ဖြစ်ပျက်မြင်က နိဗ္ဗာန်ရ တရားတော်
ဆောင်ပုဒ်။
ဝိပဿနာ၊ ကြုံခဲစွာ၊ ခုလာဆုံတွေ့ငြား။
တစ်နေ့တစ်နေ့၊ ရသရွေ့၊ မမေ့ရှုမှတ်ပွား။
ရှေ့သွားဖြစ်ပျက်၊ နောက်လိုက်မဂ်၊ ပွားတက်ဉာဏ်စွမ်းအား။
ဖြစ်ပျက်မြင်လျှင်၊ နိဗ္ဗာန်ပင်၊ မှန်လျှင် ရမှတ်သား။
မမြင်ဖြစ်ပျက်၊ နိဗ္ဗူနဂ်၊ တက်တက်ဝေးကွာခြင်း။
တစ်နေ့တလံ၊ ဉာဏ်အားသန်၊ ပုဂံ နိဗ္ဗူနား။
နိဗ္ဗာန်နန်းရွှေ၊ နီးလေလေ၊ ဝေးလေ ပါယ်လေးပါး။
မရှုနေလျှင်၊ မေ့သေငင်၊ ပါယ်ခွင်ကိုယ့်အိုးစား။
သတိချပ်။
ပုထုဇ္ဇန၊ ဥမ္မာဒ၊ အန္ဓ ပိတ်ပိတ်သား။
ရမ်းဆ, ထင်မြင်၊ ရမ်းပြောချင်၊ လွှဲစင် တက်တက်မှား။
ဆယ်ရေးတရေး၊ မှန်ဖို့ဝေး၊ ကိုးရေး တရာခြား။
ခြောက်, ငါးလေး,နှစ်၊ သင်္ချာစစ်၊ ဉာဏ်လှစ်မစေစား။
ခန္ဓာဖြစ်ပျက်၊ လိုရင်းချက်၊ မသက်ဉာဏ်ကျော်လွှား။
ပုထုဇဉ်နဲ၊ လျှာရှေကဲ၊ အလွဲမှောက်မှားမှား။
ရှိခိုးကန်တော့ရန်။
ဩကာသ, ဩကာသ, ဩကာသ, ကာယ, ဝစီ မနောချီလျက် သုံးလီစေတနာ သုံးဖြာဒွါရ ပဏာမဖြင့် ဘုရားရတနာ, တရားရတနာ, သံဃာရတနာ ရတနာမြတ်သုံးပါးတို့ကိုလည်းကောင်း၊ ရတနာမြတ်သုံးပါးတို့၏ ဂုဏ်ကို လည်းကောင်း၊ ဆရာသမားတို့ကိုလည်းကောင်း၊ ဆရာသမားတို့၏ ဂုဏ်ကိုလည်းကောင်း၊ ယုံကြည်မြတ်နိုး လက်အုပ် မိုး၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျှော့ ကန်တော့ပါ၏အရှင်ဘုရား။
ဤသို့ ရိုသေမြတ်နိုး လက်အုပ်မိုး၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျှော့ ကန်တော့ရသော ကုသိုလ် ကောင်းမှုကံ စေတနာတို့ကြောင့် ဝဋ်ဘဝတိုတိုနှင့် မဂ်ဖိုလ်နိဗ္ဗာန်ကို လျင်မြန်ဆောစွာ မျက်မှောက်ပြုရပါလို၏ အရှင်ဘုရား။
ကန်တော့ကျိုး ပေးခြင်း။
ဘုရားရတနာ, တရားရတနာ, သံဃာရတနာ, ဆရာသမားတို့အား, ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျှော့ ကန်တော့ကြရသော ပူဇဝန္တ ပဏာမ စေတနာ, သဒ္ဓါ, ပညာ ဝီရိယတို့ကြောင့် မိမိတို့အလိုရှိအပ်, တောင့်တ,အပ်သော မအိုမသေ, အမြဲနေသော နိဗ္ဗာန်သို့လည်းကောင်း၊ ဒုက္ခခပ်သိမ်း ကင်းငြိမ်းရာဖြစ်သော နိဗ္ဗာန်သို့ လည်းကောင်း၊ တစ်ထောင့်ငါးရာ ကိလေသာတို့၏ ချုပ်ရာ, ငြိမ်းရာ, သိမ်းရာဖြစ်သော နိဗ္ဗာန်သို့လည်းကောင်း “မိမိတို့- အားထုတ်ဆဲဖြစ်သော ဝိပဿနာဉာဏ်”သည် လျင်မြန်စွာ မဂ်ဉာဏ်သို့ ကျေးဇူးပြု၍ နိဗ္ဗာန်သို့ မျက်မှောက် ပြုနိုင်ကြသည်ဖြစ်စေ။ ။
သတိ
အဟံဘန္တေ စသည်ဆို၍ မိမိတို့ဆန္ဒရှိရာ သီလကို ခံယူဆောက်တည်ကြရန် ဖြစ်သည်။
တရားသား။ ။
ဝိပဿနာဉာဏ်နဲ့ နေကြပါ
တို့ဒကာတွေ အထူးသတိချပ်ပြီး သိမှတ်လိုက်နာကြဖို့ ပြောလိုက်ပါတယ်၊ ဘုန်းကြီး ဆုပေးတဲ့အထဲမှာ
”မိမိတို့ အားထုတ်ဆဲဖြစ်သော ဝိပဿနာဉာဏ်သည် လျင်မြန်စွာ မဂ်ဉာဏ်သို့ ကျေးဇူးပြု၍ နိဗ္ဗာန်သို့ မျက်မှောက် ပြုနိုင်ကြသည်ဖြစ်စေ…” လို့ ပေးတာဟာ သာမညများ မမှတ်လိုက်ကြနဲ့၊ တို့ဒကာ-ဒကာမတွေ ဝိပဿနာတရားကို အမြဲတစေ အားထုတ်ဆဲရှိကြစေလို့ ပြောလိုတဲ့ အဓိပ္ပာယ်ပဲလို့ မှတ်လိုက်ကြ။
ဒါကြောင့် တို့ဒကာ-ဒကာမတွေကို အားထုတ်ဆဲ ဝိပဿနာဉာဏ်နဲ့ နေကြပါလို့ အလေးအနက် တိုက်တွန်းလိုက်တယ်။
ဒီလိုနေမှသာ ဉာဏ်တက်နေမယ်၊ ဉာဏ်သွား ထက်လာမယ်၊ ဒီလို ဝိပဿနာဉာဏ်နဲ့ အမြဲနေတော့ မဂ်ဉာဏ် ဟာ တရားနာရင်းက ပေါ်လာမယ်၊ ပေါ်လာနိုင်တယ်၊ မဂ်ဉာဏ်ပေါ်တော့ အပါယ်ကျဖို့ အလုပ် ရုပ်သိမ်းရော၊ သဘောပါကြပလား?၊ ဒါကြောင့် ဝိပဿနာဉာဏ်နဲ့ နေမှသာ ဖြစ်တော့မယ်ဆိုတာ ဆုံးဖြတ်ချက်ချ၊ ဒီဉာဏ်မှမရရင် မတက်ရင် မဂ်ဉာဏ်မလာနိုင်ဘူး မဂ်ဉာဏ်မလာသမျှ အပါယ်စာ ဖြစ်ဖို့ပဲရှိတယ်လို့ မှတ်ကြ၊ ရှင်းကြပလား-?။
ရှေ့သွားက ဖြစ်ပျက်မြင်တဲ့ဉာဏ် ဝိပဿနာဉာဏ်၊ နောက်လိုက်က မဂ်ဉာဏ်၊ ဒါကို မြဲမြဲမှတ်ကြ၊ ရှေ့သွား မရှိရင် နောက်လိုက် မလာနိုင်ဘူး၊ ရှေ့သွားရှိမှသာ နောက်လိုက်လာနိုင်မှာ။ ဒါကြောင့် နောက်လိုက် မဂ်ဉာဏ်လာ နိုင်အောင် ရှေ့သွားဖြစ်တဲ့ ဝိပဿနာဉာဏ်ကို ကြိုကြိုတင်တင် အခုလို သိလို့ သတိရတဲ့အချိန်က မရ,ရအောင် လုပ်ထားကြ၊ ရိပ်မိကြပလား?။
ရဟန္တာမြင်တဲ့ အမြင်ဟာ ဘယ်လို အမြင်လဲ?
ဝိပဿနာနဲ့နေရင် နိဗ္ဗာန်မြင်တဲ့ ဉာဏ်အဆင့်ဆင့်ရလာမယ်၊ နောက် ရဟန္တာဖြစ်သွားမယ် ဘာလို့ ရဟန္တာ ဖြစ်သလဲ? မေးရင် နိဗ္ဗာန်မြင်လို့ ရဟန္တာဖြစ်တာပဲလို့ မှတ်လိုက်ကြ၊ ဒီတော့ တို့ဒကာတွေ ဒီနေရာမှတ်ဖို့ပြောရမယ်၊ ရဟန္တာမြင်တဲ့ အမြင်ဟာ ဘယ်လို အမြင်လဲ? ဆိုတာရယ်၊ ရဟန္တာ ဖြစ်နိုင်တဲ့ အမြင်ဆိုတာ ဘယ်လိုမြင်တဲ့အမြင်မျိုးလဲ? ဆိုတဲ့ အချက်ရယ်၊ ဒါကို ရှင်းပြီး သိကြရမယ်။
အခုပြောမဲ့အချက်ဟာ သံယုတ်ပါဠိတော်မှာလာတဲ့အချက်၊ အဓိပ္ပာယ် ဝတ္ထု သက်သေပဲလို့ မှတ်ထားကြ၊ ပုထုဇဉ် ရဟန်းကမေးတဲ့အချက်ကို ရဟန်းကြီးလေးပါးက ဖြေဆိုတော်မူကြတဲ့ ဝတ္ထု သက်သေပဲလို့ မှတ်ရမယ်၊ ဒီနေရာ မှာ တို့ဒကာတွေ အထူးသတိချပ်ဖို့က “နိဗ္ဗာန်ရောက်ပြီး, ရပြီးသူကို မရောက်ဖူးသေး, မရဖူးသေးတဲ့သူက မေးတဲ့ ပြဿနာကို နိဗ္ဗာန်ရောက်ပြီးသူက ဖြေထားတာ ဖြစ်လေတော့ ဒီအဖြေဟာ အဖြေမှန်ပဲ၊ ဒီအမြင်မှ အမြင်မှန်ပဲလို့ ဆုံးဖြတ်ချက် ချရမယ်။
ဒီလို အဖြေမှန်နဲ့ အမြင်မှန်ကို ဧကန်သိရပြီမို့လည်း တို့ဒကာတွေ ငါတို့တော့ ဒီကနေ့ အမြင်မှန် ရကြတော့ မယ်ဆိုတဲ့အချက်ကို နှစ်နှစ်သက်သက် စွဲမှတ်ထားကြ၊ သဘောပါကြပလား?၊ စွဲမှတ်ပြီးတော့လည်း စွဲမှတ်တဲ့အတိုင်း လိုက်နာကျင့်သုံးကြလို့ တိုက်တွန်းလိုက်တယ်။
”ပုထုဇဉ် ရဟန်းကမေးလို့ ရဟန္တာကြီးလေးပါးက ဖြေတဲ့အချက်”
”ရောက်ပြီးသား ပုဂ္ဂိုလ်ကို မရောက်သေးတဲ့သူက မေးတဲ့အချက်”
အမြင်မှန်ကို အမိန့်ရှိပါ
အရင် ဘုရားရွှေလက်ထက်တော်က ပုထုဇဉ်ရဟန်းတစ်ပါးဟာ နိဗ္ဗာန်မြင်တဲ့ ရဟန္တာကြီးတစ်ပါးထံ သွား ရောက်ပြီး မေးမြန်းစုံစမ်းတယ်တဲ့၊ “အရှင်ဘုရား၊ အရှင်မြင်တဲ့အမြင် အရှင်ရတဲ့အမြင်မှန်ကို အမိန့်ရှိပါ”လို့ မေးလျှောက် တော့… ရဟန္တာမထေရ်ကြီးက “ငါ-မြင်တဲ့ အမြင်ဟာ တခြားမဟုတ်ဘူး”
”မျက်လုံး, နား, နှာခေါင်း, လျှာ, ကိုယ် ဆိုတဲ့ ရုပ်ငါးခုနဲ့ စိတ်ဆိုတဲ့နာမ်တစ်ခု အဲဒီခြောက်ခု သဠာယတန ဖြစ်ပျက်ကိုမြင်ပြီး အဲဒီမြင်တဲ့အမြင်နဲ့ နိဗ္ဗာန်ရခဲ့တယ်” လို့ ဖြေတော်မူလိုက်တယ်။
”ဆန္ဒံ ဖဿာယတနာနံ သမုဒယဉ္စ အတ္ထင်္ဂမဉ္စ”တဲ့၊ ရုပ်ငါးပါးနဲ့ စိတ်တစ်ပါး အဲဒီခြောက်ပါး ဖြစ်ပျက်တွေကို မြင်တယ်၊ အဲဒီအမြင်ကမှ တစ်ဆင့်တက်ပြီး နိဗ္ဗာန်မြင်လို့ ရဟန္တာဖြစ်တယ်” လို့၊ ဆိုလိုတယ်။
”ဧတ္တာဝတာ ခေါ အာဝုသော ဘိက္ခုနော ဒဿနံ သုဝိ သုဒ္ဓံ ဟောတီတိ” လို့ သံယုတ်ပါဠိတော်မှာ လာတယ်၊ အဲဒီလိုမြင်တဲ့အမြင်မှ စင်ကြယ်တဲ့အမြင်မှန်၊ နိဗ္ဗာန်မြင်တဲ့အမြင်ပဲလို့ မှတ်ကြ။
ဖြစ်ပျက်မြင်ရင် နိဗ္ဗာန်ရဖို့ သေချာပြီ
ဒီတော့… ဖြစ်ပျက်မြင်တာဟာ နိဗ္ဗာန်မြင်တဲ့အမြင်ပဲဆိုတဲ့ အချက်ကို လေးလေးနက်နက် မှတ်ထားကြ၊ ဝိပဿနာရှုလို့ ဖြစ်ပျက်မြင်ရင် နိဗ္ဗာန်ရဖို့ သေချာပြီ။ ဖြစ်ပျက်မှ မမြင်သေးရင်ဖြင့် ဘယ်နည်းနဲ့မှ နိဗ္ဗာန်မရသေးဘူး၊ နိဗ္ဗာန်နဲ့ မနီးသေးဘူးဆိုတာ ဆုံးဖြတ်ချက်ချ ရိပ်မိပလား?၊ နိဗ္ဗာန်ကို ဒီကစပြီးမြင်ရမှာ၊ ဒီ-ဖြစ်ပျက် အမြင်က စပြီးမှ နိဗ္ဗာန်မြင်ရမှာမို့ တို့ဒကာတွေကို ပြောလိုက်ပါတယ်၊ “ဖြစ်ပျက်မြင်ရင် အားမလျှော့ကြနဲ့ မညံ့တော့ဘူး”လို့ ရှင်းကြပလား?။
”ဒါကြောင့် နိဗ္ဗာန်အစ ရုပ်, နာမ် ဖြစ်ပျက်အမြင်ကစ”လို့ သေသေချာချာ မှတ်ထားကြဖို့ ပြောလိုက်တယ်…။
ဖြစ်ပြီး ပျက်တယ်ဆိုတာ ရှေ့အမူအရာနဲ့ နောက်အမူအရာ မတူတာကို ဆိုတာပဲ၊ ကိုယ့်ခန္ဓာမှာ အကဲခတ်တော့ ကိုယ်တိုင်ငြိမ်တာ ကိုယ်တိုင်လှုပ်တာ ကိုယ်တိုင်သိရမယ်၊ ဒါကို သိအောင်လုပ်ကြ၊ ဒါမှ သိအောင် မလုပ်တတ်ရင် ငါ့ထက်ဖျင်းတာ မရှိတော့ဘူးလို့ ကိုယ့်ကိုယ်ကိုယ် ပြန်ပြောဖို့ပဲ ရှိတယ်၊ ခန္ဓာက ငါ့ကိုယ်ကြည့် ငါ့ကိုကြည့်နဲ့ အမြဲပြောနေ တာပဲ၊ ခန္ဓာ အကဲခတ်တာနဲ့ အမှန်သိပါတယ်။
ကိုယ့်ကိုယ်ကိုယ် ကြည့်ကြ၊
တို့ဒကာတွေ ဒီခန္ဓာနဲ့ အတူနေကြတာ ကြာပါပြီ၊ အကဲမခတ်တော့ မသိကြဘူး၊ အကဲခတ်တော့ ဖြစ်ပြီးပျက် တာ သိမယ် တို့ဒကာတွေ မွေးတွင်းပါအကျင့်က သူများကိုတော့ ကြည့်တတ်ကြတယ်၊ ကိုယ့်ကိုယ်တိုင်ကြတော့ မကြည့် တတ်ကြဘူး၊ တလွဲမှာ ဆံပင်ကောင်း ဆိုသလို ဖြစ်နေကြတယ်၊ ဒီကရှေ့ကိုယ့်အဖြစ်မှန်, ကိုယ်သိအောင် ကိုယ့်ကိုယ်ကိုယ် ကြည့်ကြ၊ ကိုယ့် အဖြစ်မှန်ဟာ… ဘယ်လောက်ဆိုးနေသလဲ ဆိုတာ ကိုယ့်ကိုယ်ကိုယ် ကြည့်ပြီး ပြုံးကြ၊ သူတစ်ပါး အပြစ်ကြည့်ပြီး မပြုံးကြနဲ့တော့လို့ သတိပေးလိုက်ပါတယ်၊ သဘောပါကြပလား?။
ကိုယ့်ခန္ဓာမှာ ကိုယ် အကဲခတ်ကြည့်ရင် ငြိမ်တာ, လှုပ်တာ သိကြရမယ်၊ အငြိမ်ဟာ အလှုပ်ဆီမပါဘူး၊ အလှုပ်ဟာလည်း အငြိမ်ဆီကို မပါဘူးဆိုတဲ့အချက် ကိုယ်တိုင် သိရမယ်၊ လေထုတ်တဲ့စိတ်ဟာ ပြန်ပြီးမရှိုက်နိုင်ပါဘူး၊ ရှိုက်စိတ်ဟာလည်း ပြန်ပြီး မထုတ်နိုင်ဘူး၊ ရှူတာဟာ တစိတ်, ရှိုက်တာဟာ တစိတ်၊ တစိတ်စီ, တခြားစီပဲ၊ ရှူတဲ့စိတ် ဟာ ရှူပြီး ချုပ်သွားတာပဲ၊ ရှိုက်စိတ်ဟာလည်း ရှိုက်ပြီး ချုပ်သွားတာပဲ၊ အဲဒါ စိတ်ဖြစ်ပျက် စိတ္တာနုပဿနာလို့ မှတ်ကြ။
လုပ်ရင် လွယ်ပါတယ် ဝန်မလေးပါဘူး၊ တို့-ဒကာတွေက ဝန်မလေးဘူးဆိုတော့ “ဝန်မထမ်းလို့ မလေးတာမျိုး” မဖြစ်ကြစေနဲ့ဦးလို့ သတိပေးလိုက်ပါတယ်။ ။ ဒါနဲ့ ခုနပြောတဲ့ အကြောင်းဆက်ရမယ်၊ အဲဒီ ပုထုဇဉ်ရဟန်းက ရဟန္တာဖြေတဲ့အဖြေကို မကျေနပ်သေးဘူး၊ ဒါနဲ့ ရဟန္တာမထေရ်ကို မေးပြန်တယ်၊ “အရှင်ဘုရား၊ ဒီပြင်နိဗ္ဗာန်မြင်တဲ့သူ များ ရှိသေးသလား?” ဒီလိုမေးတော့ ရဟန္တာအရှင်က ဒီပြင်ပုဂ္ဂိုလ်ရှိသေးတယ် ဆိုပြီး တောင်ဘက်က ကိုယ်တော် တစ်ပါးကို ညွှန်ပြလိုက်တယ်။
ခန္ဓာငါးပါးဖြစ်တာပျက်တာ မြင်ရင် အမြင်မှန်
ဒါနဲ့ အဲဒီပုထုဇဉ်ရဟန်းက တောင်ဘက်မှာရှိတဲ့ ရဟန္တာမထေရ်ထံ သွားရောက်ချဉ်းကပ်ပြီး မေးမြန်းစုံစမ်း ပြန်တယ်၊ “အရှင်ဘုရား၊ နိဗ္ဗာန်မြင်တဲ့အမြင်မှန် အမိန့်ရှိပါဦး” ဒီတော့ ရဟန္တာ မထေရ်က-
ရုပ်, ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ်ဆိုတဲ့ ခန္ဓာငါးချက်ရဲ့ အဖြစ်အပျက်ကို မြင်တဲ့အမြင်ဟာ အမြင်မှန်ပဲ၊ အဲဒီခန္ဓာငါးပါးဖြစ်တာပျက်တာ မြင်ရင် နိဗ္ဗာန်မြင်တဲ့အမြင်မှန်ပဲ” လို့ ဖြေဆိုလိုက်တယ်။
ဒီအခါမှာ အဲဒီပုထုဇဉ်ရဟန်းရဲ့ ဉာဏ်မှာ မရှင်းလင်းတော့ဘူး၊ ရှုပ်ထွေးသွားတယ်၊ “အင်း…ပထမ ကိုယ် တော်က ခြောက်ပါးတဲ့၊ ဒုတိယကိုယ်တော်ကျတော့ ငါးပါးတဲ့” သူ့ဉာဏ်မရှင်းတော့ဘူး၊ ရှုပ်နေပြီ၊ အဲဒါမှ ခက်တော့တာပဲ ဆိုပြီး အတော်ဂွကျသွားတာပေါ့။
သတိချပ်ဖို့က ဒီနေရာမှာ ရုပ်, နာမ် မလိုဘူး၊ ဖြစ်ပျက်သာ လိုတယ်ဆိုတဲ့အချက်ပဲ၊ ဖြစ်ပျက်သိဖို့သာ လိုရင်းစွဲလို့ မှတ်ကြ၊ ရှင်းကြပလား?။ ဒါကို အဲဒီရဟန်းက မသိဘူး၊ မသိတော့… ရဟန္တာမထေရ်ကို မေးပြန်တယ်၊ “အရှင်ဘုရား၊ ဒီပြင် နိဗ္ဗာန်မြင်တဲ့ပုဂ္ဂိုလ်များ ရှိပါသေးသလား?” ဒီတော့… ရဟန္တာမထေရ်က တတိယပုဂ္ဂိုလ်တစ်ပါး ကို ညွှန်လိုက်ပြန်တယ်၊
ဓာတ်ကြီးလေးရဲ့ ဖြစ်ပျက်မြင်ရင် အမြင်မှန်
ဒါနဲ့ အဲဒီရဟန်းက တတိယရဟန္တာမထေရ်ထံ သွားရောက်ပြီး မေးမြန်းစုံစမ်းပြန်တယ်၊ “အရှင်ဘုရား၊ နိဗ္ဗာန်မြင်တဲ့အမြင်ကို အမိန့်ရှိပါဦး” ဒီတော့… ရဟန္တာမထေရ်က…
”ပထဝီ, အာပေါ, တေဇော, ဝါယောဆိုတဲ့ ဓာတ်ကြီးလေးရဲ့ ဖြစ်ပျက်မြင်ရင် နိဗ္ဗာန်မြင်တဲ့ အမြင်မှန်ပဲ”လို့ ဖြေဆိုလိုက်တယ်။
အဲဒီအခါမှ ပုထုဇဉ်ရဟန်းရဲ့ စိတ်ထဲမှာ ထပ်ရှုပ်သွားပြန်ပါရော၊ ဒီအခါမှ ခက်တော့တာပဲ၊ ပထမ ခြောက်ပါး၊ ဒုတိယက ငါးပါးတဲ့၊ တတိယ ကိုယ်တော်ကျတော့ လေးပါးဖြစ်သွားပြီ၊ ဘယ့်နှယ်များ ဖြစ်ပါလိမ့်မတုံးဆိုပြီး နောက်ထပ် မေးပြန်တယ်၊ “အရှင်ဘုရား၊ ဒီပြင် နိဗ္ဗာန်မြင်တဲ့ ပုဂ္ဂိုလ်များ ရှိပါသေးသလား?” ဒီတော့ အဲဒီရဟန္တာက စတုတ္ထ ရဟန္တာတစ်ပါးကို ညွှန်ပြလိုက်တယ်၊ ဒါနဲ့ အဲဒီရဟန်းဟာ စတုတ္ထရဟန္တာ မထေရ်ထံ သွားရောက်မေးပြန်တယ်၊ “အရှင်ဘုရား၊ အရှင် နိဗ္ဗာန်မြင်တဲ့ အမြင်မှန်ကို အမိန့်ရှိပါဦး-”
ဒီတော့ စတုတ္ထမထေရ်က “ဥဒယဝယ ဖြစ်တာနဲ့ပျက်တာမြင်ရင် နိဗ္ဗာန်မြင်တဲ့အမြင်မှန်ပေပဲ” လို့ ဖြေလိုက်တယ်။
ဒါက ပိုရှင်းသေးတယ်၊ “ယံကိဉ္စိ သမုဒယ ဓမ္မံ သဗ္ဗန္တံ နိရောဓ ဓမ္မန္တိ”တဲ့၊ အဲဒီလို ဖြေလိုက်တာ ဒီအဖြေက ပိုတောင်ကောင်းသေးတယ်၊ ဘာမဆို အဖြစ်နဲ့ အပျက်ပဲရှိတယ်၊ ဒီဖြစ်ပျက်နှစ်ခုကိုမြင်ရင် နိဗ္ဗာန်မြင်တဲ့အမြင်မှန်ပဲ ဆိုတာ ထောက်ခံချက်ပေးလိုက်တာပဲလို့ မှတ်ကြ၊ တို့ဒကာတွေ အထူးသတိပြုဖို့က ဝိပဿနာဖြစ်ရင် “ဝိပဿနာမှန်ရင် ဖြစ်ပျက်တွေ့ရမယ်၊ ဖြစ်ပျက်တွေ့မှသာ ဝိပဿနာ အစစ်အမှန်ဖြစ်တယ်” ဆိုတဲ့အချက်ပဲ၊ သဘောပါကြပလား?။
ဘုရားလည်ဖူးနေကြတာနဲ့ တူတယ်
အဲဒီရဟန်းက လည်ပြီးမေးတာဟာ မကျေနပ်လို့ပဲ ဆိုတာ ထင်ရှားတယ်၊ ဥပမာ- တို့ဒကာ-ဒကာမတွေ ဘုရားလည်ဖူးနေကြတာနဲ့ တူတယ်လို့ ပြောရင် မမှားပါဘူး။ ဟိုဘုရားက ကြည်ညိုစရာကောင်းတယ်၊ ဒီဘုရားက ပိုပြီး သပ္ပာယ်တယ်၊ ဘယ်ဘုရားက ဆုတောင်းပြည့်တယ်နဲ့ တို့-ဒကာတွေ လုပ်တတ်ကြတယ်။ အဲဒါ ပုထုဇဉ်မို့ပဲဆိုတာ ရိပ်မိကြ၊ ပုထုဇဉ်မျိုးဆိုတာ ဆင်ကန်းတောတိုး အကျိုးအကြောင်း မသိတတ်ကြဘူး။
တို့-ဒကာတွေ မနာကြနဲ့၊ တို့အဖြစ်က ဒီထက်ပင် ဆိုးလိမ့်ဦးမယ်ဆိုတာ ကြပ်ကြပ်စဉ်းစားကြ၊ ပုထုဇဉ်မျိုးမို့ အကျိုးအကြောင်း ကောင်းဆိုးနှစ်ပါး မခွဲခြားတတ်တော့ အနီးဘုရားကနေ အဝေးဘုရား သွားလားသွားတတ်ကဲ့၊ အနီး တရားကနေ အဝေးတရားလည်း သွားချင်သွားမယ်၊ ဘယ်လောက် အရုပ်ဆိုးတဲ့အဖြစ်လည်းဆိုတာ စဉ်းစား ကြည့်ကြ၊ ဘုရားတစ်ဆူထဲ ဂုဏ်တော်ကလည်း ကိုးပါးပါပဲ မဟုတ်လား?၊ ရိပ်မိကြပလား?။
တို့-ဒကာတွေ စဉ်းစားကြည့်ကြ၊ ဥပမာ- ကိုယ့်သား,သမီးများက ခင်ဗျားတို့ကို ဦးချကန်တော့ပြီး “ကျွန်တော် များ အမေအဖေ လည်ရှာပါဦးမယ်၊ ဒီပြင် အမေ- အဖေ ရှာခွင့်ပြုပါဦး” ဆိုပြီး ထွက်သွားရင် ဘယ်နှယ်များနေကြမတုံး? အဲဒီလိုလုပ်ရင် ခံနိုင်, မခံနိုင် စဉ်းစားကြ၊ ကျေနပ်ပလား?၊ ဒီလို အလုပ်လွဲတွေ ဆင်ခြင်ကြလို့ သတိပေးလိုက်ပါတယ်။ ဒါက ပုထုဇဉ်သဘောမို့ အလွဲ လောကွတ်ကောင်းနေကြတာ၊ ပုထုဇဉ်မို့ လျှာရှည်တာ၊ ပုထုဇဉ်ဆိုတာ လျှာရှည်တဲ့ အမျိုးပဲလို့ မှတ်လိုက်ကြ။
ဖြစ်ပျက်တစ်ခုသာ ရှိတယ်
ဘုရားက ဧကာယနောတဲ့၊ တစ်ကြောင်းတည်းသော ခရီးမှန်၊ ဧကောဓမ္မောတဲ့၊ ဖြစ်ပျက်တစ်ခုသာ ရှိတယ်လို့ ဟောတော်မူတယ် ဒါကို မရိပ်မိဘူး၊ အဲဒီရဟန်းက ပုထုဇဉ်မို့ ပိုရှုပ်နေတာ၊ အဲဒီတော့ ထပ်ခါ တလဲလဲ လျှာရှည်နေ တော့တာပေါ့၊ နောက်ထပ် မေးလေ ပိုပြီး ရှုပ်လာလေ ဖြစ်ကုန်ပါရော၊ ကိုင်း… တို့-ဒကာတွေ ဘယ်လိုများ ကြံကြ မတုံး?။
အဲဒီ စတုတ္ထရဟန်းဖြေတဲ့ အဖြေကိုလည်း မကျေနပ်သေးဘူး၊ ဒါနဲ့ အဲဒီရဟန်းက “ဒါကို ကိုယ်တိုင်သိတာ လား? ဘယ်သူ့ဆီက ရလို့ ဖြေတာလဲ?” လို့ ထပ်မေးတော့ ဘုရားရှင်ထံကရတဲ့ အဖြေပဲလို့ ပြောလိုက်တယ်၊ ဒါဖြင့် ဘုရားဆီ သွားမှပဲဆိုပြီး ဘုရားထံ သွားရောက် လျှောက်ထားတယ်-တဲ့။
”အရှင်ဘုရား၊ တပည့်တော်က မေးတော့ ရဟန်းလေးပါးက ဒီလို ဒီလို အသီးအသီး အဖြေပေးကြပါတယ်၊ ဒါကို တပည့်တော်က မကျေနပ်လို့ အရှင်ဘုရားထံမှောက် လျှောက်ထားခြင်းဖြစ်ပါတယ် ဘုရား” ဆိုပြီး ရဟန္တာလေးပါးနဲ့ မေးခဲ့-ဖြေခဲ့ပုံ အလုံးစုံကို ပြန်ပြီး လျှောက်ထားလိုက်တယ်-တဲ့၊ ဒီတော့… ဘုရားရှင်က ဥပမာပြမှပဲလို့ ကြံတော်မူပြီး ဥပမာနဲ့တကွ ဖြေကြားတော်မူလိုက်တယ်လို့ မှတ်ကြ။
အားလုံး အမှန်ချည့်ပဲ
တို့-ဒကာတွေ သိဖို့က ပထမဖြေတဲ့အဖြေဟာ ဖြစ်ပျက်တရားပဲ၊ ဒုတိယနဲ့ တတိယ စတုတ္ထဖြေတဲ့ အဖြေ အားလုံးဟာလည်း ဖြစ်ပျက်တရားပဲ၊ အားလုံး ဖြစ်ပျက်တရားချည့်ပဲ ဆိုတဲ့အချက်ကို ကွက်ကွက်ကွင်းကွင်း ဉာဏ် ရှင်းပြီး သိထားကြရမယ်။ သဘောပါကြပလား?၊ ဘုရားက ဖြေတဲ့အချက်မှာ “အဲဒီရဟန္တာလေးပါး ဖြေကြားတဲ့အဖြေ ဟာ သူတို့နှလုံးသွင်းနဲ့ သူတို့ အားလုံး အမှန်ချည့်ပဲ” လို့ ဆိုလိုတယ် ရှင်းကြပလား?။
ဉာဏ်မြင်မရှိတဲ့ ပုထုဇဉ်အဖို့မှာသာ အခက်ကျနေတာလား၊ ဉာဏ်မြင်မရှိတော့ ထင်ချင်သလို ထင်ပြီး မြင် ချင်သလို ရမ်းပြီးမြင်တော့တာပေါ့၊ ရမ်းပြီးမြင်တဲ့အမြင်ဟာ အမြင်မှန် ဖြစ်နိုင်ပါ့မလား?။ တို့-ဒကာတွေ သိထားဖို့က ဒီရဟန္တာကြီးလေးပါးရဲ့အဖြေဟာ ဆိုချင်တာဆို- ပြောချင်တာပြော ဖြစ်ပျက်ပဲ၊ ဖြစ်ပျက်တရားသာ လိုရင်းအချုပ် တရားပဲဆိုတာ သိထားကြရမယ်၊ ရိပ်မိကြပလား?။
နိဗ္ဗာန်ဟာ ဖြစ်ပျက်မြင်မှသာ ရောက်မှာ၊ ဖြစ်ပျက်မမြင်သမျှ ဘယ်နည်းနဲ့မှ နိဗ္ဗာန်မရောက်နိုင် ကြဘူး။
ဒါကြောင့် နိဗ္ဗာန်ရချင် ရောက်ချင်ရင် ဖြစ်ပျက် အရင်မြင်အောင်လုပ်ရမယ် ဖြစ်ပျက်ကိုရှာတော့ ခန္ဓာရှာရမှာ တခြားသွားဖို့ မလိုဘူး၊ ခန္ဓာဟာ ဖြစ်တာနဲ့ ပျက်တာပဲရှိနေတာ၊ ဒါကို ဉာဏ်နဲ့တွေ့အောင် ရှာရမယ်၊ ခန္ဓာတစ်ခုလုံး ရှာချင်တဲ့နည်းနဲ့ရှာ ဖြစ်တာနဲ့ ပျက်တာပဲ တွေ့ရမယ်၊ ဖြစ်တာနဲ့ ဖြစ်တာကလွဲလို့ တခြား ဘာမှမရှိဘူးလို့ မှတ်လိုက်ကြ၊ ဒါကြောင့်မို့…
အနိစ္စာဝတ သင်္ခါရာ၊ ဥပ္ပါဒဝယ ဓမ္မိနော။
ဥပ္ပဇ္ဇိတွာ နိရုဇ္ဈန္တိ၊ တေသံ ဝူပသမော သုခေါ-တဲ့၊
ဖြစ်ပျက်မြင်မှ အမြင်မှန်ပဲ
သံယုတ် ပါဠိတော်မှာလာတဲ့ ဂါထာ၊ ဒီဂါထာကလည်း ရဟန္တာကြီးလေးပါးရဲ့စကားကို ထောက်ခံချက်ပေး လိုက်တာပဲ၊ ရဟန္တာကြီးလေးပါးကလည်း ဟောတယ်၊ ဘုရားကလည်း ထောက်ခံချက်ပေးတယ်ဆိုတော့ သံသယရှိဖို့ မလိုတော့ဘူးပေါ့၊ ဒီတော့ ဖြစ်ပျက်မြင်မှ အမြင်မှန်ပဲဆိုတာ ဆုံးဖြတ်ချက် ချလိုက်ကြ၊ ရှင်းကြပလား?၊ ဒီဂါထာရဲ့ အနက်အဓိပ္ပာယ်က-
သင်္ခါရာ၊ ပြုပြင်စီမံ ရုပ်နာမ်ဓမ္မ သင်္ခါရတို့သည်။ အနိစ္စာဝတ၊ စင်စစ်ဧကန် အမှန်မုချ ခိုင်မြဲခြင်းမရှိကြပေ ကုန်။ သင်္ခါရာ ရုပ်နာမ်ဓမ္မ သင်္ခါရတို့သည်။ ဥပ္ပါဒဝယဓမ္မိနော၊ ဖြစ်ခြင်း ပျက်ခြင်းသဘောမျှသာ ရှိကြပေကုန်၏။ သင်္ခါရာ၊ ရုပ်နာမ်ဓမ္မ သင်္ခါရတို့သည်။ ဥပ္ပဇ္ဇိတွာ၊ အကြောင်းတိုက်ဆိုင်ကာ ဖြစ်ပေါ်လာပြီး၍ နိရုဇ္ဈန္တိ၊ တစ်ခဏခြင်းမှ ချုပ်ပျက်ကြရရှာကုန်၏။ တေသံ၊ မမြဲသက်သက် ဖြစ်ပျက်ချည့်သာ ဆင်းရဲစွာလှ ထိုဒုက္ခအစုတို့၏။ ဝါ၊ ဖြစ်ပျက်နှစ်ခု ဒုက္ခအစုတို့၏။ ဝူပသမော၊ ချုပ်ရာဆုံးရာ နိဗ္ဗာန်ချမ်းသာမြတ်ကြီးကား။ သုခေါ၊ ချမ်းသာတကာတို့၏ ခေါင်ဖျား ချမ်းသာမြတ်ကြီး မှန်လှပါပေသည်တကား…။
ဒါကြောင့် တို့-ဒကာတွေ သံသယမရှုပ်ဘဲ ဖြစ်ပျက်မြင်တဲ့ အလုပ်မှ အမှန်ဆိုတဲ့အချက် လေးလေးနက်နက် မှတ်ထားကြ။ ဒါကို လက်တွေ့ သိရအောင် ဉာဏ်နဲ့ ရှာကြည့်ကြ၊ ဉာဏ်နဲ့ ခန္ဓာမှာ ရှာကြည့်ရင် ကိုယ်တိုင်သိကြရမယ်၊ ရှာတတ်ပါ့မလား?။
စိတ္တာနုပဿနာ
ကိုင်း… ရှာကြည့်ကြစို့၊ ဥပမာ-ဆေးလိပ် သောက်ချင်တယ်ဆိုကြပါစို့၊ ဆေးလိပ်သောက်ချင်တဲ့ စိတ်ပေါ်လာလို့ ဆေးလိပ်လှမ်းဆွဲလိုက်တဲ့အခါ ဆေးလိပ်သောက်ချင်တာက တစ်စိတ်, လှမ်းဆွဲတာက တစ်စိတ်၊ ဆေးလိပ်သောက်ချင်တဲ့စိတ်ဟာ ဆေးလိပ်လှမ်းဆွဲတာနဲ့ မရှိတော့ဘူး၊ ဖြစ်ပြီးပျက်သွားပြီ။
ဆေးလိပ်သောက်ချင်တဲ့စိတ်က သင်္ခါရ၊ ဆေးလိပ်သတိရလို့ ပေါ်လာတာ၊ အဲဒီသောက်ချင်စိတ်ကလေးဟာ ဆေးလိပ်က ပြုပြင်လို့ ပေါ်လာရတာ၊ ဆေးလိပ်သတိရတာ ဆေးလိပ်အနံ့ရလို့ အဲဒါပြုပြင်တဲ့သင်္ခါရပဲ၊ အဲဒီလိုအကြောင်း တစ်ခုခုက ပြုပြင်ပေးလို့ ပေါ်လာသမျှတွေဟာ မြဲတာတစ်ခုမှမရှိဘူး၊ ဖြစ်ပြီးပျက်သွားကြရတာချည့်ပဲ၊ ဒါကို ဉာဏ်နဲ့ စောင့်ကြည့်ရင် အမှန်အတိုင်း သိကြရမယ်။
ကိုယ့်သန္တာန်မှာ ပေါ်သမျှဟာ အာရုံက လုပ်လို့ပေါ်တာ၊ ဒါကြောင့် သင်္ခါရလို့ ခေါ်တာ၊ အာရုံကလုပ်ပေးလို့ သန္တာန်မှာ ပေါ်လာသမျှ စိတ် စေတသိက်တွေဟာ နာမ် သင်္ခါရတွေပဲ၊ ကံကြောင့်, စိတ်ကြောင့်, ဥတုကြောင့်, အာဟာရကြောင့်ဖြစ်တဲ့ တရားကရုပ် အဲဒါလည်း ဖြစ်စရာကြောင့်ပေါ်တာ၊ ဖြစ်စရာကြောင့် ပြုပြင်လို့ ပေါ်တာဖြစ်လို့ သူလည်း သင်္ခါရပဲ၊ ဒါ-အားလုံးဟာ အနိစ္စတဲ့၊ ဖြစ်ပြီးပျက်တာပဲလို့ ဟောတော်မူတယ်။
ဖြစ်ပျက်မှာ လမ်းဆုံးကြရတာချည့်ပဲ
သန္တာန်မှာ ပေါ်သမျှ အားလုံးဟာ ဖြစ်ပျက်မှာ လမ်းဆုံးကြရတာချည့်ပဲ၊ သင်္ခါရရုပ်နာမ်အားလုံးဟာ ဖြစ်ပျက် မှာ လမ်းဆုံးကြရမှာချည့်ပဲ ဆိုတဲ့ အချက်ကို စွဲစွဲမြဲမြဲ မှတ်လိုက်ကြ၊ ဒါကို ရှင်တော်ဘုရားက “ဥပ္ပါဒဝယဓမ္မိနော”တဲ့၊ ဥပ္ပါဒနဲ့ ဝယပဲလို့၊ ဟောတော်မူတယ်။ ဥပ္ပဇ္ဇိတွာနိရုဇ္ဈန္တိ- ဖြစ်ပြီးပျက်ကြတာချည့်ပဲတဲ့၊ ဖြစ်ပြီးပျက်တာပဲဆိုတော့ ကောင်းတာတစ်ခုမှ မပါဘူး၊ ကောင်းတာတစ်ခုမှ မပါဘူးဆိုရင် အားလုံး အဆိုးချည့်ပဲဆိုတာ ထင်ရှားတယ်။ တေသံ ဝူပသမော သုခေါတဲ့၊ ဖြစ်ပျက်အဆုံးဟာ နိဗ္ဗာန်ပဲ-တဲ့။
အဲဒီအကောင်းတစ်ခုမှ မပါပေတဲ့ မကောင်းဆိုးဝါးစုဖြစ်တဲ့ ဖြစ်ပျက်ဒုက္ခကြီးချုပ်ရာဆုံးရာကုန်သွားတဲ့နေရာ မှာ နိဗ္ဗာန်ပေါ်တာပဲလို့ မှတ်ကြ၊ ဒုက္ခသစ္စာ ဒုက္ခအစုကြီးကုန်တဲ့နောက် သုခနိဗ္ဗာန် ချမ်းသာစစ် ချမ်းသာမှန်ကြီး ပေါ်လာရတော့တာပဲ၊ သဘောပါကြပလား? ဒါကြောင့် တို့ဒကာတွေ သုခနိဗ္ဗာန်ရချင် ရောက်ချင်ရင် ဖြစ်ပျက်မြင် အောင်ကြည့်ကြ၊ ကိုယ့်သန္တာန်မှာ အမြဲရှိနေတဲ့ ရုပ်နာမ်ဖြစ်ပျက်မြင်အောင် အမှန်အကန်သိအောင် ဉာဏ်နဲ့ကြည့်ပေး ကြလို့ အလေးအနက် တိုက်တွန်းလိုက်တယ်။
ဖြစ်ပျက်တွေ့တဲ့ ဉာဏ်က ဝိပဿနာဉာဏ်၊ ဖြစ်ပျက်မှမတွေ့သေးရင် ဝိပဿနာဉာဏ် မဖြစ်သေးဘူးလို့ မှတ်ကြ။ မဖြစ်မပျက်တွေ့တဲ့ဉာဏ်က မဂ်ဉာဏ်ပဲ၊ ဖြစ်ပျက်တွေ အများမြင်ပြီးနောက် မဖြစ်မပျက်တွေ့တဲ့ မဂ်ဉာဏ်လာ တာပဲ၊ ဒါကြောင့် ပထမဖြစ်ပျက်မြင်အောင် ရှုရမယ်၊ နောက်- ဒီဖြစ်ပျက်တွေကို မတွေ့ချင် မမြင်ချင်တော့ပါဘူးဆိုတဲ့ ဉာဏ်ပေါ်လာအောင် မုန်းလာအောင် ရှုရမယ်၊ အဲဒီလို မုန်းလာရင် နောက်-ဖြစ်ပျက်တွေ တစ်ချက် တစ်ချက်မှာ ဆုံးသွားရော။
ရုပ် နာမ်ဖြစ်ပျက်ဆုံးတာက နိရောဓသစ္စာ
အဲဒီဖြစ်ပျက်တွေဆုံးသွားတာ ခန္ဓာဒုက္ခသစ္စာကြီးဆုံးသွားတာပဲလို့ မှတ်ကြ၊ အဲဒီ ဆုံးတဲ့နေရာမှာ သုခ နိဗ္ဗာန် ပေါ်တယ်၊ အဲဒီတော့မှ အနာပျောက်ပြီလို့ ဆိုရတယ်၊ ဒုက္ခသစ္စာ အနာကင်းသွားပြီလို့ မှတ်ကြ၊ ရုပ် နာမ်ဖြစ်ပျက်က ဒုက္ခသစ္စာ၊ ရုပ် နာမ်ဖြစ်ပျက်ဆုံးတာက နိရောဓသစ္စာ၊ ရုပ်နာမ်ဖြစ်ပျက် အဆုံးမြင်တဲ့ဉာဏ်က မဂ္ဂသစ္စာလို့ မှတ်ကြ၊ ရှင်းကြပလား?။
ဒါကြောင့် တို့-ဒကာတွေ ကိုယ့်သန္တာန်မှာ ဖြစ်ပျက်မြင်အောင် ကြိုးစားကြလို့ သတိပေးလိုက်တယ်၊ ရုပ်ဖြစ်ဖြစ် နာမ်ဖြစ်ဖြစ်, ကြိုက်တာတစ်လုံးထဲ ကြည့်ကြ၊ ဖြစ်ပျက်မြင်ဖို့သာလိုရင်းစွဲပဲ၊ ဖြစ်ပျက်မြင်ရင် နိဗ္ဗာန်မြင်ရတော့မယ်ဆိုတာ သေချာပီ၊ ဖြစ်ပျက်ဆုံးရင် နိဗ္ဗာန်ရတာပဲ၊ သဘောပါကြပလား?။
ဖြစ်ပျက်မြင်အောင် ကြိုးစားပြီး ကြည့်ကြ၊ ဖြစ်ပျက်မြင်ရင် မညံ့တော့ဘူး၊ ဖြစ်ပျက်မြင်တာဟာ, နိဗ္ဗာန်မြင်မဲ့ အမြင်မှန်ပဲဆိုပြီး အားတက်ဝမ်းမြောက်ကြ၊ ဖြစ်ပျက်မြင်ရင် မုန်းအောင် ဆက်ကြည့်၊ မုန်းရင် ဆုံးအောင်ဆက်လိုက်၊ ဆုံးရင် နိရောဓသစ္စာပဲ၊ ကျေနပ်ပလား?။
ကိုင်း… ယနေ့ ဒီတွင်ပဲ တော်ကြဦးစို့။
