20222

အနာကင်းလွတ် ချမ်းသာမြတ် တရားတော်

သာဝကမှာ မဂ်အင်္ဂါ

(၁) သစ္စာနှင့် စပ်သော တရားကို ကြားနာခြင်း။(၂) တရားအားလျော်စွာ နှလုံးသွင်း မှန်ကန်ခြင်း။

သတိချပ်ရန်

ကျမ်းမဇ္ဈိမ၊ ပဏ္ဏာသ၊ သုံးဝ မဂ်အင်္ဂါ။

ပေဋကောပဒေ၊ အင်္ဂါနေ၊ နှစ်ထွေ မိန့်ခဲ့မှာ။

သစ္စာစပ်ငြား၊ မြတ်တရား၊ မှတ်သား ဝိသေသာ။

ကျမ်းမြတ်နှစ်ဆူ၊ ကွဲယောင်မူ၊ ညီတူဓိပ္ပါယာ။

သာဝက သာမန်၊ မဂ်ရမှန်၊ နှစ်တန်မျှအင်္ဂါ။

ပါရမီသီးခြား၊ မဟောကြား၊ မှတ်သား မြဲသေချာ။

ဆောင်ပုဒ်

သစ္စာနှင့်စပ်၊ တရားမြတ်၊ နာလတ် ရိုညွှတ်ကာ။

အာရုံတစ်ပါး၊ ရောက်မသွား၊ စိတ်ထားတည်လှစွာ။

ခန္ဓာအဇ္ဈတ်၊ သတိချပ်၊ သင့်မြတ်နှလုံးသာ။

ယထာဓမ္မံ၊ ဒေသနံ၊ မြဲမြံ စူးစိုက်နာ။

ကိလေမဝင်၊ တထိုင်တွင်၊ မြန်လျှင် မဂ္ဂသာ။

”သစ္စာနှင့်စပ်၊ တရားမြတ်နာ၊ လျော်စွာတရား၊ နှလုံးထားက၊ လျင်လျားမဂ်ဉာဏ်၊ ရဖို့မှန်၊ နှစ်တန်သာဝက အင်္ဂါတည်း”။

တရားသား

အလွယ်ဆုံး၊ အမြန်ဆုံး၊ မဂ်ရဖို့နည်း

ဒီကနေ့ညမှာ အလွယ်ကူဆုံး မဂ်ဉာဏ်ရဖို့ နည်းလမ်းကို ညွှန်ပြလိမ့်မယ်လို့ မှတ်ကြ။ အလွယ်ဆုံး၊ အမြန်ဆုံး၊ မဂ်ရဖို့နည်းကို ‘ပေဋကောပဒေသ’ ပါဠိတော်မှာ တိတိကျကျ ဟောထားတာရှိတယ်။ သာဝက သာမန်အတွက်မှာ မဂ်ရဖို့ရာ အင်္ဂါ်နှစ်ချက်ပဲ လိုပါတယ်။ များများမလိုပါဘူးတဲ့။ ဒီအင်္ဂါနှစ်ချက်နှင့် ညီညွတ်ရင် သာဝကပါရမီအတွက် လုံလောက်ပြီလို့ မှတ်ထားရမယ်။

မဇ္ဈိမပဏ္ဏာသပါဠိတော်မှာ “သူတော်ဆည်းကပ်၊ မြတ်တရားနာ၊ လျော်စွာကျင့်”ဆိုတဲ့ အင်္ဂါသုံးချက်ကို ဟော တယ်။ “ပေဋကောပဒေသ”က မြတ်တရားဆိုတဲ့ နေရာမှာ သာမည မဆိုဘဲ သစ္စာနုသန္ဓိ သစ္စာတရား၊ သစ္စာနှင့်စပ်တဲ့ တရားလို့ ထည့်ပေးတယ်။ အဆိုအမိန့်တွဲသလို ရှိပေမယ့်လည်း အဓိပ္ပာယ်ထွက်ကတော့ အတူတူရတယ်လို့ မှတ်ရမယ်။

ပေဋကောပဒေသ ပါဠိတော်က-

+++ ဒုဝေ ဟေတူ ဒုဝေ ပစ္စယာ သာဝကဿ သမ္မာဒိဋ္ဌိယာ ဥပ္ပါဒါယ ပရတောစ ဃောသော သစ္စာနုသန္ဓိ၊ အဇ္ဈတ္တဉ္စယောနိသော မနသိကာရော။

”ပကတိသာဝကအတွက် မဂ်ဉာဏ်ရဖို့ရာ အကြောင်းအထောက်အပံ့ နှစ်ချက်တည်းပဲ လိုပါတယ်။ အဲဒီနှစ်ချက် က ဆရာ့ထံမှာ သစ္စာနှင့်စပ်တဲ့ တရားစကား နာကြားမှုနဲ့ မိမိကိုယ်တိုင်က သင့်တင့်စွာ နှလုံးသွင်းမှန်ကန်မှု” ဒီနှစ်ခုပဲ လိုပါတယ်လို့ အဓိပ္ပာယ်ရတယ်။

မဂ်သမ္မာဒိဋ္ဌိဖြစ်ဖို့ ဒီနှစ်ချက်ပဲ လိုပါတယ်

ဒီတော့ တို့ဒကာတွေ သံသယရှိနေဖို့ လိုသေးသလား?။ မလိုတော့ပါဘူး။ ပါဠိတော်စကားမို့ အားထားပြီး လိုက်နာကြရမယ်။ သာဝက၊ မဂ်သမ္မာဒိဋ္ဌိဖြစ်ဖို့ ဒီနှစ်ချက်ပဲ လိုပါတယ်လို့ ဟောထားတော့ ဒီပြင် အကြောင်းရှာဖို့ မလိုတော့ဘူး။ ပါရမီစကားလည်း ပြောဖို့ မလိုတော့ဘူး။ ပါရမီစကားလည်း ပြောဖို့ မလိုတော့ဘူး။ ဒီနှစ်ချက်နဲ့ညီရင် သာဝက ပါရမီဉာဏ် ဧကန် ပြည့်စုံပြီဆိုတာ မှတ်လိုက်ကြ။ ဒီပါဠိတော်စကားနဲ့ပဲ သာဝကအရာမှာ ပါရမီအထူးမလိုဘူး ဆိုတဲ့ အဓိပ္ပာယ် ထင်ရှားပြီ။ နောက်ပါရမီနဲ့ ရိုးမယ်မဖွဲ့ကြနဲ့တော့လို့ ပြောလိုက်ပါတယ်။ ရိပ်မိကြပလား?။

မြတ်တရားဆိုတာ သာမညတရားမဟုတ်ဘူး။ သာမည ဒါနတရား၊ သီလတရား၊ သမထတရားတွေကို မဆိုဘူး။ သစ္စာနဲ့စပ်တဲ့ တရား၊ သစ္စာတရားလို့ အသေအချာမှတ်ကြ။ ဒါကြောင့် သစ္စာနုသန္ဓိလို့ ထည့်ပေးတယ်ဆိုတာ ဆုံးဖြတ် ချက်ချ။ သဘောပါကြပလား?။ ဒီသစ္စာတရားဟာလည်း တခြားမှာ သွားရှာနေဖို့ မလိုဘူး။ ခန္ဓာထဲမှာပဲ ရှိနေတဲ့တရား၊ မိမိခန္ဓာ ဉာဏ်နဲ့ရှာပြီး ကြည့်ရမှာ။ ရှာကြည့်ရင် ဖြစ်ပျက် ဒုက္ခသစ္စာကြီးရှိနေတာကို အမှန်သိကြရမယ်။ အဲဒါမှ သစ္စာတရား ဒုက္ခသစ္စာတရားပဲ။ ဒီဒုက္ခကမှ အကြီးဆုံး ဒုက္ခကြီးပဲ။ ရှင်းကြပလား?။

တခြားမှာ ကြည့်ဖို့မဟုတ်ဘူး။ တခြားမှာကြည့်ရင် သမထချည်းပဲလို့ မှတ်ကြ။ မိမိခန္ဓာမှာ ကြည့်ရမှာ။ ဒါမှ ဝိပဿနာဖြစ်မယ်။ ဒါကိုသိစေလိုလို့ ‘အဇ္ဈတ္တဉ္စ’လို့ ထည့်ပေးတယ်လို့ မှတ်ကြ။ ရိပ်မိကြပလား?။ ဒါကြောင့် တို့ဒကာ တွေအတွက် သစ္စာတရား နာကြားမှုနဲ့ မိမိခန္ဓာကိုယ်မှာ ဒုက္ခသစ္စာ အဖြစ်မှန်ကို နှလုံးသွင်းမှု ဒီနှစ်ခုကို လုပ်ကြရမယ်။ မိမိခန္ဓာရဲ့ ဒုက္ခအဖြစ်၊ အစစ်အမှန် နှလုံးသွင်းနိုင်ရမယ်။ နှလုံးသွင်း မှန်ကန်ဖို့ လိုတယ်လို့ သတိပေးလိုက်တယ်။

ဖြစ်ပျက်နဲ့မဂ်ကို အစဉ်မပြတ် အောင် လုံ့လစိုက်ဖို့ လိုတယ်

နောက်ပြီး ဟောတဲ့ပုဂ္ဂိုလ်က သစ္စာတရားဟောလို့ တရားနာတဲ့သူကလည်း တစ်ပါးအာရုံမသွားဘဲ သစ္စာတရား မှာသာ နှလုံးထားနိုင်ရမယ်။ အဲဒီလိုထားနိုင်ရင် တရားနာရင်းက သောတာပန်တည်နိုင်တယ်လို့ ‘ပေဋကောပဒေသ’ မှာ ဟောထားတယ်။ ဟောတဲ့ဆရာကလည်း သစ္စာတရားသာ ဟောပြနေ၊ နာတဲ့သူကလည်း တခြားအာရုံမထွက်ဘဲ သစ္စာမှာသာ နှလုံးသွင်းမြဲရင် တစ်ထိုင်တည်းနဲ့ ကိစ္စပြီးပါတယ်လို့ဆိုတော့ တို့ဒကာတွေ အားကိုးဖို့များ မကောင်းကြ ဘူးလား?။ ကြိုးစားယူလိုက်ကြ။

ဒီနေရာမှာ အထူးသတိပြုဖို့က ခန္ဓာမှာ နှလုံးသွင်းပြီး ရှုမှတ်ပွားများတဲ့အခါမှာ ဖြစ်ပျက်နဲ့မဂ်ကို အစဉ်မပြတ် အောင် လုံ့လစိုက်ဖို့ လိုတယ်။ မဂ်နဲ့ ဖြစ်ပျက်၊ ဖြစ်ပျက်နဲ့ မဂ်ချည်းပဲ ရှိနေရမယ်။ ဖြစ်ပျက်နဲ့ မဂ်ရဲ့ကြားမှာ ဒီပြင် ဘာစိတ်မှ အဝင်မခံကြနဲ့။ အဲဒီနှစ်ခုကြားမှာ တခြားစိတ်တွေ ဝင်နေရင် ကြာနေလိမ့်မယ်။ တခြားစိတ်တွေ ဝင်နေရင် ကိလေသာကြားဝင်တာပဲ။ ဒီလို ကိလေသာကြားဝင်များ အလုပ်လုပ်တဲ့အခါ ခရီးမရောက်နိုင်ဘူး။ ကြာနေလိမ့်မယ် ဆိုတာ မှတ်ထားကြ။ ရှင်းကြပလား?။

အခုထိ မဂ်မရသေးပါဘူးဆိုရင် ဘာကြောင့်လဲ?

ဝိပဿနာရှုနေတာ ကြာပါပြီ အခုထိ မဂ်မရသေးပါဘူးဆိုရင် ဘာကြောင့်လဲ? သိကြရဲ့လား?။ အဲဒါ ကိလေ သာ ကြားခိုနေလို့ ကိလေသာတွေ ကြားဝင်နေလို့ပဲဆိုတာ ရိပ်မိကြ။ မရသေးတာ မရတဲ့သူရဲ့အပြစ်ပဲ။ ဆရာ့အပြစ်လည်း မဟုတ်၊ ကိုယ့်အပြစ်ပဲဆိုတာ ဆုံးဖြတ်ချက်ချ။ ကိုယ်က ကိလေသာ ကြားဝင်ခံလို့ပဲ။ ကြားဝင်တော့ ပဋိစ္စသမုပ္ပါဒ်တွေ တန်းလာလို့ မဂ်ကဖြတ်လိုက်နဲ့ဆိုတော့ အားချင်းက မမျှကြဘူး။ မဂ်က အားသေးပြီး ကိလေသာက အားကောင်းနေ တော့တယ်။ ကိလေသာကသာ နိုင်နေတော့တယ်။ ရိပ်မိကြပလား?။

ဝိပဿနာရှုတဲ့အခါမှာမှ ကိုယ့်အဖြစ်မှန် ကိုယ်သိကြရမယ်။ ဒီအခါမှာမှ ကိလေသာ တောထနေမှန်း သိကြ ရတယ်။ ဒီတော့မှ ကိုယ့်အဖြစ်ဟာ ရှက်စရာကောင်းမှန်း သိကြရပြီ။ ဒီလို ရှက်စရာမှန်းသိရင်ပဲ ငါတော့ အရှက် အကြောက်ကပ်ပြီ။ ဟီရိဩတ္တပ္ပနဲ့ ပြည့်စုံလာပြီလို့ မှတ်ကြ။ သဘောပါကြပလား?။ တို့ဒကာ အရှက်အကြောက် မရှိ ကြသေးဘူးဆိုရင် တော်ပါ့မလား?။ စဉ်းစားကြ။

ဝိပဿနာရှုပြီး ကိလေသာ ကြားခိုမှန်း သိတဲ့အချိန်ကစပြီး ဟီရိဩတ္တပ္ပဆိုတဲ့ အထက်အဝတ်၊ အောင်အဝတ် ကပ်တယ်လို့ ဆိုရမယ်။ ဒီအရှက်အကြောက်ဆိုတဲ့ အဝတ်၊ မဝတ်ခင်က တို့ဒကာတွေဟာ တုံးလုံးကလေးတွေပဲဆိုရင် မမှားဘူး။ ဒါကြောင့် ဒကာ၊ ဒကာမတွေကို အထူးသတိပေးလိုက်ပါတယ်။ ဆရာသမားနဲ့တွေ့တဲ့အချိန်ကစပြီး အထက် အဝတ်၊ အောက်အဝတ် စုံကြပါစေလို့ တိုက်တွန်းလိုက်တယ်။

ကိလေသာ ကြားမခိုဖို့ သတိပြုကြ

ဝိပဿနာမရှုခင် နဂိုကတော့ ကိုယ့်အဖြစ်မှန် ကိုယ်မသိကြဘူး။ အခု အလုပ်လုပ်မှ ရှက်ရမှန်း၊ ကြောက်ရမှန်း သိလာကြတာ။ ရိပ်မိကြပလား?။ ဒီနေ့ကစပြီး အရှက်အကြောက်ရှိဖို့၊ ကိလေသာ ကြားမခိုဖို့၊ သတိပြုကြလို့ တိုက်တွန်း လိုက်ပါတယ်။ သစ္စာတရားလည်း နာကြ၊ သစ္စာတရားနဲ့ လျော်စွာလည်း နှလုံးသွင်းကြ။ ဒီထဲမှာ ကိလေသာကြားမခို၊ ကြားမညှပ်စေနဲ့။ ဒီဟာညီညွတ်ရင် တစ်ထိုင်တည်းနဲ့ မဂ်ကို ရနိုင်တယ်လို့ ‘ပေဋကောပဒေသ’မှာ လာတဲ့စကားကို ကိုးကိုးစားစား လိုက်နာကြ။

သစ္စာတရား ဟောပြမှုက ဆရာ့အလုပ်၊ ကိလေသာ ကြားမခိုဖို့က မိမိအလုပ်ပဲလို့ သိပြီး တရားနဲ့အလုပ် ကိုက်ညီအောင် ကြိုးစားကြရမယ်။ ဆရာက ဆရာ့တာဝန် ကျေပြွန်ရင် တို့ဒကာတွေ တာဝန်ကျန်တော့တယ်။ ကိုယ့် တာဝန် ကိုယ်ကျေပြွန်အောင် ဆောင်ရွက်ဖို့ရာ ကိုယ့်ဝတ္တရားပဲလို့ ဆုံးဖြတ်ချက်ချ။ ကျေနပ်ပလား?။

ဘုရားရှင်ရွှေလက်ထက်တော်အခါက တရားတစ်ပွဲတစ်ပွဲမှာ သိန်းသန်းကုဋေ တစ်ထိုင်တည်းနဲ့ အကျွတ်တရား ရကြ၊ ကျွတ်တမ်းဝင်ကြတယ်ဆိုတာ ဒီနှစ်ခု ညီညွတ်လို့ပဲဆိုတာ မှတ်လိုက်ကြ။ ပါရမီထူးလို့ မဟုတ်ဘူး။ ဒကာတို့ထက် ပါရမီထူးလို့ မဟုတ်ကြဘူး။ သူတို့က တရားနာဆဲမှာ ကိလေသာ ကြားမညှပ်လို့ တရားထူးရကြတာဆိုတဲ့အချက် လေးလေးနက်နက် မှတ်ထားကြ။ ရိပ်မိကြပလား?။ တို့ဒကာတွေက ကြံကြံဖန်ဖန် ပြောကြမယ်။ မီးခဲပြာဖုံးတွေမို့လို့ ရကြတာတဲ့။ မဟုတ်ပါဘူးလို့ ဘုန်းကြီးက ပြောလိုက်တယ်။ အလုပ်ညီညွတ်လို့ပါပဲ။ ကျေနပ်ကြပလား?။

မဂ်ဖိုလ်မရဘဲ သေသွားရရင် ကိုယ်ကျိုးကြီးနည်းပြီ

ဒကာ၊ ဒကာမတွေကို မှာလိုက်ပါတယ်။ တရားနာရင်း တစ်နာရီအတွင်းမှာဖြင့် ကိလေသာ ကြားမခိုစေရဘူး တဲ့ဆိုပြီး အဓိဋ္ဌာန်ပြုထားကြပါလို့။ ဒကာတို့တစ်တွေ ပေါ့ပေါ့တန်တန်များ မမှတ်လိုက်ကြနဲ့။ မဂ်မရ၊ ဖိုလ်မရ အသေက အရင်ဦးသွားရင် အပုံကြီးခက်လိမ့်မယ်။ မဂ်ဖိုလ်မရဘဲ သေသွားရရင် တို့တော့ ကိုယ်ကျိုးကြီးနည်းပြီလို့ အောင်းမေ့ကြ။ အသေစောရင် ကိုယ်ကျိုးနည်းအစစ်ပါပဲ။ အသေက မြန်ပါဘိသနဲ့။ ဆရာသမားက အင်မတန် ကရုဏာထားပြီး ကိုယ်ကျိုးမနည်းရအောင် အလုပ်သင်ပေးနေတာ။ ကြိုးစားသင့်တယ်လို့ ဆုံးဖြတ်ချက်ချ။

ကံ၊ စိတ်၊ ဥတု၊ အာဟာရ စတဲ့ အကြောင်းမကင်းတဲ့ ခန္ဓာရထားကြတာဖြစ်လေတော့ ကံဖောက်ပြန်ရင်လည်း အသေမြန်တယ်။ စိတ်တို့၊ ဥတုတို့၊ အာဟာရတို့ ဖောက်ပြန်လိုက်ရင်လည်း တစ်ချက်တည်းပဲ။ ရုတ်တရက် ဘုန်းခနဲ လဲပြီး သေမယ်ဆို သေနိုင်တယ်။ ဒကာတို့မျက်မြင်ပဲ မဟုတ်ပါလား?။ ခုခေတ်မှာက သတ္တဝါတွေ စိတ်၊ ဆန်းကြယ် သလောက် ကံကလည်း ဆန်းကြယ်ကြတယ်။ ကံ ဆန်းကြယ်သလောက် အသေဆန်းကြရတာ ပြောလို့တောင် ယုံနိုင် စရာ မရှိတော့ဘူး။

တို့ဒကာတွေမှာ ကံဟောင်း၊ ကံသစ်ကလေးနဲ့ မနည်းကြီး အသက်ရှည်နေကြရတာ။ အကြောင်းက ညီညွတ် နေကြသေးလို့သာပဲ။ အကြောင်းမညီညွတ်ရင် မညီညွတ်တာနဲ့ တစ်ချက်တည်း သေပွဲဝင်ကြရမယ်။ အလကားနေရင်း ကပေမယ့် ချက်ချင်းသေနိုင်တယ်။ သဘောပါကြပလား?။ ဒီတော့ အသေကမဦးခင် ကိုယ်က အရင်ဦးအောင် လုပ် ထားကြ။ ပေါ့တန်ပျင်းရိမနေကြနဲ့။ အချိန်သိပ်မရတော့ဘူးလို့ သတိပေးလိုက်ပါတယ်။

ပဋိစ္စသမုပ္ပါဒ် ပြတ်အောင်လုပ်ရမယ်

ဒီနေရာမှာ မာဂဏ္ဍီပရဗိုဇ်ကို ဟောတဲ့ တရားအချက်ကို ထည့်သွင်းပြီး ဟောလိမ့်မယ်လို့ မှတ်ကြ။ ဒီတရားဟာ မဇ္ဈိမပဏ္ဏာသပါဠိတော်မှာ လာတယ်ဆိုတာကိုလည်း ပြောခဲ့ပြီးပြီ။ မာဂဏ္ဍိက ပဋိစ္စသမုပ္ပါဒ်ကို ဆက်အောင်လုပ်ရမယ်လို့ အယူရှိတယ်။ ဘုရားက ပဋိစ္စသမုပ္ပါဒ် ပြတ်အောင်လုပ်ရမယ်လို့ ဟောတော်မူတယ်။ ပဋိစ္စသမုပ္ပါဒ် ပြတ်တဲ့အကျင့်မှ ဘုရား ကြိုက်တဲ့ အကျင့်ပဲလို့မှတ်ကြ။ လူနာအလုပ်နဲ့လူကောင်းအလုပ် ခြားနားသလို ခြားနားတယ်လို့ ဟောတော်မူတယ်။

မာဂဏ္ဍီက ဘုရားကို မျိုးပြတ်လို့ စွပ်စွဲတယ်။ သူက ပွားစီးရေးကို အလိုရှိတာလား။ ဒီတော့ ပဋိစ္စသမုပ္ပါဒ် ပြတ်တဲ့အလုပ်က ကိလေသာ မပွားစီးလို့ မျိုးပြတ်လို့ ဆိုလိုက်တာပဲ။ ပွားစီးရေးကို လိုတာက သူ့ဟာသူ အကောင်းထင် နေလို့။ မကောင်းတာမှန်း၊ နူနာမှန်း မသိသေးလို့ပဲဆိုတာ မှတ်ကြ။ အကောင်းထင်နေတော့ နူနာသည်အလုပ်ပဲ သူ က အဟုတ်ကြီး ထင်မှတ်နေတာပေါ့။ ဘုရားရှင်က အမှန်အကန်မြင်၊ အမှန်အကန် သိတော်မူလို့ နူနာသည်အလုပ်ကို မလုပ်တော့ဘူးလို့ မှတ်ရမယ်။

ဘုရားက ငါးပါးအာရုံ ကာမဂုဏ်တွေဟာ ကောင်းကျိုးမပေးဘူး။ အမြဲပူပန်စေတတ်တဲ့သဘော၊ နှစ်သက် သာယာဖွယ်မရှိတဲ့သဘော၊ ဆင်းရဲဒုက္ခကိုသာ ဖြစ်စေတတ်တဲ့သဘောပဲ ရှိတယ်လို့ ဟောတော်မူတယ်။ နောက်ပြီး မာဂဏ္ဍီကို ဘုရားက မေးတော်မူတယ်။ “လောကမှာ မင်းသူဌေး စတဲ့ သူတွေထဲမှာ ကာမဂုဏ်အာရုံတွေနဲ့ ပြည့်ပြည့် စုံစုံလိုသလို ခံစားပြီးတော့ ဒီအာရုံကာမဂုဏ်တွေအပေါ်မှာ တွယ်တာမှုကို မစွန့်လွှတ်ဘဲ ရလိုခံစားလိုမှုကို မပယ်ကြ ဘဲနဲ့ အာလယပြေပျောက်ခြင်း၊ ချမ်းငြိမ်း အေးမြခြင်းနှင့် ပြည့်စုံပြီး နေခဲ့ကြတယ်၊ နေနေကြတယ်၊ နေကြလိမ့်မယ် ဆိုတာများ အသင် မြင်ဖူး၊ ကြားဖူးသလား?”။

ကာမဂုဏ်တွေရဲ့ ဖြစ်ပျက်မမြင်လို့ မမုန်းသေးရင်

ဒီလိုမေးတော့ မာဂဏ္ဍီက “မမြင်၊ မကြားဘူးပါဘူး။ ဒီအဖြစ်မျိုးလည်း မဖြစ်နိုင်ပါဘူး”လို့ ဖြေတော့ ဘုရားက သာဓုခေါ်လိုက်တယ်။ မင်းပြောတာ မှန်တယ်တဲ့။ ငါးပါးအာရုံ ကာမဂုဏ်တွေရဲ့ အဖြစ်နဲ့အပျက်ကို မမြင်သေးဘဲ ကာမဂုဏ်တွေရဲ့ ဖြစ်ပျက်မမြင်လို့ မမုန်းသေးရင် မမုန်းလို့ မဆုံးသေးရင်ဖြင့် ဘယ်တော့မှ မအေးသေးဘူးလို့ ငါ ဘုရား ဟောတယ်လို့ မိန့်တော်မူပြီး ဥဒါန်းစကား ကျူးရင့်တော်မူလိုက်တယ်။ ဒီဥဒါန်းက-

+++ အာရောဂျ ပရမာ လာဘာ၊ နိဗ္ဗာနံ ပရမံ သုခံ။

အဋ္ဌင်္ဂီကော စ မဂ္ဂါနံ၊ ခေမံ အမတ ဂါမိနံ။

အဓိပ္ပာယ်

ကိလေနူနာ၊ ကင်းလွတ်ပါမူ၊ လွန်စွာထူးမြယ်၊ မဟာလာဘ်ကြီး၊ မည်ပါပေ၏။ တပ်မက်ကင်းလွတ်၊ ငြိမ်းအေး ဓာတ်ကား၊ ထွတ်မြတ်လွန်စွာ၊ ချမ်းသာမွန်အစစ်ကြီး မှန်လှပါပေ၏။ ဘေးပေါင်းလွတ်ရှင်း၊ သေခြင်းကင်းမှန်၊ အမတံသို့၊ သွားရန်ဖြောင့်သား လမ်းအများတွင်၊ ရှစ်ပါးမဂ္ဂါ၊ လမ်းတော်သာလျှင်၊ လွန်စွာမြတ်လှ၊ မြတ်လမ်းမကြီး မှန်လှပါပေ၏။

ဘုရားရှင်က ဒီအဓိပ္ပာယ်ရှိတဲ့ ဥဒါန်းဂါထာကို ကျူးရင့်တော်မူလိုက်တော့ မာဂဏ္ဍီက အလွန်အမင်း အံ့ဩ သွားတယ်။ ဟုတ်ပါပေတယ်၊ မှန်ပါပေတယ်၊ အံ့ဖွယ်သရဲ ရှိပါပေတယ်လို့လည်း ချီးကျူးလိုက်သေးတယ်။ နောက်ပြီး သူက ကျွန်ုပ်တို့ ဆရာစဉ်ဆက် ဆောင်ရွက်မှတ်သားလာခဲ့တဲ့စကားနဲ့ ညီညွတ်ပါပေတယ်တဲ့။ သူက သူ့အဓိပ္ပာယ်နဲ့သူ၊ သူသိသလောက်နဲ့သာ ပြောလိုက်တာပဲ။

အနာရောဂါကင်းခြင်းဟာ လာဘ် တစ်ပါးပဲ

ဒီဂါထာက ကဿပဘုရားရှင်တော် လက်ထက်ကစပြီး အဆက်ဆက် ဆောင်ရွက်မှတ်သားလာခဲ့ကြတဲ့ ဂါထာ ဖြစ်တယ်။ ဒါပေမဲ့ အဓိပ္ပာယ်အမှန်အကန်ကိုတော့ မသိကြရှာဘူး။ သူတို့သိတာက အနာရောဂါကင်းခြင်းဟာ လာဘ် တစ်ပါးပဲဆိုတာလောက်သာ သိနေကြတာ။ ဟောတော်မူလိုရင်း အနက်အဓိပ္ပာယ်ဆိုက်အောင် မသိနိုင်၊ မမြင်နိုင်ခဲ့ ကြဘူး။ ဒီတော့ သူတို့ပရဗိုဇ် အယူအဆနဲ့ သူတို့ သိမှတ်ထားတာကို မာဂဏ္ဍီက ပြောလိုက်တယ်လို့ မှတ်ကြ။

မာဂဏ္ဍီက သူ့ရဲ့ အနာရောဂါ ကင်းရှင်းပြီး ကျန်းမာနေတာမို့ အာရောဂျ ဖြစ်ပါတယ်လို့ဆိုပြီး ကိုယ်ကို သုံးသပ်ပြတယ်။ ဒီအနာမရှိ ကျန်းမာနေတာဟာ နိဗ္ဗာန်ပဲတဲ့။ ဒီတော့ ဘုရားရှင်က ဥပမာစကားနဲ့ ဆက်လက်ပြီး ဟောကြားတော်မူလိုက်တယ်။

”အမိဝမ်းတွင်းထဲက ကဏ်းလာတဲ့ သူကဏ်းဟာ လောကမှာရှိတဲ့ အမည်း၊ အဖြူ၊ အညို၊ အရွှေ စတဲ့ အာရုံ တွေကို မမြင်ဖူးဘူး။ လ-တို့၊ နေ-တို့ဆိုတာတွေလည်း သူမမြင်ဖူးဘူးတဲ့။ အဲဒီ ဘာမှမမြင်တဲ့ သူကဏ်းက လူကောင်း တစ်ယောက်က အင်မတန် ဟောင်းနွမ်းညစ်ထေးပြီး ဆီချီးတွေပေနေတဲ့ လက်နှီးတစ်ခုကို ယူလာပြီး အဲဒီသူကဏ်းကို ပြောမယ်၊ ပေးမယ်ဆိုပါတော့ သူငယ်ချင်း မင်းအတွက် အင်မတန် ဖြူစင်သန့်ရှင်းပြီး အလွန်လှပတဲ့ အထည်တစ်ခုကို ယူခဲ့တယ်။ ရော့… မင်းဝတ်တော့လို့ပေးရင် သူကဏ်းဟာ အဟုတ်မှတ်ပြီး နှစ်သက်ဝမ်းမြောက်စွာယူပြီး ဝတ်တော့ တာပဲ။ ပေးတဲ့လူကိုလည်း ကျေးဇူးတင်လို့ မဆုံးဘူးတဲ့။ အသင်မာဂဏ္ဍီ ဒါကို ဘယ်လိုသဘောရသလဲ?။ ဒီသူကဏ်း ဟာ ဒီအဝတ်ညစ်ထေးကို သိရက်၊ မြင်ရက်နဲ့ယူပြီး နှစ်နှစ်သက်သက် ဝတ်ဆင်တာလား? ဒါမှမဟုတ် လူကောင်း တစ်ယောက်သာဆိုရင် ယုံပါ့မလား? ဒီလိုမေးတော့ မာဂဏ္ဍီက လူကဏ်းမို့သာ ယုံတာပါ။ လူကောင်းဆိုရင် ဘယ် ယုံပါ့မလဲ”လို့ အဖြေပေးတော့ ဘုရားရှင်က-

သစ္စာမျက်လုံး ကဏ်းနေကြတယ်

ဒီဥပမာအတိုင်းပဲ မင်းတို့ ပရဗိုဇ်အနွယ်၊ ဒိဋ္ဌိဂိုဏ်းသားတွေမှာ သစ္စာမျက်လုံး ကဏ်းနေကြတယ်။ အရိယာ မျက်လုံး မရှိကြဘူး။ ဒီတော့ အာရောဂျံဆိုတာ ဘာလဲ၊ နိဗ္ဗာနံဆိုတာ ဘာလဲနဲ့ မသိဘဲနဲ့ ရမ်းပြီး ပြောနေကြတာပါ။ အမှန်စင်စစ်က ဒီဂါယာဟာ ရှေးရှေး ဘုရား၊ ရဟန္တာများ ရွတ်ဆိုကြတဲ့ ဂါထာသာဖြစ်တယ်လို့ မာဂဏ္ဍီကို ပြောလိုက် တယ်။ ဘုရားရှင်က မာဂဏ္ဍီကို ဆက်ပြီး ဟောတော်မူပြန်တယ်လို့ မှတ်ကြ။

ဒီရုပ်နာမ်ခန္ဓာကိုယ်ဟာ အမြဲရောဂါနှိပ်စက်နေတယ်။ ဝေဒနာအမြဲရှိနေတယ်။ ကိုယ့်ခန္ဓာမှာရှိတာက ရုပ်ရယ်၊ ဝေဒနာရယ်၊ သညာရယ်၊ သင်္ခါရရယ်၊ ဝိဉာဏ်ဆိုတဲ့ စိတ်ရယ် ဒီငါးခုရှိတယ်။ ဒီငါးခုထဲက ကြိုက်တာတစ်ခု ဉာဏ်နဲ့ အရိယာမျက်လုံး၊ ဝိပဿနာမျက်လုံးနဲ့ ကြည့်။ ဥပမာ ဝေဒနာဆိုပါတော့ ဝေဒနာလေးဟာ ဖြစ်ပေါ်လာလိုက် ပျက်စီး သွားလိုက်၊ ဖြစ်လာလိုက် ပျက်သွားလိုက် ဉာဏ်နဲ့ကြည့်။ ဒီအရှိသဘောပဲ မြင်ရ၊ တွေ့ရမယ်။

ဒီတော့ ဒကာ၊ ဒကာမတွေ သိဖို့က “ဝေဒနာလေး ဖြစ်ပေါ်လာတာဟာ အနာပေါက်တာပဲ။ ဝေဒနာလေး ပျက်စီးသွားတာဟာ အနာပေါက်လို့ သေတာပဲ။ ဒီလိုသိထားကြရမယ်။ အဲဒီတော့ ကိုယ့်ခန္ဓာမှာကြည့်ရင် ဒီသဘောနှစ်ခု ဒီသေနာပေါက်တာနဲ့ သေရတာ နှစ်ခုပဲရှိတယ်ဆိုတဲ့အချက်ကို ကောင်းကောင်းသိရမယ်၊ မြင်ရမယ်။ ဒီအဖြစ်နဲ့အပျက် အနာပေါက်တာနဲ့ သေတာ နှစ်ခုအပြင် ဘာမှအပိုမစွက်ဘူး။ ဒါကြောင့် ဒီခန္ဓာဟာ အမြဲတစေ ဖြစ်ပျက်နေတဲ့ အနာရှိတယ်ဆိုတာ မှတ်လိုက်ကြ။ ဒီတော့ ဒီခန္ဓာကို အာရောဂျံ ဖြစ်ပါတယ်လို့ ဆိုနိုင်ပါ့မလား?ဆိုရင် မျက်လုံးမပါတဲ့ အကဏ်းမို့ပဲဆိုတာ မှတ်လိုက်ကြ။

အရိယာမျက်လုံး တပ်ကြလို့ တိုက်တွန်းလိုက်တယ်

ရုပ်ကြည့်တော့လည်း ရုပ်ကလည်း မရပ်မစဲ တသဲသဲ ဖြစ်လိုက်၊ ပျက်လိုက်နဲ့ ဖြစ်ပျက်ပဲရှိတယ်။ စိတ်ကြည့် လည်း ဒါကိုပဲတွေ့ရမယ်။ အနာပေါက်တာနဲ့ သေတာပဲ။ ဒါကိုမြင်ရင် အရိယာမျက်လုံးရပြီ။ အကဏ်းပျောက်ပြီ။ အကဏ်းပျောက်ရင် အမှန်မြင်ရင် အနာပျောက်စပြုပြီ။ တို့ဒကာတွေ အနာပျောက်ချင်ရင် အမှန်မြင်အောင် ကြည့်ကြ။ အရိယာမျက်လုံး တပ်ကြလို့ တိုက်တွန်းလိုက်တယ်။

အနာမရှိရင် ဇရပ်မှာလည်း ပျော်နိုင်တယ်။ အနာရှိရင် ဇရပ်မှာ မပျော်နိုင်ကြဘူး။ အိမ်ပြန်ချင်တာပဲ။ အနာရှိတော့ အိမ်မှာသာ ပျော်နိုင်ကြတယ်။ အိမ်မှာက မီးတွေရှိတာကိုး။ သား၊ သမီးမီး၊ ပစ္စည်းမီးဆိုတဲ့ မီးတွေရှိတော့ မီးလှုံရမှ မီးနားကပ်နေရမှ အနာက သက်သာတယ်။ မီးပူအိမ်ထဲနေရမှ ပိုးကိုက်သက်သာတယ်ဆိုပြီး ပျော်နိုင်ကြတာ ပေါ့။ အနာပျောက်ရင် ဘယ်နည်းနဲ့မှ အိမ်မှာမပျော်ပိုက်ပါဘူး။ ဒီသဘောကို ‘သုတ္တနိပါတ်ပါဠိတော်’မှာလာတဲ့ဝတ္ထုနဲ့ ကြည့်ရင် သိနိုင်ပါတယ်။

ရဟန်းတစ်ပါးဟာ လူဖြစ်စဉ်က သား မယား၊ အိုး အိမ် စွန့်ပြီး ရဟန်းဝတ် တရားပါ အားထုတ်လို့ အနာဂါမ် တည်သွားတယ်တဲ့။ တစ်နေ့မှာ သူ့မယားဟောင်းဖြစ်တဲ့ မိန်းမက အဲဒီရဟန်းတော်ရဲ့ ရှေ့မှာလာပြီး ကလေးငယ်ကို ပစ်ချထားလိုက်တယ်တဲ့။ ကလေးကလည်း သူ့သဘောအတိုင်း ကျူကျူပါအောင် ငိုကြွေးတော့တာပေါ့။ ဒါပေမဲ့ ရဟန်း က လုံးဝဂရုမစိုက်ဘူးတဲ့။ နောက်မိန်းမက လုံးဝဂရုမစိုက်မှန်းသိတော့မှ သူ့ကလေး သူပြန်ခေါ်သွားတယ်တဲ့။ အဲဒါ အနာပျောက်လို့ဆိုတာ မှတ်ကြ။ ရိပ်မိပလား?။

အနာပျောက်အောင် အချိန်အခါရတုန်းမှာ ကုကြ

ဒါကြောင့် တို့ဒကာတွေ အနာပျောက်အောင် အချိန်အခါရတုန်းမှာ ကုကြလို့ သတိပေးလိုက်တယ်။ ဒကာတို့ တစ်တွေက လက်ရှိအနာ အနာမှန်း မသိတတ်ကြလို့ ကိုယ့်ဟာကိုယ် မီးလောင်ခံနေရမှန်း မသိလို့ ဒီမီးကိုပဲ မပွားပွား အောင် လုပ်နေကြတော့တယ်။ ပစ္စည်းတွေ နေ့မနား၊ ညမအား ရှာကြဖွေကြ တဲတုတ်ကနေ အိမ်ကြီးတွေဖြစ်အောင် လုပ်ကြ၊ အိမ်ကြီးကနေ တိုက်တွေ တာတွေ တယ်ကြ၊ အလောင်ခံချင်ကြလို့ မီးတွေပဲ ရှာနေကြတယ်။ ပူစရာနည်းရင် မကြိုက်နိုင်ဘူး။ ပြာဖြစ်အောင်ပူမှ ကြိုက်တယ်လို့ ဆိုသလိုပါပဲ။

ဒါကြောင့် ခန္ဓာရှုပြီး အရိယာမျက်လုံးယူကြတော့လို့ ပြောလိုက်တယ်။ အရိယာမျက်လုံးရရင် အနာပျောက် မယ် အာရောဂျံ အစစ်ဖြစ်မယ်။ နောက် တကယ်ငြိမ်းအေးခြင်း အစစ်အမှန်ကို ရကြမယ်။ မီးကို မီးမှန်းမသိဘဲ တွယ်တာစွဲလမ်းမှုတွေ မဖြတ်သမျှ ငြိမ်းအေးမှုအစစ် မရကြဘူး။ ဒီလိုဖြစ်နေသမျှ တဏှာ၊ ဥပါဒါန်၊ ကံတွေက မငြိမ်းသေးဘူး။ ဒီတဏှာ၊ ဥပါဒါန်၊ ကံ မငြိမ်းတဲ့သူဟာ ငြိမ်းပြီလို့ ဆိုနိုင်ပါ့မလား?။ မဆိုနိုင်ပါဘူး။ ဘယ်တော့မှ မငြိမ်းတော့ဘူးဆိုတာ မှတ်လိုက်ကြ။ သဘောပါကြပလား?။

ခန္ဓာဒုက္ခသစ္စာမြင်မှ ငြိမ်းမှာ ခန္ဓာဒုက္ခသစ္စာ မမြင်တဲ့သူ မမြင်လို့ မမုန်းတဲ့သူ မမုန်းလို့ မဆုံးတဲ့သူဟာ ဘယ်တော့မှ မငြိမ်းဘူးလို့ ဘုရားက မာဂဏ္ဍီကို ဟောတယ်။ ဒါကြောင့် ဒကာ၊ ဒကာမတွေ ငြိမ်းမှုအစစ်အမှန်ရအောင် ခန္ဓာဒုက္ခသစ္စာသိဖို့ ကြိုးစားရမယ်။ ကြိုးစားတော့ ဥပမာ စိတ်ရှုတယ်ဆိုပါတော့ ခန္ဓာမှာ ပေါ်လာသမျှ စိတ်ကလေး တွေကို ပျက်ဖြစ်ရှုပေး ဉာဏ်နဲ့ရှုတော့ ဖြစ်တာလည်းသိ ပျက်တာလည်းသိမယ်။ ပေါ်လာသမျှဟာ ဖြစ်ပြီးပျက်တဲ့ ဖြစ်ပျက်သဘောပဲ ရှိတယ်ဆိုတာ အမှန်သိလာရမယ်။

အနိစ္စနဲ့ မဂ္ဂပဲ ဆက်တိုက်ဖြစ်နေအောင် လုံ့လစိုက်ရမယ်

စိတ်ဖြစ်ပျက်က အနိစ္စ ရှုတဲ့ဉာဏ်က မဂ္ဂ။ ဒီလို အနိစ္စနဲ့ မဂ္ဂပဲ ဆက်တိုက်ဖြစ်နေအောင် လုံ့လစိုက်ရမယ်။ ဒီလိုနည်းနဲ့ တစ်နာရီ၊ တစ်နာရီအတွင်း ကြားထိုးတဲ့ ကိလေသာစိတ် အဝင်မခံရအောင်၊ မဝင်အောင် ကြိုးစားရမယ်။ ဒီလိုကြိုးစားနိုင်ရင် မကြာခင်မှာပဲ ရုပ်နာမ်ဖြစ်ပျက်အနိစ္စတွေ အများမြင်လာပြီး မုန်းလာတော့တယ်။ မုန်းပြီး မကြာ ခင်မှာ ဒီဖြစ်ပျက် အနိစ္စ၊ ဖြစ်ပျက် ဒုက္ခသစ္စာကြီးဟာ တစ်ချက်ချက်မှာ ဖြတ်ခနဲ ဆုံးသွားတော့တာပဲ။ ရှင်းကြပလား?။

ရုပ်နာမ် ဖြစ်ပျက်က ဒုက္ခသစ္စာ။

ရှုတဲ့ဉာဏ်က မဂ္ဂသစ္စာ၊ (မဂ္ဂင်ငါးပါး)

ရုပ်နာမ် ဖြစ်ပျက် ဆုံးသွားတာက နိရောဓသစ္စာ။

ရုပ်နာမ် ဖြစ်ပျက် အဆုံးကို မြင်တဲ့ဉာဏ်ကို မဂ္ဂသစ္စာလို့ မှတ်ကြ။ သဘောပါကြပလား?။

တို့ဒကာတွေ ဆရာသမားများနဲ့ ကြုံကြိုက်တုန်း ကြိုးစားလိုက်နာကြ၊ အမြင်မှန်အောင် လုပ်ကြ။ အခုအခါ မလုပ်မိရင် တက်တက်စဉ်လွဲဖို့ပဲ ရှိတော့တယ်။ ဒါနဲ့မှ ပြောမရ၊ ဆိုမရ မလုပ်ကြသေးဘူးဆိုရင် အကဏ်းလမ်းစမသိမ်း နိုင်ကြသေးဘူး။ အကဏ်းလမ်းစ မသိမ်းနိုင်သမျှ ရမ်းသွား၊ ရမ်းလာ၊ ရမ်းလုပ်၊ ခလုတ်မှန်း၊ ကန်သင်းမှန်း၊ ကမ်းမှန်း မသိတော့ ကျချင်ရာကျပြီး ဒုက္ခနဲ့ ဘယ်တော့မှ အိုးစားမကွဲတော့ဘူးလို့ ပြောလိုက်ပါတယ် သဘောပါကြပလား?။

ဘုရားပေးတဲ့ ဥပမာအတိုင်းပဲ ဝမ်းတွင်းကဏ်းလာတဲ့ အကဏ်းကို နေလ၊ နက္ခတ်တာရာဆိုတာ ဒီလိုနေတယ်၊ ဘယ်ပုံနေတယ်လို့ ပြေမရသလို မျက်စိနှစ်ကွင်း အလင်းမရသူဟာ ဘယ်လိုနေရာမှာမှ လမ်းမှန်မကျသလို တို့ဒကာ တွေလည်း အရိယာမျက်လုံး မတပ်ကြဘူးဆိုရင် လမ်းမှန် ကျနိုင်ပါတော့မလား?။ ဘာမှမမြင်တဲ့လူကို ပြောသလို ပြောရခက်တယ်လို့ ဆိုရတော့မှာပဲ။ သဘောပါကြပလား?။

အရိယာမျက်လုံးရှိရင် ခန္ဓာမှာ ရောဂါချည်း မြင်ကြမယ်

အရိယာမျက်လုံးရှိရင် ခန္ဓာမှာ ရောဂါချည်း မြင်ကြမယ်။ မျက်လုံးမရှိတော့ ရောဂါမရှိဘူးလို့ ထင်တယ်။ ဒီအမြင်ဟာ အမြင်မှန်လို့ ဆိုနိုင်ပါ့မလား?။ မဆိုနိုင်ပါဘူး။ မျက်စိမရှိတဲ့ အကဏ်းအမြင်ကို ဘယ်ကလာ အမှန်ဆိုနိုင် ပါ့မလဲ?။ အကဏ်းမြင်ဆိုတော့ အရမ်းမြင်ပဲ ရှိတော့မပေါ့။ ဥပမာ- အကဏ်းတစ်ရာ စုထားရင် အပ်တစ်ချောင်းတောင် ရအောင် မကောက်နိုင်သလို ဘယ်လိုမှ အသုံးချ မဖြစ်ဘူးဆိုတာ မှတ်လိုက်ကြ။ ရိပ်မိကြပလား?။

မျက်စိရှိရင် ခန္ဓာမှာ ရောဂါချည်း မြင်ရမယ်။ ဒါဟာ ဖြစ်ပျက်ဒုက္ခသစ္စာ ရောဂါထုတွေကို ဆိုတာ။ ဒါကို ဉာဏ်နဲ့ ကြပ်ကြပ်ကြည့်တော့ မုန်းဉာဏ်ဝင်လာမယ်။ ဒီရုပ်နာမ် ဖြစ်ပျက်ဒုက္ခကြီးကို မရလို၊ မယူလိုတော့ဘူး၊ မသိမ်းပိုက် ချင်တော့ဘူး။ မရချင် စွန့်ပစ်ချင်လာတော့တယ်။ ဒီဉာဏ်ရပြီး နောက်မကြာခင် ဆုံးဉာဏ်လာတော့တာပဲ။ ရှင်းကြ ပလား?။

ရုပ်နာမ်ဖြစ်ပျက် မြင်တဲ့ဉာဏ်က= ယထာဘူတဉာဏ်

ရုပ်နာမ်ဖြစ်ပျက် မုန်းတဲ့ဉာဏ်က= နိဗ္ဗိန္ဒဉာဏ်

ရုပ်နာမ်ဖြစ်ပျက် ဆုံးတာမြင်တဲ့ဉာဏ်က= မဂ်ဉာဏ်

လို့ မှတ်ကြ။ သဘောပါကြပလား?။

ကိုင်း… ယနေ့ ဒီတွင်ပဲတော်ကြဦးစို့။

**********