20304

မှီတွယ်ကင်းမှ ချမ်းသာရ တရားတော်

ဆောင်ပုဒ်။

ခန္ဓာသူသတ်၊ ငါသူ-မှတ်၊ မှီလတ်လွန်တွယ်တာ။

မိမိသူတစ်ပါး၊ ခန္ဓာငါး၊ မှီထားတုန်လှုပ်ရှာ။

ခန္ဓာကိုခင်၊ တဏှာဝင်၊ မှီစဉ်ဖောက်ပြန်လာ။

ဖောက်ပြန်သလောက်၊ ပူမီးတောက်၊ လှုပ်ချောက်စလိတာ။

သစ်တုံးမှီလူ တုံးလှုပ်မူ မှီသူသွက်သွက်ခါ။

မမှီသီးခြား၊ မလှုပ်ရှား၊ မှတ်သားဥပမာ။

ခန္ဓာမခင်၊ တဏှာစင်၊ အေးခွင်မြတ်ချမ်းသာ။

သတိချပ်။

အနိစ္စ, ဒုက္ခ, အနတ္တ၊ ခန္ဓာ့ထုံးတမ်းတဲ့။

ခန္ဓာ့ရိုးရာ၊ ဖောက်ပြန်လာ၊ ကံသာရိုးမယ်ဖွဲ့။

မိမိမှားပြစ်၊ သတိလစ်၊ ဉာဏ်စစ်မဖွေခဲ့။

ဆင်ခြေချဲ့ထွင်၊ ဘုရားရှင်၊ ပြစ်တင်စွပ်စွဲလှဲ့။

အမှီမရ၊ ဘုရားမှ၊ ပွင့်ကြမရှိတဲ့။

မိမိမိုက်ပြစ်၊ ဝစီလှစ်၊ စီစစ်နောင်ကျိုးမဲ့။

တဏှာကင်းစင်၊ မမှီလျှင်၊ ငြိမ်းခွင်အေးမြတ်လဲ့။

ကိုယ်, စိတ်, ကိလေ၊ ချုပ်ငြိမ်းပေ၊ မှီထွေရှောင်ကွင်းဖဲ့။

တရားသား။ ။

ချမ်းသာချင်ရင် ဘယ်လိုလုပ်ရမလဲ?

ဒကာ, ဒကာမတွေကို ဒီကနေ့ည ချမ်းသာရေးတရားကို ဟောရမယ်၊ တို့ဒကာ, ဒကာမတွေကို ချမ်းသာချင်ကြသလား? မေးရင် တပည့်တော်တို့ ချမ်းသာချင်ကြပါတယ်ဘုရားလို့ ဖြေကြမှာပဲ၊ ချမ်းသာချင်ရင် ဘယ်လိုလုပ်ရမလဲ? ခန္ဓာချုပ်အောင် လုပ်ကြရမယ်၊ ခန္ဓာချုပ်မှသာ သုခအစစ်, ချမ်းသာစစ်, ချမ်းသာမှန်ကို ကိုယ်ပိုင်ရကြမယ်၊ ခန္ဓာမချုပ်သမျှ ဒုက္ခနဲ့ မကင်းနိုင်ကြဘူးဆိုတာ မှတ်ကြ။

ဒကာ, ဒကာမတွေမှာ မိမိခန္ဓာငါးပါးလည်းရှိ၊ သူတစ်ပါးခန္ဓာငါးပါးလည်း ရှိနေကြတယ်၊ အဲဒီရှိတဲ့ ခန္ဓာငါးပါး ကို မိမိက ခင်မင်တွယ်တာရင် လှုပ်ရှားမှုရှိမယ်၊ သူတစ်ပါးခန္ဓာ ခင်တွယ်ရင်လည်း လှုပ်ရှားမှုရှိကြရမယ်ဆိုတာ မှတ်လိုက်ကြ၊ ခန္ဓာရဲ့သဘောက ဖောက်ပြန်ပျက်စီးတတ်တဲ့သဘောမျှသာ ဧကန်ရှိတာ၊ မိမိက အကောင်းကြီးမှတ်ပြီး သူ့ကို တွယ်တာနေကြတော့ သူဖောက်ပြန်ပျက်စီးတာနဲ့ မိမိမှာ ဆောက်တည်ရာမရတော့ဘူး ရိပ်မိကြပလား?

တို့ဒကာတွေ စိတ်ဒုက္ခရောက်နေတဲ့အခါ၊ စိတ်မငြိမ်မသက်ဖြစ်နေတဲ့အခါ သေသေချာချာ ဆန်းစစ်ကြည့်ကြ၊ ကိုယ့်စိတ်မငြိမ်မသက်ဖြစ်နေရင် တစ်ခုခုကို မှီထားမိလို့ပဲဆိုတာ ပေါ်ကြပလား?၊ ဥပမာ-သစ်တုံးကိုမှီထားရင် သစ်တုံး လှုပ်ရင် ကိုယ်ပါလှုပ်မယ်၊ သစ်တုံးလှုပ်တာနဲ့ မှီတဲ့သူပါလှုပ်တာ၊ အဲဒါ မှီထားလို့သာလှုပ်တာ၊ တခြားစီနေရင် မလှုပ်ပါ ဘူး၊ သဘောပါကြပလား?၊ ဒီဥပမာအတိုင်းပါပဲ တို့ဒကာတွေ စိတ်မချမ်းသာ ကိုယ်မချမ်းသာဖြစ်နေကြရင်, ရှိနေရင်, တစ်ခုခုကို မှီနေလို့ပဲလို့ ဆုံးဖြတ်ချက်ချ။

မိမိခန္ဓာကို မှီနေတယ်

အခု အစပျိုးပြီး ပြောလိုက်တာက နိဗ္ဗာန်ဟောမလို့ ပြောတာလို့ သိထားကြ၊ ဒကာ, ဒကာမတွေကို “ဣတိဝုတ် ပါဠိတော် ဥဒါန်းပါဠိတော်မှာလာတဲ့စကား ပြောမလို့ဆိုတာ မှတ်ကြရမယ် ဒကာတို့တစ်တွေ မိမိခန္ဓာကို မှီနေတယ် ဆိုတာ တဏှာကမှီတာ၊ တဏှာရှိလို့ မှီတာပဲ၊ တဏှာမရှိရင် မမှီတော့ဘူး၊ တဏှာက မိမိခန္ဓာ သူတစ်ပါးခန္ဓာနဲ့ ဝတ္ထု အာရုံ ကာမဂုဏ်အမျိုးမျိုးမှာ မှီတွယ်တတ်တဲ့သဘောရှိတယ်၊ သဘောပါကြပလား?။

တဏှာက မှီထားတော့ ခန္ဓာက သူ့သဘောအတိုင်း ဖောက်ပြန်လာရင် တဏှာက လှုပ်လာတယ်၊ ဒါကြောင့် “နိဿိတဿစလိတံ ဟောတိ” တဲ့၊ နိဿိတဿ၊ တဏှာနဲ့ မှီနေတဲ့သူအား၊ စလိတံ၊ လှုပ်သည်၊ ဟောတိ၊ ဖြစ်၏”လို့၊ ဟောတော်မူတယ်၊ တဏှာက ခန္ဓာကို ခင်တွယ်နေတဲ့အတွက် ဖောက်ပြန်ရင် လှုပ်တယ်လို့ ဆိုလိုတယ်၊ သဘောပါ ကြပလား? ခန္ဓာကို နည်းနည်းခင်ရင် နည်းနည်းလှုပ်တယ်၊ များများခင်ရင် များများလှုပ်တယ်၊ နည်းနည်းမှ မခင်တွယ် ရင် နည်းနည်းမှ မလှုပ်ဘူးလို့ မှတ်ကြ ရှင်းကြပလား?။

ဥပမာပြောရရင် အနောက်နိုင်ငံက သူဌေးကြီးတစ်ယောက်မှာ ငွေတစ်သိန်းပျောက်လို့ ဒုက္ခရောက်နေရှာသတဲ့, လို့ တို့ဒကာတွေ ကြားရရင် လှုပ်ပါ့မလား? မလှုပ်ပါဘူး၊ ဘာ့ကြောင့်လဲ? ဒကာတို့က သူ့ကို မှီမထားလို့ဘဲ၊ သူ့အတွက်နဲ့ မလှုပ်ပေမဲ့ မိမိအပ်တစ်ချောင်း ပျောက်ရုံနဲ့ပဲ လှုပ်တယ်၊ ပေါ်ကြပလား? ဒီတော့ ဒကာ, ဒကာမတွေ ငြိမ်ငြိမ်ဆိမ်ဆိမ် အေးအေးဆေးဆေးနေချင်ပါတယ် ဆိုရင် မမှီကြနဲ့၊ ကိုယ့်ခန္ဓာလည်း မခင်ကြနဲ့၊ သူတစ်ပါးခန္ဓာလည်း မခင်ကြနဲ့လို့ ပြောလိုက်ပါတယ်၊ ရှင်းကြပလား?။

ခင်နေကြရင် လှုပ်မယ်

မိမိခန္ဓာ, သူတစ်ပါးခန္ဓာ မှီနေကြရင် ခင်နေကြရင် လှုပ်မယ် စိုးရိမ်, ပူဆွေး, ငိုကြွေး, ကြောင့်ကြ, သောက, ဗျာပါရများနဲ့ ရင်ဆိုင်တွေ့ရမယ် ဘယ်တော့မှ အေးဆေးငြိမ်သက်သာယာတဲ့အကွက်ကို မရနိုင်ကြဘူးလို့ မှတ်လိုက်ကြ၊ မိမိ နေမကောင်း ထိုင်မသာဖြစ်လို့ စိတ်ဒုက္ခရောက်ရတယ် သောကဗျာပါရများရတယ်ဆိုတာဟာ မိမိခန္ဓာမှာ နဂိုက ခင်တွယ်နေလို့ မှီနေလို့ပဲ ကံမကောင်း အကြောင်းမသင့်လို့ မဟုတ်ဘူး၊ တို့ဒကာတွေ ပြောတတ်ကြတယ် ကံကိုက ဆိုးပါတယ်၊ ကျုပ်ကံမကောင်းဘူး ကျန်းမာတယ်လို့ကို မရှိပါဘူးနဲ့ ပြောတတ်ကြတယ်၊ ကံမကောင်းလို့ မဟုတ်ဘူး ကံမကောင်းလို့ယူရင် ကမ္မဝါဒီ ဒိဋ္ဌိပဲ။

ဘေးကလည်း ဝိုင်းပြီး ထောက်ခံကြတယ် “ဟုတ်ပါတယ်-ကံမကောင်း အကြောင်းမသင့်လို့ ဖြစ်ရတာ ခင်ဗျား ကိုက ကံခေလှတယ်၊ သားဆိုး, သမီးဆိုးတွေနဲ့ တွေ့ရကြုံရတယ်၊ နောက်နောက်က အကြောင်းမကောင်းခဲ့လို့ ကံမကောင်း ခဲ့လို့ပဲဟဲ့၊ ဝိုင်းဝန်းထောက်ခံကတယ်၊ အမှန်က ခုမှ တွေ့ကြရ၊ ခုမှ ခင်ကြရတာပါ၊ နောက်က အကြောင်းမဟုတ်ပါဘူး၊ ဒကာတို့တစ်တွေကသာ မှီနေကြလို့ ခင်တွယ်နေကြလို့ပါပဲ၊ ရိပ်မိကြပလား?၊ သားကြောင့်လှုပ်ကြ၊ သမီးကြောင့်လှုပ်ကြ၊ ပစ္စည်းကြောင့်လှုပ်ကြ၊ ကံမကောင်း အကြောင်းမသင့်လို့ မဟုတ်ပါဘူး ဒကာတို့က ဒီအပေါ်မှီထားကြလို့ မှီနေကြလို့ သာပါပဲ ရိပ်မိကြပလား?၊ မမှီရင် မလှုပ်ပါဘူး။

လှုပ်တယ်ဆိုတဲ့သဘောဟာ ခင်လို့ မင်လို့

လှုပ်တယ်ဆိုတဲ့သဘောဟာ ခင်လို့ မင်လို့ ဆိုတာမှတ်ကြ၊ ဒကာ, ဒကာမတွေက ခန္ဓာအမျိုးမျိုးမှာ အားကိုး ပါးကိုးနဲ့ မှီထားကြ၊ တွယ်ထားကြ၊ နောက်ပြီး, ပါးစပ်က ပြောကြသေးတယ် “ဘုရားတောင် အမှီမရှိရင် မပွင့်ဘူး”တဲ့၊ ကိုယ့်ဆင်ခြေနဲ့ကိုယ်တော့ ဟုတ်နေကြတာပဲ၊ ခက်မှ ခက်ရချည့်သေးတယ်၊ ဘုရားက မှီတာမဟုတ်ဘူး၊ အရိပ်ခိုပြီး ထိုင်တာပဲရှိတယ်၊ နောက်, ဒီအပြောမျိုးဆင်ခြင်ကြ၊ စကားနောက် တရားပါကြမယ်လို့ သတိပေးလိုက်ပါတယ်။

နိဿိတဿ၊ တဏှာဒိဋ္ဌိနဲ့ မှီနေတဲ့သူအား။ စလိတံ၊ လှုပ်သည်။ ဟောတိ၊ ဖြစ်၏။ တဲ့၊ လှုပ်တယ်ဆိုတာ တဏှာကြောင့် လှုပ်တာ၊ ကံကြောင့်လှုပ်တာမဟုတ်ဘူး၊ တို့ဒကာတွေ ကံကြောင့်လှုပ်တယ်လို့ ယူတဲ့အယူ ဒီကနေ့ကစပြီး ပြောင်းပစ်ကြ၊ ဒီကနေ့ကစပြီး ဖျောက်ကြ၊ မဖျောက်ရင် အမှန်မကျဘူး၊ အမှန်မဟုတ်ရင် ကမ္မဝါဒီ ဒိဋ္ဌိပဲလို့ မှတ်လိုက် ကြ၊ ရှင်းကြပလား? လှုပ်တယ်ဆိုတာ တဏှာကြောင့်ပဲလို့ ဆုံးဖြတ်ချက်ချ။

မှီရင် လှုပ်တယ်၊ မမှီရင် မလှုပ်ဘူး

တို့ဒကာတွေ စဉ်းစားကြည့်ကြ၊ အနောက်နိုင်ငံမှာ လူပေါင်းတစ်သန်း, နှစ်သန်း ဗုံးကျပြီး သေကြေပျက်စီး ကြတယ်လို့ ကြားရရင် ေဩာ်… ကမ္မဿကာပဲလို့ ပြောကြမယ်၊ တို့ဒကာတွေ နည်းနည်းမှ မလှုပ်ပါဘူး၊ မလှုပ်တာ မမှီကြလို့၊ သူတို့အပေါ် မှီမထားကြလို့ဘဲ၊ ပေါ်ကြပလား?၊ ဒီတော့ မှီရင် လှုပ်တယ်၊ မမှီရင် မလှုပ်ဘူးဆိုတဲ့အချက် ထင်ရှားပြီ၊ ဘယ်လောက်ပဲ ဝေးဝေး, ဝေးပါစေ မှီရင် လှုပ်တာပဲ၊ နီးတာဝေးတာဟာ ပဓာနမဟုတ်ဘူးလို့ မှတ်ကြ၊ သဘောပါကြပလား?။

ဒကာ, ဒကာမတွေက လှုပ်တာကို အလွန်ကြိုက်ကြတယ်၊ မလှုပ်ရင် အငြိမ်မနေနိုင်ဘူးဆိုသလိုပဲ၊ ကိုယ့်သား သမီးလေး အိမ်ထောင်ကျမှာတောင် “ဝေးဝေးမသွားကြနဲ့ သိုက်သိုက်ဝန်းဝန်း ဆွေမပျက်, မျိုးမပျက် ဒီနားမှာပဲ စုစု ဝေးဝေး နေထိုင်ကြ၊ မင်းတို့တစ်တွေ အဝေးမှာနေရင် ဆွေမရှိ မျိုးမရှိနဲ့ မျက်နှာငယ်နေကြမယ်” ဆိုပြီး ကိုယ့်အနားမှာ နေစေကြတယ်၊ အဲဒါ အလှုပ်ကြိုက်လို့ လှုပ်စရာမရှိရင် မဖြစ်ကြလို့ လှုပ်နေချင်ကြလို့ ဆိုတာ ထင်ရှားတယ်၊ ရိပ်မိ ကြပလား?။

အပြောကတော့ အေးငြိမ်းရာ နိဗ္ဗာန်ရချင်ပါတယ်

ဒကာတို့ အပြောကတော့ အေးငြိမ်းရာ နိဗ္ဗာန်ရချင်ပါတယ်လို့ ဆိုပေမဲ့လည်း အလုပ်ကတလွဲဖြစ်နေကြပြီ၊ ဒါကြောင့် ဒကာတို့တစ်တွေ နိဗ္ဗာန်ရောက်ချင်ရင် ရချင်တာဟုတ်ရင် အမှီကင်းကြရမယ်လို့ သတိပေးလိုက်ပါတယ်၊ ကျေနပ်ကြပလား?၊ ဒကာတို့ မှီတာက ခိုင်မြဲတာ မဟုတ်ဘူး၊ အနိစ္စသစ်ပင်, ဒုက္ခသစ်ပင်, အနတ္တသစ်ပင်တွေ မှီနေ ကြတာ၊ ဒါတွေကိုမှီနေရင် လှုပ်ချင်ကြလို့ပဲဆိုတာ မှတ်လိုက်ကြ၊ ဒါတွေမှီထားရင် နေလည်း လှုပ်လှုပ်ရှားရှားနေနေ ရတယ်၊ သေလည်း လှုပ်လှုပ်ရှားရှားပဲ သေရမယ်ဆိုတာ ဆုံးဖြတ်ချက်ချ။

တို့ဒကာ, ဒကာမတွေ လှုပ်လှုပ်ရှားရှားနဲ့ သေချင်ကြရင် ကြိုးစားပြီးသာမှီကြ၊ လှုပ်လှုပ်ရှားရှားနဲ့ တရားလက် လွတ်ပြီး သေရမှာမုချပဲ၊ လူတွေဟာ သေခါနီးရင် လှုပ်တာချည့်ပဲ၊ မလှုပ်တဲ့လူ အလွန်နည်းပါတယ်၊ မလှုပ်တဲ့သူ မရှိဘူးဆိုရင်တောင် မမှားဘူး၊ မလှုပ်တာ ရဟန္တာပဲရှိတယ်၊ ရဟန္တာကတော့ အမှီကင်းသူမို့ မလှုပ်တော့ဘူးလို့ မှတ်လိုက် ကြ၊ ဥပမာ-လှေစီးတဲ့သူလိုပဲတဲ့၊ လှေစီးသူဟာ လှေက မှောက်မလို့ဖြစ်တော့ ကြောက်လို့အော်တယ်၊ လှေက မှောက်ပေမဲ့ လှေကမအော်ဘူး၊ စီးသူူ, မှီသူကသာ အော်တာပါ၊ သဘောပါကြပလား? မိမိက လှေကို မှီနေတာကို နစ်မှာကြောက် လို့ပဲ။

ခန္ဓာငါးပါးကိုမှီတဲ့ ပုဂ္ဂိုလ်မှန်ရင် လှုပ်မှာပဲ

ဒကာ, ဒကာမတွေက ခန္ဓာငါးပါးဆိုတဲ့ လှေကိုပဲ မှီနေကြတယ်၊ ခန္ဓာငါးပါးကိုမှီတဲ့ ပုဂ္ဂိုလ်မှန်ရင် လှုပ်မှာပဲ၊ မမှီရင် မလှုပ်ဘူး၊ သဘောပါကြပလား?၊ ဒါကြောင့် “အနိဿိတဿ၊ တဏှာဒိဋ္ဌိတို့ဖြင့် မမှီသောသူအား။ စလိတံ၊ လှုပ်ခြင်းသည်။ နတ္ထိ၊ မရှိ။ စလိတေ၊ လှုပ်ခြင်းသည်။ အသတိ၊ မရှိခဲ့သော်။ ပဿဒ္ဓိ၊ သောက စသည်မှငြိမ်း၏။ ပဿဒ္ဓိ၊ ကိုယ်ရောစိတ်ပါ ကိလေသာမှ ငြိမ်းခြင်းသည်။ ဟောတိ၊ ဖြစ်၏။”လို့ ဟောတော်မူတယ်။ လှုပ်တယ်ဆိုတာ တဏှာရှိလို့သာ လှုပ်တာ၊ တဏှာမရှိရင် မလှုပ်ဘူး၊ အဲဒါ-နိဗ္ဗာန်ပဲ၊ တဏှာနိရောဓော နိဗ္ဗာနံပဲ၊ အစလတောဆိုတာ နိဗ္ဗာန်ဆိုတာပဲလို့ မှတ်ကြ၊ ရှင်းကြပလား?။

ဒကာတို့တစ်တွေ အိမ်ထောင်ရေး ရှာကြတာဟာ အမှီရှာတာ၊ မှီစရာရှာတာပဲ၊ အမှီမရှိတော့ လှုပ်စရာမရှိလို့ မနေတတ် မထိုင်တတ် ဖြစ်နေကြတယ်၊ ဒီတော့- တို့ဒကာတွေက ကိုယ့်ဟာကိုယ် ရှာပြီး လှုပ်ချင်လို့ လှုပ်နေကြတာပဲ၊ ရိပ်မိကြပလား?၊ ဒကာ ဒကာမတွေ ဘယ့်နှယ်များ ဖြစ်နေကြသလဲ?လို့ မေးလိုက်ပါတယ်၊ အခု သောကတွေ, ဗျာပါရ တွေနဲ့ ဒုက္ခရောက်နေကြတော့ လွတ်ရလိုကြောင်းနဲ့ ဆုတောင်းနေကြတယ်၊ ဆုတောင်းလို့ မရနိုင်ပါဘူး၊ မမှီဘဲ နေလိုက် ရုံပဲ၊ မမှှီဘဲ နေလိုက်ရင် ငြိမ်းတာပါပဲ၊ ရိပ်မိကြပလား?။

တဏှာကို လက်ညှိုးထိုးကြ

ဒကာတို့တစ်တွေ ပြင်ကြတော့၊ ဒီကရှေ့ အတိတ်ကံကို မစွဲကြနဲ့၊ ခန္ဓာက လှုပ်လာရင် “မင်းကြောင့်လှုပ်တာပဲ” ဆိုပြီး တဏှာကို လက်ညှိုးထိုးကြ၊ သဘောပါကြပလား?၊ ဉာဏ်နဲ့ တဏှာမြင်အောင်ကြည့်ကြ၊ တဏှာလက်သယ်ပဲ၊ ဒကာတို့တစ်တွေ ဒုက္ခရောက်ဖို့ သူ ခြယ်လှယ်နေတာပဲ၊ တဏှာမြင်ရင် အနတ္တဉာဏ်ပေါက်မယ်၊ တကယ် အနတ္တဉာဏ် ပေါက်သွားရင် မပိုင်မှန်း-မဆိုင်မှန်း အမှန်သိသွားပြီ၊ ဒါကြောင့် ဒကာ-ဒကာမတွေ သားသမီးအပေါ် ခင်ပွန်းအပေါ် အနတ္တဉာဏ်ပေါက်အောင် ရှုကြလို့ တိုက်တွန်းလိုက်တယ်၊ တဏှာခင်တာ သိမ်းလိုက်ရင် လုပ်ဇာတ်တွေ အကုန်သိမ်း မယ်လို့ မှတ်ကြ။

”ရူပလောကေ-ပိယရူပံ-သာတရူပံ”တဲ့၊ အနာထပိဏ်သူဌေးကြီး သေခါနီးမှာ ဟောတဲ့တရားလို့ မှတ်ကြ၊ သား,သမီးနဲ့ ခင်ပွန်းက ခန္ဓာငါးပါး၊ ပစ္စည်းက ခန္ဓာတစ်ပါး၊ ဒီ ခန္ဓာတွေကို ဒကာ-ဒကာမတွေက မှီထားကြတယ်၊ မှီတယ်ဆိုတာ တဏှာက မှီတာ၊ တဏှာက မှီပြီး ဥပါဒါန်က လုံးဝ မပြုတ်အောင် ဖက်ထားတယ်၊ ဒီတော့-ဒီဥပါဒါန်ရဲ့ နောက်က ဒကာတို့ မသေခင်မှာပဲ သောက, ပရိဒေဝ, ဒုက္ခ, ဒေါမနဿ, ဥပါယာသဆိုတဲ့ ဒီငါးပါးက လိုက်လာတယ်၊ အဲဒါ ခန္ဓာမှီတဲ့သူအတွက် ရတဲ့အကျိုးဒုက္ခတွေပဲ သဘောပါကြပလား?။

ကိုယ်မှီထားတဲ့ ခန္ဓာက သူ့သဘာဝအတိုင်း ဖောက်ပြန်ပျက်စီးပြတဲ့အခါ စိုးရိမ်ပူဆွေးရ၊ ငိုကြွေးရ၊ ကိုယ်စိတ် ဆင်းရဲကြရနောက် ပြင်းစွာ ပူပန်ပြီး ဥပါယာသ မီးလောင်ခံကြရ မေ့မြောမူးနောက်ပြီး သတိလစ်သွားရလောက်အောင် အဖြစ်ဆိုးမျိုး ကြုံကြရတယ်၊ အဲဒီအခါမှာ ဆေးရှာရပြီ၊ ရင်ထဲနှလုံးထဲ ပူလွန်းလို့ သွေးဆေးလေးတစ်ခွက် သောက်ချင် တယ်နဲ့ ဖြစ်ကြရတယ်၊ သွေးဆေးသောက်ချင်တာ ဥပါယသ လက်ချက်ပဲ၊ သွေးဆေးဆိုပေမဲ့ ဂန့်ဂေါ် (ကံ့ကော်) ကဲဆေးမှရမယ်၊ ဒီပြင် ဆေးနဲ့တော့ မရနိုင်ဘူး သွားပြီတဲ့၊ တို့-ဒကာတွေအဖြစ်ဟာ ကောင်းနိုင်ပါဦးမလား?၊ စဉ်းစားကြ။

ဒုက္ခကို ဒုက္ခမှန်းမသိ

တို့-ဒကာ ဒကာမတွေ ဒုက္ခကို ဒုက္ခမှန်းမသိ၊ မီးကို မီးမှန်းမသိနိုင်အောင်ဖြစ်တဲ့အဖြစ်ဟာ အကောင်းမို့လား? အရူးမို့လား?၊ လို့ မေးထိုက် မမေးထိုက် ဝေဖန်ကြည့်ကြ ကိုယ့်သား, ကိုယ့်သမီးလေး, အဝေးတစ်လံသွားနေကြရတဲ့အခါ ကျတော့ “ငါ့သားလေး မာပါစေ, ချာပါစေ, ခလုတ်မထိ ဆူးမငြိပါစေနဲ့ ငါ့သမီးလေး အန္တရာယ်ကင်းလို့ ဘေးရှင်း ပါစေနဲ့” ဆိုပြီး မေတ္တာပို့ကြတယ်၊ ဟိုက အမှတ်ရ-မရတော့ မသိဘူး၊ ဒီက တအားမှီထားပြီး လှုပ်နေလိုက်ကြတာ၊ တို့ဒကာတွေ မီးကို ဘယ်လောက်ကြိုက်တယ် မကြိုက်တယ် အခြောက်တိုက် ရှာယူနေကြတာပါ၊ ရိပ်မိကြပလား?။

ကိုယ့်သားသမီးလေးတွေ အဝေးများသွားနေတဲ့အခါ “ငိုသံပါနဲ့ မေတ္တာပို့နေကြ”တာဟာ ရာဂပဲ၊ မေတ္တာ မဟုတ်ပါဘူး လှုပ်တဲ့သဘော, ပူပန်တဲ့သဘောရှိတာကို သိကြ၊ မေတ္တာလို့များ မှတ်မနေကြနဲ့၊ ဒါကြောင့် “ရာဂေါ မေတ္တာယဝဉ္စေတိ” ရာဂက မေတ္တာကို လှည့်စားတယ်-တဲ့၊ ဒီတော့ ရာဂက လှည့်စားနေတာလို့ သိကြ၊ မေတ္တာစစ်က ငိုသံမပါဘူး၊ အပူလည်း မပါပါဘူး၊ ရိပ်မိကြပလား?။ မေတ္တာက အအေး၊ တဏှာက အပူ၊ တစ်ခုနဲ့တစ်ခု ဆန့်ကျင် ဘက်ကြီးပဲ၊ သဘောပါကြပလား?။

တဏှာက ခန္ဓာကိုမှီ၊ ခန္ဓာက အနိစ္စ, ဒုက္ခ, အနတ္တခန္ဓာ၊ မမြဲတဲ့သဘော၊ ဆင်းရဲတဲ့သဘော၊ ကိုယ့်အလို မလိုက်တဲ့သဘောပဲရှိတယ်၊ ခန္ဓာက သူ့သဘောအတိုင်း သူ့သဘာဝအတိုင်း ဓမ္မတာထုံးစံအတိုင်း ဆောင်ရွက်ပြီး ဖောက်ပြန်ပြတော့ မှီတဲ့သူက လှုပ်တာပေါ့၊ လှုပ်တော့ သောက, ပရိဒေဝ, ဒုက္ခ, ဒေါမနဿ, ဥပါယာသ ဆိုတဲ့ ငါးပါးက ဆက်တိုက်လာမယ်၊ တဏှာနဲ့မှီရင် မှီတဲ့လူကို လောင်မြိုက်မဲ့မီးတောက်ငါးခု၊ အခု မျက်မှောက်တွင် အလောင် ခံရမယ်၊ အရှို့အမြိုက်ခံရမယ်၊ ဒီတော့ မီးကို မီးမှန်းသိအောင်ဖြင့် ကြိုးစားကြလို့ တိုက်တွန်းလိုက်တယ်။

မီးမှန်းသိရင်ဖြင့် ရှောင်ကြမယ်

တို့-ဒကာတွေ မီးမှန်းသိရင်ဖြင့် ရှောင်ကြမယ်၊ ရှောင်ရင် အလောင်အမြိုက် မခံရပါဘူး၊ မီးမှန်းသိတော့ ခန္ဓာကို တဏှာနဲ့ မမှီတော့ဘူး၊ မမှီတော့ ရဟန္တာပုဂ္ဂိုလ်များ ကြည့်ပါလား…? “အသောကံ၊ စိုးရိမ်ကြောင့်ကြ ဗျာပါရလည်း မရှိ။ ဝိရာဇံ၊ ရမ္မက် တဏှာဟူသော မြူအညစ်အကြေးလည်း မရှိ။ ခေမံ၊ ဘေးမရှိသဖြင့် အလွန်တရာ လည်း ငြိမ်းချမ်းလှ၏”တဲ့၊ အဲဒီလို မင်္ဂလာတရားတော်မှာ ဟောထားတယ်၊ မမှီတဲ့သူအတွက် ဘုရားရဲ့ ထောက်ခံချက် စကားတော်ပဲ၊ ကျေနပ်ကြပလား?။

ဒါကြောင့် တို့-ဒကာ ဒကာမတွေ ငြိမ်းချင်ရင် ချမ်းသာအေးမြချင်ရင် မမှီကြနဲ့၊ ကင်းအောင်ကြိုးစားကြလို့ ပြောလိုက်ပါတယ်၊ ခန္ဓာအပေါ်မှာ တဏှာ, ဥပါဒါန်နဲ့ မှီနေကြသမျှ လှုပ်ကြမှာချည့်ပဲ၊ ဘယ်တော့မှ မငြိမ်းနိုင် မအေးနိုင်ကြဘူးလို့ ဆုံးဖြတ်ချက်ချ၊ နောက်က သောက, ပရိဒေဝ, စတဲ့ ဒုက္ခတွေ တောက်လျှောက် လိုက်လာမှာပဲ၊ ရှင်းကြပလား?။ ဒကာ-ဒကာမတွေ လေးလေးစားစားမှတ်ထားကြ၊ မှီရင် လှုပ်မယ်၊ လှုပ်ရင် ပူမယ်၊ မမှီရင် မလှုပ်ဘူး၊ မလှုပ်ရင် မပူဘူး” ဆိုတဲ့အချက်ကို မှတ်ထားကြ မပူတာဟာ နိဗ္ဗာန်ပဲ။

အခုဟာက အသံနဲ့ခွါတာ၊ အလုပ်နဲ့ ခွဲကြည့်ရင် ရမှာမဟုတ်သေးဘူး၊ အလုပ်နဲ့ ခွဲကြည့်နိုင်အောင် ကိုယ်တိုင် သိအောင်, ကြိုးစားကြဖို့ ဒကာ-ဒကာမတွေကို တိုက်တွန်းလိုက်တယ်၊ “စလိတေ၊ လှုပ်ခြင်းသည်။ အသတိ၊ မရှိခဲ့သော်။ ပဿဒ္ဓိ၊ ကိုယ်ရောစိတ်ပါ ကိလေသာ အပူမှ ငြိမ်းခြင်းသည်။ ဟောတိ၊ ဖြစ်၏”လို့ ဟောတဲ့အတိုင်း နိဗ္ဗာန်ဆိုတာ ငြိမ်းတာကိုဆိုတာ၊ ဒါကြောင့် သတိပဋ္ဌာန် ပါဠိတော်မှာ “သောက ပရိဒေဝါနံ သမတိက္ကာမာယ” လို့ ဟောတဲ့စကားနဲ့ တထပ်တည်း ကိုက်မနေပေဘူးလား? တစ်ထပ်ထဲပါပဲ၊ ခန္ဓာကို မမှီရင် မလှုပ်ဘူး၊ ငြိမ်းအေးတယ်၊ သောက, ပရိဒေဝ စတဲ့ ဒုက္ခတွေက လွန်မြောက်သွားတယ်လို့ မှတ်ရမယ်၊ ပဿဒ္ဓိဆိုတာ ကိုယ်ရော-စိတ်ရော-ကိလေသာရော ငြိမ်းတာကို ဆိုတာပဲလို့ မှတ်ကြ၊ ရှင်းကြပလား?။

ခန္ဓာကို တဏှာနဲ့မခင်အောင် လုပ်ကြရမယ်

ဒကာ-ဒကာမတွေ ငြိမ်းအေးချင်ရင် မမှီဘဲ နေနိုင်ကြဖို့ လိုတယ်၊ မမှီအောင်လုပ်ကြရမယ်၊ မမှီအောင်လုပ်ဖို့က ခန္ဓာကို တဏှာနဲ့မခင်အောင် လုပ်ကြရမယ်၊ ခန္ဓာတဏှာနဲ့ မခင်အောင် ဘယ်လိုလုပ်ရမလဲ? မခင်အောင် ဉာဏ်နဲ့ လုပ်ရမှာ၊ ဉာဏ်နဲ့မြင်အောင်လုပ်ရမှာပဲ ဆိုတဲ့အချက်ကို အလေးအနက်မှတ်လိုက်ကြ၊ သဘောပါကြပလား?။ ခန္ဓာရဲ့ သဘောအမှန်ကို ဉာဏ်နဲ့မြင်ရင် မမှီတော့ဘူး၊ မမှီရင် မလှုပ်တော့ဘဲ ငြိမ်းအေးသွားပြီလို့ မှတ်ကြ၊ ဒါကြောင့် “အနိ ဿိတဿ၊ ခန္ဓာဖြစ်ပျက် မြင်သဖြင့် မမှီသောသူအား။ စလိတံ၊ လှုပ်ခြင်းသည်။ နတ္ထိ၊ မရှိ”လို့ ဆိုတာပဲ၊ ဒါကြောင့် တို့ဒကာတွေ ဝိပဿနာ ရှုမှသာ အလှုပ်ငြိမ်းမှာဆိုတာ ထင်ရှားပြီ၊ ဒီတော့ အလှုပ်ကင်းချင်၊ ငြိမ်းအေးချင် နိဗ္ဗာန်ရချင် ဒါဖြင့် ဝိပဿနာရှုကြ၊ ဖြစ်ပျက်မြင်တဲ့ ဝိပဿနာပညာအလုပ်ကို လုပ်ကြလို့ အထူးပဲ တိုက်တွန်းလိုက်တယ်။

တို့-ဒကာတွေ နိဗ္ဗာန်ရချင် ရောက်ချင်ရင် လမ်းရှည်မလိုက်ကြနဲ့၊ လမ်းတို ဖြတ်လမ်း ဝိပဿနာလုပ်ငန်း၊ ဉာဏ်လုပ်ငန်း လုပ်ကြလို့ သတိပေးလိုက်တယ်၊ ဉာဏ်လုပ်ငန်းက ခန္ဓာဉာဏ်နဲ့ စိုက်ကြည့်ဖို့ပဲ၊ ခန္ဓာဉာဏ်နဲ့ ကြည့်ရင် ဖြစ်တာ-ပျက်တာပဲ မြင်ရမယ်၊ ဖြစ်ပျက်မြင်ရင် ခန္ဓာအတွက်နဲ့ မလှုပ်တော့ဘူး၊ အလှုပ်နည်းသလောက် ငြိမ်းအေးမှု ရကြမယ်၊ လုံးဝ မလှုပ်ရင် လုံးဝငြိမ်းတာပဲလို့ မှတ်ကြ၊ သဘောပါကြပလား?။

လှုပ်ရင် ပူတယ်၊ မလှုပ်ရင် အေးငြိမ်းတယ်

လှုပ်ရင် ပူတယ်၊ မလှုပ်ရင် အေးငြိမ်းတယ်၊ ဣတိဝုတ် ပါဠိတော်နဲ့ ဥဒါန်းပါဠိတော်၊ သတိပဋ္ဌာန်ပါဠိတော် စကားတို့ဟာ တပြေးထဲ ညီညွတ်တယ်လို့ မှတ်ကြ၊ မလှုပ်တာက မဂ်၊ မလှုပ်လို့ ငြိမ်းတာက နိဗ္ဗာန်၊ ငြိမ်းတယ်ဆိုတာ ကိုယ်-စိတ်-ကိလေသာ ငြိမ်းတာကို ပြောတာ၊ အားလုံးငြိမ်းတာ နိဗ္ဗာန်ပဲလို့ မှတ်ကြ၊ ရှင်းကြပလား?။

၁-လှုပ်တာ ပူတာက ခန္ဓာငါးပါး ဒုက္ခသစ္စာ။

၂-မှီတာက တဏှာ… သမုဒယသစ္စာ။

၃-မလှုပ်တာက ပညာ… မဂ္ဂသစ္စာ။

၄-မလှုပ်ဘဲငြိမ်းတာက နိဗ္ဗာန်နိရောဓသစ္စာ။

ဒါကြောင့် တို့ဒကာတွေ ပထမခန္ဓာ၊ ရုပ်နာမ် ဖြစ်ပျက်မြင်ဖို့ အရေးကြီးတယ်၊ ဖြစ်ပျက်မြင်အောင် ကြိုးစား ကြ၊ နောက်, မုန်းလာအောင် ဆက်ကြည့်၊ နောက်-ဆုံးအောင်လိုက်၊ ဖြစ် ပျက် အဆုံးမြင်ရင် နိဗ္ဗာန်ပဲ၊ အဲဒီအခါမှာ အကုန်ငြိမ်းမယ် ဆိုတာ မှတ်လိုက်ကြ၊ ကျေနပ်ကြပလား?။

ကိုင်း… ယနေ့ ဒီတွင်ပဲ တော်ကြဦးစို့၊ နာရီစေ့သွားပြီ။

**********