မျက်လုံးဖွင့်နည်း ဉာဏ်ဦးစီး တရားတော်
ဆောင်ပုဒ်။
မျက်လုံးရုပ်လှည့်၊ အဆင် တဲ့၊ သိဘွဲ့ ဝိညာဏာ။
အကြောင်းနှစ်ခု၊ ကျေးဇူးပြု၊ မြင်မှုသိကျိုးလာ။
ပဋိစ္စနက်၊ ဒုက္ခစက်၊ စ,လျက် လှည့်လည်ကာ။
ဖဿ, ဝေဒနံ၊ တဏှုပါဒါန်၊ ကမ္မံဇာတိဖြာ။
ဒွါရခြောက်ခွင်၊ ထိုနည်းပင်၊ အစဉ်ပတ်ချာချာ။
ဉာဏ်မသတ်ငြား၊ ရဟတ်ချား၊ ကျယ်ပွား သံသရာ။
ကြောင်းကျိုးစဉ်ဆက်၊ ဖြစ်ပြီးပျက်၊ ဉာဏ်သက်အနတ္တာ။
သတိချပ်။
မျက်လုံးဖွင့်နည်း၊ အရေးကြီး၊ အပြီးတတ်အောင်သင်။
မဖွင့်တတ်က၊ အပါယ်ကျ၊ ဒုက္ခဆုံးမမြင်။
လူ့ပြည်ရောက်လာ၊ ပါယ်ရိက္ခာ၊ စုရာ ကျမည်ပင်။
ပဋိစ္စရဟတ်၊ ရှုဉာဏ်ဖြတ်၊ ဖွင့်အပ်,မျက်လုံးလျှင်။
ပဋိစ္စပြတ်တွေ၊ ဖွင့်တတ်ချေ၊ ငြိမ်းပေ နိဗ္ဗူဝင်။
နိဗ္ဗူလိုက၊ ခြောက်ဒွါရ၊ ဖွင့်ကြဉာဏ်မြတ်ယှဉ်။
တရားသား။ ။
ဆ,ဆက္ကသုတ်”မှာ လာတဲ့ အဓိပ္ပာယ်
ဒကာ-ဒကာမတွေကို ဒီကနေ့ မနေ့က တရားအဆက်ကို ပြောမယ်လို့ မှတ်ကြ၊ မနေ့က ပြောခဲ့တာ ”ဆ,ဆက္ကသုတ်”မှာ လာတဲ့ အဓိပ္ပာယ်ပဲ၊ ဒီနေ့လည်း အဲဒီအဆက်ကို ထပ်ပြီးပြောဦးမယ်၊ ဒကာ- ဒကာမတွေ လေးလေးစားစား မှတ်ယူကြ၊ ဒီဘက်က ကံကပေးတဲ့မျက်လုံးရုပ် ဒီမျက်လုံးရုပ်က ကြည့်ချင်တဲ့ဘက်ကို မျက်နှာမူလိုက်၊ မူလိုက်တဲ့အခါ ကံ့ကော်ပန်းနဲ့ တည့်တယ် ဆိုကြပါစို့၊ ပန်းနဲ့တည့်တာနဲ့ တစ်ပြိုင်နက် မြင်စိတ်ပေါ် လာတယ်၊ ရှင်းကြပလား?။
မျက်လုံးရုပ်က ကံ့ကော်ပန်း အဆင်းရုပ်နဲ့ တည့်တော့ မြင်စိတ်ပေါ်တာ၊ အဲဒါဟာ ရုပ်, ရုပ်ချင်းတည့်တော့ နာမ်ပေါ်လာတာပဲ၊ သဘောပါပလား?။ ဒီမြင်စိတ်နာမ်ကလေးဟာ နဂိုက မရှိဘူး၊ ရုပ်, ရုပ်ချင်းတည့်ပီး ရုပ်နှစ်ခုက ကျေးဇူးပြုလိုက်မှသာ ပေါ်လာရတာ၊ ရိပ်မိကြပလား?၊ ဒီတော့ ဒီမြင်စိတ်ဟာ အခုမှ ပေါ်တာပဲ၊ ဒကာ-ဒကာမတွေ ရှင်းပြီနော်…၊ ဒါကြောင့် “စက္ခုဉ္စ ပဋိစ္စရူပေစ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏံ”တဲ့၊ စက္ခုဉ္စ၊ မျက်လုံးအကြည်ရုပ်ကိုလည်း ကောင်း။ ရူပေစ၊ ကံ့ကော်ပန်း အစရှိသော အဆင်းရုပ်တို့ကိုလည်းကောင်း။ ပဋိစ္စ၊ အကြောင်းပြု၍။ စက္ခုဝိညာဏံ၊ မြင်သိစိတ်ကလေးသည်။ ဥပ္ပဇ္ဇတိ၊ ဖြစ်ပေါ်၍လာလေပ၏”လို့ ဟောတော်မူတာပဲ၊ သဘောပါပလား?။
မြင်စိတ်ကလေးဟာ အကြောင်းတိုက်ဆိုင်တိုင်း ပေါ်လာတယ်
ဒီမြင်စိတ်ကလေးဟာ အကြောင်းတိုက်ဆိုင်တိုင်း ပေါ်လာတယ်၊ အကြောင်း မတိုက်ဆိုင်ရင် မပေါ်နိုင်ဘူး၊ အကြောင်းတိုက်ဆိုင်မှ ဒီမြင်စိတ်ကလေးက နောက်မှပေါ်လာတာ၊ မျက်လုံးရုပ်ထဲက ပေါ်တာလို့မှတ်ကြ၊ ဒီလိုအကြောင်း တိုက်ဆိုင်လို့ မြင်စိတ်ပေါ်ရင် ပေါ်တိုင်း, ပေါ်တိုင်း ပဋိစ္စ သမုပ္ပါဒ် အစပဲလို့ မှတ်လိုက်ကြ၊ ရှင်းပလား။ စက္ခု-မျက်စိ အကြည်ထဲမှာလည်း နဂိုက မြင်စိတ်မပါဘူး၊ ကံ့ကော်ပန်းအဆင်းရုပ်ထဲမှာလည်း မြင်စိတ်မပါဘူး၊ သူတို့နှစ်ခု ကျေးဇူးပြုမှ အကြောင်းတိုက်မှ ပေါ်တာပါ ထင်ရှားပလား?။
ဒကာ-ဒကာမတွေ ဝမ်းတွင်းကန်းဆိုရင် မြင်စိတ်ပေါ်နိုင်ပါ့မလား?၊ ဝမ်းတွင်းကန်းဆို မပေါ်ပါဘူး၊ အကြောင်းချို့တဲ့လို့၊ အကြောင်းမညီလို့ မပေါ်နိုင်ဘူးဆိုတာ မှတ်ကြ၊ တို့-ဒကာတွေကို မေးမယ်၊ ဒီမြင်စိတ်ကလေးဟာ “ငါလား?၊ သူတစ်ပါးလား?၊ ပုဂ္ဂိုလ်လား?၊ သတ္တဝါလား?၊ ဘာမှမဟုတ်ပါဘူး၊ အခုမှ အကြောင်းတိုက်ဆိုင်လို့ ပေါ်လာတဲ့ မြင်စိတ်သက်သက်ကလေးပဲ၊ မြင်စိတ်အပြင် ဘာမှအပိုမပါပါဘူး၊ သဘောပါပလား?။ ဒီအဓိပ္ပာယ်စကားကို ဒကာတို့ တစ်တွေ အခြေခံရအောင်လို့ ပြောနေရတာ မြဲမြဲစွဲစွဲမှတ်ယူကြ၊ ဒါမှသာ ရှုတဲ့အခါလွယ်ကူမယ် လျင်မြန်မယ်၊ ကျေနပ် ပလား?။
သုံးခုပေါင်းမိလို့ ဖဿ, ပေါ်လာတယ်
နောက်ပြီးတော့- “တိဏ္ဏံ သင်္ဂတိဖဿော”တဲ့၊ ဒီ သုံးခုပေါင်းမိလို့ ဖဿ, ပေါ်လာတယ်၊ “ဖဿ ပစ္စယာ ဝေဒနာ” ဖဿကြောင့် ဝေဒနာ ပေါ်လာပြန်တယ်၊ နောက်… ဆက်ပြီး “ဝေဒနာ ပစ္စယာ တဏှာ” ဝေဒနာကြောင့် တဏှာပေါ်လာတယ်၊ အဆက်ဆက် ကျေးဇူးပြုပြီး ပေါ်လာကြတာ ဒကာ-ဒကာမတွေ စဉ်းစားပါ၊ ဒါဟာ မျက်လုံး ကလေးဖွင့်လိုက်တာနဲ့ တဏှာရောက်လာတာပဲ၊ ရှင်းကြပလား?။ ဒါနဲ့ မရပ်သေးဘူး၊ “တဏှာ ပစ္စယာ ဥပါဒါနံ” နှစ်သက်ပြီးတော့- အကြီးအကျယ် စွဲလမ်းပြီးတဲ့၊ နောက် “ဥပါဒါနပစ္စယာဘဝေါ (ကမ္မဘဝေါ) စွဲလမ်းတော့… မကောင်းနဲ့ ကံသစ်တစ်ခု သိမ်းပိုက်မိပါရော၊ “ကမ္မဘဝ ပစ္စယာ ဇာတိ၊ ဇာတိပစ္စယာ ဇရာ မရဏံ”တဲ့၊ ကံသစ်သိမ်း ပိုက်မိတော့ ပဋိသန္ဓေ အို, နာ, သေ, စတဲ့ ဒုက္ခအစု ထက်ကြပ်လိုက်ပါလာတယ်၊ ရိပ်မိပလား?။
ဇာတိ, ဇရာ, မရဏ စတဲ့ တရားတွေက နောက်-အနာဂတ်အကျိုးတွေပဲ၊ ဒကာ-ဒကာမတွေ လေးလေးနက် နက် စဉ်းစားကြ၊ မျက်လုံးတစ်ခါဖွင့်တာနဲ့ပဲ ဒီကံကျအောင် သွားတယ်၊ ဒကာတို့တစ်တွေ စုတိမနေ သေလွန်တဲ့အခါ ကျတော့… နောက် ဇာတိရကြမယ်၊ ဇာတိ ပြီးတော့ ဇရာ-မရဏလာမှာပဲ၊ ဒါက မျက်လုံးကလေး တစ်ခါဖွင့်တာနဲ့ လာတဲ့ ပဋိစ္စသမုပ္ပါဒ်တန်းပဲ၊ မျက်လုံးဖွင့်ရတာ ပေါ့ပေါ့ကလေးလို့များ မမှတ်လိုက်ကြပါနဲ့ အင်မတန် ကြီးလေးတဲ့ တာဝန်ကြီးပါလား ဆိုတာ ရိပ်မိကြ၊ သဘောပါပလား?၊ ဒကာ-ဒကာမတွေ မျက်လုံးမဖွင့်တတ်ရင်ဖြင့် ဒယ်အိုးကြီး ကျအောင်သွားတယ်၊ သွားလိမ့်မယ်ဆိုတာ မှတ်လိုက်ကြ၊ ဒီအရေးဟာ သာမညအရေး မဟုတ်ပါလားလို့ ဆုံးဖြတ်ချက်ချ။
မျက်လုံးမဖွင့်တတ်လို့ ဖွင့်တတ်အောင် သင်ပေးနေရတယ်
ဒကာ-ဒကာမတွေကို သနားလွန်းလို့ နောင်ကြုံရမဲ့ဒုက္ခတွေကို မြင်လို့ ဆရာဘုန်းကြီးက ညွှန်ပြနေတာ၊ မျက်လုံးမဖွင့်တတ်လို့ ဖွင့်တတ်အောင် သင်ပေးနေရတယ်၊ ဒါနဲ့ မလိုက်နာချင်ရင် ဒကာ-ဒကာမတွေ ဒယ်အိုးကြီးကြီး ကြိုက်တတ်လို့လား? လို့ မေးလိုက်ပါတယ်၊ ကျေနပ်ရဲ့လား?။ ဒီပဋိစ္စ သမုပ္ပါဒ်တန်း မလာအောင်, အတန်းမပြတ်အောင် ဖွင့်တတ်ဖို့ အရေးကြီးတယ် ဖွင့်နည်းကို ပေးထိုက်လို့ ပေးတဲ့အခါ ကြိုးစားယူကြ၊ ဒီမျက်လုံးဖွင့်ခြင်းကြောင့် အပါယ် သွားတယ်၊ ဒီမျက်လုံး ဖွင့်ခြင်းကြောင့် နိဗ္ဗာန်သွားတယ်။
မျက်လုံးဖွင့်တတ်မှ နေရာကျမယ်၊ ဖွင့်နည်းမှန်မှ နိဗ္ဗာန်ရကြမယ်လို့ မှတ်လိုက်ကြ၊ မိဘရိုးရာနဲ့ ရမ်းပြီး ဖွင့် နေကြမယ်ဆိုရင် အပါယ်ကံတွေပဲ ရကြမယ်၊ အပါယ်သွားရဖို့ပဲရှိတော့တယ် ဆိုတာမှတ်ကြ၊ သဘောပါရဲ့လား?။ ဒါကြောင့် သာမညအရေး မဟုတ်ပါလားဆိုတာ ရိပ်မိကြ၊ ဒကာတို့တစ်တွေ တစ်နေ့ တစ်နေ့မှာ အခါများစွာ မျက်လုံး ဖွင့်ကြတယ်၊ မသိလိုက်ဘာသာ မိဘရိုးရာနဲ့ ဖွင့်နေကြတော့… ဘယ်လိုများ ထင်ကြသတုံး?။ အပါယ်က ဒယ်အိုးနဲ့ ကွဲရဖို့ မရှိတော့ပါဘူးလို့သာ ဆုံးဖြတ်ချက်ချကြ၊ ပေါ်ကြပလား?။
အပါယ် ရိက္ခာစုဖို့ လာရတယ်
တို့ဒကာ ဒကာမတွေ ဘယ်အခြေများ ဆိုက်မယ်ထင်ကြသလဲ?၊ ဒီအတိုင်းသာဆိုရင် လူ့ပြည်လာတာ အပါယ် ရိက္ခာစုဖို့ လာရတယ်လို့ ဆိုရမယ်၊ တို့-ဒကာ-ဒကာမတွေ အပါယ်ရိက္ခာကုန်လို့ စုဖို့လာကြတာဆိုရင် မမှားပါဘူး၊ ရိပ်မိပလား…?။ ဒီနည်းအတိုင်းပဲ၊ နားပေါက်က ပဋိစ္စသမုပ္ပါဒ် တန်ကြီးတွေ၊ နှာခေါင်းပေါက်, လျှာပေါက်, ကာယ ပေါက်, မနောပေါက် ဆိုတဲ့အပေါက်ခြောက်ခုက ပဋိစ္စသမုပ္ပါဒ် တန်းကြီးတွေနဲ့ဆိုတော့… ဒကာတို့အဖြစ်ဟာ ကမ်းကုန်ပါရောပဲ၊ သဘောပါကြပလား?။
ဒီတော့… သံသရာဆက်တဲ့ဖွင့်နည်းကိုပယ်ပြီး၊ သံသရာပြတ်အောင် ဖွင့်တဲ့နည်းကို တတ်အောင်သင်ကြ ရမယ်ဆိုတာ ဆုံးဖြတ်ချက်ချ၊ မျက်လုံးဖွင့်တတ်ရင် ဇာတိ, ဇရာ, မရဏတွေ ချုပ်မယ်၊ မဖွင့်တတ်ရင် ဒုက္ခမှန်သမျှ ကိုယ်ပိုင်ရကြမယ်၊ ရိပ်မိပလား?။ ဘုန်းကြီးတို့ ဒကာ-ဒကာမတွေ ရောင်းဝယ်ဖောက်ကားပြီး စီးပွားရေးက အဆင်ပြေ လို့ တိုက်နဲ့တာနဲ့၊ ကားတွေနဲ့ ကျကျနန နေကြတာကိုတော့ ဝမ်းသာပါတယ်၊ ဒါပေမဲ့လည်း ဒီ ပဋိစ္စသမုပ္ပါဒ် အကုသိုလ် တန်းကြီး ခြောက်တန်းနဲ့ ဒီအတိုင်း သွားနေကြတာသိတော့ သနားစရာအဖြစ်ကြောင့် သနားမိတယ်၊ ဒါကြောင့်လည်း လေးလေးနက်နက် တိုက်တွန်းနေတာပဲလို့ မှတ်ကြ။
မျက်လုံးဖွင့်တာနဲ့တစ်ခါတည်း ကမ္မဘဝရောက်တော့တာပဲ
ဒကာ-ဒကာမတွေ မနက်လင်းလာ လုပ်စရာ-ကိုင်စရာတွေ အပြည့်နဲ့ပဲ၊ လုပ်စရာ ကိုင်စရာဆိုတာ ‘ကာယကံ, ဝစီကံ, မနောကံ’တွေကို ပြောတာ၊ အဲဒီလုပ်စရာ-ကိုင်စရာ၊ ပြောစရာ-ဆိုစရာတွေနဲ့ အပြည့်ချည့်ပါပဲ၊ ဒီတော့ လုပ်ရ-ပြောရနဲ့ အားလပ်ခွင့်ကို မရကြပါဘူး၊ မအားနိုင်တာ ဘာ့ကြောင့်လဲ၊ အဲဒါ မျက်လုံးက မြင်ရလို့ပဲ၊ အဲဒီတော့… ဒကာတို့ဟာ မျက်လုံးဖွင့်တိုင်း, ဖွင့်တိုင်း မျက်လုံးဖွင့်တာနဲ့တစ်ခါတည်း ကမ္မဘဝရောက်တော့တာပဲ၊ သဘောပါပလား?။ ကောင်းစရာအကွက် တစ်ချက်မှ မပါကြဘူး၊ ရှင်းပလား?။
အဲဒီတော့… ဒကာ-ဒကာမတွေမှာ ဘာဖြစ်မလဲ?၊ လက်ရှိခန္ဓာကလည်း ဇာတိ, ဇရာ, မရဏ ဒုက္ခတွေက လက်ရှိ-ရှိပြီးနေကြတယ်၊ နောက်လာမဲ့ခန္ဓာအတွက်လည်း ဇာတိ, ဇရာ, မရဏ ဒုက္ခဝဋ်တွေပေါ်ကြောင်း လုပ်နေကြ၊ ပွားအောင်လုပ်နေကြဆိုတော့… ဘယ့်နှယ်ဆိုရမလဲ?၊ ဝဋ်ထဲကနေပြီး ဝဋ်မကျွတ်နိုင်အောင် ထပ်လုပ်နေကြတာပဲလို့ မှတ်ကြ၊ ဥပမာ ထောင်ကျတဲ့လူ လွတ်ရက်နီးတော့ ပြစ်မှုတွေ ထပ်ထပ်ပြီး ကျူးလွန်နေတာနဲ့ အတူတူပါပဲ၊ ဒီလိုဆိုတော့ ဒကာ-ဒကာမတွေဟာ မိုက်သမှ အလွန်မိုက်ပဲ၊ တစ်ခါမိုက်မက နှစ်ခါမိုက်ဖြစ်နေကြပြီဆိုတာ ထင်ရှားပါတယ်၊ ရိပ်မိ ကြပလား?။
ဆရာကောင်း-ဆရာမြတ်ကို ရှာဖွေဆည်းကပ်ရမယ်
ဒါကြောင့် ဘုရားက “ယထာဘူတံ ဉာဏာယသတ္တာ ပရိယေ သိတဗ္ဗော”တဲ့၊ “နိဗ္ဗာန်ရောက်ကြောင်း နည်း ကောင်းလမ်းမှန်ပြတတ်တဲ့ ဆရာကောင်း-ဆရာမြတ်ကို ရှာဖွေဆည်းကပ်ရမယ်”လို့ အကြိမ်ပေါင်း (၂၀၀) ကျော်ကျော် အကြိမ်များစွာ မှာထားတော်မူခဲ့တယ်ဆိုတာ မှတ်ကြ၊ သဘောပါကြပလား။ ဘာကြောင့်များ ဒါလောက် အကြိမ်များစွာ ထပ်ခါတလဲလဲ မှာတော်မူသလဲ?၊ မှာသင့်လို့ မှာတာပဲဆိုတာ သိကြရမယ်၊ အလွန်ကြီးတဲ့အရေးမို့သာ မှာတော်မူတာပဲ လို့ ဆုံးဖြတ်ချက်ချ။ ဆရာကောင်းဆိုတာ ဒီနေရာမှာ “မျက်လုံးကနေ နိဗ္ဗာန်သွားအောင် ပြတတ်-ဟောပြောတတ်တဲ့ ဆရာကို ဆိုတာပဲလို့ မှတ်ကြ နားလည်ကြပလား?။
သစ္စာဆိုက်အောင် ဟောပြောပြတတ်တဲ့ဆရာကို ဆရာကောင်းလို့ ဆိုလိုက်တယ်လို့ မှတ်ကြ၊ တို့ဒကာ-ဒကာမတွေ ဆရာကောင်းမကူရင် မရနိုင်ပါဘူး ဆရာကောင်းကူမှသာ ရကြမှာပါ၊ ဒကာတို့က မျက်လုံးဖွင့်တာနဲ့ တစ်ချက်ထဲပဲ “ဖဿ, ဝေဒနာ, ဒေါသ၊ ဖဿ, ဝေဒနာ, တဏှာ၊ ဖဿ, ဝေဒနာ, အဝိဇ္ဇာ” ဒါတွေချည့်ပဲ လာနေကြ တာ၊ လောဘ၊ ဒေါသ မောဟ- တစ်ခုမဟုတ် တစ်ခုခုလာတာပဲ၊ ရိပ်မိကြပလား?။ ဒီတော့ ဆရာမကူရင် ဒကာတို့ တစ်တွေတော့… ကယ်သူ-ဆယ်သူဖြင့် ဝေးကြပြီဆိုတာ ယုံမှား မရှိကြနဲ့တော့လို့ ပြောလိုက်ပါတယ်။
ဒီအခြေဒီအနေနဲ့ဖြင့် အေးနေလို့ မဖြစ်ကြသေးဘူး၊ မိဘရိုးရာနဲ့ မျက်လုံးဖွင့်နေကြခဲ့တာ၊ ဒီလိုပဋိစ္စသမုပ္ပါဒ် လောဘ-ဒေါသ-မောဟတွေသာ ဆက်တိုက်လာနေကြတော့ ဒကာတို့ဟာ ရိက္ခာစုတာပဲ၊ လူ့ပြည်လာတာဟာ အပါယ် ရိက္ခာစုဖို့ လာကြတာပဲဆိုရမှာပဲ၊ လောဘက ပြိတ္တာရိက္ခာ၊ ဒေါသက ငရဲအတွက်ရိက္ခာ၊ မောဟက တိရစ္ဆာန်ဖြစ်ဖို့ ရိက္ခာ၊ ဒီအပါယ်ရိက္ခာတွေချည့်ပါပဲ၊ ကောင်းတာကို တစ်ခုမှ မပါကြဘူး၊ ရှင်းကြပလား?။
မျက်လုံးဖွင့်တတ်ဖို့ အရေးကြီးတယ်
ဒါကြောင့် ဒကာ-ဒကာမတွေ မျက်လုံးဖွင့်တတ်ဖို့ အရေးကြီးတယ်လို့ ပြောလိုက်ပါတယ်၊ မျက်လုံးဖွင့်နည်း အမှန်အကန်ရဖို့လိုတယ်လို့ မှတ်ကြ၊ ဒီတော့ နည်းမှန်ကျအောင် မျက်လုံးဖွင့်တဲ့အခါ “အနတ္တ” ရှုကြပါလို့ တိုက်တွန်း လိုက်တယ်၊ ရှုတဲ့နည်းက “ဝိညာဏံ အနတ္တာ၊ မြင်စိတ်ဟာ အနတ္တ”လို့ ရှုပေးကြ၊ မျက်လုံးဖွင့်တဲ့အခါ မျက်လုံးရုပ်ရယ်, စက္ခုဝိညာဏ်စိတ်ရယ်, ဖဿရယ်, ဥပေက္ခာ-ဝေဒနာရယ် ဖြစ်ပေါ်လာကြမယ်၊ အဲဒီအထဲက အလိုလိုဖြစ်နိုင်တာ တစ်ခုမှ မပါဘူး၊ အကြောင်းအဆက်ဆက်ကြောင့် အကျိုးအဆင့်ဆင့်ပေါ်လာကြတာပဲ၊ ဒါကြောင့် အနတ္တတွေချည့်ပဲ။
ဥပမာ မျက်လုံးဖွင့်လိုက်တော့ ကံ့ကော်အဆင်းကိုမြင်တယ်၊ ကံ့ကော်ပန်းလို့သိတယ်၊ သိပြီးတော့… အဲဒီ နောက်နားမှာ “တဏှာ”မလာခင်ရှုမြင်စိတ်ကို ဖြစ်ပျက်ရှုလိုက်၊ ရှုတော့… သူဟာ အနတ္တပဲလို့ သိရမယ်၊ သဘောပါ ကြပလား။ တစ်ခုခုကို မိအောင်ရှုနိုင်ဖို့ အရေးကြီးတယ်၊ တစ်ခုခု မရှုမိရင် “တဏှာ”ကူးပြီး ပဋိစ္စသမုပ္ပါဒ်တွေ တန်းလာမယ်၊ ရိပ်မိပလား? မြင်စိတ်လည်း အနတ္တ၊ ဖဿလည်း အနတ္တ၊ ဝေဒနာလည်း အနတ္တ၊ အနတ္တတွေချည့်ပဲ၊ ရှုချင်ရာရှု၊ တစ်ခုခုကို မလွတ်အောင်သာ ရှုပေးကြ၊ ရှင်းပလား?။
ဒကာ-ဒကာမတွေ ရှုတတ်ကြပလား?၊ ရှုတတ်အောင် ကြိုးစားပြီးပေးကြ၊ ဒီတရားတွေဟာ ဘာ့ကြောင့်… အနတ္တ ဖြစ်သလဲ?၊ ဒီလိုမေးရင် ဖြစ်စေတတ်တဲ့အကြောင်းက အနတ္တမို့၊ ဖြစ်ပေါ်လာတဲ့အကျိုးတွေလည်း အနတ္တပဲလို့ မှတ်ကြ၊ မှတ်မိကြပလား?။ ဒီလိုရှုတော့ နောက်ကလာမဲ့ တဏှာ, ဥပါဒါန်, ကံတွေ သေကုန်တော့တာပဲ၊ ဒါတွေ သေကုန်တော့… အနာဂတ်ဘဝအတွက် ဇာတိ, ဇရာ, မရဏတွေပါ မလာတော့ဘူး၊ မလာတော့ အနာဂတ် ဒယ်အိုးတွေ အကုန်ပျောက်သွားပြီလို့ မှတ်လိုက်ကြ ကျေနပ်ပလား?။
ဒီစိတ်ကလေး ဖြစ်ပျက်မရှုတတ်ရင် ငါးပါးမှောက်ပြီ
ဒကာတို့တစ်တွေ ဒီစိတ်ကလေး ဖြစ်ပျက်မရှုတတ်ရင် ငါးပါးမှောက်ပြီဆိုတာ မှတ်ကြတော့၊ အခုက ငါးပါး မှောက်ရင် နောက်သံသရာတစ်လျှောက်လုံး မှောက်ကြဦးမှာက အဆုံးအစ, မမြင်တော့ဘူူး၊ ဒီတော့ ဒီအချိန် အခွင့် အခါကောင်း ကြုံတုန်းမှာ ကြိုးစားကြ၊ ဒါကြောင့် မျက်လုံးဖွင့်လို့ မြင်စရာအဆင်းနဲ့တွေ့ရင် မြင်စိတ်ကလေးပေါ်မယ်၊ ဒီပေါ်တဲ့ မြင်စိတ်ကလေးကို ဖြစ်ပျက်ရှုပစ်၊ မြင်စိတ်ကလေးရှုတော့ အနတ္တ၊ အနတ္တဉာဏ် မဂ္ဂလာတယ်၊ ဒီစိတ်ကလေး ပေါ်တိုင်း-ပေါ်တိုင်း အနတ္တဉာဏ်နဲ့ ရှု-ရှုပေး၊ ရှုစိတ်ဝင်တိုင်း အနတ္တဉာဏ်မဂ္ဂလာမှာပဲ၊ ဒကာ ဒကာမတွေ ဒီလိုမြင်ရင် အားကိုးစရာ အားထားစရာရကြပြီလို့ မှတ်ကြတော့၊ ရှင်းပလား?။
ဒီမျက်လုံးကလေး မဖွင့်တတ်တာနဲ့ သံသရာပေါ်ရတယ်၊ ဖွင့်တတ်ရင် သံသရာပြတ်ပြီ၊ မျက်လုံးကလေး ဖွင့်ရတာများ ပေါ့ပေါ့ကလေးလို့ မမှတ်လိုက်ပါနဲ့၊ မဖွင့်တတ်တဲ့ အပြစ်နဲ့ သံသရာ့အချုပ်ထောင်က လွတ်ရက်-ကျွတ်ရက် မရှိတော့ဘူး၊ ဖွင့်တတ်တဲ့ဉာဏ်နဲ့ ဖွင့်နည်းမှန်ရတော့ သံသရာစခန်းသတ်, ဒုက္ခစက်ဝန်းပြတ်၊ အမြတ်ဆုံး နိဗ္ဗာန်ချမ်းသာကြီးကို ဧကန်ရကြမယ်၊ ဘယ်လောက်များ ကွာခြားသလဲ?၊ ဒါကြောင့် ဘုန်းကြီးက အထူးသတိပေးလိုက် တယ်၊ ဒကာ-ဒကာမတွေ မျက်လုံးဖွင့်တတ်ဖို့ အရေးဟာ အလွန်ကြီးတဲ့ အရေးပဲလို့၊ သဘောပါကြပလား?။
မြင်တိုင်း-မြင်တိုင်း ရှုပေးကြ
ဒါကြောင့် ဒကာ-ဒကာမတွေ မျက်လုံးဖွင့်လို့ မြင်တိုင်း-မြင်တိုင်း ရှုပေးကြ၊ မြင်လို့ သိတဲ့သဘောက အနတ္တ၊ ဖြစ်ပြီးပျက်သွားလို့ မရှိဘူးလို့သိတော့ မဂ်လာတယ်။
၁-မြင်တာကို အနတ္တပဲလို့ ပိုင်းခြားနိုင်တော့ ဒုက္ခသစ္စာသိတာပဲ၊ ဒီတော့ တဏှာမလာ။
၂-တဏှာမလာလို့ သေတော့… သမုဒယသေတာပဲ။
၃-ရှုတဲ့ဉာဏ်က မဂ္ဂသစ္စာပဲ။
၄-ဇာတိ စသည် မလာတာ ချုပ်တာ နိရောဓသစ္စာပဲ၊ ရှင်းကြပလား?။
ဒကာ-ဒကာမတွေ အားတက်ဖို့များ မကောင်းကြဘူးလား?။ မျက်လုံးကလေး ဖွင့်တတ်တာနဲ့ မဂ်ပေါ်လာ တယ်၊ ဒါကြောင့်… ကြိုးစားကြ။
ဒကာ-ဒကာမတွေ လျှာက ရှည်ရှည်၊ ဆင်ခြေဆင်လက်က များများနဲ့ဆိုရင် နစ်ဖိုပသာပြင်ထားကြတော့ပဲ၊ တို့-ဒကာတွေ လုပ်တတ်တယ်၊ “တရားကလည်း ကောင်းပါတယ်၊ ရည်ရွယ်ချက်လည်း ရှိပါရဲ့၊ စီးပွားရေးက အဆင် မပြေသေးလို့၊ ဘာ့ကြောင့်-ညာ့ကြောင့်နဲ့ ပြောတတ်ကြတယ်” အဲဒါဟာ မှောက်တော့မယ်လို့ တစ်ဖက်စောင်းတာပဲလို့ မှတ်ကြ၊ အဲဒါ… သာမညမဟုတ်ဘူး၊ သူ့ဒယ်အိုးဆီ သူ ဒိုင်းဒိုင်းပြေးမလို့ဗျလို့ မပြောပေမဲ့ ပြောသလိုပဲဆိုတာ မှတ်ကြ၊ ရိပ်မိကြပလား?။
ဆင်ခြေလဲနေဖို့အချိန် မဟုတ်တော့ဘူး
ဒကာတို့တစ်တွေ ဆင်ခြေလဲနေဖို့အချိန် မဟုတ်တော့ဘူး ဆိုတာ သိကြတော့၊ ဆင်ခြေလဲရင် ကိုယ်လဲတဲ့ ဆင်ခြေဟာ… “ဒီအမှုမှာ ကျုပ် ကိုယ်တိုင်ပဲ သတ်ခဲ့ပါတယ်။ သက်သေကို ကူမနေပါနဲ့တော့၊ ကျုပ်ကို ကြိုးပေးပါ တော့” ဆိုတာနဲ့ အတူတူပါပဲ၊ ဆင်ခြေလဲနေရင် ဒကာတို့အတွက် သက်သေမလိုတော့ဘူး ကြိုးစင်တက်ဖို့သာ ပြင်ထား ကြ၊ ဆင်ခြေလဲရင် ဒီပြင်မရှိတော့ဘူး၊ သဘောပါကြပလား?။ ဒကာ-ဒကာမတို့ မြို့ထဲရွာထဲမှာ ဒီလိုလူမျိုးတွေများ ပေါကြသလား?လို့ မေးလိုက်ပါတယ်။
မျက်လုံးကလေး ဖွင့်လိုက်တာနဲ့ မျက်လုံးပေါက်က စ,ပြီး ကိုယ့်သန္တာန်မှာ ဖြစ်ပေါ်တဲ့ တရားတွေကို ကိုယ်မပိုင် ပါဘူး၊ တစ်ခုမှ ပိုင်တာ-ဆိုင်တာ မပါကြဘူး၊ အားလုံး ဖြစ်လာသမျှ အနတ္တတွေချည့်ပဲ။ ဒီနည်းအတိုင်း ကျန်တဲ့ ဒွါရ ငါးခုက ဖြစ်လာသမျှတွေဟာ ကိုယ့်သန္တာန်မှာ ဖြစ်ပေမဲ့လည်း ကိုယ်မပိုင်တဲ့ အနတ္တချည့်ပါပဲ။
နားအကြည်ရုပ်, အသံရုပ်, အသံသိတဲ့စိတ် ဖဿဝေဒနာ-တဏှာ။
နှာခေါင်းအကြည်ရုပ်, အနံ့ရုပ်, အနံ့သိစိတ် ဖဿ, ဝေဒနာ, တဏှာ။
လျှာအကြည်ရုပ်, အရသာရုပ်, အရသာသိစိတ် ဖဿ, ဝေဒနာ, တဏှာ။
ကိုယ်အကြည်ရုပ်, အတွေ့ရုပ်, အတွေ့သိစိတ် ဖဿ, ဝေဒနာ, တဏှာ။
မနောအကြည်နာမ်, ဓမ္မာရုံ ရုပ်နာမ်, မနော အသိစိတ်, ဖဿ, ဝေဒနာ, တဏှာ။
အဲဒီလို မျက်စိပေါက်ကစ,ပြီး ဒွါရခြောက်ခုမှာ အကြောင်းအကျိုး ဆက်ပြီး ဖြစ်ပေါ်နေကြတဲ့တရားတွေ ရုပ်နာမ်တွေဟာ တစ်ခုမှ ကိုယ်ပိုင်ကိုယ်ဆိုင်မပါကြဘူး၊ အားလုံး အနတ္တချည့်ပဲ၊ အကြောင်းတရားတွေကိုက အနတ္တတွေ မို့ ပေါ်လာတဲ့ အကျိုးတရားတွေဟာ အနတ္တချည့် ဖြစ်ကြတာပဲ၊ ဒါကို ဉာဏ်နဲ့အမှန်သိအောင် လုပ်ရမယ်၊ မျက်စိ, နား, နှာ, လျှာ, ကိုယ်, စိတ် ဘယ်ဒွါရပဲဖြစ်ဖြစ် အနတ္တဉာဏ်ပေါ်အောင် ရှုဉာဏ်လိုက်ပေးကြ၊ အားလုံး အနတ္တချည့် ပါပဲ ရှင်းကြပလား?။ ဒါကြောင့်-
သဗ္ဗေ ဓမ္မာ အနတ္တာတိ၊ ယဒါပညာယ ပဿတိ။
အထ နိဗ္ဗိန္ဒတိ ဒုက္ခေ၊ ဧသမဂ္ဂေါ ဝိသုဒ္ဓိယာ-လို့
ဘုရားရှင်ဟောတော်မူခဲ့တာပဲလို့ မှတ်ကြ၊
ဉာဏ်နဲ့ ခန္ဓာမှာကြည့်ရင် အနတ္တချည့်မြင်ကြမယ်
ဒကာ, ဒကာမတွေ ဉာဏ်နဲ့ကြည့်ကြ၊ ဉာဏ်နဲ့ ခန္ဓာမှာကြည့်ရင် အနတ္တချည့်မြင်ကြမယ်၊ “သဗ္ဗေ ဓမ္မာ အနတ္တာ” ကိုယ့်ခန္ဓာမှာ ပေါ်သမျှရုပ်နာမ် အားလုံးဟာ အနတ္တချည့်ပဲ”တဲ့၊ ဒီသဘောအမှန်ကို ဧကန်သိ, ကိုယ်တိုင်သိ ဖြစ်အောင် “ယဒါ ပညာယ ပဿတိ” “ပညာဉာဏ်နဲ့ ရှုကြ-ကြည့်ကြ” လို့ ဆိုလိုတယ်၊ ခန္ဓာမှာ ပညာနဲ့ ကြည့်ဖို့လိုတယ်၊ ဒါကို တို့ဒကာ-ဒကာမတွေက “ယဒါ တဏှာယ ဥပါဒါယ ပဿတိ” လုပ်နေကြတယ်၊ ယဒါ ပညာယ မဟုတ်ဘဲ ယဒါတဏှာယ လုပ်နေတော့ “ဇောက်ထိုး” သမားတွေလား?လို့၊ မေးသင့်- မမေးသင့် ရိပ်မိကြပလား?။
ယဒါ၊ သူက အနတ္တအမှန်ကို ပြတဲ့အခါ၌။ ပညာယ၊ ပညာဖြင့်။ ပဿတိ၊ ရှုပေး။ အနတ္တပဲလို့ ရှုဉာဏ်လိုက်ပေး တဲ့၊ လိုက်ပေးတော့ အနတ္တဉာဏ် မြင်မယ်၊ မြင်ရင် မြင်တာနဲ့ နောက်က တဏှာ, ဥပါဒါန်, ကံတွေ ချုပ်ကုန်တယ်၊ ချုပ်တော့… နောက် ဇာတိ, ဇရာ, မရဏတွေ မလာတော့ဘဲ အကုန် ချုပ်တော့တာပဲ၊ ရှင်းကြပလား?။ ဒါကြောင့် ဒကာ-ဒကာမတွေ ကြပ်ကြပ်ရှုပေးကြ၊ ခန္ဓာမှာ ဉာဏ်နဲ့ရှုမှသာရမယ်၊ ဆုတောင်းလို့ မရနိုင်ဘူး၊ ရှုမှရမယ်ဆိုတာ မှတ်ကြ၊ ဆုတောင်းမနေကြနဲ့တော့လို့ သတိပေးလိုက်တယ်။
၁-သဗ္ဗေ ဓမ္မာ အနတ္တာက ဒုက္ခသစ္စာ။
၂-ယဒါ ပညာယ ပဿတိက မဂ္ဂသစ္စာ။
၃-တဏှာ, ဥပါဒါန် မလာလို့ သမုဒယ သေတာက သမုဒယသစ္စာ။
၄-သမုဒယသေတော့ နိရောဓ ပေါ်တာက နိရောဓသစ္စာ။
သစ္စာလေးပါးကို ဟောတဲ့ဂါထာပဲ
ဒီတော့ ဒီဂါထာဟာ သစ္စာလေးပါးကို ဟောတဲ့ဂါထာပဲလို့ မှတ်ကြ၊ ရိပ်မိပလား?။ ဒါကြောင့် ဘုန်းကြီးတို့ ဒကာ-ဒကာမတွေ မျက်လုံးဖွင့်တဲ့အခါ “ယဒါပညာယပဿတိ” လိုက်ပေးကြ၊ ဖွင့်တိုင်း-ဖွင့်တိုင်း လွတ်မသွားစေနဲ့၊ နား, နှာခေါင်း, လျှာ, ကိုယ်, စိတ် ဆိုတဲ့ ငါးခုက ဖွင့်တဲ့အခါမှာလည်း “ပညာယပဿတိ” လိုက်ပေး၊ ပလပ်အောင် အောင်ရှုပေးကြ၊ ဒါနဲ့လွဲရင် တဏှာ ဥပါဒါန်, ကံတွေလာမယ်၊ ပေါ်ကြပလား?။ ဒါကြောင့် ပညာယနဲ့ မလွဲကြစေနဲ့၊ ဒီကနေ့ကစပြီး မျက်လုံးဖွင့်တတ်ကြပါစေလို့ သတိပေးလိုက်ပါတယ်၊ ကျေနပ်ပလား?။
အထ၊ ထိုသို့ အနတ္တအမှန်ကို ပညာဉာဏ်ဖြင့် မြင်တဲ့အခါ၌။ နိဗ္ဗိန္ဒတိ၊ ငြီးငွေ့၏ မုန်း၏။ ဒုက္ခေ၊ ဒုက္ခသစ္စာ ဖြစ်ပျက်၌။ နိဗ္ဗိန္ဒတိ ပျင်းမုန်း ငြီးငွေ့၏တဲ့၊ ဒီလို ငြီးငွေ့တာဟာ “ဧသမဂ္ဂေါ”ပဲတဲ့၊ ငြီးငွေ့လာရင် စင်ကြယ်သွားပြီ၊ စင်ကြယ်ပြီး မဂ္ဂင်ရှစ်ပါး ပြည့်မယ်၊ ဒကာ ဒကာမတွေ သိထားဖို့က ငြီးငွေ့တာ နိဗ္ဗိန္ဒဉာဏ်၊ ဖြစ်ပျက်မုန်းတဲ့ဉာဏ်ပဲ၊ ဖြစ်ပျက်မုန်းရင် မကြာခင် ဖြစ်ပျက်ဆုံးမယ်၊ ဖြစ်ပျက်ဆုံးရင် ဝိသုဒ္ဓိဖြစ်ပြီလို့ မှတ်ရမယ်၊ ဝိသုဒ္ဓိဖြစ်ရင် နိဗ္ဗာန်နဲ့ မဂ်နဲ့ တွဲလျက်တွေ့ရမယ်လို့ မှတ်၊ ဘုရားက ဒီလိုလုပ်ကြဖို့ ဒီဂါထာကို ဟောခဲ့တာပဲ၊ သဘောပေါက်ကြပလား?။ ပေါက်ရင် ကြိုးစားလိုက်နာကြ။
ဂါထာမြန်မာပြန်။ ။ အလုံးစုံများစွာ ခန္ဓာမှာ ပေါ်လာကြသည့် ရုပ်နာမ်ဓမ္မ ဟူသမျှတို့ကား… ကိုယ့်အလိုမလိုက်၊ ကိုယ့်အကြိုက်သို့မပါ၊ အကာအတိသာ ဖြစ်ကြပေကုန်၏။ ဤသို့မှန်စွာ ဝိပဿနာ, ဘာဝနာဖြင့်၊ ခါခါမပြတ် ရှုမှတ်သည့် အကြင်အခါ၌။ ဝိပဿနာ သမ္မာဒိဋ္ဌိ ပညာဖြင့် ဝေဖန်ပိုင်းခြားကာ မှန်ကန်စွာ သိမြင်ပေ၏။ အနတ္တမှန်ကို ဝေဖန်ပိုင်းခြားကာ၊ ပညာဖြင့် သိမြင်ရသော ထိုအခါ၌၊ ဖြစ်ပျက်ဒုက္ခသစ္စာ ခန္ဓာလောကဝယ်၊ ပျင်းမုန်း ငြီးငွေ့-မမွေ့မလျှော်၊ နိဗ္ဗိဒါဉာဏ်ပေါ်၍ လာလေ၏။ နိဗ္ဗိန္ဒမှန်၊ ဤသည့်ဉာဏ်ကား…၊ ကိလေသာမှ စင်ကြယ်ခြင်း၏ အကြောင်းမြတ်လမ်းကောင်းကြီး မှန်လှပါပေ၏။
ကိုင်း… ယနေ့ ဒီတွင်ပဲ တော်ကြဦးစို့၊ အချိန်စေ့သွားပြီ။
