20313

ပဋိစ္စဖြစ်ပျက် ဉာဏ်ခွဲဝက် တရားတော်

ဆောင်ပုဒ်။

အမြင်ခံရ၊ သင်္ခါရ၊ မြဲပြ ဖြစ်ပျက်တွေ့။

သူပြတိုင်းပင်၊ ဉာဏ်ကမြင်၊ မဂ္ဂင် လောကီနေ။

ဖြစ်ပျက်မြင်ဉာဏ်၊ အမြင်မှန်၊ သမ္မာ ဒိဋ္ဌိပေ။

မြင်ခံဓမ္မ၊ ပဋိစ္စ၊ ဦးစ, ဖြစ်ရန်ခြေ။

ရှုဉာဏ်မဂ်ဝင်၊ ဒီမှာတွင်၊ ပြတ်စင် ရဟတ်ဗွေ။

မရှုနေခါ၊ အဝိဇ္ဇာ၊ ပတ်ချာ စက်ဒိုးမွှေ။

ခန္ဓာအဇ္ဈတ်၊ သတိချပ်၊ ဉာဏ်မြတ်လုံ့လစေ။

ရင်ဝ,လှံစူး၊ ထိပ်ဦးမီးလောင်၊ ပမာဆောင်-

ရအောင် မဂ်ဉာဏ်ဖွေ။

သတိချပ်။

ကိုယ့်ဖြစ်မှန်ပင်၊ မသိလျှင်၊ လူတွင် ရှည်သက်ဆိုး။

အဝိဇ္ဇာကြိုက်၊ အမှောင်တိုက်၊ တုံးမိုက် ဗာလချိုး။

ကြောင်သက်ကြာလေ၊ မိုက်သက်ရှည်၊ တူလေ အဟိတ်မျိုး။

အဟိတ်ဟူက၊ သူ့-နှုတ်ဝ၊ ချရ-မသာမျိုး။

တိရစ္ဆာန်နေ၊ ထိုနည်းသေ၊ ပါယ်မြေစုံးစုံးလျှိုး။

ထို့ကြောင့်လျှင်စွ၊ ခုခဏ၊ မဂ္ဂရအောင်ကြိုး။

တရားသား။ ။

ပဋိစ္စသမုပ္ပါဒ် ဖြတ်နိုင်တဲ့ဉာဏ် အမြင်မှန်

ဒကာ-ဒကာမတို့ ဒီကနေ့ည ပဋိစ္စသမုပ္ပါဒ် ဖြတ်နိုင်တဲ့ဉာဏ်၊ အမြင်မှန်ကို ပြောရမယ်၊ အမြင်မှန် ဆိုတာ ဘယ်လိုမြင်မှ အမြင်မှန်ဖြစ်မလဲလို့ မေးခဲ့ရင် ဥပမာ ခန္ဓာမှာ တရားလေးတစ်ခု ပေါ်လာတယ်၊ အမြင်ခံဖို့ ပေါ်လာတဲ့အမြင်ခံ တရားလေးပဲ ဆိုပါစို့ အဲဒီအမြင်ခံရတဲ့တရားက အဖြစ်ကလေးကို ပြတယ်၊ နောက်- အချုပ်ကလေးလည်း သူက ပြတယ်၊ ရှုတဲ့ဉာဏ်က သူပြတဲ့အတိုင်း မြင်ရင် အဲဒါ… လောကီ, မဂ်အမြင်ပဲလို့ မှတ်၊ သဘောပါကြပလား?။

အဖြစ်ကလေးမြင်တာဟာ မဂ် သမ္မာဒိဋ္ဌိနဲ့ မြင်တာပဲ၊ မဂ်သမ္မာဒိဋ္ဌိနဲ့ မြင်တဲ့အမြင်ပဲလို့ မှတ်ကြ၊ အပျက်ကလေး မြင်တာဟာလည်း ဒီမဂ်သမ္မာဒိဋ္ဌိနဲ့ မြင်တဲ့အမြင်ပါပဲ၊ အဖြစ်ပဲမြင်မြင် အပျက်ကိုပဲမြင်မြင် မဂ်သမ္မာဒိဋ္ဌိနဲ့ မြင်တာပဲလို့ ဆုံးဖြတ်ချက်ချ ရှင်းပလား?။ ဒီလိုအဖြစ်နဲ့ အပျက်ကို မြင်တဲ့အမြင်ဟာ… ဘယ်သူမှ မမေးနဲ့တော့… အမှန်မြင်ပဲ၊ အမြင်မှန်ပဲလို့သာ တစ်ထစ်ချ မှတ်လိုက်ကြ၊ ရိပ်မိကြပလား?။ ဒကာ-ဒကာမတွေ ဒါဟာ မိမိခန္ဓာထဲမှာရှိတဲ့ ပဋိစ္စ သမုပ္ပါဒ် အဖြစ်ကလေးနဲ့ အချုပ်ကလေးကို မြင်တာပဲ၊ တခြားမှာ ခဲခဲယဉ်းယဉ်းရှာဖို့ မဟုတ်ပါဘူး သဘောပါပလား?။

ဒုက္ခပေးမလို့ ပဋိစ္စသမုပ္ပါဒ် ဆက်မလို့လာတာ

ဒကာ-ဒကာမတွေ မိမိရှေ့မှာ မြင်စရာ အဆင်းနဲ့တည့်လို့ မြင်စိတ်ကလေးပေါ်လာတယ် ဆိုပါတော့၊ အဲဒီ အပေါ်လာတဲ့ မြင်စိတ်ကလေးကို ဉာဏ်နဲ့မသတ်မိရင် ဒုက္ခရောက်ဖို့သာ ပြင်ကြတော့ပဲ၊ မြင်စိတ်ကလေးပေါ်လာတာ ဟာ ဒုက္ခပေးမလို့ ပဋိစ္စသမုပ္ပါဒ် ဆက်မလို့လာတာပဲ၊ ဒီမြင်စိတ်ကလေးကို ဘုန်းကြီးက ညွှန်ပြပေးလို့ ဘုရားပေးတဲ့ အမြင်နဲ့ ကြည့်လိုက်တော့ ပျက်သွားတယ်၊ ဒီအမြင်စိတ် နောက်က ပဋိစ္စသမုပ္ပါဒ် မဖြစ်နိုင်တော့ဘူး၊ မဆက်နိုင်တော့ ဘူး၊ မဆက်နိုင်အောင် နောက်က အမြင်က ဖြတ်ပစ်လိုက်တာပဲ၊ သဘောပါကြပလား?။

ဒါကြောင့် ခန္ဓာမှာ အမြင်မှန် ပေါ်လာတဲ့ တရားကလေးတွေကို လက်လွတ်မခံကြနဲ့၊ ဘုရားပေးတဲ့ဉာဏ်နဲ့ ရှုဖြစ်အောင် ရှုပေးကြ၊ ရှုတော့ အမြင်ခံတရားလေးက အဖြစ်ကိုလည်း ပြမယ်၊ အပျက်ကိုလည်း ပြမယ်၊ သူပြရင် ပြတဲ့အတိုင်း ဉာဏ်က သိလိုက်နေဖို့ အရေးကြီးတယ်၊ နားလည်ကြပလား?။ ခန္ဓာမှာ စိတ်ကလေးပေါ်လာလို့ ဖြစ်ပျက် မြင်ရင် ဖြစ်ပျက်နောက်က, မဂ်လာတာပဲ၊ ဖြစ်ပျက်မဂ်, ဖြစ်ပျက်မဂ်နဲ့၊ ဖြစ်ပျက်နဲ့ မဂ် ကပ်လျက်နေအောင် လိုက်ပေး၊ ခြားထိုးတဲ့စိတ်တွေ အဝင်မခံရစေနဲ့ ရှင်းပလား?။

အမြင်ခံရတဲ့တရားက ပဋိစ္စသမုပ္ပါဒ် အစကလေးပဲ၊ ဒါကို မသိလို့ မရှုမိရင် ဆက်တိုက်လာတော့မယ်၊ ဒုက္ခ စက်ရဟတ်ကြီးလည်တော့မယ်၊ ရိပ်မိပလား?။ ဒါကြောင့်- ပေါ်လာရင် ရှုပြစ် ရှုမိရင် မဂ်ဝင်လာမယ်၊ မဂ်ဝင်လာရင် ပဋိစ္စသမုပ္ပါဒ်ပြတ်ကရော မဂ်မလာရင် ပဋိစ္စသမုပ္ပါဒ်ဆက်သွားမှာပဲ၊ သဘောပါပလား?၊ မျက်လုံးကလေး အမှတ်မဲ့ ဖွင့်မိတာနဲ့ ဒုက္ခများရတာပဲ၊ မြင်စိတ် တွေ့ထိ, ခံစား, နှစ်သက်, စွဲလမ်း, ကံဖြစ်၊ နောက် ပဋိသန္ဓေ၊ အို, နာ, သေ, ဒီဒုက္ခအစုကြီးတွေ ရတော့တာပဲ၊ ရိပ်မိကြပလား?။

ရှုမိရင် ရှုတဲ့နေရာ ပဋိစ္စသမုပ္ပါဒ်ပြတ်တာပဲ

ဒါကြောင့် ဘုရားပေးတဲ့ ဉာဏ်နဲ့ ပေါ်လာတာကို တစ်ခုခုမိအောင်ရှုဖို့၊ ရှုနိုင်ဖို့ အရေးကြီးတယ်၊ ရှုမိရင် ရှုတဲ့နေရာ ပဋိစ္စသမုပ္ပါဒ်ပြတ်တာပဲ၊ ပြတ်ရင် မဂ်လာတယ်၊ ကျေနပ်ပလား?။ ဒီတော့ ပဋိစ္စသမုပ္ပါဒ် အစအဆုံးကြည့် နိုင်ဖို့ လိုတယ်လို့ မှတ်ကြ၊ ပဋိစ္စသမုပ္ပါဒ် အစ,အဆုံး ကြည့်နိုင်တဲ့သူဟာ မဂ်ပေါ်မှာပဲ၊ သဘောပါကြပလား?။ မကြည့် တတ်ရင် ဒုက္ခစက် မပြတ်နိုင်တော့ဘူး၊ ဒီဘဝမှာ စုမိတဲ့ အကုသိုလ်ကံတွေ ဒင်းကျမ်းနဲ့ အပါယ်လမ်း ဖြောင့်ပြီလို့သာ မှတ်လိုက်ကြ၊ ရိပ်မိကြပလား?။

ဘုရားက သတိပဋ္ဌာန် ပါဠိတော်မှာ ဟောတာဟာ ပဋိစ္စသမုပ္ပါဒ် ဖြစ်ပုံပျက်ပုံသိအောင်လို့ ဟောထားတာ၊ ပဋိစ္စသမုပ္ပါဒ် ဖြစ်ပျက်ပုံသိဖို့အရေးဟာ အလွန်ကြီးတဲ့အရေးပဲလို့ မှတ်လိုက်ကြ၊ သဘောပါကြပလား?။ ဒါကြောင့် မျက်လုံးဖွင့်တိုင်း, နားဖွင့်တိုင်း, ဒွါရခြောက်ပါး တစ်ပါးပါး ဖွင့်တိုင်းဖွင့်တိုင်း ဉာဏ်ပါဖို့ အရေးကြီးတယ်၊ ဘုရားပေးဉာဏ် နဲ့ ဖြစ်ပျက် မြင်အောင် အမြင်မှန်ကျအောင် ရှုပေးကြ၊ ပဋိစ္စသမုပ္ပါဒ် ဖြစ်ပျက်မြင်ရင် မဂ်ဝင်လာမှာပဲ၊ မမြင်ရင် မဂ်မလာဘူး၊ မဂ်မလာရင် သက်ဆိုးရှည်ဖို့ပဲဆိုတာ မှတ်ကြတော့…။

ဖြစ်ပျက်မြင်ရင် မဂ်ဝင်လာမယ်

ရှုဉာဏ်ပါရင် ဖြစ်ပျက်မြင်မယ်၊ ပဋိစ္စသမုပ္ပါဒ် ဖြစ်ပျက်မြင်ရင် မဂ်ဝင်လာမယ်၊ မဂ်ဝင်ရင် ခန္ဓာဒုက္ခသစ္စာ ကြီး ပြတ်သွားမယ် ရှင်းကြပလား?။ ဒါကြောင့်… ဘာလာလာ ဖြစ်ပျက် ရှုချ၊ ကုသိုလ်ပေါ်ပေါ် အကုသိုလ်ပေါ်ပေါ် ရှုဖို့သာ လိုရင်းပဲ၊ လောဘလာရင်လည်း ဖြစ်ပျက်ရှု၊ အဖြစ်မြင်ရင် ဖြစ်ကြောင်း ပဋိစ္စသမုပ္ပါဒ်ကိုသိမယ်၊ အပျက်မြင်ရင် ပျက်ကြောင်း ပဋိစ္စသမုပ္ပါဒ်ကို သိမယ်၊ အဲဒါ… မဂ်အမြင်ပဲလို့ မှတ်လိုက်ကြ၊ အဲဒီလို… အကြောင်းအကျိုးဆက်ကို မြင်တာဟာ မဂ်အမြင်, အမြင်မှန်ပဲလို့သာ ဆုံးဖြတ်ချက်ချ၊ ရှင်းပလား?။

အဲဒီအခါမှာ မဂ်က တဏှာကို ဖြစ်ပျက်ရှုလိုက်တာနဲ့ နောက်က, ကာမုပါဒါန်တွေ ပြတ်သွားတယ်၊ ဒီတော့ ကျန်တဲ့ ဥပါဒါန်တွေလည်း မလာတော့ဘူး၊ မလာတော့ ကံတွေပါ အကုန်ချုပ်သွားတယ် ပေါ်ကြပလား?။ ဒါကြောင့် ဘုရားက ဒကာ-ဒကာမတွေကို ချမ်းသာစေချင်လွန်းလို့ ဆင်းရဲက လွတ်စေချင်လွန်းလို့ “သရာဂစိတ္တံ သရာဂစိတ္တန္တိ ပဇာနာတိ”လို့ ရှုလိုက်ပါလို့ အသေအချာ ဟောတော်မူခဲ့တာပဲ၊ ရိပ်မိကြပလား?။ ရိပ်မိရင်ဖြင့် ဘုရားရှင်ရဲ့ မဟာ ကရုဏာတော်တွေ- မေတ္တာ- စေတနာတော်တွေ ထောက်ထားပြီး ကြိုးစားရှုကြ။

ဒါနဲ့မှ ကိုယ့်အဖြစ်မှန် ကိုယ်မသိကြလို့ မရှုကြဘူးဆိုရင် ဒယ်အိုးနဲ့ အမြဲနေချင်လို့ပဲဆိုတာ သေချာတယ်၊ ဘုရားကျေးဇူးတော်တွေနဲ့ ညွှန်ပြတဲ့ ဆရာနဲ့ ကြုံကြိုက်တုန်းမှာ မလိုက်နာချင်ကြရင် ဒယ်အိုးကြိုက်သလားလို့ မေးသင့် မမေးသင့် စဉ်းစားကြ ရှုရင် မဂ်ရမယ်၊ ဒုက္ခတွေ အကုန်သိမ်းမယ်၊ သမုဒယတွေလည်း ချုပ်မယ်၊ ဒီလိုဆိုတော့ လုပ် ကြဖို့ ရှုကြဖို့ မသင့်ဘူးလား?။ အေး သင့်တာသိရင်ဖြင့် ကြိုးစားကြလို့ အထူးတလည် တိုက်တွန်းလိုက်ပါတယ်၊ သဘော ပါကြရဲ့လား?။

အဝိဇ္ဇာ မဝင်ခင် အရင်ဦးအောင်ရှု

ဒကာ-ဒကာမတွေဆီ လာတဲ့စိတ်ကလေးဟာ ဘာလဲလို့ မမေးနဲ့တော့၊ သူလာတာ ပဋိစ္စသမုပ္ပါဒ်ဆက်မလို့ လာတာချည့်ပဲလို့သာ မှတ်ကြ၊ ဒါကြောင့် ဘာပဲလာလာ ဖြစ်ပျက်ရှုပြစ်၊ ကုသိုလ်စိတ်ကလေးလာလည်း ဖြစ်ပျက်ရှု၊ မရှုမိရင် အဝိဇ္ဇာဝင်လာမယ် အဝိဇ္ဇာဝင်ရင် အဝိဇ္ဇာပစ္စယာသင်္ခါရာ ဆက်မှာပဲ၊ ရိပ်မိပလား?။ ဒါကြောင့်… အဝိဇ္ဇာ မဝင်ခင် အရင်ဦးအောင်ရှု၊ ရှုရင် ကုသိုလ်စိတ်ကလေးဖြစ်ပျက် နောက်ကမဂ်လာမယ်၊ ဒါကြောင့် “ဝိတရာဂ စိတ္တံ ဝိတရာဂစိတ္တန္တိ ပဇာနာတိ”လို့… ဘုရားက ဟောတာပဲလို့ မှတ်ကြ၊ ကုသိုလ်ဆိုပေမဲ့လည်း ရှုပစ်ရမယ်၊ မရှု ရင် မဖြစ်ဘူးတဲ့၊ ရှင်းကြပလား?။

ဒကာ-ဒကာမတို့ မိမိခန္ဓာမှာ ကုသိုလ်စိတ်ဖြစ်မှန်း ပျက်မှန်း မသိကြဘူးဆိုရင် မသိခဲ့ရင် အဝိဇ္ဇာလာမှာ ကတော့ သေချာတယ် မသိမှုဟာ အဝိဇ္ဇာပဲ မဟုတ်လား?၊ ဒကာ-ဒကာမတွေ မိမိကိုယ်တိုင်, ကုသိုလ်ဖြစ်တာလည်း မသိ၊ ချုပ်တာလည်း မသိ၊ အဲဒီလို သူ့ဟာသူ မသိရင် မသိတဲ့သူဆိုရင် ဘယ်လိုဆိုရမလဲ?၊ သူ-ဘာမှသိတဲ့သူ မဟုတ် ဘူးလို့ ဆိုရမယ်၊ ရိပ်မိပလား?။ ဒါကြောင့် ကုသိုလ်စိတ်လာလည်း ဝမ်းသာမနေနဲ့၊ ဝမ်းသာရင် တဏှာ, ဥပါဒါန် တန်းရောက်မယ်၊ ကုသိုလ်လာလည်း ဖြစ်ပျက်ရှုပစ်၊ အဲဒါမှ ဝိဇ္ဇာဖြစ်မယ်၊ ဝိဇ္ဇာဖြစ်မှ ဝိပဿနာ ဖြစ်မှာပဲလို့ မှတ်ကြ၊ ရှင်းပလား?။

ဖြစ်ပျက်ရှုမှ ဝိပဿနာ

အထူးသိဖို့က ကုသိုလ်ဆိုပြီး ဝမ်းမြောက်ပြီး ပွားနေရင် သမထဖြစ်မယ်၊ ပွားတာ-သမထ၊ ဝိပဿနာ မဖြစ် ဘူး၊ ဝိပဿနာဖြစ်အောင် ဖြစ်ပျက်ရှုပေး၊ ဖြစ်ပျက်ရှုမှ ဝိပဿနာဖြစ်မယ်၊ နားလည်ပလား?။ ဒကာ-ဒကာမတွေ ပွားနေရင် သမထ၊ ဖြစ်ပျက်ရှုမှ ဝိပဿနာ၊ မှတ်မိကြပလား?။ ဒါကြောင့် ဘာပဲလာလာ ဖြစ်ပျက်သာရှုပြစ်ကြလို့ ပြောလိုက်ပါတယ်၊ ရှင်းပလား?။

ဒကာ-ဒကာမတို့၊ ဒကာတို့အသက်က (၁ နဲ့ ၂) ပဲရှိကြတာပါ တစ်ဆိုဖြစ်ပြီး နှစ်ဆိုမရှိတော့ဘူး၊ ရိပ်မိပလား?။ ဒါကြောင့် “ဧကစိတ္တ သမာယုကာ”တဲ့၊ သတ္တဝါရဲ့အသက်ဟာ တစ်ခုသောစိတ်ပဲ၊ တစ်ခုသောစိတ်ဟာ လူ့အသက်ပါပဲ တဲ့၊ ကျေနပ်ပလား?၊ တစိတ်ဖြစ်ပျက်ပြီးလို့ နောက်ထပ်မလာရင် တစ်ခါတည်း သေတာပဲ၊ ဒါကြောင့် ပေါ့နေလို့ မဖြစ်ဘူး၊ မရှုဘဲနေလို့ဖြင့် မဖြစ်တော့ပါကလားဆိုပြီး ကြိုးစားကြ၊ မရှုမိဘဲ အမှတ်တမဲ့နဲ့ သေသွားရင် ကိုယ်ကျိုးနည်း ပြီ၊ ပဋိစ္စသမုပ္ပါဒ်နဲ့ သေရမှာပဲ ပဋိစ္စသမုပ္ပါဒ်နဲ့သာ သေရရင် အသေဆိုးနဲ့ အဆိုးသေ, သေရမှာပဲရှိတယ်လို့ မှတ်ကြ ပေါ်ပလား?။

အဝိဇ္ဇာနဲ့ အသက်ရှည်နေတာ

ဒကာ-ဒကာမတွေ သဘောပါပလား?။ ကိုယ့်သန္တာန်မှာ ဖြစ်တဲ့စိတ်၊ ဘာစိတ်ဖြစ်လို့ ပျက်တယ်လို့ မသိတာ ဟာ မသိတဲ့သူဟာ, ကိုယ်သေတာ ကိုယ်မသိတဲ့လူပဲလို့သာ မှတ်ကြတော့၊ ရှင်းပလား?၊ ကိုယ်သေတာမှ ကိုယ်မသိတော့ ကိုယ့်ဒုက္ခလည်း ကိုယ်မသိတော့ဘူး၊ ဒီတော့ အဲဒီလူဟာ အဝိဇ္ဇာနဲ့ အသက်ရှည်နေတာပဲ၊ “ဒုက္ခေ အညာဏံ”ဆိုတဲ့ ဒုက္ခသစ္စာ မသိတဲ့ အဝိဇ္ဇာနဲ့ ရှည်နေတာပဲ၊ ပေါ်ကြပလား?၊ မသိမိုက်မဲတဲ့ အဝိဇ္ဇာနဲ့ အသက်ရှည်နေတာဟာ ကြောင်- အသက်ရှည်တာနဲ့ အတူတူပဲဆိုရင် မမှားဘူး၊ ကြောင်-အသက်ရှည်တာ အဝိဇ္ဇာနဲ့ ရှည်ရတာ၊ ဒီတော့ မိုက်သက်ရှည် တာခြင်း အတူတူပဲလို့ ဆုံးဖြတ်ချက်ချ။

ဒကာ-ဒကာမတို့ အဲဒီလိုလူဟာ ကိုယ့်အနေလည်း ကိုယ်မသိ၊ ကိုယ့်အသေလည်း ကိုယ်မသိတဲ့ သူပဲလို့ဆိုရင် မမှားပါဘူး၊ အခုနေမှာ, သမုတိအသေက မလာသေးလို့သာ အခုတရားနာနေရတာ နာခွင့်ရနေတာ၊ တော်-တော်သေး ရဲ့လို့ မှတ်လိုက်ကြ။ သမုတိ အသေလာလိုက်ရင် မခက်ပါလား?။ ဒါကြောင့်… အင်မတန် ထိုက်တန်လို့ ရနေတဲ့ အခွင့်ကောင်း အခါကောင်းကို တော်စွာလျော်စွာ ဖြုန်းတီးမပြစ်လိုက်ကြနဲ့လို့ သတိပေးလိုက်တယ်၊ ညွှန်ကြားတဲ့ဆရာနဲ့ ကြုံတုံးမှာ ကြိုးစားကြ၊ မိမိခန္ဓာမှာ… ဖြစ်တာနဲ့ ပျက်တာ မြင်အောင်ကြည့်ကြ။

ကိုယ့်အသေ ကိုယ်မြင်မှ အရိယာအမြင်

ဖြစ်တာနဲ့ ပျက်တာ အကြည့်များလာရင် ဖြစ်ပြီးသေ, ဖြစ်ပြီးသေနဲ့ အသေတွေမြင်ရမယ်၊ ကိုယ့်အသေတွေ ကိုယ်တိုင်မြင်ရမယ်၊ ရှင်းပလား?။ ဒကာ-ဒကာမတွေ ကိုယ့်အသေ, ကိုယ်မြင်အောင် ကြည့်ပေးကြ၊ ကိုယ့်အသေ ကိုယ်မြင်မှ အရိယာအမြင်၊ ကိုယ့်အဖြစ် ကိုယ်မြင်မှ အရိယာ အမြင်ပဲဆိုတာ မှတ်လိုက်ကြ။ ရှင်းပလား?။ ကိုယ့်အဖြစ် ကိုယ်မမြင်ရသေးရင် အရိယာအမြင် မကျသေးဘူး၊ ဒကာ-ဒကာမတို့ ကိုယ့်စိတ်ကလေး ဖြစ်တာနဲ့ပျက်တာကို မြင်မှ ကိုယ့်ဒုက္ခ ကိုယ်သိတာပဲ၊ ကိုယ့်ဒုက္ခ ကိုယ်သိတာမှ အဲဒါမှ မဂ်အမြင်ပဲဆိုတာ မှတ်လိုက်ကြ၊ သဘောပါကြပလား?။

အခုသိတဲ့အမြင်, အခုရတဲ့ မဂ်အမြင်မှ သံသရာ့ဒုက္ခသိမ်းမယ် ဒီအမြင် မရသေးရင် သံသရာ့ဒုက္ခ သိမ်းဖို့ လမ်း မမြင်တော့ဘူး၊ ရိပ်မိပလား?၊ ဒီအမြင်မရဘဲနဲ့ မသိဘဲနဲ့ ကြောင်သေ, သေသွားရင် ကောင်းပါဦးမလား?၊ တိရစ္ဆာန်နေ, နေရပြီး တိရစ္ဆာန်သေ, သေရဖို့ပဲ ရှိတယ်ဆိုတာ မှတ်လိုက်ကြ၊ ရှင်းပလား?။ ဒကာ ဒကာမတွေ ဘယ် အနေနဲ့ ဘယ်အသေကြိုက်တုံး?လို့ မေးလိုက်ပါတယ်၊ ဘယ်အသေမှ မကြိုက်ရင် ကြိုးစားအားထုတ်ကြ။

ဘယ်စိတ်ပေါ်ပေါ် ဖြစ်ပျက်ရှုပေး

ဒီတော့ ဘယ်တော့မှ မလွတ်လပ်စေနဲ့၊ ဘယ်စိတ်ပေါ်ပေါ် ဖြစ်ပျက်ရှုပေး၊ ကိုယ့်သန္တာန်မှာ ဖြစ်ပျက်မြင်အောင် ကြည့်မှ မဂ်အမြင်ဖြစ်မယ်၊ ကြိုးစားကြည့်ပေးကြ၊ သဘောပါပလား?၊ ဘုရားက ရှေးဦးမြင်တဲ့အမြင်ဟာ မိဿက အမြင်ပဲတဲ့၊ စင်စင်ကြယ်ကြယ်မြင်မှ မဂ်အမြင်ပဲလို့ ဟောတော်မူတယ်၊ ပွားများပြီး ခရီးဆုံးမှ မဂ်အမြင်ကျမယ်လို့ မှတ်လိုက်ကြ၊ “ရင်ဝ လှံစူးထိပ်ဦးလောင်” ဥပမာကဲ့သို့ နှလုံးပိုက်ပြီး ဒီအမြင်-မဂ်အမြင် အရင်ရအောင် လုပ်ပါလို့ ဟောတော်မူခဲ့တယ်၊ သဘောကျပလား?။

ဒကာ-ဒကာမတွေ မိမိရင်ဝမှာ လှံစူးနေရင် ဒီစူးတဲ့လှံ မနုတ်ဘဲနဲ့ ဒီပြင်အလုပ်လုပ်လို့ ဖြစ်ပါ့မလား?။ မိမိဦးခေါင်းမှာ မီးတွေ ဟုန်းဟုန်းတောက်ပြီး လောင်နေရင် ဒီမီးကို မငြိမ်းမသတ်ဘဲ၊ ဒီပြင်အလုပ် လုပ်လို့ဖြစ်ပါ့မလား?၊ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ပါဘူး၊ ဒီဥပမာအတူထားပြီး သက္ကာယဒိဋ္ဌိစင်တဲ့ ဒီမဂ်အမြင်ရအောင် အားထုတ်ရမယ်၊ ရင်ဝမှာ စူးတဲ့လှံနဲ့တူတဲ့ သက္ကာယဒိဋ္ဌိ၊ ဦးခေါင်းမှာ စွဲလောင်နေတဲ့မီးနဲ့တူတဲ့ သတ္တာနုဒိဋ္ဌိ၊ ဒီအယူမှားကို ပယ်သတ်ဖို့ရာ ဒီပြင်လုပ်စရာ ဟူသမျှ အသာချထားပြီး ဒီ-မဂ်အမြင်ကို အရင်ရအောင် လုပ်ကြပါလို့ ဆိုလိုတယ်၊ နားလည်ပလား?။

ဒီအမြင်မှမရရင် အပါယ်သွားဖို့က သေချာလို့ပဲ-တဲ့၊ သဘောပါကြပလား?။ သဘောပါရင် ကြိုးစားကြ။

ပထမဖြစ်ပျက်မြင်ဖို့ အရေးကြီးတယ်

ဒကာ-ဒကာမတွေ အားကျဖို့ အားကိုးဖို့ အလွန်ပဲကောင်းပါတယ်၊ ကြိုးစားအားထုတ်ကြ၊ အရောအမြင် မိဿက အမြင်နဲ့သေရတောင် အပါယ်မကျနိုင်တော့ဘူး၊ ကျေနပ်ပလား?၊ ဖြစ်ပျက်,အရေးကြီးတယ်၊ ဖြစ်ပျက်မြင်ရင် မိဿက အမြင်, အရောအမြင်ရတာပဲ၊ ဒါကြောင့် ပထမဖြစ်ပျက်မြင်ဖို့ အရေးကြီးတယ်၊ မြင်အောင်ကြည့်ပေးကြ၊ ရှင်းပလား?။ ဘုရားက (၄၅) လေးဆယ့်ငါးဝါလုံးလုံး ဒါကိုသိစေချင်လို့ ပင်ပန်းကြီးစွာ မနားမနေ ဟောတော်မူခဲ့ ရတာပဲ၊ ပေါ်ကြပလား?။

ဘုရားက အရေးထားသလောက်, ဒကာတို့တစ်တွေက, ပေါ့တန်နေရင် ကောင်းနိုင်ပါဦးမလား?။ ဘုရားက အရေးထားပြီး ဒါလောက် အပင်တပန်း ခံတော်မူတာ ဘယ်သူ့အတွက်လဲ?…။ ဘယ်သူ့အကျိုးမြှော်ကိုးလို့လဲ? လေးလေးနက်နက် စဉ်းစားကြ မြင်ကြပလား?။ မဖြစ်မမြင်ရင် ဥစ္ဆေဒ ဒိဋ္ဌိဝင်မယ်၊ အပျက်မမြင်ရင် သဿတဒိဋ္ဌိ ဝင်မယ်၊ အဖြစ်အပျက်မြင် ဥစ္ဆေဒ, သဿတနှစ်မျိုးလုံး စင်သွားမယ်၊ ရှင်းပလား?။ ဒါကြောင့် အဖြစ်နဲ့အပျက်မြင်အောင် ဝိပဿနာ ရှုကြလို့ တိုက်တွန်းနေတာ၊ သဘောပါပလား?။

ဝိပဿနာဉာဏ်က ကိုယ်မွေးတာ-ကိုယ်သေတာ သိရတယ် ဒီလိုသိမှ လူဖြစ်မယ်၊ ရိပ်မိပလား?။ ဒါမသိသေး ရင် လူမဖြစ်သေးဘူး ဆိုတဲ့အဓိပ္ပာယ်ပဲ၊ တို့ဒကာတွေ လူဖြစ်ပလား? မေးလိုက်ပါတယ် မဖြစ်သေးရင် ဖြစ်အောင် ကြိုးစားကြ၊ အဖြစ်က ပဋိစ္စသမုပ္ပါဒ်အစ၊ အပျက်က ပဋိစ္စသမုပ္ပါဒ် အဆုံးပဲလို့ မှတ်ကြ၊ တို့-ဒကာ-ဒကာမတွေ အင်မတန် ကံကောင်းကြလို့သာ အခုလို လွယ်လွယ်နဲ့ သိနိုင်ကြတာ၊ ဒီအသိရနိုင်ဖို့ဟာ လွယ်တယ်လို့များ မမှတ်လိုက် ကြနဲ့၊ မလွယ်ပါဘူး။

ပဋိစ္စသမုပ္ပါဒ် အသိဉာဏ်ရဖို့ အလွန် ခဲယဉ်းတယ်

ဘုရားရှင်ဟာ သေကောင်ပေါင်းလဲ အားထုတ်ပြီးမှ ဒီအသိဉာဏ်ရတော်မူခဲ့တာ၊ ဒါကြောင့် ပဋိစ္စသမုပ္ပါဒ် အသိဉာဏ်ရဖို့ အလွန် ခဲယဉ်းတယ်လို့ မှတ်လိုက်ကြ။ ဘုရားရှင်ဟာ ပဋိစ္စသမုပ္ပါဒ် အကြောင်းအကျိုးအဆက်ဆက် ဖြစ်ဟန်-ပျက်ဟန်- ချုပ်ဆုံးဟန်ကို အဖန်ဖန် ဉာဏ်နဲ့မြင်တော်မူ ဆင်ခြင်သုံးသပ်တော်မူပြီး ဝမ်းမြောက်ဝမ်းသာ ဖြစ်တော်မူလို့ ဥဒါန်းစကားကျူးရင့်မြွက်ဆိုတော် မူလိုက်တယ်လို့ မှတ်လိုက်ကြ။

”ယဒါ ဟဝေ ပါတုဘဝန္တိ ဓမ္မာ၊ အာတာပီနော ဈာယတော ဗြဟ္မဏဿ။

အထဿကင်္ခါ ဝပယန္တိသဗ္ဗာ၊ ယတော ပဇာနာတိ သဟေတု ဓမ္မံ။

…….လ…….၊ ယတော ခယံ ပစ္စယာနံ အဝေဒိ”။ ။

စတဲ့ ဂါထာကို ရွတ်ဆို ကျူးရင့်တော်မူတယ်၊ အဓိပ္ပာယ်ကတော့…

”သမ္မပဓာန် ဝီရိယစွမ်းအားနဲ့ ခန္ဓာကာယမှာ စူးစိုက်ပြီး အားထုတ်နေတဲ့အခါ ရုပ်နာမ်သင်္ခါရတရား တွေဟာ အကြောင်းအားလျှော်စွာ ထင်ထင်ရှားရှား ဖြစ်ပေါ်လာကြတယ်” အဲဒီအခါမှာ အကြောင်းတရား နှင့်အတူ ဖြစ်ပေါ်လာတဲ့အကျိုး၊ ရုပ်နာမ်တရားများကို ပိုင်းခြားပြီး သိတော်မူတယ်၊ ဒါကြောင့် အဲဒီအခါမှာ ယုံမှားခြင်းဟူသမျှ လုံးဝကင်းပျောက် သွားတော့တယ်” “အဲဒီအကြောင်းကြောင့်ပဲ၊ အကြောင်းတရားတို့ရဲ့ ကုန်ဆုံးရာဖြစ်တဲ့ နိဗ္ဗာန်ကို သိတော်မူတယ်”

စသည်အားဖြင့် ဝမ်းမြောက်ဝမ်းသာ ဥဒါန်းကျူးရင့်တော်မူတယ်၊ ဒီအဓိပ္ပာယ်ဟာ “ဥဒါန်းပါဠိတော်” မှာ လာတယ်လို့ မှတ်ကြ။

ပဋိစ္စသမုပ္ပါဒ် ဖြစ်တာနဲ့ ပျက်တာမြင်လို့

ဒီတော့ ဒကာ-ဒကာမတွေ ဒါလေးနှစ်ခုဟာ ဘုရားဖြစ်ကြောင်းပါလားလို့ မှတ်လိုက်ကြ၊ ဒါနှစ်ခုသိလို့ ဘုရား ဖြစ်တော်မူတာပဲ၊ ဒါနှစ်ခုသိလို့ ဘုရားဖြစ်တာပဲ ဆိုပြီး ဝမ်းသာတော်မူတယ်၊ သဘောပါပလား?။ ပဋိစ္စသမုပ္ပါဒ် ဖြစ်တာနဲ့ ပျက်တာမြင်လို့-သိလို့ ဝမ်းမြောက်တော်မူတာပဲ၊ ရှင်းကြပလား?။ ဒီတော့… ဒီနှစ်ခုသိရင် သာမည မဟုတ်တော့ဘူးလို့ ဆုံးဖြတ်ချက်ချကြ၊ ဆုံးဖြတ်ပြီး ဒီအမြင်ရအောင် ကြိုးစားကြ။

ဒါကြောင့် ဒကာတို့တစ်တွေ ဖြစ်ပျက်မြင်ဖို့ အရေးကြီးတယ် ဆိုတာ ပေါ်ကြပလား?။ ဒါမမြင်ရင် ဒကာတို့ တစ်တွေ အသက်ရှည်လေလေ, ကြောင်, အသက်ရှည်သလိုပဲ မခြားတော့ဘူး၊ ရိပ်မိပလား?၊ အဝိဇ္ဇာနဲ့ မသိတာနဲ့ အသက်ရှည်နေတာဟာ သက်ဆိုးရှည်တာပါပဲ၊ ကြောင်သက်ရှည်နည်းနဲ့တော့ မရှည်တာက တော်လေဦးမယ်ပဲ၊ ဒယ်အိုး က တက်နိုင်ဖို့လမ်း မမြင်တော့ဘူး၊ ဒါကြောင့် အေးနေဖို့အချိန် မရှိတော့ဘူးလို့ မှတ်လိုက်ကြ။

သောတာပန် ဖြစ်ချင်ရင် ဒီနှစ်ကြောင်းကြည့်

ဒါနလည်း အားကိုးမရဘူး၊ သီလလည်း ဝိပဿနာမပါရင် မပြီးဘူး၊ သမထ,လည်း မတတ်နိုင်ပါဘူး၊ ဝိပဿနာ သာ လိုရင်းစွဲ၊ ဝိပဿနာမပါရင် ဘယ်အခါမှ မပြီးဘူးဆိုတာ မှတ်လိုက်ကြ၊ ဒါကြောင့် ဝိပဿနာဖြစ်အောင် ဖြစ်ပျက် ရှုကြ၊ သောတာပန် ဖြစ်ချင်ရင် ဒီနှစ်ကြောင်းကြည့်၊ ဒီနှစ်ကြောင်း သိရမှာ၊ ဒီနှစ်ကြောင်းသိမှသာ, သောတာပန် ဖြစ်နိုင်တယ်ဆိုတာ ဆုံးဖြတ်ချက်ချ၊ ရှင်းပလား?။ ဘုရားက ဒီအဖြစ်အပျက်မှ ကိလေသာ မာရ်စစ်သည်ကို အကုန် အောင်ပွဲခံရတာပဲလို့ ဟောတော်မူတယ်၊ ရိပ်မိပလား?။ “ဝိဓူပယံ တိဋ္ဌတိ မာရသေနံ- မာရ်မင်းစစ်သည်တွေကို ချေမှုန်းဖျက်ဆီးပြီး၊ ဩဘာသယ မန္တလိက္ခံ၊ ပြောင်ပြောင်-ဝင်းဝင်း ထွန်းလင်းတောက်ပ,ပြီး နေတယ်”တဲ့။

ဒကာ-ဒကာမတွေ ကျေနပ်ပလား?။ အဲဒီလို ထွန်းလင်းတောက်ပ,တာဟာ ဖြစ်ပျက်မြင်လို့ပဲ ဖြစ်ပျက်မြင်လို့ လင်းတာလို့ မှတ်ကြ၊ ရှင်းကြပလား?။ ဘုရားရှင်ဟာ ဒီဖြစ်ပျက်နှစ်ခုနဲ့ ဒီဖြစ်ပျက်နှစ်ခုကြောင့် ဘုရားဖြစ်တော်မူ လာရတာဆိုရင် လွဲမလား? မလွဲပါဘူး၊ ဒါကြောင့် ဒီနှစ်ခုမြင်ဖို့အရေးဟာ အလွန်ကြီးတဲ့အရေး၊ ဒါမမြင်ရင် မဖြစ် တော့ဘူးလို့ ဆုံးဖြတ်ပြီး ကြိုးစား,အားထုတ်ကြ။ ဒါကြောင့် တို့ဒကာ-ဒကာမတွေ ကိလေသာမာရ်မအောင်သေးရင် အေးနေလို့ မဖြစ်ပါဘူး၊ ကိလေသာမာရ်မအောင်သေးရင် ကြွက်ကလေးလုပ်ပေးလိုက် ခွေးကလေးလုပ်ပေးလိုက်၊ ကြောင်ကလေး လုပ်ပေးလိုက်၊ ဘယ်သူကလဲ?၊ ကိလေသာနဲ့ ကံက လုပ်ပေးတာပဲ။

သူများပါးစပ်ထဲ မသာချဖို့

ဒကာ-ဒကာမတွေ ဘာအဖြစ်မဆို ကိလေသာနဲ့ ကံကလုပ်ပေးလို့ ရတာချည့်ပဲ၊ ကိလေသာ ခေါင်းဆောင် ကံက နောက်လိုက်၊ ရှင်းပလား?။ ရလာသမျှဟာ သူများပါးစပ်ထဲ လမ်းဆုံးရမှာချည့်ပဲ၊ သူများပါးစပ်ထဲ မသာချဖို့ အပြင် ဘာမှမရှိဘူး၊ ကျေနပ်ပလား။ ကျွဲဖြစ်, နွားဖြစ်, မြင်းဖြစ် လူ့ပါးစပ်ထဲပဲ၊ တော်တော်ကြာ မြွေဖြစ်, ကြောင် ပါးစပ်ထဲပဲ၊ နောက် ငါး-အမျိုးမျိုး၊ သားကောင်အမျိုးမျိုး ဖြစ်ပေးလိုက်လည်း လူ့ပါးစပ်ထဲ ငယ်တဲ့အကောင်က ကြီးတဲ့ အကောင် ပါးစပ်ထဲ လမ်းဆုံး၊ အဲဒီမှာ, မသာချရတာပဲ၊ ပေါ်ကြပလား? ဒါ ဘယ်သူ့လက်ချက်လဲ?၊ ကိလေသာ လက်ချက်ပဲ၊ ကိလေသာ မာရ် မအောင်သေးရင် ခံဖို့သာ ပြင်ထားကြဖို့ပဲရှိတယ်၊ ရိပ်မိကြပလား?။

ဒီတော့ ကိလေသာမာရ် အောင်နိုင်ရေးအတွက် ဖြစ်ပျက်မြင်အောင်ရှုကြ၊ စိတ်ကြိုက်ရင်စိတ်၊ ရုပ်ကြိုက်ရင် ရုပ်ရှု၊ ဝေဒနာကြိုက်လည်း ဝေဒနာရှု၊ ကြိုက်ရာတစ်ခုကို ဖြစ်ပျက်မြင်အောင်ရှုကြ၊ ဖြစ်ပျက်မြင်မှ မဂ်အမြင်ရမယ်၊ မဂ်အမြင်ရချင်ရင် ဖြစ်ပျက်အရင်မြင်အောင် ကြည့်ပေးရမယ်၊ ကျေနပ်ပလား?။ ဒါကမှ မရှုချင်သေးဘူးဆိုရင် ကိလေသာတော ထ,ချင်လို့ပဲ၊ ကိလေသာတော ထ,ပြီး သေခြင်းဆိုး အမျိုးမျိုးနဲ့ သေချင်သေးလို့ပဲ ဆိုတာမှတ်လိုက်ကြ၊ သဘောပါပလား?။

ကိုင်း… ယနေ့ ဒီတွင်ပဲ တော်ကြဦးစို့။

**********