လာရာ-သွားရာ သိဉာဏ်ရှာ တရားတော်
ဆောင်ပုဒ်။
သင်္ခါရပြု၊ ဝိညာဏ်စု၊ ရမှု သန္ဓေစ။
ဇာတိသန္ဓေ၊ ရတုံပေ၊ ဒုက္ခေ ဆင်းရဲစွ။
ဇာတိပိမှန်၊ ဟောမိန့်ပြန်၊ ဒုက္ခံ သစ္စာပ။
သင်္ခါပြုတွက်၊ ဝိညာဏ်စက်၊ ဖြစ်ပျက် ရှုမှတ်ချ။
ဝိညာဏ်ကြောင့်သာ၊ နာမ်ရုပ်လာ၊ ဉာဏ်ဝါ ရှုကြည့်ရ။
ရှုမှတ်ဉာဏ်ဝင်၊ ဖြစ်ပျက်စဉ်၊ မှန်မြင်ကြီးဒုက္ခ။
ဖြစ်ပျက်အစဉ်၊ ဒုက္ခမြင်၊ ကွာစင် သမုဒယ။
သတိချပ်။
ဘယ်ကလာကြ၊ ဘယ်သွားရ၊ လုံးဝ မသိပေ။
ပတ်ကုံးသံသာ၊ ယောင်ချာချာ၊ ချိန်သာကုန်ခဲ့ချေ။
လာရာ-သွားရာ၊ မသိရှာ၊ ဖန်ခါ စုတိကြွေ။
စုံလုံးမျက်ကန်း၊ ထင်ရာစမ်း၊ ဖြစ်ဆန်း အနန္တထွေ။
ယောင်ခြောက်ဆယ်သာ၊ အိုသေနာ၊ ဘယ်ခါမလွတ်ချေ။
လူမမာမိုက်၊ မသင့်ကြိုက်၊ လွဲှလိုက်အသင်္ချေ။
လွတ်လမ်းကိုတွေ့၊ ချိန်မရွှေ့၊ ယနေ့ ကြိုးသင့်ပေ။
တရားသား။ ။
ဘယ်ကလာပြီး ဘယ်ကိုသွားရမှန်း မသိကြဘူး
ဒကာ-ဒကာမတို့ ကိုယ့်ဟာကိုယ် ဘယ်ဘဝက လာခဲ့ပြီး ဘယ်ဘဝ သွားရမှာလဲလို့ မသိကြဘူး၊ ဒကာတို့ ဘယ်ကလာခဲ့တုံး? မသိပါ၊ ဒါဖြင့် ဘယ်သွားရမှာတုံး? ဒါလည်းမသိပါဘုရား၊ အေး-ဒကာ-ဒကာမတွေ ဘယ်ကလာပြီး ဘယ်ကိုသွားရမှန်း မသိကြဘူး၊ ရိပ်မိကြရဲ့လား? ဒကာ, ဒကာမတွေ အခုလက်ရှိ ရနေတာ သွားလမ်း-လာလမ်း ဘာလမ်းမှ မသိကြဘူး၊ ဥပမာ, မျက်စိလည်ပြီး ရန်ကုန်ဘူတာကြီး မန္တလေးဘူတာကြီးထဲ ရောက်နေတဲ့ လူလိုပါပဲ၊ သဘောပါကြပလား?၊
ဒကာတို့တစ်တွေ အခုအနေမှာ ကိုယ့်လာရာ, သွားရာမှ မသိကြဘူးဆိုတော့ အလွန်ဆိုးတဲ့အဖြစ်နဲ့ ကြုံနေရတာ ပဲ၊ ကိုယ့်လမ်းမှ ကိုယ်မသိတဲ့လူဆိုရင် လမ်းမှန်ရောက်အောင် သွားနိုင်ပါဦးမလား? မသွားနိုင်ဘူး၊ သွားချင်ရာသွား၊ ရောက်ချင်ရာရောက် ချောက်ထဲကျဖို့ပဲရှိတယ်၊ ဒီတော့-တို့ဒကာ-ဒကာမတွေ ရှေးမူအတိုင်းနဲ့ နေလို့မဖြစ်တော့ဘူး၊ ရှေးမူအမှားကိုပြင်ကြ၊ ရှေးမူအတိုင်းနဲ့ဆိုရင် ဘယ်ကလာတယ်ဆိုတာလည်း မသိကြ၊ ဘယ်သွားရမှာတုံး ဆိုတာလည်း မသိကြဘူး၊ ယောင်ချာချာနဲ့ တစ်သံသရာလုံး အချိန်ကုန်ခဲ့ကြရတယ်။
ကျချင်တဲ့ချောက် ကျဖို့ပဲရှိတယ်
ဒကာ-ဒကာမတွေ ရိပ်မိကြပလား?၊ အခုဘဝက စုတေမနေ သေလွန်တဲ့အခါ ဘယ်သွားရမှန်း မသိကြဘူး၊ သွားချင်ရာသွား ရောက်ချင်ရာရောက် ကျချင်တဲ့ချောက် ကျဖို့ပဲရှိတယ်၊ မှန်းချေပေါက်မရှိကြဘူး၊ ရှင်းရဲ့လား? မျက်စိလည် လမ်းမှားပြီး လာရာလည်း မသိ၊ သွားရာလည်း မသိကြဘူး၊ ကိုယ့်အဖြစ် ဘယ်လောက်ဆိုးနေသလဲဆိုတာ နက်နက်နဲနဲ စဉ်းစားကြ၊ ရိပ်မိကြမယ်၊ ဒါကြောင့် ဒီအဖြစ်ဆိုးမျိုး မကြုံရအောင် ညွှန်ပြတဲ့ဆရာသမားနဲ့တွေ့တုန်း ကြိုးစားလိုက်နာကြ၊ ဒီလိုအချိန်ကလေးမှာမှ မမိကြရင် မသိတာနဲ့ပဲ လမ်းဆုံးပြီး အချိန်ကုန်ကြမှာပဲ။
ဒကာ-ဒကာမတွေ ရိပ်မိကြပလား?၊ ဉာဏ်မျက်လုံး မရှိကြလို့ ဘာမှမသိတာ၊ ဉာဏ်မျက်လုံးကို အခု-ဆရာ ဘုန်းကြီးက တပ်ပေးတဲ့အချိန်မှာ ကြိုးစားယူကြလို့ ပြောလိုက်ပါတယ်၊ ဒီကနေ့ ဉာဏ်မျက်လုံးဖွင့်ပေးမယ်၊ မျက်လုံးဖွင့် ပေးမဲ့ နေ့ပဲလို့ မှတ်ကြ၊ ဒီတစ်ခါ မျက်လုံးပွင့်ရင်ပွင့်, ဒီတစ်ခါ မပွင့်ရင် စုံလုံးကန်းအဖြစ်နဲ့ ဒုက္ခရောက်ကြမယ်၊ ဒကာ-ဒကာမတွေ ဒီနည်းနဲ့ ဒုက္ခရောက်ခဲ့တာ အသင်္ချေအနန္တ ဘဝပေါင်း မရေမတွက်နိုင်ကြပါဘူး၊ ပေါ်ကြပလား? ဒီလိုအခွင့်အခါမျိုးမှာမှ လက်လွတ်ခံရရင် ဒုက္ခအကြီးအကျယ် ရောက်ကြမှာပဲ။
ဒါကြောင့် အခွင့်ကောင်းကိုဖြင့် လက်မလွတ်ကြစေနဲ့၊ အရယူလိုက်လို့ ပြောလိုက်တယ်၊ တို့ဒကာ-ဒကာမတွေ ကျေနပ်ပလား?၊ ဒကာတို့ဟာ ရှေးက မှန်းချေပေါက်မပါခဲ့ဘူး၊ သွားရာလည်း မသိ၊ လာရာလည်း မသိနဲ့သာ အချိန်ကုန် ခဲ့ကြရတာပါပဲ၊ ရှေးက ယောင်ခြောက်ဆယ်သမားတွေ ဖြစ်နေခဲ့ကြတယ်၊ နောက်လည်း ဒီအခြေ, ဒီအနေနဲ့သာဆိုရင် ကျွတ်လမ်း-လွတ်လမ်း မမြင်နိုင်တော့ဘူးလို့သာ မှတ်ကြ၊ ဒီတော့ အခု အချိန်ရှိသေးတယ်၊ အခုနှယ်မှာ အချိန်မီပါသေး တယ်၊ နားလည်ကြပလား။
သံသရာ့အလုပ်တွေ လျှော့ကြ တော့
ဒီတော့, ဒကာတို့ဟာ ရောင်းဝယ်, ဖောက်ကား, သားရေး, သမီးရေး, စီးပွားရေးနဲ့သာ အချိန်ကုန်နေကြရင် တသံသရာလုံး မှောက်ဖို့ပဲရှိတယ်၊ လာရာ, သွားရာ မသိတဲ့လူတွေ အလုပ်ပဲ၊ ဒီအလုပ်က အိုခြင်းဆိုး, နာခြင်းဆိုး, သေခြင်းဆိုးနဲ့ အမြဲနေကြရတဲ့အလုပ်ပဲ၊ ရိပ်မိကြပလား၊ ကိုယ်ကျိုး ကိုယ်စီးပွား မပါတဲ့ သံသရာ့အလုပ်တွေ လျှော့ကြ တော့၊ ဒါမှမဟုတ်ရင် ဒယ်အိုးဘက်သွားတာနဲ့ ချောက်တွေ ကမ်းပါးတွေဘက် သွားရဖို့ပဲ ကျန်တော့တယ်ဆိုတာ မှတ်လိုက်ကြ၊ ရှင်းပလား?။
ဘုရားက… သစ္စ သံယုတ်မှာ ဟောထားတာရှိတယ်၊ ဒကာ ဒကာမတို့ရဲ့ ဖြစ်ထွေက ကောင်းကင်မြှောက် လိုက်တဲ့တုတ်လိုပါပဲတဲ့၊ ကောင်းကင်မြှောက်လိုက်တဲ့တုတ်ဟာ သူကျချင်သလိုကျမယ်၊ အရင်းလား, အဖျားလား, ဒေါင် လား, ပြားလား, စောက်ထိုးလား, မိုးမြှော်လား မသိနိုင်ဘူး၊ ကျချင်တဲ့ဘက် ကျမှာပဲ၊ သဘောပါပလား?၊ ဒကာ-ဒကာမတွေလည်း ကောင်းကင်မြှောက်တဲ့တုတ်ဥပမာလို စောက်ထိုးလား, မိုးမြှော်လား တပ်ရာကျမသိနိုင်ကြဘူး၊ ကျချင်သလိုကျ၊ ဖြစ်ချင်သလိုဖြစ်ပြီး, နစ်ချင်တိုင်း နစ်ဖို့ပဲရှိတယ်တဲ့၊ ရိပ်မိကြပလား?။
စုံလုံးပွင့်မှ နှစ်ဖက် မြင်ရမှာပေါ့
မှန်းချေကိုက် မပါကြဘူး၊ ဘုရားပေးတဲ့ မျက်လုံး မရသမျှ စုံလုံးကန်းဘဝက မတက်နိုင်ကြဘူး၊ ဒါကြောင့် အခုလို နည်းရတုန်း ဘုရားပေးတဲ့မျက်လုံးတပ်ကြတော့၊ ဒါမှသာ ကိုယ့်လာရာ သွားရာသိကြမှာ လာရာ သွားရာသိမှ စုံလုံးပွင့်ကြမယ်၊ စုံလုံးပွင့်မှ နှစ်ဖက် မြင်ရမှာပေါ့၊ သဘောပါကြပလား?၊ ဒကာတို့တစ်တွေ အခု နေလာကြတာ စုံလုံးကန်းအဖြစ်နဲ့ နေလာကြရတာ၊ တစ်ဖက်မှ မပွင့်ကြသေးဘူး၊ ဒီတော့, ကိုယ့်လာရာ သွားရာ မသိကြဘူးပေါ့၊ ဒါပေမဲ့လည်း ဒကာ-ဒကာမတွေက ဒီအတွက်ပဲ ထပ်ပြီး ဖြည့်စွက်နေကြပြန်တော့တယ်။
ကိုယ့်အရေး ကိုယ်မရေးဘဲ သူများအရေး, သားရေး, သမီးရေး, စီးပွားရေး, ကြီးပွားရေးတွေပဲ လုပ်နေကြတော့ တယ်၊ အဲဒါ-ကိုယ်ပိုင်တစ်ခုမှ မပါဘူး၊ အားလုံး ဘုံဆိုင် ကြပ်ကြပ်စဉ်းစားကြ၊ ဘုံဆိုင်အလုပ်ချည့် လုပ်နေရင် ထပ်ဖြည့် နေတာပဲလို့ မှတ်ကြ၊ စုံလုံးကန်းဘဝက ဘယ်တော့မှ ကျွတ်လမ်းမမြင်တော့ပါဘူး၊ ရိပ်မိပလား? ရိပ်မိရင် ပြင်ကြ၊ မပြင်ရင် ဒီထက် အဖြစ်ဆိုးကြမယ်လို့ ဆုံးဖြတ်ချက်ချ၊ ဒါကို သနားလွန်းလို့ သိတဲ့သူက ပြောနေတာ၊ ဘယ်လောက် အဖြစ်ဆိုး ကြုံရမယ်ဆိုတာ ပြောလို့ကုန်နိုင်စရာ မမြင်ပါဘူး။
ဒကာ-ဒကာမတွေက ကိုယ့်အဖြစ်ဆိုး ကိုယ်မသိကြတော့ ပေါ့ပေါ့ကလေးမှတ်ပြီး ပြောတတ်ကြတယ်၊ “ကံစီမံ သလို ခံရမှာပဲတဲ့” ဒကာတို့ဟာ ဒါလောက်အပြင် ပိုမသိကြဘူး၊ ရိပ်မိပလား?၊ ဒီအဖြစ်ဆိုးမျိုးကလွတ်အောင် စေတနာ ထားပြီးဖော်ပြပေးနေတာ၊ အခု ဉာဏ်မျက်စိနှစ်ကွင်း အလင်းရမဲ့ တရားဟောရမယ်၊ ကြိုးစားပြီးနားထောင်ကြလို့ တိုက်တွန်းလိုက်ပါတယ်၊ ရှင်းပလား?၊ လေးလေးစားစား နားထောင်ပြီး လိုက်နာကြ၊ ပေါ့ပေါ့လို့များ မအောက်မေ့ လိုက်ကြနဲ့၊ ပေါ့တန်ရင် ကမ်းမမြင်တဲ့ ပင်လယ်ကျော မျောရသလိုနေမှာပဲ ရှိပါတယ်။
သစ္စာမသိသမျှ အဖြစ်ဆိုးကြုံရဖို့ပဲရှိတယ်
ဒကာ, ဒကာမတို့ သစ္စာမသိသမျှ အဖြစ်ဆိုးကြုံရဖို့ပဲရှိတယ်လို့ မှတ်လိုက်ကြ၊ ဒါကြောင့်… အခုနေက အဖြစ်ဆိုး မကြုံရအောင် အားထုတ်လိုက်ကြဖို့ပဲရှိတယ်၊ လာရာကိုသိရရင် လာရာဟာ မကောင်းမှန်းသိပြီး မပြန်ချင် မပြန်လိုတော့ဘူး၊ သွားရာသိရင်လည်း သွားရာမကောင်းမှန်းသိရပြီး မသွားချင်တော့ပါဘူး သဘောပါပလား?၊ ဒီတော့ ဒီသဘောသိရအောင် အလုပ်, လုပ်ကြရမယ်၊ အလုပ်လက်ရှိဖြစ်နေရင် သိကြမှာပဲ၊ အလုပ်လက်ရှိ မဟုတ်ရင် ဘာမှ မမြင်တဲ့ အကန်းပဲလို့ မှတ်ကြ၊ အကန်းဟာ စမ်းမိစမ်းရာစမ်း၊ ရမ်းသွား, ရမ်းလုပ်ပဲရှိမှာပါ၊ ရှင်းပလား?။
ဒကာ-ဒကာမတွေ မိမိရဲ့လာရာက ဘယ်ကလဲ?၊ “သင်္ခါရပစ္စယာ ဝိညာဏံ”ပဲ၊ ဒီဘဝအစ ပဋိသန္ဓေကလို့ မှတ်ကြ၊ ဒကာ-ဒကာမတွေ အတိတ်ဘဝက ကောင်း, မကောင်း သင်္ခါရမှုတွေ ပြုခဲ့ကြတယ်၊ အဲဒီသင်္ခါရကြောင့် အခု ဘဝမှာ ပဋိသန္ဓေ ဝိညာဏ် အစအဆုံး ရလာကြရတာ၊ ရိပ်မိပလား?၊ ဒါကြောင့် ဒကာ, ဒကာမတို့လာရာဟာ ဇာတိ ဆိုတဲ့ ပဋိသန္ဓေက လာခဲ့ကြတာ၊ ရှင်းပလား?၊ ဘုရားက “ဇာတိပိ ဒုက္ခသစ္စာ”ပဲတဲ့၊ ဒီတော့ ဒကာတို့ဟာ ဒုက္ခသစ္စာက လာခဲ့ကြရတာပေါ့၊ ဒါကြောင့် မိမိတို့လာရာဟာ ဒုက္ခသစ္စာက လာခဲ့ကြတာပဲလို့ ဆုံးဖြတ်ချက်ချ ကျေနပ်ပလား?။
အလုပ်တရားနဲ့ သိရမှ ကိုယ်တိုင် ဧကန်သိ
ဒါက နာတရားနဲ့ သိကြရတာ၊ အလုပ်တရားနဲ့ သိရမှ ကိုယ်တိုင် ကိုယ်ပိုင် ဧကန်သိဖြစ်မယ်၊ ဒီလို အမှန် ကိုယ်တိုင်သိတော့ ဇာတိဒုက္ခကို ပွေ့ပိုက်ထားချင်ပါဦးမလား?၊ နှစ်သက်နိုင်ပါဦးမလား?၊ ဘယ်ထားချင်ပါတော့မလဲ၊ ဒုက္ခမှန်းသိတော့ နောက်ထပ် မလိုချင်တော့ဘူး၊ နှစ်သက်နိုင်ဖို့ဆိုတာ မပြောနဲ့တော့ သဘောကျပလား?၊ ဒကာတို့ တစ်တွေ ပဋိသန္ဓေက လာခဲ့ရပြီး ပဋိသန္ဓေက ဆက်လက်ကြီးထွားလာခဲ့ရတာပဲ၊ ဒီတော့ ဒုက္ခသစ္စာက လာခဲ့ရတာပဲ ဆိုတာ သိကြရပြီ၊ နားလည်ကြရဲ့လား?။
ငါတို့ဟာ ဇာတိပိ ဒုက္ခသစ္စာက လာခဲ့တာဆိုတဲ့ အချက်ကို သိကြရပြီ၊ ဒါဟာ ဉာဏ်နဲ့သိကြရတာ၊ ဆရာသမား အကူအညီကြောင့်ပဲဆိုတာ ပေါ်ပလား?၊ ဆရာသမား အကူအညီ မရရင် သိနိုင်ဖို့ မလွယ်ပါဘူး၊ ဒကာတို့တစ်တွေ ရှေးက ဒါကိုသိရင်ဖြင့် ဒီ-အို, နာ, သေခန္ဓာကြီးနဲ့ မတွေ့ရပါဘူး, မနေရပါဘူး၊ ရိပ်မိကြပလား?၊ ဒီအမှန်ကို မသိကြ ရလို့ ဒုက္ခခန္ဓာ အို, နာ, သေ ကြီးနဲ့ လက်ရှိကိုယ်ပိုင်ဖြစ်နေကြရတာပါ၊ ဒါသိရတာ ဘယ်လောက် အဖိုးတန်သွားပြီလဲ? သစ္စာ သိရတာမို့ အဖိုးမဖြတ်နိုင်ဘူး ဆိုတာ မှတ်ကြ။
မဂ်သတ္တိ မသေးဘူး
ဒီလိုသိတော့ လာရာက ဒုက္ခသစ္စာ၊ သိတာက မဂ္ဂသစ္စာပဲ၊ ရှင်းကြရဲ့လား?၊ ဒါဟာ ဘုရားပွင့်လို့ ဆရာသမားက ဟောလို့ သိရတာ၊ သာမည အခွင့်ကောင်းမဟုတ်ဘူး၊ အလွန် ခဲယဉ်းတဲ့ အခွင့်ကောင်း-အခါကောင်းပဲလို့ ဆုံးဖြတ်ပြီး ကြိုးစားလိုက်နာကြ၊ ဒီလို ဒုက္ခသစ္စာသိတာ မဂ္ဂင်နဲ့ သိရတာ မဂ္ဂင်ငါးပါးရှိတဲ့ မဂ်နဲ့သိရတာလို့ မှတ်ကြ၊ ဒီမဂ်ဟာ သတ္တိအများကြီးပါတယ်၊ မဂ်သတ္တိ မသေးဘူး၊ ဇာတိဟာ ဒုက္ခသစ္စာမှန်း သိသွားတော့ ဒီဇာတိဒုက္ခနောက် ဆက်မှာ ကြောက်တယ်၊ ဒီလိုကြောက်တာ မဂ်ဉာဏ်သတ္တိပဲ၊ ရိပ်မိကြပလား။
ဒကာ-ဒကာမတွေ ဇာတိကို ဒုက္ခမှန်းသိရရင် လိုချင်ပါဦးမလား?၊ အလွန်ကြောက်သွားပြီ၊ မရချင်တော့ပါဘူး၊ ဒီလိုသိရင် ဆွမ်း, ကွမ်း လှူဒါန်းပြီး ဒီဇာတိမျိုး, ဒီဒုက္ခမျိုး နောက်ကို ရချင်သေးသလား?၊ ရချင်ပါ့မလား?၊ ဘယ်နည်း နဲ့မှ မရချင်တော့ပါဘူး၊ ဒကာ-ဒကာမတို့ လူ့ဇာတိ, နတ်ဇာတိ, ဗြဟ္မာဇာတိ, စကြာဝတေးဇာတိ, ဘာဇာတိမျိုးပဲဖြစ်ဖြစ် ဇာတိဆိုသမျှ မကြိုက်ကြတော့ဘူး၊ ဘာ့ကြောင့်လဲ?၊ ဒုက္ခသစ္စာမှန်း သိသွားလို့ပဲဆိုတာ မှတ်လိုက်ကြ။
ဒီဉာဏ်ရရင် တစ်ဖက်မြင်ပြီ
ဒီဉာဏ်ရရင် တစ်ဖက်မြင်ပြီလို့ မှတ်၊ ဒါတစ်ဖက် မြင်ပြီးရင် ခလုတ်ကံသင်း, မြွေ, ကင်း, သန်း ရှောင်ကွင်း တတ်ပြီ၊ ဒကာတို့တစ်တွေ ရှေးက ဒီဒုက္ခသစ္စာကို ငါ့ပစ္စည်း လုပ်ခဲ့ကြရတာ ငါပိုင်လုပ်ပြီး နေခဲ့ကြရတာပဲ၊ ဝိုးဝါးတော့ မြင်ပြီ၊ စင်စင်ကြယ်ကြယ်မြင်ရဖို့ ကျန်တော့တယ်၊ ရိပ်မိကြပလား?၊ ဆရာသမားကုပေးလို့ ဝိုးဝါး မြင်ရတာ၊ ဒါကိုမှ ဆက်မကုချင်ဘဲ သားရေး, သမီးရေး, စီးပွားရေးနဲ့သာ အချိန်ကုန်နေကြရင် ကမ်းမမြင်တော့ဘူး၊ ဒကာတို့တစ်တွေ သားရေး, သမီးရေး, စီးပွားရေး လုပ်နေတာဟာ မမြင်ရတဲ့အထဲ ဖုံးသထက် ဖုံးအောင် လုပ်နေကြတာပဲလို့ မှတ်ကြ။
ဒီလိုသာ လုပ်နေကြရင် ဒကာတို့တစ်တွေဟာ လူမမာမိုက်လို့ပဲဆိုရင် မမှားဘူး၊ ကိုယ်တိုင်က မာလည်း မမာဘူး၊ မတည့်တဲ့အစားလည်း စားချင်တယ်၊ မမာရတဲ့အထဲမှာ မတည့်တာ ထပ်စားရင် ဘယ်နှယ် နေပါ့မလဲ?၊ မျက်ဖြူဆိုက်ဖို့ပဲ ရှိပါတယ်၊ ဒကာတို့ဟာ ပြောတဲ့စကား နားမထောင်ရင် လူမမာမိုက်တွေပဲလို့ ဆုံးဖြတ်ချက်ချ၊ ရိပ်မိပလား?၊ အနာကလည်း ပြန်ထလာ, မသင့်တာချည့်လည်း စားနေဆိုရင် ဒီလူမမာဟာ သေဖို့အပြင် မရှိတော့ဘူး၊ အဲဒါ လူမမာမိုက်လို့သာပဲ၊ ရှင်းပလား?၊ တို့ဒကာ, ဒကာမတွေ ရှေးက ဘုရားအဆူဆူလွဲခဲ့တာ လူမမာမိုက်လို့ပဲလို့သာ မှတ်လိုက်ကြ။
လူမမာမိုက် ဖြစ်လို့ပဲ
ဒကာ, ဒကာမတွေ အရင်ကနေလာကြတာ သားရေး, သမီးရေး, စီးပွားရေးနဲ့ လောဘ, ဒေါသ, မောဟ, တိုးပွားရေးတွေနဲ့ပဲ အချိန်ကုန်ခဲ့ကြရတယ်၊ ဒကာတို့ မိဘရိုးရာ လောဘ, ဒေါသ, တိုးပွားတဲ့ အလုပ်တွေက ဉာဏ်မျက်စိ ပိတ်တဲ့ အလုပ်တွေပဲ၊ ဉာဏ်မျက်စိပွင့်တဲ့ အလုပ် မဟုတ်ဘူး၊ ပွင့်တဲ့အလုပ် တစ်ခုမှမပါကြဘူး၊ အဲဒါဟာ မသင့်တဲ့ အစာတွေပဲလို့ မှတ်လိုက်ကြ၊ ရိပ်မိကြပလား?၊ ဒကာ-ဒကာမတွေ ရှေးက ဂင်္ဂါဝါလု သဲစုမက ပွင့်တော်မူခဲ့ကြတဲ့ ဘုရားအဆူဆူနဲ့ အလွဲကြီး လွဲပြီး, ကျင်းမှန်းမသိ, ချောက်မှန်းမသိ, ကမ်းမှန်းမသိ, တိုးချင်ရာတိုး ခွေ့ချင်တာခွေ့, ကျချင်ရာကျပြီး လာခဲ့ကြတာ ဘာကြောင့်လဲ?၊ လူမမာမိုက် ဖြစ်လို့ပဲ။
ဒါကြောင့် ညွှန်ပြတဲ့ဆရာနဲ့ တွေ့တုန်းမှာ ကြိုးစားယူကြ၊ ကိုယ်တိုင် လူမမာဖြစ်တာသိပြီး မမိုက်ကြနဲ့တော့လို့ သတိပေးလိုက်တယ်၊ ဒီတော့- ကိုယ့်ခန္ဓာ ဒုက္ခသစ္စာကို ကိုယ်သိအောင် လုပ်ရမယ်၊ ဒုက္ခသစ္စာက လာခဲ့ပြီး အခု လက်ရှိလည်း ဒုက္ခသစ္စာ ကိုယ်ပိုင်နဲ့ နေ,နေရတယ်၊ ဒါကို အမှန်သိအောင် ကြိုးစားကြ၊ ဒုက္ခသစ္စာမှန်းသိရင် ဒီလမ်း မပြန်ချင်တော့ဘူး၊ မသိသူအဖို့တော့ ပြန်ချင်သေးတာပဲ၊ မကောင်းတဲ့နေရာ ပြန်ချင်တယ်ဆိုတဲ့အဖြစ်ဟာ မသိလို့သာပဲ၊ သိရင် မကောင်းတာ ဘယ်သူမှ မကြိုက်နိုင်ပါဘူး၊ ရိပ်မိပလား?။
ရှစ်ပါးပြည့်ရင် သွားရာလည်း သိရမယ်
ဒကာ-ဒကာမတွေ ဒါကြောင့်၊ ဒါသိအောင် လုပ်မှဖြစ်တော့မယ်၊ မလုပ်ရင် မဖြစ်တော့ဘူးလို့ ဆုံးဖြတ်ကြ၊ ဒါသိရင် တစ်ဖက်မြင်ပြီ၊ လာရာကို သိရပြီလို့ မှတ်၊ ဒါသိတာဟာ မဂ္ဂင်ငါးပါးပြည့်မှသိတာ၊ မဂ္ဂင်ငါးပါး ကိုယ့်ဝမ်းထဲ ရောက်ပြီ၊ ရှစ်ပါးပြည့်အောင်လုပ်ဖို့ လိုသေးတယ်၊ ရှစ်ပါးပြည့်ရင် သွားရာလည်း သိရမယ်၊ ရှင်းကြရဲ့လား?၊ နှစ်ဖက် မြင်ဖြစ်အောင် လာရာ-သွားရာ နှစ်ဖက်လုံး သိရအောင် အလုပ်လုပ်မှဖြစ်မယ်၊ ရိပ်မိပလား?၊ လာရာသိရုံနဲ့ မပြီးသေးဘူး၊ မဂ်နဲ့သိမှ လုံးဝမပြန်ချင်မှာ၊ အဲဒါမှ စိတ်ချရမယ်၊ သာမန်သိရုံနဲ့ စိတ်မချရသေးဘူး၊ သဘောပါပလား?။
ဒါကြောင့် မဂ်ရအောင် အလုပ်လုပ်ရမယ်၊ ဝိပဿနာအလုပ် လုပ်ရမယ်လို့ မှတ်ကြ၊ မဂ်ပေါ်မှ လာရာသိ၊ သိတော့ လာရာဟာ ဒုက္ခသစ္စာမို့ မပြန်ချင်တော့ဘူး၊ မပြန်ချင်တော့ဘူးလို့ သိရတယ်၊ ဒါဟာ ဒုက္ခသစ္စာ ပိုင်းခြားသိတာ ပဲလို့ မှတ်ကြ၊ သွားရာလည်း သိပြီ၊ သွားရာသိတော့ အမြန်သွားဖို့ ကြိုးစားမယ်၊ ရိပ်မိပလား?၊ မဂ်ရတော့ လာရာကို လည်း မကောင်းမှန်းသိတယ်၊ သွားရာကိုလည်း ကောင်းမှန်းသိတယ်၊ ရှင်းကြပလား?၊ ဘုရားက ဒီအဓိပ္ပာယ်ကို သံယုတ်ပါဠိတော်မှာ သစ္စာကို တန်ဆာဆင်ပြီး ဟောတော်မူခဲ့တယ်၊ နားလည်ကြပလား?။
ဒကာ, ဒကာမတွေ သဘောပါကြရဲ့လား?၊ သွားရာသိတော့ ဒီနေရာ မရောက်အရောက် သွက်သွက်သွား မယ်၊ ကောင်းမှန်းသိပြီကိုး၊ ကောင်းမှန်းသိရင် အရောက်သွားချင်မှာပါပဲ၊ ကောင်းမှန်းသိလို့ ရောက်ချင်တာ၊ ကောင်းရာ က နိရောဓသစ္စာပဲလို့ မှတ်ကြ ရှင်းပလား?၊ ဒကာ-ဒကာမတွေ လေးလေးစားစားနဲ့ အရေးထားပြီး ကြိုးစားလိုက်နာ ကြပါလို့ အထူးတလည် တိုက်တွန်းလိုက်တယ်၊ အခုရလာတဲ့အခွင့်အရေးဟာ နည်းတဲ့အခွင့်အရေးမဟုတ်ဘူး၊ အင်မတန် ကံကောင်းထောက်မလို့ ရတောင့်,ရခဲ ရလာကြရတာ၊ ကြုံထိုက်လို့ ကြုံရတာပါ၊ ရိပ်မိကြရဲ့လား?။
လိပ်ကန်းကြီးတစ်ကောင် ထမ်းပိုးကျည်းတစ်ခု
ဥပမာဆိုရင် လိပ်ကန်းကြီးတစ်ကောင်ကို တောင်သမုဒ္ဒရာထဲ လွှတ်ထားမယ်၊ အပေါက်တစ်ပေါက်ထဲသာရှိတဲ့ ထမ်းပိုးကျည်းတစ်ခုကိုလည်း မြောက်သမုဒ္ဒရာထဲ မျှောထားမယ်၊ လိပ်ကန်းကြီးဟာ အနှစ် ၁၀၀၀, ကြာမှ တစ်ခါတစ်ခါ ရေပေါ် ပေါ်ပေါ်လာတယ် ဒီကြားထဲမှာ ထမ်းပိုးကျည်းကလည်း လေမုန်တိုင်းတွေ ဝဲတွေ အမျိုးမျိုးထဲမှာ မျောချင် တိုင်း, မျောပါနေမယ်၊ အဲဒီလိုနေတာမှာ အဆင်သင့်လို့ ထမ်းပိုးကျည်းပေါက်နဲ့ လိပ်ကန်းခေါင်းနဲ့ မတော်တဆ စွပ်မိချင် စွပ်မိနိုင်မယ်၊ ဒါလည်း အနှစ်ပေါင်း အသင်္ချေ မရေမတွက်နိုင်အောင် ကြာချင်လည်းကြာမယ်၊ အဲဒီလို အင်မတန်မှ ခဲယဉ်းတဲ့အဖြစ်ဟာ ဖြစ်နိုင်ဖို့ လွယ်ပါသေးတယ်တဲ့။
ဒကာ, ဒကာမတွေ လာရာ သွားရာသိဖို့က ဒီအဖြစ်မျိုးထက် အဆ ရာထောင်မက ပိုပြီး ခဲယဉ်းပါသေးတယ် လို့ ဟောတော်မူတယ်၊ ရိပ်မိပလား?၊ ဒကာတို့တစ်တွေ လာရာ သွားရာသိဖို့ အခွင့်အရေး လိပ်ကန်းထမ်းပိုးစွပ် ဥပမာထက်ပင် ခဲယဉ်းပါသေးတယ် ဆိုတာ ပေါ်ပလား?၊ ဒီတော့ အခု တို့ရလာတဲ့-ရတဲ့ အခွင့်အရေးဟာ တန်ဖိုး မဖြတ်နိုင်ပါလားလို့ ဆုံးဖြတ်ချက်ချပြီး ကြိုးစားယူလိုက်ကြလို့ ပြောလိုက်ပါတယ်၊ သဘောပါပလား?။
တီကောင်သွား, သွားခဲ့ကြ နေခဲ့ကြရတာ
ဒကာတို့တစ်တွေ… ရှေးကဆိုရင် ဉာဏ်မျက်လုံးမပါတော့ တီကောင်သွား, သွားခဲ့ကြ နေခဲ့ကြရတာပါပဲ၊ မျက်စိမပါတော့ ဦးတည့်ရာ ရမ်းသွား၊ ရှေ့က ကြက်,ကစားဖို့ စောင့်နေတာလည်း မသိ၊ ချောက်ကမ်းပါးကျမှာကိုလည်း မသိ၊ ရန်သူရှိလို့ ရှိမှန်းမသိ၊ ဘေးရှိမှန်း- ရန်ရှိမှန်း ဘာမှမသိဘဲ သွားမိသွားရာသွား၊ ကျချင်တဲ့ကမ်းပါးကျကြ၊ ဘယ်လောက်အဖြစ်ဆိုး ကြုံခဲ့ကြရတယ်ဆိုတာ ပြောစရာမရှိတော့ဘူး၊ သဘောပါကြရဲ့လား?၊ ဒါကြောင့်-သိတဲ့သူက သနားလို့ ညွှန်ပြနေတာ၊ ပေးထိုက်လို့ပေးတာမို့ ယူကြပါလို့ တိုက်တွန်းလိုက်တယ်၊ ဒီတစ်ခါလွဲရင် အလွဲလက်စ အဆုံး အစ မမြင်နိုင်တော့ဘူးလို့ မှတ်ကြ။
ဉာဏ်မျက်စိမပါတော့ အမှန်အကန် မသိနိုင်ကြဘူး၊ မသိတော့ မကောင်းတာ အကောင်းထင်ပြီး လူဖြစ်ရပါ လို၏၊ နတ်ဖြစ်ရပါလို၏နဲ့ အလောင်းပဲ တောင်းယူနေခဲ့ကြတယ်၊ ဒီလိုဆိုတော့ ဒီဇာတိဒုက္ခကပဲ စရမှာ၊ ရမှာက ဒုက္ခတွေချည့်ပဲ၊ ဒါအမှန်မသိတဲ့အတွက်ပဲ အမှန်သိတော့ မလိုချင်တော့ဘူးတဲ့၊ ရိပ်မိကြပလား?၊ ဒကာ-ဒကာမတွေ ဒုက္ခမှန်းသိရင် လိုချင်ပါဦးမလား?၊ အမှန်အကန်သိတော့ ဒုက္ခကလာတာပဲလို့ သိပြီးလာရာကို မပြန်ချင်တော့ဘူး၊ မပြန်ချင်တာ ဒုက္ခသစ္စာသိလို့ပဲ၊ ရှင်းပလား?၊ သိတဲ့ဉာဏ်က သမုဒယသစ္စာကို ဖြတ်လိုက်တယ်၊ ဖြတ်တော့… သမုဒယသေသွားပြီမို့ ပြန်ချင်တဲ့တဏှာ မပေါ်လာတော့ဘူး၊ ရှင်းပလား?။
ဆုတောင်းနေလို့ သမုဒယမသေဘူး၊ အလုပ်လုပ်မှ သေမှာ၊ အားထုတ်မှ သမုစ္ဆေဒသေဖြစ်မှာ၊ ဒါကြောင့်, အားထုတ်ကြလို့ တိုက်တွန်းလိုက်ပါတယ်၊ လာရာက- ဒုက္ခသစ္စာ၊ သိတာက မဂ္ဂသစ္စာ၊ သေတာက- သမုဒယသစ္စာ၊ ပေါ်တာက- နိရောဓသစ္စာပဲ၊ ကျေနပ်ပလား?၊ ရှစ်ပါးပြည့်မှ ရကြမယ်။
ကိုယ်,ကိုယ်တိုင်လုပ်မှသာ ရကြမယ်
ဒကာ-ဒကာမတွေ ကိုယ်,ကိုယ်တိုင်လုပ်မှသာ ရကြမယ်ဆိုတာ မြဲမြဲမှတ်လိုက်ကြ၊ ကိုယ်တိုင်လုပ်မပါရင် ဘုရားတောင်မတတ်နိုင်ပါဘူး၊ ဒါကြောင့်, ကိုယ်တိုင်လုပ်ကြ၊ အားထုတ်ကြ၊ ကျေနပ်ပလား?၊ ဒီတရားက ကိုယ်တိုင် ပွားယူမှ ရကြမယ်ဆိုတာ ပေါ်ပလား?၊ အဲ…ပွားနည်းကိုပြမယ်၊ ပွားတဲ့နည်းက “သင်္ခါရပစ္စယာ ဝိညာဏံ” သင်္ခါရ ကြောင့် ပေါ်လာတဲ့ ဝိညာဏ်စိတ်ကလေးဟာ ပေါ်လာပြီး ချုပ်သွားတယ်၊ ဒါကိုသိရမယ်၊ သိအောင် ဉာဏ်နဲ့ကြည့်ပြီး ဖြစ်ပျက်ရှု၊ နောက်- နာမ်ရုပ်ပေါ်လာလည်း ဖြစ်ပျက်ဒုက္ခသစ္စာပဲ လာမှာပါ၊ ဒီတော့- နာမ်ရုပ်လည်းဖြစ်ဒုက္ခ၊ ပျက်ဒုက္ခ ပဲလို့ ရှုချ၊ ရှင်းပလား?။
မှတ်မိကြပလား?၊ ဝိညာဏ် (အသိစိတ်) ကလေးတစ်ခုပေါ်လာရင် ဖြစ်ပျက်ရှု၊ ချုပ်သွားပြီး- နာမ်ရုပ်လာ ရှုချ၊ ချုပ်သွားပြီး နောက်လာသမျှ ဖြစ်ပျက်ရှုပေး၊ ရှုတော့ အဖြစ်နဲ့အပျက်ပဲ တွေ့မယ်၊ အဲဒါ သူတို့က ကျုပ်တို့ဟာ ဒုက္ခပဲလို့ ပြောသွားတာပဲ လာသမျှ ဖြစ်ပြီးပျက်တာပဲရှိတယ်၊ သူတို့အဆက်အနွယ်မှန်သမျှ ဘာမှ မကောင်းကြဘူး၊ အားလုံး ဒုက္ခချည့်ပါပဲလို့ ပြောပြတယ်။ အားလုံး ဒုက္ခသစ္စာချည့်လာမှာပဲ၊ ဒါကြောင့် ဒုက္ခမြင်အောင်ရှုပေးကြ၊ ရှင်းကြ ပလား?။
လာသမျှ ဖြစ်ပျက်ပဲလို့ ရှု
ရှုတော့-ရှေ့က သေတာ ဟူသမျှ ဒုက္ခချည့်ပဲ၊ နောက်က လာသမျှ ဒုက္ခသစ္စာချည့်ပဲ၊ ဘာလာလာ လာသမျှ ဖြစ်ပျက်ပဲလို့ ရှု၊ လာသမျှ ဒုက္ခသစ္စာချည့်လာမှာပဲ၊ သုခ မတွေ့မချင်း လာသမျှ ဒုက္ခဆုံးအောင်လိုက်ရှု၊ မဆုံးမချင်းရှု၊ သုခ မတွေ့သေးခင်မှာ ဒုက္ခပိုင်းခြားနေရမယ်၊ ဒုက္ခမတွေ့ချင်, ဖြစ်ပျက်ဒုက္ခ အလွန်မုန်းပြီး မရချင်တော့ဘူး၊ လွတ်ချင် ပါပြီဆိုရင် လွတ်မယ်၊ လာရာ ဒုက္ခသစ္စာသိလို့ ပြန်မစချင်တော့ဘူးဆိုရင် သမုဒယ သေတာပဲ၊ သမုဒယက-အမှောင်၊ ဒီအမှောင်ပျောက်တော့- အလင်းရောက်တာပဲလို့ မှတ်ကြ၊ အဲဒါ… နိရောဓသစ္စာပဲလို့ မှတ်၊ ရှင်းပလား?။
ကိုင်း… ယနေ့ ဒီတွင်ပဲ တော်ကြဦးစို့၊ အချိန်စေ့သွားပြီ။
