မဂ္ဂဉာဏ်မြတ် ကြွေးကုန်ဆပ် တရားတော်
ဆောင်ပုဒ်
ခန္ဓာရတွက်၊ သေဖို့ရက်၊ ချိန်းချက်မရှိကြ။
သေခါနီးမှာ၊ နိမိတ်လာ၊ ရောက်ရာ ဘုံသဝ။
ငရဲစရှိ၊ ဒုဂ္ဂတိ၊ မြင်ဘိ ထိုကာလ။
ရင်တွင်းလှိုက်ပူ၊ ပွက်ပွက်ဆူ၊ ကယ်သူ ဝေးမည်ပ။
ဘယ်သား, ဘယ်သမီး၊ ဘယ်ပစ္စည်း၊ ချည်းနှီး ထိုကာလ။
မသာနှလုံး၊ သေလွန်ဆုံး၊ အရှုံး နာကျည်းစွ။
ချိန်မနှောင်းခင်၊ ယခုပင်၊ မြန်လျှင် အားထုတ်ကြ။
မဂ္ဂင်မှသာ၊ အားကိုးရာ၊ ခေမာ ဖြောင့်တန်းလှ။
အကုသလာ၊ ကြွေးတွေဟာ၊ များစွာ အနန္တ။
မဂ်ဉာဏ်ဆိုက်ရောက်၊ ကြွေးကုန်ပျောက်၊ ကဲမောက်လွန်ချမ်းမြ။
သတိချပ်
မုဆိုးလုဒ္ဒက၊ မိလက၊ ပထမ ဇောတွက်တာ။
ပစ္စက္ခတွင်၊ အကျိုးထင်၊ ရေပင် ပျောက်ရရှာ။
အမှတ်မထင်၊ သေရလျှင် ပါယ်ခွင် ငရဲရွာ။
ကလျာမိတ္တ၊ ကြိုက်ကြုံရ၊ ညွှန်းပြ မဂ္ဂင်္ဂါ။
လိုက်နာကျင့်ကြံ၊ မဂ်သုံးတန်၊ လျင်မြန်ရရှိကာ။
မကောင်းကံကြွေး ကျိုးမပေး၊ ကျေအေး လွတ်ချမ်းသာ။
တရားသား
ဝိပဿနာ ရှုကြ၊ မမေ့ကြနဲ့
ဒီကနေ့ တို့ဒကာ၊ ဒကာမတွေကို ထူးထူးခြားခြားကြီး သတိပေးလိုက်တယ်။ ‘တရားအားထုတ်ကြ၊ ဝိပဿနာ ရှုကြ၊ မမေ့ကြနဲ့’လို့ ထူးထူးခြားခြား သတိပေးတဲ့စကားမို့ လေးလေးစားစား လိုက်နာကြဖို့ သင့်တယ်ဆိုတာ ဆုံးဖြတ် ချက်ချ။ ဝိပဿနာမလုပ်ခင် အသေက ဦးသွားရင်ဖြင့် ဂျောက်ကျဖို့သာ ပြင်ထားကြတော့ပဲလို့ ပြောလိုက်ပါတယ်။ ဂျောက်မကျချင်ရင် အခုနှယ်က ဝိပဿနာအလုပ် လုပ်ထားကြဖို့ သင့်တယ်ဆိုတာ မှတ်လိုက်ကြ။
ဝိပဿနာမလုပ်မိရင် သေခါနီးမှ နောင်တရကြမယ်။ ဪ… အချိန်အခါရတုန်းက တရားအားမထုတ်မိ တာ မှားပါပေါ့လား?။ အလုပ်မပါလို့ သေခြင်းဆိုးနဲ့ အခုကြုံရတော့မယ်။ ဘယ်သား ဘယ်သမီး၊ ဘယ်ပစ္စည်းမှ မကယ်နိုင်ကြတော့ပါလားဆိုပြီး ဝမ်းနည်းပက်လက် မျက်ရည်ကျရမယ်။ အဲဒီအခါမှ သတိရလို့တော့ အပိုပါပဲ။ ဒေါမ နဿဖြစ်ပြီး ပိုလို့သာ နစ်မွန်းဖို့ပဲ ရှိတော့တယ်ဆိုတာ ရိပ်မိကြ။ ဒါကြောင့် မလုပ်ရင် မဖြစ်ဘူးဆိုတဲ့ အဓိပ္ပာယ်ပေါ်ကြ ပလား?။
သွားရာမမြင်ဘဲ မသေဘူး
သေခါနီးကရင် သွားရ၊ ရောက်ရမယ့် ဘုံဘဝကို မြင်ရတယ်။ အဲဒီသွားရမယ့်ဘဝကို မြင်ပြီးမှသာ သေတယ်။ သွားရာမမြင်ဘဲ မသေဘူးဆိုတာ မှတ်ထားကြ။ အလုပ် မလုပ်ရသေးလျှင် သက္ကာယဒိဋ္ဌိ တန်းလန်းနဲ့ သေရမှာချည်းပဲ။ သက္ကာယအစွဲနဲ့ သေရသူမှန်သမျှ ဒုဂ္ဂတိဘဝဆိုတာ မြေကြီးလက်ခတ်ပါပဲ။ ဒကာ၊ ဒကာမတွေရဲ့ ကြုံရ၊ တွေ့ရမယ့် အဖြစ်ဆိုးတွေ မြင်လို့၊ သိလို့၊ သနားလွန်းလို့ ဘုရားကလည်း အကြိမ်ကြိမ် ဟောခဲ့တယ်။ ဘုန်းကြီးတို့ကလည်း ထပ်ခါ တလဲလဲနဲ့ ဟောပြနေတယ်။ တိုက်တွန်းနေတယ်ဆိုတာ ရိပ်မိကြ။
ဒီထဲကမှ စေတနာကို အလွဲသုံးစားလုပ်ပြီး ‘မောင်ကြီးနားပင်း’ ဖြစ်နေကြသေးတယ်ဆိုရင် ငိုချင်းချချင်သေး လို့ပဲ။ သေခါနီးကျမှ စိတ်ပင်ပန်းဆင်းရဲပြီး ဒုက္ခကြီးလှလှ ရောက်ချင်လို့ပဲဆိုတာ ဆုံးဖြတ်ချက်ချ။ ဝိပဿနာအလုပ် မလုပ်သေးသူမှန်သမျှဟာ သေခါနီးရင် ငရဲဘုံ ငရဲအိုးတွေ၊ မီးတောက်မီးလျှံတွေ၊ ပြိတ္တာဘုံတွေ၊ တိရစ္ဆာန်ဘုံတွေ၊ အမိဝမ်းရေတွေ စတဲ့ အာရုံနိမိတ်တွေ မြင်ကြရမယ်။ သွားရမယ့်ဘုံဘဝ၊ လူ့ဘဝ၊ နတ်ဘဝ၊ ဆိုင်ရာနိမိတ်တွေ မြင် ပြီးမှ သေတာ။ ဒါတွေမြင်ရင် သွားဖို့ သေချာပြီဆိုတာ မှတ်ကြ။
ဒုဂ္ဂတိက ကိုယ့်အိမ်ပိုင်လို့ ဆုံးဖြတ်ချက်ချ
မိမိမှာ ကိုယ်ခံမပါရင် ကောင်းရာသုဂတိဆိုတာ ဝေလာဝေးပြီဆိုရင် မမှားဘူး။ ဘာ့ကြောင့်လဲ?ဆိုတော့ သေခါနီးတဲ့အခါ နိမိတ်ထင်ပြီး သွားရာဘဝက ဒုဂ္ဂတိဆိုရင် အကြီးအကျယ် စိတ်မချမ်းမသာဖြစ်ပြီး သေရမယ်။ သုဂတိပဲဆိုပါဦး သေမှာသိတာနဲ့ တစ်ပြိုင်နက် လက်ရှိခန္ဓာနဲ့ သား၊ သမီး၊ ပစ္စည်းတွေနဲ့ ခွဲရတော့မယ်ဆိုတဲ့ ဒေါသ လာတယ်။ ခန္ဓာရုပ်နာမ် အမှန်မသိတော့ တဏှာ၊ ဥပါဒါန်နဲ့ စွဲထားတာကိုး။ ဒီအမှန်မသိတဲ့သဘောက မောဟအဝိဇ္ဇာ၊ အလုပ်မလုပ်ရဘဲ သေရင် ဒါတွေနဲ့သေရမှာ။ ဒိဋ္ဌိက မကွာသေးပဲကိုး။ ဒီတော့ ငါ့ကိုယ်ငါ၊ ငါ့ဥစ္စာစွဲတွေနဲ့ သေရတော့ ဒုဂ္ဂတိက ကိုယ့်အိမ်ပိုင်လို့ ဆုံးဖြတ်ချက်ချ။ သဘောပါကြပလား?။
ဝိပဿနာအလုပ် ကိုယ်ပိုင်ပစ္စည်း မရှာမိတော့ သေခါနီးမှာ အားကိုးစရာကလည်း မမြင်၊ သား၊ လင်၊ ခင်ပွန်း၊ ဆွေမျိုးသားချင်းကလည်း မကယ်နိုင်။ ကိုယ်ပိုင်အားကိုးစရာ ဝိပဿနာလုပ်ထားတာကလည်း မရှိဆိုတော့ သေရမယ့်သူဟာ ငါတော့ မှားခြင်းကြီး မှားခဲ့ပြီလို့ စိတ်မချမ်းမသာ ဖြစ်ရရှာတယ်။ ဒါကြောင့် ဒကာ၊ ဒကာမတွေ အခုနှယ် အချိန်ကောင်းရတုန်း အကြောင်းညီညွတ်တုန်းမှာ ဝိပဿနာလုပ်ကြ။ ဝိပဿနာမလုပ်မိရင် စိတ်မချရဘူး။ စိတ်ချရအောင် အသေဆိုးမကြုံရအောင် ဝိပဿနာရှုကြလို့ အထူးသတိပေးလိုက်တယ်။
အခုတော့ အဆင်မပြေတတ်သေးလို့ ဖြည်းဖြည်းတော့ လုပ်ပါမယ်ဆိုရင် သေခါနီးမှ ကိုယ်ကျိုးနည်းပေါ့ဆိုပြီး ဝိညာဏ်ချုပ်ရမယ်ဆိုတာ မှတ်ထားကြ။ သဘောပါကြလော?။ ဝိပဿနာတရား၊ မဂ်ဖိုလ်တရားကလွဲရင် တကယ် အားကိုးစရာ ဘာမှမရှိဘူး။ ဘယ်သား၊ ဘယ်သမီး၊ ဘယ်ပစ္စည်းမကလို့ ဘယ်သူမှ မကယ်နိုင်ဘူးဆိုတာ မှတ်ကြ။ စုတိပြီး ငရဲအိုးထဲ၊ ခွေးဝမ်းထဲ သွားဖြစ်ရမယ်။
ဝိပဿနာမလုပ်မိရင် ဒီတန်းနဲ့ ဒီလမ်းက သေချာတယ်
ဝိပဿနာမလုပ်မိရင် ဒီတန်းနဲ့ ဒီလမ်းက သေချာတယ်။ ဝိပဿနာ မလုပ်ချင်ရင် ဒီတန်းနဲ့ ဒီလမ်းသာ သွားဖို့ပြင်ထားကြ။ ရိပ်မိကြပလား?။ အဲဒီအခါကျမှ မှားပြီလို့ သိတယ်။ သွားရမယ့်လမ်းလည်း မြင်နေရပြီ။ လမ်းက လည်း လမ်းဆိုးမှန်းလည်းသိရော အကြီးအကျယ် နှလုံးမသာမယာဖြစ်၊ မျက်ရည်ကျရမယ်။ အဲ အဲဒီအခါမှတော့ မရတော့ဘူး။ ဘုရားသော်လည်း မတတ်နိုင်တော့ဘူး မြင်ကြပလား?။
ဒကာ၊ ဒကာမတွေ ပေါ့ပေါ့ကလေးများ မအောင်းမေ့လိုက်ပါနဲ့။ အလွန်ကြီးတဲ့ အရေးပဲဆိုတာ သိပြီး အခု လုပ်ကြလို့ တိုက်တွန်းလိုက်တယ်။ ဝိပဿနာမလုပ်ရသေးရင် အခုပေါ့သလောက် သေခါနီးမှာ ဒုက္ခရောက်ရမယ်။ သေပြီးတဲ့နောက်လည်း ခံရမယ့်ဒုက္ခတွေက အသင်္ချေနဲ့ အနန္တဆုံးစကို မမြင်နိုင်တော့ဘူး။ သေခါနီးတော့ ခန္ဓာက အကြောဆွဲ၊ မျက်စိမျက်နှာတွေကလည်းပျက်၊ တွန့်လိုက်၊ လိမ်လိုက်နဲ့ နေရင် အဲဒီလူတော့ ကိုယ်ကျိုးနည်းရှာပေါ့လို့ သာ ဆုံးဖြတ်ချက်ချ။
ဒါကြောင့် ဒကာ၊ ဒကာမတွေ ပေါ့မနေကြနဲ့။ ဝိပဿနာအလုပ် ဒီမဂ္ဂင်အလုပ်ကိုဖြင့် မလုပ်လို့ မဖြစ်တော့ ဘူးလို့ ဆုံးဖြတ်ချက်ချကြ။ ဝိပဿနာအလုပ်ဖြင့် လူတိုင်းလုပ်မှဖြစ်မယ်ဆိုတာ ရိပ်မိကြလို့ ပြောလိုက်ပါတယ်။
ဝိပဿနာအလုပ် လုပ်ကြ
ဘုရား ရှင်ကလည်း အင်္ဂုတ္ထိုရ်ပါဠိတော်မှာ-
+++”ဈာယထ ဘိက္ခဝေ မာပမာဒတ္ထ၊ မာပစ္ဆာ ဝိပ္ပဋိသာရိ နောအဟုဝတ္ထ၊ အယံ ဝေါ အမှာကံ အနုသာသနီ”။
လို့ အကြိမ်လေးဆယ်ကျော်လောက် သတိပေးစကား မိန့်ကြားဆုံးမတော်မူခဲ့တယ်။ “မေ့မေ့လျော့လျော့ ပေါ့ပေါ့တန်တန်များ မနေကြနဲ့။ ဝိပဿနာအလုပ် လုပ်ကြ။ ဒါမလုပ်မိလို့ နောက်သေခါနီးမှ နှလုံးမသာမယာ မဖြစ် ကြစေနဲ့။ ဒီစကားကို လေးလေးနက်နက် သတိပေး ဆုံးမလိုက်တယ်”
လို့ ဆိုလိုတဲ့အဓိပ္ပာယ်ပဲ။ ဒကာ၊ ဒကာမတွေရဲ့ အခြေအနေနဲ့ အဖြစ်မှန်ကို ဧကန်သိတော်မူလို့ သနားခြင်း ကြီးစွာနဲ့ သေသေချာချာ မှာကြားဆုံးမတော်မူခဲ့တဲ့ အချက်ပဲလို့သိပြီး လေးလေးစားစား လိုက်နာကြ။
အဲဒီလိုသေခါနီးမှာမှ အားကိုးရာ မရှိမှန်းသိတော့ နောင်တကြီးစွာ ရကြမယ်။ ဒီလိုနောင်တနဲ့ ဒုက္ခမရောက် ရအောင် ခုလိုအချိန်ရတုန်းက ကြိုးစားလိုက်နာကြ။ မဂ္ဂင်မှသာ အားကိုးရမှာ။ အမေလည်း အားမကိုးရ၊ အဖေလည်း မကယ်နိုင်၊ ရှာထားတဲ့ပစ္စည်းလည်း အားမကိုးရတဲ့အပြင် ချောက်ထဲတွန်းချလိမ့်မယ်။ ဒီတော့ ဒကာတို့တစ်တွေ အခုကြွားနေကြသမျှ အလကားပဲဆိုတာ ရိပ်မိကြမယ်။ ဒါကြောင့် ဘုရားရှင်က အလွန်အရေးအကြီးလွန်းလို့ အကြိမ် ၄၀ ကျော် မှာထားတော်မူခဲ့တာပဲဆိုတာ ဆုံးဖြတ်ချက်ချ။
တို့ဒကာတွေက ကိုယ့်အတွက်၊ ကိုယ့်အရေးကိုဖြင့် နည်းနည်းကလေးမှ မသိတတ်ကြ၊ မပူပင်တတ်ကြသေးဘူး။ အခုမှ တွေ့ရ၊ ဆုံဆည်းရတဲ့ ဧည့်သည်အဖို့ကျတော့ အရေးကြီးနေကြတယ်။ အိမ်သူဇနီး၊ သားသမီးဆိုတာတွေက ခုမှတွေ့ရတဲ့ ဧည့်သည်တွေပါ။ တို့ဒကာတွေက သူ့အတွက်ပဲ ပူနေကြတယ်။ ကိုယ့်အတွက်ကျတော့ မေ့နေကြတယ်။ သူ့အတွက်ဆိုရင် ဘာဖြစ်ဖြစ် ကြိုးစားမယ်ဆိုပြီး သူ့အတွက် သူ့အတွက်နဲ့ ငဲ့လုံးများနေကြရတာနဲ့ အချိန်ကုန်ရတာပဲ။ ရိပ်မိကြပလား?။
ခန္ဓာရှိလျက်နဲ့ ခန္ဓာမေ့နေကြရင် သင့်ပါ့မလား?
ခန္ဓာရှိလျက်နဲ့ ခန္ဓာမေ့နေကြရင် သင့်ပါ့မလား?။ ခန္ဓာမရှိလို့ ခန္ဓာမေ့နေကြတာဖြင့် တော်ပါသေးရဲ့။ ခန္ဓာက ကျုပ်အနိစ္စ၊ ကျုပ်ဒုက္ခ၊ ကျုပ်အနတ္တလို့ဆိုပြီး ဖောက်ပြန်ပျက်စီးပြနေတာ။ ခန္ဓာက ကြည့်ပါကြည့်ပါဆိုပြီး ဒုက္ခသစ္စာကြီး ပြနေတာ။ ဒါကို တို့ဒကာတွေက ကြောင်တောင်လုပ်ပြီး ခန္ဓာမေ့နေကြတယ်ဆိုရင် ဘယ်လိုဆိုရမတုံး?။ အကောင်းမို့ သာဖြင့် သိမှာပါပဲ။ ဒီအနေနဲ့ဖြင့် အနေကောင်း၊ အသေကောင်း မဖြစ်နိုင်ဘူးဆိုတာ မှတ်လိုက်ကြ။ သဘောပါကြ ပလား?။
ဒကာ၊ ဒကာမတွေ ကြပ်ကြပ်စဉ်းစားကြပါ။ ငါတို့အနေဟာ ဘယ်လိုအခြေများ ဆိုက်နေပလဲလို့ ရိပ်မိကြ။ တစ်သက်လုံးဟာ အရေးအမျိုးမျိုးတွေနဲ့ အကျိုးမရှိ နေလာခဲ့ကြတာပါ။ ကိုယ်ကျိုး၊ ကိုယ်စီးပွားဆိုလို့ ပဲ့ဝက်သားမျှ မပါခဲ့ကြသေးဘူး။ သူများကိစ္စ၊ အကျိုးမရှိတဲ့ကိစ္စတွေနဲ့သာ ကုန်နေကြရတာပါပဲ။ ဒကာတို့တစ်တွေ လူ့ပြည်လာကြတာ အနေကောင်းနေဖို့၊ အသေကောင်းသေဖို့ မဟုတ်ကြရတော့ဘူးဆိုရင် မမှားဘူး။ သူများအတွက်ပဲ အလုပ်ရှုပ်ပြီး အချိန်ကုန်နေကြရရှာတယ်။
မနက်လင်းလာတော့ လက်ဖက်ရည်တစ်ခွက်တောင် ဖြောင့်ဖြောင့်မသောက်ရရှာဘူး။ ဟိုသွားရ၊ ဒီသွားရ၊ ဟိုဟာလုပ်ရ၊ ဒီဟာလုပ်ရနဲ့ အားရတယ်လို့ကို မရှိဘူး။ ထမင်းနှစ်ထပ် တစ်ထပ်တည်း ပေါင်းပြီးစားရတဲ့အခါလည်း စားရနဲ့ အားရတဲ့အချိန်ရယ်လို့ကော ရှိကြသေးရဲ့လား?။ သူများအတွက်နဲ့ပဲ ရှာထွက်ရတော့မယ်ဆိုတာ ရိပ်မိကြ။ ကျေနပ်ကြပလား?။ ဒါကိုမှ သဘောမပေါက်ကြသေးရင် တို့ဒကာတွေကို ပြောလိုက်ပါတယ်။ လျှာထွက်ဖို့သာ ပြင်ထား ကြလို့။
အပါယ်သံသရာ ရိက္ခာစုလာတာပဲ
ပစ္စည်းရှိတဲ့လူလည်းရှိလို့၊ မရှိတဲ့လူကလည်း မရှိလို့ မအားကြရဘူး။ မရှိတော့လည်း မအားရ၊ ရှိပြန်တော့ လည်း မအားရဆိုတော့ ဘယ်ဟာက သက်သာသေးတုံး?။ လျှာထွက်ဖို့အပြင် မရှိပါဘူး။ တို့ဒကာတွေ အခုလူ့ပြည် လာတာ ရိက္ခာစုလာတာလားလို့ မေးလိုက်တယ်။ ရိက္ခာဆိုတာ အပါယ်ရိက္ခာကိုဆိုတာ။ ဒီအခြေကို မပြင်ကြဘူးဆိုရင် ဖြင့် အပါယ်သံသရာ ရိက္ခာစုလာတာပဲလို့ ဆိုနိုင်တယ်။ သဘောပါကြပလား?။
မျက်စိတစ်မှိတ်အတွင်းမှာ စိတ်ပေါင်း ကုဋေတစ်သန်းဖြစ်ပြီး ပျက်တယ်ဆိုတော့ မျက်စိတစ်မှိတ်အတွင်းမှာ ပဲ ဒကာတို့ အကုသိုလ်တွေ ဘယ်လောက်များမယ်ဆိုတာ စဉ်းစားကြ။ ငါစိတ် ၅၀၀၀ ကျော် ကုဋေဆိုတဲ့ အကုသိုလ် ထုတွေ အဲဒါရိက္ခာပဲ။ အလွန်တိုတောင်းလှတဲ့ အချိန်အတွင်းမှာ ဒါလောက် အကုသိုလ် စုမိ၊ ဆောင်းမိနေရင် ကျွတ် လမ်း လွတ်လမ်း မမြင်တော့ဘူးလို့ မှတ်ကြ။ ငရဲကို သူကချတာ။ သူ့ပဲ စုဆောင်းနေကြပြန်ဦးမယ်ဆိုရင် ဒီထက်မိုက် ဖြင့် မရှိတော့ဘူးဆိုတာ ဆုံးဖြတ်ချက်ချ။
ငရဲကျတဲ့သူဟာ ငရဲမှာ အရှင်လတ်လတ်ကြီး ခံရတာ။ ငရဲသူဟ မသေဘူး၊ အရှင်အတိုင်း ခံရတာလို့မှတ်ကြ။ ဒီလိုခံရတာ အတိုင်းအဆမရှိဘူး။ အချိန်ဘယ်လောက်ကြာမယ် မသိနိုင်ဘူး။ ဘုရားက ကံကုန်ရင် ငရဲသက်ကုန်မယ်။ သူ့ကံမကုန်ရင် ခံဦးပဲလို့ ဟောတယ်။ ရိပ်မိကြပလား?။ ဒကာတွေမှာ အကုသိုလ်ကြွေးတွေ ဘဝအဆက်ဆက်က ပါလာတဲ့ အကုသိုလ်တွေက လည်ပင်းတွင်မကတော့ဘူး။ နေကြပြီဆိုရင် ငြင်းဖို့မရှိတော့ဘူး။ ရှင်းကြပလား?။
ဘုရားက ကိုယ်တော်တိုင်သိလို့ ဒကာတွေ ဖြစ်စဉ်ကလည်း ဒီအတိုင်းကိုက်နေလို့ မဟာကရုဏာတော်နဲ့ ဟောတော်မူခဲ့တာ။ ဘုရားဟောတာလည်းဖြစ်လို့ တို့ဒကာတွေရဲ့ ဖြစ်စဉ်ကလည်း အကိုက်မို့လို့ ဘာမှ သံသယဖြစ်ဖို့ မရှိတော့ဘူး။ ဒီအခြေ ဒီအနေနဲ့ဖြင့် နေရာမကျသေးဘူး၊ နေလို့မဖြစ်သေးဘူး၊ လုပ်မှပဲဖြစ်တော့မယ်လို့ ဆုံးဖြတ်ချက် ချ။
မဂ်ကုသိုလ်မှသာ ကယ်နိုင်ပေမယ်
စုတိပြီး ပဋိသန္ဓေလာတာပဲ။ စုတိနဲ့ ပဋိသန္ဓေ အခြားမရှိဘူး။ ဒါကြောင့် ‘အနန္တရပစ္စယော’တဲ့။ အခြားမရှိ ကျေးဇူးပြုတယ်လို့ မှတ်ရမယ်။ လက်ဖျစ်တစ်ကွက်၊ လက်ဖျစ်တစ်ခါတီးမှာ အကုသိုလ်ဇောတွေ ဒီလောက်များနေရင် အခြားကုသိုလ်က ကယ်နိုင်ဖို့ မမြင်တော့ဘူး။ ဝိပဿနာကုသိုလ်၊ မဂ်ကုသိုလ်မှသာ ကယ်နိုင်ပေမယ်ဆိုတဲ့အချက်ကို လေးလေးနက်နက် မှတ်လိုက်ကြ။
ဒကာ၊ ဒကာမတွေမှာ ဘဝအဆက်ဆက် သံသရာ ကမ္ဘာအနန္တက ပါလာတဲ့ အကုသိုလ်ကြွေးတွေကလည်း အသင်္ချေ အနန္တရှိနေကြတယ်။ အလယ်ဇော ငါးခုနဲ့ လုပ်ခဲ့တဲ့ ‘အပရာပရိယ’ စေတနာကံတွေပဲ။ အဲဒီသိန်းပေါင်း များစွာ မရေတွက်နိုင်တဲ့ ကြွေးတွေဟာ မဂ်တစ်ချီတည်းပေါ်ရင် ပျောက်တယ်။ အကုန်ကျေပါတယ်။ ခန္ဓာနဲ့သာ ဆပ်လို့သာဖြင့် ကျေနိုင်စရာ မမြင်တော့ဘူးဆိုတာ မှတ်ထားကြ။ သဘောပါကြပလား?။
ဒါကိုသိရရက်နဲ့ အခုတော့ မအားသေးလို့ တစ်စတစ်စတော့ လုပ်ပါမယ်ဆိုရင် ဘုန်းကြီးက မေးလိုက်ပါတယ်။ ဒကာတို့ဟာ မိုက်ကြလို့လား?၊ မသိမလိမ္မာသေေးတဲ့ အကလေးမို့လား?လို့ ပေါ့ပေါ့ကလေးထင်ပြီး တစ်စတစ်စ မလုပ်ကြနဲ့။ အခုချက်ချင်း အရေးတကြီးလုပ်ကြလို့ သတိပေးလိုက်ပါတယ်။ သာမညအရေး မဟုတ်ဘူး အလွန်ကြီးတဲ့ အရေးပဲဆိုတာ သိကြတော့။
ဝိပဿနာအလုပ်ကမှ ကိုယ့်ကိုယ် ကယ်တင်မဲ့အလုပ်
ဝိပဿနာအလုပ်ကမှ ကိုယ့်ကိုယ် ကယ်တင်မဲ့အလုပ်ပဲဆိုတာ ရိပ်မိကြ။ ဒါမှ မရိပ်မိလို့ မလုပ်မိရင် သားကြား၊ သမီးကြား၊ ဆွေကြားမျိုးကြားက အပါယ်သွားရမှာ မုချပါပဲ။ တကယ်အရေးကျရင် ဒါပဲအားကိုးစရာရှိတယ်။ ဒီဝိပဿနာ အလုပ် မလုပ်လို့ မဖြစ်ကြဘူး။ သတ္တဝါတိုင်းမှာ ကြွေးက အသင်္ချေနဲ့ အနန္တမို့ များလှပါတယ်။ များလွန်းလို့ ဒီပြင် ဘာနဲ့ဆပ်လို့မှ မကျေနိုင်ဘူးဆိုတာ မှတ်ကြ။
ဝိပဿနာအလုပ်လုပ်ရင် ပထမ ပဉ္စင်္ဂီကမဂ်ကိုရမယ်။ နောက် မဂ္ဂင်ရှစ်ပါးလုံးရမယ်။ အဲဒီအခါမှာ အကုသိုလ် ကြွေး အားလုံးကျေပြီး အဟောသိကံတွေ ဖြစ်ကုန်ကြရမယ်။ ဘုရားက ရာဟုလာသားကဲ့သို့ ချစ်သနားတော်မူလို့ အမွေထားခဲ့တဲ့ တရားတော်လို့ မှတ်ကြ။ အားကိုးဖို့များ မကောင်းကြဘူးလား?။ ဘယ်လောက်များတဲ့ ကြီးတဲ့ အကုသိုလ် ပဲဖြစ်ဖြစ် မဂ်ရရင် အားလုံးကျေနိုင်တယ်ဆိုတာ မှတ်လိုက်ကြ။ သဘောပါကြပလား?။
မိလကရဟန်းဝတ္ထု
ဒီအချက်မှာ မိလကဝတ္ထုကို ထုတ်ပြောမယ်။ အရင်က မိလကဆိုတဲ့ သားသတ်မုဆိုးတစ်ယောက်ရှိတယ်။ အဲဒီမုဆိုးဟာ စွမ်းနိုင်လောက်တဲ့ အချိန်အရွယ်ကစပြီး သားသတ်မုဆိုး အလုပ်နဲ့ပဲ လုပ်ကိုင်စားသောက်လာခဲ့တယ် တဲ့။ တောထဲသွား၊ ကျော့ကွင်း ၁၀၀-၉၀ ယူပြီး သားကောင်တွေ ထောင်ဖမ်း၊ ဒီကရတဲ့ သားတိရစ္ဆာန်တွေ ရောင်းချ။ အဲဒီလို လုပ်ကိုင်စားသောက်နေရတယ်။
အဲဒီလိုနဲ့ လုပ်ကိုင်စားသောက်လာတာ အသက်အရွယ်ကလည်း ထောက်ပြီး နှစ်ပေါင်းအတော်ကြာလာတော့ အကုသိုလ်ဇောတွေက အလွန်မတန် များလာတာပေါ့။ ဇောက တစ်ခါစောရင် ၇ ကြိမ်၊ ပထမဇောက မျက်မှောက် ဘဝမှာတင် အကျိုးပေးတယ်။ သတ္တမဇောက ဒုတိယဘဝမှာ အကျိုးပေးတယ်။ အလယ်ဇောငါးခုက တတိယဘဝ ကစပြီး နိဗ္ဗာန်တိုင်အောင် နိဗ္ဗာန်မရမချင်း အကျိုးပေးမယ်လို့ မှတ်ထားကြ။
ဒီတော့ ဒီမုဆိုးမှာ အရွယ်ကြီးလို့ မုဆိုးသက်က ကြာလာတော့ ဒီဘဝမှာတင် အကျိုးပေးမယ့် ပထမဇော တွေက အများကြီး စုမိနေတာပေါ့။ ဒီလိုနဲ့ သတ်ဖြတ်ပြီး ရောင်းဝယ်လုပ်ကိုင်ကျွေးနေရာက တစ်နေ့ကျတော့ တောထဲ မှာ သားကင်တွေဘာတွေစားပြီး ရေငတ်လာတယ်။ သားကင်စားပြီးလို့ ရေငတ်တော့ ရေသောက်စရာ ရှာရတာပေါ့။
ဒီလိုနဲ့ ရေရှာရင်း ရဟန္တာတစ်ပါး သီတင်းသုံးနေတဲ့ တောရကျောင်းတစ်ကျောင်းထဲ ရောက်သွားရှာတယ်။ ဒါနဲ့ အဆင်သင့်ပြီဆိုပြီး ကျောင်းဝင်းထဲဝင် ရေအိုးတွေတွေ့တော့ သောက်ချင်လှတဲ့ဇောနဲ့ ရေခပ်လိုက်တာပေါ့။ ရေခပ်လိုက်တာ့ ဂျောက် ဂျောက် ဂျောက်နဲ့ ရေမတွေ့ရရှာဘူးတဲ့။ ရေအိုးနဲ့ ရေမှုတ်ခိုက်မိတဲ့ ဂျောက် ဂျောက်သံပဲ ကြားရတော့တယ်တဲ့။
ဒီတော့ မုဆိုးက “အင်း ရဟန်းတွေဟာ လူများတွေလှူတဲ့ ဆွမ်းကွမ်းကို အသာကလေး စားနေရရက်နဲ့တောင် အပျင်းထူလိုက်ကြတာ။ သောက်ရေကလေးတောင် ခပ်ထားဖော်မရကြဘူး”လို့ ရေရွတ်ပြီး အပြစ်တင်လိုက်သေးသတဲ့။
ပထမဇောစေတနာက ၇ ရက်၊ ၇ လ၊ ၇ နှစ်အတွင်း အကျိုးလာပေးတာ
တို့ဒကာတွေသိဖို့က ရေမတွေ့ဘဲ ဂျောင်း ဂျောင်း မြည်နေတာ ပထမဇောစေတနာက ၇ ရက်၊ ၇ လ၊ ၇ နှစ်အတွင်း အကျိုးလာပေးတာပဲလို့ မှတ်လိုက်ကြ။ ရိပ်မိကြပလား?။
မုဆိုးက ရေမတွေ့ဘဲ ရေအိုး ဂျောင်း ဂျောင်းမြည်တော့ ဪ ရေမရှိပါလား။ ရဟန်းတွေဟာ သူများဟာ စားပြီး ရေကလေးတောင် ပြည့်အောင် ခပ်ဖော်မရဘူးတဲ့။ ဒီတော့ ဒီအသံကို တစ်နေရာမှာ သင်္ကန်းချုပ်နေတဲ့ ရဟန္တာကိုယ်တော်က ကြားရတယ်။ ကြားတော့ ရဟန္တာက စဉ်းစားပြီး သွားကြည့်လိုက်တယ်တဲ့။
မနက်က ရေအိုးတကာ အပြည့်ခပ်ထားတာပါ။ ယိုများကျကုန်သလား?။ ဘယ်လိုပါလိမ့်မလဲလို့ စဉ်းစားပြီး သွားကြည့်လိုက်တော့ ရေအိုးတကာမှာ ရေတွေ အပြည့်ချည်းရှိတာ တွေ့ရတယ်တဲ့။ ဒါနဲ့ ရဟန္တာက “ဒကာကြီး လာဦး ဘာလိုချင်လို့လဲ။ ရေသောက်ချင်လို့လား?လို့ မေးပြီး ရော့ သောက်သောက်လို့ဆိုပြီး သူ့ရှေ့တင်ပဲ ခပ်ပေး လိုက်တော့ မုဆိုးဟာ ရေကို ဝအောင် သောက်ရတော့တယ်တဲ့။
စကားစပ်လို့ ပြောရဦးမယ်။ အခုနှယ် တချို့တွေက ညည်းကြတယ်။ ငွေတွင်းက နက်လှပြီ ငွေရှာဖို့က မလွယ်တော့ဘူးတဲ့။ ငွေတွင်းနက်တယ်ဆိုတာ ပထမဇောက အကျိုးပေးလာတာလို့ မှတ်ကြ။ အခုဖြစ်တန်သလောက် ဖြစ်နေကြပြီ။ ရှေးကအနေနဲ့ အခုနေရတဲ့အနေနဲ့ နောက်နေရမယ့်အရေးကို ဉာဏ်နဲ့သာ တွေးကြည့်ကြတော့လို့ ပြောလိုက်ပါတယ်။
ဣဿာ, မစ္ဆရိယဆိုတဲ့ မနာလိုဝန်တိုတဲ့ဇောတွေ၊ ဒီဇောတွေက အားကြီးလာတော့ မိုးကခေါင် ရာသီဥတုက မမှန် အသီးအနှံတွေ သိမ်ဖျင်းလာ အခုအခါမှာဆိုရင် မြေအောက် ၆ တောင်လောက် ဩဇာငုပ်သွားပြီ။ ဒါတွေ စဉ်းစားပြီး လုပ်ဖို့သင့်တယ်ဆိုတာ ဆုံးဖြတ်လိုက်ကြ။ မုဆိုး ရေပျောက်တာဟာ တို့အဖြစ်နဲ့ဖြင့် ခပ်ဆင်ဆင်ပဲလို့ စဉ်းစားကြ။
လူစင်စစ်က လူ့ပြိတ္တာဖြစ်နေရပြီ
အဲဒါနဲ့ မိလကမုဆိုးက စဉ်းစားတယ်။ အင်း ငါ့အဖြစ်ဟာဖြင့် အတော်ဆိုးဝါးနေပါပေါ့ကလား။ လူစင်စစ်က လူ့ပြိတ္တာဖြစ်နေရပြီ။ ရှိတဲ့ရေတောင် ပျောက်လောက်အောင်ဖြစ်တဲ့ အဖြစ်ဟာဖြင့် လူကြားလို့မှ မတော်တော့ဘူး။ ငါ့အခြေနဲ့ဖြင့် ဒီအတိုင်းနေလို့တော့ မဖြစ်တော့ဘူး။ ဒီအလုပ်ကို အခုစွန့်မှပဲလို့ သံဝေဂရပြီး သူ့မှာပါတဲ့ လေး၊ မြား၊ ဓား၊ လှံ စတဲ့ မုဆိုးကြိယာအသုံးအဆောင်တွေကို စွန့်ပစ်လိုက်တယ်တဲ့။
ဒီနောက် ရဟန္တာမထေရ်ထံမှာ “တပည့်တော် သင်္ကန်းဝတ်ပါရစေ ဒီအခြေနဲ့ဖြင့် နေလို့မဖြစ်တော့ဘူး။ တပည့်တော်ကို သင်္ကန်းဝတ်ပေးတော်မူပါ ဘုရား”လို့ သာသနာ့ဘောင် ဝင်ခွင့်တောင်းတော့တယ်။ ဒါနဲ့ ရဟန်းတော် ကလည်း သူ့မှာရှိတဲ့ သင်္ကန်းနဲ့ပဲ ဝတ်ပေးလိုက်တယ်။ အဲဒီလိုဝတ်ပေးပြီးတော့ ကိုင်း မင်းတရားအားထုတ်ရမယ်လို့ အမိန့်ရှိပြီး အားထုတ်ဖို့ရာ နည်းလမ်းအစဉ်ကို ညွှန်ပြပေးတော်မူလိုက်တယ်။
ဒါနဲ့ အဲဒီမုဆိုးထွက် ကိုယ်တော်ဟာ တရားအားထုတ်ပါရော။ တရားအားထုတ်တော့ သူ့အာရုံမှာ လေးတွေ၊ မြားတွေ၊ ဓား၊ လှံ၊ လက်နက်တွေ၊ သားသမင် ခေါင်းပြတ်တွေ၊ အသားတွေ၊ အရေတွေ စတဲ့ အာရုံတွေပဲ ပေါ်ပြီးနေ တော့တယ်တဲ့။ အားထုတ်တိုင်း ထုတ်တိုင်း ဒီလေး၊ မြား၊ ကျော့ကွင်း စတဲ့ အာရုံတွေချည်း ပေါ်လာနေတော့ အတော် စိတ်ပျက်နေတာပေါ့။ တရားကို အာရုံပြုလို့ မဖြစ်နိုင်လောက်အောင်ပဲ စိတ်ရှုပ်လာတော့တယ်။
သူ့သံသယ, ကုက္ကုစ္စ ဝင်နှိပ်စက်နေလို့
ဒါတွေပေါ်နေတာ ဘာကြောင့်လဲ?ဆိုတာ သိကြရဲ့လား?။ သူ့သံသယ, ကုက္ကုစ္စ ဝင်နှိပ်စက်နေလို့ဆိုတာ မှတ်ကြ။ သူက ငါတစ်သက်လုံး မုဆိုးလုပ်လာခဲ့ပြီး တရားအားထုတ်လို့ ရမှရပါ့မလား? ဖြစ်မှဖြစ်ပါ့မလား?နဲ့ သံသယ တွေ ဝင်နှောင့်ယှက်နေလို့ ဒီအဖြစ်ကြုံရတယ်ဆိုတာ မှတ်ကြ။ သံသယကုက္ကုစ္စဟာ ဘယ်လောက်ကြောက်စရာကောင်း တယ်ဆိုတဲ့အချက် ပေါ်ကြပလား?။
ဒါနဲ့ အဲဒီ မိလကရဟန်းဟာ “ငါ့အဖြစ်နဲ့ ငါဖြစ်လိုရာဖြစ်စေတော့ မထူးတော့ပါဘူး”လို့ စိတ်ဓာတ်ကျပြီး ရဟန်းတော်ထံ သွားလျှောက်တယ်တဲ့။ “တပည့်တော်ကံနဲ့ တပည့်တော်ပဲ ရှိပါစေတော့ဘုရား။ တပည့်တော်ကို လူ ထွက်ခွင့်ပေးပါတော့ ထွက်ပါရစေ”လို့ လျှောက်တော့ ရဟန်းတော်က အဖြစ်သနစ်ကို မေးလို့ အကုန်ပြန်ပြီး လျှောက် ထား ပြောပြလိုက်တယ်တဲ့။
ဒါနဲ့ ရဟန္တာမထေရ်ကလည်း “ကိုင်း ကိုင်း မပျော်လို့ ထွက်ချင်လည်း ထွက်တာပေါ့။ ဒါပေမဲ့ ဒဏ်လေး၊ အပြစ်လေးကျေအောင် လုပ်ရလိမ့်ဦးမယ်”ဆိုပြီး သဖန်းသားတွေ လှည်းငါးစည်းတိုက်လောက်ရအောင် အခုတ်ခိုင်းပြီး တစ်နေရာမှာ စုပုံထားစေတယ်တဲ့။
နောက်ပြီး အဲဒီငါးစည်းလောက်ရှိတဲ့ သဖန်းသားအစိုပုံကြီးကို ပြာဖြစ်အောင် မီးနဲ့ရှို့ကွာဆိုပြီး မီးရှို့ခိုင်းလိုက် တယ်။ ဒီတော့ မိလကကလည်း မီးစကလေးနဲ့ ဟိုဘက်ကရှို့ ဒီဘက်ကရှို့ဆိုသလို လှည့်ပတ်မီးရှို့လိုက်တာ အချိန်သာ ကုန်ရော မီးလောင်ဖို့နေနေသာသာ စွဲတောင်မစွဲနိုင်ဘူး။ သဖန်းသားအစိုတွေဆိုတော့ ဘယ်မီးစွဲနိုင်ပါ့မလဲ?။ အဆီတွေ သာ ထွက်နေတော့တာပေါ့။
ငရဲကြီးရှစ်ထပ်ကို ပြတော်မူလိုက်တယ်
ဒါနဲ့ မိလကက စိတ်ပျက်ပြီး အရှင်ဘုရား ဘယ်နည်းနဲ့မှ တပည့်တော် မတတ်နိုင်တော့ဘူးလို့ လျှောက်တော့ ရဟန္တာက “ကောင်းပြီ ဒါဖြင့် ဒီနားမှာ ခဏရပ်နေ ဟောဒီမှာကြည့်လိုက်စမ်း”လို့ ပြောပြီး အဘိဉာဏ်တန်ခိုးနဲ့ မြေ ကြီးကို ဟက်ပြီး ငရဲကြီးရှစ်ထပ်ကို ပြတော်မူလိုက်တယ်။ မိလကဟာ ရဟန္တာက မြေကြီးခွဲပြတဲ့နေရာက အသေအချာ ကြည့်လိုက်တော့ လားလား… ငရဲကြီးထဲမှာ သူ့မိဘ၊ သူ့ဆွေမျိုးတွေကို ထင်ထင်ရှားရှားကြီး ငရဲခံနေကြရတာကို တွေ့မြင်ရတယ်။
ခံနေရတဲ့ အခြင်းအရာက အလွန်တရာ ဆင်းရဲဒုက္ခရောက်ပြီး ကယ်ပါ၊ ယူပါ တစာစာနဲ့ ဟိုပြေး ဒီပြေး၊ ခွေးနက်ကြီးတွေ စွန်ရဲကြီးတွေက လိုက်ကိုက်ဆွဲ၊ ထိုးကြ၊ ဆိတ်ကြ၊ မီးတောက်မီးလျှံတွေက စာဟုံးဟုံးနဲ့ နောက်ကလိုက် လောင်။ ငရဲထိန်းတွေက သံပူရည်၊ ကြေးပူရည်တွေထဲ ပစ်ချ။ ဘင်ပုပ်တွင်းထဲ ချလိုချ။ ပိုလောက်ကြီးတွေ တဖွားဖွား ထကိုက်၊ မီးကျီးပြင်ကြီးမှာ ပြေးကြလွှားကြ။ ဟိုနားကောင်းနိုးနိုး ဒီနားကျသက်သာနိုးနိုးနဲ့ အမျိုးမျိုး အနှိပ်စက် အဆင်းရဲခံပြီး ပွက်ပွက်ညံနေတဲ့ အသံတွေကိုတောင် ကြားရတယ်တဲ့။
ဓားမပေါက်ဆိန်တွေနဲ့ ခုတ်ကြထစ်ကြ, သံပူစူးတွေနဲ့ ထိုးကြဖောက်ကြ, သွေးရဲရဲ သံရဲရဲ အမဲဖျက်သလို နှိပ်စက်ကြ, ပါးစပ်ထဲကို သံပူရည် ကြေးပူရည်တွေ လောင်းထည့်, ဗိုက်ထဲမှာ လောင်မြိုက်ပြီး ဒွါရက ထွက်ကျနဲ့ ကြီး ကျယ်တဲ့ ဒုက္ခတွေကို မသေမရှင်ခံပြီးနေရတဲ့အဖြစ်ကို ကျကျနနကြီး တွေ့မြင်ရတော့ မိလကက “အရှင်ဘုရား တပည့်တော် မကြည့်ဝံ့တော့ပါဘူး။ ကြောက်လှပါပြီ လူလည်းမထွက်တော့ပါဘူး။ တန်ခိုးကို ရုပ်သိမ်းတော်မူပါတော့ ဘုရား”လို့ လျှောက်တော့တယ်တဲ့။
ဒါနဲ့ ရဟန္တာမထေရ်က “ကိုင်း ကြည့်ကွဆိုပြီး တန်ခိုးတော်နဲ့ ငရဲမီးကလေး ပိုးစုန်းကြူးလောက် ရှိတာကလေး ကို လှမ်းယူပြီး ခုနသဖန်းသာအစိုပုံကြီးပေါ် တင်ပြလိုက်တယ်။ ပိုးစုန်းကြူးမျှရှိတဲ့ ငရဲမီးခဲကလေးကို တင်လိုက်တင် လိုက်ချင်း ထင်းပုံကြီးဟာ မြိုက်ခနဲဆို ပြာဖြစ်သွားတော့တာပဲတဲ့။ အဲဒီကျမှ မိကလက “ခက်တော့တာပဲ”ဆိုပြီး အကြီးအကျယ် ကြောက်လန့်သွားတော့တာပေါ့။
ဝိပဿနာမလုပ်ရင် သွားဖို့သာ ပြင်ပေတော့
ဒါနဲ့ ရဟန္တာက “မင်းရောက်ရမဲ့နေရာ သိပလား?။ ဝိပဿနာအလုပ် မလုပ်ရင် ဘယ်လောက်အဖြစ်ဆိုး ကြုံမယ်ဆိုတာ မြင်ပလား?။ ဝိပဿနာမလုပ်ရင် သွားဖို့သာ ပြင်ပေတော့လို့” တရားချလိုက်တော့ မိလိကက “မှန်ပါ အရိုးကျေကျေ အရေခန်းခန်း လုပ်ပါတော့မယ်။ ခန္ဓာငဲ့လို့ မဖြစ်တော့ပါဘူး”လို့ဆိုပြီး တရားဆက်လက်အားထုတ် တယ်တဲ့။
အားထုတ်တဲ့အခါမှာ အိပ်နေဖို့ အချိန်မရတော့ဘူး။ အိပ်နေရင် ဒုက္ခများဖို့ နီးကပ်တယ်။ ဒါကြောင့် မရမချင်း မအိပ်တော့ဘူးလို့ ဆုံးဖြတ်ပြီး မအိပ်ဖြစ်အောင် ခေါင်းမှာ ကရွတ်ခွေတင်၊ ရေအိုးကိုရွက်၊ အိုးဖင်က အပေါက်ကလေး တစ်ခုဖောက်ပြီး ရေတစက်စက်ကျအောင် လုပ်ထားတယ်။ နောက်ပြီး ဂုံနီအိတ်စုတ် ရေစွတ်ပြီး ခြေထောက်မှာစီး၊ အဲဒီလိုလုပ်ပြီးမှ တရားအားထုတ်ကြိုးစား ကျင့်လိုက်တယ်တဲ့။
အဲဒီ မိလက အားထုတ်နေတဲ့အနားမှာ ရဟန်းတော်တစ်ပါးက ထိုင်စောင့်နေပြီး “သတိထား၊ ဝီရိယစိုက်၊ ပညာနဲ့ရှု”လို့ ရွတ်ဆိုသင်ပေးနေတယ်။ ဒီလိုနဲ့ ကြိုးစားအားထုတ်လိုက်တာ မကြာခင် ဝေဒနာပေါ်လာတယ်။ အဲဒီ ပေါ်လာတဲ့ ဝေဒနာကို ပေါ်သမျှ ဖြစ်ပျက်၊ ဖြစ်ပျက်လို့ အနိစ္စအချက် ဖြစ်ပြီးပျက်တဲ့သဘောကို ရှုမှတ်နေတယ်။
အဲဒီလိုပေါ်လာသမျှ ဝေဒနာမှာ ဖြစ်ပျက်ရှုပေးတော့ အနိစ္စအချက်၊ ဒုက္ခအချက်၊ အနတ္တအချက်မှာ ကွက် ကွက်ကွင်းကွင်း ဉာဏ်ပေါ်ပြီး မနက်လင်းတဲ့အခါမှာ အနာဂါမ်တိုင် ရောက်သွားတော့တယ်။ ဒီတော့မှ တစ်သက်လုံး လုပ်လာခဲ့တဲ့ အကုသိုလ်ကြွေးတွေအတွက် မိလကရဟန်းဟာ မဂ်တစ်ချက်တည်းနဲ့ တိခနဲ ဖြတ်လိုက်တာ အကုန်လုံး ကျေသွားပါရော။
ကယ်ယူမှုတရားကိုဖြင့် ကိုယ်တိုင် ရအောင်လုပ်ကြ
ဒါကြောင့် ဒီတရားမှ ကယ်နိုင်ယူနိုင်တဲ့ တရားအစစ်ပဲ။ တို့ဒကာတွေ ကယ်ယူမှုတရားကိုဖြင့် ကိုယ်တိုင် ရအောင်လုပ်ကြ။ ဒါမှသာ ကယ်ယူမှု အမှန်ရကြမှာ။ ဒီတော့ ဘာဝေဒနာလာလာ သည်းခံပြီး ငရဲထက် မဆိုးသေးဘူး ဆိုပြီး လုပ်ကြ။ တို့ဒကာတွေ ဒီလောက်တော့ မလုပ်ရပါဘူး။ ဒါမလုပ်မိရင် ငရဲဒုက္ခ အဆုံးအစမရှိဘူး။ မရ အရ ကြိုးစားကြ။
ဒါကိုမှ မလုပ်သေးရင် သေခါနီးမှာ ဒုက္ခကြီးလှလှတွေ့ရမယ်။ ခေါင်းအုံးပေါ်မှာ မျက်ရည်ကျပြီး တောင်ဆွဲ မြောက်ဆွဲနဲ့ သေကြရမယ်။ ရှင်းကြပလား?။
ဒီတော့ “မသေခင်က ဝိပဿနာရှုကြ၊ သေခါနီးမှ နှလုံးမသာမယာ မရှိကြစေနဲ့။ ငါဘုရား အဆုံးအမပဲ” လို့ ဟောတော်မူခဲ့တယ်ဆိုတာ မှတ်ကြ။
ဒကာ၊ ဒကာမတွေ ကြပ်ကြပ်စဉ်းစားကြ။ ဒီထောက်ခံချက်ဝတ္ထုအရ ပထမဇောတွေအတွက် ကြောက်ဖို့ကောင်း တယ်။ မိလကဟာ ဖြစ်ပျက်မြင်၊ နောက် ဖြစ်ပျက်မုန်း၊ နောက် ဖြစ်ပျက်ဆုံး အဲဒီလိုသုံးခါဆုံးတော့ အကုသိုလ်ကြွေး အကုန်ကျေ၊ အကုန် အဟောသိကံ ဖြစ်သွားပါရော။ အဲဒီအခါမှာ မိလကက ဥဒါန်းစကား ကျူးရင့်လိုက်တယ်တဲ့။
”ဘုရားရှင်၏ တရားတော်မြတ်ဟာ အကုသိုလ်ဟူသမျှ အကုန်ပယ်သတ်နိုင်ပါကလား” စတဲ့ ဂါထာကို ရွတ် ဆိုကျူးရင့်လိုက်တယ်။
ဒကာ၊ ဒကာမတွေ ဒီအချက်ကို လေးလေးနက်နက် မှတ်သားပြီး အားကိုးဖို့များ မကောင်းကြဘူးလား?။ ဒါဖြင့် ကြိုးစားကြ။
ကိုင်း… ယနေ့ ဒီတွင်ပဲတော်ကြဦးစို့။
*********
နိဂုံးစကား
+++အပ္ပကာ တေ မနုဿေသု၊ ယေဇနာ ပါရဂါမိနော၊
အထာယံ ဣတရာ ပဇာ၊ တီရမေဝါနုဓာဝတိ။ ။
၂။ ယေစ ခေါ သမ္မဒက္ခာတေ၊ ဓမ္မေ ဓမ္မာနုဝတ္တိနော။
တေဇနာ ပါရမေဿန္တိ၊ မစ္စုဓေယျံ သုဒုတ္တရံ။ ။
(ဓမ္မပဒ ပါဠိတော်-ဓမ္မသဝန ဝတ္ထု)
အဓိပ္ပာယ်
လောကနေသူ အများသော လူအပေါင်းတို့တွင် နိဗ္ဗာန်ကြငှန်း ဟိုဘက်ကမ်းသို့ ကူးသန်းထုတ်ချောက် ပေါက် ရောက်နိုင်သည့်သူတို့ကား အနည်းအပါးမျှသာ ရှိကြပေကုန်၏။ ထိုသည့်အနည်းငယ်မျှ ကျွတ်တမ်းဝင်နိုင်ကြသည့် သူများမှအပ အနန္တများစွာ သတ္တဝါအပေါင်းတို့မှာ သက္ကာယဒိဋ္ဌိ စွဲငြိတန်းလန်း ဤမှာဘက်ကမ်း၌သာလျှင် အစဉ် ပတ်ချာ ပြေးသွားကာ နေရလေတော့၏။
အကြင်သူတို့ကား သုံးပါးညီညာ ကောင်းစွာ ဟောကြားတော်မူအပ်သည့် တရားတော်မြတ်၌ စူးစိုက်လိုက်နာ လျော်စွာကြိုးကုတ် အားထုတ်ကျင့်ကြံကြကုန်၏။ ထိုသို့ကျင့်ကောင်းလူအပေါင်းတို့ကား အလွန်တရာ ကူးမြောက်နိုင်ခဲလှ စွာသော သေမင်းနိုင်ငံ ဘုံသုံးတန်ကို လျင်မြန်မပန်း ကူးသန်းကျော်လွှားကာ ဟိုမှာဘက်ကျွန်း နိဗ္ဗာန်နန်းသို့ လက်လှမ်း ထုတ်ချောက် ဧကန်ရောက်၍ မျက်မှောက်ပြုကြရပေလိမ်လတံ။
ဤရွေ့ဤမျှ ရေးသားပြဆိုခဲ့ပြီးသော ဒေသနာတော် အစုအစဉ်ဖြင့် ‘မိုးကုတ်ဝိပဿနာ ဒုလ္လဘဒေသနာ’ တရားတော်များကို ကမ္ပတ်ဖုံးကာ အဆုံးသတ်ရပါတော့မည်။
ထိုသို့အဆုံးသတ်ရာတွင် အထက်ဖော်ပြရာပါ ဓမ္မပဒလာ ဒေသနာ စကားရပ်ကို ကြပ်ကြပ်ကြီး နှလုံးထားပြီး ကာ ‘အနန္တ သင်္ချာလူများစွာတို့မှ မဟာဂ္ဂထိပ်စီး အသီးအခြား ထုတ်အပ်သော လူနည်းစု သဇ္ဇန အပ္ပက အသိုက်အအုံ တွင် မိမိပါ ပါဝင်စေရအံ့။ မိမိပါ ပါဝင်နိုင်အောင် ကြိုးစားတော့အံ့’ဟူသော သမ္မာဆန္ဒ ထူးမြတ်သည့် အာသီသဖြင့် မရလျင်မနေ အရိုးပင်ကြေကြေ အရေပင်ခန်းခန်း မဆုတ်တမ်း အားသစ်နိုင်ကြပါစေဟူသော တိုက်တွန်းလွှာ စေတနာ သေဉ္စာဒိတ အရင်းမူပြီးလျှင် ဓမ္မ အဆွေတော်များသည်-
*********
ပတ္ထနာကာရ
+++ဝိလေခနမိဒံ ကမ္မံ၊
ဝဟံဝိရာဂ မဂ္ဂဂ္ဂံ။
ကရေယျာဟံ ဝိမုတ္တတ္တံ၊
ဟိတံ လောကဿ လောကဂ္ဂံ။ ။
ဆုတောင်း
မိုးကုတ်ဝိပဿနာ၊ ဒေသနာဒုလ္လဘ၊ ဟောစဉ်ပြလျက်၊ ကျင့်ရလမ်းမှန်၊ တရားမွန်ကို၊ ဇွဲသန်ဉာဏ်မြူး၊ စေတနာ ထူးဖြင့်၊ ရေးကူးတင်ပြ၊ ဤပုညကား၊ ရာဂကင်းပြတ်၊ မဂ်ဉာဏ်မြတ်ကို၊ လတ်လတ်ဖြုတ်ချည်း၊ ရွက်ဆောင်ကျည်း၍၊ ဖြင်ပည်းများစွာ၊ လူတကာ၏၊ လောကာထွက်ရပ်၊ ဝိမုတ်ဓာတ်ဟု၊ ထူးမြတ်ကောင်းကျိုး၊ ဆင့်ဆင့်တိုးအောင်၊ သည်ပိုး လွန်မင်း၊ ပြုနှိုင်လျှင်းသည်၊ ထန်ပြင်းရည်ဆု-ပန်ချွေသောဝ်။ ။
တာဝန်ခံ ရေးကူး တင်ဆက်သူ
ဦးမြင့်ဆွေ
‘မူလဓမ္မာစရိယ’
မိတ္ထီလာမြို့။
(“မိုးကုတ်ဝိပဿနာ-ဒုလ္လဘဒေသနာ (ဒုတိယတွဲ)” ပြီးပါပြီ)
