20302

ဖြစ်ပျက်ရှုမြင် နိဗ္ဗာန်ဝင် တရားတော်

ဆောင်ပုဒ်။

အကြောင်းပြုမှ၊ ပေါ်လာကြ၊ သင်္ခါရချည့်မှတ်။

ဖြစ်လာတိုင်းသာ၊ ချုပ်ပျက်ရှာ၊ အနိစ္စာ မှန်ဆတ်ဆတ်။

အကြောင်းဖြစ်ပျက်၊ ကျိုးဖြစ်ပျက်၊ ဖြစ်ပျက် ဒရစပ်။

ကြောင်းကျိုးဆက်ဆက်၊ ဖြစ်ပြီးပျက်၊ ဖြစ်ပျက်အဆုံးသတ်။

ရုပ်နာမ်သက်သက်၊ ဖြစ်ပြီးပျက်၊ မသက်ဉာဏ်အမြတ်။

အကောင်းကြီးထင်၊ တောင်းယူချင်၊ ရလျှင် နာသေထပ်။

လမ်းလယ်ပြုထား၊ တောင်ပို့လား၊ မခြားခန္ဓာဓာတ်။

ပြုတုံပျက်တုံ၊ ဒုက္ခကြုံ၊ ဆန်စုံစက်ရဟတ်။

သတိချပ်။

အနိစ္စာဝတ၊ သင်္ခါရ၊ ဗုဒ္ဓဒေသနာ။

ပြုပြင်ပေါ်ထွက်၊ ရုပ်နာမ်စက်၊ ဖြစ်ပျက် ကုန်ဆုံးရှာ။

ရှေ့-ဥပ္ပါဒ၊ နောက်-ဝယ၊ ဓမ္မသဘာဝါ။

ကြောင်းကြောင့်ဖြစ်ပြီး၊ မြန်ပျက်စီး၊ ချည်းနှီးနှစ်မပါ။

ဖြစ်ပျက်ဒုက္ခ၊ ဆင်းရဲစွ၊ ဆုံးပ, မြတ်ချမ်းသာ။

တရားသား။ ။

သင်္ခါရတရားကို သိအောင်လုပ်ကြ

ဒီကနေ့ မနေ့က တရားအဆက်ကို ပြောလိမ့်မယ်လို့ မှတ်ကြ၊ ဒကာ-ဒကာမတွေ သင်္ခါရတရားကို သိအောင်လုပ်ကြရမယ်၊ သင်္ခါရတရားကို ပထမသိဖို့လိုတယ်လို့ မှတ်ကြ၊ သင်္ခါရဆိုတာ ပြုပြင်တဲ့ အကြောင်းတရားကြောင့် ပြုပြင်တဲ့အကြောင်းတရားရှိလို့ ပေါ်လာတဲ့တရားကို သင်္ခါရလို့မှတ်ကြ၊ သဘောပါကြပလား?၊ သင်္ခါရဆိုတာ ပါဠိစကား ဗမာလိုတော့ ပြုပြင်လို့ ပေါ်လာတဲ့တရားကို ဆိုတာ။

ဥပမာ-ညှော်စော်နံရင် အညှော်နံ့က ပြုပြင်တဲ့တရား။ ဒီ-အညှော်နံ့ကြောင့် ပေါ်လာတာက ပေါ်လာတဲ့ စိတ်က သင်္ခါရတရားလို့ မှတ်ကြ၊ အညှော်ေကြောင့် အညှော်နံတဲ့စိတ် ဖြစ်ပေါ်လာတယ်၊ ပြုပြင်လို့ ပေါ်လာတာက ဖြစ်,သဘော၊ ဒီ-ဖြစ်သဘောကလေးဟာ ပျက်ခြင်းသာအဆုံးရှိတယ်လို့ မှတ်လိုက်ကြ ရှင်းကြပလား?။

ဒါကို ဉာဏ်နဲ့ကြည့်ရင် အသေအချာသိရမယ်၊ ဖြစ်သဘောကလေးကို ဉာဏ်နဲ့တွေးလိုက်တော့ အပျက်သဘော ကလေးကိုလည်း တွေ့ရလိမ့်မယ်၊ ဒီတော့ ပေါ်လာတဲ့သင်္ခါရတရားကလေးများဟာ ပေါ်ပြီးပျက်သွားတာပါပဲလို့ ဉာဏ် မှာ ရှေ့ရှုထင်ဖို့လိုတယ်၊ ဒါက ဉာဏ်နဲ့ လုပ်ရမဲ့အလုပ်၊ ဉာဏ်နဲ့မလုပ်ရင် မရဘူး၊ လုပ်ဖို့ဟာ တို့-တာဝန်ပဲလို့ ဆုံးဖြတ် ချက်ချကြ။

ရှုဉာဏ်ဝင်လိုက်ပါ

ဉာဏ်နဲ့လုပ်ဖို့ဆိုတာက အညှော်လုပ်လို့ ပေါ်တဲ့ အညှော်ရုပ်ကလေးပေါ်လာတဲ့အခါမှာ ညှော်တယ်လို့ သိတဲ့ စိတ်ကလေးပေါ်လာမယ်၊ နောက်-ပေါ်လာပြီး ချက်ချင်း ပျောက်ပျက်သွားတာ ဉာဏ်နဲ့တွေ့ရမယ်၊ ဒီတော့-ဒီစိတ် ကလေးကို “အနိစ္စာဝတ,သင်္ခါရာ” လို့ ရှုလိုက်ပါ၊ ရှုဉာဏ်ဝင်လိုက်ပါလို့ ဆိုလိုတယ် ရှုတဲ့အခါမှာတော့ “ညှော်တယ်လို့ သိတဲ့စိတ်” ဖြစ်ပျက်-ဖြစ်ပျက်လို့ အမှန်အရှိမှာ အမှန် အသိနဲ့ ကပ်ပြီး မပြတ်အောင် ရှုပေးရမယ်၊ ရှင်းကြပလား?။

ထိုင်နေတဲ့အခါ ယားတယ်ဆိုပါတော့… အဲဒီယားတယ်ဆိုတာဟာ ယားစရာဝတ္ထုကြောင့် ယားစိတ်ကလေး ပေါ်လာတာပဲ၊ ဒီယားစိတ်ကလေးဟာလည်း သင်္ခါရပဲလို့ မှတ်ပြီးရှုပါ၊ သဘောပါကြပလား?။ ခန္ဓာကိုယ်ကြီးဟာလည်း ကံကြောင့် ကံပြုပြင်လို့ ပေါ်ပေါက်လာရတာပဲ၊ ကံ, စိတ်, ဥတု, အာဟာရဆိုတဲ့ အကြောင်းလေးခုကြောင့် ခန္ဓာကိုယ် ဖြစ်ပေါ်လာတာ၊ ဒါကိုလည်း သင်္ခါရလို့ မှတ်ကြ၊ ရှင်းကြပလား?။

တို့-ဒကာ-ဒကာမတွေ နာမ်ရုပ် နှစ်ခုကို ရပါလိုကြောင်းနဲ့ ဆုတောင်းပြီး ယူနေကြတယ်၊ ဟော… အခု လက်ရှိရနေကြပြီ၊ သူပေး-လူပေးလို့ဆိုတဲ့ နာမ်ရုပ်ကို ရလိုကြောင်းနဲ့ ဆုတောင်းတာဟာ သာမညမမှတ်လိုက်နဲ့၊ စင်စစ် တော့ အိုဘေး, နာဘေး, သေဘေး ရ,ရပါလို၏။ အို,နာ,သေနဲ့ ကြုံရပါလို၏လို့ ဆိုတာနဲ့ မခြားပါဘူး၊ ရိပ်မိကြပလား?။ ဒါကို သံသယဖြစ်နေဖို့ မရှိတော့ပါဘူး၊ တို့-ဒကာတွေ မျက်မြင်ကိုယ်တွေ့မှာပဲ ကိုယ်တိုင် အိုကြ နာကြနဲ့ တစ်နေ့နေ့ သေကြမှာဆိုတာ သိတဲ့လူချည့်ပါပဲ၊ ဒါကိုမှ မသိဘူးဆိုရင် ပင်ကိုယ်စိတ် ပျောက်နေတဲ့ အရူးမို့ပဲ၊ ဆိုထိုက် မဆိုထိုက် စဉ်းစားကြ။

သင်္ခါရ ရုပ်နာမ်ကို ပထမသိဖို့ ကြိုးစား

ဒကာ-ဒကာမတွေ မသိကြလို့ တောင်းယူခဲ့တော့… အခု ရထားကြပြီ၊ ဒီလိုတောင်းယူကြလို့ အခုရထားတဲ့ ခန္ဓာကိုလည်း သင်္ခါရလို့ မှတ်ကြပေါ့၊ ဒါကြောင့် “သင်္ခါရာ” ပြုပြင်သဖြင့် ပေါ်လာသော သင်္ခါရတရားတို့သည်။ ဝတ၊ စင်စစ်ဧကန် အမှန်မုချ။ အနိစ္စာ၊ ပျက်သောသဘောသာလျှင် ရှိကြပေကုန်၏”လို့ ဆိုတာပဲ၊ သဘောပါကြပလား?။ တို့ဒကာတွေ အကောင်းကြီးထင်ပြီး တောင်းယူလို့ ရလာတဲ့ခန္ဓာမှာ သင်္ခါပဲရှိတယ်၊ ဒီ-အမှန်ရှိတဲ့ သင်္ခါရ ရုပ်နာမ်ကို ပထမသိဖို့ ကြိုးစားရမယ်၊ နောက်-သင်္ခါရ ဖြစ်ပျက်သိဖို့က လိုရင်းအချက်ပဲလို့ ဆုံးဖြတ်ချက်ချ၊ ရှင်းကြပလား?။

ဒကာ, ဒကာမတွေတောင်းလို့ ရတဲ့ခန္ဓာဟာ ဘာနဲ့တူသလဲ?၊ လမ်းမှာလုပ်ထားတဲ့ တောင်ပို့ ဥပမာပါ၊ ဥပမာ ခြတွေက ည,ညကျရင် လမ်းဘေးမှာ တောင်ပို့ကြီး လုပ်ထားကြတယ်၊ ဒီတောင်ပို့ကို နေ့အခါမှာ လူတွေက တွေ့တော့ ခြေနဲ့ခတ်ပြီး ဖျက်ဆီးပစ်ကြ၊ နောက်တစ်ခါ ညကျပြန်တော့ ခြ,တွေက ထပ်ပြီးလုပ်ကြ၊ နောက်မနက်ကျ လူတွေက ဖျက်ပစ်ကြနဲ့ လုပ်စ,မဆုံး ပျက်စ,လည်း မဆုံး နောက်ဆုံးမှာတော့ ဒုက္ခပဲ အဖတ်တင်တော့တာပေါ့၊ ဒီပြင် ဘာမှအကျိုးမမြင်ပါဘူး၊ ရိပ်မိကြပလား?။

ဒကာတို့တစ်တွေလည်း ဒီနည်းပါပဲ၊ သင်္ခါရတရားကို အမြဲတမ်းလုပ်နေကြတယ်၊ တို့ဒကာတွေ သင်္ခါရကို ဘယ်လိုပဲ ပြုလုပ်နေကြပေမဲ့လည်း ပျက်တာမှာသာ လမ်းဆုံးကြရတာပါပဲ၊ အပျက်ဒုက္ခအပြင် ဘာမှ အဖတ်မတင်ပါဘူး။ သဘောပါကြပလား?။ ဒါကြောင့် သင်္ခါရတော၊ အနိစ္စတော” ဆိုတဲ့ အချက်ကို အသေအချာသိအောင် လုပ်ကြလို့ တိုက်တွန်းလိုက်တယ်၊ ဒါကိုသိမှသာ မဂ်, ဖိုလ်နိဗ္ဗာန် ရနိုင်မှာလို့ မှတ်ကြ၊ ဒါမှမသိသေးရင် နိဗ္ဗာန်နဲ့ ဝေးသေးတယ် ဆိုတာ ဆုံးဖြတ်ချက်ချ။

သင်္ခါရအစကို တွေ့မှ သင်္ခါရအဆုံးကို တွေ့နိုင်မယ်

တို့-ဒကာတွေ အထူးသိဖို့ရာမှာ သင်္ခါရအစကို တွေ့မှသာ သင်္ခါရအဆုံးကို တွေ့နိုင်ကြမယ်၊ အင်္ခါရ အဆုံးကို တွေ့ရမယ် ဆိုတာဟာ အသင်္ခတ နိဗ္ဗာန်ကို တွေ့ရမယ်လို့ ဆိုတာပဲ၊ သင်္ခါရအစမှ မတွေ့သေးရင် အဆုံးကို တွေ့လိမ့် မယ်ဆိုတာ အရာမဟုတ်ဘူးလို့ မှတ်ထားကြ၊ ဒါကြောင့် တို့-ဒကာတွေ သင်္ခါရအစ ပထမတွေ့အောင် အားထုတ်ရမယ် ဆိုတာ ပေါ်ပလား?။ ဒီတော့ သင်္ခါရအစ, မြင်အောင် သတိနဲ့ စောင့်ကြည့်ကြရမယ်၊ သတိနဲ့ စောင့်ကြည့်ရင် သင်္ခါရအစကို အမှန်သိ အမှန်မြင်ကြရမယ်၊ ရိပ်မိကြပလား?။

စောင့်ကြည့်ဆိုတော့… ဘယ်လိုစောင့်ကြည့်ရမှာလဲ? လို့ မေးစရာရှိတယ်၊ စောင့်ကြည့်ဆိုတာ “တရား အားထုတ်ရမှာ” ကို ပြောတာလို့မှတ်ကြ၊ အားထုတ်တဲ့အခါမှာ ပထမသင်္ခါရကို တွေ့ရမယ်၊ သင်္ခါရ လမ်းစကို တွေ့တာနဲ့ တစ်ချက်ထဲ ဖြစ်ပျက်လိုက်ပေးရမယ်၊ သင်္ခါရလေးတစ်ခု ပေါ်လာလိုက် ပေါ်လာပြီး ပျက်သွားလိုက်နဲ့ နေတာကို ဉာဏ်နဲ့မြင်ရမယ်၊ ဉာဏ်နဲ့မြင်ရင် သင်္ခါရ ဂရုမစိုက်ဘဲ ဖြစ်ပျက်ကို ဖိစီးလိုက်ရမယ်၊ ဖြစ်ပျက်ကို ဖိစီးလိုက်တော့ မကြာခင် ဖြစ်ပျက်အမြင်များလာမယ်၊ ပွားလာမယ် သဘောပါကြပလား?။

အဲ… ဖြစ်ပျက် အမြင်များလာရင် ဆက်ပြီး ကြိုးစားသာရှုပေတော့၊ ကြပ်ကြပ် အမြင်များလာရင် မကြာခင် မုန်းလာမယ်၊ မုန်းဉာဏ်ဝင်လာမယ်၊ မုန်းရင် ဆုံးတော့မှာပဲ၊ ဖြစ်ပျက်ဆုံးရင် နိဗ္ဗာန်တွေ့တာပဲ၊ ရှင်းကြပလား?။ ဒါဖြင့် တို့-ဒကာတွေကို ဘုန်းကြီးက သင်္ခါရအစ ဖြစ်ပျက်မြင်ရဖို့ ဆောင်ရွက်ပေးပြီးပြီ၊ လမ်းညွှန်ပေးပြီးပြီ၊ ဒကာတို့ တာဝန်က ဖြစ်ပျက်မြင်အောင် နောက်- မုန်းအောင်, နောက်- ဆုံးအောင်ရှုဖို့ပဲလို့ ဆုံးဖြတ်ချက်ချ၊ ကျေနပ်ကြပလား? ဒါမှသာ အသင်္ခတ, နိဗ္ဗာန်ရကြမှာ။

အဖြစ်နဲ့ အပျက်သာ ရှိတာပါ

မြတ်စွာဘုရားက “မင်းတို့ရထားတဲ့ သင်္ခါရတရားတွေဟာကွာ ဥပ္ပါဒဝယ ဓမ္မိနော”တဲ့၊ ဥပ္ပါဒနဲ့ ဝယ အဖြစ်နဲ့ အပျက်သာ ရှိတာပါလို့ ဟောတော်မူတယ်၊ ဒီထက် သေချာဖို့အချက်ဖြင့် မရှိတော့ပါဘူး။ “ဓမ္မိနော”တဲ့၊ တရားသဘော ပြောရရင် အဖြစ်အပျက် သဘောမျှသာရှိတယ်တဲ့၊ ဖြစ်ပျက်ကလွဲရင် ဒီပြင်ဘာမှအပိုမစွက်ပါဘူးတဲ့၊ “ဥပ္ပဇ္ဇိတွာ နိရုဇ္ဈန္တိ” ဆိုတာ မင်းတို့သန္တာန်မှာ သင်္ခါရတွေဖြစ်ပြီး မင်းတို့သန္တာန်မှာပဲ ချုပ်သွားကြတယ်လို့ ဟောတော်မူတာဖြစ် တယ်၊ ကျေနပ်ကြပလား?။

ဘုရားရှင် ကိုယ်တော်တိုင်ကလည်း ဟောခဲ့တယ်၊ ရဟန္တာကြီးလေးပါးကလည်း ထောက်ခံချက်တွေ ပေးထား ခဲ့ပြီ၊ ဒီတော့… တို့-ဒကာတွေ သံသယရှုပ်ဖို့ မရှိတော့ဘူး၊ နိဗ္ဗာန်ရချင်ရင် ဖြစ်ပျက်မြင်မှ ရနိုင်မယ်ဆိုတဲ့ အဓိပ္ပာယ် ဟာ ထင်ရှားပြီ၊ ဒီတော့…နိဗ္ဗာန်လိုချင်ရင် ဘာကို အရင်မြင်ဖို့ အရေးကြီးသလဲ?၊ အေး သင်္ခါရဖြစ်ပျက်မြင်ဖို့ အရေးကြီးတယ်ဆိုတာ ဆုံးဖြတ်ချက်ချ၊ ဖြစ်ပျက်မြင်မှ နိဗ္ဗာန်ရကြမှာ၊ သဘောပါကြပလား?။

ဖြစ်ပျက်ဆုံးရာမြင်မှ မဂ္ဂင်ရှစ်ပါး ပြည့်မှာ

သင်္ခါရ ဖြစ်ပျက်က ဒုက္ခသစ္စာ။

သင်္ခါရ ဖြစ်ပျက်မြင်တဲ့ဉာဏ်က မဂ္ဂသစ္စာ (မဂ္ဂင်ငါးပါး)

သင်္ခါရ ဖြစ်ပျက် ဆုံးရာက နိရောဓသစ္စာ။

သင်္ခါရ ဖြစ်ပျက် ဆုံးရာမြင်တဲ့ ဉာဏ်က မဂ္ဂသစ္စာ၊ (မဂ္ဂင်ရှစ်ပါး) အဲဒီဖြစ်ပျက်ဆုံးရာမြင်မှ မဂ္ဂင်ရှစ်ပါး ပြည့်မှာ၊ မဂ်ဉာဏ်ကို ကိုယ်ပိုင်ရမှာ၊ ဒါကြောင့် တို့-ဒကာတွေ ကိုယ်ပိုင်ရအောင်, ကိုယ်တိုင် ကြိုးစားကြဖို့ ထူးထူးခြားခြား တိုက်တွန်းလိုက်ပါတယ်၊ ရှင်းကြပလား?။

ကိုင်း… ယနေ့ ဒီတွင်ပဲ တော်ကြဦးစို့။

**********