20314

ရှေ့ကဖြစ်ပျက် နောက်ဉာဏ်မဂ် တရားတော်

ဆောင်ပုဒ်။

ခန္ဓာ့ဖြစ်စဉ်၊ ချိန်ကိုက်ဝင်၊ ဟောလျှင် ဆရာမြတ်။

ခန္ဓာမုန်းဝင်၊ မလိုချင်၊ ဆုံးမြင်ဟောနိုင်တတ်။

လက်ရှိခန္ဓာ၊ ဖြစ်စဉ်မျာ ရှုကာ နာကြားအပ်။

တပည့်-ဆရာ၊ ညီညွတ်ပါ၊ ဒိဋ္ဌာနိဗ္ဗာန်မြတ်။

သံယုတ်ပါဠိ၊ ဟောညွန်ရှိ၊ ဝိစိကင်းစွာမှတ်။

ပါရမီဆို၊ တိတ်မလို၊ ကြည်ညိုကျင့်ထုတ်အပ်။

ဒွိဟစိတ်ဝင်၊ ယုံမှားလျှင်၊ ပိတ်ပင် ကျွတ်လမ်းမြတ်။

သတိချပ်။

အဇ္ဈတ်ခန္ဓာ၊ ဉာဏ်စိုက်ကာ မြဲစွာ ကပ်၍ရှု။

ရှုလေ-ကြည့်လေ၊ အသေတွေ၊ ပုံသေ မျက်ဝါးပြု။

အသေကြောက်လျှင်၊ မသေခွင်၊ မြန်လျှင် ရောက်လိုမှု။

ဓမ္မာနုဓမ္မ၊ ပဋိပန္န၊ ညီမျှကျင့်ထုတ်ပြု။

ဒွါရခြောက်ခွင်၊ ဉာဏ်မြတ်ယှဉ်၊ အစဉ်ဖြစ်ပျက်ရှု၊

ဖြစ်ပျက်ချည့်သာ၊ များမြင်ခါ၊ ကင်းကွာလိုချင်မှု။

လိုချင်ကင်းပျောက်၊ ချုပ်ဆုံးရောက်၊ မျက်မှောက် နိဗ္ဗူဆု။

တရားသား။ ။

ဓမ္မကထိက အစစ်

ဒကာ-ဒကာမတို့ ဒီကနေ့ညမှာ အထူးတလည် သိမှတ်ထားကြဖို့ အဓိပ္ပာယ်အချက်ကို ပြောရမယ်၊ ဘာလဲဆိုတော့… တရားဟောတဲ့ပုဂ္ဂိုလ်၊ တရားဟော ဆရာက ဒကာ-ဒကာမတို့ သန္တာန်မှာ ဖြစ်နေတဲ့ ယခုပေါ်ဆဲ ပဋိစ္စသမုပ္ပါဒ်အတိုင်း, ဖြစ်စဉ်အတိုင်း ဟောပြရမယ်၊ ဒကာတို့ကလည်း မိမိသန္တာန်မှာ လက်ရှိဖြစ် နေဆဲ, လက်ရှိဖြစ်စဉ်ကို ကြည့်ထားရမယ်၊ ဟောတဲ့သူကလည်း မုန်းအောင်, မလိုချင်အောင်, ချုပ်အောင် ဟောနိုင် ရမယ်၊ အဲဒီလို ဟောနိုင်တဲ့ ဓမ္မကထိကမှ-ဓမ္မကထိက အစစ်လို့ ဆိုရမယ်လို့ မှတ်ကြ၊ သဘောပါပလား?။

အခုအချိန် ဒကာ-ဒကာမတို့ သန္တာန်မှာ တရားနာတဲ့စိတ် ဖြစ်ပေါ်နေတယ်၊ ဒီစိတ်နောက်က သောတ, ဝိညာဏ် စသည်ပေါ်နေတယ်၊ အဲဒီလို ပေါ်နေဆဲ စိတ်အစဉ် ပဋိစ္စသမုပ္ပါဒ်အစဉ်ကို မုန်းအောင်, မလိုချင်အောင်, ဆုံးအောင် ဟောနိုင်မှ ဓမ္မကထိက အစစ်ပဲလို့ ဆိုရမယ်၊ ရှင်းပလား?။ ဒကာ-ဒကာမတွေကလည်း အားထုတ်ချင်လို့ ကျင့်ချင်လို့ နာတဲ့တရားမျိုးဆိုပြီး နာကြမှ၊ နာယူကြမှ တရားနာခြင်း အစစ်အမှန်ဆိုနိုင်တယ်၊ တရားနာတာ-နာလို့ ကောင်းလို့ နာတာမျိုးမလိုဘူး၊ တရားနာမှု အစစ်မဟုတ်ဘူးလို့ မှတ်ကြ၊ ရိပ်မိပလား?။

တရားတစ်ခုထဲကို လက်ကိုင်ထား

နောက်ပြီး တရားကို ကျင့်တဲ့အခါမှာလည်း ကိုယ့်သန္တာန်မှာ ပေါ်နေတဲ့ ခုပေါ်ဆဲ ဖြစ်တဲ့တရားကလေး တစ်ခုထဲကို လက်ကိုင်ထား၊ အဲဒီလို တရားတစ်ခုထဲကို လက်ကိုင်ထားပြီး မုန်းအောင် မလိုချင်အောင်, ဆုံးအောင်ကျင့်မှ အမှန်ကျင့်ပဲလို့ မှတ်ကြ။ အဲဒီလို ညီညွတ်အောင် ဆရာက ဟောလို့ တပည့်ကလည်း ဒီနည်းအတိုင်း နာယူမှ ကျင့်ကြံမှ လမ်းမှန်ကျမယ်၊ အဲဒါမှ အဟောနဲ့အနာ ညီညွတ်မယ်လို့ မှတ်ကြ၊ ရှင်းပလား?။ ဒီလို ဆရာ-ဒကာ ညီညွတ်ပါမှ ဒိဋ္ဌ ဓမ္မ နိဗ္ဗာနပုဂ္ဂိုလ် ဖြစ်ကြမယ်၊ ဆရာ-ဒကာ ညီညွတ်ပါမှ ဒိဋ္ဌဓမ္မ နိဗ္ဗာန်ရနိုင်မယ်၊ ရနိုင်တဲ့ပုဂ္ဂိုလ်ဖြစ်မယ်လို့ သံယုတ် ပါဠိတော်မှာ ဟောတော်မူတယ်လို့ မှတ်ကြ။

ဒကာ-ဒကာမတွေ ကျေနပ်ပလား?၊ ပါရမီမလိုပါဘူး၊ ဒီလိုနှစ်ဦးနှစ်ဖက် အဟောနဲ့- အနာ ဆရာနဲ့- ဒကာ ညီညွတ်ရင် ပြီးပါတယ်၊ အခု မျက်မှောက်ဒိဋ္ဌိပဲ နိဗ္ဗာန်ရမယ်လို့ ဘုရားက ဟောထားတော့ သံသယဖြစ်ဖို့ မရှိတော့ဘူး၊ ပါရမီနဲ့ ရိုးမယ်မဖွဲ့နဲ့တော့လို့ ပြောလိုက်ပါတယ်၊ ဟုတ်မှ ဟုတ်ပါ့မလားလို့ မတွေးနဲ့၊ ဝိစိကိစ္စတစ်လုံးခံရင် သွားမဲ့လမ်း ပိတ်တယ်၊ ယုံမှားသံသယဝင်ရင် ကိုယ်ကျွတ်မဲ့လမ်း လွတ်မဲ့လမ်းကို တားလိုက်တာပဲလို့ မှတ်ကြ၊ သဘောပါပလား?၊ ဒါကြောင့် ဘုန်းကြီးက ကြိုတင် သတိပေးလိုက်တယ်၊ ဝိစိကိစ္ဆာဘက် မလှည့်ပါနဲ့လို့ ဘုရားစကားတော်ကို မယုံမကြည် မရှိပါနဲ့လို့၊ ရိပ်မိပလား?။

ဝိစိကိစ္ဆာဟာ နှယ်နှယ်ရရ မဟုတ်ဘူး

ဝိစိကိစ္ဆာဟာ နှယ်နှယ်ရရ မဟုတ်ဘူး၊ အလွန်ကြောက်စရာကောင်းတဲ့တရား၊ သူတစ်လုံးထဲက အပါယ်တွန်းချ နိုင်တယ်၊ ကျေနပ်ပလား?။ ဘုရားက, စိတ်ဖြစ်ဖြစ်၊ ဝေဒနာဖြစ်ဖြစ်၊ ရုပ်ဖြစ်ဖြစ် ရုပ်နာမ်တစ်ခုခုကို မုန်းအောင်, မလိုချင်အောင်, ဆုံးအောင်ရှုကြ၊ ရှုရင် ဒိဋ္ဌဓမ္မ နိဗ္ဗာန်ရမယ်လို့ အသေအချာ ဟောတယ်၊ ရှင်းကြပလား?။ တရား ဟောပုဂ္ဂိုလ်ရဲ့ အချက်သုံးချက် အဲ့ဒီသုံးချက်က တစ်ခုသောတရားကို မုန်းအောင်၊ မလိုချင်အောင် ဆုံးအောင် ဟော ရမယ်၊ နားလည်ကြပလား?။

တရားနာတဲ့ ဒကာ-ဒကာမတို့ကလည်း မိမိခန္ဓာမှာ တစ်မျိုးမျိုးပေါ်မယ်၊ မြင်စိတ် ပေါ်ချင်ပေါ်မယ်၊ ဒါမှမဟုတ် ကြားစိတ် နံစိတ်၊ စားစိတ်၊ တွေ့စိတ်၊ မနောစိတ် တစ်ခုခုပေါ်မယ်၊ ဒီလိုပေါ်တဲ့အခါ ပေါ်တာကို မိအောင်ကြည့်၊ မလွတ်အောင်ရှုပေးကြ ဥပမာ စားစိတ်ကလေး လျှာမှာ ပေါ်တယ်ဆိုပါတော့ အဲဒါစားစရာ ထမင်းဟင်း, စားစရာ အစာအာဟာရကြောင့် ပေါ်လာရတာပဲ၊ စားစရာအစာကြောင့် အစာက ပြုပြင်လိုက်လို့ ပေါ်လာရတာပါ၊ ရှင်းပလား?။ အဲဒါဟာ စားစရာစွဲပြီး စားစိတ်ပေါ်တဲ့အတွက် ပဋိစ္စသမုပ္ပါဒ် တရားပဲ၊ ဒီစားစိတ်ဟာ သူ့အလိုလို ဖြစ်တာမဟုတ်ဘူး၊ အလိုလို မဖြစ်ဘူး၊ စားစရာကြောင့် အစာဆိုတဲ့အကြောင်းကြောင့် ဖြစ်လာတာပဲ၊ ရှင်းကြပလား?။

စားရင်း သေတာပဲ

ဒီစားစိတ်ဟာ အကြောင်းမကင်းဘူး၊ အကြောင်းကြောင့် ပေါ်တဲ့တရားမို့ ပဋိစ္စသမုပ္ပါဒ်လို့ ခေါ်တယ်၊ အဲဒီ စားစိတ်ကလေးကို မုန်းအောင်ရှုဖို့ လိုတယ်၊ ရှုဖို့နည်းက “ထမင်းတစ်လုတ် စားလိုက်၊ အရသာတစ်မျိုးပေါ်လိုက်၊ အစားတစ်ခုစားလိုက်၊ အရသာ,တစ်မျိုးပေါ်လိုက်၊ အဲဒီလိုအစား အမျိုးမျိုးစားတိုင်း အရသာ,အမျိုးမျိုး ခဏခဏပေါ် တယ်၊ ဒီပေါ်တဲ့အရသာဟာ ဒီလျှာပေါ်မှာပဲ ပျောက်,ပျောက်ပြီးသွားတယ်၊ ဒီလိုပေါ်ပြီး ပျောက်သွားတာဟာ စားရင်း သေတာပဲ၊ ဘယ်သူသေတာလဲ? ဆိုတော့… စားစိတ်သေတာပဲလို့ မှတ်လိုက်ကြ၊ အရသာပေါ်တာ၊ သိတာဟာ စားစိတ်နဲ့သိတာ၊ ဒီတော့ စားစိတ်သေတာ ဆိုတဲ့အချက် ရိပ်မိပလား?။ အဲဒါဟာ စင်စစ်တော့ စားချင်တဲ့လူ သေတာ ပါပဲ၊ သဘောပါပလား?။

ဒီတော့ စားချင်တဲ့သူ ဒီနေရာတွင် သေတာပဲလို့ ဉာဏ်စိတ်ပေါ်လာမယ်၊ ဒီလိုပဲ စားလိုက်, သေလိုက်၊ စား လိုက်, သေလိုက်၊ နောက်ကနေပြီး ဉာဏ်နဲ့ကြည့်တော့ ကိုယ့်မသာ ကိုယ်မြင်ရမယ် ရှင်းပလား?။ အစာ စားတိုင်း စားတိုင်း လျှာပေါ်မှာ ဖြစ်လိုက် ပျက်လိုက်နေတဲ့ ကိုယ့်မသာချည့် ကိုယ်တွေ့နေရတော့ ကြာရင် ငြီးငွေ့လာမယ်၊ ကြာလေ ကိုယ့်မသာ ကိုယ်-မကြည့်ချင်လေဖြစ်ပြီး မုန်းလာမယ်၊ ဒကာတို့ စမ်းပြီး စားကြည့်ကြ၊ ဉာဏ်နဲ့ စမ်းစားကြည့် ရင် လက်တွေ့သိရမယ်၊ သဘောပါပလား?။

စားချင်ရင်လည်း သေချင်လို့ပဲ၊ ဝတ်ချင်ရင်လည်း သေချင်လို့ပဲ ကြည့်ချင်ရင်လည်း သေချင်လို့၊ အဆင်းတစ်ခုခု ကို ကြည့်စိတ်ပေါ်လို့ ကြည့်လိုက်တဲ့အချိန်မှာ ဒီစိတ်ကလေး သေပြီ၊ မရှိတော့ဘူး။ ပေါ်လာပြီး ချက်ချင်းပျောက်သွား တာပဲ၊ သူ့နေရာမှာ နောက်စိတ်, အစားထိုးလို့သာ ပျက်သွားတာ မသတိတာပဲ၊ ငါ ကြည့်တယ်လို့ ထင်မြင်တာ၊ အမှန်က တစ်စိတ်ပြီးတစ်စိတ်, ဖြစ်ပြီးပျက်, ဖြစ်ပြီးပျက်နဲ့ အစဉ်မပြတ် မရပ်မနား ဖြစ်ပျက်နေတာပဲရှိတယ်၊ ဒါကို ဉာဏ်နဲ့ကြည့်ရင် လက်တွေ့သိရမယ်၊ အမှန်အတိုင်း သိရမယ်၊ သဘောပါပလား?။

အချိန်ဆွဲ အချိန်ရွှေ့ မနေကြနဲ့တော့

ဒကာ-ဒကာမတွေ ကိုယ်တွေ့ဉာဏ်မြင်ဖြစ်အောင် အားထုတ်ရမယ်၊ အချိန်ဆွဲ အချိန်ရွှေ့ မနေကြနဲ့တော့၊ ရွှေ့နေရင် ကိုယ့်မသာ ကိုယ်မမြင်ဘဲ သေခြင်းဆိုးနဲ့ သေရမယ်၊ ရိပ်မိပလား?။ အားထုတ်ကြည့်ရင် ကိုယ့်မသာတွေ ကိုယ်တိုင်မြင်ရမယ်၊ မြင်ရင်မလိုချင်၊ ဒီအသေက လွတ်ချင်စိတ်ပေါ်မယ်၊ လွတ်ချင်တဲ့ဉာဏ်လာမှ အသေလွတ်ရာ ရကြမှာ၊ ရှင်းပလား?။ ဒါကြောင့် ဘုရားက ဒကာ-ဒကာမတွေရဲ့ အဖြစ်မှန်ကို သိတော်မူ သနားတော်မူလို့ မသေရာကို ရှာကြလို့ ဟောတော်မူတာလို့ မှတ်ကြ၊ ပေါ်ကြပလား?

ခန္ဓာမှာ ဉာဏ်နဲ့ကြည့်ရင် ကောင်းတာတစ်ခုမှ မမြင်ရဘူး၊ အသေဒုက္ခချည့်မြင်ရမယ်၊ တသေပြီး-တသေ၊ တသေပြီး-တသေ ခဏခဏသေနေကြရတာ၊ ဒီလိုသေရတာ ကိုယ်တိုင်သေရတာချည့်ပဲ၊ ဒီဟာတွေကို ဉာဏ်နဲ့မြင်လာ တော့ မုန်းလာမှာပဲ၊ အမုန်းများလာရင် အသေတွေ ချုပ်ဆုံးပြီး အသေလွတ်ရာ ရကြမယ်၊ ဒါကြောင့် မိမိသန္တာန်မှာ ဉာဏ်နဲ့ ကြည့်ပေးကြ၊ ဘာလာလာကြည့်ပေး၊ စားချင်တာလည်း ကြည့် အသေတွေ့မှာပဲ၊ နားထောင်ချင်၊ ကြံစည်ချင် လည်း သေချင်လို့၊ ဒီလိုလျှောက်ပြီး ဉာဏ်နဲ့ကြည့်၊ အသေချည့်သာ တွေ့ရမယ်၊ နားလည်ပလား?။

ဒါကြောင့် မပြတ်ကြည့်ပေးကြ၊ ကြည့်ရင် မသာချည့်သာ တွေ့ရမယ်၊ အလောင်းချင်းသာ ထပ်တော့တယ်၊ အကောင်းတစ်ခုမှ မမြင်တော့ဘူး၊ ရိပ်မိပလား?။ ဒါကြောင့် ကြည့်ပေးကြ၊ မကြည့်ရင်ဖြင့် မတွေ့ကြဘူး၊ တရားတော် သူပြောမယုံ ကိုယ်တွေ့ကြုံရမယ်၊ သန္ဒိဋ္ဌိကော-တဲ့၊ သဘောပါပလား?။ ဒါက ဒိဋ္ဌဓမ္မ နိဗ္ဗာန်ရချင်တဲ့သူအတွက် ဒီ တရားကို ဟောရတာ၊ ဒကာ-ဒကာမတွေ ဒိဋ္ဌဓမ္မနိဗ္ဗာန် ရချင်ကြရင်ဖြင့် အားထုတ်ကြဖို့ပဲ၊ ကျေနပ်ပလား?။ ပါးစပ် ဖျားကလေးနဲ့သာ နိဗ္ဗာန်ရရပါလို၏နဲ့ တောင်းပြီး အားမထုတ်ရင်ဖြင့် ဒကာတို့ဟာ လူညာတွေလား?လို့ မေးလိုက်ပါ တယ်၊ ကျေနပ်ပလား?။

စိတ္တာနုပဿနာရှုရင် စိတ် ၆-မျိုး

ကိုယ့်သန္တာန်မှာ ပေါ်မယ်၊ စိတ္တာနုပဿနာရှုရင် စိတ် ၆-မျိုး မျက်လုံးစိတ်, နားစိတ်, နှာခေါင်းစိတ်, လျှာစိတ်, ကိုယ်ကာယစိတ် မနောစိတ်လို့၊ အဲဒီခြောက်မျိုးပေါ်မယ်၊ ပေါ်သမျှ မလစ်အောင် လိုက်ကြည့်၊ ကိုယ့်အသေချည့် တွေ့ရမယ်၊ ခြောက်ဒွါရမှာဖြစ်တဲ့ ခြောက်စိတ်ကို မလွတ်အောင် လိုက်ကြည့်၊ ပေါ်ရာကိုသာ ကြည့်၊ ကြည့်ရင် ဖြစ်ပျက် တွေချည့် တွေ့မယ်၊ ဖြစ်လာပြီး ပျက်သွား၊ ဖြစ်လာပြီး ပျက်သွားနဲ့ ဖြစ်ပျက်တွေချည့်ပဲ တွေ့ရမယ် အဲဒီတွေ့တဲ့ ဖြစ် ပျက်ကိုကြည့်ပါများလာတော့ ကြာရင် မုန်းလာမယ်၊ အဲဒီကနေ ဆုံးအောင် ဆက်ပြီး ကြည့်ရမယ်၊ ဆုံးအောင်ကြည့်ဖို့ တို့-တာဝန်ပဲလို့ ဆုံးဖြတ်ချက်ချ။

ဒကာ-ဒကာမတွေ သူများအသုဘ, လိုက်ပို့ကြတဲ့အခါမှာ မသာပို့ရင်းနဲ့ ဟေးလားဝါးလား စကားပြောနိုင်တာ ဘာလို့လဲ?၊ မသာပို့ရင်း စီးပွားရေး, ကြီးပွားရေး, သားရေး, သမီးရေး စကားတွေ ဖောင်နေအောင် ပြောနိုင်ကြတယ်၊ ဒါ ဘာ့ကြောင့်လဲ?၊ အဲဒါ သူများသေတာသာသိပြီး ကိုယ်သေတာ ကိုယ်မသိကြလို့သာပဲ၊ ကိုယ်သေတာသိရင် ဟေးလား ဝါးလား မလုပ်နိုင်ကြပါဘူး၊ ရိပ်မိကြပလား?။ သူများသေတာတွေ အိမ်ရှေ့က အလောင်း (၄၀-၅၀) လောက်များ ဖြတ်သွားရင် ဘယ့်နှယ့်များ နေပါ့မလဲ?။ ရွံ့မုန်းလာမှာပဲ၊ အဲဒီအမုန်းက ဉာဏ်မုန်းမဟုတ်ဘူး၊ ကြောက်တာပဲ၊ ကြောက်တဲ့ ဒေါမနဿပဲ၊ သံဝေဂဉာဏ် မဟုတ်ဘူးလို့ မှတ်ကြ။

ဘုရားပေး မျက်လုံးနဲ့ ကြည့်ပေးကြ

ဒကာ-ဒကာမတွေ အဲဒါကို သဘောပါကြရဲ့လား? သူများသေလို့ အလောင်း (၄၀-၅၀) လောက် မြင်ရတော့ ကြောက်တယ်၊ ကိုယ့်မသာတွေ နာရီမိနစ် မလပ်အောင် အလောင်းချင်းထပ်နေတာကိုတော့ မကြောက်ကြဘူး၊ အဲဒါ မသိလို့၊ မသိသားဆိုးဝါးချက် ဘယ်လောက်များ သန်သလဲ စဉ်းစားကြ၊ သူများကျတော့ ကြောက်တယ်၊ ကိုယ့်ကိုယ်ကိုယ် ပြန်ကြောက်အောင် လုပ်ကြလို့ ပြောလိုက်တယ်၊ ဒါကြောင့် ဒီကရှေ့ အရပ်ပေးမျက်လုံးဖြုတ်ပြီး ဘုရားပေး မျက်လုံးနဲ့ ကြည့်ပေးကြ၊ ခန္ဓာမှာ ဘုရားပေးတဲ့ဉာဏ်နဲ့ ကြည့်ရင် အမှန်သိပြီး အသေလွတ်ရာ နိဗ္ဗာန်ရကြမယ်၊ ရှင်းကြပလား?။

ဒကာတို့တစ်တွေ အခုအနေမှာ စားလည်း စားသေသေကြ၊ အိပ်လည်း အိပ်သေသေနေကြ၊ ဘယ်မှာနေနေ ဘာလုပ်နေနေ အသေချည့်ပါပဲ၊ အဲဒါ ဒကာ-ဒကာမတွေ ကိုယ်တိုင်က အသေဆုတောင်းထားကြလို့ အခု ကိုယ်ပိုင် ရနေကြတာပါ၊ ရိပ်မိကြရဲ့လား?။ လူ-ဖြစ်ရပါလို၏ ဆိုတာ လူသေ, သေရပါလို၏ ဆိုတာပဲ၊ နတ်ဖြစ်ရပါလို၏ ဆိုတော့ နတ်သေ, သေရပါလို၏ပဲ၊ ရှင်းပလား?။ ဒါတွေကို ကိုယ်တိုင် တောင်းယူခဲ့ကြတာ၊ ဒကာတို့က အသေနည်းရင် မကြိုက်နိုင်ဘူး၊ ဘဝဆက်တိုင်း-ဆက်တိုင်း လူ့ပြည်-နတ်ပြည် အကြိမ်ကြိမ်တဲ့၊ အဲဒါ အသေဆုတောင်းတာ၊ အသေများ များ ရရပါလို၏ ဆိုတာနဲ့ အတူတူပါပဲ၊ အသေကို ဘယ်လောက်ကြိုက်တယ်- မကြိုက်တယ်ဆိုတာ ပြောပဲ မပြောချင်တော့ ဘူး။

အဆုံးစွန်သောဘဝဆိုတာ ဘယ်တော့မှ မဆုံးဘူး

နိဗ္ဗာန်ကို အခုရရင်တောင် ယူချင်တဲ့အဓိပ္ပာယ် မပါဘူး၊ ဒကာတို့ဟာက လူ့စည်းစိမ်, နတ်စည်းစိမ် အကြိမ် ကြိမ် ခံစား၍ အဆုံးစွန်သော ဘဝမှာ နိဗ္ဗာန်ရောက်ရပါလို၏နဲ့ ဆိုကြတယ်၊ အဆုံးစွန်သောဘဝဆိုတာ ဘယ်တော့မှ မဆုံးဘူးလို့ မှတ်လိုက်ကြ၊ ကိုယ်က ဆုံးချင်ရင် ဒီဘဝမှာတင် ဆုံးနိုင်တယ်၊ မဆုံးချင်ရင် ဘယ်တော့မှ မဆုံးဘူး၊ ဆုံးချင်တဲ့ဉာဏ်လာမှ ဆုံးမှာ၊ ရိပ်မိကြပလား?။ အကြိမ်ကြိမ် ခံစား၍ ဆိုတာဟာ ဒကာတို့တစ်တွေ အသေတွေကို ခံစားချင်တာလား? မသာလောင်းတွေ ခံစားချင်တယ်လို့ ဆိုတာလား? မေးလိုက်ပါတယ်။

ဒကာ-ဒကာမတွေ အိပ်နေတဲ့အခါမှာလည်း သေနေတာပဲ၊ အိပ်နေတဲ့အခါ ထွက်လေ-ဝင်လေ ရှူရှိုက်နေတာ ဟာ ထွက်သေ-ဝင်သေ, ရှူသေ-ရှိုက်သေ လုပ်နေကြတာပါ၊ အဲဒါ သေချင်လို့ တစ်နာရီမှာ ထွက်သက် (၃၆၀) ဝင်သက်ကလည်း (၃၆၀) တစ်နာရီအတွင်းမှာတင် (၇၂၀) တောင် သေနေတယ်၊ ရိပ်မိကြပလား?။ ကြားမှာ ဘာမှ မညှပ်ဘူး၊ တသေပြီး တသေ အသေချင်းသာ ထပ်နေတာပါပဲ၊ သဘောပါကြပလား?။ ဒါကို မသိမမြင်တော့ ခင်လို့ မင်လို့ ရတယ်၊ ပျော်လို့ ရွှင်လို့ ရကြတယ်၊ ဒီအသေတွေ မသာတွေ အမှန်သိ အမှန်မြင်ရင် ပျော်လို့ ရွှင်လို့လည်း မရ၊ ခင်လို့ မင်လို့လည်း မရကြတော့ပါဘူး။

ဉာဏ်ဆရာတင်ပြီး ခန္ဓာမှာ ကြည့်ပေး

ဒါကြောင့် ဒီကရှေ့ တို့ဒကာတွေ ဉာဏ်ကို ဆရာတင်ကြတော့ ဉာဏ်က ပြတာကြည့်၊ ဉာဏ်ပြောသောစကား နားထောင်ကြ၊ ဒါမှ အမှန်ကျမယ်၊ ဉာဏ်ဆရာတင်ပြီး ခန္ဓာမှာ ကြည့်ပေး၊ ဉာဏ်နဲ့ကြည့်တော့ အသေချည့်သာတွေ့ ရမယ်၊ ဒီအတိုင်းသာ ကြည့်ကြရင် ပျော်တဲ့စိတ်မလာဘူး၊ မုန်းတဲ့ဉာဏ်ပဲ လာတော့မယ်၊ ဉာဏ်မပါရင် သံသရာမှာ ကြက်ကန်းသွား လိပ်ကန်းသွား သွားနေရဖို့ပဲ၊ ဒါကြောင့် ဉာဏ်ဆရာတင်ကြ၊ ဉာဏ်ဆရာတင်တော့-ဘဝသံသရာမှာ အသေတွေချည့် မြင်ရမယ်၊ မြင်ရတော့… မလိုချင်တော့ဘူးပေါ့၊ မလိုချင်တော့… ဘဝသံသရာ ဆုံးတာပါပဲ၊ သဘောပါရဲ့လား?။

ဘဝသံသရာမှာ လူဖြစ်တော့ လူသေနဲ့ ကြုံရမယ်၊ နတ်ဖြစ်တော့လည်း နတ်သေ၊ ဗြဟ္မာဖြစ်တော့ ဗြဟ္မာသေ၊ ဒီအသေခန္ဓာတွေချည့် ရကြမယ်၊ ဉာဏ်က ဒီသဘောကို အမှန်မြင်တော့ ခန္ဓာအမျိုးမျိုးတွေ မလိုချင်တော့ဘူး၊ မုန်းတဲ့ ဉာဏ် ဝင်လာတယ်၊ မလိုချင်တော့… နောက် မကြာခင် ဆုံးတော့တာပဲ၊ ရှင်းကြပလား။ ဘုရားရှင်က ပဋိစ္စသမုပ္ပါဒ် တရားဟာ ရှုမှတ်ရမဲ့ တရားရှုစရာ တရားပဲလို့ ဟောတော်မူတယ်၊ ဒီတော့ ဒွါရခြောက်ခုမှာ ခန္ဓပဋိစ္စသမုပ္ပါဒ်တွေ လှည့်ပတ်ပြီးဖြစ်ပေါ်နေကြတယ်၊ ဒီတော့ ဒွါရခြောက်ခုမှာ လာသမျှ ဘာလာလာ မလွတ်တမ်း ရှုပေးကြ။

ပေါ်တိုင်းပေါ်တိုင်း မလွတ်အောင် ရှုပေး

အဲဒီလို ပေါ်တိုင်းပေါ်တိုင်း မလွတ်အောင် ရှုပေးရင် ဓမ္မာနုဓမ္မ ပဋိပတ္တိဖြစ်မယ်၊ ဓမ္မ အနုဓမ္မပဋိပတ္တိပဲ၊ ဓမ္မက အရှုခံရမဲ့တရား အနုဓမ္မပဋိပတ္တိက ပြတဲ့ တရားနဲ့ လျှော်အောင် ညီညွတ်အောင် ကျင့်တဲ့အကျင့်လို့ မှတ်၊ လျှော်အောင် ကျင့်ဖို့က အရှုခံရမဲ့တရားနဲ့ ရှုဉာဏ်နဲ့ တည့်စေရမယ်လို့ မှတ်ကြ၊ အရှုခံ တရားနဲ့ ရှုဉာဏ်တည့်ရင် လျှော်အောင် ကျင့်တဲ့အကျင့် ဓမ္မာနုဓမ္မ ပဋိပတ္တိပဲလို့ မှတ်ကြ၊ သဘောပါပလား?။ ဥပမာ ရုပ်နာမ်ပဋိစ္စသမုပ္ပါဒ်က, အဖြစ်ပြရင် အဖြစ်ကို သိရမယ်၊ ပျက်ရင် အပျက်ကို သိရမယ်လို့ ဆိုလိုတယ်၊ ရှင်းပလား?။

အရှုခံတရားက ဖြစ်ပျက်ရှိရင် ရှုဉာဏ်က ဖြစ်ပျက်ပဲသိ၊ ပိုမသိနဲ့ ရှင်းပလား?။ အပိုဖြစ်တဲ့ ငါ သူတစ်ပါး, ယောက်ျား-မိန်းမ မလာစေနဲ့ ဖြစ်တာ-ပျက်တာကိုပဲ သိရမယ်၊ အဲဒါမှ ဓမ္မအနုပဋိပတ္တိဖြစ်မှာ၊ ဖြစ်ပျက်နှစ်ခုကအပြင် ဘာမှမမြင်ရဘူး မြင်ရင် လျှော်တဲ့အကျင့် မဟုတ်သေးဘူးလို့ ဆုံးဖြတ်ချက်ချ၊ ဓမ္မနဲ့ အနုပဋိပတ္တိနဲ့ ကိုက်ညီတဲ့အကျင့်မှ ကိုက်ညီမှ မဂ်-ဖိုလ်ရတဲ့ အကျင့်ဖြစ်တယ်လို့မှတ်၊ မကိုက်ရင် မဂ်-ဖိုလ် ရတဲ့အကျင့် မဟုတ်သေးဘူးလို့သာ မှတ်လိုက် ကြ၊ ရှင်းကြပလား?။

ရှေ့က အပျက်နဲ့ နောက်က မဂ်နဲ့ ကိုက်အောင် လုပ် ရမယ်

တိုတိုကျဉ်းကျဉ်းနဲ့ လိုရင်းအချုပ် မှတ်ထားဖို့ကတော့ ရှေ့က အပျက်နဲ့ နောက်က မဂ်နဲ့ ကိုက်အောင် လုပ် ရမယ်၊ သဘောပါပလား?။ ဒီလိုရှေ့က ဖြစ်ပျက်နဲ့ နောက်က မဂ်နဲ့ ကိုက်အောင်လုပ်ရင် နောက်မုန်းလာမယ်၊ မုန်းဖန်များပြီးနောက် မလိုချင်တော့ဘူး၊ မလိုချင်တဲ့နောက်တော့… ဆုံးတော့တာပဲ၊ ဒါကြောင့် ခန္ဓာမှာ ပေါ်ဆဲ- ပေါ်ဆဲ ပဋိစ္စသမုပ္ပါဒ်ကို မလွတ်အောင်, ဉာဏ်နဲ့ ကပ်လိုက်၊ ရှေ့က ဖြစ်ပျက် နောက်က မဂ် ညီပေစေ၊ ကြားဝင်တဲ့စိတ် လက်မခံနဲ့၊ အဲဒါ-ကိလေသာကြားထိုးတာပဲ၊ ကိလေသာ ကြားထိုးနေရင် မဂ်ဉာဏ်နဲ့ ဝေးလိမ့်မယ်၊ ရိပ်မိပလား?။

ကိလေသာကြားမဝင်ဘဲ ရှေ့ကဖြစ်ပျက် နောက်က မဂ်ချည့်သာတန်းနေရင် ဓမ္မာ အနုပဋိပတ္တိဖြစ်ပြီ၊ ဒီလို ညီညွတ်မှ ဓမ္မာနု ဓမ္မပတ္တိပန္နပုဂ္ဂိုလ်ဖြစ်မယ်၊ ရှင်းပလား? ဒါကြောင့် ဒကာ, ဒကာမတွေ ဓမ္မာနုဓမ္မ ပဋိပန္နပုဂ္ဂိုလ်ဖြစ် အောင် အမြန်လုပ်ကြပါလို့ တိုက်တွန်းလိုက်တယ်၊ ဘုရားရှင်က ဒကာတို့ သတ္တဝါဝေနေယျတွေကို သနားအားကြီးလို့ ညွှန်ပြတော်မူခဲ့တာ၊ ဘုရားတို့ ထုံးတမ်းက, နှစ်ခွန်းမပြောဘူး၊ တစ်ခွန်းနဲ့ အမှန်ကိုသာပြောတယ်၊ သတ္တဝါတွေကို ငဲ့ညှာတော်မူပြီး နည်းလမ်းပြထားခဲ့တာပဲ၊ ဒီလို ဘုရားထုံးစံသိရရင် ယုံမှားမနေကြနဲ့တော့ ဘုရားစကားတော် မဖြစ်စရာ မရှိ၊ မုချဖြစ်ရမယ်လို့ ဆုံးဖြတ်ပြီး ကြိုးစားလိုက်နာကြ။

ဖြစ်ပျက် သိဖို့သာ လိုရင်းအချက်ပဲ

အားထုတ်တော့ ဒကာတို့သန္တာန်မှာ ဓမ္မကလေးတစ်ခု ပေါ်လာမယ်၊ အဲဒီပေါ်လာတဲ့ ဓမ္မက ဖြစ်ပျက်ဆိုရင် ဉာဏ်က ဖြစ်ပျက်လို့ သိကြ၊ ဒီ-ဖြစ်ပျက် သိဖို့သာ လိုရင်းအချက်ပဲ၊ ပထမတော့ ကျဲချင်ကျဲနေမယ်၊ နောက်-အသိအမြင် များလာမယ်၊ များလာရင် မုန်းစရာပဲလို့ ဉာဏ်က သိမယ်၊ ဉာဏ်က မုန်းစရာလို့ သိရင် မလိုချင်တော့ဘူး၊ ဒါတွေဟာ ဒုက္ခအစုတွေပဲလို့ ဆုံးဖြတ်ချက်ချရမယ် ဆုံးဖြတ်ပြီးနောက် ဒီဖြစ်ပျက်ဒုက္ခတွေဆုံးရော၊ ဆုံးတာနဲ့ မဂ္ဂင်ရှစ်ပါးလာတာပဲ၊ အဲဒီအခါမှာ လောကုတ္တရာမဂ်နဲ့ နိဗ္ဗာန်မြင်ရတော့တာပဲ၊ ရှင်းပလား?။

ဒါကြောင့် ဒကာ-ဒကာမတွေ ခန္ဓာကြည့်ပေးကြ၊ ဘာပေါ်ပေါ် ဖြစ်ပျက်မြင်အောင်ရှု၊ ဖြစ်ပျက်မြင်ဖို့ အရေး ကြီးတယ်၊ ရုပ်ပေါ် ရုပ်ဖြစ်ပျက်ရှု၊ ဝေဒနာပေါ်လည်း ဖြစ်ပျက်မြင်အောင်ရှု၊ တိဏ္ဏံ သင်္ဂတိ ဖဿော- ဆိုတဲ့အတိုင်း ဖဿပေါ်လာပြီးနောက် ဖဿပစ္စယာဝေဒနာပဲ၊ ဖဿချုပ်ပြီး ဝေဒနာပေါ်လာတယ်၊ ဖဿက အကြောင်း, ဝေဒနာက အကျိုး၊ ဝေဒနာအချုပ်ကလေးမြင်တော့ အကြောင်းချုပ်လို့ အကျိုးချုပ်တာပဲလို့ သိရမယ်၊ အကြောင်း ဖဿရော အကျိုး ဝေဒနာပါ နှစ်ပါးလုံး ပြိုင်ချုပ်တယ်၊ အကြောင်းအကျိုး ပြိုင်ချုပ်တော့ နောက်က တဏှာ-ဥပါဒါန်တွေ မလာတော့ဘူး၊ မလာတော့ တဏှာနိရောဓော- နိဗ္ဗာနံ၊ ခန္ဓာ နိရောဓော-နိဗ္ဗာနံ၊ လောဘ-ဒေါသ-မောဟ ချုပ်ရာ ဆုံးရာဟာ နိဗ္ဗာန်ပဲ၊ သဘောပါကြပလား? ရေသောက်မြစ်ကို မဂ်ကဖြတ်လိုက်တော့ ခန္ဓာသစ်ပင် မပေါက်နိုင်တော့ဘူးူ ရှင်းကြပလား?။

ကိုင်း… တစ်နာရီစေ့သွားပြီ၊ ဒီတွင်ပဲ တော်ကြဦးစို့။

**********