20307

ရိုးရာမျက်လုံး ဉာဏ်ယှဉ်သုံး တရားတော်

ခန္ဓာငါးပါး

(၁) ရူပက္ခန္ဓာ… ဖောက်ပြန်တတ်သော သဘောတရားအစု ရုပ်နှစ်ဆယ့်ရှစ်ခု။

(၂) ဝေဒနာက္ခန္ဓာ… ခံစားတတ်သော သဘောတရားအစု ဝေဒနာသုံးခု။

(၃) သညာက္ခန္ဓာ… မှတ်သားတတ်သော သဘောတရားအစု သညာတစ်ခု။

(၄) သင်္ခါရက္ခန္ဓာ… ပြုပြင် စီရင်တတ်သော သဘောတရားအစု သင်္ခါရငါးဆယ်ခု။

(၅) ဝိညာဏက္ခန္ဓာ… သိတတ်သော သဘောတရားအစု စိတ်ရှစ်ဆယ့်ကိုးခု။

အနတ္တနှစ်မျိုးအစားစား

(၁) သညာပေး… အနတ္တ၊ ရိုးရာသိမျိုး-အနတ္တ။

(၂) ပညာပေး… အနတ္တ၊ ဘုရားပေးဉာဏ်သိမျိုးအနတ္တ။

(၁) သူ့သဘာဝနှင့်သူ အနတ္တဖြစ်နေတာတစ်မျိုး။

(၂) မိမိကို အနတ္တသဘာဝပြနေတာတစ်မျိုး။

(၁) ခန္ဓာဖြစ်စဉ်နှင့် မိမိအထင် မကိုက်ညီတဲ့ အနတ္တတစ်မျိုး။

(၂) အကြောင်းအကျိုး သိမ်းဆည်းတဲ့ အနတ္တတစ်မျိုး။

ဆောင်ပုဒ်

မျက်လုံးအကြည်၊ အဆင်းမှီ၊ စုံညီ မြင်သိစိတ်။

မျက်စိအဆင်း၊ နှစ်ကြောင်းရင်း၊ ပေါ်ခြင်း မြင်သိစိတ်။

အကြောင်းနှစ်ထွေ၊ ပျက်ပြုန်းကြွေ၊ ပျက်သွေအကျိုးစိတ်။

အကြောင်းအနတ္တ၊ ကျိုးနတ္တ၊ ရှုကြဉာဏ်ခွဲစိတ်။

ဒွါရခြောက်ခွင်၊ ထို့တူပင်၊ ဉာဏ်ယှဉ်နည်းမှီချိတ်။

ကြောင်းကျိုးဖြစ်ပျက်၊ ငါမစွက်၊ ဉာဏ်သက်စင်ကိလိသ်။

သတိချပ်။

မိဘရိုးရာ၊ မျက်လုံးမှာ၊ ပညာမချပ်ဘိ။

ခန္ဓာငါးဝ၊ ငါထင်ကြ၊ အတ္တစွဲဒိဋ္ဌိ။

ဘုရားပေးမှန်၊ မျက်လုံးဉာဏ်၊ ဇွဲသန်ရှုမှတ်သိ။

အလိုမပါ၊ ငါးခန္ဓာ၊ အနတ္တာမှန်တိတိ။

အနတ္တပိုင်က၊ ပပဉ္စ၊ လုံးဝ သေတော့၏။

ပပဉ်ဆိတ်သုဉ်း၊ သံသာချုံး၊ ဝဋ်ဆုံးနိဗ္ဗူတိ။ ။

တရားသား။ ။

ကိုယ့် အကြိုက်-ကိုယ့်စရိုက်မလိုက်လို့ အနတ္တ

ဒကာ-ဒကာမတွေ ဒီကနေ့မှာ မနေ့က တရားကိုပဲ ဆက်ပြောရမယ်၊ တို့ဒကာ, ဒကာမတွေမှာ ခန္ဓာငါးပါးကတော့ ကိုယ်စီကိုယ်င ရှိပြီးနေကြတာပဲ၊ ခန္ဓာကတော့ ရှိပါရဲ့ ဒါပေမဲ့, ကိုယ့်အကြိုက် ကိုယ့်စရိုက်တော့ လုံးဝမပါပါဘူး၊ သူ့သဘာဝလမ်းစဉ်အတိုင်း ခန္ဓာ့ထုံးစံအတိုင်း သူဆောင်ရွက်နေတာပဲရှိပါတယ်၊ ဒကာတို့အကြိုက်နဲ့ တစ်ခုမှ မကိုက်ညီပါဘူး၊ ရိပ်မိကြရဲ့လား? ဒီတော့ ခန္ဓာငါးပါး ဒီရုပ်နာမ်တရားတွေကို ကိုယ့် အကြိုက်-ကိုယ့်စရိုက်မလိုက်လို့ အနတ္တတွေပဲလို့သာ မှတ်လိုက်ကြ၊ ရှင်းကြပလား?။

ရုပ်အစု ရူပက္ခန္ဓာကလည်း သူ့သဘာဝနဲ့သူ အေးလိုက် ပူလိုက် လှုပ်လိုက် ငြိမ်လိုက် စသည်အားဖြင့် ဖောက် ပြန်ပြီးနေကြတဲ့ သဘောအမှန်ရှိတာပဲ၊ ဝေဒနာကလည်း ကောင်းလိုက်-မကောင်းလိုက် စတဲ့ သူ့သဘာဝ သူဆောင်ရွက် နေကြတာပဲ၊ ပူလွန်းလို့ အေးလိုက်ပါ၊ ကောင်းတာမို့ ပျက်မသွားပါနဲ့ ဆိုပြီး တောင့်တလို့ တားလို့ ဆီးလို့ မရကြဘူး၊ သဘောပါပလား?၊ သညာကလည်း မှတ်စရာနဲ့တွေ့ရင် သူ့သဘောအတိုင်း မှတ်ပြီး ပျက်သွားပြန်တာပဲ၊ သင်္ခါရ စေတသိက် ငါးဆယ်ကလည်း ဒီ-သဘောပဲ၊ အကြောင်း ညီညွတ်တုန်း ပေါ်လာပြီး ပျက်စီးသွားပြန်တာပဲ၊ ဝိညာဏက္ခန္ဓာ ဆိုတဲ့ စိတ်တွေကလည်း ထို့အတူပါပဲ၊ ဖြစ်လာလိုက် ပျက်သွားလိုက်နဲ့ နေကြတာပဲ။

ဉာဏ်မျက်လုံး သမ္မာဒိဋ္ဌိအမြင်နဲ့ ကြည့်ကြ

ခန္ဓာငါးပါးလုံးဟာ ဒကာတို့အကြိုက်နဲ့ ကိုက်တာမပါဘူး၊ ဒါကြောင့်, ဒီခန္ဓာပေါ်မှာ ပိုင်ဆိုင်ခွင့်မရကြဘူး၊ သဘောပါပလား?၊ ဒါကို ဉာဏ်သမားကြည့်တော့ မြင်ရတယ်၊ ဒီတော့… ဒကာ, ဒကာမတွေက ဉာဏ်မျက်လုံး သမ္မာဒိဋ္ဌိအမြင်နဲ့ ကြည့်ကြ၊ ကြည့်ရင် အမှန်မြင်ကြမယ်၊ ဒကာတို့တစ်တွေက ဒိဋ္ဌိအမြင်နဲ့ ငါ့အမြင်နဲ့ ကြည့်နေကြတော့ အမှန်မကျနိုင်ကြဘူး၊ ရိပ်မိပလား? သမ္မာဒိဋ္ဌိအမြင်, ဉာဏ်အမြင်နဲ့ ကြည့်ရင် ငါ့အကြိုက်, ငါ့အလိုက်, ငါ့စရိုက်နဲ့ ကိုက်တာ တစ်ခုမှ မပါဘူးဆိုတဲ့အချက်ကို ဆုံးဖြတ်ချက် ချနိုင်ကြမယ်။

ဒကာတို့က မိစ္ဆာအမြင်နဲ့ကြည့်တော့ ခန္ဓာကို ငါ,မှတ်နေကြတယ်၊ ငါ စားချင်တယ်, ငါဆိုချင်တယ်, ငါထိုင် ချင်တယ်, ငါသွားချင်တယ်, ငါလုပ်ချင်တယ်နဲ့ ငါမှတ်နေကြတယ်၊ ငါလုပ်ချင်ရင် လုပ်နိုင်တာပဲလို့ မှတ်နေကြတယ်၊ အဲဒါ မိစ္ဆာအမြင်နဲ့ကြည့်ပြီး ခန္ဓာငါမှတ်, ငါထင်လို့ ပြောကြတာပဲ၊ သဘောပါပလား?၊ ဒကာ-ဒကာမတွေ ပြောဆို လုပ်ကိုင်ကြသမျှ ထင်မြင်ယူဆထားသမျှ အမှန်တစ်ခုမှ မဟုတ်ဘူး၊ ဉာဏ်မျက်လုံးတစ်ခုမှ မဟုတ်ကြဘူး၊ မိဘရိုးရာ မျက်လုံး, မိစ္ဆာမျက်လုံးတွေပဲလို့ မှတ်လိုက်ကြ၊ ရှင်းပလား?၊ မိဘရိုးရာမျက်လုံးက မိစ္ဆာမျက်လုံး၊ ဘုရားပေးတဲ့ ဉာဏ် မျက်လုံးက သမ္မာဒိဋ္ဌိမျက်လုံးလို့မှတ်ကြ။

သိလုံးကလေးက အနတ္တဉာဏ် မဂ္ဂပဲ

ဒကာ, ဒကာမတွေ မိဘရိုးရာမျက်လုံးနဲ့ တင်းတိမ်မနေကြနဲ့ အမှန်တစ်ခုမှ မကျဘူးလို့ ပြောလိုက်ပါတယ်၊ အမှန်ကျအောင် ဘုရားပေးတဲ့မျက်လုံးကို တပ်ကြ၊ ဘုရားပေးတဲ့ မျက်လုံးနဲ့ကြည့်ကြတော့လို့ သတိပေးလိုက်တယ်၊ ကျေနပ်ပလား?၊ ကြည့်နည်းက လွယ်ပါတယ်၊ ကြည့်နည်းက ခန္ဓာမှာ ကြည့်ကြဖို့ပဲ၊ ခန္ဓာငါးပါးထဲက တစ်ခုခုကို ဉာဏ်မျက်လုံးနဲ့ ကြည့်ပေးကြ ကြည့်တော့ အနတ္တကိုမြင်ရမယ်၊ အမှန်သိကြရမယ်၊ အဲဒီ သိလုံးကလေးက အနတ္တဉာဏ် မဂ္ဂပဲ၊ ခန္ဓာတစ်ခုခု ဖြစ်တဲ့ ပျက်တဲ့ အနတ္တ သိတိုင်း-သိတိုင်း မဂ္ဂဖြစ်တာပဲ၊ ဒီတော့-နောက်က ပပဉ္စသုံးပါးသေတယ်၊ သဘောပါကြပလား?။

ဥပမာ… ဝေဒနာက္ခန္ဓာ ပေါ်တယ်ဆိုပါတော့၊ ဒီဝေဒနာကလေးဟာ ဖြစ်ပြီးတာနဲ့ ပျောက်ပျက်သွားတာပဲ၊ တားလို့ ဆီးလို့ မရတဲ့အနတ္တသဘောပဲလို့ ဝေဒနာပေါ်တိုင်းပေါ်တိုင်း ရှုဉာဏ်လိုက်ပေးရမယ်၊ ရှုဉာဏ်ဝင်တော့ နောက်က တဏှာသေတယ်၊ ပပဉ္စ မလာနိုင်တော့ဘူး၊ သူက-သံသရာချဲ့ထွင်တတ်တဲ့တရား၊ သံသရာကို ရှည်အောင်လုပ် နေတဲ့တရား၊ သူက – နောက်သံသရာ ဇာတိ, ဇရာ, မရဏ စတဲ့ ဒုက္ခတွေ ပေါ်အောင် လုပ်တတ်တယ်၊ ရှင်းကြပလား?၊ ပပဉ္စသေတော့ ဒီဘက်က နိရောဓပေါ်လာမယ် သူလုပ်မဲ့ ဒုက္ခတွေ မလာတာဟာ နိရောဓပဲလို့ မှတ်ကြ။

ခန္ဓာမှာ ဖြစ်ပေမဲ့ မပိုင်လို့ မဆိုင်လို့ အနတ္တ

ဥပမာအားဖြင့်ဆိုရင် “အရင် အင်္ဂလိပ်အစိုးရလက်ထက်က ကိုယ့်အိမ်ထဲမှာ ကျွန်းပင်ပေါက်နေသလိုပါပဲ၊ အိမ်ထဲ ပေါက်လာတဲ့ကျွန်းပင်ဖြစ်ပေမဲ့ မခုတ်ဝံ့ မထစ်ဝံ့ကြဘူး၊ မလှဲဝံ့ကြဘူး၊ ဘာ့ကြောင့်လဲ? ကိုယ့်အိမ်ထဲမှာဖြစ်ပေ မဲ့လည်း မပိုင်လို့ မဆိုင်လို့ ဘယ်လိုမှ မလုပ်နိုင်ကြဘူး၊ ရိပ်မိပလား?၊ ဒီအတိုင်းပါပဲ၊ ခန္ဓာငါးပါးဟာလည်း ခန္ဓာမှာ ဖြစ်ပေမဲ့ မပိုင်လို့ မဆိုင်လို့ အနတ္တလို့ ခေါ်ရတယ်လို့ မှတ်ကြ၊ ရှင်းကြပလား?။

အိမ်ဝင်းထဲမှာ ပေါက်သာပေါက်တယ် ဒီကျွန်းပင်ကို အိမ်ရှင်က မပိုင်ပါပဲလား၊ ဒီလိုသိတာက ဉာဏ်၊ မပိုင်မှန်း မဆိုင်မှန်း သိလို့ ဒီကျွန်းပင်နဲ့ပတ်သက်တဲ့ အကျိုးအပြစ်တွေ မလာတော့ဘူး၊ ကျွန်းပင်အတွက်နဲ့ ဝမ်းမသာမိဘူး၊ မနှစ်သက်ဘူး၊ မိမိနှင့်မဆိုင်, မိမိမပိုင်မှန်းသိနေတော့ ဒီကျွန်းပင်အပေါ်မှာ အာလယပြတ်နေတော့တာပေါ့၊ သဘော ပါပလား?၊ ဒီကျွန်းအတွက်နဲ့ မာနလည်း မတက်ဘူး၊ တဏှာ, မာန, ဒိဋ္ဌိပြုတ်တယ်၊ အဲဒါ မပိုင်မှန်းသိတဲ့ အနတ္တဉာဏ် ကြောင့် ပြုတ်တာ၊ ဒီဉာဏ်ကြောင့် နိရောဓပေါ်လာတယ်။

ဒကာ-ဒကာမတွေ ဉာဏ်ရောက်ကြပလား?၊ ဉာဏ်ရောက်အောင် လေးလေးနက်နက် စဉ်းစားကြ၊ ခန္ဓာကြောင့် အနတ္တပေါ်တယ်၊ အနတ္တကြောင့် ဉာဏ်ပေါ်တယ်၊ ဉာဏ်ကြောင့် နိဗ္ဗာန်ပေါ်တယ်၊ ရိပ်မိကြပလား၊ ခန္ဓာငါးပါးနဲ့အတူ နေရပေမဲ့ မပိုင်မှန်းသိတဲ့ဉာဏ်ကြောင့် တဏှာ, မာန, ဒိဋ္ဌိ မလာဘူး၊ မလာတော့ နိရောဓ လာတာပဲလို့ မှတ်ကြ၊ ရှင်းပလား?၊ ခန္ဓာနဲ့အတူနေပြီး ဉာဏ်နဲ့လည်း မခွဲကြနဲ့ ဉာဏ်နဲ့ တွဲနေရမယ်၊ ခန္ဓာမှာ ဉာဏ်နဲ့တွဲနေရင် ခန္ဓာဖြစ်ပျက် ဒုက္ခသစ္စာ အနတ္တလက္ခဏာကို ဉာဏ်နဲ့မြင်ရမယ်၊ မပိုင်တဲ့ အနတ္တပဲလို့ မြင်ရင် ခန္ဓာပေါ်မှာ အာလယပြတ်တော့ တာပဲ၊ သဘောပါကြပလား?။

ဒုက္ခကို မဂ္ဂနဲ့မြင်ဖို့ အရေးကြီးတယ်

ခန္ဓာက ဖြစ်ပျက်ဒုက္ခ အနတ္တလက္ခဏာကို အမြဲပြနေတာ၊ ဒုက္ခကို မဂ္ဂနဲ့မြင်ဖို့ အရေးကြီးတယ်၊ ဒုက္ခကို မဂ္ဂနဲ့မြင်မှ သမုဒယသေပြီး နိရောဓပေါ်တယ်၊ ဒါဟာ ဓမ္မသဘာဝဖြစ်စဉ်ကိုက်ပဲလို့ မှတ်လိုက်ကြ၊ ဒကာ-ဒကာမ တွေက ဓမ္မသဘာဝနဲ့ ဆန့်ကျင်နေကြတယ် ဒကာတို့အထင်က အနတ္တကို မိမိပိုင်ထင်, ထင်ပြီး, ပြင်ကြ, ဆင်ကြ, ဖြီးလိမ်းဝတ်စားကြနဲ့ ခန္ဓာကိုယ်ကို တယုတယ သ,လိုက်ရတဲ့ဖြစ်ခြင်း မပြောပါနဲ့တော့၊ လွန်,လွန်းပါတယ်၊ ဒီကြားထဲက မနာဘူးလို့ ထင်နေတုံး၊ တော်တော်ကြာတော့ တုံးလုံးကြီးဖြစ်နေလိုက်ပြီး၊ ဆေးဆရာ, ဆရာဝန်နဲ့ လူတွေကလည်း ဝိုင်းလို့ လုပ်ကြပါဦး, ကူကြပါဦး, အကောင်းဆုံးဆရာဝန် ခေါ်ပေးပါ၊ မတတ်နိုင်ကြတော့ဘူးလားနဲ့ ဟော-တော်တော် ကြာတော့ ခေါင်းထဲရောက်ရပြီ၊ တို့ဒကာတွေအဖြစ်က ကောင်းကြသေးရဲ့လား?လို့ မေးလိုက်ပါတယ်။

ဒါကြောင့်… ဒကာတို့အထင်နဲ့ ခန္ဓာဖြစ်စဉ်နဲ့ ကိုက်ပါရဲ့လား? မကိုက်ပါဘူး၊ ခန္ဓာ့ဖြစ်စဉ်နဲ့ ကိုယ့်အထင်နဲ့ မကိုက်တဲ့ အနတ္တ တရားပဲလို့ မှတ်လိုက်ကြ၊ ရိပ်မိကြပလား?၊ ဒီအနတ္တသဘောက “အနတ္တလက္ခဏသုတ်” မှာလာတဲ့ အနတ္တ သဘောပဲလို့ မှတ်ကြ၊ လှအောင်, ပအောင်, တင့်တယ်အောင်, ပြင်တုန်း, ဆင်တုန်းရှိသေး ချွေးတွေ သံတွေက ထွက်လာလိုက်ပြီး၊ ကိုယ့်အထင်နဲ့ ကိုက်သေးရဲ့လား?၊ အဲဒါမကိုက်လို့ပဲ မအိုဘူးထင်ရက်က အိုရ၊ မျက်စိမမွဲဘူးလို့ ထင်နေရက်က ကောင်းကောင်းမမြင်တော့ဘူးတဲ့၊ နေကောင်းရဲ့လား မေးတော့ နေကောင်းပါတယ် ဆိုပြီး နောက်ကျော က တက်လာ၊ ခါးထဲက နာလာ၊ အဲဒါမကိုက်လို့ဘဲမဟုတ်လား၊ ပေါ်ကြပလား?။

အနတ္တက နှစ်မျိုးရှိတယ်

ဒီနေရာမှာ… အနတ္တက နှစ်မျိုးရှိတယ်လို့လည်း မှတ်ထားကြ နှစ်မျိုးက သူ့ဟာသူ အနတ္တဖြစ်နေတာက တစ်မျိုး၊ ကိုယ့်ကို အနတ္တပြနေတာက တစ်မျိုး၊ နှစ်မျိုးရှိတယ်လို့ပဲ မှတ်ထားကြ၊ နောက်တော့ ဒီအဓိပ္ပာယ်ပေါ်လာမယ်၊ မိမိခန္ဓာ ရှုမှတ်တဲ့အခါ ဘယ်လိုရှုမှတ်ရမလဲ?၊ ဒီအဖြေကိုလည်း သိဖို့လိုတယ်၊ “ပဉ္စက္ခန္ဓာ အတ္တနာ”လို့ ဟောပေမဲ့ ခန္ဓာငါးပါးလုံး ပြုံပြီး ရှုရမှာမဟုတ်ဘူး ခန္ဓာမှာပေါ်တဲ့အခါ တစ်ခုခုသာ ပေါ်မှာ၊ အဲဒီပေါ်တဲ့အထဲက ကြိုက်ရာ ထင်ပေါ်ရာ တစ်ခုခုကိုသာ ရှုကြရမယ်၊ ရှင်းကြပလား?။

ရုပ်ပေါ်ပေါ်, ဝေဒနာပေါ်ပေါ် မိမိဉာဏ်မှာ ထင်ရှားရာတစ်ခုကိုသာ စိုက်ပြီး ရှုမှတ်ရမယ်၊ ဉာဏ်နဲ့ ခန္ဓာမှာ ရှုမှ အမှန်အကန်မြင်ရမယ်၊ သူပြော လူပြော ပါးစပ်ပြော အနတ္တ မလိုဘူးဆိုတာ သတိပြုကြ၊ မိရိုးဖလာ ပြောကြ, ဆိုကြ မှတ်သားလာကြတဲ့ သညာပေး အနတ္တ မဟုတ်ဘူး၊ အနတ္တက တို့ဒကာတွေအတွက် နှစ်မျိုး မဖြစ်စေနဲ့လို့ ပြောလိုက်ပါတယ်၊ နှစ်မျိုးဆိုတာက သညာပေးတဲ့ အနတ္တက တစ်မျိုး၊ ပညာပေးတဲ့အနတ္တက တစ်မျိုး၊ နှစ်မျိုးရှိတယ်၊ သညာပေး အနတ္တဆိုတာက ဒကာတို့တစ်တွေ နှုတ်တက်နေကြ သိနေကြတဲ့ ရိုးရာသိဟာ သညာပဲလို့ မှတ်ကြ၊ ခန္ဓာ မှာ ရှုလို့ ဉာဏ်နဲ့မြင်တာမှ သညာပေးအနတ္တပဲ၊ ဒါမှ ပပဉ္စသေတယ်၊ ရှင်းပလား?။

တဏှာ, မာန, ဒိဋ္ဌိတွေ မလာခင် ဦးအောင်ရှုရမယ်

ဒကာ-ဒကာမတွေ သဘောပါကြပလား?၊ ဒါဖြင့် နည်းပေးထားတဲ့အတိုင်း ကြိုးစားကြ၊ ရှုတော့ တဏှာ, မာန, ဒိဋ္ဌိတွေ မလာခင် ဦးအောင်ရှုရမယ်၊ ဒါတွေလာပြီးမှရှုရင် အမာရွတ်ထင်တယ်၊ ဒကာ-ဒကာမတွေ အနာပေါက် ပြီးမှ ပျောက်တာဟာ အနာရွတ်ထင်တယ်၊ အနာမပေါက်ဘဲနဲ့ ပျောက်တာက အနာရွတ်မထင်ဘူး၊ ဒီဟာကမှ ပိုကောင်း တယ်၊ သဘောပါကြပလား?၊ ဒကာ-ဒကာမတွေ အနာပေါက်ပြီးမှ ပျောက်တာနဲ့ မပေါက်ဘဲပျောက်တာ ဘယ်ဟာက ကောင်းသတုံး? အေး, ဒါကိုသိရင် မပေါက်ခင်က ပျောက်အောင် ကုကြလို့ တိုက်တွန်းလိုက်တယ်၊ ရိပ်မိပလား?၊ ဘုရားက မပေါက်ဘဲ ပျောက်တာကိုမှ နှစ်သက်တော်မူတယ်။

ဒါကြောင့်… ဘုရားက အနတ္တလက္ခဏသုတ်ကို မပေါက်ဘဲပျောက်အောင် ဟောတာလို့ မှတ်ကြ၊ ရှင်းကြ ပလား?၊ အနာပေါက်ပြီးမှ ပျောက်တာက အနာရွတ်ထင်တယ်၊ အဲဒါ-ဥပ္ပါဒနိရောဓခေါ်တယ်၊ အနတ္တလက္ခဏသုတ်မှာ ဟောတာက မပေါက်ဘဲ ပျောက်တဲ့နည်း အနုပ္ပါဒ နိရောဓခေါ်တယ်၊ တို့ဒကာ-ဒကာမတွေ ခန္ဓာမှာ ဖြစ်ပျက်ပေါ် တိုင်း အနတ္တဉာဏ်လိုက်ပေးကြ၊ ဒါမှသာ အနာမပေါက်မှာ၊ သဘောပါပလား?၊ ခန္ဓာမှာ ပေါ်လာတိုင်း မလစ်စေနဲ့၊ ဖြစ်ပျက်နောက်က အနတ္တဉာဏ် ကပ်ရက်ပါပစေ၊ ဒီဟာက အနတ္တလက္ခဏာသုတ်မှာ ဟောတဲ့အနတ္တ၊ ခန္ဓာဖြစ်စဉ်နဲ့ ကိုယ့်အထင်နဲ့ မကိုက်တဲ့ အနတ္တလို့ မှတ်ထားကြ။

အသိစိတ်ကလေးဟာ အနတ္တပဲ

နောက်, ဒုတိယ အနတ္တက ခန္ဓဝဂ္ဂ သံယုတ် ပါဠိတော်မှာပဲ လာတယ်လို့ မှတ်ကြ၊ ဥပမာ… စိတ္တာ နုပဿနာမှာဆိုရင် “ဝိညာဏံ အနတ္တာ၊” အသိစိတ်ကလေးဟာ အနတ္တပဲလို့ ဆိုတဲ့အချက်မှာ မျက်လုံးကန်းနေရင် တစ်ချက်မှ မပြည့်စုံနိုင်ဘူး ဒီမြင်စိတ်ကလေးဟာ မျက်လုံးအကြည်လည်းရှိမှ ကြည့်စရာလည်း ရှိမှ မြင်စိတ်ပေါ်တယ်၊ မြင်စရာအဆင်းနဲ့ မျက်လုံးကြောင့် မြင်စိတ်ပေါ်တာ ဒီအကြောင်းတွေ မညီညွတ်ရင် မြင်စိတ်မပေါ်နိုင်ဘူး၊ သဘော ပါပလား?၊ ဒါကြောင့် ဘုရားက “စက္ခုံစ ပဋိစ္စရူပေစ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏ”လို့ ဟောတော်မူတာ၊ အဓိပ္ပာယ်က – “မြင်စိတ်ကလေးဟာ မျက်စိအကြည်သဘောနဲ့ အဆင်းသဘောအကြောင်း နှစ်ကြောင်းကြောင့်သာ ဖြစ်ပေါ်လာရတာ ပဲလို့ ဆိုလိုတယ်။

ဒကာတို့တစ်တွေ ဒီနည်းအတိုင်းပဲ ဒွါရခြောက်ပါးမှာ သိရမယ်၊ ဒွါရခြောက်ပါးမှာ အသိစိတ်ခြောက်မျိုး ပေါ်ဖို့ရာလည်း သူ့အကြောင်းနဲ့သူ ညီညွတ်ပါမှ ပေါ်လာနိုင်တယ်လို့ မှတ်ရမယ်၊ ဒါကြောင့် “ဝိညာဏံ အနတ္တာ၊ ဝိညာဏ်ဟာ အနတ္တတရားဖြစ်တယ်” ဆိုတော့၊ ဘာ့ကြောင့်ဖြစ်သလဲ? “ယောပိ ဟေတု ယောပိ ပစ္စယော ဝိညာဏဿ ဥပ္ပါဒါယ သောပိအနတ္တာ”တဲ့၊ သူ့ကိုဖြစ်စေတဲ့ အကြောင်းနှစ်ခုကိုက အနတ္တဖြစ်လို့ အကျိုးဝိညာဏ်ဟာလည်း အနတ္တ ဖြစ်တာပဲတဲ့၊ အမေက, အနတ္တမို့ သားလည်း အနတ္တဖြစ်ရတယ်လို့ မှတ်ကြ၊ ရှင်းကြပလား?။

အကြောင်းက အနတ္တမို့ အကျိုးလည်း အနတ္တပဲ

အကြောင်းက အနတ္တမို့ အကျိုးလည်း အနတ္တပဲလို့ သိကြရမယ်၊ “အနတ္တသမ္ဘူတံ ဘိက္ခဝေ ကုတော အတ္တာ ဘဝိဿ”တဲ့ သူ့ကို မွေးတဲ့ အမေက အနတ္တမို့ သားဟာ အတ္တ မဖြစ်နိုင်ဘူး၊ အနတ္တပဲ ဖြစ်ရတယ်လို့ မှတ်လိုက်ကြ၊ ကျေနပ်ပလား?။ အနတ္တအကြောင်းတရားက ဖြစ်စေတဲ့အကျိုးတရားဟာ အနတ္တအကျိုးတရားပဲ ဖြစ်ရမှာပဲ၊ အနတ္တက မွေးတော့ အနတ္တကလေးပဲ ဖြစ်ရမှာပေါ့၊ သဘောပါပလား?၊ ဒီအနတ္တက အကြောင်းအကျိုး သိမ်းဆည်းတဲ့ အနတ္တပဲလို့ မှတ်ကြ၊ ရှင်းကြပလား?။

ပထမပြောတဲ့ အနတ္တက ပဉ္စဝဂ္ဂီငါးဦးအတွက် ပုဂ္ဂိုလ်အလိုက်ဟောတဲ့ အနတ္တလို့ မှတ်ကြ၊ အဲဒီအနတ္တလက္ခဏ သုတ်မှာဟောတဲ့ အနတ္တက အများစုနဲ့မဆိုင်သေးဘူး၊ အများစုနဲ့ ဆိုင်တာက အခုပြောတဲ့ ဒုတိယအနတ္တ ဒီဟာကမှ အများနဲ့ဆိုင်တဲ့ အနတ္တပဲလို့ မှတ်ကြ၊ ရှင်းပလား?၊ ဒီအနတ္တက အကြောင်းသိမ်းဆည်းပြီး သိရလို့ သံသရာခရီးရှင်းတဲ့ အနတ္တပဲ၊ ဒါမှ ဒကာတို့တစ်တွေအတွက် ဒကာတို့နဲ့တော်တဲ့ အနတ္တလို့ မှတ်ကြ၊ ဒီအနတ္တကတော့ နိဗ္ဗာန်တော့ မရောက်သေးဘူးတဲ့၊ ဒီအနတ္တက ဖြစ်ပျက်ပဲရှိသေးတယ်၊ ပထမအချက်အနေနဲ့ ဒီအနတ္တဉာဏ်ရအောင် အားထုတ်ကြ ရမယ်။

ဖြစ်တိုင်း, ပျက်တိုင်း ရှုဉာဏ် လိုက်ပေး

ဒကာ-ဒကာမတွေ အားထုတ်ဖို့က မိမိခန္ဓာမှာ ဉာဏ်နဲ့ကြည့်ပေးရမယ်၊ ခန္ဓာငါးပါးထဲက တစ်ပါးပါးကို ပေါ်တိုင်း, ပေါ်တိုင်း မလွတ်အောင် ဖြစ်ပျက် ရှုပေးရမယ်၊ စိတ်ရှုတယ်ဆိုရင် ဒီအနတ္တဉာဏ်ရအောင် စိတ်ကလေးတွေ ပေါ်တိုင်း, ဖြစ်တိုင်း, ပျက်တိုင်း ရှုဉာဏ် လိုက်ပေး၊ နောက်, များများမြင်လာရင် မုန်းအောင်သာဆက်ရှု၊ မုန်းတော့မှ ဆုံးမှာ၊ ဆုံးတာရမှ နိဗ္ဗာန်ရမှာ ရှင်းပလား?၊ သင်္ခါရအနတ္တဆုံးမှ အသင်္ခတ အနတ္တပေါ်မယ် ဆုံးတာက သင်္ခါရအနတ္တ၊ ပေါ်တာက အသင်္ခတ အနတ္တ၊ သဘောပါပလား?။

အနတ္တနှစ်မျိုးက ခန္ဓာက ပုဂ္ဂိုလ်အကြိုက်မလိုက်လို့ အနတ္တ၊ ဒီအနတ္တက အနတ္တလက္ခဏသုတ်မှာ လာတယ်လို့ မှတ်ကြ၊ အကြောင်း အနတ္တမို့ အကျိုးလည်း အနတ္တ၊ ဒီအနတ္တက သံယုတ်ပါဠိတော် သဟေတု အနတ္တသုတ်မှာ လာ တယ်လို့ ခွဲခြားပြီး မှတ်ကြ၊ ရှင်းကြပလား?။

ကိုင်း… ယနေ့ ဒီတွင်ပဲ တော်ကြဦးစို့။

**********