရားသာသနာမှာ ဝင်ပြီး နည်းပရိယာယ်ယူဖို့ တရားခိုးဖို့ပဲလို့ မှတ်ကြ။
ဂေါတမ ဘုရားသာသနာမှာ နေထိုင်ပုံ, ကျင့်ကြံပုံ, ပြောပုံ ဟောပုံက အစ၊ ဘယ်လိုနေတယ်- ဘယ်လိုထိုင် တယ်- ဘယ်လိုကျင့်ကြံတယ်၊ ဒကာ-ဒကာမတွေကို ဘယ်လို ဟောပြောတယ်၊ ဆိုဆုံးမတယ် စသည်အားဖြင့် ဒီသာသနာ တော်မှာ လုပ်ငန်းရပ်အားလုံးကို နည်းခိုးယူဖို့ပဲ၊ သူတို့စိတ်ထဲမှာက ဘုရားရှင်မှာ နည်းပရိယာယ်တွေ ရှိတယ်၊ ဒီနည်း ပရိယာယ်တွေကို သင်ယူူပြီး ဝါဒဖြန့်ရရင် သူတို့လိုပဲ တန်ခိုးကြီး လာဘ်ပေါများမယ်လို့ ယူဆပြီး တရားခိုးဖို့ လွှတ်လိုက် တာပဲ။
တရားခိုးဖို့ ရောက်လာတယ်
ဒါနဲ့ တိတ္ထိဂိုဏ်းဝင်တွေက သုသိမပရဗိုဇ်ကို ဘုရားထံမှာ သွားရောက်ခိုဝင်ပြီး တရားနည်းခိုးရန် ပြောဆို သင်ပြမှာထားပြီး လွှတ်လိုက်ကြတယ်၊ သုသိမကလည်း ကတိခံခဲ့ပြီး တရားခိုးဖို့ ရောက်လာတယ်၊ ကျောင်းထဲရောက်ရင် ပဲ သုသိမ စဉ်းစားလိုက်တယ်၊ ဘယ်သူ့ဆီကပ်ရပါ့မလဲ၊ နောက်, ရှင်အာနန္ဒာထံ ကပ်မှပဲ၊ သူက ဘုရားနဲ့ ပိုပြီးနီးတယ်၊ ဒါမှ လက်ရင်းကျကျ နည်းယူနိုင်မယ်လို့ စဉ်းစားပြီး ရှင်အာနန္ဒာထံ ဝင်သွားတယ်လို့ မှတ်ကြ။
အရှင်အာနန္ဒာထံ ရောက်တဲ့အခါ သုသိမက “အရှင်ဘုရား ဒီသာသနာတော်မှာ မှီခိုပြီး ဒီရဟန်းအဝတ်- ဝတ်ချင်ပါတယ်၊ တပည့်တော်ကို ခွင့်ပြုပါ”လို့ တောင်းပန်ပြောဆိုတော့… ရှင်အာနန္ဒာကလည်း ဒီအရေးမပိုင်ဘူး၊ တိတ္ထိဂိုဏ်းကဆိုတော့ အခက်သားကလားလို့ တွေးပြီး၊ အကြောင်းခြင်းရာကို ဘုရားထံလျှောက်ထားလိုက်တယ်၊ ဒီတော့ ဘုရားရှင်က ရွှေဉာဏ်တော်နဲ့ ဆင်ခြင်လိုက်တဲ့အခါ သုသိမ တရားခိုးဖို့ လာတာပဲ ဒါပေမဲ့ သူဟာ တရားခိုးရင်းက အကျွတ်တရားရပြီး ရဟန္တာဖြစ်မှာကိုလည်း မြင်တော်မူတယ်။
ဒီတော့ ဘုရားက ရှင်အာနန္ဒာကို ခွင့်ပြုလိုက်ဖို့နဲ့ ရဟန်းဝတ်ပေးဖို့အကြောင်း အမိန့်ရှိလိုက်တယ်၊ အဲဒီလိုနဲ့ သုသိမဟာ ရဟန်းဝတ်ပြီးတဲ့နောက် အခွင့်အခါကို စောင့်နေတယ်၊ တစ်နေ့သ၌ကျတော့… ရဟန်းတော်တွေဟာ ဘုရားရှင်ထံက တရားနည်းယူယူပြီး တောထဲသွား တရားအားထုတ်ကြ၊ အားထုတ်ပြီး တရားရ ရဟန္တာဖြစ်ပြီး ပြန်လာ ကြ၊ ဘုရားထံဝင်ပြီး လျှောက်ထားကြ၊ ဘုရားက မေးတဲ့အခါ ဖြေဆိုကြနဲ့၊ အဲဒီလို အခွင့်အရေးကြုံကြိုက်လာတယ်၊ ဒီအခါမှာ… သုသိမကလည်း အနားမှာ ကပ်လျက်နေပြီး ဘုရားရှင် မေးမြန်းပုံ၊ ရဟန်းများ ပြန်ကြားဖြေဆိုပုံတွေ ကြားသိရတော့ ဒါဟာ အချက်ကောင်းပဲ၊ ဒါဟာ အတွင်းကျတဲ့အရေးပဲလို့ မှတ်ပီး နားထောင်နေတယ်လို့ မှတ်ကြ။
သူတို့လက်သုံးစကား လိုရင်းအချက်ပဲ
ဒါနဲ့ ဘုရားရှင်ကမေးလို့ ရဟန်းတွေက ဖြေကြားတဲ့အခါမှာ “ခီဏာဇာတိ၊ ဇာတိကုန်ပြီ၊ နောက်, ပဋိသန္ဓေ မနေရတော့ဘူး။ ဝုသိတံ ဗြဟ္မစရိယံ၊ ဝိပဿနာကိစ္စ၊ မဂ်ကိစ္စအားလုံးကျင့်ပြီးပါပြီ-ကတံ ကရဏီယံ၊ ပြုစရာကိစ္စ ဟူသမျှ ပြုပြီးပြီ၊ နာပရံ ဣတ္ထတ္ထာယတိ ပဇာနာတိ၊ နောက်ထပ် ပြုဖွယ်ကိစ္စ လုံးဝမရှိတော့ပါဘုရား” အဲဒီလိုလျှောက် ထားတာကို ကြားရတော့ သုသိမက ဒီစကားဟာ အရေးကြီးတဲ့စကားပဲ၊ သူတို့လက်သုံးစကား လိုရင်းအချက်ပဲဆိုပြီး မှတ်ထားလိုက်တယ်။
ဒီလိုနဲ့ ဘုရားရှင်က အသီးအသီး သာဓုခေါ်ပြီးတော့ ရဟန်းတော်တွေ ကိုယ့်ဆိုင်ရာ ဆိုင်ရာ ပြန်သွားကြတယ်၊ ဒီအခါမှာ သုသိမက ပြန်သွားတဲ့ရဟန်းတွေထံ လိုက်သွားပြီး စုံစမ်းမေးမြန်းတယ်၊ သုသိမက “အရှင်ဘုရားတို့ ရဟန္တာ ဖြစ်တယ် ဆိုတာကို ဘုရားရှေ့တော်တုန်းက ကြားသိရလို့ ဝမ်းသာပါတယ်၊ ဒါပေမဲ့ သိချင်တာတစ်ခုက အရှင်ဘုရားတို့ … ရဟန္တာဖြစ်တယ်ဆိုရင် ကောင်းကင်ပျံနိုင်ပါသလား?၊ မြေလျှိုးနိုင်ပါသလား?၊ သူတစ်ပါးပြောတဲ့စကား ကြားသိ ပါသလား?၊ စတဲ့ အချက်တွေကို သိချင်ပါတယ်”လို့ အကျိုးအကြောင်းစုံအောင် မေးမြန်းတယ်-တဲ့။
သုသိမက ဒီလိုမေးတော့ ရဟန်းတော်တွေက တိုတိုပဲ ဖြေကြားလိုက်တယ်၊ “ငါတို့ မြေလျှိုး မိုးပျံနိုင်တာမဟုတ် ဘူး၊ အဝေးက အသံလည်း မကြားနိုင်ဘူး၊ သူများ စိတ်အကြံလည်း မသိနိုင်ဘူး” ဒီတော့ သုသိမက ဒီလိုဖြစ်ရင် အရှင်ဘုရားတို့ဟာ ဘယ်လိုလဲ?လို့ ထပ်မေးမြန်းပြန်တော့… ရဟန်းတော်များက “ပညာဝိမုတ္တာ ခေါ မယံ အာဝုသော သုသိမ”တဲ့၊ ငါတို့က ပညာနဲ့ ကိလေသာ ကုန်ခန်းတယ်”လို့ ဖြေလိုက်တယ်၊ အဓိပ္ပာယ်က-သမာဓိမပါဘဲ မဂ်ကို ရခဲ့ တာပဲ၊ သမထ, သမာဓိမပါဘဲ ရဟန္တာဖြစ်တာပဲလို့ မှတ်ကြ။
ပညာနဲ့ ကိလေသာက လွန်မြောက်ခဲ့တာ
ဒီတော့-သုသိမက အရှင်ဘုရားတို့ဖြေတာ တိုလွန်းတယ်၊ အကျယ်ဖြေပါလို့ ပြောပြန်တော့ ရဟန်းတွေက “မင်း သိသိ မသိသိ ဒါပဲ၊ ငါတို့ဟာ ပညာနဲ့ ကိလေသာက လွန်မြောက်ခဲ့တာ”ပဲလို့ ဖြေလိုက်တယ်၊ ဒကာ-ဒကာမတွေ သိဖို့က ရဟန်းတော်တွေက “ရှေ့ပိုင်းက ဝိပဿနာ၊ နောက်ပိုင်းက မဂ်နဲ့ ရခဲ့တာပဲလို့ သိကြမယ်၊ သမထမပါဘဲ မဂ်ဖိုလ်ရတာပဲလို့ မှတ်ကြ၊ ဝိပဿနာရှုတာပဲ၊ ဝိပဿနာထဲ သမထ ဝင်သွားတာပဲလို့ သိကြရမယ်၊ ရှင်းကြပလား?။
ဒါနဲ့ သုသိမက မကျေနပ်နိုင်ဘူး၊ မကျေနပ်တော့ ဘုရားထံ သွားပြန်တယ်၊ ရောက်တော့ ရဟန်းတွေနဲ့ မေးမြန်းပြောဆိုတဲ့အကြောင်း၊ သဘောမကျနိုင်လို့ လာရောက်လျှောက်ထားတဲ့အကြောင်းနဲ့ မေးမြန်းလျှောက်ထား လိုက်ပြန်တော့ ဘုရားရှင်ကလည်း တိုတိုကျဉ်းကျဉ်းပဲ “ပုဗ္ဗေ ခေါ သုသိမ ဓမ္မဋ္ဌိတိဉာဏံ၊ ပစ္ဆာနိဗ္ဗာနေ ညာဏံ” သုသိမ ရှေ့ပိုင်းက ဝိပဿနာဉာဏ်၊ နောက်ပိုင်းက နိဗ္ဗာန်မြင်တဲ့ မဂ်ဉာဏ်ပဲ”လို့ ဖြေဆိုတော်မူလိုက်တယ်၊ ဒါနဲ့ သုသိမက အကျဉ်းစကားနားမလည်နိုင်လို့ အကျယ်ဖြေတော်မူပါလို့ လျှောက်ထားပြန်တော့လည်း ဘုရားက အကျဉ်း စကားပဲ ထပ်ဖြေလိုက်တယ်။
ဝိပဿနာမဂ်အဆုံးမှာ မဂ်ဉာဏ်လာတာပဲ
အဓိပ္ပာယ်က, ရှေ့က-ဝိပဿနာ၊ နောက်က-နိဗ္ဗာန်မြင်တဲ့ မဂ်ဉာဏ်၊ ဝိပဿနာမဂ်အဆုံးမှာ မဂ်ဉာဏ်လာ တာပဲ-တဲ့၊ အဲဒါနဲ့ သူတို့ ရဟန္တာဖြစ်လာကြတာပဲလို့ ဖြေတော့ မကျေနပ်နိုင်ဘူး၊ သူက နားမလည်ဘဲကိုး၊ ဒကာ, ဒကာမတို့ ဝိပဿနာဖြစ်ပျက်ရှုတာနဲ့ မဂ္ဂင်ငါးခုပါနေတာ၊ နောက် ရှစ်ပါးပြည့်လို့ ပညာနဲ့ ကိလေသာက လွတ်တာပဲ လို့ မှတ်ကြ၊ ဒါနဲ့ သုသိမက ဒီလိုနဲ့ နိဗ္ဗာန်ရတယ်ဆိုတာ တပည့်တော်မယုံနိုင်ဘူးတဲ့၊ ဒီတော့ဘုရားရှင်က “ငါဘုရား သာသနာ သမာဓိစခန်းဟာ အလကားပဲ၊ ပညာမှသာ လိုရင်းစွဲပဲ၊ သမာဓိဟာ လိုရင်း မဟုတ်ဘူး၊ ပညာသာ လိုရင်း” လို့ ဟောတော်မူတယ်။
ဒကာ-ဒကာမတို့ ဘုရားက “သာသနာတွင်း တရားဟာ ပညာတရားပဲ”လို့ ဟောတော်မူတယ်၊ ဝိပဿနာ ရှုတဲ့အခါ ရှေ့က ဖြစ်ပျက်၊ နောက်က မဂ္ဂင်ငါးပါးနဲ့ မဂ်လိုက်ပေး၊ လိုက်ပေးလို့ ဉာဏ်က တဖြည်းဖြည်း ရင့်လာတော့ တစ်ချက်ချက်မှာ နောက်က မဂ္ဂင်ရှစ်ပါး ပြည့်သွားတယ်၊ ပြည့်တော့ နိဗ္ဗာန်မြင်တာပဲ ရိပ်မိကြပလား?၊ ရှေ့က ဝိပဿနာမဂ်၊ နောက်ပိုင်းက နိဗ္ဗာန်မြင်တဲ့ လောကုတ္တရာမဂ်လို့ မှတ်ကြ၊ သဘောပါပလား?။
ကိုင်း… နက်ဖြန်မှဆက်ကြစို့၊ အချိန်စေ့သွားပြီ၊ ဒီတွင်တော်ကြဦး။
